Monday, June 17, 2024

နိဒါန်း


 

❝ နိဒါန်း ❞

ယခု “ ကြက်ဋီကာ ” နာမည် ဖြင့် ဤ စာအုပ် ကို ထုတ်ဝေ လိုက်သည် မှာ ကျွန်တော် သော်တာဆွေ သည် ကြက်သမား ဖြစ်သည့် အားလျော်စွာ မိမိ ကိုယ်တိုင် ကြက်မွေး ကြက်တိုက် ခဲ့သည့် အတွေ့အကြုံများ ထဲ မှ ကောင်းနိုး သင့်လျော်ရာများ ကို စာဖတ်သူ တို့ ဗဟုသုတ ရစိမ့်သော အကျိုးငှာ ၊ ဆောင်းပါး သဏ္ဌာန် ဝတ္ထု သဖွယ် ( အင်္ဂလိပ် လို အားဖြင့် Sketch ) ရေးသား ခဲ့သည်များ ဖြစ်ပါ၏ ။

မူလ ပထမ ရှုမဝ မဂ္ဂဇင်း ၌ “ ကျွန်တော့် ဘဝ ဇာတ်ကြောင်း ” တွင် ကျွန်တော် ကြက် တိုက်ခဲ့သည်များ ရေးသားခဲ့ ရာ ၄င်း ကို ကြိုက်နှစ်သက် ကြသော မိတ်ဆွေများ က ဤ တိုက်ကြက်များ နှင့် ကြက်သမား တွေ အကြောင်း သီးသန့် စာအုပ် အဖြစ် နှင့် ရှိသင့်သည် ဟု ပြောကြပါသည် ။ ယင်း ၌ ရှုမဝ တွင် ရေးခဲ့သည်များ သာ မက ပဲ သွေးသောက် မှာ ရေးခဲ့သည်များ ပါ ပါ မှ ပြီးပြည့်စုံတော့မည် ဖြစ်သော ကြောင့် အားလုံး စုပေါင်း ထည့်သွင်း လိုက်ရ ပါသည် ။ ဇာတ်လိုက် တိုက်ကြက်များ ဖြစ်ကြသည့် ရှဖီး ၊ ရွှေဂေါင်းပြောင် ၊ ရွှေဗျိုင်းဖြူ ၊ ရွှေနှင်းဆီ တို့ မှာ ရှုမဝ တွင် ရေးသားခဲ့သည်များ ဖြစ်၍ ငါးမွှေတိုး ၊ ဇိမ်းကလေး နှင့် သင်းခွေချပ် တို့ မှာ သွေးသောက် ၌ ရေးခဲ့သည်များ ဖြစ်ကြပါကုန်၏ ။

သူတို့ အကြောင်းများ ရေးစဉ် က တစ်လ တစ်ပုဒ် စီ ဖြစ်ကြ သော်လည်း ယခု စုပေါင်း လိုက်သော အခါ၌ အားလုံး အကြောင်းအရာ တစ်ဆက် တည်း ဝတ္ထုရှည်ကြီး တစ်ပုဒ် ကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိရပါ လိမ့်မည် ။

ဤ စာ ထဲ ၌ ပါသော ကြက် နာမည် ၊ လူ နာမည် ၊ နေရပ် တို့ မှာ အားလုံး အမှန်ချည်း ဖြစ်ရာ သူတို့ ထံ ခွင့်ပန် ပြီး မှ ဘဝ မှတ်တမ်းတင် အဖြစ် ရေးသား ခြင်း ဖြစ်ပါသည် ။

စင်စစ် အနုပညာစာပေ ဟူသည် အတိုင်းအဆ မရှိ အပြော ကျယ် ၏ ။ မည်သည့် အကြောင်းအရာ ၊ မည်သည့် အယူဝါဒ ၊ မည်ကဲ့သို့ ပုဂ္ဂိုလ် သတ္တဝါကြီးတွေ အကြောင်း ရေး ပါ မှ စာပေအနုပညာ မြောက်သည် ဟု ပိုင်းခြား ကန့်သတ်၍ မရ ၊ ကြီးကျယ်သည် ၊ သေးနုတ်သည် မရှိ ။ တီကျစ် စာကလေး မှ သည် မြင့်မိုရ်တောင်ကြီး အထိ သတ္တလောက ၊ သင်္ခါရလောက ၊ သြကာသလောက လောက သုံးပါး တွင် မည်သည့် အကြောင်းအရာ မျိုး ကို မဆို ရသ မြောက်အောင် ရေးနိုင် ပါ လျှင် စာပေ အနုပညာ အရာ ရောက်ပါ သည် ။

ယခု ဤ စာအုပ်၌ ရေးသား ဖော်ပြထားခဲ့သည်များ က တော့ လူ့ အောက်တန်းလွှာ ကြက်သမားများ နှင့် သူတို့ တိုက်ကြက် တွေ အကြောင်း အဟုတ်အမှန် အတိုင်း တင်ပြ ကာ သတ္တလောက ၏ လောကဓံတရား ကို ဖော်ကျုး ထားပေသည် ။

◾သော်တာဆွေ
    ၂၅ - ၁ဝ - ၇၈

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment