Friday, July 11, 2025

အလေ့အကျင့် မှ အလေ့အထ သို့

❝ အလေ့အကျင့် မှ အလေ့အထ သို့ ❞

မန္တလေးမြို့ထုတ် နေ့စဉ် သတင်းစာတွေမှာ Forward ဆိုတဲ့ လက်တွေ့ စာရင်းအင်း ပညာသင်တန်း ကြော်ငြာကို တွေ့မြင်နေရတယ် ။ စာရင်းကိုင် သီအိုရီကို လက်တွေ့ လုပ်ငန်းခွင်နဲ့ ပေါင်းစပ်ပေးမယ်တဲ့ ။

အဲသည် သင်တန်းကို ဦးစီးဖွင့်လှစ်ထားတဲ့ ဒေါ်ခင်အတွတ် ကို ကျွန်တော် သိကျွမ်းခဲ့တာ ကြာပြီ ၊ သူက သမဝါယမဦးစီးဌာန ဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တယ် ။ ဝန်ထမ်းဘဝတုန်းက မတွတ် က ထက်တယ်လို့ နာမည်ထွက်တယ် ။ မဟုတ်မခံ စိတ်ဓာတ်ရှိသူလို့လည်း အသိအမှတ်ပြု ခံရတယ် ။

ရတနာပုံဈေး စတုတ္ထထပ်က သူ့ Forward စာရင်းအင်းပညာ သင်တန်းခန်းမကို ခေတ္တရောက်ခိုက် ၊ စာရင်းပညာနဲ့ သူ့ဘဝအကြောင်းကို ကျွန်တော် မေးမြန်းပါတယ် ။

••••• ••••• •••••

၁၉၆၉ ခုနှစ်မှာ သတ္တဗေဒ အဓိကနဲ့ ကျွန်မ ဘွဲ့ရတယ် ။ အဲသည်အချိန်က ခေတ်စားနေတာက ၁၉၇ဝ ပြည့်နှစ် သမဝါယမစီမံကိန်း ဆိုတာပေါ့ ။ ဘွဲ့ရတော်တော်များများ စီမံကိန်းသစ် ဖြစ်တဲ့ သမဝါယမထဲကို ဝင်ကြတယ် ။ ကျွန်မလည်း အမရပူရမြို့နယ် သမဝါယမဌာနကို အလုပ်စ ဝင်တယ် ။

ကျွန်မကို ဘတ်ဂျက်ဌာနမှာ နေရာချပေးတယ် ။ ဌာနမှူးက ဦးတင်မောင်အေး ။ ဌာနမှူးက ရုံးလုပ်ငန်း ကျွမ်းကျင်တယ် ။ တော်တော် တော်တယ် ။ ကျွန်မ အလုပ်ဝင်စမှာ သူ့ ကို ကြောက်သလားမမေးနဲ့ သူ့ရှေ့ ရောက်ရင် ဒူးတွေတုန် လက်တွေတုန်ဖြစ်နေတာ ။

ကျွန်မက လူသစ် ။ သူများတွေ လုပ်ကိုင်နေကြပုံကို ကြည့်ပြီး သူတို့လို လုပ်ငန်းတွေကို တတ်ချင်လိုက်တာ ။ လူသစ်ဆိုတော့ ကိုယ့် စားပွဲက အမှိုက်ပုံလိုပဲ ။ ရှိသမျှ ဖိုင်တွေ ကိုယ့်ရှေ့ စားပွဲပေါ် လာပုံထားတာ ။ စားပွဲပေါ်မှာ ဥပဒေ စာအုပ်တွေ ကလည်း တစ်ထပ်ကြီးပဲ ၊ သည် ဥပဒေတွေကိုသာ ကျွမ်းကျင်ရင် ငါ သေချာပေါက် သူတို့လို ပဲ တော်မှာလို့ ထင်တာ ။

