Showing posts with label မြတ်သင်း. Show all posts
Showing posts with label မြတ်သင်း. Show all posts

Wednesday, June 24, 2026

တိမ်လွှာမိုးဦး


❝ တိမ်လွှာမိုးဦး ❞
    ( မြတ်သင်း )

ကိုစံမောင် တစ်ယောက် ဘတ်စ်ကားစီးခြင်း အတတ်ပညာမှာ အတော်ကလေး ကျွမ်းနေပါပြီ ။

မှတ်တိုင်မှာ ဘတ်စ်ကားတစ်စီး ထိုးဆိုက်ပြီ ဆိုပါတော့ ။ တံခါးပေါက် ဘေးကို သွား ၊ သံကိုင်းကို ကိုင် ၊ ကားဘော်ဒီကို ကျောနဲ့ ကပ်ပြီး ရပ်လိုက်ပါ ။

ကားပေါ်က လူတွေ ဆင်းတာကို စောင့်ပေး ။ စောင့်ပေး ။ လူကုန်ပြီးလား ။ ကိုင်ထားတဲ့ သံကိုင်းကို အားပြု ၊ ကိုယ်ကိုလှည့် ခြေနင်းခုံကို နင်းပြီး ကားထဲကို တစ်ကိုယ်လုံး ပစ်သွင်းလိုက်ပေတော့ ။ ဒီမှတ်တိုင်ရဲ့ ပထမဆုံးခရီးသည် ဆုကြီးကို ဆွတ်ခူးနိုင်သူဟာ ခင်ဗျားပဲ ဖြစ်မယ် ။ ဒါက သင်ခန်းစာ နံပါတ် တစ် ။

“ အပေါက်ဝမှာ ရပ်မနေကြပါနဲ့နော် ၊ ရပ်နေရင်တော့ ကလိထိုးမှာပဲ ... ယားတတ်ယောင် တတ်ရင် နောက်ကို သွားကြ ”

“ နောက်ကို ရောက်အောင် သွားကြပါဗျာ ... နောက်မှာ ကိုက်တတ်တဲ့ အကောင် မရှိပါဘူး ”

စပယ်ယာလေးရဲ့ ပါးစပ်က မန္တန်ရွက်သံကို ကြားလား ။ လက်ကလည်း တက်လာသမျှ ၊ ခရီးသည်တိုင်းကို နောက်ပဲ အတင်းတွန်းလွှတ်နေတာ တွေ့လိမ့်မယ် ။ ဒီတော့ ကားနောက်ပိုင်းမှာ အမြဲတမ်း လူကျပ်နေတယ် ။ ယောင်လို့များ မသွားမိစေနဲ့ ။ ကားရှေ့ပိုင်းကိုပဲ သွား ။ ဒါက သင်ခန်းစာ နံပါတ်နှစ် ။

ရှေ့ကို တရွေ့ရွေ့ တိုးသွားလိုက်တာ ဒရိုင်ဘာ နောက်က စတီးလက်တန်း နားအထိကိုစံမောင် ရောက်သွားတယ် ။ အသက် ဝဝရှူလို့ ရတယ် ။ ကားရှေ့ဘက်ကို မျက်နှာမူပြီး ရပ်လို့ ရတဲ့အတွက် မြင်ကွင်း ကောင်းတယ် ။ အတွန်းအတိုက် နည်းတယ် ။ နောက်ထပ် ဖယ်ပေးစရာ မလိုဘူး ။ ထိုင်ခုံနေရာ ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်လေတော့ ဒီလို ခြေချပြီး ရပ်စရာ နေရာကောင်းလေး ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမယ် ။ ဒီနေရာလေးကို ရောက်အောင် သွားဖို့ ဆိုတာကလည်း အမြဲတမ်း အဖြစ်နိုင်ဘူးလေ ။

ဒါ့ကြောင့် ကိုစံမောင်က ဒါကို သင်ခန်းစာနံပါတ် သုံးရယ်လို့တော့ မသတ်မှတ်ချင်ပါဘူးတဲ့ ။

ဓာတ်တိုင်တွေ ၊ ရောင်စုံဆိုင်းဘုတ်တွေ တရိပ်ရိပ် နောက်ဆုတ်ပြေး နေကြတယ် ။

ကိုစံမောင်ဟာ ဦးဘမြိုင်အိမ်က ပြန်လာတာပါ ။

မတ်တတ်ရပ်ရတာ သက်သောင့်သက်သာ ဖြစ်လာတော့ ဦးဘမြိုင်နဲ့ သူ့တူ ၊ တူမတွေ အကြောင်းကို ပြန်တွေးနေမိသည် ။

“ ယာဉ်စီးခ တစ်ယောက်ကျန်သေးတယ်နော် .. ငွေနှစ်ဆယ်နဲ့ သံသရာကြွေး မတင်ချင်ကြပါနဲ့ ”

စပယ်ယာလေးက အော်နေတယ် ။

သံသရာ ခရီးလမ်းမှာ ကိုစံမောင်နဲ့ ဦးဘမြိုင်တို့ တွေ့ခဲ့ကြပုံကတော့ ဒီလိုပါ ။

မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးမှာ ဦးဘမြိုင်နဲ့ စတွေ့ခဲ့တာပါ ။

အစည်းအဝေက မိန့်ခွန်းတွေ ၊ ရှင်းတမ်းတွေ ၊ ဂုဏ်ပြုလွှာတွေ ၊ ဆုပေးပွဲတွေနဲ့ အိုင်ကျင်းနေတုံး ။

ကိုယ့်သားသမီးထဲက ပညာရည်ချွန် သူလည်း မရှိ ၊ ကိုယ်ကိုယ်တိုင်ကလည်း ဂုဏ်ပြုခံရလောက်အောင် ထူးချွန်းသူ မဟုတ်လေတော့ နောက်ဆုံးက နံရံကို မှီထိုင်ရင်း ဒံပေါက်နဲ့ ရေခဲမုန့် ကျွေးမယ့် အစီအစဉ်ကို စောင့်နေတယ် ။ ဒီလို အချိန်မှာပဲ ဘေးနားမှာ ထိုင်နေတဲ့ ဦးဘမြိုင် နဲ့ စကားစမြည် ပြောရင်း ခင်မင်သွားကြတယ် ။

ကိုစံမောင်က အနောက်ဈေးမှာ နေဖူးကြောင်းပြောတော့ ဦးဘမြိုင်ကလည်း ဘုရင့်ရုံ အနောက်ဘက်မှာ နေဖူးသတဲ့ ။ ဒေါ်အေးဆက် မုန့်ပျားသလက် ၊ ဒေါ်မြိုင်ကြီး မုန့်တီ ၊ တင်မြကြီး ခေါက်ဆွဲ ၊ ပြန်ကြားရေး ပဲထပ်တစ်ရာ အကြောင်းတွေပြောရင်း ပိုပြီး ခင်သွားကြတယ် ( ထမင်းစားချိန်လည် ရောက်နေပြီကိုး ) ။ နောက်တော့ မြို့ထောင့် စေတီဘုရားပွဲ ၊ ဘုံကထိန်ပွဲ ၊ သင်္ကြန်ပွဲတော် ၊ ရေကြည်တော်ကပ်ပွဲနဲ့ ညောင်ရေသွန်းပွဲတွေ အကြောင်း ပြောကြပြန်တယ် ။

ဦးဘမြိုင်က အသက်ခုနှစ်ဆယ်ကျော် ရှိပါပြီ ။ ကျန်းမာဖျတ်လတ် တုန်းပါပဲ ။ ဇာတိမြို့မှာ မီးကြီးလောင်တုန်းက ရန်ကုန်ကို တက်လာခဲ့တာတဲ့ ။ ရန်ကုန် သိမ်ကြီးဈေးမှာ လင်မယား နှစ်ယောက် အထည်ဆိုင် ဖွင့်ဖူးတယ် ။ ဇနီး ဆုံးသွားတော့ အထည်ဆိုင် ဆက်မဖွင့်တော့ဘူး ။ မြို့သစ်မှာ ခြံလေးဝင်းလေးနဲ့ နေတယ် ။

စီးပွားရေးလုပ်ငန်းလည်း မလုပ်တော့ဘူး ။ အတွင်းပစ္စည်းလေးတွေ ထုခွဲရောင်းချပြီး စားနေတယ် ။

ဦးဘမြိုင်မှာ သားသမီးလည်း မရှိဘူး ။ နေ့စဉ် စားသောက်ရေးကိုတော့ တူတွေ ၊ တူမတွေက စီစဉ်ပေးကြသတဲ့ ။ မြို့နယ်အသင်း အစည်းအဝေး ပြီးလို့ လူစုခွဲကြတဲ့ အချိန်မှာတော့ ဦးဘမြိုင်က သူ့ အိမ်လိပ်စာ ပေးပြီး အလည်လာဖို့ ဖိတ်တယ် ။

“ လာဖြစ်အောင် လာပါနော် ၊ ဝတ်ကျေတန်းကျေ ဖိတ်တာ မဟုတ်ပါဘူး ၊ တကယ့်ကို ခင်မင်လို့ ဖိတ်တာပါ ။ ကိုစံမောင်ကို တိုင်ပင်ချင်တာလေး လည်းရှိလို့ပါ ”

ဦးဘမြိုင်ခြံက အတော်လေး ကျယ်ပါတယ် ။ ပိန္နဲပင် ၊ သရက်ပင် ၊ သပြေပင် ၊ ကံ့ကော်ပင်တွေနဲ့ စိမ်းညို့နေတဲ့ ခြံထဲမှာ အဖြူရောင် နှစ်ထပ်တိုက်လေးက နေချင်စဖွယ်ပါပဲ ။ တိုက်ရဲ့ နောက်ဘက်မှာတော့ တန်းလျား တစ်ခု ရှိတယ် ။

ပျဉ်ကာသွပ်မိုး သုံးခန်တွဲ အဆောက်အအုံလေးပါ ။ အဲဒီ တန်းလျားမှာ ဦးဘမြိုင်ရဲ့ တူ ၊ တူမတွေ နေကြတယ် ။ ဦးဘမြိုင်ရဲ့ ညီ ဦးဘခိုင်ရဲ့ သားသမီးတွေပါ ။ မောင့်တင့်လွင် တဲ့ ။ မောင်ကျော်ဇင် တဲ့ ။ မမြခင် တဲ့ မောင်နှမသုံးယောက် တစ်ခန်းစီ နေကြတယ် ။ အစ်ကို နှစ်ယောက်က အိမ်ထောင်ကျပြီး ကြပြီ ။ မမြခင် ကတော့ အပျိုပါ ။

ကိုစံမောင်က ဦးဘမြိုင်နဲ့ တင် မကဘူး ၊ သူတို့လေးတွေနဲ့ပါ ခင်နေပြီ ။ တစ်မြို့တည်းသားတွေကိုး ။ ခံစားချက်ချင်း တူတော့ ရင်းနှီးလွယ်တာပေါ့ ။

ဦးဘမြိုင်နဲ့ စကားပြောရင်း ငြီးငွေ့လာတဲ့အခါ သူတို့ မောင်နှမတွေနဲ့ သွားပြီး စကားဝိုင်းဖွဲ့ ရတယ် ။

ဦးဘမြိုင် ပြောတာတွေက တစ်ခါတစ်ရံ သဘောမပေါက်ဘူး ။ သူတို့ ရှင်းပြမှ ဇာတ်ရည်လည် သွားတာမျိုးလည်း ရှိသည် ။

“ အိမ်တို့ မြေတို့ ဆိုတာ ကိုယ် သေသွားရင် ထားခဲ့ရမှာပဲဆိုတာ သိပါတယ် ၊ ဒါပေမယ့် သင့်တော်တဲ့လူ လက်ထဲကိုတော့ ရောက်စေချင်တယ်လေ ၊ မောင်တင့်လွင် ကတော့ ဦး အပေါ် အတော်လေး ကောင်းရှာပါတယ် ၊ အကျင့်စာရိတ္တ ကလည်း ပြောဖွယ်ရာ မရှိပါဘူး ၊ ဒါ့ကြောင့် ဟောဒီ တိုက်နဲ့ခြံကို မောင်တင့်လွင် ကိုပဲ ပေးခဲ့ချင်တယ် ၊ ကိုစံမောင် က စာချုပ်စာတမ်းလေးတွေ စီစဉ်ပေးစမ်းပါ ”

ကိုစံမောင်နဲ့ တွေ့စတုန်းက ဦးဘမြိုင် ပြောခဲ့တဲ့ စကားပါ ။ ပြောရုံတင် မကဘူး ၊ မောင်တင့်လွင် နဲ့ သဲသဲတို့ လင်မယားကို ရှေ့က တိုက်ပေါ်ခေါ်ပြီး တင်ထားတာလည်း တွေ့တယ် ။ မောင်တင့်လွင်တို့ လင်မယားကို သိပ်ချီးမွမ်းတာပဲ ။ နံနက်လင်းတာနဲ့ နို့ဆန်ပြုတ် ၊ ကွေကာအုပ် ၊ မုန့်ဟင်းခါး  ၊ ကောက်ညှင်းပေါင်း စသဖြင့် အမယ် မထပ်အောင် ကျွေးသတဲ့ ။ ဟင်းချက်ရာမှာလည်း ဦးဘမြိုင် အကြိုက် ခရမ်းချဉ်သီးများများနဲ့ ချက်ကျွေးတယ် ဆိုပဲ ။

ဦးဘမြိုင်ရဲ့ ချီးမွမ်းခန်းက သိပ်တော့ မကြာလှဘူး ။ မောင်တင့်လွင်တို့ လင်မယား တန်းလျားပေါ် ပြန်ရောက်နေတာ တွေ့တယ် ။

“ ကျုပ်က ရှိတဲ့ စည်းစိမ် အကုန် အပ်ခဲ့မယ့် လူပါဗျာ ... ဒီလိုလူကိုတောင် မိသဲသဲက ရွံသေးသတဲ့ ... ကျေးဇူးရှင်တွေ ကျေးဇူးရှင်တွေ ... နေပေါ့ ၊ ရွံပေါ့ သင်းတို့ထိုက်နဲ့ သင်းတို့ကံ ပဲ ”

သဲသဲက ရေအိုးစင်က ရေကို မသောက်ပဲ သူ့ ရေပုလင်းလေးနဲ့ သူ သောက်နေတာကို တွေ့သွားရာက ပြဿနာ စတာတဲ့ ။

ကလေးတွေ ရှင်းပြတာကို နားထောင်လိုက်တော့လည်း သဲသဲကို သိပ်အပြစ် ဆိုစရာ မရှိပြန်ဘူး ။ ဦးဘမြိုင်ရဲ့ အကျင့်ဆန်း နှစ်ခုကြောင့် ဒီပြဿနာ ဖြစ်ရတာ ဆိုကိုး ။ ဦးဘမြိုင်ရဲ့ အကျင့်တစ်ခုက ချွဲသလိပ် ဟပ်ပြီးရင် ထွေးခံထဲကို တစ်ခါတည်း ထွေးမထည့်ဘူး ။ လက်ဖဝါးပေါ်ကို အရင် ထွေးချပြီး သူ့သလိပ်ကို သူ ကျောက်သံပတ္တမြား ကြည့်သလို ကြည့်နေတတ်တယ် ။ ပြီးမှ ထွေးခံထဲကို လက်ခါချပြီး ထည့်တယ် ။

“ သလိပ် ပေနေတဲ့ လက်ကို ဝတ်ထားတဲ့ လုံချည်နဲ့ သုတ်တာပဲ တွေ့တယ် ။ လက်ဆေးတာလည်း မတွေ့ဘူး ”

သဲသဲက ပြောပြတယ် ။ ဦးဘမြိုင်မှာ နောက်ထပ် အကျင့်ဆန်း တစ်ခု ရှိသေးတယ် ။

ရေအိုးထဲက ရေမှာ အောက်လွှာက အေးပြီး အပေါ်လွှာက ပူသတဲ့ ။

ဒီတော့ ရေအေးအေး သောက်ချင်ရင် အထက်အောက် လှန်ပေးရမယ်လို့ ဆိုတယ် ။

“ နေ့ခင်းနေ့လယ် ရောက်ရင် သောက်ရေအိုးထဲကို လက်နှိုက်ပြီး အသကုန် မွှေတော့တာပဲ လေးလေးရဲ့ ... အဲဒါ နေ့တိုင်းဗျ ”

မောင်တင့်လွင်က ပြောတာပါ ။

ဒီလိုဆိုတော့ သဲသဲ တစ်ယောက် သောက်ရေအိုးကရေ မသောက်ဘဲ ရေပုလင်း ဆောင်တာ ဘယ်လွန်ပါ့မလဲ ။ ဘာပဲပြောပြော ဦးဘမြိုင် ကတော့ မောင်တင့်လွင် တို့ကို ငယ်စာရင်း ဖျက်လိုက်ပြီ ။

သူ့ခြံနဲ့ တိုက်ကို အငယ်ဆုံး တူမ မမြခင် ကိုပဲ ပေးတော့မတဲ့ ။ စာချုပ် ပြင်ရေးပေးပါဦးလို့ ကိုစံမောင်ကို ပြောတယ် ။ မမြခင်ရဲ့ မှတ်ပုံတင် နံပါတ်လည်း ပေးမယ် ။ ဒီရက်ထဲမှာတော့ မမြခင် လိမ္မာတဲ့ အကြောင်း ၊ သူ့ကို နင်းနှိပ်ပေးတဲ့ အကြောင်း  ၊ သူ့စွပ်ကျယ်နဲ့ ပုဆိုးတွေကို တစ်ရက်ခြား လျှော်ပေးတဲ့ အကြောင်း ချီးမွမ်းစကားတွေပဲ ကြားနေရတယ် ။

သိပ်တော့ မကြာပါဘူး ။ လေသံပြောင်းသွားပြန်တယ် ။

“ မြခင်လေး တော်လှ တော်လှနဲ့ ယောက်မမြင်းစီး ထွက်တာပဲ ... ငါ့အိမ်က မီးဆိုင်း အရောင်နဲ့ နင့်အကောင်ရဲ့ အသား မဟပ်ဖူးလို့ ပြောပစ်လိုက်တယ် ”

ဦးဘမြိုင် စကားက သိပ်သည်းလွန်းလို့ ကိုစံမောင် နားမလည် နိုင်အောင် ဖြစ်သွားတယ် ။ တန်းလျားက စကားဝိုင်း ရောက်မှ လိပ်ပတ်လည်တော့တယ် ။

မနှစ်က မြို့ထောင့် ဘုရားပွဲချိန်မှာ မမြခင် ဇာတိမြို့ကို ပြန်တယ် ။ အဲဒီမှာ မောင်စိုး ဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ လူငယ်တို့ဘာဝ ချစ်ကြိုက်မိကြတယ် ။

မောင်စိုးက အခု ရန်ကုန်ကို လိုက်လာတယ် ။ ဒါကို ဦးဘမြိုင် သိသွားတဲ့ အတွက် သဘောမတူလို့ ဒေါသူပုန် ထနေတာတဲ့ ။

ငါ့အိမ်က မီးဆိုင်း အရောင်နဲ့ နင့်အကောင်ရဲ့ အသား မဟပ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ကို လင်းစမ်းပါဦးလို့ မေးတော့ ဦးဘမြိုင်တိုက် မျက်နှာကြက်မှာ ရောင်စုံမီးဆိုင်း တစ်ခု တပ်ထားသတဲ့ ။ ခရမ်းရောင် ၊ ပန်းရောင် ၊ အစိမ်းနုရောင် ၊ တစ်ရိပ်ရိပ် ပြေးနေတာကို ဦးဘမြိုင်က သဘောကျလွန်းလို့ ဧည့်သည် လာရင် တခြား မီးချောင်းတွေ ပိတ်ပြီး အကြည့်ခိုင်းတတ်သတဲ့ ။ ( သူ့ဇနီးရှိတုန်းက ဦးဘမြိုင် အဲသလို လုပ်ရင် ကိုဘမြိုင်ကလည်းတော် ၊ ဧည့်သည်ကို မှောင်ထဲ အထိုင်ခိုင်းထားပြန်ပြီ လို့ ပြောတတ်သတဲ့ )

“ မောင်စိုး ဆိုတာ သူပဲ လေးလေးရဲ့ ”

မမြခင်က ကိုစံမောင်ကို သူ့ရည်းစားနဲ့ မိတ်ဆက်ပေးတယ် ။

“ မင့်အသားကလည်း မည်းသကိုးကွ ။ စိန်ဗေဒါကြီး အသားအရောင် အတိုင်းပဲ ။ ဒီတော့ ဘကြီးရဲ့ မီးဆိုင်းအရောင်နဲ့ ဘယ်လိုက်ပါ့မလဲ ”

မောင်တင့်လွင်က သူ့ယောက်ဖလောင်းကို နောက်ပြောင်ရင်း ပြောတော့ မောင်နှမတွေ ဝိုင်းရယ်ကြတယ် ။ မောင်စိုး ကလည်း သွားအဖွေးသားနဲ့ ရယ်နေတယ် ။

မောင်စိုးကို မီးဆိုင်းရောင်အောက် အဝင် မခံမှတော့ မမြခင်ကို ခြံနဲ့ အိမ် ပေးမယ့် စီမံကိန်းလည်း ပျက်ပြီပေါ့ ။

မောင်ကျော်ဇင် တို့မှာ သုံးနှစ်အရွယ် သမီးလေး တစ်ယောက် ရှိတယ် ။ နာမည်က စံပယ်ပွင့် တဲ့ ။ တွတ်တီးတွတ်တာ ပြောတတ်တဲ့ အရွယ်ပေါ့ ။

အဲဒီ မြေးလေးကို ချစ်လွန်းလို့တဲ့ ။ ခြံနဲ့ တိုက်ကို မောင်ကျော်ဇင်တို့ လင်မယားကိုပဲ ပေးတော့မတဲ့ ။

ဦးဘမြိုင်က ကိုစံမောင်ကို တိုင်ပင်ပြန်တယ် ။

“ ဒီမှာ လေးလေး .. ဘကြီး စိတ်ချမ်းသာသလို လုပ်ပါစေ ... ကျွန်တော်တို့မှာ မိဘလည်း မရှိတော့ဘူး ။ ဆွေမျိုးကြီး အကဲဆိုလို့ ဒီဘကြီး တစ်ယောက်ပဲ ရှိတော့တာ ၊ ဘကြီးကို ပြုစုနေရရင် ကုသိုလ်ရနေတာပဲ ၊ ဒီခြံနဲ့ တိုက် ကိုလည်း ဘယ်သူမှ မမက်ဘူး ၊ ဘကြီး ပေးချင်တဲ့ လူပေး ၊ မောင်နှမတစ်တွေ ဘယ်တော့မှ စိတ်ဝမ်းမကွဲဘူး ၊ ကျွန်တော်တို့က ရန်ကုန်မှာနေတာ ဘကြီး ရှိနေသခိုက်ပဲ ... အချိန်တန်ရင် အားလုံး ဇာတိမြို့ကို ပြန်ကြမှာ ”

မောင်နှမတွေ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝိုင်းပြောကြမှ ကိုစံမောင် ခေါင်းထဲမှာ ပေါ့သွားတယ် ။

“ အဝိုင်းပတ်မယ် ... တန်းတွေ ၊ ကွင်းတွေ ကိုင်ထားကြပါ ”

ကားပေါ်မှာ မတ်တတ်ရပ်ရတာ ကြာလာတော့ ခြေတစ်ဖက်က ထုံပြီး ကျဉ်လာတယ် ။

ဆင်းရမယ့် မှတ်တိုင်ကလည်း ဝေးသေးတော့ ထိုင်စရာ ရှာဦးမှ ။

ကိုစံမောင်ရဲ့ ဘယ်ဘက်မှာ သံဃာခုံ ရှိတယ် ။ ဘုန်းကြီးတက်မလာတဲ့အတွက် တီရှပ်နဲ့ ချာတိတ် တစ်ယောက် ထိုင်နေတယ် ။ နားကြပ်နဲ့ အေးအေးလူလူ သီးချင်းနားထောင်နေပုံထောက် တော့ ဆင်းမယ့် လက္ခဏာ မရှိသေးဘူး ။

ညာဘက်ခုံမှာတော့ မိန်းမဝဝကြီး တစ်ယောက် ထိုင်နေတယ် ။ ရေပုလင်းနဲ့ ပိုက်ဆံအိတ်ကို ကြမ်းပေါ်က ခြင်းထဲ ထည့်တယ် ။ ပြီးတော့ ခြင်းကို ယူပြီး ပေါင်ပေါ်တင်တာ တွေ့တယ် ။

ဘတ်စ်ကားစီးခြင်း အတတ်ပညာမှာ အတော်လေး ကျွမ်းနေတဲ့လူ မဟုတ်လား ။

ဒီအဒေါ်ကြီး ရှေ့မှတ်တိုင်မှာ ဆင်းတော့မယ် ဆိုတာ သေချာပေါက် သိတာပေါ့ ။

ကိုစံမောင် ရှေ့တန်းကို လက်လွှတ်လိုက်တယ် ။ တန်းရှည်ကို ပြောင်းကိုင်တယ် ။ “ ညာလှည့် ” လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲက အမိန့်ပေးပြီး ခြေထောက်က နာခံလိုက်တယ် ။ အဒေါ်ကြီးရဲ့ ခုံရှေ့ လက်တန်းကြားက ကွက်လပ်ကို ကိုယ်လုံးနဲ့ ကွယ်ထားလိုက်တယ် ။ အဒေါ်ကြီး ထလိုက်တာနဲ့ ဝင်ပြီး ထိုင်လိုက်ရုံပဲ ။ အသင့် အနေအထားမှာ ရှိနေတယ် ။

ဒါပေမယ့် ထင်သလောက်တော့ မလွယ်ဘူး ။ အဒေါ်ကြီးက ကိုစံမောင်ကို တစ်ချက် မော့ကြည့်ပြီး မျက်နှာ လွှဲသွားပြန်တယ် ။ သမင်လည်ပြန် လှည့်ပြီး နောက်ပိုင်းက ခရီးသည်တွေ ကြားထဲကို လှမ်းကြည့် နေပြန်တယ် ။ တော်တော် ကြာအောင် ကြည့်ပြီးမှ အော်ပြောလိုက်တယ် ။

“ ဟဲ့ ... ဟိုနောက်က အင်္ကျီနီနဲ့ ကလေးမ ဒီမှာ လာထိုင် ” တဲ့ ။

ကြည့်စမ်း ။ ခဏတာ ထိုင်ခဲ့ရတဲ့ ခုံနေရာလေး တစ်ခု အတွက် အဒေါ်ကြီး တစ်ယောက် ဗျာများနေလိုက်ပုံ များတော့ ။

မောင့်တင်လွင်တို့နဲ့ တွေ့မှ ပြောပြရဦးမယ် ။

“ မင်းတို့ ဘကြီးကို အပြစ်တင်စောလို့ မဖြစ်သေးဘူး ကလေးတို့ရေ ... ကားပေါ်မှာ လေးလေး တွေ့ခဲ့ရတဲ့ ဖြစ်ရပ်လေးက ဒီလို ... ဒီလို ”

မောင့်တင်လွင်တို့နဲ့ ဆုံစည်းရမယ့် ပျော်စရာ စကားဝိုင်းလေးကို မြင်ယောင်မိရင်း ကိုစံမောင် တစ်ယောက် မိန့်မိန့်ကြီး ပြုံးနေလိုက်တာ ခြေတစ်ဖက် ထုံနေတာကိုတောင် မေ့သွားသတဲ့ ။

▢  မြတ်သင်း
📖 မုသားပျားရည် နှစ်စက်

Friday, June 27, 2025

ခရမ်းရောင် ခရုလေးများ


 

❝ ခရမ်းရောင် ခရုလေးများ ❞
       ( မြတ်သင်း )

အစွဲအလမ်းများ တယ် ခက်သကိုး ။ ခဏတစ်ဖြုတ် လက်ဖက်ရည်ဆိုင် ထိုင်တာတောင်မှပဲ ထိုင်နေကျ စားပွဲ မှာ ထိုင်ရမှ ။ တကယ်တော့ ဒီ ဆိုင်မှာ မှ ထိုင်ချင်တယ် ဆိုတာ ကလည်း အစွဲအလမ်း တစ်ခုပါပဲ ။ အေးလေ ၊ မိုးလင်းလာတာ နဲ့ လက်ဖက်ရည်လေး တစ်ခွက်တော့ သောက်ရမှ ဆိုတာကလည်း စွဲလမ်းတဲ့ စိတ် ပဲ မဟုတ်လား ။

