Showing posts with label ထက်မြတ်နိုင်ဇင်. Show all posts
Showing posts with label ထက်မြတ်နိုင်ဇင်. Show all posts

Wednesday, November 12, 2025

ချစ်တဲ့နှလုံးသားက တင်းမာနေတယ်


 ❝ ချစ်တဲ့နှလုံးသားက တင်းမာနေတယ် ❞  

( ထက်မြတ်နိုင်ဇင် )


( ၁ ) 


ကျွန်မရဲ့ ယူနီဖောင်းလက်မောင်းက Security ဆိုတဲ့ လက်ပတ်ကလေးက နည်းနည်း ချောင်ကျနေတာ နဲ့ ပြန်ဆွဲတင်ပြီး ပတ်လိုက်ရတယ် ။ ဟုတ်ပါတယ် ။ ကျွန်မက ဟောဒီ shopping Mall ကြီးမှာ အမျိုးသမီး လုံခြုံရေးဝန်ထမ်း အဖြစ် အလုပ်ဝင်နေတာ ၆ လလောက် ရှိနေပါပြီ ။


ပြီးခဲ့တဲ့ ၁၀ တန်း စာမေးပွဲကိုတောင် မဖြေလိုက်ရဘဲ မိသားစု စီးပွားရေး အခြေအနေကြောင့် ကျောင်းထွက်ပြီး အလုပ်ဝင်လိုက်ရတာပါ ။ အလုပ် စဝင်ခါစ နေ့ကဆို ကျွန်မတို့ကို အုပ်ချုပ်တဲ့ supervisor မအေးမော် က တောင် ပြောသေးတယ် ။


“ အမယ်လေး မေဇွန်ရယ် ... နင်ကများ လုံခြုံရေး ဝန်ထမ်း လာလုပ်ရတယ်လို့ ။ နင့်ကို ကြည့်တော့ဖြင့် ဖြူဖြူနုနုနဲ့ ကြွေရုပ်လေး ကျနေတာပဲ .. မသကာ ကုမ္ပဏီလေး ဘာလေးမှာ သွားလုပ်ပါတော့လား ”


“ လုပ်ချင်တာပေါ့ အစ်မရယ်.... ဒါပေမဲ့ အစ်မ လည်း သိတဲ့အတိုင်းပဲ ။ ကုမ္ပဏီအလုပ် ဆိုတာ ဘွဲ့ရမှ ၊ ကွန်ပျူတာ တတ်မှ ၊ အင်္ဂလိပ်စကား ပြောတတ်မှ ဖြစ်မှာ မဟုတ်လား ။ အခု ကျွန်မက ၁၀ တန်းတောင် မအောင်တော့ ရရာ အလုပ်ကိုပဲ လုပ်ရတော့တာပေါ့ ။ ဟိုအလုပ် ဒီအလုပ် ချေးများနေလို့ မရဘူးအစ်မရေ ... ထမင်းက နေ့တိုင်း စားနေရတာ မဟုတ်လား ”


“ အေးလေ ... ဒါပေမဲ့ မသိရင် နင့်ကို လုံခြုံရေးလို့ ထင်မှာ မဟုတ်ဘူး ။ တက္ကသိုလ် ကျောင်းသူလား ဘာလား ထင်မှာ ။ နင်ကလည်း လုပ်စရာ အလုပ်ရှားလို့ ဟယ် ... ၁ဝ တန်းလေး ပြန်ဖြေပါတော့လား ”


မအေးမော်က ကျွန်မကို ခင်မင်စိတ်နဲ့ မချင့်မရဲ ပြောနေပေမဲ့ ကိုယ့် မိသားစုအကြောင်း ကိုယ်သာ အသိဆုံးမို့ ခေါင်းငုံ့ပြီး ငြိမ်နေလိုက်ရတယ် ။ စိတ်ထဲကတော့ "အစ်မရယ် .. ကျွန်မလည်း အစ်မ ပြောသလို တက္ကသိုလ်ကျောင်းသူ ဖြစ်ချင်တာပေါ့ ။ လှချင်လို့ ကြွားချင်လို့ မဟုတ်ပါဘူး ။ ကျွန်မလည်း ပညာတတ် ဖြစ်ချင်တာပေါ့ ။ ကိုယ့်ဘဝရဲ့ အလင်းအမှောင်ကို ပညာ တတ်တဲ့ ကိုယ့် ဦးနှောက်နဲ့ပဲ ဆုံးဖြတ်ချင်တယ် ။ အဲ့ဒီ ဘဝကို ရောက်ဖို့ မနည်းရုန်းကန်ရဦးမယ် ” လို့ စိတ်ထဲမှာ တီးတိုး ပြောနေမိတယ် ။


ဟော ... ဟိုမှာ ကြည့်စမ်းပါဦး ။ shopping Mall ရဲ့ ကားပါကင်မှာ နောက်ဆုံးပေါ် ကားအသစ်စက်စက်လေးတစ်စီး ထိုးဆိုက်လာပြီ ။ ပျိုမျစ်နုနယ်တဲ့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲဟာ shopping mall ဆီကို ဝင်လာနေတယ် ။


တစ်ယောက်လက်ကို တစ်ယောက် တွဲပြီး ရယ်လို့ မောလို့ ။ ဪ .. သူတို့ ဘဝတွေကတော့ ကြည်နူးစရာ ကောင်းလိုက်တာနော် ။ လှပတဲ့ ကံကြမ္မာနဲ့ စီခြယ်ထား ကြတာကိုး ။ ကောင်မလေးက ကျွန်မ အနားက ဖြတ်သွားတော့ သင်းပျံ့တဲ့ အမျိုးအမည် မသိတဲ့ ရေမွှေးနံ့က လေပြည်ထဲမှာ ဝေ့သွားတယ် ။


ကျွန်မရဲ့ ယူနီဖောင်းလေး ကတော့ ချွေးတွေနဲ့ စိုလို့ ပေါ့ ။ ဒါပေမဲ့ ဒီ ချွေးစက်တွေဟာ လေဖြတ်ထားတဲ့ အဖေ ... အဆုတ် ရောဂါကြောင့် ချောင်း တဟွတ်ဟွတ် ဖြစ်နေတဲ့ အမေနဲ့ ကျောင်းတက်ခါစ မောင်လေး အတွက် ကျရတဲ့ ချွေးစက်တွေပဲ ။ ဘဝသုံးခု ပေါင်းထားတဲ့ ချွေးစက်တွေမို့ ဟိုကောင်မလေး ဆွတ်ထားတဲ့ ရေမွှေးထက်တော့ တန်ဖိုးကြီးပါတယ်လို့ တွေးရင်း အားငယ်စိတ်ကို ပြန်တင်းလိုက်ရတယ် ။ 


ဟုတ်တယ်လေ ... ။


လူရဲ့တန်ဖိုးကို ဆုံးဖြတ်တာက စီးတဲ့ ကားတွေ ၊ ဆွတ်တဲ့ ရေမွှေးတွေ ၊ ပန်ထားတဲ့ စိန်နားကပ်တွေ ၊ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်ဘဲ ။ ကိုယ် ဘာလုပ်နေသလဲ ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာ ဆုံးဖြတ်တာ မဟုတ်လား ။


ဟော ကြည့်လေ .. ။


အသက် ( ၅၀ ) အရွယ်လောက် အမျိုးသမီးကြီး တစ်ယောက် ။ လက်မှာလည်း ရွှေလက်ကောက်တွေ တဝင်းဝင်း နဲ့ တံတောင်ဆစ်ကွေး အထိ ရောက်တော့ မတတ် စီနေတာပဲ ။ ခေါင်း ဘယ်ညာခါ ရမ်းလိုက်တိုင်း နားနှစ်ဖက်က စိန်နားကပ်ကြီးတွေကလည်း ဝင်းခနဲ လက်သွားသည် ။ ပခုံးမှာ လွယ်ထားတဲ့ လက်ပွေ့အိတ်ကြီးကလည်း ငါးသောင်း ခြောက်သောင်း ထက်တော့ မလျော့ဘူး ထင်ပါရဲ့ ။


အဲဒီ အမျိုးသမီးကြီးက သင်းသင်းအေး တို့ရဲ့ Mobile Hardsets ကောင်တာရှေ့မှာ ရပ်ပြီး ဝယ်မလိုလိုနဲ့ ဖုန်းတွေ တစ်လုံးပြီး တစ်လုံး ထုတ်ပြ ခိုင်းနေတာ ၊ စမ်းကြည့်လိုက် ၊ ပြန်ချထားလိုက်နဲ့ မကြိုက်မချင်း ရွေးနေမယ့် ပုံပေါ့လေ ။ အဲ တခြား ဝယ်သူတွေ ကျလာလို့ သင်းသင်းအေး က အာရုံပြောင်းသွားရော ။ အဲဒီ့ အမျိုးသမီးကြီးက ဖျတ်ခနဲ ဟန်းဆက် တစ်လုံးကို ယူပြီး သူရဲ့ လက်ပွေ့အိတ်ထဲကို အလျင်အမြန် ထည့်လိုက်တာကို ကျွန်မ တွေ့လိုက်ရတယ် ။


ဒါကို မြင်လိုက်ရတဲ့ ကျွန်မက ချက်ချင်းပဲ supervisor မအေးမော် ဆီကို အကြောင်းကြားလိုက်တော့ မအေးမော် က “ သူ အခုချက်ချင်း လာခဲ့မယ် ။ ထွက်မသွားအောင် ထိန်းထားပါ ” ဆိုတာနဲ့ ကျွန်မလည်း Mall ထဲက ထွက်ဖို့ ပြင်နေတဲ့ အန်တီကြီး ရှေ့က ပိတ်ရပ်လိုက်ရင်း ...


“ အန်တီ... သမီးနဲ့ ရုံးခန်းကို ခဏလောက် လိုက်ခဲ့လို့ ရမလားရှင် ”


“ ဘာလဲ ဘာကိစ္စ လိုက်ရမှာလဲ .. လုံးဝ မလိုက်ဘူး ” 


သူက ပြန်ပြီး ဟိန်းဟောက်တဲ့ အသံက ထန်တွေ မာန်တွေ အရှိန်လွန်ပြီး ကျယ်လောင်နေတာမို့ ဘေးလူတွေက ဝိုင်းကြည့်ကုန်ကြတယ် ။ ကျွန်မလည်း မပြော ရင် မဖြစ်တော့တာမို့ ...


“ စိတ်မရှိပါနဲ့ အန်တီ.. ရုံးခန်းကို မလိုက်ရင်လည်း အန်တီ့ အိတ်ကို တစ်ချက် ရှာခွင့်ပေးပါ ”


“ ဘာ ... ဘာပြောတယ် ။ နင်က ငါ့ကို ဘာမှတ်နေသလဲ ။ နင့်လို အဆင့်အတန်းကများ ငါ့အိတ်ကို ရှာမယ်လေး ဘာလေးနဲ့ ။ ငါ စီးတဲ့ ဖိနပ်တစ်ရန်က နင့်လုပ်အားခ တစ်လခတောင် မကဘူး သိရဲ့လား ”


အဲဒီမှာတင် ဂုဏ်သရေရှိ အမျိုးသမီးကြီးဟာ အကြီးအကျယ် ပေါက်ကွဲတော့တာပဲ ။ ကျွန်မကိုလည်း လက်ညှိုး ငေါက်ငေါက် ထိုးပြီး အယုတ္တ အနတ္တ မျိုးစုံဆဲ ဆို လိုက်တာလည်း ရစရာကို မရှိပါဘူး ။ 


“ ဟုတ်ပါတယ် အန်တီ .. သမီးရဲ့ လစာတစ်လစာ အန်တီရဲ့ ဖိနပ် တစ်ရန်ဖိုးတောင် မရှိဘူးဆိုတာ မှန်ပါ လိမ့်မယ် ။ ဒါပေမဲ့ အဲဒီ ဖိနပ်တစ်ရန်ဖိုးစာ လခလေးကိုပဲ တာဝန်ကျေအောင် သမီး မှန်မှန်ကန်ကန် ကြိုးစားနေ တာပါ ”


ကျွန်မက ပြောလည်း ပြောရင်း သူ့လက်ပွေ့အိတ် ကိုလည်း ဆွဲယူပြီး စောစောက ကောင်တာ ကနေ အလစ်သုတ်သွားတဲ့ Handset ကို နှိုက်ယူလိုက်ပါတယ် ။ ချက်ချင်းပဲ မန်နေဂျာ ရောက်လာပြီး အဲ့ဒီ အန်တီကြီးကို သူ့ ရုံးခန်းထဲ ခေါ်သွားတယ် ။


အဲ့ဒီအချိန်မှာပဲ ကျွန်မကို တစ်ယောက်ယောက်က ကြည့်နေသလို ခံစားရလို့လှည့်ကြည့်လိုက်တော့ Revolon ကောင်တာမှာ ယောက်ျား အသုံးအဆောင် ပစ္စည်း တွေ ဝယ်နေတဲ့ သူ့ကို သတိထားလိုက်မိတယ် ။ သူ့မျက်လုံးတွေက စူးရှတောက်ပပြီး အသက်ဝင်လွန်းတယ် ။ သူက ကျွန်မကို တော်တော်ကြာကြာ ကြည့်နေပြီး တစ်ချက် ပြုံးပြတယ် ။ ပြီးတော့ သူ ဝယ်စရာရှိတာ ဝယ်ပြီး mall ထဲက ထွက်သွားတယ် ။


ကားပါကင်ဆီ ရောက်တော့ သူက Mark II ရွှေငါးကား အကောင်းစားကြီးကို မောင်းထွက်သွားတာ တွေ့လိုက်ရတယ် ။


••••• ••••• ••••• 


( ၂ )


နောက်တစ်နေ့လည်း ကျွန်မ အလုပ်လုပ်တဲ့ shopping mall ကို သူ ရောက်လာပြန်တယ် ။ ကျွန်မ တာဝန် ထမ်းဆောင်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အင်္ကျီကောင်တာမှာ အင်္ကျီရွေးရင်း တစ်ချက်တစ်ချက် ကျွန်မ ကို လှမ်းလှမ်း ကြည့်နေတယ် ။ သူ့ပုံစံက အသားခပ် လတ်လတ် ၊ အရပ်မြင့်မြင့် ၊ ကိုယ်ဟန် မတ်မတ်နဲ့ ယောက်ျားပီသတဲ့ ရုပ်မျိုး ။ ပြီးတော့ သူ့ကို မြင်လိုက်တာ နဲ့ သာမန် အဆင့်အတန်းထဲက မဟုတ်ဘူးဆိုတာ သိသာတယ် ။


သူ့နှုတ်ခမ်းမှာ အပြုံးချိုချို တစ်ခု အမြဲ တွဲခိုနေတတ်သလို ဘယ်မိန်းကလေး မဆို သူ့ကို မြင်လိုက်တာနဲ့ ကြွေဆင်းသွားမယ့် ရုပ်ရည်မျိုး ။


အဲဒီလို လူမျိုး တစ်ယောက်က ကျွန်မကို မရိုးမသား နဲ့ ကြည့်ကြည့်နေတာ ရင်မခုန်ဘဲ နေပါ့မလား ။ ကျွန်မ အရမ်းရင်ခုန်တယ် ။


သူက အဲဒီလိုမျိုး နေ့တိုင်း လာလာနေတော့ ကျွန်မ ကို လူချင်း မရင်းနှီးပါဘဲ မျက်လုံးချင်း ရင်းနှီး နေကြတယ် ။ တစ်လလောက် အကြာမှာ သူက ကျွန်မအနား ကို ပထမဆုံးအကြိမ် ကပ်လာပြီး စကား စပြောတယ် ။ ကျွန်မ ယူနီဖောင်းအင်္ကျီပေါ်မှာ ထိုးထားတဲ့ နာမည်ရင် ထိုးလေးကို တစ်ချက် ကြည့်လိုက်ရင်း ..


“ ညီမနာမည်က မေဇွန် တဲ့လား... နာမည်လေးက လှတယ်နော် ။ ကိုယ့်နာမည်လည်း မှတ်ထားဦး ။ ဇော်ထက် တဲ့ ” လို့ စပြီး မိတ်ဆက်လာတယ် ။ ပြီးတော့ “ ကိုယ်တို့ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စကားပြောကြမလား ”


“ ရှင် ”


ရုတ်တရက်မို့ ကျွန်မ အံ့သြသွားတယ် ။ ပြီးတော့မှ ထစ်ထစ်ငေါ့ငေါ့နဲ့ ...


“ ဟိုး ... ဟို ကျွန်မက အလုပ်ချိန်ဆို ဘယ်မှ သွားလို့မရဘူး ”


“ ကိုယ် သိပါတယ် ။ မင်း အလုပ်သိမ်းချိန်မှ ပြောတာပါ ”


“ အင်း... မနက်ဖြန်ပေါ့ ”


ကျွန်မလည်း ဘာလို့ ခေါင်းညိတ်မိမှန်း မသိပါဘူး ။ အဲဒီ့ အချိန်တုန်းက ဆိုရင် ကျွန်မ ခြေဖျား လက်ဖျားတွေ အေးစက်နေတာ ရေခဲ့တုံး အတိုင်းပဲ ။ ရင်ခုန်လိုက်တာ ဆိုတာလည်း နှလုံးသား တစ်ခုလုံး အပြင်ဘက်ကို ခုန်ပေါက် ထွက်သွား မတတ်ပါပဲ ။


အဲ့ဒီညက အိမ် ပြန်ရောက်တော့ ကျွန်မ သူ့ အကြောင်း စဉ်းစားနေမိတယ် ။ သူ့ဘဝ အဆင့်အတန်း နဲ့ ကျွန်မဘဝ အဆင့်အတန်းဟာ မိုးနဲ့ မြေလို ကွာခြားတယ် ဆိုတာ ကျွန်မ မြင်လာမိတယ် ။ ခေါင်းအေးအေး ထားပြီး စဉ်းစားကြည့်လေ ဘယ်လိုမှ မဖြစ်နိုင်လေပါပဲ ။ သူ့အကြည့်တွေကို ကျွန်မ နှလုံးသားက နားလည် ခံစားတတ်ပေမဲ့ ကျွန်မ ဦးနှောက်ကတော့ တွန်းကန် ငြင်းဆန် နေတယ် ။


ပြီးတော့ တစ်စုံတစ်ခု အမှားအယွင်းကြောင့် ကျွန်မရဲ့ နိမ့်ကျလှလွန်းတဲ့ ဘဝလေးကို သူများ တံတွေးခွက်မှာ ပက်လက် အမျောမခံနိုင်ဘူး ။


နောက်တစ်နေ့မှာ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်း သူက “ ကျွန်မကို ချစ်တယ် ” လို့ ဖွင့်ပြောလာတယ် ။ 


ဒါပေမဲ့ ..


ကျွန်မက သူ့အချစ်ကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ် ။ အဲဒီနေ့က ဆိုရင် ကျွန်မ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျတဲ့အထိ ခံစားရပါတယ် ။


ဟုတ်တယ်လေ ..


ကျွန်မဘဝနဲ့ သူ့ဘဝက တန်မှ မတန်တာကိုး ။ ဒါဟာ သူ့ဘဝကို ကျွန်မ အကောင်းဆုံး တန်ဖိုး ထားပေးလိုက်တာပါပဲ ။


 ••••• ••••• ••••• 


ဒါပေမဲ့ သူဟာ လက်လျှော့ မသွားပါဘူး ။ ကျွန်မ နဲ့ နီးစပ်ဖို့ သူ အတင်း ကြိုးစားတယ် ။ ကျွန်မ ကိုလည်း ...


“ ကိုယ် .. မင်းကို တကယ် ချစ်တာပါ ... မေဇွန် ရယ် ...ယုံပါ ။ ရုန်းကန်ရနေတဲ့ မင်းဘဝလေးကို ကိုယ် ကိုယ်ချင်းစာမိလို့ပါကွာ ”


ပြောလွန်းမက ပြောလာတာကြာတော့ ကျွန်မ လည်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ် ။ 


“ ကောင်းပြီ ... ဒါဆိုရင် ကျွန်မက အခု ၁၀ တန်း မအောင်သေးဘူး ။ ဒီတော့ ကျွန်မ ကိုယ့်ဘဝကို ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားဦးမယ် ။ အဲဒီလို ကြိုးစားနေတဲ့ အတောအတွင်း ရှင် ကျွန်မကို စောင့်နိုင်မလား ”


“ ကိုယ် စောင့်ပါ့မယ် ”


ကျွန်မတို့ နားလည်မှု ရသွားကြပြီးတဲ့ နောက်မှာ သူဟာ ကျွန်မ အလုပ်လုပ်တဲ့ shopping Mall ကို တစ်ပတ် တစ်ခါလောက်တော့ ရောက်လာတတ်တယ် ။


အဲဒီလိုနဲ့ တစ်နေ့မှာ ဝေဝေတို့ရဲ့ L'oral ကောင်တာမှာ လူတစ်ယောက် ။ အဲ ... အသေအချာ ပြောရရင် အသက် ၄၀ အရွယ် သန်သန်မာမာ ယောကျ်ား တစ်ယောက်ဟာ မိန်းကလေး အသုံးအဆောင် ဖြစ်တဲ့ မိတ်ကပ်တွေ ၊ အိုင်းရှဲဒိုးတွေနဲ့ မျက်တောင်ကော့ဆေး ၊ လက်သည်းဆိုးဆေး .. စတဲ့ ပစ္စည်းတွေကို စိတ်ပါလက်ပါ ရွေးချယ်ပြီး ဝယ်နေတယ် ။ ကျွန်မလည်း စိတ်ဝင်တစားနဲ့ ကြည့်နေမိတယ် ။


ကျွန်မက ကျွန်မ တာဝန်ကျတဲ့ နေရာ မဟုတ်တဲ့ customer service ကောင်တာဘက်ကို ရောက်နေတာမို့ သူ့မျက်နှာ ကိုတော့ တည့်တည့် မမြင်ရဘူး ။ ဘေးစောင်း အနေအထားပဲ မြင်ရတယ် ။ အဲဒီအချိန်မှာပဲ ကိုဇော်ထက် က Mall ထဲကို ဝင်လာတယ် ။ ကျွန်မ လည်း သူ့ဆီ လျှောက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ ...


“ ဟေး ဇော်... ဘယ်လာတာလဲလို့ ” ဆိုတဲ့ အသံ နှင့်အတူ စောစောက L' oral ကောင်တာမှာ အလှပြင် ပစ္စည်းရွေးနေတဲ့ ယောက်ျားကြီးက ကိုဇော်ထက် ဆီကို လက်ကမ်းလိုက်တယ် ။ သူဟာ ကိုဇော်ထက် ရဲ့ လက်မောင်းကို ယီးလေးခိုရင်း နား နားကပ်ပြီး တစ်စုံတစ်ခု ပြောလိုက်သလိုမျိုးလည်း ကျွန်မ တွေ့ရတယ် ။ ပြီးတော့ ကောင်တာမှာ ဝယ်ထားတဲ့ ပစ္စည်းဖိုးတွေ ရှင်းပြီး ကိုဇော်ထက်ရဲ့ လက်ကို ဆွဲကာ ထွက်သွားတယ် ။ ကိုဇော်ထက် ကတော့ ဘာကြောင့်မှန်း မသိပါဘူး ၊ ကျွန်မ ပုံမှန် တာဝန်ကျနေကြ နေရာကို တစ်စုံတစ်ရာ စိုးရွံ့တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ဟိုလူကြီးနဲ့ အတူ လိုက်သွားတယ် ။


သူတို့နှစ်ယောက် ထွက်သွားပြီးပြီးချင်းမှာပဲ ဝေဝေတို့ ဆီက ရယ်သံတွေ ဝေါခနဲ ထွက်လာတာကို ကြားလိုက်ရတယ် ။ ဒါနဲ့ ကျွန်မက ဝေဝေတို့ ဆီသွားပြီး “ ဘာတွေကို ရယ်နေကြတာလဲ ” လို့ မေးလိုက်မိတယ် ။


“ စောစောက ငါတို့ ကောင်တာမှာ မိန်းကလေးသုံး ပစ္စည်းတွေ လာဝယ်နေတဲ့ လူကြီးကို နင် မြင်လိုက်တယ် မဟုတ်လား မေဇွန်ရဲ့ ”


“ အေး ... မြင်လိုက်တယ် ။ ငါတောင် စိတ်ဝင်စားပြီး ကြည့်နေမိသေးတယ် ”


“ အဲဒီလူကြီးက နှစ်ဖက်ချွန်ကြီးဟ ” 


“ ဟင် .. ဟုတ်လား ။ သူ့ကြည့်တော့ မထင်ရဘူးနော် ။ ဒါနဲ့ ဟို စောစောက သူနဲ့ လက်တွဲပြီး ထွက်သွားတဲ့ လူကရော .. ”


ကျွန်မ စိုးစိုးရွံ့ရွံ့ နဲ့ မေးမိတယ် ။ 


“ သူက MSM ”


“ MSM ဟုတ်လား ... အဲဒါ ဘာကို ပြောတာလဲ ”


“ နင်ကလည်း ဒီလောက် တုံးရသလား ။ MSM ဆိုတာ ယောက်ျားချင်း လိင်တူ ဆက်ဆံတဲ့ လူကို ပြောတာ ။ Male Sex Worker ပေါ့ဟာ ” 


“ ဘုရားရေ ... ”


ဝေဝေတို့ ရဲ့ အပြောစကား အဆုံးမှာ ကျွန်မ ခဏ အသက်ရှူ ရပ်သွားသလိုပါပဲ ။ ကိုယ့် နားကို ကိုယ်မယုံ နိုင်အောင် ဖြစ်သွားမိတယ် ။ ရင်ထဲမှာလည်း တလှပ်လှပ် နဲ့ ။ အန်သလို ပျို့ချင်သလိုမျိုး ချက်ချင်း ဖြစ်လာတယ် ။ အဲဒီ ခဏမှာတော့ ကျွန်မ ကိုဇော်ထက် ကို အလွန်တရာ ရွံရှာ သွားခဲ့ပါတော့တယ် ။


