Saturday, June 15, 2024

မြင့်မိုရ် ထက် ကို တက်ကာ


 

❝ မြင့်မိုရ် ထက် ကို တက်ကာ ❞

“ မိုက်အိုးကွဲလေး ”

“ ဟဲ့ ... မိုက်အိုးကွဲလေး ”

ဒီ အသံ ကို မိုးလင်း ကတည်း က ကြားရတာ အခုလို ညနေစောင်း အထိ ။ ကျုပ် လို အိမ်တွင်း အောင်း သတ္တဝါ တစ်ယောက် အဖို့ နိစ္စဓူဝ အိမ် မှာ ဖြစ် ပျက် နေတာ အားလုံး ခရေစေ့တွင်းကျ မကြားချင် လည်း ကြားရ ၊ မသိချင် လည်း သိ နေရတာ တော့ မဆန်းဘူးပေါ့ ။

ဟော ... အခုလို သားတော်မောင် နဲ့ သူ့ အဒေါ် ဘာ “ ငြိ ” ကြပြန်ပြီ လဲ မသိဘူး ။ အော်သံ ၊ ဟစ်ဟံ ကြားရပြီ လေ ။ ကြည့်နေ ၊ နောက်ဆက်တွဲ ဆက် ကြားရ မှာ က အစ်မ လုပ်သူ ရဲ့ အတွတ်တွတ် မြည်တွန်တောက်တီးသံ ကို အိပ်ချိန် အထိ ကြား နေရဦးမှာ သေချာတယ် ။

ဘုရား ... ဘုရား .....

ကျွတ် ... ကျွတ် ...

ကျုပ် လည်း စုပ်သပ် လိုက်ရင်း အိပ်ယာ က နေ တစ်ဘက် ကို စောင်းလှည့် လိုက်ရတယ် ။ တစ်ကိုယ်လုံး အရိုးပဒေသာ မို့ တစ်ဘက်သတ် စောင်း အိပ် နေရင် ကိုင်ရိုက် ထား သလို နာ နေရော ။ ဒါကြောင့် နေသာ သလို ဟို လှည့် ဒီ လှည့် လုပ် နေရတာ ပေါ့ ။ အား ... ဘာလိုလို နဲ့ ဒီ ရောဂါ ရလာ တာ နှစ် အတော် ကြာပြီပဲ ။ ဆိုး လိုက်တဲ့ ရောဂါ ၊ ငှက်ဖျား ၊ ရွှေတောငှက် ။ အဟဲ ... ရွှေတော ဆိုလို့ အထင် မကြီးနဲ့ ဗျို့ ။ စားစရာမ ရှိလို့ သွား ရတာ ၊ ကြီးပွား ချမ်းသာဖို့ မဟုတ်ပေါင် ဗျာ ၊ အခုတော့ ကြီးပွား ဖို့ အနေသာ ၊ ကံ ကောင်းလို့ အသက် ပြန် ပါ လာတာကလား ။

ရင် ပူလိုက်တာ ၊ ရေအေး တစ်ခွက် လောက် ပဲ သောက် ချင်ပါတယ် ။

“ .... ”

သားတော်မောင် ကို လှမ်း ခေါ် မိတယ် ။ အသံ က ထွက် မလာဘူး ။ ခေါင်း ထဲ မှာ နောက်ကျိ နေတယ် ။ ခြောက်သယောင်း နေတဲ့ လည်ချောင်း ကို ချောင်းဟန့် ရှင်း နေရတယ် ။ အတော် ကြာ မှ အသံ ထွက်လာတယ် ။

“ သား .. ရေ ”

