စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Tuesday, May 12, 2026
ရမ္မက်
Saturday, April 25, 2026
ရေကြိုမလေး
❝ ရေကြိုမလေး ❞
( ရန်ကုန်ဘဆွေ )
တစ်ကိုယ်လုံး ခြုံကြည့်လိုက်လျှင် ပိန်ပိန်သေးသေး ရှည်မျောမျောကလေး ဖြစ်သည် ။ အသား ညိုသည် ၊ ပေါင်တံ ပိန်သည် ၊ ရင်ဘတ် ပြားချပ်ချပ်ရှိသည် ၊ အပေါစား သရက်ထည်ကို ခေတ်မီပုံ လက်ပြတ်အင်္ကျီချုပ်၍ ဝတ်ထားသည် ။ အသစ် မဟုတ် ၊ အဟောင်းကို လျှော်ဖွပ်ထားခြင်း ဖြစ်သည် ။ အရောင် မညစ်နွမ်းသော်လည်း ကြေနေသည် ။ လုံချည်မှာလည်း ထို့အတူ ဖြစ်သည် ။ ဖိနပ်က ညှပ်ဖိနပ်ကို စီးထားသည် ၊ နောက်မြီးတိုနေလေပြီ ။
မျက်နှာကို ကြည့်လိုက်ပါမူ ပါးရိုးကလေးများ ချောင်လျက် ပါးရေမတွန့်သေးသော အမယ်ကြီးအို အသေးစားကလေးနှင့် တူသည် ။ ပါးလျှပ်လျှပ်နှင့် တင်းတင်းစေ့နေသော နှုတ်ခမ်းကို အပေါစား နှုတ်ခမ်းဆိုးဆေးနှင့် ရဲရဲနီအောင် ဆိုးထားသည် ။ ပြုပြင်ထားသော မျက်ခုံးမွေးကို ခဲဖြင့် ညီညာသပ်ရပ်စွာ ဆွဲထားသည် ။ သတ္တိရှိပုံရသော မျက်လုံး ခပ်ကျဉ်းကျဉ်းသည် ချိုင့်သော မျက်တွင်းတွင် အမှောင်ခိုကာ ကျရောက်လာသော ဘဝ၏ ဒဏ်ရာဒဏ်ချက်တို့ကို ကြံ့ကြံ့ခံနိုင် သော အသွင်ဖြင့် တောက်ပြောင်၍ နေသည် ။ အသက် ၁၆ နှစ်မှ ပြည့်ပုံ မရရှာပေ ။
ထိုသူငယ်မကလေးသည် ပျဉ်းမနားဘူတာသို့ ရထားဆိုက်လိုက်သည်နှင့် တစ်ပြိုင်နက် တွဲပေါက်မှ ခေါင်းပြူနေသမျှ လူတိုင်းရှိရာဆီသို့ ခေါက်တုံ့ခေါက်ပြန် လှည့်လည်၍ မေးနေသည် ။
“ ရေချိုးမလား အစ်ကိုကြီး ၊ ရေချိုးမလား .. ”
ရန်ကုန်ဆိပ်ကမ်းရှိ သင်္ဘောပေါ်မှ နေ၍ ပေါင်မုန့်ကလေးများ ပစ်ချလိုက်လျှင် စင်ရော်ငှက်များ ဝိုင်းလာကာ သင်္ဘောပတ်ပတ်လည်တွင် ရှုပ်ထွေးစွာ ပျံဝဲနေတတ်သည် ။
အချို့ ရဲတင်းလှသော စင်ရော်ငှက်ကလေးများသည် ပေါင်မုန့်ကျွေးနေသူ၏ လက်ထဲမှ ပေါင်မုန့်စကလေးများကိုပင် ဆွဲယူ၍ ပြေးတတ်ချေသေးသည် ။
ယခုလည်း ပျဉ်းမနားဘူတာသို့ မီးရထားကြီး ဆိုက်သည်နှင့် “ ရေချိုးမလား ... ရေချိုးမလား ” ဟူသော အသံများဖြင့် ရထားကြီး၏ ရှေ့နောက် တစ်လျှောက်လုံးတွင် “ ရေဆွယ် ရေကြိုများ ” ရှုပ်ထွေးစွာ ပြေးလွှားဆီးကြိုလျက် ရှိကြသည် ။
ရဲတင်းသော ရေကြိုမကလေးသည် ရထားကြီး၏ ပြတင်းဝတွင် ခေါင်းထွက် မျှော်ကြည့်နေကြသော ယောက်ျားသားများ၏ မျက်နှာအနီးသို့ မော့ကာ “ ရေချိုးမလား အစ်ကိုကြီး ” ဟု အသံတိုးတိုးကလေးနှင့် မေးတတ်သည် ။
သူ မေးသော အသံသည် သူ ကပ်နေသလောက် မျက်နှာချင်း နီးမှသာလျှင် ကြားနိုင်ရသည် ။
သူ့မေးသံကြောင့် ငုံ့ကြည့်လိုက်တိုင်း သူ၏ တမင်လုပ်ထားသော အာသာတငင်းငင်း ရှိသည့် မျက်လုံးနှင့် မျက်လုံးချင်း ဆုံကြရသည် ။
နောက်ထပ် နည်းနည်းကလေး ငုံ့လိုက်လျှင် သူ့ကို နမ်းပြီးသား ဖြစ်ချင်ဖြစ်မည် ။
ရောင်းသူ ဝယ်သူ အသံတူ ဆိုသော စကားကဲ့သို့ အမေးခံရသူများသည် သူ၏ နီးကပ် လွန်းလှသော မျက်နှာကို သူ့လိုမျက်လုံးမျိုးဖြင့် သူကဲ့သို့ပင် မျက်လုံးထဲသို့ စိုက်၍ကြည့်မိရင်း “ ဟင့်အင်း … မချိုးပါဘူးကွာ ” ဟု တိုးတိုးကလေးနှင့် အားတောင့်အားနာ ပြန်၍ ပြောကြသည် ။
ထိုအချိန်မျိုး၌ သူသည် အလွန်တပ်မက်သော ရည်းစားသည်နှင့် မလွှဲသာ လွှဲသာ ခွဲရ သကဲ့သို့ မျက်လုံးကို လွှဲဖယ်မှန်းမသိ လွှဲဖယ်ရင်းပင် အခြားယောက်ျား တစ်ယောက်ဆီသို့ ရောက်သွားသည် ။ သူ၏ လုပ်ကြံထားသော မလှုပ်ရှားသည့် အပြုံးသည် ထိုအခါမျိုးတွင် မဲ့မဲ့ကလေးပင် ဖြစ်သွားသလောဟု ထင်ရသည် ။
ဤလိုနှင့် သူသည် မီးရထားခေါင်းတွဲမှသည် ဂတ်ဗိုလ်တွဲအထိ အပြေးအလွှား ရွေ့လျား ရောက်ရှိ၍ နေသည် ။
ထို့နောက် တစ်ပတ်ကျော့ကာ ရောက်လာပြန်သည် ။ မျက်နှာချင်းအပ်၍ လေသံနှင့် တိုးတိုးကလေး မေးသည် ။
“ အစ်ကိုကြီး … ရေချိုးမလား ”
“ မချိုးပါ့ဘူးကွယ် ” တိုးတိုးကလေးပဲ ပြန်ပြောမိသည် ။
အနိုင်နိုင် ခွဲရသလို မျက်လုံးကို မရွေ့ဘဲ တစ်နေရာ ရောက်သွားပြန်သည် ။ မလှုပ်ရှားသော အပြုံးကလေးသည် မဲ့မဲ့ကလေးနှင့် ပါသွားသည်ဟု ထင်ရသည် ။ အမေးခံလိုက်ကြရသော ရထားပေါ်မှ ယောက်ျားတို့သည် ရေကြိုမကလေး သွားရာ ဘက်သို့ ဂရုစိုက်၍ ကြည့်မိကြသည် ။
ရေကြိုမကလေးသည် သူ့ရှေ့တွင်ရှိသော ယောက်ျားသားတစ်ယောက်နှင့် စိတ်အားထက်သန်စွာ မျက်နှာချင်းကပ်လျက် ရှိသည် ။
ထို့နောက် အခြားတစ်ယောက်ဆီသို့ ရွေ့သွားသည် ။
တစ်ယောက် .. ၊ နောက်တစ်ယောက် .. ၊ နောက် အခြားတစ်ယောက် ... ။
••••• ••••• •••••
ဘူတာရုံကြီးထဲ၌ လူများရှင်း၍ သွားလေသည် ။
မန္တလေးရထားသည် ပျဉ်းမနားဘူတာ၌ အိပ်မည်ဖြစ်ရာ အချို့ခရီးသည်များသည် ဘူတာရုံ အတွင်း၌ အိပ်ရန်အတွက် ခေါက်အိပ်စင်များကို အလုအယက် ငှားယူကြကာ ခင်း၍ပင် ထားနှင့် ကြလေပြီ ။
ရေကြိုမကလေးများသည် မီးရထားကြီးကို ခပ်လှမ်းလှမ်းမှ ခြုံကြည့်လျက် အချင်းချင်း တိုးတိုးတိုးတိုးနှင့် ပြောနေကြသည် ။
အဝတ် ခပ်လတ်လတ် ခပ်ဝဝ ခပ်စိုစိုပြည်ပြည် မိန်းမငယ်ကလေး တစ်ယောက်သည် တစ်ခုသော တွဲဆီသို့ကြည့်ကာ ရှုံ့လိုက် မဲ့လိုက် ၊ ပြုံးလိုက် ရယ်လိုက်ဖြင့် ပြောရင်း ခေါင်းခါလျက် ကြက်သီးထ၍ ပြလိုက်သည် ။
အရိုးပိန်မကလေးသည် ဝေသော မျက်လုံး ၊ မပြောင်းလဲသော အပြုံးဖြင့် အဖော် ဝဝ မိန်းကလေးအား ကြည့်နေရာမှ ထိုတွဲဆီသို့ ကြည့်လိုက်သည် ။
ထို့နောက် သူ၏ အမြဲပြုံးနေသော ပါးစပ်သည် မသိမသာကလေး ပွင့်လာကာ ပါးလှပ်သော အောက်နှုတ်ခမ်းကလေးကို ချွန်သော သွားစွယ်ကလေးနှင့် ငြိနေရုံမျှ ကိုက်လျက် ထိုတွဲ ဆီသို့ ၂ ခါ ၃ ခါမျှ လှည့်ကြည့်သည် ။ ထို့နောက် ထိုတွဲဆီသို့ လျှောက်၍ သွားလေသည် ။
“ အစ်ကိုကြီး ရေချိုးမလား .. ”
မုတ်ဆိတ်ဖားဖား ၊ ကြိုးကြားကြားနှင့် မြန်မာရည် အတော်လည်ပုံရသော မဒရာစီ ကု,လားကြီး တစ်ယောက်သည် အလွန်ပူအိုက်နေသော အမူအရာဖြင့် ရှပ်အင်္ကျီ ကြယ်သီးများကို ဖြုတ်ထားသည် ။
သူ၏ ရင်ဘတ်မှ ကြိုးကြိုးကြောင်ကြောင် ဖြစ်နေသော အမွေးရှည်ကြီးများသည် အင်္ကျီ၏ အပေါ်သို့ ကျော်ထွက်နေသည် ။ သူသည် ရေကြိုမ ပိန်ပိန်ကလေးအား စားတော့မည့် မျက်လုံးမျိုးဖြင့် တစ်ကိုယ်လုံး ခြုံကြည့်လိုက်သည် ။
ထို့နောက် ခပ်အင်အင် မျက်နှာထားနှင့် မလှုပ်တလှုပ် ရှိနေရာမှ ရေကြိုမကလေး၏ မျက်နှာကို ကြည့်လိုက်သည် ။
ရေကြိုမကလေး၏ ပြုံးသောပါးစပ်နှင့် စွန့်စားသော မျက်လုံးတို့သည် ကု,လားကြီးအား နေရာမှ ဆွဲခေါ်လိုက်သည် ။
မကြာမီ ကု,လားကြီးသည် ရေချိုးပြီးပြီ ဖြစ်ရကား အလွန် ကျေနပ်လန်းဆန်းစွာ ပြန်၍လာသည် ။
ရေကြိုမကလေး၏ နဖူးတွင် ချွေးသီးကလေးများ စို့၍နေသည် ။ ရေကြိုမကလေး၏အင်္ကျီသည် ပို၍ တွန့်ကြေလာသည် ။ ရေကြိုမကလေး၏ မျက်နှာရှိ သနပ်ခါးများသည် ချွေးစကလေးများဖြင့် ကွက်၍ နေသည် ။ ရေကြိုမကလေး၏ ကုပ်မှ ဆံနုကလေးများသည် ချွေးစီးကြောင်း ကလေးနှင့်အတူ လည်တိုင်ကလေးတွင် လာပတ်သည် ။
ရေကြိုမကလေးသည် အဖော်များရှေ့သို့ ပြန်ရောက်လာကာ သူ၏ မပြောင်းလဲသော အပြုံးဖြင့်ပင် ရပ်လိုက်သည် ။
ရေကြိုမကလေး၏ မျက်လုံးများသည် ရဲတင်းမြဲ ရဲတင်းလျက်ပင် ရှိသည် ။ သူသည် အဖော်များအား စကားမပြောဘဲနှင့် ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် မီးရထားတွဲကြီးများ ရှိရာသို့ မျက်နှာလှည့်လာသည် ။
သူ၏ မျက်နှာသည် မလှုပ်ရှားသော ပြုံးခြင်းနှင့် ပြုံးလျက်ပင် ရှိနေသည် ။ သူ့အပြုံး၏ နောက်ကွယ်တွင် မြင်နိုင်စွမ်းခြင်းငှာ မတတ်သာသော မကျေနပ်မှု ၊ နာကြည်းမှု ၊ ဒုက္ခခံစားနေရမှ တို့၏ အရိပ်အယောင် ရှိသည် ။
ထိုအရိပ်အယောင်များသည် သူ့မျက်လုံးထဲ၌သာ ပေါ်နေယောင်ပြုသည် ။ ထိုအရိပ် အယောင်ကို သူ့အပြုံးက ဖုံးပြန်သည် ။
ထို့နောက် သစ်ပင်ပေါ်မှ နေ၍ ရေစင်အား ကြည့်လျက်ရှိသော ကျီးကဲ့သို့ မီးရထားတွဲကြီးကို အစအဆုံး ရွေ့လျား၍ ကြည့်လိုက်သည် ။ ထို့နောက် မီးရထား အပြင်ဘက်သို့ ခေါင်းပြူ လျက်ရှိသော ယောက်ျားသားကြီးများဆီသို့ သွားသည် ။
••••• ••••• •••••
“ ဘာလို့များ ... ဒီ ပခြုပ်သည် ပေါက်စကလေးကို စိတ်ဝင်စားနေရပါလိမ့် ” ဟု ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်သည် ။
ဒီလို ဒေါသဖြစ်ခါမှ အနားသို့ ရောက်လာပြန်ပါလေပြီ ။ ပြုံးသောမျက်နှာနှင့် မေးလိုက် ပြန်ပါလေပြီ ။ အသံက တိုးတိုးကလေး ဖြစ်သော်လည်း ညှင်းညံ့ညံ့ ထွက်လာသော အာငွေ့က ပါးကိုပင် နွေး၍သွားသည် ။
ဘာမျှ ပြန်မပြောဘဲ သဘောမကျသော မျက်လုံးနှင့် ပြန်၍ ကြည့်လိုက်သည် ။ သူ့မျက်လုံး အောက်က အချိန်မကျသေးဘဲနှင့် တွန့်နေသော မျက်ရစ်ကလေးများကိုပင် ထင်ထင်ရှားရှားကြီး တွေ့လိုက်ရသည် ။
တသက်သက်နှင့် မလွှဲမရှောင်သာ မျက်နှာလွှဲသွားရသလို အပြုံးမပျက်ဘဲ သူ့မျက်လုံးကို ရွှေ့သွားသည် ။
“ တော်တော် ရွံ့စရာကောင်းတဲ့ ကောင်မကလေး ” ဟု စိတ်ထဲက တွေးလိုက်သည် ။ သင်းတို့ ရှင်းသွားမှ ငါ ရထားပြန်လာတော့မည်ဟု တွေးရင်း ပျဉ်းမနားမြို့ထဲသို့ ထွက်လာခဲ့သည် ။
ပျဉ်းမနားမြို့ထဲတွင် အလွန်ပျော်တတ်သော မိတ်ဆွေဟောင်း တစ်ယောက်ကို တွေ့ ရသည် ။ သူက ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံရင်း စကားတွေ ဖောင်လောက်အောင် ပြောသည် ။ သူ ပြောသော စကားများကို တဟားဟား တဝါးဝါးနှင့် နားထောင်ကြရသည် ။
သည်လို တဟားဟား တဝါးဝါး နေရင်းကပင် ရေကြိုမကလေး၏ မျက်နှာကို မျက်စိ ထဲ၌ ပေါ်လာရသည် ။
ပေါ်လာသော မျက်နှာမှာ ပြုံးနေသော်လည်း သနားဖွယ်ရာ ဖြစ်နေသည် ။
“ အို ... ဘာလို့များ ဒီလို မြင်နေရပြန်တာပါ လိမ့် ” ဟု ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးရပြန်သည် ။
“ ဘယ့်နှယ်လဲ ကိုယ့်လူ … အိပ်ချင်နေပလား ၊ အစောကြီး ၊ ဟဲ့ - အမယ် ၁၂ နာရီတောင် ထိုးပြီးပါပကော ၊ ကိုယ့်လူက ခရီးပန်းလာတယ် ၊ ဒီ အိပ်ဆိုတော့လဲ မအိပ်ဘဲကို ၊ ကဲ - လာလာ ” ဟု ပြောရင်း လိုက်ပို့ကြသည် ။
ဖြတ်လမ်းမှ ပြန်လာကြရာ မီးရထားသံလမ်းသို့ ရောက်သောအခါ နှုတ်ဆက်၍ လူချင်း ခွဲခဲ့ကြသည် ။
မှောင်ထဲတွင် လူချင်းခွဲခဲ့ကြသည်နှင့် တစ်ပြိုင်နက် တစ်ယောက်တည်း တိတ်ဆိတ်စွာ လျှောက်လာရသည် ။ လိုက်ပို့ကြသော အဖော်များ၏ အသံသည် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားကာ ပျောက်သွားသည် ။
တောင်ရိပ် တောရိပ်ကြောင့် ဘူတာရုံတစ်ခုလုံး နှင်းများဖြင့် အုပ်ဆိုင်းနေသည် ။ မီးရောင်ကလေးများမှာ နီကြင့်ကြင့် ဝေနေသည် ။ သံလမ်းမှာ အေးစက်လှသည် ။
“ အင်း … ဒီကောင်မလေးတွေ ဒီအချိန် ဆိုရင်တော့ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး ” ဟု ဗွေဆော်ဦး တွေးမိပြန်သည် ။
“ ဘာလို့များ ဒီဟာပဲ ထပ်ထပ် တွေးမိနေရပြန်တာလဲ ” ဟု စိတ်တိုတိုနှင့် မီးရထားသံလမ်းမှ ကျောက်စရစ်ခဲကို ဖိနပ်ဦးနှင့် ကန်လိုက်ပြီးလျှင် ဘူတာစင်္ကြံပေါ်သို့ တက်လိုက်သည် ။
လှမ်း၍ ကြည့်လိုက်လျှင် ဘူတာတစ်ခုလုံး တိတ်ဆိတ်နေသည် ။ မီးရောင်နှင့် မနီးမဝေး ခပ်လှမ်းလှမ်းတွင် တိုင်တစ်တိုင် ခြေရင်း၌ ကလေးတစ်ယောက် ထိုင်နေသည် ။
“ အို ဒါလောက် အေးရတဲ့ အထဲများ ဘယ့်နှာ ဒီကလေးဟာ ဒီမှာ လာပြီး ငုတ်တုတ်ကြီး ထိုင်နေပါလိမ့် ”
တွေးလို့မှ မဆုံးသေးမီ မတ်ရပ်ထပြီး လူဆီသို့ တည့်တည့်လျှောက်လာသည် ။
စောစောက ပခုံးပေါ်တွင် တဘက်ကလေး ခြုံရင်း လက်ပိုက်လျက် ချမ်းနေဟန် ပေါက်နေသော်လည်း နီးလာသောအခါ မချမ်းတော့သလို ဣန္ဒြေရရနှင့် လာသည် ။ ပို၍နီးလာသောအခါ တန့်ခနဲ နှစ်ယောက်လုံး အံ့အားသင့်သွားကြရသည် ။
လာနေသူကား ရေကြိုမကလေးပင်တည်း ။
သူသည် ခဏသာ တန့်သွားပြီး ချက်ချင်းပင် ရှေ့သို့တိုးလာကာ မျက်နှာချင်းဆိုင်၍ ရပ် လိုက်သည် ။
“ အစ်ကိုကြီး .. ရေချိုးဦးမလား ”
“ ရေချိုးဦးမလား ” ဟု မေးသူမှာ အတော်ချမ်းနေဟန် ရှိသည် ။ ဒါကို ကြည့်ပြီး စိတ်ထဲ၌ အတော်ပြုံးချင်သလိုလို ဖြစ်လာသည် ။
ရေကြိုမကလေးက ချက်ချင်း ရိပ်မိလိုက်သည် ။
“ ရေမချိုးလဲ အိမ်ကို အလည်လိုက်ခဲ့ပါလားဗျ ၊ မနက် ခင်ဗျား ရေချိုးချင်တော့ လာနိုင်အောင် …”
“ ကဲ … ဒါလောက်တောင် ဖြစ်လှတာ ” ဟူသော စိတ်ဖြင့် မျက်လုံးလှန်၍သာ ကြည့်လိုက်သည် ။ ခေါင်းလည်း ညိတ်မပြ ၊ ဘာမှလည်း ပြန်မပြော ။ သို့ပါလျက်နှင့် “ လာ .. ” ဟု တစ်ခွန်း တည်းခေါ်ကာ သူက ရှေ့က သွားသည် ။ ဘာမှမပြောဘဲ အသာ နောက်က ခပ်ခွာခွာ လိုက်ပါသွားရသည် ။ ဘူတာရုံနှင့် မျက်နှာချင်းဆိုင် လမ်းမကြီးတစ်လမ်းကိုကျော်၍ ဝင်းခြံကြီးတစ်ခု ဘေးမှ ဖြတ်၍ သွားရသည် ။ မြက်တောထဲမှ ဖြတ်၍ သွားရသောကြောင့် မြက်များမှာ နှင်းတွေ စိုနေသဖြင့် ဖိနပ်တွေပါ စိုကုန်ရသည် ။
ထိုနေရာ၌ နည်းနည်းမှောင်လာပြီဖြစ်ရာ ရေကြိုမကလေးက ဘေးတိုက်ယှဉ်လျက် လူနှင့် ပခုံးချင်းတိုက်၍ သွားသည် ။ သူ့ပခုံးမှာ တစ်ထွာလောက်နိမ့်လျက် ထိလိုက်မိတိုင်း အေးစက် နေသည် ။
ဝင်းခြံကြီး အတွင်းရှိ အိမ်ကလေးများ၏ နောက်ဖေးဘက်မှ ဖြတ်၍ ကွက်လပ်ငယ်ကလေး တစ်ခုကို ကျော်မိသောအခါ မှောင်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ်နှင့် မှိန်မှိန်ကုပ်ကုပ် ရှိကြသော တဲပုတ်တန်းကလေး တစ်ခုကို တွေ့သည် ။
“ အဲဟိုဟာ ကျွန်တော်တို့အိမ်ပေါ့ ” ဟု စကားတစ်ခု ထွက်လာပြန်သည် ။ ထို့နောက် ရှေ့မှ ခပ်သွက်သွက်သွားကာ အိမ်ပေါ်သို့ တက်လိုက်သည် ။ မီးခြစ်ကို ခြစ်ကာ မီးခွက်ငယ်ကို ထွန်းလိုက်သည် ။
အိမ်ကလေးမှာ ဝါးကြမ်းပြင် ခင်းထားလျက် ၁၂ ပေ ပတ်လည်ခန့် ရှိပြီးလျှင် အလယ်မှ ရှေ့တစ်ပိုင်းလုံးကို ပိတ်လျက် ကျူဖျာထုတ်ပေါက် ကာထားသည် ။
အိမ်၏ ခြေရင်းဘက်တွင် ၅ ပေခန့် ကျယ်သော မီးဖိုဆောင်တစ်ခု ဆွယ်ထားသည် ။ အတွင်းဘက်ခန်းကို ကူးလိုလျှင် ထိုမီးဖိုထဲမှ ဆင်း၍ ကူးရဟန်ရှိသည် ။
အိမ်ရှေ့ခန်း ခေါင်းရင်းဘက်တွင် မှန်ပေါ်တွင် ရေးထားသော အချိုးအစား မကျသည့် ရွှေတိဂုံဘုရားပုံ ကားတစ်ချပ်နှင့် ဘိုးဘိုးအောင် ပုံကားတစ်ချပ်ပို နံရံ၌ ချိတ်ထားပြီးလျှင် ခြောက်နေသော ပန်းများကို ထရံကြား၌ ထိုးလျက် တွေ့ ရသည် ။
ဘုရားကားနှင့် တည့်တည့်တွင် ထောင့်စုတ်နေပြီ ဖြစ်သော သင်ဖြူးဖျာဟောင်းတစ်ချပ်ကို ခင်းလျက် သင်ဖြူး၏ ခေါင်ရင်းဘက်တွင် ခေါင်းအုံးတစ်လုံး ချထားသည် ။ ခေါင်းအုံး၌ ခေါင်းအုံးစွပ် ရှိသော်လည်း ခေါင်းအုံးစွပ်၏ အလယ်တည့်တည့်တွင် ဆီချေးများကြောင့် ညိုဝါရောင် ပေါက်နေ သည် ။
ထိုအဆင်အပြင်များကို အကဲခတ်ကြည့်ရင်း ခပ်ကြောင်ကြောင် ဖြစ်နေစဉ် “ ထိုင်ဗျ ... ” ဟု ပြောသည် ။
ထို့နောက် ခပ်မှိန်မှိန် ရှိသော မီးခွက်ငယ်ကို မှုတ်လိုက်သည် ။ ထို့နောက် မှောင်ထဲတွင် လက်ကို စမ်း၍ ဆွဲယူခြင်းခံရသည် ။ လက်ကလေး သေးကွေးသော်လည်း သန်မာသည် ၊ အေးစက်စက်ရှိသည် ။
“ ဒီမှာပဲ အိပ်တာပေါ့ဗျ ”
“ ဟင့်အင်း … ငါ မအိပ်ချင်ဘူး ”
“ ဘာပြုလို့လဲ အစ်ကိုကြီး ”
“ ငါ့ကို အစ်ကိုကြီးလို့ မခေါ်နဲ့ ၊ ငါက နင့်ဦးလေး အရွယ်လောက်ရှိတယ် ”
မှောင်ထဲတွင် အသံအတော်ကြာ တိတ်ဆိတ်၍ သွားသည် ။
ထို့နောက် လက်တစ်ခုက လာစမ်းသည် ။ လက်မောင်းကို စမ်းသည် ။ လက်မောင်းမှနေ၍ လက်ဖျားသို့ တဖြည်းဖြည်း ဆင်းသွားသည် ။ လက်ဖျားမှ ပေါင်ပေါ်သို့ ကူးလိုက်သည် ။ ပေါင်ကို ဖြည်းညင်းစွာ ပွတ်နေသည် ။ လက်ဖျားတွေက အေးစက်လွန်းလှသည် ။
ထို့နောက် ရွေ့လျားသံကို ကြားရပြီး လူချင်း မထိဘဲနှင့် ကိုယ်ငွေ့ နွေးနွေးကလေးက လာဟပ်နေသည် ။
“ ဒီမှာ ဘယ်သူမှ မရှိပါဘူး ၊ ဒီမှာပဲ အိပ်တာပေါ့ဗျ ”
အသံ တိုးတိုးကလေးနှင့်အတူ လူပေါ်သို့ လာမှီလိုက်သည် ။ အပေါစား ပေါင်ဒါနံ့က ချွေးနံ့နှင့် ရောလျက် နှာခေါင်းထဲသို့ ဝင်လာသည် ။ သူ့ကိုယ်မှာ ခပ်သေးသေး ခပ်ပေါ့ပေါ့ ဖြစ်ဟန် ရှိသော်လည်း သူ့လက်များလို မဟုတ် ၊ ခပ်နွေးနွေး ရှိနေသည် ။
သူ့ကိုယ်ကို ဖြည်းညင်းစွာ ထူပေးလိုက်ပြီး လူချင်းခွာလိုက်သည် ။
“ ငါ မအိပ်ချင်ပါဘူး ”
အတော်ကြာကြာ အသံတိတ်၍ သွားသည် ။ ထို့နောက် ကိုယ်နွေးနွေးကလေးနှင့် လာမှီကာ ပြောသည် ။
“ ဘာပြုလို့လဲဗျ ၊ တော်တော်ကြာ ခင်ဗျား ကျွန်တော့်ကို သဘောကျလာမှာပါ ” ဟု ပြောရင်း လက်ကို ဆွဲကာ သူ့တစ်ကိုယ်လုံးကို စမ်းစေသည် ။
သူ့ကိုယ်လုံးကလေးမှာ အမြင်အားဖြင့် ပြားချပ်ချပ် ပိန်ညောင်ရိုးကလေး ဖြစ်သော်လည်း မာကျစ်ကျစ် ရှိသည် ။ သူ၏ ရင်သားသည် ပျော့သော်လည်း ဝိုင်းဝိုင်းပုံ့ပုံ့ ရှိသည် ။ သူ၏ ရင်ခုန်သံ သည် လက်အောက်တွင် အရှိန်ပြင်းစွာနှင့် ခပ်သွက်သွက် တိုးသည် ။
ချက်ချင်း သတိရကာ လက်ကို ရုပ်လိုက်သည် ။ သူ့ကို ဆွဲထူပေးလိုက်သည် ။
“ မီးထွန်းစမ်း ”
“ ခင်ဗျား မအိပ်တော့ဘူးလား ၊ ဒါဖြင့် ခင်ဗျား ကျုပ်နောက် ဘာလို့ လိုက်လာသေးလဲ ”
“ နင်ခေါ်လို့ ငါ လိုက်လာတာ ”
“ ခင်ဗျားကို ကျုပ် အလကား ခေါ်တာမှ မဟုတ်ဘဲဗျ ”
ပြောသံနှင့်အတူ မီးခြစ် ခြစ်လိုက်သည် ။
သူ၏ ပြောသံသည် အတော် စိတ်ဆိုးပုံ ပေါက်နေသော်လည်း သူ၏ အပြုံးသည် ခါတိုင်း ကဲ့သို့ပင် ရှိသည် ။
တကယ် ပြုံးနေသလော ၊ မကျေနပ်နေသလော ၊ ဘဝ၏ တင်းမာမှုကို အပြုံးဖြင့် အတင်း ဖုံးကွယ်၍ ထားနေသလော ၊ ဘယ်လိုမှ မသိရ ။
သူ့မျက်လုံးသည် မီးရောင်မှိန်မှိန်တွင် ပြောင်လက်စွာနှင့် အကဲခတ်သလို ကြည့်နေသည် ။
“ လာပါဗျာ ၊ ခင်ဗျား ကြည့်ရတာ ဒီအရွယ်ကြီးနဲ့ လူပျို အစိမ်းကလေးမှ မဟုတ်ဘဲ ၊ ခင်ဗျား ကျွန်တော်နဲ့ အိပ်ချင်နေတာပါ ”
သူ၏ ဖျတ်လတ်သော လက်သည် ရဲတင်းစွာ လာ၍ ဖမ်းသည် ။
“ ကဲ - ခင်ဗျား ဟန်လုပ်နေတာ ပေါ်ပြီ ”
ဟုတ်သည် လိမ်၍ မရ ။ အဖိုနှင့် အမတို့၏ သွေးသားများသည် နီးစပ်သည်နှင့်အမျှ ထကြွကြသည် ။
ရေကြိုမကလေးသည် လူချင်း ပူးကပ်၍ ထိုင်လိုက်ပြီးလျှင် လက်တစ်ဖက်ကို ဆွဲယူကာ သူ၏ ပခုံးပေါ်မှ ကျော်၍ သူ၏ ရင်ဘတ်ပေါ်သို့တင်ကာ သူ၏ အေးစက်သော လက်ကလေးနှင့် ဖိထားသည် ။
လက်အောက်ရှိ အသားစိုင်ကလေးသည် ပျော့အိသော်လည်း နူးညံ့နေသည် ။ ပခုံးပေါ်တွင် ခေါင်းမှီ၍ ထိုင်ရင်း ကျန်လက်တစ်ဖက်ကို သူ့ခါးဆီသို့ ပတ်လျက် ဆွဲယူ လိုက်သည် ။
ခဏမျှ ငြိမ်သက်လျက် မေ့မော သာယာနေမိသည် ။
သူ၏ လက်တစ်ဖက်သည် ရဲတင်းစွာ ရောက်လာပြန်ကာ အတော်အားစိုက်၍ ဖျစ်ညှစ် လိုက်သည် ။
ထို့ကြောင့် ချက်ချင်း သတိဝင်လာပြီး ရုတ်ခြည်း မျက်နှာချင်းဆိုင်၍ ထိုင်လိုက်သည် ။
သူ့မျက်နှာကို ဆွဲယူကာ သေသေချာချာ ကြည့်လိုက်သည် ။ မှိန်သော မီးရောင်တွင် သူ့မျက်နှာသည် ပြုံးမြဲ ပြုံးလျက် ရှိသည် ။ ထိုအပြုံးထဲတွင် တစ်စုံတစ်ခု ရောနှောပါနေသည် ။ ထိုတစ်စုံတစ်ခုသည် ယခုမှ မဟုတ် ၊ စတွေ့ ကတည်းက မြင်နေရသော တစ်စုံတစ်ခု ဖြစ်သည် ။ ထိုတစ်စုံတစ်ခုကို ယခု ခွဲခြား၍ သိရပါပြီ ။ ထိုတစ်စုံတစ်ခုကား သရော်ဟန်ကလေးပါတည်း ။
“ မင်းကို ဘယ်လောက် ပေးရမလဲ ”
“ ၅ိ ထဲဗျ ... ”
အပြုံးမပျက်ဘဲ ခပ်တိုးတိုးကလေး ပြောလိုက်သည် ။ ငယ်မူငယ်သွေး မပျောက် ၊ ကလေးဆန်၍ ချစ်စရာကောင်းသည် ။
“ မင်းကို ကြည့်ရတာ ငါ့သမီး အလတ်ကလေးလောက်ပဲ ရှိသေးတယ် ”
သူ့မျက်နှာကို ကိုင်၍ မော့ထားသော လက်နှစ်ဖက်ကို ဖြည်းညင်းစွာ လွှတ်လိုက်ပြီးလျှင် အိတ်တွင်းမှ ဆယ်တန်တစ်ချပ်ကို ထုတ်ယူကာ သူ့ရှေ့သို့ အသာချလိုက်သည် ။
ထို့နောက် နေရာမှထကာ ချာခနဲ လှည့်ထွက်ခဲ့သည် ။ မြက်တောထဲမှ ဖြတ်၍ ဘူတာရုံ ဆီသို့ လျှောက်လာခဲ့သည် ။ ရုတ်တရက် လမ်းကို မမှတ်မိသောကြောင့် စမ်းတဝါးဝါးနှင့် လာခဲ့ရသည် ။
ဘူတာရုံကြီးဆီမှ အလင်းရောင်သည် မျက်နှာပေါ်သို့ ရိုက်ခတ်နိုင်သော နေရာသို့ ရောက်သောအခါ နောက်မှ ခေါ်သံ ကြားသဖြင့် ရပ်လိုက်သည် ။
ရေကြိုမကလေးက အနီးသို့ ပြေးလာရင်း ရပ်သည် ။
“ ငါ ပြောထားတယ် မဟုတ်လား ၊ ငါ့ကို အစ်ကိုကြီး မခေါ်နဲ့ ၊ ဦးလေးလို့ ခေါ် ၊ ငါက နင့် ဦးလေးလောက် ရှိနေပြီ ”
ရေကြိုမကလေး၏ မျက်နှာတွင် ပြုံးနေသည် ။ သူ့မျက်လုံးထဲတွင် ရစ်ဝဲသော မျက်ရည်သည် မီးရောင်မှေးမှေးတွင် တောက်ပြောင်နေသည် ။ သူသည် တစ်စုံတစ်ခုကို ပြောမည်ဟု ကြိုးစားရင်း မပြောနိုင်သေးဘဲ မျက်ရည်ပေါက်များ ပါးပေါ်သို့ လိမ့်ကျလာသည် ။
“ နင် ဘာလုပ်မလို့လဲ ”
ရေကြိုမကလေးသည် သူ၏ မပြောင်းလဲသော အပြုံးဖြင့် ကြည့်နေရင်း မျက်ရည်သုတ် လိုက်သည် ။
“ ကျွန်တော် ဦးလေးကို ကျေးဇူးတင်လွန်းလို့ လိုက်ပို့မလို့ပါ ”
“ မလိုဘူး .. နင် ပြန်တော့ ၊ အေးလေ နင့်အလုပ် ရှိသေးရင်လဲ ဘူတာထဲကို လိုက်ချင် လိုက်ခဲ့ပေါ့ ”
ပျဉ်းမနား ဘူတာသို့ စရောက်သည့် အချိန်မှ စ၍ ရေကြိုမကလေး၏ ပျက်သွားသော အပြုံးကို ဤအကြိမ် ပထမဆုံး မြင်ရခြင်း ဖြစ်သည် ။
သူ၏ မျက်နှာမှာ နီ၍လာသည်ဟု ထင်ရသည် ။ သူသည် ခဏကြာအောင် ခပ်တွေတွေ ပြန်ကြည့်နေရာမှ အားတင်း၍ ပြုံးပစ်လိုက်သည် ။ သူ့အပြုံးနှင့်အတူ မျက်ရည်ပေါက်များကလည်း ထွက်ကျသည် ။
“ ကျွန်တော် ဒီနေ့ ထပ်ပြီး မလုပ်တော့ပါဘူး ၊ နက်ဖြန်ခါ ကျွန်တော့်အဖေကို ရုံးချိန်းမှာ သွားတွေ့ ရမယ် ၊ မနက်လဲ မလာတော့ဘူး ၊ ကျွန်တော့်အဖေနဲ့ တွေ့ ရင် ပေးစရာ ငွေ မရှိမှာ စိုးလို့ပါ ၊ ကျွန်တော် ဒါလောက် ….. ”
သူ့အသံသည် နစ်ဝင်သွားပြီး ခဏကြာမှ စကားကို မဆက်ဘဲ ပြုံးလျက် မော့ကြည့်နေသည် ။
သူ စိတ်မကောင်းမည် စိုး၍ စကား ပြောင်းလိုသော်လည်း သိချင်သည့်ဇောနှင့် မေးလိုက်ရသည် ။
“ နင့်အဖေက ဘာပြုလို့လဲ ”
ရေကြိုမကလေးသည် အပြုံးမပျက်ဘဲ မျက်လွှာချလိုက်သည် ။
ထို့နောက် ခေါင်းမမော့ဘဲ လေသံကလေးနှင့် ခပ်တိုးတိုး ပြောလိုက်သည် ။
“ သူပုန်မှု ”
“ နင့်မှာ ဆွေမျိုး ညီအစ်ကိုမောင်နှမ မရှိဘူးလား ”
“ ရှိတော့ ရှိတယ် ၊ တောမှာ ... ”
“ သူတို့က လိုက်မလာကြဘူးလား ”
“ အဖမ်းခံရမှာ စိုးလို့ လိုက်မလာဝံ့ဘူး ”
“ အခု ဒါဖြင့် နင်တစ်ယောက်တည်း နေတာပေါ့ ”
“ ဟုတ်ကဲ့ ”
ထို့နောက် နှစ်ယောက်လုံး စကားမပြောဘဲ အတန်ကြာအောင် ကိုယ့်အတွေးနှင့် ကိုယ် နေကြသည် ။
နှင်းမှုန်များသည် လေအေးနှင့်အတူ မျက်နှာကို ပက်ဖျန်းနေကြသည် ။
ရေကြိုမကလေးသည် မပျက်သော အပြုံးဖြင့် တဖြည်းဖြည်း ခေါင်းမော့လာသည် ။
“ အေး ... အေး ... ဒါဖြင့် နင် ပြန် - ပြန် ... ”
“ ဦးလေး ၊ ကျွန်တော် ဦးလေးကို သိပ်ကျေးဇူးတင်ပါတယ် ” ဟု ခပ်တိုးတိုးကလေး ပြောသည် ။
ထို့နောက် မျက်ရည် ရစ်ဝဲသော မျက်လုံးဖြင့် အပြုံးမပျက်ပင် ဖြည်းညင်းစွာ လှည့်သွားသည် ။
မှောင်သော နှင်းမှုန်ထဲတွင် သံလမ်းများကို ကျော်ဖြတ်ကာ တဖြည်းတဖြည်း ဝေး၍သွားသော ရေကြိုမကလေးကို ပျောက်ကွယ်သည့်တိုင်အောင် ငေးကြည့်နေမိသည် ။
ရထားပေါ်သို့ ရောက်သောအခါ တစ်ညလုံးလိုလို ဖွင့်ထားသော မီးရထားဟိုတယ်မှ ရမ်အရက် တစ်ပုလင်း မှာယူ၍ သောက်သည် ။ ပြီးလျှင် မူးမူးနှင့် အိပ်သည် ။
ခရီးသွားများ လှုပ်လှုပ်ရှားရှားဖြစ်လျက် ရထားထွက်မည် ပြုသောအခါ အိပ်ရာမှ နိုးသည် ။
ရေကြိုတို့သည် နံနက်စောစော ရေချိုးသူတို့အား လှည့်လည်၍ ရေဆွယ်ကြသည် ။
သူ လာလိမ့်မည် မဟုတ်ဟု သိပါလျက်နှင့် သူ့ကိုများ တွေ့ လေဦးမလားဟု ကြည့်ရသေးသည် ။
ရထားကြီးသည် ဝေသောနှင်းတွေ ကြားထဲတွင် ပျဉ်းမနားဘူတာကို စွန့်ခွာ၍ လာခဲ့သည် ။
ညနေ ရထားဆိုက်ချိန်တွင် ပညာသင်ချိန် အရွယ်မျှသာ ရှိသေးသော ရေကြိုမကလေးသည် အပေါစား နှုတ်ခမ်းဆိုးဆေးကို သုတ်ခြယ်ကာ ပြုံးသော မျက်နှာဖြင့် ဤဘူတာအတွင်း၌ လူးလာတုံ့ပြန်လျက် ရှိနေပေလိမ့်မည် ။
( စံနက်ကျော် အမည်ဖြင့် )
⎕ ရန်ကုန်ဘဆွေ
📖မြဝတီ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၁၉၅၈
Sunday, September 28, 2025
တီဟီတီ လမ်းကြား
❝ တီဟီတီ လမ်းကြား ❞
( ရန်ကုန်ဘဆွေ )
ကြားဖူးခဲ့ရသည် ။
တီဟီတီ ကျွန်းသူ ကျွန်းသားတို့သည် လူ့ကိစ္စ၌ အလွန်လျှင် ပွင့်လင်းကြပါသည် .. တဲ့ ။ သူတို့သည် မြေစိုက်တဲဝိုင်း အတွင်းရှိ မိသားစုတစ်စုလုံး အကာအရံ မရှိဘဲ စုပြုံ၍ စားခြင်း ၊ အိပ်ခြင်း ၊ နေခြင်းအမှုတို့ကို ပြုလုပ်လေ့ ရှိကြသည်ဟု အဆိုရှိသည် ။
တီဟီတီ ကျွန်းသူ ကျွန်းသားများသည် မိန်းမနှင့် ယောက်ျား အိမ်ထောင်ရေးအရ ဆက်ဆံ နှီးနှောကြရာ၌ ရှက်ဖွယ်သော ကိစ္စများဟု မယူဆကြချေ ။ ထို့ကြောင့် စကားပြောတတ်စ ယောက်ျားလေး ၊ မိန်းမကလေးတို့သည် လူ့လောက၏ ယောက်ျား မိန်းမ ဆက်ဆံကြပုံများကို သိဖူးကြ ၊ မြင်ဖူးကြ ၊ ကြားဖူးကြသူများချည်း ဖြစ်ကြရသည် ။
ဤသို့သော အကြောင်းများကြောင့် တီဟီတီ ကျွန်းသူ ကျွန်းသား ငယ်ရွယ်သူတို့သည် အရွယ် မရောက်သေးမီက စ၍ လူ့ကိစ္စကို အပြင်းအထန် စိတ်ဝင်စားလာကြလျက် …
ဦးတုတ်ပေါ၏ မျက်လုံးများသည် စာရွက်ပေါ်မှ ကျော်လွန်ကာ မမြင်ရသော အရာဝတ္ထုများကို ငေးစိုက်၍ ကြည့်နေလေသည် ။
တစ်ဖက်ခန်းမှ နင်းလိုက်သည်၏ အဖြစ်ကြောင့် ဝါးကြမ်းပြင်သည် ကျွိခနဲ မြည်ကာ ဦးတုတ်ပေါ၏ ပေါင်အောက်တွင် ထိုးထိုးထောင်ထောင် ဖြစ်၍ သွားလေသည် ။
အသက် သုံးဆယ် နီးနေပြီဖြစ်သော ဦးတုတ်ပေါ၏ သမီးအကြီး အပျိုကြီး မနန်း သည် ဦးတုတ်ပေါတို့ ဤအိမ်ခန်းသို့ ပြောင်းလာပြီး မကြာမြင့်မီ အတွင်း မကြာမကြာ တက်လိုက် ငိုလိုက်နှင့် ဖြစ်ခဲ့ရလေသည် ။
အပျိုကြီး မနန်း တစ်ယောက်တည်းသာ မဟုတ် ။ ဤလမ်း တစ်လမ်းလုံးရှိ လူလတ်ပိုင်း အရွယ်သို့ ရောက်ကြပြီ ဖြစ်သော အပျိုကြီးများ ၊ မုဆိုးမများ ၊ တစ်ခုလပ်များ အားလုံးလိုလိုပင် ဤလို တက်ကြ ငိုကြနှင့် ဖြစ်နေကြရလေသည် ။
ရပ်ကွက်ရှိ လူတို့သည် ရပ်ကွက်အတွင်း၌ အလှူငွေ လှည့်လည် ကောက်ခံကြကာ မကြာမကြာ ပရိတ်ရွတ်ကြ ၊ ကမ္မဝါဖတ်ကြနှင့် ပြုလုပ်နေကြရလေသည် ။
သို့ရာတွင် ဤအဖြစ်ဆိုးကား ရပ်ဆိုင်း၍ မသွားပေ ။ ဤလမ်းတွင်းရှိ ပယောဂဆရာကြီး ဦးသာကြူး ကမူ ဤလမ်းကြားကလေး၏ အောက်ချိုင့်အတွင်းရှိ ရေကန်ထဲမှ အလွန် တန်ခိုးကြီးသော ဥစ္စာစောင့်မကြောင့် ဤသို့ဖြစ်ရသည်ဟု အခိုင်အမာ ပြောနေလေသည် ။
ဦးတုတ်ပေါသည် မကြာမီကလေးကမှ အတက်ကျသွားသော သမီးဖြစ်သူ အပျိုကြီး မနန်း ကို လှမ်း၍ ကြည့်လိုက်သည် ။
အိပ်ပျော်နေပြီ ဖြစ်သော အပျိုကြီး မနန်း၏ မျက်လုံးအိမ်မှ စီးကျခဲ့ဟန်ရှိသည့် မျက်ရည်ပေါက်ကလေးသည် ပါးပြင်အစပ်တွင် ငြိမ်သက်စွာ ဥ၍ နေသေးသည် ။
တုတ်ပေါသည် မသိမသာ ပင့်သက်ကို မှုတ်ထုတ်လိုက်၍ လက်ထဲရှိ စာအုပ်ကို ပိတ်လျက် သူ သိပြီးသား ဖြစ်သော စာအုပ် မျက်နှာဖုံးကို ထပ်၍ ကြည့်လိုက်လေသည် ။
စာအုပ်မှာ ဂျာနယ်ပြာ အမည်ရှိသော စာအုပ် ဖြစ်၏ ။
ဦးတုတ်ပေါသည် ခေတ်ပေါ် စာအုပ်များကို ဘယ်သောအခါမျှ ဖတ်သူ မဟုတ်ခဲ့ချေ ။
သို့ရာတွင် သူသည် မိမိအရပ်တွင် မနေဝံ့သဖြင့် လယ်ယာချောင်းမြောင်းတွေကို ပစ်၍ ထွက်လာရသူ ဖြစ်သောကြောင့် သူပုန်ကို နိုင်အောင် မတိုက်နိုင်သော ဖဆပလ အစိုးရအား အလွန် စိတ်ဆိုး၍နေသူ ဖြစ်လေသည် ။
သူသည် ဖဆပလ အစိုးရ အဖွဲ့ကြီး ပျက်စီးရန်သာ ဘုရားရှိခိုးတိုင်း ခပ်ပြောင်ပြောင် ဆုတောင်းနေသူ ဖြစ်သည် ။
တောမှာ နေစဉ်က သူသည် ရုတ်တရက် ရောက်ရှိလာသော သူပုန်အဖွဲ့တစ်ဖွဲ့၏ ငွေကြေး ကောက်ခံခြင်းကို မကျေနပ်လှစွာ ခံလိုက်ရဖူး၏ ။
ထိုစဉ်က သူသည် အတော် ပြင်းပြင်းထန်ထန် စိတ်ဆိုးခဲ့ဖူးသော်လည်း ဤသို့ သတိရတိုင်း ၊ ဘုရားရှိခိုးတိုင်း သူပုန်များ မြန်မြန် ပျက်စီးကြပါစေဟု ဆုမတောင်းရဲခဲ့ရှာပေ ။
သူပုန်သည် ဖဆပလ အစိုးရထက် ရက်စက်သည် ၊ မိုက်သည် မဟုတ်လော ။
ဖဆပလ အစိုးရကား ဒီမိုကရေစီ အစိုးရ ဖြစ်၏ ၊ လူထုကို သက်ညှာ၏ ၊ လွတ်လပ်ခွင့် ပေး၏ ။ ထို့ကြောင့် ကြောက်ဖို့မလို ။
“ ဖဆပလ အစိုးရ အလကားအစိုးရ ၊ လူပျော့လူညံ့တွေ ၊ ဒင်းတို့အကျိုးသာ ဒင်းတို့ ကြည့်တယ် ။ ငါတို့ လယ်ယာချောင်းမြောင်းတွေ ပစ်၍ ပြေးလာကြရတာကို ဒင်းတို့ မကြည့် ၊ ဒင်းတို့ ဖဆပလတွေ မြန်မြန် ပြုတ်ကျပါစေ ၊ ဒင်းတို့ ဖဆပလတွေ မြန်မြန် ပျက်စီးပါစေ ”
ဦးတုတ်ပေါသည် သူကိုယ်တိုင်သာလျှင် သည်လို ဆုတောင်းသည် မဟုတ် ။ ဖဆပလ အကြောင်း မကောင်းပြောကြသောသူများ ရှိလျှင်လည်း မြိန်ရေရှက်ရေ နားထောင်တတ်သေးသည် ။ ဖဆပလ အကြောင်း မကောင်းရေးသော စာအုပ်များ တွေ့ လျှင်လည်း မလွတ်အောင် ဝယ်ဖတ် တတ်သေးသည် ။
ဂျာနယ်ပြာသည် ဖဆပလကို ကလေးများ ကဲ့သို့ လက်အပိုက် ခိုင်းကာ မရိုက်ရုံတမယ် ရှိ၏ ။ ဖဆပလ အပေါ်တွင် အတော်ကလေး ရက်ရက်စက်စက် ရေးသော စာအုပ် ဖြစ်လေသည် ။
အလုပ်အကိုင် အပေါက်အလမ်း မတည့်တိုင်း ၊ မိမိ ရပ်ရွာကို ပြန်၍ အလုပ် မလုပ်ဝံ့တိုင်း ဖဆပလကို အငြိုးကြီးလျက်ရှိသော ဦးတုတ်ပေါသည် အချိန်အားရှိသရွေ့ ဖဆပလ၏ ချို့ယွင်းချက်များကို အကွက်လည်လည်နှင့် ရေးသားလေ့ရှိသော ဂျာနယ်ပြာကိုသာ လှန်၍ လှန်၍ ဖတ်နေလေ့ ရှိလေသည် ။
သို့ရာတွင် ဂျာနယ်ပြာ တစ်စောင်လုံးတွင်မှ ထိုဆောင်းပါးသည် နှစ်မျိုးသာ ပါရှိ၏ ။
ထိုဆောင်းပါး နှစ်မျိုးကိုလည်း အချိန်အားရှိတိုင်း ဖတ်ရလွန်းသဖြင့် အလွတ်ပင် ရ၍ နေပါလေပြီ ။
ဦးတုတ်ပေါသည် ယခု အတောအတွင်း နေရေး စားရေးမှ စ၍ အစစ ပို၍ အဆင်မပြေ ဖြစ်လာ၏ ။ ထိုအတောအတွင်း သမီးအကြီး ဖြစ်သူ အပျိုကြီး မနန်း သည် မကြာ မကြာ ငိုလိုက် ၊ ရယ်လိုက် ၊ တက်လိုက်နှင့် စုန်းလိုလို ၊ နတ်လိုလို ၊ ပယောဂလိုလို ဖြစ်နေ၏ ။
ထို့အပြင် လွန်ခဲ့သည့် တစ်လခန့်က အသက် ၁၅ နှစ်ခန့်မျှသာ ရှိသေးသော သမီးငယ် ဖြစ်သူ မပန်း သည် မယားကြီး ရှိသူ တစ်ယောက်နှင့် ကောက်ကောက်ပါအောင် လိုက်ပြေးသွား၏ ။
ဤတွင် အလုပ်အကိုင် မည်မည်ရရ မရှိသော ဦးတုတ်ပေါသည် အချိန်အားအား ရှိသည် နှင့်အမျှ ဖဆပလကို ဒေါအပွကြီးပွကာ ဂျာနယ်ပြာ စာအုပ်အဟောင်းကလေးကို ဆွဲယူ၍ ဖတ်မိ၏ ။
ထိုစာအုပ်ထဲတွင် ပါသော နိုင်ငံရေး ဆောင်းပါး နှစ်ပုဒ်ကိုမူကား သူ အလွတ်ရ၍ နေပေပြီ ။
ထို့ကြောင့် အခြား ဆောင်းပါး တစ်ခုကို စိတ်ပါဝင်စားမှု မရှိလှဘဲ ပျင်းပျင်းရိရိနှင့် ဖတ် ကြည့်မိပြန်၏ ။
ထိုဆောင်းပါးကား ရတနာတင့် ရေးသော တီဟီတီ ကျွန်းအကြောင်း ဆောင်းပါး ဖြစ်ပါသတည်း ။
••••• ••••• •••••
ကောင်းစွာ အိပ်မပျော်သော ညတစ်ညက ဖြစ်လေသည် ။
ဦးတုတ်ပေါသည် ဂုဏ်တော်ကို ပုတီးစိပ်ရင်း ခပ်မှိန်းမှိန်း ဖြစ်၍နေ၏ ။
ဂျုန်း … ဂျုန်း ... ဂျုန်း ... ဟူသော အသံတို့နှင့် အတူ ကျောအောက်မှ ဝါးကြမ်းပြင်တို့သည် ထောင်၍ ထောင်၍ သွားလေသည် ။ တစ်ဖက်ခန်းမှ မော်တော်ကားမောင်းသမား မောင်အုပ် အရက်မူး၍ ပြန်လာခြင်း ဖြစ်၏ ။
မောင်အုပ်သည် သူ့မိန်းမကို နှိုး၏ ။ ထို့နောက် မီးခွက်ထွန်း၏ ။ ထို့နောက် ထမင်းစား၏ ။ မောင်အုပ် ထမင်းစား နေစဉ်တွင် မောင်အုပ်၏ မိန်းမသည် “ အရေတွေကို သောက်လာပြန်ပြီ ၊ ဒီ အရေတွေကို မသောက်ပါနဲ့ ဆိုတာ ဘယ်နှစ်ခါရှိပလဲ ” ဟု ဆိုတတ်၏ ။
“ အိုကွာ ... မိန်းမကလဲ ၊ ယောက်ျားဆိုတာ တစ်ခါတလေ ဒီလိုပေါ့ ၊ မင့်းယောက်ျားကို ချစ်ရင် မဆူစမ်းပါနဲ့ကွာ ” ဟု ပြောပြောဆိုဆို သူ့မိန်းမ၏ ခါးကို လက်တစ်ဖက်နှင့် သိမ်းကျုံး ဆွဲယူလိုက်ရာ အင့်ခနဲ မြည်သွားတတ်၏ ။ ထိုအခါမျိုး၌ ဝါးကြမ်းပြင်ကလည်း ကျွိ , ကျွိ , ကျွိ , ကျွိနှင့် မြည်သွားတတ်လေသည် ။
“ ဖယ်စမ်းပါ ၊ သူ့ပြောလိုက်ရင် ဒါမျိုးချည်းပဲ ၊ လူကြီးကိုက မုန်းစရာ … ”
ဤတစ်ခါတလေမျိုးကား ညတိုင်း ကြားနေ သိနေရသော တစ်ခါတလေမျိုး ဖြစ်လေသည် ။
သို့သော် တော်ပါသေး၏ ။ မောင်အုပ်ကား အရက်မူးလာလေ့ ရှိသော်လည်း အလွန်အကျွံ ဆူဆူပူပူ လုပ်တတ်သူ မဟုတ်ချေ ။
သူသည် မကြာမီ ထမင်းစား ပြီးသွား၏ ။ မောင်အုပ်၏ မိန်းမသည် ငယ်ရွယ်သူပီပီ ထမင်းပွဲကို ဖျတ်လတ်စွာ သိမ်းဆည်း၍ ပေးလေသည် ။
ထိုအချိန်၌ မောင်အုပ်တို့ အခန်း၏ ခြေရင်းဘက် ခေါင်းရင်းဘက်မှ အိပ်နေကြသူတို့၏ ကျောပြင်အောက်ရှိ ဝါးကြမ်းပြင်တို့သည် ကျွိ , ကျွိ , ကျွိ ... ဟူသော အသံများနှင့်အတူ ထောင်၍ ထောင်၍ သွားတတ်လေသည် ။
ဤသို့ ဖြစ်ရသည်မှာ မောင်အုပ် မိန်းမ၏ အပြစ် မဟုတ်ချေ ။
မေတ္တာရွှေရည်လမ်း တစ်လမ်းလုံးရှိ ဆယ်ပေ ပတ်လည် အိပ်ခန်းများ ဖွဲ့ပေးထားသော တန်းလျား တစ်ခုလုံးသည် အခန်း တစ်ခန်းမှ လမ်းလျှောက်လိုက် ၊ လှုပ်ရှားလိုက်တိုင်း ကျန်သော ဘယ်ခန်း ညာခန်းတို့မှ ဝါးကြမ်းပြင်များသည် တကျွိကျွိနှင့် ထိုးထိုးထောင်ထောင် ဖြစ်လာတတ်သည်မှာ ထုံးစံဖြစ်နေရလေသည် ။
ကျွိကျွိ, ကျွိကျွိ ဟူသော အသံနှင့်အတူ သမ်းဝေသည်ကို ကြားလိုက်ရလေရာ မောင်အုပ် သည် အိပ်ရာပေါ်သို့ လှဲလိုက်ဟန် ရှိလေသည် ။
ထိုနောက် မောင်အုပ် ဖွာရှိုက်၍ ထုတ်လိုက်သော စီးကရက်နံ့သည် ဦးတုတ်ပေါတို့၏ အခန်းဘက်သို့ပင် ပျံ့လွင့်၍ လာခဲ့ကြရာ ဦးတုတ်ပေါ သည်ပင်လျှင် ခံတွင်းချဉ်လျက် ဆေးလိပ် သောက်ချင်သော စိတ်တွေ ပေါ်ပေါက်၍ လာခဲ့ပေသည် ။ သို့ရာတွင် ဦးတုတ်ပေါသည် အဓိဋ္ဌာန် ပျက်မည် စိုးသောကြောင့် သည်းခံလျက် ပုတီးကိုသာ ပတ်ရေ ပြည့်အောင် ငြိမ်သက်စွာ စိပ်လျက် ရှိလေသည် ။
“ ဟေ့ … မပြီးသေးဘူးလားကွ ၊ ဘာတွေများ ဒါလောက် သိမ်းစရာ ဆည်းစရာ ရှိနေလို့ လဲ ၊ လာပါ ငါ အိပ်ချင်လှပြီ ”
“ အိပ်ပါလား … ရှင့်ဟာရှင် ၊ ဘယ်သူက ရှင့်ကို မအိပ်နဲ့လို့ တားထားလို့လဲ ”
မောင်အုပ်သည် ပြောပြောဆိုဆိုနှင့် သူ့အနီးသို့ ရောက်လာသော ဇနီးသည်အား မူးသံကြီးနှင့် ခပ်အုပ်အုပ် ကြိမ်း၍ ဆုံးမလိုက်လေသည် ။
“ မင်း အဲဒီလို မလုပ်စမ်းပါနဲ့ ”
“ အမယ် … ဪ ကြည့်ပါလား ၊ လွှတ်ဆို သူသူ ကဲကဲ … ”
ထုသံကလေးများနှင့်အတူ ဝှူးခနဲ မီးခွက် ငြိမ်းသွားခဲ့လေသည် ။
မောင်အုပ်တို့ အခန်းတွင် မီးရောင်သာလျှင် ပျောက်ကွယ်၍ သွားခဲ့၏ ။ လူသံကား မပျောက်ကွယ်သေးချေ ။ သို့သော် တော်ပါသေး၏ ။ ယခင်က ကဲ့သို့ အဓိပ္ပာယ် သဲကွဲပေါ်လွင်အောင် မကြားရတော့သဖြင့် ဦးတုတ်ပေါ ပုတီးစိပ်ရာတွင် အနှောင့်အယှက် မဖြစ်တော့ချေ ။ သို့ရာတွင် ဦးတုတ်ပေါ ပုတီးစိပ်ရာ၌ အနှောင့်အယှက် မဖြစ်စေကာမူ ကျူထရံနားတွင် ကပ်လျက် အိပ်နေသော မပန်း အဖို့ကား ‘ မကြားလို နားချိုရက်သား ’ ဆိုသကဲ့သို့ ဖြစ်နေ၏ ။
မောင်အုပ်တို့ လင်မယားနှင့် မပန်း၏ အိပ်ရာသည် ကြားထဲ၌ ကျူဖျာတစ်ချပ်သာ ခြားလျက် ရှိကြ၏ ။
မောင်အုပ်သည် မူးလာလျှင် အတော် စကားပြောသူတစ်ယောက် ဖြစ်၏ ။ မောင်အုပ်၏ မိန်းမ ကလည်း အမူ ၊ အရူ ၊ ရှူသံ ၊ ရှိုက်သံတွေ များလွန်းလှ၏ ။ အိပ်ချင်သည်ဆိုသော မောင်အုပ် သည် တော်တော်နှင့် မအိပ်ချေ ။ တလူးလူး တလွန့်လွန့်နှင့် လှုပ်ရှား၍ နေတုန်း ရှိသေးသည် ။
တစ်ဖက်ခန်းမှ နေ၍ တုတ်တုတ်မျှ မလှုပ်ရဲသော မပန်း သည် ညောင်းညာလွန်းလှပြီ ဖြစ်ရကား ခြေထောက် နှစ်ချောင်းကို ဆန့်တန်းကာ ဖြည်းညင်းစွာ ဝမ်းလျား မှောက်လိုက်လေသည် ။
ထိုသို့ ဝမ်းလျား မှောက်လိုက်ရသော်လည်း မပန်း၏ အဖို့၌ သိပ်မသက်သာလှသေးချေ ။
မပန်း သည် အသက် ၁၅ နှစ် မပြည့်တပြည့် သွေးသား ဆူကြွတုန်းအရွယ် ဖြစ်ဘိ၏ ။ ထိုကြောင့် သူသည် ဝမ်းလျား မှောက်လိုက်သောအချိန် သူ၏ ရင်ဘတ် အောက်တွင် ဖျိုးဖျိုးဖျဉ်းဖျဉ်း ခိုးလိုးခုလုနှင့် ရှိနေရလေသည် ။
သို့သော် မပန်း၏ နားနှစ်ဖက်သည် ခေါင်းအုံးနှင့် လွတ်ကင်း နေသည် ဖြစ်ရကား တစ်ဖက်ခန်းမှ ပြောသံ ဆိုသံများကို ပို၍ သဲကွဲစွာ ကြားနေရပြန်သည် ။
“ တော်တော့ကွယ် …. ၊ ဒီစကားကလဲ ပြောလို့ပဲ မပြီးနိုင်သေးဘူးလား ”
မောင်အုပ်၏ မိန်းမသည် အသက်ရှူကျပ်သံနှင့် ပြောလိုက်လေသည် ။
“ အို … မင်းကလဲ အသာနေစမ်းပါ ၊ ဒီလက်က ဖယ်စမ်းပါ ၊ မင်းကိုယ်လုံးက ဟိုဘက်ခန်းက ကောင်မလေး လောက်တောင် မကြီးဘူး ၊ အဲဒီ ကောင်မလေးလောက် ဆိုရင် ဟန်ကျမှာပဲ ”
“ ဟိုက အပျိုပေါက်ကလေး ကို ရှင့် ၊ ဟင်း … ဒါပဲနော် ၊ သူ တော်တော် သရမ်းတယ် ။ အမေ့ .. နာလိုက်တာ ကြည့်ပါလား ၊ လူကို ဘာများ အောက်မေ့နေလဲ မသိဘူး .. ကဲ .. ကဲ ”
“ ဟေ့ ... လွှတ် ... လွှတ်ဆို ၊ ငါ သေသွားလိမ့်မယ် သိလား …. ”
“ သေ ... သေ ... သေသွားရင် ကောင်း ၊ ဟော ဟော .. လာပြန်ပြီ ၊ ကဲ ကဲ ... သဘောရှိတော်မူပါ ဘုရား ...”
မပန်း သည် ခေါင်းကို အသာကြွလျက် ဇက်ကို လှည့်ကာ နားနှင့် ခေါင်းအုံးနှင့် ဖိ၍ ကပ်လိုက်သည် ။ သို့သော် ကျန်သော နားတစ်ဖက်သည် လင်မယား နှစ်ယောက်တို့၏ ရှူသံ ရှိုက်သံများကို ကြားနေရလေသည် ။
သူသည် မိမိ ရင်ဘတ်ကို ကြမ်းပြင်နှင့် ဖိကပ်ကာ ခြေထောက် နှစ်ချောင်းကို တောင့်တင်းစွာ ဆန့်တန်းလျက် တင်းကျပ်စွာ လိမ်လိုက်လေသည် ။
ထိုနောက် သူ၏ မျက်လုံးသည် ညင်သာစွာ ပိတ်သွားရလေသည် ။ သူသည် အိပ်၍ မပျော်နိုင်သေးချေ ။ သူ၏ မျက်လုံးကို ဖြည်းညင်းစွာ ပြန် ဖွင့်လိုက်သော အချိန်တွင်မူကား တစ်ဖက်ခန်းမှ အမူးသမား လင်မယားတို့သည် ဟောက်၍ပင် နေကြပါချေပြီ ။
မပန်း ကဲ့သို့ပင် အိပ်၍ မပျော်သေးသူကား ဦးတုတ်ပေါ ဖြစ်ပါသည် ။ ဦးတုတ်ပေါ သည် တစ်ဖက်ခန်းမှ အမူးလင်မယား အိပ်ပျော်သွားကြသော အချိန်တွင် သူ၏ အဓိဋ္ဌာန်ပုတီး စိပ်ရသော လုပ်ငန်းသည် ပို၍ သမာဓိရလာ ၊ ပို၍ တွင်ကျယ်လာသဖြင့် စိတ်ချမ်းသာ နေရရှာပေသည် ။
သို့သော် … ထိုအချိန်ကလေးကား မကြာမြင့်လှပါချေ ။ ကျန်တစ်ဖက်ခန်းမှ အဒူလမန်းတို့ ကု,လား လင်မယား နိုး၍ လာကြပြန်ချေပြီ ။
ကု,လား လင်မယားတို့သည် မောင်အုပ်တို့ လင်မယားထက် ပို၍ စကားများကြသူများ ဖြစ်၏ ။
ခေါ်တော မိန်းမ မယ်စိန်သည် မြန်မာ ဖြစ်ပေမယ့် သူ့ယောက်ျားနှင့် စကားပြောသောအခါ ခေါ်တောလိုသာ ပြောလေ့ရှိသည် ။
သင်းတို့လင်မယား နှစ်ယောက်စလုံး ခပ်ရိုင်းရိုင်း ဖြစ်ကြ၏ ။ စကားပြောရာတွင် အာခေါင်ကို ခြစ်၍ ပြောသော အသံနှင့် ဆူဆူညံညံ ပြောလေ့ရှိ၏ ။ လမ်းလျှောက် လျှင်လည်း ရှေ့ခန်း နောက်ခန်းကို အားနာရမှန်း မသိ ၊ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် လျှောက်တတ်၏ ။ ထမင်းဟင်း ချက်ပြုတ်ရာ၌ ပင်လျှင် ဗြုန်းဒိုင်း ဗြုန်းဒိုင်းနှင့် နေအောင် သွားလိုက် လာလိုက် ချက်လိုက် ပြုတ်လိုက်နှင့် ပြုလုပ်တတ်ကြသော လင်မယား ဖြစ်ကြလေသည် ။
ယခုလည်း လင်မယား နှစ်ယောက်လုံး နိုးလာကြကာ မီးခွက် ထွန်းကြ၏ ။ ဗြုန်းဒိုင်း ၊ ဗြုန်းဒိုင်းနှင့် အိမ်ရှေ့သို့ ဆင်းသွားကြ၏ ။
ထို့နောက် ရေအိုးတွင် ရေခွက်နှင့် ရေခပ်သံ ၊ ဆေးသံ ၊ ကြောသံ ကြားရပြီးနောက် နှစ် ယောက်လုံး ဗြုန်းဒိုင်း ဗြုန်းဒိုင်းနှင့် တက်လာကြ၏ ။ မီးခွက်ကို မှုတ်လိုက်ကြ၏ ။ ထို့နောက်ကား တော်တော်နှင့် မအိပ်ကြတော့ချေ ။ တခွီးခွီး တခွဲခွဲနှင့် စကားပြောရင်း အင့် - အင့် - အဲ့ - အဲ့ နှင့် ကျီစယ် နေကြပြန်သေးသည် ။
အဒူလမန်းတို့ လင်မယားနှင့် ဦးတုတ်ပေါတို့ အိပ်ရာမှာ ကျူဖျာ တစ်ချပ်သာ ခြားပေသည် ။
ဦးတုတ်ပေါသည် တစ်ဖက်ခန်းကို နားမစွင့်မိအောင် ကိုယ့်စိတ်ကို ထိန်းသိမ်းရင်း ပုတီးကိုသာ တွင်တွင် စိပ်နေမိ၏ ။
သို့ရာတွင် မကြာမကြာ အာရုံပျံ့လွင့်လျက် ပုတီးလုံးကို မေ့၍ မေ့၍ သွားလေသည် ။
ဦးတုတ်ပေါကား လူကြီး ဖြစ်လေသည် ။ ထို့ကြောင့် အာရုံသည် ကြာရှည်စွာ မပျံ့လွင့် နိုင်ချေ ။ သူသည် လက်ထဲရှိ ပုတီးကုံးကို ဂရုတစိုက် ခပ်သွက်သွက် စိပ်လိုက်မိလေသည် ။
တစ်ဖက်ခန်းမှ ကု,လား လင်မယားတို့သည် ပြန်၍ အိပ်ပျော်စ ပြုကြဟန် ရှိပေပြီ ။
ထိုကု,လားလင်မယား မြန်မြန် အိပ်ပျော်ခြင်းသည် ခြေရင်းခန်း ၊ ခေါင်းရင်းခန်းများ အတွက် သက်သာ သွားကြရလေသည် ။
သို့မဟုတ်ပါက ခြေရင်း ၊ ခေါင်းရင်းခန်းရှိ လူအားလုံးတို့သည် အကုန် အိပ်ကြရတော့မည် မဟုတ်ချေ ။ ယခုပင်လျှင် မိမိ အနီးတွင် အိပ်နေသော အမယ်ကြီးသည် ကု,လား လင်မယားတို့ တဂျုန်းဂျုန်းနှင့် နိုးနေကြသော အချိန်က စ၍ တလူးလူးတလွန့်လွန့်နှင့် ရှိနေခဲ့လေသည် ။
ဦးတုတ်ပေါသည် လစ်ခနဲ အာရုံ ပျံ့လွင့် သွားရာမှ သတိတရနှင့် ပုတီးလုံးကလေးများကို ခပ်သွက်သွက် စိပ်ချလိုက်ပြန်လေသည် ။
ပုတီးလုံးကလေးများ၏ ကျနေသံတို့ သည် တချောက်ချောက်နှင့် မြည်လျက်ရှိနေ၏ ။
ထိုအချိန်၌ အနီးရှိ အမယ်ကြီး၏ လက်သည် ဦးတုတ်ပေါ၏ ရင်ဘတ်ပေါ်သို့ အသာအယာ လာ တင်လိုက်လေသည် ။ ဦးတုတ်ပေါသည် ငြိမ်သက်စွာ ပုတီးစိပ်မြဲ စိပ်နေသည် ။ သူသည် အိုကြီးအိုမနှင့် သမီးကြီး မနန်းနှင့်အတူ ကုန်စိမ်းရောင်းနေရရှာသော အမယ်ကြီး အပေါ်တွင် ကြင်နာစိတ် ဝင်လာလေသည် ။ အကယ်၍ တော၌သာ နေကြရပါမူ အမယ်ကြီးသည် ဘာမျှ လုပ်ရလိမ့်မည် မဟုတ်ချေ ။
ယခုကဲ့သို့သော ဝါတွင်းမျိုးတွင် အဖေတို့ ဆောက်လုပ် လှူဒါန်းခဲ့ကြသော ရွာဦးကျောင်းသို့ သွားရောက်ကြကာ ရပ်သူရွာသားတို့ အလယ်တွင် ထည်ထည်ဝါဝါ မျက်နှာ ပွင့်လင်းလျက် ရှိကြပေလိမ့်မည် ။
အနီးပါးနား ရွာနီးချုပ်စပ်က လူများသည် ဦးတုတ်ပေါ - မမင်းဘုံတို့ကို မျိုးနှင့် ရိုးနှင့် လေးစားလာခဲ့ကြရသည် ။ သူတို့သည် ဓားမခါးချပ် တောင်သူလယ်သမား မျိုးရိုးများ ဖြစ်ကြ၍ ရိုးသားမှု ၊ ဇွဲကောင်းမှု ၊ ကြိုးစားမှုတို့ကြောင့် မျိုးနှင့်ရိုးနှင့် ချောင်လည်ခဲ့ကြသူများလည်း ဖြစ်လေသည် ။ ထို့ပြင် သူတို့၏ မျိုးရိုးသည် အပျိုကြီး ၊ လူပျိုကြီး မျိုးရိုး ဖြစ်ကြ၏ ။
ဦးတုတ်ပေါသည် အပျိုကြီး ၊ လူပျိုကြီးမျိုး အချင်းချင်း ဖြစ်ကြသော မမင်းဘုံ ကို အသက် နှစ်ဆယ်ကျော်ကျော် က စ၍ မျက်စိကျခဲ့ သော်လည်း တစ်ယောက်နှင့်တစ်ယောက် ရှက်နေကြရ သဖြင့် အသက်သုံးဆယ်ပြည့်မည့် နှစ်မှ ဘေးမှ ဝိုင်းဝန်း လုံးပန်းပေးခဲ့ကြသောကြောင့် ရရှိခဲ့ကြခြင်း ဖြစ်လေသည် ။ ထိုအချိန်၌ မမင်းဘုံ၏ အသက်ကား နှစ်ဆယ့်ရှစ်နှစ် ရှိခဲ့ပေပြီ ။
ဦးတုတ်ပေါသည် တစ်ယောက်နှင့် တစ်ယောက် မရမီက မျက်စိချင်း ကြိုက်လာခဲ့ကြပုံကို စဉ်းစားမိရာမှ ရုတ်တရက် သတိရလာပြန်ကာ ပုတီးကို လျင်မြန်စွာ စိပ်လိုက်ပြန်လေသည် ။
စိပ်ပုတီးလုံးကလေးများသည် တချောက်ချောက်နှင့် မြည်ကာ ကျဆင်းကြရပြန်၏ ။
အမယ်ကြီးသည် ဦးတုတ်ပေါ၏ ဘက်သို့ ဖြည်းညင်းစွာ စောင်းလိုက်လေသည် ။ ထို နောက် ဦးတုတ်ပေါ၏ ရင်ဘတ်ပေါ်မှ လက်ကို အသာရုပ်လျက် ပုတီးစိပ်နေသော ဦးတုတ်ပေါ၏ လက်မောင်းအား ညင်သာစွာ ပွတ်၍ ပွတ်၍ ပေးနေ၏ ။ ထို့နောက် ဦးတုတ်ပေါ၏ လက်မောင်းအိုးမှ အရေပြားပျော့ပျော့ကို ယုယစွာ ဆွဲ၍ ဆွဲ၍ ကြည့်နေရှာသည် ။
လက်ထဲမှ စိပ်ပုတီးသည် ဂျောက်ခနဲ ကြမ်းပြင် ပေါ်သို့ ကျသွားပြီးနောက် ဦးတုတ်ပေါ သည် ငေါက်ခနဲ အိပ်ရာမှ မထလိုက်နိုင်စေကာမူ အမယ်ကြီးဘက်သို့ ဖြည်းညင်းစွာ လှည့်လိုက်ပါလေသည် ။
ရန်ကုန် … ရန်ကုန် ဟူသော ကားစပယ်ယာ၏ အသံသည် တိတ်ဆိတ်ခြင်းကို ထိုးဖောက်ကာ သရက်ပင်အုပ်များ၏ အောက်မှ တောသံ ပေးလျက် ‘ မေတ္တာရွှေရည် ’ လမ်းကလေးကို လွှမ်းမိုး၍ သွားလေသည် ။
အမယ်ကြီးသည် ဦးတုတ်ပေါ၏ ဘေးမှ အစာဝသော ကြောင်ကလေး ကဲ့သို့ ညင်သာစွာ ထကာ မီးခွက်ထွန်းလိုက်လေသည် ။
“ မနန်း ... မနန်း ... ၊ ထ ... ထ ... ကားလာနေပြီ ”
“ ကျွန်မ နိုးနေပါတယ် အမေ … ”
အပျိုကြီး မနန်းသည် ပြောပြောဆိုဆို အိပ်ရာမှ လူးလဲ၍ ထလိုက်လေသည် ။
အမယ်ကြီးသည် ခပ်သီသီနေသော မျက်လုံးဖြင့် တစောင်း လှဲနေသော ဦးတုတ်ပေါ အား ကွက်ခနဲ လှမ်းကြည့်ရင်း ညှိပြီးသား ဆေးလိပ်ကို ထပ်၍ ညှိရန် မီးခြစ် ခြစ်လိုက်မိလေသည် ။
ထို့နောက် မကြာမီ သားအမိ နှစ်ယောက်သည် ကုန်စိမ်းကားနှင့် ဈေးသို့ပါသွားကြ၏ ။
ထိုနေ့က မနန်းသည် ဈေးထဲတွင် တက်နေသဖြင့် အိမ်သို့ ပြန်လာခဲ့ရသည် ။ မနန်း၏ မျက်လုံးများမှာ လွန်စွာအားနည်းလျက် ညပေါင်းများစွာ အိပ်ရေးပျက် သကဲ့သို့ ရှိနေလေသည် ။ တစ်ခါတစ်ရံ သူသည် အကြောင်းမရှိဘဲနှင့် ငိုလိုက် ၊ ရယ်လိုက်ပင် ဖြစ်နေသေး၏ ။
ဤရောဂါမျိုးသည် မနန်း တစ်ယောက်တည်းသာ မဟုတ် ၊ ဤလမ်း တစ်လမ်းလုံးတွင် ရှိသော အပျိုကြီးများ ၊ မုဆိုးမများ ၊ တစ်ခုလပ်များ၌ ဖြစ်ပေါ်နေသောရောဂါ ဖြစ်လေသည် ။
••••• ••••• •••••
ယခုလည်း မနန်း သည် တက်ပြီးခါစ ဖြစ်သဖြင့် မောမောနှင့် အိပ်ပျော်နေရှာပေသည် ။
ဦးတုတ်ပေါသည် မနန်း ရှိရာသို့ လှမ်းကြည့် လိုက်ပြန်လေသည် ။
ဆယ်ပေ ပတ်လည်ရှိ အိမ်ခန်းကလေးသည် အိပ်ရာများ ၊ စားအိုးစားခွက်များနှင့် ပြန့်ကြဲကာ သီးခြား အကာအရံ မရှိဘဲ ဟာလာဟင်းလင်း မြင်နေရလေသည် ။
ဦးတုတ်ပေါသည် မိမိ သမီးငယ် မပန်း တစ်နေ့တခြား အပျို လုပ်လာပုံ ၊ တစ်နေ့ခြား စိတ်တိုလာပုံ ၊ တစ်နေ့တခြား လူကြီးတွေ ခံအော်လာပုံတို့ နှင့်တကွ နောက်ဆုံးတွင် တစ်ဖက်ခန်းမှ မောင်အုပ် နှင့် လိုက်ပြေးကြပုံတို့ကိုပါ စိတ်ထဲတွင် ပေါ်၍ လာလေသည် ။
ဦးတုတ်ပေါသည် လက်ထဲတွင် ကိုင်ထားသော ဂျာနယ်ပြာ စာအုပ်ကို ထပ်၍ ကြည့်လိုက် မိပြန်လေသည် ။
‘ တီဟီတီကျွန်း အကြောင်း ရတနာတင့် ရေးသည် ’
အသက် ရှစ်နှစ် အောက်ရှိ ကျောင်းသားကလေး တစ်အုပ်သည် ဦးတုတ်ပေါ တို့၏ အိမ်ရှေ့မှ ဖြတ်၍လျှောက်သွားကြလေသည် ။
“ ငါက ကောင်မလေးနဲ့ အိမ်သာဘေးမှာ ချိန်းထားတာကွ ၊ စိန်ကြီး လာရှုပ်နေလို့ပေါ့ ၊ တစ်နေ့ နေ့တော့ ဒီကောင့်ကို ငါ အုပ်ထည့်လိုက်ဦးမယ် ”
ဦးတုတ်ပေါသည် ဖြတ်သွားသော ကလေးများအား အရွယ်နှင့် မလိုက်အောင် လျင်မြန်စွာ လှမ်းကြည့်မိသည် ။
ထိုအတွင်း အမယ်ကြီးသည် အဝတ်ကလေးကို ခေါင်းပေါ်သို့ တင်ကာ အိမ်ပေါ်သို့ တက် လာခဲ့လေသည် ။
“ ပယောဂဆရာကြီး ကိုသာကြူးနဲ့ တွေ့ ခဲ့ရတယ် ၊ ကိုရင့်ကိုတောင် မေးလိုက်သေးတယ် ၊ အခု ဟောဒီ နတ်ကြီးငါးပါး ဆေးကလေး တိုက်ထားတဲ့ ၊ နောက်မှ လက်ဖွဲ့ထိုးပေးမယ် ၊ ငွေသုံးကျပ် ပေးခဲ့ရမယ် ဆိုလို့ ပေးခဲ့ရသေးသတော့ .. ”
ဦးတုတ်ပေါသည် အမယ်ကြီးက တရိုတသေ ကိုင်၍ ပြနေသော ဆေးပုလင်းကို ခြေထောက်နှင့် ပြေး၍ ကန်လိုက်လေသည် ။
ထို့နောက် တက်ပြီးခါစ ပါးပေါ်တွင် မျက်ရည်ဥကလေးများ မခြောက်သေးဘဲ မောမော နှင့် အိပ်ပျော် နေရှာသော သမီးကြီး မနန်း ကိုပါ ပြေး၍ ကန်လိုက်သည် ။
“ ဘာ ... နတ်ကြီးငါးပါး ၊ ဘာ ... ပယောဂ ၊ ဟဲ့ ... ကောင်မ ထ ၊ ကဲ ... တက်ဦး တက်ဦး ၊ ပြန်မယ် … တောကိုပြန်မယ် ၊ အကုန်လုံး သူပုန်သ,တ်လို့ သေချင် သေပေစေ ၊ ဒီမှာ မနေဘူး ၊ လုပ်လေ မိနန်း ၊ ပြောနေတာ မကြားဘူးလား ... ”
မနန်း သည် ပြူးတိပြူးကြောင်နှင့် ဖခင် ဦးတုတ်ပေါအား ကြည့်၍ နေလေသည် ။ အမယ်ကြီးက အံ့အားသင့်စွာနှင့် ညည်းလိုက်၏ ။
“ အို … ကိုရင်ကလဲ ဘယ်လို ဖြစ်တာတုံး ”
ဦးတုတ်ပေါ တို့ကား ရန်ကုန်မြို့ မေတ္တာရွှေရည် လမ်းကြားကလေးထဲမှ ထိုနေ့တွင်ပင် တောသို့ ပြောင်းသွားပါလေပြီ ။
အမယ်ကြီး နှင့် မနန်း တို့သည် ရွှေတိဂုံစေတီနှင့် တကွ တဖြည်းဖြည်း ဝေး၍ ကျန်ရစ်သော ရန်ကုန်မြို့ ဆိပ်ကမ်းကို ကြည့်ကာ ...
မပန်းကလေး တစ်ယောက်တော့ ဘာမျှ မသိရရှာဘဲ ဤမြို့တော်ကြီး၏ တစ်နေရာရာ၌ ပျော်ပါးစွာ ကျန်ရစ်ရရှာလေပြီတကားဟု စိတ်ထဲတွင် ထင်မြင်လာကြပြီး မျက်ရည်များ ရစ်ဝဲ၍ လာကြပါလေသတည်း ။
( စံနက်ကျော် အမည်ဖြင့် )
⎕ ရန်ကုန်ဘဆွေ
📖မြဝတီ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၅၇
Saturday, August 30, 2025
တိုင်းမေ
❝ တိုင်းမေ ❞
( ရန်ကုန်ဘဆွေ )
အတော်ဝေးသော နေရာမှ ခြေဖျားထောက်၍ ကြည့်ရရှာသည် ။ ခြေဖျားထောက် ပေမယ့် ကောင်းကောင်း မမြင်ရ ။ ဒီအတွင်း ကိုယ်လို မမြင်ရသူတွေကလည်း အတင်း တိုးဝှေ့နေကြသေးသည် ။
အမှန်တော့ ... အတော် စိတ်ပျက်စရာကောင်းသောနေရာဖြစ်သည် ။
တဖြည်းဖြည်းနှင့် နောက်မှ ထပ်ဆင့်၍ တိုးတိုးလာကြ၏ ။ တိုးကြရုံသာ မဟုတ်သေး ၊ ပါးစပ်တွေ ကလည်း ထဘီတွင်း ချွေးခံအင်္ကျီ အတွင်းမှ စကားလုံးများ ကိုသာ ထပ်တလဲလဲ ပြောနေကြလေသည် ။
သတင်းစာဆရာနှင့် ဓာတ်ပုံဆရာတို့၏ ဓာတ်ပုံရိုက်ကြသော ဓာတ်မီးများကလည်း လျှပ်စီးတွေ လက်နေသလို တဝင်းဝင်းနှင့် မျက်စိပျက်မတတ် ဖြစ်နေကြ၏ ။ ချွေးစော် ... ပုပ်စော် နှင့် အစော် အမျိုးမျိုးတို့ ကလည်း အသက်ရှူလိုက်တိုင်း နှာခေါင်းထဲသို့ မခံမရပ်နိုင်အောင် ဝင်လာကြသေး၏ ။
မျက်စိ မချမ်းသာ ၊ နား မချမ်းသာ ၊ နှာခေါင်း မချမ်းသာ ၊ လူ မချမ်းသာသော နေရာဖြစ်လေသည် ။ လာမိတာ မှားပြီဟု နောင်တရနေ၏ ။
ထိုသို့ နောင်တရသော အချိန်၌ လူအုပ်ကြီး ကြားထဲသို့ ညှပ်လျက် ပါသွားနေရပါလေပြီ ။ မိမိ သွားလိုသောဘက်ကို သွား၍ မရ ၊ လူအုပ်ကြီး သွားရာ ရွေ့ရာကိုသာ ရွေ့နေရ၏ ။ တစ်ကိုယ်လုံး ချွေးတွေဖြင့် ရွှဲရွှဲစိုလျက် ရှိ၏ ။ သို့နှင့် တစ်နေရာတွင် မရွေ့သာသဖြင့် အားလုံး ရပ်သွား၏ ။ လူတွေ တစ်ယောက်မှ ဘာမှ မမြင်ကြရ ။ စိတ်ကျဉ်းကျပ်စွာ အသက်ရှူကျပ်စွာနှင့် တစ်ယောက် နောက်စေ့ကို တစ်ယောက် ကြည့်နေကြရ၏ ။ မြင်ရလို မြင်ရငြား ခေါင်းကလေးတွေ မော့ကာ ဟိုဟိုဒီဒီသို့ လှည့်ပတ်၍ ကြည့်နေကြ၏ ။ လူခေါင်းတွေနှင့် မိုးသားတိမ်တိုက်များကိုသာ တွေ့ရလေသည် ။
ထိုအတွင်း ရှေ့ဆီမှ လျှပ်စစ်လက်သလို တဝင်းဝင်းနှင့် ဓာတ်ပုံရိုက်ကြဟန် ရှိပြီးနောက် လက်ခေါက်မှုတ်သံ ၊ လက်ခုပ်တီးသံ ဝူး … ဝါး .. ဟေး ဟားနှင့် အော်ကြ ဟစ်ကြသံတွေ ပွက်လောရိုက်လာ၏ ။
ထိုအချိန်တွင် ဘာမှ မမြင်ရဘဲ ခေါင်းတမော့မော့နှင့် ညပ်သိပ်နေခြင်း ခံနေရသော လူသိုက်ထဲမှလည်း အော်လိုက်သေး၏ ။
“ ဟာ … နည်းတာကြီး မဟုတ်ဘူးဟ ”
“ ပါပယ်ပလိန်းတွေဟေ့ ... ပါပယ်ပလိန်းတွေ ”
“ အဲဒါကြီး … ကပ္ပိလိုက်ရရင်တော့ သွားဖုံးကို မြုပ်သွားမှာပဲ ... ဟ ”
စကားလုံး ပြောင်လွန်းသဖြင့် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်၏ ။
ရွှေမျက်မှန်နှင့် ခေါင်းတုံးနှင့် လူတစ်ယောက် ဖြစ်လေသည် ။
ထိုလူ၏ ခေါင်းပတ်လည်တွင် ထိုလူ ပြောစကားကို ထောက်ခံ ရယ်မောနေကြကုန်သော အခြား အလားတူ ခေါင်းတုံးတစ်သိုက်ကိုလည်း တွေ့လိုက်ရသေးသည် ။
သို့နှင့် ဘာမျှမသိ ဘာမှ မမြင်ရဘဲနှင့် ရှေ့ဆီမှ ဆူသံကြားတိုင်း အကြောင်းမဲ့ နင်းကန် အော်ဟစ်လျက် ရှိကြ၏ ။ မကြာမီ ထိုသို့ အော်ဟစ်ရုံမျှမက ခေတ္တမျှ ငြိမ်သက်နေသော လူအုပ်ကြီးသည် တောင်ဘက် ယိမ်းလိုက် ၊ မြောက်ဘက် ယိမ်းလိုက် ဟီးတိုက်၍ ယိမ်းနေကြပြန်သည် ။
ရှေ့ဆီမှလည်း တဝင်းဝင်းနှင့် ဓာတ်ပုံရိုက်နေကြဟန် ရှိ၏ ။ အချက်ကျကျ .. အကွက် အလက်တွေ မြင်ကြရသဖြင့် ဆူကြသူများနှင့် ၊ ဘာမှ မမြင်ကြရသောကြောင့် ဆူကြသူများသည် ဆူသံချင်း ရောကာ ပဲ့တင်ထပ်၍ ထပ်၍ သွား၏ ။
“ အမျိုးသားတို့၏ အကျင့်စာရိတ္တကို စောင့်ထိန်းသောအားဖြင့် မဖွယ်မရာ အော်ဟစ်ခြင်းမှ ရှောင်ကြဉ်တော်မူကြပါ ခင်ဗျား ”
ဟူသော အသံချဲ့စက်မှ အက်သံကြီးနှင့် သံကုန် အော်သံတို့သည် ဆူသံညံသံတွေကို မတိုးနိုင်အောင် ရှိနေကြ၏ ။
ထိုအတွင်း၌ပင် ဖားခုံညင်းကြီးဟေ့ ။ ဂွီ .. ဖားခုံညင်းကြီးဟေ့ ၊ ဂွီ ဟူသော အသံများသည် တဖြည်းဖြည်း ကျယ်သည်ထက် ကျယ်လာကာ ယိမ်းထိုး လှုပ်ရှား၍ နေကြသော လူအုပ်ကြီးဆီမှ ပဲ့တင်ထပ်၍ တက်လာခဲ့၏ ။
လူအုပ်ကြီး တစ်အုပ်လုံးကို လွှမ်းမိုးလျက်ရှိသော အသံကြီးအတွင်းမှ စူးစူးဝါးဝါး ဖောက်ထွက်လာသော အသံတစ်ခု ပေါ်လာပြန်လေသည် ။ ထိုအသံမှာ မိန်းမသံ ဖြစ်၏ ။
“ ဖယ်ကြပါဦး ... ဒီမှာ အသက်ရှူကျပ်ပြီး သေရပါတော့မယ် ၊ သေရပါတော့မယ် ”
နားထဲတွင် စူးခနဲ ဝင်လာရင်း စကားမဆုံးမီ အသံပြတ်၍ သွားလေသည် ။
လူအုပ်ကြီးသည် ကြင်နာစွာနှင့် ပို၍ အော်မြည်လိုက်၏ ။
ဖားခုံညင်းကြီး - ဂွီ
အသက်ရှူကျပ်လှပြီတော့ - ဂွီ
ဖားခုံညင်းကြီး - ဂွီ ။
ထိုအသံများ ကြားထဲတွင် တစ်ခါတစ်ခါ ရှေ့ဆီမှ လက်ခုပ်သံ ၊ လက်ခေါက်မှုတ်သံများသည် လျှပ်စစ်လက်ရောင်မျိုးတွေနှင့်အတူ နောက်ဘက်ဆီမှ အသံများကို တစ်ရှိန်ထိုး လွှမ်းမိုးသွားတတ်လေသေး၏ ။
••••• ••••• •••••
ဘမင်း၏ တစ်ကိုယ်လုံးတွင် ချွေးများဖြင့် ရွှဲရွှဲစိုနေရုံမျှ မကဘဲ အင်္ကျီနောက်ကျောတွင်လည်း စုတ်ပြဲ၍နေလေသေးသည် ။
ဘမင်းသည် စိတ်ပင်ပန်း လူပင်ပန်းမှုဖြင့် မစွမ်းမသန်သူ တစ်ယောက်ပီပီ ဖြည်းညင်းစွာပဲ လာခဲ့လေသည် ။
အရှိန်မပြေသေးကြသော လူအုပ်ကြီးသည် ဘမင်းကို ကျော်ဖြတ်၍ သွားကြရင်း ပါးစပ် မှလည်း မကြားဝံ့မနာသာ တွေ့ကရာတွေကို ပြောဆိုသွားကြကုန်၏ ။
စက်ဘီးသံ ၊ ဆိုက်ကားသံ ၊ မော်တော်ကားသံများသည် ဆူဆူညံကြလျက် မီးတဝင်းဝင်း နှင့် လ,ရောင်အောက်တွင် လမ်းမကြီး တစ်ခုလုံး ဖွေးဖွေးလှုပ်၍ သွားလေသည် ။
သူ့လူအုပ်နှင့်သူ တသောသော တဝေါဝေါ သွားကြရာ တဖြည်းဖြည်းနှင့် လမ်းပေါ်တွင် ဘမင်း တစ်ယောက်သာလျှင် ကျန်ခဲ့ရလေသည် ။
လမ်းတစ်ဖက်တစ်ချက်တွင် စိန်ပန်းပင်များ ပေါက်ရောက်လျက် ရှိကြသည် ။ စိန်ပန်းပင် များ၌ အရွက်မရှိ ။ အပင်တိုင်း အပင်တိုင်းတွင် အရိုးကျဲကျဲတွင် အပွင့်တွေသာချည်း ရှိကြလေသည် ။ လရောင်သည် စိန်ပန်းပွင့်များကို အရောင်ပေါ်အောင် ဖော်မပေးနိုင်စေခဲ့ကာမူ အပွင့်တွေမှန်း သိအောင် ဖော်ပြပေးနေရှာပါသည် ။
စိန်ပန်းပင်များ၏ အောက်စပ်၌ လမ်းဖို့ခဲ့ရသဖြင့် ချိုင့် ဖြစ်နေသော မြောင်းတစ်လျှောက်တွင် ငြိမ်သက်သော ရေပြင်ကလေးသည် လရောင်ကြောင့် ပြောင်လက် နေခဲ့လေသည် ။
ရေပြင်ကလေး ရှိသော မြောင်းတစ်ဖက်၏ အစပ်တွင်ကား ကျယ်ပြန့်သော ကွင်းပြင်ကြီး သည် နက်ရှိုင်းသော အမှောင်ထုထဲတွင် ဆိတ်ငြိမ်စွာ ငုပ်လျှိုး၍ နေလေသည် ။
ကွင်းပြင်ကျယ်ကြီး၏ အတွင်း၌ ရေနူးနေသော မီးလောင်မြေနဲ့ နွေးနွေးကလေးကို ခပ်ဖျော့ဖျော့ သယ်ယူလာခဲ့သော လေပြည်ကလေးသည် ဘမင်းအား ဝင်ရောက်ကာ တိုးဝှေ့၍ သွားလေသည် ။
စောစောက အသက်ရှူ ကျပ်ခဲ့ရသော ဘမင်းသည် ထော့နင်း ထော့နင်းနှင့် ခပ်ဖြည်းဖြည်း လျှောက်လာရင်း ယခုမှ ရပ်တန့်ကာ အသက်ကို တစ်ဝချည်း ရှူပစ်လိုက်လေသည် ။
စူးဝါးသော မီးရောင် နှစ်ရောင်သည် ဘမင်းကို ထိုးပြရင်း နီးလာကာ ခပ်ပြင်းပြင်းကလေး မောင်းသွားခဲ့လေသည် ။ ဂျစ်ကားတစ်စင်း ဖြစ်၏ ။ ကားထဲမှ ရယ်မောသံကလေးတို့သည် ဘမင်း ရှိနေရာ လမ်းပေါ်သို့ ဖိတ်လွင့်၍ ကျကျန်ရစ်ခဲ့ကြလေသည် ။
မယ်နှစ်ယောက်၏ အသံ ဖြစ်၏ ။ တစ်ယောက်မှာ ခုနကလေးတွင် တိုင်းမယ်ဘွဲ့ကို ဆွတ်ခူးသွားသော ဘမင်း မမြင်ခဲ့ကြရသည့် … “ မခင်စိန် ... ” ။
ဘမင်းသည် ရုတ်တရက် ရပ်တန့်လျက် မော်တော်ကား နောက်မီးကလေးကို ငေး၍ ကြည့်နေမိ၏ ။
မီးလုံးကလေးသည် တဖြည်းဖြည်း ဝေးသည်ထက် ဝေးကာ ပျောက်ကွယ်၍ သွားခဲ့၏ ။
စောစောက စိတ်အိုက် လူအိုက်နှင့် ဖြစ်လာခဲ့သော ဘမင်းသည် ယခု ရှင်းရှင်းလင်းလင်းနှင့် တစ်ယောက်တည်း ဖြစ်နေကာမှ ကြံကြံဖန်ဖန် နှလုံးထဲက အိုက်၍ လာရပြန်လေသည် ။
ဘမင်းသည် စိန်ပန်းပင်ကြီး၏ ခြေရင်း တစ်ခုတွင် ရပ်နားရင်း ဖြည်းညင်းစွာ ထိုင်ချလိုက် လေသည် ။
ကြယ်ကလေးများသည် တိတ်ဆိတ်သည့် အမှောင်တွင်း၌ တစ်ယောက်တည်း ထိုင်လျက်ရှိသော ဘမင်းအား ပြူတစ်ပြူတစ်နှင့် ကြည့်နေကြသည် ။
ဘမင်း၏ စိတ်များသည် ဝေ့ကာ ဝိုက်ကာ မကြာမကြာ တိုက်လာသော လေပြည်ကလေးနှင့် အတူ မိမိ ရှေ့တွင်ရှိ ကျယ်ပြန့်သော ကွင်းပြင်ကြီးထဲသို့ ပါသွားလေသည် ။
ထိုနောက် အလွန်ဝေးသော အရပ်တွင် မှိတ်တုတ်မှိတ်တုတ်နှင့်ရှိသော မီးရောင်ကလေးဆီသို့ ရောက်သွားလေသည် ။
ထိုနောက် ပို၍ ဝေးသော မှိတ်တုတ်မှိတ်တုတ် ကြယ်ပြောင်ကလေးဆီသို့ ရောက်သွား လေသည် ။ ထိုနောက် ကြယ်ပြောင်ကလေးများ တည်ရှိးသာ ကောင်းကင်ပြင်ကြီးဆီသို့ ရောက်သွားလေသည် ။
ထိုနောက် ကောင်းကင်ပြင်ကြီးထက် ကျယ်ပြန့်သော ( ဘ၀ ) အယဉ်ဆီသို့ ရောက်သွား လေသည် ။
••••• ••••• •••••
ခင်စိန်ကြည် .. ။
သာမန် လက်သမားဆရာ တစ်ယောက်၏ သမီး ဖြစ်သည် ။
နံနက်စောစောတွင် အိမ်ရှေ့သို့ ထွက်လျက် ခေါင်းစုတ်ဖွားကို စုံကုတ်၍ နေတတ်သည် ။
သူ၏ အမေသည် မိုးမလင်းမီက ပဲပြုတ်ရောင်းရန် ထွက်၍ သွားရလေသည် ။
သူမ၏ အဖေသည် ရွေပေါ်ခုံ တန်းလျားရှည်ကြီးတွင် ထိုင်လျက် သူမအမေ ပဲပြုတ်ထုပ်ရန် အချိန်နှင့် ဝယ်ယူလာသော သတင်းစာများကို ဖတ်နေလေ့ရှိသည် ။ လက်သမား ဆိုသော်လည်း တစ်ခါတစ်ရံ တစ်လလုံးလုံးတွင် တစ်ကြိမ်မျှသာ လက်သမား အလုပ်ကို သွားရောက် လုပ်ကိုင်သည်ဟု မမြင်ရ ။ သို့ရာတွင် ညနေကလေး စောင်းသော အချိန်၌မူ အချိန်မှန်မှန် အပြင်သို့ ထွက်သွားတတ်ပြီးလျှင် အချိန်မှန်မှန်ပင် မူး၍ ပြန်လာတတ်လေသည် ။
ပဲပြုတ်သည် အဒေါ်ကြီးသည် တစ်အိမ်လုံးတွင် အဆူဆုံးနှင့် အလုပ် အလုပ်ဆုံး ဖြစ်၏ ။
အိမ်နီးချင်း ဖြစ်သော ဘမင်းတို့သည် ဤပဲပြုတ်သည် မိသားတစ်စုကို မမြင်လို မကြားလိုသော်လည်း မြင်တွေ့နေရ၏ ။
အရက်မူးသော အဘိုးကြီးကို မကြာမကြာလိုလို အိမ်ထဲ တွဲပို့ရ ၊ တောင်းပန်နေရသော ကြောင့်လည်း မရင်းနှီးလိုပါပဲ ရင်းနှီး လာခဲ့ရလေသည် ။
ပဲပြုတ်သည် အဒေါ်ကြီး ကလည်း အိမ်တွင်း၌ တစ်ခုခု ဖြစ်လျှင် ဘမင်းတို့အား မကြာမကြာ ခေါ်ခေါ် တိုင်တန်းတတ်သေး၏ ။
သို့နှင့် အဒေါ်ကြီး၏ သမီးဖြစ်သော ခင်စိန်ကြည်အား ဟဲ့ ... ကောင်မကလေး ၊ နင် အလကား အားနေမယ့် တူတူ လာ ကျန်းမာရေး လေ့ကျင့်လှည့်ဟု ခေါ်ဝံ့ ပြောဝံ့သော အခြေသို့ ရောက်လာ၏ ။
ဘမင်းကား ကျန်းမာရေး လိုက်စားရန် ဝါသနာပါသူ တစ်ယောက် ဖြစ်လေသည် ။ သို့ရာတွင် ဆယ်နှစ်သားက ကလေး လွတ်ကျသဖြင့် ခြေထောက် သွင်သွင်ကျိုးခဲ့၏ ။
သို့ရာတွင် …
သူ့ဝါသနာကို သူ မစွန့်နိုင်ရှာသေးပေ ။ အလေး မ,မနိုင်ခဲ့သော်လည်း ခြေထောက်ကို မထိခိုက်နိုင်သော ကစားများကို ကစားတုန်း ဖြစ်သေး၏ ။ အသက် သုံးဆယ်ခန့် ရှိသော လူပျို ကြီး ဖြစ်လေသည် ။ တစ်ခါတစ်ရံ သူ့ထံ၌ နည်းနာနိဿယ ခံရန်အတွက် လူငယ်ကလေး လူငယ်မ ကလေးများ လာရောက်လေ့ ရှိ၏ ။ ဝါသနာအိုးကြီးသည် စားစရာများကို ကျွေးမွေးကာ အသေအချာ သင်ပြပေး၏ ။ စာအုပ်တွေကို ရှာဖွေ ပေးလိုက်သေး၏ ။ ဤမျှ ဝါသနာ ပါခဲ့လေသည် ။
••••• ••••• •••••
အဖေ အရက်သမားက ဘာမျှ မပြောသော်လည်း အမေ ပဲပြုတ်သည်ကြီးကား ခင်စိန်ကြည် ဖြဲလိုက် ကားလိုက် လုပ်နေသည်ကို သိပ်သဘော မကျလှ ။ သို့ရာတွင် ပြောမရ သောကြောင့် အသာနေလိုက်ရ၏ ။
သူမအမေ၏ စိတ်ထဲတွင် တစ်နေ့တခြား အပျိုကြီးဖားဖား ဖြစ်လာခဲ့သော သမီးပျို ထွတ်ထွတ်ကလေးကို ယခုလို ရဟန္တာ မဖြစ်သေးသည့် ပုထုဇဉ် လူပျိုကြီး တစ်ယောက်နှင့် နေ့ဖြဲ ညဖြဲ လုပ်နေကြသည်ကို မကျေနပ်နိုင် ဖြစ်နေ၏ ။ ဖြစ်လည်း ဖြစ်သင့် လှလေသည် ။ ခင်စိန်ကြည် သည် ဘမင်း၏ လက်မောင်း ကြွက်သားကြီးများကို ကိုင်၍ ကြည့်ကာ …
“ ဦးလေး လက်မောင်းကြီးကနော် သိပ်အားရစရာ ကောင်းတာပဲ ၊ ဦးလေး ခြေထောက်သာ မကျိုးဘဲ မောင်ဗမာ ဖြစ်နေမယ်ဆိုရင် ကြိုက်တဲ့ မိန်းမတွေ သိပ်ပေါပြီး အခုလို လူပျိုကြီးတောင် ဖြစ်နေမှာ မဟုတ်ဘူး ” ဟု ကနွဲ့ကလျ ပြောတတ်လေသည် ။
ဘမင်းသည် လူကြီးပီပီ ခင်စိန်ကြည်ကို ငေါက်လိုက်ရ၏ ။
“ ဟဲ့ ဘာတွေ လျှောက်ပြော နေတာလဲ ၊ လုပ်မှာလုပ် … တော်တော်ကြာ ချွေးတွေနဲ့ အအေးပတ် သွားမယ် ”
“ ဟုတ်တယ် ဦးလေးရဲ့ ၊ ကျွန်မဖြင့် ဦးလေး ခုလို လူပျိုကြီး အဖြစ်နဲ့ တစ်ယောက်တည်း နေရတာ သနားတောင် လာတယ် ”
ဤလိုဖြင့် ဆတ်ကော့လတ်ကော့ အပျိုပေါက်ကလေး ခင်စိန်ကြည်နှင့် လူပျိုကြီး ဘမင်း ကား ဘာကလိုတိုတို ဖြစ်ခဲ့ကြရ၏ ။ သို့ရာတွင် ကျန်းမာရေးသမားတို့၏ မျိုသိပ်မှုသည် ခင်စိန်ကြည်၏ အလှပန်းကလေးကို မညှိုးနွမ်းစေခဲ့သေး ။
နည်းပြဆရာကြီး ဘမင်းသည် သူ၏ မထိရသေးသော တပည့်မကလေးကို ( .... ) မြို့ အလှပြိုင်ပွဲတွင် စာရင်းသွင်း ပေး၏ ။ အဝတ်အစားများကို ဝယ်ပေး ဆင်ယင်ကာ ပွဲထုတ်လိုက်၏ ။
အဖေ လက်သမားကြီးသည် ပထမက မကန့်ကွက်ခဲ့ သော်လည်း ယခုလို လူလယ်ကောင်တွင် ကိုယ်ကပ် စွပ်ကျယ်အင်္ကျီကလေးနှင့် လှည့်ပတ် ပြရတော့မည်ကို သိသောအခါ သမီးအဖေ ပီပီ မျက်နှာ ပူသဖြင့် ကဇော်ဆိုင် ကိုသာ သွားခဲ့၏ ။
သဘော မတူခဲ့သော ပဲပြုတ်သည် အဒေါ်ကြီးကား သမီးပျိုကလေး တစ်ယောက်တည်း လူပေါင်းစုံ တောထဲ၌ စိတ်မချနိုင် ။ သို့ကြောင့် ... အတင်း တွယ်ကပ်၍ လိုက်ရပေဦးမည် ။
သို့လိုက်နိုင်ရန် အတွက်လည်း တတ်အားသမျှ အဝတ်အစားများ ချုပ်လုပ်ရန် လိုသေး၏ ။ မလောက်ငသောအခါ ဘမင်း ဆီကပင် ငွေကလေး အနည်းအကျဉ်း ဆွဲလိုက်ရသေး၏ ။
ခင်စိန်ကြည် ကမူ အမေ ပဲပြုတ်သည် ဖြစ်ကြောင်း လူသိမည် စိုးသဖြင့် ကန့်ကွက်သေး၏ ။ မရရှာလေ ။
••••• ••••• •••••
ခင်စိန်ကြည် ပင်လျှင် မယ်ရွေးပွဲ၌ ပထမ ရခဲ့၏ ။ ခင်စိန်ကြည် အမေမှာလည်း မျက်နှာ ပွင့်လှ၏ ။ ထိုနေ့မှစ၍ ခင်စိန်ကြည်တို့ အိမ်၌ ဧည့်သည်တွေ ဒလဟော ဝင်လာကြ၏ ။ အဖ လက်သမားဆရာ ၊ အမိ ဈေးသည်တို့၏ ရိုးသားသော သမီးကလေး ခင်စိန်ကြည်ကား လူတကာတို့၏ ပါးစပ်ဖျားတွင် သနားစရာ ချစ်စရာ နှစ်လိုစရာကလေး ဖြစ်နေ၏ ။
မြို့နယ် ကိုယ်လက် ကျန်းမာရေးအသင်းကြီးမှ လူကြီးများက ပင်လျှင် ခင်စိန်ကြည်တို့ မိသားတစ်စု အတွက် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်မြေနေရာ တစ်နေရာ ပေး၏ ။ မြို့တော်ဝန်က မြို့၏ ဂုဏ်ကျက်သရေကို တက်စေသော ခင်စိန်ကြည်အား ထိုမြေနေရာ၌ အိမ်ဆောက်ပေး၏ ။
အိမ်ပြောင်းခါနီးတွင် ပဲပြုတ်သည် အဒေါ်ကြီးက မောင်ဘမင်းအား နှုတ်ဆက်သွားပါ သေးသည် ။
“ မောင်ဘမင်းရေ ။ ဒီနေရာက သမီးကလေး ကျန်းမာရေး လေ့ကျင့်ဖို့ မသင့်တော်ဘူးကွယ့် ၊ အဒေါ်တို့ အိမ်ပြောင်းတော့မယ်နော် ၊ မင်းလဲ မကြာမကြာ လာလည်ပေါ့ကွယ့် ၊ ဟိုရောက်ရင် မြို့တော်ဝန်ကြီး ကိုယ်တိုင်က ရန်ကုန်က ဆရာတွေနဲ့ သမီးကို လေ့ကျင့်ပေးမယ်တဲ့ ”
ဘမင်းကား ဘာမျှမပြော ။ အဒေါ်ကြီး ကိုသာ မျက်တောင်မခတ် ကြည့်နေလိုက်လေသည် ။
လယ်သမားဆရာကြီး ကလည်း ခပ်ထွေထွေနှင့် ပြုံးပြ၏ ။ ဘမင်းက ပြန်ပြုံးလိုက်ပါသည် ။
ခင်စိန်ကြည်သည် ဘမင်း အနီးသို့ ပြေးလာ၏ ။ ဘမင်းကို ညှို့မျက်လုံးကြီးနှင့် ကြည့်၏ ။
“ ဦးလေး … ဘာပြုလို့လဲ စိတ်မကောင်းဘူးလား ၊ ခင်စိန်ကြည်လဲ ဒီအိမ်လေးက မပြောင်းချင်ပါဘူး ဦးလေးရယ် ၊ စိတ်များညစ်ပါရဲ့ … ကျွန်မ ဒီကျန်းမာရေးတွေလဲ မလုပ်ချင်ဘူး ” ဟု ပြော၏ ။
ဘမင်းကမှ ပြန် မပြောရသေးမီ သူမအမေ ပဲပြုတ်သည်ကြီးက ဝန်စည်စလယ်များ တင်သော ကားပေါ်မှ နေ၍ ပဲပြုတ် ဟူသော အသံမျိုးနှင့် အော် ခေါ်လိုက်လေသည် ။
••••• ••••• •••••
ယခုလည်း တိုင်းမယ်ရွေးပွဲ ပြီးသွားလေပြီ ။ ခင်စိန်ကြည် ပင်လျှင် တိုင်းမယ် အဖြစ်နှင့် အရွေးခံရ၏ ။ ထိုနောက် အဖော်များနှင့် ပျော်ပါးစွာ ဂျစ်ကားပေါ်တွင် ပါသွား၏ ။
ခပ်အေးအေး နေတတ်သော လူရိုးကြီး ဘမင်းသည် စိန်ပန်းပင် အမြစ်ကြီးပေါ်မှာ ထိုင်ရင်း ပင့်သက်ကြီးကို မှုတ်ထုတ်လိုက်ကာ မြေစိုင်ခဲ တစ်ခဲနှင့် ရှေ့တွင် ရှိသော ရေအိုင်ထဲမှ လ,ရိပ်ကို တအား ပေါက်လိုက်လေသတည်း ။
( စံနက်ကျော် အမည်ဖြင့် )
⎕ ရန်ကုန်ဘဆွေ
📖ဂျာနယ်ပြာ
မေ ၊ ၁၉၅၅
Tuesday, July 22, 2025
လင်ငယ် နေလိုက်ချင်စမ်းပါဘိ
❝ လင်ငယ် နေလိုက်ချင်စမ်းပါဘိ ❞
( ရန်ကုန်ဘဆွေ )
သို့
ရဲဘော် .. ကိုမြလှိုင် ... ခင်ဗျား
၁၉၄ဝ ပြည့်နှစ်လောက်တုန်းက နဂါးနီဂျာနယ်မှာ ရေးခဲ့ဖူးသော “ ဪ တစ်သီတင်းဖြင့် ကျွတ်ပြန်ပေါ့ ” ဟူသည့် စာမျိုး ရေးစမ်းပါ ဆိုသဖြင့်သာ ရေးလိုက်ရသည် ။
ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ နည်းနည်းရှက်သလိုလို ရှိနေသည် ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူနိုင်ချင်း တောင်းထားတာမို့ စွန့်စားပြီး ရေးပေးလိုက်ပါ သည် ။ ဟိုတုန်းကလို လူငယ် မဟုတ်လို့ ဟိုတုန်းကလောက် နွဲ့မလာဝံ့ခြင်းကိုတော့ ဓာတ်သိချင်းမို့ တောင်းပန်ရပါမည် … ခွင့်လွှတ်ပေတော့
ရဲဘက်အချင်းချင်း ဖြစ်သော ..
ဘဆွေ
••••• ••••• •••••
အိပ်ရာက နိုးလာရသည် ။
ရင်ထဲမှာလည်း ကတုန်ကယင်ချည်း ဖြစ်နေရသည် ။
အသက်ရှူကျပ်လျက် တစ်ကိုယ်လုံး ချွေးများ စို့နေသည် ။
ညို့ညို့ကလေး ပြာနေသော မီးရောင်လဲ့လဲ့ကြောင့် စိတ်ထဲမှာ နည်းနည်း သက်သာသလို ရှိရသည် ။
ဒီမီးရောင်ကြောင့်ပင် မျက်စိနှစ်လုံး ပွင့်လျှင်ပွင့်ချင်း လူလေးကို ကျော်ပြီး သူများအပေါ်မှာ ပိုင်စိုးပိုင်နင်းနှင့် တင်ထားသော လက်ကြီးကို တွေ့ရသည် ။
“ ကတဲ ... အိုက်ရန်ကော တော် ” ဟု စိတ်ထဲက အော်မြည်ရင်း သူ့လက်ကြီးကို ဆောင့်ပစ်လိုက်ချင်သည် ။
ဒါပေမယ့် လူလေးကို ခိုက်မိသွားမှာ စိုးသောကြောင့် သာသာပဲ ဖယ်ချလိုက်ရသည် ။
ပြီးတော့ ... သူ့မျက်နှာကို မျက်စောင်းတစ်ချက် ပစ်ကြည့်လိုက်ရုံနှင့် စိတ်ကျေနပ်လိုက် ရသည် ။
ဒီမျက်စောင်းထဲမှာတော့ မလိုခြင်း ၊ မုန်းတီးခြင်း ၊ ငြူစူခြင်း ဆိုတာတွေ အပြည့်ချည်း အပြည့်ချည်း ပါသွားပါလေရဲ့ … ကဲ ။
ဒါပေမယ့် သူကတော့ မောမောနဲ့ မို့ နှစ်နှစ်ခြိုက်ခြိုက် ချည်းသာ အိပ်ပျော်နေသည် ။ ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။
••••• ••••• •••••
သူ့ကို ကြည့်ရင်း ကြည့်ရင်း ဒေါသတွေ ဖြစ်လာသည် ။ အလိုလို ဝမ်းနည်းလာရသည် ။ တအား တအားချည်းသာ အော်ပြီး ငိုပစ်လိုက်ချင်သည် ။ မျက်နှာကြီးကို အလွှားလိုက် … .အလွှားလိုက် ကွာအောင် ကုတ်ကုတ်ပစ်လိုက်ချင်သည် ။
ဒီလိုများ ကုတ်ပစ်လိုက်လျှင် “ ဟဲ့ … အရူးမလေး … အရူးမလေး … ဘာဖြစ်တာတုံး ” လို့ ဆိုပြီး သူ့မျက်လုံးကြီးနဲ့ အကဲခတ်သလို ကြည့်နေလေမည်လား ။
ဒီလိုကြည့်နေမှဖြင့် သူ့မျက်လုံးကြီးက ကြောက်စရာကောင်းလှသည် ။
သို့မဟုတ်လျှင် လူးလဲ ထလာရာက မျက်နှာထားကြီးနှင့် ကြည့်ပြီးနောက် သူ့လက်ဝါး ကြီးနှင့် ပိတ်ရိုက်ပစ်လိုက်မှာ စိုးရသည် ။
သည်လိုဆိုရပြန်တော့လည်း ကျောထဲက စိမ့်လာရပြန်သည် ။ အို … ဘာပဲဖြစ်ဖြစ် ဒီလူကြီး ကိုတော့ မုန်းရန်ကောဟု သူ့ကို ကျောခိုင်းပြီး တစ်ဖက်ကို ဆတ်ခနဲ လှည့်ပစ်လိုက်မိသည် ။
သူကတော့ ဒါတွေကို ဘာမှ ဂရုမစိုက် ။ မောမောနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်ချည်းသာ အိပ်ပျော်နေသည် ။ ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။
••••• ••••• •••••
မျက်စိရှေ့ တစ်ထွာလောက် အကွာမှာတော့ မီးရောင်ကြောင့် ပြာနုနုကလေး လဲ့နေသော ဇာခြင်ထောင် ရှိနေသည် ။ ဇာခြင်ထောင်တွင်ရှိ လှုပ်နေသော လှိုင်းကလေးတွေက သူများကို သက်သက်ပြောင်၍ ပြနေကြသည် ။ လှိုင်းကလေးတွေ လှုပ်တိုင်း လှုပ်တိုင်း ဇာခြင်ထောင်ရှိ ဇာပေါက်ကလေးတွေးက ကျဲလိုက် ပိတ်လိုက် လုပ်ပြနေကြပြန်သည် ။ ဒီဇာခြင်ထောင်ကြီးကို မုန်းစရာကောင်းလှသည် ။
လျော့ရဲရဲ ဖြစ်သော ဇာခြင်ထောင်အစကို ကိုယ်လုံးနဲ့ တိုးဖိပစ်လိုက်သည် ။ ကဲလေ … လှုပ်ကြဦး ။
ဒီလို ဖိထားပြန်တော့လည်း ဇာပေါက်ကလေးတွေက ပါးစပ်ကလေးတွေ ပြဲနေကြသည် ။ လှုပ်လည်း မလှုပ်ဝံ့ ၊ ရုန်းလည်း မရုန်းဝံ့ ။
သူတို့ကို မြင်နေရသည်မှာ ရယ်စရာပင် ကောင်းလှသေးသည် ။ သူတို့ ပါးစပ်ကလေးတွေကလည်း အစီအရီ ပြဲနေကြသည် ။
ဇာပေါက်ကလေးတွေ ပါးစပ်ပြဲနေပုံက လူလေး ပါးစပ်ကလေးနဲ့ပင် တူ တူသေးတော့ ။
အမယ်လေး … သူ့လက်ကြီးနဲ့များ လူလေးအပေါ် ဖိမိမှဖြင့် လူလေးတစ်ယောက် ဇာပေါက်ကလေးတွေလို ပါးစပ်ပြဲနေမှဖြင့် … ။
ချက်ချင်း လူးလဲ၍ ထ လိုက်မိသည် ။ နောက်သို့ ကမန်းကတန်း လှည့်ကြည့်လိုက်မိသည် ။
ဇာခြင်ထောင်ရိပ်အောက်တွင် ဝင်းပပကလေး အိပ်မောကျနေသော ဖိုးလမင်းကြီးကို မြင် လိုက်ရသည် ။
လူလေး၏ မျက်နှာသည် တိမ်လွှာမှေးကလေးအောက်တွင် ရေးရေးကလေး ပေါ်နေသော ဖိုးလမင်းကြီးနှင့် တူလှသည် ။
လူလေး လန့်သွားမည် စိုးသဖြင့် ရင်ဘတ်ချင်းအပ်ကာ သူနဲ့ ဝေးဝေးသို့ တဖြည်းဖြည်း ရွှေ့ယူရသည် ။
“ ယို့ .... ယို့ ... ယို့ ... ယို့ ... မိုးလာ လေလား ၊ မိုးလား လေလား ... ”
မောင်လေး ငယ်ငယ်က ကလေးကို ရွှေ့ယူတိုင်း အမေ့ပါးစပ်က ဤသို့ပင် ဆိုနေကျ ဖြစ်သည် ။
ဒီလိုဆိုလျှင် ကလေးမလန့်ဘူးဟု ကြီးကြီးတို့ကလည်း ပြောဖူးသည် ။
ထို့ကြောင့် အသက်ကို အောင့်လျက် အစ်သံနှင့် ဒီလိုပဲ ခပ်တိုးတိုး ဆိုလိုက်မိသည် ။
ဒီလိုဆိုရင်း လူလေးကို ပွေ့နေတုန်း လူလေးများ လန့်နိုးသွားလေမလားဟု တထိတ် ထိတ်နှင့် လူလေးမျက်နှာကို ကြည့်နေရတာက စွန့်စားမှုတစ်ရပ်နှင့်ပင် တူလှတော့သည် ။
“ အမယ်လေး … ကံကောင်းလို့ လူလေး လန့်မသွားသေးဘူးဟဲ့ ”
လူလေး၏ပါးကို ဖြည်းဖြည်းကလေး အသက်အောင့်ပြီးတော့ နမ်းလိုက်ရသေးသည် ။
ပြီးမှ လူလေး ကိုယ်တစ်ပိုင်းကို စောင်ခြုံပေးရင်း သူ့ဆီကို မျက်စိရောက်သွားရပြန်သည် ။
ဒီမှာတော့ သူ လူလေးကို ဖိမိမှာစိုးလို့ ရွှေ့ရ ၊ ပြောင်းရနဲ့ သူကတော့ အစန့်သား အိပ်လို့ ။
သူ့ကိုမြင်တိုင်း ဒေါသဖြစ်လှပါဘိသည် ။
ဒေါသဖြစ်တိုင်း သူ့မျက်နှာကို အတော်ကြာကြာ စိုက်ကြည့်နေမိပါသည် ။
ဒါပေမယ့် သူကတော့ ဒါတွေကို ဘာမှ မသိ ။ မောမောနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်ချည်းသာ အိပ်ပျော်နေသည် ။
ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။
သူ့ကိုကြည့်ရင်း ဒေါသဖြစ်လှသဖြင့် စိတ်ထဲကပင် အိုက်လာမိသည် ။ အလိုလိုနေရင်း အသက်ရှူကျပ်လှသဖြင့် ခြင်ထောင် အပြင်ဘက်သို့ ထွက်လာခဲ့မိသည် ။
ခြင်ထောင် အပြင်ဘက် ရောက်လာရပေမယ့် မသက်သာသေး ။ အိပ်ခန်းလေးက ကျဉ်းကျပ်လွန်းလှသည် ။
ကျဉ်းကျပ်ရသည့် အထဲတွင် အိပ်ရာဘေးရှိ သူ့စားပွဲကြီးက နေရာချဲ့လွန်းအားကြီးလှသည် ။
ဒီစားပွဲကြီးကို ကြည့်ရသည်မှာ အလွန် မျက်မုန်းကျိုးစရာ ကောင်းလှသည် ။
သူသည် သူ့သခင်က မျက်နှာသာပေးထားတိုင်း အိပ်ခန်းအလယ်တွင် ခြေထောက်ကြီး လေးချောင်းနှင့် ကားရားချည်း ကန့်လန့်လုပ်လျက် ရှိနေလေသည် ။
ဒီလို ကားရားချည်း လုပ်နေသော စားပွဲကြီးထက် စားပွဲပေါ်ရှိ စာအုပ်ပုံကြီးက ပို၍ မျက်မုန်းကျိုးစရာ ကောင်းပြန်သည် ။
ယခင် အပျိုဘဝက ဝတ္ထုကလေး ဘာလေး အတော်အသင့် ဖတ်ရန် ဝါသနာပါခဲ့သော်လည်း အခု သူ့စာအုပ်ကြီးကို မြင် မြင်နေရသဖြင့် စာအုပ်မှန်သမျှ အကုန် မျက်မုန်းကျိုးလှသည် ။
ကြည့်ပါဦး .. ။ သူများက ဒါလောက် မျက်မုန်းကျိုးနေပါလျက်နှင့် သူတို့က စားပွဲပေါ်ကနေ၍ မထီတရီ မတုန်မလှုပ် လုပ်နေကြပြန်သည် ။
ဒါလောက်တောင် ရှိလှတာ ပြတင်းပေါက်ကို ဖွင့်ပြီး ဒီစာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်သာ မှောင်ထဲသို့ လွှင့်ပစ်လိုက်ချင်သည် ။
ဒီလို လွှင့်ပစ်ပြန်တော့လည်း သူ နိုးလာပြီး “ ဟဲ့ အရူးမ ၊ ဒါ ဘာလုပ်တာတုံး ” လို့ ပြောပြောဆိုဆို သူ့လက်ဝါးကြီးနဲ့ ဇက်ပိုးများ အုပ်လိုက်မှဖြင့် …. ။
တွေးရင်း တွေးရင်း မျက်ရည်တွေ ဝိုင်းလာရပြန်သည် ။ ရင်ထဲ၌ လှိုက်၍ လှိုက်၍ တက်လာရပြန်သည် ။
အိပ်ခန်းတံခါးကို ဖွင့်ပြီး ဧည့်ခန်းထဲသို့ဝင်ကာ ကုလားထိုင်ရှည် တစ်ခုပေါ်တွင် ထိုင်ရင်း အားရအောင် ငိုပစ်လိုက်ရသည် ။
သူကတော့ ဒါတွေကို ဘာမှမသိ ။ မောမောနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက် ချည်းသာ အိပ်ပျော် နေသည် ။ ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။
••••• ••••• •••••
ငိုလို့ အားရမှ မျက်ရည်ကိုသုတ်ပြီး ငြိမ်၍ ထိုင်နေလိုက်မိသည် ။
အပြင်ဘက်တွင် ကြယ်ရောင်ကလေးများ လင်းနေခြင်းကို မှန်ပြတင်းက မြင်နေရသည် ။
ဒီအလင်းရောင်ကတော့ ဒီက , နဲ့ တန်လိမ့်မည် မဟုတ် ။ ဒီက ဘဝမှာ မှောင်နေသူ ဖြစ် သဖြင့် အမှောင်နှင့်သာ ထိုက်တန်ပါလေသည် ။
ဒီလို တွေးလိုက်တော့ ဝမ်းနည်း၍ လာရပြန်ပါသည် ။
ဖြစ်မိမှတော့ မထူးဘူးဟု စိတ်ကို တင်းထားလိုက်မိသည် ။ တင်းထားသည့် ကြားကပင် တစ်ခါတစ်ခါမှာတော့ အောင့်၍ မရအောင် ရှိုက်,ရှိုက်နေရသည် ။
“ ငါ မရှိုက်ဘူး ” ဟု စိတ်ကို အတင်းချုပ်လိုက်သည် ။ ငါ ဒီအကြောင်းတွေ မစဉ်းစား ၊ ငါ ဒီဝမ်းနည်းစရာတွေ မစဉ်းစားဟု အတင်းချုပ်တည်းလိုက်သည် ။ ဒီလို ချုပ်တည်းကာမှ ငါ သူ့ကို ဘာလို့ ယူမိပါလိမ့်မလဲဟု တွေးတောမိရသည် ။
သူနဲ့ အခုလို အခုလို ဖြစ်လာခါမှ ဖြစ်ရမည် ။ တကယ်တော့ သူ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးပါ ။
စတွေ့တွေ့ချင်း သူ့ကို မျက်မုန်းကျိုးခဲ့ရသည် ။ ဒီလူကြီးက ဘယ့်နှယ်လူကြီးပါလိမ့်မလဲ ဟု မြင်ပြင်းကပ်ခဲ့ရသည် ။ လူကြီးကိုက မုန်းစရာချည်းဟု ဒေါသဖြစ်ခဲ့ရသည် ။
ဒီလို ဒေါသဖြစ်ခဲ့ရခြင်း အကြောင်းကတော့ ကိုကိုမောင့် အပေါ်မှာ သူက အနိုင့်ကျင့်ခဲ့လို့ဖြစ်သည် ။
ကိုကိုမောင့် အပေါ်မှာသာ မဟုတ်သေး ၊ ဘယ်သူ့အပေါ်မှာဖြစ်ဖြစ် သူက အနိုင်ကျင့်တတ်သည် ။ သူများကိုလည်း ခုအထိ သူ အနိုင့်ကျင့်နေတုန်းပဲ ဖြစ်သည် ။ ဒါ့ကြောင့် သူ့ကို သိပ်မုန်း သည် ။ ဒီလို မုန်းနေတဲ့ကြားထဲက ကိုကိုမောင့်ကို စွန့်ပစ်ပြီး ဘာ့ကြောင့် သူနဲ့ လူကလေးတစ်ယောက် ရလာသည်အထိ ဖြစ်ပျက်လာရသည်ကို မကျေမချမ်းရှိတိုင်း ကိုယ့်ကိုယ်ကိုယ် ကုတ်ရ ၊ ဖဲ့ရ ၊ ထုရ ၊ ရိုက်ရသည်မှာ အမြဲတမ်း ဒဏ်ရာရနေရတော့သည် ။
ယခုလည်း သူကတော့ နှစ်နှစ်ခြိုက်ခြိုက်ချည်း အိပ်ပျော်နေသည်သာ ဖြစ်သည် ။ ဟောက် များပင် ဟောက်နေလိုက်ပါသေး၏ ။ ဒီမှာတော့ … ။
••••• ••••• •••••
သူ့အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါက ရုံးလွှတ်ချိန်တွင် မိန်းကလေးတွေ ဝိုင်းမှာ စကား ဖြစ်လာရသည် ။
မိန်းကလေးတွေ အကုန်လုံးက သူ့ကို မုန်းကြသည် ။ သူ့အကြောင်းကိုပဲ ပြောနေကြသည် ။
ဒီလူကြီးဟာ လူကြမ်း ၊ လူရမ်း လူရိုင်းစိုင်းကြီးတဲ့ ။
တစ်ခါက တစ်ရုံးလုံးရဲ့ အချစ်တော်ဖြစ်တဲ့ ရိုစီသန်းဌေးက အလုပ်ကိစ္စ တစ်ခုနှင့် သူ့ဆီကို သွားရသည် ။ စာရင်းအင်းများကို သူ့အားပြရာတွင် သူက နောက်ကို ဆုတ် ဆုတ်သွားသည် ။ နောက်ဆုံးတွင် သူက ပြောလိုက်သေးသည် ။
“ ခင်ဗျား အလုပ်ကိစ္စရှိရင် ခပ်ဝေးဝေးက ပြောပါ ၊ ကျုပ်နား သိပ်မကပ်ပါနဲ့ ။ ခင်ဗျားကိုယ်က ပေါင်ဒါစော်တွေ နံလွန်းလို့ ၊ ကျုပ် တောင်းပန်ပါရစေ ” တဲ့ ။
ဒုတိယ မယ်ဗမာဖြစ်တဲ့ ရိုစီသန်းဌေးက ခုအထိ သူ့အပေါ်ကို မကျေ ။
ဒီလို မကျေတာကိုပဲ သူများက စိုးရိမ်နေရပြန်သည် ။ “ အို … ဘာလို့ စိုးရိမ်ရမှာလဲ ၊ ဒင်းကို မုန်းပါတယ် ” လို့ တွေးပေမယ့် နောက်ဆုံးတော့ ငိုချင်လာတာနဲ့ပဲ အဆုံးသတ်ရပြန်သည် ။
သူများလည်း အစက ဒီလိုပဲ သူ့အပေါ် မကျေမချမ်း ဖြစ်ခဲ့ရဖူးသည် ။
ကြည့်လေ သူက ကိုကိုမောင်ကို ပြောနေသည် ။ “ ခင်ဗျား ဒီမိန်းကလေးကို ယူရင် ခင်ဗျားတို့ မြန်မြန်ကွဲမှာပဲ ” တဲ့ ။
ပြီးတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ သူများ တစ်ကိုယ်လုံးကို ကျောရိုးထဲက စိမ့်လာအောင် ခြေဆုံးခေါင်းဆုံး ကြည့်နေပြန်သည် ။
ဒီလို ကြည့်နေပြန်တော့လည်း ရင်ထဲက ဖိုနေရသည် ။ သူများတစ်ကိုယ်လုံး တုန်လှုပ်လာရ သည် ။ ဟန်လုပ်ပြီး လက်နှိပ်စက် ရိုက်နေရပေမယ့် စာလုံးတွေက မှားကုန်ရသည် ။ ပြီးတော့ သူ့မျက်နှာကိုကြည့်ရင်း မျက်လုံးက လွှဲဖယ်မရအောင် ဖြစ်နေရပြန်သည် ။ လူကြီးကိုက အတော် မုန်းစရာကောင်းလှသည် ။ ဘယ်လို လူကြီးမျိုးပါလိမ့်ဟုလည်း တွေးနေရသည် ။
ပြီးတော့ သူ့စကားကို နားစွင့်မိပြန်သည် ။
“ ဒီမိန်းကလေးက ကျန်းမာသန်စွမ်းလွန်းအားကြီးတယ်ဗျ ။ ခင်ဗျားက ရောဂါသည် ချည့်ချည့်နဲ့နဲ့ကလေးပဲ ၊ ခင်ဗျားနဲ့ ရလို့မှ သူ လင်ငယ်မနေဘူးဆိုရင် တစ်ထောင်မှာ တစ်ယောက် မရှိတဲ့ မိန်းမမျိုး ဖြစ်မှာပဲ ”
ကြည့်ပါဦး … ကြည့်ပါဦး ၊ အဲဒါ သူပြောလိုက်တဲ့ စကားပေါ့ ။ သူများမှာ မျက်နှာတစ်ခုလုံး ထူပူပြီး ရှေ့က လက်နှိပ်စက်ကြီး မြောက်သွားသည်ဟု ထင်လိုက်ရသည် ။
ဒါ့ကြောင့် သူ့စကားနဲ့ညီအောင် အခုချက်ချင်း လင်ငယ် နေပစ်လိုက်ချင်တဲ့စိတ်တွေ ပေါ်လာသည် ။
ကိုကိုမောင်ရေ - လာပါတော့ ။ ဒါပေမယ့် ကိုကိုမောင်ကလည်း မလာ ၊ သူများရှေ့မှာ ည အမှောင်နဲ့ ငြိမ်နေတဲ့ ကုလားထိုင်များ ၊ စားပွဲများသာ ရှိနေရသည် ။
မှန်ပြတင်းရဲ့ အပြင်မှာတော့ အရောင်ကလေး မှိန်မှိန်နှင့် ကြယ်ပြောင်ကလေးတွေ ရှိနေ ကြသည် ။ ဒီကြယ်ပြောင်ကလေးတွေဆီသွားပြီး ကိုကိုမောင်နှင့် တူတူပုန်းတမ်း စကားပစ်လိုက်ချင်သည် ။
ကြယ်ပြောင်ကလေးရဲ့ ချောင်တစ်ချောင်မှ တိတ်တိတ်ကလေး ပုန်းနေတုန်း ကိုကိုမောင်က ဗြုန်းခနဲ ဖက်လိုက်သဖြင့် လန့်ပြီး အသံစူးကလေးနှင့် တအား ကုန်းအော်ပစ်လိုက်ချင်သည် ။
ဒီလိုအော်ရင်း ကိုကိုမောင်ကို ပြန်ဖက်ထားလိုက်မိရာက မော့်ကြည့်လိုက်တော့ သူ့မျက်နှာကြီး ဖြစ်နေပြန်ပါသည် ။
အို … ဘာလို့ သူ့မျက်နှာကြီးက ပေါ်ပေါ်လာရပြန်ပါလိမ့် ။ ဒီ မုန်းစရာကြီးကို ။
မုန်းစရာမှ တကယ့်ကို မုန်းစရာကောင်းတဲ့ လူကြီး ဖြစ်သည် ။ အဲ ... ဟိုတုန်းက သူက ကိုကိုမောင့်ကို ပြောတယ်လေ ။
“ သူငယ်ချင်းပီပီ ပြောင်ပြောင်ပြောရရင် ဒီမိန်းကလေးက ခင်ဗျားကို သူ့အထက်က ရာထူးကြီးသူတစ်ယောက် အနေနဲ့ ရယ် ၊ ပြီးတော့ ခင်ဗျားအမောက်နဲ့ အမြဲတမ်း ပေါင်ဒါဖို့ထားတဲ့ မျက်နှာရယ် ၊ ပြီးတော့ ခင်ဗျားရဲ့ ပြောင်လက်တဲ့ အဝတ်အစားတွေရယ် ဒါကို ကြိုက်နေတာပဲ ။ ဒါပေမယ့် ခင်ဗျားတို့ ရကြပြီးရင် ဒါတွေ ရိုးသွားတော့ ခင်ဗျားကို ကျေနပ်တော့မှာ မဟုတ်ဘူး ။ သူက မလိုချင်ဘူးထားဦး ။ သူ့သွေးသားက တကယ် လိုချင်တာက ကျုပ်တို့လို ဒူပေဒါပေခံတဲ့ ယောက်ျားကြမ်းကြီးမျိုးဗျ ” တဲ့ ။
ကြည့်စမ်း ကြည့်စမ်း ၊ ဒါ လူဝါးဝတာ ၊ သက်သက်မဲ့ သူများကို စော်ကားတာ ။
ဇောင့်ခနဲ မျက်စောင်းထိုးကြည့်လိုက်မိရာက မျက်နှာတစ်ခုလုံး ထူပူလာရပြန်သည် ။ ဖြိုးဖြိုး ဖျင်းဖျင်းနှင့် နားရွက်တွေ ထူလျက် မျက်လုံးတွေ ပြာလာရပြန်သည် ။ ရင်ထဲမှာလည်း ကတုန်ကယင်ချည်း ဖြစ်လာရပြန်သည် ။ ကုလားထိုင်ကြီးရော စားပွဲပါ အပေါ်သို့ မြောက်တက်သွားလျက် အထက်သို့လည်း မထိ ၊ အောက်သို့လည်း မကျဘဲ ရှိနေသည်ဟု ထင်နေရပြန်သည် ။
ဒါပေမယ့် နားကတော့ ဆက်ပြီး ကြားနေရပြန်သည် ။
“ ဒါပေမယ့် … ကျုပ်ကတော့ ခင်ဗျားအမျိုးသမီးကို ခုအထိတော့ စိန်ကလပ်ကလေးနဲ့ တင်ပေးတောင် မလိုချင်သေးဘူး … ” တဲ့ ။
“ စော်ကားတာ .. စော်ကားတာ ၊ ဒါ သက်သက်ကို စော်ကားတာ ”
ဒီလို စော်ကားတာနဲ့ တစ်ပြိုင်နက် ဘယ်လိုက ဘယ်လိုမှန်း မသိဘဲ ဖျန်း ... ဖျန်းနဲ့ နေအောင် သုံးချက်တိတိ သူ့ပါးကို တအားချည်း ဆက်တိုက်ချပစ်လိုက်မိသည် ။
နတ်ပူးတာတို့ ၊ အာဠာဝက ဝင်တာတို့ ဆိုသည်မှာ ဤလိုအဖြစ်မျိုးနှင့် တူသည် ။
ဘယ်လိုက ဘယ်လို သူ့အနားသို့ ရောက်သွားသည်ဟု မသိရ ၊ ဘယ်လိုကဘယ်လို သူ့ပါးကို ရိုက်သည်ဟုလည်း မသိရ ။ လက်ကလေးတွေ နာလာမှသာ သူ့ပါးကို ရိုက်ပစ်လိုက်ပြီးကြောင်း သိလာရသည် ။
သို့ သိလာသည်နှင့်အမျှ မျက်ရည်ဖြိုင်ဖြိုင်ကျကာ မျက်နှာကို လက်ဝါးနှင့် အုပ်၍ ကြူကြူပါအောင် ငိုလိုက်ရသည် ။
တစ်ရုံးလုံးလည်း အံ့အားသင့်သွားကြရသည် ။
အဲဒီတုန်းက ကိုကိုမောင့် အဖြစ်သည် မကျေချမ်းစရာ အကောင်းဆုံး ဖြစ်သည် ။
“ ဖြစ်မှဖြစ်ရလေ … ကိုကိုမောင်ရယ် ၊ ဟိုလူကြီးစိတ်နဲ့ ကိုကိုမောင့် ကိုယ်နဲ့ပဲ ဖြစ်လိုက် ပါတော့ ” ဟု ဝမ်းထဲက ကျိတ်၍ ဆုတောင်းလိုက်မိသည် ။ သက်ပြောင်းကိုယ်ခွာ အတတ်များ တတ်မည်ဆိုလျှင် နေရာတွင်ပင် ချက်ချင်း ပြောင်းပေးလိုက်စမ်းချင်သည် ။
တစ်ရုံးလုံး ဆူလျက် အနားသို့ လူကြီးတွေရော ၊ အလုပ်ဖော်တွေပါ ဝိုင်းလာကုန်ကြသည် ။ မေးကြ ၊ မြန်းကြသည် ။ ကိုကိုမောင်က ဗျိုင်းအိုကြီး အစာနင်သလို လည်ပင်းချည်း ဆန့်ငင် ဆန့်ငင်နှင့် လုပ်နေသည် ။
သူ့ကို ကြည့်ပြီး အားမလို အားမရ ဖြစ်ရပြန်သည် ။ စိတ်ရှိလက်ရှိချည်းသာ ပြေးပြေး ထုလိုက်ချင်သည် ။ ဒီလို ရယ်စရာ အိုးတိုးအတကြီးမျိုးတော့ ဟိုလူကြီးက ဘာလို့ မဖြစ်ရတာလဲဟု အဘိဇ္ဈာပွားရပြန်သည် ။
ဒီအချိန်မှာ အဲဒီလူကြီးက ဘာမှမဖြစ် သလို အေးအေးဆေးဆေးပဲ ပြောပြလိုက်တယ်လေ ။
“ အလုပ်လုပ်တာ ညံ့လွန်းလို့ ကျွန်တော်က ပက်ပက်စက်စက် ပြောလိုက်မိတာနဲ့မိန်းကလေးက ရှက်ပြီး ရိုက်လိုက်တာပါ ၊ ကိစ္စမရှိပါဘူး ။ ကျွန်တော် ပြောတာကလဲ နည်းနည်း လွန်သွားပါတယ် ” တဲ့ ။
တော်တော်တတ်နိုင်တဲ့လူကြီး ဖြစ်သည် ။ ဒါပေမယ့် အမှန်အတိုင်းဆိုရင် ဒီကအတွက် ရှက်စရာချည်း ဖြစ်နေမှာမို့ သူ့ကိုပဲ ကျေးဇူးတင်ရမလိုလို ဖြစ်နေသည် ။
သူများကတော့ ဒါကိုပဲ စိတ်ထဲမှာ ခံပြင်းနေရသည် ။
ပြီးတော့ ဒီလူကြီးက သူ့အတွက် ဘယ်တော့မှ ဂရုစိုက်တတ်တဲ့လူ မဟုတ်ကြောင်း လူတိုင်း သိကြသည် ။
အခုလို ပြောလိုက်ခြင်းသည် သူ့အတွက် ထိခိုက်မည်စိုးသောကြောင့် မဟုတ်ဘဲ သူများ အရှက်ရမည် စိုးသောကြောင့် တမင်ကာကွယ်လိုက်ခြင်း ဖြစ်သည်ဟု သိလိုက်ရသည် ။
ကဲလေ …. ကဲလေ … ဘယ့်လောက်များ ဘယ့်လောက်များ ။ အို … သူ့ကိုတော့ ဘယ် တော့မှ ကျေးဇူးမတင်နိုင်ပေါင် ။
သူကလည်း သူများ ကျေးဇူးတင်တင် ၊ မတင်တင် ဘယ်တော့မှ ဂရုစိုက်နေသည့် လူစားမျိုး မဟုတ်ပါ ။ သိပ် ... သိပ်ပြီး ... မုန်းစရာကောင်းတဲ့ လူကြီးမျိုး ဖြစ်သည် ။
ကြည့်လေ … အခု သူများကတော့ သူ့ အကြောင်းပဲ စဉ်းစားနေရသည် ။
သူကတော့ မောမောနဲ့ နှစ်နှစ်ခြိုက်ခြိုက်ချည်းသာ အိပ်ပျော်နေသည် ။ ဟောက်များပင် ဟောက်နေလိုက်ပါသေး၏ ။
••••• ••••• •••••
ဒီလူကြီးအကြောင်းကို တွေးမိရင် ငိုချင် ငိုချင်လာသည် ။ ဘယ်တော့မဆို အလွန် မထီတရီ နိုင်သော လူမျိုးချည်း ဖြစ်သည် ။ မျက်စိထဲမှာ မြင်ယောင်လာပါသေးသည် ။
လူရှင်းသွားသောအချိန်၌ ကိုကိုမောင်က သူ့ကို အားတောင့်အားနာနှင့် ဝမ်းနည်းစကား ပြောမည် ပြုနေသည် ။
သူက ... အဲဒီ လူကြီးက ပြောလိုက်ပြန်ပါသည် ။
“ ကလေးတွေ … ခွေးကလေးတွေလိုပေါ့ဗျာ ၊ သွားစ,မိတော့လဲ ဟပ်လိုက်မိတာပေါ့ ။ ဒါတွေကို ဗွေယူနေလို့ ဘယ်ဖြစ်မလဲ ၊ အလွန်ဆုံး ပေါက်သွားတဲ့လက်ကို ခါပြီး “ ဟ ... ဒီကောင် ကိုက်တတ်သားပဲဟ … ” လို့ ရယ်နေရုံ ရှိတာပေါ့ ”
ကြည့်စမ်း .. ကြည့်စမ်း ။ သူများကို သူတို့ ရယ်စရာ သူတို့ စ,စရာ ခွေးမလေး တစ် ကောင်လောက် သဘောထားပြီး ပြောနေကြသည် ။
ဒါပေမယ့် ဒီကတော့ ဘာမှ မတတ်နိုင်ပါ ။ နှုတ်ခမ်းကို ချွန်နေအောင်စုရင်း မျက်ရည်တွေ ဖုံးနေသော မျက်လုံးကြီးနှင့်သာ မျက်စောင်းပစ်ထိုးရုံမျှ ရှိရသည် ။
သူ့ကို မျက်စောင်းထိုးရုံမျှတော့ မျက်စိကြီး ကျွတ်မှန်အောင် ထိုးလိုက်စမ်းပါစေ ၊ ဘယ်တော့မှ ဖြုန်မည့်လူကြီးမျိုး မဟုတ်ပါ ။
ငါ့ကို မျက်စောင်းထိုးနေပါပကောဟ ဟု အသိအမှတ်ပြုသူမျှ မဟုတ်ပါ ။
သူများကတော့ ဒီလို အသိအမှတ် မပြုတာကိုပင် စိတ်ထဲက ခံပြင်းနေရပါသည် ။ ဝမ်းထဲက ကလိကလိနှင့် ဖြစ်နေရပါသည် ။ သူများမှ မဟုတ်သေးပါ ။ တစ်ရုံးလုံးရှိ မိန်းမတစ်သိုက်က သူ့ကို ဒီလိုပဲ ခံပြင်းနေကြရပါသည် ။
မိန်းမအုပ်စုက ဆုံမိကြတိုင်း သူ့အကြောင်းကိုပဲ ပြောနေကြရပါသည် ။
ဆုံမိကြမှသာ ပြောကြရသည် မဟုတ် ။ ရုံးဆင်းလို့ ဘတ်စ်ကားပေါ်၌ ငြိမ်ပြီး ပါသွား ကြရသောအခါ ဖြစ်စေ ၊ အိမ်၌ အားအားရှိနေသော အချိန်မျိုး၌ ဖြစ်စေ ၊ သူ့အကြောင်းကိုပဲ စဉ်းစား ကြရပါသည် ။ သူ့အကြောင်းသာပဲ ပေါ်ပေါ်လာရကြပါသည် ။
စဉ်းစား၍ အားရကြသောအခါမှ “ အို … ဘာလို့ ဒီလူကြီးကိုပဲ တွေးတွေးနေမိပါလိမ့် ” ဟု ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်ကြရပြန်သည် ။
ပြီးတော့မှ ကိုကိုမောင်ကို သတိရ,ရသည် ။
သတိရပြန်တော့လည်း ကိုကိုမောင် တစ်ယောက်တည်း မဟုတ် ၊ ဒီလူကြီးပါ ပါ,ပါလာရ သေးသည် ။
ကိုကိုမောင့်နှယ်နော် ဘာလို့များ ဒီလူကြီးလို မဖြစ်ရပါလိမ့် ။
ဒီလူကြီးလို ဖြစ်ရင်လည်း မုန်းစရာချည်း နေမှာပေါ့ဟု တွေးမိပြန်သည် ။
ကိုကိုမောင်သာ အဲဒီလို မုန်းစရာချည်း ဖြစ်နေရင်ဖြင့် “ သွား …. မခေါ်ဘူး ။ တော်တော့ကို မုန်းစရာကောင်းတယ် ၊ မုန်းပစ်လိုက်မှာ သိလား ” ဟု ကိုကိုမောင့် နဖူးကို လက်ညှိုးကလေးနဲ့ နောက်သို့ယိုင်သွားအောင် ထိုးပြီး ပြောပစ်လိုက်ချင်သည် ။
ဒီလိုဆိုရင် ကိုကိုမောင် ကတော့ မျက်နှာကလေး ငယ်ငယ်နဲ့ ပြောလိုက်မည် ဖြစ်သည် ။ “ မုန်းတော့ … မမုန်းလိုက်ပါနဲ့ကွယ် ၊ ကိုယ့်အချစ်ကလေးက မကြိုက်ရင် နောက် မလုပ် ပါဘူးလို့ ”
ဒီလိုများ ပြောလိုက်ရင်တော့ ဒီကိစ္စဟာ တိုတိုနဲ့ အေးချမ်းသွားကြတော့မည် ။
နောက်ထပ် ဘယ်လိုမှ ထူးမလာတော့ဘဲ ငြိမ်ဆိမ် တိတ်ဆိတ်ပြီး ခြောက်ကပ်ကပ်ချည်း ဖြစ်ရပေတော့မည် ။
ဖြစ်ခါမှ ဖြစ်လေ ၊ ကိုကိုမောင်ကတော့ ဒီလိုပဲ ပြောလိမ့်မည်ဖြစ်သည် ။
ဒီနေရာမှာ ဟောဒီ မုန်းစရာ လူကြီးကတော့ ဒီလို လုပ်လိမ့်မည် မဟုတ် ။ မျက်မှောင်ကြီး ကုပ်ပြီး သူ လုပ်လိုက်မည့်ပုံကို မြင်ယောင်လာရသည် ။
“ ဘာ ... မုန်းမယ် ... မုန်းနိုင်သားပဲ ။ ဒါက မင်းအလုပ် ။ ငါ့အလုပ်ကတော့ မင်း မုန်းနေလည်း ဟောဒီလို ချစ်လာအောင် … ”
အဲဒီလို ပြောပြောဆိုဆိုနဲ့ သူ့ရင်ခွင်ကျယ်ကြီးထဲများ ဇွတ်ဆွဲသွင်းလိုက်မှဖြင့် ...
