Wednesday, July 30, 2025

ဘုံကြိုးပြတ်ကြသူများ


 

❝ ဘုံကြိုးပြတ်ကြသူများ ❞
     ☐ မြတ်ကိုကို ( ရုက္ခ )

သူ့ နာမည်က ဖိုးကောက်ပါ ။ အသက်အရွယ် အားဖြင့် ဆယ့်နှစ်နှစ် ၊ ဆယ့်သုံးနှစ်ခန့်တော့ ရှိပါပြီ ။ ရပ်ကွက် ထဲမှာ လူသိများ ထင်ရှားပြီး လူချစ်လူခင်ပေါတဲ့ ကလေး တစ်ယောက်ပါ ။ ဘာဖြစ်လို့ သူ့ကို ဖိုးကောက်လို့ ခေါ်ရသလဲ ဆိုတော့ သူ့ရဲ့ တင်သားက အပေါ်ကို အနည်းငယ် ကောက်တက်နေလို့ပါ ။ ဒါ့အပြင် ဖိုးကောက်က အသား ကလည်း အသားမည်း ။ ရုပ်ကလည်း အရုပ်ဆိုး ၊ ဒါပေမဲ့ ဖိုးကောက် ရုပ်ဆိုးပုံမျိုးက မျက်နှာမြင် ချစ်ခင် ပါစေဆိုတဲ့ ရုပ်မျိုးပဲ ဖြစ်ပါတယ် ။

ကိုယ်လုံးက ပြည့်ပြည့် ၊ ဂင်တိုတို ၊ နှုတ်ခမ်းလေးက ထော်ထော် ၊ နဖူးလေးက မောက်မောက် ၊ တင်ကလေး က ကောက်ကောက် ၊ မျက်လုံးလေးက ပြူးပြူးဝိုင်းဝိုင်း ၊ နှာခေါင်းက တိုနံ့နံ့ ၊ ပါးစပ်ထဲမှာ သွားတွေက ကျိုးတိုး ကျဲတဲနဲ့ ရယ်လိုက်ရင် အလွန် ချစ်ဖို့ကောင်းတဲ့ ဖိုးကောက်ပါ ။ အခုဆိုရင် နာမည်ရင်း မောင်သာလှ ဆိုတာ ပျောက်ပြီး ရပ်ကွက်ထဲ ဖိုးကောက်လို့ လူသိများနေပါပြီ ။

ဒါပေမဲ့ ဖိုးကောက် က မိဘမဲ့ ကလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ဟိုးအရင်တုန်းကတော့ ဒီရပ်ကွက်ဟာ တကယ့်တောရိုင်းမြေကြီးပါ ။ နောက်မှ စီမံချက်နဲ့ မြေယာတွေ ဖော်ထုတ် ရှင်းလင်းကြပြီး ကျူးကျော်တွေကို ဒီရပ်ကွက်မှာ နေရာချပေးတယ် ။ အဲဒီတုန်းက ဖိုးကောက် မှာ မိစုံ ဘစုံ ရှိပါသေးတယ် ။ ဘာကြာလို့တုန်း ၊ မြွေဆိုး အကိုက်ခံရပြီး ဖိုးကောက် အဖေရော ၊ အမေရော ရှေ့ဆင့် နောက်ဆင့် ဆိုသလို ကွယ်လွန်သွားကြလို့ ဖိုးကောက် ခမျာ သုံးနှစ်သား အရွယ်မှာပဲ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ရတယ် ။ ဒီစဉ်တုန်း အချိန်က မြွေဆိုတာ ပေါမှ ပေါ ၊ အစ ကတည်းကိုက ဒီနေရာဟာ တောကြီးဂနိုင်လို ဖြစ်နေခဲ့တာပဲ ။ စီမံချက်နဲ့ မြို့သစ်တွေ ဖော်ထုတ်ကြဟေ့ ဆိုလို့သာ မြို့သစ်တွေ စီရရီပေါ်လာကြတာ ။ မြွေများ ကြည့်လိုက်ရင် မြွေဟောက်နဲ့ မြွေပွေးချည်းပဲ ။ မြို့သစ် တည်ပြီးခါစက ဆိုရင် ဖိုးကောက် အဖေနဲ့ အမေတင် မဟုတ်ဘူး ၊ တချို့တွေလည်း မြွေကိုက်ခံရလို့ အသက် ဆုံးရှုံးသွားရသူတွေ ဆယ့်လေးငါးဦးမက ရှိခဲ့ဖူးတယ် ။ အခုလို မြို့သစ်တည်ပြီးလို့ ဆယ်စုနှစ်တစ်စု ကြာခဲ့တာတောင် တစ်ခါတလေ ကိုရွှေမြွေတွေက ဟိုနားတွေ့  ၊ ဒီနားတွေ့ တွေ့ နေရတုန်းပဲ ။

အဲဒီလို မိဘမဲ့ ဖြစ်သွားတဲ့ ဖိုးကောက်ကို ဒေါ်တင်ထွေး ဆိုတဲ့ မုဆိုးမကြီးက ခေါ်လို့ မွေးစားထားလိုက်တယ် ။ အဲဒီ ဒေါ်တင်ထွေးက အကြော်မျိုးစုံ ရောင်းပြီး ဘဝဝမ်းကို ကျောင်းနေရတာ ။ သူလည်း သားထောက် သမီးခံက မရှိတော့ ဖိုးကောက်ကို မွေးစားလိုက်တာဟာ အတော်ပဲ ဖြစ်သွားတယ် ။ ဖိုးကောက်ကလည်း လက်ကတုံးတောင်ဝှေးလို ဒေါ်တင်ထွေး အတွက် အရွယ်လေးနည်းနည်းရောက်လာတာနဲ့အမျှ အားကိုးအားထား ပြုလို့ ရနေပါပြီ ။

အခုဆို ဖိုးကောက်က အရွယ်နဲ့ မလိုက်အောင် အလုပ်မျိုးစုံ လုပ်ရှာပါတယ် ။ အလုပ်မရွေး လုပ်လို့လား မသိဘူး ။ ခန္ဓာကိုယ်ကြီး ကလည်း အရွယ်နဲ့ မလိုက် အောင် ထွားကျိုင်းလို့ နေပါတယ် ။ သူ့ရဲ့ ပင်မအလုပ်ကတော့ တစ်နိုင်တစ်ပိုင် ဆိုင်းပုံးနဲ့ ရေထမ်းရောင်းခြင်း ပါပဲ ။ တစ်ခါတစ်ရံ ရေစည်လှည်း ငှားလို့ရရင် ရေစည်လှည်း တွန်းပါတယ် ။ ဖိုးကောက်တို့ ရပ်ကွက်က ရေရှားတယ်လေ ။ ရပ်ကွက်ထိပ်မှာ နေပြီး စီးပွားရေး အတန်အသင့် ချောင်လည်တဲ့ ဦးဖိုးချမ်းက ရေတုံကင် တူးပြီး ရေပြန် ရောင်းစားတယ် ။ အဲဒီ ဦးဖိုးချမ်း ဆီကနေ ခေါက်ပြန်ကြေးနဲ့ ရေယူလို့ရယ် ရပ်ကွက်ထဲ တစ်ဆင့် ရေပြန် ရောင်းစားရင်း ဖိုးကောက်ခမျာ တစ်ဝမ်းတစ်ခါး ရှာဖွေစားရတာပါ ။

ဖိုးကောက်က ကျောင်းမနေဖူးပေမယ့် ဘဝပေး သင်ခန်းစာတွေနဲ့ ရင်းနှီးကျွမ်းဝင် နေလေတော့ အလွန်ပဲ လိမ္မာရေးခြား ရှိလှပါတယ် ။ တစ်ဖက်သား ကိုလည်း အလွန်တရာ ကူညီချင်စိတ် ရှိသလို တတ်နိုင်တဲ့ဘက်ကလည်း ကူညီလေ့ရှိပါတယ် ။ ဒါကြောင့်မို့ ရပ်ကွက် ထဲမှာ ဖိုးကောက်ဟာ လူသိများ ထင်ရှားပြီး ဟိုလူက ကျွေးချင်မွေးချင် ၊ ဒီလူက ပေးချင်ကမ်းချင်နဲ့ ချစ်မွေးပါတဲ့ ကလေးတစ်ယောက် ဖြစ်လို့နေပါတယ် ။

အဲ ... ရပ်ကွက်ထဲမှာ ဖိုးကောက်လိုပဲ လူသိများ ထင်ရှားတဲ့ နောက်ကလေး တစ်ယောက်လည်း ရှိပါသေးတယ် ။ သူကတော့ ရေတုံကင်တူးပြီး ရေရောင်းစား သူ ဦးဖိုးချမ်းရဲ့ သားပဲ ဖြစ်ပါတယ် ။ ပြောရမယ် ဆိုရင် ရပ်ကွက်ထဲမှာ ဦးဖိုးချမ်းတို့က အတန်အသင့် ပြေလည်တယ်လို့ ပြောရင်ရတယ် ။ တီဗီအပေါ်စက် ၊ အောက်စက် ၊ မီးပူ ၊ ပန်ကာ ၊ ပေါင်းအိုး ၊ စက်ဘီး အစရှိသဖြင့် နေနိုင်တယ် ။ နောက်ပြီး ဦးဖိုးချမ်းမိန်းမ ဒေါ်သိန်းမြ က နိုင်သလောက်လေး ရပ်ကွက်ထဲ နေ့ပြန်တိုး ပေးစားပါသေးတယ် ။ အဲဒီတော့ ရပ်ကွက်ထဲက ပုထုဇဉ် တော်တော်များများဟာ ဦးဖိုးချမ်းတို့ ဇနီးမောင်နှံနဲ့ သိပ်မကင်း နိုင်ကြရှာပါဘူးလို့ ပြောရင် မလွန်လောက်ဘူး ။

သူ့နာမည်က ကျော်လွင်ပါ ။ ဦးဖိုးချမ်းရဲ့ သား ၊ ဖိုးကောက် နဲ့ သက်တူရွယ်တူတွေပါပဲ ။ ဒါပေမဲ့ ကျော်လွင် လူသိများ နာမည်ကြီးပုံမျိုးက ဖိုးကောက်လို မဟုတ်ဘူး ။ ကျော်လွင်က သက်တူရွယ်တူကလေးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျရုံတင်မကဘူး ၊ လူကြီးတွေ ကိုလည်း မချေမငံ ဆက်ဆံတတ်သေးတာ ။ ဒီကြားထဲ လစ်ရင် လစ်သလို ကိုယ့်အိမ်က ပစ္စည်းရော ၊ သူများ အိမ်က ပစ္စည်းရော အပျောက် ရိုက်တတ်သေးတယ် ။ ရပ်ကွက် ကလည်း အော့နှလုံးနာစရာသတ္တဝါအဖြစ် ကျော်လွင့် ကို ရှုမြင်ထားကြပေမယ်လို့ ဦးဖိုးချမ်းနဲ့ ဒေါ်သိန်းမြတို့ မျက်နှာကြောင့် သူတို့ရဲ့ ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခြင်းငှာ မစွမ်းသာရှာကြဘူး ။ ကျော်လွင်မို့လို့ အိမ်တစ်အိမ်ထဲ လာပြီ ဆိုရင် အဲဒီ အိမ်ရှင်က ကျော်လွင့်ကို မျက်စိဒေါက်ထောက်ကြည့်ပေရော့ပဲ ။ ဒါတောင် တစ်ခါတလေ ကြည့်နေရင်းနဲ့ကို ပြန်ရောင်းရင်လည်း ဘာမှ ဟုတ်တိပတ်တိ မရနိုင်လောက်တဲ့ အတိုအစလေးတွေက ပါသွားတတ်သေးတယ် ။ အခုဆို ကျော်လွင်က သူ့ မိဘတွေ ကွယ်ရာမှာ ဆေးလိပ်တောင် ခိုးသောက်တတ်နေပြီ ။

ဒါကြောင့်မို့ သက်တူရွယ်တူ ကလေးရှိတဲ့ မိဘတွေက ကျော်လွင်နဲ့ မပေါင်းခိုင်းဘူး ။ မေးထူးခေါ်ပြော လောက်ပဲ အရောတဝင် နေစေတယ် ။ ရပ်ကွက်ထဲ နေတော့လည်း နိစ္စဓူဝ ဒီမျက်နှာတွေက မြင်နေရတာ မဟုတ်လား ။ ကျော်လွင် က အသက်တူ ၊ အရွယ်တူချင်း လာပေါင်းတော့လည်း မိဘတွေခမျာ ဘာမှ မတတ်နိုင်ရှာဘူး ။ ဒီလိုပဲ အပြုံးတုတွေ မျက်နှာမှာ တပ်ဆင်ပြီး မချစ်သော်လည်း အောင့်ကာ နမ်းနေကြရတယ် ။

အရပ်ထဲက လူတွေ ဖိုးကောက်ကို ချစ်ကြခင်ကြတာ သူ့ရဲ့ သူတစ်ပါးကို ကူညီချင်တဲ့ စိတ် တစ်ခုတည်းကြောင့် မဟုတ်ဘူး ။ ပြောရမယ်ဆိုရင် ဖိုးကောက်က လူကြီး ၊ လူကြီးမှန်း သိတယ် ။ စကားအပြောအဆို ယဉ်ကျေးတယ် ။ ဘုရား ၊ တရားလည်း သိတယ် ။ လမ်းသွားရင်းလာရင်း ဘုန်းကြီးအရိပ်များ နင်းမိရင် အဲဒီနေ့ သူ့ ကိုယ်သူ အပြစ်ဖို့လို့ကို မဆုံးတော့ဘူး ။ အဲဒီလိုမျိုး ဗီဇ ၊ စရိုက်ကောင်းလေးတွေကြောင့် ရပ်ကွက်က ဖိုးကောက် ကို ချစ်ကြတာ ။

သူတို့ ဖိုးကောက် ကို ပိုပြီး သဘောကျတာက ကိုယ့်အမေအရင်း မဟုတ်ဘဲ မွေးစားအမေ ဒေါ်တင်ထွေး ကို အမေ အရင်းလို သဘောထားပြီး အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင် ကျွေးမွေးပြုစုနေတာကိုပဲ ။ အခုအချိန်မှာ ဒေါ်တင်ထွေးက အသက် နည်းနည်းထောက်လာပြီ ဆိုတဲ့အခါ အကြော် မရောင်းနိုင်တော့ဘူး ။ ပန်းနာရင်ကျပ်ရောဂါကလည်း တစ်ချီတစ်ချီ ထထ ဖောက်သေးတယ် ။ အခုဆို အိပ်ရာထဲမှာ ပက်လက် ၊ ဖိုးကောက်ပဲ ပြုစုနေရတာ ။ ဒါကြောင့်မို့ ရပ်ကွက်ထဲမှာ ဖိုးကောက် က ရွယ်တူကလေးတွေ အတွက် အတုယူအားကျဖို့ စံနမူနာလူရည်ချွန် ဖြစ်လို့နေတယ် ။

တစ်ရက်သားမှာ ရေစည်လှည်း တွန်းလို့ရတဲ့ ငွေစ အချို့ကို ဖိုးကောက် လမ်းလျှောက်ရင်း ရေကြည့်လာတယ် ။ ဒီနေ့ သူ့မွေးစားအမေ ဒေါ်တင်ထွေး အတွက် ဆေးဝယ်ပေးရမယ် ။ ဆေးက ကုန်နေပြီ ။ အမှန် မနေ့ ကတည်းက ဝယ်ရမှာ ။ အဲဒီအချိန် ဗြုန်းဆို လေရဲ့ လျင် မြန်မှုနဲ့ အတူ ဖိုးကောက် လက်ထဲက ပိုက်ဆံကို တစ်စုံတစ်ယောက်က လုယူထွက်ပြေးသွားတယ် ။

ဖိုးကောက် တစ်ချက် မိုက်ခနဲ ဖြစ်သွားတယ် ။ လုယူ ထွက်ပြေး သွားတဲ့သူ ကို ကြည့်လိုက်တော့ ကျော်လွင် ၊ စိတ်ထဲမှာ ထောင်းခနဲ ဒေါသ ဖြစ်သွားရတယ် ။ ခုနေ ပြေးလိုက်လည်း မီမှာ မဟုတ်တော့ဘူး ။ သူ့ မိဘကို သွားပြော ရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူးဆိုတာ သိနေပေမယ့်လို့ ထူးလိုထူးငြား သွားပြောကြည့်လိုက်သေးတယ် ။ ဟိုက ဘာမှ လာမပြောနဲ့တဲ့ ။ သူတို့ တာဝန် မယူနိုင်ဘူးတဲ့ ။ မကျေနပ်လို့ရှိရင် ရဲစခန်း သွားတိုင်လိုက် တဲ့ ။ လမ်းတွေ့ သ,တ်ချင်လည်း သ,တ်ပစ်လိုက်တဲ့ ။ ပြီးရောပေါ့ ။ ဖိုးကောက် အတော်ကလေးကို ခံစားလိုက် ရရှာတယ် ။

ကံကွက်ကြားလို့ ရွာတဲ့ မိုးလိုနှယ် အကြောင်းအပေါင်း တိုက်ဆိုင်သွားတာလားတော့ဖြင့် ဘုရားရှင်မှပဲ သိလိမ့်မယ် ။ အဲဒီနေ့ ညမှာပဲ ဖိုးကောက်ရဲ့ မွေးစား မိခင်ကြီး ဒေါ်တင်ထွေး ပန်းနာရင်ကျပ်ရောဂါနဲ့ အမော ဖောက်ပြီး ကွယ်လွန်သွားရရှာတယ် ။ ယူကျုံးမရ ဖြစ်တာက ဖိုးကောက် ။ ဖိုးကောက်ကို ကရုဏာသက်ကြတာက ရပ်ကွက်သူ ၊ ရပ်ကွက်သားတွေ ။ ဟိုကောင် ကျော်လွင် ကိုတော့ ဘာပြော ကောင်းမလဲ ၊ ဝိုင်းပြီး မေတ္တာပို့ ကြတာပေါ့ ။

ဒေါ်တင်ထွေး ရက်လည်တဲ့ နေ့မှာပဲ ကျော်လွင် ကြမ္မာဆိုး ငင်ပါတော့တယ် ။ ဒါပေမဲ့ ခေတ်ကြီးကိုက ( ရှေးလူကြီးတွေ ပြောသလို ) လူယုတ်မာတွေ ကံကောင်းစေတဲ့ ခေတ်ဆိုတော့ အဲဒီ ကြမ္မာဆိုးကို ကျော်လွင် ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်ကျော်လွှားနိုင်ခဲ့ပါတယ် ။

ကျော်လွင် ငင်တဲ့ ကြမ္မာဆိုးက သူ့ကို မြွေဆိုးကိုက် ခံလိုက်ရတာပါပဲ ။ ဒါပေမဲ့ ငွေကြေး ချောင်လည်တဲ့ အသိုင်းအဝိုင်းကလည်း ဖြစ် ၊ ကျော်လွင်မို့ ကူညီရန် ဝန်လေးကြပေမယ့်လို့ မကင်းရာ မကင်းကြောင်းတွေက ရှိနေကြသေးလေတော့ ကိုယ့်တူကိုယ့်သား ဖြစ်သလိုမျိုး မတတ်သာ တတ်သာနဲ့ စေတနာအတု ရှေ့ထားပြီး ဝိုင်းကြဝန်းကြရတာပေါ့ ။ ကိုယ်စီကိုယ်စီ စိတ်ထဲကတော့ ဘယ်ပါလိမ့်မလဲ ။

အဲဒီလိုနဲ့ အများ ကောင်းမှုကြောင့် ဘေးမသီရန် မခဘဲ ကျော်လွင် ဆေးရုံကို အချိန်မီ ရောက်သွားပြီး ဆေးကုသမှု ခံယူနိုင်ခဲ့ပါတယ် ။ အခုဆိုရင် သူတို့ ကလေးတွေကို ကျော်လွင် အနိုင်ဆက် ကျင့်နိုင်ဖို့ရာ အဲဒီ ကလေးတွေရဲ့ မိဘများက ကျားသေ အသက်သွင်းသလိုမျိုး ကျော်လွင့် အသက်ဆက် ပေးလိုက်ကြပါပြီ ။

ရင်ထဲမှာ ဘယ်လို ခံစားချက်မျိုးပဲရှိရှိ ဘာကိုမှ အညှိုးအတေး အာဃာတ မထားတတ်တဲ့ ဖိုးကောက် ဟာ ကျော်လွင် ဆေးရုံတက် နေရတဲ့ နှစ်ရက်လုံးလုံး ကူညီစရာရှိတဲ့ ဝေယျာဝစ္စတွေကို ကူညီပြုလုပ်ပေးခဲ့လို့ တချို့ရဲ့ ကရုဏာဒေါသော ပြစ်တင်ဝေဖန်မှုများနဲ့ ရင်ဆိုင်လိုက်ရပါသေးတယ် ။

ဒါပေမဲ့ ဖိုးကောက် ကတော့ ဘယ်သူတွေ ဘယ်လို မှတ်ချက်ပေးပေး ၊ သူ မှန်တယ်ထင်ရာကို သူ့ဉာဏ်လေး ရှိသလောက် အတိုင်းအထွာလေးနဲ့ လုပ်တာပါပဲ ။ ပရဟိတ စိတ်ဓာတ်အပြည့်အဝ ရှိတဲ့ ဖိုးကောက်ပါ ။

ခုဆို ဖိုးကောက် က သူ့ မွေးစားမိခင်ကြီး ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်မှာ အလှူတစ်ခု ပြုလုပ်ဖို့ ငွေစုနေပါတယ် ။ တစ်နေ့တစ်နေ့ ရေစည်လှည်း တွန်းပြီး အိမ်ပြန်ရောက်တိုင်း စုထားတဲ့ ငွေတွေကို ထုတ်ထုတ်ပြီး ရေကြည့်ရတာလည်း အရသာတစ်မျိုးလို့ ဖိုးကောက် ထင်မှတ်နေပါတယ် ။

ဘာလိုလိုနဲ့ အလှူလုပ်ဖို့ ငွေစု လာလိုက်တာ သိပ်တောင် မလိုတော့ပါဘူး ... ဘုန်းကြီးငါးပါး ပင့်မယ် ၊ သင်္ကန်း ၊ ထီး ၊ ဖိနပ် ၊ ယပ် တစ်စုံလှူမယ် ။ ဘုန်းကြီးတစ်ပါးကို ဘုရား ၊ တရား ၊ သံဃာ ဆိုပြီး သုံးထောင်စီ လှူမယ် ။ နောက် မုန့်ဟင်းခါးဆွမ်းကျွေးမယ် ၊ စုစုပေါင်း တွက်ကြည့်လိုက်ရင် အကြမ်းဖျင်း ခုနစ်သောင်း ၊ ရှစ်သောင်းလောက်တော့ ကုန်မယ် ။ ကုန်ပလေ့စေ ။ ကိုယ့် ကျေးဇူးရှင် အတွက်ပဲလို့ ဖိုးကောက် ခံယူထားတယ် ။ အခု လက်ထဲ ငါးသောင်းကျော် ၊ ခြောက်သောင်းနီးနီး ဆိုတော့ နောက်ထပ် နှစ်သောင်း ၊ နှစ်သောင်းစွန်းစွန်းလောက် ရရင်ကိုပဲ ဒီအလှူကို ဖိုးကောက် လုပ်နိုင်ပြီပေါ့ ။

အလှူလုပ်ဖို့ ရက် နီးကပ်လာလေလေ ၊ ဖိုးကောက် လည်း ရေစည်းလှည်းကို အခေါက်ရေများများရအောင် ကြိုးစား တွန်းလေပါပဲ ။ အခုဆိုရင် မြို့သစ်တွေက စည်ကားလာပြီး ကားလမ်းတွေလည်း ချဲ့ထားလိုက်တဲ့ အခါကျတော့ သွားရေးလာရေး လွယ်ကူသွားပါတယ် ။

အဲဒီလို သွားရေးလာရေး လွယ်ကူသွားတဲ့ အတွက် ကြောင့် ဖိုးကောက် က ကိုယ့်ရပ်ကွက်ထဲတင် မဟုတ်ဘူး ၊ ကားလမ်း ကျော်ပြီး တခြား ရပ်ကွက်တွေ ထိအောင် သူ့ရဲ့ ဈေးကွက် အင်ပါယာကို ချဲ့ထွင်လာပါတယ် ။ ဒါ့အပြင် သောက်ရေသန့်ပို့တဲ့ လုပ်ငန်းကိုပါ တွဲပြီး လုပ်ကိုင်လာလိုက်ပါသေးတယ် ။

ကံကြမ္မာ နတ်ဆိုးတို့က ဖိုးကောက်တို့ သားအမိ အပေါ် အငြိုးအတေးများ ရှိနေရော့သလား မပြောတတ်ဘူး ။ အလှူလုပ်ဖို့ သုံးရက် အလိုမှာ ဖိုးကောက် သောက်ရေသန့်ပို့ရင်း ကားတိုက်ခံလိုက်ရပါတယ် ။

သွေးတွေနဲ့ လဲနေတဲ့ ဖိုးကောက်ကို ပထမတော့ အားလုံးက ကြောင်ပြီးကြည့်နေကြပါတယ် ။ ( တိုက်တဲ့ ကားက လူမဆန်စွာဘဲ မောင်းပြေး သွားပါပြီ ) နောက်မှ သတိဝင်လာကြကာ ဖိုးကောက် ကို ချစ်တဲ့ ရပ်ကွက်သူ ရပ်ကွက်သား တချို့က ကောက်ယူပွေ့ချီပြီး နီးစပ်ရာ ဆေးခန်းကို ပို့ပေးကြပါတယ် ။

သို့သော်လည်း ဆေးခန်း ရောက်တော့ ဆရာဝန်ဟာ ဒါဟာ ရဲအရေးပိုင်တဲ့ ကိစ္စ ၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကို သွားပါ ၊ သူ မကုပေးနိုင်ဘူး ပြောပြီး အတင်း နှင်လွှတ်လို့ ဖိုးကောက် ချစ်သူတွေ ဒေါသ သင့်ကြရပါသေးတယ် ။

ဖိုးကောက်ချစ်သူတွေ ဒေါသသင့် နေပေမယ့်လို့ သူတို့လည်း ကြားဖူးထားတာ ရှိတယ် ။ မတော်တဆမှု တစ်ခုခုကြောင့်ဖြစ်စေ ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့်ဖြစ်စေ သွေးထွက်သံယို ဖြစ်ရင် ဒါဟာ ရဲအရေးပိုင်တာပဲ ။ ခြေ ရာလက်ရာ ပျက်လို့ မရဘူး ။ ရဲဆေးစာ မပါဘဲနဲ့လည်း ဘယ်ဆေးခန်း ၊ ဆေးရုံကမှ မကုပေးရဲကြဘူး ။ အဲဒီလိုမျိုး ရပ်ကွက်သူ ရပ်ကွက်သားအပေါင်းတို့ခမျာ နားလည်ထားကြရရှာတယ် ။ သူတို့လည်း သူတို့ ချစ်တဲ့ ဖိုးကောက် မို့လို့သာ ကူညီနေကြရတာ အမှုပတ် မှာတော့ ကြောက်ကြလေရဲ့ ။

ဒီလိုနဲ့ ဖိုးကောက်ကို အရေးပေါ်ပို့ဖို့ ပြင်ရတယ် ။ အရေးထဲ ကားက တောင်း သလောက် ဈေးမငြင်းပါဘူးဆိုတာတောင် လွယ်လွယ်နဲ့ ငှားမရချင်ဘူး ။ နယ်မြေခံရဲ ကိုလည်း စောင့်မနေတော့ဘူး ၊ ဆေးရုံမှာ မှုခင်းရဲ ရှိတယ်ဆိုလို့ ကောက်ထွက်လာလိုက်ကြတယ် ။ ဆေးရုံကို ထွက်လာတဲ့အထိ ယာဉ်ထိန်းရဲရဲ့ အရိပ်အယောင် တစ်စွန်းတစ်စကို ဘယ်သူမှ မတွေ့ခဲ့ကြရပါဘူး ။

ကံဆိုးရှာပါတယ် ။ တကယ့်ကို ဖိုးကောက် ကံဆိုးရှာပါတယ် ။ ဆေးရုံကို အသွား လမ်းတစ်ဝက်မှာတင် ဖိုးကောက် ဇီဝိန်ချုပ်သွားရရှာပါပြီ ။ ဒါပေမဲ့ ဆေးရုံကိုတော့ရောက်အောင် ပို့ကြရသေးတာပေါ့ ။ ဆေးရုံရောက် လို့ အလောင်းကို ကြည့်ရှု စစ်ဆေးတဲ့ မှုခင်းဆရာဝန်ကြီး ပြောတဲ့ စကားကြောင့် ဖိုးကောက် ချစ်သူတွေ ယူကျုံးမရ ဖြစ်ကြရပါတယ် ။

မှုခင်းဆရာဝန်ကြီးက လူနာရရှိတဲ့ ဒဏ်ရာဟာ သေရလောက်တဲ့ ထိခိုက်မှုမျိုး မဟုတ်ဘူး ။ အခုဟာက သွေးထွက်လွန်ပြီး သွေးဖိအား သုညအထိ ရောက်သွားလို့ အသက်ဆုံးရှုံးရပါတယ်ဆိုတဲ့အခါ အားလုံး ဝမ်းနည်းကြေကွဲကြရုံမှတစ်ပါး ဘာမှ မတတ်နိုင်ကြတော့ပါဘူး ။

တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် ဖိုးကောက်ဟာ မသေသင့်ဘဲ သေသွားခဲ့ရတာပါ ။ ခေတ်စနစ်ရဲ့ မပြတ်သား ၊ မတိကျတဲ့ ပြဋ္ဌာန်းချက်တွေ အောက်မှာ ဖိုးကောက် အသက် စတေးခဲ့ရပါပြီ ။

ဆေးခန်းက ဆရာဝန်က ဘာကြောင့်များ ရဲအရေးပိုင်တဲ့ ကိစ္စမို့ သူ မကုပေးနိုင်ဘူးဆိုပြီး ငြင်းတာ သူ တကယ် အမှန်ပဲလား ။ သွေးထွက်သံယိုအမှုကို လူတွေက ဘာကြောင့် ကူညီဖို့ ဝန်လေး နေကြရတာလဲ ။ ရဲ ရောက်မလာမချင်း ဒီလူနာကို မထိရ ၊ မကိုင်ရ ၊ ခြေရာ လက်ရာ မပျက်ယွင်းရ ဆိုတာကရော အများထင်နေသလို တကယ် အမှန်ပါပဲလား ။ အမှန်တကယ်ပဲ ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် အများကတော့ အဲဒီပုံစံမျိုး အရိုးစွဲ နေခဲ့တာ ကြာလှပါပြီ ။ ဘယ်ကာလ အရွေ့တစ်ခုအထိ ကြာရှည်ဦးမယ် ဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး ။

ဒါဆိုရင် ဖိုးကောက် သေရတာဟာ ခေတ်ကြောင့် ၊ စနစ်ကြောင့်လား ၊ တိုက်သွားတဲ့ ကားဒရိုင်ဘာကြောင့်လား ၊ ဆေးကု မပေးရဲတဲ့ ဆေးခန်းက ဆရာဝန်ကြောင့်လား ၊ အချိန်မီ ရဲဆေးစာ မရရှိတဲ့ အတွက်ကြောင့်လား ၊ ကားလိုက်ငှားနေရတဲ့ အတွက် အချိန်တွေ ကြန့်ကြာ သွားတာကြောင့်လား ၊ ကားငှားလို့ ရတဲ့အခါ ဆေးရုံ ( အရေး ပေါ် ) ကို ခေါ်အသွား လမ်းမှာ မိလိုက်တဲ့ မီးပွိုင့် ၊ ပိတ်လိုက်တဲ့ ကားတွေကြောင့်လား ။ အဲဒီ လားပေါင်း မြောက်မြားစွာရဲ့အောက်မှာ ဖိုးကောက် ဘဝပြောင်း သွားရရှာပါပြီ ။

ဖိုးကောက်ရဲ့ မွေးစားအမေ ဒေါ်တင်ထွေး သေဆုံးရတာဟာ ဆေးဝယ်ဖို့ ပိုက်ဆံကို ကျော်လွင်က လုသွားတဲ့ အတွက် ဆေးမဝယ် ဖြစ်ခဲ့ရဘဲ ဆေးမမီလို့ ဆုံးရတယ်ဆိုပြီး အရပ်ထဲက ထင်ကြေး ပေးထားခဲ့တာပါ ။ အခု ဒီပုံအတိုင်းဆိုရင် ဖိုးကောက် သေဆုံးရတာဟာလည်း အချိန်မမီလို့ ဆုံးရတယ်ဆိုပြီး ယူဆရမလိုပါပဲ ။

ဒီလိုမျိုး ခေတ်တစ်ခေတ် ၊ စနစ်တစ်ခုရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို နောက်ထပ် ဘယ်သူတွေများ ခံကြရဦးမှာပါလဲလို့ ရပ်ကွက်ထဲမှာ ဒီမေးခွန်းက ရေပန်းစားနေပါတယ် ။

ဖိုးကောက်ကို ချစ်တဲ့သူတွေ ကတော့ ဖိုးကောက် မသေဘဲ ဟို လူ့ဗာလာနံ ကျော်လွင် သေရမှာလို့ ကျိန်ဆဲနေကြလေရဲ့ ။ သူတော်ကောင်းတွေ ကျတော့ သေမင်းက မြန်မြန်ခေါ်သွားတယ် ။ သူယုတ်မာတွေကျတော့ ကျန်လူကောင်းတွေကို နှိပ်စက်ဖို့ ချန်ထားခဲ့လေသလား ဆိုပြီး သံသယစိတ် များစွာနဲ့ ကျန်ရှိ နေကြကုန်သော သူယုတ်မာ အပေါင်းတို့ကို ရပ်ကွက်သူ ရပ်ကွက်သား အပေါင်းတို့က မေတ္တာပို့သလျက် ရှိနေပါတော့တယ် ။

☐ မြတ်ကိုကို ( ရုက္ခ )
📖စရဏ မဂ္ဂဇင်း
     ဧပြီ ၊ ၂၀၁၅

No comments:

Post a Comment