Showing posts with label မခင်လေး. Show all posts
Showing posts with label မခင်လေး. Show all posts

Sunday, June 23, 2024

သင်ခန်းစာ


 

❝ သင်ခန်းစာ ❞

ငံပြာရည်နံ့ မွှေးမွှေး နှင့် ငါး နဲ့ စပါးလင်နံ့ ရောပြွမ်း သော ဟင်းရည်နံ့ သည် ဆိုင် အဝ ရောက် တာ နှင့် ကျွန်မ ကို ဆီးကြို လိုက်ပါသည် ။ ဇလုံကြီး ထဲ က မုန့်ဖတ် ဖြူဖြူဖွေးဖွေး သေးသေးမျှင်မျှင်လေးများ သည် ပွက်ထ နေသော ဟင်းရည်ပူပူ နှင့် တွေ့ လျှင် ထွေးအိ ကာ လျှာ ပေါ် တင် လိုက်တာ နှင့် ပျော်ဆင်း ၍ သွားမည် ပင် ။ ဘူးသီးကြော် ဖောင်းဖောင်းကြွကြွလေးများ သည် လင်ပန်း ထဲ တွင် စီရီ လျက် ။ အနှစ် ကျ ၍ ပွက်ဆူ နေသော ဟင်းရည်အိုး ထဲ တွင် ငှက်ပျောအူ တစ်လှည့် ၊ ကြက်သွန် ဥနီလေး တွေ တစ်လှည့် ၊ ဟင်းရည် မျက်နှာပြင် ပေါ် ပေါ်  လာလိုက် ၊ ပြန် မြုပ် သွားလိုက် ၊ သူ့ အလှည့် နှင့် သူ ။

“ ဟော .. ဆရာမ တို့ လာတယ် ၊ ဆရာမ လာ ၊ အထဲ မှာ နေရာ ရှိတယ် ”

ယခု ဆရာမ မဟုတ်တော့ သော်လည်း ဆရာမ ဖြစ်ဖူးသော ကျွန်မ ကို ကလေးမလေးများ က ယခု လို ပင် ဆီးကြို ၍ နေရာ ပေးမြဲ ဖြစ်ပါသည် ။

ဆောင်းနံနက် သည် အေးမြလှပေသည် ။ ပါးတွေ အေး ကာ လက်တွေ ပါ ထုံကျဉ် နေ၏ ။ ကျွန်မ တို့ သည် သူတို့ ညွှန်ပြသော ဆိုင် အတွင်းဘက် သို့ မဝင်တော့ဘဲ နေရောင် ရ သော ဆိုင် အပြင် ဘက် က စားပွဲလွတ် မှာ ပဲ ဝင် ထိုင် လိုက်ပါသည် ။ ဟင်းရည်နံ့ သည် ပို၍ ပို၍ပင် မွှေးပျံ့ လာ ကာ ဆိုင်ရှင်ကလေးမလေးများ ကိုယ်စား လာပါ ၊ ဝင်ပါ ၊ သုံးဆောင်လှည့်ပါ ဟု ရောင်းအား မြှင့်တင်ရေး အတွက် ဖိတ်ခေါ်လျက် ရှိ လေသည် ။

“ ဒါက ဆရာမ အတွက် အပျစ် တစ်ပွဲ ၊ အစ်ကို က တော့ ဟင်းရည် များများ ”

မုန့်ဖတ် ဖွေးဖွေးသေးသေးလေးများ ပေါ်  တွင် ဟင်းရည် နည်းနည်း ဆမ်း လျက် အိုးဘဲဥ တစ်လုံး ၊ ဘူးသီးကြော် ၊ ပဲသီးများများ ၊ ဆီချက်များများ အပေါ် မှ နံနံပင်ကလေးများ ဖွဖွ ဖြူး ထားသော မုန့်ပန်းကန် သည် ကျွန်မ ရှေ့ သို့ စားချင့်စဖွယ် ရောက်ရှိ ၍ လာပါသည် ။ ခင်ပွန်း ဖြစ်သူ က တော့ ဟင်းရည် များများ အီကြာကွေး နှင့် ။

ဤ ကလေးမလေးများ သည် ကျွန်မ စာ သင်ခဲ့ဖူး သော ကျွန်မ ၏ တပည့်များ မဖြစ်ခဲ့ဖူးကြပေ ။ သို့ပေသည့် ကျွန်မ ဆရာမ ဆိုတာ သိသည် နှင့် တစ်ကြောင်း ၊ သူတို့ ဆိုင် ကို မကြာခဏ လာရောက် စားသောက်လေ့ ရှိသည် တစ်ကြောင်း တို့ ကြောင့် ကျွန်မ အကြိုက် ကို သိ၍ နေကြသည် ။

ကျွန်မ သည် မုန့်ဟင်းခါး ကို ဟင်းရည် ဘောင်ဘင် နှင့် မစားတတ်ပေ ။ ဟင်းရည် ထဲ တွင် ပတ်ချာလည် လျှောက် ပြေး နေသော မုန့်ဖတ်တွေ ကို ဆယ်ယူ စားရမှာ မနှစ်သက် ။ ဟင်းရည် နည်းနည်း နှင့် ခပ်ပျစ်ပျစ်ကလေး ရှိပါ မှ ညှပ် ထားသော အကြော်လေး တွေ နှင့် ရောထွေး ကာ အသုပ်မက အရည်မကျ စားရသည် ကို နှစ်သက် တတ်ပါသည် ။ ဒါကို ရန်ကုန်စား ဟု လည်း ခေါ်ကြ၏ ။ ငါးဖတ်ကလေးများ နှင့် ကြက်သွန်ဖြူ အနှစ်ဖတ် ကလေးများ သည် ဆီသပ် စဉ် ကတည်း က ရောသမ ကာ နူးညံ့ ပြီး မုန့်ဖတ်ကလေး တွေ ပေါ်  တင်၍ နေပုံမှာ ဆန် လှော်မုန့်များများ ထည့် ကြိုပြီး ငါးပိ တွေ ၊ ထန်းလျက် တွေ ထည့် ချက် တတ်သော ဟင်းရည်မျိုး နှင့် ခြားနားခြင်း ကို ဖော်ပြ၍ နေကြပေသည် ။

ကျွန်မ သည် မုန့်ဟင်းခါး ကို စားတော့မည် ပြုစဉ် ဂျာကင်အင်္ကျီ ဖားဖား ဝတ် ထားသော လူရွယ် တစ်ယောက် နှင့် သူ့ နောက် မှ ကလေး ကို ပွေ့ချီ ထား သော မိန်းမပျိုလေး တစ်ယောက် တို့ ဆိုင် ထဲ ဝင် အလာ ကို မျက်လုံးချင်း ဆုံ မိပါသည် ။ လူငယ် ၏ မျက်လုံး သည် ကျွန်မ ကို မှတ်မိသည့် သဘော ကို ပြလျက် ဪ ... ဆရာမ ဟု နှုတ် က လည်း အသံ ထွက် ကာ ခေါင်း တစ်ချက် ထိုးပြီး အသိအမှတ် ပြု လိုက်လေသည် ။ ကျွန်မ သည် မျက်နှာ ခပ်ပြဲပြဲ ၊ ကိုယ်ထည်ထွားထွား ၊ မျက်ရစ် မပါ ၊ အသား ခပ်လတ်လတ် ထို လူငယ် မှာ သူ ငါးတန်း မှ ရှစ်တန်း အထိ ကျွန်မ စာ သင်ခဲ့ ရသော ကျွန်မ တပည့် စံရွှေမောင် ဆိုတာ ချက်ချင်း ပင် မှတ်မိ ပါသည် ။ လူ က သာ ထွားကျိုင်းပြီး လူကြီး ဖြစ်လာ ပေမယ့် သူ့ ရုပ်ရည် သည် ငယ်စဉ် ကတည်း က လူကြီး လို ခပ်ရင့်ရင့် ရှိရာ ရုပ် ပြောင်းသည် ပင် မထင်ရပေ ။ သူ့ နောက် မှ ဖြူဖြူဖွေးဖွေး မိန်းကလေး သည် ကလေး ကို ပွေ့ချီ ရင်း က ချော့မြူ ၍ နေလေသည် ။ ကလေး သည် လျှာထိုး ဦးထုပ် ၊ ပင့်ကူလူသားပုံ ပါသော အနွေးထည်လေး နှင့် မို့ … “ သားလေး လား ” ဟု ကျွန်မ နှုတ်ဆက် စကား ဆို လိုက်ပါသည် ။

“ ဟုတ် ”

စံရွှေမောင် သည် လိုရင်း ကို တိုတိုတုတ်တုတ် ဖြေ ကာ ကျွန်မ နှင့် ဘေးချင်းကပ် စားပွဲ တွင် မိသားတစ်စု ဝင် ထိုင် လိုက်ကြ၏ ။

“ အီကြာကွေး တစ်ချောင်း လိုက်ပွဲ အတွက် ချန် ထားပါဦး ” 

ခင်ပွန်းသည် အတွက် အီကြာကွေး မကျန်မည် စိုး ၍ ကြိုတင် မှာ လိုက်စဉ် စံရွှေမောင် တို့ စားပွဲ ကို ကျွန်မ မျက်စိ က ရောက် သွားသည် ။

စံရွှေမောင် က လည်း ကျွန်မ လှမ်း ကြည့်လိုက်သည် ကို သိဟန် ဖြင့် ကျွန်မ တို့ စားပွဲ ဘက် သို့ ပြန်၍ မျက်လုံး တစ်ချက် ဝေ့ ကြည့် လာ၏ ။ ကျွန်မ က သူ တစ်ခု ခု နှုတ်ဆက်စကား ၊ နေကောင်းလား ၊ ဆရာမ ဒီမှာ ရှိနေလား စသည် ဖြင့် ပဋိသန္ဓာရ စကား ဆိုမည် ထင်၍ သူ့ စကား ကို ငံ့လင့်သည့် အလား ၊ သူ  တစ်ခု ခု ပြောမည် ထင်၍ တစ်ချက် ပြန် ကြည့် လိုက်ရာ စံရွှေမောင် သည် ချက်ချင်းပင် မျက်နှာ ကိုလွှဲ ၍ မျက်စိ ကို ဝဲ ပစ် လိုက်လေ သည် ။

သူ က မျက်လုံး အစုံ ကို ဝေ့ဝဲ ၍ ကျွန်မ အကြည့် မှ လွှဲဖယ် သွား သော်လည်း သူ့ မျက်လုံး ထဲ မှ အခိုးအငွေ့ ၊ အရောင်အသွေး တွေ ကို ကျွန်မ သေသေသပ်သပ် စေ့စေ့စပ်စပ် မြင်တွေ့ လိုက်ပါသည် ။ သူ သည် ကျွန်မ နှင့် တစ်စုံတစ်ရာ ပတ်သက်လို ၊ ရင်းနှီးမှု ပြလို ဟန် မတူပေ ။ ဘာသိဘာသာ နှင့် မသိကျိုးကျွံ ပြု လိုက်သော သူ့ မျက်လုံး တွေကို ကျွန်မ ကောင်းစွာ နားလည် လိုက်ပါသည် ။

••••• ••••• •••••

တကယ် တော့ လည်း စားသောက်ဆိုင်များ တွင် အသိမိတ်ဆွေများ ၊ တပည့်တပန်းများ နှင့် တွေ့ လျှင် သည် မျက်လုံးမျိုး ကို ကျွန်မ မြင်တွေ့ဖူး ဖတ်မှတ်နားလည် ဖူးပါသည် ။ ရင်းရင်းနှီးနှီး ခင်မင်သူများ ၊ တချို့လည်း သူ့ ကျေးဇူး ၊ ကိုယ့် ကျေးဇူး မကင်းသူများ ဖြစ်ပါလျှင် ဟိုတယ် လို ဆိုင်ကြီးများ မှ လွဲ၍ ယခုလို မုန့်ဆိုင် ၊ လက်ဖက်ရည်ဆိုင်မျိုး မှာတော့ ကျသင့်ငွေ ကို သူ့ ထက် သူ  ဦးအောင် ရှင်းကြ စမြဲ ။ အထူးသဖြင့် အရင် ရောက် နှင့်သူ က အရင် စားပြီး သွားပါ လျှင် နောက်ပိုင်း မှ ကိုယ့် မိတ်ဆွေ အတွက် ရှင်းသွား စမြဲ ၊ “ တို့ ရှင်းခဲ့ပြီနော် ”  ၊ “ ကျွန်တော် ရှင်းခဲ့ပြီ ဆရာ ”  “ အို .. ဘာလို့ ရှင်းခဲ့တာလဲ ”  “ ဟယ် ... အားနာစရာကြီး နေပါစေ ”  “ ဟာ .. ဘာ အားနာစရာရှိလဲ ၊ တစ်ခါတလေ ကြုံလို့ဥစ္စာ ” ဆိုသော ခင်မင်မှု ကို အခြေခံ သည့် လူမှုရေး အသံများ ဝေဆာ ညံစီ သွားမြဲ မှာ လည်း ဒီလိုပင် ။ တစ်ခါတစ်ရံ ကိုယ် က နောက် မှ ရောက်သည့်သူ ဖြစ်လျှင် တောင် ကိုယ့် အသိ ကို ဆိုင်ထဲ တွေ့ပါ လျှင် သူ မရှင်းခင် ကိုယ် က စားပွဲထိုး ကို တိတ်တိတ် ခေါ်ကာ သူ့ ဝိုင်း အတွက် ကြို ရှင်း ထားလိုက်ပါ သေးသည် ။

သိပ် မရင်းနှီးသော သိရုံကျွမ်းရုံ သက်သက်သူမျိုး ဆိုလျှင် တော့ နေကောင်းလား ၊ လက်ဖက်ရည် လာ သောက်သလား ဟု မကင်းရာ မကင်းကြောင်း နှုတ်ဆက်ကြပြီး ဆိုင် ထဲ မှ ပြန် ထွက် သွားလျှင် လည်း သွားဦးမယ်နော် ဆိုတာ လောက် ပြောဆို ကာ သူများ အတွက် ရှင်းပေးစရာ မလိုပေ ။ သို့သော်လည်း ကိုယ့် အတွက် သာ ကိုယ် ပေး သွားပြီး သူ့အတွက် မပေး ခဲ့ခြင်း ကို အားနာ သလိုလို ၊ ဘာလိုလို အမူအရာ တော့ မြင်ဖူး ၊ ဖြစ်ဖူးပါသည် ။

နွမ်းနွမ်းမှိန်မှိန် မိတ်ဆွေများ နှင့် ဆုံတွေ့ ရ လျှင် တော့ အဖြစ်အပျက် က တစ်မျိုး ဖြစ် ပြန်သည် ။ ထို မိတ်ဆွေမျိုး က တော့ ပါ လာသည့် ပိုက်ဆံ နှင့် သူ့ အတွက် တောင် သူ လောက်ရုံ ရှိပါလိမ့် ။ ထိုအခါ သူ့ မျက်နှာ မှာ စိုးရွံ့ခြင်း တစ်မျိုး နှင့် အနေရ ခက် သော မျက်လုံးမျိုး ကို တွေ့ ရ တတ်ပါသည် ။ ထိုအခါ ကိုယ် က အလိုက် သိ စွာ သူ့ အတွက် ပါ ရှင်း လျှင် ရှင်း ၊ မရှင်း လျှင် လည်း သူ က အရင် ဆိုင် ထဲ မှထွက်သွား လျှင် ကိုယ့် အတွက် ရှင်း မသွားတာ ကို နားလည်ကြောင်း ၊ အားနာစရာ မလိုကြောင်း ပြသသည့် သဘော ဖြင့် “ ဖြည်းဖြည်းနော် ”  ၊ “ နေကောင်းတယ် မဟုတ်လား ” ဆိုတာမျိုး နှင့် သူ အနေ မခက်အောင် ဖြေဆေး ကျွေး လိုက်ရပါ၏ ။

တစ်ခါတလေ ကျ တော့ လည်း သူ နှင့် ကိုယ် သည် အထိုက်အလျောက် လည်း ရင်းနှီးခဲ့ပါ၏ ။ အတော် အတန်လည်း ပတ်သက်ခဲ့ပါ၏ ။ သို့ပါသော် လည်း စားသောက်ဆိုင် အတွင်း ဆုံတွေ့ လိုက် လျှင် မျက်လုံး များ သည် အရောင် တစ်မျိုး မှ နောက် တစ်မျိုး သို့ ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းလွဲ ၍ သွားပါသည် ။ ပထမ အရောင် တစ်မျိုး က တော့ ဪ ... သူ ကိုး ဆိုသော မိမိတို့ သိကျွမ်းမှု ကို ဦးနှောက် မှ မက်ဆေ့ချ် ပို့ လိုက်သော မူလ သဘာဝ အရောင် တစ်မျိုး ဖြစ်ပါသည် ။ သူ က အော်ရယ်ဂျင်နယ် အတိုင်း ဖြစ်သည် ။ ပြီးမှ “ အင်းလေ သိသားပဲ ။ ဒါပေမဲ့ … ” ဆိုသည့် အော်ရယ်ဂျင်နယ် ကို ဆေးဆိုးလိုက်သော အစစ် မှ အတု ဖြစ် သွားသော မျက်လုံးများ ၊ သည့် နောက် မျက်နှာ ကို ခပ်လွှဲလွှဲ ၊ မျက်လုံး ကို လည်း ပြန် မဝဲ မိအောင် ကြိုးစားရင်း ရှောင်ဖယ်ဖယ် လုပ်ကာ စားသောက် ပြီးပါ လျှင် လည်း ခပ်သုတ်သုတ် ပြန် ကာ နှုတ် ပင် ဆက် မသွားကြချေ ။ သူတို့ ၏ မျက်လုံးများ သည် တစ်ချိန်တစ်ခါ က ပတ်သက်ခဲ့ ဖူးသော ပတ်သက်မှု ၊ သိကျွမ်းမှုများ ကို ပြတ်ပြတ်သားသား ခဝါချ ပစ်လိုက် ကြ၏ ။ တံတား ဖျက် ကာ ၊ စည်းခြား လိုက်ပြီး အုတ်တံတိုင်း ပါ ခတ် လိုက်လေသည် ။ မသိကျိုးကျွံ ၊ သူစိမ်း ဆန်ဆန် မျက်ဝန်းများ ။ တကယ့် အရှိ ကို ပြောင်းလဲ ၍ ဟန်ဆောင် လိုက်သော မျက်ဝန်း အတုများ ။ ခင်မင်မှု နှင့် ငွေကြေး ကို ကန့်သတ် ရှောင်တိမ်း လိုက်သော စိတ် အရောင်များ ။ ဒီတော့ လည်း အေးလေ ၊ လက်ဖက်ရည် တွေ ၊ မုန့် တွေ က လည်း ဈေးကြီး လာသည် ကိုး ဟု ကိုယ့် ဘာသာ ကိုယ် ဖြေဆေး ကျွေးရ ပြန်သည် ။

••••• ••••• •••••

တကယ်တော့ စံရွှေမောင် သည် ကျွန်မ ဆရာမ ဘဝ တွင် သူ့ အား ၅ တန်း မှ ၈ တန်း အထိ သင်္ချာ သင်ကြား ခဲ့ရသော တပည့် တစ်ဦး ဖြစ်ပါသည် ။ အဆော့ သန် ၍ စာ မကျက် သော ကလေး တစ်ယောက် ဖြစ် သလို ၊ တချို့ ကလေး တွေ မှာ ကျက်စာ သာ စိတ်မဝင်စား ပေမယ့် အတွက်အချက် တော့ စိတ်ဝင်စားတတ် သေးရာ စံရွှေမောင် သည် ထို ကလေးမျိုး လည်း မဟုတ်ပေ ။ ထို ကျောင်း တွင် ၅ တန်း နှင့် ၆ တန်း ကို သင်္ချာ ၁ သင် ပြီး ၇ တန်း နှင့် ၈ တန်း တွင် သင်္ချာ ၂ သင် ရ သဖြင့် တပည့် အတော်များများ သည် ကျွန်မ နှင့် လေးနှစ် လေးမိုး ရင်းနှီးခဲ့သူ ချည်း ခပ်များများ ဖြစ်ပေသည် ။ ခပ်ငယ်ငယ် အလယ်တန်းကျောင်း မို့ တပည့်များ ကို မြင် လျှင် ဘယ်သူ ဘယ်ဝါ ဆိုသည် သာ မက သူတို့ မိဘတွေ ကို ပါ နာမည် သာ မမှတ်မိ ပေမယ့် မိဘ တွေ ၏ နောက်ခံ အနေအထား ကို ပါ ထူးခြား လျှင် ထူးခြား သလို မှတ်မိသည် အထိ ရင်းနှီး လှပေသည် ။ တပည့် များနှင့် ပတ်သက် လျှင် သူတို့ ၏ အကျင့်စရိုက်များ ၊ သူတို့ ဘယ် ဘာသာ တွင် ညံ့ ကာ ဘယ် နေရာ တွင် ထူးချွန်သည် ဆိုရုံမက တချို့ဆို လျှင် သူတို့ လက်ရေး တွေ က အစ မှတ်မိ ၍ နေပါသည် ။

စံရွှေမောင် သည် ချို့ချို့ငဲ့ငဲ့ ကျောင်းသားမျိုး မဟုတ်ချေ ။ ကျောင်း ပိတ်ရက်များ တွင် ဈေးလယ်ကောင် က မွေ့ရာ ၊ ဂွမ်းပုံ နှင့် စောင်တွေ ရောင်းသော ဆိုင်တွင် စံရွှေမောင် ကို မွေ့ရာဖုံကြီးတွေ ကြား ဆော့ ကစား နေသည် ကို တွေ့ ရတတ် ပေသည် ။ အကြောင်း ကိစ္စ ရှိ၍ မိဘ ခေါ်လိုက်ပါ လျှင် သူ့ မိဘများ သည် ကျောင်း သို့ ရောက် မလာတတ်ပေ ။ မအားသည် က ခပ်များများ ။ တစ်ခါတလေ လေးငါးလတန် သည် ခရီး ထွက် သွားတတ်ပြန် လျှင် မိဘများ ကိုယ်စား အစ်ကို တွေ ၊ အစ်မ တွေ ကျောင်း သို့ ကိုယ်စား ရောက်လာ တတ်ပေသည် ။ ငွေကြေး ကောက်ခံတာမျိုး ရှိခဲ့လျှင် “ ဆိုင် က လည်း ရောင်း မကောင်းလို့ ၊ အမေ တို့ ပြန် လာတော့ ပေးပါ့မယ် ” ဆိုကာ ကျွန်မ က စိုက်ထား ရတာမျိုး လည်း ရှိခဲ့ပါ သေးသည် ။ သည်လို ထူးခြားချက်များ အပြင် သူ့ နာမည် စံရွှေမောင် ဆိုသည် မှာ ရုပ်ရှင်မင်းသားကြီး အောင်လွင် ၏ ဒါရိုက်တာ နာမည် မဟုတ်လား ၊ ဒီတော့ သူ့ ကို ပို၍ မှတ်မိ နေသည်ပေါ့ ။

တပည့် များစွာ ထဲ က တပည့် တစ်ဦး ပီပီ ၈ တန်း အောင် ၍ အထက်တန်းကျောင်း ပြောင်း သွား သော အခါ စံရွှေမောင် နှင့် မတွေ့ကြတော့ပေ ။ နောက် သုံးလေး နှစ် ကြာသော အခါ ဈေး ထဲ က မွေ့ရာဆိုင် ပေါ် တွင် စံရွှေမောင် အမြိုင့်သား တွေ့ လိုက်ရလေရာ ကျွန်မ အံ့သြ ဝမ်းသာ ဖြစ်မိပါသည် ။ သူ့ မိဘများ ၏ မွေ့ ရာဆိုင် သည် ယခင် လို သေးသေးတာတာ မဟုတ်တော့ပေ ။ ဘေးဆိုင် ကို ပါ ချဲ့ထွင် ကာ နှစ်ခန်းတွဲ ဆိုင်ခန်းကျယ်ကြီး ဖြစ်သွားပြီး နှစ်ယောက်အိပ် မွေ့ရာကြီး တွေ ကို လည်း လေးငါးခု ဆင့် ၍ ထပ်ထား နိုင်ပေပြီ ။ ဖုံတွေ ၊ စောင်တွေ မှာ လည်း အထပ်လိုက် ၊ အပုံလိုက် ။ ပန်းရောင် ၊ အဝါ ရောင် တို့ ကို ဈေးဝယ် လာလျှင် ဖြန့်ဖြန့် ပြနေသည် ကို လည်း တွေ့ရ၏ ။ ဆယ်တန်း အောင် သွားသည် ဟု မကြားမိ သော်လည်း စားပွဲခုံကြီး ဆိုင် ပေါ် တင်ကာ ဂဏန်းပေါင်းစက် တစ်လုံး နှင့် အလုပ်ရှုပ် နေတာ မြင် ရ လျှင် ကျွန်မ သည် ဝမ်းသာ ကျေနပ် မိပါသည် ။

သည်တော့ လည်း ဖိတ်ခြင်း ဖိတ် ကိုယ့် အိတ် ထဲ ဖိတ် ဆိုတာလို  အိမ် ၌ စောင် ၊ ခြင်ထောင် လို လာ လျှင် စံရွှေမောင်ဆိုင် ကို အားပေးရ၏ ။ မိတ်ဆွေ အသိတွေ ဝယ်ချင် လို့ သူ့ ဆိုင် သို့ လိုက် ပို့ရ၏ ။

သူ့ ဆိုင် သို့ ရောက် တိုင်း စံရွှေမောင် သည် ခရီးဦးကြို ပြု၏ ။ “ ဆရာမ နေကောင်းလား ”  ၊ “ အရင် အိမ်မှာပဲလား ” နှင့် ဖွယ်ဖွယ်ရာရာ နှုတ်ခွန်း ဆက်သ ရုံ မက “ လိုတာရှိ ရင် ပြောနော် ” ၊ “ ဝယ်ရတာ စိတ်တိုင်း ကျရဲ့လား ” ၊ “ အဆင်ပြေရဲ့လား ”  ၊ “ နောက်လည်း လာ အားပေးပါနော် ” ၊ “ ဒါ ကျွန်တော်တို့ ဆရာမလေ ” ၊ “ ခု ဆရာမ အလုပ် ထွက်လိုက်ပြီဆို ” ၊ “ ထွက်လိုက်တာပဲ ကောင်းပါတယ် ” စသည်ဖြင့်လည်း ပျူပျူငှာငှာ ဆို တတ်ပါ သေးသည် ။

ဒါ့ကြောင့် ကျောင်းပညာ တွင် မထူးချွန် သော်လည်း ဆယ်တန်း မအောင် ဘဲ အီကို ဘွဲ့ ရသည့် တပည့် တစ်ဦး ပေပဲ ဟု မှတ်ချက် ချ ကာ ဝမ်းမြောက် ရပါသည် ။ သည်တော့ လည်း မိတ်ဆွေ တစ်ဦး တည်းခိုခန်း ဖွင့်စဉ် က တစ်ခါ ၊ နှစ်စဉ် ရပ်ကွက်ကထိန် ၌ ပဒေသာပင် သီးသော အခါ ၊ မင်္ဂလာ အခမ်းအနားများ အတွက် လိုအပ် သည့် အခါ စသည် တွေ မှာ လည်း သူ့ ဆိုင် သို့ အားပေး ရင်း ရောက်ရ ပြန်ပါသည် ။ ထိုစဉ်က စံရွှေမောင် ၏ လှိုက်လှဲသော အပြုံးများ ၊ ရွှင်ပျသည့် ကျေးဇူး စကားများ ၊ နောက်လည်း လာ အားပေးပါဦးနော် ဆိုသည့် ဖိတ်မန္တက ပြုသံများ ၊ သူ တကယ် ကျေးဇူးတင်နေသည် ဆိုတာ ကို သူ့ မျက်လုံး တွေ ထဲ မှာ မြင် နေရပါသည် ။ လက်ကလေး နှစ်ဖက် ယှက်၍ ရှေ့ ကို ချကာ သူ့ ကိုယ် ပြားပြားကြီး ကို ကိုင်း ၍ စကား ပြောနေပုံမှာ ကျွန်မ မျက်စိ ထဲ က မထွက် လူယဉ်ကျေး တို့ ၏ အသွင် လက္ခဏာ သည် ပေါ် လွင် နေ၏ ။ ဈေးသည်ကောင်း တို့ ၏ လက္ခဏာ သည် အထင်အရှား ။ သူ့ မျက်ဝန်း တွေ ရော ၊ ကျွန်မ မျက်လုံး တွေ ပါ အပြုံး တွေ ဝေဆာကာ တဖျပ်ဖျပ် တလက်လက် ကူးလူး ပျံသန်း၍ ရှိခဲ့ကြပေသည် ။

••••• ••••• •••••

ခုတော့ ထို မျက်လုံးများ သည် ဘယ် ရောက် ကုန်ပြီ မသိပေ ။ စံရွှေမောင် သည် မုန့်ဟင်းခါးဆိုင် ကျဉ်းကျဉ်း လေး ထဲ မှာ ကျွန်မ ကို ပတ်ချာလည် ၍ ရှောင် ပြေး နေ လေသည် ။

ကျွန်မ သဘောပေါက် စွာ ပြုံး လိုက်မိ၏ ။ မုန့် ပန်းကန်တွေ လိုက် ချ ပေး နေသော ကလေးမလေး ကို ကျွန်မ မျက်ရိပ် ပြ၍ ခေါ် လိုက်ပါသည် ။ ကျွန်မ တို့ က သုံးပွဲ ၊ သူတို့ က လည်း နှစ်ပွဲ ၊ သုံးပွဲ တော့ ရှိမည်မို့ “ ဟို ဘက်ဝိုင်း အတွက် ပါ ယူထားပါ ။ ပြီးမှ လိုဟာ ပိုတာ ရှင်းမယ် ” ဆိုပြီး ၁၀၀၀ တန် သုံးရွက် ကို ကလေးမလေး လက် ထဲ ထည့် လိုက်ပါသည် ။

ခဏခ အကြာ တွင် စံရွှေမောင် သည် ကလေး ကို ပွေ့ချီ လျက် ဆိုင် ထဲ မှ ထွက်၍ လာလေသည် ။ သူ့ ဇနီးသည် နောက်မှ ကပ် လိုက် သွားစဉ် စံရွှေမောင် က တော့ ကျွန်မ တို့ ဘက် သို့ တစ်ချက် မျှ ပင် စောင်းငဲ့ ၍ မကြည့်ပေ ။ ဆိုင်ရှေ့ အရောက် တွင် ကလေး ကို သူ့ ဇနီး ထံ ပြန် ပေးပြီး ဂျာကင်အိတ် ထဲ မှ ပိုက်ဆံအိတ် ကို ထုတ် လိုက် လေသည် ။ ကျွန်မ နှင့် စံရွှေမောင် သည် မျက်နှာချင်းဆိုင် အနေအထား သို့ ရောက် သွားစဉ် ကျွန်မ သူ့ ကို စူးစူးစိုက်စိုက် လှမ်း ကြည့် နေလိုက်၏ ။ လူ့ သဘာဝ သည် မိမိ ကို တစ်စုံတစ်ယောက် က ကြည့် နေ ပါ လျှင် အလိုလို ပင် သိတောင် သိတတ်သေး သော်လည်း စံရွှေမောင် သည် ထို သဘာဝ ကို ဖုံးကွယ် လိုက်လေ သည် ။ သူ့ မျက်လုံးများ သည် တစ်ချက်မျှ ပင် ကျွန်မ ဘက် သို့ ဝေ့ဝဲ ၍ မလာပေ ။ အတိအကျ ဆိုရပါလျှင် ဝေ့ဝဲ ၍ မသွားရအောင် သူ့ ပင်ကို သိစိတ် ကို နောက် အသိစိတ် တစ်မျိုး နှင့် ထိန်းချုပ် လိုက်ပေသည် ။

တစ်ထောင်တန် နှစ်ရွက် ကို ထုတ်၍ သူ့ နှုတ် မှ …. “ ဘဲဥ ၊ ငါးဖယ် ၊ အကြော်စုံ နဲ့ နှစ်ပွဲ ” ဟု ဆို လိုက်ရာ မိန်းကလေး က ပိုက်ဆံ ကို လှမ်း မယူပေ ။

“ အစ်ကို တို့ က ၁၆ဝဝ ကျတယ် ၊ ဟိုမှာ ဆရာမ ပေးပြီး သွားပြီ ” ဆိုင်ရှင်ကလေးမလေး က ကျွန်မ ဘက် သို့ မေးလေး ဆတ် ကာ ပြောလိုက်၏ ။

စံရွှေမောင် ၏ မျက်နှာ သည် သိသိသာသာ ပျက် ၍ သွား လေသည် ။ အံ့ဩဟန် ပြုလျက် ကျွန်မတို့ ဘက် သို့ ခေါင်း ကို ငဲ့ကာ လှမ်း ကြည့် လိုက်၏ ။ ပြီးတော့ ချက်ချင်း ပင် မျက်နှာ ကိုပြင် ကာ ကျွန်မ ရှိရာ ဘက် သို့ သူ့ ကိုယ်ကြီး ကို လှည့် ၊ သွားတွေ ပေါ် အောင် ပြုံးရယ် ၊ ခေါင်း ကို ပွတ် ၊ ကိုယ် ကို နောက်ဆုတ် ၊ ရှေ့  ပြန်တိုး ၊ ခါး ကို ပြန်ကိုင်း နှင့် ရှုပ်ယှက်ခတ် အောင် လုပ်ကာ “ အို ... ဆရာမ က လည်း နေပါစေ ၊ ရပါတယ် ၊ ကျေးဇူး တင်ပါတယ် ၊ ဟို ... ” ဟု နှုတ် က လည်း ပြော ၊ ကိုယ် ကို ပြန် မတ် ၊ ခေါင်း ကို ညိတ် ၊ ထိပ် ကို ပွတ် နှင့် လုပ်ရင်း “ သွားပါဦးမယ် ခင်ဗျ ” ဆိုကာ သူ့ ကိုယ်ကြီး ကို ဟိုဘက် လှုပ် ၊ ဒီဘက် လှုပ် လုပ် ကာ ဆိုင် ထဲ မှ ထွက် ၍ သွားလေသည် ။

ကျွန်မ သည် ပျောက်ကွယ် သွားသော သူ့ ပုံရိပ် ကို မှန်းဆ ရင်း ပြုံး ၍ သာ နေရ လေသည် ။

သို့သော် သူ့ အပြုံး နှင့် ကျွန်မ အပြုံး သည် မတူကြ ပါပေ ။ သူ ကျွန်မ ရှေ့ မှ ထွက်ခွာ သွား သော်လည်း ကျွန်မ တွေ့ခဲ့ဖူးသော ဖိတ်လက်ရွှန်းစို နေသည့် သူ့ မျက်လုံးများ ၊ သူ့ အသံ ချိုချိုများ သည် ကျွန်မ နံဘေး တွင် ဖိတ်လျှံ အန်ကျ ၍ ကျန်ခဲ့လေသည် ။

ယခုအခါ ကျွန်မ သည် အဖိုးအခ ပေး၍ တစ်ခါ တုန်း က တပည့် ဖြစ်ခဲ့သူ အား သင်ခန်းစာ အသစ် တစ်ရပ် သင်ကြား ပေး လိုက်ပါသည် ။ ထို သင်ခန်းစာ ကို သူ နာယူ တတ်မြောက်သည် ရှိ ၊ မရှိ တော့ အတပ် မပြောနိုင်ပေ ။ ကျွန်မ သည် လည်း အဖိုးအခ ကျခံ၍ တပည့် ဖြစ်သူ ထံ မှ ပြန်လှန် သင်ကြား လိုက်ရပါသည် ။ မတော် လို့ ကျွန်မ က သူ့ ပိုက်ဆံ အရှင်း ကို ငံ့လင့် နေသည် ဟု ထင်ပါ လျှင် မခက်ပါပေလား ။ ကျောင်း တုန်း က သူ့ ကို သင်ကြား ပေး လိုက်သော သင်္ချာဘာသာ ထဲ တွင် ထို သင်ခန်းစာများ ပါ သွားအောင် ကျွန်မ သင် မပေးမိလိုက်တာပဲ ဖြစ်ပါလိမ့် မည် ဟု ကိုယ့် ဘာသာ ပဲ ဆန်းစစ် ကြည့် လိုက်ရပါသည် ။ ယနေ့ စား ရသော မုန့်ဟင်းခါး သည် ဘာ လို နေသည် မသိ ။ ကလေးမလေး တွေ ငါး ခို ပြီး ဟင်းချိုမုန့် တွေ နင်း ထည့် လေသလား ။  ။

◾မခင်လေး

📖 ပန်းအလင်္ကာ
      ၂၀၀၉ ၊ ဇူလိုင်လ

#ကိုအောင်နိုင်ဦး

.

Sunday, April 23, 2023

ပန်းပြတ်ခိုက်ကြုံ


 ❝ ပန်းပြတ်ခိုက်ကြုံ ❞


“ အမေ ထမင်း ခူးပြီးပြီ ”


တံခါးဝ တွင် ဘယ်လောက် ကြာအောင် ရပ်မိ နေမှန်း မသိ ။ သမီးငယ် အထွေး အသံ ကိုကြား မှ အေးရမှန်း သိကာ အမေ အိမ် ထဲ ဝင် ဖို့ သတိ ရလေသည် ။


“ ဒီ အချိန် မှ မလာရင် ကိုသင်း က မိုးချုပ် မှာ ပါ ။ စားနှင့်ကြစို့ နော် အမေ ”


မိုး ကား ချုပ် ပေပြီ ။ အထွေး ပင် သူ့ စာအုပ်ဆိုင်လေး ကို သိမ်းဆည်းပြီး ထမင်းဝိုင်း ကို ပြင်ဆင် ထားပြီ ဖြစ်သည် ။ ထမင်းပွဲ ကို ဝင် ထိုင်လိုက် ရသော်လည်း အမေ့ စိတ် က မဖြောင့်ပေ ။ တကယ်တော့ သား ကိုသင်း မပါသော ထမင်းဝိုင်း မှာ အမေ့ အတွက် မချိုမြိန်နိုင် ။


“ ရော့ ... ဒါက မင်း ကြိုက်တဲ့ ငါးပြေမချက်ကလေး ၊ ငရုတ်သီးစိမ်း နဲ့ နံနံပင်လေးတွေ အုပ်ပြီး ခပ်ချဉ်ချဉ်လေး အမေ ကိုယ်တိုင် ချက်ထားတာ ။ မှန်းစမ်းပါ ၊ မင်း က အရိုး မထွင် တတ်ပါဘူး ။ ဟဲ့ ... ခင်ခင်လတ် ၊ ညည်းတို့ အစ်ကို ဖို့ ကြက်ဥ ကြော် ထားတာလေး ကော ”


သား မျက်နှာ ကို ကြည့်ရင်း အမေ က ဖွယ်ဖွယ်ရာရာ စီမံ ကျွေးရမှ ထမင်းပွဲ မှာ မြိုင်ဆိုင်သည် ဟု ထင်သည် ။ ထို့ကြောင့်လည်း ယခု လို ကိုသင်း တစ်ယောက် အိမ်ပြန် နောက်ကျသော နေ့များ တွင် အမေ့ မျက်နှာ မရွှင် ။ ထမင်းဝိုင်း မှာ လည်း ခြောက်ကပ် တိတ်ဆိတ် လို့ နေသည် ။


“ ကိုသင်း က လည်း အားကြီး နောက်ကျတာပဲ ။ အမေ မျှော်နေမယ် ဆိုတာ သိသားနဲ့ ”


အထွေး က ဟင်းရည် တစ်ဇွန်း ကို အမေ့ ပန်းကန်ာထဲ ဦးချာရင်း ခပ်လေးလေး ပြောသည် ။ သို့သော် ထုံးစံ အတိုင်း ခင်ခင်လတ် ကတော့ မကျေမနပ် ဖြင့် စကားတင်း ဆိုမြဲ ။


“ ဟွန့် ... အမေ က သာ မျှော်နေတာ ။ သူ့ သား က ဖြင့် လက်ဖက်ရည်ဆိုင် မှာ လား ၊ အရက်ဆိုင် မှာ လား ”


“ အို .. တော်ကြစမ်းပါအေ ၊ အသွားအလာ နှောင့်နှေးအောင် ပြော မနေကြပါနဲ့ ”


အမေ က ဝင် ဟန့် လိုက်မှ အားလုံး ငြိမ် သွားသည် ။ ဘယ်လို အကြောင်း နှင့် ပဲ နောက်ကျ နောက်ကျ သား လုပ်သူ ကို အပြစ် တင်သည့် မည်သည့် ဝေဖန်ချက် ကို မျှ အမေ က လက် မခံနိုင်ပေ ။ သူ  ကိုယ်တိုင် က လည်း သား ကိုသင်း ကို ဘယ်တုန်း က မှ မယုံကြည် ၊ သံသယ ဖြင့် မဝေဖန် မစစ်ကြောခဲ့ ။ တစ်အူထုံဆင်း မောင်ရင်းနှမတွေ ပေမင့် သမီး တွေ က အစ်ကို လုပ်သူ ကို နားမလည် နိုင်သည့် အတွက် သာ အမေ က သမီးတွေ ကို ဝေဖန်ချင်သည် ။ ထမင်းဝိုင်း မှ အမေ စောစီးစွာ ထ လိုက်တော့ ခင်ခင်လတ် တစ်ယောက် မျက်နှာ ကို မဲ့ ၍ သူ့ ကို မေးငေါ့ ကာ ကျန်ရစ်ခဲ့ ပေမည် ။


“ တစ်ဆိတ်ရှိ အယ်ဒီတာ ဆိုတာကြီး နဲ့ ကိုင်ပေါက်ပြီး သူ့ သား ကို တွန်း အထင် ကြီးနေတာ ။ ထောင် နဲ့ သောင်း နဲ့ များ ရှာပေး နိုင်ရင် ခက်မယ် ”


အမေ့ နား မှ မကြားရ သော် လည်း ခင်ခင်လတ် ရင် ထဲတွင် ဧကန် ပြော နေမည့် စကားလုံးတွေ ကို အလွတ် ကျက်မှတ် ထားတာမို့ နား ထဲ မှာ ကြားယောင် နေ မိသည် ။ သည့်နောက် တော့ စိပ်ပုတီး ကို လက် မှာ ချိတ် ကာ အိမ်ရှေ့ ကပြင်လေး တွင် ထွက် ထိုင်ရင်း သား ကိုသင်း ကို အမေ မျှော် ပေမည် ။ ဂုဏ်တော်ပုတီး ကို စိပ် နေ ပေသည့် အမေ့ အာရုံ ထဲ တွင် မူ အပေါင်းအသင်းတွေ နှင့်ဖြစ်ဖြစ် ၊ အလုပ်စားပွဲ မှာ ပင်ဖြစ်ဖြစ် ၊ နေရာ ကွဲပြား သော်လည်း ဦးတည်ရာ စကား အကြောင်းအရာ ကတော့ တစ်ခုတည်း သာ ရှိသည့် သား ကိုသင်း ကို သာ မြင်ယောင် လို့ နေလေသည် ။


•••••   •••••   •••••


တစ်လောက ပင် သား က အမေ့ ကို စာအုပ် တစ်အုပ် ပေးလာသေးသည် ။ နှုတ်သီးနီတျာ နှင့် စကား ကြွယ်မည့် ငှက်ကလေး ကို မှ သံလှောင်အိမ် နှင့် ချုပ်သိမ်း ထားသည့် မျက်နှာဖုံး ရုပ်ပုံ ပါသော စာအုပ်ကလေး ။


“ ဒီ စာရေးဆရာမ က အမျိုးသားစာပေဆု တွေ အကြိမ်ကြိမ် ရဖူး သလို လူတွေ က လည်း ချစ်တဲ့ ၊ လေးစားတဲ့ စာရေးဆရာမ အမေ ရဲ့ ။ ဒီအထဲ က “ အမေ ဆုတောင်းလိုက်ပါသည် ” ဆိုတဲ့ ဝတ္ထုလေး အမေ ဖတ်ကြည့်ချည်စမ်းပါ ”


ထို တစ်ည က လည်း ယခု လိုပင် သား အိမ်ပြန် နောက်ကျ ခဲ့ လေသည် ။ ရောက်လာ ပြန်တော့ သား အတွက် မော နေသည့် အမေ့ ကို မကျေနပ်သည့် ခင်ခင်လတ် က စကားနာ ထိုးနှင့်သည် ။


“ အစ်ကိုသင်း ဟာ အိမ် ကို နည်းနည်း မှ မငဲ့ဘူး ”


စကား က တို သော်လည်း အဓိပ္ပာယ် ရှည်လျား လေးနက် လှပေသည် ။ သည် စကား ၏ နောက်ကွယ် မှာ သား အကြီး အဖ အရာ မဖြစ်ဘဲ အိမ် ကို မအုပ်စီးနိုင်တာတွေ ၊ လှည့် မကြည့်နိုင်တာတွေ ၊ မိန်းကလေး တန်မဲ့ သူ က သာ တစ်အိမ်လုံး ကို တာဝန်ယူ ထိန်းသိမ်း နေရတာတွေ စီတန်းပြီး ပါလေသည် ။ ပြီးတော့ မာန် ကလည်း တက်ချင် စရာ ။ သူ ဦးစီး လုပ်ကိုင် နေသည့် စီးပွားရေး လုပ်ငန်း က အောင်မြင်သည် ထက် အောင်မြင်လာ ရုံ မက သူ နှင့် ရည်ငံ နေသော မောင်မင်းလွင် က ပါ တွဲဖက် လုပ်ကိုင်ကာ ထောက်ကူ နေပြီ ကိုး ။ ဒီတော့လည်း ခင်ခင်လတ် က တစ်အိမ်လုံး ကို သူ က ရှာ ကျွေး နေရသည့် အနေအထား မှ သူတို့ က ရှာကျွေး နေရသည် ဆိုသော အနေအထား သို့ ရောက်ရှိကာ တင်းမာချင် လာ တတ်သည် ။ ဒီ တင်းမာမှု က ညဉ့်နက် မိုးချုပ် သား ပြန် မလာမချင်း ထမင်းပွဲ ယပ်ခတ် စောင့် နေ တတ်သော အမေ့ ကို မြင်တော့ မခံချိတာလည်း ပါတော့တာ ပင် ။


“ ဘယ်သူမှ နား မလည်ချင် နေပါစေ အမေ ရာ ၊ ဒီ ဝတ္ထုလေး ထဲ က လို အမေ နားလည်ရင် ပြီးတာပါပဲ ”


သား က တိုးတိုးဖွဖွ ဆိုလေသည် ။ တကယ်တော့ သား အပေါ်  အမေ့ လောက် မည်သူမျှ နား မလည် သည့် အတွက်တော့ အမေ က မအံ့သြနိုင်ပါ ။ အဆုံး တွင် သား အဖေ ပင် သက်ရှိ ထင်ရှား ရှိ နေလျှင် အမေ့ လို သား ၏ လုပ်ငန်းဝါသနာ အပေါ် နားလည်နိုင်မှာ မဟုတ်ပေ ။ ၁၀ တန်း အောင် တာ နှင့် တက္ကသိုလ် ကို ပင် ငွေဖြုန်းရာ သက်သက် ဟု ယူဆ ကာ အိမ် စီးပွားရေး ကို ဦးစီး ခိုင်းသည့် သား အဖေ သည် စာရေးဆရာ ယောင်ယောင် ၊ အယ်ဒီတာ ယောင်ယောင် သာ ရှိသည့် သား ကို မည်သို့ ကြည်ဖြူ နိုင်ပါမည်နည်း ။ အမေ က တော့ ငယ်ရွယ်စဉ်ကတည်း က သီချင်း ၊ ကဗျာ တို့ ဖြင့် မွေ့လျော် တတ်သော သား တစ်ယောက် စာလေး ရေးလိုက် ၊ ကဗျာလေး စပ်လိုက် ရှိရုံကပင် ထွန်းပေါက်လှပြီ ဟု သား ကို ထင်ခဲ့တာပင် ။


“ သား ကဗျာလေး က မဆိုးလှဘူး နော် ။ အမေ တော့ နား မလည်ပါဘူး ။ ရှေ့နား မှာ ပါလို့ ဝမ်းသာ နေတာ ”


စာမျက်နှာ ၂၀ ၊ ၃၀ လောက် မှာပါ တဲ့ သား စာကလေး မျှ နှင့် ပင် အမေ့ မှာ ပီတိ ဖြစ် မဆုံး ။


“ ဒါမျိုးက သန္ဓေ ရှိမှ ဖြစ်တာ ၊ စီးပွား ရှာ တာက သင် တတ်လိမ့်မပေါ့ အသာလေး ”


အမေ က သူ့ အရပ် နှင့် မမီချင်သော သား စာအုပ်စင် ကို တစ်နေ့ တစ်နေ့ ဖုန် အခါခါသုတ်ရင်း ဂုဏ်ယူ စကား ဆိုမြဲ ။ သားတို့ အဖေ သာ ရှိလျှင်တော့ သူ နှင့် ခင်ခင်လတ် က တစ်ဖက် ၊ အမေ နှင့် သား က တစ်ဖက် ရှိလိမ့်မည် ။


“ ဟင်း .. တစ်အုပ် ၁ဝ နဲ့ ပဲ တွက်ဦး ၊ နည်းတဲ့ ငွေတွေလား ”


ခင်ခင်လတ် က တော့ သား ၏ စာအုပ်စင် ကို ကြည့်ကာ မဲ့ရွဲ့ ဖို့ပဲ တတ် လေသည် ။ ဒီတုန်းက သား ၏ ဘဝ အစ သာ ရှိသေးသည် ။ နောင်တော့ သား ၏ စာတွေက အောင်မြင်မှု ရ လာကာ သား နှင့် ပတ်သက်သည့် ဝေဖန်စာတွေ ၊ ဆောင်းပါးတွေ ပင် တရေးတယူ ရှိလာကြ လျက် ယုံကြည်ရာ တူ မိတ်ဆွေများဖြင့် မဂ္ဂဇင်းလေး တစ်ခု ပင် တည်ထောင် နိုင် လာတော့ ခင်ခင်လတ် အသံ က ပျော့ သွားသည် ။


“ လုပ်မယ် ဆိုရင်လည်း အစ်ကိုသင်း ဟာ က စီးပွားရေး ဆန်ဆန် တွက်ချက် ဇောက်ချပြီး လုပ်ပေါ့ ”


ကနဦး မဂ္ဂဇင်း အဖွင့် မှာ ပင် သား ရေးသားသော စာ ကတော့ တစ်မျိုး ။


“ ယိုဟန်ဂူးတင်ဗတ် သို့ ကျေးဇူးစကား ” တဲ့ ။


ရှေးအခါက လူသားတွေ ဟာ ရုပ်ပုံတွေ ရေးဆွဲ ပြီး မှတ်သားမှု နဲ့ ခံစား ချက်တွေ ကို ထုတ်ဖော်ခဲ့ကြ ပါ သတဲ့ ။ ပါးစပ် က ပြောတဲ့ စကား နဲ့ အသံ ကို သင်္ကေတ ပြုနိုင်တဲ့ အက္ခရာများ ကို တီထွင် ခဲ့ ကြပါသတဲ့ ။ ရွှံ့ပြား ၊ သစ်ခေါက် ၊ ပျဉ် နဲ့ ကျောက်ပြားတွေ ပေါ် ကနေ ပပိုင်းရပ် လို့ ခေါ်တဲ့ ကျူပင် ရဲ့ အရွက် ၊ ဒီကမှ ကြီးမားတဲ့ သားရေပြားကြီးတွေ ၊ စက္ကူ ရယ် လို့ ပေါ်ပေါက်လာတဲ့ အခါကျ မှ စက္ကူများ စုပေါင်း ထားတဲ့ စာအုပ် ရယ် လို့ တိုးတက်ခဲ့ သတဲ့ ။ အဲဒီမှာ ဂျာမန်နိုင်ငံ က ယိုဟန်ဂူးတင်ဗတ် ဆိုတဲ့ ပုဂ္ဂိုလ် ဟာ စာရွက်ပေါ် မှာ စာလုံးလေးတွေ ပေါ်ပေါက် လာအောင် နှစ်ပေါင်း ၂ဝ လုံးလုံး တီထွင် ခဲ့တာ ။ သူ့ ကြောင့် သာပဲ အခုအခါ မှာ တစ်နာရီ ကို စာအုပ်ပေါင်း ၁၅,ဝဝဝ ကို ရိုက်နှိပ်ပေးနိုင်တဲ့ ခေတ်ကြီး ကို ရောက်ခဲ့ရပါပြီ တဲ့ ။ ဂူးတင်ဗတ် ရဲ့ တီထွင် ကြိုးစားမှု ကြောင့် ပဲ ဗဟုသုတ တိုးပွားဖို့ နဲ့ အတွေးအခေါ် ရှင်သန်စေဖို့ ၊ အသိအမြင် အတွေး နဲ့ ခံစားချက်တွေ ကို ဟစ်ထုတ် ဖော်ကျူး ဖို့ အခွင့်ကောင်း အခွင့်မြတ်ကြီး ကို ရနေပါပြီ တဲ့လေ ။


သား က သူ့ စာအုပ်ကလေး ကို သည်သို့ စတင် ခဲ့သည် ။ စာပေ အသိုင်းအဝိုင်း မှ ဂုဏ်ပြုကြိုဆိုသံတွေ လည်း ပေါ်ထွက်လာတော့ ခင်ခင်လတ် အသံ က ပျော့တော့မည် ပေါ့ ။ သို့သော် ခင်ခင်လတ် အသံ က ကြာရှည် မပျော့ လိုက်ရ ။ တစ်နှစ် ပင် မခံသည့် မဂ္ဂဇင်း သက်တမ်း နှင့်အတူ သား ကိုသင်း က လည်း အိမ်ပြန် နောက်ကျ တတ်လေသည် ။


•••••   •••••   •••••


“ ဆူလွယ် နပ်လွယ်တွေ မပါချင်ဘူး ”


“ သူခိုးတွေ လူလိမ်တွေ မပါချင်ဘူး ”


“ စာကောင်းလေးတွေ ကို ကျွန်တော် က ဟို အဆိုတော် ရဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ ပေါင်ကြား မှာ ညှပ်ထည့် ပေးရမှာလား ”


“ ဖတ်သူ အကြိုက် လို့ ခေါင်း မလွှဲစမ်းပါ နဲ့ ၊ ဒါမျိုး က လုပ်နိုင်တဲ့ လုပ်တတ်တဲ့ သူ များ ပါတယ် ။ မလုပ်ချင်တဲ့ အနည်းစုထဲ က နေ ကြိုက်ရမယ့် စာကို ဖတ်ချင် လာ အောင် ကြိုးစား ကြ ရအောင် ”


အစတုန်း က တော့ သား က တရားလွန် ပြင်းပြ တက်ကြွ လို့ နေသည် ။ နောင်တော့ သားအသံ တို့ က တဖြည်းဖြည်း ပျော့ဆင်း ၍ သွားလေသည် ။


“ ခင်ခင်လတ် က ကျွန်တော်တို့ စာအုပ် ကို အရုပ် နည်း သေးတယ် တဲ့ အမေ ရဲ့ ။ သူ ဖတ်နေကျ နာမည် လှလှလေးတွေ ၊ နာမည် လေးငါးလုံး နဲ့ စာရေးဆရာတွေ လည်း မပါလို့ တဲ့ ။ အထွေး က လည်း ကျွန်တော် တို့ စာအုပ် က သိပ် မငှားရဘူး တဲ့ ”


“ အနုပညာ က တစ်ပိုင်း ၊ ဆူလွယ် နပ်လွယ် စီးပွားရေး ဆန်တာ က တစ်ပိုင်း ၊ ဖား တစ်ပိုင်း ငါး တစ်ပိုင်း ပေါ့ လေ ။ ကျွန်တော် က ငွေထုပ် ပိုက် ထားတဲ့ သူ မှ မဟုတ်တာ ”


“ အနုပညာ နဲ့ ငွေကြေး ယှဉ်တွဲ လာပြီ ဆိုရင် တော့ တစ်ခု ခု က ကျဆုံး တတ်တာပဲ သိလား ။ တစ်ခု ခု ကို စွန့်လွှတ်ရ လိမ့်မယ် ။ လောလောဆယ် တော့ သက်တမ်း ရှည်ရှည် ရပ်တည်နိုင်ဖို့ နဲ့ ကိုယ် လုပ်ချင်တာလေး တွေ ကို လုပ်နိုင်ဖို့ မလျှော့မတင်း စောင်းကြိုးညှင်း ပေါ့ လေ ”


သား က ရာသီ လိုက်၍ အရောင် ပြောင်း ရသော ပုတ်သင်ညို ကို ပင် ကြည့် မရသည့် သူ ။ သို့ပေမဲ့ အရှုံး ခံ ရုံသက်သက် မစွမ်းတော့သည် မို့ စီးပွားရေး လှိုင်းတံပိုးကြီး က သားတို့ ကို ဝါးမျို ပစ်လိုက်တော့တာပင် ။ ရှက်စိတ် မွှန်းလျက် ရီဝေမူးယစ် လာသော တစ်ည မှာ တော့ သား က သူ့ စာအုပ်စင် ကို ဝုန်းခနဲ ဖြိုချကာ ရှိုက်ကြီး တငင် ငိုကြွေး ပြန်လေသည် ။ ချစ်သူ ရင်ခွင် တွင် မှေးစက် အပ်သော အရွယ် မှာ တမ်းတရနိုး မသိဘဲ ရေဆန် ကို ရွက်တိုက် လေ သည့် သား ကို အမေ မနှစ်သိမ့် တတ် ပေ ။


“ ကျွန်တော် တရားခံ မဖြစ်ချင်ဘူး အမေ ”


ထို လ က စ၍ ခါတိုင်း လတွေ လို သား သည် သူ့ မဂ္ဂဇင်းလေး ကို အိမ် ယူ လာ ဖော် မရတော့ ။ နောင် တော့ သားတို့ ကြား က အကွဲအပြဲ သတင်းတွေ ကို ကြား လာ ရသည် ။ အထွေး ဝယ် တင် ရသော အငှားဆိုင် အတွက် သားတို့ မဂ္ဂဇင်း ကို အမေ လှန်လှော ကြည့်တော့ သား မရှိ ပါ မှ မြိုင်မြိုင်ဆိုင်ဆိုင် ၊ ပန်းချီပုံတွေ က ရောင်စုံ ၊ အရုပ်တွေ ဓာတ်ပုံတွေက အပြည့် ။


“ သေချာ ကြည့်ပါ အမေ ရဲ့ ၊ ဒါ မိန်းကလေးတစ်ဦး ရဲ့ အချစ် အကြောင်း ပဲ ရေးထားတဲ့ ဝတ္ထုလေး ပါ ။ သရုပ်ဖော်တဲ့ ပုံ က သေချာ ကြည့် ရင် မိန်းမ တစ်ယောက် ပါ အမေ ရဲ့ ”


မိန်းမ ဆိုသော သင်္ကေတ တွေ ကို တော့ အမေ ရှာဖွေ တွေ့ရှိ သည် ။ သို့ပေမဲ့ အပြင် က လူတွေ အတိုင်း ချိုးဆစ် ရေးဆွဲထားတာမျိုး မဟုတ် ။ ခုတော့ မြင်တာ နှင့် သိသာ ထင်ရှားသည့် အချိုးအစား ပါ တိကျသည့် လူပုံတူ ရုပ်ပုံများ .…. ။


“ ကျွန်တော်တို့ မှာ သရုပ်ဖော် ပုံလေး တစ်ပုံ နဲ့ အများကြီး အလုပ် လုပ် ရတယ် အမေ ”


သား က စိတ်ရှည် လက်ရှည် ရှင်းပြခဲ့ ဖူးသည် ။ ခုတော့ လည်း အမေ သည် ပြောင်းလဲ သွားသော သရုပ်ဖော်ပုံ မျှ နှင့် ပင် နားလည်တတ်။ပေပြီ ။ ဘာကြောင့်မှန်း တော့ မသိ ။ နတ်မိမယ် တမျှ လှပသော ဆေးရောင်စုံ ပန်းချီရုပ်ပုံလေး သည် အမေ့ ရင် မှာ ပေါ့ရွှတ် ၍ နေလေသည် ။


ဒီနောက် တော့ လေလွင့်သည့် ရွက်ဝါ လို သား တစ်ယောက် အိမ် မှာ သောင်တင် နေ ပြန်သည် ။ တစ်ခါ တစ်ခါ မှာတော့ အထွေး ၏ စာအုပ်ဆိုင်လေး ထဲ မှာ အမေ နှင့် အတူ ထိုင်ရင်း စီကာပတ်ကုံး ရှင်းပြ နေတတ် ပြန်သည် ။


“ ဟောဒီ စာအုပ်ဆိုင်ကြီး တစ်ခုလုံး မှာ ကျကျနန ဖတ်စရာ စာအုပ် က ဒီ လေးငါးတန်း ပဲ ရှိတာ ”


သား က စားပွဲ နောက်ကျော က စာအုပ်တွေ ကို ညွှန်ပြ ၍ ဆိုလေသည် ။ ဒီနေရာ က စာအုပ်တွေ ကို တော့ ဟိုဘက်တန်းတွေ ပေါ် က စာအုပ်တွေ ကို အနှောင့် လိုက် စီ ၍ ထောင် ထားတာ မဟုတ်ဘဲ မျက်နှာပြင် လိုက် စီ ၍ ထောင်ထား လေသည် ။ ပြီးတော့ ဟိုဘက် တန်း ပေါ် က စာအုပ်တွေ ၊ စားပွဲ ပေါ် က စာအုပ်တွေ နှင့် စာ လျှင် သစ်လွင်ကာ ပွန်းရာပဲ့ရာ လည်း မရှိချေ ။


“ အစ်ကိုသင်း က သူ ဝယ် လာပေးတဲ့ စာအုပ်တွေ ဆိုရင် အဲဒီ တန်း မှာ ထားခိုင်းတာ အမေ ၊ ဒါပေမဲ့ သိပ် မငှားရဘူး ”


အထွေး ပြော တုန်း က အမေ ရေရေရာရာ နား မလည် ။ သား ရှင်း ပြတော့ ရေးရေး သဘော ပေါက် ရသည် ။


“ ဒီလို စာအုပ်တွေ က အထွက် နည်းတယ် အမေရဲ့ ။ တကယ် အဆီ အနှစ် ရှိတဲ့ စာအုပ်တွေ ပေါ့ ။ တစ်လ နေ လို့ မှ တစ်အုပ် ၊ နှစ်အုပ် မှန်မှန် ထွက်ဖို့ တောင် ခဲယဉ်းတယ် ”


“ နို့ မရေးကြလို့လား သား ရဲ့ ”


အမေ က မသိ နားမလည် နိုင်စွာ မေး တော့ သား က ဝေ့လည်ကြောင်ပတ် ဖြေ တတ် သည် ။


“ စာပေအနုပညာ ဆိုတာ ပန်းကလေးတွေ လို ပါ အမေ ၊ ပန်းတိုင်း လည်း မပွင့်နိုင်ဘူး ။ ပွင့်တိုင်း လည်း မမွှေးနိုင်ဘူး ။ ပန်းတိုင်း ပွင့်ပြီး ပွင့်သော ပန်းတိုင်း မွှေးဖို့ ဆိုတာ ရေခံ မြေခံ တို့ ၊ မျိုးစေ့ လည်း မှန် ပင် လည်းသန် ဖို့ တို့ အများကြီး လိုတယ် အမေ ရဲ့ ။ လွတ်လပ်ကျယ်ပြန့်တဲ့ ဥယျာဉ်ခြံမြေကြီး တစ်ခု လည်း လိုတယ် ။ ပန်း စိုက်သူ ပန်း ပျိုးသူ တို့ ရဲ့ စေတနာ အတွေး နဲ့ အလုပ်တွေ ဟာ ကျယ်ပြန့်တဲ့ ဥယျာဉ်မြေ မှာ မှ လွတ်လပ်စွာ ဖူးပွင့် နိုင်မယ် ။ ဒါမှ လည်း မလိုလားတဲ့ ပေါင်း နဲ့ မြက်တွေ ကို ရှင်းလင်း သုတ်သင်စရာ တောင် မလိုဘဲ အဆင်းရော အချင်းပါ လှတဲ့ ပန်းတွေ ချည်း ဥယျာဉ်မြေ မှာ စည်ပင်တော့ မပေါ့ ။ ပြီးတော့ သိပ် အရေးကြီးတဲ့ အချက် တစ်ခု လည်း ရှိတယ် အမေ ။ ပန်းစိုက်သမား ရဲ့ လက်တွေ က ပန်းစိုက်ရာ မှာ ပဲ တွင်ကျယ် သင့် တယ် ။ သား ငိုသံ ၊ မယားဆိုသံ တွေ ကို ပြေးချော့ နေရရင် ကြောင့်ကြ လှ ပါတယ် ။ စာပေလုပ်ငန်း က အနုပညာ ပါ ။ စားဝတ်နေရေး စီးပွားရေးတွေ က ကြမ်းတမ်းတဲ့ ဘဝပညာ ပါ ။ ဒီလိုနဲ့ပဲ ပန်းကလေးတွေ တချို့ ကြွေ ၊ တချို့ နွမ်း ...  ”


အမေ က တော့ စာ ဆိုလျှင် ကဗျာ နှင့် ဝတ္ထု လောက်သာ မြည်းစမ်း ရင်းနှီးသည် ကိုး ။ သား ပြောသည့် ဘာသာပြန်စာပေ တို့ ၊ ပြဇာတ်စာပေ တို့ ၊ ရာဇဝင် ၊ သမိုင်းကျမ်း နှင့် အတ္ထုပ္ပတ္တိ တို့ ၊ ကလေးများ အတွက် ကလေးစာပေ ၊ ပုံပြင် ၊ ကဗျာ ၊ စာစောင် ၊ ဂျာနယ် အမည် စုံ လှအောင် မစဉ်းစားမိပေ ။


သား ပြောမှ ပဲ အမေ လည်း အထွေး ၏ စာအုပ်ဆိုင်ကြီး ကို ကြည့် ကာ ဟင်းချ မိ ရသည် ။


သား ကိုသင်း တစ်ယောက် က တော့ သူ နှစ်သက်ပျော်မွေ့ရာ စာ ကဗျာ တို့ ကို ပန်းကလေးတွေ လို ပင် နုသစ်စွာ ရင်မှာ မြတ်နိုးပုံ ရလေသည် ။ ဒါဆိုလျှင် တော့ စာကောင်းပေကောင်း တို့ ကျဲပါးလျက် ပန်းပန်ခိုက် အခွင့်မကြုံ မှာ ကိုတော့ အမေ က အထူးပဲ စိုးရိမ်မိရသည် ။ “ အလိမ္မာ စာ မှာ ရှိ ” ဆိုသော အရိုးသားဆုံး စကားနှင့် ပင် ဆိုကြပါစို့ ။


ဒီလိုနှင့် ယုံကြည်ရာ ဝါသနာတူရာ အပေါင်းအသင်းတွေ က လာရောက် ဆွဲဆောင် ပြန် လျှင်တော့ သား သည် ဗေထိ ဆိုတာနှင့် က ချင် နေသည့် သူ လို နှစ်ခါ မခေါ်ရဘဲ ကောက်ကောက်ပါ လိုက်ပါ သွား ပြန်သည် ။


“ လုပ်နိုင် သလောက်လေး ကို လုပ်တဲ့ သဘောပေါ့ အမေ ရာ ။ ကျွန်တော် က ရှင်ခန်း မှ မပြတ်နိုင်သေးဘဲ ”


သို့ပေမဲ့ သား တစ်ယောက် ဟို မဂ္ဂဇင်း မှာ ခဏ တွဲဖက် ၍ ဝင်ကူ နေ သလိုလို ၊ ဒီ မဂ္ဂဇင်း မှာ လေးငါးလ ကြာပြန် သလိုလို နှင့် ရေရေရာရာ တော့ မရှိလှ ။ တစ်ခါတလေ တော့ လည်း အမေ သည် သား ၏ အဖြစ် ကို နားလည်လှ ပြီ မို့ သိန်းဆု သုံးလေးဆု ဆက် ပေါက်ဖို့သာ နင်းဆုတောင်း မိ ပြန်သည် ။ တစ်နေ့ က တွေ့သော သားအခန်း ထဲ က မိန်းကလေး တစ်ဦး ၏ ဓာတ်ပုံ နောက်ကျော မှာတော့ “ ပန်းကဗျာ ” ရယ်လို့ ရေး ထားတာ ဖတ်ရ သဖြင့် ရင် မှာ အေးရ သေးသည် ။


“ ပန်းကလေး တစ်ပွင့် နှစ်ပွင့်

သုံးလေး ငါးခြောက်ခွန် ရှစ်ပွင့်

ပန်းပွင့်များစွာ ပေါင်းလိုက်ပါ

ပြီးတော့ ရင်မှာ သိမ်းထားပါ ” တဲ့ ။


တစ်ခါ တစ်ခါတော့ အထွေး တို့ ၊ ခင်ခင်လတ် တို့ ၊ မောင်မင်းလွင် တို့ ဆီက ထူးဆန်းသော တုံ့ပြန်ချက်များ ကို ကြားရသည့် အခါ အမေ ကြီးစွာ အံ့အားသင့် ရ ပြန်သည် ။


“ စာအုပ်ဆိုင် က တစ်ဖက် ၊ မမလတ် ကို ကူရတာ က တစ်ဖက် ဆို တော့ အထွေး လည်း အစ်ကိုသင်း ပြောတဲ့ စာအုပ်တွေ ကို မဖတ်ချင် တော့ ပါဘူး အမေ ရယ် ။ ပေါ့ပေါ့ပါးပါး သက်သက်သာသာ ပဲ ကောက် ဖတ်မိတယ် ”


အထွေး လို လူငယ်တွေ ဘယ်နှယောက် ရှိကြမည်လဲ ။ စာပေ ဗဟုသုတ နည်းပါး လာ လျှင်တော့ ကြာလျှင် အတွေးအခေါ် အယူအဆ တွေ လည်း ခေတ်မမီ နုံနဲ့ လာလိမ့်မည် ဆိုတာ လောက် တော့ အမေ ပင် ကောင်းစွာ သဘောပေါက် လေသည် ။


“ ကျောင်းပညာ ထဲ မှာ ကျွန်တော်တို့ စာတွေ ဖတ်ခဲ့ပြီပဲ ။ ခုချိန်မှာ အစ်ကိုသင်း ဟာ ဥစ္စာ ရှာဖို့ ကောင်းပြီ ”


မောင်မင်းလွင် က လည်း ကျောင်းပညာ နှင့် အသိပညာ ကို ရောထွေး ပစ် တတ်ပြန်သည် ။


“ အမယ်လေး ... ဒီ အိမ် မှာ လည်း အမေ့ သား သာ အားအားယားယား စာ ဖတ်နိုင်တာပါနော် ။ မိလတ် တို့ က ဖြင့် လွန်းထိုး သလို ပြေးလွှား လှုပ်ရှား နေရတာ ။ ဇိမ် မခံအားပါဘူး ”


သမီး ခင်ခင်လတ် စကား က တော့ အမေ့ ရင် ကို ဓားသွားမြမြ နှင့် မွှန်း လိုက်တာပင် ။ ခင်ခင်လတ် တို့ က တော့ စာပေကို ဇိမ်ခံပစ္စည်း ၊ ဖျော်ဖြေခံပစ္စည်း လောက်ပဲ သဘော ထားလေသည် ။ သုတ ဆိုသည့် သဘော မျှ ပင် မထားရှိ နိုင်ပေဘူးလား ။ အမေ အံ့သြရလေသည် ။ တစ်သွေးတည်း တောင်မှ အတွေးအရောင် ကျ တော့ ကွဲပြား ကုန် ကြပြီ ။


“ စာပေ ဆိုတာ လူ တစ်ယောက် ရဲ့ ဘဝ ၊ လူအများ ရဲ့ ဘဝ ကို အားလုံး အသစ် ပြောင်းလဲ ပစ်လို့ ရတဲ့ အထိ အစွမ်း ထက်တယ် အမေ ရ ။ အဲဒီလို ပြောင်းလဲ ပစ်လို့ ရတဲ့ အတွေးအခေါ် တွေ ၊ အသိပညာ တွေ ကို ပေးနိုင်တယ် ။ သင်းပျံ့တဲ့ မွှေးရနံ့ ကို ပန်းများ မှ တစ်ဆင့် ဆိုပါတော့ အမေ  ...  ”


သား ပြောတာကတော့ ပန်းတစ်ပွင့် ၏ သင်းရနံ့ မျှ နှင့် ပင် မိုး နှင့် မြေ ကို မွှေးပျံ့စေတတ် လို့နေသည် ။ ဒီလို ဆိုလျှင်တော့ မောင်မင်းလွင် တို့ ၊ ခင်ခင်လတ် တို့ ၊ အထွေး တို့ ကလည်း ပန်းပန်ခွင့်ခိုက် မကြုံရှာသည့် ပန်းပန် ဖို့ ကံ မထိုက်သူများ ပင် ဖြစ်ကြလေသလား ။


“ ဆန်းသစ်မှု ၊ တီထွင်မှုတွေ နဲ့ လမ်းဟောင်း က နေ တချို့က ဖောက် ထွက် နေ ကြတယ် ။ တချို့ က လည်း အရမ်း ကြိုးစား နေ ကြတယ် ။ အပြောင်းအလဲတွေ ကလည်း မြန် နေတယ် ။ လှုပ်လှုပ်ရှားရှား တော့ ရှိပါတယ် အမေ ။ ကျွန်တော်တို့ ကြိုးစား ကြရမှာပဲ ။ တစ်ငုံ တော့ ကျန်ပါသေးသတဲ့ အမေ ရဲ့ ။ ကျွန်တော် က ပန်းပန်ချင်တဲ့ သူ ဆိုတော့ ခေါင်း ဖြီးပြီး သွားရဦးမှာပေါ့ အမေ ရာ ... ”


ဥယျာဉ်မြေ ကို စိုပြည် လန်းဆန်း စေ ချင်သည့် သား ပေကိုး ။ မဂ္ဂဇင်း လုပ်ငန်း တာဝန်တွေ ကြား မှာ သား ကိုယ်တိုင် စိုက်သည့် ပန်းကလေးတွေ က တော့ ကြိုကြား နည်းပါးခဲ့ပြီ ။ သူများ တွေ အပွင့် ကို ကြည့်ကာ ပီတိ ဝေ နေသော သား မျက်နှာ မှာ ပကတိ ကြည်လင် ရှင်းသန့်မြဲ ၊ ဂုဏ်ယူ ပေါ့ပါးမြဲ ။


တစ်နေ့ က တော့ သား သည် ညဉ့်နက် မိုးချုပ် မှ ယိုင်ထိုး လျက် အိမ် ကို ပြန် လာ လေသည် ။


“ ဟို စာရေးဆရာမလေး အမေ ၊ အမေ့ ကို သား ပေး ဖတ် ထားတဲ့ စာအုပ် ၊ သူ ဆုံးသွားပြီ အမေ ”


ထိုနေ့ က သား သည် ရီဝေယစ်မူးခြင်း ဖြင့် ယိုင်ထိုးခဲ့တာ မဟုတ်ပေ ။ သား မျက်နှာ မှာ အထူးပင် ညှိုးနွမ်းလျက် ထိခိုက် နေ ရှာသည် ။ အသံ က လည်း တုန်အက် ပြိုကွဲသော ဝမ်းခေါင်သံ နင့်နင့်ကြီး ။


“ ဟယ် ...  ဟုတ်လား ”


ခင်ခင်လတ် က ပင် ထိတ်လန့်တကြား အာမေဍိတ် ပြုလို့နေသည် ။


“ သေစရာရှားလို့ ၊ သူ သေမယ့် အစား တခြား သေစရာတွေ အများကြီးပါ ”


အထွေး က တော့ ငယ်ရွယ်သူ ပီပီ ဒေါသ သင့်လျက် မြည်တမ်း ရှာသည် ။


အမေ က တော့ “ အို .. ဖြစ်မှ ဖြစ်ရလေကွယ် ” ဟု ရင် မှာ တင်းကျပ် ဆို့နင့် လို့ ရှိ ရသည် ။


စာအုပ် လာ ငှားသည့် မိန်းကလေး တစ်ယောက် က တော့ “ ကျွန်မ နဲ့ သူ နဲ့ မသိပါဘူး ။ သူ့ ကို မြင်လည်း မမြင်ဖူးပါဘူး ။ ဒါပေမဲ့ ကျွန်မ သိပ်ဝမ်းနည်းတာပဲ ” ဟု ဆိုကာ မျက်ရည်တွေ ကျ လာသည် ။


သား ပေး ဖတ်သော ဝတ္ထု ထဲ မှာတော့ ထို စာရေးဆရာမ က ..


“ အရင် ရောက်နှင့် သူ သည် အရင် ပြန် သွားရရိုး ” ရယ်လို့ နိမိတ် ဖတ်ပြီးသား ပေ ။ ပြီးတော့ မနက်ဖြန် မိုးသောက်၍ ပန်းများ ပြန်လည် ဖူး ပွင့်လာချိန် ဝယ် သား ၏ ဝိညာဉ် သည် ထို ပန်းတို့ ၏ မွှေးရနံ့ ဖြင့် ဝမ်းမြောက် ကြည်နူးခြင်း သို့ ရောက်ရှိနိုင်ပါစေသတည်း ဟု အမေ ဆုတောင်း မိလေသည် ” တဲ့ လေ ။


“ အနုပညာ စာပေနယ် တွင် ယုံကြည်ချက် ၊ စေတနာ ၊ စာပေ ၊ သစ္စာ တို့ဖြင့် ရုန်းကန် ရပ်တည်ခဲ့သော ထုတ်ဝေသော စာပေသမား တစ်ဦး ၏ ဘဝ ” ။


သူ့ နောက်ဆုံး ခရီး မှာ အမေ လုပ် သူ က ဒီလို ဆုတောင်း ခဲ့ပါသည် ။


ပင်ခံ မြေခံကောင်း ရှားတတ် ပါလျက် အပွင့်လည်းသန် ၊ ရနံ့လည်း ကျန် ကာ ရာသီချိန် မှန်သော အဖိုးတန် သည့် ပန်းလှတစ်ပွင့် မှ ကြွေပြုန်း ရ သတဲ့လား ကွယ် ။


ဒီလိုနဲ့ပဲ ပန်း ပြတ်ခိုက် ကြုံရပေသည့် ပွင့်တစ်ငုံ ကို မျှော်လင့်ရင်း သား က လည်း ဝဲလည်နေသော ရေပြင်ကျယ် ထဲ က လှေငယ်လေး တစ်စင်း လို လှုပ်ရှားရုန်းကန်ဆဲ ...  ။


အမေ သည် လည်း အိမ်ပြန် မိုးချုပ် မြဲ သား ကို စိတ်ရှည် သည်းခံစွာ စောင့်မျှော် ဆဲ ။


“ စာအုပ် ဆိုတာ လူ့ ခန္ဓာကိုယ် လို ရုပ်ပစ္စည်း ပဲ အမေ ။ ခန္ဓာကိုယ် လို ပဲ သူ့ မှာ လည်း နာမ် ရှိတယ် ။ အသက်ဝိညာဉ် ရှိတယ် ...  ။


ခန္ဓာကိုယ် မှာ အစာ လို သလို စိတ်သန္တာန် မှာ စာ လိုတယ် ။ အစာ မှား လို့ အဆိပ် သင့်ရင် တစ်ယောက် ပဲ သေမယ် ။ စာ မှား လို့ အဆိပ် သင့်ရင် မျိုးဆက် နဲ့ ချီပြီး သေနိုင်တယ် ...  ။


အယ်ဒီတာ ဆို တာ တည်းဖြတ် ထုတ်လွှင့်ပေးပို့ တဲ့ သူ လို့ အလွယ် ပြော နိုင်ပါတယ် အမေ ။ အဆိပ်တွေ ပါ မသွားဖို့ ၊ ခွန်အား နဲ့ အာဟာရတွေ ကို ပေးပို့ဖို့ ပါ အမေ …. ။


အကိုးအကား အဆိုအညွှန်းများ နှင့် ပြွမ်းတီးသည့် စကားသံ သည် လည်း အမေ့ နားဝ မှာ ဝေဆာ ဆဲ ။


လရောင်သဲ့သဲ့ အောက် တွင် ဟိုးဝေးဝေး မှ ရှည်ရှည်ကိုင်းကိုင်း အရိပ် တစ်ခု ယိမ်းယိုင်လျက် အမေ့ အိမ် သို့ ဦးတည် လျှောက် လာ နေတာ ကို ဝိုးတဝါး မြင်တွေ့ ရ လျှင်တော့ သင်းသင်းပျံ့သော ပန်းရနံ့ တစ်မျိုး က လည်း အမေ့ အနား သို့ ရောက်ရှိ လာ ပေသည် ။


◾မခင်လေး 


📖 မညိုပြာ ၏ နှင်းဆီခင်း စာစုများ ၊ ၁၉၉ဝ


#ကိုအောင်နိုင်ဦး


 .