❝ စကားပြော နှင့် စကားလုံး နောက်ကွယ်က အဓိပ္ပာယ် ❞
စာရေးဖို့ ကြိုးစားနေတဲ့ ညီငယ် ညီမငယ်များ အတွက် ‘ ရွှေ ’ အမှတ် ( ၃၇ ) မှာ အလုပ် လုပ်သော စကားပြော ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားတင်ပြ ပေးခဲ့ဖူးပါတယ် ။ ဝတ္ထု မှာ စကားပြော ဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိစေချင်လို့ပါပဲ ။ စကားပြော နဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါး တစ်ပုဒ် ဖတ်ရပြန်ပါတယ် ။ The Writer မဂ္ဂဇင်း ( ၉၂ ၊ သြဂုတ်လထုတ် ) မှာ စာရေးဆရာ တင် ( မ် ) ဆဲ ( န် ) ဒလင် က ရေးထားတဲ့ ဆောင်းပါး ပါ ။ သူ့ ဆောင်းပါဟာ ဘယ်လောက် အရေးပါတယ် ဆိုတာ ရှင်းပြထားပါတယ် ။
ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောရရင် ကျွန်တော် ထပ်ဆင့် တင်ပြပေးနေတဲ့ စာပေဆောင်းပါးတွေမှာ ဆရာ ၊ ဆရာမကြီးများ ဥပမာ ပေးကြတဲ့ ဝတ္ထုတွေ ၊ စာပိုဒ်တွေ က ကျွန်တော်တို့ နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတာ များပါတယ် ။ ဒါကြောင့် အသုံးတည့်မယ် ထင်တာ လောက်ပဲ ကျွန်တော် ကောက်နုတ်တင်ပြပေးထားပါတယ် ။ အားလုံး အသုံးတည့်တာ ဖြစ်ချင် မှလည်း ဖြစ်မယ်လို့ ယူဆတာ ကြောင့်ပါ ။ စာပေ ဆောင်းပါး လစဉ် ထည့်ပေးဖို့ ဆန္ဒပြုကြသူများ ရဲ့ အာသီသ ကိုလည်း လစဉ် ဖြည့်စွမ်းပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ် ။ ဒီလ “ စကားပြော နှင့် စကားလုံး နောက်ကွယ်က အဓိပ္ပာယ် ” ကို အလေးအနက် ထား လေ့လာကြည့်စေချင်ပါတယ် ။
••••• ••••• •••••
ကျွန်တော့် ဝတ္ထုထဲ က ဝတ္ထုရေးနည်း သင်တန်းရဲ့ ပထမဆုံးည မှာ သင်တန်းပို့ချရမယ့် အခန်းရှေ့ကို ဝင် သွားပြီး သင်တန်း တက်မယ့် ကျောင်းသားစာရင်း စာအုပ်ဖွင့်လိုက်ပါတယ် ။ လူ နဲ့ နာမည် တွဲမိနိုင်ဖို့ ကျောင်းတက် ကျောင်းသားစာရင်း ခေါ် ကြည့်လိုက်တယ် ။
“ ဂျော့ ( ချ် ) ဆင်ဂဲ ( လ် ) တန် ”
“ ဗျို့”
“ အိုင်ရင်း ဘူကော်စကီး ”
“ ရှိပါတယ် ”
တစ်ယောက် ပြီး တစ်ယောက် ကျွန်တော် ဆက်ခေါ်သွားပါတယ် ။ သူတို့က တုံ့ပြန်ကြတယ် ။
“ ဒီမှာပါ ”
“ ရပါပြီ ”
“ ဟုတ်ကဲ့ ”
“ ကျွန်မပါ ”
မိန်းကလေး တစ်ယောက်ကတော့ ဘာ အသံမှ မပေးဘဲ သူ့ လက်ကို စားပွဲပေါ် က နေ လက်မဝက် လောက်ပဲ ကြွပြတယ် ။
“ စာရင်း ဝင်ပါပြီ ”
“ ဆောရီး …. ကျွန်မ နောက်ကျသွားတယ် ”
အဲဒီလို အမျိုးမျိုး တုံ့ပြန် ကြတာတွေ ကနေ ဇာတ်ကောင်တွေ ရဲ့ စရိုက်ကို ကျွန်တော် လေ့လာ လို့ ရလာတယ် ။ “ ဗျို့ ” လို့ ပြန်ထူးတဲ့ ကောင်လေးက ရုပ်ပြ ရေးလိမ့်မယ် ။ သူ ရေးတဲ့ ရုပ်ပြမှာ သူ့ ဇာတ်ကောင် က ရုတ်တရက် အိပ်ရာက နိုးလာတာ နဲ့ စလိမ့်မယ် ။ စကားသံနဲ့ မထူးဘဲ လက်တစ်ဖက် ကြွပြတဲ့ မိန်းကလေးက သေခြင်းတရားအကြောင်း ကဗျာရေး လိမ့်မယ် ။
“ ကျွန်မပါပဲ ” လို့ ထူး တဲ့ မိန်းကလေး က ဝေဖန်ရေးကို လုံးဝ မကြိုက်တဲ့သူ ဖြစ်လာမယ် ။ “ ရပါပြီ ” ဆိုတဲ့ ကလေးက တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားတတ်တဲ့ စရိုက် ရှိပြီး “ ဆောရီး ကျွန်မ နောက်ကျသွားတယ် ” ဆိုတဲ့ သူငယ်မကတော့ ပထမဆုံး ရေးဖြစ်တဲ့ ဝတ္ထုတစ်ပုဒ် နဲ့ ပဲ ဒီ လောက ကို ကျောခိုင်း သွားလိမ့်မယ် ။
စကား တစ်လုံး နှစ်လုံး ပြောရုံ နဲ့ လူတစ်ယောက်ရဲ့ စရိုက် ကို အကဲဖြတ်လို့ရတယ် ဆိုတဲ့ နေရာမှာ စာဖတ်သူရဲ့ အယူအဆ နဲ့ ကျွန်တော့် အယူအဆ တူချင်မှ တူလိမ့်မယ် ။ ဒါပေမဲ့ သတိပြုရမယ့် အချက်က ဝတ္ထုထဲက ကျွန်တော့် သင်တန်းသားတွေ ဟာ တစ်ယောက် တစ်မျိုး ခြားနားတဲ့ တုံ့ပြန်မှုတွေ ပေးကြတယ် ဆိုတဲ့အချက်ပဲ ။ ဒီ တုံ့ပြန်ချက်က သူတို့ စရိုက်ကို ဖော်ပြသွားတာပဲ ။
လက်တွေ့ စာသင်ခန်း တစ်ခုမှာတော့ သင်တန်းသား တစ်ဝက်လောက်က “ ရှိပါတယ် ” လို့ ထူးကြမယ် ။ တစ်ဝက်လောက်ကတော့ ညာလက်ကို ဆရာ မြင်သာအောင် မြှောက်ပြလိမ့်မယ် ။ ဒါပေမဲ့ အခု ကျွန်တော် ပြောနေတာက စိတ်ကူးယဉ် ဝတ္ထု တစ်ပုဒ်ပါ ။ ဝတ္ထု ဆိုတာ တကယ့် သဘာဝမဟုတ် ပါဘူး ။ ဒီ အချက်ကို မမေ့ပါနဲ့ ။ လက်တွေ့ ဘဝထဲ က စာသင်ခန်း မှာ Roll call လုပ် ရင် ဒီလို အဖြေမျိုးစုံ မရနိုင်ဘူး ။ အဖြေမျိုးစုံ မရနိုင်တာကို က ဝတ္ထု နဲ့ မတူတော့ဘဲ ဖြစ်သွားပါလိမ့်မယ် ။ ကောင်းပြီ ၊ ကျောင်းတက်စာရင်း ပြုစုပြီးရင် ကိုယ့် သင်တန်း လာတက်တဲ့ သင်တန်းသားတွေ ကို မေးခွန်း တစ်ခုလောက် မေး ကြည့်ရအောင် ။ “ ကျွန်တော် ဘာကြောင့် စာရေးနည်း သင်တန်း လာတက်သလဲ ” ဆိုတာ ဖြေခိုင်းကြည့်ပါ ။
ဒီ နေရာမှာလည်း အဖြေတွေက တညီတညာတည်း ထွက်လာဖို့ မမျှော်လင့်ပါနဲ့ ။
ဝတ္ထုထဲမှာ ဇာတ်ကောင် နှစ်ယောက်ရဲ့ စရိုက်ဟာ ဘယ်တော့ မှ မတူကြပါဘူး ။ ဇာတ်ကောင်စရိုက်ကို တည်ဆောက်တဲ့ နေရာမှာ နည်းလမ်း လေးမျိုး ရှိတယ် ။ “ ပုံပန်း သဏ္ဌာန် ” ၊ “ စကားပြော ” ၊ “ လှုပ်ရှားမှု ” နဲ့ “ ကိုယ့်လက်တွေ့ ဘဝထဲ က လူတွေရဲ့အမူအကျင့် ” ကို ပေါင်းစပ်ပေးခြင်းပါပဲ ။ လက်တွေ့ ဘဝထဲက လူ တစ်ယောက် အတိုင်း အတိအကျ ယူပြီး ကိုယ့် ဇာတ်ကောင်ကို ဖန်တီးဖို့ ကြိုးစားမယ် ဆိုရင် တော့ ဒီ ကြိုးစားမှု ဟာ အလဟဿ ဖြစ်မှာပါပဲ ။ ပို ဆိုးတာက အဲဒီ ဇာတ်ကောင် ဟာ ဝတ္ထု ထဲမှာ သက်ဝင် လှုပ်ရှားမှု မရှိ ဖြစ်နေမှာပါ ။ လှုပ်ရှားမှု အပြည့်အဝရှိတဲ့ ဇာတ်ကွက် ကို ဖန်တီးဦးတော့ ဒီ ဇာတ်ကောင် ကတော့ သက်ဝင်လာမှာ မဟုတ်ပါဘူး ။
လွန်ခဲ့တဲ့နှစ် တော်တော်ကြာကြာတုန်းက “ ချာလီ ၏ နယ်မိမယ်များ ” ဆိုတဲ့ ဇာတ်လမ်းတွဲ ပြခဲ့ဖူး ပါတယ် ။ ( မြန်မာ့ရုပ်/သံ ကလည်း လွှင့်ဖူး ပါတယ် ) ဒီ ဇာတ်လမ်း မှာ မိန်းကလေး သုံးယောက်က ဒုစရိုက် ကျူးလွန်တဲ့ သူတွေ ကို သူတို့ တစ်တွေရဲ့ ဆံပင် အလှအပ ၊ သွား အလှအပလေးတွေ ပေါ်လွင်အောင် အပြုံး ကိုယ်စီ နဲ့ ဖျတ်ဖျတ်လတ်လတ် ၊ သတ္တိရှိရှိ နဲ့ သူတို့ ညွတ်ကွင်း ရှိရာကို ဆွဲဆောင်ခေါ်ယူ ခဲ့ကြတယ် ။ ဒီလို ခေါ်ကြတဲ့ နေရာမှာ စကားပြော လုံးဝမပါဘူး ။ လှုပ်ရှားမှု သက်သက်ပဲ ပြသွားတယ် ။ တစ်ခုပဲ ရှိတယ် ။ ဒီ မိန်းကလေးတွေ ပြောတတ်တဲ့ စကားက “ Come on . Charlie ” ဆိုတာပဲ ။
အဲဒီက အရုပ် နဲ့ ပြတာ ။ စာ နဲ့ ချရေးမယ် ဆိုရင် ဘယ်သူ့ မှာ မှ တိမ်းမူးတပ်မက်လောက်တဲ့ ဆံပင်တို့ ၊ သွားလှလှကလေးတွေ တို့ မရှိဘူး ။ P.G Wood House ရဲ့ အဆို တစ်ရပ်ဖြစ်တဲ့ ဝတ္ထုထဲမှာ ပါတဲ့ ဝါကျတိုင်း ဟာ ဖျော်ဖြေမှု ပေးနိုင်ရမယ် ဆိုတဲ့ အဆိုဟာ ဒီ နေရာမှာ ခိုင်မာမှု မရှိတော့ဘူး ။ ဒီ အဆိုဟာ စာအုပ်တိုင်းအတွက် မှန်ချင်မှလည်း မှန်မယ်ပေါ့လေ ။ ဒါပေမဲ့ သူ့ အဆိုက “ စကားပြော ” အားလုံး အတွက်ကတော့ အတိအကျကို မှန်ကန်ပါတယ် ။ စာဖတ်သူ တစ်ယောက်က ကော်မာ ( မျက်တောင် ) ကလေး အဖွင့်အပိတ် အတွင်း က စကားပြော တစ်ခုကို ဖတ်ပြီးတာနဲ့ တစ်ပြိုင်နက် သူ မသိသေးတဲ့ အကြောင်းအရာ တစ်ခု ကို သိသွားစေနိုင်ရမယ် ။ တကယ်လို့ စာဖတ်သူ က သိခွင့်မရဘူး ဆိုရင် စာရေးဆရာဟာ သူ့ တာဝန်မကျေဘူး ။ သူ့ အလုပ်ကို သူ ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုနိုင်ပါတယ် ။
ဒီတော့ မျက်တောင်ကလေး နှစ်ခုကြား က ဝါကျတစ်ခု ဖတ်ရုံနဲ့ စာဖတ်သူက ဘာကို ဘယ်လို ရစေရမလဲ ။ ဒါကို ကွဲပြားအောင် ကျွန်တော်တို့ က စကားပြောကို နောက် တစ်ဆင့် ထပ်ဆင့် ခွဲခြား စိတ်ဖြာ ကြည့်ရအောင် ။ စကားပြော တစ်ခုဟာ အလုပ် လေးခု လုပ်ရမယ် ။
- ဇာတ်ကောင်စရိုက် ပြရမယ် ။
- ဇာတ်ကွက်ကို ရှေ့ ကို ရွေ့လျားသွားစေရမယ် ။
- စာဖတ်သူအတွက် သတင်း ပေးနိုင်ရမယ် ။
- အသံ ၊ လေယူလေသိမ်းနဲ့ မြင်ကွင်း ကို ဖော်ပြနိုင်ရမယ် ။
◾ဇာတ်ကောင်စရိုက် ပြရမယ်
အင်္ဂလိပ်စကား ပြောတဲ့ လူတွေ ရဲ့ အသိုင်းအဝိုင်း ၊ ပညာအရည်အချင်း ၊ အဆင့်အတန်း ၊ ယဉ်ကျေးမှု အရ “ ကျွန်မ ပါ ” ( It is I ) လို့ ပြောတဲ့ မိန်းကလေး ဆိုကြပါစို့ ။ ဒီ စကားလုံး သုံးလုံး ပြောလိုက်ရုံနဲ့ သူ့ အဆင့်ကို အလိုလို သတ်မှတ် ပြီးသား ဖြစ်သွားကြပြီ ။ ကိုယ့် ဝတ္ထုထဲက ဇာတ်ကောင်က ဒီစကားမျိုး ပြောပြီဆိုရင် သူ့ ဆင်ယင် ထုံးဖွဲ့မှုက ဘယ်လို ဟာမျိုး ဖြစ်လာမလဲ ဆိုတော့ ဆံပင်က ပုံစံ ခပ်ဆန်းဆန်း ၊ ခရမ်းရောင်ရင့်ရင့် လက်သည်းဆိုးဆေးကို ဆိုးထားမယ် ။ ဒါဆိုရင် စာရေးဆရာ ဘက်က တာဝန် တော်တော်ကျေသွားပြီ ။
( ဆိုလိုတာ က ဒီ စကားမျိုး ဟာ အပျက်မကလေးတွေ သာ သုံးတတ်တဲ့ စကားမျိုး ဖြစ်လို့ စာရေးသူက စကား တစ်လုံးတည်း နဲ့ သူ ဘာလဲဆိုတာ ဖော်ပြလိုက်သလို ဖြစ်သွားပြီ မို့ သူ နဲ့ လိုက်ဖက်မယ့် ဆင်ယင်ထုံးဖွဲ့မှုကို ဖြည့်စွက် ပေးလိုက်ရုံပါပဲ ။ )
ဒီ မိန်းကလေး နဲ့ လိုက်ဖက်မယ့် လှုပ်ရှားမှုမျိုး ဖော်ပြပြီး သူ့ ကို လူစည်ကားရာ မြို့လယ်လမ်းပေါ် ပို့ ပေးလိုက်ပါ ။
စာရေးဆရာက စာဖတ်သူ အတွက် သူ ဖန်တီးထားတဲ့ ဇာတ်ကောင် ရဲ့ စရိုက် ကို အထောက်အကူ ပြုမယ့် အချက်အလက် တချို့ ထည့် ပေး လိုက်ဖို့ပဲ လိုပါတယ် ။ ထင်ရှားမယ့် တစ်ခု နှစ်ခု လောက်ပဲထည့်ပါ ။ ကျန်တာကို စာဖတ်သူက သူ့ စိတ်ကူး နဲ့ ဖြည့်ထည့်သွားလိမ့်မယ် ။ ဥပမာ အားဖြင့် “ ဒီ ကလေးတွေနှယ်နော် ၊ ငါ တော့ ခေါင်းရိုက်ခွဲ ပစ်လိုက်ချင်တော့တာပဲ ” လို့ ပြောတဲ့ ဇာတ်ကောင် နဲ့ “ ကျွန်မ တော့ ကလေးတွေ နဲ့ မျက်နှာချင်းဆိုင်ဖို့ ရာ တော်တော် ကို မျက်နှာပူ နေတယ် ” လို့ ပြောတဲ့ ဇာတ်ကောင် နှစ်ယောက် ရဲ့ စရိုက် ကွာခြားတယ် ဆိုတာ ပေါ်လွင်နေပြီ ။ ဒီတော့ သူတို့ နှစ်ယောက် ရဲ့ ဝတ်စားဆင်ယင်မှု ၊ သွားလာနေထိုင်မှုပုံစံ မတူနိုင်တော့ပါဘူး ။
စကားမပြောဘဲ နေခြင်းဟာလည်း “ စကားပြော ” ဖြစ်လာတတ်ပြန်ပါတယ် ။ နာမည် ခေါ်လိုက်တဲ့အခါ ပြန် မထူးဘဲ လက်ကိုသာ ထောင်ပြလိုက်တဲ့ မိန်းကလေး ဟာ စကား မပြောပေမယ့် သူ့စရိုက် ကိုတော့ ပြလိုက်တာပဲ ။ ဒီ မိန်းကလေးမျိုး က ဆွယ်တာအင်္ကျီ ပွပွ ဝတ် တတ်မယ် ။ လူများများ ရှိတဲ့ ဓာတ်လှေကား ကို မစီးရဲဘဲ တစ်ယောက်တည်း စီးခွင့်ရမှ စီး တတ်မယ် ။ ဒီ ဇာတ်ကောင် ကိုပဲ တခြား စရိုက် ဖန်တီးချင်ရင်တော့ စာရေးသူက သူ့ ကို ဆံပင် အနွယ်အလိပ်တွေ ဖိုးရိုးဖားရား ချ ပေး လိုက်ခြင်း အားဖြင့် မိန်းကလေး ဟာ ရမ္မက် ကြီးတဲ့ မိန်းကလေး ဖြစ်သွားစေနိုင်ပါတယ် ။
တစ်ခါတလေမှာ စကား မပြောတာက ပြောတာထက် ထိရောက်တာတွေ ရှိပါတယ် ။ အထူးသဖြင့် ဇာတ်ကောင် နှစ်ယောက် ကြား တင်းမာမှု ၊ ပဋိပက္ခတွေ ရှိနေတဲ့ အခါမျိုးပေါ့ ။ အလုပ်သမားတစ်ယောက် က သူ့ အလုပ်ရှင်ကို ဒေါသ ဖြစ်လို့ အော်ဟစ်ပြော နေတာတွေ ရေးရတာ ထက် မျက်ခွက်ကို လက်သီး နဲ့ တစ်ချက်တည်း ထိုးပြီး လှည့်ထွက်သွားတာကို ရေးရတာက ပိုပြီး လွယ်ပါတယ် ။ အဓိပ္ပာယ်လည်း ရှိတယ် ။ ကျွန်တော် ခေါင်းစဉ် တပ်ထားတဲ့ “ စကားလုံး နောက်ကွယ်က ” ရှိနေတဲ့ အဓိပ္ပာယ်တွေကို စကားလုံး နဲ့ ဖန်တီး နေရင် တစ်ခါတလေ ပိုပြီး ခက်တတ်တယ် ။ စကားမပြောဘဲ လက်သီးတစ်ချက် ထိုး လိုက်ရတာက ပိုပြီး ထိရောက်ပါတယ် ။
ဇာတ်ကောင်စရိုက် မှန်အောင် ဖန်တီးတဲ့ လျှို့ဝှက်ချက် တစ်ခုကို ပြောပြပါ့မယ် ။ ကျွန်တော့် ဝတ္ထု တစ်ပုဒ်မှာ အသက် ၁၃ နှစ်သား အရွယ်ကလေး နှစ်ယောက် စကားကြီး စကားကျယ် ပြောကြတာ ရေးချင်တော့ ၁၉၆၃ ခုနှစ် ၊ ကျွန်တော် အလယ်တန်း ကျောင်းသားဘဝလောက်က မှတ်ခဲ့ ၊ ရေးခဲ့တဲ့ စာအုပ်ကို ပြန်ဖတ်ကြည့်တယ် ။ ကျွန်တော့် ဇာတ်ကောင် ချာတိတ်က အဖိုးတန်တဲ့ စကား ၊ ထက်မြက်တဲ့ စကား ၊ ဒါမှမဟုတ် အသုံးမကျတဲ့ စကားတစ်ခု ပြောတာကို ရေးတော့မယ်ဆိုရင် အတန်းသားတွေ နဲ့ စု ရိုက် ထားတဲ့ ဓာတ်ပုံကို ပြန်ကြည့်တယ် ။ “ ဒီ စကားမျိုး ရော်နီ့ ပါးစပ် က ထွက်တတ်သလား ၊ ဒါမှမဟုတ် အဲ ( န် ) ပြောတာလား ၊ အဲနက် လား ” လို့ စဉ်းစား ကြည့်တယ် ။ အဖြေက “ နိုး ” လို့ ထွက်လာရင် ဒီစကားမျိုး ကျွန်တော် ဖျက်ပစ်လိုက်တာပဲ ။
◾ဇာတ်ကွက် ကို ရှေ့သို့ ရွေ့လျားသွားစေရမယ်
ဒီ အချက်ကတော့ ကိုယ်တိုင် နားလည် သဘောပေါက်ဖို့ လိုပါ တယ် ။ ဇာတ်လမ်း ဆိုတာ ဇာတ်ကောင်တွေ ရဲ့ ပဋိပက္ခ ၊ တုံ့ပြန်မှုတွေ ကနေ ဖြစ်ပေါ် လာတာ မဟုတ်လား ။ ဒီနေ့ ကျွန်တော်တို့ ခေတ်ကမ္ဘာကြီး မှာ ပဋိပက္ခတွေ က ဘာနဲ့ ဖြစ်ကြသလဲ ။ စကားတွေ နဲ့ ဖြစ်ကြတာပဲ ။ ဒါတွေကို တစ်ယောက် နဲ့ တစ်ယောက် ဆက်သွယ် နားလည်မှုတွေ နဲ့ ပြေလည်မှုတွေရအောင် လုပ်ကြရပါတယ် ။
ကျွန်တော်တို့က ဇာတ်အိမ်ကို ငြင်းခုံမှုတွေ ၊ သွေးဆောင်မှုတွေ ၊ စီမံကိန်းချတာတွေ ၊ တိမ်းချော်မှုတွေ ၊ အတင်းအဖျင်းပြောတာတွေ ၊ တစ်ချက်လွှတ် အမိန့်ပေးတာတွေနဲ့ ရွေ့လျားသွားစေပါတယ် ။ ဒါတွေကို ကျွန်တော် အကျယ်ချဲ့ ပြောရမယ် ဆိုရင် ဆုံးနိုင်ဖွယ်ရာ ရှိမှာ မဟုတ်ပါဘူး ။ စာရေးတဲ့သူ တစ်ယောက် အနေနဲ့ဆိုရင် ခုလောက် ပြောရုံနဲ့ သဘောပေါက်လောက်ပါတယ် ။
ဒီနေရာမှာ ဝတ္ထု နဲ့ လက်တွေ့ ဘဝ ကွာခြားတဲ့ အချက် တစ်ခု ပြောလိုပါတယ် ။ လက်တွေ့ဘဝ မှာ လင် နဲ့ မယား ၊ မိဘ နဲ့ သားသမီးကြားမှာ နှလုံးသားချင်း နားလည်နိုင်ကြတဲ့ အတွက် စကား ပြောစရာမလိုဘဲ အလိုလို ပြီးမြောက်သွားတဲ့ ကိစ္စတွေရှိတယ် ။ ဝတ္ထုမှာ ကျတော့ ဒီလို နားလည်လို့ မရတော့ဘူး ။ စာဖတ်သူပါ နားလည်လာအောင် မလွဲမသွေ စကားပြော ထည့်ပေးရပါတော့တယ် ။ စကားပြောတစ်ခု ဆုံးခန်းတိုင်သွားတိုင်း အပြောခံရတဲ့ သူက မူလပထမ သူ မသိခဲ့ရသေးတဲ့ သတင်းအချက်အလက် အသစ် ရသွားစေရမယ် ။ တစ်နည်းပြောရရင် စာဖတ်သူ သိသွားစေရမယ် ။ စကားပြော က ပဋိပက္ခ ရဲ့ အဖြေဆီကို တဖြည်းဖြည်း ချဉ်းကပ်သွားတာမျိုး ဖြစ်စေရပါမယ် ။
◾သတင်းပေးနိုင်ရမယ်
ဒီ အချက် က လွယ် မယောင် နဲ့ ရှုပ်ထွေး စေတတ်တဲ့ အချက်ပါ ။ ဥပမာ ပြရမယ် ဆိုရင် အဆိုးရွားဆုံး “ စကားပြော ” တွေက အပေါစား ပြဇာတ်တွေ မှာ ပြောတတ်ကြပါတယ် ။
အမေ ။ ။ မီးလတ် ( ဒ် ) ကို မနေ့က ကုန်စုံဆိုင်မှာ ငါ တွေ့ခဲ့တယ် ။
သမီး ။ ။ ဘယ် မီးလတ် ( ဒ် ) လဲ အမေ ၊ သူ့ အဖေက လူသ,တ်မှု နဲ့ တရားစွဲခံရပြီး စိတ်မနှံ့ဘူး ဆိုတာ သက်သေပြနိုင်လို့ လွတ်သွားတဲ့ မီးလတ် ( ဒ် ) လား ။ သူ့ အမေက သူ့ အဖေကို ကွာပြီး သူ့ဦးလေး စပတ် ( ဒ် ) နဲ့ ယူ ၊ ကိုယ်ဝန် ရှိလာတော့ ဦးလေး နဲ့ ကွဲပြီး အခု သူ့ အဖေ နဲ့ ပဲ ပေါင်း နေတယ် မဟုတ်လား ။
အမေ ။ ။ အေး ... ဟုတ်တယ် ။
ဟူး ... စကားပြောက တစ်ဆင့် စာဖတ်သူကို သတင်းအချက်အလက် ပေးနိုင်ရမယ် ဆိုတာ ဒါမျိုးကို ပြောတာ မဟုတ်ပါဘူး ။ အတုံးလိုက် ၊ အတစ်လိုက် ပေးတာမျိုး မဟုတ်ဘဲ ညင်ညင်သာသာ တစ်စ တစ်စချင်းပဲ ပေးသွားရမယ် ။ ဒါကြောင့် လည်း ဆရာ့ ဆရာကြီးများ က “ မပြောနဲ့ ၊ ပြပါ ” ဆိုတဲ့ အဆိုအမိန့် ကို ထပ်ဖန် တလဲလဲ ပြောခဲ့ကြတာပေါ့ ။ “ မင်း မျက်မှန် တပ်ထားတာ ငါ မြင်ပါတယ် ” လို့ ပြောမယ့် အစား “ မင်း မျက်မှန် ကလည်းကွာ ၊ အမြဲ ကြေး ( ဂျီး ) တွေ ပေနေတာပဲ ” လို့ ပြော လိုက်ရင် အပြောခံရတဲ့ လူ မျက်မှန်တပ်တာ ၊ သူ့အကျင့် က မျက်မှန် ကို သပ်သပ်ရပ်ရပ် မသုတ်တာ တို့ ကို စာဖတ်သူ က သိသွားမယ့်အပြင် ပြောတဲ့သူ ကလည်း သေသေသပ်သပ် နေတာကို ကြိုက်တဲ့ အကျင့် ရှိကြောင်း ၊ သူများ မျက်မှန် ပေရေနေတာကို သတိထားတတ်တဲ့ အကျင့်ရှိကြောင်းကို ပါ တစ်ပြိုင်တည်း သိသွား စေပါတယ် ။
ဒီလို စကားပြောမျိုးကို နောက်ဖြစ်လာမယ့် ကိစ္စတစ်ခုအတွက် ကြိုတင် ချိတ်ထားတဲ့ အနေနဲ့ သုံးတာမို့ ထိရောက်ပါတယ် ။ အထူးသဖြင့် လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုတွေ ပေါ့ ။ လျှို့ဝှက်သည်းဖို ရေးရာမှာ မကျွမ်းကျင် တဲ့ စာရေးဆရာ တချို့ က “ မင်း စားပွဲအံဆွဲ ထဲ မှာ သေနတ်ထည့်ထားတာ ငါတွေ့တယ် ” တို့ ၊ “ ဒီနေ့ နှင်းဆီချုံ ကို ပိုးသတ်ဆေးတွေ ဖျန်းထားတယ်နော် ၊ ရိုးတံကို မင်း ပါးစပ်နဲ့ မကိုက်လိုက်နဲ့ ၊ တစ်ခါတည်း သေသွားမယ် ” ဆိုတာမျိုးတွေ အတုံးလိုက် အတစ်လိုက် ထည့်ရေးသား ထားတတ်ကြတယ် ။ ဒါဆိုရင် စာဖတ်ပရိသတ် အနေနဲ့ ဝတ္ထု တစ်နေရာမှာ တစ်ယောက်ယောက် သေနတ် နဲ့ ပစ်ခံရမှာ ၊ ဒါမှမဟုတ် ပိုးသတ်ဆေးကြောင့် သေမယ်ဆိုတာ ကြိုတင်သိနေပြီ ။
လျှို့ဝှက်သည်းဖို ဝတ္ထုမှာ ခုနက ပြောသလို နိမိတ်ပြ စကားလောက်ပဲ သုံးထားလိုက်ပြီး တကယ့် အဖြစ်အပျက် ဖတ်ရချိန်ကျမှ ရှေ့မှာ ချိတ်ထားတဲ့ စကား နဲ့ စာဖတ်သူကိုယ်တိုင် က ပြန်တွေးယူရတာ အရသာပဲပေါ့ ။ ရှေ့က ပြောခဲ့တဲ့ စကားဟာ အသားလွတ် ပြောခဲ့တာ မဟုတ်ဘူးဆိုတာ ဖော်လိုက်နိုင်ချိန် မှာ စာဖတ်သူကလည်း ခံစားရတာ ပျော်သွားတယ် ။ ဒါကြောင့် စကားပြောက တစ်ဆင့် စာဖတ်သူကို သတင်းအချက်အလက် ပေးပါ ဆိုတာ အတုံးလိုက် အတစ်လိုက် ပေးခိုင်းတာ မဟုတ်ပါဘူး ။ ခပ်ပါးပါးလေး ပေးသွားရုံပါပဲ ။
◾အသံ ၊ လေယူလေသိမ်း နဲ့ မြင်ကွင်းကို ဖော်ပြရမယ်
လေယူလေသိမ်း ဘယ်လို ထားရမယ်ဆိုတာ ဝတ္ထုရဲ့ ပထမဆုံး စာပိုဒ်မှာ ဆုံးဖြတ်ရွေးချယ်ရတာ အခက်ဆုံး နဲ့ အရေးကြီးဆုံးပါပဲ ။ တစ်ချိန်တုန်းက ကျွန်တော် စာပေမဂ္ဂဇင်း တစ်ခုမှာ လက်ထောက် အယ်ဒီတာ လုပ်ခဲ့တော့ ရက်သတ္တ တစ်ပတ်ကို စာမူ ပုဒ်ရေ ၂၀၀ လောက် ဖတ်ရပါတယ် ။ ကလောင်သစ်တွေ ရေးကြတဲ့ လက်ရည်က မတိမ်းမယိမ်းတွေပါ ။
ဒါပေမဲ့ ဘယ်သူတွေက ထူးခြားချွန်ထွက်လာသလဲဆိုတော့ လေယူလေသိမ်း ကို မှန်မှန်ကန်ကန် ကြားယောင်လာအောင် ရေးတတ်တဲ့ သူတွေ ရဲ့ ဝတ္ထုတွေပါပဲ ။ “ အသံ ” ဟာ စာရေးသူအတွက် အရေးကြီးဆုံးပဲ ။ သူ ရေးလိုက်တဲ့ သံနေ သံထား ကို စာဖတ်သူက နားထဲမှာ ကြားယောင်လာအောင် ရေးတတ်ရမယ် ။
တစ်ခါတလေ ကျွန်တော် က သင်တန်းသားတွေ ကို နှစ်မျက်နှာ ဝတ္ထုတို တစ်ပုဒ်လောက် ရေးခိုင်းလိုက်တယ် ။ အဲဒီ ဝတ္ထုကိုပဲ နောက်ထပ် တခြား နာမည်ကြီး စာရေးဆရာတွေ ဖြစ်တဲ့ Erma Bombeck ရဲ့ ပုံစံ ၊ Edgar Allan Poe ရဲ့ ပုံစံ ၊ Louis L.Amour တို့ရဲ့ ပုံစံတွေ နဲ့ ပြန်ရေးခိုင်းကြည့်ပါတယ် ။ ဒီလို ပြန်ရေးခိုင်းခြင်းအားဖြင့် သူတို့ ဝတ္ထုတွေ က အံ့သြစရာကောင်း လောက်အောင် တိုးတက်ကောင်းမွန်လာကြပါတယ် ။ ဆရာကြီးတွေ ရဲ့ ပုံစံကို အတုယူနိုင်တဲ့ အလွယ်ဆုံးနည်းကတော့ စကားပြောတွေ မှာ သူတို့ ပုံစံအတိုင်း ရေးခြင်းပါ ။ တောကြိုအုံကြားက ကလေးတစ်ယောက် ပြောတဲ့ စကား နဲ့ တက္ကသိုလ် ကျောင်းသား တစ်ယောက် စကား ပြောပုံချင်း က ဘယ်နည်းနဲ့ မှ မတူနိုင် သလို ၊ အသ,တ် ခံရမယ့် ဘေး က လွတ်အောင် ပြေး နေတဲ့ လူတစ်ယောက် ပြောတဲ့ စကားသံ နဲ့ ဈေးဝယ်ထွက်လာတဲ့ လူတစ်ယောက် ရဲ့ အသံဟာလည်း မတူနိုင်ပါဘူး ။
မျက်တောင်ကလေး နှစ်ခု အတွင်းက ဝါကျ ( စကားပြော ) တိုင်းဟာ ဘယ်သူက ပြောနေတယ် ၊ ဘယ်လို လေသံ ရှိတယ် ဆိုတာ စာဖတ်ပရိသတ် သိအောင် စာရေးဆရာ က လုပ်ပေးရတာပဲ ။ ခုခေတ် စာပေမှာတော့ စကားပြော နဲ့ ရေးနည်းဟာ စတိုင် ( လ် ) တစ်ခု ဖြစ်လာပါပြီ ။ ၁၉၃၂ ခုနှစ် လောက်တုန်းကတော့ ဒီ ပုံစံက တော်တော် ကိုးရိုးကားရား နိုင် သလိုပါပဲ ။ တကယ် တော့ စကားပြောကို ဘယ်လို ပုံစံနဲ့ ရေးရမယ် ဆိုတဲ့ နည်းဥပဒေ အတိအကျ မရှိပါဘူး ။ ပရိသတ် နားလည် သွားအောင် ရေးနိုင်တဲ့နည်းသာ အဓိကပါ ။ ဒါပေမဲ့ နည်းပရိယာယ်တော့ ရှိတာပေါ့ ။
ဥပမာ
လော်ရီ က လက်ပိုက် လိုက်ပြီး “ နင် ဘာလို့ ဒီ စကား ပြောတာလဲ ”
ဆိုတာ နဲ့
“ နင် ဘာလို့ ဒီလို ပြောတာလဲ ” လို့ လော်ရီ က သူ့ကိုယ်သူ ကာကွယ်ရင်း မေးလိုက်တယ် ။
ဆိုတာ ကို နှိုင်းယှဉ်ကြည့်ပါ ။ ကိုယ်ဟန် အမူအရာ ပါလာတာ ပိုကောင်းတယ် ။ ဒီ ကိုယ်ဟန် အမူအရာက ဘာကို ပြတယ်ဆိုတာ ထည့်ပေးလိုက်တော့ ပို ထိရောက် သွားစေပါတယ် ။ ဘယ်သူ ပြောတဲ့ စကားမှန်း မကွဲပြား နိုင်တဲ့ နေရာတွေ မှာသာ “ သူ က ပြောတယ် ” “ သူမ က ပြောတယ် ” ဆိုတာတွေ ထည့်ပေးပါ ။ စာနှစ်မျက်နှာ လောက် မှာ သူ က မေးသည် ဆိုတာမျိုး တစ်ခါလောက် မသိမသာ ထည့်ပါ ။ စာရေးဆရာ က သူ့ ဇာတ်ကောင်ကို ဝင် စွက်ဖက် တဲ့ အရေးအသား မျိုး ဖြစ်တဲ့ ( သူ က ဖြောင့်ချက်ပေး ) ( သူမ က လေ့လာကြည့်သည် ) ( ဂျော့ ( ချ် ) က ညည်းညူလိုက်၏ ) ဆိုတာမျိုးတွေ ကို ( ပြောသည် ) ဆိုတဲ့ နေရာ မှာ အစားထိုးဖို့ မကြိုးစားပါနဲ့ ။
တကယ်လို့ ဒါမျိုး ရေးချင်တယ်ဆိုရင် ကိုယ်က စကားပြောရဲ့ ရှေ့ ကနေ ကြိုရေးပါ ။ ဥပမာ ( ဂျော့ ( ချ် ) ညည်းတာကို ကိုယ်က ပြောချင်ရင်
ဂျော့ ( ချ် ) က ညည်းလိုက်သည် ။ “ ငါ ဒီနေ့ မနက် အိပ်ရာက ထ လို့ မရဘူးကွာ ”
လို့ ရေးပါ ။
“ ငါ ဒီနေ့ မနက် အိပ်ရာက ထလို့ မရဘူးကွာ ” လို့ ဂျော့ က ညည်းလိုက်သည်
လို့ မရေးပါနဲ့ ။
ဒါနဲ့ ပတ်သက်လို့ ကျွန်တော် ပြောတာ ယုံပါ ။ ညည်းတာ နဲ့ စကားပြောတာ တစ်ချိန် တည်း ဘယ်တော့မှ မဖြစ်နိုင်ပါဘူး ။ စကားပြော ရေးတဲ့ နေရာမှာ “ ကြိယာဝိသေသန ” ကို တတ်နိုင်သလောက် ရှောင်ပါ ။ ၁၉၅၀ ခုနှစ်များတုန်းက ဟဲမင်းဝေး စာပေတော်လှန်ရေးကာလ မှာ ကြိယာဝိသေသန ကို ပလိပ်ရောဂါ လို ရှောင်ခဲ့ကြပါတယ် ။ ကျွန်တော် ကတော့ ဒါတွေကို လက်နက် ကိရိယာတွေလို မြင်တယ် ။ ကိရိယာတွေ ကို အမြဲတမ်း မသုံးစွဲရဘူးလို့တော့ ပိတ်ပင်ထားလို့ မရပါဘူး ။
စကားလုံးများကို ပုံနှိပ် ဖော်ပြရာမှာ စာလုံးပုံစံများ ကလည်း တစ်နည်းအားဖြင့် အထောက်အကူပြု ဖမ်းစား နိုင်ပါတယ် ။ ဆိုကြပါစို့ ။ ဇာတ်ကောင် က ဒေါသထွက်ပြီး အော်လိုက်တယ် ။
“ ငါ့ အိမ်ထဲက ထွက်သွားစမ်း ” ( စာလုံးကြီး အမည်းဖြင့် )
“ ငါ့အိမ်ထဲက ထွက်သွားစမ်း ! ”
“ ငါ့ အိမ်ထဲက ထွက်သွားစမ်း ” ( စာလုံး အစောင်းဖြင့် )
အပေါ် မှာ ပြထားတဲ့ စာ စီပုံ သုံးမျိုးထဲ က နှစ်မျိုးကို အယ်ဒီတာတွေ က ပယ်မှာပဲ ။ ဘယ်နှစ်မျိုး ဆိုတာတော့ ကျွန်တော် မပြောတတ်ဘူး ။ ဒါကတော့ တည်းဖြတ်တဲ့ အယ်ဒီတာ ရဲ့ စိတ်ကြိုက်ပေါ်မှာ မူတည်တာ ကိုး ။ ကျွန်တော့် စိတ်ကြိုက် ပြောရရင် စာလုံးအကြီး နဲ့ ပြူးပြူးပြဲပြဲ စီပြတာ ထက် စာလုံးအစောင်း နဲ့ စီပြတာကို ကြိုက်တယ် ။ အဆိုးဝါးဆုံး ကတော့ တချို့ စာရေးဆရာတွေ သုံးတတ်ကြတဲ့ ဝါကျ နောက်က ဘာမှန်းမသိတဲ့ အမှတ်အသားတွေပါ ။
“ ငါ့ အိမ်ထဲက ထွက်သွားစမ်း ! ! ? ! ”
ဒါတွေက တစ်ချိန်တုန်း က Batman Style လို့ ခေါ်တဲ့ ရေးနည်းပါ ။ ခုတော့ မသုံးကြတော့ဘူး ။ ဒါပေမဲ့ ရုပ်ပြစာအုပ်တွေမှာတော့ ခုထက်ထိ သုံးနေကြတုန်းပဲ ။ ကျွန်တော်က ဒီလိုပြောတော့ စာဖတ်ပရိသတ်တွေ က James Joyce ရဲ့ ဝတ္ထုထဲက ဒီလို ရေးထားတာတွေကို နမူနာ ပြချင်ကြပေလိမ့်မယ် ။ ပြီးတော့ စာရေးနည်း ဥပဒေသ အမှတ် ( ၁ ) ကို ရွတ်ပြကြလိမ့်မယ် ။ ဒါပေမဲ့ စာရေးနည်းဥပဒေဆိုတာ မရှိပါဘူး ။
••••• ••••• •••••
ဒီ ဆောင်းပါးကို ဖတ်ပြီးရင် ရွှေ ( ၃၇ ) “ အလုပ်လုပ်သော စကားပြော ” ဆောင်းပါးနဲ့ ဆက်စပ်ကြည့်ပါ ။ စာရေးချင်သူများအတွက် အထောက်အကူပြုနိုင်ပါလိမ့်မယ် ။
◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
အမှတ် ( ၃၉ )
ဇန်နဝါရီလ ၊ ၁၉၉၃
No comments:
Post a Comment