Showing posts with label တက္ကသိုလ်စိုးနောင်. Show all posts
Showing posts with label တက္ကသိုလ်စိုးနောင်. Show all posts

Saturday, July 20, 2024

ဇာတ်လိုက်မင်းသား


 

❝ ဇာတ်လိုက်မင်းသား ❞
  ( တက္ကသိုလ်စိုးနောင် )

( ၁ )

မှောင်ရီပျိုးစ ။

အလင်းဓာတ် သည် လျော့ရဲ အားနည်း လွန်း လှသည် ။ ညဉ့်လွှာရုံ က ပီပြင်စ ပြုလာသည် ။

မကြာမီ လမ်းမီးတိုင်များ တဖျပ်ဖျပ် ပွင့် လာကြသည် ။

လမ်းဘေး ပလက်ဖောင်း ပေါ် တွင် အပူအပင် ကင်းမဲ့စွာ ဖြင့် သူ တစ်ယောက် တည်း အဖော် မပါ လမ်းလျှောက် နေ မိသည် ။ ဤသို့ ထမင်း စားပြီး လမ်းလျှောက်ခြင်း သည် သူ ၏ နေ့စဉ် လုပ်နေကျ အကျင့် ဖြစ်သည် ။ တစ်နေ့ တာ လှုပ်ရှား သွားလာခဲ့ သမျှ ကို ပြန်ပြောင်း စဉ်းစား စားမြုံ့ ပြန်ရင်း အေးအေးလူလူ လျှောက် နေခဲ့မိသည် ။

ခရေပင်ကြီး တစ်ပင် အနီး သို့ မရောက် တရောက် အချိန် တွင် ထူးဆန်းသော မြင်ကွင်း ကို အမှတ်မထင် သူ တွေ့ လိုက်ရ သည် ။

သူ့ စိတ်ထဲ ထိတ်ခနဲ ဖြစ် သွားသည် ။ ဘာဖြစ်တာပါလိမ့် ဟူ၍ စဉ်းစား ရင်း ဦးနှောက် ကို အလုပ် ပေး နေမိသည် ။ ထွက် လာ သော အဖြေ က အကျည်းတန် လွန်းသော မြင်ကွင်း တစ်ခု အဖြစ် ပေါ် လာသည် ။

လူတစ်စု သည် အင်အား နည်းလွန်းလှသည့် မိန်းကလေး တစ်ဦး အား အဓမ္မ ဆွဲလား ရမ်းလား လုပ် နေကြသည် ။ အားနွဲ့ ရှာသူ မိန်းကလေး ခမျာ ကျားမုဆိုး တို့ အလယ် ၌ ယက်ကန် ယက်ကန် ဖြစ် လျက် ရှိသည် ။ လူ မဆန်သော ယောကျ်ား တစ်စု သည် ဤလို လူ ပြတ်သော နေရာ၌ ဤလို အခွင့်ကောင်းမျိုး ကို အရ ယူ နေကြခြင်း ဖြစ်သည် ။

သူ ၏ တစ်ကိုယ်လုံး တင်းခနဲ ဖြစ် သွားသည် ။ မခံမရပ် နိုင် သော ခံပြင်းစိတ်များ နှင့် အတူ အရှုံး ပေး နေရသော အားနည်း သူ ကို ကူညီချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည် ။

နှမသားချင်း မစာနာ ဘဲ ရိုင်းစိုင်းသော လူများ အား ရွံရှာ မုန်းတီးစိတ် ဖြင့် တက် တစ်ချက် ကို ခပ်ပြင်းပြင်း သူ ခေါက်သည် ။ 

ကျားမုဆိုး တို့၏  အလယ် ၌ မကြာခင် သားကောင် ဖြစ်ရ တော့မည့် မိန်းကလေး အား ကယ်တင်ရန် သူ ဆုံးဖြတ် လိုက်သည် ။

မိန်းကလေး ရှိရာ သို့ ပြေးသွားတော့မည့် ဆဲဆဲ အချိန် တွင် ..

လူဆိုး တို့ လက် မှ လွတ်ထွက် လာသော မိန်းကလေး သည် ဖိုးရိုးဖားယား ဖြစ်နေသော ဆံကေသာ ကို ဘယ်ညာ ယိမ်းခါ ရင်း သူ ရှိရာ အရပ် သို့ တစ်ဟုန်ထိုး ပြေးထွက် လာခဲ့သည် ။ လူဆိုးများ က သူမ နောက် မှ ပြုံ ၍ လိုက်ကြသည် ။

“ အစ်ကို ... အစ်ကို ၊ ညီမ ကို ကယ်ပါ အစ်ကို ၊ ညီမ ကို ကယ်ပါ အစ်ကို ရယ် ”

ဆည်းလည်းသံ ပမာ သာယာ အေးမြလှသော အသံသာသာ တစ်ခု ကို သူ ကြားသည် ။ သူ့ ကို သတိ ထားမိ သွားသော မိန်းကလေး သည် သူ ရှိရာ သို့ တန်းတန်းမတ်မတ် ပြေး လာပြီး သူ့ အား အကူအညီ တောင်း လျက် ရှိနေပါ လေပြီ ။

သူ အများကြီး ဝမ်းသာ သွားခဲ့သည် ။ ဤလို အဖြစ်မျိုး နှင့် တစ်ခါဖူးမျှ မကြုံဘူးသဖြင့် သူ့ ရင် ထဲ ဝေဒနာ တစ်မျိုး ကို ခံစား လိုက်ရသည် ။ အားနွဲ့ ရှာသူ မိန်းကလေး ကို သူ ကယ်တင် ရမည် ။ သူ လှုပ်ရှားလို က်သည် ။ ပြေး လာ နေသော မိန်းကလေး ရှိရာ တည့်တည့် သို့ သူ ရင်ဆိုင် ပြေးသည် ။

မကြာမီ မျက်နှာချင်းဆိုင် တွေ့သည် ။ မိန်းကလေး ၏ မျက်နှာ ကို အနီးကပ် တွေ့ လိုက် ရတော့ သူ့ ရင် ထဲ ဒိန်းခနဲ ဖြစ် သွားသည် ။

“ အားပါး အတော်လှသော မိန်းကလေး ပါ လား ” ဟူ၍ သူ စုတ်သပ် မိသည် ။ ရုတ်တရက် သူ မင်တက်မိ သွားစဉ် မိန်းကလေး သည် သူ့ ကို ပြေးဖက် ကာ ရှိုက်၍ ရှိုက်၍ ငို တော့သည် ။

“ အစ်ကို ရယ် ညီမ ကို ကယ်ပါဦး အစ်ကို ရယ် ညီမ မိကောင်း ဖခင် သားသမီး ပါ ၊ ညီမ အလုပ် က နေ အိမ် အပြန် နောက် ကျ လို့ တစ်ယောက် တည်း ပြန် လာတုန်း ၊ သူတို့ ခုလို လိုက် နှောင့်ယှက်ကြ တာပါ ။ ညီမ ကို ကယ်ပါ အစ်ကိုရယ် ”

မိန်းကလေး က အမောတကော ပြောသည် ။ 

မိန်းကလေး ၏ အဖက်အပွေ့ ၊ မိန်းကလေး ၏ အငိုအရှိုက် ၊ မိန်းကလေး ၏ အားကိုးမှု ၊ မိန်းကလေး ၏ သာယာသော အသံ အေးအေး တို့ ကြောင့် ရည်းစား ပင် မထားဘူးသော သူ ၏ နှလုံးသား များ ဖျပ်ဖျပ်လူး မျှ ခံစား လိုက်ရသည် ။

တစ်ကိုယ်လုံး ရှိန်းဖိန်း ကာ ကတုန်ကယင် ပင် ဖြစ် သွားခဲ့ သည် ။ အားပေးရမည် ။ ကူညီရမည် ။ ဤသို့ ဒုက္ခ တွေ့ နေရှာ သူ မိန်းကလေးမျိုး ကို သူ ပို၍ အကူအညီ ပေးရမည် ဟု သူ အောက် မေ့သည် ။

ထိုစဉ် ...

အနား ရောက် လာသော လူ တစ်စု က သူ နှင့် မိန်းကလေး တို့ ကို ဝိုင်း ထား လိုက်ကြသည် ။ ယခုမှ ပတ်ဝန်းကျင် ကို သူ သတိထား မိသည် ။ ရန်သူ ကို ရင်ဆိုင် ရမည် ဟူ၍ ..

ဝိုင်း ထားသော လူများ ကို သူ ရေတွက် ကြည့်သည် ။ အားလုံး လူ လေးယောက် ။

သူ မကြောက်ပါ ။ တက္ကသိုလ် တွင် လေးနှစ် လုံးလုံး သင် လာခဲ့ ရသော ကရာတေး ပညာ သည် သည် လူ လေးယောက် လောက် တော့ အပျော့ ပင် ။

မိန်းကလေး က သူ့ အား ဖျစ်ညှစ် ကာ တင်းတင်းကျပ်ကျပ် ဖက် ထားဆဲ ရှိသည် ။ မိန်းကလေး သည် မတွေးဝံ့သော ကြမ္မာဆိုး ကို ရင်မဆိုင် ရဲ သဖြင့် အကြောက် လွန် နေပုံ ရသည် ။

မိန်းကလေး ၏ အသားများ တဆတ်ဆတ် တုန်ယင် နေ သည် ကို ကြည့်ပြီး သူ ပို၍ သနား သွား ခဲ့သည် ။ 

“ ညီမ ၊ ညီမ ဘာမှ မကြောက်နဲ့ နော် ၊ အစ်ကို တစ်ယောက် လုံး ရှိပါတယ်ကွာ ၊ ဒီ ကောင်တွေ ကို အစ်ကို တီး ပစ်မယ် ၊ အသာနေ ”

မိန်းကလေး ကို သူ အားပေးသည် ။ ထိုသည့် နောက် မိန်းကလေး ၏ ဖက်တွယ်ထားသော လက်များ ကို အသာအယာ ဖြေလျော့ ကာ မိန်းကလေး ကို လွတ်ရာ သို့ အနည်းငယ် ခွာထုတ်သည် ။

ထိုသည့် နောက် ရဲရင့်သော ကျားသစ်မျက်လုံး ဖြင့် အကင်း ပါးစွာ အကဲခတ်သည် ။

ညာဘက် မနီးမဝေး ရှိ ဗလ တောင့်တောင့် အရပ်မြင့်မြင့် နှင့် မုတ်ဆိတ် ထူလပျစ် ရှိသူ သည် သူတို့ အဖွဲ့ တွင် ခေါင်းဆောင် ဖြစ်ဟန် ရှိသည် ။ ထိုသူ ကို ပထမဆုံး တိုက်ခိုက် ရမည့် ပထမ ရန်သူ အဖြစ် သူ သတ်မှတ်သည် ။ စိတ် ကို သူ လျှော့သည် ။ တစ်ကိုယ်လုံး ရှိ အကြောအခြင်များ ထဲ သို့ အင်အားများ သွတ်သွင်း လိုက်သည် ။

ညာခြေ ကို အားထည့် ၍ မုတ်ဆိတ် နှင့် လူ ၏ မေးဖျား ကို မှန်းကာ ဖြောင်းခနဲ ကန်ထည့် လိုက်သည် ။

ချက်ချင်း နောက် ကို တစ်ပတ် လှည့်ကာ ထင်သည့် အတိုင်း ပြေးဝင် လာသည့် ဂင်တိုတို နှင့် လူ ကို ဘယ်ခြေ ဖြင့် ကန် ထည့် လိုက်သည် ။

တစ်ခဏ အတွင်း လူရမ်းကား နှစ်ယောက် လဲကျ သွား သည် ။ သူ က ချက်ချင်း ဒူးညွှတ် ပြီး လက်ဖဝါး နှစ်ဖက် ကို အသင့် အနေအထား ဖြင့် ကျန် နှစ်ယောက် ကို ရင်ဆိုင်သည် ။

ပြင်းထန် မြန်ဆန် သော သူ ၏ တိုက်ကွက် ကို သိ သွားသည့် ကျန် လူဆိုး နှစ်ယောက် သည် သူ့ ကို ရင်မဆိုင်ရဲ တော့ ဘဲ နောက်ဆုတ် ၊ နောက်ဆုတ် နှင့် လုပပြီး နောက်သို့ ဆုတ် ပြေးတော့သည် ။ စောစောက မှောက် နေသော နှစ်ယောက် သည် လည်း လူးလဲ ထ ကာ လှည့်ကြည့် ၊ လှည့်ကြည့် နှင့် ထွက်ပြေး လေတော့သည် ။

မိန်းကလေး ဘက် သို့ သူ လှည့် ကြည့်သည် ။ မိန်းကလေး သည် ကြောက်ရွံ့ တုန်လှုပ် နေသော အမူအရာ ထက် တွင် အပြုံး မြမြလေး ကို ရှားရှားပါးပါး ပြုံး ပြ လျက် ရှိသည် ။

သူ့ ရင် ထဲ များစွာ ကျေနပ် သွားရ၏ ။ ပီတိရေစင် သည် သူ့ အသည်းနှလုံး ထဲ သို့ ချိုမြစွာ စိမ့်ဆင်း စီးဝင် ခဲ့ပါ၏ ။

ကြည့်ခဲ့ဖူးသော ရုပ်ရှင်ဇာတ်ကားများ ကို အမှတ် ရသည် ။ ယခု သူ သည် လည်း ရုပ်ရှင် ထဲ မှာ ကဲ့သို့ လူကြမ်းများ လက် ထဲ မှ မင်းသမီး ကို ကယ်တင် လိုက်နိုင်သည့် ဇာတ်လိုက်မင်းသား ပမာ ဖြစ်နေပါရောလား ဟု သူ့ ကိုယ် သူ အောက်မေ့သည် ။
သူ့ အသည်း ဘဝင် ၌ လေဟပ် သွားပါ၏ ။

မိန်းကလေး က သူ့ ကို လိုလားနှစ်သက်စွာ ကြည်ကြည်လင်လင် ဖြင့် ပြုံးပြသည် ။ မိန်းကလေး ၏ အပြုံး က အားပါလွန်း လှ သဖြင့် သူ များစွာ ကျေနပ် သွားရသည် ။

“ ကဲ ညီမ ၊ ဘယ်ထိ ပြန်ရမှာလဲ ၊ အိမ် ရောက်တဲ့ အထိ အစ်ကို လိုက် ပို့ပေးမယ် ဟုတ်လား ”

မိန်းကလေး ၏ မျက်နှာ တစ်မျိုး ပြောင်းသည် ။ ထို့ကြောင့် သူ နားလည်ရ ခက် သွားသည် ။

“ ခုမှ တော့ ညီမ အိမ် ကို မပြန်တော့ဘူး အစ်ကို ရယ် ၊ ညီမ အိမ် က လူကြီးတွေ က သိပ် စည်းကမ်းကြီး တာ ၊ ညီမ ကို ဘယ်မှ သွားတာ ကြိုက်တာ မဟုတ်ဘူး ၊ ခုလိုလည်း တစ်ခါမှ မဖြစ်ဖူးဘူး ၊ ညီမ ပြန် သွားရင် အိမ် က ညီမ ကို တစ်မျိုး ထင်ကြတော့မယ် ၊ ခက်ပါတယ် အစ်ကို ရယ် ဟင့် .. ”

“ ဟာ ”

သူ အစဉ်းစားရ ခက် သွားသည် ။ ဖြစ်နိုင် လျှင် မိန်းကလေး ၏ အိမ် မှ လူကြီးများ နားလည် သဘောပေါက် စေချင်သည် ။ သူ အဘယ်သို့ ကူညီရလေမည်နည်း ။

ဝမ်းပန်းတနည်း ငိုကြွေး နေသော မိန်းကလေး အား မကြည့် ရက်တော့သည် ကြောင့် ....

“ ဒါဖြင့် ညီမ ကို အစ်ကို ဘယ်လို ကူညီရမလဲ ဟင် ၊ ညီမ ဖြစ်ချင်တာကို ပြောလေ ”

မိန်းကလေး က အငို ကို ရပ် ၍ သူ့ ကို ရွှန်းရွှန်းစားစား ကြည့်သည် ။

“ ညီမ လေ ညီမ ၊ အစ်ကို့ ကို ကျေးဇူး လည်း တင်ပါတယ် ။ အား လည်း ကိုးပါတယ် အစ်ကို ရယ် ၊ အစ်ကို့ ကို မြင်လိုက် ကတည်း က အစ်ကို ဟာ လူရိုး လူကောင်း တစ်ယောက် ဆိုတာ ညီမ သိ ပါတယ် ။ ဒါကြောင့် ကူညီလက်စ နဲ့ အစ်ကို့ အိမ် မှာ ပဲ ဒီ တစ်ည တော့ ဟိုလေ လိုက် အိပ်ပါရစေ အစ်ကို ရယ် ၊ အစ်ကို့ ကို ညီမ ယုံပါတယ် ”

“ ဟင် ”

သူ့ အိမ် လိုက်မည် ဟု ဆို၍ သူ့ မှာ မယုံမရဲ ဖြစ် သွားသည် ။ နားကြား များ လွဲရော့သလား ဟူ၍ ..

“ မဟုတ်သေးဘူး ညီမ ရဲ့ ၊ အစ်ကို က မိသားစု နဲ့ နေတာ မဟုတ်ဘူး ၊ အစ်ကို က လူပျို လူလွတ် တစ်ယောက် တည်း အခန်း ငှားပြီး နေတာ ၊ ညီမ လိုက် အိပ်မယ် ဆိုရင် ... ”

“ ရပါတယ် အစ်ကို ရယ် ညီမ အိပ်ရဲပါတယ် ၊ အစ်ကို့ ဆီ မှာ မအိပ်ရ ရင် ညီမ ဘဝ ကို မတွေးရဲတော့ပါဘူး အစ်ကို ရယ် ”

သူ့ ရင်ထဲ နွေးခနဲ ဖြစ်သည် ။ စိုးရိမ်စိတ် ဖြင့် ...

“ နက်ဖြန် မှ အိမ် ပြန် ရင်ကော ညီမ ကို ညီမတို့ အိမ် က ဘာ ပြောကြမလဲ ”

“ အို အဲဒါတော့ မပူနဲ့ အစ်ကို ၊ ရပါတယ် ညီမ သူငယ်ချင်း မိုးမိုး အိမ် မှာ သွား အိပ်တယ် ဆိုရင် သူတို့ ခွင့်လွှတ်ကြ မှာ ပါ အစ်ကို ၊ မိုးမိုး နဲ့ ညီမ က အရမ်း ချစ်တဲ့ သူငယ်ချင်း တွေ လေ ၊ နောက်ပြီး မိုးမိုး အိမ် မှာ က ညီမ က အိပ်နေကျ ”

•••••   •••••   •••••

( ၂ )

မိန်းကလေး ၏ နာမည် ကို သိ လိုက်ရသည် ။ သူဇာ ဟူ၍ ။ သူဇာ သည် အိပ်ခန်း ထဲ ရောက် မှ မီးရောင် အောက် တွင် ပို၍ ပို၍ လှ နေ ခဲ့လေသည် ။

နောက်ပြီး မကြာလိုက် သူဇာ က ရေ ချိုးချင်သည် ဟု ပြော သည် ။ သူ က သူ ၏ ရေလဲလုံချည် ကို ပေးသည် ။

ပုဆိုး ကို ရင်ရှား ထားသော သူဇာ ၏ ပင်ကို အလှ သည် ထင်းခနဲ ပေါ် ကာ သူ့ အား အသက်ရှူ မှား စေခဲ့သည် ။

အစ က သည်လောက် ရင်တွေ ခုန်နေလိမ့်မည် ဟု သူ မထင် ။ ယခုတော့ သူ ၏ ရင်ခုန်သံ က ဇယ်စက် လျက် ရှိသည် ။ ခြေဖျား လက်ဖျား များ ပင် တဆတ်ဆတ် တုန်ယင် လာခဲ့သည် ။ ရေ ချိုးပြီး သူဇာ သည် သူ့ ရှေ့ မှာ ပင် သူ့ ပုဆိုး တစ်ထည် နှင့် စပို့ရှပ် တို့ ကို လဲ ဝတ်သည် ။

သူဇာ သည် သူ နှင့် နီးကပ် လွန်း စွာ စကား တွေ ပြောခဲ့ သည် ။ သူ ၏ စိတ် တို့ မရိုးမရွ ဖြစ်ကာ သွေးဆူ လာခဲ့သည် ။ ထိုစဉ် သူဇာ က မျက်ဝန်းအစုံ ကို မှေးစင်း ၍ သူ့ ကို ငေးခနဲ တစ်ချက် ကြည့်ပြီး -

“ ချစ်တယ် အစ်ကို ရယ် ”

ဟူ၍ ဆို ကာ ပြေး ဖက်သည် ။ သူ ၏ နှလုံးသားများ အရည် ပျော်ကျ ကုန်သည် ။

သည့်နောက် သူဇာ က လူချင်း ခွာကာ အမှတ်တရ ည အဖြစ် ကော်ဖီ ဖြစ်ဖြစ် ၊ လက်ဖက်ရည် ဖြစ်ဖြစ် သူမ ကိုယ်တိုင် ဖျော်ပြီး တစ်ခု ခု သောက်ချင်သည် ဟု ပြောသည် ။ သူ က ကော်ဖီ ရနိုင် ကြောင်း ပြောသည် ။

သူဇာ က သူ့ နဖူး ကို တစ်ချက် နမ်း ပြီး သူ့ အပါး မှ သွက်လက်စွာ ထ သွားသည် ။

အဆင်သင့် ရှိ နေသော ဓာတ်ဘူး ထဲ မှ ရေနွေး နှင့် ပင် မိုင်လိုကော်ဖီ နှစ်ခွက် ကို ဖျော်သည် ။ သူ က ဗီရိုပုလေး ထဲ မှ မုန့်ပုံး ကို ယူ၍ ဖွင့် ပေးသည် ။

နှစ်ယောက်သား ပြုံးရွှင် ရယ်မောစွာ ဖြင့် ကော်ဖီ နှင့် မုန့် ကို စားရင်း စကားတွေ ဖောင်ဖွဲ့ ကြသည် ။

ထိုသို့ စကားတွေ ပြောရင်း ပြောရင်း နှင့် သူ ၏ မျက်ခွံများ လေးလံ လာကြသည် ။ အိပ်ချင် သည့် စိတ် သည် တား မနိုင် ဆီး မရ ။

မြင်ကွင်း အတွင်း ၌ သူဇာ ၏ အလှ သည် တဖြည်းဖြည်း နှင့် မပီဝိုးတဝါး ဖြစ် လာခဲ့သည် ။ ထိုသည် ၏ နောက် ...

•••••   •••••   •••••

( ၃ )

သူ အိပ်ရာ မှ နိုး လာသည် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ် လိုက်ရ သဖြင့် သူ ၏ တစ်ကိုယ်လုံး အားအင်များ ပြည့်ဝ ကာ စိတ်နှလုံး မှာ ရွှင်ပြုံး နေခဲ့သည် ။

အပေါ် မှ ခြုံ ထားသော စောင် ကို အသာ ခွာ၍ လက် နှစ်ဖက် ဆန့်တန်း ကာ အညောင်း ဆန့် လိုက်သေးသည် ။

သို့ ရှိစဉ် ...

သူ ၏ အတွေး က တစ်စုံတစ်ရာ ကို အမှတ် ရသည် ။

“ သူဇာ ဟာ ”

ယခုမှ သူ့ စိတ်တွေ ယောက်ယက်ခတ် ကုန်သည် ။ စောင် ကို ချက်ချင်း ခွာ ၍ အိပ်ရာ ထဲ မှ ဝုန်းခနဲ ထ သည် ။ သူ ၏ အကြည့်များ က ဟိုဟိုသည်သည် ကြည့် ရင်း ရှာဖွေ နေ မိသည် ။ ည က သူ နှင့် ပါ လာခဲ့သော သူဇာ ဟူသည့် မိန်းကလေး ဘယ်ရောက် သွားပြီ နည်း ။

သူ အတွေးရ ကျပ် နေစဉ် သူ့ မျက်လုံးများ က အခန်း တစ်ခုလုံး ၏ အနေအထား ကို သတိထား မိ သွားပြီး ... ။

“ ဟာ သွားပြီ ” ဟူ၍ သာ အော် လိုက်နိုင်တော့သည် ။

ဗီရို ပေါ် မှ ရေဒီယို ကက်ဆက် ၊ စားပွဲတင် နာရီ ၊ သူ စီးနေ ကျ စက်ဘီး တို့ သည် မရှိတော့ ။ သတိ ရ ၍ လက် ကို ကြည့်သည် ။ လက် မှ ဆီကို နာရီ သည် လည်း မရှိတော့ ။

အဝတ်ထည့် ဗီရို သည် ပွင့်လျက် ၊ အထဲ ၌ ဟောင်းလောင်း ဖြစ်၍ နေသည် ။ တန်ဖိုးရှိ ပစ္စည်းများ နှင့် မသုံးရက် မဝတ်ရက် အဝတ်အစားကောင်းများ ထည့် ထားသော သေတ္တာ ရှိရာ ခုတင် အောက် သို့ အလျင်အမြန် ငုံ့ ကြည့်သည် ။ မရှိတော့ ။ သေတ္တာ ထဲ ၌ ငွေသား က သုံးသောင်း ကျော် ပါသွားပြီ ။ လုပ်ငန်း ထဲ မှ အရင်းအနှီး ငွေများ ပါ သွားပြီ ။

သူ ဘာ လုပ်လို့ လုပ်ရမှန်း မသိတော့ ။ နောက်ဆုံး ကြိုးတန်း ပေါ် လွှား ထားသော အဝတ်အစားများ နှင့် ရေသုတ်ပဝါ တို့ က အစ ပြောင်သလင်း ခါ ၍ သွား လေသည် ။ သူ ယူကျုံး မရ ဖြစ်သွားသည် ။ ရှိသမျှ ကုန်ပါပြီဟု သူ အောက်မေ့ လိုက်သည် ။

သူ ၏ ရင် ထဲ ၌ ဒေါသ မုန်တိုင်း တို့ က အလိပ်လိုက် ၊ အလိပ်လိုက် တက် လာကြသည် ။ နာကြည်း ခံပြင်းခြင်း နှင့် အတူ သူဇာ ဆိုသော မိန်းကလေး အား အမှုန့် ချေပစ်ချင်စိတ် များ တဖွား ဖွား ပေါ် လာခဲ့သည် ။

လက်သီး နှစ်လုံး ကို ကျစ်ကျစ် ပါ အောင် ဆုပ်ပြီး နံရံ ကို ထိုးထည့် လိုက်သည် ။ တောက် တစ်ချက် ကို နာနာကြည်းကြည်း ခေါက် လိုက်သည် ။ မနေ့ ည က သူ ကယ်တင် ခဲ့သော မိန်းကလေး နှင့် လူဆိုး လေးယောက် တို့ သည် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပူးပေါင်း ကာ သူ့ အား လှည့်ကွက် ဆင် ခဲ့သည် ကို ယခု မှ ပင် သူ ကောင်းကောင်းကြီး သဘောပေါက် ခဲ့တော့သည် ။

ထိုသည် ၏ နောက် သူ ၏ ခြေလှမ်းများ က ရဲစခန်း ဆီ သို့ သာ ဦးတည်လျက် ။

( နောက် ရက်များ မကြာမီ မှာ ပင် သူဇာ နှင့် အဖွဲ့ ကို ရဲတပ်ဖွဲ့ မှ ခြေရာခံ ဖမ်းဆီးရခဲ့သည် ။ )

◾တက္ကသိုလ်စိုးနောင်

📖 ပြစ်မှု မဂ္ဂဇင်း
      အမှတ်စဉ် ( ၆၁ )
      ၁၉၈၇ ခုနှစ် ၊ မတ်လ 

#ကိုအောင်နိုင်ဦး

.