ဌာနမှူး ကိုယ့်နားက ဖြတ်သွားရင် ကျွန်မကို ကြည့်ကြည့်သွားတယ် ။ ကျွန်မက ခေါင်းကြီး ငုံ့ပြီး ဥပဒေစာအုပ်တွေ ပဲ ဖတ်နေတာ ။ ကြာတော့ မျက်စိနောက်လာတယ် ထင်ပါရဲ့ ။ ဘာကြောင့် ဒါတွေ အမြဲ ဖတ်နေသလဲ မေးတယ် ။ ပြီးတော့ လုပ်ငန်းကျွမ်းကျင်ချင်ရင် လက်တွေ့ အလုပ် လုပ်ထားတဲ့ ဖိုင်တွေဖတ် တဲ့ ။ ဖတ်ကြည့်ရင်းနဲ့ လုပ်ငန်းကို တဖြည်းဖြည်း သဘောပေါက်လာတယ် ။ နောက်တော့ ကျွန်မကို သမဝါယမ အဆင့် ၃ သင်တန်းလွှတ်တယ် ။ ဌစ ခေါ်တဲ့ ဌာနဆိုင်ရာ ငွေစာရင်းတွေ ကိုင်ရတယ် ။

အမရပူရ မှာ ဆယ်နှစ် လုပ်ပြီးတော့ မန္တလေး အနောက်တောင်မြို့နယ် ကို ပြောင်းတယ် ။ နောက် မတ္တရာ ကို ပြောင်းခဲ့တယ် ။ နှစ် နှစ်ဆယ်ကျော် အစိုးရ ဝန်ထမ်း လုပ်ပြီးတော့ အလုပ်က ထွက်လိုက်တယ် ။

မတ္တရာ မှာ ရင်းနှီး သိကျွမ်းခဲ့တဲ့ ဦးအောင်ခိုင် က သူ့ နဒီမြန်မာ ဟိုတယ်လုပ်ငန်းမှာ စာရင်းစစ် လုပ်ပေးဖို့ တာဝန်ပေးတယ် ။ ကျွန်မ ပုဂ္ဂလိကလုပ်ငန်း နဲ့ လက်တွဲလုပ်ခဲ့တဲ့ အထဲမှာ ဦးအောင်ခိုင် နဲ့ အကြာဆုံးပါပဲ ။ ယခုအထိလည်း သူ့ရဲ့ consultant ( အကြံပေး ပညာရှင် ) အဖြစ်နဲ့ လုပ်နေဆဲပါပဲ ။ မန္တလေးမြို့မှာ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဖွဲ့တော့လည်း ဦးအောင်ခိုင် ကျေးဇူးနဲ့ ကျွန်မ ပါဝင်ပြီး စတင်လုပ်ဆောင်ခွင့်ရခဲ့တယ် ။

စာရင်းအင်းပညာ နဲ့ ပတ်သက်ပြီး နှစ်နှစ်ဆယ်ကျော် ကျွန်မမှာ လက်တွေ့ အတွေ့အကြုံ ရှိခဲ့ပေမယ့် ကျွန်မ ရတဲ့ ဘွဲ့က သိပ္ပံဘွဲ့ ။ သတ္တဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရတာ ။ စာရင်းပညာနဲ့ ဘာမှ မဆိုင်ဘူး ။ ဒါပေမဲ့ ကျွန်မက နဒီမြန်မာ လို ဟိုတယ်ကြီးရဲ့ စာရင်းတွေကို စစ်ဆေးပေးနေတော့ စီးပွားရေးသမားတွေ က ကျွန်မ စာရင်း ကျွမ်းကျင်တာကို အသိအမှတ်ပြုတယ် ။ စီးပွားရေးလုပ်ငန်း အကြီးကြီးတွေက စာရင်းစစ် ပေးဖို့ ကျွန်မကို ခေါ်ကြတယ် ။ ရန်ကုန် နဲ့ မန္တလေး ကူးချည်သန်းချည် သွားနေရတယ် ။ လုပ်ငန်းကြီး တစ်ခုက မြန်မာပြည်အနှံ့ မြို့ကြီး ဆယ်မြို့မှာ ရှိတဲ့ ဌာနခွဲတွေကို သွားပြီး စာရင်းစစ် နေရတယ် ။ အဲသည်လို ပုဂ္ဂလိကလုပ်ငန်းကြီးတွေရဲ့ စာရင်းစစ်လုပ်ပေး နေတာလည်း ၁၅ နှစ် လောက်ရှိသွားပြီ ။

ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ စာရင်းတွေကို လိုက်စစ်ပေးတဲ့အခါ တွေ့ လာရတာ ကတော့ စာရင်းကိုင်ဝန်ထမ်းတွေ လုပ်ငန်းမကျွမ်းကျင်ကြတာပဲ ။ အချို့ဆိုရင် စာရင်းအင်းပညာ နဲ့ ပတ်သက်ပြီး သင်တန်းတွေ အမျိုးစုံ တက်လာတယ် ။ အောင် လက်မှတ်တွေအများကြီး ရလာတယ် ။ ဒါပေမဲ့ လုပ်ငန်းထဲမှာ အံမကိုက်ဘူး ။

လူငယ်အချို့ကလည်း သင်တန်းက ဆင်းလာရင် ပြည့်စုံပြီထင်နေတာ ။ လက်တွေ့ ဝင်လုပ်တော့ အံချော်နေရော ။ သည်တော့ ပြင်ပ လုပ်ငန်းတွေဟာ သီအိုရီ နဲ့ တခြားစီပဲလို့ ထင်လာတယ် ။ ကျွန်မတော့ သီအိုရီကိုလည်း လေးလေးစားစား လေ့လာတယ် ။ သီအိုရီ ကို လက်လွှတ်လို့ မရဘူး ။ သီအိုရီကို အခြေခံ ဉာဏ်ကို လွှာသုံးပြီး လက်တွေ့ လုပ်ဖို့လိုတယ် ။

လူငယ်တွေမှာ လက်တွေ့ အတွေ့ အကြုံက နည်းတယ် ။ လုပ်ငန်းတစ်ခုမှာ စွဲစွဲမြဲမြဲ မလုပ်ဘဲ ဟိုကူး သည်ကူး လုပ်နေတော့ လုပ်ငန်းတစ်ခုကို မကျွမ်းကျင်တော့ဘူး ။ အောင်လက်မှတ်တွေ တစ်ထပ်ကြီးနဲ့ဆိုတော့ တစ်လုပ် မကောင်း တစ်လုပ် ပြောင်းမယ်ဆိုပြီး ပြောင်းနေကြတယ် ။ လုပ်ငန်းရှင်တွေ ကလည်း သွားစမ်း ၊ ဝန်ထမ်းပေါတယ် ဆိုပြီး အသစ်အသစ်တွေ ခေါ် ခန့်နေတယ် ။ သည့်တော့ အသားမကျဘူး ၊ မကျွမ်းကျင်ဘူးဖြစ်နေကြတယ် ။

အချို့ကလည်း အလုပ်ဝင်လာချိန်မှာ အောင်လက်မှတ်တွေ တစ်ထပ်ကြီး ကိုင်လာပြီး ထိပ်ဆုံးမှာ နေရာရချင်တယ် ။ လုပ်ငန်းရှင်ကလည်း သုံးမကြည့်ရသေးဘဲနဲ့ ထိပ်ကို မတင်ရဲဘူး ။ ဒါကြောင့် ဝင်လာခါစ လူငယ်တွေကို ကျွန်မ ပြောရတယ် ။ လုပ်ငန်းပြောင်းတိုင်း ကိုယ်က လူသစ်ပြန်ဖြစ်ပြီး နောက်ကနေ တန်းပြန်စီရမှာပဲ ။ လက်တွေ့ ကျွမ်းကျင်အောင် ကိုယ်က ပြင်ဆင်ထား ။ အလုပ်ထဲ ရောက်လို့ အစွမ်းအစ ပြနိုင်ရင် ခဏလေးနဲ့ ထိပ်ဆုံးရောက်သွားမှာပဲလို့ ။

