Showing posts with label လင်းခေတ်ဇော်. Show all posts
Showing posts with label လင်းခေတ်ဇော်. Show all posts

Thursday, May 14, 2026

အဇ္ဈတ္တလွန်ပွဲ


❝ အဇ္ဈတ္တလွန်ပွဲ ❞ 
( လင်းခေတ်ဇော် )

၁ ။

ညကတည်းက တဖြောက်ဖြောက် ရွာနေသော မိုးက နံနက်လင်းသည်အထိ မစဲသေး ။ သဲသဲမဲမဲ ရွာသည်လည်း မဟုတ် ၊ တိတ်၍လည်း မသွားဘဲ ပျင်းရိကောင်းရုံသာ စွေပြီး ရွာနေခြင်း ဖြစ်သည် ။

“ ကိုသက်မောင် ကိုသက်မောင် ၊ ထတော့လေ ခုနစ်နာရီ ထိုးတော့မယ် ”

“ အင်း .. အင်း ... ”

ဇနီးဖြစ်သူက ခြေထောက်ကို လှုပ်ကာ နှိုးနေသဖြင့် ကိုသက်မောင် အိပ်ရာထဲမှ လူးလဲ ထလိုက်သည် ။ တကယ်ဆို ကိုသက်မောင် အိပ်ရာထဲက မထချင်သေး ။ မိုးအေးအေးနှင့် ဆက်ပြီး ကွေးနေချင်သေး ၏ ။ သို့သော် သူ အပါအဝင် လေးစင်းသော ဝမ်းသမုဒ္ဒရာများအား ဖြည့်တင်းရန်က ရှိနေသေး၍ အိပ်ရာထဲက မထချင်လည်း ထလိုက်ရသည် ။ မျက်နှာသစ် သွားတိုက်ပြီးသောအခါ ဇနီးသည် အဆင်သင့် ပြင်ပေးထားသော ထမင်းကြမ်းနှင့် ငါးလေးခြောက်ကြော်ကို ရေနွေးပူပူနှင့် မျှောချလိုက်သည် ။

“ အိမ်ခန်းလခ ပေးရတော့မယ်နော် ”

ဇနီးဖြစ်သူ မချိုက ထမင်းအိုး ငှဲ့နေရင်းမှ တစ်ယောက်တည်း ပြောနေသလိုဖြင့် ကိုသက်မောင် ကြားအောင် ပြောလိုက်သည် ။ ကိုသက်မောင်က မချို့ စကားကို မကြားဟန်ပြုကာ ထမင်းကိုသာ ဆက်စားနေ၏ ။

“ အဖေ ၊ သမီးလည်း ကျူရှင်လခ ပေးရဦးမယ် ”

ရှစ်တန်း တက်နေသော သမီးအငယ်မကလည်း သနပ်ခါး လိမ်းနေရာမှ လှမ်းပြောလိုက် ပြန်သည် ။ ကိုသက်မောင် စားလက်စ ထမင်းကြမ်းက ပို၍ ကြမ်းတမ်းသွားသလို ထင်လိုက်မိ၏ ။ ဆက်စားချင်စိတ် မရှိတော့သဖြင့် ထမင်းပန်းကန်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ဆေးလိပ်ခွက်ထဲမှ ဆေးလိပ်တိုကို မီးညှိ ဖွာရှိုက်လိုက်သည် ။ ယခင်လတွေက ဆိုလျှင် အိမ်ခန်းလခနှင့် ဗာဟီရစရိတ်များအတွက် ကိုသက်မောင် ပူစရာမလို ၊ အထည်ချုပ်စက်ရုံ ဆင်းနေသော သမီး အကြီးမက တာဝန်ယူထား၏ ။ သည်လတော့ စက်ရုံတွင် ဆန္ဒတွေ ပြနေကြသဖြင့် သမီးအကြီးမမှာ အလုပ်ဆင်းရက် သိပ်မရှိ ။ ထို့ကြောင့် အိမ်အသုံးစရိတ် အားလုံးက ကိုသက်မောင့် ခေါင်းပေါ် စုပြုံ ကျလာတော့သည် ။

ကိုသက်မောင်တို့က ဧရာဝတီတိုင်း ဖျာပုံနယ် ဘက်မှ ဖြစ်၏ ။ နာဂစ်မုန်တိုင်း ပြီးကတည်းက သူတို့ နယ်တွင် အလုပ်အကိုင်များ မကောင်းသောကြောင့် မချိုအစ်ကို တစ်ယောက် ရှိသည့် ဤ လှိုင်သာယာသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည် ။ လှိုင်သာယာ သို့ ရောက်စက အလုပ်အကိုင်က အတည်တကျ မရှိ ၊ နေစရာ အိမ်ခန်းကလည်း ဟိုပြောင်း ဒီရွှေ့နှင့်မို့ တော်တော် ဒုက္ခရောက်ခဲ့ကြရသည် ။ ကိုသက်မောင် က ဆန်ထမ်း ၊ ပဲထမ်း ၊ ပန်းရန် လူကြမ်း ရရာ အလုပ် ဝင်လုပ်၏ ။ ဆယ်တန်းကျပြီး ကျောင်းဆက် မတက်နိုင်တော့သော သမီး အကြီးမ ကလည်း အထည်ချုပ်စက်ရုံ တစ်ခု၌ အလုပ်ဆင်း၏ ။ ထိုစဉ်က ခြောက်တန်းတက်မည့် သမီးအငယ်မ ကိုလည်း ကျောင်းတစ်နှစ် အောက် လိုက်ရလေသည် ။

တစ်နှစ်ကျော် နှစ်နှစ် နီးပါးမျှ ရုန်းကန်ကြပြီးမှ ကိုသက်မောင်က ဆိုင်ကယ် တစ်ပတ်ရစ်လေး တစ်စီး ဝယ်ကာ ဆိုင်ကယ်ကယ်ရီ ဆွဲနိုင်လာ၏ ။ သမီးအကြီးမ ကလည်း အထည်ချုပ်စက်ရုံတွင် လစာ တစ်သိန်းခွဲခန့် ရ၏ ။ သို့သော်လည်း သူတို့လို လက်လုပ်လက်စားတွေ အတွက် အဆင်ပြေတယ် ဆိုသည်မှာ ထမင်း နပ်မှန်ရုံနှင့် ငွေလိုလျှင် ချေးငှား၍ လွယ်ကူရုံမျှပင် ဖြစ်သည် ။ သမီးအငယ်မ ကိုတော့ မဖြစ်ဖြစ်အောင် ခြိုးခြံချွေတာပြီး ကျောင်းပြန် ထားရ၏ ။ ကျောင်းတစ်နှစ် အောက်ထားရသဖြင့် စာမလိုက်နိုင်မည် စိုး၍ သူ့ အတန်းပိုင်ဆရာမ ဖွင့်သော ကျူရှင်တွင်လည်း ထားပေးရသေးသည် ။

ကိုသက်မောင် သက် ပြင်းကို ဟင်းခနဲချရင်း ဖင်စီခံ ထိနေပြီ ဖြစ်သော ဆေးလိပ်တိုကို ပြာခွက်ထဲ ထိုးခြေလိုက်၏ ။ မိုးကလည်း တစ်နေ့လုံး တိတ်မည့်ပုံ မရ ၊ မိုးရွာလည်း နား၍ မဖြစ်သည်မို့ ဒူးခေါင်းအထိ ရှည်သော မိုးကာအင်္ကျီကို ဝတ်ဆင်ပြီး ဆိုင်ကယ်ကို စက်နှိုးကာ ကယ်ရီဂိတ်သို့ မောင်းထွက်လာခဲ့လိုက်တော့သည် ။

••••• ••••• •••••

၂ ။

ဂိတ်ကို ရောက်တော့ ကိုလှတိုးအောင် နှင့် မျိုးဇော် တို့၏ ဆိုင်ကယ် နှစ်စီးသာ မိုးရွာထဲ ရပ်ထားတာ တွေ့ရ၏ ။ လူတွေကတော့ ကယ်ရီဂိတ် အနီးရှိ လက်ဖက်ရည်ဆိုင်တွင် မိုးခိုရင်း ဆိုင်မှာ ပြသနေသော နိုင်ငံခြားရုပ်ရှင်ဇာတ်ကားကို ကြည့်နေကြ၏ ။ ကိုသက်မောင်လည်း ဆိုင်ကယ်ကို ဂိတ်မှာ ထိုးပြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်လာခဲ့သည် ။ မိုးကာအင်္ကျီကို ချွတ်ကာ တိုင်တစ်တိုင်တွင် ချိတ်ပြီး ကိုလှတိုးအောင်တို့ ဝိုင်းတွင် ဝင်ထိုင်လိုက်၏ ။

“ ဦးလေး လက်ဖက်ရည် သောက်မှာလား ... ”

“ အေး ... ချိုကျတစ်ခွက် ၊ ရူဘီတစ်ပွဲပါ ဆွဲခဲ့ကွာ ”

စားပွဲထိုးလေးကို လက်ဖက်ရည် မှာပြီး ရေနွေးကြမ်း တစ်ခွက် ငှဲ့ကာ အချမ်းပြေ မှုတ်၍ သောက်လိုက်သည် ။ ပြီးမှ ကိုလှတိုးအောင်အား -

“ ဒီမနက် ဘယ်နှကြောင်း ဆွဲပြီးပြီလဲ ” ဟု မေးလိုက်သည် ။ ကိုလှတိုးအောင်က လက်သုံးချောင်း ထောင်ပြ၏ ။

“ ဟ ... သုံးကြောင်းတောင် ဆွဲပြီးပြီလား ” 

“ မဟုတ်ဘူး ၊ ရုပ်ရှင်ဇာတ်ကား ထိုင်ကြည့်နေတာ သုံးကား ရှိပြီလို့ ပြောတာ ”

ကို လှတိုးအောင်၏ ဟာသကို အသက်မပါဘဲ ရယ်လိုက်ကြသည် ။ ကိုလှတိုးအောင် မှာ အိမ်စရိတ် အပြင် အမျိုးသမီးရောဂါဖြင့် အိပ်ရာထဲ လဲနေသော မိန်းမအတွက် ဆေးကုသစရိတ်ပါ ရှာနေရသူ ဖြစ်သည် ။ မျိုးဇော် ကတော့ လူပျိုလူလွတ် ဖြစ်သည့် အပြင် မိသားစုကလည်း ချောင်လည်သည်မို့ ကယ်ရီ ဆွဲရရ မရရ အေးအေးဆေးဆေးပင် ဖြစ်၏ ။

ကိုသက်မောင် မှာထားသော လက်ဖက်ရည် ရောက်လာသဖြင့် လက်ဖက်ရည်ချိုကျကို တစ်ငုံ သောက်လိုက်သည် ။ ပြီးတော့ ရူဘီစီးကရက်ကို မီးညှိ ဖွာရှိုက်ရင်း ဆိုင်ကယ် ငှားမည့်သူ တစ်ယောက်တလေများ လာလိမ့်နိုးဖြင့် လမ်းမဘက်သို့ ကြည့်နေလိုက်သည် ။ ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်ထဲသို့ ဖိုးချို ဆိုသော ကောင်လေး ဝင်လာတာ တွေ့လိုက်ရသည် ။ ဖိုးချိုက ကိုသက်မောင်တို့ ဝိုင်းသို့ ဝင်ထိုင်ရင်း မျိုးဇော်အား -

“ ကိုမျိုးဇော် ... ဆမ်ဆောင်း တစ်လုံး ရောင်းဖို့ရှိတယ် ၊ ကြည့်မလား ”

“ အေး ... အတော်ပဲ ၊ ငါ့ သူငယ်ချင်းတစ်ယောက် လည်း ဖုန်းရှာခိုင်းနေတာ ၊ ပြ ကြည့်လေ ”

ဖိုးချိုက သူ့အိတ်ထဲမှ ဖုန်းတစ်လုံး ထုတ်ပြ၏ ။ ဖုန်းက ရွှေရောင် တပ်စကရင်အမျိုးအစား ဖြစ်ပြီး သိန်းကျော် တန်လိမ့်မည်ဟု ကိုသက်မောင် ခန့်မှန်းမိသည် ။ မျိုးဇော်က ဖုန်းကို အပြန်ပြန် အလှန်လှန် စစ်ကြည့်လိုက်ပြီး -

“ ဖုန်းကတော့ ဆမ်ဆောင်း အမှန်ပဲ ၊ ဘယ်လောက်လဲ ”

“ ရှစ်ပြား ( ရှစ်သောင်း ) တဲ့ ၊ ယူမယ်ဆို အလျော့အတင်း ရှိတယ် ”

“ ခုနစ်ပြားရရင် ယူမယ်ကွာ ”

“ အဲဒါဆို ဟိုဘက်ကို မေးကြည့်လိုက်ဦးမယ် ၊ အဆင်ပြေရင် ကျွန်တော် ကိုမျိုးဇော်ကို ဖုန်းဆက်လိုက်မယ် ”

ဖိုးချိုက သူ့ကိစ္စ ပြီးသွားသဖြင့် မိုးရွာထဲ ထီးလေး ဆောင်းပြီး ပြန်ထွက်သွားသည် ။ ကိုသက်မောင်သည် သိန်းကျော်တန် ဖုန်းတစ်လုံးကို ခုနစ်သောင်း ၊ ရှစ်သောင်း နှင့် လာရောင်းသဖြင့် အံ့ဩနေ၏ ။ နောက်မှ မျိုးဇော် ပြန်ပြောပြသည်မှာ ဖိုးချိုက ခါး ပိုက်နှိုက်များ ၊ အလစ်သမားများ ရလာသော ဖုန်းများကို ပွဲစားခ ယူပြီး ပြန်ရောင်းပေးခြင်း ဖြစ်သည်ဟု ဆို၏ ။ ကိုသက်မောင်လည်း သူ့သမီး အကြီးမ လက်ရှိ ကိုင်နေသော ဟွာဝေးဖုန်းလေးမှာ ဆိုင်မဆင်း ဖြစ်နေသောကြောင့် ဖုန်းအသစ် လိုချင်ကြောင်း ခဏခဏ ပြောတာ သတိရမိသွားသည် ။ ထို့ကြောင့် မျိုးဇော်အား -

“ နောက်တစ်ခါ အဲဒီလို ဖုန်းအချိုအချောင်လေးရရင် ငါ့ ပြောစမ်းပါကွာ ၊ ငါ့သမီး အတွက် လိုချင်လို့ ”