နောက်တစ်နေ့မှာ ကျွန်မက အဲဒီကိစ္စကို ကိုဇော်ထက်နဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖြစ်ခဲ့တယ် ။ သူ အမေက သူ မွေးပြီးပြီးချင်းမှာပဲ ဆုံးသွားတဲ့ အကြောင်း ၊ သူ ၅ နှစ် အရွယ်လောက်မှာ အဖေက နောက်မိန်းမ ယူတဲ့အကြောင်း ၊ ပြီးတော့ နောင်တစ်နှစ် အကြာမှာပဲ သူ့ အဖေ ဆုံးသွားပြန်တယ်ဆိုတဲ့အကြောင်းနဲ့ မိထွေးရဲ့ နှိပ်စက်ညှင်းပန်းမှုဒဏ်တွေကိုလည်း အမျိုးမျိုး ခံခဲ့ရတယ် ဆိုတဲ့ အကြောင်းနဲ့ .... စသဖြင့် အကြောင်းစုံ ဇာတ်စုံ ခင်းပါလေရော ။


“ ကိုယ်ဟာ မိထွေးရဲ့ မသေရုံတမယ် ကျွေးတဲ့ ထမင်းကို စားပြီး ဘဝရဲ့ အမြဲ နေဝင်နေတဲ့ နေ့တွေကို ဖြတ်သန်းခဲ့ရတယ် ”


ကိုဇော်ထက် က ပြောရင်း မျက်ရည် ဝဲလာတာကို ကျွန်မ တွေ့ရတယ် ။ သူဟာ သူ့ဘ၀ကို ဘယ်လောက် နာကျင် ခါးသီးနေလဲ ဆိုတာ အရမ်း သိသာလွန်းပါတယ် ။ သူက တုန်ယင်နေတဲ့ အသံနဲ့ အတိတ်ကို ငေးမောပြီး ဆက်ပြောနေတယ် ။


“ ကိုယ် အရွယ် ရောက်လာတဲ့အချိန်မှာ စပြီး အလုပ် လုပ်ဖို့ ကြိုးစားခဲ့တယ် ။ ဒါပေမဲ့ လောကကြီးမှာ ကိုယ့် အတွက် နေရာ မရှိဘူး ။ ကိုယ်က ပညာမှ မတတ်တာကိုး ။ ကိုယ့်အိတ်ကပ် ထဲမှာ ပိုက်ဆံ ၁ဝဝ တောင် မရှိတဲ့ နေ့တွေ ရှိတယ် ။ ဒါနဲ့ ကိုယ့် သူငယ်ချင်းတွေ က သိမ်ကြီးဈေး တံတားပေါ်ကို သွားရင် မင်း ပိုက်ဆံရမယ်လို့ ပြောတယ် ။ ကိုယ် သွားလိုက်တယ် ။ အဲဒီမှာပဲ ကိုယ့်ကို လူ နှစ်ယောက် လာခေါ်တယ် ။ တစ်ယောက်က နိုင်ငံခြားသား ။ ကိုယ်လည်း လိုက်သွားမိတယ် ။ ဟိုတယ် ရောက် တော့မှ သူတို့တွေဟာ MSM တွေ ဆိုတာ သိလိုက်ရတယ် ”


ပြီးတော့ ကိုဇော်ထက် က သက်ပြင်းချပြီး သူက သိသိချင်းပဲ ထွက်သွားဖို့ ကြိုးစားခဲ့ကြောင်း ။ ဒါပေမဲ့ သူတို့က ဒေါ်လာ ၁ဝဝ တန် ၅ ရွက် ထုတ်ပေးတယ်ဆို တဲ့အကြောင်းနဲ့ အဲဒီလောက် များတဲ့ ပိုက်ဆံတွေကို သူ တွေ့လိုက်ရတဲ့အခါ သူ မက်မောသွားမိတယ်ဆိုတဲ့ အကြောင်းတွေကို တရစပ်ပဲ ကျွန်မကို ရှင်းပြနေပါတယ် ။


“ အင်း ... အဲဒီက စပြီး ကိုယ် သူတို့ လောကထဲကို ရောက်သွားတော့တာပါပဲ ။ ဒါပေမဲ့ မေဇွန်ရယ် ... ကိုယ့်ဘဝမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ၊ မင်းကို ချစ်တဲ့ အချစ်ကတော့ အစစ်အမှန်ဆိုတာ ကိုယ်ကျိန်ပြောရဲတယ် ။ ကျေးဇူးပြုပြီး ကိုယ့်ဘဝကို စာနာ နားလည်ပေးနိုင် မလားဟင် ”


သူ့ အပြောစကား အဆုံးမှာ ကျွန်မ သူ့ကို တော်တော်လေး ကြာအောင် ငေးကြည့်နေမိတယ် ။ ကျွန်မရဲ့ အကြည့်တွေ ထဲမှာ သူ့ရဲ့စိတ်ဓာတ် ပျော့ညံ့ပုံကို ယူကျုံးမရ ဖြစ်မှုနဲ့ ယောက်ျား တစ်ယောက် ဖြစ်ပြီး ဘဝကို ရောင်းစားကာ ပိုက်ဆံရှာချင်တဲ့ စရိုက်ကို အထင်သေး ရှုတ်ချမှုတွေ ပါနေမယ်ဆိုတာ သေချာပါတယ် ။ ကျွန်မရဲ့ နှုတ်ဖျားက ...


“ သိပ်ကို စာနာနားလည် ပေးနိုင်တာပေါ့ ကို ဇော်ထက်ရယ် ။ ဆင်းရဲတယ် ဆိုတဲ့ စကားလုံး သုံးလုံး တခြားလူတွေ အတွက် ဘာမှ မဟုတ်ပေမဲ့ ခံစားရတဲ့ လူအဖို့တော့ ငရဲ ကျနေရသလိုပါပဲ ။ ကျွန်မ ရှင့်ဘဝကို စာနာပေးနိုင်ပါတယ် ”


“ ဝမ်းသာလိုက်တာ မေဇွန်ရယ် ” 


ကျွန်မ စိတ်ထဲကတော့ ...


“ ဒါပေမဲ့ ရှင့် အချစ်ကိုတော့ အခုပဲ တစ်ခါတည်း အပြတ် ငြင်းလိုက်ပါတယ် ။ ပထမတစ်ခါ ရှင့်ကို ငြင်းခဲ့တာက ရှင့်ဘဝ အဆင့်အတန်းနဲ့ ကျွန်မလို အောက်ခြေ လူတန်းစားနဲ့ မတန်ဘူး ထင်လို့ပါ ။ အခု ငြင်းတာကတော့ ကျွန်မလို ကိုယ်ဒူးကိုယ်ချွန်ပြီး ဘဝအတွက် ရုန်းကန်ကြိုးစား နေတဲ့ မိန်းကလေး တစ်ယောက်နဲ့ ရှင့်လို ပျော့ညံ့ပြီး ကိုယ့်ဘဝကို ကိုယ် ရောင်းစားရဲတဲ့ လူမျိုးနဲ့ မတန်လို့ပါပဲ ”


 ••••• ••••• ••••• 


( ၃ )


နောက်တစ်နေ့မှာပဲ ... အဲဒီ shopping mall ကနေ ကျွန်မ အလုပ် ထွက်လိုက်တယ် ။


 ••••• ••••• ••••• 


( ၄ )


နောက်တစ်လ အကြာ မှာတော့ ကျွန်မလည်း အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်ရင်း ( ၁ဝ ) တန်းစာမေး ပွဲ နီးလာတာကြောင့် စာကျက်နေတယ် ။ ဝါကျင်ကျင် ဖယောင်းတိုင်မီးရောင်အောက်မှာ မီးစာရဲ့ လှုပ်ခတ် မှုကြောင့် မှိန်သွားလိုက် လင်းလာလိုက် ဖြစ်နေတဲ့ စာအုပ်ထဲက စာလုံးလေးတွေကို ကြည့်ရင်း ကျွန်မ ကိုဇော်ထက် ကို သတိရသွားမိသေးတယ် ။


သူကတော့ ဟိုအရင်က အတိုင်း shopping Mall မှာ ကျွန်မကို သွားရှာနေမလားပဲ ။


တကယ်လို့ သူသာ အဲဒီနေ့က ကျွန်မရဲ့ အကြည့်တွေကို ဖတ်တတ်ခဲ့မယ် ဆိုရင် သွားရှာတော့မှာ မဟုတ် ပါဘူး ။


စိတ်ဓာတ် အဆင့်အတန်း ဆိုတာ ပိုက်ဆံ တန်ဖိုး ထက် ပိုအရေးကြီးတယ် ဆိုတဲ့အကြောင်း သူနားလည် သဘောပေါက်ပါစေလို့ ကျွန်မ ဆုတောင်း ပေးနေမိတယ် ။


အခုချိန်ထိတော့ ကျွန်မဟာ ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပါပဲ ။ ဒါပေမဲ့ ကျွန်မ စိတ်မပျက်ပါဘူး ။ ကျွန်မရဲ့ဘဝကို အချိန်မတန်သေးလို့ ပွင့်ခွင့်မရသေးတဲ့ ပန်းဖူး ၊ ပန်းငုံလေးပဲလို့ ခံယူထားတယ် ။ 


လောကဓံ မုန်တိုင်းကို ဖြတ်ကျော်ပြီးရင်တော့ အဲဒီ အငုံလေးဟာ ပန်းပီပီသသ ပွင့်ပြခွင့် ရနိုင်ပါလိမ့်မယ် ။


စိတ်ဓာတ်ပျော့ညံတဲ့ သူတွေ ကတော့ ဘယ်တော့မှ ဖူးပွင့်ခွင့် မရဘဲ ငုံရာကနေ ငုံ့လျှိုးပြီး လောကဓံတရားကို အရှုံးပေးသွားရစမြဲ မဟုတ်လား ။


 ▢  ထက်မြတ်နိုင်ဇင်

📖 Idea မဂ္ဂဇင်း

      ဧပြီလ ၊ ၂၀၁၃

Thursday, June 6, 2024

သင်္ချာ အပြင်ဘက် က တန်ဖိုး


 

❝ သင်္ချာ အပြင်ဘက် က တန်ဖိုး ❞

ကျွန်မ က Burberry တံဆိပ် အင်္ကျီလေး ကို ကိုင် ကြည့်မလို လုပ်ပြီး မှ ပြန် ချထား လိုက်တယ် ။ ဘာကြောင့်လဲ ဆိုတော့ အင်္ကျီ ရဲ့ တန်ဖိုး က နည်း မှ မနည်း တာကိုး ။ တစ်ထည် ကို တစ်သိန်းနှစ်သောင်း တဲ့ ၊ များ လိုက်တဲ့ ဈေး ။ အဲဒီလောက် အင်္ကျီ ကို တော့ ဈေးကြီး ပေးပြီး ဝယ် မဝတ်ချင်ဘူး ။

ကျွန် မက အရင် ကတည်း က အဝတ်အစား ဆို တန်ဖိုး ကြီးတွေ ကို ဘယ်တော့မှ ဝယ် မဝတ်ဘူး ။ လှတာ ဆို အကုန် ဝတ်တယ် ။ လှရင် ပြီးရော လို့ သဘော ထားခဲ့တယ် ။ မေမေ က ဆို -

“ သမီး ရယ် ... ဘာလို့ ဈေး ပေါတဲ့ အဝတ်အစားတွေ ဝယ် ဝတ် နေရတာလဲ ။ မဝယ်နိုင်တာ လည်း မဟုတ်ဘဲ နဲ့ အလကား အပေါစားတွေ ။ အပေါစား မှန်း သိပ် သိသာတာပဲ ” လို့ အမြဲ ပြော တတ်တယ် ။

ဒါပေမဲ့ ကျွန်မ က တော့ နှစ်သောင်း အထက် ဆို ဘာ အဝတ်အစား ကို မှ မဝယ်ချင်ခဲ့ဘူး ။ ကျွန်မ ချစ်သူ က လည်း မေမေ့ သဘော နဲ့ တစ်ထပ်တည်း ပဲ ။ ကို က ဈေး ကြီးပြီး တန်ဖိုး ကြီး Brand ကို မှ ကြိုက် တတ်သူ ။ ဂျင်းဘောင်းဘီ ဆို 501 မှ ၊ အင်္ကျီတံဆိပ် ဆို Burberry မှ ၊ ရေမွှေး ဆိုလည်း သိန်းကျော်တန် HUGO မှ ဝယ် ဆွတ် ချင်သူ ။ ကျွန်မ နဲ့ တော့ လုံးဝ ကို ဆန့်ကျင်ဘက် ဖြစ်နေတော့တာပေါ့ ။

တစ်ခါက ကို နဲ့ ကျွန်မ Shopping Mall တစ်ခု ထဲ ရောက်တော့ ကိုယ် က သိန်းကျော်တန် တံဆိပ် နဲ့ အင်္ကျီ တွေ ကို ရွေး နေတဲ့ အချိန်မှာ ကျွန်မ က တော့ လှ လည်း လှ တဲ့ ဈေး လည်း သက်သာ တဲ့ အဝတ်အစား တွေ ကို ရွေး နေတယ် ။ ဒါနဲ့ ကို က

“ ခိုင် က လည်း အဲဒီ အင်္ကျီတွေ ဘာ လုပ်ဖို့လဲ ။ ဒီမှာ Brand တွေ လာ ကြည့်စမ်းပါ ”

