❝ အဘိုးအိုနှင့် သစ်သီးရောင်းသူ ❞
( ပုံပြင် )
တစ်ခါတုန်းက တောမြို့ကလေးတစ်မြို့မှာ လက်တွန်းလှည်း တစ်ခုနဲ့ သစ်သီးရောင်းပြီး အသက်မွေးမြူရတဲ့ ဈေးသည်တစ်ဦး ရှိခဲ့တယ်ကွယ့် ။ အဲဒီ သစ်သီးသည်ဟာ ဈေးနေ့ တစ်နေ့နေ့မှာ သူ့ရဲ့ လက်တွန်းလှည်းနဲ့ ပန်းသီးတွေကို အပြည့် တင်ဆောင်လာပြီး ဈေးအနီးမှာ ရောင်းချနေတော့တယ် ။ ဈေးဝယ်လာတဲ့ လူတွေကလည်း လတ်ဆတ်တဲ့ ပန်းသီးတွေကို တွေ့ရတော့ သစ်သီးသည် ရှိရာကို ဝိုင်းအုံလာပြီး သူတို့ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူကြတယ်ကွယ့် ။ အဲသည်လို သစ်သီးရောင်းသူနဲ့ ဝယ်သူတွေ အလုပ်ရှုပ်နေတုန်းမှာ အဘိုးအို တစ်ဦးဟာ လယ်သမားတွေ အသုံးပြုတဲ့ တူရွင်းပြား တစ်ခုကို ထမ်းပြီး လမ်းလျှောက်လာတော့တယ် ။ အဘိုးအိုကို ကြည့်ရတာလည်း အလွန်ပဲ ဆင်းရဲဟန် တူတယ်ကွယ့် ။ ဘာပြုလို့လဲ ဆိုတော့ အဘိုးအိုရဲ့ ကိုယ်ပေါ်မှာ အလွန်ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတာကို တွေ့လို့ပဲကွယ့် ။ အဘိုးအိုလည်း သစ်သီးသည် အနီးကို ရောက်တော့ လတ်ဆတ်တဲ့ ပန်းသီးတွေကို အလွန်ပဲ စားချင်တာနဲ့ “ ဒီမှာ မိတ်ဆွေ ၊ ကျွန်ုပ်ဟာ ခရီးဝေးက လာခဲ့ရလို့ အလွန်ပဲ မောပန်းပြီး ဆာလောင်နေပါတယ် ၊ ဒါကြောင့် ကျွန်ုပ်ကို ပန်းသီး တစ်လုံးလောက်ပေးပါလို့ ” တောင်းခံတော့တယ် ။
အခုလို အဘိုးအိုက တောင်းခံတော့ သစ်သီးသည်ဟာ အလွန်စိတ်ဆိုးတဲ့ အမူအရာ နဲ့ “ အို .. မပေးနိုင်ပါဘူး ၊ ခင်ဗျားမှာ ပိုက်ဆံ ပါလာရင် သူများလိုပဲ ဝယ်စားပေါ့ ၊ ခင်ဗျားတို့လို သူတောင်းစားတွေကိုသာ တောင်းတိုင်း ပေးနေရရင် အကျွန်ုပ်အဖို့ ဘယ်မှာ အမြတ်ရနိုင်တော့ မှာလဲ ” လို့ ပြန်ပြောလိုက်တော့တယ် ။
သည်အခါမှာ အဘိုးအိုက “ ကျွန်တော့်မှာ ပိုက်ဆံတစ်ပြားမှ မပါလာလို့ အလကား တောင်းရတာပါ ၊ ကျွန်တော့်ကို တစ်လုံးလောက် ပေးရုံနဲ့ ခင်ဗျားအဖို့ မနစ်နာနိုင်ပါဘူး ၊ ခင်ဗျား ကြီးပွားဖို့လည်း ကျွန်တော်က ဆုတောင်းပေးပါဦးမယ် ” လို့ ထပ်မံပြောဆိုလိုက်တော့တယ် ။