“ ကိုသက်မောင် လိုချင်ရင် ကျွန်တော် ဖိုးချိုကို ပြောထားမယ်လေ ”

ထိုအခါ တစ်ချိန်လုံး ဘာမှ မပြောဘဲ ရုပ်ရှင်ကိုသာ ကြည့်နေသော ကိုလှတိုးအောင်က -

“ ဖိုးချို ဆီက ဖုန်းကို မဝယ်စမ်းပါနဲ့ သက်မောင် ရာ ၊ သူများဆီက ခိုးလာမှန်း သိနေတာပဲ ၊ သူခိုးအားပေး ဖြစ်နေလိမ့်မယ် ”

“ ကိုယ် ခိုးတာမှ မဟုတ်ပဲဗျာ ၊ သူ့ဆီက ကိုယ်က ဝယ်တာပဲ ”

“ အတူတူပဲလေကွာ ၊ ကိုယ်တိုင် ခိုးတာ မဟုတ်ပေမဲ့ သူခိုးဆီက ပြန်ဝယ်တော့ မကောင်းမှုကို အားပေးသလို ဖြစ်နေတာပေါ့ ”

“ ကျွန်တော်တို့လို မရှိတဲ့ သူတွေက အဲဒီလိုမှ မဝယ်ရင် အသစ် ဝယ်ကိုင်နိုင်မှာ မဟုတ်ဘူး ”

ကိုသက်မောင် စကားကြောင့် ကိုလှတိုးအောင်က ဦးခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း -

“ မဟုတ်သေးဘူး သက်မောင်ရ ၊ မင်းတို့ ငါတို့လို မရှိ ဆင်းရဲတဲ့ သူတွေမှာ ကောင်းမှုကုသိုလ်ကို တကူးတက မလုပ်နိုင်ကြဘူး ။ အဲဒီတော့ မကောင်းမှုကိုတော့ တတ်နိုင်သလောက် ရှောင်သင့်တယ် ။ သူများ ပစ္စည်း ခိုးတယ် ဆိုတာ အကုသိုလ်ပဲ လေ ။ ကိုယ်တိုင် မခိုးလည်း သူများ ခိုးတာကို အားပေးတာ မကောင်းပါဘူးကွာ ။ ခုနစ်သောင်း ၊ ရှစ်သောင်းဆို ဆိုင်မှာ အသင့်အတင့် ဖုန်းတစ်လုံးတော့ ရပါတယ် ။ ဖိုးချို ဆီက ဖုန်းကို မဝယ်စမ်းပါနဲ့ကွာ ”

ကိုသက်မောင် ကတော့ ကိုလှတိုးအောင် ပြောသည့် စကားများကို သိပ်ဘဝင် မကျ ။ သူ့ဘာသာ မည်သည့်နည်းနှင့် ရလာသည် ဖြစ်ဖြစ် ကိုယ်က တန်ရာတန်ကြေး ပေးဝယ်ခြင်း ဖြစ်သည်ဟု သူ ထင်သည် ။ ကိုသက်မောင် ခွက်ထဲမှ လက်ဖက်ရည် လက်ကျန်ကို အကုန် မော့ချပြီး ရေနွေးကြမ်း တစ်ကျိုက် မှုတ်သောက်လိုက်သည် ။ ထိုအချိန်တွင် ဆိုင်ကယ် ကယ်ရီ ငှားမည့်သူ တစ်ဦး ရောက်လာသောကြောင့် စီနီယာ အလှည့်ကျသည့် ကိုလှတိုးအောင် ထ၍ လိုက်သွားသည် ။ ကိုသက်မောင်နှင့် မျိုးဇော်ကတော့ နောက်ထပ် ဆိုင်ကယ် ငှားမည့်သူ စောင့်ရင်း လက်ဖက်ရည်ဆိုင်တွင် ပြနေသော ရုပ်ရှင်ဇာတ်ကားကို ကြည့်လျက် ကျန်ခဲ့ကြလေသည် ။

••••• ••••• •••••

၃ ။

ညမိုးချုပ်သည် အထိ ကိုသက်မောင် ကယ်ရီဆွဲခ လေးထောင်ကျော်သာ ရသေး၏ ။ ကိုလှတိုးအောင် က မျက်စိ သိပ်မကောင်း၍ ညမှောင်သည်နှင့် ဆိုင်ကယ် သိမ်းကာ အိမ်ပြန်သွားပြီ ဖြစ်သည် ။ ဂိတ်တွင် ကိုသက်မောင်နှင့် အခြား ဆိုင်ကယ်သမား နှစ်ဦးသုံးဦးသာ ကျန်တော့သည် ။ ကိုသက်မောင်လည်း တစ်ခေါက် ဆွဲပြီးလျှင် အိမ်ပြန်တော့မည်ဟု စိတ်ကူးထား၏ ။ ထိုစဉ် -

“ ကယ်ရီအားလား ”

“ ဘယ် သွားမှာလဲဆရာ ”

ဆိုင်ကယ်ငှားသည့် သူက သူသွားမည့် နေရာကို ပြော၏ ။ သူ ပြောသည့်နေရာမှာ လူပြတ်ပြီး ဆိုင်ကယ်လုယက်မှုတွေ ခဏခဏ ဖြစ်တတ်သောကြောင့် ကယ်ရီသမား အများစု မလိုက်ချင်ကြသော နေရာဖြစ်သည် ။ ကိုသက်မောင်သည် မနက်က မိန်းမနှင့် သမီးစကားများကို ပြန်ကြား ယောင်ပြီး အရဲစွန့်လိုက်၏ ။

“ ခြောက်ထောင် ကျမယ် ၊ သွားမလား ဆရာ ”

တကယ်က ဤခရီးမှာ သုံးထောင့် ငါးရာ ၊ လေးထောင်မျှသာ တန်သည် ။ စွန့်စား၍ လိုက်ရမည် ဖြစ်သောကြောင့် ပိုပြောလိုက်ခြင်းဖြစ်၏ ။ ထိုလူက ခေတ္တမျှ စဉ်း စားပြီး သွားမည်ဟု ဆိုသဖြင့် ကိုသက်မောင် ဆိုင်ကယ်အား စက်နှိုးလိုက်သည် ။ ဆိုင်ကယ် မထွက်ခင် ကယ်ရီသမား တစ်ဦးက ကိုသက်မောင် နားနား ကပ်ပြီး သတိထားဖို့ ပြော၏ ။ ကိုသက်မောင်က ခေါင်းညိတ်ပြပြီး ဆိုင်ကယ်ကို မောင်းထွက်လာခဲ့တော့သည် ။

ကိုသက်မောင် ဆိုင်ကယ်ကို မောင်းလာရင်း လူနေအိမ်များနှင့် တဖြည်းဖြည်း ဝေးလာ၏ ။ လမ်းတွေက မိုးရွာထားသောကြောင့် ချောနေသည့်အပြင် လမ်းမီးလည်း မရှိသဖြင့် ဆိုင်ကယ်မီးကိုသာ အားပြုပြီး ဂရုစိုက် မောင်းနေရ၏ ။ ထိုအချိန်တွင် ကိုသက်မောင်၏ နံကြားသို့ ချွန်ထက်သော အရာတစ်ခုနှင့် အထောက် ခံလိုက်ရပြီး -

“ ဟေ့ကောင် ၊ မသေချင်ရင် ဆိုင်ကယ်ကို ခုချက်ချင်း ရပ်လိုက် ”

ကိုသက်မောင် ဆိုင်ကယ်အား ဂီယာချိန်း၍ ရပ်လိုက်သည် ။ ထိုသူက ကိုသက်မောင် နံကြားအား ထောက်ထားသည့် အရာကို ပို၍ တိုးဖိလိုက်ရင်း -

“ ဆိုင်ကယ်ပေါ်က ဆင်းစမ်း ... ”

ကိုသက်မောင် ဆိုင်ကယ်ပေါ်က မဆင်းသေးဘဲ ဘာလုပ်ရမလဲ စဉ်းစားလိုက်၏ ။

“ ဟေ့ကောင် ... ဆင်းဆို ဆင်းစမ်း ၊ ဘာစဉ်းစားနေ တာလဲ ၊ သေချင်လို့လား ”

ခြိမ်းခြောက်သံ နှင့်အတူ ထိုလူ့ လက်ထဲမှ အရာက သူ့နံကြားထဲသို့ စူးခနဲ တိုးဝင် လာလေသည် ။ ကိုသက်မောင် ရုတ်တရက် ဆိုင်ကယ်လီဗာကို ဆောင့်ဆွဲပြီး ဆိုင်ကယ်အား ဆွဲလှဲပစ်လိုက်တော့သည် ။ ဆိုင်ကယ်အရှိန်ဖြင့် ထိုလူမှာ လမ်းဘေးသို့ လွင့်ကျသွား၏ ။ ကိုသက်မောင်လည်း ဆိုင်ကယ် အောက်တွင် ပိနေသဖြင့် မနည်း ကုန်းရုန်းပြီး ထ, လိုက်သည် ။ ဘယ်ဘက် ခြေသလုံးမှ နာကျင်သည့် ဝေဒနာကို ခံစားရ၍ လက်ဖြင့် ပွတ်ကြည့်လိုက်တော့ ပူနွေးစေး ထန်းသော အထိအတွေ့ကို ရလိုက်၏ ။ ကိုသက်မောင် ဘယ်ဘက် ကိုယ်တစ်ခြမ်းလုံး နာကျင်နေပြီး နံတွေပါ အောင့်သွားသည် ။ နာကျင်မှုကို ကြိတ်မှိတ်ကာ ဆိုင်ကယ်ကို ဆွဲထောင်၍ စစ်ဆေးကြည့်လိုက်သည် ။ ဒူးကာ ကွဲသွားပြီး ခြေနင်း တစ်ဖက် ကျိုးသွားရုံမှ လွဲ၍ သိပ်ကြီးကြီးမားမား မပျက်စီးသဖြင့် ကိုသက်မောင် စိတ်အေးသွားသည် ။

လမ်းဘေးတွင် ခွေခွေလေး လဲနေသောသူမှာ မလှုပ်တော့သဖြင့် သေများသွားပြီလားဟု ထိတ်လန့်တကြားနှင့် အနားကပ် ကြည့်လိုက်သည် ။ အသက်တော့ ရှူနေသေးသည် ။ ဆိုင်ကယ်လဲသည့် အရှိန်ကြောင့် ကတ္တရာလမ်းနှင့် ဦးခေါင်း ရိုက်မိပြီး သတိ လစ်နေခြင်းဖြစ်ဟန် တူ၏ ။ ကိုသက်မောင် စမ်းကြည့်တော့ ဦးခေါင်းမှ သွေးအနည်းငယ် ထွက်နေတာ သိရသည် ။ ထိုသူ၏ အင်္ကျီအိတ်ကပ်နှင့် ဘေးလွယ်အိတ်ထဲမှ ငွေစက္ကူ တချို့နှင့် ဖုန်းတစ်လုံး ရှာတွေ့၏ ။ ဆိုင်ကယ်မီးရောင်ဖြင့် သေသေချာချာ ကြည့်လိုက်တော့ ဖုန်းက ဆမ်ဆောင်း အမျိုးအစား ဖြစ်သည် ။ ငွေကတော့ တစ်သောင်းကျော်ခန့် ရှိမည် ။

ကိုသက်မောင် ဘာလုပ်ရမှန်း မသိ ဖြစ်နေ၏ ။ ထိုလူ၏ ဖုန်းနှင့် ငွေကို ယူပြီး သွားလျှင် ဘယ်သူမှ သိလိမ့်မည် မဟုတ်ဟု တွေးမိသည် ။ ဖုန်းကို ပြန်ရောင်းလျှင် ခြောက် သောင်း ၊ ခုနစ်သောင်းခန့်တော့ ရမည် ။ ထိုအခါ အိမ်ခန်းလခနှင့် သမီးအငယ်မ၏ ကျူရှင်ခ ပေးနိုင်မည်ဟု ကိုသက်မောင် တွေးမိသည် ။ သို့သော် ဟိုလူ့ကို ဒီအတိုင်း ထားခဲ့ရမှာကိုလည်း ချီတုံချတုံ ဖြစ်နေ၏ ။ သည်လို လူပြတ်သော နေရာတွင် ထိုလူအား ထားခဲ့လျှင် သွေးထွက် လွန်ပြီး သေသွားနိုင်လေသည် ။ လူ့အသက်တစ်ချောင်းကိုလည်း ကိုသက်မောင် ပစ်စလက်ခတ် မထားနိုင် ဖြစ်နေ၏ ။ တစ်ဖန် ဒီလူက သူ့အသက်ကို ရန်ရှာသည့်သူ ၊ သူ့ထိုက်နှင့် သူ့ကံ ရှိပစေဟု တွေးမိပြန်၏ ။ ထိုအခါ မနက်က လက်ဖက်ရည်ဆိုင်တွင် ကိုလှတိုးအောင် ပြောသည့် ကုသိုလ်ကောင်းမှု မလုပ်နိုင်လျှင်တောင် မကောင်းမှုကိုတော့ တတ်နိုင်သမျှ ရှောင်ရမည် ဆိုသည့် စကားကို ပြန်၍ ကြားယောင်မိပြန်သည် ။

ကိုသက်မောင် တစ်ယောက် ထိုကဲ့သို့ တွေဝေနေစဉ်မှာပင် အဝေးမှ ကားမီးရောင် တစ်ခုကို လှမ်းမြင်လိုက်ရ၏ ။ နောက်ဆုံး ထို ကားမီးရောင် အနားရောက် မလာခင် ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်လေတော့သည် ။

••••• ••••• ••••• 

၄ ။

ညတုန်းက ရခဲ့တဲ့ ဒဏ်ရာတွေ အရှိန်ကြောင့် ကိုသက်မောင် တစ်ကိုယ်လုံး မလှုပ်ရှားချင်လောက်အောင် နာကျင်ကိုက်ခဲနေ၏ ။ ပါးစပ်မှ တကျွတ်ကျွတ် ညည်းညူရင်း အိပ်ရာထဲမှ ကုန်းရုန်းထလိုက်သည် ။

“ ဘာလုပ်မလို့ ထ,တာလဲ ၊ ရှင့် တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ နားနေပါလား ”

