Tuesday, July 8, 2025

နှောင်ကြိုး


 

❝ နှောင်ကြိုး ❞
    ( ရွှေဓား )

မမမူ ရေ  ...

အတင့် အစက ပြောသား မဟုတ်လား ၊ အတင့် အပူ မရှာပါရစေနဲ့ လို့ ... ကိုင်း ၊ ခုတော့ ဘယ့်နှယ့် ရှိစ မမမူ ၊ မမမူ ရဲ့ သနားတတ်တဲ့ စိတ် ဟာ တစ်ခါကလည်း မမမူ ကို ဒုက္ခပေးခဲ့ပြီ မဟုတ်လား ။ ခုလဲ ပတ်ချွဲနှပ်ချွဲ နဲ့ မမမူ ဆီမှာ လာပြီး အသနားခံတဲ့ လူကို မမမူ က သိပ် အထင်ကြီးပြီးတော့ -

“ ညီမလေး ရယ် မောင်ကျော်မင်း ဖြင့် သာမန် ယောက်ျားကလေး တစ်ယောက် မဟုတ်ပါဘူး ။ အတင့် နဲ့လည်း စိတ်ထားတွေ တိုက်ဆိုင်တယ် ၊ မမမူ အကြံပေးတာတွေ ကို မငြင်းပယ်ပါနဲ့ ”

စတဲ့ စကားတွေ နဲ့ အတင့် ကို မမမူ ဇာတ်သွင်းခဲ့တယ် ။ မမမူ တော့ဖြင့် သူကိုယ်တိုင် ကလည်း အချစ် သင်ခန်းစာ ကို ရရှိပြီးတဲ့ သူ မို့ သူ့ ရဲ့ ရွေးချယ်ချက် ကတော့ ရာခိုင်နှုန်းအားဖြင့် အမှား နည်းပါလိမ့်မယ်လို့ အတင့် အားတက်ခဲ့မိတယ် ။ ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး ၊ ကိုကျော်မင်း ရဲ့ လှည့်ပတ်မှုဟာလည်း အတင့် ကို အချစ်ဂုဏ် မောက် အောင် သိပ်ပြီး သွေးဆောင်ခဲ့ လို့ ဟိုစဉ်အခါတုန်းက အတင့် ဖြင့် ငါ့လိုလူ ဇမ္ဗူ မှာ ရှိရဲ့လားလို့တောင် ကြိမ်းဝါးမိ ပါရဲ့ ။ တယ် ရယ်စရာ ́ကောင်းတာပဲနော် မမမူ ၊ လောက ပေါ် မှာ လူတွေဟာ လူလို မနေကြဘူး ၊ လူလို မကျင့်ကြဘူး ။ အတင့် ဒီ စကားတွေကို ပြောလိုက်တော့ မမမူ စိတ်ထဲမှာ အတော်ပဲ ထိခိုက် သွားမလား ။ ဒါမှ မဟုတ်ရင် လည်း ‘ တယ်ကြီးကျယ်တဲ့ ကောင်မကလေးပဲ ’ လို့ အတင့် ကို ဆိုမလား ... ။

မမမူ ပဲ စဉ်းစားဦးလေ ၊ ကိုတင်စိုး နဲ့ မမမူ တို့ အချစ် ဇာတ်လမ်းဖွင့်ခဲ့တုန်းက မမမူ ကိုတင်စိုး ကို တကယ် အသည်းစွဲ ချစ်ခဲ့တယ် မဟုတ်လား ။

မမမူ ရဲ့အချစ်သင်္ချိုင်း ... ၊ မမမူ ရဲ့ ဝင်းပကြည်လင်တဲ့ စိတ်ကို နောက်ကျိအောင် ဖန်တီးတဲ့ မင်္ဂလာ အမဲ့ဆုံး ကိုတင်စိုး ရဲ့ ရင်ခွင်ဟာ မမမူ ရဲ့ ဘဝကို ဆုံးရှုံးစေပြီးတော့ မမမူ ကိုယ်တိုင် ဘာဖြစ်နေပြီလဲ ။ ဒါတွေဟာ မမမူ ရဲ့ ယုံကြည်လွယ်တဲ့ စိတ် ၊ သနားတတ်တဲ့ စိတ်ကြောင့် မဟုတ်ဘူးလား ။ ပြောသမျှ ၊ ဆိုသမျှ စကားတွေ ကို မှတ်ကျောက်မတင်ဘဲ နဲ့ အစစ်အမှန် ပဲလို့ ယူဆ ခဲ့သမျှ မမမူ နစ်နာသလို ။ ခု အတင့် လည်း ဒီအဖြစ်မျိုး ကြုံရပြီလေ ။ ခုလောက်ဆိုရင် မမမူ လည်း သတင်းစာတွေထဲ တွေ့ရောပေါ့ ။ ဟဲ ... ဟဲ ။

မောင်ကျော်မင်း နဲ့ ညွန့် ...

တဲ့ ။ မင်္ဂလာသတင်းကလေး ၊ ဒါ တွေ့တွေ့ချင်း မမမူ ကိုယ်ချင်းစာပြီး အတင့် ကို သနားဦးမယ် ဟုတ်ကဲ့လား ။

ဒါပေမဲ့ မမမူ ရယ် ။ အရင်က မမမူ တစ်ယောက်တည်း ဆွေးပူနေရတာပဲ ။ ခု မမမူ အဖော်ရပြီလေ ။ အတင့် ကို အဖော် ရပြီ ။ ဟဲ - ဟဲ အချစ်ဆိပ် ၊ အချစ်သွေးတွေ တက်ပြီး အတင့် တော့ ကမူးရှူးထိုးများ ဖြစ်ဦးမှာလားလို့ ကိုယ့် ကိုယ်ကို သံသယ ဖြစ်မိသေးတယ် ။

မဖြစ်ပါဘူး ၊ မဖြစ်ပါဘူး ။

တစ်ခါတလေတော့ တွေး မိရင် အသည်းနာတယ် ။ ယောက်ျားဆိုတဲ့ သတ္တဝါတွေဟာ မိန်းမတွေ ကိုတော့ ပြော လိုက်ကြတဲ့ဖြစ်ခြင်း ။ နိပါတ်တွေ ၊ ရာဇဝင်တွေ ကိုးကားပြီး ရှုတ်ချလိုက်ကြတဲ့ ဖြစ်ခြင်း ။ သူတို့ ကတော့ ... ။

ဘုရားဆုပန် မင်းယောက်ျားကြီးတွေမို့ မြင့်မြတ်ကြပါတယ် ၊ တော်ကြပါတယ် ။ သူ တစ်ပါး သမီးပျိုကလေး တွေ ကို ပန်းပွင့်ကလေး တစ်ပွင့် လောက်မှ တန်ဖိုးမထားကြဘူး ။

မမြင်ရတဲ့ မြင်းမိုရ်တောင်ကြီးတွေ ၊ မတိုင်းဆနိုင်တဲ့ သမုဒ္ဒရာကြီးတွေ ၊ ‘ ကြူ - ယုံ - ငွေလ ’ ဆိုတဲ့ ဥပမာကြီးတွေ နဲ့ ချစ်ပါသတဲ့ ။ အသားတော် ဝါနုနုကလေးနဲ့ တစ်ခါ ရှူလိုက်ရင် တစ်သိန်းမက တန်သတဲ့ ။ စကားတွေက ဖြင့် သိပ်လှပြီး သိပ်ချစ်စရာ ကောင်းတာပဲ ။ အတင့် ဒါတွေကို ကြိုတင်ပြီး စဉ်းစား ထားတဲ့သူမို့ အတင့် အမျိုးမျိုး ရှောင်ကွင်းခဲ့တယ် မမမူ ။ ကိုကျော်မင်း ကဖြင့် အတင့် ကို နွားပိန်တွယ်တွယ် ပြီး ‘ ပြောပါရစေတော့ ’ ခြယ်လှယ်ချင်သလို ခြယ်လှယ်နိုင်ခွင့်ကို အမျိုးမျိုး ရှာကြံ ခဲ့တယ် ။ အတင့် လည်း အလွတ်ရုန်းပြီး ရှောင်ကွင်း နိုင်သမျှ ရှောင်ကွင်းခဲ့တယ် ။

ဒါပေမဲ့ မှားတဲ့ အခါ မှားခဲ့လို့ အတင့် ရှောင်ကွင်းသမျှ ဟာ သဲထဲ ရေသွန် ၊ တိမ်တံခွန် အရုပ်လို အရာမရောက် ဖြစ်ခဲ့တယ် ။ အဲသလို အရာမရောက်ခဲ့ပုံကို စဉ်းစားပြီး တော့ ... ။

စာရိတ္တ ပျက်ပြားနေတဲ့ အချိန် ၊ စောင့်စည်းမှု သဘော မသက်ဝင်သေးတဲ့ အချိန်တွေ မှာ ရည်းစားထား ပြီးတော့ အချစ်ကို ရှာတာဟာ ‘ ရာသက်ပန် လင်လောင်းလျာ ’ ကို ရှာတာ ဟာ ‘ မဟန်ဘူး - မဟန်ဘူး ’ လို့ အတင့် ထင်စားလိုက်မိတယ် ။

ယောကျာ်းတွေ ဟာ သူတို့ ရည်စားထားတာ ကို သူတို့ အပျော်အပါး လောက် ၊ ဒါမှမဟုတ် သင်ခန်းစာ ယူဖို့ လောက်ပဲ ပြုမူကြဟန် တူတယ် ။ ဒါကြောင့်မို့ လည်း မညှာမတာ ပြုမူရက်ကြတာပေါ့ ။

မမမူ ရေ -

အတင့် တော့ သင်ခန်းစာ လှလှကြီးရပြီမို့ ‘ အာရိဂတော ’ ဘဲ ရှင့် ။ ကိုကျော်မင်း ကို ‘ အာရိဂတော ’  ဘဲ ။ တော် ပါပြီ မမမူ ၊ မမမူ လည်း ဒီ သတင်းတွေ ကြောင့် စိတ်မကောင်း မဖြစ်ပါနဲ့ နော် ။ အတင့် တော့ ဒီနေ့ က စပြီး သူ့ အပေါ် စွဲလမ်းတဲ့ စိတ်တွေ ကို ခဝါချလိုက်တော့မယ် ။ နောင်ကို အသစ်အလွင်လည်း စိတ်မကူးရဲတော့ဘူး ။

ကိုကျော်မင်း ရေ ရှင့် ကောင်းမှု အတွက် အမျှ ရှင့် ... အမျှ ... အမျှ ။

          ညီမလေးအတင့်
                         မုံရွာ
              ၁၃ - ၆ - ၄၉

     မောင်လေး ..

မင်း သိပ် မညှာတာတဲ့ လူပဲ ၊ အမှန်အတိုင်း ဆိုရင် ‘ မမမူ ရေ ၊ ကျွန်တော်တော့ ဒီလိုပဲ လုပ်တော့မယ် ’ လို့ မင်း မမမူ ကို တိုင်ပင်ဖို့ ကောင်းတယ် ။ မင်း လုပ်ပုံတွေဟာ မမမူ ရဲ့ ဇာတ်လမ်းထဲ က သစ္စာ မရှိတဲ့ ‘ ကိုတင်စိုး ’ နဲ့ သိပ် တူ တာပဲ ။ အစကတည်းက မမမူ မင်းကို ပြောခဲ့တယ် မဟုတ်လား ။ မင်း ရာသက်ပန် ပေါင်းမဲ့ စိတ် ဆန္ဒရှိမှ အတင့် ကို ကြံစည်ပါ လို့ .. ။

မင်းတို့ ယောက်ျားတွေ ဟာ သိပ် ခက်တာပဲ ။ မင်းတို့ နှမချင်းလည်း မစာနာကြဘူး ။ မင်း လုပ်လိုက်ပုံတွေ ဟာ မမမူ သိပ် မျက်နှာပျက်စရာ ဖြစ်နေပြီ ။ မင်းကို မမမူက  သိပ်အထင်ကြီးခဲ့တယ် ။ ကျောင်းသားဘဝက မင်း ဉာဏ်ထက်ပုံတွေ ၊ ရိုးသားပုံတွေ ၊ နောက်ပြီး ‘ ဟိုက်စကူး ’ မှာ မင်း သပိတ်ခေါင်းဆောင် လုပ်ခဲ့ပုံတွေ ၊ ကောလိပ်က နေပြီး ဗိုလ်ချုပ် နဲ့တူတူ ဂျပန်ပြည် လိုက်သွား ပုံတွေ ၊ ဒါတွေဟာ တကယ် မြင့်မြတ်တဲ့ သူရဲကောင်း အာဇာနည်စိတ် ကိန်းဝပ်တဲ့ လူ မှသာ လုပ်နိုင်တဲ့ အလုပ်တွေမို့လို့ ဒီ လုပ်ငန်းတွေ အပေါ် ကြည့် ပြီး မင်းကို မမမူ အထင်ကြီးခဲ့တယ် ။

မင်းကလေး ဟာဖြင့် ‘ မြန်မာပြည်ရဲ့ ပန်းတစ်ပွင့် ’  ပဲ ရယ် လို့ မမမူ တင်စားခဲ့တယ် ။ ဒါပေမဲ့ ဒါတွေဟာ ခု မမမူ စိတ်ထဲမှာ တစ်ခုမှ မရှိတော့ဘူး ။

မင်း ရဲ့ မညှာတာတဲ့ စိတ် ၊ တစ်ပတ်ကြော ကြံလိုတဲ့ စိတ် ၊ မဖြောင့်မတန်းတဲ့ စိတ်တွေ ဟာ ခု ရှင်းရှင်းလင်းလင်း ပေါ် လာတာ သိပ်ကျေးဇူး တင်စရာပဲ ။

တော်ပြီကွာ ။

မင်း ရှေ့ဆက်ပြီး မမမူ ကို လည်း ဘယ်လိုနည်း နဲ့ မှ မဆက်သွယ်နဲ့ တော့ ။ မင်း ရဲ့ ခြေမွသွားတဲ့ ဒဏ်ကို ခံစားနေရတဲ့ အတင့် ကိုလည်း မင်း အာရုံမပြုနဲ့တော့ ။ အကျိုးပေး တူတဲ့ တို့ ညီအစ်မ ၊ ကနေ့က စပြီး မင်းတို့ ယောက်ျားတွေကို ကျောခိုင်းလိုက်တော့မယ် ။ တစ်ကိုယ်ရေ တစ်ကာယ ပဲ အေးအေး နေကြတော့မယ် ”

အတင့်ကလေး ရဲ့ စာကို ဖတ်ပြီး မင်းရဲ့ စာရိတ္တကို မင်း ပြန်ပြီး သတိရှိစေတော့ ။

စာပြန်ဖို့မလိုဘူး မောင်ကျော်မင်း ။

               မမမူ
             မြင်းခြံ
    ၁၉ - ၆ - ၄၉

မမမူ ...

စာ ပြန်ဖို့ မလိုဘူး ဆိုပေမဲ့ ပြန်လိုက်ပါရစေနော် ။

လူ့လောကတစ်ခွင်မှာ လူတွေဟာ ထင်သလို မဟုတ်ဘူး ၊ မြင်သလို မဖြစ်ဘူးဆိုတာကို မမမူ တို့လည်း ဉာဏ်ကြီးရှင်တွေမို့ သိကောင်းပါတယ် ၊ သိကောင်းကြ ပါလိမ့်မယ် ။ အမြင် သာမည နဲ့ ဆိုရင်တော့ ဟုတ်တယ် မမမူ ၊ ဟုတ်တယ် ။ ကျွန်တော်ဟာ သစ္စာဖောက် တစ်ယောက်ပါပဲ ။ ဒါ ပထမ ကျွန်တော် ဝန်ခံပါတယ်လေ ။

နို့ပေမဲ့ - ကျွန်တော့် ကို မမမူ ရော ၊ အတင့် ပါ စွပ်စွဲ ကြတာတွေဟာဖြင့် တစ်ခုမှ မဟုတ်ဘူးလို့ ကျွန်တော် ရဲရဲ ဝံ့ဝံ့ ပြောရဲပါတယ် မမမူ ရယ် ။ ကျွန်တော့် လို လူ တစ်ယောက် အဖို့တော့ လောကကြီး ဟာ မဆန်းကြယ်ဘူး ။ ဆန်းကြယ်တဲ့ လောကကြီး ထဲ မှာ လူတွေ ဟာ ဆန်းကြယ်သလို ဟန်ဆောင် နေကြတယ် ။ ဒီ ဟန်ဆောင်မှုတွေ ဖြည်းဖြည်း ဂယက်ရိုက်လာတဲ့ အခါမယ် အထင်အမြင် လွဲမှားတာတွေ ဟာ ဇာတ် မတိုက်ဘဲ အလိုလို ပေါ်လာရတော့တာပေါ့ ။

ကျွန်တော်လေ မမမူ ၊ အတင့် ကို ဘယ်လောက် ချစ် ခဲ့တယ် ဆိုတာ မဖြစ်နိုင်တဲ့ နည်းတစ်ခု ဖြစ်တဲ့ ရင် ခွဲပြီးလည်း မပြချင်ဘူး ၊ ဟို ရှေးတုန်း က သစ္စာတိုင် ပတ်ပျိုးကြီး တွေ ကိုလည်း ဆိုမပြချင်ဘူး ။ ဒါပေမဲ့ ကျွန်တော် အတင့် အပေါ် ချစ်ခဲ့တဲ့ အချစ် ဟာ ‘ အစိုင်အခဲကြီးမားတဲ့ နေရာ ’ မှာ သာတဲ့ လူမရှိသေးဘူးလို့ ကျွန်တော် ထင်တယ် မမမူ ၊ ကျွန်တော် ထင်တယ် ။

‘ ကောင်းပြီကွာ မင်း ဒါလောက်တောင် ချစ်ရက်နဲ့ မင်း ချစ်မှန်းကို သိလို့ မင်း ပြုချင် သလို ပြုခွင့်ပြုထားပြီ ဖြစ်ရက်နဲ့ မင်း ဘာပြုလို့ သစ္စာဖောက်သလဲဟင် ’

လို့ မမမူ မေးချင် မေးလေ မေးမလား ။ မမမူ လောက ပေါ် မှာ ရှိတဲ့ အချစ်သတ္တဝါတွေ ဟာ ချစ်တိုင်း ညား သလား ၊ ညား သတဲ့လား ညားတိုင်း ကော ချစ်သတဲ့လား ။

ကျွန်တော် ဆိုခဲ့ပြီးပကော ၊ ကျွန်တော် ချစ်မိတဲ့ အတင့် ကို ကျွန်တော့် တစ်သက် နဲ့ တစ်ကိုယ် မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ။ မမေ့နိုင်လို့ လည်း ခုလို ‘ စာရှည်ရှည် ရှင်းတမ်း ’ နဲ့ ကျွန်တော် ဖြေရှင်းနေတာပေါ့ ။

လုံးဝဖောက်ပြန်မှု နောက်ကိုသာ ကျွန်တော် လိုက်သွားပြီ ဆိုရင်လေ ‘ အမယ်လေး မမမူရယ် ’  ကျွန်တော် သတိ တောင်ရနိုင်မှာ မဟုတ်ဘူးတဲ့ ၊ သိလား ။

ခုလိုဆိုတော့ မမမူ ကဖြင့် ‘ လျှာ အရိုး မရှိတဲ့ အတိုင်း ’ လို့ ပြောချင်ပြောဦးမှာပဲ ။ ကျွန်တော် ပွင့်ပွင့်လင်းလင်း အစီရင်ခံပါ့မယ် မမမူ ။ ကျွန်တော် ပွင့်ပွင့်လင်းလင်း အစီရင်ခံပါ့မယ် ။ သတင်းစာထဲမှာ ပါတဲ့ အတိုင်း ။

‘ မြန်မာ့တပ်မတော် ကပ္ပတိန်ဟောင်း ရဲခေါင်စာပေ ဖြန့်ချိရေး ပိုင်ရှင် မောင်ကျော်မင်း နှင့် ညွန့် တို့ သည် ရန်ကုန်မြို့တရားသူကြီး (  ... ) ၏ ရုံး ၌ နှစ်ဦး သဘောတူ လက်ထပ်ပြီးစီးကြောင်း ’

ဆိုတဲ့ မင်္ဂလာသတင်းကလေး ကို မမမူ သတိပြုမိရဲ့လား ။ ကြည့်စမ်း မမမူ ၊ ညွန့် ဆိုတဲ့ မိန်းကလေးရဲ့ ‘ မိဘ ’  ၊ ‘ ဂုဏ်ထူး ’ ၊ ‘ နေရပ် ’ ဆိုတာတွေ ဘာမှမပါဘူး မဟုတ်လား ။ အမှန်အတိုင်းသာ ထည့်လိုက်ရမယ် ဆိုရင် ...

‘ တင်တင်ညွန့် ( ညွန့် ) ၊ ရှမ်းပြည်နယ် ၊ ကလောမြို့ ၊ မိုးလွတ်ရွှေဖီလက်ဖက်ကုန်တိုက် ၊ စာရေးကြီး ဦးစောဝင်း နှင့် ဒေါ်တင်ထွေး တို့ ၏ တစ်ဦးတည်းသော သမီး ... ’

လို့ ထည့်လိုက်ရမှာပေါ့ ။ ဒါတွင်လား ဆိုတော့ မဟုတ်သေး ဘူး ၊ နောက်ဆွယ် က ဝန်ကြီးဟောင်း တို့ ၊ မြို့တော်ဝန်ဟောင်း တို့ ၊ အတွင်းဝန်ဟောင်း တို့ ဆိုသလို ခုခေတ် လူတွေ ပကာသန ပြုနေကြတဲ့ အတိုင်း ညွန့် မှာရှိတဲ့ အတိတ်ဂုဏ်ဟောင်းကလေး တစ်ခု ကို ထည့်လိုက်ရရင် ( ပြည့်တန်ဆာဟောင်း) ဆိုတာကိုပါ ပူးတွဲပြီး တွေ့ ရမှာပဲ ။ သတို့သမီးက မဆန်းလား မမမူ ။

ဒါကိုတွေ့တော့ မမမူ သိပ်ယူကျုံးမရ ဖြစ်မှာလား ၊ အံ့သြ သွားမလား ၊ ဟင် - အကျင့်ယုတ်လှချည်လား ဆိုပြီး မောင်လေး ကို ရေတိမ်နစ်ပြီ ရယ် လို့ လည်း မမမူ ပြောလေ မလား ၊ စွပ်စွဲလေမလား ။

အေးလေ ၊ ‘ ပြည့်တန်ဆာဟောင်း ’ ဆိုတဲ့ ညွန့် ရဲ့ ရာဇဝင်ကိုလည်း မမမူ ကို ကျွန်တော် ပြောပြပါရစေဦး ။

ဒီနေရာမှာ မဖတ်ချင်တော့ဘူး ဆိုပြီး ဒီ စာရွက်ကို ဆုတ် မပစ်လိုက်ပါနဲ့ဦးလို့ ကျွန်တော် တောင်းပန်လိုက်ပါတယ် ။

ကျွန်တော် ဟာ နိုင်ငံချစ်တဲ့ လူတစ်ယောက် ၊ စင်မြင့် မရှိတဲ့ နိုင်ငံရေးသမား တစ်ယောက်ဆိုတာတော့ မမမူ သိ နှင့် ပြီပဲလေ ။ ကျွန်တော်တို့ နိုင်ငံကြီးမှာ လွတ်လပ်လာတယ် ဆိုရင်ပဲ မကြာခင် ပြည်တွင်းစစ်ကြီး ခင်းနေလိုက်တာ ဖွတ်ဖွတ်ညက်ဆဲ ဖြစ်နေပြီ ။ လွတ်လပ်တဲ့ ပြည်ထောင်စု အလံတော် အောက်က မရေမရာ မသေချာတဲ့ ကိစ္စပေါင်း များစွာ ကို ထူထောင်ဖို့ ၊ အင်တိုက်အားတိုက် ကြိုးပမ်းဖို့ နေရာမှာ ဘာမှ မစဉ်းစားနိုင်တော့ဘူး ။ ဘဝတည်မြဲမှု နဲ့ အခွင့်အရေး လက်မလွှတ်ချင်မှု ဉာဉ်ဆိုးကလေးတွေ နဲ့ ဆိုးပေ လေလွင့် နေတဲ့ ‘ ပါတီဆရာကြီး ’ တွေကလည်း သူတို့ရဲ့ အကြောင်းကြောင်း တွေကြောင့် ပြည်ထောင်စုရဲ့ ဖြစ်ထွေကို မေ့များနေကြပလား ။

တာဝန်သိတဲ့ လူတစ်ယောက် အနေနဲ့ နိုင်ငံတော်ကြီးရဲ့ မြေပုံကို မျက်စိ ရှေ့ ချပြီး ကြည့်လိုက်ရင် ရင်လေးစရာတွေဟာ တောင်လို ပုံနေတယ် ။ ဒါကို နိုင်ငံရေးသမား တွေ လက်တွေ့ မလုပ်နိုင်ကြသေးဘူး ။ ကြည့်စမ်း မမမူ ၊ သွေးတွေ ၊ အပျက်အစီးတွေ ၊ ကွေကွင်းမှုတွေ ။

ဘယ်လောက်များ တာဝန်မဲ့ နေပုံ ပေါက်သလဲ ။ ကျွန်တစ်ခေတ်က ရလိုက်တဲ့ အမြတ်တွေပေါ့ ။ စည်းမဲ့ကမ်းမဲ့ ရမ်းတဲ့ ကြမ်းတဲ့ပြီး နေလိုက်ကြတာ ။

တကယ် လက်တွေ့သဘော ကို လိုက်တဲ့ လူတွေအဖို့ တော့ ပြည်ထောင်စုစိတ် မရှိရင် မပြီးနိုင်ဘူးလို့ ယူဆနိုင် လောက်အောင်ပဲ စိတ်ပျက်စရာ ဖြစ်နေတော့တယ် ။ ဒါ တွေ ၊ ဒါတွေကြောင့်မို့ ...

မောင်လေး ‘ အဇ္ဇတဂ္ဂေ ’ ဆိုပြီး နိုင်ငံရေးနယ်ပယ်က ထွက်ခဲ့တယ် ။ ပျက်စီးနေတဲ့ အမျိုး ရဲ့ ၊ စာရိတ္တအမျိုးရဲ့ ဉာဏဗလကို ပြုစုပျိုးထောင်ရမဲ့ နေရာမှာ စာပေဟာ ပဓာန ပဲ လို့ ကျွန်တော် ယူဆမိတဲ့အတွက် ခု လုပ်နေတဲ့လုပ်ငန်း ကို စတင် တည်ထောင်ဖွင့်လှစ်ခဲ့တာပေါ့ ။

စကားကြော ရှည်လှရန်ကော လို့ မထင်လိုက်ပါနဲ့ မမမူ ။ ဒါတွေဟာ ပြည့်တန်ဆာဟောင်း ဆိုတဲ့  ‘ ညွန့် ’  ကလေးရဲ့ ပဏာမနိဒါန်းပါပဲ ။ တကယ်လို့ ကျွန်တော် သာ ဒီ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို မတည်ထောင်ခဲ့ရင် သူ နဲ့ တွေ့ချင်မှလည်း တွေ့မှာပါပဲ ။ နောက်ပြီး အမျိုးသမီးကလေး တစ်စု ရဲ့ ဘဝဆုံးချက် နစ်နာလှပုံကို လည်း မြင်ချင်မှလည်း မြင်မှာ မမမူ ရဲ့ ။

အရင်တုန်းက ဆိုရင် ကျွန်တော်က ပြည့်တန်ဆာ ဆိုတဲ့ မိန်းမကလေးတွေကို အတော် ရွံမုန်းခဲ့တယ် ။ မိန်းမပေါ့ ၊ မိန်းမလေ ၊ ကလေးကလား အညံ့စားကလေးတွေလို့ အထင်သေးခဲ့တယ် ။ ကျွန်တော် ကိုယ်တိုင် ပျက်စီးလေလွင့် နေတဲ့ အမျိုးသမီးကလေးတွေရဲ့ ဂေဟာတွေကို ရောက်ခဲ့ မြင်ခဲ့ရတော့မှ စုတ်သပ်မိခဲ့တယ် ။ ယူကျုံးမရ ဖြစ်လာခဲ့မိတယ် ။

မိန်းမပေါ့ ၊ မိန်းမလေ ၊ ကလေးကလားအညံ့စား တွေလို့ ကျွန်တော် ဝါးလုံးကြီး နဲ့ ယမ်းခဲ့တာဟာ ရာခိုင်နှုန်း အပြည့် မဟုတ်ဘူးဆိုတာ လည်း သိခဲ့ရတယ် မမမူ ။

မမမူတို့ မိန်းမချင်းသာ ဆိုရင် ဘယ်လောက် စိတ် ထိခိုက်ကြမလဲဆိုတာ ကျွန်တော် မမှန်းဆနိုင်ဘူး ။ တချို့ အမျိုးသမီးကလေးတွေဟာ မတည်ကြည်တဲ့ လူ တစ်စုရဲ့ ညာဝါးဖြန်းသန်းမှု ကို ယုံကြည်ရှာပြီး ဘဝ ရေတိမ်မှာ နစ်ခဲ့ရတယ် ။ တချို့ကတော့ ဘာရယ်ညာရယ် မဟုတ်ပေဘူး ၊ လင် ဆိုတဲ့ သတ္တဝါမှာ ဝင်ငွေ နည်းပါးပြီး စားမလောက် သုံးမလောက် ဖြစ်ရတော့ တကယ် အသုံးလိုတဲ့ အခါမှာ နောက်ဆုံး ဂဠုန်ဆားချက် စီမံကိန်း ဆရာကြီး ‘ သူ့လင် ’ ရဲ့ စီမံကိန်း အရ ‘ တစ်ခါတစ်ရံပါပဲ ရှင့် ’ ဆိုပြီး ကိုယ် နဲ့ ရင်းကြရာက ပြည့်တန်ဆာ ဖြစ်လာရတာတွေလည်း ရှိကြပါရဲ့ ။

တချို့ကတော့ဖြင့် အလွန့်အလွန် သနားစရာ ကောင်းပါရဲ့ မမမူ ။ ကျွန်တော်တို့ ပြည်ထောင်စု နယ်စွန်နယ်ဖျားက ပစ္စည်းမဲ့ ၊ ပညာမဲ့ အမျိုးသမီးကလေးတွေ ပေါ့ ။ စာပေလည်း မတတ်ရှာကြဘူး ၊ အကျိုးအကြောင်း လည်း ဆင်ခြင်ဖို့ဆိုတာဖြင့် ဝေးပါလေရဲ့ဗျာ ၊ ဝေးပါလေရဲ့ ။

အဲ သူတို့ကလေးတွေမှ တကယ့် ညစ်ပတ်စုတ်ပဲ့တဲ့ လူမသမာတွေ ရဲ့ ခြယ်လှယ်မှုကို အရုပ်ကလေးတွေ လို ငုံး တိတိ နဲ့ ခံစားနေရတာပဲ ။ ဆွေမျိုးညာတိ မရှိ ၊ ပတ်ဝန်းကျင် အပေါင်းအသင်းကောင်း ရယ်လို့ မရှိ ။ မှီခိုနိုင်မယ့် ‘ သတ္တိခဲ ’  တွေကလည်း မရှိ ၊ တောရွာဒေသမှာ တောဓလေ့အတိုင်း လုပ်ကိုင်စားသောက်လို့ မဝမငနဲ့ ဖြစ်ကြရ ပြန်တယ် ။ ပြည်တွင်းစစ် ရန်တွေ အသွယ်သွယ် က လည်း မွှေလို့ ၊ ကေ - အင် - ဒီ - အိုက တစ်မျိုး ။

ဒါနဲ့ မြို့ က ဆိုတဲ့ လူရဲ့ သွေးဆောင်ဖြားယောင်းမှုကို အထင်ကြီး ပြီး ‘ ငါ ဖြင့် အားကိုးရတန် ကောင်းပါလေရဲ့ ’ ဆိုတဲ့ အတွေးနဲ့ လိုက်ခဲ့ကြတယ် ။ ရန်ကုန် ပတ်ဝန်းကျင်မှာ သူတို့ နဲ့ သက်ဆိုင်တဲ့ လူတန်းစားက လည်း ‘ ပြည့်တန်ဆာ ’ တွေ ဆိုတော့ ရေစက်မချရ ဘဲ ကာယကံမြောက် လှူဒါန်းပြီး ဖြစ်ကုန်တာပေါ့ မမမူ ရယ် ။

စဉ်းစား ကြည့်လိုက်ရင် ကျွန်တော်တို့ အမျိုးသမီးငယ်ကလေးတွေ ရဲ့ ပြဿနာ သိပ် မလွယ်လှဘူး မမမူ ။ ရန်ကုန် ဆိုတာက မမမူ သိတဲ့အတိုင်း အစစအရာရာ အချုပ်အခြာ ဖြစ်တဲ့ နေရပ် ဆိုတော့ မျက်နှာဖြူတွေက အစ ဂေါ်ရင်ဂျီကု,လား အဆုံး နိုင်ငံခြားသားတွေဟာ ပလူပျံ ပေါများနေတာပဲ ။ အဲဒီ့ လူမျိုးခြားတွေ အတွက်ကော ၊ ဗမာတွေ ရဲ့ ‘ ကြာခြည်သံ ’  ပေးဖို့ အတွက်ကော ၊ ‘ ဖြေဖျော်မယ် ’ အဖြစ် ရေတိမ်နစ်နေရသူကလေးတွေဟာ ၁၉၄၇ ခုနှစ်လောက်က ရန်ကုန် မြို့ မှာ ( ၃၀၀၀ ) ကျော်ရှိသတဲ့ ။ ဒီ စာရင်းက တိုးပွားလာတာဟာ ၂ နှစ် အတွင်းမှာ သုံးဆ အနည်းဆုံး ရှိလိမ့်မတဲ့ ။ တလောက သက်ဆိုင်ရာဌာနက အစီရင်ခံစာကလေး တွေ့ လိုက်တယ် ။

အဲဒီ အမျိုးသမီးကလေးတွေ ဟာ နန်းရင်းဝန်ကြီး မိန့်မြွက်ခဲ့တဲ့ ‘ ရွှေမိုး - ငွေမိုး ’ မရွာသွန်းခင်မှာ လူမျိုးစုံရဲ့ ‘ ရွှေမိုး - ငွေမိုး ’ နဲ့ သူတို့ ရဲ့ ပြဿနာတွေကို သူတို့ ဖြေရှင်းနေကြရရှာတယ် ။ ပြည့်တန်ဆာ ဆိုတဲ့ ဘဝကို လူရာမဝင်တော့တဲ့ ဘဝနဲ့ မခြားဘဲ မျက်မှောက် လူထု က တစ်ခါ အသိအမှတ် မပြုဘဲထားပြန်တော့ ခမျာများ မယ် တစ်ချီ နှစ်ချီ လောက် မှားယွင်းမိတယ်ဆိုရင်ပဲ ‘ ဟယ် ... မထူးတော့ပါ ဘူး ’ ဆိုပြီး ‘ ရေစုံမျှော’ သူတွေ လည်းမရှားဘူး မမ ရယ် ။

ပြည့်တန်ဆာဥပဒေ ဆိုတာ ကတော့ အစိုးရဆီမှာ ရှိပါလေရဲ့ ။ ဒါပေမဲ့ ဒုစရိုက်ပပျောက်ရေးအဖွဲ့က ဦးအေး ကိုယ်တိုင်ကပဲ ဥပဒေဟာ အစွန်းအငြိတွေ များပြား လို့ သိပ် မကောင်းဘူးတဲ့ ။ ဘာမှ အရာ မရောက်ဘူးလို့ တစ်ခါ က ပြောပြသံ ကြားလိုက်ဖူးတယ် ။ အမျိုးသမီးတွေရဲ့ မျက်နှာစုံညီ ညီလာခံ တစ်ခု မှာ ... ။

အဲဒီ ညီလာခံမှာပေါ့ မမမူ ၊ ကျွန်တော်တို့ အမျိုးသမီး ပေါင်းစုံရဲ့ ရှေ့မှာ အမျိုးသမီးကြီးတွေ ကိုယ်တိုင် ဖွင့်ဟဝန်ခံသွားတဲ့ အချက်အလက်တွေကဖြင့် အတော်ပဲ ဝမ်းနည်းကြေကွဲ ဖို့ အချက်တွေ အများအပြား ပါဝင်တာ မို့ မမမူ ရယ် ပြန်ပြီး မပြောပြရက်နိုင်အောင်ဘဲ ဆိုပါတော့ ။ အမျိုးသမီးကလေးတွေ ရဲ့ ဂေဟာထဲကို ဝင်လိုက်တာ နဲ့ တစ်ပြိုင်နက် ဖိစီးထားတဲ့ ရောဂါကြောင့် အချို့ အချို့ ကြောင်တောင်ကန်းကလေးများ ဖြစ်နေတာတွေ ၊ အချို့ အချို့ ဦးနှောက်တွေ ပျက်ပြီး ကယောင်ချောက်ချား ဖြစ်နေတာတွေ ။

ဒါတွေကို မြင်ရကြားရတော့ ‘ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရေး ’ ဆိုတဲ့ စကားလုံးကို ‘ ခေတ်သုံး ’ တစ်ခု လက်ကိုင် ပြု နေတဲ့ အဖွဲ့အသင်းတွေ ကို ကျွန်တော် ချက်ချင်း သတိရ မိတယ် ။ အမျိုးသမီးတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ နေရာမှာ အမျိုးသမီးတွေ သာ ပဓာနဖြစ်ရမှာပဲ ။ သူတို့ ကြမ္မာကို သူတို့ မဖန်တီးရင် ဘယ်သူကမှ ဖန်တီးပေးမှာ လည်း မဟုတ်ဘူးတဲ့ ။

အကျင့်စာရိတ္တ နဲ့ ပတ်သက်ပြီး ပြုပြင်ပေးရမယ့် အချက်တွေ ၊ အစစ အဆင့်အတန်း မြင့်လာရေးတွေ ၊ ဒုစရိုက် ပပျောက်ရေးတွေ ၊ အို ... အများကြီးပါပဲ ဆိုပါတော့ ။ အဲ့ဒီ အဲ့ဒီ လုပ်ငန်းတွေ အတွက် ရှေ့ဆောင်လမ်းပြ မီးရှူးကြီး သဖွယ် အားထားရမယ့် အမျိုးသမီးအဖွဲ့ကြီး တစ်ဖွဲ့ တော့ ရှိဖို့ကောင်းပါပြီ ။ ရှိကြသားပဲလို့ လက်ရှိ အမျိုးသမီးအဖွဲ့တွေကို လက်ညှိုး ညွှန်ပြပေမဲ့ ကျွန်တော့် သဘောကဖြင့် အထူးသဖြင့် ပါတီရေးအမျိုးသမီးတွေ များပြားနေတာ မို့ သိပ်အားမရဘူး ၊ ပါတီရေး မပါရှိ ပြန်တော့လည်း ဂုဏ်တု ဂုဏ်ယောင်တို့ ၊ ပကာသနတို့ လောက် ကို သာ မျှော်မှန်း ၊ ဂုဏ်ရှိ - ဂုဏ်မဲ့ ကျင့်ကြံနေကြ ပြန်တော့ ဘယ်မှာ ဟန်နိုင်မယ့် လုပ်ငန်း ထမြောက်ခြင်း ဖြစ်နိုင်ပါ့မလဲ ၊ ဟင် မမမူ ။

အေးလေ ဒါတွေ ထားဦးတော့ ။

ကျွန်တော် နဲ့ ဆိုင်တာကလေး ကိုပဲ မမမူကို ပြောပြရရင် အစမူလက ကျွန်တော် ပြောခဲ့သလို ညွန့် ဟာ ပြည့်တန်ဆာဟောင်းကလေး ပဲ ။

ဘုံးဘုံးလဲ နေတဲ့ လင်တော်မောင် ဟာ သနားစဖွယ် မျက်နှာကလေးငယ်ငယ် နဲ့ မအိပ်မနေပြုစု နေတဲ့ မယား ကို ကြည့်ပြီး သူ့ဘဝကို သူ အသည်းနာခဲ့ဟန် တူပါရဲ့ ။

‘ သေပစေလေ ညွန့် ရယ် ၊ ကိုယ် သေတော့မှ ပဲ ညွန့် ဒုက္ခအေးမယ် ၊ ကိုယ့်ကို မကုနဲ့ ကွဲ့  ၊ မကုနဲ့ ’  လို့ အားယူပြီး ပြောသတဲ့ ။ ဆွေမျိုး မောင်နှမသားချင်းတွေ မရှိတဲ့ ရန်ကုန် ၊ ရပ်ဆွေရပ်မျိုးရယ် လို့ ရှာလို့ မရတဲ့ ရန်ကုန် ။ တစ်နေ့ ငွေမရှိရင် တစ်နေ့ နေဖို့ မကောင်းတဲ့ ရန်ကုန် ။ ပြေးကြည့် လိုက် မှ ‘ ဒီလင် - ဒီမယား ’ ရယ်လို့ နှစ်ယောက်တည်း ရှိတဲ့ ရန်ကုန်မှာ ဒီ လင်တော်မောင် ရဲ့ စကားကို ညွန့် လက်ခံမှာ မဟုတ်ဘူး ။ ကရုဏာဒေါသောကလေးတွေ နဲ့ ပြောလိုက်တဲ့ လင်တော်မောင် ရဲ့ မျက်နှာ ကို ကြည့်ပြီး ညွန့် လည်း တော်တော်ပဲ မချိတင်ကဲ ဖြစ်ခဲ့ရသတဲ့ မမမူ ရယ် ။

တစ်ရက် တစ်ရက် နဲ့ ရက်တွေလည်း လွန်လို့ ညွန့် ပြုစုချက်ကို လှိုက်လှိုက်လှဲလှဲ ခံစားနေရတဲ့ လင်တော်မောင် ဟာ ညွန့် ကို ဒုက္ခ ဆက်ပြီး မပေးလိုတော့လို့လား မဆိုတတ်ဘူး ။ ညွန့် လက်ထဲမှာ ငွေကလေး ငါးဆယ် လက်အကျန် မှာ ညွန့် လင်တော်မောင် ဟာ ညွန့် ရှာခဲ့တဲ့ အရင်းအနှီး ကို စီးပွားရေးအုတ်မြစ် မချရဘဲ မသာအုတ်မြစ် ချပါတော့လို့ ဆိုချင်တဲ့ အဓိပ္ပာယ်မျိုး ဆောင်ပြီး မချိတင်ကဲ မျက်ရည် ကလေးဝဲဝဲ နဲ့ လောက ပေါ် က ထွက်ခွာသွားသတဲ့ ။ အမျိုးမျိုး ကျပ်တည်းမှုဒဏ်တွေ ကို မခံစား လိုတော့ဘဲ တစ်နှစ်အတွင်း ရမဲ့ ငြိမ်းချမ်းရေး ကို မစောင့်တော့ဘဲ နဲ့ သူ့ ငြိမ်းချမ်းရေး ကို သူ ဖန်တီးသွားသတဲ့ ။

တိုတိုပဲပြောရရင် ညွန့် ရဲ့ ပြည့်တန်ဆာ ဖြစ်ခဲ့ရတဲ့ ရာဇဝင် ရဲ့ အစဟာ ဒါပဲ ။ အတုအပ ပကာသန ၊ မာန - ဂုဏ်တွေ ဖုံးလွှမ်းနေတဲ့ မြို့တော်ကြီး ရဲ့ အလယ မှာ ညှိုးညှိုးငယ်ငယ်နဲ့ နေထိုင်ပြီး အလုပ်ကလေး တောင်တောင်မြောက်မြောက် လုပ်ရာက ဆေးလိပ်ရုံ တစ်ခုမှာ ဆေးလိပ် လိပ်ရပြန်တယ် ။ ဆေးလိပ်ရုံပိုင် ဟာလည်း ပြဇာတ်ပိုင်ရှင် တစ်ယောက် ဖြစ်နေတော့ မကြာခင်မှာ ညွန့် ကို ပြဇာတ်ဘက် ဆွဲသွင်းလိုက်သတဲ့ ။ ပြဇာတ်ကလေး တစ်ထုပ် ၊ နှစ်ထုပ် လောက် နဲ့ စင်မြင့်ပေါ် ရောက်ပြီးတဲ့ ညွန့် ဟာ ... ။

ဆေးလိပ်ရုံ အစ .. ။

ဇာတ်သမ အလယ် ... ၊ ဆိုတဲ့ ဘဝက နေပြီး မကောင်းမှု လမ်းကြောင်းတွေနဲ့ အသက်မွေးတဲ့ လူတွေရဲ့ စက်ကွင်းထဲ ရောက်ပြီး ... ပြောလိုက်ပရစေတော့ မမမူ ။

ပြည့်တန်ဆာဘဝ ကို ခြောက်လလောက် အစုံအဆန်မျောလိုက်ရ သတဲ့ ။

ဝါသနာမပါရင် ဘယ်အလုပ်မှ မမြဲတဲ့ အတိုင်းပဲ ၊ ဘဝကို ငြီးငွေ့ ပြီး မပျော် တစ်ချက် ၊ မရွှင် တစ်ချက် နဲ့ စခန်းသွား နေရာက ဒုစရိုက်ပပျောက်ရေးအဖွဲ့ ရဲ့ အကြီးအမှူး တစ်ဦး ထံမှာ သူ့ ကိုယ်သူ အပ်နှံလိုက်သတဲ့ ။

ဒါပေမဲ့ ဘဝဆိုးအမှောင် က လွတ်မြောက်လာပြီ စ သူ့လို အမျိုးသမီးပေါင်း များစွာ ကို နေ့စဉ် နဲ့အမျှ နေရေး ၊ ထိုင်ရေး ၊ စားသောက်ဝတ်ဆင်ရေးတွေ ကို ရော ၊ ပညာရေးတွေ ပါ မလစ်ဟင်းရ အောင် ပြုစုစောင့်ရှောက်ထားရတဲ့ ‘ အမျိုးသမီးကယ်တင်စောင့်ရှောက်ရေးအဖွဲ့ ’ တွေရဲ့ တာဝန်က လည်း မသေးငယ်လှပေဘူး ။

ရန်ပုံငွေ လုံလုံလောက်လောက် မရှိတော့ အဲ့ဒီ အခက်မှ တကယ့် အခက်ကြီး ဖြစ်နေတာပေါ့ မမမူ ။ ကသီလင်တ မဖြစ်ဘဲ ဣန္ဒြေရရကလေး နေနိုင်ဖို့ရာ က အသက်မွေးဝမ်းကျောင်းလုံလောက်တဲ့ ပညာကလေး တစ်ခု ရှိမှပဲ ဖြစ်နိုင်မယ့် ခေတ်ကာလ ထဲမှာ ဒီလို အသက်မွေးဝမ်းကျောင်းပညာကလေး မရှိရင် ခု ကယ်တင်စောင့်ရှောက် ထား ပေမဲ့ မကြာခင်မှာပဲ ဒီဘဝဆိုး ဝဲသြဃ ထဲကို ကျရောက်သွားဦးမှာပဲ ဆိုတာတော့ မြေခတ် မလွဲပါဘူး ။ ဒီတော့ ကြည့်ရှုစောင့်ရှောက်ထားရတဲ့ လူတွေ ရဲ့ ဖြစ်ရပုံ အကျပ်အတည်း ဟာ ‘ ရင်ဆို့ ’ စရာကြီးပေါ့ ... ။ ‘ ကျွန်မတို့ မွေးစားပါရ စေရှင် ’  ‘ အိမ်မှာ ကလေးထိန်းကလေးလိုလို့  ’ ဆိုပြီး အဖွဲ့ ကို ငွေကလေး လှူဒါန်းပြီး တောင်းယူသွားတဲ့ လူတွေ မှာ လည်း ရိုးရိုးသားသား ရှိတဲ့ လူက ခပ်နည်းနည်း ၊ သူတို့ က မှ တကယ့် လှောင်အိမ်ကြီးတွေ ဖြစ်နေတာက များတယ် ။ တစ်ဆင့် ‘ ဖြေဖျော်မယ်တို့ရဲ့ဗိုလ်ကြီး ’ တွေ လက်ထဲ ပြန်ပို့ကြတာက လည်း အနန္တ ... ။

အေးလေ ... တိုတိုပဲ ဆိုကြပါစို့ ။

တစ်နေ့ မှာ မမျှော်လင့်ဘဲ အဲဒီ ‘ အမျိုးသမီးကလေး တွေ ရဲ့ ဂေဟာ ’ ကို ကျွန်တော် ရောက်သွားရာက အဖွဲ့အကြီးအကဲ ဆိုတဲ့ ပုဂ္ဂိုလ်တွေ နဲ့ တွေ့လို့ အဖွဲ့ကြီးရဲ့ လက်ရှိ အခက်အခဲတွေ ကို တသီတတန်းကြီး ပြောပြတယ် ။ ဒီလို ပြောပြနေရာကပဲ ... ။

‘ မောင်ကျော်မင်း ၊ မင်းတို့ရဲ့ ယောက်ျားကလေးတွေ ကို ‘ အန်တီ ’ တာဝန် တစ်ခု ပေးချင်တယ် ။ ခုနက ‘ အန်တီ ’ ပြောခဲ့သလို အန်တီ တို့မှာ သူတို့ကလေးတွေ ရဲ့ ဘဝဆိုး က ကယ်တင်ထားနိုင်လောက်တဲ့ အရည်အချင်း သာရှိတယ်ကွဲ့ ။ တာရှည် သဖြင့် ကျွေးမွေးစောင့်ရှောက်ထားဖို့ ဆိုတာ ကတော့ တိုင်းပြည် ပေါ် မှာ တည်နေတာပဲ ၊ တိုင်းပြည် က ရံပုံငွေ များများစားစား လှူထားရင် တော့ ဝန်မလေးပါဘူး ။ ခု ကျွေးမွေးထားရတဲ့ အင်အားကလည်း မသေးလှဘူးကွဲ့ ၊ နောက်ပြီး ဘဝဆိုးရဲ့ အပြစ်ကို သတိရလာစ ပြုတဲ့ ‘ ကလေးမ ’ တွေ အဖို့ ဒီ ဌာနဟာ အင်မတန် အရေးပါ အရာရောက်တဲ့ ဌာန ဖြစ်နေတော့ ပြုစုစောင့်ရှောက်ရမယ့် ဦးရေ ဟာ တစ်နေ့ထက် တစ်နေ့ တိုးသထက် တိုးနေတာပဲ ။ ခု ကယ်တင်ထားတဲ့ အမျိုးသမီးကလေးတွေမှာ ဆိုရင် တချို့ဟာ မှီခို အားထားစရာ လုံးဝ မရှိရှာကြဘူး ။ တချို့ ဒီနေရာ ထွက်သွားရင် ဘယ်ဆီ ဘယ်လမ်း ရယ်လို့ မျှော်မှန်းစရာ ကွက်ကွက်ကလေးမှ မရှိရှာ ကြဘူး ။ ဒီလို ဒုက္ခ ပတ်ဝန်းကျင် ဝိုင်းလည်ပြီး နေတဲ့ အမျိုးသမီးကလေးတွေ အတွက် မောင်တို့ တကယ်သနားညှာတာကြတယ် ဆိုရင် သင့်တော် တဲ့ အမျိုးသမီးကလေးတွေ ကို သင့်တော်ရာ အမျိုးသားကလေးတွေ က အိမ်ထောင်ကလေး အတည်တကျ နေရာချထား ပေးဖို့ နဲ့ ကိုယ်တိုင်ကပဲ သိမ်းပိုက် နိုင်ကြမယ် ဆိုရင် လည်း သိမ်းပိုက်ကြစမ်းပါ လို့ တောင်းပန်ချင်ပါတယ် မောင်ကျော်မင်း ။

တချို့ခမျာကလေးတွေ ဟာ အဆင့်အတန်း မညံ့လှပါဘူး ။ လိမ္မာရေးခြား ရှိကြပါတယ် ။ မင်းတို့ ယောက်ျားတွေက သူတို့ကို ပြည့်တန်ဆာ ပဲ ၊ ပြည့်တန်ဆာဟောင်းပဲ အစွဲ ကြီး စွဲလမ်းပြီး လျစ်လျူရှု ထားသမျှ ကာလပတ်လုံး သူတို့ကလေးတွေ မှာ သူတို့ နစ်မြုပ် နေတဲ့ ဘဝက ဘယ်တော့မှ ထွက်ရပ်လမ်း တွေ့ကြမှာ မဟုတ်ဘူးပေါ့ ။ ရှင်းရှင်းပြောရရင် သူတို့ကလေးတွေ ကို မောင်တို့ လူရာသွင်းကြပါ ၊ အသိအမှတ်ပြုကြပါ ၊ ချစ်ကြ ၊ ကြိုက်ကြဖို့ စိတ်ကူးစမ်းပါကွာ ၊ ဘယ့်နှယ်လဲ ။

ဆိုတဲ့ စကားတစ်ခွန်းကို ပြောလာတယ် မမမူ ။ ကြည့်စမ်း ၊ ဒီကိစ္စက သာမညလို့ ယူဆရင်တော့ မဖြစ်နိုင် ပါဘူး လို့ ငြင်းဆန်ဖို့ရာမှာ ခဲယဉ်းမှာတဲ့ လား ၊ မခဲယဉ်းပါ ဘူး တဲ့ ၊ မမမူ ရေ မခဲယဉ်းပါဘူးတဲ့ ။

ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာတွေထဲမှာ သူတို့ ( ကံခေမ ) ကလေးတွေရဲ့ ပြဿနာ မပါဘူးလား လို့ စဉ်းစားရဦးမှာ ပေါ့ မမမူ ရယ် ။

“ နိုင်ငံရေးသမား ၊ လူထုရှေ့နေ အမည်ခံပြီး နိုင်ငံ နဲ့ လူထုကို တာဝန်မဲ့ ကျင့်ကြံ နေကြတဲ့ နိုင်ငံရေးသမားတွေ ထက် တော့ဖြင့် ကျွန်တော် ရဲ့ ‘ ညွန့် ’ ကို ပြည့်တန်ဆာဟောင်းကလေး ဘဝက ကယ်တင်လိုက်တဲ့ အဖြစ်က သာတယ် လို့ ကျွန်တော် ရဲရဲကြီး ပြောနိုင်ပါတယ် မမ ရယ် ။

‘ မင်း က ကြီးကျယ်လို့ကွာ ။ ဖာဟောင်း တစ်ယောက်ကို မင်း သိမ်းပိုက်လိုက်တာနဲ့ ပဲ မင်း ကိုယ် မင်း တချို့ နိုင်ငံရေးသမားတွေ ထက် သာတယ်လို့ .. ’  

ပြောရမှာလားဆိုပြီး မမမူ ‘ ရယ် ’ လေမလားဟင် ၊ မရယ်ပါ နဲ့ မမမူ ။ ကျွန်တော် ဒီလို သိမ်းပိုက်လိုက်ခြင်းဟာ နိုင်ငံတော်ရဲ့ လူဦးရေကို ထိခိုက်စေမဲ့ လူညွန့်ကို တုံးစေမဲ့ ရောဂါဆိုးကြီးတွေ ၊ အကျင့်ဆိုးကြီးတွေ တိုးပွား စေတဲ့ နယ်ပယ် တစ်ခုကို လက်တွေ့ တိုက်ခိုက်လိုက်တာပဲ မဟုတ်လား ။ အဲဒီ အဆိုးအဝါးတွေ ရဲ့ တပ်သား ဦးရေ ယုတ်လျော့သွားအောင် ကျွန်တော် ကြံဆောင် လိုက်တာပဲ မဟုတ်လား ၊ ကျွန်တော် ဒီကိစ္စမှာ ဒီလို ဆောင်ရွက်လိုက်တာဟာ နိုင်ငံတော်ရဲ့ အကျိုးမဲ့ကို ပြုတယ်လို့ ၊ တာဝန်မဲ့ ကျင့်ကြံတယ် လို့ ယူဆနိုင်မလား မမမူ ။

တကယ်လို့ မယူဆနိုင်ဘူးလို့ ထင်ရင် စောစောက ကျွန်တော် ပြောခဲ့တဲ့ နိုင်ငံ အကျိုးမဲ့ရေးသမားတွေ ထက် ဘာပြုလို့ ကျွန်တော် မသာနိုင်ရမတဲ့ တုံး ။ ဟင် - မသာနိုင်ဘူးလား ။

ကျွန်တော် ညွန့် ကို မသိမ်းပိုက်ခင် တစ်လလောက် လည်း ကြိုတင်စဉ်းစားပါတယ် မမမူ ။ ညွန့် ကို ကျွန်တော် လက်ထပ်လို့ ဖြစ်နိုင် မဖြစ်နိုင် ။ ‘ အတင့် ’ ကိစ္စ တစ်ချက် အတွက်လည်း ကျွန်တော် စွန့်နိုင် - မစွန့်နိုင် ၊ မမေ့မလျော့ စဉ်းစားပါတယ် ။

မေ့လည်း မမေ့ပါဘူးတဲ့ ။ နောက်ပြီး ကျွန်တော့် အချစ် ဟာ အတင့် အပေါ် အစိုင်အခဲကြီးမားတဲ့ နေရာမှာ လည်း သာတဲ့ လူ မရှိသေးပါဘူးတဲ့ ။ ဒီ စကားတွေကို ကျွန်တော်ပြောပြီး ကျွန်တော် လုပ်တာ က တစ်မျိုး လို့ မမမူ ထင်မှာလား .. ဟင် ။

တကယ်ဆိုတော့ ကျွန်တော့် ကို အရူး လို့ပဲ စွပ်စွဲချင် စွပ်စွဲပါတော့ ။

အတင့် ကို ကျွန်တော် ချစ်ပါတယ် ။ ခုလည်း ချစ်တာပဲ ။ နောင်လည်း မသေမီကာလ အတွင်းမှာ ချစ်နေမှာပဲ ။ အတင့် ဆိုတာက  ရုပ်ကလေး ကလည်း တင့်တယ်ပါတယ် ၊ အပြောအဆို အမူအရာကလေး ကလည်း တင့်တယ်ပါတယ် ။ ဒီလို တင့်ရုံတင် မကဘူး မမမူ  ၊ တကယ်လို့ ပေါ့လေ ကျွန်တော် သစ္စာဖောက်ပြီး ကြောရရုံ ကြံစည်ခဲ့သည် တိုင်အောင် အဆုံးတိုင် ကာလမှာ အတင့် ဟာ တင့်တင့်တယ်တယ်နဲ့ ချစ်လင်သည် တစ်ဦးကို ရနိုင်ဦးမှာ ပေါ့ မဟုတ်လား ။ စဉ်းစားစရာ မဟုတ်လား မမ ရဲ့ .. ။

ဒီနေရာမှာ မမမူ ရယ် ၊ ကံခေလှတဲ့ ဇာတ်တူ အမျိုးသမီးကလေး ညွန့် ကို အတင့်နဲ့  ယှဉ်လိုက်စမ်းပါ ။ အတင့် မှာ ရှိတဲ့ အခွင့်အရေးမျိုးဟာ ညွန့် ဆီမှာ မရှိတဲ့အပြင် ခမျာမှာ လူလားမြောက်တဲ့ ဘဝကို ရောက်နိုင်ဖို့မှာက လုံးဝ မရှိတော့တဲ့ ဘဝမှာမို့ ကျွန်တော် ဒီလို အတင့် ကို ချစ်ရက် နဲ့ လက်လွှတ်ခဲ့ရတာပဲ ။ ကျွန်တော် စောစောက ပြောခဲ့သလို ကျွန်တော်  အတင့် ကို သစ္စာမဖောက်ဘူး ဆိုတာတော့ ဘုရားပေးပေး ၊ ကျမ်းပေးပေး ပါ မမရယ် ... ယုံပါ ။

“ အရူး လို့ပဲ ဆိုချင်ဆိုတော့ ၊ အမိုက် လို့ပဲ ဆိုချင်ဆိုတော့ ။ ကျွန်တော် ရူးတာ ၊ ကျွန်တော် မိုက်တာတွေဟာ မှားတယ်လို့ ပဲ ဆိုချင် ဆိုတော့ အို .. ချစ်မိရင် အသည်းစွဲပြီ ၊ မခွဲမခွာ နေရေးကို အစဉ်သဖြင့် တောင့်တတယ် ဆိုတဲ့ အချစ် သတ္တဝါတွေထဲမှာ ကျွန်တော် မပါဘူးရယ် လို့ ဆိုချင် ဆိုတော့ ၊ ဒီ အယူဆန်မှု ( နှောင်ကြိုး ) ကလေး က အတင့် နဲ့ ခန္ဓာ ကိုယ်ချင်း ခွဲခွာပြီးထားပေမဲ့ ဝိညာဉ်ချင်းမှာ တော့ အမြဲ ဆက်စပ်ပြီး သက်ဆုံးတိုင်အောင်ပဲ ယှဉ်တွဲသွားမယ်လို့ ကျွန်တော် ယုံကြည်လျက်ပါပဲ မမမူရယ် .. ။

အကြောင်း မသိရှာတဲ့ အတင့်ကလေးကဖြင့် ကျွန်တော့်ကို သစ္စာဖောက် တစ်ယောက်ဆိုပြီး အသည်းနာ ရှာမှာပဲ ၊ မုန်း ရှာမှာပဲ ။ ဒီကိစ္စ ဒီ အရေး မှာ ကျွန်တော် ဒီလို ဆုံးဖြတ်တာမှားသလား မမမူ ၊ ကျွန်တော် မှားသလား ။

မမမူ တို့လို ဘဝအဆင်ပြေမှု မရှိဘဲ နစ်မွန်းနေရတဲ့ မမမူ တို့ရဲ့ သွေးချင်း ညီမလေးတွေရဲ့ ဘဝတော်လှန်မှုမှာ အောင်မြင်ခြင်း တစ်ရပ်ဖြစ်ပါစေတော့ လို့ ကျွန်တော် အနစ်နာခံပြီး ချစ်သူရဲ့အမုန်းကို ခံပြီး သင်ခန်းစာ ပြလိုက်ပြီလေ ။

ဒီ သူမကလေးတွေ ရဲ့ မညီမျှ တဲ့ လူတန်းစားတိုက်ပွဲမှာ ရှေ့တန်းက မားမားမတ်မတ် ဝင်ရပ်လိုက်ပြီလေ ။

ကျွန်တော့် လို တာဝန်သိ ရဲဘော်တွေ ကို ကျွန်တော် ဒီ သူမကလေးတွေ နဲ့အတူတူ ‘ အောင်လံနီ ’ ကို ကိုင်ပြီး စောင့်မျှော်နေပြီလေ ။

     မောင်ကျော်မင်း နှင့် ညွန့်

ဒီ မင်္ဂလာဒွန်တွဲမှုဟာဖြင့် မမမူ တို့ ဇာတ်တူချင်း ဖြစ်တဲ့ တစ်ဘဝစံကလေးတွေ အဖို့ တဝင့်ဝင့် တလွှင့်လွှင့် ကြွား မော်နေမယ့် တော်လှန်ရေး အလံ ပါပဲလို့ ကျွန်တော် ယူဆမိသလို မမမူ လည်း အဖြစ်သနစ် အကုန်လုံးကို ပြန်ကြည့် ပြီးတော့ တကယ်လို့ ဒီ မယ်ကလေးများအပေါ် သနား ကြင်နာပါဘိတယ် ဆိုရင်ဖြင့် ကျွန်တော် ဟာ မမမူ ရေးပေးလိုက်တဲ့ စာအတိုင်း -

     ‘ အဖနိုင်ငံတော်ရဲ့ ပန်းတစ်ပွင့် ’  ဆိုတဲ့နေရာမှာ လန်းလန်းဆန်းဆန်းပဲ ရှိပါသေးတယ်လို့ .. ထပ်မံပြီး အတည်ပြုဦးမယ် ဆိုတာ ကို ဖြင့် ကျွန်တော်လေ ယုံကြည်ပြီးသားပါတဲ့ မမမူ .. ယုံကြည်ပြီးသားပါတဲ့ ... ။

     နို့ပေမင့် လူတွေဟာ ကိုယ့် ဆန္ဒ ကို ကိုယ့်အယူအဆ အတိုင်းပဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိကြတာမို့ ဒီ နေရာ ဒီ ကိစ္စမယ်တော့ ကျွန်တော် ဆွယ်တရား မဟောပါ ဘူး မမမူ ရယ် ။

အတင့် ကိုလည်း ပြောပြစေချင်ရဲ့ ...

        သစ္စာရှိရှိ နှင့်
             ကျော်မင်း
           ရန်ကုန် ၃ - ၇ - ၄၉ ။

မမမူ

ပေးပို့လိုက်တဲ့ စာရှည်ကြီး နှင့်တကွ မမမူ ရဲ့ နှစ်သိမ့်သံ စာကလေးပါ အတင့် ဖတ်ရတယ် ။ စာရှည်ကြီး ကတော့ စကား ကြွယ်တဲ့ လူတစ်ယောက် ရဲ့ စာပီပီ ပဲ ဖတ်လို့ ကောင်းလိုက်တာ ၊ ဝတ္ထုကလေး ခပ်ဆန်ဆန် ပဲ ဆိုပါတော့ ။

အတင့် ဘယ်လိုလုပ်ရမှာလဲ ဟင် ၊ ဝမ်းသာရမှာလား ၊ ဝမ်းနည်းရမှာလား ။ ဒါမှ မဟုတ်ရင် အတင့် ကိုယ် အတင့် ဘုရားလောင်း ပါရမီဖြည့် တဲ့ ကြင်ရာလို သူ့ ပါရမီ ကို ဖြည့်ရမှာလား ။ ကိုကျော်မင်း ဟာ ဘုရားဆုပန် − မပန် မသိရပေမဲ့ အတင့် ဒီကိစ္စမှာ ပါရမီဖြည့်ရဖို့က အတင့် ဟာ ပုထုဇဉ်ငယ်ရွယ်သူကလေး မို့ စိတ်မနိုင်ဘူး ထင်တယ် ။ စာ ရှည်ကြီး ကို ဖတ်ပြီးတော့ ပထမ အတင့် ကရုဏာသက်မိ တာ က ညွန့် နဲ့ သူ့ အပေါင်းအပါကလေးတွေ ပဲ ။ ဖတ်ပြီးတော့ ရင် တထိတ်ထိတ် ဖြစ်မိတယ် ။ သူ့ စာထဲကအတိုင်း သူ ဟာ တကယ် စွန့်လိုက်တဲ့ လူတစ်ယောက် ဆိုရင် မုချ ချီးမွမ်းထိုက်ပေရဲ့ ။ အတင့် ရဲ့ ဆက်သွယ် ရင်းနှီးတဲ့ လူတစ်ယောက် မဟုတ်ဘဲ ကိုကျော်မင်း ဟာ တခြား သူစိမ်းတစ်ရံဆံ ယောက်ျား တစ်ယောက်သာ ဆိုရင် အို ... အတင့် တော့ ခြေပစ်လက်ပစ် ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်း လိုက်မိမှာပဲ ။

ခုတော့ ... ခုတော့ ဘယ်လို လုပ်ရမှာလဲ ။ ဒီစာကို အတင့် ရေးနေတာ လက်တွေ တုန်နေတယ် ။ အချစ် ကို အချစ် လို့ မစွဲလမ်းတဲ့ လူ မြင့်မြတ်ကြီးကို အတင့် စွန့် ၊ စွန့် ၊ စွန့်ပယ်လိုက်ရတော့မှာလား ။ အတင့် သူ့ အပေါ် အထင်အမြင် လွဲမှားခဲ့တာတွေ ကို အတင့် သူ့ကို ဘယ်လို တောင်းပန်ရမှာလဲ ၊ ဘယ်လို ပြောရမှာလဲ ။

အတင့် က ရုပ်ကလေးက လည်း တင့်ပါတယ် ၊ အပြောအဆိုမူရာကလေးကလည်း တင့်ပါတယ် ... တဲ့ ။ သူ့ ချီးမွမ်းစာကလေး က ၂ ဖက် အစွန်းထွက်ပြီးတော့ အသံ ‘ သာ ’ တယ် ။ ဒါပေမဲ့ သူ့ စွဲလမ်းမှု ‘ နှောင်ကြိုး ’  ဘက်က အသံကတော့ ‘ မာ ’ တယ် မမမူ - နော် ။

အေးလေ ၊ ဖြစ်သမျှ အကြောင်း အကောင်းချည်း ပဲ လို့ ဆိုကြပါစို့ ။ ( ညွန့် နဲ့ သူ့ အပေါင်းပါ ) ကလေးတွေ ချမ်းသာပျော်ရွှင်တဲ့ လူတန်းစေ့ နေနိုင်ရေးကို ရှေးရှုပြီး အတင့် အနစ်နာခံလိုက်တော့မယ်လေ ။ ကိုကျော်မင်း ပြောတဲ့ “ ချစ်တိုင်း မညား ၊ ညားတိုင်း မချစ် ” ဆိုတဲ့ သဘောတရားကလေးကို အတင့် ရင်ခွင်ပိုက် ပြီးတော့ အတင့် ပျော်ရွှင်မှုကို မရှာတော့ပါဘူးတဲ့ ။ နောက်ပြီး သက်ဆုံးတိုင် ရည်မှန်းထားတဲ့ အချက်ကြီး တစ်ခု ပျက်ခဲ့ရတဲ့ အကြောင်းမှာ ဘယ်သူ့ ပယောဂမှ မပါဘူးလို့ မမမူ ကို အတင့် တောင်းပန်လိုက်ပါရစေတော့ ။

အချစ် ကို အချစ် နဲ့ ဖလှယ်နိုင်ခွင့်ဆိုတာဟာ လူတိုင်း လူတိုင်းရဲ့အဖို့ မဟုတ်ဘူး ဆိုတာ အတင့် နားလည် လိုက်ပြီ ။ အချစ်ကို ရင်း ပြီးတော့ အချစ်ကို ရှာပေမဲ့ အချစ်ကိုချည်း တန်ဖိုးမပေးဘဲ နဲ့ သက်ဆိုင်ရာ တာဝန်တွေကိုပါ ရောထွေး ဆက်စပ်လာတဲ့ လူတွေအဖို့ မှာ အချစ်ဟာ သူ တစ်ပါးတွေလို တန်ဖိုးရှိတဲ့ အမြတ် မထွက်နိုင်ဘူးဆိုတာ အတင့် ရိပ်မိပြီ ။

လူတွေ က အမျိုးမျိုး ပြောင်လှောင်ပြီး လူတန်းစား ခွဲ ထားတဲ့ ‘ ညွန့် တို့ လို ဘဝတူ ’  အမျိုးသမီးကလေးတွေ အတွက်ကို ရှာလေ ရှားလေ ဆိုသလို တော်ရုံတန်ရုံ မတွေးဝံ့တဲ့ စွန့်ကြီးမျိုး နဲ့ စွန့် သွားတဲ့ အတင့် ရဲ့ ဆရာကြီး ကိုကျော်မင်း ကိုတော့ အတင့် က ‘ သာဓု ... သာဓု ’ လို့ ဝမ်းနည်းဝမ်းသာ နဲ့ပဲ ခေါ်လိုက်တယ်ဆိုတဲ့ အကြောင်း မမမူ ဆုံစည်းတဲ့အခါ ပြောပြလိုက်တော့နော် ။

အရူးလို့ပဲ ဆိုချင်ဆိုတော့ ၊ အမိုက်လို့ပဲ ဆိုချင်ဆိုတော့ ကျွန်တော် ရူးတာ ကျွန်တော် မိုက်တာတွေဟာ မှားတယ် လို့ပဲ ဆိုချင်ဆိုတော့ ။ အို .. ချစ်မိရင် အသည်းစွဲပြီး ၊ မခွဲမခွာ နေရေးကို အစဉ်သဖြင့် တောင့်တတယ်ဆိုတဲ့ အချစ်သတ္တဝါတွေ ထဲမှာ ကျွန်တော် မပါဘူးရယ်လို့  ဆိုချင်ဆိုတော့ ။ ဒီ အယူသန်မှု ( နှောင်ကြိုး ) ကလေးက အတင့် နဲ့ ခန္ဓာ ကိုယ်ချင်းခွဲပြီး ထားပေမဲ့ ဝိညာဉ်တွင်းမှာတော့ အမြဲ ဆက်စပ်ပြီး သက်ဆုံးတိုင် အောင် ယှဉ်တွဲ သွားမယ်လို့ ကျွန်တော် ယုံကြည်လျက်ပါပဲ မမမူ ရယ် ... တဲ့ ။

ဒီ စကားလေးကိုသာ အခေါက်ခေါက် အခါခါ ဖတ် လိုက်ပါတော့ မမမူ ရယ် ။ သူ့ နှောင်ကြိုး ၊ သူ့ နှောင်ကြိုး ။

တော်ပါပြီ ။

ကိုကျော်မင်း ရေ ရှင့် ကောင်းမှုအတွက် သာဓု ရှင့် ... သာဓု ... သာဓု ။

      ညီမလေး
      အတင့် - မုံ ရွာ
      ၈ - ၈ - ၄၉

◾ ရွှေဓား

📖 ပဒေသာရုပ်စုံ မဂ္ဂဇင်း
      အတွဲ - ၃ ၊ အမှတ် - ၃
      ၁၉၅၀ ၊ မေ

No comments:

Post a Comment