Tuesday, June 18, 2024

ပြုံးရယ်ခြင်း


 

❝ ပြုံးရယ်ခြင်း ❞

ပြုံးရယ်သမှု ပြုရခြင်း သည် လူ ကို ရွှင်လန်းစေ ၍ စိတ် ကို ချမ်းမြေ့ စေသည် ။ ထို့ကြောင့် ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ လို သူ တို့ သည် မိမိ ကိုယ် မိမိ ပြုံးရယ်သမှု ပြုရအောင် ဖန်တီးရာသည် ။

ယင်းသို့ ဖန်တီးရာ ၌ အဖိုးအခ မပေးရပါဘဲ ခရီးသွား ဟန်လွှဲ ဆို သလို ဖန်တီး နိုင်သော နည်းလမ်း တစ်ခု ကို ဖော်ပြရ လျှင် မိမိ နေထိုင်သည့် ဝန်းကျင် နှင့် မိမိ နေ့စဉ် သွားလာ နေရသည့် လမ်းခရီး တွင် ကြုံတတ် တွေ့တတ် သော သူများ ကို ခင်မင်ရင်းနှီးစွာ အသိမိတ်ဆွေ ဖွဲ့ ထားခြင်း ပင် ဖြစ်ပါသည် ။ အသိ မိတ်ဆွေ တို့ မည်သည် လူချင်း တွေ့ကြ လျှင် တစ်ယောက် နှင့် တစ်ယောက် ပြုံးရယ် ပြမည် ။ နှုတ်ဆက် ကြမည် ။ ပဋိသန္ဓာရ  ပြောကြ မည် မဟုတ်ပါလား ။ မျက်နှာ ကြီးငယ် ဆင်းရဲ ချမ်းသာ မရွေး ပါ နှင့် ။ သဇင် လည်း ပန်း ၊ နှင်းဆီ လည်း ပန်း ၊ ခရေ လည်း ပန်း ၊ သပြေ လည်း ပန်း ဖြစ်ဘိသို့ အပြုံးပန်း ဟူသမျှ သည် အားလုံး အတူတူ ပါ ပဲ ။ သင့် ထက် နိမ့်ကျ သော သူ ၏ အပြုံးပန်း က ပင် သင့် အတွက် ပို၍ လန်းဆန်း မွှေးကြိုင်ပါလိမ့်မည် ။

ကြယ်ကလေးတွေ ချစ်စရာ ၊ အပြာရောင် ကောင်းကင်မှာ ၊
သူတို့ကို ပြုံးရင်း
တစ်လုံးချင်း ကြည့်နေပါ ၊
မကြာမီ ပြန်ကာပြုံးလို့ ...
သူတို့လည်း ကိုယ့်ကိုခင်ရှာ ...
ပြုံးတုံ့ပြုံးလှဲ့ ကျီစယ်မှာ ...

ဆရာ မြို့မငြိမ်း ရေး ခဲ့၍ ကိုအံ့ကြီး သီဆိုသည့် မေတ္တာ သဘော ကို ဖော်ကျူး လိုက်သော သီချင်း ဖြစ်သည် ။ သင် က ပြုံး ပြီး ကြည့် နေမယ် ဆိုရင် မိုးကောင်းကင် က ကြယ်ကလေးတွေ က တောင် သင့် ကို ပြန်လှန် ပြီး ပြုံးပြပါလိမ့်မယ် တဲ့ ။ မေတ္တာသရုပ် ကို တင်စား လိုက်ပါတယ် ။ သည်တော့ ကျွန်တော် တို့ လူသား အချင်းချင်း ဟာ ဘာ ပြောစရာ ရှိတော့ သနည်း ။ သူ့ မေတ္တာ ရှိ ကိုယ့် မေတ္တာ ရှိ သတဲ့ ။ ရှေးရိုး မြန်မာစကား ပဲ ။ သင် လူ တစ်ယောက် ကို ရန် စ ရင် ရန်သူ ရ မှာပဲ ။ မေတ္တာ ထား ရင် မေတ္တာ ပြန် ရမှာပဲ ။

လူ တစ်ယောက် နဲ့ တစ်ယောက် မေတ္တာ ထား၍ ပြုံးရယ်ရခြင်း ဟာ ဟာသ ၊ ပြက်လုံး တွေ ၊ ဟာသ ရုပ်ရှင် တွေ ၊ ဟာသ ၊ ဝတ္ထု တွေ ဖတ်ရတာ လို အချိန်ကုန် ငွေကုန် မဟုတ်ဘဲ နဲ့ ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ စေတဲ့ လွယ်ကူသော နည်းလမ်း တစ်ခု ပါ ပဲ ။ သို့မဟုတ် ဆေးမြီးတို လို့ ဆိုချင် လဲ ဆိုပါ ။ နို့ပြီး တွေ့သမျှ လူတိုင်း ကို မေတ္တာ ထားခြင်း ဖြင့် ကိုယ် ဟာ ချစ်သူ ခင်သူ များတဲ့ လူ တစ်ယောက် လည်း ဖြစ်လာပါ လိမ့်မယ် ။

◾ပြုံးပန်းဥယျာဉ်

ကျွန်တော် သည် နေ့စဉ် နံနက်တိုင်း ဈေး သို့ သွားလေ့ ရှိရာ အသွား အပြန် လမ်း တစ်လျှောက် မှာ ကျွန်တော် အပြုံးပန်း ပွင့်စရာ အသိ မိတ်ဆွေ တွေ အများကြီး ရှိပါသည် ။ ပဲပြုတ်သည် ၊ ဘိန်းမုန့်သည် ၊ အကြော်စုံသည် ၊ ဝက်သားသည် ၊ ကြက်သားသည် ၊ ငါးသည် စသည့် လမ်းလျှောက် ဈေးသည် များ အပြင် လမ်းဘေး တဲကလေးတွေ ထိုးထား သော ကွမ်းယာဆိုင် ၊ ကုန်ခြောက်ဆိုင် ၊ ကုန်စိမ်းဆိုင် ၊ မုန့်ဟင်းခါး ၊ လက်သုတ်ဆိုင် ၊ စာအုပ်ငှားဆိုင် ၊ ဆံပင်ညှပ်ဆိုင် ၊ ကောက်ညှင်းပေါင်း ၊ ကောက်ညှင်းထုပ် ၊ ဘိန်းမုန့် ဖုတ် သောဆိုင် ၊ ထို့အပြင် မနက်တိုင်း ထမင်းဗူးကလေးတွေ ကိုယ်စီ နှင့် အလုပ် ဆင်းရသူများ မျက်နှာချင်း ဆိုင် တွေ့ ကြ လျှင် အနည်းဆုံး တစ်ယောက် တစ်ယောက် ပြုံးပြ လိုက်ကြသည် ။ အလာပ သလ္လာပ ပြောစရာ ရှိလျှင် ပြော လိုက်ကြ သည် ။

လူတို့ မည်သည် တစ်ဦး နှင့် တစ်ဦး ခင်မင် လျှင် ပြောစရာ စကား တော့ ရှိကြမည်သာ ။ အကြောင်း မဟုတ်ဘဲ နှင့် လည်း တစ်ခွန်းစ နှစ်ခွန်းစ တော့ ပြောလိုက်ရ မှ ဥပမာ - “ ဟာ ... ဆရာ ၊ ဒီနေ့ အေးတယ် ” သို့မဟုတ်

“ နောက်ကျတယ် ”

“ ဆရာ.... ဒီနေ့ ဘာရခဲ့လဲ ”

“ ဝက်သား ခင်ဗျာ ”

“ ဟာ... ဆရာ က လည်း ကျွန်မ မေး လိုက်တိုင်း ဝက်သား ချည်းပဲ ”

“ ခင်ဗျား က လည်း ကျွန်တော် ဝက်သား ဝယ် လာတိုင်း မေးတာ ကို ”

“ ဒါဖြင့် ဆရာ့ အိမ် က ဝက်သား အစား များတယ် ”

“ ဆီ ရှားတော့ ဝက်သား ဖိ ကြိတ်ရတာပေါ့ဗျာ ... ”

ပြောရင်း ဆိုရင်း သူ နှင့် ကျွန်တော် လွန်ခဲ့ပြီး နောက် တစ်ယောက် တွေ့ ပြန်၏ ။

“ ဆရာ ... ဒီနေ့ ဈေးထဲ ဘာတွေ ပေါသလဲ ”

“ ပိုက်ဆံ ရှိရင် အကုန် ပေါပါ သဗျ ”

“ မဟုတ်ဖူး အမဲသားငါး ဘယ်ဒင်းများ ဈေး သက်သာသလဲ မေးတာ ”

“ ဒါဖြင့် ခင်ဗျား မေးခွန်း အတွက် အဖြေ မရှိဘူး ”

သို့ဖြင့် လူချင်း လွန်ခဲ့ ပြန်၏ ။

စာအုပ်အငှားဆိုင် က ဦးခင်မြင့် ဆိုသူ သည် တစ်ခု ခု လုပ် နေတတ်၏ ။ ထိုနေ့ သံဆုံ ထောင်း နေတာ တွေ့ရ ၍ ...

“ ဆရာကြီး ဘာဆေးတွေများ ထောင်း နေတာလဲဗျ ”

“ အာယုဒီဃ အသက်ရှည်ဆေး ဗျာ ”

“ အောင်မယ်လေး ဗျာ ၊ ခင်ဗျား က လူ့ပြည် မှာ ဘာဖြစ်လို့ အသက် အရှည်ကြီး နေချင်ရတာ တုန်း ”

“ ဆီ တစ်ပိဿာ တစ်ရာ ကျော် တဲ့ ခေတ်များ ကြုံရမလား လို့ ”

“ အောင်မယ်လေး .. ဒါများ ဗျာ ၊ အာယုဒီဃ ဆေး စား နေစရာ မလိုပါဘူး ၊ အခုပဲ ၄ဝိ ကျော် နေပြီ ဟာ ”

ဤသို့ ရယ်မောစရာ လည်း ပြောကြရ၏ ။ နောက် တစ်ယောက် တွေ့ပြန်၏ ။

“ ဆရာ က ဖြင့် နေ့တိုင်း ဈေး သွားတာပဲ ”

“ နေ့တိုင်း ထမင်း စားတာကိုး ဗျ ”

“ အိမ်ရှင်မ တော့ မသွားနိုင်ဘူးလား ”

“ ကိုယ် သွားတော့ ကိုယ် စားချင်တာ ဝယ်ရတာပေါ့ ဗျ ”

လမ်းလျှောက် ဈေးသည်များ တွေ့ လျှင် ရောင်း ကောင်းလား ၊ ကုန်ခဲ့ ပလား မေးရသည် ။ အချို့ လမ်းဘေးဈေးဆိုင် က ...

“ လက်ဖက်ရည်ကြမ်း သောက်သွားပါဦးလား ဆရာ ... ”

“ ဆရာ မိုးတွေ တက်လာပြီ နော် ၊ ထီး လည်း မပါလာဘူး ။ ဒီမှာ ယူသွားပါလား ”

သူတို့ က မေတ္တာစကား ပြောတော့ ကျွန်တော် က မေတ္တာစကား ပဲ တုံ့ပြန်ရ ပါသည် ။

ဟို ယခင် ကျွန်တော့် အသက် စကောစက အရွယ် ၊ စဉ်းစားဉာဏ် က မနူးမနပ် စပ်ကူးမတ်ကူး ချိန်တွင် ဂျစ်ကန်ကန် အတွေးအခေါ် များ ဝင်ခဲ့ ဖူးသည် ။

လူတွေ ဟာ တစ်ယောက် နဲ့ တွေ့ လိုက်ကြရင် နေကောင်းလား တဲ့ မေး တတ်ကြတယ် ။ ဒါ မေးစရာလား နေကောင်းလို့ ပဲ အခု တွေ့နေရတာပေါ့ ၊ နေမကောင်းဘူး ဆိုရင် သူ အိပ်ရာ ထဲ လဲ နေမှာပေါ့ ။

နို့ပြီး ထမင်း စားပြီးပြီလား တဲ့ ၊ မေးတတ်ကြ သေးတယ် ။ သူ့ ဟာ သူ စားပြီး မပြီး ကိုယ် နဲ့ ဘာ ဆိုင်လို့တုန်း မစားရသေးဘူး ဆိုတော့ ခေါ် များ ကျွေးဦးတော့ မှာလား ။

နို့ပြီး ကိုယ့် အလုပ် မဟုတ်ဘဲ စပ်စုတတ်ကြတာ က ရှိသေးတယ် ။ ခင်ဗျား ဘယ် သွားမလို့လဲ တဲ့ ။ သူ့ လမ်း သူ သွားချင်ရာ သွား ၊ ကိုယ် နဲ့ ဘာ ဆိုင်သလဲ ။ လူတွေ ဟာ ပို ကိုပို ကြတယ် ။

အဲဒီလို ကျွန်တော် ရွှေဉာဏ်တော် စူးရောက် ခဲ့ဖူးပါ သဗျ ။ ကိုယ့် ကိုယ် ကို အတွေးအခေါ် သစ် ပေါက် တဲ့ လူကြီး ပေါ့ လေ ။ ရှေးခေတ် လူတွေ ဓလေ့ ပဲ တော်လှန် ပစ်လိုက်တော့ မလိုလို ။ ကျွန်တော် နဲ့ ရွယ်တူ သူငယ်ချင်း တွေ နဲ့ ဆွေးနွေး ကြည့်တော့ သူတို့ လည်း သဘောတူ လက်ခံကြတယ် ဗျ ။

စင်စစ်တော့ ကျွန်တော်တို့ မလိမ်မိုး မလိမ္မာ အရွယ် မိုက်မှား တဲ့ အတွေးအခေါ် ပါပဲ ။ အမှန် အား ဖြင့် “ နေကောင်းရဲ့လား ” “ ထမင်းစားပြီးပြီ လား ” “ ဘယ်သွားမလို့လဲ ” ဆိုတာတွေ ဟာ အရေးကြီး တဲ့ မေးခွန်းတွေ မဟုတ်ပါဘူး ။ ဖြေ ချင် လည်း ဖြေပါ ။ မဖြေချင် လဲ နေပါ ။ သိကျွမ်း နေ တဲ့ လူချင်း မို့ ခင်မင်တဲ့ အထိမ်းအမှတ် ပြောစရာ စကား ရှာ ပြီးတော့ အပြုံးချင်း ဖလှယ်ရင်း တစ်ဦး နဲ့ တစ်ဦး မေတ္တာစိတ် ထား ဖော်ကျူး လိုက်တာပါပဲ ။ ဒါဟာ ကျွန်တော်တို့ မြန်မာလူမျိုး တွေ ရဲ့ ရှေးရိုး ယဉ်ကျေးမှု ။ သည်လို နှုတ်ဆက်စကား ပြုပြီး အပြုံးပန်း ပွင့် လိုက်ရတော့ အလကား နေရင်း လူ ရွှင်လန်း လို့ စိတ်ချမ်းမြေ့ သွားရပါတယ် ။ ဟန်ဆောင် ပြုံး ကို မဆိုဘူး နော် ။ စိတ်ပါ လက်ပါ ပြုံး ရသော မျက်နှာ က ပျော့ပျောင်း ပြီး တော့ ကြည်လင် ၍ နေပါတယ် ။

◾မကညွှတ်ကလေး

ဤနေ့ သည် ဇွန်လဆန်း ၃ ရက် ။ ဒီ မနက် ကျွန်တော် အိမ် က ထွက်ခဲ့တော့ ကောင်းကင် တွင် မိုးရိ ပ်ဆင် နေ သဖြင့် ကျွန်တော် လက် ထဲ မှာ ထီး တစ်ဖက် ၊ ဈေးဝယ်အိတ် တစ်ဖက် နှင့် လမ်းတွင် တွေ့ ရသော မိတ်ဆွေ များ နှင့် အပြုံးချင်း ဖလှယ်ရင်း လျှောက်ခဲ့ရာ မိတ်ဆွေ တစ်ဦး ဖြစ် နေသော နွားနို့ကု,လား ကို ရင်ဆိုင်မိသည် ၌ ရာသီဥတု အလျောက် ကျွန်တော့် မှာ ပြောစရာ စကား တွေ့ ၍ ...

“ ဟေ့ ဒုဝါလား ၊ မိုး ရွာတော့မယ် နော် ၊ နို့ဖုံး ကို အဖုံး ဖွင့်ပြီး ခေါင်း ပေါ် မှာ ရွက်သွားပါ ”

“ အား မလိုဘူး ဆပ် ၊ ကျွန်တော် အိမ် က ပါနီတွေ အများကြီး ရောခဲ့ပြီ ”

နို့ကု,လား က ပြန် ပြော လိုက်သည် ၌ နံဘေး က လူများ တဟား ဟား ရယ်မောကြကာ ...

“ ဒုဝါလား က ဒို့ ဆရာ ထက် သာ သွားပြီဗျ ” ဟု သြဘာ ပြုကြ၏ ။ ကိုယ့် အတွက် အများ ရယ်မော ရ တော့ ကျွန်တော် ပီတိ ဖြစ်ရသည် ။

ဟော .... လာပြန်ပြီ ။ ကျွန်တော် နှင့် နှုတ်ဆက် ရဦးမည့် သူကလေး တစ်ယောက် ။ အသက် ၂ဝ လောက် လုံချည်စိမ်းစိမ်း အင်္ကျီဖျဉ် ထူ - အဖြူလက်ရှည် နှင့် ကျောင်းဆရာမလေး ။ သူ့ ညာ လက် ထဲ မှာ ပလပ်စတစ်ခြင်း နီနီကလေး ။ ဤ အထဲ မှာ ထမင်းဗူး ၊ ခေါက်ထီး ၊ စာအုပ် အချို့ ။

တစ်ဦး နှင့် တစ်ဦး လှမ်း မြင် ကတည်း က အပြုံးပန်း ပွင့် ကြ၍ လူချင်း ရင်ဆိုင် မိတော့ ကျွန်တော် က

“ မင်္ဂလာပါ ချာမ ”

သူ က ကျွန်တော့် ရှေ့ တည့်တည့် ရပ် လိုက်ပြီး

“ ဦးလေး တော့ ငရဲ ကြီးတော့မှာပဲ ”

“ အောင်မယ်လေး ... ဂျကား မပီတဲ့ ကလေးလေး လို နှုတ်ဆက် မိတာနဲ့ ပဲ ငရဲ ရတော့မှာလား ဗျာ ”

“ ဒါကြောင့် မဟုတ်ပါဘူး ဦးလေး ဟာ ကြက် တိုက်တာ ”

“ ဟင် ... ဒါ ဘယ်သူ ပြောသလဲ ကြားစကားတွေ မယုံပါ နဲ့ ”

“ ကြားစကား မဟုတ်ဖူး ၊ ဘယ်သူ မှ ပြောတာ မဟုတ်ဖူး ၊ ရှုမဝ ထဲ မှာ ဦးလေး ကိုယ်တိုင် ရေးတာ က ဖတ်ရတာပါ တော် ။ ကဲ ဘာ ငြင်းချင် သေးလဲ ”

“ ဒီလိုဆိုလည်း ငြင်းတော့ပါဘူး ဗျာ ၊ ဘယ်လ ရှုမဝ မှာ ဖတ်ရတာလဲ ”

“ လ တိုင်း ပါ တော် ၊ ဧပြီလ - မေလ - ဇွန်လ ၊ ၃ လ ဆက်တိုက်ပဲ ”

“ ဒါဖြင့်ရင် မေလ ရှုမဝ မှာ ကြက်သမားတိုင်း အပါယ် မလားပါ ဘူး ။ နတ် ဖြစ်တဲ့ ကြက်သမား တောင် ရှိပါတယ် လို့ ရွှေစစ်ပင်နတ် အကြောင်း ရေးတာ တွေ့တယ် မဟုတ်လား ”

“ ဟို က ဘုရင့်သား ၊ အိမ်ရှေ့ဥပရာဇာ ဆရာ ရဲ့ ”

“ ဒါဖြင့်ရင် ဘုရင့်သား မင်းညီမင်းသား ကြက် တိုက် တော့ နတ် ဖြစ်ရတယ် ။ ဦးလေး တို့ လို ဆင်းရဲသား ကျတော့ ငရဲ သွားရမယ် ။ ဒီလို ဆိုလို သလား ဆရာမ ”

“ ဪ .... မင်းညီမင်းသား ဆိုတာ က ကြက် တိုက် ပေမယ့် ဘုရား တည်မယ် ၊ ကျောင်း ဆောက်မယ် ၊ ရဟန်းသံဃာများ ဆွမ်း လုပ်ကျွေးမယ် ။ စာပေပရိယတ္တိ အားပေးမယ် စတဲ့ သာသနာရေး ကောင်းမှုကြီး တွေ ဆောင်ရွက်နိုင်ကြလေတော့ သူတို့ ရဲ့ အကုသိုလ် တွေ ပပျောက်ပြီး သေတယ် ဆိုပဲ နတ်ရွာစံတယ် လို့ ခေါ်ရတယ် မဟုတ်လား ။ ကဲ - ဦးလေး က သူတို့ လို ကြီးကျယ်တဲ့ ကောင်းမှုကြီး တွေ ပြုနိုင် သလား ၊ ကြက် တိုက် တာပဲ ရှိတယ် မဟုတ်လား ”

“ ဒါတော့ မှန်လိုက်တာ ဆရာမ ရယ် ၊ ဒါကြောင့် မင်းညီမင်းသား ကြက် တိုက် တော့ နတ် ဖြစ် ၊ ဆင်းရဲသား ကြက် တိုက်တော့ ငရဲ သွား ဆိုတာ နားလည်ပါပြီ ဆရာမ ရယ် ၊ အင်း ...ဆရာမ ပြောလိုက်မှ ပဲ ကုသိုလ် နဲ့ အကုသိုလ် အကျိုးပေးပုံ ရှင်း သွားတော့တယ် ဆရာမ ရယ် ”

“ ဟင် .. ဦးလေး က ကျွန်မ ကို ဆရာမ ဆရာ မနဲ့ မခေါ်စမ်းပါနဲ့ ”

“ အိုး - ဆရာမ မို့ ဆရာမ ခေါ်ရတာပေါ့ ဗျာ ၊ ဘာလို့ မခေါ်ရမှာ တုန်း ၊ လူတိုင်း ခေါ်နေကြတာ မဟုတ်လား ”

“ သည့်ပြင် လူတွေ ခေါ်တာ အရေး မကြီးပါဘူး ၊ ဦးလေး က တော့ မခေါ်စေချင်ဘူး ”

“ နို့ - ဘယ်လို ခေါ်ရမလဲ ဗျာ ”

“ ဦးလေး နဲ့ ကျွန်မ နဲ့ စ သိတုန်းက ခေါ်တဲ့ အတိုင်းလေ ”

ဪ - မကညွတ်ကလေး ။

လွန်ခဲ့တဲ့ ၅ နှစ် ခြောက်နှစ် လောက် က သည်လို ဇွန်လ မိုးဦး ကျ မှာ ပဲ ပေါ့ ။ ကျွန်တော် ဈေး ထဲ မှာ ကညွတ် သွား ဝယ်ရာ အပင်ကြီးကြီး တုတ်တုတ်ရှည်ရှည်ကြီး တွေချ ည်း ရွေး ယူ နေစဉ် ကျွန်တော် နှ င့်အတူ ဝယ် နေသော ၁၄ - ၅ နှစ် အရွယ် အပျိုဖော် ဝင် စ မိန်းကလေး က သူ ကျွန်တော့် ကို သိနေ ဟန် ဖြင့် ...

“ ဪ - ဆရာလ ည်း ဒန့်ဒလွန်သီး သာ ရောင်း တတ် တာ ၊ ( ထိုစဉ် က ရေဒီယို မှ ကျွန်တော် ဒန့်ဒလွန်သီး ရောင်းသည့် “ လူမနော ” ဇာတ်လမ်း မကြာခဏ လာနေကျ မို့ ) ကညွတ် မဝယ်တတ် သေးဘူး ၊ ဆရာ ရွေး တဲ့ အကြီးကြီး တွေ က အချိန် စီး တာပဲ ရှိတယ် ။ အောက်ပိုင်း က ရင့် လို့ လွှင့် ပစ် ရတာ တွေ က အများကြီး ။ ဟောဒီမှာ ပစ်စရာ နည်းနည်း နဲ့ နုတာ များများ ရတာ ကျွန်မ ရွေးပေးမယ် ” ဆိုပြီး သူ က ရွေးချယ် ပေးလိုက်၏ ။ ထိုမှ စ၍ သူ နှင့် ကျွန်တော် ခင်မင် သွားကြပြီး လူချင်း တွေ့ လျှင် ကျွန်တော် က သူ့ အား “ မကညွှတ်ကလေး ” ဟု ခေါ်ခဲ့သည် ။

ထိုစဉ်က သူ သည် ၈ တန်း ၊ နောင် ၁၀ တန်း အောင်သော အခါ ( ခ ) ဖြစ်၍ ကောလိပ် သို့ ဆက် မသွားတော့ ဘဲ ကံဘဲ့ မှာ ဆရာဖြစ် တစ်နှစ် သင် ပြီး ယခု မူလတန်း ဆရာမ လုပ် နေသည် ။

သူ ၏ နာမည် ကို ကျွန်တော် မသိခဲ့ပါ ။ မေး လည်း မမေးခဲ့ပါ ။ ဘာ မေးစရာ လိုတော့သနည်း ။ “ မကညွတ်ကလေး ” ပဲ ခေါ်၍ ဖြစ် နေတာ ၊ ယခု သူ ဆရာမ ဖြစ်တော့ မှ အများ နည်းတူ ကျွန်တော် က ဆရာမ ခေါ် တာပဲ ။ ဒါကို သူ က မခေါ်ပါနဲ့ ဆိုတော့ ...

“ ကဲ - မကညွတ်ကလေး လို့ ပဲ ခေါ်ရမယ်ပေါ့ ဟုတ်လား ”

“ ဟုတ်တယ် ဒါ ဦးလေး ပေးတဲ့ နာမည် ပဲ ”

“ ဦးလေး က လည်း “ မကညွတ် ” လို့ပဲ ခေါ်ချင်ပါတယ် ကွာ ၊ ဒါပေမယ့် ဆရာမ ဖြစ် သွားတော့ ဆရာမ ခေါ် မှ ပဲ ကြိုက်မလား လို့ ပါ ”

“ ကျွန်မ ဦးလေး ရဲ့ ဆရာမ မဟုတ်ပါဘူး ။ ကလေး တွေ ရဲ့ ဆရာမ ပါ ။ ဦးလေး ရဲ့ စာဖတ်ပရိတ်သတ် တစ်ယောက် သာ ဖြစ်ပါတယ် ။ ဒါနဲ့ ဦးလေး ကို ကျွန်မ တစ်ခု မေးချင်တယ် ”

“ မေးပါ ခင်ဗျား ”

“ ဦးလေး အခု တကယ် ကြက် တိုက် နေတာပဲ ။ ကဲ - ဦးလေး သေ တော့ ဝဋ် လိုက်ပြီး ဟို ဘဝ မှာ တိုက်ကြက် ဖြစ် နေမှာ မကြောက်ဘူးလား ”

“ မကြောက်ပေါင် ဗျာ ၊ တိုက်ကြက်ကောင်း တစ်ကောင် ဖြစ်ရတာ ဟာ ကြက် ဘဝ မှာ အထွဋ်အထိပ် ပဲ ပေါ့ ၊ လူတွေ ရဲ့ အပြုအစု အယုအယ ကို ခံရတယ် ။ အစားကောင်း စားရ အနေကောင်း နေရတယ် ။ ဥပမာ ရှဖီး ကို ကြည့်လေ ၊ နိုင်လွန်ဇာခြင်ထောင် နဲ့ တောင် အိပ်ရတယ် မဟုတ်လား ”

“ ကဲ ကြက်ချင်းတိုက် လို့ တစ်ကောင် နဲ့ တစ်ကောင် နာနာကြည်းကြည်း ခွပ် ရတော့ ကော ”

“ ဒါလည်း ကြက်တွေ ရဲ့ သဘာဝ သူတို့ ရဲ့ စိတ်ဆန္ဒ အကြိုက်ပဲ လူ လက်ဝှေ့သမား တွေ ထိုးသတ်ကြ သလိုပေါ့ ”

“ ဒါဖြင့် ဦးလေး က သေလို့ တိုက်ကြက် ဖြစ်လည်း ခွပ်မယ်ပေါ့ ”

“ သူ့ ဆန်စား ရဲ မှ ဆိုတဲ့ စကား ရှိတယ် မဟုတ်လား ၊ ခွပ် မှာ ပေါ့ ”

“ ကဲ ရှုံးတော့ ရိုက်သ,တ်ပြီး ချက်စား ပစ်လိုက်ကြရော ”

“ သ,တ်ပေါ့ကွ ၊ သတ္တဝါ မှန်သမျှ တစ်ဘဝ မှာ တစ်နည်းနည်း နဲ့ သေရမှာ ချည်းပဲ ။ အဲ - မသေမီ မှာ ကိုယ့် ဘဝ ကိုယ် ကောင်းကောင်းမွန်မွန် နေရဖို့ ပဲ အရေး ကြီးတာ မဟုတ်လား ”

“ အခု ဦးလေးတို့ ရှဖီး ကို သတ်ပြီး ချက်စား ပစ်လိုက်ကြပြီး မဟုတ်လား ”

“ ဟင့်အင်း .... ဦးလေး ဒီလို မရေးခဲ့ပါဘူး ”

“ မရေးပေမယ့် သိသာပါတယ် ။ ကိုကံညွန့် တို့ ညီအစ်ကို က ကြက် တစ်ကောင် ကို သဘော ကျမိရင် သည်လောက် ၊ သူတို့ မနှစ်ခြိုက် တော့ဘူး ဆိုရင် ချက်ချင်း ဟင်းအိုး ထဲ ရောက် လို့ ဦးလေး ရေးထားတယ် မဟုတ်လား ”

“ အေး ... အေး ဟုတ်တယ် ၊ အဲသည် ရေးပုံ ထောက်ရင် ဖြင့် ရှဖီး မျက်လုံး တစ်ဖက် ကန်းပြီး ရှုံးတော့ ကိုကံညွန့် တို့ ဆန္ဒ ဆိုရင် သ,တ်ပြီး ချက်စား ပစ်လိုက်ကြပြီ လို့ စာဖတ်သူ အနေနဲ့ ယူဆစရာပဲ ၊ ဒါပေမယ့် ရှဖီး သေ မသေ ကြက်ဘဝ မှာ ရှိသေးသလား မရှိတော့ဘူးလား ဆိုတာ ဦးလေး တို့ လူစု တောင် အခုထိ မသိရသေးဘူး ”

“ ဟင် ... ဘာကြောင့်လဲ ”

မကညွှတ်ကလေး သာ မက အားလုံး စာဖတ်သူများ သိ ရအောင် ဆို လျှင် ...

◾ ရှဖီး ပိုင်ရှင် ပြောင်းထားခြင်း

၁၉၇၆ ခုနှစ် က ရှဖီး ကို ၅ ပွဲ တိုက်ခဲ့ရာ ၄ ပွဲ နိုင်ပြီး ပဉ္စမမြောက် ပွဲ မှာ ရှုံးသည် ဟု ဖော်ပြခဲ့သည် ။ ယင်း ၅ ပွဲ အနက် နိုင်သော ၄ ပွဲ သာ ရှဖီး သည် ကိုကံညွန့် တို့ ၏ ကြက် ဖြစ်၍ ထို ပွဲ တိုက် ပြီးသော အခါ၌ ပိုင်ရှင် နောက် တစ်ယောက် ပြောင်း ထားခဲ့၏ ။ ( ယခင် က စာ ထောင့်အံ့ စိုး၍ မဖော် ပြခဲ့ )

အသို့ဟူမူ ရှဖီး စတုတ္ထပွဲ နိုင်ပြီး နောက် ၄ - ၅ - ၆ - ရက် လောက် အကြာမှာ ကိုကံညွန့်တို့ ၏ ဇာတိ ထန်းတစ်ပင်မြို့နယ် မှ ကြက်ပေါက် ( သည် နှစ် မှ စ တိုက်ရသည့် ) ပြာနီကလေး တစ်ကောင် ရောက်လာ၏ ။ ဤ ကြက် ကို ကျွန်တော့် အိမ် နောက်ဖေးကွင်း မှာ ပဲ ကြည့်မြင်တိုင်ကြက် နဲ့ ၂၂ဝဝိ ကြေး တိုက် ရရာ တစ်ဖက် ကြက် ကို ၅ မိနစ် အတွင်း မှာ တစ်ချက်တည်း နဲ့ အနိုင် ခွပ် ပစ်လိုက်၏ ။ ကြက်နုကြက်ပေါက်လေး က သည်လောက် ခြေပြင်း တာ ကို ကျွန်တော် ၏ တစ်သက်တာ တွင် ယခင် က မတွေ့ခဲ့ဖူးသေးချေ ။ သူ့ခြေထောက် မှာ အတက် က လည်း မချွန် ၊ ပြောင်းဖူးစေ့ လောက် ဗုကလေး သာ ။ ဒါလေး နဲ့ တစ်ဖက် ကြက် ရင်ဘတ် ကို တအား ဆောင့်ပစ် လိုက်ရာ ခံ ရသော ကြက် မှာ ကိုယ် ကို စူး ၍ မရတော့ဘဲ ဂရိုးဂယိုင် ဖြစ်ပြီး ရှုံးရလေတော့၏ ။ အဖီ ကြော ပြုတ်သွားသည် ဟု ခေါ်၏ ။

ဒီလောက် ကောင်းတဲ့ ကြက် တစ်ခါမှ မတွေ့ခဲ့ဖူး သေးပါဘူး ဟု ကြက်သမားများ ပြောယူ ကြရ၏ ။ ယခင် က ထန်းတစ်ပင် မှာ တစ်ပွဲ ၊ အင်းစိန် မှာ တစ်ပွဲ တိုက်ခဲ့တာ ။ ဒီလိုပဲ တစ်ချက်တည်း နှင့် အပြီး ခွပ်တာချည်း ပဲ တဲ့ ။ သည် ကြက် နာမည် က “ ရွှေအိုး ” တဲ့ ။ ထိုက်တန် တဲ့ နာမည် ပါ ပဲ ။ ရွှေအိုး ဇာတိ စစ်ဆေး လိုက်တော့ ဟာ - တကတည်း မှ ပဲ ကိုကံညွန့် တို့ အိမ် က ပေါက် သွားတဲ့ ကြက် ဖြစ်နေပြန်ပါရော လား ။

အဖြစ်က ဒီလိုပါ ။ ဟို ယခင် နှစ် က ရှဖီး ကိုကံညွန့် တို့ အိမ် မရောက်မီ ကြက်ပြာဖောင်း ရင်ဘတ် မှာ အနာကြီး နှင့် ကြက်ကြီး တစ်ကောင် ကို မောင်အောင်ချစ် က ထန်းတစ်ပင် မှ ယူ လာခဲ့၏ ။ ဤ ကြက်ကြီး မှာ တိုက်ရစဉ် က နည်းသမိန် ဘက် တွင် နာမည်ကြီး ကြက်ကောင်း ။ ယခု ရင်ဘတ် မှာ အနာ ဖြစ်၍ ဒီနှစ် မတိုက်နိုင် တော့ သဖြင့် ၃၅ ကျပ် ထဲ နှင့် ရ၍ သားဖောက် ဖို့ ယူလာခဲ့ခြင်း ဖြစ်သည် ။ ကြက်ကြီး က တော်တော် ချော၏ ။ ကျွန်တော်တို့ သူ့ ကို အနည်းငယ် စမ်းပြီး ခွပ် ခိုင်းကြည့်ရာ ကြက်သမား များ စိတ်ကြိုက် တွေ့လောက်အောင် ကောင်းမွန် နေ သဖြင့် မုန့်လုပ်ဆောင်းကုန်း က ကြက်သမား ကိုမြလှိုင် က လည်း သူ့ ကြက်မ တစ်ကောင် ကို လာပို့ ၍ တစ်သား ဖောက် ယူသွား၏ ။

ရွှေအိုး သည် ဤ ကြက်မ ၏ သား ဖြစ်နေ သတည်း ။

အသို့ဟူမူ ကိုမြလှိုင် ကြက်မ သား ခွဲခါနီးသော အခါ ကြက်ဖရှင် နှင့် ကြက်မရှင် တို့ ကြက်ကလေးတွေ တစ်ယောက် တစ်ဝက်စီ ခွဲ ယူကြရာ အဖိုလေး တစ်ကောင် နှင့် အမလေး တစ်ကောင် ကို ကိုကံညွန့် တို့ က ထန်းတစ်ပင် မှ သူတို့ ဆွေမျိုး မောင်တင်ရွှေ အား ပေး လိုက်၏ ။ ထို ကြက်ကလေး ကြက်လား မြောက် ၍ ကောင်းနေသော အခါ မောင်တင်ရွှေ က ကိုအိလုံ ဆို သူ အား ၁ဝဝ နှင့် ရောင်းလိုက်၏ ။ ကိုအိလုံ သည် ငွေကြေးချမ်းသာ သော တရုတ်အမျိုးသား ဖြစ်သည် ။ ကြက် ကို ထောင်သောင်း ချီ ၍ လောင်းကစား နိုင်သူ ဖြစ်သည် ။ ယခု ရွှေအိုး မှာ ကိုအိလုံ ၏ ကြက် ဖြစ်နေ၏ ။

ကြက်ကောင်း မက်သော ကိုကံညွန့် နှင့် ကိုအောင်ချစ် တို့ ညီအစ်ကို မှာ ယခု သူတို့ အိမ်ပေါက် ကြက် က သူများ လက် ထဲ မှာ သွား ကောင်းနေ တော့ ကျိတ်မနိုင် ခဲမရ ဖြစ်ကြ၏ ။ ရှဖီး ကောင်းလှ ဆိုသည် မှာ ဤ ကြက် နှင့် မနှိုင်းယှဉ်အပ် ။ ထို့ကြောင့် မောင်တင်ရွှေ အား ရောင်းပစ်ရမလား ဟု အပြစ် တင်ကြ၏ ။ ထိုအခါ ကိုအိလုံ က “ အို ... ကျွန်တော် က အတင်း ယူ ပြီး ငွေတစ်ရာ ပစ်ပေးခဲ့တဲ့ အတွက် ရောင်းရတဲ့ ကိုတင်ရွှေ ကို အပြစ် တင် မနေပါနဲ့ ။ ကျွန်တော် အခု ဒီ ကြက် ကို ခင်ဗျားတို့ ဆီမှာပဲ ထား ပစ်ခဲ့ပါမယ် ။ ခင်ဗျားတို့ ပဲ မွေးကြပါ ။ တိုက်တော့မယ် ဆိုရင်သာ ကျွန်တော့် ကို အကြောင်း ကြား လိုက် ၊ ဒီတစ်ခါ ဆို ကျွန်တော် အနည်းဆုံး ၅၅ဝဝိ တိုက် မှာပဲ ”

ဤ စကား သည် နှစ်ဦး နှစ်ဘက် တွက် အကျိုး သက်ရောက်လှသည် ။ အကြောင်းမှာ ကိုအိလုံ အဖို့ ထန်းတစ်ပင် တွင် ကြက်ဝိုင်း မကောင်းပါ ။ ရန်ကုန် မှာ သာ ထောင်သောင်းချီ တိုက် နိုင်ပါသည် ။ ကြက် ကို သည်မှာ ထား ၍ ကိုကံညွန့် တို့ က မွေးပေးမယ် ဆိုတော့ ကိုအိလုံ အဖို့ ရေကန် အသင့် ကြာ အသင့် ဖြစ်သွားသည် ပေါ့ ။ ငွေကြေးများများစားစား လောင်း လို၍ မဟုတ်ဘဲ ကြက်ကောင်းကောင်း သူတို့ လက်ဝယ် ရှိ နေဖို့သာ ဆန္ဒ ပြင်းသော ကိုကံညွန့် တို့ ညီအစ်ကို အတွက် လည်း အချို ရှာ သကာ တွေ့ သွားသတည်း ။

ဒီ ကြက် သူတို့ လက်ထဲ ရောက် ကတည်း က ညီအစ်ကို နှစ်ယောက် မှာ “ ရွှေထုပ် ကောက်ရ ” သည် သာ မက “ ရွှေအိုး ” ရ လိုက်ပြီ ဖြစ်ရကား ပျော်တပြုံးပြုံး နှင့် သူတို့ အိမ် ရောက် လာသော ကြက်သမား တို့ အား ကွမ်းအစ် ၊ လက်ဖက်ရည်ကြမ်း ၊ ဆေးလိပ်များနှင့် အပြတ် ဧည့်ခံကာ ရွှေအိုး ကောင်း ကြောင်း ပြောလိုက်ရသည် မှာ မမောနိုင် မပန်းနိုင် ။

သို့သော် သူတို့ ဝမ်းသာ မှုမှာ ကြာရှည် မခံလိုက်ပါ ။ ကိုအိလုံ ပြန် သွားပြီး ၄ - ၅ ရက် မျှ ရှိသေးသည် ။ ရွှေအိုး မှာ ကြက်နာ ဝင်၍ သေပါ သတည်း ။ ကြက်နာရောဂါ တို့ မည်သည်မှာ လူ က ဘယ်လောက် ဂရု စိုက် နေသော ကြက် ပင် ဖြစ်ပါစေ အမှတ်မထင် ဝင်လာ တတ်ပြီး ကုသ ၍ လည်း အကောင် တစ်ရာ မှ တစ်ကောင် ရ ဖို့ ခဲယဉ်းလှသည် ။

ကိုကံညွှန့်တို့ ညီအစ်ကို မှာ အိမ် တွင် လူ သေသော မျက်နှာကလေး တွေ နှင့် ရွှေအိုး ကို မြေမြှုပ် သောအခါ ခြေ နှစ်ချောင်း ကို ဖြတ် ယူ လိုက်ပြီး မီးဖိုပေါ် တွဲလွဲ ဆွဲ၍ ကြပ်တင် ထားလိုက်သည် ။ ဒီလောက် ကောင်း တဲ့ ကြက် ၏ ခြေထောက်မျိုး ကို အမှတ်တရ ဟို လူ လာ ပြ ၊ ဒီ လူ လာ ပြ နှင့် သူတို့ ညီအစ်ကို နှစ်ယောက် မှာ ယူကြုံးမရ ဖြစ်ရရှာသည် ။ ရွှေအိုး နဲ့ အတူတူ ပေါက် ကိုမြလှိုင် ကျိုက်လတ် ကို ပေးလိုက်တဲ့ ကြက် လည်း ဟို နယ် မှာ “ သံလက်သီး ” ဆိုတဲ့ နာမည် နဲ့ သိပ်ပြီး နာမည်ကြီး နေပြီ ဆိုပဲ ။ ဒီတော့ ဖိုးအောင်ချစ် က စိတ်ကူးပေါက် လာသည် ။

◾ရွှေအိုးအမေ

“ ဒီမှာ အစ်ကို - ကြက် ကောင်းကောင်း ရဖို့သာ သားဖောက် တဲ့ အခါမှာ ကြက်မ က အရေးကြီးဆုံး ဗျ ။ ကြက်ဖ ဘယ်လောက် ကောင်းနေနေ ကြက်မမျိုး က မကောင်းဘူး ဆိုရင် အလကား ပဲ ”

“ အေး ... ဟုတ်တာပေါ့ကွ ၊ ကြက်ဖမျိုး ထက် ကြက်မမျိုး က ပိုပြီး အရေးကြီးတာ ကွ ”

အစ်ကို က ပြန် ပြောလိုက်တော့ ညီ က ..

“ အဲဒီတော့ အစ်ကို ကိုမြလှိုင် ကြက်မကြီး ဟာ သား ထွက်တာ အမှန်ပဲ ၊ “ တစ်မိပေါက် တစ်ယောက်ထွန်း ” မကဘူး ။ ကျွန်တော်တို့ ဒီ က “ ရွှေအိုး ” ရယ် ကိုမြလှိုင် ယူ သွားပြီး ကျိုက်လတ် ပို့ လိုက်တဲ့ “ သံလက်သီး ” ရယ် နှစ်ကောင် တောင် ထွန်းတာဗျ ။ ဒီတော့ ကိုမြလှိုင် ကြက်မကြီး ကို ကျွန်တော်တို့ ရအောင် ဝယ်မယ် ဗျာ ”

“ ဟ ... ဟိုက ရောင်းဦး မှ ဟာ ကို ”

“ အို ... သူ့ ကြိုက်ဈေး ပေးမယ်ဗျာ ”

သူတို့ ညီအစ်ကို နှစ်ယောက် စိတ်ကူး မှာ ဒီ ကြက်မကြီး ရ ထား လိုက်ရင် ဖြင့် ကြက်ဖ ကောင်းကောင်းတွေ နှင့် တစ်သား ပြီး တစ်သား ဖောက် ကြက် ကောင်းကောင်း တွေ သူတို့ မပြတ် ရနေရော ဟု တွက်ဆ ကြ၏ ။

ဤ စကား ကိုမြလှိုင် နား ရောက် သွားတော့ ကိုမြလှိုင် လည်း စိတ်ကူး တစ်ခု ရ၍ အကြိုက် တွေ့ သွားကာ ...

“ ကျွန်တော့် ကြက်မ ကို ငွေ နဲ့ တော့ မရောင်းနိုင်ဘူး ”

“ ဘယ်လိုမှ ရောင်းမလဲ ”

ကိုမြလှိုင် သည် တကယ့် ကြက်သမား ။ ငွေ လည်း များများ လောင်းတတ်သည် ။ ကိုယ်တိုင် လည်း ကြက်စွဲ ကောင်း၍ ရှဖီး ကို မျက်စိ တွေ့ နေသူ ဖြစ်သည် ။ ထို့ကြောင့် ...

“ ဒီလိုလုပ် ... ကျွန်တော့် ကြက်မ ကို ရှဖီး နဲ့ လဲမယ် ။ ကျွန်တော် က အလိုက်ငွေ ၅ဝိ ပေးမယ် ။ နို့ပြီးတော့ ရှဖီး ကို ကျွန်တော် ယူ မသွားဘူး ။ ခင်ဗျားတို့ ပဲ မွေးထား ၊ တိုက်တဲ့ အခါ ကျ တော့ ခင်ဗျား တို့ လည်း ကြိုက်သလောက် လောင်း ။ အဲ - နောက်ပြီး ကျွန်တော် တစ်ခု တောင်းချင်တာ က ဒီ ကြက်မကြီး က တစ်သား ပေါက်တိုင်း ပေါက်တိုင်း ကြက်ကလေး တစ်စုံ တစ်စုံ ပေး ”

ယင်း၌ ကိုကံညွန့် တို့ ဘက် တွက်စမ်း ။ ရှဖီး လည်း ကိုယ့် အိမ် မှာ ပဲ ရှိနေမယ် ။ လိုချင်တဲ့ ကြက်မကြီး လည်း ရပြီ ။ ငွေ ၅ဝိ လည်း အပို ဆောင်းလိုက်သေး ။ ကြက်သားခွဲလေး တစ်စုံစီ လောက် ပေးရမှာ က လည်း ကိုယ် ခင်မင် နေတဲ့ ကြက်သမားချင်း ပေးလေ့ ပေးထ ရှိကြတာပဲ ။ ဒီလိုပဲ ကြက် ဆိုတာ ကြက်နာ ကျရင် တပြုံလုံး ပါ မသွားအောင် ခွဲ မွေးရတယ် ။

နို့ပြီး ကိုမြလှိုင် အဖို့ လည်း ငွေ ၅၀ိ နှင့် ရှဖီး သည် ကိုယ့် ကြက် ဖြစ်နေရုံ မက ကြက် ကို ကျွေးမွေးပြုစု နေကြမည့် ကြက်သူရင်းငှား လည်း ရ လိုက်သေးသည် ။ တိုက် တဲ့ အခါမှာ ကိုကံညွန့် ကို ကြိုက်သလောက် လောင်းပါ ဆိုရာ၌ လည်း ဟို ညီအစ်ကို မှာ ကြက်ဝါသနာ သာ ရှိသည် ။ များများစားစား လောင်းနိုင်ကြသူများ မဟုတ် ။ ရှဖီး ကို နှစ်ခါ ရှုံး ပြီး၍ တတိယ အကြိမ် တိုက်ရန် ကြက် ရှာနေကြသူများ ကလ ည်း ငွေ တော်တော်များများ လောင်းနိုင်သည့် လူစု ဖြစ်သည် ။ နို့ပြီး မိမိ ကြက်မကြီး ပေး လိုက်ရသည် ဆိုသော် လည်း တစ်သား ပေါက်တိုင်း တစ်စုံ စီ ရနေမှာ မို့ မိမိ ကြက်မ မိမိ အတွက် မျိုးဆက် ပြတ် သွားသည် ။ ကြက်ကောင်း ရှာ၍ သားဖောက် ပေးနိုင်မည့် သူ တောင် ရမည့် သဘောမျိုး ။

ယင်းသို့ဖြင့် သူတို့ ကြက် အလဲအလှယ် ကိစ္စ ပြီးသွားကြ သတည်း ။

ကိုမြလှိုင် အလိုက်ပေးသော ငွေ ၅ဝိ လည်း ထို ည က အစိတ်ဖိုး ပွဲသတ် လိုက်၍ ကျွန်တော် တို့ ‘ အရောက်သက် ’ ပစ် လိုက်ကြသည် ။

စဉ်းစား ကြည့်ကြစမ်းပါ ။ လူတွေ နဲ့ လုပ်ပုံသည် မိမိ အတွက် မိမိ ကောင်းဖို့ ချည်း ပဲ ။ သို့သော် မမြဲသော အနိစ္စတရား က ထိပ် ချ ချ သွားတတ် သည် ။ ကိုမြလှိုင် ကြက်မကြီး သည် ကိုကံညွန့် တို့ လက် ထဲ ရောက်ပြီး မကြာမီ သင်္ခါရသဘော က အထင်ကရ ပြောသွား၏ ။ ကိုအောင်ချစ် ရဲ့ စေတနာ တွေ ပေါ့ ။ ကြက်မကြီး က အိုပြီ ။ အင်အား ရှိ အောင်ရယ် ဟူ၍ သူ့ မိန်းမ စိန်မြကြည် စား သော ဖျူရာမင်ဘီစီတွေ ကျွေးခြင်း ဖြင့် ကြက်မကြီး အဆီ ပိတ် ပြီး မာလကီးကုတ် သတည်း ။ ကိုမြလှိုင် သည် ရှဖီး ကို သူ ပိုင်ပြီး ၄ - ၅ ရက် အကြာ ၌ သူ အများဆုံး လောင်း ၍ သူ ကိုယ်တိုင် ကြက်စွဲ ပြီး တိုက်ရာ ယခင် လ က ဖော်ပြခဲ့သည့် အတိုင်း မျက်စိ တစ်လုံး ကန်း နှင့် ရှုံးပါ သတည်း ။

သို့သော် ကြက်သမား ပီသသော ကိုမြလှိုင် သည် ရှဖီး ကို အပြစ် မတင်ပေ ။ ကြက် ခွပ်ရက် ၃ ပတ် မပြည့်ဘဲ နှစ်ပတ် ထဲ နှင့် မိမိတို့ လောဘ ကြီး ၍ တိုက် သောကြောင့် ရှုံးရတာ ။ ရှဖီး ညံ့ လို့ မဟုတ်ဘူး ။ ၂ နှစ် အတွင်း ၁၀ ပွဲ တိုက် ရ ၉ ပွဲ နိုင်သည့် ကြက် ကို သ,တ်မစား အပ် ၊ သူ့ ကို အနား ပေးပြီး သား ဖောက်ရမည် ။

ရန်ကုန်နယ်မြေ ရှိ မုန့်လုပ်ဆောင်း က သူ့ နေအိမ် သည် မြေရာ ကျဉ်းမြောင်း လှ၍ ရှဖီး အား ကျယ်ကျယ်ပြန့်ပြန့် နေ စေရန် သူ့ ဇာတိဖြ စ်သော ကျိုက်လတ်မြို့ သို့ သားဖောက်မည့် ကြက်မ နှင့် အတူ ပို့ လိုက်၏ ။

၁၉၇၇ ခုနှစ် ဆောင်းဦးပေါက် ၍ ရှဖီး သည် အမွေးသစ်များ လဲလှယ် ပြီး ၍ ခွပ်လက်ခုန် ကြည့်သောအခါ ယခင် နှစ်များ ထက် ပင် ကြက်ခွပ် တိုး ပြီး ခြေ ပြင်းနေသည် ။ ဤအတိုင်း ဆိုလျှင် မျက်လုံး တစ်ဖက် တည်း နှင့် ဒီနှစ် ရန်ကုန် တွင် သုံးသင့် သုံးရန် ဟု ကျိုက်လတ်မြို့ မှ ပြန် ယူ အလာ လမ်း တွင် သင်္ဘော ပေါ် မှာ လူခိုး ခံရ၏ ။

ယင်းသို့ ရှဖီး ပျောက်မှု ကို စဉ်းစားကြ ရာ ၌ ဒီလို နှစ်မွေးထိုး သုံးခါလည် ကျော် တိုက်ကြက်ဖကြီး ကို မိုက်မဲစွာ ဟင်းချက် စား ဖို့ပင် ယူလေ သလော ၊ သို့မဟုတ် မျက်စိ တစ်ဖက်ကန်း လျက် နှင့် ပဲ အမြတ်တနိုး မွေးထားခြင်း သည် ဤ ကြက် တကယ် ကြက်ကောင်း ဖြစ်မှန်း သိ၍ ကြက်ကောင်း စုံမက် သော ကြက်သမား ပင် ခိုးယူလေသလော ဟု မဝေခွဲတတ်ပါ သဖြင့် ရှဖီး သည် သေပြီ လား သို့မဟုတ် ကြက်သမား တစ်ယောက် ဆီ မှာ ကြက်မတွေ နှင့် ပျော်မြူး နေသလား ဟု ကျွန်တော် တို့ ကိုယ်တိုင် မပြောနိုင် ဖြစ်ရပါသတည်း ။

ရှဖီး ၏ ဇာတ်လမ်း သည် ဤသို့ပင် အဆုံးသတ် သွားပြီ ဖြစ်သော် လည်း ရှဖီး ကို တစ်ခါ က တစ်ဝက် ပိုင်ဆိုင် ခဲ့သော မောင်မြင့်ခိုင် နှင့် မဥ တို့ လင်မယား ကား ၊ ယခုတိုင် ကွဲမြဲ - ကွဲမြဲ ပင် ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment