Showing posts with label ညီပုလေး. Show all posts
Showing posts with label ညီပုလေး. Show all posts

Sunday, July 12, 2026

စီးပွားရေး ကြီးပွားရေး ဝတ္ထု


❝ စီးပွားရေး ကြီးပွားရေး ဝတ္ထု ❞
           ( ညီပုလေး )

ကားဂိတ်က ဆိုက်ကားဆရာလေး နင်းလာနေတာကို ခပ်လှမ်းလှမ်း ကတည်းက သူ မြင်တယ် ။ အင်္ကျီအိတ်ထဲ လက်နှိုက်ကြည့်တော့ ဆိုက်ကားဆရာလေးကို ပေးစရာ ကျပ်တန်က မရှိပြန်ဘူး ။ ဆိုက်ကားဆရာလေး ကိုပဲ အအမ်းခိုင်းရမှာလို့ စဉ်းစားပြီး အိမ်ဝက စောင့်နေလိုက်တယ် ။

စာအိတ်ပေါ်က မြန်မာလို မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တဲ့ လက်ရေးကို မြင်လိုက်တာနဲ့ပဲ သိလိုက်ပြီ ။ ဦးသောင်းဉာဏ် မျှော်လင့်ထားတဲ့ အတိုင်းပဲ ။ ဆိုက်ကားဆရာလေး ယူလာတဲ့ စာဟာ လားရှိုးက သူ့ ဖောက်သည် ကားကြုံနဲ့ ပါးလိုက်တဲ့ စာပေါ့ ။ ဦးသောင်းဉာဏ်က ဆိုက်ကားခ ထုတ်ပေးတော့ လူငယ်လေးမှာလည်း အမ်းစရာက ငါးကျပ်တန်ပဲ ရှိနေတယ် ။

မိုးဇော်တို့ အောင်မောင်းတို့ မင်းတို့မှာ ရှိရင် ခဏ စိုက်ထားလိုက်ကြဦးကွယ်နဲ့ ထုံးစံအတိုင်း ဖြေရှင်းလိုက်တယ် ။ ထုံးစံအတိုင်းပဲ တပည့်ကျော် အောင်မောင်းက သူ့ဆရာ ကိုမိုးဇော်ရဲ့ အင်္ကျီအိတ်ထဲ ရှာကြည့်မယ် တွေ့ ရင် ယူပေးလိုက်မယ် ။ မတွေ့ ရင် ဆရာကိုမိုးကျော်ရဲ့ အိတ်ထဲရှာ ၊ နောက်ဆုံး မတွေ့ ရင် သူ့အင်္ကျီထဲ နှိုက်ကြည့် ၊ ဘယ်မှ မတွေ့ ရင် ဆရာကြီးဦးသောင်းဉာဏ်ကတော် ဒေါ်ဒေါ်လုံး ဆီ သွားတောင်းရမယ် ။

အောင်မောင်းက လက်ထဲက စုတ်တံကို ခဏချပြီး အင်္ကျီတွေ ချိတ်ထားတဲ့ နေရာကို ခပ်သွက်သွက် လျှောက်သွားလိုက်တယ် ။ ဦးသောင်းဉာဏ်က စာကို ဖောက်ဖတ်နေတယ် ။ ခုနက ခါးတွေ ကုန်းပြီး ပန်းချီရေးနေကြတဲ့ မိုးကျော်တို့ညီအစ်ကိုကလည်း စုတ်တံတွေ ကိုင်ထားရင်း သူတို့ အဖေကို လှမ်းကြည့်နေကြတယ် ။ စာဖတ်တာ ပြီးသွားတော့ ခေါင်းတစ်ချက် ညိတ်ပြီး စာကို မိုးဇော်လက် လှမ်းရင်း ‘ ကိုသိမ်းမြို့က အချပ်သုံးဆယ် ပို့ပါဦး ’ လို့ ရေးလိုက်တာပါတဲ့ ။

ဆိုက်ကားဆရာလေးနဲ့ အောင်မောင်းတို့ တောင်မှပဲ တစ်ယောက်နဲ့ တစ်ယောက် မျက်မှန်း တော်တော်တန်းမိနေကြပြီ ။ ပြုံးပြနှုတ်ဆက် ကြရင်း ဆိုက်ကားခ ရှင်းလိုက်တယ် ။

မိုးဇော်ကလည်း စာကို ဖတ်ပြီး သူ့အစ်ကို မိုးကျော်ဆီ လက်ဆင့်ကမ်းလိုက်ပြန်တယ် ။ မိုးကျော်က စာဖတ်ပြီးတော့ ဟုတ်မှ ဟုတ်သေးရဲ့လားဗျ ။ တစ်နေ့ကတင် ပန်းချီကား အချပ် သုံးဆယ်တောင်တင်ပို့လိုက်တာ ဘာကြာသေးလို့လဲ အဖေရယ် တဲ့ ။

ဦးသောင်းဉာဏ်က အမှာစာတွေကို စုပြီး ညှပ်ထားတဲ့ စာတွဲ ကလစ်လေးကို တစ်ရွက် ချင်း လှန်ပြီး ကြည့်နေတယ် ။ သိပ်မရှာရပါဘူး ။ အပေါ်နားတင် ဘောလ်ပင်နဲ့ ခပ်ဖိဖိ ရေးထားတဲ့ ကိုသိမ်းမြို့ရဲ့ အမှာစာကို သွားတွေ့တယ် ။

မမှားပါဘူး ကျော်ကျော်ရ စာထဲမှာလည်း ပါသားပဲ ၊ နောက်ဆုံး ပို့လိုက်တဲ့ ပန်းချီ အချပ်သုံးဆယ် ရတယ်တဲ့ ။ ဒါနောက်ထပ် ထပ်မှာတဲ့ အမှာစာပဲ ဖြစ်ရမယ် ။ ကိုသိမ်းမြို့တို့ကတော့ စီးပွားတက်တယ်ဟေ့ ။ ဦးသောင်းဉာဏ်ရဲ့ စကားမှာ ဝမ်းမြောက်သံကြီး စွက်လို့ ။

မိုးဇော်က ရေးလက်စ ပန်းချီကား ပြီးသွားတော့ စုတ်တံကို ရေနံခွက်ထဲ နှစ်လိုက်တယ် ။ ရေနံခွက်ထဲက ရေနံဆီကလည်း ခပ်ကျကျ လက်ဖက်ရည်ရောင်ပေါက်နေတဲ့ သာလွန် ပြည့်ဝ ရေနံဆီပဲပေါ့ ။

ပြီးတော့ အညောင်းဆန့်ရင်း ဇက်ကို ဘယ်ညာ ချိုးလိုက်တယ် ။ မိုးဇော် တော်တော် ညောင်းနေပြီ ။ သူ့ပုံမှန် စံချိန်အတိုင်း ပန်းချီကား ရှစ်ချပ် ဒီနေ့ ပြီးတယ် ။ ဒီနေ့ သူ ရေးတဲ့ ကားတွေက စားကျက်ထဲမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ မြင်းရိုင်းခုနစ်ကောင်ပုံတွေပေါ့ ။ နောက်ကျောပေးနေတဲ့ မြင်းရိုင်း ၊ တင်ပါးကို လှည့်ပြီး နှုတ်သီးနဲ့ အယား ဖျောက်နေတဲ့ မြင်းရိုင်း သန်သန်ထွားထွားကြီးတွေ ။ လည်ဆံမွေး တဖွားဖွားနဲ့ ။

ဦးသောင်းဉာဏ်ရဲ့ သားနှစ်ကောင်မှာ မိုးဇော်က အငယ် ၊ တက္ကသိုလ် စာပေးစာယူ တက်ရင်း မိဘအလုပ် ကူလုပ်နေတာ ။ မိုးဇော်က သတို့သား သတို့သမီးတွေကို အမှတ်တရ လက်ဖွဲ့လေ့ရှိကြတဲ့ မင်္ဂလာဆောင် မှန်ပန်းချီမျိုး ရေးလေ့ရှိတယ် ။

မှော်ပင်တွေကြားမှာ မျက်လုံးပြူးပြူးလေးတွေနဲ့ ပျော်မြူးနေကြတဲ့ ရွှေငါးမောင်နှံ ပုံ ၊ ကောင်းကင်ပြာစိမ်းစိမ်းကို နောက်ခံထားပြီး ချစ်တင်းနှောနေကြတဲ့ စာမရီစုံတွဲတို့ ၊ ရွှေရောင်မင်္ဂလာသင်္ကေတကို အလယ်မှာ ထားပြီး အရောင်နီလွင်လွင်တွေနဲ့ ရေးထားတဲ့ နဂါးနှစ်ကောင်လည်း မိုးဇော်က အရေးတော်တာပဲ ။ ဒေါင်းပျိုနဲ့ ဒေါင်းဖိုကို အစိမ်းရင့်ရင့် အပြာလွင်လွင်နဲ့ သူ ရေးထားတာလည်း လိုချင်စရာပဲလေ ။ ဦးသောင်းဉာဏ် လက်ထက်သင်ပေးလို့ ဖအေ့လက်ကျလက်န အကုန်ရထားတဲ့ သားအငယ်ကောင်ပေါ့ ။ မိုးဇော် ကိုယ်တိုင်လည်း သူများရေးတဲ့ ပန်းချီကားတွေကို လေ့လာတယ် ။ ပုံတူကူးထားတယ် ။ သူ ရှာဖွေထားတာ တရုတ်နဂါးချည်း ကိုးမျိုး ရှိတယ် ။ ခေတ်အမျိုးမျိုး ဟန်အမျိုးမျိုးပေါ့ ။ အဲဒါတွေကို ပေါင်းစပ် တီထွင်ပြီးတော့ မှန်ပန်းချီတွေ ရေးနေတယ် ။

သူ့အစ်ကို မိုးကျော်က တစ်ဘာသာ ။ သူက ရှုခင်းကား အရေးကောင်းတယ် ။ တစ်ထပ်တိုက် ၊ နှစ်ထပ်တိုက် ၊ ပေါ်တီကိုနဲ့တိုက် ၊ ဝရန်တာနဲ့တိုက် ၊ မှန်လုံဆလွန်းကားလေးတွေလည်း သူ့ပန်းချီကားမှာ ထည့်ရေးတတ်တယ် ။ စိမ်းညိုနေတဲ့ အုန်းပင်တွေလည်း ထည့်ရေးလေ့ရှိတယ် ။ နီထိန်နေတဲ့ စိန်ပန်းပင်တွေလည်းပါတာပေါ့ ။ တစ်ခါတလေလည်း လေယာဉ်ပျံတစ်စင်းကို ကောင်းကင်မှာ ထည့်ရေးတဲ့အခါ ရေး ၊ နက်မှောင်နေတဲ့ ကားလမ်းနံဘေးမှာတော့ ပင်လယ်ပြာ ဒါမှမဟုတ် ကန်ပြာပြာပေါ့ ။ ပင်လယ် ဆိုရင်လည်း ပင်လယ်မှန်း သိအောင် ပင်လယ်ကူးသင်္ဘောတစ်စင်း ထည့်ပေးရတယ် ။ ရေကန် ဆိုရင်လည်း ကြာမျိုးစုံ သင်းတဲ့ ရေကန်လှလှလေးရေးပေးရတယ် ။

မိုးကျော်ရေးတဲ့ မှန်ပန်းချီကားတွေက တိုက်တက် မင်္ဂလာပွဲတွေ ၊ စားသောက်ဆိုင် အသစ်ဖွင့်ပွဲ ၊ ဒါမှမဟုတ် အလှပြုပြင်ဆိုင်ဖွင့်ပွဲတို့ တည်းခိုခန်းအသစ်ဖွင့်ပွဲတို့မှာ အမှတ်တရ လက်ဆောင်ပေးကြတဲ့ မင်္ဂလာမှန်ပန်းချီကားတွေလေ ။

မိုးကျော်က ဆယ်တန်း မှာ တထိုင်းထိုင်းကျပြီး ရှေ့မတက်တော့တဲ့ ကလေး ။ ဒါပေမဲ့ သူ့မှာ ပန်းချီလက်ရှိတယ် ။ ကျောင်းသားဘဝကတည်းက ပန်းချီပြိုင်ပွဲမှာ ဆုခဏခဏ ရဖူးတယ် ။

အောင်မောင်း ကတော့ ဆွေမကင်းမျိုးမကင်းထဲကပါပဲ ။ တောမှာ မိုးခေါင် ဓားပြပူလွန်းပြီး စီးပွားရေးကျပ်ကြလို့ ဦးသောင်းဉာဏ်တို့ဆီ ပို့လိုက်တဲ့ ကလေး ။ ဒေါ်ဒေါ်လုံး ဘက်က အမျိုးပါ ။ အဲဒီအိမ်မှာပဲ အိပ်စား ဆင်တာဝတ်ပြီး အောက်ခြေသိမ်းအလုပ်လုပ်နေတာ ငါးနှစ်လောက် ရှိပြီ ။ အခုဆို အောင်မောင်း လည်း သူရဿတီ မယ်တော်ပုံတို့ ၊ မဟာမုနိ ပုံတော်တို့ ၊ ဘိုးဘိုးအောင်တို့ ၊ ဘိုးမင်းခေါင်တို့ ပုံတွေ ရေးနိုင်နေပြီ ။ ဒီပုံတွေကို အရွယ်တော့ သိပ်မကြီးဘူးပေါ့ ။ အခုရက်ပိုင်းမှာ ဘိုးဘိုးအောင်ပုံနဲ့ ဘိုးမင်းခေါင်ပုံတွေလည်း အရောင်းရ တွင်နေတယ် ။

••••• ••••• •••••

ကျိုက်ထီးရိုး ဆီးမီးကိုးထောင်ပူဇော်ပွဲကို အဖေ သွားမယ် ဆိုတာ သွားဖြစ်အောင် သာ သွားပါဗျာ ။ အိမ်က အလုပ်တွေ အတွက် ဘာမှ နောက်ဆံတင်းမနေနဲ့ ။ ကျွန်တော် တို့ အခု ရေးနေတဲ့ မိုးကုပ်က အော်ဒါပြီးရင် ကိုသိမ်းမြို့ ရဲ့ ပန်းချီဆက်ရေးကြမှာ ။ မှန်တွေလည်း အသင့်ရှိနေတာပဲ ။ မိုးကုပ်ကို ပို့ရမယ့် ပန်းချီကားတွေလည်း မနက်ဖြန်သန်ဘက် ဆိုရင် ပို့နိုင်ပါပြီ တဲ့ ။ အောင်မောင်း မင်း ရေးနေတာတွေကရောလို့ မိုးကျော်က ဆက်မေး တော့ ကျွန်တော်လည်း မနက်ဖြန်ဆို အကုန်ပြီးပါပြီအစ်ကို တဲ့ ။

မိုးဇော်က ဒါဆိုရင် အလုပ်တွေကို ကျွန်တော်တို့ နိုင်ပါတယ်အဖေ ကျိုက်ထီးရိုး ဖူးချင်တယ် ဆိုရင် အခုလို အိမ်က ဇွတ်ခွာမှ ဖူးဖြစ်တော့မှာလို့ ဝင်ပြောတယ် ။

ဦးသောင်းဉာဏ်က ဆေးလိပ်မီးခိုးတွေ တထောင်းထောင်းထအောင် ဖွာရင်း စဉ်းစားနေတယ် ။

ကျိုက်ထီးရိုးရင်ပြင်တော်မှာ လုပ်မယ့် ဆီမီးကိုးထောင် ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ထဲက ရှမ်းပွဲက ဦးစောလွင် ဆိုတာ ဦးသောင်းဉာဏ်ရဲ့ သိပ်ခင်ကြတဲ့ မိတ်ဆွေတွေ ။ ပထမအကြိမ် ဆီမီးပူဇော်ပွဲ ကတည်းက သူ့ကို လိုက်ခဲ့ဖို့ မိတ်ဆွေတွေက ခေါ်နေကြတာ ၊ သူက လည်း ဒီနှစ်တော့ အလုပ်တွေ များနေလို့ဗျာ ၊ နောက်နှစ်တော့ လိုက်ပါ့မယ် ၊ လိုက်ပါ မယ့်နဲ့ နှစ်တွေ ရွှေ့ရွှေ့ နေမိတယ် ။ ဒီနှစ်တော့ နောက်ဆုံးနှစ်မို့ ဓမ္မမိတ်ဆွေတွေက လိုက်ခဲ့ ဖို့ ဇွတ်ခေါ်နေကြတယ် ။ သူကလည်း ခရီးမထွက်ဖြစ်တာ ကြာနေတာရယ် ၊ နောင်အသက်ကြီးရင် ကျိုက်ထီးရိုးကို တက်နိုင်ချင်မှ တက်နိုင်တော့မှာမို့ သူ့မိတ်ဆွေတွေကို ဒီနှစ်တော့ သူ့ဖို့ လက်မှတ် ဝယ်ပါတော့လို့ အကြောင်းပြန်လိုက်ရတယ် ။

သူအကြောင်း ပြန်ပြီးကာမှ အော်ဒါတွေက ထပ်ကာထပ်ကာ ဆင့်ပြီး ရောက်လာနေတယ် ။ မြစ်ကြီးနားက ဖောက်သည် အသစ်လည်း တိုးလာတယ် ။ ဒေါ်ဒေါ်လုံး ကတော့ ကျိုက်ထီးရိုး ' မ ' တာနေမှာပဲတဲ့ ။

ဦးသောင်းဉာဏ်က အိမ်က သိပ်ပြီး ခွာလေ့ခွာထ မရှိတော့ စိတ်ထဲမှာ ဖြစ်မှဖြစ်ပါ့ မလား တထင့်ထင့်နဲ့ ။ အလုပ်အတွက် နောက်ဆံတင်းနေတယ် ။

ဒေါ်ဒေါ်လုံးကတော့ အိမ်အတွက် စိတ်သာချ ။ ကုသိုလ်တရား များများပွားခဲ့ ။ ကျိုက်ထီးရိုးမှာ လှူဒါန်းဖို့ ပိုပိုမိုမို ပေးလိုက်ဦးမယ်တဲ့ ။ ဦးသောင်းဉာဏ် အလုပ်ကိစ္စ အတွက် အိမ်မှာတင် အထပ်ထပ် မှာလို့အားမရသေးဘူး ။ ဘူတာရုံ လိုက်ပို့တဲ့ မိုးကျော်နဲ့ အောင်မောင်းတို့ ကိုလည်း တတွတ်တွတ် မှာနေပြန်တယ် ။

••••• ••••• •••••

ဦးသောင်းဉာဏ်တို့ တည်းတဲ့ လမ်းထိပ်မှာ မှန်ပန်းချီဆိုင်ကြီး တစ်ဆိုင်ကို သူတွေ့ မိ တယ် ။ ဆိုင်ကြီးက တကယ် နေရာကောင်းကို ရထားတာပါကလား ။ မြို့တော်ကြီးမှာ အခုလို ဆိုင်ကြီးတစ်ဆိုင် ဖွင့်မယ် ဆိုရင် ဒီလို မြို့လယ်ကောင်မှာ အရင်းအနှီး ဘယ်လောက်များ လိုမှာပါလိမ့် ။ သိန်းတော့ သိန်းဂဏန်းပဲ ၊ ဒါပေမယ့် ဘယ်နှစ်သိန်းလဲ ဦးသောင်းဉာဏ် မတွေးတတ်ဘူး ။

အဲဒီ ဆိုင်နားက ဖြတ်သွားတိုင်း ဆိုင်ကို လှည့်မကြည့်ဘဲ မနေနိုင်ဘူး ။ ဆိုင်ထဲက ပန်းချီကားတွေကို ကြည့်ချင်စိတ် ပေါ်နေတယ် ။

ရန်ကုန်က ပန်းချီတွေက ဘယ်လိုများဆန်းဆန်းပြားပြားရေးထားကြသတုံး ၊ သူတို့ သားအဖတွေ ရေးကြတာနဲ့ ဘာတွေများ ကွာခြားသလဲ ။ လက်ရာချင်း ယှဉ်ပြီး လေ့လာချင်စိတ် ပေါ်နေတယ် ။ ခရီးသွားဟန်လွှဲ ပညာအသိ တိုးတာပေါ့လို့ အောက်မေ့လိုက်တယ် ။ မိတ်ဆွေတွေနဲ့ အတူ ရန်ကုန် ရောက်တုန်းရောက်ခိုက် ဘုရားလည်ဖူးကြတာမို့ သူလည်း ပန်းချီဆိုင်ကြီးဘက် မလှည့်နိုင်ဘူး ။

ဦးသောင်းဉာဏ် သိပ်ကြည့်ချင်တဲ့ မှန်ပန်းချီကားတွေကို ကျိုက်ထီးရိုးက အပြန်မှ ကြည့်ခွင့်သာတော့တယ် ။

ဆိုင်ပြင်ဆင်ထားပုံက သေသေသပ်သပ် ရှိလှတယ် ။ လင်းလင်းချင်းချင်း လည်း ရှိတယ် ။ သူ ဆိုင်ထဲကို ဝင်လိုက်တော့ အသားဖြူဖြူ ဆိုင်ရှင်က ခေါင်းတစ်ချက် မော့ကြည့်ပြီး ဖတ်လက်စ စာအုပ်ကို ဖတ်မြဲ ဆက်ဖတ်နေတယ် ။ ဦးသောင်းဉာဏ် တစ်ယောက် အနီရောင် လွင်နေတဲ့ ၊ ရွှေရောင် လွှမ်းနေတဲ့ ဥယျာဉ်တစ်ခုနဲ့ တူတဲ့ ပန်းချီဆိုင်ကြီးထဲ ရောက်နေတယ် ။ မှန်ပန်းချီတွေကို တစ်ချပ်ချင်း ဂရုတစိုက်ကြည့်မိ လေ့လာမိတယ် ။ သူ ထင်သလို မဟုတ်ဘူး ။ ဒီအခန်းထဲက မှန်ပန်းချီက ဆန်းဆန်းပြားပြား တီတီထွင်ထွင် မတွေ့မိဘူး ။ သေသေချာချာ ဂရုစိုက်ကြည့်ရင်း ဦးသောင်းဉာဏ် အံ့အားသင့်သွားတယ် ။ တစ်ကိုယ်လုံးကို ရှိန်းဖိန်းသွားတာပဲ ။

သူ အံ့အားသင့်သွားတာကို ဆိုင်ရှင်က မြင်များ သွားလေမလားလို့ လှမ်းကြည့်လိုက်တော့ ဟိုလူက စာဖတ်နေမြဲပါပဲ ။ တစ်ခန်းလုံး နှံ့အောင်ကြည့်ပြီးတော့ မြောက်ဘက်ထရံက စာမရီနှစ်ကောင်ပုံကို လက်ညှိုးထိုး ပြရင်း ဘယ်လောက်လဲလို့ မေးတော့ ဆိုင်ရှင်က ဗမာသံ ပီပီသသပဲ ၂၅ဝိ ပါလို့ ဖြေရင်း ပြုံးပြတယ် ။ ဆိုင်ရှင်ရဲ့ အပြုံးမှာ ရွှေသွားတွေကို သူ လှမ်းတွေ့လိုက်တယ် ။

သူ့နားထဲမှာ ၁၅ဝိ လို့ ကြားလိုက်လေသလားလို့ သေချာအောင် ထပ်မေးတော့ ပထမ အဖြေပဲ သူ ကြားလိုက်ရတယ် ။ ဦးသောင်းဉာဏ် ချွေးနည်းနည်း စို့လာတယ် ။

အနောက်ဘက် နံရံက သူ အလှမ်းမီတဲ့ ရှုခင်းကားလေးကို ဈေးမေးပြန်တော့လည်း ၂ဝဝိ ပါတဲ့ ။

ဒီတစ်ခါ ပြုံးတာတော့ ဦးသောင်းဉာဏ် ပါ ။

ဒီပန်းချီကားတွေကို ရန်ကုန်က ပန်းချီဆရာတွေ ရေးကြတာလား ခင်ဗျာလို့ သူက မေး တော့ ဆိုင်ရှင်က မဟုတ်ပါဘူး ၊ လားရှိုး က လာတာပါတဲ့ ၊ မဆိုင်းမတွ ဖြေတယ် ။

ဈေးကရော လျှော့ဦးမှာလားလို့ စို့နေတဲ့ ချွေးတွေကို လက်ကိုင်ပဝါနဲ့ သိမ်းရင်း မေးတော့ ဆိုင်ရှင်က တစ်ခွန်းဈေးပါ ၊ ရောင်းဈေးပါပဲတဲ့ ။ ဆိုင်ရှင်နဲ့ စကားပြောနေတုန်း မှာတင် မျက်လုံးပြူးပြူးနဲ့ ချစ်စရာ ကောင်းတဲ့ ရွှေငါးမောင်နှံပန်းချီကားကို နှစ်ရာ့ငါးဆယ် တစ်ခွန်းဈေးနဲ့ ဝယ်သွားတာ တွေ့ လိုက်ရတယ် ။

ခဏနေတော့ ဆိုင်ရှင်ကို နှုတ်ဆက်ပြီး ဆိုင်ထဲ ကနေ သူ ပြန်ထွက်လာခဲ့တယ် ။ ရင်ထဲမှာတော့ တစ်မျိုးပဲ ခံစားလာခဲ့ရတယ် ။ မပြောပြတတ်ဘူး ။ အံ့သြတာလား ၊ ကြည်နူးတာလား ၊ ဝမ်းသာတာလည်းပါမယ်ထင်တယ် ။

သူ ကြည့်ခဲ့တဲ့ မှန်ပန်းချီကား အများစုဟာ သူတို့ သားအဖ ရေးတဲ့ ပန်းချီကားတွေပဲ ။ ကျန်တဲ့ ပန်းချီကားတွေကလည်း သူ့မိတ်ဆွေရဲ့ မိတ်ဆွေမိသားစုတစ်တွေ ရေးကြတဲ့ ပန်းချီကားတွေပဲပေါ့ ။ ကျွဲအုပ်ချင်း ပေါင်းမိရင် ကိုယ့်ကျွဲကို မှတ်မိတဲ့ ကျွဲကျောင်းသားလို ဦးသောင်းဉာဏ် ကလည်း သူရဲ့မှန်ပန်းချီကားတွေကို မှတ်မိနေတယ်လေ ။

ပထမ ဈေးမေးတဲ့ စာမရီနှစ်ကောင်က သူ ကောက်ကြောင်းကောက်ပေးပြီး အောင်မောင်း ဆေးရောင်သွင်းထားတဲ့ကား ။ အောင်မောင်းက တိမ်လွှာလေးတွေကို အပြာနုလေး နဲ့ ပျော့ပျော့ပျောင်းပျောင်း နုနုဖပ်ဖပ်လေး ရေးရမယ့်အစား ခပ်ထူရင့်ရင့်ကြီး ရေး လိုက်လို့ သူတောင်မှ အောင်မောင်းကို ဆူမိသေးတယ် ။ အဲဒီ မှန်ပန်းချီ ကိုသိမ်းမြို့တို့ ဆီ ပို့လိုက်တာလည်း သူ မှတ်မိနေတယ် ။ ဝယ်သူ့ဆီ ပါသွားတဲ့ ရွှေငါးလေးတွေ ပန်းချီကားကလည်း သူ့သား မိုးဇော်ရဲ့လက်ရာပဲ ။

မိုးကျော်ရဲ့ အဆောက်အအုံ ပုံစံတွေ ၊ အုန်းပင်တွေက ဘယ်သူ ရေးတာနဲ့မှ မတူဘူး ။ သူ့ဟန်နဲ့ သူ ။ ပန်းချီကား အရောင်းဆိုင်ထဲမှာ မိုးကျော်ရဲ့ ရှုခင်းကားတွေနဲ့ အလှဆင်ထားတယ် ။

မန္တလေးကနေ မှန်ပန်းချီတွေ သေတ္တာနဲ့ ထည့်ရိုက်ပြီး လားရှိုးပို့ ၊ မှန်ပေါင်သမားကလည်း အသင့်ပေါင်ခွေဖို့ အသားတွေ လားရှိုးပို့ ၊ လားရှိုး ကနေမှ မန္တလေးကို ဖြတ် ဒီ မှန်ပန်းချီကားတွေက ရန်ကုန် ကို ရောက် ။ ရန်ကုန် က နေမှ အောက်မြန်မာနိုင်ငံ အနှံ့ ရောက် ။ ခရီးသွားနေတဲ့ မြင်းရိုင်းတွေ ၊ ရွှေငါးတွေ ကိုယ်စား ဦးသောင်းဉာဏ် တွေးပြီး ခရီးပန်းနေမိတယ် ။ ကားလေးတွေ ၊ လေယာဉ်တွေ ၊ သင်္ဘောတွေ လောင်စာဆီ မကုန်သင့်ဘဲ ပိုကုန်ရှာကြတယ် ။ ကြာပန်းလေးတွေ ၊ နှင်းဆီပွင့်ကလေးတွေလည်း ခရီးပန်းနွမ်းနယ် ရှာမှာပဲလို့ တွေးနေမိတယ် ။

ဖြစ်နိုင်ရင်တော့ မန္တလေးကို ချက်ချင်း ကောက်ပြီး ပြန်ချင်ပြီ ။ ဒါပေမယ့် ဓမ္မမိတ်ဆွေတွေနဲ့ လာတဲ့ ခရီးမို့ ပြန်ရင်လည်း အတူတူ ပြန်မှ ကောင်းမယ် ။ ရထားလက်မှတ်က အရေးထဲမှ တစ်စောင်တည်း ကျန်တော့တာမို့ တစ်ဖွဲ့လုံးရမယ့် ရက် နောက်တစ်နေ့ ကို ရွှေ့လိုက်ရသေးတယ် ။

အမြန်ရထားပေါ်မှာလည်း သူတို့ တစ်ချပ်ကို ၅ဝိ နဲ့ လားရှိုးကို ပို့နေတဲ့ ပန်းချီကားက ရန်ကုန်မှာ ၂၅ဝိ ဖြစ်သွားတဲ့ အကြောင်းကို စဉ်းစားနေမိတယ် ။

သားတွေနဲ့ လွှဲခဲ့တဲ့ အလုပ်တွေက အားလုံး အဆင်ပြေနေတာကြောင့် အိမ်ပြန်ရောက်တော့ သူ အမောပြေသွားတယ် ။ လားရှိုးနဲ့ မိုးကုပ်က ငွေလွှဲ ဟွန်ဒီတွေကလည်း အဆင်ပြေပြေ ရက်မချိန်းဘဲ ထုတ်လို့ ရသတဲ့ ။ ဒေါ်ဒေါ်လုံးက ဒါတောင် ကျိုက်ထီးရိုး တစ်ခေါက်တည်းပဲ ရှိသေးတာနော် တဲ့ ။ အခုလည်း မြစ်ကြီးနားက အော်ဒါ တစ်ခုအတွက် မိုးကျော်တို့ မိုးဇော်တို့ ရေးနေကြပြီ ။ သူ ပြန်ရောက်တဲ့ နေ့မှာကိုပဲ မနားဘူး ၊ ဦးသောင်းဉာဏ်က ပန်းချီရေးဖို့ စပြီး ပြင်ဆင်တယ် ။ တော့်နှယ်တော် နားပါဦးတော့လား ဆိုတာလည်း မရဘူး ။ ဦးသောင်းဉာဏ်က သူ့ စိတ်ကူးနဲ့သူ ။ အကောင်းဆုံး မှန်ပန်းချီကို ရေးဖို့ ကောက်ကြောင်း စရေးနေတယ် ။ ဟိုး ငါးနှစ်ကျော်ကျော်လောက်တုန်းက မိုးကောင်း က သူဌေးတစ်ယောက် ရဲ့ အော်ဒါတုန်းကလို အကောင်းဆုံး ဖြစ်အောင် ရေးမယ် ။ အဲဒီတုန်းက တစ်ခါမှ မရဖူးတဲ့ လက်ခ သူ ရလိုက်ဖူးတယ် မဟုတ်လား ။ အခု ရေးမယ့် ပန်းချီကားတွေက သူ့ရဲ့ အကောင်းဆုံးကားတွေ ဖြစ်ဖို့ လိုတယ် ။

အောင်မောင်း လည်း လက်တိုလက်တောင်း ခိုင်းရင်း သူ ရေးတဲ့ ဟန်ကို ကြည့်ရအောင် အနား ခေါ်ထားတယ် ။ ရေးပြရင်း သင်ရင်းပေါ့ ။

တက်ကြွလွန်းပြီး ဆေးလိပ်တောင် မဖွာအားတဲ့ သူတို့ အဖေကို သားနှစ်ယောက်က မသိမသာ အကဲခတ် နေကြတယ် ။ ဒေါ်ဒေါ်လုံး ကိုတော့ ဦးသောင်းဉာဏ်က ပုဆိုးတွေ အင်္ကျီတွေ လျှော်ထားစမ်းကွာ တဲ့ ။ နှစ်ရက်လောက် ကြာတော့မှ သူလက်စွမ်းပြ ပန်းချီ ကားငါးကား ပြီးသွားပြီ ။ တော်တော်ကို သပ်ရပ်ကောင်းမွန်တဲ့ ကားတွေပါပဲ ။ မိုးကျော် တို့ ညီအစ်ကို ကတော့ မှန်ရဲ့ ထောင့်ကလေးတွေကို ခွဲပစ်ပြီး အိမ်မှာ ကတ်တစ်လောက် သဘောမျိုးထားရမယ့် ပန်းချီကားတွေပဲလို့ ထင်နေကြရှာတာ ။

ရန်ကုန် ရထားလက်မှတ် ဝယ်ပြီးပြီ ဆိုတော့မှ တစ်မိသားစုလုံး သိရအောင် ဖွင့်ပြော တော့တယ် ။ ဦးသောင်းဉာဏ် ဒီကားတွေ ယူပြီး ရန်ကုန်ကို ဆင်းမယ် ။ မှန်ပန်းချီရောင်းတဲ့ သူကို အခု ရေးလာတဲ့ သူ့ပန်းချီကားတွေ ပြမယ် ။ ဟိုလူက ဒီအလုပ်ကို တကယ်နား လည်တဲ့ လူဆိုရင် သူ့ လက်ရာကို ကြိုက်ကို ကြိုက်ရမယ်တဲ့ ။ ရန်ကုန် မှန်ပန်းချီဆိုင်မှာ ငါတို့ လက်ရာတွေက အများစုကွ ။ ဂုဏ်ယူသံနဲ့ သားတွေ တပည့်တွေကို ခဏခဏ ပြောသွားတယ်တဲ့လေ ။

ရောက်တဲ့ မနက်မှာပဲ မှန်ပန်းချီဆိုင်ကို အရောက်သွားလိုက်တယ် ။ ဆိုင်ရှင်နဲ့ တိုက်ရိုက် တွေ့ တာပေါ့ ။ သူ ရေးလာတဲ့ ပန်းချီကားတွေကို မိုင်းကိုင်စက္ကူတွေ တစ်လွှာချင်း ခွာပြီး ပြလိုက်တယ် ။ စိတ်ဝင်တစား ကြည့်ရင်း ဆိုင်ရှင်မျက်နှာမှာ သွေးရောင်လွှမ်းလာတယ် ။

သူ သွင်းနိုင်တဲ့ ဈေးကို ဦးသောင်းဉာဏ် ပြောလိုက်တယ် ။ ဆိုင်ရှင်အဖို့ ပြန်ရောင်းရင် အမြတ်တွေ အများကြီး ရနိုင်မယ့် ဈေးပါ ။ တစ်ခွန်းဈေး မဟုတ်သေးဘူး ။ ဦးသောင်းဉာဏ်က လျှော့နိုင်သေးသတဲ့ ၊ ဆိုင်ရှင်ရဲ့ အကြောင်းပြန်ချက်ကြောင့် သူတော်တော် စိတ်မကောင်း ဖြစ်သွားတယ် ။ စိတ်ကို မနည်းထိန်းပြီး “ ကျွန်တော့် လက်ရာ မကောင်းလို့လား ” လို့ မေးတော့ ဟိုလူက “ ကောင်းပါတယ် ဆရာကြီး ” တဲ့ ။ “ ဈေးများလို့လား ” ဆိုတော့လည်း “ မများပါဘူး ဈေးသက်သာပါတယ် ဆရာကြီး ” တဲ့ ။

ဦးသောင်းဉာဏ် ဘာဆက် ပြောရမှန်း မသိအောင်ကို တုန်တုန်ယင်ယင် ဖြစ်နေရှာတယ် ။ စိတ်ကို မနည်းထိန်းထားတဲ့ ကြားက ဆည်ကြီး တစ်ခုကျိုးပေါက်သွားသလို စကားလုံးတွေ ခုန်ပေါက်ထွက်သွားတယ် ။

“ ဒီဆိုင်ထဲမှာ ရှိတဲ့ ပန်းချီကားတွေက ကျွန်တော်တို့ ရေးပြီး လားရှိုးကို ပို့ပေးထားတဲ့ ကားတွေပါဗျာ ။ ကျွန်တော်က စေတနာနဲ့ ...” လို့ ဆိုကာ ရှိသေးတယ် ။ ဆိုင်ရှင်က “ လားရှိုးက ဖောက်သည် အပေါ်မှာ ကျွန်တော်တို့ မိတ်ဆွေ အပျက် မခံနိုင်ပါဘူး ” တဲ့ ။

▢ ညီပုလေး
📖 ရုပ်ရှင်တေးကဗျာ     
      မဂ္ဂဇင်း
      ၁၉၈၉ ၊ နိုဝင်ဘာ

Tuesday, May 5, 2026

ကြည့်ချင်ပွဲ ၊ အံ့ပွဲ


❝ ကြည့်ချင်ပွဲ ၊ အံ့ပွဲ ❞
         ( ညီပုလေး )

ရုပ်ရည်က သရုပ်ဆောင်မင်းသမီးတွေထက် မလျော့တဲ့ ကောင်မလေးတစ်ယောက် ၊ အပျိုစင်လေး ။ အိစန္ဒာမိုး ၊ ရွှေစင်ခိုင်သူ ၊ မိုးသန္တာဖြိုး ၊ ထက်မို့မို့ဇော်တို့လို ခေတ်ပေါ် နာမည်လေးတစ်ခု မိတ်ဆွေတို့သာ ရွေးကြပါတော့ ။ အသားဖြူ  ၊ မေးစေ့ချွန်လေးနဲ့ ၊ မျက်လုံးကလည်း လှ ၊ မျက်ခုံးကလည်း ဆေးကူစရာ မလိုတဲ့သူကလေး ။

ဒီကောင်မလေးမှာ သူ့အသက်ထက် နည်းနည်းလေးကြီးတဲ့ ချစ်သူကောင်လေး တစ်ယောက်ရှိတယ် ။ သူတို့ချင်း ရည်ငံနေကြတယ်ဆိုပေမယ့် နှစ်ဖက်မိဘဆွေမျိုးတွေကပါ သိရှိပေါက်ကြားပြီးသား ချစ်သူတွေလေ ။ ကောင်လေးရဲ့နာမည်လည်း ဆန်းထက် မောင် ၊ မျိုးသူရကျော် ၊ သော်ဇင်အောင်ဇော် ၊ သတိုးကျော်အောင် တို့လို ခေတ်ပေါ်နာမည်လေး တစ်ခုလည်း ရွေးပေးကြပါဦး ။

ကောင်လေးနဲ့ ကောင်မလေးတို့ဟာ ရှေ့သွားနောက်လိုက် ညီလှတယ် ။ ‘ နေနဲ့လ ရွှေနဲ့မြ ’ ဆိုတာမျိုးနဲ့ ခိုင်းနှိုင်းရင် ရိုးလွန်းပြီး ဖတ်ရတာ ပျင်းစရာ ကောင်းနေမှာပေါ့ ။ သူတို့မှာ ဆော့ဖ်နဲ့ ပရာဒို ၊ တံခါးလေးပေါက်ပါတဲ့ ရေခဲသေတ္တာတွေ ၊ တစ်အိမ်လုံး အေးလေအေးစက်တွေ တပ်ဆင်ထားကြ ၊ အိမ်တွင်းရုပ်ရှင်ရုံလေး ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ သူတွေဆိုတော့ သူတို့အတွက် နှိုင်းစရာ ဥပမာအသစ်လည်း မိတ်ဆွေတို့ပဲ စဉ်းစားပေးကြပါဦး ။

အသက်နည်းနည်း ငယ်ပေမယ့် ကောင်မလေးက အရပ်အမောင်း ကျတော့ ကောင်လေးနဲ့ ရင်ဘောင်တန်းနိုင်ပြန်ရော ။ အရပ် ငါးပေ ခြောက်လက်မ ဆိုတာ အရပ်မနိမ့်တဲ့ အထဲမှာ ပါတယ် ။ သူတို့နှစ်ယောက် ဘယ်လောက်တောင်ချစ်ကြသလဲ ဆိုတာ မွေးနေ့ လက်ဆောင် အဖြစ်နဲ့ အပြန်အလှန် ချစ်သက်လက်ဆောင် ပေးထားကြတဲ့ လက်ကိုင် တယ်လီဖုန်းကလေးတွေ အသိဆုံး ။ နှစ်ဦး တွေ့ကြတဲ့အခါ တဒိတ်ဒိတ်မြည်တဲ့ ရင်ခုန်သံ စည်းချက်တွေက သက်သေပေါ့ ။

ကောင်မလေးရဲ့ လက်ကိုင်ဖုန်းလေးဟာ ကောင်လေးက ဆက်သွယ်ရင် “ နမ်းမဝ တမ်းတတဲ့မေ ” ဆိုတဲ့ ခေတ်စားနေတဲ့ သီချင်းတီးလုံးလေး မြည်တယ် ။ အခုခေတ်ကောင် မလေးတွေ သိပ်ကြိုက်တဲ့ သီချင်းလေး ။ ကောင်လေးရဲ့ လက်ကိုင်တယ်လီဖုန်းလေးမှာ လည်း “ ချစ်သက်ဆယ်ပြန်နှင်း ” ဆိုတဲ့ အနောက်တိုင်းတေးသံလေး မြည်တာပေါ့ ။ ဒီပြင် မိတ်ဆွေတွေဆီက လာရင် မြည်တဲ့ မြည်သံက ကြားရိုးကြားစဉ် သာမန်မြည်သံတွေပါပဲ ။ လက်ကိုင်တယ်လီဖုန်းထဲမှာ အားအသစ်သွင်းထားတဲ့ ဘက်ထရီတွေ ကုန်လုခမန်း တစ်ယောက်နဲ့ တစ်ယောက် ချစ်တင်းနှောတတ်ကြတယ် ။ အိပ်ရာထက်မှာ သက်သောင်သက်သာ ကျောမှီပြီး ချစ်စကားတွေ ပြောရတာ ကောင်မလေးအတွက် ပိုပြီး ချစ်ရည်ရွှန်းလဲ့တယ်လေ ။

ဇာတ်လမ်းက ရိုးလွန်းပါတယ် ။

မြန်မာရုပ်ရှင်တွေ ၊ ဗီဒီယိုတွေ ၊ ဒီဗီဒီတွေ ရောင်တမ်း အပျော်ဖတ်ဝတ္ထုတွေ ထဲက ဇာတ်လမ်းမျိုးပါပဲ ။ ကောင်းလေး မိဘတွေ ကောင်လေးကို နိုင်ငံခြား ပညာသင်ဖို့ လွှတ်လိုက်တယ် ။ ကောင်လေးခမျာ မသွားချင်ပဲ သွားရတော့ မချိမဆံ့ ခံစားရရှာတာပေါ့ ။ ကောင်လေးမှ ဒီလိုခံစားနေရင် ကောင်မလေးမှာတော့ ဘာပြောကောင်းမလဲ ။ တော်တော်ကို လွမ်းတော့ ဆွေးတော့တာပေါ့ ။ သူများတွေလို ဘွဲ့လွန်ပညာရပ်တွေ ၊ ပါရဂူဘွဲ့တွေ ယူရအောင် လွှတ်လိုက်တာ မဟုတ်ဘူး ။ စီးပွားရေးအမြင်ကျယ်သည်ထက် ကျယ်အောင် ကုန်သွယ်မှုပညာတွေ လေ့လာဖို့ အဆွေအမျိုးတွေဆီ လွှတ်လိုက်တာလေ ။ နိုင်ငံခြားက ပြန်လာရင် သူတို့နှစ်ယောက် ‘ ပလက်တီနမ်လက်တွဲ ’ ကြရမယ်ဆိုတာ သိကြပြီးသား ။ သူတို့က သူများတကာတွေလို ကျောင်းတက်ပြီး ပညာသင်ကြားခဲ့ကြဖူးသူတွေမဟုတ်ဘူး ။ ဆရာ ၊ ဆရာမကို အိမ်ခေါ်ပြီး သင်ခဲ့ကြရသူတွေ ဆိုတော့ ကောင်မလေးမှာ ခင်မင် စရာ ဒိပြင် ကောင်လေးတွေလည်း များများစားစားမှ မရှိဘဲ ။ ဒီတော့ ကောင်မလေး လွမ်းပြီပေါ့ ။ သည်းအူထဲက လှိုက်လွမ်းမိတယ် ။ မကြုံဖူးတဲ့ ပူလောင်အမြိုက်တွေကို လိမ့်နေအောင် ခံစားနေရတာပေါ့ ။

••••• ••••• ••••

ကောင်မလေးရဲ့ တယ်လီဖုန်းမှာ ‘ နမ်းမဝ တမ်းတတဲ့မေ ’ တေးသွားလေး ဆိတ်သုန်းသွားပြီး သူစိမ်းဆန်တဲ့ သာမန်ကြားရိုးကြားစဉ် မြည်သံကြားတော့ ကောင်မလေး ခလုတ်ကို မနှိပ်ချင်နှိပ်ချင်နဲ့ နှိပ်မိတယ် ။ ချစ်သူကောင်လေးဆီက ကြည်နူးစရာအသံ လေး ၊ နာပျော်တဲ့ ချစ်တေးစကားတွေ ဖြစ်နေရင် သူအိပ်ပျော်တယ် ၊ အလွမ်းပြေတယ် ၊ ပြီးရင် မျက်ရည်ဝဲမိတယ် ။ ခက်နေတာက တယ်လီဖုန်းမြည်သံတိုင်းဟာ ကောင်လေးဆီက မဟုတ်တာဘဲ ။

ကောင်လေးက နိုင်ငံခြားမသွားခင်မှာ မှန်ကန်ရှည်မျောမျောကြီးနဲ့ အဖိုးတန်ရွှေငါး ကြီးတစ်ကောင် အိမ်ကိုလာပို့သွားတယ် ။ သူ့ကိုယ်စားအဖြစ်နဲ့ အလွမ်းဖြေရအောင်တဲ့ ။ သူ့ကိုယ်ပွား ရွှေငါးကြီးဟာ တကယ့် ရွှေငါးကြီး ။ ရွှေတွေနဲ့ ဆက်ဝယ်မှ ရနိုင်တဲ့ငါးကြီး ။ ဒီရွှေငါးကြီး ရှိရင် စီးပွားလာဘ်လာဘ ရွှင်တယ်လို့ အယူရှိတဲ့ သူတွေက လက်ကီးဖစ်ရှ် ခေါ်တဲ့ အကောင်ကြီးပေါ့ ။ ဘလူးဘေ့စ်အမျိုးဖြစ်တဲ့အပြင် ဒီငါးကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ကွန်ပျူတာဘားကုတ်ပါသတဲ့ ။ တန်ဖိုးကတော့ ပိုင်ရှင့်ပါးစပ်ထဲက ပြောသမျှဆိုတဲ့ ငါး ။ ဒါကြောင့် ရွှေငါးကြီးလို့ ခေါ်တာပေါ့ ။ ဒီ သိန်းတွေ အများကြီးတန်တဲ့ ရွှေငါးကြီးကို အစာကျွေးရင်း အလွမ်းဖြေမိ ၊ ရေလဲပေးရင်း တမ်းတမိတယ် ။ ကောင်မလေးခမျာ ရွှေငါး ကြီးကိုလည်း ပြောချင်တာတွေ တတွတ်တွတ် ပြောမိတဲ့အထိပဲ ။

ရက်ကို လစားတာနဲ့အမျှ တယ်လီဖုန်းမြည်သံက ကျဲရာက နည်းလာတယ် ။ သစ်စိမ်းချိုး ချိုးလေပြီလား ။ သူ့ကောင်လေး ငါးစိမ်းတွေများ မြင်နေပြီလား ။ နဂိုကတည်း က အရုပ်ဆိုးလှတဲ့ ငါးကြီးဟာ တစ်နေ့တခြား ပိုအကျည်းတန်လာတယ် ။ လပ်ကီးဖစ်ရ် ကြည့်ရတာ လာဘ်မရှိတော့ သလိုလို ၊ ကျက်သရေမဲ့လာ သလိုလို ။

ရွှေငါးကြီးကို ပုစွန်ဆိတ်လေးတွေ ကောင်မလေး မကျွေးဖြစ် တစ်ရက် ကျွေးဖြစ် တစ်ရက် ဖြစ်လာတယ် ။ အခုတော့ ရေလဲတာရော အစာကျွေးတာပါ ‘ အိပုတ် ’ ပဲ လုပ်နေရပြီလေ ။ အိပုတ်ဆိုတာ သူတို့ တစ်မိသားစုလုံးရဲ့ ဝေယျာဝစ္စတွေကို ဒိုင်ခံသိမ်းကျုံး လုပ်ရသူပေါ့ ။ ကိုယ့်အမျိုးသားချင်းမို့ စကားလုံးလှအောင် ရွေးလိုက်တာပါ ။ အိပုတ် ဘာတွေ လုပ်ရတယ်ဆိုတာ ရေးမပြတော့ပါဘူး ။

နာမည်ကသာ အိပုတ် ၊ နင်းရင် နှိပ်ရင် အရိုးစူးလွန်းလို့ ဘယ်အရိုးထဲက အားတွေနဲ့ ဒီလောက် လုပ်ရတာလဲ အိပုတ်ရယ်လို့ အဆူအငေါက် ခံရတတ်သူ ။ အိပုတ် ခမျာ အိလည်း မအိသလို ပုတ်လည်း မပုတ်ရှာပါဘူး ။ ရွှေငါးကြီးကို ပုစွန်ဆိတ် တစ်လှည့် ပိုးဟပ် တစ်လှည့် ကျွေးတာ ၊ ပိုးဟပ် တစ်လှည့် အိမ်မြှောင် တစ်လှည့်ကျွေးတာ အိပုတ် စိတ်ပုပ်လို့ မဟုတ်ပါဘူး ။ အဲဒီအကောင်တွေ မရှိရင် အိမ်သန့်ရှင်းတယ် ဟုတ်လား ။ ဒီတော့ လပ်ကီးဖစ်ရှ်ကြီးလည်း ပုစွန်ဆိတ်ချည်း တစ်မျိုးတည်း စားနေရတာကနေ အပြောင်းအလဲလေး စားရတာပေါ့ ။ အိပုတ်တို့ အိမ်မှာ အိမ်မြှောင် မရှိသလောက်ရှားသွားပြီ ။ မမတို့ မေမေကြီး တို့နဲ့ သူများအိမ် သွားလည်ပတ်ရင် နံရံတွေ မျက်နှာကြက်တွေကို သူ လျှောက်ကြည့်နေမိတယ် ။ သူများအိမ်က ပိုးဟပ်တွေ ၊ အိမ်မြှောင်တွေကို အိပုတ် စိတ်နဲ့ ပြစ်မှားနေတတ်တယ် ။

••••• ••••• •••••

ကောင်မလေးမှာ ဒေါက်ဖိနပ်လှလှကြွကြွလေးတွေ အရန်အများကြီး ရှိတယ် ။ ဒေါက် ပါးပါးလေး ၊ ခေါက်ခပ်လတ်လတ် ၊ ခပ်မြင့်မြင့်ကြီး ၊ ဖန်နဲ့ လုပ်ထားတယ်လို့ ထင်ရတဲ့ ဖိုင်ဘာပလတ်စတစ် ခွာမြင့်တွေရော ၊ ကြိုးသိုင်းလေးတွေလည်း ရှိတယ် ။ ကျောက်မျက် အစစ်တွေ စီခြယ်ထားသလို ခွာမနိမ့်မမြင့် ဖိနပ်လေးတွေလည်း ရှိတယ် ။ ကောင်မလေးရဲ့ ပိုက်ဆံနဲ့ဝယ်တာ တစ်ရန်မှ မပါဘူး ။ အရပ်မြင့်တာကို သဘောကျတဲ့ ကောင်လေးရဲ့ လက်ဆောင်ချည်းပဲ ။ ဖိနပ်လေးတွေကို ဖုန်သုတ်တဲ့အခါ အိပုတ် သုတ်ရတယ် ။ ရွှံ့ပေလို့ ရေပတ်ဝတ်နဲ့ ပွတ်ရင်လည်း အိပုတ်ပဲ ပွတ်ရတယ် ။ သိပ်လှတဲ့ အဖိုးတန် ဒေါက်မြင့်လေးတွေ သူ့မမအလစ်မှာ ခဏခဏ စီးကြည့်မိတာ တစ်ရန်မှ မလွတ်ဘူး ။

အခုလည်း ကောင်မလေး အလှပြင်နေတယ် ။ “ သူ့ထက်ငါ ညာမြေဘောင် ၊ ရှာဖွေဆောင် ၊ သာလေအောင် ဝတ်ထဘီ ၊ အင်္ကျီက ငွေပွင့်ထိုး ၊ ရွှေဆင့်ကြိုး နှစ်ထပ်လိမ် ၊ နဂါးပတ်အိမ် သန္တာပေါက် ၊ ဇာပြောက်က အဆန်းဆန်း အခန်းခန်း ပြန့်ပြောကြွယ် ” လို့ ရှေးက စာဆိုခဲ့ကြတာထက် အများကြီး သာလွန်နေတော့ စာဆိုတွေ လက်မှိုင်ချရတော့မယ် ။

“ သန်းလဲ့ပြာမှုန်ညက်တို့ ၊ စုံမက်ဖွယ်ဆင်ခြုံ ၊ နံ့သာငွေလွင်မှုံကို ၊ ယဉ်ရုံသာ သူ တို့၍ ၊ မူနဂိုမျက်နှာထားနှစ် ၊ တစ်ဖက်သားမြင်သူတို့ ၊ ဘဝင်ဆူလောက်စရာ ” တဲ့ ။

နဂိုကတည်းက လှပြီးသား ကောင်မလေးက ဆေးရေးစရာရှိရင် ပါးပါး ၊ တင်စရာရှိရင် အရောင်နည်းနည်း ၊ ဖျန်းဆွတ်ရင်လည်း အနံ့သင်းတယ်ဆိုရုံ သင်းသင်းလေး ဖျန်းဆွတ်ပြီး အပြင်ထွက်လေ့ရှိတယ် ။ မက်စ်ကာရာ မျက်တောင်ကော့ဆေးပြာပြာလေး တင်တယ် ၊ တကယ့် အနုပညာမြောက်အောင် လှသွားတယ် ။ ကောင်လေးကို သတိရ လွမ်းပြီး ခြယ်သနေသလား ၊ ကောင်လေးကို ဒေါသဖြစ် မခံချင်စိတ်နဲ့ ခြယ်သနေ သလား မသိဘူး ။ အောက်ခံ ဖောင်ဒေးမိတ်ကပ် မလိမ်းဘဲ စကင်းလိုးရှင်းလေးပဲ လိမ်းတယ် ။ ပီးယာ့စ် အချောကိုင် ကရင်ပတ်ဖ်လေး ဖိလိုက်တယ် ။ ပါးကို ဆေးနီ ခြယ်မယ် လုပ်ပြီးမှ စိတ်ပြောင်းသွားတယ် ။ မခြယ်တော့ဘူး ။ ကောင်လေးနဲ့ တွေ့ ကြရင် ဆိုးနေကျ ညိုရင့်ရင့် ‘ နမ်းမပျယ် ’ နှုတ်ခမ်းဆိုးဆေးကို မသုံးဘဲ ၊ ပုလဲရောင်လေး ပါးပါးတင်လိုက်တယ် ။ ဆံပင်ကို ဟဲဒရိုင်ယာနဲ့ ပုံသွင်းမနေဘဲ ၊ ဆူးလိပ်ဘီးလေးနဲ့ ခပ်ဖွဖွပဲ ဖြီးတာကိုပဲ ကောင်မလေးအဖို့ လှသထက် လှနေတယ် ။ အခုလို ပြင်ဆင် ခြယ်သနေတာ ငါးကင်ကို သတိရလို့လား ၊ ငါးစိမ်းတွေ အတွက်လား ကောင်မလေးမှ သိမယ် ။ အခုလည်း အိပုတ် စီးမယ်ထင်တဲ့ ကြိုးသိုင်းဒေါက်ဖိနပ်လေးကို စီးနေတယ် ။ တကယ်ပဲ ဘဝင်ဆူလောက်ပါပေတယ် ။

အဝတ်လျှော်စက်ထဲ အဝတ်ဟောင်းတွေထည့် ၊ ဆပ်ပြာမှုန့်ထုပ် အသစ်ကို ဖွင့် ၊ ဆပ်ပြာတွေ လောင်းထည့်မယ် အလုပ်မှာ သူ့မမရဲ့ အော်ခေါ်သံကြောင့် အိပုတ် သူ့လက် အသာ ရုပ်လိုက်ရတယ် ။

အိပုတ် အခုတော့ သူ့မမမောင်းလာတဲ့ ကားရဲ့ နောက်ခန်းကူရှင်ပေါ်မှာ အငြိမ့်သား လိုက်လာတယ် ။ သူမြင်ဖူးတဲ့ မမရဲ့ သူငယ်ချင်းလေးတွေ ထိုင်သလို သူ ပေါင်နှစ်လုံးကို လိမ်ထားရင်း ဘေးဘီပတ်ဝန်းကျင်ကို စိတ်လွတ်ကိုယ်လွတ် ငေးမိ ငမ်းမိတယ် ။ ကောင်မလေးက ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းရင်း သီချင်းခွေတစ်ခွေ ကက်ဆက်ထဲ ထည့်လိုက်တယ် ။ သီချင်းစာသားတွေကို နားမလည်ပေမယ့် အလွမ်းသီချင်းမှန်း သိတဲ့ အိပုတ် တောင်မှ ရောယောင်ပြီး လွမ်းမိသလိုလိုနဲ့ ။

ကောင်မလေးက အလှကုန်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ ဝယ်တယ် ။ အထည်စတွေ ဝယ်တယ် ။ စားသောက်ကုန်တွေ ဝယ်တယ် ။ အိပုတ် ကတော့ ကားပေါ်မှာ ပစ္စည်းတွေ စောင့်ကျန်ရစ်ခဲ့တယ် ။ မှန်အလုံပိတ်ခဲ့ပေမယ့် လေအေးစက် ဖွင့်ထားခဲ့တော့ အိပုတ် နေသာတာပေါ့ ။ မမ အလစ်မှာ မမဝယ်လာတဲ့ ပစ္စည်းတွေကို သူ့စိတ်ကူးနဲ့ လိမ်းခြယ် ဝတ်ဆင်စားသောက် ပြစ်မှား ပြီးပြီ ။

သူ့မမက ဒီတစ်ခါတော့ တိုးလျှိုပေါက် မြင်ရတဲ့ မှန်အကြည်တွေနဲ့ ကာရံတည် ဆောက်ထားတဲ့ အအေးဆိုင်ကြီး တစ်ခုထဲကို ဝင်သွားတယ် ။ အိပုတ် သိတယ် ၊ ဒီဆိုင်မှာ သူ့မမနဲ့ သူ့ရည်းစားနဲ့ လာပြီး အအေးသောက်ရင်း အပြုံးကုန်တွေ ဖလှယ်နေကျ ဆိုင်ပေါ့ ။ အိပုတ် တွေးမိတာ သူ့မမကို ကိုကို့ကို သတိရလို့ ဒီဆိုင်ထဲ ဝင်ပြီး ဗိုက်မဆာဘဲ တစ်ခုခု သောက်တာလေလား ။ ဆိုင်ကြီးက ဈေးကြီးတဲ့ ဆိုင်ကြီးဆိုတော့ လူသူ ရှင်းနေတယ် ။

ဆိုင်ရှင် အမျိုးသမီးကြီးက ကောင်မလေးကို ပြုံးပြတယ် ။ ကောင်မလေးကတော့ ခါတိုင်း နှစ်ယောက် လာနေကျ ၊ အခု တစ်ယောက်တည်း လာခဲ့မိလို့ စိတ်ထဲ မလုံမလဲ ဖြစ်မိတယ် ။

လေအေးစက် ဖွင့်ထားပြီး မီးရောင်တွေ ထွန်းလို့ ၊ ရုပ်သံစက်က ဖက်ရှင်တီဗီရဲ့ အစီ အစဉ် လွှင့်ထားတဲ့ ဆိုင်ထဲမှာ ကိုယ်ဟန်ကျော့ရှင်းပြီး အဖိုးတန် အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ကောင်မလေး ၊ တွေးငေးငေးနဲ့ ထိုင်နေတယ် ။ အေးလွန်းလို့ အအေးချွေးတွေ သီးနေတဲ့ နို့နှစ်ချောကလက်ဖျော်ရည်ခမျာ နဂိုရည်မပျက်ရှာသေးဘူး ။

လမ်းပေါ်မှာ ယာဉ်အမျိုးစုံ ဖြတ်သွားနေကြသလို ပလက်ဖောင်းပေါ်မှာလည်း ခေါင်းရွက်ဈေးသည် ၊ လက်ပွေ့ ဈေးသည် ၊ ဂက်စ်မီးခြစ်ထည့်သူ ၊ မှတ်ပုံတင်ကတ် ပလတ်စတစ် လောင်းသူ ၊ ဂျာနယ်လက်ပွေ့သည် ၊ ပင်စင်စား ၊ ရုပ်ရှင်လက်မှတ် တိုးရောင်းသူ ၊ ပူဖောင်း သည် ၊ ထီးပြင်တဲ့သူ ၊ ပန်းလည်ရောင်းတဲ့သူ ၊ လက်သည်းခြေသည်း လှီးတဲ့သူ ၊ စည်ပင်သန့်ရှင်းရေးလုပ်သား အလွှာမျိုးစုံ ဖြစ်သွားနေကြတယ် ။

မှန်အလုံ ကာထားတဲ့ အအေးဆိုင်ထဲက တစ်ယောက်တည်း ရှိနေတဲ့ ကောင်မလေးကို သူတို့ ကြည့်ကြည့်သွားလိုက်ကြတာ ၊ ရွှေငါးဆိုင်က မှန်ကန်ထဲက ငါးတစ်ကောင်ကြည့် သလိုမျိုး ။ တချို့ကလည်း ကြည့်ချင်ပွဲကို ဖြတ်လျှောက်ကြည့်သွားသလိုမျိုး ၊ တချို့ကလည်း အံ့ပွဲပိုစတာကို ကြည့်သလိုမျိုး ကြည့်သွားကြတယ် ။

ပလတ်စတစ်နဲ့ စက္ကူစုတ်တွေ လည်ကောက်တဲ့ ကောင်လေးက မှန်လုံကားထဲမှာ ပိတ်လှောင်ထားတဲ့ အိပုတ်ကို သူ့လက်ညှိုးလေးနဲ့ ကွေးချည်ဆန့်ချည်နဲ့ ကရော် ကရော် လုပ်ပြီး လျှာထုတ်ပြသွားတယ်လေ ။

ကောင်မလေးနဲ့ ကောင်လေးနာမည်တွေကို မိတ်ဆွေတို့ကို ရွေးချယ်ဖို့ မေတ္တာ ရပ်ရတာ အလွန်အားနာဖို့ ကောင်းတယ် ။ ကျွန်တော် ရွေးလိုက်တဲ့ နာမည်တွေနဲ့ အပြင်မှာ တကယ် ရှိနေတဲ့ လူတွေရဲ့ နာမည်နဲ့ တိုက်ဆိုက်နေရင် အားနာစရာ ဖြစ်နေမှာစိုးလို့ မဟုတ်ဘူး ။

ကျွန်တော်ကလည်း တော်တော်ကို ညံ့ပါတယ် ။

ဒီကောင်မလေးနဲ့ ကောင်လေးတို့ရဲ့ သူတို့လူမျိုး ဓလေ့စရိုက်အရ မှည့်ထားတဲ့ နာမည်တွေကို မြန်မာလို ပီသအောင် စာလုံး မပေါင်းတတ်ဘူးလေ ။

⎕ ညီပုလေး
📖ဟန်သစ် မဂ္ဂ‌ဇင်း
     မေ ၊ ၂၀၀၄

Saturday, January 24, 2026

ပင်နယ်တီချောင်းခြား


 

❝ ပင်နယ်တီချောင်းခြား ❞
          ( ညီပုလေး )

မင်္ဂလာဆောင် ဖိတ်စာထဲမှာ သတို့သမီး နာမည်က စိန်စိန်ဝင်း ဆိုတော့ တချို့က ခင်ခင်ပု မှန်း မသိကြဘူး ။ တကယ်ဆိုရင် ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း ဒါမှမဟုတ် စိန်စိန်ဝင်း ( ခေါ် ) ခင်ခင်ပု လို့ ဖိတ်စာထဲမှာ ပါဖို့ကောင်းတာ ။

ရှမ်းပွဲက ဆရာပုကျောင်းမှာ ခင်ခင်ပု ကို လူချစ်လူခင် များကြတယ် ။ အမှတ် ၁၃ အထက်တန်းကျောင်း ရောက်တော့လည်း ခင်ခင်ပု နာမည် မွှေးတယ် ။ စာတော်လို့လေ ။ ဆယ်တန်းအောင်လို့ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် ရောက်ပြန်တော့လည်း ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း က ရေပန်းစားတယ် ။ ပွင့်လင်းဖော်ရွေလို့ ။

သူ့ကို တင်မောင်မြိုင် က တက္ကသိုလ်မှာ ပထမနှစ် ကနေ စတုတ္ထနှစ် အထိ လေးနှစ် လေးမိုး ပိုးခဲ့ရတယ် ။ ဒီပြင် ပိုးကြတဲ့သူတွေလည်း ၃ - ၄ ယောက် ရှိသေးတယ် ။ ပေါက်မြို့ ကျောင်းထွက် ၊ အမှတ် ၃ အထက်တန်းကျောင်း ကနေ တက္ကသိုလ် ရောက်လာတဲ့ တင်မောင်မြိုင် ဟာ ခင်ခင်ပု ကို မြင်တော့ တခြား ဘယ်မိန်းမမှ လှတယ်လို့ မထင်တော့ဘူး ။ သတ္တဗေဒဌာန နဲ့ မြန်မာစာဌာန ကလည်း နီးနီးလေး ဆိုတော့ ဒီပြင် ကျောင်းသားတွေလို နေပူစပ်ခါး ထွက်ပြီး ပိုးနေစရာ မလိုဘူး ။ ပြီးတော့ ခင်ခင်ပု တို့ နေကြတဲ့ တာရဲတန်း တောင်ဖျား နဲ့ တင်မောင်မြိုင်တို့ နေကြတဲ့ မင်းသားစု ဆိုတာ ဘာဝေးတာလိုက်လို့ ။ စက်ဘီးတာယာ ဘယ်နှစ်လုံး ကုန်မှန်း မသိအောင် ဒီသတ္တဝါလေး ဟိုကောင်မလေးကို လူပျိုလှည့်တယ် ။ တာယာကုန်ရကျိုး ၊ နင်းပြန်သံပေးရကျိုး နပ်သွားတယ် ။

သူတို့ နှစ်ယောက် မင်္ဂလာဆောင်ကြတော့ ဈေးချိုနားက မြို့တော်ခန်းမ ( ၂ ) မှာ ဧည့်ခံပွဲလုပ်တယ် ။ အဲဒီခေတ်က လောကနတ်ခန်းမတို့ ၊ ဧဒင်ခန်းမတို့ ၊ ဒိုင်းမွန်းခန်းမ တို့မှ မရှိကြသေးဘဲကိုး ။ ရှိရင်လည်း နှစ်ဖက် မိတ်ဆွေတွေနဲ့ မဆံ့လောက်ပါဘူး ။ မြို့တော်ခန်းမ ( ၂ ) နဲ့ပဲ သင့်တော်လို့ သူတို့ ခန်းမအရွေး မှန်ခဲ့ကြတယ် ။ အရောင်းအဝယ်လောက သားသမီးတွေရဲ့ မင်္ဂလာပွဲ ဆိုတော့ သူတို့ အထွာနဲ့ သူတို့တော့ ဒီ မင်္ဂလာဆောင်ဟာ စည်တယ်လို့ ပြောရမှာပဲ ။ မသိကြတဲ့ သူတွေကတော့ အရှေ့တောင်မြို့နယ်က အာဏာပိုင်တစ်ယောက်ယောက်ရဲ့ သားသမီး မင်္ဂလာဆောင်လို့တောင် ထင်ကြသတဲ့ ။ မြို့တောင်ဘက်ခြမ်းက ပရိသတ်ချည်း အတွေ့ရ များတာကိုး ။

မင်္ဂလာပွဲက ရတဲ့ လက်ဖွဲ့ငွေနဲ့ နှစ်ဖက် မိဘက အရင်းအနှီးလေး ထုတ်ပေးလိုက်တော့ ဘုရားကြီးဈေးထဲမှာ ခင်ခင်ပုတို့ အထည်ဆိုင်လေး ဖွင့်ဖြစ်သွားကြတယ် ။ ဘယ်ဗေဒင် ဆရာက နာမည်ရွေးပေးတယ် မသိဘူး “ စိန်စိန်မြိုင် ” ဆိုတဲ့ နာမည်နဲ့ ဖွင့်ကြတာလေ ။

ဆိုင်ဖွင့်ကာစတော့ နေ့လယ် အိပ်ငိုက်ပျက်ရုံ ၊ မီးဖိုချောင်စရိတ်လေး ကာမိရုံတော့ ရောင်းရပေမယ့် ခေတ်ကို အမြဲ နားမျက်စိ ဖွင့်ထားကြတဲ့ မောင်နှံ ဆိုတော့ တဖြည်းဖြည်းနဲ့ ရောင်းအား မြင့်လာတယ် ။ ခင်ခင်ပု က ရောင်းတတ်ဝယ်တတ် ၊ လင်ရောမယားပါ ပြောတတ်ဆိုတတ် ဆက်ဆံတတ်တော့ နောက်မှ ဖွင့်တဲ့ ဆိုင်ပေမယ့် အရင် ဖွင့်နှင့်တဲ့ ဆိုင်တွေနဲ့ ပခုံးချင်း ယှဉ်နိုင်လာတယ် ။ သီတင်းကျွတ်လို တန်ဆောင်းမုန်းလိုလတွေ ၊ တပေါင်းတန်ခူးလတွေမှာ ဒီပြင်ဆိုင်တွေ ရောင်းအားထက် ခေါင်းတစ်လုံး ပိုမြင့်တတ်တယ် ။

တင်မောင်မြိုင်က တစ်ဖက်တစ်လမ်း အနေနဲ့ ဟွန်ဒါ ၊ ဆူဇူကီး ၊ ယာမာဟာဆိုင်ကယ်တွေ အရောင်းအဝယ် လုပ်လိုက်သေးတယ် ။ တစ်ခါတလေ အကျိုးဆောင်ခလေးလည်း ရတတ်တာမို့ စိုစိုဖတ်ဖိတ်လေး စားရတဲ့ မိသားစု ၊ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ရှိကြတဲ့ အိမ်ထောင်စုလေးပေါ့ ။ စိန်စိန်ဝင်း က တိုးပွားလာမယ့် သားသားမီးမီးတွေ အတွက် ကြိုကြိုတင်တင် စုစုဆောင်းဆောင်း လုပ်ထားတာလည်း တစ်ကြောင်းပေါ့ ။

ပြောတတ်ဆိုတတ် ရောင်းတတ်ဝယ်တတ်တဲ့ စိန်စိန်မြိုင် ကို ဈေးချို နဲ့ ရတနာပုံဈေး က လက်ကားဆိုင်ကြီးတွေက လက်ကားဈေး ၊ ဖောက်သည်ဈေး ပေးကြတယ် ။ တချို့ ပိတ်စတွေ အတွက် ငွေကို လက်ငင်းမချေသေးဘဲ ခေတ္တဆိုင်းလို့ရတယ် ။

“ မမစိန် ဆိုင်က ဒီဇိုင်းတွေက လတ်ဆတ်တယ် ” “ ဒီဆိုင်က ဒီဇိုင်းတွေ ဆန်းတယ် ” ဆိုတဲ့ ခေတ်ကာလသမီးတွေရဲ့ သြဘာစကားတွေကြောင့် သူတို့အတွက် တီဗီတို့ ၊ ဒက်တို့ ၊ ဂြိုဟ်တုစလောင်းတို့ ဖြစ်လာတာပေါ့ ။

တင်မောင်မြိုင်က ဂျာလင်း ၊ ဟိုင်းဘတ် ၊ ကင်ပို မော်တော်ဆိုင်ကယ်တွေကို သေတ္တာဖောက် ရောင်းတဲ့ အခါတုန်းက သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး ဇိုးဇိုးဇွက်ဇွက် ဝယ်ခဲ့ ရောင်းခဲ့ကြလို့ သူတို့ မြိုးမြိုးမြက်မြက် ရခဲ့တယ် ။

••••• ••••• •••••

စိန်မိုက်ကယ်ပြောင်နဲ့ ဖော်လိုမီပြောင်တွေ လိုချင်သလောက် မရတာ ၊ အင်တာနက်ဇာနဲ့ ကိုရီးယားအရိပ်တွေ ရောက်ချိန်တိုင်လို့ မရောက်တာထက် မလျှော့ဘဲ စိုးထိတ်မှု တစ်ခု ခင်ခင်ပု ရင်ထဲမှာ ရောက်နေတယ် ။

ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း သံယောဇဉ် တစ်ခွဲသားနဲ့ အားပေးနေတဲ့ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို အမေရိကန် သန်းကြွယ်သူဌေး မဲလ်ကွန်ဂလေဇာ က ဝယ်တော့မယ်လို့တဲ့ ။ ဘောလုံးဂျာနယ်တွေ ထဲမှာ “ မန်ယူကို အပိုင်းသိမ်းရန် ကြံစည်သည့် ဂလေဇာ၏ အားထုတ်မှုများ ” ဂျာနယ်ကို ဖြောင့်အောင် မဖတ်ရဘဲ သရီးရိုင်ဖယ်ပြောင် အပြာအနုလေးနှစ်ဝတ်စာ ထ ရောင်းလိုက်ရသေးတယ် ။ ဈေးဝယ်ကောင်မလေးတွေ လှည့်အထွက် ခင်ခင်ပု လည်း ဂျာနယ်ကို ကောက်ကိုင်လိုက်တယ် ။

“ ဂလေဇာ လက်တွင်းသို့ မန်ယူမကျရောက်ရန် ဆူပူဆန္ဒပြ ” “ မန်ယူကို ဂလေဇာ အပိုင်စီးနိုင်တော့မည်ဖြစ်သော်လည်း အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်နှင့် နည်းပြဖာဂူဆန် တို့ကို ဆက်လက် ထားရှိမည် ”

ခင်ခင်ပု ရဲ့ စိတ်အာရုံ ထဲမှာ မန်ယူ ၊ ဂလေဇာ ၊ ဖာဂူဆန် ၊ မဏိစန္ဒာပန်းထိုးစ ၊ စပန့် ၊ ဂျင်ဆန်မီငွေမှုန့်တွေ လုံးချာလိုက် ရှုပ်ထွေးနေတယ် ။

တကယ်တော့ လူတင်ပါလို့ နွားကျားကိုက်တာလို့ပဲ ပြောရမလား ၊ မစွမ်းအင်း ကလည်းရှိ ကန်စွန်းခင်း ကလည်း ငြိလို့ ဆိုရလေမလား ။

တင်မောင်မြိုင် နဲ့ အတူ ဘောလုံးပွဲ ကြည့်ရင်း ၊ သူ့ချိုင်းကြား ညှပ်ထားတဲ့ ဘောလုံး ဂျာနယ်တွေ ယူဖတ်ရင်းနဲ့ ခင်ခင်ပု ခမျာ မန်ချက် မှ မန်ချက် ဖြစ်ကရော ။ ဟုမ်း ၊ အဝေး ၊ ကြိုးကြာနီ ၊ အမြောက်တပ်သားဂန်းနားတွေ ၊ သရဲနီ ၊ ငှက်ကျား ဆိုတာ ဈေးဆိုင်ဖွင့်ပြီး အီတလီပိုး ၊ ချည်ဇာ ၊ သမီးအလိမ္မာ ဇာရောင်စုံ ရောင်းနေတဲ့ အမျိုးသမီး တစ်ယောက် ခံစား နားလည်နိုင်စရာတွေလား ။ တချို့ ယောက်ျားရင့်မကြီးတွေတောင် မသဲမကွဲ ဖြစ်နေတဲ့ လူကျွံဘောတို့ ၊ ဟက်ထရစ်တို့ ဆိုတာတွေလည်း ခင်ခင်ပု သိတာပဲ ။ ရွန်းနေး ကို သူ့မောင်လေး အရင်းလို့ သူအောက်မေ့တယ် ။ ဖာဂူဆန် ရဲ့ နာမည်ကို တောင်မှ “ ဆာအဲလက်စ်ဖာဂူဆန် ” ရယ်လို့ ဆာဘွဲ့ပါ အပြည့်အစုံခေါ်တဲ့ အမျိုးသမီး ။

တင်မောင်မြိုင် ငယ်ငယ်က ပေါက်မြို့ ကျောင်း လက်ရွေးစင်ပါ ။ ကလေးဘဝက ကလေးဘောလုံးပြိုင်ပွဲ ၊ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲလောက် ကစားဖူးတာ ။ သူဘောလုံး ဝါသနာပါပုံက စပန့်အဖြူလို့ ခေါ်ရအောင် အဖြူထည်သက်သက် ။ သူများတွေ ဘောလုံးတွေကို စီးပွားတစ်ခုလို ကြည့်နေကြချိန်မှာ တင်မောင်မြိုင် က ဘောလုံးပွဲ ဆိုတဲ့ လုံးကြီး ပေါက်လှကြီးကို စိတ်ကူးနဲ့တောင် မပြစ်မှားဘူး ။

ဘုရားကြီးဈေးထဲက ဆိုင်ကယ်ပွဲစားတန်းက မိတ်ဆွေတွေက သူ့ကို ဆရာတင်ကြတယ် ။ သူကလည်း အရိုးခံနဲ့ သူနိုင်မယ် ထင်တဲ့ အသင်းကို ပြောပြတယ် ။ အိုလံပစ် နဲ့ သူနဲ့ ဘယ်အသင်း နိုင်မယ် ဆိုတာ သဘောထား ကွဲရင် ဘာကြောင့် ကွဲတယ်ဆိုတာ ပြောပြ တယ် ။ ဖတ်စ်အဲလဗင်း နဲ့ တက်လမ်း နဲ့ လည်း သူ့အယူအဆနဲ့ မတူတာ ဆိုရင် တင်မောင်မြိုင် က အကျိုးကြောင်းပြောတတ်တယ် ။ နိုင်မယ့် အသင်းက ဘာလို့ နိုင်မယ်ဆိုတာ ရှင်းပြရင်လည်း စိတ်ရှည်လက်ရှည်နဲ့ တစ်ဖက်လူ ဘဝကျအောင် ရှင်းပြတယ် ။ မန္တလေးမြို့ ဘောလုံးဂျာနယ် ထုတ်ရင် ခင်ဗျား ဆောင်းပါးရှင် လုပ်ဖို့ကောင်းတယ်လို့ မှတ်ချက်ချရတဲ့အထိပဲ ။ အဝေးကွင်း ၊ ကိုယ့်ကွင်း ရလဒ်တွေ နောက်ဆုံး တွေခဲ့ကြတုန်းက အရှုံးအနိုင် ဂိုးအရေအတွက်တွေ ၊ ဘောလုံးသင်းရဲ့ လက်ရှိခြေစွမ်း ၊ ဒဏ်ရာရ ၊ အဝါကတ် ၊ အနီကတ် ထိထားတဲ့ ဘောလုံးသမားတွေပါ ထည့်တွက်ပြတာကိုး ။

တင်မောင်မြိုင် ဆယ်ပွဲ ခန့်မှန်းရင် ခုနစ်ပွဲလောက် နိုင်တတ်လေတော့ တင်မောင်မြိုင် အဖို့ ဇွန်းတပ်ထားတဲ့ ပေါ့ဆိမ့်ရှယ်တွေ ၊ အိမ်အတွက် ပါဆယ် ထုတ်ပေးလိုက်တဲ့ ကီးမားပလာတာတွေ ၊ ခုနစ်လွှာပေါက်စီတွေ ၊ ကြက်ဆီထမင်းဘူးတွေက မနည်းလှဘူး ။

ဒါပေမဲ့ သူ့မိတ်ဆွေတွေက သွေးရိုးသားရိုး မေးကြတာ မဟုတ်ဘဲ အလောင်းအစား ပါမှန်း သိတော့ တင်မောင်မြိုင် လူစင်စစ်ကနေ ယုန် ဖြစ်သွားတယ် ။ အမှန်တကယ် လူစင်စစ် ကနေ ယုန်သတ္တဝါ ဖြစ်သွားတာ ဆိုရင်တော့ သတင်းထောက်တွေ ချက်ချင်း ရောက်လာပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက် ၊ စိန်စိန်ဝင်း ( ခေါ် ) ခင်ခင်ပု ကိုလည်း အသံဖမ်းစက်တွေနဲ့ အင်တာဗျူးကြလိမ့်မယ် ။ တင်မောင်မြိုင် က ယုန်ပညာရှိ ၊ နှာစေးနေတဲ့ ယုန် လုပ်နေရရှာတာပါ ။

တချို့ မိတ်ဆွေတွေက သိပ်ပြီး ပါးနပ်ကြတယ် ။ တင်မောင်မြိုင် ဆီက ဘာသံမှ မထွက်တော့ ခင်ခင်ပု ဆီက တစ်ဆင့် တင်မောင်မြိုင် ဘယ်အသင်းများ ကြိုက်သလဲ ၊ ဘာပြောသံ ကြားသလဲ စနည်းနာကြပြန်ရော ။ အရောင်းအဝယ်သာ တတ်သာ ၊ ခင်ခင်ပု ကလည်း ခပ်ရိုးရိုး ၊ ခပ်အအပဲ ၊ တင်မောင်မြိုင် ပြောရင် ပြောသလို သူက ပြန်ပြောလိုက်တာပဲ ။ နောက်တော့ သူ့ခင်ပွန်းက ဘယ်သူ့မှ မပြောနဲ့လို့ ပိတ်တော့တာပဲ ။

ခင်ခင်ပု က နာမည်ကသာ ခင်ခင်ပု ၊ မြန်မာအမျိုးသမီးတွေထဲမှာ အရပ် ငါးပေ ခြောက်လက်မ ဆိုတာ မပုတဲ့ အထဲမှာ ပါတယ် ။ တက္ကသိုလ် တချို့ ကျောင်းသားတွေက “ ခင်ခင်ရှည် ” ဆိုတဲ့ နာမည်ပြောင်ကို ခေါ်ခဲ့ကြတယ် ။ အသားက လတ်လတ် ၊ ကိုယ်လုံးက သွယ်သွယ် ၊ ဆံပင်ကတော့ နက်နက်မှောင်မှောင် ရှည်ရှည်လျားလျား ၊ သွားတက်လေး ပေါ်အောင် ပြုံးလိုက်ရင် တင်မောင်မြိုင် လေးနှစ်လေးမိုး ပိုးမယ် ဆိုရင် ပိုးသင့်တယ် ။ အထည်အလိပ် မရောင်းခင်ကတည်းက ဝတ်တတ်စားတတ်သူဆိုတော့ အခုချိန်မှာ ပိုလို့ ကျော့ရှင်းတော့တာပေါ့ ။

တင်မောင်မြိုင် ကတော့ စပို့ရှပ်ခရေစီ ။ သူ့ဆီမှာ လာကို့စ် ၊ ဂျော်ဒါနိုး ၊ ဟင်းတင်းန် ၊ ပိုလိုတံဆိပ် အမျိုးစုံ ၊ အသားအမျိုးစုံ ရှိတယ် ။ ဒါပေမဲ့ အကြောင်းအကျားတွေ မဟုတ်ဘူး ။ အရပ် ၅ ပေ ၉ လက်မလောက် မြင့်တာမို့ စိန်စိန်ဝင်း က ဘောင်းဘီရှည် ဝတ်စေချင်ပေမယ့် သူက ပလေကတ် ကွက်စိပ်လေးတွေ ကြိုက်တဲ့သူ ။ နဂိုက အသားဖြူပေမယ့် ဆိုင်ကယ် အရောင်းအဝယ် တစ်ဖက်နဲ့ နေပူစပ်ခါး သွားရသူမို့ ဖြူတဲ့ အသားမှာ နေလောင်ရာတွေနဲ့ ။ ကိုယ်လုံးပြည့်ပြည့်နဲ့ ကိုယ်လုံးသွယ်သွယ် ။ သူတို့ ဇနီးမောင်နှံ အတူ ယှဉ်တွဲ လျှောက်သွား ၊ ပွဲနေပွဲထိုင်တက် ၊ ဘုရားသွား ကျောင်းတက်ကြတဲ့ အခါ မြင်မြင်သူတွေ ပီတိစိတ် ၊ ကြည်နူးစိတ် ၊ အားကျစိတ်နဲ့ ပြုံးပြ နှုတ်ဆက်ကြရတဲ့ စုံတွဲပေါ့ ။

••••• ••••• •••••

မှတ်မှတ်ရရ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းနဲ့ ဘရားဇီးအသင်း ကစားကြတော့ ခင်ခင်ပု က အင်္ဂလန်အသင်းကို အားပေးတယ် ။ အင်္ဂလန်အသင်းမှာ သူသဘောကျတဲ့ သူ့မောင်လေးတွေ ဖြစ်ကြတဲ့ ဖာဒီနန် နဲ့ မိုက်ကယ်အိုဝင် ၊ ဒေးဗစ်ဘက်ခမ်းတို့ ပါဝင်ကြတယ်လေ ။

တင်မောင်မြိုင် ကလည်း ဘရာဇီး မှ ဘရာဇီး ၊ ရော်နယ်ဒင်ဟိုတို့ ရော်နယ်ဒိုတို့ ပါဝင်ကြတယ် ဟုတ်လား ။ လင်မယား နှစ်ယောက် ကိုယ်ကြိုက်ရာ အသင်းကို အားပေးရင်း အားပေးရင်းနဲ့ ပွဲသိမ်းတဲ့အခါ ဘရာဇီးက နိုင်သွားတယ် ။ ကစားနေတုန်းမှာ စကားနဲ့ တစ်မျိုး ကိုယ်ဟန် အမူအရာနဲ့ တစ်ဦးနဲ့ တစ်ဦး စကြနောက်ကြရင်း ပွဲပြီးတဲ့အခါ တင်မောင်မြိုင် က ပျော်ပြီး ခင်ခင်ပု က ဝမ်းနည်းနေရတယ် ။ အဲဒီ အဖြစ်အပျက်ဟာ ၂၀ဝ၂ ခုနှစ်က ဆိုတော့ ဒီအဖြစ်ဟာ အတိတ်မှာ ကျန်ခဲ့ပြီလို့ ပြောရင် မှန်ချင်မှ မှန်လိမ့်မယ် ။

အခု အင်္ဂလန်ပြည် ဘောလုံးပြိုင်ပွဲတွေမှာလည်း စိန်စိန်ဝင်း နဲ့ တင်မောင်မြိုင် တို့ အကြိုက်ချင်း မတိုက်ဆိုင်ကြဘူး ။ စိန်စိန်ဝင်းက မန္တလေးမြို့သူပီပီ မန်ချက် မှ မန်ချက် ။ ရွန်းနေတို့ နစ္စတာရွိုင်းတို့အစွမ်းကို ခင်ခင်ပု ကြိုက်တယ် ။ ကစားကွက် လှတယ် ။ လူကြီးလူကောင်း ဆန်တယ် ။ ဘောလုံးရသ အပြည့်ပေးနိုင်တဲ့ မန်ချက်စတာယူနိုက်တက်လို့ သူ ယူဆတယ် ။ အားကစားဂျာနယ် တစ်ခုရဲ့ မန်ချက်စတာ ချစ်သူများအသင်းမှာ သူ့ အသင်းဝင် နံပါတ်က ရှေ့နားဆီကလေ ။

တင်မောင်မြိုင် က အာဆင်နယ် ကို အားပေးတဲ့သူ ။ ရေးယက်စ်တို့ ဘားကင့်တို့ ပီးယက်စ်တို့ ၊ အွန်နရီတို့ဟာ တင်မောင်မြိုင် အတွက်တော့ ဘောလုံးသူရဲကောင်းတွေပေါ့ ။

အက်ဖ်အေဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ ဒီနှစ်သင်း အကြိတ်အနယ် ပြိုင်ကြလိမ့် မယ် ။ ၂ဝဝ၅ ခု အင်္ဂလန်ဘောလုံးရာသီ အတွက် နောက်ဆုံးဖလား ဖြစ်သလို ဖလားတစ်လုံးမှ မရသေးတဲ့ ဒီ ထိပ်တန်းအသင်းကြီး ၂ သင်းအတွက် ဂုဏ်သိက္ခာ ပြိုင်ပွဲလည်း ဖြစ်တယ် ။ ဘောလုံးဂျာနယ်တွေရဲ့ အရေးအသားတွေကလည်း ဒီဖိုင်နယ်ပွဲကို သည်းထိတ်ရင်ဖို ဖြစ်စေတယ် ။ မဲလ်ကွန်ဂလေဇာ လက်ကို မန်ချက်အသင်း မရောက်စေချင်တဲ့ ပရိသတ်က အင်္ကျီအနက်ရောင်တွေ ဝတ်ပြီး ကွင်းထဲမှာ အားပေးကြမယ်တဲ့ ။ အာဆင်နယ် ပရိသတ်ကလည်း မန်ချက်ပရိသတ်ကို စိတ်ဓာတ်စစ်ဆင်တဲ့ အနေနဲ့ မဲလ်ကွန်ဂလေဇာ ရဲ့ နိုင်ငံအလံတွေ ကိုင်ပြီး အားပေးကြဦးမှာတဲ့ ။

ဘောလုံးပွဲ စတော့ တင်မောင်မြိုင်က စကားလုံး အမြှောက်တွေနဲ့ မန်ချက်ကို ပစ်တယ် ။ အကြိတ်အနယ် ရှိတဲ့အခါ ခင်ခင်ပု က နှုတ်လှန်ထိုးရင်း အာဆင်နယ် ကို ရိတယ် ။ တင်မောင်မြိုင် က ကျွမ်းထိုးလုမတက် အာဆင်နယ်ကို အားပေးတော့ မန်ချက် ခြေစွမ်းပြတဲ့အခါ ခင်ခင်ပု က ခုန်ပေါက် အားပေးပြန်ရော ။ တစ်ဖက်နဲ့ တစ်ဖက် စကားလုံးတိုက်ပွဲက ပြင်းထန်လာတယ် ။

ကွင်းထဲက မန်ချက်နဲ့ အာဆင်နယ်တို့ ရဲ့ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်တာမျိုးထက် မလျှော့တဲ့ အပြိုင်အဆိုင် အားပေးမူတွေ ခင်ခင်ပု နဲ့ တင်မောင်မြိုင် တို့ အားပေးကြတယ် ။ ပွဲသိမ်းတော့ အာဆင်နယ် က ပင်နယ်တီနဲ့ မန်ချက် ကို အနိုင်ရသွားတယ် ။

တင်မောင်မြိုင် နဲ့ ခင်ခင်ပု တို့ အဲဒီညက ခုတင်တစ်လုံး ပေါ်မှာ တစ်ယောက် တစ်ဖက်စောင်းပြီး အိပ်ကြတယ် ။ ခါတိုင်း ညအိပ်ရာဝင် ပါးကလေးကို ရွှတ်ခနဲ နမ်းနေကျ ။ ဒီညတော့ မနမ်းရတော့ဘူး ။ ပင်နယ်တီ ဝင်အောင် မသွင်းနိုင်တဲ့ ပေါလ်စကိုး ကို တင်မောင်မြိုင် ကျေးဇူးလည်းတင် ၊ ဒေါလည်းပွတယ် ။

မင်္ဂလာမောင်မယ်သီချင်းထဲကလို “ မောင် ရှေ့ကို တည့်တည့် လျှောက်ရင်လေ ၊ မယ် လည်း တည့်တည့်လိုက်ကာ လျှောက်မယ် မောင်ရေ ” ဆိုတဲ့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံရဲ့ ချစ်ခြင်းကို ဘောလုံးပွဲ တစ်ပွဲက တစ်ညတာ ခွဲလိုက်တယ် ။ ဒါပေမဲ့ နောက်နေ့ မနက်တော့ တင်မောင်မြိုင်ရဲ့ ဆိုင်ကယ် နောက်မှာ ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း က သူ့ခင်ပွန်းရဲ့ ခါးကို ဖက်လို့ လိုက်ပါသွားတာပါပဲ ။

⎕ ညီပုလေး
📖မဟေသီ မဂ္ဂဇင်း
     သြဂုတ် ၊ ၂ဝဝ၅

Wednesday, October 1, 2025

မနက်ကသာတဲ့ ကျီးကန်းချက်ထားတာ

❝ မနက်ကသာတဲ့ ကျီးကန်းချက်ထားတာ ❞
        ( ညီပုလေး )

ကိုလူညို တစ်ယောက် ဦးလေးဘဖြူကို မကြာခဏ သတိရမိတယ် ။ အရက် ဝေးလို့ စီးကရက်တောင် မသောက်တတ်တာ လေးကောင်ဂျင်တို့ ၊ ဖဲတို့ မပြောနဲ့ ... ဘိလိယက်တောင် မထိုးတတ်တာ ... အပျော်အပါး မလိုက်စားဖြစ်တာတွေဟာ ဦးလေးဘဖြူ ရဲ့ ကျေးဇူးတွေပဲ ။ ဦးလေးက နှုတ်နဲ့ ဆုံးမရုံတင်မကဘူး ၊ စာဖတ်ဝါသနာ ပါအောင်ပါ သွန်သင်ပြီး စာအုပ်တွေနဲ့ ဆုံးမခဲ့တယ်လေ ။

ရွှေဥဒေါင်း ၊ ဒဂုန်ရွှေမျှား ၊ ဗိုလ်တာရာတို့က စ ဖတ်လိုက်တာ ၊ ကလျာ ၊ တက္ကသိုလ်ဘုန်းနိုင် ၊ ခင်ဆွေဦးတို့အလယ် ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၊ သခင်မြသန်း ၊ ဒဂုန်တာရာ ၊ ဗန်းမော်တင်အောင်တို့ရဲ့ စာအုပ်တွေအထိ စာအုပ်တော်တော်များများ သူဖတ်ခဲ့ဖူးတယ် ။ သူများကို စာအုပ်ငှားရမှာ အလွန်နှမြောတယ်လို့ နာမည်ကြီးတဲ့ ဦးလေးဘဖြူ က ကိုလူညို ကိုတော့ စာအုပ်ဗီရို ဖွင့်ပေးတယ် ။ ကိုလူညို ကလည်း ကိုယ်မှ ဝယ်မဖတ်နိုင်တာလေ ။ ဒီတော့ စာအုပ်တွေကို လေးလေးစားစား ဖတ်မိတာပေါ့ ။ ပြီးတော့ ဦးလေးဘဖြူရဲ့ စာအုပ်တွေက ဖတ်ပြီး သိမ်းထားတဲ့ စာအုပ်တွေ ဆိုပေမဲ့ စာအုပ် အခြေအနေက အသစ်နီးပါး လတ်ဆတ်ကောင်းမွန်နေလေတော့ သူက ရိုရိုသေသေ ဖတ်ပြီး မှန်မှန်ကန်ကန် ပြန်အပ်တယ်လေ ။

ဦးလေးဘဖြူတို့ အိမ်ကို ရောက်သွားတဲ့အချိန်က သူတို့မိသားစု စားချိန်သောက်ချိန် ( ဒါမှမဟုတ် ) စာအုပ်တွေအကြောင်း ၊ စာရေးဆရာတွေ အကြောင်း စကားကောင်းကြရင်းနဲ့ စားချိန်သောက်ချိန် တိုင်သွားရင်တော့ ထမင်းချိန်တန် ထမင်း ၊ ကော်ဖီချိန် ဆိုရင် ကော်ဖီ သောက်ပြီးမှ ပြန်ပေတော့ ။

ဒီလို ခေါ်ပြီး ကျွေးတာကို ဦးလေးဘဖြူက နှုတ်မလေး သလို ဇနီးသည် ဒေါ်ဒေါ်မိ ကလည်း လက်မနှေးဘူး ။ ဦးလေးရဲ့ ဖိတ်မန္တက စကားသံမှ မဆုံးသေးဘူး ၊ ဒေါ်ဒေါ်မိ က ထမင်းပန်းကန် ထဲမှာ ထမင်း ခူးပြီးနေပြီ ။

သားတွေသမီးတွေ ကလည်း ကိုလူညို ထိုင်စရာ ခွေးခြေတစ်လုံး မီးဖိုထဲ သွားယူသူယူ ၊ စားပွဲဝိုင်း ရောက်နှင့်သူတွေ ကလည်း သူ့အတွက် လူတစ်ကိုယ် ဝင်ဆံ့အောင် နေရာချုံ့ပေးသူပေးနဲ့ ။

ထမင်းဝိုင်းမှာ ဘာဟင်းနဲ့ စားရမယ်မှန်း မသိသေးပေမဲ့ သူတို့ မိသားစုရဲ့ နွေးထွေးဖော်ရွေပုံကို ကြားရမြင်ရတာနဲ့ပဲ ထမင်းဝင်စားချင်စိတ် ပေါ်လာမိတယ်လို့ ထမင်းဝင်စားကြဖူးသူတွေက ပြောကြတယ် ။

ဦးလေးဘဖြူနဲ့ ဒေါ်ဒေါ်မိ တို့က ဈေးချိုထဲမှာ ဖိနပ်ဆိုင်ထွက်ခဲ့ကြတယ် ။ အသက်ကလေး ထောက်လာတော့ သားတွေသမီးတွေနဲ့ ဆိုင်ကို လွှဲပြီး အိမ်မှာပဲ နားနားနေနေ နေကြတယ် ။ သူတို့ အိမ်ဟာ ဈေးမိတ် ၊ အဝေးမိတ် ၊ ဖောက်သည်ဟောင်း ၊ ဖောက်သည်ကောင်းတွေ ဝင်ထွက် စားသောက်တဲ့ အိမ်တစ်အိမ်လေ ။

ခးချဉ်သီးနဲ့ ငါးခြောက်ရိုး ၊ ခွေးတောက်ရွက်နဲ့ ပဲဟင်းချို ၊ အာပြဲခြောက်နဲ့ ငရုတ်သီးကြော် စသည်ဖြင့် ဒေါ်ဒေါ်မိ ဟင်းစပ်တွေ လက်ရာတွေက ဟင်းချိုမှုန့် တစ်မှုန့်မှ မပါဘဲ လျှာရင်း မြက်စေတယ် ။

တမိတ်ဆွေတွေကတော့ ဦးလေးဘဖြူ ကို ခွကျတတ ပုဂ္ဂိုလ်ကြီးလို့ ထင်မြင်ကြတယ် ။ ဦးလေးကလည်း မပြောသေးနေရော့ ... ပြောလိုက်ရင် ပိဿာလေးနဲ့ ဘေးပစ် ၊ တုတ်ထိုးအိုးပေါက် သူ့စိတ်ထဲရှိ ရှိသလို ပြောတတ်တယ် ။ ဈေးသည် ဖြစ်ခဲ့ဖူးပေမဲ့ စကားပရိယာယ် သုံးလေ့ မရှိဘူး ။ ဒီလိုလူ ရောင်းတဲ့ ဆိုင်မှ ကြိုက်သူလည်း ရှိတယ်လေ ။

တစ်ခါတလေ ဒေါ်ဒေါ်မိ နဲ့ သားတွေ သမီးတွေ အားနာပြီး မျက်နှာပူရတယ် ။ ဒါပေမဲ့ ဦးဘဖြူ ကတော့ သူ့မူကို မပြောင်းဘူး ။ မလျှော့ဘူး ။ သေရာပါမယ့် အကျင့်လို့ ပြောသူတွေက ပြောကြတယ် ။ ဘွင်းဘွင်းပြောတတ်တဲ့ ဦးလေးဘဖြူ ဟာ နာမည်လိုက်အောင် မနောဖြူသူ ဆိုတာတော့လည်း သူ့အသိုင်းအဝိုင်းက သိကြတယ် ။

သူတကာအိမ်မှာ လိုက်လံတောင်းရမ်း စားသောက်တဲ့ သူတွေကို ဦးလေးဘဖြူ က ပိုက်ဆံ ငါးပြားတစ်စေ့မှ မထည့်ဖူးဘူး ။ သူ့မိသားစုဝင်တွေကိုလည်း ပိုက်ဆံ မထည့်ဖို့ တားမြစ်ထားတယ် ။ လက်ကြော မတင်းဘဲ အခုလိုပဲ လိုက်လံတောင်းရမ်းသူဦးရေ တိုးလာမှာ စိုးလို့တဲ့ ။

တစ်ခါတလေလည်း ဦးလေးဘဖြူတို့ အိမ်မှာ ဈေးထွက်ဖော်ထွက်ဖက် မိတ်ဆွေဟောင်းတွေ ၊ သားတွေသမီးတွေရဲ့ သူငယ်ချင်းတွေနဲ့ တွေ့တတ် ၊ ဆုံတတ်တယ် ။ ဦးလေး တို့ကို ခင်မင်ရင်းစွဲ ရှိလို့ လာကြတာ ဖြစ်သလို ဒေါ်ဒေါ်မိ နှပ်ထားတဲ့ လက်ဖက်နှပ်ကို ကြိုက်လို့ လာကြသူတွေလည်း ပါတယ် ။ သူတို့ အိမ်ဟာ မိတ်ဆွေသင်္ဂဟတွေ ပြက်လှတယ်လို့မှ မရှိဘဲ ။

၈၈ အရေးအခင်းကြီး ပြီးတဲ့ နောက်မှာ ကိုလူညို တစ်ယောက် ဦးလေးတို့ မိသားစုနဲ့ ဝေးသွားတယ် ။ သရက်တောရကျောင်းမှာ ဧကစာရီ ကျင့်နေတယ် ။ အဲဒီကာလတွေမှာ ဦးလေးဘဖြူတို့ မိသားစုကို ခဏ ခဏ သတိရမိတယ် ။ ဒေါ်ဒေါ်မိ ရဲ့ လက်ရာ ဟင်းလျာတွေကို တမ်းတမိသလို ဦးလေးဘဖြူ ရဲ့ စာအုပ်ဗီရိုတွေ ကိုလည်း လွမ်းမိတယ်လေ ။ ဒါကြောင့် ဦးလေးတို့ ဒေါ်ဒေါ်တို့ မိသားစု ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့မိတယ်လေ ။

ကိုလူညိုနဲ့ အလားတူလိုပဲ ဦးလေးဘဖြူ တို့ရဲ့ သားအကြီးဆုံးလည်း သာယာဝတီတောရမှာ ကျင့်ကြံအားထုတ်နေရှာသတဲ့ ။

ဧကစာရီကျင့်နေရင်း ကိုယ်မြို့ ကိုယ် ပြန်ရောက်ရင် ဂါရဝပြုရမယ့် ပုဂ္ဂိလ်တွေ ၊ သွားပြီး နှုတ်ဆက်ရမယ့် မိသားစုတွေရဲ့ စာရင်းမှာ ဦးလေးဘဖြူ တို့ မိသားစုက အပေါ်နားက ပါတယ် ။

အချိန်တန်လို့ နွားပိန်ကန်တာ မဟုတ်ဘူး ။ အပတ်စေ့တော့ နဘတ် ( နှမ်းဖတ် ) ဖြစ်သွားတာပါ ။ အပတ်ရေတော့ များတာပေါ့ ။ ဂါရဝပြုမယ့် သူတွေ ၊ သွားပြီး နှုတ်ဆတ်ရမယ့်သူတွေ တစ်နေ့ တစ်ဦးစ နှစ်ဦးစ သွားပြီး မေးရ မြန်းရတယ် ။ နှုတ်ဆက်ရတယ် ။

ဦးလေးဘဖြူတို့ အိမ်ကိုတော့ ကိုလူညို မနည်း ရှာဖွေပြီး သွားရတယ်လေ ။ အဲဒီ ရပ်ကွက်ထဲမှာ အဆောက်အအုံသစ်တွေ တိုးလာလိုက်တာ ။ ခေတ်မီပုံစံတိုက်သစ်တွေ ၊ အထပ်မြင့်တိုက်တွေ ကြားမှာ ဦးလေးတို့ အိမ်လေးဟာ သေးကွေးပြီး ဟောင်းမြင်းသင့်တာထက် ပိုပြီး ဟောင်းမြင်းသွားသလိုပဲ ။

ဒီအိမ်ဟောင်းလေးကို ပြင်ဖို့ စုထားတဲ့ ငွေလေးတွေဟာ ဧကစာရီ ကျင့်နေရှာတဲ့ သြရသ ဆီ သွားရင်း လုံးပါးပါးသွားတာ ထင်ပါရဲ့ ။

ဦးလေးဘဖြူ နဲ့ ဒေါ်ဒေါ်မိတို့ကို ကိုယ့်မိဘအရင်းလို အောက်မေ့မိပြီး ထိခြင်းကြီးငါးဖြာနဲ့ထိပြီး ကန်တော့မိတယ် ။ ကိုလူညို ရောက်သွားချိန်ဟာ မနက် ၁ဝ နာရီတောင်မှ မထိုးသေးဘူး ။ မတွေ့ကြတာ ကြာတဲ့ နှစ်တွေကို ပြန်ပြောင်းအောက်မေ့ သတိရတဲ့ စကားတွေ ပြောကြရင်း ထမင်းစားချိန် တိုင်ပါလေရော ။

ထုံးစံအတိုင်း ဦးလေးဘဖြူက ထမင်းစားရအောင် ခေါ်တယ် ။ ကိုလူညို ကလည်း ဒေါ်ဒေါ်မိ ဟင်းချက်လက်ရာတွေကို နှစ်ပေါင်းများစွာ တမ်းတခဲ့သူ မဟုတ်လား ။ လက်ဆေးရေ ခပ်ဖို့ နောက်ဖေးခြံဝင်းထဲ ဆင်းတော့ မန်ကျည်းပင် အခြေမှာရော ရာဝင်အိုးအဖုံးပေါ်မှာရော ကွပ်ပျစ်ကြီးပေါ်မှာရော ပြဒါးသုတ်ကြည့်မှန်တွေ တင်ထား ထောင်ထားတယ် ။ ကွပ်ပျစ်ပေါ်မှာ ဆိုရင် ဗန်းတစ်ချပ် ထဲမှာ လောက်လေးခွရော လောက်စာတွေရော တွေ့ ခဲ့ရတယ် ။

ထမင်းဝိုင်းကတော့ ခါတိုင်းလို တိုးဝှေ့ မစားရပါဘူး ။ သားကြီး သြရသက အိမ်ပြန်မှ မရောက်သေးတာ ။ သမီး နှစ်ယောက်ကလည်း ဈေးထွက်နေကြတာ ဆိုတော့ ထမင်းဝိုင်းက သမီးထွေးလေးနဲ့ သူပါမှ လေးယောက်တည်း ။ ထမင်းဝိုင်းမှာ ဦးရေ လျော့ပေမဲ့ ဒေါ်ဒေါ်မိ ရဲ့ လက်ရာ ကတော့ လျော့သွားပုံမရဘူး ။ မတ်ပဲဟင်းချို ထဲမှာ ဆူးပုပ်ညွန့်လေးတွေ ခပ်ထားလေတော့ ထမင်းဝိုင်းဟာ ဆူးပုပ်နံ့လေး ကြိုင်သင်းနေတယ် ။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီး ရောထောင်းရာက ရတဲ့ ရနံ့လေးလား ။ နှမ်းဆီ သန့်သန့် အနံ့လေးမှာ ကြက်သွန်နဲ့ ငရုတ်သီးနံ့လေး ရောစွက် ပါဝင်နေကြတယ် ။ ငါးအိုးကပ်ဟင်းမှာ ကြက်သွန်နီ အကွင်းလိုက် ၊ ခရမ်းချဉ်သီး အကွင်းလိုက်တွေကို ကြည့်ရင်း မနက်က လက်ဖက်ရည်ဆိုင်မှာ တံတွေး သီးတာ အခုလို ဟင်းကောင်းတွေ စားရမှာမို့ ထင်ပါရဲ့လို့ အောက်မေ့မိတယ် ။

အရင်တုန်းကလည်း ဒီအိမ်က ထမင်းဝိုင်းကို ထိုင်ဖူးပါရဲ့ ။ ဒီတစ်ခါတော့ ထူးထူးခြားခြားပါလား ။ ဟင်းပန်ကန်နှုတ်ခမ်းတွေမှာ နံပါတ်တွေ ရေးထားပါလား ။ ဒေါ်ဒေါ်မိက ဟင်းပန်းကန်တွေ ထဲက ဟင်းနည်းနည်းစီ ဦးလေးဘဖြူ ထမင်းပန်ကန်ထဲ ဦးချတယ် ။ ပြီးတော့ ကိုလူညို ပန်းကန်ထဲကို ဟင်းတွေ ထည့်ပေးတယ် ။ ဒေါ်ဒေါ်မိ ပန်းကန်ထဲ ဟင်းထည့်ပြီးမှ သမီးထွေးက သူ့ပန်းကန်ထဲ ဟင်းထည့်ရှာတယ် ။

ကိုလူညိုကတော့ ဟင်းအရသာ တစ်မျိုးပြီး တစ်မျိုး အရသာ ခံစားရင်း ပန်းကန်ပေါ်က နံပါတ်တွေ အကြောင်းကို စဉ်းစားနေမိတယ် ။ ဘကြီးဖြူ က ဆူးပုပ်ဟင်းရည် သောက်မယ် ဆိုရင် ဆူးပုပ်ဟင်းရည် ပန်းကန်မှာ ရေးထားတဲ့ နံပါတ်တစ်ကို ခပ်တိုးတိုး ပြောပြီး ကြွေဇွန်းဆီ လက်လှမ်းလိုက်တယ် ။ အဲဒီအချိန်မှာ ဘယ်မိသားစုဝင်မှ ဆူးပုပ်ဟင်းချို ရည်ကို လက်မလှမ်းကြဘူး ။ သမီးထွေးက ငရုတ်သီးထောင်းပန်းကန်ကို လက်လှမ်းမယ် ဆိုရင် ငရုတ်သီးထောင်းပန်းကန်မှာ ရေးထားတဲ့ နံပါတ်နှစ် ကို အတူ စားနေကြသူတွေ ကြားလောက်ရုံ လေသံနဲ့ ပြောပြီးမှ ငရုတ်သီး ထောင်းကို နှိုက်ရတယ် ။

ဒေါ်ဒေါ်မိက နံပါတ်သုံး လို့ ပြောရင်း ငါးအိုးကပ်ပန်းကန် လှမ်းယူပြီး ကိုလူညို့ ပန်းကန်ထဲ ငါးအိုးကပ်ဟင်း ထည့်ပေးနေတယ် ။ ပန်းကန်မှာ ဒီနံပါတ်တွေ ရေးထားတာ ဘာလုပ်တာလဲ ။ ကိုလူညို စားရင်း စဉ်းစား ၊ စဉ်းစားရင်း စားနေမိတယ် ။

ထမင်းဝိုင်းအကြောင်း သဘောပေါက်လာတဲ့ ကိုလူညိုလည်း နံပါတ်တစ်လို့ အသံပြုပြီး ဆူးပုပ်ဟင်းချိုဆီ လက်လှမ်းလိုက်တယ် ။ ဦးလေးဘဖြူ က အစ ဒေါ်ဒေါ်မိ အလည် သမီးထွေးလေး အဆုံး ထမင်းဝိုင်းရှိ လူအားလုံး ကိုလူညိုကို ပြုံးပြီး လှမ်းကြည့်လိုက်ကြတယ် ။ ကြည်နူးနှစ်လိုဖွယ် အပြုံးတွေပေါ့ ။ အဓိပ္ပာယ်တော့ အများကြီး ဆောင်တဲ့ အပြုံးတွေလေ ။ ဒီအကြည့်နဲ့ ဒီအပြုံးတွေကို ကိုလူညို တစ်သက်လုံး မေ့မှာ မဟုတ်ဘူး ။

ကိုလူညိုဟာ ဦးလေးဘဖြူ တို့ မိသားစုမှာ ဧည့်သည်မှ မဟုတ်တာ ။ ခေတ္တ အလည်ရောက်နေတဲ့ သြရသ မဟုတ်လား ။

▢ ညီပုလေး
📖တတိယမြို့တော်သားရဲ့ အလွမ်း

Monday, June 23, 2025

တစ်ကြောင်းဆွဲ ကလေးပန်းချီ


 ❝ တစ်ကြောင်းဆွဲ ကလေးပန်းချီ ❞

         ( ညီပုလေး )

    

ဟောဒီ မြို့ကို ကျွန်တော် မပြောင်းချင်ဘဲနဲ့ ပြောင်းလာခဲ့ရတယ် ။ ဘယ်သူကရော အခြေတကျ ဖြစ်နေတဲ့ နေရာကနေ ပြောင်းချင်ပါ့မလဲ ။ ဇာတိမြို့ မှာ တောက်လျှောက် နေလာတဲ့ ကျွန်တော့် လို လူဆိုရင် ပိုဆိုးတော့တာပေါ့ ။


ဒီအရပ် ဒီမြို့ ဟာ ကျွန်တော့်အတွက်တော့ ပစ္စန္တရစ် အရပ်ပါပဲ ။ ရာသီဥတု က ပူစရာ ရှိရင် မညှာမတာ ပူတာလေ ။ ယပ်တဖျပ်ဖျပ် နဲ့ ခတ်ပေရော့ ။ လေ ကလည်း ပူ ၊ ရေတွေလည်း ပူ ၊ သင်ဖြူးတွေ လည်းပူ ။ အဝီစိ နဲ့ အလွန် နီးတဲ့အရပ်လို့တောင် ထင်မိတယ် ။ ခြင် ကလည်း သိပ်ကိုက်တာ ။ စပါးခွံတွေ နဲ့ ဆုပ်ဆုပ်ပြီး ပက်နေသလိုပဲ ။ မိုး ကျတော့ တစ်နှစ်လုံး နေမှ ဆယ့်ငါးရက်ရွာရဲ့လား မသိဘူး ။ အတိုင်နွား မိုးစို လို့ အလှည့်နွား မိုးမစိုဘူး ဆိုတဲ့မိုး မျိုး ။ ဆောင်းကျတော့ကော ။ မနက်မိုးလင်းရင် မျက်နှာ မသစ်ချင်လောက်အောင် အေး တဲ့မြို့ ။ ဖုန် ကတော့ နွေ ၊ မိုး ၊ ဆောင်းတထောင်းထောင်း နဲ့ ။ အိပ်ရာဝင်ခါနီး နှာခေါင်း ထဲ က ဖုန်မှုန့်တွေ သန့်ရှင်း ပစ်ရတာကိုက အလုပ် တစ်ခုပဲ ။


ဒီမြို့ကို ရောက်ပြီးလို့ သုံးလအကြာမှာ ပြောင်းဖို့ စာတင်တယ် ။ ရုံးချုပ် ကို ပြန်ပြောင်း ဖို့ပါ ။ ဒီက အရာရှိ က မတင်ဖို့ပြောသေးတားသေးတယ် ။ ကျွန်တော် ဆက်ပြီး သည်းမခံ နိုင်တော့ဘူး ။


ကျွန်တော်တို့ ရုံး ရဲ့အကျင့် က ဒီလိုမှ ထပ်ပြီး ပြောင်းဖို့ စာတင်ရင် ရုံးချုပ် ဒါမှမဟုတ် ကိုယ် သွားချင်တဲ့ ရုံးကို မပြောင်းရဘူး ။ ဒိထက် ဆိုးတဲ့မြို့ ဒါမှမဟုတ် ပိုပြီး ဝေးလံသီခေါင် တဲ့ အရပ်ကို ရွှေ့ရတတ်တယ် ။ တစ်ခါတလေလည်း ဘယ်မှ မပို့ဘဲ ဒီမြို့မှာတင်ပဲ မရွှေ့ဘဲ ထားလိုက်တာ ။ စိတ်ညစ်လက်စ နဲ့ ညစ်ပေတော့ ။ ကျွန်တော် ကလည်း ဒီမြို့က လွဲ ဘယ် ဒေသ ရောက်ရောက်ဆိုတဲ့ စိတ်ကို ပိုက်ထားပြီးပြီ ။


× × ×  × × ×  × × ×


ကြာလာတော့လည်း လူ ဆိုတာ ကြံဖန်ပြီး အလိုက်အထိုက် အဆင်ပြေအောင် နေရတော့တာပေါ့ ။ ပြောင်းမိန့် မကျမချင်း အဆင်ချောအောင် နေတတ်အောင် ကြိုးစားရတော့တယ် ။


ကျေးဇူးတင်ရမယ့် စာရင်းပြုစုရင် မြင့်အောင်အောင် ဆိုတဲ့ စာရေးလေး ကို နံပါတ် တစ် နေရာမှာ ထားမယ် ။ ကျွန်တော် လို မပြောင်းချင်ဘဲ နဲ့ ပြောင်းလာခဲ့တဲ့ ဝန်ထမ်းတစ်ယောက် ကို ရုံးသူရုံးသားတွေ ကလည်း မကြာခင်မှာ ငွေကုန်ကြေးကျ ခပ်များများခံပြီး ပြန်သွားမှာပါလို့ အရင်လူတွေ လို ထင်ပြီး သိပ်ဟက်ဟက်ပက်ပက် မရှိကြဘူး ။ မြင့်အောင်အောင် တစ်ယောက် ပဲ ကျွန်တော့် ကိုနားလည်မှု ရှိပြီး မိတ်ဆွေ စဖြစ်ရတာ ။ အခုတော့လည်း မိတ်ဆွေ အပေါင်းအသင်း တော်တော် များလာပါပြီ ။


ဒီမြို့ နဲ့ သူစိမ်းတရံ လို ဖြစ်နေတဲ့ ကျွန်တော့် ကို မြင့်အောင်အောင် က သားရေဖိနပ် စီးရင် ‘ ရှုမဝ ’ တံဆိပ် ကို စီးဖို့ပြောထားတယ် ။ ဝယ်ရမယ့် ဆိုင် ကိုပါ မီးပွိုင့်နား အထိ ခေါ် သွားပြီး ပြထားတယ် ။ သူ ကိုယ်တိုင်လည်း အဲဒီတံဆိပ် ၊ အဲဒီ ဖိနပ် ကိုပဲ စီးတယ် ။


ဆံပင် ညှပ်မယ် ဆိုရင် ‘ သက်တံရောင် ’ ဆိုတဲ့ ဆိုင် မှာ ညှပ်ဖို့ ခေါ်သွားဖူးတယ် ။ မြင့်အောင်အောင် ကို အမြဲတမ်း ဆံပင်ညှပ်ပေးနေကျ ဆံသဆရာ ကိုလူမော် နဲ့ လည်း တစ်ခါတည်း မိတ်ဆက်ပေးတယ် ။ ကျွန်တော့်အစ်ကို ပါတဲ့ ။


ဆိုင် ထဲမှာ ရှိတဲ့ ဆံသဆရာ သုံးယောက် ထဲက ခြေသလုံးမှာ အကြောထုံးတွေ အများဆုံး ကိုလူမော် က စကားပြောလည်း ကောင်း ၊ လက်ရာလည်း ကောင်းတယ် ။ စာတွေ လည်း တော်တော်စုံစုံ ဖတ်ထားတယ် ။ ရေဒီယိုတွေလည်း နားထောင်တယ်ထင်ပါရဲ့ ။ အာရှစီးပွားရေးအကျပ်အတည်းရော ၊ တီမောအရေးရော ၊ ၈၉ တင်အန်မင်အရေးရော ၊ နောက်ဆုံး ဖီဂျီပြဿနာ အထိ အစုံ ပြောနိုင်တဲ့လူ ။


တစ်နေ့ကျတော့ မြင့်အောင်အောင် က သူ့ သူငယ်ချင်း ညီညီသစ် နဲ့ မောင်ဝိုင်းချို တို့ပါ ခေါ်လာပြီး ‘ စံပယ်ဖြူ ’ တီးဟောက်စ် မှာ ထိုင်ကြရင်း သူ့သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေးတယ် ။ သူတို့ ကြည့်ရတာ သက်တူရွယ်တူတွေ ထင်ပါရဲ့ ။ အရွယ်အလုံးအထည် တွေက မတိမ်းမယိမ်းတွေလေ ။ တစ်ခုတည်းဖွား မဟုတ်လို့ ကွာကြရင် ကြီး တစ်နှစ် ငယ် တစ်နှစ် ဆိုတာလေးတွေ ။


လက်ဖက်ရည် ၊ ကော်ဖီ ၊ ပေါက်စီ ၊ ပလာတာ ၊ ထပ်တစ်ရာ ဒီဆိုင် မှာ အကောင်းဆုံး လို့ ပြောပြီး ကိုယ် ကြိုက်ရာ မှာစားကြတယ် ။ ကျွန်တော် က ကော်ဖီ နဲ့ ဝက်သားပေါက်စီ ၊ လူငယ်တွေက ဖန်ဆိမ့်တွေ ရော ပုံမှန်တွေ ရော ၊ အာလူးပလာတာတွေရော ၊ စားကြပါစေ ။ အိမ်ကို လွမ်းတဲ့ စိတ် ၊ ခေတ္တခဏတော့ ပြေပျောက်ပါတယ်လေဆိုပြီး သူတို့နဲ့ သောင်းပြောင်းထွေလာတွေ ပြောဖြစ်ကြတယ် ။ အနား ကို ခဏခဏလာပြီး ရစ်သီရစ်သီ လုပ်တတ်ကြတဲ့ ထီးရောင်းတဲ့ သူတွေ ၊ ဂျာနယ်ရောင်းတဲ့ သူတွေကို တောင်းပန်ရင်း မေတ္တာ ရပ်ရင်းပေါ့ ။


အဲဒီနေ့ က လက်ဖက်ရည်ဖိုးကျသင့်ငွေ ကို ကျွန်တော် ပေးမယ်လို့ပါပဲ ။ ညီညီသစ် က အပေး မခံဘူး ။ သူ က ဇွတ်ပေးသွားတယ် ။


ဆန်ခေါက်ဆွဲ ၊ ဆီချက် ၊ မြီးရှည် စားချင်ရင် ‘ ရနံ့သစ် ’ ဆိုတဲ့ လမ်းနံဘေးဆိုင်လေး တစ်ဆိုင် ကို ပြထားတယ် ။ သူတို့က ဒီဆိုင် ကို ‘ ပစ္စည်းမဲ့ရနံ့သစ် ’ လို့ ခေါ်ကြသတဲ့ ။ ဈေးသက်သာလို့ ၊ သူတို့ ခဏခဏသွားစားကြတယ်တဲ့ ။


သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ဆပ်ပြာ ဝယ်ဖို့လည်း ‘ ချယ်ရီ ’ ဆိုတဲ့ ဆိုင်လေး ကို ပြထားတယ် ။ အသားရေဝင်းဝင်း ကျစ်ဆံမြီးတုတ်တုတ် ၊ မျက်မှန်ထူထူနဲ့ ကလေးမလေး ဆိုင်ထိုင်တတ်တယ် ။ ကိုယ်တိုက်ဆပ်ပြာရော ဆပ်ပြာမှုန့်ပါ ဈေးမှန်သားပဲ ။


နောက်ဆုံး အရေးပေါ် သုံးစရာငွေလိုလို့ ပေါင်ဖို့နှံဖို့ လိုအပ်ရင် သွားရမယ့် နေရာ ‘ ရွှေရင်အေး ’ လို့ ရေးထားပြီး ရေနံချေးထူထူ သုတ်ထားတဲ့ အိမ်ကြီး ကိုပါ ပြထားသေး တယ် ။


မြင့်အောင်အောင် ရော သူ့သူငယ်ချင်းတွေ ဟာ ကျွန်တော့် အတွက် ဧည့်လမ်းညွှန်စာအုပ် တစ်အုပ်ထက် အဖိုးတန်တာပေါ့ ။ အခု ကျွန်တော် ငှားနေတဲ့ အခန်းလေး ကလည်း မြင့်အောင်အောင် အဆက်အသွယ် နဲ့ ရထားတာ ။ ညီညီသစ် ရဲ့ ကြီးတော် တော်စပ်သတဲ့ ။ သူ့ဘကြီး နဲ့ ကြီးတော် တို့ကလည်း ခပ်အေးအေး နေကြသူတွေပါပဲ ။


× × ×  × × ×  × × ×


စက်ဘီး တစ်စီး ဟာ ဟောဒီမြို့ မှာတော့ မရှိမဖြစ်လည်းမဟုတ် ၊ ရှိရင်တော့လည်း အတော် အသုံးဝင်တယ် ။ ဒါပေမယ့် စက်ဘီး မှ ကျွန်တော် မစီးတတ်ဘဲ ။ ဒီတော့ မြင့်အောင်အောင် ရဲ့ ငှက်မြီးရှည် နောက်မြီးက လိုက်တဲ့ အခါလိုက် ၊ မောင်ဝိုင်းချို ရဲ့ မိကျောင်း အမြီး ပေါ် ထိုင်တဲ့အခါ ထိုင်ပေါ့ ။ ညီညီသစ်ကတော့ တောင်တက်ဘီး စီးတဲ့လူ ၊ သူ့ စက်ဘီး မှာ ကယ်ရီယာ တပ်မထားဘူး ။


အစ်ကိုကြီး မနက်ဖြန်မနက် ( ၂ ) နာရီ မှာ ရီးယဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ ဗျ ၊ ပွဲကောင်း မယ် ။ ကျွန်တော့် အိမ်မှာ အမေအို နဲ့ အဖေ မသန်မစွမ်းကြီး ပြီးတော့ ဇနီးသည် နဲ့ သား တစ်ယောက် သမီး တစ်ယောက်ကျန်ခဲ့တာ ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရုံးမှာ ဆယ့်လေးနှစ်လောက် အတူ တာဝန်ထမ်းဆောင်ခဲ့ကြတာ ။ ဘယ်နှယ် သတိမရ ၊ မလွမ်း ဘဲ ရှိပါ့မလဲ ။


ခံစားနေရတာတွေ နည်းနည်းမှ သက်သာပေါ့ပါးပါစေတော့ဆိုပြီး အိပ်ရေးအပျက် ခံ ဂြိုဟ်တုစလောင်း က တိုက်ရိုက်လွှင့်တဲ့ ဘောပွဲတွေ သွား ကြည့်ပေမယ့်လည်း အလွမ်း ဖြေလို့ မရပါဘူး ။ ကျွန်တော့် သား နဲ့ အဖေတို့ ဘောလုံးဝါသနာ ပါကြတယ် မဟုတ်လား ။


အစ်ကိုကြီး ဝင်းလိုက်ရုံ မှာ ဂျိမ်းစ်ဘွန်းကားသစ် ဝင်တယ် ၊ မင်းသား ကလည်း အသစ် ပီယားစ်ဘရာ့စ်နမ်တဲ့ ၊ ခြောက်နာရီပွဲ လက်မှတ်ယူလိုက်မယ်တဲ့ ။


ငှက်မြီးရှည် နောက်မြီး မှာ ပုဆိုးစ ကို ဟန်ကျပန်ကျ မသိမ်းတတ်ဘဲ စက်ဘီးခွေ ကို

ဖုန်သုတ်သလို တဖျပ်ဖျပ် နဲ့ လိုက်ခဲ့ပေမယ့် ရုပ်ရှင်ရုံ ထဲရောက်တော့ ဇနီးသည် နဲ့ သား သမီးတွေ ကို ပိုသတိရမိသေးတယ် ။ သူတို့ လည်း ကြည့်ချင်ကြရှာမှာပဲလေ ။ သူတို့ ကြည့် နိုင်ကြမှာ မဟုတ်ပါဘူး ။ ‘ ဂျိမ်းစ်ဘွန်း ’ ကလည်း ဒီပြင်နေရာမှာ စွမ်းချင် စွမ်းမယ် ။ ကျွန်တော့် ရင်ထဲမှာ ခံစားနေရတာကို သက်သာအောင် မစွမ်းဘူး ။


မိသားစု နဲ့ ကြာကြာ ခွဲ နေဖူးသူတွေ ကျွန်တော့် ခံစားချက်ကို သိရှိခံစားနိုင်ကြပါလိမ့် မယ် ။ ရုံး မှာ လည်း ရုံးမှာမို့ ၊ အိမ် မှာ လည်း အိမ်မှာမို့ ထမင်းစားရင် ထမင်းစားချိန်မို့ မိသားစုကို သတိရလို့ချည်းနေတာ ။


အခုလို တစ်မြို့စီ ခွဲနေရ ၊ စားအိုးလည်း နှစ်အိုးခွဲ စားရတော့ ရန်ကုန် မှာ ကျန်ခဲ့တဲ့ မိသားစုရော ကျွန်တော် ပါ ဒုက္ခရောက်ကြ ၊ ကသီလင်တ နိုင်ကြနဲ့ ။ လွမ်းစိတ် ထက် တစ်ခါတစ်လေ ဒေါသစိတ် ခံပြင်းစိတ်ပါပါတယ် ။


× × ×  × × ×  × × ×


အခုတော့ ကျွန်တော် ခံစားနေရတာတွေ နည်းနည်းပါးပါးသက်သာသွားအောင် ဖြေလျှော့ပေးလိုက်တာတော့ ‘ မိတ်ဆွေကောင်း ’ ဆိုတဲ့ စာအုပ်အဟောင်းဆိုင်လေးပါပဲ ။ ဒီ ဆိုင်လေး ကို တွေ့လိုက်တော့ ပန်းဆိုးတန်း က စာအုပ်အဟောင်း ရောင်းကြတဲ့ ကိုတင်မြင့် တို့ ကို သတိရမိပြန်ရော ။ ဒီ မိတ်ဆွေ ရောင်းရေးဝယ်တာမှာ အဆင်ပြေရဲ့လား ။


‘ မိတ်ဆွေကောင်း ’ က ခေါင်မိုး က ခပ်နိမ့်နိမ့်လေး ။ အလင်းရောင် ကလည်း ခပ်နည်းနည်း ။ ဆိုင်းဘုတ်ကတော့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် လောက်ကတည်းက အသစ်ပြန် ရေးဖို့ ကောင်းနေတဲ့ ဆိုင်းဘုတ် တစ်ခုပါပဲ ။ ကျွန်တော် အရင်က ဒီလမ်း ကို ဖြတ်သွားဖူးသားပဲ ။ အဲဒီတုန်းက စာအုပ်အဟောင်းဆိုင်လေး ကို သတိ မထားမိဘူး ။


တရုတ်ငှက်မြီးရှည် နောက်မြီးပေါ် ထိုင်လိုက်လာရင်း မြင့်အောင်အောင် က စက်ဘီး ရပ်လို့သာ ဆင်းလိုက်ရတာ ၊ ဘာလာလုပ်ရမှန်း ကို မရိပ်မိဘူး ။ မြင့်အောင်အောင် က အစ်ကို အပြင်က စောင့်ရမှာ ပျင်းရင် ဆိုင်ထဲ လိုက်ခဲ့လေတဲ့ ။


ဆိုင် ထဲ ရောက်ခါစမှာ မျက်လုံးအကျင့် ရအောင် ခဏစောင့်ပြီး ကျင့်သားရမှ စင်ပေါ် က စာအုပ်တွေ လျှောက်ကြည့်မိတယ် ။ ဆိုင်မှာ မျက်နှာကြက် လည်း မရှိဘူး ။ ဆိုင် ကို အုပ်မိုးထားတဲ့ ပိတောက်ပင် နှစ်ပင်ရဲ့ အရိပ်ကြောင့် ဆိုင် ထဲမှာ အပူသက်သာနေတာလေ ။ မြင့်အောင်အောင် ကတော့ မဂ္ဂဇင်းအဟောင်းပုံ ကို ဖွနေ မွှေနေတော့တယ် ။


အင်္ဂဝိဇ္ဇာဋီကာ ကျမ်းကြီး ၊ မြန်မာ့လျှို့ဝှက်ဆေးဝါးနှင့် အသုံးဝင်နွယ်မြက်သစ်ပင် ၊ ဦးသိန်းမောင် ရန်ကုန် ပြုစုတဲ့ စာတွေ့ လက်တွေ့ ဓာတ်ပုံပညာ ၊ ခေတ်သစ်တော်လှန်ရေးနှင့် နပိုလီယံ ၊ ဆရာဗန်းမော်တင်အောင် ရေးတဲ့ သဘာဝသိပ္ပံ ၊ မောင်ထွန်းသူ မြန်မာ ပြန်တဲ့ အေဂျေခရိုနင်ရဲ့ သစ္စာရှင် ၊ မလေးလုံ ရဲ့ပွင့် ၊ ကဝိသေနင်္ဂဗျူဟာကျမ်း ၊ ပုဂံစာအုပ်တိုက် က ထုတ်ခဲ့တဲ့ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည် ရေးတဲ့ သူ က အင်း တော်တော် ကို ဖတ်ယူရတယ် ။ ဝိဓူရသခင်ချစ်မောင် ၊ ဆရာဒဂုန်တာရာ ရဲ့ ကြာရိပ်ပန်းနု ၊ ရှင်ဥတ္တမကျော် နှင့် ခုံတော်မောင်ကျပန်း ၊ ကျော်အောင် ဘာသာပြန် သတို့သမီး နှင့် အခြားဝတ္ထုတိုများ ။


ကျွန်တော်တို့ ဝင်လာကြတာကို စားပွဲတစ်လုံး နဲ့ ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက် က လှမ်းပြီး အကဲခတ်တယ် ။ ခဏပါပဲ ၊ ပြီးတော့ သူ လုပ်လက်စ အလုပ် ကို ဆက်ပြီး လုပ်နေတယ် ။ ဒီ အမျိုးသမီးက ကျွန်တော် နဲ့ သက်တူရွယ်တူ လောက် ရှိမယ်လို့ ထင်တယ် ။


စင်ပေါ် က စာအုပ်တွေ ဆက်ပြီး ကြည့်နေမိတယ် ။ တချို့ စာအုပ်တွေ က မူလ အဖုံး မဟုတ်တော့ဘူး ၊ စာအုပ်အနှောင့်မှာ ကလောင်အပျော့နဲ့ လက်ရေးလှလှ ရေးထားတယ်လေ ။ လက်ရာစုံစွာ အာနန္ဒာ ၊ မင်းဘူး အောင်ကြိုင်တဲ့ ၊ မြန်မာအမေရိကန်ရွှေလမ်းငွေလမ်း ၊ ညိုမြ ၊ ပြီးတော့ ဆရာမကြီးဂျာနယ်ကျော်မမလေး ရဲ့ မြန်မာ့ဆေးပညာ ၊ တင့်တယ် ကမ္မဖလ ၊ ဆရာထင်လင်း ရဲ့ စာအုပ်တွေက တန်းစီလို့ ၊ ဘယ်ဆီဘယ်ဝယ် ၊ စည်းအပြင် ကလူ ၊ ပင်လယ်စင်ရော် ၊ စောင်းကြိုးတင်းသည့်သီချင်းသံ ၊ အဆိပ် ၊ ချစ်သူရင်ခွင်ထက် ၌ အိပ်စက်ခြင်း ၊ ကျော်လှိုင်ဦး ဘာသာပြန်တဲ့ လူနဲ့ လက်နက် ၊ ဇဝန ရဲ့ ကားထဲက မိန်းကလေး ၊ ဒေါက်တာထွန်းရွှေရေးတဲ့ ဒေါက်တာမင်းအောင် ။


အမျိုးသမီး က ကျောင်းဝတ်စုံအင်္ကျီအဖြူ မှာ ကျောင်းတံဆိပ်တစ်ခု ကို တကုပ်ကုပ်နဲ့ တပ်ဆင်နေတာ ။ နဖူးပေါ်ပေါ် နှာတံစင်းစင်း ၊ ဆံပင်ကို နောက်မှာ စုစည်းထားတယ် ၊ သနပ်ခါးတောင် လူးမထားဘူးထင်တာပဲ ။ တကုပ်ကုပ် ချုပ် နေရာက မော့ကြည့်သလား မကြည့်ဘူးလားတော့ မသိ ။


မြင့်အောင်အောင် ကတော့ မဂ္ဂဇင်းပုံ ကို မွှေလို့ ကောင်းနေတုန်း ကျွန်တော် က စာအုပ် စင်တွေ ပေါ်မှာ ရှိတဲ့ စာအုပ်တွေ ကို ဆက်ကြည့်နေတယ် ။ စာအုပ်ဆိုက်တွေ က အတို အရှည် မတူကြသလို ၊ အထူးအပါး ကလည်း အမျိုးမျိုး ။ ဒါပေမဲ့ စာအုပ်စင် ကတော့ တစ်ရွက်တည်း ကရောင်းရှစ်ချိုးဆိုက် စာအုပ်တစ်အုပ် ချောင်ချောင်လေး ထောင်ထား လို့ရတဲ့ စာအုပ်စင်မျိုးပါ ။


တင့်တယ် ရဲ့ ဖြေလျော့ခွေ ၊ ရောမကို အာခံသူ ၊ ချစ်သောကေသီ ဟော တွေ့ပြီ ။


ကျွန်တော် ရုံးချုပ် ကို ပြန်ပြောင်းမိန့် ရောက်လာသလောက်ကို ဝမ်းသာသွားမိတယ် ၊ ကျွန်တော်အနှစ်နှစ်အလလ ရှာနေတဲ့ သခင်မြသန်း ဘာသာပြန်တဲ့ သံမဏိသူရဲကောင်း လေ ။ ရုရှားစာရေးဆရာ နီကိုလေး သြစထရော့ ( ဗ် ) စကီ ရဲ့ ဝတ္ထုစာအုပ် ။ ကျွန်တော် အတော်ကို ပျော်သွားတယ် ။ တော်ပြီ ။ ဒီစာအုပ် တစ်အုပ်တည်းနဲ့ လာရကျိုး နပ်သွားပြီ ။ ဇာတ်လိုက် က ပေဘဲလ်ကော်ချဂင်ကလေး ။ ကျွန်တော် ရန်ကုန် မှာ နည်းနည်း မြည်းစမ်းဖူးတယ် ။ ဒီစာအုပ် ဝယ်မယ် ။ ဟောဒီဆိုင်လေး ကို ရောက်လာခဲ့တဲ့ ညနေခင်းလေး ကို ရွှေရောင်ဝင်းတောက်တဲ့ ညနေခင်းလေးလို့ ထင်မိတယ် ။


မြင့်အောင်အောင် က မဂ္ဂဇင်းအဟောင်း သုံးအုပ်ဖိုး အမျိုးသမီး ကို ပေးလိုက်တယ် ။ လူငယ်လေး လည်း သူ ရှာနေတဲ့ မဂ္ဂဇင်းတွေ ရလို့ ကျေနပ်ပြုံးပျော်နေတဲ့ မျက်နှ၀နဲ့ ။ ကျွန်တော် လည်း ပီတိတွေနဲ့ ပျော်လို့ ။ စာအုပ်ဖိုး ပေးမလို့ စာအုပ် ကိုလည်း စားပွဲပေါ် တင်လိုက်ရော အမျိုးသမီး ရဲ့ မျက်နှာ က တစ်မျိုး ဖြစ်သွားတယ် ။ သွားတွေ စေ့လိုက်သလို မျိုး ။ သွားတွေ တင် စေ့တာတင် မဟုတ်ဘူး ၊ မျက်မှောင် လည်း မသိမသာ ကြုတ်သွား သလိုလို ။ နဂို ကတည်းက ဣန္ဒြေ နဲ့ မျက်နှာ မှာ ငေးရီရီ ဖြစ်သွား သလိုပဲ ။


စာအုပ် ရောင်းတဲ့ ဆိုင်မှာ တင်ရောင်းထားတဲ့ စာအုပ် ရောင်းလို့ စွံတာ ၊ ဒီအမျိုးသမီး က ဘာဖြစ်သွားရတာလဲ ။ ကိုယ်က ပီတိနဲ့ ဆိုတော့ သူ့ကို အားနာတာ လည်း တစ်ကြောင်း ၊ မသာမယာ မျက်နှာမျိုး သိပ်လည်း မကြည့်ချင်တာနဲ့ ပိုက်ဆံ မြန်မြန် ထုတ်ပေးလိုက်တယ် ။ အရေးထဲ အမ်းစရာ ငွေ က အံဆွဲ ထဲ မလောက်တာနဲ့ အိမ် ထဲ ဝင်ပြီး ယူရသေးတယ် ။ ကျွန်တော်တို့ ကို ယုံတယ် ထင်ပါရဲ့ ။ ဆိုင် ထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်း ထားခဲ့ တယ် ။


အိမ် ထဲ ဝင်လို့ တံခါး အလှပ်မှာ ကလေး တစ်ယောက် စာအံနေသံ ကို ကြားလိုက်ရပြီး သင်းသင်းလေးမွှေး နေတဲ့ ငါးပိကြော်နံ့ ပါ လေနဲ့ အတူ ပါလာတယ် ။


အမ်းငွေ နဲ့ အတူ ပြန်လာတဲ့အမျိုးသမီး ခမျာ ကျွန်တော်တို့လည်း ပြန်သွားရော မျက်နှာ မသာမယာနဲ့ ပဲ စားပွဲမှာ ထိုင်နေရစ်ရှာတယ် ။


ငှက်မြီးရှည်အမြီး မှာ မြင့်အောင်အောင် မဂ္ဂဇင်းတွေပေါ် သံမဏိသူရဲကောင်း တင်ပြီး လှန်လှော ကြည့်မိတယ် ။ ပန်းချီဝသုန် ရဲ့ လက်ရာ က အားမာန်ပါလှချေလား ။ ဒီပန်းချီဆရာ အခုနေ ဒီအဖုံး ကို နောက်တစ်ကြိမ် ထပ်အရေးခိုင်းရင် ဒီလောက် ပြောင်မြောက်တဲ့ ပုံ ကိုကော ရေးနိုင်ပါဦးမလားလို့ ထင်လောက်တဲ့လက်ရာ ။ တတိယနှိပ်ခြင်း အုပ် ( ၂၅ဝဝ ) ၊ ၁ အောက်တိုဘာ ၁၉၇၆ တဲ့ ။


စက်မှု ကို ၊ မြို့သစ် ကို ၊ သိုးခြံ ၊ အောင်ပင်လယ် ၊ စပယ်ယာတွေရဲ့ ခရီးသည်ခေါ်သံတွေ ၊ ဝင်ငွေများများ ရဖို့ စက်ကုန်ဖွင့် ပြေးလွှားနေတဲ့ ကားတွေကြားမှာ ငှက်မြီးရှည်စက်ဘီး လေး က မြွေလိပ်မြွေကောက် တရွေ့ရွေ့ နဲ့ သွားနေတယ် ။ ကျွန်တော် ကတော့ ဘာသာ ပြန်သူ ၏ အမှာ ကို စပြီးဖတ်နေမိပြီ ။ မပြောကောင်း ပြောကောင်း အခုအချိန် မှာ တစ်ခုခု သာ ဖြစ်ခဲ့ရင်  ‘ သံမဏိသူရဲကောင်း ’ လို့ ပါးစပ် က ယောင်မိလေမလား ။ 


× × ×  × × ×  × × ×


စာမျက်နှာ ၃၉၀ ကျော် ရှိတဲ့ ဒီစာအုပ် ကို တဖြည်းဖြည်းချင်း အရသာခံ ဖတ်နေမိတယ် ။ ဒီလိုဖတ်တဲ့ အချိန် တချို့ မှာတော့ သားမေ့ ဇနီးမေ့ ပေါ့ ။ ပေဘဲလ်ကော့ချဂင် ကြောင့် တစ်ပတ်တစ်ခါ ရန်ကုန် အိမ်ကို စာရေးလေ့ ရှိတဲ့ ကျွန်တော်လည်း ရက်တွေဘာ တွေ ကျော်ကုန်တယ်လေ ။ သံမဏိသူရဲကောင်းစာအုပ် နဲ့ စာဖတ်ဖော် ညီညီသစ်တို့ မောင်ဝိုင်းချိုတို့ အကြောင်းလည်း ပါလိုက်သေးတယ် ။ ကောင်းလိုက်တဲ့ စာအုပ် ။ ကျွန်တော် ဖတ်ရင်း မောင်ဝိုင်းချို တို့ ညီညီသစ်တို့ ကိုလည်း နှုတ်ကနေ ဒီစာအုပ် နဲ့ မိတ်ဆက်ပေး ထားနှင့်တယ် ။ သူတို့ လည်း စိတ်ဝင်စား နေကြတယ် ။ ကျွန်တော့် ကို ဒီ စာအုပ် ဇိမ်ဆွဲ ဖတ်နေတယ်လို့တောင် ထင်ပြီး သိပ်အမြင် မကြည်ချင်ကြဘူး ။


သူတို့ လက်ထဲ စာအုပ် ထည့်လိုက်တော့မှ သူတို့ လည်း တဖြည်းဖြည်းချင်း အရသာ ခံဖတ်တော့တာကိုး ။ မြင့်အောင်အောင် က ကျွန်တော် မိတ်ဆက်ပေးလို့ ဒီစာအုပ် ဖတ်ရတာ ဆိုပြီး ကျေးဇူးတင်လို့ ။ တကယ်တော့ ကျွန်တော့် က သူ့ ကို ကျေးဇူးတင်ရမှာလေ ။ သူ ခေါ်သွားလို့ ကျွန်တော် ‘ မိတ်ဆွေကောင်း

’ ဆိုတဲ့ ဆိုင်လေး ကို ရောက်ခဲ့ရတာ မဟုတ်လား ။


× × ×  × × ×  × × ×


ရက်နှစ်ပတ် အကြာ မှာ စာအုပ်အဟောင်းဆိုင် ကို ဒုတိယအခေါက်တော့ မောင်ဝိုင်းချို နဲ့ ရောက်သွားတယ် ။ ဒီတစ်ခါတော့ မိကျောင်းမြီးပေါ် ထိုင်လိုက်ရတာပေါ့ ။ အရောင်း စားပွဲမှာ ထိုင်နေတာတော့ အရင် အမျိုးသမီး မဟုတ်ဘူး ။ အဒေါ်ရွယ် ၊ အမေအရွယ် တစ်ယောက်ပဲ ။ မောင်ဝိုင်းချို ရဲ့ စက်ဘီးဒေါက် ထောက်သံ ကြားကတည်းက ဒီ အမျိုးသမီးကြီး က လှမ်းကြည့်နေတာပါ ။


မောင်ဝိုင်းချို က အချင်းချင်း ပိုက်ဆံ ထည့်ပြီး စုထားတဲ့ စုကြေးမဲပေါက်ထားတာမို့ သူ့အတွက်လည်း စာအုပ်ဝယ်ပေးဖို့ လမ်းမှာ ပြောလာတယ် ။


စာအုပ်တွေ တဖြည်းဖြည်း လျှောက်ကြည့်ရင်း အဒေါ်ကြီး နား နီးလာတော့ ပထမဆုံး အခေါက်က အမျိုးသမီး နဲ့ သွေးသားတော်စပ်တယ် ထင်ပါရဲ့ ။ ဘယ်နေရာမှာ ဘာက ဘယ်လို တူတယ်လို့တော့ မပြောတတ်ဘူး ၊ ကျွန်တော် ကပဲ စိတ်ထဲက ထင်နေတာလား မသိ ။


တက်တိုး ရဲ့ တစ်နှစ်သားနဲ့ ရွှေစင်နှင်းဆီ က ကပ်လျက် ၊ ပြီးတော့ မောင်နေဝင်း ရဲ့ လွတ်မြောက်သူတို့နယ်မြေ ၊ မုန်တိုင်းနီနီ မိုးနီနီ ၊ လူငယ်စစ်သည် ၊ တရုတ်ပြည်သူ သိန်းသန်းကုဋေ ၊ စစ်ကိုင်းဦးဘိုးသင်း ရေးတဲ့ ကျွန်ယုတ်မ ၊ မိဖြူ ၊ ပါရဂူ သီဟသေနာပတိ ၊ ပန်းပုဆရာ ၊ စိတြလေခါ ၊ နှစ်ဆယ့်နှစ်ရာစု ၊ ညီတော်မင်းနန် ၊ သိဒ္ဓတ္ထ ၊ ရွှေစကြာ ရဲ့ စောဥမ္မာ ၊ တက္ကသိုလ်စိန်တင် ရဲ့ ဧကရီစုဖုရား ။


စာအုပ်စင် ပေါ်ကနေ လင်းယုန်မောင်မောင် ရေးတဲ့ ချေဂွေဗားရား စာအုပ် ကို အရင် ရွေးလိုက်ပြီး မောင်ဝိုင်းချိုလက်ထဲ ထည့်လိုက်တယ် ။ သူ့ ကို အရင် မြည်းစေတဲ့ သဘောပါ ။ ကျွန်တော်ကတော့ ဒီစာအုပ် ဖတ်ပြီးသား သူ မကြိုက်လို့ မလိုချင်ရင်လည်း ကျွန်တော် ယူလိုက်မယ်လေ ။ ဘယ်အချိန်ပဲ ဖတ်ဖတ် ၊ ဒီစာအုပ် ဖတ်ရတာ ခွန်အားတွေ ပြည့်လာသလိုပဲ ။


စာအုပ် က တော်တော်ဟောင်းနေပြီ ။ မူလမျက်နှာဖုံး မရှိတော့ဘူး ။ ကာယကံရှင် က ဂျပ်ထူ နဲ့ အဝတ်စအနှောင့် နဲ့ ကျကျနန ပြန်ချုပ်ထားတယ် ။ နောက်ဆုံး နှစ်မျက်နှာ က မိတ္တူ နဲ့ ကူးပြီး ထည့်ချုပ်ထားတာ ။ ကျွန်တော် က စာမျက်နှာ စုံရဲ့လား အသေအချာ ကြည့်ပြီးသား ။


နောက် တစ်အုပ် လိုက်ရှာမိတယ် ။


ဒဂုန်ခင်ခင်လေး ရဲ့ ကမ္ဘာရန်သူ ၊ ရွှေစွန်ညို နှင့် သားရွှေစွန်ညို ၊ ဥဒါန်းစာပေတိုက် က

ထုတ်တဲ့ ကမ္ဘာ့ခရီးသည် ။ ရွှေဗဟိုနှင့် အခြားဝတ္ထုများ ၊ တင့်တယ် ရဲ့ ဖဲမွေ့ရာပေါ်ဝယ် ၊ နတ်နွယ် - သုံးနှစ်သုံးမိုး ၊ မောင်မဲ ရဲ့ မိုင်းဆတ် ရွှေတြိဂံနယ်မြေတစ်ခေါက် ၊ နန္ဒသူ ရဲ့ နှင်းပွင့်တိုင်းပြည် ၊ သဲကြီးမဲကြီး ဆိုပါလား ၊ ဘယ်သူ့ လက်ရာပါလိမ့် မောင်မိုးသူ ၊ အထွတ်အထိပ် တဲ့ ၊ ကျားကုတ်ကျားခဲ လည်း မောင်မိုးသူ က ဘာသာပြန်တာ ။ ပီမိုးနင်း ဘဝနှင့် စာပေ ။


ကျော်အောင် ဘာသာပြန်တဲ့ နှလုံးလှဆရာဝန် စာအုပ် ကို ရွေးလိုက်တယ် ။ အဖုံးက ဆေးရောင် ကို တော်တော်ပြယ်နေပြီ ။ ပန်းချီဆရာ ဦးသောင်းဟန် ရဲ့ မျက်နှာဖုံးနဲ့ ။ ပထမ နှိပ်ခြင်း ၁၉၆၅ ခုနှစ် စက်တင်ဘာ အုပ်ရေ ၂၀၀၀ တဲ့ ။ အတွင်းပန်းချီ ဆရာမောင်ငွေထွန်း လက်ရာနဲ့ ။


ဒီတစ်ခါတော့ ကျွန်တော် ကပဲ ၂ အုပ်ဖိုး ပေါင်းပြီး ရှင်းမယ်လို့ ။ စာအုပ် နှစ်အုပ် အဒေါ်ကြီး လက်ထဲ ထည့်လိုက်တော့ အဒေါ်ကြီး က ကျွန်တော်တို့နှစ်ယောက် ကို ကြင်နာတဲ့ မျက်လုံး နဲ့ တစ်ချက် ကြည့်လိုက်တယ် ။ ပြီးတော့ စာအုပ်ရဲ့တစ်နေရာ မှာ ဈေးရေးထား တယ် ထင်ပါရဲ့ ။ ရောင်းသူသတ်သတ်မှတ်မှတ် မရှိတဲ့ ဆိုင်တွေ မှာ မှတ်ထားတဲ့ အမှတ်သားမျိုး လည်း ဖြစ်ချင်ဖြစ်မယ် ။ မျက်မှောင်ကြုတ်ပြီး အလင်းရောင် ရှိတဲ့ ဘက် အားပြုပြီး စာအုပ်ဈေးတွေ ကို ကြည့်ပြီး မှ စာအုပ်ဈေး ကို ပြောတယ် ။


မွှေးကြိုင်နေတဲ့ ငါးပိကြော်နံ့က ဒီနေ့လည်း ပဲ ရတာပါပဲလား ။ ဒီ အနံ့ကြောင့် ထမင်း တောင် ဆာလာတယ် ။ ဟိုတစ်နေ့က အမျိုးသမီး နဲ့ ဒီနေ့ အဒေါ်ကြီး နဲ့ ဘယ်လို တော် စပ်ကြတယ်တော့ မသိဘူး ။ စာအုပ်ရောင်းလို့ စွံတာကို ငေးငေးဆဆ မျက်လုံးတွေ နဲ့ ကျန်နေရစ်ခဲ့ကြတာတော့ အတူတူပဲ ။


စာအုပ်တန်ဖိုး ရေးထားမယ်ထင်တဲ့ နေရာ ကို လိုက်ရှာတော့ စာအုပ်တန်ဖိုး ကို မတွေ့ ဘဲ စာအုပ် တစ်နေရာ မှာ ပိုင်ရှင် ရဲ့လက်မှတ်ထိုးကလေး သွားတွေ့ မိတယ် ။ စာအုပ်မြတ် နိုးသူတွေ လုပ်လေ့လုပ်ထ ရှိတဲ့ အလေ့ပါ ။ လက်မှတ် က လက်မ တစ်ခု ရဲ့ လက်သည်း ခွံလောက် ခပ်သေးသေး ဝစ္စပေါက် နှစ်လုံးပဲ ဖတ်လို့ရတယ် ။ ကျန်တာကတော့ စဉ်းစားလို့ ဖော်လို့ မရဘူး ။


မောင်ဝိုင်းချို အတွက် ဝယ်လာခဲ့တဲ့ စာအုပ်မှာလည်း ဒီလက်မှတ်ထိုးလေး ကို တွေ့နေ ရတယ် ။ အိမ် ရောက်တော့ ပထမ ဝယ်တဲ့ စာအုပ် မှာကော ဒီလက်မှတ်ထိုးလေးပါ မလား ရှာကြည့်မိတယ် ။ သပ်သပ်ရပ်ရပ် ရေးထိုးထားတဲ့ လက်မှတ်ပိုင်ရှင် ဟာ ကျွန်တော် ဖတ်ချင်တဲ့ စာအုပ်တွေ စုဆောင်းပေးနေ သလို ဖြစ်နေပြီ ။


× × ×  × × ×  × × ×


ရုံး မှာ ရောက်ခါစ ထက် နေသားတကျ ဖြစ်လာနေပါပြီ ။ သူတို့ ထင်သလို ကျွန်တော် ဟာ အလည် လာရုံလောက်ညနေမယ့် ဝန်တမ်း တစ်ယောက် မဟုတ်မှန်း လုပ်ဖော်ကိုင်ဖက် တွေ သိသွားကြပြီလေ ။ သူတို့ နဲ့ ဘဝတူ ဖြစ်တဲ့ အပြင် သားဝေး မယားဝေး နဲ့ စားအိုး နှစ်အိုးခွဲ နေရတာမို့ သူတို့ စာနာမိကြဟန် တူပါရဲ့ ။ အရင်ကထက် ပိုပြီး နွေးနွေးထွေးထွေး ရှိလာကြတယ် ။


ရုံး က လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ‘ မိတ်ဆွေကောင်း

’ ဆိုင် နဲ့ မိတ်ဆက်ပေး ၊ အဲဒီဆိုင် က ဝယ်လာတဲ့ စာအုပ်တွေလည်း ငှားတာပေါ့ ။


ကျွန်တော့် စာအုပ် ကို ငှားဖတ်ကြတဲ့ လူတွေ ကို အမြဲ မှာတတ်တာတွေကတော့ စာရွက်တွေ ခေါက်ပြီး ဖတ်ရတဲ့ နေရာ မမှတ်ဖို့ ၊ ရိုရိုသေသေ ကိုင်တွယ်ဖို့ ၊ စာအုပ် ထဲမှာ မျဉ်းမတားဖို့ပါပဲ ။ တချို့ စာအုပ်တွေ က အတော် ရှားနေပြီ မဟုတ်လား ။


ရုံးချုပ် မှာ ပြောင်းမိန့်တွေ ထွက်နေပြီလို့ သတင်းကြားတာနဲ့ အိမ် ကို စာတစ်စောင် အမြန် ကောက်ရေးပြီး အစုံစမ်းခိုင်းရသေးတယ် ။ ဇနီးသည် ရဲ့ ပြန်စာ ထဲမှာတော့ ပြောင်းမိန့်ထွက်တဲ့ လူတွေ ရဲ့ နာမည် ထဲမှာ ကျွန်တော့် နာမည် နဲ့ တူတာ ဆိုလို့ သဝေထိုး တစ်လုံး တောင်မှ မပါဘူးတဲ့ ။


× × ×  × × ×  × × ×


ကျွန်တော် နဲ့ ညီညီသစ် တို့ ခြေကျင် လျှောက်လာခဲ့ကြတယ် ။ ညီညီသစ် ရဲ့ စက်ဘီး ကယ်ရီယာ မပါတဲ့ တောင်တက်စက်ဘီး တစ်စင်း ဖြစ်နေလို့ပဲ ။ ရုံး မှာ အထိုင်များတဲ့ လူအနေ နဲ့ ဒီလိုလည်း လမ်းလျှောက် ပေးဖို့ လိုတယ်မဟုတ်လား ။


စိမ်းစိုအုပ်ဆိုင်း နေတဲ့ ပိတောက်အရိပ် ထဲ ဝင်လိုက်ကတည်းက ကလေးငယ် တစ် ယောက်ရဲ့ စာအံသံ ကြားနေရတယ် ။


ထ ထမင်းပွဲ လက်ဆုံနွှဲ


ဒ  ဒရယ်ယုန် သားမျိုးစုံ 


ဓ  ဓနိတန်း ပင်လယ်ကမ်း


န   နဂါးမောင် အမောက်ထောင်


စားပွဲ မှာ အဒေါ်ကြီး ထိုင်နေမလား ၊ အမျိုးသမီး ပဲ ထိုင်နေလေမလားလို့ တွေးလာ မိတာ ။ စာအံ နေတဲ့ ကလေး နဲ့ စာရေး နေတဲ့ ကလေး နှစ်ယောက် ကို လှမ်းတွေ့ ရတယ် ။ ကြည့်ရတာ ကလေးတွေ စာကျက်ရင်း နဲ့ ဆိုင်ထိုင်နေကြတယ်ထင်ပါရဲ့ ။ မောင်လေး က သူငယ်တန်း ၊ မမ က ရှိလှ နှစ်တန်း သုံးတန်းပေါ့ ။ ကလေး နှစ်ယောက် ကျောင်းက အပြန် မှာ ရေချိုး သနပ်ခါးလိမ်းပြီး သန့်သန့်ပြန့်ပြန့်လေးတွေ ဝတ်စားကြလို့ ။ တခြားကလေး တွေ ကျူရှင် တက်နေကြတဲ့ အချိန်လေ ။


မောင်ပေါ်ထွန်း ရဲ့ ချစ်မိလေသောကြောင့် ၊ အထောက်တော်လှအောင် ရဲ့ ထန်းသီး ကြွေခိုက် ကျီးနင်းခိုက် ၊ သူရိယကန္တိ ရဲ့ ဝတ္ထုရေးလိုသော် ၊ ပါမောက္ခ ဦးမောင်မောင်ကြီး မြန်မာစကားပြေသမိုင်း ၊ မြန်မာဂုဏ်ကျော်မြင့် စာပေရိပ်မွန် ၊ တက္ကသိုလ်ဝင်းမွန် ရဲ့ ခေတ်သစ်ကဗျာ မိတ်ဖွဲ့ စာအုပ် နဲ့ ကပ်လျက်မှာ တော်တော်ကို နွမ်းဟောင်းနေတဲ့ စာအုပ် တစ်အုပ် ။


ကျွန်တော် က စာအုပ် ကို စာမျက်နှာ စုံစေ့ရဲ့လား စစ်ရင်းနဲ့ လက်မှတ် ထိုးထားတာ လေးများ တွေ့လေမလား ရှာမိတယ် ။ စာကျက် နေတဲ့ သားလေးက ကျွန်တော့် သား အရွယ်လောက်ပဲ ။ သမီးကတော့ စာရွက် တစ်ရွက် မှာ ပန်းချီဆွဲ နေတာလေ ။ အမျိုးသမီး တစ်ယောက် ရဲ့ ပုံကို ရေးနေတယ် ။ ခေါင်းကကြီးကြီး ကိုယ်ကသေး ခန္ဓာကိုယ် အောက်ပိုင်း ကျ ခပ်ဝဝ နဲ့ ။ ဝင်းဇော် ရဲ့ အလံမလှဲစတမ်း ဆိုတဲ့ စာအုပ် ကို စင်ပေါ် ခဏ ပြန်တင်ထား လိုက်တယ် ။ ဒီပြင် ဝယ်စရာ မတွေ့ မှ ဒီစာအုပ် ဝယ်မယ်လို့ ။


လှေသင်းအတွင်းဝန်မင်း ဦးရွှေမောင် ၊ ရွှေဘိုမိမိကြီး စာပေဗိမာန် ၊ ဉာဏ်လင်းစာပေ က ထုတ်တဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည် စတုတ္ထနှိပ်ခြင်း ၊ အောင်မြင် ပြန်ဆိုတဲ့ ဒီမိုးဒီမြေ ၊ ရှုမဝတိုက် က ထုတ်ဝေတဲ့ စာအုပ် ။ မောင်နေဝင်း မဲခေါင်ရေဆန် ၊ မင်းကျော် ရဲ့ ရွှေညာမှာညိုတဲ့မိုး ၊ မျက်နှာပေါ်က အရိပ်များ ၊ ပုဂံသား ၊ ထီးလှိုင်ရှင် ၊ မေတ္တာဘွဲ့ ။


အမျိုးသမီး ရဲ့ ခေါင်းမှာ သမီးက ပန်းတစ်ပွင့် ပန်ပေးလိုက်တယ် ။ ဟော ဟော သမီး က အမျိုးသမီး ရဲ့ နံဘေးမှာ အမျိုးသားတစ်ယောက်ပုံ ကို ရေးနေပြီ ။ အမျိုးသား က ခေါင်းကကြီးကြီး ကိုယ်လုံး ကလည်း တုတ်တုတ်ခိုင်ခိုင် ၊ အမျိုးသမီး နဲ့ လက်ချင်း တွဲပြီး လမ်းလျှောက်နေတဲ့ ပုံ ။ ဟော နံဘေး မှာ မြက်ခင်း ပေါ်မှာ ပန်းပွင့်လေးတွေ ရေးလိုက်ပြန်ပြီ ပန်းဥယျာဉ် တစ်ခုမှာ လမ်းတွဲလျှောက်နေကြတဲ့ ပုံကို ရေးချင်တာ ထင်ပါရဲ့ ။ အမျိုးသမီး ရဲ့ ခေါင်းမှာ ပန်ထားတဲ့ပန်း နဲ့  မြက်ခင်းပေါ်မှာ ပွင့်နေတဲ့ ပန်းတွေက တစ်မျိုးတစ်စား တည်းတွေ ။


ကျွန်တော် ဝယ်ရမယ့် စာအုပ်တစ်အုပ် ကို တွေ့ပြီ ။ အရှေ့ဥရောပ ချက်ကိုစလိုဗက် နိုင်ငံသား တစ်ယောက် ယူးလီယုစ်လို့ နာမည်ရတဲ့ ပုဂ္ဂိုလ် ရဲ့ မှတ်တမ်း စာအုပ် ။ မျက်နှာဖုံးမှာ ဒီပုဂ္ဂိုလ် ရဲ့ ပုံကို ပန်းချီဆရာ ဦးသောင်းဟန်က အားမာန်အပြည့် နဲ့ ရေးထားတယ် ။ 


ဒီစာအုပ် ကလည်း အတော်ကို ဟောင်းနေတာကိုး ၊ စာအုပ်စင် ပေါ်မှာ ကျကျနန သိမ်းထားခံရတဲ့ စာအုပ်မျိုး မဟုတ်ဘဲ ။ လူတွေ အဆင့်ဆင့် လက်ဆင့်ကမ်း ဖတ်ခဲ့ပြီးသား ထင်ပါရဲ့ ။ စာအုပ် မှာ အဖတ်နာ ထားတဲ့ လက္ခဏာတွေ တွေ့ နေရတယ် ။ ဒီ စာအုပ် ကလည်း ကျွန်တော် မသိတဲ့ မိတ်ဆွေကြီး ရဲ့ စာအုပ် ဆိုတာ သူ ရဲ့ သေသပ်တဲ့ လက်မှတ်လေး က ပြောနေတယ်လေ ။ သမီးလေး ပန်းချီကား ထဲမှာ ကလေးလေး နှစ်ယောက်ပုံ ရေးနေတယ် ။ တစ်ယောက် က ဂါဝန်ဝတ်ကလေး နဲ့  ။


ကျွန်တော်တို့ သမီးလေး ပန်းချီကား ရေးပြီးသည် အထိ စောင့်ပြီး မှ စာအုပ်ဖိုးတွေ ပေးချေလိုက်တယ် ။ သမီး က စာအုပ်ဖိုး လှမ်းယူပြီး ပြန်အမ်းငွေ တိတိကျကျ ပြန်အမ်း လိုက်တာများ ပီဘိဈေးသည်ကြီးပဲ ။


သားလေး က သူ့ အစ်မ ပိုက်ဆံ ယူတာ အမ်းတာ ကို ဂရုစိုက် ကြည့်နေတယ် ။ ကျွန်တော် ကိုလည်း ကြည့်နေလိုက်တာ အကြာကြီး ။


“ သမီး ဒီ လက်မှတ်ထိုး ကို ဖတ်တတ်သလား ”


သမီးလေး ရဲ့ မျက်လုံးမှာ အရောင် ဝင်းလက်သွားတယ် ။ သူ အထပ်ထပ် ကျက်မှတ် ထားတဲ့ စာတစ်ပုဒ် ကို လူပုံအလယ် မှာ ဂုဏ်ယူစဖွယ် အမေး ခံရသလို မျက်နှာ နဲ့ ခပ်သွက်သွက် ပြန်ဖြေတယ် ။


“ ဖတ်တတ်တာပေါ့ ဦးရဲ့ ”


ကျွန်တော့်ကို ရင်းနှီးဖူးတဲ့ လူတစ်ယောက်လေလားလို့ ကြည့်နေတယ် ။ သူ့ မောင် လေးလည်း စာအုပ် ပေါ်က လက်မှတ်ထိုး ကို လာစူးစမ်းတယ် ။


အိမ်ထဲ က ငါးပိကြော်ဖို့ ပြင်ဆင် နေကြတာလား ညစာအတွက် ပြင်ဆင်နေကြ သလားတော့ မသိဘူး ၊ အသားတစ်မျိုးမျိုးကို ကြော်နေပုံရတယ် ။ သင်းပျံ့တဲ့ ဟင်းနံ့ပါ ပဲ ။ မသိုးအောင် ၊ ရေရှည်ခံအောင် ကြာကြာ ကြော်နေတဲ့ပုံပဲ ။


“ ဦးကို ဖတ်ပြပါဦး ”


“ ... .... .... ”


သမီး ဖတ်ပြတော့လည်း အဟုတ်သား ၊ ကျွန်တော်တို့ ဘယ်လိုမှ ဖော်လို့ မရတဲ့ ပဟေဠိ တစ်ပုဒ်ကတော့ ပါးအိုးဖောင်းဖောင်း နဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ကြောင့် အဆင်ပြေသွားပြီ ။


× × ×  × × ×  × × ×


‘ မိတ်ဆွေကောင်း ’ စာအုပ်ဆိုင် က ဝယ်ထားတဲ့ စာအုပ်တွေကို အနားမှာ စုထားလိုက်တယ် ။ ဒီစာအုပ်တွေ ဟာ အခု ကျွန်တော်ပိုင် ဖြစ်နေပြီ ။ ကျွန်တော် လည်း စာအုပ်တွေ အပေါ်မှာ လက်မှတ်ထိုးချင်တယ် ။ ဘယ်နေရာမှာ ထိုးရင် ကောင်းမလဲ ။


လက်မှတ်ရေးထိုး လို့ ကောင်းမယ့် စာမျက်နှာ တစ်ရွက် ပြီး တစ်ရွက် ရှာကြည့်တယ် ။ ကျွန်တော် မသိတဲ့ မိတ်ဆွေ ရေးထိုးလေ့ ရှိတဲ့ အတွင်း ရေစာစာရွက် နေရာက အကောင်းဆုံးပဲဟုတ်လား ။


ဘယ်လိုမှ နေရာ ရှာမတွေ့ တော့ မသိတဲ့ မိတ်ဆွေ ရဲ့ လက်မှတ်ထိုး အောက်နား မှာပဲ ကျွန်တော့် လက်မှတ်တွေ ကို ထိုးလိုက်တယ် ။  ။


 ⎕ ညီပုလေး

📖မဟေသီ မဂ္ဂဇင်း 

    ၂၀၀၀ ပြည့် ၊ သြဂုတ်

Monday, May 19, 2025

ကျေးဇူးတင်ဖို့ ကောင်းတဲ့ မြေကြီး နဲ့ ကျောက်ခဲလေးတွေ


 ❝ ကျေးဇူးတင်ဖို့ ကောင်းတဲ့ မြေကြီး နဲ့ ကျောက်ခဲလေးတွေ ❞

          ( ညီပုလေး )


သူတို့ အညာ မှာ မိုး က ခေါင် သလောက် ဟောဒီ အကြေ မှာ မိုးတွေ က ရွာလှပါလား ။ တစ်ခါတလေ ရွာ လိုက်တာ မှ ရေအပြည့် နဲ့ ဧရာမ မိုးဗြဲဒယ်အိုးကြီး ကို သွန်မှောက်ချ လိုက် သလိုပဲ ။ ပင်လယ်သမုဒ္ဒရာ ထဲမှာ ရေတွေ မှ ကျန်ရစ်ကြသေးရဲ့လား လို့ ထင်ရ လောက်အောင် ကို ရွာတာ ။ အညာသား ဖြစ်တဲ့ သူ ဟာ အကြေမိုး နဲ့ နေသားတကျ မဖြစ်ခင် မှာ အတော် နေရ ခက်တယ် ။ ပြီးတော့ မိသားစု နဲ့ ခွဲခွာ နေချိန် ဆိုတော့ တိမ်ညိုတိမ်မည်း တွေ ကလည်း အလွမ်း တိမ် ဖြစ်ကြ ၊ မိုးရေစက် တွေ ကလည်း အလွမ်း မိုးစက်တွေ ဖြစ်နေကြတော့တာပေါ့ ။


တော်ပါသေးရဲ့ ။ မိုးရေတွေ ကြောင့် မြေပြင် ဟာ ဗွတ်ထ မနေရစ်ဘဲ ၊ အလိုက်သင့် စီးသွား ၊ အလျားသင့် စိမ့်ဝင် သွားပေလို့ ။


ပတ်ဝန်းကျင် မှာ မြင်မြင်ရ သမျှ အရောင်အဆင်း ဆိုလို့ သုံးမျိုးသုံးစားပဲ မြင်တွေ့ နေ ရတာကိုတော့ သူ စိတ်ပျက်မိတယ် ။ ဟိုမှာ အဖြူ ၊ ဟိုနေရာ ခပ်စိမ်းစိမ်း ၊ ဒီအနား စိမ်းညို့ညို့ ၊ ဟိုဘက် မှာ နီညိုရောင် ၊ ဒီဘက် မှာ နီညိုရောင် ။ မိုးလင်း က နေ မိုးချုပ် ၊ တစ်ရက် လည်း မဟုတ် ၊ နှစ်ရက် လည်း မဟုတ် အဖြူ ၊ အစိမ်း ၊ နီညိုရောင် တွေ ချည်း မကြည့်ချင် မြင်လျက်သား နဲ့ နေရတာ လ ကို နှစ်တွေ စားခဲ့ပြီ ။


ပတ်ဝန်းကျင် မှာ ရှိတဲ့ လူတွေ ရော ၊ သူ ကိုယ်တိုင် ရော အဖြူရောင် ။ ပတ်ပတ်လည် ကြည့်လေရာ မှာ ရှောင် မလွတ်တာ က မြေနီရောင် သုတ်ထားပြီး ၊ ရေညှိတွေ စွဲပြီး စိမ်းညို့ မှောင်နေတဲ့ အုတ်နံရံ ။ ပြီးတော့ သူတို့ စိုက်ထားကြတဲ့ ကန်စွန်းကြီးပင် တွေ ၊ ဟင်းနုနယ် တွေ မုန်ညင်း ၊ မုန်လာပင် တွေ က အစိမ်းရောင် ။ မနေ့ က လည်း ဖြူ ၊ နီ ၊ စိမ်း ။ ဒီနေ့တော့ နီ ၊ ဖြူ ၊ စိမ်း ။ မနက်ဖြန် ကျတော့ စိမ်း ၊ နီ ၊ ဖြူ ။ နောက်နေ့တွေ ကျတော့ လည်း ဒီအရောင် သုံးရောင် ထဲ မှာပဲ သံသရာ လည် နေဦးမှာ ။ ကြာလာတော့ လည်း သူ စိတ်ပျက် မိတာပေါ့ ။ 


ပြီးတော့ ဘာ ဂီတ မှလည်း နားထောင်စရာ မရှိတဲ့ ရပ်ဝန်း ။ တစ်ခါတလေ အကြောင်းသင့် တိုက်ဆိုင်လွန်းပါမှ ရွာမဘက် ဆီက ထင်ပါရဲ့ ၊ တစ်ခါတစ်ရံ အေးသိဒ္ဓိ ဘက် ဆီ က ထင်ပါရဲ့ ၊ အသံချဲ့စက် က သီချင်းကလေး သဲ့သဲ့ လေကြောင်းကြုံ နဲ့ မျက်စိလည် လမ်းမှား ရောက်လာတတ်တယ် ။


‘ စာဥရေ ... ငါ အရောက်လာခဲ့မှာ ’ ၊ ‘ မောင် ဘယ်လိုဖြေဖြေ မရတော့ဘူး ’ ၊ ‘ အရှုံး မပေးနဲ့ မိငယ်ရေ ’ ၊ ‘ လူခြေတိတ်တောင် အိပ်လို့ မရပေါင် ’ တဲ့ ။ တိုးတိုးသဲ့သဲ့ ကြား ရတဲ့ သီချင်းသံကို နားစိုက်ထောင်နေတုန်း လေကြောင်း က ချော်ထွက်သွားတော့ သူ့ နား ခံတွင်းချဉ် ကျန်ရစ်ပြန်ရော ။


ည အိပ်ဆောင် ပိတ်ချိန် မှာ တော့ ခရမ်းနယ် ဘက်က ဓားပြမှု နဲ့ ဒီထဲ ရောက်လာတဲ့ နာနူး တို့ ၊ မော်လမြိုင်ကျွန်း ဘက် က ပစ္စည်းယူ လူသ,တ်မှု ကျူးလွန်ခဲ့ကြတဲ့ ဘတိုး တို့ ၊ သံလုံး တို့ ပလတ်စတစ် ဇလုံ ကို ဗုံ လုပ်တီးပြီး သီချင်းတွေ ဆိုတတ်ကြတယ် ။ သံစဉ် ခုနစ်ပါး ရဲ့ ဟိုဘက် က အဋ္ဌမမြောက် သံစဉ် နဲ့ နဝမမြောက် သံစဉ်တွေ လား ၊ နံပါတ်ထိုး မရဘဲ သံစဉ်အသစ်တွေ နဲ့ ဆိုနေ လိုက်ကြတာ ။ ကြာတော့လည်း သူတို့ သီချင်းတွေ က ထပ်တစ်ရာ မကတော့ဘူး ။ ဒီတော့ ရိုးအီလာပြီလေ ။ သူတို့လည်း သီချင်းတွေ ဒီလိုဆိုရ ၊ ဟစ်ရ မှ နေသာကြပေမပေါ့ ။


အဆိုတော်တွေ ရဲ့ နာမည်ကြီး သီချင်းတွေ ကို အညီအဟောက် စာမြှောင်တွေ သွတ်သွင်း ဖလှယ် စပ်ဆိုထားတဲ့ နာနူး တို့ သီချင်းတွေ ကို အိပ်ရာပေါ် ကျောခင်း ရင်း အကြော ဆန့်နေတဲ့သူ ကတော့ ကြား တစ်ချက် ၊ မကြား တစ်ချက် ။ ယောက်ျားသားတွေ ချည်း နေ ကြတဲ့ ကျားတိုင်းပြည် ၊ ဖိုလောကသားတွေ ရဲ့ ဖိုမြို့တော် ဆိုတော့ နာနူးတို့ ရဲ့ သီချင်း တွေ ထဲမှာ ရုန့်ရင်းတာတွေ တစ်တစ်ခွခွ တွေ ဗုံးပေါလအောပေါ့ ။ ဆီးကျိုးတာ ရော ၊ ကွင်းလုံးပုံတာ ရော ၊ အံမယ်လေးတော့တွေရော ပါကြလေတော့ ကြိုးထိုးစိပ်ပုတီးတွေ ၊ နေ့နံစိပ်ပုတီးတွေ နဲ့ သမ္ဗုဒ္ဓေဂါထာတွေ ၊ နမောတေဂါထာတွေ စိပ်နေကြသူတွေရဲ့ နား ကို မုဒိမ်းကျင့် သလို ဖြစ်နေတယ်လေ ။


ကျောခင်း ၊ အညောင်းဆန့် ၊ ပေါင်းထမင်းလုံးတွေ ကို စီရင်း သူ့ မိတ်ဆွေတွေ ကတော့ အတိတ် ၊ ပစ္စုပ္ပန် နဲ့ အနာဂတ် သုံးပြည်ထောင် ကို ခြေဆန့် ခရီးပြင်း နှင်နေတယ် ။


ငယ်ငယ်က ကစားခဲ့တဲ့ ဘောလုံးပွဲတွေ မှာ ရှုံးခဲ့တာတွေ ၊ အနိုင် ရခဲ့တာတွေ ၊ နေဗာရွန်းအမြောက် ၊ အာရေဗျရဲ့လော့ရင့် ( စ် ) ၊ လူစွမ်းကောင်း ခုနစ်ယောက် စတဲ့ ကြိုက်နှစ် သက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ပြန်ပြီး အရသာခံ စဉ်းစားရင်း ကျောင်းသား ဘဝ က လွတ်သွားခဲ့ရတဲ့ ချစ်သူရည်းစား ငါးကြီးတွေ အကြောင်းလည်း ပါတာပေါ့ ။


ဆရာဗန်းမော်တင်အောင် ၊ ဆရာဒဂုန်တာရာ ၊ ဆရာမြသန်းတင့် တို့ ရေးခဲ့တဲ့ စာအုပ် တွေက စွဲမက်မှတ်မိနေတဲ့ လူ့မိတ်ဆွေ တွေ ၊ ပန်းချီဆရာကြီး ဦးခင်မောင် ( ဘဏ် ) ၊ ဆရာ ဦးအောင်ခင် ၊ ဆရာဦးဘရင်ကလေး ၊ ဆရာပေါ်ဦးသက် ၊ ဆရာခင်မောင်ရင် ၊ ကိုရွှေအောင်သိမ်း ၊ ကိုအောင်တိတ် တို့ရဲ့ လက်ရာမြောက် ပန်းချီကားတွေ လည်း သူ့ စိတ်အာရုံ ထဲမှာ ပြန် ပေါ်လာတယ် ။


တကောင်း နဲ့ ကြာညှပ် ကြား က အိမ်ကလေး ၄ ၊ ၅ ၊ ၆ လုံး လောက် ပဲ ရှိတဲ့ ငလျင်ပြို ဆိုတဲ့ ရွာကလေး မှာ အခြေစိုက်ကြပြီး ဘူမိဗေဒ ကွင်းဆင်းခဲ့ကြတဲ့ အတွေ့အကြုံတွေ ၊ ကြာညှပ် လက်ရွေးစင် အသင်း နဲ့ သူတို့တစ်တွေ ဘောလုံးယှဉ်ပြိုင် ကစားခဲ့ကြပုံတွေ ၊ အနီးစခန်း ၊ ဗောင်နီ ၊ ကျားတွင်းရေ ၊ ကျွဲနွားထောက် ရွာတွေ က ဘူမိဗေဒကွင်းဆင်းရင်း ခင်မင်ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေတွေ ကို သတိရ အောက်မေ့ရင်း သူ့ စိတ်ကူးတွေ လွတ်လပ် ပျံဝဲ နေကြတယ် ။


သူ နဲ့ ကပ်လျက် အိပ်တဲ့ မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမှု နဲ့ ရောက်လာတဲ့ ဒိုက်ဦး နယ် ထဲက ဦးလေးခန့် ကတော့ သူ့ ရဲ့ လက်မ လက်သည်းခွံ နှစ်ခု နဲ့ သန်းကြီးမတွေ ကို နာနာတုပ်နေတယ် ။ သူ့ ခါး ကိုင်းကိုင်းကြီး ကို ပိုပြီး ကိုင်း လိုက်ပြီး မျက်မှောင်တွေ ကုတ် လိုက်မိပြီ ဆိုရင်တော့ သန်းကြီးမတွေ ကံဆိုး ကုန်ကြတော့တာပေါ့ ။ သူ့ခမျာ ထင်ထင်ရှားရှား မြင်ရတာတော့ မဟုတ်ရှာပါဘူး ။ ဒါပေမဲ့ သန်းကြီးတွေ ဘယ်နား နေလေ့နေထရှိတယ် ဆိုတာ သိလေတော့ ကျွမ်းကျင်ရာ လိမ္မာရာပေါ့ ။


သူ ရောက်နေတဲ့ အဆောင်သုံး ၊ အခန်းနံပါတ် လေး မှာ ဘဝတူ အယောက် တစ်ရာ ကျော် ရှိတယ် ။ ဒီ လူ တစ်ရာကျော် ကို အထိန်း ခိုင်း ထား ခံရသူ ကတော့ ရုပ်ရှင်တွေ ထဲမှာ ပါတတ်တဲ့ စိတ္တဇလူသ,တ်သမား လို သွေးအေးအေး နဲ့ ရက်ရက်စက်စက် လူသ,တ်လာခဲ့ တဲ့ လူ တစ်ယောက်ပဲ ။ တရားရုံး က သူ့ကို သေဒဏ် ချခဲ့တယ် ။ ဒါပေမဲ့ ဒီလူကြီး သေနေ့ မစေ့ခဲ့ဘူး ။ အမိန့် ကြေညာချက် တစ်ခု ကြောင့် ဒီ လူကြီး ကို သေဒဏ် ကနေ တစ်သက်တစ်ကျွန်း ပြောင်း ချမှတ်လိုက်တယ် ။


အရပ် ကလန်ကလား ၊ မျက်ပေါက် ကျဉ်းကျဉ်း ၊ နှာခေါင်း ပွတတ ၊ မျက်နှာ မှာ ဝက်ခြံ ပုန်းတွေ ဗရပျစ် နဲ့ အပြုံးအရယ် မရှိ ၊ မျက်နှာထား ဆိုးဆိုး နဲ့ ဒီအခန်း လူကြီး ကို ကွယ်ရာ မှာ သရဲကြီး လို့ ခေါ်ကြတယ် ။ ဒီအရင် က ထောင်ဘယ်နှခါ ကျဖူးပြီး သရဲကြီး ဆိုတဲ့ ဘွဲ့ ကို ဘာလို့ အပ်နှင်း ထားကြပါလိမ့် ၊ စပ်စုချင်စရာ မကောင်းလို့ ထင်ပါရဲ့ ၊ ဘယ်သူ ကမှ မစပ်စုကြဘူး ။


စိပ်ပုတီး တစ်ကုံး လည်ပင်း မှာ ဆွဲချင် ဆွဲထားမယ် ၊ ဒါမှမဟုတ် ဘယ်လက် မှာ ကိုင်ချင် ကိုင်ထားမယ် ။ ညာဘက် မှာတော့ အကျဉ်းသားတွေ ကို ရိုက်ဖို့ တုတ် တစ်ချောင်း အမြဲလိုလို ကိုင်ထားလေ့ ရှိတဲ့ သရဲကြီး ကို ဒလ ဘက်က ခိုးမှု နဲ့ ထောင်ကျတဲ့ အောင်ဘု က အလကား ဟန်ဆောင် နေတဲ့ သရဲကြီး ။ လိမ်စရာ မရှိ ဘုရားတောင် မှ လိမ်တဲ့ လူလိမ်ကြီး ။ ပါးစပ် က ဘုရား ... ဘုရား ၊ လက် က ကားရားကားရား ဆိုတဲ့ အကောင်ကြီး ။ ထောင် ထဲ ကနေ ခြေထောက် က အရင် ထွက်မလာပါစေနဲ့ ၊ ခေါင်းက အရင် ထွက်လာပါစေလို့ ဆုတောင်း ပေးနေတယ် ။ သူခိုးအောင်ဘု ကို သရဲကြီး က တမြန်နေ့ က ရိုက်ထားတာ အရှိုးတွေ ထင်လို့ ။ ဒီပြင် လူတွေ နည်းတူ ဒီ အရှိုးတွေ က နှစ်ရက် သုံးရက် နဲ့ ပျောက်ဦးမှာ မဟုတ်ဘူး ။ ဒီ သရဲကြီး ကို အပြင် ရောက်ရင် သရဲဘဝ က ကျွတ်အောင် ချွတ်မယ်လို့ ကြုံးဝါးနေကြတဲ့ အောင်ဘု တို့ လို အောက်လမ်းသမားတွေ ၊ အထက်လမ်းသမားတွေ က အများကြီး ။


သရဲကြီး က အခန်းသား အချင်းချင်း ပြဿနာ မဖြစ်ရအောင် ၊ ချမှတ်ထားတဲ့ စည်းကမ်းတွေ နဲ့ အညီ နေအောင် ကြီးကြပ် ပေးရတာ အပြင် သူတို့ ဘာစကားတွေ ပြောနေကြ တယ် ၊ ဘာတွေ တိုင်ပင်နေကြတယ် ဆိုတာတွေ ကို အမြဲ နားစွင့် နေပြီး ထောင်မှူး ဆီကို အစီရင်ခံရတဲ့ အခန်း လူကြီးတွေ ရဲ့ အလုပ် ကို တာဝန်ကျေတဲ့ အပြင် အလွန် ကျိုးနွံတဲ့ လူ ။


မဂ္ဂဇင်း မှာ အယ်ဒီတာ လုပ်ခဲ့တဲ့ ကိုမြင့်ဆန်း နဲ့ တွေ့ကြတဲ့ အခါ တစ်ယောက် နဲ့ တစ် ယောက် ဖတ်ဖူးကြတဲ့ ဝတ္ထုတွေ ၊ ဆောင်းပါးတွေ ၊ ကဗျာတွေ အကြောင်း လမ်းလျှောက်ရင်း စကားတွေ ပြောကြတယ် ။ အဲဒီအချိန် မှာ သူ ဟာ ဘူမိဗေဒအသင်း က ထုတ်ဝေတဲ့ ကျောက် ရိုင်း နံရံကပ်စာစောင် ရဲ့ စာတည်း ပြန် ဖြစ်သွားရော ။ စာမူတွေ ဖိတ်ခေါ်ကြ ၊ စာမူတွေ ရွေးချယ်ကြ ၊ လက်ရေးလက်သား ကောင်းတဲ့ သူငယ်ချင်း ကိုကိုထွေး နဲ့ ဝင်းသော် တို့ ၊ စာ အဖတ်များတဲ့ ဝင်းတင့် နဲ့ ရဲသျှမ်း တို့ က အယ်ဒီတာတွေ ၊ ပန်းချီသရုပ်ဖော် ကောင်းတဲ့ မောင်မောင်စိုးမင်း နဲ့ ဇင်မော် တို့ရဲ့ အကူအညီ မပါဘဲ ကျောက်ရိုင်း နံရံကပ်စာစောင် ဖြစ် မလာနိုင်ဘူး ။ ကျောက်ရိုင်းအကြောင်း ပြန်တွေးရင် ပျော်စရာ အတိ လွမ်းစရာအပြည့် နဲ့ မို့ သူ့ မျက်လုံးတွေ စိုစွတ် ကုန်တာပေါ့ ။


ကံ့ကော်ရိပ် ၊ တမာရိပ် ခိုခဲ့သူတွေ နဲ့ တွေ့တဲ့ အခါ သူ့ ထဲ မှာ တမာရနံ့တွေ ကြိုင်သင်း လာပြီး ကျောက်မျက်ပညာ ၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာနဲ့ ထရဗေဒတွေ အကြောင်းတွေ နှီးနှောဖြစ်ကြပြန်ရော ။ ဘရမ်တန်ကွန်ပတ်စ် ကို အသုံးပြုနည်း ၊ ကောင်းကင်ဓာတ်ပုံ ကြည့်နည်းတွေ ကို သူ မှတ်မိနေတုန်းပဲ ။


ပန်းချီဘိုဘိုထွန်း နဲ့ ဆုံတဲ့ အခါ ကျတော့ သူ က ဝင်ပြီး ပြောလို့ မဖြစ်တော့ဘူး ။ ပန်းချီ ဆရာ က ရေဆေးပန်းချီ ၊ ပါတိတ်ပန်းချီတွေ အကြောင်း ပြောတဲ့ အခါမှာ သူ့ မှာ များများစားစား ပြောစရာ မရှိဘူး ။ အဲဒီအခါ သူ က အကောင်းဆုံး နားထောင်သူ သက်သက် ။ ပန်းချီကိုဝသုန် ရဲ့ ရေးဟန် ၊ ပန်းချီကိုညိုဝင်း ရဲ့ အလုပ် လုပ်ပုံလုပ်နည်း ။ ပန်းချီကိုကျော် သောင်း ရဲ့ စိတ်ဓာတ် နဲ့ လူတွေ စိတ်ဝင်စား နေကြတဲ့ ပါတိတ်ပန်းချီ ရေးဆွဲနည်း ပညာတွေ အကြောင်း ဘိုဘိုထွန်း က သူ့ မျက်စိ ထဲမှာ မြင်ယောင် လာအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်တယ် ။ သူ ကတော့ ဟိုတစ်ချိန် က ဆီဆေးပန်းချီ ကို နည်းနည်းပါးပါး စမ်းသပ် ရေးဆွဲခဲ့ ဖူးသူ ၊ ကျောင်းပန်းချီပြပွဲတွေ မှာ လူချော လုပ်ခဲ့ဖူးသူ မဟုတ်လား ။ ပန်းချီဘိုဘိုထွန်း နဲ့ တွေ့ရတာ သူ ရဲ့ အေးစက် နေတဲ့ ပန်းချီ ရေးချင်စိတ်တွေ ပြန်ပြီး ပူနွေးလာစေတယ် ။


ဂစ်တာ နဲ့ ပတ်သက်ပြီး ရော ၊ သီချင်းတွေ နဲ့ ပတ်သက်ပြီး ရော ပြောစရာတွေ ရင်ဘတ် နဲ့ အပြည့် ရှိနေသူ ကတော့ ကိုမိုးမြင့် ပဲ ။ သူ ခံစားမိတာတွေ ကို ရေးဖွဲ့ ထားတဲ့ တေးကဗျာတွေ ကိုလည်း ခဏခဏ ရွတ်ဆို ပြတတ်တယ် ။ ဘာ တူရိယာ မှ လက်ကိုင် မရှိတဲ့ တေးရေးဆရာ ပေါ့ ။ ကန်စွန်းခင်း ကို လေ တိုးလို့ ယိမ်းနွဲ့ နေတာ လည်း ပါသလို ပုရွက်ဆိတ်လေးတွေ ၊ စပါးလုံးတွေ ချီသွားကြပုံ ကို လည်း ပမာ ပြုလိုက်သေးတယ် ။


ရုပ်ရှင်အဘိဓာန် ၊ ရုပ်ရှင်မော်ကွန်းတိုက် ဆိုတဲ့ ဘွဲ့တွေ ကို ပိုင်ဆိုင်သူ ကတော့ ရဲကျော်စွာ တဲ့ ။ မြင်မြင်သမျှ သူ ကြည့်ဖူးတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းတွေ နဲ့ ဆင်ဆင်တူသတဲ့ ။ ရေချိုးကြရတာ ၊ ထမင်း ယူကြရတာ ၊ ပေါက်ပြား ပေါက်ကြရတာ အားလုံး အားလုံး ဟောလိဝုဒ် က ထုတ်လုပ်တဲ့ ရုပ်ရှင်ကား ၊ ဂျပန်ရုပ်ရှင် ၊ ဟောင်ကောင်ရုပ်ရှင် ၊ အိန္ဒိယ ရုပ်ရှင်ကားတွေ ရဲ့ နာမည်တွေ နဲ့ ဇာတ်လမ်း အကျဉ်း ပြောလိုက် ၊ အကျယ် ပြောလိုက် နဲ့ သူ ကြည့်ဖူး မှတ်မိနေတဲ့ ရုပ်ရှင်ကားတွေ ထဲ က ဇာတ်ဝင်ခန်းတွေ နဲ့ ဆင်ဆင်တူ နေသတဲ့ ။ မိလ္လာ တက်ကြရင်း အခန်းချင်း ကပ် နေရင်တောင် သူ မှတ်မိနေတဲ့ ရုပ်ရှင် အကြောင်း ၊ ဗီဒီယိုတွေ အကြောင်း ပြန် ပြောပြရင် မစင်နံ့ နံတာ ကို သတိ မထားမိအောင် ပြောနိုင် စွမ်းတယ် ။


ရာသီတွေ ပြောင်း ၊ နှစ်တွေ  ကြာညောင်းလာတော့ လူ တစ်ယောက် မှာ အနုပညာ ဆိုတာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ သိသိလာ သလို အနုပညာ ခံတွင်း တွေ လည်း ချဉ် ၊ ချင်ခြင်း တွေ လည်း တပ်လာတယ် ။ 


အင်း ... နေနှင့်ဦး ။ အပြင် ရောက်ရင်တော့လား ဆိုပြီး ဆန္ဒ ရှိတာတွေ ၊ အာသီသ ရှိတာတွေ တန်းစီဇယား ဆွဲထားတာ ဇယား က အတော် ရှည်နေပြီ ။


ထွက်နှင့်သမျှ စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ တော့ လား မထတမ်း ဖင်ဂျွတ်စွဲအောင် ကို ဖတ်ပစ်လိုက်ဦးမယ် ။ ရုပ်ရှင်တွေ လည်း တစ်ကား ပြီး တစ်ကား ၊ တစ်ရုံ ပြီး တစ်ရုံ ဆက်တိုက် ကြည့်ပစ်လိုက်ဦးမယ် ။ ထုတ်ဝေဖြန့်ချိပြီးသား သီချင်းတွေ အကုန် ကို နားထောင် ပစ် ၊ ခံစားပစ်လိုက်ဦးမယ် ။ ပန်းချီပြပွဲတွေ စောင့်ကြည့် ၊ ပန်းချီပြခန်းတွေ ကို တဝကြီး လှည့် ကြည့်လိုက်စမ်းမယ် ။ နေသေးသပ ချုံ ထဲ က ၊ ချိုသွေးသပ တမြမြ နဲ့ပေါ့ ။


တကယ်တော့ တောင်ယာတွေ ကြား ထဲက လမ်းကလေး ဟာ သူတို့ တစ်တွေ အိပ်ရာ ထဲ မဝင်ကြခင် မှာ အညောင်းအညာပြေ လျှောက်ကြတဲ့ လမ်းကလေး ။ ၈ ပေ ၊ ၉ ပေ လောက် ကျယ်တဲ့ မြေသားနည်းနည်း ၊ သဲများများ နဲ့ ဖွဲ့တည် နေတယ် ။ ဒီထဲ က နေ အိမ် ကို ပြန်ရောက်ဖို့ ဆုမှတ်ရက် သုံးဖို့ တစ်ဖို့ ကိုက်ရဲ့လား ။ ဘယ်လ ၊ ဘယ်ရက် မှာ အိမ်ပြန် ရောက်မှာလဲ ။ တွက်ကြ ချက်ကြတာ ဒီ သဲမြေလမ်းကလေး ပေါ်မှာပဲပေါ့ ။ မဟာ ဘုတ်တွေ ထူခဲ့ကြတာ အောင်လံထူ စစ်သူကြီးပွဲ တွေ ရော ၊ ဇနကပျက်ကိန်း တွေ ၊ တစ် ထိပ် စည်း ၊ ငါး အလယ်ထိုင် ၊ ဆယ့်နှစ် ဘရိတ်တွေ ရေးခြစ် တွက်ချက်ကြတဲ့ မြေသင်ပုန်း သဲစာအုပ်ကြီးလေ ။


လမ်းကလေး ရဲ့ ဟိုဘက် မှာရှိတဲ့ ကန်စွန်းခင်းကြီး ထဲ က အရွက်တွေ က လမ်းကလေး ရဲ့ ဒီဘက်မှာ ရှိတဲ့ ဟင်းနုနယ်ပင်တွေ ဟာ ဆွေမတော် မျိုးမတော်ကြပါဘဲ နဲ့ လေတိုက်တိုင်း ယိမ်းက နေကြတယ် ။


တိမ်ညိုတိမ်မည်းတွေ အထုလိုက် အထည်လိုက် စုပြုံ ချီတက်လာပြီ ဆိုရင် ဟောဒီ အကြေရပ် မှာ မိုး က မရွာဘဲ ကို မနေဘူး ။ ပြိုမတတ် ရွာတတ်တယ် ။ အဲဒီလို ရွာချပြီ ဆိုရင် အလွမ်းဓာတ်ခံတွေ နဲ့ ပြည့်နှက်နေတဲ့ သူ အဖို့ ပိုလွမ်း စေတာပေါ့ ။ သူ့ မှာ သံယောဇဉ်တွေ ၊ ခင်မင်မှုတွေ ၊ တွယ်တာစရာတွေ အများကြီး ထားရစ်ခဲ့ရတာ မဟုတ်လား ။ လွမ်းမိုးစွေတာ နဲ့ အနုပညာငတ်မွတ်ဆာလောင် နေတာနဲ့ ပေါင်းမိပြီး သူ အတော် ကို အနေရ အထိုင်ရ ခက် နေမိတယ် ။


မိုးတွေ သည်းသည်း ပဲ ရွာရွာ ၊ ဖွဲဖွဲ ပဲ ရွာရွာ ၊ မိုးတိတ်သွားရင် ရေတွေ စီးသွား ၊ စိမ့်သွား ပြီး ကျန်ရစ်ခဲ့တဲ့ တောင်ယာခင်းတွေ ကြားက လမ်းကလေး ရဲ့ မျက်နှာပြင် အကြောတင်း နေပုံ က ခြေချရက်စရာ မရှိဘူး ။ ဗန်း ထဲက ဖုတ်ပြီးသား ဆနွင်းမကင်းမုန့် တွေ လိုပဲ ။ မို့မို့အိအိ တင်းတင်းရစ်ရစ်လေး ။ ပန်းချီရေးချင်စရာ ၊ အရုပ်တွေ ဆွဲချင်စရာ ၊ ကဗျာတွေ ချရေးချင်စရာ ၊ သဲမြေပြင် အိအိစိုစိုက ကဗျာတွေ လာ ရေးလှည့်ပါ ၊ ပန်းချီ ဆွဲလှည့်ပါလို့ သူ့ ကို လက်ယပ် ခေါ် နေ သလိုပဲလေ ။


တုတ်ကလေး တစ်ချောင်း သူ လိုက် ရှာတယ် ။ ကျန်ခဲ့တဲ့ မိသားစု ကို လွမ်းနေသူ ဆိုတော့ မိသားစု နဲ့ အတူနေခဲ့တဲ့ အိမ်ကလေး ။ သူ့ ချွေးနှဲစာ နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ကလေး ။ တစ်သက်လုံး ဘယ်တော့ မခွဲဘဲ နေချင်တဲ့မိသားစုနဲ့ ဘယ်တော့မှမခွာချင်တဲ့ အိမ်ကလေး ။ မိသားစု ကို လွမ်းဆွတ် သတိရ စိတ်ကလေး ကို လွမ်းတမ်းတ စိတ် က လှိုက် လှိုက် တက်လာတယ် ။ သူ ရှာနေတဲ့ တုတ်ချောင်းလေး တွေ့ တော့ သဲမြေမွမွ ပေါ် မှာ သူ့ အိမ်ကလေး ရဲ့ ပုံ ကို ရေးဆွဲ ပစ်လိုက်တယ် ။


ဟောဒါက ဝရန်တာလေး ။ အရင် ဝါးကပ်မိုးထားတဲ့ အိမ်ကလေး ကို သူ က သဲပန်းချီ ထဲ မှာတော့ စိတ်ကူးထဲရှိတဲ့ အတိုင်း သွပ်မိုး နဲ့ ။ ဒါက အရင်က ပြတင်းပေါက် ။ အခု သူ ရေးနေတဲ့ အိမ်ကလေး မှာ ပြတင်းပေါက် ခပ်ကျယ်ကျယ် ၊ တံခါး လည်း နဂို အရှိ ထက် ကျယ်လိုက်တယ် ။ ဒီဘက်မှာ သူတို့ ဇနီးမောင်နှံ လက်ထပ်ကြတဲ့ တစ်ရက်နေ့ အထိမ်းအမှတ် စိုက်ထားတဲ့ ‘ တည်ပင် ’ အရွက်တွေ က ဝေစည်လို့ ။ သူ့ စိတ်ကူး ထဲမှာ ညှို့နေအောင် အကိုင်းတွေ ၊ အခက်တွေ ဝေစည်နေမယ့် ‘ တည်ပင် ’ ကို မြင်ယောင်ရင်း သဲမြေ ပေါ်မှာ တည်ပင် တစ်ပင် ရေးလိုက်တယ် ။လှေကား ရဲ့ ညာဘက် မှာ သားဦးလေး ‘ ပတ္တမြားသွေး ’  မွေး တဲ့ အထိမ်းအမှတ်အနေနဲ့ စိုက်ထားတဲ့ စိန်ပန်းနီပင် ကလည်း အုပ်အုပ်ဆိုင်းဆိုင်း ။ စုတ်တံတွေ နဲ့ အနှစ်နှစ် အလလ ဝေးနေတဲ့ လူ လက် ထဲ က ဝါးတုတ်ခနောင်းလေး မှာ ပန်းချီမှော် နဲ့ အနုပညာဈာန်တွေ ကိန်းဝပ်ပျံ့နှံ့ နေကြပြီလား ။ စံပယ်ရုံလေး ကလည်း မပါမဖြစ် ၊ သူ့ သမီးလေး စံပယ်မြင့် မွေးနေ့မှာ စိုက်ခဲ့တဲ့ စံပယ်ရုံကလေး ။ အိမ် မှာတော့ ဒီ စံပယ်ရုံလေး ရဲ့အခြေ မှာ ထုံးကျောက်တွေ ပတ်ချာဝိုက် ၊ စီစီရီရီ ပတ်ဝိုင်း ထားတာလေ ။


သူ တကုပ်ကုပ် နဲ့ ပန်းချီ ဆွဲနေတာ ကို ပန်းချီဆရာ ဘိုဘိုထွန်း လာ ကြည့်ပြီး ပန်းချီ ဆရာ ပါ သူ့ ဆီ က ပန်းချီရေးချင် စိတ် ကူးစက် သွားတယ် ထင်ပါရဲ့ ။ ပန်းချီဆရာ က သူ့ စကား ဆယ်ခွန်း မှာ ခြောက်ခွန်း ၊ ခုနစ်ခွန်း ပါတတ်တဲ့ သူ ရဲ့သားကလေး ပုံတူ ကို ရေး လိုက်တယ် ။ သူ့ သားလေး နဲ့ ဘိုဘိုထွန်း သားလေး က အသက်အရွယ်တွေ မတိမ်းမယိမ်း ။ ကျွမ်းကျင်သူ ရေးတာ ဆိုတော့ ခဏလေး နဲ့ ပြီးသွားပြီ ။ ပုံကလေး က ချစ်စရာလေး ။ ပါး ဖောင်းဖောင်း နားရွက် ကားကားလေး ။ သူတို့ နှစ်ယောက် ပန်းချီ ရေးနေကြတာကို မိတ်ဆွေ အခန်းဖော်တွေ ၊ အညောင်းပြေ လမ်းလျှောက်ကြသူတွေ လာ ကြည့်ကြတယ် ။ တချို့ ကလည်း ခရီးသွားဟန်လွှဲ ၊ တချို့ကလည်း စိတ်ဝင်တစား လာကြည့်ကြတယ် ။ တစ် ကနေ ရှစ် အထိ ရှိတဲ့ အခန်းရှစ်ခန်း က သရဲကြီး လို ဘီလူးကြီး ၊ ဘီလူးလေး ၊ သရဲလေးတွေ လည်း ပြပွဲကြည့် ပရိသတ် ထဲ မှာ ပါတယ်လေ ။


နောက်နေ့တွေ မှာတော့ ပန်းချီဆရာ ရွက်ပုန်းသီးတွေ ၊ ပန်းချီ ဝါသနာရှင်တွေ ပန်းချီ လက်သင်တွေ ဝင်ပြီး လက်စွမ်းပြကြ သလို ပြပွဲကြည့် ပရိသတ် ဦးရေ လည်း ပထမနေ့ က ထက် အများကြီး တိုးလာတယ် ။ ရေးကြတဲ့ အကြောင်းအရာတွေ ကလည်း ကိုယ့် ဝါသနာ နဲ့ ကိုယ် ၊ ကိုယ် ခံစားချက် နဲ့ ကိုယ် ။


အပြင်မှာ ပန်းချီဆရာကြီးတွေ ပန်းချီပစ္စည်းတွေ ဈေးကြီးမြင့်လို့ ရတက်မအေး ဖြစ် နေချိန်မှာ သူတို့ ကတော့ ကုန်ကျစရိတ် အလျှင်း မရှိဘဲ ပန်းချီကားတွေ ဟော တစ်ကား ၊ ဟော တစ်ကား ရေးနေကြပြီ ။


ကြက်သားကြော် အမြည်း နဲ့ အကောင်းစား အရက်ပုလင်းပုံ ရေးသူ ရှိသလို မေ နဲ့ မောင် နဲ့ ဖဲမွေ့ရာ ပေါ်မှာ အတူယှဉ်တွဲ အိပ်နေကြပုံ ရေးသူ လည်း ရှိတယ် ။ ဆေးမင်ကြောင်ရုပ် က ဒီဇိုင်း ဆန်းဆန်း အရုပ်တွေ ရေးသူ ရှိသလို ရေကူးဝတ်စုံ နဲ့ အတိုင်းအထွာ စံချိန်ပြည့် ၊ စံချိန်လွန် ပုံတွေ ရေးကြသူတွေ လည်း ရှိတယ် ။ တောကား ၊ တောင်ကား ၊ ယာကား ၊ ယာ လွမ်းသူ ၊ အိမ်သူတွေ လည်း ပါတာပေါ့ ။ 


သူ ကတော့ သက်ထား ကို သတိရ နေတာနဲ့ မအိမ်သူ ရဲ့ပုံတူ ကို ဈာန်အပြည့် နဲ့ ရေး တယ် ။ အတတ်နိုင်ဆုံး တူအောင် ကြိုးစား ရေးတယ် ။ နှာတံ စင်းစင်း ၊ နှုတ်ခမ်း ပါးပါး ၊ ဆံပင်တွေ က သွယ်ဖြောင့်ဖြောင့် ၊ မျက်ရစ်က ပါတယ် ဆိုရုံ ၊ မျက်မှန် က ဘဲဥပုံ ၊ ဆံပင် တွေ က ပိပိရိရိ ၊ ပြုံးနေ ရယ်နေ တာပဲ မြင်ချင်စိတ် နဲ့ သွားကလေးတွေ ပေါ်ရုံလောက် ပြုံး နေတဲ့ပုံ ရေးလိုက်တယ် ။


ဘယ်ကနေ ဘယ်လို စိတ်ကူး ရတယ် မသိဘူး ။ သက်ထား ရဲ့ နားရွက် အဖျား မှာ အရွယ် အလောတော်လောက် ကွာဖိုက် ကျောက်ကလေး နှစ်လုံး နားကပ် အနေ နဲ့ ကောက် ပန်ပေး လိုက်တယ် ။ ဒီ နားကပ်နှစ်လုံး မပန်ခင်မှာ ကွာဇိုက် မှာ ကပ် နေတဲ့ သဲမှုန်တွေ ကို ပုဆိုးဖြူ နဲ့ စင်နေအောင် ပွတ် လိုက်သေးတယ် ။ ပြီးတော့ ရင်ညွန့် ကနေ လည်ပင်း အထိ အနား မှာ ရှိတဲ့ ကွာဇိုက် ၊ မာဘယ် ၊ ထုံးကျောက်ရောင်စုံတွေ လျှောက်ကော်ပြီး လည်ဆွဲ အနေ နဲ့ အလှဆင် စီခြယ်ပေးလိုက်တယ် ။


သဲမြေ ပေါ် က သူတို့ ရေးကြတဲ့ သဲမြေကမ္ဗလာ တစ်ကြောင်းဆွဲ ပန်းချီတွေ ဟာ ဘဝ တူတွေ အတွက် တော့ သောက ၊ အပူအပင် ၊ အမောအလွမ်းတွေ အထိုက်အလျောက် ပြေစေလိမ့်မယ်ထင်ပါရဲ့ ။


သူတို့ အားလုံး အိပ်ဆောင် ထဲ ဝင်ကြရတဲ့ အချိန် မှာတော့ ကပ္ပလီပင်လယ်အော် က တိမ်ပုပ် ၊ တိမ်ညစ်တွေ ခါးတောင်း ဖင်ကြား မြှောင်အောင် ကျိုက် ၊ လက်ပန်းပေါက်တွေ တဖြောင်းဖြောင်း ခတ်ပြီး ဘီလူးဆိုင်း တီး တက်လာကြတယ် ။ အိပ်ဆောင် ထဲမှာ တန်းစီ ထိုင် နေကြရင်း အခန်းသားတွေ က သဲမြေပေါ်မှာ ရေးထားတဲ့ ပန်းချီတွေ ဆီ လှမ်းကြည့် လိုက်ကြ ၊ ကောင်းကင် မည်းမည်းကြီး ကိုလည်း မျက်တောင်ဝင့် ကြည့်လိုက်ကြနဲ့ ဂနာ မငြိမ်ကြဘူး ။


ပန်းချီရေး တဲ့ သူ မဆိုထား နဲ့ ကြည့်ကြတဲ့ ပရိသတ် တောင် မှ ပန်းချီကားတွေ အပေါ် မှာ သံယောဇဉ် ဖြစ်နေကြပါပေါ့လား ။


သရဲကြီး ကတော့ တုတ် တစ်ချောင်း ကို ညာလက် မှာ ကိုင်ထားပြီး အခန်း ရဲ့ ရှေ့ထိပ် နောက်ထိပ်လမ်းလျှောက် ရင်း ဘယ်လက် နဲ့ စိပ်ပုတီး စိပ်နေတယ် ။ လျှပ်စီးတွေ ဝင်းခနဲ ပြိုးခနဲ လက်သွား ၊ မိုးခြိမ်းသံတွေ ပေါက်ကွဲ ထစ်ချုန်း နေတဲ့ အပြင်ဘက် ကို တစ်ချက် တစ်ချက် ငေးလို့ နေပြန်တယ် ။


မကြာခင်မှာပဲ အုတ်ရိုးတွေ အပေါ် ၊ တောင်ယာတွေ အပေါ် ၊ သွပ်ပြားတွေ အပေါ် မိုးစစ်သည်တွေ တရမန်းကြမ်း ခုန်ပေါက် ပြေးဆင်းလာကြတယ် ။ ရွာ နေတာ မှ အငြိုးတကြီး နဲ့ ရွာနေ သလိုမျိုး ။ ကန်စွန်းပင် တွေ လည်း ပြားပြာဝပ် နေကြသလို ဟင်းနုနယ်ပင်တွေ လည်း ခပ်ကုပ်ကုပ် နဲ့ ချမ်းနေကြရှာတယ် ။


အခန်း ထဲ မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေတဲ့ အခန်းလူကြီး က -


“ နှမြောစရာတော့ ကောင်းတာပေါ့ ။ သင်္ခါရချည်းပဲလေ ။ ဒါပေမဲ့ မိုးတိတ် သွားရင် တော့ ကျန်ရစ်တဲ့ သဲမြေလေး ဟာ ပန်းချီ ရေးဖို့ ကောင်းတဲ့ မြေပြင် ပြန် ဖြစ်လာဦးမှာ ” တဲ့ ။ 


သရဲကြီး ပါးစပ် က လူစကား ထွက်လာတယ် ။  ။


 ⎕ ညီပုလေး


📖လပ်ပေါ် ကိုးအုပ်တော့ မြတ်ကျော် ပုဆိုးစုတ် နှင့် မဂ္ဂဇင်းဝတ္ထုတိုများ

Sunday, May 11, 2025

မသိုးထမင်း မသိုးဟင်း


 

❝ မသိုးထမင်း မသိုးဟင်း ❞
           ( ညီပုလေး )

မိုး က ကျလာတယ် ဆိုရုံလေး ၊ သည်း လည်း မသည်း ၊ တဖွဲဖွဲ မနေ့ည ကတည်း က ဒီလိုပဲ ရွာနေတယ် ။ လျှပ် လည်း မလက် ၊ မိုး ကလည်း မခြိမ်း ၊ လေကလေး က တော့ တချက် တချက် ဆောင့် တိုက်တတ်တယ် ။ အဲဒီ အခါမှာ ဝရန်တာ က သံဆန်ခါ တွေ ကို ကျော်ပြီး မိုးစက်ငယ် တချို့က ဘုရားဝတ်ပြု နေတယ့် ဒေါ်မယ်ဝန် ရဲ့ ပခုံးစွန်း နဲ့ လက်မောင်း ကို လာ နှုတ်ဆက်တတ်ကြတယ် ။ ဘုရား ရှိခိုး နေပေမယ့် စိတ် ကတော့ မိုးရေစက်တွေ လို နေရာ အနှံ့ ရောက်နေမိတယ် ။ သွားလေသူ အတွက် အမျှအတမ်း ဝေပြီး ကြေးစည် ကို အသာအယာ တီးလိုက်တယ် ။ ကြေးစည်သံ ဟာ
လွမ်းလွမ်းဆွတ်ဆွတ် တိုးတိုးညင်ညင်သာသာ ပျံ့လွင့် သွားတယ် ။ ကြေးစည် ကို ဒီလို မတီးယင် အခန်း ထဲ မှာ အိပ်နေတဲ့ မြေးကြီး လန့် နိုးသွားမှာ စိုးရတယ်လေ ။ ဒေါ်မယ်ဝန် ရဲ့ စိတ် ထဲ မှာတော့ ကျေးဇူးရှင် ဦးထွန်းအေး ရုပ် နဲ့ ဒီ မြေးဦး နဲ့ ရုပ် က တထေရာ တည်း ပဲတဲ့ ၊ သိပ် တူတာပဲ ၊ ဒေါ်မယ်ဝန် သေချာပေါက် ပြောလိုက်ပါရဲ့ ။ ဒီ မြေး က ကိုထွန်းအေး မှ ကိုထွန်းအေး ၊ ဒါကြောင့် မြေးကြီး ကိုအသက်လို ချစ်ပြီး ၊ အတိုင်းအတာ မရှိ အလိုလိုက် နေမိတယ် ။ ဒေါ်မယ်ဝန် ရဲ့ နှလုံး ကို လှည့်ပတ် နေတဲ့ သွေးတွေ ထဲ မြေးကြီး ရဲ့ သွေးတွေ ပါ လှည့်ပတ်နေတယ် လို့ ထင်မိတယ် ။ ဒီ သွေးတွေ က နှလုံးသား ကို ဖြတ် စီးကြတာလေ ။

တမြန်နှစ် က ဒီလို ရက် ၊ ဒီလို မိုး တစိမ့်စိမ့် ၊ ဒီလို မိုးအေး နေတဲ့ရက် ၊ မနက် အိပ်ရာ က တော်တော် နဲ့ မထလို့ ဦးထွန်းအေး တော့ အိပ် ကောင်းကောင်း နဲ့ အိပ်ပျော် နေတယ် လို့ ပဲ သူ ထင်မိတယ် ။ တဖက်အိမ် ရေဒီယို က စံတော်ချိန် စိန်ဘမောင် တီးလုံးသံ ကြား တော့မှ နှိုး မလို့ သွား ကြည့်တော့ ညာဘက်စောင်း လို့ ခွေခွေကလေး အိပ်နေ သလိုပါပဲ ၊ အိပ်နေတယ် ထင်လို့ တောင် လှုပ်နှိုး ကြည့်သေးတယ် ။

ခေါင်း ကိုက်တယ် ၊ ဇက်ထိုးတယ် လို့ လည်း ပြောသံ မကြား ၊ ဗိုက်အောင့်တယ် ၊ အောက်ပိုင်း လေးတယ် လို့ မှ ပြောသံ မကြား ၊ အခုလို မမျှော်လင့်ပဲ ဗြုန်းကနဲ ဆိုတော့ ဒေါ်မယ်ဝန် မြေလူးရ ရှာတာပေါ့ ၊ ရူးမယ် ဆိုယင် ရူးနိုင်တယ် ။ ဦးထွန်းအေး က ကပ်စေးနဲတယ် လို့ ပြောပြော နေတဲ့ ဒေါ်မယ်ဝန် အသိတရား တခု ရင် ထဲ မှာ သံမှို စွဲသလို စွဲ သွားတယ် ။

“ လူ့ အသက် လောက် ဘယ်ဟာကမှ အဖိုး မတန်ပါကလား ” 

ဒီ အဖြစ်ဆိုး ၊ အပျက်ဆိုး ကို သား နဲ့ ချွေးမ ရှိရာ ဆည်တော်ကြီး ဆည်မြောင်းဌာန က ကြေးနန်းစက် အကူအညီ နဲ့ အကြောင်းကြား လိုက်ရတယ် ။ ဖြောင့်မတ်တဲ့ ဝန်ထမ်းကောင်း လည်း ဖြစ်ပြန် ၊ လူချစ်လူခင် များတဲ့ ပင်စင်စား က လည်း ဖြစ်ပြန် ၊ ရပ်ရေး ရွာရေး လက် မနှေးကြပဲ အပြေး ကူညီတတ်တဲ့ ဇနီးမောင်နှံ မို့ ပင်စင်စား အသုဘ တွေ ထဲ မှာတော့ ဦးထွန်းအေး အလောင်း ဟာ မြေ အကျကောင်း ၊ မြေ အကျလှရှာပါတယ် ။

အဖော် ရအောင် ချွေးမ ကို အိမ်ခေါ် ထားတော့ သား ဖြစ်သူရဲ့ စားအိုး က လည်း တအိုး ကနေ နှစ်အိုး ဖြစ်သွားတယ်လေ ။ အမေ နဲ့ ဇနီး ကို သားကလည်း တတ်နိုင်သလောက် ထောက် ရှာပါတယ် ။ ဆင် က တကောင် ထဲ မဟုတ်တဲ့ အပြင် နှမ်း က အလုံး သေးပြီး နည်း နေလိုက်သေးတယ် ။ ဒေါ်မယ်ဝန် တို့လည်း ကျန်ကောင်း ကျန်ရာ ပင်စင်လေး နဲ့ ခြစ်ခြုတ်ပြီး စားသောက်ကြရတယ် ။ ချွေးမ ကလည်း အချုပ်အလုပ်ကလေးတွေ အိမ်ယူပြီး ချုပ်ရှာပေမယ့် စားစရိတ် ၊ နေစရိတ်တွေမြင့် လာလို့ ပိုလျှံတယ် တို့ ၊ စုစုဆောင်းဆောင်း တို့ မရှိရှာဘူး ၊ တလ နဲ့ တလ အလျင် မီဖို့ မချေးချင် ပဲ ချေးကြရတယ် ။ မုဆိုးမ ဆိုတော့ သိပ် မချေးချင်ကြဘူးလေ ။ ဒါကြောင့် အတတ်နိုင်ဆုံး မချေးရအောင် သိုသိုသိပ်သိပ် ပိပိရိရိ နေထိုင်စားသောက်ကြတယ် ။ ဒီလို ကြားထဲ ချွေးမတော် က အိပ်ရာ အထ မှာ ပျို့ သတဲ့ ။ အဲဒီ နေ့က ဦးထွန်းအေး ဆုံးတာ ငါးလပြည့်တဲ့ နေ့ ၊ ချွေးမ က တော့ ဘယ် မှတ်မိမလဲ ၊ ဒီလို နေ့တွေ မှတ် ရက်တွေ မှတ်တာတို့ အတိတ်နိမိတ် ကောက်တာတို့ ဆိုတာ မုဆိုးမ ပူပူနွေးနွေးတွေ ရဲ့ အလုပ် မဟုတ်လား ။

ဒီလို လာပြီး တိုက်ဆိုင်နေတာ ကို ဒေါ်မယ်ဝန် အံ့ လည်း အံ့ဩမိပါရဲ့ ၊ ဝမ်းလည်း သာ ပါရဲ့ ၊ အံ့ဩတာ နဲ့ ဝမ်းသာတာ ချိန်စက် ကြည့်ယင် ချိန်ခွင်လျှာ က ဝမ်းသာတဲ့ ဘက် ကို သာသာထိုးထိုး ညွှန်း လိမ့်မယ် ။ ဒါကြောင့် ချွေးမ ကိုယ်ဝန်ဆောင်တာ ကို ကိုယ်တိုင် ကိုယ်ဝန် ဆောင်နေရ သလိုပဲ ဒေါ်မယ်ဝန် စောင့်ရှောက်တယ် ။ မုဆိုးမ ဘုရားရှိခိုး ယင် ဆုတောင်းတွေ များရတဲ့ အထဲ ၊ အခုတော့ သား ယောက်ျားလေး ထွန်းကားဖို့ ဆုတောင်း တခု တိုး လာပြန်တယ် ။ ချွေးမ ရဲ့ လုံးလုံးဝန်းဝန်း ဗိုက် ကို ကြည့်ပြီး ဒီလို စူစူ ချွန်းချွန်းကလေး ဆိုယင် သားယောက်ျားလေး မွေး မတဲ့ ။ မောင်အောင်မောင်းကြီး တုန်း ကလည်း ဒီလို စူချွန်းချွန်း ပဲတဲ့ ။ ချွေးမ ရဲ့ လုံးဝန်းတဲ့ ဗိုက် ကို သူ လိုရာ ဆွဲပြီး စူချွန်း ပစ်လိုက်တယ် ။ ဒီ ကိုယ်ဝန် ရှိမှ ဦးထွန်းအေး အကြောင်း အိပ်မက် ခဏခဏ မက်တယ်တဲ့ ။ ဝတ်ဖြူစင်ကြယ် နဲ့ တမျိုး ၊ သင်္ကန်း ဆီး လို့ တခါ ၊ စိပ်ပုတီး လည်မှာ ဆွဲလို့ တကြိမ် ၊ အိပ်မက်ကောင်းတွေချည်း မက်တယ် ၊ ခက်တာ တခုက သူ့ ချွေးမ က မမက်ပဲ ဒေါ်မယ်ဝန် ကချည်း မက်တာမို့ ၊ အိပ်မက် ကို ပြောင်းလို့ရွှေ့လို့ ရယင် ပြောင်းမက်စေချင်တယ် ။ ချွေးမ ကို လည်း အိပ်ယာဝင်ယင် ဘုရားရှိခိုး အိပ်ဖို့နဲ့ ရတနာသုံးပါး ဦးထိပ်ထားဖို့ ခဏခဏ မှာရတယ် ။ အိပ်မက် ဆိုတာ စိတ်ကောင်း နှလုံးကောင်း ရှိမှ အိပ်မက်ကောင်း မက်တာ မဟုတ်လားတဲ့ ။ ဘာပဲဖြစ်ဖြစ် သားယောက်ျားလေး သာ မွေးယင် ဦးထွန်းအေး ပြန်လာတာပဲ ဖြစ်ရမယ် လို့ မျှော်လင့် နေရှာတယ် ။

အနှစ် လေးဆယ် နီးပါး အတူ ပေါင်းလာတော့ လည်း နေရာတကာ သွားလေသူ ကို သတိရစရာ ချည်းပဲပေါ့ ၊ သမ ကုန်ဝယ် စာအုပ် မြင် ယင်လည်း သတိရ ၊ မဆုံးခင်က အိမ် ကို ရေနံချေး သုတ်ဖို့ စီစဉ်ခဲ့တာ ကို ပဲ နောင် အတွက် အမြော်အမြင် ကြီးပါပေ့ ဆိုပြီး ကျေးဇူးတင်မိ ၊ သတိရမိ ။ ရပ်ရေးရွာရေး ဖိတ်စာတွေ မှာ ခါတိုင်းလို မဟုတ်ပဲ ဒေါ်မယ်ဝန့် နာမည် တခုတည်း ရေးထားတာ မြင်ယင် လည်း သတိရ ၊ သာရေး နာရေး ဖိတ်စာတွေ မှာ ဦးထွန်းအေး နာမည် ကို လက်သည်းကွင်းခတ်ပြီး ဖိတ်ယင် လည်း တသမိ ။ နေရာတကာ မှာ သတိရစရာချည်း ဖြစ်နေတော့တယ် ။ အိမ်ရှေ့ က ပိတောက်ပင်ကြီး ကို မိုးကြိုး ထိတော့မှ ဒီ ပိတောက်ပင်ကြီး ရဲ့ အရိပ် နဲ့ ပိတောက်ပန်း ရဲ့ အနံ့ ကို လွမ်းဆွတ် နေရ သလိုပါပဲ ။ သွားလေသူ ရဲ့ အရိပ်ကြီးမားကြောင်း သူ မရှိခါမှ သိတော့တယ် ။ မုဆိုးမ ဆိုတာ တယ်လည်း လူရာ မဝင်ပါလား ဆိုပြီး အားငယ်ရတာလည်း ခဏခဏ ၊ ဒီလို အားကိုးရာမဲ့လွန်း လို့ ဦးထွန်းအေး မဆုံးပါးပဲ ဒေါ်မယ်ဝန် ပဲ ဆုံးပါးလိုက်ချင်တော့တယ် ။ လောက ရဲ့ အကြပ်အတည်းစုံ ၊ ဒုက္ခစုံ ကို ဒေါ်မယ်ဝန် တယောက်တည်း ရင်ဆိုင် နေရပြီ ၊ ဒါပေမယ့် သူ့ စိတ် ကိုတော့ လျှော့ချလို့ မဖြစ်ဘူး ၊ မျှော်လင့်ချက် နဲ့ အသက် ရှင်ပြီး ဒီ မျှော်လင့်ချက် ဓားမတို နဲ့ သောကပူဆွေး ခြုံနွယ်တွေ ကို လမ်းထွင် ရှင်းလင်း ခရီး ဆက်ရမယ်လေ ။ ‘ သားအချစ် မြေးအနှစ် ’ ဆိုတဲ့ စကားကို ရှေးလူကြီးသူမတွေ အကြောင်းမဲ့ ထားခဲ့ကြတာ မဟုတ်ဘူး ဆိုတာ ဒေါ်မယ်ဝန် နားလည် နေပြီ ။

မြေးဦး ‘ ဇော်ဝိတ် ’ ရဲ့ မျက်လုံး နဲ့ ပါးစပ်ပေါက် က ကိုထွန်းအေး နဲ့ တထေရာတည်းပဲ တဲ့ ၊ ချွေးမ က လည်း တူသလိုလိုပဲတဲ့ ။ တခါတလေတော့ လည်း ဖွားအေ က ‘ သည်း ’ နေလို့သာ တူလိုက်ရတာ ၊ သူ့ စိတ်ထဲမှာတော့ တယ်ပြီး တူတယ်လို့ မထင်မိဘူး ။ သူ့ အမျိုးသား ကိုအောင်မောင်း နဲ့ ပဲ တူစေချင်တာပေါ့ ၊ ဒေါ်မယ်ဝန် က
သွေးနုသားနု ချွေးမ အတွက် စိုးရိမ်တာ အပြင် သူ့ မြေး ဇော်ဝိတ် ကြီး နေမကောင်းမှာ စိုးလို့ ချွေးမ ကို မတည့်တာတွေ မစားဖို့ ပြောရတယ် ။ မီးနေသည် ထမင်းဟင်း ကို သူ လည်းပဲ မီးနေသည် လုပ်ပြီး ချက်ပြုတ် စားလိုက်တယ် ။ ဒီလို စားမှ လည်း အကုန်အကျ သက်သာမယ် မဟုတ်လား ။

မြေးအသစ်ကျပ်ချွတ် ကို နှိုက်ချွတ် နေပြန်တော့လည်း စိတ်သက်သာရာ ရမလား အောက်မေ့ မိတယ် ၊ သူ့ ဖိုးအေ နဲ့ တူလွန်းလို့ ဆိုပြီး သွားလေသူကို သတိရပြန်ရော ၊ အော် မုဆိုးမဘဝ ဆိုတာဟာ တယ်လည်း ပင်ပန်းဆင်းရဲလှပါတကား လို့ ဒေါ်မယ်ဝန် တွေးမိတယ် ။ ရှေ့လျှောက် ဘယ်လောက် ဆင်းရဲ ပင်ပန်းရအုံးမှာပါလိမ့် ။ ပူဆွေးခြုံနွယ် ၊ ဆင်းရဲပင်ပန်းခြုံနွယ်တွေ ထူထပ်လွန်းလှပါလား ။ မြေးကြီး ကျောပူခေါင်းပူ ထတာ ဒီနေ့ ဆိုယင် ရှစ်ရက်မြောက် ပြီ ၊ ဒီ ညနေ ဆရာဝန် ဆီ သွား ပြဖို့တောင် တော်တော် စဉ်းစားနေရပြီ ၊ ဗမာဆေးများ ပြောင်း တိုက်ရယင် ကောင်းမလား ၊ ငွေ ကလည်း ခပ်ခက်ခက် ၊ ဘေးအိမ် ကလည်း အယင် ယူထားတာ မပြေပဲ ထပ် ယူဖို့ မကောင်းတော့ ၊ နောင် ဘယ်နှစ်ရက် ဖျားနေအုံးမယ် မသိ ၊
ဒေါ်မယ်ဝန် ရင် ထဲက သောက မီးကျီး မီးခဲ ဟာ ရဲ နေအောင် တောက်နေပြီ ၊ သူ့ အဖိုး ကိုယ်ပွားလေး ဆိုတော့ စိုးရိမ်တာ ၊ စိတ်ပူတာ အထွတ်အထိပ် ကို ရောက်နေတာပေါ့ ။ မြေးကြီး ရဲ့ အသက် ရှည်ဖို့ က လောလောဆယ် အရေးကြီးဆုံး ပဲ မဟုတ်လား ။ ဒီ မှန်ဗီရို ကို ဖွင့် မကြည့်ဖြစ် ၊ ဖွင့်ချင်စိတ် လည်း မရှိ ၊ ဗီရို ထဲက ဦးထွန်းအေး ရဲ့ အဝတ်အစား အသုံးအဆောင်တွေ က အလွမ်း မပြေစေပဲ ၊ အလွမ်း ဝေစေတတ်တယ် မဟုတ်လား ၊ သော့တံ ကို သော့ပေါက် ထဲ ထည့်ပြီး ဒေါ်မယ်ဝန် တွေနေမိတယ် ။ သူ အခါခါ စဉ်းစားတယ် ။ စဉ်းစားယင်း ငယ်ထိပ် ချိုင့် ၊ မျက်တွင်း ဟောက်ပြီး ၊ ကြုံလှီ လာတဲ့ ဇော်ဝိတ် မျက်နှာ ကို မြင်မိတယ် ။ အယင်က ဝဖြိုးပြီး ချစ်စရာ ကောင်းတဲ့ ဇော်ဝိတ် ဟာ သူ့ အဖိုး နောက်ကို လိုက်တော့မှာလားလို့ ပူပန်မိတယ် ။ သော့တံ ကို ညာဘက် လှည့် လိုက်တော့ ဗီရို ထဲက ပရုတ်နံ့ က ခုန်ထွက် လာတယ် ။ အဝတ်အစား အသုံးအဆောင်တွေ က ဦးထွန်းအေး ထားခဲ့တဲ့အတိုင်း အရာမယွင်း သေး ။ ရုပ်အလောင်း ပေါ် က လွှားတဲ့ ဘန်ကောက်ပုဆိုးတထည် နဲ့ တခြား ချည်လုံချည် တထည် သာ ဘုန်းကြီး ကို ‘ နေကထိုင် ’ အဖြစ် ပြင်ချုပ်ပြီး လှူလိုက်တာပဲ လျော့သေးတယ် ။ ကိုအောင်မောင်း ကြိုက်တဲ့ ပုဆိုးအဆင်နု အကွက်စိပ်ကလေး တွေတောင် မပေးရက် ။ သား က လည်း အလိုက် တသိ ၊ မယူ ။ သူ့ သုံးနေကျ လက်ကြယ်သီးတွဲ က လည်း စီးကရက် ၅ဝ - ဝင် သံဘူးဟောင်းထဲမှာ ဒီအတိုင်း ၊ မုတ်ဆိတ်ရိပ်ဂျုပ် နဲ့ ဓားတွေ လည်း သန့်သန့်ရှင်းရှင်း ၊ လက်ကိုင်ပုဝါ အသစ်ကလေး ပေါ်က လျှော်ပြီး ဖွပ်ပြီး လက်ကိုင်ပုဝါလေး ၄ ၊ ၅ - ထည် က ထပ်လျက် ၊ ရုံးဆင်း ရုံးတက် သုံးခဲ့တဲ့ ပိုင်းလော့ဖောင်တိန် ကလည်း သူ့ သခင် အငြိမ်းစား ကတည်း က သူ့ လည်း ရေမိုးချိုးပြီး အငြိမ်းစား ယူလျက် ၊ အလုပ်ကြိုးစား ၊ အလုပ်ပျက်ရက် မရှိလို့ ဆုရတဲ့ ပတ်ကားဖောင်တိန် ကလည်း ပတ်ကား
ဂျပ်သေတ္တာလေး ထဲမှာ အသစ်အတိုင်း ။

ဂုဏ်ယူစရာ ပစ္စည်း တခု အနေနဲ့ ဦးထွန်းအေး က ဒီ ပတ်ကားဖောင်တိန်လေး ကို မြင်သာအောင် ဂျပ်သေတ္တာအဖုံးလေး ကို ဖွင့်ထား လှပ်ထားတယ် ။ ဖောင်တိန် ကို ဖိထားတဲ့ ဖဲပြား အစိမ်းရင့်ကလေး ကတော့ အနုသွေးဘက် ကို လုစ ပြုနေပြီ ။ ဂျပ်သေတ္တာ ရဲ့ မျက်နှာကျက် က ပိုးစဖြူဖောင်းအိအိ ကလေးပေါ်က ပတ်ကား ဆိုတဲ့ စာလုံးအနက် နဲ့ ရွှေမျှားတံကလေး က သစ်လွင်တောက်ပနေ တုန်းပဲ ။ ရန်ကုန် နေပြည်တော် နာရီတိုက် က ဝယ်လာတဲ့ ‘ အိုဂျီဘယ် ’  နာရီလေးလည်း သူ ရဲ့ ကတ္တီပါ နက်ပြာရောင် သေတ္တာ ထဲ မှာ မှေးစက် နေရှာတယ် ။ နာရီဆိုင် ကိုပြင်ဖို့ တခါမှ အလည် မသွားတဲ့ နာရီအမျိုး မို့ ဦးထွန်းအေး က သိပ်မြတ်နိုးတဲ့နာရီလေး ။ ရွှေရောင် နာရီအိမ် က တောက် နေပေမယ့် သော့သီး ကတော့ ရွှေရောင်ပြယ်ပြီး ရွှေဖြူရောင် သန်းနေပါပြီ ။ ဒီ နာရီ အမျိုးက ခေတ်မမီတော့ပေမယ့် ၊ နာရီအမျိုး အကောင်းအဆိုး ခွဲခြားသိသူ ဦးထွန်းအေး ရဲ့ အကြောင်း သိသူတွေ ကို နာရီကလေး က ဖွင့်ဟထားတဲ့ နာရီ ဂျပ်သေတ္တာလေး ထဲ ကနေ လက်ယပ် ခေါ်နေတယ် ။ ဗီရို ကို မလွဲသာ လို့ သာ ဖွင့်ရတယ် ၊ ဒေါ်မယ်ဝန် မှာ နည်းနည်းမှ စိတ် ထဲမှာ မကောင်းလှ ။ ဟယ် မတတ်နိုင်ပါဘူး ၊ ဒီနည်း က လွဲပြီး တခြားနည်း မရှိတော့တာမို့ ... ။

သူ့ ရဲ့ လက်ဟာ ရှပ်အင်္ကျီ အထပ်ရဲ့ အောက်ကို သွင်းလိုက်တော့ ဟိုဒီ စမ်းနေစရာ မလို ၊ တန်းကနဲ စမ်းမိတယ်လေ ။ လူပျိုဘဝ ကတည်း က တပ်ခဲ့တဲ့ ရွှေကြယ်သီး တစုံ ဟာ ဗီရို မှာ ခင်းထားတဲ့ သတင်းစာ အဟောင်း နဲ့ ညိနေသေးတယ် ။ ဒီ ကြယ်သီး အစုံ ကို လက် ထဲ မှာ ဆုတ်ထားယင်း သူ့ နား နှစ်ဖက် က ရွှေပါး နဲ့ ပြင်သစ်ကျောက် နားကပ် တစုံ ကို သတိရမိတယ် ။ ဇော်ဝိတ် ရဲ့အဖျား က ဘယ်နှစ်ရက် ရှည်နေအုံးမှာ မသိနိုင်တာမို့ ၊ နားပေါက်ဟောင်းလောင်း နဲ့ မုဆိုးမ ကို ကဲ့ရဲ့ကြမယ့် မျက်လုံးတွေ ကို မြင် နေယင်း ၊ နားကပ် က လည်း ထုခွဲလို့ ဘာမှ မရတဲ့ အတူတူ ကိုထွန်းအေး ရဲ့
ကြယ်သီး အစုံ ကို ပဲ ပိုင်ရှင် ပြောင်းဖို့ စိတ်ပိုင်းဖြတ် လိုက်ရတယ် ။ ရင် ထဲ ကတော့ ဘယ် ချိမလဲ ။သူ့ မြေး ကြီးလာတော့ ဒါ ဘယ်သူ့ ပစ္စည်းလဲ လို့ ပြပြီး အရင် ဘဝ အကြောင်းတွေ ပြန် မေးစရာ ၊ ပြစရာ ပစ္စည်း တခုတော့ လျော့သွားရှာပြီ ၊ ဇော်ဝိတ် မြန်မြန် ကြီးစေချင် ၊ စကားတွေ ပြောတတ်စေချင်လှပြီ ၊ စကားတွေ တတ်ယင်
ဘာတွေများ ပြောမှာပါလိမ့် ၊ သူ့ အမေကို ဘယ်လို ခေါ်လို့ ၊ သူ့ကို ရော ဘယ်လို ခေါ်လိုက်မှာပါလိမ့် ။ တနေ့တနေ့ ဒါတွေပဲ မုဆိုးမ တွေး တွေးနေတယ် ။ ဇော်ဝိတ် ကတော့ ထုခွဲ လိုက်တာလေး ကုန်ခါနီးမှာ နာလန်ထလာတယ် ။ လေးဘက် သွား ကနေ မတ်တတ် ရပ်ချင်လို့ ဖျားတာ ၊ ဝမ်းသွား တာ ကိုပဲ ဒီ အဖျားမျိုး က ကိုထွန်းအေး လည်း ဖျားတတ် သတဲ့ ၊ တခါ ဖျားယင် တငွေ့ငွေ့ နဲ့ ၄ ၊ ၅ ၊ ၁ဝ - ရက် မပျောက်ဘူးတဲ့ ။ နာလန်ထ ကို အားရှိစေချင်တဲ့ ကလေးအမေ နဲ့ အဖွား ကလည်း အယူအဆ ကွဲနေရသေးတယ် ။

‘ သမီး ကလေး ကို ပဲအိုးကပ်ကလေး နဲ့ ထမင်းပျော့ပျော့ကလေး ဆီဆမ်းဆား ဖြူး ပြီး ခွံ့ပါကွယ် ၊ ကြက်ဥတော့ မကျွေးနဲ့ ၊ ကလေး ဝမ်းပုပ် နေပါ့မယ် ။ ကြက်ဥ က ချုပ် လည်း ချုပ်တတ်တယ် ’ တဲ့ ။

တကယ်တော့ ဝမ်းပုပ် မှာ ဝမ်းချုပ် မှာ ထက် ကြက်ဥ စားယင် အယင် ဘဝ က အကြောင်းတွေ မပြောမှာ စိုးပြီး ဟန့် နေရှာတာလေ ။

ဇော်ဝိတ် က မတ်တတ် ရပ်စ ။ တလှ မ်းနှစ်လှမ်း လှမ်းနိုင်စ အရွယ် ၊ တိန်ချိုလား ချိုလား သီချင်း ဆိုပြီး ထိန်းယင်း ဒေါ်မယ်ဝန် က ဦးထွန်းအေး ၂ - နှစ်လည် ဆွမ်းကျွေး အတွက် တွက်ချက် နေမိတယ် ။ မနှစ်က ဘုန်းကြီး ငါးပါး ဆွမ်းကပ်တာ နဲ့ မိသားစု စားတဲ့ စားရိတ် နဲ့ ဒီနှစ်တော့ ဘယ်နည်း နဲ့ မှ မလောက်မှန်း သိတယ် ။ အလှူကြီး အတန်းကြီး မပေးနိုင်ပေမယ့် ၊ ကျေးဇူးရှင် ကို အောက်မေ့တသ ကျေးဇူး ဆပ်တဲ့ အနေနဲ့ ဆွမ်းကပ်ပြီး အမျှအတမ်းဝေချင်သေးတယ် ။ တနှစ် မှာ တခါ လုပ်ရ တာမို့ ဒီလို နှစ်လည် ဆွမ်းကျွေး ကိုတော့ သူ သေတဲ့ အထိ အတတ်နိုင်ဆုံး ကျွေးသွား ချင်တာပဲ ။ ဒီ ဆွမ်းကျွေး အတွက် ကြိုပြီး စုဆောင်းပြင်ဆင်ပေမယ့် ဘယ်လို စုလို့မှ မရဘူး ၊ ငွေ ကုန်စရာတွေ တမျိုး ပြီး တမျိုး ၊ ရပ်ရွာ နဲ့ လူမှုရေးစရိတ် ၊ စားစရိတ်တွေ ကို အလျင် မီအောင် မနည်း လိုက်နေရတယ် ။ ငွေ က ဒေါ်မယ်ဝန် အဖို့ သိပ် လက်ကြား ယိုလွယ်တာပဲ ၊ ဒါပေမယ့် မတတ်နိုင်ဘူး ၊ ဦးထွန်းအေး အတွက် ဆိုတော့ မဖြစ် ဖြစ်အောင် စီစဉ်တယ် ။ သား အောင်မောင်း ကို လည်း ဆွမ်းကျွေး အမီ လာဖို့ လူကြုံ နဲ့ မှာလိုက်တယ် ။ ချွေးမ ကို လည်း ဦးထွန်းအေး ကြိုက်တဲ့ ငါးပတ်မွှေချက် နဲ့ သီးစုံချဉ်ရေတော့ မပါမဖြစ်တဲ့ ဆွမ်းဟင်း အဖြစ် ချက်ခိုင်းတယ် ။ ကိုအောင်မောင်း အိမ် မပြန်လာတာ ကြာပြီမို့ သူ ပြန်လာတော့ ဒေါ်မယ်ဝန် က ဝမ်း လည်း သာ ၊ အား လည်း ရှိတာပေါ့ ၊ ဇော်ဝိတ် က လည်း ပျော်တာပေါ့ ၊ သူ့ မယား ကတော့ အပျော်ဆုံး ။ ဒီလို ပျော်ရလို့ ဆွမ်းကျွေး အတွက် အလုပ်များ ပင်ပန်းတာတွေ ခဏ မေ့သွားကြတယ် ။

ဆွမ်းကပ်တဲ့ နေ့တော့ ဒေါ်မယ်ဝန် အဖို့ အဟောင်းတွေ အသစ်ပြန် ဖြစ်ရှာတယ် ။ မနက် အိပ်ယာ က ထ ကတည်း က မျက်စိ မျက်နှာ မကောင်းလှ ၊ ည က လည်း ကောင်းကောင်း အိပ်ပျော်ပုံ မရ ၊ ဘုရား ရှိခိုးယင်း ပုခုံး ပေါ် က တဘက်နဲ့ မျက်စိ မှာ တွဲခိုတဲ့ မျက်ရည်စတွေ ကို သိမ်းရ ၊ တို့ရတယ် ။ မျက်ဝန်း နံဘေးက အရစ် အကြောင်း ၊ ဇရာလမ်းကြောင်းတွေ ထဲမှာ မျက်ရည်ငွေ့တွေ ပျံ့နေကြတယ် ။ ရက်ပေါင်း ၇၃ဝ - ဟာ မနေ့တနေ့ က လိုပါပဲ ။ မနက်ခင်း မြန်မာပိုင်းအစီအစဉ် ပြီးကြောင်း ကြေညာသံ ကို ကြားနေရ တယ် ။ ဆရာတော်များ ကြွမလာကြသေး ၊ ဒေါ်မယ်ဝန် ကတော့ ဒီ ဆွမ်းကျွေး အစီအစဉ် ကို မြန်မြန် ပြီးသွားစေချင်လှပြီ ၊ အစက ဒီလောက် စိတ်ပင်ပန်း နွမ်း လိမ့်မယ်လို့ မထင်မိ ၊ အချိန်တွေ မြန်မြန် ကုန်သွား စေချင်တာပဲ ဒေါ်မယ်ဝန် သိတယ် ။ ဆရာတော် ၊ သံဃာတော်မျာလည်း ပြည့်ပြည့်စုံစုံ ဘုဉ်းပေးကြရတယ် ။ ရေစက်ချတော့ ရေစက်ခွက် ထဲ ဒေါ်မယ်ဝန် ရဲ့ မျက်ရည်စ တချို့ ရော သွားကြတယ် ။ အမျှဝေသံ က ခါတိုင်း ထက် ပိုပြီး တုန်ယင် နေတယ် ။ ဆရာတော်များ ပြန် ကြွသွားလို့ အိမ်သားတွေ လက်ဆုံ စားကြပြန် တော့လည်း ဒေါ်မယ်ဝန် ထမင်း စားလို့ မကောင်း ၊ ‘ ဆန်ဖြူ နဲ့ ဟင်းကောင်း ’ မို့ ဟို သားအမိ သားအဖ သုံးယောက် က မြိန်ရေရှက်ရေ စားကြတယ် ။ ကိုအောင်မောင်း သူ့ အဖေ ရဲ့ မှန်ဗီရို နား က ခဏခဏ ဖြတ်သွား နေပေမယ့် ဗီရို ထဲ ကို တော့ လှမ်း မကြည့်မိ ၊ လှမ်း ကြည့်ယင်လည်း အဝတ်အစား နဲ့ အသုံးအဆောင်တွေ က အယင်က လို နေသားတကျပါပဲ ၊ သူ့ နေရာနဲ့ သူ ။ သေသေချာချာ ဂရုစိုက် ကြည့်မှ ပတ်ကားဖောင်တိန် ဂျပ်သေတ္တာ နဲ့ နာရီသေတ္တာတွေ ဟာ ခါတိုင်းလို ဖွင့်ရက် မဟုတ်ပဲ ၊ ပိတ်ထားတာ တွေ့ရလိမ့်မယ် ။ ဒေါ်မယ်ဝန် ကလည်း သံယောဇဉ် ကြီးတယ် ။ ဒီ ဂျပ်သေတ္တာခွံလေး တွေ ကိုတော့ မရောင်းဘူး ၊ ဟန် မပျက်ပေါ့ ၊ ချန်ထား လိုက်တယ် ။ မုဆိုးမ မဟုတ်လား ၊ ဟန် ကိုယ့်ဖို့ ဆိုတဲ့ စကား လည်း အရှိသား ၊ ဘယ်သူက ဒီလို ထုခွဲတဲ့ အလုပ် ကို လုပ်ချင်မလဲ ။

▢ ညီပုလေး
📖စံပယ်ဖြူ မဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၁၉၈၅