Showing posts with label စောလွင်ဦး. Show all posts
Showing posts with label စောလွင်ဦး. Show all posts

Sunday, July 21, 2024

မနှင်းဆီ နှင့် မနှင်းပွင့်

 ❝ မနှင်းဆီ နှင့် မနှင်းပွင့် ❞
         ( စောလွင်ဦး )
        
တစ်ခါတုန်း က မုဆိုးမ ( လင်ယောက်ျား မရှိသည့် မိန်းမ ) တစ်ဦး သည် သမီးငယ် နှစ်ယောက် နှင့် အတူ တောအုပ် တစ်ခု ၏ အစွန်း တစ်ဖက် ၌ တဲအိမ်ကလေး တစ်အိမ် ဆောက် ၍ နေထိုင် လေ၏ ။ သူတို့ ၏ ခြံ ထဲ တွင် နှင်းဆီရုံ နှစ်ရုံ စိုက်ပျိုး ၍ ထား၏ ။ တစ်ခုသော နှင်းဆီရုံ သည် သွေး ကဲ့သို့ နီရဲသော အရောင် ရှိ၍ ကျန် တစ်ခု သည် နှင်း ကဲ့သို့ ဆွတ်ဆွတ်ဖြူ လျက် ရှိလေသည် ။

၎င်း မိန်းမကြီး ၏ သမီး နှစ်ယောက် သည် ထို နှင်းဆီရုံ နှစ်ရုံ နှင့် သဏ္ဌာန် တူ၏ ။ တစ်ယောက် သော သမီးပျို သည် ညိုမှောင်သော အသားအရည် ရှိ၍ တစ်ယောက် သော အမျိုးသမီး မှာ မူ ဖြူဝင်းသော အသားအရည် နှင့် လှပတင့်တယ် လေသည် ။ ထို့ကြောင့်ပင် သူတို့ ၏ အမေ သည် ၎င်းတို့ နှစ်ယောက် အား မနှင်းဆီ နှင့် မနှင်းပွင့် ဟူ၍ နာမည် မှည့်ခေါ် စေ၏ ။ ၎င်းတို့ နှစ်ဦး စလုံး ပင် စိတ်ထား မွန်မြတ်ကြ၏ ။ သို့ရာတွင် မနှင်းဆီ သည် လယ်ကွင်းများ ထဲ တွင် လှည့်လည် ပြေးလွှား ၍ ကစား နေရသည် ကို နှစ်သက် သော် လည်း မနှင်းပွင့် မှာ မူကား ထိုသို့ မဟုတ်ချေ ။ မိခင် နှင့် အတူ အိမ် တွင် နေ၍ အလုပ်များ ကို ကူညီ လုပ်ကိုင် ပေးရသည် ကို နှစ်သက် လေသည် ။

မနှင်းဆီ နှင့် မနှင်းပွင့် တို့ ညီအစ်မ နှစ်ယောက် သည် တစ်ဦး ကို တစ်ဦး ချစ်ခင် ကြင်နာ ကြ၏ ။ ၎င်းတို့ နှစ်ဦး စလုံး ကို ပင် လူတိုင်း ချစ်ခင် ကြင်နာ ကြလေသည် ။ ယုန်ကလေးများ က ပင် သူတို့ ၏ လက်ဝါး ပေါ် တွင် အစားအစာများ ကို တင်၍ ကျွေးမွေး လျှင် မကြောက်မရွံ့ လာရောက် ၍ အလုအယက် စားကြ၏ ။ သမင်ကလေးများ က လည်း ၎င်းတို့ နှင့် အတူ တော ထဲ တွင် လမ်းလျှောက် လေ့ ရှိ၏ ။ ဤကဲ့သို့ သော တိရစ္ဆာန်ကလေးများ က လည်း ချစ်ခင်ကြ သဖြင့် သူတို့ သည် တော ထဲ တွင် ညဉ့်နက်သန်းခေါင် တိုင် လှည့်လည် နေကြ သော်လည်း မကြောက်ရွံ့ကြတော့ပေ ။ သူတို့ ၏ စိတ် ထဲ တွင် တော ထဲ ၌ ၎င်းတို့ အား မည်သည့် ဘေးဥပဒ် အန္တရာယ် မျှ မရှိ ဟု ထင်မှတ် ထားကြဟန် တူ၏ ။

တစ်ည ၌ သူတို့ သည် တော ထဲ သို့ လှည့်လည် ကြရာ ညဉ့်နက် လေ သဖြင့် အိမ် သို့ မပြန်မူ၍ တော ထဲ မှာ ပင် မကြောက်မရွံ့ နှစ်ခြိုက်စွာ အိပ်ကြ၏ ။ နံနက် မိုးသောက် အလင်း ရောက် ၍ အိပ်ရာ မှ ထ လေသော် သူတို့ ၏ နံဘေး တွင် တစ်ကိုယ်လုံး ဝတ်ရုံဖြူ ဖြင့် လွှမ်းခြုံထား သော မိန်းမပျိုကလေး တစ်ဦး ကို တွေ့ရှိ ရ လေသည် ။ ၎င်း ဝတ်ရုံဖြူ နှင့် မိန်းမပျိုကလေး သည် သူတို့ အိပ်ရာ မှ ထကြသည် ကို ပြုံးရွှင်စွာ ကြည့် ၍ ပျောက်ကွယ် သွားလေတော့၏ ။ သူတို့ သည် အံ့အားသင့်စွာ ဖြင့် ထို ဝတ်ရုံဖြူ နှင့် မိန်းမပျိုကလေး အား ပတ်ပတ်လည် လှည့် ရှာ ကြည့်သော် လည်း အစအန မျှ ပင် မတွေ့ရ တော့ပေ ။ သို့သော်လည်း ၎င်းတို့ ည က အိပ် သော နေရာ သည် ချောက်ကြီး တစ်ခု ၏ အစွန်းနား တွင် ဖြစ်သည် ကို ထိတ်လန့်စွာ တွေ့ရှိရ လေ၏ ။ ထို ည က ၎င်းတို့ သည် ထိုနေရာ တွင် မအိပ်မူ ၍ ရှေ့သို့ အနည်းငယ် ဆက် သွားသည် ရှိသော် ချောက် ထဲ သို့ လိမ့် ကျ ၍ သေမည် မှာ ဧကန်မလွဲ ပင် ။ သူတို့ သည် အိမ် သို့ ရောက်လတ်သော် ထို ည က အဖြစ်အပျက် နှင့် နတ်သမီးလေး ဟု ထင် ရသော ဝတ်ရုံဖြူ မိန်းမပျိုလေး အကြောင်း ကို သူတို့ ၏ အမေ အား ပြောပြလေ၏ ။

ဆောင်းတွင်း သို့ ရောက်လေပြီ ။

နှင်းများ တဖွဲဖွဲ ကျလျက် နေသော တစ်ညနေ တွင် မနှင်းပွင့် နှင့် မနှင်းဆီ တို့ သည် ချမ်းအေး သဖြင့် ၎င်းတို့ ၏ အမေ နှင့် အတူ မီးဖိုဘေး တွင် စု၍ ထိုင်ကာ မီးလှုံ နေ ကြ၏ ။ သူတို့ ၏ အမေ သည် သမီးလေးများ အား ပုံ ပြော ပြလျက် နေ၏ ။ ထိုသို့ နေကြစဉ် တံခါး ခေါက်သံ ကို ကြား ကြ ရလေသည် ။ တစ်စုံတစ်ယောက် သော ခရီးသည် သည် လမ်း မှား၍ ဝင်လာခြင်း ဖြစ်တန်ရာ သည် ဟု အထင် ရှိကာ အမေ သည် မနှင်းဆီ အား တံခါး ဖွင့်ပေး စေလေ၏ ။ မနှင်းဆီ လည်း မီးဖို မှ ထ၍ လာ ကာ တံခါး ဖွင့် ပေး လိုက်လေ၏ ။ တံခါး ပွင့်သွား လျှင် ပွင့်သွားချင်း ပင် မနှင်းဆီ သည် ထိတ်လန့်စွာ နောက် သို့ ခုန်လိုက်သည် ကို အမေ နှင့် မနှင်းပွင့် တွေ့ကြ ရ၏ ။ အကြောင်း ဆိုသော် တံခါးပေါက်ဝ တွင် မဲနက်သော အမွေးအမှင်များ နှင့် ဝက်ဝံကြီး တစ်ကောင် ကို တွေ့ရသော ကြောင့် ဖြစ်၏ ။ ၎င်း ဝက်ဝံကြီး သည် သူတို့ နှင့် အတူ မီးလှုံ စိမ့်သောငှာ ခွင့်တောင်း လေ၏ ။ ၎င်းတို့ က လည်း လှုံခွင့် ပြု လိုက်၏ ။ အစ ပထမ တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် ဝက်ဝံကြီး အား ကြောက်ရွံ့ကြ သော်လည်း ဝက်ဝံကြီး ၏ ကြင်နာစွာ ဆက်ဆံမှုကြောင့် ကြောက်စိတ် တို့သည် ပျောက် ကုန်ကြ၏ ။

ဝက်ဝံကြီး သည် ထိုသို့ မီးလှုံ နေစဉ် ၎င်း ၏ ကုတ် အင်္ကျီ ပေါ် တွင် တင်လျက် ရှိသော နှင်းများကို သုတ်ချ ပေးရန် ပြောလေ၏ ။ ထိုအခါ မနှင်းပွင့် သည် အိမ် ထရံ တွင် ချိတ် ထားသော ကြက်မွေး တံမြက်စည်းလေး ဖြင့် သုတ်ပေး လေ၏ ။ အတန်ကြာ လတ်သော် ဝက်ဝံကြီး နှင့် သူတို့ သည် တဖြည်းဖြည်း ရင်းနှီး ၍ လာ ကာ မိတ်ဆွေ ဖြစ်သွားကြ တော့၏ ။ ဝက်ဝံကြီး သည် တစ်ည လုံး ပင် မီးဖိုဘေး တွင် အိပ် လျက် နံနက်လင်း မှ ပြန်ထွက် သွား တော့၏ ။

နောက်တစ်နေ့ ညနေ တွင် လည်း ဝက်ဝံကြီး သည် ရောက်လာ ပြန်လျက် မီး လှုံရန် ခွင့် တောင်း ၍ သူတို့ နှင့် အတူ မီးလှုံ လေ၏ ။ ဤသို့ဖြင့် ဝက်ဝံကြီး သည် ဆောင်းတွင်း ရောက်တိုင်း ရောက်တိုင်း ပင် လာရောက် ၍ သူတို့ နှင့် အတူ မီးလှုံ လေ့ ရှိ၏ ။ တစ်ခါတရံ တွင် လည်း မနှင်းဆီ ၊ မနှင်းပွင့် တို့ နှင့် အတူ မြူးတူး ပျော်ရွှင်စွာ ကစား လေ့ ရှိ၏ ။

ဆောင်း ကုန်၍ နွေဥတု သို့ ရောက်လေပြီ ။

တစ်နံနက်ခင်း တွင် ဝက်ဝံကြီး သည် မနှင်းဆီ နှင့် မနှင်းပွင့် တို့ အိမ် သို့ ရောက်ရှိ လာ လေ၏ ။ သူ ၏ မျက်နှာ မသာမယာ နှင့် ညှိုး နေသည် ကို တွေ့ရ၏ ။ အတွင်း သို့ ရောက် လျှင် ဝက်ဝံ ကြီး သည် သူတို့ အားလုံး အားခေါ်၍ သူ သည် ၎င်းတို့ နှင့် ခွဲရမည့် အကြောင်း ကို ပြောပြ လေသည် ။ ၎င်း သည် တော ထဲ တွင် ဝှက် ထားသော ၎င်း ၏ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြား များ အား ခိုးယူ လေ့ ရှိသော လူပုကလေးများ ၏ ဘေးရန် ကို ကာကွယ်ရန် အတွက် သွားရခြင်း ဖြစ်ကြောင်း ပြော၏ ။ ဆောင်းဥတု တွင် အလွန် အေး သဖြင့် အရာရာ တိုင်းသည် ခဲ နေသောကြောင့် လူပုကလေးများ လည်း မြေအောက် လိုဏ်ဂူ သို့ ဝင်ရောက်၍ နေထိုင်ကြ သဖြင့် သူတို့ ၏ ရန် မှ လွတ်မြောက်၏ ။ သို့သော် နွေဥတု တွင် လူပုကလေးများ သည် လိုဏ်ဂူ မှ ထွက် ၍ လာကြပြီ ဖြစ်၍ သူ လည်း ရတနာများ ကို စောင့်ရန် သူတို့ နှင့် ခွဲ၍ သွားရတော့မည် ဟု နှုတ်ဆက် ကာ ထွက်သွား၏ ။ ဝက်ဝံကြီး အိမ် မှ အထွက် တွင် ၎င်း ၏ ကုတ်အင်္ကျီ နှင့် တံခါးရွက် အစွန်း တို့ ငြိ သဖြင့် အင်္ကျီ အောက် မှ ရွှေရောင်များ ပြိုးပြိုးပြက်ပြက် နှင့် လက် သည် ကို မနှင်းဆီ နှင့် မနှင်းပွင့် တို့ တွေ့ရှိ ရ လေ၏ ။

နွေဥတု တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် သူတို့ ၏ မိတ်ဆွေကြီး ဝက်ဝံ နှင့် ကွဲကွာ နေကြလေ၏ ။ တစ်နေ့သော အခါတွင် သူတို့ နှစ်ယောက် သည် တော သို့ ဝင်၍ ချယ်ရီပန်းများ ကို ခူးလျက် ရှိစဉ် ပြိုလဲကျ နေသော သစ်ပင် တစ်ပင် ကို ၎င်းတို့ အနီး တွင် တွေ့ရလေ၏ ။ ထို လဲကျ နေ သော သစ်ပင် ၏ အကိုင်းအခက်တွေ ကြား ထဲ မှ ထူးဆန်းသော လူပုကလေး တစ်ယောက် သည် ခုန်ဆွ ခုန်ဆွ နှင့် ဖြစ်နေသည် ကို သနားစရာ တွေ့ရှိရ၏ ။ ထိုအခါ သူတို့ သည် အနား သို့ သွား၍ ကြည့် ရာ လူပုကလေး သည် သူ ၏ ရှည်လျားသော မုတ်ဆိတ်မွှေး နှင့် သစ်ကိုင်းများ ငြိတွယ် နေသော ကြောင့် ဤကဲ့သို့ ခုန်၍ ခုန်၍ ရုန်းကန် ဆွဲယူ နေခြင်း ဖြစ်၏ ။ သူတစ်ပါး အား ကြင်နာ သနားတတ်သော နှင်းဆီ နှင့် မနှင်းပွင့် တို့ နှစ်ယောက် သည် ၎င်း ၏ မုတ်ဆိတ်မွေး အား ကူညီ ၍ ဆွဲ ပေးကြ၏ ။ သို့သော်လည်း မရချေ ။ ရှုပ်ထွေး ၍ သာ ငြိတွယ် နေ လေ၏ ။ ထိုအခါ မနှင်းဆီ သည် အိမ် သို့ ပြန် ပြေး ၍ ကတ်ကြေး ကို ယူလာ ပြီးလျှင် လူပုကလေး ၏ မုတ်ဆိတ်မွေးများ ကို ဖြတ် လိုက်၏ ။ လူပုကလေး သည် သူ ၏ မုတ်ဆိတ်မွေးများ နှင့် သစ်ခက်များ ငြိတွယ်ခြင်း မှ လွတ်သွား သော်လည်း မနှင်းဆီ အား ကျေးဇူး မတင်ပေ ။ သူ ၏ မုတ်ဆိတ်မွေးများ ပြတ်ကုန် သဖြင့် မနှင်းဆီ အား အပြစ် တင်လျက်ရှိ၏ ။ ထို့နောက် လူပုကလေး သည် သစ်ကိုင်းတွေ ကြား ထဲ မှ ရွှေ အပြည့် ပါသော လွယ်အိတ် ကို ကောက်လျက် မည်သူ့အား မျှ နှုတ် မဆက်ဘဲ ထွက်သွား လေသည် ။

နောက် တစ်နေ့ တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် ငါး မျှားရန် အလို့ငှာ မြစ်ဘက် သို့ ထွက်လာရာ အခြား လူပုကလေး တစ်ယောက် နှင့် တွေ့ကြပြန် လေ၏ ။ သည် တစ်ခါတွင် မူ လူပုကလေး သည် ငါး မျှား ရင်း သူ ၏ မုတ်ဆိတ်မွေး နှင့် ငါးမျှားချိတ် ငြိ နေသောကြောင့် ကြောက်အားလန့်အား ဖြင့် ဆွဲ ဖြုတ် နေ၏ ။ ဤသည်ကို မနှင်းဆီ နှင့် မနှင်းပွင့် တို့ မြင်ရသော် သနားလှ သဖြင့် ဝိုင်း ကူ၍ ဖြုတ် ပေး၏ ။ သို့သော်လည်း မရပေ ။ ထိုအခါ မနှင်းပွင့် သည် အိမ် သို့ ပြေး၍ ကတ်ကြေး ကို ယူ လာ ကာ ငြိ နေသော မုတ်ဆိတ်မွေးများ ကို ဖြတ် လိုက်လေ၏ ။ ထို လူပုကလေး လည်း ပထမဆုံး တွေ့ခဲ့ရသော လူပုကလေး ကဲ့သို့ပင် သူ ၏ မုတ်ဆိတ်မွေး အား ဖြတ် ပစ်သည့် မနှင်းပွင့် ကို အပြစ် ပြော၍ ထွက်သွားလေ၏ ။ ၎င်း ၏ ကျော ၌ လွယ် ထားသော လွယ်အိတ် ထဲ တွင် ပုလဲလုံးကလေးများ ဖြင့် ပြည့်လျက် ရှိသည် ကို တွေ့ရှိရ လေသည် ။

မနှင်းဆီ နှင့် မနှင်းပွင့် တို့ လည်း အိမ် သို့ ပြန် လာကြရာ လမ်း တွင် သိမ်းငှက်ကြီး တစ်ကောင် သည် လူပုကလေး တစ်ယောက် အား သူ ၏ ခြေထောက်များ ဖြင့် ကုတ် ၍ ချီ နေ သည် ကို တွေ့ရ၏ ။ လူပုကလေး က လည်း ရှိသမျှ ခွန်အား ဖြင့် ရုန်းကန် ၍ နေ၏ ။ မနှင်းဆီ နှင့် မနှင်းပွင့် တို့ လည်း ပြေး သွားကာ သိန်းငှက်ကြီး ကို မောင်းထုတ် လိုက် သဖြင့် လူပုကလေး သည် သိန်းငှက်ကြီး ၏ လက် မှ လွတ်မြောက် သွားရ၏ ။ သို့သော် လည်း ၎င်း ၏ ကုတ်အင်္ကျီ  သည် သိန်းငှက်ကြီး နောက် သို့ ပါသွား သဖြင့် မနှင်းဆီ နှင့် မနှင်းပွင့် တို့ အား စိတ်ဆိုး လေ၏ ။ ထို့နောက် လူပုကလေး သည် သူ ၏ ကျောက်သံပတ္တမြားများ ဖြင့် ပြည့်လျက် နေသော လွယ်အိတ်ကြီး ကို ယူ၍ မည်သူ့မျှ မနှုတ်ဆက် ဘဲ ထွက်သွား လေတော့၏ ။

ဤသို့ ဖြစ်ပြီး၍ အတန် ကြာသော် တစ်နေ့ ညနေ တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် တော ထဲ သို့ လမ်းလျှောက် ထွက်ခဲ့ကြ လေသည် ။ သည် တစ်ခါ တွင် လည်း သူတို့ သည် သစ်ပင်  အောက် တွင် ထိုင်လျက် နေသော လူပုကလေး တစ်ယောက် နှင့် ဆုံကြ ပြန်၏ ။ ထို လူပုကလေး ၏ အနားတွင် မူ ရွှေငွေပုလဲများ ဖြင့် ပြည့် နေသော အိတ်ကြီး သုံးအိတ် ကို တွေ့ရှိ ရ၏ ။ ထို အချိန် တွင် ဝက်ဝံကြီး တစ်ကောင် သည် ပေါ်၍ လာ ကာ လူပုကလေး အား ဖမ်းယူ သ,တ်ပစ် လိုက်လေ၏ ။ ထို အခြင်းအရာ ကို မြင် လတ်သော် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် ကြောက်ရွံ့ကြ သဖြင့် ထွက်ပြေး ကြ လေ၏ ။ ထိုအခါ ဝက်ဝံကြီး သည် နောက်မှ နေ၍ သူ သည် ၎င်းတို့ အတွက် ရန်သူ မဟုတ်ပါ ။ မိတ်ဆွေ ဖြစ်ပါသည် ။ ပြန်လှည့်ခဲ့ပါ ဟု အော်ခေါ်လေ၏ ။

မနှင်းဆီ နှင့် မနှင်းပွင့် တို့ လည်း ပြန် လှည့် လာကြ၏ ။ သို့သော် လည်း သူတို့ သည် အံ့ဩ သွားရလေသည် ။ အကြောင်းမူ ကား ဝက်ဝံ အစား မင်းသားလေး တစ်ပါး ရပ် နေသည် ကို တွေ့ရသော ကြောင့်ပင် ဖြစ်၏ ။ မင်းသားလေး ၏ ခြေရင်း တွင် မူ ဝက်ဝံသားရေကြီး သည် ပုံလျက် ကျ နေ လေ၏ ။

မနှင်းဆီ နှင့် မနှင်းပွင့် တို့ အနား ရောက်သော် မင်းသားလေး သည် သူ ၏ အဖြစ် ကို ပြန် ပြောပြ လေတော့၏ ။ သူ သည် မင်း တစ်ပါး ဖြစ်၍ သူ့ အား ယခု သေ သွားသော လူပုကလေး က ပြုစား ထား သဖြင့် ဝက်ဝံ သဏ္ဌာန် ပြောင်း သွားရခြင်း ဖြစ်သည် ဆို၏ ။ သူ ဝက်ဝံ ဖြစ်သော် ပိုင် ဆိုင်သော ရတနာများ ကို လူပုကလေးများ တို့ သည် ခိုးယူကြကုန်၏ ။ ယခုသော် သူ့ ကို ပြုစား ထားသော လူပုကလေး အား သ,တ်ပစ် လိုက် သဖြင့် ဝက်ဝံ ဘဝ မှ နေ၍ မင်းသား ပြန် ဖြစ်သည် ကို ရှင်းပြ လေတော့၏ ။

ထို့နောက် မင်းသားလေး သည် မနှင်းဆီ ၊ မနှင်းပွင့် နှင့် ၎င်းတို့ ၏ အမေ အား သူ ၏ ရဲတိုက် သို့ ခေါ်သွားလေ၏ ။ ရဲတိုက် သို့ ရောက်သော် မနှင်းပွင့် နှင့် သူ့ အား ပေးစား၍ မနှင်းဆီ အား သူ ၏ နောင်တော် နှင့် ပေးစားရန် မိခင် ဖြစ်သူ ထံ ၌ ခွင့်တောင်း လေ၏ ။ မနှင်းဆီ နှင့် မနှင်းပွင့် တို့ အမေ က လည်း ခွင့်ပြု သဖြင့် ၎င်းတို့ စုံတွဲ သည် လက်ထပ်ပွဲကြီး ဆင်ယင် ကျင်းပလေတော့၏ ။

ထို့နောက် သူတို့ ၏ ရဲတိုက် တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ ၏ တဲကလေး မှ နှင်းဆီရုံ နှစ်ရုံ ကို ရွေ့လာ ကာ စိုက်ပျိုး ထားလေ၏ ။ နှစ်စဉ် နှစ်တိုင်း ပင် ထို နှင်းဆီရုံ နှစ်ရုံ ထဲ မှ တစ်ရုံ သည် သွေးကဲ့သို့ နီရဲသော အရောင် ရှိသည့် အပွင့်များ ကို ပွင့် ၍ ကျန် တစ်ရုံ သည် နှင်း ကဲ့သို့ ဆွတ်ဆွတ် ဖြူသော ပန်းပွင့်များ ကို ပွင့်ကုန်၏ ။

မနှင်းဆီ နှင့် မနှင်းပွင့် တို့ စုံတွဲ လည်း အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြလေ တော့ သတည်း ။

◾စောလွင်ဦး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၈ ၊ ဒီဇင်ဘာ

#ကိုအောင်နိုင်ဦး

.

 

Sunday, June 9, 2024

ညီမသုံးဖော် နှင့် ညီနောင်သုံးယောက်


 

❝ ညီမသုံးဖော် နှင့် ညီနောင်သုံးယောက် ❞

တစ်ရံရော အခါ ချမ်းသာကြွယ်ဝသော ဘုရင်ကြီး တစ်ပါး တွင် အလွန်တရာ ချစ်ဖွယ် ကောင်းသော သမီးတော် သုံးပါး ရှိလေ၏ ။ ၎င်း ဘုရင်ကြီး ၏ နန်းတော် ပတ်ပတ်လည် တွင် အမျိုးမျိုး အစားစား သော သစ်ပင်များ စိုက်ပျိုး ၍ ကာရံထား၏ ။ နန်းတော် အနီး တွင် သစ်သီးမျိုးစုံ သီး သော အလွန် လှပသည့် ဥယျာဉ်ကလေး တစ်ခု တည်ရှိ လေသည် ။ ထို ဥယျာဉ်ကလေး အတွင်း ရှိ တစ်စုံတစ်ခုသော သစ်ပင် မှ အသီး အား ဆွတ်ယူ စားသောက် မိ ပါ က ထို စားသောက် မိ သော သူ သည် ပေ တစ်ရာ မျှ နက်သော မြေကြီး အောက် သို့ ဝင်ရောက် ပျောက်ကွယ် သွားတတ်သည် ဟု ဘုရင်ကြီး သည် နန်းတော်သူ နန်းတော်သား များ အား မစား မိစေရန် သတိ ပေး ထား၏ ။ မိုးဥတု ရောက် လတ်သော် ထို သစ်သီး ဥယျာဉ် ထဲ မှ အပင် အသီးသီး တို့ ၌ အလွန် စားချင့်စဖွယ် ကောင်းသော မှည့်ဝင်း သည့် အသီး တို့ ကို သီးကြကုန်လေ၏ ။ ဘုရင့် သမီးတော် သုံးပါး တို့ မြင်လေ လျှင် စားချင်လှ သော်လည်း မစားရဲကြ ရှာပေ ။

တစ်နေ့သော အခါ ညီမ သုံးဖော် ထဲ မှ အငယ်ဆုံး မင်းသမီး သည် သူ ၏ အစ်မတော် များ အား တစ်ယောက် တစ်လုံး စီ ခူး၍ စားကြရန် ပြောလေ၏ ။ ထိုကဲ့သို့ ဆွတ်စား မိပါက ဖခမည်းတော် သည် ချစ်သမီးများ အား ခွင့်လွှတ်တန် ကောင်း၏ ဟု အထင် ရှိကြ၏ ။ ဖခမည်းတော် သတိပေး တားမြစ် ထားသည် မှာ လည်း အခြားသော နန်းတော်သူ ၊ နန်းတော်သားများ အတွက် သာ လျှင် ဖြစ်သည် ဟု ဆို၍ ညီအစ်မ သုံးဖော် သည် ရွှန်းရွှန်းမှည့် နေသော အသီးများ အား တစ်ယောက် တစ်လုံး စီ ဆွတ်ချူ ၍ စားကြ လေ၏ ။ ဤသို့ စား လျှင် စားချင်း ပင် မြေကြီး သည် ကွဲအက် ၍ လာကာ ညီအမ သုံးဖော် အား အောက်သို့ မျို သွား၏ ။

ဘုရင်ကြီး သည် သမီးတော်များ အား မမြင် သော် အစောင့်အရှောက် များ အား နေရာ အနှံ့ ရှာ စေလေ၏ ။ သို့သော်လည်း သမီးတော်များ ၏ အရိပ်အရောင် ကို မျှ ပင် မတွေ့ကြရပေ ။ နောက်ဆုံး၌ ဘုရင်ကြီး သည် ၎င်း၏ သမီးတော်များ အား နန်းတော် သို့ ခေါ်ဆောင် လာနိုင် လျှင် ကြိုက်နှစ်သက်သော သမီးတော် နှင့် လက်ဆက် ၍ အိမ်ရှေ့မင်းသား အဖြစ် ပေးမည် ဟု တိုင်းပြည် အသီးသီး သို့ ကြေညာ ရ လေတော့၏ ။ ထို သတင်း ကို ကြားကြား သမျှသော တိုင်းပြည် အသီးသီး မှ မင်းညီမင်းသား များ ၊ သူဌေးသားများ နှင့် သူဆင်းရဲသားများ အစ ရှိကုန်သော အဆင့်အတန်း မရွေး မည်သူ မဆို ရှာနိုင်သည် ဖြစ်သဖြင့် မင်းသမီးများ အား အရှာ ထွက် ကြကုန်၏ ။

ထိုသို့ ညီမ သုံးဖော် ရှာပုံတော် ထွက်သည့် အထဲ တွင် အမဲလိုက်ခြင်း ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေရှာသော ညီနောင် သုံးယောက် တို့ လည်း ပါဝင်ကြ၏ ။ ၎င်း ညီနောင် သုံးယောက် တို့ သည် မင်းသမီးများ အား ရှာပုံတော် ထွက် ၍ ( ၈ ) ရက် မြောက်သော နေ့ တွင် ရဲတိုက်ကြီး တစ်ခု သို့ ရောက်သွား ကြ လေသည် ။ ထို ရဲတိုက်ထဲ ရှိ အခန်း တိုင်း တွင် အလွန်ခမ်းနား သိုက်မြိုက်၍ အရောင် တဖိတ်ဖိတ် တောက်လျက် ရှိသော အိမ်ထောင် ပရိဘောဂများ ကို မြင်ရ၏ ။ ထမင်း စားခန်း နှင့် တူသော တစ်ခုသော အခန်း ထဲတွင် မူ မကြာမီကလေး က မှ ချက်ပြုတ်၍ ပြင်ဆင်ထား သကဲ့သို့ ထမင်းများ သည် အငွေ့ တထောင်းထောင်း ဖြင့် လာ စားလှည့်ကြပါ ဟု ညီနောင်သုံး ယောက် တို့ အား ဖိတ်ခေါ် နေသည် ဟု ထင်ရ ပေသည် ။ ၎င်း ထမင်းဟင်းများ သည် မွှေးကြိုင် သည် ဖြစ်ရကား ညီနောင် သုံးယောက် မှာ ဟန် မဆောင်နိုင်တော့ သဖြင့် စားပွဲ တွင် ထိုင်၍ မြိန်ရေ ရှက်ရေ စားသောက်ကြ လေတော့၏ ။ သူတို့ သည် ထို ရဲတိုက်ကြီး မှ ပင် နေ၍ တစ်ယောက် တစ်လဲ စီ ဖြင့် မင်းသမီးများ အား ရှာရန် သဘော တူ ကြ၏ ။ ၎င်း နောက် သူတို့ သည် သဘောတူ မဲလိပ် နှိုက် ကြရာ အစ်ကို အကြီးဆုံး သည် ပထမနေ့ တွင် ရဲတိုက် အစောင့် ဖြစ်၍ ညီလတ် နှင့် ညီငယ် တို့ သာ လျှင် အရှာ ထွက်ရ၏ ။

ညနေ ရောက် သော် လူပုပုကလေး တစ်ယောက် သည် အသားကင်များ ကို ယူ လာပြီး လျှင် ရဲတိုက်စောင့် ကျန်ရစ်သော အစ်ကိုကြီး ရှေ့ တွင် ပစ်ချ ၍ “ နောင်တော် ထို အသားကင်များ ကို ကောက်ယူ စားပါလော့ ” ဟုဆို၏ ။ ထိုအခါ အစ်ကိုကြီး သည် “ ဟယ် ... လူပုလေး .. သင် သည် ဤ ရဲတိုက်ကြီး ၏ အစေခံ မဟုတ်သလော ။ အစေခံ ဖြစ်သော သင် ကိုယ်တိုင် ကောက်၍ ငါ့ အား ကျွေးလော့ ” ဟု ပြန် ပြော၏ ။ ထိုအခါ လူပုကလေး သည် အသားကင်များ ကို ကောက်ယူ ၍ ပေးပြီး လျှင် “ နောင်တော် ဤ ရဲတိုက် တွင် မည်သူသည် အရှင် ဖြစ်၍ မည်သူသည် အစေခံ ဖြစ်မည် ကို မကြာမီ သင် မြင်ရလတ္တံ့ ” ဟု ဆို၍ ထွက်ခွာ သွား လေတော့၏ ။

ဒုတိယနေ့ ညီလတ် အစောင့်ကျ ကျန်ရစ်သော အခါ တွင် လည်း လူပုကလေး သည် ရောက်လာ ပြန် ကာ အသားကင်များ ကို အောက် သို့ ချ၍ “ စားလော့ ” ဟု ဆို၏ ။ နောင်တော်လတ် လည်း ရှေးနည်း အတူပင် အစေခံ ဖြစ်သော လူပုကလေး အား ကောက်ခိုင်း လေ၏ ။

တတိယနေ့ ရောက် သော် ညီအငယ်ဆုံး သည် ရဲတိုက် တွင် စောင့် နေရစ်ခဲ့လေ၏ ။ ညနေတွင် ပင် လာနေကျ လူပုကလေး သည် အသားကင်များ ကိုယူ၍ လာ ပြန်လေ၏ ။ ရှေးနည်း တူ ပင် ညီငယ် အား လည်း အသားကင်များ အား ကောက်ယူ၍ စားရန် ပြောကြားရာ ညီငယ် သည် အလွန် ဝမ်းသာလှ သဖြင့် “ ညီပုကလေး ယခုလို ကျွေးမွေးသည့် အတွက်         ကျေးဇူးတင်ပါသည် ” ဟု ပြော၍ အသားကင်များ အား ကောက်ယူ၍ စား လေသည် ။ စားသောက် ပြီး သော် လူပုကလေး သည် ညီတော်လေး အား မည်သည့် အကူအညီ မဆို တောင်းရန် ပြောကြားလေ၏ ။ သူ သည် မြေအောက် တိုင်းပြည် မှ လူပုကလေး တစ်ဦး ဖြစ်သည်ဟု ဆို၏ ။ ညီတော်လေး လည်း လူပုကလေး အား သူတို့ ညီအစ်ကို သုံးယောက် သည် ညီအစ်မ သုံးဖော် အား လိုက်လံ ရှာဖွေ နေကြောင်း ကို ပြောပြ လေသည် ။ လူပုကလေး သည် မင်းသမီးများ ရှိမည့် နေရာ ကို သိမည် ဆိုပါက ညွန်ပြပါရန် အကူအညီ တောင်းရာ လူပုကလေး သည် ညီငယ်လေး အား မင်းသမီးများ ရှိသည့် နေရာ ကို ညွန်ပြ လိုက်လေသည် ။ သို့သော်လည်း ညီငယ် တစ်ယောက် ထဲ သာ သွားသင့်ပါသည် ။ နောင်တော်များ ကို ခေါ် သွားပါက မသမာသော အကြံ ဖြင့် ညီငယ့် အား လုပ်ကြံ ပါလိမ့်မည် ဟု သတိပေး မှာကြား ကာ ထွက် သွား၏ ။

အစ်ကိုကြီး နှင့် အစ်ကိုလတ် တို့ ရဲတိုက် သို့ ပြန် ရောက် သော် ညီငယ်လေး သည် လူပုကလေး နှင့် တွေ့ဆုံပုံ အကြောင်းစုံ ကို နောင်တော်များ အား ပြောကြား၏ ။ လူပုကလေး ပြောပြ သွားသည် မှာ ထို ရဲတိုက် အနီး ရှိ တောင်ထိပ် ပေါ် မှ ရေတွင်း ထဲ တွင် ညီအစ်မ သုံးဖော် ရှိသည် ဟု ဆို၏ ။ ထို နေရာသို့ သွားရန် ညီနောင် သုံးယောက် တို့သည် သဘောတူ ဆုံးဖြတ်ကြလေ၏ ။

နောက် တစ်နေ့ နံနက် တွင် ညီနောင် သုံးယောက် တို့ သည် လူပုကလေး ညွှန်သည့် လမ်း အတိုင်း သွားကြရာ တောင်ထိပ် ရှိ ရေတွင်း သို့ ရောက်ကြလေ၏ ။ ၎င်းတို့ သည် ရဲတိုက်ကြီး ကို မဲ ချ၍ တစ်ယောက်တလဲ စောင့်ကြ သကဲ့သို့ ပင် ယခု လည်း မည်သူသည် ရေတွင်း ထဲ သို့ ပထမဦးဆုံး ဆင်းရမည် ကို မဲချကြ၏ ။ ထိုအခါတွင် လည်း အစ်ကိုကြီး ပင် ပထမ ၊ ညီလတ် သည် ဒုတိယ ဖြစ်၍ ညီငယ် သည် နောက်ဆုံး ဆင်းရန် ဖြစ်လေသည် ။

ထိုသို့ ရေတွင်း ထဲ ဆင်း ရာ တွင် ရန်သူ နှင့် တွေ့ပါက အကူအညီ တောင်းရန် အတွက် ခေါင်းလောင်းကလေး တစ်ခု စီ ရှိကြ၏ ။ ကြိုး ဖြင့် အောက် သို့ လျှော ဆင်း၍ ရန်သူ နှင့် တွေ့ပါ က ခေါင်းလောင်း တီး ၍ အပေါ် မှ နေသော နှစ်ယောက် အား ကြိုး ကို ဆွဲ တင်ရန် အချက်ပေး အမှတ် အသားသဖွယ် စီမံ ထားကြ၏ ။

ပထမအကြိမ် တွင် အစ်ကို အကြီးဆုံး သည် ရေတွင်း ထဲ သို့ ကြိုးဖြင့် လျှောဆင်း သွား လေရာ အောက် သို့ ရောက် သော် ကြောက် သဖြင့် ခေါင်းလောင်း တီး ကာ ပြန် တက် ခဲ့ရ၏ ။

ဒုတိယအကြိမ် ညီလတ် ၏ အလှည့် တွင် လည်း ယင်းနည်းတူ ပင် ဖြစ်၏ ။ တတိယအကြိမ် ညီ အငယ်ဆုံး အလှည့် သို့ ရောက်သော် ခေါင်းလောင်း မြည်သံ ကို အပေါ်  မှ မကြားရတော့ချေ ။ ညီငယ် သည် ရေတွင်း အောက်ခြေ သို့ ရောက်သော် ပထမဦးဆုံး တွေ့မြင်ရသော တံခါး အား ညင်သာစွာ တွန်း ဖွင့်၍ ဝင် သွားရာ အလွန် အံ့ဩစရာ ကောင်းသော အဖြစ် ကို တွေ့ရှိ ရ လေ၏ ။ ထိုအရာ မှာ ခေါင်း ကိုးလုံး ရှိသော နဂါးကြီး တစ်ကောင် သည် မင်းသမီး တစ်ပါး အနား တွင် အိပ် ၍ စောင့် နေခြင်းပင် ဖြစ်၏ ။ ညီငယ် သည် အသင့် ပါ လာသောဓား ဖြင့် ထို အိပ် နေသော နဂါးကြီး ၏ ဦးခေါင်း အား ခုတ်ပိုင်း လိုက်လေ၏ ။ ထိုအခါ မင်းသမီး သည် ပြေး၍ လာကာ ညီငယ် ၏ ပါးပြင် ကို နမ်း ၍ သူ ၏ ရွှေလည်စည်း တစ်ခု ကို လက်ဆောင် အဖြစ် ပေး လေ၏ ။

တစ်ဖန် ညီငယ် သည် မင်းသမီး ညွန်ပြရာ ဒုတိယ အခန်း သို့ ရောက် ပြန်သော် အိပ်ပျော် နေသော ခေါင်း ခုနှစ်လုံး ရှိသည့် နဂါးကြီး အား ခေါင်းဖြတ်သ,တ်၍ မင်းသမီး တစ်ပါး ကို ကယ် လိုက်ပြန်၏ ။ ထို မင်းသမီး လည်း ညီငယ်လေး အား နမ်း ၍ လက်ဆောင် အဖြစ် သူ ၏ လက်ကိုင်ပုဝါ တစ်ထည် ကို ပေး လိုက်ပြန်၏ ။

ထို့နောက် ညီမ နှစ်ယောက် နှင့် ညီငယ်လေး တို့ သည် တတိယ အခန်း သို့ သွားရောက် ကာ ခေါင်း လေးလုံး ဖြင့် အိပ်ပျော် နေသော နဂါးကြီး အား ဓား ဖြင့် ခုတ်သ,တ် လိုက်၏ ။ မင်းသမီး အငယ်လေး လည်း ညီငယ်လေး အား ဖက် ၍ နမ်း ပြီးလျှင် သူ ၏ လက်စွပ် အား လက်ဆောင် အဖြစ် ဝတ်ဆင် ပေး လိုက်၏ ။ ညီအမ သုံးဖော် တို့ လည်း ပြန်လည် တွေ့ဆုံ ကြသည် ဖြစ်၍ ဝမ်းမြောက် ရွှင်လန်း နေကြလေ၏ ။

ညီငယ်လေး သည် သူ ၏ အချက်ပေး ခေါင်းလောင်း ကို တီး လိုက်ရာ ရေတွင်း အောက် သို့ ကြိုးစ တစ်စ ကျ လာ လေ၏ ။ ထို ကြိုးစ ဖြင့် ပင် ညီမ သုံးဖော် အသီးသီး အား အပေါ် သို့ ရောက် စေကုန်၏ ။ နောက်ဆုံး သူ့ အလှည့် တွင် စဉ်းစားမိသည်မှာ နောင်တော်များ သည် သူ့ အား မသမာသော အကြံ ဖြင့် ပြုလုပ်လိမ့်မည် ဟု လူပုကလေး သတိပေး ထားချက် ပင် ဖြစ်၏ ။ ထို့ကြောင့် သူ သည် သူ ၏ ကိုယ်အလေးချိန် နှင့် ထပ်တူမျှ သော ကျောက်တုံး တစ်တုံး ကို ကြိုးစ တွင် ချည်၍ အပေါ် သို့ တင်စေ၏ ။ အပေါ် တွင် ရှိသော အစ်ကိုကြီး နှင့် အစ်ကိုလတ် သည် ထို ကျောက်တုံး အား ညီငယ် ၏ အမှတ် ဖြင့် အပေါ် သို့ မဆွဲတင်မူ၍ ကြိုးစ ကို ဓား ဖြင့် ဖြတ် ချ လိုက် ကြလေ၏ ။

ညီအစ်မ သုံးဖော် တို့ အား လည်း ထို အဖြစ်အပျက် အလုံးစုံ ကို မည်သူ့အား မျှ မပြော ကြားရန် သစ္စာရေ တိုက်၍ အစ်ကိုကြီး နှင့် ညီလတ် တို့ သည် နန်းတော် သို့ ခေါ်ဆောင် သွားလေ တော့၏ ။

ထိုအချိန် တွင် ညီငယ်ကလေး သည် သူ ၏ လွတ်မြောက်ရာ နည်းလမ်း ကို စဉ်းစား ၍ နေစဉ် နံရံ ပေါ် တွင် ချိတ် ထားသော ပုလွေ တစ်ချောင်း ကို တွေ့ရှိလေ၏ ။ သူ သည် ထို ပုလွေ အား ယူ၍ မှုတ်ရာ ထောင်ပေါင်း များစွာသော လူပုကလေးများ သည် သူ့ ရှေ့နောက် သို့ စုရုံး ရောက်ရှိ လာကြ၍ မည်သည့် အတွက် ကြောင့် သူတို့ အား ခေါ်သည် ကို မေးမြန်းကြ လေ၏ ။ ညီငယ် ကလေး လည်း သူ့ အား ရေတွင်း ပေါ် သို့ ပြန် ပို့ပေးရန် ပြောကြားလေသည် ။ ထိုအခါ လူပုကလေး များ သည် သူ့ အား ဝိုင်း မ ၍ အပေါ် သို့ မြှောက် လိုက်ရာ ညီငယ်လေး သည် ရေတွင်း နှုတ်ခမ်း ပေါ် သို့ ကျလေ၏ ။

အပေါ် သို့ ရောက် လျှင် ရောက်ချင်း ပင် ညီငယ် သည် နန်းတော် သို့ လျင်မြန်စွာ ပြေး သွား လေ၏ ။ ထိုအချိန် မှာ ပင် အစ်ကိုကြီး ၊ အစ်ကိုလတ် နှင့် ဘုရင့် သမီးအကြီး ၊ အလတ် တို့ စုံတွဲ မင်္ဂလာ ကျင်းပ နေသည် နှင့် ကြုံကြိုက် နေလေ၏ ။ ဘုရင့်သမီးတော်များ မှာ လည်း သူတို့ ၏ အဖြစ်မှန်ကို မည်သူ့အား မျှ မတင်ပြ ရဲကြပေ ။ သူတို့ တင်ပြလျှင် သစ္စာစူး မှာ ကြောက်ရွံ့ ကြသော ကြောင့် ဖြစ်၏ ။

ညီငယ်လေး သည် ထို မင်္ဂလာပွဲ အလယ် သို့ ရောက် သော် မင်းသမီး ညီအစ်မ သုံးဖော် တို့ သည် ပြေးလာကြ လျက် ညီငယ်လေး အား အားကိုးစွာ ဖြင့် ဖက်၍ ထားကြ လေ၏ ။ ညီငယ် သည် လည်း မင်းသမီးများ လက်ဆောင် ပေးသော ပစ္စည်းများ ကို တင်ပြ၍ အလုံးစုံသော အဖြစ်အပျက်များ ကို ဘုရင်ကြီး အား လျှောက်ကြား ရာ ဘုရင်ကြီး သည် အစ်ကိုကြီး နှင့် အစ်ကိုလတ် တို့ အား သ,တ်စေလေ၏ ။

ညီငယ်ကလေး ကို မူကား သမီးတော်များ ၏ အသက် အား ကယ်ပေးခဲ့သူ ဖြစ် သဖြင့် ညီငယ်လေး ကြိုက်နှစ်သက်သော ညီမတော် အငယ်ဆုံး နှင့် လက်ဆက် ကာ အိမ်ရှေ့စံ ရာထူး အပ်နှင်းလေတော့ သတည်း ။

◾စောလွင်ဦး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၈ ၊ မေ

#ကိုအောင်နိုင်ဦး

.

Wednesday, March 29, 2023

ပိုင်သူ စံရှား


 ❝ ပိုင်သူ စံရှား ❞


ဟို ... ရှေးရှေးတုန်း က ရွာကလေး တစ်ရွာ မှာ မောင်စံရှားဆိုတဲ့ သူငယ်လေး နဲ့ မပန်း ဆိုတဲ့ မိဘမဲ့ မောင်နှမ နှစ်ယောက် နေကြ သတဲ့ ။ 


မောင်စံရှား ဟာ သူ့ ရဲ့ ညီမလေး မပန်း ကို ရေထမ်း ရောင်း လုပ်ကျွေး ရှာ ရင်း မောင်နှမ နှစ်ယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နဲ့ နေထိုင် စားသောက် နေရ ရှာ သတဲ့ကွယ် ။ 


တစ်နေ့ တော့ မပန်းလေး ဟာ တခြား ရွာ က လူပျိုကောင်လေး တစ်ယောက် နဲ့ ချစ် ကြိုက်ပြီး လိုက်ပြေးပါရောတဲ့ ။ မောင်စံရှား ခမျာ မှာ တော့ သူ အင်မတန် မှ ချစ် ရှာ တဲ့ ညီမလေး မပန်း ဟာ သူ့ ကို ပစ်ပြီး ခွဲထွက် သွားတော့ ဝမ်းနည်းပြီး တစ်ယောက် ထဲ ပဲ နေရ ရှာတာပေါ့ ။ 


မပန်းလေး နဲ့ ရတဲ့ ကောင်လေး က လည်း နှယ်နှယ်ရရ မဟုတ်ဘူး ဆိုပဲ ။  လေးဂွပစ် ဘယ်လောက်များ တော် သလဲ ဆိုရင် မပန်း ရဲ့ နားရွက်ဖျား မှာရှိတဲ့ အပေါက်ကလေး ထဲ ကို အလွန် နူးညံ့တဲ့ ဝါဂွမ်းလုံးလေးတွေ နဲ့ လေးဂွ ပစ် လိုက် ရင် နားရွက် အပေါက်လေး ထဲ ကို တည့်တည့်မတ်မတ် ပဲ ဝင် ဝင်သွားသတဲ့ ကွယ် ။ ပစ်တိုင်း တစ်ချက် မှ မလွဲဘူး တဲ့ ။ အဲလို ပစ်ပြီး တိုင်း ၊ ပစ်ပြီး တိုင်း မပန်းလေး ကို “ ငါ လို လူ ဤဇမ္ဗူမှာရှိရဲ့လား ” လို့ မေးသတဲ့ ။ မပန်းလေး က လည်း သူ့ လင် မေးတိုင်း “ ရှင့် လို လူ ဤ ဇမ္ဗူ မှာ ပြိုင်စံ ရှားတယ် ” လို့ ပြန်ပြန် ပြောနေရ ရှာ သတဲ့ ကွယ် ။ 


ကြာတော့ လည်း မပန်းလေး ဟာ အဲဒီလို ချည်း ပြော ပြောနေရတာ ကို စိတ်ညစ် လာ တာပေါ့ ။ ဒါပေမယ့် မပြောဘဲ လည်း မနေရဲ တော့ မေးတိုင်း ပဲပြန် ပြန် ပြော နေရ ရှာတယ် ကွဲ့ ။ 


တစ်နေ့ တော့ မပန်းလေး ရဲ့ ယောက်ျား မရှိ တုန်း မောင်စံရှား ရောက်လာ ရော တဲ့ ။ မပန်းလေး က လည်း သူ့ အစ်ကို ကို တွေ့ရင် ပဲ ပြေး ဖက်ပြီး ဝမ်းသာအားရ နဲ့ ကြိုဆိုရှာတာပေါ့ ။ နောက်ပြီး သူ စိတ်ညစ်နေရတဲ့ အကြောင်း ကို လည်း မောင်စံရှား ကို ငိုပြီး တိုင်လိုက် သတဲ့ ။ 


မောင်စံရှား လည်း မပန်း ရဲ့ တိုင်ကြားချက် ကို ကြား ရတော့ သူ အင်မတန် မှ ချစ်တဲ့ ညီမလေး ကို စိတ် ဆင်းရဲအောင် လုပ်တဲ့ လူ ကို ဒေါပွ သွားပြီး သူ့ ရဲ့ ညီမလေး ကို “ ဒီတစ်ခါ ညီမလေး ရဲ့လင် က ခါတိုင်း လို မေးရင် ရှင့် လို လူ ဤဇမ္ဗူ မှာ ရှိပါတယ် ” လို့ ပြောလိုက်ဖို့ မှာပြီး မခွဲချင် မခွာချင်နဲ့ပဲ ပြန်သွား ရှာ သတဲ့ ။ 


နောက် တစ်နေ့ မှာ မပန်းလေး ရဲ့ ယောက်ျား က ထုံးစံအတိုင်း လေးဂွ နဲ့ ပစ်ပြီး မေး လိုက်တယ် ဆိုရင်ပဲ မပန်းလေး ဟာ မောင်စံရှား မှာ ခဲ့တဲ့ အတိုင်း “ ရှင့် လို လူ ဤ ဇမ္ဗူ မှာ ရှိပါ တယ် ” လို့ ကြောက်ကြောက်ရွံ့ရွံ့ နဲ့ ပဲ ပြောချလိုက် တော့ လေးဂွသမားလေး ဟာ မပန်းလေး ကို သိပ်ပြီး ဒေါပွ သွားတာ ပေါ့ ။ တစ်ခါမှ သူ့ ကို ဒီလို မပြောဖူးတော့ အံ့အား လည်း သင့် သွားမိ သတဲ့ ။


လေးဂွသမားလေး လည်း မျက်နှာ ညှိုးငယ်စွာ နဲ့ ပဲ “ ငါ့ လို လူ ဤ ဇမ္ဗူ မှာ ရှိတယ် ဆိုရင် အဲဒီ လူ ကို ငါ အခု ချက်ချင်း လိုက်ရှာတော့မယ် ” ဆိုပြီး မပန်းလေး ကို တစ်ယောက် ထဲ ထား ခဲ့ပြီး ထွက်သွား သတဲ့ ။ တော်တော်လေး သွား မိတော့ အလွန် ထူ တဲ့ တောကြီး ထဲ မှာ လူကလေး တစ်ယောက် ဟာ ပက်လက် အိပ်ပြီး မိုးပေါ် ကို မြား နဲ့ ချိန် နေတာ ကို တွေ့ပါရောတဲ့ ကွယ် ။ ဒါနဲ့ သူ လည်း အနား ကို ကပ်သွားပြီး “ ဒီမှာ မိတ်ဆွေ ၊ ပက်လက် လှန်ပြီး မိုးပေါ် ကို ဘာဖြစ်လို့ မြား နဲ့ ချိန် နေရတာလဲ ” လို့ မေး လိုက်တော့ မြားသမားလေး ဟာ ပက်လက် ကနေ ထ ပြီး သူ ဟာ ငှက် တစ်ကောင် ကောင် ရဲ့အသံ ကို ကြားရရုံ နဲ့မြား နဲ့ မလွတ်တမ်း ပစ်နိုင်ကြောင်းပြောပြသတဲ့ ကွယ် ။ နောက်ပြီး လေးဂွသမားလေး ကို “ ဒီမှာ မိတ်ဆွေ ကျုပ် လို လူ ဤ ဇမ္ဗူမှာ ရှိရဲ့လား  ” လို့ မေးလိုက် သေးသတဲ့ ။ ဒီတော့ လေးဂွသမားလေး က လည်း “ ဒီမှာမိတ်ဆွေ ကျုပ် လည်း အစ တုန်း က ခင်ဗျား ထင် သလို ကျုပ် လို လူ ဤ ဇမ္ဗူ မှာ မရှိဘူးလို့ ထင်ခဲ့တဲ့ လူပါ ။ ဒါပေမယ့် ကျုပ် ရဲ့ မိန်းမ က “ ကျုပ်လို လူ ဤ ဇမ္ဗူ မှာ ရှိပါလေရဲ့ ” လို့ ဆိုတာ နဲ့ ကျုပ်လည်း အခု အရှာ ထွက် ခဲ့တာပေါ့ ။ ခင်ဗျား လို လူ လည်း ဤ ဇမ္ဗူ မှာ ရှိပါလိမ့်မယ် ” လို့ ပြန်ပြီး ပြောလိုက် သတဲ့ ။ မြားသမားလေးလည်း လေးဂွ သမားလေး ရဲ့စကား ကို ကြားရတော့ ဒေါပွသွားပြီး “ ကျုပ် လို လူ ဤ ဇမ္ဗူမှာ ရှိတယ် ဆိုရင် အဲဒီ လူ ကို ကျုပ် လည်း လိုက် ရှာတော့မယ် ” လို့ ပြန် ပြောပြီး နှစ်ယောက်သား ရှေ့ ကို ခရီး ထွက်ခဲ့ ကြပြန်ရောတဲ့ ။ 


နှစ်ယောက် သား ထွက်လာ လိုက်ကြတာ အလွန် ထူထပ်တဲ့ တောအုပ်ကြီး တစ်တော ထဲ ရောက်သွားကြ သတဲ့ ။ အဲဒီ တောကြီး ထဲ မှာ အင်မတန် မှ ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင် ကို လူကလေး တစ်ယောက် ဟာ လက် နှစ်ဖက် နဲ့ အသာကလေး ဆွဲ နှုတ် လိုက်တာ ကို တွေ့ လိုက် တော့ သူတို့ နှစ်ယောက် ဟာ အံ့အား သင့်သွားကြ သတဲ့ ။ ဒါနဲ့ပဲ သူတို့ လည်း အနား ကို ကပ်သွား ပြီး “ ဒီမှာ မိတ်ဆွေ ဒီလောက် တောင် ကြီးမားလှတဲ့ သစ်ပင်ကြီး ကို ဘာ လုပ်ဖို့များ နှုတ် နေရတာ လဲ ” လို့ မေး လိုက်တော့ အဲဒီလူကလေး က သူ ဟာ ဒီလို ကြီးမားတဲ့ သစ်ပင်ကြီးတွေ ကို လိုက် နှုတ်ပြီး ထင်းခွဲ ရောင်းစား နေရတဲ့ လူ ဖြစ်ကြောင်း ပြန် ပြောလိုက်သတဲ့ ကွယ် ။ နောက်ပြီး တော့ အဲဒီ လူ က ပဲ “ ကျုပ် လို လူ ဤဇမ္ဗူ မှာ ရှိရဲ့လား ” လို့ လည်း မေး လိုက်သေး သတဲ့ ။ လေးဂွသမား နဲ့ မြားသမားလေးတို့ ကလည်း သူတို့ ရဲ့ အစွမ်းသတ္တိတွေ ကို ထုတ် ပြောပြပြီး “ ကျုပ် တို့ ဟာ ကျွန်ုပ် တို့လို လူ ဤ ဇမ္ဗူ မှာ ရှိတယ် ဆိုတာ သတင်း ကြားလို့ လိုက်ရှာနေ တဲ့ လူတွေ ဖြစ်ပါတယ် ။ ခင်ဗျား လို လူ လည်း ဤ ဇမ္ဗူမှာ ရှိပါလိမ့်မယ် ” လို့ တစ်ဆက်တည်း ပြော လိုက်ကြရောတဲ့ကွယ် ။ 


ထင်းရောင်းသမားလေး ကလည်း သူတို့ ပြော စကား ကိုကြား တော့ ဒေါသ ထွက် သွား တာပေါ့ ။ “ ဒါဖြင့် ကျုပ် လို လူ ဤ ဇမ္ဗူ မှာ ရှိတယ် ဆိုရင် အဲဒီ လူ ကို လိုက်ပြီး ရှာမယ် ” ဆိုပြီး လေးဂွ သမား နဲ့ မြားသမားတို့နောက် ကို လိုက်ခဲ့ သတဲ့ ။ ၃ - ယောက်သား ခရီး ထွက်လာလိုက်ကြတာ တောအုပ် နဲ့ ခပ်လှမ်းလှမ်း ကို ရောက်တယ် ဆိုရင်ပဲ သူတို့ နဲ့ မနီးမဝေး နား က ရိပ်ခနဲ ရိပ်ခနဲ ပြေး နေတဲ့ လူ တစ်ယောက် ရဲ့အရိပ် ကို မြင် လိုက်တော့ ၃ - ယောက် စလုံး ကြောက်သွားကြ သတဲ့ ။ နောက်တော့ မြားသမားလေး က အရဲ စွန့် ပြီး “ အို ... မိတ်ဆွေ ။ ဘယ်ရပ် ဘယ်ဌာန ကို သွား မလို့ပါလဲ မိတ်ဆွေ ” လို့ အသံ ပြုလိုက် သတဲ့ ။ နောက်တစ်ခါ လူ တစ်ယောက်ရဲ့ အရိပ် ကို ရိပ်ကနဲ မြင်ကြရပြီး သူတို့ ရှေ့နား မှာ မတ်တပ် ရပ် နေတာ ကို သူတို့ လည်း အံ့အား သင့်ပြီး ကြည့် နေ မိကြသတဲ့ ကွယ် ။ နောက်တော့ အဲဒီ လူ ကပဲ သူ ဟာ အရှေ့မိုးကုပ်စက်ဝိုင်း နဲ့ အနောက် မိုးကုပ်စက်ဝိုင်း ကို တစ်နေ့ ကို ၃ - ခေါက်ကျ စာပေးစာယူ လုပ်နေရတဲ့ စာပို့လုလင်လေး ဖြစ်ကြောင်းကို ပြန်ပြီး ပြောပြ သတဲ့ ။ နောက်ပြီး သူ က “ ကျုပ် လို လူ ဤဇမ္ဗူ မှာ ရှိရဲ့လား မိတ်ဆွေ တို့ ” လို့ မေးလိုက်သေးသတဲ့ ။


အဲဒီတော့ သူတို့ ၃ - ယောက်သား ကလည်း တစ်ယောက် စီ ရဲ့ အစွမ်းတွေ ကို ထုတ် ဖော်ပြောပြပြီး “ ကျုပ် တို့ လည်း အစတုန်းက မိတ်ဆွေ လို ပဲ ကျုပ်တို့ လို လူ ဤ ဇမ္ဗူ မှာ မရှိဘူးလို့ ထင်ခဲ့ကြတာပေါ့ ဗျာ ။ နောက်တော့ ကျုပ်တို့ လို လူ ဤ ဇမ္ဗူ မှာ ရှိလေရဲ့လို့ သတင်း ကြား ရလို့ အခုလို ထွက်ပြီး ရှာ နေ ကြတာပါ ။ ခင်ဗျား လို လူ လည်း ဤ ဇမ္ဗူမှာ ရှိပါလိမ့်မယ် ” လို့ ပြောလိုက် ကြသတဲ့ ။ 


စာပို့လုလင်လေး လည်း သူ့ မိတ်ဆွေတွေ ရဲ့ စကား ကို ကြား ရတော့ ဒေါပွ သွားပြီး “ ကျုပ် လည်း ကျုပ် လို လူ ကို လိုက်ရှာမယ် ” ဆိုပြီး သူတို့ နဲ့ အတူ ထွက်ခဲ့ကြပြန်ရော တဲ့ ။ 


မိုးချုပ် သွား တာတောင် မိတ်ဆွေ ၄ - ယောက် ဟာ မနားဘဲ လရောင် ၊ ကြယ်ရောင် လေးတွေ ရဲ့ အလင်းရောင် နဲ့ ခရီး ထွက် လာ လိုက်ကြတာ ဗြုန်း ဆို သစ်ပင် တစ်ပင် ရဲ့ ခြေရင်း မှာ ငုတ်တုတ် ထိုင်ပြီး မိုး ပေါ် ကို ကြည့် လိုက် ၊ မြေကြီး ကို ငုံ့ ကြည့်ပြီး လက်ညှိုး နဲ့ ဟိုခြစ် ဒီခြစ် လုပ် နေတဲ့ လူ တစ်ယောက် ကို သွားတွေ့ကြ ပြန်ရော တဲ့ ကွယ် ... ။ 


အဲဒါနဲ့ မိတ်ဆွေ ၄ - ယောက်သား အဲဒီ လူ နား ကို ကပ်သွားပြီး ၊ “ ဒီ က မိတ်ဆွေ က မိုး ကိုကြည့် လိုက် ၊ မြေကြီး ကို ကြည့်လိုက် နဲ့ ဘာများ လုပ်နေတာပါလဲ ” လို့ မေးလိုက်ပြန် သတဲ့ ။ 


အဲဒီ လူ က လည်း ငုတ်တုတ် ထိုင် နေရာ က ထ ပြီး သူ ဟာ နက္ခတ်ဗေဒင်ဆရာ ဖြစ် ကြောင်း ပြန်ပြီး ပြောလိုက် သတဲ့ ။ 


သူတို့ ၄ - ယောက် ထဲ က စာပို့လုလင်လေး က “ ဗေဒင်ဆရာ ဆိုရင် အခု တွက် နေတာ ဘာ ဟောကိန်း မြင်သလဲ ” လို့ မေးလိုက် ပြန်ရော တဲ့ ကွယ် ... ။ 


ဗေဒင်ဆရာလေး က လည်း သူ အခု တွက် ကြည့်တာ “ ဗာရာဏသီပြည် မှာ ဘုရင့် သမီးတော် နဲ့ အပြေး ပြိုင်ပွဲ ကျင်းပမဲ့ ပြိုင်ပွဲ ရှိကြောင်း သိရတယ် ” လို့ ပြောလိုက် သတဲ့ ။ မိတ်ဆွေ ၄ - ယောက် က လည်း ဗေဒင်ဆရာလေး ရဲ့ စကား ကိုကြားရတော့ “ ဒါဖြင့် ဒို့တစ်တွေ သွားပြီး ပြိုင်ပွဲ ဝင်ရအောင် ” ဆိုပြီး မိတ်ဆွေ ငါးယောက် ဗာရာဏသီပြည် ကို ရှေ့ရှုပြီး ထွက်ခဲ့ကြ သတဲ့ ။ ဗာရာဏသီပြည် ကို ရောက်ရင်ပဲ ဘုရင့် ရှေ့တော် ကို ဝင် ခစားပြီးပြိုင်ပွဲ ဝင်ရန် ရောက်လာကြောင်း ကို အသီးသီး လျှောက်ထားကြ သတဲ့ ။ 


ဘုရင်ကြီး က လည်း ပြိုင်ရန် သဘော တူပြီး သူတို့ ငါးယောက် ထဲ က ဘုရင့်သမီးတော် နဲ့ အပြေးပြိုင် လို့ နိုင်တဲ့ လူ ကို သမီးတော် နဲ့ ပေးစားပြီး ရှုံးတဲ့ လူ ကို အသ,တ်ခံရမယ်  လို့ ပြော လိုက်တော့ သူတို့ ငါးယောက် လည်း သဘောတူ လိုက်ကြ သတဲ့ ။ 


အဲဒါနဲ့ နောက် တစ်နေ့ မှာ လူစွမ်းကောင်း ငါးယောက် ထဲက စာပို့လုလင်လေး နဲ့ ဘုရင့်သမီးတော် တို့ ပြိုင်ကြပါရော ။ ပြိုင်ပွဲ စတယ် ဆိုရင်ပဲ စာပို့လုလင်လေး ဟာ လေအဟုန် လို ပြေး သွား လိုက်တာ ရိပ်ခနဲ ရိပ်ခနဲနဲ့ လူ ကို တောင် မမြင်ရဘူးတဲ့ ကွယ် ။ ခဏပဲ ကြာတယ် ။ စာပို့ လုလင်လေး ဟာ ပန်းတိုင် နဲ့ မနီးမဝေး မှာ ရောက်တော့ မင်းသမီးလေး ဟာ ပန်းတိုင် တစ်ဝက် တောင် မရောက်သေးဘူး တဲ့ ။ ဒါနဲ့ စာပို့လုလင်လေး ဟာ မင်းသမီးလေး ကို တစ်ရေးတမော အိပ်ရင်း စောင့် နေ လိုက်သေး သတဲ့ ။ 


မင်းသမီးလေး က လည်း ပြေးလာ လိုက်တာ စာပို့လုလင်လေး အိပ် တဲ့ နေရာ ထက် ကျော်သွားတော့ စာပို့လုလင် ရဲ့ မိတ်ဆွေ ၄ - ယောက် က သူတို့ မိတ်ဆွေ အိပ်မောကျ နေတဲ့ စာပို့လုလင်လေး တော့ အသ,တ် ခံရတော့မှာ ပဲ လို့ စိတ် ပူပြီး နေရှာ သတဲ့ ။ အဲဒီ အခါမှာ ဗေဒင် ဆရာလေး က မြေကြီး ကို ဟိုခြစ် ဒီခြစ် နဲ့ လုပ် နေပြီး အခု စာပို့လုလင်လေး ရဲ့ ခေါင်းပေါ် တည့်တည့် မှာ မမြင်နိုင်တဲ့ မြွေကြီး တစ်ကောင် မိုး နေလို့ ထ မပြေးနိုင်တော့ဘူး လို့ တွက်လိုက် သတဲ့ ။ ဗေဒင်ဆရာလေး စကား ကို ကြား တော့ မြားသမား ဟာ ချက်ချင်းပဲ စာပို့လုလင် ရဲ့ခေါင်း အထက် နား ဆီ သို့ မှန်းပြီး မြား နဲ့ ပစ် လိုက်တာ မြွေ ကို ထိပြီး စာပို့လုလင် ပေါ်  ပိသွား သတဲ့ ။ အဲဒီတော့ ထင်းရောင်းသမားလေး က လည်း ထ ပြေး သွားပြီး မြွေ ကြီး ကို လက် နှစ်ဖက် နဲ့ မ ပြီး လွှင့်ပစ် လိုက် တာ အစအန တောင် ရှာ မတွေ့တော့ဘူးတဲ့ ကွယ် ... ။ 


အဲဒီအခါ ကျ မှ စာပို့လုလင်လေး ဟာ ထ ပြီး ပြေး လိုက်တာ ပန်းတိုင် ကို မင်းသမီးလေး အရင် ရောက်နှင့် နေ သတဲ့ ။ အဲဒါနဲ့ မင်းသမီးလေး လည်း အရှုံး ပေး လိုက်ရတာပေါ့ ။ နောက် တစ်နေ့ ညီလာခံ မှာ ဘုရင်ကြီးက သမီးတော် နဲ့ စာပို့လုလင်လေး ကို လက်ထပ် မင်္ဂလာပွဲ ကျင်းပဖို့ စီမံ နေတုန်း .. ထင်းရောင်းသမားလေး ဟာ ထပြီး သူ သာ မင်းသမီးလေး ကို ရထိုက်ကြောင်း စာပို့လုလင် နဲ့ မရထိုက်ကြောင်း ကို ပြော သတဲ့ ။ နောက်ပြီး မြွေကြီး ကို သူ က ဖယ် ပစ်လို့ စာပို့လုလင်လေး ထ ပြေးနိုင်တာပါ ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ ဘုရင်ကြီး ကို လျှောက်လိုက်ပြန် သတဲ့ .. ။ 


အဲဒီတော့ မြားသမားလေး ကလည်း အားကျ မခံ သူ သာ‌ မြွေ ကြီး ကို မြား နဲ့ ပစ် လိုက်လို့ ထင်းရောင်းသမားလေး ဖယ်နိုင်တယ် ဆိုတဲ့ အကြောင်းပြချက် ကို လျှောက် တင်ပြီး ဒါကြောင့် သူ သာ မင်းသမီးလေး ကို ရထိုက်တယ် လို့ ရဲရဲဝံ့ဝံ့ နဲ့ပြန် ပြောလိုက် သတဲ့ ။ 


တစ်နေရာ မှာငြိမ်ပြီး နားထောင် နေတဲ့ ဗေဒင်ဆရာလေး က လည်း ထ ပြီး “ မိတ်ဆွေ တို့ အချင်းချင်း အငြင်း မပွားကြပါနဲ့ ခင်ဗျာ ။ ကျုပ် သာ မင်းသမီးလေး ကို ရသင့်ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ကျုပ် ဗေဒင် တွက် ရလို့ သာ မင်းသမီးလေးနဲ့ ခင်ဗျား တို့ အပြေး ပြိုင်ပွဲ ဝင်ဖို့ ဒီကို ရောက်လာရတာပါ ။ နောက်ပြီး မြွေကြီး ကိုလည်း မြား နဲ့ ပစ်နိုင်တာပါ ” လို့ အကြောင်းပြ ရှာ  သတဲ့ ။ 


အဲဒီလိုနဲ့ မိတ်ဆွေ ငါးယောက် အငြင်းပွား နေကြသတဲ့ ကွယ်... ။ 


နောက်ပြီးတော့ ဒီ လူစွမ်းကောင်း ၅ - ယောက် ကို ဒီ ဗာရာဏသီ အထိ ဒီလို စုစည်းမိပြီး ဒီလို ပြဿနာပေါ် လာအောင် လုပ်ဆောင် ပေးပို့ လိုက်တဲ့ မောင်စံရှား ကို ကော ကလေးတို့ မှတ်မိ ရဲ့လား ။ သူ က “ ရှင့် လို လူ ဤ ဇမ္ဗူ မှာ ရှိပါတယ် ” လို့ ပြောခိုင်းတာ နဲ့ သူ့ညီမလေး က လည်း ပြောလိုက်လို့ ဒီ ပြဿနာ ပေါ် လာတယ် ။ အဲဒီတော့ ဘုရင့်သမီး ကို သူ လည်း ပိုင်တယ် လို့ ငြင်းနေပြီ ကွယ် ။ 


ကဲ ... အဲဒီတော့ ကလေးတို့ က ပညာရှိ ပီပီ ဆုံးဖြတ်ပြီး မင်းသမီးလေး ကို မောင်စံရှား ရယ် ၊ လူစွမ်းကောင်း ၅ - ယောက် ရယ် ရှိတဲ့ အထဲ က တစ်ယောက် ယောက် နဲ့ ပေးစား လိုက်ကြပါ တော့ ကွယ် ။ 


◾စောလွင်ဦး


📖 ရှုမဝ မဂ္ဂဇင်း

       ၁၉၅၆ ခု ၊ ဧပြီလ


#ကိုအောင်နိုင်ဦး


.