❝ မရောင်းတော့ပါ ❞
( မဦး )
ညမှောင်ရီပျိုးပြီ ။
သည်တော့မှ ‘ ကိုရွှေခင် ’ တို့ လင်မယား ရောင်းအား ပိုကောင်းလာ၏ ။ တက်ညီလက်ညီ ပိုဖြစ်လာ၏ ။ မှာသံ အော်သံတွေ ပိုမို ဝေစည်လာ၏ ။ အမြည်း လုပ်ပေးရသော ‘ မစိုးမြင့် ’ ၏ လက်တို့လည်း ပိုမို သွက်လက်လာ၏ ။
ကိုရွှေခင့် နေရာမှ ဆီးကြည့်လျှင် ဧည့်သည်များ အတွက် ချပေး ထားသော စားပွဲလေးခုစလုံးကို မြင်ရသည် ။ သူ၏ ညာဘက်ဘေးက စင်ပေါ်တွင်မတော့ တံဆိပ်မျိုးစုံ ဆိုက်မျိုးစုံနှင့် ဖြူနီဝါရွှေ အရည်မျိုးစုံပုလင်း များ ။
ဘယ်ဘက်ဘေးတွင်မူ အိမ်ထဲကို ဝင်သော တံခါးပေါက်ကို ပိတ် လျက် မစိုးမြင့် ၏ အမြည်းပွဲ တင်သည့် စားပွဲခုံ ။ အပြုတ် ၊ အသုပ် ၊ အကြော် မျိုးစုံ ။ နေရာကျဉ်းကျဉ်းလေးမှာ အလုပ်ဖြစ်အောင် စီစဉ်ထားကြသည် ။
လူကျလာချိန် မှာကြားသမျှ ကို အပြင်းအပျော့ မမှားအောင် စပ် ပေးနေရသည့် ကြားထဲ ကိုရွှေခင် က လက်အားသည် နှင့် သူ့ အတွက် သတ်သတ် ဖယ်ထားသော ပုလင်းနှင့် ဖန်ခွက်ကို ခဏခဏ ဆွဲလိုက် ၊ ပြန်သိမ်း ထားလိုက်နှင့် စွတ်ကယ်စွတ်ကယ် လုပ်ရသေးသည် ။
ဧည့်သည်သုံးယောက် ထပ်ဝင်လာတော့ ခွက်မော့ နေသော သူ့ ထံသို့ မစိုးမြင့် မျက်စောင်းက ‘ ဒိုင်း ’ ခနဲ ကျလာသည် ။ ကိုရွှေခင် က အမြန် လက်စသတ်ကာ လက်ခုံဖြင့် ပါးစပ်ကို အလျင်စလို ပွတ်လိုက်ပြီး ...
“ ညီလေးတို့ ... ထိုင် ... ထိုင် ထုံးစံအတိုင်းပဲလား ”
ဗလုံးဗထွေးလှမ်းနှုတ်ဆက် ၊ လက်ကလည်း သူတို့ သောက်နေကျကို အလိုက်သိစွာ ။
ဘက်ထရီ ဖန်မီးချောင်းလေး ကိုတော့ ကိုရွှေခင့် ခေါင်းပေါ်မှာ ထွန်းထားပါသည် ။ မထား၍ က မဖြစ် ။ မိမိ ကိုယ်၌ကလည်း ရီဝေဝေ ၊ ဖောက်သည်တွေ ကလည်း ရှေ့တစ်လှမ်း ၊ နောက်တစ်လှမ်း ၊ အဲ ... ပိုက်ဆံတွေရော ကြည့်ဦးမလား ။ နွမ်းဖတ် ၊ လုံးကြေ ၊ စိုစွပ် ၊ မည်းပေ နေတတ်ပြန်သေးရာ မကြာခဏ မှားအမ်းသည် ။ မှားပေးသည် ။ မှားယူသည် ။ ကျန်သည့် နေရာတွေမှာတော့ ဖယောင်းတိုင်များ အနှံ့ ထွန်းထား ပေးရသည် ။
“ ကိုရွှေခင် ဒီကို ဖယောင်းတိုင် လှမ်းပေးလိုက်စမ်းပါ ”
မစိုးမြင့် ကို ပေးလိုက်သော ဖယောင်းတိုင်အပြင် နောက်ထပ် မရှိတော့ပါလား ။
“ ဖိုးသား ဖိုးသား ၊ ဖယောင်းတိုင် တစ်ထုပ် သွားဝယ်စမ်း ”
အိမ်ထဲက ပုဏ္ဏားကွယ်တွင် ကိုယ်ကို ယိမ်းထိုးလျက် စာအော် ဖတ်နေသော ကလေးငယ် က ကိုရွှေခင့် စကားဆုံးသည်နှင့် သူ့ရှေ့မှ ဖယောင်းတိုင်မီး ကို ‘ ဖူး ’ ဆို မှုတ်ငြိမ်း လိုက်ပြီး ပြေးဆင်းလာသည် ။ သည် ကောင် က ခိုင်းရတာ အလွန် ဖင်ပေါ့သည် ။ ခက်နေသည်က အဆော့မက် လွန်းခြင်းပင် ။ ခုလည်း ကစားရာက ခေါ်ပြီး နည်းနည်း မာန်ထားသဖြင့် စာအော် ဖတ်နေခြင်း ဖြစ်၏ ။ အိမ်မှာ ကျောင်းသား ဆို၍ သူတစ်ယောက်တည်း သာရှိသည် ။
သူ့ထက် အကြီးမ မြမြခင် က ကျောင်းမနေတော့ချေ ။ သူတို့ လင်မယား လက်လုပ်လက်စား ဘဝဖြင့် ကျပ်တည်း နေခဲ့ကြစဉ်က ခဏဆိုပြီး သူ့ ကို ကျောင်းနုတ်ခဲ့စဉ် တွင် ဝမ်းပန်းတနည်း ငိုယို နေ၍ အတော်ကလေး နားချခဲ့ရသည် ။ ဟော .. အခု သည်ရပ်ကွက်ကိုလည်း ပြောင်းလာ ။ သည်ဆိုင်ကလေး လည်း ဖွင့်၍ နည်းနည်း အသက်ရှု ချောင်သွားကြပြန် သောအခါ မြမြခင် ကို ကျောင်းပြန်တက်ခိုင်း၍ မရတော့ ။ ရှက်သည် ဟုဆို ၏ ။ အင်းလေ ... သူလည်း ဆယ့်လေးနှစ် အရွယ် ရောက်ခါမှ ပြန်တက် ရမှာ ငါးတန်း ဆိုတော့လည်း ရှက်ရှာမှာပေါ့လေ ။ နေပေ့စေလေ ဆိုပြီး ခွင့်လွှတ်ထားခဲ့ကြသည် ။
သည်တော့ မြမြခင် က မိခင်ဖြစ်သူ ဆိုင်အတွက် ပြင်ဆင်သည်များကို ဝိုင်းကူလုပ်ကိုင်ပေး၏ ။ မနက်ပိုင်း မစိုးမြင့် နှင့်အတူ ဈေးလိုက်၏ ။ အိမ်ရောက်တော့ ထမင်းဟင်းချက်ရာ ကူ၏ ။ ဆိုင်အတွက် ပြုတ်တန် တာပြုတ် ၊ ကြော်တန်တာကြော် ၊ အသုတ်ပွဲများအတွက် လှီးတန်တာလှီး ၊ ငရုတ်ဆီထုပ်နှင့် အချဉ်ဖျော်စပ်ပေး ၊ ညနေစောင်းလျှင်တော့ ရေမိုးချိုး ပြီး လိမ်းပြီး ၊ လမ်းထိပ်က စာအုပ်အငှားဆိုင် သို့ အငယ်ဆုံး ဂျစ်တူးလေးကို ခေါ်ပြီး သွားခွင့်ရသည် ။ ညနေဆိုင်ဖွင့်ရာတွင် မြမြခင် ၏ ကဏ္ဍ မပါဝင် တော့ ။ အိမ်ထဲမှာပဲ ရုပ်ပြစာအုပ်တွေ နှင့် အနားယူပေတော့ ။ အပြင်ထွက် မလာနှင့် ဟု ကိုရွှေခင် က တင်းကျပ်သော စည်းကမ်း ချမှတ်ထား၏ ။ သူ့ သမီး ကို “ ဗိုင်းကောင်းကျောက်ဖိကလေး ” ဟုလည်း ဂုဏ်ယူတတ်သေး၏ ။ ဖအေတူ သမီးမို့ ချောတာ ။ ကြီးပွားမည့် ရုပ်ရည်ဟုလည်း ပီတိ ဖြစ်နေတတ် ပြန်သည် ။
ကိုရွှေခင့် သမီးကလေး ချောလှပြီ ဆိုပြီး သောက်ရင်းစားရင်း ငမ်း ဖို့များတော့ မစဉ်းစားလေနှင့် ။ ကိုရွှေခင် တို့က စကားပင် အဟ မခံ ။ သမီး အကြောင်းများ စလိုက်လျှင် မျက်နှာကြီး ရှစ်ခေါက်ချိုး နှင့် စကားကို သံပြတ်ဖြေတတ်သည် ။ ဪ ... သူ့ ဖောက်သည်တွေ နှင့် သူ့ သမီး နီးစပ်သွားမှာ ကိုတော့ စိုးရိမ်ရှာသား ။ မိဘကိုး ... ။ သဘောကတော့ စီးပွားရေး အရသာ ရောင်းဝယ်မည် ။ သူ့ သမီးကို ဘယ် အရက်သမားနှင့် မှ သဘောမတူ ဟု မပြောရုံတမယ်ပင် ။
မြမြခင် က အခန်းအောင်း ။ အလတ်ကောင် ဖိုးသား က စာအုပ် နှင့် မျက်နှာ မခွာရသည့် အချိန်တွင် တစ်အိမ်လုံး ဥဒဟို ဝင်ထွက်ကာ လွတ်လပ်ရေး ရနေသူ ကတော့ အထွေးဆုံး ဂျစ်တူးလေး သာ ဖြစ်၏ ။ လေးနှစ်သာ ရှိသေးသော်လည်း အရွယ် နှင့် မလိုက်အောင် လည်ဝယ်သည် ။ ပါးနပ်သည် ။ မြင်မြင်ရာ ကို လည်း စူးစမ်းချင်သည် ။ ကလေးတန်မဲ့ ဆင်ခြေဆင်လက် ကလည်း စုံသည် ။
ညပိုင်း ဈေရောင်း ကောင်းချိန်မှာ သူ ကလည်း မိခင် မစိုးမြင့် နားမှာ ခုံ တစ်လုံး ဆွဲ၍ လာထိုင်သည် ။ နှင်လွတ်လိုက်လည်း ခဏ ။ အိမ် ထဲမှာ အစ်မ ဖြစ်သူက ချော့မော့ ထိန်းကျောင်းထားလည်း ခဏ ၊ ပြန်ရောက် လာပြီး အမေ အနား မှာ တကပ်ကပ် ။ ပြီးလျှင်တော့ ‘ မေ့ ... မေ့ ’ နှင့် အမဲကြော်လေး တစ်ဖဲ့ ။ ဝက်အူချောင်းကြော်လေး တစ်ပိုင်း ၊ ဒါမှမဟုတ် ဝက်ကလီစာပြုတ်ကလေး တစ်တုံး မရမချင်း ဂျီတိုက်နေတတ်သည် ။ ဈေးဖြောင့်ဖြောင့် ရောင်းရအောင် သူ့အလို လိုက်ပြန်တော့လည်း နေ့တိုင်း ကိစ္စကြီး ၊ ကြာလျှင် ခက်ရချည့် ။
သည်တော့ သူ တောင်းတာမပေးဘဲ မကြားချင်ယောင်ဆောင် နေလိုက်သောနေ့က အနားက လှစ်ကနဲ ပျောက်သွားသည် ။ မစိုးမြင့် က လည်း မေ့မေ့လျော့လျော့ ဖြစ်သွားရာ လား ... လား သကောင့်သားက မှောင်ရိပ်ကျသော ထောင့်က ဝိုင်းကို ရောက်နေပြီ ။
ဧည့်သည်တွေ ကလည်း ဆိုင်ရှင့် သားမို့ ခေါ်ကျွေး ထားသဖြင့် ဂျစ်တူးတို့ အကြိုက် တွေ့ နေလေ၏ ။
တစ်ယောက် က ...
“ ဗျို့ ... ကိုရွှေခင် ခင်ဗျားသား ကို တိုက်လိုက်ရမလား ။ သူက သောက်မယ်တဲ့ ”
ဟုတိုင်တည်လိုက်တော့မှ သိရသောအခါ ကိုရွှေခင် မှာ တဟဲ ဟဲ ရှက်ရယ်ရယ်ရင်း အပြုံးမပျက် ပြန်ချော့ ခေါ်ကာ မိန်းမ ဖြစ်သူကို မျက်ထောင့်နီနှင့် အဓိပ္ပါယ်ပါပါ ကြည့်ပစ်လိုက်၏ ။ “ ဧည့်သည်တွေနဲ့ မို့ပေါ့ကွာ နေနှင့်ဦး ၊ မင်းနဲ့ ငါ ပြီးမှ စာရင်းရှင်းမယ် ” ဟု ဆိုလိုမှန်း မစိုးမြင့် ကလည်း သိလိုက်ပြီးပြီ ။ ဧည့်သည်တွေ ရှေ့မှာ ဘယ်လို စကားသုံးပြီး ရန်ဖြစ်ရမည်နည်း ။ ကလေးကိုလည်း ဘယ်လို ကြောင်းကျိုးပြ၍ ဆုံးမဟန့်တားရမည်နည်း ။ ထိုအခါ ကလေးကလည်း လူကြီးတွေ ဘေးကျပ်နံကျပ် အဖြေရ ခက်မည့် မေးခွန်းမျိုး ပြန်မမေးဟု မည်သူမှ အာမ မခံနိုင်သည့် ကောင်မျိုး ။ သည်တော့ ဆိုင်လည်း သိမ်းပြီးရော လင်မယား နှစ်ယောက် အပြန်အလှန် အပြစ်တင်ရာမှ စကားများ ရန်ဖြစ်ကြတော့သည် ။ နည်းနည်းလည်း ထွေ နေပြီ ဖြစ်သည့် ကိုရွှေခင် က မစိုးမြင့် ကို လက်ပြန် ရိုက်ချလိုက်၏ ။ မစိုးမြင့် က ခုနှစ်သံချီ ဟစ်၍ ငိုရုံမက အိပ်ပျော်နေသော ဂျစ်တူးကလေး ကိုပါ ခြင်ထောင်ထဲမှ ဆွဲထုတ်ပြီး ရိုက်၏ ။ သည်လို ပွဲကြမ်းတော့လည်း သူ့ခမျာလေး မှာ လျှာမရှည် ။ အတွန့်မတက်နိုင်ရှာပဲ တုတ်ဝင့်လိုက်တိုင်း “ မလုပ်တော့ ပါဘူး ” ဟုသာ ကမန်းကတန်း ဖြေရလေတော့၏ ။
“ အား ... ကြောက်ပါပြီ ၊ နောက် မပြောတော့ပါဘူး ၊ အီး ဟီးဟီး နောက်ကို အဲဒီစားပွဲနား မသွားတော့ပါဘူး ။ အား နောက်ကို အမြည်းလည်း တောင်းမစားတော့ပါဘူး ”
အိပ်မှုန်စုံမွှား နှင့် အရိုက်သာ ခံလိုက်ရသည် ။ ကျိုးကြောင်းဇာစ်မြစ်ကို မသိသောကလေး ကို နားလည်အောင် ဆုံးမဖို့ မစိုးမြင့် အကြံထုတ်ရလေ၏ ။ မနက် ကတည်းက ...
“ သားလေး ဂျစ်တူး ညကျရင် မေမေ့ နားမှာ လာမရှုပ်ရဘူးနော် ။ မေမေက ပိုက်ဆံတွေ အများကြီး ရအောင် ဈေးရောင်းနေတာ ။ သားသား က လာစားတော့ ပိုက်ဆံရတာ နည်းသွားမှာပေါ့ ။ ဟော ပိုက်ဆံတွေ အများကြီး ရရင် သားဖို့ အင်္ကျီလှလှလေးတွေ အရုပ်လှလှလေးတွေ ကားလေးတွေ ဝယ်ပေးမယ်လေ နော် ”
ဘယ်လိုပဲပြောပြော ဂျစ်တူးကတော့ အမေ့နားကပ်မြဲ ၊ ခါးတို့မြဲ သာတည်း ။ အလတ်ကောင် က အရွယ် နည်းနည်း ကြီးနေပြီမို့ ပြောစကား နားထောင် သလောက် အငယ်ဆုံးကျမှ လက်မြှောက်ရတော့မလို ဖြစ်နေသည် ။ ဖြစ်နိုင်လျှင် သည်ဆိုင်ကို မစိုးမြင့် အနေဖြင့် ဆက်မလုပ်ချင်တော့ ။ ကိုရွှေခင်ကြောင့် ခက်နေခြင်းပင် ။ စ ငှားနေ ကတည်းက မျက်စောင်းထိုး သုံးလေးအိမ်ကျော်မှ “ လစ်ကာဟောက်စ် ” ဟု ရေးထားသော ဆိုင် နှင့် ကြိုကြားကြိုကြားလေး သောက်တတ်သော မိမိ ယောက်ျားတော့ တွေ့ကြပြီ ဆိုပြီး ရင်လေး နေမိသည် ။ တဖြည်းဖြည်း ထို ဆိုင်သို့ ရက်မှန်မှန် သွားနေခဲ့ သော ကိုရွှေခင် က အိမ်ရှေ့ မှာ ‘ အမြည်း ’ ရောင်းမည် ဟု ဆိုလာသည် ။ နောက်တော့ သူ့ အပေါင်းအသင်းတွေ က သည်မှာပဲ လာ ဝိုင်းဖွဲ့ကြရင်း ခုလို ဆိုင်ဖွင့်ရောင်းဖြစ်သွားကြခြင်း ဖြစ်သည် ။ ဆိုင်စဖွင့်ခါစက ကိုရွှေခင် နှင့် မစိုးမြင့် အကြိတ်အနယ် ငြင်းခုံခဲ့ရသည် ။
သူ စိတ်ပူသည့် အထဲ အပျိုဖျန်းကလေး ဖြစ်သော သမီးမြမြခင် အတွက်လည်း ပါသည် ။ ဆယ့်လေးနှစ် ဟု မထင်ရအောင်ပင် အရပ် ရှည်၍ ထွားကျိုင်းသော သမီး နှင့် ဘယ်လိုမှ မသင့်လျှော်ဘူး ဟု တင်ပြသော် လည်း ကိုရွှေခင် က လက်မခံ ။ ဆိုင်ဖွင့်ရန်သာ စိတ်အားထက်သန်နေသော ကိုရွှေခင် က သမီးဖြစ်သူ ဘယ်လိုနေရထိုင်ရမည်ကို စီစဉ်ပေးသည် ။ စည်းကမ်းသတ်မှတ်ပေးသည် ။
မစိုးမြင့် က သိပ်မကျေနပ်သော်လည်း အရောင်းသွက်လာသော ဆိုင် အခြေအနေကလည်း မျက်မြင်ကိုယ်တွေ့ ဆိုတော့ ပြောရန် ခက်နေသည် ။ တစ်ခြားကုန်ပစ္စည်း ရောင်းခဲ့ရတုန်း က ထက် ပိုကျန်သည် ။ ညနေ စောင်း နှင့် ညဦးပိုင်းလေး ဒုက္ခခံလိုက်ရုံ နှင့် မြိုးမြိုးမြက်မြက် ရသည် ။ အမြတ်များများ ကျန်အောင်လည်း ကိုရွှေခင် က ကြံတတ် ၊ ဖန်တတ်ပြန်လေရာ အကြွေးတွေလည်း ကျေပြီ ။
ရွှေတိုရွှေစကလေးပင် စုဆောင်းမိပြီဆိုတော့ မစိုးမြင့် ကိုယ်တိုင် ပင် စိတ်ပါချင်သလိုလို ဖြစ်လာသည် ။ ညနေတိုင်း ဖောက်သည်များနှင့် စည်ကားနေသော ဆိုင်ကို ကြည့်ရင်း ပါးစပ် က သာ အလုပ်ပြောင်းလုပ်မှ ပြောင်းလုပ်မှနှင့် ပြောနေပြီး တကယ်တမ်းကျတော့ သည်လုပ်ငန်းသံသရာ ထဲမှ ရုန်းမထွက်နိုင်သေး မှန်းသိနေ၍ ခက်လှ၏ ။ သို့သော်လည်း သည်အတိုင်း ကြာကြာ ခရီးဆက်၍လည်း မဖြစ်ပြန် ။ မြမြခင် ကို ဆိုင်ဖွင့် ချိန်မှာ အပြင် မထွက်ရ စည်းကမ်း ချထားတာက ဟုတ်ပါပြီ ။ သားနှစ်ယောက်က အတုမြင် အတတ်သင်မှာ စိုးရသည် ။ ပြီးတော့ ကိုရွှေခင် ကလည်း လက်နားနီးနီး အလွယ်ရနေ သဖြင့် စံနှုန်းက တော်တော်မြင့် နေပြီ ။ တစ်နေကုန် တတိတိ နှင့် မကုန်ဘူး ဆိုလျှင်တောင် သုံးလေးလုံး လောက် က အသာလေး ။ မျက်နှာက ဖောသွပ်သွပ် ပွပွစိစိ နှင့် ။ ယခု မှ အရက်ရောင်းသူ ဟန် ပို ပီပြင်နေသည် ။
“ ဟော ... ကိုအောင်မြင့်ကြိုင်တို့ လာကြဗျ ။ ဘယ်နှယ့် ခင်ဗျားတို့ အဖွဲ့ထဲက ကိုဝင်းနိုင်ကြီး ရော မမြင်ပါလား ”
“ ဟုတ်တယ်ဗျ ။ ကိုဝင်းနိုင် အတော် နေမကောင်း ဖြစ်နေတယ် ။ ဆေးရုံ တက်ရမယ်လို့ ဆရာဝန် က ပြောတာကို ဒီလူက ခေါင်းမာနေသတဲ့ ”
“ ဟုတ်လား ၊ သူက ဘာဖြစ်တာတဲ့လဲ ”
“ အသည်းရောင် အသားဝါ ဆိုလားဗျ ။ ဆရာဝန်က ‘ ဒါ ’ သောက်လို့ လို့ပြောတာပေါ့ ၊ ကျုပ်တော့ လက်မခံဘူးဗျို့ ၊ စဉ်းစားကြည့် ဗျာ ၊ သောက်တိုင်းသာ ‘ ရောင် ’ နေရရင် သူ့ အရင် ကျုပ် သောက်လာတာ ကျုပ် ကျတော့ ဘာလို့ မဖြစ်သလဲ ကဲ ”
“ အေးဗျ မဆိုင်ပါဘူး သူက ခံနိုင်ရည် မရှိလို့ ဖြစ်မှာပေါ့ ”
“ ဒါပဲပေါ့ ၊ ခြောက်တိုင်း ကြောက်နေရရင် ခက်ရချည်ရဲ့ ဒီတော့ အသောက်ပျက်ရင် ... ”
“ အသက်ပျောက်မယ် ဟားဟား ”
ကိုအောင်မြင့်ကြိုင် ၏ စကားကို သူ့ မိတ်ဆွေများနှင့် ကိုရွှေခင် တို့ ပြိုင်တူ ဆက်ပေးလိုက်ရင်း သဘောအကျကြီး ကျနေတော့သည် ။ မစိုးမြင့် ၏ လက်များကလည်း ထိုအုပ်စု မှာနေကျ အာလူးကြော် နှင့် ဝက်အူ ချောင်းကြော်များ ကို ပန်းကန်ထဲသို့ အဆင်သင့် ထည့်ထားပြီးပေပြီ ။ ပြီး တော့ မမူးမချင်း ၊ တွဲမထုတ်ရမချင်း ထပ် ထပ် မှာတတ်သည့် ကိုအောင်မြင့်ကြိုင်တို့ အဖွဲ့ထံမှ သည်ည ရမည့် ငွေ ကို စိတ်တွက်နှင့် ပေါင်းနေမိတော့သည် ။
••••• ••••• •••••
ကိုဝင်းနိုင် အခြေအနေ ပိုဆိုးလာသဖြင့် ဆေးရုံ တင်လိုက်ပြီ ဖြစ်ကြောင်း ကိုအောင်မြင့်ကြိုင် က သတင်းပေးလာသောအခါ ရင်းနှီးသူမို့ နောက်နေ့ ဆေးရုံ သွားလျှင် အတူ လိုက်ပါရစေဟု ကိုရွှေခင် က ချိန်းဆိုခဲ့သည် ။ ဆေးရုံကြီး အသည်း နှင့် အစာအိမ်လမ်းကြောင်း လူနာဆော င်ထဲ လှမ်းဝင်လိုက်သည် နှင့် ကိုဝင်းနိုင် ၏ ပုံသဏ္ဍာန် ကို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ လိုက်ရတော့သည် ။ ခုတင်ပေါ်တွင် အမှီနှင့် ထိုင်ရင်း ‘ အင်း အင်း ’ မြည်အောင် အသက်ရှူရလျက် မောကျပ် နေရှာသော ကိုဝင်းနိုင် ကို ရုတ် တရက် ဘယ်လို အားပေး နှစ်သိမ့်ရမှန်း မသိနိုင်ကြဘဲ ကြောင်အမ်း နေကြသည် ။ သူတို့ ဝင်လာသည်ကို မြင်သည်နှင့် ကိုဝင်းနိုင် မိန်းမ က ဝတ်ကျေတန်းကျေ တစ်ချက် ပြုံးပြပြီး ‘ ချာကနဲ ’ အပြင် ထွက်သွားသည်ကို နှစ်ယောက်စလုံး မသိချင်ယောင် ဆောင်နေလိုက်ရ၏ ။
“ သက်သာမှာပါဗျ ဆေးကောင်းဝါးကောင်းတွေ ရှိတာပဲ ”
ဟု ပါးစပ်ထဲ တွေ့ရာ အားပေးရင်း နောက်ထပ် ပြောစရာစကား တွေ ပျောက်ဆုံး နေခဲ့၏ ။ တစ်ချိန်က ရွှင်ချို လတ်ဆတ်သော အပြုံးများနှင့် ဟာသ စွက်၍ ပြောတတ်သော ကိုဝင်းနိုင် ခမျာ ယခုတော့ မရယ်နိုင် မပြုံးနိုင် ရှာတော့ချေ ။ ဖောသွပ်သွပ် မျက်နှာမှာ ဝါဝါပိန်းပိန်းကြီး ဖြစ်လျက် မျက်လုံးများ မှလည်း အဝါထက် ညိုရင့်ကာ လိမ္မော်ရောင်ပင် ပေါက်နေပြီ ။ ဝမ်းဗိုက်မှာ မူကား နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်သည် လို ဖောင်းကားပြောင် တင်းနေ သဖြင့် စွပ်ကျယ်အင်္ကျီနား ကို လိပ်၍ မတင်ထားရသည် ။ ကား ကားကြီး ဆင်းထားသော ခြေထောက်များ မှာလည်း ခုံးမောက် တင်းကားနေ လေပြီ ။ ဆေးဖိုး အတွက် လိုရာသုံးပါ ဟု အသင့် ဆောင်ယူလာသော ငွေစက္ကူ ထုပ်ကလေးများ ကို ပေးသည့်အခါတွင် “ ကျေး ... ဇူး ” ဟုသာ ပြောနိုင်ပြီး စကား မဆက်နိုင်ရှာချေ ။ ဒါဖြစ်တာ အရက်သောက်လို့ ဆိုသော စကားကို လူနာ ကရော လူနာ မေးသူကပါ တမင် မပြောဖြစ်အောင် ထိန်းချုပ်ထားခဲ့ကြသည် ။ ထိုအခိုက်အတန့် အတွင်း အရက်ရောင်းသူ နှင့် ထိုဆိုင်မှ အရက် ဝယ်သောက်သူ ဆိုသော အဓိက ကိစ္စကြီးကို အားလုံးက ‘ ဇွတ်အတင်း ’ မေ့ထားခဲ့ကြသည်လေ ။
••••• ••••• •••••
“ ကိုဝင်းနိုင် ဆုံးပြီ ”
သည်သတင်း ကြားလိုက်ရသည့် ရက်ပိုင်း အတွင်း အရက် သောက်ဖော်သောက်ဖက် အားလုံး အနည်းငယ် တုန်လှုပ်သွားကြသည် ကတော့ အမှန်ပင် ဖြစ်သည် ။ နောက်တော့လည်း မီးတောက်မီးလျှံအတွင်း ဆက်လက် ခုန်ဆင်းကြပြန်သည် ။ ပုံမှန်အတိုင်း ရောင်းကောင်းမြဲ ၊ စည် ကားမြဲ ။ နှစ်ပတ်ကျော်ကျော် အတွင်းမှာပဲ တစ်လမ်းတည်းနေ ပုံမှန် ဖောက်သည် ‘ ဦးကျော်ခိုင် ’ ဆုံးပြန်သည် ။ သူ ကတော့ သည်ဆိုင်က ပြန်သွား ပြီး ထမင်းစား နေစဉ်မှာပင် ‘ မူးတယ် မူးတယ် ’ ပြောပြီး ချက်ချင်း လဲကျ ကာ အသက် ပါသွားခြင်း ဖြစ်၏ ။ ဆရာဝန် ၏ မှတ်ချက်က မူလသွေးတိုး ရှိနေပါလျက်က အရက် ကို အလွန်အကျွံ သောက်မိ၍ ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံးရခြင်း ဖြစ်သည်ဟုဆို၏ ။
အမယ်လေး ... သည် ဆရာဝန့် နှယ် သွေးတိုးလို့ ဆုံးတယ် ဆိုလည်း ဖြစ်ရက်သားနဲ့ သည်အရက် ကို မပါ ပါအောင် ဆွဲထည့်ပေး လိုက်ရသေးတယ် ။ ထစ်ခနဲဆို သည် အရက်ပဲ လာလာ ခလုတ်တိုက်နေကြတာပဲ ။ ငါ သောက်နေတာ ကြာပြီ ။ အခုထိ ဘာမှ မဖြစ်သေးဘူး ။ အလကား လူတွေ အားအားရှိ ဒါ ... ပဲ ။ မကျေမနပ် ဖြစ်နေသော ကိုရွှေခင် ကား ထိုနေ့ည အဖို့ ပို၍များပင် သောက်ပစ်လိုက်ချေသေး၏ ။
မူးမူးနှင့် လည်း ဒေါပွ နေသေးသည် ။
••••• ••••• •••••
တကယ်တမ်း ‘ ဖိုးသား ’ စာမေးပွဲကျသောအခါ လင်မယား နှစ်ယောက်စလုံး က တညီတညွတ်တည်း ဆရာမ ကို အပြစ်ဖို့ကြ၏ ။ ကိုရွှေခင် က အချိန်မီ လက်ဆောင် သွားမပေးရကောင်းလား ဟု မစိုးမြင့် ကို ဆူပူ ၏ ။ ကျူရှင် လည်း ပြောင်းဖို့ စီစဉ်၏ ။ သူတို့ မျက်စိထဲ သည်လောက် စာဖတ်နေသော ကလေး စာမေးပွဲကျရခြင်း မှာ ဆရာမ တွင် လုံးဝ တာဝန်ရှိသည် ဟု မှတ်ယူထားကြ၏ ။
သို့သော် ကိုယ့်သားသမီး ဘာစာ ဖတ်လို့ ဖတ်နေမှန်းပင် မသိ ။ စိတ်ဝင်တစား ကျက်မှတ် နေတာလား ၊ ပါးစပ် ထဲ တွေ့ကရာ ဆိုနေတာလား ၊ အိပ်ငိုက်ငိုက် နှင့် ရပြီးသား စာတွေ ပြန် အော်နေတာလား ၊ ကစားရာ အာရုံ ရောက်ပြီး ‘ ဗလွတ်ရွှတ်တ ’ ရွတ်နေတာလား စောင့်ကြည့်နားထောင်ဖို့ သူတို့ ‘ နားတွေ ’ ၊ ‘ မျက်စေ့ ’ တွေ မအားကြပါ ။
ဘယ်ဝိုင်းက ဘာထပ် မှာမလဲ ။ ဘယ်ဝိုင်းက ပိုက်ဆံ ဘယ်လောက် ရှင်းရမှာလဲ ၊ ဘယ်တော့ လှမ်းခေါ်မလဲ နားပါးပါး စွင့်ထားရ၏ ။ ဘယ်သူက အလစ်မှာ ထသွားမလဲ ၊ ဘယ်သူက အမေ့ခံထားလဲ ဦးနှောက် ကွန်ပျူတာကို အလုပ်ပေးထားရ၏ ။ သူတို့ ဆိုင်သိမ်း၍ ငွေရေတွက်နေသည့်အချိန်ဆို ကလေးလည်း အိပ်ရာထဲ ရောက်ပြီ ။
အစ်မ ဖြစ်သူကလည်း ကလေး စာဖတ်သည် ကို စောင့်ကြည့်စစ်ဆေးဖို့ အာရုံ မရှိ ။ ရုပ်ပြများကို တစ်အုပ်ပြီး တစ်အုပ် မှောက်လိုက်လှန်လိုက် ထိုင်လိုက် လှဲလိုက်နှင့် ဖတ်ရင်း ဖယောင်းတိုင် ဖြုန်းမည် ။ ပြီးတော့ မအိပ်ချင်သေးဘဲ ခြင်ထောင် ထဲဝင်ပြီး စိတ်ကူးယဉ်မည် ။ သူမ၏ စိတ်ကူးထဲတွင် အလျှိုလျှို ပေါ်လာသည့် ကောင်လေးတွေ ထဲမှာ ခုတစ်လော စိုးမိုး နေသည်က သည်ရပ်ကွက် ထဲမှ မဟုတ်သော မျက်နှာစိမ်းလူငယ်လေး တစ်ယောက်ဖြစ်၏ ။ သူမ စာအုပ်ဆိုင် သွားချိန် လမ်းထောင့်ကွမ်းယာဆိုင်နား မှာ အမြဲ စောင့်နေတတ်သူ ။ သူ့မျက်လုံး နှင့် ဆုံတိုင်း မြမြခင် ခြေလှမ်းတွေ မှားရသည် ။ ခု ပြန်တွေးလျှင် ခု ရင်ခုန်စရာ ။ သည်လိုနှင့် ... ။
သည်လိုနှင့် လာသောက်နေကျ စိုးဝင်း အရက်ကြောင်၍ ဓား တဝင့်ဝင့် လုပ်နေသဖြင့် စိတ်ရောဂါကု ဆေးရုံ ရောက်သွားသော သတင်း ၊ ဆိုင်ပိတ်ခါနီး အထိ အားပေးတတ်သော ဦးတရုတ်ကြီး သွေးတွေအန် ၊ ဝမ်း အမည်းတွေ သွားသဖြင့် အရေးပေါ်ဆေးရုံတင်ရသော သတင်း ၊ ထမင်း လွတ် သောက်တတ်သော ကျော်ဦး ကတော့ ခြေထောက်တွေ ချိနဲ့ပြီး လမ်းမလျှောက်နိုင်တော့ ဟူသော သတင်းများ ကို အဆက်မပြတ် လက်ခံရင်း ကိုရွှေခင် ၏ ဆိုင်လည်း အရောင်းမပျက် ဆက်လက် ချီတက်နေခဲ့သည် ။
••••• ••••• •••••
သည်နေ့ည ဧည့်သည် ပိုကျလာသည် ။ ညနေက ရေခဲကား မရောက်သေး၍ ရသလောက် ဝယ်ခဲ့ရာ ခုတော့ ပြတ်ပြီ ။ ဟိုဖက်လမ်း က ရေခဲဆိုင် ကို ရေခဲပေါင် အစိတ်လောက် သွားဆွဲရမည်မို့ ကိုရွှေခင် ဇိမ်ပျက် သွား၏ ။ လင်းနေတုန်းက ဆို အလတ်ကောင် ကို ချော့မော့ ခိုင်းလျှင် ရနိုင်သေးသည် ။ ခုတော့ အပြင် မှာလည်း မှောင်ပိန်းလို့ ။ လမိုက်ည မှာ မီးမလာ မှတော့ သည်လိုပဲ ဖြစ်တော့မှာပေါ့ ။ တွေးရင်း ပုဆိုးကို ခပ်တိုတို ပြင် စည်းပြီး ဆိုင်နံရံမှာ ချိတ်ထားသည့် နှစ်တောင့်ထိုး ဓာတ်မီး အစိမ်းနုရောင်လေးကို ဆွဲလိုက်၏ ။ ငွေသိမ်း အံဆွဲသော့ကို မစိုးမြင့် ကို ပစ်ပေးပြီး ဆိုင်အပြင်သို့ ဒယိမ်းဒယိုင် ထွက်လာသည် ။
အပြင် ရောက်တော့ လေပြည်ကလေး သုတ်လိုက်သဖြင့် အနည်းငယ် လန်းဆန်း သွား၏ ။ မြင်ကွင်းက မပီမသ ဝိုးတဝါးနှင့်ပင် ။ မမှုန်ခံနိုင် ရိုးလား ၊ ဓာတ်ခဲ အားနည်းနေသဖြင့် ဓာတ်မီးကလေး၏ မှိန်ဖျော့ဖျော့ မထင့် တထင် အလင်းကွက်ကလေးသည် မြေကြီးပေါ်မှာ မထင်မရှား မှန်းဆ၍သာ သွားရသည် ။
လမ်းအကွေ့ ခြံထောင့်နား က မန်ကျည်းပင်နား တွင် လူသွားလူလာ ပြတ်သည် ။ သမီးရည်းစားစုံတွဲများ ချိန်းတွေ့သောနေရာ အဖြစ် နာမည်ကြီး၏ ။ မီးလာသော နေ့တွင်ပင် ထိုနေရာက အမြဲ မှောင်နေတတ်သည် ။ မှောင်ဆို ထိုအနီးက လမ်းမီးတိုင်မီးလုံးမှာ လင်းရသည် မရှိ ၊ မကြာခဏ အခိုးခံရ အခွဲခံရသည် ။ ယခုလည်း စုံတွဲတစ်တွဲ ရှိနေသည် ။
“ မှောင်နှင့်မည်းမည်း သူတို့ မို့ မြွေဖား ကင်းဖား မကြောက် ” ဟု တွေးရင်း ကိုရွှေခင် ကျော်ဖြတ် လာခဲ့သည် ။ သွားနေကျ လမ်းမို့လား မသိ ။ မမြင်မစမ်းနှင့်ပင် ချောချောမောမော ရောက်သွားသည် ။ အပြန်ကျတော့ ရေခဲတုံးကို နှီးကြိုးနှင့်ချည်ပြီး အရည် ပျော်ကျ မကုန်အောင် ခပ်သွက်သွက် လျှောက်ခဲ့၏ ။
အောင်မယ် မယ် စောစောက အတွဲကလည်း တယ် ဇွဲကောင်းပါ လား ။ ကြယ်ရောင် ခပ်မှောင်မှောင် အောက်မှာ သူတို့ချင်း ဆွဲလိုက်ရုန်း လိုက်ဖြစ်နေသည် ကို မျက်ခွံတွေ မနည်း ပင့်ကြည့်ရင်း မြင်လိုက်ရသဖြင့် ဓာတ်မီး သူတို့ဘက် မထိုးမိအောင် သတိထားရင်း ဖြတ်လျှောက်ခဲ့သည် ။ တော်ကြာ အားနာစရာတွေ ဖြစ်ကုန်မှဖြင့် ...
“ မနက်ဖြန်ည လည်း လာခဲ့ရမယ်နော် ကတိ မပေးရင် မပြန်ရဘူးကွာ ”
အင်း ငါ ငယ်ငယ်ကလိုပဲ ။ အတော် ဇွတ်တရွတ် နိုင်မယ့် ကောင်ပဲ ဟု ကိုရွှေခင် တွေးလိုက်ရင်း စိတ်ထဲက “ ဟုတ်တယ် မပြောရင် ပြန်ကို မလွှတ်နဲ့ ” ဟု တိတ်တဆိတ် အားပေးလိုက်သေး၏ ။ သူ နှင့် မစိုးမြင့် တို့ ငယ်ငယ်တုန်းက ချိန်းတွေ့ကြသည့် အဖြစ် ကိုလည်း ပြန် အမှတ်ရရင်း ပြုံးမိ၏ ။
“ အို ... လွှတ်တော့ ၊ သိပ်ကြာရင် အိမ်က သိသွားလိမ့်မယ် ။ အခုတောင် ခြင်ထောင် ချခဲ့ပြီး နောက်ဖေးပေါက် က လစ်ထွက်လာတာ ”
အင့်ဟင် ... ဒီ မိန်းကလေး အသံ ကြားဖူးပါတယ် ၊ ငါ့ အသိမိတ်ဆွေ သားသမီးများ ဖြစ်နေမလား ။ ဇဝေဇဝါ တွေးရင်း ခြေလှမ်း နှေးကာ နားစွင့်နေမိ၏ ။
“ နေပါဦးကွာ ၊ ပြောစရာ ကျန်သေးတယ် ”
“ ကျန်လည်း နောက်မှ ပြောတော့ ၊ ဟိုမှာ ဟိုဦးလေးကြီး မှာ ဓာတ်မီးပါတယ် ၊ သူ့ နောက်နား က ကပ်လိုက်သွားတော့မယ် နော် နော် ၊ အဖေ တို့ ဆိုင်မသိမ်းခင် ပြန်ရောက်နေမှ ဖြစ်မှာ ”
ကိုရွှေခင် မျက်လုံးတွေ ပြူးကျယ်ကုန်ပြီ ။ အမူးလည်း ပြေသွားပြီ ။ လက်ထဲက ရေခဲတုံးကိုလည်း လွှတ်ချလိုက်ပြီ ။ ပြီးတော့ တစ်စုံတစ်ရာ သေချာနေသော ဟန်ဖြင့် နောက်သို့ ဆတ်ကနဲ လှည့်ပြီး မိန်းကလေး၏ မျက်နှာ တည့်တည့်ပေါ်သို့ ဓာတ်မီး နှင့် ထိုးချိန်ပစ်လိုက်တော့သည် ။
“ တောက် ခွေး,မ ”
“ ဟင် အ ... အဖေ ”
••••• ••••• •••••
နောက်တစ်နေ့ မနက်မှ စ၍ ကိုရွှေခင် ၏ ဆိုင်ရှေ့တွင် စားပွဲတစ်လုံးကို တုံးလုံးလှဲ၍ “ မရောင်းတော့ပါ ” ဆိုသော မြေဖြူခဲဖြင့် ရေးထား သည့် စာကို တွေ့လိုက်ရပါတော့သည် ။
⎕ မဦး
📖 မြားနတ်မောင် မဂ္ဂဇင်း
ဇန်နဝါရီ ၁၉၉၉
No comments:
Post a Comment