ဇနီးသည် မချိုက စိုးရိမ်တကြီး ပြောသည်ကို ကိုသက်မောင် လက်ကာပြပြီး -

“ ရပါတယ်ကွာ ၊ ဒဏ်ရာက သိပ်မများပါဘူး ၊ ဆေးလိမ်းဆေးသောက်ရင် သက်သာသွားမှာ ၊ နားလို့ မဖြစ်ဘူး ၊ အိမ်လခ ပေးဖို့ ရှာရဦးမယ် ၊ နောက်ပြီး ဆိုင်ကယ်လည်း ပြင်ရဦးမှာ ”

“ အဲဒါဆိုလည်း ခဏစောင့် ၊ လမ်းထိပ်က ဆေးဆိုင်မှာ လိမ်းဆေးနဲ့ သောက်ဖို့ ဆေးသွား စပ်ခိုင်းလိုက်ဦးမယ် ၊ ဆေးမသောက်ခင် စားဖို့ ဘာဝယ်ခဲ့ရမလဲ ”

“ ကော်ဖီနဲ့ မုန့်တစ်ခုခု ဝယ်ခဲ့ကွာ ”

ဇနီးဖြစ်သူ ဆေးဝယ်ဖို့ ထွက်သွားတော့မှ ကိုသက်မောင် အိပ်ရာထဲက ထပြီး သွားတိုက် ၊ မျက်နှာသစ်လိုက်သည် ။ လက်ဝဲဘက် ကိုယ်တစ်ခြမ်းလုံးမှာ မခံမရပ်နိုင်အောင် နာကျင်နေသောကြောင့် လက်တစ်ဖက်တည်းဖြင့် ခက်ခက်ခဲခဲ မျက်နှာသစ် ရလေသည် ။ ဤအချိန်၌ သမီးအကြီးမက စက်ရုံ ဆင်းသွားပြီ ဖြစ်ပြီး အငယ်မကလည်း ကျောင်းသွားနေပြီ ဖြစ်သဖြင့် အိမ်မှာ ကိုသက်မောင် တစ်ယောက်တည်းသာ ရှိနေ၏ ။ ကိုသက်မောင်သည် ညတုန်းက ဇနီးနှင့် သမီးများ မမြင်အောင် ဝှက်ထားသော ဖုန်းနှင့် ငွေများကို ထုတ်ယူ ကြည့်လိုက်သည် ။

ကိုသက်မောင် မှာ မနေ့ ညက မိမိ ပယောဂကြောင့် လူတစ်ယောက်အသက် မဆုံးရှုံးစေချင်သည့် စိတ်ဖြင့် ဖြတ်သွားသော ကားတစ်စီးအား တားပြီး ထိုလူကို နီးစပ်ရာ ဆေးရုံသို့ ပို့ပေးခဲ့လေသည် ။ အခြေအနေ မစိုးရိမ်ရမှန်း သိရမှ ဆေးရုံတာဝန်ရှိသူ တစ်ဦးအား မိမိကို ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ် ပေးခဲ့ပြီး အိမ်သို့ ပြန်လာခဲ့၏ ။ တကယ်ဆိုလျှင် ကိုသက်မောင် ဆေးရုံတွင် ပေးခဲ့သော လိပ်စာနှင့် ဖုန်းနံပါတ်မှာ အမှားကြီးပင် ဖြစ်သည် ။ ထို သူ၏ ဖုန်းနှင့် ငွေများကို ကိုသက်မောင် ယူလာခဲ့၏ ။ ကိုသက်မောင်၏ လုပ်ရပ်အား ကိုလှတိုးအောင် သိလျှင်တော့ မည်ကဲ့သို့ အပြစ်တင် ပြောဆိုဦးမည် မသိပါ ။ ကိုသက်မောင်မှာ အိမ်ခန်းလခနှင့် သမီးငယ် ကျူရှင်လခတို့ အတွက် အရေးတကြီး ငွေ လိုနေသည် ။ လိုအပ်သော ငွေကို ရှာမပေးနိုင်လျှင် အိမ်ရှင်၏ အပြောအဆို ခံရမည် ဖြစ်၏ ။ သမီးငယ်မှာလည်း ကျူရှင်တွင် မျက်နှာ ငယ်ရလေမည် ။ ညတုန်းက သူ ယူလာခဲ့သော ဖုန်းကို ဖိုးချို မှ တစ်ဆင့် ရောင်းလိုက်လျှင် လိုအပ်နေသော အိမ်လခနှင့် ကျူရှင်ခ အနည်းအကျဉ်း ပြေလည်သွားနိုင်မည် ဖြစ်သည် ။ တစ်ဖန် ကိုလှတိုးအောင် ပြောသကဲ့သို့ ကုသိုလ်ကောင်းမှု မလုပ်နိုင်သည့် ဘဝမှာ မကောင်းမှုကို ကျူးလွန်ရမှာလည်း ဝန်လေးနေမိလေသည် ။ ကိုသက်မောင် တစ်ယောက် ဖုန်းနှင့် ငွေစက္ကူများကို လက်မှ ကိုင်လျက် ပိုင်ရှင်ထံ ပြန်ပေးရနိုး မပေးရနိုး ဆိုတာ ဝေခွဲမရ ဖြစ်နေ၏ ။ သူ၏ စိတ်တွင်းဝယ် လတ်တလော မိမိ ကြုံနေရသည့် အခက်အခဲ နှင့် ကိုယ်ကျင့်တရား မည်သည့်အရာက ပိုအရေးကြီးသလဲ ဆိုတာကို လွန်ဆွဲလျက် ရှိနေပါတော့သည် ။

▢  လင်းခေတ်ဇော်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဧပြီ ၊ ၂၀၁၉

Saturday, June 1, 2024

အချစ် ၏ ချောင်းမြောင်း လုပ်ကြံခြင်း ကို ခံရပြီးသည့် နောက်


 ❝ အချစ် ၏ ချောင်းမြောင်း လုပ်ကြံခြင်း ကို ခံရပြီးသည့် နောက် ❞ 


( ၁ )


လူ တစ်ယောက် ရဲ့ မှတ်ဉာဏ် က သိပ် အံ့သြဖို့ ကောင်းတယ် ။ တစ်ခါတလေ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက် က အဖြစ်အပျက် တစ်ခု ကို အသေးစိတ် မှတ်မိ နေတတ်ပြီး ၊ တစ်ခါတလေကျ မနေ့ည က ဘာ ဟင်းနဲ့ ထမင်း စားခဲ့လဲ ဆိုတာ ကိုတောင် စဉ်းစားလို့ မရတာမျိုး ရှိတယ် ။ ဘာမှ အရေး မကြီးတဲ့ အသေးအဖွဲ ကိစ္စလေး တွေ ကို သတိတရ ရှိ နေပြီး ဘဝ အတွက် အရေးပါတဲ့ ကိစ္စမျိုး မှ မေ့လျော့ နေတာမျိုးလည်း ဖြစ်တတ်တယ် ။


ကျွန်တော် လည်း မှတ်ဥာဏ် သိပ် ကောင်းတဲ့ သူ တစ်ယောက်တော့ မဟုတ်ဘူး ။ ထီး တို့ သော့ တို့ စာအုပ် တို့ လိုပစ္စည်းတွေ မကြာခဏ မေ့ကျန် ပျောက်ရှ ဖူးတယ် ။ လက်ဖက်ရည်ဆိုင် ကို စက်ဘီး နဲ့ သွားပြီး အပြန် မှာ စက်ဘီး ကို မေ့ပြီးလမ်းလျှောက် ပြန်လာခဲ့ ဖူးတယ် ။ ဒါပေမဲ့ ကျွန်တော့် မှတ်ဉာဏ် ထဲ ကနေ အပြီးအပိုင် မေ့ ပစ်လိုက်ချင်တဲ့ အရာ တစ်ချို့ ကို မေ့လို့ မရ နိုင်တာ တော့ ကိုယ့် ကိုယ် ကိုယ် စိတ်ပျက် မိတယ် ။


ကျွန်တော် ကြားဖူး တာ တစ်ခု ရှိတယ် ။ လူ တစ်ယောက် ရဲ့ ဦးနှောက် က အကြောင်းအရာ တစ်ခု ကို ( ၃ ) မိနစ် ပဲ မှတ်ထား နိုင်တယ် ။ ( ၃ ) မိနစ် ကျော် သွားရင် ဦးနှောက် က မေ့ ပစ်လိုက်ပြီး လိုအပ်တဲ့ အခါမှာ မှတ်ဥာဏ် ပြန် ခေါ်ပြီး အသုံးချတယ် တဲ့ ။ မလိုအပ်တဲ့ အကြောင်းအရာတွေ ကို တော့ တစ်ခါ တည်း အပြီးအပိုင် ဖျက် ပစ်လိုက်တယ်တဲ့ ။ အခု ကျွန်တော့် အတွက် မလိုအပ်တော့ တဲ့ အကြောင်းအရာ တွေ ကို ခဏခဏ မှတ်ဉာဏ် ပြန် ခေါ် နေတာ ဟာ ကျွန်တော့် မှတ်ဥာဏ်စနစ် မှာ တစ်စုံတစ်ခု ချို့ယွင်း နေပြီလို့ ထင်တယ် ။


ကျွန်တော့် မှတ်ဉာဏ် တွေ ထဲ ကျွန်တော် မတွေးချင် ဘဲ အမြဲ ရောက် ရောက် လာတဲ့ လက်သည်းရှည် ချွန်မြမြလေးတွေ ၊ Mistine တံဆိပ် စတော်ဘယ်ရီနှုတ်ခမ်းဆိုးဆေးတောင့် ၊ အဝါရောင် မှာ အနက် အစက်အပြောက်လေးတွေ ပါတဲ့ ခေါင်းစည်းကြိုး ပြီးတော့ အရှည် တစ်တောင် လောက် ရှိတဲ့ ဘက်နက်ဓားမြှောင်ကြီး တစ်ချောင်း ။ အတွေး ထဲ အဲဒီ ဓားမြှောင်ကြီး ရောက် လာတာ နဲ့ ရင်တွေ တဒိတ်ဒိတ် ခုန်လာပြီး အကြောက်တရား က နှလုံးသွေးကြော တွေ ထဲ အထိ စီးဝင် ပျံ့နှံ့လာတယ် ။ လေးနှစ် ကျော်ကြာပြီ ဆိုပေမယ့် ပြန် တွေး လိုက်တိုင်း မနေ့ တစ်နေ့ က ဖြစ်ခဲ့ သလို ကြောက်ရွံ့နာကျင်မှု က ပူနွေး လတ်ဆတ် နေဆဲပဲ ။


အတိတ် ဆိုတာ ကြည်နူးနှစ်သိမ့်စရာတွေ ချည်း ပဲ မဟုတ် တာ ကို ကျွန်တော် နားလည်ပါတယ် ။ ဒါပေမဲ့ ထိရှနာကျင်စရာ တွေ ကြောက်ရွံ့စရာ တွေ ရောပြွန်း နေတဲ့ အတိတ်ဆိုးကြီး ကိုတော့ ဘယ်သူမှ ပြန်မတမ်းတ ချင်ကြဘူး မဟုတ်လား ။ ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော့် မှတ်ဉာဏ် ထဲ က အဲဒီ အစိတ်အပိုင်း တချို့ ကို ပဲ ကွက်ပြီး အတိတ် မေ့ ပစ်လိုက်ချင်မိပါတယ် ။


( ၂ )


တနင်္ဂနွေနေ့ ဆိုတာ လူ တော်တော်များများ အတွက် အားလပ်ရက် ဖြစ် ပေမယ့် ကျွန်တော် တို့ လက်ဖက်ရည်ဆိုင်သမား တွေ အတွက် တော့ တခြား နေ့တွေ ထက် ပိုပင်ပန်းတဲ့ နေ့ ပဲ ။ ကျွန်တော် က လက်ဖက်ရည်ဆိုင် မှာ အီကြာကွေး တို့ ပလာတာ တို့ ကြော်ရတဲ့ မုန့်အကြော်ဆရာ ။ ဒီနေ့ လည်း မနက် ငါးနာရီလောက် ကတည်း က အီကြာကွေး ကြော် နေရတာ လက် ကို မလည်ဘူး ။ ဆီအိုး ထဲ က ဆယ်တာ နဲ့ ချက်ချင်း ကုန်တာပဲ ။ ပါဆယ် ယူမယ့်


သူတွေ က လည်း တန်းစီ လို့ ။ အဲဒီလို အလုပ် ရှုပ် နေတဲ့ အချိန်မှာ ကျွန်တော့် ဘေးနား ကို ဖက်ဖူးရောင် အရိပ်လေး တစ်ခု ရောက် လာတာ ဖျတ်ခနဲ တွေ့ လိုက်တယ် ။ ဆီညှော်နံ့ တွေ ကြား က ပဲ ရှန်ပူနံ့ သင်းပျံ့ပျံ့လေး ရမိလို့ လှည့် ကြည့်စရာမလိုဘဲ သူမှန်း သိလိုက်တယ် ။


“ ကိုကြီး ၊ လက်ဖက်ရည် တစ်ခွက် အီကြာကွေးကြွပ်ကြွပ်လေး တစ်ချောင်း”


ကျွန်တော် မကြားချင်ယောင် ဆောင်ပြီး ဆီအိုး ထဲ က အီကြာကွေး တွေ ကို ဟိုဖက် ဒီဖက် လှည့် ပေးနေတယ် ။ သူက  ကျွန်တော် မကြားဘူး ထင်ပြီး ထပ် ပြောတယ် ။ ကျွန်တော် လှည့် မကြည့်ဘူး ။ မုန့်ခုံ မှာ ကပ် နေတဲ့ ဂျုံတွေ ကို မုန့် ဖြတ်တဲ့သံပြား နဲ့ ခြစ် နေ လိုက်တယ် ။


“ ဟာ ၊ ပြောနေတာ မကြားဘူးလား ၊ ဘာလဲ မရောင်းချင်လို့လား ” 


ဒီတော့မှ ကျွန်တော် လည်း စပ်ဖြဲဖြဲ နဲ့ လှည့် ကြည့်လိုက်ပြီး 


“ ကြားသားပဲ ၊ ဒီနား မှာ ကြာကြာ ရပ် နေအောင် မကြားချင်ယောင်

ဆောင် နေတာ ”


“ ဘာမှန်းလဲ မသိဘူး ၊ အကျင့် ကို မကောင်းဘူး မုန်းစရာကြီး ”


