Thursday, July 10, 2025

အဝယ် လွယ်သလောက် အရောင်း ခက်ပါသဗျ


 

❝ အဝယ် လွယ်သလောက် အရောင်း ခက်ပါသဗျ ❞

၂၀၀၆ ခုနှစ် ဩဂုတ်လ ၁ ရက် နေ့ အင်္ဂါနေ့ မနက်က မောင်ချမ်းသာ တစ်ယောက် မြို့ထဲမှ စက်ဘီးကလေးနဲ့ အိမ်သို့ အပြန် ၊ မော်တော်ဆိုင်ကယ်တစ်စီး သည် အရှိန်ခပ်ပြင်းပြင်း မောင်းနှင်လာပြီး ဘေးနားသို့ ကပ်လာ၏ ။ ကျွန်တော်ကလည်း တိုက်သ,တ်တော့မည် အထင်ဖြင့် စက်ဘီးကို ဘေးသို့ တတ်နိုင်သမျှ ကပ်ပေးလိုက်ပါ၏ ။ ဆိုင်ကယ်သမားကလည်း ဘေးနား အရမ်း ကပ်လိုက်လာပြန်၏ ။

တိုက်တော့မည် ။ သေချာပြီ ။ အင်း သည်နေ့တော့ဖြင့် သေနေ့စေ့လေပြီ ။ အကောင်းသားဟဲ့ပေါ့ ။

သို့သော် ထိုသို့ မဟုတ်ဘူးတဲ့ ခင်ဗျာ ။

“ ဆရာ ဆရာ ဆရာ ဦးချမ်းသာ ”

"ဟင် ကိုကိုအောင် ငါကွာ ၊ ငါ့ကို တိုက်သ,တ်တော့မှာပဲ ဆိုပြီး ဝမ်းသာနေတာကွ ” 

“ ဟာ ၊ ဆရာကလဲ ”

“ ဆရာကလဲ မလုပ်နဲ့ ၊ ငါတို့ အရွယ်က သေပျော်ပြီ ၊ အခု အသက် ၆၅ နှစ် ၊ နောက်ထပ် နှစ်ပေါင်း သုံးဆယ်လောက် လူ့ဘဝ ရဲ့ ဒုက္ခတွေကို ခံနိုင်ရည်မရှိတော့ဘူး ။ အဲဒီတော့ ၆၀ ကျော် ၇၀ မကြီး တကြီးကလေး မှာ သေရတာ အရ သာ ရှိတယ်ကွ ” 

“ ဆရာရယ် အဲဒါတွေ အသာ ထားပါဦး ။ ကျွန်တော့် အကွက်ကလေး ဟိုဆရာဝန် နဲ့ ဆက်စပ်ထားတာကလေး ”

“ ကိုကိုအောင် ဟိုနေ့က အပြတ် ပြောခဲ့သားပဲ ။ ၁၈၀ နဲ့ ပြတ်မလား ၊ ပြတ်မယ်ဆို ခုချက်ချင်း သိန်းသုံးဆယ် စရန် ရိုက်မယ် ၊ စာချုပ်တဲ့နေ့ ငွေအကျေ ချေမယ်လို့ ပြောသားပဲ ၊ အဲဒီနေ့က ဒေါက်တာ့ ကားထဲမှာ သိန်းသုံးဆယ်အတိ ပါလာတယ်လေ ”

“ မင်း ဘက်က ၂၀၀ ရမှ လို့ တင်းခံထားတော့ ၊ ၁၅ ရက် စောင့်မယ် ။ စကား ပြန်ပါ ဆိုတော့ မင်း ဘက်က မပြန်ဘူးလေ ”

“ အဲဒါ ဆရာ ဒေါက်တာကို ပြောပေးပါ ။ ၁၈၀ နဲ့ပဲ ယူပါတော့လို့ ”

“ အေး ခုမှတော့ နောက်ကျ သွားပြီ ။ တို့ ဟိုကွာ လမ်းမတန်း ပေါ်မှာ မြေကွက်ရော ၊ ထိုက်ကလေးရော ၂၀၀ နဲ့ ရ လို့ မီတာဘောက်စ်လဲ ပါတယ် ၊ အဲဒါ ဝယ်လိုက်ပြီ ”

“ ဆရာရေ လွဲပြန်ပြီ တစ်ချီ ” 

“ ကိုကိုအောင် မင်းကို ငါ တစ်ခု ပြောမယ် ၊ မြေကွက် ၊ အိမ် ၊ တိုက် ဆိုတာ အဝယ်လွယ်သလောက် အရောင်းခက်တယ်ကွ ၊ ခု မင်း လက်တွေ့ပဲ မဟုတ်လား ”

အမှန်ပဲ ခင်ဗျာ ၊ သူ့ မြေကွက်ကလေးက နေရာကောင်းလေး ဆို ပြီး ဈေးကောင်းပေး ဝယ်ထားတာ ၊ အဲဒါ အခု သည်မြေကွက်ကလေး ရောင်းပြီး ကားဝယ်မယ် ဆိုပြီး စပ်ကြည့်လိုက်တော့ .... ။

သူက ၂၅ဝ ခေါ်တယ် ။ တစ်ဖက်လူက ၂၀၀ ပေး တယ် ၊ မရောင်းဘူး ။ ဟို တစ်ဖက်လူက နေရာမှာ အချိုအချောင် ရတော့ ၁၈ဝ နဲ့ ဝယ်လိုက်တယ် ။ သူ အ ကွက်ကို လှည့်မကြည့်တော့ဘူး ။

သူက ၂ဝဝ နဲ့ ရောင်းပါမယ် ဆိုပြန်တော့ ကျွန်တော့် ဒေါက်တာက ၁၈၀ ပေးတယ် ။ သူက မရောင်းဘူး ။ ဟော သူက အခု ၁၈၀ နဲ့ ယူပါ ဆိုတော့ ဟိုဘက်က ဝယ်ပြီး သွားပြန်ပြီ ။

သွားပြီ ကိုကိုအောင် ကားဝယ်ဖို့ အလှမ်းမမီတော့ဘူး ။

အမှန်ပဲခင်ဗျာ့ ။ မြေကွက် ရယ် ၊ တိုက်ရယ်မှ မဟုတ်ဘူး ။ အလွန် အရောင်းအဝယ် ဆတ်ပါတယ် ။  ( ဆက်ပါတယ် - လွယ်ပါတယ် ) ဆိုတဲ့ ပဲတီစိမ်း ၊ ပဲစင်းငုံ ပဲကျစ်ပဲမာ များ ၊ ဆီထွက်သီးနှံ ၊ မြေပဲ နှမ်းများ သည်ပင်လျှင် အဝယ်လွယ်တယ် ။ အရောင်း ခက်တယ်ဆိုတဲ့ စာရင်း ထဲ မှာ ပါသဗျာ့ ။

ဥပမာဗျာ မိတ်ဆွေမှာ ငွေယားကလေး သိန်းသုံးရာ လောက် ရှိတယ်ဆိုပါစို့ ။

“ ဦးချမ်းသာရေ သိန်းသုံးရာ ကို နှမ်း ဘယ်လောက် ရနိုင်မလဲဗျာ ”

“ အင်း ဒီနေ့ ပေါက်ဈေးနဲ့ တွက်ရင် နှမ်းစမုံ ဆို တစ်တင်း ကျပ် ၂၀,၀၀၀ ဈေးနဲ့ တွက်ဗျာ ၊ နှမ်းတစ်တင်းခွဲ အိတ် ၁ဝဝဝ ( တစ်ထောင် ) လောက် ဝယ်နိုင်သဗျာ့ ၊ အဲ နှမ်းအနီ ဝယ်မယ်ဆိုရင်တော့ တစ်တင်း ကျပ် ၁၅,ဝဝဝ ဈေးနဲ့ အိတ် ၁၃ဝဝ ( တစ်ထောင့် သုံးရာ ) လောက် ဝယ်နိုင်သဗျာ့ ”

“ ဒီလိုဆို စမုံနှမ်းအိတ် ၁၀၀၀ ဝယ်လိုက်ပါ ဆရာသမား ”

“ ကောင်းပြီ ၊ အိတ်ခွံ ၁၀၀၀ နဲ့ ငွေ သိန်းသုံးရာ လာပို့လှည့် ”

မိတ်ဆွေက သိန်း သုံးရာ နဲ့ အိတ်ခွံ ၁၀၀၀ လာပို့ ။

မောင်ချမ်းသာက သည်ငွေ နဲ့ အိတ်ခွံကို ပွဲစားလက်ထဲ ထိုးအပ် ။

ပွဲစား က သည်နေ့ပေါက်ဈေး နဲ့ အိတ် ၁ဝဝဝ ရအောင်ဝယ်ပေး ၊ ပြတ်ပြီ ။ ရော့ ပတ္တမြား ရော့ ဟဲ့ နဂါး ။

သည်အထိ ရှင်းတယ် ။ အငယ် လွယ်လိုက်သမှ လွယ်လွယ်လွယ်လွယ် နဲ့ တောင် မြည်သေး ။

ဟော မိတ်ဆွေက ငွေအသုံး လို နေပြီ ၊ နှမ်းကို ရောင်းချင် နေပြီ ။ သည်ဘက်က ဝယ်မလို့ ဆိုင်ထားတဲ့ ( ဥပမာ ဆီစက် ) ဟာ အရောင်းအဝယ် တည့်နေပြီ ။ အဖိုးက ချေရ တော့မယ် ။

ဟောဗျာ ကိုယ်ပြန်ရောင်းချင်တဲ့ အချိန် နှမ်းဈေးက ကျနေပြီ ။

ပေါက်ဈေးနဲ့ ရောင်းလိုက်ပါပြီတဲ့ ။ ၂၅၀ ပဲ ရပါမယ်တဲ့ ။

မိတ်ဆွေ ဘယ်လိုလုပ်မလဲ ။

“ ဦးချမ်းသာ ရေ ဒီနေ့ ပေါက်ဈေးနဲ့ပဲ ရောင်းထုတ်လိုက်ပါလို့ပြောမလား ” 

ကဲ ထားလိုက်တော့ ဒါက ဈေးကျနေလို့ ။

နှမ်းဈေးက တက်နေပြီ ။ ၃၀၀ ရင်းထားတာ ၃၅ဝ လောက် ရနိုင်နေပြီ ။

“ ဘယ်လိုလဲ မိတ်ဆွေ ၊ ရောင်းလိုက်ရတော့မလား ” 

“ နေပါဦး ဦးချမ်းသာရယ် ၊ ဒီငွေတွေ ပိုက်ထားပြီး ဘာလုပ်ရမှန်း မသိသေးဘူး ထားမြဲ ဆက်ထားလိုက်ပါဦးဗျာ ၊ ပုပ်သိုး သွားတာမှ မဟုတ်တာ ”  

“ ကောင်းပါပြီ မိတ်ဆွေ ” 

နောက် တစ်လ လောက် အကြာ

“ ဦးချမ်းသာရေ ငွေပြန်ဖော်ရ အောင်ဗျာ ၊ ကျွန်တော့်နှမ်းတွေ ... ”  

မိတ်ဆွေ ၊ နှမ်းဈေးက နည်းနည်းအေးနေတယ် ၊ ရောင်းတာက ရောင်းလို့ရတယ် ၊ တစ်ပတ် ( ခုနှစ်ရက် ) ဆိုင်းရမယ် ပြောနေတယ် ။ ဘယ်လို သဘောရသလဲ ။ ဈေးကလည်း ဝယ်ရင်းဈေး ပြန်ရောက်နေပြီ ။

ဦးချမ်းသာ သဘောပဲဗျာ ။ ကျွန်တော်လည်း ခေါင်းခြောက်နေပြီ ။

ဟော ကျွန်တော်မောင်ချမ်းသာ အပေါ် ပုံကျလာပြီ ။

ဈေးတက်နေတုန်း ဝယ်သူ တွေ အငမ်းမရ လိုက်ဝယ်နေတုန်း ရောင်းပါဆိုတော့ မရောင်း ။

အခု ဈေးအေးနေပြီ ရက်ဆိုင်း ဆိုကာမှ ရောင်းချင်ပြန် သတဲ့ ။

ခက်လိုက်ပါဘိဟယ် ။ ဈေး နည်းတော့ မောင်ချမ်းသာ ညံ့ရာကျဦးမည် ။ ဈေးကောင်း ရရင်တော့ ကျေးဇူးတင်ချင်မှ တင်မှာ ။

“ ဟေ့ ပွဲစား ၊ ကိုယ်လဲ ကြားထဲက ဦးနှောက်ခြောက်လှပြီ ။ ကြည့်သာ ဆော်လိုက်ပေတော့ ”  

မောင်ချမ်းသာက ပွဲစား ခေါင်းပေါ်ထိုးတင်ပေးလိုက် ။

အဲသလိုမျိုး ခင်ဗျာ့ ။

ဘယ်ဟာမဆို
အဝယ် လွယ်သလောက်
အရောင်း ခက်ပါ့သဗျာ့ ။

( ၁၉၉ရ ခုနှစ် ရန်ကုန် မှာ မြေကွက်တွေ တိုက်ခန်းတွေ ဝယ်ရောင်း လုပ်မိလို့ ဘဝ ပျက်သွားသူတွေ အများကြီးဗျာ့ )

( စိန်တွေ ဘာတွေလည်း သည်လိုပဲ နေမှာပါပဲဗျာ ၊ မောင်ချမ်းသာ လက်လှမ်းမမီလို့ပါ ။ )

▢ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
     ၂၅ ဩဂုတ်လ ၂၀၀၆

No comments:

Post a Comment