ဟူး ... ။ မိဘ လက်ငုတ် ဖန်ကြယ်သီးလေး တွေ သွေး နေတာ ။ ကြယ်သီး ခေတ် ကုန် ပြန်တော့ ကျောက်လေး ဘာလေး ဖြတ် သွေးရတဲ့ အလုပ် ဝင် လုပ်ပါတယ် ။ ဒါပေမယ့် အိမ်ထောင် ကျ ကလေး ရ ပြီး သုံးနှစ် လောက် ရောက်တော့ မစားလောက် တာ ရော ၊ အဖော် ကောင်း တာ ရော ကြောင့် ရွှေတော ရောက် သွားတယ်ပဲ ဆိုပါတော့ဗျာ ။ ကဲ အခု မြင်တဲ့ အတိုင်း ပဲ ။ သား လည်း ၆ နှစ် ကျော် လာပြီ ။ သူ့ အမေ မိနှင်း ၊ အိမ်တကာ ခြေတို အောင် လှည့်ပြီး အဝတ် ဖွတ် နိုင်လို့ ပါးစပ်လေး စို နေတာ ။ ပြောလို့ သာ ပြောရတာ ပါ ။ အစ်မ အပျိုကြီး ရှိ နေလို့ အသက် ဆက် နေရတာ ဆိုရင် ပို မှန် ပါတယ် ။ ဘာပဲ ပြောပြော သူ့ လက်ဖက်ရည်ဆိုင်လေး က မိသားစု စားအိုးလေး ဖြည့် တဲ့ အပြင် ကျုပ် ဆေးဖိုး လေး ပါ အထောက်အကူ ရ တာ ပေါ့ဗျာ ။

အစ်မ က လည်း အပျိုကြီး ဆိုတော့ သူ ရှာသမျှ ကျုပ်တို့ အတွက် ချည်း လို့ ပဲ ဆိုကြပါစို့ ။ ဒါပေမယ့် အပျိုကြီး ထုံးစံ အတိုင်း လက်ပေါက်ကပ် ၊ ဈေးတွက်များ ၊ အပြစ် ရှာ နေတတ်တာ တော့ သည်းခံ ရ တာ ပေါ့ ။ ဟော အခုလည်း သားတော်မောင် က သူ့ ပဲလှော်ကြော် ဖန်ပုလင်း ပဲ ဖွင့် စား သလား ၊ သူ့ ပိုက်ဆံဘူး ပဲ နှိုက် သလား တော့ မသိဘူး ။

အင်း ... မိဘ က မှ မုန့်ဖိုး မပေးနိုင်ဘဲ ကိုး ။ သားကလေး ၆ နှစ် ကျော် ပေမဲ့ ကျောင်း မထား နိုင် ၊ မုန့်ဖိုး မပေး နိုင် တဲ့ ဘဝ ။ ဟူး ... ။ မတွေး တော့ပါဘူး ဗျာ ။ မနေပျော် တဲ့ ဘဝ ။

“ သား ရေ ”

“ သား ”

ဒီတစ်ခါ ခေါ်သံ က နည်းနည်း မာ သွားတယ် ။ ဟုတ်တယ် ၊ မော လှပြီ ။ ရေငတ် လှပြီ ။

“ ဟဲ့ ... အော် မနေနဲ့ ၊ ငါ က ထမင်းအိုး တန်းလန်း နဲ့ မို့ ၊ ဘာလုပ်ချင်လို့ လဲ ” တဲ့ အစ်မ က အခန်းဝ က ပေါ်လာပြီး မေးတယ် ။

“ သား ရော ၊ ရေ ငတ်လို့ ပါဗျာ ” လို့ ပြန် ဖြေတော့ ...

“ နင့် သား သာသနာ့ဗိမာန် နား သွားတယ် ရေ သောက် ချင်ရင် ငါ ခပ် ပေးမယ် ” လို့ ပြောပြီး သောက်ရေအိုး က ရေ တစ်ခွက် ခပ်ပေးတယ် ။ ကျုပ် လည်း သူ့ လက် ထဲ က ရေခွက် ကို ဆွဲ ယူပြီး အငမ်းမရ သောက် မိတယ် ။

“ ဟဲ့ ... ဖြည်းဖြည်း သောက်ပါ ဟဲ့  ၊ ဘယ် အချိန် က ငတ်နေတာလဲ ”  လို့ အစ်မ က ပြောပြီး ...

“ ရှေ့ထွက် ထိုင်ပါလား ၊ ခဏ နေရင် ထမင်း ကျက်တော့ မှာ ပူပူလေး စားလိုက် ” တဲ့ ဒီတော့ ခေါင်း ညိတ် လိုက်ပြီး ကုတင် ကို လက် နဲ့ အားပြု ထ လိုက်တယ် ။ ရပ် နေတဲ့ အစ်မ လက်မောင်း ကို ဆွဲ ပြီး အခန်း အပြင်ဘက် က ထန်းလက် ပက်လက်ကု,လားထိုင်လေး မှာ ထိုင်လိုက်ရ ပါတော့တယ် ။

“ မိနှင်း ပြန် မလာသေးဘူးလား ” လို့ ကျုပ် အမေး မှာ အစ် မက မီးဖို ထဲ ဝင် ရင်း ..