“ ကို က လည်းBrand မဟုတ် လည်း ဘာဖြစ်လဲ ။ ဒါလေးတွေ လည်း လှပါတယ် ”

“ လှ ရုံ နဲ့ ပြီးမလား ခိုင် ရဲ့ ။ လှလှ မလှလှ လူတွေ က အင်္ကျီတံဆိပ် နဲ့ တန်ဖိုး ကို ကြည့်ပြီး လူ တစ်ယောက် ရဲ့ အဆင့်အတန်း ကို ဆုံးဖြတ်ကြတာ ”

ကျွန်မ လည်း ကို့ အပြော ကို ပြန် မပြော နား မထောင် လုပ် နေတော့ ကို က ဘာမှ ဆက် မပြောဘဲ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ သူ ရွေးစရာ ရှိတာ ဆက် ရွေး နေတယ် ။ ဒါနဲ့ ကျွန်မ တို့ က နောက် တစ်နာရီ လောက် ကြာ တော့ ပြန်လာ ခဲ့ကြတယ် ။

  •••••   •••••   •••••

( ၂ )

ကျွန်မတို့ နေတဲ့ အိမ်ရာဝင်း ထဲ ကို ဝင်ဖို့ ဆိုရင် ဆင်ခြေဖုံး ရပ်ကွက်လေး ကို ဖြတ် ပြီး မှ သွား ရတယ် ။ ဆင်ခြေဖုံး ဆင်းရဲသား ရပ်ကွက်လေး ဆိုတဲ့ အတိုင်း ပဲ လမ်းဘေး ဈေးရောင်းသူ တွေ ၊ ကလေး တစ်ဖက် နဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် တွေ ၊ ပစ္စည်း အဟောင်း ဆိုင် တွေ ၊ အင်္ကျီ အဟောင်း ဆိုင် တွေ နဲ့ သူ့ ဘာသာ သူ စည်ကား နေတဲ့ ရပ်ကွက်လေး ပေါ့ ။

တစ်ခါတလေ ဆို ဈေးသည် အချင်းချင်း အော်ဟစ် ရန်ဖြစ်သံ တွေ ၊ မအေနှမ ဆဲဆိုသံ တွေ လည်း ကြားရ တတ်တယ် ။ ကို က တော့ ကျွန်မ ကို လိုက် ပို့ တိုင်း -

“ ခိုင် ရယ် ... ဒီ နေရာကြီး က စိတ်ပျက်စရာ ကြီးကွာ ” လို့ အမြဲ ညည်းညူတယ် ။ ကျွန်မ က တော့ မြင်နေကျ မြင်ကွင်း မို့ ရိုး နေတာပေါ့ ။ ကျွန်မ တို့ လည်း လူတွေ ရှုပ် နေတာ ဆိုတော့ ကား ကို ဖြည်းဖြည်းပဲ မောင်း သွားရင်း အထည်ဟောင်း ရောင်းတဲ့ ဆိုင် ရှေ့ ရောက် လာတယ် ။ အင်္ကျီတွေ ကို ကြိုက်တာ ယူ တစ်ထည် နှစ်ထောင်ဆိုပြီး အော်ဟစ် ရောင်းနေတယ် ။ လူ တွေ က လည်း ဝယ် နေကြတာပေါ့ ။ အဲဒါနဲ့ ကျွန်မ က ...

“ ကို ... ဟိုမှာ ကြည့်စမ်း ၊ အင်္ကျီတွေ က တစ်ထည် မှ နှစ်ထောင် တဲ့ ။ ဈေး ပေါလိုက်တာနော် ”

“ ပေါ မှာ ပေါ့ ၊ အဲဒါ မြန်မာ ဖြစ် အင်္ကျီ အပေါ စားတွေပဲ ။ အသစ် တောင် မဟုတ်ဘူး ၊ အဟောင်းတွေ ”

“ မဟုတ်ပါဘူး ကို ရဲ့ .. ဟိုမှာ ချိတ် ထားတဲ့ အင်္ကျီလေးတွေ ဆို အကောင်းစားလေး တွေ လည်း ပါပါတယ် ။ အင်း ... ကို Burberry အင်္ကျီ နဲ့ တော့ အဆ ၁ဝဝ လောက် ကွာ တယ်နော် ”

“ ဟာ ... ခိုင် က လည်း ဘာတွေ လျှောက် ပြော နေမှန်း မသိဘူး ။ သူတို့ ကို လည်း ကို့ အင်္ကျီလို မျိုး တစ်ယောက် ယောက် က အလကား ပေးကြည့်ပါ လား ။ ဝမ်းသာလွန်း လို့ အင်္ကျီလေး ကြည့်ပြီး တသသ ဖြစ်နေ ကြမှာပဲ ။ မတတ်နိုင် တော့ လည်း နှစ်ထောင် တန် ပဲ ဝယ်ရတာပေါ့ ”

ဒါနဲ့ ကျွန်မ လည်း “ အင်း .. ဟုတ်မှာပါလေ ၊ တန်ဖိုး ကြီးတဲ့ အင်္ကျီ ဆို အားလုံး ဝတ်ချင်ကြမှာပဲပေါ့ ” လို့ တွေး လိုက်မိတယ် ။

အဲဒီလိုနဲ့ နောက် တစ်လ လောက် ကြာတော့ ကျွန်မ တို့ ကို မိဘချင်း နားဖောက် ကြပြီး လက်ထပ် ပေး ဖို့ ရက် သတ်မှတ်လိုက်တယ် ။ ‘ ကို ’က တော့ သူ့ မင်္ဂလာပွဲ ကို အခမ်းနားဆုံး ဖြစ်အောင် လုပ်ဖို့ တက်ကြွ နေ တာပေါ့ ။ ကျွန်မ အတွက် သတို့သမီးဝတ်စုံ ဝယ် ဖို့ ဆိုပြီး Forever Weeding Dress ဆိုင် ကို သွားပြီး ရွေးကြတယ် ။

‘ ကို ’ က တန်ဖိုး အကြီးဆုံး အင်္ကျီ ကို ရွေး တော့ ဈေး က ဆယ်သိန်း တဲ့ ။ ဒါပေမဲ့ ဝတ်စုံလေး က ကျွန်မ စိတ် ထဲ သိပ် မလှဘူး လို့ ထင်မိတယ် ။ ကျွန်မ ကြိုက် တာ က သုံးသိန်း ပဲ တန်တဲ့ ငွေမင်ရောင် ဝတ်စုံလေး ။ ဒါနဲ့ပဲ ကျွန်မ တို့ နှစ်ယောက် ထုံးစံအတိုင်း စကား များ ကြပြန်တာပေါ့ ။ ‘ ကို ’ က တစ်သက် မှာ တစ်ခါ လုပ် ရတဲ့ မင်္ဂလာပွဲ တောင် ‘ ခိုင် ’ က တန်ဖိုး မထားဘူး ။ ဘာညာ နဲ့ ကျွန်မ ကို စိတ်ခု သွားတယ် ။

အိမ် ပြန် ရောက်တော့ မေမေ ဆို ကျွန်မ ကို ဆူလိုက် တာ မပြောပါနဲ့တော့ ။

“ ညည်း က အရာရာ ကို တန်ဖိုး မရှိအောင် လုပ် ပစ် ချင်တယ် ။ ကိုယ့် ကိုယ် ကိုယ်လည်း တန်ဖိုး ရှိ အောင် မဆင် သလို ကိုယ့် ဘဝ ကို ပါ တန်ဖိုး မဲ့အောင် လုပ်တယ် ”

အို ... အများကြီးပါပဲ ။ ကျွန်မ လည်း စိတ်ညစ် သွားမိတယ် ။

အဲဒီ တန်ဖိုး ဆိုတဲ့ စကားလုံး က ဘဝ မှာ တော်တော် အရေး ကြီး သလား လို့ ကျွန်မ စဉ်းစား နေမိတယ် ။

အဲဒီလိုနဲ့ နောက် ၃ ရက် လောက် ကြာတော့ ‘ ကို ’  က စိတ်ဆိုး ပြေ သွားပြီ ထင်တယ် ။ ကျွန်မ ဆီ ကို ညနေစောင်း လောက် ရောက် လာတယ် ။ အဲဒီနေ့ က မိုး က လည်း မနက် ကတည်း က တိတ် လိုက် ၊ ရွာ လိုက် နဲ့ ပေါ့ ။ ကျွန်မ ကို အပြင် သွားဖို့ ခေါ်တော့ ကျွန်မ လည်း လိုက် လာခဲ့တယ် ။ မိုးဖွဲဖွဲလေး ရွာ နေတော့ အဝေးကြီး မသွား တော့ ဘဲ ဒီ ရပ်ကွက်လေး ရဲ့ အစွန် ဆုံး မှာ ရှိပြီး ချောင်း ကို ဖြတ် ထိုး ထားတဲ့ တံတားကြီး ပေါ် ကို ပဲ ထွက် လာခဲ့ကြတယ် ။

မိုးဖွဲဖွဲလေး ရွာ နေတာမို့ ကျွန်မ တို့ က ကား ထဲ မှာ ပဲ ထိုင် နေကြတယ် ။ နောက်တော့ မိုး က ဝုန်းခနဲ သည်းသည်းမည်းမည်း ရွာ ချ လိုက်တယ် ။ ဒါပေမဲ့ ၁၅ မိနစ် လောက် ကြာ တော့ မိုး က စဲ သွားပြန်တယ် ။

ကျွန်မ တို့ လည်း မိုးစဲ သွားပြီ ဆိုတော့ ကား ထဲ က ထွက်ပြီး ကားဘေး မှာ မတ်တတ် ရပ် နေ လိုက် တယ် ။ ကို့ ပခုံးလေး ကို မှီလိုက် တော့ HUGO ရေမွှေးနံ့လေး က သင်း နေလို့ ပေါ့ ။ ပြီးတော့ Burberry ဂျာကင်အညိုရောင်လေး ဝတ် ထားတဲ့ ကို ပုံစံလေး က ရှင်းသန့် နေတာပဲ ။ တစ်ချက် တစ်ချက် မိုးငွေ့ ပါ တဲ့ လေ က တိုက် နေသေးတယ် ။ ဒါနဲ့ ကျွန်မ က နည်းနည်း အေးလာ တာ မို့ ကို့ ရင်ခွင် ထဲ တိုးဝင် လိုက်တယ် ။ ‘ ကို ’ ကလည်း အလိုက်သင့် ပြန် ဖက်ထား တယ် ။

မိုး ရွာပြီးစ ဆိုတော့ ချောင်းရေတွေ က နောက်ကျိ ပြီး စီးဆင်း နေတယ် ။ ကျွန်မ တို့လည်း စီးဆင်း နေ တဲ့ ချောင်းရေ တွေ ကို ဘာရယ် မဟုတ် ငေးကြည့် နေ မိကြတယ်လေ ။ အခုမှ စိတ်ဆိုး ပြေစ ဆိုတော့ ဘာ စ ပြောရမှန်း မသိဘဲ ငြိမ် နေတာလည်း ပါတာပေါ့ ။

အဲဒီ အချိန်မှာ ကျွန်မတို့ အနား က နေ လူ တစ်ယောက် က ၈ နှစ် အရွယ် ကလေး လေး တစ်ယောက် ကို လက် ဆွဲပြီး ဖြတ်လျှောက် သွားတယ် ။ အဲဒီ လူ က ချိုင်းပြတ်စွပ်ကျယ် အင်္ကျီ ဝါကြန့်ကြန့် နဲ့ ပုဆိုး အနားစုတ် တစ်ထည် ကို ဝတ်ထားတယ် ။ တစ်ကိုယ်လုံး လည်း မိုးရေတွေ နဲ့ ရွှဲနစ် နေတာပဲ ။ သူ့ ပခုံး ပေါ်  မှာ လည်း ပီနံအိတ် ကို လွယ်အိတ်လို အပေါက် ဖောက်ပြီး ကြိုး နဲ့ လွယ် ထားတယ် ။ လက် ထဲ မှာ လည်း တုတ် ရှည်ရှည် တစ်ချောင်း ကိုင် ထား သေးတယ် ။

ကလေး လေး က တော့ ခမောက်ကြီး ကို ဆောင်း ထားပြီး မတော်တရော် လူကြီး ရှပ်အင်္ကျီ လက်ရှည် ဖိုသီဖတ်သီကြီး နဲ့ ပေါ့ ။ ကျွန်မ တို့ နဲ့ မလှမ်းမကမ်း မှာ အမှိုက်ပုံကြီး တစ်ပုံ ရှိနေတယ် ။ အဲဒီ လူ နဲ့ ကလေးလေး က အမှိုက်ပုံကြီး ဆီ ကို တရွေ့ရွေ့ လျှောက် သွား နေတယ် ။ ကျွန်မ တို့ လည်း လိုက် ကြည့် နေမိတယ် ။