သစ်သီးသည်လည်း အဘိုးအို၏ စကားကို ကြားရတော့ ဟား ... ဟားလို့ ရယ်လိုက် ပြီး “ အို ... ခင်ဗျား ဆုတောင်းပေးရုံနဲ့ ဘယ်လိုလုပ်ပြီး ကျွန်ုပ် အိမ်သားတွေ ထမင်းစားရမှာလဲ ” လို့ ပြောပြီး အဘိုးအိုကို မောင်းနှင်ထုတ်လိုက်တော့တယ်ကွယ့် ။ ဒါပေမယ့် အခြား ဈေးဝယ်သူတွေက အဘိုးအိုကို သနားတာနဲ့ သစ်သီးသည်ကို “ တစ်လုံးလောက်တော့ ပေးလိုက်ပါ ” လို့ ဝိုင်းဝန်းပြောဆိုကြတော့တယ် ။
သစ်သီးသည်ကလည်း “ အို ... ဘယ်ပေးနိုင်မှာလဲဗျာ ၊ တကယ်လို့ ခင်ဗျားတို့ စေတနာရှိရင် ခင်ဗျားတို့ ပိုက်ဆံနဲ့ ကျွန်တော့်ဆီက ဝယ်ပြီး ပေးလိုက်ပေါ့ ၊ ဟုတ်လား ” လို့ ပြန် ပြောလိုက်တယ်ကွယ့် ။
အဲသည်လို ပြောနေကြတာကို အနီးမှာ ရပ်ကြည့်နေတဲ့ ကလေးတစ်ယောက်က ကြားရတော့ ဆင်းရဲသားအဘိုးအိုကြီးကို အလွန်သနားကြင်နာတာနဲ့ သူ့မှာ ပါတဲ့ မုန့်ဖိုးပိုက်ဆံကို နှိုက်ယူပြီး အဘိုးအိုကို လတ်ဆတ်တဲ့ပန်းသီးတစ်လုံး ဝယ်ပေး လိုက်တယ်ကွယ့် ။
အဘိုးအိုကလည်း သစ်သီး ဝယ်ပေးတဲ့ ကလေးကို ပြုံးရွှင်စွာ ကြည့်ပြီး “ သာဓုကွယ် သာဓု ၊ ငါ့မြေးရဲ့ စေတနာကို အဘိုး လေးစားပါတယ်ကွယ် ၊ အခု မကြာမီ အချိန်ကလေးအတွင်း မှာပဲ မင်းရဲ့ ကျေးဇူးကို အဘိုး ပြန်ဆပ် နိုင်ပါလိမ့်မယ် ” လို့ ပြန်ပြောလိုက်တော့တယ် ။ နောက်တဖန် အဘိုးအိုဟာ ပန်းသီးတစ်လုံး ပေးဖို့ သူ့ဘက်က ကူညီပြောဆိုပေးကြတဲ့ ဈေးဝယ်လာသူများဘက်ကို လှည့်ပြီး အလွန် လေးစားရိုသေတဲ့ အမူအရာနဲ့ “ ခင်ဗျားတို့ ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်ခင်ဗျာ ၊ ခင်ဗျားတို့ ကျေးဇူးကိုလည်း မကြာမီ ပေးဆပ်နိုင်ပါလိမ့်မယ် ” လို့ ပြောဆို ပြန်တော့တယ် ။
အဘိုးအိုဟာ အဲသည်လို ပြောပြီး သူငယ်ကလေး ဝယ်ပေးတဲ့ ပန်းသီးကို သူ့မှာ ပါတဲ့ ဓားကလေးနဲ့ ခွဲစားနေတော့တယ် ။ ပန်းသီးတစ်လုံးကို ကုန်အောင်လည်း စားပြီးရော အဘိုးအိုဟာ အစေ့ငယ်ကလေးကို ယူထားပြီး လမ်းဘေး တစ်နေရာမှာ တူရွင်းပြားနဲ့ သုံးလက်မလောက် နက်တဲ့ တွင်းကလေး တစ်ခုကို တူးဆွလိုက်တယ် ။ ဈေးဝယ်လာသူများနဲ့ အနီးအနားက လူများကလည်း အဘိုးအိုရဲ့ အပြုအမူကို ထူးဆန်းတယ်လို့ ထင်မိတာနဲ့ အဘိုးအိုရဲ့ အနီးမှာ ဝိုင်းအုံ ကြည့်ရှု နေကြတယ်ကွယ့် ။ အဘိုးအိုလည်း တွင်းကလေးကို တူးပြီးတာနဲ့ တစ်ပြိုင်နက် အနီးအနားက လူတွေဘက်ကို လှည့်ကြည့်ပြီး “ ကျွန်တော့်ကို ရေနွေးပူပူ တစ်ခွက်လောက် ရှာပေးကြစမ်းပါခင်ဗျား ” လို့ တောင်းပန် လိုက်တော့တယ် ။
အနီးအနားက လူများကလည်း ရေနွေးပူပူနဲ့ သစ်စေ့ကို လောင်းပြီး သစ်ပင်စိုက်တာကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးကြတာနဲ့ အတော်ပဲ ထူးဆန်းတယ်လို့ အောက်မေ့ပြီး အဘိုးအို တောင်းဆိုတဲ့ ရေနွေးပူပူ တစ်ခွက်ကို အနှေးနဲ့ အမြန် ရှာပေးကြတော့တယ် ။ အဘိုးအိုဟာ ရေနွေးတစ်ခွက် ကိုလည်း ရရော သစ်စေ့ကလေးကို တွင်းထဲမှာ မြှုပ်ပြီး ရေနွေးပူပူနဲ့ လောင်းချ လိုက်တော့တယ် ။ အဲသည်လို လောင်းချလိုက်တယ်ဆိုရင်ပဲ သစ်စေ့ကလေးက စိမ်းလန်းတဲ့ သစ်ပင်ငယ်ကလေးတစ်ပင်ဟာ ချက်ချင်း ထွက်ပေါ်လာတယ်ကွယ့် ။ ထွက်လာတဲ့ သစ်ပင်ကလေးဟာ အချိန်အနည်းငယ် အတွင်းမှာပဲ တဖြည်းဖြည်း ကြီးထွားလာပြီး လူတစ်ရပ်ခန့် မြင့်တဲ့ ပန်းသီးပင်တစ်ပင် ဖြစ်လာတော့တယ် ။ အဲသည်လို ထူးဆန်းတဲ့ အချင်းအရာကို မြင်နေရ တဲ့ အနီးအနားက လူတွေဟာ ပိုမို စိတ်ဝင်စားလာကြပြီး အဘိုးအိုရဲ့ အပြုအမူကို စူးစိုက်ကြည့်နေကြတော့တယ် ။ အခုလို ကြည့်နေရင်း အချိန်ပိုင်း အတွင်းမှာပဲ လူတစ်ရပ်ခန့် မြင့်တဲ့ ပန်းသီးပင်မှာ အပွင့်တွေ ဝေဝေဆာဆာ ထွက်လာတာကို တွေ့ရတယ် ။ ချက်ချင်း ဆိုသလိုပဲ ပွင့်နေတဲ့ ပန်းပွင့်တွေဟာ ကြွေကျသွားပြီး ဝင်းမှည့်နေတဲ့ပန်းသီးတွေ သီးလာတာကို တွေ့ရပြန်တယ် ။
အဲသည်လို ပန်းသီးတွေ သီးလာတဲ့အခါ အဘိုးအိုက တစ်လုံးစီ ဆွတ်ခူးပြီး အနီးမှာ ကြည့်နေကြတဲ့ လူတွေကို ဝေပေးတော့တယ်ကွယ့် ။ အဘိုးအိုကို မုန့်ဖိုးပိုက်ဆံနဲ့ ပန်းသီးတစ်လုံး ဝယ်ပေးတဲ့ ကလေးကိုတော့ အဘိုးအိုက အကြီးဆုံး ပန်းသီး သုံးလုံးကို ခူးဆွတ်ပြီး ပေးလိုက်တော့တယ် ။ အဘိုးအို အပေါ်မှာ စိတ်ကောင်း မရှိတဲ့ သစ်သီးရောင်းသူ ကိုယ်တိုင်လည်း သူ့ရဲ့ သစ်သီးလှည်းကို ထားပစ်ခဲ့ပြီး အဘိုးအိုရဲ့ ထူးဆန်းတဲ့ အပြုအမူကို