❝ ပျော်စရာတော့ အကောင်းသားနော် ❞
( မင်းလူ )
လာနေကျ အချိန်အတိုင်း စနေနေ့ နေ့လယ် နှစ်နာရီတိတိ မှာ ဦးဝင်းမြင့် ရောက်လာသည် ။
ဦးခင်ဇော် ကလည်း “ လာဗျို့ ... ကိုဝင်းမြင့် ၊ ကျုပ်လဲ ထမင်းစားပြီး တစ်ရေးလောက် မှေးလိုက်တာ ခုပဲ နိုးတယ် ၊ မျက်နှာသစ် ပြီးပြီးချင်း ခင်ဗျားရောက်လာတာပဲ ” ဟု ထုံးစံအတိုင်း ပြောလိုက်သည် ။
ဦးဝင်းမြင့် ကလည်း “ ကျုပ် လဲ ခင်ဗျား အိပ်ရာက နိုးမယ့် အချိန်လောက် မှန်းပြီးလာတာပဲ ” ဟု ပြန်ပြောရင်း အိမ်ထဲ ဝင်လာသည် ။ ပြီးတော့ တစ်အိမ်လုံး ရှိရှိသမျှ လူနာမည်တွေ အော်ခေါ်၍ နှုတ်ဆက်သည် ။ ထို့နောက် သူတို့ နှစ်ယောက် ထိုင်နေကျ ဖြစ်သော လသာဆောင် အခန်းလေးသို့ လာခဲ့ကြသည် ။
ထိုအခန်းကလေးသည် အိမ် ၏ အစွန်းဘက်တွင် ထိုးထွက် နေသောကြောင့် အေးအေးဆေးဆေး နားနေနိုင်သည် ။
ဦးခင်ဇော် ၏ ကိုယ်ပိုင်အခန်း ဖြစ်သည် ။ စာဖတ်ခန်း လည်း ဖြစ်သည် ။ အခန်းထဲတွင် စားပွဲ တစ်လုံး ၊ ကုလားထိုင် တစ်လုံး ၊ စားပွဲပု တစ်လုံး နှင့် ပက်လက်ကုလားထိုင် နှစ်လုံး ရှိသည် ။ နံရံကပ်စာအုပ်စင်များတွင် နိုင်ငံခြားစာအုပ်များ ၊ မြန်မာစာအုပ်များ ရှိသည် ။ စားပွဲ ပေါ် မှာတော့ တိုင်း ၊ နယူးစ်ဝိခ်မဂ္ဂဇင်း များ နှင့် စစ်တုရင်ထိုးနည်း စာအုပ် တစ်အုပ် တင်ထား၏ ။
ပက်လက်ကုလားထိုင်များ ပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်မိ ကြပြီးနောက် ဦးခင်ဇော် က စားပွဲပုလေး ပေါ်မှ ယွန်းသေတ္တာ ကို ဖွင့်၍ ဆေးပြင်းလိပ် တစ်လိပ် ရွေးယူပြီး မီးညှိသည် ။
ဦးဝင်းမြင့် ကလည်း သူ့ သားရေအိတ်ကလေး ထဲ က ဆေး တံ နှင့် ဆေးအိတ် ကို ထုတ်ယူလိုက်သည် ။ ဆေးဖြည့် ပြီး မီးညှိသည် ။ ကျေနပ်လောက်အောင် ဖွာကြပြီးလျှင် စကားစပြောသည် ။ ထွေရာလေးပါး ပြောနေကြရာမှ ကမ္ဘာ့ဘောလုံးပွဲ အကြောင်းသို့ ရောက်သွားကြသည် ။
နှစ်ယောက်စလုံး စိတ်ဝင်စားသော အကြောင်းအရာဖြစ်သောကြောင့် အပြန်အလှန် ပြောကြသည် ။
“ ဘရာဇီး ရှုံးတာ နာတယ်ဗျာ ” ဟု ဦးခင်ဇော် က ပြောသည် ။
ဦးဝင်းမြင့် က “ ခင်ဗျား ဗီဒီယိုအခွေ ကြည့်ပြီးပြီလား ”
“ ကြည့်ပြီးပြီ ၊ ခြေအသာနဲ့ ကစား သွားတာဗျ ၊ ဇစ်ကို ပယ်နယ်တီ ကန်တာ ဝင်လိုက်ရင် ကိစ္စက ပြတ်ပြီ ၊ ပေါ့ပေါ့ဆဆ လုပ်လို့ ခံသွားရတာ ”
“ ဘရာဇီးအသင်း က ရှုံးသင့်လို့ ရှုံးသွားတာပါဗျာ ၊ ရှုံးသွားတာလဲ ခပ်ကောင်းကောင်းပဲ ”
“ ဘာဖြစ်လို့လဲဗျ ”
“ စဉ်းစားကြည့်လေ ... ဘရာဇီးအသင်း ဟာ ကြိုတင်ပြင်ဆင်ပြီး စနစ်တကျဖွဲ့စည်းလာတာ မဟုတ်ဘူး ၊ အသင်းမန်နေဂျာ တောင် လာခါနီးမှ ကပ်ပြီး ရွေးလာရတာ ၊ ဘောလုံးသမားတွေ နဲ့ မန်နေဂျာ နဲ့ လဲ အဆင်မပြေဘူး ၊ အဲဒီလို အသင်းမျိုး ဗိုလ်စွဲသွားမယ် ဆိုရင် ဘောလုံးလောကမှာ ပြောစမှတ် ဖြစ်သွားမယ် ၊ ကြိုတင် ပြင်ဆင်မှုတို့ ၊ အသင်းရဲ့ စည်းလုံးညီညွတ်မှု တို့ ဆိုတာ မလိုအပ်ပါဘူး ဆိုတဲ့ အစဉ်အလာကြီး ဖြစ်သွားတော့မှာပေါ့ ”
“ ဒါလဲ ဟုတ်တာပဲ ၊ ကျုပ် ကတော့ ပီလီတို့ ခေတ် ကတည်းက ဘရာဇီးအသင်းကို ပဲ စွဲနေခဲ့တာကိုး ”
“ ကျုပ် ကတော့ မာရာဒိုနာ ကို စွဲသွားပြီဗျာ ”
ဦးခင်ဇော် ၏ ဇနီး ဒေါ်ဥမ္မာ အခန်း ထဲ ဝင်လာသည် ။ လက်ဖက်သုပ် နှင့် ရေနွေးကြမ်း လာပို့ခြင်း ဖြစ်သည် ။ လင်ပန်း ကို စားပွဲ ပေါ် တင်နေတုန်း ဦးဝင်းမြင့် ကပြောသည် ။
“ ဒေါ်ဥမ္မာ တို့ ကတော့ စားကောင်းသောက်ကောင်း နဲ့ ဝပြီး ရင်း ဝ နေတာပဲနော် ၊ ကောင်းပါတယ်ဗျာ ၊ ကျုပ်တို့ နိုင်ငံရဲ့ ဂုဏ်ယူစရာ ပြယုဂ်ပေါ့ ”
“ ဘယ်လိုရှင့် ”
ဒေါ်ဥမ္မာ က ပြန်မေးသည် ။
“ ဪ ... စပါးဆန်ရေ ပေါများကြွယ်ဝတဲ့ သဘောပေါ့ဗျာ ၊ အင်း ... ကျုပ်မိန်းမကိုတော့ မြို့ထဲ ခေါ်မသွားရဲဘူးဗျ ”
“ ဘာဖြစ်လို့လဲ ”
“ နိုင်ငံခြားသားတွေ မြင်သွားရင် ကျုပ်တို့ နိုင်ငံအပေါ် .. တစ်မျိုးတစ်မည် ထင်သွားမှာ စိုးလို့ ”
သူ့ ဇနီး ပိန်လွန်းခြင်း ကို ရည်ညွှန်း၍ ပြောခြင်း ဖြစ်သည် ။
ဒေါ်ဥမ္မာ က .. “ ဒါနဲ့ ဟိုအရင်တုန်းကတော့ သွယ်သွယ်ကလေးမို့ ကြည့်လို့ကောင်းလှချေရဲ့ဆို ”
ဦးခင်ဇော် က ဝင်၍ ... “ ဟ .. ငါတောင် မင်း အပျိုတုန်းက ဇိုင်းဂနိုင်းမယ်ဘွဲ့ ရလို့ ကြိုက်ခဲ့တာ မဟုတ်လား ၊ ခုလို ဖြစ်လာမယ် မှန်းသိ .. ဘယ်ကြိုက်မလဲ ”
ဒေါ်ဥမ္မာ က ဦးခင်ဇော် ကို မျက်စောင်း တစ်ချက် ထိုးလိုက်သည် ။
“ ကဲ ... ကျွန်မ လဲ ဟိုဘက် အိမ်မှာ လူနာသတင်း သွားမေးလိုက်ဦးမယ် ”
“ ဟိုဘက်အိမ် ဘာဖြစ်လို့လဲ ”
“ ဦးကာဠု လေဖြတ်သွားလို့လေ ”
“ ဟာ ... ဟုတ်လား ”
“ အင်း ... ကျုပ်တို့ စောစောစီးစီး အရက်ဖြတ်လိုက်တာ သိပ်မှန်သွားတယ် ၊ ဦးကာဠု ကတော့ ဆက် ချနေတာကိုး ၊ ဒီလူ က ရေခဲများများ နဲ့ သောက်တတ်တာ ၊ လူက ဝ,တော့ စွပ်ကျယ်လက်ပြတ်ကလေး ဝတ် ၊ ပန်ကာ ဖွင့်ပြီး အအေးခံတာကိုး ”
ဒေါ်ဥမ္မာ က အိပဲ့အိပဲ့ နှင့် ပြန်ထွက်သွားသည် ။
“ ဒီနေ့ ဟိုကောင်တွေ တယ် ငြိမ်ပါလားဗျ ၊ ခါတိုင်းဆို ဆူညံနေတာပဲ ၊ မရှိကြဘူးလား ”
ဦးဝင်းမြင့် က မေးရာ ..
“ ရှိပါတယ် ၊ ကျောက်မြောင်းအိမ်သွားမလို့ ပြင်ဆင်နေကြတယ် ”
သမက် ၏ မိဘများအိမ်ကို ဆိုလိုသည် ။
“ ကဲ .. ဘယ်လိုလဲ ၊ ပွဲ စတော့မလား ”
“ လုပ်လေ .. ”
“ ဒီနေ့တော့ ခင်ဗျား ရှုံးမှာပါဗျာ ၊ ကျိန်းသေပါတယ် ”
“ ကြည့်ကြသေးတာပေါ့လေ ”
စစ်တုရင်ကွက် ကို စားပွဲပေါ် တင် ၊ အရုပ်တွေ စီပြီး ပွဲစသည် ။ ဦးခင်ဇော် က အနက် ၊ ဦးဝင်းမြင့် က အဖြူ ။
ပထမပွဲ မှာ ဦးခင်ဇော် နိုင်သွားသည် ။
“ ဘယ့်နှယ်လဲ ကျုပ် ပြောတယ် မဟုတ်လား ”
“ ပထမဦးဆုံးပွဲ မှာတော့ ခင်ဗျား က နိုင်နေကျပဲလေ ၊ နောက် ပွဲတွေ ကျတော့လဲ လက်ရေ ကျသွားမှာပါ ”
နောက်ပွဲ စသည် ။ ပွဲတစ်ဝက် ကျိုးခါနီးတွင် ဦးဝင်းမြင့် က နယ်ရုပ် တစ်ကောင် ၊ မြင်းတစ်ကောင် အသာရထားသည် ။
သူတို့ နှစ်ယောက် ၏ လက်ရည်သည် မကွာလှ ။ နှစ်အတော် ကြာ ကစားခဲ့ကြပြီး ဖြစ်၍ တစ်ယောက် အကြောင်း တစ်ယောက် သိနေပြီ ။ နောက်ဆုံး အနိုင်အရှုံး မှာ ထိုနေ့ အဖို့ ဘယ်သူက ကျန်းမာရေး အခြေအနေ ပိုကောင်းနေသလဲ ဆိုသည့် အချက်ပေါ်မှာ မူတည်သည် ။
“ ဖေဖေ သမီးတို့ သွားတော့မယ် ” ဟု ဦးခင်ဇော် ၏ သမီး က လာ နှုတ်ဆက်သည် ။
“ အေးအေး ... သိပ် ညဉ့်မနက်စေနဲ့နော် ၊ ကလေးတွေ အအေးမိ နေဦးမယ် ”
ဦးခင်ဇော် ၏ မြေးနှစ်ကောင် ကလည်း နှုတ်ဆက်ရင်း အကြီးကောင် က .. “ ဘိုးဘိုး သားပြောတာ မမေ့နဲ့နော် ” ဟု ပြောသည် ။
“ ဘာလဲကွ ”
“ ဒီဟာလေ ”
ကားလက်ကိုင်ဘီး လှည့်သည့်ဟန် လုပ်ပြသည် ။
“ ဪ .. အေးအေး ၊ ဘိုးဘိုး လုပ်ထားလိုက်ပါ့မယ်ကွာ ”
“ ဘာလဲဗျ ”
ဦးဝင်းမြင့် က မေးသည် ။
"သူ့ ကစားစရာကလေး ပျက်နေလို့ ပြင်ခိုင်းတာဗျ ၊ ဒီကောင်က ကျုပ် အသည်းစွဲပဲ ၊ အငယ်ကောင် ကတော့ ဘွားအေ ပဲ ကပ်တယ် ”
သူတို့ နှစ်ယောက်သည် လုပ်ငန်းခွင် မှာ ကတည်းက ခင်မင်ခဲ့ကြခြင်းဖြစ်သည် ။ ရာထူးချင်း လည်း တူသည် ။ တစ်ယောက် က ဦးစီးဌာန မှာ လုပ်ပြီး တစ်ယောက် က ကော်ပိုရေးရှင်း မှာ လုပ်သောကြောင့် ရာထူးအခေါ်အဝေါ် သာကွာသည် ။ လုပ်ငန်းချင်းကလည်း ဆက်စပ်နေသဖြင့် တစ်ယောက် နှင့် တစ်ယောက် အကူအညီပေးကြရင်း ခင်မင်သွားခဲ့ကြခြင်း ဖြစ်လေသည် ။
ဟိုစဉ်တုန်းက စနေနေ့ ရုံးတက်ရသေးသည် ။ ရုံးနေ့တစ်ဝက် ဆင်းလေသောအခါ နှစ်ယောက်သား ဆုံပြီး ဟိုတယ် တစ်ခုခု ၊ သို့မဟုတ် စားသောက်ဆိုင် တစ်ခုခု မှာ ဘီယာ သောက်ရင်း စကားပြောကြသည် ။
စနေနေ့တိုင်း မပျက်မကွက် ဆုံကြသည် ။
အငြိမ်းစား ယူပြီးကြသောအခါ အရက်ဖြတ်လိုက်ကြ သော်လည်း စနေနေ့တိုင်း ဆုံကြသည့် ကိစ္စကိုတော့ မပယ်ဖျက်ခဲ့ကြ ။ ဒီတစ်ပတ် ဦးခင်ဇော် အိမ်မှာ ဆုံလျှင် နောက်တစ်ပတ် ဦးဝင်းမြင့် အိမ် မှာ ဆုံသည် ။ ဦးခင်ဇော် အိမ်မှာဆိုလျှင် စစ်တုရင် ကစားကြပြီး ဦးဝင်းမြင့် အိမ်ကျတော့ ( xxxx ) ကစားကြသည် ။ လပြည့်လကွယ်နေ့များ တွင် ဘုရားတက်ကြသည် ။ လမ်းလျှောက်ရင်း ထွေရာလေးပါး စကား ပြောကြသည် ။
••••• ••••• •••••
နှစ်ပွဲစီ နိုင်ကြပြီး နောက်ဆုံးပွဲ ကို အကြိတ်အနယ် ယှဉ်ပြိုင် ကြသည် ။ ဦးဝင်းမြင့် တစ်ကွက် မှားသွားသဖြင့် ဦးခင်ဇော် နိုင်သွားသည် ။
“ ကဲ .. ကိုဝင်းမြင့် ဘယ့်နှယ်ရှိစ ”
“ ဟိုတစ်ပတ် က ကျုပ် က နိုင်ထားတာပါဗျာ ၊ ကျေရောပေါ့ ၊ ကဲ .. ညောင်းပြီဗျာ ၊ လမ်းကလေးဘာလေး လျှောက်ကြရအောင် ”
“ နေဦးဗျ .. ကျုပ် မြေး မှာသွားတာ လုပ်ရဦးမယ် ၊ ဂျီကောင် ပြန်လာလို့ မပြီးရင် ပွက်လောရိုက်နေလိမ့်မယ် ”
ဦးခင်ဇော် သည် စားပွဲအံဆွဲ ထဲက ကစားစရာ မော်တော်ကားကလေး ကို ထုတ်လိုက်သည် ။
ကားကလေး က ဓာတ်ခဲ နှင့် မောင်းရခြင်း ဖြစ်သည် ။ တကယ့် ဂျစ်ကားပုံစံ အတိုင်း လုပ်ထား၏ ။
ဦးခင်ဇော် က ဓာတ်ခဲ ထည့်သည့် အံကို ဖွင့်၍ စစ်ဆေးကြည့်သည် ။ ဝက်အူလှည့်သေးသေးလေး ကို ယူ၍ ဟိုထိုးကြည့် ဒီထိုးကြည့် လုပ်သည် ။
“ ကားက အသစ်ကြီးပါ ၊ ဘာဖြစ်နေပါလိမ့် ၊ ဩော် , ဟုတ်ပြီ ”
စသည်ဖြင့် ရေရွတ်နေ၏ ။ ဦးဝင်းမြင့် ကတော့ ရေနွေးကြမ်း သောက်ရင်း ဆေးတံခဲရင်း ဦးခင်ဇော် လုပ်သမျှ စိတ်ဝင်စားစွာ ကြည့်နေသည် ။ ခဏအကြာတွင် ဦးခင်ဇော် ကျေနပ်စွာ ပြုံးလိုက် သည် ။ ကား ထဲသို့ ဓာတ်ခဲ ပြန်ထည့်ပြီး ခလုတ် ကို ဖွင့်လိုက်သည် ။
စက်လည်သံ ကြားရသည် ။ ဦးခင်ဇော် မျက်လုံးက အရောင် လက်သွား၏ ။ ထို့နောက် အခန်းထောင့်ဆီသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည် ။ ကားလေးကို ကြမ်းပေါ် ချပေးလိုက်၏ ။ ကားကလေး က ကြမ်းပေါ်မှာ ပြေးသွားသည် ။
ဦးဝင်းမြင့် ဘက်သို့ ရောက်လာပြီး ခြေထောက် ကို တိုက်မိမလို ဖြစ်သွားသည် ။ ဦးဝင်းမြင့် က ခြေထောက် ကို မ,ပြီး ဖယ်ပေးလိုက်၏ ။ တားကလေး သည် ရှေ့ဆက်သွားပြီး စားပွဲခြေထောက် နှင့် တိုက်မိသွားသည် ။
ဦးဝင်းမြင့် က ကောက်ယူမည် အပြုတွင် ကားကလေး ၏ နောက်မီးလင်းလာပြီး သူ့ အလိုအလျောက် နောက်ပြန် ဆုတ်သွား သည် ။ ပြီးတော့ ကွေ့ပြီး ပြန်ထွက်သွားသည် ။
“ ဟာ .. တယ်ဟုတ်ပါလား ”
ဦးဝင်းမြင့် က ပြောလိုက်သည် ။
“ ဒါတင် မကသေးဘူးဗျ ၊ ကြည့် ” ဆိုပြီး ကားလေး ကို စားပွဲ ပေါ် တင်၍ ခလုတ်ဖွင့်လိုက်သည် ။ ကားကလေး က မောင်းထွက်သွားသည် ။ စားပွဲစွန်းနားအရောက် တွင် ဦးဝင်းမြင့် က ပြုတ်ကျမည် စိုး၍ လက်လှမ်းလိုက်ရာ ဦးခင်ဇော် က အသာနေ ဆိုသော သဘောဖြင့် လက်ကာပြသည် ။
ကားကလေးသည် စားပွဲစွန်းနားမှာပင် ရပ်သွားသည် ။
ပြီးတော့ နောက်ပြန်ဆုတ်ပြီး ကွေ့ ထွက်သွား၏ ။
“ အေးဗျာ .. သိပ္ပံပညာ တိုးတက်မှုကတော့ ကလေးကစားစရာတောင်မှ အံ့ဩစရာ ဖြစ်အောင် လုပ်နိုင်နေပြီ ”
“ ဒါလောက်တင် ဘယ်ကမလဲဗျာ ၊ ခဏနေဦး ... ”
ဆိုပြီး ဦးခင်ဇော် အခန်း ထဲ က ထွက်သွားသည် ။ ခဏအကြာတွင် ကတ်ထူသေတ္တာ ခပ်ကြီးကြီး တစ်လုံးကို သယ်မပြီး ပြန်ဝင်လာသည် ။
သူက သေတ္တာထဲက အမွေးပွခွေးရုပ်ကလေးတစ်ရုပ် ကို ထုတ်ယူပြီး ကြမ်းပေါ်ချလိုက်သည် ။ ခလုတ်ဖွင့်လိုက်သောအခါ ခွေးရုပ်ကလေး က လမ်းလျှောက်သည် ။
ဦးခင်ဇော် က လက်ခုပ်သုံးချက် တီးလိုက်၏ ။ ခွေးရုပ်ကလေး လမ်းလျှောက်နေရာ မှ ရပ်သွားသည် ။ ထို့နောက် ခေါင်းကလေး ကို မော့်၍ ဝုတ်ဝုတ် ဟု ဟောင်သည် ။ ပြီးတော့ လမ်းပြန်လျှောက်နေသည် ။
“ ဒါက ဘယ်လိုလဲဗျ ” ဦးဝင်းမြင့်က မေးရာ ...
“ ရီမုတ်ကွန်ထရိုးပေါ့ ၊ အသံ ရဲ့ တုန်ခါမှုနဲ့ ထိန်းချုပ်ထားတာလေ ၊ ခင်ဗျား လက်ခုပ် တီးကြည့်ပါလား ”
ဦးဝင်းမြင့် က လက်ခုပ် တီးသည် ။
“ ကျယ်ကျယ်လေး တီးဗျ ၊ သုံးခါလောက် တီး ”
ဦးဝင်းမြင့် က ခပ်ပြင်းပြင်းကလေး တီးလိုက်ရာ ၊ ခုနလို ဝုတ်ဝုတ် ဟု ဟောင်ပြန်သည် ။
သူတို့ နှစ်ယောက် သဘောကျစွာ ရယ်လိုက်ကြ၏ ။
“ အံ့ဩစရာပဲဗျာ ”
“ ကလေးတွေ အဖေ က ... သင်္ဘော ခဏခဏ ထွက်ရတော့ ကစားစရာမှ အစုံပဲ ”
“ အေးဗျာ ၊ ကျုပ်တို့ ငယ်ငယ်က ဆိုရင် ဖိုးဝရုပ် တို့ ဇီးကွက်ရုပ် တို့ လောက်နဲ့ပြီးတာ ၊ သံပတ်ကား တောင် ကျုပ်တို့ လူပျိုလောက် ဖြစ်မှ ပေါ်တာ မဟုတ်လား ”
ဦးခင်ဇော် က ...
“ နေဦးဗျာ .. ပြစရာရှိသေးတယ် ”
ဆိုပြီး ကလေးရုပ်ကလေး တစ်ရုပ် ထုတ်လိုက်ပြန်သည် ။ ခလုတ်ဖွင့်လိုက်လျှင် အရုပ်ကလေး က အူဝဲအူဝဲ ဟု အော်ငိုတော့သည် ။ ဦးခင်ဇော် က နို့ဘူးသေးသေးလေး ကို ပါးစပ်ထဲထည့်လိုက်တော့မှ အငိုတိတ်ပြီး မျက်လုံးကလေး မှိတ်သွားသည် ။
နို့ဘူးကလေး ထဲ က နို့ ကုန်သွားသောအခါ ဦးခင်ဇော် က နို့ဘူး ကို ပြန်ထုတ်လိုက်သည် ။
အရုပ်ကလေးက .. မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြီး “ သိုင်းကျူး ၊ ဂွဒ်မောနင်း ” ဟု ပြောသည် ။
ဦးဝင်းမြင့် မျက်လုံး အပြူးသားဖြင့် အံ့ဩနေတုန်း မှာ ပင် အရုပ်ကလေး က သေးပေါက်ချလိုက်လေတော့သည် ။
“ ဟောဗျာ ... ”
ဦးဝင်းမြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည် ကို ဦးခင်ဇော် က သဘောကျစွာကြည့်ရင်း သေတ္တာ ထဲ က ရိုဘော့စက်ရုပ်ကလေး တစ်ရုပ် ကို ဆွဲထုတ်လိုက်ပြန်သည် ။
••••• ••••• •••••
ဒေါ်ဥမ္မာ လူနာသတင်းမေးရာ မှ ပြန်လာသည် ။ ဧည့်ခန်းထဲ ဖြတ်အလျှောက်တွင် ဦးခင်ဇော် ၏ စာဖတ်ခန်းထဲက တကျွိကျွိ မြည်သံကြားသဖြင့် သွားကြည့်သည် ။ အခန်းပေါက်ဝမှာ ရပ်လိုက်သောအခါ .. ဒေါ်ဥမ္မာ သည် အံ့ဩသလိုဖြစ်သွားပြီး ငေးကြည့်နေ၏ ။
အခန်းထဲမှာတော့ ဦးဝင်းမြင့် နှင့် ဦးခင်ဇော် တို့သည် အခန်း တစ်ထောင့်စီ မှာထိုင်နေကြသည် ။ တစ်ယောက် က ဆောင့်ကြောင့် ၊ တစ်ယောက် က ကြမ်းပေါ်မှာ တင်ပျဉ်ခွေလျက် ။ သူတို့ ဘေးမှာ လည်း မော်တော်ကားလေးတွေ ၊ စက်ရုပ်ကလေး တွေ ၊ ဝက်ဝံရုပ် ၊ ကလေးရုပ်ကလေးတွေ ဝိုင်းလျက် ပြန့်ကျဲနေသည် ။
ဦးခင်ဇော် က သူ့လက်ထဲက ကြွက်ရုပ်ကလေးကို ကြမ်းပေါ် ချလိုက်သောအခါ ကြွက်ရုပ်ကလေး က တကျွိကျွိ အော်ရင်း .. ဦးဝင်းမြင့် ဆီ ပြေးသွားသည် ။ ဦးဝင်းမြင့် က ကြွက်ရုပ်ကလေးကို ကောက်ယူ၍ ဦးခင်ဇော် ဆီ ပြန်လွှတ်မည် အပြုတွင် ဒေါ်ဥမ္မာ ကို မြင်သွားသည် ။
ဦးဝင်းမြင့် သည် ရှက်ကိုးရှက်ကန်းဖြင့် တဟဲဟဲ ရယ်လိုက်သည် ။ သူ့ လက်ထဲက ကြွက်ရုပ်ကလေး ကတော့ အမြီးကလေး တလှုပ်လှုပ်ဖြစ်နေတုန်း ။
••••• ••••• •••••
အဘိုးကြီးနှစ်ယောက် တို့သည် တုတ်ကောက် ကိုယ်စီဖြင့် ဘုရားဘက်သို့ လမ်းလျှောက်ထွက်ခဲ့ကြသည် ။ သူတို့နှစ်ယောက် သည် တစ်ယောက် နှင့် တစ်ယောက် အတော်ကြာအောင် စကားမပြောဖြစ်ကြ ။ မျက်နှာတွေကတော့ တစ်စုံတစ်ခုကို ကျေနပ်နှစ်သိမ့် နေသလို ပြုံးတုံ့တုံ့ ဖြစ်နေကြသည် ။ လမ်းလျှောက်ရာတွင် လည်း ခါတိုင်းနေ့များ ထက် ပို သွက်နေသည် ။
ခဏ အကြာမှာ ဦးခင်ဇော် က “ ပျော်စရာတော့ အကောင်း သားဗျနော် ” ဟု ခပ်တိုးတိုး ပြောလိုက်လေသည် ။
▢ မင်းလူ
📖စာပေလုပ်သား မဂ္ဂဇင်း
၁၉၈၆ ခု ၊ အောက်တိုဘာ
No comments:
Post a Comment