❝ မလွမ်းချင်တဲ့သူ ❞
( ဝင်းဝင်းမြင့် - နန်းတော်ရှေ့ )
အမှန်တကယ်တော့ ကျွန်မက မလွမ်းတတ်သူ ဖြစ်ပါသည် ။ ကုစားရန် မလွယ်သော ၊ ရောဂါလည်း မဟုတ်သော ဝေဒနာတစ်မျိုး ဖြစ်သည့် အလွမ်းက လူကို နှိပ်စက်တတ်မှန်း သိ၍ ကျွန်မ မလွမ်းချင်တာလည်း ဖြစ်ပါသည် ။ လွမ်းချင်းအပူတို့ လောင်မြိုက်တာကို မခံစားရလေအောင် ကျွန်မ ကိုယ် ကျွန်မ မနေတတ်ခဲ့သူဟု တစ်ခါ တစ်ခါမှာတော့ အနည်းငယ် ဘဝင်မြင့်ချင် သလိုလိုတောင် ဖြစ်မိပါရဲ့ .. ။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ကြည်နူး လို့ပေါ့လေ ။
ခုတော့ ထိုသို့မဟုတ် ... ။ ကျွန်မ လွမ်းခဲ့ရပြီ ... ။ ကျွန်မ လွမ်းနေရသူက တစ်ယောက်လည်း မဟုတ် ... ။ နှစ်ယောက်လည်း မဟုတ် ... ။ အရေးကြီးသော ကလေး တစ်စုနှင့် မျှော်လင့်ချက်များ .. ။ ဒီ့ထက်ပို၍ ဆိုရလျှင် လှပသော အနာဂတ် တစ်ခု .. ။ ထိုအရာတွေကို လွမ်းရမှာတော့ ကျွန်မ နေလို့ ကောင်းနိုင်ပါတော့မလား ... ။
ကျွန်မ၏ အလွမ်းဝေဒနာ စတင်ရာကဘော့ ရိုးရိုးစင်းစင်း ကိုယ်ရေးကိုယ်တာ မိသားစု သာမန်ကိစ္စကလေးမှ အတွေးစခဲ့ခြင်းဖြစ်ပါသည် ။ အသက် ( ၈၆ ) နှစ်ရှိပြီဖြစ်သော ကျွန်မ၏ ဖေဖေသည် ကျန်းမာရွှင်လန်း နေရာမှ ရုတ်တရက်ကြီး နေမကောင်း ဖြစ်သွားသည် ။ သွေးအားနည်းသည်ဟု စတင်သိရာမှ ရောဂါကို သေသေချာချာ ရှာဖွေစစ်ဆေးသောအခါ အူမကြီးကင်ဆာ ဖြစ်နေပြီဟု အဖြေ ထွက်လာသည် ။ ဖေဖေ့ကို ဘာမှ မသိစေဘဲ ရောဂါကို သက်သာရန် ကြိုးစားရပါသည် ။ စက်မှ ထွက်သော အဖြေနှင့် ဆရာဝန်ကြီးများ၏ အဖြေ အရတော့ ဖေဖေ၏ သက်တမ်းသည် သုံးလမျှသာ ကျန်တော့သည် ။ ထိုအချိန်မှာ အကြီးဆုံးသမီး ဖြစ်သော ကျွန်မ ဆုံးဖြတ်ရပါသည် ။ ဘာလုပ်မလဲ .. ။
ကျွန်မ ဗျာမများခဲ့ပါ ။ ဆေးနည်းတိုနှင့် အခြား ဆေးဝါးများကို လုံးဝ မသုံးခဲ့ပါ ။ ကျွန်မ ယုံကြည်ကိုးစားရာ သမားတော်ဆရာဝန်ကြီး တစ်ဦးတည်း ကိုသာ ပုံအပ်၍ ညွှန်ကြားသမျှ တိတိကျကျ လိုက်နာကာ ပြုစုကုသပါသည် ။ ဖေဖေ့ကို နေ့စဉ်နှင့်အမျှ စောင့်ရှောက်ပြုစု ပေးနေသော သူနာပြု ဆရာမလေးများကလည်း ဆရာကြီးနှင့် ညတိုင်း တွေ့၍ ဖေဖေ၏ တစ်နေ့တာ စားသောက် နေထိုင်ပုံများကို အသေးစိတ် သတင်းပို့ရပါသည် ။ သည်လိုနှင့် သုံးလကျော်လာခဲ့ .. ။ လေးလ .... ငါးလ .. ခြောက်လ ဖေဖေ၏ အသက်ကို မချိမဆံ့ ဆွဲဆန့်သလို မဟုတ်ဘဲ သက်သောင့်သက်သာ အေးအေးချမ်းချမ်းပင် လူမမာနှင့် မတူအောင် နေနိုင်ခဲ့ပါသည် ။
ဖေဖေ၏ ရောဂါ အတိမ်အနက်ကို သိသော ဆွေ မျိုးများ မိတ်ဆွေများကပင် .... “ အူမကြီးကင်ဆာ ” ဟုတ်ရောဟုတ်ရဲ့လားဟုပင် သံသယ ဝင်ခဲ့ကြသည် ။ ဖေဖေ ကတော့ မသိရှာ ။ တစ်ခုခုတော့ တစ်ခုခုပဲကွ ” ဟု ခဏခဏ ပြောပေမဲ့ မသိချင်သော စိတ်ကြောင့်လား ။ သမီးများ အဖြေရခက်မည် စိုးသောကြောင့်လားမသိ ။
ဖေဖေသည် ဆုံးသွားသည့် အချိန်အထိ “ ဘာရောဂါ ဖြစ်နေတာလဲ ” ဟု သမီးများကိုရော ဆရာဝန်ကြီး ကိုပါ တစ်ခွန်းမျှ မမေးခဲ့ပါ ။ သက်သောင့်သက်သာနှင့် နောက်ဆုံးထွက်သက်အထိ နေသွားခဲ့ပါသည် ။
ဖေဖေ၏ ထူးခြားမှု တစ်ခုက ဦးဆောင်ကုသပေးသော သမားတော် ဆရာဝန်ကြီး ကို ယုံယုံကြည်ကြည်နှင့် လေးစားချစ်ခင်ခြင်း ဖြစ်ပါသည် ။ ဖေဖေ့ကို ခွဲစိတ်ဆရာဝန်ကြီးများကလည်း ကြည့်ရှု စောင့်ရှောက်ပေးရပါသည် ။ ဘယ် ဆရာဝန်ကြီးများက ဘာဆေးလေးပေး ချက်ချင်း မသောက် ။ “ ဆရာ့ကို ပြကြဦး ဆရာ့ကို ပြော ပြီးပြီးလား ” နှင့် ဘယ်သူက ဆေးအသစ် ပေးပေး ဆရာ့ ကို ပြပြီးမှ အကြောင်းကြားပြီးမှ သောက်လေသည် ။ နောက်ပိုင်းမှာတော့ ဆေးသာမက အစားတစ်ခုခု စား မည်ဆိုတောင် “ ဆရာ့ကို မေးပါဦး ” ဟု ဖြစ်လာတော့သည် ။ ဖေဖေ၏ သမားတော် ဆရာဝန်ကြီးသည် ဖေဖေ့ အတွက် နေ့လွဲညဉ့်ခါများအထိ စိတ်ရှည်သည်းခံကာ မေတ္တာ ၊ ကရုဏာ အပြည့်ဖြင့် စောင့်ရှောက်ပါသည် ။
ထိုထိုသော အကြောင်းအရာများကြောင့် ဖေဖေ သည် သုံးလမျှသာ နေရန် ရှိသော အချိန်ကာလကို တစ်နှစ်ကျော်သည်အထိ သက်သောင့်သက်သာ နေထိုင်ပြီး ဒါနထုပ် ၊ သီလထုပ်ကလေးများကို နိုင်သလောက် ထုပ်ယူသွားနိုင်သည်ဟု ကျွန်မတို့ စိတ်ဖြေနိုင်ခဲ့ကြပါ သည် ။ ထိုဖြစ်စဉ်သည် ကျွန်မ၏ အတွေးများကို အစဉ် စိုးမိုးလျက် ရှိပါသည် ။
ကျွန်မ၏ အတွေးထဲ၌ လူတစ်ယောက်၏ သေရေးက သိပ်အရေးတကြီး ရှိမနေခဲ့ပါ ။ ကျွန်မ သိသလောက် တွေးကြည့်သောအခါ သေပြီးလျှင် ဘာဆက် ဖြစ်မလဲဆိုသော ဖြစ်စဉ်ကို ကျွန်မ နားမလည်နိုင်ပါ ။ ထိုကြောင့် စဉ်းလည်း မစဉ်းစားတော့ပါ ။ ကျွန်မစဉ်းစား သည်က လူတစ်ယောက်၏ “ နာမကျန်းသောအခါ ” အတွက် ဖြစ်ပါသည် ။ ဖေဖေ၏ နာမကျန်းသော အချိန် ကာလကလေးကို ကျွန်မလွန်စွာ အားကျမိပါသည် ။ ယုံ ကြည်မှုနှင့် ငြိမ်းချမ်းစွာ ဖြတ်သန်းသွားလေသော ဖေဖေ့ ကို အားလုံးက ကံကောင်းသည်ဟု ဆိုကြပါရဲ့ .. ။ ကျွန်မ ကတော့ ကံတရားကို အနည်းငယ်မျှ ဘေးဖယ် ထားပြီး နောက်တစ်နည်းနှင့် တွေးကြည့်မိခဲ့တာဖြစ်ပါသည် ။
ကျွန်မ၏ အတွေးက ဤသို့ဖြစ်ပါသည် ။ အသက် ရှစ်ဆယ်ကျော်သော လူအိုလူနာ ဖေဖေ့ အတွက် နှစ်ပေါင်း သုံးဆယ်မျှ ငယ်ရွယ်သည့် သမားတော် ဆရာဝန်ကြီး ဟူသည် ဖေဖေ၏ အနာဂတ် ... ။ ဖေဖေက အနာဂတ်ကို ယုံကြည်ခွင့်ရှိခဲ့သူ .. ။ ထို့ကြောင့် ကံ ကောင်းခဲ့လေသူ ... ။ ကျွန်မ တွေးမိပါသည် ။ ဖေဖေ့ အတွက် နောင်လာနောက်သားသည် ယုံကြည်စိတ်ချရသူ ဖြစ်ခဲ့သည် ။ ထို့ကြောင့် ဖေဖေ၏ အနာဂတ် လှပခဲ့သည် ။ ဒါဆို .... ကျွန်မတို့၏ အနာဂတ်ရော ... လှပမှာ လား .. ။ ဒါလည်း ကံတရား ကို ခဏ ဖယ်ထားချင်မိပါ သေးရဲ့ ... ။ ထိုကိစ္စသည် ယနေ့ကလေးတွေ ကို ကိုင်တွယ်နေသော ကျွန်မတို့ လက်တွေမှာ တာဝန်အပြည့် ရှိနေပါသလား ။ အတွေးတစ်စက ကျွန်မကို ပြင်းပြင်းထန်ထန် နှိပ်စက်တော့သည် ။ ကျွန်မက ဒီကနေ့ခေတ် ၏ ဆရာမ တစ်ယောက် ဆိုတော့ တွေး ကို တွေး ရပေတော့မည် ။ ကျွန်မ၏ အလုပ်ကို နှစ်စဉ်နှင့်အမျှ စိန်ခေါ်သူက လူသား မဟုတ် ။ တစ်နှစ်ထက် တစ်နှစ် ပြောင်းလွဲနေသော အောင်ချက်နှင့် ကလေးများ၏ ရမှတ်များ ဖြစ်ပါသည် ။ အခြေအနေအရ မိဘများရော ၊ ကလေးရော ကျွန်မတို့ ဆရာဆရာမများရော ကလေးတစ်ယောက် တက္ကသိုလ်ဝင်တန်း ကို ရောက်ပြီဆိုသည်နှင့် ရင်မောကြ ရပြီ .. ။ ကလေးတစ်ယောက်၏ဘဝကို ‘ ရမှတ် ’ နှင့် အဆုံးအဖြတ် ပေးသည်ဆိုတော့ စာမေးပွဲ ဆိုသည်နှင့် ဦးဆုံး နားလည်လိုက်ရသည်မှာ အမှတ်ပေါင်းအများဆုံး ရရှိရေး .. ။
“ ဟဲ့ .. သေချာလုပ် ။ အမှတ်ပေါင်း ငါးရာကျော် မှ ဖြစ်မှာ ဘယ်ဘာသာမှ လျော့လို့ မဖြစ်ဘူး ။ အမှတ်ကို အများဆုံး ရဖို့ ဦးတည်ထား ။ ပြီးမှ မင်း လုပ်ချင်တာလုပ် ”
ကလေးတိုင်းကို အမှတ်ပေါင်းပေတံနှင့် တိုင်းတာကာ ခြောက်လှန့်မြှောက်ပင့်ပြီး သူတို့၏ အရည်အချင်းကို ရင်နာနာနှင့် ဖွတ်ညှစ်ထုတ်ရသည်ကိုပင် စာသင်သည်ဟု အဓိပ္ပာယ်ဖွင့်ရတော့မလို ရင်ထဲမှာ တွေးထားသော စာ သင်ခြင်းဆိုသည့် အဓိပ္ပာယ်နှင့်ကတော့ အတော်လေးကို ကွာခြားပါသည် ။ သို့ပါသော်လည်း ကိုယ်တိုင်သည်ပင်လျှင် ဘယ်အသက်ဘယ်အရွယ်ကတည်းက ထိုစာမေးပွဲစီးကြောင်းကြီးထဲမှာ နစ်တုံပေါ်တုံနှင့် မျောလို့ချောပါ ခဲ့မှန်းမသိ ။ မည်သို့ပင်ဖြစ်စေ အဆိုးထဲက အကောင်း ကို ရွေးချယ်သော အားဖြင့် ကလေးများ ကိုယ့်လက်ထဲ ရောက်လာသမျှ အကောင်းဆုံးဖြစ်ဖို့ အဓိက ။
အောင်စာရင်း ထွက်ပြီး၍ ဂုဏ်ထူးပါသည့် အခြေအနေမှာ တစ်မျိုး ရင်ခုန်ရ ။ အမှတ်စာရင်းတွေ ရပြီး ကလေးများ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ရခါနီး ပြန်တော့ တစ်မျိုး ရင်ခုန်ရ ။ နောက်ဆုံးမှာတော့ ။
“ ဟယ် ကြည့်စမ်း အမှတ်ပေါင်းတွေ အများကြီး ပါလား တော်လိုက်တာကွယ် ၊ ဘယ်မေဂျာ လျှောက်ဖို့ စိတ်ကူးသလဲ ။ ဒါလောက် အမှတ်တွေ ကောင်းနေမှတော့ စဉ်းစားမနေနဲ့ ဆေးတက္ကသိုလ်သာလျှောက် ” ဟု ဝမ်း သာအားရ ပြောကြခြင်းဖြင့် မိဘဆရာသမားများကိုယ်တိုင် ပုံစံခွက်ကြီးကြီးများကို အလိုလို ဖန်တီးမိမှန်း မသိ ဖန်တီးဖြစ်ခဲ့ကြလေရဲ့ ။ ရှေ့ဆောင်ဦးရွက်ပြုသူများ ကိုယ်တိုင်ပင်လျှင် ပုံစံခွက်ကြီးတွေ ထဲမှာ ယက်ကန်ယက်ကန် ။
ရှေ့ပိုင်းနှစ်တွေမှာ ကလေးအချို့က ဘာမှ ပြန်ပြောလေ့ မရှိ ။ အမှတ်ပေါင်း၏ ဦးဆောင်မှု နောက်သို့သာ ကောက်ကောက်ပါအောင် လိုက်ကြစမြဲ ။ သူတို့ ရည်ရွယ်သည်ကိုက အမြင့်ဆုံးတက္ကသိုလ် တက် အထူးချွန်ဆုံး လူဖြစ်ဖို့ ရောက်သည့် နေရာမှာ တစိုက်မတ်မတ် ကြိုးစားခြင်းကိုသာ သူတို့ လုပ်ရမည့် အလုပ်ဟု ခံယူလျက် သူတို့ သတင်းတွေကို ကြားရရုံဖြင့် ဝမ်းသာခဲ့ရ သည်သာ ။ ကျွန်မ၏ လွမ်းခန်းသည် သူတို့ကြောင့် မဟုတ်ပါလေ ။ နောက်တော့ တဖြည်းဖြည်းနှင့် ပြောင်းလွဲမှုများက နေရာ ယူလာသည် ။ ထိုအကြောင်းကို သိသော နေ့က ကျွန်မ၏ အလွမ်း စတင်ပါလေသည် ။
အဖြစ်က ဒီလိုပါ ။
ကျွန်မ စားနေကျ အသုပ်ဆိုင်ကလေးမှာပေါ့ ။ ကျွန်မ ထိုဆိုင်ကလေးသို့ သွားဖြစ်တာ အကြောင်း နှစ်ခု ရှိပါသည် ။ တစ်ခုက အသုပ် အလွန်ကြိုက်သော ကျွန်မ အတွက် အစပ်တည့်သော လက်ရာကို စားရခြင်း ဖြစ်ပြီး နောက်တစ်ခု ကတော့ ကျွန်မ၏ တပည့်ကလေးများနှင့် ဆုံခွင့်ရခြင်းကြောင့် ဖြစ်ပါသည် ။ တကယ်တော့ ထို အသုပ်ဆိုင်ကလေးမှ သားအကြီးဆုံးကလေးသည် ကျွန်မ၏ တပည့်ကလေး ဖြစ်ပြီး ဆေးတက္ကသိုလ် အမှတ် ဝင်သည့် လူတော်ကလေးလည်း ဖြစ်ပါသည် ။ ကလေး၏ အမေသည် ကလေးဆယ်တန်း အထိ ဝန်ထမ်းငယ်ကလေးသာ ဖြစ်ပါသည် ။ ကလေးဆယ်တန်း အောင်ပြီးသွားသောအခါ ကလေး၏ ကျောင်းစရိတ် အတွက် အလုပ် ထွက်လိုက်ပြီး အသုပ်ဆိုင်ကလေး ဖွင့်လိုက်သည် ။ လူရှင်းသော နေ့တွေမှာ ကလေးအမေ က ကျွန်မကို အသုပ်လက်ရာကောင်းကောင်းလေး ပြင်ပေးပြီး ရေနွေးကြမ်းအိုး ကို ထိုင်ငှဲ့ပေးကာ သား အကြောင်း ရောက်တတ်ရာရာ ၊ သား၏ သူငယ်ချင်းများ အကြောင်း ရောက်တတ်ရာရာများ ပြော၍ ကျွန်မကို ဧည့်ခံလေ့ရှိပါသည် ။ ကျွန်မကလည်း ကျွန်မ၏ လက်ထဲမှ ငှက်ကလေးများ ထက်ကောင်းကင် မိုးယံဆီသို့ စိုက်စိုက်မတ်မတ် တက်ရောက်ပျံသန်းကြပါလေရဲ့လား ဟု အလွန်သိချင်သူ ။ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်တော့ ထိုဆိုင်လေးဆီသို့ သွားဖြစ်ပါသည် ။
ရှေ့ပိုင်းရက်တွေတုန်းက ကျွန်မ မှရောက်လာလျှင် ဆိုင်ရှင်၏သားကြီးကလေးက ဦးဆောင်လျက် သူငယ်ချင်းများ စုံညီစွာဖြင့် စကားဝိုင်း ဖွဲ့ရစမြဲ ။ သူတို့လေးတွေ က တက္ကသိုလ်တက်ခါစ ဆိုတော့ သူတို့ကိုယ် သူတို့ လူကြီး ဖြစ်ပြီ ။ လူရာဝင်ပြီ ဟု ထင်သော အတွေးလေးတွေလည်း ရှိလေရဲ့... ။ ပြောရင်းပြောရင်းကလည်း ကလေးစကားတွေ ဖြစ်ပြန်လေရဲ့ ။ သူတို့နှင့် စကားပြောရတာလောက် မြိန်ရှက်သောရသ ဘယ်မှာရှာရလိမ့်မလဲဟု ကျွန်မ ခဏခဏ ခံစားမိပါသည် ။ ထို့ကြောင့်ပင် သူကလေးတို့ကို လွမ်းမိလေတိုင်း စိတ်အပန်းဖြေလိုတိုင်း အသုပ်ဆိုင်ကလေးဆီသို့ ကျွန်မ ပြေးရပါသည် ။
နောက်တော့ တဖြည်းဖြည်းနှင့် ဆိုင်ကလေးက စားနေကျ ကျောင်းသားကျောင်းသူကလေးများ ရှင်းစပြု လာသည် ။ သူတို့တွေ၏ ဆေးကျောင်းနှင့် နီးနီးနားနား မို့ ၊ အစားအသောက်ကလည်း ဈေးနည်းနည်းနှင့် ကောင်းကောင်းကလေးမို့ လူစည်ခဲ့သော နေရာသည် အတော်လေးကို ငြိမ်စ ပြုလာသည် ။ ကျွန်မ သွားတိုင်း တစ်ယောက် မဟုတ် တစ်ယောက် တွေ့နေကျ ကလေးများ ကိုလည်း မတွေ့ရတာ များလာသည် ။
“ ဟောတော် ကလေးတွေ ဘာဖြစ်ကြတာပါလိမ့် ”
ကျွန်မ ဆိုင်ရှင်ညီမလေး ကို စပ်စုရပါတော့သည် ။ သူကလေး မျက်နှာ မကောင်းတာတော့ သတိထားမိပါသည် ။
“ ဆရာမရယ် ... ကလေးတော်တော်များများက တစ်လမ်းကျော်က ဟို ဆိုင်ကြီးထဲ ရောက်နေကြတာ ။ ထမင်းမေ့ ဟင်းမေ့ပဲ ” ဟု ဆိုပြီး အရောင်တောက်တောက် အရောင်စုံစုံ ဆိုးထားသော သုံးထပ်တိုက်ကြီး ကို မျက်စောင်းထိုးပြပါသည် ။
“ ဪ ... ။ အင်း သတိထားမိတယ် ။ အရင် အဲဒီနေရာက တဲလေးပါ ။ တိုက်ကြီးတွေ ကြားထဲမို့လေ ဒီလိုနေရာမှာ ဒါလူသစ်တွေလား ဘာလုပ်တာလဲ ”
“ လူသစ်တွေ ရောက်လာတာပေါ့ ဆရာမရယ် ။ ရောက်လာကတည်းက ဂိမ်းဆိုင် ဖွင့်တာ ။ ဆရာမရယ် ဘာကြာလိုက်လို့လဲ နှစ်ထပ်တိုက် ဖြစ်သွားကာ ဟော ခု သုံးထပ်တိုက်ကြီး ဖြစ်သွားပြီ ။ ကလေးတွေလည်း အားအားရှိ အဲဒီ ဆိုင်မှာချည်းပဲ ”
မေးတုန်းက မေးမိပေမယ့် သူ့ အဖြေကို ကြားရပြန်တော့ စိတ်ထဲမှာ မကောင်း ။ ကလေးတွေ ခုတစ်လော ဂိမ်းကစားရောဂါ သည်းနေပြီဖြစ်ကြောင်း ကြားတော့ ကြားမိပါရဲ့ ဒါလောက် စိုးရိမ်ဖွယ် ဖြစ်နေမှန်း ကျွန်မ မသိခဲ့သေး ။ စိတ်မကောင်းသော ခံစားချက်ကြောင့် ကျွန်မသည် အသုပ်ဆိုင်ကလေး ထံသို့ သွားရန် တုံ့ဆိုင်းနေမိသည် ။ ဒါပေမဲ့ ကြာကြာလည်း မနေနိုင် ။ ရောက်သွားရပြန်ပါသည် ။ ဆိုင်ကလေး ရှေ့သို့ ရောက်သည်နှင့် ကျွန်မ လွန်စွာအံ့သြရတော့သည် ။ အသုပ်ဆိုင်ကလေး ပိတ်ထားလေပြီ ။ လာနေကျမို့ အိမ်ထဲကို ခေါင်းကိုးဝင်ပြီး အိမ်ရှင်ကို ရှာရသည် ။
“ အယ် ... ဆရာမ လာပါရှင့် လာပါရှင့် ဆရာမတော့ အသက်တွေ ရှည်ဦးတော့မယ် ။ ဒီမနက်ဘဲ ပြောမိကြသေးတာ ။ ဆရာမ လည်း မလာဘူးလို့ နေကောင်းလားရှင့် ဆရာမ ”
“ နည်းနည်း မအားတာနဲ့ မလာဖြစ်တာ ၊ အသုပ်ဆိုင် သိမ်းလိုက်ပြီလား ”
"ဖျက်လိုက်ရတာ ဆရာမရဲ့ ။ ကျွန်မ အစာအိမ် ဖြစ်လို့လေ ။ တစ်ပတ်လောက်ဟာ အန်လို့ချည်း နေတော့တာပဲ ။ ဒါနဲ့ သားက မေမေရယ် နောက်တော့မှ တစ်မျိုး ပေါ့ ။ ဆိုင်မရောင်းပါနဲ့ ဆိုလို့ ”
“ အင်း .... သားက ဆရာဝန် ဖြစ်တော့မှာ ဆိုတော့ ကျန်းမာရေး အတွက်ရော ၊ မိသားစု အတွက် စီးပွားရေးပါ အားကိုးနိုင်ပြီပေါ့ ”
ကျွန်မက ဝမ်းသာစိတ် နှင့် အားပါးတရ ပြောမိပါရဲ့ ။ ထို အမေက ပျာပျာသလဲ ငြင်းပါလေရော ။
“ အာ မဟုတ်ဘူး ဆရာမရဲ့ ၊ ဆရာမသား က တတိယနှစ်ကို ကျနေသေးကာ ၊ ပြီးတော့ သူက ဆရာဝန်လည်း မဖြစ်ချင်ပြန်ဘူးတဲ့ ”
“ ဟောတော် ဖြစ်ရလေ ဘာကြောင့်တုန်း ၊ အရင် သိပ်တော်တဲ့ ကလေးပါ ။ အမေကိုယ်တိုင် ပြောတာ မဟုတ်ရင် ကျွန်မ ယုံမှာတောင် မဟုတ်ဘူး ”
ကျွန်မမှာ ထိုအမေ၏ စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပေမယ့် မိခင်ဖြစ်သူ ကတော့ အေးအေးဆေးဆေး နိုင်လွန်းနေသလိုပင် ။ ထိုအမေကို ကျွန်မ အားမရ ။ ဆရာဝန် ဖြစ်ချင်သူတွေ ဖြစ်ခွင့်မရလို့ တငိုငို တရယ်ရယ်တောင် ဖြစ်နေတဲ့ အခါမျိုးမှာ ၊ သူက အမှတ် ကောင်းကောင်းကြီးများနှင့်တောင် ဆေးကျောင်းကို ဝင်ခဲ့သူ ။ ဒီလိုကလေး တတိယနှစ် မှာ စာမေးပွဲ ကျတာ အေးဆေးစရာကိစ္စ မဟုတ်ဟု ကျွန်မ မြင်ပါသည် ။
“ ဆရာမရယ် ပြောရတော့လည်း မကောင်းပါဘူး ။ ဆရာမတပည့်က သင်္ချာသာ အရမ်းတော်တာ ။ လူက ခပ်အေးအေး ဆိုတော့ စကားကလည်း နည်းတယ် ။ ဒီနှစ် မှာ လူနာတွေကို ရောဂါ နဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးရသတဲ့ ။ သူက အဲဒါတွေ မလုပ်ချင်ဘူးတဲ့လေ ။ သိတဲ့ အတိုင်း ဆရာမသားက ဉာဏ်ကောင်းတဲ့သူ ဆိုတော့ စာကျက်က ပျင်းသေးတယ် ။ ကျောင်းကို လွှတ်လို့ မရပါဘူး ဆရာမရယ် ” တဲ့ ။
ကျွန်မ ရင်တွေနောက်ပြီး မွန်းကျပ် လာသလိုပဲ ။
“ ညီမက ဘာမှ မပြောတော့ဘူးလားကွယ် ”
ဆိုတော့ ...
“ ပြောတော့ ပြောတာပဲ ဆရာမရဲ့ ။ ကလေးတွေ က ကြီးလာတော့ ပြောမကောင်းတော့ဘူး ၊ နားမထောင်ဘူးဆရာမရဲ့ ။ စကားပြောလည်း ဘုနဲ့ဘောက် ။ ခုလည်း အိမ်မှ မကပ်တာ ... ”
“ ဟင် နေပါဦး သူက အိမ်မကပ်တော့ ဘယ်သွား နေလို့တုန်း ”
မျက်စောင်းထိုးကဆိုင်ကြီးကို မေးငေါ့ပြ လျက်
“ အဲဒီဆိုင်မှာ တစ်နေကုန် ” တဲ့ ။
“ ဟောတော် ဂိမ်းဆိုင်မှာ ထမင်းမေ့ဟင်းမေ့ကိုပဲ လား ”
ကျွန်မ အံ့အံ့သြသြ မေးမိတော့ ...
“ ဆရာမရယ် အဲဒီဆိုင်က သူ့ကို အစားအသောက်လည်း ကျွေးသတဲ့ မုန့်ဖိုးတောင် ပြန်ရနေပြီ ပြောတာပဲ ။ သူက အဲဒီ ဆိုင်မှာ ဂိမ်းဘုရင်တဲ့ ”
ကျွန်မ ထိုအမေ၏ မျက်နှာကို ထိတ်လန့်စွာ ငေးကြည့်နေမိပါသည် ။ ဒီအမေ သူ့သားကို ဆုံးမနိုင်ပါတော့မလား ။
“ ကျွန်မလည်း ကျောင်းတော့ ပြန်တက်ဖို့ ပြောရတာပါပဲ ဆရာမရယ် ၊ ဆရာဝန်တော့ဖြစ်အောင်လုပ်ဦး ။ ပြီးမှ ကြိုက်တာ လုပ်လို့ ”
ထိုအမေ၏ လျော့ရိလျော့ရဲ ဆုံးမစကားကို ဂိမ်းစွဲနေသော သားက အလေးထားပါ့မလား ။ အတော်လေးတော့ နောက်ကျခဲ့ပြီ ထင်ပါရဲ့ ။ အလွန် တော်ခဲ့သော ကလေးပါ ။ ငယ်ငယ်က သူ တန်ဖိုးထားခဲ့သော သူ့မျှော်လင့်ချက်တွေ ၊ သူ့ရည်မှန်းချက်တွေ ဘယ်ဆီ ဘယ်ငယ်များ ရောက်သွားလေသလဲ ။ မည်သို့ပင်ဖြစ်စေ ကလေးကို ကျွန်မ တွေ့ရန် ကြိုးစားရပါတော့မည် ။ ဒီကလေး ကိုတော့ တိုက်ရိုက်ဆက်သွယ်၍ မရ ။ သူ့ သူငယ်ချင်း ကလေးများကို ခေါ်ရသည် ။
“ ဆရာမ ခေါ်တယ်ဆိုလို့ စိတ်ပူပြီး ပြေးလာကြတာ ၊ လူတောင်စုံအောင် မစောင့်နိုင်ဘူး ။ ဆရာမ နေမှ ကောင်းရဲ့လား ဆိုပြီး ”
“ တော်ပါသေးရဲ့ တော်ပါသေးရဲ့ တို့ဆရာမ လန်းနေလို့ ”
“ ဆရာမ ဆေးကုတာက လွဲပြီး ကျန်တာ အကုန် ခိုင်းနိုင်ပါတယ် ”
ကလေးတွေ က ကျွန်မကို တွေ့သည်နှင့် ကဲကြလေပြီ ။ ကျွန်မ သူတို့ကို ပထမဆုံး မေးခွန်းတစ်ခု နှင့် နှုတ်ဆက်ရပါသည် ။
“ ဒီအဖွဲ့ထဲမှာ ဂိမ်းမကစားဖူးတဲ့ သူ ပါရင် လက်ညှိုးထောင် ”
ထိုအချိန်မှာ ကျွန်မ အတွက် သူတို့ ထဲမှ လက်ညှိုးလေး တစ်ချောင်းတောင် မရခဲ့ ။ ကလေးတွေ က မျက်လုံး ပြူးကြောင်ကလေးများ ဖြင့် တစ်ယောက် ကို တစ်ယောက်
ကြည့်နေကြသည် ။ သူတို့ ထဲမှ အသွက်ဆုံး တစ်ယောက် က ...
“ ဆရာမရယ် ဒီခေတ်ကြီးထဲမှာ ” တဲ့ ။ ကျွန်မ သူတို့ကို ဘာမှ မပြောသေးပါ ပြောချင်တာ ပြောထားနှင့် ကြလေဦး .... ။
“ ကဲ နောက်မေးခွန်း တစ်ခု လာပြန်ပြီ ကျောင်းတစ်ခါမှ မလစ်သေးပါဘူး ဆိုတဲ့လူ လက်ထောင် ”
သည်တစ်ခါလည်း ကျွန်မ မျှော်လင့်သည့် လက်ညှိုးလေးတစ်ချောင်းကိုပင် မရလိုက် ။ ဒါပေမဲ့ ကျွန်မ စိတ်ရှည်ရပါသည် ။
“ ဟဲ့ ... မင်းတို့တွေ ရဲမင်းဦး နဲ့ သက်လွင် ကို တွေ့ကြလား ”
“ ဟာ ဆရာမ ဘုတ်အုပ်တွေ ကို ကျောင်းတက်တဲ့ နေ့ တွေ့တယ်လေ ... ။ သူတို့ကတော့ ဂုဏ်ထူး အတွက် စာအုပ်ထဲ ခေါင်းမြှုပ် ထားကြဆဲပါပဲ ”
သည်ကလေး နှစ်ယောက် က မန္တလေးသားစစ်စစ်ကလေးတွေ ။ ရဲမင်းဦး ကို သူ့ အိမ်က အကြိုအပို့ နှင့် ဂရုစိုက်သောကြောင့် တမင် နာမည်ပြောင်တွေ ပေးပြီး “ ခေတ်လူ ” မဟုတ်ဟု ဆိုချင်ကြသေးသည် ။ သက်လွင် တစ်ယောက် ကတော့ ငယ်ကတည်းက စာမှစာမို့ သူ့ကို တော့ “ ခေတ်လွန် ” ဟု ပြောချင်နေကြသည် ။ ကျန် ကလေးများက နယ်မှ လာကြသူတွေမို့ စုငှားထားသော အဆောင် မှာ နေ ၊ ထမင်းချိုင့် ဆွဲစား ၊ ကိုယ့်အတန်း ကိုယ်တက် ။ အဲဒါ “ ကိုယ့်အားကိုယ်ကိုး ” သမားတဲ့ ။ သူတို့ ကသာ ကိုယ့်အားကိုယ်ကိုးသမား ဟု ဆိုသည် ။ ကျွန်မ ကတော့ ထိုသို့ မမြင် ။ တက္ကသိုလ်ရောက်စဆိုတာ စိတ်ကြီးဝင်၍ အကောင်းဆုံး အရွယ် .. ။ ကလေး က လူကြီး ကူးသည့် မနူးမနပ်ဆုံး ကာလ ။ ထို့ကြောင့်ပေလားမသိ ။ ကျွန်မတို့ ပထမနှစ်မှာ အိမ်က အမေ ထက် ကြောက်ရသော အဆောင်မှူး ၏ စည်းကမ်းအောက်မှာ ပြားပြားဝပ် ခဲ့ရသည် ။ အတန်းလည်း လစ်ခွင့် မရှိ ။ ကလေးများကို ကြည့်ရင်း ကျွန်မ ကရုဏာသက်မိပြန်သည်နှင့် လေသံက အလိုလို ပျော့ပျောင်းမိသည် ။
“ ဟဲ့ .. သူတို့ နှစ်ယောက်က မင်းတို့လို ကိုယ့်အားကိုယ်ကိုးသမားဖြစ်မယ် ဆိုရင်လည်း စာအုပ်ထဲ ခေါင်း မြှုပ်ထားမှာပဲ မဟုတ်ဘူးလား ” ဟု ကျွန်မက သူတို့ကို သွေးတိုးစမ်းပါသည် ။
“ ဆရာမ ပြောသလိုလည်း ဖြစ်နိုင်ပါတယ် ။ သေချာတာတစ်ခုကတော့ သူတို့တွေဟာ ဂိမ်းဆိုင်ကို ပထမဆုံးအကြိမ် အဖြစ် မရောက်ဖူးခဲ့ကြဖူးတဲ့ အတွက် ကျွန်တော်တို့လို ဖြစ်မသွားတာပဲ ” ဟု ဆိုပါသည် ။
“ နင်တို့ကလည်းဟယ် တစ်ခါလေး သွားရုံနဲ့ အဲဒီ လောက်စွဲသလား ။ ဘာသဘောတုန်း မင်းတို့ ဂိမ်းဆိုတာ က ငါ့ကို နားလည်အောင် ရှင်းပြကြစမ်းပါ ”
“ အဲဒီလောက် စွဲသလား ဆိုတော့ ၊ စွဲနိုင်ခြေ ရှိတယ် ဆိုပါတော့ ဆရာမရာ ။ ဆော့ရတာ ဘယ်လိုပြောမလဲ စိန်ခေါ်တဲ့ ဆွဲဆောင်မှုတွေပေါ့ ။ တစ်ယောက်တည်း ဆော့ရတာရှိတယ် ။ ဟိုဘက် ငါးယောက် ဒီဘက် ငါးယောက် အပြိုင်စစ်ခင်းရတာရှိတယ် ။ ကစားပွဲမှာ “ ဟီးရိုး ” တွေပါတယ် ။ သူ့ နောက်မှာ “ ခရိ ” ဆိုတဲ့ တပ်သားတွေပေါ့ ဆရာမရာ ၊ ဆော့ရင်းဆော့ရင်း ကိုယ်က နိုင်ချင်တော့ ကြိုးစားရတယ် ။ လက်မြန်ရတယ် ။ ဆုံးဖြတ်ချက်မှန်ရတယ် ။ လုပ်ရင်းနဲ့ စွဲသွားတာပဲ ။ မဟုတ်လည်း အချိန် ဖြုန်းရင်းပေါ့ ဆရာမရယ် ” တဲ့ ။
“ ဖြစ်ရလေဟယ် .. နင်တို့မှာ ဖြုန်းစရာအချိန် ဆိုတာ ရှိသေးလို့လား ”
ဆေးကျောင်းသားကြီးများကို အံ့အံ့သြသြ မေးပါရဲ့ ။ ထိုအခါ ငေးငေးငိုင်ငိုင် တွေးတွေးဆဆ ဖြေသူတချို့ ပေါ်လာသည် ။
“ ပရက်တီကယ် ချိန်တွေမှာ အထူးသဖြင့် စိတ်ဓာတ်ကျတယ် ဆရာမ ။ ရှေ့နားက လူတွေကတော့ ဆရာမကြီးတွေ ရှင်းပြတာ ကြားရတော့ နားလည်တယ် ။ စိတ်ဝင်စားတယ် ။ လူတွေက အရမ်း များတယ်လေ ။ နောက်နား ရောက်ရင် ဘာမှလည်း မမြင်ရဘူး ။ အသံတောင် မကြားရဘူး ။ ဘယ်လို လုပ်မလဲ ။ အပြင်ရောက်ကုန်တာ ဒီလိုမျိုး အကြောင်းအရာတွေလည်း ပါတယ် ”
ကလေးများက ရိုးလည်း ရိုးသားသလို ၊ ပွင့်လည်း ပွင့်လင်းကြပါသည် ။ သူတို့အသံ သူတို့ခံစားချက်ကို ကျွန်မက အားလုံးအမှန်ဟု မယူလိုသော်လည်း ထို တစ်ချက်သည် လျစ်လျူပြုရမည့်အချက်တော့လည်း မဟုတ်ဟု ကျွန်မ သတိပြုမိပါသည် ။ မည်သို့ပင်ဖြစ်စေ ကျွန်မသည် သူတို့ကို တစ်ကြိမ်တစ်ခါနှင့်တော့ ဂိမ်းနွံအိုင် ထဲမှ ဆွဲထုတ်ရန် မဖြစ်နိုင်သေး ။ ဒါပေမဲ့ ကျွန်မ၏ လက်ထဲမှာ နေ့ညမဟူ စာမှစာ ကျက်ခဲ့မှတ်ခဲ့ ကြိုးစားခဲ့ သည်များကို ပြန်၍ အစဖော်ပေးပြီး လွမ်းစေလိုက်ပါသည် ။ ပြီးတော့ သူတို့ကိုယ်တိုင် ရေးခဲ့ဖူးသော “ အကျွန့် ရည်မှန်းချက် ” စာစီစာကုံးများ အကြောင်းကိုလည်း အစ ဖော်ပေးရပါသည် ။
“ မင်းတို့အားလုံး ဆရာဝန်ကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတဲ့ အကြောင်းတွေပဲ ရေးခဲ့ကြတာ ၊ မှတ်မိသေးလား ၊ ဆရာမတောင် ပြောသေးတယ်လေ ။ ဒီနှစ်တော့
ရည်မှန်းချက်က ဆရာဝန်တွေ များတယ် ၊ ဆရာမတော့ နေမကောင်းဖြစ်မှာ မကြောက်တော့ဘူးလို့ ”
ကျွန်မ၏ ရင် ထဲမှ သောကကို ပွင့်ပွင့်ကြီး လှစ်မပြရဲသေး ။ အရိပ်အယောင်လေးတွေသာ ပြလျက် ဦးတည်ချက်ကလေး ကို ထည့်ပေးရန် ကြိုးစားကြည့်ပါသည် ။ ကလေးတွေက မလုံပြုံးကလေးကိုယ်စီနှင့် ငြိမ်နေကြသည် ။ သူတို့ဘက်က ကြည့်တော့ လက်ဝါး ။ ကျွန်မဘက်က ကြည့်တော့ လက်ဖမိုး ဟူသော အတွေး ကြောင့် သူတို့ကို ကျွန်မ ဇွတ်အတင်း အပြစ်မတင်ရဲပါ ။ ကျွန်မတို့ တက္ကသိုလ်ကျောင်းသားဘဝ ဖြတ်သန်းခဲ့ရပုံ နှင့် သူတို့ ဖြတ်သန်းနေရပုံ ကွာခြားမှုတော့ရှိနေသည်ကိုး ။ အပြင်ဆောင်မှာ အငှားနေရင်း ကိုယ့်မြင်းကိုယ်စိုင်းနေကြ သူတွေ ။ မိဘနှင့် အတူ နေရသော်လည်း ဝါသနာအရင်း မခံသောကြောင့် နှစ်ရင့်လာသောအခါ လမ်းပျောက်ရသူတွေ ။ သူကလေးတို့၏ အနာတရများကို ကျွန်မ စာနာမိခြင်းကြောင့် သူတို့ အမှားကို ထောက်ပြရန် ကျွန်မ ဝန်လေးနေမိရင်း အသုပ်ဆိုင် မဟုတ်တော့သော ထိုအိမ်ကလေးနှင့် ကျွန်မ ဝေးကွာခဲ့ပါသည် ။
သံယောဇဉ် အနှောင်အဖွဲ့ကို မကြိုက်တတ်သော်လည်း ကလေးများကို ငြိတွယ်တတ်လေသော ကျွန်မ၏ ခြေဦးသည် ရောင်စုံခြယ်သော ဂိမ်းဆိုင်ရှိရာ အရပ်သို့ လှည့်မိပြန်ပါသည် ။ ဟောတော့ ။ အသုပ်ဆိုင် မရှိတော့သော အိမ်ကလေးကို ဖျက်စပြုနေပါရောလား ။ ဘာပြုလို့ပါလိမ့် ။ ကျွန်မ စပ်စုလိုစိတ်ကို မထိန်းနိုင် ။ ဘယ်သူ့ မေးရပါ့ ။ ဟိုဟိုသည်သည် လှမ်းမျှော်ကြည့်စဉ် ။
“ ဆရာမ ... ဆရာမ ကျွန်မ ဒီမှာ ”
အသံကြားရာကို လှည့်ကြည့်လိုက်သောအခါ အသုပ်မရောင်းတော့သည့် ကလေးအမေ ။ ကျွန်မက ဝမ်းသာအားရ နှင့် “ ညီမလေး အိမ်ပြင် မလို့လား ” မေးတော့ ။
“ လာလာ ... ဆရာမ ခု ဒီအိမ်လေးမှာ ကျွန်မတို့ ခဏငှားနေတယ် ၊ လာပါဆရာမ ” ဆိုလို့ ကျွန်မ လိုက်သွားရပါသည် ။
“ ဆရာမရေ ဆရာမ ကတော့ ကိုယ့် အစ်မလို ဖြစ်နေလို့ ဝမ်းသာရအောင် ပြောပြချင်လို့ မျှော်နေတာ ။ ကျွန်မတို့ အိမ်ကိုလေ ဟို တိုက်ကြီးက သူဌေးက လာငှားတာ ဆရာမရဲ့ ။ ဆယ်နှစ် နှစ်ချုပ်နဲ့ရယ် ။ ပြီး သူတို့ကပဲ သုံးထပ်တိုက် ဆောက်ပေးတာ ။ တိုက်ကြီးပြီးရင် ကျွန်မတို့ကို အပေါ်ဆုံးထပ် မှာ တစ်ခန်း ပေးမှာတဲ့ ။ ဒီနေရာမှာ သူတို့ စီးပွားဖြစ်လို့တဲ့ ။ ဆရာမ သားလည်း ဆိုင်မန်နေဂျာ ဖြစ်သွားပြီလေ ။ သူ ကြိုက်တဲ့ အလုပ်လုပ်နေရတော့ ပျော်ရွှင်နေပြီး အရင်ကလို ဘုကန့်လန့်လေးတောင် မဟုတ်တော့ဘူး ။ မွန်ရည်သွားပြီ ဆရာမ ” တဲ့ .. ။
ထိုအမေ ထင်သလို ကျွန်မ ဝမ်းမသာနိုင်ခဲ့သည်မှာ အမှန် ။ ဆရာဝန် အလုပ်ကို စွန့်သွားရက်သူကလေးကို ကျွန်မ လွမ်းသည် ။ ကလေးများ၏ ဦးနှောက်ကို နယ်ချဲ့သည့် အဖြစ်ကို ခါးသီးမိသည် ။ ဟို သူဌေးဆိုသော လူ သိမ်းပိုက်သွားသည့် အသုပ်ဆိုင်ကလေးကို လွမ်းသည် ။ ကျွန်မ ချစ်သောကလေးများ စိတ်အနာပေါင်းများစွာနှင့် ဖြုန်းတီးပစ်နေကြသော အချိန်များကို တမ်းတမ်းတတ လွမ်းဆွတ်မိပါသည် ။
ကျွန်မ အသက်ထက် နှစ်ပေါင်းသုံးဆယ်ခန့် ငယ်သော ကျွန်မ ချစ်သည့် ကျွန်မ ကိုလည်း ချစ်ကြသည့် ကျွန်မ ၏ ကလေးတပည့် ဆရာဝန်များသည် ကျွန်မ နာမကျန်း ဖြစ်သောအခါ ငိုရုံမျှသာပဲ ငိုနေကြတော့မှာလား ။ ထိုအကြောင်းအရာကိုလည်း ကျွန်မ လွမ်းရပြန်ပါသည် ။ တကယ်တော့ ကျွန်မက မလွမ်းချင်တဲ့သူပါ ။
▢ ဝင်းဝင်းမြင့် ( နန်းတော်ရှေ့ )
📖စုံနံ့သာ မဂ္ဂဇင်း
ဇန်နဝါရီလ ၊ ၂၀၁၅
No comments:
Post a Comment