Showing posts with label မီမိုး. Show all posts
Showing posts with label မီမိုး. Show all posts

Saturday, April 4, 2026

သူ့အရပ် နဲ့ သူ့ဇာတ်


 

❝ သူ့အရပ် နဲ့ သူ့ဇာတ် ❞
           ( မီမိုး )

အရီ အခန်းထဲကို ဝင်လာချိန် အဘွားညွန့်က ဧည့်ခန်းမှာ ထိုင်ကာ ငါးဘဲများကို ကျကျနန ကိုင်နေလေသည် ။ အဝင်အထွက်တံခါးက စေ့ထားသည်မို့ အသာလေး တွန်းဖွင့်ဝင်လာပြီး အရီ သာ ဧည့်ခန်းထဲ ရောက်လာသည် ။ အဘွားညွန့် ကတော့ သူ့အိမ်ထဲ ဧည့်သည် တစ်ယောက်ရောက်လာသည်ကို နည်းနည်းမှ အသိအမှတ် မပြုပေ ။ အန္တရာယ်များလိုက်သည့်ဖြစ်ခြင်း ၊ တကယ်ဆို သက်ကြီးရွယ်အို အဘွားကြီး တစ်ဦးတည်း အိမ်မှာ ရှိနေချိန် ဒီလို တံခါးစေ့ထားခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပေပေါ့ ။ တစ်လောကလေးတင် တစ်ရပ်ကွက်ခြားမှာ လူသ,တ်မှု ဖြစ်သွားခဲ့သေးတာရော ၊ အရီတို့ ဒီမှာ နေလာသည်မှာ နှစ်လေးဆယ် ရှိပြီ ။ လူသ,တ်မှုဆိုတာ တစ်ခါလေးမှ မကြားဖူးခဲ့ ။ အခုတော့ ပစ္စည်းလိုချင်လို့ကို မြေးအဘွားနှစ်ယောက်လုံးကို ရက်ရက်စက်စက် သ,တ်သွားခြင်းတဲ့လေ ။ တရားခံ ကလည်း သိပ်မကြာခင်မှာပဲ မိခဲ့တာပင် ။ တရားခံကို သူ ဘယ်လို အမှုကျူးလွန်ခဲ့သည်ဆိုတာ အမှုဖြစ်သည့် နေရာမှာ ပြန်သရုပ်ပြခိုင်းလေတော့ အရီတို့ ရပ်ကွက်က ရပ်ကွက်လုံးကျွတ်နီးပါး သွားကြည့်ခဲ့ကြသေးသည် ။ စိတ်ထဲထင်သည်က တရားခံလည်း လုပ်တုန်း ကသာ လုပ်ခဲ့တာ ခုချိန်ဆို သွေးပျက်နေလောက်ပြီ ထင်ထားသော်ငြား လားလား မျက်နှာကြောမာမာနှင့် သူ့လုပ်ရပ်သူ နောင်တ မရသည့်ပုံ ။ အရီ ကတော့ ကြည့်လိုက်မြင်လိုက်မိတာနှင့်ပင် ကြက်သီးဖြန်းဖြန်း ထကာ တစ်ချိုးတည်း ပြန်ပြေးခဲ့သည်မို့ အစအဆုံးပင် မမြင်ခဲ့တော့ ။ မျက်စိထဲမှာလည်း ဒီတရားခံရုပ်ကိုသာ ဖျောက်မရ ၊ ဖျက်မရ ကြောက်မိနေသည်က နှစ်ရက် သုံးလောက် အထိ ။ ကိုယ့်စိတ်ထဲမှာ စားသတိ ၊ သွားသတိတွေ ဖြစ်လိုက်တာမှ ကိုယ့်အခန်း အဝင်အထွက် တံခါးကို သေချာ ပိတ်ပြီးပေမယ့်လည်း စိတ်မချနိုင်ဘဲ ထထ ကြည့်ရတာ အကြိမ်ကြိမ် ၊ ဆွေမျိုးတွေ တံခါး လာခေါက်တာတောင် ချောင်းကြည့်ပေါက်က မြင်နေလျက်နှင့် ဘယ်သူလဲ မေးပြီး ရုပ်နှင့် အသံပါတွဲစစ် လိုက်သေးတာ ။ အကြောက်ကြီးမိပုံများ ပြောပါရဲ့ ။ ကြောက်တတ်တော့လည်း အန္တရာယ် ကင်းသည်ပေါ့ ။ အခုတော့ အဘွားညွန့် လုပ်ပုံက ကြောက်ပဲ မကြောက်တတ်တာလား ။ ကြောက်ဖို့ပဲ မေ့နေတာလား မသိပါ ။ တံခါးကို ဒုတ်ဒုတ်ချ ဖွင့်ပြီး လူတစ်ယောက်လုံး သူ့ အနား ရောက်တာတောင် မသိတာမို့ အေးရောပေါ့ ။

“ အဘွား ၊ ငါးဘဲရိုး စူးဦးမယ် ။ ကျွန်မ လုပ်ပေးရမလား ”

“ အမယ်လေး ၊ အရီ ညည်းလေးကလည်း အသံမပေး ဘာမပေး ”

“ အဘွားက ဘာလို့ တံခါးကြီး ဖွင့်ထားသေးလဲ ။ ပိတ်ထားမှပေါ့ ။ ပေး ကျွန်မ ဆက်ကိုင်လိုက်မယ် ။ အဘွား လက်သွားဆေးလိုက်တော့ ”

“ နေ နေ ပြီးတော့မှာ ၊ မောင်ပု စားချင်တယ်ဆိုလို့ လုပ်နေတာလေ ”

ဒီ ဦးပုကလည်း တော်တော်ခက်သည်ပဲ ။ အသက်ရှစ်ဆယ်ကျော် အမေကို ငါးဘဲစားချင်တယ်များ ပြောရက်ပါ့ ။ တကယ်ဆို အာသီသရှိတယ်ထား ဦး ၊ တော်ရာ ဝယ်စားရင် ဝယ်စား ၊ မစားလည်း ကိုယ့် ဘာသာ စီစဉ်သင့်သည်ပေါ့ ။ သားယောက်ျားလေးတွေများ အသက် ဘယ်လောက်ကြီးကြီး မိဘအပေါ် သိတတ်တယ် ဆိုတာကို မရှိပေ ။ ဒါကြောင့်လည်း အန်တီနှစ် နှင့် ဦးပု မောင်နှမ မတည့်ခြင်းနေမှာ ။

“ ငါးဘဲအိုးကပ်လေး ချက်ပြီး ငါးပိရည်အတို့ အမြှုပ်လေးနဲ့ဆို မောင်ပုက ခေါင်းမဖော်တော့ဘူး ၊ သိပ်ကြိုက်တာ ”

ပြောလည်းပြော လက်ကလည်း ဆိုးဆတ် နှင့် ခေါင်းဖြုတ်လိုက် ၊ ချေးထုတ်လိုက် လုပ်နေတာများ အဘွားညွန့်တို့ အသက်နှင့်တောင် မလိုက်ပေ ။ ဘယ်သူကများ သူ့ကို အသက်ရှစ်ဆယ် ထင်ပါ့မည်လဲ ။ မျက်နှာမှာ အခုအချိန်ထိ ပရိုမီနာ ရေးရေးခံတုန်း ။ ပွဲလမ်းသဘင် ရှိလျှင် နှုတ်ခမ်းနီပါးပါးဆိုးကာ မဆိုးသယောင် တစ်ရှူးနဲ့ ပြန်ဖျက်ပြီး နဂိုနေ နှုတ်ခမ်းသား ဖြစ်အောင် လုပ်တတ်တုန်း ။ အပေါ်အောက် လိုက်ဖက် တာလေးတွေ ဝတ်တတ်လိုက်တာမှ ဘယ်သူ့အကူ အညီမှကို မလို ။ ပိုက်ဆံလေး လက်ထဲ ပိုပိုလျှံလျှံရှိပြီဆို သူ့ သွားတုတွေ ပြန်လုပ်ဖို့ ၊ အမေရိကန်ဗွီးရှင်း သွားကာ မျက်မှန်ကိုင်း လဲဖို့ လုံးဝ မမေ့မလျော့ ၊ သူ့ တစ်ကိုယ်ရေ တင့်တယ်ဖို့များ ပြေလည်အောင် သိပ်စီစဉ်တတ်သူ ဖြစ်လေသည် ။ အခုလည်း ကြည့် ၊ အိမ်မှာ နေရင်းတောင် အပေါ်က နံ့သာရောင် အောက်က အညိုပွင့်ပါတိတ်နဲ့ အိမ်နေရင်း လှအောင်ဆင်ထား သေး၏ ။ အဘွားညွန့် ကို ကြည့်ကာ အရီ စိတ်ထဲက ချစ်စနိုး ဖြစ်လာသည်မို့ ရုတ်တရက် စလိုက်မိသည် ။

“ အဘွား ၊ အဘွား အဲလို အကုန် လိုက်လုပ်ပေးနေနော် ။ ဦးပုကြီး မိန်းမ မယူဘဲ နေလိမ့်မယ် ။ နေရာတကာ လိုက်လုပ်မပေးနဲ့လေ ”

“ ဒီအရွယ်ကြီးမှ ယူမလားအေ ။ ပေါက်ကရ ”

အဘွားညွန့်မှ ခပ်ပြုံးပြုံးလေး ပြန်ပြောရင်း မျက်နှာက ရုတ်ခြည်း ပျက်သွားကာ အရီ့ ကို တစ်စုံ တစ်ခု ပြောချင်ဟန်ဖြင့် ငေးကြည့်လာသည် ။ တွဲကျနေသော အောက်နှုတ်ခမ်းသားများဟာ စကားလုံးတွေ ထွက်အန်ကျလုမတတ် တလှုပ်လှုပ် ။ အရီမှာ အဘွား ဘာပြောလာမလဲ စောင့်စားနေမိသော်လည်း အဘွားညွန့်က စကားသံ ထွက်မလာသေးဘဲ ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြန်လေ၏ ။ ပြီး ထိန်းချုပ်လိုက်ဟန်ဖြင့် ဘာ စကားမှ မပြောလာတော့ပြန် ။ အရီ မနေသာတော့ဘဲ

“ အဘွား ဘာပြောချင်လို့လဲ ”

အဘွားညွန့် ခေါင်းထောင် ကြည့်လာကာ မပြောသာပြောသာ ခပ်လေးလေးကြီး ပြောချလာ၏ ။

“ မောင်ပုကို ဟိုကောင် ဖျက်ဆီးနေတာဟေ့ ။ စိတ်ညစ်ပါတယ် ”

“ ဖျက်ဆီးနေတယ် ။ ဟိုကောင် ဆိုတာ ဘယ်သူလဲ အဘွားရဲ့ ”

“ ဘယ်သူ ရှိမတုံး ။ စံအောင်လေ ။ စံအောင် ဆိုတဲ့ အကောင်ကို ပြောနေတာပေါ့ ။ သေချင်ပါတယ်အေ ”

အဘွားညွန့်၏ လေသံမှာ ကြားသာရုံ တိုးတိုးလေးပေမယ့် အရီ ကတော့ အနီးကပ် ထိုင်နေသည်မို့ သေချာစွာ ကြားလိုက်ရပါသည် ။ သို့သော် ကိုယ့် နားကိုယ် မယုံ၍ နားကြားများ မှားလေသလား ဖြစ်မိသွား၏ ။ စဉ်းစားကြည့် ၊ အရီ ဆိုတာက ဒီအိမ်နဲ့ အမြဲ အဝင်အထွက် ရှိနေသည့်သူ ။ ဆွေမျိုး မဟုတ်သော်ငြား ဆွေမျိုးအရင်းတွေ ထက်ပင် ပိုခင်မင်နေခဲ့သူလေ ။ မရောက်ဘူးဆို တစ်လကို အနည်းဆုံး သုံးလေး ခေါက်လောက်တော့ ရောက်ဖြစ်ခဲ့မြဲချည်းသာ ။ အဲ တစ်ခုတော့ ရှိသည် ။ ပြီးခဲ့သည့် လကတော့ အရီ ကိုယ်တိုင် ရာသီဥတု အပြောင်းအလဲမှာ ခြေညောင်းလက်သေတွေ ဖြစ်ကာ အဘွားဆီ မရောက်ဖြစ်ခဲ့ ။ သို့သော်ငြား အဘွားရဲ့သမီးကြီး အန်တီနှစ် နှင့်တော့ ဖုန်း အဆက်အသွယ် မပြတ်ခဲ့ပါ ။ သတင်းဦး သတင်းထူး ဆိုလျှင် အရီ ရသင့်သည်ပေါ့ ။ အဘွားပြောသော စံအောင် ဆိုတာ အန်တီ့ နှုတ်ဖျားက ယောင်လို့မှ မပြောခဲ့ချေ ။ တစ်ခုခုတော့ လွဲနေပြီ ထင်ပါရဲ့ ။ အရီတို့ နှစ်ဦးနှစ်ဖက်မှာ ခင်လာခဲ့တာ သက်တမ်းက ကြာပြီ ။ တကယ်ဆို ဟိုးအရင် ကာလများဆီက အရီတို့ ၊ အဘွား ၊ အန်တီနှစ် ၊ ဦးပုတို့ ဆိုတာ အခန်းချင်းကပ် နေလာခဲ့ကြတာ ။ နောက်တော့ သူတို့ မိသားစုတွေမှာ အန်တီနှစ်တို့က တစ်ဖွဲ့ ၊ လူပျိုကြီးဦးပုနဲ့ အဘွားက တစ်ဖက် သတ်သတ်စီ အိမ်ခွဲသွားကြပြီး ပြောင်းရွှေ့ သွားကြလို့သာ နည်းနည်း ဝေးသွားခဲ့ကြတာ ဖြစ်သည် ။ ဘယ်လောက်ဝေးဝေး ဒီရပ်ကွက်ထဲမှာပဲ ဆိုတော့ အခင်မင် မပျက် အသွားအလာ မပျက်ခဲ့ကြ ။ အထူးသဖြင့် လူငယ်ဖြစ်တဲ့ အရီ ကပင် အန်တီတို့ ဆီ သွားလိုက် ၊ အဘွားတို့ ဆီ သွားလိုက် လုပ်ဖြစ်မြဲပါ ။ ကိုယ့်စိတ်ထဲမလည်း သူတို့ မိသားစုတွေ နှစ်ဖွဲ့ကွဲသွားတာကို လည်စရာအိမ် တိုးတယ်လို့တောင် သတ်မှတ်ဖြစ်သေးရဲ့ ။ ဒီလိုမျိုး ခင်မင်မှုကြားမှာ မသိဘူးဆို လိုက်သောကိစ္စ ရှိကို မရှိခဲ့ဘူး ။ ဒီစံအောင် ကိစ္စကျမှ အရီ မသိဘူး ဖြစ်သွားရသည်ကို စိတ်ထဲ နည်းနည်းတော့ နေမထိ ထိုင်မသာ ဖြစ်သွားသလို ခံစားလိုက်ရသည် ။

“ အဘွား နေပါဦး ၊ အရီကို ပြောစမ်းပါဦး ။ စံအောင် ဆိုတာက ဘယ်သူလဲ ၊ အရီလည်း မသိရပါလား ”

“ စံအောင်လေအေ ။ အခု အိမ်မှာ ရှိနေတဲ့ ကောင်ပေါ့ ။ လူမိုက် လူမိုက် ”

အဘွားက သိသိသာသာ တိုးချလိုက်တဲ့ အသံနဲ့ အခိုင်အမာ ပြောလာပါသည် ။ အရီ့ မှာ အံ့သြပြီးရင်း အံ့သြရင်း ။ အဘွား ပြောပုံအရ ဆိုရင် စံအောင် ဆိုသည့် လူဟာ ယခုတောင် ရှိနေသည့်ပုံမို့ မျက်လုံးကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်မိသည် ။ အရီ ပဲ မျက်စိချော်လေသလား ။ မြင်သမျှတော့ သာမန် အရင် မြင်နေကျ အဘွားနှင့် ဦးပု၏ အသုံးအဆောင်များသာ တွေ့ နေရသည်ပင် ။ အတပ်တော့ မပြောနိုင်ပါ ။ အဘွားတို့ အခန်းက အိပ်ခန်းနှစ်ခန်းပါ အခန်းမို့ ဟိုးအနောက်ခန်းမှာ ဧည့်သည်က ရှိချင် ရှိနေနိုင်သည်ပဲ ။ အရီလည်း အဘွားလေသံ လိုက်နင်းကာ ခပ်တိုးတိုး ပြန်မေးဖြစ်တော့၏ ။

“ အခု ဧည့်သည်ရှိနေလား ”

အဘွားက နှုတ်ခမ်းတစ်ချက် မဲ့ကာ ခေါင်းခါပြပြီး အခန်းထောင့်ကို မေးငေါ့ပြလျက် “ ဟိုမယ်လေ သူ့အိတ် ၊ အိတ်ထဲ မလည်း အိမ်က ပစ္စည်းတွေ ဘယ်လောက် တိုလျှိုထားလဲ မသိဘူး ။ သူ့အလစ်မှ စစ်ရဦးမယ် ” ဟု ဆိုလာသည် ။ အရီ ပါးစပ် အဟောင်းသား ဖြစ်သွားကာ အဘွား ပြရာ ကြည့်လိုက်ချိန် တကယ်ပဲ ဖောင်းကားနေသော ကျောပိုးအိတ် တစ်ခုက နံရံမှာ ကပ်လျက်သားလေး ။ အရီ့ စိုးရိမ်စိတ်များ ငယ်ထိပ်ထိ တက်ဆောင့်လေသည် ။ အဘွားညွန့်တို့ အိမ်မှာ ဘာတွေများ ဖြစ်ကုန်ပြီလဲ ။ ဒီအကြောင်းများကို အန်တီနှစ် က ဘာကြောင့် မသိရတာလဲ ။ အဘွား ကရော ဒီလောက် စိတ်မချရတဲ့သူ တစ်ယောက်ကို ဘာကြောင့်များ အိမ်ပေါ် ခေါ်တင်ထားရတာလဲ ။ အဘွားညွန့်ဟာ ဦးပု အပေါ်မှာ ချစ်သော်လည်း သူ့သြဇာကတော့ အခုထိ ညောင်းတုန်းဆိုတာ အရီတို့ သိနေသည့်ဟာ ။ ဘာတွေ ဖြစ်ကုန်လို့ပါလိမ့် ။ အရီ အတွေးများ ရှုပ်ထွေးစွာနဲ့ပဲ အဘွားရဲ့ ငါးဘဲ ကိုင်နေတဲ့ လက်ကို ဆွဲရပ်ရင်း အသိချင်ဆုံး မွေးခွန်းကို မေးလိုက်မိတော့သည် ။

“ အဘွားတို့က အဲ့လောက် စိတ်မချရတဲ့သူကို ဘာလို့ အိမ်ပေါ် ခေါ်တင်ထားရတာလဲ ။ အန်တီနှစ် ရော ဒီအကြောင်း သိလား ”

“ ရှူး ”

အရီ့ကို ဖြေအံ့ဆဲ အဘွားမှာ အိမ်ပေါက်ဝမှ အသံတစ်ခုကို အကြားမှာတော့ တိတ်တိတ်နေရန် အသံပေး အမူအရာ ပြကာ ကိုင်လက်စ ငါးခွက်ကို ကမန်းကတန်း သိမ်းလျက် နောက်ဖေးကို ထွက်သွားလေတော့သည် ။ အရီ ကတော့ အရေးကောင်း ဒိန်းဒေါင်းဖျက်သူကို လှည့်ကြည့်လိုက်ချိန် အိမ်ထဲဝင်လာသူက အပြင်မှ မောကြီးပန်းကြီးဟန်နှင့် ပြန်လာသူ ဦးပု ။

“ ဟဲ့ ညည်း ဘယ်တုန်းက ရောက် ၊ ညည်း ခုတစ်လော ပျောက်နေသလားလို့ ငါနဲ့ အမေတောင် မနေ့က ပြောဖြစ်သေးတယ် ”

“ ဟုတ် ၊ အရီ ခုတစ်လော ချူချာပူနာ ဖြစ်နေလို့ ”

“ ဟားဟား ညည်းအရွယ်က ပြောနေတယ် ။ ငါတို့ ၊ အမေတို့ ပြောဖို့များ ထားပါဦးဟာ ”

ဦးပုက အရီစကားကို ရယ်ရယ်မောမော တုံ့ပြန်ကာ ထိုင်ခုံပေါ် ထိုင်ရင်း မျက်နှာပေါ် သီးထနေသော ချွေးများကို ဘယ်ပြန်ညာပြန် သုတ်နေလေ၏ ။ ဦးပု အသံကို နောက်ဖေး မီးဖိုချောင်မှ ကြားသွားပုံရသော အဘွားညွန့် ကတော့ ကပျာကယာလေး ထွက်လာကာ လက်ထဲမှာလည်း မျက်နှာသုတ်ပဝါလေး ကိုင်လို့ရယ် ။ ပါးစပ်ကလည်း သုတ်လိုက်ဦး ၊ သုတ်လိုက်ဦးနှင့် ရင်ခွင်ပိုက်သားလေး ချွေးအအေးပတ်မှာ စိုးရိမ်ကာ ပြောနေသည့် အတိုင်း ၊ အရီမှာ ရှစ်ဆယ်ကျော် အမေနှင့် ခြောက်ဆယ်ကျော် သားတို့၏ မေတ္တာတရားကို ကြည့်ကာ မျက်ရည်တောင် လည်ချင်ချင် ရယ်ပါ ။ သူများတွေများ ဒီအရွယ် ဒီအသက်ထိ ဂရုစိုက်မည့် အမေ ရှိတုန်း ။ အရီ မှာတော့ ပြေးကြည့်စရာ အမေ မရှိတော့တာ သုံးနှစ်စွန်းခဲ့ပြီ ။ အမေ ရှိတုန်းကဆို အဘွားညွန့်နှင့် အမေက အလွန်ချစ်ခင်ခဲ့သူများ ဖြစ် ကြသည် ။ အန်တီညွန့်ရယ် ၊ လွင်လွင်ရယ်နှင့် ဘော်ဒါ အရင်းကြီးတွေ ၊ အဘွားညွန့်က သူ့လို အလှကြိုက်သော အရီတို့ အမေနှင့် ပလဲနံပရှိလှတာ ဆန်းတော့ မဆန်းလှပေ ။ အဘွားညွန့်က သူ့သား ချွေးသုတ်ပြီး ပြန်ပေးသော လက်ကိုင်ပဝါလေး ကိုင်ကာ အထဲပြန် ဝင်သွားချိန်မတော့ အရီလည်း အတွေးစ ဖြတ်ကာ ဦးပု ကို သိချင်တာများ မေးဖို့ ပါးစပ်အဟမှာတင် ...

“ ဟေ့ကောင် အဆင်သင့် ဖြစ်ပြီလား ။ သွားကြမယ်လေကွာ ”

“ သွားမယ် ၊ ငါက အားလုံးရယ်ဒီပဲ ။ မင်း စောင့်နေတာ ”

“ အောင်မာ လခွီး ။ ငါကပဲ နောက်ကျတဲ့ အချိုး ။ လုပ်လုပ် ဟိုကောင်မတွေ တမျှော်မျှော် လုပ်နေမယ် ။ သွားမယ်လာ ။ သူတို့က စောင့်နေရရင် အချိုးက မပြေချင်ဘူး ”

အရီ့မှာ အာကျယ်ပါကျယ် အသံနှင့် ရောက်ရှိလာသော ချစ်ခင်နှစ်သက်ဖွယ် မရှိသည့် ဦးပုတို့ အရွယ်ရှိ ထိုယောက်ျားကြီးကို မနှစ်မြို့စွာ ကြည့်နေမိတော့သည် ။ ဘယ်သူလဲ ဆိုသော အတွေးနှင့် အကဲခတ် နေဆဲမှာပင် ထိုလူကြီးက အခန်းထောင့်ကို ဆိုးဆတ်ဖြင့် သွားကာ ကျောပိုးအိတ်ကို ယူလျက် လွယ်လိုက်ချိန် အရီ့ စိတ်တွေ ထိတ်ခနဲ ။ ကြည့်စမ်း ။ ဒါ အဘွား ပြောသော စံအောင် ဆိုသည့် လူကြီးများလား ။ ထိုလူကြီးက ကျောပိုးအိတ် လွယ်ကာ ပေါ့ပါးသွက်လက်စွာ ရှေ့က ထွက်သွားချိန် ဦးပု တစ်ယောက်ကတော့ အရီ ကိုတောင် နှုတ်မဆက်နိုင်ဘဲ အူယားဖားယား ပါသွားလေတော့သည် ။ ကျောပိုးအိတ်ကြီး ပါသွားပြီ ဆိုသော အသိနှင့်အတူ အရီ့ မှာ အဘွားကို အကျိုးအကြောင်း ပြောဖို့ ထလိုက်ချိန် အဘွားညွန့် ကလည်း သူ့အလုပ်တွေ ပြီးသွားပုံနှင့် ဧည့်ခန်းကို ပြန်ထွက်လာလေသည် ။ သူ့လက်ကို ငါးညှီနံ့တွေ နံမှာ စိုး၍ထင့် လက်ကို ပေါင်ဒါလေး တပွတ်ပွတ် လုပ်ကာ ပြန်နမ်းလို့ ကြည့်နေသေးသည် ။

“ အဘွား ၊ အဘွားသားတော့ ပါသွားပြီ ”

“ ဟုတ်လား ”

“ ကျောပိုးအိတ်လည်း ပါသွားပြီ အဘွားရေ ၊ အရီလည်း အဘွားကို အသံပြုဦးမလို့ မမီတော့ဘူး ”

“ ဩော် အေးအေး ”

“ အဘွား ဒီကိစ္စတွေ အန်တီနှစ် သိလား ။ တကယ်ဆို အန်တီနှစ် ဖြေရှင်းပေးရမှာ ”

“ ငါးဘဲကျတော့မယ် ။ တစ်ခါတည်း စားသွားပါလား ။ မောင်ပု မရှိတော့ တစ်ယောက်တည်း စားရမှာ ပျင်းစရာကြီးဟဲ့ ။ နေပါဦး ဘယ်နှစ်နာရီလဲ ။ ဟော တော့ ဆယ့်တစ်နာရီခွဲနေပြီပဲ ။ အဲဒါကြောင့် ဆာတာတာ ဖြစ်နေတာ ။ သွားပြင်လိုက်ဦးမယ် ။ ခဏလေး ခဏ ခဏ ”

အဘွားညွန့်က ပြောချင်ရာ ပြောကာ ထွက်သွားပြန်လေသည် ။ လူကြီးကို ဇွတ်အတင်း သွားမေးနေလို့လည်း မတော်ဘူးထင်ပါရဲ့ ။ စားသောက်ပြီးခါမှ အခြေအနေ ကြည့်ကာ ထပ်မေးဖို့ စိတ်ထဲ ပြင်ဆင်ထားမိသည် ။ ကိုယ် သိထားတော့ အန်တီနှစ် ကို သူ မပြော ကိုယ် ပြောလို့ရသည်ပေါ့ ။ အရီ မှာ ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ် ဟုတ်နေပြီး အဘွားကို ထမင်းကူ ပြင်ပေးရန် ထိုင်လိုက်ချိန် ‘ အမေရေ ’ ဆိုသော အသံနှင့်အတူ အပေါက်ဝမှာ ရောက်ချလာသူက အန်တီနှစ် ။ နတ် သိကြားများ မလိုက်သလား ထင်ရအောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသည်မို့ အရီ ဝမ်းသာလိုက်သည် ဖြစ်ခြင်း ၊ အန်တီနှစ်ကို အမေရေ ထပ်မအော် ဖြစ်အောင် တားရင်း ထိုင်ခုံများဆီ ဆွဲခေါ်ကာ အရီ့မှာ ကိုယ်သိသမျှ ၊ အံ့အားသင့်သမျှ အခြေအနေများကို တတွတ်တွတ် တိုင်တန်းနေမိတော့သည် ။ အဘွား ပါးစပ်က စံအောင် ဆိုသော နာမည် ၊ အခန်းထောင့်က ကျောပိုးအိတ် ၊ အဘွားရဲ့ စိတ်ညစ်မှု ၊ ဦးပု ကို လာခေါ်တဲ့သူ စသဖြင့် စသဖြင့် .. ။

အန်တီနှစ် ကတော့ အရီ ပြောသမျှကို တငေးတမော နားထောင်နေလေသည် ။ သို့သော် ပြောနေသူ အရီ ကသာ မျက်နှာမှာ ရသကိုးပါးပေါ်အောင် ဖော်ကျူး ဖြစ်နေသော်လည်း အန်တီနှစ် ကတော့ တစ်သမတ်တည်းသော မျက်နှာသေလေးနှင့် နားထောင်နေတာမို့ အရီ မှာ ပြောနေရင်းက အားမလိုအားမရ ဖြစ်မိကာ ...

“ အန်တီနှစ် အရီ ပြောတာ ကြားရဲ့လား ”

“ ဟေ အေး ။ ကြားပါတယ် အရီရယ် ။ အန်တီနှစ် နားထောင်နေတာပဲ ။ အန်တီနှစ်လည်း ဒီအကြောင်း တွေသိပါတယ် ”

“ ဟမ် ၊ သိတယ် ၊ ဘယ်သူ ပြောပြတာလဲ ”

“ အမေလေ ”

“ ဒါတောင် အန်တီနှစ်က တစ်ခုခု လုပ်မပေးဘူးလား ။ စံအောင် ဆိုတဲ့လူက သားအမိနှစ်ယောက် စလုံးကို သ,တ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ် ”

“ မဟုတ်တာ အရီရယ် ”

“ အမယ်လေး ၊ အန်တီနှစ်က လျှော့တွက်နေတယ် ။ ဒီလောက် အမှုအခင်းတွေ ပေါနေတဲ့ဟာ ၊ ပေါ့လိုက်တာ အန်တီနှစ်ရယ် ”

“ ဟင်း ဟင်း ဟင်း ”

“ အန်တီနှစ် ရယ်နေနော် ။ စံအောင် ဆိုတဲ့ လူကြီးက ကြောက်စရာကြီး ။ အရီဖြင့် သူ့ပုံ မြင်ရုံနဲ့ လန့်တယ် ”

“ စံအောင် ”

“ အင်းလေ ။ ခုနလေးတင် ဦးပုနဲ့ ထွက်သွားကြပြီလေ ။ အိမ်က ပစ္စည်းတွေလည်း သူ့အိတ်ထဲ ပါသွားတယ် ။ အဘွား ပြောတာပဲ ”

“ ဟောတော့ ။ အရီ မှားနေပြီ ။ အရီ မြင်လိုက်တာ ကိုပုနဲ့ အလုပ်အတူ တွဲလုပ်တဲ့လူ ။ အန်တီနှစ်နဲ့ တောင် အောက်မှာ ဆုံလိုက်သေးတယ် ။ ရုပ်ကြမ်းပေမဲ့ စိတ်ရင်း ကောင်းပါတယ်ဟယ် ”

ဒီတစ်ခါတော့ အရီ ပါးစပ်ပိတ်ရသည့် အလှည့်ပဲ ဖြစ်တော့သည် ။ အန်တီနှစ်က အခုတစ်လောမှာ ဖောက်ပြန်လာသည့် အဘွား၏ ကျန်းမာရေး အခြေအနေများကို ပြောပြနေလေသည် ။ စားစားသောက်သောက် သွားသွားလာလာ အပိုင်းတွေမှာ ပုံမှန်ရှိပါလျက် အဘွားက သူချစ်သောသား ဦးပု ကိုကျ နှစ်ကိုယ်ခွဲ ထင်မြင်နေကြောင်း ဘယ်လို အစွဲရယ်ကြောင့် စံအောင် ဟု နာမည်ပေးထားမှန်းလည်း မသိကြောင်း ၊ ဦးပုနဲ့ တည့်လျှင် သူ့သားကို ကိုပု မှန်း သိတတ်ပြီး သူ မကြိုက်တာတွေ ဦးပု လုပ်လျှင်တော့ စံအောင် ဟု စွပ်စွဲကာ သူခိုး ၊ ဓားပြ ဖြစ်အောင်ထိ ပုဒ်မ တပ်တတ်ကြောင်း ၊ အဘွား ပါးစပ်ထဲမှာ ဦးပု မှာ ကိုပု ဖြစ်လိုက် ၊ စံအောင် ဖြစ်လိုက် နာမ်စား ကွဲနေရကြောင်းများ ပြောပြနေသည် ။ အရီမှာ အန်တီနှစ် ပြောသမျှ တအံ့တသြ နားထောင်နေရင်း ...

“ ဖြစ်ရလေ အန်တီနှစ်ရယ် ။ နေပါဦး အဘွားက အဲဒီ စံအောင် ဆိုတာကြီး ဘာလို့ နာမည် တပ်ရတာတုံး ”

“ အေး ၊ အဲဒါကို ငါတို့လည်း အံ့သြတာ အရီ ရေ ။ မှန်းကြည့်တာတော့ သူ့စိတ်ထဲ မုန်းခဲ့တဲ့ လူတစ်ယောက်ယောက် နေမှာပေါ့ ”

“ ဘာပဲဖြစ်ဖြစ် အန်တီနှစ်တို့က အဘွားလွဲ နေတာကို သေချာရှင်းပြဖို့ ကောင်းတယ် ။ အဘွား အဲဒီလို ထင်ယောင်ထင်မှားနဲ့ စိတ်ဒုက္ခ ရောက်နေတာ သနားပါတယ် ။ သူစိတ် ပင်ပန်းနေမှာပေါ့ အန်တီနှစ်ရယ် ”

အရီ့ စကားအဆုံးမှာတော့ အန်တီနှစ်က ပြုံးပြုံးလေး ငေးကြည့်ရင်း ..

“ ဘာလုပ်မလဲ အရီရယ် ၊ သူ့အလွဲလေးနဲ့သူ အသားကျနေပြီးပဲဟာ ။ လွဲစရာ မရှိရင် အမေ ပျင်းတောင်နေဦးမှာ ” တဲ့လေ ။

အရီ ဘာစကားမှ ပြန်မပြောနိုင်အောင် အန်တီနှစ်ရဲ့ ဖီလော်ဆော်ဖီမှာ နစ်မျောသွားတော့သည် ။ ထိုအချိန်မှာပင် အဘွားညွန့် က နောက်ဖေးဆောင်က ထွက်လာပြီး ...

“ ဟဲ့ ဟိုနှစ်ယောက် ဘာတွေ တွတ်ထိုးနေလဲ ။ စံအောင် မရှိတုန်း ထမင်း အေးအေးဆေးဆေး စားရအောင် လာကြလေ ” တဲ့ ။

အန်တီနှစ်က “ ဟုတ်ကဲ့အမေ ” လို့ အသံပြန်ပြုရင်း အရီ့ကို ဘယ့်နှယ့်ရှိစ ဆိုတဲ့ပုံနဲ့ လှမ်းကြည့်နေလေရဲ့ ။ ကဲ ပျင်းမှာစိုးလို့ လွဲနေတာတောင် ပြန်မပြင်တဲ့ ဒီအရပ်မှာ အရီ ကရော ဝင်ပြင်ပေးလို့ ဖြစ်မတဲ့လား ။ လက်ဆေး ထမင်းစားပြီး နေသာသလို နေရုံသာ ရှိတော့သည်ပေါ့ ။ အဘွားက အသားကျ နေပြီလို့ အန်တီနှစ် က ပြောနေတာကိုး ။

▢  မီမိုး
📖 ရွှေအမြုတေ
      ၂၀၁၁ ၊ ဖေဖော်ဝါရီလ

Wednesday, January 21, 2026

ကွိုင်


 ❝ ကွိုင် ❞

  ( မီမိုး )


ညီမလေး ညီမလေး ဆိုသည့်အသံက ညီမလေးဆို သူကို မတွေ့မချင်း အော်နေတော့မည့် အလား အိမ်ထဲတွင် ညံနေတော့သည် ။ ခင်ပွန်းဖြစ်သူ၏ မျက်လုံးမှာ ဒိုင်းခနဲ သူ့ထံသို့ ရောက်လာကာ သွားရှင်းလိုက်ဦး ဆိုသည့် ပုံနှင့် လက်ဆတ် ပြလေသည် ။ ဝဖိုင့်သည့် ခန္ဓာကိုယ်ကို အနည်းငယ် အားယူထရင်း အိမ်ရှေ့ခန်းဆီ ထွက်လာလေတော့ ကုလားထိုင် သုံးလေးလုံးကို လှည့်ပတ်ကာ အော်နေသည့် သားတော်မောင်ကို တွေ့ရ၏ ။ ပျောက်သောသူ တစ်ယောက်ကို ရှာချင်လျှင် နေရာအနှံ့ လိုက်ရှာမည် ဆိုသည့် အသိကိုပင် သားငယ် ထံပါး မရှိတော့ပြီ ထင်သည် ။ ဒါသည်ပင် သားငယ်၏ အခြေအနေ ဆုတ်ယုတ်မှုကို ပြနေသည်လား ။ ဟုတ်သည် ။ သားသည် ကြည့်နေရင်း စောင့်ရှောက်နေရင်းနှင့် အခြေအနေမှာ အနုတ် လက္ခဏာကို ပြနေခဲ့လေသည် ။ တကယ်ဆို တူမ ဖြစ်သူ ဆရာဝန်ကိုယ်တိုင် စောင့် ကြည့်ကုသ ပေးနေပါလျက် နှင့် ဘာကြောင့်များ ဒီလို ဆုတ်ယုတ် လာရသည်လဲ ။ သမီးကြီး ဒီတစ်ခါ ဖုန်းဆက်လျှင်တော့ သား၏ လက်ရှိ အနေအထားကို သူ ပြောပြမှ ဖြစ်တော့မည် ထင်ပါရဲ့ ။ သားလက်ကို ဆွဲကာ ထိုင်ခုံမှာ ထိုင်ခိုင်းရင်းနှင့်ပင် သား ဒီလိုအခြေအနေ ပိုဆိုးလာသည်မှာ ဟိုသတ္တဝါလေးတွေကြောင့် များလားဟုလည်း ဒေါသတကြီး သူ တွေးလိုက်မိသေးသည် ။ တကယ်ဆို စိတ်ပုံမှန် မဟုတ်ဟု သိထားသည့် သူတစ်ဦးကို ပိုဆိုးအောင် ဒင်း ( သင်း ) တို့တွေ ဘာကြောင့်များ ဖန်တီးချင်ရတာလဲ ။ သားသည် စိတ်လှုပ်ရှားခံစားလွယ်သူတစ်ဦး ၊ သူ့ကို ဒေါသမထွက် ထွက်အောင် အသံတိတ် အမူအရာများနှင့် မျိုးစုံပြောင်လှောင် လုပ်ပြနေကတည်းက ရှူးရှူးရှဲရှဲ ထိန်းရ ခက်နေခဲ့ပြီ ။ ထိုမှ တစ်ဆင့် ခြံပြင်က ခဲလုံးလေးများ ခြံတွင်းသို့ ဝင်ရောက်လာကာ တချို့အိမ်ကို ထိ ၊ တချို့ပန်းအိုးများကို ထိ ၊ တချို့ကတော့ သားခန္ဓာကိုယ်ပေါ် ထိပြီ ဆိုလျှင်တော့ သား၏ အော်ဟစ်တုံ့ပြန်မှုတို့မှာ ထိန်းမရတော့ ။ ဒါဆိုလျှင် တစ်ဖက် ခြံပြင်မှ သတ္တဝါလေးများက ကျေနပ်ပျော်ရွှင်စွာနှင့် အသံတိတ် ထွက်ပြေးသွားကြတော့သည် ။ တစ်နေရာမှ တိတ်တိတ်လေး ချောင်းကာ သား၏ ဒေါသထွက်နေမှုများကို သူတို့ ကျေကျေနပ်နပ် ခံစားနေကြပေမှာပေါ့ ။ မိအေး အော်တာ လူမြင် ကဏန်း ကိုက်တာ လူမမြင် ဆိုသည်မှာ ဒါမှ အစစ် ။ ပတ်ဝန်းကျင်ကတော့ သား ဒီလို သောင်းကျန်းနေပြီဆို အလျှိုလျှို ခေါင်းပြူ ကြည့်ကာ ဒီအရူးကို ဒီအတိုင်း ကြည့်နေရလား ဆိုသည့် မျက်ဝန်းများဖြင့် အသီးသီးအသက အကဲခတ်လို့ မဆုံးတော့ပြီ ။ သူ့ အတွက်တော့ နာကျင်ပါသည် ဆိုတာထက် ပိုနာကျင်ရပါသည် ။ သို့သော် ထိုနာကျင်မှုများကို ခံစားရဖန် များလာချိန် လူက ထုံပြီး ပေသွားကာ တကယ့်ကို ထုံပေပေ ဖြစ်သွားခဲ့တော့သည် ။ ဒါဟာ ဆယ်စုနှစ်တစ်စုစာ ရှိလာခဲ့သည့် ခံစားမှုများ မဟုတ်ပါလား ။


“ ညီမလေးရော ညီမလေး ”


သားက ရေဆာသလို တရစပ်မေးကာ သူ့ကိုယ်လုံးကို ဆွဲခါလှုပ်နေသည်မို့ စိတ်နှင့် လူကို ပြန်ကပ်အောင် လုပ်ယူရတော့သည် ။ ညီမလေးဆိုသည်မှာ ကျောင်းလည်းထားပေး ၊ ကူဖော်လောင်ဖက်လေးလည်း ရအောင် အိမ်မှာ ခေါ်ထားသည့် နန့်အိမ်စည် ကိုသားက မေးနေခြင်းပင် ။ သားက ထိုကလေးမလေး နှင့်တော့ အဆင်ပြေသည် ။ တကယ်ဆို သူတို့ မိသားစု သုံးယောက်မှာ သူစိမ်းတစ်ရံဆံကို ဆက်ဆံဖို့ ကြောက်တတ်သူများဟု ဆိုရမည် ။ ဟိုးအရင် အချိန်ကာလများမှာတော့ ထိုသို့ မဟုတ်ပေဘူး ပေါ့ ။ နောက်ပိုင်း သား အခုလို စိတ်ပုံမှန် မဟုတ်သည့် အနေအထားကို တဖြည်း ဖြည်း ကျွံဝင်လာချိန်မှသာ သူတို့ ကိုယ်တိုင်လည်း သူစိမ်းတွေကို မဆက်ဆံလို ၊ သူစိမ်းတွေကလည်း သူတို့ကို ဆက်ဆံဖို့ မဝံ့မရဲနှင့် တဖြည်းဖြည်း ဝန်းကျင်နှင့်ဝေးသွားကြတာဖြစ်၏ ။ ထိုအဖြစ်ကို နိုင်ငံခြားရောက် သမီးကြီးကတော့ မကြိုက် ။ ထိုသို့ နေထိုင်ခြင်းမှာ သားအတွက် ရလဒ် မကောင်းနိုင်ဟု ယူဆနေသည် ။ မတတ်နိုင်ပါ ။ အခြေအနေက ခုလို ဖန်လာခဲ့ပြီကိုး ။ 


ခုနောက်ပိုင်းတော့ သူလည်း ဇရာပိုင်း ဝင်လာပြီး အိမ်က သားတို့အဖေသည်လည်း နေ့ရောဂါတစ်မျိုး ၊ ည ရောဂါတစ်မျိုး အနေအထားပိုင်း ဖြစ်လာပြီမို့ မခေါ်မဖြစ် နန့်အိမ်စည်လေးကို ခေါ်ခဲ့ခြင်း ဖြစ်၏ ။ ဒါလည်း တူမဆရာဝန်၏ အသိ ဘုန်းတော် ကြီးတစ်ပါး အဆက်အသွယ်ကြောင့် ဖြစ်သည် ။ လ  မပေးရသော်လည်း ကျောင်းထားပေးရမည် ၊ မိသားစုစိတ် မွေးရမည်ဆိုသည့် သဘောပေါ့ ။ ခေါ်တုန်းကတော့ လစာ မပေးရ ဆိုသည်ကို ကြိုက်၍ ခေါ်ခဲ့တာပင် ။ သို့သော် နန့်အိမ်စည်လေး နေတတ်ထိုင်တတ် မေတ္တာပေးတတ်တာတွေ ကြည့်ပြီး သူကလည်း လိုလိုချင်ချင်ကို သမီးတစ် ယောက် မြေးတစ်ယောက်လို မေတ္တာပြန်ပေးမိတော့တာ ဖြစ်သည် ။ အဟုတ်ပါလေ ။ နန့်အိမ်စည် အရွယ်က သမီး အရွယ်ဟု ပြောရသည်ထက် စာလျှင် မြေးအရွယ် ဆိုက ပိုမှန်နေသည်ကိုး ။ သမီးကြီး၏ သားတော်မောင် ၊ သူ့မြေးလေးထက် စာလျှင်တောင် တစ်နှစ် ငယ်နေသေးသည် မဟုတ်လား ။ နန့်အိမ်စည် အိမ်ရောက်လာသည့် နေ့မှ စပြီး သူတို့ အိမ်လေးသည်လည်း သန့်ရှင်းသပ်ရပ်လို့ရယ် ။ ဒါတောင် ကျောင်းစာ တစ်ဖက်နှင့်မို့ ဒီလောက်ပဲ လုပ်ပေးနိုင်တာဟု ဆိုသေးသည် ။ ဟုတ်လည်း ဟုတ်သည့် ကလေးမ ။ သူကတော့ ဆယ်တန်းကျောင်းသူ ဒီကလေးမကို ဖြစ်နိုင်လျှင် စာကိုသာ ဖိဖိစီးစီး လုပ်စေချင်ပါသည် ။ သို့သော် စိတ်သာရှိသည် ။ ပါးစပ်က ဖွင့်မပြောဖြစ် ။ ကလေးမ ကူမှလည်း ပြီးမယ့် ကိစ္စတွေချည်းပဲကိုး ။


သူ အိပ်မပျော်သည့် ညမျိုးတွေမှာ နန့်အိမ်စည်လေး စာလုပ် စာကျက်နေသည်ကို တစ်ခါတစ်ရံ ထကြည့်ဖြစ်သည် ။ ကော်ဖီဖျော်ပေးတာမျိုး လက်ဖက်ထ သုပ်ပေးတာမျိုး လုပ်ပေးဖူးသည် ။ ထိုအခါမျိုးတွင်တော့ နန့်အိမ်စည်လေးကလည်း သူ့ မေတ္တာကို ခံစားကာ မျက်ရည်ကြည်လေးများ တလည်လည် ၊ သူကိုယ်တိုင်ကတော့ စာကျက်နေသည့် နန့်အိမ်စည်လေး နေရာတွင် သားမျက်နှာကို မြင်ယောင်လျက် ရင်တဆို့ဆို့ ၊ သားသည်လည်း ဒီစာ ဒီဘာသာတွေကို ဒီလိုပဲ ကြိုးစားပမ်းစား သင်ယူခဲ့ဖူး သည်ကိုး ။ အောင်ရင် အောင် မအောင်ရင် ကျ ဆိုသည့် ရလဒ် နှစ်ခုပဲရှိသည့် ဒီ ဆယ်တန်းစာမေးပွဲသည် သားအတွက်တော့ အောင်လည်းမအောင် ကျလည်း မကျပါဘဲ စိတ်ကြိုက် မဖြစ်တိုင်း နှစ်ကြိမ်တိုင် ခြစ်ချခဲ့ပြီးချိန်မှာတော့ သား၏ စိတ်အစဉ်သည် ပုံမှန် မဟုတ်တော့ပြီ ။ တကယ်ဆို သူတို့ မိဘ နှစ်ပါးမှာ သားကို တော်မော် ထူးချွန်စေလိုသော်ငြား နင်လား ငါလားရယ်လို့ တစ်ခါလေးမှ ချုပ်ကိုင် အမိန့်ပေးထားတာမျိုး မရှိခဲ့ဖူးပါ ။ သား၏ အစ်မဖြစ်သူ ကလည်း သူကိုယ်တိုင်သာ တစ်နိုင်ငံလုံး ပထမရခဲ့သော်ငြား သားကိုတော့ဖြင့် ဒီလိုဖြစ်ရမယ် ၊ ဒီပုံဖြစ်ရမယ် အာဏာပေး အမိန့်ချထားတာလည်း မရှိပါ ။ သို့သော် သား၏ အတွင်းစိတ်က အစ်မဖြစ်သူ၏ အရှိန်အဝါတို့ လွှမ်းမိုးခံထားရသည် ထင်သည် ။ အစ်မဖြစ်သူကို မမီသေးဟု ယူဆလေတိုင်း သား သူ့ကိုယ်သူ အားမလို အားမရ စိတ်တို့ဖြင့် ချောက်ချားပူလောင်မြဲ ။ အို ... နောက်ဆုံးတော့လည်း ဒါတွေသည်ပင် သား၏ အတိတ်ကံဆိုးများဟု မှတ်ယူရတော့မှာပင် ။ ဆယ်တန်းစာမေးပွဲကို နှစ်ကြိမ်တိုင် ခြစ်ချဘာသာရပ်များနှင့် အရှုံးပေးခဲ့ပြီးချိန်မှာတော့ နောက်နှစ်များမှာ သားသည် ထိုစာမေးပွဲကို ရင်ဆိုင်ခြင်းငှာ သတ္တိတို့ မရှိလေတော့ပြီ ။ စာတွေအားလုံး အကုန်ကျက် အကုန်ရလျက်သားနှင့်ကို စာမေးပွဲရက်တို့ နီးလာတိုင်း ကြောက်သော စိတ်တို့ဖြင့် သား ကယောင်ကတမ်း ဖြစ်စမြဲ ။ ကျက်ပြီးသော စာများ မေ့ကုန်မြဲ ။ နောက်တော့လည်း ဒီစာမေးပွဲကို ထူးချွန်စွာ ဖြေဆိုအောင် မြင်ပြီးပြီဟု သူ့ကိုယ်သူ ထင်ယောင်ထင်မှားတွေ ဖြစ်လာ ပြန်လေသည် ။ နောက်တော့ နောက်တော့ သား၏ စိတ်ပိုင်းဆိုင်ရာများ ချို့ယွင်းပျက်စီးလာလိုက်သည်မှာ သူတို့ မိသားစုဝင်တွေတင် မဟုတ်တော့ဘဲ သားသူငယ်ချင်းများ ၊ သားကျောင်းမှ ဆရာ ဆရာမများ ၊ သား၏ ဂိုက်များ အကုန်လုံးက အံ့ဩ ယူကျုံးမရဖြစ်စွာ ၊ စိတ်မကောင်းစွာ ကြောက်ရွံ့စွာ ။ နောက်တော့ ဖယ်ကွာမှု ကိုယ်စီနှင့်ပေါ့ ။ သူတို့ တစ်မျိုးရိုး လုံးနီးပါး ဆရာဝန် ဖြစ်နေကြသည့် အတွက်လည်း ဆုံးဖြတ်ချက်တစ်ခုကို တိုင်တိုင်ပင်ပင် ချဖြစ်ခဲ့ကြသည် ။ သားကို ဆေးရုံ မပို့ရပါဘဲ အိမ်မှာသာ သင့်တော်သည့် ဆေးဝါးများဖြင့် ထိန်းချုပ် ကုသထားဖြစ်သည် ။ သား သည် တစ်ခါတစ်ရံများမှာတော့ ကောင်းမွန်ရိုကျိုးစွာ ၊ တစ်ခါတလေမှာတော့ အထိန်းအကွပ်မဲ့ ကြမ်းတမ်း စွာဖြင့် ။


“ အန်တီမေ ... ထမင်း စားကြမယ်လေ .. သမီး ပြင်ပြီးသွားပြီ ”


နန့်အိမ်စည်လေး ကျောင်းက ပြန်ရောက်လာပြီကိုး ။ နန့်အသံလေးက အလွန် နားထောင်လို့ ကောင်းသည် ။ ရောက်ခါစမှာတော့ လေလုံး ကွဲအောင် အတော် နားထောင်ယူရသည် ။ အခုတော့ သူတို့ မိသားစုအားလုံး နန့် အသံကို ကောင်းကောင်း ကျင့်သား ရသွားပါပြီ ။ သူ ထိုင်ရာက ရုတ်တရက် ထဖို့ မလွယ်မှန်း သိလေတော့ အသာအယာ လာတွဲလေသည် ။ သူ့စိတ်ထဲ ကြည်နူးမိပါဘိ ။ သမီးကြီး နှင့် ဒီလို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး မနေရတာ ကြာလှပြီကောလေ ။ သူ့မှာ ဒီလို အနီးကပ် သမီးတစ်ယောက် ဘာကြောင့်များ ရှိမနေရတာပါလိမ့် ။ စားပွဲရောက်ချိန်မှာတော့ သူ့အိမ်သားက ထမင်းစားလို့တောင် နေပြီ ။ သားကတော့ ဟင်း မကြိုက်သည့်ပုံနှင့် ရမယ်ရှာကာ ဟိုဖွ ဒီဖွ လုပ်ပြီး စိတ်ကောက်ဟန် ၊ နန့်အိမ်စည်က သူ့အစ်ကိုကို ချော့ကာ ထမင်းကောင်းကောင်း စားရန် ပြောတော့ ပထမတော့ အင်တင်တင် ၊ နောက်တော့လည်း နန့် အချော့ ကောင်းမှုကြောင့် အသာတကြည် စားလေတော့သည် ။ နန့်အိမ်စည် ချက်သည့် ဟင်းမည်များနှင့် ထမင်းစားလို့ ကောင်းလှသည် ။ သူ့အိမ်သားကလည်း ထမင်းစား ဝင်လေတော့ စကားလေးတွေပါ သွက်လာသည် ။ နေ့ခင်းက တီဗွီက လာသည့် ရုပ်ရှင်ကား တစ်ကားအကြောင်း စားရင်းသောက်ရင်း ပြောပြနေ၏ ။ ခင်ပွန်းဖြစ်သူ ဇာတ်ကြောင်း ပြန်ပြောနေမှုကို သူရော နန့်အိမ်စည် ပါ စိတ်ဝင်တစား စားရင်းသောက်ရင်းက နားထောင်နေဖြစ်သော်လည်း သားကမူ ဘာကို မနှစ်သက်သည် မသိ ၊ “ ကွိုင်ပဲ ” ဟု အော်ကာ ထသွားလေသည် ။ ထိုစကားသည် သား ထံမှ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ထွက်ကျတတ်သည့် စကားလုံး ဖြစ်လေသည် ။ တစ်ခုခုကို စိတ် အထာမကျလျှင် ကွိုင်ပဲ ဆိုသည့် စကားလုံးကို အကြိမ်ကြိမ် အကျော့ကျော့ ရေရွတ် တတ်သည်မှာ သားထုံးစံပင် ။