အဲဒီ လူ က အမှိုက်ပုံ ဆီ ရောက်တော့ သူ့ လက် ထဲ က တုတ် နဲ့ အမှိုက် တွေ ကို ထိုးထိုး ပြီး ဖွ နေတယ် ။ ပြီးတော့ သူ က အမှိုက်ပုံကြီး ထဲ က ရောင်းလို့ ရသမျှ ဘိလပ်ရည်ဘူး ၊ ရေသန့်ဘူး ၊ ပန်းကန်ခွက်ယောက် အဟောင်း တွေ နဲ့ တိုလီမိုလီလေး တွေ ကို သူ့ ပခုံး ဆီ က အိတ် ထဲ ကို ကောက် ထည့်နေတယ် ။

ကလေး လေး က လည်း နို့ဆီဘူးခွံ တွေ ကို ကောက် ပြီးတော့ သူ့ အဖေ ရဲ့ အိတ် ထဲ ကို ပစ် , ပစ် ထည့် နေသေးတယ် ။ အဲဒီ လူ ကို အဝေး က မြင် ရတာ တောင် တော်တော် ချမ်း နေပုံ ရတယ် ။ လက်တွေ ၊ ခြေထောက်တွေ က တုန် နေ သလိုပဲ ။ သူ့ ဆံပင် တွေ ဆီ က ရေစက် တွေ က တပေါက်ပေါက် ကျနေတာ ကို တွေ့ရ တယ် ။ ကလေး လေး က သူ ဝတ်ထားတဲ့ အပေါ်အင်္ကျီ ကို ချွတ် ပြီး အဲဒီ လူ ကို ပေး နေတယ် ။ အဲဒီ လူ က မယူ ဘဲ ကလေး ကို ပဲ ဝတ် ထား ဖို့ ပြန် ပြောနေပုံ ရတယ် ။

နောက်တော့ သူတို့ က လိုချင် တဲ့ ပစ္စည်း တွေ ကောက်လို့ ကုန်ပြီ ထင်တယ် ။ သူတို့ လာရာလမ်း ဘက် ကို ပြန်လျှောက် လာတယ် ။ ကျွန်မ တို့ ရှေ့နား ကို ရောက် လာတော့ ကလေးလေး က

“ ဖေကြီး .... ချမ်းနေပြီ မဟုတ်လား ။ အင်္ကျီ ကို ပြန် ယူလေ ”

“ နေပါ သား ရယ် ၊ သား ပဲ ဝတ်ထားပါ ” ဆိုပြီး အဖေ ဖြစ်တဲ့ သူ က မေးရိုက်သံကြီး နဲ့ ပြန် ပြောလိုက်တယ် ။

တစ်ကိုယ်လုံး လည်း စိုရွဲ နေတော့ အင်္ကျီ နဲ့ ပုဆိုး က အသား ကို ကပ် နေပြီး ပို အေး ရှာမှာပေါ့  ။ ကျွန်မ သနားမိ သွားတယ် ။ ကလေးလေး က -

“ ဒါဆိုလည်း အိမ် ပြန်တော့မယ်လေ ဖေကြီး ရဲ့ ”

“ နေပါဦးကွာ ၊ ဒီနေ့ အဖို့ နေ့တွက် မကိုက် သေးဘူး ။ ဟိုးဘက် လမ်း က အမှိုက်ပုံ ကို သွား မွှေရဦးမယ် ”

“ ဖေကြီး က ချမ်းနေပြီ မဟုတ်လား ”

“ ရပါတယ်ကွာ ”

ကျွန်မ က သူတို့ ဖြတ် လျှောက် သွားတော့ သူတို့ ခြေထောက် တွေ ကို ကြည့် လိုက်တဲ့ အခါ ဖိနပ် မပါ တဲ့ ခြေထောက် တွေ က ရေ နူးပြီး ပြာနှမ်းနှမ်း ဖြစ် နေတယ် ။ ကျွန်မ နဲ့ ‘ ကို ’  လည်း သူတို့ ပြောတာတွေ ကို နားထောင် ပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် မိတယ် ။ ‘ ကို့ ’ မျက်နှာ က တစ်ခု ခု ဆုံးဖြတ် လိုက် သလို ပြတ်သားမှု တစ်ခု တွေ့ လိုက်ရတယ် ။ ‘ ကို ’ က ချက်ချင်းပဲ သူ့ အပေါ်က ထပ်ဝတ်ထားတဲ့ Burberry ဂျာကင် အညိုရောင်လေး ကို ချွတ် လိုက် တယ် ။ ပြီးတော့ စောစော က သားအဖ နှစ်ယောက် နောက် ပြေးလိုက်သွားပြီး

“ ဦးလေး .. ရော့ .. ဒီ အင်္ကျီ ဝတ်ထားလိုက် ”

လက်ခနဲ ဖြစ်သွားတဲ့ မျက်လုံးတွေ နဲ့ လှမ်း ယူလိုက်တယ် ။

ချမ်းလို့ တုန်ခိုက် နေတဲ့ နှုတ်ခမ်းပြာပြာ နဲ့ -

“ ကျေးဇူး တင်လိုက်တာဗျာ ”

အဲဒီလို ပြောပြီး အင်္ကျီ ကို ချက်ချင်း ပဲ ဝတ် လိုက်တယ် ။

ကျွန်မ တို့ လည်း ဂျာကင်လေး ဝတ်ပြီး တရွေ့ ရွေ့ နဲ့ ဝေး သွားတဲ့ အဲဒီ သားအဖ ကို ငေး ကြည့် နေမိ ရင်း စိတ် ထဲ မှာ ကျေနပ်ပီတိ တစ်မျိုး ခံစား သွားရ တယ် ။ ‘ ကို ’  က

“ ခိုင် ရေ ... ဟို လူ တော့ တော်တော် ပျော် သွား မှာပဲ နော် ။ သူ့ တစ်သက်မှာ တစ်ခါ မှ ပိုင်ဆိုင်ရလိမ့် မယ် လို့ မထင်တဲ့ သိန်းကျော်တန် အင်္ကျီ ကို မမျှော်လင့် ဘဲ ဝတ် လိုက်ရလို့လေ ။ သေချာတယ် ၊ သူ ဒီ အင်္ကျီ ကို အရိပ် တကြည့်ကြည့် ဖြစ် နေတော့မှာပဲ ”

“ ဟုတ်တယ်နော် ကို ။ သူ့ တစ်သက် အိပ်မက် တောင် မက်ဖူး မှာ မဟုတ်ဘူး သိလား ။ ဘာပဲဖြစ်ဖြစ် ‘ ကို ’ ကုသိုလ် ရတာပေါ့ ”

ကျွန်မတို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ပြီး ပြုံးလိုက်မိကြတယ် ။

  •••••   •••••   •••••

( ၃ )

နောက် တစ်ပတ် ကြာတော့ ‘ ကို့ ’ သဘောကျ မင်္ဂလာဝတ်စုံကြီး ကို အပ်ပြီး ကျွန်မ တို့ အိမ် ပြန်လာ ကြတယ် ။ ထုံးစံအတိုင်း ကျွန်မတို့ က ဆင်ခြေဖုံး ရပ်ကွက်လေး ကို ဖြတ်ပြီး ကားမောင်း ဝင် လာကြတာပေါ့ ။ လမ်း မှာ လည်း ဈေးသည်တွေ နဲ့ ရှုပ်ယှက်ခတ် နေတာပဲ ။

အဝတ်ဟောင်း ရောင်း တဲ့ ဆိုင်တွေ မှာ လည်း တစ်ထည် မှ နှစ်ထောင် ဆိုတော့ လူတွေ က တိုးဝှေ့ ဝယ် နေကြတယ် ။ ကျွန်မ လည်း ဘာရယ် မဟုတ် လိုက် ကြည့်နေမိတယ် ။

အဲဒီ အချိန်မှာ ပဲ ကျွန်မ အကြည့် ထဲ ကို အဟောင်းဆိုင် တစ်ဆိုင် မှာ ချိတ်ဆွဲ ထားတဲ့ ယောက်ျား ဝတ်အင်္ကျီ တစ်ထည် တိုးဝင် လာတယ် ။

ကျွန်မ အံ့သြပြီး သေချာအောင် ကြည့် နေမိတယ် ။

‘ ကျွိ ’ ခနဲ ကားဘရိတ် အုပ်သံ နဲ့ တစ်ဆက်တည်း ‘ ကို့ ’  ဆီ မှ -

“ ဟာ ... ဘယ်လို ဖြစ်တာလဲကွာ ။ ကား လာ နေတာ ကို မမြင်ဘူးလား ။ အကုန် တိုက်ကုန်တော့မှာပဲ ”

ဆိုပြီး စိတ်တို သွားတဲ့ အသံ ကြား လိုက်ရ တယ် ။ ကျွန်မ က အဲဒါကို ဂရုမစိုက် အားဘဲ

“ ကို ... ကား ခဏ ရပ်ပေးပါ ”

“ ဟင် ... ဘာ ဝယ်မလို့လဲ ခိုင် ရဲ့ ။ ဘာဖြစ်လို့ လဲ ”

‘ ကို ’  က ပြောပြောဆိုဆို နဲ့ ကား ကို လမ်းဘေး မှာ ရပ် လိုက်တယ် ။ ဒါနဲ့ ကျွန်မ က အဟောင်းဆိုင် လေး ဆီ လက်ညှိုး ထိုး ပြ ရင်း -

“ ကို ... ဟိုမှာ ချိတ် ထားတဲ့ ဂျာကင်လေး က ကို့ ဂျာကင်လေး မဟုတ်လား ”

“ ဟင် ”

‘ ကို ’ က ကြည့် လိုက်ပြီး ဟင်ခနဲ အံ့သြ သွား တယ် ။ ဟုတ်ပါတယ် ၊ ကို့ ဂျာကင်လေး ပါပဲ ။ လွန်ခဲ့တဲ့ တစ်ပတ် လောက် က အမှိုက် ကောက် တဲ့ သားအဖ ကို ပေးလိုက် တဲ့ Burberry တံဆိပ် ဂျာကင် အညိုရောင်လေး ။

ကျွန်မ တို့ နှစ်ယောက် ပြိုင်တူ ကား ပေါ် မှ ဆင်း လိုက်တယ် ။ ပြီးတော့ အဲဒီ အဟောင်းဆိုင် ထဲ ကို ဝင် လာ လိုက်ပြီး ကျွန်မ က ဂျာကင်လေး ကို လက်ညှိုး ထိုး ပြရင်း –

“ အဲဒီ ဂျာကင်လေး က ဘယ်လောက်လဲ ဟင် ”

“ သုံးထောင်ပါ ”

“ ဟင် ... သုံးထောင် ပဲ လား ”

မျှော်လင့် မထားတဲ့ တန်ဖိုး တစ်ခု မို့ ‘ ကို့ ’ ဆီ မှ အံ့သြတကြီး မေးသံ ထွက်လာတယ် ။ ဒါနဲ့ ဆိုင်ရှင် က

“ ဘာလဲ ၊ သုံးထောင် များလို့လား အစ်ကို တို့ လိုချင်ရင် နှစ်ထောင့်ငါးရာ နဲ့ ယူဗျာ ”

ကျွန်မ တို့ နှစ်ယောက် ဘာမှ မပြောမိကြတော့ ဘဲ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ပြီး ဆိုင် ထဲ မှ လှည့်ထွက် လာခဲ့တယ် ။

ဆင်ခြေဖုံး ဆင်းရဲသား ရပ်ကွက်လေး တစ်ခု ရဲ့ အဟောင်းဆိုင် တစ်ဆိုင် မှာ တော့ Burberry တံဆိပ် အစစ် နှစ်ထောင့်ငါးရာကျပ် သာ တန်ဖိုး ရှိတဲ့ အညို ရောင် ဂျာကင်လေး က လေ မှာ တလွင့်လွင့် နဲ့ ပေါ့ ။ ကား ပေါ်ရောက်တော့ ‘ ကို ’ က -

“ တောက် ... တော်တော် ဆိုးတဲ့ လူ ကွာ ။ ကိုယ် က တော့ စေတနာ နဲ့ ဝတ်ပါစေတော့ လို့ ပေး လိုက် တယ် ။ သူ က ပစ္စည်းအကောင်း ကို ကောင်း မှန်း ၊ ဆိုး မှန်း မသိဘဲ သိန်းကျော်တန် အင်္ကျီကြီး ကို နှစ်ထောင် လောက် နဲ့ အဟောင်းဆိုင် မှာ ရောင်း ပစ်ရတယ် လို့ ကွာ ။ တွေးရင်း တွေးရင်း ဒေါသ ဖြစ်တယ် ။ ဒီ လူ က သူ ရတဲ့ ပစ္စည်း ရဲ့တန်ဖိုး ကို နား မှ လည်ရဲ့လား မသိဘူး ”

ကျွန်မ က ‘ ကို ’  ပြောတာ ကို ဘာမှ ပြန် မပြော ဘဲ တစ်စုံတစ်ခု ကို နားလည်စွာ ပြုံး ရုံ ပြုံး နေလိုက် တယ် ။ ကျွန်မ စိတ် ထဲ က တော့

“ ကို ရယ် ... တကယ်တော့ တန်ဖိုး ဆိုတာ လိုအပ်နေတဲ့ အချိန် နဲ့ လိုအပ် နေတဲ့ လူ ပေါ် မှာ လိုက်ပြီး ပြောင်းလဲ နေတတ်တာမျိုးပါ ။ သိန်းကျော်တန် အင်္ကျီ တစ်ထည် ရဲ့ တန်ဖိုး ကို နားမလည် ပေမဲ့ အင်္ကျီ ကို ရောင်း လို့ ရလာတဲ့ ပိုက်ဆံ နှစ်ထောင် နဲ့ သူ့ မိသားစု ရဲ့ ထမင်း တစ်နပ် တန်ဖိုး ကို တော့ သူ က သိပ် ကို နားလည် တာပေါ့ ”

  •••••   •••••   •••••

( နိဂုံး )

တကယ်တော့ တန်ဖိုး ဆိုတာ ကိုယ့် မှာ ပစ္စည်း ဘယ်လောက် များများ ပိုင်ဆိုင်တယ် ဆိုတဲ့ အပေါ် မှာ မဟုတ်ပါဘူး ။ ကိုယ် က လူ ဘယ်နှယောက် ကို ထမင်း ကျွေး ထား နိုင်သလဲ ဆိုတဲ့ အပေါ် မှာ ပဲ မူတည် ပါတယ် ။

◾ထက်မြတ်နိုင်ဇင်

📖 ဇီဝက မဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၁၂

#ကိုအောင်နိုင်ဦး

.

Monday, March 14, 2022

အလင်း ကွယ် ရာ


 

❝ အလင်း ကွယ် ရာ ❞

ဘုရား ကို ဝတ်ပြုနေတဲ့ လူတွေရဲ့ စိတ် ထဲမှာတော့ အေးချမ်း တဲ့ စိတ်သန္တာန်တွေ ကိန်းဝပ် နေမှာပဲလို့ ကျုပ် တွေးမိတယ် ။ ကျုပ် ရင် ထဲ မှာတော့ တမြည့်မြည့် ပူလောင်နေလေရဲ့ .. ။ ရင်ပြင်တော် ပေါ် မှာ ထောင်ထားတဲ့ ကျုပ် ရဲ့ ဆိုင်းဘုတ်လေး ပေါ် က ...

“ ရွှေပုံရိပ် ဓာတ်ပုံဆိုင်

ခုရိုက် ခုယူ

အမြန်ရပြီ”

ဆိုတဲ့ စာလုံးလေးတွေတောင် နေစားလို့ အရောင် ဖျော့တော့ တော့ ဖြစ်နေပြီး ကျုပ် ရဲ့ ဓာတ်ပုံဆရာ ဘဝ ကိုလည်း နေစား သွား သလား မသိပါဘူးဗျာ ။ ဖျော့တော့ လို့ .... ။

ကျုပ် လည်ပင်းမှာ တွဲလောင်းခိုနေတဲ့ Olympus E-30 DSLR ကင်မရာ အဟောင်းကလေး ကလည်း အသက် ရှူရ တစ်ချက် မရှူရ တစ်ချက် ပဲ ။ ကျုပ် ကတော့ ဘုရားပေါ် ကို လာတဲ့ စုံတွဲကလေးတွေများ တွေ့ရင် ...

“ ညီလေး ဓာတ်ပုံ ရိုက်သွားပါဦးလား ”

"သမီးတို့ ဓာတ်ပုံ ရိုက်သွားကြဦးလေ”

ဆိုပြီး မျှော်လင့် တကြီး တတွတ်တွတ် လိုက် ပြောနေမိတာပဲ ။ ဒါပေမဲ့ အားလုံးက ခေါင်းခါ ပြသွားကြတာတွေ ချည်းပါပဲလေ ။

ဒီ ခေတ်ကြီး က ဓာတ်ပုံဆရာ ဆီမှာ ဓာတ်ပုံ ရိုက်တဲ့ ခေတ် မဟုတ်တော့ဘူး ။ လူ တိုင်း နီးပါးရဲ့ လက် ထဲမှာ ဒစ်ဂျစ်တယ်ကင်မရာ လေးတွေ ၊ Smart ဖုန်းတွေ ရှိနေကြပြီပဲ ။ ဓာတ်ပုံ ရိုက်တယ် ဆိုတာ ဟို ခေတ်ကလို တကူးတက ရိုက်ပြီး ဓာတ်ပုံတွေကို Album ထဲမှာ တရိုတသေ သိမ်းတဲ့ ခေတ် မဟုတ်တော့ဘူးကိုး... ။

ဓာတ်ပုံ ရိုက်တယ် ဆိုတာ ကျုပ် ကို တစ်သက်လုံး ထမင်း ကျွေး လာတဲ့ ပညာဗျ ။ အို .. ကျုပ် တင် မက ပါဘူးလေ ။ ကျုပ်တို့ လင်မယား ရော ကလေး ၃ ယောက် စလုံး အရွယ် ရောက်တဲ့ အထိ ဒီ ပညာ နဲ့ပဲ ရှာဖွေကျွေးခဲ့တာ ။ အခုတော့ ကျုပ်တို့ကို ထမင်းကျွေးတဲ့ ပညာ က လူတကာ ရဲ့ လက်ထဲမှာ ပညာရပ် တစ်ခု မဟုတ်တော့ဘဲ အပျော်တမ်း ကစားနည်း တစ်ခု လောက် သာသာ ဖြစ်နေတာကို မြင်ရတော့ ရင်ထဲမှာ ခြောက်ကပ်ကပ်ကြီး ဗျာ ...  ။

ဟော .... ပြောရင်း ဆိုရင်း အသက် ၂၀ ကျော် ကလေးမ တစ်သိုက် က ကျုပ် ရပ်နေတဲ့ ရာဟုထောင့် ဘက်ဆီ ကို ရယ်ကာမောကာ နဲ့ တစ်ယောက် ကို တစ်ယောက် ရိုက်ပုတ်တွန်းထိုးရင်း လျှောက်လာ နေကြတယ် ။ ကျုပ် အနား ကို ဖြတ်သွားတုန်း ..

“ သမီး တို့ ဓာတ်ပုံ ရိုက်သွားကြဦးလေ ”

အကျင့် ပါနေတဲ့ ကျုပ် ပါးစပ်က လွှတ် ခနဲ ဈေး ခေါ် ခေါ်လိုက် မိတယ် ။ စိတ်ထဲ မှာတော့ သိပ် မျှော်လင့်ချက် မထားပါဘူး ။ ထင်တဲ့ အတိုင်းပဲ ။ သူတို့ကလည်း လှည့်တောင် မကြည့်ဘူး ။ သုံးလေးလှမ်းလောက် လျှောက်သွားကြပြီးတော့ အသားညိုညို ဝဝ နဲ့ ကောင်မလေး က မျက်မှန် နဲ့ ကောင်မလေး ကို လှမ်းပြီး ...

“ ငါ့ ကို ဒီနားလေးမှာ ဓာတ်ပုံ ရိုက်ပေး .. ရော့ ” ဆိုပြီး သူ့ လက်ထဲက ဖုန်း ကို လှမ်းပေးလိုက်တယ် ။ မျက်မှန် နဲ့ ကောင်မလေး က ...

“ အေး .. အေး” လို့ ပြောပြီး ဖုန်းထဲ က ကင်မရာ နဲ့ ရှေ့တိုး နောက်ဆုတ် ချိန်ဆနေတယ် ။

ဘာရယ် မဟုတ်ဘူး ။ ကျုပ် က လှမ်းကြည့်မိတော့ နေရောင် ရဲ့ အလင်း အားကလည်း အကျဘက် အချိန် ရောက်နေ ၊ ကောင်မလေး အသားကလည်း ညိုညို နဲ့ အလင်း ကို ဘေးတိုက် ပေးပြီး ရိုက်နေတာဟာ ဘယ်လိုမှ ပုံကောင်းတစ်ပုံ ထွက်မှာ မဟုတ်ဘူးလို့ ကျုပ်ရဲ့ အတွေ့ အကြုံအရ သိလိုက်တယ် ။ အဲဒါကြောင့် ကျုပ် ပါးစပ် က လွှတ်ခနဲ ..

“ ဟဲ့ .. သမီးလေး က ဒီဘက် နားကနေ လာ ရိုက်လေ ။ ဟို သမီးလေး က ညာဘက် နည်းနည်း တိုးလိုက် ၊ Contrast တွေ အရမ်းများ နေလိမ့်ဦးမယ် ။ သတိထား ”

လို့ လှမ်းပြီး သတိပေးမိသွားတယ် ။ မျက်မှန် နဲ့ ကောင်မလေး က ကျွန်တော့် ကို ဖျတ်ခနဲ လှည့်ကြည့်တယ် ဆိုရုံ ကြည့်ပြီး သူ့ အဖော် ကို ဖုန်း နဲ့ ရွယ်မြဲတိုင်း ရွယ်နေတယ် ။ ကျုပ် ပြောတာကို တစ်စက်မှ ဂရု မစိုက်ပေါင်ဗျာ ၊ အသားညိုညို နဲ့ ကောင်မလေး က ...

“ ဟဲ့ .. ငါ့ ကို လှလှလေး ရိုက်ပေးနော်” လို့ လှမ်းပြောတော့ သူ က ...

“ အောင်မလေး .... နင် ကလည်းဟာ ပူစရာမရှိ ကြံဖန် ပူနေ ပြန်ပြီ ။ နင့် ပုံကို Computer ထဲ ထည့်ပြီး Photoshop နဲ့ ပြင် လိုက်ရင် နင့် တစ်ကိုယ်လုံး ရေရေ လည်လည် လှသွားမှာ"

“  ဪ .. အေး .. အေး ”

ပြောပြောဆိုဆို နဲ့ ဖုန်း က ကင်မရာခလုတ် ကို ဖျတ်ခနဲ နှိပ်ချလိုက်တယ် ၊ ကျုပ် ရဲ့ နှလုံးသားထဲ ကိုလည်း တစ်စုံတစ်ရာ ဖျတ်ခနဲ နှိပ်ချလိုက်သလိုပဲ ။

“ Photoshop နဲ့ ပြင်လိုက်ရင် လှသွားမှာတဲ့လား ။ ကျုပ် တစ်သက်လုံး ဆည်းပူးလာတဲ့ ပညာတွေဟာ Photoshop လောက် တောင် အသုံး မတည့်တော့ဘူးလား မသိပါဘူးဗျာ ”

လို့ တွေးရင်း ဘုရားရင်ပြင်ပေါ်မှာ သွားလာနေကြတဲ့ စုံတွဲတွေ သက်ကြီးရွယ်အိုတွေ ၊ မြီးကောင်ပေါက် ကောင်လေး ၊ ကောင်မလေး တွေကို ကျုပ် ငေးမော ကြည့်နေမိတယ် ။ ဘာမှ အဓိပ္ပာယ် မရှိဘူး ။ ဒီ ရင်ပြင်တော် ပေါ်မှာ ကျုပ် ရပ်နေတာဟာ အလကား အပို သက်သက် ဖြစ်နေ တယ် ။ ယောင်ယမ်းပြီး အင်္ကျီ အိပ်ကပ် ထဲကို စမ်းကြည့်လိုက်တော့ ၁၀၀၀ တန် တစ်ရွက်နဲ့ ၂၀၀ တန် ခပ်နွမ်းနွမ်း တစ်ရွက် ရှိနေတယ် ။ ဒါတောင် မနက်ပိုင်းတုန်းက နယ် က ဘုရား လာ ဖူးတဲ့ မိသားစု တစ်စု အမှတ်တရ ဆိုပြီး ဓာတ်ပုံ ဝင် ရိုက်သွားကြလို့ ...  ။

ကဲပါလေ ... ရသလောက်နဲ့ပဲ တင်းတိမ် ရတော့မှာပေါ့ ။ နေရောင်ကလည်း တော်တော် စောင်းလာပြီး ဒီအချိန် ဓာတ်ပုံ ရိုက်လို့ ကလည်း ပုံထွက် သိပ် ကောင်းစရာအကြောင်း မမြင်တော့ဘူး ။ အိမ် ကို ပြန်ဖို့ပဲ ကျုပ် ဆုံးဖြတ်လိုက်တော့တယ် ။

ooooo   ooooo   ooooo

( ၂ )

ရွှေတိဂုံဘုရား အရှေ့ဘက်စောင်းတန်း က လှေကားထစ်တွေ အတိုင်း ကျုပ် တစ်လှမ်းချင်း ဆင်းလာခဲ့တယ် ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ် က တုန်းကတော့ ဟောဒီ လှေကားထစ်တွေ အပေါ်မှာ ကျုပ် ခြေလှမ်းတွေဟာ ပြိုင်မြင်း တစ်ကောင် လို ကြွကြွရွရွ လှမ်းနေခဲ့တာပေါ့ ။

အဲဒီတုန်းက ကျုပ် ခြေထောက်တွေ အနှုတ်အသိမ်း မြန်လိုက် ပုံများ အခု ပုံနဲ့ဆို ဘာမှ မဆိုင်ဘူး ၊ ဪ .. ဇရာ ပေါ့လေ ။ ခုဆို ကျုပ် တောင် အသက် ၅၀ ကို ၄ နှစ် စွန်းခဲ့ပြီပဲ  ။ ဟိုတုန်းကတော့ ၁၆ နှစ် ၊ ၁၅ နှစ် သားလေး မြင့်ရွှေ ဟာ ဆရာ့ ကင်မရာပုံး ကို ထမ်းပြီး မမောတမ်း မပန်းတမ်း ပညာ သင်ယူနေတဲ့ ကာလပေါ့ ... ။

ကျုပ် ရဲ့ ဆရာဦးစိန်ခို က ညောင်လေးပင် ဇာတိ လို့ ပြောတယ် ။ ဘယ် အရွယ် ကတည်းက ရန်ကုန် ရောက်နေသလဲတော့ မသိဘူး ။ ငယ်ငယ်လေး ကတည်းကပဲ ဖြစ်မယ် ထင်တယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ ပြောတဲ့ စကားထဲမှာ ဟိုးခေတ်တုန်းက အင်မတန် ထင်ရှားတဲ့ ' အဟူဂျာ ' အင် ဓာတ်ပုံတိုက် မှာ ပညာ သင်ဖူးတဲ့အကြောင်းတွေ ဘာတွေ ပါတာကိုး ။

ကျုပ် ဆရာ က သိပ် စေ့စပ်တယ် ။ ခိုင်းတာလည်း ရက်စက် တယ် ။ သူ ခိုင်းတာကို ဖင်ပေါ့ပေါ့ မလုပ်လို့ ကတော့ နီးရာပစ္စည်း နဲ့ ကောက်ပေါက်တာ ၊ ဓာတ်ပုံ ဆေးသား တင်တာတို့ ၊ ခဲစိုးတာတို့များ အချိုး မကျရင် ဆွဲ ထိုးတာတောင် ခံရသေးတယ် ။ ကျုပ် မှာ နှုတ်ခမ်း ပေါက် ရ သွား နဲ့ ရ နဲ့ ပေါ့ဗျာ ၊ ကျုပ် ကလည်း ပညာ လိုချင်တဲ့ သူ ဆိုတော့ ဘယ်လိုပဲ လုပ်လုပ် ကပ်ပြီး နေတာပဲဗျ ။ ဆရာ ကလည်း သူ့ ပညာကို တော်တော်နဲ့ ပေးတာ မဟုတ်ဘူး ။ သူ့ အိမ်မှာ ရေနွေးကျို ၊ ထမင်းချက် အဝတ်လျှော် နဲ့ နှစ် နှစ် လောက် အထိသာ ကြာလာတယ် ကင်မရာ ကို ကျုပ် မှာ လက်ဖျားနဲ့တောင် ထိခွင့် မပေးဘူး ။ အဲဒီတုန်းက ဆရာ့ဆီမှာ Compack Kodak Folding Camera တစ်လုံး ရှိတယ် ။ ၁၉၉၂ ခုနှစ် က ထုတ်တာမို့လို့ အိုတော့ အိုနေပါပြီး ၊ ဒါပေမဲ့ သူ့ခေတ် နဲ့ သူဆိုတော့ အဲဒါကိုပဲ အကောင်း လုပ်ပြီး ကိုင်ရတာပေါ့ ။ အခုခေတ် ခင်ဗျားတို့ မြင်ဖူးနေတဲ့ ကင်မရာတွေ နဲ့ တစ်စက်မှ မတူဘူးဗျ ။ ကင်မရာ မှန်ဘီလူး နဲ့ ဖလင်ကော်ပြား ထည့်တဲ့ သေတ္တာကို ဘာဂျာခေါက် ပုံစံ ကိုယ်ထည်နဲ့ စပ်ထားတာ ။ ဓာတ်ပုံ ရိုက် မယ့် လူ က ခေါင်းပေါ်မှာ အဝတ်မည်းကြီး ခြုံပြီး မှန်ဘီလူး ချောင်းကြည့် ပေါက် ကနေ ကြည့် ရတယ် ။ ထင်တဲ့ ပုံရိပ်ကလည်း စောက်ထိုးကြီး ဗျ ။ အဲဒီလို .... ။

အဲဒီ ကင်မရာ အပေါက်ကနေ ပထမဦးဆုံး စပြီး ချောင်းကြည့် ခွင့် ရတဲ့ နေ့က ဆို ကျုပ် ဖြင့် ပျော်လိုက်တာဗျာ ရင်တွေ ဘာတွေတောင် တလှပ်လှပ် နဲ့ ...  ။

ဟုတ်တယ်လေ .. ။ အရင်တုန်းကဆို ဆရာ က ...

“  မြင့်ရွှေရေ .. လက်ဖက်ရည် သွားဝယ်စမ်းဟေ့ ”

“ ဟုတ်ကဲ့ .. ဆရာ ”

ဒါက နေ့လယ်နေ့ခင်ပိုင်း နဲ့ ဧည့်သည်တွေ ဘာတွေ လာတဲ့ အခါမျိုး ၊ အဲ ... ညနေကျရင်တော့ ...

“ မြင့်ရွှေရေ .. လမ်းထိပ်ဆိုင် သွားစမ်းဟေ့ ”

ဒါဆိုရင်တော့ ကျုပ် အထာပေါက်ပြီး လွယ်အိတ်ထဲမှာ ငှက်ပျောဖူးပုလင်း တစ်လုံး ထည့်ပြီး ရပ်ကွက်ထိပ်က တရုတ်မဆိုင် မှာ အရက် သွားဝယ်ပေးရတယ် ။ အဲဒီလို လက်ဖက်ရည် ဝယ် အရက် ဝယ် နဲ့ အကြာကြီး နေလာခဲ့ရတာပေါ့ ။ ညဘက် ဆရာ အိပ်ခါနီးရင်လည်း နင်းနှိပ် ပေးရသေးတယ် ။

အဲ .. အဲဒီလို အနင်းအနှိပ်ခံရင်းနဲ့ မှ ဆရာ က စိတ်လိုလက်ရ ရှိတဲ့ အခါမျိုးဆို ဓာတ်ပုံပညာ နဲ့ ပတ်သက်တာ တစ်ခွန်းစ နှစ်စွန်းစ သင် ပေးလေ့ရှိတယ် ။ အဲဒါကို အမိ ဖမ်းပြီး နည်းနည်းချင်းစီ သင်ခဲ့ရတာပါ ။

နေပူ ( ၁၁ )  ၊ မိုးအုံ့ ( ၈ ) ဆိုတဲ့ လင်္ကာ ကို အလွတ် ကျက်ပြီး ဘယ်လို အခါမှာ အပါချာ ဘယ်လောက် ထားရမယ် ၊ ရှပ်တာ Speed က နှေးရင် ဘယ်လို မြန်ရင် ဘယ်လောက် စတဲ့ဟာတွေပေါ့ ။

ဘာ ဖလင် အမျိုးအစား ကို သုံးမှာလဲ ၊ ဘယ်လို မှန်ဘီလူးအမျိုး အစား ကို သုံးမှာလဲ ဆိုတာတွေ ဆုံးဖြတ်တတ်ဖို့ ကျုပ်မှာ နားထင် နားရင်းတွေ ပူစိမ့်နေအောင် အထိုးခံပြီး သင်ခဲ့ရတာပါဗျာ ။

ဓာတ်ပုံသမား မှာလည်း အမျိုးမျိုး ရှိတာပေါ့လေ ။ ဖက်ရှင် ဓာတ်ပုံတို့ ၊ မှုခင်းဓာတ်ပုံ ၊ သက်ငြိမ်ပုံတို့ စသဖြင့်ပေါ့ ။ ကျုပ် ကတော့ ပေါ့ထရိတ်သမား သက်သက်ပဲ ၊ လူပုံပဲ.. ။ တစ်ခါတလေ မင်္ဂလာဆောင် လိုက် ရိုက်တယ် ။ ကျုပ် ရဲ့အိမ်သူ နဲ့ စတွေ့တာလည်း ကျုပ်ဆရာ ရဲ့ ဓာတ်ပုံ ဆိုင် မှာ သူ က ပေါ့ထရိတ် လာ ရိုက်ရင်းနဲ့ တွေ့တာလေ ။

သူ နဲ့ ချစ်ကြ ၊ ကြိုက်ကြပြီး နှစ်နှစ်လောက် ကြာတော့ ယူကြ မယ်တွေ ၊ ဘာတွေ ဖြစ်ကရော ၊ ဆရာ က တောင် ...

“ ဟေ့ကောင် .. မြင့်ရွှေ မင်း က ဘာများ အဖြစ် ရှိသေးလို့ မိန်းမ ယူချင်ရတာတုန်း ”

လို့ မေးတယ် ။ ကျုပ် လည်း ရှိခိုးဦးတင် နဲ့ ဓာတ်ပုံဆိုင်လေး တစ်ဆိုင် ခွဲထောင်ချင်ပါတယ် ဆိုတဲ့ အကြောင်း ခခယယ ပြောရတော့ တာပဲ ။ ဒီတော့မှ ဆရာ က ..

“ မင်းတို့ ကိစ္စ တစ်နှစ်လောက် ဆိုင်းကြဦး ”

လို့ ပြောတယ် ။ အဲဒီက စလို့မှ ဖလင်ဆေးကူးတဲ့ ပညာကို  ကျကျနန သင် ပေးတော့တာပဲ ။ အရင်တုန်း ကလည်း ဆေးတော့ ဆေး ဖူးသပေါ့ ။ ဒါပေမဲ့ တတ်လို့ မဟုတ်ဘူး ။ ဆရာ က ဒါ လုပ်လိုက် ဆို လုပ် လိုက်တာပဲ ။ သီအိုရီတွေ ဘာတွေလည်း နား မလည်ပါဘူး ။

အချုပ်ကတော့ဗျာ ... ဖလင်ကော်ပြားပေါ်မှာ ငွေ ပါတဲ့ ဓာတ်ဆားတွေ ကပ် ထားတာပါပဲ ။ အဲဒီ ဓာတ်ဆားမှုန့်တွေ ကွာ မသွား အောင် ဂျယ်လတင် လို့ ခေါ်တဲ့ ဟာ နဲ့ အုပ်ထားတာ ။ အလင်း နှင့် ထိ လိုက်တော့ ငွေဓာတ်ဆားမှုန့်လေးတွေ က လင်းတဲ့ နေရာ လင်း ၊ မှောင်တဲ့ နေရာ မှောင်နဲ့ ပုံပေါ်လာတယ် ။ အဲဒါကိုမှ အမှောင်ခန်းထဲမှာမှ ဆေးရ ကူးရတာ  ။ ငွေဓာတ်ဆားတွေ ဆိုတာက Silver Bromide တို့ Silver Cloride တို့ကို ခေါ်တာပါပဲ ။ အမှောင်ခန်းထဲမှာ ဆေးတဲ့ အခါကျတော့ ဖလင်သားပေါ် က Silver Halide တွေကို လျှော့ချပေးနိုင်မယ့် Solution ကို သုံးရတာပေါ့ ။ ဘယ်လောက် ပြင်းအားနဲ့ ဆေးမယ် ၊ ဘယ်လောက် အပူချိန်မှာ ဆေးမယ် ၊ ဘယ်လောက် ကြာကြာ ဆေးမယ် ဆိုတာတွေ ကို ဆုံးဖြတ်ရတာ အရေးကြီးတယ် ။ နောက်ဆုံး ပုံထွက်ကောင်း ၊ မကောင်း ၊ Contrast များသလား နည်းသလား ဆိုတာတွေကို အဲဒါ တွေက ဆုံးဖြတ်ပေးတာပါပဲ ။

ပြီးသွားရင် ဓာတ်ဆားတွေ ကို Sodium သိုင်ယိုဆာလဖိတ် နဲ့ ဆေးပစ်ရတယ် ။ တစ်ခါတလေတော့လည်း အမိုးနီးယမ်း ကို သုံးတယ် ။ ပြီးရင် ရလာတဲ့ နဂ္ဂတစ်ဖလင် ကို ရေသန့်သန့် နဲ့ ဆေးရတယ် ။ အဲဒီ အဆင့်တွေ အားလုံး လက်စ လက်န မှန်မှန် နဲ့ ပုံကောင်း တစ်ပုံ ထွက်ဖို့ ကျုပ် မှာ ၅ နှစ် ကျော် ၆ နှစ်နီးပါး ထမင်းစား ကျွန်ခံ သင်လာရတာတဲ့ အချိန်ကာလ က မဟာ ဆိုလား ၊ ဘာ လား အဲဒီ ဘွဲ့မျိုးတောင် ရဖို့ ကောင်းနေပြီ ။ ဒါတောင် သူများ ခိုင်းဖက် အဖြစ် အထိုးအကြိတ် ခံပြီးမှ သင်လာခဲ့ရတာနော် ။

အခု ခေတ်များတော့ လွယ် လိုက်တာဗျာ ။

ဘာ ဓာတ်ဆားတွေရဲ့ နာမည်ကို မှ ကျက်နေ မှတ်နေ စရာ လည်း မလိုဘူး ၊ ဆေးရည်တွေ စပ်နေစရာလည်း မလိုဘူး ။ ကင်မရာ က Memmory ( မန်မိုရီ ) ကတ် လို့ ခေါ်တဲ့ ဟာလေးကို ကွန်ပျူတာ ထဲ ကူး ထည့်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ Printer ( ပရင်တာ ) လို့ ခေါ်တဲ့ ဟာထဲ ကနေ ဓာတ်ပုံ ချက်ချင်း တန်း ထွက်လာတော့တာပါပဲ ။

တစ်ခုတော့ ရှိတာပေါ့လေ ။ အခုခေတ်မှာ အဲဒီလို နည်းနဲ့ ထွက်လာတဲ့ ဓာတ်ပုံတွေ ဟာ ဘယ်လောက် ကြာကြာ ခံမယ်တော့ မသိ ဘူး ကျုပ်တို့ တုန်းကတော့ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေဟာ ဗြုတ်ထ နေတဲ့ Printer Paper ( ပရင်းပေပါ ) အကောင်းစားနဲ့ ကူးထား သားစဉ်မြေးဆက် ကြည့်လို့ ရတဲ့အထိတောင် ခံ တာဗျ ။

ကျုပ်တို့ တုန်းက ပလတ်စတစ်အကြည်နဲ့ ဓာတ်ပုံ Album တွေ မပေါ်သေးဘူး ။ စက္ကူ ထူထူနဲ့ ချုပ်ထားတဲ့ စာအုပ်မှာ ဓာတ်ပုံ အရွယ်အစား ကို လိုက်ပြီး ထောင့်လေးထောင့်မှာ ဘရိတ်ထားနဲ့ ခွဲထား တဲ့ ပြီးတော့ ဓာတ်ပုံအပေါ်က ဆီစိမ်စက္ကူ နဲ့ အုပ်ပြီး သိမ်းတာ ။ ကျုပ် အိမ်ထောင် ကျ စက ကျုပ် မိန်းမ ကို ကိုယ်တိုင် ရိုက်ပေးတဲ့ ဓာတ်ပုံ အခုထိ အကောင်းအတိုင်း ရှိနေသေးတယ် ။ အဲဒီတုန်းက ကျုပ် ကိုင် ခဲ့တဲ့ ကင်မရာ Leica-11 Camera လေ ။ 135 ဖလင် ထည့် ရိုက်ရတဲ့ ကင်မရာပေါ့ ။ တစ်အိုးတစ်အိမ် တစ်စီးပွား စ ထူထောင်တော့မယ် ဆိုပြီး ရှိစုမဲ့စုလေးတွေ ရောင်းချပြီး ဝယ်လိုက်ရတာ ၊ အိမ်ထောင်ဦး ပစ္စည်းလို့ ပြောရင် ရတာပေါ့ ။ အခုများတော့ ဒစ်ဂျစ်တယ်ခေတ် တဲ့ ။

ဖလင် နဲ့ ရိုက်တဲ့ ကင်မရာတွေ အသုံး မတည့်တော့ဘူး ။ ကျုပ် တို့ သဘောကျဖူးတဲ့ Nikon တောင် မှ Nikon FM 10 နဲ့ Nikon F6 အမျိုးအစား နှစ်ခု နောက်ပိုင်း မှာ ဖလင် ထည့် ရိုက်တဲ့ နေရာတွေ ထပ် မထုတ်တော့ဘူး ။

ဖလင် ကင်မရာ ခေတ် ကုန်ပြီလေ ။ အခု ကျုပ် လူရာ မဝင် ဖြစ်နေသလိုပေါ့ ....  ။

ooooo   ooooo   ooooo

( ၃ )

ဘတ်စ်ကားပေါ်က တိုးတိုးဝှေ့ဝှေ့ ဆင်းလာခဲ့ပြီးတော့ ချက်ချင်း တန်းပြီး အိမ်ဆီ ကို လမ်း မလျှောက်နိုင်သေးဘူး ၊ မောတာ နဲ့ ဘတ်စ်ကားမှတ်တိုင် မှာ ခဏ ထိုင်နေရသေးတယ် ။ တမင် အချိန် ဆိုင်း နေတာလည်း ပါပါတယ်လေ ။ ကျုပ် အိပ်ကပ်မှာ ပါလာတဲ့ ပိုက်ဆံလေး မဖြစ်စလောက် နဲ့ အိမ် က ဇနီးသည် ကို ဘယ်လို မျက်နှာ ပြရ ဦးမယ် မသိဘူး ။

သား ၃ ယောက် ကလည်း မိဘ ကို တစ်ပြား မှ ပြန် မထောက် နိုင်တော့ ခက်တာပေါ့ ။ ဓာတ်ပုံသမားအတွေး နဲ့ ပြောရရင် ကျုပ် အဖြစ် က ရှေးခေတ် ကင်မရာသုံး မီးလုံးကြီးတွေလိုပဲ .. ။ မီး ထိုးလိုက်တာ နဲ့ အားပြင်းလွန်း လို့ ဓာတ်ပုံ အရိုက်ခံရတဲ့သူ ခမျာ မျက်လုံးတွေ ဘာ တွေတောင်  ပြာ သွားတဲ့အထိ ။ သားသမီးတွေ အရွယ်ရောက်လို့ သူတို့ ပြန် လုပ်ကျွေးရမယ့် အလှည့်ကျတော့ အခုခေတ် ဓာတ်ပုံသုံး မီးသီး တွေလိုပါပဲဗျာ ။ ဟို LED ဆိုလား အရောင်ဖျော့ဖျော့ နဲ့ မီးလုံး ပေါက်စနလေးတွေလေ ။

အင်း ... အဲဒီ အတိုင်းပဲ ။

ကျုပ် က သက်ပြင်း ကို လေးလေးပင်ပင် ချရင်း ဘတ်စ်ကား မှတ်တိုင်ကနေ တစ်လှမ်းချင်း ထပြီး ထွက်လာခဲ့တယ် ။ ကျုပ် တို့ ရပ်ကွက်ထဲ ဝင်တဲ့ လမ်းကတော့ ချိုင့်တွေ ခွက်တွေ အပြည့်ပဲ ။ လမ်းထဲ ကို ဝင်ကတည်းက မီးပျက်နေတာကို သတိထားမိတယ် ။ အိမ်ပေါ် ကို ကျုပ် လှမ်း တက်လိုက်တော့ ဖယောင်းတိုင် မထွန်းဘဲ ဒီအတိုင်း ထိုင် နေတဲ့ အိမ်သူ ဇနီးသည် ကို တွေ့လိုက်ရတယ် ။ ဒါနဲ့ ကျုပ် က ...

“ ဟဲ့ .. မယ်တင် မှောင်ကြီးမည်းကြီးထဲ ဘာ ထိုင် လုပ်နေတာလဲ”

ကျုပ် ရဲ့ အိမ်သူ က နည်းနည်း တုန်ယင်နေတဲ့ အသံ နဲ့ ခပ် တိုး တိုး ပြန်ပြောတယ် ။

“ မလေးရှား မှာ လှစိုးဦး အသတ် ခံရသတဲ့ တော်”

“ ဘယ် က လှစိုးဦး လဲ”

“ ကျွန်မတို့ သား အလတ်ကောင် နဲ့ အတူတူ မလေးရှား သွားတဲ့ တစ်ယောက်ပေါ့ ”

ကျုပ် ရဲ့ ပါးစပ် က “ ဪ ” လို့ ပဲ ခပ်တိုးတိုး ညည်းမိတယ်  ။ ဘာ ပြောရမယ်မှန်း မသိဘူးလေ ။ ကျုပ် ရဲ့ အိမ်သူ ကတော့ .....

“ အလတ်ကောင် အတွက်ပါ ။ ကျွန်မ စိတ် မချဘူး အဖေကြီး ရယ် ၊ ပြန် ခေါ်လိုက်ရင် ကောင်းမလား ”

လို့ အားကိုးတကြီး လေသံနဲ့ မေးတယ် ။ ခက်တာပဲ ... ကျုပ် ဘယ်လို ဆုံးဖြတ်ပေးရမှာလဲ ... ။

ဟိုကောင် လှစိုးဦး ကများ အရှုပ်အရှင်း တစ်ခုခု နဲ့ ငြိစွန်းခဲ့လို့ သတ်ခံရတာလား .. ။

ပစ္စည်း လုရင်း အသတ် ခံရတာလား .. ။

ဒါမှမဟုတ် ဘာကြောင့်လဲ ။

အခုတစ်လော မလေးရှား မှာ လူသတ်မှု ဖြစ်တဲ့ သတင်းတွေ ကိုတော့ ကြား ကြားနေရတယ် ။

ဟိုအရင် နှစ် ကလည်း မြန်မာတွေ အသတ်ခံရတယ် ဘာညာ နဲ့ ဖြစ်ပြီး စိတ်ပူတဲ့ သူတွေ စေတနာရှင်တွေ ဘုန်းတော်ကြီးတွေ က ထောက်ပံ့ကူညီတာ နဲ့ အလတ်ကောင်ရော ၊ သူ့ သူငယ်ချင်းပါ တစ်ပြား မှ မကုန်ဘဲ မြန်မာပြည် ပြန် ရောက်လာကြသေးတယ် ။

အဲဒါ ပြီးတဲ့နောက် ဘာကြာလို့လဲ ။ မလေးရှား ကိုပဲ ပြန် ထွက် ကြတာပဲ ။ ဘဝ နဲ့ ပတ်သက်လို့ ဆုံးဖြတ်ကြပုံတွေက ဒီဂျစ်တယ်ကင်မရာ ခလုတ် နှိပ်သလို ဖျတ်ခနဲ ဖျတ်ခနဲ ပဲ ။ နောက်မှ ကွန်ပျူတာ ထဲမှာ ပြင်မယ် ဆိုတဲ့ သဘောလား မသိဘူး ။ ကျုပ်တို့ တုန်းကတော့ ကင်မရာ ခလုတ် နှိပ်ဖို့ မီးရောင်တွေ ၊ အထားအသိုတွေ ကြည်လင်ပြတ်သားမှုတွေ ကို အကြာကြီး အချိန်ယူ ပြင်ဆင်ရသေးတာ ပိုင်နိုင်ပြီ ဆိုမှ ခလုတ် ပေါ်ကို လက် က နှိပ် ချလိုက်တာ ။ ဘဝ နဲ့ ပတ်သက်လာရင်လည်း ဒီ အတိုင်းပဲ ။ ကျုပ် က စိတ်မောမောနဲ့ ဦးခေါင်း ကို အသာ ယမ်းမိတယ် ။

ဘဝ နဲ့ ပတ်သက်လာရင် ကျုပ် ကတော့ ဒစ်ဂျစ်တယ်နည်းပညာ ကို မယုံဘူးဗျာ.. ။ ဘဝ ဆိုတာ Photoshop နဲ့ ပြင်လို့ ရတဲ့ အစားထဲက မဟုတ်ဘူး ။ ကျုပ် ခေါင်းခါတာကို မြင်သွားတဲ့ ဇနီးသည် က မျက်နှာ ပျက်ပျက်နဲ့ ...

“ ဘာဖြစ်လို့လဲ အဖေကြီး ရယ် လေယာဉ်စရိတ် နဲ့ ပွဲစားခ မကြေမှာ စိုးလို့လား .. ။ တော့် ဗီရိုထဲမှာ သိမ်းထားတဲ့ ဟို ကင်မရာ နှစ်လုံး ကို ထုတ် ရောင်းလိုက်ရင်ရော ရှင် ဘယ့်နှယ့်လဲ ”

သူ ပြောနေတဲ့ ကင်မရာ နှစ်လုံး ဆိုတာက ကျုပ် ရဲ့ မင်္ဂလာဦး ပစ္စည်း Leica 11 ကင်မရာနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က မစားရက် မသောက်ရက် ခြိုးခြံစုဆောင်းပြီး ဝယ်ထားတဲ့ Contax S ကင်မရာကို ပြောနေတာပါ ။ နှစ်ခုစလုံး က ဖလင် ထည့် ရိုက်ရတဲ့ ကင်မရာ တွေ ချည်းပဲလေ ။ ကင်မရာ ပေမဲ့ ကင်မရာ မဟုတ်တော့ဘူး ။ အလကား ပေးရင်တောင် ယူမယ့် လူ မှ မရှိတော့တာ ။

“ အဲဒီ ကင်မရာ နှစ်လုံး က မင်း နဲ့ ငါ့ လို ပါပဲ မိန်းမ ရယ် ...  ။ လူ ဖြစ်ပေမဲ့ ငါတို့ ဟာ လူရာ မဝင်ကြတော့သလိုပေါ့ .. ”

လို့ စိတ်ထဲကနေ ပြောနေမိတယ် ။ ပါးစပ်ကတော့ ထုတ် မညည်းမိဘူး ၊ ဇနီးသည် က ကျုပ်ဘာများ ပြောလေမလဲလို့ အားကိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ် ။ အခန်းထဲမှာ မီး မထွန်းထားတော့ သူ့ မျက်နှာဟာ မှုန်မှုန်မွှားမွှား နဲ့  ၊ အလင်းရောင် နည်းနေတယ် .... ။

ကင်မရာသမားစကားနဲ့ပြောရရင် လိုက်တင် ( Lighting ) မကောင်းဘူး ။ ပြီးတော့ ဘဝ ကလည်း လိုက်တင် ( Lighting ) မကောင်းဘူး  ။

◾ထက်မြတ်နိုင်ဇင်
      ၂၀၁၄

📖 ကျွန်တော့်ကို အမေသတ်ခဲ့တယ်

www.facebook.com/aung.naingoo.3726613

.