“ လက်ဖက်ခြောက်တိုက် က အဝတ် ဖွပ်စရာ ရှိလို့ ဆိုပြီး အစောကြီး ကတည်း က ထွက်သွား လိုက်တာ အဝတ် က ဘယ်လောက် များ သလဲ တော့ မသိဘူး ၊ အခု နေ ဝင်တော့ မှာ ၊ ပေါ် လာတော် မမူနိုင်သေးဘူး ၊ နင့် မိန်းမ က တော်တော်ရယ် ၊ ဗီဒီယို ဝင် ကြည့် ချင် ကြည့် နေမှာ ၊ ကိုယ့် မှာ လင် နဲ့ သား နဲ့ ဆိုတာလည်း သတိရ ဦးမှ ပေါ့ ၊ ကိုယ့် ယောက်ျား က ဂီလာန ၊ အပျော်အပါး ဒီလောက် မက်လို့ တော် ၊ ငါ့ မှာ တော့ အလုပ် က တစ်ဖက် ၊ ဒီ လူမမာ က တစ်ဖက် ၊ သူ့ လို အိမ် မကပ်သလောက် သာ ငွေ ဝင်မယ် ဆိုရင် ပိုက်ဆံတွေ တင်းတောင်း တွေ နဲ့ ထည့်ထား ရလောက်ပြီ ၊ အခုတော့ ရ လာတဲ့ လုပ်ခ တဲ့ ဒင်း သား ပါးစပ် တစ်ပေါက် တောင် မလောက်ငှဘူး ၊ တစ်ခါတစ်လေ ငါ ပစ်ပြီး ရွာ ပြန် ပြေး မလို့ ၊ ကိုယ့် မောင်လေး တစ်ယောက် ဆိုပြီး နင့် ကြောင့် ဟဲ့ နင့် ကြောင့် .. ”

ဒီ ဓာတ်ပြား က တော့ နေ့စဉ် ကြား နေကျ အပ်သွား ထပ်တဲ့ ဓာတ်ပြား ။ အင်း ပြောမယ် သာ ပြောတာ ၊ ဒီ မိန်မ က လည်း ပြောစရာ ။ ဘယ်တော့ မှ စောစော ပြန် မရောက်ဘူး ၊ ပြင်းလိုက် တာ လည်း လွန်လို့ ။ ယောက်ျား လုပ်သူ မရှာနိုင် ၊ မဖွေနိုင် လို့ စိတ်ကူး စိတ်သန်း ထုတ် ပြီး ရောင်းမယ် ၊ ဝယ်မယ် မလုပ်တတ် ။ သူ့ မှ အဝတ်ဖွပ် မှ ပိုက်ဆံ ဆိုတာ ရှာလို့ ရမယ်ပဲ ထင် နေတာ ။ ဒါကြောင့် လည်း သမီး ယောင်းမ တကျက်ကျက် ။

တွေ့ဖူးပေါင် ဗျာ ။ သမီးယောင်းမ တိုင်ပင်ဟယ် ၊ နှီးနှောဟယ် နဲ့ ကြည်ကြည်သာသာ ရှိတဲ့ နေ့ တွေ့ဖူးပေါင် ဗျာ ။

အဲ ငွေ ရှာတာ ဖျင်းတာ ၊ ဗီဒီယို ကိုတော့ ကြိုက် လိုက်တာ နှစ်ယောက် မရှိဘူး ။ သူ အဝတ် သွား ဖွပ် တဲ့ အိမ် မှာ ဗီဒီယိုစက် သာ ရှိလို့ တော့ လား ၊ ခိုင်းတာ လုပ် ပေးပြီး တော်တော် နဲ့ ပေါ် မလာတော့ဘူး မှတ် ။ အလကား ရတာ မို့ပေါ့ ။ ပိုက်ဆံ ပေး ကြည့်ရ ရင် အခက် ။ အင်းလေ ကျုပ် အနေ နဲ့ လဲ မိသားစု ရယ် လို့ ရုပ်ရှင် လိုက် မပြနိုင်တာလဲ ကြာ ပြီလေ ။