“ လုပ်လိုက်ဦး လုပ်လိုက်ဦး ကွိုင်နေပြီ ”


ခင်ပွန်းဖြစ်သူက သူ့ ဇာတ်လမ်းကို ဖြတ်ပစ်လိုက်ကာ သားကို ဦးစားပေးလေ ၏ ။ နန့်အိမ်စည်က လိမ္မာပါး နပ်စွာဖြင့် “ အန်တီမေတို့ စား ပါ ၊ သမီး ကြည့်လုပ်လိုက်မယ် ” ဟုဆိုပြီး သားထွက် သွားရာ နောက်ဖေးမီးဖို ဆောင်ဘက် ခပ်သွက်သွက် ထသွားလေသည် ။ ထိုတော့မှပင် ခင်ပွန်းဖြစ်သူက စိတ်ချ သွားဟန်ဖြင့် ရပ်ထားသည့် ဇာတ်လမ်းကို ဆက်ပြောပြနေသည် ။ သူကတော့ ဇာတ် လမ်းထဲမှာ စိတ်မရှိတော့ ။ ဒီနေ့ည သမီးကြီးထံမှ ဖုန်းခေါ်လာပါက သားနှင့် ပတ်သက်ပြီး ထူးခြားမှုတွေကို ပြောပြဖို့အရေး စကားလုံးတွေ တန်းစီ စဉ်းစားနေမိတော့သည် ။


••••• ••••• •••••


၂ ။


သားသည် ဒေါသတကြီးနှင့် အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည် ။ သူကတော့ သား ပေးဖတ်သည့် စာလေးကို ကိုင်ကာ ဒီပြဿနာကို ဘယ်လိုမှ မဖြေရှင်းတတ် ဖြစ်နေမိ၏ ။ သားကို သူ ဘယ်လို ပြောပြလျှင် ကောင်းမည်လဲ ။ဒါဟာ သဘာဝပါ သားရယ် စိတ်ဆိုး မနေပါနှင့် ဆိုလျှင် သားက နားလည်နိုင်မည်လား ။ သူ့ ကိစ္စ သူရှင်းပါလိမ့်မည် ဆိုလျှင်ကော သားက နေနိုင်လိုက်တာဟု အပြစ်တင်မည်လား ။ အမှန်တကယ်တော့ ဒီအချိန်မှာ သား၏ ခံစားနိုင်မှု နှလုံးသား ဘယ်လောက် အတိုင်းအတာ ရှိသည်ဆိုတာ သူ သေချာပေါက် မခန့်မှန်းနိုင် ၊ မခန့်မှန်းတတ်ပါ ။ ဆယ့်ခြောက်နှစ် အရွယ်ထိ ပုံမှန် ကြီးပြင်းခဲ့သော သားကိုသာ ဘယ်အခြေအနေ ဘယ်အချိန် အခါမှာ ဘယ်လို ဆိုတာ သူ သေချာပေါက် ခံစားနားလည် နိုင်သော်လည်း သား၏ နောက်ပိုင်းကာလတွေကိုဖြင့် ဆိုးဆိုးဝါးဝါး မဖြစ်အောင်သာ သူ ထိန်းထားနိုင်သည် ။ သူ့ရင်ဘတ်နှင့် သားရင်ဘတ် မနီးစပ်တော့တာကိုတော့ အမှန်အတိုင်း ဝန်ခံရမည်သာ ။ 


“ နေပါဦး သားရယ် ၊ သူတို့က ဒီစာကို သားကို ဘယ်လို ပြောပြီး ပေးလိုက်ကြတာလဲ ”


သူ အတတ်နိုင်ဆုံး ချိုသာ ပျော့ပျောင်းစွာဖြင့် သားကိုကြည့်ကာ မေးလိုက်သည် ။ သားက မကျေနိုင် မချမ်းနိုင်ဖြစ်နေပုံဖြင့် “ မုန့်ထွက်ဝယ်တုန်းက ပေးလိုက်တာ ၊ ပြောတော့ဖြင့် အစ်ကို့ကို စာမေးချင်လို့တဲ့ ၊ ခွေးသူတောင်းစားတွေ ” ဟု ဆိုလေသည် ။ သား စကားကြမ်းတာကို မကြိုက်သော သူက ခပ်ဆတ်ဆတ်သားကျောကုန်းကို ရိုက်ထည့် လိုက်လေတော့ နာသွားဟန် ဖြင့် တွန့်သွားကာ မကျေမနပ် ဟန် ငြိမ်နေပြန်သည် ။ ဒီ ကောင်လေးတွေကလည်း ဆိုးလိုက်တာ ၊ တကယ်ဆို သား၏ စိတ္တဇမှာ စာနှင့် ပတ်သက်လျှင် အလွန် ဆရာကြီး လုပ်ချင်သူမှန်း သူတို့ ကောင်းကောင်း သိနေကြသည်ပဲ ။ အိမ်မှာလည်း နန့်အိမ်စည် ကို တစ်ချက် တစ်ချက် ဆရာလုပ် သင်ကြားပေးတတ်သည် ။ သူကတော့ သားတို့ စာများနှင့် အလှမ်း ဝေးသွားပြီမို့ သားကွယ်ရာမှာ “ ဟုတ်ရဲ့လား ” ဟု နန့်အိမ်စည် ကို မေးဖြစ်သည် ။ ပါးနပ်သော နန့် ကတော့ မှန်ခြင်း မမှန်ခြင်းကို မပြောဘဲ ပြုံးလို့သာ နေမြဲပင် ။ သို့သော် သားရှေ့မှာတော့ သားရှင်းပြ သင်ကြားနေတာ မဟုတ် မမှန်ဟူသော အမူအရာ တစ်စက်ကလေးမှ မပြတတ် ၊ ခေါင်းလေး တညိတ်ညိတ်ဖြင့်သာ နားထောင်နေတတ်မြဲ ။ ရပ်ကွက်ထဲ သားက ဟိုသွားဒီသွား လုပ်ချိန်တွေမှာလည်း ဒီလိုပဲ စာနဲ့ ပတ်သက်ပြီး ဟိုစပ်စပ် ဒီစပ်စပ် အကြံပေးခဲ့ဟန် တူပါရဲ့ ။ အခုတော့ ဟိုသူကောင်းသားလေးများက ဒီအခွင့်အရေးကို အပြည့်အဝယူကာ သားကို စာမေးမည်ဟု   ပြောပြီး စာတစ်စောင် လက်ထဲ ထည့်ပေးလိုက်ကြပုံပင် ။ သားအတွက်ကတော့ အိမ် ရောက်မှ စာကို ဖတ်ကြည့်ပြီး နန့်အိမ်စည် ကို ရည်းစားစာ ပေးခိုင်းခြင်းဆိုတာ သဘော ပေါက်ခဲ့ပုံ ရလေသည် ။ အင်း သား ဒေါပွမည်ဆိုလည်း ပွ လောက်ပါရဲ့ ။


“ ညီမလေးက ကလေးလေးပဲ ရှိသေးတာကို တောက် ... ခွေး ...”


သားက ဆက်ပြောချင်သော စကားကို နောက်ထပ် အရိုက်ခံရမှာ ကြောက်ပုံဖြင့် ဆက်မပြောတော့ ။ သူ သက်ပြင်းချကာ သားကို ခပ်ငေးငေးကြည့်ဖြစ်သည် ။ တကယ်ဆို ညီမလေးက ကလေးလေး မဟုတ်တော့ဘူး ။ သား ကသာ အရွယ်အတိုင်း တိုးတက်မလာဘဲ ကလေးလေး ဖြစ်ကျန်ခဲ့တာဟု သူ ဘယ်လို ရှင်းပြရမည်လဲ ။ အခုလည်းကြည့် ဝတ်စားထားပုံကို ကြည့်ပါဦး ။ ခေါင်းစွပ်ပါသော အနွေးထည်ကို ခေါင်းလည်းစွပ် ၊ ကြယ်သီးတွေလည်း အပြည့်အဝတပ် ဝတ်ဆင်ကာ အောက်ပိုင်း ကျပြန်တော့ အိမ်မှာ နေရင်းဝတ်သည့် ချည်သားဘောင်းဘီတိုနှင့် ။ သားက အရပ်ရှည်ရှည် ကလန်ကလားမို့ ဒီလို ဝတ်ဆင်ထားခြင်းမှာ ကြည့်လို့ အတော့်ကို အဆင်မပြေ ရှိနေတော့တာပင် ။ ထိုသို့ မထော်မနှမ်း တွဲဖက်ဝတ်ဆင်မှုကိုက သား၏ ပုံမှန် မဟုတ်သည့် စိတ်အနေအထားကို ပြနေသည် မဟုတ်ပါလား ။


“ ကွိုင်ပဲ ... အရူးတွေ ၊ ရူးနေလို့ ဒီလို လျှောက်လုပ်တာ ၊ ဟုတ်တယ်မလား အမေ ။ ဒီကိစ္စ ညီမလေးကို ပြန်မပြောပြနဲ့နော် သိလား ၊ ကွိုင်ပဲ တကယ့်ကွိုင် ”


သားက ပြောနေရင်းနှင့် ပြတင်းပေါက် ပေါင်ပေါ်ကို ခိုများ လာရောက် နားနေတာ မြင်ပြန်တော့ အာရုံပြောင်းကာ ထသွားလေသည် ။ ခိုများ ယခုလို အစာတောင်းတာ မြင်လျှင် သားက မျက်နှာလွှဲခဲပစ် မနေတတ် ။ စိတ်ရှည်လက်ရှည် အစာ စောင့်ကျွေးတတ်လေသည် ။ သား ခိုစာကျွေး ရက်ရောတာ သိသောကြောင့်လည်း ဆန်ကွဲများ ဖောခြင်းသောခြင်း သူ စီစဉ်ပေးဖူးသည် ။ သားက ဒါကို လက်မခံ ။ ကိုယ် ကောင်းတာ စားလျှင် သူများကိုလည်း ကောင်းတာပဲ ကျွေးပါဟု ဆိုကာ မိသားစုစားသော ဆန်ထဲက ရက်ရက်ရောရောတွေ လုပ်နေပြန်တာမို့ သူလည်း လက်လျှော့ လိုက်လျောခဲ့ရတော့သည် ။


“ ရန်မဖြစ်နဲ့ .. ဟဲ့ ရန် မဖြစ်နဲ့ ” ၊ “ ကြည့်စမ်း နင် အကောင်အကြီးဆုံး နင် ခိုပါး အဝဆုံး ”


ခိုအုပ်စုနှင့် အစာကျွေး နေသော သား၏ အသံက ဆူဆူညံညံ ၊ သားစိတ်အာရုံတို့ ခိုများ ထံသို့ လုံးလုံးကြီး ကျ ရောက်သွားချိန်မှာတော့ ခုံ ပေါ်ကို သား လုံးခြေတင် ထားခဲ့သော စာလေးကို အသာ ယူဖတ်မိသည် ။ လူငယ်များ၏ သဘာဝအရ နန့်အိမ်စည်၏ သဘာဝအလှကို တင်စားရေးဖွဲ့ကာ ချစ်ကြောင်း ကြိုက်ကြောင်း ရေးထားသော စာလေး ၊ နန့်အိမ်စည် ကို ကြည့်ရတာ ပုလဲလုံးလေးကို မြင်ရသလိုပဲ ဆိုပါလား ။ ထိုစာသားလေးကိုတော့ သူ သဘော တော်တော်ကျသွား သည် ။ ဟုတ်သား ၊ ကျွန်မတို့ နန့်ကလေးမှာ ပုလဲလုံးလေး တစ်လုံးလို ဖြူဖြူလုံးလုံးလေး ။ ဘာမှကို ပြင်ထား ဆင်ထားတာ မရှိပါဘဲနှင့် သဘာဝအတိုင်း ကြည့် ကောင်းနေသည့် ပုလဲလုံးလေး ။ မဖြစ်သေးပါဘူး ။ သူလို အဘွားကြီးကတောင် ဒီစာကို သဘောကျနေသေးလျှင် နန့်လို ဆယ်ကျော်သက်လေး အကြိုက်တွေ့သွားမှဖြင့် အခက် ။ စာလေးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်ရင်း အမှိုက် ပုံးထဲ လုံးခြေ ထည့်လိုက်မိတော့သည် ။ တွေ့သွားမှဖြင့် သား ပြောသလို ကွိုင်နေလျှင် အခက် မဟုတ်လား ။ 


••••• ••••• •••••


၃ ။


သူနှင့် နန့်အိမ်စည်တို့ သားကို ဒေါင်းတောက်အောင် ရှာနေမိသည်မှာ တစ်နာရီလောက်ရှိပြီ ။ တွေ့မည့်တွေ့ တော့ ကိုယ့်ရပ်ကွက်ထဲ မဟုတ်ဘဲ တစ်ဖက် ရပ်ကွက်မှာ သွားတွေ့လေသည် ။ ရှေ့မှာ လူတွေ ရုံးစု ရုံးစုနှင့် ဆိုကာ သွားပြေးကြည့်တော့မှ အဖြစ်မှန် သိရသည် ။ ပေတူးညစ်ပတ် နံစော်နေသည့် အမူးသမားတစ်ယောက်ကို သားက မရွံမရှာ ကုန်းပိုးပြီး အိမ်ပြန် လိုက်ပို့ပေးသတဲ့ ။ ရပ်ကွက်ထဲမှ လူများမှ ထိုအဖြစ်ကို ကြည့်ကာ အမူးကို အရူးက လိုက်ပို့ပေးနေသည် ဆိုပြီး ရယ်မောသဘောကျနေခြင်းတဲ့လေ ။ ရှက်တာလား ၊ ဝမ်းနည်းတာလား သူ မခွဲခြားတတ်တော့ပြီ ။ ရင်ဘတ် တစ်ခုလုံး ဆို့နင့်နာကျင်နေတာသာ သိပြီး ရယ်မော နေကြသည့် လူအုပ်စုကို မျက်စိထဲမှာလည်း ငရဲသားများလို ကြောက်စရာ မုန်းစရာ မြင်နေမိတော့၏ ။ ဖြစ်နိုင်လျှင် ရယ်မော သဘောကျနေကြသည့် သူတို့ ပါးစပ်များထဲ တစ်ခုခုနှင့် ထိုးသိပ် ဆို့ပိတ်ပစ်လိုက်ချင်ခဲ့တာ ။ သို့သော် သူ မလုပ်နိုင်ခဲ့ပါ ။ မျက်ရည်သာ တွေတွေကျရင်း ၊ ထိုမျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်ရင်း သားကို အိမ်ပြန်မယ် ဆိုတာချည်း တွင်တွင်ပြောလျက် အတင်း ဆွဲခေါ်လာဖြစ်သည် ။


သားကတော့ သူကြုံတွေ့ရသည့် အဖြစ်ကို အမေ သိစေချင်သောငှာ “ ရက်စက်လိုက်တာ အမေရာ ၊ ဘယ်သူမှ အရက်မူးသမားကြီးကို မထူကြဘူးဗျာ ၊ တကယ် ရက်စက်တယ်ဗျာ ” ဟုသာ ထပ်ချည်းတလဲလဲ ပြောရင်း သူနှင့် နန့် ဆွဲခေါ်ရာ နောက် စောင်းငန်းငန်း ပါလာလေသည် ။ သို့သော် သူရော နန့် ထံမှ တုံ့ပြန်စကားသံ မကြားချိန်မှာတော့ သားက တစ်ခုခု မှားနေပြီ ဆိုတာကို ရိပ်မိပုံရလေသည် ။ “ ဘာဖြစ်နေကြတာလဲဟင် ” တဲ့လေ ။ သူ ဝမ်းနည်းလိုက်သည်မှာ ပြောစရာပင် မရှိတော့ ။ တကယ်ဆို သား အဖြစ်အတွက် သား ကွယ်ရာမှာ သူ မျက်ရည်ကြိမ်ဖန်များစွာ ကျဖြစ်သော်လည်း သူ့ထက် ခင်ပွန်းဖြစ်သူ ပိုစိတ်ထိခိုက်မှာစိုးကာ ကံပေါ့ကွယ် ဟု အထပ်ထပ် အကျော့ကျော့ ရေရွတ်ရင်း မာန်တင်း နေခဲ့ဖူးသည် ။ သူ့မျက်ရည်ကြောင့်တော့ဖြင့် ခင်ပွန်းဖြစ် သူရော ကာယကံရှင် သားပါ ပို ခွေယိုင်လဲစေမယ့် အဖြစ်မျိုး ဘယ်တော့မှ မဖြစ်စေရဟု အမြဲတမ်း သတိ အနေအထား နေခဲ့ဖူးသည် ။ သို့သော် ဒီတစ်ကြိမ်တော့ ဝမ်းနည်းလိုက်သည်မှာ ပြောစရာ မရှိ ။ ဘာကို ဘယ်လို ဝမ်းနည်းမှန်း မသိတော့ဘဲ အိမ်ထဲ ဝင်သည်နှင့် ကုလားထိုင်ပေါ် ပုံ့ခနဲ ထိုင်ချလျက် ကျူကျူပါအောင် ငိုချလိုက်မိတော့သည် ။ သူ ငိုချလိုက်သံကြီးမှာ လူသေသလို ငိုချလိုက်သည်မို့ ခင်ပွန်း ဖြစ်သူလည်း အိပ်ခန်းထဲက အလန့်တကြား ထွက်လာကာ ပြူးကြောင် ငေးကြည့်နေသည် ။ သားမှာ လည်း ခြေမကိုင်မိ လက်မကိုင်မိ ဘေးနားမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်လျက် ။ နန့် ကတော့ သူ့စိတ်ကို ထွင်းဖောက်သိနေသည့်အလား သူ့ အနား လာထိုင်ကာ ပခုံးစွန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို သူမဘက် တိမ်းစေပြီး အမေ တစ်ယောက်က သမီးတစ်ယောက်ကို ထွေးပွေ့နှစ်သိမ့်သည့်အလား ဖက်ထားခဲ့လေသည် ။ သူ ငိုလို့ ဝ , ကာ အသံတိတ်သွားချိန်မှ နန့် က သား ကို စေ့စေ့ကြည့်ကာ “ အစ်ကို နောင် ... နောက်ဆို အန်တီမေ့ကို မပြောဘဲနဲ့ ဘယ်ကိုမှ အကြာကြီး မသွားရဘူး ။ တစ်ခုခု လုပ်မယ်ဆို အန်တီမေ့ကို ပြောပြပြီးမှ လုပ်ရမယ်နော် ။ အန်တီ ဘယ်လောက် စိတ်ပူရသလဲ ဆိုတာ တွေ့ပြီ မဟုတ်လား ” တဲ့လေ ။ သား နှုတ်မှ “ အေး အေး ” ဆိုသော အသံကြီးက ကမန်းကတမ်း ထွက်လာကာ သူ့အနား ပြေးကပ်လာရင်း အသားချင်း လာထိထားတော့သည် ။ အခုတော့လည်း ခုနက ပူလောင် ဆူပွက်ခဲ့သော စိတ်အစဉ်တို့ သူ့ထံမှ ကင်းစင်လွင့်ပျောက်ကာ နဂိုနေအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ ။ ဒါဟာ သူ့ရင်က ဖြစ်တည်ခဲ့သော သူ့သား ၊ သူ့ သွေးတစ်စက်နဲ့ လူဖြစ်ခဲ့သော သားအတွက် ကောင်းခြင်း ဆိုးခြင်း မှန်သမျှကို အားလုံး မျှဝေခံစားနိုင်ရပေမပေါ့ ။


အေး အေး ဟု ပြောခဲ့သော သားက ကတိတော့ မတည်ခဲ့ပါ ။ သူ လစ်ရင် လစ်သလို ၊ နန့် လစ်ရင် လစ်သလို အပြင်ကို လှစ်ခနဲ လှစ်ခနဲ ထွက် ထွက်သွားတတ်သည် ။ သိပ်ဝေးဝေးကြီးတော့ မဟုတ် ။ သူ လှမ်းကြည့်လျှင် မြင်နိုင်သည့်နေရာမှာ ရှိတတ်သည် ။ တစ်ခါတလေ ခြံနီးချင်းအိမ်က ခွေးလေးများ အပြင်ထွက် ကျောင်းလာတာနှင့် ဆုံလျှင် သားနှင့် ခွေးလေးများ လိုက် တမ်းပြေးတမ်း ကစားနေတာ မျိုး သူ မြင်နေရသည် ။ တစ်ခါတလေများမှာတော့ တစ်ခြံကျော်က စကားပြောဖော် လိုနေသော အဘိုးဘို တစ်ဦး လမ်းလျှောက်ထွက် လာချိန်နှင့် ဆုံလျှင် သားနှင့် ဘာတွေ ပြောနေသည် မသိ ၊ ရယ်လားမောလား လုပ်ကာ တော်တော် ကြာနေတတ်ပြန် သည် ။ သို့သော် ထိုအဘိုးအို က ဘာသာခြားမို့ သူတို့ဘာ သာနှင့် မကိုက်ညီသော အပြောအဆို စကားလုံးများ မှားယွင်း ပါသွားမှာ စိုးရိမ်ကာ အိမ်ကနေ သူ လှမ်းကြည့်ပူရသေး၏ ။ ခင်ပွန်းသည်ကတော့ “ မင်းနှယ် အပူကြီးလိုက်တာ ၊ သူတို့မှာ တခြား ပြောစရာတွေ အများကြီး နေမှာပါ ” တဲ့လေ ။ ဟုတ်မှာ ၊ သူ အစိုးရိမ် လွန်တာပဲ ဖြစ်မည်ထင်ပါရဲ့ ။


တကယ်တမ်း သူ စိုးရိမ်သည်များ ဖြစ်မလာဘဲ မစိုးရိမ်တာတွေ ဖြစ်လာခဲ့သည်ကိုတော့ လိပ်ပြာလွင့် မတတ် ရင်ဆိုင်ကြုံတွေ့ခဲ့ရတော့သည် ။ တစ်နေ့ ဈေးမှ ပြန်ချိန် သားကို ရပ်ကွက်တွင်း လူငယ်တစ်စုနှင့် တွဲဖက် တွေ့မြင်လိုက်ရသည် ။ ထိုလူငယ်များသည် သားကို ခြံပြင်မှ နည်းမျိုးစုံနှင့် စ , တတ်သည့် ကလေးသာသာ လူငယ်များ မဟုတ် ၊ ထို့ထက် ပိုပြီး ကြီးကောင် ဝင်နေကြပြီ ဖြစ်သည့် လူငယ်ဆိုးငယ်လေးများပုံစံမို့ နည်းနည်းတော့ စိတ်ထဲ ထူးဆန်း ထိတ်လန့်သွားမိသည် ။ ထိုလူငယ်များ လက်ထဲ ဆေးလိပ်ကိုယ်စီ ကိုင်ထားသည့် အတွက်လည်း သူ ပိုစိုးရိမ်မိသည်မှာ လွန်အံ့မထင် ။ သားကို အသံခပ်ဆတ်ဆတ်နှင့် ခေါ်လိုက်ပြီး ခြင်းတောင်းကို ပေးကိုင်ကာ ထိုအုပ်စုနှင့် လူစုခွဲခဲ့သော်ငြား စိတ်ထဲက မကျေလည် ။ အထူးသဖြင့် သားမျက်နှာတွင် မြင်တွေ့နေရသည့် ရှက်ကိုးရှက်ကန်းလို လို ၊ ပြုံးစိစိဟန်ပန်လိုလို အမူ အရာကို သူ မနှစ်ခြိုက် ။ ထို အမူအရာမျိုးကို သားထံပါး သူ တစ်ခါမျှ မမြင်ဖူးခဲ့တာ သေချာသည် ။ အပူများနှင့် ယောက်ယက်ခတ် နေရင်းက အိမ်ပြန် ရောက်ရောက်ချင်းပင် သားကို စစ်လား ဆေးလား လုပ်မိတော့သည် ။


“ သားငယ် ... ဟို ကောင်လေးတွေနဲ့ မင်း ဘာတွေ ပြောနေကြတာလဲ ”


“ အမ် ဘာလဲ ဘာမှ မပြောဘူး ”


“ ဟဲ့ မေမေ မြင်နေတယ်လေ ... မင်း သူတို့နဲ့ အရင်က ပြောလားဆိုလား လုပ်တာ မမြင်ဖူးပါဘူး ၊ ခု ဘယ်လို သိသွားတာလဲ ”


သားမျက်နှာမှာ နီစွေးစွေး ဖြစ်လာကာ သူ့ကို မျက်လုံးချင်းမဆုံ ၊ ထိုအမူအရာသည် သူ့ကို ပို စိတ်ပူ ထိတ်လန့်စေသည်မို့ သူ့အသံ ခပ်စာစာနှင့်ပင် သားမငြင်း နိုင်အောင် မေးခွန်းများ တရစပ် ထုတ်ဖြစ်တော့သည် ။ နောက်ဆုံးမှာတော့ သားက မငြင်းနိုင်တော့သလို “ ပုံတွေ ပြတာ ၊ ယောက်ျားနဲ့ မိန်းမပုံတွေဗျာ ရှက်စရာကြီး ကွိုင် ပဲ ” ဟု အပြစ်လုပ်ထားမိသူလို မလုံမလဲ အသံနှင့် ဝန်ခံခဲ့တော့သည် ။ ထိုအချိန်မှာပဲ ဘယ်ချိန် ဘယ်ရှုထောင့်က ဒီ စကားကို နားထောင်နေမှန်း မသိသည့် ခင်ပွန်းဖြစ်သူ ထွက်လာကာ “ သားရေ အဖေ့ကို ဆေးလိမ်းပေးပါဦး ” ဟု ဆိုပြီး သူ့ကို အဓိပ္ပာယ်ပါသည့် မျက်လုံးများဖြင့် ကြည့်လျက် သူနှင့် သားကို လူစုခွဲသွားတော့သည် ။


သူ့မှာတော့ ထိုနေရာမှာပင် တစ်ကိုယ်လုံး မီးဟုန်းဟုန်း ထအောင် ပူလောင်လျက် ကျန်ခဲ့တော့သည် ။ သူ့ စိတ်ထဲ ပက်ပက်စက်စက် ကျိန်ဆဲရေရွတ်နေမိသည်ကတော့ ခုနက သားနှင့် စကားပြောနေသည့် အမည်မသိ လူငယ်များကိုသာ ။ ရက်စက်ယုတ်မာလိုက်ကြတာ ဟုသာ သူ့စိတ်ထဲ မြည်တမ်းရေရွတ် နေရုံမှ အပ ဘာကို ဘယ်လို ဖြေရှင်းရမည်လဲ မသိ ။ ဒီပုံ အတိုင်းဆို သားကို သံကွန်ချာ ခုနစ်ထပ် အုပ်ထားတောင် လုံပါတော့မည်လား ။ ပုံမှန် စိတ်နဲ့ ကြီးပြင်းခွင့် မရသည့် လူသားတစ်ဦးကို ဘာလို့များ မစာနာသည့် အပြင် ဝါးကူ ထိုးချပစ်ချင်နေကြပါလိမ့် ။


ထိုနေ့က သူ့အခန်းထဲမှ အခန်း ပြင်လည်း မထွက်ဖြစ်ခဲ့တော့ပါ ။ တစ်နေကုန်လည်း ဘာမှ မစားဖြစ် ။ စားချင်စိတ်လည်း မရှိ ။ ဘယ်သူ့ မျက်နှာမှလည်း မမြင်ချင် ။ သမီးကြီးထံမှ ဖုန်းလာချိန်မှာတော့ သူ အားကိုးတကြီး ရင်ဖွင့်ဖြစ်သည် ။ ဖုန်းထဲမှာ ငိုလည်းငို ၊ ပြောလည်းပြော တိုင်လည်းတိုင် နေသော သူ့ကို သမီးကြီးက စိတ်ရှည်လက်ရှည် နားထောင်ပေးကာ အဆုံးမှာ သူ ဘယ်လိုမှ မတွေးထင်ထားသည့် စကား တစ်ခွန်းကို မေးခဲ့လေသည် ။ “ နန့်အိမ်စည်က စာမေးပွဲ ဘယ်တော့ လဲ ” တဲ့လေ ။ တကယ်ဆို သူ ဒီမေးခွန်း အတွက် အတော့်ကို စိတ်တိုသွားခဲ့သည် ။ သူပြောနေသည်က သားအကြောင်း ၊ သမီးကြီး မေးလိုက်သည်က ဘာမီ မဆိုင်သည့် မေးခွန်း တစ်ခု ၊ မဖြေချင် ဖြေချင်ဖြင့်ပင် “ ဒီလ နောက်ဆုံးပတ် ၊ လကုန်ရင် သူတို့ စာမေးပွဲတွေ ပြီးပြီ ” ဟု ခပ်ဆောင့်ဆောင့် အဖြေပေးမိ၏ ။ သူနှင့် သမီးကြီး အကြားမှာ အသံက ခေတ္တ ပြတ်တောက်သွားသည်မို့ ဖုန်းလိုင်းပြတ်သွားသည် ထင်ကာ “ ဟယ်လို ဟယ်လို ” ဟု သူ လုပ်လိုက်မိသေးသည် ။


“ ဟယ်လို သမီး ကြားပါတယ် မေမေ ။ အခု သမီး ပြောမယ့် စကားကို မေမေ သေသေချာချာ နားထောင်ပါ ။ နန့်အိမ်စည်လေးကို မေမေတို့ သမီးတစ်ယောက်လို ချစ်တယ်ဆိုရင် ဒီစာမေးပွဲ ပြီးတာနဲ့ သူ့ကို ပြန်လွှတ်လိုက်ပါတော့ ။ အိမ်မှာ ကူဖော်လောင်ဖက် တစ်ယောက်ယောက် မဖြစ်မနေ လိုတယ်ဆိုတာ သမီးသိတယ် ။ သမီး နီလာ့ကို အကျိုးအကြောင်း ပြောပြပြီး အသက်ကြီးကြီး အဒေါ်ကြီး တစ်ယောက် ရှာခိုင်းလိုက်မယ် ။ မေမေ ကျေးဇူးပြုပြီး သမီးပြောသလို ဖြစ်အောင် လုပ်ပါနော် ။ မောင်လေး အခုလို စိတ်အခြေအနေ ဖြစ်သွားတာကို သမီးတို့ အားလုံး ကံတရားလို့ လွှဲချ ဖြေသိမ့်လို့ ရတယ် ။ ဒါပေမဲ့ ကံတရားလို့ လွှဲမချ ကောင်းတဲ့ အရာတွေ အတွက်တော့ အမှားအယွင်း မဖြစ်ခင် ကြိုတင်ပြင်ဆင်တတ်ရမယ် မေမေ ။ တချို့ စကားတွေက ပါးစပ်က ဖွင့်မပြောရက်ဘူး ၊ မေမေ နားလည်ပေးပါ ။ ဒါဆိုရင် သမီးတို့အားလုံး စိတ်ချမ်းသာရလိမ့်မယ် ။ သမီး မတ်လလောက်ဆို ပြန်လာမယ် ။ အပြီး ပြန်လာမှာ ။ မေမေ တစ်ယောက်တည်းဆို ပြီး အားမငယ်နဲ့နော် ။ မောင်လေးကို ကုဖို့ ဆရာဝန်ကြီးတွေနဲ့လည်း ထပ်အဆက် အသွယ် ရထားတယ် ။ အားလုံး အဆင်ပြေသွားမှာပါ မေမေ ဒါပဲနော် ”


ဖုန်းကို အရင် ချသွားသူသည် သမီးလား သူလား မသိ မသိ ။ ဘာမှ မသိတော့ ။ တစ်နေ့လုံး ပိတ်ထားမိသည့် အခန်းတံခါးကို သူ စိုးရိမ်တကြီး ဖွင့်ကာ သားကို ရှာမိသည် ။ ဧည့်ခန်းမှာ ကပ်ကြေးတစ်ချောင်း ကိုင်ကာ သားကို ဆံပင် တိပေးနေသော နန့်အိမ်စည် နှင့် ရယ်မော သဘောကျနေသော သား ၊ နံဘေးတွင်တော့ ဟိုဘက် နည်းနည်း ဒီဘက်နည်းနည်း ဟု ညွှန်ကြားနေသည့် ခင်ပွန်းသည် ။ အို ... ရယ်နေလိုက်သည့် သူ့ရဲ့ သားလေး ... ဘယ်သူက သားကို စိတ်အခြေအနေ မမှန်သူလို့ ထင် မှာတဲ့လဲကွယ် ။


••••• ••••• •••••


၄ ။


နန့်အိမ်စည်လေးက သူတို့ လင်မယားကို ကန်တော့ရင်း မျက်ရည် ပေါက်ခနဲ ကျလေသည် ။ ခင်ပွန်းဖြစ်သူက ဆုပေးတော့ အသံက ခပ်တုန်တုန် ။ သူကတော့ ရှေ့တွင် ထိုင်ကာ ပြားပြားဝပ်ဝပ် ဦးချ နေသည့် သမီးလို ချစ်မိသော ပုလဲလုံးလေးကို ကြည့်ရင်း မျက်ရည်တွေ ဝေ့လာကာ ဘာမှတောင် မမြင်တော့ ။ သား ကတော့ ငှက်ပျောသီး တစ်လုံးကို ပလုတ်ပလောင်း စားလျက် မီးဖိုဆောင်မှ ထွက်လာကာ အနား ဝင်ထိုင်ရင်း “ ညီမလေး ငါ့ကိုလည်း ကန်တော့လေဟာ ” ဟု ဆိုလေသည် ။ နန့်အိမ်စည်က သား ကျေနပ်အောင် သားကို ပုဆစ်တုပ် ကန်တော့လေတော့ သားမျက်နှာ ရဲသွားကာ ဟိုကုတ် ဒီကုတ် ။ သူ ဟန်လုပ် ပြုံးကာ “ သား ဆုပေးလိုက်ဦးလေ ညီမလေးကို ” သတိပေး ဖြစ်သည် ။


စားလက်စ ငှက်ပျောသီးကို ဆက်မစားဘဲ သား ခေတ္တ တွေငေးသွားသည် ။ ဘယ်လို ဆုပေးရင် ကောင်းမလဲ စဉ်းစားနေပုံပင် ။ နန့်အိမ်စည်လေး ကလည်း သား ဘာဆုပေးမလဲ သိချင်ဟန်ဖြင့် ပြုံးပြုံးလေး ကြည့်နေလေသည် ။ သိပ်မကြာလိုက်ပါ ။ သားက လက်ဖျောက် တစ်ချက် တီးလိုက်ကာ ဆု တောင်းတစ်ခု ပေးလေသည် ။ ပေးသော ဆုမှာ ပီပီသသ ကြည်ကြည်မြမြ ရှိလှပါဘိ ။


“ ညီမလေး ငါ့လို ဆရာဝန်ကြီး ဖြစ်ပါစေ ” 


သူ့နေရပ်ကို အပြီး ပြန်တော့မည့် ညီမငယ်လေးက အင့်ခနဲ ရှိုက်ငိုချလိုက်ချိန်မှာတော့ သားက စိတ်မကောင်း ဖြစ်ဟန်ဖြင့် ကွိုင်ပဲဟု ခပ်တိုးတိုး ရွတ်ကာ မချော့တတ်ဟန်ဖြင့် ငေးငေးကြီး ကြည့်နေလေတော့သည် ။  ။


 ⎕  မီမိုး

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း     

     မတ် ၊ ၂၀၁၅

Tuesday, October 7, 2025

တေ့လွဲ


 

❝ တေ့လွဲ ❞
    ( မီမိုး )

မနန်း အိမ်အလုပ်များကို ခပ်သွက်သွက် လုပ်နေမိသည် ။ အိပ်ရာခင်းအသစ် လဲပေးနေရင်းမှ စိတ်ထဲမှာ ဘာတွေ လုပ်စရာရှိသေးလဲ ဆက်တိုက်ဆိုသလို တွေးနေ မိပြန်၏ ။ ဒီအခန်း သန့်ရှင်းရေး ပြီးလျှင် အဝတ်များ စက်ထဲ ထည့်လျှော်ပြီးလျှင် ဟင်းချိုအိုးလေး တစ်အိုး တည် ၊ ဒါဆို ဒီအိမ်အလုပ် လက်စသတ်ပြီ ။ ပြီးရင်တော့ ရေမိုးချိုး ၊ အဝတ်အစား လဲပြီး ဟိုဘက်အိမ်ကူးကာ လုပ်ကိုင်ပေးစရာရှိတာတွေ လုပ်ခွင့်ရပေပြီ ။ စိတ်ကူးထဲ မှာပင် မနန်း ပျော်မြူးကာ တေးကလေးတောင် ကျူလိုက် ချင်မိသည် ။ သို့သော် ဒါက စိတ်ကူးသာ ။ မနန်း ဘဝ တစ်လျှောက်လုံးမှာ ကိုယ့်ရင်ထဲကစိတ်ကူး သူတစ်ပါး မြင်သာအောင် ဘယ်တုန်းကမှ မနေစဖူး ။ ကြည့်လိုက်တိုင်း ခံစားမှုကင်းသော မျက်နှာသေတစ်ခုနှင့် လုပ်စရာ ရှိသော အလုပ်များကို လုပ်နေသော မနန်း ကိုသာ အားလုံးက မြင်တွေ့ကြားသိကြမှာ ဖြစ်သည် ။ “ မနန်းရေ နင်ဟိုဘက်အိမ်ကူးရင် အဖေ့အတွက် သရက်သီးယူ သွားလိုက်ဦး ၊ မနေ့က စားချင်တယ် ဖုန်းဆက်နေလို့ ” အခန်းဝမှ မမကြီး လှမ်းအသံပြုနေသည်ကို မနန်းက “ ဟုတ်ကဲ့ ” ဟု တုံ့ပြန်ရင်း ကြားသိကြောင်း ခေါင်းပါညွတ် ပြလိုက်မိသည် ။ ဒီလို လေးစားသမှု အပြုအမူမျိုးကိုတော့ မနန်း စိတ်ရောလူပါ အသားကျနေပြီ ဖြစ်သည် ။ မနန်း ဘဝမှာ ကိုယ်နှင့် ပတ်သက်သမျှ ကျေးဇူးရှင်အားလုံးကို ရိုသေညွတ်နူးစွာ ဆက်ဆံပြုမူတတ်မြဲပါ ။ အထူးသဖြင့် မမကြီး တို့လို စိတ်ထားကောင်းသော ကိုယ့်အပေါ် ကျေးဇူးကြီးမားသော သူမျိုးကိုဆို မနန်း ဘာ လုပ်ပေးရ လုပ်ပေးရ ၊ ကြည်ဖြူစွာလုပ်ပေးမြဲ ။ တစ်ဦးမေတ္တာ တစ်ဦး မှာ ဆိုသလို မမကြီး ကလည်း မနန်း အပေါ် တကယ့် ညီမ သားချင်းလို နေရာပေး ဆက်ဆံတတ်လေသည် ။

မနန်း အိမ်အလုပ်အားလုံးကို ပြောစရာ မလိုအောင် သေဝပ်ကျနစွာ လုပ်ပြီး သကာလမှာ ရေမိုးချိုး ၊ သနပ်ခါး ရေကျဲလေးပွတ်ပြီးချိန်မှာတော့ ကိုယ်ပိုင်သေတ္တာလေးထဲ က ထုတ်ဝတ်မိတာ ရှပ်အင်္ကျီ အညိုကွက်လေးသာ ဖြစ်၏ ။ ဒီအင်္ကျီလေးက အစ်ကိုဦး ပေးသော အင်္ကျီလေးဖြစ်သည် ။ ဝယ်လာပြီး တစ်ခါဝတ်ကာ ရေလျှော်ရုံနှင့် ကျုံ့ သွားသည် ဆိုပြီး ဆက်မဝတ်တော့ဘဲ မနန်းကို ပေးခဲ့ခြင်းဖြစ်သည် ။ သူပေးချင်အောင်လည်း ထိုနေ့က မနန်း သူ့အပေါ် လုပ်ဆောင်ပေးတာလေးတွေ ရှိခဲ့သည့်ကိုး ။ အစ်ကိုဦး ခိုင်းသည့်အတိုင်း သူ့ကဗျာများကို ဖိုတိုစတက် ဆိုင်တွင် သွားကူး ၊ ပြီးတော့ အမှားအယွင်း မရှိစေရအောင် သေချာစစ်ဆေးပြီးမှ မူရင်းကို စာတိုက်က နေ တစ်ဆင့် သူရေးပေးသော မဂ္ဂဇင်း လိပ်စာအတိုင်း ပို့ပေး ၊ ပြီးတော့ မိတ္တူများကို သူ့ထံ ပြန်ယူလာပေး ဆိုတော့ သူက ကျေးဇူးတွေ တပြန်တလဲ တင်ကာ ထိုအင်္ကျီလေး ထုတ်ပေးခဲ့ခြင်းပင် ။ တကယ်ဆို ကျုံ့သွားတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား မသိ ။ မနန်းကို ပေးချင်သောကြောင့်သာ စကားဆင်ပြောတာလည်း ဖြစ်နိုင်ပေသည် ။ မမကြီးနှင့် အစ်ကိုဦး တို့မှာ မောင်နှမတွေ ဟု မပြောရ ။ စိတ်ထားနူးညံ့ ကောင်းမွန်သည့် အပိုင်းမှာ တူချက်ကတော့ တအားပင် ။ မမကြီးကတော့ သူ့မောင် အစ်ကိုဦး ကို “ ညည်းတို့ အစ်ကိုက နဂိုထဲက စိတ်ကောင်းက ရှိရတဲ့အထဲ လူပျိုကြီးကလည်း ဖြစ် ၊ ကဗျာဆရာ ကလည်း ဖြစ် ၊ ဒီကြားထဲ ဘာသာရေး ကလည်း လုပ်သေးတာ ဆိုတော့ စံပယ်ပွင့်ကျ ပေါင်ကျိုး ” ဟု ခပ်ဟားဟား ပြောတတ်လေသည် ။ ဘာပဲဖြစ်ဖြစ် မနန်း ကတော့ စံပယ်ပွင့်လေး ကျရင်တောင် ပေါင်ကျိုးသွားမည် ဆိုလောက်အောင် နူးညံ့သော ဒီအစ်ကိုကို တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး သဘောကျ နှစ်ခြိုက်ကာ အပိုင်လိုချင် နေမိတော့တာပင် ။

အစ်ကိုဦးတို့ တိုက်ခန်းဘက်ကို ကူးလာချိန် အဝင် အထွက်တံခါးက စေ့ထားသည်မို့ တွန်းဖွင့်ဝင်ခဲ့မိသည် ။ ဒီအချိန် မနန်း အလုပ်တွေ လာလာ လုပ်ပေးတတ်တာကို သိနေလို့လည်း အဆင်သင့် ဝင်လို့ရအောင် ဖွင့်ပေးထားခြင်းပင် ။ အခန်းထဲ ဝင်လိုက်သည်နှင့် ဇာအဖြူလေး ကာထားသော ဘုရားခန်းမှာ အစ်ကိုဦး တစ်ယောက် တည်ငြိမ်စွာ တရားထိုင်နေသည်ကို မနန်း မြင်တွေ့လိုက်ရသည်မို့ နဂိုထဲက တိုးဖွဖွခြေလှမ်းကို ပိုလို့ပင် ဂရုစိုက် လှမ်းမိ၏ ။ မနန်း စာတွေ အများကြီး မတတ်သော်ငြား ပါရမီဖြည့်ဖက် ဆိုသည့် စကားကိုတော့ ကောင်းကောင်း နားယဉ်ကာ သဘောကျသည်ကိုး ။ မနန်း အစ်ကိုဦး အတွက် ပါရမီဖြည့်ဖက်ကောင်း ဖြစ်ချင်နေမိတော့သည် ။ သရက်သီးထုပ်ကို ဧည့်ခန်းစားပွဲပေါ် တင်ရင်း ဘဘကြီး အခန်းကို အခြေအနေ သွားကြည့်လိုက်မိသည် ။ ဘဘကြီးက နားပါးသည် ။ ကျွီခနဲ အသံကို ကြားလိုက် သည်နှင့် ခုတင်ထက်မှ လှည့်ကြည့်ကာ လက်ယပ်ခေါ် လေသည် ။

“ နောက်ကျလှချည်လား ”

“ ဟုတ်ကဲ့ ဘဘကြီး ဘဘကြီးမြေးက ကျောင်းသွားကာနီး နည်းနည်း ကျီကျနေလို့ ။ သရက်သီး ပါတယ်နော် ။ ကျွန်မ အခုခွဲလိုက်ရတော့မလား ” 

“ ဟေ့အေး ... မစားသေးဘူး ။ ခွဲပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက် ၊ ပေါက်ပေါက်က မနေ့က ကိုယ်နည်းနည်း ပူသေးဆို ... ဘာလို့ ကျောင်းလွှတ်ရတာလဲ ”

“ ကောင်းသွားပါပြီ... ကျောပူခေါင်းပူ ဖြစ်တဲ့ သဘောပါ ”

ဘဘကြီးက လိုချင်သည့်အဖြေ ရသွားတော့ ခေါင်းညိတ်ပြရင်း သွားတော့ ဆိုသည့်ပုံနှင့် လက်ဟန်ပြသည် ။ မနန်းသွားလို့ ဘယ်ဖြစ်ဦးမလဲ ။ မမကြီး ကိုယ်တိုင် သူ့အဖေအတွက် သွေးပေးလိုက်တဲ့ သနပ်ခါးရေကျဲ စစ်စစ်လေးတွေကို ဘူးနဲ့ ထည့်ပေးလိုက်သေးတာရော့ ။ ရာသီဥတုကလည်း ပူ ၊ အဲယားကွန်းကလည်း အချိန်ပြည့် ခံဖို့ ကျန်းမာရေးက ခွင့်မပြု ဆိုတော့ ဘဘကြီး မှာ မိတ်ဖုလေးတွေ တစ်ကိုယ်လုံး ရှိနေတတ်သည် ။ မနန်း က မိတ်ကပ်ဘူးထဲ ထည့်ထားသည့် သနပ်ခါး ရေကျဲများ ထုတ်ပြလိုက်ရုံဖြင့် ဘဘကြီး က သဘောပေါက်သည် ။ သူ့အင်္ကျီလက်ရှည်ကို လက်မောင်းရင်း ရောက်အောင် ပင့်တင်ပေးလေသည် ။ မနန်း စိတ်ရှည်လက်ရှည် လိမ်းပေးရင်းမှ မိတ်ဖုများဆက်ကာ အရေပြားတွေ ကြမ်းတမ်းခက်တရော်နေသော ဘဘကြီး အသားအရေကို ကြည့် ရင်း ဘဘကြီးတောင် တော်တော် အိုရှာပြီဟု တွေးကာ စိတ်မကောင်းဖြစ်မိ၏ ။ ဟုတ်သည် ။ ဘဘကြီး ဒီနှစ်အတွင်း ကျန်းမာရေး ချူချာသည် ။ ဒါကို သားဖြစ်သူရော သမီးဖြစ်သူပါ သတိထားမိကာ ဝိုင်းဂရုစိုက်နေကြရ၏ ။ ကျန်းမာရေး မကောင်းသောကြောင့်ပဲလားမသိ ၊ လူကလည်း တော်တန်ရုံ စိတ်မရှည်ချင် ။ တစ်လောက ဆိုလျှင် မနန်း ကို နီးရာ ရေသန့်ဘူးနှင့် ကောက်ပေါက်
ခံလိုက်ရသေး၏ ။ ရေက ဘူးအပြည့် မဟုတ်သောကြောင့်သာ သိပ်အထိမနာခဲ့တာ ။ စိတ်ပြေတော့လည်း သူပဲ မနန်း ကို မုန့်ဖိုးပေးကာ ပြန်ချော့လေသည် ။ မနန်း အတွက်ကတော့ဖြင့် စိတ်ဆိုးဖို့ နေနေသာသာ ဘကြီး သူ့အတွက်နှင့် စိတ်တိုရတာတောင် ပြန်အားနာနေခဲ့သေးသည် ။ ဟော အစ်ကိုဦး တရားထိုင်အပြီး အမျှအတန်း ဝေနေပြီ ။ အစ်ကိုဦး ဒီလို အမျှဝေပြီဆို ကွယ်လွန်သွားပြီ ဖြစ်သော မေမေကြီး နာမည်က ထိပ်ဆုံးက ။ ဘဘကြီး ခပ်တိုးတိုးလိုက် သာဓုခေါ်ရင်း သွားတော့ဟု ကြားရုံသာ ပြောလေသည် ။ မနန်း ကလည်း သွားချင်နေပြီမို့ ခပ်သွက်သွက်ပင် ထလာလိုက်တော့သည် ။ ဧည့်ခန်းမှာ အစ်ကိုဦး တစ်ယောက် စာအုပ်ပုံကြား ခေါင်းစိုက်နေ သည်ကို တွေ့လိုက်ရသည် ။

“ အစ်ကိုဦး .. မနန်း ဘာလုပ်ပေးရမလဲ ” 

“ ဟေ့အေး .. နင့်ဟာနင် လုပ်စရာရှိတာသာလုပ် ၊ ဪ ... နေဦး ငါ နင့်ကို ပြစရာရှိတယ် ။ ဒီမှာ ကြည့်စမ်း ။ နင် ဟိုလက စာတိုက်ကနေ သွားထည့်ပေးတဲ့ ငါ့ကဗျာ ဒီမှာ ပါလာပြီ ” 

အစ်ကိုဦးမျက်နှာက နဂိုစိတ်ရင်း ကောင်းလို့ပဲလား ၊ တရားထိုင်ပြီးစမို့လား ၊ ဒါမှမဟုတ် သူ့ကဗျာ မဂ္ဂဇင်းထဲ မှာ ပါလာလို့ပဲလား မသိ ။ မျက်နှာက ဝင်းကြည်နေလေ သည် ။ မနန်း မှာ သူ ပြသော ကဗျာကို ယောင်ကန်းကန်း ဖြင့် လှမ်းယူဖတ်ကြည့်မိချိန် မျက်လုံးက ဆုံးအောင် ဖတ် ဖြစ်လိုက်သော်လည်း အဓိပ္ပာယ်ကိုကား ရေရေရာရာ မသိပေ ။ “ ကောင်းလား ” ဟူသော အစ်ကိုဦး၏ အမေးကို အကြား ‘ ဟုတ် ’ ဟု အားနာပါးနာဖြေလိုက်တော့ အစ်ကိုဦး သဘောတကျ ရယ်လေသည် ။ အဓိပ္ပာယ်မသိဘဲနှင့် အားနာပါးနာ ဖြေလိုက်တာကို သိနေသည့်ပမာ ခံစားလိုက်ရသည် ။ ဘာဆက်ပြောဦးမလဲ ခဏရပ်စောင့်နေမိ သော်လည်း ဘာမှ ဆက်မလာတော့တာမို့ မနန်း အလိုက် တသိဖြင့် အနားမှ ခွာကာ လုပ်စရာရှိတာများ လုပ်နေမိ တော့သည် ။ တော်နေကြာ ဘဘကြီးက ထမင်းစားတော့ မှာလေ ။ မစားခင် ရေချိုးဖို့ ရေနွေးလေးလည်း အပြည့် တည်ထားပေးဦးမှ ။ ရေချိုးပြီး လဲဖို့ရာ အဝတ်အစားလေးကလည်း အသင့် ထုတ်ထားပေးဦးမှ ။ မနန်း တစ်ယောက် လုပ်စရာရှိသော အလုပ်များကို ဇယ်ဆက်သလို လုပ်ပေးနေရင်း အလုပ်ထဲမှာ အာရုံ ဝင်စားနေမိသမျှ ဧည့်ခန်းထဲ ဖုန်းလာသံကြားမှသာ အစ်ကိုဦး ထံ အာရုံပြန်ရောက်တော့သည် ။ ထာဝစဉ် နူးညံ့ညင်သာသော အစ်ကိုဦး တစ်ယောက်ကတော့ ဖုန်းပြောနေလည်း ခပ်တိုးတိုးသာ ။ မသိစိတ်က မနန်း အလိုလို သိနေသည်မှာ ထိုဖုန်းသည် အစ်ကိုဦး၏ ငယ်ချစ်ဦး အမျိုးသမီးထံမှ ဖုန်းဖြစ်မည် ဆိုတာပင် ။ တကယ်ဆို မုဆိုးမ ဖြစ်နေပြီဖြစ်သော ထိုအမျိုးသမီးမှာ ဘာကြောင့်များ အစ်ကိုဦး ထံကို ဆက်သွယ်နေပါလိမ့် ။ လုပ်ပိုင်ခွင့်သာ ရှိကြေးဆို မနန်း မှာ အစ်ကိုဦး ထံမှ ဖုန်းခွက်ကို လုယူကာ “ ရှင် နောက်ကို ဘယ်တော့မှ မဆက်သွယ်ပါနဲ့တော့ ” ဟုသာ ပြောပစ်လိုက်ချင်တော့သည် ။ စိတ်ကူးပြင်ပမှာတော့ ဆေးနေသော ပန်းကန်ဆေးလက်စစ်ဖတ်ကိုသာ နာနာဆုပ်ခြေနေမိတော့၏ ။ ဒီအကြောင်းကို မမကြီးလည်း သိလေသည် ။ မမကြီး ကိုယ်တိုင်ကိုက ထိုအမျိုးသမီးနှင့် သူ့မောင်နှင့်ကို အတိတ်ဇာတ်လမ်း ပြန်ဆက်စေချင်နေတာ အသိသာကြီးပင် ။ မမကြီး သဘောက အစ်ကိုဦး သာ မိန်းမယူမည်ဆို ဘဘကြီးလည်း အားကိုးရ ၊ အစ်ကိုဦး လည်း သူ့မိသားစုနှင့် သူ ပျော်ပျော်ရွှင်ရွှင်ဟု သတ်မှတ်ပုံပင် ။ မသတ်မှတ်တာက မနန်း တစ်ယောက်ပဲ ရှိလေမည် ထင်ပါရဲ့ ။

တကယ်ဆို မနန်း အစ်ကိုဦး အပေါ်မှာ တွယ်တွယ်တာတာကြီး ဖြစ်သွားတာ လွန်အံ့မဆိုစေချင်ပါ ။ အရွယ်လေး ရောက်ကတည်းက ဒီအိမ်ကို ရောက်လာ ၊ ဒီအိမ်က ကျေးဇူးတွေစားသုံး ၊ ဒီအိမ်အပေါ်ကိုယ်က ကျေးဇူးတွေ ပြန်သိနှင့် သံယောဇဉ် အလုံးအထွေးတစ်ခု ဖြစ်တည်လာတဲ့ အချိန်မှာ မနန်း ဘေးမှာ စိတ်ကူးယဉ်ချင်စရာ ၊ အထင်ကြီးအားကျစရာကား အစ်ကိုဦး တစ်ဦးသာ ပြိုင်ဘက်ကင်း ရှိလေတော့သည် ။ မတူမတန်ဟုတော့ မနန်း နည်းနည်းမှ မတွေးမိပေ ။ မနန်း ရုပ်မချောသော်လည်း အသားဖြူပါသည် ။ အသားဖြူသောသူများဟာ ဘာဝတ်ဝတ် ကြည့်ကောင်းသည်ဆိုပဲ ။ ဟုတ်သည်ဟု မနန်း အကြွင်းမဲ့ ယုံ၏ ။ မနန်း များ နည်းနည်းပြပြုပြင်ပြင် ဝတ်လိုက်လျှင် နှာခေါင်းပြားတာလည်း ပျောက်၏ ။ မျက်ခုံးမွေး မရှိတာလည်း ပျောက်၏ ။ မျက်နှာလေး နည်းနည်းပြဲနေတာလည်း ပျောက်၏ ။ ကိုယ်လုံးကိုယ် ပေါက်ကတော့ ထည့်ပြောစရာ မလို ။ မနန်း က မွေး ကတည်းက တောက်လျှောက် ဝလုံး ။ အပျိုဖြစ်တော့လည်း ကိုယ်လုံးက တစ်ဆက်တည်း ။ တော်သေးတာက အရပ်ကလေး ရှိနေလို့သာ တော်တော့သည် ။ ဘာပဲဖြစ်ဖြစ် လူတစ်ဦးနှင့် တစ်ဦး ရေစက်ပါလာကြလျှင် ရုပ်ရည်တွေ ၊ စည်းစိမ်ဥစ္စာတွေ ၊ ပညာအရည်အချင်းတွေ ၊ အဆင့်အတန်းတွေ ဘာမှ အရေးမကြီးဟု ယုံမိသည် ။ စိတ်ထဲ တစ်ထစ်ချ ယုံနေတာကလည်း အစ်ကိုဦး ဒီချိန်ထိ လူပျိုကြီး ဖြစ်နေခြင်းမှာ မနန်း နှင့် ဖူးစာဆုံဖို့များ ကံကြမ္မာက တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်ပေးနေသလား ရယ်လို့ ။

အမယ်လေး .. အပြင်ဘက်က လှမ်းပစ်လိုက်သော သတင်းစာက နောက်စေ့ကို လာမှန်သည်မို့ လန့်ဖျပ်သွားသည် ။ သတင်းစာသမားက သတင်းစာကို ပစ်ပြီးတိုင်း တိုက်အောက်က ခေါင်းလောင်းကို အချက်ပြအဖြစ် လှမ်းဆွဲနေကျမို့ ဒီအသံကြားလျှင် ဘဘကြီး ခမျာ အသက် ကြီးလာပြီဆိုသော်ငြား ဒီအိမ်မှာ သြဇာအာဏာ ရှိသေးသူမို့ မျက်နှာမညို စိတ်မတိုစေချင်ပါလေ ။ မနန်း သတင်းစာ ကိုင်ကာ ဘဘကြီး အခန်းထဲဝင်လာချိန် ဘဘကြီး တစ်ယောက် ခုတင်ပေါ်မှာထိုင်ကာ အယ်လ်ဘမ်ကြည့် နေချိန်နှင့် တိုးလေသည် ။ မနန်း မှာ ဖြစ်နိုင်လျှင် အချိန်မီသေးလျှင် လှည့်ပြေးချင်ပါ၏ ။ သို့သော် အချိန်ကား မမီတော့ ။ ဘဘကြီးက အငိုမျက်ဝန်းဖြင့် လှမ်းကြည့်နေသည် ။ ဘဘဘကြီး တစ်ယောက် မေမေကြီး ကွယ်လွန်သွားမှု အပေါ် ဖြေဆည်ရာ ရှာမရသည့်အဖြစ်ကို မမကြီး လည်း မကယ်နိုင် ၊ အစ်ကိုဦးလည်း တရားချ မရ ။ သူ့ အချစ်တော် မြေးဖြစ်သူလည်း မကုစားနိုင် ။ အခု စားစားသွားသွား နေနေထိုင်ထိုင် လုပ်နေရင်းနှင့်ကို အကြောင်း တိုက်ဆိုင်မှုတစ်ခု တလေတွေ့သည်နှင့် မင်းတို့အမေကလေ ဟုဆိုကာ ဟည်းချင်တတ်မြဲဖြစ်သည် ။ ကြာလာတော့လည်း ပတ်ဝန်းကျင်က လူများမှာ ဘဘကြီး အကောင်းကနေ ဘယ်အချိန် မင်းတို့ အမေကလေ ... ထလုပ်လေမလဲ ကျီးလန့်စာစား ဖြစ်နေရတော့သည် ။

“ နေ နေ ငါသွားလိုက်မယ် ၊ နင်လုပ်စရာရှိတာလုပ် ” 

နောက်မှ ရောက်လာသော အစ်ကိုဦး က မနန်း အခက်အခဲကို ကူလိုက်ကာမှပဲ အစ်ကိုဦး လက်ထဲ သတင်းစာလေး အမြန်လက်လွှဲပေးခဲ့ကာ မနန်း အသက်ရှူချောင်တော့သည် ။ ဒီနေ့အဖို့တော့ မနန်း အတွက် ရာသီဥတု ကိုယ့်ဘက်မှာ မရှိဟု ပြောရမည့်နေ့ပင် ။ အစ်ကိုဦး က ဘဘကြီး နားမှာ နောက်ကြောင်းပြန် လွမ်းမောဖွယ် ဇာတ်လမ်းများကို အနည်းဆုံး နှစ်နာရီလောက် ကျေနပ်အောင် နှစ်သိမ့်ပေးရတော့မှာလေ ။ ဒါဆိုလျှင် အစ်ကိုဦး နှင့် မနန်း အတွက် တစ်ခွန်းစ နှစ်ခွန်းစသော အာလာပသလ္လာပ စကားလေးများ ပြောခွင့်ရမှာ မဟုတ်တော့ ။ ခါတိုင်းဆိုလျှင်တော့ အစ်ကိုဦး က မနန်း အလုပ် လုပ်နေရာကို ဖြတ်သွားဖြတ်လာပြုရင်း သူ့ တူမအကြောင်း ၊ သူ့အစ်မ အကြောင်း သိချင်တာ ပြောချင်တာ ရှိလျှင် ပြောတတ်မြဲ ။ တစ်ခါတလေတော့လည်း မနန်း ကို ဘာသာရေးနဲ့ ပတ်သက်တာလေးတွေ မေးတတ်ပြီး မနန်းက မသိဘူးဆိုရင် စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ အချိန်မျိုးတွေလည်း ရှိရဲ့ ။ ဒီလိုအချိန်တွေဆို ရင်ဖြင့် အဝီစိချိုးကပ်မယ် ပြောလျှင်လည်း မနန်း ခံရမည်ပင် ။ အစ်ကိုဦး ပြောသော စကားများက ဒီဘက်နားမှ ဝင်ကာ ဟိုဘက်နားက ထွက်သွားပြီး ဘယ်တုန်းကမှ ရှည်ရှည်ကြာကြာ စိုက်မကြည့်ရဲခဲ့ဖူးသော အစ်ကိုဦး မျက်နှာကို တမေ့တမြော ကြည့်ခွင့်ရတတ်လေသည် ။ ဒီနေ့ အဖို့ကတော့ အခွင့်အရေး မသာမည့် အတူတူ လုပ်စရာ ရှိတာ လုပ်ကာ ဟိုဘက်အိမ် ပြန်ကူးဖို့ပဲ ရှိတော့သည် ပေါ့ ။ တော်နေကြာ ပေါက်ပေါက် ကျောင်းက ပြန်ရောက်လာတော့မှာလေ ။

••••• ••••• •••••

( ၂ )

မနန်း ထိုးလက်စ သိုးမွေးဆွယ်တာကို သဲကြီးမဲကြီး ထိုးနေမိသည် ။ လည်ပင်းအနားသတ်လေး ထိုးပြီးလျှင် အင်္ကျီက ပြီးပြီ ။ အစ်ကိုဦး မွေးနေ့က ဇန်နဝါရီလလေး ရက် လွတ်လပ်ရေးနေ့ ဆိုတော့ မှတ်ရလွယ်သည် ။ ပြီး တော့ အစ်ကိုဦး က ဆောင်းတွင်းဆို မနက်တိုင်း လမ်းလျှောက်တတ်တာ သူ့အကျင့် ။ ဒီအင်္ကျီလေး ဝတ်ပြီး အစ်ကိုဦး လမ်းလျှောက်ထွက်တာ မြင်ချင်သည်မို့ မွေးနေ့လက်ဆောင်အဖြစ် ပေးရန် အသည်းအသန် ကြိုးစား နေမိခြင်းဖြစ်သည် ။ မနက်ပိုင်းလည်း ပေါ်ပေါ်ထင်ထင် မထိုးရဲ ။ အတွင်းစိတ်က မလုံတော့ မမကြီး တစ်ခုခု မေးလာလျှင် အိုးတိုးအမ်းတမ်း ဖြေမိမှာစိုးကာ ညဘက် ကိုယ့်အခန်းထဲကျမှသာ တိတ်တိတ်ကလေး ထိုးဖြစ်နေသည် ။ မမကြီးတို့က ညဘက်ဆို မနန်း အခန်းကို အဝင် အထွက် မရှိတတ် ။ ပေါက်ပေါက်လေး ကတော့ ကလေး ပေမို့ သူ မအိပ်ချင်သေးလျှင် အခန်းကူးကာ လာဆော့ နေတတ်သည် ။ ပေါက်ပေါက် က နေမကောင်းလျှင် ကျီ ကျတတ်ကာ နေကောင်းလျှင်တော့ သူ့ဟာသူ အေးအေး ဆေးဆေး နေတတ်သူမို့ ပြဿနာ မရှိလှပေ ။ ခုနလေးတင် အခန်းထဲကို ပေါက်ပေါက် ရောက်လာသေး ။ မနန်း လက်ထဲက ထိုးလက်စ သိုးမွေးထည်ကို ကြည့်ကာ လှလိုက်တာ မှတ်ချက်ပေးရုံက လွဲပြီး ဘာမှ ထူးထူးခြားခြား မမေးပေ ။ သူ မမေးမှ မနန်း က ပြောချင်သလိုဖြစ်လာကာ “ ပေါက်ပေါက် ဦးလေးက အရောင်ရင့်ရင့်တွေ ကြိုက်တယ်နော် ” ဟု စကားဆက် ဆိုဖြစ်ခဲ့သေး၏ ။ စကားက လိုရင်းကို မရောက်ဘဲ “ အရောင်ရင့်ရင့်ဆိုတာ အရောင် တွေ အိုနေတာလား ” ဟု ဘိုကျောင်းတက်လေးက တလွဲတွေ မေးနေသေးသည်မို့ စကားလမ်းကြောင်းက လွဲသွားလေတော့သည် ။ တစ်ခါတလေတော့လည်း သူ့အမေ ဟန်းဖုန်းကို မနန်း အခန်းထဲ ယူလာပြီး သူ့ဦးလေးနှင့် ဖုန်းကို ကျကျနန ပြောတတ်ပြန်သည် ။ ဒီလိုအချိန်မျိုး ဆိုလျှင်တော့ မနန်း မှာ ဆယ်ကျော်သက်လေးလို ရင်ခုန်သံတွေ တငြိမ့်ငြိမ့်နှင့် သာယာကြည်နူးလို့နေမိ၏ ။ ဘာဆိုင်လို့လဲ မေးလျှင်တော့ ဘာမှ မဆိုင်ဟု ဆိုပေမဲ့ ဒီခံစားမှုက သူ့အလိုလို ဖြစ်နေသည်ကို မနန်း ဘာတတ် နိုင်မှာတဲ့လဲ ။ ကလေးက ဖုန်းပြောလိုက် သူ မသိတာ ရှိလျှင် မနန်းကို လှည့်မေးလိုက်လုပ်တာကိုပဲ ကိုယ်က အစ်ကိုဦး နှင့် တိုက်ရိုက်ဖုန်းပြောနေရသလို သာယာ ကြည်နူး တစ်တီတူး ဖြစ်နေသည်မှာ ရှက်ဖွယ်ဟု ဆိုသော်လည်း မနန်း ကတော့ ကြိုက်သည် ။ ထိုခံစားမှုကို တကယ့်ကို ကြိုက်လှချည့် ။ မနန်းသည် တွေးရင်းနှင့်ပင် မျက်နှာက ပြုံးမြမြဖြစ်လာသည် ။ သို့သော် သတိထားမိမိချင်းပင် မျက်နှာပိုးကို ချက်ချင်းပြန်သတ်မိ၏ ။ ထိုမျက်နှာပေးမျိုးကို အပြင်မှာ အထူးသဖြင့် ဒီမိသားစုဝင်တွေရှေ့မှာ အကျင့်ပါသွားမှာ မနန်း တကယ် စိုးရိမ်လေသည် ။ ရှင်းရှင်းပြောရလျှင် ဒီမျက်နှာပေးမျိုးဟာ ယောက်ျား တစ်ယောက်မှာ ဖြစ်ဖြစ် ၊ မိန်းမ တစ်ယောက်မှာ ဖြစ်ဖြစ် မျက်နှာရူး ဟု ခံစားမိသည် ။ ကုန်ကုန် ပြောရလျှင် ရုပ်ရှင်တွေထဲမှာ အင်မတန်ချော အင်မတန်လှသော မင်းသား ၊ မင်းသမီးများပင် အချစ်ကြောင့် ဖြစ်ကြသော ဒီလိုပြုံးစိစိ မျက်နှာပေးမျိုးကို မနန်း စိတ်ထဲ မျက်နှာရူး ဟုပဲ မြင်မိသည် ။ မနန်း စိတ်ထဲ တစ်ယောက်ယောက်က ကိုယ့်ကို အဲလို ထင်မြင်သွားမှာ အလွန်စိုးနေမိ၏ ။ မနန်း ကို မိသားစုဝင်အားလုံးက မျက်နှာသေဟု သတ်မှတ်ကြတာကို မနန်း ခံနိုင်သည် ။ မျက်နှာသေ ဆိုတာ ကိုယ့်ခံစားမှုကို မျိုသိပ်နိုင်တာဟာ ကောင်းတာပေါ့ဟု ကျိတ် သဘောကျရင်း အမြဲတမ်း မျက်နှာသေ လာလိုက်သည် မှာ ကြာလှရောပေါ့ ။ ဒီမျက်နှာသေကို အစ်ကိုဦး အား ပိုင်ဆိုင်ခွင့်ရမှပဲ ခွာချဖို့ မနန်း တိတ်တိတ်ကလေး ဆုံး ဖြတ်ထားမိသည် ။ ထိုအချိန် ဆိုလျှင်တော့ သာယာကျေနပ်စရာကောင်းသော မိသားစုဘဝတစ်ခု ကို မနန်း ပိုင်ဆိုင် ခွင့်ရပြီမို့ မနန်း မျက်နှာမှာ အပြုံးတွေ တဝေဝေဖြစ်နေမှာ သေချာပါသည်လေ ။

“ မနန်းရေ ... ပေါက်ပေါက် ဒယ်ဒီရဲ့အိတ်က ဘယ်မှာထားတာ .. ဟဲ့ .. လှ လှချည်လား ၊ ဘယ်သူ့ အတွက်လဲ ”

“ ရှင် ဟို ဟို ... လက်ဆောင်ပေးဖို့ မမကြီး ” 

“ လက်ဆောင် ... ဘယ်သူ့အတွက်လဲ ” 

“ အစ်ကိုဦး အတွက်ပါ ”

မနန်း မှာ ခြောက်သွေ့ကွဲအက်စွာ ဖြေလိုက်မိရင်း စိတ်ထဲက အကြိမ်ကြိမ်လည်း သေချင်နေမိတော့သည် ။ တံခါးချက် မချမိသော ကိုယ့်ကိုယ်ကိုယ်လည်း အပြစ် တင်လို့ မဆုံးတော့ ။ ခါတိုင်း ဘယ်တုန်းကမှ မလာဖူး သော မမကြီး တစ်ယောက် အခန်းထဲထိ ပေါက်ချလာတာကိုလည်း အံ့သြနေမိပြန်သည် ။ မနန်း ကသာ မလုံတဲ့ အိုး တုတ်နဲ့ထိုးသလို ဖြစ်ကာ ချောက်ချာရှက်ရွံ့ နေမိသော်လည်း မမကြီး ကတော့ ထူးထူးထွေထွေ ဘာမှ တွေးမိပုံမပေါ်ပါ ။ မနန်း လက်ထဲက သိုးမွေးထည်ကိုသာ ကိုင် ယူကြည့်ရင်း သူ မေးချင်သော ခရီးဆောင်အိတ် ဘယ်မှာ ထားသလဲကိစ္စ ကိုသာ ဆက်မေးနေ၏ ။ မနန်း မှာ မမကြီး အခန်းထဲက မြန်မြန်ထွက်သွားဖို့သာ လိုလားကာ ခရီးဆောင် အိတ်ထားသော စတိုးခန်းဆီကို ခပ်သွက်သွက် ဦးဆောင်ထွက်မိသည် ။ မမကြီး ကတော့ နောက်က လိုက်လာကာ သူ့ အမျိုးသား ဘယ်အရာမဆို အနီးကပ်မှ လုပ်ကိုင်တတ်သော အကျင့်များကို မကြိုက်ကြောင်း ပြောဆိုရေရွတ်ရင်း ပါလာလေတော့သည် ။ မနန်း မှာတော့ မမကြီး ကို စကားလေးတောင်မှ မထောက် နိုင်ဘဲ စိတ်နှင့် လူ လွတ်ကာ အယောင်ယောင်အမှားမှား ဖြစ်လို့သာ နေလေတော့သည် ။

••••• ••••• •••••

( ၃ )

ခုတစ်လော မမကြီး နှင့် အစ်ကိုဦး တို့ အလွတ် တွတ်ထိုးနေကြသည်ကို မနန်း မြင်တွေ့ နေရတာ စိတ်ထဲ ဘာများလဲ သိချင်စိတ်တွေဖြစ်နေမိသည် ။ ဟိုနေရာ တိုးတိုးတိုးတိုး ၊ ဒီနေရာ တိုးတိုးတိုးနှင့် သူတို့ ပြောဆို နေကြသည်များကို သူများတွေ မသိစေချင်သည့်ပုံ ၊ အစ်ကိုဦး မျက်နှာက မှန်းရခက်သော်လည်း မမကြီး မျက်နှာက သိပ်မကောင်းလှတာတော့ မနန်း မှန်းတတ်လေသည် ။ တကယ်ဆို ကိုယ်နှင့် အနေသာကြီးဖြစ်သော်လည်း တစ်ချက်တစ်ချက် အစ်ကိုဦး လှမ်းကြည့်သော မျက်ဝန်းများကို မနန်း မြင်မြင်နေရချိန် မနန်း အတွက် နေမထိ ထိုင်မသာ ဖြစ်ရလေတော့သည် ။ နဂိုထဲက စကားနည်းသော မိသားစုမှာ စကားတွေက ပိုပို နည်းသွားလိုက်တာမှ မနန်း တင်မက ပေါက်ပေါက် ပါ အူကြောင်ကြောင် ဖြစ်နေရှာလေသည် ။ မနန်းမှာ အစ်ကိုဦး တို့ ဘက်ကူးလျှင် စကားအစ်အောက်ကြည့်မည် စိတ်ကူးသော်လည်း အစ်ကိုဦးက တကယ်ပင် အလုပ်ရှုပ်လေသလား ၊ အလုပ်ရှုပ်ချင်ယောင်ပဲ ဆောင်လေ သလားမသိ ။ မနန်း အိမ်ကူး အလုပ်လာလုပ်ပြီ ဆိုလျှင်ဖြင့် စာရေးစားပွဲက မထတော့ ။ စာမရေးလျှင်လည်း တရားထိုင်နေလိုက်သည်မှာ မထတော့ ။ မနန်းမှာ ဘဘကြီး နှင့်သာ မေးတစ်ခွန်း ပြောတစ်ခွန်းလုပ်နေရတော့သည် ။ တော်သေးသည်က ကိုယ်စိတ်နှင့်လူ မကပ် ဖြစ်ကာ လုပ်ပေးကိုင်ပေးတာတွေ တလွဲတချော်ဖြစ်နေသော်လည်း ဘဘကြီး က စိတ်ကောင်းဝင်ကာ ခွင့်လွှတ် ပေးနေလို့သာ တော်တော့သည် ။ မနန်း ကလည်း ကိုယ် သိချင်သောကိစ္စ ဘဘကြီး ကို မမေးသာတော့ မေးကြည့် မိသေးသည် ။ ခုတလော အစ်ကိုဦး နှင့် မမကြီး ဘာတွေ ဖြစ်နေကြသလဲရယ်လို့လေ ။ ဘဘကြီးက မျက်မှောင် ကြီး ကြုတ်ကာ “ ဟုတ်လား ... သူတို့က ဘာတွေလုပ်နေလို့ ညည်းက ဘာဖြစ်နေတယ်လို့ထင်တာလဲ ” ဟု ပြန်မေး နေသည်မို့ မနန်း မဖြေတတ်ပြန် ။ သူ မေးတာလည်း အဟုတ်ပဲလေ ။ သူတို့ မောင်နှမ တွတ်တွတ်တွတ်တွတ် လုပ်တာနှင့် ကိုယ်က တစ်ခုခု ဖြစ်နေတယ် ဘာကြောင့် ထင်မိပါသလဲ ။

မနန်းမှာ တစ်နေကုန် စိတ်တထင့်ထင်ဖြင့်ပင် နေ့တွေ ကုန်သွားသည်မှာ ဒီနေ့နှင့် ဆို သုံးလေးရက်တိုင်ခဲ့ပြီ ။ ထင့်နေပါသည် ဆိုသော ရင်အစုံကို မီးစနှင့် ကောက် ထိုးလိုက်သလို ဆွေ့ဆွေ့ ခုန်ဖြစ်သွားအောင် လုပ်လိုက် သူကတော့ ပေါက်ပေါက် ပဲ ဖြစ်လေတော့သည် ။ ပေါက်ပေါက် က အခန်းထဲကို ကစားစရာ စန္ဒရားလေး ပိုက်ကာ ဝင်လာကာ တဒေါင်ဒေါင် တီးရင်း “ နန်းနန်း နန်းနန်း နန်းနန်း က ဟိုဘက် အိမ်မှာ အိမ်ရှင်မ လုပ်ပြီး အပြီး သွားနေရတော့မှာဆို ” ဆိုသော စကားပြောလာခဲ့ချိန် မနန်း မှာ ကြားလိုက်ရခြင်းဖြင့် အလိုလေး တ ကာ လက်ထဲက စတီးသောက်ရေခွက် လွတ်ကျလျက် မြင် မကောင်းအောင် ရုပ်ပျက်ဆင်းပျက် မူပျက်သွားတော့၏ ။ ထိုစကား ကြားလိုက်ကတည်းက မနန်း မှာ အစားအသောက်များလည်းပျက် ၊ အလုပ်အကိုင်များလည်း ပျက်နှင့် မမကြီး သူမကို ပြောစရာတစ်ခုခု ရှိလေမလား မျှော်တလင့်လင့် ဝေဒနာ စတင်လေတော့သည် ။ ဟော အခုတော့ ယခုတော့ မနန်း မျှော်လင့်သောအချိန်ကို ရောက်ပေပြီ ။ မမကြီးက မနန်း အလုပ်လုပ်နေရာနားသို့ တိတ်တိတ်ကလေး ရောက်လာကာ “ မနန်း ... အလုပ်ပြီး ရင် ခဏစကားပြောရအောင် ” လို့ လာပြောလိုက်ကတည်းက အလုပ်ကို အမြန်လက်စသတ်မိတော့သည် ။ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ပြုပြင်ပြီး မမကြီး အနား ကျုံ့ကျုံ့ယုံ့ယုံလေး အနားကပ်ပြီး သကာလမှာတော့ မမကြီး က သက်ပြင်းတစ်ချက် ခပ်ယဲ့ယဲ့ချရင်း စကား ဆိုလာလေတော့သည် ။

“ ဒီစကားကိုပြောရမှာ မမကြီး သိပ်ခက်ခဲတာပဲ မနန်းရယ် .. မမကြီး ညည်းကို ဒီစကားပြောဖို့ တော်တော် အားယူရတယ် ” 

“ ဟုတ်ကဲ့ ”

မနန်း ဒီစကားတစ်ခွန်းပဲ ထောက်ဖြစ်ရင်း မမကြီး နှုတ်ဖျားက ထွက်လာမယ့် စကားသံတွေကို အငမ်းမရ နားထောင်နေဖြစ်သည် ။ သို့သော် စကားအပိုတွေ မဆို တတ်သော မမကြီး မှာ ယခုတော့ မလိုအပ်ဘဲ စကားအပိုတွေ ပြောလွန်းလှသည်ဟု မနန်း ထင်မိသည် ။ သူ ပြောသည့် စကားများထဲတွင် မနန်း ဒီအိမ်ကို စရောက်ခဲ့ စဉ်ကတည်းက ဒီနေ့အထိ တစ်ဦးနှင့် တစ်ဦး မေတ္တာထား ခဲ့ကြတာတွေ ၊ ကျေးဇူးတရားတွေ သိပြီးသားတွေ ကျော့ ကျော့နေတာ ဘာကြောင့်များပါလိမ့် ။ မမကြီးစကားတွေ ဝေနေသည်နှင့်ပင် မနန်းစိတ်တွေ လွတ်ကာ အာရုံများ က မမကြီး ၏ ထူထဲသော မျက်ခုံး ၊ ဖြောင့်စင်းသော နှာတံ ၊ အသားအရေ ဖြူဝါဝါ .. ဒါတွေကိုကြည့်ကာ ကျက်သရေ ရှိလှချည့်ဟု တွေးဖြစ်နေသည် ။ တစ်ဆက်တည်း ပြောင်ရှင်းနေအောင် တင်ထားသော ဆံပင်ကြောင့် နားနှစ်ဖက်ဆီမှ ထင်းထင်းကြီး ပေါ်နေသော စိန်နားကပ်ကြီးကလည်း အလှပေါ်အယဉ်ဆင့်လို့ ဂုဏ်တင့်သည်လေး ဖြစ်နေသည်ဟု မနန်း မြင်မိပြန်သည် ။ မမကြီး မှာ အဝတ်အစားအရောင်နှင့် လိုက်အောင် ဝတ်ဆင်နိုင်သည့် ရတနာပစ္စည်းတွေ များစွာရှိသည်ကို မနန်း အတွင်းသိ အစင်းသိဖြစ်လေ၏ ။ မမကြီး တို့မှာ အနေအထိုင် ရိုးသားကြောင့်သာ ရှိသလောက် မာန်မဝင့်ခြင်းဖြစ်တော့သည် ။ မနန်း လည်း တစ်ခါတလေများမှာတော့ ထိုလို နားကပ်မျိုး ဝတ်ချင်သလို ဖြစ်မိသည်တော့အမှန်ပင် ။

“ သိလား မနန်း ” 

“ ရှင် မမကြီး ”

“ မမကြီးပြောတာ နားလည်လားလို့ မေးနေတာလေ ။ တကယ်တမ်း ဒီကိစ္စ အကောင်အထည်ပေါ်သွား ရင်တော့ မမကြီး က မနန်း အပေါ်မှာ တကယ့်သွေးရင်း သားရင်းလို သတ်မှတ်ပေးမှာပါ ။ ပိုင်သမျှပစ္စည်းကအစ အကုန်လုံး အချိုးကျပဲ ”

မနန်း သည် ကြားလိုက်ရသော စကားအတွက် အသက်ရှူပင် ရပ်သွားသလား ခံစားလိုက်ရသည် ။ သူ စိတ်လွင့်နေသော အချိန်အတွင်း မမကြီး ဘာတွေများ ပြောသွားသေးလဲ ၊ ထိတ်ထိတ်ပျာပျာ တွေးမိကာ အရေးကောင်းကာမှ စိတ်လွင့်မိသော ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲချင်တော့၏ ။ မမကြီးရေ ... တစ်ဆိတ် ပြန်ပြောစမ်းပါ ။ မနန်း မကြားလိုက်လို့ပါ  ။

“ ဟင် မနန်း ... မနန်းဘက်က အဆင်ပြေမလား ။ မမကြီး ကတော့ ဒီကိစ္စမှာ ကြားနေပဲ ။ ကောင်းသည်လည်း မတိုက်တွန်းနိုင်သလို ဆိုးသည်လည်း မပြောချင်ဘူး ။ စိတ်တော့ကုန်တယ်ကွယ် ။ ကိုယ့်လူက ပါနေတာကိုး ။ ပတ်ဝန်းကျင်မှာ ပြောစရာတော့ ဖြစ်ကုန်မှာ အသေ အချာပဲ ”

မနန်း မှာ မိန်းမသားတို့၏ အတွင်းစိတ်စွမ်းအရ မမကြီး ပြောသော စကားများကို ရေလည်စ ပြုလာသည် ။ မနန်း မျက်နှာပြင်ကတော့ အချို တစ်ခြမ်း ၊ အချဉ် တစ်ခြမ်း နှင့် အီလည်လည်ကြီး ဖြစ်နေတော့မှာ အမှန် ။ စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းတစ်ဝိုက် ချွေးစေးများ ပြန်လာသည်မို့ လက်ခုံနှင့် ပွတ်သပ်လိုက်ရာ အေးစက်နေသော ကိုယ့်လက်ကြီး ကိုယ် ပြန်လန့်ရသည့် အဖြစ်မျိုး ကြုံရပြန်၏ ။ မနန်း တော့ ကံဇာတ်ဆရာ မျက်နှာသာပေးသောကြောင့် မိုးပေါ်က အပ်တစ်စင်းဖြစ်သည့် အစ်ကိုဦးကြီး နှင့် ဆုံစည်းခွင့် ရတော့မည် ထင်သည် ။ မမကြီး မှာ မနန်း လို မိန်းမမျိုးကို အဘယ်သို့ ယောက်မတော်ချင်ရှာပါ့မည်နည်း ။ တကယ်ဆို ကာယကံရှင်က တိုက်ရိုက်ပြောရမည့် ကိစ္စကို ခုတော့ မမကြီး မှာ အလိုမတူပါဘဲ နားဖောက် ပေးနေရှာသည် ။ အားနာစရာ ကောင်းလိုက်ပါဘိတော့ ။

“ မောင်ဦးက ပထမတော့ အဖေ့ကို စိတ်တိုတာပေါ့ဟယ် ။ ဒါပေမဲ့ သူက တရားသမားပဲ ချက်ချင်းဖြေနိုင်ပါတယ် ။ နင်သာ ဟိုဘက်အိမ် ရောက်လာပြီဆို သူလည်း အဖေ့ကို စိတ်ချသွားပြီတဲ့ ။ သူက ဘုန်းကြီးဝတ်တော့မှာတဲ့ ။ ကောင်းတော့ ကောင်းပါတယ် ။ မောင်ဦး အိမ်မှာ မရှိတော့ အဖေလည်း မျက်နှာပူရ သက်သာသွားတာပေါ့ ” 

စကားကုန်သွားသည့် ပမာ မျက်နှာပုံနွမ်းဖြင့် မမကြီး က မနန်း ကို မေးဆတ်လျက် အဖြေစောင့်နေလေသည် ။ မနန်း မှာတော့ မျက်လုံးကြီးပြူးကာ တဆတ်ဆတ်တုန် သော ကိုယ်ခန္ဓာနှင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လျက် တောင်ဆယ်လုံး တက်ရသလို အသက်ကို မောကြီးပန်းကြီး ရှူနေရသည် ။ ပါးစပ်က ဟစိဟစိဖြင့် တစ်ခုခု ပြောတော့မည်ပမာ ဟန်ရေးပြင်နေသော်လည်း စကားက တစ်ခွန်းမှ မထွက်နိုင်သေး ။ မမကြီး ကတော့ မနန်း စိတ်လှုပ်ရှားသွားပုံကို မသက်မသာ ကြည့်ရင်း စိတ် ပျက်လက်ပျက်ဖြင့် ခေါင်းတစ်ချက် ခါယမ်းလိုက်ရာ စိန်နားကပ်ကြီးမှာ ပြတင်းဝမှ ဝင်လာသော နေရောင်ထိလျက် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်မို့ မနန်း မျက် စိကို ယောင်ယမ်းမှိတ်မိလေတော့သည် ။ တစ်ခဏ အတွင်းမှာပင် “ အစ် အစ် အီး ” ဟူသော ကျိုက်ငိုသံကြီး မနန်း နှုတ်ဖျားမှ ထွက်ကျလာတော့၏ ။ မမကြီး မှာ ပြူးပြူးပျာပျာ ဖြစ်သွားကာ မနန်း ကို ဘာလို့ ငိုတာလဲ ဟူသော မေးခွန်းမေးတော့ မတတ်ပင် ။ သို့သော် စိတ်ထိန်း လိုက်ဟန်ဖြင့် သက်ပြင်းချကာ မမကြီး ဘာမှမမေးတော့ပြန် ။ မနန်းကတော့ တိုးသည်လည်း မဟုတ် ၊ ကျယ်သည်လည်း မပြောသာသော အသံဖြင့် “ အစ် အစ် အီး ” ဟူ၍ ကြိတ်မနိုင်ခဲမရ ငိုနေဆဲသာ ဖြစ်တော့သတည်း ။

▢  မီမိုး
📖 ရွှေအမြုတေ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၁၃

Thursday, April 24, 2025

စာပေရေးသားခြင်း အနုပညာ ( ဆရာမ မီမိုး )


 

❝ စာပေရေးသားခြင်း အနုပညာ ❞
        ( ဆရာမ မီမိုး )
 
၁ ။ စာ စရေးတော့မယ် ဆိုရင် အဲဒီ လူ ဟာ စာဖတ်ဝါသနာ ပါရဲ့လား ၊ စာဖတ် အား ကောင်းရဲ့လား ၊ စာဖတ် သန္ဓေ တည်သူ ဖြစ်ရဲ့ လား လို့ ပြန် ဆန်းစစ် ရမယ် ။

စာဖတ်ဝါသနာ မပါဘဲ စာဖတ်အား မကောင်းဘဲ ၊ စာဖတ်ခြင်း သန္ဓေ တည် သူ မဟုတ်ဘဲ စာ ရေးဖို့ မစဉ်းစားပါနဲ့ ။ အဲဒီ အချက်တွေ မရှိလို့ ရင်တော့ စာ ရေးလို့ မဖြစ်နိုင်ပါဘူး ။ ဖြစ်လာခဲ့ ရင် တောင် ကောက်ရိုးမီး လို ဟုန်းခနဲ ထ တောက်တဲ့ အခြေအနေ ပဲ ဖြစ်မှာပါ ။

ရေရှည် အတွက်တော့ မဖြစ်နိုင်ပါဘူး ။ စာ ဖတ်မှ သာ စာ ရေးလို့ ဖြစ်မှာပါ ။

၂ ။ စာ ရေးတော့မယ် ဆို ကိုယ့် လိုင်း ကို ရွေးချယ်ပါ ။ သုတလိုင်း လား ။ ရသလိုင်း လား ဆိုတာပါပဲ ။ လိုင်း မကြောင် ပါစေနဲ့ ။ သူများ ဘာသာရေး ရေးလို့ ငါ လည်း ဘာသာရေး ရေးမယ် ။ သူများ က ဂမ္ဘီရလိုင်း ရေးလို့ ငါလည်း ဂမ္ဘီရလိုင်း ရေးမယ် ။ သူများ က နိုင်ငံရေး ကို ရေးလို့ ငါ လည်း နိုင်ငံရေး ရေးမယ် ဆိုပြီး လိုက် ရေးတဲ့ သူများ က လိုင်းကြောင်တယ် လို့ ခေါ်ပါတယ် ။ အဲဒါမျိုး မဖြစ်ဖို့ လိုပါတယ် ။ တစ်ခါတစ်ရံ သုတသမား က ရသ ရေးလို့ ကောင်းချင် ကောင်း ပေ မယ့် အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး ။ ကိုယ် အားသန်လို့ ရွေးချယ် ထားတဲ့ လိုင်း ကို ရေးတာ ဟာ အကောင်းဆုံးပါ ။

၃ ။ စာ အံပြီ ( စာ စရေးပြီ ) ဆိုရင် သတ္တိ နဲ့ ဝီရိယ ရှိဖို့ လိုပါတယ် ။ ကိုယ် စာ ရေးပြီ ဆိုတာနဲ့ ပတ်ဝန်းကျင် က စောင့်ကြည့် နေပါပြီ ။ ကိုယ် ရေး နေတဲ့ စာ ဟာ ဝတ္ထု လား ဆောင်းပါး လား မသဲကွဲသေးဘူး ။ ဒီ စာမူ ပါလာမလား မပါလာဘူးလား မသဲကွဲသေးဘူး ။ ပါ လာရင်ကော ချမ်းသာ လာမှာလား ။ စာမူခ
ဘယ်လောက် ရမယ် မရဘူး ဆိုတာ တောင် မသဲကွဲသေးပါဘူး ။ ဒါဟာ ကလောင်သစ် တိုင်း ကြုံတွေ့ရတဲ့ အချက်တွေ ပါ ။ ဒါတွေ မတွေးပါနဲ့ ။ ကိုယ် ရေးစရာ ရှိတာ ဆက် ရေးပါ ။ ရေးချင်တယ် ရေးဖို့ အချိန်အခါ အခွင့်အရေး မ
ပေးဘူး ဆိုတာကို ကန့်ကွက်ပါတယ် ။ ဘယ်ချိန် ဖြစ်ဖြစ် စာ က ရေးလို့ ရပါတယ် ။

၄ ။ စာ တစ်ပုဒ် ရေး ပြီးရင် ငါ ကွ ၊ အောင်လံထူ စစ်သူကြီးပွဲ ဆိုပြီး လက်သီးလက်မောင်း မတန်းပါနဲ့ ။ ကိုယ် ရေးထားတဲ့ စာ ကို သေချာ ဆန်း စစ်ပါ ။ ကော်မာ အဖွင့်အပိတ် ကစ သေချာ ပြန် စစ်ပါ ။ အထူးသဖြင့် ဝတ္ထု ရေးတဲ့ အခါမျိုး စကားပြေ စကားပြော ရော နေလား ဆိုတာ သေချာ ပြန်စစ်ပါ ။ ဖတ်ကြည့်ချော ဖြစ်အောင် ရေးပါ ။ ဖတ်ကြည့် လို့ မှ ချော နေရင် စကားပြေ စကားပြော ရော နေတာ သိပ် စဉ်းစားဖို့ မလိုတော့ပါဘူး ။

၅ ။ ကိုယ် စာတစ်ပုဒ် ရေး ပြီးပြီ ဆိုရင် ကိုယ့် ဝန်းကျင် က လူတွေ ကို ဖတ်ခိုင်းပြီး မှတ်ချက် ယူပါ ။ အဲဒီ မှတ်ချက် ယူတဲ့ နေရာ မှာ ကိုယ့် ထက် စာသက် ဝါသက် ကြီးတဲ့ သူ ဆီ မှာ သာ မှတ်ချက် နည်းနာ ယူပါ ။ ကိုယ့် ထက် စာသက် ဝါသက် ငယ်သူ ဆီ က မှတ်ချက် ယူမိရင် မနှစ်မြို့စရာတွေ နဲ့ ပိုဆိုး သွားနိုင်ပါတယ် ။

၆ ။ ကိုယ် ရေးထားပြီးတဲ့ စာမူ ကို မဂ္ဂဇင်းတိုက်တွေ ထံ ပို့တော့မယ် ဆိုရင် စာပေလောက အကြောင်း ကို အတော်အသင့် သိရှိလေ့လာ ထားဖို့ လိုပါတယ် ။

ကိုယ် ပို့မဲ့ မဂ္ဂဇင်း ၊ စာစောင် ၊ သတင်းစာ ၊ ဂျာနယ် ၊ စာပေတိုက်များ ရဲ့ မူဝါဒ ကို တော့ သိထားသင့် ပါတယ် ။

စာပေတိုက် ရဲ့ အယ်ဒီတာတွေ က ကိုယ့် ရဲ့ စာမူ သုံး မသုံး ရွေးချယ်ပိုင်ခွင့် ရှိ သလို စာရေးသူ ကလည်း ကိုယ် ပို့ချင်တဲ့ စာပေတိုက် ကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ် ။ မဂ္ဂဇင်း တစ်ခု ကို ကိုင် ဖတ်လိုက်တာ နဲ့ ရွေးချယ်ထားတဲ့ စာမူ ၊ ဒီဇိုင်း ၊ လေးအောက် တွေ က အစ ကြည့်ပြီး အဲဒီ တိုက် ရဲ့ အယ်ဒီတာ အရည်အသွေး ကို သိနိုင်ပါတယ် ။ ဒါကိုလည်း ရွေးချယ်တတ် ဖို့ လိုပါတယ် ။

၇ ။ ကိုယ် ရွေးချယ်ထားတဲ့ ကလောင် နာမည် ။ ကလောင် နာမည် က အင်မတန် အရေးကြီး ပါတယ် ။ ဒီ ကလောင် ဟာ ကိုယ် တစ်သက်လုံး သုံးနှုံးရမဲ့ နာမည် ပါ ။ နာမည် လှလှပပ နဲ့ ရိုက်တဲ့ အခါ လည်း အမှားမလွယ် တဲ့ တစ်သက်တာ လည်း စိတ်ချရမဲ့ ကလောင် ကို ရွေးချယ်သင့်ပါတယ် ။

၈ ။ စာရေးသူ ဟာ အနုပညာ အား ကောင်းဖို့ လိုပါတယ် ။ စာရေးသူ ဟာ အနုပညာသည် ပါ ။ မှတ်သားဖူးတဲ့ အနုပညာ ဆိုတာ “ အနုပညာ ဆိုတာ ပတ်ဝန်းကျင် မှာ ကိုယ် ခံစားရတဲ့ အရာ တစ်ခု ခု ကို ကိုယ် ကျွမ်းကျင်တဲ့ ဘာသာရပ် အသုံးချပြီး ခံစားချင် တဲ့ သူ ဆီ ကို တင်ပြတာသည် အနုပညာ ” တဲ့  ။ စာမူ ပို့တဲ့အခါ အနုပညာ အား ကောင်း ရင် ကောင်း သလောက် ပေါက်ပါတယ် ။

၉ ။ ဆရာငြိမ်းကျော် ပြောခဲ့ဖူးတယ် ။

“ စည်းမျဉ်းဥပဒေသတွေ နဲ့ ထိန်းသိမ်း လို့ မရတဲ့ ကိုယ်ကျင့်တရား တွေ ကို
ဆင်ခြင်တုံတရား နဲ့ ထိန်းသိမ်း ရပါတယ် ။ အဲဒီ ဆင်ခြင်တုံတရား ကို ပြဌာန်းဖို့ ကျွန်တော် ရသ စာရေး ဆရာ တစ်ယောက် ဖြစ်လာတာပါ ” တဲ့ ။ အခု ဆိုရင် စာ ရေးဖို့ အကဲစမ်း နေတဲ့ သူတွေ လျှောက်လှမ်း နေတဲ့ သူတွေ အစပျိုး နေတဲ့ သူတွေ ဟာ အဆိပ်အတောက် မဖြစ် ဖို့ ကိုယ်ကျင့်တရား တွေ ကို ယိမ်းယိုင် ပြီး တိမ်းစောင်း သွားအောင် မလုပ်မိဖို့ ကြီးစွာသော တာဝန် ရှိပါတယ် ။ အနုပညာ အား ကောင်း ရင် ကောင်း သလောက် ပရိသတ် က ယူဆောင် သွားမှာပါ ။

⎕  ဆရာမ မီမိုး
📖 စာပေရေးသားခြင်း အနုပညာ

Friday, December 6, 2024

ရန်ဖြစ်နေသော ခြေလှမ်းများ

 ရန်ဖြစ်နေသော ခြေလှမ်းများ

         ( မီမိုး )


ဒေါ်ရီရီ နောက်ဆုံး ဆုတောင်း တစ်ခု အာရုံပြု ဆုတောင်း ပြီးချိန် မှာ တော့ လက်အုပ် ချီလျက်သား မြတ်စွာဘုရား သခင် အား မော့ကြည့်မိ၏ ။ ပြုံးတော်မူ နေသော ရုပ်ပွားတော် ကို ဖူးမြော်လိုက်ရချိန် မိမိ ၏ အတ္တများ အတွက် ရှက်မိသလို လို ၊ မဆုံးနိုင်သော ဆုတောင်းများ ၊ မိမိ အတွက်တောင် တစ်ခုမှ မပါနိုင်ဘဲ ဒင်းအတွက် ချည်းသာ ဆုတောင်းတို့သည် ထပ်လျက် ၊ ဟိုနေ့ ကလည်း ဘုန်းဘုန်း ကတောင် ပြုံးပြုံးကြီး လုပ်၍ “ ဒကာမကြီး သေချာရဲ့လား ” တဲ့ ၊ “ သေချာပါတယ်ဘုရား သေချာပါတယ် ” ဟု တွင်တွင် ပြန် လျှောက်ခဲ့မိပေမယ့် ဘုန်းဘုန်း မျက်နှာကို ရဲရဲ မကြည့်ရဲခဲ့ပါ ၊ ရင်ထဲ က မျှော်လင့်ချက်တွေ က တော့ဖြင့် ရာနှုန်းပြည့် နီးပါးပင် ။


“ ဒေါက်ဒေါက် ”


“ ဗုဒ္ဓေါ ၊ မြတ်စွာ ”


ပါးစပ် က ရောင်ရမ်းတရင်း တံခါးပေါက် ရှိရာသို့ လှမ်း လာသော ခြေလှမ်းတို့ ယိုင်ချင် နေပြီ ၊ ရင်တွေ တလှပ်လှပ် တုန်လျက်နဲ့ပင် ချောင်းကြည့် ပေါက်မှ တစ်ဆင့် ကြည့် လိုက်မိတော့ မျက်စိတွေ ပြာကာ မိုက်ခနဲ ၊ သပိတ်ကို ကြည့်ကာ ငုံ့နေသော ဦးပြည်းစိမ်း က ထောင်မတ် လာချိန်မှာတော့ မြင်ကွင်းက အရှင်းသား ဖြစ်သွား၍ ရင်ထဲမှာ အလုံးကြီးသည် လည်း ဂလု ဟု မြည်တော့ မတတ် အပူလုံး ကျသွားခဲ့ကာ ခပ်မြန်မြန် တံခါး ဖွင့်ပေးလျက် နေရာ ပေးမိ၏ ။


ဪ ... ဆွမ်းခံ ကြွသော ကိုယ်တော် ကို တောင်မှ မမှတ်မိ နိုင်အောင် စိတ်မျက်စိမှာ ဒင်းရုပ်သွင် က စွဲထင် နေပါပေါ့လား ။


၂ ။


အိမ် ထဲရှိ ပက်လက်ကု,လားထိုင် တွင် ထိုင်၍ ပုတီးစိပ် နေရသည်မှာ အညောင်း မိလှသည်မို့ ဝရန်တာ ထွက် လမ်းလျှောက် စိပ် လိုက်ခြင်းမှာ မဟာ အကုသိုလ် ဝင်ခြင်းပင် ။ အာရုံတွေ ထွေထွေပြားပြား နှင့် အိမ်ဘက် ကို စောင်းငန်းငန်း ကြည့် နေသော မည်းမည်းပိန်ပိန်ကောင်ထံမှာသာ မျက်လုံးတွေ က မခွာနိုင် ၊ နမောတေ ဂါထာတော် ကို စိပ်နေသော ပုတီးလုံးများ သည် အခုန်ခုန် ကျော်ကျော် လွဲမှားလို့ရယ် ။


အစော ကတည်းက မြင် နေသည် ။ ပထမ လက်ဖျောက် တီးလို့ နောက် တော့ ပါးစပ်က တကျွတ်ကျွတ် အသံပေး ခေါ်လို့ ၊ နောက်တစ်ကြိမ် အလျှောက် မှာတော့ ဝီးဟို ၊ ဝီးဟို နဲ့ လေချွန်သံ ပေးတော့ သေချာပေါက် သိလိုက်ပြီ ။ ဖိုးချို ၊ ဖိုးချို ဟူသော အမည် ကို လေချွန်သံ ပေးခေါ်သည့် အကုသိုလ်တုံး သိကြ ပေရော့ ကြံလျက် ဒေါ်ရီရီ ပုတီး လွတ်ကာ လက်အစုံ က ခါးပေါ် ထောက်ပြီးသား ဖြစ်သွား၏ ။ အိမ်ရှေ့ တည့်တည့် ရောက်နေပြီ ဖြစ်သော ငမည်းကြုတ် ကို “ ဘာလဲ ” ဟူသော အမေး သဘောဖြင့် အသံတိတ် မေးဆတ် ပြလိုက်တော့ ၊ သူခိုး လူမိ သွားသလို မျက်နှာနှ င့် “ ဖိုးချို ရှိလား ” ဟု မရဲတရဲ လှမ်း မေးတော့သည် ။ ထောင်းခနဲ ထသွားသော ဒေါသစိတ် နှင့် အတူ ပက်ပက်စက်စက် ပြောလိုက်မည် ကြံရွယ် လိုက်ချိန်မတော့ ဘေးခန်း မှ အရိပ်တစ်ရိပ် ကို မျက်လုံး ထောင့်က မြင်ဖြစ်အောင် မြင်လိုက်မိ၏ ၊ ဣန္ဒြေ ပြန်ဆည်ကာ မျက်နှာ ခပ်တင်းတင်းဖြင့် ခေါင်းခါ ပြလိုက် အပြီး အိမ်ထဲ ပြန်လှည့် ဝင်ခဲ့မိသည် ။ ငမည်းကြုတ် ကတော့ ဘယ်လို ပုံစံ နှင့် ကျန်ခဲ့မည် မသိ ။


သွားပြီ ။ တစ်နေ့လုံး ယူခဲ့သော ဥပုသ် ၊ ထိန်းခဲ့သော သီလ တို့မှာ တထိတ်ထိတ် ခုန် နေသော သွေးလည်ပတ်နှုန်း နဲ့ အညီ တရိပ်ရိပ် ပျက်စီးတော့ တာပင် ။ “ ဘာဖြစ်လို့လဲ အမေ ” ဟု မေးနေသော သားကြီး ကို “ ယမမင်းတွေ ဟိုကောင်ကို လာခေါ်နေလို့ သားရေ ” ဟု ပြော၍ မျက်စိ မှိတ်ရန် ပြင်နေချိန် “ ငါ့သား ရေ ... ဒါလေး ဖေ့ကို လုပ်ပေးစမ်းပါကွာ ” ဟု စာရွက်လေး ကိုကိုင်ကာ အခန်း ထဲ မှ ထွက်လာသော သူ့ကို မြင်တော့ မျက်လုံး က အလိုလို ပြန်ပွင့်သွား၏ ။ ပန်းနုရောင်ရှပ်အစင်း နှင့် မြူးကြွသွက်လက် နေသော သူ့ ရုပ်သွင်က ဘာ ပရိဒေဝ သောက မှ မရှိ ။ ဪ ... တစ်ဝမ်း ထဲမှ ဆင်းသက်လာသော သွေးချင်း အတူတူ ငါ့သား ၊ မင်းသား ဟု ခွဲခြမ်းကာ မျက်နှာ လွှဲနေနိုင်ပြီ မို့ စိတ်ပျို ကာ ကိုယ်နု နေ သည်ပေါ့ ။ အပြစ် မရှိပါ ။ သူ လည်းပဲ မျက်ဝန်း ထဲမှ မျက်ရည်တွေ ကုန်ခန်းတော့ မတတ် ၊ ရင်ကွဲလု မတတ် ဆုံးမခဲ့ အသနားခံခဲ့ နည်းမျိုးစုံ သုံးပြီးမှ လက်ကုန် လက်လျှော့ သွားသော ဖခင် တစ်ယောက်ပဲ ။ ဖခင် တစ်ယောက်ရဲ့ တာဝန်ဟာ အတိုင်းအတာ တစ်ခု အထိပဲ ရှိနိုင်ပြီး မိခင် တစ်ယောက် ရဲ့ တာဝန် ဟာတော့ သူ့ ရဲ့သွေးတစ်စက် ကမ္ဘာမြေပြင် ကနေ ပျောက်ကွယ် မသွားမချင်း အဆုံးမဲ့ မေတ္တာ တွေနဲ့ မဆုံးသော သောကမြစ် ကို လက်ပစ်ကူးလို့ လူးကာလှိမ့်ကာ ရှိကြရမှာပေါ့ ။ ဒီသွေးက ချိုသည် ၊ ဟိုသွေးက ခါးသည် ဟု ရွေးချယ်ပိုင်ခွင့် ၊ ရွေးချယ်ကြရိုး ဘယ် မိခင်မှ ပြုလုပ်ကြမှာ မဟုတ်ပေ ။


ဒေါ်ရီရီ သက်ပြင်းချလျက် ပုတီး ကို ပြန်ကိုင်မိသည် ။ “ နမောတေ ” ဂါထာတော် ၊ အကျဉ်းအကျပ် မှ လွတ်သတဲ့လေ ၊ နှုတ်ဖျား မှ စတင်ရွတ်ကာ ပုတီးတစ်လုံး ချ၏ ၊ တစ်ပတ်...


နှစ်ပတ် ... 


သုံးပတ် ...


........


........


နှစ်ဆယ့်ငါးပတ် ... နှစ်ဆယ့်ငါးနှစ် တိုင်အောင် မိုက်လုံးကြီးနေသေး သော ခါးသည့်သွေး အတွက် ...


၃ ။


“ ဦးပဉ္စင်းရယ် ဘယ်လို လုပ်လာတာလဲ ”


“ ဒကာမကြီး ကလည်း ... ကျောင်း မှာ ဒီအသီးကြီးတွေ မြင်နေရတော့ ဒကာမကြီး ကြိုက်တာ သတိရပြီး လာ ပို့တာလေ ၊ ဘုန်းဘုန်း လည်း ခွင့်ပန် ပြီးပါပြီ ” 


“ ကြိုက်တယ်မလား ဒကာမကြီး ၊ စားနော် ၊ အိမ်နီးချင်းတွေလည်း ဝေပေါ့ ”


“ တင်ပါ ”


“ ဪ ... ဒါနဲ့ ဆိုက်ကားခ သွားပေးချည်ဦး ၊ ဦးပဉ္စင်း ဆိုက်ကား နဲ့ ကြွလာတာ ”


ပိုက်ဆံအိတ် ကို ခပ်သွက်သွက် ဆွဲယူ အပြီး ဆိုက်ကားခ သွားချေရ သေး၏ ၊ ပြန်လာတော့ မွှေးပွလက်ကိုင်ပဝါ နဲ့ မျက်နှာမှ ချွေးများကို သုတ်နေသော

ဦးပဉ္စင်း ကို မြင်ရကာ ရင်မှာ နင့်ခနဲ ၊ ချစ်ပါသည် ဟု ဆိုသော ခင်ပွန်း ၊ လိမ္မာပါ သည် ဆိုသော သားကြီး ဒီလို လုပ်ရပ်မျိုး ဘယ်နှစ်ခါ လုပ်ပြဖူးလဲ ဟုသာ သူတို့ကို ပြေး မေးကာ ကြွားလိုက်ချင်သေးတော့ ။


အောက်မှာ ခပ်ကျုံ့ကျုံ့လေး ထိုင်လျက် ကြည့်လို့ မဝနိုင် ။ အဲ .. ကြည်ညိုလို့ မဝနိုင် ။ မျက်ခုံးမည်းမည်းကြီးတွေ က ဉာဏ်အတွေးအခေါ် ထက် မြက်မှု ကို ပြမည့် ပုံရိပ် ။ မဖြစ်လို့သာ မဖြစ်ခဲ့တာ သူ ငယ်စဉ်က ဆိုရင် “ တို့ဗိုလ်က ဓားဆွဲလို့ ရှေ့က တိုက်ပါမယ် ” ဆိုတဲ့ သီချင်းကို ဆိုမှ အိပ်တော့တာ ၊ တွေးခဲ့တာ ပေါ့ ၊ မျှော်လင့်ခဲ့တာပေါ့လေ ၊ သူ့ အတိတ် နမိတ် ကို သူ ဆောင်တဲ့ ကလေးပဲလို့ ဒေါ်ရီရီ ကြုံးဝါးခဲ့ဖူးတာပေါ့ ။ ဒါပေမယ့် ကြီးလာတော့လည်း အင်း ... ကြည့်ပါဦး ။ မျက်လုံးတောက်တောက် ဝိုင်းဝိုင်းကြီးနဲ့ အသားအရေတွေ ကလည်း စိုပြည်လို့ပါလား ။ ဘုရားသားတော် အဖြစ် နဲ့သာ တစ်သက်လုံး ခံယူလိုက်ပါတော့ မေ့သားရယ် ။ ဒေါ်ရီရီ ဝဲတက် လာသော မျက်ရည်စများ ကို အသာ သိမ်းကာ 


“ ဦးပဉ္စင်း ၊ ဆွမ်း စားခဲ့ပြီးပြီလား ”


“ ပြီးပါပြီ မေ ၊ အဲ ... ဒကာမကြီး စားစေချင်လို့ လာပို့တာ ။ ဒါနဲ့ ဦးဉ္ဇင်း လှူဖို့ ပေးလိုက်ပါဦး ”


ရုတ်တရက် ဖြစ်ပေါ်လာသော စိုးရိမ်စိတ် ကို ကြည်နူးစိတ် ကြည်ညို စိတ်တို့က ဖုံးလွှမ်းကာ နှစ်ရာတန် တစ်ရွက် ကို ခပ်သွက်သွက် ပင် ထုတ်မိ၏ ။ 


“ ဦးဉ္ဇင်း ၊ လမ်းမကြီး က ပြန်ကြွနော် ၊ တပည့်တော် အိမ်ပေါ် ကနေ ကြည့်နေမယ် ၊ ဒီဘက် ဖြတ်လမ်း က ပြန်ရင် မကောင်းတဲ့ သူတွေ နဲ့ တွေ့နေမှာ စိုးလို့ ”


“ ဪ ... ဒကာမကြီး ကလည်း ဦးဉ္ဇင်း အတွက် ဘာမှ မပူပါနဲ့ ။ ဦးဉ္ဇင်း လိမ္မာ နေပါပြီ ။ တစ်သက်လုံး ဝတ်နိုင်အောင် တောင် ဦးဉ္ဇင်း က ကြိုးစားနေတာ ။ သိပ် အေးချမ်းတယ် ဒကာမကြီး ရဲ့ ”


ဒေါ်ရီရီ ဝမ်းသာလွန်းလို့ စကားတောင် မပြန်နိုင် ။ ခေါင်း တညိတ်ညိတ် သာ လုပ်ပြရင်း ဦးဉ္ဇင်း ပြန်ကြွရာ လမ်းတစ်လျှောက် ငေးမျှော် ကြည့်မိ၏ ။ ကြည့်နိုင်သရွေ့ အမြင်အာရုံ အတွင်းမှာ အဝါရောင်အစက်ကလေး ကွယ်ပျောက် သွားချိန်မှာ အိမ်ထဲ လှည့် ဝင်လိုက်တော့ ဧည့်ခန်း မှာ ပိန္နဲသီးကြီး နှစ်လုံး က ဆီးကြို လျက်သား ။ မှည့်တောင် နေပြီ ။ အိမ်နီးချင်း အရင် ဝေရလျှင် ကောင်း မည်လား ။ ဪ .... ငါ့နှယ် ဘုရား အရင် ကပ်မှပေါ့ ။ ဘုရား ကပ်ပြီးရင်တော့ စိတ်အေး ချမ်းသာစွာ နဲ့ ဘုရားရှိခိုး ပစ်လိုက်ဦးမယ် ။ ဘုရားရှိခိုး ပြီးရင်တော့ ... ပြီးရင်တော့ ထုံးစံအတိုင်း သားပဉ္ဇင်း အတွက် ဆုတောင်းရဦးမှာပေါ့ လေ ။


၄ ။


“ ဟဲ့ ... ညည်း ဆီလာတာ ဘယ်နေ့ကလဲ ” ဟု ဒေါ်ရီရီ ရင်ဘတ် ဖိကာ မေးမိ၏ ၊ သနားစဖွယ် မျက်နှာလေး ဖြင့် “ မနေ့ကပါ အမေ ” ဟု ပြန် ဖြေသံ အကြား ဒေါ်ရီရီ တကယ်ပင် မိုက်ခနဲ ဖြစ် သွားတော့သည် ။ “ သူ က ပြောတယ် ။ အမေ က ပြန်လာနေဖို့ ခေါ်တယ်လို့ ပြောလို့ သမီး အမေ့ဆီ လာတာပါ ” တဲ့ ။ “ ဟေ့အေး ငါ မပြောမိပေါင်အေ ။ ညည်းသာ ညည်းလင် စကား ကို သေအောင်ယုံ ” ဟု ဘယ်လို မျက်နှာထားမျိုး နှင့် ပြောထွက်ရက်ပါ့မလဲ ။ နေပူ ထဲမှ လာသူ ကိုလည်း ဆီးမကန် ရက်ပါ ၊ သူ က ယောက်ျားဝဋ် ခံနေရသူ ၊ ကိုယ်တိုင်က သားဝဋ် ခံနေရသူ ဟုသာ ဒေါ်ရီရီ ကြေကြေကွဲကွဲ တွေးမိတော့၏ ။


ဒေါ်ရီရီ မှာ သမီး မရှိပေမယ့် ရှိခဲ့ရင် ဟူသော အတွေးဖြင့် ကိုယ်ချင်း စာပါသည် ။ ဘာမှ မစဉ်းစား မဆင်ခြင်ဘဲ မိန်းကလေး ကလည်း ဒီလို လူမျိုးကို ယူခဲ့၏ ။ ပြီးတော့ ယောက်ျား ပီပီ လုပ်မကျွေးဘဲ အိမ်ပေါ် ခေါ်တင်လာကာ နောက်ဆုံး ဒင်း ဆိုးလွန်း၍ မိန်းကလေး ကို မိဘ အိမ် ပြန်နေပါတော့ဟု ဒေါ်ရီရီ မျက်စိမှိတ်ကာ ပြန် လွှတ်ခဲ့ရတာပင် ။ အခု တစ်ဖက်လှည့် ဖြင့် ဒေါ်ရီရီ က ပဲ အခေါ် လွှတ်သယောင်နှင့် လှည့်ဖြားခဲ့ပြန်ပြီ ။


ထားပါတော့ ၊ ဒီထက် အရေးကြီး တာက မိန်းကလေး ဆီ မနေ့က ရောက်လာတာ ဆိုတော့ အိမ် ကို ပိန္နဲသီး လာပေးတာက လွန်ခဲ့တဲ့ သုံးရက် က ။ ဘုရား ... ဘုရား ... ဘယ်အချိန်ကများ လူထွက် သွားလဲ ။ ဒါနဲ့များ တစ်သက်တာ ဝတ်ဦးမယ်တဲ့ ။ ဘုန်းဘုန်း ကို ဒေါ်ရီရီ ဘယ်လို မျက်နှာ ပြရပါ့မလဲ ။ ဒေါ်ရီရီ စိတ်တွေ ထုံပေပေ ဖြစ် နေလျက် ငူငူကြီး ထိုင် နေမိတော့၏ ။ စိတ်ထဲ မှာ နွေးခနဲ ဖြစ်သွားသလို ခံစားမှုကြောင့် ပါးပြင် ကို စမ်းကြည့်မိတော့မှ မိမိ ငိုနေမှန်း သိလိုက်ရတော့သည် ။


“ မကောင်းဘူး ဒကာမကြီး ရေ ၊ စိတ် နိုင်မှ သင်္ကန်း ဝတ်ခိုင်း ။ နို့မို့ဆို သူ ငရဲဖြစ်မယ် ။ ဘုန်းဘုန်း အကြံ ပေးချင်တာ ကတော့ တစ်ခု ကို စိတ်ပြတ် မှ တစ်ခု ကို လုပ်ခိုင်း ။ ဒါ အကောင်းဆုံးပဲ ။ ဒါကြောင့်လည်း ဘုန်းဘုန်း လူဝတ် လဲ ပေးလိုက်တာ ”


“ တင်ပါဘုရား ” ဟုသာ တွင်တွင် ဆိုလျက် ဒေါ်ရီရီ ခေါင်းပင် မဖော်ရဲ တော့ပါ ။ ဘုန်းဘုန်း စကား အဆုံးမှာ “ ပြန်ခွင့်ပြုပါဦး ဘုရား ” ဟု ခပ်သွက်သွက်

လျှောက်လျက် အမြန်ဆုံး ထွက်ခဲ့မိတော့၏ ။


ကျောင်းဝင်း အပြင်တွင် နေသည် ချစ်ချစ်တောက် ပူလျက် ။ ကိစ္စ မရှိပါ ။ လေ ကြောင့် မျက်နှာ ပူရသည် ထက် စာရင် နေကြောင့် တစ်ကိုယ်လုံး ပူလောင်ရ သည်က အနေရ သက်သာလိမ့်မည် ဟု ဒေါ်ရီရီ ထင်မိတော့သည် ။


၆ ။


မိနစ်နှစ်ဆယ် အကြာမှာ ဘိန်းဘုရင် အက် ( စ် ) ကိုဘာရဲ့ မိခင် က အခင်း ဖြစ်ပွားရာ ကို ရောက်လာပြီး အက် ( စ် ) ကိုဘာ ၏ ရုပ်အလောင်း ကို ကြည့်လျက် “ အင်းဘုရားရဲ့ ကျေးဇူးတော်ပါပဲ ။ အခုမှပဲ သားလေး အနား ရရှာတော့တယ် ” လို့ ပြောတယ် ။


ဒေါ်ရီရီ ဖတ်လက်စ မဂ္ဂဇင်း ကို ပစ်ချလိုက် အပြီး နာရီ ကို မော့ ကြည့် မိ၏ ။ လေးရက် ရှိပြီ ၊ ပြန် လာသင့်ပြီပေါ့ ။ ဒေါ်ရီရီ ပေးလိုက်သည့် ငွေနှစ်ရာ ရယ် သူ့ မိန်းမ ထံမှ ယူ သွားသော ငွေလေးတွေ ရယ် ဘယ်လောက် ခံမှာမို့လဲ ။ အင်း ... ညဆယ်နာရီ ထိုးနေပြီပဲ ။ ညအမှောင် က ရင် ကို ပို ပူစေတော့၏ ။


ဒေါ်ရီရီ ဘုရားစင် ရှေ့ ထိုင် မိသည် ။ မေတ္တသုတ် ရွတ်ဆိုလျှက် မေတ္တာ ပို့ကာ စိတ်ဖြင့် ခေါ်ယူ နေမိသည် ။ ဓာရဏ ပရိတ် ရွတ် ကာ အန္တရာယ် ကင်းအောင် ဆုတောင်း၏ ။ နာရီသံ က ဆယ့်တစ်နာရီ ရှိပြီ ဖြစ်ကြောင်း ပြောနေပြီ ။ စိတ်လျှော့ ကာ ခြေလှမ်းများ ကို အိပ်ခန်း ဆီသို့ လှမ်းလုဆဲမှာပဲ 


“ ဒေါက်ဒေါက် ”


ဟော .. တံခါးခေါက်သံ ၊ ဒေါ်ရီရီ ခြေလှမ်း တစ်လှမ်းက နောက်ကို ဆုတ်၏ ၊ တစ်လှမ်း က ရှေ့သို့ တိုး၏ ။ ရွေ့လျားမှုတို့ ချက်ချင်း ဖြစ်ပေါ် မလာခဲ့ပါ ။


မီမိုး

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

အမှတ် ၆၀

အောက်တိုဘာလ ၊ ၁၉၉၄

Wednesday, June 5, 2024

ပျောက်ဆုံးသွားသော အရုပ်မလေး


 

❝ ပျောက်ဆုံးသွားသော အရုပ်မလေး ❞

၁ ။

မဖြစ်မနေ ကျွေးမွေး ဧည့်ခံရမယ့် ပုဂ္ဂိုလ်တွေ ဆို တော့ ရုံး နဲ့ နီးနီးနားနား ဒီ စားသောက်ဆိုင် ကို ရွေးလိုက်ခါ မှ ကိုယ့် မှာ အခက် တွေ့ ရတော့တယ် ။ လုပ်ငန်း ကိုင်ငန်း ကိစ္စတွေ ၊ ရယ်စရာ မောစရာ ၊ မိတ်ဖြစ် ဆွေဖြစ် စကားတွေ ပြော သာ ပြော နေရတယ် ၊ လက် က လည်း စားစရာ ၊ သောက်စရာ တွေ ထည့်ပေး ၊ စားပေး အလိုက်သင့် သာ လုပ် နေ ရတယ် ၊ အာရုံတွေ က လမ်း တစ်ဘက် ဆီ က ကလေးမ ဆီ မှာ ရောက်နေ တော့တာပဲ ။ ကိုယ့် စိတ် က ရိုးရိုးသားသား ပေမဲ့ မိတ်ဆွေတွေ အမြင် မှာ ဒီ လူ့ နှယ် ဒီ အရွယ်ကြီး မှ မျက်စိ မငြိမ် လိုက် တာ လို့ အထင်သေး ခံရရင် မကောင်း ဘူး လေ ။ ဒီတော့ မနည်းကြီး စိတ် ကို ပြန် ပြန် ဖမ်း နေရတာ က အလုပ် တစ်ခု ။ စိတ် ကျဉ်းကျပ် လိုက်တာ ဆိုတာ မပြော ပါနဲ့ တော့ ။ လမ်း တစ်ဘက် က ကလေးမ က တော့ တွေ့ နေ ၊ မြင် နေ ကျ ပုံစံလေး အတိုင်း သံတိုင်လေး ကို ကိုင် ပြီး ဆွေးဆွေးမြည့်မြည့် ပုံစံ နဲ့ သူ ကြည့် နေကျ နေရာလေး ဆီ ကို ပဲ စူးစူးစိုက်စိုက် ကြည့် နေတော့ တာပဲ ။ ကလေးမ ရဲ့ အကြည့် လမ်းကြောင်း က ကိုယ် တို့ ရုံး ဘက် ဆီ ကို ဦးတည် နေလေရဲ့ ။ ခက်တာပဲ ။ ကိုယ့် စိတ် က လည်း တစ်ခု ခု ကို စိတ်ဝင်စား မိပြီ ဆို တကယ့် ကို အသည်း အသန် ။ စိတ် မဝင်စားဘဲ လည်း ဘယ် နေနိုင်ပါ့မလဲ ။ ကိုယ့် သမီး အငယ် နဲ့ မှ ရွယ်တူ လောက် ရှိမယ့် ဒီ ကလေးမ ကို ဒီ ပုံစံတိုင်း ညနေ သုံးနာရီ ကျော် ပြီ ဆို မြင်မြင် နေ ခဲ့ရတာ သုံးလ စွန်း နေပြီလေ ။ ကလေးမလေး က ဖြူဖြူချောချာ ၊ ရုပ်ရည်သန့်သန့်လေး ။ ဝတ် လိုက် ရင် စကတ်ဖားဖား ရှည်ရှည်ကြီး တွေ ကို ခြေမျက်စိ အုပ် အောင် ဝတ် တတ်တယ် ။ ဒီတော့ ကလေးမ ပုံစံ က အရုပ်မလေး တစ်ရုပ် လို ဖြစ် နေတော့ တာပေါ့ ။ အရုပ် နဲ့ အတူဆုံး က မျက်လုံး တွေပဲ ။ သူ့ မျက်လုံးတွေ မှာ ဘာ မျှော်လင့်ချက် မှ မရှိတော့ တဲ့ ငေးရီ ဖျော့တော့ တဲ့ အကြည့်ဓာတ် ပဲ ရှိတယ် ။ နေ့စဉ်နေ့တိုင်း မျက်လုံး အကြည့်တွေ က တစ် သဘော တည်းပဲ ။ အဲဒီလို ကလေးမ ကို လူ စည်တဲ့ ကိုယ် တို့ ရုံး ရှေ့ က ဘတ်စ်ကားဂိတ် နဲ့ မလှမ်းမကမ်း တစ်နေရာ မှာ အုတ်နံရံ သံတိုင်လေးတွေ ကို ကိုင် ပြီး တစ်စုံတစ်ယောက် ကို စောင့် မျှော် နေတဲ့ ပုံသဏ္ဌာန် နဲ့ တွေ့ တွေ့နေရ တာ ကိုယ် ဘယ်လို လုပ် စိတ် မဝင်စား ဘဲ နေနိုင်မလဲ ။ ပြီးတော့ သူ ကြည့်နေ တဲ့ Direction က ကိုယ် တို့ ရုံး ဘက် ကို ဆိုတော့ ပိုပြီး စိတ်ဝင်စားတာပေါ့ ။ ကလေးမလေး ဘယ်သူ့ ကို စောင့်မျှော် ကြည့် နေတာလဲ ။ သူ စောင့် နေတဲ့ သူ ကို မတွေ့သေးဘူးလား ။ ဘယ်ကလဲ ၊ ဘာလုပ်လဲ ။ ကိုယ့် သမီးအရွယ်လေး ဒီလို လူ စည်ကားတဲ့ နေရာလေး မှာ အဓိပ္ပာယ် မဲ့ ဘာ လာ လုပ် နေတာလဲ ။ မိန်းမကောင်းလေး မှ ဟုတ်ရဲ့ လား ။ ဦးနှောက် ရော ကောင်းရဲ့ လား ။ အိုး .. တစ်နေ့ တစ်နေ့ အဲဒီ ကလေးမ ကို မြင် တိုင်း ကိုယ့် မှာ အဖြေ မရှိတဲ့ ပုစ္ဆာ ကို တွက် နေရ သလိုပဲ ။ အံ့သြစရာ ကောင်း တာ က ဟို တစ်နေ့ က ဖြစ်ရပ်ပဲ ။ အဲဒီ နေ့ က ကိုယ်တို့ ရုံး မှာ ကိုယ် အပါအဝင် လူကြီး ပိုင်းတွေ တော်တော် အလုပ် ရှုပ် ကြတယ် ။ ဒီတော့ ရုံး ဆင်းချိန် သာမန် ထက် နောက်ကျ ပြီး မှောင်ရီပျိုး နေပြီ ။ ဒီလို မှောင်ရီပျိုး တဲ့ အချိန် မှာ တောင် ကလေးမလေး ကို အဲဒီ နေရာ မှာ တွေ့နေ ၊ မြင်နေ ကျ ပုံစံ အတိုင်း မလှုပ်မယှက်လေး နဲ့ တွေ့ လိုက် ရတော့ ရင် ထဲ မှာ မကောင်းလိုက်တာ ။ ဒီ ကလေးမလေး ဘယ်အချိန် ထိ များ ဒီ နေရာ မှာ ရှိ နေမလဲ ဆိုပြီး သူ့ မိဘတွေ အစား ရင်ပူ မိ သေးတော့တယ် ။ ဒီ ကလေးမလေး ရဲ့ မိဘ တွေ ကို လည်း ကိုယ် တကယ် အံ့ဩ ပါတယ် ။ ကိုယ့် သားသမီး ဘာလုပ် နေတယ် ၊ ဘာကိုင် နေတယ် ဆိုတာ လမ်းညွှန်ကြီးကြပ်မှု မရှိဘူး ထင်ရဲ့  ။ အဲဒါကျတော့ အိမ် က အမျိုးသမီး များ သိပ် တော်တယ် ။ သူ့ သမီးတွေ ကို စောင့်ရှောက်တာများ ကြက်သားအုပ်မကြီး ကျ နေတာပဲ ။ လွန် လွန်းလို့ တား တောင် ယူရတယ် ။ သားသမီး မကောင်း မိဘ ခေါင်း ဆိုတဲ့ စကားပုံ တောင် ရှိသေးတာ ပဲ ။ မိဘတွေ မှာ အများကြီး တာဝန် ရှိတယ် ။ ဟင်း ... ။

“ ဟောဗျ ... ဦးမင်းထွန်း .. ဘာတွေ တွေးနေလဲ ” ဆိုပြီး မိတ်ဆွေ တွေ ရယ် နေကြပါ ပေါ့လား ။ ကောင်းရော ကွာ ၊ အလိုက်သင့် ဟေးလားဟားလား ပြန် လုပ်ပြီး ကလေးမ ကို ခေါင်း ထဲ က အတင်း မောင်း ထုတ် လိုက်ရတော့ တယ် ။ မင်း ဆီ အာရုံ ရောက် လို့ အမြတ် မရှိဘူး ကလေးမ ရေ ။ အကျိုးအမြတ် ရှိ မယ့် မိတ်ဆွေကောင်း တွေ လက်လွှတ် ခံ လို့ မဖြစ်ဘူးကွဲ့ ။

“ ကဲ... စားကြဗျာ ။ အားမနာ နဲ့ နော် ။ ကျွန်တော် က ဒီလိုပဲဗျ ။ အတွေး က ခပ် များများ  ၊ စားကြ ၊ စားကြ ”

ဒီလိုနဲ့ ကိုယ် တို့ စားပွဲသောက်ပွဲ က ပြန်ပြီး မြိုင်ဆိုင် သွားပါလေရော ။

•••••   •••••   •••••

၂ ။

“ ရပ်စမ်း မောင်မြိုင် ၊ ကား ခဏ ရပ်စမ်း ”

မနေနိုင်ဘူးဗျို့ ။ ဆင်း ပြီး တော့ ကို မေးတော့မယ် ။ ကလေးမလေး နဲ့ မလှမ်းမကမ်း မှာ ကား ခဏ ရပ်ခိုင်း လိုက်တယ် ။ ကလေးမလေး က တော့ ကျုပ် ကို သတိ ထားမိပုံ တောင် မရဘူး ။ သူ့ အာရုံ ထဲ မှာ လည်း ဘာမှ ရှိ ပုံ မရဘူး ။ မြင်နေ ၊ တွေ့နေ ကျ အတိုင်း ပဲ ။ ငေးရီရီ နဲ့ ကြည့် နေတာပဲ ။ တိုက်ပုံ အင်္ကျီ ကို သေသေသပ်သပ် ဖြစ်အောင် နည်းနည်း ပြင် လိုက်ပြီး ကလေးမ ရှိရာ ကိုယ် လျှောက် လာတယ် ။ လျှောက် လာ ရင်း နဲ့ တွေး မိတာ က အိမ် က မဟေသီကြီး ကို ။ အင်း .. သူ သာ သိရင် ရှင်ကြီး နော် ဆိုပြီး မျက်စောင်းခဲ ဦးမှာ  ။ သူ က ကိုယ့် ကို နာမည် ပေးထားတာ “ ကိုစံ လွဲ ” တဲ့ လေ ။ လုပ်သင့် တဲ့ နေရာ ၊ မလုပ် သင့်တဲ့ နေရာ ၊ ပြောသင့်တဲ့ နေရာ ၊ မပြောသင့်တဲ့ နေရာ ၊ ဝတ်သင့်တဲ့ အဝတ်အစား ၊ မဝတ်သင့်တဲ့ အဝတ်အစား အစစ အရာရာ မှာ တလွဲကြီး ပဲ လုပ် လွန်းလို့ ကိုစံလွဲ လို့ ခေါ် တယ်ဆိုပဲ ။ ခု ကိုယ် က လည်း မဟုတ်တာ ကို စိတ်ဝင်စား မိပြန်ပြီ ထင်ပါရဲ့ ။ ကိုယ့် ရာထူး ၊ ကိုယ့် ဂုဏ် ကို မှ မထောက် ။ ပြော လည်း ခံရမှာ ပဲ ။ ကလေးမ ကို မမေးဘဲ တော့ မနေနိုင်ဘူး ။ မေး ကို မေးရမယ် ။

“ ဒီမှာ သမီး ”

ကိုယ် အသံ ပေး လိုက်တော့ ကလေးမလေး က သူ့ ကို ခေါ်လိုက်တာလား သိပ် မသေချာသလို ၊ ကြောင်တောင်တောင် လေး ကြည့် နေတယ် ။ အေးလေ .. သူ ဒီလို ရပ်နေ တဲ့ အတိုင်းအတာ အတွင်း မှာ ရွယ်တူ သက်တူ ကောင်လေး တွေ မကြားတကြား စတာ ၊ နောက်တာ မျိုး အပြင် ကိုယ် လို အသက်အရွယ် နဲ့ လူ က သူ့ ကို စကား လာ ပြောစရာ အကြောင်း မှ မရှိဘဲ ။

“ သမီး ကို ခေါ်တာပါ ။ ဦး မေးစရာလေး ရှိလို့ကွဲ့ ”

“ ဪ.. ဟုတ်ကဲ့ ၊ မေးပါ ”

ကလေးမလေး က စကား ပြော ယဉ်ကျေး ရှာပါတယ် ။ လူကြီး ကို အရိုအသေ ပေးရမယ့် သဘောလေး လည်း သိ ရှာတယ် ။ သူ့ မျက်လုံးတွေ က “ ဒီမှာ ကလေးမ ရယ် ၊ ဘယ်ကို သွားချင်လို့ ဘာ ကား စီးရမလဲဟင် ”  ဆိုတဲ့ မေးခွန်း မျိုး ကို ဖြေ ဖို့ အဆင်သင့် ဖြစ် နေတဲ့ ပုံနဲ့ ကြည့် နေလေရဲ့ ။ သူ့ကို  ကြည့်ရင်း ကိုယ် တကယ် အားနာ သွားတယ် ။ ကိုယ် က စပ်စုမယ့်သူ ဆိုတော့ အနေ တော့ နည်းနည်း ခက် တာပေါ့ ။ ဒါနဲ့ ပဲ အားတင်း ရင်း ကိုယ် ဆက် ပြောဖြစ် တယ် ။

“ ဦး ကို ဘယ်လိုမှ မထင် နဲ့ နော် သမီး ။ ဦး က .... ရုံး ကပါ ။ ဒီမှာ ဦး ရဲ့ ဝန်ထမ်းကတ်ပြား ။ ဒီလို သမီး ရယ် ။ သမီး ကို ဒီနေရာ မှာ ဒီလို ပုံစံနဲ့ မြင်မြင် နေရတာ ကြာပြီ ။ နောက်ပြီး သမီး ကြည့်နေတာ က လည်း ဦးတို့ ရုံး ဘက် ကို ဆို တော့ သမီး ဘယ်သူ့ များ ရှာ နေသလဲ ၊ ဘယ်သူ့ကို များ စောင့် နေသလဲ ။ ဦး ကူညီနိုင် ရင် ကူညီရအောင်ပါ ။ တစ်မျိုး မထင် နဲ့ နော် သမီး ”

ကလေးမလေး ဟာ အတော်လေး အံ့သြ သွားရှာပုံ ရတယ် ။ မျက်နှာလေး က လည်း ရှက်သွေး စွန်းထင်း သွားပြီး သူ့ အကြောင်း ကို တစ်ယောက် ယောက် သိ နေပါလား ဆိုတဲ့ ပုံစံ နဲ့ ဖြစ်သွားတဲ့ ပုံစံလေး က စိတ် မကောင်းစရာ ။ ငါ့ နှယ် နော် လို့ ကိုယ့် ကိုယ် ကိုယ် အပြစ် တင် ရင်း အဖြေ မသိရ ရင် လည်း နေပါစေ တော့ ဆိုပြီး လှည့် သာ ပြန်ချင်တော့တာ ပဲ ။ မကောင်းဘူး ၊ မကောင်းဘူး ။ သူ တစ်ပါး အကြောင်း စိတ်ဝင်စား မိတာ မကောင်းဘူး ။ ငါ က သမီး ချင်း ကိုယ် ချင်းစာ လို့ ပဲဟာ ။ ဘာဖြစ်လဲ ကွာ ။ ကိုယ့် စိတ် အချင်းချင်း အားတင်း ငြင်းခုံ နေ ချိန်မှာ ပဲ ကလေးမလေး က အပြုံးနွမ်းလေး နဲ့ ပြန် အဖြေ ပေး လာတယ် ။

“ မဟုတ်ပါဘူး ဦး ရယ် ။ ကျွန်မ ဦး တို့ ရုံး ကို ကြည့် တာ မဟုတ်ပါဘူး ။ ဒီ ရုံး မှာ လည်း ကျွန် မအသိ တစ်ယောက် မှ မရှိ ပါဘူး ”  

“ ဪ ”

“ ဟုတ်ပါပြီကွယ် ။ ဒါဆို ဦး သွားမယ် နော် ။ ဦး ကူညီနိုင်မယ့် အပိုင်း ကုန်ပြီ ပေါ့ ။ သွားမယ် သမီး ”

ကိုယ့် စိတ်တွေ က မကျေမနပ် မအီမလည် နဲ့ ပဲ ကား ရှိရာ ပြန် လျှောက် လာ မိတယ် ။ ကိုယ့် အထင်တွေ က တစ်ချက် မှ မမှန်လိုက်တဲ့ အတွက် အနေ ရ ၊ အထိုင် ရ ခက် နေမိတယ် ။ ဒီ ကလေးမလေး နဲ့ ပတ်သက် နေတဲ့ သဲလွန်စ ဟာ ကိုယ်တို့ ရုံး မှာ ပဲ ရှိရမယ် လို့ ထင်ထား တဲ့ အထင် လွဲတယ် ။ ကလေးလေး ဦးနှောက် မှ ကောင်းရဲ့ လား လို့ တွေးတော မိတဲ့ အထင် လွဲတယ် ။ အင်း ဒါကြောင့် လည်း မဟေသီ က ကိုစံလွဲ လို့ ခေါ်တာ ဖြစ်မယ် ထင်ပါရဲ့ ။

•••••   •••••   •••••

၃ ။

အိမ် အပြန် နောက်ကျပါတယ် ဆို မှ ကား က ပျက် နေသေးတယ် ။

“ နေကွာ ၊ ငါ့ ဟာ ငါ တက္ကစီ ငှား ပြန်မယ် ”  

မောင်မြိုင် က အဆူ ခံ ရလို့ မျက်နှာလေး ဆီးရွက်လောက် နဲ့ ကျန်ခဲ့ ချိန် မှာ ကိုယ် က တော့ စိုက်စိုက် စိုက်စိုက် နဲ့ ရုံး ဝင်း ထဲ က ထွက် လာခဲ့တော့တယ် ။ အလုပ် တွေ က လည်း ပေါ်လာပြီ ဆို တကယ့် Important Case တွေ ချည်းပဲ ။ အိမ် အပြန် နောက်ကျ တာ ရယ် ၊ ကိုယ့် ရုံးကား ပျက်နေ တာ ရယ် ၊ ဗိုက်ဆာ နေတာ ရယ် ပေါင်းပြီး လူ က သိပ် မကြည်လင် ချင်တော့ ။ တက္ကစီ က ဒီ ဘက် က ငှား ရင် အဆင်ပြေ မလား ။ ဟိုဘက် က ငှားရင် အဆင်ပြေ မလား ။ အင်း .. ဟာ .. ဟာ .. ဟိုဘက် လမ်း က ရုတ်ရုတ်ရုတ်ရုတ် ဖြစ် နေတာ ကလေးမ ၊ ဟို ကလေးမ ။ ဘေး က ကောင်တွေ မူး နေ ပြီထင်တယ် ။ သေချာတာပေါ့ ။ ဒီ နား မှာ က Restaurant တွေ ချည်းပဲ ဟာ ။ အသောက်အစားသမား တွေ က များ မှ များ  ။ ဒီ ကလေးမ နဲ့ ငါ က လည်း ရေစက် မကုန်သေးဘူး ထင်ပါရဲ့ ။ ငါ မကယ်ရင် ကလေးမ တော့ ရေတိမ် နစ် တော့မှာ ပဲ ။ ဒီ နေရာ ၊ ဒီ အချိန် အဖော် မပါဘဲ တစ်ယောက် တည်း ရပ် နေတာ မိန်းမကောင်း ပါ လို့ မင်း ရှင်းတမ်း ထုတ် ရင်လည်း ဟို သူကောင့်သားတွေ က ယုံ မလား ။ ကလေးမ ရယ် ၊ ဒုက္ခပါ ပဲ ။ ငါ့ အသက်အရွယ်ကြီး နဲ့ သွား ကယ်ရင် လည်း ဟိုကောင်တွေ တစ်ချက် တီး လိုက်ရုံ နဲ့ အီစလံ ဝေ သွားမှာ ပဲ ။ ဟုတ်ပြီ ၊ ဟို ကွေ့နား မှာ ပြည်သူ့ရဲ တွေ စောင့် ကြပ် နေတာ ရှိတယ် ။ သွား သတင်း ပို့ မှ ။

ဝူး..... စိတ်ဆောင် လို့ သာ လူ က အတင်း လိုက် လှုပ်ရှား ရတာ ။ ပြဿနာ အားလုံး ပြေလည် သွားချိန် မှာ လူ က ဟိုက် ကျန်နေခဲ့တာပဲ ။ ကယ်ဆယ် တဲ့ မောင်မင်းကြီးသား တွေ ကို ကျေးဇူးတင် စကား ပြောဆို ၊ ကလေးမ ကို လည်း ချော့မော့ ပြန်လွှတ် ပြီး ချိန် မှာ ကိုယ် က ငေါင်စင်းစင်း နဲ့ ပလက်ဖောင်း မှာ တစ်ယောက် တည်း
ကျန်ခဲ့တယ် ။ ထိတ်လန့် တုန်လှုပ် သွားပုံ ရတဲ့ ကလေးမ က တော့ တချိုး တည်း အိမ်ပြ န်ပြေး တော့မယ် ထင်ပါရဲ့ ၊ ကိုယ် နဲ့ ခပ်လှမ်းလှမ်း တောင် ရောက် နေပြီ ။ လမ်း မီးရောင် အလင်း မှိန်ပျပျ အောက် မှာ တလှုပ်လှုပ် နဲ့ သွား နေ တဲ့ ကလေးမလေး ကျောပြင် ကို ကြည့် ပြီး ကိုယ် စိတ်ကူး တစ်ခု ပေါ် လာတယ် ။ လိုက်မယ် ၊ ငါ လိုက်မယ် ။

ကလေးမလေး က တစ်ကွေ့ ပြီး တစ် ကွေ့ ၊ တစ်လမ်း ပြီး တစ်လမ်း ချိုးကွေ့ သွား လာ နေလိုက်တာ အံ့ဩဖို့ ကောင်း လိုက်တာ ။ ကိုယ် ဒီရုံး မှာ လုပ်တာ ကြာ လှ ပြီပဲ ။ ရုံး ရဲ့ ပတ်ဝန်းကျင် မှာ ဒီ လောက် ကျဉ်းမြောင်းရှုပ်ထွေး တဲ့ ရပ်ကွက်မျိုး ရှိနေလိမ့်မယ် လို့ ထင် ကို ထင်မထားမိဘူး ။ ပိုပြီး အံ့ဩမိတာ က ကလေးမ ရဲ့ ဝတ်ပုံ စားပုံနဲ့ ရုပ်ရည် လေး ကို ကြည့်ပြီး ဒီလို ရပ်ကွက် အဆင့်အတန်းမျိုး မှာ နေမယ့် သူ လို့ ဘယ်လို လုပ် တွေးမိခဲ့ မလဲ ၊ ကလေးမလေး ဝင် သွား တဲ့ လမ်းချိုးတွေ ကို ကိုယ် ပြန် ထွက်တဲ့ အခါ မှတ်မိ ဖို့ ကိုယ် မနည်း ကြိုးစား နေရတယ် ။ ဟော ... ဝင် သွားပြီ ၊ ဝင် သွားပြီ ။ တစ်ရပ်ကွက်လုံး မည်းမှောင် နေတာ က မီး မလာတာလား ၊ မီး မရတာလား ။ ဘာကြောင့် လဲ တော့ မသိ ပါဘူး ။ တချို့အိမ် တွေ မှာ မီးရောင်မှိန် ပျပျ ကို မြင်ရပြီး တချို့ အိမ်တွေ ကျ မီး ရောင် မရှိပြန်ဘူး ။ မီး ရှိတဲ့ အိမ် က သုံးလေးဆယ် လောက် ဆို မီး မရှိတဲ့ အိမ် က ကျန်တဲ့ အိမ်တွေပေါ့ ။ ကလေး လေး ဝင် သွားတဲ့ အိမ် က မီး မရှိဘူး ။ ဒါပေမဲ့ သူတို့ အိမ်ဘေး က အိမ် က မီး ရှိ တော့ အဲဒီ အိမ် က အလင်းရောင်တန်း က ကလေးမလေး သူ တို့ အိမ် ထဲ ဝင် သွားပုံ ကို ပုံရိပ် ပေါ် နေအောင် ဖန်တီး သွား သလိုပဲ ။ မလှမ်းမကမ်း က နေ ကိုယ် ရပ်ပြီး အကဲခတ် တော့ ကလေးမ လေး တံခါး ဖွင့်ပြီး ဝင် သွားတဲ့ အချိန် မှာ အသံ တစ်သံ သံ တော့ ကြားရ လိမ့်မယ် လို့ ကိုယ် မျှော်လင့် နေခဲ့တယ် ။ ဟုတ် တယ်လေ ။ သမီးပျိုလေး တစ်ယောက် ဒီ အချိန် မှာ ပြန် လာ တာ ကို ဆူ တဲ့ အဖေ ၊ အမေ တစ်ယောက် ရဲ့ အသံ ကြား ကို ကြားရ မှာ ပေါ့ ။ မဆူရင် တောင် “ နောက်ကျလိုက်တာ ” ဆိုတဲ့ နှုတ်ဆက်သံ လောက်တော့ ... ကြားသင့်တာပေါ့ ။ ဒါပေမဲ့ ဘာဆို ဘာသံ မှ မကြားရဘူး ။ ဘာ လှုပ်ရှားမှု မှ မတွေ့ရဘူး ။ ကလေးမ မဝင်ခင် ကတည်း က တိတ်ဆိတ် နေပုံ ရ တဲ့ အိမ်ကုပ်ချည့်ချည့်လေး ဟာ ကလေး ဝင် သွားတဲ့ အချိန် မှာ လည်း အပြောင်းအလဲ မရှိဘူး ။ ဘယ်လိုလဲ ။ ကြိုဆိုမယ့် သူ မရှိ ၊ နှုတ်ဆက်မယ့် သူ နတ္ထိ ၊ ပူပန်မယ့် သူ ဝေး နေတဲ့ ဒီ အိမ်လေး မှာ
ကလေးမလေး ဟာ တစ်ယောက် တည်း နေ သတဲ့ လား ။

သက်ပြင်းတွေ မနိုင်မနင်း ချ ရင်း ကိုယ် ခြေဦး ပြန် လှည့် မိတယ် ။ ကိုယ့် အတွက် ကလေးမလေး ရဲ့ အုပ်ထိန်းသူ ဘယ်သူလဲ ဆိုတဲ့ ကိစ္စ က အလွန် အရေးကြီး နေပြန်ပါ လေရော ၊ ရှေ့ မှာ လာ နေ တဲ့ လူ တစ်ယောက် ကို လှမ်း တားပြီး “ ဒီမှာ နောင်ကြီး ၊ ဒီ ရပ်ကွက် မှာ ရပ်ကွက်လူကြီး အိမ် က ဘယ် အိမ် လဲ ခင်ဗျာ ”

“ ရပ်ကွက်လူကြီး က ကျွန်တော့် အဖေ ပဲ ။ ကိစ္စ ရှိလို့ လား ။ ကျွန်တော် နဲ့ တစ်ခါတည်း လိုက်ခဲ့လေ ” 

ကောင်းလေစွ ။ ကိုယ် လည်း ဝမ်းသာ အားရ ပဲ လိုက် တော့တာပဲ ။ လမ်းထိပ် လောက် အရောက် မှာ အိမ် တစ်အိမ် ရှေ့ မှာ ရပ်ပြီး “ အဖေ ၊ အဖေ့ ကို တွေ့ချင်လို့ တဲ့ ဗျို့ ။ ဆင်းခဲ့ပါဦး ” လို့ အော် လိုက် တော့ နှစ်ထပ်အိမ် လှေခါး ပေါ် က လူ တစ်ယောက် သူ့ လှေခါး ရဲ့ အခြေအနေ ကို သူ သဘောပေါက် တဲ့ အနေနဲ့ သတိ ကြီးကြီး ထားပြီး ဆင်း လာတယ် ။ ကိုယ် က လည်း အိမ် ထဲ ရောက်အောင် ခနော်နီ ခနော်နဲ့ ခင်း ထားတဲ့ အတုံးတွေ ၊ အပြားတွေ ကို သတိထား ပြီး ဝင်ရ တယ် ။

“ ဘာကိစ္စလဲ ခင်ဗျ ။ ကျွန်တော် ဦးစံမောင် ပါ ”

သူ က သူ့ ကိုယ် သူ မိတ်ဆက် တဲ့ အချိန် မှာ ကိုယ် က လည်း ကိုယ့် ရာထူး ၊ ကိုယ့် ဂုဏ်ဒြပ် တွေ ကို ထုတ် ပြီး မိတ်ဆက် ရတယ် ။ ဦးစံမောင် က တော့ ကိုယ့် အခြေ အနေ ကို ကြည့်ပြီး ဒီ ရပ်ကွက်နဲ့ ဘယ်လို ပတ်သက်စရာ ရှိပါလိမ့် လို့ တွေး နေပုံ ပါပဲ ။ ပေါက်တဲ့ နဖူး မထူး တော့ဘူးလေ ။ ကိုယ် က ကလေးမ ကို ဘယ်လိုဘယ်ပုံ သတိထားမိကြောင်း က စပြီး ဇာတ်လမ်းကြောင်း ကို ဖြန့် ပြ လိုက်တော့ နောက်ဆုံး ကလေးမ ကို လူရမ်းကားတွေ လက် က ကယ် လိုက်တဲ့ အထိ ပြန် ရတော့တာပေါ့ ။ အဲဒီ အချိန် အထိ ဦးစံမောင် ဟာ စိတ်ဝင်စားစွာ နဲ့ ကို နားထောင် ရှာတယ် ။ ဒါပေမဲ့ သူ့ အတွေးတွေ က မျက်လုံးထဲ မှာ ပေါ်နေ လေရဲ့ ။ ငါ နဲ့ ဘယ်လို ပတ်သက်လို့ ပါ လိမ့်နော် ဆိုတဲ့ အတွေး လေ ၊ ဇာတ်ကြောင်း အဆုံးမှာ တော့ ...

“ အဲဒါ ... အကျဉ်းချုံးရရင် ဗျာ ။ ဒီ ကလေးမ ရဲ့ မိဘတွေ ကိုယ်စား ကျွန်တော် စိတ်ပူမိတယ် ။ သူ့ မိဘတွေ သိရင် ဘယ်လိုများ နေရှာမလဲ ။ သိရင် တော့ တားမှာ ပဲ ၊ သူ အဲဒီ နေရာ မှာ ဘာ အဓိပ္ပာယ် နဲ့ လာ လာ နေသလဲ ။ သူ့ မိဘ တွေ မသိလို့ များ လား ဆိုပြီး ကျွန်တော် တွေးတယ် ။ သူ့ မိဘတွေ ကို ဒီ အကြောင်း ပြောပြချင် လို့ သူ့ နောက် က လိုက်လာတာ ။ အိမ် ကို ကြည့် လိုက် ပြန်တော့လည်း ဘယ်သူ မှ ရှိပုံ မရပြန်ဘူး ။ အဲဒါကြောင့် ရပ်ကွက်လူကြီး ကို စုံစမ်း ကြည့်တော့ ဦးစံမောင် နဲ့  တွေ့ဖို့ ဖြစ်လာ တယ်ဗျာ ။ ဦးစံမောင် က ရပ်ကွက် လူကြီး တစ်ယောက် အနေနဲ့ ကလေးမ ရဲ့ မိဘတွေ ကို ပြောပြ အသိပေးပါ ။ ကလေးမ အတွက် အန္တရာယ် များ ပါတယ် ။ ဒါပါပဲ ။ အကြောင်းပါပဲဗျာ ”

ဦးစံမောင် ရဲ့ မျက်နှာ ဟာ ရှင်းရှင်းလင်းလင်း သဘောပေါက် သွား ပုံပဲ ။ ကိုယ့် စေတနာ ကို လည်း လေးစားတဲ့ သဘော ရှိပါတယ် ။ ဒါပေမဲ့ သူ့ မျက်နှာ မကောင်းဘူး ။ ငေးငေးတွေးတွေး ကြီး လုပ် နေပြီး မှ ကိုယ့် ကို ရှင်းပြတယ် ။

“ ဦးမင်းထွန်း ရဲ့ စေတနာ ကို ကျွန်တော် လေးစားပါတယ် ဗျာ ။ ဒါပေမဲ့ ခက်တယ် ဆရာသမား ရယ် ။ ဒီ ကလေးမ မှာ မိဘ မရှိဘူး ။ ဆုံးရှာပြီ ။ နေတာ က သူ့ အစ်မ နဲ့ ခဲအို နဲ့ နေတာ ၊ အစ်မ နဲ့ ခဲအို က လည်း မိုးလင်း မိုးချုပ် အ လုပ် သွား နေတာ ဆိုတော့ ကလေး က လွတ် နေတာပေါ့ဗျာ ။ အင်း... ပြော ရရင် ဆရာသမား ရေ ... ကလေးမ အဲဒီ နေရာ ကို သွား သွားနေတာ အကြောင်း ရှိတယ်ဗျ ။ အဲဒါ ဆရာသမား တို့ ရုံး ကို ကြည့် နေတာ မဟုတ်ဘူး  ။ ဆရာတို့ ရုံး ဘေး က အိမ်ကြီး တစ်အိမ် ရှိ တယ် လေ ။ အဲဒီအိ မ်ကြီးက သူ့ ခင်ပွန်း ကို သူ မျှော် နေတာဗျ ”

“ ဗျာ... ”

ဟုတ်တယ် ။ ကိုယ် လည်း တစ်ခွန်းတည်းပဲ ဗျာ နိုင် တော့တယ် ။ ကလေးမ ရဲ့ နုနယ်တဲ့ ပုံသဏ္ဌာန် ကို ကြည့်ပြီး အိမ်ထောင်သည် လို့ ထင် မှ မထင် ခဲ့ဘဲဗျာ ။ ကိုယ့် ပုံစံကို ကြည့်ပြီး ဦးစံမောင် က ဆက် ရှင်းပြ ပြန်တယ် ။

“ ဟုတ်တယ် ။ သူ့ ခင်ပွန်း ကို  မျှော် နေ တာ ဆရာသမား ရဲ့ ။ ဆရာသမား လည်း သိမှာ ပါ ။ အဲဒီ အိမ်ကြီး ၊ အဲ ... တိုက်ကြီး ပေါ့ဗျာ ။ တိုက်ကြီး က လူတွေ က စီးပွားရေး လောက မှာ ဂရိတ်တွေ ပဲ ။ သိမှာ ပါ ။ အဲဒီ က လူချမ်းသာတွေ ရဲ့ တစ်ဦးတည်း သော သား နဲ့ ကျွန်တော်တို့ ရပ်ကွက် ထဲ က ကလေးမလေး နဲ့ က လွန်ခဲ့တဲ့ ခြောက်လ လောက် က ခိုးပြေး ကြတယ် ဗျာ ။ ခိုးပြေးကြ တုန်း က တော့ နှစ်ဦး သဘောတူ ပေါ့ ။ ဒါပေမဲ့ အဲဒီ သူဌေးသားလေး က ဘိန်းဖြူ စွဲ နေတာ ဆရာ ရဲ့ ။ ဒီတော့ ကလေးမလေး ကို ခိုး တုန်း ခဏပေါ့ ။ ပိုက်ဆံ ပြတ်တော့ သူ့ တိုက် ပေါ် ပြန် တက် တယ်လေ ။ ကလေး လေး ကို ဒီ ခဏ ပြန် ပို့တယ် ။ ခဏ ဆို ပေမဲ့ ထားခဲ့ပြီး ကတည်း က ပြန်လာ မ ခေါ်တာ ခုချိန်ထိ ပဲ ။ သူတို့ အိမ်ထောင်သက် က ရှိ လှ မှ အလွန်ဆုံး နှစ်လ ပေါ့ ။ ဟို သူငယ် မိဘတွေ က လည်း ဒီအကြောင်း သိကြပေမဲ့ သား ဘိန်းဖြူ စွဲ နေတာ ကို စိတ်ညစ် နေကြတာ ။ မိန်းမ ရခဲ့တာ ကို ဘယ် အရေး ထား လိမ့်မလဲ ။ ဒီဘက် က ကလေးမ ရဲ့ အစ်မ က လည်း ကျွန်တော့် ကို လာ တိုင် တယ် ။ လာ တိုင်လည်း ဆရာသမား ရယ် ... သိတဲ့ အတိုင်းပဲ ” 

ကိုယ် လည်း ရောယောင် ပြီး ခေါင်းညိတ် ပြ လိုက်ရပေမဲ့ သူ့ ရဲ့ သိတဲ့ အတိုင်းပဲ ဆိုတဲ့ စကားလှံသွား ဟာ ရင် ထဲ မှာ စူးခနဲ နင့် သွားစေတယ် ။ ပြီးပြီ ၊ ကိုယ် တို့ ... စကားပွဲ
ပြတ် သွားပြီ ။  ကျေးဇူးတင် စကား တွေ ၊ နှုတ်ဆက် စကား တွေ လောကဝတ် အရ ပြောဆို ပြီး ပြန် လှည့် ထွက်ခဲ့ချိန်မှာ ဖြစ်မှ ဖြစ်ရ လေ ကလေးမ ရယ် ဆိုတဲ့ ပဲ့တင်သံ တစ်ခု ပဲ ကိုယ့် ရင် ထဲ မှာ မြည်ဟည်း နေတယ် ။

•••••   •••••   •••••

၄ ။

ဒီလိုနဲ့ ပဲ ကိုယ် တို့ ရုံး ရှေ့ ပလက်ဖောင်း ပေါ် မှာ အုတ်နံရံ သံတိုင်လေး ကို ကိုင်ပြီး မျှော်ကြည့် နေတတ်တဲ့ ကလေးမလေး ကို ရင်နာနာ နှင့် မျက်လုံး လွှဲ တတ်အောင် ကိုယ် ကြိုးစား ရ တော့တယ် ။ စကတ်ဖားဖားလေး ဝတ်ပြီး ကလေး လို နုနယ် တဲ့ အရုပ်မလေး ကို မြင် တိုင်း ငါ့ သမီးလေး သာ ဖြစ် ခဲ့ရင် ဆိုပြီး ရင် ထဲ မှာ မချိခဲ့ဘူး ။ မင်း မျှော်ကြည့် နေခဲ့ပေမဲ့ မင်း ရဲ့ ခင်ပွန်း က အဲဒီ တိုက်ကြီး ထဲ မှာ ရှိ နေတာ သေချာ လို့ လား ကလေးမ ရယ် ။ တစ်နေရာ ရာ မှာ မူးယစ်ရီဝေ နေတာ မဖြစ်နိုင်ဘူး လား ။ မင်းကို ရော သတိရ နိုင်သေးရဲ့ လား လို့ မေးချင် ပေမဲ့ မဆိုင်ဘူး လေ ။ ကိုယ် က မင်း ရဲ့ မိဘ လည်း မဟုတ် ၊ ဆွေမျိုးသားချင်း လည်း မဟုတ်ဘူး ။

ဒါပေမဲ့ ကိုယ့် ရဲ့ ရင်နာစရာ မြင်ကွင်း လေး ပျောက် သွားအောင် အကြောင်း တစ်ရပ် ဖန် လာခဲ့တယ် ။ တိုက်ကြီး ပေါ် က လူတွေ ဒီ တိုက်ကြီး ထက် ကောင်း တဲ့ တိုက်ကြီး တစ်တိုက် ဝယ်ပြီး ရပ်ကွက် သန့်သန့်လေး တစ်ခု ကို ပြောင်းရွှေ့ သွားခဲ့ကြတယ် ။ ဒီ သတင်း ကို ကိုယ် ကြား သလို ကလေးမလေး လည်း ကြား လိမ့်မယ် ထင်တယ် ။ ဒီမှာ တင် လမ်း ပေါ်က အရုပ်မလေး ပျောက်ကွယ် သွားတော့တာပါပဲ ။

◾ မီမိုး

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၂၁
      ဒီဇင်ဘာလ ၊ ၁၉၉၉ ခုနှစ်

#ကိုအောင်နိုင်ဦး

.