Showing posts with label အဏ္ဏဝါစိုးမိုး. Show all posts
Showing posts with label အဏ္ဏဝါစိုးမိုး. Show all posts

Tuesday, January 13, 2026

ဆရာတစ်ယောက် ၏ နောက်ဆုံးနေ့


 

❝ ဆရာတစ်ယောက် ၏ နောက်ဆုံးနေ့ ❞
        ( အဏ္ဏဝါစိုးမိုး )

ကိုအဏ္ဏဝါ၏ အိမ်က တယ်လီဖုန်း မြည်လာသည် ။ မမျှော်လင့်သူ ထံမှ မမျှော်လင့်သော သတင်းစကားကို ကြားရသည် ။ ကိုအဏ္ဏဝါ နှင့်အတူ အစိုးရဌာနကြီး တစ်ခုတွင် အတူတကွ အမှုထမ်းခဲ့ဖူးသော သူငယ်ချင်းထံမှ ကြား ရသော သတင်း ဖြစ်သည် ။ အစိုးရဌာနကြီးမှ အငြိမ်းစား ယူကြပြီး ကတည်းက ကွဲကွာ နေကြတာ နှစ်ပေါင်း နှစ်ဆယ်မျှ ကြာအောင် လူချင်း မတွေ့ ခဲ့ရသူ ဖြစ်၍ မမျှော်လင့်သူ ဖြစ်သည် ။ တယ်လီဖုန်း ခေါ်ပြီး သူ ပေးသည့် သတင်းကို ပိုပြီး မမျှော်လင့်ခဲ့၍ အံ့သြ သွားပါသည် ။

“ စိုးကြီး ၊ ငါ လှရှိန် ပါကွ ၊ မင်း တယ်လီဖုန်းနံပါတ်ကို ဆရာကြီးမြင့်ဆွေ ဆီက ရလို့ ဆက်တာ ။ ဆရာဦးညို ဆုံးသွားပြီ ၊ မနက်ဖြန် နေ့လယ် ရေဝေးသုဿန်မှာ သင်္ဂြိုဟ်မယ် ”

တယ်လီဖုန်း သတင်းက အမင်္ဂလာသတင်း ဖြစ်သည် ။ တယ်လီဖုန်း ဆက်သည့် ကိုလှရှိန် သည် အစိုးရအမှုထမ်း ဘဝ ကတည်းက လုပ်ဖော်ကိုင်ဖက် ဆရာ သမားတွေနှင့် အပေါင်းအသင်းတို့၏ သာရေး ၊ နာရေး စသည့် လူမှုရေးလုပ်ငန်းတွေကို ကိုယ့်စရိတ် နှင့် ကိုယ် ဆောင်ရွက်နေသူ ဖြစ်သည် ။ ဝန်ထမ်းဘဝမှ အငြိမ်းစား ယူပြီးတော့လည်း ဘဝတူ အငြိမ်းစား ဆရာသမားတွေနှင့် လုပ်ဖော်ကိုင်ဖက်တွေ၏ သာရေး ၊ နာရေးတွေကို လိုက်လံ ကူညီဆောင်ရွက်နေသူဖြစ်သည် ။

ဆုံးသွားပြီ ဆိုသည့် ဆရာဦးညို သည် ကိုအဏ္ဏဝါ ၏ ဆရာသမား များစွာ အနက်က ကိုအဏ္ဏဝါ ကို အလွန် ချစ်ခင်သော ဆရာ ဖြစ်သည် ။ ဆရာဦးညို ၏ လက်အောက်မှာ ကိုအဏ္ဏဝါ အမှုထမ်းခဲ့ရသည် ။ ဆရာသမား ပီသသော ၊ နာယက ဂုဏ် နှင့် ပြည့်စုံသော ဆရာဦးညို ၏ အရည်အချင်းတွေကို ကိုအဏ္ဏဝါ မြင်တွေ့ သိရှိခဲ့ရသည် ။ အထက်က ပေးအပ်ထားသည့် အမိန့် နှင့် တာဝန်ကို ဆံချည်တစ်မျှင် မျှတောင် အလွဲအချော် အတိမ်းအစောင်း မဖြစ်ရအောင် ဂရုစိုက်သူ ဖြစ်သည် ။ မခိုမကပ် အလုပ် လုပ်သည် ။ လက်အောက် ငယ်သားတွေကို ညှာတာသည် ။ မေတ္တာ ကရုဏာ ထားသည် ။ မိမိ အလုပ် လုပ်သည့် ဌာနကြီး နှင့် တိုင်းပြည် အပေါ် မှာ သစ္စာ စောင့်သည် ။ ဌာနကြီးမှ ချမှတ်ထားသည့် စည်းကမ်းတွေကို အသက်နှင့် ထပ်တူ ကာကွယ် စောင့်ရှောက်သည် ။

ဆရာဦးညို သည် ခေတ်ပညာ ဘယ်နှတန်း အောင်သည်ကို မသိရသော်လည်း ရှေးခေတ်က စိန်ပေါလ်ကျောင်းထွက် ဟု သိရသည် ။ သူ့ အထက်က အရာရှိတွေ နိုင်ငံခြားနှင့် ဆက်သွယ်ရမည့် ကိစ္စတွေ အတွက် စာတွေကို ဆရာဦးညို က ရေးပေးသည် ။ နိုင်ငံခြား က ပြန်လာသည့် စာတွေကို ဘာသာပြန်ပေးရသည် ။ ဌာနကြီးအတွက် ဝယ်သည့် အင်္ဂလိပ်စာအုပ်တွေကို စိတ်ပါလက်ပါ ဖတ်နေတာ မြင်ဖူးသည် ။ ရန်ကုန်မြို့ ထဲက ရုပ်ရှင်ရုံတွေမှာ အင်္ဂလိပ်ကား အသစ် လဲတိုင်း ကိုအဏ္ဏဝါ နှင့် အတူကြည့်ခဲ့သည် ။ ကိုအဏ္ဏဝါ သည် ရုပ်ရှင်ထဲက ပြောသည့် စကားတွေကို တစ်လုံးမှ နားမလည်လို့ ဆရာဦးညို က ဘာသာပြန် ပြောပြခဲ့ရသည် ။ လကုန်ရက်တွေမှာ ကိုအဏ္ဏဝါ ပိုက်ဆံ ပြတ်ပြီ ဆိုလျှင် ဆရာဦးညို က ထုတ်ပေးရသည် ။ ကိုအဏ္ဏဝါ ကလည်း လစဉ် ပိုက်ဆံ ပြတ်သည် ။ အဲဒီတော့ ဆရာဦးညို က လစဉ် ထုတ်ပေးရသည် ။

၁၉၇၅ ခုနှစ် မှာ ကိုအဏ္ဏဝါ အလုပ်က ထွက်တော့မယ် ဆိုတော့ ဆရာဦးညို က ( မင်း စဉ်းစားဦးနော် ) ဟု သတိပေး စကား ပြောသည် ။ ကိုအဏ္ဏဝါ က တစ်ရွာ မပြောင်း သူကောင်း မဖြစ်ဘူး ဆရာရယ်လို့ ပြောတော့ ဆရာဦးညို က ( သေချင်တဲ့ ကျား တောပြောင်း ဆိုသလို ဖြစ်မှာစိုးလို့ပါကွာ ) ဟု ပြောခဲ့သည် ။ ကိုအဏ္ဏဝါ အလုပ်က ထွက်လာတော့ ဆရာဦးညို အလုပ်ထဲမှာ ကျန်နေခဲ့သည် ။ ကိုအဏ္ဏဝါ သင်္ဘော လိုက်သွားပြီး နှစ် အတန်ကြာမှ ဆရာဦးညို အသက် ခြောက်ဆယ် ပြည့်လို့ အငြိမ်းစား ယူသည် ။

၁၉၈၅ ခုနှစ် လောက်မှာ ကိုအဏ္ဏဝါ နှင့် ဆရာဦးညို တို့ ပင်စင်ရုံးမှာ တွေ့ကြသည် ။ သင်္ဘောသား ဖြစ်နေသည့် ကိုအဏ္ဏဝါ က သူ့ဆရာကို ကျွေးမွေး ပြုစုလိုက်သည့် အပြင် ဆီဖိုး ၊ ဆန်ဖိုးလေး ကန်တော့ လိုက်သေးသည် ။ ဆရာဦးညို က ကိုအဏ္ဏဝါ ကို ပခုံးပုတ်ပြီး ( မင်း လုပ်သွားတာ မှန်တယ်ကွ ) လို့ ချီးကျူးသည် ။ အသက် ခြောက်ဆယ်ပြည့်မှ အလုပ်က ထွက်လျှင် ငါ့လိုပဲ ဒုက္ခ ရောက်မယ်လို့ ပြောသည် ။

၁၉၉၅ ခုနှစ် လောက်မှာ ဆရာကြီးမြင့်ဆွေ ဆီက သတင်းရသည် ။ ဆရာဦးညို သည် အလွန် ဆင်းရဲဒုက္ခ ရောက်နေပြီး သူများ ခြံထဲက အိမ်နောက်ဖေးမှာ တဲကလေး ထိုး နေရသည် ဆိုသည့် သတင်း ဖြစ်သည် ။ ကိုအဏ္ဏဝါ စိတ်မကောင်း ဖြစ်သွားပါသည် ။

“ ဆရာ နဲ့ တွေ့ဦးမလား ဆရာ ”

“ လကုန်ရက်တိုင်း ပင်စင်ရုံးမှာ သူ နဲ့ ငါ တွေ့ နေရတာပေါ့ကွ ”

“ ကျွန်တော့် လိပ်စာနဲ့ တယ်လီဖုန်းနံပါတ် ပေးလိုက်ပါ ဆရာ ၊ ကျွန်တော့်ကို ဆက်သွယ်ဖို့ ပြောပေးပါ ၊ ကျွန်တော် တွေ့ချင်ပါတယ် ”

ဆရာကြီးမြင့်ဆွေ နဲ့ စကား ပြောပြီး တစ်ပတ်လောက် အကြာမှာ ကိုအဏ္ဏဝါ ၏ အိမ်ရှေ့ ကို အဘိုးကြီး တစ်ယောက် ရောက်လာသည် ။ ရခိုင်လုံချည် နှင့် တိုက်ပုံအင်္ကျီ ကို သပ်ရပ်စွာ ဝတ်ထားသည် ။ ဆံပင်တွေက တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသည် ။ သူ့ လက်ထဲက စာရွက်ပိုင်းလေးကို ကြည့်လိုက် ၊ ကိုအဏ္ဏဝါ ၏ အိမ်နံပါတ်ကို ကြည့်လိုက် လုပ်နေသည် ။ ဒီ အဘိုးကြီးကို သေသေချာချာ ကြည့်လိုက်တော့မှ ဆရာဦးညို ပါလားဆိုတာကို ကိုအဏ္ဏဝါ မှတ်မိ သွားတော့သည် ။ အိမ်ထဲက ပြေးထွက်ပြီး ကြိုဆိုလိုက်ရသည် ။

ကိုအဏ္ဏဝါ ရဲ့ ဧည့်ခန်း ထဲမှာ ထိုင်နေသည့် ဆရာဦးညို သည် သူ့ တပည့် ကိုအဏ္ဏဝါ ၏ တိုးတက်ပြောင်းလဲ နေသော ဘဝ နှင့် အခြေအနေတွေကို ကြည့်ပြီး ဝမ်းသာပီတိ ဖြစ်နေပုံ ရသော်လည်း ဆုတ်ယုတ် ကျဆင်း သွားခဲ့ပြီ ဖြစ်သည့် သူ့ဘဝ နှင့် သူ့ အခြေအနေကို သတိရပြီး စိတ်ဓာတ် ကျသွားဟန် တူသည် ။ ကိုအဏ္ဏဝါ ၏ အိမ်မှာ ကြာကြာ နေချင်ပုံ မရတော့ဘဲ ဖင်တကြွကြွ ဖြစ်လာသည် ။ ကိုအဏ္ဏဝါ တိုက်ကျွေးသည့် ကော်ဖီ နှင့် မုန့် ကို အရသာ ခံပြီး မစားဘဲ မြန်မြန်ကုန်လျှင် မြန်မြန်ပြန်ရမည် ဆိုသည့် ပုံစံဖြင့် မြန်မြန် ကုန်အောင် စားပစ်လိုက်သည် ။ အလိုက်သိသည့် ကိုအဏ္ဏဝါ က ရှေးဟောင်းနှောင်းဖြစ်တွေ ကြာကြာ ပြောမနေတော့ဘဲ ပိုက်ဆံ ငါးထောင်ကို စာအိတ်ထဲ ထည့်ပြီး သူ့ဇနီး မဖြူတုတ် နှင့်အတူ ဆရာဦးညို ကို ရိုရိုသေသေ ပေးသည် ။ လင်မယား နှစ်ယောက် လက်အုပ်ချီ ကန်တော့ကြသည် ။ ဆရာဦးညို ဝမ်းသာမျက်ရည် စို့စို့ဖြင့် ဆုပေးပါသည် ။ ကန်တော့ကြေး ရသည့် ပိုက်ဆံလေးကို တိုက်ပုံအင်္ကျီ အတွင်း အိတ်မှာ ထည့်ပြီး ဆရာဦးညို ပြန် သွားခဲ့ပါသည် ။

အဲဒီ အချိန်က စပြီး ဆရာဦးညို နှင့် ကိုအဏ္ဏဝါ တို့ မတွေ့ကြတာ ယခု ကွယ်လွန်ပြီ လို့ တယ်လီဖုန်း သတင်း ရသည့် အချိန် အထိ ဖြစ်တော့သည် ။ မနက်ဖြန် နေ့လယ်မှာ ရေဝေးသုဿန်မှာ သင်္ဂြိုဟ်မည် ဆို၍ ဆရာဦးညို နှင့်အတူ အမှုထမ်း ခဲ့ကြဖူးသည့် အပေါင်းအသင်းတွေဆီ ကို ဖုန်းဆက်ပြီး အကြောင်းကြား လိုက်သည် ။ ဆရာဦးညို ၏ ကျန်ရစ်သူ မိသားစုတွေနှင့် မရင်းနှီးသည့် အပြင် ဘယ်မှာ နေကြမှန်းပင် မသိ၍ နက်ဖြန်ကျမှ သုဿန်ကိုပဲ သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည် ။

အသုဘ ချမည့် နေ့တွင် ကိုအဏ္ဏဝါနှင့် အတူ အငြိမ်းစား အရာရှိ တစ်ယောက်ပါ လိုက်ပါပြီး သုဿန်ကို အတူ သွားကြသည် ။ ထို အရာရှိ ကိုလည်း ကိုအဏ္ဏဝါ တယ်လီဖုန်း ဆက်ပြီး ပြောလိုက်၍ အသုဘပို့ လိုက်လာခြင်း ဖြစ်သည် ။ ကိုအဏ္ဏဝါ နှင့် အငြိမ်းစား အရာရှိတို့ ရေဝေးသုသာန်ကို ရောက်သွားသောအခါ နေ့လယ် ၂ နာရီသာ ရှိသေးသည် ။ ၃ နာရီ မှ သင်္ဂြိုဟ်မည် ဖြစ်၍ အသုဘရှုချိန် တစ်နာရီ လောက် အချိန်ရသည် ။ ဆရာဦးညို ၏ အလောင်းကို လိုက်ရှာရာ ရေဝေးသုသာန်၏ လက်ဝဲဘက် အစွန်ဆုံးက တန်ဖိုးနည်းအခန်းမှာ အလောင်း ပြင်ထားတာ တွေ့ရသည် ။ ဆရာဦးညို ၏ မိသားစုဝင် ဆယ်ယောက်ခန့် နှင့် ကိုအဏ္ဏဝါ တို့လို လုပ်ဖော်ကိုင်ဖက် ဆယ်ယောက်ခန့် ရောက်လာ၍ စုစုပေါင်း အသုဘ ပို့သူ လူနှစ်ဆယ် လောက် ရှိသည် ။

ကိုအဏ္ဏဝါ သည် သူ့ဆရာ၏ အလောင်းကို ဦးချ ကန်တော့သည် ။ လက်အုပ် ချီပြီး ဆရာ့ အလောင်းကို ဦးခေါင်း မှ ခြေဖျား အထိ သေသေချာချာ ကြည့်သည် ။ သေနေသူသည် ဆရာဦးညို ပါလို့ ပြောလို့သာ ယုံရတော့သည် ။ ဘယ်လိုမှ မမှတ်မိနိုင် လောက်အောင် ပိန်ချုံးနေသည် ။ ဆံပင်တွေ ဖွေးဖွေးဖြူပြီး မျက်တွင်း ဟောက်ပက် ဖြစ်နေသည် ။ တစ်ကိုယ်လုံး ပိန်ချုံးနေသော်လည်း ခြေသလုံး က စပြီး အောက်ပိုင်းတွေ ဖောရောင်နေသည် ။ မကွယ်လွန်မီက အာဟာရချို့တဲ့ခဲ့သည့် သဘောလက္ခဏာ ဖြစ်သည် ။ လုံလောက်သည့် အစားအစာကို ဝဝလင်လင် မစားခဲ့ရသည့် သဘောဖြစ်သည် ။ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ် မျှသာ ရှိသေး၍ လိုအပ်သည့် ဆေးဝါး ကုသမှု မခံယူခဲ့ရသည့် အခြေအနေ ဖြစ်မည် ။

ဆရာဦးညို နောက်ဆုံး ရရှိခံစား သွားရသည့် အဆောင်အယောင် အခမ်း အနား ကလည်း နွမ်းပါး နိမ့်ကျလွန်းသည် ။ ဘီးလေးလုံးတပ် လက်တွန်းစင် ပေါ် မှာ ရိုးရိုးပဲ ပြင်ဆင်ထားသည့် အလောင်းကောင်က တောက်ပြောင် ပေါ်လွင်မှု မရှိ ဖြစ်နေသည် ။ ဆရာဦးညို ၏ ရုပ်အလောင်းကို ထည့်သွင်းရန် ကြမ်းခင်းမှာ ချထားသည့် ခေါင်း ကလည်း ရွှေဝါဆပ်ပြာ ထည့်သည့် ထင်းရှူးပုံး အဆင့်သာ ရှိသည် ။ ထင်းရှူးသေတ္တာကို ပလတ်စတစ် အဖြူရောင် ဖြင့် ပတ်ပြီး ကြည့်ကောင်း အောင် လုပ်ထားသည် ။ မီးရှို့ပစ်မည့် သေတ္တာ ဆိုသော်လည်း ဆရာဦးညို ၏ အရည်အချင်း နဲ့ ထိုက်တန်သည့် အဆင့်တော့ ဖြစ်စေချင်သည် ။ ဆရာဦးညို သေတာကို လွမ်းမည့်သူ မရှိ၍ လွမ်းသူ့ပန်းခွေလည်း မရှိ ဖြစ်နေသည် ။

ဆရာဦးညို သေတာကို မလွဲသာ မရှောင်သာလို့ ဝတ်ကျေတမ်းကျေ ပူဆွေး ငိုကြွေးသူ ရှိ မရှိ လိုက်ကြည့်မိသည် ။ ဆရာကတော် ဟု ယူဆရသည့် အမျိုးသမီး ကြီး တစ်ဦးသာ စို့လာသည့် မျက်ရည်ကို တို့ယူ သုတ်ပစ်နေတာ တွေ့ ရသည် ။ ကျန်သူတွေ ကတော့ ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့သွားလို့ ဝန်ပေါ့သွားပြီ ဆိုသည့် မျက်နှာမျိုးတွေ တွေ့ ရသည် ။ အဆိုးဆုံး ကတော့ ဆရာဦးညို ၏ သားတွေလို့ သိရသည့် လူလတ်ပိုင်း အရွယ် သုံးလေးယောက်၏ အခြေအနေနှင့် အမူအရာတွေ ဖြစ်သည် ။ ဆရာဦးညို အသက်ထွက် သွားသည့် အချိန်က စပြီး အရက်ကို အဆက်မပြတ် သောက်နေကြသည့် လက္ခဏာ တွေ့ရသည် ။ မျက်နှာတွေ ရဲတွတ်ပြီး ချွေးပြန်နေကြသည် ။ ရင်ပူလို့ အင်္ကျီပင် မဝတ်နိုင်သူလည်း ပါသည် ။ ရွှံ့ပေနေသည့် ခြေထောက်မှာ ဖိနပ် မပါသူတွေလည်း တွေ့ရသည် ။ တမင် မစီးဘဲ နေတာလား ၊ မူး နေလို့ ဖိနပ်စီးဖို့ သတိ မရတာလား ၊ စီးစရာ ဖိနပ် မရှိတာလား အတိအကျ မသိရ ဖြစ်နေသည် ။ သေချာတာကတော့ အဖေ သေလို့ စိတ်မကောင်းတာ အကြောင်းပြပြီး ရက် မလည်မချင်း နေ့မလင်း ညမလင်း သောက်နေကြ တော့မှာ သေချာသည် ။

အသုဘ ပို့ရန် လာကြသည့် လုပ်ဖော်ကိုင်ဖက် အုပ်စု ထဲက ဆရာကြီးမြင့်ဆွေ က အမိန့် ပေး၍ ကိုအဏ္ဏဝါ က အလှူ လိုက်ခံသည် ။ အရာရှိက ငါးထောင် ၊ ဆရာကြီးမြင့်ဆွေ က သုံးထောင် ၊ သင်္ဘောသား ကိုအဏ္ဏဝါ ကလည်း သုံးထောင် နှင့် ဆရာဦးညို ၏ လုပ်ဖော်ကိုင်ဖက် အငြိမ်းစားတွေ က တစ်ထောင် စီ ၊ ငါးရာ စီ ထည့်ကြရာ အသုဘ ကူငွေ တစ်သောင်းခွဲလောက် ရသည် ။ အလှူငွေကို စာရင်းနှင့် တကွ ဆရာကြီးဦးမြင့်ဆွေ ကို အပ်လိုက်သည် ။ ဆွမ်းသွတ် စရိတ်တော့ ရလောက်ရဲ့လို့ တွက်ကြသည် ။

ဒီ အလှူငွေကို ဘယ်အချိန် မှာ ဘယ်သူ့ လက်ထဲကို အပ်မလဲ ဆိုသည့် ကိစ္စကို တိုင်ပင်ကြသည် ။ ရက်လည် ဆွမ်းသွတ် သည့်နေ့ကျမှ အလှူကို သွားရင်းနဲ့ ဆရာဦးညို၏ ဇနီး လက်ကို ပေးမလား စဉ်းစားကြသည် ။ ဆရာဦးညို သည် သူများ ခြံထဲက အိမ်နောက်ဖေးမှာ တဲကလေး ထိုးပြီး နေရသူ ဖြစ်သည့် အပြင် ကား ဝင်လို့ မရသည့် နေရာ ဖြစ်၍ ဆွမ်းသွတ် အလှူကို မသွားနိုင်ဟု ဆိုသည် ။ ဒါဆိုရင် ဒီမှာပဲ ဆရာဦးညို ရဲ့ မိသားစု လက်ကို အပ်လိုက်မလား စဉ်းစားကြပြန်သည် ။ ဒီ အဆိုကို ဆရာကြီးဦးမြင့်ဆွေ က မတ်တတ်ရပ်ပြီး ခြေခါခါ လက်ခါခါဖြင့် ကန့်ကွက် သည် ။

“ ဒီမှာ ပေးဖို့ဆိုတာကို ငါ သဘော မတူဘူးကွ ၊ ကိုညို့သားတွေရဲ့ ဖြစ်နေတဲ့ ပုံစံကို ကြည့်ဦး ။ သူတို့ လက်ထဲ ပိုက်ဆံ ထည့်လိုက်လို့ကတော့ ငါးစင်ရိုင်း အုပ်ထဲ ချေးပါ ချလိုက်သလို ဖြစ်သွားမယ် ”

ဆရာကြီးဦးမြင့်ဆွေ ပြောတာ ဖြစ်နိုင်သည် ။ သူတို့ လက်ထဲကို မထည့် ဘဲ ဆရာဦးညို၏ ဇနီး လက်ထဲ ထည့် တာတောင် စိတ်မချရသည့် အခြေအနေ ဖြစ်နေသည် ။ အမေ့ လက်ထဲက ဆွဲယူပြီး သောက်ကြ စားကြမည့် ပုံမျိုးတွေ ဖြစ်နေသည် ။ ဒါဆိုရင် ဘာလုပ်ကြမလဲဟု စဉ်းစားကြပြန်သည် ။

“ ဟေ့ကောင် တင်မောင်ဦး ၊ ရော့ ၊ ဒီ ပိုက်ဆံတွေ မင်း ယူထား ၊ ကိုညို နေတဲ့ နေရာကို မင်း ကိုယ်တိုင် သွားပြီး ရက်လည် ဆွမ်းသွတ် အတွက် ကုန်ကျမယ့် ကိစ္စတွေမှာ သုံးလိုက် ”

ဆရာကြီးမြင့်ဆွေ က ဆရာကြီးတင်မောင်ဦး ကို တာဝန်ပေးသည် ။ ဆရာ ကြီး မြင့်ဆွေ နှင့် ဆရာကြီး တင်မောင်ဦး တို့သည် ငယ်သူငယ်ချင်းတွေ ဖြစ်သည် ။ အစိုးရဌာနကြီးမှာ ရာထူး အဆင့်တူ အမှုထမ်းခဲ့ကြသူတွေ ဖြစ်သည် ။ ဆရာကြီး မြင့်ဆွေ က အငြိမ်းစား ယူခါနီးမှ အရာရှိ ဖြစ်ခဲ့သေးသည် ။ သူငယ်ချင်းတွေ ဖြစ်၍ စီးစီးပိုင်ပိုင် ခိုင်းစေခြင်း ဖြစ်သည် ။

ကိုအဏ္ဏဝါ သည် သူ့ဆရာဦးညို၏ အလောင်းကို မီးလောင်တိုက်အတွင်း သွင်းခါနီးမှာ ရပ်လျက် အနေအထား ဖြင့်ပင် လက်အုပ်ချီ လိုက်ပါသည် ။ ( မိမိ ဌာနကြီး နှင့် မိမိတိုင်းပြည် အတွက် ရိုးသား ၊ ကြိုးစား သစ္စာ ရှိခဲ့သော ဆရာ ၊ သွားပြီ ၊ ဘာမှ ပါ မသွားပါလား ၊ ဘာမှ မကျန်ခဲ့ပါလားဟု သတိရလိုက်ပါသည် ။ )

◾ အဏ္ဏဝါစိုးမိုး
📖 ရုပ်ရှင်အမြုတေ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂ဝဝ၄

Sunday, June 22, 2025

မဖြူတုတ်တို့ အကြောင်း


 

❝ မဖြူတုတ်တို့ အကြောင်း ❞
        ( အဏ္ဏဝါစိုးမိုး )

မဖြူတုတ် တို့ အကြောင်း ဆိုတော့ မဖြူတုတ် ဘယ်နှစ်ယောက် တောင် ရှိလို့လဲ ဟု မေးစရာ ဖြစ်နေသည် ။ မဖြူတုတ် တစ်ယောက် သာ ရှိပါသည် ။ ကိုအဏ္ဏဝါ ၏ ပါရမီဖြည့်ဘက် မဟေသီ ၊ ဇနီး ၊ မယား မဖြူတုတ် တစ်ယောက်တည်း သာ ရှိပါသည် ။ နာမည် နှင့် လိုက်အောင် ဖြူဖြူတုတ်တုတ် မို့ မဖြူတုတ် ဟု အမည်ပေးထားခြင်း ဖြစ်သည် ။ မဖြူတုတ် တစ်ယောက်တည်း ရှိပါလျက် မဖြူတုတ် အကြောင်းလို့ မပြောဘဲ မဖြူတုတ် တို့ အကြောင်းလို့ အများကိန်း ( ဗဟုဝုဒ် ) ဖြင့် ပြောရတာ အကြောင်း ရှိပါသည် ။

မဖြူတုတ် သည် ကိုအဏ္ဏဝါ ၏ ဇနီး ဖြစ်သည် ဟု ပြောပြီး ဖြစ်သည် ။ ကိုအဏ္ဏဝါ  ၏ ဇနီးသည် မိန်းမ ဖြစ်သည် ။ ထို့ကြောင့် မဖြူတုတ် သည် မိန်းမ ဖြစ်သည် ကို အထူး ပြောစရာ လိုတော့မည် မထင်ပါ ။ မဖြူတုတ် တို့ အကြောင်း ဆိုသောကြောင့် မိန်းမတွေ အကြောင်း ဟု ဆိုလိုခြင်း ဖြစ်သည် ။ တစ်ကမ္ဘာလုံး က မိန်းမတွေ အကြောင်း ကို သိလို့လား ၊ ပြောနိုင်လို့လား ဟု မေးကြမည် ထင်ပါသည် ။ အမှန်အတိုင်း ဝန်ခံရလျှင် တစ်ကမ္ဘာလုံး က မိန်းမတွေ အကြောင်း ကို မဆိုထားနဲ့ ၊ မြန်မာနိုင်ငံ က မိန်းမတွေ အကြောင်း ကို တောင် သိဖို့ရာ မလွယ်ပါ ။ ဒါပေမယ့် မဖြူတုတ် ရဲ့အကြောင်း ကိုတော့ ကိုအဏ္ဏဝါ က နောကျေအောင် သိသည် ။ မဖြူတုတ် အကြောင်း ကို သိသည် ဆိုလျှင် တစ်ကမ္ဘာလုံး က မိန်းမတွေ ၏ စရိုက်သဘာဝ နဲ့ ထပ်တူထပ်မျှ မဟုတ်တောင် ရာခိုင်နှုန်း အတော်များများ တူနိုင်သည် ဟု ယုံကြည်မိသည် ။ ထို့ကြောင့် မဖြူတုတ် သည် ကမ္ဘာပေါ် ရှိ မိန်းမ အားလုံး ကို ကိုယ်စားပြုနိုင်သူ ဖြစ်သည် ဟု ထင်မိသည် ။ မဖြူတုတ် ၏ အကြောင်းသည် မိန်းမတွေ ၏ အကြောင်း ဖြစ်နိုင်သည် ။

မဖြူတုတ် သည် ချစ်ပါလျက် မချစ် ယောင် ဆောင် တတ်သည် ။ ကြိုက်ပါလျက် မကြိုက် ယောင် ဆောင်တတ်သည် ။ မဖြူတုတ် ကို သူ့ အမေ က ကိုအဏ္ဏဝါ နဲ့ ပေးစားမလို့ ရန်ကုန် ကို ခေါ်လာပြီး သာကေတမြို့သား ကိုအဏ္ဏဝါ ကို ပြသောအခါ နှာခေါင်း ရှုံ့ပြီး မကြိုက်ယောင် ဆောင် ခဲ့တာကို မှတ်မိသေးသည် ။ အသားမည်းသည် ။ ဗိုက်ပူသည် ။ ထိပ်ပြောင်သည် ။ နှာခေါင်းပွသည် စသည်ဖြင့် ချေးများပြီး တင်းခံနေခဲ့သည် ။ မိန်းမဈေး ကို မချပဲ ကိုင်ထားခဲ့သည် ။ တစ်လ နှစ်လခန့် တစ်အိမ်တည်း အတူ နေလာသောအခါ မဖြူတုတ် ၏ မကြိုက်ယောင် ဆောင်မှု အရှိန် လျှော့ကျလာသည် ။ ကိုအဏ္ဏဝါ ၏ အားနည်းချက်တွေ ဖြစ်သည့် ဗိုက်ပူ ၊ ထိပ်ပြောင် ၊ မည်းပြာ ၊ ပုကွ ၊ နှာခေါင်း ပွတာတွေ ကို မမြင်ချင် ယောင် ဆောင် လာသည် ။

ဒီဘဝ မှာ မိန်းမ မရနိုင်တော့ဘူး ထင်ပြီး စိတ်အားငယ် နေသည့် ကိုအဏ္ဏဝါ ကလည်း မဖြူတုတ် ကို မြင်လျှင်မြင်ချင်း ကြိုက်သွားသည် ။ မိမိ အရည်အချင်း ကို အားကိုးပြီး ကိုယ်တိုင် ကြိုးစားမှုဖြင့် ဆိုပါက ဒီလို ဖြူဖြူတုတ်တုတ် ကို ရဖို့ မလွယ်ဘူး ဆိုတာကို သိနေသည့် ကိုအဏ္ဏဝါ က မဖြူတုတ် ကို လွတ်သွားမှာ စိုးလို့ ယောက္ခမ အဘွားကြီး ကို အသေကပ် ထားသည် ။ မဖြူတုတ် ကို လည်း ချစ်လှချည်ရဲ့ ၊ ကြိုက်လှချည်ရဲ့ ဆိုတဲ့ အမူအရာ ကို အခွင့်သာ တိုင်း ပြသည် ။ ယောက်ျား တစ်ယောက် က ချစ်ပါ တယ် ၊ ကြိုက်ပါတယ် ၊ မရရင် သေရပါတော့မယ် လို့ ပြောနေတဲ့ ဒဏ်ကို မဖြူတုတ် သာမက ဘယ်မိန်းမ မှ ကြာကြာ အောင့်မခံနိုင်ဘူး ဆိုတာကို သိထားသည့် ကိုအဏ္ဏဝါ က လည်း နောက်မဆုတ်ဘဲ လက်ရဲ ဇက်ရဲတွေ လုပ်လာသည် ။ ပထမ တော့ မဖြူတုတ် က ဟန်ဆောင်ပန်ဆောင် ရှောင် ပြေး တွန်းပစ် လုပ်သေးသည် ။ နောက်ဆုံး ဟန် မဆောင်နိုင်တော့သည့် အဆုံးမှာ ကိုအဏ္ဏဝါ ၏ အချစ် ကို လက်ခံ လိုက်ရတော့သည် ။

ကိုအဏ္ဏဝါ သည် မဖြူတုတ် နှင့် ပတ်သက်ပြီး အို .. အပွင့်လင်းဆုံး ပြောရလျှင် မိန်းမတွေ နဲ့ ပတ်သက်ပြီး အတွေ့အကြုံ တစ်ခု ရလိုက်သည် ။ မိန်းမတွေ ကို ချစ်ရေး ဆိုရတာဟာ ခွေးပေါက်စလေး နဲ့ ဆော့ ကစားရသလိုပါလား ဆိုတဲ့ အသိကို ရလိုက်ခြင်း ဖြစ်သည် ။ ခွေးပေါက်စလေး နဲ့ ဆော့ကစားဖူးကြမည် ထင်ပါသည် ။ ကိုယ် က လိုက် လျှင် သူ က ပြေးသည် ။ ဝေးချင်လို့ မဟုတ် ၊ ကိုယ် က ပြေးလျှင် သူ က လိုက်သည် ၊ ကိုက် ချင်လို့ မဟုတ် ။ အပြေးအလိုက် လုပ်ပြီး အထွေးအပိုက် အယုအယ လုပ်ဖို့ မိအောင် ဖမ်းလိုက်လျှင် မကိုက်ဘဲ ပါး ကို လျှာလေး နဲ့ လျက်ပြီး ဖက်နမ်း တော့သည် ။

ဒီလိုဖြင့် ကိုအဏ္ဏဝါ နှင့် မဖြူတုတ် တို့ အကြောင်းပါခဲ့ကြသည် ။ လင်ရယ် မယားရယ်လို့ ဖြစ်လာကြတော့ လျှာ နဲ့ သွား လိုပေါ့ဗျာ ၊ ပါးစပ် ထဲ မှာ အတူနေကြပေမယ့်လို့ တစ်ခါတလေ ကိုက်မိတယ် ၊ ငြိတယ် ၊ စကား များတယ် ၊ ရန်ဖြစ်တယ် ။ ရန်ဖြစ်ရတဲ့ အကြောင်း က အထွေအထူးတော့ မဟုတ်ပါဘူး ။ ကိုအဏ္ဏဝါ က ယောက်ျား မာန ကို ပြသည် ။ မဖြူတုတ် က မိန်းမ သဘာဝ ကို ပြသည် ။ ပြတာချင်း ကီး မကိုက်ဘဲ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်သွားသည့် အခါတွေမှာ စကားများ ရန်ဖြစ်ကြရသည် ။ မဖြူတုတ် က လူရှေ့သူရှေ့ မှာ ကိုအဏ္ဏဝါ ကို နိုင်ကြောင်း ပြလိုသည် ။ မိန်းမသဘာဝ ကို မသိ နားမလည်သေးသည့် ကိုအဏ္ဏဝါ က လူရှေ့ သူရှေ့မှာ သူ့ ကို အရှက် ခွဲရမလား ဆိုပြီး မဖြူတုတ် ကို လူရှေ့သူရှေ့ မှာပင် ပြန် ဟောက်သည် ။ အဲဒါ ပြဿနာ တက် သွားတော့သည် ။ စကားများ ရန်ဖြစ်ကြပြီး သုံးလေးရက် မခေါ် မပြောဘဲ နေကြရသည့် အခြေအနေ ရောက်သွား တော့သည် ။

ကိုအဏ္ဏဝါ သည် မဖြူတုတ် ရဲ့ အကြောင်း ( တစ်နည်း ဆိုရသော် မိန်းမတွေ ရဲ့အကြောင်း ) ကို သိသွားသောအခါ အိမ်ထောင်ရေး အဆင်ပြေ လာသည် ။ မဖြူတုတ် က လူရှေ့သူရှေ့ မှာ လင် နိုင်ကြောင်း ပြချင်လို့ ကို အဏ္ဏဝါ ကို လှိမ့်ပိမ့် ဆူပူကြိမ်းမောင်းတာ ကို လူပေါကြီး လို ပုံစံဖြင့် ပြုံးစိစိ ကြီး လုပ်ပြီး ခေါင်းငုံ့ ခံနေသည် ။ လူသူ ကင်းရှင်းသွားလို့ ကိုအဏ္ဏဝါ နှင့် မဖြူတုတ် တို့ နှစ်ယောက်တည်း ရှိတော့သည့်အခါ ကိုအဏ္ဏဝါ က မဖြူတုတ် ကို နားရင်းပိတ်တီးလို့ လည်း ရသည် ။ ပြန်လှန် အော်ဟောက်လို့ လည်း ရသည် ။ မဖြူတုတ် က ငြိမ်ခံသည် ။ လူရှေ့ သူရှေ့ မှာ လင် နိုင်ကြောင်း ပြလိုက်ရ၍ ကျေနပ်နေပြီး ဖြစ်သည် ။

ကိုအဏ္ဏဝါ နှင့် မဖြူတုတ် တို့ ၏ အိမ်ထောင်ရေး သည် စီးပွားရေး နှင့် ဆက်စပ် နေသောကြောင့် စီးပွားရေး နှင့် ပတ်သက်ပြီး လင်မယား ကတောက်ကဆ ဖြစ်ရတာတွေ ရှိသည် ။ ကိုအဏ္ဏဝါ က အိမ်ထောင်ဦးစီး ဆိုပြီး စီးပွားရေး ကို ဦးဆောင် ကြိုးကိုင် ထိန်းချုပ် ကြည့်သည် ။ အကုန်အကျ ပိုများတာ တွေ့ရသည် ။ ကိုအဏ္ဏဝါ က အဆင်းရဲခံပြီး ခြိုးခြံ သလောက် မဖြူတုတ် က လက်ဖွာပြသည် ။ ကိုအဏ္ဏဝါ ကို ချက်ပြုတ် ကျွေးတာ ကျတော့ တော်ရိလျော်ရိ သာ ဖြစ်သည် ။ ရှင် ပေးတဲ့ ဈေးဖိုးပိုက်ဆံ နဲ့ ကတော့ ဒါလောက်ပဲ စားရမှာပဲ ဆိုတဲ့ အမူအရာ ကို ပြထားလိုက်သေးသည် ။

ကိုအဏ္ဏဝါ က ပိုက်ဆံ မကိုင်တော့ပဲ အိမ် မှာ ရှိသမျှ ပိုက်ဆံ အားလုံး နှင့် ဝင်ငွေ အားလုံး အပြင် ဘဏ်စာအုပ်တွေ ပါ မဖြူတုတ် ကို အပ်လိုက် သောအခါ အရမ်း ဟန်ကျ သွားသည် ။ အကုန်အကျ လည်း သက်သာ သွားသည် ။ ကိုအဏ္ဏဝါ လည်း ဟင်းကောင်း စားရသည် ။ ကိုအဏ္ဏဝါ  အရက်သောက် ဖို့ နဲ့ ဘာညာ ဘာညာ အတွက် လိုအပ်သည့် ပိုက်ဆံ ကို လည်း တောင်းသလောက် ထုတ်ပေးသည် ။ လူစိမ်းသူစိမ်း ဧည့်သည်တွေ နှင့် သူ့ ဆွေမျိုးတွေ ရှေ့ မှာ ကိုအဏ္ဏဝါ က လက်ဖြန့်ပြီး ပိုက်ဆံ တောင်းလျှင် ပိုရသည် ။ မိန်းမ ဆိုတာ လင် ရှာလို့ ရတဲ့ စီးပွား ကို သူ့လက် သူ့ခြေ ကိုင်တွယ် ခြယ်လှယ်ရမှ ကျေနပ်တယ်ပါလား ဆိုတာကို အသိ နောက်ကျလေခြင်း လို့ ကိုအဏ္ဏဝါ  နောင်တရသည် ။

ကိုအဏ္ဏဝါ  သင်္ဘောသား ဖြစ်ပြီးနောက် အထိုက်အလျောက် ပြေလည် လာသောအခါ ကိုအဏ္ဏဝါ  သတိထားမိတာ တစ်ခု ရှိသည် ။ မဖြူတုတ် သည် ကိုအဏ္ဏဝါ ကို ကောင်းကောင်း ချက်ကျွေးသည့် အပြင် အင်္ကျီ အဝတ်အစား က အစ ဟိုဟာဝယ်ပေး ၊ ဒါဝယ်ပေး ၊ မင်္ဂလာဈေး က အပြန်မှာ ကျားတံဆိပ် ဘီယာတွေကဒ်လိုက် ဝယ်လာပေး လုပ်လာပြီ ဆိုလျှင် သတိထား ရတော့သည် ။ သူ့ နား က စိန်နားကပ် ကို အထူး ဂရုစိုက် ကြည့်ရသည် ။ ပုံစံရော အရွယ်အစားပါ ပြောင်းနေတာ တွေ့ရလေ့ ရှိသည် ။ နောက်ထပ် တစ်သိန်း လောက် အလိုက် ပေးပြီး ကိုအဏ္ဏဝါ  မသိအောင် အလဲအထပ် လုပ်ထားခြင်း ဖြစ်သည် ။ ကိုအဏ္ဏဝါ က မကျေနပ်လို့ ဆူပူကြိမ်းမောင်းချင်ပါသော်လည်း ဝယ်ခြမ်း ပေးကျွေးနေတဲ့ ဟာတွေ ရဲ့ မျက်နှာ ကို ထောက်ပြီး မဆူနိုင် မကြိမ်းနိုင် ဖြစ်သွားသည် ။

တစ်ခါ တလေ မှာ ကိုအဏ္ဏဝါ ဘက်က မခံမရပ်နိုင်လို့ ထသ,တ်တော့မည့် နီးပါး စကားများကြပြီ ဆိုလျှင် တစ်ပတ်ဆယ်ရက် လောက် အထိတောင် တစ်ဦး ကို တစ်ဦး နှုတ်မဆက် စကား မပြောဘဲ နေကြသည် ။ တစ်အိမ်တည်း အတူ နေရုံသာ မက တစ်ခြင်ထောင် တည်း အတူ အိပ်နေ ပါလျက် နှုတ်ဆက် စကားပြော မလုပ်ဘဲ နေကြရတာဟာ အတော် အနေရ ခက် အခံရ ခက်သော ကိစ္စ ဖြစ်သည် ။ ပြောစရာ ကိစ္စ ရှိလျှင် သားသမီးတွေ က တစ်ဆင့် ပြောကြသည် ။ အိပ်ရာ ဝင် လျှင်လည်း တစ်ယောက် က အလျင် ဦးအောင် ခြင်ထောင် ထဲ ဝင်ပြီး အိပ်ပျော်ချင် ယောင် ဆောင်နေရသည် ။ တစ်ယောက် က ရုပ်မြင်သံကြား ကြည့်ချင် ယောင် ဆောင်နေရသည် ။

ကိုအဏ္ဏဝါ က စောစော အိပ်ရာ ဝင်ပြီး အိပ်ချင် ယောင် ဆောင် နေလျှင် မဖြူတုတ် က တရုတ်ကား ကြည့်ပြီး ခိုးခိုးခစ်ခစ် ရယ်သည် ။ သူ့ သားသမီးတွေ နဲ့ လေသံမြှင့်ပြီး စကား ပြောပြသည် ။ အိပ်ရာ ထဲ က ကိုအဏ္ဏဝါ ကြားအောင် လေသံမြှင့်ပြီး ပြောနေခြင်း ဖြစ်သည် ။ ရုပ်မြင် သံကြား အစီအစဉ် ပြီးသည်အထိ မကြည့်ချင်ဘဲ ထိုင် ကြည့်နေသည် ။ သားသမီးတွေ အိပ်ရာ ဝင် ကုန်ကြလို့ သူ့ တစ်ယောက်တည်း ကျန်တော့မှ မီးတွေ ပိတ်ပြီး ကိုအဏ္ဏဝါ အိပ်နေသည့် ခြင်ထောင် ထဲ ဝင်လာသည် ။

မဖြူတုတ် ခြင်ထောင် ထဲ ဝင်လာပြီ ဆိုတာကို သိသည့် ကိုအဏ္ဏဝါ ကလည်း မသိယောင် ဆောင်ပြီး တစ်ဖက် ကို စောင်းအိပ် ၍ အိပ်ပျော် နေယောင် ဆောင်သည် ။ အဲဒီတော့ မဖြူတုတ် ကလည်း ကိုအဏ္ဏဝါ  နှင့် အသားချင်း မထိမိအောင် အထူး သတိထားပြီး လှဲအိပ်ချသည် ။ သူ နှင့် ကိုအဏ္ဏဝါ ကြားမှာ ဖက်ခေါင်းအုံး အရှည်ကို ချပြီး ခြားထားလိုက်သေး သည် ။ ကိုအဏ္ဏဝါ အိပ် မပျော်ဘဲ တစ်ဘက် စောင်းပြီး အိပ်ချင်ယောင် ဆောင်နေတယ် ဆိုတာကို သိနေတယ်လေ ။ ဒါကြောင့် ရှင့် ထက် ပြတ်တယ် ဆိုတဲ့ ပုံစံ ကို တမင် လုပ်ပြခြင်း ဖြစ်သည် ။

မဖြူတုတ် က စောစော အိပ်ရာ ဝင်ပြီး ခြင်ထောင် ကို လက်ဦးမှု ရယူ သွားလျှင် ကိုအဏ္ဏဝါ က နိုင်ငံတကာ က  လွှင့်ထုတ်နေသည့် ရေဒီယို အသံလွှင့်ချက်တွေ ကို ဖမ်းယူ နားထောင်နေသည် ။ အချိန်ကုန်အောင် လုပ်နေရခြင်း ဖြစ်သည် ။ ရေဒီယိုတွေ နားထောင်ပြီး တော့လည်း ညဆယ်နာရီ တောင် မထိုးသေးလို့ ဘာမှ စိတ်ဝင်စားစရာ မရှိသည့် ရုပ်မြင်သံကြား ကို ဆက် ကြည့်ရပြန်သည် ။ သိုင်းပညာ အစွမ်းကုန် ပြပြီး တိုက်ခိုက်နေတဲ့ တရုတ် မင်းသမီး ဟာ အလှပျက်မှာ စိုးလို့ ချွေးတောင် ထွက်တာ မတွေ့ရ ၊ အနုပညာ ခေါင်းပါးသည့် အမူအရာတွေ နဲ့ သရုပ်ဆောင် နေကြတာတွေ ကို မကြည့်ချင်ဘဲ အချိန် ကုန်အောင် ကြည့်နေရသည် ။ ရုပ်မြင်သံကြား လည်း သိမ်းလို့ ၊ ရပ်ကွက် တစ်ခုလုံး တိတ်ဆိတ် သွားတော့မှ ကိုအဏ္ဏဝါ အိပ်ရာဝင်သည် ။ ကိုအဏ္ဏဝါ  ခြင်ထောင် ထဲ ဝင်လာတာ ကို သိသော်လည်း အိပ်ပျော်ချင် ယောင် ဆောင် နေသည့် မဖြူတုတ် က သဘာဝ မကျ ၊ ယုတ္တိမတန်သည့် ဟောက်သံလေးတောင် ပေး လိုက်သေးသည် ။ သူ တကယ် အိပ်ပျော် နေသယောင် ဟန်ဆောင်ခြင်း ဖြစ်သည် ။ ဒီအကြောမျိုး ကို နောကျေနေသည့် ကိုအဏ္ဏဝါ က အမှောင်ထဲ မှာ ပြုံးလိုက်သည် ။ နင် အိပ်ချင်ယောင် ဆောင် နေတာ ငါ သိပါတယ်ကွာ လို့ ပြောလို့ မဖြစ် ၊ အမူအရာ ပြလို့လည်း မဖြစ် ၊ မဖြူတုတ် ရှက်သွားပြီး နှုတ်ဆက် စကားပြော မလုပ်သည့် ရက် တာရှည် သွားနိုင်သည် ။ နှုတ်ဆက် စကားပြော မလုပ်ဘဲ နေကြတာ ရက်တွေ ကြာလာတော့ ကိုအဏ္ဏဝါ ရော မဖြူတုတ် ပါ အာညောင်းလာသည် ။ အခေါ်အပြော ပြန်လုပ်ချင် နေကြပြီ ဖြစ်သည် ။

ကိုအဏ္ဏဝါ က ခြင်ထောင် ထဲ ကို အသာလေး ဝင်သည် ။ အိပ်မော ကျနေသည့် မဖြူတုတ် နိုးသွားမှာ စိုးလို့ အထူး သတိထားပြီး ညင်ညင်သာသာလေး ဝင်လာလေဟန် လုပ်သည် ။ အိပ်ချင်ယောင် ဆောင်နေသည့် မဖြူတုတ် က ဟောက်သံသဲ့သဲ့ ဆက်ပေးနေသည် ။ ကိုအဏ္ဏဝါ က သူ့ နေရာမှာ အသာ ဝင်လှဲချပြီး မျက်စိ မှိတ်နေသည် ။ ကိုအဏ္ဏဝါ တို့ နှစ်ယောက် ကြားမှာ ဖက်ခေါင်းအုံးကြီး က ခြားနေသည် ။ လင် နှင့် မယား စိတ် ကြည်ကြည်လင်လင် ဆိုပါက ပွေ့ဖက် နမ်းရှုံ့ပြီး ပျော်ရွှင်စွာ အိပ်ရာ ဝင်ကြမည် ဖြစ်သည် ။ အခုတော့ ခြင်ထောင် တစ်လုံး ထဲမှာ အတူ ရှိနေကြပါလျက် တစ်ဦး ကို တစ်ဦး စကား မပြောကြ၍ နီးလျက် နှင့် ဝေးနေကြသည် ။

ကိုအဏ္ဏဝါ နှင့် မဖြူတုတ် တို့ လက်ထပ်ကြတော့ ကိုအဏ္ဏဝါ ၏ အသက် က ၂၈နှစ် ၊ မဖြူတုတ် က ၁၈နှစ် ၊ ၁၀ နှစ် ကွာသည် ။ အိမ်ထောင် သက်အနှစ် ၃ဝ ရှိပြီ ဖြစ်လို့ မဖြူတုတ် ရဲ့ အသက်တောင် မငယ်တော့ပါလား ဟု တွေးမိသည် ။ ကိုယ့် ထက် အသက်ငယ်တဲ့ မယား ကို ယူထား တော့ ကိုယ် က အလျှော့ပေးပြီး ချော့ရမှာပေါ့ လို့ တွေးမိသည် ။ လက်ထပ်ပြီးစ က ဖြူဖြူဖွေးဖွေး ၊ ဖွံ့ဖွံ့ထွားထွား ဖြင့် စွဲမက်စရာ ကောင်းသည့် မဖြူတုတ် ၏ ပုံကို ပြန်လည် မြင်ယောင် လာပြီး ကိုအဏ္ဏဝါ ဖီလင် အသစ်တွေ ပြန်ဝင် လာသည် ။ အိပ်ဟန် ဆောင် နေသည့် မဖြူတုတ် ဘက် ကို အသာ စောင်းငဲ့ ကြည့်လိုက်သည် ။

ကိုအဏ္ဏဝါ သည် မဖြူတုတ် ကို ချော့ဖို့ မေ့မေ့ နေသည် ။ မိန်းမ ဟူသည် အချော့ကြိုက်တယ် ဆိုတာ ကို မေ့နေခြင်း ဖြစ်သည် ။ မကင်းနိုင် ၊ မပြတ်နိုင်တဲ့ အတူတူ ခြောက်တစ်ခါ ၊ ချော့တစ်လှည့် ပေါင်းသင်း သွားရမည် ဆိုတာကို သတိရလိုက်သည် ။ နှစ်ယောက် ကြားက အတားအဆီး ဖြစ်နေသည့် ဖက်ခေါင်းအုံးကြီး ကို အသာ ဖယ်ပစ်လိုက်သည် ။ မဖြူတုတ် ဘက် ကို အသာ တိုးကပ်လိုက်သည် ။ ကိုအဏ္ဏဝါ ၏ လက်မောင်း နှင့် မဖြူတုတ် ၏ ကျော မတော်တဆ ထိသွားသည် ။ မဖြူတုတ် က လန့်သွား သလိုလို ၊ အသားချင်း လာ ထိတာကိုပင် မကြိုက် သလိုလို တွန့်ခနဲ လုပ်လိုက်သေးသည် ။ မွှန်ဟောက် ပြီး အိပ်ပျော်နေသူ က အသားချင်း ထိတာလေး ကို တောင် တွန့်ခနဲ ဖြစ်ရသလားလို့ တွေးပြီး ကိုအဏ္ဏဝါ  ပြုံးလိုက်မိသည် ။

ကိုအဏ္ဏဝါ က ပက်လက် အနေအထားမှ မဖြူတုတ် ဘက်ကို စောင်း အိပ်လိုက်သည် ။ မဖြူတုတ် ကတော့ ကိုအဏ္ဏဝါ ကို ကျောပေးပြီး ခွေခွေလေး လှဲနေသည် ။ ကိုအဏ္ဏဝါ သည် မဖြူတုတ် ၏ ပခုံးကို အသာ လေးဆွဲပြီး သူ့ ဘက် ကို လှည့်ရန် ဆွဲယူလိုက်သည် ။ မဖြူတုတ် သည် အသာလေး ဆွဲ တာကို အလိုက်သင့် ပါလာသော်လည်း စောင်း နေသည့် လောင်းလှေ ကို ဆွဲလှန်လိုက် သလို ပက်လက်ကြီး လန်နေသည် ။ သူ အိပ်ပျော်နေလို့ ဆွဲလှည့်တာ ကို မသိတဲ့ ပုံစံမျိုး လုပ်နေသေးသည် ။ အထာပေါက် အလိုက်သိသည့် ကိုအဏ္ဏဝါ က သူ့ဘက် ကို လှည့်လာအောင် နောက်တစ်ခါ အသာလေး ဆွဲလှည့်လိုက်သည် ။ ဒီတစ်ခါမှာ လည်း အသာလေး ဆွဲတာနဲ့ အလိုက်သင့် ပါလာသည် ။ သူ အိပ်ပျော်နေလို့ ကိုအဏ္ဏဝါ  လုပ်သမျှ ကို မသိဘဲ လိမ့်ပါလာသည့် ပုံစံမျိုး ပြနေသည် ။

ကိုအဏ္ဏဝါ က မဖြူတုတ် ၏ ဦးခေါင်း ကို အသာ မပြီး သူ့ လက်ရုံး ပေါ် မှာ ခေါင်းအုံး စေလိုက်သည် ။ လက်တစ်ဖက် က မဖြူတုတ် ကို သိုင်းဖက်လိုက်သည် ။ မဖြူတုတ် ကတော့ သူ့ လက်တွေကို ပျော့ပျော့ကြီး လုပ် ပြီး ရှေ့ မှာ ချထားသည် ။ ကိုအဏ္ဏဝါ က မဖြူတုတ် ရဲ့ အပေါ် က လက် ကို ယူပြီး သူ့ ကိုယ်ပေါ် မှာ တင်သည် ။ ငါ့ ကို လည်း ပြန်ဖက် ဆိုသည့် သဘော ဖြစ်သည် ။ မဖြူတုတ် ရဲ့ လက်ကြီး က ကြိုးပြတ်နေသော ရုပ်သေးမင်းသမီး လက် လို ကိုအဏ္ဏဝါ ရဲ့ ကိုယ်ပေါ် ကို ဘုတ်ခနဲ ကျလာသည် ။ သူ အိပ်ပျော် နေသည့် အတွက် ပြန်ပြီး မဖက်နိုင် ဖြစ်နေသည် ဆိုတဲ့ ပုံစံ ပြထားသည် ။ သို့သော် မဖြူတုတ် ၏ လက်တစ်ဖက် သည် ကိုအဏ္ဏဝါ ၏ ခါး ကို ဖြတ်ပြီး ကျောပေါ် ကို ရောက်နေပြီ ဖြစ်သည် ။

မဖြူတုတ် အသက် ၁၈ နှစ် အရွယ် မှာ လက်ထပ် ယူခဲ့သည့် ကိုအဏ္ဏဝါ က ငယ်ချစ် ဖီလင် တက်ပြီး မဖြူတုတ် ၏ ဆံပင်တွေ ကို သပ်တင် ပေးသည် ။ အသက် ငါးဆယ် ပြည့်ခါနီးပေမယ့် ဖြူဖြူဖောင်းဖောင်း ပြည့်ပြည့်တင်းတင်း ရှိနေသေးသည့် မဖြူတုတ် ၏ ပါး ကို ရွရွလေး မွှေးမွှေး ပေးလိုက်သည် ။ မဖြူတုတ် ၏ တစ်ကိုယ်လုံး ကို လည်း တင်းတင်းလေး သိုင်းဖက်လိုက်သောအခါ စောစောက ရုပ်သေးမင်းသမီး လက်ကြီး လို ဖြစ်နေသည့် မဖြူတုတ် ၏ လက် သည် ကိုအဏ္ဏဝါ ကို ခပ်တင်းတင်း လေး ပြန် ဖက်တာ ကို တွေ့ရသည် ။ အိပ်ပျော်နေတယ် ဆိုပြီး ဘယ့်နှယ်ဟာပါလိမ့်နော် ။

▢ အဏ္ဏဝါစိုးမိုး
📖 ရွှေအမြုတေ မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၂ဝဝ၃

Sunday, June 8, 2025

စိုက်ရန် မလိုသည့် သွား


 

❝ စိုက်ရန် မလိုသည့် သွား ❞
        ( အဏ္ဏဝါစိုးမိုး )

သွားဆရာဝန် ဒေါက်တာ ဒေါ်မာလာခင် စိတ်လှုပ်ရှား နေသည် ။ ယနေ့ ဆေးခန်း ဖွင့်ချိန် မှာ အစ်ကိုကြီး လာမှာ ဖြစ်လို့ စိတ်လှုပ်ရှား နေခြင်း ဖြစ်သည် ။ အစ်ကိုကြီး ရဲ့ အံသွား တစ်ချောင်း နုတ်ထားသည့် နေရာ မှာ ပြန်စိုက်ဖို့ အတွက် ပုံချရန် အစ်ကိုကြီး ကို ဒီနေ့ ပြန် ချိန်းထားခြင်း ဖြစ်သည် ။

အစ်ကိုကြီး နှင့် ဒီနေ့ ပြောမည့် စကားတွေ ကို ရွေးချယ် စုဆောင်းထားပြီး ဖြစ်သည် ။ “ အစ်ကိုကြီး က မုဆိုးဖို ၊ ကျွန်မ က အပျိုကြီး ၊ အသက်တွေ ကြီးလာပြီ ဆိုတော့ ဆေးပေးမီးယူ အဖော် ဆိုတာ လိုတယ် ။ ကျောင်းကန်ဘုရား တောင် တစ်ယောက်တည်း သွားရတော့ အားငယ်လို့ တရား မရနိုင် ဖြစ်နေရတယ် ။ အရွယ်လေး ရှိတုန်း အစ်ကိုကြီး လို စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ လူကြီးလူကောင်း နဲ့ သာ ဆိုရင် ဘဝကြင်ဖော် အဖြစ် လက်တွဲနိုင်ပါတယ် ” စသည်ဖြင့် ပြောမည် ဟု စကားလုံး ရွေးထားသည် ။ ဒီလိုသာ ပြောလိုက်မည် ဆိုလျှင် သိက္ခာ ဆယ်ပြီး မိမိ ကို ကျိတ်ပိုး ပိုးနေသည့် အစ်ကိုကြီး ဝမ်းသာ သွားမှာ သေချာသည် ။

မိမိ ဆေးကျောင်းသူ ဘဝ က မိမိ ကို စိတ်ဝင်စားသူ ဆေးကျောင်းသား တစ်ယောက် ရှိခဲ့ဖူးသည် ။ ရုပ်ဆင်းရူပါ ခံ့ထည်မှု နည်းရသည့် အပြင် အသား က လည်း မည်းသေးသည် ။ သူ ၏ ရုပ်ရည် နှင့် အသားအရောင်ကြောင့် သူ့ ကိုယ် သူ လျှော့တွက်ပြီး အားငယ်နေဟန် တူသည် ။ မိမိ ကို ရည်းစားစာ လည်း မပေးရဲ ၊ ချစ်ရေး လည်း မဆိုဝံ့ ဖြစ်နေရှာသည် ။ နောက်ဆုံးနှစ် လက်တွေ့ သင်တန်းတွေ မှာ လက်ပွန်းတတီး လုပ်ကြရသည့် အခါ သူ့ အမူအရာ က ပိုပြီး သိသာလာသည် ။ မိမိ က သာ တုံ့ပြန်သည့် အမူအရာ ပြလိုက်မည် ဆိုလျှင် တစ်ခါတည်း အဆင်ပြေ သွားမည်ဖြစ်သည် ။

အဲဒီတုန်းက သူ ကလည်း သွားဆရာဝန် ဖြစ်လာမည့် သူ ဆိုသည့် အတွေး က ဝင် နေခဲ့သည် ။ အကယ်၍ သာ သူ သည် အထွေထွေကု ဆရာဝန်လောင်း ဆိုလျှင် မိမိ ဘက် က ရုပ်ရည် နည်း တာ ၊ အသားမည်း တာ ကို ကြည့် မနေတော့ဘဲ သူ ၏ အချစ် ကို လက်ခံလိုက်မည် ဖြစ်သည် ။ သွားဆရာဝန် ချင်း တူ လျှင် သူ့ ထက် သားနား ၊ ခံ့ညားသူများ ရနိုင်ဦးမလား ဆိုသည့် မျှော်လင့်ချက် ဖြင့် စောင့်ရင်း ဘွဲ့ရ ၊ အပျိုကြီး ဖြစ်ခဲ့ရသည် ။

ယောက်ျားတွေ ကည်း အတော် အ သည် ။ ပညာတတ် ၊ ဥစ္စာပေါ ၊ ရုပ်ချော အမျိုးသမီး ကို အထင်ကြီး ပြီး မချဉ်းကပ်ရဲ ၊ ချစ်ရေး မဆိုရဲ ဖြစ်ကြသည် ။ ဆယ်တန်း တောင် မအောင် တဲ့ လူပျို က ဘွဲ့ရသူ အပျို ကို ချစ်ရေး မဆိုရဲ ဖြစ်ကြသည် ။ ဘွဲ့ ရသည့် ကျောင်းဆရာ လူပျို က လည်း ဆရာဝန်မ အပျို ကို လက်လှမ်း မမီဘူး ထင်ပြီး အနား မကပ်ရဲ ဖြစ်နေသည် ။ သွားဆရာဝန်မ အနား တောင် မကပ်ရဲဘူး ဆိုတော့ အထွေထွေကု ဆရာဝန်မ ဆိုလျှင် အဝေးက တောင် လှမ်း မကြည့်ရဲ ဖြစ်နေတော့သည် ။ ဘယ်လို အတွေးအခေါ်တွေ အောက် နေကြမှန်း မသိပါဘူး ၊ သိက္ခာ ရှိပြီး ကျန်းမာ သန်စွမ်းတဲ့ ယောက်ျား ဆိုရင် ပြီးရော ။ အဲဒီလို ရတာကို ယူမယ် လို့ စိတ် ဆုံးဖြတ်ထားကြတဲ့ ခေတ်ပညာတတ် အမျိုးသမီးတွေ အပျိုကြီး ဖြစ်ကြရတာ အဲဒီလို ခေတ်မမီ တဲ့ အတွေးအခေါ်တွေ ကြောင့် ဖြစ်သည် ။

မိမိ အသက် လေးဆယ် ပြည့်ခါ နီးမှ အစ်ကိုကြီး နှင့် တွေ့ကြသည် ။ တွေ့ကြတာ က ဘာမှ မဆန်း ။ သွားဆရာဝန်မ နှင့် သွားရောဂါ ဝေဒနာသည် အဘိုးကြီး တို့ တွေ့ခြင်း သာ ဖြစ်သည် ။ အံသွား တစ်ချောင်း ကိုက်လို့ ဆိုပြီး ဆေးခန်း လာပြသည့် အစ်ကိုကြီး ဆီ က ပဲရစ်ရေမွှေး အကောင်းစား အနံ့ သင်းပျံ့ပျံ့လေး ကို ရှူရှိုက်မိသည့် အချိန် က စပြီး အစ်ကိုကြီး ကို စိတ်ဝင်စားသွားသည် ။ အတော် သပ်ရပ်သန့်ရှင်း သည့် လူကြီး ပဲ ဟု သတိထား မိသည် ။

ဤမျှ သန့်ရှင်းသပ်ရပ် ၍ ကျန်းမာရေး ကောင်းသူ သည် ဘာကြောင့် သွားကိုက်သွားနာ ဖြစ်ရသနည်း ဟု စိတ်ဝင်စား မိသည် ။ လူနာမှတ်တမ်း ( ဆေးစာအုပ် ) မှာ အမည် ၊ အသက် ( ၆ဝ ) ဟု ရေးသွင်းစဉ် သိပ်ပြီး အသက် မကြီး သေးဘူး ဆိုတာကို သိလိုက်သည် ။ အသားအရေ ကလည်း တင်းတင်းရင်းရင်း ရှိသေးသည် ။ ကျန်းမာရေး ကောင်းတာ သေချာသည် ။

ဆေးမှတ်တမ်း စာအုပ် မှာ လိုအပ်တာရော ၊ မလိုအပ်တာတွေပါ ရေးသွင်း မိသည် ။ အလုပ်အကိုင် သင်္ဘောသား ဆိုသည့် အတွက် ရင်ခုန် သွားသည် ။ ဒါကြောင့် အကောင်းစား ရေမွှေး သုံးနိုင်တာကိုး ဟု သိလိုက်သည် ။ ဆေးစာအုပ် မှာ မလိုအပ်ဘဲ ပါနေသည့် ( မယ်ရီရှယ်စတေးတပ် ) ဆိုသည့် နေရာမှာ ဖြည့်စွက်ရန် အိမ်ထောင် ရှိ/မရှိ မေးကြည့်သည် ။ ဇနီး ဆုံးပါးသွားတာ ငါးနှစ် ရှိပြီ ဖြစ်လို့ အိမ်ထောင် မရှိ ဟု သိရသည် ။ ဒါကို သိချင်လို့ မလိုအပ်တာတွေ ကို ဖြည့်စွက် နေခြင်း ဖြစ်သည် ။

နာသည် ကိုက်သည် ဆိုသည့် သွား ကို စစ်ဆေးရန် သွားရောဂါကု အထူး ထိုင်ခုံ မှာ ထိုင်ခိုင်း လိုက်သည် ။ ပါးစပ် ကို ဟခိုင်းပြီး သွားတွေ ကို စစ်ဆေးသည် ။ အသက် ခြောက်ဆယ် သာဆိုသည် ၊ သွားတွေ တစ်ချောင်း မှ မကျိုးသေးတာ တွေ့ ရသည် ။ ခံတွင်း သန့်ရှင်းရေး အထူး ဂရုစိုက်ဟန် တူသည် ။ နာသည် ကိုက်သည် ဆိုတဲ့ သွားမှာ ပိုးစားပြီး အခေါင်းပေါက်လေး ဖြစ်နေတာ တွေ့ ရသည် ။

“ အန်ကယ့် သွားတွေ အားလုံး ကောင်းပါတယ် ။ သွားတိုက်တဲ့ နည်းစနစ် မမှန်လို့ စားကြွင်းစားကျန်တွေ က အချဉ် ပေါက်ပြီး ပိုးစား သွားတယ် ။ ဆေးထည့် ပေးလိုက်မယ် ”

ဆေးထည့် ပေးလိုက်သည် ။ ဆားရေ ငုံခိုင်း လိုက်သည် ။ မသက်သာပါ က ပြန် လာရန် နှင့် လိုအပ်ပါက ပိုးစား နေသည့် နေရာ ကို ဖာပေးမည် ဟု ပြောလိုက်သည် ။ သွား ကို စစ်ဆေးစဉ် တစ်ဦး နှင့် တစ်ဦး မျက်နှာချင်း နီးကပ်လွန်း၍ ရင်ခုန် ခဲ့ရသေးသည် ။

သုံးရက်ခန့် ကြာသောအခါ သွား ကိုက်တာ မသက်သာဘူး ဆိုပြီး ပြန်ရောက်လာသည် ။ ကိုက် နေသည့် သွားကို သေသေချာချာ စစ်ဆေး ကြည့်သည် ။ ဝဲဘက် အထက် အံသွား ( နံပါတ် - ၇ ) က ပိုးစား ထားသည့် အပေါက် သည် အောက် ကို တောက်လျှောက် ပေါက်နေပြီ ဖြစ်လို့ ကိုက်နေတယ် ဆိုတာ အဖြေ ထွက်လာသည် ။ မကိုက်အောင် ၊ မနာအောင် လုပ်ရမည့် နည်း က ( ၂ ) နည်း သာ ရှိသည် ။ ကိုက် နေတဲ့ သွား ကို နုတ်ပစ် မလား ၊ အကြောသတ် မလား ဆိုသည့် နည်းတွေ ဖြစ်သည် ။

“ နုတ်ပစ်လိုက်တာ ကတော့ မြန်မယ် ၊ သွား က အခိုင်ကြီး ဆိုတော့ နှမြော စရာ ကောင်းတယ် ။ အသေးစား ခွဲစိတ်ပြီး အကြောသတ်တာ က ကြာမယ် ။ အကုန်အကျ များမယ် ။ စဉ်းစား ”

စဉ်းစားပါရစေဦး ဆိုပြီး ဘာမှ မလုပ်သေးဘဲ ဆေး ပဲ ထည့်သွားသည် ။ ဒီလိုဖြင့် ဆေးခန်း ကို မကြာခဏ လာပြနေသည့် အစ်ကိုကြီး နှင့် ရင်းနှီးမှု ပိုများလာခဲ့သည် ။ မိမိ ကို သူ က ဆရာမ လို့ ခေါ်တာ မပြောင်းလဲ သော်လည်း မိမိ က သူ့ ကို အန်ကယ် လို့ ခေါ်ရာ မှ မသိမသာ ပြောင်းပြီး အစ်ကိုကြီး လို့ ခေါ်နေပြီ ဖြစ်သည် ။ မကြာခဏ ဆေးခန်း လာ ပြနေသည့် အစ်ကိုကြီး ရဲ့ သွား ကို စစ်ဆေးရာ မှာ မျက်နှာချင်းနီးကပ်ခွင့် ရသည် ။ သူ့ အနံ့ ကိုယ့် အနံ့ တွေ ကို အပြန်အလှန် ရှူနိုင်ကြသည် ။ မိမိ ၏ ရင်ဘတ် နှင့် အစ်ကိုကြီး ရဲ့ နဖူးတို့ မတော်တဆ လိုလို တမင် လိုလို ထိခွင့် ရသည် ။

“ ဒါလောက်တောင် ဒုက္ခ ပေးနေတဲ့ သွား ကို နုတ်ပစ် လိုက်တာ ကောင်းမယ် ၊ စားလို့ ဝါးလို့ အဆင် ပြေအောင် စတီး နဲ့ ပြန် စိုက်ပေးမယ် ”

“ ဆရာမ သဘော ၊ ဟောဒီက ဆရာမကြီး ရဲ့ သဘောပါဗျာ ”

အဲဒီလို နှစ်ဦးနှစ်ဖက် သဘော တူညီချက် ရပြီး နုတ်ပစ် လိုက်သည် ။ ညှော် မခံရန် ၊ ပူလွန်း အေးလွန်းသော အစာရေစာ ကို မစားသောက်ရန် ၊ ဆားရေ ငုံရန် နှင့် သွေးမတိတ် ပါက ပြန်လာ ပြရန် မှာခဲ့သည် ။ နောက်နေ့တွေ မှာ အကြောင်း မရှိဘဲ ဆေးခန်း ကို လာပြီး အခြေအနေ ပြောပြသည် ။ ရင်းနှီးရာ မှ တစ်ဆင့် တက်ပြီး လက်ထပ်ခွင့် တောင်းမည့် အမူအရာ တွေ့ ရသည် ။ သူ က သာ တောင်းဆိုလာလျှင် မိမိ က လည်း သဘောတူ လိုက်တော့မည် ဖြစ်သည် ။ အသက်ကြီး သော် လည်း သူ က သင်္ဘောသားကြီး ဖြစ်နေ၍ မိမိ ဘက် က မရှုံး ဟု တွက်ထားသည် ။

ဟော ... ပြောရင်းဆိုရင်း ၊ တွေးရင်းတောရင်း အစ်ကိုကြီး လာပါပြီ ။ ဒီနေ့ အထူး ရှယ် ပြင်ဆင် ဝတ်စားလာသည် ။ ဖွင့်ဟ ပြောတော့မည့်နေ့ ဖြစ်နိုင်သည် ။ ပဲရစ်ရေမွှေးနံ့ က သင်းပျံ့လှိုင် နေသည် ။ ဘာမျှ မပြောမီ သူ ဘယ်တော့လောက် သင်္ဘော ပြန် တက်မလဲ မေးရမည် ။

“ သွားစိုက်တာ အသာထားဦး ၊ အစ်ကိုကြီး က ဘယ်တော့လောက် သင်္ဘော ပြန် လိုက်မလဲ ”

“ အစ်ကိုကြီး က သင်္ဘော မလိုက်တော့ဘူး ။ နား လိုက်တာ သုံးနှစ် ရှိပြီ ။ အခု ဝတ္ထုတွေ ၊ ဆောင်းပါးတွေ ရေးတယ် ။ စာရေးဆရာ လေ ။ ဘယ်လောက် ဂုဏ် ရှိလိုက်သလဲ ”

“ ဘာ ... စာရေးဆရာ ... ဟုတ်လား ”

“ ဟုတ်တယ်လေ ဆရာမ ရဲ့ ၊ စာရေးဆရာ ဆိုတာ သင်္ဘောသား ထက် ဂုဏ် ရှိတာပေါ့ ”

“ ကဲ ... ရှင့် သွား က ကိုက် လည်း မကိုက် နာ လည်း မနာတော့ဘူး ဆိုတော့ ပြန် စိုက်စရာလည်း မလိုပါဘူး ၊ စားလို့ ဝါးလို့ လည်း ရနေတာပဲ ၊ ဆေးခန်း ကို လည်း လာစရာ မလိုတော့ဘူး ၊ သွားတော့ ”

ဟွန်း ... သူ ပြန် ထွက် သွားတော့ ဆေးခန်းတံခါး ကို ပါ ပိတ်ပစ် လိုက်သည် ။ သင်္ဘောသား ဘဝ ကနေ စာရေးဆရာ ဖြစ်သွားတာ ကို ဂုဏ်ယူနေတာများ အံ့ပါရဲ့ ။

☐ အဏ္ဏဝါစိုးမိုး
📖ရွှေမြင်သာ ဂျာနယ်
     အတွဲ ( ၄ ) ၊ အမှတ် ( ၁၀ )
     ၉ ရက် ၊ ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

Thursday, March 13, 2025

ဖူးချင်သေးသည့် ဘုရားများ


 

❝ ဖူးချင်သေးသည့် ဘုရားများ ❞
      ( အဏ္ဏဝါစိုးမိုး )
  
ကိုအဏ္ဏဝါ သည် သူ့ အဖေ မကျန်းမာ ၊ အသည်းအသန် ဖြစ်နေပြီ လို့ သိရသော အခါ မြန်မာပြည် ကို ပြန်လာခဲ့ပါသည် ။ အဖေ ၏ အခြေအနေ သည် အရိုးပေါ် အရေတင်ပြီး ချောင်း တဟွပ်ဟွပ် ဆိုးနေတာ တွေ့လိုက်ရသည် ။ ငွေကြေး မတတ် နိုင်သည့် ပင်စင်စား သားကြီး အိမ် မှာ ဝေဒနာ ကို ကြိတ်မှိတ် ခံစား နေရတာ တွေ့ လိုက်ရသည် ။ ငွေကြေး တတ်နိုင်သည့် ကိုအဏ္ဏဝါ ရောက် လာတော့မှ ကျွမ်းကျင် သည့် သမားတော်ကြီး နဲ့ ပြ ကြည့်သောအခါ အဆုတ်ကင်ဆာ ဟု အဖြေ ထွက်လာ တော့သည် ။

ကိုအဏ္ဏဝါ စိတ်ဓာတ် ကျသွားသည် ။ မျှော်လင့်ချက် မရှိတော့ဘူး ။ နောက်ထပ် အသက်ရှင် လျက် နေရလျှင် ခြောက်လ အများဆုံးပဲဆိုတာ သိလိုက်သည် ။ ဘာ လုပ်ကြလျှင် ကောင်းမလဲ ဆိုတာ မိသားစု တိုင်ပင် ကြသည် ။ ရောဂါပျောက် စေချင်သည့် စေတနာဖြင့် အကုန်အကျ ခံပြီး မကုသတော့ရန် ဆုံးဖြတ် လိုက်ကြ သည် ။ ဝေဒနာ မခံစားရအောင် နှင့် သက်သောင့်သက်သာ အသက်ထွက် သွားအောင် သာ အကုန်အကျ ခံကြစို့လို့ သဘောတူ ဆုံးဖြတ်လိုက်ကြသည် ။

ကိုအဏ္ဏဝါ သည် သူ့ ဇာတိတောရွာ မှာ လယ်လုပ် နေသည့် သူ့ အဒေါ် ကို သတိရလာသည် ။ အဒေါ် သည် ကိုအဏ္ဏဝါ အဖေ ၏ နှမအငယ်ဆုံး နှင့် တစ်ဦး တည်းသော နှမ လည်း ဖြစ်သည် ။ ကိုအဏ္ဏဝါ ကို ချီပိုး ထိန်းကျောင်းခဲ့ သူလည်း ဖြစ်သည် ။ အတိအကျ ပြောရလျှင် ကိုအဏ္ဏဝါ ကို အလွန် ချစ်သော အဒေါ်ဖြစ်သည် ။ ကိုအဏ္ဏဝါ ကို သာမက သူ့အစ်ကို ( ကိုအဏ္ဏဝါ ၏ အဖေ ) လူမမာ ကို လည်း အလွန် ချစ်ကြောက် ရိုသေသူ ဖြစ်သည် ။ တောသူ လယ်သမား ပီပီ အလွန်ရိုးသည် ။ တစ်နေ့ ကို ထမင်းနှစ်နပ် စားရပြီး တစ်လ မှာ တစ်ကြိမ် ဘုန်းကြီးကျောင်း ကို ဆွမ်း တစ်ပွဲ ပို့နိုင်လျှင် လူ့ ဘဝ မှာ လူ ဖြစ်ရကျိုး နပ်ပြီလို့ ယုံကြည် လက်ခံထားသူ ဖြစ်သည် ။ ကိုအဏ္ဏဝါ ၏ အဒေါ် ယောက်ျား ဦးလေး သည် လည်း ဒီလို လူမျိုးပင် ဖြစ်သည် ။ ရန်ကုန်မြို့ ဆိုတာ ဘယ်အနား မှာ ရှိမှန်း မသိ ။ ရွှေတိဂုံဘုရား ဆိုတာ စေတီ လား ၊ ရုပ်ပွားတော် လား ခွဲခြားပြီး မသိသူတွေ ဖြစ်သည် ။

အဖေ ၏ အခြေအနေ သည် နောက်ဆုံး အခြေအနေ ဖြစ်နေပြီး သေမည့် နေ့ ကို စောင့်နေရသည့် အချိန် ဖြစ်သည် ။ အဖေ သည် လည်း သူ့ နှမ ကို တွေ့ ချင် ပေလိမ့်မည် ။ အဒေါ် သည်လည်း အဖေ ဒီလို ဖြစ်နေပြီ ဆိုတာကို သိလျှင် ရန်ကုန် ကို လာပြီး သူ့အစ်ကို ကို နောက်ဆုံး အနေဖြင့် ကြည့်ချင် မြင်ချင် ပေလိမ့်မည် ဟု ကိုအဏ္ဏဝါ  တွေးမိသည် ။ မိသားစု ရန်ကုန် ကို လိုက်လာကြရန် လမ်းစရိတ် တင်ပို့လိုက်မည် ဟု ကိုအဏ္ဏဝါ ဆုံးဖြတ်လိုက်သည် ။

တစ်ပတ် ဆယ်ရက်ခန့် အကြာ မှာ ဦးလေး ၊ အဒေါ် နှင့် သူတို့ သားအငယ်ကောင် တို့ ကိုအဏ္ဏဝါ ၏ အဖေ နေထိုင်ရာ သာကေတမြို့ ကို ရောက်လာကြသည် ။ ကိုအဏ္ဏဝါ ၏ အဒေါ် သည် သူ့ အစ်ကို ၏ ရုပ်လက္ခဏာ ကို ကြည့်ပြီး စိတ်ထိခိုက် သွားဟန် တူသည် ။ ရှိုက်ကြီးတငင် အားရအောင် ငိုလိုက်သည် ။ လူမမာ ၏ အခြေအနေ က မျက်တွင်း ဟောက်ပက် ဖြစ်နေသည် ။ မကြာခဏ ချောင်းဆိုးသည် ။ ခက်ခဲစွာ အသက်ရှူ နေရသည် ။ ကုသလို့ မရနိုင်တော့ဘူး ၊ သေမည့်နေ့ ကို စောင့်နေရပြီ ဆိုတာ ကို သိသွား၍ ဝမ်းနည်းပြီး ငိုခြင်း ဖြစ်သည် ။

လူမမာ ၏ အခြေအနေ သည် တစ်နေ့ ရွှေ ၊ တစ်နေ့ ငွေ လို့ ပြောရမလို ဖြစ်နေသည် ။ သူ့ နှမ မိသားစု ရောက်လာ တော့မှ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာ ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာသည် ။ အသုဘ သင်္ဂြိုဟ်ရန် လာသည့် ကိုအဏ္ဏဝါ ၏ အဒေါ် မိသားစု ဟာ လယ်သမား ချောင်းသမား တွေ ဖြစ်လို့ ရန်ကုန်မှာ ကြာကြာ နေလို့လည်း မဖြစ် ၊ လူမမာ က လည်း မသေနိုင် ၊ မသေသေးဘူး ထင်ပြီး ရွာပြန် သွားလို့ မသင်္ဂြိုဟ်လိုက်ရမှာ ကို လည်း စိုးရိမ်သည် ။ ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေကြသည် ။

ကိုအဏ္ဏဝါ ၏ မူလ အစီအစဉ် အရ ကတော့ အသုဘ ရက်လည် ပြီးမှ တော က ဧည့်သည်တွေ ကို ရန်ကုန်မြို့တွင်း မှာ ဘုရားဖူး လိုက်ပို့ပြီး ရွာ ပြန်ခိုင်း၍ ဇာတ်လမ်း သိမ်းရန် ဖြစ်သည် ။ အခုတော့ ကိုအဏ္ဏဝါ ၏ အဖေ က သူ့ နှမ နှင့် ယောက်ဖ ကို ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး ရယ်ရယ်မောမော ပြန် ဖြစ်နေ၍ ဘာ ဆက်လုပ် ရမှန်း မသိ ဖြစ်နေကြသည် ။ ရွာ မှာ ပစ်ထားခဲ့ရသည့် အလုပ်တွေ ကို သတိရ နေကြသည် ။ မနယ်ရသေးသည့် စပါးတွေ တလင်း မှာ ပုံထားခဲ့ရသည် ။ အချိန်မီ မသိမ်းနိုင်လျှင် တလင်း မှာ အစို့ ပေါက်ကုန်မည် ဖြစ်သည် ။ အချိန်မီ စပါး သိမ်းနိုင်ရန် ရွာ ပြန်ချင် နေကြသည် ။

ကိုအဏ္ဏဝါ ၏ အဖေ ကိုယ်တိုင် က သူ့ နှမ မိသားစု ကို ဘုရားစုံ ဖူးစေချင်သည် ။ အဖေ ရွှင်ပျလန်းဆန်း နေသည့် နေ့ တစ်နေ့ မှာ ရန်ကုန်မြို့တွင်း က ရှိသမျှ ဘုရားတွေ ကို ကိုအဏ္ဏဝါ ကိုယ်တိုင် လိုက်ပို့သည် ။ တန်ခိုးကြီးဘုရားတွေ အပြင် ဘုရားပုစုခရု နှင့် မယ်လမု ပါ မကျန် ဘုရား အကုန် စုံအောင် ဖူးခိုင်း လိုက်သည် ။ တောသူတောင်သား မိသားစုတွေ အကြီးအကျယ် ကျေနပ် သွားကြသည် ။ လူမမာ ကိုလည်း ကျေးဇူး တင်ကြသည် ။ ကိုအဏ္ဏဝါ ကို လည်း ကျေးဇူး တင်ကြသည် ။

လူမမာ က လည်း တော်တော် နဲ့ သေဦးမည့် လက္ခဏာ မတွေ့ ရသည့် အပြင် ဘုရားတွေ လည်း စုံအောင် ဖူးပြီးပြီ ဖြစ်လို့ ပြန်ချင်နေကြပြီ ဖြစ်သည် ။ တလင်း မှာ ပုံထားသည့် စပါးတွေ နေလောင် ကုန်တော့မည် ၊ အစို့ပေါက် ကုန်တော့မည် ဟု ပြောလာကြ၍ လူမမာ ၏ ခွင့်ပြုချက်ဖြင့် ပြန်ခိုင်း လိုက်ရတော့သည် ။ ရွာ က လာကြစဉ် က မသာ သင်္ဂြိုဟ်ဖို့ လာခဲ့ကြတာ ဖြစ်လို့ ကမန်းကတန်း ထွက်လာ ရတာ နဲ့ တောရွာ လက်ဆောင် ဘာပစ္စည်း မှတောင် ယူမလာနိုင်ခဲ့ဘူး ဟု ဆိုသည် ။ အပြန် အတွက် လမ်းစရိတ် ကို လည်း ကိုအဏ္ဏဝါ ကပင် စိုက်ထုတ်ပေးလိုက်ရသည် ။ ဒါပေမဲ့ ကိုအဏ္ဏဝါ ကျေနပ်အောင် မြှောက်မြှောက်ပင့်ပင့် စကား တစ်ခွန်း တော့ ပြောဖော်ရပါသည် ။

“ ငါတို့ လယ်သမား ဆိုပေမယ့် နင့် လောက် ဆန်ကောင်း မစားနိုင်ဘူး မောင်စိုး ရဲ့ ။ ရွာ မှာ ဆိုရင် ငါတို့ ဒီလောက် ထမင်း မစားနိုင်ကြဘူး ။ ရန်ကုန် မှာ ထမင်းစားလို့ အရမ်း ကောင်းတာပဲ ။ ထမင်း ကောင်းတော့ ဘာဟင်း နဲ့ စားစား ဝင်တယ် ”

လူမမာ က လည်း သူ့ နှမ မိသားစု ပြန်သွားပြီး နောက်နေ့ က စပြီး ရောဂါ သည်း လာတော့သည် ။ အသက်ရှူ ကျပ်လာသည် ။ အမော ဖောက်လာသည် ။ အစာ ရေစာ မဝင် ဖြစ်လာသည် ။ အခြေအနေ သည် တစ်နေ့ ထက် တစ်နေ့ ဆုတ်ယုတ် ကျဆင်း လာနေ၍ ဆရာဝန် ကို ပင့်ပြီး ပြကြည့်ရာ ဆရာဝန် က ခေါင်းခါသည် ။ အလွန်ဆုံး ခံလျှင် တစ်ပတ် ဆယ်ရက်ပဲ ဟု ပြောသည် ။ ဆရာဝန် ပြောသည့် အတိုင်း ပင် တစ်ပတ်ခန့် အကြာ မှာ ကိုအဏ္ဏဝါ အဖေ ကွယ်လွန်ပါသည် ။

အဖေ ကွယ်လွန်သွားပြီ ဆိုတော့ အဝေးပြေးဂိတ် ကို သွားပြီး ဒီနေ့ ညနေ ထွက်မည့် ကားဖြင့် စာတိုလေး တစ်စောင် ရေးပို့လိုက်သည် ။ ( နတ်တော်လဆန်း ၂ ရက် ၊ နံနက် ၁ဝ နာရီ မှာ အဖေ ကွယ်လွန်သည် ။ သုံးရက်ထားမည် ) မနက်ဖြန် နံနက်တွင် ဒီ စာ ရွာ ကို ရောက်သွားမည် ဖြစ်သည် ။ မနက်ဖြန် ညနေ ထွက်မည့် ကား ဖြင့် လိုက်လာနိုင်ကြမည် ဆိုပါက သန်ဘက်ခါ နံနက်တွင် ရန်ကုန် ကို ရောက် လာကြမည် ဖြစ်သည် ။ သန်ဘက်ခါ နေ့လယ် ၂ နာရီ မှ အသုဘ ချမည် ဖြစ်၍ အလောင်း ကို မီနိုင်သေးသည် ။

အသုဘ ချပြီးသည် အထိ တော က မိသားစု ရောက်မလာ ကြသောအခါ မအားမလပ်၍ မလာနိုင်ကြတော့ဘူး ဟု ထင်ခဲ့မိသည် ။ သို့သော် နောက်နေ့ မှာ ကိုအဏ္ဏဝါ ၏ အဒေါ် နှင့် ဦးလေး အပါအဝင် ဆွေမျိုးအုပ်စု ဆယ်ယောက် တိတိ အူယားဖားယား ရောက် လာကြသည် ။ အိမ်ပေါ် ရောက်တာ နဲ့ အထုပ်တွေ ကို ပစ်ချ ပြီး အော်ငိုကြသည် ။

“ ညီအစ်ကို မောင်နှမတွေ လာအောင်တောင် မစောင့်ခဲ့တော့ဘူးလား အစ်ကို ရဲ့ ... ဟဲ့ ဟဲ့ ... အဲ့ ၊ ငါ့နှမ ရွာ ကိုပြန်ရင် လိုက်ခဲ့မယ်ဆို ”

“ မြို့ဦးတောင် ဘုရားပွဲ ကျင်းပရင် ရွာ ကို လာမယ်ဆိုလို့ ငါ မျှော်နေတယ် လေ ။ အခုတော့ ငါ့ ကိုတောင် မစောင့်တော့ပါလားဟဲ့ လှအေး ရဲ့ ၊ နှစ်ပေါင်း နှစ်ဆယ် လောက် ကြာအောင် မတွေ့ ရတဲ့ နင့်ကို တွေ့ ချင်မြင်ချင်လို့ နားက နားကပ် ကို ချွတ် ပေါင်ပြီး လမ်းစရိတ် လုပ်လာခဲ့တယ် ။ နင် က ငါ့ ကို မစောင့်ဘဲ သွားပြီပေါ့ ဟော ... ဟော့ ... ဟီး ... အီး ”

“ ရွာက ဒေါ်လှခင် ထုပ်တဲ့ ကောက်ညှင်းထုပ် စားချင်တယ် ဆိုလို့ ဝယ်လာမလို့ လုပ်ထားပြီး မှ မစားနိုင်တော့တဲ့ ဘဝ ဆိုတာ သိလို့ ဝယ်မလာခဲ့တော့ ဘူး အစ်ကို ရဲ့ ... ဟဲ့ ... အဲ့ ... အဲ့ ”

ကိုအဏ္ဏဝါ ၏ ကြီးတော်ကြီး ( အဖေ့ အစ်မဝမ်းကွဲ ) နှင့် အဒေါ်တို့ တစ်လှည့်စီ အော်ငိုကြတာကို ကြားရခြင်း ဖြင့် နားကပ် ပေါင်ပြီး လမ်းစရိတ် လုပ်လာတယ် ၊ အဖေ စားချင်တယ် ဆိုတဲ့ ဒေါ်လှခင် ကောက်ညှင်းထုပ် မဝယ်ဖြစ်ခဲ့ ၊ ရန်ကုန် က အသုဘ ကို သွားမည့် သူတွေ များလွန်းလို့ ကားလက်မှတ် တစ်ပြိုင်တည်း မရ ဖြစ်ခဲ့ရတာတွေ အကုန် ပေါ်လွင် နေသည် ။ အသုဘ လာဖို့အတွက် ရွှေပေါင်ပြီး လမ်းစရိတ် လုပ်လာခဲ့ကြရသည် ဆို၍ ကိုအဏ္ဏဝါ  ဘာလုပ်ရမည် ဆိုတာ သဘောပေါက် သွားသည် ။

အသုဘ ရက်လည် ပြီးမှ ပြန်ကြမည့် ဧည့်သည်တွေ ဖြစ်လို့ နေ့တိုင်း ဆွမ်းသွတ် အလှူ လုပ် နေသလို ချက်ပြုတ် ကျွေးမွေး နေရတော့သည် ။ ရန်ကုန် ကို ရောက်လာ ကြသည့် နေ့မှာ တစ်ယောက် ကို ငါးမိနစ်လောက်စီ ပြောငို ပြီးတဲ့ အချိန်က စပြီး ရပ် အကြောင်း ၊ ရွာ အကြောင်း ၊ ရှေးဟောင်းနှောင်းဖြစ်တွေနှင့် စပါး အကြောင်း ၊ ပဲ ပြောင်း နှမ်းဝါ အကြောင်းတွေ ပြောပြီး စားလိုက်ကြ ၊ အိပ်လိုက်ကြ နေကြတာ ပျော်စရာ ကောင်းသည် ။

ဆွမ်းသွတ်တဲ့ နေ့ မှာ ပင့်သံဃာ ဆယ်ပါး အတွက် နဝကမ္မ နဲ့ သင်္ကန်းအလှူ ပါဝင်ကြဦးမလား လို့ မေးတော့ မကြားယောင် ဆောင်နေကြသည် ။ ဆွမ်းကွမ်း ချက်ပြုတ် နေရလို့ အလုပ် များချင်ယောင် ဆောင် နေကြသည် ။ ကြက်သွန် အခွံနွှာ ၊ ငရုတ်သီး ကူထောင်း နေကြသည့် အုပ်စု က ရန်ကုန် မှာ အနေ ကြာ နေလျှင် ရွှေပေါင် ထားခဲ့သည့် ကိစ္စ ဟာ လဝက်တိုး မက ၊ တစ်လတိုး ပေးရမည် ဖြစ်ကြောင်း ပြောနေကြသည် ။

အလှူ ပြီးလို့ ဧည့်သည်တွေ ပြန်ကြရတော့မည် ဆိုတော့ ကိုအဏ္ဏဝါ က ဘုရားစုံ လိုက် ပို့ပြန်သည် ။ အဖေ မသေမီက ရန်ကုန် ကို ရောက်ဖူးပြီးဖြစ်သည့် အဒေါ် နှင့် ဦးလေး လင်မယား က ခရီးလမ်းညွှန် ပုံစံဖြင့် မရောက်ဖူးသူတွေကို ရှင်းပြနေသည် ။ အတော့် ကို ပျော်ရွှင်နေတာ တွေ့ ရသည် ။ အခုမှ ရန်ကုန်မြို့ ကို ရောက်ဖူးသူတွေ ကလည်း ရန်ကုန်မြို့ ကို ရောက်ဖူးရုံ သာမက ဘုရားစုံ ဖူးရလို့ ကိုအဏ္ဏဝါ ၏ အဖေ ကွယ်လွန်သူ ကို ကျေးဇူးတင်ကြောင်း ပြောကြသည် ။

“ ငါတို့ လည်း လှအေး သေလို့သာ ရန်ကုန် ကို ရောက်ဖူးတော့တယ် ။ ဒီ ဘဝ မှာ ရွှေတိဂုံဘုရားကြီး ကို မဖူးရတော့ဘူး လို့ ထင်နေတာ ။ လှအေး ရဲ့ ကျေးဇူးကြောင့် ဖူးရပြီ ”

မြို့တွင်း က ဘုရားစုံ ဖူးပြီး ပြန်တော့ ကိုအဏ္ဏဝါ က စေတနာ လွန်ပြီး ပဲခူး ကို နေ့ချင်းပြန် ပို့ပေးပြီး ရွှေဆံတော်စေတီ နှင့် ရွှေသာလျောင်းရုပ်ပွားတော်ကြီး ကို ဖူးစေပါသည် ။ ဘုရားကြီး ရွှေသင်္ကန်း ကပ်လှူရန် အလှူခံပုံး ထဲကို ကျပ်တန် တစ်ရွက်စီ ထည့်လှူကြတာ တွေ့ ရသည် ။ အလှူ ထည့်တော့မည် ဆိုလျှင် ပိုက်ဆံနှိုက် တာ အတော် ကြာကြသည် ။ ထဘီ ကို ဖြေရသေးသည် ။ အပေါ် အင်္ကျီ ရဲ့ အောက် က ဘော်လီချွေးခံအင်္ကျီ အိတ်ထဲမှာ တွယ်ချိတ် နဲ့ ပိတ်ထည့် ထားသည့် ပိုက်ဆံအလိပ် ကို ဖြေရသည် ။ အလိပ် ထဲက အရွက် အသေးဆုံး နဲ့ တန်ဖိုးအနည်းဆုံး ကို မျက်ခွံ ရှုံ့ မှေးပြီး ရွေးရတာ ကြာ နေတတ်သည် ။ ဝမ်းသာအားရ ပြော ကြသည် ။

“ ငါ့မောင် မောင်လှအေး ရဲ့ ကျေးဇူးကြောင့် ကုသိုလ် လည်း ရ ၊ ဝမ်း လည်း ဝ ဖြစ်ရတယ် ။ ငါ့မောင် ကောင်းရာ သုဂတိ ရောက်ပါစေလို့ မေတ္တာပို့ ဆုတောင်းခဲ့တယ် ဟေ့ ... ”

အသုဘ လာကြသည့် ဆွေမျိုးတွေ ရွာ ပြန်ကြတော့မည် ဆိုတော့ အပြန် စရိတ် အားလုံး အတွက် ကုန်ကျငွေ သုံးထောင်ခန့် ကို အသုဘ တာဝန်ခံ ကိုအဏ္ဏဝါ က တာဝန် ယူ လိုက်ရသည် ။ ရွာ ပြန် ရောက်လျှင် နားကပ် ရွေးစရာ ပိုက်ဆံ မရှိသည့် ကြီးတော်ကြီး အတွက် ငွေတစ်ထောင် သီးသန့် ပေးလိုက်ရသေးသည် ။ ကိုအဏ္ဏဝါ ၏ ဇနီး မဖြူတုတ် ကတော့ စာရင်း တွက်သည် ။

“ အသုဘစရိတ် ထက် အသုဘ လာပို့သူတွေရဲ့ စရိတ် က ပိုများတယ် ”

အခြေအနေ အရပ်ရပ် ကို အကဲခတ်မိဟန် တူသည့် ကိုအဏ္ဏဝါ ၏ အမေ က သူ့ ယောက်မ မိသားစု ကို စေတနာ ပါလေဟန် အသံဖြင့် နွားမုန်းခြံထုတ် လုပ်ကြည့်သည် ။

“ နင်တို့ လည်း လာရ ၊ ပြန်ရ နဲ့ ဒုက္ခ ရောက်ပါတယ် ။ ငါ့ အလှည့် ကျရင် တော့ မလာကြပါနဲ့တော့ကွယ် ။ အကုန်အကျ လည်း များပါတယ် ”

“ ဟဲ့ ... မကျေးဥ ၊ နင် ဘယ်လို စကား ပြောတာလဲ ။ နင် ဟာ ငါ့ ယောက်မ ဆိုပေမယ့် ငါ့ ညီမ ဆိုရင် မမှားဘူး ။ လှအေး မရှိတော့လို့ နင့် ကို အရေးမစိုက် တော့ဘူးလို့ ငါတို့ အပြော မခံနိုင်ဘူးဟေ့ ”

ကိုအဏ္ဏဝါ ၏ အမေ ပါးစပ်ပိတ် သွားသည် ။ ရန်ကုန် မှာနေကြသည့် ကိုအဏ္ဏဝါ တို့ မိသားစု ထဲက တစ်ယောက် ယောက် သေတိုင်း အသုဘ ပို့ဖို့ လာကြတော့မှာ သေချာသည် ။ ဆွေစိတ်မျိုးစိတ် ဖြင့် အသုဘ ပို့ချင်တာ ကို လာမပို့နဲ့ လို့ ပြော မဖြစ်သည့် အတွက် ဘာမှ မပြောဘဲ နေလိုက်ရတော့သည် ။

ကိုအဏ္ဏဝါ ၏ အဖေ သေပြီး ( ၇ ) နှစ် ကြာပြီး မှ ကိုအဏ္ဏဝါ ၏ အမေ သေပါသည် ။ သေပြီ ဆိုတော့ ဝတ္တရား အရ ရွာ က ဆွေမျိုးတွေ ကို အကြောင်း ကြားရသည် ။ လမ်းပန်း ဆက်သွယ်ရေး ကလည်း ပိုမို ကောင်းမွန် နေပြီ ဖြစ်လို့ နောက်တစ်နေ့ မိုးလင်းတာ နဲ့ ရောက်လာကြပြီး အလောင်းမီကြသည် ။ အသုဘ လိုက် ပို့နိုင်ကြသည် ။ အသုဘ ချပြီးတဲ့ ညနေ က စပြီး ဧည့်သည်တွေ နှင့် အိမ်ရှင် တွေ ဟာ သေသူတွေ အကြောင်း ၊ မသေသေးသူတွေ အကြောင်း ၊ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောပြီး တဝါးဝါး ၊ တဟားဟား ဖြင့် စားလိုက်ကြ ၊ အိပ်လိုက်ကြ ၊ ပျော်နေကြသည် ။

အသုဘရက်လည် ပြီးလို့ ပြန်ကြတော့မည် ဆိုတော့ ကိုအဏ္ဏဝါ ၏ အဒေါ် က ဒီ အနီးအနား မှာ မဖူးရသေးတဲ့ ဘုရား ဘာဘုရား ကျန်သေးလဲ ဟု မေးလာ သည် ။ သန်လျင် ၊ ကျောက်တန်း ရေလယ်ဘုရား ကို သွားမလားလို့ မေးတော့ သွားမည်ဆို၍ လိုက် ပို့ရပြန်သည် ။ ရန်ကုန်မြို့ အနီးအနား မှာ ဖူးစရာ ဘုရား မရှိတော့ သော်လည်း ရွာကို မပြန်သေး ဟုဆိုသည် ။ စပါးသိမ်းပြီးခဲ့ပြီ ဖြစ်လို့ ရန်ကုန် မှာ အေးအေးဆေးဆေး နေလို့ရသည် ဟု ဆိုပါသည် ။ ကိုအဏ္ဏဝါ ၏ သမီးတွေ ထဲက တစ်ယောက် က နောက်ပြောင် ပြီး ပြောသည် ။

“ ဘွားဘွားလေး ကျိုက်ထီးရိုး ကို တစ်ညအိပ် သွားပါလား ”

“ ဟယ် ... တစ်ညအိပ် ဆိုရင်တော့ သွားချင်တယ် သမီးရယ် ၊ ဘွားလေး က အဝေးကြီး ထင်လို့ မပြောတာ ။ ဟဲ့ ... မောင်စိုး ၊ ကျိုက်ထီးရိုးဘုရား ပို့ပေးစမ်း ”

ကဲ ... ဘာတတ်နိုင်မလဲ ၊ ကျိုက်ထီးရိုးဘုရား ကို ပို့ပေးရတော့သည် ။ ကျိုက်ထီးရိုးတောင်ပေါ် တက်ပြီး ကျိုက်ထီးရိုး ကို ဖူးပြီးပြီ ဖြစ်လို့ သူတို့ ဘဝ မှာ သေပျော်ပြီ ဟု ဆိုသည် ။ သူတို့ ရွာ မှာ ကျိုက်ထီးရိုးဘုရား ဖူးဖူးသူ မရှိသလောက် ရှားသည် ဟု ဂုဏ်ယူ ပြောဆိုနေသည် ။

ထုံးစံအတိုင်း အသုဘ ပို့သူတွေ အတွက် ရွာအပြန် လမ်းစရိတ် ကို ကိုအဏ္ဏဝါ  ကပင် ကုန်ကျ ခံလိုက်ရ ပြန်သည် ။ ဧည့်သည်တွေ ပြန်ကြမည့် နေ့က ကားဂိတ်ကို ဆင်းခါနီး မှာ ကိုအဏ္ဏဝါ ကို ကျေးဇူးတင်စကား ပြောသည် ။

“ ကျေးဇူးတင်တယ် မောင်စိုး ရယ် ၊ နင့် အဖေ နဲ့ အမေ သေလို့သာ ငါတို့ လည်း ရန်ကုန် ကို ရောက်ဖူးပြီး ဘုရားစုံ ဖူးရတော့တယ် ။ မန္တလေး က မဟာမြတ်မုနိ နဲ့ ပုဂံ ကဘုရားတွေ ကို ဖူးချင်သေးတယ်ကွယ် ”

အတော် စိတ်ပျက် နေပုံရသည့် ကိုအဏ္ဏဝါ ၏ ဇနီး မဖြူတုတ် က ကိုအဏ္ဏဝါ ကို မျက်စောင်းထိုး ကြည့်သည် ။ ဒီတစ်ခါ ရှင့် အလှည့်ပဲ လို့ ပြောချင်ပုံ ရသည် ။ ကိုအဏ္ဏဝါ အသားတွေ ပူပြီး အဖျား တက်ချင်သလို ဖြစ်သွားသည် ။

▣  အဏ္ဏဝါစိုးမိုး
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

Friday, March 7, 2025

စားမှာလား ၊ ခါးတယ် ခင်ဗျား


 

❝ စားမှာလား ၊ ခါးတယ် ခင်ဗျား ❞
      ( အဏ္ဏဝါစိုးမိုး )

ကိုအဏ္ဏဝါ တို့ သင်္ဘော က ဒုတိယအရာရှိ ပီတာလင်ချောင်မင်း ပြန်ရောက်လာပြီ ဆိုသည့် သတင်းကြောင့် အံ့သြ ဝမ်းသာ သွားကြသည် ။ ပီတာ ၏ အခန်း သို့ အပြေးအလွှား သွားပြီး သတင်း မေးကြသည် ။ ဝမ်းသာ အားရ လက်ဆွဲ နှုတ်ဆက်ကြသည် ။

ဒုတိယအရာရှိ ပီတာလင်း သည် လွန်ခဲ့သည့် တစ်ပတ်ခန့်က မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုဖြင့် အဖမ်း ခံရပြီး ..... နိုင်ငံ ... မြို့ ရဲစခန်းမှာ ကျန်နေခဲ့ခြင်း ဖြစ်သည် ။ ယခု ကိုအဏ္ဏဝါတို့ သင်္ဘော ရောက် ရှိနေရာ အမေရိကန်နိုင်ငံ ဘောလ်တီမိုးမြို့ သို့ နယူးယောက် မှ တစ်ဆင့် ရောက်လာခြင်းဖြစ်သည် ။ လုပ်ဖော်ကိုင်ဖက်သင်္ဘောသားတွေ က ဝမ်းသာအားရ နှုတ်ဆက်ကြရင်း မေးကြသည့် မေးခွန်းတွေ ကို ဖြေနေရသည် ။

ဇာတ်လမ်း က လွန်ခဲ့သည့် တစ်လ လောက်က စခဲ့သည် ။ ကိုအဏ္ဏဝါ တို့ သင်္ဘော သည် ကာရေဗီယံ ပင်လယ် အစပ် က ဧရာမ မူးယစ်ဆေးဝါးဂိုဏ်းကြီးများ ရှိရာ နိုင်ငံ ဆိပ်ကမ်းမြို့ တစ်မြို့သို့ ရောက်သွား သည် ။ ထိုဒေသ သည် မည်မျှ ဆိုးရွားသနည်း ဆိုလျှင် ထို နိုင်ငံ၏ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း တစ်ဂိုဏ်း ၏ ခေါင်းဆောင် ကို ဖမ်းပေးနိုင်သူ အား ဆုငွေ ဒေါ်လာ နှစ်သန်း ပေးမည် ဟု အစိုးရ က ကြော်ငြာထားသည် ။ ထို ဂိုဏ်းခေါင်းဆောင် ကလည်း သူ့ ကို ဖမ်းနိုင်သူ အား ဆုငွေ ဒေါ်လာ လေးသန်း ပေးမည်ဟု ပြန်ကြော်ငြာသည် ။ သို့ဖြစ်၍ ဖမ်းပေးနိုင်သူ သည် ဆုငွေ ဒေါ်လာ ခြောက်သန်းရမည် ဖြစ်သည် ။ ဤမျှ ပွဲကြမ်းနေသော အရပ် သို့ ကိုအဏ္ဏဝါ တို့ သင်္ဘော က ရောက်သွားသည် ။

နိုင်ငံ တစ်နိုင်ငံ ၏ ဆိပ်ကမ်း တစ်ခုကို ရောက်တယ် ဆိုရင် ကို အဏ္ဏဝါ တို့ ကလည်း ထုံးစံ အတိုင်းပေါ့ ။ ကိုအဏ္ဏဝါ အပါအဝင် လူမျိုးစုံ ပါဝင်သော အုပ်စု သည် မြို့လယ်ရှိ အလွန် ထင်ရှားသည့် နိုက်ကလပ် သို့ သွားကြတော့သည် ။ ( RED SPIDER ပင့်ကူနီ ညကလပ် ဟု ပြောလိုက် လျှင် ရောက်ဖူးသူ တို့ ပြုံးကြမည် ထင်ပါသည် ) ။ ထားပါတော့ ပြောချင်တာ က နိုက်ကလပ် အကြောင်း မဟုတ်ပါ ။ ဒုတိယအရာရှိ မစ္စတာပီတာ လင်ချောင်မင်း ၏ အကြောင်း သာ ဖြစ်ပါသည် ။

နိုက်ကလပ် သို့ ရောက်သောအခါ အသက် ငယ်၍ ရုပ်ရည် ချောမောသူ ပီတာ သည် သူ လိုပင် ရုပ်ရည် ချောမောလှပသည့် ကောင်မလေး နှင့် တွဲမိသွားသည် ။ ဗိုက်ရွှဲ မဲပြောင် အဏ္ဏဝါမောင် တို့ ကလည်း ကိုယ်နဲ့ တန်ရာ တန်ရာလေးတွေ အသီးသီး နဲ့ တွဲကြလေသည် ။ သောက်ကြသည် ။ ကကြသည် ။ ပျော်ကြသည် ။ ညသန်းခေါင် ကျော် ၍ နိုက်ကလပ် ပိတ်တော့ မှ သင်္ဘော သို့ ပြန်ခဲ့ကြသည် ။

အဲဒီ မြို့မှာ ကုန်တင်တာ သုံးပတ် လောက် ကြာသွားသည် ။ သကြားညို BROWNSUGAR တွေ တင်နေရ၍ မိုး ရွာလျှင် ကုန်ပေါက် တွေ ပိတ်ပြီး ကုန်တင်တာ ရပ်ထားရ၍ ကြာသည် ။ ဆိပ်ကမ်း အလုပ် သမားတွေ ဆန္ဒပြလို့ ကြာသည် ။ မဲရွေးပွဲ မှာ ဆူပူမှုတွေ ဖြစ်လို့ ကြာသည် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထို မြို့မှာ ကြာနေသည် ။

ကိုအဏ္ဏဝါ တို့ အဖို့တော့ လေ မလာ ကြာတိုင်း ကောင်း နေသည် ။ ကြာလာတော့ နိုက်ကလပ် က ကိုယ့် အတွဲလေးတွေ နဲ့ သံယောဇဉ်လေး တွေ ဖြစ်ကုန်ကြသည် ။ ပီတာ ၏ ကောင်မလေး မှာ အပျက်မလေး မဟုတ် ပဲ ချည်မျှင်နှင့် အထည်အလိပ် ဘာသာရပ် ဖြင့် ဘွဲ့ယူရန် ကျောင်းတက် နေသော သိပ္ပံတက္ကသိုလ် ကျောင်းသူလေး ဟု သိလိုက်ရသောအခါ ကာယကံရှင် ပီတာ သာ မက ကိုအဏ္ဏဝါ တို့ ပါ ဖီလင်တွေ ဆောင့်တက်ကုန်ကြသည် ။ ပီတာ က တော့ သူ့ ကောင်မလေး ကို ယုယုယယ မြတ်မြတ်နိုးနိုး ဖြစ်နေလေသည် ။ လက်ပတ်နာရီ နှင့် အဝတ်အစားတွေ ဝယ်ပေးသည့် အပြင် ကျောင်းစရိတ်ဆိုပြီး အမေရိကန်ဒေါ်လာ တစ်ရာ ပေးသည် ဟု သိရသည် ။

“ မာရီယာ အချစ်ကလေးရယ် .... မင်း ကို ကိုယ် တကယ် ချစ်နေမိပြီကွယ် ... ”

“ ပီတာ အချစ်ဆုံးရယ်... မာရီယာလည်း မောင့် ကို အသည်းထဲ နစ်ပြီး စွဲနေပြီမို့ အခုလို အမြဲ ဖက်ပြီး ဟင့် ... ဟင့် မခွဲနိုင်တော့ဘူး အချစ်ရယ် ...”

ဒီတော့လည်း ချစ်သည်း တို့ ဘဝင် အစုံမှာ အဖြစ် ကဲသမို့ ရင်ခုန်စရာ စကားလေးတွေ ပြောကြရင်း ပျော်ကြရင်း နှစ်ပတ်ခန့် အချိန်တွေ ကုန်သွားခဲ့လေသည် ။

ကိန္နရီ ၊ ကိန္နရာ တို့ ဘဝမုန်တိုင်း ထန်၍ ကံဆိုး မိုးမှောင်ကျမည့် ည ဆယ်နာရီ လောက်မှာတော့ ပီတာ နှင့် မာရီယာ တို့ တစ်ဦး ကို တစ်ဦး ဖက်ပြီး မဆုံးနိုင်တဲ့ အချစ် ENDLESS LOVE အကြောင်းတွေ ချွေပြီး အပီ ကြွေနေကြစဉ် နိုက်ကလပ် ထဲ ကို ယူနီဖောင်းဝတ် ရဲတွေ ဝင်လာပါ တော့သည် ။ ရဲအရာရှိ တစ်ယောက် နှင့် ရိုးရိုးရဲသား လေးယောက် တို့ ဖြစ်သည် ။

အခြေအနေ ကို အကဲခတ်ရသည် မှာ အထွေအထူး သတင်းရ၍တော့ ဟုတ်ဟန် မတူ ၊ သာမန် ရှောင်တခင် ဝင်ရောက် စစ်ဆေးသည့် လုပ်ရိုးလုပ်စဉ် သဘောမျိုးသာ ဖြစ်မည် ။ သို့မဟုတ် လမ်းကြုံလို့ ဝင်လာ တာလည်း ဖြစ်နိုင်သည် ။ နိုက်ကလပ် ပိုင်ရှင် က အမူအရာ မပျက် စီးကရက်သောက်ပါဦးလား ၊ ဘီယာ သောက်ပါဦးလား ဟု ဧည့်ခံနေတာ တွေ့ရ၍ ဖြစ်သည် ။ သို့သော် ကခုန် ပျော်မြူး ဖက်ပွေ့နမ်းရှုပ်နေကြသည့် အုပ်စု ထဲ က မိန်းကလေး ဆယ်ယောက် လောက် နောက်ဖေးပေါက် က ထွက်ပြေး သွားကြသည် ။ ထွက်ပြေး သွားကြသည့် အထဲ မှာ ပီတာ ၏ ချစ်သည်း မာရီယာ လည်း ပါသွားသည် ။

ရဲအရာရှိ သည် အားလုံးကို ခါးထောက် ကြည့်ပြီး တစ်စုံတစ်ခု ပြောလိုက်သည် ။ သူတို့ ဘာသာစကား ကို နားလည်သူ တစ်ယောက် က အင်္ဂလိပ် လို ပြန်ပြောပေး၍ နိုင်ငံခြားသားတွေ နဲ့ ဒေသခံ နိုင်ငံသားတွေ သီးခြား စီခွဲပြီး နေရာယူ ရပ်နေကြရသည် ။

ကိုအဏ္ဏဝါ အပါအဝင် လူမျိုး ပေါင်းစုံ သင်္ဘောသားတွေ က တစ်ခု ၊ သူတို့ လူမျိုး ယောက်ျားမိန်းမတွေ က တစ်စု ဖြစ်သွားသည် ။သူတို့ လူမျိုးအများစု မှာ အပျော် မိန်းကလေးတွေ ဖြစ်သည် ။ သုံးလေးယောက် မျှသော ယောက်ျားတွေ က အဆွယ်တွေ ၊ ခေါင်းတွေ ၊ ဆေးရောင်းသူတွေ ဖြစ်ကြသည် ။

သူတို့ လူမျိုး မိန်းကလေးတွေ ထံမှ မှတ်ပုံတင် လို ကဒ်ပြားလေး တွေကို တောင်းကြည့် စစ်ဆေးပြီး ခန္ဓာကိုယ် ကို စမ်းသပ် ရှာဖွေတာ တွေ့ရသည် ။ ပထမအရာရှိ ဂရိလူမျိုး မစ္စတာ နီကိုလာ့စ်တိုက်ဗားရပ် က တိုးတိုး ပြောပြ၍ သိရတာက ဆေးထိုးကဒ်ပြား စစ်တာဟု သိရသည် ။ ခန္ဓာကိုယ် ကို စမ်းသပ်တာက မူးယစ်ဆေးဝါး ရှာဖွေတာ ဟု ဆိုသည် ။ ထို နိုင်ငံတွင် ပြည့်တန်ဆာ လုပ်စားသူ မိန်းကလေးများ ငွေကြေး မတတ် နိုင်၍ သော် လည်းကောင်း ၊ မအားမလပ်၍ သော် လည်းကောင်း အကြောင်း အမျိုးမျိုး ကြောင့် ဆေးထိုးလက်မှတ် သက်တမ်း ကုန်နေပါက အဖမ်း ခံ ကြရသည် ။

သူတို့ လူမျိုးတွေ ကို စစ်ဆေး ပြီးသောအခါ ကိုအဏ္ဏဝါ တို့ နိုင်ငံခြားသား တွေကို စစ်ဆေးရန် တစ်ဦးချင်း ကို လက်ညှိုး ထိုး၍ ခေါ်ယူ သည် ။ နံရံ ကို မျက်နှာမူ ရပ်စေပြီး ခြေလက်တွေကို ခွဲကား၍ နံရံ မှာ ကပ်ထားရသည် ။ ရဲသား တစ်ယောက် က စမ်းသပ် ရှာဖွေသည် ။ ရှိသမျှ အိတ်တွေ ကို နှိုက်စမ်းသည် ။

စမ်းမိသမျှ အဖု ၊ အဖောင်း ၊ အိတ်ငယ် ၊ စာရွက်ခေါက် အားလုံး ကို ဆွဲထုတ်ပြီး ကြည့်သည် ။ အများစု ထံ မှ အများဆုံး ထွက်လာတာက တော့ ကွန်ဒွန် ခေါ် ရာဘာစွပ်ကလေးတွေ ဖြစ်၍ နည်းနည်းတော့ ပွဲကျ သွားသည် ။

ပွဲကျသွားသည့် ရယ်မောစရာ ကာလလေး က သိပ် မကြာလိုက် ပါ ။ ပီတာ ၏ အလှည့်သို့ ရောက်သောအခါ ပီတာ ၏ ဘောင်းဘီအိတ် ထဲမှ ကွန်ဒွန် ရာဘာအစွပ်ကလေးများ နှင့် အတူ ဘိန်းဖြူ တစ်ဂရမ် ပါသော အထုပ်ငယ် တစ်ထုပ် တွေ့သွား၍ ဘိန်းဖြူ ဆိုတာ အသေအချာ သိသည်နှင့် တစ်ပြိုင်နက် ပီတာ ကို လက်ထိပ်ခတ် လိုက်တော့သည် ။ အားလုံးပင် အံ့ဩ တုန်လှုပ်ကုန်ကြသည် ။ ပီတာ သည် ကျန်းမာရေးလိုက်စားသူ ဖြစ်၍ ဘိန်းဖြူ မပြောနဲ့ ဆေးလိပ်ပင် သောက်သူ မဟုတ် ၊ သို့သော် အရောင်းအဝယ်များ လုပ်နေလေသလား ဟု ပင် သံသယ ဝင်မိကြတော့သည် ။

ပီတာ က သူ့ပစ္စည်း မဟုတ်ကြောင်း ၊ တစ်စုံတစ်ယောက် က သူ မသိအောင် ထည့်လိုက်တာ ဖြစ်နိုင်ကြောင်း ပြောပါသော်လည်း လူ အများ ရှေ့မှာ သက်သေခံ ပစ္စည်းနှင့် တကွ လက်ပူးလက်ကြပ် မိနေ၍ မလွတ်သာတော့ပဲ ရဲစခန်း သို့ ပါသွားလေတော့သည် ။ ကိုအဏ္ဏဝါ နှင့် အပေါင်းအပါ တစ်စု တို့မှာ စိတ်မကောင်းစွာ ဖြင့်ပင် နိုက်ကလပ် မှ သင်္ဘော သို့ စောစော ပြန်ခဲ့ကြသည် ။

နောက်နေ့တွင် ကိုအဏ္ဏဝါ တို့ သင်္ဘော ကပ္ပတိန် သည် ရဲစခန်း သို့ လိုက်သွားပြီး အခြေအနေ ကို စုံစမ်းသည် ။ ဥပဒေ အရ ပြစ်မှု ထင်ရှား ပါက အလုပ်ကြမ်းဖြင့် ထောင်ဒဏ် သုံးနှစ် အထိ ဖြစ်နိုင်၍ အာမခံ ပင် မရခဲ့ ဟု သိရသည် ။ ထို နိုင်ငံတွင် ပီတာတို့ နိုင်ငံသံရုံး ကို အကြောင်းကြား ခဲ့ပြီး ကိုအဏ္ဏဝါ တို့ သင်္ဘော အမေရိကန် ကို ထွက်လာခဲ့ရခြင်း ဖြစ်သည် ။ နောက် တစ်ပတ်ခန့် အကြာတွင် ဘော်လ်တီမိုးမြို့ ရောက်ပြီး သကြားတွေချနေစဉ် ပီတာ ပြန်ရောက်လာခြင်း ဖြစ်သည် ။ ဘေးမသီ ရန်မခ ဘာမှ မဖြစ်ပဲ ပြုံးပြုံးရွှင်ရွှင် ဖြင့် ပြန်ရောက်လာသော ပီတာကို လုပ်ဖော် ကိုင်ဖက်တွေက ဝမ်းသာအားရ မေးကြ မြန်းကြသည် ။

ရဲတပ်ဖွဲ့ ၏ စုံစမ်း ဖော်ထုတ်ချက် အရ မာရီယာ သည် ဘိန်းဖြူ ဖြန့်ဖြူးသူ အမျိုးသမီး ဖြစ်ပြီး ရဲတွေ နဲ့ ပက်ပင်း တိုးသောအခါ လန့်ဖျပ်ပြီး ဘိန်းဖြူထုပ်ကလေး ကို ပီတာ ၏ ဘောင်းဘီအိတ် ထဲသို့ ပီတာ မသိအောင် အသာ ထိုးထည့်ခဲ့ပြီး လစ်ထွက်သွားခဲ့ကြောင်း သိရတော့သည် ။ မာရီယာ သည် သူတို့ နိုင်ငံ တက္ကသိုလ် မှ ဘွဲ့ရ ပြီးပါက အမေရိကန်နိုင်ငံ တွင် အလုပ် လုပ်ရင်း ဘွဲ့လွန် သင်တန်း တစ်ခု ဆက် တက်နိုင်ရန် အတွက် ရည်ရွယ်ချက် ကြီးမားစွာဖြင့် ပိုက်ဆံ ကို ရနိုင်တဲ့ နည်းမျိုးစုံဖြင့် ရှာဖွေနေသူလေး ဖြစ်ကြောင်း သိရသည် ။

မာရီယာ ၏ ဝန်ခံချက်ကြောင့် လည်းကောင်း ၊ ပီတာ ၏ ပကတိ ရိုးသားသော အမူအယာ နှင့် အပြောအဆိုကြောင့် လည်းကောင်း ၊ ပီတာ တို့ နိုင်ငံ သံရုံး ၏ ကြိုးပမ်း ဆောင်ရွက်နိုင်မှုကြောင့် လည်းကောင်း ၊ ကွင်းလုံးကျွတ် လွတ်လာခဲ့ခြင်း ဖြစ်သည် ။

“ မင်း ပြောတော့ မင်းကောင်မက တက္ကသိုလ် ကျောင်းသူ ဆိုကွ ..”

“ ဟုတ်ပါတယ် ... တက္ကသိုလ်ကျောင်းသူမို့ ကျောင်းစရိတ် ကို သူ ဝါသနာပါတဲ့ အလုပ်နဲ့ ရှာနေတာလေ ... ရှင်းရှင်း ပြောရရင်တော့ သူ ကိုက မကောင်းတာပါ ... တခြား နည်းနဲ့ ရှာလည်း ရနိုင်သားပဲ ”

ကဲ ... ရဲဘော်ရေ အဲဒီ နိုင်ငံကို ရောက်ရင် တက္ကသိုလ်ကျောင်း က ကြက်သား စားကြဦးမှာလား ၊ သတိထားနော် .. ကြာကြာ ဝါးရင် ခါးတယ် ခင်ဗျား ။

▣ အဏ္ဏဝါစိုးမိုး
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၁၉၉၉ ခုနှစ်

Sunday, February 23, 2025

ခွာသွားသော အတ္တ


 

❝ ခွာသွားသော အတ္တ ❞
      ( အဏ္ဏဝါစိုးမိုး )

ကိန္နရီချောင်းရွာ ဗိုလ်တဲကြီးရှေ့ က ဘောလုံးကွင်း ထဲ မှာ တစ်ရွာလုံး စုဝေးရောက်ရှိ နေကြသည် ။ ဆယ်နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ကို ဆင်နွှဲနေကြခြင်း ဖြစ်သည် ။ ရိုးရာ အားကစားနည်း တွေ ဖြစ်သည့် အပြေးပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပွဲ ၊ ခေါင်းအုံးရိုက်ပွဲ ၊ ကျင်ကိုင်ပွဲ ( ရခိုင်ရိုးရာ နပန်းသတ်ပွဲ ) နှင့် ချောတိုင်တက်ပွဲ တွေကို တပျော်တပါး ဆင်နွှဲနေကြခြင်းဖြစ်သည် ။

ရိုးရာအားကစား အားလုံးလောက် နီးပါးမှာ အမျိုးသားများ သာ ပါဝင် ဆင်နွှဲနေကြသော်လည်း ထုပ်ဆီးတိုးပွဲမှာတော့ အမျိုးသမီး ပျိုပျိုအိုအိုတွေ ပါဝင်ဆင်နွှဲ နေကြသဖြင့် ဆူညံ နေသည် ။ ပြန်သူ - ပြန်သူ လို့ ငယ်သံပါအောင် အော်လိုက်သည့် အပျိုမတစ်ယောက် ၏ အသံ က ပြန်သူ ကို လွတ်သွားမှာ စိုးလို့ အော်တာ ထက် သူ့ ကို လူပျို ကာလသားတွေ ဝိုင်း ကြည့်စေချင်လို့ အသံ ပေးချင် တာ က ပို များ နေသည် ။ အပျိုတွေ ထဘီတိုတို ဝတ်ထားလို့ ပေါ်နေသည့် ခြေသလုံး တွေကို ကြည့် နေကြခြင်း ဖြစ်သည် ။ ကိုယ် နဲ့ ရင်းနှီးခင်မင်သည့် အပျိုမ၏ နာမည် ကို ခေါ်ပြီး သတိပေးသူ လည်း ရှိသည် ။

“ ဟဲ့ ... အေးကြည်မ ၊ နင့် နောက်မှာ ပြန်သူ ”

အမှန်တော့ သူ ကလည်း အေးကြည်မ ကို ခေါ်သလိုလို ဖြင့် သူ ကြိုက် နေသည့် အပျိုမကို ဖိုသံ ပေးလိုက်ခြင်း ဖြစ်သည် ။ ဟိုးလွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော် က တောရွာ သဘာဝ အတိုင်း ရိုးရိုးကြီး ပိုး နေခြင်းသာ ဖြစ်သည် ။ သူတို့ ခေတ် မတိုင်မီက ရှေးလူကြီးတွေ ဖြစ်သည့် သူတို့ ၏ အဖေတွေ ၊ ဦးလေးတွေ လည်း ဒီလို နည်း ဖြင့်ပင် ပိုးပန်း၍ အိမ်ထောင်ကျပြီး သူတို့ ကို ပေါက်ဖွားခဲ့သည် ဆိုတာ သိနေကြ၍ ဖိုသံ ပေးနေကြခြင်း ဖြစ်သည် ။ အဲဒီ ခေတ်ကတော့ ဒါလောက် ဆိုရင်ပဲ အတော် အရဲစွန့်ရာ ရောက်နေပြီ ဖြစ်လို့ အလုပ် ဖြစ်နိုင်ပါသည် ။

ခေါင်းအုံးရိုက်ပွဲ မှာ တဝါးဝါး တဟားဟား ရယ်မောရင်း အားပေး နေကြ တာကတော့ ကလေးတွေဖြစ်သည် ။ ပြိုင်ပွဲဝင်သူ နှစ်ယောက် သည် လူ တစ်ရပ်ကျော် မြင့်သည့် ဝါးပိုးဝါးတန်း ပေါ်မှာ ခွထိုင်ပြီး လွှစာသွတ်အိတ် ဖြင့် အချင်းချင်း လွှဲရိုက်ချသော ကစားနည်း ဖြစ်သည် ။ တစ်ယောက် က ရိုက်ချလိုက်လို့ တစ်ယောက် ပြုတ်ကျ သွားပြီး တွဲလောင်းကြီး ဖြစ်နေလျှင် ကလေးတွေ သဘောကျလို့ ခွက်ထိုးခွက်လန် ရယ်နေကြတာ ပျော်စရာ ကောင်းလှသည် ။ 

တွဲလောင်းကြီး ဖြစ်နေသူ က တန်းပေါ် ကို ပြန် တက်ခွ နိုင်အောင် ကြိုးစား တက် နေစဉ် ရိုက်သူ က ဖွဲအိတ် ဖြင့် တအားလွှဲ ရိုက်လိုက်တာ သူပါ ဟန်ချက် ပျက် ပြီး လွဲကျ သွားလို့ နှစ်ယောက်လုံး တွဲလောင်းကြီးတွေ ဖြစ်နေတော့သည် ။ ကလေးတွေ က သဘောကျ လွန်းလို့ အူတက်မတတ် ရယ်ကြသည် ။ တွဲလောင်းကြီး ဖြစ်နေသူ နှစ်ယောက်လုံး တန်းပေါ်ကို ပြန် တက်ရန် ကြိုးစားရင်း လက်ညောင်း လာ သဖြင့် သူတို့ ဘာသာ သူတို့ ဖြုတ်ချလိုက်ကြရတော့သည် ။ အနိုင်အရှုံး မရှိ ဖြစ်သွားသည် ။ နောက် နှစ်ယောက်တွဲ တက် ရိုက်တာ ကို ကလေးတွေ စောင့်နေကြသည် ။

ဆယ်နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင် ပါဝင် ဆင်နွှဲနေသည့် ကစားခုန်စားတွေ အနက် လူတွေ စိတ်ဝင်စားသော ပွဲကတော့ တစ်ခုတည်းသာ ပါသည် ဟု ပြောရမလို ဖြစ်နေသည် ။ ချောတိုင်တက်ပွဲ ဖြစ်သည် ။ ပေတစ်ရာကျော် မြင့်သည့် ဝါးပိုးဝါးတိုင် ကို အမဲဆီသုတ်ပြီး မြေမှာစိုက်ထားသည် ။ ဝါးတိုင် ထိပ် မှာ ငွေတစ်ဆယ် ကို အလံ ထူထားသည် ။ ချောတိုင် ကို တက်နိုင်သူ က ငွေတစ်ဆယ် ရမည် ဖြစ်သည် ။ ဆန်တစ်ပြည် ကို ၂၅ ပြား သာ ပေးရသော ခေတ် ဖြစ်လို့ ဆုငွေ မနည်းဘူး ဟု ပြောလို့ရသည် ။

ကိန္နရီချောင်းရွာ က အားကောင်းမောင်းသန် ယောက်ျားတွေ ခါးတောင်း ကျိုက် တပြင်ပြင် ဖြင့် တက်နေကြသူတွေ ရှိသည် ။ တက်ဖို့ ကြိုးစားနေသူတွေ လည်း ရှိသည် ။ ကြိုးစားပြီး တက် ကြည့်တာ တက် မရလို့ လက်ပန်းကျပြီး ထိုင်ချ အနားယူ နေသူတွေ လည်း ရှိသည် ။ ချောတိုင်ထိပ် က ငွေတစ်ဆယ် ကို လိုချင်သည့် ဇောဖြင့် ချောတိုင် တက်ချင်သူတွေ နှင့် ဝိုင်းကြည့် နေကြသူတွေ ၏ မျက်နှာတွေ မှာ လောဘ အရောင်တွေ ထွက် နေသည် ။

ချောတိုင်ထိပ် မှာ အလံ ထူထားသည့် ငွေတစ်ဆယ် သည် ကောက်ကြီးဆန် နှစ်တင်းခွဲ ရနိုင်သည် ။ အရက်သမားတွေ ကတော့ ချက်အရက်မီးတောက် ဆယ် ပုလင်း တောင် ရနိုင်သည် ဆိုသည့် လောဘအတွေး ကိုယ်စီ ဖြင့် ချောတိုင် ထိပ်က ငွေတစ်ဆယ် ကို ဘယ်လို နည်းဖြင့် ရအောင် တက်ယူကြမလဲ အကြံ ထုတ်နေကြသည် ။ ချောတိုင် တက်မည့် သူတိုင်း သည် အင်္ကျီ ကိုယ်ကျွတ် ဖြင့် ပုဆိုး ကို ခါးတောင်း ကျိုက်လျက် လည်းကောင်း ၊ ဘောင်းဘီအတို သို့မဟုတ် အတွင်းခံဘောင်းဘီ ဖြင့် လည်းကောင်း မြောက်စွ မြောက်စွ ဖြစ်နေကြသည် ။

ကိန္နရီချောင်း တစ်ရွာလုံး မှာ အုန်းပင် နှင့် ကွမ်းသီးပင်တွေ ကို တက် ရာတွင် အထူး ကျွမ်းကျင်သူ ကိုသိန်းဖေ သည် ခြံ တစ်ခြံ ကို အုန်းသီး သို့မဟုတ် ကွမ်းသီး ဆွတ်ရန် အပင် တက်ရတော့မည် ဆိုလျှင် တစ်ပင် ကို အရင် တက် လိုက်သည် ။ ထို အပင်မှ နောက် တစ်ပင် ကို ယိမ်းထိုးပြီး မျောက်လွှဲကျော် တစ်ကောင် ခုန်ကူး သလို ကူးသွားနိုင်သူ ဖြစ်သည် ။ သည်လိုဖြင့် ကိုသိန်းဖေ အုန်းသီး ၊ ကွမ်းသီး တက် လျှင် အတက် တစ်ပင် ၊ အဆင်း တစ်ပင် တည်းဖြင့် တစ်ခြံလုံး ကို အသီးဆွတ် သည် ဟု ပြောကြသည် ။

ကိုသိန်းဖေ သည် အမြင့် တက်တော့မည် ဆိုလျှင် သစ်ပင်ကို လက်အုပ် ချီ လေ့ရှိသည့် အတိုင်း ချောတိုင်ဝါးပိုးဝါးကြီး ကို လက်အုပ်ချီ လိုက်သည် ။ အဲဒီခေတ် က ကိုသိန်းဖေ ကွမ်းသီး တစ်ရာလောက် တက် မှ တက်ခ ငါးကျပ် လောက်သာ ရသော ခေတ် ဖြစ်လို့ တစ်ပင်တည်းဖြင့် ငွေတစ်ဆယ် ရမည် ဆိုသည့် လောဘစိတ် ဖြင့် ချောတိုင် ကို ဖက်ပြီး ခုန်ဆွ ခုန်ဆွ တက်လိုက်သည် ။ ချောချော ကျနေသည့် ချောတိုင် ၏ အပေါ်ဆုံး က ဝါးဆစ် မှာ ထည့် ထားသည့် ဝက်ဆီ သို့မဟုတ် အမဲဆီ တွေ ကလည်း ဝါးလုံးကြီးလှုပ် လိုက်တိုင်း အောက်ကို စီးကျ လာနေသည် ။ ကွမ်းသီးပင် တစ်ပင် ကို တက်လျှင် စက္ကန့် သုံးဆယ် မျှဖြင့် သီးခိုင် ကို ရောက် အောင် တက်နိုင် သော ကိုသိန်းဖေ သည် ချောတိုင် ကို တက် ရာတွင် ဆယ်မိနစ် လောက် ကြာအောင် တက်တာ ဆယ်ပေ လောက် အမြင့် ကို သာ ရောက်နိုင်သည် ။ ခြေညောင်း လက်ညောင်း ပြီး ပြန် လျှောကျ လာတော့သည် ။

“ ဒီလို တက်လို့ ဘယ် ရမလဲကွ သိန်းဖေ ရ ၊ မင်း တစ်ကိုယ်လုံး ကို ပြာတွေ သဲတွေလူးပြီး တက် မှ ရမှာပေါ့ ။ ချောတိုင် ကို လည်း သဲပက်လိုက်ဦး ”

ပွဲကြည့်ပရိသတ် ထဲက လူကြီး တစ်ယောက် အကြံ ပေးသည် ။ လူကြီး အကြံပေးသည့် အတိုင်း ကိုသိန်းဖေ က သူ့ တစ်ကိုယ်လုံး ကို သဲတွေ လူးသည် ။ ချောတိုင် ကို လည်း သဲတွေ ဖြင့် ပက်ပြီး တက်ပြန်သည် ။ တက်လိုက် ချောကျလိုက် ဖြစ်နေသည် ။ ဆယ်ပေ အမြင့် လောက် အထိ တော့ ရောက် သွားသည် ။ ခြေရော လက်ပါ ညောင်းလာသည့် အပြင် ရင်ဘတ် မှာ လည်း သဲပွန်း ထားလို့ နီရဲ နေသည် ။ ဆက် မတက်နိုင်တော့လို့ ပြန် လျှောချ လိုက်ရတော့သည် ။

ကြိုးစားကြည့်ချင်သူတွေ တစ်ယောက် ပြီး တစ်ယောက် တက်ကြသည် ။ ကိုသိန်းဖေ ရောက်ခဲ့သည့် ဆယ်ပေလောက် အမြင့် ကို ဘယ်သူမှ မရောက်နိုင် ဖြစ်နေသည် ။

ဒီ အခြေအနေ မှာ ဦးလေး ဦးသာရင် ၏ အခန်းကဏ္ဍ ပါဝင်လာသည် ။ ဦးသာရင် သည် ဟိုနေရာ ဒီနေရာ ဝင်ပါတတ်သူ ဖြစ်သည် ။ သူ ကိုယ်တိုင် ကတော့ လက်ကြော တင်းအောင် ဘာ တစ်ခုမှ ဝင် မလုပ် သော်လည်း နေရာတကာ မှာ ဆရာ ဝင် လုပ်တတ်သူ ဖြစ်သည် ။ ရွာ မှာ ရှင်ပြုပွဲ ရှိလို့ ရှင်လောင်း လှည့် လျှင် ( ရွှေထီး က ရှင်လောင်း ကို မိုးရမှာနော် ) ဟု ဝင်ပြောသည် ။ အသုဘ ချသွားလျှင် ( ဘုန်းကြီး နောက်က အလောင်းလိုက်ရမယ်နော် ) ဟု အော်သူဖြစ်သည် ။ ယခု ချောတိုင် တက် မရကြသည့် ကိစ္စ မှာ လည်း ဦးသာရင် ဝင် ပါလာသည် ။

“ ဟေ့ကောင်တွေ ၊ မင်းတို့
ငါ့ စကား ကို နားထောင်ကြ ။ ချောတိုင် ဆိုတာ ဒီလို တက်လို့ ဘယ်တုံးက ရဖူးလို့လဲ ။ တစ်ယောက် ပခုံး ပေါ် တစ်ယောက် နင်း တက်ပြီး ယူမှ ရမှာပေါ့ ။ ဟိုကောင် ညီပုကြီး ၊ မင်း က အောက် က နေ ၊ ဟိုကောင် တွေ ... မင်းတို့ အားလုံး တစ်ယောက် ပခုံး ပေါ် တစ်ယောက် တက်ကြ ။ သိန်းဖေ က အပေါ်ဆုံး ကနေ ။ ဆုငွေအလံ ကို မမီသေးရင် သိန်းဖေ က နည်းနည်း တက်လိုက်ရင် ရပြီပေါ့ကွ ”

“ ဟာ ... ဟုတ်တယ်ကွာ ၊ ဦးလေးသာရင် ပြောတာ ဟုတ်တယ် ”

ဒီကိစ္စ မှာ တော့ ဦးသာရင် ပြောတာကို အားလုံးက သဘောတူ လက်ခံကြ သည် ။ ခံနိုင်ရည် ရှိမည်ဟု ထင်ရသူ ညိုညိုတုတ်တုတ် တောင့်တောင့် ကိုညီပုကြီး က လုံချည် ခါးတောင်းကျိုက် ကို မြဲခိုင်အောင် ပြန်ပြင် ကျိုက် လိုက်သည် ။ ချောတိုင် ခြေရင်း မှာ ထိုင်ချပြီး ချောတိုင် ကို ဖက်ကိုင်၍ ထိုင်ချ လိုက်ပြန်သည် ။ ဒီလိုဖြင့် ညီပုကြီး ၊ လှဖေ ၊ ရွှေမောင် ၊ အောင်ထွန်း ၊ မောင်မြ နှင့် ရှိသမျှ လူတွေ အကုန် တက်လိုက်ကြတာ လူ နှစ်ဆယ်တိတိ ဖြစ်သွားသည် ။ ဦးသာရင် ၏ အသံ ထွက်လာ သည် ။

“ ကဲ .. အားလုံး တစ်ပြိုင်တည်း ထကြမယ် ... တစ်နှစ်သုံး ... ထ ”

အပေါ်ဆုံး က ကိုသိန်းဖေ က စပြီး မတ်တတ်ရပ် လိုက်ကြသည် ။ အောက်ဆုံး က နေရသည့် ကိုညီပုကြီး ကတော့ မနည်း ဖျစ်ညှစ်ပြီး အင့်အင့်အဲအဲ ထလိုက် ရသည် ။ ချောတိုင် ဝါးပိုးဝါး ကို ဖက်ထား ကြပြီး ခါးဆန့် ရပ်နေကြသည့် လူတိုင်ကြီး သည် ငွေတစ်ဆယ် အလံတိုင် ကို ကိုင် မိရန် လက် တစ်ကမ်းသာ လိုပေတော့သည် ။

ဆုတော်ငွေ အလံတိုင်လေး ကို ဆွဲကိုင် ဖြုတ်ယူရန် မမီမကမ်း လက်တစ် ကမ်းလေး ဖြစ်နေသည့် ကိုသိန်းဖေ က ချိတ်တက် မလို့ လှုပ်လိုက်တိုင်း ချောတိုင် ထိပ်ဖျား က ရှေ့နောက်ဝဲယာ ယိမ်းထိုး လှုပ်ခါ သွားသည် ။ လူတိုင်ကြီး ကလည်း ချောတိုင်ကြီး နှင့်အတူ ယိမ်းထိုး လှုပ်ခါနေသည် ။ ချောတိုင်ကြီး ယိမ်းထိုး လှုပ်ခါ တိုင်း ချောတိုင်ထိပ်ဖျား က ဝါးဆစ် မှာ ထည့် ထားသည့် ထောပတ်ဆီတွေ က ဖိတ်လျှံ ကျပြီး စီးဆင်း လာသည် ။ ချောတိုင် ဝါးပိုးဝါးကြီး တစ်ခုလုံးမှာ ဝက်ဆီ ၊ အမဲဆီ ၊ ထောပတ်ဆီ တွေဖြင့် ရွှဲရွှဲစို နေသည် ။ ချောတိုင်ကြီး မှာ သာမက ချောတိုင် ကြီး ကို ဖက်ထားကြသည့် လူနှစ်ဆယ် ပါ တိုင်ကြီး မှာ လည်း လက်ရောခြေတွေပါ ဆီတွေ ရွဲစို နေ၍ လျှောပြို မကျအောင် သတိဖြင့် တအား ဖက် ထားကြရသည် ။

“ ဟေ့ ... မောင်သိန်းဖေ ၊ သိပ် မလှုပ်နဲ့လေကွယ် ၊ မင်း အောက် က မြအေး ရဲ့ ပခုံး ကို ဆောင့်နင်းပြီး ခုန် တက်လိုက်ရင် ရပြီ ”

ဦးလေးဦးသာရင် က အပေါ် ကို မော့ကြည့်ပြီး ညွှန်ကြား နေသည် ။ ချောတိုင် ထိပ် က ငွေတစ်ဆယ် ရရှိရေးမှာ တိုင် ကို ဖက်ထားသူတွေ နှင့် အတူ ဦးလေးဦးသာရင် ပါ ဆန္ဒပြင်းပြ နေတာ ကို သတိထား မိကြသည် ။ သတိထားမိကြသူတွေ ထဲ က လူ ( ၁၉ ) ယောက် ကို ပခုံး ဖြင့် ထမ်းထားရသူ ကိုညီပုကြီး က ဦးသာရင် ကို လှမ်းမေးသည် ။

“ ချောတိုင်ထိပ် က ငွေတစ်ဆယ် ကို ရရင် ဦးလေးသာရင် ကို လည်း အချိုးကျ ရှယ်ယာ ခွဲပေးရမှာလား ”

“ ဟ .. ပေးရမှာပေါ့ကွ ၊ ငါ အကြံဉာဏ် ပေးလို့ မင်းတို့ အခုလို ရဖို့ နီးစပ် နေတာမဟုတ်လား ။ ဟော ... ရတော့မယ် ၊ သိန်းဖေ ... နောက် တစ်ကြိမ် တက်လိုက် ”

ဦးလေးဦးသာရင် ချောတိုင်ထိပ် ကို မော့ကြည့် နေစဉ်မှာ ပင် အပေါ်ဆုံး က သိန်းဖေ အပါအဝင် အောက်ဆုံး က လှဖေ အထိ လူ ( ၁၉ ) ယောက် သည် လျှောခနဲ အောက်ကို ပြုတ်ကျလာကြပြီး တစ်ယောက် အပေါ် တစ်ယောက် ပိကျကာ မြေကြီး ပေါ်မှာ ဖင်ထိုင် လဲကျ ကုန်ကြတော့သည် ။ အောက်ဆုံး က နေပြီး ပခုံး ဖြင့် ထမ်းထားခဲ့သည့် ကိုညီပုကြီး တစ်ယောက် သာ ချောတိုင် မှ ဆယ်ပေ လောက် အကွာ မှာ ရပ်နေတာ တွေ့ ရသည် ။ ကိုညီပုကြီး သည် ဘယ်သူ့ကို မှ အသိမပေး အကြောင်း မကြားဘဲ ချောတိုင် ကို ဖက်ထားရာမှ နောက်ဆုတ် ခွာထွက် သွားခဲ့ခြင်း ဖြစ်သည် ။ အားလုံးက အံ့အား သင့်သွားပြီး ကိုညီပုကြီး ကို ဝိုင်း မေးကြသည် ။

“ ညီပုကြီး ၊ နင် ဘယ်လို လုပ်လိုက်တာလဲကွ ”

“ ငွေတစ်ဆယ် အလံတိုင် ကို ကိုင်မလို့ လုပ်နေတာကွာ ၊ ဘာလုပ်လိုက်တာလဲ ”

ဦးလေးသာရင် နှင့် ကိုသိန်းဖေ တို့ က ကိုညီပုကြီး ကို ဝိုင်း မေးကြသည် ။

ကိုညီပုကြီး က သူ့ အင်္ကျီ ကို ကောက်ယူရင်း မကျေမနပ် ပြန်ဖြေသည် ။

“ ဘာလုပ်ရမှာလဲကွ ၊ ငွေတစ်ဆယ် ကို လူနှစ်ဆယ် ခွဲဝေယူမယ် ဆိုရင် တောင် တစ်ယောက် ကို ငါးမူး ပဲရမယ် ၊ ဦးလေးသာရင် က သူ ပါ ရှယ်ယာ ပါတယ် ဆိုတော့ တစ်ယောက် ကို ၄၇ ပြားပဲ ရတော့မယ် ။ အရက် တစ်ပိုင်း တောင် မရဘူး ။ လူ ဆယ့်ကိုးယောက် ကို ထမ်းထားရတဲ့ ငါ က လည်း ၄၇ ပြား ၊ သူများ ပခုံး ပေါ် နင်းပြီး အပေါ်ဆုံး က နေရတဲ့ သိန်းဖေ က လည်း ၄၇ ပြား ၊ ဘာမှ မလုပ် ရတဲ့ အောက် က နေ လေများ နေတဲ့ ဦးသာရင် ကလည်း ၄၇ ပြား ဆိုတော့ ဒါ တရား သလား ၊ ငါ က အရူးကျ နေတာပဲ ၊ အဲဒါကြောင့် ငါ ချောတိုင် က ခွာထွက်လာခဲ့ တယ် ”

ကဲ ... ကောင်းကြသေးရဲ့လား ။ ဆုတော်ငွေ တစ်ဆယ်ကျပ် ရတော့မလို့ လက်တစ်ကမ်း အလိုကျမှ အစုလိုက် အပြုံလိုက် ပြိုကျပြီး တစ်ပြား မှ မရ ဖြစ်သွား ကြသည် ။ စုပေါင်း ဆောင်ရွက်ခြင်း သည် လည်း အတ္တ နှင့် ဆက်စပ် နေတတ်သဖြင့် မျှတမှု ရှိဖို့တော့ လိုအပ်သည် ဟု သတိရ လိုက်ပါသည် ။

▣ အဏ္ဏဝါစိုးမိုး

📖 သောကြာမဂ္ဂဇင်း     
      ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

Wednesday, February 5, 2025

ရွှေပြည်စိုး သူ့ထက်ကဲ


 

❝ ရွှေပြည်စိုး သူ့ထက်ကဲ ❞
        ( အဏ္ဏဝါစိုးမိုး )

ကိုအဏ္ဏဝါ သည် သူ ငယ်ငယ် လူမမည် အရွယ် က အမေ့ ရင်ခွင် ထဲမှာ ထိုင်ပြီး ခိုးခိုးခစ်ခစ် ရယ်မောရင်း ပျော်ရွှင် နေခဲ့ဖူးသည့် ပုံရိပ်တွေကို မှတ်မိနေသည် ။ အမေသည် ကိုအဏ္ဏဝါ ၏ လက်ချောင်းလေးတွေ ကို ထောင်ခိုင်းပြီး လက်မလေး ကို ဒေါက်တိုဟု အမည် ပေးသည် ။ လက်ညှိုးလေး ကို ရန်လိုဟု မှတ်သားခိုင်း သည် ။ လက်ခလယ်လေး ကို သူ့ ထက်ကဲ ၊ လက်သူကြွယ် ကို ရွှေပြည်စိုး ၊ လက်သန်းလေး ကိုတော့ ညီပုလေး ဟု လိုက်ဆို ခိုင်းသည် ။

နို့စို့အရွယ် လူမမည်လေး ကိုအဏ္ဏဝါ၏ ဝဝကစ်ကစ် ချစ်စရာ လက် ချောင်းလေးတွေ ကို ကြည့်ပြီး ပီတိဖြစ်နေသည့် အမေသည် သားလေး၏ လက်မ လေးကို ကောက်ကိုင်ပြီး ဒေါက်တို လို့ တိုင်ပေးသည် ။ ကိုအဏ္ဏဝါက မပီကလာ ပီကလာဖြင့် လိုက်ဆိုသည် ။ လက်ညှို.လေး ကို ကိုင်ပြီး ရန်လိုလို့ တိုင်ပေးပြန်သည် ။ ကိုအဏ္ဏဝါ က လိုက်ဆိုသည် ။ ဒီလိုဖြင့် သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေးတို့ ကို ကိုအဏ္ဏဝါ မှတ်မိနေသည် ။ အတိုအရှည် ၊ အရွယ်အစား ၊ တာဝန်နှင့် ရပိုင်ခွင့် တို့ကို မူတည်ပြီး လက်ချောင်းငါးချောင်းကို အမည်ပေးထားတာ မှတ်ရလွယ် သည် ။ အမေသင်ပေးလို့ လိုက်ဆိုတာကြောင့် မကြာခင်မှာပင် အလွတ် ရသွား သည် ။ အမေက လက် ငါးချောင်းကို ထောင်လိုက်တာနဲ့ ကိုအဏ္ဏဝါက ဒေါက်တို ၊ ရန်လို ၊ သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေး ဟု ဆိုနိုင်သည် ။

အမေ သင်ပေးလို့ လက်ချောင်းလေးတွေရဲ့ နာမည် ကို သိနေသည့် ကိုအဏ္ဏဝါ သည် နှစ်ပေါင်း သုံးဆယ်မျှ ကြာပြီးသောအခါ ဖခင် ဖြစ်လာသည် ။ သမီးလေးကို ရင်ခွင် ထဲမှာ ထားပြီး သမီးလေး ရဲ့ ချစ်စရာ လက်ချောင်းလေးတွေကို ကိုင်ပြီး တိုင်ပေးသည် ။ သမီးလေးရဲ့ လက်မလေး ကို ကိုင်ပြီး ဒေါက်တို ဟုလည်းကောင်း ၊ လက်ညှိုးလေး ကို ကိုင်ပြီး ရန်လို ဟုလည်းကောင်း ၊ သူ ငယ်ငယ်က ဆိုခဲ့ရသည့် အတိုင်း သူ့ ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေးတို့ ကို သမီးလေး မှတ်မိအောင် တိုင် ပေးသည် ။ သမီးလေး ကလည်း လိုက်ဆိုသည် ။ မကြာမီ သမီးလေး မှတ်မိပြီး အလွတ် ရသွားသည် ။ ပိုပြီး မှတ်မိအောင် လက်ငါးချောင်း ၏ ရုပ်လက္ခဏာ ၊ တာဝန်နှင့် ရပိုင်ခွင့်တွေကိုပါ ပြောပြသည် ။

လက်ချောင်းငါးချောင်း အနက် လက်မသည် အရပ် ပုလွန်းသည့် အတွက် ဒေါက်တို ဟု ခေါ်သည် ။ လက်ညှိုး သည် ရန်ဖြစ်လျှင် နင် ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ဆိုတာ သိရဲ့လားဟု သူတစ်ပါး ကိုရော မိမိကိုပါ လက်ညှိုးထထိုး ရာတွင် အသုံးပြုသည့်အတွက် ရန်လိုဟုခေါ်သည် ။ လက်ခလယ် သည် လက် ငါးချောင်း အနက် အရှည်ဆုံး ဖြစ်လို့ သူ့ထက်ကဲ လို့ ခေါ်သည် ။ လက်သူကြွယ် သည် နာမည် ကိုက သူကြွယ် ဖြစ်၍ ရွှေ ငွေ လက်စွပ် ဝတ်ဆင်ရသူ ဖြစ်လို့ ရွှေပြည်စိုး လို့ခေါ်သည် ။ လက်သန်းလေးကတော့ အငယ်ဆုံး ၊ အပုဆုံး ညီငယ် လေးဖြစ်နေလို့ ညီပုလေးလို့ ခေါ်သည့် အကြောင်း သူ့ငယ်ငယ်က သူ့အမေ သူ့ကို ပြောပြခဲ့သည့် အတိုင်း သူ့ သမီးလေးကို ပြန်ပြောသည် ။

ကိုအဏ္ဏဝါသည် သူ၏ အိမ်ထောင်သက် အနှစ် သုံးဆယ် အတွင်းမှာ ဖြစ် ထွန်း မွေးဖွားခဲ့သည့် သားသမီးလေးတွေကို လူမမည် အရွယ်မှာ လက်ချောင်း လေးတွေ ထောင်ခိုင်းပြီး ဒေါက်တို ၊ ရန်လို ၊ သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေး သင်ပေးခဲ့တာချည်း ဖြစ်သည် ။ ကိုအဏ္ဏဝါ၏ သားသမီးတွေအားလုံးပင် လက် ချောင်းလေးတွေ၏ အမည် ၊ တာဝန်နှင့် ရပိုင်ခွင့်တွေကို သိနေကြသည် ။

လက်ချောင်း ငါးချောင်း အနက် လက်မသည် မိမိ ကိုယ်တိုင် ကိုသော်လည်း ကောင်း ၊ သူတစ်ပါး ကိုသော်လည်းကောင်း ညောင်းညာ ကိုက်ခဲလျှင် နှိပ်ပေးရာ တွင် အသုံးဝင်သည် ။ စာမတတ်သူ အနေဖြင့် အမှတ်အသားတစ်ခု ပြုလုပ်ရာတွင် လက်ဗွေ နှိပ်ရာတွင် သူ သာလျှင် မပါဝင်မဖြစ် တာဝန်ယူရသည် ။ သို့သော် အရပ်ပုသည့် အတွက် ဒေါက်တိုဟု ချိုးနှိမ် အခေါ်ခံရသည် ။

လက်ညှိုး သည် နေရာ တော်တော်များများမှာ ပါဝင်၍ တာဝန်ယူရသည် ။
မင်းဘာလဲ ၊ ငါဘာလဲ ၊ နင်ပဲငဆ ပြောရဆိုရမည့် ကိစ္စမှာ မျက်နှာကို လက်ညှိုး ထိုးရာ တွင်လည်း အသုံးပြုရသည် ။ လမ်းပျောက်ပြီး ဒုက္ခ ရောက်နေသူကို လမ်းပြ ရာမှာလည်း လက်ညှိုးထိုးပြီး ပြရသည် ။ သိဒ္ဓတ္ထ မင်းသားလေးသည် ဘုရားစင်စစ် ဧကန် ဖြစ်ပါမည်ဟု တစ်ခွန်း တည်းသော ဟောကိန်း ထုတ်ခဲ့သော သုဒတ္တပုဏ္ဏား ထောင်ခဲ့သည့် လက်ချောင်း သည်လည်း လက်ညှိုးသာဖြစ်သည် ။ လူ့ပြည်မှာ ဘုရားပွင့်နေပြီ ၊ သွားဖူးပါဟု သာတာဂိရနတ်သားနှင့် ဟေမဝန်နတ်သားတို့ က ကာဋီသတို့သမီး ကို လမ်းညွှန် ခဲ့တာလည်း လက်ညှိုး ဖြင့်ပင် ဖြစ်သည် ။ သို့သော် လက်ညှိုးသည် နာမည်ကောင်း မရဘဲ ရန်လိုဟုပင် အမည် ရခဲ့သည် ။

လက်ခလယ် သည် ဘာ တာဝန်ကိုမှ တိတိကျကျ မယူရသော်လည်း ဟိုစပ်စပ် ၊ ဒီစပ်စပ်ဖြင့် နေရာတကာ သူပါသည် ။ သူ မပါပြန်လျှင်လည်း ကိုင်တွယ် ဖျစ်ညှစ်သည့် အခါ အားမရှိတာတော့ အမှန်ဖြစ်သည် ။ သူ့ တစ်ချောင်း တည်းတော့ ဘာမျှ သုံးမရသော လက်ချောင်းဖြစ်သည် ။ အများနှင့် စုပေါင်းတွဲဖက် ပြီး သုံးမှသာ အသုံးဝင်သူ ဖြစ်သည် ။ ဒါနဲ့တောင် သူ့ကို နာမည် ပေးရာမှာ ဘာကြောင့် သူ့ထက်ကဲ လို့ အမည်ပေးခဲ့ကြသည်မသိ ။ ခြေဖျား ထောက်ထားလို့ သူများ ထက် ခေါင်းတစ်လုံး သာနေ၍ ဖြစ်မည် ။

လက်သူကြွယ် သည်လည်း လက်ခလယ်ကဲ့သို့ပင် ဘာတာဝန် မှ တိတိ ကျကျ မရှိသော်လည်း ရပိုင်ခွင့်ကတော့ ထူးရှယ် ဖြစ်သည် ။ ရွှေလက်စွပ် ၊ စိန် လက်စွပ် မှန်သမျှ သူချည်း ဝတ်ရသည် ။ ဒါကြောင့်လည်း သူ့ကို သူကြွယ်ဘွဲ့ ပေးထားခြင်း ဖြစ်မည် ။ ရွှေပြည်ကို စိုးမိုးရသူ ဖြစ်၍ ချမ်းသာသည် ။

လက်သန်းလေးသည် အငယ်ဆုံး ၊ အသေးဆုံးလေး ဖြစ်၍ တာဝန် မရှိ သလို ရပိုင်ခွင့်လည်း သိပ်မရှိ ဖြစ်နေသည် ။ သူ့ နေရာနှင့် သူတော့ အသုံးဝင် သည့်နေရာလည်း ရှိပါသည် ။ လက်ချောင်း ငါးချောင်းတွင် အသေးဆုံးလက်ချောင်း ဖြစ်၍ နှာခေါင်းချေး နှိုက်ထုတ်ရာတွင် အသုံးဝင်သည် ။

ကိုအဏ္ဏဝါသည် သားသမီး ဘဝကို ပေါ့ပေါ့ဆဆ ဖြတ်သန်းခဲ့သော်လည်း မိမိကိုယ်တိုင် မိဘ ဖြစ်လာသောအခါ မိဘနှင့် သားသမီးတို့ ကြားမှာ ရိုးရာ ယဉ်ကျေးမှု အရ တည်ရှိနေသည့် တာဝန်နှင့် ရပိုင်ခွင့်တွေကို သတိထားမိလာ သည် ။ ကိုအဏ္ဏဝါ၏ မိဘတွေ သည် ရိုးသားသည့် တောသူတောင်သား ဆင်းရဲ သားတွေဖြစ်လို့ တချို့ ကိစ္စတွေမှာ မိဘတာဝန် မကျေပွန်သလို ဖြစ်ခဲ့ရသည်ဟု ထင်သည် ။ မိဘဝတ္တရားငါးပါး ရှိသည့် အနက် မကောင်းတာ မလုပ်ရန် တားမြစ် ခဲ့ကြပါသည် ။ ကောင်းတာလုပ်ရန်ကိုလည်း တိုက်တွန်း ခဲ့ကြပါသည် ။ အတတ် ပညာသင်စေသည့် အပိုင်းမှာတော့ သူတို့ ကိုယ်တိုင်ကလည်း ပညာမတတ်သူတွေ ဖြစ်လို့ သားလေးကို အဏ္ဏဝါကို ဘာအမွေမှ မပေးနိုင် ဖြစ်ခဲ့ရသည် ။ ထိမ်းမြား ပေးခြင်းကိစ္စမှာလည်း ယောက္ခမ အဘွားကြီး ကျေးဇူးကြောင့် ကိုအဏ္ဏဝါ မိန်းမ ရခဲ့ခြင်း ဖြစ်သည် ။

ကိုအဏ္ဏဝါသည် သူ့သားသမီးတွေ အပေါ်မှာ မိဘဝတ္တရား ကျေပွန်အောင် အထူး ဂရုစိုက်သည် ။ မကောင်းမြစ်တား ၊ ကောင်းရာညွှန်လတ် ၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်း ပြုလုပ်ရန် အမြဲတမ်း အသင့် ပြင်ထားသည် ။ မိမိ ဗဟုသုတ ရှိသလောက် တားမြစ်ခဲ့သည် ။ ညွှန်ပြခဲ့သည် ။ အားလုံးကို ဘွဲ့ ရအောင် ပညာ သင်ပေးခဲ့သည် ။ သူတို့ဘဝ အနာဂတ် ရပ်တည်ရေးအတွက် အလုပ်အကိုင် ရှာဖွေရာမှာလည်းကောင်း ၊ သူတို့ လုပ်ချင်သည့် စီးပွားရေးလုပ်ငန်း တွေအတွက် လိုအပ်သည့် အရင်းအနှီးကို စိုက်ထုတ်ပေးခဲ့သည် ။ ကိုအဏ္ဏဝါ၏ သားသမီးတွေ တစ်ယောက်မှ အိမ်ထောင်မပြု ၊ လင်ယူသားမွေး မလုပ်ကြသေး သည့်အတွက် ထိမ်းမြား မပေးရသေး ဖြစ်နေသည် ။

ဒီနေရာမှာ စကား လမ်းကြုံလို့ ပြောပြချင်တာ တစ်ခုရှိသည် ။ ယခုခေတ် လူငယ်တွေ မယားယူ ၊ လင်ယူကြတာဟာ ရှေးခေတ်နှင့် လုံးဝ မတူတာကို ပြော ချင်သည် ။ ကိုအဏ္ဏဝါရဲ့ အဖေနှင့် အမေတို့ခေတ်က မယားယူ ၊ လင်ယူနည်း နှစ်နည်းသာရှိသည် ။ ကြိုက်လို့ အောင်သွယ် က တစ်ဆင့် ပြောနည်းနှင့် လူကြီး ချင်းသဘောတူလို့ ညားကြခြင်းတို့ဖြစ်သည် ။ ကိုအဏ္ဏဝါ၏ အဖေနှင့် အမေသည် လူကြီးချင်း သဘောတူလို့ လက်ထပ်ခဲ့ကြတာလို့ သိရသည် ။ ကိုအဏ္ဏဝါ၏ အဒေါ်နှင့် ဦးလေးတို့ ကိုလည်း လူကြီးချင်း သဘောတူလို့ ပေးစားခဲ့ကြတာ ဖြစ် သည် ။ အပျို လူပျိုဘဝမှာ တစ်ဦးကိုတစ်ဦး နှုတ်ဆက်စကား ပြောဖို့ဆိုတာ အသာထားလို့ သေသေချာချာတောင် မမြင်ဖူးကြဟု သိရသည် ။ ဒါပေမဲ့ လင် မယား ဖြစ်လာကြတော့ ချစ်လိုက်ကြတာမှ သည်းသည်းကိုလှုပ်လို့ ။ မိဘပေးစား လို့ ယူ လိုက်ရတဲ့ မယား သို့မဟုတ် လင်ကို ချစ်နိုင်ပါသည်ဆိုတဲ့ သာဓကကို ပြလိုခြင်း ဖြစ်ပါသည် ။ ကိုအဏ္ဏဝါ၏ အဖေနှင့် အမေတို့ သည်လည်း တစ်ဦးကို တစ်ဦး အလွန် ချစ်ကြသည် ။

ယခုခေတ် လူငယ်တွေ မှာတော့ မယားယူ ၊ လင်ယူနိုင်သည့် နည်းတွေ အများကြီး ရှိသည့်အနက် အောင်သွယ် ကတစ်ဆင့် ပြောခိုင်းသည့် နည်းသည် အဆင့်အနိမ့်ဆုံး ၊ ခေတ်မမီဆုံး နည်းဖြစ်သည် ။ မိဘချင်း သဘောတူ လို့ ယူကြ တာမျိုးကတော့ ရှေးဟောင်းပစ္စည်း အဖြစ် ပြတိုက်ထဲမှာလိုက်ရှာရမည် ဖြစ်သည် ။ ဘတ်စ်ကား မှတ်တိုင်မှာ သို့မဟုတ် လမ်းပေါ်မှာတွေ့ ပြီး စကားလိုက်ပြောလို့ ကြိုက်သွားကြ ၊ မကြာမီ လက်ထပ်လိုက်ကြသည် ။ ဟိုတယ်နှင့် စားသောက်ဆိုင် သီဆိုပွဲ မှာတွေ့ ပြီး ညတွင်းချင်း ညားသွားသည့် လင်မယားတွေ တောင် ရှိသည် ။

ယခု ခေတ်လို မယားယူ ၊ လင်ယူသည့် နည်းပညာ တိုးတက်နေသည့် ခေတ်မှာ ကိုအဏ္ဏဝါ၏ သားသမီးတွေ တစ်ယောက်မျှ အိမ်ထောင် မကျကြတာ အံ့သြစရာ အတော် ကောင်းသည် ။ သူတို့ ဘာသာ သူတို့လည်း မရှာ ၊ မိဘရှာပေး တာကို ယူဖို့ဆိုတာကတော့ စိတ်တောင် ကူးကြဟန် မတူ ။ လူပျိုကြီး ၊ အပျိုကြီးတွေ ဘဝဖြင့် မိဘရဲ့အရိပ်အာဝါသမှာနေရတာ အရသာတွေ့ နေကြသည် ။ သိနေကြ တယ်လေ ။ မယားယူ ၊ လင်ယူလိုက်လျှင် မိဘရဲ့အရိပ်အောက်က ထွက်ရမယ် ၊ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်ရတော့မယ် ၊ မိဘအိမ်မှာ နေရတာ လောက် မချောင်နိုင်ဘူး ဆိုတာကို သိနေကြတော့ မယားမယူ ၊ လင်မယူကြဘဲ အောင့်ထား ကြသည် ။

ကိုအဏ္ဏဝါ၏ သမီးအကြီးမသည် တက္ကသိုလ်မှာ ဆရာမ အလုပ် ရသွား သည် ။ အသက်ကလည်း သုံးဆယ်ကျော်နေပြီဖြစ်လို့ လင်ရဖို့ မျှော်လင့်ချက် အတော် နည်းသွားပြီ ဖြစ်သည် ။ ဘွဲ့ရ ၊ ပညာတတ် အမျိုးသမီးတွေ အသက်ကြီး လာလျှင် လင်မရဘဲ အပျိုကြီး ဖြစ်တတ်သည် ။ သူတို့ရဲ့ ပညာဂုဏ် ၊ ရာထူးဂုဏ် တွေကြောင့် သူတို့ကို ကြိုက်သူတွေ ကလည်း သူတို့ကို မမှန်းရဲတော့ဘဲ ကိုယ်နဲ့ တန်ရာ သင့်ရာတော်ရာကို ရွေးယူ သွားကြတော့သည် ။ ဒီလိုပုံစံဖြင့် ဥစ္စာပေါ ၊ ရုပ်ချော သူဌေးသမီးတွေ နှင့် ပညာတတ် ၊ ရာထူးကြီး အမျိုးသမီးတွေ အပျိုကြီး ဖြစ်ကြရသည် ။

ကိုအဏ္ဏဝါ၏ အတွေ့အကြုံအရ ပြောရမည် ဆိုလျှင် ရုပ်ရည်အသင့် အတင့်ရှိပြီး ပညာမတတ်၍ အလုပ်မရှိ အကိုင်မရှိ ယောင်လည်လည် ဖြစ်နေသည့် အမျိုးသမီးတွေ လင်ရလွယ်တတ်ကြသည် ။ ကိုအဏ္ဏဝါသည် ဇနီး မဖြူတုတ် ကို ဒီလို အခြေအနေမျိုးမှာ ရအောင် ယူနိုင်ခဲ့တာ ဖြစ်သည် ။ မဖြူတုတ် သည် ဆယ်တန်း ကို နှစ်ခါကျပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာ လင်ရခဲ့ခြင်း ဖြစ်သည် ။ အကယ်၍သာ မဖြူတုတ် ဆယ်တန်းကို နှစ်ချင်းပေါက် အောင်လို့ တက္ကသိုလ် ကျောင်းသူ ဖြစ်နေလျှင် ကိုအဏ္ဏဝါ ကလည်း မဖြူတုတ် ကို အထင်ကြီးပြီး မှန်းရဲမည် မဟုတ် ။ မဖြူတုတ် ကလည်း ကိုအဏ္ဏဝါ လို ဘုန်းကြီးကျောင်းထွက် ၊ ခေတ်ပညာ မတတ်သည့် ပုဂ္ဂိုလ်မျိုးကို စဉ်းစားမည် မဟုတ်၍ လင်မယားဖြစ်လာ ဖို့ အကြောင်း မရှိဟု ဆိုနိုင်သည် ။

ကိုအဏ္ဏဝါသည် အသက် ကြီးလာသည့် အပြင် ဝင်ငွေလည်း မရှိ၍ အစစခြိုးခြံချွေတာသည် ။ ကိုယ်ပိုင်ကားကိုတောင် ဓာတ်ဆီ ကုန်မှာစိုးလို့ မစီးဘဲ ကုန်းကြောင်း လျှောက်သည် ။ ဘတ်စ်ကားတိုးစီးသည် ။ ကိုအဏ္ဏဝါကသာ ကားနာမှာ စိုးလို့ ၊ ဓာတ်ဆီ ကုန်မှာစိုးလို့ ကားကို မသုံးသော်လည်း ကိုအဏ္ဏဝါ ၏ သမီးကြီး က သူ့ အလုပ်သွား အလုပ်ပြန် အတွက် တစ်ပတ်မှာ ငါးရက် ကားသုံးသည် ။ စနေနှင့် တနင်္ဂနွေနေ့တွေမှာလည်း အကြောင်းအမျိုးမျိုးဖြင့် ကား သုံးပြန်သည် ။ ဒီတော့ အဆုံးအရှုံး ၊ အလေအလွင့် ၊ အပွန်းအပဲ့တွေ ဖြစ်လာသည် ။ အဲဒီဝန်ဆောင် စရိတ်တွေ ကို ကိုအဏ္ဏဝါ ကျခံရသည် ။ သူများတွေ မှာ ကိုယ်ပိုင်ကား တစ်စီး ရှိလျှင် ထမင်း စားလောက်သည် ဟု ကြားဖူးသည် ။ ကိုအဏ္ဏဝါ မှာတော့ ကားဝန် ပိနေသည် ။

ကိုအဏ္ဏဝါ ဝင်ငွေ ရှိစဉ်က ဝယ်ယူစုဆောင်းထားခဲ့သည့် ရွှေငွေ လက်ဝတ် လက်စားတွေ ကို သားသမီးတွေ က အလှူအတန်း ၊ ပွဲလမ်းသဘင် သွားစရာ ရှိလျှင် ယူပြီး ဝတ်ဆင်ကြသည် ။ အလှူအတန်း က ပြန်ရောက်တော့လည်း ပြန်မအပ် ကြဘဲ မသိမသာ အပိုင်ယူ ထားကြသည် ။ သားသမီး နှင့် မိဘ ဖြစ်နေလို့ ပြန် တောင်း ယူရမှာလည်း ခက်နေသည် ။ မယုံဘူးလားလို့ ပြန် မေးမှာကိုလည်း ကြောက်ရသေးသည် ။ ဒီလိုဖြင့် မဖြူတုတ်၏ လက်ဝတ်ရတနာတွေသည် သမီး တွေဆီမှာ ရောက်နေကြတော့သည် ။

ကိုအဏ္ဏဝါ သင်္ဘောသား ဘဝဖြင့် နှစ်ပေါင်း နှစ်ဆယ်အတွင်း ဝယ်ယူ တင်သွင်း လာခဲ့သည့် အသုံးအဆောင်တွေနှင့် အဝတ်အစားတွေသည် ဗီရိုကြီးတွေ ၊ ရှိုးကေ့စ်တွေ ထဲမှာ အပြည့်ရှိခဲ့သည် ။ နှစ်တွေ ကြာလာတော့ တဖြည်းဖြည်း လျော့နည်း ပျောက်ဆုံးကုန်တော့သည် ။ ဘယ်ရောက် ကုန်သလဲ အောက်မေ့ပါ တယ် ၊ သားသမီးတွေရဲ့ အခန်းတွေထဲကို ရောက်နေတာ တွေ့ ရသည် ။ အဖေနှင့် အမေတို့ မသေမီ လက်ဦးအောင် ရယူထားမှ စိတ်ချရသည် ဆိုသည့်မူဖြင့် ယူထား ကြခြင်း ဖြစ်ဟန် တူပါသည် ။ မဖြူတုတ် ကတော့ မိဘပိုင်ပစ္စည်းပဲ ၊ သားသမီးတွေ
ယူတာ ယူပါစေဟု ပြောပြီး ခွင့်လွှတ်သည်းခံနေသည် ။ ကိုအဏ္ဏဝါကတော့

သူ့ သားသမီးတွေကို ( ရွှေပြည်စိုး ) တွေလို့ နာမည် ပေးလိုက်သည် ။ သားသမီးတွေ လင်ယူသားမွေး မလုပ်ကြဘဲ မိဘနှင့် ဥမကွဲ သိုက်မပျက် နေတာ ပျော်စရာကောင်းတယ်ဆိုပြီး မဖြူတုတ်က ဘဝကို ကျေနပ်နေသည် ။ လူဆိုတာ အချိန်တန် အရွယ် ရောက်လာလို့ရှိရင် မိဘအုပ်ထိန်းမှု အောက်က ရုန်းထွက်ရဲရမည် ။ ကိုယ့်ဝန် ကိုယ်ထမ်းပြီး ကိုယ့်လမ်း ကိုယ်လျှောက်ရဲရမည် ဟု နားလည်ထားသည့် ကိုအဏ္ဏဝါနှင့် မဖြူတုတ်တို့ သဘောချင်း မတိုက်ဆိုင် ဖြစ်နေသည် ။ လူမပြောနဲ့ ၊ သစ်ပင်ပန်းမန်တွေ တောင် သီးချိန်တန်လျှင် သီးကြ သည် ၊ ပွင့်ချိန်တန်လျှင် ပွင့်ကြသည် ။ တိရစ္ဆာန်တွေဟာ ကိုယ့်ဝမ်းစာ ကိုယ်ရှာ မစားနိုင်သေးသည့် ကာလအထိသာ မိဘကို အားကိုးပြီးနေသည် ။ အချိန်တန် အရွယ်ရောက် လာသောအခါ ကိုယ့်ဝန် ကိုယ် ထမ်းရန် အတွက် ကိုယ့်လမ်းကိုယ် လျှောက် သွားကြတော့သည် ။

ကိုအဏ္ဏဝါ ကတော့ အချိန်လွန် အရွယ်လွန် နေကြသည့်တိုင်အောင် လင်ယူ သားမွေး မလုပ်ကြသေးဘဲ မိဘရဲ့အရိပ်မှာခိုပြီး ပျော်နေကြသည့် သူ့သားသမီးတွေ သည် တိရစ္ဆာန်တွေထက် ပိုပြီး မိဘကို ခင်တွယ်သူတွေ ဖြစ်လို့ ( သူ့ထက်ကဲ ) တွေ ဟု စိတ်ထဲက ခေါ်နေမိပါသည် ။

▣ အဏ္ဏဝါစိုးမိုး

📖 ကလျာမဂ္ဂဇင်း
      မတ်လ ၊ ၂ဝဝ၄ ခုနှစ်

Friday, November 15, 2024

တံခါးခေါက်သံ နှင့် ကိုအဏ္ဏဝါ

 

😋 တံခါးခေါက်သံ နှင့် ကိုအဏ္ဏဝါ
      ( အဏ္ဏဝါစိုးမိုး )

ကိုအဏ္ဏဝါ ကို သူ့ ဇနီး နှင့် သားသမီးတွေ က ရူးဖို့ စ နေပြီ လို့ ထင်နေကြသည် ။ စိတ်ရောဂါအထူးကု သမားတော် နဲ့ ပြဖို့ တိုင်ပင် နေကြသည် ။ ကိုအဏ္ဏဝါ ၏ အမူအရာ ကလည်း ရူးဖို့ စ နေပြီ လို့ ပြောချင်စရာ ဖြစ်နေသည် ။ မျက်စိ က ကျီးကန်း တောင်းမှောက် ကြောက်ကြောက်ရွံ့ရွံ့ ပုံစံ ဖြင့် အိမ်အဝင် လမ်း ကို လှမ်းလှမ်း ကြည့် နေသည် ။ တစ်စုံတစ်ယောက် က သူ့ အိမ်တံခါး ကို လာ ခေါက်ပြီး ခေါ်သွားတော့မည် ဟု ပြောနေသည် ။ ဘယ်ကို ခေါ်သွားမှာလဲ ၊ သင်္ချိုင်းကုန်း လား ၊ နောက် ဘဝ ကို လား မကွဲမပြား ဖြစ်နေသည် ။ မိသားစုက မေးတော့ လည်း မဖြေဘဲ နေသည် ။

ကိုအဏ္ဏဝါ အသက် ခြောက်ဆယ် ကျော် လာသည့် ၂ဝဝဝ ခုနှစ် နောက်ပိုင်း ကစပြီး အနေအထိုင် အပြောအဆို အမူအရာတွေ ပြောင်း သွားသည် ။ ရင့်ကျက် တည်ငြိမ် သွားသည် လို့တောင် ပြောရမလို ဖြစ်သွားသည် ။ နိုင်ငံခြားသင်္ဘောသား ဘဝ မှ အနားယူ လိုက်၍ လည်း ဖြစ်နိုင်သည် ။ ဝတ်ပုံစားပုံ ကစပြီး သိသိသာသာ ပြောင်းလဲ သွားသည် ။ နှစ်ပေါင်း နှစ်ဆယ်ကျော် ဝတ်လာခဲ့သည့် ဘောင်းဘီတွေ ၊ ရှူးဖိနပ်တွေ နှင့် နက်ခ်တိုင် ( လည်စီး ) တွေကို အသုံးပြုဖို့ နေနေသာသာ ကိုင်တောင် မကြည့်တော့ဘဲ ပလေကပ်လုံချည် ၊ လည်ကတုံးအင်္ကျီ ၊ ကတ္တီပါဖိနပ်တွေ ကိုသာ ဝတ်ဆင် နေသည် ။ စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲ သွားသည်ဟု ပြောရမလို ဖြစ် နေသည် ။

ကိုအဏ္ဏဝါ နှင့် ပတ်သက်ပြီး ပို၍ အံ့သြစရာ ကောင်းတာက ဘာသာတရား ရိုသေကိုင်းရှိုင်း လာခြင်းပင် ဖြစ်သည် ။ ကံငါးပါး မြဲခြင်း မမြဲခြင်း နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာပြီ ဆိုလျှင် သူ့ ကိုယ်သူ ခုခံပြောဆိုလေ့ ရှိသည် ။

သူ သည် ငယ်စဉ် ကျွဲကျောင်းသား ၊ နွားကျောင်းသား ဘဝ မှာ မလိမ္မာ လို့ ပုစွန်လုံးနှိုက် ၊ ဖားရိုက် ၊ ငှက်သိုက်ဖျက် လုပ်ခဲ့ဖူးသော်လည်း အသက် ကြီးလာသော အခါ မလုပ်တော့ပါဟု ဆိုသည် ။ တော မှာ နေစဉ် က မြို့သားဧည့်သည် လာ လျှင် အိမ်မွေးကြက် ကို ရိုက်သ,တ်ပြီး ချက်ကျွေးခဲ့ ဖူးသော်လည်း အသက် ( ၁၈ ) နှစ် သား အရွယ် မှာ မြို့သား ဖြစ်သွားလို့ နောက်ထပ် ကြက်သ,တ်ရန် မလိုတော့ပါ ဟု ဆိုသည် ။ သို့ဖြစ်၍ ပါဏာတိပါတကံ လုံနေတာ ကြာပြီ ဟု ဆိုသည် ။

အဒိန္နာဒါနာကံ ကလည်း ပြောပလောက်အောင် မရှိဟု ဆိုသည် ။ အစိုးရ အမှုထမ်း လုပ်ခဲ့ဖူး၍ စီးပွား မဖြစ်ဘဲ နာမည်ပျက်ရုံလေး ခြောက်ပြားတစ်ပဲ အလွဲသုံးစားလေးတွေ လောက်သာ ရှိခဲ့သည် ဟု ဆိုသည် ။

ကာမေသုမိစ္ဆာစာရကံ နဲ့ ပတ်သက်လို့ ကတော့ ကင်းသည် ၊ ရှင်းသည် ၊ လိပ်ပြာသန့်သည် ဟု ဆိုသည် ။ ရောက်လေရာ နိုင်ငံတကာမှာ သူနဲ့ တွဲခဲ့သည့် အမျိုးသမီးတွေ မှာ လင်ရှိသလား ၊ မရှိလား သူ မသိ ဟု ဆိုသည် ။ ဒီကိစ္စ အတွက် ကိုယ်ရေးရာဇဝင် တောင်းကြည့်စရာ မလိုဟုဆိုသည် ။

မုသာဝါဒ ကတော့ လူအထင်ကြီး ခံချင်လို့ ကြွားတာဝါတာ ၊ လိမ်တာလေး တွေပဲရှိသည် ။ စီးပွားဖြစ် ဖိုးတွမ်တီး ရိုက်တာ လုံးဝ မရှိသည့် အတွက် လုံတယ်လို့ ပြောရဲတယ် ဟုဆိုပါသည် ။

သူရာမေရယ ကတော့ ရိုးသားစွာ ဝန်ခံရလျှင် အတော် ကြိုက်ပါတယ် ။ ကြိုက်လို့ လည်း နှစ်ပေါင်း အတော် ကြာအောင် သောက်ခဲ့ပါတယ် ။ အခုတော့ သွေးတိုးရောဂါ နဲ့ အစာအိမ်ရောဂါ တို့ကြောင့် မသောက်ရဲလို့ မသောက်ဘဲ အောင့် ထားသည့် အတွက် လောလောဆယ် လုံနေတယ်ဟုဆိုသည် ။

ဆွမ်းခံကိုယ်တော် မိန့်ကြားသည့် စကားကို အတော် သဘောကျ နေသည် ။ ကံငါးပါး လည်း လုံတယ် ၊ ရတနာသုံးပါး ကိုလည်း သက်ဝင် ယုံကြည်တယ် ဆိုလျှင် အပါယ်တံခါး ပိတ်တယ် ဆိုသည့် စကား ဖြစ်သည် ။ ကိုအဏ္ဏဝါ သည် မိရိုးဖလာ အရ ရတနာသုံးပါး ကို သက်ဝင်ယုံကြည်တယ် ဆိုတာ အငြင်းပွားစရာ မရှိပါ ။ ကံငါးပါး လုံသည့် ကိစ္စ ကတော့ သူ့ စွဲချက်နှင့် သူ့ထုချေလွှာ ချိန်ခွင်လျှာ ညီနေ၍ သူ့ ဘာသာ သူသာ အသိဆုံး ဖြစ်မည် ။ ဆွမ်းခံကိုယ်တော်လေး က သတိပေး စကား လည်း ပြောကြားသွားသည် ။

“ ဒကာကြီး အသက် ခြောက်ဆယ် ကျော်လာပြီ ဆိုတော့ လာလမ်းကို ပြန် ရမယ့်အချိန် နီးလာပြီနော် ၊ သေမင်း က တံခါး လာခေါက်နေပြီ ၊ သုံးဆယ့်တစ်ဘုံ မှာ ကျင်လည်တဲ့ အခါ ဗြဟ္မာ့ပြည် နဲ့ နတ်ပြည် မရောက်နိုင်ရင်တောင် မှ လူလောက် တော့ ပြန်ဖြစ်နိုင်အောင် အခုအချိန် ကစပြီး သတိ ရှိဖို့လိုပြီး ငရဲ ၊ တိစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံ ကို ကျသွားရင် လူဖြစ်ရှုံးပြီ ”

ဒါက သူ့ အိမ်မှာ ဆွမ်းခံ နေတဲ့ ဆွမ်းခံ ကိုယ်တော်လေး က မိန့်ကြားခဲ့ တာဖြစ်သည် ။ ပြီးခဲ့တဲ့ သင်္ကြန်ရက် မှာ ကိုအဏ္ဏဝါ ဒုလ္လဘ ဝတ်ခဲ့သည် ။ တရားစခန်းကို ဆယ်ရက် ဝင်ခဲ့သည် ။ ဝိပဿနာ တရားပြဆရာတော် က တစ်မျိုး သတိ ပေးသည် ။

‘ ဒါန ၊ သီလ ရှိရုံမျှ နဲ့ ကိစ္စ မပြီးဘူး ယောဂီတို့ ။ ရုပ်နာမ်ဓမ္မသဘာဝ တို့ ရဲ့ ဖြစ်ပျက် ကို မြင်ပြီး မွေး ၊ အို ၊ နာ ၊ သေ သံသရာစက်ဝိုင်း မှာ မရပ်မနား လျှောက်နေရမယ့် အဖြစ် ကို ကြောက်ပြီး ဘဝအသစ် တစ်ဖန် ပြန် မဖြစ်ဖို့ အတွက် မဂ်လမ်း ကို ရှာကြရမယ် ။ မဂ်လမ်း ကို ရှာတဲ့အလုပ်ကတော့ ဘာဝနာ လို့ခေါ်တဲ့ တရားအားထုတ်ခြင်းပါပဲ ။ ဒါန ၊ သီလ ၊ ဘာဝနာ သုံးဖြာသော အာစိဏ္ဏကံ အလေ့အထ နဲ့ ပြည့်စုံစွာ နေထိုင်ကြရမယ် ။

နိဗ္ဗာန် မရမီစပ်ကြား ဘဝများစွာ သံသရာ မှာ သတ္တဝါတစ်ကောင် ရဲ့ အမိဝမ်း မှာ ပဋိသန္ဓေ နေရခြင်း ၊ မွေးဖွားကြီးပြင်း ရှင်သန်အောင် ဘဝဆန်စွာ ရုန်းကန်ရခြင်း ၊ ရောဂါ အနာတရ ဖြစ်ရခြင်း ၊ နောက်ဆုံးမှာ ရုပ်နာမ်ခန္ဓာ ကို စွန့်ခွာသွားရပြန်ခြင်း စသည့် အတောမသ,တ်နိုင်သည့် ဒုက္ခသံသရာ ကို မြင်သာ အောင် ’ ဆရာတော် က တရားပြသည် ။

သေခြင်းတရား ကို မဆိုထားနှင့် အိုခြင်း ၊ နာခြင်းတွေ ကိုတောင် သတိ မထားမိဘဲ တရားမသိ ၊ တရားမရှိ နေလာခဲ့သည့် ကိုအဏ္ဏဝါ သည် ဆရာတော် ၏ တရား ကို နာကြားပြီးသော အခါ သံသရာမှာ လည်ရ မှာ ကြောက်သွား လေသည် ။ တရားရိပ်သာ မှ အိမ်ပြန် ရောက်လာပြီး ကတည်းက ကိုအဏ္ဏဝါ အချိုး ပြောင်းသွားသည် ။ အိပ်ရာဝင် အိပ်ရာ ထ ဘုရားရှိခိုးသည် ၊ တရား ရှုမှတ်သည် ။ ကောင်းတဲ့ အလုပ်တွေ ဖြစ်လို့ မိသားစုက ဝမ်းသာကြသည် ။

မိသားစု နား မလည်နိုင် အောင် ဖြစ်ရသည့် ကိစ္စ က ကိုအဏ္ဏဝါ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် ကိစ္စ ဖြစ်သည် ။ သူ့ ကို တစ်စုံတစ်ယောက် က လာခေါ်တော့မည် ဆိုသည့် ပုံစံဖြင့် အိမ်ရှေ့ ကို မကြာခဏ ကြည့်သည် ။ တံခါးခေါက်သံ ကို နားစွင့်နေခြင်းပင် ဖြစ်သည် ။ သူ့ ဇနီး ဒေါ်ဖြူတုတ် နှင့် သားသမီးတွေ က စိတ်ရောဂါအထူးကုသမားတော် နဲ့ ပြဖို့ တိုင်ပင် နေကြတာကို သိသည့် ကိုအဏ္ဏဝါ ပြုံးသည် ။

သူ့ ဇနီး နှင့် သားသမီးတွေ ကို တရား မသိသူတွေ ဟု ဆိုသည် ။ သေခြင်းတရား ကို မေ့လျော့နေသူတွေ ဟု ပြောသည် ။ သူ သည် သေရမှာ မကြောက်တော့ သည့် အတွက် သေမင်း ကို ရင်ဆိုင်ရန် အသင့် ဖြစ်နေသူ ဟု ဆိုသည် ။ သေမင်း ၏ တံခါးခေါက်သံ ကို နားစွင့် နေသည် ဟု ဆိုပါသည် ။ ဒီအချိန်မှာပဲ တံခါးခေါက်သံ ပြင်းပြင်း ကို ကြားလိုက်ကြရသည် ။

“ ဟော ... ဟော ... သူ .. သူ ... လာပြီ ”

ကိုအဏ္ဏဝါ ၏ဇနီး ဒေါ်ဖြူတုတ် က တံခါး ပြေးဖွင့်ကြည့်သည် ။ အိမ်ရှေ့ မှာ ပတ်ပလစ်ကာ ကား တစ်စီးဖြင့် ရောက်လာကြသော သင်္ဘောသား သုံးလေး ယောက် ကို တွေ့ လိုက်ရသည် ။ ကိုအဏ္ဏဝါ နှင့် အတူ ရေတပ်မှ ထွက်ပြီး သင်္ဘော လိုက်ခဲ့ကြသည့် သူငယ်ချင်းတွေ ဖြစ်သည် ။ ကားပေါ် က ဆင်းပြီး အိမ်ထဲ ဝင်လာ ကြသည် ။ အိမ်ရှေ့ က ဆိုဖာပေါ်မှာ ထိုင်ပြီး ပုတီးစိပ် နေသည့် ကိုအဏ္ဏဝါ ကို ဆူဆူညံညံ နှုတ်ဆက်ကြသည် ။

“ ဟေ့ ... စိုးကြီး ၊ ဟာ ... ပုတီးတွေ ဘာတွေ စိပ်လို့ပါလား ၊ ဒုက္ခပဲ ” 

“ ဟေ့လူ ... ဘာ လိုင်းကြောင် နေတာလဲ ၊ ခင်ဗျား ကို ခေါ်မလို့ လာတာ ”

“ ဒီမှာ ... ဂျော်နီဝါကား ဘလူးလေဘယ် ၊ ဒေါ်လာ တစ်ရာ ပေးခဲ့ရတယ် ၊ လာ ... သွားမယ် ”

မနေ့က မှ မြန်မာပြည် ကို ပြန်ရောက်လာဟန် တူသူ က ဘလူးလေဘယ် ၁.၅ လီတာ ပုလင်းကြီး ကို မြှောက်ပြသည် ။ ဈေးကြီးလွန်းလို့ ကိုအဏ္ဏဝါ တစ်ခါမှ မသောက်ဖူးသေးသည့် ဘလူးလေဘယ် ပုလင်းကြီး ကိုမြင်တော့ ကိုအဏ္ဏဝါ အံ့သြ သွားသည် ။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်းမှာ ၁၀ ဒေါ်လာတန် ရက်ဒ်လေဘယ် နှင့် ဆယ့်ရှစ်ဒေါ်လာတန် ဘလက်လေဘယ် တို့ ဖြင့်သာ ကျေနပ်ခဲ့ ရသည် ။ ဘလူးလေဘယ် ကို သောက်ဖူးဖို့ ဆိုတာ အသာ ထားလို့ သေသေချာချာ တောင် မမြင်ဖူးသေး ဖြစ်နေသည် ။

“ ကဲ ... လာ .. သွားမယ် ၊ အဝတ်အစားတွေ ဘာတွေ လဲမနေနဲ့ ” 

တစ်ယောက် က ကိုအဏ္ဏဝါ ရဲ့ လက် ကို ဆွဲပြီး ထခိုင်းသည် ။ သိပ်ပြီး အားစိုက် ခွန်စိုက် မဆွဲလိုက်ရဘဲ ပါသွားသည် ။ မလိုက်ဘူးလို့ မပြောဘဲ ပုတီး ကို ထားခဲ့ပါရစေဦး ဟုသာ ပြောသည် ။ ကိုအဏ္ဏဝါ ကို ကားရှေ့ခန်း မှာ ထိုင်ခိုင်းပြီး ကားမောင်း ထွက်သွားကြတော့သည် ။

◾အဏ္ဏဝါစိုးမိုး

📖 ရယ်စရာ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၀၄ ခုနှစ်

Friday, November 1, 2024

စီးဖူးတာချင်း ပြိုင်ချင်တယ်

 

❝ စီးဖူးတာချင်း ပြိုင်ချင်တယ် ❞
       ( အဏ္ဏဝါစိုးမိုး )

ဆရာအီကြာကွေးခေါ် ဂုရုကွေး ၊ လောင်စီကွေး ၊ အီကွေလျားကြီးသည် အလွန် ကြွားသူဖြစ်သည် ။ သူသည် အလွန် အေးချမ်းသော မဟာသန္တိ သုခ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု ဆိုသည် ။ သူများတွေလို ဘယ်မှာ သိန်း ၅၀ ပါသွားလို့ ၊ ဘယ်မှာ သိန်း ၁ဝဝ ထားမိလို့ သောက ဖြစ်နေရတယ် ၊ ပူနေရတယ် ဆိုတာမျိုး မရှိလို့ အေးချမ်းသည်ဟု ဆိုပါသည် ။ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိဘဲ သိန်းငါးဆယ် တန် ဘုရားတန်ဆောင်းကြီးတစ်ခုကို ဓနုဖြူမြို့မှာ လှူထားပြီးပြီဟုဆိုသည် ။

ပိုက်ဆံတစ်ပြားမှ မရှိသော်လည်း ကားမျိုးစုံ ကို သူစီးဖူးတယ်ဟု ကြွား ပြန်သည် ။ လိုင်းဘတ်စ်ကားမျိုးစုံတွေထဲက သစ်သားဘော်ဒီ တင်ထားသည့် အမေရိကန်လုပ် ချက်ဗလက် ခေါင်းတိုက စပြီး သံဘော်ဒီ တင်ထားသည့် ဒေါ့ဂျစ် ၊ ဂျပန်လုပ် စစ်လျော်ကြေးရ ဟီးနိုး ၊ ကိုရီးယားလုပ် ဒေဝူးနှင့် ဟွန်ဒိုင်းကားကြီး တွေကို စီးဖူးသည်ဟု ဆိုသည် ။ သုံးဘီးနှင့် လေးဘီးကားတွေ ခေတ်မှာလည်း ဗွက်ပေါက်အောင်စီးခဲ့ဖူးသည်ဟုဆိုသည် ။

သူဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတာကတော့ ဒီဘက်ခေတ်မှာ ပေါ်လာ သည့် ဆလွန်းကားမျိုးစုံကို သူစီးဖူးတယ်ဆိုတာပဲ ဖြစ်သည် ။ ကိုအဏ္ဏဝါရဲ့ ကိုရိုနာ ၊ သောကြာ အယ်ဒီတာ ဆရာဝေသာရဲ့ စူပါရု ၊ ဆရာဆွေမင်း ( ဓနုဖြူ ) ၊ တွတ်ပီရဲ့ တောင်းအေ့စ် ၊ စာအုပ်ဖြန့်ချိရေးဆရာ ကိုအတီး ရဲ့ ပတ်ပလစ်ကာ ၊ ဆရာမင်းသိင်္ခရဲ့ ပါဂျရို အထိတောင် စီးဖူးတယ် ဆိုပါသည် ။ ဖြစ်တော့ ဖြစ်နိုင် သည် ။ ကားပိုင်ရှင်တွေအားလုံးသည် ဂုရုကွေး၏ ဘော်ဒါတွေ ဖြစ်နေသည် ။ ဂုရုကွေးသည် လမ်းမှာ တွေ့သမျှ သူ့ဘော်ဒါတွေ၏ ကားတွေကို ရပ်ခိုင်းပြီး ကပ်စီးနေသူဖြစ်သည် ။ သူနေထိုင်သည့် တောင်ဥက္ကလာ ၊ မင်္ဂလာလမ်းထဲက လူတွေက သူ့ကို ဦးကပ်စီးလို့ ခေါ်ကြသည် ။

ဂုရုကွေးက အဲဒီလောက် ကြွားနေတော့ ကိုအဏ္ဏဝါကလည်း အားကျမခံ ကြွားချင်စိတ် ပေါက်လာသည် ။ ကိုအဏ္ဏဝါသည်လည်း သင်္ဘောသားမဖြစ်မီက ဂုရုကွေးနှင့် ဘဝတူ လူတန်းစားဖြစ်၍ ဂုရုကွေးကြီး စီးဖူးခဲ့သည့် သစ်သားဘော်ဒီ တင် ချက်ဗလက်ခေါင်းတိုကစပြီး ဘတ်စ်ကားမျိုးစုံကို စီးခဲ့ဖူးပါသည် ။ ကိုအဏ္ဏဝါ က သာကေတမြို့သားဖြစ်လို့ ဘတ်စ်ကားမျိုးစုံ အတွေ့အကြုံမှာတော့ ဂုရုကွေး ထက် မသာရင်သာရှိရမည် ။ အဆင့်မနိမ့်ဟု ပြောရဲသည် ။

မြန်မာပြည်က မော်တော်ကား သမိုင်းမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ သုံးဘီးကားစီးဖူးသည့် ကိစ္စမှာလည်း ဂုရုကွေးထက် ကိုအဏ္ဏဝါ ကတောင် သာ နိုင်သည် ။ ပုဇွန်တောင်မှ သာကေတကို သုံးဘီးကားခ သုံးကျပ်သာ ပေးရသည့် ခေတ်ကစပြီး စီးခဲ့ဖူးသည် ။ ပုဇွန်တောင် ပန်းခြံထောင့် အရက်ဆိုင်မှာ ရေချိန်လွန် သွားလို့ ညကြီးပိုင်းမှာ ငှားမှ ငါးကျပ်သာ ပေးရသည် ။ သာကေတမြို့ကြီး တည်ခါစ ၊ ဖဆပလ ခေတ်မှာ အလီမူလာရပ်ကွက်ကြီးကလည်း သာကေတကို ပြောင်းလာသည် ။ သာကေတမြို့မှာ လာကကြသည့် အငြိမ့်တွေက လူရွှင်တော် တွေက ( မွန်တို့ဌာနီ ရာမည သာစွနေပြည် သာစွဲနေပြည် ၊ ဝေသီခေါင်လွင့် မြင့်မြင့် မားမား တင့်ကြွားဟန်တည် တင့်ကြွားဟန်ချီ ၊ ထန်းပင် ထန်းလက် ထန်းရွက် ညီညီ ၊ ကျိုက်မရောမြို့ဟာ သာယာလှပါသည် ) ဆိုတဲ့ သီချင်းကို ( မောင်တို့ဌာနီ သာကေတ သာလှပေသည် ၊ သာလှပေသည် ၊ ဝေလီဝေလင်း သုံးဘီးကားတွေ ဝင်သွားပြန်ပြီ ထွက်သွားပြန်ပြီ ၊ အုန်းပင် အုန်းလက် အုန်းရွက်ညီညီ ၊ ကိုကိုးကျွန်း ပမာ သာယာလှပါသည် ) လို့ ဖျက်ဆိုခဲ့ကြသည်အထိ သုံးဘီးကားတွေ ပေါခဲ့ ပါသည် ။ ဒါလောက်ဆိုလျှင် သာကေတမြို့ သား ကိုအဏ္ဏဝါနှင့် သုံးဘီးကား ဘယ်လောက်ထိ ရင်းနှီးဆက်ဆံခဲ့ဖူးတယ်ဆိုတာ သိနိုင်လောက်ပါသည် ။

ကိုအဏ္ဏဝါ သင်္ဘောသားဖြစ်လာတော့ ပထမဦးဆုံးတင်သွင်းခဲ့တာ ဟိုက်လပ်အာအင် ၄၅ ဖြစ်သည် ။ ကျေနပ်အောင်စီးပြီးမှ ပြန်ရောင်းလိုက်သည် ။ နောက်ထပ်သွင်းတဲ့ကားတွေက ဆန်နီပစ်ကပ် ၊ ဒိုင်နာ ၊ စူပါရု ၊ အက်စ်အီးဆလွန်း ၊ ပါပလစ်ကာ ၊ ကိုရိုနာကားတွေ တင်သွင်းခဲ့သည် ။ စီးဖူးတယ်ရှိအောင် စီးကြည့် ပြီးမှ ပြန်ရောင်းသည်ချည်းဖြစ်သည် ။ အဲဒီတော့ ဇိမ်ခံကား စီးဖူးတာချင်းမှာ လည်း ဂုရုကွေးထက် မသာတောင် အဆင့်မနိမ့်ဟု ပြောနိုင်မည် ထင်ပါသည် ။

ဒီအတိုင်းသာဆိုလျှင် ကိုအဏ္ဏဝါနှင့် ဂုရုကွေးတို့ စက်တပ်ယာဉ်အမျိုးမျိုး စီးဖူးတာချင်းမှာ သူမသာ ကိုယ်မသာ ၊ လက်ရည်တူဖြစ်ပြီး သရေကျနေသည် ။ ကိုအဏ္ဏဝါကသာသည်လို့ ယူဆနိုင်စရာရှိသည့် စက်တပ်ယာဉ်တစ်မျိုးကိုသာ စီးဖူးတာ သတိရလာသည် ။ ကိုအဏ္ဏဝါတို့ဒေသက ရေကျော်ရွာ စာပေဟောပြောပွဲ ကို သွားကြစဉ်က စီးခဲ့ဖူးတာဖြစ်သည် ။

ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက ရေကျော်ရွာမှာ ပြုလုပ်ခဲ့သည့် စာပေ ဟောပြောပွဲကို ဆရာမနုနုရည် ( အင်းဝ ) ၊ ဆရာကောင်းသန့် ၊ ဆရာမှော်ဝန်းကြည် မြတ် ၊ ဆရာမောင်သီလ ၊ ဆရာမောင်နန္ဒတို့နှင့်အတူ ကိုအဏ္ဏဝါလိုက်ပါသွားခဲ့ ခြင်း ဖြစ်သည် ။ ရေကျော်ရွာသည် မော်တော်ကားလမ်းမှ သုံးမိုင်မျှဝေးသည့် တောင်ခြေကမ်းစပ်မှာရှိသည် ။ ကု,လားပြင် အထက်ရွာနှင့် အောက်ရွာ ကိုဖြတ်ပြီး ရွာတွေအထွက်မှာ တောင်လှဘုရားကွင်းကို ဖြတ်ရသေးသည် ။ ရေကျော်ရွာ စာပေဟောပြောပွဲ ကျင်းပရေးကော်မတီက ကြိုဆိုသူများသည် ထော်လာဂျီဖြင့် ကု,လားပြင် အထက်ရွာ ကားဂိတ်မှာ လာကြိုနေကြသည် ။ စာရေးဆရာတွေနှင့် အထုပ်အပိုးတွေကို ထော်လာဂျီဖြင့် တင်ခေါ်သွားခဲ့၍ ထော်လာဂျီစီးဖူးသည် ။

ဂုရုကွေးသည် ထော်လာဂျီ စီးဖူးသလား ၊ မစီးဖူးသလား မသိပါ ။ မစီးဖူး ပါက ဂုရုကွေးထက် ကိုအဏ္ဏဝါက နှာတစ်ဖျားသာသွားပြီဖြစ်သည် ။ ဒါပေမဲ့ မသေချာသော ကိစ္စဖြစ်သည် ။ ဂုရုကွေးသည် မြန်မာပြည်အနှံ့အပြားက စာပေ ဟောပြောပွဲပေါင်း များစွာကို လိုက်ဟောနေသူ ဖြစ်၍ ထော်လာဂျီစီးဖူးသူ ဖြစ် နိုင်သည် ။ စီးဖူးတာကို ကြွားသည့်အထဲမှာ ထော်လာဂျီစီးဖူးတာကို ထည့်ကြွား လို့ မသင့်လျော်သည့်အတွက် အသံတိတ်နေတာ ဖြစ်နိုင်သည် ။ အဲဒီတော့ လိုရမည်ရ သူ့ထက်သာအောင် ဘာကိုများ စီးဖူးတာ ရှိသေးလဲ စဉ်းစားရတော့ သည် ။

သတိရပြီ ။ သာကေတမြို့တည်စက ကိုအဏ္ဏဝါတို့ အပေါင်းအသင်းတွေ ထဲက ဆိုက်ကားတင်သောင်းရဲ့ မိန်းမ သေသည် ။ ကိုအဏ္ဏဝါတို့ လူစုက ဘော်ဒါ စိတ်ဖြင့် နာရေးဝိုင်းကူကြသည် ။ ကိုယ့်လူရဲ့ကိစ္စမှာ မျက်နှာမငယ်ရအောင် ၇၅ ကျပ်တန်ခေါင်းတစ်လုံးနှင့် ၁၅၀ ကျပ်တန် နိဗ္ဗာန်ယာဉ်ဖြင့် အသုဘ ချနိုင်အောင် ကူညီခဲ့ကြခြင်းဖြစ်သည် ။ ခေါင်းက ဆပ်ပြာသေတ္တာ အဆင့်သာရှိသည် ။ နိဗ္ဗာန်ယာဉ်ကလည်း ရေမဆေးဘဲထားသည့် စည်ပင်က အမှိုက်သယ် ကားထက် ပိုပြီး အကြည့်ရဆိုးသည် ။ ဒုတိယကမ္ဘာစစ်အတွင်းက အမှိုက်ပုံမှာ ပစ်ထားခဲ့သော ချက်ဗလက်ခေါင်းရှည်ကားကို သင်္ဘောဆေးအဖြူ ၊ သုတ်ပြီး လိမ့်သွားရုံလေး လက်ပူတိုက်ထားသော ကားစုတ်ကြီးဖြစ်သည် ။ ဆေးပြန်မသုတ်နိုင်တော့လို့ သံချေးတွေတက်နေသည် ။ ဘေးကာသံပြားတွေ ဂဟေပြုတ်ပြီး ကွာနေသည် ။ တံခါးနှစ်ချပ်က ပိတ်မရလို့ ဘေးကိုတွဲကျနေသည် ။ တင်သောင်းရဲ့ မယား အလောင်းကိုယူဖို့လာတာဟာ သားပေါက်ကြက်မကြီး အီးပါရင်း လမ်းလျှောက် သလို အိပဲ့အိပဲ့ ဖြစ်လာသည် ။

အသုဘမြေမြှုပ်ပြီးလို့ သုသာန်ကပြန်အထွက်မှာ ဗွက်နစ်နေသည့် နိဗ္ဗာန် ယာဉ်ကို ဝိုင်းတွန်းကြသည် ။ ဗွက်နစ်ပြီးတော့ စက်ပျက်ပြန်သည် ။ တွန်းနှိုးကြသည် ။ စက်ကမနိုး ၊ အသုဘလိုက်ပို့သူတွေ အားလုံးလောက်နီးပါး ပြန်သွားကြ သော်လည်း တင်သောင်းနှင့် ကိုအဏ္ဏဝါတို့ ဘော်ဒါတစ်စုသာ နိဗ္ဗာန်ယာဉ် တွန်းရန် ကျန်နေခဲ့ကြသည် ။ စက်နိုးတယ်ဆိုရင်ပဲ ယာဉ်မောင်းဆရာက ကိုအဏ္ဏဝါ တို့လူစုကို ကားပေါ်တက်လိုက်ခဲ့ကြပါလားလို့ လောကွတ် လုပ်သည့်အနေဖြင့် ပြောသည် ။ လမ်းလျှောက်ရမှာ ပျင်းသည့် ကိုအဏ္ဏဝါတို့ကလည်း နိဗ္ဗာန်ယာဉ် ပေါ်တက်ပြီး စီးလိုက်ခဲ့ကြသည် ။

ကဲ ... ဂုရုကြီး ၊ ခင်ဗျား စီးဖူးခဲ့တဲ့ ယာဉ်တွေထဲမှာ နိဗ္ဗာန်ယာဉ်ပါသလား ၊ ပြန်စဉ်းစားပြီး ပြိုင်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေတော့ ။ အနိုင်မခံ အရှုံးမပေး ချင်ဘူးဆိုရင်တော့ စီးဖူးတယ်ရှိအောင် ကြိုးစားပေါ့ဗျာ ။

⎕ အဏ္ဏဝါစိုးမိုး

📖 ရွှေမြင်သာဂျာနယ်
      အတွဲ ( ၄ ) ၊ အမှတ် ( ၈ )
      ၁၁ ရက် ၊ နိုဝင်ဘာလ ၊ ၂၀၀၃ ခုနှစ် ။

.

Tuesday, October 8, 2024

မဂ်ခရီး နဲ့ အဖျက်အဆီး


 

❝ မဂ်ခရီး နဲ့ အဖျက်အဆီး ❞
━━━━━━━━━━━━━━━━
          အဏ္ဏဝါစိုးမိုး
━━━━━━━━━━━━━━━━
ယနေ့ ည သန်းခေါင်ယံ မှာ သူတော်စင် ဦးဘမောင် ကြီး လူဝတ်ကြောင် ဖြင့် ပင် တောထွက်မည် ဆိုတာ ကို သိနေကြသည့် ရွာ က ကာလသားတွေ နှင့် လူကြီးတချို့ စိတ်ဝင်စား နေကြသည် ။ လူကြီးတွေ ထဲ က စိတ်ဝင်စားသူတွေ ထဲ မှာ ဦးသန်းဖေ ၊ ဦးမောင်ပု ၊ ဦးဖိုးထင် တို့သည် ယနေ့ည တောထွက်မည့် ဦးဘမောင် ၏ သောက်ဖော် စားဖက်တွေ ဖြစ်ခဲ့ကြသည် ။ ဦးဘမောင် အရက် ဖြတ်ပြီး တရားဘက် လိုက် သွားတော့ မှ လက်တွဲ ဖြုတ် လိုက်ကြရသူတွေ ဖြစ်သည် ။

ဦးဘမောင်ကြီး တော ထွက်မည့် ကိစ္စ ကို သိ နေကြသည့် ကာလသားကြီး တွေ က တော့ ဦးဘမောင် ၏ ဇနီး မခင်စိန် နှင့် ရင်နှီးသည့် ကိုဘစံ ၊ ကိုအောင်ရွှေ ၊ ကိုမောင်သန်း ၊ ကိုလှမောင် ၊ ကိုမောင်မြ တို့ ဖြစ်သည် ။ သူတို့ သိတာ က လည်း မခင်စိန့် ဆီ က ပင် သိတာ ဖြစ်သည် ။ သူတော်စင် ဦးဘမောင် ၏ ဇနီး မခင်စိန် က တောအရက် ချက်ပြီး အရက်ပုန်း ရောင်းသည် ။ မခင်စိန် ဆီမှာ အရက် လာ သောက် ကြသည့် ကာလသားကြီးတွေ သည် မခင်စိန် ထံ မှ သတင်း ရပြီး ဦးဘမောင် ယနေ့ ည သန်းခေါင်ယံ အချိန် မှာ တောထွက်မည် ဆိုသည့် သတင်း ကို သိထားကြခြင်း ဖြစ်သည် ။

ဦးဘမောင် သည် လယ်ပိုင်ရှင် ၊ မြေပိုင်ရှင် ရွာသူဌေး ဖြစ်ခဲ့ဖူးသည် ။ သောက်သောက်စားစား ပျော်ပျော်ပါးပါး နေခဲ့သဖြင့် သားကြီးသမီးကြီးတွေ ရပြီးမှ ပထမ အိမ်ထောင် နှင့် ကွဲသွားသည် ။ ပထမ အိမ်ထောင် နှင့် ကွဲပြီး တစ်နှစ် လောက် အကြာမှာ အရက်ပုန်း ရောင်းသည့် နှစ်လင်ကွာ မခင်စိန် နဲ့ ညားခဲ့ခြင်း ဖြစ်သည် ။ ပထမ အိမ်ထောင် နဲ့ ကွဲရသည့် အကြောင်း က လည်း မခင်စိန် ၏ ပယောဂ မကင်း ဖြစ်ခဲ့သည် ။ အရက်ပုန်း ရောင်းသည့် လုံးကြီးပေါက်လှ ညိုချောလို့ ပြောလို့ရသည့် မခင်စိန် ရဲ့ အိမ်မှာ အရက် သွား သောက်တာ ကို မကြိုက်လို့ လင်မယားသ,တ်ကြရာမှ ကွဲခဲ့ကြခြင်း ဖြစ်သည် ။

မခင်စိန် က လည်း သူ့ အိမ်မှာ အရက် လာ သောက်သူ လူအို လူပျို အားလုံး နှင့် လက်ပွန်းတတီး နေသည် ။ အတို့အဆိတ် အကိုင်အတွယ် ခံသည် ။ ဒါကလည်း သူ၏ စီးပွားရေး အတွက် လိုအပ်ချက် ဖြစ်ကောင်းဖြစ်မည် ။ ရွာ မှ အရက်ပုန်း ရောင်း သည့် အိမ်တွေ အများအပြား ရှိသည် ။ မခင်စိန် ၏ အိမ် မှာ သောက်သူ ပိုများနေတာ ဟာ မခင်စိန် ၏ ဆက်ဆံရေး ကောင်းသောကြောင့် ဖြစ်သည် ။ မခင်စိန် သည် အသက်လေးဆယ် ဖြစ်သော်လည်း အရွယ် တင်သည် ။ လုံးကြီးပေါက်လှ ညိုချော ဖြစ်လို့ ဆွဲဆောင်မှုရှိသည် ။ ပြောမနာ မို့ နောက်ပြောင်လို့ ကောင်းသည် ။ အတို့ အဆိတ် အကိုင်အတွယ် ခံလို့ စွဲမက်စရာ ကောင်းသည် ။ မျက်မမြင် အမေအို နှင့် နှစ်ယောက် တည်း နေသူ ဖြစ်လို့ လွတ်လပ်သည် ။ ဒီလို အချက်အလက်တွေ သည်ပင် မခင်စိန် ၏ အရက်ပုန်းဆိုင် မှာ လူစည်ကားရခြင်း ၏ အကြောင်းရင်း ဖြစ်နိုင်သည် ။

••••• ••••• •••••

ရွာသူဌေး ၊ အထည်ကြီးပျက် ၊ တစ်ခုလပ် ဦးဘမောင် သည် မခင်စိန် ၏ အရက်ပုန်း ဆိုင်ကို မလာရလျှင် မနေနိုင်ဖြစ်ခဲ့သည် ။ မခင်စိန် ကို မထိတထိ ၊ ကလိတိတိ ၊ ရိသဲ့သဲ့ လုပ်သူတွေ ထဲမှာ ဦးဘမောင် လည်း ပါသည် ။ ပွင့်ပွင့်လင်းလင်း ပြော ရလျှင် မခင်စိန် ကို ကြိုက်လို့ မသိမသာ ပိုးပန်းနေခြင်း ဖြစ်သည် ။ မခင်စိန် ကလည်း ဦးဘမောင် ၏ အပိုးခံသည် ။ ပိုးသူ နှင့် အပိုးခံသူ တို့ နှစ်ဦး သဘောတူ လို့ ယူ ကြမည် ဆိုလျှင်လည်း ဦးဘမောင် ကို ယူလိုက်တာ က အာမခံချက် ရှိသည်ဟု ယုံကြည် ထားခဲ့သည် ။ အသက် နှစ်ဆယ်ကျော် ကွာသည် ။ ဒါက အရေးမကြီး ။ အိမ်ထောင် တည်မြဲရေး မှာ အသက်အရွယ် ကွာခြားမှုသည် အဓိက မဟုတ် ။ တစ်ယောက် ကို တစ်ယောက် အပြန်အလှန် လေးစားမှု ရှိဖို့လိုသည် ။ မိမိ ကို လာ ပိုး နေသည့် လူပျိုကာလသားတွေ ၏ ရမ္မက်ဆန္ဒ သည် ခဏ မျှသာ ဖြစ်သည် ။ ကြာ လို့ ရိုး သွားလျှင် မိမိ ကို စွန့်ခွာသွားကြမည် ဖြစ်သည် ။ အတွေ့ အကြုံ အသေးလေး တွေ အများကြီး နဲ့ ကြုံခဲ့ပြီး ဖြစ်သည့် မခင်စိန် က သိပြီးဖြစ်သည် ။