“ အချိန် ကို အပုပ် မခံဘဲ လုပ်နိုင် ကိုင်နိုင် မှ တော်ရုံ ရှိတဲ့ ကာလ ၊ ဒီလို သာ အချိန်ဖြုန်း နေရင် ရှေ့လျှောက် မြင်ယောင်ပါ သေးတယ် ၊ ပါးစပ် ပေါက်တွေ ဟောင်းလောင်း နေရမှာ ၊ ငါ့ အတွက် က ပူ ပေါင် ၊ ရွာ ပြန် မြေပဲ ကောက် ရုံ နဲ့ စား လောက်တယ် ၊ သင်းတို့ အတွက် ပူ ရတာ ၊ ဟို မိုက်အိုးကွဲလေး က လည်း ရှိသေး ၊ ဒီလောက် ကျွေး နေရက် နဲ့ ငါ မမြင် ၊ မမြင် သလို နှိုက်ချွတ် စား နေတာ ကြွက် လိုပဲ ၊ ဘယ်လောက် ဖွက် ထားထား ၊ ရှာကြံ စား နေတာ ၊ ဟိုနေ့ က လည်း ဥပုသ် စောင့် ရင် စားဖို့ ထန်းညက်လေး သိမ်း ထားပါတယ် ၊ ဘယ်အချိန် က တွေ့သွားသလဲ မသိဘူး ၊ ဒီနေ့ သတိရ လို့ ကြည့်တော့ မရှိတော့ဘူး ”

ကျုပ် နား ထဲ တော့ အသံတွေ ပဲ ကြား နေရတယ် ။ စကားလုံး တွေ မသဲ ကွဲ တော့ဘူး ။ ခေါင်း ထဲ လဲ မူးနောက် နေပြီ ။ အာခေါင် တွေ ပူ လာတယ် ။ ပက်လက်ကု,လားထိုင် နောက်မှီ ပေါ် ခေါင်း ချ ပြီး မျက်စိ မှိတ် ထား လိုက် မိတယ် ။ ရင် ထဲ မှာ လည်း မော လို့ ... ။

နည်းနည်း မှောင် လာတော့ ခြင်ကောင် တွေ က နား ဝ မှာ တဝီဝီ ကပ် အော် နေကြတယ် ။ သား အင်္ကျီဟောင်းလေး နဲ့ ခြင်တွေ ကို ရိုက် နေတယ် ။ မူး တာ က ဆိုးတယ်ဗျာ ၊ ဟူး ... ။

“ အခုလဲ ခိုင်း လိုက်တာ ပေါ် မလာဘူး ၊ မိုက်အိုးကွဲလေး ၊ ဆန် ကုန် နေ လို့ နို့ဆီဘူး ၄ လုံး လောက် ဝယ်ချည် ဆိုပြီး လွှတ် လိုက်တာ ဘယ် သဝေထိုး နေပြန်လဲ မသိဘူး ၊ အပြန်များ ဆန် အပြည့် မပါဘဲ ဖိတ်စင် လာရင် အသိပဲ ၊ အေး .. ဟို ကောင်မ ပြန် လာရင် ဆန်ဖိုး ပေးကြဦး ၊ မနက်ဖြန် ပဲလှော်ကြော် နဲ့ လက်ဖက် ဝယ်မယ့် ပိုက်ဆံ နဲ့ ဆန်ဖိုး စိုက် ပေးထားရ တာ ၊ ရှိတဲ့ ငွေ လည်း ကုန်ပြီ ၊ ဒါ ဟင်းဖိုး မပါသေးဘူး ၊ ဟင်း မရှိ လည်း သင်းတို့ က မပူပေါင် တော် ၊ ငါ့ လက်ဖက်ခွက် လာ နှိုက် ကြမှာ ”

မှေးခနဲ ဖြစ် သွားတယ် ။ နဖူး ဆီ က ချွေးလေး စို့ လာပြီ ။ နည်းနည်း သက်သာ သလိုပဲ ။ မျက်စေ့ ကို အလိုက်သင့် မှိတ် ထားမိတယ် ။ နေသာ သလို ရှိနေဆဲ မှာ ပဲ ဝေါခနဲ ဆိုင်ကယ်သံကြီး က နားဝ မှာ မြည်ဟီး သွားတ ယ် ။ ဒီ ဆိုင်ကယ်သံ ကြား ရရင် ရင် ထဲ မှာ လှိုက်လှိုက် သွားတယ် ။ ပြီးတော့ အားနည်း လို့ လား မသိဘူး ။ ဓါတ်ဆီ ညှော်နံ့ကြီး က အော်ဂလီ ဆန်ချင်စ ရာ ။ ဟို တစ်လောက ရောင်း ပြီး မြို့သစ် ပြောင်း သွားတဲ့ စက်ချုပ်ဆရာ ကိုကံမြင့် တို့ မြေ နေရာ ဝယ်ပြီး တိုက်ဆောက် ထား ပါရော ။ အဲဒီ တိုက် ပြောင်း လာတဲ့ လူတွေ ပေါ့ ဗျာ ။ အပြင် က ပြန် လာပြီး သူတို့ တိုက် ထဲ ရောက် အောင် ဆိုင်ကယ်ကြီး ကို လီဗာ တင်ပြီး တဝေါဝေါ လုပ် နေကျ ...။

ကျုပ် ရင် ထဲ လည်း တဒိုင်းဒိုင်း ခုန် လာတယ် ။ အိမ် ထဲ က လည်း မှောင် သထက် မှောင် လာ ပြီ ။ လမ်းမဘက်တန်း အိမ် က သွယ် ထားတဲ့ မီး နှစ်ပွင့် က လည်း လာ စစ်မှာ မို့ ဖြုတ် ထားရတော့ ည ရောက်ရင် ဖယောင်းတိုင်လေး ပဲ ထွန်း နိုင်တော့တာ ။ မနေ့ ည က ဖယောင်းတိုင် လက်ကျန် မှ ရှိ သေးရဲ့ လား မသိဘူး ။ ခြင် က လည်း ဖွဲပက် သလို ပါ ပဲလား ။

“ ဒေါ်ကြီး ဒေါ်ကြီး ”

သားတော်မောင် က အော်ပြီး အိမ် ထဲ ဝင်လာတယ် ။ လက် တစ်ဘက် က ကြွပ်ကြွပ်အိတ် နဲ့ ထည့် လာတဲ့ ဆန်ထုပ်ကလေး ။ လက် တစ်ဘက် က ဝတ် ထားတဲ့ ပုဆိုး အောက်နား ကို စု ကိုင် ထား တယ် ။ ပုဆိုးကြီး က လည်း ဖောင်း လို့ ။ ဘာတွေ ထည့် လာပါလိမ့် ။

“ မိုက်အိုးကွဲလေး ၊ ဆန် ဝယ် ခိုင်းတာ ဘယ် အလေလိုက် နေတာလဲ ၊ ဟင်း ... ပြောစမ်း ၊ ခိုင်း လိုက်ရင် တစ်ခု မှ စိတ်တိုင်း မကျဘူး ၊ ကြည့်စမ်း ၊ ကြည့်စမ်း ၊ ပုဆိုး ထဲ မှာ ဘာတွေ ထည့် လာတာလဲ ၊ တွေ့ကရာတွေ လျှောက်ထည့် ၊ ပုဆိုး စုတ်ရင်တော့လား ... ၊ ငါ နော် .... ဟင်း .. ၊ ဘာ ... ဘာရယ် ၊ မြတောင်တိုက် နား က ဟုတ်လား ၊ ပြစမ်း ၊ ပြစမ်း ”

ကျုပ် လည်း ပက်လက်ကု,လားထိုင် ပေါ် ကနေ ဘယ်အချိန် သားတော်မောင် ရဲ့ နဖူး နဲ့ သူ့ အဒေါ် လက် နဲ့ မိတ်ဖွဲ့ မလဲ ၊ ဒါမှ မဟုတ် အံကြိတ် ပြီး ဗိုက်တွင်းကြော ဘယ်အချိန် အလိမ် ခံရမလဲ ဆိုတာ တွေး နေမိတ ယ် ။ အဲ ဗျ ၊ အော်သံ မကြား ၊ ခေါင်း ခေါက်သံ မကြား ၊ ရိုက်သံ မကြား နဲ့ တူဝရီး နှစ်ယောက် တွတ်ထိုး နေကြတာကိုး ။ သားတော်မောင် က ပုဆိုး အောက်စ စု ကိုင်ထားရာ ကနေ သွန် ချလိုက်တာ ကို အမှောင် ထဲ မှာ ခပ်ရိပ်ရိပ် မြင် လိုက်ရတယ် ။ ကျုပ်လ ည်း စစ်ကြေညာလု ဆဲ ဖြစ် နေတဲ့ “ တူဝရီး ” နှစ်ယောက် ကြား က ငြိမ်းချမ်းရေး မဟာတမာန်ကြီး က ဘာလဲ ဆိုတာ သိချင် တာ နဲ့ ခေါင်း ထောင် ကြည့် လိုက်မိတယ် ။