အမယ်လေး … တွေးကြည့်ရသည်ကိုပင် ရင်ထဲ ဖိုလာရသည် ။ အလိုလို စိုးရိမ်စိတ်နှင့် ကိုယ်ကလေးများကို ကျုံ့လိုက်မိသည် ။ သူ့ရင်ဘတ်ကြီးကို ထုလိုက်ရန် လက်သီးဆုပ်ကလေး များပင် ပြင်လိုက်မိသည် ။ ပြီးတော့မှ အတွေးပါလားရယ်လို့ ရှက်ပြုံးကလေးများတောင် ပြုံးလိုက်ရပြန်သည် ။
“ ကိုကိုမောင်ရယ် … ဒီလိုများ ပြုတတ်လိုက်စမ်းပါတော့ ... ရှင်ကြီးရယ် ”
ဒီလူကြီးကတော့ သူများကို ဒီလိုနဲ့ပဲ အနိုင်ယူယူနေသည် ။ အခုလည်း သူများကတော့ သူ့အကြောင်းကိုပဲ စဉ်းစားနေရသည် ။ သူကတော့ သိုးနေအောင် အိပ်တော်မူနေသည် ။
ဟောက်များပင် ဟောက်နေလိုက်ပါသေး၏ ။
••••• ••••• •••••
ဒီဟောက်သံကြီးကို ကြားကြားနေရတိုင်း ဒေါသဖြစ်ရလွန်းသဖြင့် မောနေသည် ။
ငါ ဘာလို့ သူ့ကို ယူမိပါလိမ့်မလဲဟု ကိုယ့်ကိုယ်ကိုယ် တွေး၍ စိတ်နာရသည် ။
တကယ် ယုယတတ်သူ ကိုကိုမောင် ကတော့ အတင်းပစ်ခွာ၍ ထွက်ပြေးသွားလေပြီ ။
အဲဒီတုန်းက ကိုကိုမောင်ရေ ... ခေါ်ပါလို့ တကယ် လှမ်းအော်လိုက်မိသေးသည် ။
ကိုကိုမောင်က လှည့်မကြည့်ဘဲ တိမ်လှိုင်း တိမ်လိပ်ကြီးတွေထဲ ဝင်ပြေးသွားသလို ပျောက်ကွယ်၍သွားခဲ့သည် ။
ကိုကိုမောင်နဲ့ စ,တွေ့ ကတည်းက ဒီတစ်ချိန်ပဲ သူများ ပြောတာကို ဆန့်ကျင်ပြီး ထွက်ပြေး ပျောက်ကွယ်သွားဖူးသည် ။
ဒီတုန်းက အပြင်မှာ မိုးတွေ လေတွေ ထန်၍ လျှပ်စီးတွေ လက်လွန်းလှသည် ။
ဒီလို လျှပ်စီးတွေ လက်ကတည်းက ကိုကိုမောင့် ရင်ခွင်ထဲမှာ ဝင်ပြီး မျက်နှာကလေး ဝှက်နေချင်သောစိတ်တွေ ပေါ်နေရသည် ။ ဒါပေမယ့် ကိုကိုမောင် ကိုယ်တိုင် တခြား ရုံးသားတွေနှင့် အတူ အထက် မျက်နှာကြက်ကို မော့ကြည့်ပြီး မျက်လုံးဝိုင်းနေတာကို တွေ့နေရသည် ။
ဒီအချိန်မှာ သူကတော့ သူ့အလုပ်ခွင်က စာရွက်စာတမ်းတွေကို သိမ်းပြီး အေးအေးလူလူ စီးကရက် သောက်နေဝံ့သည် ။
ပြီးတော့ ပြောလိုက်သေးသည် ။
“ ကိုယ့်လူတို့ ... စိတ်သာချ ၊ ဘာမှ မပူကြနဲ့ ၊ ဒီအဆောက်အအုံကြီးကတော့ ဒီတစ်ချီ ပြိုဖို့ စိတ်ချရတယ် ။ အဲဒီတော့မှ ကျုပ်တို့ရုံးသားတွေ စုပြီး ဆိုင်ရာဌာနကို တရားစွဲကြရမယ် ။ ကြောက် တဲ့လူတွေလဲ အပြင်သာ ထွက်နေကြတော့ …. ” တဲ့ ။
ဒါသက်သက် သူများတွေကို စောင်းပြောတာ ဖြစ်သည် ။ ဒါ့ကြောင့် စောစောထဲက ကိုကို မောင့်ကို အပြင်လိုက်ပို့ခိုင်းဖို့ဥစ္စာ သူ့မုန်းတာနှင့် အောင့်ပြီး နေပစ်လိုက်မိသည် ။
ပြီးတော့ .. သူ့ကို မုန်းမုန်းနဲ့ မျက်စောင်းပစ်ထိုးလိုက်မိသည် ။
ဒီလို မျက်စောင်းပစ်ထိုးလိုက်ရင်း “ ငါ … နဂါးမကလေးပဲ ဖြစ်ပါတော့ ” ဟုလည်း တွေးလိုက်မိသေးသည် ။ သို့မှသာ သူ့ကို ဖွဲပြာနုနုကလေး ဖြစ်သွားသည်အထိ မျက်စောင်းအရှည်ချည်း ထိုးနိုင်မယ် မဟုတ်ပါလား ။ အပြင်မှာ တဖြည်းဖြည်း မိုးတွေ လေတွေက ငြိမ်သွားသည် ။ ရုံးသူရုံးသားတွေလည်း စိတ်တည်ငြိမ်မှု ရလာကြလျက် အလုပ် လုပ်ရန် အာရုံပြုလိုက်ကြသည် ။
ဒီအချိန်မှာမှ ပြင်းထန်တဲ့ အသံကြီးတစ်ခုနှင့်အတူ လျှပ်စစ်မီးတွေ ငြိမ်းသွားပြီးလျှင် လူတွေ စုပြုံပြီး အထွက် အဝင်ဝ တံခါးပေါက်ကြီးရှိရာသို့ ပြေးကုန်ကြသည် ။
အထွက်အဝင် တံခါးဝတွင် အခန်းတွေ ပိတ်၍ ကာထားကြသဖြင့် ရုတ်တရက် ထွက်၍ မလွယ်ဘဲ လူတွေကျပ်ခါ ပိတ်ဆို့၍နေကြသည် ။
ကိုကိုမောင်သည် လူတွေနောက်ကို အတင်းပြေး၍ လိုက်သွားသည် ။ ကိုကိုမောင် .. ဒီကိုလည်း ခေါ်ပါဦးဟု သံကုန်လှမ်း၍ အော်လိုက်မိသည် ။
ကိုကိုမောင်က လှည့်မကြည့်ပေမယ့် အတင်းပြေး၍ လိုက်မည့်ဆဲဆဲ လက်ကြမ်းကြီးတစ်ခုက ပိုင်စိုးပိုင်နင်း ဆွဲယူသွားကာ တိုင်ကြီးတစ်တိုင်၏ ခြေရင်းကို ဆောင့်တွန်း၍ ပို့လိုက်သည် ။ ဒါလောက် ထိတ်လန့် ကြောက်ရွံ့နေရသည့်အထဲ ဒီလက်ကြီးနှင့် အတွန်းခံလိုက်ရသည့် နေရာမှာ အိခနဲ ဖြစ်သွားရသောကြောင့် ဒီလက်ရှင်ကို မျက်လုံးလှန်ကြည့်မိရသေးသည် ။
သူမှန်း သိတာနှင့် တစ်ပြိုင်နက် ကိုကိုမောင် ရှိရာသို့ပြေးရန် တိုင်နှင့် ကျောနှင့် ခွာလိုက်ရာ အခြားလူများကို လိုခြေရင်း တွန်းတွန်းပို့ နေရာမှ -
သူများရင်ဘတ်ကို သူ့လက်ဝါး ကားကားကြီးနဲ့ အတင်းတွန်းပြီး တိုင်နှင့် ကျောနှင့် ကပ်နေအောင် အတင်းဖိထားသည် ။
ဒီအချိန်မှာ သူက ဘာမှ မဖြစ်ပေမယ့် သူများတကာမှာတော့ တစ်ကိုယ်လုံး ဖြိုးဖြိုးဖျဉ်းဖျဉ်း ဖြစ်နေရသည် ။ ရုန်း၍လည်းမရ ၊ လှုပ်မှလည်း မလှုပ်နိုင်သောကြောင့် မျက်နှာတွေ ထူပူလာသဖြင့် သူ့ကို မကြည့်ဝံ့ဘဲ ရှေ့သို့ လှမ်းကြည့်မိပြန်ရာ ကိုကိုမောင်တို့ အပေါ်သို့ အဆောက်အအုံကြီး ပြိုကျလာခဲ့သည် ။
မိုးတိမ်တွေလို အလိပ်အလိပ်ထလာတဲ့ အင်္ဂတေမှုန့်တွေထဲတွင် ကိုကိုမောင် တစ်ယောက် ပျောက်ကွယ်သွားပါလေပြီ ။
အထိတ်တလန့်နှင့် စူးစူးဝါးဝါး သံကုန်အော်မိလိုက်စဉ် သူက အတင်းပွေ့လှဲလိုက်ပါသည် ။
ရုတ်တရက်မို့ ခြေကားရား လက်ကားရားနှင့် ပက်လက်ကလေး လဲကျသွားရသည့် အပေါ်မှာ သူ့ကိုယ်ကြီးက ဖိလျက်သား ပါလာပါသည် ။
နောက်ထပ် “ ဝုန်း ” ဆိုသော အသံကြီးနှင့်အတူ ဖုံးဖုံးထိုင်းထိုင်း အသံတွေကို ကြားနေ ရစဉ် သူ့ကိုယ်ကြီးကတော့ သူများ တစ်ကိုယ်လုံးအပေါ်မှာ ဖိလိုက် ကြွလိုက်နှင့် ဖြစ်နေပါသည် ။
တစ်ကိုယ်လုံး ထူထူပူပူနှင့် ကြောက်လည်းကြောက် ၊ စိတ်ထဲကလည်း ကျဉ်းကျပ်နေရသည့်အထဲ မီးခိုးလုံးကြီးများ ထလာသလို အင်္ဂတေမှုန့်တွေ ထလာသဖြင့် အသက်ရှူကျပ်ရ ချောင်းဆိုးရသည် ။
ဒီအချိန်မှာ အပေါ်က ခပ်ကြွကြွ လူချင်းကွာနေသော သူ့ကိုယ်ကြီးက တဖြည်းဖြည်း ပိလာပြန်သည် ။ ရင်ချင်းအပ်မိကြသည် ။ ပေါင်ချင်း ထပ်မိရသည် ။ သူ့မျက်နှာကြီးက သူများ မျက်နှာပေါ်မှာ မခွာတော့ဘဲ ဖိထားပြန်သည် ။
“ အမယ်လေး … အသက်ရှူကျပ်လိုက်တာ ၊ ဖယ်ပါ ”
ချောင်းဆိုးရင်းက အော်လိုက်သော်လည်း အပေါ်က ဟာကြီးက တုတ်တုတ်မျှမလှုပ် ။
“ ဘယ့်နှယ် လုပ်နေတာတုံး ၊ ဖယ်ပါ ဆိုမှ ၊ မွန်းလို့ သေရချည်ရဲ့ ”
ပြောပြောဆိုဆိုနှင့် အတင်းရုန်းကန် ထလိုက်ရသည် ။ အပေါ်က ဟာကြီးကြောင့် တော်တော်နှင့် ထလို့မရ ။ စိတ်ပေါက်ပေါက်နှင့် အတင်းထိုးပြီး ကုန်းထလိုက်သော အချိန်တွင် အပေါ်က ပိတ်ကာထားသလို ဖြစ်နေသော အင်္ဂတေပြားကြီးနှင့် တိုက်မိကြီး ဖင်ထိုင်လျက် ပြန်ကျသွားရသည် ။ ထလို့ မရမှန်းသိမှ အိတ်ထဲက လက်ကိုင်ပဝါကို ထုတ်၍ မီးခိုးကဲ့သို့ မှောင်နေသော အင်္ဂတေမှုန့်များကို ခါယမ်းလျက် ကုန်းပေါ်သို့ ရောက်လာသည့် ငါးတွေလို အသက်ရှူခြင်းကိုပင် ဂရုစိုက် နေရပြန်သည် ။
အတန်ကလေးကြာမှ ဒီက ရောက်နေသော တိုင်ကြီး ပတ်ပတ်လည်တွင် အပေါ်ထပ်မှ အခင်းဖြစ်သော သံမံတလင်းပြားကြီးများ ဝိုင်းကာ၍ ထောင်နေသည်ကို သိရသည် ။ သံယက်မကြီး တစ်ခုကလည်း တိုင်ကြီးပေါ်ကို မေးတင်လျက် တဲတဲကလေး ထောင် နေသည်ကို တွေ့ ရပြန်သည် ။
ပြုတ်များ ကျလာလေမလားဟု တွေးရင်း အားကိုးရာကို ရှာလိုက်မိပြန်သည် ။
တိုင်ခြေရင်းတွင် ကပ်လျက် အထိတ်တလန့် ဖြစ်နေကြသူ အားလုံတို့လည်း သူများလိုပင် အသက်ရှူခြင်းကို ဂရုစိုက်နေရသူများ ဖြစ်ကြောင်း တွေ့ ရပြန်သည် ။ ဒီတော့မှ သူ့ကို လှမ်းကြည့်မိသည် ။ သူ့ခါးပေါ်တွင် အတော်ကြီးသော အင်္ဂတေတုံးကြီးတစ်တုံး ပိနေရှာသည် ။
သူ့ချိုစောင်းက သွေးများ ရဲရဲကျနေရသည် ။
ဒီဒဏ်ရာများသည် သူများကို ထိမယ့် ဒဏ်ရာများ ဖြစ်သည် ။ အခု သူက ဒီဒဏ်ရာတွေကို ကိုယ်စား ခံသွားတယ်လေ ။
အဲဒီတုန်းကပဲ သူ့ကို သနားလိုက်ဖူးသည် ။
ကြည့်ရင်း ကြည့်ရင်းပင် မျက်ရည်ဝိုင်းခဲ့ရသည် ။ ဒီ့နောက် ဆေးရုံကို သွားပြီး ကျေးဇူးတင်စကား ပြောမိတော့ သူက ဘောက်ပြောပါလေသည် ။
“ ဒါ … မင်းကျေးဇူးတင်ဖို့ လုပ်တာ မဟုတ်ဘူး ၊ ငါ့ဟာငါ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်တာပဲ ၊ မင်းနေရာမှာ တခြား မိန်းကလေးတစ်ယောက် ရှိနေလဲ ငါ ဒီလိုပဲ လုပ်ရမှာပဲ ၊ အဲ ... တစ်ခုတော့ရှိတယ် ၊ ငါ မင်းကို စကားတစ်ခု ပြောစရာရှိနေတယ် ၊ အကယ်လို့ မင်းနေရာမှာ တခြား မိန်းကလေးတစ်ယောက်သာဆိုရင် ဒီစကားကိုပြောဖို့ လိုချင်မှ လိုမယ် ၊ အခု မင်းကို ပြောဖို့ လိုနေတယ် … အဲဒါ တခြား မဟုတ်ဘူး ။ ငါ ဆေးရုံ ရောက်လာပြီး နောက်တစ်နေ့မှာ သတိရလာတော့ ငါ ဘာလို့ ဆေးရုံရောက်နေရပါလိမ့် ဆိုတဲ့အကြောင်းကို မနည်း ပြန်တွေးယူရတယ် ။ ဒီလို တွေးယူလို့ ဘာ့ကြောင့် ဆေးရုံ ရောက်လာရတယ်ဆိုတဲ့အကြောင်း ဖြည်းဖြည်း စိတ်ထဲမှာ ပေါ်လာတော့ ပထမ ငါ့ရင်ထဲမှာ တွေးလာရတယ် ၊ ဒုတိယ ငါ မင်းကို ကြိုက်လာရတယ် ၊ အဲဒါကြောင့် ငါ ဆေးရုံက ဆင်းရင်တော့ မင်းကို ချစ်ရေးဆိုရမှာပဲ ” တဲ့ရှင် ။
ကြည့်စမ်း … ကြည့်စမ်း ၊ ဘယ့်လောက် ရိုင်းစိုင်းတဲ့ လူကြီးလဲလို့ ။ လူမမာတဲ့တော် … သူ ဒီစကားလုံး အရှည်ကြီးကို အသံသဲ့သဲ့နဲ့ ရပ်ရပ်ပြီး ခပ်ဖြည်းဖြည်း ဆုံးဆောင် ပြောတယ်လေ ။
သူများကတော့ ဘာများပြောမလဲလို့ နားတစွင့်စွင့်နှင့် ဂရုစိုက်ပြီး ဆုံးအောင် နားထောင်ခဲ့သည် ။
ပြီးမှ ဘာလို့များ အစအဆုံး ဂရုတစိုက် နားထောင်နေမိပြန်ပါလိမ့်ဟု ကိုယ့်ကိုယ်ကိုယ် မကျေမချမ်းဖြစ်ရပြန်သည် ။
သူကတော့ သူ ပြောချင်တာတွေ ပြောပြီးရင် အေးအေးပဲ နေတတ်သည်မှာ လူ့ရွာတွင် သူတစ်ယောက်ပဲ ရှိသည်ဟု ထင်ရသည် ။ သူများက ပူတတ် တွေးတတ်သူမို့ ဘာပဲဖြစ်ဖြစ် မိုးမဆုံး မြေမဆုံး ပူရပြန်သည် ။ ခုလည်းကြည့်လေ ... ။ သူ့မှာတော့ သိုးနေအောင် နှစ်နှစ်ခြိုက်ခြိုက် ချည်း အိပ်နေနိုင်သည် ။ ဟောက်များ ဟောက်နေပါသေး၏ ။
••••• ••••• •••••
အဲဒါမျိုးကြောင့် သူ့ကို စိတ်ဆိုးနေရသည် ။
အဲဒီတုန်းကလည်း သူ့ကို တော်တော်ပဲ စိတ်ဆိုးခဲ့မိသည် ။
တစ်ကိုယ်လုံး ထူထူပူပူချည်းနှင့် ရှိုးတိုးရှန်းတန်း ရှိခဲ့ရသည်မို့ သူ့ကို နှုတ်မဆက်ဘဲ ချာခနဲ လှည့်ပြန်ခဲ့သည် ။
တံခါးအထွက်ဝ ရောက်မှ ဘာလို့မှန်းမသိ သူ့ကို ပြန်ကြည့်မိရသေးသည် ။
သူကတော့ ဘာမှ မပြောလိုက်သလို အေးအေးဆေးဆေးပဲ ရှိနေပြန်သည် ။
ဒါကိုတွေ့ ရတော့ ဒီလို လှည့်ကြည့်မိရပါမို့လားလို့ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်ဆိုး ရသေးသည် ။
သူ ဆေးရုံက ဆင်းပြီးတဲ့နောက် ဘယ်တော့များ လာပြီး ချစ်ရေးဆိုပါ့မလဲဟု တထိတ်ထိတ်နဲ့ စောင့်မျှော်ရပြန်သည် ။
ဒီလိုများ ချစ်ရေးလာဆိုရင် “ ရှင့်ကို မုန်းတယ် ၊ သိပ်မုန်းတယ် ... မချစ်ဘူး ” ဟု ပြောလိုက်ဖို့ရန် အမြဲ အားတင်းနေရသည် ။
သူက ဘာမှ မပြောပြန်တော့လည်း မေ့နေလေပြီလားဟု သူ့ရှေ့မှာ ဟန်လုပ်လုပ် ပြရသည်မှာ အမောပင် ဖြစ်သည် ။ ရယ်စရာကောင်း ကောင်းလှသေး၏ ။ နောက်ဆုံး သူ ချစ်ရေး ဆိုပြန်တော့လည်း “ ချစ်ချင်ပါဖူး ” ဟု ပြောပေမယ့် သူ့အနားက မခွာနိုင်ခဲ့ ။ သူ့ရဲ့ ရှားရှားပါးပါး တွန့်တွန့်တိုတို ယုယမှုကိုသာ အာသာတငင်းငင်း ဖြစ်ရပြန်သည် ။
ယခု သူနှင့် အကြင်လင်မယား ဖြစ်ပြန်တော့လည်း လူလေးတစ်ယောက် ရလာသည်အထိ သူ၏ ယုယမှုကို မခံခဲ့ရ ။ လူကောင်ကြီး တစ်ယောက်လုံးကို သူ့စာအုပ်တွေ လောက်မှ အရောဝင်ဖော် မရလေ ။
ထို့ကြောင့် လူလေးကို ချစ်ပေမယ့် သူ့ကိုတော့ မုန်းလှသည် ။ သူနှင့် ဝေးရာသို့သာ ပြေးလိုက်ချင်သည် ။
တွေးရင်း တွေးရင်း မှန်ပြတင်းကို ဖွင့်ကာ ကောင်းကင်ဝသို့ မျှော်ကြည့်မိသည် ။
အခုနေ ကိုကိုမောင် တစ်ယောက်တော့ ဟို ... ခပ်ဝေးဝေး မြင်နေရတဲ့ နဂါးငွေ့တန်းကြီးမှာ တစ်ယောက်တည်း ခရီးသွားနေမလား ။
ကိုကိုမောင်က ယုယတတ်သည် ။ နားဝတွင် အာငွေ့နွေးနွေးကလေးနှင့် ထိလာအောင် တွတ်တီးတွတ်တာနှင့် စကားပြောတတ်သည် ။
သူကတော့ တစ်ခါမှ ဒီလို မပြောဘူးခဲ့ ... ။
ထို့ကြောင့် မှုန်ရီရီ ဝေနေတဲ့ နဂါးငွေ့တန်းကြီးကို ကြည့်ကာ ကိုကိုမောင်ကို တမ်းတရ သည် ။ မျက်ရည်တွေ ဖုံးလာသဖြင့် နဂါးငွေ့တန်းကြီးကို ကြည့်လို့ မမြင်သောအခါ တံခါးပေါင်ကို မှီပြီး ဝမ်းထဲက အဆွေးတွေ ကုန်အောင် ရှိုက်ရှိုက် ထုတ်ပစ်နေရသည် ။ ဒီအချိန်မှာ ချောက်ခနဲ မြည်ပြီး မီးပွင့်လာသည် ။
အရှိန်သတ်၍ မရတိုင်း ရှိုက်ရှိုက်နေမိသော သူများကို အတော်ကြာအောင် မျက်မှောင်ကုပ် ကြည့်နေပြန်သည် ။ ထို့နောက်မှ သူ့ မျက်နှာတွင် ပြုံးယောင်သန်းခါ အနားသို့ ရောက်လာသည် ။
“ ဟဲ့ - အရူးမ ... အလကား တိတ် ၊ နင် ဘာဖြစ်နေတယ်ဆိုတာ ငါ သိပါတယ် ။ ဒါနဲ့ အလကား အအေးမိပြီး နေမကောင်း ထိုင်မသာ ဖြစ်နေဦးမယ် ။ အခုလို အေးတဲ့ရာသီ ဆိုတာ ခြင်ထောင်ထဲမှာ ထွေးထွေးနွေးနွေး နေမှပေါ့ ”
နားဝတွင် အာငွေ့ နွေးနွေးကလေးနှင့် ထိလာအောင် အိပ်ရေးဝသံနှင့် ညင်ညင်သာသာ ပြောနေပါသည် ။ ဒီလို ပြောခါမှ ပို၍ ဝမ်းနည်းလာပြီး ပို၍ ငိုချင်လာရသည် ။ ထို့ကြောင့် ပို၍လည်း ငိုပစ်လိုက်သည် ။ ငို၍လည်း အရသာ ရှိလွန်းလှသည် ။
“ ကောင်မလေး တစ်ယောက် ရှက်လဲ မရှက်ဘူး ငိုနေတယ် ။ တော်တော်ကြာ လူလေးက နိုးလာရင် မေမေက ရှက်လဲရှက်ဖူးဟေ့ … လို့ ငိုရယ်ငိုရယ်နဲ့ ယိုထိုးနေပါဦးမယ် ... တိတ် ကွာ ”
သူ့လက်ကြီးက သူများမျက်ရည်ကို လာသုတ်ပေးနေသည် ။
ဒါကြောင့် မုန်းမုန်းနဲ့ သူ့လက်ကြီးကို ပုတ်ပစ်လိုက်သည် ။ သူက ခါးကိုဖက်ပြီး အသာ တွဲခေါ်သွားရင်း မီးခလုတ်ကို လှမ်း၍ ပိတ်လိုက်သည် ။
ဧည့်ခန်းထဲတွင် မှောင်မြဲ မှောင်သွားပြန်သည် ။
“ မင်း … ကိုယ့်ကို စိတ်ကောက်နေတယ် မဟုတ်လားဟင် ၊ ယောက်ျားဆိုတာ ကိုယ့် မယားကိုယ် မချစ်ဘဲ နေပါ့မလား ”
သူက ပြောပြောဆိုဆိုနှင့် နဖူးကို ငုံ့၍ မွှေးလိုက်ပါသည် ။
“ တော်ပါ … သူများကတော့ သူ့ကို ဂရုစိုက်လိုက်ရတာ ၊ သူကတော့ ဘယ်တော့မှ သူများကို ဂရုမစိုက်ဘူး ”
ပါးစပ်ကသာ ဆောင့်ကြီးအောင့်ကြီး ပြောနေရသည် ။ လက်ကတော့ သူ့ လည်ပင်းကို တအားချည်း ဖက်ထားနေမိသည် ။ တကယ်ဆိုတော့ ကိုယ် သွားချင်နေတဲ့ ကြယ်ဗိမာန်ကို ဒီလူကြီးနဲ့ပဲ သွားရမှာပ , လေ ... ။
☐ ရန်ကုန်ဘဆွေ
📖ပေဖူးလွှာ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၁၉၅၇