ဦးဘမောင် သည် အိမ်ထောင်ကွဲ ဖြစ်သော်လည်း လွတ်လပ် ကင်းရှင်းသူ ဖြစ်သည် ။ ဇနီးဟောင်း နှင့် သားသမီးတွေကို အိမ်ခြံ နှင့် အတွင်း ပစ္စည်းတွေ ကို ပေးပြီးဖြစ်သည် ။ သူ့ အတွက် စပါးတင်း နှစ်ရာခန့် ထွက်သည့် လယ်ကြီး တစ်တာ ရ ထားလိုက်သည် ။ စပါးသိမ်း ပြီးတာ နဲ့ ကိုင်း လုပ်လို့ အလွန် ကောင်းသည့် လယ် ဖြစ်သည် ။ ဒီလို လယ်မျိုး မှ ထမင်း မငတ်တော့ဘူး ဆိုတာကို မခင်စိန် သိသည် ။ ယူမယ့် ယူလျှင် လူပျို နှင့် မယား လက်ရှိ သူများ လင်တွေ ကို တော့ မယူတော့ဘူး ။ ဦးဘမောင် လို အသက် ခြောက်ဆယ်ကျော် လွတ်လွတ်လပ်လပ် အဘိုးကြီး ကို ပဲ ယူမည် ဟု ဆုံးဖြတ် ထားခဲ့သည် ။

ဒါကို ရိပ်စားမိဟန် တူသည့် ဦးဘမောင် ကလည်း မခင်စိန် ၏ အိမ်ကို နေ့တိုင်း သွားပြီး အရက် သောက်သည် ။ အခြေအနေ ပေးတိုင်း တစ်လုံးသွင်း နှစ်လုံး သွင်း သွေးတိုးစမ်း ပြီး မခင်စိန် ကို နားသွင်းသည် ။

“ မခင်စိန် လည်း အရွယ်လေး ရှိတုန်း သား မှတ်မှတ် မယား မှတ်မှတ် မြတ်မြတ်နိုးနိုး ပေါင်းသင်းမည့် သူ ရှိရင် အိမ်ထောင် ပြုသင့်တယ် နော် ”

“ ယူမယ့် လူ ရှိရင် ပြုချင်တာပေါ့ ကိုဘမောင် ရယ် ”

မခင်စိန် က ဦးဘမောင် လို့ မခေါ် ၊ ဦးလေး လို့ မခေါ်ဘဲ ကိုဘမောင် လို့ ခေါ် လိုက်တာနဲ့ ပင် ဦးဘမောင် ၏ ဘဝင်ဟဒယ ကို ဖီးလ်လုံးကြီး တက်ဆောင့် သွားသည် ။ အရဲစွန့်ပြီး ပြောကြည့်မည် ဆိုသည့် အကြံဖြင့် ဖန်ခွက်ထဲ က လက်ကျန် ကို မော့ သောက် လိုက်သည် ။ အူထဲကို ပူခနဲ ဝင်သွားသည့် တောအရက်ပြင်း ၏ အခိုးသတ္တိ ကြောင့် သွေးပူ သွားသည် ။ ရင် ထဲ ရှိတဲ့ အတိုင်း ပြောလိုက်သည် ။

“ မခင်စိန် ကို လိုချင်တဲ့ လူတွေ အများကြီးပဲ ၊ မခင်စိန် ကြိုက်တဲ့ လူကို ရွေး ယူဖို့ပဲလိုတယ် ”

ရင်ထဲ ရှိတဲ့ အတိုင်း ပြောတော့မယ် လို့ ရည်ရွယ်ပြီး အရဲစွန့် ပြောသော် လည်း သိက္ခာ ဆယ် နေရသည့် အတွက် တဲ့တိုးကြီးပြောရမှာ ရှက်နေသည် ။ မခင်စိန်  ကို လိုချင်တဲ့ လူတွေ ထဲမှာ ကျုပ် လည်း ပါတယ်လို့ ပြောရမှာ ရှက်နေသည် ။ တစ်ခါက ရွာ့ မျက်နှာဖုံး ၊ ဘုရားဒကာ ကျောင်းဒကာ ၊ ရွာသူဌေး ဆိုတဲ့ ဂုဏ်ဖြင့် မခင်စိန် တို့ လို နာမည် ပျက်ဖြင့် အရက်ပုန်း ရောင်းသူကို အဖက် မလုပ်ဘဲ နေခဲ့ သည့် အရှိန် က မသေသေးလို့ မခင်စိန် လို မိန်းမ ကို ကြိုက် နေပါတယ်လို့ ပြောရမှာ ခက်နေသည် ။ ဒါကို ရိပ်စားမိသည့် မခင်စိန် က ပါးနပ်လိမ္မာစွာ လမ်းကြောင်း ပေးရသည် ။

“ ကျွန်မ က ခဲကြီး နှစ်လုံး မှန် ဖူးတဲ့ စာသူငယ် လေ ကိုဘမောင် ရဲ့ ၊ မြွေသံ ကို နားထောင် ညောင်သီး ကို စားနေပေမယ့် လေးညှို့သံ ကို လည်း နားစွင့် နေရတဲ့ ငှက်မပါ ။ ကိုဘမောင် လို အတွင်းသိ အစင်းသိ လူ က လွဲလို့ တခြား လူ ကို ယူလိုက် ရင် နောက်ထပ် ခဲကြီး တစ်လုံး မှန်မှာ ကို ကြောက်လို့ မိမိ ရဲ့ စိတ်ဆန္ဒ ကို ချိုးနှိမ် မျိုသိပ် နေတာပါ ”

ကိုဘမောင် လို အတွင်းသိ အစင်းသိ လူ က လွဲလို့ ဆိုသည့် စကားဖြင့် ပင် အလုပ် ဖြစ်နေပြီ ဆိုတာကို သိသွားသည့် ကိုဘမောင် အားတက်ပြီး အာသွက် သွားသည် ။ နောက်ထပ် ယူလိုက်တဲ့ လင် က နောက်ထပ် ပစ်သွားမှာ စိုးလို့ လင် လို ချင်တဲ့ ဆန္ဒ ကို ချိုးနှိမ်မျိုသိပ် နေရတယ် ဆိုတဲ့ စကားလုံး က လည်း ဦးဘမောင် ကို ကြက်သီး ထပြီး ရှိန်းတိန်း ဖိန်းတိန်း ဖြစ်သွားစေသည် ။

“ မခင်စိန် တို့ ၊ ကျုပ်တို့ ဆိုတာ ကတော့ တစ်ရွာတည်း နေ တစ်ရေတည်း သောက် တစ်ယောက် အကြောင်း တစ်ယောက် သိနေကြတာ ဆိုတော့ နောက်မှ သိလို့ နာတယ် ထင်ပြီး ခွာ သွားစရာ အကြောင်း မရှိပါဘူးဗျာ ။ ကျုပ် ဘယ်လို လူ ဆိုတာ မခင်စိန် သိပါတယ် ”

ဦးဘမောင် သိက္ခာ ဆယ်ရလွန်းတာ နဲ့ စကားတွေ က လိုရင်း မရောက် နိုင် ဖြစ်နေသည် ။ ဘာသိက္ခာ မှ မရှိတဲ့ မခင်စိန် က စိတ်မရှည်နိုင် ဖြစ်လာသည် ။ တဲ့တိုးပဲ မေးလိုက်သည် ။

“ ကဲ ... ကိုဘမောင် ရှည်ရှည်ဝေးဝေး တွေ ပြော မနေနဲ့ ။ ရှင် ကျွန်မ ကို လက်ထပ် ယူနိုင်မလား ။ ရှင့် ကို သာ ဆိုရင် ကျွန်မ ဘက်ကတော့ အဆင်သင့်ပဲ ”

ကဲ ... ဘယ့်နှယ် ရှိရောလဲ ၊ လုပ်လည်း ပြတ်ပြတ် ၊ ဖျိုးဖျိုးဖျတ်ဖျတ် လုပ် တတ်သူ ဖြစ်သည် ။ ဒါတောင်မှ မခင်စိန် ကို တစ်ဖက်သ,တ် ကြိုက်ပြီး ပိုးရင်းပန်းရင်း အရက် လာ သောက်နေသူ ဦးဘမောင် က ဟန်ဆောင် ချင်သေးသည် ။

“ မခင်စိန် ဘက်က အသင့် ဆိုတော့ ကိုဘမောင် က ငြင်းစရာမလိုပါဘူး ”

“ ရှည်လိုက်တာ ကိုဘမောင် ရယ် ။ ရှင် ကျွန်မ ကို ကြိုက်သလား ၊ ယူမလား ”

“ ပြောဖို့ လိုသေးလား မခင်စိန် ရယ် ။ ကြိုက်တာပေါ့ ယူမှာပေါ့ ”

“ အဲဒါများ ရှည်ရှည်ဝေးဝေး စကားတွေ လှည့်ပတ် ပြော နေရသေးတယ် ။ နက်ဖြန်မနက် မှာ သူကြီး အိမ် သွားပြီး အသိအမှတ် ပြု လက်မှတ်ထိုး ပေးပါလို့ ပြောမယ် ”

အဲဒီလို ပုံစံဖြင့် ဦးဘမောင် နှင့် မခင်စိန် တို့ ညားခဲ့ကြခြင်း ဖြစ်သည် ။ ဦးဘမောင် ၏ သားသမီးတွေ နှင့် ဆွေမျိုးတွေ က ရှက်လှချည်ရဲ့ ဆိုပြီး ဦးဘမောင်  ကို အဖက် မလုပ် အဆက် ဖြုတ်လိုက်ကြသည် ။ ဦးဘမောင် ကတော့ သူ့ ထက် အသက် နှစ်ဆယ် လောက်ငယ်သည့် ညိုချော လုံးကြီးပေါက်လှ မခင်စိန် ကို ရလို့ ပျော် နေခဲ့သည် ။ ဘယ်ဆွေ ဘယ်မျိုး ကို မှ ဂရုမစိုက်ဘဲ မခင်စိန် ၏ အိမ်မှာ လိုက် နေသည် ။ အရက် သောက်ချင်သည့် အခါ အလကား သောက်လို့ တောင် ရသေး သည် ။

••••• ••••• •••••

အိမ်ထောင်သက် ခြောက်လ ၊ တစ်နှစ် လောက် ကြာလာတော့ ပြဿနာ စ လာ သည် ။ မခင်စိန်  အရက် ချက် ရောင်းတာ ကို မရောင်းဖို့ တောင်းဆို လာသည် ။ မခင်စိန် က ရောင်းမည် ဟု ဆိုသည် ။ ဦးဘမောင် ၏ လယ် က ရသည့် လယ်ဆီ လယ်ခ ဖြင့် စားလောက်သည့် အတွက် အရက်ချက် ရောင်းရန် မလို ဟု ဦးဘမောင် က ပြောသည် ။ မခင်စိန် က ရှင်းပြသည် ။ တစ်နှစ် မှ တစ်ခါ သာ ရသည့် စပါး ဝမ်းစာ နှင့် စပါး ရောင်းရငွေ သည် လှူဖို့တန်းဖို့ နှင့် အိုစာမင်းစာ စုဆောင်းဖို့ အတွက် ဖြစ်သည် ။ နေ့စဉ် အရက်ချက် ရောင်းလို့ ရသည့် အမြတ်ငွေ သည် နေ့စဉ် စားဖို့ ဟင်းဖိုး နှင့် မုန့်ဖိုး ရလို့ ဒီ အလုပ် ကို လက် မလွတ်နိုင်ပါ ဟု ရှင်းပြ သည် ။ ဒါကို ဦးဘမောင် ကလည်း သိပြီး ဖြစ်သည် ။ သို့သော် မခင်စိန် သည် အရက် လာ သောက်သူ လူပျိုကာလသားတွေ နဲ့ တို့လိုက် ထိလိုက် ၊ လက်ပွန်းတတီး နေတာ ကို မကြည့်နိုင် ၊ မမြင်နိုင် ၊ မနာလို ဖြစ်နေသည့် ဦးဘမောင် က အကြောင်း မရှိ အကြောင်း ရှာပြီး မခင်စိန် ကို အရက်ချက် မရောင်းရန် ကန့်ကွက် နေခြင်း ဖြစ်သည် ။

ပြော မရသည့် အခါ လင်မယား စကား များသည် ။ အိမ်ရာ ခွဲအိပ်သည် ။ စကား မပြောဘဲ နေကြသည် ။ တစ်ဦး ကို တစ်ဦး က သိစေချင်သည့် အကြောင်း ကို အရက် လာ သောက်သူတွေ က တစ်ဆင့် ပြောသည့် ပုံစံမျိုးဖြင့် ပြောကြသည် ။ မခင်စိန် သိစေချင်တာကို ဦးဘမောင် က အရက် လာသောက် သူ ကို ပြော သလိုလို ဖြင့် မခင်စိန် ကြားလောက်အောင် ပြောတာဖြစ်သည် ။ မခင်စိန် ကလည်း ဦးဘမောင် ကို ပြောချင်သည့် စကား ကို အရက် လာသောက်သူ ကို ပင် လေသံ မြှင့်ပြီး ပြောသည် ။

“ အရက် ဆိုတာ မသောက်ဘဲ နေနိုင်ရင် အကောင်းဆုံးပေါ့ ။ ကျွန်မ လည်း အရက်ချက် ရောင်း နေပေမယ့် အရက် မသောက်ပါဘူး ။ အရက် ရောင်းတာ က စီးပွား ရှာတာပဲ ။ နေ့စဉ် စားဖို့ ဈေးဖိုး ရလို့ ရောင်းနေတာပဲ ။ နေ့စဉ် ဝင်ငွေ မရှိဘဲ ဟင်းလျာ ဘာနဲ့ ဝယ်မလဲ ”

ဦးဘမောင် ကတော့ အရက် ရောင်းတာ ကို မကြိုက်လို့ မဟုတ်ဘူးဟေ့ ။ အရက် လာသောက်တဲ့ ကောင်တွေ နဲ့ ပလူးပလဲ ၊ တို့လိုက်ဆိတ်လိုက် လုပ်နေတာ ကို မကြည့်နိုင် မမြင်နိုင်လို့ဟဲ့ လို့ ပြောချင်သည် ။ မခင်စိန် ကို ပိုးပန်းပြီး နေ့စဉ် အရက်လာသောက် နေကြသည့် ဖောက်သည် တွေ နှင့် မခင်စိန် ကို ခင်မင်လို့ လာသူ တွေကို စော်ကားသလို ဖြစ်မည်စိုး ၍ မပြောဘဲ အောင့်ထားလိုက်ရသည် ။

ဦးဘမောင် သည် မခင်စိန် ကို စိတ်ကောက်ပြီး ဟန်လုပ်တာ ဘရိတ်အုပ် လို့ မရ ဖြစ်လာသည် ။ အရက် မသောက်တော့ရုံ သာမက ယောဂီဝတ်စုံ ကို ဝတ်ပြီး ပုတီးကြီး ကို လည်ပင်း မှာ အမြဲ စွပ်ထားသည် ။ အရက်ရောင်းသည့် အိမ် နှင့် ယောဂီ ဝတ် ပုဂ္ဂိုလ် တို့ မသင့်လျော်ဖြစ်နေသည် ။ ဦးဘမောင် သည် တမင် အရွဲ့တိုက် နေတယ် ဆိုတာ ကို သိသည့် မခင်စိန် က လည်း အလျှော့ မပေး ၊ နောက် မဆုတ်ဘဲ သူ့ အလုပ် ကို ဆက် လုပ်နေသည် ။

ဦးဘမောင်  အခုလို ဖြစ်လာတော့ ဦးဘမောင် ၏ သောက်ဖော်စားဖက် ဖြစ်ခဲ့ဖူးသူတွေ ဖြစ်ကြသည့် ဦးသန်းဖေ ၊ ဦးမောင်ပု ၊ ဦးဖိုးထင် တို့ က အဆင်း မှာ ဘီးတပ် ပေးပြီး ချောဆီ ပါ ထိုးပေးကြတော့သည် ။ လောကီ နှင့် ဝတ်ကြောင် ကို စွန့်၍ ရသေ့ရဟန်း ဝတ်သွားရန် မြှောက်ပင့် ပေးကြသည် ။ မခင်စိန် ကို မခွဲနိုင်လို့ ရသေ့ရဟန်း မဝတ်ဘူး ဆိုတာကို သိနေကြ၍ တမင်တွန်းခြင်း ဖြစ်သည် ။ ဦးဘမောင် က လည်း ပါးသည် ။ မခင်စိန် လွတ်လွတ်လပ်လပ်ဖြစ်သွားစေချင်လို့ သူ့ ကို အတင်းအဓမ္မ ဘုန်းကြီး ဝတ်ခိုင်းနေကြတာ ဟု ထင်သည် ။

“ နိဗ္ဗာန် ရဖို့ အတွက် ရသေ့ရဟန်း ဝတ်စရာ မလိုပါဘူးကွာ ။ ဝိသာခါ ၊ အနာထပိဏ် နဲ့ ခေမာမိဖုရား တို့ ဟာ လူဝတ်ကြောင် နဲ့ ပဲ နိဗ္ဗာန် ဝင်သွားကြတာပဲ ”

မခင်စိန် ကို မခွဲနိုင်ဘူးလို့ ပြောရမှာ ခက်နေသည့် အတွက် ရဟန်း မဝတ်ဘဲ နိဗ္ဗာန် ရနိုင်သည့် သာဓကတွေ ကို ထုတ်ပြနေခြင်းဖြစ်သည် ။ မခင်စိန် ကလည်း ဦးဘမောင် သည် သူ့အပေါ် မှာ နားလည်လာသည့် တစ်နေ့မှာ ပုံမှန် ဖြစ်သွား လိမ့်မည် ဆိုသည့် ယုံကြည်ချက်ဖြင့် ခုတင် နှင့် ဆယ်ပေ မျှသာ ဝေးသည့် နေရာ မှာ သီးသန့် ခြင်ထောင် တစ်လုံး ဖြင့် တစ်ယောက်တည်း အိပ်သည် ။

ဦးဘမောင် အရက် မသောက်တော့ဘဲ မဂ်ပေါက် ဖိုလ်မြင် နိဗ္ဗာန် ဝင်မည့် ကိစ္စကို ခရီးပေါက် ဖို့ နောက် မဆုတ် နိုင်အောင် မြှောက်ပင့်ပေးသူတွေ ထဲ မှာ ရွာ က ကာလသား တွေ လည်းပါသည် ။ မခင်စိန် နှင့် လက်ပွန်းတတီး နေကြသည့် ကိုဘစံ ၊ ကိုအောင်ရွှေ ၊ ကိုမောင်သန်း ၊ ကိုလှမောင် တို့ သည် ဦးဘမောင် ကို ဝိုင်း တွန်းကြသည် ။

“ ဦးလေး ရဟန်း ဝတ်မယ် ဆိုရင် ကျွန်တော် ရဟန်းဒါယကာ ခံပါရစေ ”

“ ကျွန်တော် က ပစ္စည်းလေးပါး ဒါယကာ ခံပါရစေ ”

“ တောထွက်မယ် ဆိုရင် ဝက်သေတောင်ခြေရင်း က ငှက်အော်စမ်း ဘေးမှာ ကျောင်းသင်္ခမ်းလေး ဆောက် ပေးပြီး ကျောင်းဒကာ ခံပါရစေ ”

မခင်စိန် ကို ခြေတို့လက်တို့ စကား ပြောပြီး လက်ပွန်းတတီး နေသူ လူပျို တွေ က ဝိုင်း တွန်းနေကြလို့ ဦးဘမောင် ရှေ့ တိုးရ ခက် ၊ နောက် ဆုတ်ရ ခက် ဖြစ်နေသည် ။ မဖြစ်နိုင်ဘူး ထင်ပြီး ကလိတိတိ ၊ ရိတိတိ လုပ်နေကြတာ ဟု ထင်လာ သည် ။ လုပ်နိုင်တယ် ၊ လုပ်ရဲတယ် ဆိုတာကို ပြရ မလို ဖြစ်နေသည် ။

“ တောထွက်တယ် လို့တော့ မဟုတ်ပါဘူးကွာ ။ ဆိတ်ငြိမ်တဲ့ နေရာမှာ တစ်ယောက်တည်း နေပြီး ဧကစာ ကျင့်တော့မယ် လို့ ရည်ရွယ်ထားတယ် ။ ရပ်ရွာ နဲ့ မနီးမဝေး နေရာ တော ထဲမှာ နေမှာ ဆိုတော့ တောထွက်တယ် ဆိုလည်း မမှား ပါဘူး ။ ပါရမီ ရှိရင် တစ်ခါတည်း အပြတ် ကျင့်တော့မယ် ”

“ ဒါဆို အစ်မ မခင်စိန် ကို ပစ်ထားခဲ့တော့မှာပေါ့ ”

“ သတ္တဝါတွေ ဟာ လာတုန်း က လည်း တစ်ယောက် တည်း ၊ ပြန်တော့ လည်း တစ်ယောက် တည်း ပဲ ပြန်ရမှာပေါ့ ။ တစ်နေ့ ကျရင် သူလည်း သူ့ လမ်း သူ သွား ၊ ကိုယ် လည်း ကိုယ့် လမ်းကိုယ် သွားရမှာပဲ ”

အိမ်ရှေ့ခန်း မှာ ထိုင် နေတဲ့ ယောဂီကြီး နဲ့ အိမ်နောက်ဘက် မှာ အရက် သောက် နေသည့် လူပျိုတွေ ပြောနေကြတာ ကို ကြားနေရသည့် မခင်စိန် က ပြုံးပြီး နှုတ်ခမ်း ဖြဲသည် ။ ယောဂီကြီး က လည်း အိမ် နောက်ဘက် မှာ ထိုင် ပြီး အရက်ရောင်း နေသည့် မခင်စိန် ကြားအောင် လေသံ မြှင့်ပြီး ပြော နေခြင်း ဖြစ်သည် ။ မခင်စိန် က ကိုအောင်ရွှေ ၏ နား ကို ပါးစပ် ကပ်ပြီး တစ်စုံတစ်ခု တိုးတိုး ပြောသည် ။ ကိုအောင်ရွှေ က ခေါင်းညိတ် ပြသည် ။

“ ဦးလေး တောထွက်မယ် ဆိုတော့ ဘယ်တော့လောက် ထွက်ဖြစ်မလဲ ”

“ ဟ ... တောထွက်မယ့် ကိစ္စကို မင်းတို့ ကို ပြောလို့ ဖြစ်မလား ။ မင်းတို့ က မာရ်နတ်တွေပဲ ”

“ ကျွန်တော်တို့ ကို မပြောလည်း အစ်မ မခင်စိန် ကိုတော့ အသိပေး နှုတ်ဆက် သွားပါ ။ ကျွန်တော်တို့ ရဲ့ ဘုရားအလောင်း တောင် ယသော်ဓယာ ရဲ့ အဆောင် ကို သွား ကြည့်သေးတာပဲ ”

ဒီ အကြံပြုချက် ကို တော့ ယောဂီ ဦးဘမောင်  သဘောတူ လက်ခံဟန် တူ သည် ။ ဆိတ်ဆိတ် နေတာ တွေ့ ရသည် ။ ကိုဘစံ နှင့် ကိုအောင်ရွှေ တို့ က မခင်စိန်  ကို မျက်စိမှိတ် ပြသည် ။ မခင်စိန် က ပြုံး နေသည် ။ ဦးဘမောင် ယောဂီဝတ် ဖြင့် တောထွက်မယ် လို့ ပြောနေတာ က လောကီအာရုံ ကာမဂုဏ်တွေ ကို ငြီးငွေ့ စိတ်ကုန် လို့ မဟုတ် ။ မခင်စိန် ကို မကျေနပ်လို့ စိတ်ကောက်ပြီး တောထွက်မည် ဟု ပြောနေခြင်းသာ ဖြစ်သည် ။ ဒါကို သိထားကြသည့် ကာလသားတွေ နှင့် မခင်စိန် က ပြုံးကြခြင်းဖြစ်သည် ။ အိမ်ရှေ့ ဧည့်ခန်းမှာ ရေနွေးကြမ်း သောက်ရင်း ထိုင် နေသည့် ယောဂီ ဦးဘမောင် က တော့ သူ့ ကို ဝိုင်း လောင် နေကြတာ ကို မသိလို့ သူ ပြောချင် တာ ကို ဆက် ပြောနေသည် ။

“ သူတော်ကောင်းတွေ ဆိုတာ ရှေး ဘုရားအလောင်းတော် တို့ ရဲ့ ထုံး ကို နှလုံးမူပြီး လုပ်သင့် လုပ်ထိုက်တာ ကိုတော့ လုပ်ရမှာပေါ့လေ ”

တောထွက်မည့် ညမှာ အစ်မ မခင်စိန် ကို နှုတ်ဆက် သွားမှာ သေချာသည် ဟု သိသွားသည့် ကာလသားတွေ က တစ်စုံတစ်ခု ကို ပြုလုပ်ရန် အကြံရ သွား ကြဟန် တူသည် ။ မခင်စိန် ၏ နား ကို ပါးစပ် နဲ့ ကပ်ပြီး တစ်စုံတစ်ခု ပြောသည် ။ မခင်စိန် က ရယ်ပြီး ကိုဘစံ ၏ ဗိုက်ခေါက် ကို လိမ်ဆွဲသည် ။

“ ( xxx ) ယုတ်မာတယ် ”

“ မယုတ်မာပါဘူး အစ်မ ရဲ့ ၊ စမ်းသပ်တဲ့ သဘောပေါ့ ... ဟီး ... ဟီး ”

“ သူ့ ရဲ့ မဂ်လမ်းခရီး မှာ ငါ က အဖျက်အဆီး လုပ်သလို ဖြစ်ပြီး ငရဲကြီး နေပါဦးမယ် ”

“ စမ်းကြည့်စမ်းပါ အစ်မရယ် ၊ ဘာဖြစ်မလဲ ဆိုတာ ကြည့်ချင်လို့ပါ ”

ကာလသားတွေ  အကြံပြုတာ ကို မခင်စိန် က သဘောတူ လက်ခံလိုက် ဟန် တူသည် ။ မခင်စိန် က ဘာမှ ပြန် မပြောတော့ဘဲ ရယ်နေသည် ။ သူ့ လူ အကြောင်း ကို သူ က ပို သိနေလို့ ဖြစ်မည် ။

ယနေ့ ည သည် ယောဂီ ဦးဘမောင် တောထွက်မည့် ည ဆိုတာ သေချာ သလောက် ဖြစ်သည် ။ လပြည့်နေ့ ည လည်း ဖြစ်သည် ။ နံနက်စောစော ထပြီး ဘုရားရှိခိုးသည် ။ ကိုးပါးသီလ ယူ သံ ကြားရသည် ။ မခင်စိန် ပြင်ပေးသည့် နေ့လယ်စာ ကို စားပြီးသည် နှင့် အထုပ်အပိုး ပြင်တာ တွေ့ ရသည် ။ လက်ဖက်ခြောက် ၊ ရေနွေးကရား နှင့် သောက်ရေအိုးလေး တစ်လုံး ကို ပါ ထည့်ယူ သွားဖို့ ပြင်ဆင် နေတာ တွေ့ရသည် ။ မခင်စိန် ကတော့ မသိဟန် ဆောင်နေပြီး အရက်လာ သောက်သူတွေ နှင့် ပုံမှန် ပြောဆိုနေသည် ။ အရက် လာ သောက်ကြသည့် ကာလသားတွေ ကိုတော့ ယနေ့ ည သေချာတယ် လို့ ပြောလိုက်သည် ။ ကာလသားတွေ က အကာလ ညအခါ မှာ ဦးဘမောင် အိမ် က ထွက်တာကို စောင့်ကြည့်ဖို့ အတွက် တစ်ညလုံး မအိပ်ဘဲ ချောင်းကြည့် နေကြမည် ဟု ဆိုသည် ။

အဲဒီနေ့ ည တစ်ညလုံး ကုန် လို့ မိုးသာ လင်း သွားသည် ။ ဦးဘမောင် အိမ် က ထွက်လာတာ မတွေ့ကြရလို့ အံ့သြ သွားကြသည် ။ ယောဂီ ဦးဘမောင် တော မထွက်ဖြစ်တာကတော့ သေချာသည် ။ ဘာကြောင့် တော မထွက်တာလဲ ဆိုတာကို စုံစမ်းဖို့သာ လိုတော့သည် ။

••••• ••••• •••••

တစ်ညလုံး အိပ်ရေးပျက် ထားတဲ့ ကာလသားတွေ က တစ်နေ့လုံး အိပ်နေကြပြီး ညနေ ကျတော့ မခင်စိန် ရဲ့ အိမ် ကို အရက် သောက်ဖို့ သွားကြသည် ။ နေ့စဉ်ပုံမှန် တွေ့ နေကျ ဦးဘမောင် ကို ယောဂီဝတ်စုံ ဖြင့် အိမ်ဦးခန်း မှာ ထိုင်နေတာ ကို မတွေ့ ရတော့ဘဲ သာမန် အရပ်ဝတ်ဖြင့် ရေတွင်း မှာ ရေငင် နေတာကို တွေ့ လိုက် ကြရသည် ။

“ အစ်မ .. ဘယ်လိုလဲ ၊ ည က တော မထွက်ဖြစ် ဘူးလား ”

“ ည သန်းခေါင် လောက်မှာ ငါ့ ခြင်ထောင် ကို လာ ဖွင့်ပြီး ကြည့်တယ်ဟေ့ ။ နှုတ်ဆက်တာ ဖြစ်ပါလိမ့်မယ် ။ ငါ က လည်း ပူလို့ အိုက်လို့ ခြင်ထောင် ထဲ မှာပဲ ဆိုပြီး လွတ်လွတ်လပ်လပ် အိပ် နေမိတယ် ။ ဘာတွေ ကို မြင်သွားသလဲ တော့ မသိဘူး ။ တော မထွက်တော့ဘူး ဆိုပြီး အခုလို ပြန် ဖြစ်သွားတာပဲ ”

“ ဟာဗျာ ... ခင်ဗျား က လည်း အအိပ်အနေ ပက်စက်တယ် နဲ့ တူပါတယ် ”

“ ပိတ်ခြင်ထောင် ထဲမှာ ပူလို့ အိုက်လို့ ဟဲ့ ”

အရက် လာ သောက်နေသည့် ကာလသားတွေ  ဝိုင်း ရယ်လိုက်ကြသည့် ရယ်သံ ကို ရေတွင်း မှာ ရေငင်ပြီး ချိုးရေအိုးကြီး ထဲ ရေ ဖြည့် နေသည့် ဦးဘမောင် ကြား လိုက်ရသည် ။

▢ အဏ္ဏဝါစိုးမိုး

📖 သောကြာ မဂ္ဂဇင်း
      နိုဝင်ဘာလ ၊ ၂၀၀၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.