❝ ကောက်ကျစ်ရင် ဘာဖြစ်တတ်လဲ ❞
( အောက်တိုဘာအောင်ကြီး )
တစ်ခါက ..
ရွာတစ်ရွာမှာ ဆေးပညာကို လွန်စွာမှ ကျွမ်းကျင်တတ်မြောက်သော ဆေးဆရာတစ်ယောက်ရှိ လေ၏ ။
သို့သော် ထိုဆေးဆရာကား သူ၏ ဆေးပညာရပ်များကို သင်ကြားမပေးသည့်အပြင် ဆေးပညာကိုလည်း လူတကာ တတ်မြောက်သွားမှာကိုလည်း လွန်စွာမှ စိုးရိမ်၏ ။
ထို့ကြောင့် ... တခြားလူ မပြောနှင့် သူ၏ သားမယား ဆွေမျိုးများကို ပင် မသင်ကြားချေ ။
ထိုဆေးဆရာကား တစ်ရွာလုံးတွင် သူတစ်ယောက်တည်း ဆေးဆရာဖြစ်၍ သူ့ထံတွင် လူနာတွေက လာရောက်ကုသရသဖြင့် သူသည် လွန်စွာမှ ချမ်းသာသော ဆေးဆရာတစ်ယောက် ဖြစ်လေတော့၏ ။
တစ်နေ့မှာ ...
ဆေးဆရာ၏ သားကြီးဖြစ်သူက ..
“ အဖေရယ် ... သားကို အဖေ့ရဲ့ ဆေးပညာတွေ ကျွန်တော်တို့ကို သင်ကြားပေးပါလား ၊ အဖေလည်း အသက်အတော်ကြီးပါပြီ ” ဟု ပြောလိုက်လေ၏ ။
ထိုအခါ ... ဆေးဆရာကြီးက ...
“ မင်းတို့ကို သင်ကြားပေးလိုက်ရင် မင်းတို့က တစ်ဆင့် အခြားလူတွေဆီ ငါ့ပညာတွေ ရောက် ကုန်လိမ့်မယ် ”
ဟု ပြောရာ ..
“ အဖေ့ဆေးပညာတွေ ပျံ့နှံ့တော့ ပိုကောင်းတာပေါ့ ၊ ဆေးဆရာတွေ များလာတော့ ကျွန်တော်တို့ ရွာလူထု ကျန်းမာရေး တွေ ကောင်းတာပေါ့ အဖေရာ ”
ဟု သားကြီးက ပြန်ပြော လိုက်လေ၏ ။
သားကြီး စကားကြောင့် ဆေးဆရာကြီးမှာ လွန်စွာမှ ဒေါသထွက်ကာ ...
“ တော် ၊ တန် ၊ တိတ် ... အဲဒီလို ဆေးဆရာတွေ ပေါများတော့ ငါ့ရဲ့ ဝင်ငွေ ထိခိုက်တယ် ၊ ဘယ်သူ့ကိုမှ ငါ့ဆေးပညာကို မသင်ပေးနိုင်ဘူး ၊ သွားကြ ၊ ငါ ဘယ်သူ့ကိုမှ မသင်ပေးဘူး ”
ဟု သားကြီးကို အော်ဟစ်မောင်းထုတ် လိုက်လေတော့၏ ။
ထို့ကြောင့် ... သားသမီးတို့ မှာ ဖခင်ဆေးဆရာကြီး ထံမှ ဆေးပညာ မရရှာတော့ချေ ။
တစ်နေ့သ၌ ...
ဆေးဆရာကြီးတို့ ကျေးရွာတွင် ကူးစက်ရောဂါဆိုးကြီးတစ်မျိုး ရောက်လာရာ ... တစ်ယောက် ကနေ လေး, ငါး, ဆယ်ယောက် ကူးလာလေပြီးလျှင် ထိုကူးစက်ရောဂါကြောင့် သေကျေပျက်စီးကြကုန်လေတော့၏ ။
ထိုအခါ ဆေးဆရာကြီးမှာ ကား ...
“ ဒါ ... ငါ့အတွက် ငါ့အတွက်ပဲ ၊ ဒီကူးစက်ရောဂါအတွက် ဆေးမြစ် ကို ငါသိတယ် ၊ ငါတောထဲမှာ သွား တူးပြီး ငါတစ်ယောက်တည်း ယူမယ် ၊ ငါတော့ ချမ်းသာပြီ ၊ သူဌေးဖြစ်ကိန်းပဲ ”
ဟု ဆိုကာ တောထဲသို့ သွားကာ ဆေးမြစ်သွား တူးလေတော့၏ ။
ဤသို့ဖြင့် လွန်စွာဖြင့် ဝေးလံသည့် ဝေးလံသည့် တောနက်ကြီးထဲသို့ ဆေးမြစ်သွားတူးသည့်အခါ ဆေးဆရာကြီးမှာ အသက်ကလည်း ကြီးပြီ ဖြစ်သည့်အတွက် လောဘဇောနှင့် သွားနေရသော်လည်း လမ်းခရီးမှာ လူငယ်တစ်ယောက်လို မသွက်လက်တော့သဖြင့် အတော်ကြာသွားလေ၏ ။
ဆေးဆရာကြီးသည် ဆေးမြစ်တူးသည့် အခါမှာလည်း လူငယ်တစ်ယောက်လို မမြန်မဆန်၍ နှောင့်နှေးပြန်၏ ။
ဆေးဆရာကြီးသည် အပြန်ခရီးတွင်မူ လွန်စွာမှ အားအင်များ ကုန်ခမ်းနေပြီဖြစ်၍ အချိန်အတော်ပင် ကြန့်ကြာသွားလေ၏ ။
“ ဟူး ... ပင်ပန်းပေမယ့် ငါ ငွေတွေ အများကြီးရမှာပဲ ”
ဟု ဆိုကာ ဆေးဆရာကြီးသည် လွန်စွာမှ ပျော်ရွှင်ကာ ရွာသို့ပြန် လာခဲ့လေတော့၏ ။
ရွာသို့ရောက်သည့်အခါ ဆေးဆရာကြီးမှာ ခဲလေသမျှ သဲရေကျသလိုမျိုးနှင့် ဆေးဆရာကြီး ထင်ထားသလိုမျိုး မဟုတ်တော့ချေ ။
သူတို့ ရွာတစ်ရွာလုံးနှင့် သူ့မိသားစု ၊ ဆွေမျိုးများ ပါ ထိုကူးစက်ရောဂါဆိုးကြီးကြောင့် သေကုန်ကြပြီ ဖြစ်လေတော့၏ ။
ထိုအခါကျမှ ဆေးဆရာကြီးမှာ ကား ..
“ ငါ ... မှားပြီ ၊ ငါ့အကျိုးကိုပဲ ကြည့်မိလို့ ငါ့မိသားစု ၊ ငါ့ဆွေမျိုး ၊ ငါ့ရွာ ပျက်စီးရပြီ ၊ ဆိတ်သုဉ်း ရပြီ ၊ တကယ်တော့ ငါဟာ အတ္တကြီးပြီး ဘယ်သူ့ကိုမှ ဆေးပညာ မသင်ပေးချင်တဲ့ ကောက်ကျစ်တဲ့ စိတ်ကြောင့် အခုလို ရွာကြီးပျက်ရတာ ”
ဟု အသိတရား ရသော်လည်း ထိုဆေးဆရာကြီးအား လောကကြီးက ဒဏ်ခတ်သည့် အနေဖြင့် လွန်စွာမှ ကောက်ကျစ်သည့် မြေခွေးဘဝသို့ ပို့ ဆောင်ပေး လိုက်လေတော့သတည်း ။
▭ အောက်တိုဘာအောင်ကြီး
၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၉ ) ရက်
📖ယုံတမ်းစကား လိပ် နှင့် အခြားပုံပြင်များ
No comments:
Post a Comment