Showing posts with label ဆူးငှက်. Show all posts
Showing posts with label ဆူးငှက်. Show all posts

Sunday, June 28, 2026

လွန်ကဲမိုး


❝ လွန်ကဲမိုး ❞
   ( ဆူးငှက် )

“ နဘန္တရာ သံဝါခြိမ့်တယ် ။
လဗ္ဗရာခြိမ့် နတ်စည်တော်
ပဏဝါအိမ့် ပတ်လည်ဆော်သည်
လျှပ်ခြည်စေရော် ဇော်တခဲ
ဝိုးဝင်း မိုးပြည့် ရှိန်အဝါမှာ
ဝတိံသူရာ စစ်ရေးမြူကြဆဲ ... ”

ဝန်ထောက်တော် ဝက်မစွတ်မြို့စား က ကရကဋ်ရာသီ ဝါဆိုလကို ဤသို့ ဖွဲ့ဆိုခဲ့၏ ။ တလောဆီကတော့ မိုးကို မျှော်လွန်းသော မြန်မာပြည် အလယ်ပိုင်းဒေသ အတွက် “ မျှော်မျှော်နိုင်လွန်းချည့် ” ဟု ကိုရွှေမိုးက ရွှေစိတ်တော်ညိုက ဒေါသတကြီး ခုန်ချ အစွမ်းပြတော့သည် ... ။ ရက်သတ္တ တစ်ပတ်ကျော်ပင် ကြာပါလေရော့ ... ။ မကြုံစဖူး ထူးကဲသော ဒေါသမို့ တစ်ရက်တည်းပင်လျှင် မြောက်ပိုင်း အချို့ဒေသ၌ မိုးရေချိန် ၆ လက်မ နီးပါး ဖြစ်သွားသည် ။ တစ်ရက်တည်းပင် မိုးနည်းရပ်ဝန်းအချို့၌ ၅ လက်မနီးပါး ဖြစ်သွားသည် ။

“ ဝါဆို ၊ ဝါခေါင် ရေဖောင်ဖောင် ” သည် ဝါဆို မတိုင်မီ နယုန်လဆန်း ကတည်းက ‘ ရေအိမ်ခေါင် ’ ရောက်တော့သည် ။ တောင်ဆီမှာ မိုးတွေ ညို့လာလျှင်ဖြင့် မောင်ကြီးသည် မမလေးကို ‘ မိုးရွာရင်နော်ဗျာ ... ဘာနဲ့ မိုးရပါ့ ၊ ပဒုမ္မာရွှေကြာရိုး ၊ ထီးလုပ်လို့ မိုး ...’ ဟု ကယုကယင် ချော့နွဲ့လို့ မရ ... ။ ပဒုမ္မာရွှေကြာရိုး မဆိုထားနှင့် စတိန်းလက်စတီး စစ်စစ် လက်ကိုင်ရိုးနှင့် ခရမ်းလွန်ရောင်ခြည်ခံ ပိုးဖဲအရွက်ဆောင်း ဂျပန်နာမည် တံဆိပ်တပ် စက်မှုဇုန်ဖြစ် သံမဏိဖဲထီးနှင့်လည်း မမလေးကို ဒီ မိုးဒဏ်က လွတ်အောင် မကာနိုင် ... ။

“ သည် မိုး ၊ သည် မိုး ... ဒေဝါ ... မိုးတည့် မိုးဒေဝါ ” တဲ့ ။ သီချင်းဂီတကို ကနဦး အစကတည်းက စတင် လေ့လာ သင်အံမည့် သူသည် တံတျာတေရှင် အစချီ ပုဇဉ်းတောင်သံကြိုးကို စည်းဝါးကိုင်ကာ အကျအန သင်ယူရ ကတည်းက ‘ မိုး ’ နှင့် စသည် ။ ဤသို့ ဤနှယ် မိုးကို သံယောဇဉ် ကြီးခဲ့၏ ။

ဟော ...နောက်တော့ “ ညွှန်းရိုက်ဖြာငယ်လေး ၊ မှိုင်းညို့မည်းမည်း ၊ မိုး ဣန္ဒာငယ်လေး ညိုးရှိန်ဝါငယ်လေ ကြွေးရင့်နွှဲနွှဲ ... ” လို့ ရယ် ။

အညာသားများ နေပူကျဲတောက်မှာ နေရလေတော့ ကြိုးသီချင်းနဲ့ မိုးကို မျှော်သည် ။ ပတ်ပျိုးနှင့် မိုးကို မျှော်သည် ။ ဘွဲ့ခံပြီး မိုးကို မျှော်သည် ။ ဝန်ကြီးပဒေသရာဇာက မျှော်လိုက်တဲ့ မိုးက သည်ကနေ့ အထိ အတော မသတ်နိုင်တော့ ။ မိုးကို မျှော်မယ့်သာ ... မျှော်၏ ။ မိုးဝေးရေဝေး အရပ်မို့ ... မိုးလာလျှင်လည်း ပျာသည် ၊ မိုးသည်းတော့ မာန်ခဲသည် ။ မိုးကြီးပြန်တော့ ဟည်းချသည် ။ တကယ် မိုးထဲ ရေထဲမှာ ဘာမှ မလုပ်တတ်တော့ ... ။

“ မိုးစနေ လေရာဟု ” တတွတ်တွတ် ရွတ်ကာ မိုးကို မော်ကြည့် နေသော်လည်း “ မိုးတစ်စက် ၊ ရေတစ်ရွက် ” ဆိုတာ သတိမထားမိကြ ။ “ မိုးဖြူ မစဲ ၊ မိုးမည်း မရွာ ” ဟု လှေနံဓားထစ် မှတ်ခဲကြသော အခါ “ မိုးနှင့် နွားသိုး အစိုး မရ ” တာ မေ့လျော့ကြတော့၏  ။ “ မိုးမပြိုဘူး ၊ ပြိုခဲ့သော် ” ဟု ကြံစည်တွေးတောလျှင် အတွေးခေါင်လှချည့်ဟု ငြူစူကြကာ “ မိုးပြို အများနှင့် ” ဟု ကမ္မသကာ ထားလိုက်တော့သည် ။ ဤသို့သော မိုးနှင့် အကင်း မပါးလှသည့် အထက်ရွာ အထက်ရပ်သားများတည်း ။

အညာနှင့် မိုး ... အစပ်အဟပ် မတည့်ပုံကို စိန္တကျော်သူ ဦးသြ ကပင် ဓနုဖြူချီ စစ်ချီရတု၌ ဩချ ဖွဲ့ဆိုခဲ့ရ၏ ။ အလောင်းမင်းတရားရေတပ်က ဓနုဖြူတွင် စခန်းချရပ်ရန် ဆိုက်ကပ်ချိန်မှာ ပီဘိ ညအချိန် ဖြစ်သည် ။ မှောင်နှင့်မည်းမည်း၌ လှေတို့ မမြင်မကန်း ဖြစ်ကြသည် ။ အချင်းချင်း တိုက်မိရိုက်မိကာ ရောထွေးကုန်သည် ။ ထိုအခိုက် မိုးသက်မုန်တိုင်း ကလည်း ရုတ်ခြည်း ကျလာ၏ ။ ထိုအခါ လှိုင်း ရုတ်တရက် ကြီးသည် ။ ဝဲထသည် ။ လှေတို့က ဝရုန်းသုန်းကား ဖြစ်ကုန်သည် ။ ချိတ်မကူနိုင် ၊ ပဲ့လည်း မတတ်သာ ၊ ထိုးဝါးလည်း မထောက်သာတော့ ။ သည်မိုး ၊ သည်လေမှာ ကုန်းခေါင်ခေါင်က ရတနာသိင်္ခသားတို့ ကြီးစွာသော အခက်အခဲ ဖြစ်ကုန်၏ ။ တချို့ ရေထဲကျ ၊ တချို့ ကြောက်လန့်တကြား ကူးခတ် ၊ တချို့ ရေမြှုပ် .... တချို့က နီးရာ သင်ပေါင်းပင် ၊ ကိုင်းပင်တို့ကို အလန့်တကြား ဆွဲ ... တချို့ ရေစပ်သစ်ပင်မှာ ဖက်တွယ် ... ။ မိုးကလည်း အောက်မိုး အောက်လေ ပီသစွာ အသည်းအသန် ... ။ ဒါကို စိန္တကျော်သူ က အမှတ်တရဖွဲ့သည် ။ ကြည့် ...

“ ဓနုဖြူတွင် ၊ ထွက်သိုက်ဝင်လျှင် ၊ စက်ရှင်ရွှန်းတောက် ၊ စံကွန်းထောက်က ၊ တောင်မြောက်အုပ်မှိုင်း ၊ ရှေ့အတိုင်းလျှင် ၊ မှီခိုင်းကမ်းရပ် ၊ တင်းကြမ်းစပ်မျှ ၊ မလိပ်ဆိပ်ခင်း ၊ ထိုးဝါးမမီ ၊ ခတ်ချီမပါ ၊ ရေကြီးရာတွင်  ၊ ရှုပ်သာလှေချင်း ၊ ဦးသွင်း ပဲ့ဆုတ် ၊ ချိတ်ကုတ်မမြဲ ၊ ရေထဲကူးသား ၊ မြှုပ်မွမ်းစုပ်ဖွား ၊ ကြိုးဖျားငင်စွဲ ၊ ခုန်ဆွဲဘောင်ကိုင်း ၊ ကမ်းယံခိုင်း၍  ၊ လှေတိုင်းပဲ့ပန်း ၊ စခန်းမလှ ၊ ဆိုက်ကြရသည် ၊ ချုပ်ညမှိုင်းဝေရီတော့၏ ” တဲ့ ။

မည်သို့ဆိုစေ အထက်အညာ အရပ်သားက မိုးနှင့် ရေကို ချစ်ပါသည် ။ မိုးနှင့် ရေကို မျှော်ပါသည် ။ ထို့အတူ မိုးဝေး ရေဝေး အရပ်သားများ ဖြစ်သောကြောင့် မိုးနှင့် ရေ၏ ပရိယာယ်ကိုလည်း ကြောက်ကြတာ သေချာပါသည် ။

▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

မြနန္ဒာ ရေညိုညို ရစ်ကာသန်း


❝ မြနန္ဒာ ရေညိုညို ရစ်ကာသန်း ❞ 
             ( ဆူးငှက် )

“ နန္ဒာ ရေဝန်းရံခ ၊
ပတ်လည်မှာ ... 
ရွှေမန်းတောင်တော်သာ
အို ... ဆန်းပါလှ ၊
မြို့နန်းဝတိသာ ” တဲ့ ။

ပြင်စည်မင်းသားကြီးက ‘ မန်းတောင်လက်ျာ ’  ယိုးဒယားကြီး၌ မန္တလေးကို ဤကဲ့သို့ ဖွဲ့ဆိုခဲ့၏ ။ ‘ နန္ဒာရေဝန်းရံခ ’ တဲ့ ။ 

ဟုတ်သည် ။ ဧရာ၀တီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ထားသော မန္တလေးမြို့သည် တောင်ဘက်မှာက တောင်သမန်အင်းကြီး ရှိသည် ။ အနောက်ဘက်မှာ တက်သေးအင်း ... ။ အခုတော့ မန္တလေး ကန်တော်ကြီးဟု သုံးစွဲ ခေါ်ဝေါ်နေသည် ။ အရှေ့တောင်မှာက ဇောင်းကလော ကန်ကြီး ရှိသည် ။ အရှေ့ဘက် တစ်ကြောကြီးက မင်းရှင်စော၏ အောင်ပင်လယ်ကန်တော် ... ။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်း မှသည် ဟိုး ... မြောက် မန္တလေးတောင် အရှေ့ဘက် အထိ ရှိမှာပေါ့ ... ။ မြောက်ဘက်မှာက နန္ဒာကန် ရှိပါသည် ။

ထိုရောအခါက ... ကောင်းကင်မှ နတ်ကြည့် ကြည့်လျှင် မန္တလေးသည် လေးဘက်လေးတန် ရေဝိုင်းရံခ နေပေလိမ့်မည် ။ နောက်တော့ အင်္ဂလိပ်အစိုးရခေတ်တွင် အောင်ပင်လယ်ကန်မှ ရေများကို ဖောက်ထုတ်ပြီး လယ်များ ဖော်ထုတ် စိုက်ပျိုးစေခဲ့၏ ။ ဒါကြောင့်လည်း နန်းတော်ရှေ့ဆရာတင်က ... ၊

“ .. တကယ်တော့ အစစ်ကဲ့သို့ .. အခုတော့ လယ်တောဖြစ်လို့ ... ကောင်းဖို့ ရွယ်သောခေတ်ကို ... အထူးပင် မျှော်မိတယ် ...” ဟု စပ်ဆိုခဲ့ဖူးပါ၏ ။

ဘာထူးမှာလဲ ၊ မြောက်ဘက် နန္ဒာကန်ကြီးကလည်း လယ်ကွင်းပြင်ကြီး ဖြစ်သွားသည် ။ မြနန္ဒာကွင်းတဲ့ ... ။ ရှေးယခင် ကတည်းက မန္တလေးသည် မိုးနည်းခဲ့၏ ။ နှစ်စဉ် ‘ မိုးဆက်သ ’ နေကျ မုတ်သုန် သည်ပင်လျှင် ဟိုး ... အနောက် ရခိုင်ရိုးမကြီးကို ကျော်ဖြတ်ပြီးသောအခါ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်၌ အားအင်ချိနဲ့ သွားပြီး သူ့ မိုးလက်ဆောင် ပေးနိုင်စွမ်းပင် အနိုင်နိုင် ဖြစ်နေ ကျပင် ... ။ ထို့ကြောင့် မန္တလေးမြို့တည် ဗိသုကာကြီးများက ရာသီဥတု သပ္ပာရ ဖြစ်ရေးအတွက် မြို့ပတ်လည် သဘာဝကန် ၊ လက်လုပ်ကန်များဖြင့် ဝေစည်ခဲ့ခြင်းဖြစ်သည် ။

ထိုထိုသော အင်းအိုင်ကန်ချောင်း ဆည်မြောင်းများမှ မြောင်းကြီး မြောင်းငယ် အသွယ်သွယ်များဖြင့် မြို့က တောင်မြောက်ကန့်လန့် ဖြတ်ကာ ရေသွင်းရေထုတ်လည်း ပြုလုပ်ပေးခဲ့၏ ။ ထို့ကြောင့် မည်သို့သော မိုးနည်းရပ်ဝန်း ဖြစ်ခဲ့သော်ငြား မန္တလေးသည် ရေမလပ် ၊ ရေမပြတ်ခဲ့ .. ။

ဟော ... အခုနှစ်လို မိုးအားကောင်းကာ မန္တလေးလို နေရာမျိုးမှာပင် တစ်နေ့တည်း မိုးရေချိန် ၃ လက်မကျော် ရွာသွန်းပြန်သောအခါ ထုံးစံအတိုင်း မန္တလေး ပတ်လည်မှ ကန်ချောင်း အင်းအိုင်ကြီးများက မန္တလေးမြို့လယ်ခေါင်အထိ တစ်မုဟုတ်ချင်း ပြောင်းရွေ့ လာလေတော့၏ ။ စိန်ပန်း မှာလည်း ရေတွေ တဖွေးဖွေး ၊ ပွဲကုန်း မှာလည်း ရေတွေ တဖွေးဖွေး ၊ ဈေးချိုကြီးလည်း ရေပေါ်ဟိုတယ်ဖြစ် ... ။ လမ်း ၃၀ လည်း လှေလမ်းရေလမ်းဖြစ် ... ။ စီဗီလိုင်း လို နေရာပင် ရေပြင်ကျယ်ဖြစ် ...  ။ နန်းရှေ့ မှာက အောင်ပင်လယ်ကန်လယ် ရောက်သွားရသလို ... ။

ဟုတ်သားပဲ ... ပြင်စည်မင်းသားကြီး စပ်ဆိုခဲ့တာ ... ။

“ နန္ဒာရေ ဝန်းရံခ ၊ ပတ်လည်မှာ ရွှေမန်းတောင်တော်သာ ”  တဲ့

မန္တလေးတောင်ပဲ ရေလွတ်တဲ့ ဟာကို ... ။

 ▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

Friday, May 29, 2026

နွေမပီ မိုးမပီ


❝ နွေမပီ မိုးမပီ ❞
    ( ဆူးငှက် )

ဇေဌစန်းမြိုင် ကြိုင်ထုံမွှေးသည်
မလေးလေဝှေ့ ချပ်ရိုးငုံညှာတံ
မေထုန်နယ်ခေတ် ခါဝဿန်မှာ
စာမေးစာပြန် ဝါတော်လှမ်းမို့
ရွှေသန်းရံခ သီဟာဘုံပြင် 
လူမှူးရာနန်းရှင် ...
နတ်နှုန်းတမွတ် ညာထွတ်တင်ငယ်
သုဓမ္မာခွင် လှူပွဲခံရှင့်လေး ။  ။

လေက ငြိမ်သည် ။ တစ်ခါတစ်ခါမှသာ သွဲ့သွဲ့လေး သွေးသည် ။ နဖူးဆံစလေး တစ်စ ကနွဲ့ကလျလေးသာ လှုပ်သည် ။ လေက အငြိမ် နေက အပူမို့ ကြွက်ကြွက်သာ ဆူ ပူပါဘိ၏ ။ တွင်းရေတွေ ခမ်း ၊ ကန်ရေတွေ ခြောက်ကုန်ကြပြီ ။ သစ်ရွက်တို့ အစိမ်းဆုတ်၏ ။ ရှားစောင်း ၊ ဆူးခြုံ ၊ ကိုင်းပင် ၊ မိုးနှံတို့ ပြိုင်းပြိုင်းထလာကြသည် ။ ပေတစ်ရာလမ်းမှာ ကားတစ်စီးတလေ အပြေးအလွှား ဖြတ်သွားလေတိုင်း ကတ္တရာစေးသံ တဖြန်းဖြ န်းမြည်၏ ။ ကိစ္စမရှိ ။ ဤအပူမျိုး ၄ ရက် ၊ ၅ ရက် ၊ တစ်ပတ်မျှ ကြိတ်မှိတ် ခါးစည်းခံပြီးသော် မြစ်ပြင်တွင် လှိုင်းကြက်ခွပ်ကလေးတွေ ခေါင်းထောင်လာကြသည် ။ တောင်ဆီက မိုးမည်းမည်းတို့ ညို့တက်လာ၏ ။ မိုးရနံ့လေးတွေ ရှေ့ပြေးယူဆောင်လာသော လေကလေးက သုန်လာသည် ။

ယပ်တဖျပ်ဖျပ် ခပ်ရင်း မိုးဆီ မျှော်မိ၏ ။ မညို့တညို့ ၊ မိုးကို အားကိုးနေကြသည် ။ ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော ။ မကြာမီ ... မကြာမီ ... ။

မကြာမီ ... မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုး သားအောက်ခြေ လင်းလာပြန်တော့ သည်မိုးက ရွာ မိုးသားအညို့ ... ဝမ်းသားလုံးဆို့ လုမတတ် အချိန် မိုးသား ပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏ ။

မိုးလား လေလား ထွေပြားနေဆဲ ... ဝေါခနဲ မိုးပြေး တစ်ပြိုက် ရွာချလိုက်သည် ။ တံခါးပိတ်သူပိတ် ၊ မိုးရေခံသူခံဖို့ ပြင်ဆင်ဆဲ မိုးအရှိန်ကလည်း စဲသွားပြန်သည် ။ ကောင်းကင်သည် သူ မဟုတ်သလို စောစောက အခြေအနေနှင့် ဘာမျှ မဆိုင် လင်းထိန်ကျဲတောက် လာပြန်တော့၏ ။ နေကြောင့် ပူသည် ၊ မစို့မပို့ မိုးကြောင့် ပူသည် ။ ရေငွေ့ကြောင့် ပူသည် ။ နယုန်သည် ဤသို့ ကလူကျီစယ် လှည့်စားတတ်ချေ၏ ။ နွေနှောင်းမိုး အကူး ကာလမို့ နွေ ကလည်း အားလျှော့ ၊ မိုး ကလည်း မိုးမပီ ၊ နွေမဟုတ် မိုးမဟုတ် အခါရာသီ ။

ဒါပေမယ့် စပယ် ပွင့်သည် ။ မြတ်လေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည် ။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏ ။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စပယ်မြတ်လေး ခိုင်သီကာ ကုံးပြီး .. ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စပယ်မြတ်လေးရနံ့ ကြူကြူလှိုင်တော့သည် ။ တော်သေးသည်  ။ နယုန်မှာ စပယ်မြတ်လေး ပွင့်ပေလို့  ။

နို့မို့ ... ။

 ▢  ဆူးငှက်             
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့်

မြစ်နမူနာ


❝ မြစ်နမူနာ ❞
   ( ဆူးငှက် )

နတ်စည်ငယ် ရွမ်းပါလို့ ရိုက်မွှမ်းငယ် သံစုံ ၊ 
ကြွမြူးငယ်ခုံသည် လနယုန်သည် ချိန်မို့
မြူတိမ်လွှာ ဆိုင်းပြန်တော့တယ်လေး ... တဲ့  ။

ယပ်တောင် တဖျပ်ဖျပ် ခတ်ရင်း နယုန်လဘွဲ့ လွမ်းချင်းကလေးအား ဆိုညည်းနေမိသည် ။ နယုန်မိုးသေး မြက်သားမွေးသတဲ့ ... ၊ အခု နယုန် ကဖြင့် ပူပြန်လျှင်လည်း ခြစ်ခြစ်တောက် ။ မိုးတဲ့ ဟေ့ ဆိုပြန်လျှင်လည်း ဝုန်းဒိုင်းကြဲ ။ အစွန်းနှစ်ဖက်ရောက်လှသည့် ရာသီဖြစ်သည် ။

စည်းချက် ဝါးချက် ကျကျဖြင့် နရီစည်းလေးကြီးမှာ ချွဲနွဲ့စွာ တီးခတ်ရမည့် နတ်စည်ငယ်လည်း ဝုန်းဒိုင်းကြဲ ဗိန်းဗောင်းတိုက်တော့သည် ။ သိကြားနှင့် အသူရာ စစ်ခင်းပုံက ကြမ်းလှချည့် ။ နယုန်မြစ်ရေပြင်သည် ‘ တငြိမ့်ငြိမ့် ’ နှင့် မိုးဖွဲမိုးသေးအား နူးညံ့စွာ ခံယူလဲလျောင်း နေလို့ကောင်းသော်လည်း ၊ မိုးမညိုမီမှာ တောင်လေပြင်းပြင်းတွင် ဒေါသကြီး၏ ။ သွန်ချအံ့ငှာ မိုးစက်မိုးပေါက်ကို အားကျမခံ ခုန်ပေါက်၏ ။ ဝါဆိုဝါခေါင် မရောက်မီမှာပင် မာန်ဟုန်ပြင်းနှင့်သာ မြစ်ပြင်ပါ တကား ။ နှင်းခဲပွင့်တို့ ကြွေကျ အရည်ပျော်ကာ ကျဉ်းမြောင်းနက်ရှိုင်း ကျောက်ကြိုကျောက်ကြားမှာ စီးဆင်းစိမ့်သောငှာ မြစ်ရေသည် ကန္တာရ လွင်ပြင် ၊ ကိုင်းတော ၊ ယာစပ် ၊ ထန်းတော ၊ လယ်ကွင်း ၊ ဖြတ်သန်းပြီး ဓနိတော လတာပြင်ကြား စီးဆင်းကာ ကော်ဖီရောင် ရွှံ့နောက် ဒီရေဖြင့် တိုးဝှေ့ကာ စီးဆင်းရသည့် ဥတုသုံးလီ တစ်လျှောက် မြေ ၊ လေ ၊ မိုး တို့ဖြင့် အံဖက်တုပြိုင်ရသည့် အကြိမ်ကဖြင့် မနည်းသေး ။ သို့တစ်စေ နှစ်ကုဋေကု ဋာ ဖြတ်သန်းမှု သမ္ဘာက ရန်စွယ်အပေါင်းကို တွန်းလှန်ခဲ့ရာ၏  ။ တိုးလိုက် ဝှေ့လိုက် ၊ တွန်းလိုက် တိုက်လိုက်နှင့် အလီလီ အကြိမ်ကြိမ် နွှဲကာ မိမိကို ဥပေက္ခာပြုကာ ပစ်ပယ်ထားသော လူသားများကိုပင် အပြစ် မမြင်အားဘဲ သည် လူသားများ အကျိုး အတွက်ပင် ပြန်လည် ပေးဆပ်နေသည်ကော ။

လယုန်သည် ချိန်ခါမို့ မြူတိမ်လွှာ ဆိုင်းပြန်သည် နှင့် “ ကမ္ဘာတန်ဆာ ပေါ်ဦးစွာ ၊ အရိယာပထ ၊ လေးလီမျှအောင် နာမတဂုဏ်ပေါက္ခရမိုး ၊ ရွာသွန်းဖြိုး ” သော်လည်း တာတစ်ပေါင် အပဲ့မခံ ၊ ချောင်းတစ်ရိုး အကျိုးမခံဘဲ လူသားတို့ အကျိုး အတွက် အချိန်ပြည့် သယ်ပိုးနေသော အာဂ မြစ်ဧရာ ပါတကား ။

မြစ်မင်းဧရာအား နမူနာ ယူကြပါကုန် ။

 ▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

Wednesday, April 29, 2026

ပျောက်လုနေရာ


❝ ပျောက်လုနေရာ ❞
        ( ဆူးငှက် )

တကယ်တော့ ထိုနေရာသည် အမရပူရ ကောင်းစားစဉ် အခါက သာသနာ့အောင်မြေကြီး ဖြစ်ခဲ့၏ ။ တောင်ဘက် တံခွန်တိုင်ရပ်တွင် အမရပူရခေတ်က ပရိယတ္တိ ၊ ပဋိပတ္တိသာသနာ ရောင်ဝါ နေသို့ ထွန်းခဲ့သော ပြည်တိုက် ၊ ပုဂံတိုက် ၊ မဟာဘုံကျော်တိုက် အစရှိသဖြင့် သာသနာ့မြေ ဧကတစ်ရာကျော်ဝယ် ဘုရား ၊ စေတီ ၊ ပုထိုး ၊ ဘုန်းကြီးကျောင်းတိုက်ကြီးများဖြင့် ကြေးစည်သံ ၊ ဆည်းလည်းသံများ နှင့်အတူ တရားစည်ကြီး ဟည်းဟည်းကျော်ညံ့ခဲ့သော နေရာဖြစ်ခဲ့ပါသည် ။

မြို့ဟောင်းဘူတာမှ မီးရထားလမ်း အတိုင်း တောင်ဘက်သို့ အနည်း ငယ် သွား၍ အရှေ့ဘက်သို့ ရှုမျှော် ကြည့်လိုက်လျှင် အုတ်တံတိုင်း ၊ မုခ်ပျက် အချို့သာ ကျန်တော့သော ကျောင်းတိုက်ဟောင်းကြီး နှစ်တိုက်ကို တောင်မြောက် ယှဉ်လျက် တွေ့ရပေမည် ။ ထိုကျောင်းတိုက်ကြီး နှစ်တိုက်ကား အရပ်အခေါ် အားဖြင့် “ တောင်မှန်ကျောင်း ” ၊ “ မြောက်မှန်ကျောင်း ” ဖြစ်ငြား ၊ အမည်က “ မဟာ အဘယာရာမတိုက် ” နှင့် “ မဟာ ဝိဇိတာရာမ ” တိုက်တို့ ဖြစ်ကြောင်း သိသူ နည်းလှ၏ ။
 
မဟာအဘယာရာမတိုက်တွင် “ မဟာတုလွှတ်ဘုံကျော်ကျောင်းကြီး ” ရှိခဲ့ဖူးပြီး မဟာဝိဇိတာရာမတိုက်တွင် “ မဟာအောင်မြေဗိမာန် ”  ကျောင်းရှိခဲ့ဖူးပါသည် ။ မဟာအဘယာရာမ တိုက်မှာ မင်းတုန်းမင်းကြီး၏ ခမည်းတော် ဖြစ်သော ရွှေဘိုမင်း၏ မိဖုရားကြီး ကောင်းမှု ဖြစ်သည် ။ “ မဟာဝိဇိတာရာမတိုက် ” သည်ကား နောင်အခါ မင်းတုန်းမင်းကြီး၏ စကြာဒေဝီ မိဖုရားကြီး ဖြစ်လာသည့် ရွှေဘိုမင်းသမီးတော်က ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်ကြီး ဖြစ်၏ ။ ဤကျောင်းတိုက်ကြီး နှစ်တိုက်ကို သမီးတော်နှင့် မယ်တော်တို့ သည် မရှေးမနှောင်းပင် ရေစက်ချကြသည် ။ ထို့နောက် သာသနာပိုင် ဆရာတော်ဦးဉေအား တင်လှူကြ၏ ။ နှစ်ကျောင်းကိုလည်း “ သမီးတော်ကျောင်း ” ၊ “ မယ်တော်ကျောင်း ” ဟု ခေါ်ဝေါ်ခဲ့ကြသည်  ။

“ မဟာအဘယာရာမတိုက် ” တွင် မဟာတုလွှတ်ဘုံကျော်ကျောင်းကြီး အပြင် မယ်တော်ကျောင်းလည်း ရှိ၏ ။ မဟာဝိဇိတရာမတိုက်တွင် မဟာအောင်မြေ ဗိမာန်ကျောင်းကြီး အပြင် သမီးတော်ကျောင်း ၊ ယွန်းစုကျောင်း ၊ နွေကျောင်း စသည့်အပြင် အမည် မမှတ်မိတော့သည့် ကျောင်းရာများ ငါးနေရာ ရှိခဲ့ပါသည် ။ ထိုကျောင်းတိုက်ကြီး နှစ်တိုက်စလုံးမှ ကျောင်းနှစ်ကျောင်းစလုံးပင် မိဖုရားကောင်းမှု ၊ သမီးတော်ကောင်းမှုများ ဖြစ်သည့် အားလျော်စွာ မြန်မာ့ဗိသုကာ အညွန့်အဖူးများချည်းဖြစ်သည် ။ ထူးခြားချက် အနေဖြင့် မြောက်မှန်ကျောင်းက အစီအစဉ် ကောင်းပြီး တောင်မှန်ကျောင်းက ပန်းပုလက်ရာ ကောင်းသည် ဟု ဆိုကြ၏  ။ ကျောင်းတော်တွင်း ပြာသာဒ်ကွက်များတွင် တောင်မှန်ကျောင်းက ဇာတ်ကြီးဆယ်ဘွဲ့ကို ပန်းချီရေးထားသည် ။ မြောက်စနုမှာ ပြာသာဒ်ပါပြီး တောင်ကျောင်းမှာ စနုမပါ ။ တောင်ကျောင်းတိုက်ထွတ်တွင် နဂါးလေးကောင်နှင့် အလယ်၌ လက်အုပ်ချီ နေသော နတ်ရုပ်များ ထည့်ထား၏ ။ မြောက်ကျောင်းတွင် စေတီပုံ တိုင်ထွတ်များ ဖြစ်သည် ။ တောင်ကျောင်းတွင် တိုင်ထောက် အဖြစ် နယားရုပ်များ တပ်ဆင်ထားပြီး မြောက်ကျောင်းမှာ လူအရပ်မျှ ရှိသော နတ်ရုပ် ၊ လူရုပ် ၊ ဂဠုန်ရုပ် ၊ ဘီလူးရုပ် ၊ ကိန္နရာဖိုမရုပ် ၊ ဇော်ဂျီရုပ် ၊ လူပျံရုပ် ၊ ခြင်္သေ့ခေါင်းနှင့် လူကိုယ်ရုပ် ၊ ကျွဲခေါင်းနှင့် လူကိုယ်ရုပ်များ ရှိခဲ့သည် ။

မင်းတုန်းမင်းတရားကြီး အမရပူရ၌ စံနေစဉ် ခရစ် ၁၈၅၅ ခုနှစ်တွင် အင်္ဂလိပ်သံ ဖယ်ရာ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဟင်နရီယူးလ်က “ ဤမျှ ၊ အိမ်တွင်း အသုံးအဆောင် ချို့တဲ့သော လူမျိုး တစ်မျိုးက ဤမျှ ခမ်းနားကြီးကျယ်သော လက်ရာကို ဘယ်သို့ စွမ်းဆောင်နိုင်သည် ဟု အံ့သြစိတ် အလျဉ်းမပါဘဲ ဤကျောင်းတော်ကြီးများကို ကြည့်၍ မဖြစ်နိုင်ပေ ” ဟု “ အဝ နေပြည်တော်သွား သံအဖွဲ့ ( Mission to The Count of Ava ) ” စာအုပ်တွင် ရေးသားခဲ့သည် ။

ယခုအခါမှာတော့ မြန်မာ့အနုပညာ ဂုဏ်ဆောင်ဖြစ်သည့် ကျောင်းတော်ကြီး နှစ်ဆောင်ကား အုတ်ဟောင်း ၊ အုတ်ပုံ ၊ အုတ်ခုံဟောင်းမှ လွဲ၍ ဘာမျှ မရှိတော့ပြီ ။ သမီးတော်ကျောင်းက ဒုတိယကမ္ဘာစစ်ကြီး အတွင်းက မီးသင့်လောင်ခဲ့ခြင်းဖြစ်သည် ။ တောင်မှန်ကျောင်းတိုက်ကြီးကမူ စစ်ကြီး၌ ကံကောင်းထောက်မစွာ ဗုံးဒဏ်က လွတ်ကာ အကောင်းပကတိ ကျန်ရစ်ခဲ့ပါသေး၏  ။ သို့သော် စစ်ကြီးအပြီး မကြာလှသော ကာလမှာပင် လူမသမာ အချို့က လုံခြုံရေး စိတ်မချ ၊ ပစ္စည်းများ ပြတိုက်ပို့ရမည် အကြောင်းပြကာ တစ်စစီ ဖျက်ဆီး ယူငင်သွားကြသည် ဆို၏ ။ ထိုထိုနေရာများ၌ ဤသို့ ဤနှယ် သာသနိက အဆောက်အဦကြီးများ ရှိခဲ့ဖူးသည် ဆိုတာကိုလည်း မမေ့မလျော့ မှတ်သားကြရပေဦးမည် ။

 ▢  ဆူးငှက် 
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

စကားပွင့်ဝေခဲ့တဲ့ မြေ


❝ စကားပွင့်ဝေခဲ့တဲ့ မြေ ❞
           ( ဆူးငှက် )

တန်ခူးလဝယ် ...
စိတြကြယ် ... ရောင်နီကယ်လျက်
မိုးလည်း စံပျော် ... ထွန်းလာပေါ်က
ကံ့ကော်ရင်ခတ် ... ပင်လုံးညွတ်၍
ပွင့်ဝတ်ဖူးငုံ ... လွမ်းပွဲပုံရှင့် ၊
ကဆုန်ပြိဿ ...
ဆန်းပြန်ကလည်း ... ရွှေလနှင့်သာ
ဝိသာခါလျှင် ... မကွာထံပါး
ယှဉ်ပြိုင်သွား၍ ... စကားငုံစီ
ဖူးခဲ့ပြီရှင့် ။
            ( ရဝေရှင်ထွေး )

သင်္ကြန်ပျော်ပွဲ ဆင်နွှဲပြီးတော့ ကောဇာသက္ကရာဇ် နှစ်ဆန်းဆီ ခြေတစ်လှမ်း ဝင်ပြန်၏ ။ တကယ်တော့ “ မနှစ်က ” ဆိုတာ လျှပ်တစ်ပြက် ၊ မျက်စိတစ်မှိတ်မျှသာ ကြာသည် ဟူလို ။ ဤသို့ဖြင့် ရာသီအလီလီ ကူးခဲ့ချေပြီ ။ ဤသို့ဖြင့် ပန်းပေါင်း တစ်ရာငုံ ၊ ပန်းပေါင်း တစ်ရာဖူး ၊ ပန်းပေါင်း တစ်ရာပွင့် ၊ ပန်းပေါင်း တစ်ရာ ကြွေခဲ့ပြန်သည် ။ ဒါပေမယ့် ရာသီစက်ဝန်းက တစ်နေရာတည်း တစ်ကန့်တည်း ရပ်နေတာ မဟုတ် ။ ကြွေသော ပန်းနေရာမှာ ပန်းပေါင်းတစ်ရာ ငုံ ပြန်ချေ၏ ။ ဤသို့ဖြင့် “ ဖူး ၊ ပွင့် ” သံသရာ လည်ပြန်ဦးမည် ။ သည် ပန်းပေါင်း တစ်ရာကပဲ လောကကို တစ်လှည့်စီ အလှဆင်နေမည် ဖြစ်၏ ။

ပိတောက်က ဝါခနဲထိန် ၊ သရဖီက သင့်ခနဲမွှေး ၊ ကံ့ကော်ရင်ခတ် ဖျပ်ဖျပ်လူးပွင့် ၊ ဟော ... ဟိုတောင်ပေါ်ရိုးမှာတော့ စကားပွင့်တွေ ဝေနေပြန်ပါပေကော ။

သူတော်စင်သည် အရိုးပြိုင်းပြိုင်း စကားပင်တန်း အောက်က မြေလ မ်းတစ်လျှောက် ထိ ၊ သိ ၊ သတိ ဖြင့် လောကကို ဆင်ခြင်ခဲ့ဖူးချေ၏ ။ စကားရွက်စိမ်းဖြိုင်ဖြိုင်မှ စကားပွင့်ဖြူဖြူဝါတွေ ခဲနေအောင်ပွင့် ၊ မြေလမ်းပေါ် တဖွေ့ဖွေ့ ကြွေ ... သည် စကားပွင့်လမ်းမှာပင် သူတော်စင်သည် ဘာဝနာ ကမ္မဌာန်း စီးဖြန်းခဲ့သေး၏ ။ စကားပင်တန်း စောင်းတန်းလေးတစ်လျှောက် သဘာဝ ကျောက်ဆစ်လှေကားထစ်တွေ တစ်ထစ်ပြီး တစ်ထစ် နင်းကာ စကားပွင့်ကြွေ ရနံ့သင်း စေတီရင်ပြင်အတွင်း ချဉ်းနင်း ဝင်ရောက်ပြီး ကျည်ဆံခွံညောင်ရေအိုးကြီး၌ စကားပွင့်တွေ ဝေနေအောင် ထိုးကာ ကန္ဓကုဋီတိုက်တွင်း ဆင်းတုတော်ခြေရင်းတွင် ဝပ်စင်းကာ တောင်းဆု ပြုခဲ့ဖူးချေ၏ ။

ထိုစဉ်က တစ်တောလုံး တစ်တောင်လုံး စကားပွင့်တွေ ဝေ ။ စကားပွင့်တွေ ကြွေ ... ။

အခုတော့ တောင်ပေါ် မြေနီလမ်းကလေးသည် ပြန့်ပြူးညီညာ နိုင်လွန်ကတ္တရာလမ်း ဖြစ်သွားချေပြီ ။ စကားပင်တန်းက အလျှော့ပေး ပျောက်ကွယ်သွားပြီး အရွက်ချွန် အသောက တယ်ပင်တန်းက လမ်းတစ်ဖက်တစ်ချက် မတ်မတ်ရပ်လျက်ရှိ၏ ။ ဟိုတောင်ပေါ် စေတီရင်ပြင်သည် ရောင်စုံမှန်ကူကွက် အီတာလျံ ကျောက်ပြားများဖြင့် ဖိတ်ဖိတ်လက် ။ ရင်ပြင်ပတ်လည်မှာ အင်ဒိုနီးရှား စကားနီတစ်တန်း ၊ ဘုံခုနစ်ဆင့် ပြာသာဒ်ပင်က တစ်တန်း ၊ စနစ်တကျ စိုက်ထား၏ ။

စေတီလေး၏ ဂန္ဓကုဋီတိုက် ထဲမှ ဆင်းတုတော်သည် ရောင်စုံလျှပ်စစ် ပန်းကုံးများဖြင့် သပ္ပာယ်နေသည် ။ ဆင်းတုရှေ့ ထိုင်ဝမ်ကြွေပန်းအိုးကြီးထဲ၌ ပလတ်စတစ် သစ်ခွရောင်စုံတို့ မညှိုးတမ်း ပွင့်နေ၏ ။ ကြွေပန်းအိုးကြီး ဘေးတစ်ဖက် တစ်ချက်၌ ဟောင်ကောင်လုပ် ကြာပန်းမီးဆိုင်းကြီး နှစ်ဆိုင်းက မီးလုံးထွန်းညှိ ရဲမှည့်နေ၏ ။ အခြား ကြွေပန်းအိုး အသီးသီးမှာ တံဆိပ်စုံ အမွှေးတိုင်တို့က အမွှေးနံ့ တလူလူဖြင့် ပူဇော်ပသ နေပြန်သည် ။ ခေတ်စားကျော်ကြားနေသော ရွှေရောင်မှုတ်ဆေးတို့ဖြင့် ပြောင်ဝင်းလက်နေသည့် စေတီတော်ပတ်လည်တွင်လည်း ဖန်မှန်မီးဆိုင်းများဖြင့် တင့်တယ်နေသည် ။

အခုတော့လည်း တစ်တောလုံး တစ်တောင်လုံး ကြွေရိပ် ၊ မှန်ရိပ် ၊ ရွှေရောင်ရိပ်တွေဝေ ... ။

▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

Thursday, April 16, 2026

မတိုင်မီ


 

❝ မတိုင်မီ ❞
( ဆူးငှက် )

ရွက်ကြွေ ...
မိုးစက် ...
မြေသက် နှင်းပန်းပွင့် ...

အဲဒီ သံသရာလည်မှု ကာလတွေ ရှည်ကြာခဲ့ ပြောင်းလဲခြင်း တရားကို ဆန့်ကျင်ပြီး မိမိ သွေးသားထဲမှာ အမြဲမပြတ် ပူးဝင်လွှမ်းမိုးလွန်းနေသော အရာကား မီးရထား ဥဩသံပင် ဖြစ်သည် ။ ဝေးကွာလှသော နေရာဆီမှ ပါးလျားသောအသံပေါင်းများစွာ အနက် ထိုအရာကိုကား ခွဲခြားသိစိတ် က ကျင့်သားရနေပြီ ။ ဒါကလည်း မိမိဝမ်းစာအတွက် ရုန်းမထွက်နိုင်ခဲ့သော အလုပ်တစ်ခုကြောင့်ဖြစ်၏ ။

အခုလို အနီးအနားဆီက မီးရထားဥဩသံတစ်သံ စူးရှစွာ ကြားလာရ သောအခါ ပုံစံကျအသိက ဖျတ်ခနဲ လှုပ်နှိုးတတ်သေးသည် ။ ထိုအခါ ...

••••• ••••• •••••

( တစ် )

သားလေးရေ ...

သူတော်စင်တွေတောင်မှ ဉာဏ်မခိုင်လို့ ဈာန်ယိုင်ကာ လျှောရတဲ့ မိန်ရာသီ ။ ဘယ်ဆီ ကြည့်ကြည့် လေပွေ ၊ လေရူးတွေဟာ ရွက်ကြွေလေးတွေကို အဖော် ခေါ်လာတဲ့ မိန်ရာသီ ။ ခြောက်သွေ့မှု ၊ တိတ်ဆိတ်မှုတွေ ကြီးစိုးပြီး လွမ်းဆွတ်ဖွယ် ၊ အမည်ဖော်ပြခြင်းငှာ စွမ်းဆောင်နိုင်ဖွယ် ဝေဒနာတွေကို ဝေငှနေတဲ့ မိန်ရာသီ ။

ဒီမိန်ရာသီမှာ သားလေးရဲ့ ပထမဦးဆုံးစာကို ဖေဖေ ဖတ်ရတယ် သား ။ မနှစ်က အခုလို မိန်ရာသီကို မြန်မာပြည်မြောက်ပိုင်းက တောဘူတာရုံလေး တစ်ရုံမှာ ဖြတ်သန်းခဲ့ရတယ် ။ ဘူတာလေးဟာ အနောက်ဘက်ဆီကို မျက်နှာမူထားတာမို့ မိန်ရာသီရဲ့ ချစ်စရာ ညနေဆည်းဆာရဲ့ တချို့တစ်ဝက်ကို မြင်နေရတယ် ။ ဆည်းဆာဟာ ပန်းနုရောင်အဆင်းကို ခြယ်သထားတယ် ။ တော်တော် လေးကြာတော့ ပန်းနုရောင်မှာ လိမ္မော်သွေး စီးမျောလာရော ။ သားလေးရေ ... လိမ္မော်ရောင်မှာ တဖြည်းဖြည်းနဲ့ အနီရောင်ရဲ့ စိုးမိုးလာမှုကို ဖေဖေတို့ မြင်နေရပြီကွယ့် ။ ဆည်းဆာချိန် ကောင်းကင်ဟာ ရဲရဲနီလို့ ။ လှလိုက်တာလေ ။ ဆည်းဆာရဲ့ အနီရောင်ဟာ ဖေဖေတို့ ဘူတာလေးရဲ့ မျက်နှာစာကို အရောင်ဟပ်တောက်ပနေစေတယ် ။ ဆည်းဆာရဲ့ အလှဗေဒကြားမှာ ခံစားယစ်မူးနေကြတဲ့ ဖေဖေတို့ တစ်တွေရဲ့ ရှေ့ ပေသုံးဆယ် အကွာလောက်မှာ ကုန်လှောင်ရုံလေး ရှိတယ် ။ ကုန်လှောင်ရုံလေးရဲ့ အနောက်ဘက်မှာ ဆန်စက်ဟောင်းဝင်းထဲက ညောင်ပင်ကြီး ။ ညောင်ပင်ကြီးရဲ့ အဖျားတွေကို မြင်နေရတယ် ။ ညောင်ကိုင်းတွေဟာ ဆည်းဆာရဲ့ လေရူးမှာ ယိမ်းထိုးနေတယ် ။

သူ့ကိုယ်ပေါ်က အဝတ်ဟောင်းတွေကို လေရူးက နေ့စဉ်နဲ့ အမျှ ခြွေချနေတာမို့ ခုဆို ညောင်ပင်ကြီးဟာ အဝတ်မပါ ဗလာကျင်းနေပြီကွယ့် ။ ယိမ်းထိုးနေတဲ့ ရိုးတံကျိုးကျဲညောင်ပင်ကိုင်းတွေမှာ တော်ကြာ လာနားလိုက် ၊ တော်ကြာ ထပျံပြေးလိုက်နဲ့ ဂနာမငြိမ် ဖြစ်နေကြတဲ့ ငှက်ကလေးတွေဟာ မျက်စိ နောက်စရာတော့ အကောင်းသားပေါ့ ။ ညောင်ပင်ပတ်ဝန်းကျင်မှာ ငှက်ကလေးတွေက လေဟုန် စီးနေ ကြတယ်လေ ။ လေဟုန်စီးနေတဲ့ ငှက်ကလေးတွေဟာ ကုန်လှောင်ရုံ အမိုးပေါ် နားလိုက် ၊ သံလမ်းနဲ့ ကုန်လှောင်ရုံလေးကြား ကွက်လပ်လေးထဲ ဆင်းလာလိုက်နဲ့ ရစ်သီရစ်သီ လုပ်နေကြတယ် ။ တစ်ခါတစ်ခါကျ သူတို့ ဟန်ပန်လေးတွေဟာ “ တို့လိုမှ နေနိုင်ကြလို့လား ” လို့ သ ရော်နေသယောင်မို့ မနာလိုဖြစ်မိသေး ။ နဂိုကမှ တိတ်ဆိတ်ငြိမ်သက်နေတဲ့တော ဘူတာရုံဝင်းလေးဟာ အခုလို ရာသီမှာဖြင့် ရထားဝင်ချိန် မရှိရင် ငှက်သံတွေက လွဲလို့ သုသာန်တစပြင်လို ခြောက်သွေ့ တိတ်ဆိတ်နေတယ်သား ။

••••• ••••• •••••

( နှစ် )

သားလေးရေ ...

အခုတော့ မိန်ရာသီရဲ့ ပြင်ပရှုခင်းတွေကို မြင်ကွင်းကျယ် မခံစားရတာ ကြာပြီကွယ့် ။

မနက်ခင်း လမ်းလျှောက်ထွက်ရင် ရေကန်နားက သရက်ပင်ကြီးအောက် ၊ သရက်ရွက်ကြွေတွေ ၊ သရက်ရွက်ခြောက်တွေ ၊ သရက်ကင်းလေးတွေနဲ့ သရက်ပွင့်လေးတွေကို မြင်ရတော့ နွေပန်းချီကားရဲ့ စုတ်ချက် တချို့ကိုသာ ခံစားနေရသလိုပေါ့ ။ အခုလို နွေလက်ရာ ပန်းချီကားကို အပြည့်အဝ မခံစားရတဲ့ အခါ ဟိုအရင်က ဖြတ်သန်းခဲ့ရတဲ့ နွေရှုခင်းလေးတွေကို ပြန်ပြောင်းသတိရ တသသ ဖြစ်ရတာပေါ့ ။

တစ်ခုသော နွေဆည်းဆာမှာ နဘားရထားဟာ စစ်ကိုင်းတံတားကို ဖြတ်ကျော်နေဆဲ ၊ နေလုံးနီနီဟာ မင်းဝံတောင်ရဲ့ တစ်ဖက်ကို ပုန်းခိုတော့မယ် ။ မန္တလေး ရောက်ရင် မှောင်ရော့မယ် ။ စစ်ကိုင်းတံတားကို ဖြတ်ပြီး ခဏနေရင် အမရပူရ ဆိပ်ကမ်းဘူတာကို ရောက်လာတယ် ။ ဖေဖေတို့ စီး လာတဲ့ နဘားလော်ကယ်ရထားကို အမရပူရ ဆိပ်ကမ်း ဘူတာလေးက ပန်းရနံ့တွေနဲ့ ဆီးကြိုလိုက် တယ်သား ။ တစ်ဘူတာလုံးဟာ ကံ့ကော် ၊ စံပယ်ပန်း ရနံ့တွေနဲ့ ကြိုင်လှိုင်နေတော့တယ် ။ ပန်းသည်လေးတွေဟာ ယောက်ယက်ခတ်နေကြတယ် ။ အလုအယက် ရောင်းနေကြရရှာတာကိုး ။ ဟို မင်းဝံတောင်ရိုးပေါ်က နေလုံးနီနီဟာ ပုညရှင်စေတီကို ကတိုက်ကရိုက် ဦးချပြီး တောင်ရိုးရဲ့ အနောက်ဘက်ကို လျှောဆင်းသွားပြီ ။ ဒါပေမဲ့ ဧရာ၀တီရဲ့ လှိုင်းကြက်ခွပ်လေးတွေပေါ်မှာတော့ ပတ္တမြားလုံးလေးတွေ ဟိုတစ်စ ဒီတစ်စ ကြဲထားခဲ့ဟန် တူတယ် ။ ဘူတာရုံလေးရဲ့ မရန်းပင်ကြီး တွေ ကြားမှာတော့ အမှောင်ရိပ်လေးတွေ ပုန်းခိုနေကြပြီ ။ နွေရာသီရဲ့ လေပြည်လေးဟာ ဟောဟို ဧရာဝတီ ကနေ ဘူတာလေးဆီ ခပ်ဖွဖွလေး နင်းပြီး လမ်းလျှောက်လာနေတယ် ။ သူ့အဖော် ပန်းရနံ့လေးတွေက မွှေးလိုက်တာကွယ် ။ ကံ့ကော်ပန်း ရနံ့ လေးထင်ရဲ့ ။

ဖေဖေဖြင့် လေပြည်ထဲက ပန်းရနံ့လေးကို ရှူရှိုက်ရတာ အားမရတာ ကံ့ကော်ပန်းတစ်ကုံးကို ဈေးသည်လေးဆီက ဝယ်လိုက်တယ် သား ။ အဲဒီ ပန်းရနံ့လေးဟာ အိမ်ရောက်တဲ့ထိ သင်းပျံ့နေတော့တယ် ။ ဒီနွေရှုခင်းလေး ၊ နွေရနံ့လေးကို ပြန်စဉ်းစားတိုင်း လွမ်းဆဲ ။ ပန်းရနံ့လေးတွေက ပြန်လည် ထုံသင်းလာဆဲပါ သားလေးရယ် ။

ပြီးတော့ ဖေဖေ မေ့မရသေးတဲ့ နွေကားချပ်လေး တစ်ခုလေ သားရဲ့ ။

တပေါင်းလပြည့် မတိုင်ခင် အဖိတ်နေ့ ညပေါ့သား ။ အဲဒီနေ့ ရောက်တိုင်း ဖေဖေတို့ စစ်ကိုင်းတောင်ပေါ်မှာ ရှိကြတယ် ။ အလုပ်တာဝန်နဲ့ နယ်မှာ ရောက်နေပေမဲ့ အဲဒီရက် ရောက်ရင် အတတ်နိုင်ဆုံး ဖေဖေ ပြန်ခဲ့တာ သား အသိ ။ ဈေးချို ဆင်တံတားမှာ ဖေဖေ့သူငယ်ချင်းတစ်ယောက် ရှိတယ် ။ သူက တောင်ရိုးပေါ်က “ မဟာသမယ ” ချောင်မှာ အလှူအတန်း လုပ်နေကျ မဟုတ်လား ။ ဒီနေ့ကျမှ ဖေဖေတို့ သူငယ်ချင်းတွေ ဆုံဖြစ်ကြတာ မဟုတ်လား ။

စစ်ကိုင်းတောင်ရိုးရဲ့ တပေါင်းလပြည့်ဟာ ငြိမ်သက်နေတယ် ။ ဆည်းလည်းသံ ၊ ရွက် ခြောက်လေးတွေရဲ့ ရှပ်တိုက်ပြေးလွှားသံက လွဲလို့ ဘာသံမှ မကြားရဘူးကွယ့် ။ တောင်ရိုး တစ်ခုလုံးလည်း လရောင်တွေ လွှမ်းခြုံထားလို့ အေးမြနေတယ် ။ တစ်ခါတစ်ခါ ဟောဟို မှောင်မည်းမည်းမြစ်ထဲ မီးရောင်ကို လက်ခနဲ လက်ခနဲ မြင်လိုက်ရတယ် ။ မန္တလေးဘက်ဆီ လှမ်းမျှော်ကြည့်လိုက်တော့ စိန်တုံးကလေးတွေ ကြဲချထားသလို တလက်လက် တောက်စားလို့ ။ အမရပူရ ၊ မြစ်ငယ် ၊ တံခွန်တိုင် ဘက်ဆီ မျှော်ကြည့်ပြန်ရင်လည်း မည်းမှောင်နေတဲ့ သစ်ပင်အုပ်တွေ ကြားက တစ်ချက်တစ်ချက် ဖြာထွက်လာတဲ့ မီးရောင်လေးတွေဟာ စိတ်ဝင်စားစရာပေါ့ကွယ် ။

“ ဟောဒီနားက ကြည့်ရင် ဗားကရာကွေ့ကို ဖြတ်သွားတဲ့ ကားမီးရောင်ကို မြင်ရတယ် ”

လို့ ဘေးက အဖော်က ပြောတယ် ။ ဒါနဲ့ ဖေဖေတို့ တော်တော်ကြာတဲ့ အထိ ကားမီးရောင်တွေရဲ့ ပုစ္ဆာတွေကို အဖြေရှာ ကြည့်ခဲ့ကြပြီး တရုတ်စကားပင် အောက်မှာတင် မှေးခနဲ အိပ်ပျော်သွားကြတာချည်းပဲ သားရေ ။ အခုရော ဖေဖေ့ သူငယ်ချင်းတွေက တပေါင်းလပြည့်နား နီးတော့ စစ်ကိုင်းတောင် သွားဖို့ လာခေါ်ကြသေးသလား ။ ဖေဖေ မလိုက်နိုင်သေးပါဘူးလို့ သားသားက ပြောလိုက်သလား ။ ပြောမနေပါနဲ့ သားရယ် ။ နောက်နှစ်တွေဆို ဖေဖေ လိုက်နိုင်မှာပေါ့ ၊ မဟုတ်ဘူးလားသား ။

••••• ••••• •••••

( သုံး )

သားသားရေ ... 

ဖေဖေ့ ဘူတာရုံလေးဟာ ပုံမှန်ရထား ဝင်ချိန်နည်းလို့ အလုပ်မရှုပ်ဘဲ အားချိန်များ နေတယ် ။ အထူးသဖြင့် အခုလို တိတ်ဆိတ်နေတဲ့ နေ့လယ်ပိုင်းဆို အိပ်ချင်စရာ ဖြစ်နေတယ်လေ ။ ဖေဖေကတော့ မအိပ်ဖြစ်ဘူး သား ။ မအိပ်ဖြစ်လို့ ဖေဖေ ဘာလုပ်နေတယ်လို့ ထင်သလဲ ။ ဒီအချိန်မှာဆို ဖေဖေလေ သား ရေးလိုက်တဲ့ စာလေးကို ထုတ်ပြီး ဖတ်နေပြီပေါ့ ။

သားဆီက စာလေးဟာ ဖတ်ရလွန်းတော့ အလွတ် ရပြီ ။ မကြာမကြာ ဖြန့်လိုက် သိမ်းလိုက်မို့ ခေါက်ရိုးလေးတွေ ကျိုးနေပြီ ။ စိတ်ချသား ၊ မစုတ်စေရဘူး ။ ဖေဖေ အသက်ထက် မြတ်နိုးပါတယ် သားရဲ့ ။ အခုလည်း သားစာလေး ဖတ်ပြီး သတိတရ ရှိလွန်းလို့ပါကွယ် ။ သား စာလေး ဖတ်လိုက် ၊ အစာကြေအောင် လမ်းလျှောက်လိုက် ၊ စဉ်းစားစရာရှိရင် စဉ်းစားလိုက်နဲ့ အလုပ် မရှိတဲ့ ချောက်ချားစရာ နေ့လယ်ခင်းကို နေ့တိုင်းလိုပဲ ကျော်ဖြတ်နေရတာပေါ့ ။

ညပိုင်းမှာ ဖေဖေ ဘာလုပ်သလဲ သိလား ။ သီချင်း ဆိုတယ်ကွယ့် ။

ဘာလဲ ၊ သားက အံ့သြသွားလို့လား ။ မန္တလေးတုန်းက လေတောင် မချွန်တဲ့ ဖေဖေက သီချင်းဆိုတယ် ဆိုလို့လား ။ မအံ့သြနဲ့ သား ။ ဖေဖေ သီချင်း ဆိုတယ် ။ မဆိုဘဲ မနေနိုင်လို့ ဆိုတယ် ။ သီချင်း ဆိုလိုက်ရင် အားသစ်တွေ တိုးလာတယ် ။ နားလည်မှုတွေ ပိုလာတယ် ။ လွမ်းစိတ်တွေ ပြေလာတယ် ။ လွမ်းစိတ်တွေ ပြေတော့ လွမ်းစိတ်ရဲ့ နောက်ကွယ်က ပျော့ညံ့မှု ၊ တွေဝေမှုတွေပါ ပျောက်သွားရော ။

ဖေဖေ အများဆုံး ဆိုတဲ့ သီချင်းတွေဟာ နန်းတော်ရှေ့ဆရာတင် နဲ့ မြို့မငြိမ်း သီချင်းတွေပဲ ။ အောင်ပင်လယ် ၊ ကမ္ဘောဇ ၊ လက်ရည်တစ်ပြင်တည်း ၊ စစ်ကိုင်းတောင် ၊ ဖူးစာ စတဲ့ သီချင်းတွေပဲ ။ ဒါကြောင့် မိတ်ဆွေတွေက ဖေဖေ့နာမည် ရှေ့မှာ “ မြို့မ ” ဆိုတဲ့ ဘွဲ့ထူးကို ထိုက်တန်စွာ ချီးမြှင့်ကြတာပေါ့ ။ ပြီး တော့ ပြောရဦးမယ် သားရဲ့ ။ တခြား မိတ်ဆွေတွေ သီချင်းဆိုရင် ဖေဖေက ပါးစပ်ဆိုင်းနဲ့ ဒိုးချက်လိုက်တာပေါ့ ။ ဖေဖေ့ ဒိုးချက်တွေဟာ သူတို့ သီချင်းလေးတွေကို ကြွသွား ၊ လှသွားစေတယ် ။ ဖေဖေလည်း ဘယ်ခေပါ့မလဲကွယ် ။ စိန်ဗေဒါပတ်စမ်းမှာ နားယဉ်ပြီး မြို့မဒိုးချက်တွေ ကြား ကြီးပြင်း လာတာကိုး ။ ဒီလိုနဲ့ သီချင်းဆိုကြ ၊ နောက်ပြောင်ကြရင်းနဲ့ပဲ ရက်လေးတွေ ခြွေချ နေရတော့တာပေါ့ ။

••••• ••••• •••••

( လေး )

သားသားရေ ...

“ ရေလောင်း ၊ ရေပက် ခံလာတယ် ... သူငယ်ချင်းရင်းတဲ့ လုံမေရယ် ... ဖျန်းပက်စေချင် ၊ စိတ်က စင်ကြယ် ၊ မပက်ဘူးဆိုရင် စိတ်ဆိုးမှာပင် ... ဟန်ကြီးလို့ ဆိုမယ် ... ”

ဆိုတဲ့ ဆရာငြိမ်း သီချင်းကို သီဆိုရင်း မန္တလေးသင်္ကြန်ကို လွမ်းရတယ်လေ ။

မန်းတောင်ရိပ်ခို သီချင်းကို ဆိုပြပါ ဆိုပြပါလို့ တောင်းဆိုကြတဲ့ အတွက် သင်္ကြန်အကြိုနေ့ ညမှာ ဖေဖေ ဆိုပြရသေးတယ် ။ ဖေဖေ့ အသံက အနီးအနား အတွက်တော့ အဆင်ပြေပါတယ် ။ ဒါပေမဲ့ တိုးညှင်းနေမှာတော့ သေချာတယ် ။ အသံ မရဘူး သားရယ် ၊ မအော်နိုင်ဘူး ။ ဒါပေမဲ့လေ “ နှစ်ကူးတော့မယ် ခင်ခင်ရယ် ၊ လိုက်ခဲ့ပါလား ၊ အပျင်းတော်ပြေမယ် ” ဆိုတဲ့ အပိုဒ်လည်း ရောက်ရော ဖေဖေ့မျက်စိထဲမှာ ကျုံးတွေ ၊ မြို့ရိုးတွေ ပေါ်လာတယ် ။ ရေပက်မဏ္ဍပ်တွေ ရှေ့မှာ သင်္ကြန်ရေတွေ ဖြာခနဲ ထွက်လာတာ မြင်နေရပြီ ။ အကျနေ့နဲ့ အကြတ်နေ့ မနက်ခင်းမျိုး ( ၈၄ ) လမ်းနဲ့ ( ၂၈ ) လမ်း ထောင့်မှာ ပိတောက်ပန်းတွေ ပုံရောင်းနေတာကို သင်္ကြန်ပျော်ကားတွေက အလုအယက် ဝယ်နေကြတာကို အောက်မေ့နေပြီ ။

ဒီလို သင်္ကြန်အချိန်မျိုးမှာရော ဖေဖေ့သူငယ်ချင်းတွေ လာကြသေးသလား ။ အမှတ် ( ၁၁ ) ဘတ်စ်ကားကြီး တစ်စင်း ငှားပြီး သခင်မတောင် ၊ ရန်ကင်းတောင် ၊ မန္တလေးတောင် ဆိုတဲ့ တောင် ( ၃ ) တောင် အစီအစဉ်ကို မိတ်ဆွေများ  ၊ ဆွေမျိုးသားချင်းများကို တစ်ပြုံကြီး တင်ပြီး ဒီနှစ်သင်္ကြန်မှာရော ထွက်ဖြစ်သလား ။ ညပိုင်းမှာ နဂါးမယ်ရေသဘင် ကြည့်ပြီး မုတ်ဆိတ် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသေးသလား ။ ဘာပဲပြောပြော အရင်ကလို ဖေဖေတို့ သူငယ်ချင်းတစ်စု လက်ဖက်ရည်ဆိုင်မှာ တစ်စုတစ်ဝေးကြီး မရှိတော့တာ ၊ ဘောလုံးပွဲမှာလည်း အုတ်အုတ်ကျက်ကျက် မရှိတော့တာ ဖေဖေ ကြားမိပါတယ် သားရဲ့ ။ အရင်က “ ငယ်မူ ” လေးတွေဟာ လွမ်းစရာလေးတွေပေါ့ သားရယ် ။ ပြောင်းလဲမှုတွေ ရှိမှာပဲ ။ အသက်အရွယ်တွေ ရလာကြ ၊ စီးပွားရေးထမ်းပိုးတွေက ပိုလို့ ပိုလို့ လေးပင်လာကြတော့ ရုန်းရကန်ရနဲ့ အရင်က အလေ့အကျင့်တွေကို တစ်သမတ်တည်း ဆက်လုပ်မနေနိုင်ကြတော့ဘူးပေါ့ ။ ဒါပေမဲ့ “ ရင်းနှီးချစ်ခင်ကြတဲ့ ” ဟာသဉာဏ်လေးတွေ ကွန့်မြူးကြတဲ့ “ ငယ်မူ ” လေးတွေကိုတော့ မပျောက်စေချင်ဘူးကွယ် ။

“ ငယ်မူကို မဖျောက်နိုင်ဘူး ၊ ပျော်လောက်ဖွယ် ... မယ်ရင်ရယ် ... လွမ်းပါဘိတယ် ၊ ပျို့ဇာတိနွယ် ” ဆိုတဲ့ ဆရာတင် သီချင်းထဲကလိုပေါ့ ။

ဘာပဲပြောပြော ... သူငယ်ချင်းတွေ မိတ်ဆွေတွေ အားလုံးကိုလည်း သတိရတယ် ။ သူတို့ တစ်တွေ နေထိုင် ကောင်းမွန်ရေး ၊ အလုပ်အကိုင် အဆင်ပြေရေး အတွက် ဆုတောင်းလိုက်ပါတယ် ။ ဖေဖေ့ဆီ စာရေးကြရင်လည်း ဖတ်ရတဲ့ စာအုပ် ၊ ကြည့်ရတဲ့ ရုပ်ရှင်ကားတွေ ၊ ဗွီဒီယိုတွေအကြောင်း စီကာပတ်ကုံး ရေးကြပါဦးလို့ ပြောလိုက်ပါကွယ် ။ အခုချိန်မှာ တော့ ဖေဖေလည်း စာတော်တော်များများ ဖတ်ရပါတယ် ။ မဟေသီ ၊ ပေဖူးလွှာ ၊ အတွေးအမြင် ၊ ရှုမဝ နဲ့ အခြား ပေါ်ပြူလာ မဂ္ဂဇင်း အချို့ ၊ ဂျူးရဲ့ ဝတ္ထုဟောင်းတစ်အုပ်နဲ့ ချစ်ဦးညို ရဲ့ ရာဇဝင် ၀တ္ထုတို ပေါင်းချုပ်အပြင် ရှုမဝ ထဲက ဆရာမြသန်းတင့်ရဲ့ တောင်သမန်လေညင်း ၊ အတွေးအမြင် ထဲက ဆောင်းပါးနဲ့ သမိုင်း အကြောင်းတွေ ။ ဖေဖေက အားနေတော့ စာအုပ်တိုင်းကို စာမျက်နှာတိုင်းဖတ် ၊ ကြော်ငြာလည်း ဖတ် ၊ အကုန်ဖတ်တယ် ။

ကဲ ... သားလေးရယ် အားလုံးကိုသာ ပြောပြလိုက်ပါ ။ မန္တလေးကို ချစ်တဲ့ ၊ မန္တလေး ရာသီတိုင်းကို ချစ်တဲ့ ဖေဖေ့ အဖို့ အခုလို မန္တလေးနဲ့ နီးရက်နဲ့ ဝေးကွာနေချိန်မှာ သင်္ကြန် ဆိုလည်း သင်္ကြန်မို့ ၊ သီတင်းကျွတ်ဆိုလည်း သီတင်းကျွတ်မို့ ၊ ဆောင်းဦးရာသီ ဆိုလည်း ဆောင်းဦးရာသီမို့ ၊ ဆယ့်နှစ်ရာသီ နီးပါး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့ မန္တလေးကို လွမ်းတယ် ။

အခုလို ရာသီမှာ ဆိုရင် မန္တလေးရဲ့ ရာသီဥတုဟာ ဆွတ်ပျံ့ဖွယ် ၊ ကြည်နူးဖွယ် ၊ စိတ်လှုပ်ရှားဖွယ် ကောင်းရော့မယ် ။ လေပြည် ၊ ရာသီကူး ပန်းရနံ့နဲ့ ကျေးငှက်တို့ရဲ့ တေးဆိုသံဟာလည်း ပွတ်ကာသီကာနဲ့ ရစ်ဝဲ နေရော့မယ် ။

ဒီလို နှစ်လိုဖွယ် မန္တလေးဟာ တစ်ယောက်သောသူ ပြန်လာမယ့် ရက်ကို မျှော်နေရော့မယ် ။ မျှော်နေရော့မယ် ။

••••• ••••• •••••

( ငါး )

“ ......... ”

“ ..........”

အနီးအနားဆီက မီးရထားဥသြသံ တစ်သံ စူးရှစွာ ကြားလိုက်ရသောအခါ လွင့်မျောနေသော အတွေးအိပ်မက်ကို ပုံစံကျ အသိက ဖျတ်ခနဲ လှန့်နှိုးလိုက်သည် ။ ထိုအခါ မိမိ နံဘေးမှာ အစိမ်း အနီ အလံ မရှိ ၊ ဘူတာရုံသုံး မီးအိမ် တစ်လုံးလည်း မရှိ ။ အခန်းထောင့်မှာ တတီတီ မြည်နေမည့် ကြေးနန်းစက်လည်း မရှိ ။ ထို့အတူ လက်ထောက်ရုံပိုင်လေး၏ တဒုန်းဒုန်း ရိုက်နှိပ်သော ရထားလက်မှတ်ရိုက် တံဆိပ်တုံးလည်း မရှိ ။

သေချာသည်မှာ စောစောကတည်းက ဖြန့်ကြည့်မိသော နွမ်းကြေ ကြေစာရွက်ကလေး တစ်ရွက်ကမူ မိမိ လက်ထဲတွင် ကိုင်လျက် ရှိနေခြင်းပင် ဖြစ်သည် ။ စာရွက်လေးပေါ်က သားလေး၏ ဝိုင်းဝိုင်းရွဲ့ရွဲ့ ၊ စောင်းစောင်းစွေစွေ ၊ သေးသေးကြီးကြီး မညီမညာ ကလေးလက်ရေး “ ဝ ” လုံးကလေးများ၏ နောက်ကွယ်မှ အထီးကျန်ဆန်ခြင်း၏ အဓိပ္ပာယ်ကို မိမိကိုယ်တိုင် ရှာဖွေမိနေသည်မှာ ကာလအတန် ကြာနေပေပြီ ။

▢  ဆူးငှက်
📖 မြားနတ်မောင်
      ၁၉၉၁ ခု ၊ စက်တင်ဘာ

Friday, April 3, 2026

သော့ ၊ မခို့တရို့နှင့် ခင့်မျက်နှာ ရေဥကလေးတွေ ...


 

❝ သော့ ၊ မခို့တရို့နှင့် ခင့်မျက်နှာ ရေဥကလေးတွေ ... ❞
           ( ဆူးငှက် )

ခါသင်္ကြန်လေနုအေးရယ် ... ၊
သွေးကာ သူနော့ ... နော့တာ ။

ပိတောက်ရွှေ မာလာဝတ်မှုန်ဝင့်ကာ သူကြော့ ... ကြော့တာ ။

ပက်ဖျန်းကာ ရေစင်လောင်းတယ်
သင်္ကြန်မယ် ပျိုဖြူများမှာ
ကတယ်နော် ... ၊ သော့ကို သော့တာ ။

မြို့မဦးရင်လေး၏ ‘ သော့ ’ ဆိုသော သင်္ကြန်သီချင်းလေးကို ဆိုညည်းရင်း သင်္ကြန်ကို လွမ်းဆွတ်နေမိ၏ ။ ‘ လေနုအေးကား နော့နေဆဲကို .. ’ ဟူသော ဆရာဒဂုန်တာရာ၏ နာမည်ကျော် ‘ မေ ’ ဝတ္ထုမှ အဖွင့်စာကြောင်းကား ဦးရင်လေး၏ သင်္ကြန်သီချင်းနှင့် ထင်ဟပ်ယှဉ်ပြိုင်နေ၏ ။ ဦးရင်လေးက ‘ နော့ ’ ကိုပင် ထပ်မံကာ ကွန့်လိုက်သည် ။ ဘာတဲ့ ...ပိတောက် ရွှေမာလာဝတ်မှုန်က ‘ ကြော့ ’ သတဲ့ ... ။ လတ်ဆတ်သော ... ၊ ဝင့်ကြွားသော ၊ တောက်ပသော ၊ ငွားစွင့်သော ပိတောက်ပန်း၏ အလှကို ‘ ကြော့ ’ ဟူသည့် စာတစ်လုံးတည်းဖြင့်ပင် ပိုင်းဖြတ်ပေးလိုက်ခြင်းဖြစ်သည် ။

အလှတွင် အယဉ်ဆင့် ဆိုသလို လှခြင်း၏ ထွတ်ခေါင်က ယဉ်ခြင်း ဖြစ်၏ ။ အယဉ်တကာ့ ထိပ်ခေါင်က အကြော့တွင် စုလေသောကြောင့် ‘ ကြော့ ’ ခြင်းသည်ကား လှမျိုးစုံ ၊ ယဉ်မျိုးစုပင် ဖြစ်သည် ။

သင်္ကြန် လေနုအေးလေးက တနော့နော့ ... ။

ပိတောက်ခက်လေးက ခပ်ကြော့ကြော့ ... ၊ သည် ရာသီ ၊ သည် မြင်ကွင်းလေးမှာ သွက်လက်မြူးကြွသော ဒိုးဆစ် ၊ ဒိုးချက်များတွင် သင်္ကြန် မယ်ကလေး ကနေပုံမှာ ‘ သော့ ’ လို့ တဲ့ ... ။

နုပျိုခြင်း ၊ တက်ကြွခြင်း ၊ ဖျတ်လတ်ခြင်း ၊ ပျော်ရွှင်ခြင်း၏ လက္ခဏာများကို ဦးရင်လေးက ‘ သော့ ’ ဟူသော စကားလုံးလေး တစ်လုံးနှင့်ပင် ဖော်ပြလိုက်၏ ။ လှလိုက်သည့် ဖြစ်ခြင်း ... ။

ထိုသီချင်းလေးအား အမှတ်ထင်ထင် ရွတ်ဆိုမိလေတိုင်း မထိတထိ ကလူကျီစယ်သော နွေဦး လေညင်းတွင် လတ်ဆတ်မှု ၊ တောက်ပမှု ၊ ဝင့်ကြွားမှုများ နှင့်အတူ နုပျိုခြင်း ၊ တက်ကြွခြင်း ၊ ဖျတ်လတ်ခြင်း ၊ ပျော်ရွှင်ခြင်း သရုပ်များ ဖြစ်သည့် ‘ တာသင်္ကြန် ’ ၏ အတိတ်ပုံရိပ်ကို နင့်နေအောင် ခံစားလိုက်ရချေသည် ။

“ ဪ ... မခို့တရို့နဲ့ပင် သိင်္ဂီဝင် ပိတောက်ရွှင်မြူးကြ ခါတော်ရေသဘင် ...” တဲ့ ... ။

ဆရာဦးဘသိန်း ကလည်း သင်္ကြန်သီချင်း တစ်ပုဒ်ကို ‘ မခို့တရို့’ ဟူသော စကားလုံးဖြင့် စပ်ဆိုထား၏ ။ ‘ မခို့တရို့’ တဲ့ ၊ ယခု မသုံးသလောက် ရှားပါးလှသော စကားလုံးဖြစ်သည် ။

မြန်မာမိန်းကလေးတစ်ယောက်၏ ဣန္ဒြေ ၊ ချစ်စဖွယ် အမူအရာ ၊ ထိန်းချုပ်သော အပြုံး ၊ လှစ်ခနဲ ပြလိုက်သည့် ကြည်နူးမှု ( သို့မဟုတ် ) အချစ် ... ။

စင်ပေါ်မှ ကနေသည့် သင်္ကြန်မယ်လေးဆီက ရလိုက်သော ‘ မခို့တရို့’ အမူအရာသည် အဘယ်မှာ မေ့နိုင်တော့ပါမည်နည်း ... ၊ ‘ မခို့တရို့’ ဟူသည် ယဉ်ကျေးလွန်း နူးညံ့လွန်းလှသော တုံ့ပြန်မှုလေးမို့ အဘယ်သူ သည် ရင်တဖိုဖို အသည်းတလှပ်လှပ်နှင့် မကြည်နူးဘဲ နေနိုင်ပါအံ့နည်း ... ။

“ ပန်းအိရောင်သွင် ပြုံးလို့ ချို့ရွှင် ၊
ခင့်မျက်နှာ ရေဥလေးတွေ၊ ဖွေးနုနုတင် ” တဲ့

မြို့မကိုပေါလည်း သူ၏ ‘ ဖြူပြာမူရာ ’ သင်္ကြန်သီချင်းမှာ စပ်ဆိုခဲ့သည် ။ ပြုံးချိုရွှင်နေသော ပန်းအိရောင် ခင့်မျက်နှာမှာ ‘ ရေ ’ လေးတွေ ဖွေးနုတင်သတဲ့ ။ အင်မတန် အသက်ပါလှသော သင်္ကြန်မယ် ပေါ့ထရိတ် ဓာတ်ပုံတစ်ပုံပင် ဖြစ်သည် ။ အလင်းအမှောင် အနေအထား ၊ အဖြတ်အ တောက် ၊ ဆေးသား အနုအရင့် ဘာမှ ပြောစရာ မလို။ ဒိုင် အားလုံးက တစ်ပြိုင်နက် ခလုတ်နှိပ် အမှတ်ပေးကြမည့် ပုံကောင်း တစ်ပုံ ... ။ ဘာတဲ့ “ ခင့်မျက်နှာ ရေဥလေးတွေ ဖွေးနုနုတင် ” တဲ့ ။ သင်္ကြန်မယ်လေး မျက်နှာ ပေါ်က သင်္ကြန်ရေလေးကိုတော့ မေ့မရနိုင် ။

ဪ ... ချစ်သော သင်္ကြန်ကိုမှ တစ်ချိန်က သင်္ကြန်သီချင်းလေးတွေထဲမှာပဲ ရင်ခုန်စွာ ခံစားပေတော့။

▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် ...

ပါးထက်ဝတ်မှုန်


 

❝ ပါးထက်ဝတ်မှုန် ❞
        ( ဆူးငှက် )

“ မြိုင်ခြေငယ် သင်းပါလို့
အင်ကြင်းငယ် ရွှေဖီ
ဝတ်မှုန်ငယ်စီသည် ...
မြစ်နဒီ သောင်တခိုက
မောင်မယ်ညို
မြူးပြန်တော့တယ်လေး .. ”

နေသည် ဒက္ခိဏယဉ်စွန်းတန်း ဆီသို့ တိမ်းညွတ် ယိမ်းယိုင် နေရာမှ ခေါင်းထောင် ထူမတ်လာ၏ ။ ထိုအခါ တောင်လေက သြဘာပေးသည် ။ နည်းနည်းလေး ထူမတ်လာသည်နှင့် အပူစွမ်းက သိသိသာသာ ပြသည် ။ သစ်ပင်သစ်တော တချို့ ရွက်ကြွေခါချ ပူပန်ကြ၏။ သစ်ပင်သစ်တော တချို့ကမူ ရွက်သစ်စိမ်းစို ၊ ပရစ်ဖူးနုသစ်တို့ ဖြင့် အံတုပြန်သည် ။ ထိုအ ခါမှ အားငယ်ရွက်ကြွေသစ်တောတို့ အားသစ်လောင်းသည် ။ ရွက်သစ် ဖူးတို့ စို့တက်ကြကုန်၏ ။ မြောက်လေ သွေးသွေး ဟိမ၀န္တာ အအေးက မ ဆုတ်ခွာချင့် ဆုတ်ခွာချင် ။ ဒါပေမယ့် သူ့ရာသီက ကုန်ချေပြီ ...။ ပြန်ပေ ဦးတော့ “ နှင်းရေ ..” ။

၁၂ လရာသီ မစွန်းမီ ပြန်လာဦးမည့် “ နှင်း ” ကို အကဲပိုစွာ တမ်းတ နေဆဲ ... သင့်ခနဲ မွေးလာသည့် မြတ်နိုးဖွယ် ရနံ့လေးက “ နှင်း ” ကို ရုတ်ခြည်း မေ့ပျောက်စေ၍ ဝေဒနာ တစ်ခုအား နိုးထစေပြန်၏ ။ ဩော် ... အပြောင်းအလဲ မြန်လှချည့်ရယ်လေ ။ ရနံ့လေးက ဝေးဝေးမှ လာပေမယ့် မှန်မိလွယ်လောက်အောင် အလုံးအဖန် အားကောင်းနေပြန်၏ ။

တောင်လေအဖော်က အပြေးကလေး လက်ဆွဲခေါ်လာတာ နေမှာ ပေါ့ ... ။ အနားရောက်ပါမှ မှတ်မိသွားသည် ။

ဟော ... သရဖီ ... ။

သဲနုန်းမြေ ရောစပ်ထားသော ရေဓာတ်ပါသည့် တလင်းမြေပြောင်ပြောင်မှာ ဟောတစ်ပွင့် ဟောတစ်ပွင့် နှင့် လုကောက်ခဲ့ရသည့် သရဖီ။ အလိုရမ္မက်ကြီးပြီး လောဘမသတ်နိုင်သူတို့ကမူ အပင်ပေါ်က သရဖီကို ဝါးစိမ်းလုံးရှည်ဖြင့် အလန့်တကြား ခုန်ဆင်းစေ၏ ။ ထိုအခါ အပျိုဖော်မဝင်သေးသော သရဖီငုံတို့လည်း ကြွေလွင့်ရရှာ၏ ။

လက်ခုပ် နှစ်ဖက်ဖြင့် အပြည့်အမောက် ရလာတော့ ဝါးနံ့ မပြယ်သေးသည့် ဆန်ခါခုံးလေးထဲ ထည့်ကာ ညဉ့်သိပ်ရေအေးအေးလေးနှင့် ဆေးလိုက်တော့ သရဖီတို့ မျက်စိကျယ် လန်းဆန်းကုန်ကြသည် ။ လှလှထွားထွား အပွင့်ကြီးတွေကို ကြွေပန်းကန်ပြား သန့်သန့်လေးထဲ ထည့်ကာ ဘုရားတင်မည် ။

ကျန်သရဖီပွင့်လေးတွေကို ဆန်ကာခုံးလေးထဲမှာပဲ အပ်ချည်ကြိုးလေးနှင့် သီကာ ပန်းကုံးထွားထွား တစ်ကုံး ကုံးမည် ။ ပြီးတော့ ဆန်ခါခုံးလေးထဲ ခွေထည့်ပြီး ရေဆွတ်ထားသည့် အဝတ်သန့်လေးနှင့် အသာအယာ ဖုံးအုပ်ကာ စိမ့်နေအောင် အေးသည့် ရေအိုးစင်လေး အောက် ထားသည် ။

ဆွမ်းကပ် ၊ ဆွမ်းလောင်း ၊ အိမ်ဝေယျာဝစ္စ လုပ်ဖွယ်ရာ ကိစ္စများ ပြီးစီးမှ ရေမိုးချိုး ၊ ခေါင်းလျှော် ၊ သနပ်ခါးတွေ မှုန်နေအောင် လိမ်းကာ အဝတ်အစား အသစ် ဝတ်ပြီး တင်ပါးနားဆီထိ ရှည်လျားဖြောင့်စင်းသော ခေါင်းလျှော်ပြီးစ ဖားလျားချ ဆံပင်ကို စိတ်ရှည်စွာ ဖြီးသင်၍ နဖူးဆံစ ဆီမှာ သရဖီပန်းကုံးကို ဝေနေအောင် ပန်တော့သည် ။

အဲသည် နေ့က ကနဦး ပထမဦးဆုံး သရဖီပန်းတွေ စပွင့်တဲ့ နေ့ ။

ကနဦး ပထမဆုံး သရဖီတွေ စပွင့်တဲ့ နေ့က သရဖီပန်းကုံးလေးက သနပ်ခါးကျောက်ပြင်ဘေးက ထန်းခေါက်ဖာလေးထဲမှာ ရှိသည် ။ နောက်နေ့ မနက်မှာလည်း ခြံထောင့် သရဖီပင်ကြီးက ညွတ်နေအောင် ပွင့်လို့ ဘုရားတင် ၊ ပန်းကုံးရုံမက အိမ်နီးချင်းတွေဆီ အထိ ဝေလိုက်ရသေး၏ ။ ထိုသရဖီကုံးလည်း နွမ်းကြေသွားတော့ ထန်းခေါက်ဖာလေး ထဲမှာပဲ ထည့်ထား၏ ။ ဤသို့ဖြင့် သရဖီတွေ ဝေနေအောင် ပွင့် ၊ သရဖီကုံးတွေ ဝေနေအောင် ပန်ပြီး သကာလ ထန်းခေါက်ဖာလေးထဲက သရဖီကုံး ဟောင်းလေးတွေလည်း သွေ့နေအောင် ခြောက်သွေ့သွားကြပါပကော ။

သရဖီပန်းကုံးလေးတွေ မရိုးနိုင်အောင် ဝေနေအောင်ပန်ဆဲ ... မမ၏ ပါးထက်က သနပ်ခါးရနံ့က ထူးခြားစွာ ရနံ့ မွှေးလာသည် ။ အစွန်းအထင်းမဲ့ ညက်ညက်ဥ နေသည့် ပါးပြင်က ပါးကွက်မှာ သရဖီဝတ်ဆံခြောက်လေးတွေ ကျဲဖောက်လာတာလည်း သတိထားမိပါသည် ။ မမ ပါးမှာလည်း သရဖီပွင့်တွေ ဝေ ... ။

လျော့သွားသည် မရှိဘဲ ပန်တော်ကျ သရဖီကုံးလေးတွေ ထန်းခေါက်ဖာလေးထဲ တိုးလာတာနှင့်အမျှ ... ခြောက်သွေ့စ သရဖီကုံးဟောင်း လေးတွေက ကျောက်ပြင်ထက်မှာ သနပ်ခါးနှင့် ရောကြိတ် အသွေးခဲကာ မမပါးကို အလှဆင်ခဲ့ပါ၏ ။ ဆံထိပ်ဦးက သရဖီ ... ၊ ပါးပြင်ညက်က သရဖီ ... ၊ မမ သွားလေရာ ၊ မမ ကိုယ်လေးနှင့် ထိလေရာ သရဖီဓာတ် ကူးလေတော့ သရဖီသွေးတွေ လှည့်ပတ် ၊ သရဖီနှလုံးသား ဆတ်ဆတ်တုန် ၊ သရဖီအိပ်မက်တွေနှင့် သရဖီဘဝတွေ စိတ်ကူးယဉ်မိတာ မေ့မရတော့။

“ ..................... ”

စိတ်ကူးယဉ်မိတာ ... အရာအားလုံး မေ့သွားလုလု ... ။ အသံတစ်သံက လှုပ်နှိုးလိုက်မှ ပတ်ဝန်းကျင်ကို သတိရသည် ။ သပြေပင်အုပ်ဆီမှာ ကူချွဲနေသော ချိုးတစ်ကောင်က ဖျပ်ခနဲ လန့်ပျံပြေးသည် ။ အိပ်မက် ပုံရိပ်က ချိုးငှက်နှင့်အတူ အဝေးဆီ ပျံသွားပေမယ့် ... သရဖီပန်းရနံ့လေးက ပျံ့သင်းမွှေးမြဆဲကို ... ။

“ အစ်ကို ... အစ်ကို ... သရဖီပန်းလေးတွေ ဝယ်ပါဦး ၊ တစ်ထုပ်မှ ငါးဆယ်တည်းပါ ” တဲ့ ... ။

သည်နှစ် နွေဦးပေါက် သရဖီ ကနဦး ပွင့်သောနေ့မှာ ... ငွေငါးဆယ်ကျပ်ဖိုး သရဖီအပွင့်လေး လက်တစ်ဆုပ်စာ ဝယ်ကာ သရဖီအတိတ်ကို ပြန်လည် လွမ်းမောရပေဦးမည် ။

ဪ ... မောင့် ... သရဖီ ။

▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် ..

Wednesday, January 14, 2026

မျက်နှာကြက်နဲ့ ခိုအိမ်


 

❝ မျက်နှာကြက်နဲ့ ခိုအိမ် ❞
           ( ဆူးငှက် )

စင်စစ် အိမ်အပေါ်ထပ်မှာ လူနေတာ မဟုတ် ။ လူနေတာ မဟုတ်သည့် အပြင် အိမ်အပေါ်ထပ်သို့ တက်သူလည်း ကျွန်တော် တစ်ဦးတည်း ရှိသည် ။ တခြား ဘယ်သူမှ မတက် ။ တစ်ခါတစ်ရံ စာအုပ်ရှာချင်မှသာ ကျွန်တော် တက်ဖြစ်သည် ။ ထိုအခါ လှေကားမှ တက်လိုက်ကတည်းက ဖုန်ထူထူမှာ ခြေရာလေးတွေ ထင်သွားသည် ။ သည်ခြေရာလေးတွေ လှေကား တစ်ထစ်ပြီး တစ်ထစ် ၊ တစ်ထစ်ပြီး တစ်ထစ် ထို့နောက် အိမ်အပေါ်ထပ် ကြမ်းပြင်ပေါ် နောက်ဆုံးကြမ်းပြင် အလယ်ကောင်က စုပုံထားသော တောင်ပုံယာပုံ ဖြစ်နေသော စာအုပ်ပုံမှ စာအုပ်တစ်အုပ်ချင်းအား ဖုန်တဘုံးဘုံးခါ ၊ လှန်ကြည့် ၊ ပြန်ထား ။ လိုချင်ရင်ဘေးမှာပုံ လိုချင်တာ စုံတော့ စာအုပ်တွေ ယူပြီး ပြန်ဆင်းလာရ၏ ။ အပြန်မှာလည်း ခြေရာလေးတွေတစ်စုံ ။ ပြီးတော့ လှေကား တစ်ထစ်ချင်း တစ်ထစ်ချင်းအားဆင်း ။

ဤသို့ဖြင့် တစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါ ပုံမှန်မဟုတ်သော နှုန်းဖြင့်သာ အိမ်ပေါ် ရောက်ဖြစ်သည် ။ သို့သော် မိုးတွေ အုံ့ဆိုင်းနေလျှင်သော် လည်းကောင်း ၊ ဗြုန်းစားကြီး မိုးရွာချလျှင်သော်လည်းကောင်း ၊ အိမ်ပေါ်သို့ အပြေးအလွှားတက်ရလေ၏ ။ တံခါးတွေ ပိတ်ထားရဲ့လား ၊ မိုးပက်သေးလား ၊ မိုးယိုလား စသည်ဖြင့် စူးစမ်းရတော့သည် ။ ထိုအခါများမှ လွဲ၍ အိမ်ပေါ်သို့ ဘယ်လိုမှ မရောက်ဖြစ် ။ အိမ်ပေါ်ကိစ္စသည် ကျွန်တော်မှ လွဲ၍ ကျန်သူများက သူတို့နှင့် မဆိုင်ဟု သံမဏိစည်းကမ်းချထားပုံလည်း ရသည် ။ ဟုတ်တော့လည်း ဟုတ်သည် ။ အိမ်ပေါ် မှာက ကျွန်တော်နှင့် ဆိုင်သော စာအုပ်များသာ ရှိသည် မဟုတ်လော ။ ကျွန်တော် ငယ်စဉ်က တီးခတ်ခဲ့သည့် ဝါးပတ္တလားအိုး တစ်လုံးသာ ရှိသည် မဟုတ်လော ။ ကျွန်တော် ငယ်စဉ် ပန်းချီဆွဲစဉ်က ပန်းချီကား တချို့ ၊ ပန်းချီကားပေါင်ဟောင်းနှင့် ပန်းချီကား တင်ဆွဲသည့် ဒေါက်တစ်ခုသာ ရှိသည် မဟုတ်လော ။

ဝါးပတ္တလားသည် ကြိုးများပြတ်ကာ ပင့်ကူအိမ်ဖွဲ့နေ၏ ။ ပတ္တလားအိမ် မှာ ပန်းချီကားပေါင်တချို့ မှီထားသည် ။ အဖေ ရှိတုန်းက အိပ်သည့် ခုတင်ပေါ် မှာတော့ စာအုပ်တချို့ ပြန့်ကျဲ ။ ဘုရားစင်ကိုပင် အောက်ထပ်သို့ ရွှေ့သွားကြလို့ ဘုရားစင်မှာ သံဗုဒ္ဓေစေတီပုံ ၊ မှန်ကား ။ ဦးရွှေကြေးဆေးတိုက်က လက်ဆောင် ပေးသည့် ဦးငွေကိုင်၏ ဘုရားကားပန်းချီ ။ ထို့နောက် ပလတ်စတစ်ပန်းတွေ ထိုးထားသည့် ညောင်ရေအိုး ။

ဒါပဲ ရှိသည် ။ ဘုရားစင်ဘေးမှာ အဖေနှင့် အမေပုံရှိသည် ။ မဆေးကြော ၊ မတိုက်ချွတ်လို့ မှန်တွေ မှုန်ဝါးဝါး ။ ဤသို့ဖြင့် အိမ်ပေါ်ထပ်ကား အဖေ မရှိကတည်းက ရှင်းလင်းခြင်း ၊ လှဲကျင်းခြင်း ၊ သန့်ရှင်းခြင်း မလုပ်ခဲ့တာ သည်ရပ်ကွက်လေး မီးဘေးမသင့်မီ အထိဆိုတာ မှတ်မိပါသည် ။

၁၉၉၂ ခုနှစ် ၊ သည်ရပ်ကွက်လေး မီးဘေးသင့်တော့ အိမ်အောက်ထပ်က ရှိစုမဲ့စု ပရိဘောဂတွေ အဝတ်အစားတွေ ထုတ်ပြီးတော့ တခြား ထုတ်စရာကုန်ပြီ ။ ရေခဲသေတ္တာ မရှိ ၊ တီဗီ မရှိ ၊ အပေါ်စက် အောက်စက် မရှိ ။ စတီးခုံတွေ မရှိ ။

သို့သော် ကျွန်တော်ကတော့ အောက်ထပ်က ပစ္စည်းတွေ စိတ်မဝင်စား ၊ အပေါင်းအသင်းတွေ ရောက်လာတော့ အိပ်အပေါ်ထပ်က စာအုပ်ပုံကြီးကို ရရာ စောင်တွေ ၊ ခြင်ထောင်တွေနှင့် ထုပ်ပိုးသယ်သည် ။ စာအုပ်တွေကလည်း အိမ်ပေါ်မှာ အထပ်လိုက် စည်းထားတော့ ဝန်မကျယ်သယောင် ။ ဖြစ်သလို ထုပ်ပိုးပြီး အိမ်ရှေ့ လမ်းတစ်ဖက် ပလက်ဖောင်းမှာပုံတော့ တောင်ပုံယာပုံ ။ ထိုစာအုပ်ထဲမှာမှ ပတ္တလားအိမ်က ထိုးထိုးထောင်ထောင် ။ ပန်ချီကားတွေက ပိုးလိုးပက်လက် ၊ ပတ္တလား ဆံများက ဟိုကြား တစ်ဆံ ၊ သည်ကြား တစ်ဆံ ။

သည်စာအုပ်ကို မြင်သမျှ လူတိုင်းက “ ဘာလို့ အဖိုးတန်ပစ္စည်းတွေ မသယ်ဘဲ စာအုပ်တွေမှ သယ်ရသလဲလို့ တဗျစ်တောက်တောက် ” တချို့က တစ်အုပ်တလေ လှန်လှောကြည့်ပြီး တစ်အုပ်တလေကို ခါးကြား ထိုးသွားကြသည် ။

ဤသို့ဖြင့် ကံကောင်းထောက်မစွာ ကျွန်တော့်အိမ် မီးဘေးမှ ကပ်လွတ်သွားသည် ။ မီးတွေငြိမ်း ။ သယ်ထုတ်ထားသော ပစ္စည်းတွေ နေရာတကျ ပြန်ထားဖို့ စီစဉ်ကြတော့ အိမ်သားတွေဆီက အသံတွေ ထွက်လာ၏ ။ ဇနီးသည်က အစ ပြောလာသည် ။ “ သည်စာအုပ်တွေ ပြန်မသွင်းဘဲ ရောင်းစားပစ်ဖို့ ”  လေသံက တစ်သံတည်း ဖြစ်သည် ။ သို့သော် ကျွန်တော်သည် အများဆန္ဒနှင့် ဆန့်ကျင်ပြီး အိမ်အပေါ်ထပ်မှာပင် ကျွန်တော့် ပစ္စည်းတွေ နေရာပြန်ချတော့၏ ။ ထိုအခါ အနှစ်နှစ် အလလ မရှင်းလင်းခဲ့ရသော အိမ်အပေါ်ထပ်သည် မဖြစ်မနေ ရှင်းလင်းခြင်းအဖြစ်သို့ ရောက်ရလေတော့သည် ။ သည်အခါ တက်ရတော့ ခြေရာတွေ မထင် ။

ကြာတော့လည်း မထူးပါဘူး ။ အိမ်ပေါ်တက်တော့ အခါတိုင်းလိုပဲ လှေကားရောက်ကတည်းက ခြေရာ ထင်လာသည် ။ အခါတိုင်းလိုပဲ စာအုပ်တွေ ပွစာကြဲလာသည် ။ အခါတိုင်းလိုပဲ ပတ္တလားအိမ်ထဲ ၊ ခုတင်ပေါ် စာအုပ်တွေ ပြန့်ကြဲ ။ ပန်းချီကားတွေလည်း ပြန့်ကြဲ ။ အဖေနှင့်အမေ ဓာတ်ပုံတွေလည်း ဖုန်နှင့်မည်းသည်း ။

ဒါပေမဲ့ အခါတိုင်းလို မဟုတ်သော အလုပ်တစ်ခုက ပိုလာသည် ။ အိမ်အပေါ်ထပ်တစ်လျှောက် ခိုချေးတွေ ပွစာတက်နေခြင်းဖြစ်သည် ။ ရပ်ကွက်လေးက အိမ်တွေတော်တော်များများ မီးဘေးသင့်ကုန်တော့ ခိုကိုးရာမဲ့ ခိုမိသားစုက အိမ်ပေါ်ထပ်ရောက်လာကြ၏ ။ အပေါ်ထပ်က မျက်နှာကြက်တွေကြားမှာ အိမ်ဖွဲ့ ကြသည် ။ အသိုက်ဆောက်ကြသည် ။ ချေးတွေ ၊ သေးတွေပါကြသည် ။ သူတို့ အညစ်အကြေးတွေက မျက်နှာကြက်ပေါ် ၊ ကြမ်းပြင်ပေါ် ၊ စာအုပ်တွေပေါ်အနှံ့ ... ။

အခုတော့ အိမ်ပေါ် စာအုပ်တက်ရှာတိုင်း ခိုချေးသန့်ရှင်းသည့် အလုပ်က ပိုလာ၏ ။ ကြမ်းပြင်ပေါ် ရှင်းရတာ ကိစ္စမရှိ ။ မျက်နှာကြက်ပေါ်က ဘယ်လိုမှ တက်မရှင်းနိုင် ။ ကြာတော့ မျက်နှာကြက်သည် ခိုတွေကြောင့် ကွာသည့်အထပ်သားက ကွာ ၊ ဟသည့်အထပ်သားက ဟ နေရာအတော်များများ ပျက်လုလု ။ ခိုမိသားစုက ခိုသားသမီးတွေ အိမ်ထောင်ခွဲကြတော့လည်း သည်မျက်နှာကြက်မှာမို့ ခိုဦးရေက တိုးပွားမှုပဲရှိသည် ။ မလျော့ ... ။ ကျွန်တော့်မှာ အပေါ်ထပ် စာအုပ်ရှာ ရုံမက မျက်နှာကြက် မော့ကြည့်ရသည့် အလုပ်က ပိုလို့ ။ မတတ်နိုင် ... ။

အခု ရက်ပိုင်း အိမ်ပြင်ဖို့ အခြေအနေ ဖြစ်လာ၏ ။ အဖေ့ လက်ထက်ကတည်းက ဆောက်ခဲ့သော ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးကို ပျဉ်တွေ ခွာပြီး အုတ်စီနံကပ်ဖို့ ဖြစ်သည် ။ အဖေ ကိုယ်တိုင် မုံရွာအလုံ ထိသွားပြီး “ ထုကပ် ” အမိုးတွေလည်း သွပ်မိုး နှင့် လဲရမည် ။ ရာသီဥတုနှင့် မျှတသော သင့်တင့်သော မြန်မာ့သစ်တောပစ္စည်းတွေ ပေမယ့် ခေတ်နှင့် မလျော်ညီရင်ဖြင့် ဖယ်ရုံပေါ့ ။

အိမ်သားတွေက သွပ်မိုးကိစ္စ ၊ နံကပ်ကိစ္စ လုံးပန်းနေဆဲ ကျွန်တော်က လက်သမားဆရာထံ “ ခိုအိမ် ” လေးတစ်လုံး အမြန်ဆောက်ပေးဖို့ ပူဆာနေမိသည် ။ ဇနီးသည်က “ ခိုအိမ် ” လေးအတွက် လုံးပန်းနေသော ကျွန်တော့် အနား လာပြီး ... ။

“ ကိုကို .. ကိုကို့ခိုအိမ်က အရေးတကြီး ဘာလုပ်မလို့လဲလို့ အစ်မကြီးက မေးနေတယ် ” ဟု တိုးတိုး လာမေး၏ ။

ကျွန်တော်က “ မျက်နှာကြက် ပြင်မလို့ကွ ” ဟု ပြန်ဖြေမိသည် ။

ဇနီးသည် မျက်လုံးအဝိုင်းသားနှင့် ဆိုသည် ။

“ ဘယ်လို ... ဘယ်လို မျက်နှာကြက် ပြင်မှာနဲ့ ခိုအိမ်နဲ့ ဘာဆိုင်လို့လဲလို့ ”

“ အိမ်အပေါ်ထပ်မှာ ခိုတွေ ရှိနေတယ် ခင်မမရဲ့ ”

“ မျက်နှာကြက် ပြင်လိုက်ရင် ခိုတွေ လာမှာ မဟုတ်ဘူးလေ ”

“ ဟုတ်တယ်လေ ။ မျက်နှာကြက် ပြင်လိုက်ရင် ခိုတွေ နေလို့ မရမှာမို့ ခိုအိမ်လေး ဆောက်တာပေါ့ ”

“ တိရစ္ဆာန်ပဲ ကိုကိုရယ် ”

“ ဘာ တိရစ္ဆာန်ပေမယ့် သူတို့ခမျာ နေစရာထိုင်စရာ မီးလောင်ကုန်လို့ ရှိတဲ့ နေရာလေး ကုတ်ကတ် နေရရှာတာကွာ ။ တို့ကပါ သူတို့ကို မောင်းထုတ်လိုက်ရင် ဘယ်သွား နေကြမလဲ ။ နေစရာ မရှိတော့ သူတို့လည်း လူရမ်းကားတွေရဲ့ လောက်စာလုံးနဲ့ ပိုနီးသွားမှာပေါ့ ။ ဒါ့ကြောင့် သူတို့အတွက် ခိုအိမ်လေးတစ်လုံး အရင် ဆောက်ပေးမယ် ။ ခိုအိမ်လေးမှာ သူတို့ကို ပြောင်းပေးမယ် ။ ပြောင်းပေးပြီး နေရာတကျဖြစ်မှ မျက်နှာကြက် ပြင်မှာပေါ့ ခင်မမရယ် ”

ခင်မမ သက်ပြင်းတစ်ချက် ဟင်းခနဲ ချသည် ။

ကျွန်တော်က ခင်မမကို တိုးတိုးလေးပြောပြလိုက်သေးသည် ။

“ ကိုယ်ချင်းစာမှပေါ့ ခင်မမရယ် ”

မြို့သစ်က လာ၍ အလုပ်ဆင်းရသော လက်သမားဆရာလေးက -

“ ဟုတ်တယ် ဆရာရေ ။ ကျွန်တော်လည်း ကိုယ်ချင်းစာပြီး ခိုအိမ်လေးကို ဒီနေ့အပြီး လုပ်ပေးမယ် သိလား ”  ဟု လှမ်းအော်လိုက်သည် ။

အိမ်တံစက်မြိတ် ကြားမှ ခိုလေးတွေ ဂူးဂူးသံပေး၏ ။

▢  ဆူးငှက်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇူလိုင်လ ၊ ၁၉၉၅ ခုနှစ်

Tuesday, September 2, 2025

ဆီသည်မ လက်သုတ်ပဝါ ဝတ္ထု


 ❝ ဆီသည်မ လက်သုတ်ပဝါ ဝတ္ထု ❞ 

            ( ဆူးငှက် )


ဝင်းထိပ် သစ်ချိုပင်ကြီးအောက် ကစားနေရာမှ သတိရ၍ အိမ်ပြန်ပြေးလာချိန်တွင် မေမေသည် အိမ်ရှေ့ကွပ်ပျစ်လေးပေါ် ရောက်နှင့်နေပြီ ။ ဆီရောင်ဖြင့် ဝင်းနေသော ကပ္ပီတန်စီးကရက်သံ ဘူးလေးထဲက ပိုက်ဆံတွေ ထုတ်နေသော မေမေသည် ကြောင်အိမ်ထဲက သံပန်းကန်ပြားကို ကမန်းကတန်း ယူပြီး ထမင်းအိုး ဖွင့်နေသော ကျွန်တော့်အား -


“ ခွေးကလေး ... ၊ အကစားမက်နေ ၊ သွား ... ဆီဗျပ်ထဲမှာ နင့်ဖို့ အကြော်ဝယ်လာတယ် ”


ဟု လှမ်းပြောလိုက်သည် ။


တစ်မနက်ခင်းလုံး ပိဿာချိန် တစ်ဆယ်နီးပါးရှိသော ဆီများကို ဆီဗျပ်ထဲက ပုံစံကျ သံဖြူပုံးတွေမှာ ထည့်ပြီး တစ်ရပ်ဝင် ၊ တစ်ရပ်ထွက် လှည့်လည် ရောင်းချရသောကြောင့် ငွေရောင်သန်းစ ပြုနေသည့် မေမေ့ဆံပင်တို့သည် ပိပြားနေသည် ။ နဖူးပေါ် ဝဲကျနေသော ဆံပင် တစ်စနှစ်စ ကြားက ချွေးသီးတို့သည် မကြာမီ မျက်နှာ တစ်လျှောက် စမ်းချောင်းကလေးတွေလို စီးလာတော့မည် ။ “ သွားလေ အကြော် သွားယူချည် ” ဟု ပြောပြီး ဆယ်တန်ကလေးတွေ ၊ ငါးကျပ်တန် ၊ ကျပ်တန်လေးတွေ ကို စီကာ ထပ်နေသည်  ။ ကျွန်တော်က ဆီဗျပ်ထဲက အကြော်လေးတွေ နှိုက်ယူကာ ထမင်းပန်းကန်ထဲ ထည့်ပြီး အမေ့နားမှာ ထိုင်လိုက်၏ ။ ခရမ်းချဉ်သီးနီရဲရဲနှင့် ဆီပြန် ချက်ထားသော ဘဲဥချက်အနှစ်တို့ကို ထမင်းနှင့် ရောနယ်လိုက်သည် ။


အမေကမူ စီပြီးသော ပိုက်ဆံများထဲမှ ငါးကျပ်တန်တစ်ရွက် ၊ နှစ်ရွက်နှင့် ကျပ်တန်အနွမ်းလေးတွေကို ဖယ်လိုက်ပြီး ကျန်သော ဆယ်တန်တချို့နှင့် ငါးကျပ်တန်တချို့ကို လိပ်ကာ စောစောက ဆီရောင်ဝင်းနေသော ကပ္ပီတန် စီးကရက်ဘူးလေးထဲ ပြန်ထည့်လိုက်၏ ။ 


“ ကဲ ... ဒါအရင်းပဲ ။ ရောင်းရတာလည်း မကောင်းဘူး ။ ကြွေးကျတာလည်း များ တယ် ” ဟု ပြောပြီး ခေါင်းရင်းမှ အဖေ့ပုဆိုးဟောင်း တစ်ထည်ကို ယူကာ မျက်နှာ ၊ လည်ပင်းနှင့် ကုပ်ပိုးတစ်လျှောက်က ချွေးသီးချွေးပေါက်များကို သုတ်လိုက်သည် ။


သည် မြင်ကွင်းနှင့် သည် အသံကို နေ့စဉ် ကြားနေရသော ကျွန်တော့်မှာ မူ မနက်လင်းကတည်းက ဆီဗျပ်ကြီး ရွက်ကာ ဈေးရောင်း ထွက်သွားရပြီး အခုလို မွန်းတည့် နေပူချိန်မှ ချွေးဒီးဒီးကျ ကာ ပြန်လာသော မေမေ့ အား သနားမိသည် ။ စီးကရက်ဘူးလေးထဲက အရင်းငွေတွေ နုတ်လိုက်တော့ ကျန်တဲ့ အမြတ်ဟာ ငါးကျပ်တန်လေး နှစ်ရွက်နဲ့ ကျပ်တန်လေးတွေပဲလား အမေရယ် ။ ပင် ပန်းလိုက်တာ မေမေ ။


မေမေက ချွေးနစ်နေသော အပေါ်အင်္ကျီ အဖြူပါးပါးလေးကို ချွတ်လိုက်သည် ။ ထို့နောက် ရင်ရှားပြီးမှ ချွေးခံအင်္ကျီကို ချွတ်ကာ ကွပ်ပျစ် ခေါင်းရင်းက တိုင်မှာ ချိတ်သည် ။ အရိုးရှည် ယပ်တောင်ကို ယူ၍ အနားက သစ်သားတုံး လေးကို ဆွဲကာ ခေါင်းခု၍ လှဲအိပ်ရင်း တဘုန်းဘုန်း ယပ်ခတ်နေ၏ ။ မေမေ့ မျက်လုံးများ မှိတ်ထားသည် ။ သို့သော် အိပ်ပျော်ပုံမရ ။ ကျွန်တော်က ထမင်းစား လက်စပင် -


“ မေမေရယ် ... မြတ်လည်း မမြတ်ဘဲနဲ့ ဗျာ ။ ပင်ပန်းလှပါတယ် ။ ဆီမရောင်းပါနဲ့ တော့ ”


ဟု ပြောလိုက်သည် ။ မှိ တ်ထား သော မေမေ့မျက်လုံး ပွင့်လာသည် ။ 


“ ခွေးကလေး ၊ ဒီဆီရောင်းရလို့ နင်တို့ စားနေရတာ မဟုတ်လား ၊ နင့်အစ်မ ကျောင်းနေရတာ မဟုတ်လား ။ နင်တို့ ငါ့ခေါင်း အပူခံပြီး ဒီလို နေနိုင်တာ အရပ်တကာ လည်ရောင်းလာရတဲ့ ဒီဆီဗျပ် ကျေးဇူးဟဲ့ ”


လို့ မေမေက ပြောတော့ -


“ မေမေက မမြတ်ဘူးလို့ချည်း ပြောနေတာကိုးဗျ ”


ဟု အတွန့်တက်မိသည် ။ ထိုအခါ မေမေသည် အိပ်ရာမှ ထကာ ကျွန်တော့်ခေါင်းကို လက်သီးဆုပ်ဖွဖွလေး ဖြင့်ထုရင်း -


“ ဒါကတော့ ... ပြောနေကျမို့ပေါ့ဟဲ့ ၊ အရပ်ထဲမှာ ကျန်ခဲ့တဲ့ ကြွေးတွေရယ် ၊ ဟိုဆီပုံးထဲ ကျန်တဲ့ ဆီတွေရယ်က ပိုက်ဆံတွေ ထပ်ရဦးမှာပေါ့ ။ ပြီးတော့ အိမ်မှာလည်း အခု နင်စားနေတဲ့ ဘဲဥတောင် ဆီပေါလောနဲ့ ချက်နိုင်နေတာ မဟုတ်လား ”


ဟု ပြောပြီး ပြုံးပြုံးကြီး လုပ်နေမှ ကျွန်တော်လည်း ထမင်းပန်းကန်ပြားကြီး တစ်ဖက်နှင့် အမေ့ရင်ခွင်ထဲ ခေါင်းဖြင့် တိုးဝင်ခွေ့လိုက်ရတော့သည် ။


••••• ••••• ••••• 


ကိုးတန်းကျောင်းသူ မမ နာရီပူဆာသည် ။ ဘေးအိမ်က မမစန်းကြည်တို့ သုံးရာတန် နာရီ အသစ်လေးတွေ ဝယ်လာသောကြောင့် ဖြစ်သည် ။ သူတို့က ဈေးချိုထဲမှာ ဈေးရောင်း အငှားလိုက်သည် ။ မမ နာရီ ပူဆာတော့ ကျွန်တော်က စိတ်မကောင်း ဖြစ်နေရသည် ။ မေမေ ညည်းညူနေတာ နေ့စဉ် ကြားနေရသူအဖို့ သုံးရာ ဆိုသော ငွေကို ဘယ်မှာ ရှာရမလဲဆိုတာ တွေးမိ၍ ဖြစ်သည် ။ ထိုရက်မှာပင် ရွှေဘိုမှ ဦးလေးတစ်ယောက် ရောက်လာ၏ ။ ပန်းထိမ်ဆရာ ဦးလေးကို ဖေဖေက မမ အတွက် သုံးရာတန် နာရီတစ်လုံးလောက် ဝယ်ပေးချင်ကြောင်းပြောတော့ ဦးလေးက “ ဟာဗျာ အစ်ကိုက လည်း သုံးရာတန် ပတ်တယ်ဆိုတာ ပိုက်ဆံပေါတဲ့ သူမှ ဗျ ၊ ခဏလေးနဲ့ ပျက်ပြီး နောက်တစ်လုံး အသစ်ထပ် ဝယ်ရမှာ I မဝယ်မဖြစ်ရင် တစ်ခါတည်း အကောင်းဝယ်ထား ၊ ဒါမှ ကြာရှည်သုံးရမှာ ”


ဟု ပြန်ပြောသည် ။ ခဏနေတော့ ဖေဖေ နှင့် ဦးလေး အိမ်ထဲ ဝင်ပြီး တိုးတိုးတိုးတိုး ပြောနေကြသည် ။ မမ ကျောင်းက ပြန်လာတော့ ဦးလေး စက်ဘီးနောက်မှာ ထိုင်ပြီး ဈေးချိုသို့ ထွက်သွားကြသည် ။ ပြန်လာချိန်တွင် မူ မမလက်၌ နာရီအသစ်ကလေး တစ်လုံး ပတ်လာသည် ။ တစ်တိုနီ အမျိုး အစားဖြစ်ပြီး ခုနစ်ရာ့အစိတ် ပေးရသည် ဟု ဦးလေးက ပြောသည် ။ ထို့ အပြင် ပြေစာစာရွက်လေး တစ်ရွက် နှင့် ပိုက်ဆံတချို့ကိုလည်း ဦးလေးက အဖေ့ကို ပေးလိုက်သေးသည် ။ 


“ အစ်ကိုရေ ... အစိတ်တောင် ပိုသေးတယ် ”


ဟုလည်း ဦးလေးက ပြောသေးတော့ ကျွန်တော့်မှာမူ နားလည်ရခက်သေးတော့သည် ။ ထို့ကြောင့် ကျွန်တော်လည်း ထီးတစ်လက် ဝယ်ဖြစ်ခြင်းဖြစ်ပါသည် ။


ထိုစဉ်က ကျွန်တော်သည် ရှစ်တန်းသာ ရှိသေးသော်လည်း လူပျိုပေါက် စိတ်ကလေးက ဝင်နေပေပြီ ။ ဟိုအရှေ့ဘက် ဝင်းထဲရှိ ဖေဖေ အလုပ်လုပ် သော ဆီစက်ပိုင်ရှင်သားက တက္ကသိုလ် ကျောင်းသားတစ်ယောက် ဖြစ်သည် ။ တစ်နေ့ သူ ကျောင်းကပြန်လာသည်ကို ကျွန်တော်နှင့် လမ်းမှာ မျက်နှာချင်းဆိုင် တွေ့လိုက်ရသည် ။ တကယ်တော့ ထိုသူမှာ တက္ကသိုလ်ကျောင်းသို့ ကိုယ်ပိုင်ကားနှင့် ကျောင်းတက်သူ ဖြစ်သည် ။ သည်နေ့မှ သူ့ကား ဘာဖြစ်သလဲမသိ ။ ဘတ်စ်ကားနှင့် ကျောင်းတက်ပြီး ပြန်လာပုံရသောကြောင့် ကျွန်တော်နှင့် တွေ့ဖြစ်ခြင်းဖြစ်သည် ။ ကိုင်းတန်းဈေး အနီးမှာ တွေ့လိုက်ချိန် မနက်ကတည်းက စွေနေသော မိုးကြောင့် အေးစိမ့်စိမ့် ရာသီဥတုမှာ သူသည် ဂျင်းဂျာကင်ကို ဝတ်ထားသည် ။ အတွင်းက စပို့ရှပ်ကလေးက အသားရောင်ကလေး ဖြစ်သည် ။ လုံချည်က အဖြူပေါ်အညိုရောင် အကွက်စိပ် ခရုလုံချည် ဖြစ်သည် ။ ပြီးတော့ အသားရောင် အကွက်ကျဲ တက်ထရစ်စနှင့် ချုပ်ထား သည့် နံပြားဦးထုပ်လေး ဆောင်းထားသည် ။ လက်တစ်ဖက်က စာအုပ် သုံးလေးအုပ် ကိုင်ထားသည် ။ ( ကျောင်းစာအုပ်များ ဖြစ်သည် ) လက်တစ်ဖက်ကမူ လက်ကိုင်ရိုးအကောက် နှင့် ခေါက်ထီးတစ်လက်ကို ကိုင်ထား၏ ။


ကျွန်တော့်မှာမူ သူ့ကို မြင်ပြီး ကတည်းက နံပြားဦးထုပ်နှင့် ခေါက်ထီးကိုပဲ သဘောကျနေ တော့သည် ။ ထို့ကြောင့် တစ်အိမ်ကျော် စက်ချုပ်ဆိုင်မှ တက်ထရစ် အစဖြတ်တစ်စ ( အနံပြည့် တစ်ထွာခန့်ရှိမည်ထင်သည် ) ကို တောင်းတောင်းပန်ပန်နှင့် ဝယ်ပြီး ( ၂၈ ) လမ်းရှိ “ ဟက်ပီးဘရား သား ” ဦးထုပ်ချုပ်ဆိုင်တွင် နံပြားဦးထုပ် တစ်လုံး ချုပ်ခိုင်းလိုက်၏ ။ ခေါက်ထီး ကိုမူ အိမ်ကို ဝယ်ပေးရန် ပူဆာမိသည် ။ မေမေ ဈေးရောင်း ပြန်လာတိုင်း ညည်းညူသည် ကို ကြားနေပါလျက်နှင့် စက်ပိုင်သားပုံစံက မျက်စိက မထွက်ဘဲ ဖြစ်နေသည် ။ မေမေကမူ သူ ဆောင်းသော နီကယ်ရောင်လက်ကိုင် နှင့် ကြက်ဆင်တံဆိပ် မိန်းမဆောင်း ထီးကို ယူဆောင်းဖို့ ပြောသေးသည် ။ 


သို့သော် လက်ကိုင်ကောက်နှင့် ခေါင်ထီးကိုပဲ စွဲလမ်းနေသည် ။ တစ်ရက်တွင် ကျောင်းသွားမည့် အချိန်လောက်မှာပဲ မိုးဖွဲဖွဲလေး ရွာလာသည် ။ ကျွန်တော်သည် တစ်စုံတစ်ရာ ဆောင်းစရာမယူဘဲ ကျောင်းသို့ထွက်သွားသည် ။


“ ဟဲ့ ... ထီး ယူသွားဦးလေ ၊ မိုးရွာထဲ အဆောင်းမပါ ဘာမပါနဲ့ ”


ဟု မေမေက လှမ်းပြောတော့ - 


“ မေမေထီးက ခေါက်ထီးမှ မဟုတ်ဘဲနဲ့ ဗျ ”


ဟု ပြန်ပြောမိသည်  ။ ( ထိုနေ့က ဘာကြောင့်မှန်းတော့ မမှတ်မိ ၊ မေမေ ဈေးရောင်းမထွက်ဖြစ်တာ သေချာသည် ။ ) 


ထိုအခါ မေမေသည် သူ့ကြက်ဆင်ထီးကလေး ယူပြီး ကျွန်တော့် လက်ဆွဲကာ ဈေးချိုသို့ ခေါ်သွားလေသည်  ။


••••• ••••• ••••• 


တောင်ဘက်တိုက်တန်းက ဆိုင်တစ်ဆိုင်မှာ ခေါက်ထီးတစ်လက် ဝင်ဝယ်သည် ။ ထီးဖိုးပိုက်ဆံချေတော့ မေမေ က သူ့အင်္ကျီချွေးခံ အောက်အိတ်ထဲက ပလတ်စတစ် အထုပ်လေးကို ယူလိုက်သည်  ။ အထပ်ထပ် ခေါက်ထား၍ ကြေမွနေသော ပလတ်စတစ်ကို ဖြေလိုက်သောအခါ ဆယ်တန် အထပ်ကလေးများ ထွက်လာသည် ။


ထို့နောက် တစ်ရွက်ချင်း ရေပြီး ကျွန်တော့်လက်ထဲ ထည့်လိုက်သည် အားလုံး ဆယ့်နှစ် ရွက်တိတိ ဖြစ်၏ ။ ထိုအခါကျမှ ကျွန်တော် သတိထားမိသည်  ။ ဆယ်တန်လေးများသည် ဆီပေနေသော အမေ့လက်ဖြင့် မကြာခဏထုတ်ကာ ရေတွက်ထားသည် မို့ စေးကပ်ကပ်လေး ဖြစ်နေသည် ။ ဆီနံ့ကလေးကလည်း သင်းနေသည် ။ မှတ်မိသည်မှာ အမေ၏ ကပ္ပီတန်သံဘူးလေး ဖွင့်လိုက် သောအခါ ရသော အနံ့ကလေး ဖြစ်သည် ။ ကျွန်တော့်မှာမူ ဒီအခါကျမှ ဆယ်တန်ကလေးများကို ဆိုင်ရှင်၏ လက်ထဲထည့်လိုက်ရမှာ နှမြောနေတော့သည်  ။ ထဘီရင်ရှားနှင့် အိမ်ရှေ့ ကွပ်ပျစ်မှာ အိပ်ရင်း ယပ်တဘုန်းဘုန်း ခတ်နေသော မေမေ၏ ဈေးရောင်းပြန် မြင်ကွင်းလေးကိုပဲ မြင်ယောင်နေ မိသည် ။ ဒါပေမဲ့ လက်ထဲမှာ ခေါက်ထီးကလေး ရောက်နေပြီ ။


“ ဟဲ့သား ဘာငေးနေတာလဲ ၊ စေ့တယ် မဟုတ်လား ။ ပေးလိုက်လေ ”


ဟု မေမေက ပြောမှ လက်ထဲက ဆယ်တန်လေးတွေကို ဆိုင်ရှင်လက်ထဲ ထည့်လိုက်ရတော့သည် ။


“ ကဲ ... အဲဒီ ထီးဆောင်းပြီး တစ်ခါတည်း ကျောင်းသွားတော့ ... ” ဟု ပြောကာ နီကယ်ရောင် လက်ကိုင်လေးနှင့် မိန်းမဆောင်း ကြက်ဆင်ထီး ခပ်နွမ်းနွမ်းလေး ချိုင်းကြားညှပ်ပြီး တိုက်တန်းတစ်လျှောက်သို့ ထွက်သွားသော မေမေ ကို ( ၂၈ ) လမ်းဘက် မဆင်းမချင်း ခေါက်ထီးအသစ်ကလေး ကိုင်ထားရင်း ကျွန်တော် ငေးကြည့်နေမိသည် ။


ထိုရက်များက မမ ကိုလည်း ခုနစ်ရာကျော် နာရီ ၊ ကျွန်တော့်ကိုလည်း ငွေတစ်ရာကျော်တန် ခေါက်ထီးဝယ်ပေးသောကြောင့် “ ကြွေးကျတယ် ၊ ဈေးရောင်းမကောင်းဘူး ” ဟု ညည်းနေကျ မေမေ့အား နားမလည်သလို ဖြစ်မိသည် ။ ထိုဝယ်ပေးသော ငွေများသည် ကပ္ပီတန် စီးကရက်ဘူလေးထဲက ဟုတ်ချင်မှ ဟုတ်မည်ဟုလည်း တွေးနေမိသည် ။ အဘယ်ကြောင့်ဆိုသော် မနှစ်က သင်္ကြန်တွင်းတွင် ဖေဖေ ခိုင်းသောကြောင့် အရှေ့ဘက် ဝင်းထဲက ဆီစက်ပိုင်ကြီးကို သွား၍ ကန်တော့သောအခါ ဆီစက်ပိုင်သမီး မမ က စားပွဲကြီးဘေးရှိ မီးခံသေတ္တာကြီးကို ဖွင့်ပြီး ဖေဖေ့အတွက် လုပ်ခများနှင့် ကျွန်တော့်အတွက် မုန့်ဖိုးပေးတော့ ပိုက်ဆံအထပ်လိုက်ကြီး မြင်ဖူးသည် ။ ထိုအခါ ကျွန်တော့်အတွေးတွင် ဆီစက်ပိုင်ကြီးလည်း ဆီစက်ပိုင် အလျောက် မီးခံသေတ္တာထဲမှာ ငွေများ အထပ်လိုက် ရှိသလို ကျွန်တော်တို့ အိမ်တွင်လည်း ခေါင်းရွက်ဗျပ်ထိုး ဆီသည် အလျောက် ဖေဖေ၏ အမြဲ သော့ခတ် ထားသော သံသေတ္တာထဲတွင် စုထားသော ငွေများ ရှိမည် ။ ဆီစက်ပိုင်တွင် သိန်းချီ၍ ငွေများ စုထားသလို ခေါင်းရွက်ဗျပ်ထိုး ဆီသည် မေမေ့မှာ လည်း ထောင်ဂဏန်းမျှ ရှိလိမ့်မည်ဟူ၍ ထိုအချိန်က စတင်သင်ကြားနေသည့် သင်္ချာစာအုပ်ထဲမှ သုံးချက်ညီ သင်္ချာနည်းဖြင့် တွေးခေါ်ကြည့်မိနေသည ။ 


ထို့ကြောင့်လည်း မကြာမီ ရက်အတွင်းတွင် ဆီစက်ပိုင်တိုက်ကြီး၏ အလုပ်စားပွဲပေါ်မှ ကြွေးစာရင်းစာအုပ် ထဲတွင် ဖေဖေ့နာမည်ဖြင့် ငွေနှစ်ရာ့ငါးဆယ်တိတိ မှတ်သားခံလိုက်ရလေတော့သည ။


••••• ••••• ••••• 


ကျွန်တော့်လို ခုနစ်တန်းလောက် ကတည်းက မျက်မှန်တပ်ရသူ တစ်ယောက်အဖို့ မျက်မှန်ကိုင်းများ နှင့် ပတ်သက်၍ စိတ်ဝင်စားမိသည် ။ ထိုနေ့ကလည်း သူငယ်ချင်းနှင့် သူ့အဖေဆိုင်သို့ ဆတ်ဆော့ကာ ထမင်းပို့ လိုက်သွားဖြစ်ခြင်းက ပြဿနာ၏ အစဖြစ်သည်  ။ သူ့အဖေသည် ( ၈၃ ) လမ်း ၊ စစ်ကိုင်းတန်းရှိ ဆိုင်ခန်းတစ်ခန်းမှာ မျက်မှန် ရောင်းသည် ။ ထိုဆိုင်တွင် မျက်မှန်ကိုင်း ပုံဆန်း အမျိုးမျိုးတွေ့ရသည် ။ ကျွန်တော် အမျိုးအမည် မဖတ်တတ်သည့် အီတလီနိုင်ငံထုတ် ကော်ကိုင်းမျက်မှန်လေးကို ကျွန်တော် တော်တော် မျက်စိကျနေ၏ ။ ကျွဲကော်ကိုင်း ထူထူ ပုံရိုးရိုးကြီးနှင့် စခန်းသွား နေသော ကျွန်တော်သည် ထိုမျက်မှန်ကိုင်းလေးကို လက်က မချချင်တော့ ။ တပ်ပြီး မှန်ထဲ ကြည့်တော့ ကျွန်တော့် အတွက် စိတ်ကြိုက်လုပ်ထားသလို ဖြစ်နေသည် ။ ကျွဲကော်ကိုင်းကြီးကို အစားထိုးချင်ပြီ ။ တဆဆ တသသ ဖြစ်နေသော ကျွန်တော့် အမူအရာကို ကြည့်၍ သူငယ်ချင်းအဖေ က -


“ မင်းနဲ့ လိုက်တယ် ၊ ဒီကိုင်းတွေ ဝင်လာတာ မကြာသေးဘူးကွ ၊ ကြိုက်ရင် ယူလေ ၊ ငါ ထုတ်ဈေးအတိုင်း ပေးမယ် ”


ပြောတော့ ဈေးနှုန်းမေးမိသည် ။ 


“ နှစ်ရာ့အစိတ် ”


ဟု ပြန်အဖြေတွင် အဖေ့သံသေတ္တာကြီးကို မြင်ယောင်လာ၏ ။ ထိုသံသေတ္တာကြီးကို အမြဲ သော့ခတ်ထားသည် ။ သေတ္တာထဲမှာ ပိုက်ဆံတွေ အပြည့်မဟုတ်တောင် ဖေဖေ့ ဘန်ကောက် ပုဆိုးတွေအောက်မှာ ပိုက်ဆံ အထပ်တွေ ရှိနိုင်သည် ။ ဆီစက်ပိုင်၏ မီးခံသေတ္တာထဲတွင်ပင် ငွေများ ပြည့်ရှိသည် မဟုတ်ပါလား ။ ဖေဖေ့ သံသေတ္တာထဲတွင်လည်း ပိုက်ဆံတစ်ထပ် မရှိနိုင်ဟု ဘယ်သူ ပြောမလဲ ။ အမြဲတမ်း သော့ခတ်ထားခြင်းက ကျွန်တော့်အတွေးကို သေချာစေသည် ။ မီးခိုးရောင် နုနုလေးထဲ မီးခိုးရင့်နှင့် အနက်ပြောက် ၊ အနက်စင်းလေးတွေပြေးနေသည့် ကော်ကိုင်းမျက်မှန်လေးကိုမူ လက်က မချချင်တော့ ။


ထို့ကြောင့် -


“ ယူမယ်ဗျာ ၊ ဒါပေမဲ့ ဒီနေ့ ပိုက်ဆံမပါသေးဘူး ၊ နက်ဖြန်မှ ပိုက်ဆံယူခဲ့မယ် ၊ ဖြစ်တယ် မဟုတ်လား ”


ဟု မေးမိသည် ။ သူငယ်ချင်း အဖေသည် ကျွန်တော့် ကျောကို ပုတ်ပြီး - 


“ အမယ်လေး ၊ ငါ့တူရာ ... ယူသွားပါ ၊ နက်ဖြန် လာပေးပေါ့ ၊ ဒီပစ္စည်းက ရှားတော့ ဒီနေ့မှ မင်း ယူမသွားရင် နက်ဖြန်အတွက် စိတ်မချရဘူး မောင် ”


ဟု ပြော၍ တစ်ခါတည်း ယူခဲ့သည်  ။


အိမ်သို့ ရောက်သောအခါ မေမေ ဆီရောင်းအပြန်တွင် ကျွန်တော်က ထမင်းစားနေရင်း မျက်မှန် အကြွေးယူလာကြောင်း ပြောပြလိုက်သည် ။ မေမေသည် ဖေဖေ့ သံသေတ္တာကြီးမှ ခတ်ထားသောသော့ကို ဖွင့်ကာ ပိုက်ဆံအထပ်ထဲက ငွေနှစ်ရာ့အစိတ် ထုတ်ပေးမည်ဟု ထင်သော်လည်း တကယ်တော့ မေမေ ရင်ဘတ်စည်တီးသည် ။


“ အမယ်လေး ...လေး ၊ ဘယ်က ပိုက်ဆံရှိလို့ မျက်မှန်ဖိုး ပေးနိုင်မှာတုံး ၊ မေးမေးစမ်းစမ်းလည်း လုပ်ဦးမှပေါ့ တော် ၊ နှစ်ရာ့စိတ်က ဘယ်ကရမှာ မို့တုံးဟဲ့ ” 


ဟု အော်တော့ -


“ အမေတို့ စုထားတာ မရှိဘူးလား ” 


ဟု ပြန်အမေးတွင် -


“ အမယ်လေး ရတာနဲ့ စားလောက်ရဲ့လား မေးပါဦး ၊ ဘယ်မှာ စုနိုင်ပါ့မလဲ ”


လို့ မြည်တွန်တောက်တီးပြီး ဖေဖေ လည်း အလုပ်က ပြန်လာရော ဆီးတည့်ပြီး -


“ ကဲ ... အဖေကြီးရေ ၊ ဒီနေ့ ယူတဲ့ ဆီ အချိန်တစ်ဆယ်ဖိုး အကြွေး မှတ်ပါဦးလို့ တော့် စက်ပိုင် ပြောချေဦး ၊ ဟောဒီမှာ သားတော်မောင်က မျက်မှန် အကြွေး ဝယ်လာတယ်တဲ့ နှစ်ရာ့အစိတ်တဲ့ တော် ၊ နှစ်ရာ့အစိတ်တဲ့  ”


လို့ လည်း ပြောလိုက်ရာ ဖေဖေသည် အံ့အားသင့်သော မျက်နှာဖြင့် ကျွန် တော့်ကို စိုက်ကြည့်ပြီး တောက်တစ်ချက် ခေါက်လိုက်သည် ။ စကားနည်း သူမို့ ဖေဖေ့အကြည့်နှင့် တောက်ခေါက်သံသည် ဆဲဆိုသံပေါင်း များစွာထက် နာစရာကောင်းသည် ။ ကျွန်တော့်မှာမူ စားလက်စ ထမင်းကို လက်စသတ်ပြီး ပန်းကန်ဆေး ၊ လက်ဆေးလိုက်ရသည် ။ လက်သုတ်ပဝါ ရှာတော့ လက်နှီးစုတ် ညစ်ပတ်ပတ်တွေပဲ တွေ့ရသည် ။ ထိုအခါ မေမေ့ ဆီဗျပ်ကလေးထဲ သွားကြည့်တော့ ဝင်းဝါနေသော လိပ်ခွံလေး ထိုးစိုက်ထားသည့် သံဖြူရောင် လက်နေသော ဆီပုံးလေးဘေးမှာ ဖြူဖွေးနေသော လက်သုတ်ပဝါလေးကို သပ်ရပ်စွာ ခေါက်လျက်တွေ့ရသည် ။ လက်သုတ်ပဝါလေးယူ လက်သုတ်ပြီး ခေါက်ရိုးမပျက် အသာလေး ပြန်ထားလိုက်မိလေတော့သည် ။


••••• ••••• •••••


ယခု ကျွန်တော် ပတ်ထားသော တစ်တိုနီ မိန်းမပတ်ကလေးကို “ ကိုးထောင်လောက်တန်တယ် ” ဟု ပြောတော့ သားနှင့်သမီးက ရယ်သည် ။


“ ဒီနာရီကို ဖေဖေက မင်းတို့ ဒေါ်လေး ဆီက ရထားတာ ၊ မင်းအဒေါ် နာရီ ပူဆာတော့ မင်းတို့ ဘွားဘွားက သူ့ပတ်ဘီးကြီး ရောင်းပြီး ပေးတာလေ ။ တစ်ကျပ်သား ရှိသတဲ့ ။ အဲဒီ ခေတ်က ရွှေတစ်ကျပ်သားကို ရောင်းတာ ခုနစ်ရာ့ငါးဆယ်ရသတဲ့ ။ နာရီက ခုနစ်ရာ့အစိတ် ဆိုတော့ ငွေအစိတ်တောင် ပိုသေးတယ် ။ အခု ရွှေဈေး တစ်ကျပ်သား တစ်သောင်းကျော် ပေါက်တော့ ဖေဖေ့ နာရီဟာ အနည်းဆုံး ကိုးထောင်တန်တာပေါ့ကွ ”


လို့ စားလက်စ ထမင်းကို ရပ်ပြီး ပြော ပြတော့ သားနှင့်သမီးသည် -


“ ဒါဖြင့် အခုလည်း ဖေဖေက သားတို့ကို မေမေ့နားကပ် ရောင်းပြီး နာရီဝယ်ပေးလေ ”


ဟု အပြောင်အနောက် စကားတွင် ယခုနှစ် မိုး၌ အိမ် မိုးလိုက်ရသောကြောင့် “ မေ့ ” နားပေါက် ဟောင်းလောင်းလေး ဖြစ်နေတာ သတိရပြီး စိတ်မကောင်းဖြစ်ရသည် ။


နှစ်ရာ့အစိတ်တန် အီတလီ မျက်မှန်ကိုင်းတွင် ပါဝါထူထူကို မလိုက်ဖက်စွာ လဲထည့်ထားပြီး အခုထက်ထိ တပ်ထားရသော ကျွန်တော်သည် ကိုင်းအသစ်လဲရေးထက် သမီးအတွက် ချာလီထီး တစ်ချောင်းနှင့် သားအတွက် ကျွန်တော့် ခေါက်ထီးဟောင်းကို ထီးရွက်လဲပေးရေးပဲ စိတ်စောနေမိပြီး ထမင်းကို လက်စသတ်လိုက်ကာ အနားက ရေဇလုံတွင် လက်နှိုက်ဆေးလိုက်သည် ။ 


“ ဘာလဲ အစ်ကို ၊ ဟင်းမကောင်းလို့ အစားနည်းပြန်ပြီလား ”


ဟူသော “ မေ့ ” အမေးကို လိုက်လျောညီထွေစွာ ခေါင်းယမ်းပြလိုက်ပြီး မျက်စိကို ဟိုဟိုသည်သည် ကြည့်လိုက်မိသည် ။


ထိုအခါ မေ သည် ထမင်းစား နေရာမှ -


“ ဘာလဲ အစ်ကို ၊ လက်သုတ်ပဝါ လား ၊ မေလည်း ဒီနေ့ မအားတာရော ၊ ဆပ်ပြာ ကုန်နေတာရောမို့ မလျှော်ဖြစ်ဘူးလေ ။ အဲဒါ အိမ်ရှေ့မှာ လှမ်းထားတဲ့ အစ်ကို့ ရေလဲပုဆိုးလေး ရှိတယ်မဟုတ်လား ”


ဟု အပြောတွင် ကျွန်တော်သည် မေမေ့ ဆီဗျပ်ကလေးကိုပဲ ယောင်ယမ်းရှာဖွေနေမိတော့သည် ။


 ▢  ဆူးငှက်

📖 စပယ်ဖြူ မဂ္ဂဇင်း

      ၁၉၉၀ ခု ၊ နိုဝင်ဘာလ

Thursday, May 29, 2025

ဖွဲဖွဲ ... ဖွဲဖွဲ .. သဲသဲမဲမဲ ငြိုးလေရက်ရှာ ( ဆူးငှက် )


 ❝ ဖွဲဖွဲ ... ဖွဲဖွဲ .. သဲသဲမဲမဲ ငြိုးလေရက်ရှာ ❞

           ( ဆူးငှက် )


( ၁ )


ဝေနေသော ကောင်းကင်ထက် ဆီ မှ မိုးစက်မိုးမွှားလေးတွေ ကျဆင်း လာသည် ။ ကားမှန်မှ တစ်ဆင့် လှမ်းမြင် နေသော မြင်ကွင်းကျယ် က ဖြည်းဖြည်းချင်း မှုန်လာ၏ ။ ရေသုတ်တံလေး လှုပ်ရှားလာတော့ သက်တန့်ကွေး ပုံရိပ်ကြည် က ထင်လာပြန်၏ ။ သို့သော် တစ်ခဏလေး မှုန်လိုက် ၊ ကြည်လိုက် ၊ မှုန်လိုက် ၊ ကြည်လိုက် ။ စောစောက ညို့ရုံ ညို့သော မိုးသားပြင် က ရုတ်ခြည်း ညို့မှိုင်း မည်းပုပ်လာသည် ။


ဆယ်ပေမြောင်း နံဘေး သရက်ပင်ကြီးတွေ ဆီက ယိမ်းထိုး အော်ဟစ်သံ ကြားရ၏ ။ ရေရေးမျှ မြင်ရသော ရန်ကင်းတောင် သည် ပင် မိုးသား ကန့်လန့်ကာနောက် ရောက်သွားချေပြီ ။ မဖြစ်တော့ ။ မိုးတိုက်စစ် က တစ်ဟုန်ထိုး ပြင်းထန်လာပေါ့ ။ သစ်ပင်ကြီးများ ပင် ခြေကန်ကာ မနည်း အားတင်း ထားကြရသည် ။ ဆယ်ပေ မြောင်း ထဲက နီကျင့်ကျင့် ဆည်ရေ များ ပင် ဘောင်ဘင်ခတ် ။


“ နိးရာ အိမ် တစ်အိမ်မှာ ဝင် ခိုမှ ဖြစ်တော့မယ် ထင်တယ် ”   


ကား ကို ဂ ရုတစိုက် မောင်းနှင် သော မိတ်ဆွေ က ပြောလာသည် ။ ဟုတ်သည် ။ မြောင်းဘောင် ပေါ်မှာ ကားတစ်စီး သွားသာရုံ လမ်း က သည်မိုး သည်လေ မှာ အလူးလူး အလိမ်းလိမ်း ။ သူ့ အပေါ် ကား တစ်စီးတလေ ထမ်း ထားဖို့ ဆိုတာ မြင်မကောင်း ၊ ရှုမကောင်း တော့ ။ ကျွန်တော် က မိုးရေ ထဲ မှာ ဝေဝေဝါးဝါး ပတ် ဝန်းကျင် ကို အားစိုက်ကာ စူးစမ်း ကြည့်ရသည် ။


“ ဖြည်းဖြည်း ဖြည်းဖြည်း ကိုယ့်လူ ၊ ညာဘက် က ခြံဝင်း ကတော့ တံခါး ဖွင့်ထားတယ်ဗျ ၊ လမ်းလေး လည်း ကောင်းပုံရတယ် ၊ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ အသာလေး ကွေ့ဝင်လိုက် ”   


ကျွန်တော့ စကား မဆုံးခင် မှာ ပဲ ဆယ်ပေမြောင်းပေါ် ခင်းထားသော သစ်သားတံတားကလေး အတိုင်း မိတ်ဆွေ က ကား ကို ချိုးကွေ့လိုက်သည် ။ ရေတွေ အိုင်နေသည့် လမ်းကလေး အတိုင်း ခြံဝင်း ထဲ ဝင်လိုက်၏ ။


မိုး က ထစ်ချုန်း၍ ပိုမို သည်းလာပြန်၏ ။ ရုတ်တရက် မြည်ဟီးသွား သော မိုးခြိမ်းသံ နှင့် အတူ ခြံ အတွင်း ခြေတံရှည် သစ်သားအိမ်ကလေး ခေါင်းရင်း ဆီ က သရက်ပင်ကြီး ၏ အကိုင်း တချို့ လေပြင်း တွင် ကျိုးကျ သွားသည် ။ သရက်ကိုင်း တစ်ကိုင်း က သစ်သားအိမ်ကလေး ၏ တံစက်မြိတ် အစွန်း ကို ရိုက်ချပြီး မိုးရေ ထဲ ကျ အလာမှာ ပဲ ကျွန်တော်တို့ ကား က အိမ်ကလေး ရှေ့ အရောက် ငြိမ့် ခနဲ ထိုးရပ်သွား၏ ။


ကားတံခါး ကို ဖွင့် ၊ မိုးရေ ထဲပင် အပြေးအလွှား နှင့် အိမ်ကလေး ၏ ဝရန်တာ ပေါ် ပြေးတက် ခိုလှုံလို က်ကြသည် ။ မတက်နိုင်တော့ ။ ကား ထဲ မှာ ပင် မနေဝံ့ ။ ခပ်ပြင်းပြင်း ဝေ့ကာ ဝေ့ကာ တိုက်ခတ်နေသော လေကြောင့် ဝရန်တာ ပေါ်မှာ ပင် မိုးရေတွေ ရွှဲရွှဲနစ် နေသည် ။ ကိစ္စမရှိ တော့ ။ ရွှဲ ချင် သလောက် ရွဲစေတော့ ။ ဒီနေရာလေး မှာ ခိုနေရ လျှင်ပင် လုံခြုံနေပါပြီ ။


“ မေမေ ... မေမေ သရက်ကိုင်းကြီး ကျိုးကျ သွားပြီ ၊ ဟောတော့ ..... ဧည့်သည် တွေ ”  


ရေစိုနေသော ပုဆိုးစလေးတွေ ကို လက် နှင့် စုကာ ညှစ်ချဆဲ ရုတ်ခြည်းပွင့်လာသော တံခါးချပ် နှင့်အတူ အသံ တစ်သံ ကြောင့် ခါး ကို မတ် ကာ အသံ လာရာ လှည့် အကြည့်မိ ..


ပင့်သက်ရှူကာ မျက်လုံး အဝိုင်းသား အံ့အားတသင့် ဖြစ်မိပြီး အရာ အားလုံး ကို မေ့လျော့ သွား သလို ခံစားလိုက်ရသည် ။ မိတ်ဆွေ က ချင်ချင်းပင် ....


“ ဪ ... ဪ သမီးရေ ၊ အိမ်ရှင် ထင်တယ်နော် ၊ ဦးတို့ မိုးရေထဲ ခရီးဆက်ဖို့ ခက်နေလို့ ခဏ မိုးဝင် ခိုလိုက်တာပါကွယ် ၊ ခွင့်ပြုနော် သမီး ”   


ဟု ပြောဆို လိုက်မှ အသက် ကို ရှူထုတ် လိုက်ကာ သတိရ လာပြီး တံခါးဝ က ပေါ်လာသော မျက်နှာလေး ဆီ ခွင့်တောင်း အပြုံး လှမ်း ပြုံးလိုက်မိ ၏ ။ တစ်ဆက်တည်း မှာ ပင် ...


“ သမီးရေ ၊ ဧည့်သည် တွေ ဆိုရင် အထဲ ခေါ်ပါကွယ် ၊ အပြင် က မိုးရေ ထဲ မှာ အားနာစရာ ၊ မိုး ကလည်း လေ မပြောမဆို ဗြုန်းဒိုင်းကြီး ၊ မိုးရော လေရော ကမ္ဘာပျက်မလား အောက်မေ့ရတယ် ”  


ဟူသော အသံ တစ်သံ ကလည်း မိုးသံလေသံ ကြားမှာ ပင် အိမ်လေး အတွင်းမှ ကြားလိုက်ရသ ည် ။ တံခါးဝ က မျက်နှာလေး က အပြင်သို့ ထွက် လာပြီး ...


“ ဦးတို့ အထဲ ဝင်ကြပါရှင့် ၊ ကြွပါ ၊ အပြင်မှာ မိုးတွေ ရွဲ နေရောပေါ့ ” ဟု လှမ်းခေါ်သည် ။


ကျွန်တော် ကတော့ ကြောင်အမ်းအမ်း ဖြစ်နေဆဲ ... ။ အံ့အားတသင့် ဖြစ်မှုက အဆုံး မသတ်သေး ။ သည် မျက်နှာလေး ကို သိနေသည် ။ မြင်ဖူးနေသည် ။ ရင်းနှီးနေသည် ။ ပြန် စဉ်းစားစမ်း ၊ ပြန် စဉ်းစားစမ်း ၊ ခေါင်း ထဲမှာ တော့ ထူပူနေ၏ ။ မိုး က ထစ်ထစ်မြှင့်ကာ ထပ်မံ သည်း လာပြန်သည် ။


“ လာပါ ဦးတို့ ရဲ့ ၊ အားမနာပါနဲ့ ၊ အိမ် ထဲ ဝင်ထိုင်ကြပါ ၊ မိုး က သည်း နေဦးမှာ ၊ ဝင် ထိုင်ကြပါ ”  


ကျွန်တော် က မိတ်ဆွေ မျက်နှာ လှမ်း ကြည့်လိုက်သည် ။ ပြီးတော့ ။ ခေါင်းညိတ်ပြီး ခပ်သွက်သွက် ပင် ဖွင့်ထားသော တံခါး အတိုင်း အိမ် ထဲ လှမ်းဝင်၏ ။ သမီးလေး က တံခါးချပ် တစ်ဖက် ကို တွန်းဖွင့် ပေးပြီး နောက်သို့ ယို့သည် ။


“ ထိုင်ကြပါ ၊ ထိုင်ကြပါ ၊ ဪ .... မိုးတွေ တော်တော် စိုနေကြမှာ ပေါ့ ၊ ကဲ .... ကိစ္စ မရှိပါဘူး ၊ အိမ် ထဲမှာ လည်း စိုတော့ နေတာပဲ ၊ အားနာစရာ တောင် ကောင်းနေပြီ ၊ အဝတ် လဲစရာ က လည်း အိမ် မှာ ယောက်ျားသား မရှိ ၊ ဝင်သာ ထိုင်ကြပါ ၊ ထိုင်ကြပါ ” ဟု အသံ တစ်သံက ဆီးကြို နေသည် ။ နား ထဲမှာ က ရင်းနှီး နေ သလိုလို ၊ သို့သော် လူရိပ် လူခြည် ကဖြင့် မမြင်ရသေး ၊ ဟုတ်သည်  ။ အိမ် ထဲ မှာ လည်း မိုးရေ မိုးစက်တို့ က မလုံတော့သော အမိုး ဆီက နေရာ အနှံ့မှာ အစဉ်မပြတ် စီးကျ သည့် နေရာကျ ၊ တစက်စက် ယိုသ ည့်နေရာ ယို ၊ ခပ်နွမ်းနွမ်း ဆက်တီစားပွဲ နှင့် ခုံပေါ်မှာ ပင် မိုးရေစက် တို့ အိုင်ထွန်းနေသည် ။ ကျွန်တော်တို့ လည်း စိုနေသည့် ခုံ ပေါ်မှာ ပင် ထိုင်လိုက်ကြ၏ ။ သမီးလေး က အဝတ်ဟောင်းလေး တစ်ထည် ယူ လာပြီး စားပွဲ ပေါ် ၊ ခုံ ပေါ်က မိုးရေတွေ ကို သုတ်နေသည် ။ မိတ်ဆွေ က ခေါင်းမော့ ကြည့်လိုက် ၊ အိမ်လေး အတွင်း ဝေ့ ကြည့်လိုက် ။ ကျွန်တော် က လည်း ရှေ့ မှာ ဒူးလေး တုပ်ကာ ရေတွေ သုတ်နေသော ၁၆ နှစ် အရွယ် သမီးငယ်လေး ကို လှမ်း ကြည့်ပြီး ရင် ထဲမှာ ခံပြင်းစိတ်တွေ ဖြစ်နေသည် ။ သိသည် ။ ဒီ မျက်နှာပေါက် ကို မြင်ဖူးသည် ။ ဘယ်မှာ လဲ ၊ ဘယ်မှာ လဲ ။ စဉ်းစားစမ်း ။ ခေါင်း ထဲ မပေါ် ။ သဲလွန်စ ရလိုရငြား အိမ် ထဲ က အသုံးအဆောင် ဓာတ်ပုံ တွေ ရှိလေမလား စူးစမ်းကြည့်မိ၏ ။ ထူးဆန်းသည် ။ ဓာတ်ပုံတွေ ချိတ်မထား ။


အလို .... အခုမှ ကြည့်မိတော့ ရန်ကင်းတောင်ခြေ ဆယ်ပေမြောင်း ဘောင်ပေါ် က ခြံ တစ်ခြံ ထဲရှိ မြန်မာကျေးလက် အိမ် တစ်အိမ် ၏ အပြင်အဆင် က ထူးခြားလှပါကလား ။ အခုမှ သတိထားမိသည် ။ အမိုး က သက်ငယ် မဟုတ် ။ ဝါးကပ် မဟုတ် ။ သွပ် မဟုတ် ။ သစ်သားပြားလေးတွေ ကို တညီတညာ လှီးဖြတ်ကာ ငါးကြင်းကွက် ပမာ မိုး ထား၏ ။ ကြာတော့ နေရာ တချို့က မိုးတွေ ယိုလာ တာပေါ့ ။ အိမ်အတွင်း ပြတင်းပေါင်များ ကလည်း မြင်နေကျ အရွယ် ထက် ကြီးသည် ။ လှပ်ရသော တံခါးချပ်များ မဟုတ် ။ သစ်သားပြားတွေ နှင့် တရုတ်ကတ် တံခါးတွေ ချည်း ဖြစ်သည် ။ အဖွင့်အပိတ် လက်ကိုင်များ ကပင် သစ်သား နှင့် ပြုလုပ်ထား၏ ။ ကြမ်းခင်း ကလည်း ၆ လက်မ ကျွန်းပြားကြီးတွေ ကို စေ့နေအောင် ခင်းထားသည် ။ တစ်ချိန်ကတော့ ပေါလစ်ရောင် တောက်နေတဲ့ ကြမ်းခင်းကြီး ဖြစ်မှာပေါ့ ။ အိမ်တွင်း မှာ အခန်းဖွဲ့ထားတာ များများစားစား မရှိ ၊ အိမ်ရှေ့ဧည့်ခန်း နှင့် ဆက်လျက် ခေါင်းရင်း မှာ ဘုရားခန်း ။ ဘုရားခန်း ရှေ့မှာ တော့ ခပ်နွမ်းနွမ်း အစိမ်းရောင် ကော်ဇော အဖြတ်စလေး ခင်းထားသည် ။ ရှေ့ခန်း နှင့် နောက်ခန်း က အတော်အတန် မြင့်သည့် သစ်သားဗီရိုကြီး ဖြင့် ခြားထား သည် ။ ဗီရို သည် ဘုရားခန်း နေရာ၌ အပိတ် ဖြစ်သွားသည် ။ ဒါဆိုရင် အတွင်းဘက် မှာ ပစ္စည်း ထည့်သည့် အကန့်တွေ ရှိမှာပေါ့ ။ အတွင်းဘက်ခန်း က အိပ်ခန်း ဖြစ်မည် ။ ဘုရားခန်း ဘက် ဗီရို ၏ အပိတ် မျက်နှာပြင် မှာ ပြက္ခဒိန် တစ်ချပ် ချိတ်ဆွဲထား၏ ။ ချယ်ရီပွင့်နီနီများ နှင့် နှင်းခမောက်ဆောင်း ဖူဂျီယာမပုံ က မိုးကောင်းကင်ပြာပြာ အောက်မှာ ထင်ရှား နေသည် ။


“ ဪ ... ဧည့်သည် တွေ လည်း ဘာမှ ကျွေးစရာ မရှိပါလား ၊ အားနာလိုက်တာ ၊ သမီးရေ ... ခြေရင်း က ကိုဘလွင် တို့ တဲ မှာ များ ကော်ဖီထုပ်လေး ဝယ်ထားတာ ရှိလား ၊ လှမ်း မေးကြည့်ပါလား ”  


အခန်း ထဲ က အသံ ထွက်လာပြန်၏ ။ 


မိတ်ဆွေ က ချက်ချင်း ပင် “ ရပါတယ် ခင်ဗျ ၊ နေပါစေ ၊ နေပါစေ ၊ မိုးတွေ မရွာခင် ကပဲ ရန်ကင်းတောင်ခြေ ကံလင်းဆိုင် က ကျွန်တော်တို့ လက်ဖက်ရည် သောက်လာကြပြီးသားပါ ၊ သမီး .. မမေးနဲ့  ၊ မမေးနဲ့  ၊ ဒုက္ခ မရှာနဲ့  ၊ နေပါစေ ” ဟု ပြန်ဖြေ၏ ။ သမီးလေး က ရေသုတ်သော အဝတ်လေး ကို ယူရင်း နောက် အခန်း ထဲ ဝင်သွားသည် ။ အခန်း ထဲ က အသံ က ...


“ ရန်ကင်းတောင် ဘုရားဖူး လာကြတာလား ၊ မန္တလေး ကပဲလား ၊ နှစ်ယောက်တည်း လာကြတာ ထင်တယ်နော် ”  ဟု ဆိုသည် ။ ဧည့်သည် ကို အားမနာရအောင် ဧည့်ထောက်နေသည့် အသံ ဖြစ်၏ ။ သို့သော် လူ ကို မမြင်ရသေး ။ အသံ အရတော့ ငါးဆယ် ဝန်းကျင် အမျိုးသမီးကြီး တစ်ယောက် နေမှာပေါ့ ။ ကျွန်တော် က တော့ အိမ် အနှံ့ လျှောက် ကြည့်ရင်း မျက်မှောင်ကြုတ်ကာ စဉ်းစား နေတာ အဖြေ မရသေး ။ စောစောက သမီးလေး မျက်နှာမျိုး မြင်ဖူးတယ် ။ သိတယ် ။ ဘယ်သူလဲ ။ ဒါမှမဟုတ် ကုမ္ပဏီများ ၏ ယူနီဖောင်းဝတ် ဝန်ထမ်းတွေ ထဲမှာ လား ။ ... လား ။ .... လား ... ။


“ အင်း ... ဘုရားဖူး တော့ မဟုတ်ပါဘူး ခင်ဗျ ၊ ဒီ အရှေ့နားက ဦးကျော်အေး တို့ ခြံဘက် ကို လာရင်းနဲ့ ပါ ။ မန္တလေး ကပါပဲ ”  ဟု မိတ်ဆွေ က နှုတ်သွက် ဖော်ရွေသူမို့ ဧည့်သည် တစ်ယောက် ၏ အနေအထိုင် ကျဉ်းကျပ်မှု မရှိပုံ ကို စကားဖြင့် ချက်ချင်း ဖြေပေးနေ၏ ။


“ ဘယ်လို ၊ ဘယ်လို ဦးကျော်အေး တို့ ခြံဘက် ကို လာကြတာ ဟုတ်လား ၊ ဒါဖြင့် ပြီးခဲ့တဲ့ စနေနေ့ ကလည်း လာခဲ့ကြတဲ့ သူတွေပေါ့ ”  


“ ဟုတ်ပါတယ်ခင်ဗျ ၊ ပြီးခဲ့တဲ့ စနေနေ့ ကလည်း ကျွန်တော်တို့ နှစ်ယောက်ပဲ လာကြပါသေး တယ် ”  


“ ဪ .. ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ ဒါဆိုရင် ရှင်တို့ က မန္တလေး က လာတဲ့ စာအုပ်ထုတ်ဝေရေး လုပ်တယ် ဆိုတာ ..... ” 


ကျွန်တော် က မိတ်ဆွေ ကို လှမ်း ကြည့်မိသည် ။ မိတ်ဆွေ က ကျွန်တော့ ကို မျက်ခုံးပင့် ကြည့် လိုက်ပြီး ....


“ ဟုတ်ပါတယ် ခင်ဗျာ ၊ “ ရတနာချမ်းသာ ” ဆိုတဲ့ နာမည် နဲ့ စာအုပ် ထု တ်ဝေရေး လုပ်ပါတယ် ၊ ကျွန်တော့ နာမည် လှကို ပါ ”  


“ အခန့်သင့် လိုက်လေရှင် ၊ အဲဒီ နေ့ ကပဲ ကိုကျော်အေး က ကျွန်မ လာ မေးတယ် ၊ ခေါင်းရင်း က အစ်မကြီး မြေတွေ ဒီအတိုင်း ထားမယ့် အတူ ငှားလိုက်ပါလားတဲ့  ၊ မန္တလေး က သူ့ မိတ်ဆွေတွေ ဒီနေရာ မှာ ၁ဝ ဧက လောက် ငှားချင်တယ် ပြောလို့ ဆိုပြီး လာရာ က ဆရာတို့ အကြောင်း စကား စမိ ကြတာ ၊ ဒီက ဆရာ တို့ အလုပ်အကိုင် တို့  ၊ ဇစ်မြစ်တွေ သိရတော့ မြေ ကတော့ ငှားစရာ မရှိသေးပါဘူး ၊ လောလောဆယ် သပြေတွေ စိုက် ထားပြီး ဒါနဲ့ ထမင်း စား နေရတာ လို့ ၊ ဒါပေမဲ့ အဲဒီ စာအုပ်တိုက် က လူတွေ ဒီတစ်ခါ လာရင်တော့ တွေ့ချင်တယ် ၊ ကျွန်မ ခြံ ခေါ်ခဲ့ပါဦး လို့ ပြောမိသေး တယ် ၊ အခု မိုး ခိုရင်း ရောက်လာတော့ နေရာ ကျလိုက်တာရှင် ၊ ဟဲ့ .. သမီးရေ ၊ သမီး ... လာပါဦး ကွယ် ၊ မေမေ့ ကို အပြင် ပို့ပေးပါဦး ၊ ဧည့်သည် တွေ နဲ့ စကား ပြောချင်လို့ ”  


ရေတဗြင်းဗြင်း ဆေးကြောသံ နှင့်အတူ ရေသံ ရပ်သွားပြီး ....


“ လာပြီ မေမေ ” ဟူသော အသံ နှင့် သမီး သည် အမေ့ အခန်းဆီ ဝင်သံ ကြားရ၏ ။ ကျွန်တော် ကဖြင့် ရင်မောလှပြီ ။ ဘယ်သူတွေလဲ ။ ဖြစ်နိုင်တာ က စာအုပ် ထုတ်ဝေသူ ဆို၍ ဝါသနာရှင် တချို့ က သူတို့ ရေးချွတ်ထားသော ဝတ္ထုတို ၊ ဝတ္ထုရှည်တွေ ထုတ်ပြ ဖတ်ခိုင်း ၊ စာအုပ် လုပ်ခိုင်းလေမှာလား ။ ထို အတွေး နှင့် စောစော ကတည်းက ရင်ထဲ ရှုပ်ထွေးကာ သမီးငယ် အား သိဖူး ၊ ရင်းနှီးဖူး သော ပဟေဠိ က ရုန်းရင်းဆန်ခတ် ဖြစ်ကာ အဖြေ မရနိုင်ဘဲ မိတ်ဆွေ ဘက် လှည့်ပြီး ခေါင်းရမ်း ပြနေမိ၏ ။


မိုး က ဖြင့် မစဲနိုင်သေး ။ အရှိန် ကောင်းဆဲ ဖြစ်သည်  ။ သို့သော် ခေါင်မိုး က မိုးရေ ယိုတာက လက်လျှော့ သွားပုံရ၏ ။ တစ်စက်ချင်း နရီစည်းကျဲ နှင့် လေးလံ သွားပြီ ။


“ နေဦး မေမေ ၊ အပေါ်အင်္ကျီလေး ဝတ်လိုက်ဦး ၊ ပြင်ဘက် တအား အေးတာ ၊ မေမေ က အိပ်ရာထဲ နေလို့ သာ ” ဆိုသည့် သမီး အသံ က မိုးသံ နှင့် ရော ထွက်လာ၏ ။ တံခါး တစ်ချပ် ဖွင့်သံ ကြားရသည် ။


“ နေပါဦးရှင် ၊ ဘယ်သူ ကိုလှကို ဟုတ်တယ်နော် ၊ အခု ပါလာတဲ့ အခြား တစ်ယောက် က ဘယ်သူလဲ ၊ ခြံစိုက်မယ် ဆိုတဲ့ သူလား ၊ ဒါမှမဟုတ် .... ”


“ မဟုတ်ပါဘူး ခင်ဗျ ၊ ခြံစိုက်မယ့် သူက နယ် မှာပါ ၊ လောလောဆယ် ကျွန်တော်က မြို့ခံ ဆိုတော့ အရင် ကြည့်နှင့် စုံစမ်းနှင့် တာပါ ၊ အခု ပါလာတာ က ကျွန်တော့် မိတ်ဆွေပါ ” 


“ စိတ်မရှိပါနဲ့ နော် ၊ ကိုလှကို က ကျောင်းဆရာ လည်း လုပ်တယ်နော် ၊ အခုပါလာတာ က ကိုလှကို မိတ်ဆွေ ဆိုတော့ ကျောင်းဆရာပဲလား ”  


ကျွန်တော် မျက်လုံး ပြူးသွားသည် ။ မိတ်ဆွေ က ကျွန်တော့ ကို လှမ်း ကြည့်ပြီး မေးငေါ့ ပြ၏ ။ အခန်း ထဲမှာ ခုတင် ပေါ် က ဆင်းသံ ကြားရသည် ။ ဖိနပ် က ဒီမှာ မေမေ ဟု သမီး က အသံ ပြု အပြီး လမ်းလျှောက်သံ ထွက်လာ၏ ။ ဖိနပ် တစ်ဖက် ကို လျှောတိုက် လာသည့် အသံ ။ 


“ နေဦးလေ မေမေ ရဲ့ ၊ သေချာ လျှိုဦး ” 


ကျွန်တော် က မိတ်ဆွေ ကို ခေါင်းညိတ် ပြပြီး ....


“ မဟုတ်ပါဘူး ခင်ဗျာ ၊ ကျွန်တော် က စာရေးဆရာ ပါ ၊ ကိုလှကို နဲ့ အဖော် လိုက်လာတာပါ ၊ မန္တလေး က ပါပဲ ” 


လမ်းလျှောက်သံ က တဖြည်းဖြည်း နီးလာသည် ။ 


“ ဒါ ... ဒါ .... ဖြင့် ရှင်က စာရေးဆရာ ဘယ်သူ ” 


“ ကျွန်တော် ဆူးငှက် ပါ ခင်ဗျာ ” 


ရှေ့ခန်း နှင့် နောက်ခန်း ခြား ထားသော ဗီရို နှင့် တွဲလျက် ဝင်ပေါက် ၏ အစိမ်းနုပွင့် နှင့် အစိမ်းရင့်သစ်ရွက် ဒီဇိုင်းများ ကျဲထားသော ခပ်နွမ်းနွမ်း ခန်းဆီးစ ကို လက်ဖြင့် ဆွဲဖယ် လိုက်ရင်း သမီး က တွဲလျက် အမေ က ခပ်သွက်သွက် လှမ်းထွက်သည် ။


“ ရှင် .. ရှင် .... ဆူးငှက် ၊ ဆူးငှက် ၊ ကို .... ကိုဆန်း ၊ ကိုဆန်းမောင် နော် ”  


ခန်းဆီးစ နှင့် လုံးထွေးရင်း မြင် လိုက်ရသော မျက်နှာ ကြောင့် ကျွန်တော့ ဦးခေါင်း ကို မိုးကြိုး လျှပ်စစ် ပစ်ခွင်းလိုက် သလို ခံစားလိုက်ရသည် ။ ရှုပ်ထွေးနောက်ကျိကာ ပဟေဠိ သဖွယ် အရာအားလုံး တစ်စစီ ပြိုကျ သွားကာ ဟာလာဟင်းလင်း ဖြစ်သွား၏ ။


ထိုင်ရာ မှ ရုတ်ခြည်း ထ မိလောက်အောင် အံ့အားတသင့် ဖြစ်သွားသည် ။ မိတ်ဆွေ က ကျွန်တော့ ကို မျက်လုံ အဝိုင်းသား မော့ကြည့်၏ ။ သမီးငယ် က အမေ့ မျက်နှာ ကို နှုတ်ခမ်းလေး ဟ လျက် ငေးရီသွားသည် ။ အရေးအကြောင်းတွေ အစပြု နေသော်ငြား သမီးငယ် မျက်နှာ နှင့် မျက်ခုံး ၊ မျက်လုံး ၊ နှာတံ ၊ နှုတ်ခမ်း ၊ မျက်နှာကျများ ပါ တူလှသော မိခင် သည် နှုတ်ခမ်းလေး တွန့်ရုံ ပြုံးသည် ။


“ ဪ ... တွေ့မယ့် တွေ့တော့ ကိုဆန်းမောင် ရယ် ၊ ထင်တော့ ထင်သား ၊ စောစောက အသံ ကြားလိုက် ကတည်း က ၊ အင်းပေါ့လေ ၊ ကြာပြီပဲဟာ ”


သမီငယ် တွဲ ထားသည့် ဘယ်ဘက် က လက် သည် အရုပ် တစ်ရုပ် ၏ လက်နှယ် တွဲလောင်းကျ နေ၏ ။ ဘယ်ဘက်ခြေ က ကြမ်း နှင့် တရွတ်တိုက် နေသည် ။ ကျွန်တော် က အသံ မထွက်နိုင်သေး ။ နှုတ်ဆွံ့လျက် နှင့် ဆက်တီစားပွဲ ကို ပင် တိုက်ကာ ပြေးထွက် လိုက်သည် ။ ပြီးတော့ ယောင်ယောင်မှားမှား လက်လှမ်းလိုက်မိ၏ ။ မိတ်ဆွေ က ထိုင်ရာ မှ ထသည် ။


မစဲနိုင်သေးသော မိုး မှာ အင်အား ကောင်းသည် ။ လျှပ်စီး က ဝင်းခနဲ လက်သွားသည် ။ မကြာမီ ထစ်ချုန်းမိုးကြိုးသံ က ပတ်ဝန်းကျင် အား သိမ်းကျုံးဝါးမျို လိုက်၏ ။ အိမ်ကလေး ၏  ဘုရားခန်း နံရံ မှ ပြက္ခဒိန်စာရွက်များ တဖျပ်ဖျပ် လန်သွားသည် ။ အဆက် မပြတ်တော့ ။ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂ဝ ၊ ... ။


 ••••• ••••• •••••  


က ။


ရွတ်ဆုတ်ပြက္ခဒိန် ၏ အပေါ်ဆုံး က စာရွက်လေး ဆွဲ ဆုတ်လိုက်တော့ ၁၉၈ဝ မတ်လ ၃၁ ရက် ၊ ၁၃၄၁ ခု ၊ တန်ခူးလပြည့်ကျော် ၁ ရက် တနင်္လာနေ့ ဟူသော စာသား နှင့် စာရွက်လေး ပေါ်လာသည် ။


မှတ်မှတ်ရရ ထိုနေ့ က အိမ်ရှေ့ ပိတောက်ပင်လေး အပျိုဖော် ဝင်သည် ။ ကျွန်တော် အိပ်ရာ က ထတော့ ပထမဆုံး ထူးထူးခြားခြား ပန်းရနံ့လေး တစ်အိမ်လုံး သင်း နေတာ သတိထားမိ  ။ အိပ်ရာ က လူးလဲ ထပြီး ကြည့် လိုက်တော့ ဘုရားစင်ရှေ့ ဖန်ခွက်လေး ထဲမှာ ဝါထိန် နေသော ပိတောက်ပန်း တစ်ဆုပ် ကို တွေ့ရသည် ။ ရေတော်ခွက်တွေ လဲ နေသည့် အမေ က ....


“ ဒီနေ့ တို့ အိမ် က ပိတောက်ပင်လေး စ ပွင့်လို့ ဘုရား တင်ထားတာလေ ၊ ပထမဆုံး ပွင့်တာမို့ အပွင့်တော့ နည်းသေးတယ် ၊ ဒါပေမဲ့ အဖူး တွေ တော့ ကျန်သေးတယ် ၊ နောက် မိုးလေး တစ်ပြိုက် ရွာ ရင် ညွတ်နေ အောင်ပွင့် မှာ ” ဟု ပြောသည်  ။ ကျွန်တော် က ....


“ အမေ က လည်း အခုပဲ မိုးတွေ အုံနေတာကို ဒီ မိုးရွာရင် ပွင့်ပြီပေါ့ ” ဟု အပြောမှာ “ ဟဲ့ ... အဖူး တွေ က နုသေးတယ်ဟဲ့ ၊ ချက်ချင်း မပွင့်သေးဘူး ၊ လေး ငါးရက် စောင့်ရဦးမှာ လေ ” ဟု ဆိုသည် ။ ထို့ကြောင့် အိမ်ရှေ့ ထွက်ပြီး ပိတောက်ပင်လေး ကို ကြည့်မိ၏ ။ မိုးရေစက်တွေ တင် နေသော ပိတောက်ရွက်စိမ်းရင့် ဖားဖားတွေ ကြား၌ ရွှေရောင်လေး လက် နေတာ တွေ့လို့ အပင် ခြေရင်း သွား ကာ မော့ကြည့်မိသည် ။ 


“ ဟုတ်သားပဲ ၊ ပိတောက်လေး တစ်ခက် ကျန်နေတာ အမေ ခူးတုန်း က မမြင်လို့ နေမှာ ”


 လက်တစ်ကမ်း က ပိတောက်ခက်လေး ကို ခူး ပြီး အိမ်ထဲ ရေအိုးစင် အောက် က ရေအိုး ၏ အဖုံး ပေါ် တင်ထားလိုက်သည် ။ ပြီးမှ သွားတိုက် ၊ ရေမိုးချိုး ပြီး အဝတ်အစား လဲသည် ။ မနေ့ည က မိုးအေးအေး နှင့် အိပ် ကောင်းလိုက်တာ အခုနိုးတော့ ၇ နာရီ ခွဲ လုပြီပဲ ။ ထို့ကြောင့် ကျောင်း သွား ဖို့ ကမန်းကတမ်း ပြင်ဆင်ရ၏ ။ ဒီနေ့ ကျူတိုရီယယ် တင်ရမှာ ကျောင်း ပျက်လို့ မဖြစ် ။ နွေအကူးပေမယ့် မထင်မှတ်သော မိုးကြောင့် ခပ်စိမ်စိမ့်လေး အေးနေသည် မို့ ဗီ အောက် ထပ်က ပရုပ်လုံးလေး တွေ နှင့် ထား သော အစိမ်းရင့်ရောင် ဆွယ်တာ ကို ယူလိုက်သည် ။ အောက် က ရှပ်အင်္ကျီလေးပေါ် ဆွယ်တာလက်ရှည် ထပ် ဝတ်ပြီး စာအုပ်လေးတွေ စီ ၊ လွယ်အိတ် ထဲ ထည့်ကာ အပြင် ထွက်တော့ အမေ က ...


“ အမလေးလေ ၊ ဒီလောက် မချမ်းပါဘူး ၊ သိုးမွေးဆွယ်တာကြီး ထပ် လို့ ” ဟု လှမ်း အပြောကို “ မိုးတွေ အီနေတာ အမေ ရ ၊ ကျောင်း ရောက်ရင် ရွာချင် ရွာနေမှာ ” ဟု ပြောရင်း စက်ဘီးလေး တွန်း ထွက်သည် ။


“ စောင့်ကြည့်ပါတော် ၊ ခဏနေ နေပွင့် လာမှ ဟုတ်ပေ့ ရှိနေမယ် ”  ဟူသော အမေ့ စကား ကို ပင် ခွန်းတုံ့ မပြန်တော့ဘဲ စက်ဘီး ကို ခပ်သွက်သွက် နင်းကာ ထွက်ခဲ့၏ ။ စက်ဘီး ကို နှစ်ပတ် ၊ သုံးပတ် နင်း ပြီးမှ သတိရသည် ။ ဘရိတ်ဖမ်း ၊ အရှိန်လျှော့ ပြီး နောက် ပြန်ကွေ့ ၊ ရှေ့ ပြန်ရပ် ၊ စက်ဘီး ဒေါက်ထောက် ၊ အိမ်ထဲ အပြေးကလေး ဝင်တော့ အမေ က ...


“ ဟော ... ဟော ဆွယ်တာကြီး ပြန် ချွတ်ပြီ မဟုတ်လား ၊ ပြောသားပဲ မချမ်းပါဘူး ဆိုနေမှ ” ဟု မီးဖို ထဲ က လှမ်း အော်သည် ။ “ မဟုတ်ပါဘူးဗျ ၊ ပစ္စည်း မေ့လို့ ” ဟု ပြန် ဖြေရင်း ရေအိုးစင် ဆီ ပြေးသည်  ။ အောက် အိုးအဖုံးလေး ပေါ်က ပိတောက်ခက်လေး ယူပြီး အိတ်ထောင် ထဲ သို့ ထိုးဖို့ ပြင်၏ ။ အို ... ဆွယ်တာကြီး ဝတ်ထားတာ အိတ်ထောင် မှ မပါဘဲ ။ ထို့ကြောင့် လွယ်အိတ် ထဲ က ဓာတုဗေဒ စာအုပ် ကြား ပိတောက်ရိုးတံလေး ကို အပွင့်တွေ မထိရအောင် အသာအယာ ထိုးကာ လွယ်အိတ် လွယ် ပြီး ပြန် ထွက်ခဲ့သည် ။ ထို့နောက် စက်ဘီး ကို ခပ်သွက်သွက်လေး နင်း လိုက်တော့၏ ။ ဘာရယ် မဟုတ် ပိတောက်ရနံ့လေး နှစ်သက်လှ၍ ကိုယ် နှင့် တစ်ပါ တည်း ရှိစေချင်လို့ ဖြစ်သည် ။


••••• ••••• ••••• 


ခ ။


“ ရွှတ် .... ရွှတ် ”  


ကျုတိုရီယယ် ကို ခေါင်း ငုံ့ကာ ဖြေနေရင်း အမေ့ စကား ကို နားမထောင် မိတာ နောင်တ ရနေသည် ။ အခုတော့ နေ က ပွင့် လာပြီ ။ နေပူ ကျဲကျဲ မှာ ဆွယ်တာ လက်ရှည်ကြီး နှင့် သင်္ချာ က ကုလပုစ္ဆာ ခပ်ခက်ခက် တွေ ကို ချွေးတလုံးလုံး ဖြေဆို နေသည် ။ ဒါ နောက်ဆုံး ပုစ္ဆာ ပဲ ၊ ဒီ ပုစ္ဆာ ပြီး ရင် အပြင်ထွက် ၊ ဆယ်တာ ချွတ် ၊ အန်တီကြီးဆိုင် ပြေးပြီး ခေါက်ဆွဲ စားမည် ။ 


“ ရွှတ် .... ရွှတ် ”  


အသံ တစ်သံ ကြောင့် ခေါင်းမတ်သွား၏ ။ ဘေးဘီ လှည့် ကြည့်မိသည် ။ အားလုံးက ငြိမ်ငြိမ်သက်သက် ။ ထို့ကြောင့် နောက်ဆုံး ပုစ္ဆာ ၏ အဖြေ ကို ရေးပြီး မျဉ်း ပိတ်လိုက်သည် ။


“ ရွှတ် .. ရွတ် ”  


အဖြေလွှာ တင်ရန် မတ်တပ် ရပ်ရင်း အသံ ကြားရာသို့ လှမ်း ကြည့်မိ၏ ။ စာသင်ခန်း ၏ နောက်ဆုံး အပေါက်ဝ မှ အသံ ပေးရင်း လက်ယပ် ခေါ် တာ မြင်ရသည်  ။ ကိုယ့် နောက် သို့ လှည့် ကြည့်မိသည် ။ ဘယ်သူမှ မရှိ ။ ထို့ကြောင့် ကိုယ့် ကိုယ် ကိုယ် လက်ညှိုး ထိုး ပြရင်း ခေါင်းညိတ် ပြလိုက် တော့ အဲသည် ကလည်း ခေါင်းညိတ် ပြီး လက်ယပ် ခေါ်သည် ။ ဘယ်သူတွေ လဲ မသိ ။ ဘာကိစ္စ ခေါ်တာလဲ မသိ ၊ အဖြေလွှာ ကို ရှေ့ ခုံပေါ် သွား တင်ပြီး ရှေ့ အပေါက် မှ ထွက်ကာ ကော်ရစ်ဒါ အတိုင်း သူတို့ ဆီ လျှောက်သွားသည် ။ သုံးယောက် ခေါင်းချင်း ဆိုင်ပြီး ဘာတွေ ပြောနေတာလဲ မသိ ။ ကိုယ်လုံးလေးတွေ လှုပ် နေအောင် ရယ်နေကြ သေးသည် ။ အနား ရောက်တော့ ဘာလဲ ဟူသော အမူအရာ ဖြင့် မေးဆက်ပြလိုက်၏ ။


ကျောင်းသူ သုံးယောက် ပဲ ။ သည် အထဲ က မျက်ခုံးမွေးတွေ ဆွဲ ၊ နုတ်ခမ်းနီတွေ ရဲ နေအောင် ဆိုးကာ ခပ်မြင့်မြင့် ဒေါက်ဖိနပ် နှင့် အမွေးပွတွေ ဖားလျား နှင့် လွယ်အိတ် ကို လွယ်ထားသော ကျောင်းသူ က ဆို၏ ။


“ စိတ် မရှိနဲ့ နော် ၊ မင်းကို တို့ က အကြောင်ရိုက်တာ မဟုတ်ပါဘူး ၊ ပုဏ္ဏားကုန်း အကွေ့ မှာ ဘတ်စ်ကား ပေါ် ကနေ စက်ဘီး နဲ့ မင်း ကို မြင်တော့ မမတို့ က အလောင်းအစား လုပ်ထားလို့ ကွ ” တဲ့ ။


ကျွန်တော် က အံ့အားသင့် သွား၏ ။ သူတို့ အထဲ က ခပ်ပိန်ပိန် အသားညိုညို နှင့် အိန္ဒိယ အနွယ် မျက်နှာပေါက် နှင့် ကျောင်းသူ က သူ့ အနား မှာ ရပ် နေသော ကျန် ကျောင်းသူ တစ်ယောက် ၏ ပခုံး ကို သူ့ ပခုံး နှင့် တိုက်ပြီး ပြော လိုက်လေ ၊ ပြော လိုက်လေ ဟု ဆိုသည် ။ ထိုအခါမှ ကျွန်တော် က သတိထား မိ၏ ။


ဪ ... ။ 


ထို တတိယ ကျောင်းသူ ကိုတော့ ကျွန်တော် မြင်ဖူးနေသည် ။ ခပ်သွက်သွက် ။ ဆံပင် က ဖြောင့်ဖြောင့်စင်းစင်း ရှည်လျား၏ ။ 


နောက်နား က အော်တိုမစ်တစ် ဆံညှပ်လေး နှင့်ပဲ ညှပ်ကာ ဆံပင် ကို စည်းထားလေ့ ရှိသည် ။ မျက်နှာ သွယ်လျ ၊ မျက်ခုံး ထူ၍ ကွေးညွတ်၏ ။ မျက်ဝန်း က ခပ်လျားလျား ။ သို့သော် မျက်တောင်ကော့တွေ က မျက်ဝန်း အလျား ကို ထိန်းချုပ်ထားသည် ။ နှာတံ က သိသာစွာ စင်း၏ ။ နှာသီးလုံးလေး ဖွံ့သည်  ။ နှုတ်ခမ်း က ခပ်ပါးပါး ၊ မေးဖျား မှာ မှဲ့လေး တစ်လုံး ထင်ရှား ရှိသည် ။ 


ကျွန်တော် ကျောင်း ပြန်တိုင်း ဈေးချို ၂၈ လမ်း က အဆင်း အယ် ( လ ) ရုံ တောင်ဘက် အပေါက် က ဇော်ဂျီတံဆိပ် စဉ့်ကိုင် ကားပေါ် တက်တက် သွားတာ အမြဲ မြင်သဖြင့် မှတ်မိနေခြင်း ဖြစ်သည် ။ ထို့ကြောင့် ဘာရယ်မဟုတ် ဪ ... ဟု ဆိုတာ သူ့ ကို ကြည့်ပြီး ပြုံးလိုက်သည် ။ “ ပြောလိုက်လေ ” ဟူသော သူငယ်ချင်း ၏ အတိုက်အတွန်း ကြောင့် သူ က ... 


“ တို့ က ဒီလိုပါကွ ၊ ဘတ်စ်ကား ပေါ် ကနေ မင်း ကို မြင်တော့ တို့ သုံးယောက်က ဆွယ်တာ အရောင် နှင့် ဒီဇိုင်းလေး က သိပ်လှတာ လို့ ပြောမိကြရင်း အစ်မ က မင်း ကို သိတယ် ၊ Maths က လို့ ပြောတော့ အဲဒီ မှာ အလောင်းအစား လုပ်ဖြစ်ကြတာ ” 


“ ဘယ်လို ... ဘယ်လို ”  


ကျွန်တော် က အံ့အားသင့် သွားသည် ။


“ ဪ .... အလောင်းအစား က ဒီလိုပါ ”  


နှုတ်ခမ်းနီ ရဲရဲ ၊ ဒေါက်ဖိနပ် မြင့်မြင့် နှင့် ကျောင်းသူ က ခပ်သွက်သွက် ဝင် ပြောသည် ။ 


“ အလောင်းအစား က သူ့ ကို ( ကျွန်တော် သိသော စဉ့်ကိုင် က ကျောင်းသူ ကို ရည်ညွှန်းပြီး ) မင်း အတန်း သွားပြီး ဆွယ်တာအင်္ကျီ သိပ်လှတာပဲလို့ ပြောရဲ ၊ မပြောရဲ လောင်းကြတာလေ ”


“ ဪ .... ”


ကျွန်တော် က ရယ်မောမိ၏ ။


“ အဲဒီတော့ ဝသန် က မေးလေ ” ဟု အိန္ဒိယနွယ် အမျိုးသမီး က ထပ်ပြော၏ ။ ကျွန်တော် က ခေါင်းငုံ့ လိုက်သည် ။ စိတ်ထဲ က “ ဝသန် ” တဲ့  ။ ခပ်လှလှ နာမည်လေး အား သတိထား လိုက်မိ၏ ။ စဉ့်ကိုင်သူလေး “ ဝသန် ” က ...


“ ကဲ .. ကဲ မေးမယ်နော် ၊ မင်း ဆွယ်တာလေး သိပ်လှတာပဲ ၊ ဆောင်းကျွတ်ချိန် နွေဦးပေါက် နေပူကျဲကျဲ မှာ အထိ ဝတ်လာတော့ မင်း သိပ် သဘောကျတဲ့ ဆွယ်တာလေး ဖြစ်မှာ ပေါ့ ” တဲ့ ။


ကျွန်တော် မျက်နှာ ထူပူ သွား၏ ။ ကျန် နှစ်ယောက် က လက်ခုပ် တီးပြီး အားပါးတရ ရယ်မောကြသည် ။ “ တို့ နိုင်ပြီကွ ၊ တို့ နိုင်ပြီကွ ” ဟု လည်း ဆို၏ ။ ကျွန်တော် က နားမလည်စွာဖြင့် “ ဟင် .. သူ က မေးရဲတော့ အစ်မတို့ ရှုံးတာ မဟုတ်ဘူး လား ၊ ဘာလို့ နိုင်တာလဲ ” ဟူသော အပြော မှာ ...


“ မဟုတ်ဘူး လေ ၊ မမတို့ လောင်းတာက သူ က မမေးရဲရင် မင်း ကို မမတို့ က မုန့်ကျွေးမယ် ၊ သူ က မေးရဲရင် မမတို့ ကို မင်း က .... ”


ကျွန်တော် က ခေါင်းရမ်းပြီး သဘောကျစွာ ရယ်မောရင်း .....


“ အို .. ထူးထူးဆန်းဆန်း လောင်းကြေးပါလား ၊ ကိုင်း ... ဒီတော့ ကျွန်တော် ရှုံးတဲ့ အတွက် ”


ဘယ်ရမလဲ ၊ သူတို့ ကလည်း ဒီလို လောင်းရဲတော့ ကျွန်တော် ကလ ည်း ရုတ်ခြည်း အကြံ ထွက်လာ၏ ။ လွယ်ထားသော လွယ်အိတ်လေး ထဲ က ဓာတုဗေဒ စာအုပ် ကြား ရိုးတံလေး ထိုးထား သော ပိတောက်ခက်လေး ကို အသာအယာယူပြီး ...


“ ကျွန်တော် ရှုံးတဲ့ အတွက် ဒီက မမဝသန် ကို ကျွန်တော် ပန်း ပေးပါ တယ်နော် ” ဟု ဆိုကာ ဝသန့် လက်ထဲ ပိတောက်ခက်လေး အပေး ၊ အံ့အား တသင့်ဖြင့် လက်လှမ်း ယူပြီး သုံးယောက်သား နှုတ်ခမ်းလေးတွေ ဝိုင်း သွားကာ ဘာ စကား မှ မထွက်နိုင်ခင် ကျွန်တော် လည်း ခပ်သွက်သွက် ထွက်ပြေးကာ စက်ဘီးစတင်း မှ စက်ဘီး ယူပြီး အိမ် သို့ ပြန်ပြေးခဲ့ပါ၏ ။ အိမ် ရောက်တော့ ချွေးတွေ နစ်လို့  ။


••••• ••••• ••••• 


ဂ ။


“ ဟိတ်ကောင် ၊ အဲဒီ သုံးယောက် ငါ သိတယ် ၊ ကင်မစီ က မာစတာ တက်နေတဲ့ အစ်မ သုံးယောက် မဟုတ်လား ” ဟု ကိုမြင့်သိန်းကြီး က မေးသည် ။


“ ဟုတ်တယ်ဗျ ၊ ကျွန်တော် က မမဝသန် တစ်ယောက် သာ သတိထား မိတာ ၊ ကျန်တဲ့ နှစ်ယောက် ကို အဲဒီ နေ့ မှ မြင်ဖူးတာဗျ ”  ဆိုတော့ ကိုမြင့်သိန်းကြီး က အသံ မထွက်ဘဲ ဆဲရေးလိုက်ပြီး မင်း က ဈေးချို ထဲ မှ မြင်ဖူး တာကိုး ။ ကျောင်း ထဲမှာ စာ ပဲ တကုပ်ကုပ် လုပ်နေတဲ့ ကောင် ၊ တို့ လို လ က်ဖက်ရည်ဆိုင်တကာ မလိုက်တော့ ဒီ သုံးယောက် တွဲ တာ ဘယ် သိပါ့မလဲ ဟု ဆို၏  ။ ပြီးတော့ တစ်ဆက်တည်း ..


“ မင်း သိတဲ့ ဝသန် ၊ အေး ... ထားပါ ၊ သူ ကျောင်းနာမည် က ဝသန် ဖြစ်မှာပေါ့ ၊ ဒါပေမယ့် အိမ် မှာ က ဒီ နာမည် မဟုတ်ဘူး  ၊ ထားပါကွာ ၊ ဒါက အရေးမကြီးပါဘူး ၊ ဝသန် ရယ် ၊ ဟို .... မင်းသမီး က ပပ တဲ့ ၊ ဟို တစ်ယောက် က မာလာ တဲ့ ၊ ဝသန် ၊ ပပ ၊ မာလာ သုံးယောက်တွဲ လေကွာ ” ဟု ပြောသည် ။


ကျွန်တော် က အခုမှ တော့ ကိုမြင့်သိန်းကြီး ဒီစကား ကို စိတ်မဝင်စားတော့ ။ အဘယ့်ကြောင့် ဆိုသော် သူတို့ သုံးယောက် နာမည် သာမက သူတို့ နှင့် ကျောင်း အပြန်မှာ ဘတ်စ်ကား အတူတူ စီးကာ ပြန်ဖြစ်နေတာ ကြာပြီ ။ ကျွန်တော် ကလည်း  ကျောင်းသို့ စက်ဘီး နှင့် မတက်ဖြစ်တော့ ။ အသွား မှာ ၂၉ လမ်း ထိုင်စိန်ကဖေး ရှေ့ အမှတ် ၃ ကား ဖြင့် စောင့်စီး ၊ အပြန်မှာ သူတို့ သုံးယောက် နှင့် မြန်မာစာဌာန ဘေး ကုက္ကိုပင် အောက် ချိန်းကာ အမှတ် ၃ ကား ဖြင့် ပြန်ကြ၏ ။ မာလာ က အမြောက်တန်း ဦးဘကြည် မှတ်တိုင် မှာ ဆင်းသည် ။ ပပ က ဓာတ်စက်ရုံ မှာ ဆင်းသည် ။ ဝသန်က ဈေးချိုတောင် မလွယ် ။ ကျွန်တော် က လည်း ၂၉ လမ်း အင်းဝနို့ချဉ် အထိ စီးလို့ ရသော်လည်း ဈေးချိုတောင်မလွယ် မှာ ပဲ ဆင်းသည် ။ ဒါတွေက ထားတော့ ၊ အခု ရတနာပုံအဆောင် မှာ နေ သော ကိုမြင့်သိန်းကြီး ကို လက်ဖက်ရည်ဆိုင် သို့ တကူးတက ခေါ်ကာ လက်ဖက်ရည်တိုက်ပြီး ပြောချင်နေ တာ က ပြီးခဲ့သည့် လပြည့်နေ့တုန်း က သူတို့ နှင့် ရန်ကင်းတောင် သို့ သွားကြသည့် အဖြစ်အပျက် အား ရင်ဖွင့်ချင်၍ ဖြစ်၏ ။ ကျွန်တော် ဒီ ကိစ္စကို ဘယ်သူ့များ ဖွင့်ပြောရမလဲ စဉ်းစားသည် ။ သို့သော် မပြောဝံ့ ။ မပြောရက် ။ အတန်းဖော် သူငယ်ချင်းတွေ ဆို ဝေး ။ သူတို့ က အစအနောက် သန်လွန်း၏ ။ မလွယ် ။ ကိုမြင့်သိန်းကြီး ကတော့ ပန်းချီပြပွဲ ကတည်း က ရင်းနှီးခင်မင် ခဲ့ပြီး စာသမား ကဗျာသမား ၊ ရသသမား မို့ ခံစားနိုင်သည် ။ အစ်ကို တစ်ယောက် လို တိုင်တိုင်ပင်ပင် မို့ ဖွင့်ပြော ဖြစ်၏ ။ အဖြစ်က ဒီလို ..


••••• ••••• •••••  


တကယ်တော့ ထိုနေ့က ကျောင်းဖွင့်၏ ။ သို့သော် မမဝသန် က မရောက်ဖူးသော ရန်ကင်းတောင် သို့ သွားချင်သည် ဆို၍ အစီအစဉ် ဆွဲ ကြသည် ။ ဈေးချိုက နေ အမှတ် ၅ လိုင်းကား နှင့် သွားကြမလား ဆိုတော့ “ ပပ ” က ဘတ်စ်ကား နှင့်ဆို အပြန်မှာ နောက်ဆံ ငင် နေရလိမ့် မယ် ။ စက်ဘီး နဲ့ သွားကြတာပေါ့ ဆိုသည် ။ ရန်ကင်းတောင် နဲ့ မန္တလေး စက်ဘီး နင်းနိုင်ပါ့မလား ဟု ဆိုသောအခါ ပပ ရော ၊ မာလာ ရော နှစ်ယောက်စလုံး က “ အမလေး ၊ မန္တလေးသူတွေပါ ဟာ”  ဟု ပြန်အော်သည်  ။ မမဝသန် က “ တို့ က စက်ဘီး မစီးတက်ဘူးနော် ၊ တို့ ကတော့ ဘယ်လောက် ဝေးဝေး ထိုင် လိုက်နိုင်တယ် ” ဟု ဆိုသောအခါ ပပ နှင့် မာလာ နှစ်စလုံးကပဲ “ နင့် တာဝန် ” ဟု ကျွန်တော့ ကို ပြိုင်တူ လွဲချကြ၏ ။ ကျွန်တော် က လည်း မျှော်လင့်ထားပြီး ဖြစ်သည် ။


ဤသို့ဖြင့် ဗောဓိကုန်း အိုအေစစ်လက်ဖက်ရည်ဆိုင် က စားသောက်ပြီး ထွက်ခဲ့ကြတော့ အတော် နေမြင့်ပြီ ။ တော်သေးသည် ။ မိုးကလေး က အုံ့လို့ ။ နန်းရှေ့ အကောက်ဂိတ်တဲ လွန်လာ တော့ အောင်ပင်လယ် ကို ဖြတ်တိုက်လာသော လေကြောင့် လန်းဆန်း သွား၏ ။ မန္တလေးသူတွေ က ခပ်သွက်သွက် ဘီးနင်းသည် ။ ကျွန်တော် က မမဝသန် ကို နောက်က တင်ပြီး ခပ်မှန်မှန် ပါပဲ ။ ဒီနေရာတွေ ကို ငယ်ငယ် က ရောက်ဖူးတယ် ။ အခု မမှတ်မိတော့ဘူး ဟု မမဝသန် က ပြောပြီး ဟိုဟာ ဘာလဲ ၊ ဟိုတောင် က ဘာလဲ ၊ ပြင်ဦးလွင် က ဘယ်နားမှာ လဲ ၊ အဲဒီ တောင်ပေါ်က ဖြူဖြူ စေတီ က ဘာလဲ ဆိုသည့် မေးခွန်းတွေ ကို ကျွန်တော် က မနားတမ်း ဖြေရသည် ။ ကန်လယ် ရောက်တော့ ယူကလစ်ပင်တန်းတွေ အောက် အရိပ် မှာ ပပ နှင့် မာလာ က ကျွန်တော်တို့ ကို စောင့်သည် ။ ပြီး တော့ ပပ က သူ့ နောက်က ဝသန် တစ်လှည့် ထိုင်ပါ ဟု ဆိုသည်  ။ မမဝသန်က နေပါစေ ။ အားနာလို့ ဟု ဆိုတော့ ပပ က နင် အားနာတာက တို့ ကို လား ၊ သူ့ ကို လား ဟု ရည်ညွှန်းလေသောကြောင့် မျက်နှာ မထားတတ်အောင် ဖြစ်ရသည် ။


တောင်ခြေ ရောက်တော့ ကြံရည် တစ်ခွက်စီ သောက် ၊ တောင်ပေါ် မှ စားဖို့ ပေါင်မုန့်တွေ ၊ ဘီစကစ်ထုပ်တွေ ၊ ငှက်ပျောသီးတွေ ဝယ်ပြီး တောင်ပေါ် စတက်သည်  ။ ပပ နှင့် မာလာက ပျော်နေ၏ ။ မမဝသန် ကလည်း မြူးလို့ ၊ ပျော်လို့ ။ တောင်ပေါ်ရောက်တော့ ငါးရံ့မင်းဂူ သို့ ဆင်းကြ၏ ။ ဆင်းတုတော် နှင့် ငါးရံ့မင်း ကို ရွှေချကြ ၊ ရေသပ္ပာယ်ကြသည် ။ စိမ့်စိမ့် အေး နေသော ဂူ ထဲ ထိုင်နားကြတော့ ပန်းသမျှ အမောတွေ ပြေသွား၏ ။


အပေါ်သို့ ပြန် တက်ပြီး ကျွန်တော် က မယ်ယက္ခတောင် ဘက် သွားရ အောင် ဆို၍ စောင်းတန်းလေး အတိုင်း အရှေ့ဘက် သို့ ဦးတည်၏ ။ စောင်းတန်းလေး အဆုံး အရှေ့ဘက် တောင်စွယ်ဆီ အဆင်း ၊ မယ်ယက္ခပုံတော် ကျောက်တုံးကြီး ကို လှမ်း မြင်နေရသည် ။ စောင်းတန်းလေး အဆုံး အုတ်ခုံလေး က အရှေ့ဘက်ဆုံး ကမ်းပါး အစွန်း မှာ မို့ အရှေ့တစ်ခွင် မြင်ကွင်းတွေ ကို တပြန့်တပြော မြင်ရသည် ။ ပပ နှင့် မာလာ က အုတ်ခုံလေးပေါ် ထိုင်ရင်း တို့ ကတော့ ဒီနေရာမှာ ပဲ နားနေတော့မယ် ဆိုပြီး ပါ လာသော မုန့်ထုပ်တွေ ဖောက်၏ ။ ကျွန်တော် က စောင်းတန်းလေး မှ ဆင်းကာ ဘုရားဝင်းကလေး ဆီ သွားသည် ။ ကျောက်တုံးတွေ ကြား လမ်းလေး ဘေးမှာ တရုတ်စကားပင် က ဖွေးဖွေးလှုပ် ပွင့်လို့  ။ ဘုရားဝင်းလေး ထဲ လှည့်ပတ် ကြည့်နေဆဲ မမဝသန် က နောက်က လိုက်လာသည် ။ “ တို့ ...ရေ ဆာလိုက်တာဟာ ”  တဲ့ ကျွန်တော် က စောင်းတန်းလေး မဆင်းခင် ရေအိုးစင်လေး မတွေ့ဘူးလား ဆိုတော့ မသောက်ချင်ဘူးတဲ့ ။ လှမ်းကြည့်လိုက်တော့ ဘုရားလေး တစ်ဖက် မှာ ကမ္မဋ္ဌာန်းကျောင်းလေး တစ်ကျောင်း ရှိသည် ။ ယောဂီ အဘွားကြီး တစ်ဦး က တံမြတ်စည်း လှည်း နေ၏ ။ ကျောင်းလေး ဆီ နှစ်ယောက်သား သွားကြပြီး ရေအိုးသစ်သစ်လေး က ရေအေး အေးလေး ကို ခပ် သောက်ကြသည် ။


ကျွန်တော် က “ မမဝသန် အရင်သောက်လေ”  ဆိုတော့ “ ဟင့်အင်း ၊ မင်း အရင်သောက်ပါ”  တဲ့ ။ ကျွန်တော် က ယွန်းခွက်လေး နှင့် တစ်ခွက် ပြည့်လုပြည့်ခင် ခပ်ပြီး သောက်နေဆဲ တစ်ဝက်လောက် အကျန် မှာ ဝသွား သဖြင့် အနားက စပယ်ရုံလေး ကို လောင်းပြီး သွန်မယ် လုပ်တော့ “ အို ... အို မသွန်နဲ့  ၊ မသွန်နဲ့  ၊ ကျန်တာတို့ ကို ပေး” ဟု ဆိုကာ ခွက်ကလေး ယူပြီး ကျွန်တော့ ဆီ က ရေအကျန် ကို ယူ သောက်တော့ ကျွန်တော့ ပါးတွေ နွေးသွားသည် ။ သောက် အပြီး ယွန်းခွက်ကလေး ပြန် အပေး သောက်ဦးမှာလား ဆိုတော့ ခေါင်းရမ်း၏ ။ မမဝသန် က သူ့ ပိုက်ဆံအိတ်လေး ဖွင့်ပြီး ယောဂီ အမေကြီး ကို ဆယ်တန် တစ်ရွက် ကန်တော့သည် ရှည်ရှည်လျားလျား ဆုပေးသံ အဆုံး ဘုရားဝင်းလေး ထဲ ပြန်ဝင် ၊ ကျွန်တော် က တစ်ဖက်ရှိ တောင်ကမ်းပါးယံ ဆီ အသွား အောက်သို့ ဆင်းရန် ပြထားသည့် မြား နှင့် သွပ်ပြား အမှတ်အသားလေး တွေ့ တော့ ဖြည်းဖြည်းချင်း ဆင်းကြည့်သည် ။ လူ တစ်ယောက် သာ ချောင်ချောင် ဝင် နိုင်သော ဂူပေါက်ကလေး ဖြစ်၏ ။ လူ တစ်ရပ်ကျော်ကျော် အနက် သို့ ကျောက်တုံးတွေ ကျားကန် ဆင်းလိုက်တော့ အောက် မှာ ကျယ်ပြန့်သော ဂူကြီး အတွင်း ရောက်သွားသည် ။ အပေါ်ဂူဝ ဆိုင်းဘုတ်လေး နား က မမဝသန်က ငုံ့ ကြည့်ရင်း ဘာရှိလို့ လဲ ဟု လှမ်းမေး၏ ။


“ အတွင်း မှာ ဂူကြီးဗျ ၊ အကျယ်ကြီးပဲ ၊ ဟိုဘက် ကလည်း ထွက်လို့ ရမယ် ထင်တယ် ။ အလင်း ရောင်မြင်ရတယ်”  ဟု ကျွန်တော် က ပြန်ပြောတော့ “ တို့ လည်း ဆင်းကြည့်မယ် ” ဟု ဆိုသည် ။ နေဦး ၊ နေဦး ကျွန်တော် လမ်းပြမယ် ။ ဟုတ်ပြီ ၊ အဲဒီ ကျောက်တုံး နင်းပြီး ဆင်းလိုက် ဟု အော်ရင်း အပေါ်သို့ တစ်ဆင့် မျှ ပြန်တက်ရ၏  ။ မမဝသန် ၏ ခြေဖျားလေး က ကျွန်တော့ ရင်ညွန့်နားက  ကျောက်တုံး ပေါ် လှမ်းထောက်သည် ။ ခြေသလုံး ဖွေးဖွေးလေး က မျက်နှာ နှင့် မလှမ်းမကမ်း ။ ကန်တော့နော် ၊ ကန်တော့ ဟု ပြောရင်း နောက်ထပ် ခြေတစ်လှမ်း က အောက်က ကျောက်စွန်း ဆီ လှမ်း၏ ။ အပေါ်က သူ့ လက် ကို ဖမ်းကိုင်ပြီး “ ဟုတ်ပြီ ၊ အဲဒီ ကျောက်တုံး ပေါ် မြဲအောင် လှမ်းထောက်ပြီးရင် ကိုယ်ကို အသာလေး လျောချပြီး ဒီ အစွန်းကလေး လှမ်း ဆွဲလိုက်နော် ၊ ကျွန်တော် က အောက် ကို ဆင်းလိုက်မယ် ” ဟု ပြောတုန်း ပြောဆဲ ကျွန်တော် မဆင်းမီ မှာ ပဲ မမဝသန် က အောက်ကို လှမ်း ထောက်ပြီး ကိုယ် ကို လျှော အဆင်းလိုက် ..


“ အို ”


မထင်မှတ်ဘဲ ရင်ခွင် ထဲ ထွေးအိပြိုဆင်းလာသူလေး ကို ဝရုန်းသုန်း ကား ဖြစ်လောက်အောင် ဆီးယူ ပွေ့ဖက် လိုက်ရ၏ ။ သို့မဟုတ် ပါ က နှစ်ယောက်စလုံး အလုံးလုံး အထွေးထွေး ဖြင့် အောက်သို့ လျှောကျ သွားပြီ ။ လျှောကျသည် ဆိုငြား ချောချောမွေ့မွေ့ ကျမှာ မဟုတ် ၊ ကျောက်တုံးကျောက်ခဲ ၊ ကျောက်စွန်းတွေ နှင့် ခြစ်မိ ၊ ရိုက်မိ ၊ ထိုးမိ မှာ သေချာသည် ။ သည်တော့ ခြေထောက် က လည်း ကန် ထားရ သလို လက်နှစ်ဖက် ကလည်း သူ့ ကို မနည်း ထိန်းကာ သိမ်းဖက် လိုက်သည် ။ သူ့ မျက်နှာ က ကျွန်တော့ ပခုံးစွန်း မှာ ချိတ်နေသည် ။ တော်သေးသည် ။ ခါးကလေး ကနေ လက်တစ်ဖက် က သိမ်းပွေ့ ထားပြီး ဘယ်လက် က သူ့ ကျော ကို သိုင်းထားမိ ထားလို့ ။ သူ့ ညာလက် က ကိုယ်လုံး နှစ်ခု ကြား ဖိညှပ် ကာ လိန် နေတာမို့ ကိုယ် ကို အတင်း ရုန်းပြီး ပြန် နှုတ်၏ ။ အောက်က ကျောက်တုံး ပေါ် လှမ်း အထောက် ချော်သွားသော သူ့ ဘယ်ခြေ ကို ကျွန်တော့ ညာခြေ နှင့် လှမ်း ထိန်းပြီး နံရံ နှင့် ဖိထား ရသည် ။ ပြီးမှ ကျောက်တုံး ဆီ လှမ်း၍ ထောက်ခိုင်း ထားရ၏ ။


“ နေဦးနော် ၊ အဲဒီ အတိုင်း ငြိမ်ငြိမ်နေ ၊ ကျွန်တော် အောက် တစ်ထစ် ဆင်းလိုက်မယ် ၊ နံရံ ကို ကိုယ်လုံး နဲ့ မှီလိုက် ၊ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ မကြောက်နဲ့ ” ဟု ဆိုပြီး ကျွန်တော် က သူ့ ကို မလွှတ်ရဲသေးဘဲ လက် နှစ်ဖက်ဖြင့် အပေါ် မှ ခါးဆီ ၊ ဒူးဆစ်ဆီ အထိ လျှောကာ ထိန်းရင်း ဆင်းပြီး မှ သူ့ ကို ဆင်းစေရ၏ ။


အောက်က ဂူမြေပြင် ပေါ် ခြေနှစ်ဖက် ချ အပြီး လက် ကို လွှတ် ၊ သူ့ လက်ကို ဖေးကိုင်ကာ ခုန်ဆင်း လိုက်တော့ ကျွန်တော် နှင့် သူ မျက်နှာချင်းဆိုင် ကိုယ်လုံးချင်း ထိ ပူးကပ်သွားသည် ။ “ အမလေး ...... ကံကောင်းလို့  ၊ အစ်မ ကို က ဇွတ် ဆင်းချင်နေတာ ၊ ငါ့ မောင် ကို အားနာလိုက်တာကွာ ၊ ဘယ် ခိုက်မိသွားသေးလဲ ” ဟု ပျာပျာသလဲ မေးရင်း ကျွန်တော့ တစ်ကိုယ်လုံး လှည့်ပတ်ကြည့်သည် ။ တကယ်တော့ ကျွန်တော့ ပြင်ပ ကိုယ်ခန္ဓာ မှာ ဘယ်နေရာ မှ မထိခိုက်ပါ ။ ရင်တွင် အနူးညံ့ဆုံး နေရာမှာ နာနာကျင်ကျင် ထိခိုက်သွားတာကိုတော့ သိဖို့ ကောင်းပါတယ် မမဝသန် ရယ် ။ သ ည့်ထက် ပိုဆိုးတာ က ကိုယ်ကလေး ကိုင်းပြီး ကျွန်တော့ ကို လှည့်ပတ် ကြည့်နေသော သူ့ ကို သတိထားမိလိုက်စဉ် မှာ ရင်တွင်း က ဝေဒနာ က ပေါက်ကွဲလုလု တင်းကျပ် သွား၏ ။ ဝရုန်းသုန်းကား ဖြစ်စဉ် ဖိညှပ်နေသော သူ့ ညာဘက်ကို သူ့ ဘာသာ ဆွဲအထုတ် သူ့ ရင်စေ့အင်္ကျီလေး ၏ အပေါ်ဆုံးကြယ်သီး နှစ်လုံး ပြုတ်ထွက်ကာ အတွင်းခံ ဘော်လီ ၏ အသားရောင် ဇာအနားလေး တွေ အထိ အထင်းသား ဖြစ်နေတာ သူ မသိ ။


ကျွန်တော်က မျက်နှာ လွှဲလိုက်ပြီး “ ရပါတယ် အစ်မ ၊ ကျွန်တော် က လည်း ဆတ်ဆော့ပြီး ဆင်းကြည့်မိတာကိုး ၊ ကျွန်တော် ဘာမှ မဖြစ်ပါဘူး ၊ မမ ရော ချိတ်မိသေးလား ၊ ဟို ...ဟို ဘာမှ မဖြစ် ဘူးဆိုရင် မမ အင်္ကျီ အပေါ် ကြယ်သီးလေးတွေ ပြန် တပ်လိုက်ဦးလေ ” ဟု ပြောရင်း အလင်းရောင် ဖြာထွက် နေသော တစ်ဖက် ဂူဝသို့ သွားသည် ။ “ အို ”  ဟူသော အာမေဋိတ်သံနှင့် ခေါင်းငုံ့ကာ ကြယ်သီးလေးတွေ ပြန် တပ်ပြီး ကျွန်တော့် နောက် အပြေးလေး လိုက်လာသည် ။ ကျွန်တော့ လက်ကို လှမ်းဆွဲသည်  ။ ပြီးတော့ .....


“ တို့ အခု ဖြစ်တာ ပပ တို့ ကို မင်း မပြောနဲ့ နော် သိလား ” ဟု ခပ်တိုးတိုး ဆိုသည် ။ ကျွန်တော် က စိတ် ကို တည်ငြိမ်အောင် ထိန်း ကာ “ စိတ်ချပါ မမ ” ဟု ပြောရင်း “ ဒီဘက်က အပေါက် က ဘုရားတစ်ဖက် ကို ပြန် ရောက်တာပဲ ၊ ဒီက ဝင်ရင် လွယ်လွယ်လေး ” ဟု ဆိုတော့ မမဝသန် က နှုတ်ခမ်းလေး ကိုက်ပြီး “ ဟင်း ” ဟု မျက်စောင်း လှမ်းထိုးသည် ။ ဂူအဝ တလင်းပြောင်ပြောင် ၌ တစ်ဖက် ကျောက်တောင်စွန်း ပေါ် ပေါက်နေ သော တရုတ်စကားပွင့်ဝါဝါများ ကြွေကျနေ၏ ။ ခပ်လတ်လတ် တရုတ် စကားပွင့် တစ်ပွင့် ကို ယူပြီး မမဝသန် ဆံစလေး ၌ ထိုးပန်ဆင် ပေးလိုက်ချင်ပါသည် ။ သို့ပေမဲ့ လေ .. ။


တရုတ်စကားပင်လေး နှင့် ကျောက်တောင်စွန်းလေး တွေ့လိုက် တော့ စောင်းတန်းလေး အဆုံး ကို ဘွားခနဲ တွေ့လိုက်ရ၏ ။ ပပ နှင့် မာလာ က ပေါင်မုန့်တွေ ပလုတ်ပလောင်း စာရင်း ကျွန်တော် တို့ ဆီ မျှော်ကြည့် နေသည် ။ ကျွန်တော် က သူတို့ နား ခပ်သွက်သွက် သွားပြီး ငှက်ပျောခိုင်မှ ငှက်ပျောသီး တစ်လုံး ဆွဲဖဲ့ပြီး စောင်းတန်းအစွန်း ထိ သွားကာ ရပ် ရင်း အခွံနွှာ စားလိုက်၏ ။ ရင် ထဲ က အလှုပ်အခတ် က လှိုင်းတံပိုး မငြိမ်သေး ။ မမဝသန် က အုတ်ခုံစွန်းလေး ပေါ် ထိုင်သည် ။ ဘီစကစ်မုန့်ထုပ် အား ဖြေပြီး တစ်ခု ကို ဆွဲနုတ်သည် ။ မာလာ က ဝသန့်ဘေး ဝင် ထိုင်ပြီး “ နင်တို့ ဘယ်သွားကြတာလဲ ” ဟု မေးနေ၏ ။ ပပ က “ ဒီမယ် ယက္ခတောင် က သမီးရည်းစား အတွဲ မလာရဘူး နော် ၊ နတ်ကြီးတယ် သိလား ” ဟု ဆိုရာ မမဝသန် က ဘီစကစ်လေး ကိုက်ရင်း “ ဟာ - နင်တို့ ကလည်း ဘာတွေ လျှောက် ပြောနေတာလဲ ” ဟု ခပ်တိုးတိုး ပြန်ပြော၏ ။

 

မာလာ နှင့် ပပ က မမဝသန့် ဘေး တစ်ဖက်တစ်ချက် ညှပ်ကာ ပူးကပ် ထိုင်ပြီး ရယ်မောနေကြသည် ။


 ••••• ••••• •••••


“ ဟား ... ဟား ...ဟား .... မင်း က လူလည်ပဲကွ ၊ ဒါကြောင့် ဝသန့် ကို မှဲ့ ဗေဒင် ဟောလိုက် တာကိုးကွ ” 


ကိုမြင့်သိန်းကြီး က တစ်ကိုယ်လုံး လှုပ်ကာ ရယ်သည် ။ ကျွန်တော် ကလည်း သူနှင့် အတူ မရယ်မောမိဘဲ. ...


“ ဟုတ်တယ်လေဗျာ ၊ ဝသန် ကိုယ်တိုင်က သူ့ အဖြစ်ကို သူ မေ့ချင် မေ့နေမှာ ၊ ကျွန်တော် က အမြဲတမ်း သတိရ နေ ၊ မြင်ယောင် နေတာလေ ”  ဟု ဆွေးဆွေးနစ်နစ် ပြောဖြစ်၏  ။


ကျွန်တော့် ကို ဒုတိယနှစ် စာမေးပွဲ ဖြေခါ နီးတော့ စာတွေ က အရမ်း ခက်လို့ ဗောဓိကုန်း ထဲ က ဆရာမ တို့ မြိုင်သာယာခြံ မှာ ပဲ ညအိပ်သည် ။ ဆရာမ ဆီမှာ စာကျက်ကြသည် ။ နေ့လည်နေ့ခင်း စာကျက် နားချိန်မှာ မြောက်ဘက် လမ်းကြားထဲ က “ စံပယ်တစ်ခက် ”   အမျိုးသမီးဆောင် သို့ ရောက် ဖြစ်၏ ။ “ စံပယ်တစ်ခက် ” မှာ မမဝသန် တို့ ၊ ပပ တို့ ၊ မာလာ တို့ ကလည်း စာ လာ ကြည့်နေကြသည် ။ သူတို့ က မဟာသိပ္ပံ အပိုင်း ( ၁ ) ဖြစ်မှာပေါ့ ။ စာမေးပွဲ အနီးစာတွေ ပိနေချိန် တစ်နေ့ ၊ အဆောင်ရှေ့ က လက်ဖက်သုပ်ဆိုင်လေး မှာ ထိုင်ကြရင်း အပျဉ်းပြေ မှဲ့ ဗေဒင် ဟောဖြစ် ကြသည် ။ စကားစု ပြောဖြစ်ကြရင်း ဘယ်က ဘယ်လို စကား ရောက်သွားသည် မသိ ။ ကျွန်တော် က ဖတ်ဖူးသော မှဲ့ဗေဒင် စာအုပ် အကြောင်း ပြောဖြစ်သည် ။ ဟိန္ဒူဗေဒင် ကျမ်း ထဲ က မှ ဗေဒင်ဆို တော့ ထုံးစံအတိုင်း သူတို့ က အံ့သြ သွားကြ၏ ။ ကျွန်တော် က လည်း ထိုစာအုပ်လေး ကို အိမ် မှာ အမြဲ လို ဖတ်ဖြစ်နေတော့ အလွတ်ရ နေသည် ။ စာအုပ် မှာ က မျက်နှာ ပေါ် ရှိ မှဲ့များ နှင့် ကိုယ်ခန္ဓာ ပေါ်ရှိ အခြား မှဲ့ များ ကို တွဲဖက် ဟောရ၏ ။


ထုံးစံအတိုင်း ပပ က သွက်သွက်လက်လက် ဆိုတော့ “ ငါ့ အရင် ဟော ”   ဟု ဆို၏ ။ သူ့ မျက်နှာ မှာ ညာဘက်မျက်ခုံး ၏ ညာဘက်အစွန် မှဲ့နီလေး တစ်လုံးရှိသည် ။ ထို့ကြောင့် “ အစ်မ က မှဲ့အဟောအရ ဆိုရင် စိတ် တိုတတ်တယ် ၊ အပြောအဆို ကြမ်းတယ် ၊ အဲ... ကြမ်းတယ် ဆိုတာ တစ်မျိုး မထင်နဲ့ ၊ ပွင့်လင်းတာ ကို ပြောတာ ၊ ကလေးတွေ ကို ဂရုစိုက်တတ်တယ် ၊ ခေါင်းကိုက်ဝေဒနာ စွဲကပ်တတ်တယ် ၊ နက္ခတ်ဂြိုဟ်စီး က သောကြာ ” ဟု ဆိုတော့ မျက်လုံးလေးအဝိုင်းသား နှင့် “ ဟောတော့ .... မှန်လိုက် တာ ”  ဟု ပြောပြီး “ နင် ပြောတဲ့ သောကြာဂြိုဟ်စီး ဆိုတာက ” ဟု မေးတော့ “ သောကြာဂြိုဟ်စီး က ဟို ... ဟို ကန်တော့နော် အစ်မ ၊ သွေးသား မမှန် တာတို့  ၊ လေသလိပ်တို့ ရောဂါမျိုး ဆိုတာ ” ဟု ဖြေရသည် ။ ပပ က မှန်လွန်း လို့ ဆိုပြီး မမဝန်သန့် ကို “ နင် ရော မေးလိုက် မေးလိုက် ” ဟု တိုက်တွန်း၏ ။ မမဝသန် က “ အို ... နေဦး ၊ မာလာ အရင်မေး ၊ မာလာ မေးပြီး မှ ”  ဟု ဆိုသည် ။ မာလာ က “ ကဲ .. ကဲ ငါ့ ဟောဟာ ”  ဟု ပြောသည် ။ ကျွန်တော် က “ နေဦး ၊ နေဦး ၊ ကျွန်တော် ပိုပြီး တိကျအောင် ပုံ ဆွဲလိုက်ဦးမယ် ၊ ဒီအတိုင်း အလွတ် ဆိုရင် မှားသွားနိုင်တယ် ”  ဟု ပြောပြီး မိန်းမ တစ်ယောက် ၏ မျက်နှာ ရှေ့တည့်တည့် မှ မြင်ရပုံ ကို စာကြည့်လက်စ ( ၂ဝ၂ ) ဘာသာရပ် လေ့ကျင့်ခန်း စာအုပ် ၏ နောက်ကျော ၌ ဆွဲလိုက်၏ ။ မှတ်မိသရွေ့ မှဲ့ နေရာများ ကို အမှတ်အသား လုပ်ပြီး နံပါတ်စဉ်များ တပ် လိုက်သည်  ။


“ စောစောက မပပ ရဲ့ မှဲ့ က ညာဘက် မျက်ခုံး ရဲ့ ညာဘက်အစွန် မို့ မှဲ့ နံပါတ် က ၂ လေ ၊ ဒါကြောင့် မှဲ့ အဟော နံပါတ် ၂ နဲ့ ဟောတာ ၊ နေဦး ၊ အခု မမာလာ က နေဦး ( ကျွန်တော် က မာလာ့ မျက်နှာ ကို သေချာကြည့်ပြီး ) ဘယ်ဘက် နဖူးထိ ပ်မှာ ဆိုတော့ မှဲ့ နံပါတ် ၄  ၊ သူ့ အဟောက စိတ်စင်ကြယ်တဲ့ မိန်းမ ဖြစ်တယ်တဲ့ ၊ လွမ်းဆွေးရတတ်တယ် တဲ့  ၊ အများ ရဲ့ ချီးမွမ်းမှု ခံရတယ်တဲ့  ၊ ဟဲ .... ဟဲ .... ပြီးတော့ အိမ်ထောင်ကျရင် တစ်ရက်တစ်ကျေး ပြောင်းရတတ်တယ်တဲ့ ”  


ပပ က လက်ခုပ်တီးပြီး “ မှန်တယ် မှန်တယ် ၊ မိုးကုတ် ပြောင်းရတော့ မှာ မိုးကုတ် ပြောင်းရတော့မှာ ” ဟု ဆိုသည် ။ မာလာ က ပပ ကို လှမ်းရိုက်နေ၏ ။ မာလာ က ကျွန်တော့် ကို “ ဂြိုဟ်စီး ပြောဦး လေ ” ဟု ဆိုသဖြင့် “  အစ်မ က စနေဂြိုဟ်စီး ၊ နှလုံး အား နည်းတယ် ၊ ကြောက်လန့်တတ်တယ် ”  ဟု ပြောသဖြင့် ပပ ဘက် လှည့်ကာ မှန်လိုက်တာဟယ် ဟု တအံ့တဩ ပြောသည် ။


“ ကဲ .. ကဲ ဒေါ်ဝသန့် အလှည့်ပါရှင် ၊ နေဦး ၊ နင့် စာအုပ် ပြစမ်း ၊ သူ့ မှဲ့ က အထင်အရှားကြီး ၊ မေးစေ့ဖျား မှာ ဆိုတော့ နံပါတ် ဘယ်လောက်လဲ ဆို တော့ ဟယ် နံပါတ် ၁ မှဲ့ ပဲတော့် ၊ ကဲ .. ကဲ နင် ပြောစမ်း ၊ နံပါတ် ၁ မှဲ့ အဟော ” 


ပပ က စာအုပ် ထဲ က ပုံ မှာ လက် ထောက်ရင်း ကျွန်တော့ ကို လှမ်းပြောသည် ။ ကျွန်တော် က ဝသန့် မျက်နှာလေး ကို ကြည့်ရင်း သက်ပြင်လေး ခိုးချ လိုက်မိ၏ ။ မမဝသန် က သူ လည်း ကျွန်တော့် အပြော ကို မျှော်လင့် နေပုံရသည် ။ ကျွန်တော် က သူ့ ဆီ က အကြည့် ကို လွှဲ လိုက်ပြီး ....


“ မှဲ့ နံပါတ် ၁ အဟောက ချမ်းသာလိမ့်မယ် ၊ အသက် ၃၅ နှစ် က ၄၅ နှစ် အတွင်း ရောဂါ ရတတ်သတဲ့ ” 


ကျွန်တော် က ရှေ့ဆက် မပြောဖြစ် ။ နှုတ် ဆွံ့အသွားသည်  ။ ထိုအဟောမှာ က အကြောင်း ကိစ္စ တစ်ခုခု ကြောင့် လောက ကို စွန့်ခွာသွား တတ်သည် ဟု လည်း ဆိုသည် ။ ပျိုသော အရွယ်မှာ ပင် အလွန် စိတ်သောက ရောက်ရတတ်သည် ဟု ဆိုသည် ။ ထိုအဟောများ ကို ကျွန်တော့် နှုတ် က ပြော မထွက်ဝံ့ ။ သို့သော် ရုတ်ခြည်း ဖျက်ခနဲ သတိရ လိုက်သည် ။ အာရုံထဲမှာ ပုံရိပ်တွေ ပေါ်လာ၏ ။ သူ့ ခြေဖမိုးလေး က ကျွန်တော့် ရင်ညွန့်နား ကျောက်တုံး ပေါ် လှမ်းအထောက် နောက်ခြေ က အောက် တစ်ဆင့် ကျောက်အစွန်း ဆီ လှမ်းအတင် ၊ မထင်မှတ်သော ဝရုန်းသုန်းကား ၊ ထွေးအိ တင်းကပ် ၊ သူ့ ညာလက် ဆွဲအဖယ် နှစ်ယောက် ပူးကပ်ရင်း ဂူအခြေ အဆင်း ခေါင်းလေး ငုံ့ ခါးလေးကိုင်း ကာ ကျွန်တော့် ကို ဘယ် နာသွားသလဲ လှည့်ပတ် အကြည့် ပြုတ်နေသော အင်္ကျီ အပေါ်ကြယ်သီး နှစ်လုံး ၊ အသားရောင် ဇာနားတပ် အတွင်းခံအင်္ကျီ နှင့် ဝင်းဝါဖြိုးအိ နေသော ဘယ်ဘက် ရင်ညွန့် ဆီ မှ ... ။


ကျွန်တော် က ခေါင်း ကို ပြန် မော့လိုက်ပြီး “ နံပါတ် ၁ မှဲ့ နဲ့ တွဲဖက်မှဲ့ အဟော လည်း ရှိသေး တယ် အစ်မ ရဲ့ ၊ တွဲဖက်မှဲ့ က အနီဆိုရင် တွဲဖက် မှဲ့ ကို အဓိကထား ဟောရတယ် ၊ အမ ရဲ့ တွဲဖက် မှဲ့ အဟော အရ ဆိုရင် ဘဝအစ ချမ်းသာသုခ နဲ့ ဆုံစည်းရမယ် ၊ ဆွေမျိုးတွေ ဆီက အမွေအနှစ် ရမယ် ၊ အသက် ၃ဝ ကျော် တာနဲ့ ချမ်းသာခြင်း အထွတ်အထိပ် ဖြစ်မယ် ၊ ဘဝ တစ်ဆစ်ချိုး ပြောင်းလဲစေမယ့် စည်းစိမ်မျိုး ရမယ်လို့ ဟောထား တယ် ” ဟု ပြောလိုက်သည် ။ မမဝသန့် မျက်နှာ လှမ်း ကြည့်လိုက်တော့ မျက်ဝန်းလေး လဲ့ကာ ပြေးနေ၏ ။ ပပ က သက်ပြင်းလေး မျှင်းမျှင်း ချသည် ။ ကျွန်တော် က .. 


“ အစ်မ ရဲ့ ဂြိုဟ်စီး က ဗုဒ္ဓဟူး ဆိုတော့ အဖက်ဖက် က ဆွေမျိုး ကောင်းကျိုးတဲ့ ” ဟု ဆက်ပြော တော့ ပပ က “ မှန်လိုက်တာနော ဝသန် ” တဲ့ ၊ တိုးတိုး ဆိုသည် ။


မာလာ က ကျွန်တော့် စာအုပ်လေး ကို ပိတ်ရင်း “ ပြောသင့် တာတော့ ပြောရမှာ ပဲလေ ၊ ဝသန် ပြောလိုက်လေ ” ဟု ဆို၏  ။ ကျွန်တော် က ဖျက်ခနဲ မော့ကြည့်လိုက်သည် ။ ပ ပက ခေါင်းငုံ့ပြီး “ ဝသန် မပြောလည်း တို့ က ပြောထားရမှာပဲလေ ၊ မပြောဘူးလို့ မရှိရလေအောင်ပါ ၊ ငါ့ မောင် နားထောင် နော် ၊ မင်းကို တို့ က မောင်လေး တစ်ယောက် လို ရင်းနှီးတာ မင်း သိတာပဲနော် ၊ ဝသန် က ပိုတောင် ပိုဦးမှာ ပေါ့ ။ ဒါပေမဲ့ ရင်းနှီးမှု မှာ အထင်အမြင် လွဲမှုတွေ မဖြစ်စေချင်ဘူး ၊ အဲဒါ အစ်မ က ပဲ အခု ပွင့်ပွင့်လင်းလင်း ပြောမယ်နော် ၊ မင်း မှဲ့ အဟောလို အစ်မ က စကားပြော ကြမ်း တယ်ပေါ့ကွာ ၊ ဒီလိုပါ ၊ဝသန့် ကို သူ့ အိမ် က အိမ်ထောင်ချ ပေးတော့မယ် ၊ သူ့ အဖေ ဘက်က အမျိုးပါပဲ ၊ အာအိုင်တီ က ကျောင်း ပြီးသွားပြီး အခု ဂျပန်မှာ အလုပ် လုပ်နေတယ် ။ ပိုက်ဆုံတွေ အတော် စုမိနေပြီ ဆိုပါတော့ ကွာ ၊ အဲဒါ ... အင်းလေ ၊ တိုက်ဆိုင်ချင်တော့ မင်း ဟောတဲ့ ဗေဒင် က သိပ်မှန်နေတော့ အစ်မ တို့ လည်း မပြော မဖြစ်တော့ဘူးလေ ၊ ကဲ ... ဝသန် ထိုင်ရစ်ဦး ၊ မာလာ လာ ၊ ငါတို့ အထဲ သွားကြရ အောင် ” ဟု ပြောရင်း ထို င်ရာ က ထသည် ။ ကျွန်တော် က ပပ ကို လှမ်း ကြည့်လိုက်၏ ။ ပပ က စိ တ် မကောင်းသည့် အမူအရာ နှင့် ခေါင်းရမ်း ပြသည် ။ သူ နှင့် ပပ အဆော င် ထဲ ပြန်ဝင်သွား၏ ။ မမဝသန် က ရှေ့ မှာ ရှိသော စားလက်စ လက်ဖက်သုတ်ပန်းကန် ကို ဇွန်း တစ်ချောင်း ဖြင့် အဓိပ္ပာယ် မဲ့ မွှေနေသည် ။


ကျွန်တော် က ငုံ့နေသော သူ့ နဖူးလေး ကို စိုက် ကြည့်ရင်း “ မမဝသန် လည်း စာကြည့် ချင် ရင် ဝင်တော့လေ ၊ ကျွန်တော် က ရပါတယ် ” ဟု ဆိုတော့ နှုတ်ခမ်းလေး လှုပ်ရုံ “ မဝင်ချင်သေးပါဘူး ” တဲ့ ကျွန်တော် ပြောစရာ စကား မရှိတော့ ။ ဒါပေမဲ့ မမဝသန် က မျက်လွှာလေး ပင့်ပြီး လှမ်းကြည့်ကာ “ တို့ က စားမေးပွဲတောင် ဖြေချင် မှ ဖြေတော့မှာ  ၊ သူ ပြန် ရောက်လာရင် စေ့စပ်ကြတော့မယ် ၊ ပြီးရင် သူ့မိဘ ရှိတဲ့ ပုသိမ် ဘက် လိုက်သွားရလိမ့်မယ် ၊ လာမယ့် ဗုဒ္ဓဟူးနေ့ မှာ ပြန်ဖြစ်မယ် ထင်တယ် ” ဟု ဆိုသည် ။ ကျွန်တော် က ပြုံးလိုက်သည် ။ မဲ့ပြုံးပဲဖြစ်လိမ့်မည် ။ ရုတ်ခြည်း ထ လိုက်ပြီး ...


“ ကျွန်တော် ကတော့ စားမေးပွဲ ဖြေရဦးမယ် ၊ စာတွေ က မကျက်ရသေးဘူး ၊ သွားပါရ စေတော့ ” ဟု နှုတ်ဆက်လိုက်သည် ။ မမဝသန် က မျက်လုံး အဝိုင်းသား မော့ကြည့်သည် ။ သက်ပြင်းချသည် ။ ကျွန်တော် နှင့် မျက်နှာချင်းဆိုင် ယှဉ်ရပ်သည် ။ ကျွန်တော့ မျက်နှာ ကို စေ့စေ့ ကြည့်ပြီး ...


“ အစ်မ မှဲ့ ကို ဟောတော့ မေးဖျား က မှဲ့ မဟောဘဲ ဘာလို့ တွဲဖက်မှဲ့ ကို ဟောတာလဲ ၊ တွဲဖက်မှဲ့ က ဘယ်ဟာလဲ ၊ အဲဒါ ပြောခဲ့ဦးလေ ” ဟု ဆိုသည် ။ မထင်မှတ်သော မေးခွန်း မို့ အံ့အားသင့် သွား၏ ။


သည် အချိန်မှာ တော့ နံပတ် ၁ မှဲ့ ၏ ကံမကောင်းသော အဟောများ ကို လည်း မပြောချင်တော့ ။ ထို့အတူ တွဲဖက်မှဲ့ က မမဝသန် ၏ ဘယ်ဘက် ရင်ညွန့် ပေါ်က မှဲ့နီလေး ဆိုတာလည်း မပြောရက်တော့ ။


“ ကျွန်တော် အစ်မတို့ ပျော်အောင် လျှောက် ပြောတာပါဗျာ ။ စိတ် ထဲမှာ ဘာမှ မထားကြပါနဲ့ ” ဟု ပြောရင်း လှည့်ထွက် ပြန်ခဲ့၏ ။ မြိုင်သာယာ ရောက်မှ သတိရသည် ။ ကျွန်တော် ( ၂ဝ၂ )လေ့ကျင့်ခန်း စာအုပ်လေး ပင် ပြန် မယူဖြစ်ခဲ့ ။ ထိုအကြောင်း ကို ကိုမြင့်သိန်းကြီး အား ပြောပြထား သဖြင့် အခုလို ဇာတ်အကြောင်း ကို ပြန်လည် ဆက်စပ်ပြီး စားမြုံ့ပြန် ရယ်မောခြင်း ဖြစ်သည် ။ ကျွန်တော် ကတော့ ထိုနေ့ မှ စ၍ မြိုင်သာယာခြံ မှာ စာ မကြည့်တော့ဘဲ ကိုမြင့်သိန်းကြီး ရှိရာ ကျောင်း ထဲ က ရတနာပုံဆောင် သို့ ပြောင်းခဲ့သည် ။ မြိုင်သာယာ ခြံစောင့်ကြီး ကို ရော ၊ ဆရာမ ကို ရော အိမ် ပြန်မယ် ဟု ပဲ ပြောခဲ့သည် ။ တော်ပြီ ။ သူတို့ နှင့် မျက်နှာချင်း မဆိုင်ဝံ့တော့ ။ ထို့ကြောင့် ကိုမြင့်သိန်းကြီး အခန်း မှာ ပဲ အောင်းရင်း စာကြည့်လိုက် ၊ ရင်ဖွင့်လိုက် နှင့် ဖြေသိမ့်နေသည် ။


“ ကောင်လေး ၊ မင်း ကတော့ ဒီ ပွဲမှာ အပိုင် ဆိုပြီး ဝှက်ဖဲ နဲ့ ကစားလိုက်တာပဲကွ ၊ ဒါပေမဲ့ မင်း ရှုံးသွားတာပဲ မဟုတ်လား ၊ ကဲ ... ထားပါကွာ ၊ တက္ကသိုလ် ဆိုတဲ့ ဧရာမ ပင်လယ်ကြီး ထဲ က ရေပွက်ပမာ အဖြစ်ပျက်လေးပဲ သဘောထားလိုက် ၊ ကိုယ့် စာပဲ ကိုယ် ကြည့်တော့ကွာ ၊ ဟုတ်ပလား ” ဟု အစ်ကိုကြီး က ညီငယ် ကို နှစ်သိမ့်သလို နှစ်သိမ့်၏ ။ ဒါပေမဲ့ နောက် နှစ်ရက်လောက် မှာ ပဲ ကိုမြင့်သိန်းကြီး ကျောင်း ထဲ က အပြန်မှာ ။

 

“ ကောင်လေး ၊ အရေးပေါ် အရေးပေါ် အခုချက်ချင်း အင်္ကျီ ဝတ် ၊ ရေ ဘာညာ ချိုး မနေနဲ့ အန်တီမေ့ ဆိုင် မှာ ဝသန် တစ်ယောက် တည်း စောင့်နေတယ် ၊ မင်း ကို ပြောစရာ ရှိလို့ လွှတ်လိုက်ပါ တဲ့  ၊ သွား .. သွား ” ဟု ဆို၏ ။ ကျွန်တော် မသွားချင်တော့ဘူး ဆိုတော့ “ ဟေ့ကောင် တက္ကသိုလ် ကျောင်းသူ ကျောင်းသား ပညာတတ် လူကြီးလူကောင်းတွေ နော် ၊ ဝသန် ဆိုရင် ရှေ့နှစ်မှာ ဆရာမ ဖြစ်တော့မှာ  ၊ ကလေးကလား အတွေး မတွေး နဲ့ ၊ လူကြီးတွေး တွေး ၊ သူ စောင့်နေမှာ သွားတွေ့ ” ဟု ဆို၏  ။ ကျွန်တော် က အင်္ကျီ လဲပြီး ရတနာပုံဆောင် က ထွက်သည်  ။ အင်းဝ အဆောင်တွေ နား ရောက်တော့ အနောက် တည့်တည့် ဆင်းရမည့် အစား မြောက်သို့ ချိုး၏  ။ လူ မရှိတော့သော သင်္ချာ ပထမနှစ် စာသင်ဆောင် တွေထဲ ထိုင်နေမိသည် ။ သွားရမှာ လား ။ ဝသန့် ကိုလည်း တွေ့ချင် ၊ သို့သော် မသွားရဲ ။ မသွားချင်တော့ ။ ဝေဒနာ ကို ထပ် မပွားချင်တော့ ။ ခုံတန်းပေါ် လက်တင်ပြီး အိပ် နေမိသည် ။ ခဏနေတော့ မိုး က ဖွဲဖွဲ ကျ လာသည်  ။ မိုးရွာ နေတာပဲလေ ။ မိုးတိတ်တော့ သွား မယ်ပေါ့ ။ မိုး က သည်းလာ၏  ။ ည က အိပ်ရေးပျက် ထားလို့ မှေးခနဲ ပျော်သွားသည်  ။ နိုး လာတော့ နေပွင့် နေသည် ။ မမဝသန် မမဝသန် ။


ရုတ်ခြည်း ထပြီး ရေဝပ် နေသော လမ်းအတိုင်း ဘောလုံးကွင်းပေါက် က အန်တီမေ့ဆိုင် သွားသည် ။ အတန်းတွေ ပြီးစမို့ လမ်း ပေါ်မှာ ကျောင်းသူကျောင်းသားတွေ အဆောင် ပြန်လာကြ၏ ။ အင်းဝ ၉ ခန်းမ ကျော်မှ တောင်သို့ ချိုးပြီး အန်တီမေ့ဆိုင် ထဲ လှမ်း ဝင်လိုက်သည် ။ အန်တီမေ က ကျွန်တော့ မြင်တော့ .....


“ ထင်သားပဲ ၊ လွဲတော့မယ် ဆိုတာ ၊ မိုးရွာ နေလို့ စောင့်ပါဦး ဆိုတာ ပြောမရဘူး ၊ မင်း ကလည်း တော်တော်နဲ့ ပေါ်မလာဘူးကွယ် ၊ နာရီဝက်လောက် စောင့်ပြီး မိုးသည်းသည်း ထဲမှာ ပြန် သွားလေရဲ့ ၊ အဲ ဟို သူ ထိုင်တဲ့ စားပွဲပေါ်မှာ မင့် စာအုပ် ဆိုလား ထားခဲ့တယ် ” ဟု ဆီး ပြောသည် ။


ဆိုင်၏ ထောင့်စွန်း စားပွဲ ပေါ်၌ ကျွန်တော် မေ့ကျန်ခဲ့သော ( ၂ဝ၂ ) စာအုပ်ကလေး ။ ပြီးတော့ ဝသန် သုံးနေကျ တစ်ရှူးစက္ကူ အပိုင်းအစလေးတွေ အစိတ်စိတ်အမြွာမြွာ ဆွဲဆုတ်ထားသော စာအုပ်လေး နံဘေး မှာ ပွာစာကျဲ နေသည် ။ ကျွန်တော် က စာအုပ်လေး ဖွင့်ပြီး စက္ကူစလေးကို သိမ်းကျုံး ထည့် လိုက်သည် ။ အိန်တီမေ က “ ဟဲ့ .. ဟဲ့ စက္ကူတွေ က နေပါစေကွဲ့ ၊ အန်တီ လက် မအား သေးလို့ မရှင်းဖြစ်သေးတာပါ ၊ ထားလိုက်....ထားလိုက် ” ဟု ဆို၏ ။ ကျွန်တော် က “ ရပါတယ် အန်တီ ၊ ကျွန်တော် သွားတော့မယ် ” ဟု ဆိုကာ စာအုပ်လေး ကိုင်ပြီး လှည့်ထွက်သည် ။ “ အဆောင် လိုက် မသွားတော့ဘူးလား ” ဟူသော အမေး ကို ပင် ခေါင်း ညိတ်မိသလား ၊ ခေါင်း ရမ်းမိသလား မမှတ် မိတော့ ။


ကိုမြင့်သိန်းကြီး အခန်း ရောက်တော့ မမဝသန် ထားခဲ့သော တစ်ရှူး မွမွလေးတွေ ကို မှတ်မှတ်ရရလေး သိမ်းထားဖို့ စာအိတ်သစ် တစ်လုံး ရှာမိသည် ။ ထို့နောက် ထည့်ဖို့ စာအုပ်လေး ကို လှန်ကာ ဖွင့်ကြည့်မိ တော့ စာအုပ်ကြား က ခြောက်နေသော ပိတောက်ခက်ကလေး က မထင်မှတ်ဘဲ ကျလာ၏ ။


ဪ ....


ပထမဆုံး သူ နှင့် အတွေ့ သူတို့ ဘာသာ စီစဉ်လာတဲ့ လောင်းကစားပွဲ မှာ သူ နိုင်လို့ ကိုယ် ပေးခဲ့ရတဲ့ ပိတောက်ခက်လေး ။


ဟော ..... ခုလည်း သူတို့ ဘာသာ သူတို့ ဆုံးဖြတ်ပြီး အနိုင်ယူ လိုက် တဲ့ ပွဲ အတွက် ရှုံးကြေး အဖြစ် ပြန် အပေးခံရတဲ့ ပိတောက်ခက်လေးလားလေ ။


ကျွန်တော် အံကြိတ်ပြီး သက်ပြင်း ချလိုက်သည် ။ ထို့နောက် အင်္ကျီ ကိုပင် မလဲနိုင်ဘဲ ကိုမြင့်သိန်းကြီး အိပ်ရာပေါ် ပစ်လှဲကာ အိပ်ချလိုက်သ ည် ။ မျက်စိ ကို တင်းတင်းမှိတ် ထားလိုက်၏ ။ အတွေးပုံရိပ် ထဲ ပေါ်လာ သမျှတွေ ကို အတင်း ဖယ်ရှား ပစ်လိုက်ရသည် ။ ဝေး .... ဝေးသွားစမ်း ၊ ဝေး .. ဝေးသွားလိုက်စမ်းပါလေ ။ မိုးသက်လေပြင်း က တစ်ချက် ဝှေ့ လာ ပြန်၏ ။ လေကြောင့် စားပွဲ ပေါ်က စာအုပ်တွေ တဖျပ်ဖျပ် လန်သွားသည်  ။ ( ၂ဝ၂ ) စာအုပ်လေး ကြား ညှပ်ထားသော တစ်ရှူး စက္ကူစလေးတွေ တစ်စစီ ပလူပျံ လွင့်သွားသည် ။ တချို့က တစ်ဖက် ပြတင်းပေါက် မှ အပြင်သို့ လွင့် သွားကြ၏ ။ နောက်တစ်ခါ လေပြင်း အဝှေ့ မှာ ပိတောက်ခက်ကလေး ပါ လွင့်သွားသည် ။ စာအုပ်လေး ကတော့ ဖျပ်ဖျပ်လူးရင်း စားပွဲ အောက် ကျသွား၏ ။ ပိတောက်ခက်လေး က တစ်စစီ ကြွေ လွင့် ပြန့်ကျဲသွားသည် ။ လေပြင်းကြောင့် ဖွင့်ထားသော တံခါး တစ်ချပ် ဝုန်းခနဲ ဆောင့်ပိတ်သွား ။


ကျွန်တော် က ဖျပ်ခနဲ ။


.....................................

.....................................


 ••••• ••••• ••••• 


( ၂ )


.....................................

.....................................


ဝုန်း ဆိုသော အသံကြောင့် အတွေးလှိုင်း အစဉ် ရပ်တန့်သွားပြီး ဖျပ်ခနဲ သတိရလာသည် ။ အိမ်ကလေး ၏ ဝရန်တာ ဆီမှ “ မေမေ .... အိမ်ခေါင်းရင်း က ပိတောက်ပင်ကြီး လဲသွားပြီ မေမေ ” ဟု လှမ်း အော်သံက ပစ္စုပ္ပန် ၏ အဖြစ်သနစ် ဆီ စိတ်တည်ငြိမ် အနည်ထိုင် စေဖို့ ပိုမို အသိပေး လိုက်သလို ဖြစ်သွားသည် ။


“ ဘယ်တက်နိုင်မှာ လဲ သမီး ရယ် ၊ ဒီလောက် မိုးတွေ လေတွေ ထန် နေမှ တော့ ... သမီး လည်း အထဲ ဝင်လေ ၊ မိုးတွေ ရွဲကုန်လိမ့်မယ် ၊ အထဲဝင် .. အထဲဝင် ” ဟု မမဝသန် က သမီး ဆီ လှမ်းပြောသည် ။ ကျွန်တော့် အတွေးတွေ ဟိုး .... အတိတ်ဆီ လွင့်နေဆဲ မှာ သူ က မိတ်ဆွေ ကိုလှကို နှ င့် စာအုပ်တွေ အကြောင်း ရေထွက်ဘက် က အငှားချ မြေတွေ အကြောင်း ၊ ရန်ကင်းတောင်ခြေ က ခြံ တွေ အကြောင်း ၊ စိုက်ခင်းတွေ အကြောင်း ပြောနေကြသည် ။ မမဝသန် က ကျွန်တော့ ကို မင်း တွေး ချင်ရာ တွေးစမ်း ဟု လွှတ်ထားပုံရ၏ ။ အခု ကျွန်တော့် စိတ်တွေ တည်တည်ငြိမ်ငြိမ် ပုံမှန် ဖြစ်လာမှ ကျွန်တော့ ထံ စကားဦးတည်လိုက်သည် ။


“ အစ်မ က အမျိုးသား နဲ့ ဂျပန် ပါသွားတာလေ ၊ သမီး က ဟိုမှာ မွေး တာပေါ့ ၊ သမီး သုံးနှစ် အရ မှာ ပြန်လာတာ ၊ ပထမဆုံး ပြန်လာတဲ့ အခေါက် မှာ သူ ရော ၊ ဂျပန် က သူ့ ပါတနာတွေ ရော ပါလာကြတယ် ၊ မန္တလေး လာရင်း ရန်ကင်းတောင် လာရင်း ဒီနေရာလေး တွေ့ တော့ ဂျပန်တွေ က သစ်ပင် ရယ် ၊ ရေ ရယ် ၊ တောင်တန်း ရယ် မြင်တော့ သဘောကျတာ နဲ့ အိမ်ကလေး တစ်လုံး ကို ပါ ဆောက်ပေးတာလေ အစ်မ တို့ ကို လက်ဖွဲ့တာ ဆိုပါတော့ ၊ ကြည့်ပါလား ၊ အိမ်က ဂျပန်ဒီဇိုင်းလေး ၊ ဒီမှာ ကျွန်းသစ်ကို ဖောဖော သုံးနိုင်တာ သူတို့ က သိပ်သဘောကျတယ် ၊ အမိုး က လည်း သစ်သား ပဲ သုံးထားတာ ကြည့်ပါလား ၊ အစ်မ က ဒီမှာ နေရတာ ပျော်တယ် ၊ သူ က ဂျပန် မှာ သုတ်ဆေး အသစ်တွေ ထုတ်ဖို့ ကိစ္စတွေက မပြီးပြတ်သေးဘူးလေ ၊ သူတို့ ကုမ္ပဏီက သုတ်ဆေးတွေ အမျိုးမျိုး ထုတ်တာ ၊ ဒါကြောင့် အစ်မတို့ ထားပြီး ပြန် သွားရတယ် ၊ ဟိုမှာ က ဓာတုဗေဒ ပစ္စည်းတွေ နဲ့ ထုတ်လုပ်တဲ့ သုတ်ဆေးတွေ ကို မသုံးကြတော့ဘူး ။ ရေရှည် မှာ ခဲဆိပ် သင့်မှာ ကြောက်ကြလို့ တဲ့  ၊ အန္တရာယ်တွေ က မသေးဘူးပေါ့ ၊ လက် နဲ့ ထိတဲ့ နေရာတိုင်း ဓာတုဗေဒ သုတ်ဆေးတွေ နဲ့ မကင်းဘူး မဟုတ်လား ၊ ဒါကြောင့် သဘာဝပစ္စည်း က ထုတ်လုပ်နိုင်တဲ့ သုတ်ဆေးတွေ ၊ အရောင်တင်ဆီတွေ ကိုပဲ သုံးနေကြပြီလေ ။ သူတို့ ကုမ္ပဏီ က သဘာဝ ထုတ်လုပ်တဲ့ သုတ်ဆေး ကို သုတေသန လုပ်နေတာ သမီး အဖေက အဓိက ပေါ့ လေ .... ”


ကျွန်တော် ခေါင်း တညိတ်ညိတ် နားထောင်ရင်း လွန်ခဲ့သော နှစ်များစွာ ကတည်း က ဟောသည် ရန်ကင်းတောင်ခြေ မှာ မမဝသန် တို့ ရောက် နေတာ မသိရလေခြင်း အပေါ် ကိုယ့် ကိုယ် ကိုယ် အပြစ်တင်မိနေသည်  ။ တွေ့မယ့် တွေ့ပြန်တော့ မမဝသန် က အရင်က နှင့် ဘာမှ မဆိုင် ။ ခေါက်ချိုး ပြောင်းလဲ နေပြန်တော့ ။ ဆံပင်တွေ က ဖွေးဖွေးဖြူ လို့ ... ။ မျက်နှာ မှာ အရေးအကြောင်း တွေ ထင်ရှား ... ၊ အသားအရေ ကတော့ အရင်က လိုပဲ ဝင်းဝါ နေဆဲပါလေ ။ အသက် ၅ဝ ခန့် အမျိုးသမီး တစ်ယောက် လည်း ငယ်ငယ်က အလှအပ နှင့် နှိုင်းယှဉ်လျှင် ယခုလောက် အိုမင်း ကျဆင်းသွား တာတော့ မယုံနိုင်စရာ ။ ကုလားထိုင် မှာ ထိုင်ရင်း တွဲလောင်းကျ နေသော ဘယ်ဘက် လက် ကို ညာဘက်လက် ဖြင့် မတင်ပြီး ကုလားထိုင် လက်ရန်း ပေါ် ဆွဲတင် နေသော မမဝသန် ကို မမြင်ချင် ဘဲ မြင်နေရပြီ ကော ... ။


“ အစ်မတို့ သားအမိ က ဒီမှာ ခြံစောင့် အဖော်တွေနဲ့ သစ်ပင် စိုက်လိုက်ကြ ... ကားတစ်စီး နဲ့ ဘုရားဖူး ထွက်လိုက်ကြပေါ့ .... ၊ သမီး အဖေကတော့ တစ်နှစ် မှ အားလပ်ရက် စကြတာလေ ၊ သမီး ကို အစ်မ က ပုသိမ်ကြီး မှာ ပဲ ကျောင်းထားတာပါ ၊ ဆယ်တန်း ကို လည်း ပုသိမ်ကြီး ကပဲ အောင်တာ ၊ အခု ဆေးဘက်ပညာသင် တက္ကသိုလ် တက် နေတော့ ပုသိမ်ကြီး နဲ့ ရေစက် မကုန်သေးဘူးလို့ ပြောရမှာပေါ့ ၊ အစ်မ ကတော့ ပန်းပင်လေး စိုက်လိုက် ၊ ဆွယ်တာလေး ထိုးလိုက် ၊ စာဖက်လိုက်ပဲ ပေါ့ ၊ မဂ္ဂဇင်းတွေ အတော်များများ ဖတ်ဖြစ်တယ် ။ ဝတ္ထုတို လုံးချင်းတွေ ကို ဝယ် စုဖြစ်တယ် ။ မန္တလေးတက္ကသိုလ် တက်ခဲ့သူ ဆိုတော့ လေ မန္တလေး ကိုယ့် မြို့ပဲပေါ့ ။ ဒီတော့ မန္တလေး နဲ့ ပတ်သက်တဲ့ စာ တွေ့ ရင် မဖတ်ဘဲ မနေနိုင်ခဲ့ဘူး ၊ ဒါကြောင့် ဆူးငှက် ကို အစ်မက အစောကြီး ကတည်း က သိနေတာပေါ့ ။ တစ်လောကပဲ သမီး က စာအုပ်လေး တစ်အုပ် ဝယ်လာတာ “ ပုံဆောင်မဲ ပုန်းညက်ညနေ ” လေ ၊ ဆူးငှက် စာအုပ်ပေါ့ ၊ ဒီက ဆရာ ရဲ့ စာအုပ်တိုက် က ထုတ်တာနော် ၊ ဒီ စာအုပ်လေး ထဲ က “ မွန်းတဲ့ ညနေ ” ဆိုတဲ့ မန္တလေးတက္ကသိုလ် နောက်ခံ ဝတ္ထုလေး ဖတ်မိတော့မှ ဆူးငှက် ဆိုတာက ကိုဆန်းမောင် ဆိုတာ သိလိုက်ရတာ  ၊ ဒါကြောင့် ဟို နေ့က ကိုကျော်အေး နဲ့ ခြံကိစ္စ စကားစပ် ရင်း မန္တလေး က စာအုပ်တိုက်ပိုင်ရှင် ဆိုလို့ တွေ့ချင်နေတာ ။ ဆူးငှက် ကို သိလား မေးချင်တာပါလေ ၊ အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ဟု ပြောရင်း ပြုံးနေသည် ။ ကျွန်တော် က ...


“  ဒီ ဝရန်တာလေး ပေါ် တက်ပြီး မိုးခိုမိရင်း သမီး ကို ရုတ်တရပ် မြင်ရတော့ သိဖူးကျွမ်းဖူးတဲ့ မျက်နှာ ပါ ဆိုပြီး စဉ်းစားလိုက်ရတာ ၊ မမ ငယ်ငယ် ကနဲ့ တစ်ထရာတည်း ပဲနော် ၊ သိပ် တူတာပဲ ” ဟု ပြောမိတော့ မမဝသန် က ခေါင်းရမ်းကာ “ သမီးလေး က အစ်မ နဲ့ ရုပ်ချင်း ချွတ်စွတ် တူတာ သိပ် ဝမ်းသာတယ် ၊ ဒါပေမဲ့ ဘဝတွေ မတူစေချင်ဘူးကွယ် ... ” ဟု ခပ်လေးလေး ပြောသည် ။


ကျွန်တော် ရော မိတ်ဆွေ ရော အံ့အားတသင့် လှမ်း ကြည့်မိသည် ။


“ ဟုတ်တယ်လေ ၊ အစ်မက အိမ်ထောင်ရေး ကံကောင်းတယ် ၊ မထင်မှတ်ဘဲ ဘဝ မှာ တစ်ဆစ်ချိုး ပြောင်းလဲတယ် ၊ ချမ်းသာကြွယ်ဝခဲ့တယ် ပေါ့လေ ၊ ဒါပေမဲ့ အိမ် နဲ့ ကွဲတပြား နေရတယ် ၊ သမီးလေး ၈ နှစ် သမီး မှာ အိမ်သား က ဟိုမှာ ဆုံးတယ် ၊ နေစရာ အိမ် ၊ ခြံ ၊ မြေ ကား နဲ့ ဘဏ်မှာ ငွေကြေးတွေ ထားခဲ့နိုင်တယ် ၊ ဒါပေမယ့် အစ်မ မှာ ဒီ အရင်းအနှီး ကို တိုး ပွားစေနိုင်မယ့် အလုပ် မရှိဘူးလေ ၊ ဒီမှာ ထိုင် စားရင်းနဲ့ ခေတ်ကာလ အပြောင်းအလဲ နဲ့ ငွေကြေး တချို့ ဆုံးရှုံး မတတ်ဘဲ ။ စွန့်စားလုပ်ကြည့်တဲ့ အလုပ်တွေ ကလည်း စုံးစုံးမြုပ် ၊ ဖြစ်ချင်တော့ အစ်မ က လေဖြတ် ၊ သမီးလေး က အရွယ်ရောက် ၊ ဘဏ် က ငွေတွေ လည်း ကုန် ၊ အိမ် က ကား လည်း ရောင်းရ ဆိုပါတော့ ၊ အခုတော့ မြေကလေး ရင်းနှီးပြီး ခြံ လုပ်စားရင်းနဲ့ “ ဘဝ ” ကို မပြည့်မဝ ဖြတ်သန်း နေရတာ စာရေးဆရာကြီး ရဲ့ ”


မိတ်ဆွေ က .... “ အစ်မ ရယ် ဘဝ ဆိုတာ အဆိုးချည်းပဲ လည်း ဘယ်ရှိ ပါ့မလဲ ၊ အဆိုး ပြီးတော့ အကောင်း လာမယ့် အလှည့်ပေါ့ ၊ သမီးလေး ကံ က ရှိသေးတယ်လေ ၊ သူ က လည်း သူ့ ပညာ သူ့ အရည်အချင်း နဲ့ ပဲလေ ၊ ဒီ အခါမှာ ဘဝ ကို တစ်ဆစ် ပြန်ပြောင်းစေနိုင်တာပဲ မဟုတ်လား ” ဟု ဆိုတော့ မမဝသန် က ခပ်ပြုံးပြုံး ခေါင်းညိတ် နေသည် ။ ထို့နောက် ကျွန်တော့် ဘက် လှည့်ကာ ..


“ ကိုဆန်းမောင် .... အစ်မ ကို ပြောခဲ့တာ အမြဲ မှတ်မိနေတယ် ၊ အသက် ၃၅ နှစ် ၄၅ နှစ် အတွင်း ရောဂါရလိမ့်မယ် ဆိုတာလေ ၊ မင်း ပြောခဲ့ တဲ့ အထဲ မှာ ဘဝအစ ချမ်းသာသုခ နဲ့ ဆုံစည်း ရမယ် ဆိုတာကို ဒီလောက် မစွဲလမ်းခဲ့ဘူး ၊ ဟုတ်တယ်လေ ၊ ဆင်းရဲတယ် ၊ ချမ်းသာတယ် ဆိုတာ ရေပွက်ပမာ ခဏတာ ကိစ္စလေးတွေပဲ မဟုတ်လား ” ဟု လှမ်းပြောသည် ။ မိတ်ဆွေ ကိုလှကို က ကျွန်တော့ ကို လှမ်းကြည့်ပြီး သူ မသိခဲ့ရသော ကိစ္စများ အပေါ် နားမလည်နိုင်ဘဲ အံ့အားသင့် နေပုံရသည် ။


“ တကယ်တော့လေ.... တချို့ကိစ္စတွေက စိတ် အစွဲအလမ်း နဲ့ ပဲ ဆိုင် တာပါ ၊ ဒီ အစွဲအလမ်း ကပဲ ကိုယ့် ကို ပြန် ဒုက္ခ ပေးကြတာပဲ မဟုတ်လား ၊ ဘဝ ဆိုတာ ကိုယ် ရရှိထားတဲ့ အနေအထား မှာ အကောင်းဆုံး ဖြစ်အောင် ရပ်တည် ရုန်းကန်ကြရသူချည်းပါပဲလေ ၊ အခု မမ မှာ ပညာတတ် သမီး လိမ္မာလေး ရယ် ၊ ဟောဒီ ခြံကြီး ရယ် ၊ ဒီ အိမ်ရယ် ၊ သပြေပင်တွေ ရယ် ၊ ပြီးတော့ ရေ မပြတ်တဲ့ ဆယ်ပေမြောင်း ရယ် ၊ ရန်ကင်းတောင်ကြီး ရယ် ၊ ကောင်းကင်ကြီး ရယ် ဆိုတော့ နည်းတဲ့ ပြည့်စုံမှုတဲ့လား .. ကဲ  ” ဟု ကျွန်တော် က ပြောတော့ ဟက်ဟက်ပက်ပက် ရယ်ရင်း ...


“ ဆက်ပြောလေ စာရေးဆရာကြီး ရဲ့ ဆွယ်တာ အစိမ်းလေး ရယ် ၊ ပိတောက် တစ်ခက် ရယ် ၊ တရုတ်စံကားပင် ရယ် ၊ မယ်ယက္ခဂူ ရယ် ဆိုတာ တွေလေ ၊ ဒါတွေတော့ စာရေးဆရာကြီး က နှုတ် က ဖွင့်ပြော မှာ မဟုတ်ဘူး  ၊ ဟုတ်တယ်မို့လား ကိုလှကို ၊ ရှင့် မိတ်ဆွေ က အင်မတန် နှုတ်နည်း တဲ့ သူ ၊ ဟင်း ... ဟင်း နှုတ် နည်းသလောက် လက် က ချရေးလိုက်ပြန် တော့ မှတ်မိလိုက်တာ ၊ ပြောစရာ များ လိုက်တာ ၊ ကဲ .... ကဲ .... နှုတ် က မပြောသမျှ လက် က ချရေးတာတွေပဲ စောင့်ဖတ်ရတော့မှာ ပေါ့ ၊ အစ်မ က ဆူးငှက် ပရိတ်သတ်ပါ ရှင့် ၊ ဪ မိုးလည်း တိတ်သွားပြီပဲ ၊ နေ့တာ က တို လာပြီနော် ၊ မမှောင်ခင် ပြန်ကြဦး ၊ အားရင် လာလည်ကြပါဦး ၊ ခြံ ကိစ္စ ၊ မြေကိစ္စ တွေ လည်း ကျွန်မ တက်နိုင် သလောက် စုံစမ်းထားပါဦးမယ် ” ဟု ပြောသည် ။


ဟုတ်သည်  ။ အပြင် မှာ မိုးတိတ်နေပြီ ။ နေခြည် က ဝင်းလာ၏ ။ မိုးရေစက်တွေ သီး နေသော သစ်ပင် ၊ သစ်ကိုင်း ၊ သစ်ရွက်တွေ ပေါ်မှာ နေ့ခင်းမှာ ပင် ဖန်သီးထွန်း ထားကြသည် ။ ကျွန်တော်တို့ နှစ်ယောက် သား ထိုင်နေရာ မှ ထလိုက်ကြသည် ။ ကျွန်တော် က ကုလားထိုင် ပေါ် မလှုပ်မယှက် ထိုင်နေသော မမဝသန် ၏ ဘယ်ဘက်လက် ကို မ ကာ လက်ဖဝါးအား ဖျစ်ညှစ်လိုက် ပြီး “ သိပ် ဝမ်းသာတယ် မမ ရယ် ၊ ဘယ်လိုမှ မျှော်လင့်ဘဲ တွေ့လိုက်ရလို့ပါ ” ဆိုတော့ မော့ပြီး ပြုံး ကြည့်သည် ။ မျက်ဝန်းမှ မျက်ရည်တစ်ဥ ခို၏ ။ လက်ဖျားတွေက အေးစက်လို့ ။


အိမ်တံခါးဝ က တန်းကို ကျော်ကာ ဝရန်တာလေး ပေါ် ဆင်းလိုက် တော့ သမီး က “ ဪ ... ဦးတို့ ဖိနပ်တွေ မိုးလွတ်ရာ ကို သမီး ရွှေ့ထား တယ် ၊ နေဦး .. နေဦး ၊ သမီး ယူပေးမယ် ” ဆိုပြီး လက် တစ်ကမ်း က ဖိနပ်နှစ်ရံ ကို ဒူးကလေး ညွတ် ၊ ခါးကလေး ကိုင်း ပြီး ယူသည် ။ ကျွန်တော် က “  နေပါစေ သမီး ရယ် ၊ ဦးတို့ ဘာသာ ယူ စီးပါ့မယ် ” ဟု ဆိုကာ ဖိနပ်စင်တွေ ဆီ လက် လှမ်း၏ ။ သမီးနှင့် ကျွန်တော် မျက်နှာချင်း ဆိုင်လု နီးကပ်သွားသည် ။ ဒူးလေး ညွတ် ၊ ခါးကလေး ကိုင်း ကာ လက်နှစ်ဖက် နှင့် ဖိနပ်တွေ ကို လှမ်းအယူ အိမ်နေရင်း ဝတ်ထားသော ချည်ထည်အပွ ဘလောက်အင်္ကျီလေး က လည်ပင်း မှ အိကျသွား၏ ။ မျက်စိ ရှေ့ နီးကပ်တူရူ မို့ အကြည့်ကို လွှဲဖယ်ချိန် ပင် မရလိုက်မိ ။

ကျွန်တော် မျက်စိတွေ ပြာဝေသွားသည် ။ သူ့ လက်ထဲက ဖိနပ်တွေ ကို အယောင်ယောင် အမှားမှား ဆွဲယူ လိုက်ပြီး ..


“ ရတယ် သမီး ၊ သွားမယ်နော် ၊ သွားမယ် ” ဟု ပြောရင်း ဝရန်တာ က အပြေးလေး ဆင်းကာ ကားတံခါး ကို ဖွင့်ပြီး ထိုင် နေလိုက်သည် ။ မိတ်ဆွေ ကိုလှကို က ခပ်ဖြည်းဖြည်း ဆင်းကာ သမီး ကို နှုတ်ဆက်ပြီး ကား တံခါး ဖွင့်ကာ ဖြည်းဖြည်းသက်သာ ထိုင်ရင်း သော့ပေါက် ထဲ ကားသော့ ထည့်သည် ။


သမီးငယ် က ဝရန်တာ မှာ ရပ်ရင်း လက်လေး ဝှေ့ကာ နှုတ်ဆက်နေ၏ ။


ကား က ခြံ ထဲမှ ဝိုက်ကာ ထွက် လာပြီး ဆယ်ပေမြောင်း သစ်သားတံတားလေးပေါ် ခေါက်တင် လိုက်သည် ။


ကျွန်တော်က မျက်စိ ကို မှိတ်ရင်း ကားတံခါး ပေါ် ထောက်တင်ထား သည့် ဘယ်ဘက် လက် ဖြင့် ခေါင်း ကို ဖျစ်ညှစ် နေမိသည် ။


ဘုရား ဘုရား ...


သမီးလေး ဘယ်ဘက် ရင်ညွန့် မှာ လည်း မှဲ့နီလေး တစ်လုံး က ထင်ထင်ရှားရှား ပါ လား ........ ။


၁၇ - ၉ -၂ ဝ၀၄


  ▢ ဆူးငှက်

📖 ရွှေအမြုတေ မဂ္ဂဇင်း 

     ၂ဝဝ၄ ခုနှစ် ၊ နိုဝင်ဘာလ