❝ အသက်ရှိသော ဇာတ်ကောင် ဖြစ်ပါစေ ❞
ဝတ္ထုတစ်ပုဒ်မှာ ပါဝင်မယ့် ဇာတ်ကောင် အားလုံးဟာ သက်ရှိ လူသားများလို့ စာဖတ်သူရဲ့ စိတ်ထဲမှာ ဝင်စားသွားအောင် ဖန်တီးရပါတယ် ။ လူသားများရဲ့ ဘဝမှာ ရှုပ်ထွေးပွေလီပြီး အဖြစ်အပျက်ပေါင်းများစွာနဲ့ ဆုံစည်းရသလို ဝတ္ထုထဲက ဇာတ်ကောင်များဟာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ် ။ လူသားများမှာ တစ်ဦး နဲ့ တစ်ဦး မတူညီတဲ့ ခံစားချက်တွေ ရှိသလို ၊ မတူညီတဲ့ လှုပ်ရှားမှုတွေ ၊ ဆောင်ရွက်မှုတွေ ၊ ပြောဆိုမှုတွေ ရှိသလို ဇာတ်ကောင်များ မှာလည်း ထိုနည်းတူစွာ ဖြစ်ရပါမယ် ။ လူသားများမှာ မေ့လို့ မရတဲ့ အကြောင်းအရာ အဖြစ်အပျက်များ ရှိပြီး စိန်ခေါ်တဲ့ တိုက်ပွဲများ ၊ အားပေး အထောက်အကူ ပြုတဲ့ မိတ်ဆွေများ ရှိသလို ဇာတ်ကောင်များ မှာလည်း အဲဒီလို ရှိမှသာ စာဖတ်သူရဲ့ စိတ်ထဲမှာ သူဖတ်နေတဲ့ ဝတ္ထုထဲက ဇာတ်ကောင်များဟာ သက်ရှိထင်ရှား ပုဂ္ဂိုလ်များလို ခံစားလို့ရမှာ ဖြစ်ပါတယ် ။
ဝတ္ထုကောင်း တစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်ကတော့ အဲဒီ ဝတ္ထုမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်များ အပေါ်မှာ စာဖတ်ပရိသတ်က အာရုံ အပြည့်အဝ ခံစားမှု ရရှိခြင်း ဖြစ်ပါတယ် ။ ကိုယ့်ဇာတ်ကောင်မှာ အတုယူစရာကောင်းတဲ့ အချက်တွေ ရှိသလို ရှောင်ကြဉ်ရမယ့် ကိစ္စမျိုးတွေလည်း ရှိပါလိမ့်မယ် ။ အဲဒီလို ရေးနိုင်အောင် ကိုယ့် ဝတ္ထုမှာ ပါဝင်မယ့် ဇာတ်ကောင်များကို သက်ဝင်လှုပ်ရှားလာအောင် ဘယ်လို ဖန်တီးရမယ် ဆိုတာကို စာရေးဆရာ Sam McCarver က နည်းလမ်း ရှစ်သွယ် နဲ့ ဖော်ပြ ထားပါတယ် ။
( ၁ ) ဇာတ်ကောင် တစ်ဦးချင်းဟာ သီးခြား ဘဝတွေ ရှိပါစေ ။
ရုရှားစာရေးဆရာကြီး Konstantin Stanislavskin က သူရေးသားတဲ့ ဇာတ်လမ်းများကို စင်တင် ပြဇာတ်များအဖြစ် တင်ဆက်ရာမှာ ဒီလို အဆိုအမိန့် ရှိပါတယ် ။ “ ဇာတ်ကောင် တစ်ယောက်ချင်းဟာ လူသားအသစ် တစ်ဦး မွေးဖွားလာတာနဲ့ အတူတူပဲ ” တဲ့ ။ ဒါကြောင့် ဇာတ်ကောင်များကို လူ နဲ့ တူအောင်ဖန်တီးရာမှာ သူတို့ရဲ့ ကိုယ်ရေး အချက်အလက် အပြည့်အစုံ ရှိရပါမယ် ။ ဥပမာ အားဖြင့် -
အမည် - Sara Prince
မွေးနေ့ - ဇွန်လ ၁၁ ရက်
အသက် - ၂၉ နှစ်
နေရပ်လိပ်စာ - San Diego မြို့ရှိ တိုက်ခန်း တစ်ခု
အလုပ်အကိုင် - မင်္ဂလာပွဲများ စီစဉ် ဆောင်ရွက်ပေးသူ
အိမ်ထောင်ရေး အခြေအနေ - တစ်ခုလပ်
သားသမီး - ရှစ်နှစ် အရွယ်ရှိ သား Harry
မိသားစု - အသက် ၂၇ နှစ် အရွယ်ရှိ ညီမ Anne နဲ့ မုဆိုးမမိခင် Carolyn
အိမ်မွေးတိရစ္ဆာန် - Terrier ခွေးကလေး Pablo
ဝါသနာ - သည်းထိတ်ရင်ဖို စွန့်စားခန်းများ ဝါသနာပါသည် ။
ပင်ကိုသဘာဝ - ခရီးသွားရခြင်းကို ဝါသနာ ထုံသည် ။ ပွင့်ပွင့်လင်းလင်း ပြောဆို တတ်သည် ။
ပုံပန်းသဏ္ဌာန် - အရပ် ၅ ပေ ၇ လက်မရှိပြီး ကိုယ် အလေးချိန် ပေါင် ၁၁ဝ ၊ ရွှေအိုရောင် ဆံပင်နဲ့ အညိုရောင် မျက်လုံးပိုင်ရှင်
အရင်းနှီးဆုံး မိတ်ဆွေ -
အသက် ၂၉ နှစ် အရွယ်ရှိ Cathy Banks
ပင်ကိုစရိုက် - ဆေးလိပ် သောက်တတ်ပြီး ဖြတ်နိုင်အောင် ကြိုးစားနေ ၊
နှစ်သက်သောအစားအစာ - တရုတ်ဟင်းလျာများ နဲ့ ချော့ကလက် ၊
ကျွမ်းကျင်မှု - လေယာဉ်ငယ်များ မောင်းနှင်နိုင်သည့် လိုင်စင်ရထား ၊
ဆန္ဒ - ဘဝ အဖော်မွန်ကောင်း တစ်ယောက် ရရှိရန်
ဒီလို အချက်အလက်တွေနဲ့ ပြည့်စုံသွားတဲ့အခါမှာ Sara ဟာ ပကတိ လူတစ်ယောက်လို စာဖတ်သူက ခံစားမှု ရရှိတော့မှာ ဖြစ်ပါတယ် ။ ဇာတ်ကောင် တစ်ဦးချင်းရဲ့ သမိုင်းကြောင်း ၊ ပုံပန်းသဏ္ဌာန် ၊ အမူအကျင့် စသည်တို့ကို စာရေးဆရာက ရေးပြတဲ့ နေရာမှာ တင်ဆက်မှုပုံစံ သတိထားရပါမယ် ။ ကျွန်တော် ရေးသားခဲ့တဲ့ စာရေးချင်သူများ အတွက် စာအုပ် Novel Writing For Wanna-be's မှာ အောက် ဖော်ပြပါအတိုင်း ရေးခဲ့ပါတယ် ။
အဓိက ဇာတ်ကောင် ဖြစ်တဲ့ Carrie Blake ကို ဂျော်ဂျီရာပြည်နယ်မှာ ပြည်တွင်းစစ် အပြီး ၁၈၆၆ ခုနှစ် ၊ စက်တင်ဘာလက မွေးဖွားခဲ့ပါတယ် ။ Carrie ဟာ အသက် ၂၁ နှစ် အရွယ် ရှိပြီး ပိန်ပိန်သွယ်သွယ်နဲ့ အရပ်က ၅ ပေ ၈ လက်မလောက် ရှိကာ အညိုရောင်ဆံပင်များနဲ့ မြစိမ်းရောင်မျက်လုံး ရှိပြီး ဖြူဖွေးတဲ့ အသားအရေ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ် ။ သူမ ဘဝ တစ်လျှောက်လုံး မိသားစု နေထိုင်ရာ အတ္တလန္တာ ပြည်နယ် ၊ Fairlawn မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ် ။ သူမရဲ့ ဖခင်မှာ တပ်မတော်မှ ဗိုလ်မှူးတစ်ဦး ဖြစ်ပြီး ပြည်တွင်းစစ် အတွင်းမှာ ကျဆုံးခဲ့တဲ့ အတွက် မိခင်မှာလည်း ခင်ပွန်းဖြစ်သူရဲ့ စိတ်ကြောင့် မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ် ။
တစ်ဦးတည်းသော သမီးဖြစ်တဲ့ Currie ဟာ ဘဝ လုံခြုံရေးအတွက် အမျိုးသား တစ်ဦးကို လက်ထပ်ယူခဲ့ပေမယ့် အဲဒီအမျိုးသားက သူ ရရှိတဲ့အမွေများကို သုံးဖြုန်းပစ်ကာ ယစ်ထုပ်ကြီး ဖြစ်လာခဲ့ပါတယ် ။ တစ်နေ့မှာတော့ ခင်ပွန်းသည်က စိတ်ဖောက်ပြန်ပြီး နေအိမ်ကို မီးတင်ရှို့လိုက်တဲ့ အတွက် Carrie မှာ အသက်ဘေးက လွတ်မြောက်အောင် ထွက်ပြေးခဲ့ရပါတယ် ။ မီးဘေးက လွတ်မြောက်သွားတဲ့ နောက် ခင်ပွန်းသည်ကို စိတ်နာတဲ့အတွက် သူ့လက်မှာ ဝတ်ဆင်ထားတဲ့ လက်ထပ်လက်စွပ်ကို ချွတ်ကာ လွှင့်ပစ်လိုက်ပြီး အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံပါစေ ဘဝကို တစ်ယောက်တည်းပဲ တည်ဆောက်တော့မယ် လို့ ဆုံးဖြတ်လိုက်ပါတယ် ။
ဒီလောက် ရေးပြလိုက်ရုံနဲ့ စာဖတ်သူက Carrie ရဲ့နောက်ကြောင်း ရာဇဝင်ကို သိသွားပြီး စိတ်ခံစားချက်ကို လည်း နားလည်မှု ရရှိသွားကာ သူတို့ စိတ်ထဲမှာ Carrie ကို တကယ့် လူတစ်ယောက်လို ခံစားလာရတော့မှာ ဖြစ်ပါတယ် ။
( ၂ ) ဇာတ်ကောင်များရဲ့ခံစားမှု ၊ လှုပ်ရှားမှု ၊ တွေးတောဆင်ခြင်မှုများကို စာဖတ်ပရိသတ် သိအောင် ဖော်ပြပေးပါ ။
ထင်ရှားတဲ့ ဝတ္ထု အများစုမှာ အဓိက ဇာတ်ကောင်များ အပေါ် ဦးတည် ရေးဖွဲ့ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီ ဇာတ်ကောင်များရဲ့ လှုပ်ရှားမှုများဟာ စာဖတ်ပရိသတ် အတွက် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ် ။ ဒီနေရာမှာ “ မပြောနဲ့ ၊ ပြပါ ” ဆိုတဲ့ စကားက တော်တော် အရေးကြီး လာပါတယ် ။ ဝတ္ထုတို ရေးဖွဲ့ရာမှာ ဒီ ဇာတ်ကောင်က “ သေသေသပ်သပ် ဝတ်ဆင်တယ် ” လို့ မပြောဘဲ သူဘယ်လို ဝတ်ဆင်ထားတယ်ဆိုတာကိုသာ ရေးပြလိုက်ခြင်းအားဖြင့် စာဖတ်သူ ကိုယ်တိုင်က နားလည် သွားပါစေ ။ ဇာတ်ကောင်ရဲ့ မျက်နှာ အမူအရာ ၊ လှုပ်ရှားမှုတို့ကို ရေးသားခြင်းအားဖြင့် သူ့ ရင်တွင်းမှာ ဘာဖြစ်နေတယ် ဆိုတာကို စာဖတ်ပရိသတ်က နားလည် သွားနိုင်ပါတယ် ။ ဒါကြောင့် သူ ဘာတွေးနေတယ် ဆိုတာ ကိုတော့ စာဖတ်သူ သိအောင် စာရေးဆရာက ဖော်ပြပေးဖို့ လိုပါလိမ့်မယ် ။ အဲဒီလို ဖော်ပြခြင်း မပြုရင် ကိုယ် ဖန်တီးထားတဲ့ ဇာတ်ကောင်ဟာ သက်ရှိ ဇာတ်ကောင်နဲ့ မတူဘဲ ကတ်ပြားနဲ့ ရေးဆွဲထားတဲ့ အရုပ် တစ်ရုပ်သာ ဖြစ်လာပါလိမ့်မယ် ။
ဇာတ်ကောင်ရဲ့ ရင်ထဲမှာ ရှိနေတဲ့ အချက်အလက်ကို စာဖတ်သူ သိအောင် ဖော်ပြဖို့ အတွက် ‘ သူ တွေးနေသည် ’ အစရှိသဖြင့် ရေးသားရပါမယ် ။ ကျွန်တော် ရေးသားခဲ့တဲ့ The Case of Cabin 13 ဝတ္ထုမှာဆိုရင် အောက်ဖော်ပြပါအတိုင်း ရေးသားခဲ့တာကို ဥပမာ အဖြစ် ဖော်ပြပေးချင်ပါတယ် ။
ဘဏ္ဍာစိုး ဖြစ်သူက သူ့ကို Cabin အခန်းတွင်း သို့ ခေါ်ဆောင် သွားချိန်တွင် Darnell ၏ စိတ်ထဲ၌ ကပ္ပတိန် ဖြစ်သူက ဤသင်္ဘော နှင့် ပတ်သက်၍ ပြောခဲ့သည့် အကြောင်းများမှာ ဟုတ်နိုင်ပါ့မလားဟု တွေးတောနေမိသည် ။
- Danell က ယခု အချိန်မှာ ရှာဖွေစူးစမ်းမှုလုပ်ငန်းများ လုပ်ဆောင်ရန် အကောင်းဆုံး အချိန် ဖြစ်သည်ဟု ဆုံးဖြတ် လိုက်သည် ။
- Danell က ယခု ခရီးစဉ်မှာ အပျော်ခရီးစဉ် မဟုတ်တော့ဘဲ သတိ နှင့် သွားရမည့်ခရီးစဉ် ဖြစ်သည်ကို သတိပြုမိလိုက်သည် ။
( ၃ ) ဇာတ်ကောင်ကို အဓိပ္ပာယ် ရှိသော ရည်မှန်းချက်များနှင့် စိန်ခေါ်သော တိုက်ပွဲများ ဖန်တီးပေးရမည် ။
စာရေးဆရာက မိမိ ဝတ္ထုကို ရေးဖွဲ့ရာမှာ ကိုယ့်ကိုယ်ကိုယ် ပြန် မေးရပါမယ် ။ ကိုယ့် အဓိက ဇာတ်ကောင်က ဘာကို လိုချင်တာလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ် ။ ကိုယ့် ဇာတ်ကောင်မှာ ကြုံတွေ့ရမယ့် အခက်အခဲ ၊ ထားရှိရမယ့် ဆန္ဒ ၊ ပြဿနာ ၊ ရည်မှန်းချက် ပေါက်မြောက်အောင် လုပ်ဆောင်နည်းများကို စာရေးဆရာက ဖန်တီး ပေးရမှာပါ ။ ထူးဆန်းထွေလာ ဝတ္ထုများမှာ အံ့ဩ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ ခရီးများကို သွားချိန်မှာ နဂါး နဲ့ ရင်ဆိုင်တွေ့ တာမျိုး ၊ ထူးဆန်းတဲ့ သတ္တဝါကြီးများ နဲ့ ရင်ဆိုင်တွေ့တာမျိုးတွေ ဖန်တီးကြပြီး အဲဒီ အန္တရာယ်တွေကို ဘယ်လို ကျော်ဖြတ်တယ် ဆိုတာက ဒီဝတ္ထုများရဲ့ အသက်သွေးကြောများ ဖြစ်ပါတယ် ။ သာမန် ဝတ္ထုများမှာတော့ ဇာတ်ကောင်ရဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ ပြဿနာ ၊ ကြုံတွေ့ရတဲ့ အချစ်မှုရေးရာကိစ္စများက အဓိက အချက်အလက်များ ဖြစ်လာပါတယ် ။
ဒီနေ့ ခေတ်ပေါ် ဝတ္ထုများမှာ လောလောဆယ် လူမှုပတ်ဝန်းကျင်မှာ ကြုံတွေ့ နေရတဲ့ ပြဿနာများကို ရေးဖွဲ့ကြတာ များပါတယ် ။ ဥပမာ ဇာတ်ကောင်က အရက်စွဲနေသူ ဖြစ်ပြီး အရက်ပြတ်အောင် ကြိုးစားတာမျိုး ၊ တခြား ပြဿနာတစ်ခုခုကို ကျော်လွှားနိုင်အောင် ကြိုးစားတာမျိုးက ထင်ရှား လာပါတယ် ။ ဇာတ်ကောင်ရဲ့ ကြိုးစားမှုကို စာဖတ်သူကလည်း အားကျလာပြီး ကြိုးစားလိုစိတ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ် ။
တချို့ ဝတ္ထုများကတော့ ပုံသေ ဇာတ်ကောင်များ ပါဝင်တဲ့ ဝတ္ထုများဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲများမှာ ဇာတ်ကောင်က ပင်တိုင် ပါဝင်ပြီး သူ ကြုံတွေ့ ဖြေရှင်းရတဲ့ ပြဿနာများကသာ ပြောင်းလဲသွားတာ ဖြစ်ပါတယ် ။ ဥပမာအားဖြင့် ဂျိမ်းစ်ဘွန်း ဝတ္ထုတွေမှာ ဘွန်း က မာတနီအရက်ကို ကြိုက် တယ် ။ အရက်သောက်တဲ့ နေရာမှာ ရေခဲနဲ့ ရောမွှေတာကို မကြိုက်ဘဲ ဖန်ခွက်ကို လှုပ်သောက်ရတာကို သာ ကြိုက်ပါတယ် ။ ဘွန်း ရဲ့ စရိုက်က အဲဒီလို ဖန်တီးထားတာ ဖြစ်တာကြောင့် ဘွန်းဝတ္ထု အားလုံးမှာ သူ့ စရိုက်က အဲဒီအတိုင်း ပုံသေဖြစ်ပါတယ် ။ ဒါပေမဲ့ စာရေးဆရာ အနေနဲ့ ဒီဇာတ်ကောင် ပါဝင်တဲ့ နောက်ထပ် ဝတ္ထုတစ်ပုဒ် ဖန်တီးမယ်ဆိုရင် ဖြည့်စွက်ချင်တဲ့ အကြောင်းအရာကို နောက်ခံ သမိုင်းကြောင်းတစ်ခု ထပ်ဖြည့်လိုက်ခြင်း အားဖြင့် ဖြည့်လိုက်လို့ ရပါတယ် ။
ဘွန်း လို ဇာတ်လမ်းတွဲများမှာ တချို့ စာရေးဆရာများ က သူတို့ ဇာတ်ကောင် ရဲ့အသက်အရွယ်ကို အပြောင်းအလဲ မလုပ်တော့ဘဲ ပုံသေ ထားတတ်ကြပြီး တချို့ စာရေးဆရာများကတော့ အသက်အရွယ်ကို တဖြည်းဖြည်းချင်း ပြောင်းလဲ ဖော်ပြသွားတာ ရှိပါတယ် ။ တချို့ စာရေးဆရာများက နှစ်နှစ် သုံးနှစ် မှာ တစ်ကြိမ် ဇာတ်ကောင်ရဲ့ အသက်အရွယ်ကို ပြောင်းလဲပေးကြပြီး ကျွန်တော် ကတော့ အဲဒီလို ဇာတ်ကောင်မျိုး ဖန်တီးတဲ့အခါမှာ လူ့ အသက်လိုပဲ တစ်နှစ် တစ်ကြိမ် ပြောင်းလဲဖန်တီးပါတယ် ။
( ၄ ) ဇာတ်ကောင် တစ်ဦးချင်းစီရဲ့ အမူအကျင့် ၊ အပြောအဆိုများ သီးခြားစီ ဖြစ်ပါစေ ။
ဝတ္ထု တစ်ပုဒ်မှာ အဓိက ဇာတ်ကောင် လေးယောက်လောက် ပါတတ်တာ တွေရှိပါတယ် ။ အဲဒါတွေ ကတော့ ( က ) အဓိက ဇာတ်ကောင် ၊ ( ခ ) သူ ၊ သို့မဟုတ် သူမ ရဲ့အဖော် ၊ ( ဂ ) အဓိက ဇာတ်ကောင်ရဲ့ ချစ်သူ ၊ ( ဃ ) အဓိကဇာတ်ကောင်နဲ့ ပြိုင်ဘက် ဖြစ်လာတဲ့ သူတို့ ဖြစ်ပါတယ် ။ ဒီဇာတ်ကောင် လေးယောက်က တစ်ယောက် နဲ့ တစ်ယောက် မူ မတူဘဲ ကွဲပြားခြားနားချက်ကလေးတွေ ရှိရပါမယ် ။ စကားပြောတဲ့ ပုံစံ မတူသလို အတွေးအခေါ် ၊ အယူအဆ မတူ တာမျိုးပေါ့ ။ အဓိက ဇာတ်ကောင်များကို ပံ့ပိုးပေးတဲ့ ဇာတ်ပို့ ၊ ဇာတ်ရံများမှာလည်း အလားတူ ဖြစ်ပါတယ် ။ ကွဲပြားခြားနားအောင် ဖန်တီးတဲ့ နေရာမှာ ယုတ္တိရှိဖို့လည်း သတိပြုရပါမယ် ။ ဥပမာ အားဖြင့် နွားကျောင်းသား တစ်ယောက်က ညအခါမှာ ရှိတ်စပီးယား ရဲ့ ပြဇာတ်စာပေတွေ ကို ဖတ်တယ် ဆိုတာမျိုး ၊ ဒါမှမဟုတ် လသာသာည မှာ စိတ်ကူးတွေ ယဉ်ပြီး ကဗျာစပ်တယ် ဆိုတာမျိုးဟာ ဇာတ်ကောင်ရဲ့စရိုက် နဲ့ ဖီလာဆန့်ကျင် ဖြစ်နေပါလိမ့်မယ် ။
အတွေးအခေါ်ပိုင်း မှာ ကိုယ့်ဇာတ်ကောင်ဟာ ခိုင်မာတဲ့ အယူအဆ ရှိတယ် ဆိုတာကို စာရေးသူ ကိုယ်တိုင်က ဖန်တီး ပေးရမှာပါ ။ ဥပမာ ပြရမယ်ဆိုရင် ဆာအာသာကိုနင်ဒွိုင်းလ် ဖန်တီးခဲ့တဲ့ ရှားလော့ခ်ဟုမ်း ဟာ ထင်ရှားတဲ့ ဇာတ်ကောင် ဖြစ်ပါတယ် ။ ရှားလော့ခ်ဟုမ်း ပထမဆုံးဝတ္ထု ဖြစ်တဲ့ A Study In Scarlet မှာ စာရေးဆရာက ရှားလော့ခ်ဟုမ်း ရဲ့ မိတ်ဆွေ ဖြစ်တဲ့ ဒေါက်တာဝပ်ဆန် ရဲ့ ပြောဟန် နဲ့ ဟုမ်း ရဲ့ ပုံစံ ကို အခုလို ဖော်ပြခဲ့ပါတယ် ။
အရပ်အမောင်း အားဖြင့် သူသည် ၆ ပေခန့်သာ ရှိသော်ငြားလည်း ပိန်သွယ်သော သူ့ ခန္ဓာကိုယ်ကြောင့် ပို၍ မြင့်သည်ဟု ထင်ရသည် ။ သူ့ မျက်လုံးများမှာ သေးသွယ်ကျဉ်းမြောင်းသော်ငြားလည်း စူးရှပြီး သိမ်းငှက်တစ်ကောင်၏ နှုတ်သီးနှင့် တူသော သူ့ နှာတံကြောင့် သူသည် ဆုံးဖြတ်ချက် ချမှတ်ရာတွင် တိကျပြတ်သားသူ ဖြစ်မည်ဆိုတာ သိသာသည် ။ သူ့ လက်မှာ တစ်ခါတစ်ရံ မင် စွန်းပေ နေတတ်ပြီး တစ်ခါတစ်ရံတွင် ဓာတုဆေးဝါးများ စွန်းပေနေသည်ကို တွေ့ရသည် ။
အဲဒီလိုပဲ စာရေးဆရာက ဒေါက်တာဝပ်ဆန် ရဲ့ အပြောနဲ့ ဟုမ်း ကို သရုပ်ဖော်ထားတာလည်း ရှိပါတယ် ။
အသိပညာ နှင့် ပတ်သက်၍ သူသည် စာပေရေးရာ ၊ ဒဿနပိုင်း ဆိုင်ရာ ၊ နက္ခတ်ဗေဒ တို့တွင် ကျွမ်းကျင်မှု မရှိသော်ငြားလည်း နိုင်ငံရေး နှင့် ပတ်သက်၍ အသိအမြင် ရှိသည် ။ သတ္တဗေဒ ၊ ဓာတုဗေဒ ကိစ္စရပ်များတွင်
ကျွမ်းကျင်မှု ရှိသည် ။ ရာစုနှစ် အတွင်း ပေါ်ပေါက်ခဲ့သော သည်းထိတ်ရင်ဖို ကိစ္စ တော်တော်များများကို သူ သိထားပုံရသည် ။ တယောထိုး ကောင်းသူ ဖြစ်သည့်အပြင် ဗြိတိသျှဥပဒေရေးရာကို ကျွမ်းကျင်သူလည်း ဖြစ်သည် ။
စာရေးဆရာက သူ့ ဇာတ်ကောင်ကို အဲဒီလို ပုံဖော်ထားတဲ့ အတွက် ဟုမ်းဇာတ်လမ်းများ ရုပ်ရှင်ရိုက်ကူးရာမှာ သရုပ်ဆောင်များ ဖြစ်တဲ့ Basil Rathbone နဲ့ Jeremy Brett တို့ ကလည်း ဟုမ်း အဖြစ် စာရေးဆရာ ပုံဖော် ထားတဲ့အတိုင်း အတိအကျ ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ် ။
ဇာတ်ကောင် တစ်ဦးချင်း ရဲ့စရိုက်သာ ကွာခြားတာ မဟုတ်ပါဘူး ။ သူတို့ ဝတ်စားဆင်ယင်မှုများ ဟာလည်း ကွာခြားမှုရှိပါတယ် ။ ကျွန်တော် ရေးသားခဲ့တဲ့ The Case of the Ripper's Revenge ဝတ္ထုမှာ အသ,တ် ခံရတော့မယ့် အမျိုးသမီး တစ်ယောက် ရဲ့ ဝတ်စားဆင်ယင်မှုကို အောက်ပါအတိုင်း ရေးဖွဲ့ခဲ့ပါတယ် ။
Poppy Nellwyn တစ်ယောက် သူ့ ဘဝ ရဲ့နောက်ဆုံးည ဖြစ်တော့မယ့် ညမှာ ထုံးစံအတိုင်း ဝတ်စားဆင်ယင်လိုက်ပါသည် ။ ကိုယ်လက်မျက်နှာ တို့ကို ဆေးကြောသန့်စင်လိုက်ပြီးနောက် သူမ၏ အလုပ်ရှင်ပေးထားသော ခြေအိတ်ရှည်အနက်ကို ဒူးခေါင်းအထက်အထိ စွပ်လိုက်ပြီး ခြေဖျားအထိ ပုံကျနေသည့် ဂါဝန်ရှည်ကို ဝတ်ဆင်လိုက်သည် ။ ထို့နောက် အနက်ရောင် ရှူးဖိနပ်ကို စီးကာ အပေါ်ပိုင်းမှာမူ အနက်ရောင်ခြုံစောင် တစ်ထည်နှင့် ပတ်လိုက်သည် ။ ခေါင်း ပေါ်တွင် ဆောင်းနေကျ ဦးထုပ်ကို ဆောင်း လိုက်ပြန်သည် ။ ယင်း ဦးထုပ်တွင် အလှဆင် ထားသည့် ပန်းများမှာ ပန်းခြောက်များ ဖြစ်သည် ။