•••••   •••••   •••••

ကျုပ် မိန်းမ မိနှင်း လည်း အခု ရက်ပိုင်း အဝတ်ဖွပ် မထွက်ရ သလောက်ပါပဲ ။ သူ့ ဖောက်သည် အိမ်တွေ က တချို့ လည်း ကိုယ်တိုင် ပဲ ဖွပ်ကြ သတဲ့ ။ တချို့က တော့ အဝတ်လျှော်စက် တွေ သုံး ကြလို့ တဲ့ ။ ဒါကြောင့် အိမ် မြဲ နေတယ် ။ ဒီတော့ ယောင်းမ လုပ်သူ ရဲ့ အသုတ်စုံဆိုင်လေး ကို ပဲ ကူညီညာ လုပ်ကိုင် ပေး နေရတယ် ။ အခန့်သင့်ပဲ ၊ ဒီ ရက်ပိုင်း မှာ အစ်မ အသုတ်စုံ ဆိုင်လေး က ရောင်းအား ကောင်း လာတယ် ။ မနက် ၁၀ နာရီ လောက် မနက်စာ မစားခင် မှာ လည်း ရောင်း ရတယ် ။ ညနေစောင်း ရင် လည်း ညစာ မစားခင် ရောင်း ရတယ် ။ ထူး တာ က ထမင်း နဲ့ စားကြမှာ ချည်း မို့ ငန်ပြာရည် ပို ထည့်ပေး ၊ ဆီချက် ပို ထည့် ပေးရတာ ကို ပါ ။

ခေါင်းရင်း အိမ် က လည်း ဆိုင်ကယ် တဝုန်းဝုန်းသံ မကြားရဘူး ။ ပြန် ရောင်း လိုက် တာ တဲ့ ။ အပေါ်ထပ် ကိုလည်း အငှား ထားတာ တွေ့ရတယ် ။ အရင် ဆိုင်ကယ် တဝုန်းဝုန်း လုပ် နေ တဲ့ ကောင်လေး လည်း ညနေ စောင်း ရင် ပန်းကန်လေး ကိုင်ပြီး အသုတ်စုံ လာ ဝယ်တယ် ။

သားတော်မောင် က တော့ နေ့လည် ကတည်း က အိမ် က ထွက်သွား ပေမဲ့ သူ့ ဒေါ်ကြီး အော်သံ ငေါက်သံ မကြားရတော့ဘူး ။

သူ ပြန် လာရင် ပုဆိုး နဲ့ တစ်ထုပ်ကြီး ပါ လာရင် သူ့ ဒေါ်ကြီး က ဗန်း တစ်ချပ် အပြေးအလွှား ယူ ပြီး ဆီး ယူ နေကျ ။

ခဏ နေ ရင် ဗန်း ထဲ ကနေ ရေဇလုံ ထဲ ထည့်ပြီး စင်အောင် ဆေးမယ် ။ ပြီးတော့ အသင့် ထည့် ထားတဲ့ ရေနွေးအိုးကြီး မှာ ပြုတ်မယ် ။ တချို့ ကို အခြောက် လှမ်းမယ် ။

အမေ့ ရဲ့ အသုတ်စုံဆိုင်လေး မှာ သခွပ်ပွင့်သုတ် တော်တော် ရောင်း ရတယ် ။ အိမ် မှာ လည်း သခွပ်ပွင့် ကို ငပိလေး ထည့် ၊ ငရုပ်သီး စပ်စပ်လေး နဲ့ ချက်တဲ့ ဟင်း က နေ့တိုင်း လိုလို ... ။

သာသနာ့ဗိမာန် နား က မြတောင်တိုက် နား က သခွပ်ပင်ကြီး အောက် သားတော်မောင် အလည် လွန် ပြီး ရောက်သွား ကတည်း က လို့ ဆိုပါစို့ ။ ဘာပဲပြောပြော အစ်မ ရဲ့ ဆူသံပူသံ သိပ် မကြားရ လို့ အိမ်တွင်း က ထွက် ခွင့် မသာတဲ့ ကျုပ် အဖို့ လည်း နေကောင်း သယောင် ပေါ့ လေ ။

◾ဆူးငှက်

📖 မြို့တော် မဂ္ဂဇင်း
      အမှတ် ၈၀

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment