Showing posts with label ဗေလုဝ. Show all posts
Showing posts with label ဗေလုဝ. Show all posts

Thursday, July 17, 2025

ဒီတစ်ပေါက်တော့ ရှိတယ်


 

❝ ဒီတစ်ပေါက်တော့ ရှိတယ် ❞
            ( ဗေလုဝ )

တလောက စာရေးသူအိမ်သို့ မိန်းမဘက်မှ အမျိုးတော်စပ်သူ မိန်းမပျိုတစ်ယောက် ရောက်ရှိလာသည် ။ ရှည်လျားသွယ်လျသော ဆံပင်ရှည်ကြီးကို ဖြတ်၍ မလေးရှားသို့ အလုပ် သွားလုပ်မည်ဟု ပြောသည် ။ သွားရန် အလွန် နီးကပ်နေပြီ ဆိုသည့် အကြောင်းလည်း ပြောသည် ။

သူ၏ ဆံပင်သည် ခြေဖနောင့်ထိ ရောက်သည် ။ အသားဖြူဖြူ ၊ အရပ်က မနိမ့်မမြင့် ။ သူ့ ရည်မှန်းချက်နှင့် သူ ဆံပင်ဖြတ်ရန် လာသော်လည်း သူ့မျက်နှာကား မကောင်း။ သူ့ဆံပင်ကို သူ နှမြောနေပုံရသည် ။ ဟုတ်မှာပေါ့။ နှစ်ရှည်လများစွာ သူ ပြုစုယုယခဲ့သည့် သူ၏ အလှတရား သူ့ဆံပင်ကို မြင်သူတိုင်းကား ...

“ ဟယ် ... နှမြောစရာကြီး .. ဘာဖြစ်လို့ ဖြတ်မှာ လဲ ”

“ ငါ့တူမရယ် ... နိုင်ငံခြားသွား အလုပ်လုပ်တာပဲ ... ဒီဆံပင်နဲ့ဆို မလေးက ကောင်တွေ ငိုင်ကျသွားမယ် ... မြန်မာ့ကျက်သရေကို ပြသခွင့်ရ တာပေါ့ ” က တစ်ဖုံ ။

“ ဟယ် ... ကောင်းလိုက်တဲ့ ဆံပင်ကြီး ဖြတ်ပစ်ရမှာ နှမြောစရာကြီး ” ဟု က တစ်နည်း။ နည်းမျိုးစုံ ဝေဖန် ထောမနာပြုကြသည် ။

ပတ်ဝန်းကျင်လူများ ကတောင် ဒီလောက် နှမြောနေရင် ကာယကံရှင်က ပြောဖွယ်ရာ မရှိတော့ ။

ဟုတ်သည် ... ။

ဒီလောက် ရှည်လျားတဲ့ ဆံပင်မျိုးက မြို့ပြမှာ ရှားသွားပြီလေ ။ ရုပ်ရှင်လောကမှာ လင်းဇာနည်ဇော် ဆံပင်ဆိုရင် သူ၏ နဂိုရှိရင်းစွဲ အလှတရားကို သူမ၏ ဆံပင်ရှည်ကြီးက ထပ်မံမွမ်းမံပေးသလို ခံစားရသည် ။ ကိုယ်က နှမြောလို့သာ ပြောနေရတာ။ သူလည်း သူ့ဝမ်းနာ သူသာသိလို့ ဖြတ်မှာ ဖြစ်မှာပေါ့ ။

ကျွန်တော်သည်ပင် သူ့ ဆံပင်ရှည်ကြီးကို ကြည့်ပြီး သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ် တင့်တယ်လေး .... ဆိုသည့် ကဗျာကို ဖျတ်ခနဲ သတိရလိုက်သည် ။

ဟုတ်သည် .. ။

သူ့ဆံပင်ရှည်ကြီး ပေါ်တွင် နှင်းဆီပွင့်များ ပန်လိုက်ရင် မြန်မာအမျိုးသမီးကွဟေ့လို့ ရင်ကော့ ပြီး ဂုဏ်ယူဝင့်ကြွားဖို့ ဘယ်လောက် ကောင်းလိုက်မည်လဲ ။

“ မြန်မာပြည်မှာ မကြာခင် အလုပ်အကိုင် အခွင့်အလမ်းတွေ လာတော့မှာပဲ ... ကိုယ့် တိုင်းပြည်မှာ ဆိုရင် နင့်ရဲ့ ကျက်သရေရှိတဲ့ ဆံပင်လည်း မဖြတ်ရဘူး ”

အဲဒီလို ပြောလိုက်ချင်တာ ။ ဒါပေမဲ့ သူမကား ဆံပင် ဖြတ်ဖို့ ဆုံးဖြတ်ပြီး လာတာမို့ ကျွန်တော့် စကားများ လေထဲ အပျောက်မခံနိုင် ။ ကျွန်တော် မပြောဖြစ်။ ရင်ထဲမှာတော့ စကားတွေ တသီကြီး ပြောဖြစ်သည် ။

“ နင့်ဆံပင်ကို ကျန်ခဲ့တဲ့ စနစ်က ဖြတ်ပစ်လိုက်တာ ”

ဒါတော့ ရင်ထဲမှာ ခပ်ကျယ်ကျယ်လေး ပြောဖြစ်သည် ။ အရပ်သားအစိုးရခေတ်မှာ နိုင်ငံတကာက မှန်မှန်ကန်ကန်နဲ့ ရင်းနှီးမြှုပ်နှံကြဖို့ အသံတွေ ပေးနေပြီ ။ ခဏလောက် သည်းခံလိုက်ပါလားဟု ကျွန်တော် တားချင်သည် ။

“ အရင်ခေတ်လို မဟုတ်တော့ပါဘူး ... ဝါရင့် စင်ကာပူဝန်ကြီးချုပ် ဂိုချောက်တောင် တောင် မြန်မာနိုင်ငံ ဒီအတိုင်း ဆက်သွားရင် အာရှမှာ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်သွားမှာလို့ မှတ်ချက်ပြုတယ် ”

ဆိုတာ သူသိအောင် ပြောပြချင်ပေမဲ့ ... သို့သော် ... သို့သော် ... လို့ပင် ပြောလိုက်ရမလိုပင် ။

“ မလေးရှား ဆိုတာလည်း ဒီလောက် ချမ်းသာကြွယ်ဝနေတဲ့ နိုင်ငံ မဟုတ်ပါဘူး .... သွားပြီး အောက်ကျစရာ မလိုပါဘူး ... သူ့နိုင်ငံက ငါတို့ နိုင်ငံကို လှမ်းကြည့်ရင် တို့လည်း နိုင်ငံခြားပေါ့ .. ကိုယ် နိုင်ငံက သူ့နိုင်ငံကို လှမ်း ကြည့်လည်း နိုင်ငံခြားပါ ... အထင်အရမ်းမကြီးပါနဲ့ ”

သူမကို ကြည့်ရင်း ကျွန်တော် ပြောနေသော စကားများက သူမ ကြားမည် မထင်။ ကျွန်တော့် ရင်ထဲမှာပင် အစိုင်အခဲ ဖြစ်လျက် ကျန်ရစ်ခဲ့သည် ။ ကျွန်တော့် စိတ်ရင်းအမှန်က ကိုယ့်နိုင်ငံမှာ လာ အလုပ်လုပ်ကြသည်ကို မြင်ချင်သည် ။ လူတောထဲ ချပြလျှင် ကျွန်တော် အရူးပေါ့ ။ ဟုတ်လည်း ဟုတ်သည် ၊ ပကတိ အဖြစ်အပျက်က စိတ်ကူးယဉ်ရုံမျှသာ ။

ကျွန်တော် ယိုးဒယား ဖူးခက်ကို ရုပ်ရှင် သွားရိုက်တုန်းက ဖူးခက် တစ်မြို့ထဲမှာတင် မြန်မာလူမျိုးနှင့် တိုင်းရင်းသားစုံ တစ်သိန်းကျော် ရှိသည်ဟု သိခဲ့ရသည် ။ ထိုမျှ များပြားသော လူဦးရေကို မြန်မာပြည်မှာ လုပ်အားတွေ အသုံးချလိုက်လျှင် ဟု ... ကျွန်တော် တွေးမိခဲ့ဖူးသည် ။

နှမြောတကာ့ နှမြောဆုံးက မြန်မာပညာရှင်များ ဦးနှောက်ယိုစီးမှုပြဿနာ။ နိုင်ငံတကာမှာ သွားရောက် အလုပ်အကျွေး ပြုစုနေကြသည် ။ သူများ တိုင်းပြည်က ပညာရှင်ကို တန်ဖိုးထားကြသည်ကိုး ။ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်မျက်နှာပဲ ကြည့်စေချင်သည် ။ မျက်လုံးမပါ၍ မကြည့်မိ ။

သည် သူတို့ တစ်စုပဲ လက်ဝါးကြီးအုပ်လို့လား မသိ ... ပညာရှင်တွေကို အမျိုးမျိုး အနှောင့်အယှက် ဖြစ်အောင် လုပ်ပစ်လိုက်ကြသည် ။ တိုင်းပြည် နာပါသည် ။ ဂျာနယ်ထဲတွင် ဖတ်ရသော အကြောင်းအရာတစ်ခု ... ရင်ထဲ နင့်သွားသည် ။

ဆရာဦးထွန်းလွင် ( ဒေါက်တာ ) ( မိုးလေဝသ ) သူ တာဝန်ထမ်းဆောင်စဉ် ခြောက်နှစ် ညွှန်/ ချုပ် လုပ်တယ် ၊ ခြောက်နှစ်လုံး မုန်တိုင်း ဖြစ်တယ် ။

မြန်မာနိုင်ငံမှာ မိုးလေဝသ တိုင်းတာသည့် ရေဒါ မရှိ ။ ထိုင်းနိုင်ငံမှာ နှစ်လုံး ၊ ဗီယမ်နမ် ၁၄ လုံး ၊ လာအို ခုနစ်လုံး ၊ ကမ္ဘောဒီးယား ခြောက်လုံး ၊ ဘင်္ဂလားဒေ့ရှ် ၁၄ လုံး ။  ရေဒါရဲ့ တန်ဖိုးက အဆောက်အအုံ အပါအဝင် ဒေါ်လာ ခုနစ်သောင်း မှ သိန်းဂဏန်း ထိ ရှိတာပါ ။ အဲဒါတောင် မရှိဘူးလား ၊ အဲလောက် ငွေကြေးတောင် မရှိလို့ မွဲသွားပြီလား ။ မြေအောက်က သယံဇာတတွေ ၊ ခေါင်းတုံးဖြစ်သွားတဲ့ တောင်တွေ ၊ တိရစ္ဆာန်တွေတောင် နေစရာနေရာ မရှိတော့လို့ မြို့တက်ပြီး အိမ်ငှား နေရတဲ့ သစ်တောတွေ ... စတဲ့ ပြည်သူလူထုပိုင် အားလုံးကို အုပ်ချုပ်သူတွေနဲ့ ပေါင်းပြီး လက်ဝါးကြီးအုပ် စီးပွားဖြစ် သွားကြတဲ့ ခရိုနီတွေက ပြည်သူတွေ အကျိုးဖြစ်မယ့် ရေဒါလေး တစ်လုံးတောင် အကျိုးမပြုနိုင်ကြတော့ဘူးလား ။

ထိုမေးခွန်းကား မေးကို မေးရမည့် မေးခွန်းဖြစ်သည် ။ လူကုန်ကူးခံရတဲ့ ကြီးမားတဲ့ ပြဿနာတွေရယ် ၊ ကျေးလက်တွေမှာ အမျိုးသမီးတွေ စီးပွားပျက်လို့ သူများ တိုင်းပြည်မှာ အလွှာပေါင်းစုံ ကြောက်လန့်ပြီး စီးပွား သွားရှာနေရပါတယ် ။ ဒီထက် ပိုဆိုးလာရင် အေးစက်တဲ့ ကျေးလက်တွေမှာ မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှု အစဉ်အဆက် ထိန်းသိမ်းလာ
ခဲ့တဲ့ ၊ မြန်မာတွေ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်ခဲ့တဲ့ ကွမ်းတောင်ကိုင် ၊ ပန်းတောင်ကိုင် အမျိုးသမီးများ ရှားပါးမှုပြဿနာ ကြီးထွားလာမှာမို့ အဲဒီ တစ်ပေါက်ကို မြင်လို့ ရေးလိုက်ရပါတယ် ။

▢  ဗေလုဝ
📖 တဲ့တောက် နှင့် ပြာသောနားရွက်

Thursday, May 15, 2025

ကျွန်တော် သစ်သူခိုး


 

❝ ကျွန်တော် သစ်သူခိုး ❞
          ( ဗေလုဝ ) 

“ ကျွန်တော် သစ်သူခိုး ” ဆိုလို့ အကြီးအကျယ် ခိုးတဲ့
သစ်သူခိုး မဟုတ်ပါဘူး ။ နှစ်ပဲ တစ်ပြား ခိုးတဲ့ သူခိုး ပါ ။

ကျွန်တော် အခုမှ ပြန် စဉ်းစားကြည့်မိသည် ။ အဲဒီ အချိန် ၁၉၇၆ ခုနှစ် ကျော်ကျော် ၊ ၁၉၈၀ မပြည့်မီ က ဖြစ်လိမ့်မည် ထင်သည် ။ သာယာဝတီ အရှေ့ဘက် ဇိမ်ဇာ ၊ ငှက်ပေါက်ကုန်း ၊ စာပြေစု အရှေ့ / အနောက် ၊ ဂွေးချောင်း ၊ ဖားရွှေကျော် တောင် / မြောက် ၊ ရေတိုက်ရွာများ တစ်ခွင် ပြဲပြဲစင် ။

အဲဒီ အချိန် က ကျွန်းသစ် မိရင် ဥပဒေ က ဘယ်၍ ဘယ်မျှ မသိ ။

ကျွန်တော် ကား နွေရာသီ ကျောင်းပိတ်ရက် သာယာဝတီ သို့ နှစ်စဉ် အရောက် သွား တတ်သည်  ။ ကျွန်တော် ကား သစ် နှင့် ပတ်သက်လျှင် ကျွန်း ၊ ပျဉ်းကတိုး ၊ သစ်မာ လောက် သာ သိသည် ။ ကုဗပေ ဘယ်၍ ဘယ်မျှ ဆိုလျှင် သစ်ဘယ်လောက် ထွက်သည် ကို မသိ ။ ကျွန်တော့် ညီ ရဲမြင့် က ကုဗပေ တွက်တတ်သည် ။ သူ က ကျွန်တော့် ညီ ဖြစ်ပေမဲ့ သူ က ဆရာ ၊ ကျွန်တော် က တပည့် ။ ညီအစ်ကို ဝမ်းကွဲ ဆိုပေမဲ့ ညီအစ်ကို အရင်းလို ။ အသက်တွေ က သိပ် မကွာကြ ။

သစ်ခိုးပုံ က ထူးထူးဆန်း ဆန်းတော့ မဟုတ် ။ သစ် ရောင်းမည့် သူ က အဖေ့ သစ်စက် ထံသို့ စာရင်း ပို့သည် ။ ခန့်မှန်းခြေ မည်၍ မည်မျှ ရှိသည်ပေါ့ ။ အဖေ က သူ ၏ လက်ရွေးစင် သား နှစ်ယောက် ကို လွှတ်လိုက်သည် ။

အဲဒီ ရွာတွေ ကို ကုန်းကြောင်း သွားရသည် ။
နိုင်ငံကျော် သာယာဝတီ ထောင်ကြီး ကို ဖြတ်ကျော် သွားရသည် ။ ရောင်းမည့် သူ ၏ အိမ် ကို ရောက်တော့ သူတို့ ကျွေးမွေးတာလေးတွေ စားပြီး အခြေအနေ ကို အကဲခတ်ရသေးသည် ။ သစ်တော ဘာညာပေါ့ ။

ရောင်းမည့်သူ က ကျွန်းတိုင်ကြီး ကို မြေကြီး ထဲ မှ ဖော် ၊ ပထမအဆင့် က လုံးပတ်တိုင်းဖို့ ထိပ်ဝ ပဲ အပေါ် တူးရသည် ။ ပြီးတော့ ပေရှည် တိုင်း ၊ ကုဗပေ တွက် ငွေချေရသည် ။ ဒါက သစ်ရောင်းမည့် သူ နှင့် ပတ်သက်သည့် ကိစ္စ အဝဝ ဖြစ်သည် ။

ပြီးတော့ သူ့ ကို ထပ်မံ အကူအညီ တောင်းရသည် ။ လှည်း ငှားဖို့ ကိစ္စ ။ ည သန်းခေါင် ထွက်မည် ။ ရေဝေ က သစ်စက် ထဲကို နံနက် ၄ နာရီ အရောက် အားလုံး အဆင်ပြေသည် ။ လေးသံ ၊ မြားသံ နားထောင် တော့ အခြေအနေ ကောင်းသည် ။ ည ၁၀ နာရီ ထွက်မည် ။

သစ်လုံးတင်သည့် လှည်း ဆိုတော့ ‘ ကက်အိမ် ’ မပါ ။ လှည်း ကက်အိမ် မပါတော့ သစ်လုံး ပေါ် မှာ တင် ထိုင်လိုက်ရသည် ။ ဟိုရွှေ့ ဒီရွှေ့ နှင့် ရွာစဉ် တွေ ကို ဖြတ်ရသည် ရှိသလို ရွာပြင်တွေ က နေ ဖြတ် မောင်းရတာလည်း ရှိသည် ။

လှည်း က တကျွီကျွီ ၊ လူ က တငိုက်ငိုက် ၊ လ သာရင် ကောင်းကင် ကို မော့ ကြည့်ပြီး လမိုက်ရက် ဆိုလျှင်တော့ ရောက်တတ်ရာရာ လှည်းမောင်း သည့် ဆရာ ကို လျှောက် ပြောတော့သည် ။  အဓိက က တော့ သရဲ ကြောက်၍ ဖြစ်သည် ။

“ ရန်ကုန်သားလေး ... ”

“ ဗျာ ”

“ ဟိုးက .. ကညင်ပင်ကြီး တွေ့လား ”

“ အင်း ... သိပ်တော့ မသဲကွဲဘူး ... ရေးရေးတော့ မြင်တယ် ”

“ မင်းတို့ ကြောက် မှာ စိုးလို့ အဲဒီ အပင် နဲ့ ရှောင် မောင်းလာ ခဲ့တာ ... သိပ် ခြောက်တဲ့ အပင် ... အဲဒီ အပင် က ကောင်ကြီး ဆို အစွယ် တောင် ထွက် နေမလားတောင် မသိဘူး ”

ကျွန်တော် နေစရာ မရှိတော့ ။ စက် ထဲ ကို မြန်မြန် ရောက်ပါစေလို့ ပဲ ကျွန်တော် တွေးနေတော့သည် ။ လူ က နေစရာ မရှိတော့ ။ လှည်းဆရာ က တမင် ဖန်တီး ပြောတာလား ၊ အမှန်လား ဆိုတာ ကျွန်တော် မဝေခွဲဘဲ ကြောက်စိတ် က သာ မွှန် နေသည် ။

ကျွန်တော်တို့ သစ်စက် ကို ရောက်သည် ။ နောက်ဖေးဘက် က သွင်းရသည် ရေကန် ထဲ ကို သစ်လုံး ပစ်ချပြီး ဇာတ်မြှုပ် လိုက်သည် ။ လိုအပ်မှ ဖော်ပြီး ခွဲခြမ်း ပစ်သည် ။ ဒါ ကျွန်တော် ခိုးခဲ့ သော သူခိုး နောက်လိုက် ဘဝ ဖြစ်ပါသည် ။

ထိုထိုကဲ့သို့ အကြိမ်ပေါင်း များစွာ ခိုးခဲ့ပါသည် ။ သစ်ထုတ်လုပ်ရေး က ကားဆရာ တို့ နှင့် ပေါင်း၍ လည်း ခိုးခဲ့ရပါသည် ။ တစ်လုံးစ ၊ နှစ်လုံးစ ၊ သူခိုးပါ ခင်ဗျာ ... ။

တစ်တောလုံး ပြောင် အောင် ခိုးတဲ့ သူခိုး မဟုတ်ပါကြောင်း နှင့် ဗေလုဝ သည် လည်း တစ်ချိန် တစ်ခါက သစ်ခိုး တဲ့ သူခိုး လုပ်ခဲ့ဖူးပါကြောင်း နှင့် တခြား ခိုးနည်းများစွာ ကို အလျဉ်း သင့်သလို ရေးပြ ပါမည် ။ လူ စုံတုန်း ရှင်းပြတာပါ ။

▢ ဗေလုဝ
📖တဲ့တောက် နှင့် ပြာသောနားရွက်

Monday, April 14, 2025

စပွန်ဆာသင်္ကြန် အိမ်ဂရန်သင်္ကြန်


 

❝ စပွန်ဆာသင်္ကြန် အိမ်ဂရန်သင်္ကြန် ❞
           ( ဗေလုဝ )

ဒီကနေ့ ခေတ် သင်္ကြန်ကား စပွန်ဆာများ နှင့် ထုံမွမ်းထားသော သင်္ကြန် ဟု ခေါ်ဆိုလျှင် မှားမည် မထင် ။ ဘယ် မဏ္ဍပ် ကို ကြည့်ကြည့် ကြီးကြီးသေးသေး စပွန်ဆာ ပေးထားသော ကုမ္ပဏီ အမှတ်တံဆိပ်များ အခံ့သား နေရာ ယူထားကြသည် ။ အနုပညာရှင်များ ကို လည်း စပွန်ဆာ ပေးထားကြ၍ ဖျော်ဖြေရေးစင်များ တွင် စည်ကားသိုက်မြိုက်လှသည် ။

ဒါဟာ ဒီနေ့ ခေတ် သင်္ကြန် ရှုမျှော်ခင်း ရဲ့ စပွန်ဆာ သင်္ကြန် ။

ကျွန်တော်တို့ ခေတ် သင်္ကြန် ကား အိမ်ဂရန် သင်္ကြန် ၊ ၁၉၇၅ - ၁၉၈၈ ထိ ။ သင်္ကြန် နား နီးလျှင် ကျွန်တော်တို့ အမှတ် - ၉၄ ၊ ( ၈ ) ရပ်ကွက် ၊ ( ၃ ) လမ်း အိမ်ဂရန် ကား မျက်ခုံးလှုပ်စ ပြုလာပြီ ။

စွယ်စုံအလှပြ ကား သူ့ခေတ် သူ့အခါ က ကုန်ဈေးနှုန်း ၊ အသင်းဝင်ကြေး ဟု သာ နာမည် တပ်ထားတာ ။ ပေးတဲ့ အဖွဲ့ဝင် က ခပ်ရှားရှား ။ ဒီတော့ အလှပြကား တစ်စီး လူလုံးလှဖို့ အတွက် အိမ်ဂရန် ဘက် ကို ခြေဦး လှည့်ရသည် ။

ထုံးစံအတိုင်း ကိုယ့် ပစ္စည်း ကိုယ် ပြန်ပြီး ငတက်ပြား ပေါ့ ။ နံပါတ်တစ် သံချပ်သရုပ်ပြ၊ သရုပ်ပြ ပစ္စည်း အတွက် ကုန်ကျစရိတ် ၊ ကားအလှပြ နှစ်ထပ် အတွက် သစ် ၊ ပိတ် ၊ ပန်းချီ ၊ အလုံးစုံသော ကုန်ကျစရိတ် အတွက် အဖွဲ့ဝင်တွေ ညှိနှိုင်း ဆောင်ရွက်၍ စွယ်စုံသင်္ကြန်ကား တစ်ကား ဖြစ်ဖို့ အတွက် ပေါင်နှံ ၊ ရောင်းချ ၊ ချေးငှား ၊ ကြွေးယူ ၍ သင်္ကြန် အကြိုနေ့ မတိုင်ခင် အလှူခံ ထွက်ဖို့ ကြိုးစားရတော့သည် ။

ဒါက မူလရည်မှန်းချက် ။ သို့သော် ဖြစ်မလာခဲ့ ။ အကြောင်း အမျိုးမျိုးကြောင့် ၊ ပြဿနာ အမျိုးမျိုးကြောင့် သင်္ကြန် အကြိုနေ့ တောင် ညနေစောင်း မှ ထွက်ဖြစ်သည် ။ ဝတ်စုံပြည့် နဲ့ အပေါစား မိတ်ကပ်အဖုံဖုံ တို့ ကြောင့် ကျွန်တော် ၏ ‘ ဒိုးဒိုးဒေါက်ဒေါက် ’ စွယ်စုံ အလှပြကား မှာ ဝင်းဝင်းတောက် အောင် လှနေ တော့သည် ။

အကြိုနေ့ မှာ မဏ္ဍပ်အသေး တစ်မဏ္ဍပ် မှာ စ ဇာတ်တိုက်သည် ။ တီးဝိုင်း နှင့် အဝင်အထွက် မှန် မမှန် တိုက်သည် ။ အဲဒီ မဏ္ဍပ် ကတော့ ဘာ ဆုမှ မျှော်မှန်းမထား ။ မျှော်မှန်း ထားလို့လည်း မရ ။ ကပေါက်တိ ကပေါက်ချာ ဖြစ်နေတာ ။ ဘယ် ဒိုင် က အမှတ် ပေးမှာလဲ ။ မြန်မြန် ဆင်းပါစေလို့ တောင် ဆုတောင်း နေဦးမယ် ။ အဲ ... အကျနေ့ ရောက်တော့ ကန်တော်ကြီး မှာ ဇာတ် ပြန်တိုက် ၊ အမှားတွေ ပြင် ၊ အကျနေ့ က တော့ ထပ် မှား၍ မဖြစ် တော့ ။ ထပ် မှားနေရင်တော့ စွယ်စုံ မပြောနဲ့ ... သံချပ် တတိယ တောင် ရမှာ မဟုတ် တော့ ။ အသင်းဝင်တွေ ကို စိတ်ဓာတ် တက်ကြွအောင် နည်းဗျူဟာ အမျိုးမျိုး နှင့် စည်းရုံးရသည် ။ အသင်း ခေါင်းဆောင် ကျွန်တော် မောင်မောင်မြင့်အောင် ကား သင်္ကြန် အကျနေ့ မှာ ပင် မျက်တွင်း က ဟောက်ပက် ၊ အားက ပြတ်၍ အားဆေး ကို တွေ့ရာ ဆေးခန်း မှာ ပြေး သွင်းရသည် ။

မှတ်မှတ်ရရ ... ရေကျော် တစ်ဝိုက် က ဆေးခန်း တစ်ခု မှာ ကျွန်တော့် ရှေ့က ပုဂ္ဂိုလ် တစ်ယောက် က ပက်လက်ကြီး အားဆေး သွင်းနေသည် ။

ဆရာဝန် က ...

“ နေဦးဗျ ... ခင်ဗျား ရှေ့မှာ ကိုခင်မောင်ဆွေ အားဆေး သွင်းနေတယ် ”

ဪ ... သူ လည်း ငါ့ လိုပဲ အားပြတ် နေပြီနဲ့ တူတယ် ဟု စိတ်ထဲမှာ တွေးမိ လိုက်သည် ။ ပြိုင်ဘက် ဖြစ်ပေမဲ့ ပင်ပန်းတဲ့သူ အချင်းချင်း မို့ စာနာစိတ် ဝင် သွားသေးသည် ။ သူ ကား “ ယဉ်ကျေး မောင် ” အသင်း ခေါင်းဆောင် ရွှေတိုင်မြ ကိုခင်မောင်ဆွေ ဖြစ်သည် ။ သူ ၏ အသင်း ကား ရန်ကုန်တိုင်း မှာတော့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်ခဲ့ပါသည် ။ ကျွန်တော် ဒီ စာမူ ရေးနေချိန် တွင် ကိုခင်မောင်ဆွေ ကား သူ ချစ်တဲ့ သင်္ကြန်တွေ နှင့် ဝေးရာ ဟို .. သုခဘုံ တစ်ခု မှာ ။

အကြတ် ၊ အတက် မဏ္ဍပ် အရေအတွက် များများ ပြိုင်ရ ပါ မှ ၊ မိုးလင်း ပြိုင်ကြရသည် ။ ဒါက ပြိုင်ပွဲဝင် အသင်းတိုင်း ။ တစ်ခါတလေ ဒိုင် က နေကာမျက်မှန် တပ်ပြီး အိပ် နေသည် ။ ကျွန်တော်တို့ ကား မသိ ။ အားကြိုးမာန်တက် ပြိုင်နေသည် ။ ဆုစာရင်း ထွက်လာတော့ ကျွန်တော်တို့ နာမည် ဘယ် နေရာမှ ပါမလာတော့ ။

သင်္ကြန် အတက်နေ့ ကတော့ မည်သည့် အသ င်း မဆို မီးကုန်ယမ်းကုန် ပြိုင်ပွဲဝင်သော နေ့ ။ တချို့ မဏ္ဍပ်တွေ ဆို ရင် အတက်နေ့ ၁၂ နာရီ ကျော် လျှင် ပြိုင်ပွဲ စာရင်း ပိတ်သည် ။ ကိုယ်တိုင် က မဏ္ဍပ် နှင့် ခင်မင်နေ၍

“ ဆရာတွေ ... မပိတ်ပါနဲ့ဦး ... ကျွန်တော် ဒီနှစ် မဏ္ဍပ် နည်းလို့ ပါ ... ကျွန်တော့် ကို နောက်ဆုံးပိတ် ခွင့်ပြုပါဦး”

လို့ ပြောပြီး အတင်း ဇွတ် ဝင် ပြိုင်ရသည် ။ ပြိုင်ပွဲဝင် ပြီးလို့ အစီအစဉ် ကြေညာသူ က

“ မောင်မောင်မြင့်အောင် ဦးစီးတဲ့ “ ဒိုးဒိုးဒေါက်ဒေါက် ” စွယ်စုံပြိုင်ပွဲဝင် အသင်း ကတော့ နောက်ဆုံးပိတ် အိတ် နဲ့ လွယ်တော့မယ် နဲ့ တူတယ် ... ကျွန်တော်တို့ မဏ္ဍပ် က အမှတ်စာရင်းတွေ ထွက်ဖို့ အတွက် မဏ္ဍ ပ်ကို ပိတ်ခဲ့ သော်လည်း ပြိုင်ပွဲဝင်ခွင့် ပြု လိုက်တဲ့ “ ဒိုးဒိုးဒေါက်ဒေါက် ” အသင်း ကို ကြည့်လိုက်ရတဲ့ အချိန် မှာ ပြိုင်ပွဲဝင်ခွင့်ပြုလိုက်တာ မှန်တယ် ဆိုတာ ကျွန်တော် တို့ ဒိုင်အဖွဲ့ နဲ့ ပရိသတ် က မှတ်ချက်ချခဲ့ပါတယ် ... ဒိုးဒိုးဒေါက်ဒေါက် အဖွဲ့သားတို့ ရေ ... စွယ်စုံဆု စာရင်း ကြေညာမယ့် ဆိုင်းဘုတ် မှာ ရဲဘော်တို့ အသင်း နာမည် ကို ထိပ်ဆုံး က ကြည့်လိုက်ကြပါတော့လို့ ပြောရင်းနဲ့ ရဲဘော်တို့ လိုရာ ခရီး ကို သွားနိုင်ကြပါပြီ ”

ထိုပုဂ္ဂိုလ် ၏ အပြော ကြောင့် ကျွန်တော် တို့ တစ်သင်းလုံး က ...

“ အစ်ကို ရေ ... ဒီ မဏ္ဍပ် ကတော့ စွယ်စုံ ကျိန်းသေပြီ ”

ဟု ထင်ကြေး ပေး လိုက်ကြသည် ။ ဘာ ပဲပြောပြော အခိုက်အတန့်လေး မှာ တော့ စိတ်သက်သာရာ ရသည် ။ နှစ်ဆန်း တစ်ရက် နေ့ သွား ကြည့်တော့ သံချပ် တတိယ နှင့် သာ ကျေနပ်လိုက် ရသည် ။ နောက်မှ သိလိုက်ရသည် မှာ ထို ပုဂ္ဂိုလ်သည် အသင်းတိုင်း ကို စိတ်ချမ်းသာအောင် ထို စကားလုံးများ ကို သာ တွင်တွင် သုံးလေ့ ရှိကြောင်း သိလိုက်ရသည် ။

ကဲ ... အိမ်ဂရန်သင်္ကြန် ကား နိဂုံးပိုင်း ကို ရောက်ရှိလို့ လာခဲ့ပါပြီ ။ ဒီနှစ် မှန်းချက် နှင့် နှမ်း ထွက် မကိုက်သည့် အတွက် ရှုံးပါတော့သည် ။ ကားဖိုး ၊ အထွေထွေဖိုး တွေ မရှင်းနိုင်တော့ပါ ။ အိမ်ဂရန် ပြန်ရွေးရန်ကား ဝေလာဝေး ။ သင်္ကြန် ပြီး၍ တစ်လကျော် ကြာသည့် တိုင်အောင် ကျွန်တော် ဇာတ်ဆရာ မောင်မောင်မြင့်အောင် ကား ကြွေးမြီများ နှင့် ထွေးလုံးရစ်ပတ် ။

တစ်ရက် ကျွန်တော့် အဖွဲ့သား လက်ကျန် သုံးဦး နှင့် အိမ် အပေါ်ထပ် မှာ အသင်း ကို ပြန်လည် ဝေဖန်သုံးသပ် နေဆဲ မှာ

“ ကိုမြင့်အောင် ... ကိုမြင့်အောင် ”

ဟု အော်ပြီး တက်လာသူ ကား မြောက်ဥက္ကလာပ မှ ဓာတ်စက် အကြွေးကျန် ကို လာ တောင်းသည့် ကိုတင်ဝင်း ။ ကျွန်တော့် မှာ အမှတ်တမဲ့ မို့ ပြေးစရာကား မ ရှိ။ နီးစပ်ရာ ဖျာလိပ် ထဲ မှာ ငုတ်တုတ်လေး ဝင် ပုန်းရလေသည် ။

“ အေးဗျာ ... အသင်း က ကောင်းရဲ့သား နဲ့ ရှုံးတာ .. ကျွန်တော် လည်း လာရတာ ဝေးတယ် ... ကိုမြင့်အောင် ကို ပြောလိုက်ပါဗျာ ... အဆင်ပြေတဲ့ အချိန် ကျွန်တော့် အကြွေးကျန်လေး ပေးပါလို့ ”

ကျွန်တော် ကား ဖျာလိပ် ထဲ မှာ ချွေးဒီးဒီး နှင့် ကိုတင်ဝင်း စကား ကို ကပ်လျက် ကြားနေရသည် ။

ဤကား ကျွန်တော် ၏ အိမ်ဂရန်သင်္ကြန် သာ ဖြစ်ပါတော့သည် ။

▢ ဗေလုဝ
📖 8 days
      မတ်၊ ၂၀၁၀

Saturday, April 12, 2025

ကျွန်တော် ဇာတ်ဆရာ


 ❝ ကျွန်တော် ဇာတ်ဆရာ ❞ 

         ( ဗေလုဝ )


ဇာတ်ဆရာ ဆိုလို့ ဇာတ်ဆရာ ဦးဆစ်တို တို့ လို မမှတ်လိုက်ပါနဲ့ ။ သင်္ကြန်ဇာတ်ဆရာ ပါ ။ သင်္ကြန် နား နီးရင် ကျွန်တော် မောင်မောင်မြင့်အောင် သည် ‘ ဇာတ်ဆရာ ’ ဟူသော ဘွဲ့ တစ်ခု ကို နှစ်စဉ် လက်ခံ ယူနေကျပါ ။


သင်္ကြန် ကျဖို့ နှစ်လ အလို ဆိုလျှင် ကျွန်တော်တို့ အဖွဲ့ သင်္ကြန်စာ ကောက်ကြသည် ။


‘ သင်္ကြန်စာကောက် ’ ဆိုသည့် အဓိပ္ပာယ် မှာ ပြိုင်ပွဲဝင် ဖို့ အတွက် စာဖတ်ကြသည် ။ ဇာတ်ပွဲ တွေ ကြည့်ကြသည် ။ ကိုယ် တင်ပြမည့် အကြောင်းအရာများ ကို ကြိုတင်လေ့လာသည့် သဘောပင် ။


ပြိုင်ပွဲ က စွယ်စုံပြိုင်ပွဲ ဝင် မှာ မို့ အစစအရာရာ ဘယ်လို ခမ်းနားအောင် ပြိုင်ပွဲဝင်ကြ မယ်ပေါ့ ။ စိတ်ကူး ထဲက ခမ်းနားအောင် ပြိုင်ပွဲဝင်ဖို့ ဆိုတာ ‘ ငွေ ’ ဟာ အဓိက ကျတယ် ။ အနုပညာ က ဒုတိယ ။ ထုံးစံအတိုင်း ပေါင်နှံဆွဲလွဲကြ တာပေါ့ ။


နှစ်ဆန်းတစ်ရက် နေ့ မှာ ( ကိုယ် ပြိုင်ပွဲဝင်ပြီးသည့် မဏ္ဍပ်တိုင်း ကို ) ရင်ဖိုစွာနဲ့ ဆု လိုက်ကြည့် ၊ အခြေအနေ ကောင်းရင်တော့ ဟေး ... ဟေး ... နဲ့ ပေါ့ ။ အခြေအနေ မကောင်းရင်တော့ ဆုရလို့ ပြန် ဖျော်ဖြေတာတောင် စိတ် မပါချင်တော့ ။


အဘယ်ကြောင့် ဆိုသော် ကြွေးရှင်တွေ နဲ့ ကိုယ့် ပိုက်ဆံ အရင်း ရရေး အတွက် အလှပြကား ပေါ် က မဆင်းတော့ ။ တီးဝိုင်းဆရာ ၊ ဆိုင်းဆရာတွေ က အစ ဇာတ်ဆရာ အပေါ် သံသယမျက်လုံး ဖြင့် ကြည့်လာကြသည် ။


“ ငါတို့ တီးဝိုင်းခတွေ ရ မှ ရပါဦးမလား ”


“ ငါတို့ ကတော့ မရလို့ မဖြစ်ဘူး ... မရှိ ရှိတာ ဆွဲလွဲယူရမှာ ပဲ ”


ဒီ အသံတွေ က ဇာတ်ဆရာ နား ဆီ ကို တိုးတိုး တစ်မျိုး ၊ ကျယ်ကျယ် တစ်ဖုံ နည်းမျိုးစုံ ဖြင့် တိုးဝှေ့ လာကြသည် ။ ဆု တွေ ကလည်း စွယ်စုံဆု က တစ်ဆု နှစ်ဆု ရယ် ။ သံချပ် ဒုတိယတို့ ၊ တတိယ တို့ ၊ အလှအက ဒုတိယ တို့ နှစ်သိမ့်ဆုတွေ ဆိုရင်တော့ ဇာတ်ဆရာ မောင်မောင်မြင့်အောင် ဘယ် အပေါက် က ပြေးမလဲ ဆိုတာ ကြိုတင် တွေးထားတော့ ။


ဒါကလည်း နှစ်စဉ် အတွေ့အကြုံ ဆိုတော့ စုံ တောင် စုံချင်လာသည် ။ အလှပြကားချင်း ဆုံလို့ ဆိုင်းသံဗုံသံ ပျောက်ပြီး တိတ်ဆိတ်စွာ မောင်း သွားပြီ ဆိုလျှင် ...


“ အင်း ... သူ လည်း ကိုယ့်လိုပဲ ထင်ပါရဲ့ ” 


ဟု အပြေးအလွှား ကိုယ်ချင်းစာ လိုက်သေးသည် ။ 


ဆု ရတဲ့ မဏ္ဍပ်တွေ ကလည်း စုံလို့  ။


နှစ်ဆန်း တစ်ရက်နေ့ နေ့လယ် မှာ တော့ သင်္ကြန် အလှကား ထွက်ရခြင်း ရဲ့

‘ ရသ ’ ကို ပြည့်ဝစွာ ခံစား လိုက်ရပုံ ကို ဇာတ်ဆရာ မောင်မောင်မြင့်အောင် က မကွယ်မဝှက် ဤသို့ ပြောပြပါ တယ် ခင်ဗျာ ... ။ 


မှတ်ချက်


လမ်းမတော် မှ အနန္တစွမ်းအားရှင် အလှပြကား သည် သင်္ကြန် ကာလ မှာ ငွေကြေး တတ်နိုင် ဆုံး အသင်း ဖြစ်သည် ။ ကြည့်မြင်တို င်မှ ရွှေတိုင်မြေ ကိုခင်

မောင်ဆွေ ၏ ‘ ယဉ်ကျေး မောင် ’ သင်္ကြန် အလှပြကား သည် အောင်မြင်သည့် နှစ် များသည် ။ သူ့ အသင်း ကား ကျွန်တော့် အသင်း လောက် ဒုက္ခ မရောက် ။ သူ လည်း ငွေကြေး မချမ်းသာသည့် ကြားက အောင်မြင်သည့် အသင်း အဖြစ် မှတ်တမ်းဝင်သည် ။ ကျန်သည့် သင်္ကြန် အလှပြကား များစွာ ကတော့ ဆွဲလွဲ ပေါင်နှံ အုပ်စုများ သာ ။ 


ကဲ ... ဇာတ်ဆရာ ရဲ့ ဘဝလေး ပြန် စလိုက်ကြပါစို့ ။ 


“ သင်္ကြန် ကို မထွက်ပါနဲ့ မထွက်ပါနဲ့ လို့ အမြဲ ပြောနေတဲ့ ကြားက ခုထွက်တယ် .. အဲဒါ တွေ ဘယ်လို ရှင်းမလဲ ” 


အမေစိန် ၏ အသံ ပင် ဖြစ်ပါသည် ။ 


ကျွန်တော် ဇာတ်ဆရာ ၏ မျက်နှာပြင် ကို ‘ ဗေလုဝ ’ ရုပ် ကို သာ လှမ်း မြင်လိုက်ပါ ။


သင်္ကြန် လေးရက် ပြိုင် ၊ မပြိုင်ခင် က ဇာတ်တိုက် ။ ပင်ပန်းနွမ်းနယ် နေသော ရုပ်သွင်ပြင် ၊ မျက်တွင်း ဟောက်ပက် နှင့် ထို ရူပကာ က ဘာ များ တတ်နိုင်ဦးမှာလဲ ဆို သည့် သိုးငယ်ရုပ် ။


ထိုစဉ်က အမှတ် ၉၄ ( A ) ၊ ၈ ရပ်ကွက် ၊ ၃ လမ်း ၊ တောင်ဥက္ကလာပ ကျွန်တော့် အိမ် သည် ဆောက်လက်စ မို့ ခြေတံရှည်အိမ် ၊ ဓနိမိုး ၊ တိုင်ထောင် အဆင့် ။ အိမ်ပေါ်ထပ် ကျဉ်းကျဉ်းလေး ထဲ မှာ လက်စွပ် မရလို့ အိမ် မပြန်ရဲ သည့် အသင်းသားများ ၊ ကိုယ် က သစ်ကိစ္စ ကို အာမခံ ထားပြီး မပေးနိုင်၍ အိမ် မပြန်ရဲသူများ ... အဲဒီလို မပြန်ရဲသူများစွာ ဟာ သင်္ကြန် ပြီးတဲ့ အထိ ဇာတ်ဆရာ မောင်မောင်မြင့်အောင် အိမ် မှာ စုပုံနေကျ ။


မှတ်မှတ်ရရ ပဲ ပြောပြပါရစေ ။


မြောက်ဥက္ကလာပ က စက် ဖွင့်တဲ့ ဆရာကြီး ။ ခြေထောက် တစ်ဖက် က ထော့နဲ့ ထော့နဲ့ ။ သူ့ခမျာ မြောက်ဥက္ကလာပ က နေ ကျွန်တော် ရှိတဲ့ တောင်ဥက္ကလာပ ( ၈ ) ရပ်ကွက် ကို လာ ရတာ ။ မျက်စိ ထဲ ပြေးမြင်ပါသေးတယ် ။


အိမ် အောက်ထပ် ကနေ လှမ်း အော်သည့် အသံ ။


“ ဇာတ်ဆရာ ...ဇာတ်ဆရာ ”


ကျွန်တော့် အသင်းသား က ...


“ ကိုမြင့်အောင် ဇာတ်ဆရာ ... အောက် မှာ စက်ဆရာ အသံလိုပဲ ”


ကျွန်တော် အိပ်နေရင်း မှ ...


“ အပေါ် ခေါ်လိုက်ကွာ ” 


မှတ်မှတ်ရပါဗျာ ... ။ 


သူ့ခမျာ ခြေထောက် တစ်ဖက် မသန်တဲ့ ကြား က အိမ် အပေါ်ထပ် ကို ခက်ခက်ခဲခဲ တက်လာပြီး ...


“ ဇာတ်ဆရာရော ... ဟင် .. ညီလေးတို့ ခုထိ အိမ် မပြန် ကြသေးဘူး ”


“ ဟုတ်တယ် အစ်ကို ရေ .. သင်္ကြန်မင်းသားကြီး မောင်မောင်မြင့်အောင် မနက် ကတည်း က ထွက်သွားတာ ခုထိ ပြန် မလာသေးဘူး ”


ကျွန်တော့် အသင်းသား ၏ ရှောင်လွဲချက် ။ 


“ ကျွန်တော် လည်း တော်တော် ဒုက္ခရောက်လို့ ပါ ဗျာ ... ခု ကျွန်တော် အိမ်ပေါ် က ဆင်းလိုက်ရပြီ ... စက်ဆရာ က သူ့ ပိုက်ဆံ မရရင် ဂါတ်တိုင်မယ် ဆိုတာ နဲ့ ကျွန်တော့် မြေကွက်လေး ကို အပေါင် ထားပြီး ပေးလိုက်ရတာ ... အဲဒါကို မိန်းမ က စိတ်ဆိုးပြီး ကျွန်တော့် ကို မောင်းချလိုက်တာ ”


ကျွန်တော် ဇာတ်ဆရာ က ဖျာလိပ် ထဲ မှာ ပြုံးမိ လိုက်သည် ။


အင်း ... ငါ့ အိမ်ပေါ် မှာ အိမ် မပြန်ရဲတဲ့ သူ တစ်ယောက် တိုးပြန်ပြီပေါ့ ။


လွမ်းလိုက်တာ သင်္ကြန် ရယ် ... ။


 ▣  ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း

      ဧပြီ ၊ ၂၀၀၈

Friday, April 11, 2025

သင်္ကြန်အလွမ်း


 ❝ သင်္ကြန်အလွမ်း ❞  

      ( ဗေလုဝ )


အထက်ပါ ခေါင်းစဉ် ကို ကျွန်တော် အလွန် သဘောကျသောကြောင့် ပေးဖြစ်ခဲ့သည် ။ ကိုယ်တွေ့ ဖြစ်ရပ်များ ထဲ မှ ကျွန်တော့် ဘဝ တစ်စိတ်တစ်ဒေသ သည် သင်္ကြန်ကာလများ နှင့် သာ ‘ လုံးထွေး ’ ဖြစ်ခဲ့သည် ။ ဂန္ထဝင်မောင်ဝိုင်း ၏ ‘ မောင်မောင်ဆိုလေ ထီးရိုးရှည် ’ သင်္ကြန်ကား တွင် ကျွန်တော် ကား သရုပ်ဆောင် ။ ထိုအချိန် ကာလ က မင်းသား ကျော်ဟိန်း ၏ “ စိမ် ( သို့မဟုတ် ) စိန် ” သည် ရေပန်းစားခဲ့သည် ။ ထို ဇာတ်ကား ထဲ မှ ဇာတ်ဝင်ခန်း အချို့ကို ကျွန်တော် သရုပ်ဆောင် ရသည် ။ မိုးလင်းပေါက် မဏ္ဍပ် တစ်ခု ပြီး တစ်ခု ။ ‘ ငြိမ်းငြိမ်းအိ ’ ခေါ်  ‘ အင်္ဂလန်စိန် ’ သည် ငယ်ရွယ်နုပျိုလွန်းသော ကာလ ။ ရုပ်ရှင်လောက သို့ ပင် မရောက်သေး ။ ကျွန်တော်တို့ သင်္ကြန် လှေကား ပေါ် မှာ ချီပိုး ခဲ့ရသော အချိန် ။ နောင် ရုပ်ရှင်လောက ၌ ‘ အကယ်ဒမီ ’ ဆုရှင် ဖြစ်သွားခဲ့သည် ။ ကျွန်တော့် အစ်ကို မောင်မောင်နေဝင်း ( ဂန္ထဝင် မောင်ဝိုင်း ) သင်္ကြန်လောက နှင့် အဆက်ပြတ် သွားပြီး ( အင်းစိန်တောရ ) ၌ ရောက်ရှိ သွားချိန် တွင် ကျွန်တော် ၏ သင်္ကြန် ‘ ပိုး ’ ကား သ,တ်မရ၊ ပြုမရသော အခါ ဂရန် ကို မျက်စောင်းထိုး လေတော့သည် ။ ‘ သင်္ကြန် ထွက်ရရင် ပြီးရော ’ ဆိုသည့် စိတ် သာ ရှိခဲ့သည် ။ ‘ ဟစ်တလာ ’ ၏ လမ်းစဉ် အတိုင်း

နေရာတကာ ( တောင်ဥက္ကလာပ ရှိ လက်ဖက်ရည်ဆိုင် ) မှာ ဟောင်ဖွာ ... ဟောင်ဖွာ လူ ဆွယ်ရတော့သည် ။ 


( ၆ ) ရပ်ကွက် က ကိုအေးမင်း တို့ ညီအစ်ကို နှစ်ယောက် နှင့် စိတ်တူ၍ ( ပြောမဆုံးပေါင် တောသုံးထောင် ) သင်္ကြန်ကား အငယ်စားလေး ကို ဟိုဆွဲ ဒီဆွဲစိပြီး ထွက်ဖြစ်ခဲ့သည် ။ သံချပ် ကို ကိုယ့် ဘာသာ ကိုယ် ရေး ၊ ကိုယ် ကိုယ်တိုင် အတိုင် ခေါင်းဆောင် လုပ်ပြီး မောင်မောင်မြင့်အောင် တို့ မိုးမမြင် လေမမြင် ပေါ့ ။ ကျွန်တော် နှင့် ခေတ်ပြိုင် က မောင်မောင်မြင့်သိန်း ( မပြောတော့ဘူး ၊ ပြီးပါပြီ ) ‘ ရန်ကင်း ’ နှင့် ‘ ဥက္ကလာ ’ ပေါင်း ထွက်သော နှစ် ။ သင်္ကြန်ကား နာမည် ကို မိတ်ဆက်ရသော နှစ် မို့ သင်္ကြန်ရှုံး သွားသည် ။ သင်္ကြန်ရှုံး တော့ ထုံးစံ အတိုင်း ‘ အကြွေး ’ ပတ်လည်ပေါ့ ။


ဖျာလိပ် ထဲ ဝင် အိပ် ၊ ကြွေးရှင် က ကိုယ့် ဘေးနား တွင် စကားပြောသံတွေ ကို ကြား နေရသည် ။ ဆိုင်းကြွေး၊ ကားကြွေး ၊ သစ်ကြွေး ၊ အင်္ကျီချုပ်ခ ကြွေး နှင့် ‘ ချာလပတ်ရမ်း ’ ။ သင်္ကြန် ပြီးပြီးချင်း ဟိုအိမ် ပုန်း အိပ် ၊ ဒီအိမ် ပုန်း အိပ် နှင့် သင်္ကြန် ပြီး ကာလများ ကို စိတ်ပင်ပန်းစွာ ဖြတ်သန်း ခဲ့ရသည် ။ ပြန် မရွေးနိုင်သော ‘ ဂရန် ’ ကို မိဘများ က ပြန် ရွေး ။ ဒီလိုနဲ့ ပင် ကျွန်တော် ခေါင်းဆောင် ခဲ့သော ‘ ဒိုးဒိုးဒေါက်ဒေါက် ’ သည် ၁၅ နှစ် တိုင်တိုင် ရှိသွားခဲ့သည် ။ ကျွန်တော် နှင့် ခေတ်ပြိုင် မောင်မောင်မြင့်သိန်း ( ပြီးပါပြီ ) သည် လည်း ၁၅ နှစ်တိုင်တိုင် သူ လည်း ဖြတ်သန်းခဲ့သည် ။ ခုတော့ ကျွန်တော် က ‘ ဗေလုဝ ’ ၊ သူ ကား ‘ ကုသိုလ် ’ နာမည်များ ဖြင့် ပြည်သူတို့ ၏ အချစ်တော်၊ လူရွှင်တော်များ အဖြစ် ရပ်တည်ခဲ့ကြသည် ။


ကျွန်တော် လွမ်းသော သင်္ကြန် ကား ‘ တူးပို့ တူးပို့ ’ သံ ကြားလျှင် ဟိုတုန်းက ကျွန်တော် တို့ ထွက်ခဲ့ ကြသော သင်္ကြန် အလှကားများ ဆီ အပြေးအလွှား ရောက်သွား သည် ။ ‘ ထိုအလွမ်းကား မည်သည့် အလွမ်း နှင့် မှ နှိုင်းယှဉ် မရ ’ ။


ဪ ... ဒါတွေက မမေ့နိုင်သော နေ့ရက်များ ပင် ။ ထိုခေတ် ထိုအခါ က မြို့နယ် အလိုက် အပြိုင်အဆိုင် ထွက် လာကြသော အချိန် ။ ကြည့်မြင်တိုင် မှ ယဉ်ကျေးမောင် ( ကိုခင်မောင်ဆွေ ) ၊ မဟာရန်ကုန် ၃၆၅ ( ပန်းချီဆရာကြီး စတားမြသန်း ) ၊  မောင်မောင်တို့ အဖွဲ့ ( မောင်မောင်လှမြင့် ) ၊ ပြည်တော်ချစ် မင်းသားကြီး [ တင်မြင့်ကြောင် ခင်မောင်မြင့် ( ခေါ် ) မောင်မေတ္တာ ] ၊ ပုဇွန်တောင် ရေကျော် မှ ၁၉၈၆ - ၈၇ တွင် သံချပ် အကောင်းဆုံး ဖြစ်ခဲ့သော အပြာ ရဲ့ အနီ မှ ကဗျာဆရာ ကိုစိမ်းနီ ။ ကိုစိမ်းနီ က သင်္ကြန် ကို ဘယ်လောက် ချစ်သလဲ ဆိုရင် သင်္ကြန် မထွက်ရတော့ပေမယ့် သူ ဦးစီး ထုတ်ဝေသော

မဂ္ဂဇင်း အမည် ကို ပင် ‘ ပိတောက် ပွင့်သစ် ’ ဟု နာမည် ပေးခဲ့သည် ။ ပြည်သူ့ ကဗျာဆရာ ဒေါင်းနွယ်ဆွေ သည် လည်း သင်္ကြန် ကို ချစ်ခဲ့ဖူးသည် ။ ‘ မဟာနေ ကမ္ဘာသား ’ သင်္ကြန် အလှကား အမည် ဖြင့် စင်ပေါ် တက် ၍ သံချပ် တိုင်ခဲ့ဖူးသည် ကို ကျွန်တော့် မျက်ဝန်း ထဲ မှ ပြန်လည် မြင်ယောင် နေသေးသည် ။ သံချပ် လောက မှ နေ၍ ရုပ်ရှင် ၊ ဗီဒီယို ၊ စာပေ ၊ ဇာတ်သဘင် လောက သို့ ရောက်ရှိ သွားသော အနုပညာရှင် များစွာ ရှိခဲ့သည် ။ တချို့က တော့ ပိတောက်ပွင့် နှင့် ကြွေလွင့် သွားသူများ လည်း ရှိသည် ။ 


ထို ကြွေလွင့်သွားသော သင်္ကြန်ချစ်သူများ ကား ပဋိစ္စသမုပ္ပာဒ် မှ ‘ ဂီတစာဆို ကိုကြေးမုံ ’ ၊ ယဉ်ကျေးမောင် မှ ‘ ကိုခင်မောင်ဆွေ ’ ( ဗီဒီယိုဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ) ၊ မောင်မောင် ဆိုလေ ထီးရိုး ရှည် မှ မောင်မောင်နေဝင်း ( ‘ ဂန္ထဝင်မောင်ဝိုင်း ’ စာရေးဆရာ ၊ ရုပ်ရှင် ဗီဒီယိုဒါရိုက်တာ ) ၊ အနန္တစွမ်းအားရှင် မှ ‘ မောင်မောင်တုတ်ပေါ ’ ။


သူတို့ ကား ကြွေလွင့် သွားခဲ့ကြသည် ။ သူတို့ ထိုးခဲ့သော သံချပ် ၊ စပ်ဆိုခဲ့သော သင်္ကြန် သံချပ်များ က လေထု ထဲမှာ ထာဝရ လွင့်ပျံ့ နေသည် ။ 


ဂနိုင်နှင်းဆီ မှ  ‘ ခင်စိုးပိုင် ’ ( အကယ်ဒမီ ) ၊  ဒိုးဒိုးဒေါက်ဒေါက် မှ ‘ ဗေလုဝ ’ ၊ ပြီးပါပြီ မှ ‘ ကုသိုလ်’ ၊ ပြည်တော်ချစ် မင်းသားကြီး မှ ‘ မောင်မေတ္တာ ’ ၊ ၆၃ / ၆၄ ဝန်းကျင် ထွက်ခဲ့သော ‘ ချိုကြီး ’ သင်္ကြန်ကား မှ လူရွှင်တော် ‘ ချစ်စရာ ’ ၊ ဧည့်သည် လူရွှင်တော် ‘ စုတ်ချွန်း ’ ၊ မောင်လွင် ( မြင်းမူ ) ( ဇာတ်ညွှန်းရေးဆရာ ) ၊ နိုင်ငံကျော် ပြဇာတ် ဒါရိုက်တာ ၊ မင်းသား လူငယ်ကြည်ခိုင် သည် ပင် ‘ ဆူးကြား မှ ဘူးခါး ’ သင်္ကြန်အလှကား မှ ဝင်ကြေး မပေးနိုင်၍ အသင်း မှ ထုတ်ပယ်ခံရဖူးကြောင်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ‘ ကိုချစ်စရာ ’ မှ ပြန် ပြောပြ၍ သင်္ကြန် ၏ ချစ်မက်ဖွယ် ကောင်းသော အတိတ်ကာလများ ဆီ သို့ .. ။ 


 ▢ ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း

      ဧပြီ၊ ၂၀၀၇

Sunday, February 9, 2025

မြန်မာပြည်ချစ်ခိုင်

❝ မြန်မာပြည်ချစ်ခိုင် ❞
         ( ဗေလုဝ )

ကိုချစ်ခိုင် ၏ ထမင်းအိုးကြီး ဖြစ်သည့် ( .... ) ထို ဈေးကြီး သက်ရှည်ကျန်းမာဖို့ ၊ ထာဝရ စည်ကားဖွံ့ဖြိုးဖို့ ရန်သူမျိုးငါးပါး ဒဏ် မှ ကင်းလွတ်ဖို့ ၊ မင်းဘေးဒဏ် သင့်ခြင်းမှ ရှောင်လွဲနိုင်ဖို့ ကိုချစ်ခိုင် ဘုရားရှိခိုး တိုင်း ဆုတောင်းသည် ။

ထို ဈေးကြီး သည် နံနက် ၇ နာရီ မှ ညနေ ၆ နာရီထိ လုပ်ကိုင်စားသောက်နိုင်သော ကျေးဇူးရှင် ။ ထို ဈေးကြီးကို သက်ရှည်ကျန်းမာ ဖို့ ဆုတောင်းရသည် မှာ အမော ။ သားသမီးတွေ ဘွဲ့ရ ပြီး လုပ်ငန်းခွင် ဝင်သွားကြသည် အထိ ထို ဈေးကြီး မှ ဝင်ငွေ နှင့် ပင် ။ ကိုချစ်ခိုင် ကို  လူတွေ နားမလည်သည် က ဆံပင်ရှည်ကြီး ထားသော ပြဿနာ ပင် ။ တချို့ ဈေးသူဈေးသားတွေ က မနေနိုင်သည့် အဆုံး ဗြောင် ခေါ်မေးရ သည် အထိ ဖြစ်လာသည် ။

“ ကိုချစ်ခိုင်ကြီး ရယ် .. ကိုယ့် အလုပ် က အလုပ်ကြမ်း လုပ်ရတာ ... ဖုန်တွေ ဘာတွေ နဲ့ ဒီ ဆံပင်ကြီး နဲ့ ဒီ မ လိုက်ပါဘူးရှင် ”

ကိုချစ်ခိုင် ကား ခပ်ပြုံးပြုံး နှင့် ။ အဖြေ ပေးခြင်း မရှိ ။

“ ထမ်းတော့ ကုန်ပေါင်းစုံ ... ဆံပင်အရှည် နဲ့ တော်တော့ ကို ကြည့်ရဆိုးတယ် ”

မေးငေါ့ ပေါင်းစုံ ၊ အတင်း ပေါင်းစုံ ပေမဲ့ ကိုချစ်ခိုင် မမှု ။ အင်မတန် သန့်ပြန့်ပါသည် ဆိုသည့် ဆံပင် အရှည် ထားသည့် မိန်းမပျို တို့ ထက် ကိုချစ်ခိုင် က သူ့ ဆံပင်အရှည် ကို ပို သန့်ပြန့်အောင် ထားသည် ။ ဇနီး နှင့် သမီးတွေ က ...

“ အဖေရယ် ... ဒီ ဆံပင် အရှည်ကြီး ကို ဖြတ်လိုက်ပါတော့ .. တခြား လူတွေ က ပြောရင် သမီး တို့ ရှက်တယ် ”

ဘယ်သူ ပြောလို့ မှ မရသော ကိုချစ်ခိုင် ဆံပင်အရှည် ကား ကိုချစ်ခိုင် ၏ ခေါင်း ပေါ်တွင် နေရာ ထည်ထည်ဝါဝါ ယူထားလျက်ပင် ။ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် ဖြူဖြူကျော်သိန်း က တောင် ပထမ နားမလည် ။ နောက်တော့ ဆံပင် နှင့် ပတ်သက်ပြီး တစ်ခွန်း မှ မဟတော့ ။

ဖြူဖြူကျော်သိန်း ဆိုသည် မှာ နိုင်ငံကျော် အဆိုတော် ၏ နာမည် ကို ယူထားတာ မဟုတ် ။ နာမည် အရင်းက ဦးကျော်သိန်း ။ ခေါင်း တစ်ခေါင်းလုံး ဖြူဖွေး နေသည် မို့ သူ့ ကို တစ်ဈေးလုံး က ‘ ဖြူဖြူကျော်သိန်း ’ ဟု ကင်ပွန်းတပ် ထားသော လူ ။

ကိုချစ်ခိုင် နှင့် ဖြူဖြူကျော်သိန်း ကား ထို ဈေးကြီး ထဲမှာ လုပ်ကိုင် စားသောက်နေသော သူငယ်ချင်း နှစ်ဦး ၊ ဝါသနာချင်း ကတော့ တစ်ယောက် နှင့် တစ်ယောက် မတူကြ ။ ဖြူဖြူကျော်သိန်း က ကျား ထိုးတာ ဝါသနာ ပါသည် ။ ဦးချစ်ခိုင် ကား ဂီတ ဝါသနာ ပါသည် ။ သီချင်းအေးအေးလေးတွေ ကို ကြိုက်နှစ်သက်သည် ။ ကိုချစ်ခိုင် ၏ ဘဝကောက်ကြောင်းများ ကို စိတ်ဝင်စားမှု အားနည်းခဲ့ကြသော်လည်း ကိုချစ်ခိုင် နှင့် တွဲလျက် ဆံပင် အရှည် ထားခြင်း ကို တော့ လူ တော်တော်များများ စိတ်ဝင်စားကြသည် ။

ကိုချစ်ခိုင် သုံးရက် လောက် ပျောက်ခြင်းမလှ ပျောက်သွားသည် ။ ဖြူဖြူကျော်သိန်း ကို တစ်ဈေးလုံး က ကိုချစ်ခိုင် အကြောင်း ဝိုင်း မေးကြသည် ။

“ ငါ့ ကို လည်း ဘာမှ ပြောမသွားဘူးဟ ... ဒီကောင်ကြီး နေများ မကောင်းလို့ လား မသိဘူး ”

“ ကိုချစ်ခိုင်ကြီး အိမ် ကို သိရင် အကျိုးအကြောင်း သွား မေး လိုက်ပါဦး ”

တစ်ဈေးလုံး ကိုချစ်ခိုင် ပျောက်သွားသော ကိစ္စ ကို အရေးတယူ ဖြစ်လာကြသည် ။ အထူး သဖြင့် ‘ ရှပ်တီ ’ ကြီး က အဆိုးဆုံးပင် ။ တရုတ်မကြီး က မပီကလာ ပီကလာဖြင့်

“ ဆာရှည် မရှိတာ အီလုပ် မီဖြစ်ဘူး ”

ဟု ပါးစပ် က တတွတ်တွတ် ။

ကိုချစ်ခိုင် နံနက် ၆ နာရီ ကျော် ကတည်း က ဈေးထဲ ရောက်နေသည် ။ ဖြူဖြူကျော်သိန်း နှင့် လက်ဖက်ရည်ဆိုင် ထိုင်ပြီး စကား ပြောနေကြသည် ။

“ ကိုချစ်ခိုင် ရာ ... အခွေထွက် မှ နားထောင်ရင် ရရဲ့သားနဲ့ ... ခင်ဗျား တော်တော် ဇွဲကောင်း တဲ့ လူပဲ ... လေးစားပါတယ်ဗျာ ”

“ အရသာချင်း က မတူဘူးဗျ ... ကျုပ် က ကျုပ် ဆံပင်ကို ရည်မှန်းချက်ကြီးကြီး နဲ့ ထားတာ ... မြန်မာပြည်သိန်းတန် မြန်မာပြည် ပြန် လာပြီး တစ်ချိန်ချိန် တော့ သီချင်း ဆိုမယ် ... အဲဒီ အချိန် ကျရင် စားဝတ်နေရေး လည်း မပျက်ရအောင် ဆံပင် ကို ဖြတ် ရောင်းပြီး သွား အားပေးမယ် ... အဲဒါ ကျုပ် ရည်မှန်းချက် ဗျ .. ကျုပ် ဆံပင်ရှည် ထားတာ မြန်မာပြည်သိန်းတန် အဆိုတော် ဖျော်ဖြေပွဲမှာ နှစ်ည ရှေ့ဆုံးက အားပေးလိုက်တယ် ... ဆံပင် ရောင်းတာ တစ်သိန်းကျော် ရတယ် ... ကျန်တဲ့ ပိုက်ဆံ ကိုတော့ အိမ် မှာ အလှူလေး လုပ်လိုက်တယ်ဗျာ ... ကျုပ် ရည်မှန်းချက် ပြည့်ဝ သွားပြီ ... ကျုပ် လုပ်ငန်း ကျုပ် ပြန်ဝင် လာပြီ .. ကျုပ် ဘာကြောင့် ဆံပင်ရှည် ထားတယ် ဆိုတာ ကို တစ်ဈေးလုံး သိအောင် ခင်ဗျား ပဲ ပြောပြလိုက်ပါဗျာ ... ကိုကျော်သိန်း ရေ ... ရှပ်တီကြီး ဆိုင် မှာ ကျုပ် ရှိမယ်နော် ”

ကိုချစ်ခိုင် ထွက်သွားတော့ ဖြူဖြူကျော်သိန်း က ကိုချစ်ခိုင် ကို ကြည့်ပြီး ခေါင်းလေး တဆတ်ဆတ် နှင့် အဓိပ္ပာယ်ပေါင်းစုံ ဖွင့်လျက် နေလေတော့သည် ။

ထိုနေ့ ထိုအချိန် မှ စ၍ ကိုချစ်ခိုင် ကို မြန်မာပြည်ချစ်ခိုင် ဟု တစ်ဈေးလုံး က ကင်ပွန်းတပ်လိုက်လေ တော့သည် ။

▣ ဗေလုဝ

📖 တဲ့တောက် နှင့် ပြာသောနားရွက်

 

Wednesday, November 20, 2024

လွမ်းလိုက်တာ ... သာယာဝတီ ရယ်


 

လွမ်းလိုက်တာ ... သာယာဝတီ ရယ်
      ( ဗေလုဝ )

လူ သည် ဘယ်နေရာ ကို ရောက်ရောက် အတိတ် ကိုတော့ သမင်လည်ပြန် လှည့်ရင်း လှမ်းတတ် ကြသူချည်း သာ ။ ကျွန်တော် သည် သာယာဝတီ ‘ ရေဝေ ’ ရပ်ကွက်လေး ကို  မကြာခဏ လွမ်းလေ့ ရှိသည် ။ သို့သော် မရောက်ဖြစ်သည် မှာ နှစ် ၂၀ နီးပါး ။

ပြည်လမ်း ဘေး က ရေဝေရပ်ကွက်လေး သည် မြို့ အထွက် နား တွင် တည်ရှိသည် ။ ထို ရေဝေ ရပ်ကွက်လေး တွင် ‘ မြသီတာ ’ သစ်စက်လေး တစ်စက် ရှိသည် ။ ရပ်ကွက် က လူများ က နောက်ပြောင် ခေါ်သော အမည် မှာ ‘ ဖွတ်ချက် ဖွတ်ချက် စည်သူ့စက် ’ ဟု ခေါ်ကြသည် ။ တကယ်လည်း ဖွတ်ချက် ဖွတ်ချက် လည်ရသော စက် ဖြစ်သည် ။ လှေဦး စို စိုတုန်း ၊ လှေဦးခြောက် ခြောက်တုန်း ပေါ့ ။ ထို စက်လေး က မိသားစု နှစ်စု ကို တရွတ်တိုက် ဆွဲခေါ်သော သစ်စက်လေး ဖြစ်သည် ။

ထို ရေဝေရပ်ကွက် တွင် အမှတ်တရ ဖြစ်စရာလေးများ နှင့် ပြည့်နှက် နေတတ်သည် ။ ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက် က နွေရာသီ ကျောင်းပိတ်ရက် တွင် ရေဝေရပ်ကွက် ရှိ ‘ မြသီတာ ’ သစ်စက် သို့ နှစ်စဉ် ရောက်တတ်သည် ။ ပြောချင်တာ က ထို ရေဝေရပ်ကွက် အကြောင်း ပင် ။

နောက်ဖေးတန်း ၊ အိမ်ရှေ့တန်း ဟု အတန်း နှစ်တန်း ခွဲထားသည် ။ ကျွန်တော်တို့ သစ်စက် က အိမ်ရှေ့တန်း ။

“ နောက်ဖေးတန်း မှာ ဝက် ပေါ်တယ်ဟေ့ ”

ထို အသံသည် ကျွန်တော်တို့ သစ်စက် အတွက် အလွန် နားဝင် ချိုသော အသံ ဖြစ်သည် ။

“ သားရေ သွားယူ ... တစ် ပိဿာတွဲ သွားဆွဲ ”

ကျွန်တော် ‘ ဦးစည်သူ သစ်စက် ’ ဟူသော အမည် ဖြင့် နှီး နဲ့ ချည်ထားသော အလွန် လတ်ဆတ် သော တစ်ပိဿာ တွဲ တစ်တွဲ ကို ဆွဲချလာတော့သည် ။ ထိုနည်းတူစွာ ပင် တစ်ရွာလုံး အုံ၍ ဝက်တစ်ကောင် သည် ဓားချက်အောက် မှာ တင် ပျောက်သွားလေ တော့သည် ။

နောက်ဖေးတန်း မှ ဆူညံ သံတွေ ပွက်လောရိုက် နေပြီ ဆိုလျှင် အကြွေး တောင်းချိန် ဟု ကျွန်တော် နားလည် လိုက်သည် ။ ကျွန်တော်တို့ သစ်စက်ပိုင်ရှင် ပင် သုံးခါ လောက် ချိန်းဆို ပြီးမှ လွှစာမှုန့် ၊ သစ် နှင့် အကြွေး ကို ချေလိုက်ရ လေတော့သည် ။

ရေဝေရပ်ကွက်သား သူရဲကောင်း တစ်ယောက် အကြောင်း ကို ရေးပြ လို ပါသည် ။ ကိုကျော် အုန်း ...

မျက်လုံး တစ်ဖက် က တိမ်စွဲ နေသည် ။ သူ့ ဘဝ ရပ်တည်မှု က ကျွန်တော်တို့ သစ်စက် မှာ အလုပ်ကြမ်း ရှေ့ဆွဲ ။ သူ့ ဘဝ အကြောင်း ကို ကျွန်တော် စိတ်ဝင်စား၍ ကျောင်းသား ဘဝ ကတည်း က မှတ်သား ထားတာ တစ်ခု ရှိသည် ။ သူ သည် ‘ လင်းကွင်းအဖြည့် ’ ။ ဒီ လင်းကွင်းအဖြည့် ကို စာဖတ်သူများ နားလည်အောင် ကျွန်တော် ပြောပြပါမည် ။ ( ရေးပြပါမည် ) နယ်မှာ က အသုဘ ဖြစ်ဖြစ် ၊ အလှူ ဖြစ်ဖြစ် ဆိုင်းသွင်းပါသည် ။ တစ်ခြမ်းပဲ့ ၊ ဝိုင်းစုံ ။ အဲဒီမှာ ကိုကျော်အုန်း က လင်းကွင်း ၊ သူ က စည်းဝါး နားလည်သူ မဟုတ် ။ အဖြည့် လင်းကွင်း ။ သူ့ ပါးစပ် က ‘ ဟစိ ဟစိ ’ ကို ကျွန်တော် မှတ်မိနေသည် ။ သူ့ ကိုယ် သူ မြင်ရတဲ့ မျက်လုံး တစ်လုံး နှင့် ပတ်ဝန်းကျင် ကို ကြည့်ပြီး ပီတိဖြစ်နေသူ ။

သူ့ ရဲ့ ထူးခြားမှု က သာယာဝတီ မြို့လယ်ကောင် မှာ မုန့်လက်ဆောင်း အသောက် ပြိုင်ပွဲ ။ မုန့်လက်ဆောင်း ၃၂ ( သုံးဆယ့်နှစ်ခွက် ) မတ်ခွက် အဆင့် ၊ လက်အထွာ ဆိုရင် လက်မ နှင့် လက်ညှိုး ခပ်တန်းတန်း လက် အဆန့် ... ။ ကိုကျော်အုန်း နိုင် လိုက်ပါသည် ။ တစ်မြို့လုံး က ကိုကျော်အုန်း သောက်နိုင် အား ကို ဂုဏ်ပြု လိုက်ကြသည် ။

“ ဆရာ ဆရာ ... ကိုကျော်အုန်း ရယ် ... ကျွန်မ ကောက်စိုက် ပြန်လာတော့
အိမ် မှာ ထမင်း တစ်စေ့ တောင် မှ မရှိတော့ဘူး ”

ကျွန်တော့် အဖေ ကို မျက်ရည်စက်လက် နှင့် တိုင်၏ ။ အဖေ က ...

“ ဟေ့ကောင် ... ငါ မြို့ထဲ က ခေါင်းညှပ် ပြန် လာတော့ မုန့်လက်ဆောင်း ၃၂ ( သုံး ဆယ့်နှစ်ခွက် ) ပြိုင်ပွဲ မှာ မင်း နိုင်လာတယ် ဆို ... အိမ် ကျတော့ ထမင်း ထပ် စားနိုင်သေးတယ် ”

“ ကျွန်တော် မှ သုံးဆယ့်နှစ်ခွက် နှင့် မတင်းတိမ်တာ ကို ”

မှတ်ချက်

ကိုကျော်အုန်း သည် ပျဉ်းကတိုး ခြောက်ပတ်လည် ၁၀ ပေပတ်လည် ကို ပခုံး ပေါ် တင် လိုက်ပါ ။ လှလှပပ ထမ်း နိုင်သော စွမ်းရည် ရှိသူ ။

ooooooooooooo

ရေဝေရပ်ကွက် က ဆရာ တစ်ယောက် ကို ကျွန်တော် မိတ်ဆက် ပေးပါရစေ ။ ဆရာသိန်း ... ။

လူရွှင်တော် ။ ထိုမှ လယ် လုပ်သည် ။ လူကောင် က ဗေလုဝ နှင့် မတိမ်းမယိမ်း ။ ကျွန်တော် ရန်ကုန် က နေ ရေဝေရပ်ကွက် ကို ရောက်ပြီ ဆိုတာ နှင့် ဆရာသိန်းအိမ် က ကျွန်တော် တို့ သစ်စက် ရဲ့ နောက်ဖေးပေါက် တည့်တည့် ။ ကျွန်တော် က ပင် စတင် မိတ်ဆက် လိုက်သည် ။

“ ဟာ ... ဂဠုန်သိန်း ”

“ ရန်ကုန်သား ... ဘယ်တုံး က ရောက်လဲ ”

“ ခုမြင် ခုရောက်တာပေါ့ ဆရာသိန်း ရဲ့”

ဒါက နှစ်စဉ် နှုတ်ဆက် နေကျ ။ နွေရာသီ ကျောင်းပိတ်ရက် ။

“ ဒီည ရွာ ထဲ မှာ ဆိုင်းပွဲ ရှိတယ် ... မင်း လိုက်ကြည့် ”

သူ က အဲဒီ အချိန်က ဆိုင်းနောက် ထ ‘ လေပွေ ’ အနုပညာ ရောဂါသည် ။ ကျွန်တော် က ဘယ် ငြင်းလိမ့်မတုံး ... လိုက် ပြီးသား ။

မှတ်မှတ်ရရ ဆရာသိန်း ( ကျွန်တော့် အခေါ် ) လူရွှင်တော် ဦးလေပွေ ရဲ့ ဆိုင်းနောက်ထ ပြက်လုံး ။ လူရွှင်တော်လေပွေ ၏ ပြက်လုံး ကား ...

“ ကျွန်တော့် ဆိုင်းဆရာ တီးတာ ကို ပရိသတ်များ နားဆင် ပြီးပြီနော် ... ကျွန်တော့် ရဲ့ ရွာစား က ပတ်လုံး ပေါ် ကို လက် ချလိုက်တာ နဲ့ မရပ်တမ်းဘဲ တီးတာ ... ပရိသတ်များ အိမ် ပြန်လို့ ရွာစား ရဲ့ လက်သံ ကို နားဆင်ချင်သေးတယ်ဆို ရင် ... ဟာ ... ခြင်ထောင် ထဲ အထိ လိုက် တီးတာ ”

“ ဝေါ ” ( ပရိသတ် ရယ်သံများ )

သာယာဝတီ ရေဝေရပ်ကွက် သို့ အမှတ်တရ ။

◾ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၀၈
Nov 21, 2024 10:51

Monday, October 28, 2024

ခေါင်းလောင်းသံ

❝  ခေါင်းလောင်းသံ ❞

“ ခေါင်းလောင်းသံ ” ဟု ကြားလိုက်သည် နှင့် ကလေး ၊ လူကြီးများ ပါ မကျန် ယဉ်ပါး နေသော စကားသံ ဖြစ်သည် ။ ကျွန်တော် ဆိုလိုချင်သော ခေါင်းလောင်းသံ ကား တိုက်ခန်းတွေ မှာ မလွဲမသွေ အသုံးပြု နေရသော ခေါင်းလောင်းသံများ ပင် ဖြစ်သည် ။

ကြိုး နှင့် ဆွဲထားသော ခေါင်းလောင်းသံများ ကား ကန်ထရိုက်တိုက် ပဲ ဖြစ်ဖြစ် ၊ မည်သည့် တိုက်ခန်းများ မဆို မြန်ဆန် လွယ်ကူသော ဆက်သွယ်ရေးစနစ် ပင် ။ မည်သူ တစ်ဦး တစ်ယောက် က ဤ စနစ် ကို တီထွင် လိုက်သည် မသိ သော် လည်း မြန်မာပြည် ၌ ရန်ကုန်မြို့ သာ လျှင် ဤ ခေါင်းလောင်း ဆက်သွယ်ရေးစနစ် ကို အသုံး များ သည် ဟု ထင်သည် ။

အောက်ဆုံးထပ် မှ ကြိုးလေး ဆွဲ လိုက်သည် နှင့် တိုက်ခန်း ပေါ် က ကြည့် ... သတင်းစာ ၊ ဖိတ်စာ ၊ နွားနို့ ၊ စားသောက်ဖွယ်ရာများကို ‘ ကလစ် ’ ချိတ် လျက် လိုရာ သယ်ဆောင်နိုင် သော နည်းစနစ် ။ အောက်သို့ ဆင်းစရာ မလို ။ အရမ်း ဟန်ကျလှသည်  ။

ကိုယ် မသိသော လူ ဆိုလျှင် သော့ ကို အောက်ထပ် သို့ ချပေးစရာ မလို ။ ကြိုတင်မှုခင်း ကာကွယ် ရေးစနစ် ။

“ ကလောင် ”

"ကလောင် ”

ထို ခေါင်းလောင်းသံ ကို ကြားလိုက်သည် နှင့် ဖွားဂူ အိပ်ရာ မှ လူးလဲ ထရသည် ။ နာရီ ကို ကြည့် လိုက် လျှင် အလွန်ဆုံး နံနက် ၆ နာရီ ၁၅ မိနစ် ။

ကျီးကန်း မှ နှုတ်သီး နှင့် ကြိုး ကို နံနက်တိုင်း ဆွဲ နေသည် ကို အရှေ့ဗဟိုလမ်း မှ နံနက် စောစော ထသူတိုင်း ၏ နံနက်ချိန်ခါ ကြားသံသာ ပင်

လူသား တစ်ယောက် နှင့် တိရစ္ဆာန် တစ်ကောင် ၏ နံနက်တိုင်း ဖြစ်နေကျ သံယောဇဉ် ။ ထို သံယောဇဉ် ကို ဘယ် ပေတံ နှင့် တိုင်းမည်နည်း ။

ကျီးကန်း ဆိုတာ အလစ်သုတ် တတ်သည့် သတ္တဝါ ။ ‘ ရွေး ’ ‘ ဟိတ် ’ ဆို သည့် လူသားတွေ ၏ မောင်း ထုတ်သံ ကြား မှ ...

ငှက်ဘဝ ရှင်ရေး အတွက် ဟို နား ၊ ဒီ နား  လစ် ရင် လစ် သလို ဝမ်းစာ ရှာရသည့် ငှက် ။

“ ဒီ သုံးကောင် ဘယ်လို ခွင် ( ဂွင် )တွေ့ နေလဲ မသိဘူး ” 

ကျီးကန်းငမဲတူ ၏ စကား ။ ကျီးကန်းမဲချိတ် မှ ... 

“ သူ့ ဘဝ အသက်ရှည်ရေး အတွက် သူ့ ဘာသာ သူ ရှာဖွေ စားသောက်နေတာ ဖြစ်မှာ ပေါ့ .. မင်း မျက်စိ အောက်မှာ လူတန်းစား ခွဲခြားတဲ့ မြင်ကွင်းတွေ မြင်နေရတယ် မဟုတ်လား ”

ကျီးကန်းငမဲတူ မှ ...

“ ငှက်တန်းစား ခွဲခြားတယ် လို့ ပြောစမ်းပါကွာ ” 

ကျီးကန်းမဲချိတ် မှ ...

“ အေး ... ငှက်တန်းစား ခွဲခြား ခံထားရတဲ့ တို့ ကျီးကန်းတွေ ဟာ အရောင်အသွေး စုံတဲ့ ခိုတွေ နဲ့ ငှက်ချင်း တူပါရဲ့ နဲ့ ဒီ အရှေ့ဗဟိုလမ်း ၊ အနောက်ဗဟိုလမ်း မှာ လူ တွေ က ခိုတွေ အတွက် ထမင်းကြမ်းခဲ ၊ နံနက်ပိုင်း မှာ ‘ ခိုစာ ’ ဆိုပြီး ပြောင်းဆန်တွေ ၊ ပဲတွေ ကျွေး ကြတယ် ... ကုသိုလ်ရတယ် ဆိုလား ... ဘာ ဆိုလား ... အဲဒီ လူတွေ ကို တစ်ခု ပဲ မေးလိုက်ချင်တယ် ... ‘ ခို ’ ဆိုတဲ့ သတ္တဝါ ဟာ လူသား တွေ အတွက် ဘာ အထောက်အကူ ပြုလဲ ... ဘာ အကျိုးပြုလဲ .. ညည်းတာပဲ ရှိတယ် ... နားငြီးတာပဲ ရှိ တယ် ... ကျက်သရေတောင် ယုတ်သေးတယ် ... တို့ ကျီးတွေ က မှ ရွှေကျီးလေး သာယာ တော့ ရွှေကျီး လေး သာရင် ဧည့်လာမယ် လို့ ရွှေ အတပ် ခံရသေးတယ် ... အဲဒီ ငှက် အခွင့်ထူးစံ ခိုတွေ က ရွှေ မပြော နဲ့ .. ဒန် တောင်အတပ် မခံရဘူး ” 

ကျီးကန်းငမဲတူ မှ ငှက် လို ဟက်ဟက်ပက်ပက် ရယ်မောပြီး ...

“ အား အား အား အား .. မဲချိတ် ရေ ... ဒါတွေ မပြောနဲ့ တကယ့် လက်တွေ့မှာ တို့ ကျီးကန်း တွေ ဟာ ဒီ ခိုတွေ လောက် မစည်းရုံးဘူး ကွ ... ညီညွတ်မှု လည်း မရှိဘူး ... အဲ ဒါကြောင့် သူတို့ လောက် လူ တွေ ရဲ့ ခင်မင်မှု ကို မရဘူး ... တို့ ကျီးချင်း သတင်းမပို့ကြ ဘူး ... တစ်ကိုယ်ကောင်း ဆန် တယ် ... အဝေးကြီး မကြည့် နဲ့ အရှေ့ဗဟိုလမ်း က အပေါ်ဆုံးထပ် ကို မနက်တိုင်း ခေါင်းလောင်း ကို နှုတ်သီး နဲ့ သွား သွား ဆွဲပြီး ခွင် ( ဂွင် )  တွေ့ တဲ့ ဖြူဖြူကျီး တို့ မိသားစု သုံးကောင် ကို ပဲ ကြည့် ... အဲဒီ သားအမိ သုံးကောင် ကျိတ်ပြီး စား နေကြတာ တို့ ကျီးကန်း တွေ ကို အသိ ပေးလို့ လား .. အဲဒီ တိုက်ပိုင် ရှင် ‘ ဖွားဂူ ’ ကြီး ကတော့ ဒီ သုံးကောင် ပဲ သံယောဇဉ် ဖြစ်သွားပြီကွ ... ကျန်တဲ့ ကျီးကန်းတွေ ကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ တောင် ထင်မှာ မဟုတ်ဘူး .. အဲဒါကြောင့်မို့ ... မနက်တိုင်း ကြား နေရတဲ့ ခေါင်းလောင်းသံ ဟာ တို့ ကျီးတွေ အတွက် အသံ မချိုပါဘူး ကွာ ... ငှက် တစ်ဆုပ်စာ ဒီ ကျီး သုံးကောင် အတွက် ပဲ ဖြစ်မှာ ပါ ... ဟိုမှာ ဟိုမှာ ... ခိုစာ ထွက် ကျွေးနေ ပြီ ... မတတ်နိုင်ဘူး ... သူတို့ ထဲ မှာ လုယက် စားသောက်ရ မှာ ပဲ ... မဲချိတ် ... လိုက်ချင် လိုက်ခဲ့ ဟေ့ ... အာ အာ အား .. ဖျတ် ဖျတ် ဖျတ် ” 

◾ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း
      မေ ၊ ၂၀၀၇

.

 

Saturday, August 31, 2024

ဧည့်စာရင်း


 ❝ ဧည့်စာရင်း ❞

━━━━━━━━━━

       ဗေလုဝ

━━━━━━━━━━

ငယ်သူမြစ်ကမ်းရွာ က တံငါ ရွာ ။ အလွန်ဆုံး ရှိ မှ အိမ်ခြေ ၂၂ အိမ် ။ ကာလပေါ် စကား အရ ဆယ်အိမ်မှူး လည်း မက ၊ ရာအိမ်မှူး လည်း ခေါ်လို့ မရတော့ လူကြီး ကိုသံချောင်း ကို ရွာ မှ ရွှတ်နောက်နောက် ဖိုးဆောင်း က တွမ်တီတူးမှူး ဟု ခေါ်ရာ မှ ကိုသံချောင်း ခမျာ တွမ်တီတူးမှူး ဘဝ သို့ ရောက် သွားသည်  ။


ကြင်မြ ဒီ ည ကျ မှ ဘာ ရောဂါ ထ လဲ မသိဘူး ။ စုန်းပူး သလိုလို ၊ နတ်ပူး သလိုလို နှင့် ဆွဲမ နိုင် လွဲမရ ၊ ဘာပုဂ္ဂိုလ် မှ လဲ မေး မရ ။ ကြင်မြ ယောက်ျား “ အုန်းတင် ” လည်း လှေ တစ်စင်း နှင့် ပင့် လိုက်ရ တဲ့ ပယောဂ ဆရာ ။ ပိုက် ချ နေသူတွေ လည်း တစ်ယောက် မှ အ ငြိမ် မနေရ ။ ပြော ရရင် တစ်ရွာ လုံး ယောက်ယက်ခတ် ။


ကြင်မြ မျက်လုံးကြီး က လည်း မီးဝင်းဝင်း တောက် နေ လို့ ယောက်ျား ဖြစ်သူ အုန်းတင် လည်း နေစရာ ထိုင်စရာ မရှိ ။ ရွာ ထဲ မှာ ဖြစ်တဲ့ ကိစ္စပဲ ၊ ထုံးစံ အတိုင်းပေါ့ ။ အိုင်ဒီယာ တွေ လည်း ပေး လိုက်ကြ တာ ဝေဝေ ကို ဆာ လို့ ။ တစ်ယောက် တစ်ပေါက် နှင့် သိသမျှ ၊ တတ်သမျှ ၊ မှတ်မိ သမျှ ကြားဖူးနားဝ တွေ လည်း စုံလို့  ။  


“ ဟေ့ ... ကိုချစ်သုန် ကို ပင့် လာပြီဟေ့ ”  


ရွာသား တစ်ယောက် ၏ အသံကြောင့် အားလုံး ရှဲ သွား ကြသည်  ။ ကိုချစ်သုန် က လည်း နာမည် တစ်လုံး နှင့် လူ ။ ပယောဂ ထုတ် ရင် နားအုံ ကို တီး လွန်း လို့ ကိုချစ်သုန် အမည် ကနေ ကိုနားအုံ ဆိုပြီး နာမည် ရထားသူ ။ 


“ ဟဲ့ ... နင့် ကြိုး နဲ့ နင် တုပ် ထားစမ်း .. ငါ့ ကို မာယာ မများ နဲ့ နော် ”  


အမိန့်သံ နှင့် အတူ နားအုံ ကို တစ်ချက် လှမ်း ရိုက် လိုက်သည် ။


“ ဖြောင်း ” 


ယောက်ျား အား နှင့် ကြင်မြ ဝုန်းခနဲ လဲ ကျသွားသည် ။ ယောက်ျား ဖြစ်သူ အုန်းတင် မျက်စိမျက်နှာပျက် နှင့် ...


“ ဆရာ ဆရာ ... အဲဒီ လောက်ကြီးတော့ ... ”  


“ မင်း ကု မလား ... ငါ ကု နေရင် ဘေးက လူတွေ အသက်တောင် မရှူကြနဲ့ .. မင်း မိန်းမ ပူးနေတာက အနုနည်း နဲ့ မရဘူးကွ ”  


ပယောဂဆရာ ဆရာနားအုံ က အသံနက်ကြီး နှင့် လှမ်း ဟောက် လိုက်သည် ။ အုန်းတင် မျက်လုံးလေး ပြူးကြောင်ကြောင် နှင့် ပါးစပ် ပိတ် သွားသည်  ။


“ ဪ .. လက်စသတ်တော့ နင် က နှစ်ချို့ကြီး ကိုး ... ဟား ဟား ... ပေါက်ပင်ချိုရွာ က နှစ်ချို့ ကတော့ အစွယ်တောင် ထွက် နေပြီ ... ဒါတောင် ငါ ရအောင် ထုတ် ခဲ့သေးတာပဲ ... ဟား ဟား ”  


ပရိသတ် အားလုံး နောက်သို့ မသိမသာ ရှဲ သွားကြသည်  ။ 


“ နှစ်ချို့လား ဟင် ... ဆရာ ”  


ငယ်သူရွာသူ မသန်း က မ ကြားတကြား လှမ်း မေးလိုက် သည် ။ ကိုနားအုံ မသန်း ဘက် သို့ မျက်ထောင့်နီကြီး ဖြင့် လှည့် ကြည့်ပြီး ...


“ သရဲ နှစ်ချို့ကြီး ... အစွယ် တောင် ထွက်နေပြီ ”  


“ တောက် ... အနှစ် ၄၀ သရဲတောင် ရအောင် ထုတ် လာတဲ့ ငါ ဆရာနားအုံ ...အဲ ... ချစ်သုန် .. နင် လို သရဲနုနုလေး လောက် တော့ နာမည် အပျက် မခံဘူး ” 


“ ဖြောင်း ဖြောင်း ”  


နားအုံ ကို နှစ်ချက်ဆင့် တီး လိုက်သည် ။ 


“ ဟယ် ... ကြင်မြ တော့ နားအုံ ကွဲပါပြီ ”  


“ လက်သံ ကတော့ အတော့် ကို ပြောင် တာပေါ့ ”  


“ သရဲနှစ်ချို့ ဆိုရင် ချဲ နံပါတ် မေးလို့ ရတယ် ”  


ရွာသားများ ၏ တစ်ယောက် တစ်ပေါက် အသံ များ ညံ သွားသည်  ။ 


“ ဟေ့ .. အချိန် မရဘူး ... ခု ချက်ချင်း ထွက် ... ဟာ ...ဘာ စားချင်တယ် ... ညာ စားချင်တယ် လို့ ချင်ခြင်း လာ မတက် နဲ့  ... ဘာမှ မကျွေးဘူး ... ခု ထွက် ဆို ထွက် ဟာ ”  


ဆရာနားအုံ ဒေါသသံ နှင့် အတူ နားအုံ ထက် ကျော်၍ လက်သီး ပါ ပါလာ၏ ။ 


“ ဖြောင်း ဖြောင်း .. ခွပ် ခွပ် ”  


“ ဟာ ... ပယောဂ ကုတာမှ မဟုတ်တာ ... လူ သ,တ်နေတာပဲ ”  


အုန်းတင် ၏ အသံကျယ်ကြီး ...


“ ခင်ဗျား .. ကျုပ် မိန်းမ ကို ဒီလို အငြိုး နဲ့ ထိုးရင် ကျုပ် က လည်း ခင်ဗျား ကို ဓား နဲ့ ခုတ် တယ် ဗျာ ”  


ပွဲ က ကြမ်း သွားသည် ။ ပြေး ကြ လွှားကြ ၊ ပါးစပ် နှင့် လှမ်း တားကြ ။ အနားတော့ မကပ်ရဲကြ ။ အုန်းတင် နှင့် ဆရာနားအုံ က လုံးလားထွေးလား ။ ပယောဂရှင် ကြင်မြ ကတော့ ဘာကြောင့်မှန်း မသိ ။ တခွီးခွီး နှင့် တက် နေသည် ။  


“ ဟိတ် ”  


ဆိုသည့် အသံ က အောင်မြင် လှသည် ။ တွမ်တီတူးမှူး သံချောင်း အသံ ။ 


“ ဘာဖြစ်ကြတာလဲ ဟေ့ ”  


ပြေးလွှားနေသော ရွာသား တစ်ယောက် က ... 


“ ကြင် ... ကြင်မြ သရဲပူး နေလို့ ” 


“ ဘာ သရဲလဲ ...သရဲ မကလို့ တစ္ဆေ ပဲ ဖြစ်ဖြစ် ... ဧည့်စာရင်း မပေးဘူးနော် ... ဧည့်စာရင်း မတိုင်လို့ ကတော့ အဲဒီ သရဲ ကို ဖမ်း ချုပ်ပစ်မယ် မှတ် ”  


သံချောင်း အမိန့် ။ 


မီးတောက်မီးလျှံကြီး ကို ရေ နှင့် ငြိမ်း လိုက်ဘိ သကဲ့ သို့ ဆူပွက် နေသော လူသံများ ငြိမ်သက် သွားကြသည် ။


ကြင်မြ လည်း နဂို ပကတိ အကြည့် နှင့် ပြူးပြူးပျာပျာ ။ 


ဆရာနားအုံ နှင့် အုန်းတင် က ဘာဆို ဘာမှ မဖြစ်ခဲ့ကြသည့် အတိုင်း မောဟိုက် နေ သည့် ကြား မှ ဣန္ဒြေ ကို အပြင်းအထန် ဆည် နေကြ သည် ။ ငယ်သူရွာ ရာဇဝင် မှာ တော့ သံချောင်း စာတင် ထား နိုင်ခဲ့သည် ။


“ ကိုသံချောင်း အမိန့် က နှစ်ချို့ သရဲတောင် ဧည့်စာရင်း မပေးဘူး လို့ ဗြောင်ပဲတော့ .. အမိန့် ထုတ် ပစ်လိုက်တာ နှစ်ချို့ သရဲတောင် မခံနိုင်ဘူး ... ပြေး လိုက်တာ တန်း နေတာပဲ ” 


“ နင် မြင်လို့ လား ” 


“ ကြင်မြ ဘေး က ဖြတ် ပြေး တာ ငါ မြင် လိုက်တယ် ”  


“ မင်း မိန့် ဆိုတာ ဟုတ်မယ် ”  


“ ဟဲ့ ဟဲ့ .. ဒီည ဧည့်စာရင်း တိုင် ထားကြဦး နော် ” 


◾ဗေလုဝ


📖 ဟဒယ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၂၀၀၆


#ကိုအောင်နိုင်ဦး


.

Sunday, August 11, 2024

သူ့ကြောင့်


 

❝ သူ့ကြောင့် ❞
⎯⎯⎯⎯⎯⎯
      ဗေလုဝ
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
“ ကိုယ့် အိမ် မှာ ကိုယ့် ဘာသာ ကိုယ် ဘာပဲ ချက်ချက် ... သူ တို့ အလုပ် လား ... ဒီ ရပ်ကွက် မှာ ကြာလေ မနေချင်လေပဲ ... အရမ်း စပ်စုတာပဲ ... ဒီ လမ်း ထဲ က မိန်းမတွေ ပေါ့ ... ဈေး ထဲ မှာ တွေ့ရင် ဈေးခြင်းတောင်း ထဲ ကို မသိမသာ ခိုးခိုး ကြည့်တယ် ... ဘာ ဝယ်သလဲ ပေါ့လေ ... အဲဒါကြောင့် မြန်မာ လူမျိုးတွေ မတိုးတက်တာ ”

ဈေးခြင်းတောင်း ကို ချပစ် လိုက်သော မိန်းမ ၏ ပေါက်ကွဲမှု သံစဉ် ကား အပြင်းစား အဆင့် သို့ ရောက်ရှိ နေမှန်း အိုင်ဒီယာဂျပိန် သိသည် ။ ဝင် မစွက်ဖက်ရဲ ။ ကိုယ့် ဘက် သို့ မြားဦး လှည့် လာ မှာ လန့် သည် ။ ဂျာနယ် ဖတ် ရင်း မသိချင် ယောင် ဆောင် နေခဲ့သည် ။ အပြင်းစား သံစဉ် ကား အရှိန် ကျန်သေး သည် ။

“ အဆိုးဆုံး စကား က ယောက်ျား က ဘာမှ အလုပ် မလုပ်ဘဲ နဲ့ ဘာ နဲ့ စား နေကြတာလဲတဲ့ ... အဲဒီတော့ အမြင်ကတ်ကတ် နဲ့ ပြောချလိုက်တယ် ... ငါ့ ယောက်ျား ဓားပြတိုက် ထားတာ ကျန်တဲ့ ရွှေ တွေ ထုခွဲ ပြီး စား နေတာ လို့ ဖြေလိုက်တယ်”

မြားဦး က တိုက်ရိုက် လာ နေ မှန်း ‘ ဂျပိန် ’သိသည်  ။ ဂျာနယ် ပေါ် က စာလုံးများ ဆီ မျက်လုံး က မရောက်တော့ ။ ဂျာနယ် ကို တောင်လှန် တောလှန် နှင့် ငြိမ်ကုပ် နေရသည် ။

“ အခု စာ ဖတ်နေတာ အလုပ်ပေါ့ကွ ”

ဟု ထ ပြောလိုက်ချင်သည် ။ သို့သော် ရင် ထဲ မှ ပဲ ပြောဖြစ် သွားသည် ။ ကိုယ့် မိန်းမ အကြောင်း ကိုယ် သိသည် မို့ ။

အမှန်တော့ မိန်းမ ပြောမယ် ဆိုရင် လည်း ပြောစရာ ။ ကိုယ့် မိသားစု ဘာပဲ ချက် စားစား ပေါ့ ။ ဆန်ပြုတ် ပဲ သောက်သောက် ၊ ထမင်းရည် ပဲ လျက်လျက် ... သူတို့ ဘာ စပ်စုစရာ လိုလဲ ။ မြန်မာ တို့ ၏ အရိုးစွဲ နေသော စပ်စုသော ၊ အတင်း ပြောသော ကွယ်ရာ တွင် အကြောင်းအရာ တစ်ခု လုပ်၍ ပုံကြီးချဲ့ ပြောသော ဓလေ့ ကား ဘယ် ယဉ်ကျေးမှု က ဆင်းသက် လာမှန်း မသိ ။

ဂျပိန် အလုပ် မရှိတာ ကြာ ပြီ ။ ဒီကို မပြောင်းခင် က အိုင်ဒီယာဂျပိန် ၏ အုတ်သဲကျောက် လုပ်ငန်း ကား အဆင်ပြေသည် ။ ကိုယ်ပိုင်လုပ်ငန်း မဟုတ်ပေမဲ့ အဒေါ် ၏ လုပ်ငန်း တွင် မန်နေးဂျင်း ဒါရိုက်တာ ။

ကြာတော့ အဒေါ် တို့ ၏ စီးပွားရေး သာ တရိပ်ရိပ် တက် ပြီး ဂျပိန် ၏ ဘဝ ကား ဒုံရင်း က ဒုံရင်း ။ အဒေါ် က အိမ် ငှားပေးသည်  ။ မိန်းမ ဖြစ်သူ ကို အဝတ်အစား ဆင်သည် ။ ကလေး တစ်ယောက် လို တစ်လ တစ်ခါ မုန့်ဖိုး ပေးသည် ။ အဒေါ် နှင့် လမ်းခွဲသည် ။ အဒေါ်  က အုတ်သဲကျောက် လုပ်ငန်း ကို အရင် လို ပြန် ဦးစီး ခိုင်းသည်  ။ ဂျပိန် လှည့် မကြည့်တော့ ။

သို့သော် အိမ် တော့ ပြောင်းရွှေ့ချင်သည့် နေရာ ကို ငှားပေးသည် ။ ယခု နေသော ရပ်ကွက် ။ ဒါက ဂျပိန် ၏ ဘဝ အကျဉ်း ။

ကြာတော့ ရပ်ကွက် က ပြော စရာ ဖြစ်မှာ ပေါ့ ။ ဂျပိန် ကား အိုင်ဒီယာ ပဲ ရှိသည်  ။ ဒါက လည်း ချက်ပြုတ် စား၍ မရ ။ အဒေါ့် ဆီ သို့ မိန်းမ ဖြစ်သူ တစ်ခေါက် သွား တစ်ခါ ပေး ဘဝ နှင့် ရပ်တည် လာ တော့ ချို့တဲ့မှု တော့ ရှိတာပေါ့ ။ ဂျပိန် က တော့ ခံနိုင်ရည် ရှိသည် ။ မိန်းမ ဖြစ်သူ က မိန်းမသား ဆိုတော့ ကြာတော့ အတွင်းကျိတ် ရန်ဖြစ်သည်  ။ တစ်ခါတစ်ခါ ကျတော့ ကျယ်ကျယ်လောင်လောင် ။ အိမ်ရှင် အဘိုးကြီး က မနေသာ တော့ ဝင်ဆွဲပြီး လက်ဖက်ရည်ဆိုင် ခေါ် သွားပြီး လူစု ခွဲ လိုက်တော့ မှ ရန်ပွဲ က ခေတ္တ အပစ်ရပ်စဲ သွားသည်  ။

“ အဘ … စဉ်းစားကြည့် ... ကျွန်တော် အလုပ် အဆင်ပြေ တုန်း က သူ့ အမေ တွေ ၊ သူ့ ဆွေမျိုး တွေ ဆိုတာ အိမ် ပေါ် မှာ တရုန်းရုန်း ... လ နဲ့ ချီပြီး ဆေး ကုတဲ့ လူ တောင် ရှိသေးတယ် ... အလုပ်ကလေး လည်း အဆင် မပြေရော ... ဘယ်သူက စပြောတယ် မှတ်လဲ ... ကျွန်တော့် အိမ် ပေါ် မှာ စား သွားတဲ့ သူတွေ ပဲ စပြော တာ ... ညည်း ယောက်ျား က လက်ကြော မတင်းဘူး ... ယောက်ျား ပဲ ... အလုပ် တစ်ခု အဆင်မပြေ ရင် နောက် တစ်လုပ် ရှာပေါ့ တဲ့ ...ဘယ်လောက် အသည်း နာစရာ ကောင်းလဲ အဘ ရယ် ... တောက် ၊ ဒီ မိန်းမ ကို ကျွန်တော် ကွာမယ် ... ဒီ တစ်ခါ ဖြစ်ရင် သူ့ ကို အရေးပေါ် သာ အဘ လိုက် ပို့ လိုက်တော့ ”

“ လင် နဲ့ မယား ဆိုတာ ဒီလို ဖြစ်တတ်တဲ့ သဘော ရှိပါတယ်ကွယ် ... စိတ်လိုက်မာန်ပါ မလုပ် လိုက်ပါနဲ့ ... သောက် သောက် ... ဆေးလိပ် ယူဦးမလား ”

အိမ် ရောက်တော့ တစ်ယောက် နှင့် တစ်ယောက်  ခပ် စောင်စောင် ။ ဂျပိန် တို့ လင်မယား ရန်ဖြစ်ခြင်း ရဲ့ အဓိက တရားခံ က လမ်း ထဲ က မိန်းမတွေ ။ “ သင်းတို့ ဂျပိန့် ရဲ့ အကြောင်း သိရမယ် ” ဟု စိတ် ထဲ မှာ ကြိမ်းပစ်လိုက်တယ် ။

သိပ် မကြာပါ ၊ ရောဂါဆန်း တစ်မျိုး က ပေါ်ပြူလာ ဖြစ်လာသည် ။

“ ကြက်ငှက် တုပ်ကွေး ရောဂါ ”

တောမီး လောင် သလို ပျံ့နှံ့ သွားသည်  ။ လမ်း ထဲ က မိန်းမ တွေ လေသံ ကျယ်ကျယ် နဲ့

“ ဒီနေ့တော့ ကြက်သား ကြော်တယ် ... ကြက်အသည်းအမြစ် ချက်တယ် ဆို တဲ့ မိန်းမ တွေ ... ဟား ... ဟား ... ဘယ့်နှယ်လဲ ... ချက် စားကြလေ ... ဟား ဟား ..”

ဂျပိန် တစ်စခန်း ထပြီ ။ တစ် လမ်းလုံး က ထမင်းကျန် တွေ ၊ ဆန်စေ့ တွေ ၊ ပြောင်းစေ့ တွေ နှင့် အလှူအတန်း လုပ်လျှင် အုပ်ဖွဲ့ စားသောက် ကြသော ‘ ခို ’ များကို ဂျပိန် အလုပ် တစ်ခု သဖွယ် နေ့စဉ် မောင်းထုတ်သည် ။ ကြာတော့ လမ်း ထဲ က အလှူရှင်တွေက မကျေနပ် ၍ ရပ်ကွက်လူကြီး ဦးသန်းမြင့် ကို တိုင်သည် ။ လူကြီး က လူ လွှတ်၍ ရုံးခန်း ကို ဆင့်ခေါ်သည် ။

“ ရှင် ကိုယ် ၌ က အနေအထိုင် မတတ်တာ ”

မိန်းမ ၏ စကား ကို ဂျပိန် ရယ်မောလျက် ...

“ အနေအထိုင် မတတ်တာ.. အတွေးအခေါ် ဗဟုသုတ မရှိတာ ... သူတို့ ကွ .. သူတို့ ”

တွေ့ကြပြီလေ ၊ တွေ့ကြပြီလေ ။

ဂျပိန် ရုံးခန်း သို့ ရင်ကော့ ထွက်သွားသည်  ။

“ ကြက်ငှက်တွေ က နေ ဒီ ရောဂါ ဖြစ်ပွားလာတာပါ .. အဲဒါကြောင့်မို့ လမ်း ထဲ က လူ တွေ ရောဂါ ဖြစ်မှာ စိုးလို့ ကျွန်တော် ကြိုတင် ကာကွယ်တာပါ ”

ငှက် အလှူရှင် ဒေါ်သန်းခင် က မကျေမနပ်ဖြင့် ...

“ သူတို့ ဒီ လမ်း ထဲ ကို မ ပြောင်းခင် ကတည်း က ကျွန်မ တို့ ဒီ ခိုတွေ ကို အစာကျွေး လာ တာ ၁၀ နှစ် ကျော်ပါပြီ ... ခုဟာ က အစာ ကျွေးမယ် ကြံ လိုက် သူ က မောင်း လိုက် နဲ့ ဘယ်လိုမှ ကို ပြောလို့ မရဘူး ”

“ ဥက္ကဋ္ဌကြီး ခင်ဗျာ ... ကြက် ငှက်တုပ်ကွေးရောဂါ ( H5N1 ) ဟာ ကမ္ဘာ မှာ အမြစ် မပြတ်သေးတဲ့ အတွက် မြန်မာလူမျိုး တွေ ဆက်လက် ပြီးတော့ … သတိထား သင့်ပါ တယ် ... နောက်ဆုံး ငုံးတွေ အထိ မစားသင့်ပါဘူး ... ကြိုတင် ကာကွယ်တဲ့ အနေ နဲ့ ကျွန်တော် ဒီ ခိုတွေကို လမ်း ထဲ မှာ မရှိသင့်ဘူး ထင်လို့ မောင်းထုတ်တာပါ ”

ဥက္ကဋ္ဌကြီး အတန်ကြာ စဉ်းစားပြီးမှ ...

“ ဒေါ်သန်းခင် ... ခင်ဗျား ကျွေးချင်တယ် ဆိုရင် လမ်းထိပ် မှာ ခိုတွေ နားလေ့ ရှိတဲ့ အဲဒီမှာ သွား ကျွေးဗျာ ... ဂျပိန် ပြောတာ အချက်အလက် ခိုင်လုံတယ် ”

ဂျပိန် နိုင်တယ် ။ ဒေါ်သန်းခင် နှင့်တကွ မကျေနပ်သူများ ရှုံး၏ ။ အဖြေ က ရှင်းသည် ။ ဘယ်လောက် ရှင်းသလဲ ဆိုတော့ မင်းလမ်းဈေး ထဲ မှာ လည်း ကြက် ကို အကြီးအကျယ် ရောင်းသော သားငါးတန်း အဝင်အဝ က ခပ်ဝဝ မိန်းမကြီး သည် လည်း ပင်လယ်ငါး ဘက်သို့ လှည့် ရောင်းသည် ။ တာမွေထိပ် က ကြက်သားသုပ် ၊ ကြက်ရိုးသုပ်သည် လည်း ကျီးနှင့် ဖုတ်ဖုတ် ။ ဂျပိန် တို့ အဆင် မပြေ သည့် ကာလ မှာ ဒီ ရောဂါ ပေါ် လာလိုက် တာ ဂျ ပိန်တို့ လင်မယား အတိုင်းအထက် ဝမ်းသာသည် ။  ကန်စွန်းရွက်စည်း ကို ရဲရဲဝံ့ဝံ့ ကိုင် ပြီး လမ်း ထဲ ကို လျှောက် ပြလိုက်သည်  ။

“ ကြက်ငှက်တုပ်တွေး ကြောက်လို့ ဟေ့ ... ကန်စွန်းရွက် က အဆိပ် ပြေတယ် ”

⎕ ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၀၆

#ကိုအောင်နိုင်ဦး

.

Thursday, July 18, 2024

အနော်ရထာ လော ကျန်စစ် လော


 

❝ အနော်ရထာ လော ကျန်စစ် လော ❞
           ( ဗေလုဝ )
     
အနော်ရထာမင်း က ပထမ မြန်မာနိုင်ငံတော်၊  ဘုရင့်နောင် မင်းတရားကြီး က ဒုတိယ မြန်မာ နိုင်ငံတော် နှင့် အလောင်းမင်းတရားကြီး က
တတိယ မြန်မာနိုင်ငံတော် ကို ထူထောင် ခဲ့ကြသည် ။

ထို မင်းကောင်း မင်းမြတ် များ ၏ ကြီးမားသည့် အစဉ်အလာ ကို နောင် လူတို့ က လေးစား အတုယူ တန်ဖိုး ထားတတ်ဖို့ ငယ်စဉ် က ပင် ကျောင်းသုံး စာအုပ်များ ၌ ပင် သင်ကြား မှတ်ယူခဲ့ကြရ သည် ။ ကျောင်း တွင် အသင်းအဖွဲ့ များ ကို ပင် ဘုရင့်နောင် အသင်း ၊ ကျန်စစ်သား အသင်း ဟု ပင် ဂုဏ်ပြု မှည့်ခေါ်ခဲ့ကြ ရသည် ။

ထို သမိုင်းများ ကား ဖျောက် လို့ မရ သလို ၊ ပျောက်ကွယ် လို့ လည်း မရ ။ ထို သမိုင်းဝင် ခဲ့ သော သူရဲကောင်းများ အား ကျွန်ုပ် တို့ မြန်မာပြည် ၌ ခေတ် အဆက်ဆက် ပေါ်ထွန်း လာခဲ့ကြသည် ။ ထိုမှ နယ်ချဲ့ ဆန့်ကျင်ရေး ၊ ဖက်ဆစ်စနစ် တော်လှန်ရေး တွင် လည်း သူရဲကောင်း များစွာ ပေါ်ထွန်း လာခဲ့ကြ သည် ။

သမိုင်း တွင် သည့် ပုဂ္ဂိုလ်များ ရှိ သလို သမိုင်း မတွင် သည့် အညတြ သူရဲကောင်း များစွာ လည်း ရှိခဲ့သည် ။

မြန်မာပြည်၏ အထင်ကရ စာမျက်နှာများ ...၊ ထို စာမျက်နှာများ အား တစ်စ တစ်စ မှေးမှိန် ပျောက်ကွယ် သွားအောင် လုပ်ပစ် လိုကြသည့် လူများ လည်း ရှိခဲ့သည် ။

ဥပမာ ... ဦးဥတ္တမရုပ်တု ကျောက်တိုင် နှင့် ရုပ်တု သည် လည်း ချုံနွယ် ပိတ်ပေါင်း များစွာ ထူထပ် ၍ မူလ နေရာ မှ ပျောက်ခြင်း မလှ ပျောက်ကာ ထွက်ရပ်ပေါက် သွားသည် လား မသိတော့ ။ ဒါသည် လည်း အင်မတန် မှ ရင်နာစရာ ကောင်းသော ဖြစ်ရပ် တစ်ခု ပင် ။ တစ်မြို့တည်း သာ ခိုင်ခိုင်ခံ့ခံ့ နှင့် တည်တည်တံ့ တံ့ ရှိခဲ့သည် ။ အာဇာနည် ကျောက်တိုင် သည် လည်း မြေ အရောင်းအဝယ် ကြား မှာ မြေစာ ပင် ဖြစ်ကာ ပုဂ္ဂလိ က အာဇာနည် ကျောက်တိုင် ဘဝ သို့ ရောက်ရှိ သွားပြီး အာဇာနည်နေ့ ရောက် တိုင်း ထို မြို့ မှ ဂါရဝ ပြုချင်သည့် မြို့ခံများ လည်း ခြံပိုင်ရှင် ထံ ခွင့်တောင်း ၍ အာဇာနည်နေ့ ရ တော့ မလိုလို ဖြစ်သွားကြပြီ ။

အထင်ကရများ ၏ ရှေ့ တွင် ပုဂံသူရဲကောင်းများ ကို ဟိုတယ် စောင့် ခိုင်း ထားသည် မှာ လည်း မြန်မာလူမျိုး မှ ဟုတ်လေစ ဟု မေးခွန်း ထုတ် ရ မလို ။

ဂုဏ် မပြုချင် နေပါ ဂုဏ် သိမ်အောင် တော့ မလုပ်ကြစေလို ပါ ဟု ...။

နိုင်ငံ အသီးသီး ၌ သူတို့ တိုင်းပြည် ၏ သူရဲကောင်း များ ကို အထွတ်အမြတ် ထားကြ သည် ။ ဦးညွှတ် ဂုဏ်ပြု ကြသည် ။

ကျွန်တော်တို့ သူရဲကောင်း များကို တော့ ဂုဏ် သိမ်အောင် လုပ်ပစ် လိုက်ကြသည် ။

အသိပညာ ကြီးမားခဲ့သူ နိုင်ငံရေးခေါင်းဆောင်များ သည် နောင်လာ နောက်သား များ သိမှတ် ဂုဏ်ယူ အတုယူ ကြရန် သူတို့ ခေတ် ကာလ က ထင်ရှား ကျော်ကြား ခဲ့ကြသည့် လွတ်လပ်ရေး ၏ မီးရှူးတန်ဆောင် ပုဂ္ဂိုလ်များ ကို ပန်းခြံများ ၌ ရုပ်တု သွန်း လုပ်၍ ဂုဏ်ပြုကြခြင်းများ ၊ လမ်းများ ၊ ဈေးများ ဖြင့် ဂုဏ်ပြုခဲ့ကြသည် မှာ ကောင်းမြတ်သော အမြော်အမြင်ကြီးများ ဟု လေးစား ရပါသည် ။

ခေတ် အဆက်ဆက် မြို့တိုင်း ရှိ ပန်းခြံများ မှ ဗိုလ်ချုပ်ကြေးရုပ်များ သည် လည်း အရပ်သား အစိုးရ လက်ထက် ကျ မှ ကြေးအထပ်ထပ် မှ အနည်းငယ် ကင်းစင် တောက်ပ လာသည် ဟု ထင်သည် ။

အဓိက ပြောချင်တာ တွေ ကတော့  မြေပဒေသာ  စိုက်ပျိုးရေး ပန်းခြံထောင့် က ငုံစိစိ ပန်းပုရုပ်ကလေး ဖြစ်သည် ။ စာဖတ်ပရိသတ် များ လည်း အမှုမဲ့ အမှတ်မဲ့ မြင်ဖူးကြ လိမ့်မည် ။ တစိမ့်စိမ့် တွေး ရင် တသိမ့်သိမ့် ရင်နာ စရာပါ ။ နာဂစ် လက်ကျန် ဖြစ်ပါ လိမ့်မည် ။ လှံ တစ်ချောင်း ကိုင် ပြီး ငုတ်တိုလေး မတ်တတ် ရပ် နေသည့် ပန်းပုရုပ်ကလေး က ပုဂံခေတ် အဝတ်အစား လက်ရာ ဖြစ်ပါသည် ။ ပထမ မြန်မာနိုင်ငံ ကို ထူထောင်ခဲ့သည့် ခေတ် ၏ ပြယုဂ် ဖြစ်ပါသည် ။

အသေအချာ စဉ်းစားလျှင် စော်ကား ရာ လည်း ရောက် ပါသည် ။ ထို ရုပ်တု ရှေ့တွင် ဖြတ်သန်း နေကြသော ကား များ စွာ အနက် မှ သံရုံးကား များ လည်း ပါ ပါလိမ့်မည် ။ အနီးကပ်ဆုံး ဂျပန်သံရုံး ရှိပါသည် ။ မြန်မာ တစ်ပြည်လုံး ၏ စာပေများ ကို စိစစ် ပေး နေသည့် စာပေ စိစစ်ရေး သည် လည်း ဝင်္ကပါ လမ်း ထဲ မှာ ရှိ သည် ။ ရုပ်ရှင်အစည်းအရုံး လည်း ရှိသည် ။

နိုင်ငံခြားသား တစ်ယောက် က ဒါ ဘာ အရုပ် လဲ ။ လှံ ကိုင် ထားပုံ ထောက် ရင် သူတို့ ဆီ က သူရဲကောင်း တစ်ယောက် ဖြစ်မယ် ထင်တယ် ။ လမ်းဘေး မှာ ငုံစိစိ နဲ့ ဘာ ရပ် လုပ် နေတာလဲ ။ ပန်းခြံ ကို စောင့် နေတာလား ဟု သူ တို့ စိတ် ထဲ တွေးတော သွားလျှင် မြန်မာ့သူရဲကောင်း တွေ က ဘယ် ဘဝ ရောက် သွားမည် လဲ စဉ်းစားကြရမည် ။

အမြော်အမြင် ရှိကြပါ ။

လက်လွတ်စပယ် မလုပ်ကြပါနဲ့ ။ ရှေ့နောက် တွေးခေါ် ချိန်ဆကြပါ ။ ကျွန်တော့် အတွေး ထဲ မှာ တော့ ထို ပန်းပုရုပ်ကလေး ကို အနော်ရထာ လော ၊ ကျန်စစ် လော ဟု မေးလိုက်ချင်ပါတော့သည် ။

⎕ ဗေလုဝ

📖 တဲ့တောက် နှင့် ပြာသောနားရွက်

#ကိုအောင်နိုင်ဦး

.

Tuesday, June 25, 2024

ပြာသော နားရွက် နှင့် လျှို့ဝှက်သော ဝက်


 ❝ ပြာသော နားရွက် နှင့် လျှို့ဝှက်သော ဝက် ❞

ဒေါ်ကျင်ကြီး နှင့် အိမ်အနီး ပတ်ဝန်းကျင် တို့ ၏ ပဋိပက္ခ ကား မငြိမ်းအေးသေး ။ ခြံဝင်း တိုး ပြီး သစ်ပင်တွေ ဖျက်ဆီးတာ တို့ ၊ တဲ အောက် က ထမင်း ချက်ပြီးသား ကို ဝင် စား တာ တို့  ၊ မြေကြီး တွေ ဖွတာ တို့ နဲ့ အမျိုးမျိုးသော ပြဿနာ ပေါင်းစုံ တို့ နှင့် ဒေါ်ကျင်ကြီး နေ့စဉ် ဖြေရှင်းနေကျ ပြဿနာ ။

“ ဝက် မွေးတယ် ဆိုတာ ခြံလေး ဘာလေး နဲ့ မွေးပေါ့  ...  ခုဟာ က ပေါက်လွှတ်ပဲစား လွှတ်ထား တာ .. နေ့တိုင်း ဒီ ဝက် တစ်ကောင် ပဲ စောင့် ကြည့် နေရတာ အလုပ်ပျက်တယ် ”

ဒါက ဒေါ်ကျင်ကြီး ၏ ပတ်ဝန်းကျင် က အသံ ။ ဒေါ် ကျင်ကြီး က လည်း ဒီ ဝက်ကလေး ရည်ရွယ်ချက် အပြည့် နှင့် မွေးထား တာ ။ စုဘူး အတွက် မဟုတ် “ နတ် စားဖို့ ” ။ နတ် က ကရင်နတ် ။ အစဉ်အဆက် စား လာ သော ကရင်နတ် ။ နတ် စားရန် အတွက် ရည်ရွယ်ပြီး မွေး လျှင် နတ် စားဖြစ် အောင် စား ရသည် ။ မစားဖြစ် လျှင် ခိုက်သည် ။ ဘာ ခိုက်မှန်း တော့ ဒေါ်ကျင်ကြီး မည်မည်ရရ မသိ ။ အစဉ်အဆက် ခြိမ်းခြောက် လာ သော ခိုက်သည် ဆိုသော စကားလုံး ။

ထမင်းကျန် ဟင်းကျန် ပတ်ဝန်းကျင် က မသဒ္ဓါ ရေစာ နှင့် ဆိုပါ လျှင် စား လောက် သောက် လောက် ဖြစ်လာခဲ့သည် ။ အချိန် ၂၀ ထွက် နီးပါး ပေါ့ ။

ကန်ပတ်ရိုးရွာ တွင် မုန်တိုင်း တစ်ခု ဝင်သည် ။ ဘင်္ဂလားပင်လယ်အော် ဘက် က မဟုတ် ။ တိတ်ဆိတ်ညင်သာ သော မုန်တိုင်း ။ ဝက်နားရွက်ပြာ ရောဂါ ။ တစ်ဆင့် စကား တစ်ဆင့် နား နှင့် ကန်ပတ်ရိုးရွာ ၏ လူတိုင်း နား ထဲ သို့ တိုးဝင် လာသည် ။

“ တွံတေး ဘက် မှာ ဝက်နားရွက်ပြာ ရောဂါ နဲ့ ပတ်သက်ပြီး ဟောပြောပွဲ တွေ လုပ်တယ် .. တီဗွီ မှာ လည်း ပါတယ် .. ရွာ ထဲ မှာ တစ်နိုင်တစ်ပိုင် ဝက် မွေးတဲ့ သူတွေ ဗဟုသုတ ရှိထားဖို့ တော့ လိုတယ် ... ဒါဟာ ဗိုင်းရပ်စ် ပဲ ... ကူးစက် မြန်တယ် ”

ရွှေမိုး ၏ အိမ်ပေါက်စေ့ ပြော နေသော ဒိုင်ယာလော့ ။ သား ဖြစ်သူ ရွှေမိုး ၏ စဉ်ဆက် မပြတ် ပြော နေသော ဝက်နားရွက်ပြာ အကြောင်း ကြောင့် ဒေါ်ကျင်ကြီး အသက်ကြီး မှ ရင်တုန်စ ပြုလာသည် ။

မတော်တဆ အဆိုပါ ရောဂါ ကြောင့် သေ သွား လျှင် ကရင်နတ် က ငါ့ ကို ဘာ ပြောမလဲ ။ ဒီနှစ် ပဲ က လည်း စိုက် ထား တာ ။ အင်း ... ဒုက္ခပါပဲ ။ မကြားဖူး တဲ့ ရောဂါ တွေ ။

ဒေါ်ကျင်ကြီး ၏ လက်သုံး စကား တစ်ခွန်း ရှိသည် ။

“ လိပ် ( ဟိုဟာ ) ကို ထိုး ရှာ သလိုများ လား ” ဟု ။

“ ဒီ အခွင့်အရေး ကို မှ အသုံး မချတတ်ဘူး ဆိုရင် ငါ တို့ တော်တော် ညံ့တာပဲ ”

ဟု ဒေါ်ကျင်ကြီး ၏ ပတ်ဝန်းကျင် ဝက်ဒဏ်ခံ တဲစု မှ လူများ က လည်း ဉာဏ် အမျိုးမျိုး ထုတ် နေ ကြသည် ။ ဒါဟာ ဒေါ်ကျင်ကြီး အခက် ၊ တို့ အချက် ပဲ ဟူသည့် မူ ။

မောင်မျိုး ၊ ကိုမြအေး နှင့် နောက်လိုက် လူငယ် နှစ်ဦး ခေါင်းချင်း ဆိုင် တိုင်ပင်ကြသည် ။ အဖြေ တစ်ခု ပီပီပြင်ပြင် ထွက် လာသည် ။

ဒေါ်ကျင်ကြီး အခု တလော သူ ၏ ဝက်ကလေး ကို အရင်လို သိပ် လွှတ် မထားတော့ မကြာခဏ အရိပ် တကြည့် ကြည့် တော့ ကြည့် လာသည် ။

“ ရို့ .. ရို့ ... ” အသံ ပေး၍ ထမင်းကျန် ဟင်းကျန် များ ကို ဂရုတစိုက် ကျွေး လာတတ်သည် ။ အပြာရောင် ရှိသော အရောင်များ ကို လည်း ဝက် ကိုယ် အနှံ့ ကြည့် ကြည့် လာ တတ်သည် ။

“ အမေ ရေ ... အမေ ... အမေ့ ဝက် က တစ်ကိုယ်လုံး ပြာ လာပြီ ”

သား ဖြစ်သူ ရွှေမိုး ၏ အထိတ်တလန့် အသံ ။ ဒေါ်ကျင်ကြီး မတ်တတ် က ပြိုလဲ မတတ် ဖြစ် သွားသည် ။ ဟုတ်သည် ။ ဝက် က နားရွက် တင် မဟုတ် ။ အမြီး တွေ ပါ ပြာ နေသည် ။ ဆုံးဖြတ်ချက် မြန်မြန် ချ မှ ဖြစ်တော့မည် ဟု တစ်ယောက် တည်း တွေး လိုက်သည် ။

နတ် စားဖို့ ဟု ရည်ရွယ် ထား လျှင် နတ် စား ဖြစ်အောင် စား ရသည် ။ မစားဖြစ် လျှင် တစ်ခု ခု ဖြစ် တတ်သည် ဟု အယူ ရှိကြသည် ။ တချို့ က ကြက် နှင့် အကျင့် လုပ် ထားသည် ။ ဝက် နှင့် အကျင့် လုပ်ထား သူများ က ဝက် နှင့် စားကြသည်  ။ ကြက် နှင့် စားသူများ က ခေါင်း ၊ ခြေထောက် ၊ အသည်းအမြစ် နှင့် ၊ အဆီဘူး ၊ အတောင် တို့ ကို ပြုတ် ၍ လင်ပန်း ထဲ ထည့် ၍ နံနက် ၄ နာရီ ၊ ၅ နာရီ ထ ၍ စားကြသည်  ။ ဝက် နှင့် နတ်စားသူများ ကတော့ နံပါတ်တစ် ဝက် ကို ပေါ် ( အိမ် ပေါ် ၌ တံခါး အလုံပိတ် ၊ ကိစ္စဝိစ္စ ပြီး အောင် လုပ်၍ ) ဝက် ၏ ခေါင်း ၊ လျှာ ၊ အမြီး ၊ ခြေထောက် ၊ လက် ၊ အသည်း ( ကျန်သော တခြား အူ တွေ တော့ မပါ ။ ကျန်သော တခြား အူများ ကို အိမ် အပေါက် မှ ချ ပစ် ရသည် ။ ဘယ်သူ ကောက်ကောက် ) ကျန်သော အသားများ ကို ရောင်းချ ကြသည် ။

ခေါင်း ၊ လျှာ ၊ အမြီး ၊ ခြေထောက် ၊ လက် ၊ အသည်း များ ကို ပြုတ် ၍ ဗျပ်ကြီး တစ်ခု ထဲ ထည့် ၍ ( သမက် ၊ ချွေးမ များ မပါ ) မိသားစု အလိုက် စား ကြသည် ။ ( ဒါက စာရေးသူ ၏ ကိုယ်တွေ့ ဗဟု သုတ )

ဒေါ်ကျင်ကြီး နတ် ကို အမြန် စား ဖို့ ရက် သတ်မှတ် လိုက်သည် ။

“ ရောဂါ ဖြစ် နေတဲ့ ဝက် ကို နတ် စားလို့ ဖြစ်ပါ့မလား ”

“ ဟာ ... အမေ က လည်း .. တောင်းပန် ထား လည်း ရတဲ့ ဥစ္စာ ... ပြာ နေတဲ့ ဝက် နဲ့ ဖြစ် ပါ့ မလား ”

သားသမီးများ ၏ အမျိုးမျိုး ဝေဖန်သံ ။ ဒေါ်ကျင်ကြီး အတွေ့အကြုံ အရ ရိုးရာနတ် ကို မတောင်းပန် ချင် တော့ ။ စား ဖြစ်အောင် စား ကြမည် ။

ကရင်နတ် တို့ ရိုး ရာအတိုင်း အိမ် ကို အလုံ ပိတ်၍ ဝက် သတ်ပွဲ ကျင်းပ ကြသည် ။ ရေနွေး ဖြော လိုက်သည် ။ ဓားသွား ထက်ထက် နှင့် အမွေးများ ကို ခြစ် လိုက်သည် ။ မည်သည့် အပြာရောင် မှ မတွေ့ ။ အချိန် ၂၀ ဝက်ပေါက်လေး မှာ ဝါဂွမ်း သဖွယ် ဖြူဖွေးဥ လျက် ။

ဒေါ်ကျင်ကြီး ၏ စိတ် ထဲ ၌ အမိုး နှင့် ဖထီး တို့ ၏ တန်ခိုး အစွမ်းကြောင့် သာ ဝါဂွမ်း သဖွယ် ဖြူဖွေး လျက် ဖြစ်ကြောင်း တွေး လိုက်သည် ။

ကရင်နတ် များ စား ပြီးသည့် အောင်ပွဲ အဖြစ် အနီး ပတ်ဝန်းကျင် မှ အသိများ ကို ဖိတ်ခေါ်  ကျွေးမွေးသည့် အခမ်းအနား တွင် မည်သူ တစ်ဦး တစ်ယောက် မျှ လာရောက် စားခြင်း မရှိကြ ။ နတ် စား ပြီး ပိုသော ဝက်အတွဲ များ ကို လည်း ဝယ်မည့် သူ မရှိ ။

“ ဒီလောက် ဝက် ကြိုက်တဲ့ သူတွေ လက် ဆွဲပြီး ခေါ်တာ တောင် စားမယ့် သူ မရှိဘူး ... ဝက် လည်း လာ ဝယ်မယ့် သူ မရှိဘူး ... ဘာဖြစ်တာလဲ ”

အမေ ဖြစ်သူ ၏ စကား ကို သား ဖြစ်သူ ရွှေမိုး မှ ..

“ ဒီလောက် နားရွက်ပြာ နေပါတယ် ဆိုတဲ့ အမေ့ ဝက် ကို ဘယ်သူ က လာ ဝယ်ပြီး စား မှာ လဲ ”

မောင်မျိုး တို့ ၊ ကိုမြအေး တို့ က ဒေါ်ကျင်ကြီး အိမ်ရှေ့ တွင် လမ်းသလား နေဆဲ ဖြစ်သည် ။

“ ဟဲ့ ... မောင်မျိုး တို့ ... မောင်မြအေး တို့ ... လာ စားကြပါ ဟ ”

“ ဗိုက် အောင့် နေလို့ ... အဒေါ် ရ ”

သို့သော် မောင်မျိုး နှင့် ကိုမြအေး က အိမ် ရှေ့ တွင် ရစ်သီ နေဆဲ ။ ဒေါ်ကျင်ကြီး က အချိန် ၁၇ ပိဿာ လောက် နှီး နှင့် ချည် ထားသော ဝက် အတွဲများ ကို ဝယ်မည့် သူ မရှိ ၍ စိတ်ပျက် နေသည်  ။ အရင် တုန်း က များ ဓား ချက် အောက် တွင် အလုအယက် ကုန်တာ ။ ကြွေးတောင်း မှ သာ ဆဲဆို ကြိမ်းမောင်း ရတာ ။ ခုများ တော့ တစ်ယောက် တလေ တောင် လာ မေးမယ့်သူ မရှိ ။ တစ်ရွာ လုံး ဝက် ဆန့်ကျင်ရေး လုပ် နေကြသည် ။

မောင်မျိုး နာရီ ကို လှမ်း ကြည့် လိုက်ပြီး ဒေါ်ကျင်ကြီး ဆီ သို့ သွားပြီး

“ အဒေါ် .. ဒီ အတိုင်း ကြည့် နေ လို့ က တော့ ဒီ ဝက်တွေ ပုပ် ကုန်ရုံပဲ ရှိမယ် ... နှစ်ထောင်ဈေး နဲ့ ကျွန်တော် ဖြတ် လိုက်မယ် ... ကျွန်တော် အနစ်နာ ခံ လိုက်ပါ့မယ် ”

မောင်မျိုး စကား ကို ဒေါ်ကျင်ကြီး ချက်ချင်း ထောက်ခံလိုက်သည် ။

“ ငါ့ တူ ... အချိန် ၁၅ ပဲ ထား ... ကျန်တာ နင် စား ပစ်လိုက် .. ယူယူ ”

ဟု ပြုံးရွှင်စွာ ပေး လိုက်သည် ။

မောင်မျိုး သည် ကား စက်ဘီး နောက်ထိုင် ၌ တောင်း တစ်လုံး ကို ခိုင်အောင် ချည် လျက် အောက် မှ ငှက်ပျောရွက် ခင်းလျက် အချိန် ၁၅ ကို ထည့် ။ တကလဲ့ ၊ တဝမ်းတော ၊ ရှမ်းသလင်းရွာ များ ဆီသို့ ဦးတည်လျက် ၊ နေ စောင်း တော့ မောင်မျိုး ပြန် လာသည်  ။ ၄၀၀ဝိ/- ဈေး နှင့် ပြိုက်ခနဲ ပြိုက်ခနဲ ကုန် လာသည် ။ ပြော ရောင်း ပုံ က လည်း ကြည့် ။

“ စိတ် သန့်သန့် သာ စား ... ဒီ ဝက် က ကျုပ်တို့ ကို ဒုက္ခ ပေး လွန်းလို့ ပိုင်ရှင် မသိအောင် သင်္ဘောဆေးပြာ တွေနဲ့  ပက် လိုက်တာ ... ပိုင်ရှင် က တစ်ကိုယ်လုံး ပြာတယ် ဆိုပြီး ပေါ် လိုက်တာ ... ဝက်ကလေး က လုံး နေတာပဲ ... စား ကောင်း တဲ့ အရွယ် ဗျ ... နှစ်ဆယ် ထွက်လေး ...  ဘာ နားရွက် မှ မပြာ ဘူး ... ဖြူ လိုက်တာ မှ ဖွေးလို့  ”

◾ဗေလုဝ

📖 8 days ဂျာနယ်
      ဇူလိုင် ၊ ၂၀၁၁

#ကိုအောင်နိုင်ဦး

.

Sunday, June 2, 2024

တဲ့ ... တောက်


 

❝ တဲ့ ... တောက် ❞

ကိုတောက်ထိန် စင်မြင့် ပေါ် သို့ တက် လာသည့် ဟန်ပန် အမူအရာ ကို ပရိသတ်များ က ရင် ထဲ မှာ ကျိတ်၍ ခိုက် နေကြသည် ။ ကိုတောက်ထိန် စကား တစ်ခွန်း မှ မပြောရ သေးဘူး ၊ အမူအရာ နှင့် ပင် ခန်းမ တစ်ခုလုံး ကို လွှမ်းမိုး ထားသည် ။

“ ဖြောင်း ဖြောင်း ဖြောင်း ”

လက်ခုပ်သံများ ကြားသည် နှင့် ကိုတောက်ထိန် ဒေါသ ရိပ် သန်း လာသည် ။ မျက်နှာ တစ်ပြင်လုံး နီရဲလျက် ပတ်ဝန်းကျင် ကို ဖျတ်ခနဲ အကဲခတ် လိုက်သည် ။

“ ခင်ဗျားတို့ သတိလက်လွတ် အရမ်း လုပ်တယ် ... ခု အချိန်ဟာ ဘယ်အချိန် ဆိုတာ ခင်ဗျား တို့ သတိ ထားဖို့ တော့ လိုတယ် ... ရန်သူတွေ ပတ်လည် ဝိုင်း နေတဲ့ အချိန် မှာ ခင်ဗျား တို့ လက်ခုပ်သံ ဟာ ရန်သူ ကို လမ်းပြ ပေးသလို ဖြစ်နေတယ် ”

ပရိသတ်များ ငြိမ်သက် သွားကြသည် ။ အပ် ကျသံ ပင် မ ကြားရတော့ ။ တက်တက်ကြွ ကြွ လက်ခုပ် တီးမိသည့် ကိုတောက်ဝင်း က သူ့ ဇနီး ဖြစ်သူ အား တိုးတိုးလေး ပြောလိုက်သည် ။

“ သူများ တွေ လက်ခုပ် တီး ရင် မှို ရတဲ့ မျက်နှာ နဲ့ ... သူ့ ကျတော့ တစ်မျိုးပါလား ”

“ လူကြီး ပီသ တာ နေမှာ ပေါ့ ယောက်ျား ရယ် ”

အောင်မြင်ခံ့ညား သော ကို တောက်ထိန် ၏ အသံ ထွက်လာသည် ။

“ ကျုပ်တို့ မျိုးနွယ်စု ဟာ မဟာ အင်အားကြီး မျိုးနွယ် က ဆင်းသက် လာကြသူတွေဖြစ် ပါ တယ် ...  အသင်းအဖွဲ့ လိုက် စည်းလုံးညီညွတ်စွာ နဲ့ .. ”

ကိုတောက်ထိန် သူ့ စကား ကို ထောက်ခံ ၊ မထောက်ခံ အကဲခတ် လိုက်သည် ။

“ နှစ်ပေါင်း သန်းချီတယ် ဆို တာ ဟုတ်ပါ့မလား ... တို့ တွေကို အတည်ပေါက် နဲ့ ဖြီး နေတာ များ လား ”

“ လူကြီးစကား ကို သုံး နဲ့ စားလို့ အဖေ မသေမီ က ပြောသွား ဖူးတယ် ”

ပရိသတ် ထဲ မှ တီးတိုး အသံ ။

ကိုတောက်ထိန် သူ့ စကား ကို သူ အားပေးလျက် ဆက် ပြောသည် ။

“ ဘာကြောင့် ကျုပ်တို့ မျိုးနွယ်စုတွေ သေးကွေး ပိန်လှီ သွားသလဲ ခင်ဗျားတို့ သိလား ... အဓိက က ကျုပ်တို့ မျိုးနွယ် စုတွေ လူတော မတိုးတာပဲ ... ချောင် တစ်ချောင် မှာ ငိုက်မျဉ်းမယ် ... ကိုယ် ဘာကောင် ဖြစ်တယ် ဆိုတာကို ချောင် တစ်ချောင် ထဲ က နေ အော်ဟစ် ပြမယ် ... ဝါကြွားမယ် ... အဲဒါကြောင့် ဆန့်ကျင်ဘက် မျိုးနွယ်စု တွေ က မသိကျိုးကျွန် ပြုခြင်း ကို ခံ ရတာပဲ ... ဘယ် အမျိုးအနွယ် မှ ကိုယ် ဘာကောင် ဖြစ်တယ် ဆိုတာ ကို မအော် ဘူး ... ဘယ်လောက် ရှက်စရာ ကောင်းလဲ ”

ကိုတောက်ထိန် ၏ စကား ကို ထောက်ခံသူ အချို့ ၏ စကားသံ အနည်းငယ် ထွက်လာသည် ။

“ စကားလုံးတွေ က ဝါးပိုးလုံး ကို ဝက်ဆီ သုတ် ထား သလို ပြောင် နေတာပဲ ”

“ စကားလုံး ပြောင်ဖို့ က အဓိက မကျဘူးကွ ... ရည်ရွယ်ချက် ကောင်းဖို့ ပဲ လိုတယ် ”

ကိုတောက်ထိန် ချောင်း တစ်ချက် ဟန့်ပြီး ဆက် ပြောသည် ။

“ ခု အချိန်ဟာ ဘေးကျပ်နံကျပ် အချိန် စည်းစည်းလုံးလုံး နဲ့ အဖြေ တစ်ခု ပဲ ရှာဖို့ လိုတယ် ... ကျုပ်တို့ မြို့နံ့ မရတာ ကြာပြီ ... တိုက်တာ အဆောက်အအုံတွေ များ လာ လေ ကျုပ်တို့  ၊ ခင်ဗျား တို့ နေစရာ ကျပ် လာ လေပဲ ... မြို့ပြင် မှာ စုပေါင်း နေထိုင် တော့ လည်း ခု ပြဿနာ က တက် လာပြီ ...  အဲဒီ ပြဿနာ ကို ခင်ဗျားတို့ သိလား ... ငယ်ရွယ်နုပျိုသူ တွေ ခု အချိန်မှာ အန္တရာယ် မရှိ ဘူး ၊ သက်ကြီးရွယ်အို တွေ အန္တရာယ် ကျရောက် လာပြီ ”

“ ဘာ အန္တရာယ်လဲ ... မောင်တောက်ထိန် ”

ကိုတောက်ထိန် ဒေါသသံ ကို အရှိန် မြှင့် လိုက်သည် ။

“ ဘာ အန္တရာယ် လဲ .. ဟုတ်လား ... ခင်ဗျားတို့ အသက်တွေ သာ ကြီးသွားတာ ဉာဏ်ရည် တွေ က ကြီးထွား မလာဘူး ... ခင်ဗျား တို့ လက် တစ်ကမ်း မှာ ကြီးမားသော အန္တရာယ် က လက်ယပ် လှမ်း ခေါ်နေပြီ ... ခင်ဗျားတို့ အသက်တွေ ကို ငွေကြေး နဲ့ တိုင်းတာပြီး သ,တ်ကြတော့မယ် ... ကျုပ်တို့ မျိုးနွယ်စုတွေ ကွယ်ပျောက် တော့မယ် ”

“ အဲဒီ အန္တရာယ် က ဘာလဲ ... အဲဒါပဲ သိချင်တယ် ”

လူငယ်များ ၏ တစ်ပြိုင်တည်း ထွက်လာသော အသံ ။

“ ပြောမယ် ... အဲဒီ အန္တရာယ် ကို ပြောမယ် ... ကိုယ့် ကိုယ် ကိုယ် နှစ်ဆယ့်ငါးကျပ်သား နဲ့ သုံးဆယ်သား ရှိမယ် ဆိုရင် ရှေ့ ကို ထွက် ”

ကိုယ်ခန္ဓာ ကို ကိုယ့် ဘာသာ ကိုယ် ချိန်ဆ ပြီး ရှေ့သို့ အလျှိုလျှို ထွက် လာကြတဲ့ မျက်နှာများ ကား မကောင်း ။ ကိုတောက်ထိန် ၏ အန္တရာယ် အဖြေ ကို သာ ရင် တမမနှင့် နားစွင့် နေကြ၏ ။ အောင်မြင်ပြတ်သား သော ကိုတောက်ထိန် ၏ အသံ ။

“ အစိတ်သား ရှိရင် သုံးသိန်း ... သုံးဆယ်သား ရှိရင် ငါးသိန်း ... လူတွေ က ခင်ဗျားတို့ ကို လိုက် ဖမ်း နေကြပြီ ... သူတို့ ခေါင်းစဉ် က တော့ ဆေး ဖော်မှာ တဲ့  ... အဲဒါ ကျုပ် ပြောမယ့် အန္တရာယ်ပဲ ”

“ တို့ တွေ က ခုမှ အရေးပေါ် ဆေးဖက် ဝင်ရလားကွ ...  အစဉ်အဆက် ဘာ ဆေးဖက်မှ မဝင်ခဲ့ ဘဲနဲ့  ”

တစ်ယောက် တစ်ပေါက် ပြောကြ ကုန်၏ ။

“ တစ်ယောက် တစ်ပေါက် ပြော မနေကြနဲ့  ... အချိန် မရှိဘူး ၊ ကျုပ်တို့ ဘိုးဘေးဘီဘင် လက်ထက် က သမားရိုးကျ အော် လာခဲ့တဲ့ အသံ က ဘာလဲ ”

အားလုံး ပြိုင်တူ ထ အော် လိုက်ကြ၏ ။

“ တောက်တဲ့ .. တောက်တဲ့ ... တောက်တဲ့ ”

ခန်းမ တစ်ခုလုံး ဟိန်းထွက်သွား၏ ။

“ အေး ... အဲဒီ အသံ ကို ဒီနေ့ ဒီ နေရာ မှာ တင် မြေမြှုပ် သင်္ဂြိုဟ် လိုက်တော့ ”

ဦးဖိုးတောက် ရဲရဲဝံ့ဝံ့ ထ ရပ်လိုက်သည် ။ အားလုံး အံ့အား သင့် သွားကြသည် ။

“ ဒီမှာ မောင်တောက်ထိန် ... တို့ ငယ်ရွယ်စဉ် ကတည်း က ဒီနေ့ အရွယ် ထိ တို့ အော်တဲ့ အသံ ဟာ မိရိုးဖလာ အသံကွ .. မြေမြှုပ် ပစ်ရင် တို့ မှာ အော်စရာ အသံ မရှိတော့ဘူး .. တို့ ဂုဏ်သိက္ခာ ၊ မာန်မာန တွေ ကို ခဝါ ချပြီး တို့ မူရင်း အသံ ကို ပြောင်း မအော်နိုင် ဘူး ... အသေခံမယ် ”

“ ခင်ဗျားတို့ ... အဲဒီ အသံ နဲ့ အော် ရင် လူတွေ ခြေရာခံ မိမှာ မို့ လို့ ပြော နေတာ ... ကျုပ် လူကြီး တစ်ယော က်အနေ နဲ့ တာဝန် ကြီး လို့ ပြောနေတာ ”

ဦးဖိုးတောက် စိတ် မရှည်ဟန် ဖြင့် ... 

“ ဒါဖြင့် ..တို့ ဘယ်လို အော် ရမလဲ ... ပြောကွာ ”

“ မိရိုးဖလာ အသံ လည်း မတိမ်ကော အောင် ... ဒီနေ့ က စပြီး ‘ တဲ့ တောက် တဲ့တောက်  ... ’ လို့ အော်ရင် လူ တွေ ဘယ်လိုမှ ခြေရာခံ မိမှာ မဟုတ်ဘူး  ”

“ ဟုတ်တယ် ... ဟုတ်တယ် ... တို့ လူကြီး ဦးတောက်ထိန် အိုင်ကျူ မြင့်တယ် ...ကျုပ် တိုင် ပေးမယ် ... ခင်ဗျားတို့ လိုက် အော် ”

“ တဲ့ တောက် ”

“ တဲ့ တောက် ”

“ တဲ့ တောက် ”

“ တဲ့ တောက် ”

◾ဗေလုဝ

📖 8 days ဂျာနယ်
      ဇွန် ၊ ၂၀၁၁

#ကိုအောင်နိုင်ဦး

.

Wednesday, May 8, 2024

အလွှာ


 

❝ အလွှာ ❞

အဖေ ၏ နောက်ဆုံး ခရီး ကား ခြောက်ကပ်ကပ် နိုင် လွန်းသည် ။ ဇရာ တစ်ဝက် ကျော် ပြီး အပြုံး မဖက် နိုင် တော့သည့် လုပ်ဖော်ကိုင်ဖက် သုံးလေးယောက် သာ အဖေ ၏ နောက်ဆုံးရုပ်ကြွင်းကြီး ကို ကြေကွဲစွာ စိုက်ကြည့် နေကြသည် ။

“ သူငယ်ချင်းရေ ... သွားနှင့် တော့ ကွာ ... တို့ လည်း သိပ်မကြာပါဘူး ”

ဆို့ဆို့နစ်နစ် နှင့် အင်အား ကုန်ခန်း နေသည့် အသံ ကို ကြား လိုက်ရသည် ။ အဖေ နှင့် အမေ ကား ဒိုးတူ ပေါင်ဖက် နှစ် ၄၀ ကျော် အနုပညာ ခရီးကြမ်း ကြီး ကို တက် အတူတူ ကိုင်ပြီး ရွက်လွှင့် ခဲ့သော အမေ မျက်ရည်များ ပင် ခန်းခြောက် နေ၍ လား မပြောတတ်။ အဖေ့ ရုပ်ကြွင်းကြီး ကို စိုက်ကြည့် နေသည် ။

တက် လာ သမျှ မင်းသား မြောက်မြားစွာ ကို လူစားဝင် လုပ် ၍ တစ်ဖုံ၊ အနစ်နာ ခံ
အကျိုးအပဲ့ ခံ ပြီး သရုပ်ဆောင် ပေးခဲ့သော ဇာတ်ပို့ဇာတ်ရံ လူကြမ်းကြီး ၏ ခေါင်းရင်း တွင် အမွှေးတိုင် မီးခိုးငွေ့ များ နှင့် တန်ဖိုး မဲ့ ပန်းခွေ တစ်ခွေ ၏ အလယ် တွင် “ မိသားစု လွမ်းသူ့ပန်းခွေ ” ဆိုသော ချို့ချို့တဲ့တဲ့ နှင့် နေရာယူလျက် ။ အဖေ့ နှုတ်ခမ်း တွင် သုံးလေးငါးချက် ချုပ် ထား ရသော ဒဏ်ရာ က သေရာပါ ။ မျက်နှာ တစ်ပြင်လုံး မင်းသားများ ၏ လက်သီးချက်များ က အသီးသီး နေရာ ယူ ၍ ၅၀ ကျော် တော့ မထိုးနိုင် တော့ ။ ၃၅ လမ်း ထဲ က ဗျိုင်းအိုကြီး တစ်ကောင် ပေါ့ ။ သန်လျင် က နေ မြို့ ထဲ လာဖို့ အား က မရှိ ။ အသပြာ ချို့တဲ့ တော့ ရုပ်ရှင် လောက နှင့် သိသိသာသာလေး ကင်းကွာ လာသည် ။ အခုတော့ လက်တွန်းလှည်း ပေါ် မှာ ဆန့်ဆန့်လေး ။

“ ဟဲ့ ... ညည်းအဖေ အသုဘ မှာ မင်းသား ၊ မင်းသမီးတွေ လည်း မတွေ့ပါလား ...
ရုပ်ရှင် အသိုင်းအဝိုင်း က ပန်းခွေ လည်း မတွေ့ပါလား ” 

မေးခွန်းစုံ တို့ ကို ကျွန်မ မပွင့်တပွင့် ပြုံး ရုံ မှ တစ်ပါး အခြား မရှိ။ ကျန်ခဲ့တဲ့ နှစ်ရက် က ရုပ်ရှင် မင်းသား ရဲ့ နှစ်ဝမ်းကွဲ အဒေါ် တစ်ယောက် ၏ အသုဘ အခမ်းအနား တွင် ကြေကွဲ ဝမ်းနည်း စွာ ပေးပို့ ခဲ့ ကြသော တန်ဖိုးကြီး ပန်းခွေ များ က မီးသင်္ဂြိုဟ် ပြီးသည့် တိုင် မကုန်နိုင် ၊ တောင်ပုံ ရာပုံ ပင် ။

ဒီ ပန်းခွေတွေ ရဲ့ တန်ဖိုး က ငါ့ အဖေ ရဲ့ ရက်လည် ကို ၁၀ ခါ လောက် လုပ်လို့ ရတယ် ဟု ဖျတ်ခနဲ တွေး မိ လိုက်သည် ။ ဒိုင်နာကား တစ်စီး ငှားဖို့ သာ ငွေကြေး တတ် နိုင်၍ အသုဘ ပို့ဆောင်သူ ရပ်ကွက် ထဲ မှ လူ များ က ကျပ်ကျပ်တည်းတည်း နှင့် လိုက်ပါ ပို့ ဆောင် ပေးရင်း ...

“ ညည်း အဖေ လည်း ရုပ်ရှင်သမား ပဲ ဟာ ... အဖွဲ့အစည်း က ပန်းခွေတွေ ဘာတွေ မပို့ ကြဘူး လား ... ဘာပဲဖြစ်ဖြစ် အသိအမှတ် တစ်ခုတော့ ပြုသင့်တာပေါ့ ... ဘယ်တော့မှ ပြန် မဆုံတော့မယ့် လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရဲ့ နောက်ဆုံး ခရီး အတွက် ”

အသိအမှတ် မပြုတော့ ဘူးလား ၊ သို့တည်းမဟုတ် အသိအမှတ် ပြုဖို့ မလိုအပ် တော့ဘူးလား ။

ကျွန်မ ဉာဏ် မီ သလောက် ဖြန့်ကြက် တွေးမိသည် ။ ၃ နာရီ ဆို ကျွန်မတို့ မိသားစု ၊ အဖေ ၊ အဖေ နှင့် သူ ချစ်သော ရုပ်ရှင်လောက ကို ထာဝရ ခွဲခွာ တော့မည် ။

“ အချိန် ပြည့်ပြီဟေ့ ... သင်္ဂြိုဟ်တော့မယ် ”

အဖေ ၏ ဇာတ်ပို့ဇာတ်ရံ ကတ်ဟောင်းလေး ကို အဖေ့ ခေါင်း ထဲ သို့ ထည့် ပေးလိုက်
သည် ။

ဒီ တစ် ဘဝ ပဲ ဇာတ်ပို့ ပါ တော့ အဖေ ရယ် ... ။

◾ဗေလုဝ

📖 8 Days ဂျာနယ်
      မေ ၊ ၂၀၁၁ ခုနှစ်

#ကိုအောင်နိုင်ဦး

.

Wednesday, November 22, 2023

သက်ကြီး စကား သက်ငယ် ကြား


 ❝ သက်ကြီး စကား သက်ငယ် ကြား ❞  


ရှေ့က လူရွှင်တော်ကြီးတွေ ဟာ ခွင့်လွှတ်သည်းခံ ပြီး တစ်ယောက် နှင့် တစ်ယောက် နားလည် မှု ရှိသည် ဟု  ကျွန်တော်တို့ ဗီဒီယို ရိုက်ကွင်းတိုင်း မှာ လူရွှင်တော်ကြီး ( ရှေ့မီ နောက်မီ ) ဦးစိန်ရိုး က ပြောပြခဲ့ဖူးပါသည်  ။ 


သက်ကြီး စကား သက်ငယ် ကြား ဆိုသည့် စကား အတိုင်းပါပဲ ။ အစ်ကို ဦးစိန်ရိုး စကား တစ်ခွန်း ကို ကျွန်တော့် နား ထဲ က မထွက် ။ အတု ယူစရာ ၊ ဆင်ခြင်စရာ ၊ မှတ်သားစရာ စကား ဟု ကျွန်တော် မှတ်ယူ ပါသည် ။ ဦးစိန်ရိုး စကား ဟာ အင်မတန် တန်ဖိုး ကြီးမားပါသည် ။


“ ငါ နာမည် ကြီး ခဲ့တဲ့ အချိန် က မစုမိ မဆောင်းမိ ခဲ့လို့ ခု ဒီ အသက် အရွယ် ရောက် မှ

အရှက် မရှိ ဘဲ လုပ်စား နေရတာ ”


ဟူသော စကားပင် ။

 

ကျွန်တော် ဒီ နေရာ မှာ ဦးစိန်ရိုး အကြောင်း အနည်းငယ် တင်ပြ လိုပါ သည် ။ 


ထို လူရွှင်တော်ကြီး ဦးစိန်ရိုး သည် ပြက်လုံး အသစ်အဆန်း ရှာဖွေ ရာ မှာ ကောင်းသည် ဟု အချို့ လူရွှင်တော်များ ပြောပြချက် အရ ကျွန်တော် နှင့် ရိုက်ကွင်း မှာ ဆုံခဲ့တိုင်း ကျွန်တော် မြည်းစမ်း ခွင့် ရခဲ့ပါသည် ။ တကယ်လည်း နှံ့စပ်ပါ ပေသည်  ။ အနုပညာ နှင့် စိတ် ပျော်ရွှင်မှု တို့ကြောင့် ဒီနေ့ ဦးစိန်ရိုး ဟာ လူငယ် တစ်ယောက် လို နုပျိုဆဲ ဖြစ်ပါသည် ။


အခွင့် သာတုန်း ပြောပါရစေ ... ။


လူရွှင်တော် ခင်လှိုင် ၊ စိန်ရိုး ဟု မြန်မာပြည် အနှံ့ ခြေဆန့် ခဲ့ဖူးကြပါသည် ။ ကျွန်တော့် ညီ မောင်ခင်လှိုင် သည် ဦးစိန်ရိုး ထံ မှ ပညာ များစွာ ရခဲ့သည် ဟု ထင်ပါသည် ။ 


ကျွန်တော် သည် လူရွှင်တော် အစစ် မဟုတ်ပါ ။ သို့သော် လူရွှင်တော်ကြီးများ ကို စိတ် ရော ကိုယ် ပါ ချစ်ပါသည် ။ 


ရိုက်ကွင်း တစ်ခု မှာ အစ်ကို ဦးစိန်ရိုး ပြောပြသော လူရွှင်တော် နှစ်ဦး ၏ လူရွှင်တော် ပီသ ခဲ့ကြပုံ များကို ဖောက်သည် ချလိုက်ပါရစေ ။


အကယ်၍ အချို့ နေရာများ လွဲမှားခဲ့သည် ရှိသော် ကျွန်တော် ဗေလုဝ အပြစ် သာ ဖြစ်ပါ ကြောင်း ဝန်ခံပါသည် ။


ရေတာရှည် မှ ဆွာ 


ထုံးစံ အတိုင်း ပွဲကူး ဆိုတော့ ဇာတ်ကား ပေါ် အကုန် တက် ကြပေါ့ ။ ကားခေါင်းခန်း ဆိုတာ ဇာတ်ဆရာ လင်မယား အပိုင် ။ မိုး ရွာရွာ နေ ပူပူ ဇာတ်ကား ပေါ် မှာ ဇာတ်သမားတွေ ပွဲကူးကြရုံ ပဲ ရှိတာ ပေါ့ ။


ရှေးက လူရွှင်တော်များ ပြော ပါတယ် ။ ဦးတိမ်ရောင် ဆိုတာ လူရွှင်တော် ။ ထို ဇာတ် အဖွဲ့ ရဲ့ မရှိ မဖြစ် လူရွှင်တော် ။ သူ့ ရဲ့ ချီလုံး က ပရိသတ် အကြိုက် ။ ( အလွတ် ၊ အလွတ် ) တိမ်ရောင် ... သူ့ ခေတ် သူ့ အခါ က နာမည်ကြီး ။ သူလို လူ တစ်ယောက် က ပတ္တမြားသိန်းဒီ ။ ထုံးစံ အတိုင်း ရေတာရှည် မှ ဆွာ ကို သူတို့ တစ်တွေ ဇာတ် ကူးကြပြီပေါ့ ။


ဦးတိမ်ရောင် က ဇာတ်ကား ပေါ် မှာ  ။ ဒါကို မြင် လိုက်တဲ့ ဦးသိန်းဒီ က ...

 

“ အစ်ကို အစ်ကို ... အစ်ကို က နာမည်ကျော် လူရွှင်တော် လေ ... ဒီ ဇာတ်ကား နဲ့ လိုက်ရ

မယ့် အဆင့် လား ... ဆင်း ဆင်း ... လာ .. ကျွန်တော် နဲ့ သွားမယ် ”


ဒီတော့ ဦးတိမ်ရောင် က ငါ့ ကောင် တော်လှချည့်လား လို့ သူ့ စိတ် ထဲ မှာ တွေးမိ မှာ ပေါ့ ။ ဇာတ်ကား ပေါ် ကနေ ထီးကလေး ချိုင်းကြား ညှပ်ပြီး ဇာတ်ကား ပေါ် က ဆင်း ။


“ အစ်ကို ဒီ လိုင်းကား ပေါ် တက် ... ခေါင်းခန်း က တက် ”


ဒီတော့ ဦးတိမ်ရောင် က ... 


“ သိန်းဒီ ... မင်း လည်း ခေါင်းခန်း လာလေ ”


“ ဟာ ... အစ်ကို က လည်း .. အစ်ကို့ ဘေး မှာ ဆရာလေးလေ ... သုံးယောက် ထိုင်လို့ မှ မရ တာ .. ကျွန်တော် နောက် က ပဲ စီးမယ် ”


“ အေး ... အေး ... သိန်းဒီ ရေ ”


ငိုက်မျဉ်း နေသော ဦးတိမ်ရောင် ကို ကားစပယ်ယာ မှ ..


“ ဆရာကြီး ... ကားခ ” 


“ နောက်က သိန်းဒီ ပေး လိမ့် မယ် ”


“ ဆရာကြီး ... ကားခ ” 


“ နောက်က သိန်းဒီ ပေးလိမ့်မယ် ”


ဒေါသ ထွက် လာသော လိုင်းကား စပယ်ယာ မှ ... 


“ ဘာ သိန်းဒီ လဲ ... ဒီမှာ ဆွာ ကို ရောက်လို့ ဂိတ်ဆုံး သွားပြီ .. ခေါင်းခန်း မှာ ဦးလေး တစ်ယောက် ပဲ ရှိတော့တယ် ... ဘာ သိန်းဒီ မှ မရှိတော့ဘူး ”


ထိုအခါ ကျ မှ ပျာပျာသလဲ ဦးတိမ်ရောင် မျက်လုံး ပွတ် ကြည့် တော့ မှ အိပ်ရေး ပျက် ထားသော အရှိန် ဖြင့် ... 


ဟော ... သိန်းဒီ လုပ်လိုက် ပြီ ။ အစ်ကိုဆရာ ခေါ် ကာ ကား ခေါင်းခန်း ပေါ် တင်ပေးပြီး သူ က ဘယ် ရောက် သွားမှန်း မသိ ။ ဇာတ်ဆရာ က ငွေ မရှင်း သေး တာ မို့ လူရွှင်တော်ကြီး ဦးတိမ်ရောင် ခမျာ ...


“ ငါ့ တူရယ် ... ကားခ ခဏ လေးစောင့် ... ပေးပါ့မယ် ” 


ဟု ပြောပြီး ဂိတ် အနီးအနား ရှိ ကွမ်းယာဆိုင် သို့ သွား ကာ ..


“ ငါ့ တူမ ...  ဒီည ဆွာ မှာ က မယ့် ဇာတ် မှာ ဦး က မှာ ပါ ... လူရွှင်တော် တိမ်ရောင် ပါ ကွာ .. ရော့ ... ငါ့ ထီးလေး ကို ငါးကျပ် နဲ့ ခေတ္တ ထားခဲ့မယ် .. ဇာတ်ကား လာတာ နဲ့ ပြန် လာ ရွေးမယ် နော် ” 


ကားခ ရှင်း ပြီး နောက် ဇာတ်ရုံ ထဲ ကို ဇာတ်ကား အထိုင် ချ ကြတာပေါ့ ။ ဒေါသ ထွက် နေသော ဦးတိမ်ရောင် မှ ...


“ ဟေ့ ... သိန်းဒီ ဘယ် ဇာတ်ကား ပေါ် မှာ ပါလဲဟေ့ ... ဒီည ဒီကောင် အသေပဲ ” 


ပွဲကူးည ဦးသိန်းဒီ ရောက်မလာ ။


“ ဟေ့ ...  သိန်းဒီ မလာသေးဘူးလား ”


ကသည့် ည လက်ဖက်ရည်ထုပ်ကလေး ဖြင့် ..


“ အစ်ကို ... အစ်ကို ” 


“ ဟာ ... သိန်းဒီ ... မင်း သေ ဖို့ သာ ပြင်တော့ ”


ဦးတိမ်ရောင် ၏ ဒေါသ က အထွတ် အထိပ် ။ 


“ ကျွန်တော့် စကား ကို ဆုံး အောင် နားထောင်ပြီး မှ အစ်ကို ကျွန်တော့် ကို သ,တ် ချင် သ,တ်ပါ ...  ဒီ ကားသမား တွေ .. အရမ်း စော်ကားတယ် အစ်ကို ရာ .. ‘  ဆွာ ’ မရောက်ခင် ကား ရပ်တော့ ကျွန်တော် အပေါ့အလေး ဆင်း သွားတယ် အစ်ကိုရာ ... အဲဒါကို ကျွန်တော့် ကို မစောင့်ဘဲ ကားမောင်း ထွက် သွားတယ် ...  ဒီ ကောင်တွေ အရမ်း မိုက်ရိုင်း လွန်း အားကြီးတယ် ” 


“ ဟုတ်တာပေါ့ ကွာ ”


ဦးတိမ်ရောင် ၏ အဖြေ ။ 


“ အစ်ကို ... လက်ဖက်ရည် ကောင်းလား ”


“ အေး .. ကောင်းတယ်ကွ ... ဒါ ဘယ်ဆိုင်ကလဲ ” 


“ အစ်ကို လက်ဖက်ရည် ကြိုက်တတ်မှန်း သိလို့ တကူးတက ဝယ် ခဲ့တာပေါ့ အစ်ကို ရာ ”


“ မင်း ကို အဲဒါကြောင့် ညီအရင်း လို ချစ် နေရတာ ” 


ဦးတိမ်ရောင် ဦးသိန်းဒီ ကို မြင် လိုက် ချိန် ဟိုက ချော့ လိုက်တာ ပျော့ သွားတာပဲ ။ 


ကျွန်တော် ပြောချင် ရေးချင် တာ က စောစောက ဦးသိန်းဒီ နောက် လိုက်တာ တကယ်လို့များ ဦးတိမ်ရောင် မှာ ထီးများ မပါ ခဲ့ ရင် ဘယ်လောက် ဒုက္ခ ရောက်လိမ့် မတုံး ။ 


ဒါပေမဲ့ ဦးတိမ်ရောင် က ခွင့်လွှတ်တယ် ဗျာ ။ 


ကဲ ... ရှေးက လူရွှင်တော် များ ပြောပါတယ် ... ။


ဦးတိမ်ရောင် ကြည့်မြင်တိုင် ဘုန်းကြီးကျောင်း တစ်ကျောင်း မှာ ဒုလ္လဘ ဝတ် သံ ကြားတော့ ဦးသိန်းဒီ ရောက် လာတယ် ။ ရိုသေစွာ ဝတ် ပြုပြီး


“ အစ်ကို ... အဲ ... ကန်တော့ ကန်တော့ ... ဦးပဉ္စင်း .. တပည့်တော် အိမ် မှာ မနက် အရုဏ်ဆွမ်း ကပ်မလို့ လာပင့်တာ ”


“ ဘာအတွက် လှူတာတုံးကွ ”


“ သမီး ကျန်းမာရေး မကောင်းလို့ အလှူ လုပ်ပြီး ယတြာ ချေ တဲ့ သဘောပေါ့ ဦးပဉ္စင်း ရယ် ... မနက်ဖြန် မနက် ၄ နာရီ လောက် အိမ် ရောက်ရင် ရပြီ ... အုန်းနို့ခေါက်ဆွဲဆွမ်း ” 


“ ဦးပဉ္စင်း အကြိုက်မို့ မင်းဟာ က ဘယ်နှပါး ကြွရမှာလဲ ” 


“ ငါးပါး ပါ ဦးပဉ္စင်း ... သုံးဘီးကား ငှားလာခဲ့ ... တပည့်တော် ဟိုကျ မှ စောင့်ပြီး ရှင်းပေးမယ်"


“ အေးအေး ... ကောင်းပြီ ကောင်းပြီ ”


“ တပည့်တော် ကို ပြန်ခွင့် ပြုဦး ... စီစဉ်စရာ ရှိတာ စီစဉ်ရဦးမှာ  ” 


“ အေး အေး ”


ဦးသိန်းဒီ ပြန်သွားသည် ကို ဦးတိမ်ရောင် တစ်ဖြစ် လဲ ဦးပဉ္စင်းကြီး က မိန့်မိန့်ကြီး ပြုံး လျက် ...  


“ သာဓု သာဓု သာဓု ” 


ဝေလီဝေလင်း သုံးဘီးကား သံ တဖုတ်ဖုတ် ဖြင့် ဦးသိန်းဒီ ရှိရာ မြောက်ဥက္ကလာပ ကို အရုဏ် ဆွမ်းစား ကြွကြ တာပေါ့ ။


ဦးသိန်းဒီ အိမ်ရှေ့ ရောက် တော့ အိမ် က လည်း မှောင်နေ ။


“ ဟေ့ ... သိန်းဒီ ... သိန်းဒီ .. ဒီလောက် ဝီရိယ မဲ့ လှချည်လားကွ ... ဇာတ်သမား မဟုတ်တဲ့ အတိုင်းပဲ ”


ကျန် ဦးပဉ္စင်း လေးပါး က တစ်ပါး မျက်နှာ တစ်ပါး ကြည့်လျက် ။


“ ဟေ့ ... သိန်းဒီ ... သိန်းဒီ ”


ခေါ်သည့် အသံက  မြင့်တက် လာ၍ ဘေး အိမ် မှ မီးများ ဖွင့်ပြီး...


“ ဦးသိန်းဒီ မရှိပါဘူး ဘုရား ... မနေ့ည က ပဲ ဇာတ်ထွက် သွားပါတယ် ”


“ တောက် ... ကွာ ... သိန်းဒီ ငါ့ ကို လုပ်လိုက်ပြန်ပြီ ” 


ကျန် ဦးပဉ္စင်း လေးပါး ကို အားတုံ့အားနာ အသံ ဖြင့် ... 


“ ဦးပဉ္စင်း ကို ကျောင်း ရောက် မှ ပဲ ပြောချင်တာ ပြောကြပါတော့ ဘုရား ... အခြေအနေ က ဦးပဉ္စင်း တို့ အမြင်ပဲ ”


ဟု ပြော ကာ ငှား လာသော သုံးဘီးကား နှင့် ပင် တဖုတ်ဖုတ် နှင့် ပြန်လည် ထွက်ခွာ သွားကြလေတော့သည် ။


နောက်မှ သိရသည် မှာ သုံးဘီးကားခ ကို ဦးတိမ်ရောင် အပြေးအလွှား ချေးငှား ၍ ကားခ ပေး လိုက်ရသည် ဟု သိရသည် ။


ဤမျှ လောက် ဦးပဉ္ဇင်း ဘဝ ကို ခေတ္တ ရောက်သွားသည့် လူ ကို ပင် နောက် ဖြစ်အောင် နောက် သွား လိုက်သေးသည် ။


ယခု နောက်ပြောင်မှုကြီး က အတော် ကြီးသည် ။


      အစ်ကို ... 

     မြင်းခြံမှာ သုံးည ကမယ် ။ အစ်ကို လိုက်လာခဲ့ ။

     ဇာတ်ဆရာ က ကားခ ၊ လမ်းစရိတ် ပါ ဟို ရောက်ရင် အကုန် ပေးမယ် တဲ့  ။ 

              အစ်ကို့ရဲ့ ညီ ။

                       သိန်းဒီ


လူ တစ်ယောက် လာ ပို့သည့် စာ ကို ဖတ်ပြီးသည် နှင့် ခရီးဆောင် အိတ်လေး လွယ်ပြီး ဟိုလှည့် ဒီလှည့် နှင့် လမ်းစရိတ် လုပ်ပြီး ဦးတိမ်ရောင် မြင်းခြံ သို့ ပေါ့ ။


မြင်းခြံ ရောက်တော့ လမ်းဘေး ကြော်ငြာ ဆိုင်းဘုတ် လည်း မတွေ့တော့ ဦးတိမ်ရောင် သံသယ ရှိ လာပြီး ...


“ ဒီက တူမကြီး .. ဇာတ် ကြော်ငြာ လှည့် တဲ့ ကားများ တွေ့လိုက်မိသေးလား ကွဲ့ ”


“ မတွေ့မိပါဘူး ... ကျွန်မတို့ မြို့ မှာ ဒီ ရက်ပိုင်း ဘာ ပွဲ မှ မရှိ ပါဘူး ... ဘုရားပွဲ က တစ်လ တောင် လိုသေးတယ် ” 


“ ပတ်ဝန်းကျင် ဒေသ တစ်ဝိုက် မှာ ရော မကြားမိဘူး လားကွဲ့ .. ဦး က လူရွှင်တော် ဦးတိမ်ရောင် ပါ ”


“ ကျွန်မ ပွဲဈေး ရောင်းတဲ့ သူ .. ဒီ တစ်ဝိုက် မှာ ဘာ အသံ မှ မကြားမိပါဘူး ”


“ ဟော ... ကြည့် ...  သိန်းဒီ ငါ့ ကို လုပ်လိုက်ပြန်ပြီ ” 


ပြောနေကျ စကားလေး နဲ့ အတူ မြင်းခြံ က အမျိုး အသိ မိတ်ဆွေတွေ ထံ မှ လမ်းစရိတ် တောင်း ပြီး အိမ်ပြန် ခဲ့ရသည် ။ ဒေါသ အရှိန် မသေသေး ။ အိမ် ရောက် တော့

ဇာတ်သမား တစ်ယောက် က အိမ် မှာ အဆင်သင့် ။


"ဦးလေးရာ .. ဦးလေး ကို စောင့် နေရတာ ရထား အချိန် နီး နေပြီ ”


“ သိန်းဒီ ...  သိန်းဒီ ... ငါ့ ကို ဒုက္ခ ပေးတာ ... ဒီမှာ သူ့ စာ... မြင်းခြံ မှာ က မှာ ဆို ” 


“ ပေါက်ကရ ဦးလေး ရာ ... နေပြည်တော် ပျဉ်းမနား မှာ က မှာ ပါ ”


နေပြည်တော် ပျဉ်းမနား ဘူတာ ရောက်တော့ ဦးတိမ်ရောင် မှ ...


“ သိန်းဒီ ... သိန်းဒီ ... မင်း သေဖို့ သာ ပြင်တော့ ” 


ရထားဘူတာ မှာ ဦးသိန်းဒီ က ဦးတိမ်ရောင် ၏ အထုပ် ကို ပြေးဆွဲလျက် ပျာပျာသလဲ ... 


“ ကျွန်တော် အစ်ကို့ ကို လာ ကြို နေတာ အစ်ကိုရေ ... ကျွန်တော့်ကို အစ်ကို သ,တ် ချင်ရင် သ,တ်လိုက်တော့ အစ်ကို ရာ ... ကျွန်တော် ... ကျွန်တော် ရေးတုန်း က နေပြည်တော် ပျဉ်းမနား လို့ ရေးတာ ...  ဘယ်လို ဖြစ်ပြီး မြင်းခြံ ဖြစ်သွားလည်း မသိ ဘူး ... အစ်ကို့ ကို နောက် သလို ဖြစ်သွားတယ် ... ကိုယ့် ကိုယ် ကိုယ် သာ အဲဒီလို ထုရိုက် လိုက် ချင်တယ် ” 


“ ဖုန်း ဒိုင်း .. ဖုန်း ဒိုင်း ” 


“ ဟေ့ကောင် ... ဘူတာ မှာ လူ မြင်လို့ မကောင်းဘူး ... ငါ ခွင့်လွှတ်တယ် ... ခွင့်လွှတ်တယ် ... ငါကွာ .. အပြန် လမ်းစရိတ် မရှိ လို့ ဒုက္ခတွေ ရောက် လိုက်တာ ”


“ ကျွန်တော် စိတ်မကောင်းဘူး အစ်ကို ရာ ”


“ ဖုန်း ဒိုင်း ... ဖုန်း ဒိုင်း ”


ကိုယ့် ကိုယ် ကိုယ် ထုရိုက် နေ သော ဦးသိန်းဒီ အား ... 


“ သိန်းဒီ ... ငါ ခွင့်လွှတ်ပါ တယ် ... ငါ့ ဒုက္ခ ငါ ရှာတာ ... မင်း ပေးတဲ့ ဒုက္ခ မဟုတ်ဘူး ... တော်တော့ .. လာ ... သွား မယ် သွားမယ် ” 


“ အစ်ကို ”


“ ဟေ ”


“ အစ်ကို့ နှမ အစ်ကို ကြိုက်တတ် တဲ့ မျစ်ချဉ် နဲ့ ငါး နဲ့ ချက်ထားတာ ”


“ အလိုက် သိ ပါ့ သိန်းဒီ ရာ ” 


ချက်ချင်း အမုန်းတရား ဒေါသ များ ကား ဘယ် ရောက် သွား မှန်း မသိ ။ ရှေး က လူရွှင်တော်ကြီးများ ချစ်ကြပုံ ပြောပါတယ် ။


◾ဗေလုဝ


📖 ဟဒယ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၂၀၀၈


#ကိုအောင်နိုင်ဦး


.

Tuesday, October 24, 2023

ကြိုး နှင့် ချည်ထားသော ဗာရာဏသီ ( ၆ )


 ဒေါ်အေးသုန် ပရိသတ် ကြား ထဲ မှ မသိမသာ အကဲခတ် လိုက်သည် ။ ကက်ဆက် ထဲ မှ နတ်ဒိုး သံများ က လည်း လူတွေ ၏ စိတ် ကို တက်ကြွစေရန် တွန်းအား ပေးသလို ဖြစ်နေသည် ။ နတ်ကတော် မကျင် ကား ကုလားထိုင် ပေါ် တွင် ထိုင် ရင်း ဒူး တဆတ်ဆတ် ၊ ခေါင်း တခါခါ လက်ညှိုး နှစ်ချောင်း ကို ဟိုဘက် ဒီဘက် ထောက်ရင်း ဟောချက် ထုတ်နေသည် ။


ဒူး ထောက်ပြီး လက်အုပ် ချီသည့် အမျိုးသမီးကြီး ၏ လက်တွင် လက်ကောက်များ က တဝင်းဝင်း ။ လည်ပင်း မှာ လည်း ဆွဲကြိုး က ကြီး လိုက်တာ ဘယ်လောက်သား မှန်း တောင် မသိဘူး ။ မကျင် တို့ တော့ ခွင် ပဲ ဟု ဒေါ်အေးသုန် ပရိသတ် ထဲ မှ တိုးဝှေ့ ရင်း တွေးမိ လိုက်သည် ။ 


အမွှေးနံ့သာနံ့များ က လည်း လှိုင် လို့ ။ နတ်ကတော် ချင်း တော့ ခြေ မြင်သည် ။ ဒါတွေနဲ့ မကျင် ဖမ်းစား ထားတာကိုး။ ဒေါ်အေးသုန် စိတ် ထဲ မှ တွေးမိလိုက်သည် ။


“ ဟဲ့ ... ငါ က တရားဘာဝနာ နဲ့ နေ ချင်တာ ၊ ကိုကြီးကျော် က သူ့ ဘေးနား မှာ ငါ့ ကို ခေါ်ထား တယ်လေ ၊ သူ က အရက်သောက် ကြက်တိုက် ဆိုတော့ သူ နဲ့ သိပ် မကိုက်ဘူးဟ ”


“ အရှင်ကြီး ဘသာ ဝင် နေပြီနဲ့ တူတယ် ”


ဒေါ်အေးသုန် ဘေး မှ မိန်းမ တစ်ယောက် က ထင်မြင်ချက် ပေးသည် ။ ဒေါ်အေးသုန် မကျင် ကို စိုက်ကြည့်နေသည် ။


“ ဒါပေမဲ့ သိတယ် မဟုတ်လား ... သူ လည်း သာသနာ ပြုနေတာ ၊ ငါ က လည်း သာသနာ ပြု ချင်နေတယ် ဆိုတော့ ၊ ကိုကြီးကျော် ကို တော့ ငါ့ ရဲ့ အစ်ကိုရင်း လို ပါပဲ ၊ ကဲ ကဲ ... ငါ့ အစ်ကို ကို ငါ ပင့် လိုက်ဦးမယ် ၊ ဟဲ့ ကောင်မတွေ လောင်းကြေး ထပ် ထားကြစမ်း ” 


မကျင် လက် ထဲ တွင် ၇၅ ကျပ်တန် များ ပလူပျံ နေသည် ။ ၇၅ ကျပ်တန် တစ်ရွက် ကို ရွာထဲ က မိပုန်း ကို လှမ်း ပစ် ပေး လိုက်သည် ။ ဘာကြောင့် မကျင် မိပုန်း ကိုမှ  ရွေး ပေးရသလဲ ဟု ဒေါ်အေးသုန် စဉ်းစား နေသည် ။ ဟုတ်ပြီ ။


မိပုန်း က အရက် ရောင်းတာ ၊ လူပေါင်းစုံ နဲ့ ဆက်ဆံမှု အများ ဆုံး ဆိုတော့။ ဒါ လူရင်းရွေး တာပဲ ။ မိပုန်း ပါးစပ် က မှန် တယ် မှန်တယ် ဟု မပြောဘဲ တော့ မနေ နိုင် ... ပြောမည် ။ မကျင် နာမည်ကြီး ခြင်း တစ်မျိုးပဲ ဟု တွေးရင်း တစ်ချက် ပြုံး လိုက်သည် ။ လေးစားပါတယ် မကျင် ရယ် ဟု ပါးစပ် က ပြောပြီး လူအုပ် ကြား ထဲ မှ ဒေါ်အေးသုန် ထွက်လာသည် ။


တစ်ရွာလုံး လိုလို နတ်ကတော် မကျင် နား မှာ ဝိုင်း နေကြသည် ။ ဝိုင်း နေ မှာ ပေါ့ .. မကျင် က လည်း လက်ပစ်ကြေး တွေ စွန့်ကြဲ နေမှ တော့ မဝိုင်း ခံနိုင်ပါ့ မလား ။


“ နည်းစနစ်တွေ ကောင်းလှချည်လား နောက် မှ ပေါက်တဲ့ ရွှေကြာကျင် ရယ် ” 


ဒေါ်အေးသုန် မကျင် ကို ကျိတ် ချီးကျူး လိုက်သည် ။


 •••••   •••••   •••••


ကောင်းကင် တစ်ပြင်လုံး နီရဲ နေသည် ။ ကျေးလက်နေ ပြည်သူများ အဖို့ မိုးသက်မုန်တိုင်း ကျရောက်တော့မည် ကို ကြိုတင် သိနေကြသည် ။ ကြို သိသည့် အတိုင်း ပြင်ဆင်စရာ ရှိတာများ ပြင်ဆင် နေကြသည် ။


“ ကိုအေးငွေ ရေ ... လေ ပါ ပါမယ် ထင်တယ် ”


“ ကျွန်တော် လည်း ထင်တယ် ၊ သိမ်း စရာ ရှိတာ သိမ်းထားကြရအောင် မကျင် ”


ကိုအေးငွေ သွက်သွက်လက်လက် ဖြင့် မိုး မစိုရန် သိမ်းဆည်း နေသည် ။ မိုး ချည်း ပဲ သွန်ချလိုက် သလို ရွာချ လိုက် သည် ။ မကျင် လည်း ဝိုင်း ကူသိမ်း သော်လည်း ရေ စိုတာသာ အဖတ် တင် သည် ။ ခရီး မတွင် ၊ ကိုအေးငွေ က ယောက်ျား အား သန်သန်မာမာ မို့

အလေးအပင်များ ကို ပင် မိုးထဲ ရေထဲ ကြားထဲ က အတင်း မ ပြီး သိမ်းသည် ။ လေ က လေးဖက် လေးတန် ညှပ် တိုက် လာသည် ။ လေ ကြမ်းလာသည် မို့ မကျင် ကြောက်စိတ် ဝင်လာသည် ။ ဒီ နေရာ မှာ ကိုအေးငွေ သာ မရှိရင် သူ မလွယ် ဟု အပြေးအလွှား တွေးလိုက် သေးသည် ။ တကယ့် အရေးအကြောင်း ဆို အိမ် မှာ ယောက်ျားသား တစ်ယောက် ရှိ ကို ရှိရမည်။


“ မကျင်ရေ ... မိုး လွတ်မယ့် နေရာမှာ သွား ထိုင်နေ ၊ ဘာမှ မလုပ်နဲ့  ၊ တစ်ကိုယ်လုံး ရွှဲလို့ ၊ သွား ... အေးအေးလူလူ ထိုင်နေ ”


ကိုအေးငွေ ၏ ကြင်နာမှု အသံ မကျင် ပထမ ဦးဆုံး ကြား လိုက်ရသည့် မိုးထဲ ရေထဲ လေပြင်း တွေ ကြား ထဲ မှာ ကြည်နူးမှု ဖြစ် သွားသည် ။ ငြိမ်သက် နေသော နှလုံးသားလေး

လှုပ်လှုပ်ရွရွ တော့ ဖြစ် သွားသည် ။ ထဘီ က ရေစို နေသည် မို့ ကိုယ်လုံးကိုယ်ပေါက် အကြွင်းအကျန် အလှများ က ဖွင့်ထွက် နေသည် ။ ကိုအေးငွေ မကြာခဏ ခိုး ကြည့်နေသည် ။ ဒါကို မကျင် သိသည် ။ ကိုအေးငွေ ဘာကြောင့်မှန်း မသိ ရင်တွေ တုန်နေသည် ။ မကျင် အနား သို့

အသာအယာ ကပ် သွားသည် ။ မကျင် က မျက်လွှာလေး လှန် ကြည့်လိုက်သည် ။


“ မကျင် ”


“ ရှင် ”


“ ထဘီ လဲ လိုက်ပါလား ၊ အအေးပတ် နေဦးမယ် ”


“ ဟုတ် ဟုတ်ကဲ့ ”


မကျင် အခန်း ထဲ သို့ ဝင် သွားသည် ။ ကိုအေးငွေ အတန်ကြာ လေပြင်း အခြေအနေ ကို အကဲခတ် လိုက်သည် ။ လေပြင်းကား အဆက်မပြတ် မိုးသီးမိုးပေါက်များ ပင် ကျ နေပြီ ထင်ရသည် ။ ကိုအေးငွေ သက်ပြင်း အချီကြီး ချပြီး မကျင် ထဘီ လဲ ရာ အခန်း ထဲ သို့ ဝင် သွားသည် ။ 


“ ဝုန်း ဝုန်း ”


လေပြင်း က တစ်ချက် ဆောင့် တိုက် လိုက်သည် ။ အိမ်ဝိုင်း ထဲ မှာ လည်း ရေ တွေ က ပြည့် လို့ ။ မကျင် ထဘီ လဲ နေစဉ် ကိုအေးငွေ ကို အခန်းဝ တွင် တွေ့ လိုက်ရသည် မို့ အရမ်း အံ့အားသင့် သွား သည် ။ သူ ဘာများ ပြောမှာ ပါလဲ ပေါ့ ။ အနား ကို တစ်လှမ်း ချင်း တိုးလာသည် ။ ထဘီ လဲ မည့် တန်းလန်းကြီး မို့ ထဘီ ကို ကမန်းကတန်း လဲ လိုက်သည် ။ လဲ လိုက်ပြီး ကိုအေးငွေ ကို မျက်နှာ မူ လိုက် သည် ။


“ ကိုအေးငွေ ဘာ ပြောမလို့ လဲဟင် ” 


“ မေးစရာ လိုသေးလို့ လား ကျင်ကျင် ရယ် ”


ကိုအေးငွေ ပြော လည်း ပြော ၊ ပခုံး လည်း လက် နှစ်ဖက် ဖြင့် လှမ်း ဖက် လိုက်သည် ။ ရင်ချင်း အပ် လိုက်သည် ။ မကျင် ဘက် မှ အသက်ရှူသံ ပြင်းပြင်း ကို ကြား လိုက်ရသည် ။ ကိုအေးငွေ နှင့် ထပ်တူ ရင်ခုန်သံ ။ 


“ ကျင်ကျင် ” 


“ ဟင် ပြော ” 


“ ချစ်တယ် ”


“ သိပါတယ် ... တစ်ချိန် ဒီ စကားမျိုး ပြောမယ် ဆိုတာ ”


“ မတ်တတ်ကြီး ကျင်ကျင် ရယ် ”


မကျင် ညွှတ်ကျ သွားသည် ။ ကိုအေးငွေ ကား အလိုက်သင့် ။


“ ဝုန်း ဝုန်း ”


ကောင်းကင် က မိုးသက်မုန်တိုင်း တို့ သည် ချစ်ခြင်း ထောက်ပံ့မှု ကိရိယာ တစ်ခု ဖြစ်မှန်း မသိ ဖြစ်သွား လေ တော့သည် ။


 •••••   •••••   •••••


တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ် နေကြသည် ။ ရွာထိပ် ညောင်ပင်ကြီး ဆီ ကို အလုအယက် ပြေးလွှား နေကြသည် ။ တချို့ဆို ကလေး ကို ခါးထစ် ခွင်ပြီး ထဘီ စွန်တောင်ဆွဲ ၍ ခပ်သုတ်သုတ် သွား နေကြသည် ။  


“ ကိုဘသာကြီး မသေဘူး တဲ့ တော် ”


အသွား လူတွေ ကို အပြန် လူတွေ က လှမ်း အော် ပြောနေကြသည် ။


“ မဖြစ်နိုင်ဘူး ဟယ် ”


အချို့ က မယုံ ။ ရွာထိပ် ညောင်ပင် တွင် အဖြူအမည်း ဓာတ်ပုံ တစ်ပုံ ။ ကိုဘသာ စားပွဲထိုးလုပ် နေသည့်ပုံ ဖြစ်သည် ။ ခိုး ရိုက် ထားတာမို့ ဓာတ်ပုံ က သိပ် မပီပြင် ။ ကိုဘသာ ပုံ တော့ ဟုတ်သည် ။ ဓာတ်ပုံ ဘေး တွင် မားမားမတ်မတ် ရပ်ပြီး အောင်ပွဲရ ပုဂ္ဂိုလ်ကြီး ဂိုက်ဖမ်း နေသူမှာ လူကြီးကိုအုန်း ဆောင် နှင့် မှေးမှိ န် သွား ရှာသော နတ်ကတော် အေးသုန် ။ သူ့ ဘေး တွင် စပါးပွဲစား မောင်ကြိုင် ။ တစ်ယောက် တစ်ပေါက် ထင်ကြေး ပေး နေကြသည် ။


“ ပုံ က ကိုဘသာ ပုံ မဖြစ်နိုင်ပါဘူး ” 


“ ဟဲ့ နတ် ဆိုတာ ကိုယ်ယောင် ပြလို့ ရ သလို ကိုယ်ယောင် ဖျောက်လို့ လည်း ရတယ် ”


“ ကိုဘသာ မှ ကိုဘသာ ပုံ ပါ ။ သူ ဘယ်လို ဖြစ်လို့ မသေတာ ပါ လိမ့် ”


“ တကယ် မသေဘူး ဆိုရင် သူ့ မိန်းမ ဆီ သူ ပြန်လာမှာ ပေါ့ ”


“ ဒါဆိုရင် အရှင်ကြီး ဘသာ ဆိုတာ ” 


“ အသေကြီးဘသာ ပေါ့ ဟယ် ”


အမျိုးမျိုး ထင်ကြေး ပေး နေကြသည် ။ တချို့က ဓာတ်ပုံ ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ နေကြသည် ။ တချို့က ခေါင်း တညိတ်ညိတ်။


အရက်ပုန်း ရောင်းသည့် မိပုန်း ကတော့ လက်အုပ်လေး ချီပြီး ဓာတ်ပုံ ကို ကန်တော့ လိုက် ၊ ပါးစပ် က လည်း တတွတ်တွတ် ရွတ်ဆို နေသည် ။


“ ဟဲ့ မိပုန်း ... ဓာတ်ပုံ ကို ကန်တော့ လို့ အရက် ပို မရောင်းရဘူး ” 


ရွာလူကြီး ကိုအုန်းဆောင် စကား ကို မိပုန်း မကြိုက် ။ မျက်စောင်း တစ်ချက် လှည့် ထိုးလိုက်ပြီး  ...


“ ဒီ လူကြီး ပြုတ် ကို မပြုတ်သေးဘူး ၊ အရှင်ကြီး ကို ကောင်းကောင်း စော်ကား ၊ ရှင့် ကို လာဘ်စားမှု နဲ့ အရှင်ကြီး က ထောင် ထဲ ထည့် လိမ့်မယ် ” 


မိပုန်း မကြားတကြား ပြောပြော ထွက်ထွက် ထွက် သွားသည် ။


မကျင် ခေါင်း ကို မြွေပေါက် ခံ လိုက်ရ သည် ။ မြွေ က နှစ်ကောင် ။ တစ်ကောင် က လူကြီးအုန်းဆောင် ၊ နောက် တစ်ယောက် က နတ်ကတော် အေးသုန် ။


မကျင် အိမ်ပေါက်ဝ တွင် ငိုင် နေသည် ။ ပန်းရန်အေးငွေ အပြင် က ပြန် လာပြီး မကျင် အနား ကို မသိမသာ ကပ် သွားသည် ။ ပြောမည့် ဟန် ပြင် လိုက်သည် ။ 


“ ကျွန်မ အားလုံး သိပြီးပြီ ကိုအေးငွေ ” 


မကျင် စကား ကြောင့် ကိုအေးငွေ တိုင်လေး ကို မှီလိုက်သည် ။


“ လူ တစ်ယောက် နာမည်ကြီး လာပြီ ဆိုရင် အနှောင့်အယှက် က ဖြစ်လာမှာ ပဲ ၊ သစ်ပင် မြင့် လေ လေတိုက် ခံရမှာ ပဲ ၊ ဒီ လေ က ဘယ်က တိုက် တဲ့ လေ ဆိုတာ ကျွန်မ သိတယ် ၊ မစားရတဲ့ အမဲ သဲ နဲ့ ဝိုင်း ပက် ကြတာ ၊ ဒီ သတင်းဟာ ကျွန်မ သွားမယ့် လမ်း မှာ မဟာ

အနှောင့်အယှက်ကြီး ပဲ ကိုအေးငွေ ၊ ကာယကံရှင် နဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ လိုက်တာ က ပို ကောင်းမယ်ထင်တယ် ၊ တကယ် သက်ရှိ ထင်ရှား ရှိနေသေးတယ် ဆိုရင် ကျွန်မ တို့ နတ်နန်းတွေ ဟာ မီးရှို့ ပစ်ရုံပဲ ရှိ တော့တယ် ”


မကျင် ကို ပန်းရန်အေးငွေ စိုက် ကြည့် နေရင်း မှ သနား သွားသည် ။ ဟုတ် သည် ။ သူတို့ နှစ်ယောက် လျှောက် လှမ်းမည့် အနာဂတ် သည် လှပ နေသည် မှာ အမှန် ။ ခုတော့ အနာဂတ် ကား မှုန်ဝါးဝါး ။


“ မောင်ကြိုင် ကို ကျွန်တော် အနီးကပ် မေး ကြည့်တော့ သူ လည်း စပါး ကိစ္စ နဲ့ သွားရင်း ကိုဘသာ ရှိတဲ့ မြို့ ကို ရောက် သွားတာ တဲ့  ၊ လက်ဖက်ရည် ဝင် သောက်ရင်း နဲ့ ကိုဘသာ စားပွဲထိုး နေ တာ ကို တွေ့လိုက်တာ တဲ့  ၊ သူ့ ကို တောင် မသိချင်ယောင် ဆောင်နေတာတဲ့ ၊

မောင်ကြိုင် က ကိုဘသာ လက် ကို ကိုင် ကြည့် လိုက်သေးတယ် တဲ့  ၊ အင်ကြင်းမြိုင်မြို့ မှာ တဲ့ ၊ လရောင်တင် လက်ဖက်ရည်ဆိုင် မှာ သူ ရှိတယ်တဲ့ .. ၊  သူ လည်း ဘာ စိတ်ကူး ပေါက်သွားတယ် မသိဘူး တဲ့ အဲဒီ မြို့ က ဓာတ်ပုံဆရာ ကို ခေါ်ပြီး ကိုဘသာ ပုံ ခိုး ရိုက်ခဲ့တာ တဲ့  ၊ သူ ပြောတဲ့ သဘော က တော့ ကိုဘသာ မသေဘူး ဆိုတာကို ရွာ က လူတွေ သိစေချင်တဲ့ ဆန္ဒ တဲ့  ၊ ကိုအုန်းဆောင် ကို အဲဒီ ဓာတ်ပုံ ပြ လိုက်တာ တဲ့ ”


“ ဒါတွေဟာ အုန်းဆောင် နဲ့ အေးသုန် စနက်တွေ ပါ ကိုအေးငွေ ရယ် ၊ ကျွန်မ တို့ ကိုဘသာ နဲ့ အမြန်ဆုံး တွေ့ပြီး လက်ဦးမှု ရအောင် ယူကြမယ် ” 


“ ကောင်းပါတယ် အကျင် ” 


အေးငွေ မကျင် အနား ကို ကပ်ပြီး ပတ်ဝန်းကျင် ကို တစ်ချက် အကဲခတ် လိုက်သည် ။ နောက်ပြီး  ... 


“ ရွှတ် ရွှတ် ”


အလစ်အငိုက် ပါးလေး ကို နှစ်ချက် ဆင့် နမ်း လိုက်သည် ။


 •••••   •••••   •••••


မကျင် ကိုဘသာ ကို ဘဝဇာတ်လမ်း စုံ ခင်းပြ လိုက်သည် ။ ရက်မလည် ဖြစ်သည် မှ အစ နောက်ဆုံး အရှင်ကြီး ဘသာ နတ်နန်း အထိ ။ ကိုဘသာ ငြိမ် သက်စွာ နားထောင် နေသည် ။ ပြီးမှ ..


“ မိုက်လိုက်တာ မကျင် ရယ် ”


ထို စကား သာ ပြောနိုင်ပြီး ပြန်လည် ငြိမ်သက် သွားသည် ။ ကိုဘသာ ၏ အခြေအနေ ကို ကြည့်ပြီး မကျင် ဆက် ပြောသည် ။


“ ကျွန်မ က လူတွေ ယုံကြည်အောင် နည်းမျိုးစုံ သုံးပြီး တည်ဆောက် ထား တာပါ ကိုဘသာ ရယ် ၊ ကိုဘသာ သက်ရှိ ထင်ရှား ရှိတယ် ဆိုတာ တစ်နေ့ မဟုတ် တစ်နေ့ ရွာနီးချုပ်စပ် သိသွား ရင် ကျွန်မ ရဲ့ လက်ရှိ အလုပ်အကိုင်တွေ အားလုံး ပျက်စီးသွားမယ် ကိုဘသာ ”


“ မကျင် ” 


“ ရှင် ”


“ မင်း အခု ငါ နဲ့ ပထမဦးဆုံး စ တွေ့ တာပါ ။ ကိုဘသာ မသေရင် ကျွန်မ ဆီ ဘာဖြစ် လို့ ပြန်မလာတာလဲ နေနိုင် လိုက်တာ ကိုဘသာ ရယ် .. ဒီ စကား တွေ ပဲ မင်း ပြောရမှာ  ၊ ခုဟာ က စ တွေ့ ကတည်း က ပြောလိုက်တာ မင်း တစ်ကိုယ်ကောင်း တွေ ပဲ ”


“ ဪ ... အဲဒီ စကား ကို နောက်မှ ပြောမလို့ စီစဉ် ပြီးသားပါ ၊ ဘဝ ရပ်တည်ရေး ရှေ့တန်း ရောက် သွားလို့ ပါ ကိုဘသာ ရယ် ၊ ဒါကို စိတ်ဆိုး သွားတာလား ... စိတ် မဆိုးနဲ့ဦး ၊ ခုနက စကား ကို ပြန် ဆက်ရအောင် ၊ ကိုဘသာ ဒီ မြို့က ထပ်ပြီး စွန့်ခွာစေချင်တယ် ၊ အဲ ဒါ ကျွန်မ ရဲ့ နောက်ဆုံး တောင်းဆိုမှုပဲ ” 


ကိုဘသာ မကျင် ကို ကရုဏာ သက်စွာ ကြည့် လိုက်သည် ။ ထို့နောက် စကား ကို ဖြည်းညင်းစွာ တစ်လုံးချင်း ထွက် လာသည် ။


“ လူတွေ ရဲ့ ယုံကြည်မှု ကို အလွဲသုံးစား မလုပ်ပါ နဲ့ မကျင် ရယ် ၊ သံသရာ လည်း မကောင်း ပါ ဘူး ၊ ကိုးကွယ်မှုတွေ လမ်းမှား ရောက်သွား နိုင်ပါတယ် ။ လူတိုင်း မှာ အယူ ဆိုတာ ရှိပါတယ် ၊ အဲဒီ လူတွေ ရဲ့ အယူ ကို မှန်ကန်တဲ့ တရားဓမ္မ နဲ့ အေးအောင် လုပ်ပေးပါ ၊ မသန့်ရှင်း တဲ့ ထမင်း ကို မစားပါ နဲ့  ၊ သန့်သန့်ရှင်းရှင်း ရ တဲ့ ငွေကြေးနဲ့ ပဲ ဘဝ တစ်ခု ကို ရပ်တည်ပါ ၊ ငါ ဒါပဲ ပြောနိုင်ပါတယ် မကျင် ရယ် ”


“ အခု အချိန်မှာ တရား မချပါနဲ့ ကိုဘသာ ၊ ကျွန်မ အတွက် နောက်ဆုံး ငဲ့ကွက် တဲ့ အနေနဲ့ ကိုဘသာ တခြား ဝေးတဲ့ မြို့ တစ်မြို့ မှာ ဘဝ တစ်ခု ထူထောင် ပေးပါ ။ စကား မစပ် ကိုဘသာ နောက် အိမ်ထောင် ပြုလိုက်ပြီလား ”


မကျင် ၏ မေးခွန်း ကို မဖြေတော့ ။ ဖြေရန် မလိုတော့ ဟု ကိုဘသာ စိတ် ထဲ တွေး လိုက်သည် ။ သိကြားမင်း ဆင်း ပြီး နားချ တောင် ရမည့် လူ မဟုတ်တော့ မှန်း ကိုဘသာ ရိပ်မိသွားသည် ။ 


သူ့ ထိုက် နဲ့ သူ့ ကံ နေပါစေတော့ ဟု ကိုဘသာ စိတ် ထဲ တွေး လိုက်သည် ။ 


“ အခု အချိန်မှာ တော့ ဒါတွေ မမေးပါနဲ့ မကျင် ၊ ငါ ဘဝသစ် စတာ ကြာ ပါ ပြီ ၊ အရာ အားလုံး ကို ငါ ပြည်ဖုံးကား ချလိုက်ပါပြီ ”


မကျင် အသံ ကို ချိန်း လိုက်သည် ။ ဆို့နစ်ကြေကွဲသော လုပ်သံကြီး ဖြင့် ...


“ ကျွန်မ က တော့ ကိုဘသာ မရှိတော့ တဲ့ အချိန် က စပြီး ရင် ထဲ မှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထား တာ ၊ တစ်ပင်ဆို  တစ်ပင် ပါပဲ ကိုဘသာ ရယ် ”


မကျင် မျက်ရည် ကို မနည်း ညှစ်ထုတ်လိုက်သည် ။


“ ကျွန်မ သွားတော့မယ် ကိုဘသာ ၊ လောက မှာ အသက် ရှင်လျက် နဲ့ သေသွား တဲ့ စိတ်ခံစားမှု မျိုး ခံစား ကြရတာ ဒီ ကမ္ဘာ မှာ ကျွန်မ တို့ နှစ်ယောက် လောက် ပဲ ရှိမယ် ထင်တယ်နော် ကိုဘသာ ရယ် ၊ ကျွန်မ သွားတော့မယ် ”


မကျင် ၏ သစ်လွင်တောက်ပသော ဝတ်စားဆင်ယင်မှုကို နောက်ကျော ဘက် မှ ကိုဘသာ ကြည့် လိုက်သည် ။ ခေါင်း ကို အဓိပ္ပာယ် ပါပါ တဆတ်ဆတ် ညိတ် လိုက်ပြီး လက်ဖက်ရည်ဆိုင် ဘက် သို့ ခြေလှမ်း ပြင် လိုက်သည် ။ 


မသီဝင်း က ကိုဘသာ ဆိုင် ထဲ ပြန်ဝင် လာတာ ကို စိတ်ပူစွာ ဖြင့် လှမ်း ကြည့် လိုက်သည် ။ ကိုဘသာ ဘာ ဖြစ်လာတာ လဲ ဆိုသည့် စိတ် ပူမှုမျိုး ။


 •••••   •••••   •••••


ဆိုင် သိမ်းပြီးချိန် ၊ 


နေရာ မသီဝင်း အခန်းထဲ ။ 


“ ကိုဘသာ ဘက် က အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်ပြီပေါ့ နော် ”


“ ကျွန်တော် ဒီ ဆိုင် ကို စ ရောက် ကတည်း က ရှင်းပြီးပါပြီ အဝင်း ရယ် ”


“ ဒီနေ့ ကျွန်မ အရမ်း ပျော်တာပဲ ကိုဘသာ ရယ် ”


“ ဘာဖြစ်လို့ လဲ ဟင် အဝင်း ”


“ ဟင် ... လူမေ့ကြီး ၊ ဒီနေ့ပဲ ကိုဘသာ နဲ့ ကျွန်မ ရပ်ကွက် တရားရုံး မှာ လက်ထပ် လိုက်ကြတယ်လေ ” 


“ တရားမဝင်သေးပါဘူး ” 


“ ဘာဖြစ်လို့  ” 


“ အရာ မမြောက်သေး လို့  ”


“ သွား ... လူပုံ က အေးပုံအေးပန်း နဲ့ ဒါမျိုး ကျတော့ တတ်သား ”


“ အဝင်း က လည်း ကွာ ”


“ နေဦး ... ဆိုင်တံခါး မပိတ်ရသေးဘူး ”


“ ရပါတယ် ... အဖျော်ဆရာတွေ ပိတ် လိမ့်မယ် ”


“ နပေါဦး ဆို ”


“ လက်ထပ် ပြီးပြီပဲ ဥစ္စာ ”


“ ကဲ ကဲ ... ပြော မရတော့လဲ ”


အသံများ တိတ်ဆိတ် သွားကြသည် ။ အဖျော်ဆရာ နှင့် စားပွဲထိုးများ က အပေါ်ထပ် က အသံ ကို နားစွင့် နေကြသည် ။


“ အဝင်း ”


“ ပြော ”


“ တစ်ခုလောက် တောင်းဆိုချင် လို့  ” 


“ ဟင် ... လောဘ က လည်း ကြီး လိုက်တာ ”


“ အဲဒါ ပြောတာ မဟုတ်ဘူး ”


“ ဘယ်ဟာလဲ ”


“ ဒီ အနီး တစ်ဝိုက် မှာ အလှူအတန်း ပဲ ဖြစ်ဖြစ် နာရေး ကိစ္စ ပဲ ဖြစ်ဖြစ် ကိုဘသာ ရေ လှူချင် တယ် ”


“ ဘယ်လို လှူချင်တာလဲ ”


“ ကိုယ့် ခွန်အား နဲ့ ရေ လှူချင်တာ ” 


“ ကောင်းတဲ့ အလုပ်ပဲ ... အဝင်း က ကန့်ကွက်စရာ ဘာ ရှိလို့ လဲ ”


“ ဒါမှ ငါ့ မိန်းမ ကွ ”


“ ဟီး ဟီး ”


“ ဟား ဟား ”


“ ကောင်လေးတွေ ရှိတယ် ၊ သူတို့ မအိပ်သေးဘူး ” 


“ တော်ပြီလေကွာ ”


“ ဟီး ဟား ... မလုပ် နဲ့ ယားတယ် ”

      

             ပြီး၏ ။


ဗေလုဝ

၁၆ - ၇ - ၁၂


၂၇ - ၇ - ၁၂ တွင် သား လရောင်သက္ကရာဇ် လေးနှစ် မပြည့်မီ ( ၁၁ ) ရက် အလို၌ ပြီး၏ ။


◾ဗေလုဝ 


📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ 


#ကိုအောင်နိုင်ဦး


.