( ၅ ) လက်တွေ့ ဘဝမှာလို ဇာတ်ကောင်များကို မကောင်းတာနဲ့ ကောင်းတာတွေ ရှိပါစေ ။
သက်ရှိလူများရဲ့ ဘဝမှာ အနိမ့်အမြင့် ၊ အဆိုးအကောင်းတွေ ရှိသလို ဝတ္ထုထဲမှာ ဖန်တီးထားတဲ့ ဇာတ်ကောင်များရဲ့ အတွေ့အကြုံများဟာလည်း သက်ရှိလူများလို ဖြစ်မှသာ စာဖတ်သူက ဇာတ်ကောင်ကို တကယ့် လူတစ်ယောက် အဖြစ် ခံစားလို့ရမှာ ဖြစ်ပါတယ် ။
အတိတ် မှာ မှားယွင်းခဲ့တဲ့ ဇာတ်ကောင်က လက်ရှိ ဘဝမှာ သူ့အမှားတွေကို ပြင်ဆင်နိုင်ဖို့ ကြိုးစား ရုန်းကန်တဲ့ စရိုက်မျိုးကို စာဖတ်သူ အများစုက နှစ်သက်သဘောကျပါတယ် ။ ဥပမာ ဆေးစွဲတဲ့ လူငယ်တစ်ယောက်က သူ့ကို သူ ပြုပြင်ပြီး ဆေးဖြတ်ဖို့ ကြိုးစားတာမျိုး ၊ ဒါမှမဟုတ် ချစ်ခင်မြတ်နိုးသူ တစ်ယောက် ရုတ်တရက် ကွယ်လွန်သွားတဲ့ အတွက် ဘဝ ပျက်မတတ် ကြေကွဲ မိတဲ့ လူတစ်ယောက်က သူ့စိတ်ကို သူ ပြန် ထိန်းနိုင်တာမျိုး ကိုလည်း စာဖတ်သူ များက နှစ်ခြိုက်လေ့ ရှိပါတယ် ။ ရှားလော့ခ်ဟုမ်း ဝတ္ထုများမှာ ဟုမ်းဟာ အရင်တုန်းက မူးယစ်ဆေးဝါး ၇ ရာခိုင်နှုန်း ပါဝင်တဲ့ ဖျော်ရည် တစ်မျိုးကို နှစ်သက်စွဲလမ်းခဲ့ပါတယ် ။ ဒါပေမဲ့ အဲဒီ အကျင့်ဆိုးကို သူ ပြင်နိုင်အောင် ကြိုးစားခဲ့တယ်လို့ စာရေးဆရာက ရေးသား ဖော်ပြခဲ့ပါတယ် ။
( ၆ ) မိမိ ဖန်တီးမယ့် ဇာတ်ကောင်ရဲ့ စရိုက်နဲ့ ကိုက်ညီတဲ့ အမည်နာမ ပေးတတ်ဖို့လည်း လိုအပ်ပါတယ် ။
ဇာတ်ကောင်ရဲ့ အမည် ရွေးချယ်ရာမှာ မှန်ကန်ဖို့ အရေးကြီးပါတယ် ။ နာမည်က အတည်အခံ့ ဖြစ်ပြီး သူ့စရိုက်က ခပ်ပေါပေါ စရိုက် ဖြစ်မယ်ဆိုရင် မကိုက်ညီပါဘူး ။ ခပ်ကြမ်းကြမ်း လုပ်ဆောင်တတ်တဲ့ ဇာတ်ကောင်ဆိုရင်လည်း နာမည်ကိုယ်တိုင်က စီးဖို့ လိုပါတယ် ။ ဥပမာ ရာဇဝတ်မှုကျူးလွန်သူများ အပေါ် ခပ်ကြမ်းကြမ်း ဆက်ဆံတတ်တဲ့ ရဲအရာရှိ ဇာတ်ကောင် အမည်ကို Dirty Harry လို့ ပေးခြင်းဟာ ကိုက်ညီတဲ့ အမည် ဖြစ်ပါတယ် ။ ဒါကြောင့် နာမည် ရွေးချယ်မှုဟာ အရေးပါပါတယ် ။ စွန့်စားတတ်တဲ့ ဇာတ်ကောင်ကို Zorro လို့ အမည်ပေးထားခြင်း ၊ သွေးစုပ်ဖုတ်ကောင် အမည်ကို Frankenstein လို့ အမည်ပေးခြင်း ၊ တောတွင်းသားဇာတ်ကောင် အမည်ကို Tarzan လို့ အမည် ပေးခြင်းတို့ဟာ ထင်ရှားတဲ့ သာဓကတွေ ဖြစ်ပါတယ် ။
ပါဝင်တဲ့ ဇာတ်ကောင် များပြားရင် တချို့ကို နာမည် ခပ်တိုတို ပေးပြီး တချို့ကို နာမည် ခပ်ရှည်ရှည် ပေးခြင်း အားဖြင့် ခွဲခြားနိုင်ပါတယ် ။ ခေါ်ရခက်ခဲတဲ့ အမည်နာမမျိုးကို ရှောင်ရှားသင့်ပါတယ် ။ ရုပ်ရှင်လောကမှာ မူရင်း နာမည်နဲ့ သရုပ်မဆောင်ကြဘဲ နာမည်ပြောင်း သရုပ်ဆောင်ခြင်း အားဖြင့် အောင်မြင်ထင်ရှားလာတဲ့ သူတွေ အများကြီး ရှိပါတယ် ။ ဥပမာ အားဖြင့် Archibald Leach က Cary Grant အမည် နဲ့ ထင်ရှားပါတယ် ။ Greta Gustafson က Greta Garbo အမည် နဲ့ အောင်မြင်ခဲ့ပါတယ် ။ Marion Morrison က John Wayne ဖြစ်လာခဲ့ပါတယ် ။
( ၇ ) ဝတ္ထုထဲမှာ ပြင်ပက ထင်ရှားတဲ့သူ တစ်ဦးကို ဇာတ်ကောင်အဖြစ် ထည့်သုံးတော့မယ်ဆိုရင် သူ့ကိုလည်း ကိုယ့် ဇာတ်ကောင်အဖြစ်သာ သဘောထားပါ ။ အောင်မြင်ထင်ရှားတဲ့ ဝတ္ထုများထဲမှာ လက်ရှိ လောကထဲက အောင်မြင်သူများကို ဇာတ်ကောင်အဖြစ် ထည့်သွင်း ရေးသားတာတွေ ရှိပါ တယ် ။ ဥပမာ ကျွန်တော် ရေးသားခဲ့တဲ့ The Case of Cabin 13 ကို ရေးသားရာမှာ ဇာတ်အိမ်ကို ကမ္ဘာကျော် Titanic သင်္ဘောကြီးပေါ်မှာ တည်ဆောက်ခဲ့ပါတယ် ။ ဒါကြောင့် အဲဒီသင်္ဘောကြီးရဲ့ ဝန်ထမ်းတချို့ကို အမည်မှန် အတိုင်း ထည့်သွင်းရေးသားပြီး ကျွန်တော် ပြောချင်တဲ့ စကားတွေကို သူတို့ နှုတ်ဖျားက ထွက်စေခဲ့ပါတယ် ။
ဥပမာ သင်္ဘောကြီးပေါ် မှာ ညကင်းစောင့်ရတဲ့ ဝန်ထမ်းနှစ်ဦး အပြန်အလှန် စကားပြောခန်းမှာ ဒီလို ပြောခိုင်းထားပါတယ် ။ “ တို့ ကတော့ ချမ်းချမ်းစီးစီးမှာ ကင်းစောင့်နေရတယ် ။ သူဌေးတွေကတော့ သူတို့ရဲ့ ဇိမ်ခံအခန်းတွေထဲမှာ ကွေးနေကြမှာပဲ ” လို့ ပြောပြီး သူ့လက် နှစ်ဖက်ကို နွေးလာအောင် လက်ဖဝါးချင်း ပွတ် နေပါတယ် ။ ဒီလို ရေးလိုက်ခြင်းအားဖြင့် မကြာမီ ကျ ရောက်တော့မယ့် အန္တရာယ်ကို ကျွန်တော်က အရိပ်အမြွက်လောက် ဖော်ပြလိုက်တာ ဖြစ်ပါတယ် ။
( ၈ ) ဇာတ်ကောင်တစ်ဦးနဲ့ တစ်ဦး ဆက်ဆံမှုမှာ လူဆန်ပါစေ ။
ဝတ္ထုတစ်ပုဒ်ကို ဖန်တီးရာမှာ ဇာတ်ကောင် တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံမှုက ပြင်ပကမ္ဘာထဲက သက်ရှိလူများလို ယုတ္တိရှိဖို့ လိုပါတယ် ။ အချစ်တွေ ရှိရမယ် ၊ အမုန်းတွေ ရှိရမယ် ။ နိမ့်တဲ့ အခါ ရှိသလို မြင့်တဲ့ အခါလည်း ရှိရပါမယ် ။ ဒါမှသာ စာဖတ်သူရဲ့ ရင်ထဲမှာ ကိုယ် ဖတ်နေတဲ့ ဝတ္ထုမှာ ပါတဲ့ ဇာတ်ကောင်များဟာ သက်ရှိလို့ ထင်မှတ်လာမှာ မလွဲပါဘူး ။
▢ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
၂၀၀၉ ခုနှစ် ၊ ဇွန်လ
No comments:
Post a Comment