Monday, July 1, 2024

ဂျိုကာ မပါဘဲ တုတ် စားခြင်း


 

❝ ဂျိုကာ မပါဘဲ တုတ် စားခြင်း ❞

တုတ် အောက် က အိမ် မှာ ဘောက်ထော် က လာ ကစား သော ဆရာဝန်မ ၏ အိမ် ဖြစ်သည် ။ ဆရာဝန်မ သည် သူ့ ရုပ်ရည် နှင့် လိုက် လျော ကာ စိတ် ညစ်ထပ်ထပ် ရှိသည် ။ သူ သည် ဖဲ ကစား လျှင် အမြဲတမ်း ဒေါင်း ပြီး အမြဲတမ်း ပင် တုတ်စား နေချင်ခြင်း ကို ဆိုလိုသည် မဟုတ် ၊ သူများ ဒေါင်း လျှင် ၊ တုတ် စား လျှင် မကျေချမ်း နိုင် ၊ ဝန်တို ပွားပြီး သူ က ဒေါင်းရ တုတ်စား ရ လျှင် “ ကိုင်း ... မှတ်ကရောဟဲ့ ” ဟု ရန် လိုသော သဘော ကို ထားမြဲ ခြင်းသာတည်း ။

တုတ် ကို ကြည့်သော် ကိုးကျပ်ခွဲ လောက် ရှိချေပြီ ။ တုတ် ကို ရေ လည်း မရေ ကောင်း ၊ ရေ လျှင် တုတ်စား သွားတတ်သည် ဟူ၏ ။ ယခု တုတ်အိမ်ရှင် ကျောင်းဆရာမ ငယ်ငယ်ချောချော အပျိုမ က မူ သူ တကာ ကန့်ကွက်သည့် ကြား က တုတ် ကို ရေ တတ်၏ ။ နဂို က ပြုံးရွှင်လေ့ ရှိ သော မျက်နှာကလေး သည် ဖဲ ကို ကိုင် ကာ စီ ပြီးသည် နှင့် ပိုမို ပြုံးရွှင်ကာ ပဝင်း လို့ လမင်း သို့ ဖြစ်လာ လေ ရာ ဘောက်ထော် က ဆရာဝန်မ သည် တကယ့် ကို ငိုချင် လာ လေ၏ ။ ဒီ တုတ် လည်း ဒင်း ပဲ စားဦးမည် ထင် သည် ။ ဆရာဝန်မ သည် သည် တုတ် ကို သူ သာ စား လို ၍ ဘယ်သူ စား သည် ကို မှ မသဒ္ဓါ ၊ အထူးသဖြင့် တုတ်ကြီးကြီး စား နေကျ ကျောင်းဆရာမ ကို မသဒ္ဓါ ချေ ။ ဘာကြောင့်လဲ မသိ ၊ သူ့ ကို မနှစ်မြို့ အလွန် ဖြစ် သည် ။ ရုပ်ကလေး လည်း လှပါ၏ ။ နှုတ် လည်း ပြေပြစ်၏ ။ စိတ် လည်း ဖြူပါပေ၏ ။ ဟောဟောဒိုင်းဒိုင်း နှင့် ကလေးမ အရွယ် လွန်စ ပေ မည့် တည်တည်ခန့်ခန့် တစ်ခါတစ်ခါ ကိုယ် ပင် နားမလည် သော လူကြီး စကားများ ကို ပြော တတ်သည် ။ မကြားဖူးသော နာမည်များ ကို ကိုးကား တတ်သည် ။ ကျောင်းဆရာမ လုပ်တာ ကြာပြီ ထင်သည် ။ လူ့ ဘဝ မှာ ကံအကြောင်း လှသူ တစ်ယောက် ပေပဲ ။   

ယခု လည်း ကြည့်လေ ။ သူ့ ဖဲ ကောင်း ပြန်ပြီ ။ ဧကန္တ တစ်တွဲ နှင့် ဂျိုကာ တည်း ။ တစ်ချိန် လုံး သူ ချည်းလိုလို လည်း ဒေါင်း သေး၏ ။ တုတ် ကြီး ပြီ ဆိုလျှင် လည်း စား သေး၏ ။  

စောစောက များ ဘစ်ဂရမ်း တစ်ခါ ၊ ပလိန်းဒေါင်း တစ်ခါ ရသေး၏ ။ သည့်လောက် သူများ တကာအိမ် ဖဲ တက် လွန်းတော့ မတရားပြီဘူး ရယ် လို့ ဖဲနတ် ကို ငြူစူ ပြီး သည်လို ငြူစူလို့ များ ငါ့ ဖဲ ညံ့ သထက် ညံ့လေသလား ဟု ထင်မှန်း လန့်ဖျပ် ဖြစ်ပြန် သေးသည် ။

ကိုယ့် ဖဲများ ကြည့် လိုက် လျှင် တကယ့် ကို ငိုချင်စရာ တည်း ။ တစ်နေ့လုံး ကစား နေစဉ် အတွင်း သုံးလေးခါ ပဲ ဒေါင်း သေးသည် ။ ပြီးတော့ အချပ်ကြီး လည်း မိသည် ။ ကျပ်တန်ကလေး တွေ ကုန် လို့ ငါးကျပ်တန် ထုတ် ၊ ငါးကျပ်တန် ကုန် တော့ ဆယ်တန် ထုတ် နှင့် တတိ တတိ ကုန် သည်မှာ ရှစ်ဆယ် ကျော် လေပြီ ။ ဘယ်လို မိုက်ပြီးများ တစ်ချပ် တစ်မတ် ဝိုင်း ထိုင် မိပါလိမ့် ။ ဆယ်ပြား ကြေး ကစား နေ ကောင်း သား နှင့် တစ်ချပ် တစ်မတ် လုပ်ပါ ဆိုတာ လည်း သည် ကျောင်းဆရာမ ပဲ စ တာ ထင်သည် ။ သူ က စ အား ရှိ မပေါ့ ။ သူ က နိုင်နေကျ ကို ။ ဖဲ ကံ လိုက် နေတာ ကို ။ ဟုတ်ပါတယ် ။ မိန်းမ ကို က ကြည့်ပါလား ။ သူ့ ဖဲ သူ ကျေနပ် နေလိုက်တာ ။

ကိုယ့် ဖဲ လား ၊ ကိုယ့် ဖဲ ကတော့ ဆယ်ချပ် မှာ တစ်ပြူး တိတိ ပါ၏ ။ နှစ် နှစ်ချပ် တည်း ။ သုံး တစ်ချပ် ပါ တာ နှင့် တောင် ကပ် ထားစရာ အပွင့် က မတူ လေတော့ ဒီ သုံး ကိုပဲ လွှတ်ပစ် ရပေမည် ။ ဒီ တစ်ပြူး မပါ ရင် လည်း ကောင်း လေသား ။ ဖဲ ဖျက် ရမည် ။ ဒါတောင် နိုင်နေ ကျ စားဖားမ က ဂျိုကာ နှင့် ကပ် လို့ ရလျှင် ဖဲ မဖျက်စကောင်း လို့ ကန့်ကွက် မှာ ပဲ ။ သူ့ ဖဲ က ကောင်း တတ်တော့ ဘယ် ဖျက်ချင်မလဲ ။

“ ဖဲ က စီ ဖို့ မလိုဘူး ” ဟု ပြော လိုက်၏ ။

ဘယ်သူ က မှ ဘာမှ မှတ်ချက် မချ ။

“ တပြူး တိတိ ပါတယ် ” ဟု ပြော ပြန်ပြီ ။

“ ပြ ကစားရမယ် ” ဟု ညည်း လိုက်ကာ နှစ် နှစ်ချပ် ကို အသာ ဖယ်၍ “ ဟောဒါပဲ ” ဟု ဖြန့်ချ ပြ လိုက်၏ ။ ပြ သာ ပြ ရသည် ။ သူများ များ ကိုယ့် ဖဲ မှတ်မိသွား မလား ။

ဘယ်သူ က မှ သူ့ ဖဲ ကို မကြည့်ဘဲ အားနာပါးနာ သာ ပြုံးကြ၏ ။ အဓိပ္ပာယ် မရှိသော အသံ ကို ပြု ကြသော် ဆရာဝန်မ သည် အားနည်း နည်း ရှိလာပြီး ကိုယ့် လက်အောက် အိမ် ဖြစ်သော မေမေကြီး ကို ဖဲများ ထိုး ပြကာ “ ကြည့်ပါဦး ... ဒီ ဖဲမျိုး မြင်ဖူးရဲ့လား ” စသည် ဖြင့် မြည်တွန် တောက်တီး ပြန်သည် ။

“ အမယ်လေးတော် ... ညည့် ဖဲ မကြည့်အားပါဘူး ။ ကျုပ် ဖဲ တောင် ကျုပ် မနည်း ကြည့်ရတာ မျက်စိ မှုန် လို့ ” ဟု မေမေကြီး က ထုံးစံ အတိုင်း ငေါက်တီး ငေါက်တောက် ပြော၏ ။

“ ညည်း ဖဲ ဒီလောက် ဆိုးရင် ကျုပ် တော့ သေဖို့ သာပြင် ဟဲ့ ... အတွဲ မြန်မြန်ရပါစေ ။     မအုပ်ကြီး အတွဲ မြန်မြန် ရပါစေ ” စသည်ဖြင့် အပြစ် တင် ပြန် ချေ သေးသည် ။

ဆရာဝန်မ သည် မျက်နှာ ညှိုး သွားပြီး သူ့ ဖဲ ကို ဝမ်းနည်းပန်းနည်း ကြည့် လေ၏ ။ ခိခနဲ ရယ်သံ လိုလို ကြား လိုက်ရသော်လည်း မော့ မကြည့်ချေ ။ အားကိုးစရာ လင် သည် လည်း ဖဲဝိုင်း မှာ မပါ ။ ခါတိုင်း မျက်နှာချင်း ဆိုင် အိမ် မှာ ထိုင်ကာ ရင်းပြန်အိမ် ပြု ၍ ကစား ရ လျှင် ဘာ ဖဲ ကောက်သလဲ ကြည့် ကာ သူ့ ဖဲ ပေါ် ဘေစရာ နှစ်ချပ် အားကိုး နှင့် နိုင်မယ် “ နှစ်ချပ် နှစ်ချပ် ” လို့ ကျယ်ကျယ် အော် လိုက် လျှင် သူ့ ဖဲ ချပေး ၊ ပါ က ဟောခနဲ နှစ်ချပ် တွဲ ဘေ၍ အားရပါးရ ဒေါင်း လိုက်နိုင်၏ ။ တစ်ခါတစ်ရံ တော့ လင်သည် က ထူလွန်း လို့ ကိုယ့် ဖဲ တောင် မမြင့် တမြင်ကလေး ပြကာ “ နှစ်ချပ် နော် ၊ နှစ်ချပ်နော် ... ချပေးကြပါ ။ ချပေး ၊ ကြပါ ။ နို့မဟုတ် ရင် တုတ် ပေးရလိမ့်မယ် ” စသဖြင့် ဆွယ် အော်ရ၏ ။ ဒါနှင့်တောင် ကိုယ်တော်မြတ် က ဘုရားအလောင်း စိတ် ပေါက်ပြီး ချ မပေးဘဲ တစ်သမတ် တည်း ကစား နေလျှင် ပြီးပါရော ။ ဘေဖဲ နှစ်ချပ် ကန့်လန့် နှင့် တည့် ဖဲ လာလို့ တောင် မကောက်နိုင် ။ ဂျိုကာ တက် လို့ မှ ဘေစရာ ဖဲ လို နေတတ် လေ၏ ။

အင် ဘာပဲဖြစ်ဖြစ် စိတ် မညစ်ဘူး ။ ဟော ဂျိုကာ တစ်ကောင် ပြီး တစ်ကောင် တက်မယ် ။ ဖဲ ပူး လာမယ် ။ အတွဲ ရလာမယ် ဆို ဒေါင်းနိုင် သေးတာပဲ ။ အနည်းဆုံး တုတ် မပေးရ အောင် တုတ် အောက် ကနေ ကောက်ကပ် မှ ပဲ ဖြစ်မယ် ။ ကောက်ကပ်မဟေ့ ဟု ကြုံးဝါး၏ ။ ပြီးတော့ အိမ်အောက် ကို မထိန်းဘူး ။ ဒေါင်း ပစေ ။

“ စိတ်တော့ မဆိုးကြနဲ့နော် ။ ဖဲ က ကောက်ကပ်ရမယ့်ဖဲ ပဲ ” ဟု ကြေညာသေး၏ ။

သို့လျှင် ဆရာမဝန်မ သည် နဂို က ခြောက် တစ်ချပ် ရှိသည် နှင့် တုတ်အိမ် က ပစ် လိုက်သော ခြောက် ကို ကောက် ကပ် လိုက်ရာ အထုပ် ထဲ က ခြောက် တစ်ချပ် ထပ် ရ နေပြီး တစ်တွဲ ရသော် သူ တကာ အိမ် က တစ်တွဲ နှစ် တွဲကျ ပြီးပြီတည်း ။ တုတ်အိမ် က “ သုံးချပ် ” ဟု ပင် ခေါ်ချေပြီ ။ ဆရာဝန်မ သည် မျက်စိ ပျက်ပျက် မျက်နှာ ပျက်ပျက် ရှိ၏ ။ တုတ်ထိန်း သည့် အိမ် ကို မျက်စောင်း ထိုး ရင်း ကြိမ်းမောင်း ရင်း က ဘေဖဲ တစ်ချပ် ဆက် လိုက်ရ၏ ။ ဂျိုကာ တစ်ကောင် ဆွဲ၍ တက် သေး သော်လည်း ဝေပါ နှစ် နှစ်ချပ် က အတွဲများ ရလေမလား ဟု မချဘဲ ဂျိုကာ နှမြော နေ လေရာ တုတ်အိမ် က ဒေါင်းပြီး တုတ် စား သွားသော် ခြောက်ချပ်ဖိုး ပေးရလေ သည် ။

ကြည့်စမ်း ၊ ခြောက်မတ် ကယ် ဒေါင်းကြေး က ငါးမူး ရယ် ၂ ကျပ် အတိပဲ ။ တုတ် က ၉ ကျပ် နဲ့ သုံးမတ် ၊ ၁၁ ကျပ် နဲ့ သုံးမတ် ပေးရ မယ် ။ အမယ်လေး ဘုရား ရဲ့ မနည်းပါလား ။ မဂိုလမ်း က ဈေးဆိုင် နောက်ဘက် အခန်းကျဉ်းကလေး တွေ ထဲ မှာ လူနာစောင့် နေရ ကောင်း သား ။ စောင့် နေပြန် လည်း အကျိုး မထူး ။ လူနာ စီတန်း စောင့် နေတာမျိုး မရှိ ။ သူ သည် ကျော်ကြားသော ဆရာဝန်မ မဟုတ် ။ ကျောင်းသူဘဝ က လည်း ခပ်ချာချာ ၊ ဘယ်လို ဖြစ်မှန်း မသိ ။ ဆရာဝန် ဖြစ်လာ တော့ လည်း ခပ်ချာချာ ၊ ဖဲ ရိုက်ရာ မှာ တောင် ချာချင် တိုင်း ချာရကား “ ဉာဏ် တွေ လည်း တုံး ကုန်ပြီ ။ ဖဲ မနိုင်တော့ဘူး ” ဟု ပြောနေ ရလေသည် ။

“ အစ်ကိုကြီးများ ဆူ နေမလား မသိဘူး ။ တစ်နေကုန် ရော ၊ အိမ် မှာ လည်း သမီးလေး နှစ်ယောက် က ကောင်းကောင်း နေ မကောင်းဘူး ” စသည်ဖြင့် ဖဲ မှ အပ ဖြစ်သော ကိစ္စ ကို ယခု မှ သတိ ရ လာလေ၏ ။ နှုတ် မှ ထုတ် ပြောလေ၏ ။ ဆရာမဝန် ၏ လက်များ အနည်းငယ် တုန်ကာ အသံ က လည်း မူ တယ် မမှန်ချေ ။ စုစုပေါင်း အရှုံး မှာ တစ်ရာ မှာ သုံးလေးကျပ် လျော့ လောက်ပဲ ရှိသည် ။ မနည်းဘူးပေါ့ ။ ဆေးထိုးခလေး တွေ ငါးကျပ် စီ လီ စုထားတဲ့ ပိုက်ဆံလေး ။ လင်သည် က အရာရှိကြီး ပေ မို့ တော်တော့ သည် ။

သို့သော် မိမိ တယ် မေတ္တာ မရှိသူ ကျောင်းဆရာမလေး က ပဲ သည် နောက်ဆုံး တုတ် ကို စား သွားတာ တယ် မသဒ္ဓါလေရကား ဆရာဝန် သည် မေ့လျော့တတ်ဟန် နှင့် စကားရော ဖောရော ပြောကာ ငါးမူး လျှော့ ၍ ၁၁ ကျပ် တစ်မတ် သာ ပေး လိုက်၏ ။ မျက်စိ ကို စွေ ကြည့် သော် ကျောင်းဆရာ မသည် ခါတိုင်း လို ပင် မရေတွက် ဘဲ သိမ်းယူ လိုက် သည် ။ သည်လောက် နိုင် နေတာ ငါးမူးတစ်မတ် တော့ အပျော့ ပေါ့ ။ ဘယ် ဂရုစိုက်လိမ့် မတုံး ။ ငါ့ ပိုက်ဆံ က သူ့ အနိုင် ထဲ မှာ တစ်ဝက် မက ရှိ မယ် ။ ပြင်းထန်သော ဒေါသ နှင့် အမုန်း ထ လာ၏ ။ မတရား ငွေလိမ် ခံရ သလို ထင်၏ ။ သည့်လောက် နိုင်လွန်း လျှင် နိုင်လွန်း သူ က ယူဖို့ မကောင်း ပြန် ဝေငှခဲ့ဖို့ ကောင်းသည် ထင်၏ ။ ဆရာဝန်မ သည် ကျောင်းဆရာမ ၏ မျက်နှာ ကို ကြည့်လို့ မရ ရှိလေသည် ။

( ၂ )

ဆရာဝန်မ ၏ လက်အောက် အိမ် မှ မေမေကြီး ကမူ တုတ်ပေး အား ရှိသည် ။ စောစောက လေးငါးဆယ် လောက် နိုင်ထားတာ ရှိသည် ။ ဖဲ နိုင် ၍ အကြွေ ၊ ကျပ်တန် စသည် မှ ငါးကျပ်တန် ဆယ်တန် ဖြစ် လျှင် အိတ် ထဲ ထည့် လျှင် ထည့် ၊ မထည့် လျှင် စားပွဲခင်း အောက် လျှိုပြီး ဝှက် လေ့ ရှိရကား ရုတ်တရက် ကြည့် လျှင် သူ့ ရှေ့ မှာ ပိုက်ဆံ ပြောင် နေတာ သာ မြင်ရတတ်သည် ။

မေမေကြီး က “ ဟောတော့ ဒီလို ဆိုတော့ ဒီ တုတ် ကို ကျုပ် မစား ရတော့ဘူးပေါ့ ” ဟု ဆို လိုက်ရာ ဖဲဝိုင်း တစ်ဝိုင်းလုံး ဝါးခနဲ ရယ်ကြ ၏ ။ ဆရာဝန်မ တစ်ယောက် ပဲ ကြားဟန် မတူ ၊ ခပ်ငိုင်ငိုင် နေသည် ။

“ ဟာ .. စောစောက မေမေကြီး တုတ်ကြီး တစ်တုတ် စား ပြီးပြီပဲ ။ စိပ်ပုတီးကြီး ဆွဲ ၊ ဖဲ ရိုက်ပြီး လောဘ မကြီးပါနဲ့ ။ ခုလည်း နိုင်သေးတာပဲ မဟုတ်လား ။ နိုင်တာ တစ်ရာ မကဘူး ” ဟု မျက်နှာချင်းဆိုင် အိမ် တုတ်ထိန်းသူ က ပြောရာ ရယ်သံ အနည်းငယ် ပါး သွား၏ ။

“ တစ်ရာ လား ၊ အားကြီးကြီး နိုင်လိမ့်မယ် ။ ဟောဒါက အနိုင် ပဲ ။ အစိတ် လောက် နိုင်မယ် ။ ကျုပ် ထုတ် ထားတာက သုံးကျပ်မတ်တင်း တော့ ”

“ ထုတ်ထားတာ က မနည်းပါလား ”

“ ကျုပ် ဖဲ က လည်း ကောင်းတယ် ။ ဒီ တစ်လှည့် လွတ်ရင် တုတ် မစားဘူး ။ ပြီး နေပြီ ။ ဂျိုကာ တက် လာတာ ”

တုတ်ပေးရသူ တိုင်း ပင် ယူကျုံးမရ ဖြစ်ရလေ၏ ။

“ ဟော ... စောစော ကတည်း က ငါး တစ်ချပ် ရှိလို့ လိုလိုမယ် မယ် ကောက် ထားတဲ့ လေး ရှိတာ ။ ဟော သုံး တို့ ခြောက် တို့ တော့ မတက်ဘူး ။ ဂျိုကာ တက် လာတယ် ”

တုတ်ထိန်းအိမ် က အသံ ကျယ်လောင်ဆုံး ရယ် လေ၏ ။

“ မေမေကြီး က လိုလိုမယ်မယ် ကောက်တာ တောင် ဂျိုကာ တက် သေးတယ် နော် ။ အင်း ... ဒါနဲ့ တုတ်စားသွားပါ ရောဗျား .. ဟား ဟား ”

“ အောင်မယ် .. မင်း တုတ်ထိန်း ညံ့လို့ သိရဲ့လား ။ ငါ ဒေါင်း နေပြီ ”

ဟုတ်သည် သူ့ ဖဲ မှာ ဝေပါတော်တော် လှ သတည်း ။ တစ်တွဲ ပါ သည် ။ ဆွဲရင်း တစ်တွဲ ရသည် ။ ကောက် ကပ် ထားသည့် အပြူး မှ ဂျိုကာ တက်၍ တစ်တွဲ ဖြစ် ပြန်သည် ။ မဒေါင်းသည် မှာ ဆက်ဖဲ ကို လွှတ်ပစ် သည့် အတွက် ကြောင့် တည်း ။ တုတ်ထိန်း အိမ် က ဂျက် ကောက်သည် ကို မြင်ပါ လျက် ဝေပါဂျက် ကို ပစ် လိုက်မိရာ ဆက် ဖဲ ရအောင် မနည်း ဆွဲနေ ရလေသည် ။ ကောက် ကပ်သည့် ဖဲ ကလည်း ပွင့်တူ ဂဏန်းစဉ် အတွဲမို့ အတွဲ ဖြစ် ရ ခက်သည် ။ အဓိပ္ပာယ် မရှိ သက်သက် ကောက် ကပ်ခြင်း လို့ သူများ ဆိုမည် ။

မေမေကြီး က တော့ သူ လုပ်သမျှ သူ့ ဘာသာ အဓိပ္ပာယ် ရှိသည် ချည်း တည်း ။ ဂျိုကာ တက် လာတယ် မဟုတ်လား ။ သူ သည် ဖဲ အင်မတန် တက် လေ့ ရှိသည် ။ အထက် အိမ် ကို လည်း အားမကိုး ၊ အောက် အိမ် ကို လည်း မထိန်း ။ တစ်ခါတလေ ကောက် ထားသည့် ဖဲ ပေမည့် ဆက် ပေးတတ်၏ ။ တုတ်ထိန်း တာဝန် ကျပေမည့် အဒေါင်း ကစားလေ့ ရှိသည် ။ ဖဲကစား ရာ မှာ စိတ်အလို ရှိသလို ကစား လေသည် ။ သို့နှင့်လည်း ဘယ်တော့မှ မရှုံး ၊ ဘယ်သူမှ ဘယ်လိုမှ နိုင်နင်း လို့ မရအောင် ဖဲ ထ တတ်သေးသည် ။ “ တို့က ဘယ်သူ မှ အားမကိုးဘူး ။ အပုံ အားကိုးတာဟေ့ ” ဟု ကြေညာ ကစား၏ ။ ဖဲ ခေါ်တယ် ဆိုတာ လည်း မရှိ ၊ အောက်အိမ် က ခေါ်ဖဲ ကို ပေးရမှန်း မသိ ၊ ထင်သလို လုပ် သည့်ကြား က ယှဉ်နိုင် နိုင် သူ မရှိသော ဖဲဗိုလ်ကြီး အဖြစ်သို့ ခဏခဏ ရောက်သည် ။ လွန်ခဲ့သော စနေပတ် က ဆိုလျှင် သူ့ မျက်နှာချင်းဆိုင် ဆီ က အထက်အိမ် အောက်အိမ် တိုင်ပင်ကာ ဖဲ ပေး ၍ ကစား တာတောင် မေမေကြီး ကို မနှိမ် နိုင် ဖြစ်လေ၏ ။

ထို့ကြောင့် မေမေကြီး သည် နိုင် မှ ထ ပြန်ကာ ရှုံး နေ သေးလျှင် ဟိုလူ သည်လူ ကို အတင်း လိုက်ခေါ်ကာ ကစား တတ်လေသည် ။

“ မေမေကြီး ကစား လာ တာ အံခွ နေပြီ ဟုတ်လား ၊ အသက် ဘယ်လောက် ရှိပတုံး ” စသည် ဖြင့် နောက်ပြောင် လာ လျှင်မူ မေမေကြီး သည် ခပ်အေးအေး ပင် ပြောမည် ။

“ မေမေကြီး က အသက် ခြောက်ဆယ် ကျော် မှ ဖဲ ကစားတတ်တာ ၊ နဂိုက သူများ ဖဲ ရိုက်တာ မြင်ရင် တယ် မုန်းတယ် ။ ချွေးမ က ဖဲကစား တတ်တာ ကို မေမေကြီး က ဆူလို့ ပူလို့ မပြီးဘူး ”

“ ဟော ... ခုတော့ ”

“ ခုတော့ ချွေးမ က ကလေးတွေ များလို့ ၊ ကလေးတွေ ဆင်းရဲမစိုး လို့ တဲ့ မကစားတော့ဘူး ။ ကြီးကြီး က ပဲ ဖဲ မကိုင်ရရင် ဟောဒီ လက်တွေ က ( လက်ချောင်းကလေးများ ကို ဖြန့် ကစားရင်း ) မနေတတ်တော့ဘူးကွယ် ”

( ၃ )

မေမေကြီး လက်အောက် က အိမ် မှာ တရားမ ဝန်ထောက်ကလေး ထိုင် သည် ။ သူ သာ လျှင် တကယ့် အလောင်းအစား ဝါသနာ ပါသူ ဖြစ် သည် ။ လောင်းကစား ရမည် ဆိုလျှင် သူ့ စိတ် သူ ချုပ်တည်းခြင်း ငှာ မတတ်နိုင် ၊ နိုင်သည် ရှုံးသည် ပဓာန မဟုတ် ။ နိုင်ပြန် တော့ လည်း နိုင်လို့ ကစားရသည် ၊ ရှုံးပြန် တော့ လည်း ရှုံးလို့ မဲ လိုက်ရသည် ။ ဖဲဝိုင်း သိမ်း လျှင် သူ ဝမ်းအနည်းဆုံး ၊ မိုးလင်း ရမည် ဆိုလျှင် သူ့ ကို မျက်စ ပစ် ပြဖို့ မလို ။ နောက်ဆုံး ဖဲဝိုင်း ပြီးပြီ ဆိုလျှင် သူ့ ၌ ခြူးတစ်ပြား မှ ကပ်လေ့ မရှိတော့ချေ ။ သူ ၌ သူတစ်ပါး ၏ ပိုက်ဆံ ကို လည်း လိုချင် တပ်မက်လေ့ မရှိ ။ နိုင် နေပြီ ဆိုလျှင် ပစ္စလက်ခတ် လုပ်တတ်၏ ။ အောက်အိမ် ကို ဖဲ ချ ပေးတတ်၏ ။ သို့ရာတွင် သူ့ ဖဲသည် အမြဲပင် ညံ့လေ့ ရှိကာ သူ က ဖဲ ကို လည်း ကိုင် နေ တတ်သောကြောင့် နိုင်ခဲ လှလေသည် ။

ပိုကာဝိုင်း မှာ ရှုံးတာ လောက် တော့ သူ က အပျော့ တည်း ။ တကယ်စင်စစ် သူ သည် ပိုကာ ကို တယ် ဝါသနာ မပါလှ ။ အချိန် ကုန် သည် ထင်၏ ။ သူ သည် အဖိုးတန် လှသော အချိန် ကို ရခိုင်များ ကစား တတ်သော အမေရိကန်ပိုကာ ခေါ် တစ်ချပ်မှောက် ကစားနည်း ။ ၂၁ ပေါက် ဆွဲနည်း ။ ကိုးမီး ရိုက်နည်း မျိုး မှာမှ သုံးချင်၏ ။ ထို ဝိုင်းမျိုးများ မှာ သူ့ လခ ၏ သုံးပုံ နှစ်ပုံ ခန့် ကို နာရီဝက် လောက် နှင့် ရှုံးပစ် နိုင်၏ ။ ပြီးတော့ သူ သည် လူပျိုကိုယ် မို့ အမေ့ အိမ် မှာ ထမင်းစား နေ နိုင်     ကာ လခ ထပ် မထုတ်မီ ချွေချွေတာတာ နေ ရသည် ။ သူ့ ၌ တခြား ဖြုန်းသုံး စရာ နေရာတော့ မရှိ ။ အရက် လည်း မကြိုက်လှ ။ မိန်းမ လည်း မလိုက်လှ ။

တစ်ခု သာ ရှိသည် ။ သူ သည် သည် အိမ် မှာ ပိုကာဝိုင်း ကို အမြဲ လာ နေ ချင်သည် ။ သူ့ မျက်နှာချင်းဆိုင် အိမ် မှ ကျောင်းဆရာမ ချောချော ကို သူ ချစ် ချင်သည် ။ ရင်းပြန်အိမ် မကြာခင် ဖြစ်ရမယ်လေ ဟူသော အတွေး နှင့် နှစ်သိမ့် ကာ နေ၏ ။ ဆရာမကလေး နိုင် လျှင် သူ ဝမ်းသာ၏ ။

ခုန ဆရာမ တုတ်စားသည် မှာ လည်း သူ က ထောင်ဖဲ ကို သွား ဆက် လိုက် သောကြောင့် ပင် ။ ဆရာမ ဖဲ ထောင် ကာ အတွဲ ချ တတ်သည် ကို သူ က စောင့်ကြည့် ကြည့်တတ် သူ မို့ သိမှတ်ရသည် ။ သည် တုတ် ကို ဆရာမ သာ စားစေချင် သဖြင့် ဆရာမ ချ ထားသော ငါး ၊ ခြောက် ၊ ခုနစ် အတွဲ မှာ ရှစ်သွား ဆက် လိုက်၏ ။ အဲသည် အချိန် ၌ ဆရာမ သည် ဆက်ဖဲ တစ်ချပ် အပြင်းအထန် လို နေသည် ကို သူ မှန်းဆ မိ လေသည် ။ လေးချပ် ကိုင် ကာ နှစ်ခါ သုံးခါ ဆွဲ နေသည် ကို မြင်သည် မဟုတ်လား ။

ဆရာမ တုတ်စား သွားလျှင် သူ သည် ဝမ်းသာအားရ တုတ်ဖိုး ပေး လိုက်ကာ ရယ်မော နေမိရာ လူရည်လည်သူ ယောက်ျားချင်း မို့ ရိပ်မိသူ တုတ်ထိန်း က “ ဘယ့်နှယ် ဝန်ထောက်ကလေး ရဲ့ ၊ တုတ်ပေး ရတာလည်း ဝမ်းမနည်းပါဘဲကလား ” ဟု မျက်စိ တစ်ဖက် မှေးကာ နှာသံကလေး နှင့် ပြော လေ၏ ။

ဝန်ထောက်ကလေးသည် မျက်နှာ အနည်းငယ် နီကာ “ တုတ်မြန်မြန် ပြတ်ရင် အေးတာပေါ့ဗျ ။ အိမ် စောစော ပြန်ရတာပေါ့ ။ ဆာလှပြီ ။ ပြီးတော့ ကျွန်တော် လည်း ဒေါင်း မှာ မှ မဟုတ်တာ ။ ဟောဒီ မေမေကြီး က လွတ်ပါတယ် ဆိုတဲ့ ဖဲ လည်း အုပ်တာပဲ ။ ခေါ်ဖဲ လည်း မရတော့ဘူးပေါ့ဗျ ။ ကျွန်တော့် ဖဲ က ညံ့လိုက်တာဗျာ ”

စသည်ဖြင့် ဒရောသောပါး ပြောနေဆဲ ဆရာမကလေး က “ ရှင် ဘယ်လောက် ရှုံးသလဲ ” ဟု လှမ်းမေးသည် ။

“ သိပ်မများပါဘူး ၊ သုံးလေးဆယ်ပေါ့ .. ထုံးစံ အတိုင်းပေါ့ ”

“ ပိုကာ က အရှုံးအနိုင် နည်းနည်း ညင်သာတယ် ။ ရှင် တို့ အရင် ကစား တာ မြင်ရတာ ကြောက်စရာကြီး ။ ပြီးတော့ လက်ဦး ဖဲချပ် ချင်း လောင်းတာ ကလည်း ကျွန်မ တော့ မဝံ့ပါဘူး ။ ကျွန်မ က ကစားသမား စိတ် မရှိဘူး ။ နိုင်ရင် တော်ရဲ့ ၊ နည်းနည်း ရှုံးရင် လည်း တော်ရဲ့ ၊ ဖဲ‌ေ သ နေ ၊ သိပ် ရှုံး နေရင် ဖဲ ကို စိတ်နာ နာ သွားတာပဲ ”

ဝန်ထောက်ကလေး သည် ချစ်သူ အလို ကို လိုက်ချင်၏ ။ သို့သော် သူ သည် အို .. နိုင် တစ်လှည့် ရှုံး တစ်လှည့်ပဲ ၊ ဖဲသမားအိတ် ဟာ နှဲသမား လိုပါပဲ ဟု တွေး၏ ။ ငါ ရှုံး နေပေမဲ့ သူ နိုင်တတ်တာပဲ ဟု တွေး၏ ။ ဒါပေမဲ့ ငါ ရှုံးတာ က လုံးခနဲ ခဲခနဲ ၊ သူ က ချစ်တီးစု စု နိုင်ရတာ ။ နောင် တူတူ နေလို့ ဒီလိုပဲ ငါ လောင်းစား နေမယ်ဆိုရင်

ဆရာမကလေး လက်၌ လက်စွပ်ကလေး တစ်ကွင်း တောင် မရှိ သည်ကို သူ မြင်၏ ။ ဆရာမ က ညီမ တစ်ယောက် ကျောင်း ထား ပေးရ မည် ဆိုတာ သူ သိသည် ။ လက်ကောက် ၊ လက်စွပ် ၊ ကြယ်သီး ၊ ဆွဲကြိုး တွေ ဆင်ချင်စိတ် အမြဲ ပေါ်ခဲ့၏ ။ ဆင်ပေး ပြီးရင် လည်း အရင် တစ်ပတ် က လို ခွက်ခွက်လန် အောင် ရှုံးရင် ငါ ဆင်ထားတဲ့ လက်ဝတ်ရတနာ ကလေး တွေ ငါ ပြန် ဖြုတ် နေရတော့မယ် ဟု တွေးကာ မသက်မသာဖြစ် သည် ။

သူမ ကြိုက်တဲ့ အလောင်းအစား ကို မလုပ်ပေးတော့ပါဘူး ဟု မရခင် က မို့ သူ တွေးတော နိုင်သေးသည် ။ သည် အထဲ က ခေါင်းမာ တတ်သည့် ညာဉ် က တစ်ထောင့် မှ ညွှန်ပြ နေသည် ။ သူ့ အိမ် ကို ပိုက်ဆံ တတ်နိုင်သော ၊ လက်ဆောင် ပေးတတ်သော အမှုသည်များ လာလေ့ ရှိ သည် ။ ထို ဧည့်သည်များ ကို ပြုံးရွှင် လက်ခံ စကား ပြောရန် ကိန်းရောက် တော့မည် ထင်သည် ။

( ၄ )

တုတ် အထက် တစ်အိမ် ကျော် မှ ရှမ်း နှင့် အင်္ဂလိပ်ကပြားမ က မူ ဘာမှ မပြောဘဲ ဖဲများ ကို လိုက်၍ သိမ်း၏ ။ သူ့ လက် ၌ စီးကရက် တိုနေ ချေပြီ ။ သူ သည် ငယ်ငယ် က တော်တော် လှဟန် ရှိ လေသည် ။ ယခု အသက် လေးဆယ် နီးပါး ရှိနေပြီ ဆိုတာ တောင် မဟာဆန်ဆန် ခံ့ညား သော ရုပ်ရည် ရှိသေးသည် ။

လှပသော မိန်းမ ထဲ မှာ သူ သည် ကံ အဆိုးဆုံး လို့ ဆိုချင်သည် ။ သူ သည် အသက် နှစ်ဆယ်ကျော် ရွယ် ထိ ဂါဝန် ဝတ် နေမိလို့လား မသိ ၊ ဗမာ ယောက်ျား ဘယ် တစ်ယောက် က မှ သူ့ ကို အတည် မလိုချင်ချေ ။ သူ က ဗမာစိတ် ရှိသည် ။ ဗုဒ္ဓဘာသာ လည်း ဖြစ်သည် ။ သူ သည် ဗမာ ယောက်ျား တစ်ယောက် နှင့် ခဏမျှ အိမ်ထောင် ကျဖူးသည် ဆို၏ ။ သူ့ မှာ ဗမာရုပ် သက်သက် ဖြစ်ကာ အရုပ်လည်း ဆိုးလှသော သမီးကလေး တစ်ယောက် ရှိသည် ။ သူ့ ဗမာယောက်ျား က သူ့ ကို ပစ်ကာ အိမ် က ပေးစား သော ဗမာမ နှင့် ပြန် ယူသည် လို့ ကြားရ၏ ။ သူ သည် ရှမ်းသွေး ၊ အနောက်နိုင်ငံသွေး စင်စစ် ဖြစ်လျက် နှင့် ဆိုရိုး ရှိသော စကား တို့ နှင့် ဆန့်ကျင် ကာ အတော် တည်တံ့သော သဘော ရှိသည် ။ သူ့ ယောက်ျား ကို လည်း အင်မတန် ချစ်သည် ဆိုသည် ။ သမီးလေး ကို ကျောင်းအိပ် ကျောင်းစား ထား ကာ သူ က ဝိုင်ဒဗလျူစီအေ မှာ နေပြီး တစ်သက်လုံး တစ်ယောက် တည်း နေလာသည် ။ လက်နှိပ်စက် စာရေးမ ပေမည့် အင်္ဂလိပ်သွေး မို့ အင်္ဂလိပ်ကုမ္ပဏီ မှာ လုပ်ရ တော့ လခ လည်း မနည်းလှဘူး ဆိုသည် ။

သူ့ ၌ တွယ်တာစရာ သမီးကလေး က လွဲ၍ ဘာမှ မရှိ ။ စိတ် ဝင်စားစရာ လည်း ဘာမှ မရှိ ။ လင်ယောက်ျား နှင့် ကွဲစ က တော့ ဘုရား ကို ရှိခိုး လို့ နေသည် တဲ့ ။ ဗုဒ္ဓဘုရား ကို ရှိခိုး လို့ တောင် အားမရ သည် နှင့် ဖအေ အင်္ဂလိပ် ရှိစဉ် က လိုက်သွားဖူး သော ဘုရားရှိခိုးကျောင်း များ ကို တောင် လိုက်ပြီး ရှိခိုးသည် ။ သို့သော် ဗမာမ နှင့် အတည်တကျ ဖြစ်နေ သော လင်သည် က အရိုအသေ တန်ဖွယ်ရာ သော ပြန်လည် ဆက်ဆံမှု မျိုး လုပ်ချင်ဟန် လာ ရောက် စကား ကမ်းလှမ်း သော် သူ သည် တစ်ကြိမ် မျှ လူသူလေးပါး ကို မငဲ့မကွက် မရှက်မကြောက် ချုံးချ ငိုယိုပြီးသည် နှင့် တစ်ပြိုင်နက် အိမ်တကာ ကို လည် ၍ ဖဲ ကစားသည် ။ သည် တစ်ခု ပဲ သူ လုပ်လို့ ရသည် ။ သူ ၌ စာဖတ် ဝါသနာ မရှိ ။ သိုးမွေး ၊ ဇာ ၊ တက်တင်း ထိုးခြင်း ကလည်း တွေးမောခြင်း ကို အားပေး လေ တော့ စ ကို မဝံ့ ။ သူ သည် ရုံး မှ ဆင်းသည့် စနေနေ့လယ် က ထိုင် ကစား လိုက်သည် မှာ တနင်္လာနေ့ မနက် မှ ထ ရသော ဝိုင်းမျိုး ကို မှ ရှာ၍ ကစား တတ် လေ့ ရှိသည် ။ ထို့ကြောင့် သည် အိမ်ဝိုင်း သို့ အလာအရောက် နည်းသည် ။ သူ့ တွယ်တာ ခိုကိုးရာ သမီး က လည်း အရွယ် ရောက်၍ ရည်းစား နှင့် တွဲဖက် သွားလာ တတ်ပြီ ဖြစ် လေရာ စိတ် ချောက်ချား တိုင်း ဖဲ ကိုသာ မဲ ၍ ကစား ရှာသည် ။

မကြာခင် ပင် ပေးရှင့် အမည် ရှိ တစ်ယောက် တည်း ကစားနည်း ကို ပင် သင်ရ တော့ မည် ထင်သည် ။

သူ သည် ဖဲကစား တိုင်း အနည်းငယ် ရှုံးလေ့ ရှိသည် ။ တစ်ခါ တစ်ရံ တော့ ခပ်များများ နိုင်လေ့ ရှိ၏ ။ ထို့ကြောင့် စာရင်း ရှင်း လိုက် လျှင် အရှုံး နှင့် အနိုင် ထေမိသည် သာ များသည် ။ တစ်ခါတစ်ရံ အနိုင် က ပို လျှင် သမီးလေး ဖို့ အသုံးမကျ သော်လည်း လှပ၍ တန်ဖိုး ကြီးသော ပစ္စည်းမျိုး ကို ဝယ်ပေး တတ် လေသည် ။

သည်တစ်ခါ တော့ သူ သည် တုတ် ကို ချိန် ထားသည် ။ သူ တော် တော် ဖဲ ကောင်း နေစဉ် မို့ ချိန်ခြင်း တည်း ။ စောစောက မှန်မှန် ပေး နေရပြီး တုတ် ကြီး လျှင် တစ်ခါ ဒေါင်း ကာ တစ်ခါ ဝင် စားတတ်သည် ။

သူ့ ဖဲ မှာ ဝေပါ နှစ်တွဲ ပါသည် ။ ဂဏန်းစဉ် တစ်ပြူး ပါသည် ။ တက်ဖဲ တစ်ချပ် အသင့် ရှိသည် ။ သို့သော် ဂဏန်းစဉ် အပြူး မှာ လိုသည့် ကြားဖဲ သည် နှစ်ချပ်စလုံး ထွက် သွား လေရာ ဂျိုကာ မျှော် နေဆဲ ဂျိုကာ နှစ်ကောင် လုံး သူများ ရ သွားကာ ဖဲ က လည်း မပူး လာ သဖြင့် ဘယ် နည်း နှင့်မျှ မဒေါင်းနိုင်ဘဲ သည်လို ငုတ်တုတ် နေလိုက်ရ လေသည် ။

တုတ် ပျက်တာ တော့ သူ ဝမ်းနည်း၏ ။ အကြောင်းမူ ကား တခြား ဝိုင်း သို့ သွားရဦးမည် မို့ပင် ။ ခုလို ညနေပိုင်း မှာ သွား တော့ ဝင် ကစားစရာ အိမ် မရှိ ဖြစ် တတ်သည် ။ သူ့ အိမ် နှင့် သူ စေ့ နေ ကာ တစ်နာရီ နှစ်နာရီ မျှ ဘေးက ဖဲ မျှော်ပြီး မှ ဖယ်ပေးသူ ၊ ထ ပြန်သူ ရှိ မှ ဝင် ကစားရ တတ်၏ ။ “ ဖဲ က ကောင်းပါရဲ့ရှင် ... ကံကြမ္မာကြောင့် ပဲ ” ဟု သူ က ပြောလိုက်သည် ။

သူ သည် စကား ဝဲ သောကြောင့် တစ်ကြောင်း ၊ စိတ် မပျော် သောကြောင့် တစ်ကြောင်း စကား များစွာ ပြောလေ့ မရှိ ။ ပြီးတော့ သူ သည် ကပြားများ ပြော တတ်သော ဗမာစကား မပီမပြင် ကို ခပ်ချဉ်ချဉ် နှင့် ပြောလေ့ ရှိရာ တကယ် မတတ် လို့ ပြောသည် ထင်ကြ သဖြင့် စိတ် ညစ်လေ့ ရှိပြီး ခပ်ချဉ်ချဉ် ပြောသည့် အကျင့် ကို ဖျောက်ဖို့ စိတ်ကူး ရဆဲ ရှိလေသည် ။

တုတ် ကို တကယ် ချိန်သူ မှာ တုတ်ထိန်းသူ ဖြစ်၏ ။ သူ သည် ဖဲဝိုင်းတကာ ၌ ကျော်ကြားသူ တည်း ။ ဖဲကစား လည်း ကျွမ်းကျင်၏ ။ တွက်ချက် ချိန်ဆ ပြီး လည်း ကစား၏ ။ စိတ် လည်း အင်မတန် ရှည် သည် ။ ချိန်ဆ နိုင်သည် ။ ဆယ်ချပ် စလုံး ဂဏန်း တစ်စဉ် ရအောင် ဆွဲ တတ်သည် ။ သည်တော့ သူ သည် မှတ်မှတ်ရရ လေးဆယ် ခန့် တစ်ခါ မျှ ရှုံးဖူးသည် က လွဲ၍ အမြဲအစဉ် လိုပင် ငွေ ပိုက်၍ အိမ် ပြန်ရသည် ချည်း ဖြစ်သည် ။

သူ့ အသံများ သည် လည်း အကျယ်ဆုံးတည်း ။ စကား လည်း များများ ပြော၏ ။ နိုင်လေ အသံကျယ် နှင့် စကား များလေ ဖြစ်ရကား ဖဲဝိုင်း သည် သူ မပါလျှင် ခြောက်ကပ်ကာ ပျင်းစရာ တစ်မျိုး ဖြစ်ရသည် ။

သည် တုတ် ကို သူ စား ချင်သည် ။ သည် တုတ် စားရလျှင် တုတ် ဖိုး ချည်း ငါးဆယ် နီးပါး ရမည်တည်း ။ ဖဲ နိုင်တာ ကို သူ မြိန်သည် ။ အကြောင်းမူ ကား သူ သည် ကလိန် လေ့ မရှိ ။ သူများ ဖဲ ကို မျက်လုံး လှန် ၍ ကြည့်လေ့ မရှိ ။ ဖဲပက်လက်ကြီး ကိုင် တတ်သူ ၊ လာ ကပ် ထိုင် လျှင် မြင်ရ မစိုး၍ ဇက် တစ်ဖက် ခိုင် နေတတ် လေရာ နိုင် လျှင် သူ့ ကံ နှင့် သူ့ အစွမ်းအစ ကြောင့် သာ ဖြစ်ရကား မြိန်သင့်သည် ထင်သည် ။ တစ်ဝိုင်း လုံး ရှုံး ၍ နေလျှင် တော့ သူ သည် နောက်ဆုံး တုတ် ကို စား သည့် တိုင် မစားဘဲ အိမ် ပြန်လေ့ ရှိလေသည် ။

ယခု ဖဲ ဝေ ပြီးသော် အဒေါင်း ကစားရမည်လား ၊ တုတ်ကောင်း ကောင်း ထိန်းရမည်လား စဉ်းစား၏ ။ ဖဲ က မကောင်း တကောင်း ရှိ သည် ။ သည်လောက် ဖဲ ကို ဒေါင်းအောင် ကစားမည် ဆိုလျှင် ကစား နိုင်၏ ။ အထက်အိမ် က ကူ ထိန်းမည် ဆိုလျှင်တော့ အဒေါင်း ကစား နိုင် သည် ။ အထက်အိမ် ကို လည်း သူ  အားကိုးသည် ၊ ခေါ် ကစား လို့ရ၏ ။ အောက် အိမ် ကလည်း သည်နေ့ အဖို့ ဖဲ အတော် တက် နေရကား အင်မတန် နှိမ် နိုင်မှဖြစ်မည် ။ အမှန်စင်စစ် သည် အိမ် မှာ မေမေကြီး အိမ်ဟောင်း တည်း ။ မေမေကြီး က မထိန်းတတ် သဖြင့် ဆရာမကလေး သာ ဒေါင်း ချည်း နေသလား ဟု သူ က ထိန်း ရန် အိမ်ပြောင်း လာခြင်း ဖြစ်သည် ။ အများ က သဘော တူသည် ။ တုတ် က ကြီးလာပြီ ဆိုတော့ ဖဲ ကောင်း လျှင် စားပါ ။ အထိန်း မတတ်လို့ တော့ မစားစေနဲ့ ။ တခြား လူ မှာ နစ်နာတယ် ။ တုတ် ဆိုတာ လူတိုင်း ရဲ့ ပစ္စည်း ။

သူ့ မှာ ငါး တစ်တွဲ ပါသည် ။ ဖဲ ဝေပြီး အထုပ် မှ လှန် လိုက်သော် ပေါ် သည့် ပန်းကန်ဖဲ မှာ ငါးညှင်း တည်း ။

သည်တော့ သူ နည်းနည်း စိတ် ရှုပ်သွား၏ ။ ကိုယ့် မှာ ရှိသည့် သည် တစ်တွဲ ကို ဖျက် ကာ တုတ် ကို ငါး နှင့် ချည်း ပေါက်ရတော့မည် ဆို လျှင် ဒေါင်း ဖို့ အင်အား မရှိ ။ ဂျိုကာ လည်း မပါ ။ ဘာပဲဖြစ်ဖြစ် ဆယ်ချပ်ဖိုး ပေးပြီး တုတ် ထိန်း လိုက် လျှင် နောက် တစ်ခါ ဒေါင်း အောင် ကစား နိုင်၏ ။ တုတ် ချိန်နိုင်၏ ။ ငါးတွဲ ကို မနှမြောချင်တော့ချေ ။

“ ကဲ ... ခေတ်မီသူလား ” ဟု တုတ်အိမ် ကို မေးမြန်း၏ ။

“ မမီပါဘူးရှင့် ၊ ငါး မကြိုက်ပါဘူး ။ ပုစွန်မှ ” ဟု တုတ်အိမ် မှ ဆရာမကလေး က ဖြေသည် ။

တုတ်အိမ် က သုံး ကို ပစ်သည် ။

“ သုံး မကြိုက် ၊ ငါး မကြိုက် ” ဟု တုတ်ထိန်းဆရာကြီး က ရွတ် လေသည် ။ တုတ် အောက် က သုံး ကို မကောက် ။

မိမိ အလှည့် ရောက် လာ လျှင် “ ပွင့်တူ ရှိရင် လိုက်ချင်တယ် နော် ” ဟု ညည်း လိုက်သေး၏ ။ ထို့နောက် ငါးစပိတ် နှင့် တုတ်အိမ် ကို လိုက် ကာ အထုပ် ထဲ က ဂျိုကာ ကို မှန်းဆရင်း “ လာပြီမေ .. လာပြီမေ ” ဟု သူ့ ဖေးဘရိတ် မြင်းနာမည် ဖြင့် ခေါ်၍ ဆွဲလေ၏ ။

“ ဘုရားရေ ... ခေါ်ဖဲ တော့ မိပြီ ။ ပစ် လိုက်သော ငါးစပိတ် ကို ကောက်တယ်ပါလား ။ ဟေးလ်မေရီ ၊ ဟိုးလီးမေရီ ၊ တုတ် စားတော့မယ် ထင်သည် ။ အဲဒါ တစ်တွဲ ရှိလျက် နှင့် အတွဲ ဖျက်ပြီး လိုက်ရတာဗျို့ ။ နစ်နာ လိုက်တာနော် ။ သူများ မကောင်းကြံ ကိုယ် ဘေးဒဏ်ထိပဲ ” စသည်ဖြင့် ရောက်တတ်ရာရာ တွေ ထွက် မိသည် ။

သို့လျှင် နောက် တစ်လှည့် မှာ သေချာပြီရယ် လို့ ငါးဒိုင်းမွန်း နှင့် လိုက် ပြန်တော့ ကောက်ပြန်ပါ လေရော ။

သည်လို တစ်ချက် ခုတ် နှစ်ချက် ပြတ် ခေါ် လိုက်တော့ အမိ ခံရ တာ မသက်မသာ ဖြစ်လှသည် ။ နှစ်ခါ ကောက်ပြီးပြီ ။ ဂျိုကာ နဲ့ ဆိုတော့ ဆက်ဖဲ ပဲ လိုတော့တာပေါ့ ။ အေးလေ ဘာဖြစ်ဖြစ် အသက် ‌ေ သသည့် တိုင် အလံတိုင် မလှဲဘူး ကွ ။ ဆက်ဖဲ နဲ့ တစ် နေအောင် ကပ်ထားဦး မှ တော်မည်တည်း ။

သို့လျှင် တုတ်အိမ် က လေးငါးခြောက် စပိတ်တစ် တွဲ ကျသော် “ ဘေးယားဖြောက် ” ဟု သူ က ကောင်းချီးပေး လိုက်ကာ ငါး ခြောက် ခုနစ် ဒိုင်းမွန်းတွဲ ကျ လာသော် “ ထို့ပြင် ရှစ် ” ဟု အော်လိုက်သေး၏ ။

ခုတော့ တုတ်အိမ် မှ လေးချပ် ကျန်ပြီး ဘေဖဲ ပေးလို့ မဖြစ် ။ တုတ် အိမ် က ဘေဖဲ ဆွဲ နေဟန် ရှိဆဲ အထက်အိမ် က တစ်လှည့် ကူ ထိန်းသဖြင့် အထုပ် ထဲ က ရ လာသော လေးတစ်တွဲ ကို ချ လိုက်ကာ နောက် တစ်လုံး လည်း ဆက်ရ သေးသည် ။

တစ်ဝိုင်းလုံး အနှံ့ လိုက် ကြည့်သော် ဘယ်သူ မှ ပြီးနိုင်ပုံ မပေါက် သေး ။ အထက် အိမ် ကတော့ သုံးချပ် ခေါ်တော့မည် ။ အထက်အိမ် က ဆရာမ ကို နောက်ပိုး ချင်သူ က ထိန်း နေတော့ ခက်သားပဲ ။ မေမေကြီး က လည်း နိုင်သလား မသိ ။

“ ပြီးနိုင်သလား ... ပြီးနိုင်သလား ” ဟု သူ က မေး လိုက်၏ ။

“ ထိန်းထားပါ ... ဆက်ဖဲ မပေးနဲ့ ” ဟူသော အဖြေ ကို ပေးကြလေ ရာ သုံးတွေ ၊ ငါးတွေ ၊ ခြောက်တွေ နဲ့ ချည်း ရှာကြံ ပေါက် နေရလေ၏ ။

သို့သော် အင့်ဟင် တုတ်အိမ် က ချ ထားသော ငါး ၊ ခြောက်ခုနစ် တွဲ မှာ မျက်နှာချင်းဆိုင် အိမ်က လူ ကို ခပ်ကြိုက်ကြိုက် နဲ့ လိုက်ပြီး ရှစ်ဆက် တယ်ပါလား ။ ဒါပေမဲ့ ဖဲထောင် ချင် ရင် ပထမတွဲ မှာ ထောင် မှာ ၊ အရင် ချ ထားတာပဲ ။ ကိစ္စ မရှိ ။ ဟော ... ပြောရင်း ဆိုရင်း ကိုး ကို တုတ်အိမ် က ဒက်ခနဲ ဆက်ပြီ ၊ ဆက်ဖဲ လိုတာမဟုတ် ၊ တည့်ဖဲ လိုနေတာပဲ ပြီးပြီ ထင်ပါ ရဲ့ ။ “ အမယ်လေး ... ဒီ ကိုး ကို ၊ ကျုပ် ဆက် မလို့ဗျ ” ဟု အော် လိုက်သေး ၏ ။

“ သွားပါပြီဗျာ .. သွားပါပြီ ”

တုတ်အိမ်ရှင် က “ အမယ်လေး ဝမ်းသာ လိုက်တာ ”

“ ရော့ဗျာ ” ဟု သူ မဆက် လိုက်ရသော တုတ်အိမ် က ဆက် ပစ် သော ကိုးပွင့်တူ ဒိုင်းမွန်း နှင့် လိုက်လိုက်ရာ ဆရာကလေး ၏ ခိခနဲ ရယ် သံ နှင့် ‘ ချိန်း ’ ဟု အော်လိုက်သံ ကို မယုံနိုင်စရာ ကြားရ လေသည် ။

“ ဘယ်လိုတုံး .. လိမ် ချိန်းတာပါ ။ အလကား ” ဟု သူ က ပြော၏ ။

“ တကယ် ချိန်းတာပါ ၊ ဆက်စရာ ရှိ ဆက် ။ ဘေစရာ ရှိ ဘေကြ နော် ။ တုတ် စားပြီ ။ ပြီးရင် လည်း ပြီးလိုက်ကြ ၊ ဒီတစ်လှည့် ကို ” ဟု ဆရာမ ၏ ကြေညာသံ ကို ကြားသော် သူ့ ခမျာ သည် “ အင်း ... ဒီ တစ်ပတ် တော့ မြင်းလောင်းစရာ ပိုက်ဆံ အပို မရတော့ဘူးလေ ။ ခါတိုင်း ဆို ရင်တော့ တတ်နိုင်တာ ထက် ပိုပို လောင်းရတယ် ။ ဒီ ဝိုင်း က ပိုက်ဆံ သယ် သွား ၊ မြင်းပွဲ မှာ ထားခဲ့နဲ့ ပစ်ထား တဲ့ ကိုး ဆရာမ စားတယ်နော် ။ မကောင်းဘူး ရှိတယ် ။ သုံးခါ ကောက်တယ် ။ ဒေါင်းရောပေါ့ ” စသည် ဖြင့် ညည်းညူကာ ခြောက်ချပ်ဖိုး နှင့် တုတ်ပါ ပေး လိုက်ရသည် ။ သို့သော် လူပါး ပုလင်းထိ ခံရသည် မှာ နစ်နာလှရ ကား “ ဆရာမ ရယ် .. ဘယ်လို ဖြစ်တာလဲ ၊ ပြောစမ်းပါဦး ” ဟု မေးမိ လေသည် ။

( ၆ )

ဆရာမ က ပြုံးလိုက်သည် ။ ပြီးတော့ ပိုက်ဆံ အမ်းစရာ ရှိသည် များ ကို အမ်း ရင်း ပြောသည် ။

“ လက်ထိပ် က တတ်တယ် မဟုတ်လား ။ ဒီတော့ ခေါ် ကစားရ တာပေါ့ ” ဟု သူ အစချီ လိုက်သည် ။ သည်လို လေသံမျိုး ကို သူ တတ်သည် မှာ မကြာသေး ။ ဖဲသက် လည်း ရင့် သေးသည် မဟုတ်ပါ ။ သို့သော် လည် လှလေပြီ ။ သူ သည် လည်း ညလုံးပေါက် ရမည် ဆိုလျှင် အချင်း ချင်း မျက်စ ပစ် ပြစရာ မလိုသူတည်း ။ နဂိုက အေးအေးရှင်းရှင်း နေလာ ရာ က ဖဲကစား တတ်လာသည့် တစ်နေ့ သ၌ အိပ်မက် ထဲ မှာ တောင် နိုင်း ၊ တင်း ၊ ဂျက် တွေ ၊ စပိတ်ဆင် စီ နေတတ်သူ တည်း ။ တည့်ပါလျက် နဲ့ မျက်စိ မှောက်ပြီး မကောက် မိ လျှင် နှစ်ည လောက် မအိပ်နိုင်သူ တည်း ။ သို့သော် ကစားသမား စိတ် တကယ် မရှိလေရကား သူတကာ ကို အားနာသည် နှင့် ပြောပြ ထားရသည် ။ ရှုံး လျှင် ထွက်မည် ၊ နိုင် လျှင် ဆက် ကစားချင်သည် လို့ပေါ့ ။ ထိုးဖဲ က ဝေတုန်း က ခြောက်တစ်တွဲ ပါတာရှင့် ။ ဒါပေမဲ့ ကံကောင်း တာ က ခြောက်စပိတ် နား မှာ ကပ်စရာ လေးစပိတ် တစ်ချပ် ပါ သရှင် ။ ခြောက်ဒိုင်းမွန်း နား မှာ ကပ်စရာ ခုနစ်ဒိုင်းမွန်း ပါ သရှင် ။ ဒါနဲ့ ပန်းကန် ဖဲ က လည်း ငါး ပေါ် နေတော့ အလိုလို ခေါ်မိလျက် သား ဖြစ်တယ် မဟုတ်လား ။ ဒါနဲ့ ခြောက်တွဲ ကို ဖျက် ကစား ကာ တုတ် စားချင်တော့ ၊ တည့်တည့် ငါး နှစ်ချပ် စလုံးရတယ် ”

“ ဒါပေမဲ့ဗျာ ၊ လေးချပ် ကျန်တော့ ရှစ် သွား ဆက်ပြီး အဲဒီ ရှစ်ပဲ ဘာဖြစ်လို့ ကောက် ချိန်းရတာလဲ ”

“ ဒါကတော့ စွန့်တာပဲလေ ။ လေးချပ် ကျန်တော့ ဆက်ဖဲ လိုနေ တာ ကို ငါး ၊ ခြောက် ၊ ခုနစ် ချတုန်း က တမင် ထောင်တယ် မထင်အောင် နောက်မှ ချတာ ။ ထောင် တော့ ထောင် တာပဲ ။ ဟိုအိမ် က ရှစ် လာ ဆက် တော့ အတော်ပဲ ။ ကျွန်မ မှာ ဒိုင်းမွန်းကိုး ၊ တစ်ဆယ် ဆက် စရာ ရှိတယ် ။ ကိုယ့် မှာ ဆက်ဖဲ အသင့် ရှိရင် တစ်ချပ် ကစားနိုင်တယ် ။ ဒါမှမဟုတ် ဆက်ဖဲ ဆွဲ နေနိုင်တယ် ။ တစ်ချပ် ရှိတာ ဆက်ပြီး အဲဒီ သုံးချပ် နဲ့ ဆက်ဖဲ ရအောင် ခေါ် နိုင်တယ် ။ ဒါပေမဲ့ ဆက်ဖဲ ကလည်း မရှိ ၊ ဟိုအိမ် က ကျ လာတဲ့ ဖဲ က မမှန်ဘဲ ကိုး ။ ဒါနဲ့ လေးချပ် ဆိုရင် ဆက်ဖဲ ပေးမယ် မဟုတ် ။ ဒီ ဒိုင်းမွန်းကိုး ကလည်း မထွက်သေး ။ ပြီး တော့ ရှင့် ဆီမှာ ရှိမယ်ပဲ ထင် နေတာပဲ ”

“ ရှိတယ် ”

ဟုတ်သည် ။ ဆရာမ က မှန်း တတ်သည် ။ သူတို့ နှစ်ယောက် အထက် အောက် ပြောင်း ထိုင် တိုင်ပင်၍ တုတ်ထိန်းလျှင် “ ဖဲစိမ်းပေး ” လို့ တောင်းစရာ မလို ။ “ တည့်ဖဲပေး ” ဆို လျှင် ဆရာမ က စဉ်းစဉ်းစားစား တည့်အောင် ကို ဆိုက်ဆိုက်မြိုက်မြိုက် ပေးတတ်လေ၏ ။

“ ဒါနဲ့ နှစ်လုံး ထဲ က တစ်လုံး တည်း သွား တက်ရောလား ”

“ မဟုတ်ဘူး ၊ ဂျက် တက် လာလို့ တစ်တွဲ ကို ဖြစ် နေတာ ။ ဖျက်ပြီး ဟိုမှာ ကိုး သွား ဆက်လိုက်တာ ။ တထိတ်ထိတ် ပဲ ရှင် ၊ တစ်ဆယ် နဲ့ ဂျက် ကျန် တော့တယ် ။ ကိုး က ပေါ် ကို မပေါ် တော့ ကျွန်မ ပစ် လိုက် ရင် ဒီ ဖဲ သာ ဖဲထုပ် ထဲ မနေဘဲ လက် ထဲ မှာ သာ ရှိရင် သုံးချပ် ခေါ်တော့ ကြောက် ပြီး ပွင့်တူ လိုက်ကြမှာပဲ လို့ တွက်တယ် ။ စောစောက လည်း ငါး တွေ ခေါ်ဖဲ မိထားတယ် မဟုတ်လား ။ ဒီလို တွက်ပြီး စွန့် လိုက်တာပဲ ”

“ ရက်စက်ပါပေ့ဗျာ .. ဒီ ဖဲ ဟာ ဟောဒီ အထုပ် အောက်ဆုံး မှာ ကပ် နေရင် ကော ”

ဖဲ နိုင် သဖြင့် ပိုပြီး လှနေ သလို လို ရှိသော မိန်းကလေး က ရယ် ဟဟဖြင့် “ နောက် တစ်ခါ ဂျိုကာ နှစ်ကောင် နဲ့ စားမှာပေါ့ ရှင် ။ အဲဒီ တော့ တုတ် က တစ်ဆယ် အထိ ဖြစ်သွားမှာ ” ဟု ပြန် ဖြေသည် ။

◾ကြည်အေး

📖 ရှုမဝ မဂ္ဂဇင်း
      အမှတ် ၁၂၂
      ဇူလိုင် ၊ ၁၉၅၇
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment