Tuesday, July 15, 2025

လားရာမဲ့ မြားများ


 

❝ လားရာမဲ့ မြားများ ❞
▢ အမရာ ( ဆေး - ၁ )

လေးမှ လွှတ်သော မြားတစ်စင်းသည် သူ၏ လားရာသို့ ဦးတည်၍ တစ်ဟုန်ထိုး လေကို ခွင်း၏ ။ ရိပ်ခနဲ ရိပ်ခနဲ အရှိန်ကဲစွာ ... ။ သို့ရာတွင် ...

မည်သို့ပင် မာန်ဟုန်ပြင်းစေ အရှိန်သေသော တစ်ချိန်ချိန်တွင် သူ၏ လားရာကား ... ။

••••• ••••• •••••

ခန်းမကျယ်ကြီး၏ ဘေးပတ်လည် နံရံ အမြင့်ပိုင်းများ၌ အလင်းရောင် ကောင်းစွာ ဝင်စေသော မှန်အကြည် များ တပ်ဆင်ထား၏ ။ နံရံအောက်ပိုင်း လူတစ်ရပ်ကျော် အမြင့် အထိမှာ အလုံပိတ် အုတ်နံရံများ ဖြစ်လေသည် ။ အခန်း ၏ အလျားလိုက် တစ်ဖက်တစ်ချက်စီတွင် လူသေအလောင်းကောင်များ တင်ထားရာ ကျောက်စားပွဲဖြူများ တန်းစီချထား၏ ။ ခန်းမကျယ်ကြီး၏ အမိုးမျက်နှာကြက်များမှာ အစွမ်းကုန် လည်ပတ်နေသော ပန်ကာကြီးများ ရှိသော်လည်း ဆေးစိမ်လူသေအလောင်းများမှ မွှန်းစူးစူး အနံ့များ၏ ဒဏ်ကို လက်ကိုင်ပဝါပါးလေး နှင့် လုံလောက်စွာ မကာကွယ်နိုင်ပေ ။

မြသီတာတို့ ဒုတိယနှစ် ဆေးကျောင်းသားများ စတင်၍ လက်တွေ့ လူသေခွဲစိတ်သောနေ့ မှတ်မှတ်ရရ ထိုမြင်ကွင်းများကား ယခုတိုင် မျက်စိထဲ မြင်ဆဲ ။

လူသေခွဲစိတ်ပုံ Anatomy အရ မည်သို့ လေ့လာရပုံများကို ဆရာများက အုပ်စုငယ်များ အလိုက် ပို့ချအပြီးမှာ ဆိုင်ရာ အုပ်စုအလိုက် လူသေများကို စတင် ခွဲစိတ်ကြချိန်မှာတော့ မြသီတာ သည် လူသေကြီးကို ခွဲနေရတာပါလား ဆိုသောစိတ် လုံးဝ မရှိတော့ပေ ။

အရေပြားနှင့် အဆီတစ်သျှူး အနည်းငယ် ခွဲချလိုက် အပြီးမှာ ပေါ်ထွက်လာသော ကြွက်သားများ ၏ အလွှာလိုက် တည်နေပုံ ၊ ဝေါဟာရများ ၊ Pectoralis Major , Pectoralis Minor ထိုမှ အဆင့်ဆင့် သွေးလွှတ်ကြောများ ၊ သွေးပြန်ကြောများ ၊ နာဗ်ကြောများ ၊ ပြန်ရည်ကြိတ်များဖြင့် မြသီတာ ၏ မှတ်ဉာဏ်များက နိုးကြွသွက်လက် နေခဲ့လေသည် ။

Jeamason Plates နှင့် Grant's Atlas စာအုပ်များထဲ ကြည့်တော့သာ ရောင်စုံခြယ်ထား၍ ကြွက်သားများ ၊ သွေးကြောများ ရှင်းနေသော်လည်း တကယ့် လူသေများမှာတော့ ဆေးစိမ်ထားပြီးမို့ အားလုံး တစ်ရောင်တည်း ဖြစ်နေကာ မှတ်သားရ ခက်ခဲလှသည် ။

စောစောက ဆေးနံ့နှင့် မသတီစရာ အနံ့များကြောင့် ကိုက်ခဲနေသော ခေါင်းတို့လည်း ကြည်လင်တက်ကြွစွာ ၊ လူသေ၏ အေးစက်မည်းချိတ်နေသော ရင်ဘတ်ပေါ်မှာ မြသီတာ ၏ လက်များ အလုပ်များနေပြီ ။

••••• ••••• •••••

မနက်ပိုင်း ဆိုလျှင် Lecture များ အသေအလဲ တက်ရသည် ။ အင်္ဂလိပ်လိုချည်း တောက်လျှောက် ပို့ချ သွားသည့် ဆရာကြီး ၊ ဆရာမကြီးများ ၏ သင်ခန်းစာများမှာ မြသီတာ တို့ စာအုပ်ထဲ၌ အပေါက်များ ၊ ကွက်လပ်များ ဖြစ်ကျန်ခဲ့သည်သာ များလေသည် ။ ထို ကွက်လပ်များကို နေ့လယ် ထမင်းစားချိန်မှာတောင် ထမင်း တစ်ဖက်က သွင်း ၊ တစ်ဖက်က စာကူး နှင့် အလုပ်များနေရမြဲ ဖြစ်ခဲ့၏ ။ နေ့လယ် တစ်နာရီထိုး အတိမှာ Dissecting များထဲ အပြေးဝင်ကာ ကျေးဇူးရှင် လူသေများနှင့် ခေါင်းမဖော်တမ်း အလုပ်များရလေသည် ။

ညနေ ကျောင်းဆင်းချိန်မှာတော့ ဖေဖေ လာကြိုသော ကားပေါ်မှာ မြသီတာ ငိုက်လေပြီ ။ အိမ်မှ မေမေ ထည့်ပေး လိုက်သော မုန့်များ ကို ကားပေါ်မှာ ငိုက်ရင်း စားသောက်မြဲလည်း ဖြစ်လေသည် ။

“ ဟော … သမီးပြန်လာပြီ ၊ ကဲ … ပေး လက်ထဲက ဂျူတီကုတ် ”

အိမ်ဝမှ အသင့်ဆီးကြိုသော အမေ့ လက်ထဲသို့ လူသေခွဲရင်း ဝတ်ခဲ့သော ဂျူတီကုတ်ကြီးကို လုံးထွေးထည့်ချိန်မှာတော့ အမေက နှာခေါင်းရှုံ့ကာ အော်ဟစ်လေသည် ။ မအော်ခံနိုင်ပါ့မလား ။ စူးခနဲ ထွက်လာသော ဖော်မလင်နံ့ ဒဏ်ကို မြသီတာ ယဉ်နေပေမယ့် အမေတို့ အဖို့ မသက်သာပေ ။

“ အမလေးဟဲ့ ... ညည်းဟာကြီး အနံ့ ငါ မခံနိုင်ဘူး ။ အို ... ဟဲ့ ... ဒါဘာတုံး ။ ဘာတွေ ထွက်ကျလာတာတုံး ”

ဂျူတီကုတ် ထဲမှ တဒေါက်ဒေါက် ထွက်ကျလာသော အရာများကို အမေ ကြည့်၍ ပြူးတူးပြဲတဲ ဖြစ်ပြန်သည် ။

“ ကြည့် ... အဲဒါ သမီး သူငယ်ချင်းတွေ စနောက်ပြီး အိတ်ထဲ ထည့်လိုက်တာ ။ အလောင်းထဲက သွားတွေပါ ။ ဒါတွေက အရေပြား လှီးဖြတ်ထားတဲ့ အစတွေပါ အမေရဲ့ ”

မြသီတာ ရယ်ရယ်မောမော ပြောသော်လည်း အမေက ဂျူတီကုတ်ကြီးကို ကြမ်းပေါ် ဆတ်ခနဲ လွှတ်ချရင်း ...

“ အမယ်လေး ... နိမိတ် မရှိ မင်္ဂလာမရှိ ။ လူသေ ဆီက ဟာတွေ ဘယ့်နှယ် အိမ်ထဲ ယူလာတာတုံး ။ သွားသွား ၊ ညည်းဟာတွေ ရေချိုးခန်းထဲ က ဇလုံထဲ ကိုယ်တိုင်သွားထည့် ။ ငါ ရေနွေးတည်ပြီး ပြုတ်ပစ်မယ် ”

ထိုမှ စ၍ ဂျူတီကုတ်လေး ခမျာ အမြဲတမ်း ဒက်တော စပ်ထားသော ရေနွေးအိုးထဲ သက်ဆင်းရမြဲ ဖြစ်တော့သည် ။

ထို့နောက်တော့ ညနေ ၆ နာရီဆိုလျှင် အခန်းထဲမှ မြသီတာ တရှူးရှူး အိပ်ပျော်သွားမြဲဖြစ်လေသည် ။ သူတကာ မိသားစုများ ဝိုင်းဖွဲ့ ညနေစာ စားချိန် ၊ စကား ပြောကြ ၊ တီဗွီကြည့်ကြ ၊ အပန်းဖြေကြချိန်မှာ မြသီတာ က အားလုံးနဲ့ ဝေးရာ တစ်ကမ္ဘာမှာ သီးသန့် အိပ်ပျော်နေမြဲ ဖြစ်ခဲ့လေသည် ။

မြသီတာ အတွက် ထမင်းပွဲ ဆိုတာ မရှိ ၊ သီချင်းသံများ မရှိ ၊ စကားသံများ မရှိ ၊ အဖော် မရှိ ၊ အပျော် မရှိ ။

လူခြေတိတ်ချိန် ညဉ့် ၁၀ နာရီကျော်ခန့် မှာတော့ မြသီတာ အတန်ငယ် လန်းဆန်းစွာ နိုးထလာခဲ့မြဲဖြစ်သည် ။ မြသီတာ နိုးနိုးချင်း လှမ်းပြုံးပြနေသယောင် လူ့ဦးခေါင်းခွံ တစ်ခုက စာကျက်စားပွဲပေါ်မှ ဆီးကြိုမြဲလည်း ဖြစ်ခဲ့လေသည် ။ မြသီတာ နှင့် ဆေးကျောင်း ဒုတိယနှစ်မှာ ပင်တိုင် စာကြည့်ဖော် ဖြစ်ခဲ့သည့် ထိုအရိုးများကို မြသီတာ က သူငယ်ချင်း တစ်ယောက်လို ချစ်ခင်အားကိုးခဲ့လေသည် ။ စိတ်လက်ရွှင်ပျချိန် မှာ အရိုးများကို ဖက်ဖက် နမ်းလေ့ရှိသည့် မြသီတာ ကို စိတ်ဖောက်ပြန် သွားပြီ ဟု ထင်ခဲ့ကြသေး၏ ။

ထို့နောက်တော့ မေမေ အိပ်ရာမဝင်မီ ပြင်ဆင်ပေး ထားခဲ့သော ထမင်းဝိုင်းကို တစ်ယောက်တည်း အေးစက်စွာ မျိုချရင်း ယနေ့ည စာဖတ်စရာများကို ခေါင်းထဲမှာ စီစဉ်ရလေသည် ။ ထမင်း စားပြီးချိန်မှစ၍ စာကြည့်လိုက်သည်မှာ မနက် ၂ နာရီ သံချောင်းခေါက်သံ ကြားသည့်တိုင် မအိပ်ချင်သေး ။ သို့သော် မနက် ကျောင်းသွားရန်ရှိသည်မို့ မနက် လင်းအားကြီး ၂ နာရီကျော်ခန့်မှာ မြသီတာ အိပ်ရာထဲ ဝင်ခဲ့မြဲဖြစ်လေသည် ။

ကျောင်းပိတ်မည့် နေ့များ မှာတော့ မနက်လင်းအားကြီး တိုင် ကျိန်းစပ်သော မျက်လုံးများကို အားတင်း ဖွင့်ခဲ့ မြဲပင် ။

သည်လိုနှင့် ဆေးကျောင်း ဒုတိယနှစ် တစ်နှစ်ခွဲလုံး အဏုကြည့် မှန်ပြောင်းများ ၊ ဆေးစိမ်အလောင်းများ ၊ တစ်သျှူးစများ ၊ အရိုးခွံများ ကြား မှာ မြသီတာ နစ်မြုပ်ခဲ့ လေသည် ။

သည်တုန်းကတော့ ဆေးရုံများမှာ လက်တွေ့ဆင်းနေရသော တတိယနှစ် ကျောင်းသားများကို အားကျရင်း သူတို့လည်ပင်းမှာ ခပ်ကြွားကြွား ဆွဲထားသော နားကြပ်လေးများကို အိပ်မက် ခဏခဏ မက်မဆုံးခဲ့ပေ ။

ဆေးရုံများရှိ လူနာများ ကြားထဲမှာ ဂျူတီကုတ် ဖြူဖြူလေးထဲ လက် နှိုက်ရင်း Wards တွေထဲ ဟိုဟို သည်သည် သွားလာခွင့်ရရန် မြသီတာ အစွမ်းကုန် ကြိုးစား နစ်မျောခဲ့လေသည် ။

မြား၏ လားရာကတော့ ခရီးအစမှာ ထင်ရှားဆဲ ။

••••• ••••• •••••

တတိယနှစ် ဆေးကျောင်းသူ ဘဝ ၊ အရှေ့ပိုင်း ဆေးရုံ ၏ ဆေးကုသဆောင် အတွင်း နံနက်စောစော အချိန် ။

ဆေးကုသခြင်းနှင့် ပတ်သက်၍ ဘာမျှ မသိသေး သော မြသီတာ တို့ သူငယ်ချင်း နှစ်ယောက်မှာ ယောင်လည်လည်နှင့် လူနာခုတင်များ ကြားမှ ဟိုကြည့် သည်ကြည့်နှင့် လူနာ အားလုံးမှာ ငြိမ်သက်စွာ မှိန်းနေကြဆဲ ။ အခန်းထောင့် တစ်နေရာမှာတော့ လူနာ ဘကြီး တစ်ယောက်မှာ ချောင်း တဟွပ်ဟွပ်ဆိုးနေလေသည် ။

“ ဘကြီး ဘာရောဂါ ဖြစ်တာလဲဟင် ”

လူနာက ခပ်ပိန်ပိန် ၊ အသားကမွဲမွဲ ၊ ဆင်းရဲပုံ လည်းရ၏ ။ ချောင်းကလည်း အဆက်မပြတ် တဟွပ်ဟွပ် ။

“ အဆုတ်ရောဂါတဲ့ကွယ် ”

သည်လောက် ချောင်းဆိုးနေမှတော့ အဆုတ် ရောဂါမှန်း သိတာပေါ့ ။ ဘယ်လို အဆုတ်ရောဂါလဲ ။ သင်ထားခဲ့သော စာအုပ်ကြီးထဲမှ ရောဂါ အကြီးအကျယ်များကို အပြေးအလွှား စဉ်းစား၏ ။ အသက် ဒီလောက်ကြီးပြီး ပိန်လည်း အလွန်ပိန်တော့ အဆုတ်ကင်ဆာ လား ၊ မောပန်းနေပုံလည်း ရတော့ အဆုတ်ကြောင့် နှလုံးပါ ထိသွားသည့် Corpulmonalae လား ။

လူနာ အနားကပ်ကာ စမ်းသပ်မည် ဟန်ပြင်ဆဲ ။

“ အို ... အဲဒီ Students တွေက Koch's lung အနား ဘာလို့ ဒီလောက် ကပ်နေသလဲ ။ ကူးကုန်မယ်နော် ။ အဲဒါ Active Cas ကြီး ”

ခပ်လှမ်းလှမ်းမှ မစ္စတာကြီး လှမ်းပြောမှ အလွန်ကူးစက်လွယ်သည့် အဆုတ်တီဘီရောဂါမှန်းသိကြကာ ခပ်မြန်မြန် နှာခေါင်းကို လက်နှင့် အုပ်လိုက်ကြရသည် ။ စာအုပ်ထဲမှ သင်ထားရသော ရောဂါများကိုတော့ စဉ်းစားမိပြီး မြန်မာပြည် မှာ အလွန် အဖြစ်များသော တီဘီ ရောဂါကိုတော့ ခေါင်းထဲ ဘာကြောင့် မထည့်ထားခဲ့မိသလဲ ။ အတွေ့အကြုံဆိုတာ ဒါပဲပေါ့ ။

အတန်းကြီး ဖြစ်ဟန် တူသူ အစ်ကိုကြီး တစ်ယောက်က မြသီတာ တို့ ယောင်လည်လည် ဖြစ်နေတာ သနား သွားသည်ထင့် ။ ငှက်ဖျားရောဂါသည် တစ်ဦးထံ ဘေလုံး သွားစမ်းရန် ညွှန်ပြလေသည် ။ မြသီတာ တို့ အားရ ဝမ်းသာ နှင့် ခုတင်နံပါတ် ‘ ၇ ’ ဆီ ချဉ်းကပ်ကြ၏ ။

လူနာက ခုတင်ပေါ်မှာ ပက်လက် ။ အသက် ၄ဝ ခန့် လူကြီးတစ်ယောက် ။ အင်္ကျီကို လည်ပင်းအထိ ပင့်တင်ထားသဖြင့် ရင်ဘတ်နှင့် ဝမ်းဗိုက် တစ်ပြင်လုံး ဟင်းလင်း ။ လူနာ၏ ဘေး မှာ အတန်းကြီး ဆေးကျောင်းသားနှစ်ယောက် ရပ်လျက် တစ်ယောက်က ကုန်း၍ လူနာ၏ ဝမ်းဗိုက် ဘယ်ဘက်ခြမ်း ကို ပယ်ပယ်နယ်နယ် နှိပ်ကာ စမ်းသပ် နေလေသည် ။ နှိပ်၍ စမ်းသပ်လိုက်တိုင်း လူနာ ခမျာ မျက်နှာရှုံ့မဲ့လျက် ။ အားရပါးရ နှိပ်နယ်ကြ ပြီးမှ ထွက်သွားကြတော့ လူနာက ကမန်းကတန်း လူးလဲထ၍ အင်္ကျီ ပြန်ဆွဲချ၏ ။

“ ခဏရှင် …. ခဏ ။ ကျွန်မတို့ ခဏ စမ်းပါရစေ ”

“ ဟာ .. ကျွန်တော် အိမ်သာ သွားချင်လာပြီ ။ ဗိုက်လည်း အနှိပ် ခံထားရတာ နာလှပြီ ” ဟု တစ်ချိုးတည်း လစ်လေတော့သည် ။

နောက်နေ့များမှာ ဆရာဝန်ကြီးများ က Bed Side ခေါ် ခုတင်ဘေး စာသင်ချိန်မှာ ညွှန်ပြသွားခဲ့သော လူနာများကို မှတ်ထားပြီး နံနက်စောစော သူများထက် ဦးအောင် လာ စမ်းရလေသည် ။ ဒါတောင် ရှောင်ပြေးကုန် သော လူနာများကြောင့် မြသီတာ တို့ စိတ်ဓာတ်ကျရမြဲ ဖြစ်လေသည် ။

လူသေတွေကို လှီးချင်တိုင်းလှီး ၊ ဖြတ်ချင်တိုင်း ဖြတ်ခဲ့ကြတုန်းက ဘယ်အလောင်းကမှ ရှောင်မပြေးနိုင်ပေ ။ သည် လူနာတွေကတော့ တစ်ခါ စမ်းသပ်ခွင့် ရမည့်အရေး မျက်နှာချို သွေးရတာ အမော ။ ဆေးထိုးခွင့်ရဖို့ ဆိုလျှင်တော့ မပြောနှင့်တော့ ။

အကြောဆေး ၊ အသားဆေးများ ထိုးခြင်း ၊ ဒရစ်သွင်းခြင်း ၊ သွေးသွင်းခြင်းများ လေ့ကျင့်ဖို့တော့ သွေးဖောက် တာဝန်ကျ ဆရာမများ ၊ အလုပ်သင်ဆရာဝန်များကို ကပ်ထားရလေသည် ။ သူတို့ နှင့် ရောယောင် လိုက် သွားကာ အမှတ်တမဲ့ ဝင်ဆေးထိုးလိုက် ၊ သွေးဖောက်လိုက် ။

ဆေးရုံဝါ့ဒ်တွေထဲမှာ လူတကာကို မျက်နှာချို သွေးရ ၊ အောက်ကျို့ရ ၊ ဆရာတွေ စာသင်နိုင်မည့် အချိန်ကို သေလုအောင် စောင့်ရ ၊ နေ့လယ် Lecture ချိန်များ အမီ လမ်းမတော် ဆေးကျောင်းသို့ ပြေးကြရ ။

စိတ်မော လူမော နှင့် မွန်းကျပ်မှုများ ၊ ဖိစီးမှုများကြားမှာ ပြားပြားဝပ် ရှင်းကြော့ကြော့လေး သွားလာနေကြသော လက်ထောက်ဆရာဝန်လေးများကို မြသီတာ အားကျငေးမောခဲ့ရလေသည် ။

ဪ .. ဆရာဝန် ဘဝများ မြန်မြန် ရောက်ချင်ပါဘိ ။

မြား ၏ လားရာကား အဆုံးမသတ်နိုင်သေး ။

••••• ••••• •••••

တတိယနှစ် ဆေးကျောင်းသူ ဘဝကို အလူးအလဲ ဖြတ်ကျော်ပြီးချိန်မှာတော့ မြသီတာ တို့ ထုံပေပေ ဖြစ်နေခဲ့ပြီ ။

ဆရာဝန် ဖြစ်ဖို့ နှစ်ဆင့်သာ ခုန်ရန် ကျန်တော့သည် ဆိုသည့် အသိနှင့် ပင့်သက်ချနိုင်ခဲ့သည့် နောက်ဆုံးနှစ် အပိုင်း ( က ) Pre - block posting ဟုခေါ်သည့် ပထမ နှစ်ဝက်ကတော့ အနည်းငယ် အေးဆေးခဲ့သယောင် ။

မနက် ဆေးရုံထဲမှာ ယောင်လည်လည်လုပ် ။ နေ့လယ်နားပြီး အမိ ဆေးကျောင်းတော်ကြီးမှာ နေ့ခင်း ပိုင်း Lecture များ ဆက်တက် ။

သည်အချိန် မှာတော့ ပျော်စရာလေးများ ၊ အသက်ရှူ စရာလေးများ စည်ကားဝေဖြာခဲ့ရသေးသည် ။ မနက်ပိုင်း တအောင့် လူနာများထဲ ခပ်တည်တည် စမ်းသပ်ကြ ၊ ဆရာ လုပ်ကြ ၊ ဆရာများ စာ မေးလျှင် မျက်နှာငယ်လေးများနှင့် ရွီးကြ ၊ ပါမောက္ခ ဆရာဝန်ကြီးများ တွေ့လျှင် ရှောင်ပြေးကြနှင့် ပျော်စရာကြီးပင် ။ ဝါဒ့်တွေထဲမှာ လူနာများကို ဆရာဝန်ပုံစံ ဖမ်း၍ စိတ်ရှိသလောက် စမ်းကြရာမှာလည်း မြသီတာ တို့ အချိုးကျခဲ့ပြီ ။ တစ်ခါတစ်ရံ လူနာများ က ဆရာဝန် မှတ်၍ လာ ခေါ်တာကိုတောင် ခပ်တည်တည် ဆရာဝန်ပုံစံ နှင့် အသာ မှိန်းတုတ်လိုက် သေး၏ ။

“ ဒေါက်တာ သည်မနက် ကျွန်မ သားလေးကို ဘာ ကျွေးရမလဲ ရှင့် ”

ခပ်နွမ်းနွမ်း ဟန်ပန် ရှိသော အဒေါ်ကြီးတစ်ယောက်က လူနာခုတင်ဘေးမှ ခပ်ကုပ်ကုပ်နှင့် မေးလာသဖြင့် မြသီတာ က လူနာကို တစ်ချက် လှမ်း အကဲခတ်ကာ ..

“ အဖျား ရှိသေးသလား ”

“ ခုမနက် အဖျားကျပြီ ဒေါက်တာ ”

လူနာပုံစံ ကြည့်ရသည်မှာ အတန်ကြာ အစာမဝင်၍ အားပြတ် ပိန်ချည့်နေသယောင် ။ အဖျားလည်း ကျပြီ ဆိုတော့ ...

“ ရပြီလေ ... ထမင်းပျော့ပျော့လေးချည်းပဲ ၊ ငါးပျော့ပျော့လေးနဲ့ နည်းနည်း ကျွေးပေါ့ ”

“ ဟုတ်ကဲ့ …. ဒေါက်တာ ။ ကျေးဇူးတင်ရှင့် ”

သို့ပေမယ့် ကိုယ် ရှီးလိုက်သည်ကို ကိုယ့် ဟာကိုယ် မလုံသဖြင့် လူနာခုတင် ခြေရင်းမှ chart ကို အသာလှန် ကြည့်လိုက်၏ ။ ဘုရားရေ ... Enteric Fever တဲ့ ။ တိုက်ဖွိုက် ခေါ် အူရောင်ငန်းဖျား ပါလား ။ ပြီးတော့ ဒီမနက် မှ အဖျား ကျစရှိသေး ။ အလို …. ဒါဆို ထမင်းကျွေးရင် အူနံရံ ပါးနေတာတွေ ပေါက်ကုန်တော့မယ် ။

“ ဒီမှာ အမေ နေဦး ။ ခုမှ အဖျားကျတာ ဘာလို့မပြောတာလဲ ။ ဒီနေ့ အဖျားကျ ၊ ဒီနေ့ ထမင်း မကျွေးရဘူးလေ ။ နောက် နှစ်ရက်လောက်မှ ဆန်ပြုတ်ကို ထမင်းစေ့ မပါအောင် ပြဲနေအောင် ပြုတ်ထားတာလေးပဲ ကျွေးဦးနော် ။ အူပေါက်လို့ ဒုက္ခရောက်နေဦးမယ် ”

ခပ်တည်တည် နှင့် ကိုယ့်အမှားကို သူ့အမှား လုပ်ကာ ဆရာ လုပ်ခဲ့တာတွေကလည်း ခဏခဏ ။ ‘ ကျွန်မ မသိဘူး ’ လို့ မဖြေချင်တာက အဓိကကိုး ။

မြသီတာ အသက်ရှူချောင်သည့် ကာလများမှာ အိမ်က အမေ တို့လည်း နားရွက်လှုပ်ခွင့် ရကြ၏ ။ အိမ်က ထမင်းစားပွဲဝိုင်းများ လည်း မြသီတာ ၏ စည်ဝေသော အသံ ကြားရ၍ ပျော်ကြလေသည် ။ တီဗီစက်များလည်း အားရဝမ်းသာ အစွမ်းကုန် သီဆို ကပြကြလေသည် ။ အတန်ကြာ နားနေရသော ကက်ဆက် ခမျာလည်း မြသီတာ နှိပ်စက်သမျှ မနေမနား အော်မြည်ရလေသည် ။

သားကြီး တစ်ယောက် ၊ သမီးငယ် တစ်ယောက်သာ ရှိသော အဖေ ၊ အမေ မှာ သားကြီးက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းဖြင့် ရှာကျွေးနေသော လူပျိုကြီး ဖြစ်သဖြင့် သမီး ငယ် မြသီတာ တစ်ယောက် အတွက်သာ အိမ်မှာ ကြောင့်ကြစိုက်စရာ ရှိပေသည် ။ မြသီတာ ကလည်း ရသမျှ အခွင့်အရေး အစွမ်းကုန်ယူ၍ ဆိုးနွဲ့သော်ငြား စာကြိုးစားသည့် ဘက်မှာတော့ တား၍ပင် ယူရလောက်အောင် လောဘကြီးလေသည် ။

“ သမီးရေ ၊ မေမေတို့ ကထိန်တစ်ခု သွားမလို့ လိုက်ခဲ့ပါကွယ် ”

“ ဟင် ... နက်ဖြန် Completion Test ရှိတယ် မေမေရ ။ သမီး မလိုက်ချင်ဘူး ”

“ ဟဲ့ ... ဟိုမှာ အမျိုးတွေ အကုန်စုံမှာ ။ ငါ့ အမျိုးတွေလည်း ညည်းကို မဖူးရတာ ကြာလို့ တစ်မေးတည်း မေး နေကြတာ ။ လာပါ သမီးရယ် ။ ခဏလေးပါ ။ စာချည်း ကုန်းကျက် မနေနဲ့ ၊ အပြင် မှာ ခြေညောင်း လက်ဆန့် လုပ်ဦး ”

“ အမလေး … မနက်တိုင်း ဆေးရုံ မှာ လှည့်ပတ် လိုက်ရတာ ထိုင်ချိန် မရှိလို့ ညောင်းလိုက်ရတဲ့ ခြေ ၊ ဆန့် လိုက်ရတဲ့ လက် ။ လွန်ပါရော မေမေရယ် ။ စာအေးအေး ကျက်ပါရစေနော် ”

အိမ် နှင့် ခဏတစ်ဖြုတ် ပွဲလမ်းသဘင်တော့ မသွား သော်ငြား မနက် ဆေးရုံမှ စောစောလစ်၍ ၁၁ နာရီ အမီ ရုပ်ရှင် သွားတာတို့ ၊ စားသောက်ဆိုင် သွားစားကြတာတို့ကတော့ မပြတ်ပေ ။

ထိုစဉ်က ကူးစက်ဆေးရုံ က အောင်ဆန်းကွင်း ကျောက်ဆေးရုံကွေ့ ဆိုသည့် နေရာမှာ ရှိခဲ့တော့ မြသီတာ တို့ ကူးစက်ဆေးရုံ ပို့စတင် ကျစဉ်မှာ ၁ဝ နာရီ ခွဲခန့် အမြန် လစ်၍ ရုပ်ရှင်ရုံများဆီ ကူးရာမှာ အလွန်အဆင်ပြေ ဟန်ကျခဲ့လေသည် ။

ပျော်စရာ နေ့ရက်များ မှာလည်း ရှေ့သို့ အဟုန်ပြင်း စွာ ပြေးနေသော မြား ၏ အရှိန် နှင့် လားရာသည် အနည်းငယ် မှ မလျော့ ။

••••• ••••• •••••

သည်လိုနှင့် နောက်ဆုံးနှစ် အပိုင်း ( ခ ) ရောက်လာ လေသည် ။ ဆေးကျောင်း နှစ်စဘဝများလိုတော့ ပင့်သက် မရှူမိတော့ ။ အများနှင့်ပဲလေ ။ ကျက်ဆို ကျက်ကြ ၊ ဖြေဆို ဖြေကြ ၊ လန့်ဆို လန့်ကြ ၊ ရယ်ဆို ရယ်ကြ ။ ကြာလေတော့လည်း မြသီတာ တို့ မထုံတက်တေး ဘဝ ရောက်ခဲ့ကြပြီ ။

ထိုသို့ ခပ်ပေပေ ဘဝ မှာပင် နောက်ဆုံးနှစ်၏ နေ့ ရက်များမှာ အလွန်တရာ ပင်ပန်းနွမ်းနယ်ခဲ့ကြလေသည် ။ စာကြည့်တိုက်များ ၊ ဆရာများ ထံ အခေါက်ခေါက် သွားကြလာကြ ၊ စံပြလူနာတို့ ဘယ်ဆေးရုံ ဘယ်အဆောင် မှာ ရှိရှိ တွေ့ ဖူး စမ်းသပ်ဖူးတယ် ရှိအောင် မြသီတာ တို့ လျှာ အလျားလိုက် ထွက် မတတ် ပြေးလွှားကြည့်ရလေသည် ။

ဆရာဝန် ဖြစ်ဖို့ နောက်ဆုံး အဆင့်ဆိုသည့် စိတ်နှင့် အားကို အဆမတန် တင်းထားခဲ့ရသည့် နေ့ရက်များကို မြသီတာ လုံးဝပင် ပြန်မတွေးချင်တော့ ။

လူ တစ်ယောက်၏ ဦးနှောက်ထဲမှာ သည်မျှများပြားလှသော အချက်အလက်များ ဘယ်နည်း ဘယ်ပုံ မှတ်သားထားနိုင်သလဲ ဆိုတာကိုပင် မြသီတာ အံ့သြချင်လာ၏ ။ အထူ တစ်တောင်မှ စသည့် ကြောက်မက်ဖွယ် ဆေးကျမ်းထူကြီးများ ပတ်လည် ဝိုင်းနေသည့် ဘဝတွင် မြသီတာ ၏ အိပ်ချိန် ၊ နိုးချိန်များမှာ စည်းခြား၍ မရတော့ ။

စာကျက် ရင်း လည်း အိပ်ပျော်လိုက် ၊ အိပ်ရာမှ နိုးလျှင်လည်း မျက်စိ ရှေ့မှ ဖွင့်လျက်သား စာတွေကို ဆက် ကျက်လိုက် ၊ ထမင်း စားချိန် အလေးအပေါ့ သွားချိန်များ ကိုတောင် အချိန်မပေးချင် ။

ကြည့်မယ် ။ အလိုရမ္မက် တစ်ခု အတွက် ပူလောင်လိုက်သည့် နေ့ရက်များ ။

လားရာ နှင့် နီးလာလေ မြား ၏ အဟုန် ကြီးလာလေ ၊ နောက်ဆုံးတော့ ခရီးပန်းတိုင် အပြီးတိုင်တော့မည် ။ ရှိသမျှ အားများ တင်းထား ။

အပြေးအလွှား မြား တစ်စင်း ။

ပန်းတိုင် ဆီ ရောက်လုပြီ ။

အပန်းဖြေစရာ နေ့ရက်များလည်း နီးနီးလာခဲ့ပြီ ။

မြား ကား ရိပ်ခနဲ ရိပ်ခနဲ ပြေးဆဲ ။

စာမေးပွဲ ဖြေမည့်ညမှာ ဘာမှ ဆက် မကျက်တော့ဟု ဆုံးဖြတ်ပြီး စာအုပ်များကို ခဏသာ လှန်၍ စာနွှေးမည်ဟု စာကြည့်စားပွဲမှာ ထိုင်သည် ။ တကယ့်ကတယ် စာအုပ် လှန်တော့ ပြန်ဖတ်စရာတွေ များနေခဲ့သည် ။

ကုလားထိုင်ပေါ်မှ ဇိမ် နှင့် နောက်မှီ စာကျက်နေ ရင်းမှ လူက နည်းနည်း မတ်လာသည် ။ နောက် ရှေ့ကိုင်းလာသည် ။ စာတစ်အုပ်မှ တစ်အုပ် လှန်ရှာတော့ လူက မတ်တတ် ရပ်ရင်း ဟို လှမ်းယူ ၊ ဒီ လှမ်းယူ နှင့် ဖင်က ကုလားထိုင်ပေါ်  ပြန်မရောက်တော့ ။

ခဏကြာတော့ စာအုပ်များကို ကြမ်းပေါ် ပစ်ချရင်း မြသီတာ ဝုန်းခနဲ စာအုပ် အလယ်ကြား ဝင် ခွထိုင်မိတော့သည် ။ ပထမတော့ မြသီတာ တင်ပလ္လင်ခွေ ထိုင်လျက် ၊ နောက်တော့ ငုတ်တုတ်လေး ထိုင်လျက် ။

ခဏ ဟု မြသီတာ စာကြည့်လိုက်သည်မှာ မှေးခနဲ ငိုက်သွားလိုက် ပြန် နိုးလိုက်ဖြင့် မနက် ၂ နာရီ ခေါက်သံ ကြားသည့်တိုင် ဖတ်စရာများက အပုံလိုက် ။ Daibetes mallitus ၏ Complications များကို ဖတ်ချိန်မှာတော့ မနီးဝေး ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံက ပေါ်ထွက်လာခဲ့ပြီး မနက် ၉ နာရီမှာ စာမေးပွဲ ဖြေရမှာ ။ အိမ်ရှေ့မှ မေမေ့ ခြေသံလည်း ကြားနေရလေပြီ ။

“ မေမေရေ … သမီး ခဏ အိပ်ဦးမယ် ။ မနက် ၇ နာရီ နှိုးပါနော် ”

“ ဟဲ့ ... အခုထိ မအိပ်ရသေးဘူးလား ။ နေဦး ၊ မေမေ စားစရာတစ်ခုခု လုပ်လိုက်ဦးမယ် ။ ညက လုပ်ပေးထားတဲ့ လက်ဖက်သုပ် ၊ လိမ္မော်သီးတွေလည်း ဒီအတိုင်း ပါပဲလား ။ ခေါက်ဆွဲပြုတ်လေး စားမလား ။ ဘာစားမလဲ ”

အိမ်ရှေ့မှ မေမေ ဗျစ်တောက်အသံများ မဆုံးမီ ခုတင်ပေါ် ခေါင်း နှင့် ကိုယ် တစ်ဝက် ဖြတ်လှဲကာ မြသီတာ အိပ်ပျော်ခဲ့လေသည် ။ စာမေးပွဲရက်များဆိုလျှင် မြသီတာ အကျင့်က မကောင်း ။ အစား သိပ်မဝင် ။ စာကြည့်ရင်း တဇွတ်ဇွတ် စားဝင်ခဲ့သည်များ ကတော့ သစ်တော်သီး ၊ လိမ္မော် ၊ ရှောက်ချို စသည်များသာ ဖြစ်ခဲ့ လေသည် ။

နံနက် ၇ နာရီမှာ မေမေ လာနှိုးတော့ ကျိန်းစပ်သော မျက်လုံးများလည်း သံပရာသီး ညှစ်ထည့်ရတာ ခဏ ခဏပင် ။ အိပ်ချင်သော မျက်ဝန်းများ က သံပရာရည်ဝင် သည် နှင့် လန့်ဖျပ်နိုးထကြ၏ ။ အား ... ပါး စပ် မှ စပ် ။ ကဲ ... ပွတ်ပစ် မျက်လုံးတွေ ၊ အို ... အရေးထဲ ရှူးရှူးက ပေါက်ပြန်ပြီ ။ ရှုပ်လိုက်တဲ့ အလုပ် ။ စာရွက် တချို့ သိမ်းကျုံး ဆွဲယူရင်း အိမ်သာဆီ ပြေးလေ့ ရှိလေသည် ။

စာကြည့်စားပွဲပေါ်မှာ လိမ္မော်သီးများ ကောက်ဝါး ၊ ရေတဝုန်းဝုန်း လောင်းချိုး ၊ ကျောက်ပြင်ပေါ်မှာ သနပ်ခါးကို အသင့် ယူပွတ် ၊ တွေ့တဲ့ အင်္ကျီ ကောက်ဝတ် ၊ မှန် မကြည့်အား ၊ ဆံပင်တို ကို လက်နှင့် သပ် ။ ပြီးမှ အရေးကြီးသည့် ဘုရား ကို ကျကျနန ရှိခိုး ။ ဖေဖေ နဲ့ မေမေ့ ကို ကန်တော့ ၊ နံနက် ၈ နာရီ ထိုးချိန်မှာတော့ ... ။

“ ကဲ ... သွားမယ် ... သွားမယ် ။ ဖေဖေ ကားမောင်းတာ နှေးတယ် ။ ကိုကြီး လိုက်ပို့ ”

“ ဟာ ... ငါ မအားဘူး ”

“ သားရယ် မင်း ဆိုင် ကို မေမေ ဖုန်း လှမ်းဆက်ပေးပါ့မယ် ။ ဒီ စာမေးပွဲရက်တွေ တော့ သည်းခံပါကွယ် ။ ပို့လိုက်ပါ ”

“ ဪ …. ဒုက္ခ ။ ကဲ ... တက်ဟာ ”

သည်လို ဆူဆူပူပူ အသံများကလည်း မြသီတာ စာမေးပွဲရက်များမှာ နေ့စဉ် ဝေဆာခဲ့ဆဲ ။

ဆေးပညာ ၊ ခွဲစိတ်ပညာ ၊ မီးယပ်သားဖွား ၊ ကလေး ဆေးပညာ စသည့် ဘာသာရပ် လေးခုလုံးမှာ ပြန်၍ပင် မတွေးချင်တော့ လောက်အောင် ပင်ပန်းခံ ခဲ့ရသော နေ့ရက်များပင် ။

ရေးဖြေများ ပြီးတော့ နှုတ်ဖြေများ အတွက် တစ်ယောက်တည်း စာမကြည့်နိုင်တော့ဘဲ မြသီတာ တို့ သူငယ်ချင်းများ အိမ် အလွတ် တစ်ခုမှာ စု၍ စာကျက်ခဲ့ရသေးသည် ။

“ ဟယ်တော့ ... ဆရာကြီးဦးဟန်သော် နဲ့ ဆရာ ဦးကိုကိုစိန်အတွဲ နဲ့ ဖြေရရင်တော့ မလွယ်ဘူး ”

“ ဆရာဦးကိုကိုစိန် က External examiner မဟုတ်လား ။ သေပေတော့ပဲ ။ ငါတို့ ဆရာတွေ ဘယ်လောက် ကယ်ကယ် မလွယ်ဘူးဟေ့ ”

“ အို … နင်က မဦးမချွတ် ။ ငါ ကြောက်ရတဲ့အထဲ ”

“ ဟဲ့ ... ဟို ပါမောက္ခ ဒေါ်စန်းရီက ရော သဘောကောင်းရဲ့လား ”

“ အေး ... နင် မမ များများ ခေါ်ပြီး အစွမ်းကုန် သွားဖြဲပြ ။ နင့် သဘောကျရင် အိုကေပဲ ”

“ အံမယ် … မထင်နဲ့ မယ်မင်းကြီးမ ။ မနှစ်က ငါ့ အစ်ကို သူငယ်ချင်း တစ်ယောက် သူ နဲ့ Long Case ဖြေတုန်းက မရအောင် လှည့်ပတ်မေးနေတာနဲ့ ကျရောတဲ့ ”

“ အို ... အဲဒါ နင့် အစ်ကို သူငယ်ချင်း ညံ့လို့ ဖြစ်မှာပါ ”

“ ဟဲ့ ... ဘာပဲဖြစ်ဖြစ် ဖြေခါနီးတော့ ဘုရားကို ကောင်းကောင်း ရှိခိုး ။ ကိုယ်ဖြေရမယ့် ဆရာရဲ့ မျက်နှာ ကို ရည်မှန်းပြီး မေတ္တာပို့ထားဖို့က အရေးကြီးတယ်"

“ ငါ တော့ Long Case ကို ဆရာဦးမောင်မောင်ဝင်း နဲ့ ဖြေရမှာ ။ Cardiac Case မကျပါစေနဲ့ ။ Cardiac များ ဖြေလို့ ကတော့ အဲ့ဒီ ဆရာနဲ့ ဆို သေပြီ ”

“ အမလေး … မနှဲလေး က ဆရာဦးဝင်းမြင့် ကမှ ပိုဆိုး တာ ။ ငါတို့ Internal ဆရာတွေ က ဘယ်လောက် ပြုံးပြုံး သူ က မျက်မှောင်ကြီး ကုတ်လို့ ။ သူ့မြင်တာနဲ့ တင် စာတွေ ဘယ်ရောက် သွားမှန်း မသိဘူး ”

“ ဟဲ့ ... သူက မျက်မှောင်ပဲ ကုတ်တာ ။ သိပ်မချဘူး ။ ဆရာကြီးဦးကိုဝင်း ကမှ ပြုံးပြုံးလေး နဲ့ စာမေးပွဲ ချပစ် တာ "

Viva နီးလေ မြသီတာ တို့ သူငယ်ချင်း တစ်သိုက်မှာ ဖြေရမယ့် စာများ ကို ပစ်လျက် ဆရာဝန်ကြီးများ၏ စနည်းကို နာခဲ့ရလေ ။ လူနာခုတင်ဘေး မှာ နဖူးတွေ့ ဒူးတွေ့ ဖြေရမည့် ဆရာဝန်ကြီးများ အကြောင်း နောကျေနေဖို့ကလည်း အရေးကြီးလေသည် ။

သည် စာမေးပွဲ ပြီးလျှင်တော့ ပြီးပြီ ။

မြသီတာ ဆရာဝန် ဖြစ်ချေပြီ ။

မြား ၏ အရှိန်လည်း လျော့လုလျော့ခင် ... ။

လားရာ ကလည်း ဆုံးလု ဆုံးခင် ။

••••• ••••• •••••

ဖြစ်ချေပြီ ။ ဒေါက်တာ မြသီတာ ။

အလုပ်သင်ဆရာဝန် တစ်နှစ်ဆင်းအပြီးမှာ ဆမ ( ဆရာဝန် မှတ်ပုံတင် အမှတ် ) ကတ်လေး ကိုင်ရချိန်မှာ ပင့်ထားသမျှ သက်ပြင်းတို့ ချခွင့်ရလေပြီဟု ထင်ဆဲ ။

“ ဒီနေ့ Case ရှစ်ခု တောင် ။ Hydrocele တစ်ခုပါတာ ကျွန်မ လုပ်လိုက်မယ်နော် ။ ဒီအပြင် Anturm လေးထဲကို Case သွင်းလိုက်ပါ ”

ခွဲခန်း ဝင်ရသည့် တစ်နေ့ မှာ မြသီတာ တစ်ခါမှ မလုပ်ခဲ့ဖူးသော ဘောကြီးရောဂါ တစ်ခုကို ခွဲမည်ဟု ပထမ လက်ထောက်ဆရာ့ဆီ ခွင့်တောင်းရင်း မြသီတာ လက်တို့ ဆေးလေသည် ။

ကျောက်ကပ်တွင်းမှ ကျောက်တို့ကို ဂရုတစိုက် ခွဲထုတ်နေသော ဆရာကြီးနှင့် မျက်နှာချင်းဆိုင် ကူနေသော ပထမ လက်ထောက် ဆရာဝန် လုပ်သူ က Suction Machine ဖြင့် သွေးတို့ကို ဖယ်ရှားဆဲမှ .. ။

“ နေဦး ... နေဦး မြသီတာ ။ အဲဒီ Hydrocele က အင်မတန် ကောင်းလို့ M.Sc Student တွေ အတွက် ချန်ထားလိုက်ပါ ။ Anturm မှာ Injection Absces တစ်ယောက် ခေါ်လုပ်လိုက်ပေါ့ ”

ဆေးကြောဆဲ မြသီတာ လက် တို့ တွန့်သွားသည် ။ ခွဲစိတ်ဘွဲ့လွန်ကျောင်းသားများအတွက် ထားရမည်တဲ့ ။ မြသီတာ တို့ လို ရိုးရိုး ဆရာဝန်များရှေ့မှာ အခွင့်ထူးခံ ဘွဲ့လွန် သင်တန်းသားများစွာ ရှိနေခဲ့လေသည် ။ ပညာရမည့် ကိစ္စမျိုးဆိုလျှင် ဘွဲ့လွန် သင်တန်းသားများနှင့်သာ ပြီးသွားလေ့ရှိ၏ ။ မည်သူမှ မလုပ်ချင်သည့် ကူးစက်ရောဂါများ ၊ ပြည်ပုပ်သွေးပုပ်များ အလွယ်တကူ ခဏခဏ လုပ်နေရသည့် ကိစ္စများ ကတော့ မြသီတာ တို့လို ဆရာဝန်ငယ်လေးများ အတွက် တစ်ပုံတစ်ပင် ကျန်ဆဲ ။

လူနာဆောင်များ ရောက်တော့ရော ထို အတိုင်းပင် ။ မြသီတာ လုပ်သမျှ အကောင်း မထင် ။ လူနာ တစ်ခုခု ဖြစ်ပြီဆိုလျှင် ...

“ P.G တွေ ကြည့်ထားတုန်းက ဒီ Case ကောင်းသားပဲ ။ အခုမှ ဘာဖြစ်တာလဲ ။ ဒီ Drip က ဘယ်သူ ပေးထားတာလဲ ။ Fluid and Electrl တွေ Balance လုပ်ထားတာ ပျက်ကုန်မယ် ”

မနက်တိုင်း ဆရာကြီးများ Roundလှည့်ချိန်မှာ P.G တွေဆိုသည့် အသံများက ဆရာဝန်အုပ်စု တစ်ခုလုံး ထဲမှာ လွှမ်းနေခဲ့လေသည် ။ Post Graduate ကျောင်းသား ၊ ကျောင်းသူများကို သင်ကြားပို့ချပေးနေကြသည့် ဆရာကြီး ၊ ဆရာမကြီးများ အသံက မြသီတာ တို့နှင့် မဆိုင်သယောင် ။ Sister များ ၊ Nurse များက အစ ဆရာကြီးများ ရှင်းလင်း သင်ကြားဆဲမှာ ခိုင်းလေ့ရှိ၏ ။

“ မနေ့က Bed2 က Patient ကို Ulterasound ရိုက်ခိုင်းထားဘာ ဘယ်သူမှ form မရေးရသေးဘူး ။ ဒေါ်မြသီတာ ခုနေ ခဏသွားရေးပေးပါ ။ Round ပြီးတဲ့ အထိ form မရသေးရင် F.A ဆဲလိမ့်မယ် ။ သူ လက်မှတ် ထိုးပေးပြီးသား form တွေ စားပွဲပေါ်မှာ ”

“ ဟိုဘက်က Patient က ဒီနေ့ D.C ပေးလိုက်တာ အမြန်သွားရေးထားနော် ။ House တွေ မလွှဲနဲ့ ။ မနက် ၉ နာရီထိုးမှာ အပြီး ဆင်းချင်သတဲ့ ။ သူက Prof ရဲ့ Case ”

“ ညက သွေးအန်တဲ့ Cirhosis လူနာအတွက် Blood Urgent တဲ့ ။ မြသီတာ အမြန်ရေးပေးပါဦး ။ အလုပ်သမား ရောက်နေပြီ ”

အစရှိသည့် ဘာမှ တိုးတက်မှုမရှိသော ၊ ဘာမှ ပြောင်းလဲမှု မရှိသော အသေးအဖွဲ ကိစ္စများနှင့်သာ မြသီတာ အမြဲ အလုပ်ရှုပ်နေလေ ရှိလေသည် ။ ဒီထက် ဆိုးသည်က လူအများကြားမှာ P.G တွေနှင့် ယှဉ်ပြောကာ မသိမသာ နှိမ့်ချခံရခြင်းပင် ။

ဆေးခန်း ထိုင်တော့လည်း တချို့ လူနာများက ...

“ ဒေါက်တာ ဘာအထူးကုလဲဟင်"

“ သူ ဖြစ်နေတာTB ဆိုတော့ အဆုတ်အထူးကု ဆရာဝန်ကြီးဆီ သွားဖို့ လိုရင် လွှဲပေးပါနော် ဒေါက်တာ ”

“ အသည်းရောင်တာ သေချာရင် Ulterasound ရိုက်ရမယ့်အတူတူ အသည်းအထူးကု သမားတော်ဆီ ရောက်မှ လိုတာ ဆက်စစ်မယ်လေ ”

“ ကျွန်မ အစာအိမ်ရောင်တယ် ဆိုလို့ အနား က အစာအိမ် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးနဲ့ ပြထားဖူးပါတယ် ”

စသည့် အထူးကု ၊ အထူးကု ဆိုသည့် အသံများက မြသီတာ ဆေးခန်းလေး အတွင်းမှာ မကြားချင်အဆုံး လွှမ်းမိုး နေခဲ့လေသည် ။

မြသီတာ ဆက်လက် ပြေးလွှားဖို့ အားတင်းရလေပြီ ။

ပြေးလွှားတဲ့ မြားကလေး မှာ အရှိန်အဟုန်တွေ မဆုံးနိုင်သေး …. ။

••••• ••••• •••••

ဘွဲ့လွန်သင်တန်း တက်ခွင့်ရဖို့ အသည်းအသန် ကြိုးစားချိန် မှာလည်း စိတ်ဓာတ်တို့က ကျလိုက် ၊ တက်လိုက် ။ ဟိုအောက်ထိ ကျသွားသည့် စိတ်ဓာတ်တို့ကို အစွမ်းကုန် ပြန် ဆွဲတင်ရင်း စာအုပ်များ အလယ် မှာ မောခဲ့သည့်ရက်များ ။

ဆေးကျောင်းသူ ဘဝမှာ စာထိုင်ကျက်နေရုံဖြင့် ဘာ အပူအပင်မှ မရှိခဲ့ပေ ။ ဆေးရုံ မှာ ဆရာတွေ သင်တာ မှတ် ၊ ကျောင်းမှာ စာသင်ခန်းထဲမှတ် ။ အိမ်ပြန် စာကြည့် ဒါနှင့်ပင် ပြီးခဲ့သည် ။ အခုများဖြင့် ဝင်ခွင့်ဖြေဖို့ နီးလာလေ ဆေးရုံမှာ ဂျူတီ ကျသော ရက်များက များလာလေ ။ ဆေးရုံဂျူတီရက်များမှာ တစ်နေ့တာလုံး နေ ၊ တစ်ညတာလုံး မအိပ်ရတာ နဲ့ မပြီးဘဲ နောက်တစ်နေ့ ခွဲခန်း ပြီးမှ ၊ ဆရာများ Round လှည့်ပြီးမှ ပြန်ရတာ များလေသည် ။

ဂျူတီ ဆင်းပြီး နောက်နေ့များမှာ လူလည်း ခြေကုန် လက်ပမ်းကျ ၊ ပြန်အိပ်၍ လည်း မဝဘဲ စာကျက်ဖို့ ဝေးစွ နေလို့ပင် မကောင်းလှပေ ။

သို့ငြား မြသီတာ အိမ် အခြေအနေနှင့် အိမ်ထောင် မရှိသူ ဖြစ်နေသည်က တော်သေးပေသည် ။ မြသီတာ၏ တချို့ သူငယ်ချင်းများမှာ စုံတွဲ ကိုယ်စီ ၊ ကလေးကိုယ်စီ ၊ အိမ်မှုကိစ္စကိုယ်စီ ၊ ဆေးခန်းကိုယ်စီ နဲ့ လုံးဝ မအားကြပေ ။ မြသီတာ က အိမ်က လိုသမျှ ငွေရေးကြေးရေး လူအင်အား ဘာမျှ မပူရ ။ အိမ်ထောင်ရှင်များ မှာတော့ ဆေးခန်းဖွင့် ပိုက်ဆံရှာရတာက အချိန်များစွာ လျော့နည်းသွားစေခဲ့သည် ။

မြသီတာ ဘွဲ့လွန်ဝင်ခွင့် အတွက် ဖတ်လိုသော ဆေးစာအုပ်များ၏ တန်ဖိုး ။ တန်ဖိုးမှာလည်း နည်းနည်းနောနော မဟုတ်ခဲ့ပေ ။ ဖေဖေတို့ဆီမှ မသိမသာ ၊ ကိုကြီးဆီမှ သိသိသာသာ လှည့်ပတ် တောင်းရတာလည်း အားနာလှပေပြီ ။ ဆရာဝန်ဘွဲ့ ရပြီး မိန်းမ တစ်ယောက် အနေနှင့် နည်းနည်းတော့ ရှက်စရာ ကောင်းခဲ့သည် အမှန် ။

“ ကိုကြီး ငွေနည်းနည်းလောက် ”

သူ့ ဆိုင်စာရင်းများ စစ်ဆေးနေရာမှ ကိုကြီးက မော့ကြည့်လေသည် ။

“ နင့် နည်းနည်းလောက် ကို ငါ ကြောက်ပါတယ် မိသီတာ ”

မြသီတာ ဖတ်လက်စစာအုပ်ကို အသာပိတ်၍ ကိုကြီး စားပွဲဆီ ထလာပြီး ကုလားထိုင် နောက်မှ ကိုကြီး ပခုံးကို လက်လျှို ဖက်ရင်း ...

“ ကိုကြီး တစ်နေ့စာ အမြတ်လောက်ပါကွာနော် ”

မြသီတာ ရဲ့ ချွဲပျစ်ပျစ် အသံ ကြားတော့ အမေက အိမ်ထဲမှ ရယ်လေသည် ။

“ ဟဲ့ ... နင့် ညီမမှာ ရှာကျွေးမယ့် သူ မရှိသေးတော့ နင် ပေးရ သက်သာအောင် ယောက်ဖ တစ်ယောက် လောက် ရှာခဲ့စမ်း သားရယ် ”

ကိုကြီး က နှိပ်လက်စ Calculater မှ မျက်လုံး များခွာရင်း ...

“ အမယ်လေး ... မေမေ့ သမီးလို လင်မျက်နှာ မကြည့်ဘဲ စာအုပ်မျက်နှာချည်း ကြည့်နေပုံမျိုးနဲ့တော့ ဘယ် ငနဲသားမှ အနားကပ်မှာ မဟုတ်ပေါင် ”

“ ကြည့် …. ကိုကြီး နော် ။ သီတာ တို့က မယူချင်လို့  ကြည့်နေတာ ကြာပြီ ။ ခါခါချရလွန်းလို့ ”

“ ဘာလဲ ဖုန်တွေလား ၊ သဲတွေလား ”

“ ကိုကြီးနော် အဲဒါပဲ စ နေ ။ သွား .. ပိုက်ဆံလေး တစ်ခါ တောင်းရတာ အောက်ကျလိုက်တာ ။ သီတာ အထူးကုဆရာဝန်ကြီး ဖြစ်ရင် ကိုကြီးပိုက်ဆံ ပြန်ဆပ်မှာပါ ”

“ အမယ်လေးဗျာ ၊ အထူးကု ဆရာဝန်မကြီး ဖြစ်အောင် အထူး ကုန်ထားရတာတွေ အထူးပဲ လန့်ပါပြီဗျာ ”

ရူးသလို ပေါသလို နှင့် ပြောသမျှ ကို မချိသွားဖြဲ လုပ်ကာ မျက်နှာပြောင်တိုက်၍ ရသမျှ တောင်းယူရသော အချိန်ကာလများလည်း မနည်းလှပေ ။ ရင်းနှီးခဲ့ရသော ငွေအား ၊ လူအား ၊ အချိန်အား ၊ စွန့်လွှတ်ခဲ့ရသော လွတ်လပ်မှုများ ၊ အခွင့်အရေးများ ၊ မသိချင်ယောင် ဆောင်ခဲ့ရသော ဘဝလက်တွဲဖော်များ ။ ဘာကို သေချာ၍ ဘာတွေ ကို စွန့်ပစ်ခဲ့ရသလဲ ။

မြသီတာ ပြန်မတွေးချင် ။

လျှောက်မိမှတော့ ဆုံးခန်းတိုင်ရပေမည် ။

သည်ခရီးမှာ နားခိုရာ ဆုံးမှတ်ရော ရှိရဲ့လား ။

မြား ကား အရှိန်တို့ မြှင့်ဆဲ ။

••••• ••••• •••••

ကဲ ... ဖြစ်ပါပြီ ။ ဘွဲ့လွန်ကျောင်းသူ ဒေါက်တာ မြသီတာ ။

P.G အခေါ်ခံ ဆရာဝန်တစ်ယောက် ။

ပြောမယုံ ကြုံဖူးမှသိ ဆိုသည့် စကားကို မြသီတာ ရေရေလည်လည် နားလည်ခဲ့ပေပြီ ။ ရိုးရိုး ဆရာဝန်ဘဝတုန်းက သူတကာ ခိုင်းသမျှ ကြုံး လုပ်ရသော်လည်း အဆူအဆဲ ခံရရုံမှ လွဲ၍ တာဝန်မကြီးခဲ့ ။ ခုတော့ နည်းနည်း မလွတ်လိုက်နှင့် ။ PG ဖြစ်ပြီး အသုံးမကျဘူး ဒါလေးတောင် ဆိုသော မျက်နှာပေးများက စိတ်ဓာတ်ကို အဝီစိ အထိ ကျသွားစေခဲ့တာ ခဏ ခဏ ။ ဘယ့်နှယ့် မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ဆိုတာ ရှိသားနဲ့ ။ အနည်းငယ်သော အပြစ်တို့ကား မြသီတာ တို့ ဆီမှာ ရှာတွေ့သည် နှင့် အကြီးအကျယ်တွေ ဖြစ်ကုန်ခဲ့သည် ။ ဆရာကြီးများ ကလည်း ပွက်လောရိုက်အောင် ကြိမ်းမောင်းတာ တစ်မျိုး ၊ မခံချိမခံသာ ဖြစ်ကျန်အောင် ပညာရှိ ခနိုးခနဲ့ လုပ်သွားတာက တစ်ဖုံ အမျိုးစုံအောင် နှိပ်စက်တတ်လွန်းကြလေသည် ။

တတ်စေလွန်း၍ ဆန်ရင်း နာနာ ထောင်းတာ ။ စေတနာတွေပဲဟု စိတ်ထဲ အတင်း ဖြေရသော်ငြား ဤစေတနာမျိုးကို ကွန်ပျူတာထဲ ထည့်၍ စစ်ဆေးချင်စိတ်များ ခဏခဏ ပေါ်ခဲ့လေသည် ။

လူနာများဘေး Round လှည့်ချိန် မှာ Part II ဆေး ကျောင်းသား အုပ်စုနှင့် ယှဉ်တွဲကာ စာမေးခံရတိုင်း မြသီတာ တို့ အသက်ရှူ မဝချင် ။ စာများ ရှင်းလင်းပြရင်း မြသီတာ တို့ထံ စာမေး၍ ခဏ ဆွံ့အ အချိန်မှာ ဆေး ကျောင်းသား စာဂျပိုး တချို့က ဦးအောင် လုဖြေလျှင်တော့ မြသီတာ တို့ မျက်နှာများ နီရဲရှုံ့ မဲ့ရတာ ခဏခဏပင် ။

M.Sc ကျောင်းသူဘဝမှာ စာကျက်ရသည့် ဒဏ်က သိပ် မဆန်းခဲ့တော့ သော်လည်း Stress , Tension ခေါ်သည့် စိတ်ဖိစီးမှု ၊ စိတ်တင်းကျပ်မှု ၊ စိတ်ထွက်ပေါက်မဲ့များ က ဘက်စုံထောင်စုံမှ ထိုးနှက်ခဲ့တာ ဘယ်လိုမှ မမေ့နိုင် ။

အဟုန်ပြင်းသော မြား ကို တုံ့ခနဲ ဖြစ်အောင် ဖြတ်ရိုက်ခဲ့သော အဆီးအတား ပေါင်းစုံ ကို အားခဲကျော်လွှား ပြီးချိန်လမှာတော့ ဒေါက်တာမြသီတာ ဟာ အထူးကု ဟု ဆိုနိုင်ရုံလေး သာ အကျုံးဝင်သော M.Sc ဘွဲ့ကိုပင် ပိုင်ဆိုင်နိုင်ခဲ့ပြီ ။

သို့သော် ဤဘွဲ့ သည် မောသမျှ လက်ကုန်ချ အပန်းဖြေစရာ မဟုတ်ခဲ့ ။

အထူးကု ဆိုနိုင်ရုံလေး ဟု သိလာခဲ့သည်မှာ တခြား မဟုတ် ။ တော်ဝင်ဘွဲ့များ ပိုင်ရှင် အထူးတကာ့ အထူးကု သမားတော်ကြီးများက မြသီတာတို့ ရှေ့မှာ တစ်ပုံတစ်ပင် ရှိနေခဲ့သည်ပင် ။

ဤခရီး နီးသလား ဟု ဆရာချစ်စံဝင်းက သုတေသန ပြုခဲ့၏ ။

နီးသည် ၊ ဝေးသည်ကား မိမိ အပေါ် မှာပင် မူတည် လေသည် ။

ဤခရီးမှာ ဤမျှနှင့် ထိုင်ချပစ်လိုက်မလား နီး၏ ။

ဆက် လျှောက်သွားမလား ။ လျှောက်နိုင်သမျှ လျှောက်လေ ဝေးလေ ။

မြား ၏ လားရာ ကား အဆုံးမဲ့ ။

အနှစ်မဲ့ မဖြစ်အောင်တော့ မြသီတာ ကြိုးစားရဦးမည် ။

အရှိန်အဟုန် ကျလုကျခင် မြားလေး ကား နားခွင့် မရသေး ။

••••• ••••• •••••

M.R.C.P အပိုင်း ( က ) စာမေးပွဲများအတွက် ပြင် ဆင်ချိန်မှာတော့ မြသီတာ အနည်းငယ် တည်ငြိမ်ခဲ့ပေပြီ ။

ဖြတ်သန်း ခဲ့ရသော အတွေ့အကြုံများကလည်း ထူခဲ့ပြီ ။ လိုချင် ရမ္မက်များ နောက် လိုက်ရင်း ပူလောင် ပြင်းပြခဲ့ရတာတွေကို လည်း သမင်လည်ပြန် ကြည့်တတ်ခဲ့ပြီ ။

ဒီလို အချိန်မှာမှ ဆရာကြီးနှင့် တွေ့ ခဲ့ခြင်း ဖြစ်လေသည် ။ ထိုနေ့ မနက်စောစော ရုံးပိတ်ရက် မနက် နှင့် ည ဂျူတီ ထွက်ချိန် တိုက်ဆိုင်နေ၍ အိမ်သို့ မြသီတာ လမ်းလျှောက် ပြန်လာခဲ့သည် ။

ဆေးရုံအတွင်းမှာ ဝအောင် မရှူခဲ့ရသော ပြင်ပလေထု လတ်လတ်ဆတ်ဆတ်ကြီးကို အဆုတ် အတွင်းဆုံး လေအိတ်ငယ်များ ပြန့်ကားသွားအောင် ရှူသွင်း လိုက် ၊ ကာဗွန်များဖြင့် ညစ်ထေးသွားသော အဆုတ်တွင်းမှ လေများကို အဆုံးတိုင် ပြန်ရှူထုတ်လိုက် ။ အို …. သဘာဝက ပေးထားတဲ့ လက်ဆောင်တွေကို ကျောခိုင်းပြီး မြသီတာ တို့ မသေချာမှုများ ၊ အဆုံးမဲ့ တပ်မက်မှုများ နောက်ကို ပြေးလွှား လိုက်နေခဲ့ကြတာ ။

ဘာကို ဆုပ်ဖမ်းဖို့ ကြိုးစားနေခဲ့ပါလိမ့် ။

မြသီတာ စိတ်တို့ ဝေဝါး နောက်ကျိဆဲမှာ ခပ်ဝေးဝေးမှာ သဏ္ဌာန် တစ်ခုက ထင်ရှား ပီပြင်လာခဲ့လေသည် ။ ခပ်မှန်မှန်နှင့် မြဲမြံသော ခြေလှမ်းများကို မြသီတာ ရင်းနှီးခဲ့သည်မှာ ကြာပြီပဲ ။ တောင့်တင်းခိုင်မာဆဲ ဆရာကြီး၏ ကိုယ်ဟန်က နှစ်အတော် ကြာခဲ့သည့်တိုင် မပြောင်းလဲသေး ။ မြသီတာတို့ တတိယနှစ် ဆေးကျောင်းသူ ဘဝမှစ၍ နောက်ဆုံးနှစ်တိုင် ဆေးရုံများ မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော ပါမောက္ခကြီးများ ။ နိုင်ငံပေါင်းစုံမှ ရသမျှ ဘွဲ့များ ထပ်ခါထပ်ခါ ယူခဲ့ရုံမက နိုင်ငံခြား တော်ဝင်ဆေး စာမေးပွဲများ စစ်ချိန်မှာတောင် သွားရောက် စစ်ဆေးပေးခဲ့ရသည့် ဆရာဝန်ကြီး ။ ဆရာကြီး နားကြပ် တစ်ချက် စမ်းရုံမျှဖြင့် အသက်ရှင်ခွင့် ရသွားသူတွေ ဒုနှင့်ဒေး ။ အားလုံး၏ ကိုင်းညွှတ်မှုများကို သိမ်းကျုံးရရှိခဲ့သူ ပါမောက္ခကြီး ။

အတန်ငယ် နီးလာသည့် တိုင် ဆရာကြီးက မြသီတာ ကို မမှတ်မိသေး ။ ဪ ... ကြာခဲ့သည့် နှစ်များကလည်း မနည်းတော့ ။ ဆရာကြီး၏ အမြင်အာရုံ မှတ်ဉာဏ်များကို အချိန်က ဝါးမျိုဆွဲချခဲ့ပြီ ။

ဆရာကြီးရှေ့မှာ မြသီတာ ရိုသေကိုင်းညွှတ်စွာ ခြေစုံရပ်လိုက်သည် ။

“ Good Morning ဆရာကြီး ၊ လမ်းလျှောက် ထွက်လာတာပါလား ”

ငယ်ကြောက်မို့ အသံ ခပ်ရွံ့ရွံ့က အကျင့်ပါဆဲ ။ ဆရာကြီးက ခြေတို့ စုံရပ်၏ ။

“ ဟဲ့ ... ငါ့ တပည့်လား ၊ ဘယ်သူပါလိမ့် ။ မင်္ဂလာပါကွာ ”

အားစိုက်ကြည့်သော ဆရာကြီး၏ မျက်မှန် အောက်မှ မျက်ဝန်းတို့ကား တစ်ချိန်က လူနာများစွာကို စူးရှစွာကြည့်ခဲ့သော မျက်ဝန်းတို့ မဟုတ်တော့ပေ ။

“ ကျွန်မ မြသီတာပါ ဆရာကြီး ။ 87 Batch ကပါ ”

“ သြ ... သိပြီ ။ အရှေ့ပိုင်း ဆေးရုံမှာ ဆရာ ပါမောက္ခ မဖြစ်ခင် ကတည်းက တွေ့ခဲ့တဲ့ အုပ်စု မဟုတ်လား ”

“ ဟုတ်ကဲ့ .. ဆရာကြီး ။ ဦးထွန်းနိုင်ရဲ့သား စိုးဌေးတို့ နဲ့ Same Batch ပါ ။ ပါမောက္ခ ဒေါ်မြမြသား ကျော်မြင့်တို့နဲ့ လည်း တူတူပဲလေ ”

“ ဟုတ်ပြီ ၊ မှတ်မိပြီ ။ ငါ့ တပည့်ရင်းတွေပဲ ။ အခုလို တွေ့ရတာ ဝမ်းသာသကွာ ။ ခု ဘာတွေ လုပ်နေတုံး ”

မျက်မှန် ပင့်တင်လိုက်ရင်း ဆရာကြီးက မေး၏ ။

“ M.Sc ပြီးသွားပါပြီ ဆရာကြီး ။ အခုတော့ M.R.C.P ဆက်တက်ဖို့ လုပ်နေပါတယ် ”

ဆရာကြီး ၏ ငယ်စိတ်ဖြင့် တက်ကြွလာသော မျက်ဝန်းမှ အရောင်တို့ ဖျော့ကျသွား သယောင် ဖြစ်သွားလေသည် ။ တပည့်ဖြစ်သူ၏ အောင်မြင်မှုများကို ဝမ်းသာပီတိဖြင့် လင်းလက်ရမည့် အစား ဘာကြောင့် မှုန်ဝေသွားပါသနည်း ။ လမ်းလျှောက် လက်ကိုင်တုတ်ပေါ် တင် လိုက်သော ဆရာကြီး၏ လက်အစုံမှာ သွေးပြန်ကြောတို့ တွန့်လိမ်ကြေမွလျက် တုန်ယင်နေလေသည် ။ တစ်ချိန်က ဤ လက်တို့ တင်ရုံမျှ နှင့် ရှင်သန်ခွင့် ရခဲ့သော လူနာများစွာ ။

“ အေး ... လုပ်စရာ ရှိတာတော့ လုပ်ကြရမှာပဲ ။ လျှောက်မိတဲ့ လမ်းတော့ အစွမ်း ရှိသမျှ လျှောက်ကြပေါ့ ။ နောက်တော့လည်း ဒါတွေဟာ ဘာမှ မဟုတ်တော့ပါဘူး ။ ဆရာလည်း မင်းတို့ ထက် အရင် လျှောက်ခဲ့တာပဲ ။ အခုတော့လည်း ဘယ် ရောက်နေပြီလဲ ။ ဘာတွေ ရခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးဆဲပဲလေ ”

ကန်ရေပြင်ကို တစ်ချက် ဖြတ်တိုက်လာသော လေပြည်ညင်းက ဆရာကြီး၏ စကားသံများကို အဝေးသို့ ဆောင်ယူသွားလေသည် ။ ဆရာကြီးကို နှုတ်ဆက်ထွက်ခွာလာခဲ့သော မြသီတာ၏ အတွေးတို့ ရှုပ်ထွေးဝေဝါးဆဲ ။

လူတို့၏ အဆုံးမရှိ တပ်မက် လိုချင်ခြင်းများက လေအဟုန် ခွင်းသော မြားတစ်စင်း နှင့် တူလေစွ ။ အရှိန် နှင့် အချိန်အခါ ပေးသမျှ ပြေးလွှား မဆုံးနိုင်ပေ ။

သို့ငြား အရှိန်နှင့် အချိန်ကိုလိုက်၍ မြား တို့သည် လားရာတို့ နှင့် ဝေးသထက် ဝေး နေမြဲဖြစ်လေသည် ။

လူတို့သည် ရမည်ထင်သမျှ ယူဖို့ ကြိုးစားကြ၏ ။

သို့သော် ဘာမျှမရနိုင် ။

ဘာမျှ မရနိုင်ကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ကပင် ရှင်တော်မြတ်ဘုရားက သိခဲ့လေသည် ။

ထိုအခါ ရရာရကြောင်းတို့ကို ကျောခိုင်းလျက် အလို နည်းပါးခြင်းလမ်းကို မျှတစွာ ကျင့်ကြံခြင်းဖြင့်သာ လောကသုံးပါး အရှင် ဗုဒ္ဓ သည် အရာခပ်သိမ်းကို ရယူ နိုင်ပေသည် တကား ။

အမြင့်ဆုံးသို့ ပြေးတက်ချင်သော မြား တို့ကား လားရာ ဝေဝါးဆဲ ။

  ▢ အမရာ ( ဆေး - ၁ )
📖 မဟေသီ မဂ္ဂဇင်း
     ၂ဝဝ၁ ၊ မေလ

No comments:

Post a Comment