နှုတ်ခမ်းလေး ချွန်ကာ မျက်စောင်း ထိုးရင်း ပြော လိုက်တယ် ။ အဲဒီ အမူအယာတွေမှာ ပဲ ဒီကောင် ကျရှုံး နေရတာလေ ။ ခေါင်း လျှော်ပြီး ကာ စ မို့ နက်မှောင် ရှည်လျား တဲ့ ဆံနွယ် တွေ ကို ကျော မှာ ဖြန့်ချ ထားတယ် ။ ဖုတ်ပြီး ကာ စ ပေါင်မုန့် အပေါ်သားလေး လို နုထွေးဖောင်းအိ နေတဲ့ ပါးပြင် ပေါ်မှာ သနပ်ခါးပါးကွက် က တစ်ဝက်တပျက် ပဲ ခြောက် သေးတယ် ။ အနီဖျော့ဖျော့ ဆေး ဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေး က စတော်ဘယ်ရီ ဂျယ်တုံးလေး အလား ပဲ ။ အဲဒီ ဂျယ်လီနှုတ်ခမ်းလေး ကို ထိတွေ့ ရဖို့ မကြာခဏ အိပ်မက် တွေ မက် ဖူးတယ် ။ ချစ် လိုက်ရတာ မိစု ရယ် ။


“ ဟား ဘာလို့ အဲဒီလောက် ကြည့်နေတာလဲ ၊ တော်ပြီ သွား တော့ မယ် ။ ဆိုင် မှာ ဘယ်သူမှ မရှိဘူး ၊ လက်ဖက်ရည် နဲ့ အီကြာကွေး အမြန် လာ ပို့ပေး ”


ရှက်ဝဲဝဲလေး ပြောပြီး လှည့် ထွက် သွားတဲ့ မိစု ရဲ့ နောက်ပိုင်း ကို ကြည့် ရင်း ဒီလိုလည်း လှတာပဲ လို့ စိတ် ထဲ က တွေး လိုက်မိတယ် ။ စားပွဲထိုး တစ်ယောက် ခေါ်ပြီး သူတို့ ဆိုင် လက်ဖက်ရည် သွား ပို့ခိုင်းတော့ စားပွဲထိုးလေး က ဆရာ့ ယောက္ခမ ဆိုင်ကို လား လို့ မကြားတကြား ပြောတယ် ။ ကျွန်တော် က လည်း


“ အေး ဟုတ်တယ် ၊ ငါ့ အသည်းလေး အတွက် ” လို့ ပြန် ပြော လိုက်တယ် ။ တစ်နေ့ တစ်နေ့ အဲဒီလို ပါးစပ် အရသာ ခံပြီး ကျေနပ် နေရတာပဲ မဟုတ်လား ။


( ၃ )


သူ့ နာမည် က စုသက်သက်ငြိမ်း ။ အနောက်ပိုင်းတက္ကသိုလ် မှာ ဒုတိယနှစ် တက်နေတယ် ။ ကျွန်တော် တို့ လက်ဖက်ရည်ဆိုင် နဲ့ မျက်စောင်းထိုး က သူတို့ အိမ် မှာ စာရေးကိရိယာနဲ့  မုန့်ဆိုင်လေး ဖွင့်ထားတယ် ။ သူ က သူ့ အဖေ ၊ အမေ နဲ့ နေ့တိုင်း ဆိုင်မှာ လက်ဖက်ရည် လာ သောက်နေကျ ဆိုတော့ ‘ သူ့ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင် ’ပေါ့ ။ ဒါပေမဲ့ သူ့ အဖေ ကို တော့ နည်းနည်း ရှိန်ရတယ် ။ သူ့ အဖေ က တစ်ကိုယ်လုံး အရုပ် တွေ ၊ အင်းကွက် တွေ အပြည့် ထိုးထားပြီး ဗန်တိုဗန်ရှည် လည်း တတ်တယ်တဲ့ ။ ရပ်ကွက် စကား နဲ့ ပြောရရင် ‘  ဇ ’ ရှိတဲ့ သူတစ်ယောက်ပေါ့ ။ နောက်ပြီး သူ့ သမီး ကို လိုက် ကပ်တဲ့ ကောင် နှစ်ယောက် ၊ သုံးယောက် ကို ခေါင်း ရိုက်ခွဲ ဖူးတဲ့ ရာဇဝင်လည်း ရှိတယ် ။ ဒီလို ဂုမ္ဘန် စောင့်တဲ့ ပန်းကလေး မို့ လည်း အနှောင့်အယှက် ကင်းကင်း နဲ့ ဖူးပွင့် လှပ နေတာပဲ လို့ ကျွန်တော် ထင် မိတယ် ။


ဘာပဲဖြစ်ဖြစ် ကိုယ် က ချစ်မိသူ ဆိုတော့ လည်း စွန့်စားရ မှာပါ့ ။ ကြောက်တတ် လျှင် လွဲ ရဲ လျှင် မင်း ဖြစ် လို့ ဆိုတာကိုး ။ အဲဒီ အချိန် က တော့ မင်း ဖြစ်ရင် မင်း ခံရမယ် ဆိုတာ နည်းနည်းလေး မှ တွေး မထားခဲ့မိဘူး ။ ပထမဆုံး သီရိ ဆိုတဲ့ သူ့ ညီမဝမ်းကွဲလေး ကို မုန့် ကျွေးပြီး စည်းရုံး ရတယ် ။ ပြီးတော့ မှ နှင်းဆီဆေးပေါ့လိပ် နှစ်လိပ် နဲ့ လက်ဖက်ရည်တိုင်ကီ တစ်ခွက် ကုန် အောင် တစ်ညလုံး သီကုံး ထားတဲ့ ချစ်သဝဏ်လွှာလေး ကို သီရိ က နေ တစ်ဆင့် သူ့ နှလုံးသား ဆီရောက်အောင် ပါး လိုက်တယ် ။ စာ ပေးပြီး နောက် တစ်နေ့ ကျ သီရိ ကို အခြေအနေ မေးကြည့်တော့ စာဖတ်ပြီး ထိုင် ရယ်နေတယ် တဲ့လေ ။ ကျွန်တော် နည်းနည်း တော့ ဖီးလ် သွားတယ် ။ ကျွန်တော့် ချစ်ခြင်းမေတ္တာ ဟာ လှောင်ပြောင် ရယ်မောစရာ မဟုတ်ဘူး ။ အဲဒါနဲ့ပဲ ဒုတိယ မြားတစ်စင်း ထပ်ပြီး ပစ်လွှတ်ဖို့ ပြင်ဆင် လိုက်တယ် ။ ဒီတစ်ခါ တော့ သူ့ နှလုံးသား ရဲ့ အလယ်ဗဟို ကို ထိမှန် စေရမယ် လို့ စိတ် ထဲ က ကြုံးဝါး လိုက်တယ် ။


ဒုတိယစာ ကို ကိုယ်တိုင် ပေးမယ် လို့ ဆုံးဖြတ် ပြီး ဆိုင် မှာ သူ တစ်ယောက် တည်း ရှိတဲ့ အချိန် ဈေးဝယ် သလိုနဲ့ ဆရာဖေမြင့် ရဲ့ မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား ဆိုတဲ့ စာအုပ် ကြား စာ ညှပ်ပြီး သူ့ လက် ထဲ ထည့် ပေး လိုက်တယ် ။


“ စာအုပ် ကြား ထဲ စာ ပါတယ် ၊ ဖတ်ပြီး တစ်ခု ခု တော့ပြောပါ ”


သူ က စာအုပ် ကို လက် ထဲ ကိုင် ထားရင်း ကျွန်တော့် ကို ကြည့်ပြီး – 


“ ကိုကြီး အကြော်ဆရာ က သမီး ကို ဘာလို့ ချစ်တာလဲ ” 


မထင်မှတ် ထားတဲ့ မေးခွန်း မို့ ကျွန်တော် ဆွံ့အ , သွားမိတယ် ။ ပြီးတော့ ကျွန်တော့်စိတ် ထဲ ရှိသလို အမှန်အတိုင်း ပဲ ဖြေလိုက်တယ် ။ 


“  မသိဘူး ”


သူ သက်ပြင်း တစ်ချက် မသိမသာ ရှိုက်လိုက်ပြီး 


“  သမီးကို မချစ်ပါနဲ့ ... ”


“ ဘာဖြစ်လို့လဲ ၊ ကိုယ် က လက်ဖက်ရည်ဆိုင် က အလုပ်သမား မို့လို့လား ”


“ အာ .. မဟုတ်ပါဘူး ၊ အချစ် ဆိုတာကို သမီး နားမလည်ဘူး ၊ ကိုယ် နားမလည်တဲ့အရာ ကို သူများ ကို လည်း မပေးချင်ဘူး ”


စကား ပြောရင်း သူ့ မျက်လုံး ထဲ မှာ မျက်ရည်စတွေ ဝဲ လာတာ တွေ့ တော့ ကျွန်တော် ထိတ်လန့် သွားတယ် ။ ကျွန်တော့် ကြောင့် သူ စိတ်ထိခိုက် သွားရ ပြီ ထင်တယ် ။


“ ဆောရီး မိစု ။ ကိုယ့် ကြောင့် စိတ် အနှောင့်အယှက် ဖြစ်သွား တယ် ဆို ကိုယ်တောင်းပန်ပါတယ် ။ မင်း ဆီ က အဖြေ ကို ကိုယ် အတင်း အကျပ် မတောင်းဆိုပါဘူး ။ ဒါပေမဲ့ ကိုယ် ချစ်တာ ကို မချစ်ပါနဲ့ လို့ တော့ မတားပါ နဲ့ ။ မင်း ဘက် က တုံ့ပြန်ပြန် မပြန်ပြန် မင်း ကို ဆက် ချစ်ခွင့် ရ နေသမျှ ချစ်နေဦးမှာပဲ .. ”


ပြောပြီး သွားတာနဲ့ ဗီဒီယိုဇာတ်ကားတွေ ထဲ က လို ခေါင်းငုံ့ပြီး ချာခနဲ လှည့်ထွက်လာခဲ့လိုက်တယ် ။ အဲဒီ အချိန်မှာပဲ “  ဟေ့ မုန့်ဆရာ ဘာ လာဝယ်တာလဲ " ဆိုတဲ့ သူ့ အဖေရဲ့ အသံကြီး ကို ကြား လိုက်ရလို့ ခေါင်းမွှေးတွေ ထောင် သွားပြီး “ ဟို ... ဆပ် ဆပ်ပြာ လာဝယ်တာ ” လို့ ပြောပြီး ဆိုင်ဘက် ကို သုတ်ချေတင် ခဲ့ရတော့တယ် ။


( ၄ )


အဲဒီ ကိစ္စတွေ ဖြစ်ပြီး လေးငါးရက် လောက် ကျွန်တော် သူ့ ဆိုင် ကို မသွားဘဲ နေတယ် ။ ဆို င်မှာ သူတို့ လက်ဖက်ရည် လာ သောက်ရင် ကျွန်တော် ဆိုင် နား က ကွမ်းယာဆိုင် မှာ ထွက်ပြီး ထိုင် နေလိုက်တယ် ။ ပြီးတော့ သူ့ ကို မသိမသာ ခိုးခိုးကြည့် ပြီး ( တကယ်တော့ တမင် သူ သတိထား မိအောင် ကြည့် တာ ) သူ ပြန် ကြည့်ရင် ဖျတ်ခနဲ မျက်နှာ လွှဲပြီး ဒရာမာတွေ ချိုးပြတယ် ။ ဖြစ်ချင်တော့ ဒီ ရက် ထဲ ဘောပွဲတွေ ဆက်တိုက် ရှုံးပြီး အကြွေးတွေ တင်လို့ ငူငူငေါင်ငေါင် ဖြစ် နေတာ ကို သူ့ ကြောင့် လို့ ထင်ပြီး သူ့ ညီမ သီရိ က တစ်ဆင့် မေးခိုင်း သေးတယ် လေ ။ ကျွန်တော် လည်း ခပ်တည်တည် နဲ့ နှလုံးသား ခန္ဓာ ရှိလို့ အချစ်ဝေဒနာ ရှိတာ မဆန်းပါဘူးကွာ လို့ ရော ချ လိုက်တယ် ။ 


ဒီတစ်ခါ ကျွန်တော် ပစ်လိုက်တဲ့ မြား က သူ့ နှလုံးသား ကို တည့်တည့်မတ်မတ် စိုက်ဝင် သွားပြီ ထင်တယ် ။ သူ ကျွန်တော့် အပေါ် ဆက်ဆံရေးတွေ ပြောင်းလာတယ် ။ အရင် ကိုကြီးအကြော်ဆရာ လို့ ခေါ်နေရာ က ကိုကြီး ပဲ ခေါ်တော့တယ် ။ အအေးဆိုင် တွေ ဘာ တွေ အတူ ထိုင်တယ် ။ မီးခွက်ဈေး မှာ ဈေးတွေ ဘာတွေ သွားဝယ်ရင်လည်း ကျွန်တော့် ကို ဆိုင်ကယ် နဲ့ လိုက် ပို့ ခိုင်းတတ်တယ် ။ ဆိုင်ကယ် မောင်း ရင်း ဘရိတ်အုပ် လိုက် လို့ ကျွန်တော့ ကျောပြင် ကို သူ့ ပုခုံးလေး နဲ့ ဖိကပ် မိ သွားရင် အသက်ရှူ ဖို့တောင် မေ့ မေ့သွားတယ် ။ အသား ယူချင်လို့ မလိုအပ်ဘဲ ဆိုင်ကယ်ဘရိတ် ခဏခဏ နင်းရင် သူ က ရိပ်မိပြီး ကျွန်တော့် ခါး ကို လက်သည်းချွန်ချွန်လေးတွေ နဲ့ ဆိတ် ဆွဲ တတ်တယ် ။ သူ့ လက်ချောင်း သွယ်သွယ်လေးတွေနဲ့  လက်သည်းရှည်ချွန်ချွန်လေး တွေ က အရမ်း လှ တာပဲ ။ လက်သည်း တွေ ကို အဝတ်အစား အရောင် နဲ့ လိုက်အောင် တစ်နေ့ တစ်မျိုး ဆေးဆိုး တတ်တယ် ။ သူ့ လက်သည်းချွန်ချွန်လေး နဲ့ အဆိတ် ခံရလို့ အရာ ထင် တာကို အချစ် ရဲ့အမှတ်တံဆိပ် ခပ်နှိ ပ်ခံရတယ် လို့

