❝ စာရေးဆရာ၏ ဖန်တီးမှု ❞
ကျွန်မ နည်းတူ တစ်နှစ်ပတ်လုံး နေ့စဉ်နဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲပြီး စာရေးဖို့ ကြိုးစားနေကြတဲ့ သူတွေ ရှိနေတယ်ဆိုတာ သိရတော့ ကျွန်မ ဝမ်းသာပါတယ် ။ ဒါပေမဲ့ ဝတ္ထု ဘယ်လို ရေးတယ်ဆိုတာ ကျွန်မ မပြောပြခင်မှာ လွန်ခဲ့တဲ့ နွေရာသီ ရက်သတ္တပတ်အတွင်း မြို့ပေါင်း ငါးဆယ်ကို ကျွန်မ ခရီး ထွက်ခဲ့ရာမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကို ပြောပြပါရစေ ။
စိန့်လူးဝစ္စမြို့ကို ရောက်တော့ ကျွန်မ ဝတ္ထုစာအုပ် Everything to Gain နှစ်အုပ်
ကို လက်မှတ်ထိုးပေးဖို့ လူတစ်ယောက်က ကျွန်မကို မေတ္တာရပ်ခံပါတယ် ။ သူက ကျွန်မ ရေးပေးဖို့ အမျိုးသမီး နှစ်ယောက်ရဲ့ နာမည်လည်း ပြောတာကြောင့် ကျွန်မက ရေးပြီး လက်မှတ်ထိုးပေးပါတယ် ။
ကျွန်မ လက်မှတ်ထိုးနေတုန်းမှာ သူဟာ -
“ ဆရာမ ဝတ္ထုတွေကို ကျွန်တော် သဘောကျတယ် ” တဲ့ ။
“ အမျိုးသား စာဖတ် ပရိသတ်ပါလား ”
ဆိုတဲ့ အတွေးနဲ့ ကျွန်မ သူ့ကို မော့ကြည့်လိုက်ပြီး -
“ ကျွန်မ စာအုပ်တွေ ကြိုက်တယ် ကြားရတာ ဝမ်းသာပါတယ် ။ ကျွန်မရေးတဲ့ ဘယ်ဝတ္ထုတွေများ ဖတ်ဖူးပါသလဲ ”
လို့ မေးကြည့်လိုက်တယ် ။
သူ က -
“ ကျွန်တော် တစ်အုပ်မှ မဖတ်ဖူးပါဘူး ။ ဒါပေမဲ့ ဆရာမရေးတဲ့ ဝတ္ထုတွေက အထူကြီးတွေ ။ အဲဒါ ကျွန်တော် သိပ်သဘောကျတာ ” တဲ့ ။ ဘယ်လို လူပါလိမ့်လို့ သူ့ကို ကြည့်လိုက်မိတယ် ။
“ ဒီလို ခင်ဗျ ”
သူက စကားဆက်တယ် ။
“ ကျွန်တော်တို့ အိမ်ကို တစ်နှစ် တစ်ကြိမ် ကျွန်တော့် ယောက္ခမကြီးက လာလည်ပါတယ် ။ အဲဒီအခါမျိုးမှာ ကျွန်တော်က ဆရာမ ဝတ္ထုစာအုပ်တွေ သူ့ အတွက် ဝယ်ပေးထားလိုက်ရင် ယောက္ခမကြီးခမျာ ပြန်ခါနီး နှုတ်ဆက်မှပဲ စကားပြော နိုင်ပါတော့တယ် ” တဲ့ ။
••••• ••••• •••••
ကျွန်မ အသက် ခုနစ်နှစ် အရွယ်မှာ စာစရေးခဲ့ပါတယ် ။ အသက် ဆယ့်နှစ်နှစ်အရွယ် ရောက်တော့ ပထမဆုံး ဝတ္ထုကို ပုံနှိပ်ဖော်ပြခံရပါပြီ ။ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် ရောက် တော့ ကျွန်မက တော်တော်ကလေး ထက်ထက်မြက်မြက်ရှိတဲ့ အတွက် ဂျာနယ်လစ် ( ဇ် ) ဖြစ်ချင်ခဲ့ပါတယ် ။ အဲဒီ အရွယ်တုန်းက ဝတ္ထု ရေးရင်လည်း ရောင်းခစွံ မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိတယ်လေ ။ ဒါနဲ့ ကျွန်မ York Shire Evenening Post သတင်းစာမှာ သတင်းထောက်ဖြစ်လာခဲ့တယ် ။ နှစ်နှစ် သတင်းထောက် လုပ်ပြီးတဲ့အခါ အသက်ဆယ့်ရှစ်နှစ်အရွယ် ရောက်လာတော့ Women's Page ကဏ္ဍ အတွက် အယ်ဒီတာ ဖြစ်လာခဲ့တယ် ။ အသက် နှစ်ဆယ်အရွယ်ကျတော့ Fleet Street ကို ပြောင်းခဲ့ပြန်ရော ။ သတင်းစာ နဲ့ မဂ္ဂဇင်း တော်တော်များများမှာ ကျွန်မ အလုပ် လုပ်ခဲ့ဖူးပါတယ် ။ ၁၉၆၃ ခုနှစ်မှာ ရောဘတ် ဘရက် ( ဒ် ) ဖို့ ( ဒ် ) နဲ့ အိမ်ထောင်ကျပြီး စတိတ်မှာ နေဖို့ ပြောင်းရွှေ့လာခဲ့ပါ တယ် ။ သူက ကျွန်မ ဝတ္ထုတွေကို ရုပ်မြင်သံကြား မီနီစီးရီးများအဖြစ် ရိုက်ကူးတင်ပြနေသူပါ ။ ဒီရောက်တော့လည်း နှစ်တော်တော်ကြာအောင် ဂျာနယ်လစ် ( ဇ် ) အဖြစ် ကျင်လည်ခဲ့ပေမယ့် ဝတ္ထု ရေးချင်တဲ့ ဆန္ဒကတော့ ပျောက်ပြယ် မသွားခဲ့ပါဘူး ။
၁၉၆၈ နဲ့ ၁၉၇၅ ခုနှစ်အတွင်း လက်စမသတ်နိုင်တဲ့ ဝတ္ထု လေးပုဒ် ကျွန်မ ရေးခဲ့ပါတယ် ။ ရေးလက်စ စာမူတွေကို ကျွန်မက လွှင့်မပစ်ဘဲ သိမ်းထားတာ ဆိုတော့ ဒီစာမူတွေ ပြန်ဖတ်လိုက်တိုင်း ကျွန်မဟာ အဲဒီတုန်းက ဝတ္ထုဇာတ်အိမ် ဘယ်လို တည်ဆောက်ရမယ် ၊ စကားပြော ဘယ်လို ရေးရမယ် ဆိုတာ လေ့လာသင်ယူနေဆဲ ကာလပဲ ဖြစ်တယ် ဆိုတာ သဘောပေါက်ခဲ့ပါတယ် ။ ဒီဝတ္ထုတွေ ကျွန်မ ဘာကြောင့် လက်စ မသတ်နိုင်ခဲ့တာလဲ ဆိုတော့ ကျွန်မ တွေး ကြည့်တော့ အာရုံဝင်စားမှု ပျောက်ပြယ်သွားလို့ ဖြစ်တယ်လို့ ထင်ပါတယ် ။
ဒါကြောင့် ဝတ္ထု ရေးချင်သူများအတွက် ကျွန်မ ပထမဆုံး ပေးချင်တဲ့ အချက်ကတော့ အာရုံဝင်စားမှု ပျောက် မသွားပါစေနဲ့ ၊ တစ်ဆက်တည်း ဝင်စား နေပါစေဆိုတဲ့ အချက်ပါပဲ ။
ကျွန်မ ရေးလက်စ ဝတ္ထု လေးပုဒ် စလုံး ကောင်းပါတယ် ။ ဒါပေမဲ့ ကျွန်မ အာရုံဝင်စားလို့ မရတော့ဘူး ။ တစ်ပုဒ် ရေးရင်း တန်းလန်းကနေ နောက်တစ်ပုဒ် ရေးချင် စိတ် ပေါက်လာတော့ ရေးလက်စကို ချ ၊ နောက်တစ်ပုဒ် စရေး ၊ ဒီလိုနဲ့ပဲ ရေးလက်စ ဝတ္ထု လေးပုဒ်က ဘယ်တော့မှ အဆုံးမသတ်တော့ဘူး ဖြစ်သွားတယ် ။
၁၉၇၅ ခုနှစ် နှောင်းပိုင်း မှာ A Woman of Substance ဝတ္ထု ရေးဖို့ စိတ်ကူးရလာခဲ့ပါတယ် ။ ဒီစိတ်ကူးက ဗြိတိသျှ စာရေးဆရာ ဂရေဟမ် ဂရီး ( န် ) ရဲ့ အင်တာဗျူးကို ဖတ်ရာက ရလာခဲ့တာပါ ။
သူက ပြောတယ် ။ ဇာတ်ကောင်ရဲ့ စရိုက်ဟာ ဇာတ်ကွက်ပဲတဲ့ ။ တစ်နည်းပြောရရင်တော့ ကိုယ် ဖန်တီးလိုက်တဲ့ ဇာတ်ကောင်ရဲ့ ကောင်းကွက် ၊ ဆိုးကွက်တွေက ဇာတ်ကွက် ဖြစ်လာတာပဲပေါ့ ။ အဲဒီ အင်တာဗျူး ဖတ်မိချိန်က စပြီး ဝတ္ထု ဘယ်လို ရေးရမယ်ဆိုတာ ကျွန်မ သိသွားခဲ့ပါတယ် ။ တစ်ပြိုင်တည်းမှာပဲ ကျွန်မဇာတ်ကောင် ဖြစ်လာမယ့် အမ္မာဟတ် ကလည်း စိတ်ကူးထဲ ရောက်လာခဲ့တယ် ။
ပြီးတော့ ကျွန်မ သိလိုက်တဲ့ အချက် တစ်ချက်က ကိုယ်သိတဲ့ အကြောင်းအရာကိုပဲ ရေးရမယ် ။ ဒီတော့ ဇာတ် အခြေခံကို အင်္ဂလန် မှာ တည် ထားလိုက်တယ် ။ ကျွန်မ က အင်္ဂလိပ် ကိုး ။ ပြီးတော့ နေရာဒေသက ယော့ ( ခ ) ရှိုင်းယား ကို ထားတယ် ။ အဲဒါက ကျွန်မ ဇာတိလေ ။ ကျွန်မ ဖန်တီးတဲ့ ဇာတ်လမ်းက ခြေဖဝါး လက်ဖဝါးနဲ့သာ စပြီး သူမရဲ့ အရည်အချင်း ကြောင့် အင်မတန် ကြီးကျယ်ခမ်းနားတဲ့ မိန်းမ တစ်ယောက် ဖြစ်လာတဲ့ ဇာတ်ပါ ။
ဘာကြောင့် ကျွန်မ ဒီ ဇာတ်ကို ရေးရတာလဲ ဆိုတော့ စီးပွားရေးမှာပဲ ဖြစ်ဖြစ် ၊ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ် ထင်ရှားတဲ့ အမျိုးသမီးတွေကို အားကျတဲ့စိတ် ကျွန်မမှာ ရှိလို့ပါပဲ ။
ဒီ အချက်အလက်တွေ အားလုံး စိတ်ထဲမှာ သွင်း ပြီးတော့ ကျွန်မ ဝတ္ထုရဲ့ ကောက်ကြောင်း ရေးချ လိုက်ပါတယ် ။ ဒါဟာ ကျွန်မ ဒုတိယ ပေးချင်တဲ့ အချက်ပါပဲ ။ ဝတ္ထု တစ်ပုဒ်အတွက် စိတ်ကူးရရင် ကောက်ကြောင်းကို အရင်ချ ရေးလိုက်ပါ ။
ကျွန်မ ဝတ္ထု တစ်ပုဒ်အတွက် စိတ်ကူးရတိုင်း ခုထက်ထိ ကောက်ကြောင်း ရေးနေတုန်းပါပဲ ။ တစ်ခု ရှိတာက အရင်က ရေးတဲ့ ပုံစံနဲ့ ခု ရေးတဲ့ပုံစံ နည်းနည်းတော့ ကွာ လာတယ်ပေါ့ ။ ပြီးတော့ ကျွန်မက ရေးမယ့် ဇာတ်အိမ်ကို အပိုင်းပိုင်း အစိတ်စိတ် ခွဲပစ်လိုက်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီလို ရေးတဲ့ စနစ်က ဇာတ်လမ်းကို အများကြီး အထောက်အကူ ပြုလို့ပါပဲ ။ ဝတ္ထုရေးတယ် ဆိုတာ ဇာတ်ကောင်တွေ ၊ အချက်အလက်တွေ အများကြီးကို စုစည်းပေးရတာပဲ ။ ဒီတော့ အပိုင်း ခွဲပါ ။
ပြီးတော့ အပိုင်း တစ်ခုစီမှာ အခန်းခွဲတယ် ။ အခန်းတစ်ခန်းမှာ ဝတ္ထုရဲ့ ဘယ်အစိတ်အပိုင်း ၊ ဘယ်လောက် အတိုင်းအတာကို ကိုယ်က ပြောမယ်ဆိုတာကို လည်း မှတ်စု ထုတ်ပါတယ် ။ ဒီမှတ်စုကို ကြည့်ပြီး ကိုယ်က ချဲ့ထွင် ရေးသွားပါတယ် ။
စာရေးဆရာ တော်တော်များများက မူလ စိတ်ကူးကို ချရေးတဲ့ အခါ ကွဲလွဲသွားတယ်လို့ ဆိုကြတယ် ။ အဲဒါက အခုလို မှတ်စု ရေးထားပြီး ဇာတ်ကောင်တွေနဲ့ အချက်အလက်တွေကို စနစ်တကျ စုစည်းမပေးနိုင်လို့ ပါဘဲ ။ A Woman of Substance ဝတ္ထု ရေးရာမှာ ကျွန်မက အပိုင်း ခြောက်ပိုင်း ခွဲထားတယ် ။ အပိုင်း တစ်ပိုင်းစီမှာ အခန်းပေါင်း များစွာ ထပ်ခွဲတယ် ။ ပြီးတော့မှ “ ကိုင်း ... အခန်း ( ၁ ) မှာတော့ ဒါကိုရေးရမယ် ။ အခန်း ( ၂ ) မှာတော့ ဝတ္ထုရဲ့ ဒီအစိတ်အပိုင်း ကို ရေးရမယ် ” ဆိုပြီး ခွဲတမ်းချလိုက်တယ် ။ အဲဒီလို ရေးလိုက်တော့ ဝတ္ထုက သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ပေါ်တိုးတက်လာသလို ဖြစ်လာပါတော့တယ် ။ ဒါကြောင့်မို့ ဝတ္ထုရေးတယ် ဆိုတာကို တစ်နည်း ပြောရရင် စုစည်းမှု ပြုခြင်းပါပဲ ။
ဝတ္ထုရေးတဲ့ နေရာမှာ ကျွန်မ ချမှတ်ထားတဲ့ D ခြောက်ခု အကြောင်းပြောဦးမယ် ။ ပထမ D က Desire လို့ ခေါ်တဲ့ ရေးချင်တဲ့ ဆန္ဒ ။ စာရေးချင်တဲ့ ဆန္ဒရှိမှသာ ရေးဖြစ်မှာကိုး ။ ဒုတိယ D က Descipline လို့ ခေါ်တဲ့ စည်းကမ်း ၊ တတိယ D က Drive လို့ ခေါ်တဲ့ တွန်းအား ၊ စတုတ္ထ D က Dedication ရည်ညွှန်းချက် ။ ပဉ္စမ D က Determination ဆုံးဖြတ်ချက်တို့ပါပဲ ။ ဒီအချက်အလက်တွေနဲ့ မပြည့်စုံဘဲ ဝတ္ထုတစ်ပုဒ် စ ရေးမယ်ဆိုရင် ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး ။ သိပ်ကို ခဲယဉ်းတယ် ။ ကျွန်မ လုပ်ခဲ့သမျှ အလုပ်တွေ ထဲမှာ ဝတ္ထုရေးခြင်းဟာ အခက်ဆုံး အလုပ်ပါပဲ ။ ဂျာနယ်လစ် ( ဇ် ) အလုပ် ထက် ခက်တယ် ။ အရေးကြီးဆုံးကတော့ ဝတ္ထုကို ရေးချင်တဲ့ ဆန္ဒက တခြားအလုပ်တွေကို လုပ်ချင်စိတ်ထက် ပို ပြင်းပြရပါမယ် ။
နောက်ဆုံး D က တော့ Distraction ပါပဲ ။ အဓိပ္ပာယ်ကတော့ ရုပ်ရှင် သွားချင်တဲ့ စိတ် ၊ ပွဲ ကြည့်ချင်တဲ့ စိတ် ၊ ထမင်းစားပွဲ သွားချင်တဲ့ စိတ် ၊ အားလပ်ချင်တဲ့ စိတ် ၊ အားလုံးကို ဖြတ်ပြီး ဝတ္ထုရေးချင် စိတ်တစ်ခုတည်းသာ မွေးနိုင်ရပါမယ် ။
ကျွန်မ ဆိုရင် စာထိုင်ရေးပြီဆိုတာနဲ့ အားလုံးကို အာရုံ ဖြတ်ထားပြီး နာရီပေါင်းများစွာ ထိုင်ရေးတဲ့ အကျင့်ရှိပါတယ် ။ နာရီပေါင်းများစွာ ထိုင်တယ် ဆိုကတည်းက ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ခံနိုင်ရည် ရှိဖို့ လိုတာပေါ့ ။ ပင်ပန်းတယ် ဆိုပေမယ့် ဒီလို တစ်ထိုင်တည်း နာရီပေါင်းများစွာ ရေးလိုက်တဲ့ ရလဒ် က အင်မတန် အံ့ဩစရာ ကောင်းပါတယ် ။ ဝတ္ထု ပြီး သွားတာနဲ့ စိတ်ထဲမှာ အလိုလို ကျေနပ်သွားပြီး ဈေးကွက်ဝင်မယ့် ဝတ္ထုဆိုတာလည်း အလိုလို သိလာပါတယ် ။
ဝတ္ထု တစ်ပုဒ်ကို ဘယ်လို ရေးမလဲ ဆိုတာက ကျွန်မအနေနဲ့ ပြောရမှာ အခက်ခဲဆုံးပါပဲ ။ အာရုံ မပျံ့လွင့်ပါစေနဲ့ ။ ကောက်ကြောင်းကို အရင် ရေးပါ ။ အပိုင်းတွေ ခွဲပါ ။ အခန်းတွေ ခွဲပါ ဆိုတာ အထက်မှာ ကျွန်မ ပြောထားခဲ့ ပြီးပါပြီ ။ အဲဒါတွေ အပြင် ကိုယ့် ဇာတ်ကောင်နဲ့ ပတ်သက်လို့ ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း မှတ်သားမိရဦးမယ် ။ ကိုယ့် ဇာတ်ကောင်တွေက တစ်သမတ်တည်း သွားမှာ မဟုတ်ဘူး ။ ပြောင်းလဲ သွားလိမ့်ဦးမယ် ။ ဘာကြောင့်လဲ ဆိုတော့ သက်ရှိ လူတွေမှာ စိတ်ဓာတ် အတက်အကျ ရှိသလို ပေါ့ ။ ဇာတ်ကောင်က အဲဒီလို အတက်အကျ မရှိဘဲ စရိုက်သေကြီး ဖြစ်နေရင် ဝတ္ထုက အောင်မြင်မှုမရနိုင်တော့ဘူး ။
ကျွန်မ စာစရေးရင် ဝတ္ထု အဖွင့်စာမျက်နှာ ( တစ် ) က စရေးတာချည်းပဲ ။ စာရေးဆရာ တော်တော်များများ ကတော့ အဲဒီလို မရေးကြပါဘူး ။ စိတ်ကူး ရတာကို အခန်း ဖွဲ့ပြီး ဘေးဖယ်ထားလိုက်ကြတယ် ။ ပြီးတော့မှ တစ်ခုချင်း ပြန် ဆက်စပ်ကြတယ် ။ ကျွန်မကတော့ အဲဒီလို မရေးပါဘူး ။ အခန်း ( တစ် ) ရဲ့ စာမျက်နှာ ( ၁ ) က စရေးပြီး အခန်း ( တစ် ) မပြီးမချင်း အခန်း ( နှစ် ) ကို ကူး မရေးပါဘူး ။ တစ်ခါတလေ ဝတ္ထုထဲမှာ အသုံးဝင်မယ့် စိတ်ကူးရလာတာလေးတွေ ရှိပါတယ် ။ အဲဒီ အခါမျိုးမှာ သီးခြားရေးပြီး ညှပ်ထားလိုက်ပါတယ် ။ အံဝင်ခွင်ကျ ရှိတဲ့နေရာမှာ ထည့်သုံးဖို့ပါပဲ ။
အခန်း ( တစ် ) ကို စိတ်တိုင်း မကျမချင်း အဖန်တလဲလဲ ရေးတတ်တာ ကျွန်မ အကျင့်ပါ ။ ကျွန်မ စာရေးရင် လက်နှိပ်စက် နဲ့ ရေးပါတယ် ။ ကွန်ပျူတာ ဘာကြောင့် မသုံးတာလဲဆိုတော့ လက်နှိပ်စက်က ကျွန်မ အတွက် ပိုပြီး လွယ်ကူလို့ပါ ။ လက်နှိပ်စက် ရိုက်ပြီးသားကို ပြင်စရာ ရှိတာ ပြင် ၊ ပြင်ပြီးရင် ပြန် ရိုက်ပါတယ် ။ ဒီနည်းနဲ့ပဲ ထည့်စရာ ရှိတာ ထည့် ၊ ဖြုတ်စရာ ရှိတာ ဖြုတ် ကျွန်မ လုပ်ပါတယ် ။ အချော ကိုင်လိုက် ၊ ဖြုတ်လိုက် ၊ တည်းဖြတ်လိုက် ၊ ပြန် ဖြည့်လိုက်နဲ့ လုံးဝ ကျေနပ်သွားတော့မှပဲ ဒီအခန်းကို လက်လွှတ် ပါတယ် ။ စာမျက်နှာ တစ်ရာ ပြီးတိုင်း ကွန်ပျူတာသမားဆီကို ပို့ပြီး ဒစ် ( စ် ) ထဲမှာ ထည့်စေပါတယ် ။
လန်ဒန် မှာ ရှိတဲ့ ကျွန်မ အယ်ဒီတာက ဘာပြောသလဲ ဆိုရင် -
“ ရှေးရိုးနည်းလို့ ပြောတဲ့ လက်ရေးနဲ့ ကိုယ်တိုင် ရေးပြီးမှ လက်နှိပ်စက်ရိုက် ၊ တည်းဖြတ် ၊ ပြန်ရိုက်တဲ့ နည်းဟာ လမ်းတစ်လမ်း ပေါ် မှာ သဘာဝနည်း ဖြစ်တဲ့ လမ်းလျှောက် သွားတာနဲ့ တူတယ် ။ လမ်းလျှောက်သွားတာ ဆိုတော့ တောတန်းကလေးကိုလည်း မြင်ရတယ် ။ တောပန်းကလေးတွေရဲ့ အနံ့ ကိုလည်း ရတယ် ။ မိုးကောင်းကင်ကိုလည်း မြင်ရတယ် ။ ငှက်ကလေးတွေရဲ့ အသံ ကိုလည်း ကြားရတယ် ။ သဘာဝ တောတောင်ရေမြေ အားလုံး မြင်ရ ကြားရတဲ့ အတွက် အသက်ဝင်တယ် ။ အဲဒီလိုပဲ ဝတ္ထုတွေထဲမှာ အသုံးဝင်မယ့် ဇာတ်ကောင်နဲ့ ပတ်သက်တာလေးတွေကို အသေးစိတ် ရေးဖွဲ့သွားလို့ရတယ် ။ ကွန်ပျူတာနဲ့ ရေးတဲ့ သူကတော့ ဘာနဲ့ တူသလဲဆိုတော့ တောအုပ် ၊ သို့မဟုတ် မြို့ ကို လေယာဉ် နဲ့ ဖြတ်ပျံတာနဲ့ တူတဲ့အတွက် အသေးစိတ် မြင်ခွင့်မရတော့ဘူး ” တဲ့ ။
ကျွန်မက ကွန်ပျူတာ နဲ့ စာရေးခြင်းကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး ။ ကျွန်မနည်းက ရှေးရိုးကျတယ် ။ တချို့ စာရေးဆရာများ ကတော့ ကွန်ပျူတာနဲ့ ရေးပေမယ့်လည်း အသေးစိတ်ထည့် ရေးသွားနိုင်ကြတာတွေ ရှိပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ခေါင်းထဲ မှာ နောက်ထပ် ဝင်လာတဲ့ အချက် တစ်ခုကတော့ အသေးစိတ် ဆိုတဲ့ အချက်ပါပဲ ။
ဝတ္ထု ဆိုတာ ဘာလဲ ။ မုသားများ နဲ့ သီကုံးထားတဲ့ အမှတ်တရ အဖြစ်အပျက် တစ်ခုလို့ ကျွန်မ ဆိုချင်ပါတယ် ။ ဒါပေမဲ့ အောင်မြင်တဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်ချင်ရင်တော့ ဒီ မုသားများဟာ အမှန်တရားများနဲ့ အနီးစပ် ဆုံး ဖြစ်ရမှာပါ ။ ကျွန်မ ဝတ္ထု ပရိသတ်တွေက သူတို့ကိုယ်သူတို့ ဝတ္ထုထဲက ဇာတ်ကောင် အမ္မာဟတ် ( တ် ) ပါပဲလို့ ပြောကြပေမယ့် ဒီ ဇာတ်ကောင် ပြင်ပလောက မှာ တကယ်ရှိတာမှ မဟုတ်ဘဲ ။ ကျွန်မ ခေါင်းထဲမှာတော့ ရှိတယ် ။ အမ္မာ ရဲ့ ဘဝဇာတ်ကြောင်းဆိုတာ ကျွန်မ တီထွင်ထားတာပဲ ။ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ကျွန်မ ( ခေါင်း ထဲမှာ ) တီထွင် မွေးဖွား ပေးလိုက်တယ် ။ ကျွန်မ က ပုံပြောသမား တစ်ယောက် ဆိုတော့ အမ္မာ ဆိုတဲ့ ဇာတ်ကောင်ရဲ့ ကြီးကျယ်တဲ့ ဘဝကို ဖန်တီးလိုက်တယ် ။ သူမ ရဲ့ မိသားစု ၊ သူမ နဲ့ ပတ်သက်တဲ့ သူတွေ ၊ ဒါတွေအားလုံး ကျွန်မ စိတ်နဲ့ ပဲ ဖန်တီးခဲ့တာမို့ မုသားတွေ ချည်းပဲ ။ ဒါပေမဲ့ လေ့လာ သုတေသနပြုပြီး အမှန်တရားနဲ့ အနီးစပ်ဆုံး ရေးနိုင်ခဲ့တဲ့ အတွက် အမ္မာ ကို သက်ရှိထင်ရှား ဇာတ်ကောင်လို့ ထင်လာကြတယ် ။ ဒီ ဝတ္ထု ရေးဖို့အတွက် ကျွန်မ လန်ဒန် က စစ်သမိုင်းပြတိုက်ကို သွားပြီး ပထမ ကမ္ဘာစစ်ကြီးအကြောင်း လေ့လာသုတေသန ပြုရတယ် ။ တစ်နည်းအားဖြင့်တော့ ကျွန်မ သတင်းထောက် ပြန်ဖြစ်သွားတယ်ဆိုပါတော့ ။ ယော့ ( ခ် ) ရှိုင်းယားမှာ နေကြတဲ့ သက်ကြီးရွယ်အို ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီး စက်ရုံတွေထဲမှာ အလုပ် လုပ်ရတဲ့ အတွေ့အကြုံတွေ မေးကြည့်တယ် ။ ဒုတိယကမ္ဘာစစ် ဝင်နွှဲခဲ့ဖူးတဲ့ ကျွန်မ ဦးလေး တစ်ယောက်ကိုလည်း မေးကြည့်ရတယ် ။ ဒီတော့ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ အချက်အလက် အသေးစိတ်တွေကို သုတေသနပြုခြင်း ၊ တစ်ဆင့်စကား ပြန်ကြားရခြင်း အားဖြင့် ကျွန်မ ရခဲ့ပါတယ် ။ ဒါကြောင့်မို့လည်း ကျွန်မ ဝတ္ထုက တကယ့် ဖြစ်ရပ်မှန်များနဲ့ အနီးစပ်ဆုံး ဖြစ် သွားတာလို့ ထင်ပါတယ် ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက Remember ဆိုတဲ့ ဝတ္ထု တစ်ပုဒ် ကျွန်မရေးတယ် ။ ဇာတ်လမ်း အစက ၁၉၈၉ ခုနှစ် တရုတ်ပြည်က တိန်အန်မင် ရင်ပြင်မှာ ကျောင်းသားတွေ ဆန္ဒပြကြတာနဲ့ စ ထားပါတယ် ။ ကျွန်မ ဒီ အကြောင်းကို ဘယ်လို သိနိုင်မလဲ ။ ဘယ်သူမှ ပြောပြတတ်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ် ။ ဒါကြောင့် အဲဒီ အရေးအခင်းကို မျက်မြင်ကြုံခဲ့ဖူးတဲ့ သတင်းထောက် တစ်ယောက် ရှိရာ ကာလီဖိုးနီးယား ကို သွားရတယ် ။ သူက ကျွန်မ သိလိုတာ အားလုံးပြောပြတယ် ။ ဘာက စဖြစ်တာလဲ ။ ဘာကြောင့် ဖြစ်တာလဲ ။ ဂြိုဟ်တု အဆက်အသွယ်တွေ ဘာကြောင့် ဖြတ်လိုက် တာလဲ ။ သူ က အသေးစိတ် ပြောပြတယ် ။ ကျွန်မ က ဒီအရေးအခင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရော ၊ တရုတ်ပြည် ရဲ့သမိုင်း ရေးထားတဲ့ စာအုပ်တချို့ ပါ ဝယ်ရတယ် ။ ဓာတ်ပုံ ပါတဲ့ စာအုပ်တွေက အဖြစ်အပျက်ကို မြင်ရတဲ့ အတွက် ဝတ္ထုရေးရာမှာ ပိုပြီး အထောက်အကူ ပြုပါတယ် ။ ဒီတော့ ဖြစ်ရပ်မှန် နောက်ခံထား ရေးမယ်လို့ စိတ်ကူးရင် သုတေသနပြုခြင်းက ကိုယ့် ဝတ္ထုကို ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံး ဖြစ်စေနိုင်တယ်ဆိုတာ သိထားသင့်ပါတယ် ။
ကျွန်မ စာရေးဖို့ ထိုင်လိုက်ပြီ ဆိုရင် စိတ်ကူးယဉ် လေထဲမှာ ရောင်စုံဘောလုံး စိတ်ကူးကလေးတွေ စီးမျောလာတော့တာပါပဲ ။ ပထမဆုံး ကိုယ့် ကိုယ်ကိုယ် သတိထား ရ မှာက ကိုယ်ဟာ ပုံပြင်တစ်ခုကို ပြောတော့မှာ ။ ဒါပေမဲ့ အဲဒါလောက် စိတ်သွင်းရုံနဲ့ မလုံလောက်သေးပြန်ဘူး ။ ကိုယ်ပြောမယ့် ပုံပြင်မှာ သက်ဝင်မှုရှိအောင် ခိုင်လုံတဲ့ ပတ်ဝန်းကျင် အနေအထားကို တည်ဆောက်တတ်ရမယ် ။ ဘယ်ခေတ် ၊ ဘယ်အချိန်ကာလကို အခြေခံမှာလဲ ။ ၁၉၉၅ ခုနှစ် ၊ ဇွန်လ ၁၄ ရက် ၊ မဟတ္တန် ကို အခြေခံမှာလား ။ ဒါမှမဟုတ် ၁၉ဝ၄ ခုနှစ် က လိဒ် ( စ် ) ကို အခြေခံမှာလား ။ ကိုယ် အခြေခံမယ့် ဒေသရဲ့ ဝန်းကျင် အခြေအနေနဲ့ ကိုက်ညီမှသာ ကိုယ် ဖန်တီးမယ့် ဇာတ်ဟာ သက်ဝင်လာမှာပဲ ။ ဒါကို ရာသီဥတု အခြေအနေ ၊ ပတ်ဝန်းကျင် အနေအထား ၊ လူတွေရဲ့ စိတ်နေ သဘောထား စတဲ့ အချက်တွေနဲ့ လည်း ဖန်တီးလို့ရပါတယ် ။ ကိုယ်က ဇာတ်လမ်း တစ်ခုကို တည်ဆောက်နေတာ ။ ပုံပြင် တစ်ခုကို ပြောပြနေတာ ။ ဒီတော့ အချိန် ၊ နေရာ ၊ ပတ်ဝန်းကျင် အနေအထား စတဲ့ အချက်တွေကို ကိုယ်ကပဲ ဖန်တီးပေးရပါမယ် ။
ပြီးတော့ အရေးကြီးတာ တစ်ခုက “ စကားပြော ” ။ စကားပြောဆိုတာ လူတွေ ပြောနေသလောက် မဟုတ်ဘူး ။ စကားပြောကို ကျွန်မ ရေးပြီဆိုရင် ထပ်ဖန်တလဲလဲ ရေးရတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဝတ္ထုထဲက စကားပြော မှာ ဇာတ်ကောင်ရဲ့ စရိုက် ပါသလို ဇာတ်ကွက်ကို ရွေ့လျားသွားစေတဲ့ အပြင် လူတွေအကြောင်း ပိုပြောတယ် ။ ပြီးတော့ ဝတ္ထုထဲက စကားပြောက အပြင်မှာ သက်ရှိလူတွေ စကား ပြောတဲ့ စကားနဲ့ အနီးစပ်ဆုံး တူရမယ် ။ လူတွေ စကားပြောတာကို ကက်ဆက် နဲ့ ဖမ်းထားပြီး ပြန် နားထောင်ကြည့်ရင် တစ်ခွန်း နဲ့ တစ်ခွန်း ကြား “ အင်း ” “ အာ ” “ ဟိုဒင်း ” စတဲ့ ကြားခံ စကားတွေ အများကြီး ပါတတ်ပါတယ် ။ တစ်ခါတလေ စကားဖြတ် ထားတတ်ကြတာ တွေ့ရမယ် ။ အဲဒါ လူတွေ စကားပြောတာ ။ ဒါပေမဲ့ ဝတ္ထုထဲမှာ စကားပြော ရေးတဲ့ အခါမှာတော့ တိကျရပါမယ် ။
နောက်ထပ် ဖြည့်စွက် ရမယ့် အချက်ကတော့ ဇာတ်ကောင်စရိုက် ဖန်တီးမှု ၊ ကိုယ့်ဝတ္ထုရဲ့ အဓိကဇာတ်ကောင်က ဘယ်လို စရိုက်မျိုးရှိသလဲ ။ သူ ၊ သို့မဟုတ် သူမဟာ လူကောင်း လား ၊ လူဆိုး လား ။ တခြား ဇာတ်ကောင်တွေကကော ဘယ်လို စရိုက်မျိုး ရှိကြသလဲ ။ သူတို့အကြိုက်ဆုံး အရာတွေက ဘာတွေလဲ ။ သူတို့ ရဲ့ နောက်ခံသမိုင်းကကော ဘယ်လို ရှိသလဲ ။ အခု ကိုယ်က သူတို့ အကြောင်း ပြောချိန်မှာ သူတို့ အခြေအနေက ဘယ်လို ရှိနေပြီလဲ ။
ကျွန်မ ရေးတဲ့ နည်း ကတော့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် ကတ်ပြားအလွတ်ကလေးတွေနဲ့ စတယ် ။ ပထမဆုံး ကတ်ပြားပေါ်မှာ အဓိက ဇာတ်ကောင်ရဲ့ အမည် ၊ အသက် ၊ သူနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို စိတ်ပညာရှင် တစ်ယောက် ရေးသလို ရေးချလိုက်ပါတယ် ။
ကျွန်မ အဲဒီ ကတ်ပြားပေါ်မှာ ဘယ်လောက်အထိ ဖန်တီးသလဲဆိုရင် ဇာတ်ကောင်ရဲ့ မွေးရက် ၊ မွေးနေ့ ၊ ရာသီခွင် ၊ မွေးရာဇာတိ ၊ ညီအစ်ကို မောင်နှမ ၊ သူ ကြိုက်တတ်တာတွေနဲ့ မကြိုက်တတ်တာတွေ အထိ ချရေးလိုက်တယ် ။ ကျွန်မ ဇာတ်ကောင်တွေ အသက်ဝင်တယ် ဆိုတာက ကျွန်မ အတွက် တကယ် သက်ရှိ လူတစ်ယောက်လို ဖြစ်အောင် ရေးတဲ့အတွက် စာဖတ်ပရိသတ်ကလည်း တကယ် သက်ရှိလို့ ထင်လာခြင်းပါပဲ ။
ဇာတ်လမ်းကို ဆက် ရေးသွားရင်းနဲ့ ဇာတ်ကောင်စရိုက် ပြောင်းလဲမှု ရှိလာရင် မှတ်စုစာရွက်မှာ ဆက် မှတ်သွားပါတယ် ။ တကယ်တော့ ဝတ္ထုရေးသူ တစ်ယောက် ဟာ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို ဖန်တီးသူတစ်ယောက်ပါ ။ ဇာတ်ကောင်တွေရဲ့ ဘဝကို ကိုယ် ဖြစ်စေချင်သလို ဖန်တီးယူတယ် ။
တကယ်လို့ ကိုယ်က ခေတ်ပေါ် ဝတ္ထု ရေးသူဆိုရင် ဝတ္ထုမှာ ဖျော်ဖြေရေးပါရမယ် ။ ကျွန်မလည်း ဈေးကွက်ဝင် အပျော်ဖတ် ဝတ္ထုတွေ ရေးခဲ့ဖူးပါတယ် ။ ဒီလို ဝတ္ထုရေးတဲ့ သူတွေရဲ့ တာဝန်က ဖျော်ဖြေမှုပေးရမယ် ။ ပြင်ပကမ္ဘာမှာ တကယ် မရှိတဲ့ စာရေးဆရာရဲ့ စိတ်ကူးထဲမှာသာ ရှိတဲ့ ဘဝ တစ်ခုထဲကို စာဖတ်သူ ရောက်သွားစေရမယ် ။ အဲဒါဟာ ဖျော်ဖြေမှုပေးခြင်းပါပဲ ။
ကျွန်မက စာရေးတဲ့ နေရာမှာ ဘဝကို ကျွန်မ အမြင် ၊ ကျွန်မ ရှုထောင့်ကနေ ရေးသလို ကိစ္စ တော်တော်များများမှာလည်း ကျွန်မရဲ့ သုံးသပ်ချက်တွေ ထည့်ရေးသွားတတ်ပါတယ် ။ ဘာကြောင့် ဒီလို ရေးတာလဲဆိုတော့ စာဖတ်သူကို ခံစားရစေချင်လို့ ။ ပြီးတော့ ကျွန်မ အမြင်ကို သိစေချင်လို့ ။
တစ်ခါတုန်းက အင်္ဂလန် က ထုတ်ဝေသူ တစ်ဦးက ကျွန်မ ကို “ ဆရာမ က လူတွေကို ငိုအောင် လုပ်နိုင်တယ် ။ လူတွေ ကလည်း အဲဒီလို ငိုရတာပဲ သဘောကျနေကြတယ် ” လို့ ပြောဖူးတယ် ။ ဒီတော့ ကျွန်မက “ ဘာကို ဆိုလိုတာပါလဲ ” လို့ မေးတော့ “ ဆရာမ ဝတ္ထုတွေကို ဖတ်ရတာ တကယ်ခံစားရတယ် ” လို့ သူက ဆိုပါတယ် ။
ကျွန်မ အမြင်ကလည်း ဝတ္ထု ဖတ်တဲ့ စာဖတ်ပရိသတ်က ခံစားချင်လို့ ဖတ်ကြတာပါ ။ ဝတ္ထုထဲက အဖြစ်အပျက်တွေကို တစ်ခါတလေ သူတို့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်နဲ့ တူချင်တူနေမယ် ။ အဲဒီအခါမှာ တခြား ပုဂ္ဂိုလ် ( ဇာတ်ကောင် ) တွေ ဖြေရှင်းတဲ့နည်းကို သူတို့ လေ့လာခွင့်ရကြတာပေါ့ ။ ဒါဟာ ကျွန်မ ဝတ္ထုတွေထဲမှာ ကြိုးပမ်းထည့်သွင်းတဲ့ အချက်တွေပါပဲ ။
••••• ••••• •••••
ဒီဆောင်းပါးက စာရေးဆရာမ ဘာဘရာတေလာဘရက် ( ဒ် ) ဖို့ ( ဒ် ) ရဲ့ Marymount Manhattan College Writing Centre မှာ ဟောပြောပို့ချချက် ကို ဆောင်းပါးအဖြစ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပြီး The Writer , May , ၁၉၉၆ မှာ ဖော်ပြထားခဲ့ပါတယ် ။
ဆရာမ ဘာဘရာ က ကမ္ဘာပေါ် မှာ အောင်မြင် ကျော်ကြားနေတဲ့ စာရေးဆရာများထဲက တစ်ဦး ဖြစ်ပြီး ဝတ္ထု ( ၁၂ ) အုပ် ၊ စောင်ရေ ( ၅၅ ) သန်းကို နိုင်ငံပေါင်း ( ၈၈ ) နိုင်ငံမှာ ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ် ။ ၁၉၇၉ ခုနှစ်မှာ ပထမဆုံး ရေးသား ထုတ်ဝေခဲ့တဲ့ A Woman of Substance က အစ အရောင်းရဆုံး စာရင်းဝင်ဖြစ်ခဲ့တာ တောက်လျှောက်ပါပဲ ။ သူ့ ဝတ္ထု ( ၁၂ ) အုပ်စလုံးကို ဟာပါကောလင်း စာအုပ်တိုက်က အဆက်မပြတ် ထပ်ဖန်တလဲလဲ ပုံနှိပ်ထုတ်ဝေနေရပါတယ် ။ မေလမှာ ထွက်လာမယ့် Her Own Rules ဆိုတဲ့ ဝတ္ထု အသစ်စက်စက်ကို စောင်ရေ ၅ဝဝ,ဝဝဝ ပထမဆုံး ပုံနှိပ်ထုတ်ဝေဖို့ စီစဉ်ထားပါတယ် ။
ဘာဘရာ ရေးတဲ့ ဝတ္ထုတိုင်း ဟာ အသက်ဝင်လွန်းလို့ တကယ့်သက်ရှိထင်ရှား ပုဂ္ဂိုလ်တွေ အကြောင်းကိုများ ရေးတာလားလို့ အမြဲတမ်း မေးကြရပါတယ် ။ ခုချိန် ထိ ဝတ္ထု ( ၁၂ ) အုပ်ထဲက ( ၆ ) အုပ် ကို ခင်ပွန်းဖြစ်သူ ရောဘတ်ဘရက် ( ဒ် ) ဖို့ ( ဒ် ) က CBS ရုပ်မြင်သံကြား အစီအစဉ်အတွက် ဇာတ်လမ်းတွဲများ ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ် ။ ဆရာမက စာပေ နဲ့ ပတ်သက်ပြီး ကမ္ဘာ အရပ်ရပ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ထူးတွေ အများကြီး ရရှိထားသူလည်း ဖြစ်ပါတယ် ။
ဝတ္ထုရေးတဲ့ စာရေးဆရာ ဖြစ်လိုသူများအတွက် ဘာဘရာတေလာ ဘရက် ( ဒ် ) ဖို့ ( ဒ် ) ရဲ့ ဟောပြောပို့ချချက်ဟာ ထိရောက်တဲ့ ပို့ချချက် တစ်ခု ဖြစ်လို့ ကလောင်သွေးလိုသူများအတွက် ဖော်ပြ ပေးလိုက်ခြင်းပါပဲ ။
◾ဝင်ငြိမ်း
📖 ရွှေအမြုတေမဂ္ဂဇင်း
အမှတ် ( ၈၅ )
နိုဝင်ဘာလ ၊ ၁၉၉၆
No comments:
Post a Comment