ဒီနေ့နံနက် လမ်းလျှောက် အပြန် ထုံးစံအတိုင်း ငုဝါလမ်း က ရွက်နု လက်ဖက်ရည်ဆိုင် မှာ ဝင် ထိုင်တယ် ။ ထိုင်နေကျ ဖြစ်တဲ့ ကောင်တာ ဘေး က စားပွဲ မှာပဲ ထိုင်လိုက်တယ် ။

“ ဝမ်းတီးပူပူလေး ”

ဂျိတ်သိုး က စားပွဲ ဘေးမှာ လာရပ်ရင်း အော် လိုက်တယ် ။ ဒါနဲ့ “ ဟေ့ကောင် လက်ဖက်ရည် မမှာနဲ့ ဦး ။ အေးကုန်လိမ့်မယ် ။ မုန့် အရင် စားဦးမယ် ” လို့ ပြော ရတယ် ။ ဂျိတ်သိုး က အလွန် နပ်တဲ့ကောင်ပဲ ။ ဘာမုန့် စားချင်တယ် ဆိုတာ ပြောစရာမလိုဘူး ။ ကျွန်တော် ထပ်တရာ စားမယ် ဆိုတာ သိပြီးသား ။

“ ဝမ်းတီးဘရိတ် ၊ ပလာပဲလုံး နဲ့ တစ်ပွဲ ၊ ကြက်သွန်ကြော်ပါမယ် ” လို့ တစ်ဆက်တည်း အော်လိုက်တယ် ။

ဝမ်းတီးဘရိတ် ဆိုတာ စောစောက မှာတဲ့ လက်ဖက်ရည် ကို မဖျော်နဲ့ဦး ၊ ရပ်လိုက်လို့ ပြောတာ ။ ပလာတာ ( ကျွန်တော်တို့ အညာအခေါ် ထပ်တရာ ) နဲ့ စားဖို့အတွက် ဒီ ဆိုင်မှာ ပဲ နှစ်မျိုး ရှိတယ် ။ စားတော်ပဲပြုတ် ကို ချေပြီး ပြန်ချက်ထားတာ ရှိသလို ဒီအတိုင်း ဆီဆမ်း ပေးတာလည်း ရှိတယ် ။ ကျွန်တော် ဆီဆမ်း ပေးတာ စားနေကျမို့ ပဲလုံးတစ်ပွဲ လို့ မှာလိုက်တာပါ ။ အဲ ချက်ပဲ ဆိုရင် ကြက်သွန် ( အနီ ) ကြော် ဖြူးပေးလေ့ ရှိပေမယ့် ပဲလုံး မှာ ကြက်သွန်ကြော် ထည့် မပေးဘူး ။ ဒီတော့ ကျွန်တော်က ကြက်သွန်ကြော် တောင်းဦးမယ် ဆိုတာ သိတဲ့ အတွက် ကိစ္စ ငြိမ်းအောင် ဂျိတ်သိုး က “ ကြက်သွန်ကြော်ပါမယ် ” လို့ တစ်ပါတည်း ထည့် အော်လိုက်တာပါ ။

ဂျိတ်သိုး ခါးမှာ ထိုးထားတဲ့ အဝတ်ကို ဖြုတ်ပြီး စားပွဲ သုတ်တယ် ။ ရေနွေးကရား ထဲ မှာ ရေနွေး ရှိ မရှိ မ ကြည့်တယ် ။ ပြီးမှ ခေါင်း ကို မသိမသာ ညွတ်ပြီး တခြား စားပွဲ ကို ရွှေ့သွားတယ် ။

ဂျုံကောင်းကောင်း သုံးတဲ့ အတွက် မုန့်ကောင်းတာ ၊ လက်ဖက်ခြောက်ကောင်းကောင်း သုံးတဲ့ အတွက် လက်ဖက်ရည် ရော ရေနွေးကြမ်းပါ ကောင်းတာ ၊ ဒါတွေကတော့ ဒီ ဆိုင်ရဲ့ ထူးခြားချက်တွေပါပဲ ။

အဲ မထူးခြားတာကတော့ စားပွဲထိုးတွေပါ ။

ဒီဆိုင်က စားပွဲထိုးတွေ ကလည်း တခြား ဆိုင်တွေက စားပွဲထိုးတွေ လိုပါပဲ ။ အားလုံး ချာတိတ်လေးတွေပါ ။

တစ်ခါတစ်ရံ နံနက်စောစော ရောက်လာရင် စားပွဲ တစ်လုံး မှာ စုထိုင်ပြီး ချာတိတ်တွေ ထမင်းကြော် စား နေတာ တွေ့ရပါတယ် ။ စားတော်ပဲပြုတ် နဲ့ ထမင်း နဲ့ ကြော်ပြီး ဆိုင်ရှင် က ကျွေးတာပါ ။ တစ်မိထဲ က ပေါက်ဖွားလာတဲ့ ညီအစ်ကိုတွေ ကို ကြည့်ရ သလိုပါပဲ ။ တစ်ယောက် ကို တစ်ယောက် နောက်လိုက် ပြောင်လိုက် နဲ့ ထမင်းစား နေတာ ကြည်နူးစရာပါပဲ ။ သူတို့ အဖို့တော့ တစ်နေ့တာ အလုပ်စခန်း ဝင်ဖို့ အတွက် ကိုယ်ခံအား ကောင်းအောင် ပြင်ဆင်နေကြတဲ့ သဘောပါ ။ စွပ်ကျယ် လက်စက ၊ ဘောင်းဘီတိုလေးတွေ နဲ့ ခဏ ကြာရင် ဟိုစားပွဲ ကနေ ဒီစားပွဲ ကို သံပတ်ရုပ်လေးတွေ လို ကူးသန်းလှုပ်ရှားကြရတော့မှာ မဟုတ်လား ။
ညီအစ်ကိုတွေ လို့ ထင်ရပေမယ့် မတူခြားနား တဲ့ အရပ်တွေ က လာခဲ့ကြတဲ့ ကလေးတွေပါ ။ ဒီဆိုင်မှာ စားပွဲထိုး ငါးယောက် ရှိတယ် ။ မောင်ခြိမ့် က အကြီးဆုံး ၊ ဂျိတ်သိုး က အငယ်ဆုံး ၊ ကျန်တဲ့ ကလေးသုံး ယောက်ကတော့ သံလုံး တဲ့ ၊ မောင်ထွန်း တဲ့ ၊ မောင်ချို တဲ့ ။

“ မောင်ခြိမ့် ရေ ၊ အမွှေးတိုင် ပါ ထွန်းလိုက်ဦးဟေ့ ”

ဘုရားစင် မှာ ဘုရားပန်း လဲနေတဲ့ မောင်ခြိမ့် ကို ဆိုင်ရှ င်က လှမ်းပြောတယ် ။ ဘုရားစင် က မြင့် တော့ စားပွဲ ပေါ်မှာ ခုံ ဆင့်ပြီး ခုံ ပေါ် ကနေ တက် ကပ်ရတယ် ။ ဆွမ်း ၊ သစ်သီး ကပ်တာ ၊ သောက်တော်ရေ လဲတာ မောင်ခြိမ့် ပဲ ။ နံနက်တိုင်း လုပ်တယ် ။ မောင်ခြိမ့် က အညာသား ပေမယ့် အသားလတ်တယ် ။ နေတာ ထိုင်တာ ဣန္ဒြေရတယ် ။ သူ့ ဇာတိ ကတော့ ညောင်ဦးနယ် ထဲကပါ ။

“ ကိုယ်ယိမ်းနေတာပဲကွာ ”

ဘရိတ်ကီ ရဲ့ တေးသွား စည်းချက်နဲ့ အတူကိုယ်ကို တွန့်လိမ်လှုပ်ရှားရင်း စားဖိုခန်း က ထွက်လာ တဲ့ သံလုံး ကို မောင်ခြိမ့် က လှမ်း အော်လိုက်တယ် ။ သံလုံး ကို ကြည့်လိုက်ရင် အမြဲပဲ လှုပ် နေတတ်တယ် ။ ကြိုး နဲ့ တွဲလောင်းဆွဲ ထားတဲ့ ဂတ်စ်မီးခြစ်လေး ကို တောင် လက်ဖက်ရည် ချရင်း အသွားအပြန် ခေါင်း နဲ့ တိုက်ပစ်ခဲ့တာချည်းပဲ ။ သံလုံး က တောင်သာနယ် က လာတာ ။ အသားညိုညို ၊ မျက်နှာလေးထောင့် နဲ့ သူ့ အသက် နဲ့ စာရင် အရပ်အမောင်း ထွက်တယ် ။ တစ်ရက်မှာတော့ သံလုံး က လက်ဖက်ရည် တွေ ကို အချ ဧည့်သည် က လက်မြှောက်လိုက်တော့ တိုက်မိပြီး လက်ဖက်ရည်ခွက်တွေ မှောက်ကုန်တယ် ။

“ ဟေ့ကောင် ဘယ်လို လုပ်လိုက်တာလဲကွ ။ ဒီမှာ ပေကုန်ပြီ ”

စားပွဲ ပေါ်မှာ လက်ဖက်ရည်တွေ အိုင်ထွန်း သွားတယ် ။ ပန်းကန် လည်း များတာကိုး ။

သံလုံး က စားပွဲ ကို အဝတ် နဲ့သုတ်တယ် ။ ဒီတော့မှ ပိုဆိုးသွားတယ် ။

“ အမယ်လေး ပူလိုက်တာကွာ ။ ပုဆိုး လည်း ရစရာ မရှိတော့ဘူး ။ မင်း ဘယ်လို ကောင်လဲကွ ။ ဒီလောက်မှ မသိတတ်ဘူးလား ။ တယ်လေ ၊ ငါ လုပ်လိုက်ရ ”

ဆယ်နှစ်အရွယ် ချာတိတ်လေး ကို ထိုးတော့ မလို ၊ ကြိတ်တော့ မလို ဒေါမာန်ပွားနေတဲ့ ဧည့်သည် လူကြီးမင်း ကို တစ်ဆိုင်လုံး က ဝိုင်း ကြည့်နေကြတယ် ။ အဲဒီဝိုင်း နား ကို မောင်ထွန်း ရောက်လာပြီး သံလုံး ကို အသာ တွန်းဖယ် လိုက်တယ် ။

“ မတော်လို့ပါ ခင်ဗျာ ၊ တောင်းပန်ပါတယ် ”

မောင်ထွန်း က လက်အု ပ်ချီပြီး တောင်းပန်တယ် ။

ပြီးတော့ ထိုင်ချလိုက်ပြီး လူကြီးမင်း ရဲ့ ခြေဖမိုး ကို အဝတ် နဲ့ သုတ်ပေးတယ် ။ ဆိုင်ရှင် ကရော ၊ တစ်ဝိုင်းတည်းသားတွေ ကပါ ဝိုင်းပြီး တောင်းပန်ကြတော့ လူကြီးမင်း လည်း စိတ်အဖုအထစ် ပြေပျောက်သွားပါတယ် ။

မောင်ထွန်း က သာယာဝတီ ဘက် က ရောက်လာတဲ့ ကလေး ပါ ။ အသားညိုညို ၊ ဆံပင်ကောက်ကောက် ၊ ပါး မှာ ပါးချိုင့်ကလေး နဲ့ ။ သဘောကောင်း ပြီး အပြောညက်တယ် ။ ဆိုင်ရှင် က အပြင်မှာ ခိုင်းစရာ ရှိရင် မောင်ထွန်း ကို ပဲ လွှတ်တယ် ။ အနား က အိမ် တွေ ၊ ဆိုင်တွေ ကို မုန့် ၊ လက်ဖက်ရည် ပို့ဖို့ ရှိရင် မောင်ထွန်း ပဲ ပို့ရတယ် ။ မောင်ထွန်း ကလည်း အပေါင်းအသင်း ကောင်းလိုက်ပုံများတော့ ဆိုက်ကားဆရာ နဲ့ လည်း အဖွဲ့ကျတာပဲ ။ အပြင်က လက်ဖက်ရည် ပို့ပြီး ပြန်လာရင် ဆိုင်ထဲ ကို တန်းဝင်မလာဘူး ။ ဆိုင်ရှေ့ ဆိုက်ကားဂိတ် မှာ သောင်တင် နေလိုက်သေးတယ် ။ ဆိုက်ကား လက်ကိုင် ပေါ် မေးတင်ပြီး ဂလိုင် ကို “ ကလင် ... ကလင် ” မြည်အောင် လှုပ်နေတတ်တယ် ။ ဆိုက်ကားဆရာ ကလည်း မောင်ထွန်း ရဲ့ ခေါင်းကို ပွတ်ပေးလို့ အကြည်ဆိုက် နေလိုက်ကြတာ ။ သားအဖတွေ ကျနေတာပဲ ။ ဆိုင်ရှင် က လှမ်း ခေါ်မှ မဝင်ချင် ဝင်ချင် ဝင်လာတတ်တယ် ။

ဆိုင် မှာ လူရှင်းတဲ့ အချိန်ဆိုရင် မောင်ထွန်း က ကျွန်တော့် ကို လည်း စကား လာပြောတတ်တယ် ။

“ ဘဘ မောင်ချို လေ မနေ့က ငိုတယ် သိလား ”

တစ်ရက် မှာ မောင်ထွန်း က ပြောတယ် ။

“ ဘာဖြစ်လို့လဲ ”

ကျွန်တော် က ပြန် မေးလိုက်တယ် ။ မောင်ချို ဘာကြောင့်များ ငိုပါလိမ့် ။ မောင်ချို က ရွှေဘိုနယ် က လာတာ ။ အသားညိုညို ၊ မျက်စိမှေးမှေး ၊ သွားခပ်ကြီးကြီးနဲ့ပါ ။

“ ဆိုင် ရှေ့မှာ နွားတွေ ဖြတ်မောင်းသွားတယ် ဘဘ ရဲ့ ။ အဲဒါ မောင်ချို က ပြေးထွက်ပြီး အကြာကြီး ကြည့် နေတယ် ။ ဘာဖြစ်လို့ ကြည့်တာလဲ လို့ မေးတော့ နွား မမြင်ရတာ ကြာလို့တဲ့ ။ ပြီးတော့ ရွာ ကို လွမ်းလို့ ဆိုပြီး တရှုပ်ရှုပ် ငိုနေတယ် ”

အကျိုးအကြောင်း စုံစုံလင်လင် သိချင်လို့ မောင်ချို ကို ကျွန်တော် လှမ်းခေါ်တယ် ။ မောင်ချို က မလာဘူး ။ မျက်နှာ ပျက်နေတယ် ။ ခေါင်းယမ်း ပြပြီး တခြား စားပွဲတွေ နားမှာ သွားပြီး ရှောင်နေတယ် ။

“ မောင်ချို လာမှာ မဟုတ်ဘူး ။ ဝိုင်း စကြလို့ သူ ရှက်နေတယ် အဘ ရဲ့ ”

ဂျိတ်သိုး က ပြောတယ် ။ ဂျိတ်သိုး က စားပွဲထိုး တွေ ထဲမှာ အငယ်ဆုံး ချစ်စရာ အကောင်းဆုံးပါ ။ ကျွန်တော်မို့ ဆိုင်ထဲ ဝင်လာတာနဲ့ “ ဝမ်းတီးပူပူလေး ” လို့ သူများထက် ဦးအောင် အော်တတ်တဲ့ ကလေးပါ ။ သူ က အိမ်မဲ ဘက် က လာတာ ။ အသားညိုညို မျက်နှာဝိုင်းဝိုင်း ၊ မျက်လုံးဝိုင်းဝိုင်း နဲ့ သနားကမားလေးပါ ။ ဂျိတ်သိုး တစ်ယောက် လူကြီးဂိုက် ဖမ်းပြီး ဟန်တစ်လုံး ၊ ပန်တစ်လုံး စကား ပြောရင် အင်မတန် ကြည့်ကောင်း ပါတယ် ။ ရယ်စရာ လည်း ကောင်းတယ် ။ ဂျိတ်သိုး က သူ့ ဟာ သူ လုပ်တာလား ။ အဖော်တွေ က လုပ်ပေးတာ လား မဆိုနိုင်ဘူး ။ သနပ်ခါးပါးကွက် ကွက်ပြီး နှာခေါင်းထိပ် မှာ လည်း သနပ်ခါး တစ်ပြောက် တင်ထား တတ်တယ် ။ ဘဲမြီးဆံပင်ထိပ် ကိုလည်း အပေါ်ကော့ ထောင် နေအောင် ဖြီးထားတတ်တယ် ။

“ နှာခေါင်းထိ ပ်မှာ သနပ်ခါးကွက် ထားတာ က ဘာသဘောလဲကွ ” လို့ မေးရင် ဂျိတ်သိုး က ဘယ်တော့မှ မဖြေဘူး ။ ဗိုက် ရှေ့မှာ လက်နှစ်ဖက် ကို ယှက် ပြီး ကိုယ်ကို ယိမ်းလို့ ပြုံးစေ့စေ့ လုပ်နေတတ်တယ် ။

“ အဲဒါ ဂျိတ်သိုးစတိုင်လ် လေ ” လို့ မောင်ထွန်း က သူ့ ကိုယ်စား ဝင် ဖြေပေးတတ်တယ် ။

တစ်နေ့မှာတော့ ဂျိတ်သိုးခေါင်း မှာ အနာချွန်း တွေ ထွက်နေတာ တွေ့တယ် ။ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်တာ နဲ့ အမှတ်တမဲ့ပဲ နေလိုက်မိတယ် ။

နောက် တစ်ရက် မှာတော့ ဂျိတ်သိုး ရဲ့ခေါင်း တစ်ခုလုံး ခရမ်းရောင်တွေ ၊ အနီရောင်တွေ ပွလို့ ၊ အနာတွေ ကလည်း ပို ဆိုးလာတယ် ။ သဖန်းသီးတွေ လို ပဲ ၊ ရဲမှည့် နေတယ် ။ အနာရှိန်ကြောင့် မျက်နှာ မှာ လည်း ယောင်ကိုင်းလို့ ။ ညကတဲ့ ကလေး အချင်းချင်း ဆေး လိမ်းပေးကြတာတဲ့ ။ အဲဒါ ဆေး မှားပြီး လိမ်းမိလို့ ခုလိုဖြစ်သွားတာတဲ့ ။ ဖြစ်မှ ဖြစ်ရပလေ ၊ မသေကောင်း ၊ မပျောက်ကောင်း မိဝေးဖဝေးမှာ ကလေးတွေ ဖြစ်ချင် သလို ဖြစ်နေကြတာပဲ ။ ဂျိတ်သိုး ကတော့ ငိုမလို ရှုံ့မဲ့ နေတယ် ။

“ ကျွန်တော် ဆေးခန်း မှာ ပြပေးပါတယ် ။ ဒီနေ့လည်း သွား ပြမှာပါ ”

ဆိုင်ရှင် က ပြောပြတယ် ။

နောက်နေ့တွေ မှာတော့ ဂျိတ်သိုးလေး ကို ဆိုင်မှာ မတွေ့ရတော့ဘူး ။ အိမ်မဲ ကို ပြန်သွားပြီ လို့ ပြော တယ် ။ နေမှ ကောင်းရဲ့လား ။ ဆိုင် ကို ရောက်တိုင်း ဂျိတ် သိုး ကို မတွေ့ ရတဲ့ အတွက် စိတ် ထဲမှာ တစ်မျိုးချည်းပဲ ။ ဟာတာတာ နဲ့ ။ “ ဝမ်းတီး ပူပူလေး ” လို့ ဂျိတ်သိုး ရဲ့ အော်သံလေး ကို ကြားယောင်နေမိတယ် ။

“ စားရမဲ့ သောက်ရမဲ့ဖြ စ်ပြီး ဆင်းရဲလို့ ရောက် လာတဲ့ ကလေးတွေ များပါတယ် ။ တချို့လည်း အစ်ကို က ရန်ကုန် မှာ အလုပ် လာ လုပ်လို့ အစ်ကို နဲ့ အတူ လိုက်လာတာ လည်း ရှိတယ် ။ အိမ်က ထွက်ပြေး လာတဲ့ ကလေးလား ၊ ရှိချင် ရှိမယ် ။ ကျွန်တော် တော့ မတွေ့ဖူးဘူး ”

ရန်ကုန် လက်ဖက်ရည်ဆိုင်တွေ မှာ တွေ့ရတဲ့ ကလေးတွေ အကြောင်း ဆိုင်ရှင် က ပြောပြတယ် ။ ကလေးတွေ ကို ဆိုင်တွေ မှာ လိုက်အပ်တဲ့ ပွဲစားတွေ လည်း ရှိသတဲ့ ။ ဘုန်းကြီးကျောင်း က ကျောင်းသားလေးတွေ ကို သွေးဆောင်ပြီး ဆိုင် ကို ပို့တတ်သတဲ့ ။ တချို့ ဝိသမသမားတွေ ကတော့ ကိုရင်လေးတွေ ကို တောင် ဖျားယောင်းပြီး လူထွက် ခိုင်းတာမျိုး လည်း ရှိသတဲ့ ။ ဆိုင်ရှင် က ပြောပြနေတယ် ။
ဆိုင်ရှင် ပြောတဲ့ စကားတွေ ကို နားထောင်ရင်း တစ်ခါတုန်း က လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ကို သွား သတိရမိတယ် ။

  ••••• ••••• •••••

မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေး မှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ရှိခဲ့ပါတယ် ။ ဆိုင်းဘုတ် မရှိ ၊ ဆိုင်နာမည် မရှိပါဘူး ။ ဆိုင်ရှင်နာမည် ကို အစွဲပြုပြီး “ စိန်ကောင်း လက်ဖက်ရည်ဆိုင် ” လို့ပဲ ခေါ်ကြတယ် ။

“ ဟိုကောင်ကွာ တော်တော် ရှုပ်တဲ့ကောင် ။ သတင်းစာ ထဲက ပိုက်ဆံပုံတွေ ဖြတ်လာပြီး ငါ့ ကို ပေး သွားတယ် ။ တခြားလူ ကို ပြန် အမ်းမိရင် မကောင်းဘူး ကွ ။ ရှုပ်ကုန်လိမ့်မယ် ”

အဲဒီအချိန်တုန်းက ငွေစက္ကူ အသစ် ထုတ်ရင် သတင်းစာ ထဲမှာ ငွေစက္ကူပုံ နမူနာ ဖော်ပြပါတယ် ။ အဲဒီ ငွေစက္ကူပုံ ကို ဖြတ်လာပြီး ကျောင်းသားတစ်ယောက် က သူ့ ဆိုင်မှာ သုံးသွားလို့ ကိုစိန်ကောင်း က ပြောတာပါ ။ နောက်ပြောင်တဲ့ သဘောနဲ့ လုပ်တာပါ ။ အဲဒီ ကျောင်းသား ကပဲ ငွေစက္ကူအစစ် ပေးပြီး ပြန်လဲလို့ ကိုစိန်ကောင်း သိတာပါ ။ ကိုစိန်ကောင်း တို့ မိသားစု က ကျောင်းသားတွေ ရဲ့ ဆိုးမျိုးကို အတော်လေး ခံရပါ တယ် ။ ကိုစိန်ကောင်း က တရုတ်အမျိုးသား ပေမယ့် မြန်မာဆန်ပါတယ် ။ သူ့ ဇနီးက လည်း မြန်မာအမျိုးသမီး တစ်ယောက်ပါပဲ ။

“ မင်းတို့ ငါ့ အဖေ ကို တရုတ်ပြည် အကြောင်း တွေ လာလာ ပြောပြီး မနောက်ကြနဲ့ကွ ။ သူ တကယ် စိတ်ညစ်နေတယ် ”

ကိုစိန်ကောင်း ရဲ့ အဖေ တရုတ်ကြီး က အသက် ခုနှစ်ဆယ် ကျော်လောက် ရှိပါပြီ ။ တရုတ်ပြည်ပေါက် အဘိုးကြီး ပါ ။ ခပ်နောက်နောက် ကျောင်းသားတွေ က အဘိုးကြီး ကို တရုတ်ပြည် အကြောင်းတွေ ( ဟုတ်တာရော ၊ မဟုတ်တာရော )ပြောပြီး ပြောင်ကြ ၊ စကြပါတယ် ။ ဒီအချိန်မှာ ဆိုရင်ဖြင့် ယန်စီမြစ် ထဲမှာ လှေပြိုင်ပွဲ ကျင်းပနေပြီ ဖြစ်တဲ့ အကြောင်း ၊ လမုန့်ပွဲတော် နီးပြီ ဖြစ်တဲ့ အကြောင်း ၊ ရိုးရာပူဇော်ပွဲမှာ မိသားစုတွေ ဘယ်လို ဆင်နွှဲကြတဲ့အကြောင်း ၊ ငါးထပ်တောင် မှာ ဆီမီး မငြိမ်းတဲ့အကြောင်း ၊ ဆောင်းလလယ်ပွဲတော် ဟာ ဖြင့် အလွန် သာယာကြောင်း စသဖြင့် တဖွဲ့တနွဲ့ ပြောကြတယ် ။ ကြာတော့ တရုတ်ကြီး ဟာ သူ့ မွေးရပ်မြေ ကို လွမ်းပြီး ငိုင်တိုင်တိုင် ဖြစ်လာတယ် ။ ဒါကြောင့် ကိုစိန်ကောင်း က သူ့ အဖေ ကို မစကြ ၊ မပြောင်ကြ ဖို့ ပြောတာပါ ။ တရုတ်ကြီး က အရွယ်အို ပေမယ့် အံ့ဩ လောက်အောင် ကျန်းမာတယ် ။ တောက်တက် တောက်တက် နဲ့သွားရင်း အလုပ် လုပ်နေတာပဲ ။ စားပွဲသုတ် ၊ မီးထိုး ၊ လှုပ်ရှား နေတာပဲ ။ ထိုင် နေတာ တွေ့ရခဲတယ် ။ ကိုစိန်ကောင်း ကလည်း လက်ဖက်ရည် ဖျော်လိုက် ၊ ငွေသိမ်းလိုက် အလုပ် လုပ်နေတာပဲ ။ ဆိုင် မှာ စားပွဲထိုး နှစ်ယောက် ရှိတယ် ။ ကိုခင်မောင် တဲ့ ၊ ကိုနီ တဲ့ ။ နှစ်ယောက်လုံး ကျွန်တော် တို့ ထက် အသက်ကြီးတယ် ။

ကိုခင်မောင် က ကျွန်တော်တို့ နဲ့ ပို လုံးတယ် ။ တစ်ခါတစ်ရံ ညနေစောင်း မှာ ကျွန်တော်တို့ နဲ့ ယမကာ ဝိုင်းဖွဲ့လို့ရတယ် ။ သူ က ပန်းကန် ဆေးရင်း ကိုစောညိန်း ရဲ့ သီချင်းလေးတွေ ကို ညည်းတတ်တယ် ။

“ ဪ မဖိုစုံလင် × × × ခွန်းတုံ့တင်လို့ × × × ကျေးငှက်ရွှင်လို့ × × × သိုက်ဝင်ရိပ်နန်း ၊ နွေဦးဆန်းဝယ် × × × ခေါ်တမ်း ကြင်နာ × × × ဘာသာလူနှယ် ၊ ဥသြငှက်ကလေးတို့ရယ် × × × ဟို ပင်ယံရွှေယင်းမာ က × × × တေးသံသာဖွဲ့ကာ ကျီစယ် × × × ရယ်ရွှင်ပါလို့ မောင့်ကို ညွှန်းသည့်နှယ် × × × ပူဝဋ်ကြွေးရယ်နဲ့ ၊ ဆွေးရတဲ့ မိန်အကျန်ဝယ် × × × ရော်ရွက်ဝါတို့ သက်ကြွေဆဲဝယ် × × × ဖော်နည်းသူမို့ မျက်ရည်ဝဲပြီကွယ် × × ×

ကိုနီ ကတော့ တစ်မျိုး ၊ စာဖတ်ဝါသနာ ပါတယ် ။ တစ်ရက် မှာ ဆရာမင်းကျော် ရဲ့ လှိုင်ဝတ္ထုကြီး ကို ဆိုင် ထဲ မှာ ကျွန်တော် ဖတ်နေတယ် ။ ( အဲဒီတုန်းက ပုဂံစာအုပ်တိုက် က ဆရာမင်းကျော် ရဲ့ စာအုပ်တွေ လှိုင်လှိုင် ထုတ်နေတဲ့အချိန်ပါ )

“ မင်းကျော် စာအုပ်လား ၊ ပြစမ်းပါဦး ကြည့်စမ်း ဘယ်နှစ်လုံး ပါလဲ ရှာကြည့်ရအောင် ”

ကိုနီက လက်ဖက်ရည် လာချရင်း ပြောတယ် ။ ဆရာမင်းကျော် ရဲ့ စာတွေထဲ မှာ “ ကြည့်စမ်း ” ဆိုတဲ့ စကားလုံး မကြာမကြာ သုံးလေ့ ရှိတာကို ရည်ညွှန်းပြီး ပြောလိုက်တာပါ ။ ကိုနီ စာဖတ်နာပုံ ကို အံ့သြ နေမိတယ် ။

တရုတ်အဘိုးကြီး နဲ့ ပတ်သက်လို့ မှတ်မိနေတာ တစ်ခု ရှိသေးတယ် ။ ဒီတုန်းက ဆိုင် ထဲကို ကလေး တစ်ယောက် ဝင်ဝင် လာတတ်တယ် ။ မယောင်မလည် နဲ့ စားပွဲတွေ နားမှာ ရစ်သီ ရစ်သီနဲ့ ။ ဒီ ကလေး ဝင်လာတိုင်း အဘိုးကြီး က မောင်းထုတ်တတ်တယ် ။

“ ဟေ့ကောင် သွား သွား မလာနဲ့ ”

ကလေး က လာမြဲတိုင်း လာတာပဲ ။ တစ်ရက် မှာတော့ အဘိုးကြီး က ကလေးရဲ့ နားရွက် ကို တအား ဆွဲလိမ်တယ် ။

“ အား နာလိုက်တာ ၊ နာလိုက်တာ ”

ကလေး က ရှုံ့မဲ့ပြီး အော်နေတယ် ။ ဇက်ကလေး လည်း စောင်း နေရှာတယ် ။ အဘိုးကြီး က ကလေးရဲ့ နားရွက်ကို လိမ်ဆွဲရင်း ဆိုင်ပြင် ကို ခေါ် ထုတ်သွားတယ် ။

“ သွား ၊ နောက် မလာခဲ့နဲ့ ။ နောက်တစ်ခါ ဒီထက် နာမယ် ”

ကြောက်သွားတယ် ထင်ပါရဲ့ ။ နောက်ထပ် ဒီကလေး လာတာ မတွေ့တော့ဘူး ။ ဘာလို့ဒီ ကလေး ကို မလာစေချင်ရတာလဲလို့ မေးကြည့်တယ် ။

“ အလကား ရှုပ်ရှုပ်ယှက်ယှက် ကျောင်းလစ် လာတဲ့ ကောင်တွေ ၊ လူ လစ်ရင် ပိုက်ဆံ နှိုက်မယ် ။ မုန့် ယူ ပြေးမယ် ။ မလာရဲအောင် နှိမ်ထားမှ ”

ရေနီမြောင်းဘေး လက်ဖက်ရည်ဆိုင်လေး ရဲ့ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစလေးတွေပါ ။

••••• ••••• ••••• 

ရွက်နုလက်ဖက်ရည်ဆိုင် ကို မကြာမကြာ ရောက်ပါတယ် ။

တီဗွီဂိမ်း ထဲ က အရုပ်တွေ လို လွန်းထိုးလှုပ်ရှား နေတဲ့ ကလေးတွေ ကို ကြည့်ရင်း ဒီ ဆိုင်မှာဖြင့် ကလေးတွေ များလိုက်တာ ၊ ရေနီမြောင်း က ဆိုင် မှာတော့ တရုတ်အဘိုးကြီး က ကလေးတစ်ယောက် လာတာ ကို တောင် မကြိုက်ဘူးနော် လို့ တွေးနေမိတယ် ။

“ ဝမ်းတီးပူပူလေး ”

အသံ တစ်သံ နားထဲ ဝင်လာတယ် ။ ဂျိတ်သိုး များလား ။ ဂျိတ်သိုး ပြန်ရောက်လာပြီ ဆိုပြီး ဝမ်းသာ သွားမိတယ် ။ ဂျိတ်သိုး အသံ မဟုတ်ပါဘူး ။ တခြား ကလေး တစ်ယောက် အသံပါ ။ ဂျိတ်သိုး ပြန်ရောက် မလာသေးဘူး ဆိုပြီး ဝမ်းနည်းမိပြန်တယ် ။

ဒါပေမဲ့ ဒီ ဝမ်းသာမှု ၊ ဝမ်းနည်းမှုတွေ ဟာ အမှန်တရား နဲ့ သဟဇာတ ဖြစ်ရဲ့လား ။ လေးစားကြည်ညိုဖွယ် ဖြစ်ရဲ့လား ။ စက်ဆုပ်ရွံရှာဖွယ်များ ဖြစ်နေရော့လား ။ မဆုံးနိုင်အောင် တွေးတောနေမိပါတော့တယ် ။

  ▢ မြတ်သင်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၀

Thursday, June 12, 2025

ရုက္ခစိုး


 ❝ ရုက္ခစိုး ❞

( မြတ်သင်း )


မူးရိုးဘေး တွင် ကြက်ဆူပင် ဘုတ်စုလေးတွေ တွေ့ရ၏ ။ ရိုးတံဖြူဖြူ ပေါ်တွင် အစိမ်းရောင် မင်ပရဲ ထိုးထားသော ဝပင်များ ကိုလည်း ထိုးထိုးထောင်ထောင် တွေ့ရသည် ။ ရှားစောင်းကြက်လျှာပင်များမှာ လူတစ်ရပ်ခန့် အမြင့်ရှိသည် ။ ဘင်္ဂလားသရက်ပင်ကြီး ကို တွေ့သည်အချိန်၌ မူးရိုး အတိုင်း ဆက် မသွားတော့ဘဲ ဘေးကျင်း ကို ကျော်၍ အရှေ့ဘက် လယ်ကွက် ထဲ သို့ ဆင်းလိုက်၏ ။ ကန်သင်းရိုး အတိုင်း လျှောက်လာလျှင် မာလကာခြံ သို့ ရောက်ပေမည် ။ မာလကာခြံ ကို ကျော်လျှင် ပန်းနုရောင် ဘောလုံးပန်းတွေ ဝေနေသည့် ထိကရုန်းပင်များ အစီအရီ ပေါက် နေသော မြောင်းသွယ်လေး ကို တွေ့ရလိမ့်မည် ။ မြောင်း ထဲ၌ ရေစပ်စပ် သာရှိ၏ ။ မြောင်းသွယ်လေး ကို ဖြတ် လိုက်လျှင်တော့ ဝေဝေ တို့ ခြံသို့ ရောက်လေသည် ။


ခြံတံခါး ရှေ့၌ ကိုဘမြိုင် ရပ်လိုက်သည် နှင့် အတွင်းမှ ခွေးတစ်အုပ် က ဝိုင်း ဟောင်ကြသည် ။ ခွေးအုပ် မှာ မနည်းလှ ။ ဆယ်ကောင်ခန့် ရှိသည် ။


“ ဟဲ့ .. ခွေးတွေ သွားကြစမ်း  ၊ လာလာ ကိုဘမြိုင် ”


ဝေဝေ့ အသံ ကြားတော့ ခွေးတွေ ငြိမ်ကုပ် သွားကြ၏ ။ ဝေဝေ က ခွေးများကို

မောင်းထုတ် လိုက်ရင်း ခြံတံခါး ကို ဖွင့်ပေးသည် ။ ရွက်လှပင် လမ်းလေးအတိုင်း ဝေဝေ က ဦးဆောင်၍ ခေါ်သွားသည် ။ သုံးပင်နှစ်ခန်း ထရံကာ သက်ကယ်မိုး အိမ်ကလေး ကို မြင်ရတော့ ဝေဝေတို့ ယခင် နေခဲ့သော “ သိင်္ဃရတနာ ” ဆန်စက်ဝင်း ထဲမှာ တိုက်အိမ်ကြီး ကို သတိရမိသည် ။


အိမ်ကလေး ၏ ရှေ့၌ အဖီ ချပြီး ထန်းရွက် မိုးထားသည် ။ စားပွဲ တစ်လုံးကို အလယ်တွင် ချပြီး တန်းလျား နှစ်ချပ် ခင်းထားသည် ။ ထန်းပက်လက် ကု,လားထိုင် တစ်လုံး လည်း ရှိသည် ။


“ ထိုင်လေ ကိုဘမြိုင် ၊ ကိုယုကြိုင် ကတော့ မြောင်းသာကျောင်း ကို ဆွမ်း သွားပို့ နေတယ် ၊ ခဏနေ ပြန် လာမှာပါ ”


ကိုဘမြိုင် ၏ မိခင် နှင့် မိမိ ၏ မိခင် တို့မှာ ညီအစ်မ တစ်ဝမ်းကွဲ တော်စပ်ကြသည် ဖြစ်ရာ ကိုဘမြိုင် နှင့် ဝေဝေ တို့သည် မောင်နှမ နှစ်ဝမ်းကွဲ တော်စပ်ကြ၏ ။


ဝေဝေ ၏ ဖခင် ဦးလွန်းဖေ ကွယ်လွန်သွားစဉ် က စီးပွားရေးလုပ်ငန်း တွေ ကစဉ့်ကလျား ဖြစ်ကုန်တော့မည်လား ဟု ကိုဘမြိုင် အပါအဝင် ဆွေမျိုးသားချင်းများ က စိုးရိမ်ခဲ့ကြသည် ။


ထိုစဉ်က အကြီးဆုံးသမီး ဖြစ်သူ ဝေဝေ တစ်ဦး တည်းသာ အိမ်ထောင်သည် ဖြစ်ပြီး ကျန်သော သား သမီးများ ဖြစ်သော ကိုဆွေ ၊ မြင့်မြင့် နှင့် တင့်တင့်တို့မှာ အိမ်ထောင် မပြုကြသေးပေ ။ တက္ကသိုလ်ပညာ သင်ကြားနေဆဲ ဖြစ်၏ ။


ဦးလွန်းဖေ ကွယ်လွန်သည့် အချိန်၌ ဆန်စက်လုပ်ငန်း အရှိန် ကျနေခိုက် ဖြစ်သည် ။ နွားလှည်းများ မြို့တွင်း သို့ မဝင်ရန် တားမြစ်ထားသော ကာလ ဖြစ်၌ မြို့ထဲ မှာ ရှိသော “ သိင်္ဃရတနာ ” ဆန်စက်သို့ ကျေးလက် မှ

စပါးလှည်းများ မလာရောက် နိုင်ကြတော့ပေ ။


ကျေးရွာများ ၌ ငါးပုံစက်များ ၊ ဟာလာစက်များ မှိုလိုပေါက် လာကြ၏ ။ လယ်သမားများ အနေဖြင့် မြို့ထဲသို့ တကူးတက လာစရာ မလိုတော့ပေ ။ ယင်း စက်ကလေး များမှာ စပါးတစ်တင်း ၊ နှစ်တင်း မှ အစပြု၍ နည်းများ မဆို ကြိတ်ခွဲ ပေးနိုင်ကြသည် ။ သိင်္ဃရတနာ ကဲ့သို့သော ဘွိုင်လာစက်ကြီး များမှာ ထိုသို့ လက်လီစိတ် ဖြင့် ကြိတ်ခွဲ ပေးရန် မဖြစ်နိုင်ပေ ။ စပါး တစ်တင်း ၊ နှစ်တင်း လောက် ကတော့ သိင်္ဃရတနာ ၏ ဘိလပ်ဆန်ခါ အကြိုအကြား ထဲမှာပင် ပျောက်သွားလိမ့်မည် ဖြစ်၏ ။ အိုးမကွာ ၊ အိမ်မကွာ ရွာနေ ပြန်ထိုင် လည်း ဖြစ် ၊ စပါး တစ်တင်း ၊ နှစ်တင်း က အစ ကြိတ်ခွဲပေး နိုင်စွမ်းလည်း ရှိသော စက်ကလေးများ တွင်သာ ဆန် ကြိတ်လိုကြတော့၏ ။ သည်တော့ ဦးလွန်းဖေ ၏ ဆန်စက်ကြီး မှာ ပိတ်သိမ်းရမည့် အခြေအနေ သို့

ဆိုက်ရောက်လျက် ရှိသည် ။ ထို အချိန်မှာပင် ဦးလွန်းဖေ ကွယ်လွန်သွားခြင်း ဖြစ်သည် ။


သည်တွင် ဝေဝေ ၏ အစွမ်းအစ ကို မြင်တွေ့ကြရသည် ။ ဝေဝေ က ဆန်ထွက် ကောင်းပြီး ဆန်လုံး လှရန် အတွက် ဆန်စက် မှ ပစ္စည်း အချို့ကို အသစ် လဲသည် ။


အလုပ်သမားများ က စပါးအိတ် ထမ်း၍ လှေကား မှ တက်ပြီး ဇလား ထဲ သို့ စပါးများ လောင်းထည့် ရသော ယခင် စနစ်ကို ပြုပြင် လိုက်၏ ။ စက်ခါးပတ် တပ်ဆင်၍ စပါးများ အပေါ်သို့ တင်သော စနစ်ကို အစားထိုးသည် ။ ဝေဝေ သည် ကျေးရွာ များ သို့လည်း ကိုယ်တိုင်ဆင်း၍ မိမိတို့ ၏ ဆန်စက် ပြုပြင်ထားပုံ ကို ရှင်းပြ၏ ။ မိမိတို့ စက် သို့ စပါး လာ ကြိတ်ရန် ဖိတ်ခေါ်သည် ။ စပါး ကြိတ်မည့် သူများ ရှိပါက ကား ဖြင့် လည်းကောင်း ၊ ထော်လာဂျီ ဖြင့် လည်းကောင်း အသယ်အပို့ လုပ်ပေး၏ ။ ဆန်ထွက် ကောင်းအောင်လည်း

ကြီးကြပ်ပေးသည် ။ စပါး တစ်ရာ ကြိတ် လျှင် ဆန်တင်း ( ၄၀ ) နှုန်း ထွက်အောင် ကြိုးစား၏ ။ ဆန်စက် အလုပ်သမားများ ၏ သက်သာချောင်ချိရေး ကို လည်း တစ်ဖက်တစ်လမ်း မှ ကြည့်ရှု ပေးသည် ။ 


ထိုစဉ် ဝေဝေ တို့ ကံကောင်းချင်တော့ လမ်းမကြီးများ မှ အပ မြို့တွင်း ရှိ နောက်ဖေးလမ်း အချို့တွင် သက်ဆိုင်ရာ က နွားလှည်း မောင်းခွင့် ပေးလိုက်၏  ။ ဝေဝေတို့ စက်သို့ စပါးလှည်းများ လာရောက်နိုင်သော အခွင့်အလမ်း ပေါ်ပေါက် လာသည် ။ ယင်း ကာလ၌ လောင်စာဆီ ရှားပါးသော ပြဿနာ ကြုံတွေ့ရသည် ဖြစ်ရာ ဒီဇယ်အင်ဂျင် ဖြင့် မောင်းသော စက်ကလေး များ မှာ အလုပ် သိပ် မဖြစ်ကြတော့ပေ ။


စပါးခွံများ ကို လောင်စာ ပြု၍ လည်ပတ်ရသော ဝေဝေ တို့၏ ဘွိုင်လာဆန်စက်ကြီး က ယင်းတို့ ထက် တစ်ပန်း သာလျက် ရှိ၏ ။ ဝေဝေ ၏ ဆက်ဆံရေး ပြေပြစ်မှုကြောင့် ဌာနဆိုင်ရာ စပါးများ လည်း ကြိတ်ခွဲခွင့် ရသည် ။


သို့နှင့်ပင် လေးငါးဆယ်နှစ်ခန့် အတွင်း၌ သိင်္ဃရတနာ သည် လျှမ်းလျှမ်းတောက် အောင်မြင် လာခဲ့တော့၏ ။ သိင်္ဃရတနာ ၏ အုတ်နီခေါင်းတိုင်ကြီး မှ

မီးခိုးဖြူများ တလူလူ ထွက်လျက် ရှိလေသည် ။


ဝေဝေ က မောင်ညီမများ ကို လစဉ်စာရင်း ရှင်းပြ၏ ။ အမြတ် ကိုလည်း

ခွဲဝေပေးသည် ။ ထို ကာလများမှာပင် အငယ်တွေ ကျောင်း ပြီး၍ အိမ်ထောင် အသီးသီး ကျ၏ ။ ဆန်စက်လုပ်ငန်း ကို တော့ ဝေဝေ့ ကိုပင် ကျေကျေနပ်နပ် လွှဲအပ်ထားကြ၏ ။ သို့ရာတွင် ပြီးခဲ့သည့် နှစ်များ အတွင်းမှာ တော့ မွေးချင်းတွေ ကိုယ်တိုင် ကပဲ အရ နည်းသည် ထင် လာ၍ လား ၊ သူတို့ အိမ်ထောင်ဘက်တွေ က သွေးထိုး ပေး၍ လား မဆိုနိုင် ။ အငယ်တွေ က စကား ဆိုလာ ကြ၏ ။ ပြောပုံကတော့ ယဉ်ကျေးပါသည် ။ ဆန်စက်လုပ်ငန်း ကို မမဝေ လုပ်လာခဲ့သည်မှာ ကြာပြီ ဖြစ်၍ အလွန် ပင်ပန်းနေပြီ ဖြစ်ကြောင်း ၊ မိမိတို့ အနေဖြင့် အလွန် အားနာကြောင်း ၊ ထို့ကြောင့် မမဝေ အပန်းပြေစေရန် အတွက် တစ်ပြန်တစ်လှည့် အားဖြင့် မိမိတို့ က တာဝန်ယူ လုပ်ကိုင်ပေးလို ကြောင်း ပြောဆို လာကြ၏ ။


ဝေဝေ ကတော့ အလွန် ပြတ်သားပါသည် ။


မဆိုင်းမတွ ပင် ဆန်စက် ကို အငယ်များ၏ လက်သို့ လွှဲအပ်၏ ။ ထို့ပြင် ဆန်စက်ဝင်း ထဲတွင် ရှိသော တိုက်ပေါ် မှ လည်း ချက်ချင်း ဆင်းလာခဲ့၏ ။


ထွက်တော်မူ နန်းက ခွာပြီး နောက် မြို့နှင့် အလှမ်း ဝေးသော လယ်ကွင်း ထဲ မှ ဤ ခြံကလေး ထဲမှာ ဇနီးမောင်နှံ လာရောက် နေထိုင်ကြသည် ။


“ ရေနွေးကြမ်း သောက်လိုက်ဦးလေ ၊ ဟောဒီမှာ ကျေးလက် အစားအစာ တွေလည်း စားလိုက်ပါဦး ”


ဝေဝေ က ပန်းကန် တစ်ချပ် ကို ကိုင်ရင်း အိမ် ထဲ မှ ထွက်လာသည် ။


“ ဘာတွေများ လုပ်လာတာလဲ ဝေဝေရာ ”


“ မုန့်လက်ဆောင်ခြောက် နဲ့ မြေပဲဆန် ကြော်လာတာပါ ၊ ပူပူနွေးနွေး စားလိုက်ပါဦး ”


မုန့်လက်ဆောင်ကြော် နှင့် မြေပဲကြော် တို့ ကို ပန်းကန် ထဲမှာ တစ်ခြမ်းစီ ထည့် လာရာ အဖြူတစ်ဝက် ၊ အနီတစ်ဝက် နှင့် ကြည့်၍ ပင် ကောင်းသေးတော့သည် ။


ကြွပ်ရွနေသော ပူပူနွေးနွေး အကြော်များ ပေါ်၌ ဆားအနည်းငယ် ဖြူး ထားရာ စား၍ အရသာ ရှိလှ၏ ။


ခဏ နေတော့ ကိုယုကြိုင် ပြန် ရောက်လာသည် ။


ဝေဝေတို့ လင်မယား နှစ်ယောက် နှင့် အတူ ခြံ ထဲ မှာ လျှောက်ကြည့်ကြ၏

 ။ ဝေဝေ က ဖျင်တသက် တစ်ထည်ကို ခေါင်း မှာ ပတ်လိုက်ရာ တကယ့် လယ်သူမကြီး သဖွယ် ထင်ရ၏ ။


စက်ရေတွင်းလေး မှ တုံကင် ဖြင့် တင်၍ ခြံထဲ ရှိ သီးနှံစိုက်ခင်း များသို့ ရေ ပေးဝေသည် ။ မိုးတွင်း မှာတော့ မြောင်းငယ်လေး မှ ရေ ကိုလည်း သွယ်ယူ၍ ရ၏  ။


“ သပြေ က အပင် ငါးရာလောက် စိုက်ထားတယ် ”


အခင်းလိုက် စိုက်ထားသော သပြေပင်များ မှ အညွှန့်ကလေးများ မှာ နီရဲ နေသည် ။ စိုက်ပြီး ခြောက်လ အကြာတွင် အညွှန့်များ စ ချိုးရ၏ ။ တစ်ပတ် တစ်ခါ ချိုးရသည် ။ တစ်ပင် ကို ဆယ်ခက် ၊ ဆယ့်ငါးခက် လောက် ထွက်သည် ။


တစ်ခက် လျှင် လေးကျပ်နှုန်း ရောင်းရ၏ ။


“ ကံ့ကော်တွေ လည်း အပင် သုံးရာလောက် ချထားတယ် ၊ သူတို့ ကတော့ မချိုးရသေးဘူး ၊ ငယ်သေးတယ် ”


ရခိုင်ငှက်ပျောပင် နှစ်ရာခန့် စိုက်ထားရာ ငှက်ပျော တစ်ဖီးလျှင် နှစ်ရာ ၊ နှစ်ရာ့ငါးဆယ် ခန့် ဈေးပေါက်၏ ။ သကြားသရက်မျိုး အပင် နှစ်ဆယ်လောက် လည်း စိုက်ထား၏ ။


တစ်နှစ် နှင့် ခြောက်လ ကြာလျှင် သရက်ပင်များ သီးတော့မည်ဖြစ်၏ ။

သရက်သီး တစ်လုံး လျှင် တစ်ရာကျပ်ခန့် ပေါက်ဈေး ရှိသည် ။ ကွမ်းပင်များ ကတော့ အပင် တစ်ထောင် လောက် စိုက်ထား သော်လည်း မဖြစ်ထွန်းကြပေ ။ ရိုးမဲပိုး ခေါ် ဆစ်ပြုတ်ပိုး ကျ၍ အပင် တော်တော်များများ ပျက်စီး သွားကြ၏ ။


အိမ် စားရန် အတွက် ဆူးပုပ်ကြီး ၊ ဆူပုပ်ကလေး ၊ ကြက်ဟင်ခါး ၊ ချဉ်ပေါင် ၊ ရုံးပတီနှင့် ခရမ်းပင်များ လည်း စိုက် ထားသည် ။


“ ဒီ အပင်တွေ ကို ဝေဝေ တို့ ကိုယ်တိုင် စိုက်တာ ၊ အလုပ်သမား ရယ်လို့  မငှားခဲ့ဘူး ၊ ဝေဝေတို့ အဖော် ရအောင် လိုက် နေတဲ့ မောင်ဌေးအောင် တို့ လင်မယား ကတော့ ကူတာပေါ့လေ ၊ ဝေဝေ တို့ လက်တွေ ပေါက်ပြဲ ကုန်အောင် လုပ်ရတာ ”


ဝေဝေ က ကြမ်းထော် နေသော သူ့ လက်ဖဝါးများ ကို ဖြန့်ပြသည် ။ ယခင်က

တိုက်ကြီး ပေါ်မှာ နုနုနယ်နယ် နေထိုင်ခဲ့သော ဝေဝေ တစ်ယောက် တော ထဲ မှာ ယခု ကဲ့သို့ ပင်ပင်ပန်းပန်း လုပ်ကိုင်နေသည် ကို မြင်တွေ့ ရသော ကိုဘမြိုင် အတော် စိတ်မကောင်း ဖြစ်မိသည် ။


“ ဘာပဲဖြစ်ဖြစ် ဝေဝေ့ ဘဝကို ဝေဝေ ကျေနပ်ပါတယ် ”


ကိုယုကြိုင် က တဲ အနီးရှိ မာလကာကိုင်း ကို နှိမ်၍ မလကာသီး တစ်လုံး ကို ခူးလျက် ရှိသည် ။


“ ကိုဘမြိုင်တို့ အဝေးပြေးကားတွေ ကော အဆင် ပြေပါတယ်နော် ”


“ ပြေပါတယ်ဗျာ ၊ ကိုဘမြိုင် က မုံရွာလိုင်း ထဲ မှာ တောင် မှန်လုံ တစ်စင်း ထပ်ထည့် ထားသေးတယ် ”


ကိုယုကြိုင် က ဝင်ပြော၏ ။ ထန်းရွက်တဲ အောက်မှာ ပြန် ထိုင်ကြသည် ။


ခြံ အရှေ့ဘက် တစ်ခေါ်လောက် ရှိ ကုန်းမြင့်လေး တွင် ဘုရားငုတ်တို တစ်ဆူ ကို ဖူးမြင်ရ၏ ။ လယ်ကွင်းများ ထဲ၌ နွားအုပ်များ ပြန့်ကြဲနေသည် ။ ပပ်ကြားအက် ထဲတွင် ကပ်ပေါက်နေသော မြက်ဖုတ်လေး များ ကို နွားများ က ထိုးဟပ်ပြီး စား နေကြသည် ။


“ ဝေဝေ့ ကို တစ်ခု မေးရဦးမယ် ”


“ ဘာများလဲ ”


ကိုဘမြိုင် က သောက်လက်စ ရေနွေးကြမ်း ပန်းကန် ကို စားပွဲ ပေါ်သို့ တင်လိုက်၏ ။


“ သား က ပြောလို့ပါ ၊ နည်းနည်းလည်း ထူးဆန်း နေ သလားလို့ ”


“ ဘာတဲ့ ၊ ဇော်ဇော် က ပြောတယ် ဟုတ်လား ”


“ ဟုတ်တယ် ၊ သား က ပြောတယ် ၊ အန်တီဝေ က ရုက္ခစိုးကြီးတွေ မြင်မြင် နေရတယ်တဲ့ ၊ အဲဒါ ဖေဖေ မသိဘူးလား တဲ့ ၊ မကြားမိပါဘူးကွာ လို့ပဲ ပြောလိုက်ရတယ် ၊ တကယ်လည်း ကြား မှ မကြားမိဘဲကိုး ၊ အဲဒါ ဟုတ်သလားလို့ပါ ”


မေးခွန်း အဆုံး၌ ဝေဝေ့ ကို တစ်ချက် လှမ်း ကြည့် လိုက်သည် ။ ဝေဝေ့ မျက်နှာ ပေါ်၌ အမူအရာ ပြောင်းသွားခြင်း မရှိပေ ။ အံ့အားသင့် သွားသော ၊ ရှက်ရွံ့သွားသော လက္ခဏာ တစ်စုံတစ်ရာ ကို မျှလည်း မတွေ့ရပေ ။


“ ဇော်ဇော် ပြောတာ အမှန်ပဲ ကိုဘမြိုင် ၊ ကျွန်မ ရုက္ခစိုးကြီးတွေ ကို မြင်မြင် နေရတာ အမှန်ပဲ ”


ဝေဝေ့ စကားကြောင့် ကိုဘမြိုင် ၏ မျက်ခုံးများ မြင့်တက်သွားသည် ။


“ ဘယ်မှာတွေ့ရတာ လဲ ”