လူအုပ်ကြားထဲမှာ တိုးဝှေ့ ကြည့်ရှုနေတော့တယ် ။ အချိန်အတော်ကြာသွားတဲ့အခါ ပန်းသီးပင်ပေါ် မှာလည်း ပန်းသီးတွေ ခူးဆွတ်ပြီး ဝေပေးလိုက်လို့ တစ်လုံးမှ မကျန်တော့ဘူး ။ သည်အခါမှာ အဘိုးအိုဟာ အနီးပတ် ဝန်းကျင်က လူများကို ပြုံးချိုရွှင်လန်းစွာ နှုတ်ဆက်ပြီး သူ့ရဲ့ တူရွင်းပြားနဲ့ ပန်းသီးပင်ကို သုံးကြိမ် တိတိတီးခေါက်လိုက်တော့တယ်ကွယ့် ။ ပန်းသီးပင်ဟာလည်း ချက်ချင်း ဆိုသလိုပဲ တဖြည်းဖြည်း သေးငယ်သွားပြီး ပင်စည်နဲ့ အကိုင်းအခက် အားလုံးဟာ လုံးဝ ပျောက်ကွယ်သွားတော့တယ် ။
အဘိုးအိုလည်း ပန်းသီးပင်ကလေး ပျောက်သွားတာနဲ့ တစ်ပြိုင်နက် ခရီးဆက်လက် ထွက်ခွာသွားတော့တယ် ။ သစ်သီး ရောင်းသူလည်း အဘိုးအို ထွက်ခွာသွားတော့မှ သတိရပြီး သူ့ရဲ့ သစ်သီးလှည်းရှိရာကို ပြန်လာခဲ့တော့တယ် ။ ဒါပေမယ့် သစ်သီးရောင်းသူဟာ သူ့ရဲ့ လက်တွန်းလှည်း ပေါ်မှာ ပန်းသီးတစ်လုံးမှ မတွေ့ရတော့တာနဲ့ အလွန်ပဲ ဝမ်းနည်းပက်လက် ဖြစ်ပြီး ငိုကြွေးတော့တာပေါ့ကွယ် ။ အနီးအနားက လူတွေကတော့ “ ဆင်းရဲသား အဘိုးအို အပေါ်မှာ စိတ်ကောင်း မရှိလို့ ဘုရားသခင်က ဒဏ်ခတ်တာပဲ ” လို့ပြောပြီး သစ်သီးရောင်းသူကို ဝိုင်းဝန်း အပြစ်တင်ကြတော့တယ် ။ သစ်သီး ရောင်းသူလည်း အဲသည်နေ့က စပြီး နောင်ကို မိမိထက် ဆင်းရဲနွမ်းပါးတဲ့ လူတွေ အပေါ်မှာ သနားကြင်နာတဲ့ စိတ်နဲ့ ညှာတာထောက်ထားပါတော့မယ် လို့ ဆုံးဖြတ်လိုက်တော့တယ်ကွယ့် ။
ကိုင်း ... ကလေးတို့ တတွေလည်း သည်ပုံပြင် ထဲက သစ်သီးရောင်းသူလို ဆင်းရဲ နွမ်းပါးသူ အပေါ်မှာ အထင်အမြင် သေးပြီး ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရဘူးကွယ့် ။ အဘိုးအိုကို ပန်းသီး တစ်လုံး ဝယ်ပေးတဲ့ သူငယ်ကလေးလို ဆင်းရဲနွမ်းပါး အားကိုးရာမဲ့သူတွေ အပေါ်မှာ ကြင်နာတဲ့ စိတ်ထားနဲ့ တတ်နိုင်သမျှ အကူအညီ ပေးရမယ်ကွယ့် ။ ကြင်နာတဲ့ စိတ်နှလုံးသား ရှိတဲ့သူကို လူအများက ချစ်ခင်လေးစားကြပါတယ်ကွယ် ။
〇 တက္ကသိုလ် - စန်း
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၆ ၊ အောက်တိုဘာ
No comments:
Post a Comment