Showing posts with label အောင်ဖြိုးကျော် ( ပခုက္ကူ ). Show all posts
Showing posts with label အောင်ဖြိုးကျော် ( ပခုက္ကူ ). Show all posts

Sunday, June 7, 2026

အဖြူရောင် အရည်ကြည်တို့၏ သမိုင်း


❝ အဖြူရောင် အရည်ကြည်တို့၏ သမိုင်း ❞
( အောင်ဖြိုးကျော် - ပခုက္ကူ )

၁ ။

သားဖောက်စက်ကား ရပ်ချိန်ကျနေပြီဖြစ်၏ ။

••••• ••••• •••••

၂ ။

သို့သော် မရပ်သေး ၊ ရှိသမျှ လုပ်နိုင်စွမ်းရှိသော ပါဝါတွေ ပိတ်ကုန်ပြီ ။ အပို ဘက်ထရီတွေလည်း အားကုန်ပြီ ။ အားသွင်း၍ နိုးထစေသည့် အပိုင်းများကလည်း အလုပ် မလုပ်နိုင်တော့ ၊ ချုံးချုံးကျ နေပြီဖြစ်၏ ။

သို့သော် မရပ်သေး ။ သည်အချက်က သူ့အတွက် အထူးအဆန်း ဖြစ်စေတော့၏ ။

••••• ••••• •••••

၃ ။

“ ဆရာ့ကို ကျွန်မ စောင့် နေတာ ပြောစရာ ရှိလို့ ”

စာကြည့်တိုက်ရှေ့ ဆိုင် ကယ် အရပ်မှာ သူ့အား စောင့်စားနေဟန် တူသော မျက်နှာချင်းဆိုင် အိမ်က အမျိုးသမီးက အသံဖြင့် ခရီးဦးကြိုခြင်း ဖြစ်သည် ။

“ အေး ပြော ”

“ ဘေးအိမ်က ဆရာ့ မပြောရဲလို့ ကျွန်မ ပြောခိုင်းတာ ၊ ဆေးရုံ သွားချင်လို့တဲ့ ”

ခုတလော အလုပ်က အတော်ရှုပ်သည် ။ ဆရာမကြီး အကူအညီ တောင်းလာ ၍ KG ကျောင်းဆောင်အသစ် ဆောက်ပြီးစ အကြွေး မကျေမီ ငလျင်ဒဏ်ကြောင့် အက်ကြောင်းတွေ ထ , သွားသည့် မူလတန်းကျောင်းအား အန္တရာယ်ဆောင် အဖြစ် ပညာရေးမှူးက ချိတ်ပိတ်ကာ အပြင်တွင် တဲထိုး စာသင်စေ၍ ယာယီတဲ ထိုးခြင်းကြောင့် အကြွေး ထပ်တင်၍ လူက စိတ်မောကိုယ်မော ။

“ အသင်းကား ခေါ်ပေးရမလား ”

“ ဆရာ့သဘောပါ ၊ သွား ကြည့်ဦးပေါ့ ”

ဆိုင်ကယ်ပေါ်က ဆင်းပြီး ဘေးအိမ်ထဲ ဝင်လိုက်ရ သည် ။ လူနာက အသံ မထွက်နိုင် ။ ကျောမှီပြီး ခေါင်း တယမ်းယမ်း ။ ဟပ်ထိုးလဲ မလို မောနေဟန်က အထင်အရှား ။

“ ဖြစ်နေတာ ကြာပြီလား ”

“ အင်း ... ”

“ ဆေးရုံ ပို့ပေးရမလား ”

“ သူ့သားသမီးတွေ သွားအကြောင်းကြားတော့ ဘယ်သူမှ မလာကြဘူး ။ ကျွန်မ သွားချင်တာပေါ့ ၊ ပိုက်ဆံက မရှိဘူး ”

သူ လူနာအား စေ့စေ့ကြည့်ဖြစ်သည် ။ အောက်ဆီဂျင် မပေးလျှင် သေတော့မည်ဟု စိတ်က တွေးမိစဉ် ဖုန်းကို ဖွင့်ဖြစ်သည် ။

“ ပင်လယ်စံအိမ် ”

“ ဟုတ် ဆရာပြော ”

ယဉ်မောင်း အသံကို တက်တက်ကြွကြွ ပြန်ကြားရသည် ။

“ ကားကောင်းလား ၊ အရေးပေါ် ဆေးရုံကြီး ”

“ ကောင်းတယ် ၊ ဘယ်လာရမလဲ ဆရာ ”

“ စာကြည့်တိုက် ဘေးကအိမ် ”

••••• ••••• •••••

၄ ။

တီနောင် - တီနောင် မြည်သည့် လူနာတင်ကား အလန်းသံ ကြားမှာ သူ အတွေးတွေ အဝေးသို့ လွင့်စဉ်စပြုပြီ ။ အမှန်အတိုင်း ဆိုလျှင် လူ သင်္ချာဗေဒအရ ဒီလူက ဆေးရုံပို့ဖို့ ကောင်းသည့် လူနာအမျိုးအစား မဟုတ် ။ ပရဟိတ ဘာသာဗေဒအရ ပို့ပေးရခြင်းဖြစ်သည် ။

သည်ရွာမွေး ဇာတိသား ဆိုသည့်တိုင် လူနာသမိုင်းက ခပ်ယိုင်ယိုင် ။ ရွာမှ မရီးတော်နှင့် အိမ်ထောင်ကျ၍ သမီး ၃ ယောက် ၊ သား ၂ ယောက် ထွန်းကားခဲ့၏ ။ ကလေးတွေ ပေါက်တီး ပေါက်စနှင့် ထားရစ်ကာ အောက်ပြည် အောက်ရွာ ထွက်သွားသည်မှာ ဆယ်စု နှစ် တစ်ခုသာသာမျှ ကြာ သည် ။

အလန်းသံ အရပ်မှာ ကားလည်း တုံ့ခနဲ ရပ်၏ ။

ဆေးရုံကြီး အရေးပေါ် ဌာနရောက်ပြီ ။ အတွေးတွေကို အစသတ်ကာ ကားတံခါး လှပ် ထမ်းစင်ကို ဖြန့်တော့ တာဝန်ရှိ ဆေးဝန်ထမ်းတွေ အနား ရောက်လာကြ၏ ။ အသင်းကားနှင့် ဆေးရုံက မစိမ်းတော့ ။ မျက်မှန်း တန်းမိနေကြပြီ ။

လိုအပ်သည့် အရေးပေါ်ကုသမှုများ ပြုလုပ်နေစဉ် တာဝန်ကျ ဆရာဝန်နှင့်မျက်နှာချင်းဆိုင်ဖြစ်သည် ။

“ လုံးဝ ကုသစရာ မရှိတဲ့ လူနာပဲဆရာ ၊ အသင်းက လာပို့တာ ”

“ ဆေးရုံမှာ ရှိတဲ့ ဆေးဝါးနဲ့ ကုသမှုတော့ အလကား ရပါစေ့မယ် ။ အပြင်မှာ ဝယ်ရမယ့် ဆေးဖိုးတော့ ”

သည်နှယ် အတိုင်အဖောက်ညီ အပြီးမှာ ကား ဆရာဆီက အသင်းပိုင်လက်ကျန်ငွေ နှစ်သောင်းကို လှူခဲ့ကြသည် ။ ကားပေါ် အမြဲ တင်ထားသည့် အောက်ဆီဂျင်အပြည့် လေအိုးကိုလည်း ချပေးထားရစ်ရသည် ။ ချစ်ခြင်း ၊ မုန်းခြင်း ကင်းသော ပရဟိတလမ်းတွင် အသင်းကားက တစ်လိမ့်ချင်း ဆေးရုံကြီးက ခွာစဉ် သူ အတွေးတွေ တရွေ့ရွေ့ ခရီးစဖို့ ပြင်ပြန်လေပြီ ။

••••• ••••• •••••

၅ ။

“ မအေ ... တွေ မနေချင်ထွက် ”

ခရီးရောက်မဆိုက် ဆဲသံ ဆိုသံတွေနှင့် ရန်ဖြစ်သံတွေကြောင့် သူ ခဏငြိမ်ပြီး နားစွင့်ဖြစ်သည် ။

“ ဘယ်ကလူတွေ ဘေးအိမ် ရောက်လာတာတုံး ”

စာအုပ်ငှားနေသည့် ကလေး မတွေထဲက တစ်ယောက် သူ့ကို ပြန်ကြည့်ရင်း ...

“ ကိုမောင်စိန်တဲ့ဆရာ ”

“ ဟ - အဲဒီလူက သေတော့မယ် ၊ ရှင်တော့မယ်ဆိုပြီး ဧရာဝတီက လှမ်းခေါ်လို့ သားကြီး ၊ သမီးကြီးတွေ လိုက်သွားဆို ”

“ ဟုတ် ဆရာ ၊ အစက သူတစ်ယောက်တည်းပါလာတာ ။ သမီးတွေအိမ် တစ်လလောက် နေပြီး နေကောင်းတော့ ဘယ်သူမှ အသိမပေးဘဲ မယားငယ်မိသားစု ပြန် ခေါ်ပြီး လွတ်နေတဲ့ ဒီအိမ် တက်နေတာ ”

“ ဟ - အိမ်ရှင်တွေက ထိုင်းမှာလေ ၊ ဘယ်လို ”

သူ စကားကို တစ်ဝက်တစ်ပျက် ရပ်လိုက်ရသည် ။ အပြန်အလှန် မကြားဝံ့ မနာသာ ဆဲသံဆိုသံ ဝရုန်းသုန်းကား ဖြစ်သံတွေက ပြင်းလှသည် ။

“ ဘယ်နှယောက်တုံး ”

“ မိန်းမတစ်ယောက် ၊ အရင် ယောက်ျားနဲ့ မွေးတဲ့ သားကြီး ၂ ယောက်  ၊ ကိုမောင်စိန်နဲ့ မွေးတာက ၃ ယောက် အားလုံး ၇ ယောက် ဖြစ်မယ် ”

“ ငါမရှိတုန်း ဒီနားလာ ဒီလို ဖြစ်နေတာ ကြာပြီလား ”

“ လဝက်လောက် ရှိမယ် ထင်တယ်ဆရာ ။ တစ်ပတ် ၇ ရက်လောက် ဖြစ်တယ် ။ အဆဲအဆို ကတော့ ဟစ်ဟော့လိုပဲ ”

ကလေးမတွေ ဆီက ရယ်သံဟဟ စုပြုံထွက်လာစဉ် သူ ပြုံးမိသလို ရှိ၏ ။ ရန်ပွဲက မရပ်သေး ။

“ ရွာတော့ ကျက်သရေ တုံးပါပြီဟာ ”

ဒီမှတ်ချက်ချသံကို သူ ပေးဖြစ်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီ ။ ခုတော့ အဓိက တရားခံ မောင်စိန် ကား ဆေးရုံပေါ် ဒုတ်ဒုတ်ထိ ရောက်လေပြီ ။

“ ဆရာ ရောက်ပြီ ”

အတွေးမည်မျှ လွန်နေပြီ မသိ ၊ အောင်မင်းသူ သတိ ပေးမှ ကားပေါ်က ဆင်းလိုက်ရသည် ။ ပင်လယ်စံအိမ်က မီးနီပြ၍ နှုတ်ဆက်ထားရစ်ခဲ့ပြီ ။

••••• ••••• •••••

၆ ။

မိုးက ဒီနှစ် တစ်နှစ်လုံး စံချိန်တင်လောက်အောင် ရွာသည် ။ ရွာလမ်းတို့ ချောင်းငယ်သဖွယ် ဖြစ်ကုန်ကြ၏ ။ ရေတိုက်စားသည့် ချောက် ၊ ကျင်း ၊ ကမူတွေ လမ်းတိုင်းမှာ ဖြစ်သလို ဆည်မြောင်းက သွယ်ယူထားသည့် ရေပိုက်တွေ မြေလျှိုးနေရာက ဘွားခနဲ ကုန်းထ,ကုန်ကြ၏ ။ ခုလည်း နေ့လယ်မိုးက ကမူးရှူးထိုး ရွာလိုက်သည်မှာ နာရီဝက်နီးပါး ကြာလေမှ အားရဟန်တူ၏ ။ သို့တိုင် လက်စမသတ်ချင်သေး ၊ မှုန်မှုန်မွှားမွှား အမျှင်တန်း ထားသေး၏ ။ အပြင်ထွက် မရ ။ သူ နီးရာ စာအုပ်တွေသာ ကောက်ကိုင်နေရဆဲ ။

“ မင်း မောင်စိန်ဂို ဆေးရုံ ပို့ခဲ့ဆို ”

ရွာတွင် ၄ဝ ကျော် ၅ဝ တွေက နယ်ထွက်သူမှအပ ရှေးအညာဒေသသုံး လေသံ မပျောက် ။ အသက်ငယ်သည့် နောက်ပေါက်တွေကမူ ခေတ်လေသံနှင့် ။ မကျေမနပ် လေသံနှင့် ဝင်လာသည့် ယောက်ဖ တော်သူကို သူ မော့မကြည့်ဖြစ် ။ စာကိုသာ ဆက်ဖတ်နေမိသည် ။

“ ဟေ့ကောင် ၊ ဘုတ်အုပ် ချထားစမ်းပါ ၊ မင်း မောင်စိန် ဆေးရုံ ပို့ခဲ့ဆို ”

လေသံ အတော် မာလာသည်မို့ “ အင်း ” လို့ ပြန် အသံပြုရသည် ။

“ ဘာလို့ ပို့ဒါဒုံးကွ ၊ အဲသကောင် လူကောင်း မဟုတ်တာ မင်း သိသမှုတ်လား ၊ ဆန်ကုန်မြေလေးကွ ”

သူ မနေသာတော့ ။ ယောက်ဖတော်သူကို မျက်နှာချင်း ဆိုင်ရပြီ ။

“ ငါ ဆေးရုံပို့ခဲ့တာ မောင်စိန် အမှတ်နဲ့ ပို့တာ မဟုတ်ဘူး ။ ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို ကူညီတာ ။ အသင်း ရည်ရွယ်ချက်က အဲဒါပဲ ”

“ မင်းဒို့ကောင်ဒေ အဲသာဒေ ခက်သာပေါ့ကွ ”

ရှူးရှူးရှားရှား စကားဆက် ရှာမရ ဖြစ်နေသူကို သူ မကြည့်ဖြစ်တော့ ။

“ မင်းနှမကို ကလေး ၅ ယောက်နဲ့ ပစ်သွားလို့ မင်း မကျေနပ်တာ မဟုတ်လား ”

အသံတွေ တိခနဲ တိတ်ကျသွားသလို အတော်ကြီး ကြာမှ သံမှန်လေသံနှင့် ယောက်ဖတော်သူ ဆီက ပြန် စကားကို ကြားရ၏ ။

“ မဟုတ်ဘူးကွ ၊ ငါဂ လောကကောင်းကျိုး ဘာမ မပေးခဲ့တဲ့ ကောင်ဂို အသက် တိုစေချင်ဒါ ၊ ထားဝယ်မှာ မိန်းမယူတယ် ၊ သမီးတစ်ယောက် သားတစ်ယောက် သားဖောက်ထားခဲ့တယ် ။ ရွာ ပြန်လာဒေါ့ ဖိနပ်တောင် မပါဘူး ။ တစ်နှစ်တစ်ဝါလောက် နေပြီး ခွေးမြီးကောက် ကျည်တောက်စွပ် ။ ဟိုလိမ် ဒီလိမ် ပြန်ပြေး ၊ ဟိုနယ်ဒီနယ် သွား ၊ ဟိုတစ်ယောက် ဒီတစ်ယောက် သားဖောက် ၊ ခု သေပါဒေါ့မယ် ၊ ရှင်ပါဒေါ့မယ် ဆိုပြီး ကလေးဒေ လှမ်းခေါ် ဒုက္ခပေး ။ ငါ့ နှစ်မ မင်းအစ်မက ကင်ဆာနဲ့ သေတာတောင် သိလျက်နဲ့ ပြန်မလာ ။ ခု လာမယ့်လာဒေါ့ နောက်ဆုံး မယား ၊ ကလေး တစ်ပြုံတစ်ခေါင်းနဲ့ ။ အရင်ဟာနဲ့က ၂ ယောက် ၊ သူနဲ့ မွေးတာ ၃ ယောက် ၊ မောင်စိန်က လောက ဒုက္ခပေးဖို့ လူဖြစ် လာခဲ့ကောင် ။ သားဖောက်စက်လို ကောင်ကွ ။ မပျက်သေးသရွေ့ သားဖောက်နေမယ့်ကောင် ၊ စက်ကထွက် ပြီးကရော ”

သူ ယောက်ဖတော်သူ စကားအဆုံးမှာ ဝင်းဝင်းတောက်အောင် ပြုံးမိသည် ။ ဥပမာ အလင်္ကာက လှလွန်းသည် ။ ဝေါဟာရ ပွတ်တိုက်မှု အားကောင်းလှ၏ ။ သား ဖောက်စက် ။ မောင်စိန်အား သားဖောက်စက်ဟု တင်စားပုံက ထိမိလှသည် ။ ဖုန်းကကလူတူတူ လုပ်တော့ ဖွင့်ရပြန်ပြီ ။

“ ဆရာ ဆေးရုံက အောက်ဆီဂျင်ဘူး ပြန်ယူရတော့မယ် ၊ အရေးပေါ်ဆရာ ”

သည်တစ်ခါ ဝေါဟာရ ပွတ်တိုက်မှုက ဝုန်းခနဲ မြည်သည် ။

“ ထွက်ခဲ့ ၊ ဆေးရုံသွားမယ် ”

••••• ••••• •••••

၇ ။

ဖျားနာဆောင်မှ မောင်စိန်အား ခုတင် ၁ဝဝ ခွဲစိတ်ဆောင်ဆီ လွှဲလေပြီ ။ ခွဲစိတ်ဆောင်မှ နား ၊ နှာခေါင်း ၊ လည်ချောင်းဆောင် အပေါ် ထပ် တက်ရသည် ။ တစ်ပတ်ခန့် မတွေ့ရသော မောင်စိန် ကား လည်ပင်းတွင် အပေါက်နှင့် ခုတင်ပေါ် အမြိန့်သား ထိုင်နေတာ တွေ့ရသည် ။

သားဖောက်စက်က ငုတ်တုတ် ။

ဟိုကဒီက သဒ္ဓါကြေးမျှနှင့် လူမိုက်ကား သက်ဆိုး ရှည်လေပြီ ။ “ သားဖောက်စက်ကွ ၊ သားဖောက်စက် ” ဆို သည့် ယောက်ဖတော် စကား ပြန်ကြားတော့ သူ ကျောယားကာ ကြက်သီးတွေ ထသွားမိသည် ။ မောင်စိန် အသက် ရှည်စေခြင်း အလို့ငှာ ဆေးရုံ ပို့မိသည်မှာ မှားခဲ့လေပြီလား ။

အောက်ဆီဂျင်ပင် မပေးရတော့သည့် အတွက် မောင်စိန် သားဖောက်စက်က အခြေအနေ ကောင်းလေပြီလား ။ ဘယ်နှယောက် မြောက်မှန်း မသိသော မောင်စိန့်မယားကို စကား တစ်ခွန်းစ ၊ နှစ်ခွန်းစ ဟ,ပြီး အောက်ဆီဂျင်ဘူး ကောက်ထမ်းကာ အသင်းကား ရှိရာ ဆေးရုံကြီး မြေညီထပ်ဆီ လှမ်းမိသည် ။

မိုးက ဝေါခနဲ ။ လူနာက အသင့် ရောက်နှင့်နေပြီ ။

အောက်ဆီဂျင်ဘူးကို လူနာဘေးမှာ ကပ်ထောင်ထားရသည် ။ ကားက စွေ့ခနဲ ဆေးရုံကြီးက အထွက်မှာ အလန်းခလုတ်ကို နှိပ်ဖြစ်သည် ။ မြည်ပါလေပြီ တီ ... နောင် ၊ တီ ... နောင် .. ။

••••• ••••• •••••

၈ ။

မောင်စိန် ဆေးရုံက ဆင်းလာမှန်း သိရုံသာ သူ သိရ၏ ။ အရှေ့ဘက် ၊ အနောက်ဘက် ဆိုသည့်တိုင် ဝင်မကြည့်ဖြစ် ။ လွှတ်တော် ရန်ပုံငွေက ချပေးသည့် ရွာ အလုပ်တွေနှင့် လုံးချာလည် လိုက်နေသည်မို့ နီးလျက်နှင့် ဝေး၏ ။ သားဖောက်စက် မောင်စိန်ကား လည်ပင်း ပေါက်နှင့် ရွာရိုးကိုးပေါက်ပင် လျှောက်နေချေပြီ ။

ထိုနေ့မနက်က သူ စောစောထ,ဖြစ်သည် ။ သွားတိုက်နေစဉ် မောင်စိန့်မယား ဆီက ငိုသံသဲ့သဲ့ ကြားရသည် ။ သူ ဆတ်ခနဲ ဖြစ်သွားမိ၏ ။ သူ့အား လှမ်းအကူအညီ တောင်းသလို ခေါ် စဉ် မျက်နှာသုတ်ပြီး သွားဖြစ်သည် ။

လူမိုက်နိဂုံး အဆုံးသတ်က မကြာမီအချိန် စ , တော့မည်ဟု စိတ်က ထင်စဉ် ... ။

••••• ••••• •••••

၉ ။

မောင်စိန် သားသမီးတွေနှင့် ရွာရပ်ကြောင့် သား ဖောက်စက်က လှလှပပ မြေ ကျရ၏ ။ သို့သော် မည်သည့် သားသမီး ဆီကမှ မျက်ရည်ကို မမြင်ရ ။ မောင်စိန် မျက်ဝန်းထောင့်စွန်းက မျက်ရည်ခြောက် စီးကြောင်းသာ မြင်ရ၏ ။

မိုက်နောင်တ ဖြစ်ဟန်တူ၏ ။

အဖြူရောင် အရည်ကြည်တို့တွင် သမိုင်းရှိကြောင်း မောင်စိန်နှင့် တွေ့မှ သိခွင့်ရတော့၏ ။ မောင်စိန် သားဖောက်စက် ဖောက်ခဲ့သော သားပေါက်များခမျာ ဖခင် ဆိုတာ သေချာသိခွင့် မကြုံရသလို အဖေ သေသည်ကိုပင် သိခွင့် မရရှာကြ ။ အပြစ်မဲ့ လူသားကလေးတွေ မောင်စိန် မည်ရွေ့မည်မျှ ထားခဲ့သည်ကို မောင်စိန်မှ အပ မည်သူမျှ တိတိကျကျ မသိနိုင် ။

သားဖောက်စက်ကား ခုမှ ရပ်လေတော့၏ ။

⎕ အောင်ဖြိုးကျော် ၊ ပခုက္ကူ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇူလိုင် ၊ ၂၁၁၇

Monday, November 3, 2025

ကျွန်မက ပုဂံသူပါမောင်


 ❝ ကျွန်မက ပုဂံသူပါမောင် ❞

( အောင်ဖြိုးကျော် - ပခုက္ကူ )


၁ ။


ကံအကြွေးချတဲ့ ဘဝလေးခဏမှာ ဂုဏ်ကလေးကြွ ဟန်ကလေးပြဖို့ ဒီဘဝကို ကျွန်မ ရွေးချယ်ခဲ့တာ မဟုတ်ခဲ့ဘူး မောင် ။


 ••••• ••••• •••••  


၂ ။


ဆည်းဆာက အနောက်ဘက် တူရွင်းတောင်တစ်ရိုးမှာ ပုစွန်ဆီရောင်အသွေးနဲ့ လှရေးကြွယ်စပြုပြီ မောင် ။


တစ်နေ့တာအတွက် ခရီးဆက်ခဲ့တဲ့ နေဝန်းက တစ်ညတာ နားခိုဖို့ မောင်နှမတောင်ထိပ်ဖျားမှာ တစ်ဝက်တိတိ ခိုနားခဲ့ပြီ ။ ခဏနေရင် လောကတစ်ခွင်ဟာ မှောင်ရိပ်ဆင်တော့မှာပေါ့ ။ 


မောင် လာမှာပါ ။ 


ကျွန်မ မျှော်လင့်ချက်တွေ အတောမသတ်သေးဘူးလေ ။ တစ်ဘဝစာ ဝေးကွာခြင်း မဟုတ်ပေမဲ့ တစ်ခဏတာ ခွဲခွာခြင်းမှာ မောင့်ကို နားလည်စေချင်တာ ။ ပြီးတော့ ကျွန်မ မောင်နဲ့ ဝေးကွာခြင်းကို ခံစားနိုင်ဖို့ မောင့်ဆီက အင်အားလေးကို မျှယူ သွားချင်တာ ။ ပုဂံ - ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်းပေါ်က ပေါ်လာမယ့် မောင့်အရိပ် ။


ဟုတ်တယ် ၊ ကျွန်မ အားတင်း စောင့်နေဆဲပဲ ။ ဝေးဝေးက ပေါ်လာတဲ့ ဆိုင်ကယ်ကို မြင်တာနဲ့ အဲဒါ မောင် လို့ ကျွန်မ နှလုံးသားက သိနေခဲ့တယ် ။ ဆိုင်ကယ် အနား လာရပ်တော့ ခရီးဦးကြိုတဲ့ ကျွန်မ အပြုံးက နွမ်းနယ် နေမှာလည်း သိပါရဲ့ ။ 


“ မနက် ဘယ်အချိန် သွားမှာလဲ ” 


ဆိုင်ကယ်ပေါ်က မဆင်းဘဲ မေးလာတဲ့ မချိုမြတဲ့ မောင့်စကား အစဟာ ကျွန်မ အတွက်တော့ သံယောဇဉ် လက်ကျန်ပျပျလေးလို့ ကိုယ့် ကိုယ်ကို အားပေးမိရဲ့ ။ 


“ အစောဆုံးကား မောင် ” 


“ လိုက်မပို့တော့ဘူး ။ ဒါက မင်း ခေါင်းမာတာ ခိုင် ၊ N.G.O မှာ အလုပ်ဝင်ဖို့ ငါ အကုန်စီစဉ်ပြီးပြီ ။ လစာ သုံးသိန်းကျော် ၊ ပြီးတော့ ကိုယ့်မြို့နယ်ထဲ ။ မင်းကို ငါ တကယ်နားမလည်ဘူး ”  


ဝေ့လာတဲ့ မျက်ရည်ဝဲ မလာခင် ကျွန်မ အကြည့်တွေကို မြေပြင်ဆီ ငိုက်ချထား လိုက်မိတယ် ။ “ လိုက်မပို့တော့ဘူး ၊ ရောက်တာနဲ့ ဖုန်းဆက် ”  ရပ်ကတည်းက စက် မသတ်ထားတဲ့ ဆိုင်ကယ်က အပြင်းဆုံး အရှိန်နဲ့ ကျွန်မ အနားက ထွက်ခွာ အသွားမှာ အနက်ရောင် ကတ္တရာလမ်းပေါ် မျက်ရည်တစ်စက် ကြွေ သက်သွားခဲ့တာတော့ မောင် မမြင်ခဲ့တော့ဘူးပေါ့ ။


 ••••• ••••• •••••  


၃ ။


ကန်ရေသောက် မြက်ခြောက်စားပဲ ပြောပြော ၊ ကျောပူ မှ ဝမ်းအေး ရတဲ့ ဘဝ လို့ပဲ ဆိုဆို မွေးရပ်မြေ လူ့ဘဝဟာ ကျွန်မ အတွက်တော့ အမြဲ ဂုဏ်ယူချင်စရာ ကောင်းနေ ပြန်ရော ။ ဘိုးဘွား ၊ အဘီအဘေ ဟောဒီ အမိမြန်မာ နိုင်ငံ ဖြစ်တည်ရာ ပေါက္ကံရာမ ရွာထဲက အနောက်ကို မျှော်ကြည့်တာနဲ့ နေအညို တူရွင်းတောင် ခင်တန်းအစပ်မှာ အနော်ရထာ နဲ့ စုက္ကတေး တို့ စီးချင်းထိုးရာမြေ ။ 


ကျွန်မကို ပထမ မြန်မာနိုင်ငံမြေပေါ်မှာ မွေးခဲ့တာ မောင် ။


အဖေနဲ့ အမေကို ဦးချ ၊ ညောင်ဦးကားဂိတ် ကနေ စ , ခဲ့တဲ့ ကျွန်မ ခရီးက ကျောက်မဲ ဆိုတဲ့ ရှမ်းပြည်နယ် ထဲက မြို့ကလေးမှာ ခဏ အစသတ်ခဲ့ရတာပေါ့ ။ လာကြိုတဲ့ စီနီယာ အစ်မနှစ်ယောက်နဲ့ ကားတစ်ဆင့် ပြောင်းပြီး ဒုတိယမြောက် ခရီးအစက မန်ပင့်ဆို တဲ့ ရွာလေးမှာ တစ်ထောက် နားရပြန်တယ် ။ လမ်းက ကားပေါ်မှာ “ မိုးမရွာပါစေနဲ့ ” လို့ စီနီယာအစ်မ ဆုတောင်းသံ တိုးတိုးလေးကို ကျွန်မ နားမလည်ပေမဲ့ သိပ်မကြာခင်မှာ လက်တွေ့ သဘောပေါက်ခဲ့ရပါတယ် ။


၃၃ မိုင်လောက် ဝေးတဲ့ ခရီးတစ်ဝက်မှာ စီနီယာအစ်မ ဆုတောင်းလေးကို မိုးက ဖွဖွလေး ခြွေချသွားလိုက်တာ ဂိတ်ဆုံး ရောက်တဲ့ အထိပေါ့ ။ အသက် ၂ဝ အရွယ် ကျောင်း ပြီးစ ဗမာမလေးရဲ့ ဝန်းကျင်ဟာ ခုတော့ ဗမာစကားပြောသံတွေ လုံးဝ ပျောက်ရှခဲ့ပြီပေါ့ ။


ကျွန်မ လုံးဝ နား မလည်တဲ့ ဘာသာစကားတွေ ကြားမှာ အားကိုးရာက လာကြိုတဲ့ စီနီယာ အစ်မနှစ်ယောက် ။ ကားပေါ်က ဆင်းတော့ မန်ပင့်က တရုတ်ရွာ ဆိုတာ စ,မှတ်သားရတယ် ။


“ ကိုင်း ... ညီမရေ လမ်းစ,လျှောက်ကြစို့ ” 


စကားအဆုံးမှာ အပြုံးနွမ်းနွမ်းနဲ့ စ,လှမ်းတဲ့ ခရီးလမ်းက ရွာခံ ဈေးဝယ်ပြန်တွေပါ ပါတာမို့ တစ်မျိုးတော့ ဆန်းပါရဲ့ ။ 


“ မိုးရွာရင် တောင်ပေါ် ရွာကို ဆိုင်ကယ် တက်မရဘူးတဲ့ ” 


ဒါကြောင့် ကြိုခိုင်းထားတဲ့ ဆိုင်ကယ်တွေ ဆင်းမလာ ကြဘူးလေ ။ ယုံကြည်ရာလို့ ကျွန်မ သတ်မှတ်ခဲ့တဲ့ တတိယ အကြိမ်မြောက် သုံးနာရီကြာ လမ်းလျှောက်ရတဲ့ ခရီးဟာ ကျင်ကိုင် ဆိုတဲ့ ရွာကလေးမှာ အစသတ်တော့ တောင် ခုနစ်လုံးလောက် ကျွန်မ ကျော်ခဲ့ရပြီပေါ့ ။


ကံကောင်းထောက်မစွာ မိုးက ရပ်ပေးထားခဲ့ပေမဲ့ ဝန်းကျင်ကတော့ မြူမစင်ပေဘူး ။ ခရီးတစ်ထောက် အနားမှာ တောင်ကြားထဲက မြို့ကလေးကို စီနီယာအစ်မက လက်ညှိုးထိုးပြီး “ အဲဒီမှာတော့ စစ်တပ် ရှိတယ် ” ဆို ပြတာပေါ့ ။ ကားလမ်းရေးရေးပါ မြင်ရတော့ တူရွင်းတောင်ကြီးကို လွမ်းပြီး မျက်ရည်တွေ စို့လာမိတယ် ။ တူရွင်းတောင်ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းမျိုး ။ တောင်စဉ် အထပ်ထပ်ရဲ့ ခါးပန်းက ဖွေးလတ်အုံ့မှိုင်း နေတဲ့ မြူတံတိုင်းကွပ်ကွပ် ၊ အဲဒီကြားက လက်ဖက်ခင်းတွေ ၊ တိုင်းရင်းသားမြေက ရှုခင်းတွေက ကျွန်မကို အကြာကြီး ဖမ်းစားထားခဲ့တယ် မောင် ။ နားခိုရာ အရောက်မှာ လုပ်ဖော်ကိုင်ဖက်တွေဆီက “ မင်္ဂလာပါ ” လို့ နှုတ်ဆက်တာတောင် ကျွန်မ ပြန်အသံထွက်ပြလို့ မရခဲ့ပါဘူး ။ 


ကျွန်မရဲ့ ခပ်ယဲ့ယဲ့အပြုံး နွမ်းနွမ်းကို သူတို့ အပြုံးတွေနဲ့ စာနာခဲ့ကြလို့သာပေါ့ ။ 


“ N.G.O မှာ စ , ပေး လစာ သုံးသိန်းကျော်တယ် ၊ ပြီးတော့ ကိုယ့် မြို့နယ်ထဲ ၊ မင်း ခေါင်း အရမ်းမာတယ် ခိုင် ”  


မောင့် စကားသံသဲ့သဲ့ဟာ ကျွန်မရဲ့ လက်ကျန် ခွန်အားလေးကို ဝါးမျိုအပြီးမှာ ရင်နင့်စရာ ကျွန်မတို့ ဇာတ် လမ်း ခြေကုန်လက်ပန်းနဲ့ ကျွန်မကို လဲကျသွားစေတဲ့ အထိ စွမ်းပါရဲ့ ။


••••• ••••• ••••• 


၄ ။


ကလေးတွေက ဖြူဖြူဖွေးဖွေး ချစ်စရာလေးတွေပါ မောင် ။ ဒါပေမဲ့ အဝတ်အစား တွေကတော့ဖြင့် နွမ်းပါးပါပေ့ ။ ညှဉ်းသိုးသိုး ဆံပင်ရှည်ရှည်တွေကို ဖြတ်ပေး ၊ ရှည်နေတဲ့ ခြေသည်းလက်သည်းတွေ ဖြတ်ပေး ၊ ပေလွန်းတေလေးတွေကို ရေချိုးသန့်စင် ပေးရင်း ရင်းနှီးမှုရလာကြပေမဲ့ သူတို့လေးတွေထဲက ကျွန်မ စီနီယာတွေကို ခေါ်နေကျ အမည်နာမက လွဲရင် သူတို့လေးတွေ ပြောသမျှ ကျွန်မ နားမလည်တာတွေက များ လှပါတယ် ။ ကမ္ဘာသုံးစကားပေါ့ မောင် ၊ အပြန်အလှန် ခြေဟန်လက်ဟန်နဲ့ စပြီး ဆက်သွယ်ကြရတာပေါ့ ။ 


သေချာတာ တစ်ခုက ကျွန်မ ရောက်နေတာ တိုင်းတစ်ပါး မဟုတ်ပါဘူး ။ 


“ စိုင်းထူးလျန်း ”  


“ စိုင်းလောင်လျန်း ”  


“ စိုင်းစီခေး ” 


“ နန်းမို့ဆိုင် ”   


“ နန်းဖွန်ဆိုင် ”  


“ နန်းမွေဖောင် ”  


ကျွန်မ သူတို့လေးတွေ နာမည်ကို အဲဒီလို ခေါ်လေတိုင်း ကြည်လင်တောက်ပတဲ့ အပြုံးမျက်ဝန်းနက်တစ်စုံ ၊ မှုန်ရေးရေးထင်တဲ့ အပြုံးနုနုနဲ့ “ အောတို့ ” ၊ “ အောခါး ” ဆို ပြန်ထူးကြတယ် ။ အပြစ်ကင်းစင်လိုက်ကြပုံများ ။ အဲဒီ အခြေအနေ ကြား ကျွန်မ လုံးဝနစ် မြုပ်ပျော်ဝင်သွားခဲ့မိတယ် မောင် ။ ကျွန်မတို့ အထက်နားက ဘုန်းတော်ကြီးကျောင်းကို ရောက်တော့ သဘာဝ တောင်စဉ်တောင်တန်းတွေရဲ့ အလှမှာ နစ်မြောနေတုန်း စီနီယာအစ်မက တောင်ကြော တစ်နေရာကို လက်ညှိုးညွှန်ပြပြီး “ အဲဒီဘက်မှာ RCSS စခန်းရှိတယ် ” ဆိုတဲ့ စကား အဆုံး ကျွန်မ လန့်သွားပုံက ပုံပျက်လွန်းတာပေါ့ ။ 


“ မပူပါနဲ့ ခိုင်ရဲ့ RCSS က NCA မှာ လက်မှတ် ထိုးပြီးသား ”  


“ အောင်မယ်လေး အစ်မရယ် ”  


လို့ ရင်ဘတ်ဖိပြီး ကျ သွားတဲ့ ကျွန်မ အပူသောက , က စီနီယာအစ်မရဲ့ မပူပါနဲ့ ဆိုတဲ့ သင်ခန်းစာအသစ် ၊ စာမေးပွဲစစ်မယ့် နေ့တစ်နေ့က မမျှော်လင့်ဘဲ ကျွန်မရှေ့ ရောက်လာခဲ့တာပေါ့ ။ အဲဒီနေ့က ... ။


 ••••• ••••• ••••• 


၅ ။


အဲဒီအချိန်တုန်းက တစ်သိန်းခွဲ မကျော်သေးတဲ့ ကျွန်မတို့ လစာလေးအတွက် ရွာက ဆန် တော့ ထောက်ပံ့ကြပါတယ် ။ ရွာထဲက အိမ်ဆိုင်မှာ လိုတာလေးတွေ ဝယ်ဖို့ နန်းမိုဆိုင်လေးရယ် ၊ ကျွန်မရယ် ဈေးဝယ်နေတုန်း ဆိုင်ရှင် ဦးလေးကို လှမ်းပြောတဲ့ သူ့ အမျိုးသမီးအသံ အဆုံးမှာ ကျွန်မ လှမ်းပေးတဲ့ ငွေကို မယူဘဲ အရေးတကြီးပုံစံနဲ့ ထ,ထွက်သွားတော့ ကျွန်မ လက်ကို လာဆုပ်တဲ့ နန်းမိုဆိုင်ရဲ့ လက်ကလေးက ဆတ် ဆတ်တုန်လို့ပေါ့ ။ 


မော့ကြည့် လာတဲ့ ကလေးငယ် တစ်ယောက်ရဲ့ မျက်ဝန်းမှာ ကျွန်မ မြင်နေကျ အပြစ်ကင်းစင်တာတွေ ပျောက်ရှလို့ ။ ဝိုင်းလည်နေတဲ့ မျက်ဝန်းမှာ အကြောက်တရား ဆိုတာထက် အများကြီး ပိုတဲ့ ထိတ်လန့် တုန်လှုပ်မှုတွေကို မြင်လိုက်ရပါတော့တယ် ။ ဆိုင်ရှင်အစ်မက နန်းမိုဆိုင်ကို  လှမ်းပြောတဲ့ စကား ကျွန်မ နားမလည်ပေမဲ့ “ ဆရာမ ကျောင်းကို မြန်မြန်ပြန်ပါ ”  ဆိုတာတော့ ဗမာစကားမို့ နားလည်မိပါရဲ့ ။


ကျွန်မ လက်ကို တင်းတင်း ဆုပ်ထားတဲ့ မိုဆိုင်း လက်ကလေးတွေ ပြေလျော့ကျပြီး ပြေးထွက်ရာက ဆတ်ခနဲ ရပ်ရင်း ကျွန်မကို ပြန် ကြည့်နေပြန်ရော ။ အို ... လှ လိုက်တဲ့ အကြည့် ။ ကျွန်မ တစ်သက် မေ့ရက်စရာ မရှိတဲ့ သံယောဇဉ်အကြည့် ။ ကျောင်းကို ကျွန်မတစ် ယောက်တည်း ပြန်လွှတ်ဖို့ စိတ်မချတဲ့ ပူပင်သောကတွေလေ ။ နန်းမိုဆိုင်လေးက ကျွန်မဆီ ပြန်ပြေးလာပြီး ကျောင်းနား ရောက်တဲ့အထိ သူပြောတဲ့ စကားတွေကို လမ်းတစ်လျှောက်လုံး ကျွန်မ မသိပေမဲ့ ကျောင်းထဲ အဝင်မှာ အစိမ်းရောင်ယူနီဖောင်းဝတ်များစွာရဲ့ ရင်ဘတ်ပေါ်က စာတန်းကို ကြည့်ပြီး ကျွန်မ သေချာသိလိုက်ပါပြီ ။


ရုပ်ရှင်ထဲက လိုတော့ မဟုတ်ပါဘူး မောင် ။


သူတို့ ကျွန်မတို့ ကိုတော့ တန်ဖိုးထား လေးစားကြပါ တယ် ။ ဗိုလ်တွေ ကလည်း ငယ်သားတွေကို ဆရာ ၊ ဆရာမတွေ နှောင့်ယှက်ရင် အပြစ် ပေးမယ်လို့ ကျွန်မတို့ ရှေ့မှာ ပဲ အမိန့်ပေးခဲ့တာပါ ။ သူတို့ကတော့ အေးအေးဆေးဆေးပါပဲ ။ ခဏနေတော့ ရဲဘော် လေးတစ်ယောက် ကျွန်မတို့ ရှေ့ ရောက်လာပါတယ် ။ 


“ ဆရာမတို့ အတွက် ငါတို့ ထမင်း ပိုချက်ပေးရမလား ” 


ဗမာစကား မပီမသ သူ့ လျှာဖျားက ထွက်လာသံရယ်လေ ။ တစ်မျိုးချစ်စရာ ကောင်းနေပြန်ရော ။ ရဲဘော်လေး အသက်က အိမ်က ကျွန်မ မောင်အငယ်ဆုံးလောက် ပဲ ရှိရှာမှာပါ ။ စီနီယာအစ်မက “ ရပါတယ် သားရေ ကျေးဇူးပါ ” လို့ ပြောလိုက်ပေမဲ့ ချက်ပြုတ်ပြီးတော့ ထမင်းတွေ ၊ ဟင်းတွေ လာပို့ကြတာပါပဲ ။ 


ဘယ်လို မျိုကျပါ့မလဲ မောင် ။ ထမင်းပို့လာတဲ့ ရဲဘော်လေး ပြောပုံက - 


“ ဆရာမတို့ မကြောက်ပါနဲ့ ။ ကျောင်းကို သူတို့ရော ငါတို့ရော မပစ်ကြဖို့ ပြောထားပြီးသား ။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ် ။ ဒီမှာပဲ နေပေးပါ ” တဲ့ ။


 ••••• ••••• •••••  


၆ ။


အဲဒီနေ့က မိုးလည်း မရွာ ၊ မြူလည်း မရှိ ။ နှင်းငွေ့ လည်း မသီ ။ ဒါပေမဲ့ ရွာပြင် မှာ အခိုးအငွေ့မြူတွေ မှိုင်းကျ သွားခဲ့တယ်မောင် ။ ပေါက်ကွဲ ဆူညံနေတဲ့ အသံတွေဟာ ရွာပြင် တောထဲကနေ ရွာကလေး ဆီကို အဆက်မပြတ် အသံတွေ ပေးနေတယ် ။ ကျွန်မတို့ အားလုံး သူတို့ တူးပေးထား တဲ့ ကျင်းထဲ ဆင်းနေရပေမဲ့ အံ့သြဖို့ ကောင်းတာက နေ့ခင်း ထမင်းစားချိန်မှာ သူတို့ ပြန်လာနားကြတယ် ။ ထမင်း စားနားကြတာတဲ့ ။ ထိတ်လန့်တကြား အပြေးအလွှားစားရ တဲ့ ထမင်းတစ်နပ်ဟာ ဘယ်လိုများ အရသာ ရှိနိုင်မှာလဲ မောင် ။


ညနေကျတော့ တိုက်ပွဲ တစ်ခါ ပြန်ဖြစ်ကြပြန်တယ် ။ ရွာထဲမှာ အမျိုးသားတွေ တစ်ယောက်မကျန် ထွက်ပြေးသွားကြပေမဲ့ မပြေးနိုင်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရယ် ၊ စာသင်ကျောင်းလေးရယ် ။ ညနေဘက် ရောက်တော့ ထမင်းစား နားကြပြန်ရော ။ တိတ်ဆိတ်ငြိမ်ကျသွားတဲ့ ပေါက်ကွဲသံတွေ အဆုံးမှာ ဒဏ်ရာရ လူနာတွေ ဆီက ညည်းညူသံ တစ်စွန်းတစ်စနဲ့ ညဟာ အကျည်းတန်လို့ ။ ရွာမှာ ကျွန်မတို့ ငယ်ဘဝက စစ်တိုက်တမ်း ကစားကြ သလိုပါပဲ ။ တိုက်ချိန်ကျ ရွာပြင်ထွက် တိုက်လိုက် ၊ စားချိန်ကျ ရွာထဲ ပြန်စားလိုက် ၊ ပြီး ပြန်ထွက်တိုက်လိုက်နဲ့ ။ ပေါက်ကွဲသံတွေသာ ကြား မနေရရင် စစ်ဖြစ်တယ် ဆိုတာ ယုံနိုင်စရာ မရှိလှပေဘူး ။ 


ဒါပေမဲ့ ဒုတ်ဒုတ် ဒိုင်းဒိုင်း အသံတွေက ကျွန်မတို့ ငယ်ငယ်ကလို ပါးစပ်က ထွက်ကျလာတာ မဟုတ်လေဘူး မောင် ။


••••• ••••• •••••  


၇ ။


ဆက်သွယ်ရေးလိုင်းလေး ကောင်းတဲ့ ခဏ မောင့် ဆီက ပြည်မကို ပြန်လာဖို့ ၊ မောင်လုပ်နေတဲ့ အလုပ်တွေ အတူ ပြန်လာလုပ်ဖို့ မကြာခဏ ဝင်လာတတ်တဲ့ မက်ဆေ့ချ်လေးတွေကို တစ်နှစ် တည်းနော် မောင်လို့ ချွေးသိပ် နှစ်သိမ့်ရင်း ဒီနှစ်ပိုင်းမှာ မောင့် ဆီက စာတွေ အဝင်ကျဲလာခဲ့တာ ကျွန်မ သတိထားမိပါရဲ့ ။


နေရောင် မမြင်ရတဲ့ နှင်းဖုံးတောင်တန်းတွေရဲ့ ဆောင်းရာသီကို ကျွန်မ ကျော်ဖြတ်ခဲ့တာ လေးကြိမ်သာခဲ့ပြီပေါ့ ။ သည်းထန်တဲ့ မိုးရာသီကြားမှာ သီတာခုနစ်တန် တောင်စဉ် အထပ်ထပ်ကို ဖိနပ်မပါ ခြေဗလာနဲ့ ကျွန်မ ခြေလျင်တက်ခဲ့တာလည်း စတုတ္ထအကြိမ် သာခဲ့ပြီ မောင် ။ 


ရာထူးတိုးနဲ့ ဆက် မနေလိုလျှင် ပြည်မ တစ်နေရာကို ပြောင်းရွှေ့မိန့်လည်း ကျွန်မ ရကောင်းရနိုင်တဲ့ အချိန် ရောက်ခဲ့ပြီမို့ ဒီနွေဟာ မောင်နဲ့ ကျွန်မ အနာဂတ်ခရီးကို ဆွေးနွေးကြမယ်လို့ အားခဲမိရဲ့ ။ တစ်ရွာလုံးမှာ ၁ဝ တန်းအောင် ဆိုလို့ ၂၀၁၃ ရောက်မှ တစ်ယောက် ပေါ်လာတဲ့ ရွာကလေး သံယောဇဉ်ကလည်း မသေးလှဘူး မောင် ။ အချိန်တန်လို့ အရွယ်ရောက်တာနဲ့ ထိုင်း ဘက်ကို ရောက် ၊ ကျွန်မတို့ လစာ သုံးဆလောက် ရှိရာ ဘက်ကို ကျွန်မ တပည့်တွေ အရွယ်ရောက်ပြီး ထွက်သွားမှာကို ကျွန်မ အရမ်းကြောက်တယ် ။


“ စာတတ်လို့ရော ဘာထူးမှာလဲ ဆရာမရယ် ”  


ဆိုတဲ့ အယူအဆတွေက ကပ်ရောဂါလို တွယ်ငြိ နေကြတုန်းလေ ။ စိုင်းထူးလျန် တို့ ၊ စိုင်းလောင်လျန်း တို့ ၊ စိုင်းစံခေး တို့ကို ကျွန်မ ဆံပင်ဖြတ်ပေးချင်သေးတယ် ၊ လက်သည်း ညှပ်ပေးချင်သေးတယ် ၊ နန်းမိုဆိုင်တို့ ၊ နန်းဖွန်ဆိုင်တို့ ၊ နန်းမွေဖောင်တို့ကို ရေချိုးပေး ချင်သေးတယ် ။ 


သူတို့လေးတွေ အရွယ်ရောက်ရင်ရော ကျောင်းဆက် နေကြမှာလား ။ 


ကျွန်မ ပူပန်လှတယ် ။ ဒီနှစ် နွေကျောင်းပိတ်ရက်ဟာ ကလေးတွေနဲ့ မောင့် ကြား ဗျာအများရဆုံး နှစ်ပေါ့ ။ တူးရွင်းတောင်ခြေမှာ နေညိုနေပြီ မောင် ။ ဆည်းဆာဟာ အကျည်းတန်သူ ကိုတောင် လှစေသတဲ့လား ။ ဟိုအဝေးက အရိပ်က မောင် လေလား ။ ဒီတစ်ခါ အလျှော့ပေးရမှာက ကျွန်မ ဖြစ်ရတော့မှာပေါ့ ။ 


အသံမြည်လာတဲ့ ဟန်းဆက်ဟာ အတွေး အိပ်မက်တွေထဲက ကျွန်မကို လန့်နိုး စေခဲ့တာပေါ့ ။ 


“ ဟလို ” ဝေးကွာခြင်း အတိုင်းအဆတွေဟာ မောင် နဲ့ ကျွန်မ ကြား မရှိစေရဘူး မောင် ။


“ လာလေ မောင် ၊ ခိုင် စောင့်နေတယ် ” 


ကျွန်မ အသံက ပျော်ရွှင်ကြည်နူးမှုတွေ အဖျားခတ်နေတာ မောင် သိပါစေပေါ့ ။


“ မလာတော့ဘူး ခိုင် ၊ အသိပေးစရာပဲ ရှိတော့တယ် ။ မေလ ထဲမှာ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ တစ်ယောက်နဲ့ ကျွန်တော် လက်ထပ်တော့မယ် ” 


ဖုန်းက တိခနဲ ပြတ်ကျသွားတာဟာ လိုင်းကြောင့် မဟုတ်ဘူး ဆိုတာ ကျွန်မ သိပေမဲ့ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြစ်လာတဲ့ အသက်ရှူနှုန်းဟာ ကျွန်မကို ယာယီ သေဆုံးစေခဲ့ပြီပေါ့ ။ တောင်တန်းတွေ ကြားမှာ ဆည်းဆာဟာ တစ်စတစ်စ ညှိုးကျပြီး အလှပြယ်သွားတဲ့အထိ ။ 


ကျွန်မ မလှုပ်မယှက် ရပ်နေမိတယ် ။


အသက်ကင်းမဲ့ နေသူ တစ်ယောက်လို ရပ်နေမိတယ် ။ 


အကြာကြီး ရပ်နေမိတယ် ။


ဟန်းဆက်က အသံ ထွက်လာပြန်ပြီ ။ မောင် ကျွန်မကို စ,နေတာလား ။ ဟုတ်တယ် ၊ ရံဖန်ရံခါ အတည်ပေါက်နဲ့ မောင် စ,တတ် နောက်တတ်တာရော ။ ဖုန်းကို ဖြည်းဖြည်း လေးဖွင့်ပြီး ကျွန်မ မျက်ဝန်းအစုံကို မှိတ်ပစ်လိုက်မိတယ် ။ 


“ ဆရာမ ”  


နားစည်ကို တိုးဝင်လာတဲ့ အသံက မပီကလာနဲ့ နုနုလေး ။ မိုဆိုင် ။ နန်းမိုဆိုင် ။ မြန်မာစကား သင်ပေးတာ ဦးဆုံး တတ်တဲ့ ကလေး ၊ သူ့ဆီ ရှမ်းစကား ပြန်သင်ယူရ တဲ့ ကျွန်မ ဆရာမ ။ ကျွန်မ အသံကို မတုန်အောင် မနည်း သတိထားလိုက်ရတယ် ။ 


“ ပြော နန်းမိုဆိုင် ”  


“ ဟင် ... ဆရာမ ငိုနေတာလား ”  


သတိထားတဲ့ ကြားက ဟန်ချက် ပျက်သွားတဲ့ အသံကို ကလေးတောင် သိပါပေါ့လား မောင် ။ “ မငိုပါဘူး မိုဆိုင်ရယ် ... ပြော ” လို့ အားယူ ပြန်ပြောရတာလည်း ပင်ပန်းလှပါတယ် ။


“ ဆရာမ ပြန်မလာသေးဘူးလား ”


ဒီတစ်ခါ ထွက်လာတဲ့ အသံက စိုင်းစံခေး ။ ဘေးနားမှာ စုစုဝေးဝေး စာအံနေတဲ့ အသံလေးတွေက ကျွန်မရင်ထဲ ခွန်အား တစ်ခုလို တိုးဝင်လာခဲ့ပါရဲ့ ။


“ လာမှာပေါ့ ကလေးရဲ့ ”


“ ဘယ်တော့လဲဟင် ဆရာမ ”


“ မနက်ဖြန် ”  


ဆူညံသွားတဲ့ ရှမ်း စကားသံသေးသေးလေးတွေဟာ ကျွန်မ ပြန်လာတော့မယ် ဆိုတဲ့ အကြောင်း နန်းမိုဆိုင် ဘာသာပြန်ပြနေတာက လွဲလို့ တခြား မဖြစ်နိုင်တော့ပါဘူး ။ နှုတ်ဆက်ခဲ့ပါတယ် မောင် ။ နေရောင် မမြင်ရတဲ့ နှင်းဖုံးတောင်တန်းတွေ အောက် စာသင်ခန်းလေး ဆီ ပြန်ခဲ့တဲ့ အပြန်လမ်းမှာ နှလုံးသား တစ်စုံ ကွဲအက်ဖို့ ကြုံခဲ့တဲ့ အကြောင်း ။ ယမ်းငွေ့တွေ ကြားမှာ မြေဖြူ တစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ် ပြီး ... ။


••••• ••••• •••••


၈ ။


အခွင့်ကြုံရင်တော့ အကြွေးကျန် စကားတစ်ခွန်း ခပ်တင်းတင်း ပြောချင်ရဲ့ ။ ကံ အကြွေးချတဲ့ ဘဝလေး ခဏမှာ ဂုဏ်ကလေးကြွ ဟန်ကလေးပြဖို့ ယုံကြည်ရာ ဆို တာကို ကျွန်မ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး မောင် ။ 


ကျွန်မက ပုဂံသူပါ ။


 ▢  အောင်ဖြိုးကျော် ၊ ပခုက္ကူ ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      ဩဂုတ်  ၊ ၂ဝ၂ဝ

Friday, July 19, 2024

ကိုပြုံး မပြုံး သူ့အပြုံး


 

❝ ကိုပြုံး မပြုံး သူ့အပြုံး ❞
________________________
အောင်ဖြိုးကျော် ( ပခုက္ကူ )
________________________

“ ဆရာမကြီး မြို့ရုံး က ခေါ်စာ ဝင်ထားတယ် ”

ဖုထစ်ထစ် ခပ်ပြေပြေ ကုန်းမော့လေး ကို မောပန်းတကြီး တက်ပြီး ရုံးခန်း ထဲ ဆွဲခြင်း ချရုံပဲ ရှိသေးတယ် ။ ကျောင်းလုပ်သား ကောင်မလေး က ဆီး ပြောတော့ ဟို ကိစ္စလား ဆိုပြီး ထိတ်ခနဲ ကျွန်မ ဖြစ်မိတော့တာပေါ့ ။

စာအိတ် ကို ချက်ချင်း မဖောက်ရဲသေးဘူး ။ မဟုတ်ပါစေနဲ့ လို့ ရှိသမျှ မိဆိုင်ဖဆိုင်နတ်တွေ အရင် တိုင်တည်ရတယ် ။ ဘုရား ကို လည်း အပူကပ် ရတာပေါ့ ။ ဖွလွဲပါစေ ၊ ဖယ်ပါစေပေါ့ ။ အမှတ်မထင် ဖြစ်သွားတာ သတိပေးချိန် မရလိုက်ဘူး ။ ကောက်ကာငင်ကာ ဗြုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားတာ ။

ကိုယ့် သား အရွယ်လေးမို့ ချစ်လို့ အလိုလိုက် ထားတာလည်း ပါမှာပေါ့ ။

ဒီအလုပ် ကို ဒီဘက် ခေတ်မှာ ဘယ်ယောက်ျား မှ လုပ်ကြတာ မဟုတ်ဘူး ။ ဒါတောင် ဒီဘက်ခေတ် မှ သင်း က ကိုယ့် ဆီ လာဖြစ်တာ ၊ မျိုးတုံးလု မတတ် ဖြစ်နေတဲ့ ငါးတွေ လိုပဲ ။ သင်း က ရှားပါး မျိုးစိတ် ထဲမှာ ပါတယ် ။ တယုတယ မွေးပါလျက်နဲ့ ။

သတိ တစ်ချက် အလွတ် မှာ ထစ်ခနဲ ဖြစ်တော့တာ ။

စားပွဲပေါ် က စာအိတ်ကို ကျွန်မ အကြာကြီး ‌ငေး နေ မိတယ် ။ ကြည့်ရင်း ကြည့်ရင်း ကျောရိုးထဲ စိမ့်တက် လာတယ် ။ ခြေဖျား လက်ဖျားတွေ အေးလာတယ် ။ သွေးခုန်နှုန်းတွေ နှစ်ဆ တိုး လာသလိုပဲ ။ လက် က ဆတ်ဆတ် တုန်ချင် နေပြီ ။ ကောက်ယူ မိပေမဲ့ ချက်ချင်း မဖောက်ဖြစ်ဘူး ။

အတော်ကြီး အားမွေးပြီး မှ ဖောက်လို့ ရတယ် ။ စာရွက် မဖြန့်ရဲသေးဘူး ။ ကျွန်မ မျက်လုံးတွေ သပိတ်လုံး လောက် ဖြစ်ပြီး ချာချာလည် နေမလား ၊ နားရွက်တွေ က ဆင်နားရွက် လောက် ကား နေမလား ။ ဒုက္ခ ဆိုတာ ဒါမျိုးလား ၊ အသံတိတ် ကျွန်မ အတွေးပူ တွေ အခန်း တစ်ခန်းလုံး အပ်ကျသံ ကြား မတတ် တိတ်ဆိတ် နေတယ် ။

ခု မှ ကိုယ် လည်း ကျောင်းသား ပြန်ဖြစ်ပါပကော လို့လည်း တွေးမိရဲ့ ။ ၁၀ တန်း အောင်စာရင်း ထွက်မယ့် နေ့က သွားကြည့်ရတဲ့ ခံစားချက် မျိုးလို့လည်း ငယ်ဘဝ ကို အမှတ်ရတယ် ။ မကြည့်လို့ လည်း မဖြစ် ၊ ကြည့် ရမှာ လည်း ခပ်ကြောက်ကြောက် ။ ကျွန်မ စာရွက် ကို ဖြန့်လိုက် မိတယ် ။ ပြီးမှ .…. ။

°°°°°   °°°°°   °°°°°

၂ ။

အသက် တစ်ချက် ရပ်သွားသလို ဖြစ်ပြီးမှ စိတ် ကို မနည်းကြီး ထိန်းရ ၊ မှတ်ရတယ် ။ စေးကပ် နေတဲ့ အာခေါင် ကို မနည်းကြီး ဖွင့်ပြီးမှ “ မဖြူရေ ဆရာပြုံး ကို ငါ့ဆီ ခေါ်ခဲ့ ” လို့ ခြောက်ကပ်ကပ် အသံ ထွက်လို့ ရတယ် ။ သွားပြီပေါ့ ။ ထိုင်ခုံ မှာ ခြေပစ်လက်ပစ် ထိုင်ရင်း ကိုယ့် ဘဝ ကို အစအဆုံး စိတ်ရှိလက်ရှိ တွေးမိတယ် ။ ၁ဝ တန်း အောင်စ ခင်ပြုံး ၊ ဗမာပြည် အစွန်အဖျား နယ်စပ်ရွာလေး က ဆရာမလေး ခင်ပြုံး ၊ အဲဒီက နေ ပြည်မ ပြန် ရောက်တဲ့ မခင်ပြုံး ။ တစ်ခါ ဟိုရောက် ၊ ဒီရောက် ၊ ဒီနေရာ ရောက် မှ ခြေ ငြိမ် သွားရတဲ့ ဆရာမကြီး ဒေါ်ခင်ပြုံး ။

နာမည် က သာ ခင်ပြုံး ၊ ကျွန်မ ခု မပြုံးနိုင်တော့ဘူး ။

မပြုံးနိုင်ရုံ တင် မဟုတ်ဘူး ။ လူ တစ်ကိုယ်လုံး နုံး သွားတော့တာ ။ ကြုံခဲ့ရတဲ့ ဆရာမ ဘဝ နေ့ တစ်နေ့ အစက စ ကတည်းက ယဉ် သလို ဆိုတာမျိုး ။ မျက်စိသူငယ် ၊ နားသူငယ် နဲ့ နယ်စပ်က တိုင်းရင်းသားရွာ မှာ ဗမာစကား ပြောတတ်တာ ဆိုလို့ ရွာ က သူကြီး အပါအဝင် လက်ချိုး ရေရင်တောင် နှစ်ဖက် မပြည့်ဘူး ။ အဲဒီ အနေအထားမှာ နှပ်ချေးတွဲလောင်း ၊ တို့လို့ဟောင်းလောင်းလေးတွေ ဝလုံးဝိုင်းဝိုင်းရေး ၊ ကကြီး ၊ ကခွေး သင် ပေးရတာ ။

ကျောင်း စ ဖွင့်တဲ့ နေ့ပေါ့  ။ စာ စသင်တဲ့ နေ့ ။

သိပ်မကြာသေးဘူး ။ မဖြစ်စလောက် လက်တောက်လောက်လေးထဲ က တစ်ယောက်ပေါ့  ။ လက်ညှိုးတစ်ချောင်း ထောင်လာပြောတာ ။ သူ ပြောတဲ့ တိုင်းရင်းသား စကားက နားလည်တာ မဟုတ်ဘူး ။ အီးအီး ပါ ၊ ရှူးရှူး ပေါက် ခွင့်တောင်းတယ် ထင်ပြီး ခေါင်းညိတ် လိုက် မိတယ် ။

ကျေးဇူးရှင်လေး က ကျောင်းဆင်းခေါင်းလောင်း ကြီး အားရပါးရ လှုပ်ချ လိုက်တာ ဆရာမ ဘဝမှာ ပထမဆုံး လန့်သွားတဲ့ နေ့ ၊ ကြောက်သွားရတဲ့ နေ့ ။ လားအုပ်ကြီး ပြေးဆင်း သလို တစ်ကျောင်းလုံး ဝုန်းခနဲ ပြေးဆင်း သွားကြတာ “ ဟဲ့ ... ဟဲ့ ...နေကြဦး ၊ ကျောင်း မဆင်းသေးဘူးလေ ၊ ပြန်လာခဲ့ ၊ ပြန်လာခဲ့ ” လို့ ခေါ်ပေမဲ့ .…. ။

အဲဒီ နေ့က ဘဝ တစ်ခု အစ ကျောင်းပေါ် မှာ ဟီးချပြီး အဖေရေ လို့ တ,တပြီး ငိုရတဲ့ နေ့ ။ ဪ ... လုပ်သက် နှစ်သုံးဆယ် တောင် ပြည့်ခဲ့ပြီလေ ။

“ ဆရာမကြီး ကျွန်တော် ရောက်ပြီ ”

အတွေးတွေ က ဘယ်ရှည် ထွက်နေမှန်း မသိဘူး ။ သင်း ကတော့ ဆရာပြုံး ဆိုတဲ့ အတိုင်း ခပ်ပြုံးပြုံးပဲ ။ ကိုယ့် မှာသာ ခင်ပြုံး ဆိုပြီး မပြုံးနိုင် တာ သူ့ကြောင့် ဆိုတာ သင်း က သိ မထင်ဘူး ။

“ မြို့ရုံး က ခေါ်စာတဲ့ မောင်ပြုံး ရယ် နင့် နှယ်ဟယ် ကျားမြီး ဆွဲတာကိုး ”

ကျွန်မ စကား ဆုံးတော့ မျက် မှောင်လေး တွန့်ပြီး နားမလည် တဲ့ ကလေးလေး လို ဆရာပြုံး က ကြည့်လို့ ။ တော်တော် အပြစ်ကင်းတဲ့ မျက်နှာလေး ၊ ရှိလှ သင်း အသက် ၂၀ ပေါ့ ။ အိမ် က အကြီးဆုံး သားတော်မောင် နဲ့ ကြီး တစ်နှစ် ၊ ငယ် တစ်နှစ် ပေါ့ ။

“ ဟဲ့ ပြောလေ ၊ နင် ဟိုကိစ္စ တကယ် လုပ်ခဲ့တာလား ”

ကျွန်မ အသံတွေ တုန် လာတဲ့ အထိ သူ က ပုံစံ မပြောင်းဘူး ။

“ ဆရာမကြီး ပြောတာ ကျွန်တော် နားမလည်တာပါ ။ ကျွန်တော် က ဘာကို တကယ် လုပ်ခဲ့တယ် ဆိုတာ အရင် ပြောပါလား ”

ပြောပုံက ပြောပုံက ၊ လူ က သာ ကျောင်းဆရာ ၊ ကျွန်မ ရှေ့ ရပ်နေပုံ က သူငယ်တန်းကျောင်းသား လို မျိုး ။ ဒီအခြေအနေ မှာ ဒီ ကိစ္စကြီး ဒဲ့ ( တည့် ) ပြောလို့ သင့်မသင့် ကျွန်မ အခြေအနေ သင်း သိသင့်တာပေါ့  ။

“ ဟဲ့ .. ဟို ကိစ္စ ဟဲ့ ၊ ဟိုကိစ္စ ”

ကျွန်မ မျက်လုံးပြူး အော်တော့ ခေါင်းလေး ကုတ်ပြီး ငြိမ်လို့ ၊ ကုပ်လို့ ။ အဖြူ ၊ စိမ်း ယူနီဖောင်း ချွတ် ၊ စကတ်တွေ ၊ ဂါဝန်တွေ ဝတ်ပြီး ( ရူးချင်ဟန် ဆောင်မနေနဲ့ ၊ ရူးချင်ဟန် ဆောင်မနေနဲ့  ) လို့ သီချင်းတွေ ဟစ်ပြချင်သလို သင်း ကြည့် ပြီး အူ တွေ ၊ အသည်း တွေ ယားလာတယ် ။ ပြောရတော့ မှာပေါ့  ။

“ နင် ဟိုနေ့က လမ်းလျှောက် တဲ့ ကိစ္စ ”

မနည်းကြီး ကျွန်မ အားယူ ပြောလိုက်တာတောင် စကား ဆုံးတော့ သင်း က ခပ်ပြူံ ပြုံးပဲ ။ ' ဪ ... အဲဒါလား ' တဲ့ ။ ကောင်းကြသေးရဲ့ လား အရပ်ကတို့ရယ် လို့ တောင်ထိပ် ကျောင်း အလံတိုင် နားကနေ ထွက်ကာ ဟစ် ပစ်လိုက်ချင်တော့

°°°°°   °°°°°   °°°°°

၃ ။

သင်း က မေးသမျှ ဖြေ ၊ မာန်သမျှ ၊ ဆုံးမသမျှ နာခံ ၊ ပြုံးပြုံးလေး ပြန်သွားပေမဲ့ မပြုံးနိုင်တာ က ကျွန်မ ၊ ဆရာမကြီး ဆိုတဲ့ ခင်ပြုံး ။ ငိုလို့ ဆုံးမှာ မဟုတ်တော့ဘူး ။ ရှေ့ရေး ကို မျှော်တွေးပြီး လုပ်နိုင်သမျှ လုပ်ဖို့ ဆုံးဖြတ်ရတာပေါ့  ။

" မဖြူ ဆရာမတွေ အကုန် ရုံးခန်း ထဲ ခေါ်ခဲ့ ”

စကားအဆုံး မှာ ရေတစ်ခွက် ဆတ်ခနဲ ထ,သောက် မိတယ် ။

ခြေသံ ကြားလို့ လှည့် ကြည့်တော့ လက်ထောက် ဆရာမ ဒေါ်ပ ၊ ဗိုက်ကလေး ကော့ပြီး ဝင်ချလာတာ တစ်ယောက် ပြီး တစ်ယောက် ရောက်လာပြီး တန်းစီ ရပ်နေတဲ့ ဆရာမ ရှစ်ယောက် ကို ကျွန်မ မျက်နှာ ပဲ ကြည့်ရဲတယ် ။ ဗိုက်ငုံ့ မကြည့်ရဲဘူး ။ အိမ်ထောင်သည် က ၆ ယောက် ။ အပျိုဆရာမ က ၂ ယောက် ပါတာ ၊ ကျောင်းဆရာ ရှားတဲ့ ခေတ် ။

ဆရာ ဆိုတာ ကျောင်း က ဆင်း ရင် မသကာ မူး ရုံပေါ့  ။ ဒါလည်း လူတိုင်း မသောက်ပါဘူး ။ ဆရာများများ ရှိတဲ့ ကျောင်း ဆို ကိုယ် က ခေါင်းမခဲရဘူး ။ ပညာရေးမှူး ဆိုတဲ့ မြို့ရုံး ကို ဆရာ သွားပါဦး လွှတ်လို့ ရတယ် ။ လစာ ကိစ္စ ၊ စာအုပ်ထုတ်တဲ့ ကိစ္စ ၊ ဆရာရေ မြို့တစ်ခေါက် ဆိုလည်း ဒိုးဒိုးဒေါက်ဒေါက် ပဲ ။ တစ်ယောက် တည်း လွှတ်လို့ ရတယ် ။

ဆရာမတွေ ဆိုရင်တော့ အနည်းဆုံး နှစ်ယောက် လွှတ်မှ တော်တာ ။ အဲဒီလို ကွာတော့ ဆရာ ဆိုတာ ဘက်က အားသာတာပေါ့ ။ ကျောင်းများ ဆရာ တစ်ယောက် ရောက် လာရင် ထီပေါက် သလိုပဲ ။ ရှားပါးမျိုးစိတ် ကို ။ ဒီကြားထဲ အကြောက်ဆုံး အရာက အိမ်ထောင်သည် ဆရာမတွေ ပြိုင်တူ ဗိုက်ပူ လာမှာ အကြောက်ဆုံး ။ အတန်းတင် စာမေးပွဲကြီး က နီး ၊ သင်းတို့ ဗိုက်တွေ ပြိုင်တူ မွေးခါနီး မှာ အကြောက်ဆုံး ။

မွေးဖွားခွင့် တွေ မဖြစ်မနေ အပြိုင် တင်လာရင် တစ်နှစ်စာ ကျောင်း အောင်ချက် အတွက် ၊ လစ်လပ် သွားတဲ့ အခန်းတွေ အတွက် ကျောင်းအုပ်ကြီး က တစ်ခန်း ဝင် ၊ တစ်ခန်း ထွက် ပဲ ။ ကျွန်မ သာ အသိဆုံး ။ ပညာရေးမှူး လာတုန်း က ဒီ ကစ္စ ပြောဖြစ်တော့ ဆရာကြီး ခမျာ မျက်နှာကို ရဲ လို့ ။ ပြီးမှ -

“ နို့တစ် ထုတ်ပေါ့ ဆရာမ ရယ် ၊ ကျောင်း မှ ဆရာမများ အတန်းတင် စာမေးပွဲ နီးလျှင် ကလေး မမွေးရ ၊ အိမ်ထောင် မပြုသေးသော ဆရာမများ ကျောင်းမှာ နေသမျှ လင် မယူရ ၊ အပျိုကြီး လုပ်ရမည် ။ ပုံ ခင်ပြုံး  ၊ ကျောင်းအုပ်ဆရာမကြီး လို့လေ ။ ကိုယ့် ကျောင်း မှာ ကိုယ် ဗိုလ် ပဲ ”

အဲဒီတုန်းက အကုန်လုံး မပြုံးဘဲ ဝါးလုံးကွဲ ရယ်မိ ကြတယ် ။ ပညာရေးမှူး က လူပျိုကြီး ၊ အကြောင်းသိ ။ ဓာတ်သိ ဆိုတော့ ပြန်ခါနီးမှ ကျွန်မ စ,လိုက် မိတယ် ။

“ ဆရာရော ဒီလိုပဲ နေတော့ မှာလား ” ဆို တော့ “ ကျွန်တော့် ကို ဗိုက်ပူအောင် မလုပ်ပါနဲ့ ဆရာမကြီးရယ် ”
တဲ့ ။ အဲဒါ ခင်ပြုံး တို့ ဘဝ ။ အဲဒါတွေကြောင့် ဆရာ ဆိုတာ ကို မက်ရေ စက်ရေ ရှိကြရတာ ။ သက်ပြင်း က ( ဟင်း ) ခနဲ ။

“ မောင်ပြုံး ရယ် နင့်ကို အားကိုးပါတယ် ဆိုမှ ” ဆိုတဲ့ ကျွန်မ ညည်းညူသံ က စာသင်ကျောင်းလေး ထဲ ထွက်ကျ သွားတယ် ။ ပြီးမှ အမှတ်ရပြီး

“ ဟဲ့ မဖြူ ဆရာ ပြုံး ကို ဘယ်မှာ တွေ့ခဲ့တာတုံး ”

“ ကိုအာကျယ် လက်ဖက်ရည်ဆိုင် က တွေ့ခဲ့တာ ဆရာမကြီး ”

ကျွန်မ ဟင် ခနဲ ပါပဲ ။ ဒီလောက် ဖြစ်နေတာ သင်း က အဲဒီဆိုင် ဘာသွား လုပ်တာတုံး ။ အာကျယ် က နိုင်ငံရေးသမား ယောင်ယောင် ဘာ ယောင်ယောင် ၊ အဲဒီမှာ စုကြတာတွေ က သူ့လို ဟာမျိုးတွေက ခပ်များများ ။ အတွေးတွေ ထဲမှာ ကျွန်မ ဆတ်ခနဲ လန့်သွားတယ် ။

“ ဟဲ့ မိဖြူ အဲဒီမှာ စာရေးဆရာ ဆိုတဲ့ လူရော တွေ့ခဲ့သေးလား ”

ကျွန်မ အလျင်စလို မေးသံ ကို မိဖြူ ကတော့ ခပ်အေးအေး ဖြေတယ် ။

“ တွေ့တာပေါ့ ဆရာမကြီး ရယ် ၊ အဲဒီမှာ ဆရာပြုံး နဲ့ စာရေးဆရာ စကားတွေ ပြောနေလိုက်တာ ဖောင်လို့ ”

သွားပြီ ၊ သွားပါပြီတော် ။ အဲဒီ စာရေးဆရာ ကို ကျွန်မ သိတယ် ။ စကား လည်း ပြောဖူးတယ် ။ တစ်ခါ ဆုံကြတုန်းက “ ကျွန်တော် က ဘာမှ မဟုတ်ပါဘူး ဆရာမရယ် ၊ အနုပညာရှင် အစစ် ပါ ။ ကျွန်တော်တို့ စာရေးဆရာ ဆိုတာ လူ မှန်သမျှ ဘယ်သူ့ကို မှ မုန်းကြရတာ မဟုတ်ဘူး ။ စစ်မှန်တဲ့ အနုပညာပစ္စည်း တစ်ခု ရဖို့ ကျွန်တော်တို့ မှာ အမုန်းတရား ကင်းနေရတယ် ။ နှလုံးသား နူးညံ့သိမ်မွေ့ရတယ် ။ ကျွန်တော့် အတွက်တော့ သက်ရှိသက် မဲ့ အဖြစ် အပျက် မှန်သမျှ အားလုံးဟာ အနုပညာ ပစ္စည်းတွေပဲ ။ ကျွန်တော့် ရင်ဘတ် က တစ်လောက လုံးကို စုပ်ယူနိုင်စွမ်း ရှိတယ် ” တဲ့ လေ ။

ဒီတစ်ခါ ဘုရား ... ဘုရားလို့ ကျွန်မ အကျယ်ကြီး တ,မိတယ် ။ ဟုတ်မှာပါ ။

ငပြုံး ရေ နင်တော့ လူပေါင်း မှားပြီ ။ ငါတို့ အကြောက်ရဆုံး က စာရေးဆရာ ၊ ငါတို့ အဖြစ် ၊ နင့် အဖြစ် ကို ဝတ္ထု သာ လုပ်ပစ်ရင်တော့ ... ။

အောင်မယ်လေး ငပြုံး ရယ် ... အဲ့ဟဲ့လို့သာ ငို ပစ်ချင်တော့တယ် ။ ဒါပေမဲ့ ကျွန်မ အသံ မထွက်ရဲဘူး ။ သင်းကြောင့် ...  ။

“ ငပြုံးရယ် နင့် ကို အားကိုးပါတယ် ဆိုမှဟယ် ”

°°°°°   °°°°°   °°°°°

၄ ။

ဆရာမ တွေ ပြန် ထွက်သွားတော့ ရုံးခန်း ထဲမှာ ငြိမ်ကုပ်ပြီး ကျွန်မတို့ ဘဝတွေ ဘက် အတွေးတွေ က ရှည်ထွက် နေပြန်ရော ။ ဆရာမ လုပ်သက် နှစ် ၂၀ ကျော် ဘက် မှာ လစာတွေ တိုးထွက်လာတော့ ဘဝ မှာ ပထမဆုံး ပျော်မိတယ် ။

ကိုအေး နဲ့ အိမ်ထောင် ဖက် ၊ ကလေး သုံးယောက်  ထွက် မှ ဦးဆုံး တိုးတဲ့ လခ ။ အမျိုးသား က နာမည် နဲ့ လိုက်အောင် အေး တယ် ။ လူ ကသာ အေးတာ ဘဝ က အေးလှတာ မဟုတ်ဘူး ။ အပြောကျယ်တဲ့ ပင်လယ် မှာ လှေ တစ်စီးနဲ့ ငါးဖမ်း ထွက်ရရှာတယ် ။ အိမ်ထောင့် တာဝန်ကို သူ ထမ်းလို့သာပေါ့  ။

အဲဒီ ရက် က လှေ နားတဲ့ ရက် ။ ကျောင်း ကနေ ဆွဲခြင်းလေး ကိုင် ကသုတ်ကယက် အိမ် ပေါ် တက် ၊ အားတွေမာန်တွေ တက်လို့ ။

“ ကိုအေး ကျုပ်တို့ လစာတွေ တိုးပြီတော့ ”

ရေခဲတုံး က မလှုပ်ဘူး ။ ကျွန်မ ကို အရည်ပျော် အပြုံးတွေ နဲ့ ကြည့်လို့ ။

“ အေး ... အေး ” တဲ့ ။

ဒါပဲ ။

တော် လှေ မထွက်နဲ့လို့ ပြောနိုင်လောက်အောင် ကျွန်မ တိုးတဲ့ လစာကို ရေ ထဲ က ငါးတွေ လောက် စိတ်ဝင်စားပုံ မကျဘူး ။

နောက်တော့ လည်း ကုန်ဈေးနှုန်း က ကျွန်မတို့ လစာတွေ ကို အားကျပုံ ကျတယ် ။ မိတ်ဖက် ၊ ဓာတ်ဖက် ငယ်ပေါင်း ကြီးဖော် ကိုး ။ ဒီတစ်ခေါက် လှေဝင် လာတော့ ကိုအေး ကို လစာ အကြောင်း စကား မစရဲဘူး ။ ကျွန်မ က အညာသူ ဆိုတော့ ရွာက စကားပုံ တစ်ခု ပြေး အမှတ်ရတယ် ။

“ တို့ အိမ်က လူ လေးခွ ကိုင်ပြီး တောထဲ ထွက်သွားပါတယ်တော် ၊ စားရပါရဲ့ညောင်ရွက် ” ဆိုတာမျိုး ။ ဒီ အကြောင်း ကိုအေး သိရင် ( ကျုပ် မိန်းမ ခင်ပြုံး ဆွဲခြင်း တစ်လုံးနဲ့ ကျောင်းပေါ် တက်ပါရဲ့ ၊ စားရပါရဲ့ မြေဖြူကျိုး ) လို့ ပြောမှာ စိုးရိမ်လို့ ကျွန်မ သာ ငြိမ် နေရတယ် ။ ကိုအေး က ဒါတွေ အမှတ်ရ မထင်ပါဘူး ။

စကား တစ်ခွန်းတော့ ပြောတယ် ။

“ ပင်လယ် ထဲမှာ ငါးတွေ ရှား လာပြီ ခင်ပြုံး ရေ ၊ ရေ ထဲက ငါးတွေ က အကုန်လုံး ကုန်းပေါ် ရောက်ကုန်ပြီ ” တဲ့ ။

ကျွန်မ အသက်ရှူ ရပ် သွားတယ် ။ ကိုအေး မျက်နှာ ကို ငေးနေတာ အကြာကြီး ၊ ဒီတစ်ခါ ကျွန်မ အလှည့် ဖြစ်လေမလား ။

“ တို့ အိမ်က လူ လှေ တစ်စီးနဲ့ ပင်လယ် ထဲ ထွက်သွားပါတယ်တော် ၊ စားရပါရဲ့ ပိုက်စုတ် ” ဆိုတာမျိုး ။ ဘုရား ဘုရား တ,မိတယ် ။ အဲ အချိန် မရောက်ပါစေနဲ့ လို့လည်း ဆုတောင်း မိတာပေါ့ ။

“ ဆရာမကြီး ... ဆရာမကြီး ”

ခေါ်သံက အနားကပ် ပေါ်လာမှ ရှည်ထွက် နေတဲ့ အတွေး က ရပ်တယ် ။ “ ဟင် ... အင်း ... အင်း ” လို့ ပြန်သံ ပြုဖြစ်တော့ “ ကျောင်း ဆင်းပြီလေ ဆရာမကြီး ။ ကလေးတွေ ရော ၊ ဆရာမတွေ ရော ပြန်ကုန်ပြီ ။ ကျွန်မ ဆရာမကြီး ကို စောင့်နေတာ ၊ ရုံးခန်းတံခါး တွေ ပိတ်မလို့ ”

" ဪ ... အေး ... သမီး ၊ ရပြီ ပိတ် ... ပိတ် ”

ကျွန်မ ဆတ်ခနဲ ထရင်း ကျောင်းရှေ့ ထွက် ဆရာပြုံး စာ သင်တဲ့ အခန်းလေး ကို အကြာကြီး ငေး နေမိတယ် ။ စိုးရိမ်စိတ် က ဒီရေ လို တရိပ်ရိပ် တက်လို့ ။

“ မောင်ပြုံး ရယ် ၊ နင့်ကို အားကိုးပါတယ် ဆိုမှ ဖြစ်ရလေဟယ် ”

°°°°°   °°°°°   °°°°°

၅ ။

မနက် ကတည်းက စာ ကြောင့် ဆရာပြုံး မြို့ရုံး တက်သွားတာ က နေ့ဝက် ထိ ပြန် ပေါ် မလာဘူး ။ စာသင်ခန်း မှာ ကလေးတွေ အသံ တိတ် နေတယ် ။ ဆရာတွေ လည်း လုပ်ဖော်ကိုင်ဖက် ဆရာ တစ်ယောက် အတွက် သောကတွေ ဖက်လို့ ။ တစ်ကျောင်းလုံး အပူရောင် အောက် မှာ အရည်ပျော် လေမလားဘဲ ။

ကျွန်မ က သာ သူ့ အတွက် သောက ဖက်နေရတာ ၊ ဆရာ ကတော့ သူ့ ပုံစံအတိုင်း ပြုံးပြုံးလေး ဝင် လာတယ် ။ ကိုအေး ရေ ခင်ပြုံး ရင်မအေးချက်တော့ ငါးဖမ်းပိုက် နဲ့ တစ်ချက် လောက် ဖမ်းကြည့်ဦးတော့ ဆိုပြီး အတွေး တစ်ချက်က လင်သား ဘက် လှည့်ထွက် ပြန်ရော ။

“ ဘာတဲ့တုံး ငပြုံး ရယ် ”

ခရီး ရောက် မဆိုက် ဆိုပေမဲ့ မအောင့်နိုင်ဘူး ။

“ ပါတီ ဝင်ထားသလား တဲ့ ”

“ အဲဒီတော့ ... ”

“ ကျွန်တော် မှ မဝင်တာ ၊ မဝင်ဘူးပေါ့ ဆရာမကြီး ရယ် ”

“ နောက်တော့ ရော ...”

“ လမ်းလျှောက် သလားတဲ့ ဓာတ်ပုံ နဲ့ တိုင်ထားတာ ငြင်းလို့ ရမှာ မဟုတ်ဘူး ။ ကျွန်တော် ကလည်း မငြင်းပါဘူး ။ ဟုတ်တယ်လို့ ဝန်ခံ လိုက်တယ် ”

ပြောပုံက ၊ ပြောပုံက သူ့ မှာ ဘာမှ ပူပင်ဟန် မရှိဘူး ၊ စကား ဆက်က ပြတ် နေပြန်ရော ။

“ ဟဲ့ ဆက်ဦးလေ ... ”

“ ဝန်ထမ်း ဆိုတာ ပါတီနိုင်ငံရေး မလုပ်ရဘူး တဲ့ ”

ကျွန်မ ခေါင်းကြီး သွားတယ် ။ ဟုတ်ပါပကော ။ ဒါ တရားဝင် လိုက်နာရတာ ။ ခင်ပြုံး ကတော့ အကြိုက်ပေါ့ ။ ကိုယ့် လစာ ကိုယ် ထုတ် ၊ ကိုယ့် ကျောင်း ကို ဗိုလ်လုပ် ၊ ဘယ်သူနဲ့ မှ မပတ်သက်ရလေ ကြိုက်လေပဲ ။

“ ဒါ နိုင်ငံရေး လုပ်တာ မဟုတ်ဘူး ။ ဆန္ဒ ပြတာလည်း မဟုတ်ဘူး ။ သူ့ ကို ဘယ် ပါတီ ၊ ဘယ် အဖွဲ့အစည်း မှ မပိုင်ဘူး ။ မြန်မာနိုင်ငံ က သန်း ၆၀ ကျော် လူထု ပိုင်တယ် ။ သူ က အများပိုင် ပစ္စည်း ၊ အားလုံး နဲ့ ဆိုင်တယ် ။ အားလုံး ရဲ့ဖခင် ၊ ကျွန်တော် ကိုယ့် အဖေ အတွက် ၊ သူ့ တစ်ယောက် အတွက် လျှောက်တာ လို့ ပြောခဲ့တယ် ”

ဒါလည်း ဟုတ်တယ် ။ ကျွန်မ လက်ခံတယ် ။ ခက်နေတာ က အကုန်လုံးက လက် မခံတာ ၊ အဲ မဟုတ်သေးဘူး ။ လက် မခံရဲတာ ။

“ ဘာမှတော့ ဆုံးဖြတ်ချက် မပေးသေးပါဘူး ။ ပြုတ် သွားလည်း ဘာအရေးလဲ ဆရာမကြီး ရယ် ၊ ထားဝယ်သားပဲ လှေပေါ် တက်လိုက် မှာပေါ့  ။ ခု ရတဲ့ လစာ ထက် တော့ မနည်းပါဘူး ”

သူ ကတော့ ပြုံးပြုံးနဲ့ ပြော နေတာပါပဲ ၊ မပြီးနိုင်တာ က ကျွန်မ ။ ပူဖောင်း လာမယ့် ဗိုက်တွေ ၊ တစ်လုံးပြီး တစ်လုံး ဆုံမှာ ကြောက် နေရတာ ။ ရှားပါး မျိုးစိတ် လေ ၊ မျိုးတုံး မတတ်ရယ် ၊ ဆရာပြုံး ထွက်သွားမှ ပင့်သက် ချမိတယ် ။

“ ငပြုံးရယ် နင့် ကို အားကိုးပါတယ် ဆိုမှဟယ် ”

°°°°°   °°°°°   °°°°°

၆ ။

ခါတိုင်း ကုန်းမြင့် ကို စပြီး တက်ပြီ ဆိုတာနဲ့ ကလေးတွေ စာအံသံ ကို ကြား ရတယ် ။ ခု ကျောင်းခြေ ကပ်တဲ့ အထိ အသံ က သိပ် မထွက်ချင်ဘူး ။ ကျောင်း မှာ စာအံသံ တွေ ပျော့ကျ သွားသလိုပဲ ။ ရွာ ထဲ က အမနာပ သတင်းတွေ က လူကြီးတွေ ဆီကနေ ကလေးတွေ ဆီ ပူးကပ်ပြီး ကျောင်း အထိ ပါလာတယ် ။

“ ဆရာမကြီး ဆရာပြုံး ထောင်ကျတော့မှာ ဆို ”

အိမ်နား က တာတီး က စပ်စပ်စုစု သူရဲကောင်း လုပ်ပြီး လာ မေးတော့

“ နင့် ဘယ်သူ ပြောတုံး ၊ သွား ကလေး , ကလေး လို နေ ”

ကျွန်မ အသံ က မာထွက် သွားတော့ တာတီး ကြောက်ကြောက် နဲ့ ပြေးထွက် သွားတာ ကြည့်ပြီး စားပွဲ ပေါ် မျက်နှာ အပ်မိတယ် ။ ကျွန်မ သိတာပေါ့ ။ ဒါ မာန် ရမယ့် ကိစ္စ မဟုတ်ဘူး ၊ မသိလို့ မေးတဲ့ တပည့် အပေါ် သိအောင် ရှင်းပြရမှာ ကျွန်မ တာဝန်‌လေ ။

ခုတော့ ... ။ ကျွန်မ တာဝန် မကျေဘူးလား ။ ကျွန်မ က ဆရာမ မဟုတ်ဘူးလား ။ ဒီ သင်ခန်းစာတွေ ဘာလို့ သင်ပြခွင့် မရတာလဲ ။ ကျောင်းစာ မဟုတ်လို့လား ၊ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ ။

တစ်ကျောင်းလုံး မှာ ကြောက်စိတ် တွေ လွှမ်း နေသလိုပဲ ။

ကလေးတွေ မျက်နှာ က ဆရာပြုံး ကို မြင်တိုင်း ကြောက်လန့် တုန်လှုပ် နေသလို ပဲ ။ အို ... ကျွန်မ ကလေးတွေ ……. ။

“ ဆရာမကြီး ဖုန်း လာနေတယ် ၊ ကိုအေး ဆီက ”

ကျောင်း ဘေးအိမ် က လှမ်း အသံပြု မှာ ကျွန်မ ဆတ်ခနဲ ထ,မိတယ် ။ ရေ ထဲ က လင်သား အားပေး စကား ကြားချင်သလိုပဲ ။ ဘဝ ခရီးဖော်ကိုး ။

" ဟဲလို ... ကိုအေး လား ၊ ကျွန်မ ခင်ပြုံး ၊ ပြော ပြော ကြားတယ် ”

“ ကလေးတွေ နေကောင်းရဲ့လား ”

စ,လာပြီ ၊ ကျွန်မများ တစ်ခါမှ အရင် မမေးဘူး ။ သူ့ သားသမီးတွေ အရင် မေးတယ် ။

" အင်း ... ကောင်းတယ် "

“ အေး ... ငါတို့ လှေ ပြန် ဝင်တော့မယ် ၊ ဒါပေမဲ့ ... ”

တီတီ တီတီ လေးချက် မြည်ပြီး ဖုန်းက ပြုတ်ကျ သွားတယ် ။ ဒီတစ်ခါတော့ M.P.T ကို ကျေးဇူးတင်ပါ ။ ဒါပေမဲ့ နဲ့ တီတီတီ နောက်ကွယ် က စကားလုံးတွေကို ကျွန်မ သိတယ် ။ ပြောရတော့မယ် ထင်ပါ့ ။

“ အိမ်က လူ လှေတစ်စီး နဲ့ ပင်လယ် ထွက်ပါတယ် ။ စားရပါရဲ့ ပိုက်စုတ် ” ဆိုတာမျိုး ။ ဘာမှန်း မသိတဲ့ ကြောက်စိတ် တွေ ကျွန်မ တစ်ကိုယ်လုံး ဖုံးသွားတယ် ။ ဒီ တစ်ခါ ညည်းသံ ပြောင်း ပြီပေါ့ ။

“ ကိုအေး ရယ် တော့်ကို အားကိုးပါတယ် ဆိုမှ တော် ”

°°°°°   °°°°°   °°°°°

၇ ။

ဒီ တစ်ခါ လှေ ရေဆိပ် အဝင် မှာ ကိုအေး ကို ကျွန်မ ဆင်း မကြိုဖြစ်ဘူး ။ ကလေးတွေ ပဲ သူတို့ အဖေ ကို ကြိုကြတယ် ။ ညဦးပိုင်း လည်း စကား မပြောဖြစ်ဘူး ။

သူ့ မှာ လည်း အလုပ်သမား လစာ ၊ ရေခဲဖိုး ၊ ဒီဇယ်ဖိုးတွေ က တစ်ဖက် ၊ ရတဲ့ ငါးပိဿာချိန် က တစ်ဖက် ၊ ချိန်ခွင် ဘောက်ချာစာရွက် ပေါ်တင်ပြီး စက်နေရတာ အကြာကြီး ည ၁ နာရီ ထိုးခါနီးမှ ပြီးတယ် ။

" ပေါင်ပိတ် ခင်ပြုံး ရေ ” တဲ့ ။

ကို အေးဆီက အသံ တစ်ချ က် ထွ က် တယ် ။ ချိန်ခွင်လျှာ ပေါင်ပိတ် ဆိုတာ ဟိုဘက် မပါ ၊ ဒီဘက် မသာ ။ အလယ် မှာ ရပ်နေတာ ။ ဒါဆို အမြတ် လည်း မရှိ ၊ အရှုံး လည်း မရှိတော့ဘူးပေါ့  ။

ပြီးမှ ကိုယ့် ကိစ္စ ပြောရတယ် ။ ဆရာမကြီး ခင်ပြုံး အကြောင်း ။ ဆရာ ပြုံး ရဲ့ အဖြစ် ။ အတွေးတွေ စစ်သွားတော့မှ ကိုအေး က စကား တစ်ခွန်း ပြောပြီး လှဲ အိပ်တယ် ။

" မိုးကြိုးတွေ ပစ် ကုန်တော့မှာပဲ ” တဲ့ ။

“ ပစ်လိုက်စမ်းပါ တော် ၊ မကောင်းသူ ထိပ် ” လို့ ပြောပြီး ဘေးဘီ အလန့်တကြား ကြည့် မိတယ် ။ တော်ပါသေးရဲ့ ၊ ဘေးအိမ် တွေ လည်း အိပ် ကုန်ပြီ ၊ ဘယ်သူမှ မကြားလို့ ။

အပူတွေ များလာတော့ လူ့ သဘာဝ ဘုရား ကို သတိရတယ် ။ လူ ဆိုတာ တစ်စုတည်း တစ်စည်းတည်း အရောင်အသွေး မကွဲဘဲ နေရပါလို၏ ဘုရား လို့ ဆုတောင်း ရင်း ဦးချပြီး ခေါင်း ပြန် အမော့မှာ ...

ဘုရားစင် အောက်က ဓာတ်ပုံ ဆီ ဖျတ်ခနဲ အကြည့် ရောက် မိရဲ့ ။ ကျွန်မ အသက်ရှူ ရပ် သွားတယ် ။ ပြီးတော့ ကြက်သီး တွေ ဖြန်းဖြန်း ထလို့ ။ အို ... ပြုံး လို့ပါလား ၊ သူ့ အပြုံး ။

မြင်း ပေါ် က လူကြီး လေ ။ ကျွန်မ ကို ပြုံးပြုံးကြီး ကြည့် နေတယ် ။ သူ့ ဆီက အားပေးသံ တစ်ချက် ကရုဏာသက်သံ နဲ့ ထွက်လာ သလိုပဲ ။ သဲ့သဲ့လေး ။ ဟို အဝေးကြီး က လာတဲ့ အသံမျိုး ။

" သိပ် ကြောက် နေလား သမီး ၊ အဖေ က သမီးတို့ အတွက် ကြောက်စရာကြီး ဖြစ်နေပြီလား ။ မကြောက်ပါ နဲ့ သမီး ရယ် ” တဲ့ ။ ကျွန်မ အင့်ခနဲ ငိုလိုက် မိတယ် ။

°°°°°   °°°°°   °°°°°

၈ ။

ည တုန်းက အိပ်မက် ထဲ မှာ ကျောင်းအုပ်ဆရာမကြီး ခင်ပြုံး က ဆရာပြုံး ကို နောက် လုပ်ဦးမလား ဆိုပြီး ကြိမ် တစ်ချောင်း နဲ့ ရိုက် နေတာ အကြာကြီး ။ ရိုက် တဲ့ လူ က ငို လို့ ၊ အရိုက် ခံရတဲ့ လူ က ပြုံးလို့ ။

အဖြစ်က ပြောင်းပြန်ကြီး ။

မိုး လင်းတော့ ကိုအေး က ပြောတယ် ။ ည က ကျွန်မ ခင်ပြုံး လေ ၊ သူ့ ကို ကြောက်တယ်လို့ ယောင်ယောင် အော် နေတယ်တဲ့ ။ ပြော သေးတယ် ( မိုးကြိုးတွေ တော့ ပစ်ကုန်တော့မှာပဲ ဟာ ) တဲ့ ။

ကိုအေး ရယ် တော့် ကို အားကိုးပါတယ် ဆိုမှ တော် ...

နောက်နေ့ မှာ ကလေးတွေ ကို ပုံပြင် ပြောဖို့ ဆုံးဖြတ် တယ် ။ ဘုရားရှင် လက်ထက် က အဖေ ကို သ,တ်မိတဲ့ အဇာတသတ် အကြောင်း ၊ ဒီလောက်တော့ ကျွန်မ သတ္တိ ရှိရမှာပေါ့ ။

◾အောင်ဖြိုးကျော်  ၊ ပခုက္ကူ  ၊

📖 ရွှေအမြုတေ မဂ္ဂဇင်း
      စက်တင်ဘာလ  ၊ ၂၀၁၆

#ကိုအောင်နိုင်ဦး

.

Monday, June 10, 2024

အရည်ပျော် ဒြပ်စင်များ


 

❝ အရည်ပျော် ဒြပ်စင်များ ❞

၁ ။

သူ က စာရေးဆရာ ဖြစ်သည် ။ ပြဿနာ က ရွာ နှင့် စ၏ ။

အုပ်စုအုပ်ချုပ်ရေးမှူး ရွေးပွဲတွင် စာရေးဆရာ အား ရှေ့ တင်၍ သူကြီးပြိုင်ပွဲ ဝင်နွှဲရန် သူကြီးရောဂါ တစ်ကျော့ပြန် နာလန် ထ ကြရာ က ၊ သူ က ရာအိမ်မှူး တစ်ဆင့် ဈေးဆစ်၍ ဈေးတည့် ရာ က ကြုံခဲ့ရခြင်း ဖြစ်၏ ။

ခေတ် ကို တွက် လျှင် ဒီမိုကရေစီခေတ် ရာအိမ်မှူး သူကြီး ဘဝ ပိုင်ပိုင်နိုင်နိုင် ရ၏ ။ ကျေကျေနပ်နပ် တင်မြှောက်ကြ၏ ။ မတတ်နိုင် လုပ်ရကိုင်ရ ချေပြီ ။

••••• ••••• •••••

၂ ။

စာကလေး တစ်ပုဒ် ရေးရ ကောင်းနိုး အကြောင်း အမျိုးမျိုး တွေး နေချိန် ။ ဝင်လာသည့် လူစုလူဝေး က မနည်းလှ ။ ရွာ တောင်ပိုင်း က ရေခဲမုန့် ရောင်းသည့် ဇော်ဝမ်း လင်မယား က ရှေ့ဆုံး က ။ ပြီးတော့ သူ့ ညီတော်မောင် နှင့် ခယ်မ ဖြစ်သူ မိဆား တို့ လင်မယား ။

" ဟ ၊ မနည်းပါလား ။ ထောက်ခံစာ လာ တောင်းတာလား ၊ ထိုင်ကြ ”

သူကြီးသက် မရင့်သေး သည့် အတွက် ဝင်လာသူ ကို အမှုသည် မှန်း သူ လားလားမျှ အကဲ မခတ်တတ် ။

“ ထောက်ခံစာ လာ တောင်းတာ မဟုတ်ဘူး ။ မိဆား လင်မယား ကွဲချင်တာ ။ အဲဒါ ကလေး ကို ကျွန်မတို့ မွေးစားဖို့ ပေး မလို့တဲ့ ။ ကျွန်မ က ဒီတိုင်း မရဘူး ၊ လူကြီး အိမ် စာချုပ် နဲ့ မွေးဖို့ ပေး မှ ရမယ် ဆိုပြီး လာကြတာ ”

“ ဟာ ” ခနဲ အသံ မထွက်အောင် သူ ထိန်း လိုက်ရသည် ။

ပူပူနွေးနွေး ရာအိမ်မှူးကလေး ဘဝ ပြဿနာ ဖြင့် စ, ချေပြီ ။ မိဆား က မျက်ရည်စစ နှင့် ဖြစ်သော် လည်း မျက်နှာ က မာလှသည် ။ ကလေး က လမ်းလျှောက်တတ်ခါ စ မို့ ပြဿနာ ကို နားလည်ဟန် မတူ ။ ဖွင့် ထားသည့် TV ရှေ့ မှာ ရောက်သည် နှင့် မခွာတော့ ။

“ ဘယ်က စ , ဖြစ်တာတုံး ”

မိဆား လင်သား က သူ့ အား မျက်လုံး လှန် ကြည့်သည် ။

“ မင်္ဂလာ ဆောင်တုန်း  က ရတဲ့ ဗီရို တွေ ၊ ပန်းကန် တွေ သူ အကုန် ရိုက်ခွဲလို့ ကုန်ပြီ ”

အလို ၊ ပြောင်းပြန်ကြီး ပါလား ဟု သူ တွေးမိ ပြန်သည် ။

“ မိဆား ”

သူ့ ခေါ်သံ ဆုံးတော့ မျက်လုံး ပင် လှန် မကြည့် ။

“ နင် တကယ် ခွဲပစ်တာလား ”

“ ခွဲ တယ် ၊ ခွဲတာ မှ အကုန် ၊ တစ်ခု မှ မကျန်ဘူး ”

“ ဘုရားရေ ” လို့ စိတ်ထဲ က တ , မိရ၏ ။ လင်မယား ရန်ဖြစ်သည့် ကိစ္စ မိန်းမသား က စ၍ အိုးခွက်ပန်းကန် ၊ ဗီရို ပါ မကျန်အောင် ခွဲခြင်း သည် ရွာ သမိုင်း တွင် ဒီ တစ်ခါ အစပြုခြင်း ဖြစ်သည် ။ သူ ခေါင်းပူ မတတ် ပြဿနာ ဖြေရှင်းရန် အကြံ ထုတ်ရပြီ ။

“ ထားတော့ ၊ ကွဲဖို့ ဆို လွယ်လွယ် မထင်နဲ့ ။ စာချုပ်တွေ ပါကြလား ။ ကလေး မွေးစားတဲ့ စာချုပ် က တစ်စောင် ၊ လင်မယား ကွဲဖို့ က စာချုပ် နှစ်စောင် ”

သူ့ စကား ဆုံးတော့ တစ် ယောက် မျက်နှာ တစ်ယောက် ကြည့် ကုန်ကြ၏ ။

“ မပါဘူး ”

ဖြေသံ က ပြိုင်တူ နီးပါး ။

“ မပါရင် မိုးလင်း မှ စာချုပ်တွေ ဝယ်ပြီး ပြန်လာခဲ့ကြ ။ ဒီည တော့ ဆိုင်တွေ ပိတ်လောက်ပြီ ”

မိဆား က ဦးဆုံး မတ် နေအောင် ထပြီး ဦးအောင် ထွက် သွားပြီ ။ ကလေး အား ငွေ့ငွေ့မျှ လှည့်မကြည့် ။ ပြီးတော့ လင် ဖြစ်သူ က ကောက်ကောက်ပါ အောင် ထ , ထွက်ပြန်၏ ။ ကလေး အား ငဲ့ငဲ့ မျှ မကြည့် ။

Tv ကြည့် နေသည့် ကလေး နှင့် အစ်ကို လင်မယား သာ ကျန်ရစ်တော့ မှ -

" လင် မယား ဆို တာ ဒီလိုပါပဲကွာ ၊ သွေးပူ နေလို့ ။ မိုး လင်းရင် စိတ်ပြေ သွားမှာ ။ ဒီည တော့ ကလေး ကို မင်းတို့ လင်မယား ခေါ် ထားလိုက် ”

ဇော်ဝမ်း လင်မယား ကား စကားပြန် မရဘဲ ကလေး လက် ဆွဲပြီး ခပ်လေးလေး ထွက်သွား မှ သူ သက်ပြင်း ချနိုင်သည် ။

" တောက် ၊ လပ်ကီး မကောင်းလိုက်တာကွာ ၊ ငါ့ နှယ် ။ သူကြီး ရာထူး အစ လင်မယား ကွဲချင်တဲ့ အမှု နဲ့ မှ ညားရတယ် လို့ ”

သူ ညည်းတွားသံ အဆုံး မှာ TV ရှေ့ က စာရေးဆရာမ ပေါက်စန က ပြုံးပြုံးကြီး လှည့် ကြည့်တော့ လန့် သွားရ၏ ။ “ ဘုရား ဘုရား ၊ သူ့ ကုန်ကြမ်း မှာ ငါ လည်း လွတ်ပါ့မလား ” ဟု ရင်ဘတ် အသာ ဖိရတော့၏ ။

••••• ••••• •••••

၃ ။

ည က အက်ဆေးတစ်ပုဒ် အဆုံးသတ် ရင်း သန်းခေါင်ကျော် သည် မို့ မနက်ခင်း မိုးစင်စင်လင်း ၊ ၆ နာရီ မတ်တင်း မှ သူ အိပ်ရာ က ထ နိုင်တော့သည် ။ နေပင် အတန် မြင့်ပြီ ။ ပြတင်း ပေါက် မရှိသော အပေါက် နေရောင် က သူ့ အိပ်ရာ ပေါ် တစ်စွ န်းတစ်စ ကျတော့မှ ထ,ဖြစ်သည် ။

ည က ပြဿနာ ကို အမှတ်ရ တော့ ပြုံးချင်ချင် ဖြစ်မိ၏ ။ ဘယ် ရမလဲ ၊ သူကြီး အသစ် ကို လာ မစမ်းနဲ့ ၊ လင်မယား ရန်ဖြစ်တာ လောက် များ တစ်ည သိပ် လိုက် ပြီးပျောက် ။ ငါ့ လာ အလုပ် ရှုပ်တဲ့ ဟာတွေ ဟင်း ။ သည်နှယ် တွေးရင်း မျက်နှာ သစ်ရသည် ။ ပြီးတော့ ထုံးတမ်းစဉ်လာ အတိုင်း ။ ဒီလို အချိန် ဆေးလိပ်လေး ဖွာ ဇိမ်ကျ ရတာက ဘာနဲ့ မှ မလဲနိုင်တဲ့ နံနက်ခင်း အရသာလေး ။

“ ဆရာ ... ဆရာ ”

အဆက် မပြတ် ခေါ်သံ က အိမ်သာ နား ထိ ရောက် လာခဲ့သည် ။

“ ဘယ်သူတုံး ကွ ။ အလိုက်ကန်းဆိုး မသိတဲ့ ကောင်တွေ ”

သူ ပြန် အသံ ပြုရင်း စိတ် ထဲ နည်းနည်းတော့ တင်းသွား မိသည် ။

" ကျွန်တော်တို့ပါ ၊ စာချုပ်တွေ ဝယ်လာခဲ့ပြီ ”

ဘုရားရေ မိဆား လင် ။

သူ အသံ ကို ကျက် မိ သွားခဲ့သည် ။ ည က ပြဿနာ က အိမ်သာဝ မှာ ပြန်စ ပြန်လေပြီ ။

“ လာခဲ့မယ် ကွာ ၊ ခဏစောင့် ”

ဝေးသွားသည့် ခြေသံ က သူ့ နားဝ မှာ မသက်သာလှ ။ ဒီ လင်မယား က ဇွဲကောင်း လှသည် ။ တစ်ည နှင့် စိတ်မပြေလေ တကား ။ အချိန် အတော်ကြာ သည် လင်မယား ပြဿနာ ကို အကြံထုတ် ယူရသည် ။

စားပွဲ ပေါ် က စာချုပ် ၃ စောင် သည် သူ့ အား ငံ့လင့်လျက် ရှိ၏ ။

ကိုင်း .…. သူကြီးမင်း ၊ ဘယ့်နှယ် ရှိစ ဟု သူ့ အား မျက်စ ပစ်ပြ နေချေပြီ ။

“ လင် နဲ့ မယားပဲကွာ ၊ မင်းတို့ ဟာ မဟုတ်သေး ပါဘူး ။ ကလေး က ရှိသေးတယ် ”

သူ လေပြေကလေး စ ထိုးဖြစ်သည် ။

“ ကလေး က ပူစရာ မရှိဘူး ၊ သူ့ အစ်ကို က မွေးစား မှာ ”

မိဆား အသံ က ပြတ်ပြတ်သားသား ရှိလှချေ၏ ။ ခက်ချေပြီ ။

“ နင် တကယ် ပြောတာနော် မိဆား ။ လင်မယား ကွဲတဲ့ စာချုပ် က ကိုယ်ချင်း နောက် မှ အဆင် ပြေရင် ပစ်လိုက်လို့ ရတယ် ။ ကလေး မွေးစားဖို့ ပေးတာ က စာချုပ် ချုပ် ပြီးလို့ ဒီ အိမ်ဝိုင်း ထဲ က ခြေ တစ်လှမ်း စ , တာနဲ့ ပြင် မရဘူး ။ စဉ်းစားဦး ”

“ ကျွန်မတို့ ကတော့ စာချုပ် ပြီးတာနဲ့ ပြန် မပေးဘူးနော် သူကြီး ။ ပြတ်ပြတ်သားသား တစ်ခါတည်း လုပ် ”

သူ့ ခြောက်လုံး ကို လင်ညီအစ်မ က ပါ ဝင် ထောက်တော့ စကားအား က ပိုကောင်း သွားခဲ့သည် ။ မိဆား က မဲ့ပြုံး တစ်ချက် ပြုံး ချေပြီ ။ ပြီးတော့ နှုတ်ခမ်း ကို ဖိကိုက် တစ်ချက် ကိုက်၏ ။ ပြီးမှ -

“ စိတ်ချ ၊ ပြန် မတောင်းဘူး ။ မိဆား တဲ့ တစ်ဆား တည်း ရှိတယ် ”

သေချာပါ၏ ။ မိဆား လို နှစ်ဆား ရှိလျှင် တစ်ရွာလုံး ငန် ကုန်နိုင်သည် ။

“ ဟ ၊ နင်တို့ ဟာ က မလွယ်ပါလား ။ ကိုင်း ဘယ်က စ,ဖြစ်ကြတာတုံး ၊ ပြော ”

“ ကျွန်မ အိမ်ခွဲ နေဖို့ ပြောတယ် ၊ မရဘူး ။ ကလေး က ကြီးလှပြီ ။ အဲဒီ ရေတင်မြောင်း တံခါး အဖွင့်အပိတ် မလုပ်နဲ့ ။ လစာ က ဘာမှ ရတာ မဟုတ်ဘူး ။ မစားလောက်ဘူး ပြောနေတာ ကြာလှပြီ ။ ယောက်ျား ဖြစ်ပြီး သူများ သားသမီး ဝ,လင်အောင် ရှာ မကျွေးချင် ။ လက်ကြော မတင်းမှ တော့ ညတာ ရှည် အိပ်မက် များတာပဲ ။ တိုတို နဲ့ ပြတ်တာ ကောင်းတယ် ”

လောကဓံ နှင့် သည် လင်မယား အသား မကျသေးသည့် ပြဿနာ ပေ တကား ဟု သူ တွေးမိ၏ ။

“ ဒုက္ခပဲ မိဆား ရာ နင် နဲ့ တော့ ။ မွေးစားသူ မရှိရင် ဘယ်လို လုပ်ပါ့ ”

“ ရှင်းရှင်းပဲ သူတို့ မမွေးစားရင် ကျွန်မ တံတား အောက် သွား လွှင့်ပစ်မှာ ”

ပြဿနာ ကား သူ့ခေါင်း အား ကြီးစေပြီ ။

“ အောင်မာ ၊ ငှက်ပျောသီး အခွံနွှာ စားတာ ကျနေတာပဲ လေပေါက် က ကိုယ့် သားသမီး ဆို နင် ထင်တိုင်း လုပ် ရ မှတ်နေလား ။ ဥပဒေ ရှိသေးတယ် ၊ နင် ထောင်ကျ သွားမှာပေါ့ ”

သူ့ စကား အဆုံးမှာ မိဆား ကား မီးဝင်းဝင်း တောက် ပို၍ ငန်တောက် လာခဲ့သည် ။

" ကိုယ့် သားသမီး ကိုယ် လွှင့်ပစ်တာ ဘယ်သူ့ ဘာ သွား လုပ်တာမှ မဟုတ်ဘူး ။ လာခဲ့စမ်းပါ ၊ ကြိုက်တဲ့ ဥပဒေ ”

အောင်မာ ၊ အောင်မာ ၊ ဆားပါး ဝလိုက်တာ လို့ သူ တွေးဖြစ်သည် ။ မရတော့ ၊ မိဆား ကား ငန်ချင် တိုင်း ငန် ချေပြီ ။

“ ကိုင်း ဒီလို လုပ် ။ မနက်ဖြန် အုပ်စုရုံး ဖွင့်မယ် ၊ ငါ ဥက္ကဋ္ဌ ဖုန်းဆက် ထားမယ် ။ နင်တို့ က တကယ် ဖြစ်နေကြတော့ စာချုပ် မှာ ဥက္ကဋ္ဌ တံဆိပ်တုံး ပါမှ ရတော့ မှာ ။ မနက်ဖြန် ၁၀ နာရီ အုပ်စုရုံး လာခဲ့ကြ ”

သူ့ အသံ ပါ နည်းနည်း မာ သွားမိ၏ ။

" ဒီတင် လုပ် မရဘူးလား တော့ ”

“ မရဘူး ၊ လျှာမရှည် နဲ့ ”

••••• ••••• •••••

၄ ။

ည က သူ အုပ်ချုပ်ရေးမှူး နန်းထွေး ဆီ မိဆား တို့ ကိစ္စ ကြို ပြော ထားရသည် ။ ကွဲလို့ မဖြစ် ၊ မင်း ရာ ငါ ပါ မိဆား ကို အငန် ပေါ့ အောင် ရေ ရောမှ ရမည် ဟု ကြို ဇာတ် တိုက် တော့ အုပ်ချုပ်ရေးမှူး အသစ်ကလေး ဆီ က ရယ်သံ ထွက်ချ လာသည် ။

“ ကျွန် တော့် ဆီ မှာ လည်း အဲဒါမျိုး က ၃ မှု တောင် ရှိတယ် ” ဆိုတော့ ဖြစ်ရလေကွာ လို့ ပြောရင်း ဖုန်း ကို ပိတ် ဖြစ်သည် ။ ခုတော့ မိုးစင်စင် လင်းပြီ ။ မိဆား နှင့် သူ ၏ ဒုတိယ ည အလွန် ။ မိဆား က ၉ နာရီ မထိုးမီ သူ့ ဆီ ရောက်ချ လာခဲ့သည် ။

“ သူကြီး ဆိုင်ကယ် နောက် က ကျွန်မ လိုက် မှာ ၊ အဲဒါတွေ မျက်နှာ ကို မမြင်ချင်တော့ဘူး ”

“ ဟဲ့ ၊ အတူ သွားရမှာပေါ့ ဟ ၊ နင့် မလဲ ဒုက္ခ ”

“ သွား ကုန်ကြပြီ ၊ ကျွန်မ မလိုက်ချင် လို့ နေခဲ့တာ ”

မိဆား က ငန် ဆဲ ။ သူ ဆိုင်ကယ် ကို ထုတ်ပြီး လမ်း ပေါ်  မောင်း ထွက် လိုက်ရသည် ။ ရုံး သို့ သွားရာလမ်း တစ်လျှောက် သူ နှုတ်ဆိတ် နေလိုက် မိသည် ။ မိဆား က လည်း တစ်ခွန်းတစ်ပါဒ မျှ မဟ ။

••••• ••••• •••••

၅ ။

ရုံးအတွင်း ဝင်သည် နှင့် အုပ်ချုပ်ရေးမှူးလေး ကိုနန်းထွေး က အပြုံးဝင့်ဝင့် ဖြင့် သူ့ အား ကြိုလင့်သည် ။

“ လာ ဗျို့ ၊ စာရေးဆရာ ”

သူ ရုံး ဆီ တစ်ချက် ကြည့်ပြီး မိဆား ဘက် ပြန် လှည့်ကာ စူးစူး ကြည့် မိသည် ။

“ ဘယ်မတုံး နင်တို့ ဟာတွေ ၊ နင် ပြောတော့ သွားပြီဆို မိဆား ”

“ ကျုပ် ရှေ့တင် ထွက်သွား တာပဲ ၊ လမ်း ဘယ်နား သေနေကြမှန်း မသိဘူး ”

သူ မျက်ခုံး အစုံ မြင့်တက် သွားမိသည် ။

“ လာတယ်ဗျ ၊ စာချုပ်တွေ မေ့လို့ ပြန် အယူ သွားကြတာ ။ အဲသာထား ဆရာ ရေ့ ၊ ရှေ့က မနုတို့ အမှု အရင် ဖြတ် ရအောင် ”

သည်တော့မှ ရုံး ထဲ စေ့စေ့စပ်စပ် သေချာ ကြည့်မိသည် ။ ဖိုးချက် မယား သူ့ ဝမ်းကွဲနှမ က မျက်နှာ မသာမယာ နှင့် ငူငူကြီး ထိုင် နေတာ မြင် ရသည် ။

“ နင်က ဘာဖြစ်တာတုံး ”

“ အိမ် ရောက်ခဲ့ သေးတယ် ။ မောင်မောင် က ရုံး သွားတယ် ဆိုလို့ ဒီ လိုက်လာတာ ”

“ ထား - ထားတော့ ။ ဘာဖြစ်တာတုံး ၊ ပြော ”

သူ့ အငမ်းမရ အမေး ကို ညီမ ဖြစ်သူ က မဖြေ ။ ဥက္ကဋ္ဌ ဆီ က “ ပြဿနာ က ဒါကြီးပဲ ဆရာရေ့” ဆိုသည့် အသံ အဆုံး သူ စားပွဲဆီ လုံးလုံး ကြည့်မိသည် ။

ဥက္ကဋ္ဌ စားပွဲ ပေါ် က ပုဆိုးပုံ ကို လှန် အပြမှာ သူ လန့်ပြီး ကြက်သေ သေသွား မိတော့သည် ။

••••• ••••• •••••

၆ ။

“ ကျွန်တော့် ဆီ အဲဒါကြီး ရင်ဘတ်ထဲ ပွေ့ ရောက် လာတာပဲ ဆရာ ”

ဥက္ကဋ္ဌ အသံ က ရယ်သံ ဟဟ စွက် နေခဲ့သည် ။

“ သူ့ သား လောက်လေး နဲ့ ပစ်တာ ငါ ကိုယ်တိုင် မြင်လို့ ဆုံးမ ရအောင် သွား တိုင်တာ ၊ မဆုံးမ တဲ့ အပြင် တိုင်ချင် ရာ တိုင်တဲ့ မစိန်နီ က အဲသာ မကျေနပ် လို့ ရုံး လာတာ ။ ငါ့ ကြက် က တိုက် ကြက် ၊ ခြေကျိုး သွားပြီ ”

သူ နှင့် ဥက္ကဋ္ဌ အကြည့်ချင်း ဆုံ မိကြ၏ ။ ဥက္ကဋ္ဌ က ရယ်လုလု မျက်နှာ နှင့် ။ မိဆား တို့ ဇာတ်ကား ကြား မိနုကြက် က ကြော်ငြာ အရင် ဝင် နှင့်သည် ။

••••• ••••• •••••

၇ ။

“ ဆိုတော့ ကာ ၊ မိဘ ပေးစားလို့ နင်တို့ ရကြတာ လည်း မဟုတ်ဘူး ။ ကိုယ် ကြိုက်လို့ ကိုယ် ယူထားကြတာ ။ ကလေး က လည်း ကြီးစ ပြုပြီ ။ ပြီးတော့ မိန်းကလေး ။ အလွယ် ကျွန်တော် တော့ မဆုံးဖြတ် စေချင်ဘူး ”

ဥက္ကဋ္ဌ က ၁၅ မိနစ် သာသာ မိဆား ကို ရေထိုး ပြီးတော့ ပြောစရာ ကုန်ဟန် နှင့် သူ့ ဆီ တစ်ချက် ကြည့်သည် ။ ဆရာ ဝင် လို့ ရပြီဆိုသည့် သဘော ။ သူ မိဆား မျက်နှာ တစ်ချက် အကဲ ခတ်သည် ။ ဒီ မျက်နှာ က ဥပဒေ ဆိုတာ တွေ တဖွဖွ ရွတ်ပြ လို့ ရသည့် မျက်နှာ မဟုတ် ။

“ မိဆား "

သူ့ ခေါ်သံ ကို နှုတ်ပြန် မထူး ။ မျက်လုံး အကြည့် နှင့် သာ ထူးသည် ။

“ နင် လက်မှတ် ထိုးပြီးတာနဲ့ နင့် သမီး ကို မပိုင်တော့ဘူး နော် ”

“ သိတယ် ”

သူ ပြုံးလိုက် မိ သလို ရှိ၏ ။

“ ပြီးတော့ နင် တို့ လင်မယား အပြီး ကွဲသည် ဖြစ်စေ ၊ ပြန် ပေါင်းသည် ဖြစ်စေ သေချာတာ က နင်တို့ သမီး ကို နင်တို့ ပြန် မရတော့ဘူး ”

“ သေချာတယ် ။ ကျွန်မတို့ ကလည်း စာချုပ် နဲ့ မွေး ပြီးမှ တော့ မပေးနိုင်ဘူး ”

ဇော်ဝမ်း မယား မိဆား လင်ညီအစ်မ က သွက်သွက်လက်လက် စကား ထောက်၏ ။

“ နင်တို့ သမီး က ကြီးလာပါပြီ တဲ့ ၊ အရွယ် ရောက်ပြီ ဆိုပါတော့ ၊ ထားပါ ၊ မွေးစားမယ့် သူ က ဦးလေး အရင်း ဆိုတော့ မဟုတ်မဟတ် တော့ တွေးစရာ မလိုဘူး ။ ဒါပေမဲ့ ”

မိဆား မျက်နှာ အမာ လျော့ကျ သွားတာ မြင်ရသည် ။ ပြီးတော့ စိတ်ဝင်စား ဟန် ပြ လာသည် ။

“ ကလေးက အရွယ် ရောက်လို့ နင်တို့ သူ့ ကို စွန့်ပစ်ခဲ့တာ သိပြီး ရင် စိတ် အကြီးအကျယ် နာ မှာတော့ သေချာတယ် ။ ပြီးတော့ အဖေ လို့ ၊ အမေ လို့ သူ ခေါ်ချင် မှ ခေါ်မယ် နော် ”

မိဆား အင်းအဲ မလှုပ် ၊ အရည် ပျော်စ ပြုပြီ ။

" ကလေး က ချစ် ဖို့လည်း ကောင်းလာမယ် ။ အဲဒီတော့ မှ ညည်းတို့ က သမီး လို့ ခေါ်ရင် ကလေး က လှည့် ကြည့်ချင် မှ ကြည့်မှာ ”

မိဆား မျက်ရည်တွေ ဝိုင်းစ ပြု ချေပြီ ။

“ နင်တို့ ဗီဒီယိုတွေ ထဲမှာ အဲဒီ ဇာတ်လမ်းမျိုး တွေ မြင်ဖူး ကြည့်ဖူးတယ် နော် ။ အဲဒီ ဇာတ်ဝင်ခန်း တွေ ရောက် ရင် မင်းသား မင်းသမီး တွေ သနားပြီး နင် တို့ ငိုကြတယ် မဟုတ်လား ”

မိဆား ဆီ က အင့်ခနဲ ရှိုက်သံ တစ်ချက် ထွက်လာ ခဲ့ပြီ ။

“ အေး ၊ အဲဒါက ဇာတ်လမ်း ။ အဲဒီလို ဇာတ်လမ်း မှာ တောင် နင်တို့ ခံစားရ သေးရင် ဒီ တစ်ခါ အဲဒီ နေရာ မှာ နင်တို့ ကိုယ်တိုင် သရုပ်ဆောင် ရမှာနော် ”

မိဆား ဆီ က အစ်အစ်ပါ ငိုသံ ထွက် လာခဲ့သည် ။

“ ဟောဒီ ကလေးလေး အရွယ် ရောက်လို့ သမီးရေ လို့ နင် ခေါ်မိရင် ကလေး က ဘာ ခုမှ သမီး လဲ ပစ်တုန်း က ပစ်ထား ပြီးတော့ ။ ခုမှ လာ မတော် နဲ့ ၊ ရှင် က ကျွန်မ အမေ မဟုတ်ဘူး လို့ ပြောခဲ့ရင် အဲဒီ ဝေဒနာ ကို နင်တို့ ခံစား နိုင်သလား ”

“ အဟင့် - အဟင့် ဟီး ”

မျက်နှာ လက်ဝါး နှင့်အုပ်၍ ငိုသံ အဆုံးမှာ မိဆား အရည်ပျော် ကျ သွားခဲ့သည် ။ မိဆား လင် စန်းဗိုလ် က “ လာ ပြန်မယ် ” ဆိုတော့ နှုတ်ပင် မဆက်ကြ ။ ဥက္ကဋ္ဌ စားပွဲ ပေါ် တွင် စာချုပ် ၃ စောင် က အတိုင်းသား ...

“ ပိုင်ချက်က တော့ ဆရာ ရယ် ၊ စာရေးဆရာ ပီသပါပေ့ဗျာ ”

နန်းထွေး အသံ က ရယ်ဟဟ ရှိသည့် တိုင် မရွှင် ။

“ ကျွန်မ က တော့ ဇာတ်ကား ကြည့်နေရ သလိုပဲ ”

ဥက္ကဋ္ဌကတော် ဆီ က အသံ က လည်း တိုးဖျော့ဖျော့ နိုင်လှသည် ။ အပြင် တွင် ဖွဲဖွဲလေး ကျ လာသော မိုးရေစက်တွေ ကို သူ ငေး နေမိသည် ။ သူ ကိုယ်တိုင် ဒီလို နေ့မျိုး တစ်နေ့ ကို သမီး ငယ်ငယ် က တစ်ခါ ကြုံလုလု နီးနီး ဖြစ်ခဲ့ရဖူးသည် ကို သတိရမိ စဉ် …… ။

••••• ••••• •••••

၈ ။

တစ်ပတ် လောက် အကြာ မှာ မ.ယ.က ရုံး ရှေ့က လက်ဖက်ရည်ဆိုင် သူ ထိုင်နေစဉ် ရွေးကောက်ပွဲ ပြီး ကတည်း က မတွေ့ဖြစ်တာ အတော် ကြာပြီ ဖြစ်သည့် တိုင်း ( ၁ ) အမတ် က သူ့ ကို မြင်တော့ ကား ပေါ် မှ ဆင်းချ လာခဲ့ သည် ။

“ အလို သူကြီးမင်း ”

“ ထိုင်ဗျာ အမတ်ကြီး ”

စကား အဆုံး မှာ ပြိုင်တူ ရယ်ဖြစ်ကြသည် ။

“ ဆရာ နေကောင်းရဲ့လား ”

“ ကောင်းပါတယ် ”

အမတ် က စားပွဲထိုးလေး ကို ပေါ့ဆိမ့်နှစ်ခွက် ဟု မှာရင်း ရေနွေးကြမ်းပန်းကန် တွေ ဆေးရင်း “ ဘယ့်နှယ်တုံး ၊ ရွာရပ် အခြေအနေတွေ ” ဟု မေးစဉ် သူ ပြုံးနေမိ သေးသည် ။

မိဆား တို့ အကြောင်း ပြောပြီး စကားစ အသတ် မှာ အမတ် ဆီ က ရယ်သံ တစ်ချက် ထွက်ပြီး ငှဲ့လက်စ ရေနွေးကြမ်း က ခွက်ဘေး စဉ်ကျ သွားတော့၏ ။

◾အောင်ဖြိုးကျော် ( ပခုက္ကူ )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဒီဇင်ဘာ ၂၀၁၈

#ကိုအောင်နိုင်ဦး

.

Friday, February 2, 2024

လူမွဲနာ


 ❝ လူမွဲနာ ❞


၁ ။


ဝတ္ထု ထဲ က ဇာတ်ကောင် တွေ ကို စိတ်တိုင်းကျ ငိုခိုင်း ရယ်ခိုင်း ၊ စိတ် မထင်ရင် အသေသ,တ်ပစ် ဖြစ်စေချင် သလို ဖြစ်စေခဲ့တဲ့ စာရေးဆရာ တစ်ယောက် ဝဋ် လည်ပြီး ကိုယ်တိုင် သရုပ်ဆောင် ရမယ့် နေ့ တစ်နေ့ ၊ အချိန် တစ်ချိန် ရှိလာ နိုင်တယ် လို့ တစ်ခါ မှ မတွေးဖြစ်ခဲ့ဘူး ။ ဒါပေမဲ့ အဲဒီ မမျှော်လင့်ခဲ့ တဲ့ နေ့ တစ်နေ့ က ၄၄ နှစ် လုံးလုံး လုံအောင် ပုန်း နေရာ က နေ ၄၅ နှစ် ရောက် မှ ဘွားခနဲ ကိုယ်ထင် ပြ တော့ ငယ်ငယ်တုန်း က လို ( ဟာ ...  တွေ့ပြီ တစ် ၊ နှစ် ၊ သုံး ) လို့ ကုန်း အော်ချိန် ၊ သံပုံး ခေါက်ချိန် လည်း မရတော့ပါဘူး ။ အို ၊ နာ ၊ သေ ဆို တာ ထဲ က နာခြင်း ဆိုတာကြီး က “ ဟေ့ကောင် လာခဲ့ ” ဆိုပြီး နားရွက် တံတွေး ဆွတ် ၊ တရွတ်တိုက် ပွတ်ဆွဲ လက်ရဲ ဇက်ရဲ ဖမ်း ခေါ် သွားလိုက်တာ ၅ သိန်း ပေး မှ လွတ်မယ် ဖြစ်ကရော ။ ကျုပ် တော်တော်ကြီး ကို လန့် သွားတယ် ။ ခုတော့ ကျုပ် ကိုယ်တိုင် ဇာတ်လိုက် ဖြစ်ကရော ။ ကံဇာတ်ဆရာ က လည်း ပြုံးပြုံးလေး ပါ ပဲ ( စာရေးဆရာ ဆိုတာ မင်း လားကွ ၊ ကိုင်း ... က , နိုင် အောင် က , တဲ့ ) ။ ဆေးရုံ ဆို တဲ့ ဆိုင်းဝိုင်းကြီး က လည်း ( ပလို့ ဂျိ ) ဆို တန်း အချက်ပြ တာ ။ ခြေရော လက်ပါ မြှောက်ချိန် တောင် မရလိုက်ဘူး ရယ် ။ 


အဲဒီ ထဲ က ဆေးရုံဆိုင်း နဲ့ အက တိုက် ဖို့ ပြင်ရတော့ တာပါ ။


ရက်ချိန်းတွေ ယူကြ ၊ ညှိကြ ၊ ချိန်းကြ ၊ တိုက်ကြ ၊ စည်းချဝါးချ ပေါ့  ။


  •••••   •••••   •••••


၂ ။


ရွေးကောက်ပွဲ မှာ အနိုင် ရပြီး ကတည်း က ဘယ်နေ့ လွှတ်တော် တက်ရမှန်း မသိသေးတဲ့ အမတ် မဖြစ် တဖြစ် သူငယ်ချင်း က သံယောဇဉ် ကြီး ရှာပါတယ် ။ သတင်း ကြားတာ နဲ့ သူ့ ကား နဲ့ ကျားခနဲ ရောက် လာတာပါပဲ ။ 


“ လုပ်စရာတွေ အများ ကြီး ကျန်သေးတယ် ၊ ဆရာ သေလို့ မဖြစ်ဘူး ၊ ထ , လိုက်ခဲ့ ”


ဇွတ် လုပ်တော့ ကျုပ် ငြင်းပါသေးတယ် ။ ရပါတယ်ကွာ ဖြစ်ပါတယ်ပေါ့ ။ မောရိယမန်းဆေးလေး ၊ ညှော် ခံအောင် သောက် ၊ ဆရာမောင် ဆေးနီမှုန့်လေး နဲ့ ချွေးထုတ် ၊ ငါ လုပ်နေကျ ပေါ့ ။ မရဘူး ။ 


သိန်း ဘယ်လောက် တန် မှန်း မသိတဲ့ သူ့ ကား ပေါ် မိန်းမ ခိုး သလို ဆေးရုံကြီး ပြင်ပ လူနာကု ဌာန ကို ကားတင် ပြေး တာပေါ့ ။ သူ့ လို ပဲ တာဝန်ကျ တဲ့ ဆရာဝန် မဖြစ် တဖြစ်လေး က  ကျုပ် ဗိုက် လှန် ပြီး ဟိုဖိ ဒီဖိ လုပ်တော့တာပဲ ။ အားခနဲ အော် မှ ရပ်တယ် ။


အမှန်က နာ လို့ မဟုတ်ဘူး ၊ ယားလို့ ။ ဗိုက် က နာတာ တော့ နာ ပါတယ် ။ ဝမ်းကိုက် သလို စစ်စစ် နာ တာ ။ ဒါလည်း ဗိုက် နာ တာပဲ ။ ဘယ်လို ခွဲ ပြော မတုံး ။ ဆရာဝန် မဖြစ်တဖြစ် ကောင်လေး က မေးချင် တာ မေးပြီး တကယ် ဖြစ် နေတယ် ၊ ခွဲစိတ် ဆရာဝန် ဆေးခန်း တန်း လွှတ်တာ ။ ကားနက်ကြီး စီးပြီး လျှောခနဲ ရောက် တာပေါ့ ။ ကျုပ် က တော့ ဗိုက်နာ တဲ့ ကြား က ရယ်တာပါပဲ ။ ဆရာဝန်တွေ က ဟိုကောင့် ကို အမတ်မှန်း တောင် သိ , မထင်ဘူး ။


  •••••   •••••   •••••


၃ ။


အဲဒီနေ့ က ရဲစခန်း တိုက်တန်း က ရောဂါ ရှာဖွေရေး ဆေးခန်း မှာ နေဝင်းဖြိုးဖျ မှ ရိုက်ဟယ် ၊ စစ်ဟယ် ပြီး တယ် ။ “ ရေ အဝ , သောက် ၊ ဆီး အောင့်ထား ” ဆိုပြီး ခံစား ရတဲ့ ကနဦး အတွေ့အကြုံ ကို က စ ကတည်း က ယဉ်သကို ပေါ့ ။ အဲဒီက စာရွက်တွေ ယူ ၊ ခွဲစိတ် ဆရာဝန် ဆီ ပြန်ပြေး ။ ဒေါက်တာမမ က နောက်နေ့ ပုဂ္ဂလိက ဆေးရုံ မှာ လာ ပြဖို့ ချိန်းတယ် ။ ဒေါက်တာမမ က ဖြူဖြူသွယ်သွယ် ပါ ။ နှစ်လိုဖွယ် အပြုံး နဲ့ ။ 


စာရေးဆရာ ဆိုပြီး အထင်ကြီး တဲ့ လူ တွေ ကို တစ်ခါတလေ ကျုပ် တကယ် အံ့သြတယ် ။ ကျုပ် က စိတ် မဝင်စားရင် လုံးဝ လှည့်မကြည့် ဘူး ။ ကျုပ် စိတ် မဝင်စား ဆုံး က ကျုပ် ကိုယ် ကျုပ် ပဲ ။ တစ်သက်လုံး ကျုပ် ကိုယ် ကျုပ် ပစ်ထားခဲ့တာ ဗျာ ။ ဒါဆို ဆေးရုံ ဆေးခန်း မရောက် ဖူးဘူးလား မေးစရာ ရှိတာ ပေါ့ ။ ရောက်ဖူးတာပေါ့ ဗျာ ။ လူနာ မေး လေ ။ လူများ မေ့တတ်ပုံ ပြောပါတယ် ။ 


ငါ လည်း တစ်နေ့ ဒီလူ တွေ လို ဆေးရုံများ တက် ရမှာလား လို့ ယောင်လို့ လည်း မတွေးမိဘူး ။ ယမ်း လို့ လည်း မတမ်းမိဘူး ၊ မှန်း လို့ လည်း မမျှော်ဘူး ။ သံမဏိ ပေါ့ လေ ။ ဒီလိုနဲ့ ရောဂါရှာဖွေရေး က နေ ဆရာဝန် ၊ ဆရာဝန် က နေ အပြင်ဆေးရုံ ဆိုတာကြီး ကို ကား က ဆက် ပြေးတယ် ။ ဒေါက်တာမမ က အပြုံးချိုချို နဲ့ ကြိုပါတယ် ။ ဆေးစာရွက် တွေ ကြည့်တယ် ။ ဆရာဝန် ဆိုပြီး နဖူးတွေ့ ဒူးတွေ့ မို့ ယုံရတာပါ ၊ သူတို့ ရေးတဲ့ အင်္ဂလိပ်စာ လက်ရေး က ကျုပ် ဘေး အိမ် က နှစ်တန်း ကျောင်းသား ၊ ဆိတ်ချေး ဆိုတဲ့ ကောင် လောက် ကောင်း တာ မဟုတ်ဘူး ။ 


“ အသည်း ရောင် နေ တယ် ။ ဆီးချို ရှိလား ၊ သွေးချို ရှိလား ၊ သွေးတိုး ရှိလား ” 


မေးခွန်း က ရိုးရိုးလေး ပါ ။ ဒါပေသိ ကျုပ် မယ် ဖြေရ ခက်တယ် ။ တစ်သက် နဲ့ တစ်ကိုယ် ဖျားဖျားနာနာ ရွာ က ဝမ်းဆွဲဆရာမ ၊ ကျန်းမာရေးမှူး နဲ့ ပြီးခဲ့တဲ့ ကောင် ဆိုတော့ သိတယ် မဟုတ်လား ။ ခုမှ ကြားဖူးတာပေါ့ ။ ဒါတွေ သိ အောင် စစ်ဟယ် ၊ ဆေးဟယ် ခုချိန်ထိ မလုပ်ခဲ့ဖူးပါဘူး ။ 


“ ဝမ်း သွားရင် သွေးပါလား ”


“ ပါတယ် ဆရာမ ” 


“ ဝေါခနဲ ပန်းတာလား ၊ တစစ်စစ် တစ်စက်ချင်းလား ” 


“ စစ်စစ် စစ်စစ် ပြောပါ တော့ ၊ ဗိုက် က လည်း စစ် စစ် နာတယ် ”


“ ဘယ်နှရက် ရှိပြီလဲ ” 


“ သုံးရက် ”  


ကျုပ် စကား ဆုံးတော့ ဟိုဘက် လှည့် ၊ ဒူးကွေး တစောင်းအိပ် ခိုင်းတော့တာပဲ ရယ် ။ ကျုပ် မ လည်း ဘုမသိ ဘ,မသိ ပေါ့ ။ မိဆိုင်ဖဆိုင် တွေ တောင် တ,ချိန် မရလိုက် ပါဘူး ။ အဲဒီတော့ ဘုမသိ ဘ,မသိ ဘဲ နေ လိုက်ကြပေါ့ ။ စာပေစိစစ်ရေး ကို မလွမ်းပေမဲ့ ဒီ အခန်းတော့ ကဒ် ပေါ့ ။ 


ကျုပ် မှာ မျက်နှာ ဘယ်နား သွား ထားရမှန်း မသိပေမဲ့ ဒေါက်တာ မမချောချော နဲ့ နာ့စ်မ နှစ်ယောက် ချောချော က တော့ ရှော့ပင်းမောလ် ထွက် သလိုပဲ ရယ် ။ အေးဆေးပေါ့ ။ သောက်ဆေး သုံးကတ် နဲ့ ဆေးဖြူ တစ်ထုပ် ပေးတယ် ။ တစ်နေ့ သုံးကြိမ် တဲ့ ။ နောက် တစ်နေ့ အစီအစဉ် က ဆေးရုံ လာ တဲ့ အထိ အစာ မစားရ ၊ ရေ တောင် မသောက်ရ တဲ့  ။ ဆေးရုံဆိုင်း က လက်ဝှေ့ပွဲ တီးလုံး လို ဗိန်းမောင်း မတိုက်သေးဘဲ မောင့်နောင် မောင့်နောင် လုပ် လွှတ် လိုက်တော့ အပြန်လမ်း မှာ ကား ပေါ် က မြင် နေရတဲ့ ဆေးရုံ နာမည်က ချမ်းမြေ့ တဲ့ ။ 


ဒီ ပုံစံ နဲ့ ကျုပ် မှာ ဘယ် ကလာ ချမ်းမြေ့နိုင်ပါ့ မတုံးဗျာ ။


  •••••   •••••   •••••


၄ ။


ဆိုတော့ကာ မချမ်း မမြေ့နဲ့ ဘဲ ကျုပ် နောက်နေ့ ချမ်းမြေ့ ပြန် ရောက်တာပေါ့ ။ အမှန်က ကိုယ့် ဘာသာ မချမ်းမြေ့ တာ ပါ ။ အကုန်လုံး က ဖော်ဖော်ရွေရွေ ပါပဲ ။ သန့်ရှင်းရေး က အစ ဝန်ထမ်းတွေ အကုန်လုံး ပြုံး လို့ ။ အလွယ် ဥပမာ ပေး ရရင် ကိုရီးယားဇာတ်ကား ထဲ က ဆေးရုံ ကို ရောက် နေ သလိုပါပဲ ။


“ မလိုက်ချင်တော့ဘူး ” လို့ ကျုပ် အတင်း ငြင်း ပေမဲ့ ကိုသက် နဲ့ ဟန်ဇော် က အတင်းကြီး ခေါ်တာ ဆိုတော့ မလွဲသာ မရှောင်သာ ပါ လာ တာပါ ။ ကား ပေါ် မှာ မနေ့ က အခန်း ထဲ က အဖြစ်တွေ ပြန် ပြောရင်း “ ရောဂါနဲ့ မသေဘူး ၊ ကျုပ် ရှက်လို့ သေလိမ့်မယ် ” လို့ ပြောတော့ ကား ရပ် ပြီး ရယ်လိုက်ကြတာ ခို့ခို့ခွိခွိ ဟိဟိဟစ်ဟစ် တွေ ဖြစ်လို့ ။ ကျုပ် မယ် မနည်း ဟန့်ယူ တားယူ ရတယ် ။ 


ကိုင်း .. ပြန် ရောက်ပြီပေါ့ ။


ကျုပ် မှာ မျက်နှာ ကို ခပ်တည်တည် လုပ် နေရပေမဲ့ စိတ် က တော့ တကယ် မလုံလှ ဘူး ။ ချောချောလေးတွေ ကို ချောချောမောမော ကို မကြည့် ရဲ တာ ။ အဲဒီ နေ့ ဇာတ်လမ်း က ပိုကြမ်းတယ် ။ ဆေးရုံဆိုင်း က စ ကတည်း က ဗေပို့တူးပေါင် လုပ်တော့ တာ ပဲ ရယ် ။ ဝမ်း သုံးခါ ချပြီး အဏုမြူရောင်ခြည် သင့်နိုင်သည် လို့ ရေးထားတဲ့ အခန်း ထဲ သွင်း တော့တာပဲ ။ စာ မှန် သမျှ ဖတ် တဲ့ အကျင့် က လည်း ရှိနေတော့ အဏုမြူဆိုတာ မြင် ကတည်း ပြန် ပြေးရင် ကောင်းမလား လို့ လည်း စဉ်းစားသေးတာ ။ ဒါပေသိ ဗျာ ။ ပေါက်တဲ့ နဖူး မထူးပါဘူး ဆိုပြီး စိတ်နှလုံး တုံးတုံး ချ လိုက်ရတယ် ။ ချာတိတ် နှစ်ယောက် ၊ ဓာတ်မှန်ဆရာ ၊ အနီအပြာ နဲ့ ကျုပ် လူနာ စက်တွေ ရှုပ် နေတဲ့ အခန်း ထဲ မှာ ဘယ် လွမ်းရမှန်း မသိဘူး ။ နောက်တော့ သိသမျှ ဆရာဝန် စာရေးဆရာ ၊ ဆရာမတွေ ကို အကုန် တ,မိ တော့တာပဲ ။ ဆရာမ မသီတာ ရဲ့ မြင်လှည့်ပါဦး ၊ ဆရာ ညိုထွန်းလူ ရဲ့ ကြည့်လှည့်ပါ ဦး ၊ ဂျူး လည်း အမှတ်ရ ၊ စာပေဟောပြောပွဲ မှာ အတူ ပြောဖူးတဲ့ ကလေးဆရာဝန်ကြီး ဒေါက်တာရဲ ကို အမှတ် ရ ။ အဲဒီ က နေ ခန္တီး မှာ ကလေး မွေး ပေး နေတဲ့ ဖုန်း ထဲ က ဇေဦးယျာ ကို ဆက် တ, မလို့ လုပ် နေတုန်း - 


“ အိပ် ၊ ဟိုဘက် လှည့် ၊ ဒူးကွေး ”


အသံ က တိုးတိုးလေး ပါ ။ ဒါပေမဲ့ ကျုပ် နား ထဲ တော့ ဗုံး ပေါက် သလိုပဲ ရယ် ။ ဒီတစ်ခါ တ,စရာ က ဘုရား ပဲ ကျန် တော့တယ် ။ အင်း ... သမ္ဗုဒ္ဓေ အစ က ဘာပါလိမ့် ... ”


“ စိတ် ကို တင်းမထားနဲ့ ဆရာ ရဲ့ လျှော့လျှော့ ”


အနီဝတ် ဆရာမ ချောချောလေး က ကျုပ် ကို ကလေး ချော့ သလို ချော့ရှာ တာပါ ။ ဒါပေမဲ့ သိစိတ် ထဲ က တော့ “ ငါ့ စိတ်တွေ တင်းနေ တာ ညည်းတို့ ရှိလို့ပေါ့အေ ရဲ့ ” လို့ စကားနာထိုး နေတာပါပဲ ။ အူတွေ ထဲ ဆေးရည်တွေ ဝင် နေ မှန်းတော့ စိတ် က သိသပေါ့ ။ အဆင် မပြေလိုက်ပုံများ ဗျာ ။ ဆေးရုံဆိုင်း က ဗိန်းမောင်း သာ တိုက် နေတာ ကျုပ် လူနာ က တစ်ချက် မှ ထ , ပြီး လက်ဝှေ့ရေး ပြနိုင်တာ မဟုတ်ဘူး ။ ဒီအတိုင်း ဆို အလကား ရ ထားတဲ့ လက်ဝှေ့ပွဲ လက်မှတ်ကလေး နဲ့ လက်ဝှေ့ပွဲ က ကြည့်ရတော့ မှာ မဟုတ်ဘူး ဆိုပြီး စိတ်တွေ က ဟိုရောက် ၊ ဒီရောက် ပေါ့ ။ 


“ ရပြီ ၊ ရပြီ ပက်လက် ပြန် လှန် ”


အဲဒီလိုနဲ့ အပေါ် က ငုံ့ ကြည့် နေတဲ့ ဘုလုံးကြီး အောက် ပက်လက် ၊ မှောက်လျက် ၊ ဘေးတိုက် မော်ဒယ်လ်တွေ လို မလုံ့တလုံ ဓာတ်ပုံ ရိုက်ပြီး တော့ လူ က ဆတ်ဆတ်တုန် ဆောင်းကာလ မို့ ဆေးရုံ အဲယားကွန်း က ပျပျ လေး ပေးတာပါ ။ ကျုပ် တုန် တာ ရှက်တုန် ၊ ကြောက်တုန် ။ နောက်မှ ဟယ် မိန်းကလေး ဖြစ်တဲ့ မော်ဒယ်လ်မတွေ တောင် ရေကူးဝတ်စုံ နဲ့ ကိုယ်ဟန် ပြရသေးတာ ။ ငါ က ယောက်ျား ပဲ ဆိုပြီး ကောင်မလေးတွေ အတုယူ အားကျ မှ သတ္တိတွေ လက် တစ်ဆစ်စာ ပြန် ရတယ် ။


TV ထဲ က ပုံတွေ ဝိုင်း ကြည့် နေ ကြလို့ ကျုပ် ကို ဘယ်သူမှ အမှတ် မရကြပါဘူး ။


“ အဆင် မပြေဘူး ၊ အူ ထဲ မှာ ဆေး မနှံ့ဘူး ။ ဒီ တစ်ခါ လေဖိအား သုံးမယ် ” 


ဓာတ်မှန်ဆရာ ပြောသံ အဆုံး မှာ ဘယ့်နှယ် ပြောပါ လိမ့် ဗျာ ။ ကျုပ် ဘဝ တစ်သက် မှာ ဒီ တစ်ကြိမ် ၊ ဒီ အချိန် ဟာ မျက်နှာ အငယ်ရဆုံး ပေါ့ ။ ဒီ တစ်ခါ ကျုပ် တ , မိတာ က ကွမ်းယာ ၊ ဆရာ့ စားပွဲ ပေါ်က ကွမ်းထုပ် ကို တ , မိတော့တာပေါ့ ။


“ ဆရာ ကျွန်တော့် ကို ကွမ်း တစ်ယာ ကျွေးပါ ” 


လှုပ်ရှားလွန်း နေတဲ့ စိတ် ကို ငြိမ်အောင် ထိန်းဖို့ ဒီ ဆေးနည်း ဟာ အကောင်းဆုံး ဆိုတာ လူနာ ဖြစ်တဲ့ ကျုပ် သာ အသိဆုံး ရယ် ။ 


“ မဖြစ်ဘူး ၊ X-ray ရိုက် နေတာ အူ ထဲ မှာ ရေ တောင် ရှိလို့ မရဘူး ” 


အပြာဝတ် ဆရာမ အသံ က ခပ်ဆတ်ဆတ် ထွက်လာ ပေမဲ့ မာန်တာ မဟုတ်ဘူး ။ စိုးရိမ်တကြီး ဟန့်တာ ၊ တား တာ ။ ဓာတ်မှန်ဆရာ က သွေး ပျက် နေတဲ့ ကျုပ် မျက်နှာ ကြည့် ပြီး မှ ကွမ်း တစ်ယာ ထုတ် ပေးတယ် ။ 


“ မျိုချလို့ မရဘူးနော် ” လို့ သတိ ပေးတယ် ။ ထုံးစံ အတိုင်း စောင်းအိပ် ၊ ဒူးကွေး ပေါ့ ။ လုပ်ကြ ကိုင်ကြပေါ့ ။ ဘဝ မှာ မြုံ့ ခဲ့ရတဲ့ ကွမ်းယာ တွေ ထဲ မှာ ဒီ ကွမ်းယာ အရသာ အရှိဆုံးပဲ ။ ဘယ့်နှယ် ပြောပါလေ့ ဗျာ ။ အဆင့်မြင့်ဆုံး လူနာ ပေါ့ ။ ကွမ်း မစားရ လို့ စာတွေ နေရာအနှံ့ ရေး ထားတဲ့ ဆေးရုံကြီး ထဲ မှာ ဒူး ကလေးကွေး အိပ် ၊ X-ray ခန်း ထဲ မှာ ကွမ်းယာလေး တမြုံ့ မြုံ့ မြုံ့ ပြီး လူနာ ဖြစ်ရတဲ့ အရသာ လွယ်တာ မှတ်လို့ ။


စိတ် က ပြောင်းသွားတယ် ။ ကွမ်းယာ တန်ခိုး နဲ့ သူတို့ လည်း လုပ်ရ ကိုင်ရတာ အဆင် ပြေပုံ ကျပါတယ်  ။ ဒါပေမဲ့ ဘောလုံး နှိပ်ပြီး ဆေးတွေ အချက်ရေ သွင်း မှ ပြဿနာ က စ,တာဗျို့ ။ တစ် ၊ နှစ် ၊ သုံး နဲ့ အချက် ရေ လိုက်ကြတာ ၁၅ နဲ့ ၁၈ ကြား မှာ ဘယ်နေရာ မှား မှန်း မသိဘူး ။ တစ်ယောက် က ၁၆ တဲ့ ၊ တစ်ယောက် က ၁၇ တဲ့ ။ ကျုပ် က လောင်းကစား လုံးဝ ကင်းတဲ့ ကောင် ပါ ။ ရွာ ပြန် မှ ဘုန်းကြီး ကို အတိတ်စိမ်း ပေးဖို့ ၁၆ R , ၁၇ R ဆိုတာတွေ ကို ဖြစ် လို့ ။ ကျုပ် ဗိုက် တော့ ပူဖောင်း လို ပူ လို့ ဖောင်း လို့ ပေါ့ ။ 


“ ဆရာ ဘယ်နှချက် နှိပ်ရမှာတုံး ” 


“ နှစ်ဆယ် ” 


“ ကြားချ လိုက် ၁၆ ထား ၊ ၄ ချက် ဆက်နှိပ် ”  


အသံတွေ သာ ကြားနေ ရတာ ။ ကျုပ် မယ် မြင်ရတာ မဟုတ်ဘူးရယ် ၊ ၁၉ အရောက် မှာ ဗိုက် ဆီ က ဖျစ်ခနဲ မြည်သံ ကြားရ သလိုပဲ ။ 


“ ဟာ ... ရပ် ၊ ရပ် ဗိုက် ကွဲ ထွက်တော့မယ် ” 


ကျုပ် အလန့်တထိတ် အော်သံ အဆုံး မှာ နောက် က အဖွဲ့တွေ ဆီက  ရယ်သံ က သောခနဲ ပဲ ။ ကျုပ် လည်း ရောယောင် ရယ် မိတော့တာပေါ့ ။ လူ ပဲ ဘာသား နဲ့ ထုထားတာ မှတ်လို့ ။


“ အယ် ... ဆရာ ၊ မရယ် နဲ့ လေ ၊ မရယ် နဲ့ ” 


အနီမလေး က အထိတ်တလန့် သတိ ပေးပြီး သူ့ လက် ဖဝါးနုနုလေး နဲ့ ကျုပ် ပါးစပ် လာ ပိတ်တယ် ။ ဘယ်က လာ မွှေးလိမ့်မတုံး ၊ ဆေးစော် ကို ထောင်းလို့ ။ အချိန် မမီပါဘူး ။ 


“ ဟာ ... ပြန် ထွက်ကုန် ပြီ ၊ ပြန် ထွက်ကုန်ပြီ ” 


ချာတိတ် တစ်ယောက် လန့် အော်သံ အဆုံးမှာ တစ်ဖွဲ့ လုံး အုန်းခနဲ ရယ် လိုက်ကြတာ လူနာ နဲ့ ဆရာ ဆေးကုတာ နဲ့ မတူပါဘူး ။ နွေးနွေး ထွေးထွေး မိသားစုလေး ပျော်ပွဲစား ထွက်နေ သလိုပါပဲ ။ အားရအောင် ရယ်ပြီးကြ တော့ မှ ဓာတ်မှန်ဆရာ က ကျုပ် ကို ပြုံးပြုံးကြီး ကြည့်ပြီး ပြောတယ် ။


“ ကိုင်း .. တစ် ကနေ ပြန် စ,မယ် ၊ ဒီတစ်ခါ မရယ် ကြကြေး ”  တဲ့ ။


 •••••   •••••   •••••


၅ ။


အချိန်က အတော်ကြာတာ ဆိုတော့ အခန်း အပြင် ဘက် ပြန် အရောက် မှာ ကိုသက် နဲ့ ဟန်ဇော် လည်း မျက်နှာလေးတွေ ကို ငယ်လို့ ။ စိုးရိမ် နေကြတာ ။ ဓာတ်မှန်လေး နှစ်ချပ် ၊ စာရွက်လေး က နှစ်ရွက် ၊ ကောင်တာ မှာ ငွေ အပ်ပြီး ဒေါက်တာမမ ဆီ ပြန် ချီတက် ရတယ် ။ ဆရာဝန်မမ ကလည်း အပြုံးနုနုလေး နဲ့ ကြိုပါတယ် ။ လူနာ မှတ်တမ်း စာအုပ် မှာ အပြုံးရေးရေးလေး နဲ့ ခွဲစိတ်ရက် ယူရန် ဆိုပြီး ရေးတော့တာ ပါပဲ ။ 


“ ချမ်းမြေ့ မှာ ခွဲရင် ၅ သိန်း လောက်ကုန်မယ် ၊ သိပ် မကြာပါဘူး တစ်ပတ် ပဲ ” 


မှားပြီ လို့ စိတ် က ချက် ချင်း သိလိုက်တယ် ။ ဟန်ဇော့် ကားအကောင်းကြီး နဲ့ သူမ ဆေးခန်း လှမ်းခဲ့တဲ့ ကျုပ် ကို ကား နဲ့ လူနာ ဆရာမ တွဲပြီး မှားတော့တာပေါ့ ဗျာ ။ ကျုပ် က အဝတ်အထည် ရောင်း စား ရတဲ့ ကောင် ဆိုတော့ မင်္ဂလာ ဈေး မှာ ကုန် ဝယ် သလို ၃ သိန်း ထား ဗျာ ဆရာမ လို့ ဈေးဆစ် ကြည့်ဖို့ မထော်မငံ့ စိတ်ကူးတွေ ရှေ့ ရောက်လာသေးတာ ။


 •••••   •••••   •••••


၆ ။


ည ရောက်တော့ ရွာ က လူတွေ နဲ့ အမျိုးတွေ ကျုပ် ဆီ ပုံလာကြတယ် ။ 


ရွာဓလေ့ ရပ်ဓလေ့ က ဒီလိုပါပဲ ။ ဆေးရုံ တက်ပဟဲ့ အသံ ကြားတာ နဲ့ မေးကြ မြန်းကြ ပေါ့ ။ မေးပုံတွေ က လည်း ကြည့်ဦး ။


“ ဘာတွေ လုပ်ရကိုင်ရ သာဒုံး ဖိုးဆေး ရဲ့ ၊ ဘယ်လောက် ကုန်ခဲ့ဒုံး ”


ဒါက အရီး တစ်ဝမ်းကွဲ မေးဟန် ။


“ ချမ်းမြေ့ မှာ လား ၊ အစိုးရ ဆေးရုံမှာလား ။ ဓာတ်မှန် နှစ်ချပ်စာ က ဘယ်လောက် ကုန်သာဒုံး ”


ဒါက အဒေါ်နှစ်ဝမ်းကွဲ မေးသံ ။


“ ဆေးရုံမှာ ဆေးတွေ အလကား ရ နေဘီဆို ၊ အရင် က လို မကုန်တော့ဘူး ဆို ” 


ဒါက အစ်ကို နှစ်ဝမ်း ကွဲ ရဲ့ မျှော်လင့်တကြီး ၊ အားကိုးတကြီး တောင့်တသံ ။ ကျုပ် စိတ် ထဲ မလဲ မသင်္ကာတော့ဘူး ၊ ဒီ လူတွေ လာ မေးနေပုံ က ကျုပ် ကျန်းမာရေးထက် ကုန်ကျစရိတ် ကို ပို စိတ်ဝင်စားပြီး ရောက်လာ ကြတာ ။ မနည်းကြီး လှည့်ပတ် မေး မှ ကျုပ် လို ရောဂါ ဖြစ်နေတဲ့ လူတွေ က ရွာ ထဲ မှာ ၁ဝ ယောက် တောင် ရှိ သတဲ့ ။ အားလုံး သိချင်တဲ့ မေးခွန်း ကို အရီးကြွက် က အဆုံးသတ် တယ် ။ 


“ ဘယ်လောက် ကုန် မယ် ပြောလိုက်သဒုံးကွ ”


ကျုပ် ချက်ချင်း အသံ မထွက်နိုင်ဘူး ၊ စိတ်ဝင်တစား တောက်ပြောင် နေတဲ့ မျက်ဝန်းတွေကြည့်ပြီး မှ - 


“ ၅သိန်း တဲ့ ” 


ဟောင်းလောင်း ပွင့် သွားတဲ့ ပါးစပ်တွေ က ကျုပ် မျက်ဝန်းတွေ ကို ပိတ်စေ လိုက်တယ် ။ ပြိုင်တူ သက်ပြင်း ချတဲ့ လေတွေ ဒဏ် ကို ကျုပ် နှလုံးအိမ် ပါးပါး က တိုးတာ မခံနိုင်ဘူး ။ တလှပ်လှပ် နဲ့ ။


စာမျက်နှာ က ၆ မျက်နှာ အကိုက် ပါ ။ ဝတ္ထုတို တစ်ပုဒ် အနေ နဲ့ ဒီနေရာ မှာ ဖြတ်ရင် ရ ပြီပေါ့ ။ ဒါပေမဲ့ စာရေးဆရာ ကျုပ် ကိုယ်တိုင် သရုပ်ဆောင် ခဲ့ရတဲ့ ဒီ ဇာတ်လမ်း က ရင်နင့် ကြေကွဲဖွယ်ရာ တကယ့် အဖြစ် နဲ့ နောက် တစ်ခန်း ဆက်ရ ပြန်တယ် ။ ကိုယ်တွေ့ ဆိုတော့ ဟန်ဆောင်မှု မပါ သလို တကယ် အသက်ဝင်ခဲ့ တာပါ ။ ကျုပ် သွေးတွေ တောင် တိုးတယ် ။ အရက် သောက် လို့ မဟုတ်တာ လည်း သေချာတာ ပေါ့ ။ ကား ကြိုပို့ လုပ်တဲ့ အမတ် က နေပြည်တော် ကို သင်တန်းတက် သွားရ သလို အလုပ်များ နေတဲ့ ပရဟိတ အသင်း က ကလေးတွေ လည်း ဒုက္ခ မပေးချင်တော့ ဘူး ။ ဆေးရုံ က အသိ တစ်ယောက် ဆီ ဖုန်း ဆက်ပြီး ကိုယ့်နည်း ကိုယ့်ဟန် ရုန်းကန် ဖြစ်တယ် ။


“ ဆရာဝန် ပြ ပြီးပြီလား အစ်ကို ”


“ အင်း ” 


 “ ခွဲဖို့ ပြောလား ” 


“ ပြောတယ် ၊ လာ တက်ရင် ဖြစ်လား ”


“ အပြင် ဆေးရုံပဲ ဆရာ ရယ် ၊ ပိုက်ဆံ ရှိ ဘယ်အချိန် တက်တက် ရတာပေါ့ ” 


ဒီ အခန်း က တိုပါ တယ် ။ ခွဲရက် ကို အသိတွေ နဲ့ တိုင်ပင်ပြီး ၂၆ ရက် သတ်မှတ် ၊ ဆရာမ အဖြူရောင် ( ရွှေ ) ဆီ ဖုန်း ဆက်တော့ ဆရာ ဦးဝင်းငြိမ်း ပါ မနေသာဘဲ လိုတဲ့ ငွေ က ကမ္ဘောဇဘဏ် ကို လေ ထဲ က နေ ဖက်စ်ကြေးနန်း စီး ပြီး ၂၅ ရက် ဒုတ်ဒုတ်ထိ ရောက်သာပါပဲ ။ ခွဲရက် ကို ၂၆ ရက် ကိုယ့် ဘာသာ သတ်မှတ် ပြီး ဘဏ် က ထွက် ၊ ရွာပြန် ခရီး ကို ဆက်ခဲ့ပေမဲ့ ...  ။


 •••••   •••••   •••••


၇ ။


စောင့်နေကြတဲ့ လူစုလူဝေး က မနည်းဘူးပေါ့  ။ စာရေးဆရာ ဖြစ်ပြီး ကတည်း က အားကိုးတကြီး ရှေ့က တင်ပြီး ရွာရပ် ပြဿနာတွေ ရှင်းပေးဖို့ လူမိုက် ငှားပြီး ခဏခဏ အသုံးချတာ ဆိုတော့ လူ စုရင် အခြေအနေ ကို ကျုပ် အားမရ ချင်တော့ဘူး ။


“ အရီးတို့ ကျုပ် ကို စောင့် နေကြတာလား ” 


“ အေး ... သလိုကွာ ၊ မင်း ကုရင် ဆေးရုံကြီး မှာ အရင် တက်ပြီး ရွာ က ကုစေ ချင်တယ် ။ အဲသာမှ မင်း က ဘယ် သွားရ ၊ ဘယ် လာရ ၊ ဘယ် ပြရ ဆိုတာတွေ နည်းယူ ပြီး ဘယ်လောက် ကုန်ဒယ် ဆို တာ သိမှ ကျန်ဒဲ့ လူတွေ က ရှိတာလေး နဲ့ ချိန်ဆ ပြီး ကုဖို့ သဖို့ တွက်လို့ ချက်လို့ ရမှာ ” 


ရွာ က သင်္ချာပညာ က ရှင်းရှင်းလေး ပါ ။ အင်မတန် ရိုးပါတယ် ။ ခေတ်ကြီး ထဲ မှာ ရိုးလွန်းတော့ အ , ကျန် ခဲ့တာ တော့ ကျုပ် သာ အသိဆုံးပါ ။


 •••••   •••••   •••••

 

၈ ။


နောက်နေ့ ဆေးရုံကြီး ရဲ့ ပြင်ပလူနာဌာန မှာ ဘဝတူ တွေ နဲ့ အတူ ထိုင် စောင့်ရင်း တာဝန်ကျ ဆရာဝန် ၊ ဆရာမ တွေ က လူနာတွေ ကို တရင်း

တနှီး ဖေးမ,ကူညီ နေကြတာ မြင်ရပါရဲ့ ။ အားလုံး ပြီး မှ အပေါ်ထပ် က ခွဲစိတ်ဆောင် အခန်း ကို ကျုပ် ကို ခေါ်သွား ကြတယ် ။ ကျုပ် ရှေ့က အဘိုးကြီး က လည်း ကျုပ် လို တစ်ယောက် တည်း ပါ ပဲ ။ ရွာရပ် အတွက် အစမ်းသပ်ခံ လူနာ အဖြစ် ဆေးရုံကြီး လက် ဝ,ကွက်အပ်ဖို့ ကျုပ် လာခဲ့ပုံ နဲ့ တော့ မတူနိုင်ဘူးပေါ့ ။


“ အဘ က အသက် ကြီး နေပြီ ၊ အသေးစိတ် ခွဲရမှာ ဖြစ် လို့ ကျွန်မတို့ ပခုက္ကူဆေးရုံ မှာ ခွဲစိတ် ကိရိယာတွေ မစုံ ပါဘူး ။ အသက် အန္တရာယ် စိတ်ချရ အောင် မန္တလေးဆေးရုံ ကို လွှဲရတာပါနော် အဘ ” 


မချိပြုံးလေး နဲ့ ထွက် သွားတဲ့ အဘိုးကြီး ကို သနား သလို ဆရာဝန် ဖြစ်ပါလျက် နဲ့ ဆင်းဆင်းရဲရဲ ဆေးရုံ ကို ထဘီ အကွဲ နဲ့ ဂျူတီ ဝင်ရတဲ့ ဆရာဝန်မ ညိုချောလေး ကို လည်း သနားတယ် ။ မယုံမရှိ နဲ့ ဗျ ။ သူ့ ထဘီ အောက်နား တစ်ထွာ လောက် ကွဲပြီး ပြဲ နေတာ ခြေသလုံးသားလေး ကို ဝင်း နေအောင် မြင်ခဲ့ရတယ် ။


ကျုပ် စာရွက်တွေ ၊ ဓာတ်မှန်တွေ ယူ ကြည့်တဲ့ ဆရာဝန်လေး က လည်း အေးဆေးသိမ်မွေ့ပါတယ် ။ 


“ သွေး ပါတာရော ရပ်သွားပြီလား ဆရာ ” 


“ အင်း ”


“ ဆေးတွေ ဆက် သောက် ။ အရက် ၊ ပူတဲ့စပ်တဲ့ အစားအသောက်တွေ ဆင်ခြင်ပါ ”


“ ဟုတ် ” 


“ ရွာ မှာ ဘာလုပ်လဲ ”


“ အစုံပေါ့ ၊ ထော်လာဂျီ မောင်းတယ် ၊ ပန်းရန် လက်သမား ၊ တောလုပ် တောင်လုပ် ”


“ ဒီ ထဲ မှာ ခွဲရက် ပေး လိုက်တယ် ။ ဆေးရုံကြီး ခွဲခန်း က အမိုးတွေ ပြင်ပြီး ပိုး သတ် နေလို့ တစ်ပတ် ၊ ၁၀ ရက် ကြာဦးမှာ ။ ကြား ထဲ မှာ သွေးပြန် ပါရင် ကျွန်တော်တို့ ပြင်ပလူနာကုဌာန ကို အချိန် မရွေး ပြန်လာပါ ” 


ဒီ သတင်း က အမှန်ပါ ။ သိပ် မကြာခင် ပရဟိတ အသင်း အားလုံး က လူနာတင် ကားတွေ ကို ဆေးရုံအုပ်ကြီး က အကူအညီ တောင်းပါတယ် ။ အရေးပေါ် ခွဲစိတ်လူနာတွေ ကို အနီးဆုံး မြို့ က ဆေးရုံတွေ ပို့ ပေးဖို့ ပရဟိတအသင်းကားတွေ ထွက်ကြရပါတယ် ။ ကားတွေ အတွက် ဆီ ၂ ဂါလန် စီ ကို မိုးကုတ်ရိပ်သာ က စာရေးဆရာ ( လရောင် ) ဆိုတဲ့ ဆရာတော်လေး က ပေးကမ်းစွန့်ကြဲတာပါ ။


 •••••   •••••   •••••


၉ ။


အညာဆောင်း က ည ၁၂ နာရီ ကို အဖော် ပြုပြီး ခပ်ကြမ်းကြမ်း သရမ်း နေတုန်းပါပဲ ။ ကျိုးကျ သွားလို့ အသစ် ပြင် ထားတဲ့ ရွှေချောင်းတံတား ဟာ မီးရောင် မှိန်မှိန် အောက် မှာ ဆတ်ဆတ်တုန် နေတာ ကျုပ် မြင်ရတယ် ။ စေတနာ နဲ့ ပို့ ပေးတဲ့ ငွေ ၅ သိန်း က လည်း မသုံးရဲသေး တာ မို့ ကျုပ် ပင်နီလွယ်အိတ် ထဲ မှာ ကွေးကွေးလေး အိပ် လို့ပေါ့ ။


တံတား ပေါ် မှာ ဆိုင်ကယ် ရပ်ပြီး လူပေါင်း ၁ဝဝဝ ကျော် သေစေခဲ့တဲ့ ရွှေချောင်း ချောင်း က သူ့ ကိုယ် သူ အပြစ် ပေးတဲ့ အနေ နဲ့ ဆောင်းကမ္ဗလာ မှာ ဖွေးဖွေးကြီး ကိုယ်လုံးတီး နဲ့ အအေးဒဏ် ကို စင်းခံ နေရ သလို ရေ ခန်းစ , ပြု နေတဲ့ မြစ်မင်းဧရာဝတီ ဟာ အမိမြေ လွမ်းတေး ကို တိုးတိုးလေးပဲ ညည်း နိုင်ပါတော့တယ် ။


မီးရောင်တွေ ဝင်း နေတဲ့ ရွှေပြည်ဟိန်းဟိုတယ် နဲ့ ချမ်းမြေ့ဆေးရုံ က လည်း ဆောင်း ည မှာ ချမ်းမြေ့ နေတာပါပဲ ။ ချမ်းမြေ့ ဟာ ဝန်ထမ်းပေါင်း များစွာ ကို အလုပ် ပေး ၊ ထမင်း ကျွေး နေခဲ့တာ နှစ် အတော် ကြာခဲ့ပါပြီ ။ သူ့ ဝန်ဆောင်မှု က သူ့ အတွက် ချည်း မဟုတ်ဘူး ဆိုတာ ကျုပ် သဘော ပေါက် ပါတယ် ။ ဆတ်ခနဲ မြည် လာတဲ့ ဖုန်း ကို ဖွင့် တော့ N.G.O မှာ အတူ လုပ်ခဲ့ဖူးတဲ့ အင်ဂျင်နီယာ သူငယ်ချင်း ။


“ သတင်း ကြားကြား ချင်း မေးတာပဲ ၊ ဆေး အဖြေ ရပြီလား ၊ ဘာ ရောဂါလဲ ဆရာ ” 


“ လူမွဲ ရောဂါ ၊ လူမွဲနာ ပါ ဆရာ ရယ် ” 


ဆောင်းည မှာ ဆို့နင့်ကြေကွဲ ကျုပ် လေသံ က အအေးဒဏ် ထဲ မှာ ဖျတ်ခနဲ ပျောက် သွားတယ် ။


 •••••   •••••   •••••


၁၀ ။


ရွာ ပြန် ရောက် တော့ ည ၁၂ နာရီ ပါ ။ သိန်း ၁ဝဝဝ လောက် ကိုယ်ထူကိုယ်ထ မီးလင်းရေးကုန်ကျငွေ အကြွေးတွေ ကြား မှာ လူမွဲနာ နဲ့ လူမွဲရွာ က သက်ပြင်းမောတွေ နဲ့ ကွေးကွေးလေး အိပ်ပျော် နေ ပါပြီ ။ စာကြည့်တိုက် ထဲ ဝင် တော့ သမီးတော် က စာအုပ် နဲ့ မျက်နှာ မခွာသေးပါ ဘူး ။ စိတ်မော လူမော နဲ့ ခုတင် ပေါ် တုံးလုံး လှဲတော့ မေ့ခနဲ အဖြစ် မှာ ဆောင်းတွင်း အိပ်မက် က ကတောက်ကတက် ပေါ့  ။


နတ်စင် တစ်ခု နဲ့ နတ် နှစ်ပါး က ရွာတော်ရှင် နဲ့ နယ်တော်ရှင် လို့ ကျုပ် ကို အိပ်မက် ထဲ မှာ အရင် မိတ်ဆက်ကြပါတယ် ။


“ မင်းတို့ ရွာက လူတွေ က အစတုန်း က သာ ကယ်ပါ မ,ပါ နဲ့ ငှက်ပျောသီး ကျွေး ၊ အုန်းသီး ကျွေး ၊ လက်ဖက်ဆီ ဆမ်းလေး ၊ မုန့်ဆီကြော်လေး နဲ့ ငါတို့ ဆီ လာတာပါ ကွာ ။ အခုတော့ ပန်း ခပ်ညံ့ညံ့တွေ လာ လာ ကပ်လို့ ငါတို့ လည်း ပိန်ကပ် ပြီး နတ်သက် ကြွေပါပြီ ။ ဟို ကဇော်သမား ကိုကြီးကျော် လည်း အသည်း ဆန်ခါ ကျ ၊ အစာအိမ် သွေးကြော ပေါက် ပြီး ပခန်းကြီး ဆေးရုံ က နေ မင်းတို့ ပခုက္ကူ ဆေးရုံ လွှဲ မလို့တဲ့ ”


“ ဟာ ...  မလာနဲ့ မလာ နဲ့ ၊ ဆေးရုံ မှာ ခွဲခန်း ပိတ်ထား တယ် ၊ ပစ္စည်း လည်း မစုံ ... ”  


ကျုပ် ဆတ်ခနဲ လန့် နိုး သွားလို့ တော်ပါသေးရဲ့ ။


 •••••   •••••   •••••


၁၁ ။


မီး ဖွင့်ပြီး စားပွဲ မှာ ထိုင် နေတော့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ က စာကြည့်တိုက် နံရံ ဓာတ်ပုံ ထဲ က နေ ပြုံး ကြည့် နေ တယ် ။ ငွေ ၅ သိန်း နဲ့ တစ်ကိုယ်ရေ လွတ်လမ်း ရုန်း မှာ လား ၊ လူမွဲရွာ က လူမွဲနာ တွေ အတွက် ဆေးရုံကြီး မှာ စမ်းသပ်ခံ လူနာ လုပ်မှာလား ၊ စူးစမ်း နေတဲ့ ဟန် နဲ့ ပါ ။ ကျုပ် ဆတ်ခနဲ ထ ပြီး သူ နဲ့ ခပ်ရဲရဲ မျက်နှာချင်း ဆိုင် ဖြစ်တယ် ။ သူ က လည်း တိုပြတ် ၊ ကျုပ် က လည်း ထောင့် မကျိုးပါ ။ 


“ တစ်ခု ခု ခင်ဗျား ကျုပ် ကို ပြောဗျာ ”


သူ က မှုန်ရေးရေး အပြုံး နဲ့ ထိုင်လျက် က အနေအထား မပျက်ပါဘူး ။ မင်း လည်း

စာရေးဆရာ ပဲ လေကွာ လို့ ထေ့ ပါ တော့တယ် ။ လူမွဲရွာ က လူမွဲနာတွေ ကုစား ဖို့ လူမွဲ

စာရေးဆရာ နဲ့ စာအုပ်တွေ က မာန ကြီး နေတုန်းပါပဲ ။ စာအရုဏ်ကျင်း ပြီး စာ အလင်းတွေ နဲ့ စာရနံ့ သင်းမယ့် မနက်ခင်း ဟာ ဆေးရုံ က ခွဲစိတ်ရက် လို အတော်ကြီး အလှမ်းဝေး နေဆဲ ပါ ...။ ကျုပ် သူ့ ဆီ က အဖြေ ကို စောင့် နေတုန်းပါပဲ ။ 


“ လူမွဲနာ ဆိုတာ အနိစ္စ ... ဒုက္ခ ... အနတ္တ ... ဆိုတာလေး နဲ့ ကု မရဘူးကွ ” တဲ့ ။


ကျုပ် လှည့် ထွက်ဖို့ ပြင် တော့ “ နေဦး ” တဲ့ ။ 


“ အရှင်ကြီး ၊ အရှင်ကောင်း အားကိုး လို့လည်း မရဘူးကွ ၊ ကိုယ်တိုင် လုပ်ယူ ကြရမှာ ” တဲ့ ။ 


ကျုပ် ဆတ်ခနဲ လှည့် ကြည့်တော့ သူ က ပြုံးနေ တုန်း ပါပဲ ။


ကျုပ် က လည်း ရေ သုံးရက် မချိုးဘဲ နေနိုင်တာ နဲ့ စာရေးစာဖတ် တာ ပဲ သူ နဲ့ တူ တဲ့ ကောင် မို့ လား ဗျာ ၊ ကျန်တာ က တော့ ... ။


◾အောင်ဖြိုးကျော် ၊ ပခုက္ကူ ၊


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

     မတ်လ ၊ ၂၀၁၇


#ကိုအောင်နိုင်ဦး


.