တာ ။ အဲဒီ အချိန်တုန်း က တော့ ဒီ လက်သည်းချွန်ချွန်လေး တွေ ဟာ ကျွန်တော့် နှလုံးသား ကို အနာတရ ဖြစ်စေမယ် လို့ မသိခဲ့တော့ သာယာ ခဲ့ ရတာပေါ့ ။


နောက်ပိုင်း သူ နဲ့ ကျွန်တော့် ကို တစ်ရပ်ကွက်လုံး က သမီးရည်းစား တွေ လို့ ထင်လာ ကြတယ် ။ “ မင်း နဲ့ မိစု က ဘယ်လိုလဲ ” မေးလာတဲ့ သူတွေ ကို “ ဘာမှ မဟုတ်ပါဘူးဗျာ ရိုးရိုး ခင်တာပါ ” လို့ သွားဖြီးကြီး နဲ့ ငြင်း နေရတယ် ။ ကျွန်တော် တို့ ဆိုင်ရှင် က လည်း မင်္ဂလာဆောင် ရင် သူ့ ဆိုင် မှာ မင်္ဂလာပွဲ ဖရီး လုပ်ပေးမယ် တဲ့ ။ ဒီ ကြားထဲ မနာလိုသူ တွေ က သူ့ အဖေ ကို သွားပြီး အတို့ အထောင် လုပ်ကြသေးတယ် ။ “ ခင်ဗျား သမီး လက်ဖက်ရည်ဆိုင် က အကြော်ဆရာ နဲ့ ကြိုက် နေလား မသိဘူး ” ဆိုတော့ သူ့ အဖေ က “ ကြိုက်တော့ ဘာဖြစ် လဲ ဗျာ ပေးစား လိုက်မှာပေါ့ ။ အကြော်ဆရာ မှာ ဘာမှ ပြောစရာမရှိဘူး ” တဲ့ ။ မိစု ပြန် ပြောလို့ သိရတာ ။ စိတ်ထဲ က နေ ယောက်ခမကြီး က ဒီလောက် လည်း မဆိုးပါဘူး ၊ အရင် ကောင်တွေ တုန်းက ခေါင်းရိုက် ခွဲတာ ငါ့ လို လူကောင်း သူကောင်း မဟုတ်လို့ ။ သူ့ သမီး မကောင်း တဲ့ ကောင် နဲ့ တွေ့မှာ စိုးလို့ပဲလို့ တွေး လိုက်မိပါတယ် ။


( ၅ )


“ သီရိ ရယ် မဟုတ်တာ မပြောစမ်းပါ နဲ့ ၊ ဘာလဲ မင်းတို့ ညီအစ်မ ရန်ဖြစ်ကြပြန် ပြီလား ”


“ ဟုတ်တယ် ၊ အဲဒီကိစ္စကြောင့်ပဲ ရန်ဖြစ်လာတာ ” 


“ အဓိပ္ပါယ် မရှိတာပဲကွာ ” 


“ အကြော်ဆရာ့ ဟာမ က အဲဒီ အဓိပ္ပါယ် မရှိတာ လုပ်နေတာလေ ” 


“ ဟာ ... တိုးတိုး ပြောပါကွာ ၊ သူများ ကြားလို့ မကောင်းဘူး ”  


ဆောင့်ကြီးအောင့်ကြီး နဲ့ ရေခဲသုပ် စား နေတဲ့ သီရိ ကို ကြည့်ပြီး ကျွန်တော် လည်း ဘာ ပြောရမှန်း မသိတော့ဘူး ။ ကြားရတဲ့ သတင်း က မကောင်းဘူး ။ မိစု က ကိုအေးထွန်း ဆိုတဲ့ လူ နဲ့ ကြိုက်နေတာ ကြာပြီ တဲ့ ။ ကိုအေးထွန်း ဆိုတာ ဒီ အပိုင်း မှာ နာမည်ကြီး လူမိုက် ။ လူသတ်မှု နဲ့ ထောင်ကျ ပြီး လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတာ တစ်နှစ် လောက် ရှိပြီ ။ ကျွန်တော် တို့ ဆိုင် ကို မကြာခဏ လာတတ်လို့ မျက်မှန်းတန်း မိ နေတယ် ။ နောက်ပြီး ကိုအေးထွန်း က အိမ်ထောင်ပျက် ၊ ကလေး တစ်ယောက် လည်း ရှိ သေးတယ် ။ ဒီလို လူမျိုး နဲ့ မိစု လိုတက္ကသိုလ်ကျောင်းသူ က ဖြစ်နေကြတယ် ဆို တာ ဘယ်လိုမှ မယုံနိုင်ဘူး ။


“ သီရိရယ် မင်း ပြောတာ ဟုတ်ရော ဟုတ်ရဲ့လား ” 


“  ဟုတ်ပါတယ် ဆို ၊ အဲဒီ လူ နဲ့ ဖြစ် နေတာ သူ့ အဖေ သိရင် သ,တ်မှာ ၊ အဲဒါကြောင့် ရပ်ကွက် ထဲ က သူ့ ကို အကြော်ဆရာ နဲ့ ကြိုက်နေတယ် ထင်ပြီး သူ့ အဖေ ကို သွား ပြောကြတာ ကို ငြိမ် နေတာ ” 


ကျွန်တော့် ရင် ထဲ ကျင်ခနဲ ဖြစ် သွားတယ် ။ သီရိ ပြောတာ က ကျွန်တော့် ကို ကာဗာ လုပ် ထားတာ ဆိုတဲ့ သဘော ။ ဒီ ကိစ္စ ကို ဘယ်လိုမှ လက်မခံနိုင်ဘူး ဖြစ်နေတယ် ။ ကျွန်တော့် ဘဝ နဲ့ ရော သူ့ ဘဝ နဲ့ ပါ ဆိုင်တဲ့ ကိစ္စ ဖြစ်လို့ မိစု ကို ပွင့်ပွင့်လင်းလင်း မေး ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ် လိုက်တယ် ။


သူ နဲ့ ကျွန်တော် မီးခွက်ဈေး မှာ ဈေးသွား ဝယ်ရင်း ပြောစရာ ရှိလို့ ဆိုပြီး လူ ရှင်းတဲ့ ဆိုင် တစ်ဆိုင် မှာ ဝင် ထိုင် လိုက်တယ် ။ ပြီးတော့ ကျွန်တော် ကြားထားတဲ့ ကိစ္စ ဟုတ် ၊ မဟုတ် ပွင့်ပွင့်လင်းလင်း ပဲ မေး လိုက် တယ် ။ သူ ကျွန်တော့် မျက်နှာ ကို စိုက်ကြည့် နေပြီးမှ အိခနဲ ငို ချလိုက်တယ် ။ ပြီးမှ တစ်ရှူး နဲ့ မျက်ရည် သုတ်ရင်း


“ ကိုကြီး ကို ပြောသားပဲ ၊ သမီး ကို မချစ်ပါနဲ့ လို့ ”


“ ဒါ .. ဒါဆို ကိုအေးထွန်း နဲ့ ဖြစ်နေတာ တကယ်ပေါ့ ” 


သူ ပါးစပ် က မပြောဘဲ လက် ထဲ က တစ်ရှူး ကိုလိ မ်ကျစ် နေရင်း ခေါင်းညိတ် ပြတယ် ။ 


“ ဟား ... မိစု ရာ ”


ကျွန်တော့ ရင် ထဲ မှာ ဟာလာဟင်းလင်းကြီး ဖြစ် သွားတယ် ။ ကျွန်တော့် ဘဝ ရဲ့ အစိတ်အပိုင်း တစ်ခု ခု ကို ဆုံးရှုံး သွားရ သလို ခံစားရတယ် ။ ဘာဖြစ်လို့လဲ ။ ဘာဖြစ်လို့လဲ မိစု ရယ် ။ ကျွန်တော့် လို လက်ဖက်ရည်ဆိုင် က မုန့်အကြော်ဆရာ ကို ပြန် မချစ်တာ လက်ခံ ပေးနိုင် တယ် ။ ကိုအေးထွန်း လို လူသတ်သမား ထောင်ထွက် လူမိုက် ကို ရွေးချယ်တာ ကို တော့ ဘယ်လိုမှ နား မလည်နိုင်ဘူး ။ ကိုအေးထွန်း ကို တကယ် ချစ်လို့ ရွေးချယ်တာလား လို့ မေးတော့ မသိဘူး တဲ့ ။ အခု အချိန် မှ တော့ တကယ် ချစ် မချစ် တွေး နေလို့လည်း မထူးတော့ဘူး တဲ့ ။ သူတို့ နှစ်ယောက် အခြေအနေ တွေ လွန်ပြီး နေပြီ ။ ဒီ အကြောင်းတွေ သူ့ ကို ထပ် မပြောပါနဲ့ တော့ လို့ တောင်းပန်တယ် ။ အချစ် ဆိုတာ ကို ကျွန်တော် လည်း နားမလည်တော့ဘူး ။ ကျွန်တော် နားမလည် တဲ့ အရာ ကို တစ်စုံတစ်ယောက် ဆီ က လည်း တောင်း မယူချင် တော့ဘူး ။ အခုမှ တော့ တောင်း ယူလို့ လည်း မဖြစ်တော့ဘူးလေ ။ ဒါ့ကြောင့် သူ့ ကို ညီမ တစ်ယောက် လို သူငယ်ချင်း တစ်ယောက် လို သဘော ထားပြီး ဆက် ခင်သွားပါ့မယ် ဆိုတဲ့ စကား နဲ့ ပဲ နောက်ဆုတ် နေခဲ့ဖို့ ဆုံးဖြတ် လိုက် တယ် ။


( ၆ )


ကျွန်တော် က သာ နောက်ဆုတ် လိုက် ပေမယ့် ပြဿနာ က တော့ ရှေ့ ကို နှစ်ဖာလုံ လောက် ရောက်သွားပါပြီ ။ မိစု နဲ့ စကား ပြောပြီး နောက် တစ်နေ့ ည မှာ ကျွန်တော် အာလူးကြက်သွန် လှီး နေတုန်း သီရိ အမေ မဌေးမြင့် ရောက် လာပြီး ကိုအေးထွန်း က ကျွန်တော့် ကို တွေ့ချင် လို့ ခေါ် ခိုင်းကြောင်း ပြောပါတယ် ။ စိတ် ထဲ ထိတ်ခနဲ ဖြစ် သွားပြီး ပြဿနာ တော့ စပြီ လို့ သိ လိုက်တယ် ။ 


“ အကြော်ဆရာ ၊ နင်သွားလို့ဖြစ်ပါ့မလား ” 


မဌေးမြင့် က လည်း သူ့ သမီး ပြော ပြလို့ ကျွန်တော် တို့ ကိစ္စ ကို သိထားပုံ ရတယ် ။


“ ဖြစ်ပါတယ် ။ သူ နဲ့ ကျွန်တော် ဘာ အကန့် မှ မရှိဘဲ ” 


“ ဘာ အကန့် မှ မရှိဘူး လုပ်မနေနဲ့ ။ မနေ့က မီးခွက်ဈေး က အအေးဆိုင် မှာ နင် နဲ့ မိစု ကို သူ့ တပည့် တစ်ယောက် က တွေ့ခဲ့လို့ တဲ့ " 


မသွားလို့ လည်း ဖြစ် မှ မဖြစ်ဘဲ ။ မသွားဘဲ ရှောင် နေရင် နောက်ပိုင်း


စိတ် တထင့်ထင့် နဲ့ နောက်ကျော မလုံ ဖြစ်နေရမှာ ထက် အခု ရှင်း လိုက်တာ ပိုကောင်းမယ် ထင် လို့ ကိုအေးထွန်း ချိန်းတဲ့ နေရာ ကို ထွက်လာခဲ့တယ် ။ ချိန်းထားတဲ့ နေရာ ရောက်တော့ ကိုအေးထွန်း က အုတ်ခုံပေါင် ပေါ် ထိုင်ပြီး ဆေးလိပ် သောက် နေတယ် ။ ကျွန်တော့် ကို မြင်တဲ့အ ခါ ဆေးလိပ် ကို အုတ်ခုံ ပေါ် ထိုးချေပြီး မတ်တပ် ရပ်လိုက်တယ် ။ 


“ အစ်ကို ကျွန်တော့်ကိုခေါ်တယ်ဆို ”


“ အေး ၊ ယောက်ျားချင်း ပွင့်ပွင့်လင်းလင်း ပဲ မေးမယ် ကွာ ၊ မင်း နဲ့ မိစု နဲ့ က ဘာတွေလဲ ”


“  ဘာမှ မဟုတ်ဘူး အစ်ကို ၊ ရိုးရိုး ပဲ ခင်တာ ”


“ ဘာ ရိုးရိုးလဲ .. ၊ မင်း မိစု ကို ပေးတဲ့ စာတွေ ငါ အကုန် ဖတ်ပြီးပြီ ” 


ကောင်းရောပဲ ။ ကျွန်တော် ဘာ ဆက် ပြောရမှန်း မသိတော့ ။ 


“ မဟုတ်ဘူး အစ်ကို ၊ ကျွန်တော် သူ့ ကို စာ ပေးတာ မှန်တယ် ။ ဒါပေမဲ့ သူ့ ဘက်က ကျွန်တော့် ကို ဘာမှ မတုံ့ပြန်ဘူး ။ သူ့ မှာ ရည်းစား ရှိတယ် ပြောလို့ ကျွန်တော် ဆက် မလိုက်တော့ဘူး ”


“ ငါ နဲ့ ဖြစ်နေတာ မင်း မသိဘူးလား ”


“  တကယ် မသိဘူး အစ်ကို ၊ အစ်ကို နဲ့ ပတ်သတ်နေမှန်း သိရင် ကျွန်တော် ရှောင်တာပေါ့ ”


“ မဟုတ်သေးဘူး ။ ဒီ ကိစ္စ ကို မင်း နဲ့ ငါ ခု အပြတ် ရှင်းမှ ရမယ် ”


