Friday, July 25, 2025

အဆုံးသတ်တတ်ပါစေ

❝ အဆုံးသတ်တတ်ပါစေ ❞

မေလ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွှေအမြုတေစာပေဆုပေးပွဲမှာ မျိုးဆက်သစ်ကဏ္ဍအတွက် ဆုချီးမြှင့်ခြင်းခံရတဲ့ ဆရာသာကြည်ဆွေ ရဲ့ နေအထွက်မှာ ရွှေခွက်နဲ့ ရေအပြည့်ခပ်ကြပါစို့ ဝတ္ထုက အဆုံးသတ် ကောင်းလွန်းတဲ့ အတွက် ဆုရွေးချယ်ရေးအဖွဲ့ အစည်းအဝေးမှာ ဒီအဆုံးသတ်ကို ကျွန်တော် ပြင်ပေး ထားတာလားလို့ မေးခြင်း ခံရပါတယ် ။ တကယ်တော့ ဆရာသာကြည်ဆွေ ရဲ့ မူရင်း အတိုင်းသာ ဖြစ်ပါတယ် ။ သူ့ဝတ္ထုကို ဘယ်နေရာမှာ အဆုံးသတ်ရမယ် ဆိုတာ သိခြင်းက ဝတ္ထုကောင်းတစ်ပုဒ်ရဲ့ လက္ခဏာ ဖြစ်ပါတယ် ။

တိုက်ဆိုင်စွာပဲ ဒီလ ကျွန်တော် ဖတ်ဖြစ်တဲ့ Writer မဂ္ဂဇင်းထဲမှာ စာရေးဆရာမ Lois Lowry က ဝတ္ထုတစ်ပုဒ် ကို အဆုံးသတ်တတ်ဖို့ အရေးကြီးကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသား ဖော်ပြထားတာ တွေ့ရလို့ စာရေးချင်တဲ့ ဝါသနာရှင်များ အတွက် ဖော်ပြပေးလိုက်ပါတယ် ။

••••• ••••• •••••

“ ဒီအထဲမှာ ဘာထည့် ထားတာလဲ အမေ ”

ကျွန်မ သားက အသားတုံး တစ်တုံးကို စားမယ်လို့ ခက်ရင်းနဲ့ ထိုးပြီး သူ့ ပါးစပ်နား အရောက်မှာ မေးလိုက်ခြင်း ဖြစ်ပါတယ် ။

“ ချင်းကို ပါးပါးလှီးပြီး ထောင်းထည့်ထားတာ ”

လို့ ဆိုလိုက်တော့ ကျွန်မသားက -

“ ကျွန်တော် ထင်သားပဲ ။ ကျွန်တော်မှ ချင်း မကြိုက်တာ ” လို့ ဆိုပြီး ခက်ရင်းကို ပြန်ချကာ သူ့ပန်းကန်ကို သူ့ရှေ့ကနေ တွန်းလိုက်ပါတယ် ။ ကျွန်မ ပင်ပင်ပန်းပန်း လုပ်ထားတဲ့ အသားကြော်ကို သူ မစားတော့တာ သေချာသွားပါပြီ ။ ကျွန်မ မြည်းကြည့်လိုက်တော့လည်း ချင်းနံ့ က ရနေတာကိုး ။ သား ဆုံးဖြတ်ချက် မှန်ပါတယ် ။

••••• ••••• •••••

တစ်ခါတလေမှာ ကိုယ် ဖန်တီးတဲ့ အလုပ်တွေကို ဘယ်နေရာမှာ ရပ်ရမယ်ဆိုတာ မသိတဲ့ အတွက် မလိုအပ်တာတွေ များသွားတာ ရှိပါတယ် ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်တုန်းက ကျွန်မရေးတဲ့ ဝတ္ထုတစ်ပုဒ်ကို နိုင်ငံခြား ဘာသာပြန် စာရေးဆရာ တစ်ဦးက ပြန်ဆိုပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ် စာတိုက်က တစ်ဆင့် ရရှိခဲ့ပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ ASummer to Die ဆိုတဲ့ ဝတ္ထုကို ဘာသာပြန် ထားတာပါ ။ ဖြစ်ချင်တော့ ပြင်သစ် ဘာသာနဲ့ ရေးထားတာ ဖြစ်တဲ့အတွက် သူ ဘာသာပြန် ထားတာကို ကျွန်မ ဖတ်လို့ရပါတယ် ။ နောက်တော့ ဘာသာပြန်စာအုပ်တွေကို ကျွန်မ တော်တော်များများ ရခဲ့ပါတယ် ။ ဖင်လန်နိုင်ငံက ဘာသာပြန်စာအုပ် ၊ အာဖရိက နိုင်ငံက ထုတ်တဲ့ ဘာသာပြန်စာအုပ် စသဖြင့် လက်ခံ ရရှိခဲ့ပေမယ့် ပြင်သစ်ဘာသာ နဲ့ တစ်အုပ်သာ ကျွန်မ ဖတ်လို့ ရခဲ့ပါတယ် ။

ဒါကြောင့် စာမျက်နှာ တစ်မျက်နှာပြီး တစ်မျက်နှာ ဖတ်ကြည့် လိုက်တဲ့ အခါမှာ ကျွန်မ ရေးထားတဲ့ အဓိပ္ပာယ်တွေ နဲ့ အတော်ကြီး ကွဲလွဲနေပြီး သူတို့ ရေးချင်သလို ရေးထားတာ ထိတ်လန့် တုန်လှုပ်စွာ ဖတ်လိုက်ရပါတယ် ။ ဘာသာစကား တစ်ခု ကနေ တစ်ခု ကူးပြောင်းရာမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ် ။

နောက်ဆုံး စာမျက်နှာမှာ ဖော်ပြထားတဲ့ နောက်ဆုံးစာကြောင်းများကို ဖတ်ကြည့်လိုက်ပါတယ် ။ အဲဒီဝတ္ထုမှာ ကျွန်မက ဒီလို အဆုံးသတ် ထားတာပါ ။ “ Meg ” လို့ ကျွန်မ နာမည်ကို ခေါ်ရင်း သူက ရယ်ရယ်မောမောနဲ့ ကျွန်မ ပခုံးပေါ်ကို သူ့ လက်တစ်ဖက် တင်ကာ “ မင်းဟာ တစ်သက်လုံးက လှနေခဲ့တာပဲ ” လို့ ဆိုပါတယ် ။ ပြင်သစ်လိုလည်း အဲဒီအဓိပ္ပာယ် သက်ရောက်အောင် ဘာသာပြန်သူက ပြန်ဆိုထားပါတယ် ။ ဒါပေမဲ့ နောက်ထပ် စာကြောင်းတွေ ဖြည့်ထားတာ တွေ့လိုက်ရတော့ ကျွန်မ အံ့သြသွားပါတယ် ။ ပြင်သစ်စာအုပ်မှာ ဖြည့်စွက်ရေးသားထားတဲ့ စာကြောင်းကတော့ သူတို့ လမ်းဆက်လျှောက် သွား ကြလေသည် တဲ့ ။

သူတို့ လမ်း ဆက်လျှောက် သွားကြသတဲ့လား ။ ဟုတ်ပါတယ် ။ ကျွန်မ ဇာတ်ကောင် နှစ်ယောက် ဖြစ်တဲ့ Meg နဲ့ Will တို့ လမ်းလျှောက် လာရင်း ပြောခဲ့ကြတဲ့ စကားတွေပါ ။ စာဖတ်ပရိသတ်ကလည်း သူတို့ နှစ်ယောက် လမ်းလျှောက်ရင်း ဒီစကားတွေ ပြောလာကြတယ်ဆိုတာ အလိုလို သိပြီးသားပါ ။ ဒါကြောင့် ကျွန်မက သူတို့ လမ်းဆက် လျှောက်သွားကြလေသည် ဆိုတဲ့ အပိတ်စကားကို ဘယ်တုံးကမှ မရေးခဲ့ပါဘူး ။ ဘာသာပြန်သူကသာ ဖြည့်စွက်ရေးသားလိုက်ခြင်းဖြစ်ပါတယ် ။

သူ ဘာကြောင့် ဒီလိုလုပ်လိုက်တယ်ဆိုတာ ကျွန်မ မပြောတတ်တော့ပါဘူး ။ ကျွန်မ စိတ်အထင် ပြောရရင် ဘာသာပြန်သူက ဒီနှစ်ယောက် လမ်းဆက်လျှောက်သွားကြတယ် ဆိုတာကို စာဖတ်သူ မသိမှာ စိုးရိမ်ပြီး ဖြည့်စွက် ရေးသားလိုက်တာ ဖြစ်ပါလိမ့်မယ် ။ အဲဒီလို ဖြည့်စွက်ရေးသား လိုက်တာက ဘာနဲ့ တူသလဲ ဆိုတော့ အသားကြော်ထဲမှာ ကျွန်မ ချင်းထည့် လိုက်တာ များသွားတာနဲ့ သွားတူနေပါတယ် ။

ဒါကြောင့် စာရေးသူ တစ်ယောက် အနေနဲ့ ဘယ်နေရာမှာ ကိုယ့် ဝတ္ထုကို ဖြတ်ရမယ် ၊ ရပ်ရမယ် ဆိုတာ သိဖို့ အရေးကြီးပါတယ် ။ စာရေးသူများ အတွက် ဒါဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်တယ် ဆိုတာ မမေ့သင့်ပါဘူး ။

ဒီစည်းကမ်းကို စာရေးသူတိုင်း လိုက်နာနိုင်သလားလို့ မေးလာရင်တော့ မလိုက်နာနိုင်ဘူးလို့ဘဲ ကျွန်မ ဖြေရမှာပါ ။ တိတိကျကျ လိုက်နာနိုင်မယ် ဆိုရင် သူ ရေးတဲ့ဝတ္ထုဟာ ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်လာပါလိမ့်မယ် ။

ဝတ္ထု တစ်ပုဒ်မှာ အဖြစ်အပျက်တွေကို ဖော်ပြပေးနေပြီ ၊ ဇာတ်ကောင်တွေ ကလည်း စာဖတ်သူ ရင်ထဲကို ပြည့်ပြည့်ဝဝ ရောက်နေပြီ ၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကိုလည်း စာရေးသူက စိတ်ဝင်တစား ဖြစ်အောင် ပုံဖော် ပေးနိုင်ပြီဆိုရင် စာဖတ်သူရဲ့ ရင်ထဲမှာ ဘာဆက်ဖြစ်တော့မယ် ဆိုတာ အလိုလို သိနေပါတယ် ။ အဲဒီလို သိနေခြင်းကိုက စာရေးသူရဲ့ ကျွမ်းကျင်မှုကြောင့်ဖြစ်ပြီး ဘယ်နေရာမှာ ရပ်ရမယ် ဆိုတာကို သူ သိနေပါတယ် ။

အနှစ်ချုပ် ပြောရရင်တော့ စာရေးသူဟာ စာဖတ်သူကို သူ့ဝတ္ထုအဆုံးမှာ ဘာတွေ ဆက်ဖြစ်တယ်ဆိုတာ ဆက် တွေးနိုင်အောင် အတွေးစလေးတွေ ချန်ပေးခြင်းကိုက စာရေးခြင်း အတတ်ပညာ တစ်ခု ဖြစ်ပါတယ် ။ ပြီးပြည့်စုံအောင် ၊ ခုနက ဘာသာပြန်ဆရာ ရေးလိုက်သလို သူတို့ ဆက်လျှောက်သွားလေသည် ဆိုတာ မလိုအပ်တော့ပါဘူး ။ သူတို့ ဆက်သွားမယ် ဆိုတာကို စာဖတ် ပရိသတ်က အလိုလို သိပြီးသား ဖြစ်နေပါပြီ ။

ဒါကြောင့် စာရေးသူဟာ ဘယ်နေရာမှာ အဆုံးသတ်မယ် ဆိုတာကို သူ့ကိုယ်သူ ဆုံးဖြတ်ချက် ချရပါလိမ့်မယ် ။ အဆုံးသတ် သေသပ်ခြင်းကြောင့် ဝတ္ထုဟာ ပိုပြီး ရုပ်လုံးကြွကာ လှပလာပါလိမ့်မယ် ။ စာရေးသူ ဖန်တီးလိုက်တဲ့ ဇာတ်လမ်း ၊ ဇာတ်ကွက် ၊ အကြောင်းအရာတို့ဟာ ဖန်တီးထားတဲ့ ဇာတ်ကောင်များရဲ့ ဘဝ တစ်စိတ် တစ်ဒေသသာ ဖြစ်ပါတယ် ။ ဖန်တီးထားတဲ့ ဇာတ်ကောင်များဟာ သက်ရှိပုဂ္ဂိုလ်များလို့ စာဖတ်သူရဲ့ ရင်ထဲမှာ ခံစားလို့ ရနေပြီဆိုရင် စာဖတ်သူက အဆုံးသတ် မှာ ဒီဇာတ်လမ်းကို သူ့ဟာ သူ ဆက်တွေး ၊ ဆက်ရေး သွားနိုင်ပါလိမ့်မယ် ။

စာရေးသူ တစ်ယောက်ရဲ့တာဝန်က ဇာတ်လမ်း ၊ ဇာတ်ကွက်များကို ဖွဲ့သီပေးပြီး ရှေ့ဆက် တိုးသွားအောင် ရေးဖွဲ့ ပေးဖို့သာ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့အနေနဲ့ ဘယ်နေရာမှာ ၊ ဘယ်လို အဆုံးသတ်ရမယ် ၊ သူ ပါဝင်ရတဲ့ အခန်းကဏ္ဍက ဘယ်နေရာမှာ ပြီးပြတ် သွားပြီလဲ ဆိုတာကို နားလည် သဘောပေါက်ဖို့ လိုပါတယ် ။ စာရေးဆရာ တစ်ဦးဟာ ဇာတ်ကောင် တစ်ယောက်ရဲ့ ဘဝကို ရွေးချယ်ပြီး စာဖတ်ပရိသတ်ထံ တင်ပြခြင်းဖြစ်ပါတယ် ။ တင်ပြလို့ ပြီးရင် ဒီ ဇာတ်လမ်းထဲကနေ အောင်မြင်စွာ ဆုတ်ခွာ နိုင်ရပါမယ် ။ အဲဒီ အခါမှာ ဇာတ်ကောင်များက စာဖတ်ပရိသတ်ရဲ့ ရင်ထဲမှာ ရှင်သန်ကျန်ရစ် နေပြီး သူတို့ ဘဝကို သူတို့ ဆက်လက် လှုပ်ရှားပါလိမ့်မယ် ။ ဇာတ်ကောင်ရဲ့ ဘဝကို စာဖတ်သူက သူ့ အတွေး နဲ့ သူ ဆက်ရေးသွားမှာ ဖြစ်တဲ့အတွက် စာရေးဆရာက သူတို့ တွေးချင်သလို တွေးနိုင်အောင် အခွင့်အရေး ပေးရပါလိမ့်မယ် ။

ကျွန်မ ရေးခဲ့တဲ့ ဝတ္ထုများ ထဲက တချို့ဇာတ်သိမ်း နောက်ဆုံး စာကြောင်းများကို ဥပမာ ပြချင်ပါတယ် ။

Anastasia on Her Own ဝတ္ထုမှာ သမီး နဲ့ အမေ နှစ်ယောက်သား လှေကားထစ်များ ပေါ်တက်ကြရင်း ရယ်ရယ်မောမော နဲ့ Tap Dance က ရင်း တက်သွားကြတယ် ဆိုတာနဲ့ အဆုံးသတ် ခဲ့ပါတယ် ။

Find a Stranger , Say Goodbye ဝတ္ထုမှာတော့ မိန်းကလေး တစ်ယောက်က အဝေးကို ထွက်ခွာသွားဖို့ ပစ္စည်းများကို ထုပ်ပိုးနေပါတယ် ။ ပစ္စည်းတစ်ခုကို ကောက်ကိုင်ကြည့်တိုင်း အဲဒီ ပစ္စည်းကို ယူရမလား ၊ ထားခဲ့ရမလား ဝေခွဲနေပါတယ် ။

Rabble Starkey ဆိုတဲ့ ဝတ္ထုမှာတော့ ဇာတ်ကြောင်းပြန်သူ သမီး နဲ့ ၊ သူမ ရဲ့အမေ တို့ဟာ ကား တစ်စီးတည်းထဲမှာ လိုက်ပါလာကြပြီး ဦးတည်ရာမဲ့ အနာဂတ်ကို သွားနေကြပါတယ် လို့ အဆုံးသတ်ခဲ့ပါတယ် ။ ဒီ ဝတ္ထုစာအုပ်ကို Great Britain မှာ ထုတ်ဝေရာမှာတော့ The Road Ahead ဆိုတဲ့ အမည်နဲ့ ထုတ်ဝေခဲ့ပါတယ် ။

ဒီ ဝတ္ထုများရဲ့ အဆုံးသတ်များဟာ တစ်ခု နဲ့ တစ်ခု မတူပါဘူး ။ တချို့ဝတ္ထုများမှာ စာရေးသူ က အခြေအနေကို ဖော်ပြသွားပြီး တချို့ဝတ္ထုများမှာတော့ စကားပြောများ နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ် ။ တချို့ ဝတ္ထုများက ပေါ့ပေါ့ပါးပါး အဆုံးသတ်ခဲ့ပေမယ့် တချို့ ဝတ္ထုတွေမှာတော့ ဆက်ပြီး တွေးစရာ အတွေးတွေနဲ့ အဆုံးသတ်ပေးပါတယ် ။

ဒါပေမဲ့ ဝတ္ထု အားလုံးရဲ့ အဆုံးသတ်များမှာ တူညီတဲ့အချက်တွေကတော့ အဓိက ဇာတ်ကောင်များ ဇာတ်သိမ်းချိန်မှာ ပါဝင်လာခြင်းဖြစ်ပါတယ် ။ တစ်ခါတလေမှာတော့ ဇာတ်သိမ်းများမှာ အဓိက ဇာတ်ကောင်သာမက တခြား ဇာတ်ပို့များပါ ပါဝင် လာတတ်ပါတယ် ။ ဇာတ်သိမ်း အများစုဟာ ဇာတ်အိမ်ကို ရှေ့သို့ ဆက်လက် ရွေ့လျား သွားအောင် အဆုံးသတ်ပေးခြင်း ဖြစ်ပါတယ် ။ ဒီလို အခါမျိုးမှာ စာဖတ်ပရိသတ် တွေးနိုင်စေဖို့ အတွေးစ တစ်ခု ချန်ထားရပါတယ် ။

Anastasia က မိခင်ဖြစ်သူ၏ နောက်မှ လိုက်ရင်း မိခင် ခုန်သလို ခုန် ၊ မိခင် ကွေ့သလို ကွေ့ လိုက်လုပ်နေသည် ။ သူတို့ နှစ်ဦး Tap Dance အကကို အောက်ထပ်ရှိ အခန်းထဲမှာ ကရင်း တန်းလန်းက လှေကား ပေါ် အတက်မှာ ဆက် က လာကြခြင်း ဖြစ်သည် ။ သူမက ဒီလို လှေကားပေါ်မှာ ကရင်း တက်ရတာ တော်တော် ပေါတာပဲလို့ တွေးမိပေမယ့် စိတ် ထဲမှာတော့ ပျော်နေခဲ့သည် ။ ထို့အပြင် မိခင်ဖြစ်သူ သူ့ အပါးမှာ ပြန်လည် ရောက်ရှိနေခြင်းကြောင့်လည်း ဘာပဲဖြစ်ဖြစ် ပျော်စရာကောင်းသည်ဟု ခံစားမိခြင်း ဖြစ်သည် ။

လို့ Anastasia on Her Own ဝတ္ထု ရဲ့ အဆုံးသတ်မှာ ကျွန်မ ရေးခဲ့ပါတယ် ။ Find A Stranger , Say Goodbye ဝတ္ထု မှာ တော့ -

လွှင့်ပစ်လိုက်ဖို့ ဆိုသည်မှာ တော်တော်ပင် ခက်ခဲသော ကိစ္စ ဖြစ်သည် ။ သို့သော် သူမ သေတ္တာမပိတ်မီ လုပ်ဆောင်နိုင်ခဲ့သည် ။ အမှိုက်ပုံးမှာလည်း လွှင့်ပစ် ထားသော ပစ္စည်းများဖြင့် ပြည့်လျှံနေပြီး တစ်ခန်းလုံးမှာလည်း ဘာပစ္စည်းမှ မကျန်တော့ချေ ။ သူမ နှင့် ပတ်သက်သည့် အမှတ်ရစရာ အဖြစ်အပျက်များကတော့ ဤ အခန်းထဲတွင် ထာဝရ ကျန်ရစ်ခဲ့မည်ကို Natalie သိနေသည် ။

လို့ ရေးခဲ့ပါတယ် ။

သာမန် အဖြစ်အပျက်များဖြင့် ဇာတ်သိမ်းခြင်းဟာ အသားကြော် ကောင်းကောင်း တစ်ခု ချက်ပြုတ်ကြော်လှော်ခြင်းနဲ့တူပါတယ် ။ အသားကြော်မှာ ကြက်သွန်ဖြူ ၊ ကရဝေးရွက် ၊ ဝိုင် အနည်းငယ် ထည့်ခြင်း အားဖြင့် အရသာကို ပြီးပြည့်စုံစေနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်မက ကောင်းသည်ထက် ကောင်းအောင် ချင်းပြားကလေးများ ထုထောင်း ထည့်လိုက်ခြင်းက မူလပြည့်စုံပြီးသော အနံ့အရသာများကို ဖျက်ဆီး လိုက်သလို ဖြစ်သွားခဲ့ပါတယ် ။

ကျွန်မ ဥပမာ ပေးခဲ့တဲ့ အဆုံးသတ် စာပိုဒ် နှစ်ပိုဒ်ကို လေ့လာကြည့်မယ်ဆိုရင် နှစ်ပိုဒ်စလုံးဟာ လုံးဝဥဿုံ မပြီးသေးဘူးလို့ ခံစားရပါလိမ့်မယ် ။ ဒါကြောင့်လည်း ဘာသာပြန်သူက သူ့သဘောနဲ့ သူ စာတစ်ကြောင်း ထပ်ဖြည့်ခဲ့ခြင်း ဖြစ်ပါလိမ့်မယ် ။ ကျွန်မ ရေးစဉ်တုန်းကလည်း သူတွေးတဲ့ အတိုင်း ထပ် ဖြည့်လိုက်ရ ကောင်းမလားလို့ တွေးခဲ့ဖူးတာပေါ့ ။

ဒါပေမဲ့ အရသာရှိပြီးသား ဟင်းလျာထဲကို ချင်း ထည့်ခြင်းအားဖြင့် ပျက်စီးသွားစေခဲ့တာကို သတိထားမိတဲ့ အတွက် မရေးဘဲ ထိန်းချုပ် ခဲ့ခြင်းပါ ။

ဒါကြောင့် စာရေးသူများ အနေနဲ့ မိမိဖန်တီးတဲ့ ဝတ္ထုကို ဘယ်နေရာမှာ အဆုံးသတ်မလဲဆိုတာ သိဖို့အရေးကြီးပါတယ် ။ ကောင်းချင်ဇောနဲ့ စာ တစ်ကြောင်း ထပ်ဖြည့်လိုက်ခြင်းက ကျွန်မသား ဆက် မစားတော့ဘဲ ပန်းကန်ကို တွန်းရွှေ့ လိုက်သလို ဖြစ်သွားစေနိုင်ပါတယ် ။

ဟိုတုန်းက လူတွေ စာ ရေးကြရင် “ ကိုင်း တော်သေးပြီ ။ ဒီနေရာမှာပဲ အဆုံးသတ်ကြစို့ ” လို့ ရေးကြ သလိုပေါ့ ။ အဆုံးသတ်ဟာ ဝတ္ထုတစ်ပုဒ် အတွက် အရေးကြီးတဲ့ အချက်ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ် ။

▢ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
     ၂ဝဝ၉ ခုနှစ် ၊ ဇူလိုင်လ

 

No comments:

Post a Comment