Friday, June 21, 2024

ပတ္တမြား သင်ဖြူး


 ❝ ပတ္တမြား သင်ဖြူး ❞


ဘိုးညို က သူ့ အမှတ်အသား  နဲ့ သူ ။ တစ်နေ့ က မုန်ပင်ရွာ က လူ သုံးယောက် သူတို့ ရွာ  ထဲ က ဖြတ်ပြီး ပြန် သွားတာ ။ သူ သေသေချာချာ တွေ့ လိုက်တယ် ။ ဒါနဲ့ မနေ့ က တင်မောင်ကွန့် ကို တိုင်ပင် တယ် ။


တင်မောင်ကွန့် က ဘာ ဝင်ငွေ မှ ပုံမှန် ရှိတဲ့ သူ မဟုတ်ဘူး ။ ကြက်ကိုင် ကောင်းတယ် လို့ နာမည် ရ တဲ့ သူ ။ ဒါပေမယ့် ကြက်ပွဲ က အခု ရက် တော်တော် ကျဲ နေတယ် ။ ကြက်ကိုင် ကောင်းတယ် ဆိုတဲ့ ဂုဏ် နဲ့ သူများတကာ မြောင်းတူးကြ ၊ ခြံရမ်း ကုပ်စရာ ရှိရင် ကုပ်ကြ တာ တောင် တင်မောင်ကွန့် က မလုပ်ချင် တော့ဘူး ။ ဘိလစ် တောက် တဲ့ အခါ တောက် ၊ ဂေါ်လီ ထိုး တဲ့ အခါ ထိုး ၊ ဟောလီးဝုဒ်ဝိုင်း သွားတဲ့ အခါ သွား နေတဲ့ လူ ။ ဘိုးညို က တိုင်ပင် တော့ အလကား ရမယ့် ကိစ္စ ပဲ ၊ စိန်လိုက် ဆိုတဲ့ အထဲ က ပဲ ပေါ့ ။ ပြီးတော့ သူ ဒီ ကိစ္စ ကို စိတ် ဝင်စား နေတာ ကြာပြီ တဲ့ ။


ဘိုးညို က တစ်ခု မှာလိုက်ဖို့ မေ့ သွားတယ် ။ ဒီ ကိစ္စ ဘယ်သူ့ မှ မပြောနဲ့ လို့ မပြော လိုက်မိဘူး ။ တကယ်တော့ ဒီလို နှုတ်ပိတ် ဖို့ တောင် မလိုတဲ့ ကိစ္စပါ ပဲ ။ ဒါပေမဲ့ သူ့ ကို ချိန်း ထားကြ တဲ့ မနက် အစော မှာ တင်မောင်ကွန့် က သူ့ တူ အောင်ဝင်းကျော် ဆိုတဲ့ လူငယ်လေး ခေါ် လာတယ် ။ အောင်ဝင်းကျော် က ဝေစု ရစေတော့ လို့ မအောက်မေ့ ပါဘူး ။ တင်မောင်ကွန့် ခေါ် လို့ သာ လိုက် လာတာ ။ ရကောင်းသည် လို့ လည်း စိတ် ထဲ မှာ မရှိပါဘူး ။ လယ် စိုက် ပြီး ကတည်း က အား နေတဲ့ လူငယ်လေး ဖား ရှာ ၊ ငါး ရှာ ထွက်တဲ့ အခါ ထွက်တယ် ။ တစ်ခါတလေ လည်း အနောက် တော ထဲ သွားပြီး တောကြက် သွား ထောင် တတ်တယ် ။ တင်မောင်ကွန့် ကလည်း သန်သန်မာမာ သွက်သွက်လက်လက် ရှိတဲ့ အောင်ဝင်းကျော် ကို ဝေစု ပေး ဖို့ မရည်ရွယ်ပါဘူး ။ အစွန်အဖျား သွားစရာ ရှိရင် သွားဖို့ အမြင့်အစောက် တွယ်စရာ တက်စရာ ရှိရင် တက်ခိုင်း တွယ်ခိုင်း ရ အောင် ခေါ်လာတာ ။ သူ က တော့ အပင်ပန်း မခံနိုင်ဘူး ။ သူ့ ဦးလေး အရွယ် လောက် ဖြစ် နေတဲ့ ဘိုးညို လည်း လူငယ် တစ်ယောက် လို လုပ်နိုင်ပုံ မပေါ်ဘူး မဟုတ်လား ။


ဒီဘက် မှာ အခု ရက်တွေ မှာ မိုး တော်တော် ကောင်း နေတယ် ။ နေ့တိုင်း လိုလို ရွာ နေ တယ် ။ ဒီ မနက် က လည်း ကောင်းကင် က တိမ်ညိုတိမ်ပုပ်တွေ နဲ့ ။ ဘိုးညို ရဲ့ တဲ ရောက် တော့ လူပို တစ်ယောက် ခေါ်လာရ ကောင်းလား ဆိုတဲ့ အပြစ် တင် တဲ့ အကြည့် နဲ့ ဘိုးညို က ဆီး ကြည့် နေတယ် ။ ဘိုးညို က အောင်ဝင်းကျော် မှန်း မသိဘူး ။ ဒီကောင် က လည်း ခမောက် ကို ခပ်ငိုက်ငိုက် စောင်း ပြီး လွတ်အိတ်ဟောင်း တစ်လုံး စလွယ်သိုင်း လွယ် လာ တာ မဟုတ်လား ။ အလင်းရောင် မှုန်ဝါးဝါး မှာ အကြာကြီး မျက်မှောင်ကုပ် ကြည့် နေတော့ တင်မောင်ကွန့် က “ သူစိမ်း မဟုတ်ပါဘူး ဘိုးညို ရဲ့ အောင်ဝင်းကျော်ပါ ” လို့ စကား ဝင် ထောက် လိုက်တယ် ။ ဒီတော့မှ ဘိုညိုး ပါးစပ် က “ ဩော် အေး အေး ” လို့ ပြောပြီး “ ဒီ မနက်တော့ မိုး ချ လိမ့်ဦးမယ် ထင်တယ် ” လို့ ပြောတယ် ။ “ ကောင်းတာပေါ့ ဘိုးညို ရာ လူ သက်သာ တာပေါ့ ”


အောင်ဝင်းကျော် က သောက်ရေအိုးစင် က ရေ တစ်ခွက် ကို ခပ်ပြီး ပလုတ်ကျင်း နေတယ် ။ နောက် တစ်ခွက် ခပ်ပြီး တဂွတ်ဂွတ် မော့ချတဲ့ အသံ က တိတ် နေတဲ့ တဲ ထဲ မှာ အတော် မြည် တာ ကလား ။


“ မိုး ရွာတာ တစ်မျိုး လည်း ကောင်းတယ်ကွာ ။ တစ်မျိုး လည်း မကောင်းဘူးကွ ” ဆို တဲ့ ဘိုးညို ရဲ့ စကား ကို အောင်ဝင်းကျော် က နားလည် ဟန် လည်း မတူဘူး ။ စိတ်ဝင်စား ဟန် မပြဘူး ။


တင်မောင်ကွန့် က သာ “ ဘိုးညို ကျုပ် အစ်မ အိမ် လိုက်ခဲ့တော့ ကျုပ် အစ်မ အိမ် မှာ ထမင်း ထုပ်ခိုင်း ထား နှင့်မယ် ၊ မြန်မြန် လာကြနော် ” လို့ ပြောပြီး ရှေ့ က ခပ်သုတ်သုတ် သွား နှင့်တယ် ။


တအောင့် ကြာ မှ ဘိုးညို က တာယာဖိနပ်ကလေး ကောက်စွပ် ၊ ရှပ်အင်္ကျီ အဟောင်း လေး ကောက် လျှိုပြီး “ လာ ကောင်လေး နောက်ဖေး ပေါက် က ထွက်ရအောင် ” ဆိုပြီး အိမ် ရဲ့ မြောက်ဘက် ဆီ လျှောက် သွား လိုက်တယ် ။ ဘိုးညို ရဲ့ အိမ် နဲ့ မျက်နှာချင်းဆိုင် အိမ် က မုန်ပင်ရွာ ရဲ့ အဆက်အနွှယ် တွေ အရှေ့ဘက် နှစ်အိမ် ကျော် က လည်း တောမရွာ က ပြောင်း လာကြသူတွေ နေကြတယ် မဟုတ်လား ။ မုန်ပင်ရွာ က ရော ၊ တောမရွာ က ပါ ဒီ ရွာ ဘက် လာစရာ ရှိရင် ဘိုးညို နဲ့ မျက်နှာချင်းဆိုင် အိမ်တွေ မှာ စတည်းချ နေကျ ။ အခုလို သူတို့ တောင် ပေါ် တက်ကြ မှာ ကို ဘိုးညို က လူ မသိစေ ချင်ဘူး ။ အထူးသဖြင့် မျက်နှာချင်းဆိုင် အိမ် နှစ်အိမ် က လူ တွေ ပေါ့ ။


ရွာ ရဲ့အရှေ့ဘက် နှင့် အရှေ့မြောက်ဘက် တစ်လျှောက်လုံး မှာ တောင်တန်းရှည် တစ်ခု ရှိတယ် ။ ပေ ရှစ်ရာ တစ်ထောင် ဝန်းကျင် လောက် မြင့် တဲ့ တောင်တန်းရှည် ။


ရွှေမြင်တင် ၊ ဆင်ကျောက်ကြီး ၊ စိုင်ညီနောင် ၊ ကျောက်လဘို့ ၊ ကိန္နရာတောင် ၊ နွားလည်တောင် ၊ ကျောက်ထီး ၊ တောင်နီမ ၊ ဆူးတောင် ၊ ဘော်တောင် ၊ ဓာတ်တော်တောင် ဆိုတဲ့ တောင်တွေ ဆက် နေတဲ့ တောင်တန်းရှည် ပေါ့ ။ တစ်ချိန် က သစ်ပင်တွေ အုပ်ဆိုင်းပြီး တော ထူ ခဲ့ဖူးတယ် ။ လူတွေ က ထင်း တက် ခုတ်ကြ ၊ မီးသွေး ဖုတ် ပစ်ကြလို့ ဒီတောင်တွေ ပေါ် မှာ သစ်ကြီးဝါးကြီး ကုန် သလောက် ဖြစ်နေရှာပြီ ။


စိုင်ညီနောင် တို့ ၊ ကျောက်လဘို့ တို့ ဘော်တောင် စတဲ့ တောင်တွေ မှာ လျှော်ဖြူပင် တွေ အများကြီး ရှိတယ် ။ ကျန် တဲ့ တောင် တွေ မှာ လည်း ရှိ တော့ ရှိတယ် ။ ဒါပေမဲ့ စိုင်ညီနောင် နဲ့ ဘော်တောင် တို့ လောက် မများဘူး ။ ဒီ လျှော်ပင်တွေ က ထွက်တဲ့ အစေး ကို ဆေးကုလားမ ဆိုပြီး ဘယဆေးဆိုင် တွေ မှာ ရောင်း နေတာ ။ အရင် က တစ်ပိဿာ သုံးလေးဆယ် ဈေး ရှိ တဲ့ ဆေးကုလားမ က အခု မျိုး ကောင်း ရင် တစ်ပိဿာ ခြောက်ဆယ် ဈေး အထိ ဖြစ်နေ သတဲ့ ။


ဒါပေမဲ့ ဒီလို မိုးရာသီ မှာ ရတဲ့ ဆေးကုလားမ က သိပ် မဖြူဘူး ။ အမှုန်အမွှားလေး တွေ ပါတော့ ပထမတန်းစား ဈေး တော့ မရပေဘူးပေါ့ ။ ဆေးကုလားမ ခွာတဲ့ လုပ်ငန်း ကို မုန်ပင်ရွာ နဲ့ တောမရွာသားတွေ က အဓိက ထားပြီး စီးပွား ရှာ ကြတာ လေ ။ ဒီ အပင်တွေ မှာ သူတို့ အမှတ်အသား နဲ့ သူတို့ ခွာ နေကျ လူ က သိတယ် ။ ဘယ် အပင် ကို ဘယ်နေ့ က ထစ် ပစ် ခဲ့တာ ။ ဘယ်နေ့ သွား ခွာရင် ဘယ်လောက် ရမယ် ဆိုတဲ့ အမှတ်အသား တွေ နဲ့ ။


ရှစ်စပ် က လည်တဲ့ တင်မောင်ကွန့် က ဆေးကုလားမ တွေ တရုတ်ပြည် က ဈေးကောင်း ပေး ဝယ် နေတယ် လို့ ကြား လို့ သူ က မုန်ပင်ရွာ သွားပြီး ဆေးကုလားမ ကောက်ချင် သေးတာ အရင်းအနှီး မရှိလို့ အသာ ထိုင် နေတာ တဲ့ ။ 


ဘိုးညို ရဲ့ တွက်ကိန်း က မုန်ပင် နဲ့ တောမ က လူတွေ ထက် စောပြီး အရင် တက် နှင့် ပြီး ဆေးကုလားမ ခွာ နှင့်မယ် ဆိုတဲ့ တွက်ကိန်း ပဲ ။ ဘိုးညိုတို့ ရောက် တော့ တင်မောင်ကွန့် က ထမင်းထုပ် သုံးထုပ် နဲ့ အသင့် စောင့် နေ နှင့်ပြီ ။ အိမ် က ထွက် တုန်း က ခမောက် မပါတဲ့ တင်မောင်ကွန့် က သူ့ ယောက်ဖ ရဲ့ခမောက် ကို ကောက် ဆောင်း ခဲ့တယ် ။ ဘိုးညို က လမ်း ကျ တော့ မှ “ ငါ လည်း ဆောင်းစရာလေး တစ်ခု ခု တော့ ငှားခဲ့ဦးမယ် ” ဆိုပြီး ကြံတောင်သူ ကိုသာခင် အိမ် ထဲ ဝင်ပြီး ခမောက် ငှား လာခဲ့တယ် ။


ဘိုးညို ပြန် ထွက်လာ တော့ ကိုသာခင် မိန်းမကြီး က “ မှို ရ ရင် ကျုပ်တို့ လည်း မျှဦးနော် ” လို့ လှမ်း အော်တော့ “ ပေးမှာပေါ့ဟ ကောင်မ ရ ” လို့ ဘိုးညို က ပြန် အော် လိုက်တယ် ။ ခဏနေ မှ “ လခွေး သာခင် ခမောက် က ဆီချေးစော် နံ လိုက်တာ ၊ စောစာစီးစီး ဒီ အနံ့ က ခေါင်း ကို နောက် သွားတာပဲ တဲ့ ” ဒီလို ပြောတတ် တာ သူ့ ဝသီ ပဲ ။


ဘိုးညို က ကိုသာခင် တို့ ဆီ က ခမောက် ဝင် ငှားတာ ခမောက် တင် မကပါဘူး ။ ဓားရှည် တစ်ချောင်း ပါ ငှား လာခဲ့ပြီး ဓားရှည် ကို သူ့ လက် ပိန်ပိန်လေး နဲ့ ဆ ကြည့်တယ် ။ ပြီးတော့ လူအကျင့် အတိုင်း ဝေဖန်ချက် ပေးလိုက် သေးတယ် ။


“ ဟင်း ဓား က တော့ ကွာ လေခုတ် ၊ ရေခုတ် ၊ တုတ်တုတ်မျှ မလှုပ် ၊ ကြက်ဆူပဒိုင်း ပိုင်းချင် ရာ ပိုင်း ဆိုတဲ့ ဓားမျိုး ပဲဟေ့ ”


ခပ်သုတ်သုတ် လျှောက်လာ လိုက်ကြတာ ရွာ တံခါး နား ရောက် တော့ လှည်း တစ်စီး နဲ့ တွေ့တယ် ။ ဒိပြင် ရွာ က လှည်း ပဲ ဘယ် ရွာ က လှည်း လို့ တော့ သူတို့ သုံးယောက် စလုံး မသိကြပါဘူး ။ မုန်ပင် နဲ့ တောမရွာ က လှည်း မဟုတ်ပါစေနဲ့ ။ ဘိုးညို က ကျိတ်ပြီး ဆုတောင်း ရတာပေါ့ ။ တင်မောင်ကွန့် က ခပ်လှမ်းလှမ်း ရောက် မှ “ လှည်းဆရာ က သူများ လှည်း နဲ့ နွား ကို ငှားလာ သလား ၊ ခိုးလာ သလား တစ်ခု ခု ပဲ ။ နှင်တံ တောင် မပါဘူး ။ မန်ကျည်းကိုင်းခြောက် နှင်တံ လုပ် လာတာ ကြည့် ” ဆိုတော့ အောင်ဝင်းကျော် က “ အရေးတကြီး ထွက် လာရ သလား ။ ဒါမှမဟုတ် နွားတွေ က ပဲ လိမ္မာသလား မှ မသိဘဲ လေးလေး ရာ ” လို့ ဝင် ထောက် လိုက်တယ် ။ “ ဒါမှမဟုတ် လမ်း မှာ ကျ ရင် လည်း ကျ နေခဲ့မှာ ။ နွား က နှင်တံ သိပ် မလိုတဲ့ နွား လည်း ဖြစ်ချင် ဖြစ်မှာ ” တဲ့ လေ ။ အောင်ဝင်းကျော် က နှင်တံ လမ်း မှာ ကျရင် ကျနေခဲ့မှာ ဆိုတော့ တင်မောင်ကွန့် က မျက်စိ ရှင် ရင် တော့ နှင်တံ တစ်ချောင်း ကောက် ရနိုင်တယ် ဆိုတဲ့ စိတ်ကူး ပေါ်လာတယ် ။


ရွာပြင် ရောက် တော့ ရွှေမြင်တင် တောင် ပေါ်  တက်နိုင် တဲ့ လမ်းတွေ က အများကြီး ရဲဘက်စခန်း ကို ကွင်း တဲ့အတိုင်း တက် မလား ။ ဆိတ်ကျောင်း ၊ နွားကျောင်း လမ်းတွေ က ပဲ သွား မလား ။ ကျောက်ကြီးတောင် တောရကျောင်း က နေ ဖြတ်ပြီး တက် ရင် လည်း ရရဲ့ ။ အောင်ဝင်းကျော် က လူငယ် ပေ မယ့် ဘာမှ မပြောပါဘူး ။ ဒီ ကိစ္စ မှာ ဘိုးညို ခေါင်းဆောင် ၊ သူ နားလည်တယ် ။ ဘယ်လမ်း အတိုင်း သွား ရင် ခရီး တိုမယ် ။ ဆေးကုလားမ များများ ရ မယ် ။ မုန်ပင် နဲ့ တောမ က လူတွေ နဲ့ မတွေ့ နိုင်မယ့် လမ်း ကို ရွေး မှာ တော့ သေချာလှ သပေါ့ ။


သူတို့ အဖွဲ့ ကိုယ့် အသိစိတ် နဲ့ ကိုယ် ခပ်သုတ်သုတ် လျှောက်လိုက် ကြတာ ရွာ အပြင် က ရွှေသင်ဖြူး ဆိုတဲ့ တစ်ကျိပ်ငါးယောက်စိုက် လယ်ကွက်လေး ရောက် တော့ မိုး တဖြောက်ဖြောက် စ ရွာတယ် ။ မိုး က သည်းမယ့် မိုး ၊ အနောက် ဆီ မှာ သည်းသည်း ရွာ လို့ ရွာ ထဲ က အိမ်ခေါင်တွေ သစ်ပင် တွေ အပေါ် မိုးပေါက်ကြီး တွေ ကျတဲ့ အသံ ကို သူတို့ ကြား နေရပြီ ။ မိုး က သူတို့ နောက် တောက်လျှောက် လိုက်လာ နေတယ် ။ ခြေလှမ်း အလှမ်းသုံး လေးဆယ် လောက် လှမ်း လိုက်တုန်း မိုးသည်းသည်း နဲ့ မိ တော့တာပါပဲ ။ တင်မောင်ကွန့် က “ ဘိုးညို မိုး ခိုဦး မှာလား ” လို့ အော် မေးတော့ - 


“ ခို နေလို့ လည်း လုံမယ့် မိုး မဟုတ်ဘူး ဟ ထွက်လာမိ မှ တော့ ခို မနေနဲ့ တော့ သူများ မတက်ခင် စောစော ရောက်လေ ကောင်းလေပဲ ” ဆိုပြီး ဆက်ပြီး လျှောက် သွားတယ် ။ အောင်ဝင်းကျော် က ကိုတင်မောင်ကွန့် ကို မိုး ခို ရအောင် လို့ အကြံ ပေး တော့ ဘေးဘီ ကြည့် လိုက်တော့ မိုး ခိုစရာ အပင် ကြီးကြီးမားမား ဘာမှ မှ မရှိဘဲ ။ ပေါင်လုံး လောက် တုတ် တဲ့ တမာပင်လေး တစ်ပင် နဲ့ ထွာဆိုင် လောက် တုတ် တဲ့ ထနောင်းပင်လေး တစ်ပင် ရှိ ရဲ့ ။ ဒါ လည်း ဝါး ခုနစ်ပြန် ၊ ရှစ်ပြန် လောက် နောက် မှာ ကျန်ခဲ့တဲ့ အပင် တွေ ။ လှည်းလမ်း အတိုင်း မိုးရေ တွေ စီးကျ နေတယ် ။ မြေနီ ပေါ်  ဖြတ် စီးတဲ့ မိုးရေ ဆိုတော့ ရွှံ့ရောင် က ပါ နီကြင်ကြင် နဲ့ မိုးရေ စီးကြောင်း က အမြှုပ်တွေ ထ နေတာ ကို အောင်ဝင်းကျော် က ကြည့် ပြီး လက်ဖက်ရည် အချို သောက်ချင် စိတ် ပေါ်လာ မိတယ် ။ ဒီလို မိုးအေးအေး နဲ့ ရွာ အလယ် က ခင်မျိုးဆွေ တို့ ဆိုင် သွား ထိုင် သောက် လိုက်ရလို့ က တော့ ဘယ်လောက်များ ဇိမ် ရှိလိုက်လေမလဲ .. တွေး နေမိတယ် ။


မိုး က ခုန လောက် မသည်းတော့ ပေမဲ့ လေကလေး က တသုန်သုန် တိုက် နေသေးတာ မို့ သုံးယောက် စလုံးတော်တော် ချမ်းနေပြီ ။


“ မောင်ကွန့် ရေ ထမင်းထုပ် တွေ ဂရုစိုက်ဟေ့ ” လို့ ဘိုးညို က နောက် ကို လှည့် ပြီး သတိ ပေးတယ် ။


တင်မောင်ကွန့် က ကျွတ်ကျွတ်အိတ် နဲ့ နှစ်ထပ် လုပ်လာတာ မို့ စိတ်ချရ ပြီးသား ။ မိုး ပက်လို့ ချမ်းတာ နဲ့ ဘာမှ ပြန် ပြောချင် စိတ် မရှိတော့ဘူး ။ လောလောဆယ်ဆယ် ငွေ သုံး ပြတ် နေတာရယ် ၊ ကြက်ပွဲတွေ က မဖြစ်တာကြောင့် ရယ် ၊ ပြီးတော့ တောင် ပေါ် က ဆေးကုလားမ ခွာ တဲ့ လမ်း ကို သိထားချင်လို့ ရယ် ဇွတ် ပေပြီး ဘိုးညို နောက် လိုက် နေရ တာ ။ လမ်း သိ ထား ရင် နောက် ကျတော့ ကိုယ့် ဘာသာ တစ်ယောက် တည်း တက် ချင် တက် နိုင်အောင် ဆိုတဲ့ တွက်ကိန်း လည်း ပါတာပေါ့ ။ နို့မို့ရင် တော့ ရွာ ကို လှည့် ပြန် မိမှာပဲ ။


လမ်းခုလတ် မှာ ဘိုးညို က ပထမ ဆုံး စပြီး အပေါ့ စွန့်တယ် ။ အရှေ့တောင် ဘက် ကို လှည့်ပြီး ဆောင့်ကြောင့် ထိုင် လိုက်တာပါ ။ အနောက်ဘက် မှာ က ရွှေမြင်တင်စေတီ ၊ မြောက်ဘက် မှာ က ကျောက်ကြီးတောင်တောရကျောင်း က ရှိနေလေတော့ ဘိုးညို အရှေ့တောင်ဘက် ကို မျက်နှာ မူ ရတယ် ။ အပေါ့စွန့် တဲ့ ကိစ္စ က တစ်ယောက် စွန့် ရင် အနား မှာ ရှိတဲ့ လူ ကို ပါ စွန့်စေချင် တဲ့ ဓာတ်ကူး တဲ့ သဘောမျိုး ရှိတဲ့ အတိုင်းပဲ ။


တင်မောင်ကွန့် ရော အောင်ဝင်းကျော် ပါ မနေနိုင်ကြဘူး ။ သူတို့ ပါ တောင်ဘက် လှည့် ထိုင် ကြတယ် ။ မိုး အေးအေး နဲ့ ခါတိုင်း ထက် ပို ကြာကြာ ထိုင် ကြရတယ် ။ စောင့် လည်း မစောင့်တော့ဘူး ။ ဘိုးညို က သူ့ ကိစ္စ ပြီးတော့ ဘာမှ ပြော မနေဘူး ။ သွားမယ့်လမ်း အတိုင်း ဆက် လျှောက်သွား လိုက်တယ် ။ တင်မောင်ကွန့် က ဒုတိယ ပြီးတဲ့ လူ ရေတွေ အများကြီး ဆင့် သောက် ခဲ့တဲ့ အောင်ဝင်းကျော် က အငွေ့ ထွက် နေတဲ့ အပေါ့ကွက်ကလေး တွေ ကို ငေးပြီး သူ့ ကိစ္စ မပြီးမချင်း ဆက် ဆောင်ရွက် နေတယ် ။ မိုးပေါက်ကြီး တွေ က ခမောက် ပေါ် ကို ဘောက်ခနဲ ဘောက်ခနဲ ကျသံ ကြား နေရတယ် ။ ကြက်သီး တစ်ချက် ထ ပြီးတော့ သူ့ ပုဆိုး ကို ပြန်ဖုံး ပြီး ရှေ့ က လူတွေ မီဖို့ ခြေလှမ်း ကျဲကျဲ လှမ်း လိုက်ရတယ် ။


ဘိုးညို ကြည့် ရတာ သူတကာ သွားတဲ့ လမ်း အတိုင်း မသွားဘဲ ကျောက်ကြီးတောင် တောရကျောင်း ဘက် က သွားမယ့် ပုံ ပဲ ။ တောရကျောင်း ပီပီ ပတ်ဝန်းကျင် တစ်ခု လုံး တိတ် လို့ ဆိတ်လို့ ပေါ့ ။ လမ်းနံဘေး မှာ တော့ တချို့က လမ်းလျှောက်ပန်း လို့ ခေါ်ကြတဲ့ တချို့ က လည်း မူးစေ့မတ်စေ့ လို့ ခေါ်တဲ့ အပင်လေးတွေ အပြိုင်းအရိုင်း ပွင့် နေကြတယ် ။ မူးစေ့ မတ်စေ့အပွင့် ခရမ်းရောင်လေး တွေ ၊ အဖြူလေး တွေ က မိုးရေ ထဲ မှာ လန်းလန်းဆန်းဆန်း ပွင့် နေကြပြီး လေယူရာ ယိမ်း နေကြတယ် ။


အောင်ဝင်းကျော် က သူ့ ရှေ့ က လူ နှစ်ယောက် ကို မီတဲ့ အချိန် မှာ ဘိုးညို ဆီ က မိုးရေ စို နေတဲ့ တာယာဖိနပ် နဲ့ ခြေဖဝါး ပွတ်သံ တကျွိကျွိ ကို ကြား နေတယ် ။


တင်မောင်ကွန့် ရော အောင်ဝင်းကျော် ပါ နှစ်ယောက် စလုံး ခြေဗလာ တွေ ဆိုတော့ ဒီလို အသံမျိုး သူတို့ ခြေထောက် ဆီ က မကြားရဘူး ။ ဖိနပ်သံ တကျွိကျွိ ကြား တော့ အောင်ဝင်းကျော် က သူ့ ဖို့ ဖိနပ် တစ်ရံ လောက် ဝယ်ဖို့ လို နေတာ ကို သတိရ တယ် ။ ဖြစ်နိုင်ရင် တော့ ကတ္တီပါသဲကြိုး နဲ့ ကြက်တောင်တံဆိပ် ဖိနပ် တစ်ရံ မြို့ ကို လူကြုံ နဲ့ လှမ်း မှာ ရင် ရနိုင်သား ။ ဒါပေမဲ့ ကတ္တီပါသဲကြိုး ဖိနပ်က မိုးတွင်း နဲ့ သူတို့ လို ခြေထောက် နဲ့ မသင့်လျော်ဘူး ။ ရာဘာ ဖိနပ် ခိုင်ခိုင် တစ်ရံ ဝယ် ရရင် ကောင်းမလား လို့ တွေး နေတုန်း ။


လမ်းနံဘေး က ဆူးပုပ်ကလေးပင် တစ်ပင် က ဆူးပုပ်ညွန့်တွေ ခူး နေတဲ့ တင်မောင်ကွန့် ကို ဘိုးညို က လှည့် ပြီး မခူးဖို့ ပြောလိုက်သံ ကြားရတယ် ။ တင်မောင်ကွန့် က ထမင်း စား တော့ အတို့အမြှုပ် အနေနဲ့ စားဖို့ ဆူးပုပ်ညွန့်လေးတွေ ခူးချင် နေတယ် ။ ဘိုးညို က တော့ ခရီး မတွင် မှာ စိုးရိမ်လို့ လား လာဘ်ဦး နဲ့ လွဲမှာ စိုးလို့လား မသိ မခူးစေ ချင်ဘူး ။


“ အပြန် မှ ခူးရအောင်ပါ မောင်ကွန့် ရာ လာပါ တော်တော် သွားရဦးမှာ ဟ ” တဲ့ ။ တင်မောင်ကွန့် က ဘိုးညို စကား မပယ်နိုင် ပေမယ့် ခပ်သွက်သွက် ခူးလို့ ရတဲ့ ဆူးပုပ်ကလေး လေးငါးခြောက်ညွန့် ကို ခါး က မလေးရှားပုဆိုးဟောင်း ရဲ့ခါးပုံစ ထဲ ထည့် လိုက်တယ် ။ လက်ဖဝါး ကပ် နေတဲ့ အညွန့်လေး တော့ ပါးစပ် ထဲ ထည့် ဝါး လိုက်တာ နောက်က ကပ် လိုက် လာ တဲ့ အောင်ဝင်းကျော် နှာခေါင်း ထဲ မှာ မွှေး နေတဲ့ ဆူးပုပ်နံ့ သင်းသင်းကလေး ရ လိုက် တယ် ။


ကျောက်ကြီးတောင် တောရကျောင်းဝ က လှေကားထစ် တွေ ရောက် တော့ သုံးယောက် စလုံး ခဏ ထိုင် ကြသေးတယ် ။ ဘိုးညို က မော နေတယ် ။ တင်မောင်ကွန့် က တော့ လိုက် လာတာ မှားပြီ ဆိုတဲ့ မျက်နှာ နဲ့ စိတ် ပျက်စ ပြုတဲ့ ပုံစံ ပေါ့ ။ မိုးကတော့ တဖြောက်ဖြောက် ရွာ နေတုန်းပဲ ။ သူတို့ သိပ် ကြာကြာ အမော ဖြေ မနေနိုင်ပါဘူး ။ တောရကျောင်း လှေကား ထစ် အတိုင်း အထက် ကို ဆက် တက်ခဲ့ကြတယ် ။ တောရကျောင်း လှေကားထစ် တွေ က ကျောက်တုံး တွေ စီ ထား တာမို့ အေးစက် ပြောင်ချော နေတယ်လေ ။


လှေကား ထိပ်ဆုံး မှာ ဆရာတော် မွေး ထားတဲ့ ခွေး ငါးကောင် က အပေါ်  က နေ စီးပြီး သူတို့ ကို ကြည့် နေကြတယ် ။ ခွေး တွေ က ဘာလို့ မဟောင်တာပါလိမ့် ။ အနား ရောက် လာ မှ ဟောင် လိမ့်မယ် လို့ အောင်ဝင်းကျော် က ထင် နေတာ ။ လှေကား ထိပ်သာ ရောက်ရော ခွေးတွေ က မဟောင်ကြဘူး ။ ငေး လို့ပဲ ကြည့် နေတယ် ။ အမြီး နံ့ တဲ့ အကောင် က နန့် လို့ ။


ဝါးကပ်တဲလေး တစ်တဲ မှာ တော့ ရေနွေးအိုး တည်ပြီး မီးလှုံရင်း ရေနွေးကြမ်း သောက် နေကြတဲ့ လူ တစ်စု ဘိုးညို တို့ လှမ်း မြင်ခဲ့တယ် ။ ဒီလို ချမ်း နေတဲ့ အချိန် မီး ဝင်လှုံ ရင်း ရေနွေးကြမ်း သောက် လိုက် ရရင် သိပ် အရသာ ရှိမှာ ။ ဘိုးညို လည်း မီး လှုံချင်စိတ် ရှိမှာပဲ လို့ တင်မောင်ကွန့် က တွေး နေပေမယ့် ၊ ဘိုးညိုက တောင်တက်လမ်း အတိုင်းပဲ အထက် တောက်လျှောက် ဆက် သွား နေတယ် ။ အောင်ဝင်းကျော် က တော့ ဘိုးညိုကြီး ဆရာတော် ကို အရင် ကန်တော့ ပြီး မှ ရေနွေးကြမ်း သောက် လိမ့်မယ် ထင်တယ်လို့ တွေး နေမိတာ သူ ထင် တဲ့ အတိုင်း မဟုတ်ဘူး ။ ဘိုးညို က ခြေလှမ်း မှန်မှန် နဲ့ ကျောက်လှေကား တွေ အတိုင်း တောင် ပေါ် ကို ဆက် တက်သွား နေ တော့တာပဲ ။


တော်တော် မြင့်လာ တော့ ခဏ နားကြပြန် ရော ၊ ဒီ တစ်ခါ တော့ အောင်ဝင်းကျော် ပါ မော လာတယ် ။ မိုးကျသံ တွေ က တရုတ်စကားရွက်တွေ ပေါ် မှာ တဖြောက်ဖြောက် နဲ့ မြည် နေပုံ က ပတ်ဝန်းကျင် တိတ် နေတော့ ပို ကျယ်နေ သလိုပဲ ။


ဘိုးညို က သူ့ လက် ထဲ က ဓားရှည် ကို တင်မောင်ကွန့် လက် ကို ကမ်း လိုက်တယ် ။ တင်မောင်ကွန့် က အောင်ဝင်းကျော် ကို ချက်ချင်းပဲ ကမ်း လိုက်တယ် ။ ဓားရှည် ကို လူကြီး နှစ်ယောက် ဘယ်သူ မှ မသယ်ချင်ကြတော့ဘူး လေ ။


မိုးရေတွေ က ကြောင်လိမ်ရစ်ခွေ နေတဲ့ တရုတ်စကားပင်စည် အတိုင်း ရစ်ခွေပြီး မိုးရေ စက် အဖြစ် တတောက်တောက် ကျ နေတယ် ။ ပထမ တောရ ဆရာတော်ကြီး တရား ကျင့် ခဲ့တဲ့ လိုဏ်ဂူပေါက် မှာ ချုံ တွေ ပြန် ပေါက်စ ပြု နေပြီ ။ ဆရာတော် ကြွ တဲ့ စင်္ကြံ မှာ တီကောင် လေးငါးဆယ်ကောင် တရွေ့ ရွေ့ ဟိုဟိုဒီဒီ သွား နေကြတယ် ။ ဘယ်က နေ ကူ နေ မှန်း မသိတဲ့ ချိုးကူသံ က လည်း တနွဲ့နွဲ့ နဲ့ ။


ဘိုးညို က တောင်တက်လမ်း အတိုင်း ကင်ပွန်းကိုင်း တချို့ ကို ဖယ်ပြီး အထက် ကို ဆက် တက်တယ် ။ တင်မောင်ကွန့် က ရေစို နေတဲ့ ပုဆိုး ကို ဒူးခေါက်ကွေး နား အထိ လက် နှစ်ဖက် နဲ့ မရင်း ဘိုးညို နောက် က ဆက် တက် သွားတယ် ။ ဆိတ်ကျောင်း တဲ့ ကလေးတွေ လာ နေကျ နေရာ မို့ လမ်း ပေါ် မှာ ဆိတ်ချေးလုံးလေးတွေ အနှံ့ တွေ့ နေရတယ် ။


အထက် မြင့် လာ လေလေ မိုးသက်လေ က တသုန်သုန် နဲ့ ပို တိုက် လာ လေလေပဲ ။ အပေါ် နား ရောက်လေ သန်းပင် ၊ ဒဟတ်ပင် တွေ ပို ထူလေလေ နဲ့ လာတာပါပဲ ။ အခုထိ တော့ သူတို့ ရှာ နေကြတဲ့ လျှော်ဖြူပင် တစ်ပင် မှ မတွေ့ ရသေးဘူး ။ ဘိုးညို က “ တောင်ပို့ တွေ့ ရင် မျက်စိ လျင်လျင် နဲ့ သေသေချာချာ ကြည့်ကြစမ်း မှိုတွေ ထွက်တတ်တယ် ” လို့ ပြောတော့ တင်မောင်ကွန့် တို့ က ကြည့်ကြရတယ် ။ တောင်ပို့ တွေ ကတော့ ဆယ်ကိုက် ဆယ့်ငါးကိုက် မှာ လမ်း ရဲ့ဘယ်ဘက် မှာ ခပ်ကြီးကြီး တစ်ခု ၊ ညာဘက် မှာ ခပ်ရွယ်ရွယ် တစ်ခု ၊ တွေ့ နေ သားပဲ ။ ဒါပေမဲ့ မှို နဲ့ တူတာ ဘာမှ မတွေ့ကြဘူး ။ ဆင်ကျောက်ကြီးတောင် ဘက် ကို ဦးတည် ပြီး ရင်ကပ်ပင် တွေ ဖြတ် ပြီး ဘိုးညို က တိုးသွား နေတယ် ။ စူလာနဖာအပင်လေး တွေ ကျွဲကျောင်းမှင်စာပင်လေး တွေ မြေ မှာ ကပ် လို့ ပေါက် နေကြတာ ကြည့်လို့ လှလှသေးတော့ တယ် ။


ဆင်ကျောက်ကြီး က နေ စိုင်ညီနောင် ဘက် သွားမယ့် တောင်နှာမောင်း မှာ မှ လျှော်ဖြူ ပင် တစ်ပင် စ တွေ့တယ် ။ “ ဟိုဟာ လျှော်ဖြူ ပဲ ” လို့ လှမ်း ပြတော့ တင်မောင်ကွန့် က ဘိုးညို ကို ခြေလှမ်း ခပ်သွက်သွက် နဲ့ ကျော် တက် သွားတယ် ။ တော်တော် ကို အားတက် သွားကြ ၊ အမောပြေ သွားကြတယ်လေ ။ အနား ရောက် တော့ ပင်စည် ကို ထစ် ထားတဲ့ ဓားရာ တော့ တွေ့ပါရဲ့ အစေး က နည်း နေသေးတယ် ။ မရှိသလောက် ပဲ ။ မထွက်တာ တော့ မဖြစ်နိုင်ဘူး ။ တစ်ယောက် ယောက် ခွာ သွားတာ ဖြစ်ရမယ် ။ ပထမဆုံး တွေ့ တဲ့ လျှော်ဖြူပင် နား မှာ တစ်ဖွဲ့ လုံး ခြေပစ်လက်ပစ် ထိုင် နေ လိုက်ကြတယ် ။ အောင်ဝင်းကျော် က တဖြည်းဖြည်း စဲ သွားတဲ့ မိုးသားတိမ်မျှင်တွေ ကို လိုက် ကြည့် နေတယ် ။ ဘိုးညို က မည်းချိပ်ချိပ် ကျောက်တုံး တစ်တုံး ပေါ် ထိုင်ရင်း ဘာတွေ အကြံ ထုတ် နေတယ် မသိ ။ တင်မောင်ကွန့် ရှေ့ ဆက် လျှောက်ရမယ့် တောင်နီမ တို့ ကျောက်ထီး တို့ ဘက်ဆီ ငေး နေမိတယ် ။


ဘိုးညို က “ လာကြကွ အခုမှ အစ ရှိသေးတယ် ။ ဆင်ကျောက်ကြီး မှာ ဒီ အပင် က သိပ် များများစားစား ရှိတာ မဟုတ်ဘူး ။ ကျောက်လဘို့ တို့ စိုင်ညီနောင် တို့ က မှ ပေါတာ ၊ တော်ကြာ သူများ ဦးသွား လိမ့်မယ် ထကြ သွားကြစို့ ” တဲ့ ။


ဘိုးညို ရဲ့ နောက် က သူတို့ ဆက် လျှောက် လာကြတယ် ။ အောက် က ကျောက်တုံး ညိုညို မွဲမွဲတွေ ကို ခလုတ် မတိုက်အောင် ဂရုစိုက် ရတာ က  တစ်မျိုး ၊ ဝါးပင် တွေ့  ရင် မှိုတို့ မျှစ်တို့ ကြည့် ရတာ က တစ်ဖုံ ၊ တောင်ပို့ တွေ့ ရင် တောင်ပို့မှို ကြည့်ရတာ တစ်လီ ၊ မုန်ပင်ရွာသား ၊ တောမရွာသားတွေ ကို မျက်စိ လျင် ရတာ နဲ့ သူတို့ သုံးယောက် လူ စင်စစ် ကနေ ကျီးကန်း တွေ ဖြစ် ကုန်ကြတယ် ။


မိုး တိတ် သွားပေမယ့် လေအေး တွေ က တောင် ပေါ် မှာ တိုက် နေတယ် ။ ကိုင်းပင်အရှည် တွေ က လေ အတိုက် မှာ အီခနဲ အီခနဲ နိမ့်နိမ့် သွား တတ်တယ် ။ ပျံလွှားငှက်ကလေး တွေ က လှစ်ခနဲ လှစ်ခနဲ ပျံသန်း နေ ကြတယ် ။


တင်မောင်ကွန့် ရဲ့ စိတ် ထဲ မှာ မျှော်လင့်ချက် မီးတောက် အရှိန်အဟုန် ကောင်း နေတုန်း ပဲ ၊ သူ့ ခြေလှမ်း တွေ က သွက် နေတယ်လေ ။ သူတို့ ကြည့် ရတာ မိုး မိ ထားတဲ့ တောကျီးကန်း တွေ က စိုင်ညီနောင် တောင်ဘက် ကို ခပ်သွက်သွက် ပျံသန်း နေကြတာ နဲ့ တူ နေတယ် ။ တောင်ခိုးတွေ ဝေ နေတဲ့ ကြား ကို စိုင်ညီနောင်တောင် က အမြင် နီး ပေမယ့် တော်တော် နဲ့ ကို မရောက်နိုင်ဘူး ။


ဘိုးညို က ဆေးပေါ့လိပ် တစ်လိပ် ကို မီး ညှိပြီး လက်ညှိုး တစ်ဆစ် မရှိ တရှိ လောက် ထိ အားရပါးရ သောက် နေတော့ နောက် က ကပ် လိုက်လာတဲ့ လူ နှစ်ယောက် ရဲ့ နှာခေါင်း ထဲ မှာ သိပ် မွှေး တဲ့ ဆေးလိပ် အနံ့ ကို ရကြတယ် ။ ပြီးတော့ မှ တင်မောင်ကွန့် ဆီ လက်ဆင့် ကမ်း လိုက်တယ် ။ ခြောက်သယောင်း နေတဲ့ ပါးစပ် ထဲ က ရှိစုမဲ့စု တံတွေး ကို စုပြီး မျိုချ လိုက် ရင်း ဘိုးညို ဆီ က ဆေးပေါ့လိပ် ကို လှမ်း ယူ လိုက်တယ် ။


တင်မောင်ကွန့် က တော့ ဘိုးညို ထက် ပိုပြီး သောက် ပြီး မှ အောင်ဝင်းကျော် လက် ကို ဆေးပေါ့လိပ် ရောက် လာတယ် ။ သူ့ လက် ထဲ ရောက် တော့ ဆေးလိပ်ဖင်စီခံ တော်တော် ပူ နေပြီ ။


“ ဟေ့ကောင် ပြန်ခြင်းလေး လည်း ခတ်ဦးနော် ” တဲ့ ။ ဆေးလိပ် ကို မျက်စ ပစ် ပြရင်း တင်မောင်ကွန့် က ပြော လိုက်တယ် ။


တင်မောင်ကွန့် လက် ကို ဆေးလိပ် ပြန် ရောက် လို့ အစီခံ မီးစွဲခါနီး မှ စိုင်ညီနောင် တောင်စပ် ကို သူတို့ ရောက်ကြတယ် ။ ဘိုးညို က မလိုအပ် ရင် စကား မပြောဖို့ နဲ့ ခြေသံ လုံ ဖို့ သတိ ပေး ရင်း လျှော်ဖြူပင် ကို တောင်ခိုး တွေ ကြား မှာ လိုက် ရှာ ကြည့် နေမိတယ် ။


ဆင်ကျောက်ကြီး တောင် ထက် ဒီ တောင် က အပင် တွေ ပို များတာ တော့ အမှန်ပဲ ။ ဘိုးညို က လူ သုံးယောက် တစ်နေရာ စီ ခွဲ ပြီး ဆေးကုလားမ ခွာရင်း ပြန် ဆုံကြမယ့် နေရာ ကို ပါ အသေအချာ မှာ နေတယ် ။


“ ဟို အစွန် က နှံပဲပင် လေးပင် မှာ ဆုံကြမယ်နော် ” တဲ့ ။ တင်မောင်ကွန့် က ခြေလှမ်း အရင် စ, လှမ်းတာ ဘိုးညို နဲ့ အောင်ဝင်းကျော် က တော့ ဖြည်းဖြည်း ပါ ။ သူတို့ အပင် တွေ တွေ့ လို့ ကြည့် လိုက် တိုင်း ဆေးကုလားမတွေ က မရှိကြတော့ဘူး ။ သင်္ဘောဆီးဖြူသီး လောက် ကျန် တဲ့ အပင် နဲ့ ။ ရွေးကြီး တစ်ရွေး စာ လောက် ကပ်သပ် ကျန်ခဲ့တဲ့ အပင် နဲ့ ။ တင်မောင်ကွန့် က သူတို့ မျှော်လင့်ထား သလို မဟုတ် လို့ တော်တော် စိတ်ညစ် သွားတယ် ။ ဘိုးညို က တော့ ဆေးကုလားမ သိပ် မရတာ နဲ့ သုံးလေးပင် ရှာပြီး ကတည်း က ဆက် ရှာ မနေတော့ ၊ နှံပဲပင်လေး ဆီ ကို ပဲ ဆက်လျှောက်သွား လိုက်တယ် ။ လျှော်ပင် ခြေရင်း မှာ ခြေရာ တချို့တွေ့ ကတည်း က သူတို့ ထက် လက်ဦး တဲ့ သူ ရှိနေပြီ ဆိုတာ ဘိုးညို သိ လိုက်တယ် ။


အောင်ဝင်းကျော် သွား တဲ့ ဘက် က တောကြက်တွေ ထပျံ သွားတဲ့ အသံ ကြား လိုက်ရတယ် ။ 


ဘိုးညို က ဆေးလိပ် ကို ဖွာ ရင်း နှံပဲပင် တွေ အောက် မှာ ထိုင် နေ လိုက်တယ် ။ တော် တော် ကြာ မှ စိတ်ပျက်လက်ပျက် နဲ့ ရောက် လာတဲ့ တင်မောင်ကွန့် ကို “ ဘယ်နှပိဿာ ရပြီလဲ ၊ ပြစမ်းပါဦး ” ဆိုတော့ တင်မောင်ကွန့် က သူ့ ဘယ်ဘယ် လက်သီးဆုပ် ကို ဖြေ ပြတယ် ။ လက်သီးဆုပ် ထဲ မှာ အမှုန်အမွှားတွေ ဗရပွ နဲ့ ဆေးကုလားမ နည်းနည်း ပါ လာတယ် ။


တင်မောင်ကွန့် က ဘာမှ မပြောသေးဘဲ ဘိုးညို လက် ထဲ က ဆေးလိပ် ကို တောင်း သောက်ရင်း ခြေပစ်လက်ပစ် ထိုင်ချ လိုက်တယ် ။


အောင်ဝင်းကျော် က တော့ လေကလေး တချွန်ချွန် နဲ့ အေးအေးဆေးဆေး ပဲ ။ သူ့ ဆီ မှာ လည်း ဆေးကုလားမ နည်းနည်း ပဲ ပါတယ်လေ ။


“ ဗိုက် ဆာလာပြီဟေ့ ငါတို့ ထမင်း စားကြစို့လား ” ဆိုတော့ တင်မောင်ကွန့် က အံ့သြ တဲ့ မျက်နှာ နဲ့ “ ကိန္နရာတောင် တို့ ကျောက်ထီး တို့ဘက် မဆက်တော့ဘူးလားဗျ ” တဲ့ လေ ။ “ ငါတို့ ဆက် သွားစရာ မလိုတော့ဘူး ၊ ငါတို့ ထက် ဦးတဲ့ ကောင် ရှိ နေပြီ မင်းတို့ ဆက် သွား ရင် နောက်ချေး နဲ့ သလဲ ပဲ ရမှာ ၊ နောက်ချေး တောင် ရရင် ယူခဲ့ ၊ လယ် ထဲ ချ လို့ရတယ် ” တဲ့ ။ တင်မောင်ကွန့် မျက်နှာ က ချက်ချင်း အိုစာ သွားတယ် ။ သူ့ အစ်မ အိမ် က အပင်ပန်း ခံ အကုန်ကျ ခံ ပြီး ချက် လာတဲ့ ထမင်းထုပ် တွေ ကို မဖြေချင် ဘဲ ဖြေ နေရှာတယ် ။ သူ မျှော်မှန်း သလို ဖြစ် မလာဘဲ ကိုး ။ ထမင်း ကုန် ရကျိုး လည်း မနပ်ဘဲ ဖြစ် သွားရတယ် ။


အပြန် တော့ ရှက်ရှက် နဲ့ ဒီပြင် လမ်း တစ်သွယ် က သူတို့ ဖြည်းဖြည်းချင်း ဆင်း လာ ကြတယ် ။ လမ်း မှာ ဆူးပုပ်လေးပင် တွေ နောက်ထပ် တွေ့ ပေမယ့် တင်မောင်ကွန့် ခူးစရာ တောင် မရှိတော့ဘူး ။ ရွာ ထဲ က လူ တချို့ ခူး သွား ကြပြီလေ ။ တင်မောင်ကွန့် က စိတ်ပျက် လက်ပျက် နဲ့ သူ့ စိတ် ထဲ ရှိတာတွေ ပြောနေတယ် ။


“ ဘိုးညို ရာ ဒီ တောင် က ကျောက်တုံး တွေ က ကျောက်စိမ်းတုံး တွေ ဆိုရင် ကောင်းမှာ ပဲ နော် ” တဲ့ ။


သူ့ စကား ကို ဘယ်သူ က မှ အင်း အဲ မလုပ်ကြဘူး ။ တောင်ဆင်းလမ်း ကွေ့ ကောက်ကောက်လေး အတိုင်း ခြေလှမ်း မှန်မှန် ဆင်း လာရင်း တစ်နေရာ ရောက် တော့ ပြောပြန်ရော ။ ဒီ တောင်တွေ ပေါ် က ရွှေ ထွက် ရင် လည်း ကောင်း မှာပဲ အောင်ဝင်းကျော် ရာ ” တဲ့ ။ ဒီ တစ်ခါ လည်း ဘယ်သူမှ ဘာမှ မပြောကြပါဘူး ။  ။


◾ညီပုလေး


📖 ရွှေဝတ်ရည် မဂ္ဂဇင်း 

      အမှတ် ( ၃ ) 

      ၁၉၉၀ ၊ ဧပြီ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment