Showing posts with label အောက်တိုဘာအောင်ကြီး. Show all posts
Showing posts with label အောက်တိုဘာအောင်ကြီး. Show all posts

Sunday, July 27, 2025

ကောက်ကျစ်ရင် ဘာဖြစ်တတ်လဲ


 ❝ ကောက်ကျစ်ရင် ဘာဖြစ်တတ်လဲ ❞ 

( အောက်တိုဘာအောင်ကြီး )


တစ်ခါက ..


ရွာတစ်ရွာမှာ ဆေးပညာကို လွန်စွာမှ ကျွမ်းကျင်တတ်မြောက်သော ဆေးဆရာတစ်ယောက်ရှိ လေ၏ ။


သို့သော် ထိုဆေးဆရာကား သူ၏ ဆေးပညာရပ်များကို သင်ကြားမပေးသည့်အပြင် ဆေးပညာကိုလည်း လူတကာ တတ်မြောက်သွားမှာကိုလည်း လွန်စွာမှ စိုးရိမ်၏ ။


ထို့ကြောင့် ... တခြားလူ မပြောနှင့် သူ၏ သားမယား ဆွေမျိုးများကို ပင် မသင်ကြားချေ ။


ထိုဆေးဆရာကား တစ်ရွာလုံးတွင် သူတစ်ယောက်တည်း ဆေးဆရာဖြစ်၍ သူ့ထံတွင် လူနာတွေက လာရောက်ကုသရသဖြင့် သူသည် လွန်စွာမှ ချမ်းသာသော ဆေးဆရာတစ်ယောက် ဖြစ်လေတော့၏ ။


တစ်နေ့မှာ ...


ဆေးဆရာ၏ သားကြီးဖြစ်သူက ..


“ အဖေရယ် ... သားကို အဖေ့ရဲ့ ဆေးပညာတွေ ကျွန်တော်တို့ကို သင်ကြားပေးပါလား ၊ အဖေလည်း အသက်အတော်ကြီးပါပြီ ”   ဟု ပြောလိုက်လေ၏ ။ 


ထိုအခါ ... ဆေးဆရာကြီးက ...


“ မင်းတို့ကို သင်ကြားပေးလိုက်ရင် မင်းတို့က တစ်ဆင့် အခြားလူတွေဆီ ငါ့ပညာတွေ ရောက် ကုန်လိမ့်မယ် ” 


ဟု ပြောရာ ..


“ အဖေ့ဆေးပညာတွေ ပျံ့နှံ့တော့ ပိုကောင်းတာပေါ့ ၊ ဆေးဆရာတွေ များလာတော့ ကျွန်တော်တို့ ရွာလူထု ကျန်းမာရေး တွေ ကောင်းတာပေါ့ အဖေရာ ” 


ဟု သားကြီးက ပြန်ပြော လိုက်လေ၏ ။


သားကြီး စကားကြောင့် ဆေးဆရာကြီးမှာ လွန်စွာမှ ဒေါသထွက်ကာ ...


“ တော် ၊ တန် ၊ တိတ် ... အဲဒီလို ဆေးဆရာတွေ ပေါများတော့ ငါ့ရဲ့ ဝင်ငွေ ထိခိုက်တယ် ၊ ဘယ်သူ့ကိုမှ ငါ့ဆေးပညာကို မသင်ပေးနိုင်ဘူး ၊ သွားကြ ၊ ငါ ဘယ်သူ့ကိုမှ မသင်ပေးဘူး ” 


ဟု သားကြီးကို အော်ဟစ်မောင်းထုတ် လိုက်လေတော့၏ ။


ထို့ကြောင့် ... သားသမီးတို့ မှာ ဖခင်ဆေးဆရာကြီး ထံမှ ဆေးပညာ မရရှာတော့ချေ ။


တစ်နေ့သ၌ ...


ဆေးဆရာကြီးတို့ ကျေးရွာတွင် ကူးစက်ရောဂါဆိုးကြီးတစ်မျိုး ရောက်လာရာ ... တစ်ယောက် ကနေ လေး, ငါး, ဆယ်ယောက် ကူးလာလေပြီးလျှင် ထိုကူးစက်ရောဂါကြောင့် သေကျေပျက်စီးကြကုန်လေတော့၏ ။


ထိုအခါ ဆေးဆရာကြီးမှာ ကား ...


“ ဒါ ... ငါ့အတွက် ငါ့အတွက်ပဲ ၊ ဒီကူးစက်ရောဂါအတွက် ဆေးမြစ် ကို ငါသိတယ် ၊ ငါတောထဲမှာ သွား တူးပြီး ငါတစ်ယောက်တည်း ယူမယ် ၊ ငါတော့ ချမ်းသာပြီ ၊ သူဌေးဖြစ်ကိန်းပဲ ” 


ဟု ဆိုကာ တောထဲသို့ သွားကာ ဆေးမြစ်သွား တူးလေတော့၏ ။


ဤသို့ဖြင့် လွန်စွာဖြင့် ဝေးလံသည့် ဝေးလံသည့် တောနက်ကြီးထဲသို့ ဆေးမြစ်သွားတူးသည့်အခါ ဆေးဆရာကြီးမှာ အသက်ကလည်း ကြီးပြီ ဖြစ်သည့်အတွက် လောဘဇောနှင့် သွားနေရသော်လည်း လမ်းခရီးမှာ လူငယ်တစ်ယောက်လို မသွက်လက်တော့သဖြင့် အတော်ကြာသွားလေ၏ ။


ဆေးဆရာကြီးသည် ဆေးမြစ်တူးသည့် အခါမှာလည်း လူငယ်တစ်ယောက်လို မမြန်မဆန်၍ နှောင့်နှေးပြန်၏ ။


ဆေးဆရာကြီးသည် အပြန်ခရီးတွင်မူ လွန်စွာမှ အားအင်များ ကုန်ခမ်းနေပြီဖြစ်၍ အချိန်အတော်ပင် ကြန့်ကြာသွားလေ၏ ။


“ ဟူး ... ပင်ပန်းပေမယ့် ငါ ငွေတွေ အများကြီးရမှာပဲ ” 


ဟု ဆိုကာ ဆေးဆရာကြီးသည် လွန်စွာမှ ပျော်ရွှင်ကာ ရွာသို့ပြန် လာခဲ့လေတော့၏ ။


ရွာသို့ရောက်သည့်အခါ ဆေးဆရာကြီးမှာ ခဲလေသမျှ သဲရေကျသလိုမျိုးနှင့် ဆေးဆရာကြီး ထင်ထားသလိုမျိုး မဟုတ်တော့ချေ ။


သူတို့ ရွာတစ်ရွာလုံးနှင့် သူ့မိသားစု ၊ ဆွေမျိုးများ ပါ ထိုကူးစက်ရောဂါဆိုးကြီးကြောင့် သေကုန်ကြပြီ ဖြစ်လေတော့၏ ။ 


ထိုအခါကျမှ ဆေးဆရာကြီးမှာ ကား ..


“ ငါ ... မှားပြီ ၊ ငါ့အကျိုးကိုပဲ ကြည့်မိလို့ ငါ့မိသားစု ၊ ငါ့ဆွေမျိုး ၊ ငါ့ရွာ ပျက်စီးရပြီ ၊ ဆိတ်သုဉ်း ရပြီ ၊ တကယ်တော့ ငါဟာ အတ္တကြီးပြီး ဘယ်သူ့ကိုမှ ဆေးပညာ မသင်ပေးချင်တဲ့ ကောက်ကျစ်တဲ့ စိတ်ကြောင့် အခုလို ရွာကြီးပျက်ရတာ ” 


ဟု အသိတရား ရသော်လည်း ထိုဆေးဆရာကြီးအား လောကကြီးက ဒဏ်ခတ်သည့် အနေဖြင့် လွန်စွာမှ ကောက်ကျစ်သည့် မြေခွေးဘဝသို့ ပို့ ဆောင်ပေး လိုက်လေတော့သတည်း ။


 ▭ အောက်တိုဘာအောင်ကြီး

     ၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၉ ) ရက်

📖ယုံတမ်းစကား လိပ် နှင့် အခြားပုံပြင်များ

Saturday, July 5, 2025

ဝိညာဉ်အိပ်မက်


 

❝ ဝိညာဉ်အိပ်မက် ❞
( အောက်တိုဘာအောင်ကြီး )

တစ်နေ့သ၌ ကျွန်ုပ်သည် သန်လျင်မြို့ အစွန်နှင့် ကျောက်တန်းမြို့အဝင်ရှိ ပါဒကြီးကျေးရွာ အနီးရှိ ဝါးကျောင်းတွင် ဗီဒီယိုဇာတ်ကား ရိုက်ကွင်းသို့ ရိုက်ကွင်းသတင်း ဓာတ်ပုံယူရန်အတွက် ရောက်ရှိသွားခဲ့လေ၏ ။ ထိုဗီဒီယိုရိုက်ကွင်းသို့ ရောက်သည့်အခါ တစ်ချိန်က အကယ်ဒမီမင်းသမီးကြီး တစ်ယောက်နှင့် တွေ့ကာ ၄င်းက ကျွန်ုပ် အား ...

“ စာနယ်ဇင်းသမားကြီး ဘယ်ကဘယ်လို မျက်စိလည် လမ်းမှားလာတာလဲ ” ဟု မေး လိုက်လေ၏ ။

“ ဘယ်ကမှ လမ်းမှားမျက်စိလည်လာတာ မဟုတ်ဘူး  ။ ဒီကိုပဲ ဦးတည်လာတာ ” ဟု ကျွန်ုပ်က ပြောလိုက်ရာ အကယ်ဒမီမင်းသမီးကြီက ကျွန်ုပ်အား ကော်ဖီမစ် ဖျော်တိုက်လေတော့၏ ။

“ ဆရာဦးအောင်ကြီး ရေးတဲ့ ရုပ်ရှင်နယ်က ဖြစ်ရပ်ဆန်းကြယ်များ ဆိုတဲ့ ဝတ္ထုတွေ ကို ဓနသိဒ္ဓိဂျာနယ် မှာ အပတ်စဉ် ဖတ်ရတယ် ။ သိပ်ကောင်းတယ် ။ ကျွန်မ မှာလည်း ဒီလိုဖြစ်ရပ်ဆန်းကြယ် ဇတ်လမ်း တစ်ခုရှိတယ် ” ဟု အကယ်ဒမီမင်းသမီးကြီး က ပြောလေရာ ကျွန်ုပ် က ..

“ ဟုတ်လား ... ဒါဆို ပြောပြပါလား ” ဟု ကျွန်ုပ်က တောင်းဆိုလိုက် သဖြင့် ၄င်းက. ..

“ ဟုတ်ကဲ့...ပြောပြပါ့မယ် ”  ဟု ပြောလိုက်ရာ ကျွန်ုပ်လည်း လွယ်အိတ်ထဲမှ အသံဖမ်း ကက်ဆက် ဖွင့်ကာ အကယ်ဒမီမင်းသမီးကြီး ပြောသမျှကို ကျွန်ုပ်က အောက်ပါအတိုင်း ရေးသားလိုက်ရလေတော့၏ ။

အကယ်ဒမီမင်းသမီးကြီး က ၄င်း၏ အမည်အမှန် ဖော်ပြလိုခြင်း ခွင့်မပြုသည့်အတွက် ကျွန်ုပ် စိတ်ကူးထဲ အမည်တစ်ခု ဖြစ်သော အကယ်ဒမီမင်းသမီးကြီး အစား ‘ ရှင်မင်း ’ ဟု ဖော်ပြလိုက်ရ လေတော့၏ ။
             စာရေးသူ

အညာဒေသ တစ်ခုရှိ ရွာကလေး တစ်ရွာသို့ ရုပ်ရှင်မင်းသမီး ထပ်ဆင့်အကယ်ဒမီရှင်မင်း ရုပ်ရှင် လာရိုက်သည့် သတင်းကား လွန်စွာမှ ပျံ့နှံ့သွားလေတော့၏ ။

ထို့ကြောင့် ရှင်မင်း တည်းခိုရာသို့ ကျေးလက်ဒေသရွာများ မှ ရှင်မင်း ၏ ပရိသတ်များ ရောက်ရှိလာကြပြီးနောက် မိတ်ဆက်ကာ အော်တိုလက်မှတ်ရေးထိုးခိုင်းကြလေတော့၏ ။

ရှင်မင်း ကလည်း ၄င်း ထံသို့ ရောက်လာကြကုန်သော မိတ်ဆက်လာကြသည့် ပရိသတ်များ ဖြစ်ကြသော လူကြီး ၊ လူလတ် ၊ လူ ရွယ် ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး မှန်သမျှကို ၄င်း၏ အလှဓာတ်ပုံ နောက်ကျောဘက်တွင် လက်မှတ်ရေးထိုးပြီး အမှတ်တရလက်ဆောင် တစ်ယောက်တစ်ပုံ ပေးလေတော့၏ ။

အသက် ၁၀ နှစ် ၁၁ နှစ်ခန့် ရှိသော ယောက်ျားလေး တစ်ဦး က ရုပ်ရှင်မင်းသမီး ထပ်ဆင့်အကယ်ဒမီ ရှင်မင်း ထံသို့ ရောက်ရှိလို့ လာလေ၏ ။

“ ဟေ့ ... ကလေး ဘာကိစ္စလဲ ၊ မမဓာတ်ပုံ လိုချင်လို့လား ”  ဟု ရှင်မင်း က မေးလိုက်ရာ ယောက်ျားလေး မှာ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ရှင်မင်း အား မျက်နှာလေး ညှိုးငယ်စွာဖြင့် ကြည့်လို့ နေလေ၏ ။

“ ဟေ့ ... ကလေး ဘာဖြစ်လို့ လဲ မမကို ပြောစမ်းပါကွယ် ”  ဟု ရှင်မင်း က ထပ်မံမေးရာ ထိုယောက်ျားလေး က ရှင်မင်း အား စိုက်ကြည့်နေရာမှ ၄င်း၏ မျက်ဝန်း မှ မျက်ရည်စုများ တွဲလောင်းခိုရင်းက ရှိုက်ကြီးတငင် နှင့် ငို လိုက်လေတော့၏ ။

“ အို ... မောင်လေး ဘာလို့ ငိုနေတာလဲ ။ မမ ကို ပြောပါဦးကွယ် ” ဟု ရှင်မင်း က ကရုဏာသက်စွာဖြင့် မေးလိုက်သော်လည်း ယောက်ျားလေး မှာ လွန်စွာမှ ဝမ်းနည်းပူဆွေးသောက ဝမ်းနည်စွာဖြင့် ငိုပြန်၏ ။

“ တိတ်ပါ .... ကလေးရယ် ၊ ငါ့မောင်လေး ဘာဖြစ်လို့ ငိုရတာလဲဆို တာ မမ ကို ပြောပါဦးကွယ် ” ဟု ရှင်မင်း က ၄င်းအား ချော့မော့၍ မေးလိုက်သောအခါ ယောက်ျားလေး မှာ မျက်ရည်များကို သုတ်လိုက်ပြီးနောက် ...

“ မမဓာတ်ပုံ နဲ့ မမရဲ့ အမှတ်တရ လက်မှတ်ရေးပေးတာကို လိုချင်လို့ ကျွန်တော် ( ... ) ရွာ ကနေ လာခဲ့တာပါ ခင်ဗျာ ”

ဟု ပြောပြီး ဆက်ငိုပြန်၏ ။

“ အမယ်လေး ... ငါ့မောင်ရယ် ဓာတ်ပုံနဲ့ အမှတ်တရ လက်မှတ်လိုချင်တာများကွယ် ငိုစရာမှ မဟုတ်တာ ။ မမ ပေးမှာ ပေါ့ ... မငိုနဲ့ တော့နော် ” ဟု ရှင်မင်း က နှစ်သိမ့်အားပေးလိုက်ရာ ၄င်းက ...

“ မမက ပေးချင်ပေမယ့် ကျွန်တော် ယူလို့ မရတော့ဘူး ” ဟု ဆိုတာ ဝမ်းနည်းစွာနှင့် ပြော လိုက်လေ၏ ။

“ ဟင် ... ဘာဖြစ်လို့ လဲ ငါ့မောင်ရယ် ” ဟု ရှင်မင်း က မေးလိုက်ရာ ၄င်းက ...

“ ကျွန်တော် မမဓာတ်ပုံနဲ့ အမှတ်တရ လက်မှတ် လိုချင်လို့ ရွာက ထွက်ခဲ့တာ ရွာထိပ်က လက်ပံပင်အောက်က ရေတွင်းပျက်အဟောင်းကြီး ထဲ ပြုတ်ကျပြီး ရေနစ်သေနေပါတယ် ။ အဲဒါ ဘယ်သူမှ မသိကြပါဘူး မမရယ် ” ဟု ဆိုကာ ရှိုက်ကြီးငင်စွာနှင့် ငိုတော့၏ ။

ရှင်မင်း လည်း ယောက်ျားလေး ၏ စကားကြောင့် အိပ်နေရာမှ လန့်နိုးလာခဲ့ရလေတော့၏ ။ ရှင်မင်း တစ်ကိုယ်လုံး ချွေးများထွက်လာ၏ ။ အာခြောက်လာသဖြင့် ရေငတ်လာသလို ခံစားလိုက်ရ၏ ။ မီးထဖွင့်ကာ ရေသောက်လိုက်လေ၏ ။ နာရီကို ကြည့်လိုက်ရာ လေးနာရီ သုံးဆယ်မိနစ် ရှိနေလေ၏ ။

ရှင်မင်း ခြင်ထောင်ထဲ ပြန်ဝင်ကာ ဆက်အိပ်ပေမယ့် လုံးဝ အိပ်၍ မပျော်ချေ ။ လွန်စွာမှ ဝမ်းနည်းကြေကွဲကာ ရှိုက်ကြီးတငင်ငင်နှင့် ငိုကြွေး နေသော ၁၀ နှစ် ၁၁ နှစ် အရွယ် ယောက်ျားလေးတစ်ဦး၏ ရုပ်ပုံကို မြင်ယောင်လာ၏ ။ ထိုအခါ ရှင်မင်း ၏ ရင်ခုန်သံတွေလည်း လွန်စွာမှ မြန်လို့ နေလေ၏ ။

ရှင်မင်း မည်သို့ဖြစ်သည် မသိ ။ ၄င်း၏ မျက်ဝန်းမှ လည်း မျက်ရည်များ ကျလာ၏ ။ ထို့နောက် တစ်ကိုယ်တည်း ကြိတ်၍ ငိုနေမိ၏ ။

“ ကျွန်တော် ရွာထိပ်က လက်ပံပင်ကြီး အောက်က ရေတွင်းပျက်ကြီး ထဲမှာ ကျပြီး ရေနစ်သေနေတာ ဘယ်သူမှ မသိကြဘူး ”

ဟု ယောက်ျားလေး ပြောလိုက်ရာ ရှင်မင်း အိပ်ရာမှ လန့်နိုးသောအခါ မိုးစင်စင်လင်းလို့ နေလေတော့၏ ။

“ (  ...  ) ရွာက ကလေးတစ်ယောက် ပျောက်လို့ တဲ့ ”

ဟူ၍ ပြောလိုက်၏ ။

“ ယောက်ျားလေးလား ၊ မိန်းကလေးလား ”

ဟု မေးလိုက်ရာ ...

“ ယောက်ျားလေးတဲ့ ။ အသက် ၁၁ နှစ်ပဲ ရှိသေးတယ် ။ တစ်ညလုံး မိဘဆွေမျိုးတွေ လိုက်ရှာတာ ဘယ်မှကို ရှာမတွေ့ကြ ဘူးတဲ့ ”

ဟု ပြောလိုက်ပြန်၏ ။

“ အဲဒီ ကလေးက ရှင်မင်း ဆီမှာ ဓာတ်ပုံတောင်းရအောင် လာခဲ့တာတဲ့ ၊ ဘယ်မှ ရှာမတွေ့ဘူးတဲ့ ”

ဟု ရုပ်ရှင်သမားတွေ ပြောဆိုနေကြသည့် စကားသံတွေကြောင့် ရှင်မင်း လွန်စွာ တုန်လှုပ်သွားလေတော့၏ ။

“ မင်းသမီး ... ဒါရိုက်တာက အဆင်သင့်ဖြစ်ရင် ရိုက်မယ်တဲ့ ” ဟု ရိုက်ကွင်းမန်နေဂျာ က လာပြောလေ၏ ။

ရှင်မင်း အိပ်ရာထ နောက်ကျသဖြင့် ရေမိုးချိုး၍ ပြီးသွားသော်လည်း မိတ်ကပ်ပင် မလူးရသေး ။ ညက အိပ်မက်နှင့် အခု မနက် ရုပ်ရှင်သမားတွေ ပြောဆိုနေကြတဲ့ စကားတွေကြောင့် စိတ်မအီမသာ ဖြစ်နေရ၏ ။ စိတ်ထဲမှာ လည်း အမျိုးအမည် မသိ ဝေဒနာကို ခံစားလိုက်ရ၏ ။ ထို့နောက် ရှုတင်မန်နေဂျာ အား ...

“ ဦး .. ဒါရိုက်တာကို ခဏခေါ်ပေးပါလား ”

ဟု ပြောလိုက်ရာ ရိုက်ကွင်းမန်နေဂျာ လည်း ရှင်မင်း အနားမှ ဒါရိုက်တာအား သွားခေါ်လေတော့၏ ။

ဒါရိုက်တာ ရောက်လာသည့်အခါ ရှင်မင်း က အကျိုးအကြောင်း ပြောပြပြီး ရွာခံ ရွာသားနှစ်ဦးအား အကူအညီတောင်းကာ ၄င်းတို့ ရွာထိပ်က လက်ပံပင် အောက်ရှိ ရေတွင်းပျက်ကြီး ဆီသို့ ထွက်လာခဲ့ကြရလေတော့၏ ။

လက်ပံပင် အောက် က ရေတွင်းပျက်ကြီး အနားသို့ ရောက်၍ ရေတွင်းထဲသို့ ကြည့်လိုက်ရာ ရှင်မင်း မှာ လွန်စွာမှ ထူးဆန်းအံ့ဩဖွယ်ရာနှင့် တွေ့ကြုံကာ အထိတ်တလန့် ဖြစ်သွားလေတော့၏ ။

အိပ်မက်ထဲက အသက် ၁၀ နှစ် ၁၁ နှစ်ခန့် ယောက်ျားလေးတစ်ဦးမှာ လွန်စွာမှ ဝမ်းနည်းကြေကွဲဖွယ်ရာ ရေတွင်း ထဲ၌ ရေနစ်သေဆုံးနေသည် ကို တွေ့ရလေတော့၏ ။

ထိုရေတွင်းသည် ဘောင်မရှိ ။ ချုံနွယ်များ ဖုံးနေ၏ ။ ထိုကလေးမှာ ရေတွင်း ရှိမှန်း မသိဘဲ ရှင်မင်း ရှိရာသို့ လာရင်း ရေတွင်းထဲသို့ ကျကာ ရေနစ်သေဆုံးရခြင်း ဖြစ်ဟန်တူ၏ ။

ရှင်မင်း လည်း လွန်စွာမှ စိတ်မကောင်း ဖြစ်ရ၍ ငိုကြွေးလေတော့၏ ။ ၄င်းထံ လာသော ပရိသတ်တစ်ဦး အခုလို ရင်နင့်ဖွယ်ရာများ နှင့် ကြုံရသဖြင့် ရှင်မင်း စိတ်မကောင်းဖြစ်ရ၏ ။

ထို့ကြောင့် ၄င်းအား ချစ်သော ပရိသတ်ကလေး တစ်ယောက် ဆုံးရှုံးရ၍ ကလေး၏ နာရေးကိစ္စကို ရှင်မင်း က အစအဆုံး တာဝန်ယူ သင်္ဂြိုဟ်ပေးလိုက်လေတော့သတည်း ။

▢  အောက်တိုဘာအောင်ကြီး
📖 ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ

Friday, June 6, 2025

ဓမ္မာ


 

❝ ဓမ္မာ ❞
( အောက်တိုဘာအောင်ကြီး )

ယခု ရေးသားဖော်ပြမည့် အကြောင်းလေး က ရုပ်ရှင်နယ်မြေ မှ ဖြစ် ရပ်ဆန်းကြယ် ဇာတ်လမ်းလေး တစ်ခု ဖြစ်လေ၏ ။ ထို အကြောင်းအရာများ နှင့် ပတ်သက်ပြီး ရုပ်ရှင်ဘိုးအေကြီး တစ်ဦး က ကျွန်ုပ် အား ပြောပြခဲ့ဖူးသော ဖြစ်ရပ်မှန် တစ်ခု ဖြစ်လေတော့၏ ။

“ မောင်အောင်ကြီး ရေ အခု ပြောမယ့် အကြောင်းက ဦးတို့ အသက် ၂၅ နှစ် အရွယ် လောက်က ရုပ်ရှင် သွားရိုက်ရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ တကယ့် ဖြစ်ရပ်မှန်အကြောင်းလေးပါ ။ တကယ်လို့ မောင်အောင်ကြီး ရေးတဲ့ အခါမှာ နာမည်တွေ တော့ အတိအကျတော့ မရေးပါနဲ့ ကွာ ဟုတ်လား ”  ဟု ရုပ်ရှင်ဘိုးအေကြီး တစ်ယောက် က ပြောပြခဲ့ဖူးလေ၏ ။

ထို့ကြောင့် ကျွန်ုပ်သည် အောက်ပါ ရုပ်ရှင်နယ် က ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတစ်ပုဒ် ကို ရေးသားလိုက်ရ လေတော့သတည်း ။

••••• ••••• ••••• 

“ ဒီနေ့တော့ ဒိုင် လျော်ရဦးမှာ ပဲ နဲ့ တူတယ်ဟေ့ ။ မိုးလေဝသ အခြေအနေ ကြည့်ရတာ တယ်ပြီး ဟန်ပုံမပေါ်ဘူး ”  ဟု ခေါက်စားပွဲ တစ်လုံးပေါ် တွင် မျောက်လွဲကျော်ကြီးပမာ ဆောင့်ကြောင့် ထိုင် နေသော ထုတ်လုပ်သူ ဇနီးဖြစ်သူ ဒေါ်တင်မေ က မိုးကောင်းကင် ပေါ် မော့ ကြည့်လိုက်ရင်း အထက်ပါ စကား ကို ပြော လိုက်လေတော့၏ ။

ထုတ်လုပ်သူဇနီး ဒေါ်တင်မေ ၏ စကားကြောင့် ကင်မရာ ချိန်သူ ချိန် ၊ မီးလုံးများ ရွှေ့သူ က ရွှေ့ ကာ အလုပ်များ လို့ နေကြလေ၏ ။ ရုပ်ရှင်အဖွဲ့သားများ အားလုံး ၏ မျက်လုံးများ သည် မိုးကောင်းကင် ပေါ်သို့ ပြိုင်တူ မော့၍ ကြည့်ကြကုန်၏ ။

အထက် မိုးကောင်ကင် တစ်ခွင်လုံး မိုးသားမိုးရိပ်များ အုံ့ဆိုင်းညိုမှိုင်းလျက် ရှိလေ၏ ။ ခပ်စောစောပိုင်း က သာယာကြည်လင်လျက် ရှိသော ရာသီဥတု မှာ အပြောင်းအလွဲ မြန်ဆန်လှလေ၏ ။

“ အင်း ... ဒီတစ်ခါ ဒိုင် လျော်ရရင်တော့ တစ်ထောင် ထက် မအောက်ဘူးဟေ့ ။ ဘုရားတရားသာ အောက်မေ့ပေတော့ ” ဟု ဒါရိုက်တာရွှေဝ က ၄င်း ၏ အနားတွင် ထိုင်နေသော ရှုတင်မန်နေဂျာ အား လှမ်း ပြော လိုက်လေ၏ ။

“ ဒိုင် လျော်ရလွန်းလို့ အရေထူ နေပါပြီ ။ ဒီ ရုပ်ရှင်ဇာတ်ကား စ ရိုက် ကတည်း က ဟိုဟာ ဖြစ်လိုက် ၊ ဒီဟာ ဖြစ်လိုက်နဲ့ အခုလည်း မိုး နဲ့ ကတော့ ရှောင်လွှဲလို့ မရတဲ့ အန္တရာယ်ကြီး တစ်ခု ဖြစ်နေပြီထင်ပါရဲ့ ဗျာ ” ဟု ထုတ်လုပ်သူ ဦးထွန်းရီ က မချိပြုံး ပြုံးကာ ပြောလိုက်လေ၏ ။

ထုတ်လုပ်သူ ဦးထွန်းရီ ရုပ်ရှင်လုပ်ငန်း စတင် တည်ထောင်လိုက်သည့်အခါ ပထမဦးဆုံး ပွဲထွက်ဇာတ်ကားသည် “ မုန်းတစ်လှည့် ပြုံးတစ်လှည့် ” ဟူ၍ ဖြစ်ပြီး ၊ ဒုတိယမြောက် ဇာတ်ကားသည် “ မုန်းလေသလား ” ၊ တတိယမြောက်ဇာတ်ကားသည် “ မုန်းတဲ့ သူ ” ဟူ၍ ဖြစ်ပြန်၏ ။ထုတ်လုပ်သူဦးထွန်းရီ ရုပ်ရှင်ကုမ္ပဏီတည်ထောင်၍ ဒုတိယမြောက် ဇာတ်ကား ဖြစ်သော “ မုန်းလေသလား ” ဇာတ်ကား ကို ရိုက်ကူးရန် အတွက် မှော်ဘီဘက် သို့ သွားရောက် ရိုက်ကူးကြကုန်လေ၏ ။ ဇာတ်ဝင်ခန်းများ ရိုက်ကူးရန် ပြင်ဆင်နေချိန်မှာ ပင် မိုးမင်းပစ္စုန် ၏ မာန်ဟု န်ပြင်းပြင်း ရွာသွန်းခြင်းဒဏ် ကို ခုနစ်ရက် ခန့် အလူးအလဲ ရင်ဆိုင်ခဲ့ရဖူးလေ၏ ။
ထုတ်လုပ်သူ ဦးထွန်းရီ ၏ ရုပ်ရှင်ကုမ္ပဏီ မှ တတိယမြောက် ဇာတ်ကား ဖြစ်သော “ မုန်းတဲ့သူ ” ရုပ်ရှင်ဇာတ်ကား ကို မေလ တွင် မန္တလေးမြို့ သို့ သွားရောက် ရိုက်ကူးကြ၏ ။ ရန်ကုန်မှာ မိုးများ လွန်၍ မိုးနည်းသည့် မြန်မာပြည် အထက် - မန္တလေးမြို့ မှာ သွားရောက် ရိုက်ကူးသည့်အခါ ဦးထွန်းရီ တို့ ရုပ်ရှင်အဖွဲ့သားများ သည် ရွှေမန်းစတူဒီယို အတွင်းဝယ် မိုး လွန်စွာမှ ရွာသွန်းသောကြောင့် ဖားများ မြွေများ နှင့်ပင် နပန်းလုံးခဲ့ရပြန်၏ ။ ဦးထွန်းရီ တို့ မန္တလေး တက်ရောက် ရိုက်ကူးစဉ် က ၁၉၅၆ ခုနှစ် က ဖြစ်၏ ။

၁၉၆၅ ခုနှစ် က မန္တလေးမြို့ ရာဇဝင် ၌ အပြင်းထန်ဆုံး မိုးရွာသည် ဟု သိရပါသည်  ။
             စာရေးသူ

ထုတ်လုပ်သူ ဦးထွန်းရီ ယခု ထုတ်လုပ် ရိုက်ကူးနေသော ရုပ်ရှင်ဇာတ်ကား အမည် မှာ “ မုန်းတဲ့ ချစ်သူ ” ဟူ၍ ဖြစ်လေ၏ ။

“ မုန်းတဲ့ ချစ်သူ ” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေချိန် မှာ လည်း ငြိုးမာန်ပြင်းသည့် ကိုရွှေမိုး နှင့် ရင်ဆိုင်ရလေ၏ ။ ထိုခေတ် ထိုအချိန် ကမူ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ၏ သုံးကားတွဲစနစ် ရိုက်ကူးထုတ်လုပ်ရသည့် အတွက် ထုတ်လုပ်သူများ သည် ရုပ်ရှင်ရိုက်ကူး ရာ မှာ တနင်္ဂနွေ တစ်ပတ် နှစ်ရက် မျှ သာ ရိုက်ခွင့် ရသဖြင့် မိမိအလှည့် ရောက်သည့် အခါတွင် ရိုက်ကွင်း အတွက် အဖက်ဖက် မှ အဆင်သင့်ဖြစ်စေရန် ရုပ်ရှင်ကုမ္ပဏီများ အနေဖြင့် အားသွန်ခွန်စိုက် ကြိုတင် ပြင်ဆင်ထားရ လေ၏ ။

ထိုနေ့ က ကြာသပတေးနေ့ ဖြစ်၏ ။ ထုတ်လုပ်သူ ဦးထွန်းရီ ၏ မန်နေဂျာ ဖြစ်သူက မင်းသား ၊ မင်းသမီး ၊ လူရွှင်တော် စသည့် ရုပ်ရှင်အဖွဲ့သားများ စုံညီသော နေ့ ဖြစ်ရာ ရိုက်ကူးမည့် ဇာတ်ဝင်ခန်း မှာ လည်း ပျော်ပွဲစား ဖြစ်၍ ရန်ကုန်မြို့ မြေပဒေသာကျွန်း တွင် ရိုက်ကွင်း ကို စီစဉ် ထားကြလေ၏ ။

နံနက် ၁၀ နာရီခန့် အချိန်တွင် ရုပ်ရှင်အဖွဲ့သား အပေါင်းတို့ ရှုတင် ကား ၃ စီး ဖြင့် ရောက်ရှိလာကြကုန်၏ ။ ထိုအချိန်တွင် လွန်စွာမှ မထင်မှတ်ထားသော ဖြစ်ရပ်နှင့် ကြုံရလေတော့၏ ။ ထိုအဖြစ်သည် ကား ရိုက်မည့် အချိန် ကျတော့မှ မိုး သည် မျှော်လင့်ထားခြင်း မရှိ ၊ ရုတ်တရက် ရွာချလိုက်သည့် အတွက် ထိုနေ့ အဖို့ တစ်ပေ ၊ တစ်လက်မ မျှ မရိုက်ခဲ့ရ၍ ထုတ်လုပ်သူ ဦးထွန်းရီ ခမျာ ဒိုင်လျော်လိုက်ရလေတော့၏ ။

ယနေ့ အဖို့ လည်း ထုတ်လုပ်သူ ဦးထွန်းရီ ၊ ဇနီးဒေါ်တင်မေ တို့ ပြော သကဲ့သို့ ဒိုင်လျော်ရမည့်ကိန်း ဆိုက်လို့ နေပြန်၏ ။ ညနေ ၆ နာရီ ကျော်ကျော်ခန့် က ရိုက်ကွင်းမှာ ကိုးမိုင် အေဝမ်းခြံ အတွင်းရှိ ဦးလှဘူး အိမ်ရှေ့ မြက်ခင်းပြင် တွင် ရိုက်ကွင်း တည်ထား၏ ။ ရိုက်ကွင်း တွင် ရောင်စုံမီးများ ထွန်းညှိထားကာ စားပွဲများ  ၊ ကုလားထိုင်များ ခင်းကျင်းလျက် စားသောက်ဖွယ်ရာ တို့ ဖြင့် အသင့် ပြင်ဆင်ထားလေ၏ ။

ထို ရိုက်ကွင်းဇာတ်ဝင်ခန်း အတွက် ဝတ်ကောင်းစားလှ နှင့် သရုပ်ဆောင်ကြရာ ဧည့်ပရိသတ် ငါးဆယ်ကျော် ခုနစ်ဆယ် နီးပါးခန့် ရှိ၏ ။ ရုပ်ရှင်ရိုက်ကွင်း ၏ ဇာတ်ဝင်ခန်း မှာ မင်းသမီး ၏ မွေးနေ့ ဧည့်ခံပွဲ ဖြစ်လေ၏ ။

တစ်နေ့ခင်းလုံး ရာသီဥတု လွန်စွာမှ သာသာယာယာ ရှိလို့ နေ၏ ။ ဇာတ်ဝင်ခန်း ရိုက်ကူးတော့မည့် အချိန် လည်း ရောက်ရော မိုး က သည်းသည်း ရွာချ လိုက်လေတော့၏ ။

ထုတ်လုပ်သူ ဦးထွန်းရီ ၏ ရုပ်ရှင်ကုမ္ပဏီ ၏ အမည် မှာ ကြာသပတေး နံ နှင့် စသော အမည် ဖြစ်၏ ။ ၄င်းတို့ ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကား အမည်မှာ လည်း ကြာသပတေးနံ နှင့် စသော အမည်များ ဖြစ်လို့ နေ၏ ။ ဦးထွန်းရီ တို့ ဇနီးမောင်နှံသည် ထုတ်လုပ်သူ စနေသားသမီးများ ဖြစ်ကြကုန်၏ ။ ကြာသပတေး နှင့် စနေ ပေါင်းထား သဖြင့် အဖျက်မိုး က ရွာသွန်းလေခြင်းလား ၊ အပျက်အစီးတွေ များ လာ သောကြောင့် ထုတ်လုပ်သူ ဦးထွန်းရီ တို့ ဇနီးမောင်နှံ သည် စိတ် ကသိကအောက် ဖြစ်ရလေ၏ ။

ကြာသပတေး နှင့် စနေ သည် ‘ ဓမ္မာ ’ ဟူ၍ ဖြစ်လေတော့သတည်း ။

⎕ အောက်တိုဘာအောင်ကြီး
📖ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ

Tuesday, February 18, 2025

ရုပ်ရှင်မင်းသမီး ရွှေစင်


 

❝ ရုပ်ရှင်မင်းသမီး ရွှေစင် ❞
( အောက်တိုဘာအောင်ကြီး )

တစ်နေ့သ၌ ကျွန်ုပ် သည် ဂီတဂျာနယ် အတွက် ရိုက်ကွင်းသတင်း ယူရန် သန်လျင် ၊ အောင်ချမ်းသာ ရပ်ကွက် ရှိ ဦးမုတ်ဆိတ် ရှုတင်အိမ် သို့ ထွက်လာခဲ့ရလေ၏ ။ ၄င်း အိမ်သို့ ရောက်သည့်အခါ တစ်ချိန်က ရုပ်ရှင်မင်း သမီးကြီး ဒေါ်ရွှေစင် ကို တွေ့လိုက်ရလေသည်  ။ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် သည် သူ့ခေတ် ၊ သူ့အခါ က စူပါ တစ်ယောက် ဖြစ်၍ လွန်စွာမှ နာမည်ကြီးလေ၏ ။

ယခု ရှုတင်အိမ် ၌ ဒေါ်ရွှေစင် အား တွေ့လိုက်ရသည့် အခါ ၄င်းသည် အသက်အရွယ် ကြီးနေပြီ ဖြစ်သော်လည်း လွန်စွာမှ လှပနေတုန်းပင် ဖြစ်၏ ။ ကိုယ်လုံးကိုယ်ပေါက် မှာ လည်း အသက်အရွယ် အရ အနည်းငယ် ကျသွားသော်လည်း ဒီကနေ့ မင်းသမီးလေးတွေ နှင့် ယှဉ်ရင်တော့ဖြင့် အလတ်ကြီးရှိသေး၏ ။

ကျွန်ုပ် မှာ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် ကို တွေ့မြင်လိုက်ရသည့် အခါ တစ်ချိန်က ၄င်း၏ ထူးခြားဆန်းကြယ်လှသည့် အဖြစ်အပျက်သည် ကား လွန်စွာမှ စွဲမက်စရာ ကောင်းသော ၄င်း ၏ အလှတွေကြောင့် ဆိုလျှင် ပို၍ မှန်လေ၏ ။

ထို့ကြောင့် ကျွန်ုပ် သည် လွယ်အိတ် ထဲမှ ကက်ဆက် ကို ထုတ်လိုက်ပြီးနောက် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် ထံ သွားကာ ...

“ အစ်မကြီး..အစ်မကြီးကို တစ်ခုလောက်မေးပါရစေ ”   ဟု ကျွန်ုပ် က ခွင့်တောင်းလိုက်ရာ ...

“ မေးပါရှင် ... မေးသမျှ ဖြေပါ့မယ် ” ဟု စွဲမက်စရာ ရယ်သံလေး နှင့် ပြော လိုက်လေသည် ။

သူ့ခေတ် ၊ သူ့အခါ အမျိုးသားများ စွဲမည် ဆိုလျှင် လည်း စွဲလောက်ပါ ပေသည် ။ ယခုအခါ အသက် ၆၅ နှစ်ခန့် ရှိနေသည့် အရွယ် မှာ တောင် ဤသို့ စွဲမက်စရာ ဖြစ်နေလျှင် ခပ်ငယ်ငယ် က ဆိုရင်တော့ ဘယ်လိုဖြစ်မယ် ဆိုတာ မတွေးဝံ့တော့ချေ ။

မင်းသမီးကြီး ဒေါ်ရွှေစင် သည် ကျွန်ုပ် ထက် အသက် ၂၅ နှစ် ခန့် ကြီး ပါသည် ။ တကယ်ဆိုလျှင် ကျွန်ုပ် က ၄င်း အား အဒေါ် ( သို့ ) အန်တီ ဟု ခေါ်ရမည်ဖြစ်သည် ။ သို့သော်လည်း ၄င်း သည် အထက်ပါ ကဲ့သို့ ခေါ်ဆိုခြင်း ကို မူ လုံးဝ နှစ်သက်ဟန် မတူချေ ။ ထို့ကြောင့် အစ်မကြီး ဟု ခေါ်ရခြင်းဖြစ်လေ၏ ။

“ ဒီလိုပါ အစ်မကြီး ရယ် ၊ ဟိုတစ်ချိန်တုန်း က နယ် မှာ ရုပ်ရှင်ဂီတအဖွဲ့ တွေ သွားရောက် ဖျော်ဖြေတုန်းက အစ်မကြီး ရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်လေး ကို ပြောပြပါလား ” ဟု မေးလိုက်ရာ ..

“ အိုကွယ် ... မပြောပါရစေနဲ့ မမောင်ရယ် ရှက်စရာကြီး ”  ဟု ဒေါ်ရွှေစင် က ပြော လိုက်လေ၏ ။

“ သိပ် အတိအကျကြီးတော့ မပြောပါနဲ့ ၊ သဘောလောက်ပဲ ပြောပါ ” ဟု ကျွန်ပ် က ထပ် မေးရာ ...

“ အဲဒီ အကြောင်းတွေ ကို မမောင် အောက်တိုဘာအောင်ကြီး ကို ဘယ်သူ ပြောတာလဲ ” ဟု မေးလိုက်၏ ။

“ အစ်ကိုနေမင်းထွန်း ၊ ဆရာဦးအေးကြူလေး နဲ့ မင်းသားကြီး ဦးဌေးအောင် တို့ က ပြောဖူးပါတယ် ။ ဒါပေမဲ့ အစ်မကြီး ပြောတာကို ကျွန်တော် နားထောင်ချင်ပါတယ် ”  ဟု ပြောလိုက်ရာ ..

“ ဒါဆို ပြောပြပါ့မယ် ၊ မမောင် ရဲ့ ကက်ဆက် ကိုတော့ လွယ်အိတ် ထဲ ပြန်ထည့်လိုက်ပါကွယ် ။ အလွတ်သဘော ပြောရတာပေါ့ ” ဟု ပြောလို က်ပြီးနောက် ...

တစ်ချိန်က နယ်မြို့ တစ်ခုတွင် ရုပ်ရှင်ဂီတဖျော်ဖြေပွဲ သို့ သွားရောက် ဖျော်ဖြေခဲ့စဉ်က လွန်စွာမှ ထူးဆန်းသော အဖြစ်အပျက် တစ်ခု ကို အောက်ပါအတိုင်း ပြောပြလေတော့သတည်း ။

•••••   •••••   •••••

မြန်မာ့ရုပ်ရှင်ကောင်စီ လက်ထက်က ရုပ်ရှင်လောက တွင် အောင်မြင် ကျော်ကြားခဲ့ကြသည့် ရုပ်ရှင်မင်းသား ၊ မင်းသမီး ၊ ဇာတ်ပို့ ၊ ဇာတ်ရံ ၊ လူကြမ်း နှင့် ဟာသ သရုပ်ဆောင်တို့ သည် ပြဇာတ် ကရန် အတွက် ချောက်မြို့ သို့ ဖျော်ဖြေရေး သွားခဲ့ကြ၏ ။ ထိုထဲတွင် ရုပ်ရှင်မင်းသမီး ရွှေစင် ဆိုသူသည် လည်း ပါဝင်ခဲ့လေ၏ ။

ချောက်မြို့ သို့ ရောက်သည့်အခါ စက်မှုတက္ကသိုလ်ကျောင်းသားများ နေထိုင်ခဲ့ကြသော အဆောင် တွင် ရုပ်ရှင်အဖွဲ့သားများ တည်းခိုရန် အတွက် မြို့ခံတာဝန်ရှိသူများ က နေရာ ချထားပေးကြ၏ ။ ထိုအချိန်ကလည်း စက်မှုတက္ကသိုလ် ကျောင်းပိတ် ထားသဖြင့် ရုပ်ရှင်အဖွဲ့သားများ လွတ်လပ်စွာ တည်းခိုခွင့် ရလေ၏ ။

အိပ်ခန်းဆောင် တစ်ခု တွင် ရုပ်ရှင်မင်းသမီးရွှေစင် နှင့် ၄င်း၏ မိခင် ၊ အဖော်မိန်းကလေး တစ်ယောက် ၊ စုစုပေါင်း သုံးယောက် အတွက် နေရာထိုင်ခင်း ရလေ၏ ။ ကျန်သည့် အခန်းတွေ မှာ လည်း မင်းသား ၊ ဇာတ်ပို့ ၊ ဇာတ်ရံ ၊ လူကြမ်း ၊ မင်းသမီး ၊ လူရွှင်တော်များ နှင့် နှစ်ယောက်တွဲ ၊ သုံး ယောက်တွဲ တစ်ခန်း တည်းကြရ၏ ။

ရုပ်ရှင်အဖွဲ့သားများ ချောက်မြို့ သို့ ရောက်သည့် နေ့မှ စ၍ ပြဇာတ် က ကြရ၏ ။ ပြဇာတ် က နေရင်း ဇာတ် ခုံပေါ်၌ မင်းသမီးရွှေစင် အား တစ်စုံတစ်ယောက် က တွန်းလိုက် သလို ပြုလုပ်လိုက်ရာ လဲကျ သွားသဖြင့် ခြေထောက်တွင် အနာတရ ဖြစ်သွားလေတော့၏ ။

ထို့ကြောင့် ရုပ်ရှင်မင်းသမီးရွှေစင် ပြဇာတ် ကရန် မဖြစ်တော့သဖြင့် ၄င်းနားနေဆောင် သို့ ပြန် နားနေရလေ၏ ။ ခြေထောက် မှာ လည်း လွန်စွာမှ နာကျင် နေလေ၏ ။

ရွှေစင် လည်း ခုတင် ပေါ်တွင် လဲလျောင်း နေရ၏ ။ တစ်ဖက် ခုတင် တွ င် ၄င်း၏ မိခင် မှာ အိပ်ပျော်လို့ နေ၏ ။ တစ်ခဏ ကြာလာသောအခါ ရွှေစင်လည်း အိပ်ပျော် သွားလေတော့၏ ။ အိပ်ပျော်သွားသည့် အခါ ၄င်း ၏ ပါး ကို တစ်စုံတစ်ယောက် က နမ်း လိုက် သဖြင့် အိပ်ပျော် နေရာမှ လန့်နိုးလာခဲ့၏ ။ ဘေးပတ်ဝန်းကျင် ကို မျက်လုံး ဖွင့်၍ ကြည့်လိုက်သော်လည်း မည်သူမျှ မရှိ ။ အဖော် မိန်းကလေး နှင့် မိခင် တို့ မှာ လည်း အိပ်မောကျ ကာ ဟောက်များ ပင် ဟောက်လို့ နေ၏ ။

“ ငါ စိတ် ထင်လို့ ဖြစ်တာဖြစ်မယ် ” ဟု စိတ် ထဲ ၌ တွေးကာ ပြန်အိပ် လေ၏ ။

ရွှေစင် အိပ်ပျော်သွားသည့် အခါ တစ်စုံတစ်ယောက် က ၄င်း၏ နှုတ်ခမ်း ကို နမ်းလိုက်သည် ဟု ခံစားရပြီး လျှင် ...

“ ဖယ် ဖယ် .... ဘယ်သူလဲ ၊ မလုပ်နဲ့ နော် မလုပ်နဲ့ အား ... လာကြပါဦး ”  ဟု ကြောက်လန့် ၍ အော်လိုက်လေတော့၏ ။ ထိုအချိန်၌ ...

“ သမီး .. သမီး ဘာဖြစ်တာလဲ ၊ ဘာဖြစ်တာလဲ ” ဟု မိခင် ဖြစ်သူ က မေး လိုက်လေ၏ ။

“ သမီး အိပ်နေတုန်း လူတစ်ယောက်က အတင်း နမ်းတယ် အမေ ” ဟု ကြောက်ကြောက်လန့်လန့် နှင့် ပြောလိုက်ရာ ...

“ အို သမီးရယ် ၊ တံခါးတွေ လည်း ပိတ်ထားပါတယ် ။ မီးတွေ လည်း ဖွင့်ထားတယ် ။ ဒီထဲမှာ သုံးယောက် ပဲ ရှိတာ ။ ရှိတဲ့ သူတွေ က လည်း မိန်းမ သားတွေပဲ ။ အမေ လည်း သမီး အော်သံ ကြားရလို့ ချက်ချင်း ထပြီးလာတာ ”   ဟု မိခင် က ပြော လိုက်လေ၏ ။

သို့သော် ရွှေစင် မှာ လွန်စွာမှ အထိတ်တလန့် ဖြစ်လို့ နေလေတော့၏ ။

ချောက်မြို့တွင် ပြဇာတ် က၍ ပြီးသောအခါ ရုပ်ရှင်အဖွဲ့သားများ ရန်ကုန် သို့ပြန်ရန် ၄င်းတို့ ၏ ပစ္စည်းများ ကို သိမ်းဆည်းပြီး ကားပေါ် သို့ တင်ကြလေ၏ ။ ပစ္စည်းများ ကားပေါ် သို့ တင်ကြပြီးသော အခါ မြို့ခံ တာဝန် ရှိသူများ က ရုပ်ရှင်အဖွဲ့သားများ အား ညစာဖြင့် တည်ခင်းလေ၏ ။ စား သောက် ပြီးသောအခါ ၄င်းတို့ အား နှုတ်ဆက်၍ ကား ပေါ်သို့ အလျှိုလျှို တက်ကြလေတော့၏ ။

“ သမီးရေ အပေါ့အပါး သွားဦးမလား ”  

“ မသွားတော့ဘူး အမေ ” 

ထိုအခါ မိခင် သည် အဖော် မိန်းကလေး ကို ခေါ်၍ အိမ်သာ သို့ ထွက်သွားစဉ် ရွှေစင် မှာ ကား နား၌ ရပ်၍ စောင့်ကာ နေလေ၏ ။ ထိုအချိန်၌ ရွှေစင် အား တစ်စုံတစ်ယောက် က လက်မောင်း ကို လာ ကိုင်သဖြင့် လှည့် ကြည့်ရာ မည်သူ့ ကို မျှ မတွေ့ရသဖြင့် ကြက်သီးများ ထ ကာ ကြောက်လန့် ၍ ကား ပေါ် သို့ တက်ပြေးရ လေတော့၏ ။

ဤသို့ ဖြစ်ပွား၍ ရန်ကုန် အိမ်သို့ ရောက်ပြီး တစ်ည၌ အိပ်မက် ထဲ တွင် ၄င်း ထက် နှစ်နှစ် ၊ သုံးနှစ်ခန့် ငယ်မည် ထင်ရသော အမျိုးသား လူငယ်တစ်ယောက် က ရွှေစင် အား ...

“ မမ ရယ် ၊ မမတို့ ချောက်မြို့ မှာ ပြဇာတ် က နေတုန်း ဘာရယ် မဟုတ် မမကို နောက်ချင်စချင်တာ နဲ့ တွန်း လိုက်တာ မမ ခြေထောက်မှာ အနာတရ ဖြစ်သွားရတဲ့ အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်ရပြီး အရမ်းပဲ ခံစားရပါတယ် ။ ကျွန်တော့် ကို ခွင့်လွှတ်ပါ ။ ကျွန်တော် စိတ်ရိုင်းတွေ ဝင် လာခဲ့မိပါတယ် ။ တကယ်တော့ ကျွန်တော် မမ ကို ချစ်လို့ ပါ ။ ချောက်မြို့ မှာ မမတို့ တည်းခိုတဲ့ အခန်း က ကျွန်တော့် အခန်းပါ ။ ပြီးတော့ မမ အိပ် တဲ့ ခုတင်ကလည်း ကျွန်တော့် ခုတင်ပါ ။ ကျွန်တော် က စက်မှုတက္ကသိုလ် ကျောင်းသား တစ်ယောက်ပါ ။ မမ ပါဝင်တဲ့ ရုပ်ရှင်ကားတွေ ကို လည်း မလွတ်တမ်း ကြည့်ခဲ့သူပါ ။ မမ ကို ကျွန်တော် စွဲလမ်းပြီး တိတ်တခိုး ချစ်ခဲ့ရသူပါ ။ ကျွန်တော့် နာမည် က ရဲမင်း ပါ ။ တောင်ဥက္ကလာ ( --- ) ရပ်ကွက် ၊ အမှတ် ( --- ) ၊ ( --- ) လမ်း မှာ နေပါတယ် ။ အခု မမ ကို ကျွန်တော် အကူအညီ တစ်ခုလောက် တောင်းချင်ပါတယ် ။ သံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်း ကပ်ပေးပါလို့ ပြောချင်ပါတယ် ” 

ထိုအချိန်၌ ဘုန်းကြီးကျောင်း မှ အရုဏ်တက်ကု,လားတက် ခေါက်လိုက်သည့် အသံကြောင့် အိပ်ရာ မှ လန့်နိုးလာခဲ့လေ၏ ။ ဇောချွေးများ လည်း ထွက်လို့ နေ၏ ။ သောက်ရေ တစ်ခွက် ခပ်သောက် ပြီးသောအခါ အလွန် ထူးဆန်းသော အိပ်မက် အကြောင်း ကို စဉ်းစားရလေ၏ ။

မနက် မိုးလင်းသည့် အခါ မိခင် ဖြစ်သူ အား အိပ်မက်အကြောင်း ကို ပြောပြ လိုက်လေတော့၏ ။ ထို့နောက် ၄င်းတို့ သည် တောင်ဥက္ကလာ ( --- ) ရပ်ကွက် ၊ အမှတ် ( -- ) ၊ ( --- ) လမ်း သို့ သွားကြလေရာ အိပ်မက် ထဲ က နံပါတ်အတိုင်း တွေ့ရလေသည် ။

“ ဒီ အိမ်ဟာ ကိုရဲမင်းတို့ အိမ်များ လား ” ဟု ရွှေစင် က မေးလိုက်ရာ အဒေါ်ကြီး တစ်ယောက် က ....

“ ဟုတ်ပါတယ် ။ အိမ်ပေါ် တက်ကြပါဦးလား ” ဟု ဖိတ်ခေါ် လိုက်လေ၏ ။

ထို့နောက် ရွှေစင် တို့ လည်း အိမ်ပေါ် သို့ တက်ကြ၏ ။

အဒေါ်ကြီး က နေရာထိုင်ခင်း ပေးသဖြင့် ဝင် ထိုင်ရင်း အိမ်အခြေအနေ ကို မျက်လုံး ကစား ကြည့်ရာ ၄င်း ဓာတ်ပုံ ပါသော ပြက္ခဒိန် ၃ - ၄ ခု ချိ တ်ထားသည် ကို တွေ့ရလေ၏ ။

“ တူမကြီး က ရုပ်ရှင်မင်းသမီး ရွှေစင် လား ”

“ ဟုတ်ပါတယ် ဒေါ်ဒေါ် ”

ထိုအခါ အဒေါ်ကြီး မှာ ချုံးပွဲချ၍ ငိုလေတော့၏ ။

“ သားရေ .. မောင်ရဲမင်း .... သား ချစ်တဲ့ ရုပ်ရှင်မင်းသမီး မရွှေစင် ဆိုတာ ရောက်နေပြီဟေ့ ” ဟု အော်၍ ငိုလေ၏ ။

“ ကိုရဲမင်း ဆိုတာက ”

“ မောင်ရဲမင်း ဆိုတာ ဒေါ်ဒေါ် ရဲ့ သားပါ ။ ချောက်မြို့ မှာ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ် တက်နေချိန်မှာ အပြင်းဖျား ပြီး ကွယ်လွန် သွားတာ တစ်နှစ်ကျော်ပါပြီ ” ဟု ရဲမင်း ၏ မိခင် က ငို၍ ပြော လိုက်လေ၏ ။

ရွှေစင်တို့ သားအမိ မှာ လည်း လွန်စွာမှ အံ့ဩကြလေတော့၏ ။

ထို့နောက် ရဲမင်း ၏ မိခင် က ရဲမင်းဓာတ်ပုံ ထုတ်ပြရာ အိပ်မက် ထဲမှ လူ နှင့် ထပ်တူထပ်မျှ တူနေသည် ကို တွေ့ရလေ၏ ။

ရွှေစင် လည်း ချောက်မြို့ တွင် ဖြစ်ခဲ့သော ဖြစ်ရပ်များ နှင့် ရန်ကုန် ရောက်၍ အိပ်မက် မက်ခဲ့သော အကြောင်းများ ကို ရဲမင်း ၏ မိခင် အား ပြောပြ လိုက်လေတော့၏ ။

ထို့နောက် ရွှေစင် သည် ရဲမင်း ၏ မိခင်အား ကွယ်လွန်သူ ရဲမင်း အတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ရန် အတွက် အလှူငွေများ ကို ပေးအပ်ကာ နှုတ်ဆက်၍ ပြန်လာခဲ့ကြလေတော့သည် ။ နောက်ရက်များ တွင် လည်း ရွှေစင် ၏ နေအိမ်၌ သံဃာတော်များ အား ပင့်ဖိတ်၍ ကွယ်လွန်သူ ရဲမင်း အတွက် လှူဖွယ်ပစ္စည်းများ နှင့် ဆွမ်းကပ်ကာ ရည်စူးလှူ ဒါန်းခဲ့လေ၏ ။

•••••   •••••   •••••

“ အဲဒါပါပဲ အောက်တိုဘာအောင်ကြီး ရယ် ” ဟု ဒေါ်ရွှေစင် က ပြောပြ လေတော့၏ ။

“ ဦးရဲမင်း အတွက် ရည်စူးလှူဒါန်း ပြီးတော့ နောက်ထပ် အိပ်မက် တွေများ မက်သေးလား ” ဟု မေးလိုက်ရာ ဒေါ်ရွှေစင် က မျက်ဝန်းမှ မျက်ရည်များ ကို သုတ်လိုက်ပြီးနောက် ...

“ တစ်ခါမှ မမက်တော့ပါဘူး ။ မမ အထင် ပြောရရင်တော့ သူ လွတ်ကျွတ်သွားပြီလို့ ထင်တယ် ” ဟု ပြောလိုက်ပြီးသော အခါ ၄င်း က ဆက်၍ ...

“ ဪ ... အဲဒီ အကြောင်းတွေ ပြန် မရေးပါနဲ့ နော် ” ဟု ကျွန်ုပ် အား သတိပေး စကား ဆိုလာ၏ ။

“ မရေးပါဘူးဗျာ ” ဟု ကျွန်ုပ် က ရယ်၍ ပြောလိုက်သည့်အခါ ...

“ မရေးပါဘူးလို့ ပြောပြီး အောက်တိုဘာအောင်ကြီး နော် ရေးမှာ သိတယ် ။ ရေး ရင်လည်း နာမည်တွေ ပြောင်းပြီး ရေး နော် ” ဟု ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် က ရယ်မောကာ ပြောလိုက်လေတော့သတည်း ။

▢ အောက်တိုဘာအောင်ကြီး
📖 ရုပ်ရှင်နယ် က ဖြစ်ရပ်မှန်များ

Wednesday, December 11, 2024

မဗေဒါ ( သို့ ) ဒေါ်ကြည်ကြည်ဌေး


 မဗေဒါ ( သို့ ) ဒေါ်ကြည်ကြည်ဌေး


ကောလိပ်ဂျင်းနေဝင်း ၊ မြတ်လေး တို့ ဆိုသည့် မြန်မာ့ရုပ်ရှင် စူပါမင်းသားကြီး ( ၂ ) ယောက် နှင့် အပြိုင် ဒေါ်ကြည်ကြည်ဌေး သည် “ ပန်းပန်လျှက် ပါ ” ရုပ်ရှင်ဇာတ်ကား ရိုက်ခဲ့ဖူး၏ ။ ထို ရုပ်ရှင်ဇာတ်ကား တွင် ဒေါ်ကြည်ကြည်ဌေး က တက္ကသိုလ်ကျောင်းသား တစ်ယောက် ကို လွန်စွာမှ အသည်းနစ်အောင် ချစ်ခဲ့မိသော အငြိမ့်မင်းသမီး “ မဗေဒါ ” အဖြစ် သရုပ်ဆောင် ရာ ပရိသတ် လွန်စွာမှ သဘောကျခဲ့လေ၏ ။ 


❥ ဇာတ်လောက မှ


ဒေါ်ကြည်ကြည်ဌေး သည် အသက် ၅ နှစ် သမီး အရွယ် ကတည်း က အရပ်ဇာတ်များ တွင် ပါဝင်ခဲ့ဖူးလေ၏ ။


ဒေါ်ကြည်ကြည်ဌေး ၏ အနုပညာ အစ သည် ဇာတ်သဘင်လောက မှ စခဲ့လေ၏ ။


စစ်အတွင်း နှင့် စစ်ပြီးခေတ် တွင် ဇာတ်မင်းသား အောင်ဝိဇ္ဇာ နှင့် အိမ်ထောင်ကျခဲ့ပြီး နောက်ပိုင်းတွင် ဇာတ်မင်းသား အောင်ဝိဇ္ဇာ နှင့် ကွာရှင်း ခဲ့လေ၏ ။


၁၉၄၉ ခုနှစ် တွင် ဒေါ်ကြည်ကြည်ဌေး သည် “ မာလာရီ ”  ဇာတ်အဖွဲ့ တွင် ဝင်ရောက် ကခဲ့ရပြန်၏ ။


ထို့နောက် ရန်ကုန်မြို့ ကြည့်မြင်တိုင် စလင်းကွင်း ဇာတ်ရုံ တွင် ဇာတ်ခေါင်းကွဲ ကာ ထို ဇာတ်ရုံ တွင် ဒေါ်ကြည်ကြည်ဌေး တို့ သည် သောင်တင် လို့နေလေ၏ ။


ထိုအခါ ဇာတ်ကန်ထရိုက် ဦးအောင်သိန်း က စောင့်ရှောက်ထား ကာ မကြာခင် မှာ ဒေါ် ကြည်ကြည်ဌေး အား လက်ထပ် ယူခဲ့လေ တော့၏ ။


❥ ပြဇာတ်လောက 


စစ်ပြီးခေတ် သို့ ရောက်သည့် အခါ မြန်မာ့ ရုပ်ရှင်လုပ်ငန်း သည် ပြန်လည်မထူထောင်နိုင်သေး သဖြင့် ရန်ကုန် လူထုပရိသတ် အတွက် ပြဇာတ်များ ဖြင့် ဖျော်ဖြေတင်ဆက်ရလေတော့၏ ။


ထိုအခါ ပြဇာတ်မင်းသမီး ရွေးချယ်ရာတွင် ဒေါ်ကြည်ကြည်ဌေး မှာ ရွေးချယ်ခံခဲ့ရပြီးလျှင် ပြဇာတ်လောက တွင် လည်း ဒေါ်ကြည်ကြည်ဌေး လွန်စွာမှ အောင်မြင် လာခဲ့လေ၏ ။


ဒေါ်ကြည်ကြည်ဌေး ၏ အောင်မြင်မှု သည် ကား ပရိသတ်လူထု က “ ပြဇာတ်ဘုရင်မ ” ဟူ ၍ တင်စားခံခဲ့ရသည် အထိ အောင်မြင်လာခဲ့ရ လေတော့၏ ။


❥ ရုပ်ရှင်လောက


တိုင်းပြည် အခြေအနေ ကောင်းလာသည့် အခါ ရုပ်ရှင်သမား တို့ သည် ရုပ်ရှင်များ ပြန်လည် ရိုက်ကူးကြသည့် အခါ ဒေါ်ကြည်ကြည်ဌေး သည် ပြဇာတ်ဘက် မှ ရုပ်ရှင် ဘက် သို့ ကူးပြောင်းလာခဲ့ လေတော့၏ ။


ဒေါ်ကြည်ကြည်ဌေး သည် ရုပ်ရှင် ဘက် သို့ ကူးပြောင်းလာသည့် အခါ ပြဇာတ် မှ အောင်မြင် သည် ထက် ရုပ်ရှင် တွင် ပို၍ပင် အောင်မြင် လာ ကာ ရုပ်ရှင် တွင် ဒေါ်ကြည်ကြည်ဌေး မှာ ပို၍ အကျိုးပေး လာခဲ့ရလေတော့၏ ။ 


ဒေါ်ကြည်ကြည်ဌေး သည် ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ကူး ရာ တွင် အခြား သရုပ်ဆောင်များ သရုပ်ဆောင်ကြေး ကျပ် ၆ဝဝဝ ရသည့် အခါ ဒေါ်ကြည်ကြည်ဌေး မှာ ကျပ် ၁၅ဝဝဝ ရရှိခဲ့ ဖူးလေ၏ ။


ဒေါ်ကြည်ကြည်ဌေး သည် ရုပ်ရှင် ဇာတ်ကားပေါင်း ၃ဝဝ ကျော် ရိုက်ကူးခဲ့ ဖူးလေ၏ ။


❥ အဆိုတော်


ဒေါ်ကြည်ကြည်ဌေး သည် သရုပ်ဆောင် ကောင်းရုံ တင် မက အဆို ကောင်း၍ အဆိုတော် လည်း ဖြစ်ခဲ့ရလေ၏ ။


ဒေါ်ကြည်ကြည်ဌေး သည် ရုပ်ရှင်ဇာတ်ကား များ တွင် သရုပ်ဆောင်သည့် အခါ ဇာတ်ဝင်သီချင်းများ ကို လည်း ကိုယ်တိုင် သီဆိုလေ့ ရှိ၏ ။ ထို့ကြောင့် မြန်မာ့အသံ နှင့် ရောင်းတမ်း ဓါတ်ပြားရ သီချင်းများ ကို လည်း အမြောက်အမြား ပေါ်ထွက်လာပြီး ပရိသတ် အကြိုက် ဖြစ်ခဲ့ရလေ၏ ။


❥ အကယ်ဒမီ


ဒေါ်ကြည်ကြည်ဌေး သည် မြန်မာ့ရုပ်ရှင် လောက ၏ အကယ်ဒမီဆု တွင် ပထမဦးဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့သူဖြစ်ခဲ့ဖူးလေ၏ ။


ဒေါ်ကြည်ကြည်ဌေး သည် ၁၉၅၂ ခုနှစ် အတွက် “ ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကား ဖြင့် အမျိုးသမီးပညာသည် ဆု ( အကယ်ဒမီ ) ကို ၄င်း ။ ၁၉၅၆ ခုနှစ် တွင် “ ချစ်ခွင့်မပိုင် ” ရုပ်ရှင်ဇာတ်ကား ဖြင့် အမျိုးသမီးပညာသည် ဆု ( အကယ်ဒမီ ) ဆု ကို ၄င်း ။ ၁၉၇ဝ ပြည့်နှစ် တွင် “ နုနုငယ်ငယ် ” ရုပ်ရှင်ဇာတ်ကား တွင် အမျိုးသမီး ဇာတ်ပို့ဆု ( အကယ်ဒမီ ) ကို ၄င်း ။ ၁၉၇ဂ ခုနှစ် တွင် “ လူဇော် ” ရုပ်ရှင်ဇာတ်ကား တွင် အမျိုးသမီးဇာတ်ပို့ ( အကယ်ဒမီ ) ဆု ကို ရရှိခဲ့ဖူးလေ၏ ။ 


❥ ဝဏ္ဏကျော်ထင်ဘွဲ့


ဒေါ်ကြည်ကြည်ဌေး သည် ၁၉၈၅ ခုနှစ် မြန်မာ့လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ဆုနှင်း သဘင်ပွဲ တွင် စွယ်စုံရ အနုပညာရှင် အဖြစ် နိုင်ငံတော် က ဂုဏ်ပြုသည့် အနေဖြင့် ဝဏ္ဏကျော်ထင် ဘွဲ့ ကို အပ်နှင်း ခံရ၍ ဝဏ္ဏကျော်ထင် အကယ်ဒမီ လေးထပ်ကွမ်း ဒေါ်ကြည်ကြည်ဌေး ဟူ၍ ဖြစ်ခဲ့လေ၏ ။


❥ ငယ်နာမည် မမြကျင်


ဒေါ်ကြည်ကြည်ဌေး သည် ၁၉၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ တွင် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် တွင် မွေးဖွားခဲ့၏ ။


မိဘ နှစ်ပါး မှာ ဖခင် ဦးဖိုးရင် + မိခင် ဒေါ်အုန်းကြွေ တို့ ဖြစ်ကြလေ၏ ။


မွေးချင်း ( ၅ ) ယောက် တွင် အငယ်ဆုံး ဖြစ်ပြီး ဒေါ်ကြည်ကြည်ဌေး ၏ ငယ်နာမည် မှာ မမြကျင် ဟူ၍ ဖြစ်လေ၏ ။


❥ နိဂုံး


ဝဏ္ဏကျော်ထင် အကယ်ဒမီ ဒေါ်ကြည်ကြည်ဌေး သည် အသက်အရွယ် ရလာသည့် အခါ ရုပ်ရှင် ရိုက်ကူးခြင်း ကို နားခဲ့ရလေ၏ ။


သို့သော် နိုင်ငံတော်အစိုးရ က မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား တွင် ဂီတအနုပညာ အကြံပေး ပုဂ္ဂိုလ် အဖြစ် ခန့်ထားခြင်း ကို ခံရပြန်၏ ။ 


၂ဝဝဝ ပြည့်နှစ် မတ်လ ၄ ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် မဗေဒါ သို့မဟုတ် ဒေါ်ကြည် ကြည်ဌေး မှာ ကွယ်လွန်ခဲ့ရ လေတော့သတည်း ။ 


အောက်တိုဘာအောင်ကြီး

၂၃၂၁၄

Sunday, November 24, 2024

ရွှေကျွန်းမယ် နှင့် စောင်းတော်ရှင်


 ရွှေကျွန်းမယ် နှင့် စောင်းတော်ရှင်

( အောက်တိုဘာအောင်ကြီး )


မိန်းမလှကျွန်း ၌ ရုပ်ရှင် ရိုက်ကူးရန် အတွက် ရုပ်ရှင်ဒါရိုက်တာကြီး ဦးလွန်းဖေ ၊ ရိုက်ကွင်း မန်နေဂျာ ဦးထွန်းမြိုင် နှင့် ဆရာကြီး ရွှေညာမောင် တို့ စီစဉ်နေကြသည် ။ ‘ စောင်းတော်ရှင် ’ အမည်ရှိ အသံထွက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် ၄င်းတို့ သည် ဘိုကလေး ထင်းတောစခန်း တွင် တစ်လ နီးပါးခန့် ကြာနေပြီ ဖြစ်၏ ။


ထို ရုပ်ရှင်ဇာတ်ကား တွင် ပြည်လှဖေ ၊ ရွှေညာမောင် ၊ သာဂေါင်ကြီး ၊ မေရှင် ၊ စိုင်တမော့ ၊ မောင်ညွန့်ရှိန် ၊ မေရှင် ၏ ညီမ သုံးယောက် အဖြစ် ပါဝင် သရုပ်ဆောင်ကြမည့် ဇာတ်ပို့ သရုပ်ဆောင် အမျိုးသမီးတို့ လည်း ပါဝင်ကြ၏ ။


မျောခုတ်သည့် ဇာတ်ဝင်ခန်းများ တွင် ထင်းတော မှာ သွားရောက်၍ တစ်နေကုန် ရိုက်ကြ၏ ။ ထိုနေရာမှာ ပေါက်နေသည့် သစ်ပင်တို့ မှာ ကနစို ၊ မဒမပင်များ ဖြစ်ကြ၏ ။ ထင်းခုတ်စခန်း အတွက် ဆက်တင်တဲ တစ်လုံး ကိုလည်း ဆောက်ကြ၏ ။ ၄င်းတို့ ရုပ်ရှင် ရိုက်ကူး နေချိန် တွင် သစ်တော ဝန်ထောက်ဦးဘမြိုင် ၏ တောအုပ် ၊ တောခေါင်း တို့ လည်း အမြဲ လိုက်၍ စောင့်ပေးကြရင်း ရုပ်ရှင် ရိုက်ကူးရာ တွင် လိုအပ်သည် များ ကို လိုလေသေး မရှိ အကူအညီပေးကြကုန်၏ ။


“ အိမ် ကို ပြန်ဆောက်မလို့  .... ယောက္ခမ က ဆူပူ ၊ မယား က ငြူစူတယ် ... ကြည်ဖြူတော်မမူဘူး .. မျော ၊ မဒမ ၊ ကနစို စုံအောင် ... လှေကြုံ မှာ လိုက်ဖို့ စိတ်ကူး ”


ဟူသော “ စောင်းတော်ရှင် ” ဇာတ်ဝင်ခန်း ၌ ထင်းခုတ်သမား ၊ လှေလှော်သားများ သီဆိုခဲ့သော ဘုံတောက်သီချင်း အရ လှေသူကြီး ဦးရွှေညာမောင် ၏ လှေကြီး ဖြင့် ထင်းခုတ်ရာတွင် လှေကြီး တစ်စင်း ပါရ၏ ။ ထို လှေ ကို ဟိုကျမှ ငှားရမည် ။ ထင်းခုတ် သွားရမည့် လှေကြီး ကို ငှားရန် အတွက်လည်း ကိုသုခ မှ ကြိုတင် သွားရောက်စဉ် ကတည်း က ပင် သစ်တောဝန်ထောက် ဦးဘမြိုင် နှင့် စီစဉ်ခဲ့ပြီး ဖြစ်သည့် အတိုင်း မုံရွာ ဘက် မှ ဆင်းလာမည့် လှေကြီး တစ်စင်း ကို အခကြေးငွေ ပေး၍ ငှားရမ်း ထားရှိခဲ့ပြီး ဖြစ်လေ၏ ။


လှေကြီး ကမ်း သို့ ဆိုက်မည့် ဇာတ်ဝင်ခန်း ၊ ကမ်း မှ ခွာသည့် ဇာတ်ဝင်ခန်းများ တွင် ရိုက်ကူးသော အခါ ဒီရေ အတက်အကျ ရှိနေ သဖြင့် ရေတက် ၊ ရေကျချိန် ကို တွက်ချက်ပြီး မှ ရိုက်ကူးကြရ၏ ။


ထိုသို့ ရိုက်ကူး နေချိန်တွင် ကုန်းဘောင် ထောင်သွားလိုက် ၊ နိမ့်သွား လိုက် ဖြစ်နေသဖြင့် လှေဆိုက် ၊ လှေခွာ ဇာတ်ဝင်ခန်း ကိုပင် သုံးရက်မျှ အချိန် ကြာစွာ ရိုက်နေရ၏ ။


သို့သော် အချိန် ပေးကာ ရိုက်ကြရ သဖြင့် အောင်မြင်စွာ နှင့် ရိုက်ခဲ့ရ လေတော့၏ ။ တစ်ည တွင် ဒါရိုက်တာ ဦးလွန်းဖေ ၊ ရိုက်ကွင်းမန်နေဂျာ ဦးထွန်းမြိုင် ၊ ဆရာကြီး ဦးရွှေညာမောင် တို့ သည် စောင်းတော်ရှင် ဇာတ်ဝင်ခန်းများ အတွက် ညှိနှိုင်းကြ၏ ။ ၄င်းတို့ ဆွေးနွေး ညှိနိုင်းကြခြင်း မှာ ကား နောက် တစ်နေ့ ဦးရှင်ကြီး ၏ နတ်ကွန်း ရှိရာ မိန်းမလှကျွန်း သို့ မော်တော်ဖြင့် သွားရောက် ရိုက်ကူးရန် စီစဉ်ကြခြင်း ဖြစ်၏ ။


စောင်းတော်ရှင် အသံထွက် ရုပ်ရှင်ဇာတ်ကား အတွက် မိန်းမလှကျွန်း တွင် ဇာတ်ဝင်ခန်း အတော်များများ ပါဝင် သဖြင့် မရိုက်ကူး၍ မဖြစ်ချေ ။ ရိုက်မှ သာလျှင် ဖြစ်မှာ ဖြစ်သည့် အတွက် မည်သို့မည်ပုံ ရိုက်ကူးရမည် ကို ရိုက်ကွင်းရိုက်ကွက်များ ကို အသေးစိတ် ဆွေးနွေးကြခြင်း ပင် ဖြစ်လေတော့၏ ။


နောက်တစ်နေ့ နံနက် တွင် “ စောင်းတော်ရှင် ” ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ သည် မော်တော် ဖြင့် အရှေ့ဘက် ကျွန်းညို မှ တစ်ဆင့် မိန်းမလှကျွန်း သို့ ရုပ်ရှင်တစ်ဖွဲ့လုံး ထွက်ခဲ့ကြလေ၏ ။ မွန်းမတည့်ခင် ၁၁ နာရီ အချိန်တွင် ထင်းတောစခန်း သို့ ရောက်ခဲ့၏ ။ ထိုမှ တစ်ဆင့် ချောင်းရိုး အတိုင်း ထွက် လာခဲ့ကြပြန်၏ ။ မိုးပြာရောင် ကောင်းကင်ကြီး မှာ လည်း ကြည်လင်လို့ နေလေ၏ ။ တိမ်တောင် ၊ တိမ်လိပ်တို့ သည် လည်း လုံးဝ မရှိချေ ။ ရာသီဥတု မှာ လည်း လွန်စွာမှ သာသာယာယာ နှင့် လှပလို့ နေလေ၏ ။ ချောင်းရိုး တစ်လျှောက် တွင် လည်း လှိုင်းအိကလေးများ ပင် မရှိချေ ။


မျောလာသော ဗေဒါတို့ ကို လည်း ရှောင်ရင်း တိမ်းရင်း မော်တော်လေး သည် အေးဆေးစွာ နှင့် ခုတ်မောင်းလာခဲ့၏ ။ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သည် လည်း အပူအပင် ကြောင့်ကြမှုများ ကင်းဝေးကာ မော်တော် ပေါ် ၌ပင် သီချင်းဆိုကြ ၊ ကခုန်ကြရင်း လွန်စွာမှ ပျော်ရွှင်မြူးတူးလျက် ရှိကြ ကုန်၏ ။


ထင်းပွဲရုံ အမှတ် ၇၀ ထောင်ကဲကြီး ၏ ပွဲရုံ အလွန် သို့ ရောက်သည့်အ ခါ ကောင်းကင် တစ်ပြင်လုံး ရုတ်တရက် မည်းမှောင် လာပြီးလျှင် လေပြင်း တိုက်ခိုက်ကာ မိုး သည်းထန်စွာ ရွာသွန်း ချ လိုက်လေတော့၏ ။ ထို့နောက် လှိုင်းကြီး လာလေတော့၏ ။ မိုးမှောင်ကြီး ကျ လာလေတော့၏ ။ ရှေ့သို့ ဘာဆို ဘာမျှ မမြင်မတွေ့ရတော့ချေ ။ ရှေ့သို့ ဆက်သွားရန် လည်း မဖြစ်တော့သည့် အဆုံး နီးစပ်ရာ ပွဲရုံ အမှတ် ၇၀ သို့ မော်တော် ကို ကပ်ကာ ခေတ္တ နားခို နေကြရလေတော့၏ ။


၄င်းတို့ သည် မိုးတိတ် လျှင် ဆက် သွားကြမည် ။ သို့သော် မိုး သည် ရွာသည် ထက် ပို၍ ကောင်းစွာ ရွာသွန်း လေတော့၏ ။ လေပြင်း က လည်း မ နားတမ်း တိုက်လို့ နေပြန်၏ ။ ထိုစဉ် ကော်ဖီ သောက်ကြရင်း စကားစမြည် ပြောဆို နေကြခိုက် ထောင်ကဲကြီး ၏ ဇနီး မြန်မာအမျိုးသမီးကြီး က ...


“ မိန်းမလှကျွန်း ကို ဓာတ်ပုံ ရိုက်ရင် ဓာတ် မကူးဘူးတဲ့ ။ ဓာတ်ပုံဆရာ တွေ လာ ရိုက်ကြတာ ရိုက်လို့ မရဘူးလို့ ပြောဆိုသံတွေ ကြားဖူးတယ် ။ မိန်းမလှကျွန်း ကို သွားတဲ့ သူတွေ တိုင်း တရုတ်အမဲ ( ဝက်သား ) မစားရ ဘူး ။ ယူ မသွားရဘူး ။ စောစော က ဆိုရင် ကောင်းကင် တစ်ပြင်လုံး ကြည်လင်နေတာ ။ နေမင်းကြီး က လည်း ပူလိုက်တာ မှ မပြောပါနဲ့ တော့ ။ အခု ရှင် တို့ လာတော့မှ အခုလို မိုးမှောင်ကြီး ကျတော့တာပဲ ။ အရှင်သခင် က မကြိုက်ဘူးနဲ့ တူတယ် ” ဟု ပြောလိုက်သည့် စကားကြောင့် ရုပ်ရှင်အဖွဲ့သားတွေ မှာ ယုံသူ လည်း ရှိကြ၏ ။ မယုံသူ လည်း ရှိကြလေတော့၏ ။


ထို့နောက် ဒါရိုက်တာဦးလွန်းဖေ က လက်ပတ်နာရီ ကို ကြည့်လိုက်ပြီး ...


“ ဟာ .. ညနေ လေးနာရီတောင် ခွဲနေပါပြီလား ။ ဆက် သွားလို့ ဖြစ်မှာ မဟုတ်တော့ဘူး ။ မိုးစဲရင် ပြန်ကြမယ် ”  ဟု ပြောလိုက်ရာ များ မကြာမီ အချိန်၌ မိုးတိတ် သွားလေတော့၏ ။ မိုးကောင်းကင် တစ်ခုလုံး လည်း ကြည်လင်လို့ သွားလေတော့၏ ။


မိုးတိတ်သွားသော အခါ ထင်းပွဲရုံ ထောင်ကဲကြီး မိသားစုအား ကျေးဇူးတင် စကား ပြောဆိုပြီး နောက် စောင်းတော်ရှင် ရိုက်ကူးရေးအဖွဲ့ သည် ထင်းတောစခန်း သို့ မော်တော် နှင့် ပြန်လာခဲ့ကြလေတော့၏ ။


ဝန်ခံချက်


“ စောင်းတော်ရှင် ” ရုပ်ရှင်ဇာတ်ကား သွားရောက် ရိုက်ကူးခဲ့ကြစဉ် က ဆရာကြီး ဦးရွှေညာမောင် ပြောသည် ကို ပြန်လည် ခံစားပါသည် ။


စာရေးသူ


အောက်တိုဘာအောင်ကြီး


ရုပ်ရှင်နယ် က ဖြစ်ရပ်မှန်များ


Friday, October 11, 2024

ယုံတမ်းစကား


❝ ယုံတမ်းစကား ❞

တစ်ခါက ..

တိုင်းပြည် တစ်ပြည် တွင် ပညာတေဇ ဘုရင်လေး တစ်ပါး ရှိလေ၏ ။

ထို ပညာတေဇ ဘုရင်လေး သည် သက်တော် ( ၂၇ ) နှစ် သို့ ရောက်သည့် အခါ မွေးနေ့သဘင်ပွဲတော် ကို တစ်တိုင်းပြည်လုံး တွင် ပျော်ရွှင်ပွဲများ ဖြင့် ကျင်းပစေပြီး ပြိုင်ပွဲများ ပြုလုပ်ရန် ဝန်ကြီးများ ၊ အမတ် များ နှင့် တိုင်ပင်ဆွေးနွေးလို့ နေလေတော့၏ ။

“ ဒီ လက်စွပ် ကို တိုင်းသူပြည်သား ထဲ က လူတစ်ဦးတစ်ယောက် ကို မွေးနေ့အထိမ်းအမှတ် အဖြစ် ချီးမြှင့်ချင်ပါတယ် ၊ ဘယ်လို လူမျိုး ကို ပေးသနားသင့်သလဲ ”

ဟု မိန့် ရာ ...

“ အကျင့်သီလ နှင့် ပြည့်စုံသော သူ ကို သာ ချီးမြှင့်သင့်ပါတယ် ”

ဟူ၍ လည်းကောင်း ...

“ သူရသတ္တိ နှင့် ပြည့်စုံသည့် လူ ကို ပေးသင့်ပါတယ် ”

ဟူ၍ လည်းကောင်း ...

“ ဉာဏ်ပညာ ထက်မြက်သူ ကို ချီးမြှင့်သင့်ပါတယ် ၊ ချီးမြှင့်ရာ မှာ ဉာဏ်ကြီးရှင် ပြိုင်ပွဲ ပြုလုပ်ပြီး ရွေးချယ် ချီးမြှင့်တော်မူပါ ”

ဟု ဝန်ကြီး ၊ အမတ်များ က လျှောက်ထားကြကုန်လေ၏ ။

ထိုအခါ ဘုရင်လေး က ....

“ ဒီ ပွဲ မှာ ငါ့ ပညာ အစွမ်းလည်း ပြရသေးတာပေါ့ ”

ဟု တွေးတော လိုက်လေ၏ ။

ထို့နောက် ... ဘုရင်လေး ပညာတေဇ က ...

“ အမတ်ကြီး အကြံ ကောင်းလှပါသည် ၊ မနက်ဖြန် ဉာဏ်ကြီးရှင်ပြိုင်ပွဲ ပြုလုပ်ရန် တစ်တိုင်းပြည်လုံး ကို ကြေညာမောင်း ခတ်စေ ”

ဟု မိန့် လိုက်လေတော့၏ ။ နောက် တစ်နေ့ တွင် ...

“ တိုင်းသူပြည်သား လူအများ တို့ ရေ ... လာမည့် လပြည့်နေ့ တွင် ... ဘုရင်လေး ပညာတေဇ ၏ ( ၂၇ ) နှစ် မွေးနေ့တွင် ဉာဏ်ကြီးရှင်ပြိုင်ပွဲ ကို နန်း ... မဏ္ဍပ် တွင် ပြိုင်ပွဲပြုလုပ်မည် ဖြစ်၍ မည်သူ မဆို လာရောက် ယှဉ်ပြိုင် နိုင်ပါသည် ”

လပြည့်နေ့ သို့ ရောက်သည့်အခါ ဉာဏ်ကြီးရှင်ပြိုင်ပွဲ သို့ ကျင်းပလေတော့၏ ။

“ အမောင်တို့ ... တစ်ဦးချင်း စီ ပြောချ င်ရာ ပြောကြ ၊ ကျွန်ုပ် ကိုယ်တော်မြတ် မယုံကြည်အောင် ပြောနိုင်သည့် လူ ကို ဟောဒီ က ပတ္တမြား လက်စွပ်တော် ကို ပေးတော်မူမည် ။ ကဲ ... အခုချိန် က စပြီး တစ်ဦးစီ ပြောနိုင်ကြပါပြီ ”

ဟု ဘုရင်လေး က မိန့်တော် မူလိုက်သည့် အခါ ကျေးတောသား တစ်ဦး က ...

“ ကျွန်တော်မျိုး နွားမကြီး ဟာ အလွန်ပင် ကြီးလို့ တစ်ဖက် ချို ပေါ်မှာ နား နေတဲ့ ကျီးကန်း ဟာ ဟိုဘက် ချိုဖျား ရောက်အောင် ညပေါင်း တစ်ရာ ပျံရပါတယ် ဘုရား ”

ဟု လျှောက်ထား လိုက်လေတော့၏ ။

နောက်ထပ် ကျေးတောသား တစ်ဦး က လည်း ...

“ ကျွန်တော်မျိုး အဘိုး ဟာ အသက် ( ၁၀ ) နှစ်သား မှာ အိမ် ပေါ် က ပြု တ်ကျတာ မြေကြီး ပေါ် ရောက်တဲ့ အခါ အသက် ( ၉ဝ ) အရွယ် ဖြစ်သွား တာ ယုံတော်မူပါ ဘုရား ”

ဟု လျှောက်ထားပြန်၏ ။

“ ကျွန်တော်မျိုး တို့ မွေးထားသည့် ကျွဲကြီး ဟာ ရှေ့ကျွန်း က နေပြီး အနောက်ကျွန်း က မြက်တွေ ကို စားပါတယ် ။ စား ပြီးတော့ မစင် စွန့်ချလိုက်တာ အခု ဟိမဝန္တာတောင်ကြီး ဖြစ်သွားပါတယ် ”

ဟု လျှောက်လိုက်ရာ ဘုရင်လေး ပညာတေဇ က ....

“ မောင်မင်းတို့ ပြောတာတွေ ဟာ ဖြစ်နိုင်ပါတယ် ၊ ကျွန်ုပ် ကိုယ်တိုင် ယုံလည်း ယုံကြည်တော်မူပါ တယ် ”

ဟု မိန့် ရာ ပြိုင်ပွဲဝင် အားလုံး က ....

“ မဟုတ်တာ ပြောလည်း ယုံတာပဲ ”

ဟု အံ့ဩကြကုန်လေ၏ ။

ထို အချိန်၌ နွားကျောင်းသားလေး မောင်လူလှ ရောက် လာ ပြီးလျှင်

“ ဉာဏ်ကြီးရှင် ပြိုင်ပွဲ မှာ ... ကျွန်တော် မောင်လူလှ ယှဉ်ပြိုင်ခွင့် ပြုပါ ခင်ဗျာ ”

ဟု ခွင့်တောင်းလေ၏ ။

ထိုအခါ .... ဝန်ကြီးတစ်ဦး က ...

“ ပြိုင်နိုင်ပါတယ် ၊ အထဲ ကို ဝင်ပါ ”

ဟု ပြိုင်ပွဲမဏ္ဍပ် ထဲ သို့ ဝင်ခွင့် ပြု လိုက်လေတော့၏ ။

နွားကျောင်းသားလေး မောင်လူလှ မဏ္ဍပ် ထဲ သို့ ရောက်သည့်အခါ ဘုရင်လေး ပညာတေဇ က ...

“ ကဲ ... အမောင် ... အမောင် ပြောသမျှ ကို ငါ ကိုယ်တော်မြတ် ယုံကြ ည်တော်မူမည် ၊ မယုံကြည်နိုင်ကြောင်း ငါ ကို ယ်တော်မြတ် အမိန့် ရှိ က ပတ္တမြားလက်စွပ် ကို သင့် အား ပေးမည် ၊ ငါ မယုံကြည်သော စကား ကို ပြောပေတော့ ” 

ဟု မိန့် လိုက်လေတော့၏ ။

ထိုအခါ နွားကျောင်းသားလေး မောင်လူလှ က ...

“ ကျွန်တော်မျိုး ဖခင်ဟာ တစ်ချိန်က ဗိသုကာပညာရှင်ကြီး တစ်ယောက် ဖြစ်ပါတယ် ၊ အရှင်မင်းကြီး ခမည်းတော် နှင့် ကျွန်တော်မျိုး ဖခင် တို့ မိတ်ဆွေအရင်းတွေ ဖြစ်ကြပြီး ဤ နန်းတော်ကြီး ကို လုပ်အားခ အကြွေး နှင့် တည်ဆောက်ခဲ့ပါတယ် ၊ နန်းတော်ကြီး ပြီးစီးသွားတဲ့ အခါ အရှင် ရဲ့ ခမည်းတော် က ကတိ တစ်ခု ပြုခဲ့ပါတယ် ဘုရား ”

ဟု လျှောက်ထား လိုက်လေ၏ ။

“ ဘယ်လိုများ ကိုယ်တော် ရဲ့ ဖခမည်းတော် က ကတိ ပြုမိလို့ လဲ ”

ဟု ဘုရင်လေး က မိန့်လိုက်ရာ ....

“ ကျွန်တော်မျိုး အသက် ( ၂၀ ) အရွယ် ရောက် လို့ ဒီ နန်းတော်ကြီး ဆောက်ခအကြွေး မကျေပါက နန်းတော်ဆောက်ခ အကြွေး မပေးပါ က နန်းတော်ကြီး ကို ကျွန်တော်မျိုး အား ပေးရန် ကတိသစ္စာ ပြုထား ကြပါ သည် ။ အခု ... ကျွန်တော်မျိုး မှာ အသက် ( ၂၀ ) အရွယ် ရောက်ပါပြီ ၊ ကျွန်တော်မျိုး စကား ကို အရှင်မင်းကြီး ယုံပါလျှင် နန်းတော်ကြီး ကို အခုပင် ပေးတော်မူပါရန် လျှောက်ထားဝံ့ပါသည် ဘုရား ”

ဟု နွားကျောင်းသားလေး မောင်လူလှ က လျှောက်ထား လိုက်လေ တော့၏ ။

ထိုအခါ ... ဘုရင်လေး ပညာတေဇ မှာ ကား ......

“ ဟိုက် ... သူ့ စကား ကို ငါ ယုံကြည်တယ် ဆိုရင် နန်းတော်ကြီး ကို ပေးရမှာ ပါလား ၊ အားလုံး ထဲ မှာ သူ က အတော်ဆုံးပဲ ”

ဟု တွေးတော လိုက်လေ၏ ။

ထို့နောက် ဘုရင်လေး ပညာတေဇ က ...

“ ကျွန်ုပ်တို့ တိုင်းပြည် မှာ သင့် လို ပညာရှိ နွားကျောင်းသားများ ရှိတာ သိရလို့ ဝမ်းသာစရာပါပဲ ၊ ကဲ ... သင့် စကား ကို ငါ ကိုယ်တော်မြတ် ယုံကြည်တော်မူပါတယ် ၊ ကျွန်ုပ် ၏ မွေးနေ့ မင်္ဂလာပွဲ မှာ ဆုဒါန အဖြစ် ပတ္တမြားလက်စွပ်တော် ကို သင့် အား ချီးမြှင့်တော်မူမည် ”

ဟု ဆိုကာ နွားကျောင်းသားလေး မောင်လူလှ အား လက်ဝတ်ရတနာ ကို ဝမ်းမြောက်ဝမ်းသာစွာ ပေး လိုက်လေတော့ သတည်း ။

၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၂ ) ရက်

▢ အောက်တိုဘာအောင်ကြီး

📖 ယုံတမ်းစကား လိပ် နှင့် အခြားပုံပြင်များ

#ကိုအောင်နိုင်ဦး

.

 

Sunday, September 22, 2024

ပိုးဖလံကောင်


 

❝ ပိုးဖလံကောင် ❞

တစ်ခါက ..

ပင်လယ် တစ်ခု အတွင်း ရှိ ကျွန်းကြီး တစ်ကျွန်း ပေါ်တွင် တိုင်းပြည် တစ်ပြည် တည်ရှိလေ၏ ။

ထို တိုင်းပြည် ကို လွန်စွာမှ ခက်ထန်ပြီး လွန်စွာ မာန ကြီးသော အာဏာရှင် ဘုရင် တစ်ပါး အုပ်စိုး လေ၏ ။

ထို အာဏာရှင် ဘုရင် သည် သူ ၏ နေပြည်တော် ကို ပတ်ကာ လွန်စွာမှ ခိုင်ခန့် သော မြို့ရိုးကြီး ကို တည်ဆောက် ထား လိုက်လေ၏ ။

မြို့ ၏ အပြင်ဘက် တွင် ကား လွန်စွာ မှ စိမ်းလန်းစိုပြည်သော လယ်ကွင်းများ လည်း ရှိလေ၏ ။

တိုင်းသူပြည်သားများ မှာ လွန်စွာ မှ ရိုးသား ကြပြီး စိုက်ပျိုးရေးလုပ်ငန်း ဖြင့် အေးရာအေးကြောင်း အသက် မွေးကြ၏ ။

ကောက်ပဲသီးနှံများ မှည့်ချိန်တွင် ပျော်ပျော်ပါးပါး ရိတ်သိမ်းကြလေ၏ ။

ထိုသို့ ... လွန်စွာမှ သာယာလှပသည့် တိုင်းနိုင်ငံတော်ကြီး ကို တခြား တိုင်းပြည်များ မှ လိုချင်ကြ သဖြင့် ရန်သူများ မကြာခဏ လာ ရောက် တိုက်ခိုက်ကြ သော်လည်း လွန်စွာ မှ ခိုင်ခံ့မြင့်မား သော မြို့ရိုး ကို မကျော်နိုင် သဖြင့် လက်လျှော့ ကာ ပြန် သွားကြရလေတော့၏ ။

တစ်နေ့တွင် ...

လွန်စွာမှ အင်အား တောင့်တင်းပြီး မျာ ပြားလှသော ရန်သူ တပ်မတော် သည် ချီတက် လာ ကြလေ၏ ။

ထိုအခါ .... တိုင်းသူပြည်သား တို့ သည် စားနပ်ရိက္ခာများ ကို အလုံအလောက် သယ်ယူကြလေ၏ ။

ရန်သူများ လာကြ သည် ကို မြင်သော် မြို့စောင့်တပ်များ က မြို့တံခါး ကို ပိတ်ထား လိုက်ကြလေ၏ ။

သို့သော် ... ရန်သူများ သည် မြို့ရိုး ကို ကျော် တက်ရန် မကြိုးစားဘဲ မြို့ရိုး ကို သာ ဝိုင်းရံကာ တပ်စွဲ ထား လိုက်ကြလေတော့၏ ။

ရိက္ခာ အလုံအလောက် ရှိသော ရန်သူများ သည် ကာလ အတန်ကြာ သည့် တိုင် မြို့ရိုး ကို ဝိုင်းရံ ထား လေရာ မြို့သူမြို့သား တို့ မှာ အပြင် သို့ လည်း မထွက်နိုင် ၊ လယ်ကွင်းများ ဆီ သို့ လည်း မသွားနိုင်ကြ သဖြင့် လွန်စွာမှ အခက် ကြုံရလေတော့၏ ။

သီးနှံများ ရိတ်သိမ်းရမည့် အချိန် သို့ ကျရောက် လာ ရာ မြို့သူမြို့သား တို့ မှာ မြို့ပြင် သို့ မထွက်နိုင် ကြ သဖြင့် သီးနှံများ ကို ရိတ်သိမ်း ရန် မတတ်နိုင်ကြချေ ။

မြို့တွင်း မှာ လည်း ရိက္ခာ ကုန်ပြီ ဖြစ်၍ ငတ်ပြတ် နေကြပြီး ရန်သူ တို့ က လည်း မြို့တွင်း မှာ အစာပြတ် ပြီ ဆိုလျှင် ၎င်းတို့ လက်နက် ချမှာ ပဲ ဟူ သော ရည်ရွယ်ချက် ဖြင့် ဆက်လက် ဝိုင်းရံ ထားကြလေ၏ ။

ဘုရင်ကြီး မှာ ရန်သူများ ကို ထွက် တိုက်ရန် ကြံစည် သော်လည်း အင်အားချင်း မမျှသဖြင့် ထို အကြံအစည် ကို လက်လျှော့ ထားရလေ၏ ။

တိုင်းသူပြည်သား တို့ မှာ လည်း အစာ ငတ်၍ သေသူ က သေ ကြပြီး အိပ်ရာ ထဲ လဲသူတွေ က လဲ နေ ကြ သဖြင့် အမျိုးမျိုး ဒုက္ခ ခံ နေကြရ ရှာ လေ၏ ။

ထိုအခါ .... တိုင်းသူပြည်သား တွေ လွန်စွာမှ ဒုက္ခ ရောက် နေသည် ကို စည်းစိမ်များ နှင့် ယစ်မူး နေသည့် အာဏာရှင်ဘုရင်ကြီး မှာ သူ ၏ မိသားစု နှင့် အတူ လုံခြုံရေးတပ်ဖွဲ့များ နှင့် နေ ကြလေ၏ ။

ထို အဖြစ် ကို သိ ရသည့် ကျောင်းဆရာ တစ်ယောက် မှာ လွန်စွာ မှ စိတ် ထိခိုက်ရပြီး လျှင် ...

“ အပြစ်မဲ့ တဲ့ တို့ တိုင်းသူပြည်သား တွေ ကို ဒုက္ခ လာ ပေးသည့် ရန်သူ တွေ နှင့် လူထု အရေး ကို မကြည့်ဘဲ တစ်ကိုယ်ကောင်း ဆန် သည့် အာဏာရှင်ဘုရင်ကြီး တို့ တန်ပြန် ဒုက္ခ တွေ့ပါစေ ”

ဟု ဆိုကာ ဆုတောင်း လိုက် လေတော့၏ ။

ထိုအချိန် တွင် ကျွန်းကြီး တစ်ခုလုံး ငလျင် လှုပ် သကဲ့သို့ လှုပ်ခါ သွားပြီး တောမီး လောင် လေတော့၏ ။

ထို တောမီးကြီး ကား လွန်စွာမှ ထူးဆန်း ပြီး လျှင် မြို့ပြင် တွင် တပ်စခန်း ချ ထားသော ကျူးကျော်သူ ရန်သူများ နှင့် အာဏာရှင် ရှင်ဘုရင်ကြီး နေထိုင်သော နန်းတော်ကြီး တို့ ကို သာ မီး စွဲလောင် လေတော့၏ ။

၎င်းတို့ မှာ မီးလောင် သေဆုံး ကုန်ကြ ပြီးလျှင် ဘဝ ပြောင်းကာ ပိုးကောင်ကလေးများ အဖြစ် မီးလျှံ များ ကြား မှ ထိုးထွက် ပျံသန်း လာကြ လေ၏ ။

ထို ပိုးကောင်ကလေးများ မှာ ကား ယနေ့တိုင် မြင်တွေ့ နေကြရသော ပိုးဖလံကောင်လေးများ ပင် ဖြစ်လေတော့ သတည်း ။

( အီတလီပုံပြင် တစ်ခု ကို ခံစားမိ ပါသည် ။ )

၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၃ ) ရက်

◾ အောက်တိုဘာအောင်ကြီး

📖 ယုံတမ်းစကား လိပ် နှင့် အခြားပုံပြင်များ

#ကိုအောင်နိုင်ဦး

.

Tuesday, June 4, 2024

ရိုးသားကြိုးစား

❝ ရိုးသားကြိုးစား ❞
( အောက်တိုဘာအောင်ကြီး )

တစ်ခါက ...

ကျေးလက် တောရွာ တစ်ရွာ တွင် မောင်နန္ဒ ဆိုသည့် ကလေးလူငယ် တစ်ယောက် ရှိလေ၏ ။

ထို မောင်နန္ဒ သည် တောသူဌေးကြီး ဦးရွှေထူး ၏ နွားများ ကို အငှား ကျောင်း ရသည့် နွားကျောင်းသားလေး တစ်ယောက် ဖြစ်လေ၏ ။

တစ်နေ့သ၌ ..

မောင်နန္ဒ သည် အခြား နွားကျောင်းသားများ နှင့် အတူ လွန်စွာ မှ အရိပ် ကောင်း သည့် ညောင်ညိုပင်ကြီး အောက် ၌ အနားယူ နေစဉ် မောင်နန္ဒ သည် မိမိ ဘဝ ကို လွန်စွာ မှ အားငယ်စွာ ဖြင့် ...

“ ဒီ ဘဝ တော့ တို့ တစ်တွေ ချမ်းသာမှာ မဟုတ်တော့ပါဘူးကွာ ”  

ဟု ဆို ကာ ညည်းတွား လိုက်လေ၏ ။

ထိုအခါ နွားကျောင်းသား အဘိုးအိုကြီး ဦးသာဆန်း က ...

“ အို ... ငါ့ မြေး ရယ် ၊ မင်းတို့ အရွယ် ဟာ ငယ်ပါသေးတယ် ၊ ရိုးသားကြိုးစားမှု နဲ့ ကြံစည် အားထုတ်မှု ရှိရင် တစ်နေ့ နေ့ မှာ လူချမ်းသာ ဖြစ်နိုင်ပါသေးတယ် ”

ဟု ပြော လိုက်သည့် စကား ကြောင့် မောင်နန္ဒ မှာ နားစွဲ လို့ နေရင်း က ...

“ အင်း .. ဘကြီးသာဆန်း ပြောတာ လည်း ဟုတ်တာပဲ ၊ ရိုးရိုးသားသား နဲ့ အလုပ် ကို ကြိုးစား လုပ် ရင် တစ်နေ့ တစ်နေ့ မှာ တော့ ငါ လည်း ချမ်းသာ လာ မှာ ပဲ ၊ ဒါကြောင့် ... အလုပ် ကို ကြိုးစား လုပ်ရမယ် ”  

ဟု ကြိမ်းဝါး လိုက်လေ၏ ။

ထို့နောက် မောင်နန္ဒ သည် အလုပ် ကို နေ ပူပူ ၊ မိုး ရွာရွာ အလုပ် ကို ကြိုးစား လုပ်ကာ နေ့စဉ်ရက်ဆက် နွားကျောင်း ထွက်လေ၏ ။

မောင်နန္ဒ အလုပ် ကြိုးစား အားထုတ်မှုတွေ ကြောင့် ဦးရွှေထူး တို့ ၏ စီးပွားရေး မှာ လည်း တစ်နေ့ တခြား ဒီရေအလား တိုးပွား လာခဲ့လေ တော့၏ ။

ထို့ကြောင့် .. မောင်နန္ဒ အား တစ်ရွာလုံး က ..

“ မောင်နန္ဒလေး ဟာ အလုပ် ကို သိပ် ကြိုးစားတဲ့ ကလေး ပဲ ” 

ဟူ၍ လည်းကောင်း ။

“ ရိုး လည်း ရိုးသားတယ် ၊ ပြီးတော့ ... အလွန် လိမ္မာတယ် ” 

ဟူ၍ လည်းကောင်း ။

“ ဦးရွှေထူး တို့ များ မောင်နန္ဒ ကို နွားကျောင်း အငှား ရတာ ရွှေထုပ်ကြီး ကောက် ရသလိုပါပဲ ဗျာ ”

ဟု ချီးကျူးကြကုန်၏ ။

ဤသို့ဖြင့် တောသူဌေးကြီး ဦးရွှေထူး မှာ မူ အလုပ် ကြိုးစားပြီး ရိုးသားသည့် မောင်နန္ဒ ကို လွန်စွာ မှ သဘောကျ လို့ နေလေ၏ ။

“ အင်း ... တကယ် တော်တဲ့ ကလေး ပဲ ၊ ဒါကြောင့်လည်း တစ်ရွာလုံး က ချီးကျူးကြတာပဲ ” 

ဟု ဦးရွှေထူး က အပြည့်အဝ အမှတ် များ ပေး လေတော့၏ ။

တစ်နေ့သ၌ တောသူဌေးကြီး ဦးရွှေထူး က ဇနီး ဖြစ်သူ အား ...

“ ရှင်မ ရေ ... တို့ မှာ သားအလိမ္မာလေး ရှိရင် သိပ် ကောင်းမှာ ပဲ နော် ၊ နောင်နန္ဒ ဟာ မိဘမဲ့လေး ကွဲ့  ၊ သူ ဟာ ရိုးသားပြီး လိမ္မာရေးခြား သိပ် ရှိတာ ၊ သူ့ ကြောင့် တို့ စီးပွားရေး ကောင်း နေတာ ရှင်မ လည်း သိသားပဲ ” ဟု ပြော လိုက်လေ၏ ။

“ အဲဒါ ... ဘာဖြစ်သလဲ တော် ”

ဟု ဦးရွှေထူး ဇနီး က မေး ရာ ..

“ တို့ မှာ အမွေ ဆက်ခံမယ့် သားသမီး မရှိတော့ မောင်နန္ဒ ကို သား အဖြစ် မွေးစားရအောင် ကွာ ” 

ဟု ဆို ကာ ဦးရွှေထူး က ပြော လိုက်လေ၏ ။

“ အမယ်လေး တော် .. ဒီကိစ္စ ကို ကျုပ် ဘယ်လို မှ သဘော မတူနိုင်ပါ ဘူး တော် ၊
တော့ ဘက် က ဆွေမျိုးသားချင်း မရှိပေမယ့် ကျုပ် ဘက် က ကျုပ် ရဲ့ တူ ချာတူး ရှိသေးတယ် တော့ ။ မွေးစား ချင်း မွေးစား ကိုယ့်သွေး ကိုယ့်သား ထဲ က မွေးစား မှာ ပဲ ”  

ဟု ဇနီး ဖြစ်သူ က ပြော လိုက်ရာ ဦးရွှေထူး က ..

“ ချာတူးလ က လူရမ်းကား ၊ ဖဲရိုက် ၊ ကြက်တိုက် ၊ အလေလိုက် နေတဲ့ အကောင် ၊ မောင်နန္ဒ နဲ့ ချာတူး ဟာ စရိုက်ချင်း မယှဉ်သာ အောင် ကွာတယ် ၊ ငါ က တော့ မောင်နန္ဒ ကို မွေးစား ဖို့ ဆုံးဖြတ် ပြီးပြီ ”

ဟု ပြော လိုက်လေတော့၏ ။

ထိုအခါ ... ဦးရွှေထူး ဇနီး မှာ မျက်နှာချို ပြန် သွေးရင်း

“ တော် နှယ် ... မလောစမ်းပါနဲ့ ဦး ၊ တော် မွေးစား လည်း ကျုပ် သား ဖြစ်ရမှာ ပဲလေ ၊ ပြီးတော့ ... သူ့ အခြေအနေ ကို စောင့် ကြည့်ပါဦး တော် ”

ဟု ပြော လိုက်လေ၏ ။

“ အေးလေ ... စောင့် ကြည့်ချင် လည်း ကြည့် ပေါ့ကွာ ” 

ဟု ဦးရွှေထူး က လည်း ပြန် ပြော လိုက်လေ၏ ။

ထို့နောက် ... ဦးရွှေထူး ၏ ဇနီး မှာ ...

“ အင်း ... ဒီ အတိုင်းသာ ဆိုရင် ငါ့ ယောက်ျား ကိုရွှေထူး ဟာ နွားကျောင်းသားလေး မောင်နန္ဒ ကို မွေးစား တော့မယ် ။ တစ်ခု ခု တော့ ခပ်မြန်မြန် လုပ်မှ ပဲ ”

ဟု ဆိုကာ ကြံစည်လေတော့၏ ။

ထို့နောက် ... ဦးရွှေထူး ဇနီး သည် ၎င်း ၏ တူတော်မောင် ချာတူး နှင့် တိတ်တဆိတ် တိုင်ပင်ကြ လေ တော့၏ ။

တစ်နေ့သ၌ ...

မောင်နန္ဒ သည် နေ့စဉ် လုပ်နေကျ အတိုင်း နွားများ ကို စီစစ်ပြီး ခြံ ထဲ သို့ သွင်းရာ ....

“ အလို ... နွား တစ်ကောင် ပျောက် နေပါလား ၊ ဘယ်လို ဖြစ်တာပါလိမ့် ၊ ဒုက္ခပါပဲ ”

ဟု ညည်းတွား လိုက်လေ၏ ။

ထို့နောက် ..

ထို့နောက် ...

နွားကျောင်းသားလေး မောင်နန္ဒ သည် နွားများ ကို မပျောက်ရ အောင် သတိ ဝီရိယ နှင့် စောင့်ရှောက် ထိန်းကျောင်း သော် လည်း နွားများ မှာ မူ တစ်နေ့ လျှင် တစ်ကောင် ကျ ပျောက် နေပြန် လေတော့၏ ။

“ ပြဿနာ ပဲ ၊ နွားတွေ ပျောက် နေတာ သူဌေးကြီး ဦးရွှေထူး သိ ရင် တော့ ငါ အလုပ်ပြုတ် တော့မှာ ပဲ ”

ဟု ဆိုကာ လွန်စွာမှ ဝမ်းနည်း ကြေကွဲ လေတော့၏ ။

နောက် တစ်နေ့ တွင် ...

ဦးရွှေထူး တို့ လင်မယား အိမ်ရှေ့ ကွပ်ပျစ် တွင် စကားစမြည် များ ပြောဆို နေကြစဉ် ..

လူစိမ်း တစ်ယောက် သည် ဦးရွှေထူး တို့ အိမ်ရှေ့ မှ နွား တစ်ကောင် ကို ဆွဲ သွားရာ ဦးရွှေထူး တို့ ဇနီးမောင်နှံ မြင် လိုက်သည့် အခါ ဦးရွှေထူး က

“ ဗျို့ မိတ်ဆွေ ... နွား ဝယ် လာတယ် ထင်တယ် ၊ ဘယ်က ဝယ်လာတာလဲ ဗျ ”

ဟု မေး လိုက်လေ၏ ။

ထိုအခါ ... နွား ဆွဲ လာသူ က ...

“ ဟို ... တောစပ် က ... မောင်နန္ဒ ဆိုတဲ့ သူငယ်လေး က ငွေ တစ်ရာ နဲ့ ရောင်း လိုက်လို့ ဝယ် လာတာ ဗျ ”

ဟု ပြောကာ ထွက်သွား လေတော့၏ ။

ထို့နောက် ... ဦးရွှေထူး ဇနီး က ...

“ ကဲ ... ဘယ့်နှယ်တုံး ကိုရွှေထူး ၊ တော် မွေးစားမယ့် သား က တယ် တော် နေပါလား ၊ နွား တောင် ခိုး ရောင်း တတ်နေပြီ ၊ ဒီ ကိစ္စ ကို တော် အမြန်ဆုံး အရေး ယူပါ ၊ နွား သူခိုး မောင်နန္ဒ ကို လည်း အလုပ် သာ ထုတ်လိုက်ပါ ”

ဟု ပြောဆို လိုက်လေတော့၏ ။

“ အင်း .. ဘာတွေ ဖြစ် ကုန်ကြပြီလဲ ၊ မောင်နန္ဒ ကို ငါ အထင် ကြီးခဲ့မိ တာ မှားပြီ ထင်တယ် ။ ခဲလေ သမျှ သဲရေ ကျ ဖြစ်ကုန်ပါရောလား ” 

ဟု တွေးတော ရင်း ...

“ မဟုတ်သေးပါဘူး ၊ ဟို လူ ဆွဲ သွားတဲ့ နွား ဟာ ... ငါ့ ရဲ့ နွား မှန်း သိလို့ အိမ်ရှေ့ က ဆွဲ သွားတာလား ၊ ဒါမှ မဟုတ် မသိလို့ များ ဆွဲ သွားတာလား ၊ တမင် ငါ သိအောင်လို့ လုပ်ပြတာလား ၊ တစ်ခု ခု တော့ အဲ ... လိုက် စုံစမ်း ရင် ကောင်းမယ် ” 

ဟု စဉ်းစား ကာ ဦးရွှေထူး သည် ရုပ်ဖျက် ပြီး လျှင် ရွာသား အချို့ နှင့် နွား ဆွဲ သွား သော လူစိမ်း နောက် သို့ ခြေရာခံ လိုက် သွားကြ လေတော့၏ ။

ထိုအချိန် တွင် လူစိမ်း သည် တောအုပ် ထဲ သို့ ဝင် သွားရာ ဦးရွှေထူး တို့ မှာ လူစု ခွဲ၍ ထပ်မံ ခြေရာ ခံ ကြရ ပြန်၏ ။

တောအုပ် အတွင်း စခန်း တစ်ခု သို့ ရောက်သည့် အခါ ဦးရွှေထူး မှာ သစ်ပင်ကြီး တစ်ပင် ကို အကာ အကွယ် ပြုပြီး လူ လေးယောက် အရက် သောက် နေကြပြီး နွား ငါးကောင် ကြိုးချည် ထားသည် ကို လည်း တွေ့ ရပြီး ...

“ အလို ... ရှေ့ အရက်ဝိုင်း ထဲ မှာ ငါ့ မိန်းမ ရဲ့ တူ ချာတူး ပါ လား ၊ ဒီကောင် .... ဒီမှာ ဘာ လာ လုပ်နေတာ ပါလိမ့် ”

ဟု တွေး နေစဉ် နွားဆွဲ လာသော လူစိမ်း သည် ထို နေရာ သို့ ရောက်လာ ကာ ချာတူး က ...

“ လာဗျို့ ... ကိုသန့် နောက်ကျလှချည်လား ”

ဟု မေး လိုက်လေ၏ ။

“ နောက်ကျ ဆို လူတွေ မရိပ်မိအောင် ပိပိရိရိ လုပ် နေရတာကိုး ကွ ”

ဟု ကိုလူစိမ်း က ပြော လိုက်သည့် စကား ကြောင့် ဦးရွှေထူး ကြား သွားပြီး လျှင် ...

“ အင်း ... ဘာတွေများ လူတွေ မရိပ်မိအောင် လုပ်နေကြ တာလဲ မသိဘူး ။ သူတို့ အကြံအစည် သိ ရအောင် သွားပြီး စုံစမ်းဦး မှ ပဲ ၊ ငါ ရုပ်ဖျက် ထားတာ ချာတူး မှတ်မိ မှာ မဟုတ်ဘူး ”  

ဟု ဆိုကာ သွား လေတော့၏ ။

၎င်း နား သို့ ရောက်သည့် အခါ ချာတူး က ...

“ ဟေ့ ... ခင်ဗျား ဘယ်သူလဲ ၊ ဒီကို ဘာ လာ လုပ်တာလဲ ”

ဟု မေးရာ ...

“ ကျုပ် နွား ဝယ်ချင်လို့ ပါ ၊ ဒီ က နွားတွေ ရောင်းသလား လို့ ဝင် မေးတာပါ ”

ဟု ရုပ်ဖျက် ထားသည့် ဦးရွှေထူး က မေး လိုက်လေ၏ ။

ထိုအခါ .... ချာတူး က ပျာပျာသလဲ ထ ကာ ...

“ ဪ ... ဟုတ်လား ၊ ယူပါ ... ယူပါ ၊ ခင်ဗျား ကြိုက်တဲ့ နွား ကို ယူဗျာ ၊ ဈေးပေါပေါ နဲ့ ပေးလိုက်မယ် ၊ နွား တစ်ကောင် တစ်ရာကျပ် ပဲ ပေး ၊ ကျုပ် နာမည် ကို လည်း သေချာမှတ်ထားပါ ၊ သူဌေးကြီး ဦးရွှေထူး ရဲ့ နွား ကျောင်း နေ တဲ့ နွားကျောင်းသား မောင်နန္ဒ တဲ့ ”

ဟု ချာတူး က ပြော လိုက်လေ၏ ။

ထိုအခါ ....

ဦးရွှေထူး မှာ လွန်စွာ မှ သဘောကျ ပြီး လျှင် ...

“ ဟား ဟား ဟား ... ဟေ့ ချာတူး မင်း မောင်နန္ဒ ယောင် ဆောင် ပြီးနေ တာ ငါ မသိဘူးများ မှတ် နေလား ၊ လက်စသတ် တော့ ... မင်း က မောင်နန္ဒ အမည်ခံပြီး ငါ့နွား တွေ ကို ခိုး ရောင်းနေတာကို ... ဟား ဟား ၊ ဟေ့ သာဆန်း တို့ ၊ ဝင်းကြည် တို့ ၊ လူမင်း တို့  ၊ မောင်ဌေး တို့ လာကြ ... လာကြ ၊ ဒီ နွားသူခိုး တွေ ကို လာ ဖမ်းကြစမ်း ”

ဟု အော် ပြောရာ ရွာသားများ က ချာတူး တို့ အဖွဲ့ ကို ဖမ်းဆီး လိုက်ကြ လေတော့၏ ။

ထို့နောက် ... ဦးရွှေထူး က ချာတူး အား ..

“ ဟေ့ကောင် ချာတူး .. နေစမ်းပါဦး ၊ အခုလို အကြံအစည် ကို ဘယ်သူ က ခိုင်း လို့ လုပ်ရတာလဲ ၊ မှန်မှန် ပြောစမ်း ”

ဟု မေး လိုက်ရာ ချာတူး က ...

“ ကျွန်တော့် ... ကျွန်တော့် ကို ... အဒေါ် ဒေါ်ငွေခင် က ခိုင်း လိုက်လို့ လုပ်ရတာပါ ၊ ဒီလို လုပ်မှ နန္ဒ အလုပ် ပြုတ်ပြီး ကျွန်တော် သူဌေး သား ဖြစ်နိုင်မယ် လို့ အဒေါ်  က ပြောပါတယ် ”

ဟု ပြော လိုက်လေ၏ ။

ဦးရွှေထူး အိမ် သို့ ရောက်သည့် အခါ ဇနီး ဖြစ်သူ ဒေါ်ငွေခင် အား ...

“ တောက် ... ငါ နဲ့ ငါ့ ဆွေမျိုးတွေ ချမ်းသာရေး ဆိုတဲ့ အတ္တစိတ် မွေးပြီး လူ တစ်ဖက်သား ကို မကောင်း ကြံ တဲ့ မိန်းမယုတ် ငါ့ အိမ် က အခု ထွက် သွားစမ်း .. ထွက် သွားစမ်း ” 

ဟု ဆိုကာ မောင်းထုတ် လိုက် လေတော့၏ ။

ဤသို့ဖြင့် ချာတူး တို့ နွားသူခိုး အုပ်စု ကို လည်း တရားဥပဒေ အရ အရေးယူ ဖို့ ရွာ က အုပ်ချုပ်ရေးမှူးများ ထံ သို့ အပ်လိုက်၏ ။

ထို့နောက် ဦးရွှေထူး က လွန်စွာ မှ ရိုးသား ပြီး စိတ်ထားဖြူ ၊ အလုပ် ကို ကြိုးစားသော မောင်နန္ဒ အား သား အဖြစ် မွေးစား လိုက် လေ တော့၏ ။

“ အင်း ... ရိုးသားမှု ၊ ကြိုးစားမှု နဲ့ ကြံစည်အားထုတ်မှု ရှိရင် တစ်နေ့ နေ့ မှာ လူချမ်းသာ ဖြစ်နိုင်တယ် ဆိုတဲ့ ဘကြီးဦးသာဆန်း ရဲ့ စကား ဟာ သိပ် မှန်ပါလား ”

ဟု မောင်နန္ဒ တွေး မိ၏ ။ မောင်နန္ဒ လည်း ဦးရွှေထူး အပေါ် ဖခင် ရင်း သဖွယ် ပြုစုစောင့်ရှောက် ရင်း ရာသက်ပန် နေထိုင် သွားလေတော့ သတည်း ။

◾အောက်တိုဘာအောင်ကြီး
    ၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၂ ) ရက်

📖 ယုံတမ်းစကား လိပ် နှင့် အခြား ပုံပြင်များ

#ကိုအောင်နိုင်ဦး

.

 

Monday, May 27, 2024

လူတွေ ကို ကြက်တွေ က ဘာကြောင့် ကြောက်ကြတာလဲ


 ❝ လူတွေ ကို ကြက်တွေ က ဘာကြောင့် ကြောက်ကြတာလဲ ❞

  ( အောက်တိုဘာအောင်ကြီး )


ရှေးအခါ က ...


မုဆိုး တစ်ယောက် သည် တော ထဲ ၌ အမဲလိုက် ခဲ့စဉ် ... 


“ အလို ... သိမ်းငှက်ပေါက်စကလေး တစ်ကောင် ပါ လား ၊ အပျံ သင် ရင်း အောက် ကို ကျ လာတာ နဲ့ တူတယ် ” 


ဟု ဆိုကာ မုဆိုး သည် သိမ်းငှက်ပေါက်စကလေး ကို အိမ် သို့ ယူလာခဲ့ လေတော့၏ ။


“ သူ့ ကို ယဉ်ပါးအောင် မွေးပြီး အမဲ ရှာ တတ်အောင် သင်ပေး ရမယ် ”   


ဟု မုဆိုး က သိမ်းငှက် အား ကောင်းမွန်စွာ ကျွေးမွေး ထား လေတော့၏ ။


ဤသို့ဖြင့် သိမ်းငှက် သည် လွန်စွာ မှ ယဉ်ပါး လာ ပြီး လျှင် မုဆိုး ၏ သွန်သင် ပြသမှုတွေ ကြောင့် အမဲ ရှာ တတ် လာ လေတော့၏ ။


“ အမယ် .... ဒီ တစ်ခါတော့ ဖေ့သားကြီး က ယုန် လိုက်လာတာကိုး ၊ တော်တယ် ” 


ဟု မုဆိုး က ချီးကျူး လေ၏ ။


အမဲ လိုက်သည့် အခါ သိမ်းငှက် သည် သူ ၏ သခင် မုဆိုး ၏ ပခုံး ပေါ် တွင် လည်းကောင်း ၊ လက် ပေါ် တွင် လည်းကောင်း နား လေ့ ရှိ၏ ။


သခင် မုဆိုး က လေ ချွန် ပြီး ခေါ် လျှင် သိမ်းငှက် မှာ ချက်ချင်း လာ တတ် သဖြင့် မုဆိုး က လွန်စွာ မှ သဘောကျ လေတော့၏ ။


မုဆိုး ၏ အိမ် တွင် အလှမွေး ထားသော ကြက်ဖကြီး တစ်ကောင် လည်း ရှိ သေး၏ ။


ထို ကြက်ဖ သည် ကား သခင် မုဆိုး ခေါ် လျှင် လည်း မည်သည့် အခါ မှ မလာချေ ။


အစာ ကျွေးသည့် အခါ မှ လာ တတ် ပြီး လျှင် အစာ စား ပြီးသည် နှင့် တစ်ပြိုင်တည်း လျင်မြန်စွာ ပြန် ပြေး လေတော့၏ ။


ထို့ကြောင့် ...


တစ်နေ့သ၌ တွင်


သိမ်းငှက် က ... ကြက်ဖကြီး အား ...


“ အဆွေ ကြက်ဖ .. သင်တို့ ကြက်မျိုးတွေ ဟာ စား ပြီး နား မလည် ၊ အတော် ကျေးဇူးတရား မသိတတ်ကြဘူး ထင်တယ် ” 


ဟု အပြစ် တင်လေ၏ ။


သိမ်းငှက် စကားကြောင့် ကြက်ဖကြီး မှာ နား မလည် နိုင်အောင် ဖြစ်သွား ကာ ...


“ ဘာဖြစ်လို့ လဲ ကိုသိမ်းငှက် ရ ” 


ဟု ပြန် မေး လိုက်လေ၏ ။


“ သင်တို့ ဟာ ... သခင် အနား ကို လည်း မကပ်ကြဘူး ၊ ခေါ် ရင် လည်း မသိဟန် ဆောင် နေကြတယ် ၊ ဆာ မှ လာတယ် ၊ ဆာ လာ ... ဝ ပြန် ပဲ .. ကျုပ် ဆိုရင် သခင် ခေါ်တိုင်း ကျုပ် စိတ် နဲ့ ကျုပ် အလိုအလျောက် သွား တယ် ” 


ဟု သိမ်းငှက် က ပြော လိုက်ရာ ...


“ အဲဒါ ဘာဖြစ်လို့ လဲ ” 


ဟု ကြက်ဖကြီး က မေး လိုက်ပြန်၏ ။


“ ဟ ... ဒီတော့ ခင်ဗျား တို့ ဟာ ... ကျေးဇူး သိတတ်ဖို့ လိုတယ် ၊ ကျုပ် ဟာ တခြား ငှက်တွေ ထက် တောင် လျင်မြန်စွာ ပျံ နိုင်တယ် ၊ အမြင့်ဆုံး ရောက် အောင် လည်း ပျံ နိုင်တယ် ၊ ဒါပေမဲ့ ... သခင် ရဲ့ ကျေးဇူး ကို ဘယ်တော့ မှ မမေ့ဘူး ၊ ပြီးတော့ .. သခင် အနား က လည်း ဘယ်ကို မှ မသွားဘူး ” 


ဟု သိမ်းငှက် က ပြော လိုက်ရာ ...


“ ဟား ဟား ဟား ” 


ဟု ကြက်ဖကြီး က လွန်စွာမှ သဘော ကျ ကာ ရယ် လေတော့၏ ။ 


“ ဟေ့ ... ကိုကြက်ဖ ဘာ ရယ်တာလဲ ” 


ဟု သိမ်းငှက် က မေး ရာ ...


“ အဆွေ သိမ်းငှက် ... လူတွေ ဟာ သိမ်းငှက် ကို ကောင်လုံးကြော် စားတာ တွေ့ဖူးပါ သလား ” 


ဟု ကြက်ဖကြီး က မေး လိုက် လေ၏ ။


“ ကြံကြံဖန်ဖန် ဗျာ ၊ ကျုပ်တို့ လို စူးရှ တဲ့ မျက်လုံး ၊ ရဲရင့် တဲ့ သတ္တိ နဲ့ လျင်မြန် တဲ့ အရှိန် ရှိ တဲ့ ငှက်မျိုး ကို ကြော်စား ဖို့ ထက် ကျုပ် ရှာ ပေးတဲ့ သားကောင် ကို ပို လိုချင်ကြတာပေါ့ ဗျာ ” 


ဟု သိမ်းငှက် က ပြော လိုက်ရာ ....


“ ဒီမယ် ကိုသိမ်းငှက် .. ခင်ဗျား တို့ က သခင့် ဆီ က ဘယ် ပြေး မလဲ ၊ ဘာဖြစ်လို့ လဲ ဆိုတော့ သိမ်းငှက် ကို လူတွေ က သိမ်းငှက် ကောင်လုံးကြော် စား တာ မှ မတွေ့ဖူးဘဲ ၊ ကျုပ်တို့ ကြက်တွေ ကို ... ကြက် ကောင်လုံးကြော် စား တာ ကို မကြာခဏ တွေ့ရတယ်ဗျ ၊ သိလား ” 


ဟု ကြက်ဖကြီး က ပြော လိုက်လေ၏ ။


ထိုအခါ ကျ မှ သိမ်းငှက် လည်း သဘောပေါက် သွားလေတော့ သတည်း ။


◾ အောက်တိုဘာအောင်ကြီး

    ၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၇ ) ရက်


📖 ယုံတမ်းစကား လိပ် နှင့် အခြား ပုံပြင်များ


#ကိုအောင်နိုင်ဦး


.

Friday, May 24, 2024

ရသေ့ကြီး တစ်ပါး


 

❝ ရသေ့ကြီး တစ်ပါး ❞
( အောက်တိုဘာအောင်ကြီး )

မိုး ရွာ နေသည် မှာ သုံးရက် ခန့် ရှိ နေပြီ ဖြစ်လို့ နေလေ၏ ။ ထုတ်လုပ်သူ ဦးဝကြီး မှာ လည်း မျက်နှာ မသာမယာ ဖြစ်လို့ နေလေ၏ ။ မိုး ရွာ သဖြ င့် စက်အဖွဲ့ ၊ လူကြမ်းများ  ၊ ဇာတ်ပို့ ၊ ဇာတ်ရံ အချို့မှာ ဝိုင်း ကောင်းလို့ နေကြလေ၏ ။

ကျွန်ုပ် မှာ လည်း တခြား ဘာ အလုပ်မှ မရှိ သဖြင့် အိမ် ကတည်းက ကြော် ၍ ပုလင်း ထဲ ထည့် ထားသည့် ဝက်သားပြုတ်ကြော် နှင့် ရေနွေးကြမ်းကို ဇိမ်ခံပြီး စာအုပ် တစ်အုပ် နှင့် အဖော် ပြု ကာ နေလေတော့၏ ။

မိုး မှာ လည်း ရွာ ကောင်းတုန်း ။ ကျွန်ုပ်တို့ မှာ လည်း စားလိုက်ကြ ၊ သောက်လိုက်ကြနှင့် လွန်စွာမှ ဇိမ်ကျ လို့ နေလေ သလောက် ... ထုတ်လုပ်သူ ဦးဝကြီး မှာ ငိုရ မလို မျက်နှာ နှင့် လွန်စွာမှ သနားစရာ ရုပ် ပေါက် လို့ နေလေ၏ ။

ရန်ကုန်မြို့ မှာ မိုး များ သော အချိန်ကာလ ဖြစ် သဖြင့် ဗီဒီယို ရိုက်ကူး ရေးအဖွဲ့များ သည် အညာ ဘက် တက်၍ ဗီဒီယိုဇာတ်ကားများ တက် ရိုက် ကြ၏ ။

ယခု ရွှေတုတ်ကြီး ဗီဒီယိုရိုက်ကူးရေး မှ ဒါရိုက်တာ မဟူရာမီးသွေး ရိုက်ကူးပြီး မင်းသား ရွှေရိုး ၊ မင်းသမီးလေး ယွန်းနဒီ တို့ ခေါင်းဆောင် ပြီး “ ပူပြင်းတဲ့ နွေရာသီ ” ၊ “ ရင်ကွဲနာ ” ၊ “ စိတ်နာတယ် ” အမည် ရှိ ဗီဒီယို ၃ ကား ရိုက်ကူးရန်အတွက် ဇာတ်ပို့ ၊ ဇာတ်ရံ ၊ လူကြမ်း ၊ ဆက် တင် ၊ ကရိန်းအဖွဲ့ ၊ စက်အဖွဲ့ တို့ သည် အညာ ဘက် သို့ တက်ခဲ့ခြင်း ဖြစ်လေတော့၏ ။

ကျွန်ုပ် တို့ ဗီဒီယိုရိုက်ကူးရေးအဖွဲ့ သည် အညာ သို့ ရောက်၍ ' ပူပြင်း တဲ့ နွေရာသီ ' အမည် ရှိ ဗီဒီယိုဇာတ်ကား စတင် ရိုက်ကူးရန် ရှုတင် တည်ချိန် မှာ ပင် မိုး မှာ အကြီးအကျယ် ရွာသွန်း လိုက်သည့် အခါ ၃ ရက် ပင် ရှိ သွား လေတော့၏ ။

ထုတ်လုပ်သူ ဦးဝကြီး မှာ လည်း မိုးရွာသွန်း သဖြင့် လွန်စွာ မှ စိတ်ဓာတ် ကျလို့ နေလေတော့၏ ။ ထိုအချိန် ၌ အသက် ၇၀ အရွယ် ခန့် ရှိသော ရသေ့ကြီး တစ်ပါး သည် မိုးရေတွေ ကြား ထဲ မှ ကြွ လာသည် ကို တွေ့လိုက်ရ လေ၏ ။ ထို ရသေ့ကြီး သည် ထီး မပါသဖြင့် တစ်ကိုယ်လုံး မိုးရေများ စိုရွှဲ လို့ နေလေ၏ ။

ထုတ်လုပ်သူ ဦးဝကြီး သည် ကပျာကယာ ထီး တစ်ချောင်း ယူ၍ ဖွင့် ကာ မိုးရေ ထဲ မှာ ကြွ လာသော ရသေ့ကြီး အား ထီး သွား မိုးပေး ကာ ကျွန်ပ်တို့ ဗီဒီယိုအဖွဲ့သားများ တည်းခို နေသော အိမ် သို့ ပင့်ဆောင် လာခဲ့ရ လေတော့၏ ။

“ အရှင် ရသေ့ .. တပည့်တော် တို့ ထံ မှာ ခဏတစ်ဖြုတ် နားပါ ။ မိုး တွေ အရမ်း ရွာနေတယ် ” ဟု ထုတ်လုပ်သူ ဦးဝကြီး က ရသေ့ အား ပြော လိုက်လေ၏ ။

“ ဒကာတို့ က ဗီဒီယို လာ ရိုက်ကြတဲ့ အဖွဲ့ထင်တယ် ” ဟု ရသေ့ကြီး က မေးလိုက်ရာ ...

“ တင်ပါ့ .... တပည့်တော် တို့ ရောက် တဲ့ နေ့ ကတည်း က မိုး ရွာနေတာ ၃ ရက် ရှိသွားပါပြီ ။ ကား မရိုက်ရဘဲ ထိုင် နေရပါတယ် ” ဟု ထုတ်လုပ်သူ ဦးဝကြီး က ပြော လိုက်လေ၏ ။

ထို့နောက် ရသေ့ကြီး က သက်ပြင်း တစ်ချက် ချပြီး နောက် ...

“ အဲဒါ ဒကာတို့ ထဲ က တစ်စုံတစ်ယောက် အမှားတွေ လုပ်တာပဲ ” ဟု ဆိုကာ ရသေ့ကြီး က ကျွန်ုပ် အား စူးစိုက် ကြည့် လိုက်ပြီး ...

“ ဒီ နယ်မြေ က တရုတ်အမဲ စားတဲ့ လူ တစ်ယောက် ပါလာ လို့ အခုလို မိုး ရွာတာ ” ဟု ရသေ့ကြီး က ပြော လိုက်ရာ ကျွန်ုပ် မှာ လွန်စွာ မှ တုန်လှုပ် သွားလေတော့၏ ။

အဘယ်ကြောင့် ဆိုသော် ကျွန်ုပ် သည် အိမ် ကတည်း က ဝက်သားပြုတ်ကြော် ကို ပုလင်း ထဲ ထည့် ယူလာခဲ့ခြင်း ဖြစ်လေ၏ ။

ရသေ့ကြီး သည် ကျွန်ုပ် အား တစ်ချက် ကြည့်၍ မည်သို့မျှ ပြောဆိုခြင်း မပြုတော့ဘဲ မိုးရေ ထဲ သို့ ထွက်ကာ လာရာလမ်း အတိုင်း ထွက်သွားလေတော့၏ ။

ကျွန်ုပ် အပါအဝင် ဗီဒီယို အဖွဲ့သား အားလုံး သည် မိုးရေ ထဲ သို့ ပြန်ကြွ သွားသည့် ရသေ့ကြီး အား ပြိုင်တူ ကြည့်ရှု နေလေတော့၏ ။

ထို့နောက် ကျွန်ုပ် လည်း ချက်ချင်းပင် အခန်း ထဲ သို့ သွား ကာ အိတ် ထဲ မှ ဝက်သားကြော်ပုလင်း ကို ထုတ်ယူ၍ စိတ် ထဲ မှ ရှေ့ ၊ နောက် ၊ တောင် ၊ မြောက် မှ ပုဂ္ဂိုလ်များ ၊ အစောင့်များ ကို တောင်းပန်ပြီး နောက် ဝက်သားကြော်ပုလင်း ကို လွတ်ကင်းရာ သို့ စွန့်ပစ် လိုက်ရလေတော့၏ ။

ထိုသို့ စွန့်ပစ်ပြီး နောက် များ မကြာမီ အချိန် မှာ ၃ ရက် ဆက်တိုက် ရွာသွန်းလျက်ရှိသော ကိုရွှေမိုး သည် ချက်ချင်း တိတ် သွားလေရာ နေရောင်ခြည် တွေ ပင် ထွက်ပေါ် လာတော့၏ ။

ထို့ကြောင့် ထုတ်လုပ်သူ ဦးဝကြီး မှာ လွန်စွာ ပျော်ရွှင်ကာ ထ ၍ ပင် က လေတော့၏ ။

ဒါရိုက်တာ မဟူရာမီးသွေး ဆိုသူ လည်း ဇာတ်ညွှန်းဖိုင် ကို ကိုင်ကာ ဗီဒီယို ရိုက်ရန် ချက်ချင်း စီစဉ်ရ လေတော့၏ ။

မိုးများ တိတ် ၍ နေရောင်ခြည်များ ထွက်ပေါ်လာ သဖြင့် ကျွန်ုပ် မှာ လည်း လွန်စွာမှ အံ့ဩရ လေ၏ ။ ကျွန်ုပ် မှာ လွန်စွာ မှ ကြိုက်သော ဝက် သားကြော်ပုလင်း ကို စွန့်လွှတ်လိုက်ရ သဖြင့် ၊ မိုး တိတ်၍ နေရောင်ခြည် များ ထွက်သည် ကို တော့ ဝမ်းသာရလေသည် ။

ထူး လည်း လွန်စွာမှ ထူးဆန်း၏ ။

ရသေ့ကြီး သည် ကျွန်ုပ် ထံ တွင် တရုတ်အမဲ ( ဝက်သား ) ရှိနေသည် ကို သိ နေ၍ လာ ပြောခြင်း ဟု စိတ် ထဲ တွင် ထင်မိ၏ ။

ရသေ့ကြီး က ကျွန်ုပ် အား စူးစိုက် ကြည့် ၍ ...

“ ဒီ နယ်မြေ က တရုတ်အမဲ စားတာ မကြိုက်ဘူး ။ စား တဲ့ လူ ပါလာလို့ အခုလို မိုးဆက်တိုက် ရွာနေတာ ။ တောင်းပန်လိုက်ပါ ” ဟု ပြောလေ၏ ။

ကျွန်ုပ်လည်း တရုတ်အမဲ ကို စွန့်ပစ်လိုက် ပြီး နောက် မိုး တိတ်ကာ နေရောင်ခြည်များ ထွက်လာ သဖြင့် ကျွန်ုပ် ကြက်သီးများ ပင် ထ၍ လွန်စွာမှ အထိတ်တလန့်နှင့် အံ့ဩရလေ၏ ။

ထိုအချိန် မှ စ၍ ကျွန်ုပ် သည် ခရီး ထွက်သည့် အခါ ၊ နယ် သို့ ဗီဒီယို ရိုက်သွားသည့်အခါ တရုတ်အမဲ စားခြင်း မှ ရှောင်ကြဉ်ရ လေတော့ သတည်း ... ။

◾အောက်တိုဘာအောင်ကြီး

📖 ရုပ်ရှင်နယ် က ဖြစ်ရပ်မှန်များ

#ကိုအောင်နိုင်ဦး

.