❝ စာကြည့်တိုက်မှူး ❞
[ ချပ်သင်းဘူတာ က မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပေါ်မှာ ရှိတယ် ။ ကောလင်းမြို့ နဲ့ နီးတယ် ။ မြို့ကြီးတွေ နဲ့ မော်တော်ကားလမ်း အသွားအလာ ပုံမှန် မရှိဘူး ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ် ။ အချိန်မှန်လေ့ မရှိတဲ့ မြစ်ကြီးနား မီးရထားကို အဓိက အားထားပြီး ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရတဲ့ နေရာ ဖြစ်ပါတယ် ။
ချပ်သင်း မှာ ဝါသနာရှင် လူငယ်တွေ စုစည်း တည်ထောင်ထားတဲ့ ‘ မျိုးဆက်သစ် စာကြည့်တိုက် ’ ရှိတယ် ။ ၁ - ၄ - ၁၉၉၅ နေ့ရက် က ဖွင့်ခဲ့တာမို့ စာကြည့်တိုက် သက်တမ်း ဆယ်နှစ်ကျော်ပြီ ။ လူအများအတွက် သောက်ရေအိုးစင် တည်တာနဲ့ စာကြည့်တိုက် ကိုသာ ထိန်းသိမ်းထားနိုင်တာ မဟုတ်ဘဲ စာပေဟောပြောပွဲတွေကိုလည်း နှစ်ဆက် မပျက် ကျင်းပနေကြတယ် ။
ချပ်သင်း ရေဝန်းကျောင်း ဆရာတော် ဦးဇောတ နဲ့ တပည့်ဒကာ ၊ ဒကာမတွေက စာပေ ဖွံ့ဖြိုးရေး ၊ ကိုယ့်ဒေသ အသိအမြင် ကျယ်ပြန့်ရေး ကိစ္စကို ငွေအားလူအား စိုက်ပြီး တက်ညီလက်ညီ လုပ်ကိုင်နေကြတာ တွေ့ ရတယ် ။ စာကြည့်တိုက်မှူး ကိုမြင့်နွယ် ( ၄၆ ) နှစ်ဟာ သူတို့တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ် ။ သူတို့ ဘယ်လို စေတနာနဲ့ ဘယ်နည်းဘယ်ပုံ လုပ်ကိုင်နေကြတယ် ဆိုတာ ကိုမြင့်နွယ် က ပြောပြတယ် ။ ]
••••• ••••• •••••
၁၉၈၀ - ၈၁ ခုနှစ် မှာ ဘူမိဗေဒအဓိက နဲ့ မန္တလေးတက္ကသိုလ်က ကျွန်တော် ဘွဲ့ရတယ် ။ ကျောင်းဆင်းဆင်းချင်း ရွှေရှာဖွေရေးမှာ အလုပ် ရတယ် ။ ကော့သောင်း ၊ မြိတ် ဘက်မှာ တာဝန် ထမ်းဆောင်ပြီး နောက် ချပ်သင်း မှာ တာဝန် ကျတယ် ။
ကျွန်တော် က မြင်းခြံသား ၊ ကျွန်တော့် အမျိုးသမီး မသန်းသန်းအေး က ဇလွန်သူ ၊ ချပ်သင်း မှာ ဖူးစာဆုံပြီး သည်မှာပဲ အခြေချနေကြတာ ။ အမျိုးသမီး နဲ့ စေ့စပ်ပြီး မကြာခင်မှာ ရွှေရှာဖွေရေး တာဝန်နဲ့ ဒုဋ္ဌဝတီမြစ်ရိုး အပေါ် အပိုင်းတက်ရတယ် ။ ရဲရမန်း ဘက်ပေါ့ ။ ငှက်ဖျားက ပေါသလား မမေးနဲ့ ။ ကျွန်တော် ဘူမိဗေဒဝန်ထမ်း အဖြစ်နဲ့ ဒေသစုံက ငှက်ဖျား အမျိုးစုံ မိဖူးတယ် ။ ရဲရမန်းငှက် ကတော့ ကျွန်တော့်ကို ထမ်းစင်နဲ့ ထုတ်ခဲ့ရတာပဲ ။
ကျွန်တော့် အမေက အစိုးရအလုပ်က ထွက်ခိုင်းတယ် ။ မြင်းခြံ က သားရေဖိနပ်တို့ ၊ စောင်တို့ ၊ ဆေးပေါ့လိပ်တို့ ချပ်သင်း ကို သယ်ပြီး ရောင်းတယ် ။ စောင်တို့ ဖိနပ်တို့ သယ်ရင်း မြင်းခြံဘက်က ဗီဒီယိုခွေလေးတွေ ဆယ်ခွေလောက် ကျွန်တော် သယ် လာတယ် ။ ဇာတ်လမ်းကို ဘာသာပြန်ပေးပြီး ချပ်သင်း က ရုံတွေမှာ ပြဖို့ပေးတယ် ။
ကျွန်တော်က ရုပ်ရှင် လည်း တော်တော် ဝါသနာပါတာ ။ ကျွန်တော့် အမေက ဆေးလိပ်ခုံမှာ ဆေးလိပ်လိပ်တယ် ။ ရှစ်နှစ် ကိုးနှစ်သား ကတည်းက အမေနဲ့ လိုက်သွားပြီး ဆေးလိပ်ခုံနဲ့ ကပ်လျက် ရုပ်ရှင်ရုံမှာ ကျွန်တော် ရုပ်ရှင် ဝင်ကြည့်တယ် ။ ရုပ်ရှင်ရုံထဲ ကြီးပြင်းခဲ့ရတာပေါ့ ။
ကျွန်တော်က စာအုပ်လည်း တော်တော် မက်တယ် ။ စောင်ထုပ် ၊ ဖိနပ်ထုပ် နဲ့ မြင်းခြံ က အပြန် မန္တလေး ရောက်ရင် စာအုပ်ဆိုင် ဝင်တာပဲ ။ အဲသည်တုန်းက မြင်းခြံ ကားဂိတ်တွေက ၃၂ လမ်း ၊ ၃၃ လမ်း မှာ ။ ၂၉ လမ်းက နဂါးစာပေ နဲ့ နီးနီးလေး ။ နဂါးစာပေကို ဆိုက္ကားနဲ့ သွား ၊ ပါသမျှ ပိုက်ဆံ စာအုပ်တွေ ဝယ်ပြီး ချပ်သင်း ပြန်ဖို့ မြစ်ကြီးနား ရထားပေါ် တက်တာပဲ ။ တစ်ခါတလေ ထမင်းဖိုး တောင် မကျန်ဘူး ၊ စာအုပ်တွေနဲ့ ပြန်ခဲ့တယ် ။
ကျွန်တော်တို့ ရောက်စက ချပ်သင်း မှာ ဘွဲ့ရ ပညာတတ်က တော်တော် နည်းလေတော့ လူတွေ စာဖတ်ကြရင် ကောင်းမှာပဲဆိုပြီး စာကြည့်တိုက် ထောင်ကြတယ် ။ ၁၉၉၅ ခု မှာပေါ့ ။ ဝါသနာတူတဲ့ လူငယ်တွေစုပြီး စာကြည့်တိုက် ထောင်ဖို့ ကြိုးစားကြတယ် ။
ချပ်သင်း မှာ ဘယ်သူတွေဖြင့် စာအုပ်ဝယ်ဖတ်တယ် ဆိုတဲ့ သတင်းကြားရင် အဲသည် လူဆီကို ကျွန်တော်တို့ သွားပြီး ခင်ဗျားတို့ ဖတ်ပြီးရင် ကျွန်တော်တို့ကို လှူပါလို့ ပြောတယ် ။ လှူမယ်ဆိုရင် စာအုပ်မှာ အလှူရှင်ရဲ့အမည် တပ်ပြီး မှတ်တမ်းတင်ပေးတယ် ။
ချပ်သင်းဒေသခံတွေဆီက စာကြည့်တိုက် လုပ်ဖို့ အတွက် အလှူလှည့်ခံတယ် ။ အချို့ကလည်း အိမ်မှာ ရှိတဲ့ စာအုပ်ကလေးတွေ လှူ လိုက်တယ် ။ အချို့ကလည်း ငွေငါးဆယ် ထည့် ၊ သုံးဆယ် ထည့်ပေါ့ ။ နှစ်ဆယ် ထည့်တဲ့ သူလည်း ရှိတယ် ။ အချို့ကတော့ စာကြည့်တိုက် ဖြစ်အောင် အောင်မြင်အောင် စောင့်ကြည့်ဦးမယ် ဆိုတဲ့ သဘောပြောကြတယ် ။ စာကြည့်တိုက်တွေ လုပ်ပြီး ပျက်ပျက် သွားကြတာကိုး ။
အလှူခံလို့ ရတဲ့ စာအုပ်တွေကို ကျွန်တော်တို့ ညတွင်းချင်း ချုပ်ကြတယ် ။ ကတ်တလောက် သွင်းတယ် ။ သုံးလေးရက်ပဲ အချိန်ယူပြီး စာကြည့်တိုက် တန်းဖွင့်တယ် ။ စာကြည့်တိုက် မဆောက်နိုင်မီ စပ်ကြားမှာ မီးသတ်အဖွဲ့က သူတို့ အဆောက်အဦ အောက်ထပ်မှာ ကာရံပြီး ဖွင့်ခွင့်ပေးတယ် ။ ကာဖို့ ထရံတွေ ၊ သစ်တွေ ပေးတဲ့အလှူရှင်လည်း ချက်ချင်း ပေါ်လာတာပဲ ။
ကျွန်တော်တို့ အဖွဲ့က အင်အားတောင့်ပါတယ် ။ ဆရာတော်ဦးဇောတ ကလည်း အားပေးတယ် ။ ဦးထွန်းဝေ ၊ ဦးအုန်းလွင် ၊ ဦးအပ်ချိတ် ၊ ဦးသိန်းဟန် ၊ ဦးညီညီ ၊ ဦးအောင်စိုး ၊ ဦးစန်းအောင် စတဲ့ လူတွေ အများကြီး ပါကြတယ် ။ ဆယ်နှစ် ကျော် လက်တွဲ လုပ်နေတဲ့ လူတွေ ဆယ်ယောက်လောက် ယခုထိ ရှိသေးတယ် ။ ကျွန်တော်က စာကြည့်တိုက် လုပ်ဖူးတဲ့ အတွေ့ အကြုံ ရှိတော့ စာကြည့်တိုက်မှူး တာဝန်ပေးတယ် ။ အချိန်ပြည့် လုပ်ပေးဖို့ လက်ထောက်စာကြည့်တိုက်မှူး တစ်ယောက်ကို ခန့်ထားတယ် ။
စာကြည့်တိုက် ဖွင့်ခါစက ရုပ်မြင်သံကြားက အိုရှင်းဇာတ်လမ်းတွဲ ကလည်း လွှင့်နေတယ် ။ လူတွေက အိုရှင်းကို သိပ်စိတ်ဝင်စားကြတာပေါ့ ။ ကျွန်တော်တို့က အိုရှင်းစာအုပ် အတွဲလိုက် ဝယ် တင်တော့ စာကြည့်တိုက်မှာ လူစီလိုက်တာ ။ တန်းစီစောင့်ကြတာ ၊ ရန်ကိုဖြစ်ရော ၊ စာအုပ်ပေးတာ အလှည့်ကျော် လို့ မရဘူး ။
အမျိုးသမီး တစ်ယောက် က စာကြည့်တိုက်ကို လာ ကမ်းလှမ်းတယ် ၊ အိုရှင်းစာအုပ် အတွဲလိုက် သူလှူမယ် ။ တစ်ခုတော့ ချွင်းချက်ရှိတယ် ၊ သူ အရင်ဆုံး ဖတ်မယ်တဲ့ ။ အဲသည် အမျိုးသမီးရဲ့ သမီး မချင်ချင့် ဆိုတာ ယခုအခါ ကျွန်တော်တို့ စာကြည့်တိုက် အတွက် အမာခံအင်အား ဖြစ်လာတယ် ။ သူက အရေးကြီးဆုံး အထောက်အပံ့ပေးသူ တစ်ဦး ဖြစ်လာတယ် ။ စာကြည့်တိုက်မှာ စာအုပ်သစ် သိပ်မဝယ်နိုင်ဘဲ အားနည်းတယ် ထင်ရင် သူက ငွေထုတ်ပေးပြီး စာကြည့်တိုက် အတွက် စာအုပ် ဝယ်လိုက်ပါဦးပြောတယ် ။
စာကြည့်တိုက်မှာ စာလာဖတ်တဲ့ သူတွေ များပါတယ် ။ ကျွန်တော်တို့ အရပ်မှာ ဂျာနယ်တစ်စောင် တောင် ဝယ်ဖတ်ဖို့ အခက်အခဲ ရှိတဲ့ လူတန်းစား များတာမို့ စာကြည့်တိုက်ကို လာပြီး စာဖတ်တဲ့ လူတွေ များတယ် ။ နေ့လယ်ခင်း ဆိုရင် စာကြည့်တိုက်ထဲမှာ လာပြီး စာ ထိုင်ဖတ်တဲ့ သူတွေ အများကြီးပါပဲ ။ စာကြည့်တိုက်မှာ ဂျာနယ် အမျိုးစုံလည်း အတွဲလိုက် ထားပေးတယ် ။ ဂျာနယ် ဝယ် ဖတ်နေကျလူတွေ က ဖတ်ပြီးရင် စာကြည့်တိုက်ကို လှူတယ် ။
ကလေးတွေအတွက် ပုံပြင်စာအုပ်တွေ တင်ပေးတယ် ။ ကာတွန်းဆရာကြီး ဦးဖေသိန်း ရဲ့ ပုံပမာ စာအုပ်တွေ စီးရီးလိုက် တင်ပေးတာ ၊ ကလေးတွေ သိပ်ကြိုက်ကြတယ် ။ ရွှေသွေး ၊ မိုးသောက်ပန်း ၊ ရွှင်ပြုံး ၊ တတိုင်းမွှေး ဂျာနယ်တွေ တင်ပေးတော့ ကလေးတွေ နေ့လယ်ခင်းမှာ လာ ထိုင်ဖတ်ကြတယ် ။
ချပ်သင်း က ထူးချွန်တဲ့ လူငယ်ကလေးတွေ အများကြီး ထွက်လာတယ် ။ ဒီထဲက ထွက်သွားပြီး ဆရာဝန်တွေ ၊ သင်္ဘောအရာရှိတွေ ဖြစ်လာတာရှိတယ် ။ နိုင်ငံရပ်ခြားမှာ အလုပ်အကိုင် အတည်တကျ ရနေသူတွေ ရှိတယ် ။ အချို့က ချပ်သင်း ပြန်လာရင် စာအုပ်တွေ သယ်လာပြီး လှူတယ် ။ မင်းတို့ ယူလာတဲ့ စာအုပ်တွေကလည်း တန်ဖိုး မနည်းပါလားကွာလို့ ပြောရတယ် ။ အဝေးရောက် နေတဲ့ သူတွေကလည်း စာကြည့်တိုက် ရှိသေးသလား လှမ်းမေးပြီး စာအုပ် လှူတာလည်း ရှိတယ် ။ ကျွန်တော်တို့ ဝါသနာသမားတွေကလည်း စာအုပ်သစ်တွေ စုပြီး ထည့်ထည့်ပေးတယ် ။
စာကြည့်တိုက်မှာ လာတဲ့ သူကို စာအုပ်ပေးတာ အခရာပဲ ။ သူလိုချင်လို့ မှာထားတဲ့ စာအုပ်ကို နောက်နေ့မှာ ပေးနိုင်ဖို့ အရေးကြီးတယ် ။ အချို့က ချန်မထားဘူး ။ ဖတ်ချင်လို့ မှာထားတဲ့ စာအုပ်ကို ရှေ့လူက ပြန်မအပ်သေးရင် လှမ်းတောင်းရမှန်း မသိဘူး ။ စာအုပ်ဝယ်တင်ရာမှာ အများကြိုက် စာအုပ်လည်း အနည်းအကျဉ်း ထည့်တင်ပေးတယ် ။ ဆယ်အုပ် ဝယ်ရင် နှစ်အုပ်ပေါ့ ။ သူတို့ ကြိုက်တာ ငှားဖတ်ရင် ကုန်သွားတော့ စာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်ကို ယူသွားပြီး ဖတ်ရာက ဖတ်သင့်တဲ့ စာအုပ်တွေ ဖတ်ဖြစ်လာတယ် ။
စာကြည့်တိုက်မှာ လုပ်တဲ့ အတွက် ရတဲ့ အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံးဟာ စာရိတ္တပိုင်းက အစ ထိန်းထိန်းသိမ်းသိမ်းနေတယ် ။ ဒါကတော့ လက်တွေ့ အကျိုးရှိတာပေါ့ ။ ရပ်ရွာက လည်း စာကြည့်တိုက်အဖွဲ့ က မဆိုးဘူးလို့ အသိအမှတ် ပြုကြတာ ခံရတယ် ။ အခုဆိုရင် လူငယ်တွေရောက်လာတယ် ။ လူငါးဆယ်လောက် ရှိတယ် ။
၁၉၉၇ မှာ ကျွန်တော် ဗီဒီယိုရုံ ထောင်တယ် ။ မြန်မာကားလည်း ပြတယ် ။ ကိုယ်စားလှယ်လုပ်ပြီး မြန်မာကား ဖြန့်တယ် ။
ကျွန်တော့် ဗီဒီယိုရုံကို စာမေးပွဲရာသီရောက်ရင် နားတယ် ။ သန့်ရှင်းရေးလုပ်တယ် ။ ရုံပြင်တယ် ။ ကိုယ့် မှာလည်း သားသမီးတွေရှိတော့ ကိုယ်ချင်းစာပါတယ် ။ စာကျက်နေတဲ့ ကလေးတွေ အတွက် အနှောင့်အယှက် ဖြစ်မယ့်ဟာ ဆူဆူညံညံ အသံကအစ မရှိစေချင်ပါဘူး ။
ကျောင်းပိတ်ရက် ဆိုရင်တော့ ရုံ မှာ ကလေးတွေကို ဦးစားပေးတဲ့ ကားတွေပြတယ် ။ ဝူခုန်း တို့ Jungle Book တို့ Lion King တို့လို သူတို့ ကြိုက်တာ ရွေးပြတာပဲ ။ ကလေးတွေ ကျောင်းပိတ်တာနဲ့ ပိုက်ဆံကလေး ကိုင်ပြီး ကျွန်တော့်ရုံ တန်းပြေးလာတာပဲ ။ အချို့ကလေးက ပိုက်ဆံ ဆယ်တန်လေးကိုင် လာတာ ၊ ကျွန်တော်က မင့်ပိုက်ဆံတစ်ဆယ်နဲ့ မရဘူး ။ မပြဘူး မပြောပါဘူး ။ သူ့မှာ ဒါလေးပဲပါတာ ။ ငေါက်မလွှတ်တဲ့ ရုံမို့ ကလေးတွေက သဘောကျတယ် ။ မိဘတွေ ကလည်း ကျွန်တော့်ရုံမှာ ပြတဲ့ ကားတွေက သန့်ရှင်းပြီး ကလေး နဲ့ သင့်လျော်တဲ့ ကားပဲ ပြတာမို့ သဘောကျတယ် ။ ထိပ်တန်းရုံပဲ ကြည့်ခိုင်းတယ် ။
ကလေးတွေ ကျောင်းအားချိန်မှာ ဟိုသည် သွားရင်း လမ်းဘေးက လက်တောက်ခုံတွေ့ရင် ဝင်မော့မယ် ၊ အလကားကြေး ဝင်ကစားတာက စပြီး လောင်းကစား တတ်လာမယ် ။ ကျွန်တော်တို့ စာကြည့်တိုက် ရှိလာတော့ ကလေးတွေ စာကြည့်တိုက်ထဲ ရောက်လာတာ ဝမ်းသာစရာပေါ့ ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
No comments:
Post a Comment