“ ဒီလို သွားရင်းလာရင်း နဲ့ တွေ့တာပဲ ၊ အောင်မြေနား က မန်ကျည်းပင် ကြီး မှာ လည်း တွေ့တယ် ၊ ရွာ ထဲက တချို့ မန်ကျည်းပင်ကြီး တွေ မှာ လည်း တွေ့တာပဲ ”


“ ည မှာ တွေ့တာလား ”


“ မဟုတ်ပါဘူး ၊ နေ့ခင်း မှာ တွေ့တာပါ ”


“ ဘယ်လို အဝတ်အစားတွေ နဲ့လဲ ၊ နတ်ဝတ်တန်ဆာတွေ နဲ့လား ”


“ ဒါဖြင့် ပိတ်ဖြူစင်ကြယ် ဝတ်ထားသလား ”


“ မဝတ်ဘူး ၊ ရိုးရိုးပဲ အင်္ကျီတုံးလုံး နဲ့ ပုဆိုး ကတော့ ချည်ပုဆိုး တစ်ပတ်နွမ်း အညိုကွက်ကြီး တွေ ဝတ်ထားတတ်တယ် ၊ ကတုံးနဲ့ အဘိုးအိုကြီးတွေ ကို တွေ့တာ ၊ မန်ကျည်းပင်ရင်း မှာ ထိုင်ပြီး အဝေးကြီး ကို ငေးကြည့် နေတတ် ကြတယ် ၊ ရုပ်ကတော့ ဘကြီးမြ တို့ ရုပ်ရည်မျိုးတွေပဲ ၊ အသားညိုညို ၊ မျက်နှာဝိုင်းဝိုင်း ၊ အရပ်ခပ်ပြတ်ပြတ်နဲ့ ”


“ ရိုးရိုး လူတွေရော မဖြစ်နိုင်ဘူးလား ”


“ မဖြစ်နိုင်ဘူး ကိုဘမြိုင် ရဲ့ ၊ ကျွန်မ စိတ် ထဲက သိနေတယ် ၊ အဲဒါတွေ ဟာ လူ မဟုတ်ဘူး ၊ ရုက္ခစိုးကြီးတွေ ပဲ ဆိုတာ စိတ် ထဲက အလိုလို သိနေတယ် ”


ကိုယုကြိုင် က ကန်တော်ထန်းလျက်ဖြူလေးများ ကို ပန်းကန် ထဲမှာ ထည့်ပြီး လာ ချပေး၏ ။


ကိုဘမြိုင် က ထန်းလျက် တစ်ခဲ ကို ယူ၍ စားသည် ။


“ ဝေဝေ ဘာတွေများ ထူးထူးခြားခြား ကျင့်ကြံလို့ ဒီလို မြင်ရတာ လဲ ”


“ ထူးထူးခြားခြား ကျင့်စဉ်ရယ် လို့ လုပ်တာ မရှိပါဘူး ။ အဲ ... ‘ သတသဟသာရဟ ’ ဂါထာ ကိုတော့ သတိရ တိုင်း ရွတ်ပါတယ် ၊ တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး ရဲ့ နတ်ချစ် ဂါထာလေ ၊ သိတယ် မဟုတ်လား ”


“ သိပါတယ် ၊ ကျွန်တော်တို့ လည်း ဒီ ဂါထာကို ရွက်ပါတယ်ဗျာ ၊ ဝေဝေ့ လိုတော့ တစ်ခါ မှ မကြုံဖူးပါဘူး ”


စာဝါ လေးတစ်ကောင် မြက်ပင်ရှည်ကြီး တစ်မျှင် ကို ကိုက်ချီပြီး ထန်းရွက်သပြေ ညွှန့်တွေ တစ်ပွေ့ကြီး ချိုး ပေးလိုက်၏ ။


မူးရိုးလမ်းလေး မှာ တိတ်ဆိတ်နေသည် ။


ဗျိုင်းတစ်အုပ် က ပိန်းကောလှေကြီးများ ခတ်သလို အိပ်တန်း ဆီသို့ တရွေ့ရွေ့ ပျံသန်းနေကြ၏ ။


အနောက်မိုးကုပ် စက်ဝိုင်း အထိ ဖြန့်ခင်းထားသော လယ်ကွင်းများ ထဲ၌

သစ်ပင်အုပ်လေး များ ကို ပင်လယ်ပြင် ထဲမှာ ကျွန်းများ သဖွယ် မြင်တွေ့ရသည် ။ 


ဝေဝေ တို့ ဇနီးမောင်နှံ အား လူသူ မနီးသော ကွင်း ထဲမှာ တဲကလေး တစ်လုံးတွင် ထားရစ်ခဲ့ရသည် ကို ကိုဘမြိုင် စိတ်မကောင်း ဖြစ်နေမိလေသည် ။ 


ဝေဝေတို့ ခြံ သို့ နောက် တစ်ခေါက် မရောက်ဖြစ်တော့ပေ ။ နတ်ချစ်ဂါထာ ကို ရွတ်မိသည့် အခါများ တွင်တော့ ဝေဝေ့ ကို သတိရမိသည် ။


ဝေဝေတို့ ထံ မရောက် သော်လည်း ဝေဝေတို့ သတင်းတွေ ကို တော့ ကြားနေရသည် ။


ဆန်စက်လုပ်ငန်း ကို လုပ်ကိုင်ကြသော ဝေဝေ ၏ မောင်ညီမများ မှာ လှော်ရင်း နစ်သလို လုပ်ရင်း အရှုံး ပေါ် လာကြသဖြင့် နောက်ဆုံးတွင် ဝေဝေ့ ကို တောင်းပန်ပြီး လုပ်ငန်း အပ်လိုက်ကြ ရသည် ။


ဝေဝေ က လူငယ်များ အပေါ်တွင် အာဃာတ မထားဘဲ လုပ်ငန်းကို ပြန်လည် လက်ခံခဲ့၏ ။ သိင်္ဃရတနာ ဆန်စက် ကို အသက်သွင်းပေး ရပြန်သည် ။


ထို့ကြောင့် လုပ်ငန်း တည်ရာ ဆန်စက်ဝင်း ထဲမှ တိုက်ကြီး တွင် ဝေဝေတို့

ပြန်လည် နေထိုင်ကြ၏ ။


ကိုယုကြိုင် က ရော ဝေဝေ က ပါ မကြာခဏ ဖိတ်ခေါ် နေသောကြောင့် တစ်နေ့တွင် ဝေဝေတို့ တိုက် သို့ ကိုဘမြိုင် ရောက်သွား၏ ။


ဧည့်ခန်း ထဲမှ ဆိုဖာဆက်တီ တွင် ထိုင်ရင်း စကား ပြောကြ၏ ။


စက်ဝင်း ထဲ၌ စပါးလှည်းများ ၊ ထော်လာဂျီများ ဖြင့် ရှုပ်ထွေး နေသည် ။


စက်ရုံ ၏ အုတ်ဖြင့် လုပ်ထားသော ခေါင်းတိုင်နီနီကြီး မှ မီးခိုးဖြူဖြူ များ တလူလူ ထွက်နေသည် ။


“ တော်တော် ကြိတ်ရသားပဲနော် ၊ အားရစရာကြီး ”


ကိုဘမြိုင် က ပန်းသီး တစ်စိတ်ကို ခက်ရင်းဖြင့် ထိုး၍ ယူ လိုက်ရင်း ပြော၏ ။


“ အခြေ ပျက်သွားရာ က ပြန်ပြီး အားယူရတာ ဆိုတော့ အရင်လို နဝလီကြိတ်ရုံ သက်သက်နဲ့ တော့ ရပ်တည်လို့ မရဘူး ၊ ကိုယ်တိုင် လည်း စပါး ဝယ်ပြီး သိမ်းထားရတယ် ၊ စပါးလှည်း အကျ နည်းတဲ့ အခါ ကိုယ့် စပါး ကို ထိုးကြိတ် လိုက်တော့ စက် အတွက်ရော ၊ အလုပ်သမားတွေ အတွက်ပါ အချိန် မပုပ်တော့ဘူးပေါ့ ၊ စပါး ဝယ်တယ် ဆိုပေမယ့် အချို့ တောင်သူက စပါး ကို တစ်ခါတည်း ဈေးဖြတ်ပြီး မရောင်းချင်ကြဘူး ၊ ကျွန်မတို့ ဂိုဒေါင် မှာ စပါသွင်းထားပြီး ပြေစာပဲ ကိုင်ထား ချင်ကြတယ် ၊ ကြိုက်ဈေး ရတဲ့ အချိန်မှ ဈေးဖြတ်ပြီး ငွေ ယူချင်ကြ တယ် ။ အဲဒီ လူမျိုး ကျတော့လည်း သူ့ စိတ်ကြိုက်အတိုင်း လိုက်လျော ဆောင်ရွက် ပေးရတယ် ၊ စပါး အကြောင်း ၊ လူ အကြောင်း ၊ စက်အကြောင်း ၊ ဂဃနဏ သိအောင်တော့ ကြိုးစား လေ့လာနေရတာ ပဲ ၊ ဒီမှာက မနော်ဟရီ တို့  ၊ ဆင်းသိင်္ဂီ တို့ ၊ ဆင်းရွှေဝါ တို့ ၊ ခွန်လေး တို့ အစိုက် များတယ် ၊ မနော် ထဲမှာ ဖန်သီး လို မျိုး ညံ့တဲ့ စပါး ရောပြီး ရောင်းတာကို ကိုယ် က မသိလို့ ဝယ်မိရင် ခံရပြီပေါ့ ”


ဧည့်ခန်း ထဲသို့ လူငယ် တစ်ယောက် ဝင်လာပြီး လုံးတော်ရွာ မှ စပါးများ ကြိတ်ပြီးကြောင်းပြော၏ ။


ဝေဝေ က လိုက်သွားမည် ပြုရာ ကိုယုကြိုင် က -


“ နေနေ ဝေဝေတို့ မောင်နှမ စကားပြော နေရစ်ကြ ၊ ကျွန်တော် ပဲ ရှင်းလိုက်မယ် ” ဟု ပြောရင်း ထွက်သွားသည် ။


“ လုံးတော်က လာတဲ့ အဖွဲ့က စပါးကြိတ်ပြီး လို့ ရလာတဲ့ ဆန်အိတ်တွေ ကို ရွာပြန် မသယ်တော့ဘဲ ဒီစက်မှာပဲ ရောင်းခဲ့မယ် လို့ ပြောထားတဲ့ အတွက် လာ ခေါ်တာလေ ၊ အဲသလို ရောင်းမယ့် လူ ရှိရင်လည်း ဆန်အိတ် ဝယ်ပြီး ထပ်ထား လိုက်ရတာပဲ ၊ တက်ဈေး မိတော့ ပြန် ရောင်းပေါ့ ၊ အမျိုးမျိုး

လုပ်ရတာပဲ ၊ မှန်တာပြော သစ္စာ ပါ ကိုဘမြိုင် ရယ် ၊ ကျွန်မတို့ မှာ သားသမီး လည်း မရှိပါဘူး ၊ ကျွန်မတို့ ရှာဖွေ သမျှဟာ အငယ်တွေ အတွက်ပါပဲ ၊ သူတို့ ပျော်ရွှင်နေကြ တာကို မြင်ရင် ကျွန်မ စိတ်ချမ်းသာတာပါပဲ ။ သူတို့လည်း သဘောပေါက် ကြပါတယ် ”


နံရံ ပေါ်မှာ ကြာနွယ် ၊ ကြာဖူး သဏ္ဌာန် မီးအုပ်ဆောင်းလေးများ ကို ငေးကြည့်နေမိသည် ။ 


“ ဒါနဲ့ ကိုဘမြိုင် တို့ က ဘယ်လို ဖြစ်တာလဲ ၊ အဝေးပြေးလိုင်းတွေ မှာ ထည့်ထားတဲ့ ကားတွေအားလုံး ရောင်းပစ်လိုက်ပြီ ဆို ”


ကိုဘမြိုင် က မရယ်ချင် ရယ်ချင် နှင့် “ ဟက် ” ခနဲ တစ်ချက် ရယ်လိုက်သည် ။


“ အလှမ်း ကျယ်တော့ အလယ် လပ်တာပေါ့ ဝေဝေ ရယ် ၊ သပိတ်ကျင်း ဘက်မှာ ရွှေတူးတဲ့ လူတွေ နေ့ချင်းညချင်းပဲ သိန်းတစ်ထောင် လောက် ပွကြတယ် ဆိုတော့ အားကျပြီး စွန့်စားလိုက်တာ အရင်း ပြုတ်တဲ့ အပြင် ငှက်ဖျား မိပြီး လူတောင် ကံကောင်းလို့ မသေတာ ” 


ကိုယုကြိုင် ပြန် ရောက်လာသည် ။


ဝေဝေ နှင့် ပြောနေသော ကိုဘမြိုင် ၏ ဇာတ်လမ်း ကို တစ်စွန်းတစ်စ ကြားလိုက်ဟန် ရှိ၏ ။


“ သဘောပျက် ဆယ်တဲ့ အထဲ မှာ လည်း ရှယ်ယာ ထည့်သေးတယ် ဆို ”


ဟု ကိုယုကြိုင် က မေးသည် ။


“ ဟုတ်တယ် ၊ ကျွန်တော်တို့ မြို့သားတွေ က သူငယ်ချင်း ကို သိပ်ချစ်တတ်တဲ့ အကျင့် ရှိတယ် မဟုတ်လား ၊ ဒီတော့ အဖော်ကောင်း ကျောက်မြောင်း တစ်ခေါက် ဆိုသလိုပေါ့ ၊ သူငယ်ချင်းတွေ က သဘောပျက် ဆယ်ဖို့ အခွင့်အမိန့်ရအောင် လုပ်မယ် ၊ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်တယ် လို့ပြောတော့ ကျွန်တော် လည်း ရှယ်ယာ ထည့်လိုက် တာပါပဲ ။ အိပ်မက် ထဲ မှာတော့ စစ်အတွင်း က ဂျပန်တွေ ဧရာဝတီ မြစ် ထဲမှာ မြှုပ်သွားတဲ့ ရွှေချောင်း သေတ္တာတွေ ကိုပဲ သဘောပျက် ထဲ က တွေ့တော့ မလိုလိုပေါ့လေ ၊ လက်တွေ့မှာတော့ “ ပလုံ ” ခနဲ နေတာပဲ အကုန် ကုန်တာပဲ ”


စက်ဝင်း ထဲ ၌ မိုးကာထည် ကို ခင်းပြီး ပုံထားသည့် စပါးပုံများ ကို တွေ့ရ၏  ။ တချို့ စပါးလှည်းများ က နွားများ ကို ဖြုတ်ပြီး လှည်းထမ်းပိုး မှာပင် ချည်ထားကြသည် ။ လှည်းပေါ် တွင် ပါလာသော ရိုက်ဖတ်ထုံး ကို ချပြီး နွား ကျွေးကြ၏ ။


“ ဒါဖြင့် ကားရောင်းထားတဲ့ ငွေတွေ တော်တော် ပျောက်ပျက် သွားမှာပေါ့ ”


“ ပျောက်ပျက်ရုံ ဘယ် ကမလဲ ဝေဝေရ ယ် ၊ ဒီလောက် လုပ်ငန်းကြီးတွေ လုပ်တဲ့ နေရာမှာ ကားဖိုးငွေ က ဘယ် စာဖွဲ့ လောက်ပါ့မလဲ ၊ ခြံ နဲ့ တိုက်ကိုပါ ဘဏ် မှာ ပေါင်ထားရတာ ဘဏ် က လည်း နို့တစ် ပေးနေပြီ ၊ မကြာခင် တရားစွဲပြီး နှင်ချမှာပဲ ”


တောင်း ဖြင့် ဖွဲပြာ လာ ကျုံးနေသော ကလေး အချို့ကို မြင်တွေ့ရ၏ ။


အုတ်ကန်ဘေး တွင် ခို တစ်အုပ် ကျလာပြီး စပါးစေ့များ ကို ကောက် နေကြသည် ။


“ ဘယ် တတ်နိုင်ပါ့မလဲ ဝေဝေ ရယ် ၊ လုပ်ရဲရင် ခံရဲရမှာပေါ့ ၊ အခုထိ ကျွန်တော် လုပ်ခဲ့သမျှ ထဲမှာ ဘယ်သူ့ ကို မှ မညစ်ပတ် ခဲ့ဖူးဘူး ၊ ဘယ်သူ့ကို မှ လည်း တမင်သက်သက် နစ်နာအောင် မလုပ်ခဲ့ဖူးဘူး ၊ ဒီအတွက်တော့ ကျွန်တော် စိတ်ချမ်းသာပါတယ် ” 


စပါး အပြည့် တင်ထားသော ကားကြီး တစ်စင်း စက်ဝင်း ထဲသို့ ဝင်လာသည် ။


ကိုဘမြိုင် က စကားလမ်းကြောင်း ပြောင်းလို ဟန် ဖြင့် “ ဝေဝေ နတ်ချစ်ဂါထာ ရွတ်ဖြစ်သေး လား ” ဟုမေးသည် ။


ဝေဝေ က “ ရွတ်ဖြစ်ပါတယ် ၊ ဒါပေမဲ့ ရုက္ခစိုးကြီးတွေ ကို တော့ မတွေ့တာ အတော် ကြာသွားပြီ ” ဟု ပြန်ပြောသည် ။


ခဏ အကြာတွင် ဝေဝေ နှင့် ကိုယုကြိုင် တို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့၏ ။


သည်တစ်ကြိမ် တွင် တော့ ဝေဝေတို့ ဇနီးမောင်နှံ ကို တိုက်ကြီးပေါ်မှာ ချန်ထားခဲ့ရသည့် အတွက် ကိုဘမြိုင် ပီတိ ဖြစ်နေမိသည် ။


မိမိ အနီးသို့ ချဉ်းကပ်လာသော အားငယ် စိတ်များ ကိုတော့ အမြန် မောင်း

ထုတ်ပစ်ရ၏ ။


ဆန်စက်ဝင်း ထဲ က ထွက်လာပြီး နောက် အိမ်ကို မပြန်ချင်သေးသည် နှင့်

မြို့သစ်ဘက် သို့ လျှောက်လာခဲ့သည် ။ အနောက်ဘက် သို့ ရောက်လေ လူနေ ကျဲ သွားလေ ဖြစ်ပြီး အိမ် မဆောက် သေးသော မြေကွက်လပ်များ ကို တွေ့လာရ၏ ။


လမ်းဘေး တစ်လျှောက် ၌ ကျီးခြေသဏ္ဌာန် အနှံများ ရှိသော မြက်ရိုင်းတွေ ထူထပ်စွာ ပေါက်နေ၏ ။ မိကျောင်းကွမ်းဖတ်ပင်များ ကို လည်း တွေ့ရသည် ။


အတန်ငယ် လျှောက်မိသောအခါ ရွှေမုဋ္ဌောဘုရား အနီးသို့ ရောက်သည် ။


အုတ်တံတိုင်း ၏ အရှေ့ဘက် ၌ ပုဆိုး နှစ်ပတ်ခန့် ရှိသော မန်ကျည်းပင်ကြီး တစ်ပင် ရှိ၏ ။ မန်ကျည်းပင် ၏ ခြေရင်း ကို ကြည့် လိုက်တော့ ကိုဘမြိုင် အံ့အားသင့် သွားသည် ။


မြေတလင်း ဝယ် မန်ကျည်းပင် ကို မှီလျက် အဘိုးအိုကြီး တစ်ယောက်

ထိုင် နေပါလား ။ အဘိုးအိုကြီး မှာ ခေါင်းတုံး နှင့် ဖြစ်သည် ။


အင်္ကျီတုံးလုံး နှင့် ချည်ပုဆိုး တစ်ပတ်နွမ်း အညိုကွက် ကို ဝတ်ဆင်ထား၏ ။ အသားညိုညို ၊ အရပ် ခပ်ပြတ်ပြတ် ၊ မျက်နှာဝိုင်းဝိုင်း နှင့် ဖြစ်၏ ။


အဘိုးအိုကြီး မှာ ဟိုးအဝေး ဆီသို့ တွေတွေကြီး ငေးစိုက် ကြည့်နေသည် ။


ထို သူ သည် သာမန် အဘိုးအို တစ်ဦး မဟုတ်ကြောင်း ကိုဘမြိုင် ၏ စိတ်ထဲ က အလိုလို သိ နေလေသည် ။


 ▢ မြတ်သင်း

📖မုသားပျားရည် နှစ်စက် 

Monday, April 28, 2025

ဇောရမ္မက် နွံဗွက်လယ်မှာ


 ❝ ဇောရမ္မက် နွံဗွက်လယ်မှာ ❞

        ( မြတ်သင်း )


ဟိန်းနေသော ပျဉ်ထောင်သွပ်မိုး အိမ်ကြီး ။


ဦးကြော့မောင် သည် အိမ် အထက် ထပ် ပြတင်း မှ အပြင်ဘက် သို့ ငေးစိုက်လျက် ရှိ၏ ။ အိမ်မဲချောင်း သည် သူ့ ခြေရင်း ၌ ဝပ်စင်း နေသည် ။ အိမ်မဲမြို့ ၏ လှပသော ရှုခင်းအတော်များများ ကို အပေါ် မှ စီး မြင်နေရ၏ ။ လေညင်းခတ် သဖြင့် လှိုင်းကြက်ခွပ်လေးများ ထ နေသော ချောင်းရေပြင် ၊ ချောင်းတွင်း၌ လူးယှက်တုံ့လာ ကူးသန်းသွားလာနေ ကြသော လှေသမ္ဗန်များ ၊ တစ်ဘက်ကမ်းဝယ် မတ်မတ်ရပ် နေကြသည့် အုန်းပင်စိမ်းစိမ်းများ ၊ ကြည်း နှင့် ရေ ရှုခင်း အထွေထွေသည် ဦးကြော့မောင် ၏ ရှေ့ ၌ သူ့ ထက် ငါ အလှ ပြိုင်နေကြ ဘိသို့ ကြည့်ရမည့် အစား တံတား ပေါ်ဝယ် အဝတ်လျှော် နေသည့် ညွှန့်မေ ၏ ရေစိုကိုယ်လုံးလေး ကို သာ လျှင် စူးစူးဝါးဝါး စိုက်ကြည့် နေရှာ လေသည် ။


ညွှန့်မေ သည် သူ အငှားလျှော် နေသော အဝတ်ပုံကြီးထဲမှ အဝတ်များကို တစ်ထည်ပြီး တစ်ထည် ဆွဲဖွပ်နေ၏ ။


ထမီရင်ရှား ၏ အထက်မှပျံ့ပျူးသောကျောသား အမြှောင်းလေး က ဦးကြော့မောင် ၏ မျက်စိ ကို ဆွဲဆောင်၏ ။ လက်ပြင်ညွှန့်ရိုး ငေါထွက်ခြင်း မရှိအောင် ညီညာပြေပြစ်လှသော ကျောပြင်လေးသည်ချစ်ချင်စဖွယ်ပင် ။ ကျဉ်သော ခါးအောက်မှ တင်ပါးဆုံ သည် ထိုင်လျက် အနေအထားတွင် ဖြစ်၍ ပိုမို ဖွံ့ကားနေ၏ ။ အဝတ် ကို ဆောင့်ရိုက်ရန် ညွှန့်မေ လက်မောင်း မြှောက်လိုက်တိုင်း ရင်သားမို့မို့လေးများ ကို ပုံ့ပုံ့ဝန်းဝန်း လှမ်းမြင်နေရ၏ ။ ဦးကြော့မောင် ၏ ရင်သည် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်သွားသည် ။


ညွှန့်မေ သည် ဖွပ်ပြီး အဝတ်များကို ချောင်းထဲသို့ ဆင်း၍ လျှော်ရင်း ငါးရံ့ပျိုမလေး ပမာ ရေထဲတွင် လှည့်ပတ် ကူးနေ၏ ။ ဦးကြော့မောင် ကား ငါးရံ့ပျို အား ချောင်းနေသော ဝံဘိုငှက်ကြီး ကဲ့သို့ စွဲစွဲမြဲမြဲ စူးစိုက်ကြည့်နေသည် ။ အဝတ်လျှော် ရေချိုး ပြီးသောအခါ ညွှန့်မေ သည် တံတားထိပ် တွင် ခြေစုံရပ်လိုက်၏ ။


ထို့နောက် ခါး ကို ကုန်းညွှတ်ပြီး လုံချည်ရေစို အောက်နားများ ကို သိမ်းကိုင် လိုက်တာ ဒူးဆစ်နား တွင် လက်နှစ်ဖက် ဖြင့် လိမ်ညှစ်လိုက်၏ ။


ထိုအခါ ရေစိုဝတ် ဖြင့် တင်းကျပ်စွာ သိမ်းထုပ်လိုက်သည့်နှယ် ဖြစ်သွားသော တင်ပါးပြည့်ပြည့်လေးများ သည် ပိုမို ထင်ရှား ပြတ်သားလာ၏ ။ ဦးကြော့မောင် သည် တံတွေး တချက် မျိုချ လိုက်ပြန်၏ ။ ညွှန့်မေ က ထမီ လဲရန် ကိုယ်လေး ကို နွဲ့ကိုင်း ၍ သစ်ငုတ် ပေါ် မှ လုံချည်အခြောက် ကို လှမ်း ယူလိုက်သည် ။ ဦးကြော့မောင် သည် မျက်တောင် ခတ်ရန် ကိုပင် မေ့လျော့ နေလေသည် ။


•••••   •••••   •••••


( ၂ )


“ အဟမ်း ... အဟမ်း ”


ဦးကြော့မောင် ၏ နောက်တည့်တည့် မှ ချောင်းဟန့်သံ နှစ်ချက် ပေါ်ထွက်လာသည် ။ ဦးကြော့မောင် သည် ငါးကင် ကို ချောင်းနေရာမှ လူမိ ခံရသော ကြောင် သဖွယ် လန့်သွားသည် ။ ထိပ်ပြောင် နေသော ခေါင်းကြီး သည် ဆတ်ခနဲ ပုသွား၏ ။


နောက်သို့ လှည့် ကြည့် လိုက်သည် ။ တော်ပေသေး၏ ။ မိမိ ၏ လူယုံတော် ဖိုးခွေး ဖြစ်နေ၏ ။


“ မင်း ရောက်နေတာ ကြာပြီးလားဟေ့ ဖိုးခွေး ”


“ ဟုတ်ကဲ့ ၊ နာရီဝက် လောက် ရှိပါပြီ ကြော့ကြော့ ”


“ အေးကွယ် ..... ငါ လည်း ရှုခင်းလေးတွေ က သာယာလွန်းလို့ ငေးကြည့် နေမိတယ် ။ ရွက်လွှင့် နေတဲ့ လှေတွေ ၊ အုန်းလက်ဖားလျားကြီး တွေ ဟာ တယ်လည်း ကြည့်လို့ကောင်း သကိုးကွဲ့ မောင်ဖိုးခွေး ရဲ့ ”


ဦးကြော့မောင် က ရှုတင်းတင်း နှင့် ပြောလိုက်သည် ။ ဖိုးခွေး ၏ မျက်နှာကားစပ်ဖြီးဖြီး နှင့် သာ ရှိနေ၏ ။


“ ဟုတ်ကဲ့ ၊ ရူခင်းလေးတွေ လည်း သာယာပါတယ် ၊ ညွှန့်မေလေး က လည်း အချောသားဗျာ ကြော့ကြော့ ”


ဖိုးခွေး သည် ဆရာ နှင့် တပည့် ဖြစ်သော်လည်း သည် ကိစ္စမျိုး တွင်တော့ ပွင့်ပွင့်လင်းလင်း ပြောရဲ၏ ။ ပြောရဲရန် အတွက် လုံလောက်သော အကြောင်းလည်း ရှိ၏ ။


အရပ် ထဲ မှ စာရိတ္တပျက်ပြား နေသော မိန်းကလေး သုံးလေးဦး ခန့် နှင့် ဦးကြော့မောင် အား မိမိ ကိုယ်တိုင် ဆက်သွယ် ပေးခဲ့ဖူး၏ ။ ယခု ဦးကြော့မောင် ပေါင်း နေသည့် တတိယမြောက် မယားလေး သည် ပင် စင်စစ်ကား ဖိုးခွေး လှော် ပေး၍ ရခြင်း ဖြစ်သည် ။


ကောင်မလေး က ဦးကြော့မောင် ထက် အသက် အစိတ်ခန့် ငယ်သည် ။ ဒုတိယ မယားကြီး နှင့် ကွဲပြီးနောက် သည် ကောင်မလေး ကို လိုချင်လှချည်ရဲ့ .. ဖမ်းလို့ ပေးပါ ။ ဆီးလို့ ပေးပါ ပူဆာ လှ သဖြင့် ဖိုးခွေး က နားဖောက် ပေးခဲ့ ရသည် ။ တပည့်ကြီး ၏ အစွမ်း ကို သိသဖြင့် ဦးကြော့မောင် ကလည်း သည်ဘက်မှာ ဖိုးခွေး ကို အားကိုးလှ၏ ။ တကယ်တော့ ဦးကြော့မောင် ၏ အသက် သည် မငယ် ။ ငါးဆယ် နား သို့ ချဉ်းခဲ့ပြီ ။


“ ညွှန့်မေ တဲ့လား ၊ မင်း နဲ့ သိသလားကွ ဖိုးခွေး ”


“ ဪ ကြော့ကြော့ ကလည်း ဟိုဘက်ကမ်း မှာ နေတာပဲ ၊ ကျွန်တော်တို့ နဲ့ တရပ်တည်းပဲ ဟာ .. ကြော့ကြော့ အင်း ထဲက အလုပ်သမား လှမြိုင် ရဲ့ မိန်းမလေဗျာ ”


“ ဟေ .. ဒီကောင်မလေး က ယောကျာ်း နဲ့ လားဟ ၊ ဒုက္ခပါပဲကွာ ”


အားပျော့ သွားသဖြင့် နွမ်းလျော့လျော့ လေသံနှင့် ရေရွတ်လိုက်၏ ။


“ ကောင်းမလေး က ဆင်းရဲရှာပါတယ် ကြော့ကြော့ ရာ ၊ သူ့ ယောကျာ်း ကလည်း ရှာလို့ ရသမျှ သောက် ပစ်တာ နဲ့ ကုန်နေတာပဲ ၊ ဒါကြောင့်မို့ မနက်ခင်း ဆိုရင် တန်ဆောင်းနား မှာ မုန့်လက်ကောက်ကြော် ရောင်းရတယ် ၊ နေ့ခင်းတော့ အရပ် ထဲ က အဝတ်တွေ ကို ငှားပြီး လျှော် နေရရှာတယ် ။ ကြော့ကြော့ မမှတ်မိ လို့ပါဗျာ ၊ မနှစ် ကတောင် သူ့ အမေကြီး မမာတဲ့ အတွက်ဆေးကုချင်လို့ ဆိုပြီး ကြော့ကြော့ ဆီ ကို သူ့ ယောကျာ်း လုပ်ခတွေ လာ တောင်းသေးတာပဲ ”


“ နေစမ်ပါဦး .. အင်း ... အင်း .. မနှစ်က ဟုတ်တယ် ။ ငါ ကလည်း မပေးလိုက်ဘူးကွ ၊ ဘယ့်နှယ့်ကွာ သူတို့ မွဲတိုင်း ဒီလိုသာ ငွေထုတ် ပေးရရင် အင်းလုပ်ငန်းရှင် ဘဝနဲ့ ငါ ဘယ်မှာ ရပ်တည် နိုင်ပါတော့မတုံး ၊ အမယ် အဲဒီ တုန်းက ဒီ ကောင်မလေး က ပိန်တာရိုးလေး ပါ ဟာ ၊ ငါးကျည်းခြောက်ကျပ်တင်လေး ကျနေတာပဲ ၊ မွဲသွေ့သွေ့ နဲ့ အခုတော့ ဖြိုးလှချည့်လား ” 


“ အဲဒီတုန်း က သူ့ အမေ ကလည်း မမာ ၊ သူ ကလည်း ကောင်းကောင်း နေမကောင်းရှာပဲကိုး ကြော့ကြော့ ရဲ့ ။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နဲ့ ဆိုတော့ ဘယ်မှာ စိုစိုပြည်ပြည် ရှိပါ့မတုန်း ၊ အခုလည်း သူ့ ယောကျာ်းနဲ့ သိပ်အဆင် မပြေပါဘူး ၊ ကွဲနေတာ တောင် နှစ်လ ရှိသွားပြီ ၊ လှမြိုင် က လည်း မူးလာတိုင်း ရိုက်လိုက်နှက်လိုက် နဲ့ သိပ် နှိပ်စက်တာ ”


“ ခမျာလေး သနားစရာကွယ် ”


ဦးကြော့မောင် သနားသည် ကို ဖိုးခွေး က အတွင်းကျကျ နားလည်ဟန် နှင့် ပြုံးလိုက်၏ ။ ထိုအပြုံး ကို ဦးကြော့မောင် သဘော တွေ့ပုံ မရ ။ မျက်တောင် ကြီး နီသွားကာ သူ ၏ ဝဖီးဖီး ခန္ဓာကိုယ်ကြီး ကို ကြိမ်ကုလားထိုင် ပေါ်တွင် ပစ်ထိုင်လိုက်၏ ။ 


“ မင်း အခု လာတာက ဘာကိစ္စနဲ့ လဲဟေ့ ဖိုးခွေး ”


ဖိုးခွေး သည် ငွေချေးရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်၏ ။ သို့ရာတွင် ယခင် ချေး ထားသော ကြွေးဟောင်း ကို မဆပ်ရသေး သဖြင့် ရုတ်တရက် မပြောရဲသေး ။


“ ကြော့ကြော့ တလောက ခြေထောက် မှာ ကိုင်းငုတ် စူးတယ် ဆိုတာ ဘယ့်နှယ် နေသလဲလို့ လာ မေးတာပါ ”


“ ပျောက်သွားပါပြီကွာ ၊ မဖြစ်လောက်ပါဘူး ၊ အပေါ်ယံ ရှသွားရုံ လောက်ပါ ”


“ မှန်းစမ်း ကြော့ကြော့ ၊ ဒါကြောင့် ကြော့ကြော့ ကို ဘာကိစ္စ ဖြစ်ဖြစ် ကိုယ်တိုင် မလုပ်ပါနဲ့ ၊ တပည့်တွေ ကို ခိုင်းပါခိုင်းပါနဲ့ ပြောရဲ့သားနဲ့ ၊ ဖြစ်ရလေဗျာ ”


ဖိုးခွေး သည် ကုလားထိုင် ခြေရင်းတွင် ဒူးတုပ် ထိုင်လိုက်ရင်း ဦးကြော့မောင် ၏ ခြေဖဝါး ကို သေချာစွာ ကိုင်တွယ် ကြည့်နေ၏ ။ ကိုင်းငုတ် ထိုးမိသော အနာကား အမာရွက်လေး မျှ ပင် မရှိတော့ ။ ဦးကြော့မောင် ၏ ခြေဖဝါးဝယ် ဟင်္သာ ပြဒါး အနီ ဖြင့် ထိုးနှံ ထားသည့် ဇီးကွက်ရုပ်ကြီး ကသာ သူ့ အား စိုက်ကြည့် နေ၏ ။


“ ဒီ ဇီးကွက်ရုပ်ကြီး က ဘာအတွက် ထိုးထားတာတုန်း ကြော့ကြော့ ရဲ့ ၊ လှလိုက်တာဗျာ .. အလို ခြေဖဝါး နှစ်ဖက်စလုံး ပါလား ”


“ လူပျိုပေါက် တုန်းက ဆရာကြီး တစ်ယောက် ထိုးပေးသွား တာပါကွာ ၊ ဣတ္တိယ ဘက်မှာ စွမ်းတယ်လို့ ပြောကြတာပါပဲ ” 


“ ဟုတ်မှာပါ ကြော့ကြော့ ၊ ဒါကြောင့် မိန်းမတွေ ဟော တစ်ယောက် ဟော တစ်ယောက် စွံနေတာ နေမှာပေါ့ ၊ ကျွန်တော် ဖြင့် ဒီ ဇီးကွက်ရုပ်ကြီးတွေ ထိုးထားမှန်း တောင် မသိခဲ့ဘူး ။ ဓာတ်လုံး လက်စွပ် ကို သာ စွမ်းတယ် ထင်နေတာ ”


ဖိုးခွေး သည် ဦးကြော့မောင် ၏ ခြေဖဝါးအစုံ ကို မထိရက်ရက် ထိရက်ရက် နှင့် ယုယစွာ ပွတ်သပ် နေရင်း ပြော၏ ။


ဦးကြော့မောင် က ဖိုးခွေး ၏ ပင့်လုံးများ ကို နားအရသာ ခံ နေသည် ။ 


“ ဒါနဲ့ ကြော့ကြော့ ရယ် ၊ ကြော့ကြော့ တပည့်မှာ ငွေ လိုပြန်ပြီဗျ ၊ ငွေငါးဆယ် လောက် ချေးဦးမှ ဖြစ်မယ် ”


ငွေသံ ကြားလျှင် ကြားချင်း ဦးကြော့မောင် သည် ခါချဉ် အကိုက်ခံ ရသည့် အလား ဖိုးခွေး လက် ထဲမှ မိမိ ခြေထောက် ကို ဆတ်ခနဲ ရုပ်လိုက်၏ ။ ကြွေးဟောင်း မကြေမီ ကြွေးသစ် ထပ် ချေးရ ကောင်းလာ ဟူ၍ ပက်ပက်စက်စက် ပြောပစ် လိုက်ရန်လည်း စိတ်ကူး၏ ။ သို့သော် တစ်စုံတစ်ခု ကို တွေးမိပြန်သည် ။


“ ငါးဆယ် တော့ မပေးနိုင်ဘူးကွာ ၊ အစိတ် ပဲ ယူသွား ၊ ပြီးတော့လည်း အဟဲ ... ဟိုကွာ ၊ ဟိုဟို ”


“ သုံးဆယ် တော့ ပေးပါ ကြော့ကြော့ရာ ၊ ညွှန့်မေ ကိစ္စ ကိုတော့ တပည့်ကြီး ကြံဖန်ပေးပါ့မယ် ၊ အားကိုးစမ်းပါ ၊ ကြော့ကြော့ လို မော်တော်ပိုင်ရှင် ၊ ရေလုပ်ငန်းပိုင်ရှင်ကြီး တစ်ယောက် ကို ဘယ်သူ ငြင်းပါ့မလဲ ။ ကြော့ကြော့ ကလည်း ကောင်မလေး မုန့်ကြော်တဲ့ နေရာကို သွားသွားပြီး လူလုံး ပြပေးပေါ့ ၊ ကျန်တာတော့ စိတ်သာချ ”


ဦးကြော့မောင် ၏ မျက်စိ ထဲဝယ် ညွှန့်မေ ၏ ထမီရေစို နှင့် ဖွံ့ထွားသည့် ကိုယ်လုံးလေး သည် တရစ်ရစ်ဝဲဝဲနှင့် ... ။


•••••   •••••   •••••


( ၃ )


ညွှန့်မေ သည် ဆီဒယ်အိုး ထဲမှ မုန့်လက်ကောက်ကြော် များ ကို ဂေါ်ဖြင့် ဆယ်ယူကာ ဗန်းထဲ သို့ ထည့်လိုက်၏ ။


ညွှန့်မေ  ကြော်တဲ့ မုန့်ဗန်း ဘေးတွင် ဆောင့်ကြောင့် ထိုင်လျက် ရှိ၏ ။ ဖိုးခွေး နှင့် တွေ့ပြီးသည့် နေ့ မှ စ၍ ဦးကြော့မောင် တွ င်ဝတ္တရား တစ်ခု တိုးနေ၏ ။ နံနက်တိုင်း လမ်းလျှောက် ပြီး တန်ဆောင်း အနီး မှ မုန့်ကြော်ဆိုင်လေး တွင် ဝင် ထိုင်ရသည် ။ မုန့်ကြော်ဆိုင်လေး သည် ချောင်ကျ သဖြင့် လူ ပါး၏ ။ ထို့ကြောင့် ဦးကြော့မောင် အနေနှင့် မုန့်ကြော်သည်မလေး အား ရိုးကာရိပ်ကာ ချိတ်နိုင်၏ ။ မထိတချက် ထိတချက် ပြောနိုင်၏ ။ မုန့်ကြော်သည် မလေး ၏ အလှ ကို လည်း ဒယ်အိုး တစ်လုံးခြား စေ့စေ့စပ်စပ် အကဲဖြတ် နိုင်၏ ။


ညွန့်မေ သည် အဖာများစွာ နှင့်အင်္ကျီဟောင်းလေး ကို ဝတ်ထား ရှာ၏ ။ ပိတ်အင်္ကျီဟောင်းလေး သည် သခင်မ အား အသုံးတော်ခံခဲ့ရသည်မှာ ကြာပြီ ဖြစ်ရကား ပခုံးနေရာတွင် စုတ်ရိနေ၏ ။ ပခုံးသား ဝင်းဝင်းလေးများ ပေါ်နေ၏ ။


ဦးကြော့မောင် က သူ့ အား တမင် ဖော်လှစ် ပြထားသည် ဟု ယူဆလိုက်၏ ။ ညွှန့်မေ သည် ဒယ်အိုး ထဲ မှ မုန့်များကို ဝါးချွန်းတံဖြင့် ထိုး၍ လှန်လိုက်၏ ။ မီးစများ ကို လည်း ဒယ်အိုး အောက်တွင် ပြင်၍ ထိုးသည် ။ မီးခိုးများ အူတက်လာရကား မျက်လုံး စပ်သဖြင့် မျက်စိ ကို မှေးရှုံ့ကာ မီးဖို ကို မျက်နှာ လွှဲလိုက်၏ ။


ထိုအခါ ဦးကြော့မောင် ထိုင် နေသည့် ဘက်သို့ မျက်နှာ တည့်တည့် လှည့်လိုက် သလို ဖြစ်သွားသည် ။ ဦးကြော့မောင် က “ ငါ့ ဘက် ကို တမင် လှည့်ပြီး မျက်စိမှိတ် ပြောင်ပြတာပဲ ” ဟု ယူဆ ကာ အားတက် သွား၏  ။


“ အမလေး ... ပူလိုက်တာဗျာ ” 


အငေး လွန်သွားသဖြင့် ဒယ် မှ ဆယ်တင်စ မုန့်ကြော် ကို ဦးကြော့မောင်  ကောက်ဝါး မိလျက်သား ဖြစ်သွားသည် ။ ညွှန့်မေ က တစ်ခစ်ခစ် နှင့် ရယ်၏ ။


“ မုန့်ကြော် ကို ထန်းလျက်ရည် နဲ့ တို့စားမှပေါ့ ၊ ဒီအတိုင်း စားလို့ ဘယ် အရသာ ရှိပါ့မလဲ ”


မုန့်ကြော်များ ကို သည်အတိုင်း တစ်ခု ပြီး တစ်ခု စားနေသော ဦးကြော့မောင် အား ညွှန့်မေ အမြင်မတော်ဟန် ဖြင့် ပြော၏ ။ အသံလေး ကပင် ကရုဏာသံ ပါနေသည် ။


ဦးကြော့မောင် သည် မုန့်ကြော်ဖို မှ မထချင် ထချင် ထခဲ့ပြီး နောက် တစ်ဖက်ကမ်း သို့ ကူး၏ ။ ဖိုခွေး အိမ်သို့ သွားသည် ။ ဖိုးခွေး က ဝမ်းသာအားရ ဆီးကြို၏ ။ 


ထို့နောက် ဦးကြော့မောင် နားဝ သို့ ပါးစပ်ဖြင့် ကပ်လျက် ဆီမန်းမန်း သည့်နှယ် တီးတိုး ပြော၏ ။


ဦးကြော့မောင် က ပါးစုံ့ကြီးများ အစ်တက် လာအောင် ပြုံး၏ ။ အားမလို အားမရ ဖြစ်ဟန် နှင့် ဖိုးခွေး အား ပြန်ကာလှန်ကာ မေးသည် ။ မေးတိုင်း ဘေးလူ ကြားမှာ စိုးသည့် အလား ဖိုးခွေး က ဦးကြော့မောင် ၏ နားရွက် နားမှသာ ဆီမန်း မန်း၏ ။


“ ဒီနေ့ည ဆယ်နာရီ သေချာရဲ့လားကွာ မင့်ဟာ ”


“ ဟေ ... ဘယ်ကို လာရမယ် ၊ ကောင်မလေး အိမ်ကို ၊ တခြား လူတွေ ရှိနေပါဦးမယ် ဖိုးခွေး ရာ ”


“ ဘာကွ ... ဘယ်သူမှ မရှိဘူး ၊ ကောင်မလေး တစ်ယောက်တည်း ရယ်ဟုတ်လား ၊ ဒါတွေ ငါ့ တပည့် ကို အားကိုးတာ ”


ဦးကြော့မောင် က ဖိုးခွေး ၏ ကျော ကို လက်ဖြင့် ပုတ်၍ ချီးကျူး လိုက်လေသည် ။


•••••   •••••   •••••


( ၄ ) 


ည က မည်းမည်း မှောင် နေသည် ။


အိမ်မဲချောင်း ရေပြင် သည် မဟူရာသွေး လက်နေ၏ ။ ချောင်းပြင် ကို လှေငယ် တစ်စင်း က တရွေ့ရွေ့ ဖြတ်သန်း သွားနေ၏ ။ လှေပေါ် ၌ အသက် ငါးဆယ်ခန့် ထိပ်ပြောင်ပြောင် ၊ ဝဖိုင့်ဖိုင့် လူကြီး တစ်ယောက် ထိုင်နေသည် ။ လူကြီး ၏ ကိုယ် မှ ခေါင်းလိမ်းဆီနံ့ ၊ ရေမွှေးနံ့ ၊ ပေါင်ဒါနံ့များ တသင်းသင်း ကြိုင်နေ၏ ။


လူကြီး သည် လှေ ကို မသံ မမြည်အောင် ကြိုးစား၍ လှော်ခတ်နေ၏ ။ ကမ်းသို့ ကပ်မိသော အခါ လူကြီး သည် သူ ၏ ဝဖီးသည့် အတ္တဘောကြီး နှင့် မလိုက်အောင် သွက်လက်သော အမူအရာ နှင့် ကမ်းပေါ်သို့ တက်လိုက်၏ ။ လက်နှိပ်ဓာတ်မီး ကို ခပ်စိုက်စိုက် ထိုး၍ လှေကြိုး ကို ချည်သည် ။ ထို့နောက် တာလမ်းမကြီး အတိုင်း တဖြည်းဖြည်း လျှောက်သွားပြီး ဓနိမိုး ကျူထံရံကာ အိမ်ကလေး တစ်လုံး ၏ ဝါးကြမ်းပြင် ပေါ်သို့ တက်လိုက်၏ ။ ဘေးအိမ်များ တွင် မှောင် နေပြီ ဖြစ်သော်လည်း ဤ အိမ်ကလေး ၌ ကား မီးခွက်ရောင် လက် နေသည် ။ လူကြီး က တံခါး ကို တွန်း ဖွင့်လိုက်၏ ။ အိမ်ကလေး ၏ ခေါင်းရင်းပိုင်း တွင် ရေနံမီးခွက်လေး တစ်ခု ထွန်းထာ၏ ။ 


မီးခွက် ဘေးတွင် လုံမလေး တစ်ယောက် သည် အိမ်ဝင်ပေါက် ကို ကျောပေးလျက် ခပ်ကွေးကွေးလေး တစောင်း အိပ်နေ၏ ။


မီးခွက်ရောင်လေး သည် တစောင်း အိပ်နေသော လုံမပျိုလေး ၏ ခါး နှင့် တင် တို့၏ အလှ ကို တိတိပပ မဖော်ကျူးနိုင်ရှာ ဘိသည့် အလား နီကျင်ကျင် သာ ရှိနေရှာ၏ ။ လူကြီး သည် ကျွမ်းကျင်သော ခိုးသား တစ်ဦး ၏ ဟန်မျိုးဖြင့် ခြေသံ မမြည်အောင် ချွတ်နင်း နင်း လျက်ရှိ၏ ။


သို့သော် ဝါးကြမ်းများ သည် လေးလံလှသော လူကြီး ၏ ကိုယ်ခန္ဓာ ကို ကြောက်ရွံ့ငြင်းဆန် ဘိသလား “ တကျွိကျွိ ” အော်မြည်ကြကုန်၏ ။ အသံ ကြား သဖြင့် အိပ် နေသော လုံမပျို သည် ဖျပ်ခနဲ ထ၍ ထိုင်၏ ။


“ ဪ ... ရှင် တကယ် လာသကိုး ” 


ဦးကြော့မောင် သည် မိမိ ထက် အသက် သုံးဆယ် နီးပါး ငယ်မည် ဖြစ်သော လုံမပျိုလေး က မိမိ အား “  ဦးကြီး ၊ ဦးလေး ” စသဖြင့် မခေါ်ဘဲ “ ရှင် ” ဟူ၍ ခေါ်ဝေါ် သုံးစွဲလိုက်ခြင်း ကို အလွန်ပင် မနော ခွေ့ သွား၏ ။


ဦးကြော့မောင် သည် ညွှန့်မေ အနီး သို့ ချဉ်းကပ် သွားပြီး ခန္ဓာကိုယ်ချင်း ထိအောင် ကပ်၍ ထိုင်လိုက်၏ ။


ညွှန့်မေ ၏ အသားကလေးများ မှာ ပူနွေး နေသည် ။ ဦးကြော့မောင် ၏ ကိုယ်မှ အမွှေးနံမျိုးစုံ တို့သည် အိမ်ခန်းကျဉ်းကျဉ်းလေး ထဲဝယ် မူးနောက်လုခမန်း ကြိုင်လှိုင် နေ၏ ။ ညွန့်မေ က အသားချင်း မထိအောင် နေရာ ရွေ့ပြီး ထိုင်သည် ။


“ မနှစ်က ရှင့် အိမ်ကို ကျွန်မ လာပြီး ကိုလှမြိုင် ရဲ့ လုပ်ခတွေ တောင်းတာ မှတ်မိရဲ့လား ”


“ အေးပါကွာ မှတ်မိပါတယ် ၊ ဒီအချိန်မှာ ဒါတွေ ပြောမနေပါနဲ့ ၊ ပြီးခဲ့တာ ပြီးပါစေ ”


ညွှန့်မေ က နှုတ်ခမ်း ကို တွန့်ပြီး မဲ့လိုက်သည် ။


“ မပြီးနိုင်ဘူး ရှင်ရဲ့ ၊ အမေ အသဲအသန် ဖြစ်နေလို့ အမေ့ ရောဂါ က ရန်ကုန်ဆေးရုံကြီး မှာ ကုရမယ့် ရောဂါ ဆို့လို့ ရှင့် ဆီကို လာရတာ ၊ ပြီးတော့ ငွေ ရသင့်ရထိုက် တဲ့ ကျွန်မ ယောကျာ်း ရဲ့ လုပ်ခငွေ ကို ပဲ လာ တောင်းတာ ၊ ရှင် တမင် မပေးသေးဘဲ ညစ်ထားတဲ့ ငွေ ကို လာ တောင်းတာ ၊ ဒါကိုတောင် ရက်ရက်စက်စက် ”


“ ဒီတုန်းက ငွေ မလွယ်လို့ပါကွာ ၊ ဒီလောက်လည်း အရေးကြီးမှန်း မသိလို့ပါ ”


စိတ်ကောက် နေသော သိုးငယ် အား ချော့မော့ နေသည့် ဝံပုလွေ ၏ ပရိယာယ် မျိုး ဖြင့် ပြော၏ ။ ညွန့်မေ ၏ မျက်နှာသည် ရုတ်ခြည်း တင်းမာသွား၏ ။ အုံ့မှိုင်းညှိုးလျ၍ လည်း နေသည် ။


“ ဟုတ်ပါတယ် ၊ ရှင်လို လူ တစ်ယောက် ငွေ မလွယ်ဘူး ဆိုတာ ကျွန်မ သိပ် ယုံတာပေါ့ ၊ ဘာပဲဖြစ်ဖြစ် ကျွန်မ အမေ ကတော့ သေသွားရ ရှာတယ် ”


ညွှန့်မေ သည် ပြောရင်း ဝမ်းနည်း လာ၏ ။ ဒူးနှစ်လုံး ပေါ်၌ မျက်နှာ အပ်ကာ တသိမ့်သိမ့် ရှိုက်ငိုနေ၏ ။ ဦးကြော့မောင် နည်းနည်းတော့ စိတ်ပျက် သွားသည် ။ နှစ်ပါးသွား က ရမည် ထင်၍ လာခဲ့ရာတွင် အပူတိုက် နှင့် တိုးနေချေပြီ ။


ဒါပေမဲ့ ကိစ္စ မရှိပါ ။ သည် ကောင်မလေးမျိုးတွေက သည်လိုပင် ။ အစတွင် မျက်ရည်ဖြင့် ပျိုးတတ်၏ ။ ယောကျာ်း ရဖူးပေမဲ့ မိမိ လို တစိမ်း နဲ့ ကျတော့ အစိမ်းအရိုင်း ပဲ ရှိသေးသကိုး ။ အစိမ်းအရိုင်းလေး တို့ ဓမ္မာတာ ရှက်တတ် ကြောက်တယ် ရှာပေမပေါ့ ။ ငိုသူ က ငိုတော့ ချော့သူ က ချော့ရပေမည် ။ သိုက်ဆရာ တို့ မည်သည့် ဥစ္စာစောင့် သိုက်နန်းရှင် ၏ ပရိယာယ် အထွေထွေကို နားလည် ကျွမ်းကျင်ရ၏ ။ ဆင် လာ လျှင် မြေဇာမြက် ကျွေးရမည် ။ ကျား လာလျှင် အမဲသား ကျွေး ရမည် ။ ပိတုန်း လာပြန် တော့လည်း ထုံး ပက်လိုက်ရုံပဲ ရှိသည်ပေါ့ ။


“ တိတ်ပါကွယ် ကလေးမ ရယ် ၊ တိတ်တိတ် အင်း သနားလိုက်ပါဘိ တော့ကွယ် ”


ဦးကြော့မောင် သည် ညွှန့်မေ အနီးသို့ တိုးသွားကာ ပခုံးလေး ကို သိုင်းဖက် လိုက်ပြီး တီးတိုး ချော့မော့၏ ။


“ လွှတ်နော် ... ရှင် ကျွန်မ အသား ကို မထိနဲ့ ”


ဦးကြော့မောင် က “ ဒါမျိုးတွေ ရိုးနေပြီ ” ဟူသော အပြုံးမျိုး ကို ပြုံးလိုက်၏  ။ ထို့နောက် ညွှန့်မေ ၏ ပခုံး ကို တင်းကျပ်စွာ ဖက်သည် ။ ကျန် လက်တစ်ဖက် က ခါးကို ဖက်လိုက်၏ ။ ခါး ကို ဖက် လိုက်သော လက်သည် အငြိမ် မနေဘဲ ကင်းခြေများ ပမာ တရွေ့ရွေ့ လှုပ်ရှားနေ၏ ။ သူ့ ကိုယ်လုံး အားဖြင့် တွန်း၍ ညွှန့်မေ အား ကြမ်းပြင် ပေါ်သို့ လှဲပစ်ရန် လည်း အားထုတ်သည် ။ ညွှန့်မေ က တအား ရုန်းသည် ။


“ ရှင် လူမဆန်ဘူး ၊ သေနာကြီး တော်တော်ယုတ် ”


ညွှန့်မေ ၏ အသံ က ဦးကြော့မောင် ၏ နား ထဲသို့ စူစူးရှရှ တိုးဝင် လာ၏ ။ ပြောပြောဆိုဆို နှင့် ညွှန့်မေ သည် ပခုံး ပေါ် မှ ဦးကြော့မောင် ၏ လက် ကို သွား ဖြင့် တအား ကိုက်လိုက်၏ ။


“ အမေလေးဗျာ .. နာလိုက်တာ .. ခွေ းမ ”


ညွှန့်မေ သည် ဖျတ်လတ် ပေါ့ပါးစွာဖြင့် နံရံ အနီးသို့ ပြေးသွား၏ ။ နံရံ တွင် ထိုးထားသည့် ဓားမြှောင် ကို နုတ်လိုက်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဦးကြော့မောင် ဘက်သို့ မျက်နှာ မူလိုက်၏ ။ ညွှန့်မေ ၏ အမူအရာ သည် ရန်သူ ကို သတ်ပုတ်ရန် ဟန်ပြင် နေသော ကျားသစ်မလေး ပမာ ရှိတော့၏ ။ ဦးကြော့မောင် က အကွင်းလိုက် သွားရာများ ထင် နေပြီး သွေးစို့လျက် ရှိသော မိမိ လက်ဖမိုး ကို နှိပ်နေ၏ ။


“ ရှင် နောက်ထပ် အတင့်ရဲမယ် မကြံနဲ့ ၊ လမ်းထိပ် ကင်းတဲ မှာ ကင်းသမား တွေ ရှိတယ် ၊ ကျွန်မ အော်လိုက်တာ နဲ့ သူတို့ ရောက်လာပြီး ရှင် အရှက်တကွဲ ဖြစ်သွားမယ် မှတ်ပါ ။ ခေါင်းရင်း အိမ် မှာလည်း ကျွန်မ အရီး ဒေါ်လှတင် ရှိတယ် ၊ ကျွန်မ ခေါ်လိုက်တာနဲ့ သူတို့ တစ်အိမ်သားလုံး နိုးပြီး ရောက်လာကြမှာပဲ ”


“ ရောက်လာတော့ ဘာဖြစ်လဲကွ ”


“ ဘာဖြစ်မယ် ဆိုတာ ရှင် မသိဘူးလား ၊ ရှင့်တို့ မှာ သူတပါး အသွေးအသား တွေကို ကိုက်စားဖို့ အစွယ်တွေ ၊ သူတပါး သွေးကို ဖောက်ဖို့ လက်သည်းတွေ ပဲရှိတယ် ၊ တွေးတောချင့်ချိန် တတ်တဲ့ ဦးနှောက် လည်း မရှိဘူး ၊ သနားကြင်နာတတ်တဲ့ အသည်းနှလုံး လည်း မရှိဘူး ”


ညွှန့်မေ က လက် ထဲမှာ ဓားမြှောင် ကို ကိုင်ဆလျက် အံကို ကျိတ်၍ ပြော၏ ။


“ ကျွန်မဟာ ယောကျာ်း နဲ့ တရားဝင် ကွာရှင်းသေးတာ မဟုတ်ဘူး ၊ ရှင် ဟာ ညအခါ အိမ်ကျော်နင်းမှု ကိုရော မယားခိုးမှု ကို ပါ ကျူးလွန်မိ နေပြီ ဆိုတာ ရှင် မသိဘူးလား ၊ ကျွန်မ လို အကြော်သည် တောင် သိတယ် ”


ဦးကြော့မောင် သည် ဖိုးခွေး အား ဒေါသ ဖြစ်လိုက်မိ၏ ။ ဘာမျှ ပြန် မပြောမိဘဲ ညွှန့်မေ အား ငိုင် ကြည့်နေ၏ ။ သို့သော် သည်မျှနှင့် အားလျှော့၍ မဖြစ်သေးပါ ။ ကွန် နှင့် မဟန်ပြန်တော့ မြှုံး ကို သုံးကြည့်ရပါဦးမည် ။


“ ရော့ .. ရော့ .. ညွှန့်မေ  မင်း သုံးဖို့ အစ်ကိုကြီး ပေးပါရစေ ”


အိတ် ထဲမှာ ဆယ်တန် တစ်ထပ် ကို ထုတ်၍ ညွှန့်မေ အား လှမ်းပေး၏ ။ ညွှန့်မေ က ဦးကြော့မောင် လက် ထဲမှ ငွေများ ကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်ချလိုက်၏ ။ ကောင်မလေး ရူးသွားပြီ လား ထင်ရသည် ။ အရယ်အသော ကို မြင်ရတော့ ဦးကြော့မောင် တအား တက်လာ၏ ။


“ ဟေ့ ... တိုးတိုး ရယ်ပါကွ ၊ ဘေးအိမ် က ကြားသွားပါ့မယ် ”


“ ရှင်သာ မနှစ်တုန်း က ကိုလှမြိုင် ရဲ့ လုပ်ခ ကို ဒီကိစ္စမျိုး မှာ လို လွယ်လွယ် ပေးခဲ့ရင် ကျွန်မ အမေ သေတောင် မသေရဘူး ၊ အခု ရှင် ပေးတဲ့ ငွေမျိုး ကတော့ ဘာလုပ်ဖို့လဲ ၊ ဒီငွေ ကိုသာ ကျွန်မ လိုချင်ရင် အပင်ပန်းခံပြီး ဘယ်မှာ မုန့်ရောင်း အဝတ်လျှော် လုပ်နေပါ့မလဲ ” 


ဦးကြော့မောင် သည် လူမမာ က တံတွေးဖြင့် အထွေး ခံရသော ပယောဂ ဆရာ ပမာ ဒေါသတကြီး ထ , ရပ်လိုက်၏  ။ ညွှန့်မေ အနီး သို့ အတင်းပင် ချဉ်းကပ်မည် ပြုပြီး မှ ထက်မြက်သော ဓားမြှောင် ကြောင့် ခြေလှမ်း တွန့် သွား၏ ။ 


“ အောင်မယ် ၊ နင့်လို ကောင်မမျိုးကများ ငွေ မလိုချင်ဘူးတဲ့ ၊ မလိုချင် နေပေါ့ ၊ ငါ ပြန်မယ် ၊ မိန်းမေတွေ တပုံချည်း ”


ဦးကြော့မောင် သည် ငွေ ကို အိတ်ထဲ ထည့်လိုက်ပြီး အိမ်တံခါးဘက် သို့ ခြေဦး လှည့်လိုက်၏ ။


“ မပြန်နဲ့ဦး ဦးကြော့မောင် ”


ညွှန့်မေ ၏ အသံ က ပြတ်သားလှ၏ ။ တပ်မှူးကြီး တစ်ဦး က ငယ်သားရဲဘော်အား အမိန့်ပေးလိုက်သံမျိုး ဖြစ်၏ ။ ဦးကြော့မောင် ရုတ်တရက် တန့်ရပ်သွား၏ ။ သို့သော် ကောင်မလေး ပြောသည် ကို ဂရုစိုက် နေ၍ မဖြစ်ပါ ။ တံခါးပေါက် သို့ ဆက်လက် လှမ်းလိုက်၏ ။


ညွှန့်မေ က တည်ငြိမ်စွာပင် မတ်တတ်ရပ်လျက် အသံ ကို မြှင့်၍ စကား နှစ်ခွန်း ကို ကြူးရင့်လိုက်၏ ။ ထို စကားနှစ်ခွန်း သည် ပြေး နေသော မြင်း အား ဇက်သတ်လိုက်သည့် ပမာ ဦးကြော့မောင် ကို တန့်ရပ် သွားစေသည် ။


“ အရီးလှတင် ရေ ၊ အရီးလှတင် ” 


တိတ်ဆိတ်သော ညဉ့်ယံ ဖြစ်သဖြင့် ညွန့်မေ ၏ အသံ သည် အတော်လေး ကျယ်လောင်သွား၏ ။


“ ဟဲ့ ... ဟဲ့ ... ညွှန့်မေ ၊ ဘယ်လို လုပ်လိုက်တာလဲ ”


ထိတ်လန့် သွားသော ဦးကြော့မောင် သည် ပြောပြောဆိုဆို အိမ်ထရံ အနီး မှ ဖျာလိပ် ဆီသို့ လွှားခနဲ ခုန်ပြေး၏ ။ ပုတ်ကြီး တစ်လုံး အား လေပြင်း ဝှေ့လိုက်သည့် သဖွယ် ရှိသည် ။ ထို့နောက် ထောင်ထားသော ဖျာလိပ် ထဲသို့ ခေါင်းလျှို ၍ ဝင်ရ မလို ၊ ဖျာလိပ် ကို ဖြန့်၍ ကွယ်ထားရ မလို အတော်လေး

ကသိကအောက် ဖြစ်သွားသည် ။


“ ဘယ်မှာ ပြန်လို့ ဖြစ်အုံးမလဲ ဦးကြော့မောင် ရယ် ၊ ကိုယ့် သမီးအရွယ် လောက်ရှိတဲ့ လင်ရှိ မယား ကို စော်ကားမယ် ကြံတဲ့ အတွက် ကျေနပ်အောင် တောင်းပန်ခဲ့ရဦးမှာပေါ့ ”


ဦးကြော့မောင် က ဖျာလိပ် အကွယ် မှ နေ၍ တုန်တုန်ယင်ယင် အသံကြီး နှင့် ညွှန့်မေ အား မေး၏ ။


“ ငါ ... ငါ ... ဘယ်လို တောင်းပန်ရမှာလဲ ညွှန့်မေ ”


ညွှန့်မေ က နားကျည်းမှုကြောင့် ပေါ်ထွက်လာသော အပြုံးမျိုး ကို ပြုံးလိုက်၏  ။ သူ့ မျက်နှာ က အရွယ် နှင့် မလိုက်အောင် တင်းမာရင့်ကျက် နေသည် ။


“ ရှင် ကျွန်မ ကို ထိုင်ပြီး ရှိခိုးရမယ် ”


ဦးကြော့မောင် သည် မိမိ ၏ နား ကို မိမိ မယုံနိုင်အောင် ဖြစ်သွား ရှာ၏ ။ ညွှန့်မေ က မိမိ အား တမင်များ ပြောင်လှောင် ကျီစယ်နေလေသလား ဟု တွေးတောပြီး လှမ်း ကြည့်လိုက်၏ ။ ညွှန့်မေ ၏ မျက်နှာထား ကား ကျောက်သား ပမာ တည်ငြိမ်မြဲ တည်ငြိမ်လျက် ။


“ မတော်တာ ဟယ် ”


“ ဘာ မတော်ရမှာလဲ ၊ ရှင် သူတပါး သမီးပျိုတွေ ကို လိုက်ပြီး ဖျက်ဆီး နေတာတော့ တော်ရောတဲ့လား ”


“ ငါ့ အရွယ်ကြီး နဲ့ ရှက်စရာကြီး ညွှန့်မေ ရာ ”


“ အရွယ် ကို ရော ၊ ရှက်ရမှာ ကို ရော အခုမှ ရှင် သတိရသလား ၊ ကဲ လာ ထွက်ခဲ့ ”


ဦးကြော့မောင် ၏ ထိပ်ပြောင်ကြီး ဇောချွေးများဖြင့် ရွှဲရွှဲစို နေ၏ ။ တစ်ကိုယ်လုံး နတ်ကျသလို တုန်နေသည် ။ ဖျာလိပ် နောက်ကွယ် မှ ဖြည်းညင်းစွာ တလှမ်းချင်း ထွက်လာ၏ ။


“ မဖြစ်နိုင်ပါဘူး ညွှန့်မေ ရာ ”


ဦးကြော့မောင် က အိတွဲတွဲ သူ့ ရင်ဘတ်ကြီး ကို ဖိ၍ ပြော၏ ။


“ ဟောဒီမှာ အရီးလှတင် ရေ ... ဟောဒီမှာ ”


သည်တစ်ခါ ညွှန့်မေ ၏ အသံကား အတော်ပင် ကျယ်လောင် နေသည် ။ ကြိမ် နှင့် အရိုက် ခံရသူ ပမာ ဦကြော့မောင် သည် ကျောကော့ သွား၏ ။ အခြား ရွေးချယ်ရန် နည်းလမ်း လည်း မရှိတော့ ။ အရှက်တကွဲ အကျိုးနည်း မဖြစ်စေဘဲ လူမသိ သူမသိ ပြီးရန်မှာ ညွှန့်မေ ညွှန်ပြသော နည်းလမ်းသာ ရှိတော့၏  ။ 


ညွှန့်မေ သည် အယူ မှားသော ဗာလယောကျာ်း ၏ နောင်တစိတ် ဖြင့် ဂါရဝပြုခြင်း ကို ခံယူမည့် ယောဂီမယ်လေး နှယ် တည်ငြိမ်လျက် ရှိ၏ ။


တင်ပလ္လင် ခွေပြီး ထိုင် နေသော ညွှန့်မေ ၏ ရှေ့တွင် ဦးကြော့မောင် ဆောင့်ကြောင့် ထိုင် လိုက်သည် ။


ထို့နောက် လက်အုပ် ချီ၍ ညွှန့်မေ အား ပုဆိန်ပေါက် ရှိခိုး လိုက်၏ ။ ဝါးပိုးကြမ်းခင်းလေး မှာ သိမ့်သိမ့်ခါ ၍ သွားသည် ။ 


တစ်ကြိမ် ဦးချလိုက်တိုင်း နဖူးပြောင်ပြောင်ကြီး သည် လက်သူကြွယ် မှ ဓာတ်လုံး လက်စွပ် နှင့် ထိ၍ ထိ၍ သွား၏ ။ ခြေဖဝါး နှစ်ဖက် တွင် ဟင်္သာပြဒါး ဆေးနီ ဖြင့် ထိုးနှံထားသည့် ဇီးကွက်ရုပ် နှစ်ရုပ် သည် လည်း အံ့အားသင့်သွားကြ ဟန် ဖြင့် မျက်လုံးကြီးများ ပို၍ ပို၍ ပြူးကျယ် လာလေသည် ။


 ▢ မြတ်သင်း

📖 မုသားပျားရည် နှစ်စက် 

Sunday, January 26, 2025

ရင်ကွဲဇရပ်

 

❝ ရင်ကွဲဇရပ် ❞
‌  ( မြတ်သင်း )

( ၁ )

တောင်တော်ခန်းမ ဆီမှ တံပိုးမှုတ်သံများ ကို ကြားရ၏ ။

အရုဏ်ကျင်းလုနီးလေပြီ ။

ဆရာတော် ၏ ကျောင်းသင်္ခမ်းလေး မှ လှေကားခုံ ပေါ်တွင် တံပူ၊ မျက်နှာသစ်ရေ တို့ ကို တင်ထား လိုက်၏ ။

“ နာမ် ရုပ်တို့၏ ရှေ့နောက် လှုပ်ရှားမှု အစဉ်မျှ သာတည်း ”

ကျောင်း ထဲ မှ လေးလေးတွဲ့တွဲ့ ရွတ်ဆိုနေသံ ကို ကြားရ၏ ။

ဆရာတော် နိုး နေပြီကိုး ။

တိလောကဂုရု ဘေးမှ ကျောက်သားလှေကားထစ်များ ကို နင်းတတ်လာ
ခဲ့သည် ။ ညဉ့်လေပြည် ထဲတွင် စကားပန်းနံ့တွေ က သင်းပျံ့နေကြ၏ ။

ကျောက်လှေကား တစ်လျှောက်လုံး စကားရိပ်များ အုပ်မိုး နေသည် ။

အေးစေတီ ၏ ထီးတော် မှ ဝေ့ဝဲ သက်ဆင်း လာသော ဆွဲလည်းသံ တချွင်ချွင် ကို ကြားရ၏ ။

ပုညရှင် စေတီ သို့ တက် သော သွပ်မိုး စောင်းတန်းကြီး သို့ ရောက်သောအခါ ၌
ရင်ကွဲဇရပ် တွင် ထိုင်ပြီး အမောဖြေသည် ။

စောင်းတန်း ၏ ဘေး တစ်ဖက်တစ်ချက် စီ တွင် သစ်သားကွပ်ပျစ် ရိုက်ထားပြီး အလယ် တွင် လှေကားထစ်များ ရှိနေလေရာ ဇရပ် ၏ ရင် ကို ခွဲထားသည့် နှယ် ရှိသောကြောင့် ဤ ဇရပ် ကို ရင်ကွဲဇရပ် ဟု ခေါ်ကြသည် ။

မိမိ သည် မိုးသောက်ယံ တိုင်း တွင် ဤ ရင်ကွဲဇရပ် သို့ လာထိုင်ရင်း တရား ရှုမှတ်မြဲ ဖြစ်ပေသည် ။

ဇရပ် ၏ နောက်ဘက် သို့ မျှော်ကြည့် လိုက် လျှင် မင်းဝံတောင်ထိပ် ၌ အိပ်စက် နေသော လခြမ်းငယ် ကို သီဟိုဠ်စေ့လေး တစ်စေ့ သဖွယ် မြင်တွေ့ရ၏ ။

ဇရပ် ၏ အရှေ့ဘက် ဒဟပ်ပင် အနီး၌ အုတ်ရေအိုးစင် အသစ်လေး တစ်ခု ရှိသည် ။ ဤရေအိုးစင်လေး မှ ရေအိုးများ ကို မိမိ သည် ဝတ်တစ်ခု ထား၍ နေ့စဉ် ရေဖြည့်မြဲ ဖြစ်၏ ။ မိမိ ထိုင်နေသော နေရာမှ လှမ်းကြည့်လျှင် အုတ်ရေအိုးစင်ကလေး ကို ဘေးတိုက် မြင်တွေ့ရ၏ ။ အုတ်ရေးအိုးစင်ကလေး ၏ ထုံးသုတ်ထားသော နံရံ ပေါ် တွင် မျဉ်းနက် တစ်ကြောင်း ကို မြင်ရ၏ ။ ဤမျှ ဖွေးဥနေသော နံရံ ပေါ်တွင် ဘယ်သူ က များ မီးသွေးခဲ ဖြင့် ရေးခြစ် သွားပါလိမ့် ။

အရှေ့ဘက် တောင်စဉ် တောင်တန်းများရှိ စေတီ၊ တန်ဆောင်းများ တွင် ထွန်းညှိ ထားသော လျှပ်စစ်မီးပွင့်များကို  တမျှော်တခေါ်ကြီး မြင်တွေ့ ရ၏ ။ ကြယ်တာရာများ အုပ်ဖွဲ့ ဆင်းသက် လာကာ လူးလှိမ့်ဆော့ကစား နေသော တောအုပ် ကို အပေါ်စီး မြင်နေရသည့် နှယ် ရှိသည် ။

မီးပွင့်များ ကို ကြည့်ရင်း ဤကား ဆံကျင်တာရာ တည်း ၊ ဤကား ဟင်္သာတာရာ တည်း ၊ ဤကား ကျီးတာရာ တည်း ၊ ဤကား သရဝဏ် နတ်က္ခတ်တည်း စသဖြင့် ဆိုချင်စရာ ဖြစ်သည် ။

အရှေ့ဣစ္ဆာသယကျောင်း အနီး ဇရပ် တစ်ခု ၏ ပြတင်းဝ မှ မီးရောင်များ ဖြာထွက်နေပုံမှာ နဂါးခံတွင်း မှ အခိုးအငွေ့များ မှုတ်လွှတ် နေသလို ရှိသည် ။

ထို ဇရပ် ၏ အောက်ဘက် ရှိ သမီးတော်ချိုင့်ဝှမ်း ကား တွင်းနက်ကြီး တစ်ခု သဖွယ် မှောင်ပိန်းလျက် ရှိလေသည် ။

လွန်ခဲ့သော ရက်သတ္တပတ်ခန့် က မူ ဆိုးဝါးလှသော ကံကြမ္မာ တစ်ရပ် သည် သမီးတော် ချိုင့်ဝှမ်း အတွင်း သို့ ဥက္ကာပျံ တစ်ခုသဖွယ် ပြင်းထန်သော အရှိန်အဟုန် ဖြင့် ကျရောက်ခဲ့လေသည် ။

ooooooooooooooo

( ၂ )

“ ပိုက်ဆံကြဲပါဗျို့ ”

“ ပိုက်ဆံကြဲပါဗျို့ ”

ဂန္ဓာရုံဝိဟာရ သို့ မိမိ ရောက်စ နွေနေ့လယ်ခင်း တစ် ခုတွင် သိမ်တော် ၌ မိမိ စာဖတ်နေစဉ် ဆူညံစွာ အော်ဟစ်နေသော ကလေးတစ်သိုက် ၏ အသံများ ကို ကြားရ၏ ။

မိမိတို့ ကျောင်းတိုက် အတွင်းမှ ဖြစ်သည် ။ ဧကသီ ကို ပြင်၍ ရုံလိုက်ရင်း သွားကြည့်ရာ၌ ဟောင်ကမ်းပါးယံ မြေလွတ်တစ်ခု တွင် ပေါက်နေသော ကုက္ကိုပင်ကြီး တစ်ပင် အောက် ၌ စုဝေး ရပ်နေသော ကလေးများ ကို မြင်ရသည် ။

ကုက္ကိုပင်ကြီး ကို မော့ ကြည့်ရင်း အော်ဟစ် နေကြခြင်း ဖြစ်၏ ။

လူသူလေးပါး လည်း မတွေ့ရသောကြောင့် ကလေးများ ၏ အပြုအမူ မှာ မိမိ အဖို့ အထူးအဆန်း ဖြစ်နေသည် ။

ထိုစဉ် လေကလေး တစ်ချက် သုတ်လိုက်ရာ ကုက္ကိုရွက်များ ဖွေးခနဲ ကြွေကျ လာကြ၏ ။

“ ဟေး ... ဟေး ... ဟေး ”

ကလေးတွေ က ညာသံ ပေးရင်း ကုက္ကိုရွက်များ ကို အလုအယက် ကောက်ကြသည်။ ရှာရှာဖွေဖွေ ရှိလိုက်တာနော် ။ သူတို့ မို့ ကစားတတ်ပလေ။ ရွက်ကြွေ များ ကို ခါးပိုက် ထဲ ထည့်လိုက်ကြပြီး နောက် ကုက္ကိုပင်ကြီး ကို မော့ကြည့်ရင်း “ ပိုက်ဆံ ကြဲပါဗျို့၊ ပိုက်ဆံကြဲပါဗျို့ ” ဟု အော်ကြပြန်၏ ။ လေအလာ ကို မျှော်ကြ ပြန်သည် ။

နေ့လယ်ခင်း ကျိန်းစက် နေသော ဆရာတော်ကြီး နိုးမည် စိုးသောကြောင့် မိမိ က သူတို့ ကို ငေါက် ထုတ်ရသည် ။

“ ဘယ်က ကောင်တွေလဲ ၊ ဘာလာ ရှုပ်နေကြတာပဲ ၊ ဆူကြချည်လား ၊ သွားကြစမ်း ၊ သွားကြစမ်း ”

ကလေးများ အားလုံး ထွက်ပြေး သွားကြသည် ။ ဤတွင် မပြေးနိုင်သဖြင့်
တစ်ယောက်တည်း ရပ်၍ ကျန်ရစ်သော သုံးနှစ်သားရွယ် ကလေငယ်ကလေး ကို တွေ့လိုက်ရ၏ ။

ကလေးငယ် က မြေတလင်းဝယ် ရပ်ရင်း မိမိ ကို မျက်လုံး ဝိုင်းဝိုင်းလေး များဖြင့် မော့ကြည့် နေသည်။ ကုက္ကိုရွက်တွေ ကို လက် တစ်ဖက် စီ မှာ အပြည့်များဖြင့် မော့ ကြည့်နေသည်။ ကုက္ကိုရွက်တွေ ကို လက် တစ်ဖက် စီ မှာ အပြည့် ဆုပ်ထား၏ ။ အနီးသို့ ရောက်သွားသည့် အခါ၌ သူ့ လက်နှစ်ဖက် ကို မြှောက်ရင်း ကုက္ကိုရွက်များ ကို မိမိ အား လှမ်းပေး နေရှာသည်။ မိမိ ရင်ထဲဝယ် ဆို့နင့်သော ဝေဒနာ တစ်ရပ် စွဲကပ်လာသည် ကို သတိချပ်မိ၏ ။

ဤသည်ကား မောင်ချစ်ဖွယ်လေး ကို မိမိ စတင် တွေ့ရခြင်း ဖြစ်လေသည် ။

နောက်မှ ဆရာတော် ၏ တူမ တော်စပ်သော ခင်စန်းရီ ၏ သားငယ် ဖြစ်ကြောင်း သိရသည် ။

အရှေ့ဣစ္ဆာသယ တောင်ခြေချိုင့်ဝှမ်း ထဲ၌ အိမ်ရာဟောင်း အုတ်ခုံ တစ်ခု ရှိသည် ။ ရတနာဂီရိ မှ ပြန်လာသော သီပေါဘုရင် ၏ တတိယ သမီးတော်သည် ဤနေရာ တွင် အိမ်တော် ဆောက်၍ နေထိုင်သွားခဲ့သည် ဟု အစဉ်အဆက်
ပြောဆိုကြ၏ ။

ထိုနေရာ ကို ယနေ့တိုင် သမီးတော်ချိုင့်ဝှမ်း ဟု ခေါ်ကြသည် ။ ယင်း အုတ်ခုံ ပေါ်တွင် ခင်စန်းရီ တို့ မိသားစု တဲထိုး နေကြသည် ။ ခင်စန်းရီ ၏ ခင်ပွန်း မှာ ကိုမြအေး ဖြစ်သည် ။

ခင်စန်းရီ က စစ်ကိုင်းဈေး ထဲမှ သားငါး ဟင်းသီးဟင်းရွက် များ ကို ဝယ်ပြီး ဈေးတောင်း ခေါင်းရွက် ရောင်း၏ ။ ကိုမြအေး က တော့ ကြုံရာကျပန်း လုပ်ကိုင်သည် ။ ၎င်းတို့ တွင် သားနှစ်ယောက် ထွန်းကားရာ မောင်ဦး မှာ အကြီး ဖြစ်ပြီး မောင်ချစ်ဖွယ်လေး က အငယ် ဖြစ်သည် ။

“ ဒီကလေး ကြီး လာရင်တော့ ဆရာတော်ကြီး ဖြစ်မှာပဲ နော် ဦးပညာ ”

သီတင်းသုံးဖော် တစ်ဦး က မိမိ ကို ပြောဖူး၏ ။

မောင်ချစ်ဖွယ်လေး ကား အရွယ်နှင့် မလိုက်အောင် ဣန္ဒြေ ကြီးလှ၏ ။
မျက်လုံးအဝိုင်းဝိုင်း ၊ ပါးဖောင်းဖောင်း နှင့် မို့ ခန့်ညားသော ရုပ်ရည် ရှိသည် ။

နောက်ပိုင်းတွင် တော့ မောင်ချစ်ဖွယ်လေး သည် ကျောင်း ကို မကြာမကြာ
ရောက်လာတတ်၏ ။

တစ်ခါတစ်ရံ ကျောင်းအောက် ၌ သပိတ် ၊ ဝတ်ခွက်များ ကို လက်သုတ်ပုဝါ တစ်ထည် ဖြင့် သုတ်နေစဉ် ဝရန်တာ ပေါ်မှာ မေး တင်၍ မိမိ ကို အကြာကြီး စိုက်ကြည့် နေတတ်၏ ။

ငှက်ပျောသီး တစ်လုံး ကို ယူ၍ ပေးမည် ပြုသည့် အခါ မယူဘဲ ချာခနဲ လှည့်ပြေး သွားတတ်သည် ။

တစ်ခါတစ်ရံ မှာတော့ ပုံတော်စုံ ဇိနတ္တကာသနီ စာအုပ် ထဲမှ ရောင်စုံ ပန်းချီကားချပ်များ ကို မိမိ က ပြပေးလျှင် စိတ်ဝင်တစား ကြည့်နေတတ်၏ ။

မန္တလေး ပန်းချီကျော် ဦးချစ်မြဲ ၏ လက်ရာများ ဖြစ်သည်။ ဖွားတော်မူခန်း မှ ကြာပန်းများ ပေါ်တွင် လျှောက်လမ်းရင်း လက်ညှိုးထောင် ထားသော အလောင်းတော် ၏ ပုံလေး ကို သူ အလွန် သဘောကျသည် ။ မကြာမကြာ အပြ ခိုင်းတတ်၏ ။

ဆွမ်းစားကျောင်း ရှေ့ မှ သော်ကပင်ကြီး အောက်တွင် ထိုင် နေကြသည့် အခါတွင်မူ တျာတေးရှင် သပိတ်လွယ်ငှက်ကလေး နှင့် လူသားတို့သည် အတူတူ ဖြစ်ကြောင်း ၊ ကွေ့ကောက် ပျံသန်းတတ်သော လိပ်ပြာလေးများ နှင့် လူသားတို့ သည် လည်း အတူတူ ပင်ဖြစ်ကြောင်း သူ့ ကို ရှင်းပြရ၏။ သူ နားလည်သည် ၊ မလည်သည် ကိုတော့ မသိရ ။ “ လိပ်ပြာ ... လိပ်ပြာ ” ဟူ၍ သာ လက် ကို ဝှေ့ယမ်းရင်း အော်ဟစ်နေတတ်သည် ။

ကျောင်း မှာ ဝက်မြေဥပြုတ် ရှိသည့် အခါများ၌ မောင်ချစ်ဖွယ်လေး ကို တမင် ခေါ်ကျွေးရ၏ ။ သူ က ဝက်မြေဥပြုတ် အလွန် ကြိုက်သည် ။ ဝက်မြေဥ ဆိုရာတွင် လည်း တရုတ်ဝက်မြေဥ ကို သူ က မကြိုက်၊ မြန်မာ ဝက်မြေဥ ကို မှ ကြိုက်သည် ။

“ ဦးစွန်းဖုတ် နဲ့ ဝက်မြေဥရယ် ၊ ကတုံးကြီး နဲ့ ဝက်မြေဥရယ် ဘယ်ဟာ ပိုကြိုက်လဲ ” ဟု မေးလျှင် “ ကတုံး ... တုံး ” ဟု ပြန် ပြောတတ်၏ ။

သူ့ အဖေ နှင့် ကျောင်းသို့ လိုက်လာသည့် အခါ သူ့ အဖေ က မောင်ချစ်ဖွယ်
လေး ၏ ကုပ်ပိုး ကို သူ့ မေးမွေးငုတ်တိုလေးတွေ နှင့် ပွတ်သည်။ ထိုအခါ မျိုးတွင် မောင်ချစ်ဖွယ် က ကုပ်ကလေး ကို ပု၍ ခါးကလေး ကို တွန့်ရင်း ခိုးခိုးခစ်ခစ် ရယ် နေတတ်၏ ။

တစ်ရက်တွင် တော့ သရက်ပင် ဆိပ် မှ အပြန် ခင်စန်းရီ တို့ တဲကလေး သို့
မိမိ ရောက်သွားသည်။ မိသားစု ထမင်းစား နေကြ၏ ။

မန်ကျည်းရွက် ချဉ်ရည်တွေ ရွဲ နေအောင် ဆမ်းထားသော ထမင်းများ ကို ဇလုံ ထဲမှ သဲ့သဲ့ စား နေသော မောင်ချစ်ဖွယ်လေး ကို တွေ့ရ၏ ။ နှုတ်ခမ်း တစ်ဝိုက် နှင့် ပါးပေါ်မှာ ထမင်းလုံးတွေ တွယ်ကပ် နေသည်။ သူ့ အစ်ကို က ထမင်းလုံးတွေ ကို ဖယ်ပေး၏ ။

“ ဦးပဉ္စင်း တူ က အစား သိပ်ကြီးတယ် ဘုရာ့ ၊ ခဏခဏ လည်း ဆာတတ်တယ် ”

မောင်ချစ်ဖွယ် က သူ့ အား ဝေဖန်သည် ကို မကြိုက်ဟန် ဖြင့် အောက်နှုတ်ခမ်း ကို ကိုက် ရင်း သူ့ အမေ ကို မျက်လုံးပြူးကြီး ဖြင့် ကြည့်၏ ။

“ ဟော ... သူ့ ပြောတော့ လည်း မကြိုက်ဘူး ”

ခင်စန်းရီ က ပြောသည် ။ မောင်ချစ်ဖွယ် ၏ အမူအရာ ကို ကြည့်ရင်း အားလုံး
ရယ်မောကြ၏ ။

သမီးတော်ချိုင့်ဝှမ်း ထဲ တွင် ရယ်သံများ ဝေစည်သွား၏ ။

နွမ်းပါး သော်လည်း ရောင့်ရဲမှု ဖြင့် ပျော်ရွှင်ဖွယ် ကောင်းသော သမီးတော်
ချိုင့်ဝှမ်း အတွင်း သို့ ဆိုးဝါးသော ကံကြမ္မာ တစ်ရပ်သည် ဥက္ကာပျံ တစ်ခု သဖွယ်သက်ဆင်း ကျရောက်ခဲ့လေသည်။

oooooooooooooo

( ၃ )

မဂ္ဂင်ချောင် အောက်ထပ် သို့ ဆင်းသော လှေကား အနီး၌ ဆင်ခေါင်းကန် ရှိသည်။ ထို ရေကန်ထဲ သို့ ရေကျသော ပြွန်တွင် အင်္ဂတေဖြင့် ဆင်ခေါင်း သဏ္ဌာန် ထုလုပ်ထားသော ကြောင့် ဆင်ခေါင်းကန် ဟု ခေါ်ကြခြင်းဖြစ်သည် ။

သမီးတော်ချိုင့်ဝှမ်း မှ အနောက်ဘက် ကုန်းမြင့် ပေါ်သို့ တက်လာလျှင်
ဘိုကလေးချောင် သို့ ရောက်၏ ။ ဘိုကလေးချောင် ၏ တောင်ဘက် ကပ်လျက်
ဆုတောင်းပြည့်ဘုရားလေး မှ အုတ်လှေကား အတိုင်း ဆင်းလာလျှင် ဆင်ခေါင်းကန် သို့ ရောက်၏ ။

လွန်ခဲ့သော ရက်သတ္တပတ် ၏ နေ့ခင်း တစ်ခု ၌ မောင်ချစ်ဖွယ်ကလေး ပျောက်၍ ရှာဖွေကြရာတွင် ဆင်ခေါင်းကန် ထဲ ၌ မှောက်လျက်သား ပေါလောမျော နေသော မောင်ချစ်ဖွယ်လေး အလောင်း ကို တွေ့ကြရသည်။

မောင်ချစ်ဖွယ်လေး ၏ နောက်စေ့ မှာ ဆံပင်ရှည် ဖွားဖွားများ လည်း ရေမှော်စိမ်းစိမ်းများ အကြား တွင် တလှုပ်လှုပ် ဝေ့ဝဲဖြာကျလျက် ရှိလေသည် ။

“ တပည့်တော် သားလေး ကို မကယ်နိုင် ကြတော့ဘူးလား ဘုရား ”

မောင်ချစ်ဖွယ်လေး သည် မည်သည့် အချိန်က မည်သည့် အကြောင်း ကြောင့် ရေကန် ထဲ တွင် မည်သို့ သေဆုံး နေကြောင်း မည်သူမျှ မသိကြပေ ။

မိမိ ရောက်သွားသည့် အချိန်မှာတော့ မောင်ချစ်ဖွယ်လေး ၏ အလောင်း ကို ခုတင် ပေါ်မှာ ပြင်ထားပြီး ဖြစ်၏ ။ လေသုတ်လိုက်တိုင်း ညောင်ရွက်တွေ တရှဲရှဲ မြည်နေသော ညောင်ပင်ကြီး ၏ အောက်မှ ခုတင်လေး ပေါ်တွင် မောင်ချစ်ဖွယ်လေး ၏ အလောင်း ကို ပြင်ထား၏ ။ တစ်ကိုယ်လုံး ပြာနှမ်း နေသော လူကလေး ၏ ရုပ်အလောင်း ကို မိမိ မကြည့်ရက်တော့ပါ ။

ခင်စန်းရီ က ခုတင်ဘောင် ကို နဖူး ဖြင့် တိုက်ရင်း အော်ဟစ်ငိုယို နေ၏ ။
ကိုမြအေး ကတော့ တဲတိုင်တစ်လုံးကို မှီထိုင်ရင်း တရှုံ့ရှုံ့ ငိုနေ၏ ။

“ ခါတိုင်းတော့ တဲ မှာ တစ်ယောက် မဟုတ် တစ်ယောက် ရှိပါတယ် ဘုရား ၊ အဲဒီ နေ့ က တပည့်တော်တို့ လင်မယား နှစ်ယောက်လုံး ဆေးစုဖို့ အတွက် ယင်းမကျင်း ကို သွားနေကြတယ် ဘုရား ၊ တပည့်တော် ပေါ့ဆမိလို့ ဖြစ်ရတာ ပါဘုရား ”

ကိုမြအေး က ပြောသည်။ ဆရာတော်ကြီး တွင် လေးဖက်နာရောဂါ ရှိသည် ။ ပြီးခဲ့သည့် ရက်များက မူ လက်တွေ ယောင်ကိုင်း လာသောကြောင့် လက်ဖြင့်
ဆွမ်း မစားနိုင်အောင် ဆိုးဝါးလာခဲ့၏ ။ ထိုသို့ လေးဖက်နာ ထလလျှင် လက်ပံခါး နှင့် ဆင်မီးတောက်ဥ တို့ ကို ဆေးမယ် ပြု၍ ဆရာတော် ကို ကုသရ၏ ။

လက်ပံခါး အခေါက် ကို နေလှန်း၍ အမှုန့်ပြုပြီး ပျားရည် နှင့် တေ၍ မန်ကျည်းစေ့ခန့် နံနက်ပိုင်း မှာ တိုက်ရ၏ ။ ဆင်မီးတောက်ဥ ကို နေလှန်း ပြီး လှော် ၊ အမှုန့်ပြု ကာ ပျားရည် နှင့် တေ၍ မီးခြစ်ဆံခေါင်း ခန့် ညပိုင်း မှာ တိုက်ရ၏ ။ ထို ဆေးကို သောက်လိုက်လျှင် ဆရာတော် ကျန်းမာ လာလေ့ ရှိသည် ။

ဆေးဖက်ဝင် ပစ္စည်းများ ရရန် အတွက် ကိုမြအေး တို့ လင်မယား ခရီး ထွက်ကြခြင်း ဖြစ်သည် ။

မောင်ချစ်ဖွယ်ကလေး ဆုံးပါးကြောင်း သတင်း ကြားသိစဉ်က ဆရာတော် သည် အတော် စိတ် ထိခိုက်သွားသည် ။

“ အင်း ... တရား မရှိသေးကြောင်း ကိုယ့် ကိုယ် ကိုယ် သိရတာပလေ ၊ ဒီလို ဖြစ်မယ်များ သိရင်ဖြင့် ငါ့လ က်တွေ ကြွေကျသွားပါစေကွယ် ၊ ဒီ ခရီး ကို ဒင်းတို့ မသွားစေရပါဘူးဟဲ့ ”

ဆရာတော် က ညှိုးငယ်သော မျက်နှာ ဖြင့် မိန့်ကြားရှာသည် ။

“ ဆရာတော် လွှတ်တာမှ မဟုတ်ဘဲ ဘုရား ၊ သူတို့ သဘောနဲ့ သူတို့ သွားခဲ့ကြတာပါ ဘုရား ”

ဆရာတော်ကြီး အား မိမိ က စိတ် သက်သာရာ ရအောင် လျှောက်ထားခဲ့၏ ။

ညောင်ပင် အောက် မှာတော့ ပရိသတ်များ တဖြည်းဖြည်း တိုးပွား လာသည် ။ သရိုင်ရွာ မှ ခင်စန်းရီ ၏ အမေ လည်း ရောက်လာ၏ ။ ခပ်ရို့ရို့ လှမ်း လာသော အဘွားအို ကို မောင်ဦး က တွဲခေါ် လာသည် ။

“ တပည့်တော် တို့ ခေါ် သွားရင် ဖြစ်ရဲ့သား နဲ့ ကလေး ကို ခေါ်မသွားမိတာ
တပည့်တော် အမှားပါဘုရား ”

ခင်စန်းရီ က ဆံပင် ကို ပြင် ထုံးရင်း လျှောက်၏ ။ တဲကလေး ၏ မြောက်ဘက် တွင် ဆယ်ဝင်သံပုံး ဖြင့် တည် ထားသော ရေနွေးအိုးကြီး တစ်လုံး ကို ဒကာကြီး တစ်ယောက် က ထင်းမီး ထိုး နေသည် ။ ယောဂီ အမျိုးသမီး တစ်ဦး က ပရိသတ်များ အား လက်ဖက် လိုက် ဝေ နေသည် ။

ကုက္ကိုပင်ကြီး မှ ကုက္ကိုရွက်တွေ တဖွဲဖွဲ ကြွေကျ လာ၏ ။ ညောင်းကိုင်း ပေါ်မှ သပိတ်လွယ်ငှက်ကလေး တစ်ကောင် ထ ပျံ သွားသည် ။ စဉ့်အိုးကြီး ဘေးမှ ဇလပ်ပင်လေး တွင် လိပ်ပြာတွေ က တရစ်ဝဲဝဲ နှင့် ကွေ့ကောက်ပျံသန်း နေကြ၏ ။

“ ညီလေး ကို ကျောပိုးပြီး ပို့နေကျပါဗျာ ၊ ထမင်းအိုး တည် နေတုန်းမို့ သူ ထွက်သွား တာ ကို ကျုပ် မသိလိုက်တာပါ ”

မောင်ဦး က သူ့ အဘွား အနီးမှ ရုတ်တရက် ထ ပြေးသွားသည် ။ သူ့ ညီလေး ၏ ခြေထောက်လေး များ ကို ကိုင်ရင်း တသိမ့်သိမ့် ငိုရှိုက် နေ၏ ။

“ ဒီ ရက်ထဲ တွေ မှာ ကျုပ် စိတ်တွေ သိပ် လေးတာပဲ၊ အိပ်မက်တွေ ကလည်း
မကောင်းဘူး၊ သွားတွေ ညစ်နေတယ်လို့ အိပ်မက် မက်တယ် ၊ သူတို့ ဆီ ကို လာချင်နေတာ ၊ ပဲ သိမ်းလို့ မပြီးသေးတာ နဲ့ မလာနိုင်တာ ”

ခင်စန်းရီ ၏ အမေ က အတူ ထိုင်နေသူများ ကို ပြောပြနေ၏ ။

ငှက်ပျောပင် တွင် ထိုးစိုက် ထားသော စကြာလေး တစ်ခု လေတိုက်လာ သောကြောင့် ချာချာလည် နေသည် ကို တွေ့ရ၏ ။ မောင်ချစ်ဖွယ်လေး ၏ ကစားစရာ စကြာလေး ဖြစ်ပေမည် ။

အုတ်ရေကန် ဘေး မှ ဗုဒ္ဓသရဏပင်များ တွင် အပွင့် နီနီဝါဝါတွေ ပွင့်နေသည် ။ ဘယ် အရပ်ဆီ မှ ပေါ်ထွက် လာမှန်း မသိရသော ချိုးကူသံ ကို လွမ်းစဖွယ် ကြားရ၏ ။ ချိုးကူသံလေး မှာ တုန်ယင်နွဲ့လျက် ရှိရာ လည်စလုတ် ထဲ တွင် ဘောစေ့ငယ် ကလေးများ ထည့်၍ မြည်ကြွေးနေသ ယောင် ထင်ရ၏ ။

မဂ္ဂင်ချောင် အောက်ထပ်မှ ဆရာလေး ဒေါ်ယဿ တို့ ရောက်လာသည် ။

“ တပည့်တော် မနေ့ က မောင်ချစ်ဖွယ်လေး နဲ့ တွေ့သေးတယ် ဘုရား ၊ ဒေါ်လေးတို့ ဇရပ် မှာ စတုမဓူ လာ စားလှည့်ဦးနော် လို့ ပြောခဲ့မိသေးတယ် ၊
တပည့်တော်တို့ ဇရပ် ကို လာရင်းနဲ့များ ဖြစ်ရသလားလို့ လုံးလုံး စိတ်မကောင်းဘူး ဘုရား ”

“ ဒီလိုလည်း ဘယ် ဟုတ်ပါ့မလဲ မယဿ ရယ် ”

ဒေါ်ရူပ က ဆရာလေး ကို ဖျောင်းဖျသည်။

မန်ကျည်းကိုင်း ပေါ်၌ ရှဉ့်ကလေးများ ပြေးလွှား နေကြသည် ။ ရှဉ့်ငယ် တစ်ကောင်မှာ ပါးစပ် က တတောက်တောက် မြည်လိုက် ၊ နှုတ်သီး ကို လက်နှစ်ဖက် ဖြင့် သပ်လိုက် ၊ အမြီးဖွားဖွား ကို အထက်သို့ တလှုပ်လှုပ် ထောင်လိုက် ၊ သစ်ကိုင်း ကို အမြီး ဖြင့် ရိုက်လိုက် နှင့် ကိုင်းဖျားဆီ သို့ တဖြည်းဖြည်း လျှောက် သွားနေ၏ ။

ထို့နောက် သရက်ပင် ပေါ်သို့ ခုန်ကူး သွားသည် ။

“ ဒီ ရေကန် ကို အုတ်တံတိုင်း ခတ်ဖို့ လုပ်နေတာ ကြာပါပြီ ဘုရား ၊ သီတဂူ ရေ ကလည်း လိုသလောက် ရ နေတော့ အသုံး မလိုတော့မယ့် အတူတူ ဖို့ပစ်ရ ကောင်းမလားလို့ စဉ်းစား နေတာနဲ့ မလုပ်ဖြစ်တာပါ ”

တိုးတိုး ညင်ညင် လျှောက်ထား နေသော မဓီရ ၏ အသံ ကို မနည်း နားထောင် ယူရ၏ ။

အညိုရောင် ကိုယ်လုံး ထဲ၌ ဝှက်သိမ်း ထားသော တောင်ပံဖြူများ ကို ထုတ်ရင်း ဇရက်တစ်အုပ် တမာပင် ပေါ် မှ ပျံထွက် သွားကြသည် ။

ဇေယျသိင်္ဂီချောင် မှ သီလရှင်လေးများ ၏ စာအံသံ ကို  ကြားရ၏။ ဘုရားဖူး အချို့ အရှေ့ဣစ္ဆာသယချောင် ဘက်မှ တောင်ဆင်းလမ်းလေး အတိုင်း ဆင်းလာကြ၏ ။

သမီးတော် ချိုင့်ဝှမ်း ထဲမှ လူစုစု ကို အကဲခတ်သလို ကြည့်ပြီး အောင်ချမ်းသာ
ချောင် ဘက် ဆီသို့ ဆက်သွားကြသည် ။

သွပ်မိုးစောင်းတန်း တို့ဖြင့် ကုပ်သတ်ထားသည့် စစ်ကိုင်းတောင်ရိုး မှာ ဇာနားကွပ် ထားသော အစိမ်းရောင် တင်းတိမ်တစ်ထည် နှင့် တူနေသည် ။

တောင်ထိပ် ဆီသို့ လှမ်းမျှော် ကြည့် လိုက်လျှင် ပုညရှင်စေတီ ၏ ချရားသီး အနီးတွင် ပျပ်ဝပ်ခစား နေသော ဖြူလွလွ တိမ်တိုက် အချို့ ကို မြင်တွေ့ ရလေသည် ။

ooooooooooooooo

( ၄ )

ပိတ်ထားသော မျက်ခွံများ ရှေ့တွင် နီနီဝါဝါ အရောင်တွေ သမ်း လာ၏ ။

ကျေးငှက်တို့ ၏ စိုးစိုးစီစီ မြည်သံတွေ နား ထဲ သို့ ဝင်လာကြသည် ။

နှာသီးဖျား ကို အာရုံ ကပ်၍ ရှုမှတ် နေရာမှ အချိန်နာရီ စေ့ ရောက်ပြီ ဖြစ်သောကြောင့် မျက်လုံးများ ကို တဖြည်းဖြည်း ဖွင့် ၊ ပေါင်ပေါ်၌ ယှက်တင် ထားသော လက်နှစ်ဖက် ကို ဖြည်းဖြည်း မ ၍ ကွပ်ပျစ် ပေါ်မှာ ထောက် လိုက်သည် ။ တင်ပျဉ်ခွေ ကို ဖျက်၍ ခြေထောက်များ ကို ကွပ်ပျစ် ပေါ်မှ အောက်သို့ တွဲလောင်း ချ လိုက်သည် ။

အရှေ့ တစ်ခွင်လုံး ၌ နှင်းဆီရောင် လျှမ်းတောက် လျက် ရှိလေပြီ ။

အုတ်ရေအိုးစင်လေး ၏ နံရံဖြူဖြူ ပေါ်သို့ စက္ခုအာရုံ တင် လိုက်သည် ။

နံနက် နေခြည် ထဲတွင် မျဉ်းနက် တစ်ကြောင်း ကို ပြက်ပြက်ထင်ထင် မြင်တွေ့ရ၏ ။

လှုပ်လှုပ်ရွရွ ဖြစ် နေသောကြောင့် ဇရပ် ပေါ်မှ ဆင်း ပြီး ရေအိုးစင်လေး အနီး သို့ သေချာစွာ သွား ကြည့်သည် ။

မီးသွေး ဖြင့် ရေးခြစ်ထားခြင်း ကား မဟုတ် ။

(ပု) (ရွက်) (ဆိတ်) (များ) (တစ်) (ကောင်) (ပြီး) (တစ်) (ကောင်) (တန်း) (စီ) (၍ ) (သွား) (နေ) (ခြင်း) (သာ) (ပါ) (တ) (ကား) ။

⎕ ‌မြတ်သင်း

📖 မုသားပျားရည် နှစ်စက်

.

Friday, October 11, 2024

မြတ်သင်း နှစ်ယောက်


 

❝ မြတ်သင်း နှစ်ယောက် ❞

◾ဝတ္ထု ထဲ က မြတ်သင်း 
     ( ပထမ မြတ်သင်း )

ပန်းဆိုးတန်း နက်ပ်ကျူးန် ဟိုတယ် ရှေ့သို့ ဂျပန်လုပ် ဆူဘာရူး ကားလေး တစ်စင်း ထိုးဆိုက်သည် ။ ကား ပေါ် မှ မြတ်သင်း နှင့် ဒေါက်တာနှင်းရည်လှိုင် တို့ ဆင်း လာကြ၏ ။

မြတ်သင်း က သောက်လက်စ မာလ်ဘိုရို စီးကရက် ကို နောက်ဆုံး တစ်ချက် ဖွာရှိုက်လိုက်ပြီး ပလက်ဖောင်း ပေါ်သို့ ပစ်ချ၏ ။ ထို့နောက် ဆာကိုနီဂျက်ဇ် အမျိုးအစား ဂျော့ဂင်းရှူး ဖြင့် နင်းချေ ပစ်လိုက်၏ ။ သူဖုန်းစား အဘိုးအို တစ်ဦး မြတ်သင်း အနီး တွင် လာ ရပ်သည် ။ အယ်လီဂေတာ ရှပ်အင်္ကျီအိတ် ထဲ တွင် ထောင်လျက် ထည့် ထားသော ငွေစက္ကူ အသစ်အုပ် ကို ဆွဲ ထုတ်လိုက်၏ ။ တစ်ရွက် ကို ပိန်ချိုင့် နေသော ဒန်ခွက် ထဲ သို့ ပစ်ထည့်သည် ။

ဟိုတယ် လှေကားထစ်များ ကို ပေါ့ပါးသွက်လက်သော ခြေလှမ်းများ ဖြင့် နင်းတက် သွားကြ၏ ။ သီးသန့်ခန်း တွင် ထိုင်မိကြ သည် ။

သိသာစွာ ညှိုးရော်လွန်းသော မျက်နှာ ကို နှင်းရည်လှိုင် စူးစိုက် ကြည့်သည် ။ မောင် ဒီနေ့ ဘာဖြစ်နေတာလဲ ဟု မေးမည် ပြင်ခိုက် သက်ပြင်း တစ်ချက် ချသံ ကို ကြားရ၏ ။ နှုတ်ခမ်းရွက်ညွန့် ကို ညှိုးလျ စေသည် အထိ ပူလောင်သော သက်ပြင်း ဟု သိလိုက်သည် ။

“ နှင်း နဲ့ မောင် ရှေ့ လ ထဲမှာ လက်ထပ်ဖို့ စီစဉ် ထားကြတယ် နော် ”

ဘာ့ကြောင့်များ ဒီ စကား ကို ထပ် ပြောနေတာပါလိမ့် ဟူသော အတွေးဖြင့် နှင်းရည်လှိုင် မျက်ခုံး ကို ပင့်ချီသည် ။ ဗျူဂယ်လ်ဘွိုင် ဂျင်းဘောင်းဘီ အိတ်ထဲ မှ စာအိတ် တစ်အိတ် ဆွဲထုတ်သည် ကို မြင်ရ၏ ။

“ နှင်း ကို မော င်ဘာမှ လျှို့ဝှက် မထားချင်ဘူး နှင်း .. ဒီ စာ ကို နှင်း သေချာ ဖတ်ကြည့်ပါ ။ ဖတ်ပြီးတော့ မှ နှင်း မောင့် ကို လက်ထပ် နိုင်ဦးမလား ဆိုတာ ကို နှင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါ ”

ဆူဝေလာသော စိတ် ကို ထိန်းချုပ်လျက် စာအိတ် ကို လှမ်းယူသည် ။ အဝါရောင် စာရွက်ခေါက် ကို စာအိတ် ထဲ မှ ထုတ်ပြီး ဖြန့် လိုက်၏ ။ မေပယ်လ်ရွက်ခြောက်ကလေး တစ်ခု စားပွဲ ပေါ်သို့ ကြွေလွင့်ကျ သွား၏ ။ တဆတ်ဆတ် တုန်ခါ နေသော စာရွက် ပေါ် သို့ အကြည့် ရွေ့၏ ။ သိုးဆောင်းအက္ခရာ ဖြင့် ရေးထားသော စာလုံးလေးများ သည် စိုစွတ်သော မျက်လုံးများ ရှေ့ ၌ မှုန်တရီ ဝိုးတဝါး ... ။

      လူဝစ္စဘတ်ဂ်
      ၁၉၈၇ ခုနှစ် ၊ မတ်လ ၉ ရက်
          ချစ်တဲ့ သင်း ရေ

ကိုယ် ဒီနေ့ ပဲ သင်း နဲ့ အတူ ကြည့်ခဲ့တဲ့ တော့ပ်ဂန်း ရုပ်ရှင်ကား ကို ထပ်ပြီး ကြည့်မိပြန်တယ် ။ ဒီတော့လည်း ရုပ်ရှင် ထဲ က မင်းသား တွမ်ခရုစ် လို ဆံပင်တိုတို ညှပ်ထားတတ် တဲ့ သင်း ကို သတိရ ပြန်တာပေါ့ ။

နံနက်ခင်း နဲ့ ညနေခင်းတွေ မှာ ရွှေရောင်မြူလွှာတွေ မွေးဖွား လာတတ်တဲ့ ဩတမ်ရာသီ ရဲ့ နေ့ တစ်နေ့ကို ကိုယ် အမှတ်ရ နေမိတယ် ။ ငွေသောင်ယံ လမ်းလေး တစ်လျှောက် မှာ သစ်ရွက်အသေ တွေ ပြန့်ကျဲလို့ပေါ့ သင်း ရယ် ။ ကိုယ့် ဝါသနာ အတိုင်း မေပယ်လ် ရွက်ကြွေလေးတွေ ကို လိုက် ကောက်ပြီး စာအိတ် တစ်လုံး ထဲ မှာ စုထည့် နေမိတယ်လေ ။ ဒီတုန်းမှာ ကိုယ့် လိုပဲ ရွက်ကြွေလေးတွေ ကို လိုက် ကောက် နေတဲ့ အာရှ က ကောင်လေး တစ်ယောက် နဲ့ ကိုယ် ဆုံ မိခဲ့တာပေါ့ ။ မေပယ်လ်ရွက် လှလှလေးတွေ အပြန်အလှန် လဲလှယ် ကြရင်း သင်း ဟာ ဘတ်ကနဲ တက္ကသိုလ် မှာ ပညာ သင် နေတဲ့ မြန်မာ ကျောင်းသား တစ်ဦး ဆိုတာ ကိုယ် သိခဲ့ရတယ် ။ ကိုယ့် အဖို့ တော့ ပထမဆုံး ရင်ခုန်ခဲ့ရတဲ့ နေ့ တစ်နေ့ ပေါ့ သင်း ရယ် ။

ဘတ်ကနဲ တက္ကသိုလ် နဲ့ သိပ် မဝေးတဲ့ ဘူးလ်စ်ရန်း စားသောက်ဆိုင် ကို နှစ်ယောက် အတူ သွားခဲ့ကြတာ ကို သင်း မှတ်မိသေး ရဲ့လားကွယ် ။

ဒီတုန်းက ပန်းလျဖျော့တော့ နေ ရှာတဲ့ ခရမ်းရောင် ညနေ ဟာ အနောက် တစ်ခို မှာ အရည်ပျော်ဆင်း နေလေရဲ့ ။ ဘူးလ်စ်ရန်း မှာ ဆိုင် ရဲ့ နာမည်ကြီး ဟင်းလျာ ဖြစ်တဲ့ ချစ်ကင်းဝင့် ဘတ်ဖဲလိုးစ်တိုင် ကို စားကြတယ်လေ ။ ကြက်တောင်ပံလေးတွေ ကို ကြော်ချက် ချက်ထား တာက တင်းတင်းစပ်စပ် နဲ့ မို့ ခံတွင်း တွေ့တယ် လို့ သင်း က ပြော တော့ ဒီ ဟင်း ကို မှာ ကျွေးမိတဲ့ အတွက် ကိုယ် ဂုဏ်ယူမိသေးတယ် ။

သင်း ရေ ... အွန်တေရီယို မှာ ရှိတဲ့ နိုင်ယာဂါရာ ရေတံခွန် ကို သွားလည်ကြတဲ့ နေ့ ကတော့ သင်း နဲ့ ကိုယ် တို့ အတွက် အထူးခြားဆုံး နေ့ တစ်နေ့ ပဲနော် ၊ မိန်းမချောလေး တစ်ယောက် ရဲ့ ဆံနွယ်တွေ လို ဖြာဆင်း နေတဲ့ ရေမြွှာတွေ ကို ရောင်စုံဖဲကြိုး တစ်ခု လို ရစ်ပတ် ထားတဲ့ သက်တံ့ က လည်း အလှကြီး လှလို ပေါ့ ။

သင်း က ပြောတယ်လေ ။ စင်ဒီ ဆိုတဲ့ ရေမှုန် ပုတီးစေ့လေး တွေ က သင်း ဆိုတဲ့ နေခြည်မျှင်တွေ ကို တိုးဝှေ့ဖန် များတော့ ချစ်မေတ္တာသက်တံ့ ဟာ ပွင့်လက် လာခဲ့တယ်တဲ့ ။ ချစ်မေတ္တာ သက်တံ့ တဲ့ လား သင်း ရယ် ။ ဟုတ်ပါတယ်လေ ၊ နေရောင်ခြည်တွေ ဟာ သူတို့ ရဲ့ ဇာတိ ဖြစ်တဲ့ အရှေ့ဒေသ ကို ပြန်သွားခဲ့ရင် သက်တံ့ ဟာ လည်း ... ။ အဲဒီတုန်းက ကိုယ်တို့ နှစ်ယောက် ကန်တုံနိ အစားအစာ မှာ စားကြတယ်နော် ။ အချစ်မူးရီ တဲ့ မျက်လုံးတွေ နဲ့ တစ်ယောက် ကို တစ်ယောက် ကြည့် လို့ ။ ခုတော့ ဒီ အပြန်အလှန် မျက်လုံး တွေ ဟာ ပြန် ဆုံဦးမယ် လို့ ဘယ်သူ ခန့်မှန်းနိုင်တော့မလဲကွယ် ။

ဝါရှင်တန် မှာ တုန်း က အိန္ဒိယဆိုင် တစ်ဆိုင် မှာ သင်း ကြိုက်တယ် ဆိုတဲ့ ပူစပ်ပူလောင် ထမင်း စားခဲ့ကြတာ ကို လည်း သတိရ နေမိတယ် ။ ဒီ ဆိုင် က လူထုရိပ်သာ အဖြစ် ပြောင်းလဲ အသုံးပြု ထားတဲ့ စာတိုက်အိုကြီး ထဲ မှာ ရှိတဲ့ ဆိုင် တစ်ဆိုင် လေ ။ ဓမ္မတေးတွေ ကို ခေတ်ပေါ်နည်း နဲ့ ပြန်ဆို နေတဲ့ တီးဝိုင်း တစ်ဝိုင်း က လည်း အဲဒီ ခန်းမကြီး ထဲ မှာ ဖျော်ဖြေနေတယ် ။ စင် ရဲ့နောက်မှာ နေရာဟောင်း များ ကို အသုံးသစ် ဖြင့် ဆိုတဲ့ စာတန်း ရေး ထားတယ် ။ ဒီ စာတန်း ကို သင်း က နှစ်သက်တယ် လို့ ပြောတော့ ကိုယ် ပျော် လိုက်တာလေ ။ အတွေးအမြင် လေးနက်တဲ့ သင်း ဟာ မေတ္တာတရား အပေါ် မှာ လည်း လေးနက်တဲ့ သဘောထား ရှိလိမ့်မယ် ဆိုတဲ့ မျှော်လင့်ခြင်း နဲ့ ရယ် ပေါ့ကွယ် ။

ဘာလ်တီမိုးမြို့ကလေး က အင်နားဟာဘာ ကို ရော သတိရ သေးရဲ့လား သင်း ရယ် ။ ငါးပြတိုက် နား က ဆိုင် တစ်ဆိုင် ရဲ့ အပေါ်ထပ် မှာပေါ့ ။ တက်ကဆပ် အစားအစာ မှာ ပြီး စားခဲ့ကြတာလေ ။ ပြောင်းဖူးပြုတ် ကို ထောပတ်လေး သုတ်လိုက် ၊ ပူနွေး နေတဲ့ အမဲနံကင် ကို ဆော်စ်သုတ်လိုက် နဲ့ ကျေးလက်ဆန်ဆန် စားကြတဲ့ နေရာ လေ ။ နွားထိန်းတွေ ရဲ့ ဓလေ့ အတိုင်း ဟင်းလျာတွေ ကို လက် နဲ့ ကိုင် ပြီး အားပါးတရ စားကြတယ် ။

ဟင်းစ ပေကျံနေတဲ့ လက်ချောင်းတွေ ကို ပါ ပါးစပ် နဲ့ တပြွတ်ပြွတ် စုပ် တဲ့ သူ စုပ် နဲ့ ပျော်စရာကြီးပေါ့ ။ သင်း ဟာ သင်း တို့ နိုင်ငံ ရဲ့ ခေတ်သစ်တော်ဝင်မိသားစု က မွေးဖွားလာသူ ဆိုတာ သိ နေတဲ့ ကိုယ် အဖို့တော့ သင်း တစ်ယောက် ကျေးလက် ဆန် တဲ့ ဒီ ဝန်းကျင်မှာ အနေရ ကျပ်များ နေမလားလို့ စိုးရိမ်မိ သေးတယ် ။ ဒါပေမဲ့ သင်း က ကိုယ်တို့ လို ပဲ အလိုက်သင့် ခပ်ကြမ်းကြမ်း စားပြ နေတာ တွေ့တော့ မှ ကိုယ် စိတ်အေး သွားတယ် ။ ဒီတော့လည်း နောက် စိုးရိမ်မှုလှိုင်း တစ်လုံး က ကိုယ့် နှလုံးသား ကို လာ ဆောင့် ပြန်တယ် သင်း ရေ ။ ဟန်ဆောင်တတ်တဲ့ သင်း ဟာ ကိုယ့် ကို လည်း ဒီလိုပဲ အလိုက်သင့် ဟန်ဆောင် ချစ် နေတာများလားရယ် လို့ ပေါ့ ။

ငယ်ရွယ်မှု နဲ့ ပျော်ရွှင်မှု ပေါင်းယှက် ပြီးတော့ ပန်းနုရောင် အချိန်တွေ ကို ပျံကြွနေတဲ့ ခြေလှမ်းတွေ နဲ့ လိုက်ဖမ်း နေရတဲ့ ကာလ တွေ ဟာ ကုန်ဆုံး လွယ်လိုက်တာ သင်း ရယ် ။

ကြည်လင်တဲ့ မိုးကြေးမုံ ကို ကြည့်ရင်း ကမ္ဘာမြေ ကိုယ်တိုင် အလှပြင် နေတဲ့ စပရင်းရာသီ တစ်ခု မှာပေါ့ သင်း ရယ် ။ ကိုယ်တို့ နှစ်ယောက် ပါရီ ကို ရောက်နေကြတယ်လေ ။ ကွန်ကော့ဒ်လာဖေးယက် ဟိုတယ် က အခန်းကျယ်ကြီး ထဲ မှာ အတူ နေခဲ့ရတဲ့ အပျော် နေ့ တွေ ၊ အချစ် ည တွေ ကို တမ်းတခြင်း များ စွာနဲ့ ကိုယ် ပြန်လည် ရေတွက် နေမိတယ် သင်း ရယ် ။

တစ်နေ့မှာပေါ့ ။ ဟိုတယ် ရဲ့ အထူးဟင်လျာ ဖြစ်တဲ့ သခွားချိုသီးစိတ်ကလေးတွေ ပေါ်မှာ ဘေကွန် သုံးလွှာ လောက် အုပ် ထားတဲ့ ဟင်းလျာ ကို မှာစားကြတော့လေ ။ သင်း ပြောခဲ့တဲ့ စကား ကို သင်း မှတ်မိသေးရဲ့လား ။ သခွားသီးတွေ က ချို ပေမဲ့ မြန်မာပြည် က သခွားသီးတွေ လောက် ရင် ကို မအေးစေဘူး တဲ့ ။ ကိုယ် နားလည်ပါပြီ သင်း ရယ် ။

ကိုယ့် ရဲ့ ကြင်နာ မှုက မင်း ရဲ့ ရိုင်းပျတဲ့ တောင်ပံတွေ ကို ညှပ်ထား နိုင်လိမ့် လို့ ကိုယ် တွေးထင် ထားခဲ့တာတွေ ဟာ စိတ်ကူးယဉ်မှု သက်သက်ပါပဲလားကွယ် ။

ကိုယ်တို့ နှစ်ယောက် ရဲ့ အချစ် ဟာ လုဗ်အနုပညာ ပြတိုက် နား က ဆိန်းမြစ် ဘေး မှာ အတူ သောက်ခဲ့ရတဲ့ ကော်ဖီ လို ချိုပျစ်ဆိမ့်အိမ့် လှပေမဲ့ အဲဒီ ရသ ရဲ့ အောက် မှာ ခါးသက်ခြင်း ဟာ ပုန်းလျှိုး နေ တယ် ဆိုတာ ကိုယ် အမြဲ ထိတ်လန့် စွာသိနေခဲ့ပါတယ် သင်း ရယ် ။

ပျိုရွယ်သူ တွေ ရဲ့ နှစ်လုံးသားတွေ ထဲ က ဘဝ ကို ဖျက်ထုတ် တတ်တဲ့ ခွဲခွာရခြင်း ဟာ ခါးသက်လွန်း လှ တဲ့ နောက်ဆုံး ရသ ပါ ပဲ သင်း ရယ် ။

ခုတော့ မွန်းတည့်ချိန် ပျားပိတုန်း လို ညည်းတွား တတ်တဲ့ သင်း ရဲ့ စကားသံ ဝဲဝဲလေး တွေ ဟာ ဘယ်တော့ မှ ပြန် ကျော့ လာနိုင်မှာ မဟုတ်တော့ပါဘူးကွယ် ။

တောင်တန်းတွေ ၊ လွင်ပြင်တွေ ပေါ်မှာ ကျလာတဲ့ နှင်းပွင့် မျက်နှာဖုံး နုနုသစ်သစ်တွေ ဟာ လည်း မေတ္တာဝန် ပိနေတဲ့ ကိုယ့် ဝိညာဉ် ကို အေးမြအောင် နှစ်သိမ့်ခြင်း ငှာ မစွမ်းနိုင်ကြတော့ပါဘူး သင်း ရယ် ။

      မင်း ရဲ့နောက်ဆုံး အနမ်းတွေ နဲ့ ပဲ့တင်ထပ် နေတဲ့ ...
                   စင်ဒီ

စာရွက်ဝါကလေးများ ကို နှင်းရည်လှိုင် သေသပ်စွာ ခေါက် သည် ။ မေပယ်လ်ရွက်ခြောက်လေး ကို စာခေါက် ကြား တွင် ထည့်၏ ။ ထို့နောက် စာခေါက်လေး ကို အိတ် ထဲ သို့ ယုယစွာ ပြန် ထည့်နေ၏ ။

မြတ်သင်း က နှင်းရည်လှိုင် ၏ လက်ချောင်းအရွေ့ ကို တစူးတစိုက် ကြည့်နေသည် ။ ရင်ထဲ မှ သွေးတိုးနှုန်း မြန်နေသည် ကို နှာသီးဖျား မှ လေဖြင့် ထိန်းချုပ် ကြည့်သော်လည်း မအောင်မြင် ။ နှင်းဆီသွေး နှုတ်ခမ်းများ မှ ပျံ့လွင့်လာမည့် စကားရနံ့ ကို ဆုပ်ကိုင် နိုင်ရန် နှင်ရသော ခရီးသည် နှစ်များစွာ ကြာလွန်းစွ ဟု ထင်မိ၏ ။

“ ဘယ်လိုလဲ နှင်း ရယ် ... မောင့် ကို ခွင့်လွတ်နိုင်သေးရဲ့လား ။ အရင်တုန်း က လို ရော သဘောထား နိုင်သေးရဲ့လား ။ မောင် သိစမ်းပါရစေ ”

တောင်းပန်ခြင်း တစ်ဝက် ရောစွက်ထားသော အမေး စကား ကို သူ ဆိုမိ၏ ။

နှင်းရည်လှိုင် က အသံ ထွက်အောင် ရယ်လိုက်၏ ။ အနီရောင် မျဉ်းကွေး နှစ်ခု ကြား တွင် ပုလဲတန်း ရွှန်းပြတ်သွား၏ ။ ဆည်းလည်း သံ လွင့်လွင့်လေးများ ကို ကြားရသည် ။

“ ခွင့်လွှတ်ပါတယ် မောင် ရယ် ။ ပင်လယ်ပျော် စင်ရော်ငှက် ကို ကုန်းမြေ က ခွင့်လွတ် သလိုပဲ ခွင့်လွတ်ပါတယ် ။ စင်ရော်ငှက် ဟာ အတောင် ညောင်းခိုက် မှာ ကျောက်ဆောင် မှာ လည်း နားချင် နား ခဲ့မှာပဲ ။ စည်းတိမ် မှာ လည်း နားချင် နားခဲ့မှာပဲ ၊ ဒါကို ကုန်းမြေ က နားလည် ခွင့်လွတ်စမြဲပါကွယ် ။ မောင် အခုလို ပွင့်လင်းတာ ကို ပဲ ကျေးဇူး တင်မိပါသေးတယ် ”

ကြည်ရွှင်သွားသော မျက်နှာ ကို နှင်းရည်လှိုင် မြင်ရသည် ။

မြတ်သင်း က ခေတ်ပေါ် တီးဝိုင်း တစ်ခု မှ ဝါရင့် ဒရမ်သမား တစ်ဦး ဟန်မျိုးဖြင့် ဆင်စွယ်တူလေး နှစ်ချောင်း ကို ကောက် ကိုင် လိုက် ၏ ။ ပန်းကန်နှုတ်ခမ်း ကို တူ ဖြင့် တဆတ်ဆတ် တီးခေါက်သည် ။ တုန်ခါသံ မစဲမီ စားပွဲထိုး တစ်ဦး ဝင်လာ၏ ။

“ ဘီယာ တစ်လုံး နဲ့ စပတ်ကလင် တစ်လုံး ပေးကွာ ။ ပြီးတော့ အစုံကြော် တစ်ပွဲ ။ ဘဲအကြွပ်ကြော် တစ်ပွဲ ။ ပုစွန်ကိုက်လန် တစ်ပွဲ ငရုတ်သီးစိမ်း အတောင့်လိုက် ထည့် ကြော်နော် ။ ငါးရှဉ့်ခြောက်စပ် တစ်ပွဲ ။ ကြက်သားသုပ် တစ်ပွဲ ။ နို့မလိုင်ကြာဆံကြော် တစ်ပွဲ ။ ငါးခေါင်းဟင်းချို တစ်အိုး ... ”

သူ့ အသံ တွင် အပျော်လှိုင်းများ မြူးခတ် နေသည် ။ နှင်းရည်လှိုင် ပြုံးလိုက်၏ ။ အရုဏ်နုရောင် ပါးပြင် တွင် ပါးချိုင့်လေးများ ဝဲလှည့် သွား၏ ။

“ ဪ ... နှင်း မှာ လိုက်တဲ့ ရေမွှေးလေ ။ ဒွီယာ အမျိုးအစား ခပ်ဆန်းဆန်း ရနံ့ ကို ရွေး ဝယ်လာခဲ့တယ် ”

သွယ်ပျောင်းသော လက်ချောင်းများ ထဲ သို့ ရေမွှေးပုလင်း ရောက်ရှိ သွား၏ ။

“ ရေမွှေး ဝယ်ခဲ့ဖို့ နှင်း စာ ထဲ မှာ ပါလာတော့ မောင် အံ့သြ နေမိတယ် ။ နှင်း ရေမွှေး ဆွတ်လေ့ မရှိတာ ကို မောင် သိထားတာကိုး ”

ဆည်းလည်းသံ လွင်လွင်လေးများ ကို ကြားရပြန်သည် ။

“ နှင်း က ခေါင်းအုံး မှာ ဆွတ်တာ ။ အိပ် မပျော်တဲ့ ညတွေ မှာ လေ ရေမွှေး ဆွတ်ထားတဲ့ ခေါင်းအုံးလေး ကို မျက်နှာ နဲ့ အပ်ပြီး အကြာကြီး နေတတ်တဲ့ အကျင့် ရှိတယ် ”

မြတ်သင်း က ခပ်ရွှင်ရွှင် ပြောသည် ။

“ ခေါင်းအုံးလေး ဖြစ်ချင်လိုက်တာကွယ် ”

✗✗✗  ✗✗✗  ✗✗✗ ✗✗✗

◾ဝတ္ထု ရေးတဲ့ မြတ်သင်း 
     ( ဒုတိယ မြတ်သင်း )

အခန်းကျဉ်းလေး ၏ တစ်ခုတည်း သော ပြတင်းပေါက် မှ မျှော် ကြည့် လိုက်လျှင် နွံနှစ်များ ဖြင့် နောက်ကျု နေသော ငမိုးရိပ်ချောင်း ရေပြင် ကို မြင်ရ၏ ။ ချောင်းစပ် လတာ ပေါ်  တွင် ကား အဝတ်စုတ်များ ၊ ရော်ဘာဖြတ်စများ ၊ ဓနိပျစ်များ ၊ ပုပ်ပွ နေသော တိရစ္ဆာန် အသေကောင်များ ပြန်ကျဲလျက် ရှိလေသည် ။

ဝမ်းထဲ က ကြုတ်ကြုတ်မြည်သံ ကြားတိုင်း လုပ်လေ့ ရှိသော သူ့ ဝသီ အတိုင်း ဆံပင်များ ကို ထိုးဖွ နေမိ၏ ။

မြင့်တက်လာသော ဆံသခ ဈေးနှုန်း နှင့် အတူ ရှည်လျားလာ သော သူ့ ဆံပင်များသည် လည်ကုပ် ကို ထောက်လျက် ရှိ၏ ။ ဆံခြည်ရိုင်းများ အုပ်ဆိုင်းရာ သူ့ မျက်နှာ သည် ညှဉ်းသိုးသိုး နိုင်လှ၏ ။

အခန်း ထဲ တွင် အနှောင့်စုတ် နေသော စာအုပ်များ ၊ ရေးလက်စ စာရွက်များနှင့် ဆေးပေါ့လိပ်တိုများ ရှုပ်ယှက်ခတ် နေသည် ။ ဤ အခန်းကျဉ်းလေး ထဲ တွင် သူ တစ်နေ့လုံး ကျောက်ချ ထိုင်နေမိသည် ။ မြို့ ထဲ သို့ သူ မရောက်သည် မှာ ရက် အတန် ကြာခဲ့ချေပြီ ။

နံရံတွင် ချိတ်ထားသော စမ်းသပ်တက်ထရွန် အင်္ကျီလေး သည် ချိုင်း နေရာ၌ စုတ်ပြဲလျက် ရှိ၏ ။ ချုပ်ရိုးပြေခြင်း မဟုတ်ဘဲ ပိတ်သား တွင် ချည်မျှင်များ ဖွာထွက် စုတ်ပြဲ နေခြင်း ဖြစ်ရကား ပြန် ချုပ်၍ လည်း မကောင်းနိုင်တော့ပေ ။

နောက်မြီး ပါး နေသော ဖိနပ်ကလေး မှ ပြတ်လုဆဲဆဲ သဲကြိုး ၏ နောက်ဆုံး ထွက်သက် ကာလ ကို သူ ရင်ဖိုစွာ စောင့်ကြည့် နေမိသည် ။

တစ်စုံတစ်ယောက် က လမ်းစရိတ် ချီးမြှင့်သည့် တိုင် ဤ အင်္ကျီ နှင့် ဤ ဖိနပ် တို့ ၏ ပစ္စက္ခ အခြေအနေ အရ သူ မြို့ ထဲ သို့ သွားရန် မဖြစ်နိုင်တော့ပေ ။

မြို့ ထဲ သို့ သူ နောက်ဆုံး ရောက်စဉ် က စာအုပ်တိုက် တစ်တိုက် တွင် သူ ပြောခဲ့သော စကားများ ကို အမှတ်ရ နေမိ၏ ။

“ ဒီ တစ်ခါ ရေးလာတဲ့ ဝတ္ထု က တော့ ဆင်းရဲကြောင်း ၊ ငတ်ကြောင်းတွေ မပါပါဘူး ဗျာ ... နိုင်ငံခြား ပြန် ကောင်လေး တစ်ယောက် ၊ အပျံစား ကောင်မလေး တစ်ယောက် နဲ့ နိုင်ငံခြားသူလေး တစ်ယောက် တို့ ရဲ့ သုံးပွင့်ဆိုင် မေတ္တာ အကြောင်း ရေးထားတဲ့ ပျော်စရာ အချစ်ဝတ္ထု ပါ ၊ ချစ်စကားလေးတွေ ပြောလိုက်ကြ ၊ စားလိုက် သောက်လိုက်ကြ နဲ့ ပျော်စရာတွေ ချည်း ရေးထားတာပါ ။ အဲ ... ဇာတ်သိမ်းပိုင်း မှာ တောင် ဖတ်တဲ့ လူ စိတ်ညစ်သွားမှာ စိုးလို့ အားပြိုင်မှု ကို သိပ် မြှင့်မထားဘူး ၊ ငှက်မွေးလေး လို ပေါ့ပါးတဲ့ ပြဿနာ အသေးစားလေး ပဲ ချပေး ထားတယ် ။ စိတ်ညစ် နေရင်း တောင် ပျော်စေ ရမယ်ပေါ့ဗျာ ။ လုပ်ပါဗျာ ... ဖတ်ကြည့်စမ်းပါဦး ”

မွဲသွေ့သွေ့ မျက်နှာဖြင့် လျှာ တိုအောင် ရိတ် ချင်သော စကား များ ကို သူ အရှက်မဲ့စွာ ပြောနေမိခဲ့၏ ။ စာအုပ်တိုက်ပိုင်ရှင် က သူ့ ကို အားနာသော မျက်လုံးများ ဖြင့် ကြည့် နေခဲ့သည် ။

“ ကျွန်တော်တို့ တိုက် က အစ်စ်တားဘလစ်ရှ်ရိုက်တာ တွေ ပဲ သုံးတယ်ဗျာ ... ထုတ်ဝေ စရိတ် က သိပ် ကြီး နေတော့ နာမည် မရ သေးတဲ့ ကလောင် အတွက် မစွန့်စားရဲတာ ကို ခွင့်လွှတ်ပါ ” 

နောက်ဆုံး ဆုပ်ကိုင် ထားသော မြက်ပင်စုလေး မြေစိုင်ခဲ နှင့် အတူ ပဲ့ကျလာသည် ကို ရေစီးတွ င် မျောပါ သွားရင်း အားငယ်စွာ မြင်တွေ့ လိုက်ရ၏ ။ စာရေးခြင်း သက်သက် ဖြင့် ဘဝ ရပ်တည် နေ ကြသော ဆရာများ ကို လှိုင်းဂ ယက်များ အကြား မှ မြင်ယောင်မိရင်း သူ ရိုသေစွာ ဦးခိုက်မိ၏ ။

“ ကိုမြတ်သင်း ရယ် ... ဒီလို ထိုင်ပြီး ငိုင်နေမယ့် အစား နှင်းရီ တို့ ဒန်အိုးစက် ထဲ မှာ ဝင်ပြီး အလုပ် လုပ်ပါလား ။ စက်ရုံပိုင်ရှင် ကို နှင်းရီ ပြောပေးပါ့မယ် ”

ခေါင်းရင်းအိမ် မှ ကောင်မလေး က လက်ဝါးကြမ်းကြီး ဖြင့် သူ့ ကျောပြင် ကို ပုတ်ခတ်ရင်း အားမလို အားမရ ပြောသွားသော စကားသံ သည် သူ့ ခေါင်း ထဲ တွင် ပဲ့တင်ထပ် လျက် ရှိ၏ ။

ဘဝ ကို ထင်ဟပ်သော ၊ အနုပညာ ကိန်းဝပ်စေသော စာများ ကို ဖန်တီးနိုင် လျှင် တစ်နေ့ နေ့ မှာတော့ စေ့ထားသော တံခါးများကို ဖွင့်နိုင်လိမ့်မည် ဟု သူ ယုံကြည် မျှော်လင့်နေမိ၏ ။

စက်ရုံ အလုပ်သမား တစ်ဦး ၏ ဘဝ ကို ခံယူရင်း ထို တစ်နေ့ နေ့ ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေမည်လား ။

သို့တည်းမဟုတ် လက်မြှောက် အရှုံးပေးလျက် အညာ မှ အေးမြစိမ်းညို့ သော သူ့ ဇာတိရွာကလေး သို့ ပြန် မည်လား ။

သား အတွက် စိတ်ပူပင် နေရှာမည့် အညာ မှ အမေ့ မျက်နှာ ကို သူ မြင်ယောင်မိသည် ။

လွန်ခဲ့သော အပတ် က ပင် အမေ သည် ပစ္စည်း အချို့ကို လူကြုံ ဖြင့် သား ထံ ပို့ပေးခဲ့သေး၏ ။ ဆီးဆုပ် တစ်အိတ် ၊ ပဲခြမ်းကြော် တစ်အိတ် နှင့် ခေါင်းအုံးလေး တစ်ခု တို့ ကို အမေ ပို့ပေးခဲ့ သည် ။ အမြဲ ဝမ်းဟာ နေတတ်သော ၊ စာအုပ်များ ကို ခေါင်းအုံး အိပ်နေရ သော သူ့ အတွက် အမေ့ လက်ဆောင် ပစ္စည်းလေးများသည် လွန်စွာ အသုံးဝင်လှ၏ ။

ဆီးထုပ်အိတ်ကလေး နှင့် ပဲခြမ်းကြော်အိတ်ကလေး တို့ ကား ပိန်ချပ်လျက် ရှိချေပြီ ။ အေးလေ ။ သူတို့ ကို မှီဝဲပြီး ရပ်တည် နေတဲ့ ငါ့ ဝမ်းဗိုက် တောင် ပိန်ချပ် နေပြီပဲ ၊ သူတို့ လည်း ပိန်ချပ် နေကြရှာပြီပေါ့ ။

ခေါင်းအုံးလေး တစ်ခု သာ ပြည့်ပြည့်ဖြိုးဖြိုး ကျန်ရှိတော့၏ ။

သူ သည် ခေါင်းအုံးလေး ကို ယုယစွာ ပွတ်သပ် နေမိ၏ ။

ခေါင်းအုံးလေး ရယ် ၊ မင်း က တော့ တစ်ခါ စား ထားရုံ နဲ့ တစ်သက်လုံး ဝ နေတော့တာပဲနော် ။

ခေါင်းအုံးလေး ဖြစ်ချင်လိုက်တာကွယ် ။

⎕ မြတ်သင်း

📖 မိုးဝေ မဂ္ဂဇင်း
      ဇွန်လ ၊ ၁၉၈၇

#ကိုအောင်နိုင်ဦး

.