ကျွန်မ စစ်ဆေးလာခဲ့တဲ့ အတွေ့အကြုံ အရ စာရင်းအင်းပညာမှာ သီအိုရီကို လက်တွေ့နဲ့ မပေါင်းစပ်တတ်ရင် အကျိုးမရှိဘူး ။ ဒါကြောင့် ကျွန်မ Forward သင်တန်းကို ဖွင့်လိုက်တယ် ။ လုပ်ငန်းခွင်ထဲက လူတွေ ၊ အစိုးရဝန်ထမ်းတွေ ၊ စာရင်းအင်းပညာကို စိတ်ဝင်စားသူတွေ လာတက်ကြတယ် ။ ကျွန်မ ကိုယ်တိုင် လက်တွေ့ ကြုံခဲ့ရတဲ့ လုပ်ငန်းခွင်ထဲက ပုစ္ဆာတွေ ရွေးထုတ်ပြီး ဖြေရှင်းစေပါတယ် ။

ကျွန်မတို့ စာရင်းစစ်တဲ့အခါ ငွေစာရင်းက ချက်ချင်း မကိုက်တာရှိတယ် ။ အမှားကိုက် ကိုက် နေတာမျိုးလည်း ရှိတယ် ။ ဒါကို အမှားရှာရတယ် ။ အမှားရှာနည်း ဆိုတာ သင်တန်းတွေ ကလည်း သင်ပါတယ် ။ အပြင်မှာ လက်တွေ့  ဖြစ်နေတဲ့ စာရင်းမှားတွေက ပိုများတယ် ။ ဒါကို ရှာတတ်ဖို့ အရေးကြီးတယ် ။

စာရင်းစစ်လုပ်ငန်း လုပ်တဲ့ အခါ အလွဲသုံးစားမှုတွေကို တွေ့တတ်တယ် ။ ဖော်ထုတ်တဲ့အခါ သူ့ဘဝ အခြေအနေ သူ့ အခက်အခဲကို ကိုယ်သိတယ် ။ ဒါပေမဲ့ ကျွန်မ အလုပ်ရှင်ရဲ့ ပိုက်ဆံကိုယူပြီး ထမင်းစားနေတာ ။ ကျွန်မမှာ ဖော်ထုတ်ရမယ့် တာဝန်ရှိနေတော့ ဖော်ထုတ်ရတာပါပဲ ။

ကျွန်မ စာရင်းစစ်ရုံတင် မကဘူး ။ သုံးသပ်အကြံပေးတဲ့ report ( အစီရင်ခံစာ ) လည်း ရေးပေးတယ် ။ ရှုံးနေရင် ဘာကြောင့် ရှုံးတာ ၊ အမြတ်နည်း နေရင်လဲ ဘာကြောင့် နည်းနေတာ ၊ အရင်းအနှီး ဘယ်လောက်ရှိတယ် ။ ဘာကို ဘယ်လို လုပ်သင့်ပါတယ် ဆိုတာမျိုး အကြံပေးတယ် ။ သူတို့ကလည်း သဘောကျတာ ပေါ့ ။ သူဌေးဆိုတဲ့ သူတွေက ကံကို မေ့နေကြတာ များတယ် ။ ငါ တော်လို့ သူဋ္ဌေး ဖြစ်တာလို့ ထင်တာများတယ် ။ အဲသည်တော့ report မှာ သူတို့ကို ဆရာလုပ်သလို မဖြစ်အောင်တော့ သတိထား ရတာပေါ့ ။

ကျွန်မမှာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်မယ့် ဗီဇတော့မပါဘူး ။ ကျွန်မက ပညာနဲ့ ပဲ လုပ်စားချင်တယ် ။ စာရင်းတွေ ကိုင်နေရရင် ၊ စာရင်းတွေ စစ်နေရရင် ကိုယ်သိတဲ့ စာရင်းပညာတွေ မျှဝေပေးနေရရင် ပျော် နေတာပါပဲ ။

  ▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ


 

No comments:

Post a Comment