Tuesday, July 16, 2024

မိရွှေမှား

❝ မိရွှေမှား ❞


( ၁ )


ရုံးပိတ်ရက် တစ်နေ့ ။


တွေ့နေကျ နေရာလေး တစ်ခု ။


ဗာဒံပင်ရိပ် ရှိ ခုံဝိုင်းလေး တစ်ခု ပေါ် တွင် ဖြစ်သည် ။ 


ခိုင်ဝါ သည် ချစ်သူ အောင်ဇော် ၏ ပခုံးစွန်း ကို သူမ ၏ ဦးခေါင်းလေး ဖြင့် ခိုမှီ ထားရင်း မှ ...


“ ဘယ်လိုလဲ ကိုအောင် ရယ် ၊ ခိုင်ဝါ တို့ လက်ထပ်ကြဖို့ ကို ကိုအောင် ဘယ်လို စဉ်းစားထားလဲ ဟင် ၊ ကိုအောင့် ကို ကြည့်ရတာ အေးတိအေးစက် နဲ့ ခိုင်ဝါ တော့ ကိုအောင့် ကို ဘယ်လိုမှ အားမရဘူး ၊ တကယ်ပဲ ”


“ ဟင်း ”


အောင်ဇော် သည် ရှေ့တည့်တည့် ရှိ အပွင့်မဲ့ စံပယ်ရုံ အုပ်အုပ် ကို စိုက်ကြည့် နေရင်း မှ သက်မကြီး တစ်လုံး ကို လေးလေးပင်ပင် ချ လိုက်သည် ။


“ ကြည့် သူ့ ပြော လိုက်ရင် အဲလိုပဲ ၊ သက်ပြင်း ချရတာနဲ့ ၊ လက်မှိုင် ချရတာနဲ့ ၊ ဘာ တစ်ခု မှ တက်တက်ကြွကြွ မရှိ ဘူး ။ ဒီ ဘဝ တော့ မိခိုင်ဝါ တို့ ယောက်ျား ရဖို့ တယ် မလွယ်ဘူး နဲ့ တူပါတယ်လေ ”


“ ဪ ခိုင်ဝါ ရယ် ၊ ပြောရက်လိုက်တာ ကိုအောင့် မှာ တစ်နေ့ တစ်နေ့ ဒီ ကိစ္စ ပဲ ခေါင်း ထဲ မှာ ထည့်ပြီး စဉ်းစား နေခဲ့တာ ပါ ။ ခက်တာ က ဘာမှ ကြံ လို့ မရဘူး ၊ ကိုအောင် သိပ် စိတ်ညစ်တယ်ကွာ ”


“ ဟွန့် အဲလိုသာ လုပ်နေ ၊ တော်ကြာ ရက်တွေ ကြာ လာ မှ အိမ် က သူတို့ သဘောတူ တဲ့ လူ နဲ့ အတင်း ပေးစား လာ ရင် တော့ ခက်ပေ့ ဖြစ်ကုန်လိမ့်မယ် ၊ အဲဒီတော့ မှ လာပြီး ငို မနေနဲ့ ဒါပဲ ”


ခိုင်ဝါ က မှီ ထားရာ မှ ခွာ ရင်း နှုတ်ခမ်းလေး အစုံ ကို မဲ့ရွဲ့ ကာ ဆိုသည် ။ အောင်ဇော် သည် ခိုင်ဝါ ၏ ပခုံးဝန်းဝန်း ကို သိုင်း ဖက်ရင်း .. 


“ ကိုအောင့် ကို တော့ တစ်ယောက် တည်း ပစ်မထားပါနဲ့ အချစ် ရယ် ၊ ခိုင်ဝါ သာ ကိုအောင့် ကို သစ်စိမ်း ချိုး ချိုးခဲ့ရင် တော့ ကိုအောင် ရင် ကွဲပြီး သေရပါလိမ့်မယ် ကွယ် နော် အချစ် ”


အောင်ဇော် က ချွဲချွဲပျစ်ပျစ်လေး ပြောလိုက်သည် နှင့်


“ သူ ဒါပဲ တတ်တယ် ၊ ချွဲဖို့ နွဲ့ဖို့ ပဲ သူ သိတယ် ၊ ဒီလိုနဲ့ ရက်တွေ ကြာ လာတာ မနည်းတော့ဘူး ။ ဒီက မိန်းကလေး တန် မဲ့ နဲ့ လက်ထပ်ဖို့ ကို ချည်း ပြော နေရတာ သိပ် အောက် တာပဲ ”


“ အချစ် ရယ် ဒါတွေ ကိုအောင် နားလည်ပါတယ်ကွာ ”


“ နားလည်တယ် လည်း ပြောသေး ၊ လက်ထပ်ဖို့ ကို တိုင်ပင် နေခဲ့တာ ခုဆို ဘယ်လောက် ကြာ ပြီလဲ တစ်ဝါ ကျွတ်လိုက် ၊ တစ်နှစ် ကူးလိုက် နဲ့ ဟင်း နော် ဒီ က မိန်းကလေး ဖြစ် နေလို့ ယောက်ျားလေး သာ ဖြစ်ခဲ့ရင်တော့ လား ”


ခိုင်ဝါ က အောင်ဇော့် ကို အားမရနိုင်စွာ ဖြင့် စိတ် ထဲ တွင် မကျေမနပ် ဖြစ်ကာ ရှိသည် ။


“ ခိုင်ဝါ ရယ် ကိုအော င်လည်း ခိုင်ဝါ နဲ့ အတူတူ နေချင်တာပဲ ပေါ့ ။ ဒါပေမဲ့ ကိုအောင့် မှာ က ဘာမှ ရှိသေးတာ မဟုတ် ဘူး ၊ ဒါတွေကို ခိုင်ဝါ လည်း အသိ ၊ ခိုင်ဝါ နဲ့ မြန်မြန် နီးရ ဖို့ ကိုအောင် လည်း ကြိုးစား နေပါတယ်ကွာ ”


အောင်ဇော် က ဖျောင်းဖျောင်းဖျဖျ ရှင်း ပြသည် ။


“ ခုဆို ခိုင်ဝါ နဲ့ ကိုအောင် တို့ လက်ထပ် ပြီးရင် အိမ်ခန်းလေး တစ်ခန်း သပ်သပ် ငှားပြီး နေနိုင်အောင် လို့ ကိုအောင် ငွေတွေ စု ထားပါတယ်ကွာ ၊ ကိုအောင် တို့ ရုံး က ငွေစုငွေချေးသ/မ မှာ ကိုအောင် စု ထားတာ လည်း ခုဆို မနည်းတော့ဘူး ”


“ နောက်ပြီး ညဘက် မှာ သူငယ်ချင်း တစ်ယောက် နဲ့ စပ်တူ စာအုပ် အဟောင်းတွေ ရောင်းတာ လည်း ကိုအောင့် ဝင်ငွေ က မဆိုးပါဘူး ”


“ နောက်ထပ် ခိုင်ဝါ မသိသေးတာတွေ အများကြီး ရှိသေး တယ် ၊ ပြောဖို့ မကောင်းလို့ ကိုအောင် လေ ခိုင်ဝါ နဲ့ မြန်မြန် နီး ရဖို့ ငွေတွေ အများကြီး ရ အောင် စုနေပါတယ် အချစ် ရယ် ၊ အဟင်း ဟင်း ဟင်း ”


အောင်ဇော် က သူ ၏ စွမ်းဆောင်ချက် ကို ချစ်သူ ၏ ရှေ့ တွင် ဂုဏ်ယူ ဝင့်ကြွားစွာ ပြောရင်း လှောင်ရယ်လေး ရယ် လိုက်သည် ။ 


ခိုင်ဝါ သည် အောင်ဇော့် ထံ မှ အားရဖွယ် စကားဆန်းလေး များ အား ကြားလာရ သဖြင့် စိတ်အား တက်ကြွ လာခဲ့သည် ။ ခိုင်ဝါ သည် ချစ်သူအား ပြုံးပြုံးကြီး စိုက်ကြည့် နေမိသည် ။


 •••••   •••••   •••••


ဟုတ်သည် ။ အောင်ဇော် နှင့် ခိုင်ဝါတို့ ချစ်ခဲ့ကြသည် မှာ ကြာခဲ့ပြီ ။ ငါးနှစ် ငါးမိုး ပင် ကြာခဲ့ချေပြီ ။


အောင်ဇော် နှင့် ခိုင်ဝါ တို့ သည် တစ်နှစ် တည်း ဘွဲ့ အတူ ရခဲ့ ကြပြီး တက္ကသိုလ် မှာကတည်း က ချစ်ခဲ့ကြသူများ ဖြစ်သည် ။ 


“ ဘွဲ့ရ ပြီးကြတော့ အောင်ဇော် က ရုံး တစ်ရုံး တွင် တစ်ရာ့ သုံးဆယ်ကျပ် စကေးရသော အောက်တန်းစာရေး အလုပ် ကို ဝင် လုပ်သည် ။ ယခု ထက်ထိ ထို အယ်လ်ဒီ ရာထူး မှ မတက်နိုင်သေး ။ 


ခိုင်ဝါ က တော့ သူမ ဝါသနာ ပါရာ ကျောင်းဆရာမ အလုပ် ကို ဝင် လုပ်သည် ။ ဝင်တုန်းက တော့ မူလတန်းပြ ဆရာမလေး ၊ ယခုတော့ ရာထူး တစ်ဆင့် တိုး ကာ အလယ်တန်းပြ ဆရာမ ပင် ဖြစ်၍ နေ လေပြီ ။


ခိုင်ဝါတို့က ပိုက်ဆံ အသင့်အတင့် ရှိသည် ။ အိုး နှင့် အိမ် နှင့် မိဘများ က လည်း ကုန်သည်များ ဖြစ်သည့် အတွက် တင့်တောင့်တင့်တယ် နေ နိုင်သည် ။


မနေနိုင်သည် က အောင်ဇော် ။ အောင်ဇော် သည် ရန်ကုန်သား မဟုတ် ။ တက္ကသိုလ် တက် ကတည်း က နယ် မှ လာ တက်ကာ ဦးလေး ဖြစ်သူ နှင့် ကပ်ရပ်ပြီး ကျောင်းတက် ခဲ့ရသူ ဖြစ်သည် ။ ဘွဲ့ရ ပြီးတော့ လည်း ဦးလေး အိမ် မှ မခွာနိုင်သေး ။ ဦးလေး အိမ် မှ ပင် အလုပ် သို့ ဝင်ခဲ့ခြင်း ဖြစ်သည် ။ ရ သည့် လစာလေး ကို တော မှ မိခင်အိုကြီး အား တစ်ဝက် ၊ တစ်ဝက် ထောက်ပံ့ နေခဲ့ ရသေးသည် ။


စရိတ် ကြီးသော ရန်ကုန် လို မြို့ကြီး တွင် အောက်တန်း စာရေးလေး အောင်ဇော် ၏ ဘဝ သည် တုတ်တုတ်မျှ မလှုပ်ရဲသော ဘဝ ။ ဦးလေး လို သွေးသားရင်းချာ တစ်ယောက် ရှိ၍ သာ သူ့ မှာ တော် တော့သည် ။


နို့မို့ဖြင့် သူ ၏ ဘဝ သည် မလွယ် ရေး ချ မလွယ် ။


 •••••   •••••   •••••


( ၂ )


ယခု တလော အောင်ဇော် တစ်ယောက် ပျောက်ချက်သား ကောင်း နေခဲ့သည် ။ တစ်ရက် လည်း ပေါ် မလာ ၊ နှစ်ရက် လည်း ပေါ် မလာ ဖြင့် ရှိနေခဲ့သည် ။


တွေ့နေကျ နေရာ သို့ လည်း ရောက် မလာ ။ သူမ စာ သင်ရာ ကျောင်း ဆီ သို့ လည်း ရောက် မလာ နှင့် တစ်ရက် ပြီး တစ်ရက် သာ ဆက် လာခဲ့သည် ။


ခိုင်ဝါ ၏ ရင် သည် တဒိတ်ဒိတ် နှင့် ခုန် လာ ရပါပြီ ။ ချစ်သူ အတွက် စိုးရိမ် သောက ပွားကာ စိတ်မော လာခဲ့ရသည် ။ ခါတိုင်း ဆို နေ့တိုင်း တွေ့ နေကျ ။ တစ်နေ့ လာနိုး ၊ လာနိုး နှင့် ယခု တော့ မူ ဘာလိုလို ဖြင့် ဆယ်ရက် ပင် ရှိသွားခဲ့ပြီ ။


အောင်ဇော် တစ်ယောက် ပျောက်ခြင်း မလှ ပျောက်ဆုံး နေပါလေပြီကော ။ အစောပိုင်း ရက်များ က နေထိုင် မကောင်း၍ များလား ဟု အောက်မေ့ ခဲ့သည် ။ ကြာလာတော့ ခိုင်ဝါ မှာ နေမထိ ၊ ထိုင်မသာ ဖြစ် လာခဲ့တော့သည် ။


ထိုသည် ကြောင့် ကျောင်းပိတ်ရက် တစ်နေ့ တွင် ညီမ ဖြစ်သူ လှိုင်ပြာ ကို အဖော် ခါ်၍ သတင်း မေးရန် အောင်ဇော် ရှိရာ သို့ ဘတ်စ်ကား စီး ပြီး ထွက် လာခဲ့သည် ။


အမှတ်ကိုး ဟီးနိုးဘတ်စ်ကား သည် ပြည်လမ်း တစ်လျှောက် အရှိန်အဟုန် ဖြင့် မြို့တွင်း ဘက် ဆီသို့ မောင်းနှင် လျက် ရှိသည် ။ ကား ပေါ် တွင် ခရီးသည်များ က အပြည့်အသိပ် ကြပ်တောက် လျက် ရှိသည် ။


ခိုင်ဝါ တို့ ညီအစ်မ သည် နေရာ ရ သဖြင့်သာ တော် တော့ သည် ။ သို့မဟုတ် လျှင် ဖြင့် ဤလို ဘတ်စ်ကားမျိုး တွင် နေရာ ရ ဖို့က တယ် မလွယ်ချင် ။


ဘတ်စ်ကား သည် မာလာ မှတ်တိုင် သို့ ထိုးဆိုက် လာခဲ့ သည် ။ မှတ်တိုင် မှ ကား အထွက် တွင် ကား ပေါ် တက်လာခဲ့သူများ အကြား မှ မထင်မှတ်ဘဲ တွေ့ လိုက်ရသူ တစ်ဦး ကြောင့် ခိုင်ဝါ မှာ များစွာ အံ့သြလျက် ဝမ်းသာ ရ မလို ဝမ်းနည်း ရ မလို ဖြစ်သွားခဲ့ သည် ။ တွေ့လိုက်ရသည် က တိုက်ပုံအင်္ကျီ အညိုရောင် နှင့် ကိုအောင်ဇော် ။


“ ကိုအောင် ကိုအောင် ပါ လား ... ကြည့်စမ်း နေနိုင်လိုက်တာ နေကောင်းရဲ့ သား နဲ့ ၊ ငါ့ ဆီ ဘာလို့ မလာရတာလဲ ၊ ခုလဲ ကြည့်စမ်း ၊ ဘယ်က နေ ဘယ်လို လာပြီး ခု ဘယ်ကို သွားဦး မလဲ မသိဘူး ။ သူ နေတာက သာကေတ မှာ ဒီနေရာ မှာ သူ ဘာ လာ လုပ်တာလဲ ”


ခိုင်ဝါ အတွေး ရ ခက် သွားသည် ။ မေးခွန်းပေါင်း မြောက်မြားစွာ သည် သူမ ၏ ဦးခေါင်း ထဲ ၌ ချာချာလည် လျက် ရှိသည် ။ လှမ်း ခေါ်လိုက်မည် ဟု စိတ်ကူး ရသော်လည်း တစ်ယောက် နှင့် တစ်ယောက် အလှမ်း ကွာဝေးသည် က လည်း တစ်ကြောင်း ၊ လူတွေ က လည်း ပြည့်ညပ် နေသည် က တစ်ကြောင်း နှင့် ဆူညံ နေ သော ကားစက်သံ တို့ ကြောင့် ခေါ်ရ ခက် နေသည် ။


ထိုင်ရ ကောင်း နိုးနိုး ၊ သူ့ ထံ ထ သွားရ ကောင်း နိုးနိုး နှင့် ဖင် တကြွကြွ ဖြစ်နေခဲ့သည် ။ ဘေး မှ ညီမ လှိုင်ပြာ မှာ လည်း အိပ် ငိုက် လျက် ရှိနေသည် ။


သို့ရှိစဉ် ..


အမှတ်မထင် မြင် လိုက်ရသော မြင်ကွင်း ကြောင့် ခိုင်ဝါ တစ်ကိုယ်လုံး တောင့်တင်း သွားကာ မျက်လုံး အစုံမှာ ပြူးကျယ် ဝိုင်းစက် ၍ သွားခဲ့သည် ။


တိုက်ပုံအင်္ကျီ ဝတ် ထားသော အောင်ဇော် သည် အနီး ရှိ တစ်ဖက် သို့ လှည့် ရပ် နေသူ အဒေါ်ကြီး တစ်ဦး ၏ လည်ပင်း မှ ရွှေဆွဲကြိုး ကို ဘယ်လို အရာ နှင့် ဖြတ် လိုက်သည် မသိ ။ သူ ၏ လက် ထဲ သို့ လျှောခနဲ့ ပါ သွားသည်ကို ခိုင်ဝါ အတိုင်းသား လှမ်း မြင်လိုက်ရသည် ။


ခိုင်ဝါ ၏ ဦးခေါင်း တစ်ခု လုံး မိုးကြိုး အပစ် ခံလိုက်ရ သလို ရှိသည် ။ အသိ အာရုံ သည် ချာချာလည် သွား ခဲ့သည် ။ 


သွားပြီ ။ သူမ အထင်ကြီး လေးစား ခဲ့ရသော ချစ်သူ သည် တကယ်တမ်း ကျတော့ ဘာမျှ တန်ဖိုး မရှိလေသည့် ခါးပိုက်နှိုက် တစ်ယောက် ဖြစ်နေပါရောလား ။


ဘုရား ... ဘုရား တော်ပါသေးရဲ့ ၊ လက် မထပ် ဖြစ်သေး သည် ကိုပင် ကျေးဇူး တင်ရပေဦးတော့မည် ။ ခိုင်ဝါ ဘုရား တ ခဲ့မိ သည် ။ နား ထဲ တွင်လည်း တစ်ချိန် က အောင်ဇော် ပြောပြခဲ့ဖူး သည့် စကား အချို့ ကို ပြန်လည် ကြားယောင် လာခဲ့သည် ။ 


“ ခိုင်ဝါ မသိသေးတာတွေ အများကြီး ရှိသေးတယ် ပြောဖို့ မကောင်းလို့ ကိုအောင် လေ ခိုင်ဝါ နဲ့ ... မြန်မြန် နီး ရဖို့ ငွေတွေ အများကြီး ရအောင် ... စုနေပါတယ် အချစ် ရယ် တဲ့ ” ... ။


“ ဟင်း ဟင်း ရယ်စရာပင် ကောင်းသေးတော့ ။ လက်ထပ် ဖို့ ငွေ ကို ဒီလို နည်းနဲ့ များ ရှာရသတဲ့လား ကိုအောင် ရယ် ” 


ဟူ၍ မြည်ကြွေး တမ်းတ မိသည် ။


ခိုင်ဝါ သည် ကျလာတော့အံ့ ဆဲဆဲ မျက်ရည်ဥများ အား မျက်တောင်ကော့များ ဖြင့် ပုတ်ခတ် ထိန်းသိမ်း ရင်း ဖြူဖွေးသော အပေါ် သွားတန်းလေး ဖြင့် အောက်နှုတ်ခမ်း ကို ဖိကိုက် လိုက် မိ သည် ။


မကြာမီ မှာ ပင် ဘတ်စ်ကား ထဲ ရုတ်ရုတ်သဲသဲ ဖြစ် ကုန် သည် ။ ဆွဲကြိုး အဖြတ် ခံရသော အဒေါ်ကြီး သည် နောက် မှ သူမ ဆွဲကြိုး အဖြတ် ခံရကြောင်း သိ သွားကာ အော်ကြီးဟစ်ကျယ် ဖြင့် ငိုယို လျက် တစ်ကား လုံး ကြား အောင် အော်ဟစ် ကာ အကူအညီ တောင်း တော့သည် ။


ကား သည် အရှိန် နှင့် ပြေးလွှား နေဆဲ ။ ထိုသည့် နောက် ကား လက်မှတ်ရောင်း ၏ 


“ ရဲစခန်း မြန်မြန် မောင်း ဆရာ ရေ့ ” 


ဟူသော အသံနှင့် မရှေးမနှောင်း မှာ ပင် ဘတ်စ်ကားကြီး သည် ကမာရွတ် ရဲစခန်း ထဲ သို့ မောင်းဝင် သွားတော့သည် ။ စခန်း ထဲ အရောက် ၌ တစ်ဦးချင်း ရှာဖွေ ရာ မှ အဖြတ် ခံ ရသော ဆွဲကြိုး ကို ခါးပိုက်နှိုက် ထံ မှ ပြန်လည် တွေ့ရှိ သွားကြ သည် ။ ခိုင်ဝါ အကြည့် အားလုံး ကို မျက်နှာ လွှဲ ထားခဲ့သည် ။ 


ခိုင်ဝါ ၏ မြင်ကွင်းများ ဝေဝါး ၍ သွားခဲ့သည် ။ အံ ကို လည်း တင်းတင်း ကြိတ် မိလေ၏ ။ ဆုံးဖြတ်ချက် တစ်ခု သည် သူမ ၏ ရင် ၌ အခိုင်အမာ ဆုံးဖြတ် ပြီး ဖြစ်သည် ။


 •••••   •••••   •••••


( ၃ )


အောင်ဇော် သည် ဟင်းဘက်အိတ် ကို ဘေး တွင် ချ ၍ ပြန်လည် ကျန်း မာလာပြီ ဖြစ်သော မိခင်အိုကြီး အား ဦး သုံးကြိမ် ချ ကာ ကန်တော့ သည် ။


“ အေးကွယ် သာဓု သာဓု သာဓု ငါ့ သားကြီး ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေ ၊ သွားလေရာ လာလေရာ ဘေးမသီ ရန်မခ ဘဲ လိုရာ ဆု နဲ့ ပြည့်စုံပါစေကွယ် ”


“ ပေးတဲ့ ဆု နဲ့ ပြည့်ပါစေ မေမေ ”


“ ကဲ အမေ့ သားလေး ပြန်ပေဦးတော့ ကွယ် ၊ ငါ့ သားလေး လည်း အမေ့ ဆီ လာပြီး ပြုစု နေရတာ ဘာလိုလို နဲ့ ဆယ်ရက် တောင် ကျော် သွားပြီ ၊ အလုပ် ကို ကြိုးစား နော် သား ” 


မိခင်အို က မှာသည် ။ အောင်ဇော် သည် ခေါင်းညိတ် ၍ ကတိ ပေးသည် ။


အောင်ဇော် သည် လွန်ခဲ့သော ဆယ်ရက် ကျော် က ရွာ မှ ရောက်ရှိ လာခဲ့သည့် “ အမေ အသည်းအသန် ” ဟူသော သံကြိုးစာ ကြောင့် ငယ်ထိပ် မြွေပေါက် ကာ ထိတ်ထိတ်ပျာပျာ ဖြင့် ရွာ သို့ အားချင်း ပြန် ခဲ့ရသည် ။


ရုံး သို့ ပင် လူကြုံ ဖြင့် ခွင့်စာ တင် ခဲ့ရသည် ။ ခိုင်ဝါ ကို ပင် အသိ မပေးနိုင်ခဲ့ ။


ယခုအခါ မိခင်ကြီး ပြန်လည် နေကောင်း ပြီ မို့ အောင်ဇော် တစ်ယောက် အားရရွှင်လန်းစွာ ဖြင့် ချစ်သူ ရှိရာ မဟာရန်ကုန် မြေ သို့ ပြန်လည် ထွက်ခွာ လာခဲ့ချေပြီ ။


သို့ပါသော် လည်း ...


သူ ရွာ မှ ထွက် လာသော နေ့တွင် ကား ...


ရန်ကုန်မြို့ ၏ အလှကျက်သရေ ဆောင် ကရဝိက်ဟိုတယ် တွင် သင်္ဘောသား တစ်ဦးနှင့် ခိုင်ဝါ တို့ ၏ မင်္ဂလာဧည့်ခံပွဲ သည် စည်ကား သိုက်မြိုက် လျက် ရှိနေခဲ့သည် ။


တစ်နေ့ က ဘတ်စ်ကား ပေါ်တွင် ခိုင်ဝါ ကြုံ လိုက်ရသော ခါးပိုက်နှိုက် သည် အောင်ဇော် နှင့် ချွတ်စွပ် တူ လွန်းသူ တစ်ယောက် အဖြစ် လူ မှားခဲ့ခြင်း ဖြစ်သည် ကို သာ ခိုင်ဝါ တစ်ယောက် သိခဲ့ပါ မူ ...


◾ တက္ကသိုလ်စိုးနောင်


📖 ပြစ်မှု မဂ္ဂဇင်း 

     အမှတ်စဉ် ( ၆၀ ) 

     ၁၉၈၇ ခုနှစ် ၊ ဖေဖော်ဝါရီလ 


#ကိုအောင်နိုင်ဦး


.

 

Thursday, June 13, 2024

ကြွက်စား သွားသော အသည်း တစ်ခြမ်း


 ❝ ကြွက်စား သွားသော အသည်း တစ်ခြမ်း ❞  


မျက်လုံး အစုံ ဖျတ်ခနဲ ပွင့် သည် နှင့် စိတ်အာရုံ က “ ချိုမာ ” ဆီ တန်းခနဲ ရောက်သည် ။ မိန်းမချောလေး ၏ ချစ်စဖွယ်သော ပျိုမျစ် နုနယ် သည့် လှရုပ်သွင် က သူ့ စိတ်ကူး ထဲ တဝဲလည်လည် နှင့် ပေါ် လာသည် ။


သည်မှာ ရင်ထဲ နွေးခနဲ ခံစား လိုက်ရသည် ။ တမ်းတမိသည် နှင့် အမျှ အရမ်း ကို တွေ့ချင် လာသည် ။


“ ကိုကို ကိုမြတ်သူ နဲ့ လိုက် ဖြစ်အောင် လိုက်လာခဲ့နော် ။ ချိုမာ ကိုကို့ ကို မျှော်နေမယ် ။ ကိုကို လိုက်မလာ လို့ က တော့ အသိပဲ နော် ။ ပြီးတော့ မှ ချိုမာ့ ကို စိတ်မဆိုးနဲ့  ... ဒါပဲနော် ကိုကို ”


မနေ့ က ဖုန်းလိုင်း ထဲ မှ တီတီတာတာ ချိုသံသာလေးတွေ ကို ပြန်လည် ကြားယောင် လာသည် နှင့် ...


ဝုန်းခနဲ အိပ်ရာ က ထသည် ။ ချိန်းထားတာ အချိန်မီ သွား နိုင်ဖို့ ဗာဟီရတွေ ခပ်သွက်သွက် လုပ်သည် ။ ဇနီး ဖြစ်သူ နှင်းနု က သူ့ လှုပ်ရှားမှုတွေ ကို မသိမသာ အကဲ ခတ် နေမှန်း သူ သိသည် ။ ဆိုတော့ သူ့ ရင် ထဲ တင်းတင်းကျပ်ကျပ်ကြီး ဖြစ် သွားရသည် ။


စိတ် ထဲ မှာ မိန်းမ ဖြစ်သူ ကို ဘယ်လို မှ အလို မကျ ။ ဤ နေရာ မှ အဝေးဆုံး ဆိုသည့် နေရာ သို့ ရောက် သွားအောင် ကန် ထုတ် ပစ်ချင် နေသည် ။


အို ... သူ ဘာမှ သိရှာမှာ မဟုတ်ပါဘူးလေ ။ စိတ် ကို တင်းရင်း လုပ်စရာ ရှိတာ ဆက် လုပ်သည် ။


ဆံကေသာ အကျအန ဖြီး နေဆဲ ၊ ကျော ဘက် မှာ ရပ် လာတဲ့ နှင်းနု ကို မှန် ထဲ က မြင်ရသည် ။ ဘာတွေများ စပ်စုဦးမလဲ လို့ ရင် ထဲ က ပူ နေမိသည် ။ ဖြစ်နိုင်ရင် နှင်းနု နှင့် ဘာ စကား ကို မှ မပြောချင် ။ 


“ ကိုမောင် ” 


“ ဟင် ”


မိန်းမ ရဲ့ မဝံ့မရဲ ခေါ်သံ ကြောင့် မထူးချင် ထူးချင် နဲ့ ထူး လိုက်သည် ။ အခြေအနေ ကို နားလည် နေပုံ ရတဲ့ နှင်းနု ရဲ့ မျက်နှာ ထက် မှာ ရွာတော့မည့် မိုး သို့ ပါလား ။


“ ကိုမောင် ဘယ် သွားဦး မလို့လဲ ဒီနေ့ ရုံးပိတ်ရက် လေ ” 


“ အင်း ဟဲ ဟိုလေ ”


ခြောက်ကပ်ကပ် ရယ်သံ နဲ့ လိပ်ပြာ မလုံသည် မို့ ရုတ်တရက် ဘာ ပြန် ဖြေရမှန်း မသိ ။


“ နှင်းနု သိပါတယ် ၊ ကိုမောင် အပြင် သွား မလို့ မဟုတ်လား ”


သူ ခေါင်း ညိတ်သည် ။


“ မသွားလို့ မရဘူးလား ကိုမောင် ရယ် ။ အိမ် မှာ သားလေး က လည်း နေကောင်းတာ မဟုတ်ဘူး ။ ဒီ ညနေ ဆေးခန်း သွား ပြဖို့ က လည်း ရှိ သေးတယ် ။ နောက်ပြီးတော့ သားကြီး က လည်း လမ်းထိပ် က ဗီဒီယိုရုံ မှာ သူ့ ကို ဒီနေ့ လိုက် ပြပါ တဲ့ ။ မနေ့ တည်း က ပူဆာ နေတာ ”


“ မဟုတ်သေးဘူး .. နှင်းနု ”


သူ့ အသံ မာ သွားသည် ။ နှင်းနု ကို ကြည့်တဲ့ သူ့ အကြည့် က အတော့် ကို စူးရှတင်းမာ နေပြီ ။ နှင်းနု မှာ တော့ မျက်နှာငယ်လေး နှင့် ။ 


“ ကိုမောင် အိမ် ရဲ့ အခြေအနေတွေ ကို အားလုံး သိတယ် ။ အားလုံး နားလည်တယ် ။ ဒါပေမဲ့ ဒီနေ့ က ရုံး မှာ အချိန်ပို ဆင်း ရမှာ ”


ရုံး မှာ အချိန်ပို ဆင်းတတ်သည် မို့ နှင်းနု က - 


“ ဪ မသိလို့ပါ ကိုမောင် ရယ် ” ဟု သာ ပြော ရှာသည် ။ ပြင်ဆင်ပြီး အိမ် က ထွက်မယ် အလုပ် နှင်းနု က ညှိုးလျတဲ့ မျက်နှာ နဲ့ ... 


“ ကိုမောင် အိမ် ကို စောစော ပြန်ခဲ့နော် ”


“ အိုကွာ နှင်းနု က လည်း ကိုမောင် တစ်နေကုန် မနေပါဘူး ။ အလုပ် ပြီးတာ နဲ့ ချက်ချင်း ပြန် လာခဲ့မှာပါ ။ သားလေး ဆေးခန်း ပို့ဖို့ က လည်း ရှိသေးတယ် မဟုတ်လား ”


နှင်းနု က မယုံကြည်ရဲစွာ ခေါင်းညိတ် လိုက်သည် ။ သူမ ၏ စိုစွတ် နေသော မျက်လုံးများ ၌ လင်ယောက်ျား အပေါ် ခွင့်လွှတ် သည့် ဝမ်းနည်းရိပ်များ က ယှက်သန်း နေသည် ။


သူ ထွက် လာတော့ မြင်းရုပ်ပေါ် ခွစီး နေတဲ့ သားကြီး က လှမ်း အော်သည် ။


“ ဖေဖေကြီး သား ကို ဗီဒီယို လိုက် ပြနော် ” 


သူ လှည့် ကြည့်ပြီး ...


“ အေး အေး ဖေဖေ ပြန် လာရင် သား ကို လိုက် ပြမယ်နော် ”


အိမ် ထဲ မှ ချာခနဲ ထွက် ခဲ့သည် ။


 •••••   •••••   •••••


အိပ်ရာ က လန့် နိုးလာသည် ။ ဘေးဘီ ကို ကြည့်သည် ။ ဘေး နား မှာ ချိုမာ က ကွေးကွေးလေး အိပ်ပျော် နေသည် ။ လက် က နာရီ ကို ကြည့် တော့ အချိန် က မနည်းတော့ ။


ချိုမာ ကို လှုပ် နှိုးပြီး ရန်ကုန် ပြန်ဖို့ ပြင်သည် ။ ချိုမာ က လည်း အိပ်မှုန်စုံမွှား နှင့် ထ လာသည် ။ သူတို့ တည်းခိုခန်း က ထွက် လာတော့ လက်ဖက်ရည်ဆိုင် က ထွက် လာတဲ့ မြတ်သူ တို့ စုံတွဲ နှင့် တွေ့သည် ။ အားလုံးရဲ့ ရင် မှာ အပျော်လေးတွေ ကိုယ်စီ နှင့် ။


ပဲခူး က ပြန်လာကြ ပေမယ့် နှလုံးသားတွေ က ပဲခူး မှာ ကျန် ခဲ့သည် ။ အပြန် ကား ပေါ် မှာ ချိုမာ က သူ့ ရင်ခွင်ကျယ် ထဲ မှာ မျက်နှာ ကို ဝှက် ပြီး လိုက် လာသည် ။ ဘယ်လိုမှ မခွဲနိုင် မခွာရက် သည်မို့ အချစ်တွေ က ချစ်လို့ ကို မဝနိုင် သလိုပါပဲ ။


ရန်ကုန် ပြန် ရောက်တော့ စားတော်ဆက် တစ်ခု ထဲ ဝင်ပြီး ပျော်ပျော်ပါးပါး စားသောက် နေဆဲ ။


ဘေးနား နီး စားပွဲ ဆီ က ထူးထူးဆန်းဆန်း စကားသံ ကြောင့် သူ အထိတ်တလန့် ဖြစ်သွားသည် ။ နားရွက် မျက်နှာ တွေ နီ မြန်း ထူအမ်း ကုန်သည် ။ ရှိသမျှ အမွေးအမျှင် တွေ တောင် ထောင် ထ သွားရော့လေ သလား ။


ပါးစပ် ထဲ ထည့်မယ့် ကြက်သားကြော် တစ်တုံး သည် ပင် လျှင် ပါးစပ် ထဲ မရောက်နိုင်တော့ ။ အသားတွေ တဆတ်ဆတ် တုန် ယင် လာခဲ့သည် ။


ရင် ထဲ မှာ လှိုက်မောခြင်း ဝေဒနာ ကို ပြင်းပြစွာ ခံစား နေရ ပြီ ။ ခန္ဓာကိုယ် တစ်ခုလုံး နွမ်းနယ် နုံးချိ လာ ခဲ့သည် ။ နှင်းနု ကို သူ ညာ ခဲ့သည် ။ ရုံး မှာ အချိန်ပို ဆင်းဖို့ အကြောင်း ပြ ခဲ့သည် ။ တစ်နေကုန် အချစ်သစ် နှင့် အပျော်တွေ ဆက် ခဲ့သည် ။ 


အခုတော့ တာဝန် မဲ့ ခဲ့ပြီ ။ ထိတ်လန့်ဖွယ် စကားတွေ ကို သူ ကြားရ ပြန်သည် ။


“ မီး က တော်တော့် ကို လောင်သွားတာ ဗျ ။ ရပ်ကွက် သုံး လေးခု လောက် ကို ပါ သွားတာ ။ နောက်ပြီး တော့ အဲဒီ နား မှာ က လောင်စာဆီ လှောင်တဲ့ လူတွေ က လည်း များတယ် လို့ ပြောနေကြတာပဲ ဗျ ”


“ ဟာ လောင်စာတွေ နဲ့ ဆို ပို ဆိုးတာပေါ့ ။ ပါ သွားတဲ့ လူ တွေ က တော့ သနားစရာပဲဗျ ”


အနား က လူ နှစ်ယောက် ရဲ့ စကားတွေ က သူ့ နှလုံးသား ကို ခြေမွ ပစ် လိုက်ပြီ ။


“ ဘုရား ဘုရား မီး လောင်တဲ့ နေရာတွေ က ငါ နေတဲ့ ရပ်ကွက် ၊ ငါ နေတဲ့ လမ်းတွေပါလား ။ သူတို့ ပြော နေတဲ့ နေရာ တွေ က ငါ တို့ အနား က နေရာတွေ ပဲ ဘုရား ဘုရား ။ မဟုတ်ပါစေ နဲ့ မဖြစ်ပါစေ နဲ့ ။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ” 


ထိတ်ထိတ်ပျာပျာ နဲ့ ဘုရား ကို သာ တ မိတော့သည် ။ 


“ ဟာ ဒုက္ခပါ ပဲ ၊ နှင်းနု တို့ သားအမိတွေ ဘယ်လို နေကြလဲ မသိဘူး ”


တစ်ယောက်တည်း ဗျာ များရင်း စိုးရိမ်စိတ် တွေ က အထွတ် အထိပ် သို့ ရောက် လာခဲ့သည် ။


ဘယ်လိုမှ ဟန် မဆောင်နိုင် တော့ ။ အားလုံး ကို တောင်းပန် နှုတ်ဆက် ကာ အငှားကား နှင့် ပြန်ခဲ့သည် ။


 •••••   •••••   •••••


အလာ ကောင်းပေမယ့် အခါ နှောင်းခဲ့လေပြီ ။ သူ ရောက် လာတော့ မီးလောင်ပြင် က ဆီးကြို နေသည် ။ မီးခိုးတွေ အူ နေဆဲ ။ 


ကိုယ့် အိမ် နေရာ ကို တောင် မမှတ်မိနိုင်တော့ ။ လည်ချောင်း ထဲ မှာ တစ်ဆို့ဆို့ကြီး ဖြစ်လာသည် ။ အသက် ရှူ ရတာလည်း မွန်းကျပ် လာသည် ။


“ နှင်းနု ... နှင်းနု ဘယ်ရောက် နေလဲ ။ ပြီးတော့ သား သားလေးတွေ ” 


ခုမှ ပင် ဇနီး နှင့် သား နှစ်ယောက် ကို သတိရ နိုင်တော့သည် ။ နောင်တ တရား လည်း အလိုလို ရ လာသည် ။ တာဝန် ရှိသူတွေ က ဘယ်သူ့ ကို မှ အဝင် မခံ ။ သူ့ မှာ ဟို ယောင်ယောင် ဒီ ယောင်ယောင် နှင့် ဘယ် သွားလို့ ဘယ် လာရ မှန်း မသိ ။


ရပ် ကြည့် နေသော များပြားလှ သည့် လူအုပ်များ ကြား ထဲ မှာ နှင်းနု တို့ သားအမိ ကို အပြေးအလွှား လိုက် ရှာသည် ။ သို့သော် မတွေ့ ။


သည်မှာ မထင်မှတ်ဘဲ အိမ်နီးချင်း ဦးထွန်းမောင် ကို လူအုပ် ကြား ထဲ ဘွားခနဲ တွေ့သည် ။ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ။ 


“ ဦးလေးထွန်းမောင် နှင်းနု တို့ ကော ဟင် ။ နှင်းနု တို့ သား အမိ ကို ဦးလေးထွန်းမောင် မတွေ့မိဘူးလား ဗျာ ”  


ငိုသံပါကြီး နှင့် အငမ်းမရ သူ မေးသည် ။ သူ့ ကို မြင်တော့ ဦးထွန်းမောင် ရဲ့ မျက်လုံးတွေ က ပြူးထွက် လာသည် ။ 


“ ဟေ့ကောင် ကိုကိုမောင် မင်း ဘယ်တွေ လျှောက် သွား နေ တာလဲ ။ နှင်းနု တို့ သားအမိတွေ ခမျာမယ် သနားစရာတွေ ပါ ကွယ် ” 


“ နှင်းနု ကလေး နေမကောင်း လို့ ဆေးခန်း သွားနေတာ နဲ့ ဘာမှ မရလိုက်ဘူး ၊ နောက်ပြီး မင်း ရဲ့ သား အကြီးကောင် လည်း ပျောက် နေတယ် ။ ခုထိ ရှာ မတွေ့သေးဘူး ။ အဲဒါ ငါတို့ အခု လိုက်ရှာနေကြတာ ”


“ ဗျာ ” 


“ လာ ... လာ ခုမှ ဗျာ မနေနဲ့ အချိန် မရှိဘူး နှင်းနု က  ဒေါ်ကြီးသိန်း အိမ် မှာ ”  


မျက်ရည်များ က ချက်ချင်း စီးကျ လာသည် ။ ကယောင် ချောက်ချား ဖြစ် ကာ လူတွေ ကို ဝင် တိုက် ကုန်သည် ။ သားကြီး သတင်း ရသည် ။ လျှောက်ပြေး နေသော ကလေး တစ်ယောက် ကို လူ တချို့ က ချော့မော့ ခေါ်ဆောင်ပြီး ရဲစခန်း ပို့ထားသည် ဟူ၍ ။


ဟို ရောက်တော့ ဟုတ်သည် ။ မျက်လုံး ကြောင်တောင်လေး နှင့် ရှိုက် နေသော သားကြီး ကို သနားစဖွယ် တွေ့ ရသည် ။ သူ့ ကို မြင်တော့ သားကြီး က ငို ပင် မငိုနိုင်တော့ ။


သားကြီး ကို တင်းကျပ်စွာ ဖက် ပြီး ၊ ဒေါ်ကြီးသိန်း အိမ် ကို တုန်တုန်ယင်ယင် နှင့် ရောက် လာခဲ့သည် ။


သူ ရောက်လာတော့ လူတွေ အားလုံး က အထူးအဆန်း သဖွယ် ဝိုင်း ကြည့်ကြသည် ။

သားအဖ နှစ်ယောက် ကို မြင်သည် နှင့် နှင်းနု က ပြေး လာ ကာ လင် နှင့် သား ကို သိုင်းဖက် ရင်း ပျော့ခွေ ကာ သတိ လစ် သွားသည် ။


အားလုံး ဝိုင်းပြီး နှာနှပ် ယူ ကြမှ နှင်းနု သတိ ပြန် ရလာ သည် ။ နှင်းနု သည် ချစ်လင် ကို  အပြစ် မမြင် ။ ခွင့်လွှတ်သော အကြည့် နှင့် ငေး ကြည့်ရင်း ရှိုက် နေသည် ။


နေမကောင်း ဖြစ် နေသော သားငယ် မှာ ဖျာတိုလေး တစ်ချပ် ပေါ် ဝယ် ပက်လက်ကလေး အိပ်ပျော် နေသည် ။ သားကြီး က သူ့ အမေ ကို လွတ်ထွက် မသွားအောင် အတင်း ဖက် ထားသည် ။ သူ အံကို တင်းတင်း ကြိတ်သည် ။ ဆုံးဖြတ်ချက် တစ်ခု ကို

အခိုင်အမာ ချသည် ။


ဖြူစင်သော အနာဂတ်ပုံရိပ် သည် လှပစွာ ပေါ်ထွန်း လာခဲ့သည် ။


◾တက္ကသိုလ်စိုးနောင် 


📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း

      အမှတ် ( ၂၃၆ )

      ၂၀၀၁ ခုနှစ် ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

Tuesday, June 4, 2024

စစ်မှန်သော အချစ်


 

❝ စစ်မှန်သော အချစ် ❞ 

( ၁ )

နေမင်းကြီး က ဝင်းခနဲ ထွက်ပေါ် လာသည် ။ ဖြူဖွေး နေတဲ့ ငွေနှင်းမှုန်တွေ က ရုတ်ချည်း ပျောက်ကွယ် သွားကြသည် ။ အေးစိမ့် နေရာ က အနွေးဓာတ်လေး က လွှမ်းခြုံ လာသည် ။ တစ်ချက် တစ်ချက် သုတ်ဖြူးလေတဲ့ မြောက်ပြန်လေ ကြောင့် ချမ်းစိမ့်စိမ့် ခံစား ရသည် ။
နံနက်ခင်းစာ အတွက် လက်ဖက်ရည်ဆိုင် သို့ ဦးတည် လျှောက်ရင်း ဂျင်းဂျာကင် ကို ရှေ့ ကြယ်သီးတွေ တစ်လုံးချင်း တပ် နေမိသည် ။

သစ်ဆိုင် ရှေ့ အရောက် မှာ ..

“ ကိုစိုး ... ကိုစိုး ဟို အမျိုးသမီး ခင်ဗျား ကို ကြည့် နေတယ် ”

လက်မောင်း ကို လှုပ်ကိုင် ယမ်းခါ ရင်း သူငယ်ချင်း စောမူ က သတိ ပေးသည် ။ ဘာရယ် မဟုတ် ၊ သူ ညွှန်သည့် နေရာ ကို လှမ်း ကြည့် ဖြစ်သည် ။

အပေါ်ဖြူ ၊ အောက်ပြာ နှင့် လှပကြော့ရှင်း နေသော မိန်းမလှ တစ်ဦး ၊ ဖယ်ရီ စောင့် နေသည့် ဝန်ထမ်း အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိလိုက်သည် ။

သူမ သည် ဘာကြောင့်မှန်း မသိ ငေးပြီး စိုက်ကြည့် နေပါ လား ။ သိလို့ လား ၊ လူမှားနေတာလား ။ တစ်ခု ခု ဖြစ်နိုင်သည် ။ ရင် ထဲ မှာ ဘာမှ ဖြစ်မလာခဲ့ ။ အမျိုးသမီး ထံ မှ အကြည့် ကို ရှေ့ သို့ လွှဲဖယ် ရင်း လမ်း ဆက် လျှောက်ခဲ့သည် ။

“ ကိုစိုး ခင်ဗျား သူ့ ကို သိလား ”

သူငယ်ချင်း က တအံ့တသြ လုပ် ရင်း မေးသည် ။

“ ဟင့်အင်း မသိဘူး ”

တာဝန်ကျေ ဖြေရင်း ရေးလက်စ ဝတ္ထုရှည် တစ်ပုဒ် အတွက် ခေါင်း ထဲ မှာ ဇာတ်လမ်းတွေ တွေး နေမိသည် ။

သူငယ်ချင်း က လှည့်ကြည့် လှည့်ကြည့် နှင့် လက်ဖက်ရည်ဆိုင် ထဲ ထိ ပါလာခဲ့သည် ။

  •••••   •••••   •••••

( ၂ )

နောက် နေ့ပေါင်း များစွာ လက်ဖက်ရည်ဆိုင် သွား တိုင်း သည် နေရာ က အဲသည့် မိန်းကလေး ကို သတိထား မိလာသည် ။

သူမ ရှေ့ က ဖြတ် သွားတိုင်း သူမ က လည်း ငေး ပြီး ကြည့် နေတတ်သည် ။

အကြည့် တွေ က ဘယ်လိုပင် ဆုံ ပေမယ့် ရင် ထဲ မှာ ဘာမှ ဖြစ် မလာခဲ့ ။

တစ်ညနေ ...

အမ်စီစီကုမ္ပဏီ က ဖွင့် နေတဲ့ စီးပွားရေး လုပ်ငန်းရှင်များ အတွက် လုပ်ငန်း အုပ်ချုပ်မှု သင်တန်း သို့ တက်ရောက်ရန် အိမ် က ထွက် လာခဲ့သည် ။

မှတ်တိုင် သို့ အသွား ရိပ်သာလမ်းသွယ် ထိပ် အရောက် မှာ အစိမ်းရောင် ရုံးဖယ်ရီကား တစ်စီး က ဘေးနား မှာ လျှောခနဲ ထိုး ရပ်သည် ။

ကား ပေါ် က အမျိုးသမီး ဝန်ထမ်း တချို့ ဆင်း ကြသည် ။ သည်မှာ ...

မနက်တိုင်း တွေ့ နေကျ အမျိုးသမီး ကား ပေါ် က ဆင်း ဖို့ လုပ်ရင်း လှမ်း အကြည့် နဲ့ အကြည့်ချင်း ဆုံဖြစ် သွားပြန်သည် ။ ထူးခြားချက် က သူမ ရဲ့ မျက်နှာ ထက် ချက်ချင်း အသွင် ပြောင်း ကာ မကျေမနပ် အကြည့် နဲ့ လှမ်း ကြည့် နေပါလား ။

အံ့သြခဲ့ရသည် ။ ဘာမှ သူမ နဲ့ မပတ်သက်ခဲ့ရပါပဲ လျက် ဘာကြောင့် မကျေနပ် တဲ့ အကြည့် နဲ့ ဘုကြည့် ကြည့် သွားရတာလဲ ။

စဉ်းစားရ ကျပ်ပါဘိ ။

မြို့ထဲက ပြန်ခဲ့သည် ။

  •••••   •••••   •••••

( ၃ )

မြို့ ထဲ က ပြန်ခဲ့သည် ။

မီ ရာ ဘတ်စ်ကား တစ်စီး ပေါ် သို့ တိုးတက်ခဲ့သည် ။

စာအုပ် ထုတ် ဖို့ အပေါင်းအသင်းတွေ နဲ့ တိုင်ပင် ဆွေးနွေး ခဲ့သည် မို့ ခေါင်း ထဲ မှာ အလုပ် ကိစ္စတွေ ပဲ ရောက်နေသည် ။

စာမူ ကို ကွန်ပျူတာ ရိုက်ရန် ၊ စာပေစိစစ်ရေး တင်ရန် ၊ မျက်နှာဖုံး ပန်းချီ အပ်ရန် စသည် စသည်ဖြင့် .. ။

ဘတ်စ်ကား က ကျပ်လွန်းသည် ။ ညနေဘက် မို့ အဆင်း ထက် အတက် က များသည် ။ လူတွေ တစ်ယောက် နဲ့ တစ် ယောက် ထပ် ကုန်သည် ။

မမျှော်လင့်ဘဲ အမျိုးသမီး တစ်ဦး နဲ့ ရင်ချင်းအပ် မိသည်ကြောင့် အားနာလွန်းစွာ သူမ မျက်နှာ ကို အကြည့် သူမ က လည်း အထိတ်တလန့် နဲ့ ပြန် အကြည့် ...

အကြည့် နှစ်ခု နီးနီးလေး ဆုံဖြစ် ချိန် မှာ မနက်တိုင်း တွေ့ နေ ကျ အမျိုးသမီး မှန်း သိလိုက်သည် နှင့် ...

ရင် ထဲ မှာ ဒိန်းခနဲ ဆောင့် ခုန်သွားသည် ။ ရင်ခုန်သံ က တဒိတ် ဒိတ် နဲ့  မြန်လွန်းသည် ။ နှလုံးခုန်သံ ကို ထို အမျိုးသမီး ကြား လောက်သည် ။

အသားတွေ လည်း တဆတ်ဆတ် တု န်လာသည် ။ ဒူးတွေ လည်း မခိုင်ချင် တော့ ။ ရှက်သွေး ၊ ကြောက်သွေး တွေ က တစ်ကိုယ်လုံး သို့ ပျံ့နှံ့ သွားသည် ။

သည် နေရာ က အဝေးဆုံး ဆိုသော နေရာ သို့ အတောင် ပေါက် ပြီး ပျံပြေး သွားချင်သည် ။

တဒင်္ဂ အတွင်း သည်လောက်ကြီး ဖြစ်သွားရခြင်း အတွက် ကိုယ့် ကိုယ် ကို မကျေနပ် ချင် ။

သူမ ကို ကြည့် လိုက်တော့ ပို ဆိုးသည် ။

သူမ မျက်နှာ ထက် ရဲရဲနီ နေသည် ။ သူမ ၏ နှုတ်ခမ်းသားလေး များ တဆတ်ဆတ် တုန် နေသည် ။ ရှက်ကိုးရှက်ကန်း နှင့် ရဲရဲ မကြည့်ရဲ ရှာ ။

တစ်ချက် တစ်ချက် ရှက်လန့်တကြားလေး နဲ့ ငေးခနဲ ကြည့်တတ်သည် ။

သူမ ရင် ထဲ ဘာတွေ ဖြစ်နေလဲတော့ မသိ ။ သည် က ရင် ထဲ မှာ တော့ ဗလောင်ဆူ နေပြီ ။

အလိုလိုနေရင်း ဘတ်စ်ကားကြီးကို ကျေးဇူးတွေ တင်နေမိသည် ။

သည်မှာ အသိ တစ်ခု နိုးကြား လာသည် ။

လူ့ ဘဝ မှာ အနှစ် ၄ဝ နီးပါး နေ လာသည် အထိ မပေါ်ခဲ့ဖူး လေသော ကာလနဂါး အချစ် သည် ခေါင်းထောင် ၍ ထ လာခဲ့ပါ ပြီ ကော ။

ရက်ပေါင်း များစွာ မနက်တိုင်း တွေ့ နေတဲ့ သည် အမျိုးသမီး နဲ့ ခု ကျ မှ ဘာကြောင့်များ စိတ်တွေ လှုပ်ရှား ခဲ့ရပါလိမ့် ။

သိ လိုက်သည် ။

ရင် ထဲ က ဖြူစင်သော မေတ္တာပန်း သည် သူမ ၏ ရင်ငွေ့ ကို ခိုလှုံပြီး မှ ပွင့်လန်းခဲ့ရပါပြီကော ။

ဆိုတော့ သူမ အကြောင်း ၊ သူမ ဘဝ ကို ချက်ချင်းကြီး သိချင် လာသည် ။

မှတ်တိုင် တစ်ခု မှာ ကား အရပ် ၊ ဝေ့ခနဲ တစ်ချက် ကြည့် ပြီး သူမ ဆင်း သွားသည် ။ ချက်ချင်း သူမ နောက် က လိုက် ဆင်း သည် ။

သူမ နဲ့ မသိမသာ ခွာ ပြီး လိုက်သည် ။ နာမည်လေး မေး လိုက်ချင်ပေမယ့် မတော်တဆ အိမ်ထောင်သည် ဖြစ်ခဲ့သော် ဆိုသော အသိ နဲ့ လိုက် မမေးဖြစ် ။

သူမ သည် မူလတန်းကျောင်း တစ်ခု ဘေး မှ ဖြတ်သန်းပြီး ခြံဝင်းကြီး တစ်ခု ထဲ ဝင်သွားသည် ။

တိုက် ဆင်ဝင် ရှေ့ အရောက် နောက် ကို လည်ပြန် တစ်ချက် ကြည့်သည် ။ သည် ည အတွက် လွမ်းစရာ နှုတ်ဆက် အကြည့်လေးပါလား ။

သူမ နေထိုင်သော အိမ် ကို  အသေအချာ သိ လိုက်ပြီ ။

  •••••   •••••   •••••

( ၄ )

နောက် တစ်နေ့ မနက် သူမ လာရာ လမ်းထိပ် က အုတ်ခုံ မှာ တစ်ယောက် တည်း ထိုင် စောင့်သည် ။

တစ်ခါမျှ မလုပ်ဖူးသော အလုပ် မို့ ပတ်ဝန်းကျင် ကို ရှက် လိုက်သည့် ဖြစ်ခြင်း ။

သိပ်ပြီး မစောင့်လိုက်ရ ။ ခပ်လှမ်းလှမ်း မှာ လှုပ်လီလှုပ်လဲ့ ယိမ်းနွဲ့ ကာ ပင် လျှောက်လှမ်း လာသည့် မရွှေချော က ပေါ် လာ သည် ။

နီး လာ တော့ ဘယ်စောင်း ညာငဲ့ နဲ့ လူ ကို သေသေချာချာ လှမ်း ကြည့် နေပြန်သည် ။

အနီးဆုံး အရောက် မှာ သူမ မျက်နှာ ထက် အံ့သြဝမ်းသာ ရိပ်ကလေးတွေ ယှက်ဖြာ နေသည် ကို သတိထား မိသည် ။ ဆို တော့ ရင် မှာ ကြည်နူး မိသည် ။

ခုမှ သေသေချာချာ ကြည့် ဖြစ်သည် ။

သူမ သည် အတော် လှ သော မိန်းမချော တစ်ယောက် ပါလား ဟူ၍ ။

အရပ်ကြီး က မြင့်လွန်းသည် ။ တောင့်တောင့်တင်းတင်း နှင့် ခန္ဓာကိုယ် အချိုးအဆက် က အချိုးအစား ကျနသည် ။

လှတစ်မျက်နှာ က လပြည့်ည လမင်းကြီး လို ပြည့်ပြည့် ဝိုင်း ဝိုင်း နှင့် ။ မျက်လုံးလေးတွေ က ကြည်လင်ပြီး အရောင် လဲ့ နေသည် ။

စင်း နေသော နှာတံ နဲ့ ပိရိသော နှုတ်ခမ်း အစုံ က သွေးရောင်လေး ရဲ နေသည် ။ အသားအရေ က လည်း ဖြူဖွေးသည် ။ ထူး နေသည် က နား ။ နား က နည်းနည်းလေး ကား နေသည် ။ နဂါးမျိုးများ ဖြစ်ရော့လား မသိ ။

နက်မှောင် နေ တဲ့ ဆံပင် ကို စုစည်းပြီး ကျောလယ် မှာ ထားသည် ။ ဆံပင် ကို သိမ်းထား တာ မို့ မျက်နှာ အလှ က ရှင်းပြီး ပေါ် နေသည် ။

ရုပ်ရည်က သန့်ပြန့်လွန်းသည် ။ ဘယ်လိုပဲ ကြည့်ကြည့် အင်မတန် မှ ကျက်သရေ ရှိလှသည့် ရုပ်ရည်မျိုး ဖြစ်သည် ။

မျက်နှာပေး အမူအရာ ၊ သွားပုံ လာပုံ ၊ ဝတ်ပုံ စားပုံ က အစ မြင်တာ နဲ့ အတော့် ကို အဆင့်အတန်း ရှိသော အထက်တန်း ကျသည့် အမျိုးကောင်း သားသမီး မှန်း သိသာသည် ။

ဣန္ဒြေတွေ ၊ သိက္ခာတွေ အပြည့် နဲ့ မို့ မြန်မာ ပီသသော မြန်မာမလေး တစ်ယောက် ပါပဲ လို့ ။

အနား ရောက် မှ စကား တစ်ခွန်း က ခုန်ပျံ ထွက် သွားသည် ။

“ သိပ် လှတာပဲ ”

သူမ မျက်နှာ ပြုံးခနဲ ဖြစ် သွားသည် ။

ရပ်နေ ကျ သစ်ဆိုင် ရှေ့ မှာ သွား ရပ်သည် ။ စလင်းဘတ် ကို လွယ်လျက် ၊ လက် တစ်ဖက် က ထမင်းချိုင့် ဆွဲခြင်း ကို ကိုင်လျက် ။ ဖယ်ရီ ရောက် လာသည် ။ သူမ သည် ဆွဲခြင်း ကို အပေါ် မှ လူ တစ်ယောက် ဆီ လှမ်း ပေးသည် ။

လှေကား မတက်မီ သည် မှာ ဘက် ကို တစ်ချက် လှမ်း ကြည့် သည် ။ ကား ပေါ် အတက် မှာ လုံချည် အောက် အနားစ က အပေါ် သို့ တက် သွားသည် ။

သည်မှာ ဖြူဖွေး နေ တဲ့ သလုံးသား ဝင်းဝင်းလေး ကို လှစ်ခနဲ တွေ့ လိုက်ရသည် ။ ရင် ထဲ မောရပါဘိ ။

  •••••   •••••   •••••

( ၅ )

အလုပ် များရတဲ့ အထိ မပျက်ရဲ တဲ့ တာဝန်တွေ က ပို လာ သည် ။ မနက် တစ်ကြိမ် ၊ ညနေ တစ်ကြိမ် ၊ ဖယ်ရီ အသွား အပြန် ချစ်သူ ကို အကြိုတော် ထောက် ရသည် ။

ချစ်သူ ၏ အလှ ကို ငေးပြီး ရှုစားခွင့် ရသည် ။ အကြည့်ချင်း ဆုံ ပြီး မျက်လုံးချင်း စကား ပြောရသည် မှာ အရသာ ရှိလွန်းသည် ။

ရင်ခုန်သံ တဒိတ်ဒိတ် နဲ့ ရင် ထဲ မှာ ပူနွေးသော ဝေဒနာ ကို ခံစားရင်း အချစ် ၏ ချိုမြိန်သော အရသာ ကို ကြည်ကြည်နူးနူး လေး ခံစားရသည် ။

အခွင့် သာ သည် နှင့် သူမ အနား ကို ကပ်ပြီး စကားတွေ ပြော ကြည့်သည် ။ နှလုံးသား စာလွှာတွေ ဆက်သ ခဲ့သည် ။

သို့ပေတည့် သူမ သည် စကား ကို ဟုတ်တိပတ်တိ  ပြန် မပြော ။ လမ်းမ ၏ ဟိုဘက် သည်ဘက် ရှောင် ပြေးသည် ။

နောက်ပိုင်း အဖော်တွေ ပါလာသည် ။ အစ်ကို တွေ ၊ မောင် တွေ ၊ ဦးလေး တွေ ရောက် လာသည် ။ စက်ဘီး နှင့် တစ်မျိုး ၊ ဆိုင်ကယ် နဲ့ တစ်သွယ် ၊ ကား နဲ့ တစ်ဖုံ လိုက်ပါ စောင့်ရှောက် လာ ကြသည် ။

အခွင့်အရေး မသာ တော့ ။ အနှောင့်အယှက် က စုံ လာသည် ။ ရင် မှာ မသက်မသာ ခံစား လာရသည် ။ သည်လောက်တော့ ရှိ မှာပေါ့ ဟု ဖြေသိမ့်မိသည် ။

တစ်မနက် သူမ ကို စောင့်နေဆဲ စက်ဘီး တစ်စီး က အနား မှာ ကျွီခနဲ ထိုး ရပ်သည် ။ လူငယ် တစ်ယောက် ဖျတ်ခနဲ ဆင်း လာပြီး စက်ဘီး ကို ပလက်ဖောင်း ပေါ် ဝုန်းခနဲ လှဲချလိုက်သည် ။ မီးဝင်းဝင်း တောက် နေသော မျက်လုံး အစုံ နဲ့ ရှေ့ တည့်တည့် မှာ လာရပ်သည် ။ လက်သီး နှစ်ဖက် ကို လည်း ကျစ်ကျစ် ပါ အောင် ဆုပ် ထားသည် ။

“ ခင်ဗျား ကျွန်တော့် အစ်မ ကို လိုက်ပြီး မနှောင့်ယှက်ပါ နဲ့  ၊ ဒါ နောက်ဆုံး အကြိမ် ဖြစ်ပါစေ ၊ နောက် တစ်ခါ ဆို ကျွန်တော် တို့ ကို အဆိုး မဆိုနဲ့ ”

ရန် လိုတဲ့ စကား ၊ မုန်းတီး တဲ့ အကြည့် နဲ့ ပြော လာပြီ ဆို တော့ သူမ ၏ မိသားစု အသိုင်းအဝိုင်း သည် ဘယ်လိုမှ သဘော မတူနိုင် ဆိုသည့် သဘောပေပဲပေါ့ ။

  •••••   •••••   •••••

( ၆ )

ရန်လို နေသော အစ်ကို ၊ မောင် တွေ က စောင့်ကြည့် နေပြီမို့ သူမ ဆီ မသွားလိုတော့ ။

သည် မနက် အချိန် စောပြီး လက်ဖက်ရည်ဆိုင် ဘက် ထွက် ခဲ့သည် ။ ဆုံ နေကျ အုတ်ခုံ အရောက် မှာ ခပ်သုတ်သုတ် လျှောက် လာတဲ့ သူမ နဲ့ ရင်ဆိုင် တိုးသည် ။

ရင် ထဲ နွေးခနဲ ဖြစ် သွားသည် ။ သူမ က အရင်ဆုံး အားရပါး ရ ပြုံး ပြသည် ။ ချစ်သူ အပြုံး ကြောင့် တစ်လောကလုံး ကို ရင်ဆိုင် ရဲ သွားသည် ။

အလိုအလျောက် နှစ်ဦးသား အနီးဆုံး ဆိုသော နေရာ ထိ ချဉ်းကပ် လိုက်ကြသည် ။

ဦးဆုံး တစ်ယောက် ကို တစ်ယောက် ငေးပြီး ကြည့် နေမိ သည် ။ နောက် စကားတွေ အပြန်အလှန် ပြော ဖြစ်သည် ။ တစ်ယောက် အကြောင်း ကို တစ်ယောက် အငမ်းမရ မေးကြသည် ။ ဖြေကြသည် ။ ပျော်လိုက်သည် ဖြစ်ခြင်း ။

အချစ်ကမ္ဘာ ၏ အကြင်နာ တံခါး ကို နှစ်ဦးသား ပြိုင်တူ ဖွင့် လိုက်ကြသည် ။ ဝမ်းသာခြင်း ပီတိ အဟုန် သည် ရင်မှာ လှိုင်း ခတ်သံ အပြည့် နှင့် ။

တစ်လောကလုံး မှာ တို့ နှစ်ယောက် သာ ရှိတော့သည် ဟူ၍ ကြည်နူးလိုက်သည့် ဖြစ်ခြင်း “ ချစ်လို့ရယ်တဲ့မှ ၊ အို မကုန်နိုင်တယ် ” ဟူဘိ သို့ ။

သည့်နောက် လျင်မြန်စွာ လူချင်းခွဲလိုက်ကြသည် ။ အခိုက်အတန့် ကွဲကွာသွားကြပေမယ့် နှလုံးသားချင်းကတော့ ထာဝရ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည် ။

ထိုမှ သည် မကြာခဏ ဆိုသလို ချစ်သူ တို့ နားခိုရာ နေရာလေးတွေ ဆီ ရောက်ဖြစ်ကြသည် ။ ဘုရား တွေ လည်း စုံအောင် ဖူးကြသည် ။ သစ္စာတွေ တိုင်တည် လို့ ။ နှစ်ကိုယ်တူ နီးရဖို့ အရေး ကြိုးစားကြသည် ။

  •••••   •••••   •••••

( ၇ )

ရင်းနှီးသူ တစ်ဦး ထံ မှ သူမ တို့ အကြောင်း မိသားစု ရာဇဝင် အားလုံး သိခွင့် ရသည် ။

သူမ သည် ရိုးသည် ၊ အေးသည် ၊ သဘော ကောင်းသည် ၊ ရည်းစား မရှိ ၊ အိမ် ထဲ က အိမ်ပြင် မထွက် ။ ပွဲလမ်းသဘင် ဝါသနာ မပါ ။ ဘယ်ကို မှ အသွားအလာ မရှိ ၊ နောက်ကြောင်း ရှင်းသည် ။

သို့သော် ...

ထို သို့သော် အတွက် ရင် ထဲ က မျှော်လင့်ချက်တွေ လျော့ရဲ အားနည်း ကုန်သည် ။

သူမ ကို ဆရာဝန် တစ်ဦး နဲ့ ချမ်းသာသော နှစ်ဖက် မိဘ များ က သဘော တူထားပြီး တရားဝင် စေ့စပ် ထားသည် ဟူ၏ ။ သည်အ ကြောင်းတွေ ကို ဘာလို့များ မပြောပြခဲ့ရတာလဲ ဟု သူမ ကို မကျေမနပ် ဖြစ်ရသည် ။

ရက်စက်ပါ့ ဖူးစာကံရယ် ဟု ဝမ်းနည်းစွာ ကြေကွဲ မိသည် ။ စိတ် အပျက်ကြီး ပျက်ကာ သူမ ဆီ မသွားတော့ ။ အတတ်နိုင်ဆုံး မေ့ ပစ်လိုက်သည် ။

သို့သော် ရင် ထဲ က ဝေဒနာတွေ က ပျောက် မသွား ။ ကြီးထွား လာသည် ထက် ကြီးထွားလာသည် ။ တွေ့ချင် မြင်ချင် စိတ် က ထောင်းထောင်း ထ လာသည် ။ မတွေ့ရ ရင် သေရတော့ မတတ် ခံစား လာရသည် ။

ပူလောင် လွန်းသော ဝေဒနာ က ရင် မှာ ပြင်းပြစွာ မခံမရပ် နိုင် အောင် ဟုန်းဟုန်းကြွလာသည် ။

သူမ နှင့် မတွေ့ရတာ ဘာလိုလို နှင့် တစ်လ ကျော် လာသည် ။ အလိုလို နေရင်း သူမ အပေါ် အသနားတွေ ပို လာသည် ။ အချစ် တွေ က လည်း တစ်ဆင့် ပြီး တစ်ဆင့် ပေါက်ကွဲ ထွက် လာသည် ။

သူမ ထံ မသွားခဲ့သည့် အချိန်တွေ အတွက် ခုမှပဲ နှမြော တသ မိသည် ။ ကိုယ့် ကိုယ် ကိုယ် လည်း မကျေနပ် ချင် ။

တစ်နေ့ ရုံးစားပွဲ ပေါ် က သတင်းစာ ကို ဟိုသည် လှန်လှော ရင်း တစ်နေရာ မှ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းခြင်း နှင့် သူမ နာမည် ကို တွေ့ရသည် ။

နှုတ် မှ “ ဟိုက် ” ခနဲ ဖြစ်သွား လောက်အောင် အံ့သြ မဆုံး ဖြစ်ရသည် ။ ဝမ်းသာလိုက်သည် မှာ ဆိုဖွယ်ရာ မရှိတော့ ။

သူမ ကို ဘယ်လို တွေ့ ချင်မှန်း မသိရ လောက် အောင် အရမ်း ကို တွေ့ချင် လာသည် ။

  •••••   •••••   •••••

( ၈ )

ရိပ်သာလမ်းသွယ် ထိပ် အုတ်ခုံ မှာ အစောကြီး ထဲ က သွား ထိုင် နေခဲ့သည် ။ မိုးလေး က အုံ့တုံ့တုံ့ နှင့် ရာသီဥတု က သာသာယာယာ ။

မကြာပါ သူမ သည် နီညိုရောင် အပေါ် အောက် ဝမ်းဆက် နှင့် တလှုပ်လှုပ် လျှောက်လှမ်း လာနေသည် ကို တွေ့သည် ။

မနီးမဝေး သို့ ရောက် လာသည် ။ သူမ သည် အစွမ်းကုန် လှ နေပါလား ။ မိတ်ကပ် တွေ ၊ နှုတ်ခမ်းနီ တွေ လိမ်းခြယ် လို့ အလှတွေ ပြင်ထားပါ ပေါ့ လား ။

သူမ မျက်လုံး အစုံ က အံ့သြရိပ်တွေ နဲ့ ကြည်နူးဝမ်းသာ သည့် အရိပ်လက္ခဏာ တွေ ယှက်သန်း နေသည်ပဲ ။

ပြူးဝိုင်း နေတဲ့ မျက်ဝန်းအစုံ နဲ့ ပါးစပ်ကလေး ပင် အဟောင်း သား ဖြစ်ရ လောက် အောင် တဒင်္ဂ ရပ်ပြီး ငေးကြည့် နေရှာသည် ။

ပျောက်ဆုံး နေသော ချစ်သူ ကို ရှေ့မှောက် မှာ တကယ်ကြီး ပြန် တွေ့ နေရပြီ မို့ ခမျာ ဣန္ဒြေ ပင် မဆောင်နိုင် လောက်အောင် ဝမ်းသာ သွား ရှာသည် ။

နှုတ်ခမ်း အစုံ ကို ဖွင့်ပြီး အစွမ်းကုန် ရယ် ပြသည် ။ သည် က လည်း အစွမ်းကုန် အားရပါးရ ရယ်ပြ လိုက်သည် ။ လွင်ချိုသော ရယ်သံ နှစ်ခုက ဝန်းကျင် တစ်ခို ဝယ် ပဲ့တင် ထပ်သွားသည် ။

တစ်ယောက် ဆီ တစ်ယောက် အမြန် ရောက်အောင် အပြေး သွား ကြသည် ။ သဏ္ဌာန် နှစ်ခု တစ်ခု ထဲ ဖြစ်သွားသည် ။

အချစ်ပန်း ရနံ့လေးများ သင်းထုံ သွားသည် ။ ကြည်လဲ့လဲ့ အပြုံးမြမြလေးတွေ နဲ့ သူ့ မျက်နှာ ကိုယ့် မျက်နှာ အပြန်အလှန် ကြည့်ရင်း ဘာတွေ ရှာဖွေ နေကြသည် မသိ ။

စစ်မှန်သော ချစ်ခြင်းမေတ္တာ သည် ချစ်သူ နှစ်ဦး အတွက် ရိုးသားစွာ ခိုင်မြဲခဲ့လေပြီ ။

◾တက္ကသိုလ်စိုးနောင်

📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း
      အမှတ် ( ၂၂၉ )
      ၂၀၀၀ ပြည့်နှစ် ၊ စက်တင်ဘာလ

#ကိုအောင်နိုင်ဦး

.

Tuesday, January 16, 2024

ဖိတ်စာလေး တစ်စောင်


 ❝ ဖိတ်စာလေး တစ်စောင် ❞


( ၁ )


စာမေးပွဲကြီး ပြီးပြီ ။ ကျောင်းတော်ကြီး က လည်း ပိတ်ပြီ ။ သည်နှစ် က နောက်ဆုံးနှစ် ဆိုတော့ သည် တက္ကသိုလ် ကို နောက် ထပ် လာစရာ မလိုတော့ ။


လူ ရှင်းတဲ့ တမာပင်ရိပ် မှာ နွယ် နဲ့ နောက်ဆုံး တွေ့ခဲ့တာ ကို အမှတ်ရ နေမိသည် ။


“ မောင်ရယ် ကျောင်းတွေ လည်း ပြီး ပြီ ၊ နွယ်တို့ အိမ် ပြန်ကြ ရတော့မယ် ၊ နွယ်တို့ ဘယ်လို လုပ်ကြမလဲ ဟင် .. နွယ် မောင် နဲ့ မခွဲနိုင်ဘူး မောင် ရယ် ”


ငိုသံ နှော တဲ့ စကားသံ အဆုံး မှာ ဟင့်ခနဲ ရှိုက်သံ တစ်ချက် နွယ့် ဆီ က ထွက်လာပြီး တဲ့ နောက် နွယ် တစ်ကိုယ်လုံး ရင်ခွင် ထဲ ရောက် လာ ခဲ့သည် ။


အလိုက်သင့် ပြန် ဖက်ရင်း နွယ့် ကို ဘယ်လို နှစ်သိမ့်ရ မလဲ လို့ အပြေးအလွှား စဉ်းစား ရသည် ။ စိတ်အားငယ် တတ် တဲ့ နွယ် တစ်ယောက် တသိမ့်သိမ့် တုန် သည် အထိ ငို နေပါရောလား ။


“ မငိုပါနဲ့ နွယ် ရယ် ... တစ်နေ့ မောင် တို့ အားလုံး အဆင်ပြေ သွားမှာပါ .. အရေးကြီးတာ က မောင်တို့ နှစ်ယောက် တစ်ယောက် အပေါ် တစ်ယောက် သစ္စာ ရှိရှိ ချစ် နေကြဖို့ ပါပဲ ... ”


အငို မျက်လုံးတွေ နဲ့ ငေးကြည့် နေ ရှာတဲ့ နွယ့် မျက်နှာလှလှလေး ကို မြင်ရသည် မှာ ရင်ထဲ ကြေကွဲစရာ ကောင်းပါဘိ ။


( ၂ )


ရေးပြီး သွားတဲ့ လုံးချင်း ဝတ္ထုရှည် တစ်ပုဒ် ကို ပိုက်ပြီး ရန်ကုန် ကို ဆင်း လာ ခဲ့သည် ။ စာအုပ် ထုတ်မည် ။ စာရေးဆရာ ဘဝ နဲ့ ရပ်တည်မည် ။ ရတဲ့ စာမူခ နဲ့ အိမ် တစ်လုံး ငှား နေမည် ။ နောက် ပိုက်ဆံ စု ပြီး အိမ် ဝယ်မည် ။ ပြီး နွယ် ရှိရာ တောင်ကြီး ကို သွားပြီး နွယ့် ကို ခေါ်မည် ။ လက်ထပ်မည် ။ စသည် စသည် ဖြင့် ။


မန္တလေး - ရန်ကုန် အမြန်ရထား ပေါ် မှာ တွေးခဲ့ တဲ့ အတွေး က ရန်ကုန် အရောက် မှာ ပျက်သုဉ်း ကုန်သည် ။


ရေး ခဲ့တဲ့ စာမူ ကို ဘယ် ထုတ်ဝေသူ က မှ စိတ် မဝင်စား ။ 


ဆိုတော့ စာအုပ် က ဖြစ် မလာ ။


နေရသည် က အဒေါ် ဝမ်းကွဲ တစ်ယောက် အိမ် မှာ ။ အဒေါ်  က ကလေးတွေ တစ်ပြုံကြီး နဲ့ ။


အဒေါ့်  ယောက်ျား က လဟာပြင်ဈေး မှာ ပျံကျ ဈေးသည် ။ 


မိသားစု က ရရစားစား မို့ လူ တစ်ယောက် ပို လာသည် ကြောင့် အဒေါ် မျက်နှာ က မကြည်သာ ။


စာအုပ် ထွက် လျှင် ပိုက်ဆံ ရမည် ။ ပိုက်ဆံ ရလျှင် အဒေါ်  တို့ ကို ထောက်ပံ့ပါမည် ဟု လေပြေတွေ ထိုး ပေမယ့် အဒေါ် မျက်လုံး တွေ က ယုံကြည်ဟန် မပြ ။


အစ မှာ အဒေါ့် ယောက်ျား က ဘာမှ တော့ မပြော ။ လ တွေ ချီပြီး ကြာ လာတော့ ဂဂျီဂဂျောင်တွေ ကျ လာသည် ။ 


ညနေ ဘက် အရက်ကလေး ရီဝေ ပြီး ပြန် လာလျှင် ဗျစ်တောက်ဗျစ်တောက် လုပ် လာပြီ ။


“ ငါ ရှာတဲ့ ပိုက်ဆံ ငါ့ မိသားစု နဲ့ တောင် မလောက်ရ တဲ့ ကြား ထဲ ဘယ်က သောက်မျိုးတွေ က မပင့်မခေါ် ဘဲ ရောက်လာ ကြသလဲ မသိပါဘူး ... ထွီ ”


စိတ် ထဲ မှာ မွန်းကျပ် နေသည် ။ ပူပင်သောက စိုးရိမ်စိတ်တွေ နဲ့ ခေါင်း တစ်ခုလုံး ခဲ နေသည် ။


ရည်မှန်းချက်တွေ ပျောက် နေသည် ။


မျှော်လင့်ချက်တွေ ဆိတ်သုဉ်း နေပြီ ။


မနက် လင်း ကတည်း က ဗိုက် ဟောင်းလောင်း နဲ့ အိမ် က ထွက်သည် ။


မင်္ဂလာဒုံ - ဆူးလေ ဘတ်စ်ကား ပေါ် မှာ စာမူထုပ် ကို ပိုက် ပြီး မရေရာ တဲ့ အတွေးတွေ နဲ့ မြို့လယ်ကောင် ဆီ ကို ထွက်လာခဲ့သည် ။


မြို့ ထဲ ရောက် တော့ ၃၃လမ်း ၊ ၃၄လမ်း စသည် ဖြင့် စာပေ တိုက် ရှိ သမျှ လမ်း ထဲ ဝင်သည် ။


မဝံ့မရဲ နဲ့ စာအုပ်တိုက် ထဲ လှမ်း ဝင်သည် ။


အထဲ ရှိ လူတွေ ရဲ့ စူးစမ်း မျက်လုံး တွေ နဲ့ ရင်ဆိုင် ရသည် ။


“ ဘာကိစ္စလဲ ... ဘာလဲ ” စသည်ဖြင့် “ လဲ ” ပါတဲ့ မေးခွန်း တွေ စုံ သွားသည် ။


“ ကျွန်တော် စာအုပ် ထုတ်ချင်လို့ပါ ”


ခြောက်ကပ် တဲ့ လေသံ နဲ့ အရဲ စွန့်ပြီး ပြော ကြည့်သည် ။ 


ကြား ရတဲ့ စကားသံ ကြောင့် အထဲ ရှိ လူတွေ ပြုံးစိစိ ဖြစ်ကုန် ကြသည် ။


“ ဟာ ဒီ တိုက် က စာအုပ် မထုတ်ဘူး ... တခြား မှာ သွား စုံစမ်းကြည့်ပါဦး ”


စသည်ဖြင့် ငြင်းချက်တွေ ထုတ် ရင်း ပြန် မောင်း ထုတ်ကြသည် ။ တစ်ခုသော စာအုပ်တိုက် က အပြော ပို ဆိုးသည် ။ 


လူ ကို တစ်လှည့် စာမူထုပ် ကို တစ်လှည့် ကြည့်ပြီး ... 


“ ဟာ .. သွားစမ်းပါ ဗျာ ၊ တော်တော် ရှုပ်တဲ့ လူတွေ နောက် နှစ် မိုး ကျရင် လာခဲ့ .. ခင်ဗျား စာအုပ် ကို တစ်ရက် တစ်အုပ် ထုတ် ပေးမယ် ” 


စော်ကားလိုက်တဲ့ စကား ...


ခေါင်း တစ်ခုလုံး ချာချာလည် ထွက် သွားခဲ့သည် ။


သိမ်ငယ်စိတ် နဲ့ သွားပါဦးမယ် ခင်ဗျာ လို့ နှုတ်ဆက် တာ ကို ပင် မသိကျိုးကျွန် ပြု ၍ မျက်နှာ လွှဲ ထားသည် ။ 


ပူပြင်း နေတဲ့ နွေရက်များ ...


ချွေးသီးချွေးပေါက် တွေ နဲ့ တစ်ကိုယ်လုံး နစ် နေသည် ။ 


ဗိုက် ထဲ က ဆာပြီ ။ 


အချိန် က မွန်း လွဲပြီ ။


ဆူးလေဘုရား ရှေ့ က အထမ်း နဲ့ ရောင်းသော ပဲကြီးလှော် တစ်မတ်တန် နှစ်ထုပ် နဲ့ ဆူးလေ ဘေးနား မှာ ရောင်းတဲ့ ငါးမူးတန် မန်ကျည်းဖျော်ရည် တစ်ခွက် ဝယ် သောက်သည် ။ ငွေ တစ်ကျပ် နဲ့ တစ်နေ့ တာ အတွက် ဗိုက် ဖြည့် ပြီး သွားသည် ။


ညနေ စောင်း တော့ စာမူထုပ် ပိုက် ပြီး မင်္ဂလာဒုံ ကို ပြန်ရ ပြန်သည် ။


ဘတ်စ်ကားခ ပြား ခြောက်ဆယ် ပေးစရာ မရှိ လို့ ပေးပြီး သလိုလို ဟန် ဆောင် ပြီး အိပ် လိုက် လာခဲ့သည် ။


ည ဘက် အဒေါ် အိမ် ရောက် တော့ အိုး ထဲ မှာ ထမင်း က မကျန် တော့ ။


ရေ သောက်ပြီး အိပ် ပစ် လိုက်သည် ။


အိပ်မက် ထဲ မှာ ခြောက်လှန့် နေသည် ။


အလုပ်အကိုင် က လည်း မရှိ ၊ စာအုပ် က လည်း မထွက် ။


( ၃ ) 


ဘွဲ့နှင်းသဘင် အကြို နေ့ သို့မဟုတ် ရီဟာဇယ် နေ့ ။


အစမ်း လေ့ကျင့်ပြီး ခန်းမ ထဲ က ထွက် လာခဲ့သည် ။


သူငယ်ချင်း မျိုးအောင် နင်း သော စက်ဘီး ကို နောက် ထိုင်ခုံ မှာ ထိုင်ပြီး လိုက်လာ ခဲ့သည် ။


ပင်မဆောင် ရှေ့ ကို ရောက် လာသည် ။


ဘွဲ့ လာယူသူ များ အမှတ်တရ ဓာတ်ပုံတွေ ရိုက် နေကြသည် ။ 


သည်မှာ ...


မြက်ခင်းစိမ်းစိမ်း ပေါ် မှာ ရယ်မော ပျော်ရွှင် နေကြတဲ့ နွယ် နဲ့ သူငယ်ချင်းမလေးများ ဓာတ်ပုံ ရိုက် နေကြသည် ကို လှမ်း တွေ့သည် ။


မမျှော်လင့်ဘဲ နွယ် နဲ့ တည့်တည့် တိုး နေသည် ။ 


၂ နှစ် တာ ကွဲကွာ နေခဲ့သော ချစ်ရသူ ကို သည် နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ ရ ပါပြီ ။


ပူလောင်ခါးသီး တဲ့ ဘဝ တစ်ကွေ့ မှာ မို့ နွယ့် ကို မေ့ထားခဲ့ ပေမယ့် ... ။


ဟော ... ခုတော့ မျက်နှာချင်းဆိုင် တွေ့ နေပြီ ။ 


နွယ် က အားရဝမ်းသာ နှင့် ပြေးချ လာသည် ။ 


ပြေး လာသည် မှ မြက်ခင်းစပ် က စည်းရိုး နိမ့်နိမ့်လေး ကို ပင် ကျော်ဖြတ် လာခဲ့ပြီ ။


မျိုးအောင် က စက်ဘီး ကို ရပ် ပေးရ မလားလို့ မေးသည် ။ 


အံကို တင်းတင်း ကြိတ်ပြီး “ မျိုးအောင် ... နင်းကွာ ” လို့ ပြောထွက် သွားသည် ။


စက်ဘီး က မရပ်ဘဲ တစ်ဟုန်ထိုး ထွက် သွားသည် ။ 


သည်မှာ ပြေး လာတဲ့ နွယ် ...


ခြေလှမ်းတွေ ဖြည်းလေးစွာ နဲ့ တုံ့ခနဲ ရပ်သည် ။ အံ့သြ လွန်း တဲ့ မျက်လုံးတွေ နဲ့ လှမ်း ကြည့်နေသည် ။ 


အနား မှာ ရပ် လာတဲ့ သူမ ရဲ့ သူငယ်ချင်း မိုခမ်း ကို ဖက်ပြီး ငိုချလိုက်သည် ။


နွယ့် ရင် ထဲ မှာ ဘာတွေ ဘယ်လောက် ခံစား နေရပြီ ဆိုတာ နားလည်ပါသည် ။ 


နွယ် က သူဌေးသမီး ။ ချမ်းသာသည် ။ ပြည့်စုံသည် ။ သူမ တို့ မြို့ မှာ မြို့ မျက်နှာဖုံး လူကြီး အသိုင်းအဝိုင်း ထဲ က အစစ သာ လွန်သည် ။


သည်မှာ တော့ အမိ တက္ကသိုလ် က အပ်နှင်း လိုက်သည့် ဘီအက်စ်စီဘွဲ့ တစ်ခု သာ ရှိသည် ။


ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် ဖို့ ကြိုးစား နေဆဲ ။ 


ဘဝ ဆိုတာ သုည ရဲ့ အောက် မှာ ရောက် နေသည် ။ 


ဆိုတော့ ချစ်သူ ကို ရင်ဆိုင် ရဲ တဲ့ သတ္တိ နတ္ထိ ဖြစ်ခဲ့ ရသည် ။ 


“ ခွင့်လွှတ်ပါ နွယ် ရယ် ” လို့ တစ်ယောက် တည်း တောင်းပန် ခဲ့သည် ။


( ၃ )


ဘဝ အတွက် အာမခံချက် ရှိ ဖို့ အစိုးရ ရုံး တစ်ရုံး မှာ အလုပ် ဝင် ခဲ့သည် ။


ဖြစ်ချင်လွန်း သော စာရေးဆရာ ဘဝ ကို လည်း ရောက်ခဲ့ပါသည် ။ လုံးချင်းဝတ္ထု စာအုပ်တွေ လည်း တစ်အုပ် ပြီး တစ်အုပ် ထွက် နေပြီ ။


ပထမဆုံး လုံးချင်း ဝတ္ထု စာအုပ် ထွက်သည့် လ တွင် မထင်မှတ်သော အရပ် မှ ဖိတ်စာ တစ်စောင် စာတိုက် က တစ်ဆင့် ရောက် လာသည် ။


နွယ် နှင့် သူမ တို့ မြို့ မှ အင်ဂျင်နီယာ တစ်ယောက် တို့ ၏ လက်ထပ်မင်္ဂလာ ဖိတ်ကြားလွှာ ... ။


မဲ့ပြုံးလေး တစ်ခု ကို လှပစွာ ပြုံး ဖြစ်ခဲ့သည် ။


◾တက္ကသိုလ် စိုးနောင်


📖 မဏ္ဍိုင် မဂ္ဂဇင်း 

      အမှတ် ( ၂၂ )

      ၁၉၉၈ ခုနှစ် ၊ ဇွန်လ 


#ကိုအောင်နိုင်ဦး


.

Thursday, October 26, 2023

အချစ် ကို ကျောခိုင်း၍


 ❝ အချစ် ကို ကျောခိုင်း၍ ❞


လန့် နိုး တော့ မနက် ရှစ်နာရီ ။ ချိန်းထားတာ က လည်း ရှစ်နာရီ ။ ဆိုတော့ နောက်ကျ နေပြီပေါ့ ။ သွားဖို့ ကမန်းကတန်း လုပ်သည် ။ ပြီးလို့ အိမ် က ထွက်မယ် လည်း လုပ် ရော ... ။ 


“ သား ဘယ်လဲ ”


“ ဗျာ ဩော် မေမေ ၊ သား ဒီနေ့ သူငယ်ချင်း တစ်ယောက် နဲ့ ချိန်းထားလို့ ”


“ သား က ရုံးဖွင့်ရက် လည်း မအားရ ။ ရုံးပိတ်ရက် လည်း မအားရ နဲ့ တစ်ခါတလေ မေမေ တို့ ဖေဖေ တို့ နဲ့ အိမ် မှာ ပဲ တစ်နေ ကုန်အောင် နေပါဦးလား သားလေး ရယ် ”


ဟုတ်တော့ လည်း ဟုတ်သည် ။ သူ သည် အိမ် ကပ်သည် ဟူ၍ မရှိခဲ့ ။ မိခင် က သူ့ ရှေ့တည့်တည့် မှာ လာ ရပ်သည် ။


“ သား ”


“ မေမေ သား ကို ဘာ ပြောချင်လို့လဲ ”


“ ဟိုလေ သားလေး မှာ ချစ်ရမယ့် သူတွေ ဘာတွေ များ ရှိ နေပြီလားလို့ပါ ” 


“ ဪ မေမေ ရယ် ”


သည်သို့ ဆိုတော့လည်း သူ ရှက် သွားသည် ။ 


“ သား မေမေ့ ကို မညာနဲ့ ၊ သား မှန်မှန် ပြောစမ်း ” 


သူ ရှက်ပြုံး နဲ့ ခေါင်းညိတ် ပြသည် ။


“ ဟော ကြည့် သား မှာ ချစ်သူ ရှိနေပြီ ကိုး ”


“ ဟုတ်တယ် မေမေ ၊ သား မှာ သား သိပ်ချစ်တဲ့ ချစ်သူ ရှိ နေပြီ မေမေ ”


မိခင် ၏ မျက်နှာထက် စိုးရိမ်မှုတွေ က ထွေပြား သွားသည် ။ 


“ မိန်းကလေး က ဘယ်ကလဲ သား ၊ ဘယ်သူ့ သမီး လဲ ၊ ဘာလုပ်လဲ ၊ အမျိုးကောင်း သမီး မှ ဟုတ်ရဲ့လား သားရယ် ချောကော ချောရဲ့ လား ”


မေးခွန်းပေါင်း များစွာကြောင့် သူ နှစ်ခြိုက်စွာ ရယ်ပစ် လိုက်သည် ။ 


“ သား ရဲ့ ချစ်သူ က ကျောင်း တက်နေတုန်းပဲ မေမေ ၊ အခု စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် မှာ နာမည် က ပန်းမို့မို့ တဲ့ ”


“ ပန်းမို့မို့ ဟုတ်လား သား ”


သူ ခေါင်းညိတ် ပြတော့ မိခင် က ရယ်သည် ။ 


“ သား ရဲ့ မိန်းကလေး နာမည် က အဆန်းလေးပါလား ၊ ဒါနဲ့ သူ က ဘယ်ကလဲ သား ”


“ ပုသိမ် က ပါ မေမေ ၊ ခုတော့ ပန်း က စံရိပ်ငြိမ် ထဲ က အမျိုးသမီး ဘော်ဒါဆောင် တစ်ခု မှာ နေတယ် ” 


“ ဒါဆိုလည်း သားရယ် ၊ သမီး ကို တစ်နေ့ လောက် အိမ် ကို ခေါ်လာပါလား ၊ မေမေ တို့ ကြည့်ရတာပေါ့ ” 


သူ ကျေနပ်စွာ ခေါင်းညိတ် ပြသည် ။


  •••••   •••••   •••••


“ သစ္စာရိပ်မြုံ အမျိုးသမီး ဘော်ဒါဆောင် ” 


ခြံဝင်း ထဲ ဝင်ခဲ့သည့် တိုင် ချစ်သူ ကို မတွေ့ ။ ရပ် စကား ပြော နေသော စုံတွဲ တစ်တွဲ ကို ကျော်ဖြတ် ခဲ့သည် ။


ဧည့်ခန်း ထဲ ရောက်တော့ အဆင်သင့် တွေ့ တဲ့ ဖြူဖြူသွယ်သွယ် မိန်းကလေး ကို တစ်ဆင့် ခေါ်ခိုင်း ရသည် ။ တော်တော် လေး ကြာ သွားသည် ။


စောင့်ရသည် မှာ စိတ်ထဲ ကသိကအောက် ဖြစ်လာသည် ။ လူရိပ် မြင်တိုင်း ချစ်သူလေလား ဟု လှမ်းလှမ်း ကြည့် ရသည် မှာ လည်း အမောပါ ပဲ ။ ကြာ တော့ ရှက်တောင် ရှက်လာသည် ။ အတော်ကြီး ကြာ မှ ချစ်သူ သည် ပေါ်ထွက်လာ ချေ၏ ။ မျက်နှာ သည် မို့အစ် ၍ နေသည် ။ ဘယ်လောက်တောင် ငိုထား သည် မသိ ။


သူ့ နံဘေး မှာ ဆောင့်အောင့်ပြီး ဝင် ထိုင်သည် ။ မျက်နှာ က ခပ်တင်းတင်း ။ ချစ်သူ ၏ လက် တစ်ဖက် ကို အသာအယာ ဆုပ်ကိုင် လိုက်သည် ။ သို့သော် သူမ က ရုန်းဖယ်ပစ်သည် ။


“ ဘာဖြစ်နေသလဲ ပန်း ” 


ပန်း က ဘာမျှ ပြန်မဖြေ ။


“ ပန်းရယ် မောင့် မှာ ဘာ အပြစ် ရှိလို့လဲ ”


ဆတ်ခနဲ လှည့် လာတဲ့ ပန်း ရဲ့ မျက်လုံးများ က မေးခွန်း ပေါင်း များစွာ ကို မေး နေသည် ။


“ ဘာလို့ ဒီလောက် နောက်ကျနေလဲ ” 


“ ဪ ဒါလား ”


“ ဟုတ်တယ် ၊ ဘာလို့ ခုမှ လာနေသေးသလဲ ။ မလာပါနဲ့ တော့လား ”


“ အဲဒီလိုတော့ မပြောပါနဲ့ ပန်း ရယ် ၊ ချိန်းထားတဲ့ ဟာ လာ ရမှာပေါ့ ”


“ ခု ဘယ်အချိန် ရှိပြီလဲ ”


“ ပန်း ရယ် မောင့်ကို  ခွင်လွှတ်ပေးပါကွာ ၊ မောင် ဘာလို့ နောက်ကျသလဲ ဆိုတာ မေးဦးမှပေါ့ ”


“ သွားပါ ခုမှ လာပြီး ဆင်ခြေ ပေးဖို့ မကြိုးစားပါနဲ့ ” 


“ ဪ ဆင်ခြေ ပေးနေတာ မဟုတ်ပါဘူး ။ ဒီမနက် ပန်း ရဲ့ ယောက္ခမကြီး နဲ့ မောင် တို့ ရှေ့ရေးတွေ ပြောနေရလို့ပါ ”


“  ဟင် ”

 

ပန်း ခမျာ ထိတ်ထိတ်ပျာပျာ ဖြစ် သွားခဲ့သည် ။ 


“ ဘယ်လို ဘယ်လို မောင် ပြောလိုက်တာ ၊ ပန်း ရဲ့ ယောက္ခမ ဆိုတာ ဘယ်သူ့ ကို ပြောတာလဲ ”


“ ဟား ဟား ဟား ”


သူ သဘောကျစွာ ရယ် လိုက်သည် ။


“ ပန်း ရဲ့ ယောက္ခမ ဆိုတာ က မောင့် မေမေ ကို ပြောတာပါ ”


“ ဟင် မောင့် မေမေ ကို ဖွင့် ပြောလိုက်ပြီ ဟုတ်လား ” 


ပန်း က အထိတ်တလန့် မေးသည် ။ 


“ ဟုတ်တယ် ပန်း ၊ မောင် ဒီ မနက်ပဲ ဖွင့် ပြောလိုက်ပြီ ” 


“ မောင့် မေမေ က ဘာ ပြောလဲဟင် ၊ ပန်း နဲ့ သဘော တူ ရဲ့ လား ၊ စိတ်ပူလိုက်တာ မောင်ရယ် ”


“ ဟဲဟဲ မေမေ က ပြောတယ် ၊ သား ချစ်သူ ဟာ မေမေ့ သမီး ပဲပေါ့ တဲ့ ၊ အိမ် ကို ခေါ်လာခဲ့ပါတဲ့ ၊ မေမေ က ကြည့်ချင်တယ် တဲ့ ”


“ ဟယ် ပန်း ကြောက်တယ် မောင် ရယ် ”


“ အို ဘာလို့ ကြောက်ရမှာလဲ ပန်း ရဲ့ ၊ မောင် တစ်ယောက် လုံး အနား မှာ ရှိနေမှာပဲ ၊ ပြီးတော့ မောင့် မေမေ က သဘော ကောင်း ပါတယ် ”


“ ပန်း ရှက်တယ် မောင်ရယ် ”


စောစောက ဒေါသစိတ် မွှန် နေတဲ့ ပန်း တစ်ယောက် ခုတော့ ရှက်စိတ် မွှန် နေပြီပေါ့ ။


 •••••   •••••   •••••


မေမေ့ ရှေ့ ရောက်တော့ ပန်း တစ်ယောက် ခေါင်းမဖော် တော့ ။ မျက်နှာကြီး ရဲတွတ် ကာ ခေါင်း ကို ငုံ့ ထားသည် ။ 


ဖေဖေ နှင့် မေမေ က ပန်း ကို စူးစူးစိုက်စိုက် ကြည့်သည် ။ အကဲခတ်သည် ။ သည် အကြည့်ဒဏ် ကို ပန်းခမျာ အလူးအလဲ ခံစား ရသည် ။


“ သမီး လေး အနေရ ခက်နေလား ဖေဖေကြီး တို့ ကို ဘယ်လို မှ မအောက်မေ့ နဲ့ နော် ၊ ကြောက် လည်း မကြောက်နဲ့ ၊ လွတ်လွတ်လပ်လပ်သာ နေပါ သမီး ”


သည်တော့မှ ပန်း က ရှက်ကိုးရှက်ကန်း ဟန်ပန် နဲ့ “ ဟုတ် ကဲ့ ” ဟု မရဲတရဲ ဖြေသည် ။ ဘာပဲပြောပြော မေမေ ကတော့ အရမ်း ကို သဘောကျ နေသည် ။


“ အမလေး သမီးလေး ရယ် ၊ မေမေကြီး တို့ ကို ဘာမှ ရှက် မနေနဲ့ ၊ ကိုယ့် အိမ် လို သဘောထားပြီး လွတ်လွတ်လပ်လပ် နေပါ သမီးလေး ရယ် ” 


“ ဟုတ်ကဲ့ပါ မေမေကြီး ” 


“ သမီးလေး က ဒီလောက် ချော ဒီလောက် လှ နေတာ သား နဲ့ ဘယ်လို ငြိလာလဲ မသိဘူး ”


“ ဟာ မေမေ က လဲ ”


သူ့ စိတ်ထဲ ဘဝင် မကျချင် ။ ပန်း ကတော့ ကြိတ်ပြီး ရယ်သည် ။


“ ဖေဖေကြီး တို့ မှာ က ဒီ သားလေး တစ်ယောက် ပဲ ရှိတာ ဆိုတော့ အိမ်သား က နည်းတယ် သမီး ရဲ့  ၊ အဲဒီတော့ သမီးလေး အဆောင်မှာ နေရတာ ပျင်းရင် ဒီအိမ် ကို မကြာမကြာ လာ ပေါ့ကွယ် ၊ သား မရှိလည်း လာပေါ့ ။ ကိုယ့် အိမ် လို ပဲ သဘောထား ပေါ့ သမီး ရယ် ”


“ ဟုတ်ကဲ့ပါ ဖေဖေကြီး ”


“ သမီးလေး နာမည် ကို ပန်းမို့မို့ လို့ ပြော ကတည်း က သမီးလေး ဟာ အရမ်း လှမှာပဲလို့ မေမေ က တွက် ထားတာ ၊ ခုတော့ မေမေကြီး ထင်ထား တာ ထက် တောင် သမီးလေး က အပြင် မှာ ပိုပြီး လှ နေသေးတယ် ”


ပန်း ခမျာ ဘယ်လိုမှ မနေတတ်တော့ ။ ရှက်ရှာ လွန်း လို့ ခေါင်းလေး ငုံ့ပြီး ခန္ဓာကိုယ် မှာ တွန့်လိမ် ၍ နေသည် ။


ပန်း ရဲ့ ရင်ထဲ မှာ ပျော်ရွှင်ခြင်း ဝမ်းသာခြင်းတွေ က ထောင်း လမောင်း ထ နေလေပြီ ။


 •••••   •••••   •••••


အချိန်က ညနေ ၅ နာရီ ။


“ ဗန္ဓုလ ” သင်္ဘောကြီး က ကမ်း မှ ခွာစ ပြုသည် ။ သင်္ဘော အပေါ် ထပ် မှ ပန်း က မျက်ရည်တွေ သုတ်ရင်း လက်တပြပြ နဲ့ ပါသွားသည် ။


စာမေးပွဲကြီး စစ်ပြီး လို့ တက္ကသိုလ်တွေ လည်း ပိတ်လိုက်ပြီ ။


“ ပန်း အိမ် ကို ပြန်ရတော့မယ် မောင် ရယ် ၊ ပန်း ကို  အကြာ ကြီး ခွဲ မထားပါနဲ့ ၊ ပန်း တော့ မောင့် ကို မခွဲနိုင်တော့ဘူး ၊ မောင် ရယ် ”


ချစ်သူ ၏ ဝမ်းနည်းစကားတွေ က နားဝ မှာ ကြားယောင် လာသည် ။ ပန်း သည် ပြန်ခါနီး သူ ၏ မိဘနှစ်ပါး ကို လည်း လာ ပြီး ကန်တော့ သွားသည် ။


အောင်စာရင်း ထွက်ပြီးသည် နှင့် အလုပ် တစ်ခု ဝင် လုပ်မည် ။ ပြီးလျှင် လက်ထပ်မည်ဟူ၍ ကတိစကား တွေ ဖလှယ် ခဲ့ကြသည် ။ ခုတော့ ပန်း သည် ဇာတိ ပုသိမ် သို့ ပြန်ခဲ့လေပြီ ။


 •••••   •••••   •••••


ကိစ္စ တစ်ခု ဖြင့် မြို့ ထဲ သို့ ထွက်ခဲ့သည် ။ ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက် ဖြစ် သော်လည်း ဘတ်စ်ကား ကတော့ ခပ်ကျပ်ကျပ် မို့ နေရာ က မရ ။


မှတ်တိုင် တစ်ခု အရောက် မှာ လူ အတော် ဆင်းသွားသည် ။ ဘေးနား ထိုင်ခုံ မှ တစ်နေရာ လွတ်သည် ကြောင့် အသာ ဝင် ထိုင် လိုက်သည် ။ သည်မှာ ဘေးနား က အမျိုးသမီး ကို အရှိန် နည်းနည်း နဲ့ တွန်းမိ သလို ဖြစ်သွားသည် ။ အားနာလိုက်သည့် ဖြစ်ခြင်း ။ 


“ ဆောရီး ” လို့ သူ ပြောတော့ ထို အမျိုးသမီး က ခေါင်းညိတ် ပြီး “ ရပါတယ် ” လို့ ပြန်ပြောသည် ။ လမ်း တစ်လျှောက် အခြေ အနေ က သိသာ လာသည် ။


အမျိုးသမီးသည် သူ့ ဘက် ကို မှီပြီး လိုက် လာသည် ။ သူ နည်းနည်း ရွှေ့ ထိုင်သည် ။ အမျိုးသမီး က လိုက် ပြီး မှီသည် ။ အမျိုးသမီး ၏ ပူနွေးအိစက်သော ခန္ဓာအတွေ့ က သူ့ ရင် ကို ခုန် စေ သည် ။ 


မင်္ဂလာဈေး မှတ်တိုင် သို့ ရောက်လာသည် ။ သည်မှာ အမျိုးသမီး က သူ့ လက်မောင်း ကို ဆုပ်ကိုင် လှုပ်ယမ်းပြီး ပြော လာသည် ။


“ ဒီ မှတ်တိုင် မှာ ပဲ ဆင်းကြရအောင် ၊ လိုက်ခဲ့ နော် ” 


ရုတ်တရက် ဘာမှန်း မသိဘဲ ယောင်တောင်ပေါင်တောင် နဲ့ သူ ခေါင်းညိတ် ဖြစ်သည် ။ အောက် ရောက်တော့ အမျိုးသမီး က သူ့ လက်မောင်း ကို ချိတ်တွယ် ထားသည် ။


ပြီးတော့ သူ့ ကို ရွှန်းရွှန်းစားစား ကြည့်သည် ။ မည်သူ မျှ မရှိသော သူမ နေထိုင်ရာ တိုက်ခန်း ဆီ သို့ လိုက်ခဲ့ ဖို့ ဖိတ် ခေါ် သည် ။


ဆိုတော့ သူ့ ရင်ထဲ ထိတ်ခနဲ ဝမ်းသာ သွားသည် ။ သည်သို့ သော အခွင့်အရေးမျိုး က ကြုံတောင့်ကြုံခဲ ရခဲ ဘိခြင်း ။ သူ သဘောတူသည် နှင့် အမျိုးသမီး က အားရဝမ်းသာ နှင့် တက္ကစီ တစ်စီး ကို ငှားသည် ။ 


သူမ နေထိုင်ရာ အခန်း ဆီ သို့ ရောက်သွားသည် ။ အလွယ် တကူ ရ ခဲ့သော အခွင့်အရေး သည် သူ့ စိတ်ဝိညာဉ် ကို ဖမ်းစား ခဲ့ လေပြီ ။ ထို အမျိုးသမီး နှင့် လည်း ရင်းနှီးခဲ့လေပြီ မို့ တစ်ကြိမ် မှ သည် နောက် တစ်ကြိမ် ဆီသို့ ။


 •••••   •••••   •••••


အချိန်တွေ က တစ်လ ပြီး တစ်လ ကုန်လွန် လာခဲ့သည် ။ တစ်နေ့ တွင် ဗိုက်ဖုံး အင်္ကျီ ဝတ်ထားသော အမျိုးသမီး တစ်ဦး သည် ခရီးဆောင် အိတ် တစ်လုံး လက်ဆွဲခြင်း တစ်ခု နှင့် သူ ၏ အိမ်ပေါ် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာခဲ့သည် ။ သူ ၏ ဖခင် နှင့် မိခင် က ဘာကိစ္စလဲ ဟု မေးရင်း နေရာ ပေးသည် ။ အမျိုးသမီး က ကျွန်မ ကိုဇော်ဇော် ရဲ့ ချစ်သူ ပါ ဟု ဆိုသော အခါ သူ့ မိဘ နှစ်ပါး မှာ မျက်လုံး မျက်ဆန် ပြူးရ လေပြီ ။


သူမ မှာ ကိုယ်ဝန် ရှိလာ ၍ အိမ် မှာ မနေရဲတော့သည် ကြောင့် အိမ် က ဆင်းခဲ့ကြောင်း ငိုသံ နှောပြီး ပြော တော့သည် ။ 


သူ ၏ မိဘနှစ်ပါး မှာ ဘယ်လိုမှ မယုံကြည်နိုင် ။ သား အလိမ္မာ သည် ဘယ်က မှန်း မသိရ သော မိန်းမ တစ်ဦး နှင့် ဘယ်အချိန် က များ သွား ရှုပ်ခဲ့လေပြီ မသိ ။


သိထားခဲ့သည် က သား ၏ ချစ်သူ သည် ပုသိမ် က ပန်းမို့မို့ တည်း ဟူသော မိန်းမချောလေး တစ်ဦး မျှ သာ ။ ယခုတော့ မူ ... ။


ညနေ ရုံး ဆင်း၍ အိမ် သို့ သူ ပြန် ရောက်သည် ။ သူ့ ကို မြင် တော့ ငို နေတဲ့ သူမ က ပြေးလာပြီး သူ့ ကို တစ်အား ကျုံး ဖက်ကာ တရှုံ့ရှုံ့ နှင့် ငိုသည် ။


သူ့ ရင် ထဲ ဒိတ်ခနဲ ခုန် ပြီး ဘာ လုပ်ရမှန်း မသိ ။ အသား များ ပင် တဆတ်ဆတ် တုန်ယင်လာသည် အထိ ထိတ်လန့် တုန်လှုပ် သွားခဲ့သည် ။


သွားပြီ ဆိုသည့် အသိ က သူ့ ဘဝ ၊ သူ့ ကမ္ဘာ ကို တစ်စစီ ၊ တစ်မှုန်စီ ခြေမွ ဖျက်ဆီး ပစ်လိုက်ပြီ ။


သား ရဲ့ အိမ်ထောင်ရေး အတွက် အမြဲတမ်း ပူပန်ခဲ့ ရသော မိခင်ကြီး မှာ သား အတွက် စိတ်ထိခိုက် လွန်း သဖြင့် ရုတ်တရက် သတိ ပင် လစ် သွားခဲ့သည် ။


အမှတ်မဲ့ ဇွတ်တိုး ခဲ့သော အမှား ၏ ဒဏ်ခတ်ခြင်း ကို ချက်ချင်း လက်ငင်း ခံစား နေရပြီ ။


ရင်သွေး ဟူ သော အသိကြောင့် မျက်လုံး ကို စုံ မှိတ်ပြီး အံကို တင်းတင်း ကြိတ် ဖြစ်သည် ။


ဟုတ်သည် ။ သူ ဘာမျှ မတတ်နိုင်တော့ ။ သူ ခေါင်းညိတ် လိုက် ရတော့သည် ။


◾တက္ကသိုလ်စိုးနောင်


📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း

      အမှတ် ( ၂၃၃ ) ၊ 

      ၂၀၀၁ ခုနှစ် ၊ ဖေဖော်ဝါရီလ 


#ကိုအောင်နိုင်ဦး


.

Saturday, July 1, 2023

ချစ်ခွင့် မကြုံ


 ❝ ချစ်ခွင့် မကြုံ ❞


( ၁ )


အတန်း ပြီး ချိန် ။


အခန်း ထဲ က ကျောင်းသူ ၊ ကျောင်းသား တွေ အပြင် ကို ဝေါခနဲ လျှံထွက် လာခဲ့သည် ဆိုရင်ပဲ ကိုတွတ် ကို လက် တို့ ပြီး မျှော်လင့် သူ ကို ပြူးပြဲ ရှာဖွေ ခဲ့သည် ။


တွေ့ပြီ ၊ ဒူးကောက်ကွေး ထိ ရှည်လျားလှ တဲ့ ဆံကေသာ အလှ ပိုင်ရှင် လဲ့ဝါ ကို အများ ကြား မှာ ထင်းခနဲ ပါ ပဲ ။ ရင် ထဲ မှာ တဒိန်းဒိန်း နဲ့ ရင်တွေ ခုန် ဒူးတွေ တုန် လာ ရသည် ။


သူမ တို့ တစ်တွေ အဆောင် ပြန် ကြပြီ ။ နောက် ကနေ မသိ မသာ လိုက် ရင်း ကားလမ်းမ ပေါ် ရောက် လာသည် ။


“ ဟေ့ကောင် သွားတော့ ”


ဆိုပြီး ကိုတွတ် က တွန်း လွှတ်သည် ။ ရှက် က လည်း ရှက် ၊ ကြောက် က လည်း ကြောက် နဲ့ လဲ့ဝါ နံဘေး ကို ရောက် သွားသည် ။ လဲ့ဝါ က တအံ့တသြ လှည့် ကြည့်သည် ။


သူ က စပ်ဖြဲဖြဲ လုပ် ရင်း လက် ထဲ က စာအုပ် ကို ထိုး ပေး သည် ။


“ လဲ့ဝါ ဒါလေး ယူ သွားနော် ၊ အထဲ မှာ စာ ပါတယ် ” 


အစ သော် လဲ့ဝါ က ဘာမှ မပြော ။ ရှေ့ကို သုတ်သုတ် လျှောက်သည် ။ သူမ ရဲ့ အဖော်မလေးတွေ က လည်း ပြုံးစိစိ နဲ့ လျှောက် ကြသည် ။ သူ က လည်း ဆက် လိုက် သည် ။


သည်မှာ လဲ့ဝါ က ဗြုန်းခနဲ ရပ် ၊ သူ့ ဘက် ကို ဆတ်ခနဲ လှည့် ကြည့် ၊ မျက်နှာထား တင်းတင်း နဲ့ ဘာမှ မပြောဘဲ သူ ပေး နေ တဲ့ စာအုပ် ကို လှမ်း ယူသည် ။


ပြီးတော့ အထဲ က စာ ကို ယူ ပြီး စာအုပ် ကို သူ့ ပြန် ပေး လိုက် သည် ။ စာ ကို ယူ သွားပြီ ဆိုတော့ သူ့ ရင် ထဲ အရမ်း ဝမ်း သာ သွားသည် ။ ‘ ငါကွ ’ လို့ ပင် အော်လိုက် ချင်သည် ။ သို့သော် သူ့ အပျော် က တာရှည် မခံ ။ လဲ့ဝါ က စာ ကို ဆုတ်ဖြဲ ပြီး လွှင့်ပစ် လိုက် သည် ဆိုတော့ ခြေစုံ ရပ်ပြီး ကြေကွဲစွာ ရပ်ကျန် ခဲ့သည် ။


( ၂ )


ခက်တော့ ခက် နေပြီ ။ စား လည်း သည် စိတ် ၊ သွားလည်း သည် စိတ် နဲ့ မို့ ။ မတွေ့ ရ ပြန်လျှင် လည်း ဘယ်လို မှ မနေနိုင်သည် ကြောင့် သူမ ရှိရာ အရပ် မှာ သူ အမြဲ ရှိ ခဲ့သည် ။


အတန်း ကို ဟုတ်တိပတ်တိ မတက် ။ လဲ့ဝါ နောက် ကို သာ တကောက်ကောက် လိုက် နေခဲ့သည် ။ သို့ပေသည့် အတိတ် ကံ က အားနည်း ရော့ လား မသိ ။ ချစ်ရသူ သည် မကြည်ဖြူ ခဲ့ ။ တွေ့လေ ရာ အရပ် မှာ မျက်နှာကြော တင်းတင်း နဲ့ မျက်နှာ လွှဲ သွားခဲ့သည် ချည်း ။ ရှိ စေတော့ ။


ညနေပိုင်း ရောက် လာသည် ။ ရေချိုး ထမင်းစား ပြီး တာနဲ့ ဘယ်လို ဖြစ်သည် မသိ ။ လဲ့ဝါ ကို အရမ်း တွေ့ချင် လာသည် ။ သည် တစ်ခဏလေး မတွေ့ ရရင် ကို ပဲ ခု ချက်ချင်းပဲ သေသွား တော့မလားလို့ အောက်မေ့ မိသည် ။


ဆိုတော့ ကိုတွတ် ကို အဖော် ညှိသည် ။ မရ ။ တစ်နေကုန် ကျောင်း မှာ တွေ့ပြီး တာ တောင် အားမရနိုင်သေး ။ လွန်လွန်း သည် ဟု ဆိုကာ မြည်တွန်တောက်တီး ရင်း အော်ဂင် တို့ အုပ်စု နဲ့ မြို့ထဲ ပါ သွားသည် ။ 


မထူးတော့ပါဘူး ။ ကိုယ့်ဝမ်း နာ ကိုယ် သာ သိ သမို့ လဲ့ဝါ ရှိ ရာ နှင်းဆီဆောင် ဆီ သို့ ဦးတည် ခဲ့သည် ။ အဆောင် ဆိုပေမယ့် ကျောင်းသူ နှစ်ဆယ် လောက် သာ လက်ခံ ထားသည့် လုံးချင်း တိုက် တစ်လုံးပါပဲ ။


အချိန် က မှောင်ရီဖျိုးဖျ ။ အဆောင် နောက်ဘက် ရေဆိပ် အနီး ချုံကွယ် မှာ အချိန်မီ သူ ရောက် သွားသည် ။ သိပ် မကြာလိုက် လဲ့ဝါ တို့ သုံးယောက် စကားတွေ ဖောင်ဖွဲ့ ပြီး ဆင်း လာ ကြသည် ။ ဘယ်သူမှ မရှိဘူး အထင် နဲ့ စကားတွေ ကို လွတ်လွတ်လပ်လပ်ကြီး ပြော လာ ကြသည် ။


သူ့ စိတ် ထဲ ကြိတ်ပြုံး မိသည် ။ ဪ တို့ ယောက်ျားလေး တွေ စု မိတော့ မိန်းမတွေ အကြောင်း ပြောကြသည် ။ ဟော သူတို့ မိန်းကလေးတွေ စုမိတော့ လည်း ယောက်ျားလေး တွေ အကြောင်း ပြောနေကြသည် ပဲ ။


ဟို နှစ်ယောက် ခြေလက် ဆေး ၊ သွားတိုက် လို့ ပြီးတာ တောင် လဲ့ဝါ က သွားတိုက်လို့ မပြီးသေး ။ အလုပ် လုပ် တာ တယ် နှေးသကိုး လို့ အောက်မေ့ မိသည် ။


လဲ့ဝါ ခြေထောက် ဆေး တော့ ဟို နှစ်ယောက် က စကား ပြော ရင်း ကုန်းပေါ် တက် သွားသည် ။ နောက်က လိုက်ခဲ့ ဆိုတဲ့ သဘော ။ လဲ့ဝါ က “ ဟဲ့ ငါ့ ကို စောင့်ကြဦး ” လို့ လှမ်း အော်သည် ။ 


သည်မှာ မရိုးမရွ နဲ့ ရွတတ ဖြစ်နေတာ က သူ ။ အမှောင် နဲ့ ဆိုတော့ လဲ့ဝါ မှန်း သိပေမယ့် လဲ့ဝါ ကို ကြည့်ရ ၊ မြင်ရတာ အားမရ နိုင်တာကြောင့် ရှေ့ကို  တိုးရင်း ကုန်းကုန်းကွကွ နဲ့ အား ယူပြီး အကြည့် ...


ချုံနွယ်တွေကို ဖယ်ရှား တဲ့ ချိုးချိုးချွတ်ချွတ် အသံဗလံတွေ က ရုတ်တရက် ထွက် လာတော့ ထိတ်ခနဲ တုန် သွားတဲ့ လဲ့ဝါ က နောက် ကို ဖျတ်ခနဲ လှည့် အကြည့် ... 


သည် မှာ ဘာမှန်း မသိတဲ့ မည်းမည်း ၊ မည်းမည်းနဲ့ အကောင် ကြီး တစ်ကောင် ကို လှမ်း အတွေ့ ကြောက်စိတ် တွေ တစ်ကိုယ် လုံး တုန်တက် ပြီး ထိတ်လန့် ကြောက်ရွံ့ စွာ နဲ့ ငယ်သံပါအောင် အော် တော့သည် ။


“ အမလေး လာကြပါဦး သရဲ ၊ သရဲ ” 


သူမ အသံ ကို ကြားတာ နဲ့ ကုန်း ပေါ် က နှစ်ယောက် တစ် ချက် သာ လှမ်း ကြည့်ပြီး တစ်ချိုးတည်း ပြေး တော့သည် ။ သူမ ခမျာ ကြောက်လွန်း လို့ လက် ထဲ က ရေခွက် ၊ ဆပ်ပြာ နဲ့ သွားပွတ် တံတွေ အောက် ကို လွတ်ကျ ကုန်သည် ။


ဘာကို မှ ပြန် မကောက်နိုင်ဘဲ ကုန်းပေါ် ကို ဒရောသောပါး တက် ပြေးသည် ။ 


သည်တော့မှ သူ့ မှာ လည်း စိုးရိမ်စိတ် ထောင်းခနဲ ထ ပြီး နောက်ကြောင်း ကို မာရသွန်နှုန်း နဲ့ အားကုန် ပြေး တော့သည် ။


( ၃ ) 


အာစရိယ ပူဇော်ပွဲ ။


အခမ်းအနား က စည်ကား လွန်းသည် ။ ဆရာ ၊ ဆရာမတွေ ကို လက်ဆောင်ပစ္စည်းတွေ နဲ့ ကန်တော့ကြ ။ ဆရာ ၊ ဆရာမတွေ က ဆု ပေးကြ ။ ဒန်ပေါက် နဲ့ အချိုရည်တွေ စားကြ သောက်ကြ နဲ့ ပျော်စရာ ကောင်းသည် ။


တစ်ဆက်တည်း ကျောင်းသားတွေ ဦးစီး တဲ့ ခေတ်ပေါ် တီးဝိုင်းအဖွဲ့ နဲ့ တွဲဖက်ပြီး အဆိုရှင် ကျောင်းသူ ၊ ကျောင်းသားတွေ က အလှည့်ကျ သီဆို ကြသည် ။


သည်မှာ ကိုတွတ် က သူ့ ကို မြှောက် ပေးသည် ။ ရှေ့ဆုံးနား မှာ ထိုင် နေတဲ့ လဲ့ဝါ ကို လည်း ညွှန်ပြသည် ။ သည်အချိန် ဟာ မဟာ အခွင့်အရေး ဖြစ်တာကြောင့် ကိုယ့် အစွမ်းအစ ကို ထုတ်ပြ ရမည် ။


စတိတ် ပေါ် တက်ပြီး သီချင်း တစ်ပုဒ် ကို အကောင်းဆုံး ဟဲပြ လိုက် လျှင် မိလဲ့ဝါ တစ်ယောက် အပြတ် ကို ကြွေသွားရမည် ဟူ၍ ။


သူ ပြောတာ ဟုတ်သလို ပါ ပဲ ။ ခက်တာ က သည်လို တီးပိုင်း မျိုး နဲ့ သည်လို စတိတ်စင် ပေါ် မှာ တစ်ခါဖူး မျှ မဆိုဘူးတာ က ခက် နေသည် ။ 


ဒါကို ပြောပြတော့ ကိုတွတ် က လက်မခံ ။ ယောက်ျား ပဲ သည်လောက်တော့ စွန့်စားရမှာပေါ့ တဲ့ ။ အရေးကြီးတာ က လဲ့ဝါ အထင် ကြီး သွားဖို့ က အရေးကြီး သည် ဟူ၏ ။


သည်လိုနဲ့ ကိုတွတ် ရဲ့ စီစဉ်ပေးမှု နဲ့ အစီအစဉ် ကြေညာတဲ့ ကျောင်းသူ က သူ့ နာမည် နဲ့ သူ ယူတဲ့ မေဂျာ ကို ကြေညာ လိုက် သည် ။


သီဆိုမယ့် သီချင်း က ' ဘယ်ပန်းချီ ရေးလို့မမီ ' ဟူ၍ ကြေညာ လေသော အခါ လက်ခုပ်သံတွေ သောသောညံ သွား ခဲ့သည် ။ ရဲဆေး တင်ပြီး တီးဝိုင်း အဖွဲ့ ရဲ့ ရှေ့ မှာ ရပ်သည် ။ ပရိတ်သတ် ကို လက်အုပ်ချီ ဂါရဝ ပြုရင်း လဲ့ဝါ ကို လှမ်း ကြည့်သည် ။ လဲ့ဝါ က ခေါင်းကြီး ငုံ့ ထားသည် ။ ဩော် ငါ့ ကို အတော် မေတ္တာ ထား ပါ လား လို့ အောက်မေ့ မိသည် ။ 


သည်မှာ တီးခတ်သံ က ထွက် လာသည် ။ ရော် ခက်ပြီ ။ သီချင်း ကို ဘယ်နေရာ က စ ဝင်ရမှန်း မသိ ။ ဟုတ်မယ် ထင်တဲ့ နေရာ က သီချင်း ကို စ ဆိုလိုက်သည် ။


“ ဘယ်ပန်းချီ ရေးလို့ မမီ ” စသည်ဖြင့် ဆို သွားသည် ။ 


ဟုတ်သလိုလို ပါပဲ ။


ဒါပေမဲ့ သူ့ အသံ က ဘာဖြစ်လို့ သည်အချိန် ကျ မှ တုန်ခါ နေ ရတာလဲ ။ ကိုယ့် ကိုယ် ကို လည်း မကျေနပ် ချင် ။ ဘာဖြစ်လဲ မသိ ။ ပရိတ်သတ်ကြီး က စပ်ဖြဲဖြဲ လုပ် နေကြသည် ။


သူ့ နောက် က ဂစ်တာသမား တစ်ယောက် စိတ်ပျက် သွား ပုံ ရသည် ။ ဘာမှ ဆက် မတီးတော့ ။ ဒရမ်သမား က တော့ သူ ဆို တာ ကို ကြည့်ပြီး တခွီးခွီး နဲ့ သဘောကျ နေသည် ။


သည်မှာ ပြဿနာ က ဝင် လာသည် ။ သီချင်း နောက် တစ်ပိုဒ် အကူး မှာ သီချင်း စာသား မေ့ နေသည် ။ စိတ် ထဲ ပေါ်တာ ဟုတ် မလား လို့ ဆို ကြည့်သည် ။ မဟုတ်မှန်း သိလိုက်တာ နဲ့ သီချင်းသံ က ထစ်ထစ်ငေါ့ငေါ့ ဖြစ် နေသည် ။


ဇောချွေးတွေ ပျံ လာသည် ။ ကြောက်စိတ် တွေ ဝင် လာသည် ။ ပုဆိုး အောက် က ဒူးနှစ်လုံး တဆတ်ဆတ် တုန် နေပြီ ။ မိုက်ကရို ဖုန်းတိုင် ကို လှမ်း ကိုင် တော့ လည်း နတ်ပူး သလို တဆတ်ဆတ် တုန် နေသည် ။


မဟာအရှက်တော် ကွဲရပြန် ပြီပေါ့ ။ သည် မှာ တီးဝိုင်း က အတီး ကို ရပ် လိုက်သည် ။ ပရိသတ် ကို ပြူးကြောင်ကြောင် ကြည့် နေရာက နောက် မှ သတိ ဝင်ပြီး အောက် ကို တစ်ဟုန်ထိုး ပြေးဆင်း သည် ။


တစ်ခဏချင်း ရယ်မောသံတွေ ဆူညံ သွားခဲ့သည် ။


( ၄ )


စာမေးပွဲကြီး စစ်ပြီး သွားလို့ ကျောင်းတွေ ပိတ်လိုက်ပြီ ဆို တော့ ကျောင်းသူ ကျောင်းသားတွေ ဇာတိ ရပ် ထံ ပြန် ကုန်ကြပြီ ။ လဲ့ဝါ နဲ့ ခွဲရတော့မှာ မို့ သူ့ ရင်ထဲ အသည်း ခိုက်အောင် နာကျင် နေသည် ။


သည် နေ့ လဲ့ဝါ တို့ ပြန်မည် ဟု ကိုတွတ် က သတင်း ပေး သည် ။ ဆိုတော့ ကိုတွတ် ကို အဖော် ပြုပြီး ဘူတာရုံ ကို အစောကြီး ကတည်း က ရောက် နေသည် ။ ရထား က နံနက် ၇ နာရီ ထွက် မည် ။


မကြာပါ ။ ရထား နဲ့ ပြန်ကြမယ့် ကျောင်းသူ ကျောင်းသား တွေ အငှားဂျစ်ကားတွေ နဲ့ တဖွဲဖွဲ ရောက်လာ ကြသည် ။ လဲ့ဝါ တို့ လည်း ပါ လာသည် ။


လဲ့ဝါ ရဲ့ ပြုံးရွှင် နေတဲ့ လှတစ်မျက်နှာလေး ကို တဒင်္ဂ မြင် လိုက်ရတာ နဲ့ ပဲ ရင်ထဲမှာ ထာဝရ အေးမြ လို့ သွားခဲ့ ရသည် ။ 


ရထား ပေါ် တက်ပြီး နေရာ ယူကြသည် ။ လဲ့ဝါ ဘယ်နေရာ ထိုင် မလဲလို့ အမောတကော ရှာဖွေ ကြည့်သည် ။ ဟော လဲ့ဝါ က ပြတင်းဝ နား မှာ ထိုင် နေပြီ ။


လဲ့ဝါ က ခုထိ သူ့ ကို မမြင်သေး ။ ကိုတွတ် က သူ့ အနား မှာ ကပ်ပြီး တိုးတိုးလေး ပြောသည် ။


“ ဒါ နောက်ဆုံး အချိန် ၊ ဘယ်သူ မဆို ကြေကွဲ နေတဲ့ အချိန် ၊ သည် အချိန် ဟာ ရန်သူ ကို တောင် ခွင့်လွှတ်နိုင် တဲ့ အချိန် မို့ လဲ့ဝါ ဆီ သွားပြီး နှုတ်ဆက် သင့်တယ် ”


ဘယ်နည်း နဲ့ မဆို သဘော ကောင်း လှ တဲ့ လဲ့ဝါ အနေ နဲ့ အနည်းဆုံး နှုတ်ဆက် စကားလေး တော့ ပြန် ဖြေ နိုင်သည် ဟူ၏ ။ 


သည်တော့ သူ စဉ်းစားသည် ။ ဟုတ်သည် ။ သွားသင့်သည် ။ ဒါ နောက်ဆုံး အချိန် ပဲ ။ နောက် တွေ့ဖို့ ဆိုတာ မလွယ်တော့ ။ လဲ့ဝါ နဲ့ သူ နဲ့ က တစ်မြို စီ နေ ကြသည် ။ ဝေးကွာ ကြသည် ဆိုတော့ လဲ့ဝါ ရှိရာ ကို စွပ်ခနဲ တန်းတန်းမတ်မတ် တစ်ရှူး ထိုး ထွက် သွားသည် ။ ဘယ်ကို မှ မကြည့် ။ ဘယ်သူ့ ကို မှ လည်း မမြင် ။ လဲ့ဝါ ကို သာ မြင်သည် ။


သည်မှာ သူမ ဆီ တန်းတန်းမတ်မတ် လျှောက်လှမ်း လာတဲ့ သူ့ ကို လဲ့ဝါ က လှမ်း မြင်သွားသည် ။ စိတ် ထဲ မှာ တကယ့် ကို မကောင်း ဖြစ်သွားသည် ။ သည် ဘဝ ရေစက် မပါလေတော့ သူ့ ကို ဘယ်လို မှ ပြန် ချစ်လို့ မရခဲ့ ။


ဘာရယ် မဟုတ် ။ ရင် ထဲ မှာလည်း ဆွေးဆွေးမြည့်မြည့် ဖြစ် နေတာမို့ လာ နေတဲ့ သူ့ ကို ငေးပြီး ကြည့်နေ မိသည် ။ 


တစ်ခါမှ သူ့ ကို သည်လို ငေး ကြည့် နေတာ မျိုး မကြုံဘူး လေတော့ ရင် ထဲ မှာ ဒိန်းတလိန်းတွေ ဖြစ်ပြီး ခြေလှမ်း ကို သွက်သွက် လျှောက် သည် ။


နီးပြီ ။ ရထား ပြတင်းပေါက် နဲ့ နီး သထက် နီး လာပြီ ဆိုရင် ပဲ ဘာ ဖြစ်သွားသည် မသိ ။ ခြေတစ်ဖက် က တစ်စုံတစ်ရာ ကို သွား နင်း မိသည် ။ ဗြိခနဲ အသံ မြည်လျက် ရှေ့သို့ ရှောခနဲ ဖြစ်သွား သည် ။ ခန္ဓာကိုယ် သည် ဟန်ချက် ပျက် လျက် လဲပြိုလု မတတ် ခြေကားယား လက်ကားယား ဖြစ်သွားသည် ။ 


ဘာပါလိမ့် လို့ အောက် ကို ငုံ့ ကြည့် တော့ ... 


“ ဟိုက် ချေးပုံကြီး ”


သွားပြီ ။ အပေါ် ကို မော့ ကြည့် တော့ စောစောက နေရာမှာ လဲ့ဝါ မရှိတော့ ။


နေရာမှ ချာခနဲ လှည့် လျက် နောက်ကြောင်း ဆီ သို့ ... ။


◾တက္ကသိုလ်စိုးနောင်


📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း

      အမှတ် ( ၂၃၁ ) 

      ၂၀၀၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ


#ကိုအောင်နိုင်ဦး


.

Thursday, September 29, 2022

ချစ်ခဲ့ဖူးပါသည်


 

❝  ချစ်ခဲ့ဖူးပါသည်  ❞

အိမ် ကို စာတိုက် မှ တစ်ဆင့် ဖြတ်ပိုင်းလေး ရောက်ရှိ လာသည် ။ ရူပဗေဒ အဓိက ဟူသော ပုံနှိပ်စာလုံး က ထင်ထင်ရှားရှား ပါပဲ ။ ရင် ထဲ နွေးခနဲ ဖြစ်ခဲ့ရသည် ။

တက္ကသိုလ် တက်ဖို့ ယူ ရမယ့် အဓိက ဘာသာတွဲ ကို သိခွင့် ရခဲ့ပြီ ဆိုတော့ စက်ဘီး ကို အပြင်း နင်းပြီး နွယ် တို့ အိမ် ဘက် ထွက် ခဲ့သည် ။

သူ့ ကို မြင်တော့ နွယ် က ပြေးထွက် လာခဲ့သည် ။

“ ဖိုးစံ နင် ဘာမေဂျာ ရလဲ ... ”

“ ဖီးဆစ် နင် ကော ... ”

နွယ့် မျက်နှာ တစ်ချက် ညှိုး သည် ။

“ ဟယ် နင် က ဖီးဆစ် ၊ ငါ က ဇူး ရတယ် ... ”

“ ဟား ဟား ဟား ... ”

“ နင် ဘာ ရယ်တာလဲ ”

“ နင့် ကို အစတည်း က ငါ ပြောသားပဲ ။ နင့် အမှတ် က နည်းတော့ နင် ဇူး ပဲ ရ မှာပါလို့ ... ”

“ အေးပါ ၊ ခုတော့ နင် ပြောတာ မှန် နေပြီပေါ့ ၊ ဒါပေမဲ့ ဟာ ငါ က နင် နဲ့ မေဂျာ အတူ ဖြစ်ချင်တာ ၊ ဒါမှ ဟိုဒင်း ငါ လည်း အဖော် ရတာပေါ့ ... ”

“ အမယ်လေး ဟာ ဒါများ ဟိုရောက်ရင် နင့် မှာ သူငယ်ချင်း အသစ်တွေ အများကြီး ရဦး မှာ ... ”

“ ဒါတော့ ဒါပေါ့ ဟာ ... ”

သည်တုန်းက နွယ့် မျက်လုံးတွေ စိုစွတ် နေတာ ကို အမှတ်တမဲ့ ဥပေက္ခာ ပြုခဲ့သည် ။

တက္ကသိုလ် ရောက် တော့ နွယ် နဲ့ သိပ် မဆုံဖြစ်တော့ ။ မေဂျာ က လည်း မတူ ၊ အတန်း က လည်း မတူ နဲ့ လူချင်း ကွဲ သွားခဲ့သည် ။ တစ်ခါတစ်ရံ မှသာ သွားရင်း လာရင်း လမ်း မှာ ဆုံဖြစ်ခဲ့သည် ။ သည်လို ဆုံလေတိုင်း နွယ့် မျက်နှာ ထက် မှာ အားတက်ရွှင်လန်း တဲ့ အပြုံးပန်းလေးတွေ နဲ့ သူ့ ကို လှိုက်လှိုက်လှဲလှဲကြီး ကို နှုတ်ဆက် စကား ပြောတတ်သည် ။

သူ မှ နေထိုင်ရာ သစ္စာဆောင်သို့ လာခဲ့ ဖို့ အကြိမ်ကြိမ် အခါခါ ခေါ် လေတိုင်း “ အင်းပါ ” လို့ အလွယ်တကူ ခေါင်း ညိတ် ခဲ့ပေမယ့် တစ်ခါ မှ မရောက်ဖြစ်ခဲ့ ။

သစ္စာ ကို မရောက်ခဲ့ပေမယ့် နောက်ပိုင်း မှာ ရွှေမန်းဆောင် ကို ခြေရာချင်း ထပ် ခဲ့ပါပြီ ။

သူ့ ရဲ့ အချစ် ကို လက်ခံ ခဲ့သော မေဂျာ တူ ၊ အတန်း တူ ၊ တောင်ကြီး သူ ‘ မေသူဝင်း ’ က ရွှေမန်းဆောင် က မို့ ပါပဲ ။

မေသူ ရဲ့ အချစ် ကို ရခဲ့စဉ်က သူ ရင် ထဲ ပျော်တယ် လို့ ကို ဘယ် မဆုံးနိုင် ။ ကျောင်း မှာ လိုချင် သူ တွေ ဝိုင်းဝိုင်း လည်နေတဲ့ အလှဘုရင်မ ဘွဲ့ ရထားတဲ့ မေသူ လို မိန်းမချော မိန်းမလှ က သူ့ လို လူ ကို ရွေးချယ်ခဲ့ပြီ ဆိုတော့ ကိုယ့် ကိုယ် ကို “ ငါကွ ” လို့ပင် ဟစ်အော် ခဲ့မိသည် အထိ ပျော်မြူး ခဲ့ရသည် ။

သူငယ်ချင်း အပေါင်းအသင်းတွေ ရဲ့ အလယ် မှာ မျက်နှာ ပွင့် ခဲ့သည် ။ မေသူ နဲ့ တတွဲတွဲ တွဲ ခဲ့လေတိုင်း မြင်သူတကာ ရဲ့ မျက်လုံးတွေ မှာ အားကျတဲ့ အရိပ်လက္ခဏာတွေ က ယှက်သန်း လို့ ပါပဲ ။

ပျော်တပြုံးပြုံး နဲ့ မဆုံးနိုင်တဲ့ အချစ် သံသရာ ထဲ မှာ တဝဲလည်လည် နစ်မျောရင်း အချိန်တွေ ကုန် ခဲ့ရသည် ။

မေသူ နဲ့ ချစ်သူ ဘဝ ရောက်ပြီးတဲ့ နောက် နွယ် နဲ့ လုံးဝ ကို မဆုံခဲ့လေတော့ ။ မဆုံတာ မှ သွားရင်း လာရင်း တောင် မဆုံတော့ ။ မဆုံအောင် တမင်ပဲ ရှောင် နေခဲ့တာလား မဆိုနိုင် ။

မဆုံတော့ လည်း သူ့ ရင် ထဲ ဘာမှ မဖြစ် ။ မေ့မေ့ပျောက်ပျောက် ပဲ နေ ခဲ့သည် ။

ည ဘက် မှာ ဆာ တတ်တဲ့ ချစ်သူ အတွက် သည် တစ်ညမှာ တော့ ခေါက်ဆွဲကြော် တစ်ထုပ် ကို ညစောင့် တံခါးမှူး ဆီ အခန်း နံပါတ် နဲ့ နာမည် ပါ တဲ့ စာရွက်ကလေး နဲ့ အတူ သွား ပို့ခဲ့သည် ။

အဲသည်က အပြန် မှောင်ရိပ်ထဲ ငိုသံ ကြားလို့ သွား ကြည့်တော့ တမာပင်ကြီး ကို ဖက်ပြီး တဟီးဟီး နဲ့ ငိုကြွေး နေတဲ့ အဆောင် က သူငယ်ချင်း တစ်ယောက် ကို သွား တွေ့သည် ။

ဘေး က အဖော် နှစ်ယောက် က ဝိုင်းပြီး ဖျောင်းဖျ နေကြသည် ။

"ဟ .. ကိုသန်းဝင်း ဘာ ဖြစ်လို့လဲ ... ”

သူ့ အသံ ကို ကြားတော့ ရှိုက်ကြီးတငင် ငို နေတဲ့ ကိုသန်းဝင်း ရဲ့ ခန္ဓာကိုယ် က ဆတ်ခနဲ တွန့်ပြီး သူ့ ဆီ လှည့် လာသည် ။

သူ့ ကို မျက်ရည်လည်ရွဲ နဲ့ ကြည့်ပြီး

“ ကိုစံဝင်းမောင် ကျွန်တော့် ကို ကယ်ပါဦး ဗျာ... ခင်ဗျားတို့ မြို့ က နွယ်နွယ်စိုး က ကျွန်တော့် ကို မချစ်နိုင်ဘူးတဲ့ ဗျာ ... ဒီနေ့ ပဲ အဖြေ ပေး လိုက်တယ်ဗျာ အဲဒါ .…. အဲဒါ ဟီး .... ”

ပြောရင်း နဲ့ ပိုပြီး ဝမ်းနည်းလာပုံ ရသည် ။ ဟီးခနဲ ငို ချလိုက်ပြန်သည် ။

သည်တော့မှ နွယ် ရဲ့ ပုံရိပ်လွှာက သူ့ မျက်လုံး ထဲ ဝင် လာခဲ့သည် ။ ဘာမှန်း မသိ ၊ ရင်ထဲ ထိတ်ခနဲ ဖြစ် လာခဲ့ရသည် ။

“ ကိုစံဝင်းမောင် ကျေးဇူးပြုပြီး နွယ်နွယ်စိုး ကို လိုက် ပြောပေးပါလား ဗျာ ... ”

စကား မြန်မြန် ဖြတ် လိုသည်ကြောင့်

“ ကောင်းပြီလေ .. ကျွန်တော် ပြော ပေးပါ့မယ် ။ မိုး လည်း ချုပ်နေပြီ ... ကိုသန်းဝင်း ပြန်အိပ် လိုက်ပါ ... ”

“ ဟုတ်တယ် ကိုစံဝင်းမောင် ကျွန်တော် တို့ လည်း ဒါပဲ ပြော နေတာ ။ မိန်းကလေး ဆို တာတော့ ဒီလိုပဲ ငြင်း ကြမှာပဲ ... ဒါ သဘာဝ ပဲ ကိုယ် က ဇွဲ ရှိရှိ နဲ့ လိုက်ဖို့ပဲ လိုတာ ဟုတ်တယ် မဟုတ်လား ဗျာ ”

“ ဟုတ်တာပေါ့ … ဒါပေါ့ ... ဒါပေါ့ ”

သည်တုန်း က နွယ့် အတွက် စိုးရိမ် စိတ်လား ။ နှမြော တဲ့ စိတ်လား မဝေခွဲနိုင် ။ ရင် ထဲ မှာ ဝေဒနာ တစ်ရပ် က တကယ်ကို ပေါ်ထွန်း ခဲ့ပါသည် ။ .

တစ်နေ့ ကန်တင်း မှာ မေသူ နဲ့ ထိုင်ပြီး လက်ဖက်ရည် သောက် နေဆဲ ဆိုင် ထဲ ဝင်လာတဲ့ စုံတွဲ ကြောင့် သူ လန့် သွားသည် ။

သူ့ ကို မြင်တော့ နွယ် က ထိတ်လန့်တကြား နဲ့ ရှက် သွားပုံ ရသည် ။ ခေါင်းလေး ကို ငုံ့ သွားရှာသည် ။ သည်မှာ ပါလာတဲ့ လူ က ပိုင်စိုးပိုင်နင်း နဲ့  နွယ့် လက်မောင်းအိုး ကို ဆုပ်ကိုင်ပြီး လွတ် နေတဲ့ စားပွဲ ဆီ ခေါ်သွားသည် ။

သူ့ ပုံစံ ကို ကြည့် ပြီး မေသူ ဒေါပွသည် ။

“ မောင် … ဒါက ဘာ ဖြစ်ရတာလဲ ”

“ မဟုတ်ဘူး မေသူ ... အဲဒိ မိန်းကလေး က မောင် တို့ မြို့ က မောင့် သူငယ်ချင်း အရမ်းအေး တာ သူ နဲ့ တွဲ လာတဲ့ ကောင် က လူရှုပ် လူပွေ ၊ အဲဒီ ကောင် ကို မောင် သိ တယ် ”

မေသူ ရဲ့ မျက်နှာ တင်းခနဲ ဖြစ်သွားပြီး ဒေါသမျက်လုံး တွေ နဲ့ သူ့ ကို ကြည့်သည် ။

“ အဲဒါနဲ့ မောင် နဲ့ ဘာဆိုင်လဲ ၊ သူတို့ ကိစ္စ နဲ့ သူတို့ ၊ မောင် က အနေသာကြီး ပါ ၊ ဘာလဲ မောင်က မကျေမနပ် ဖြစ် နေလို့ လား ၊ ဘေး မှာ မောင် သိပ်ချစ်တဲ့ မေသူ တစ်ယောက် လုံး ရှိ နေတယ်လေ မောင် မောင် က ဒါ ဘာသဘောလဲ ”

မေသူ ဒေါပွ သွားသည် ။ သူ ဘယ်လိုမှ ရှင်းပြ လို့ မရတော့ ။ ဝုန်းခနဲ ထ ရပ် ၊ လွယ်အိတ် ကို ဆတ်ခနဲ ကောက်ကိုင် ၊ နေရာ က ချာခနဲ လှည့်လျက် ထွက်ပြေး တော့သည် ။

ဘယ်လိုမှ ချော့ လို့ လည်း မရ ၊ ပြော ပြ လို့လည်း မရ ၊ အရမ်း ကို စိတ်ညစ် သွားခဲ့သည် ။

တစ်ပတ်လောက် စိတ်ကောက် ပြီး မှ သူ့ ကို သနားလို့ ဆိုပြီး မေသူ က ပြန် ခေါ်သည် ။

သို့ပေတည့် စည်းကမ်းချက်တွေ ထုတ် လာသည် ။ သူမ က လွဲလို့ တခြား ဘယ် မိန်းကလေး ကို မှ မကြည့်ရ ၊ မရောရ ၊ မပြောရ စသည် ဖြင့် သူ သဘော တူခဲ့သည် ။

တစ်နေ့ အတန်း တက် ဖို့ တစ်ယောက် တည်း ထွက် လာရင်း တစ်မြို့ ထဲ က သူငယ်ချင်းမလေးတွေ နဲ့ လမ်း မှာ တွေ့သည် ။ နွယ် တစ်ယောက် နေမကောင်းလို့ တက္ကသိုလ်ဆေးရုံ မှာ တင် ထားရသည် တဲ့ ။

ဆိုတော့ ထိတ်ခနဲ ရင်ထဲ တစ်ချက် ပူပြီး ဘယ်လို က ဘယ်လို ဆေးရုံ ကို ရောက်သွားမှန်းတောင် မသိ လိုက် ။ ရောက်တော့ နွယ် က ခုတင် ထက် မှာ မှိန်း နေသည် ။ အဖော် စောင့် ပေးနေတဲ့ ကျောင်းသူ က နွယ့် ကို ဧည့်သည် ရောက်နေတယ် ဟု လှမ်း ပြောသည် ။

သည်မှာ နွယ့် မျက်လုံး အစုံ ပွင့်လာသည် ။ သူ့ ကို မြင်တော့ နွယ့် မျက်လုံးအိမ် ထဲ က မျက်ရည်တွေ က တလိမ့်လိမ့် စီးထွက် လာသည် ။

သူ ဘာလုပ်ရမှန်း မသိတော့ ။

“ နွယ် နွယ် မငိုနဲ့လေ ၊ ငါ ရောက် လာပြီပဲ နင် ဖြစ်နေတာ ငါ မသိလို့ပါ ဟာ ၊ နင် ဆေးရုံ တက် နေတာ ဒီနေ့ မှ ငါ သိတယ် ”

ငို နေတဲ့ နွယ့် မျက်နှာ ထက် ရှားပါးတဲ့ အပြုံးရိပ်လေး တစ်ခု ဖြတ်သန်းသည် ။

“ ရပါတယ် ဟာ ၊ ခုလို လာတာ ကျေးဇူး တင်ပါတယ် ။ ငါ လည်း နေကောင်း နေပါပြီ ၊ နက်ဖြန် ဆို ဆေးရုံ က ဆင်းရတော့ မှာပါ ”

“ ဘာပဲ ဖြစ်ဖြစ်ပေါ့ဟာ ကျန်းမာရေး ကို တော့ ဂရုစိုက်ပါ ။ ဒါပေမဲ့ နင် ဘာပဲဖြစ်ဖြစ် ဘာမှတော့ အားမငယ်ပါ နဲ့ ၊ နင့် ဘေး မှာ ငါ အမြဲ ရှိ နေမှာပါ ”

နွယ့် ပါးစပ်ကလေး ပွင့်ဟ သွားသည် ။ အံ့သြသွားပုံ ရသည် ။ အားတက် သွားသည့် လက္ခဏာ ၊ နွယ့် မျက်နှာ ထက် သွေးရောင် နဲ့ ရဲတက် လာခဲ့သည် ။

နွယ် လက်အစုံ ကို ဆုပ်ကိုင်လိုက်ပြီး အားပေးစကားတွေ အများကြီး ပြော ဖြစ်ခဲ့သည် ။

သည် မှာ သတိ ရ လာပြီး တစ်ခါက ကန်တင်း မှာ ဆုံခဲ့တာနဲ့ ပတ်သက် လို့ ပွင့်ပွင့်လင်းလင်းပဲ မေးမြန်း ဖြစ်ခဲ့သည် ။

နွယ် က ချက်ချင်းပဲ ငြင်းချက်ထုတ်သည် ။ သူမ နဲ့ ထို သူ နဲ့ ဘာမှ မဖြစ်ကြကြောင်း နဲ့ အဲသည် နေ့ က လက်တွေ့ လုပ်ပြီး အပြန် မှာ ကန်တင်း မှာ တစ်ခုခု စားဖို့ အတင်း ခေါ်တာ နဲ့ အားနာပါးနာ လိုက် ခဲ့ရတာပါ ဆိုပြီး ပြူးတူးပြဲတဲ နဲ့ ရှင်းပြ ရှာသည် ။

ပြီးတော့ ထို သူ နဲ့ က ခုံနံပါတ်ချင်း က လည်း ကပ်လျက် ၊ တစ်ခန်းထဲ သားချင်း တွေ ဖြစ်နေလို့ ဖိတ်ခေါ်မှု ကို မငြင်းသာဘဲ သူမ ဘက် က ရိုင်း သွားမှာ စိုးတာ နဲ့ ပဲ လိုက်ဖြစ်သွားခဲ့တာပါ လို့ သနားစဖွယ် ရှင်းပြနေသည် ။

ဆိုတော့မှ ပဲ သူ့ ရင် ထဲ မှာ ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ရသည် ။ နောက်နောင် အဲလို လူ နဲ့ ဘယ် ခေါ်ခေါ် မလိုက်ဖို့ မှာရသည် ။ အဲသည် လူ က စရိုက် မကောင်းတဲ့ လူ မို့ နွယ့် အတွက် စိုးရိမ်ကြောင်း ပြော ဖြစ်ခဲ့သည် ။

သူမ အတွက် စိုးရိမ်တကြီး နဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်ဖို့ တတွတ်တွတ် မှာနေတာ ကို ကြည့်ပြီး နွယ့် ရင် ထဲ မှာ တသိမ့်သိမ့် နဲ့ ကြည်နူး ခဲ့ရပါသည် ။

နွယ် က သူမ အတွက် စိတ်ချရန် နှင့် ဘယ် ယောက်ျားလေး ရဲ့ အချစ် ကို မှ လက်မခံပါဘူး လို့ ပင် ရဲရဲကြီး ကတိ ပေးလိုက် သေးသည် ။

နွယ့် ဆီ က ကတိ တစ်လုံးကြောင့် သူ့ စိတ် ထဲ တစ်မျိုးကြီး ဖြစ်ခဲ့ရသည် ။

သည်သို့ သည်ပုံ နဲ့ ပဲ စာမေးပွဲကြီး လည်း စစ်ပြီးခဲ့ပြီ ၊ ကျောင်းသူ ကျောင်းသား တွေ အားလုံးလည်း ကိုယ့် မြို့ ကိုယ့် ဒေသ ဆီ ပြန် ကုန်ကြပြီ ။

အောင်စာရင်း တွေ ထွက်တော့ သူတို့ အားလုံး အောင်ကြပါသည် ။ နောက်ဆုံး နှစ် ပြီးခဲ့ပြီမို့ ဘွဲ့ တစ်ခု စီ ကိုယ်စီ ပိုက် ခဲ့ကြပါပြီ ။

ချစ်သူ နဲ့ ခွဲခွာ နေရတာ ကြာပြီမို့ တစ်ခါတည်း လက်ထပ် ယူဖို့ သူ ဆုံးဖြတ်သည် ။ ဒါကြောင့် နွယ့် ကို ဖွင့် ပြောပြပြီး တောင်ကြီး ကို သူ ထွက်ခဲ့သည် ။

သို့သော် ...

တောင်ကြီး ရောက် သွားတော့ မျှော်လင့်ချက်တွေ ပျောက် ဆုံး ကုန်သည် ။ မေသူ က အတွေ့ ပင် မခံတော့ ။ ခြံ တံခါးဝ က လှည့် ပြန်ရတာ မနည်းတော့ ။ တည်းခိုခန်း မှာ တစ်ယောက် တည်း ငေါင်တောင်တောင် နဲ့ ရူးချင်ချင် ဖြစ် လာသည် ။

နောက်ဆုံး အကြောင်း သိ သူငယ်ချင်း တစ်ယောက် ဆီ မှာ အကူအညီ တောင်းပြီး မေသူ နဲ့ တွေ့ ဖို့ ကြိုးစား ရသည် ။ ဒါက နောက်ဆုံး ကြိုးစားခြင်း လို့ စိတ် ထဲ ယတိပြတ် ချမှတ်သည် ။

မေသူ နဲ့ တွေ့ခွင့် ရခဲ့သည် ။ ပုံစံတွေ အချိုးတွေ က အံ့သြစရာ ကောင်း လောက်အောင် လုံးဝ ကို ပြောင်းလဲ နေသည် ။ သူမ နဲ့ ချစ်သူ ဘဝ မှာ နှစ်ကိုယ်တူ ကြည်ဖြူ ခဲ့ပါသည် ဆိုတာ ကို တောင် ဘယ်လို ပြောရမှန်း မသိလောက်အောင် သူစိမ်း တွေ ဆန် ပြခဲ့သည် ။

မေသူ ရဲ့ စကားလုံးတွေ က ပြတ်သားသည် ။ မာကျောသည် ။ ရက်စက်လွန်းသည် ။

ပြီးခဲ့တာတွေ မေ့ ပစ်လိုက်ပါတဲ့ ၊ သူမ ကတော့ အိပ်မက် တစ်ခု လို့ ပဲ သဘော ထားလိုက်ပါသည် တဲ့ ။ နယ်စပ် က လုပ်ငန်းရှင် တစ်ဦး နဲ့ မကြာမီ ခမ်းခမ်းနားနား လက်ထပ်တော့မည်တဲ့ ။ ကျေးဇူးပြု၍ မနှောင့်ယှက်ပါနဲ့ တဲ့ ။

ခံစားချက် ကင်းမဲ့စွာ ပြောစရာ ရှိတာ ဒိုးဒိုးဒေါက်ဒေါက် ပြောချပြီး နှုတ်ပင် မဆက်ဘဲ ပြန် သွားခဲ့သည် ။ ရိုင်းလိုက်လေခြင်း ရယ် လို့ စိတ် ထဲ မှာ တဆတ်ဆတ် နာကြည်း ခဲ့ရသည် ။

သည်တော့ ယောက်ျား မာန က ထောင်းခနဲ ထ လာသည် ။ သွားစမ်းပါ ၊ ဒါမျိုး ဖြစ် လာမှတော့ ကိုယ့် လမ်း ကိုယ်လျှောက် ကြရုံ ပဲပေါ့ ။

ချက်ချင်းပဲ တောင်ကြီး က ပြန်ချလာခဲ့သည် ။ ကိုယ့် ကို မချစ်တော့လို့ စွန့်ခွာ သွားတဲ့ မိန်းမတစ်ယောက် အတွက် ဘာမှ ကြေကွဲ နေစရာ မလို ။

သူမ ပြောခဲ့သလို မေ့ပစ်ခြင်းသည် သာ အကောင်းဆုံး ပါပဲ ။ စိတ် ကို တင်းခဲ့သည် ။

အပြန် ခရီး မှာ စိတ် ကို အံ့သြဖွယ် ထိန်းကျောင်း နိုင်ခဲ့သည် ။ ဘာမှ မဖြစ်သလိုပါပဲ ။

စီး လာတဲ့ ခရီးသည် ပို့ဆောင်ရေး ကား က ဇာတိ မြို့ ကို ရောက်လာသည် ။ ကားဂိတ် မှာ ငြိမ့်ခနဲ ထိုး ရပ်လိုက်သည် နှင့် ခရီးဆောင်အိတ် ကို ပခုံး မှာ ချိတ်ဆွဲ ပြီး ကား ပေါ် က ဆင်းသည် ။

သည်မှာ မလှမ်းမကမ်း မှာ စက်ဘီးလေး နဲ့ ရပ် နေတဲ့ နွယ့် ကို လှမ်း တွေ့သည် ။ ဆိုတော့ သူ့ မှာ အံ့သြ သွားရသည် ။ နွယ့် ကို လှမ်း ကြည့်ရင်း တစ်လှမ်းချင်း လျှောက် သွားခဲ့သည် ။ နွယ် က အားငယ် စိုးရွံ့စွာ မဝံ့မရဲ နဲ့ ငေး ကြည့်ရင်း လျော့ရဲ တဲ့ အပြုံး တစ်စ နဲ့ ဆီးကြိုရှာသည် ။

နွယ့် ရှေ့ မှာ မားမားမတ်မတ် ရပ် သည် ။ နွယ် နဲ့ အကြည့် ချင်း ဆုံ လိုက်သည် ။ နွယ့် မျက်လုံး ထဲ မှာ တစ်စုံတစ်ရာ ကို ရှာဖွေ ကြည့်သည် ။

မျက်လုံး ဆို သည် က စိတ် ၏ ပြတင်းပေါက် ပဲ မဟုတ်လား ။ သည်မှာ ပဲ သူ လိုချင်သည့် အဖြေ တစ်ခု ကို ရ လိုက်သည် ။ နွယ် လက်ဖဝါး နုနုလေးတွေ ကို ဆုပ်ကိုင် လိုက်သည် ။ နွယ့် လက်ချောင်းလေးတွေ တဆတ်ဆတ် တုန် လို့ပါလား ။

______________________

တက္ကသိုလ်စိုးနောင်

ရုပ်ရှင်သစ္စာမဂ္ဂဇင်း
အမှတ် (  ၂၃၀  )
၂ဝဝဝ ပြည့်နှစ် ၊ နိုဝင်ဘာလ

#ကိုအောင်နိုင်ဦး

Saturday, August 27, 2022

ပျားရည် ခါးခါး


 

❝ ပျားရည် ခါးခါး ❞

( ၁ )

တစ်ချက် တစ်ချက် လေ က ဝှီးခနဲ တိုက်ခတ်သွားသည် ။ ကံ့ကော်ရွက်ခြောက် တချို့ လေထဲ ဝေ့ဝဲပြီး မြေပေါ် တဖြုတ်ဖြုတ် ခုန်ဆင်း ကုန်သည် ။

မြင်ကွင်း က ခြောက်သွေ့ နေ သလိုပါပဲ ။ ရင်ထဲ မှာ လည်း ဟာ တာတာ နဲ့ ။ ဆိုတော့ ညိုမီ ရဲ့ ခြေအစုံ က မသွားလိုတော့သည် မို့ အလိုလို တုံ့ခနဲ ရပ်သည် ။

သည်မှာ အေးမာ က တအံ့တဩ နဲ့ ညို မီ ကို လှမ်းကြည့်ရင်း ။

“ ဘယ်လို ဖြစ်တာလဲ ညိုမီ ...  ဘာဖြစ်လို့လဲ ” 

သက်ပြင်း တစ်ခု ကို လေးပင်စွာ ချ ရင်း ... 

“ ဘာမှ မဖြစ်ပါဘူးဟာ လာသွားစို့ ” 

“ ဟင် နင့် ဟာကလည်း ”

အေးမာ က နားမလည်နိုင်စွာ ။ အင်းယားကန်စပ် က ဘူးသီး ကြော်ဆိုင် မှာ ထိုင် ဖြစ်သည် ။ ဝန်းကျင်မှာ က တူစုံမောင်နှံ စုံတွဲ လေးတွေ ကိုယ်စီ ။ ညိုမီ ခမျာ အားကျလွန်းစွာ အတွဲတွေ ကို ငေး နေမိသည် ။

သည်မှာ အေးမာ က ... 

“ ဟိတ် ညိုမီ ဘာလဲ အားကျနေပြီလား ” 

ညိုမီ က ရှက်ပြုံးလေး နဲ့ ခေါင်း ညိတ်သည် ။

“ အေးဟာ ဘာလိုလို နဲ့ တို့တွေ နောက်ဆုံးနှစ် တောင် ရောက် လာပြီ ခုထိ တို့ ကို ကြိုက်မယ့်သူ မပေါ်သေးဘူး ဟီဟိ ”

အေးမာ က ပြောရင်း မလုံမလဲ နဲ့ ဘေးဘီ ကို ကြည့်ကာ သူ့ ကို သူ သဘော ကျနေမိသည် ။

“ အဲဒါကြောင့် ဒီ နေရာတွေ ကို ငါ မလာချင်တာပေါ့ ၊ ဟိုမှာ ကြည့်စမ်း သူများ သားသမီးတွေများ ဘယ်လောက် ကံ ကောင်းလိုက်သလဲ ” 

ညိုမီ က ကန်စပ် ပေါ် မှ နှစ်ကိုယ့်တစ်စိတ် စုံတွဲတစ်တွဲ ကို  မနာလိုတိုရှည် လှမ်းကြည့်ရင်း မကျေမနပ် ပြောနေမိသည် ။

“ အေးဟယ် တို့တွေ က ရုပ်တွေ က မလှရတဲ့ ကြား ထဲ အသား က လည်း မည်း လိုက်သေးတယ် ။ ဒီ တစ်သက် တော့ တို့ အတွက် ချစ်သူ ဆိုတာ ကော ရှိပါဦးမလား မသိဘူး နော် ”

အေးမာ က ပြောရင်း အား ငယ် သွားရှာသည် ။ သည်မှာ ညိုမီ က စိတ်ကို တင်းရင်း ... 

“ အို ဘာပဲ ဖြစ်ဖြစ် ငါ တော့ ဒီ ဘဝ မှာ အသားဖြူဖြူ ရုပ် ချောချော နဲ့ သဘော ကောင်း တဲ့ ယောက်ျား တစ်ယောက် တော့ ရအောင် ယူမယ်ဟာ ” 

ညိုမီ ရင် ထဲ မှာ ယုံကြည်ချက်တွေ ခိုင်မာ နေသည် ။

     •••••   •••••   •••••   •••••

( ၂ )

အဆောင်ရှေ့ ခုံတန်း မှာ ထိုင်ပြီး တစ်နေရာ ကို ငေး နေခဲ့ သည် ။ ဘယ်လောက် ကြာသည် မသိ ။ အနား လူ ရောက်သည် ကို သတိ မထားမိ ။

“ ဟေ့လူ ကိုဝင်း ဘာတွေ ငေး နေတာလဲ ” 

ကိုဝင်း က တစ်ချက် မော့ ကြည့် ပြုံး ပြပြီး ...

“ ဘာမှမဟုတ်ပါဘူးဗျာ အဟီး ” 

ကိုဝင်း မှာ ပြောစရာ တစ်ခု ခု ရှိမှန်း သိလိုက်သည် ။

“ မောင်မောင် လာစမ်းပါဦး ကွာ ၊ မောင်ရင့် ကို တိုင်ပင်စရာလေး ရှိလို့ ” 

အပြင် က ပြန် လာတဲ့ မောင်မောင် က သူ့ အခန်း ထဲ မဝင်နိုင် သေးဘဲ ၊ ကိုဝင်း ဘေး မှာ ဝင် ထိုင်သည် ။

“ ဘာတွေများလဲ ဗျ ပြောစမ်းပါဦး  ”

“ ငါတို့ ဒီနှစ် ပြီးရင် ... ကျောင်း က ပြီးပြီ .. ခုထိ တို့ မှာ တစ်ယောက်မှ မချိတ်မိသေးဘူး ” 

ကိုဝင်း စကား ကြောင့် မောင်မောင် မှာ သဘောကျစွာ ဟား တိုက် ရယ်မော ပစ်လိုက်သည် ။

“ ကိုဝင်း ကလည်း ဗျာ ... ဘာများလဲလို့ ကျောင်း ပြီးသွား လို့ မစွံ တော့လည်း အိမ် ရောက်တော့ အိမ် က ရှာ ပေး မှာပေါ့ ဗျာ ဘာ ပူစရာလိုလို့လဲ ” 

“ မဟုတ်သေးဘူး ကွ ငါ ပြောတာက တို့ ဒီ အတိုင်း နေရတာ က ဘာ အဓိပ္ပာယ် မှ မရှိဘူး ၊ အဲဒီတော့ အတွေ့အကြုံလေး ရအောင် အချိန်တွေ လည်း တန်ဖိုး ရှိအောင် တို့တွေ လည်း စိတ် မလေတော့ဘူးပေါ့ ကွာ နောက်ပြီး ”

ကိုဝင်း စကားကြောင့် မောင်မောင့် စိတ်ထဲ ဇဝေဇဝါ ဖြစ် သွားသည် ။ ကိုဝင်း ဘာတွေ ပြော နေပါလိမ့် ။ သူ သဘော မပေါက် ။

“ နေပါဦး ကိုဝင်း ပြော နေတာ ကျွန်တော် သဘော မပေါက် ဘူး ၊ နို့ နေပါဦး ကိုဝင်း က ခု ဘာ လုပ်ချင်လို့လဲ ”

သည်မှာ ကိုဝင်း ပြုံးဖြီးဖြီး  နဲ့ ဘေးဘီ ကြည့်ပြီး သူ့ နား တိုး ကပ်ကာ သူ့ အစီအစဉ် ကို တိုးတိုးတိတ်တိတ် ရှင်း ပြသည် ။ မောင်မောင့် မျက်နှာ ချက်ချင်း ရှုံ့မဲ့ သွားခဲ့သည် ။

“ ဟာဗျာ ကိုဝင်း ကလဲ မဟုတ်တာ ဗျာ ၊ ကိုဝင်း အဲလို လုပ်တော့ တစ်ဖက် မိန်းကလေး ခမျာ မနစ်နာဘူးလား ၊ တကယ်လို့ အဲဒီ မိန်းကလေး မှာ မဖုံးနိုင်မဖိနိုင် ဖြစ် လာလို့ မလွှဲသာ လို့ ယူ ရ ပြန်ရင်လည်း ကိုဝင်း ဘက် က နစ်နာ ပြန် ရော တကယ်လည်း ချစ်တာ မဟုတ်ဘဲ နဲ့ ”  

ကိုဝင်း ဘာမှ ဆက်မပြောတော့ ။ ထိုင်ရာမှ ထ ကာ လက် ကာပြ သွားသည် ။

     •••••   •••••   •••••   •••••

( ၃ )

မြေပဒေသာ ကျွန်း ထဲ က ကျယ်ဝန်း တဲ့ မြက်ခင်းစိမ်းစိမ်း ပေါ်မှာ တပျော်တပါးကြီး ပါဆယ်ဂိမ်း ကစား နေကြသည် ။

တီးလုံးသံ ရပ်သွား လိုက် ၊ အထုပ် လက်ထဲ ရောက် နေတဲ့ သူ က မဲ ကျရာကို ခိုင်းတဲ့ အတိုင်း လုပ်လိုက် နှင့် ပျော်စရာ အလွန် ကောင်း နေသည် ။

တစ်ကြိမ် မှာ ကိုဝင်း လက် ထဲ အထုပ် က အရောက် ၊ ကက်ဆက် တီးလုံးသံ ရပ်သွားသည် ။ အားလုံး ယားခနဲ အော်ကြသည် ။

အစတော့ ကိုဝင်း လန့် သွားသည် ။ အဆိုအကတွေ မလုပ် တတ် တော့ ဘာများ မဲ ပေါက်မလဲလို့ တထိတ်ထိတ် ပူပန်သွားခဲ့သည် ။

သို့ပေသည့် အဖွဲ့ ခေါင်းဆောင် က မဲလိပ် ဖွင့်တော့ “ မိမိ အမြတ်နိုးဆုံး မိန်းကလေး တစ်ဦး လက် ထဲ သို့ နှင်းဆီပန်း တစ်ပွင့် ကို ချစ်သက်လက်ဆောင် အဖြစ် သွားပေးပါ ” ဟူ၍ ...

ခုမှပဲ သူ့ ရင် ထဲ အေးခနဲ ဖြစ် သွားရသည် ။ ခက်တာက နှင်းဆီ ပန်း က သူ့ မှာ မရှိ ။ သည်မှာ ကျောင်းသား တစ်ယောက် က အပြေးအလွှား ရောက် လာပြီး သူ့ လက် ထဲ နှင်းဆီရဲရဲ တစ်ပွင့် လာ ပေးသည် ။ 

သည်တော့ ထိုင်ရာ က သူ ထ သည် ။ တစ်ယောက်ခြား စီ ထိုင် နေတဲ့ မိန်းကလေး အားလုံး ကို တစ်ချက် ဝေ့ခနဲ သိမ်းကျုံး ကြည့်သည် ။

မိန်းမလှလေး တချို့ အလိုလို ခေါင်း ငုံ့သွားကြသည် ။ အသား ဖြူဖြူ ၊ အရပ်မြင့်မြင့် နှင့် စပ်ဖြီးဖြီး လုပ် နေတဲ့ ကိုဝင်း တစ်ယောက် ရင် ထဲ မှာ တလှပ်လှပ် နဲ့ ကျေနပ် ကြည်နူးနေသည် ။

ဘယ်သူ့ ကို ပေးမလဲ လို့ အားလုံး က ငံ့လင့် နေကြသည် ။ သည်မှာ ကိုဝင်း ခြေလှမ်းတွေ သွက်သွက် လှုပ်ရှား သွားသည် ။ အားလုံးက လိုက်ကြည့်သည် ။

ကိုဝင်း ခြေ အစုံ ရပ် သွားသည် ။ သူ့ ရှေ့က မိန်းကလေး မှာ သူမ ကို သူမ ဘယ်လို မှ မယုံကြည်နိုင်ခြင်း များစွာ နှင့် အံ့သြသော မျက်နှာ ၊ ပြူးဝိုင်း နေတဲ့ မျက်လုံးအစုံ နဲ့ ကိုဝင်း ကို ငေးကြည့် နေသည် ။

သူမ ရင်ထဲ ဒိန်းခနဲ ဆောင့် ခုန်သွားသည် ။ ရင်ခုန်သံ ကြောင့် တစ်ကိုယ်လုံး ယိမ်းထိုး မတတ် တုန်လှုပ် သွားသည် ။ နှုတ်ခမ်း လေးများ ပင် တဆတ်ဆတ် တုန်လို့ ။

ကိုဝင်း က ပြုံးရွှင်ကြည်နူးစွာ နဲ့ နှင်းဆီပန်း ရဲရဲ ကို သူမ အား လှမ်း ပေးသည် ။ သည်မှာ ဝိုင်း ကြည့်နေသူ အားလုံး ဟာခနဲ ဖြစ် ကုန်သည် ။ ပါးစပ်ကလေးတွေ အဟောင်းသား နှင့် မင်တက်မိ ရာ က ဟုတ်မှ ဟုတ်ပါလေစ ဟု အံ့သြ ငေးမော ကုန်သည် ။

ဘယ်လိုမှ မဖြစ်နိုင်သော မြင်ကွင်း တစ်ခု ။ အစသော် မိန်းကလေး မှာ မယူရဲ ၊ နောက်မှ မရဲတရဲ နှင့် ပန်း ကို လှမ်းယူ သည် ။ သည် မှာ လက်ခုပ်သံတွေ ဆူညံ သွားသည် ။ 

“ အချစ် မှာ မျက်စိ မရှိဘူး ဟေ့ ” 

ဟု ကျောင်းသား တစ် ယောက်က မဆီမဆိုင် လှမ်းအော်သည် ။

     •••••   •••••   •••••   •••••

( ၄ )

“ ကိုဝင်း ညိုမီ့ ကို တကယ် ချစ်တာကော ဟုတ်ရဲ့လား ဟင် ”

“ တကယ် ချစ်တာပေါ့ ညိုမီ ရယ် ချစ်တာ မှ ဒီဘက် ဘူတာ ကနေ ဟိုဘက် ဘူတာ တောင် လွန်သေး ” 

“ မနောက်ပါနဲ့ ကိုဝင်း ရယ် ၊ ညိုမီ ရင် တွေ တုန် လွန်းလို့ပါ ” 

“ နောက်တာ မဟုတ်ပါဘူး ၊ ကိုဝင်း က သူများ လို ဖွဲ့နွဲ့ မပြောတတ်လို့ ပြောတတ်သလို ပြောချ လိုက်တာပါ ” 

“ စာမေးပွဲကြီး ဖြေ ပြီးရင် ညိုမီ ကိုဝင်း နောက် ကို တစ်ခါ တည်း လိုက် ခဲ့တော့မယ် နော် ”

သည်မှာ ကိုဝင်း တစ်ချက် ငြိမ် သွားသည် ။ သည်တော့ ညိုမီ အထိတ်တလန့် ဖြစ်သည် ။

“ ကိုဝင်း ညိုမီ ပြောတာ ကြား ရဲ့လား ၊ စာမေးပွဲ ပြီးလို့ ကိုဝင်း နယ် ကို ပြန်ရင် ညိုမီ လည်း လိုက်ခဲ့မယ် နော် ” 

“ ညိုမီ ကလည်း ကွာ လက်ထပ် တာ က ဖြည်းဖြည်း ပေါ့ ” 

“ ဟင် ဖြည်းလို့ မရဘူး ဆရာ ၊ ညိုမီ က ကိုဝင်း ကို ယုံလို့ တစ်ကိုယ်လုံး ပုံ အပ်ခဲ့ပြီးပြီ ညိုမီ့ ကို တစ်ယောက်တည်း တော့ ပစ် မထားခဲ့ပါနဲ့နော် နော် ကိုဝင်း ” 

ညိုမီ က စီးကျလာတဲ့ မျက်ရည်စတွေ နဲ့ ကိုဝင်း ကို အသနား ခံရင်း ကိုဝင်း ရဲ့ ရင်ခွင် ထဲ ကို တိုး ဝင် သွားခဲ့သည် ။

     •••••   •••••   •••••   •••••

( ၅ )

ကိုဝင်း တစ်ယောက် သုတ်သုတ်ပျာပျာ နှင့် ပျာယာ ခပ်နေ သည် ။ ပစ္စည်းတွေ အလျင်စလို သိမ်း သည် ။

နောက်တော့ လေးဘီး တစ်စီး ငှား ကာ ဘယ်သူ့ ကို မှ နှုတ် မဆက်ဘဲ သေတ္တာ နဲ့ အိပ်ရာလိပ်တွေ တင်ပြီး ထွက်ခွာ သွား သည် ။

အားလုံး က အံ့သြ ကုန်ကြသည် ။ စာမေးပွဲကြီး ပြီး ဖို့ပင် နက်ဖြန် တစ်ရက် ကျန် သေးသည် ။ အားလုံးက နက်ဖြန် ဘာသာ အတွက် အသည်းအသန် စာ ကျက် နေရတာမို့ ကိုဝင်း ကို သိပ်ပြီး ဂရု မထားနိုင်ကြ ။

သို့ပေသည့် နောက်နေ့ စာမေးပွဲခန်း ထဲ မှာတော့ ကိုဝင်း ကို တွေ့ လိုက်ကြသေးသည် ။

စာမေးပွဲကြီး ပြီးပြီ ။ အားလုံး လွတ်လပ် ပေါ့ပါး သွားကြ သည် ။ ကိုယ့်မြို့ ကိုယ့်ဒေသ ကိုယ့်အိမ် ကိုယ့်ရာ သို့ ပြန်ကြရ တော့မည် ။

ကိုမောင်မောင် တစ်ယောက် အဆောင် ကို ပြန် ရောက် လာတော့ အဆောင် ရှေ့ မှာ တစ်စုံတစ်ယောက် ကို ရပ် စောင့်နေတဲ့ မိန်းကလေး တစ်ယောက် ကို ခရီးဆောင် အိတ် တစ်လုံး နှင့် အတူ တွေ့သည် ။

သူ့ ကို မြင်တော့ မိန်းကလေး ရဲ့ မျက်နှာ မှာ အားတက် သွားခဲ့သည် ။

“ ဒီမှာ ရှင့် ဒီ အဆောင် မှာ နေတဲ့ ကိုဝင်း ကို ခေါ်ပေးပါ နော် ”

သူ့ တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ် သွားသည် ။ ကိုဝင်း ကို လာ ရှာနေတာပါလား ။ သို့ဆိုလျှင် အနှီ မိန်းကလေး သည် ကိုဝင်း ရဲ့ ညိုမီ ပေါ့ ။ သူ ဘယ်လို ပြော ရပါ့ ။ ပြောဖို့ ကလည်း မထွက် ။

“ ကျွန်မ က ကိုဝင်း ရဲ့ ချစ်သူ ပါ ၊ ဒီနေ့ ကိုဝင်း နဲ့ ချိန်းထား လို့ပါ ”

အဲဒါမှ ခက်ပြီ ။ ကိုဝင်း လုပ်ပုံ တကယ် ကို မကောင်း ။ သူများ သားသမီး ကို အပျော်သဘော နဲ့ ကြံ သွားခဲ့ပြီ ။ ဒါတွေ ကို သူ သာ အသိဆုံးပါပဲ ။

အချိန်မီ တားဆီးခဲ့သော်လည်း မရခဲ့ ။ ကိုဝင်း က စီမံကိန်း ချ ပြီး အကြံအစည် နှင့် လုပ် သွားခဲ့ခြင်း ဖြစ်သည် ။

ခုတော့ သူ့ ကိစ္စ ကို ကျန်တဲ့ သူတွေ က မျက်နှာ အပူ ခံပြီး ရှင်း ရတော့မည် ။

မတတ်သာသည့် အဆုံး ကိုဝင်း က မနေ့ ကတည်း က ပစ္စည်း တွေ သိမ်းပြီး ထွက်ခွာသွားပြီ ဆိုသည့် အကြောင်း အားနာနာ နှင့် ပြော ပြရတော့သည် ။

အစသော် မိန်းကလေး က ဘယ်လို မှ မယုံ ။ နောက်ထပ် ရောက် လာတဲ့ ကျောင်းသားတွေ ဝိုင်း ပြော တော့မှ ယုံ သွားသည် ။

ဘယ်လိုမှ မယုံကြည်နိုင်ခြင်း ၊ ယူကျုံးမရ ဖြစ်ခြင်း ၊ အံ့သြ ခြင်း ၊ ထိတ်လန့်ခြင်း ၊ ရှက်ရွံ့ခြင်း ၊ ဒေါသထွက်ခြင်း တို့ ဖြင့် ပြွန်းတီး အပ်သော ရုပ်ဆိုး လှ သည့် သူမ မျက်နှာ ထက် ဝယ် အဘယ်မျှ ခံစား သွားရပြီ ကို သနားစဖွယ် မြင်တွေ့ နေရသည် ။

သဘော ပေါက် သွားသော သူမ ၏ ပါးပြင် နှစ်ဖက် ဝယ် မျက်ရည်စက်ကြီးများ က တလိမ့်လိမ့် နှင့် စီးဆင်း လာကြသည် ။ ကြေကွဲဝမ်းနည်းခြင်း ၏ အဆုံးစွန် သို့ ရောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးသည် ။

အားရအောင် ငိုပြီး နောက် အငို ရပ် သွားသည် ။ ခေါင်း ပြန် မော့ လာတော့ ဖြူဖွေး တဲ့ အပေါ် သွားတန်းလေး နဲ့ အောက် နှုတ်ခမ်း ကို ပြတ်လု မတတ် ဖိ ကိုက်ထားသည် ။ နာကြည်းခံပြင်းခြင်း ၏ သင်္ကေတ ။

ဘယ်သူ့ ကို မှ နှုတ် မဆက်ဘဲ ချာခနဲ လှည့် ထွက်သည် ။ အိတ် ကို ဆွဲပြီး လေးလံလွန်း တဲ့ ခြေလှမ်းတွေ နဲ့ တရွေ့ရွေ့ ထွက်ခွာသွားတော့သည် ။

◾တက္ကသိုလ်စိုးနောင်

📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း
      အမှတ် ( ၂၃၄ )
      ၂၀၀၁ ခုနှစ် ၊ မတ်လ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.