ပြောပြောဆိုဆို နဲ့ နောက် ခါးကြား ကို လက်နှိုက် ပြီး ဆွဲထုတ် လိုက် တော့ ဓားတစ်ချောင်း ပါလာတာ တွေ့ လိုက်ရတယ် ။ ဓား က သေနတ် ထိပ် မှာ တပ်တဲ့ ဘက်နက်ကြီး ၊ အရှည် တစ်တောင် လောက် ရှိတယ် ။ ဒါ ကြီး ဗိုက် ထဲ ဝင် သွားရင် ကျောက ဖောက် ထွက် သွားမှာ ။ ကျွန်တော် ဆက် မတွေးရဲတော့ဘူး ။ ကိုအေးထွန်း က ဓားကြီး တရွယ်ရွယ် နဲ့ စကားတွေ ဆက် ပြောနေတယ် ။ သူ ဘာတွေ ပြောနေလဲ ကျွန်တော် မသိတော့ ။ ကျွန်တော် သူ့ ကို ဘာတွေ ပြန် ပြောနေမှန်း လည်း မသိတော့ဘူး ။ ကျွန်တော့် ရင်တွေ တဒိုင်းဒိုင်း ခုန် နေတာ နှလုံးသား တောင် ထွက်ကျလာမလား ထင် ရတယ် ။ အာခေါင် ထဲ လည်း တံတွေး တစ်စက် မှ မရှိတော့ပဲ ခြောက်သယောင်း နေပြီ ။ ကျွန်တော့် တစ်သက်လုံး မှာ အဲဒီ အချိန်က အကြောက်တရား က အကြီးမားဆုံး ပဲ ။ ( အခု ပြန် တွေးကြည့် ရင် တောင် ရင် ထဲ တလှပ်လှပ်နဲ့ ) ကျွန်တော့် အာရုံ က သူ့ လက်ထဲ က ဓား ဆီ မှာ ပဲ ရှိတယ် ။ သူ လက် လှုပ်လိုက်တာ နဲ့ ပြေးဖို့ အသင့် ပြင်ထားပြီးသား ပဲ ။ သူ က လူ သတ်ပြီး လက်ယဉ် နေတဲ့ လူမိုက် ။ ကျွန်တော် က လက်သီး တောင် ကောင်းကောင်း ထိုးဖူး တာ မဟုတ် ဘူး ။ အချစ် အတွက် အသက် ပင် သေသေ ဆိုတာ ဝတ္ထု တွေ သီချင်း တွေ ထဲ ပဲ ဖတ် လို့ ကောင်း ၊ နားထောင် လို့ ကောင်းတာလေ ။


ကိုအေးထွန်း က ကျွန်တော့် ကို စကား ပြောရင်း သူ့ အိတ် ထဲ က ဆေးလိပ်ဘူး ထုတ်ပြီး ဆေးလိပ်တ စ်လိပ် မီးညှိ လိုက်တယ် ။ ဆေးလိပ် မီး ညှိတဲ့ အခါ လေတိုက်နေ လို့ ဓား ကိုင် ထားတဲ့ လက် နဲ့ လေ ကာပြီး မီးညှိ တော့ ကျွန်တော့် ကို ရွယ်ထား တာ က ခဏ လွတ်သွားတယ် ။ အဲဒီ အချိန်မှာ မထင်မှတ် ထားတာ တစ်ခု ကို ကျွန်တော် ပြုမူ လိုက်တယ် ။



“  အစ်ကို ကျွန်တော့် ကို လည်း ဆေးလိပ် တစ်လိပ် လောက် တိုက်ပါလား ”


ကိုအေးထွန်း က ပေစောင်းစောင်း နဲ့ ကြည့်ပြီး ရော့ ဆိုပြီး ဆေးလိပ်ဘူး နဲ့ မီးခြစ် ထိုး ပေးတယ် ။ ကျွန်တော် လည်း ဆေးလိပ် တစ်လိပ် မီး ညှိ ဖွာရှိုက် ပြီး ဆေးလိပ်ဘူး နဲ့ မီးခြစ် သူ့ ကို ပြန် ပေးလိုက်တယ် ။ ကိုယ့် ကို ဓားကြိမ်း ကြိမ်း နေတဲ့ သူ ဆီ က ဆေးလိပ် တောင်း သောက်လို့ ကျွန်တော့် ကို ထီ မထင်တဲ့ ‘ အာဂကောင် ’ လို့ ထင်ကြ လိမ့်မယ် ။ တကယ်တော့ ကြောက်ကြောက်လန့်လန့် နဲ့ လုပ်မိ လုပ်ရာ လုပ်လိုက်တာ ။ ဆေးလိပ် နှစ်ဖွာ သုံးဖွာ ဖွာ လိုက်တော့ စိတ် ထဲ နည်းနည်း ငြိမ်သွားတယ် ။ ဒီတော့မှ ကျွန်တော် သူ့ ကို မရဲတရဲ နဲ့ မေး လိုက်တယ် ။


“ အစ်ကို ၊ အကို က မိန်း မတစ်ယောက် အတွက် နဲ့ ထောင် ထဲ ပြန် ဝင် မှာလား ”


ကိုအေးထွန်း တွေခနဲ ဖြစ် သွားတယ် ။ ပြီးမှ -


“ အေး ၊ မဝင်နိုင်ဘူး ငါ့ အသိုင်းအဝိုင်း ထဲ မှာ နာမည် ကျတယ် ” 


ပစ်ချက် မှန်သွားတယ် ။ သူ့ အသိုင်းအဝိုင်း ဆိုတာ လူမိုက် အသိုင်းအဝိုင်း ကို ပြောတာ ။ လူမိုက် တစ်ယောက် မှာ လည်း သူ ထိန်းသိမ်းရမယ့် မိုက်ဂုဏ်လေး ရှိနေတယ် မဟုတ်လား ။ ကျွန်တော် အားတက် သွားပြီး ဆက် ပြောလိုက်တယ် ။


“ ကျွန်တော် လည်း မိန်းမ အတွက် နဲ့ အသေ မခံနိုင်ဘူး ။ အဲဒီတော့ အစ်ကို ဘာ ဖြစ်စေချင်လဲ ၊ မိစု နဲ့ မပတ်သက်စေချင်ဘူး ဆို ကျွန်တော် သူ နဲ့ လုံးဝ မပတ်သက်တော့ဘူး ” 


ကိုအေးထွန်း ကို ကတိ အထပ်ထပ် ပေးပြီး သူ စိတ် မပြောင်းခင် အမြန် ပြန် လစ်လာခဲ့ရတယ် ။ အဲဒီ ညက  ကျွန်တော့် ကို ဓား နဲ့ ထိုးမယ့် သူ ဆီ က ဆေးလိပ် တစ်လိပ် တောင်း သောက်ပြီး အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ ပါတယ် ။ နောက် ရက်တွေ မှာ မိစု နဲ့ အဆက်အဆံ မလုပ်တော့ဘူး ။ တစ်ခါ တလေ သူ့ အကြောင်း တွေး မိရင် တစ်ထောင် လောက် ရှိတဲ့ ဘက်နက်ကြီး ပါ သွား မြင်ပြီး ဗိုက် ထဲ ယားကျိကျိ ဖြစ် လာလို့ စိတ် ကို ချက်ချင်း ဖျောက်ဖျက် ပစ် ရတယ် ။ လ ကုန်တာနဲ့ အဲဒီ လက်ဖက်ရည်ဆိုင် က ပါ အလုပ် ထွက်ပြီး ပြောင်း ခဲ့ လိုက်တယ် ။


( ၇ )


အဲဒီ အချိန်တည်း က စပြီး အခု ထိ ကျွန်တော် အချစ် ကို ထပ် မရှာ ဖြစ် တော့ဘူး ။ ဘာဖြစ်လို့လည်း ဆိုတော့ အချစ် ကို ကျွန်တော် နားမလည် သေးဘူး ထင် လို့ ။ ကျွန်တော် နားမလည် တဲ့ အရာ ကို သူများ ဆီ ကလည်း တောင်း မယူချင်ဘူး ။ တစ်နေ့ နေ့ တော့ ကျွန်တော် အချစ် ကို နားလည် နိုင်လိမ့်မယ်လို့ ထင်တယ် ။ နောက်ပြီး အချစ် ကို နားလည်တဲ့ တစ်စုံတစ်ယောက် က ကျွန်တော့် ကို အချစ်တွေ ပြန် ပေးနိုင်မယ် လို့ လည်း မျှော်လင့် မိတယ် ။ ဒါပေမဲ့ အဲဒီ အချိန် ကျရင် ကျွန်တော် တို့ ရဲ့ အချစ်ဇာတ်လမ်း ထဲ တစ်တောင် လောက် ရှိတဲ့ ဓားကြီး ပါ မလာ ဖို့တော့ ဆုတောင်း နေရပါတယ် ။


◾ လင်းခေတ်ဇော်

     ၂၈ . ၂ . ၂၀၁၉

     ည ( ၁၁ ) နာရီ ( ၅၂ ) မိနစ်


📖 တစ်ယောက် တစ်ဘဝ ( ၃ )


#ကိုအောင်နိုင်ဦး


.

Thursday, August 18, 2022

အိပ်မက်ဆိုင်


 

❝ အိပ်မက်ဆိုင် ❞

၁ ။

စူပါမာ့ကတ်များ ၊ ရုပ်ရှင်ရုံများ ၊ စတိုးဆိုင် ၊ စားသောက်ဆိုင်ကြီးများနှင့် စည်ကားသိုက်မြိုက်လျက် ရှိသော မြို့လယ်လမ်းမကြီး တစ်ခု ၏ ခပ်လှမ်းလှမ်း ရှိ လမ်းကြားလေး တစ်ခု ထဲ ၌ ထူးဆန်းသည့် ဆိုင်လေး တစ်ဆိုင် ရှိ၏ ။

ဆိုင်လေး မှာ တခမ်းတနား မဟုတ် ၊ အမိုးကုတ်ကုတ် မီးရောင်ခပ်မှိန်မှိန် နှင့် ဆိုင် ထဲ တွင် လည်း ကုန်ပစ္စည်း အနည်းငယ် သာ ခင်းကျင်း ထား၏ ။ ဈေး ရောင်းသူ မှာ အသက် ခြောက်ဆယ် ခန့် ရှိ အဘိုးအို တစ်ဦး ဖြစ်ပြီး အဘိုးအို ၏ ခေါင်းတုံးဆံပင် တိုနံ့နံ့ မှာ ဆွတ်ဆွတ် ဖြူ လျက် ရှိသည် ။ သို့ရာတွင် အဘိုးအို ၏ မျက်လုံးများ က ဇရာ နှင့် မလိုက်အောင်ပင် ကြည်လင် တောက်ပလျက် ရှိလေသည် ။

ဆိုင်လေး ထဲ တွင် ပရိဘောဂ များများစားစား မရှိပဲ စားပွဲတစ်လုံး ကုလားထိုင် နှစ်လုံး နှင့် မှန်ဗီရိုပုလေး တစ်လုံး သာရှိ၏ ။ ဗီရိုလေး ထဲ မှာ တော့ ဆေးရောင်စုံခြယ် ထားသော အရွယ်စုံ ကျောက်ခဲလေးများ ကို စီစီရီရီ ထည့်သွင်း ထားပါသည် ။

ဆိုင်လေး ၏ မျက်နာစာ တံခါး ပေါက် အပေါ် တည့်တည့် ၌ နီညိုရောင်
သစ်သားပြား ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲ ထားပြီး သစ်သားပြား ပေါ်တွင် ဆေးအဖြူရောင် ဖြင့် ဆိုင် အမည် ကို ထင်ရှားစွာ ရေးပြီး ချိတ်ဆွဲ ထားသည် ။ ဆိုင်လေး ၏ အမည်မှာ ...  ။

•••••   •••••   •••••

၂ ။

“ အိပ်မက်ဆိုင် ”

အသက် နှစ်ဆယ် ကျော်ခန့် ရှိ အမျိုးသမီးငယ်လေး တစ်ဦး သည် ဆိုင် တံခါးဝ မှ ဆိုင်းဘုတ် ကို မော့ ကြည့် လိုက်ပြီး ဆိုင် ထဲ သို့ မဝံ့မရဲ ဝင်ရောက် လာသည် ။ ဆိုင်ရှင် အဘိုးအို က အမျိုးသမီးလေး ကို မြင် သည်နှင့် နှစ်လိုဖွယ် အပြုံး နှင့် ဆီးကြို လိုက်ပြီး

“ လာလေ ကလေးမ  ၊ ဘာ ကူညီပေးရမလဲ ”

အဘိုးအို ၏ အသံမှာ တိုးလျသော်လည်း ကြည်လင်ပြတ်သားပြီး ကရုဏာ အပြည့် ပါ၏ ။ အမျိုးသမီးငယ်လေး က နွမ်းလျသော အသွင်ဖြင့် အဘိုးအို ၏ မျက်နှာ ကို အားကိုးတကြီး ကြည့် လိုက်ရင်း

“ ကျွန်မ အိပ်မက်လေး တစ်ခုလောက် လိုချင်လို့ပါ အဘိုး ” 

“ ကလေးမ က ဘယ်လို အိပ်မက်မျိုး လိုချင်လို့လဲ ကွယ့် ” 

အမျိုးသမီးလေး သည် သက်ပြင်း တစ်ချက် ကို လေးပင်စွာ ချလိုက်သည် ။

“ ဒီလိုပါ အဘိုး ၊ ကျွန်မ ချစ်သူ က ကျွန်မ နဲ့ လက်ထပ် ဖို့ အတွက် တရပ်တကျေး မှာ အလုပ် လုပ်ပြီး ငွေ ရှာ နေပါတယ် ။ ခုဆို ရှစ်လ လောက် ရှိပါပြီ ၊ အစတုန်းက သူ နဲ့ ကျွန်မ အမြဲတမ်း စာ အဆက်အသွယ် ရှိပါတယ် ။ နောက်ပိုင်း သူ့ ဆီက စာ မလာ တာ နှစ်လ လောက် ရှိနေပြီ ။ နောက်ပြီးတော့ ဒီ ရက်တွေ မှာ သူ နဲ့ ပတ်သတ်ပြီး အိပ်မက်ဆိုးတွေ ခဏ ခဏ မက် နေတယ် ၊ ကျွန်မ ချစ်သူ အတွက် အရမ်း စိုးရိမ်နေရ တယ် အဘိုး ရယ် ။ ဒါကြောင့် ကျွန်မ ကို စိတ်သက်သာရာ ရစေမယ့် အိပ်မက်လေး တစ်ခု လောက် ရောင်း ပေးပါရှင် ... ”

အမျိုးသမီးလေး ရဲ့ စကား အဆုံး မှာ အဘိုးအို သည် ကရုဏာသက် သွားဟန် ဖြင့်

“ အင်း .. ကလေးမ လိုချင်တဲ့ အိပ်မက်မျိုး အဘိုး မှာ ရှိပါတယ် ၊ ဒါပေမယ့် အိပ်မက် ဆိုကာ အိပ်မက် ပဲ လေ ၊ တကယ့် လက်တွေ့ မှာ အိပ်မက် ထဲ ကအတိုင်း ဖြစ်ချင် မှ ဖြစ်မှာပေါ့ ကွယ် ”

“ အိပ်မက် ထဲ က အတိုင်း ဖြစ် မလာနိုင်ဘူး ဆိုတာ ကျွန်မ သိပါတယ် အဘိုး ရယ် ၊ ကျွန်မ တို့ လူတွေ အနေနဲ့ အပြင် မှာ လက်တွေ့ ဖြစ်တဲ့ ပြဿနာတွေ ကို ရင်ဆိုင်ဖြေ ရှင်းဖို့ နည်းလမ်းတွေ ရှိနေနိုင်ပါတယ် ၊ ဒါပေမဲ့ အိပ်မက် ထဲ မှာတော့ ဘယ်လို အကြောင်းအရာမျိုးပဲ မက်မက် ငြင်းဆန် ပြောင်းလဲချင်လို့ မရဘူးလေ ၊ အဲဒါကြောင့် ကြည်နူး နှစ်သိမ့်စရာ အိပ်မက်လေး တစ်ခု ကျွန်မ လိုချင် မိတာပါ ... ”

“ အေးပါ ကွယ် ... ဒါဆိုလည်း ကလေးမ လိုချင်တဲ့ အိပ်မက်မျိုး အဘိုး ရောင်း ပေးပါ့မယ် ကွယ် ”

အဘိုးအို သည် နံဘေး ရှိ မှန်ဗီရိုလေး  ထဲ မှ အပြာရောင် နှင့် ပန်းရောင် ဆေး ခြယ်ထားသော ကျောက်ခဲလေး တစ်ခု ကို ထုတ် ယူ၍ အမျိုးသမီးလေး ကို ပေးကာ

“ ည အိပ်ယာ ဝင်ကာ နီးရင် ဒီ ကျောက်ခဲလေး ကို ကလေးမ လက် နဲ့ ထိ ကိုင်ပြီး ကိုယ် ဖြစ်ချင်တာ ကို ဆန္ဒ ပြုပါ ၊ ပြီး ရင်ဒီ ကျောက်ခဲလေး ကို ခေါင်းအုံး အောက် မှာ ထား အိပ် ကလေးမ ဆန္ဒပြုတဲ့ အတိုင်း အိပ်မက်ကောင်းတွေ မက် ပါလိမ့်မယ် ”

“ ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် အဘိုးရယ် အဘိုး ရဲ့ အိပ်မက် အတွက် ကျွန်မ ဘယ်လောက် ပေးရမလဲ ရှင် ”

အမျိုးသမီးလေး မှာ သူ လိုချင်တဲ့ အိပ်မက်ကောင်းလေး ရရှိသွားသဖြင့် ဝမ်းသာ သွားပြီး အဘိုးအို ကို ကျသင့် ငွေ ပေးချေကာ ကျေးဇူးတင်စကားများ အထပ် ထပ် ပြော၍ အိပ်မက် ဆိုင်လေး ထဲ မှ ထွက်ခွာ သွားလေသည် ။ အဘိုးအို သည် ဆိုင်ထဲ မှ ထွက်သွားသော အမျိုးသမီးလေး ကို ကြည့်ရင်း နှုတ်မှ “ ပျော်ရွှင်စရာ အိပ်မက်လှလှ မက်ပါစေ ကွယ် ”  ဟု တီးတိုး ရေရွတ် ဆုတောင်း ပေးလိုက်လေသည် ။

•••••   •••••   •••••

၃ ။

“ ဘဘ ... ဘဘ ... ”

အဘိုးအို သည် မှန်ဘီရိုလေး ထဲ မှ ရောင်စုံကျောက်ခဲလေးများ ကို ကြက်မွေး တံမြက်စည်း တစ်ချောင်း ဖြင့် သန့်ရှင်း နေစဉ် အနောက် မှ ခေါ်သံ ကြား၍ လှည့် ကြည့် လိုက်သည် ။ ဆိုင် တံခါးဝ တွင် ငါးနှစ် ခြောက်နှစ် အရွယ် ကလေးငယ် တစ်ဦး မရဲတရဲ နှင့် ရပ် နေ၏ ။ ကလေးငယ် မှာ အဝေး မှ ပြေးလွှား လာခဲ့ရဟန် နှင့် မောပန်းလျက် ရှိသည် ။

“ ဘာ လိုချင်လို့လဲ ငါ့မြေးရဲ့ ... ”

“ ဘဘ က အိပ်မက်လှလှလေး တွေ ရောင်းတယ် ဆို ၊ သား ဝယ်ချင်လို့ ... ”

သည်တော့မှ ကလေးငယ် ၏ လက် ထဲ တွင် ငွေစက္ကူ တချို့ ဆုပ်ကိုင်ထား သည် ကို အဘိုးအို သတိ ပြုမိ သွားသည် ။

“ မြေး က ဘာအိပ်မက် လိုချင်လို့လဲကွ ... ”

“ ဖေဖေ ရယ် မေမေ ရယ် သား ရယ် အတူတူ နေရတယ် ဆိုတဲ့ အိပ်မက် လေး လိုချင်လို့ပါ ဘဘ ... ”

“ ဟေ ... ၊ မြေး က အခု ဘယ်သူ နဲ့ နေ တာလဲ ..... “ 

“ ဘွားဘွား နဲ့ နေ တာပါ ၊ ဘွားဘွား က ဟို ဈေးနား မှာ ပန်း ရောင်းတယ် ” 

“ မြေး ရဲ့ ဖေဖေ နဲ့ မေမေ က ဘယ် သွားလို့လဲ .... ”

“ ဘွားဘွား ပြော တာ ဖေဖေ က သား တို့ ကို ထားပြီး ဟိုး အဝေးကြီး ကို ထွက် သွားတယ် တဲ့ ။ မေမေ  ကတော့ သား အတွက် အရုပ်တွေ ၊ မုန့်တွေ  ဝယ် ဖို့ ပိုက်ဆံ သွား ရှာ နေတယ် တဲ့ ၊ အရုပ်တွေ မုန့်တွေ သား မလိုချင်ပါဘူး ၊ သား က ဖေဖေ မေမေ တို့ နဲ့ ပဲ အတူ နေချင်တာ ... ”

ကလေးငယ် မှာ စကား ပြောရင်း ငိုသံ စွက်ကာ မျက်ရည်များ ဝဲလာ၏ ။ အဘိုးအို သည် ကလေးငယ် ကို ကြည့်ပြီး စိတ် မကောင်း ဖြစ်ကာ ကလေး ၏ ဦးခေါင်း အား ကြင်နာစွာ ပွတ်သပ် လိုက်သည် ။ စိတ် ထဲ မှလည်း ဤ ကလေးကဲ့ သို့ မိမဲ့ ဖမဲ့နှင့် မိဘမေတ္တာ ငတ်မွတ် နေသည့် ကလေးငယ် တွေ မည်မျှ ရှိနေသည်လဲ ဟု တွေး နေ မိ၏ ။ ကလေးငယ် ၏ ခံစားချက် ကို အဘိုးအို စာနာ မိပါသည် ။ ကလေးငယ် လိုချင်သည့် အိပ်မက်မျိုး လည်း အဘိုးအို ပေး နိုင်ပါသည် ။ သို့သော် သည်လို အသိဉာဏ် နုနယ် သေး သည့် ကလေးငယ် တစ်ဦး ကို တကယ် ဖြစ် မလာနိုင်သော အိပ်မက်တွေ မမျှော် လင့် စေချင်ပါ ။ တကယ် လက်တွေ့ကျမည့် ၊ မိဘမဲ့ ဘဝ ကို ကောင်းမွန်စွာ ဖြတ်သန်း နိုင်မည့် ခွန်အား များ ပဲ ပေး ချင်ပါသည် ။ ထို့ကြောင့် စားပွဲ ပေါ် ရှိ ဖန်ပုလင်း တစ်လုံး ထဲ မှ သကြားလုံး အနည်းငယ် ကို ယူပြီး ကလေးငယ် အား ပေး လိုက်၏ ။ ကလေးငယ် က လက် ထဲ မှ သကြားလုံးများ ကို ကြည့် ပြီး

“ ဟင် .. ဘဘ က လည်း ၊ ဒါ သား လိုချင်တဲ့ အိပ်မက် မှ မဟုတ်ဘဲ ။ သကြားလုံး တွေ ကို .. ”

“ ဟား ... ဟား .. ၊ ဒါ ရိုးရိုး သကြားလုံး မဟုတ်ဘူး ငါ့ မြေး ရဲ့ ၊ အိပ်မက် သကြားလုံး လို့ ခေါ်တယ် ၊ ဒီ သကြားလုံး ကို စားရင် ငါ့ မြေး မက်ချင်တဲ့ အိပ်မက်တွေ မက် လိမ့်မယ် ”

“ တကယ် ပြောတာနော် ဘဘ ... ”

“ တကယ်ပေါ့ ကွ ... ”

“ ဒါဆို အဲဒီ အိပ်မက်သကြားလုံးတွေ အတွက် ဘယ်လောက် ပေးရမလဲ ”

“ ဘယ်လောက် မှ မပေးရပါဘူး ကွာ ၊ ဘဘ က မြေး ကို ချစ်လို့ လက်ဆောင် ပေး တာ ၊ အဲ .. ဘဘ မြေး ကို အိပ်မက်သကြားလုံး တွေ ပေးတာ မြေး ရဲ့ ဘွားဘွား ကို ပြန် မပြောနဲ့နော် ၊ နောက်ပြီး ဘွားဘွား စကား ကို နားထောင်ပြီး လိမ်လိမ်မာမာ နေ ရမယ် နော် ဟုတ်ပြီလား .. ”

“ ဟုတ်ကဲ့ ဘဘ ၊ သား လိမ်လိမ်မာမာ နေပါ့မယ် ”

“ အေး .. အေး .. ဒါဆို သွားတော့ တော်ကြာ မြေး ရဲ့ ဘွားဘွား စိတ်ပူ နေ ဦးမယ် ”

ကလေးငယ် မှာ အဘိုးအို ပေး လိုက်သော သကြားလုံးများ ကို လက်ထဲ တွင် ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပျော်ရွှင်စွာ ပြေး ထွက် သွားပါတော့သည် ။

•••••   •••••   •••••

၄ ။

သည်နေ့ တော့ ညနေ စောင်း သည် ထိ အိပ်မက် ဝယ် သူ တစ်ဦးမျှ ရောက် မလာသဖြင့် အဘိုးအို သည် စာအုပ် အထူကြီး တစ်အုပ် ကို အေးအေးဆေးဆေး ဖတ်လျက် ရှိသည် ။ ထိုအချိန်တွင် ဆိုင်ရှေ့ သို့ နောက်ဆုံး ပေါ် ကားသစ်ကြီး တစ်စီး ထိုး စိုက်လာပြီး ကားပေါ် မှ လူရည်သန့် အမျိုးသား တစ်ဦး ဆင်း လာ၏ ။ ထို သူ က ဆိုင်တံခါးဝ မှ ဆိုင်းဘုတ် ကို တစ်ချက် မော့ ကြည့်ပြီး ဆိုင် ထဲ သို့ ဝင်ရောက် လာသည် ။ အဘိုးအို က ဖတ်လက်စ စာအုပ် ကို စာမျက်နှာ မှတ်ကာ ပိတ် လိုက်ပြီး ထို သူ အား ခရီးဦးကြို ပြု လိုက်သည် ။

“ ကြွပါ မိတ်ဆွေ ၊ ကျုပ် ဘာ ကူညီပေးရမလဲ ... ”

လူရည်သန့် က ဆိုင်လေး ၏ အခင်းအကျင်း ကို တချက် လှည့် ပတ် ကြည့် လိုက်ပြီး

“ ကျုပ် အိပ်မက် တစ်ခု လောက် လိုချင်လို့ ”   

“ မိတ်ဆွေ က ဘယ်လို အိပ်မက်မျိုး လိုချင်လို့လဲ ”

“ စိတ်ချမ်းသာစရာ ကောင်းပြီး လွတ်လပ်ပေါ့ပါး တဲ့ အိပ်မက်မျိုး လို ချင် တယ် ”

အဘိုးအို က လူရည်သန့် ၏ ပုံစံ ကို အကဲခတ် ကြည့်ရှု လိုက်၏ ။ ပြီးမှ စားပွဲခုံ တစ်ဘက် ရှိ ကုလားထိုင် ဆီ သို့ ညွှန်ပြရင်း

“ ထိုင်ပါဦး မိတ်ဆွေ ၊ ခင်ဗျား ကို ကြည့် ရတာ အရာရာ ပြည့်စုံနေတဲ့ ပုံ ပါပဲ ။ ဘယ်လို စိတ်မချမ်းသာစရာတွေ များ ရှိ နေလို့လဲ သိပါရစေ ”

ထို သူ မှာ အဘိုးအို ရှေ့ မှ ကုလားထိုင် တွင် ဝင် ထိုင်လိုက်ပြီး သက်ပြင်းမော ကြီး ရှည်လျားစွာ မူတ်ထုတ် လိုက်သည် ။

“ ဟုတ်ပါတယ် ... ။ ခင်ဗျား ထင်သလို ကျုပ် ဟာ ရုပ်ပိုင်းဆိုင်ရာ အရ ပြီးပြည့်စုံတဲ့ လူ တစ်ယောက် ပါပဲ ၊ ပြည်တွင်း မှာ ရော ပြည်ပ မှာ ရော ကျုပ် ပိုင် တဲ့ ကုမ္ပဏီတွေ ၊ ဟိုတယ်တွေ ရှိတယ် ၊ သိပ် ချစ်စရာ ကောင်းပြီး ကျုပ် အပေါ် နားလည် ပေး နိုင်တဲ့ မိသားစုလေး လည်း ရှိတယ် ၊ ကျုပ် လက်ညှိုး ညွှန်တဲ့ အတိုင်း တသွေမတိမ်း လုပ် ပေးနိုင်တဲ့ တပည့်လက်သားတွေ လည်း ရှိ ပါတယ် ၊ ဒါပေမဲ့ ကျုပ် မှာ လွတ်လပ် ပေါ့ပါး တဲ့ ပျော်ရွှင်မှု မျိုး မရဘူး ဖြစ်နေတယ် ၊ အချိန်တိုင်း ကျုပ် ရဲ့ အလုပ်ကိစ္စတွေ ၊ စီးပွားရေး ၊ လူမှုရေးကိစ္စတွေ က ကျုပ် ခေါင်း ထဲ ရောက် ရောက်နေတယ် ... ။

ကျုပ် အိပ်စက် အနားယူမယ် ကြံ လိုက်တိုင်း အဲဒီ အကြောင်းအရာတွေ က ကျုပ် အိပ်ရာ ပေါ် ဦးအောင် ရောက် နေတတ်တယ် ၊ အပြင် မှာ ဘယ်လောက်ပဲ စိတ် ပင်ပန်းပါစေ အိပ်စက် တဲ့ အချိန်လေး မှာ တော့ စိတ် ပျော်ရွှင်စရာ အိပ်မက်လေး မက် ချင်တယ် ၊ အဲဒါကြောင့် အလုပ် အကြောင်း ၊ လူမှုရေး အကြောင်း တွေ မပါပဲ စိတ် လွတ်လပ်ပေါ့ပါးစေမယ့် အိပ်မက် တစ်ခု လောက် ရောင်းပါ ။ ဘယ်လောက် ပေးရ ပေးရ ကျုပ် ပေးပါ့မယ် ”

လူရည်သန့် စကား ဆုံးသည် နှင့် အဘိုးအို မှာ နူးညံ့စွာ ပြုံး လိုက်ပြီး

“ မိတ်ဆွေ လိုချင်တဲ့ အိပ်မက်မျိုး ကျုပ် မှာ ရှိပါတယ် ။ ဒါပေမဲ့ ကျုပ် သိချင် တာ လေး နည်းနည်း မေးမယ် ၊ ဒါမှ မိတ်ဆွေ နဲ့အဆင် ပြေမယ့် အိပ်မက်မျိုး ကျုပ် ရွေး ပေးလို့ ရမှာ ”

“ ဘာ သိချင်တာလဲ  ”  

“ မိတ်ဆွေ ရဲ့ တနေ့တာ လုပ်ငန်းတွေ ဘယ်အချိန် မှာ ပြီး သလဲ ”

“ ပုံမှန် ဆိုရင်တော့ ကျုပ် ရုံးခန်း ပိတ်ချိန် က ညနေ ငါးနာရီ ပါပဲ ။ ဒါပေမဲ့ အိမ် ရောက်ရင် စာရင်းဇယားတွေ ပြန် စစ်တာနဲ့ ၊ နိုင်ငံခြား က Email တွေ ဖတ်ရ ၊ ပြန် ရ တာ နဲ့ ဆယ်နာရီ ၊ ဆယ့်တစ်နာရီ လောက် မှ ပြီးတယ် ”  

အဘိုးအို က ဦးခေါင်း ကို တဆတ်ဆတ် ညိတ် ရင်း

“ တစ်နေ့ ခင်ဗျား အိပ်ချိန် ဘယ် နှစ်နာရီ လောက် ရှိလဲ ” 

လူရည်သန့် သည် ဦးခေါင်း ကို ဖြည်းညှင်းစွာ ခါ ယမ်းလိုက်ပြီး

“ ကျုပ် အိပ် မပျော်တာ ရက် တော်တော် များနေပြီ ... ” 

သူ ၏ စကားကြောင့် အဘိုးအို သည် ပြဿနာ ၏ အဖြေ ကို ရှာ တွေ့သွားဟန် ဖြင့်

“ ဒါ ဆိုရင်တော့ မိတ်ဆွေ နေရာ မှား ပြီး ရောက် လာတာပဲ ” 

“ ဘယ်လို ... ခင်ဗျား ဘာကို ဆိုလိုတာလဲ ”

အဘိုးအို ၏ စကား ကို လူရည်သန့် နားလည်ပုံ မရ ။ အဘိုးအို က ထို သူ့ မျက်နှာ ကို သေသေချာချာ စိုက် ကြည့်ပြီး

“ ကျုပ် က အိပ်မက် ရောင်းတဲ့ သူ ပါ ၊ အိပ်ဆေး ရောင်းတဲ့ သူ မဟုတ်ဘူး ။ အိပ်မက် မက်ချင်တယ် ဆိုရင်တော့ ခင်ဗျား အိပ်ပျော် မှ ဖြစ်မှာပေါ့ ”

“ ဟင် .. ”

“ ဟုတ်တယ် လေ ၊ ခင်ဗျား ပိုင်ဆိုင်တဲ့ အရာတွေ ရဖို့ ခင်ဗျား ငွေကြေးတွေ ၊ အချိန်တွေ ရင်းနှီး ခဲ့ရတာပဲ ၊ ဘာ တစ်ခု မှ အလကား မရဘူး လေ ၊ အခုလည်း ခင်ဗျား လိုချင်တဲ့ အိပ်မက် ရဖို့ အိပ်စက်ခြင်း တော့ ပေး ရမှာပေါ့ .... ”

အဘိုးအို က ဆက်ပြီး

“ ဒီမှာ မိတ်ဆွေ ကျုပ် အကြံ တစ်ခု ပေးပါရစေ ၊ ခင်ဗျား နားလည် တတ်ကျွမ်း တဲ့ ဆရာဝန် တစ်ယောက် ဆီ သွားပြီး အိပ်ပျော် စေဖို့ အကြံဉာဏ် တောင်း ဆွေးနွေး ကြည့်ပါ ။ ပြီးမှ ကျုပ် ဆီ ကို ပြန်လာခဲ့ပါ ၊ အဲဒီအခါ ကျရင် မိတ်ဆွေ အတွက် အကောင်းဆုံး အိပ်မက် တစ်ခု ကျုပ် လက်ဆောင် ပေးပါ့မယ် ”

နောက်ဆုံး လူရည်သန့် အမျိုးသား သည် အဘိုးအို ကို နှုတ်ဆက်၍ ကား ပေါ် တက် ကာ မောင်း ထွက် သွားတော့သည် ။ မသွားခင် အဘိုးအို ၏ အိပ်မက်ဆိုင်လေး ကို မကြာခင် ပြန် လာခဲ့မည် ဟု ကတိ ပေးသွားလေသည် ။

•••••   •••••   •••••

၅ ။

မိုး အတော် ချုပ် နေပြီ ဖြစ်သောကြောင့် အဘိုးအို သည် အိပ်မက်ဆိုင်လေး ၏ တံခါးများ ကို ပိတ် ပြီး အိပ်ရာ ဝင် ရန် ပြင်ဆင် လိုက်သည် ။ အဘိုးအို မှာ အများ အတွက် အိပ်မက်များ ကို ရောင်းချ ပေးနေသော် လည်း သူ ကိုယ်တိုင် အိပ်မက် မက်ဖို့ ကြိုးစား သည် မှာ ကြာပြီ ဖြစ်၏ ။ သူ့ အတွက် အိပ်မက် မက် ရ ဖို့ ထက် အိပ်ရေး ဝ ဖို့သာ လိုအပ် သည်ဟု သူ ထင်သည် ။ 

အိပ်မက် ဆိုသည် မှာ အတုအယောင် သာ ဖြစ်သည် ။ ဘဝ နေဝင်ချိန် နီးကပ် နေသော အဘိုးအို တစ်ဦး အတွက် အတုအယောင်များ ကို သူ မမျှော်လင့်တော့ ပါ ။ သို့သော် အပြင် လက်တွေ့ ဘဝ မှာ ခါးသီးသော စစ်မှန်မှုများ နှင့် ရင်ဆိုင်ကြုံတွေ့နေရ သူတွေ အတွက် အတုအယောင် အိပ်မက်များ ဆက်လက် ရောင်းချ နေရဦးမည် ဖြစ်ပါသည် ။ အဘိုးအို သည် အိပ်ရာ ထက် သို့ ညင်သာစွာ လှဲလျောင်းရင်း “ လူသား အားလုံး အပူအပင်သောက ကင်းဝေးစွာ အိပ်စက် နိုင်ကြပါစေ ” ဟု တီးတိုး ရေရွတ် ဆုတောင်း လိုက်ပါတော့သည် ။

◾  လင်းခေတ်ဇော်

📖  တစ်ယောက်တစ်ဘဝ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Saturday, April 9, 2022

ဆဲသလိုများ ဖြစ်သွားလား


 

❝ ဆဲသလိုများ ဖြစ်သွားလား ❞

ဦးအေးကို ဆိုတာက ဟောဒီ တပေါင်းလည်ရွာ ရဲ့ ရွာ မျက်နှာဖုံး လယ်ပိုင်ရှင်ကြီး တစ်ယောက်ပေါ့ ။ အလှူအတန်းရက်ရောသလို ရပ်ရွာ သာရေးနာရေးကိစ္စ တွေမှာ လည်း ရှေ့ဆုံးက ဦးဆောင်ပြီး အားတက်သရော ပါဝင်လေ့ ရှိတယ် ။ နောက်ပြီး ဒီ တပေါင်းလည် တစ်ရွာလုံး မှာ သူ့ ကျေးဇူး နဲ့ ကင်းတဲ့ သူ က မရှိသလောက် ရှား တယ် ။ လူ မပြော နဲ့ ရွာဦးဘုန်းကြီးကျောင်း က အောင်နက် တို့ ဂုတ်ကျား တို့ တောင် ဦးအေးကို ထန်းလျက်ခဲ ကျွေးဖူးတဲ့ ကျေးဇူး ရှိတယ် ။

ဒါပေမဲ့ ဦးအေးကို က စိတ်ရင်း ကောင်း သလောက် စိတ် က လက်တစ်ဆစ် ရယ် ပါ ။ လူ ဖြောင့် စိတ်တိုကြီး လို့ ပြောရမယ် ။ စကား ပြောရင်လည်း တုတ်ထိုးအိုးပေါက် ၊ ပိဿလေး ဘေး ပစ် နဲ့  ။ သူ့ အိမ် မှာ သူရင်းငှါး လုပ်တဲ့ မောင်သြလေး ဆို တဲ့ ကောင် ကို ချီးမွမ်းတာ ပဲ ကြည့် ။

" ငဩ ဆို တဲ့ ကောင် က အရမ်း ဖင် ပေါ့တာ ။ အလုပ် လုပ် တာများ ကိုစက်ဖေ အိမ် က ခိုင်းနွားကြီး ကျနေတာပဲ မခိုမကပ်ဘူး ။ ထမင်း စားတော့လည်း နဒီသင်း ဝက်မကြီး ကန်စွန်းခင်းထဲ လွှတ်လိုက်တဲ့ အတိုင်းပဲ ၊ ထောင်း ထည့်နေသလားတောင် မှတ်ရတယ် " တဲ့  ။

မောင်ဩ ခမျာ နာသာခံခက် နဲ့  ။ ဒါ့ကြောင့် ရွာ ထဲ က လူ တော်တော်များများ က ဦးအေးကို ကို မလွှဲရှောင်နိုင်လို့ သာ အလိုက်အထိုက် ဆက်ဆံနေကြရတာ ။ သူ့ မြင်တာနဲ့ တတ်နိုင်သ လောက် ဝေးဝေး က ရှောင်သွားကြတယ် ။

တစ်နေ့ ရွာဦးကျောင်း ဆရာတော် အရှင်ဥတ္တရ က ကျောင်းဝန်းထဲ က အများ သုံး သောက်ရေကန် ဆယ် ဖို့ ရွာသူ ရွာသားတွေ ကို အစည်းအဝေး ခေါ် တယ် ။ ထုံးစံအတိုင်း ဦးအေးကို က ဦးစီးဦးဆောင် ပေါ့ ။ အစည်းအဝေး မှာ ဦးအေးကို က ဘာ ပြောသလဲဆိုတော့

" အေး ... ကျောင်း ၊ ကန် ၊ ဇရပ် ဖော်ဆောင် ပြုလုပ်တယ် ဆိုတာ ကုသိုလ် ရတယ် ။ အဲဒီတော့ ရွာထဲ က အကုသိုလ် များ တဲ့ သူတွေ အပါယ်တံခါး ပိတ်အောင် ဒီ သောက်ရေကန် ကို ဝိုင်း ဖော်ကြတာပေါ့ ကွာ "

ရွာထဲ က လူတွေ ကို အကုသိုလ်များ တယ် လို့ ပြောတာကို အားလုံးက မကျေနပ် ပေမယ့် ဘုန်းကြီး ရှေ့ မှာ ဆိုတော့ ငြိမ် နေကြရတယ် ။

ရေကန် ဖော် တဲ့ နေ့ လည်း ရောက်ရော သူ့ အိမ် က သူရင်းငှါး မောင်သြလေး ရယ် ၊ ရွာ အရှေ့ပိုင်း က ဇိုးသမား မောင်သွင် ရယ် ၊ ဘုန်းကြီးကျောင်း မှာ ကပ်ပြီး စားသောက်နေတဲ့ နိုင်ကြည်သားနေ နဲ့ ရောင်နီသက်လွင် ရယ် ပဲ လာကြတယ် ။ ကျန်တဲ့ သူတွေ က အကုသိုလ် များ လို့ ရေကန် လာဖေါ်ကြတယ် အပြော ခံရ မှာ စိုးလို့ မလာကြဘူး လေ ။

ဦးအေးကို လည်း တောက် တခတ်ခတ် နဲ့ စောင့် နေသေးတယ် ။ နေ တော်တော် မြင့်လာတော့ သူလည်း စိတ် မရှည်တော့ဘဲ လာတဲ့ သူ နဲ့ ပဲ လုပ်တော့မယ် လို့ ဆော်သြ လိုက်တယ် ။ ဒါပေမဲ့ သူ စိတ်တိုပြီး ပြောလိုက်တဲ့ စကား ကြောင့် လာတဲ့ သူတွေပါ ပြန် ကုန်ပါလေရော ။ သူ ပြောတာ ကို ကြည့်ဦး ။

" တောက် ၊ အလုပ် လုပ်ရမယ် ဆိုတော့ တစ်ကောင် မှ ပေါ် မလာကြတော့ဘူး ၊ ကြာတယ်ကွာ ။ ဘယ် ခွေးမသားမှ မလာလာ ၊ လာတဲ့ ခွေးမသားတွေ နဲ့ ပဲ လုပ်တော့မယ် " တဲ့  ။

◾လင်းခေတ်ဇော်

📖 ဟာဟ ( ၁ )

www.facebook.com/aung.naingoo.3726613

.