Monday, July 14, 2025

အဖြူရောင် ကြက်ခြေခတ်များ


 

❝ အဖြူရောင် ကြက်ခြေခတ်များ ❞
          ( မင်းဝေဟင် )

( ၁ )

ကျုပ်ကို “ ဘုကန့်လန့်ကောင် ” တဲ့ ။

ကျုပ်ရဲ့ ယောက္ခမတွေ ကိုယ်တိုင်က ခေါ်ဝေါ်သတ်မှတ်ကြတာ ။ ကောင်းရော ။ ဖြစ်ပုံက ဒီလို ။ ကျုပ်နဲ့ သူတို့ သမီး “ ခင်ထား ”   အကြင်လင်မယား စပြီး ဖြစ်ကာစကပေါ့ ။ ကျုပ်ရဲ့ ယောက္ခမတွေ အိမ်မှာ ပွဲတစ်ပွဲ ကျင်းပတယ် ။ သူတို့ ပြောတာတော့ မင်္ဂလာနတ်မြှောက်တာဆိုလားပဲဗျာ ။ အိမ်ရဲ့ ခေါင်းရင်းခန်းမှာ အုန်းပွဲ ၊ ငှက်ပျောပွဲတွေ ဆိုတာ မြင်မကောင်း ဘူးဗျို့ ။ ငါးကြော်တွေ ၊ ကြက်ကောင်လုံးကြော်တွေတောင်ပါသေး ။

နတ်ကတော် ဆိုတဲ့ လူကလည်း ပါးစပ်က ပွစိ ၊ ပွစိ ၊ လူက ရွစိ ၊ ရွစိနဲ့ အုန်းပွဲတွေ နားမှာ ခြေရှုပ်နေတာ မျက်စေ့တောင် နောက်စရာ ။ နတ်ကတော် ဆိုလို့ နားမရှုပ်သွားနဲ့ ဦး ။ နတ်ကတော် ဆိုတာ သူတို့ ပြောတဲ့ မမြင်နိုင်တဲ့ နတ် ဆိုတာကို “ ဟိုဟာလေး စားပါ ၊ ဒီဟာလေး သုံးဆောင်ပါ ” နဲ့ ပါးစပ်က အမြှုပ်ထွက်မတက် ပြောရတဲ့ သူပဲဗျို့ ။ တစ်နည်းအားဖြင့် ပါးစပ် အငှားလိုက် နေရတဲ့ သူပေါ့ဗျာ ။ အံ့ပါရဲ့ဗျာ ။ ဒီခေတ်ထဲမှာ သူများကိ စ္စတွေကိုများ ပါးစပ် အငှားလိုက်နေရတယ်လို့  ။ ထားတော့ ။ ဒါကလည်း သူ့ရဲ့ ဝမ်းရေး အတွက်ကိုး ။

ခဏကြာတော့ အဲဒီ နတ်ကတော်က ကျုပ်နဲ့ ကျုပ်ဇနီးကို လက်အုပ်ချီခိုင်းတယ် ။ ကျုပ်လည်း ဘာမသိ ၊ ညာမသိ လက်အုပ်ချီရတယ်ပေါ့ ။

ကျုပ် ဒီလောက်ထိ ခွင့်လွှတ်ပါသေးတယ် ။ ကျုပ် စိတ်တိုသွားတာက ဒီလို  ၊ နတ်ကတော် ဆိုတဲ့ လူက သူ့ ပါးစပ်က ပွစိ ၊ ပွစိ ၊ ပြောလို့ အားမရဘူး ။ ကျုပ်တို့ ကိုပါ လိုက်ဆိုခိုင်းတယ် ။ အဲဒီမှာတင် ကျုပ် သည်းမခံနိုင်တော့ဘူး ။

ဘယ့်နှယ်ဗျာ ။ ဘုန်းကြီးလည်း မဟုတ် ၊ သက်ကြီးရွယ်အိုလည်း မဟုတ် ။ ဘာမှလည်း မမြင်ရတဲ့ သူတို့ ပြောတဲ့ နတ် ဆိုတာကို လက်အုပ် ချီပေးထားတာပဲ တော်လှပြီ ။ ပါးစပ်က ပွစိ ၊ ပွစိနဲ့ တော့ လိုက်မဆိုနိုင်ပေါင်ဗျာ ။ အဲဒီမှာတင် ကျုပ်လည်း “ လိုက်မဆိုနိုင်ဘူး ” လို့ တစ်ခွန်းတည်း ငြင်းလိုက်ရော နတ်ကတော် သာမက ၊ ကျုပ် ရဲ့ ယောက္ခမတွေပါ ပြူးပြူးပျာပျာတွေဖြစ်လို့ ။

“ သားတော်လေးက နားမလည်လို့ပါ ၊ သားတော်လေး ကို ခွင့်လွှတ်ပါ ” ဆိုပြီး အဲဒီ မမြင်ရတဲ့ နတ်ကို ကုန်းပြီး ကန်တော့လိုက်ကြတာများဗျာ ။ ကျုပ်ဖြင့် ရယ်ချင်ရော ။ အဲဒီမှာတင် ပွဲရှိန်က ပိုမြင့်လာတာဗျို့ ။ သူတို့ ကုန်းကန်တော့ကြလို့ အားမရကြသေးဘဲ ကျုပ် ကိုပါ ကန်တော့တောင်းပန်ဖို့ ပြောလာကြတာ ။ အဲဒီမှာ ကျုပ်လည်း “ အဲဒီ နတ်ဆိုတာကြီးက ကျုပ်ကို ကိုယ်ထင်ပြရင် ကျုပ်လည်း ကန်တော့မယ် ” လို့လည်း ပြောလိုက်ရော သူတို့တွေရဲ့ စိုးရိမ်တဲ့ ပုံစံ တွေ ကနေ ထိတ်ထိတ်ပျာပျာ အလန့်တကြား ဖြစ်ကုန်ကြတယ် ။ အဲဒီမှာတင် ကျုပ်လည်း ဆက်ပြီး “ အဲဒီနတ် ဆိုတာကြီးက ကျုပ်ကို တစ်လအတွင်း ချမ်းသာအောင် မ,နိုင်မယ် ဆိုရင်တော့ ကျုပ် ကိုးကွယ်ဖို့ စဉ်းစားမယ် ။ မဟုတ်လို့ ကတော့ အချိန်ကုန် ၊ ငွေကုန် မခံနိုင်ဘူးဗျို့ ။ ကျုပ် စီးပွားရေး လုပ်ရဦးမယ် ” လို့လည်း ပြောလိုက်ရော ကျုပ်ရဲ့ ယောက္ခမတွေ ပါးစပ်တွေ ပိတ်မရအောင် ဟောင်းလောင်းကြီး ဖြစ်သွားကြတယ် ။ အကြောက်လွန်ပြီး မင်တက်သွားတာထင်ပါ့ဗျာ ။

အဲဒီအချိန်က စပြီး ကျုပ် နာမည် “ ဘမှန် ” ကနေ “ ဘုကန့်လန့် ” ဆိုတဲ့ နာမည်ကို ဘာ ကင်ပွန်းတပ်ခြင်းမှ မပါဘဲ အလိုလို ရောက်သွားတော့တယ် ။ ကဲပါဗျာ .. ။ ဒီအကြောင်းက ကြာခဲ့ပြီပဲ ။ ထားလိုက်ပါတော့ ။

••••• ••••• •••••

( ၂ )

ကျုပ်သား အလတ်ကောင် ဆယ်တန်း အရောက်မှာ ကျုပ်နာမည်က ပြန်ပေါ်လာတာ ။ အဲဒီတုန်းက ကျုပ်လည်း အလုပ်က ပြန်လာ ၊ အိမ်မှာ ရေချိုး ၊ ထမင်းစား ပြီးလို့ ဧည့်ခန်းမှာ အေးအေးဆေးဆေး သတင်းစာ ဖတ်နေတုန်း ပြဿနာက စတာ ။ ကျုပ် အလုပ်က ပြန်လာတုန်းက ကျုပ်သား အလတ်ကောင်နဲ့ သူငယ်ချင်းတစ်စု ၊ ခြံထောင့်မှာ ဂစ်တာတစ်လက်နဲ့ အလုပ်ရှုပ် နေကြတာတော့ မြင်ခဲ့သား ။ ခဏကြာတော့ သူတို့ရဲ့ ဂစ်တာ ဝိုင်းလေးကနေ တစ်ယောက်တစ်မျိုးစီ သီချင်းတွေ အော်ဆို နေလိုက်ကြ တာ ။ သံစုံတီးဝိုင်းကို ဖြစ်လို့  ။ ဒီလောက်ထိ ကျုပ် ခွင့်လွှတ်နိုင်ပါတယ် ။ ကျုပ်လည်း ငယ်ရာက ကြီးလာတာပဲဗျာ ။

အခုတော့ အဲဒီလောက်နဲ့ မဟုတ်တော့ဘူးဗျို့ ။ သံပြိုင်သီဆိုနေကြ ရာက တစ်ယောက် က ထ က ၊ ဟော နောက်တစ်ယောက် ကပါ ထ ကနဲ့  ၊ တစ်ဖွဲ့လုံး ထ ကလိုက်ကြတာ နိုင်ငံခြားစတေ့ရှိုး မှတ်ရလောက်အောင် ဆူညံရှုပ်ထွေးနေကြလို့ ပေါ့ ။ ကျုပ် လည်း သည်းမခံနိုင်တော့ဘူး ။ အဲဒီမှာ တင်ကျုပ်လည်း “ မင်းတို့ ဒါဘာလုပ်နေကြ တာလဲကွ .. ဟေ ” လို့ လည်း ဆိုလိုက်ရော အားလုံးကတော့ ရပ်သွားပါရဲ့ ။ ကျုပ် ကို ကြည့် နေလိုက်ကြတဲ့ပုံတွေများ သွေးလန့်တတ်တဲ့ သူ ဆိုရင် ပွဲချင်းပြီးတောင် လဲသေသွားနိုင်တယ် ။

“ မင်းတို့ ပုံတွေလည်း ပြန်ကြည့်ကြဦး ၊ လမ်းသွားလမ်းလာ မြင်လို့မှ မကောင်း ။ ဒါတွေက ဆယ်တန်းဖြေကြမယ့်ပုံတွေတဲ့ လား ။  ဒီပုံစံအတိုင်း ဆိုလို့ ကတော့ အောင်ဖို့ ရာ ဝေးသေး ......ဟေးဟေးပဲ ”

ကျုပ် ပြောလည်း ပြောစရာလေ ။ ကျုပ်သား ရဲ့ သူငယ်ချင်းတွေ ဆိုတာများ တစ်ယောက်မှ အချိုးပြေပြေ ထဲကမရှိဘူး ။ ဘောင်းဘီဖင်ကျပ် ၊ ဒူးခေါင်းအနားဖွာလန်ကျဲနဲ့  ၊ ဂုတ်ထောက်ဆံပင်နဲ့  ။ တစ်ကောင်ဆို သူ့ဆံပင်ကို ကျစ်ဆံမြည်းသေးသေးလေးတွေတောင် ခွဲပြီး ကျစ်ထားလိုက် သေးတယ် ။ ကောင်းရော ။ “ မိကောင်း ၊ ဖခင်သား သမီး တွေဆိုတာ ဒီလို နေကြရသတဲ့ လား ” လို့ ကျုပ် လည်း မေးလိုက်ရော မျက်နှာလွှဲတဲ့ သူက လွှဲ ၊ “ ကျွတ် ” လို့ ကျုပ် မကြားတကြား စုတ်သပ်တဲ့ သူက သပ်လို့ မကြာခင်ပဲ အလျှိုလျှို ထွက်သွားကြတယ်လေ ။

အဲဒီမှာတင် ကျုပ်က “ ဒီပုံစံတွေ မပြင်နိုင်ကြလို့ ကတော့ မင်းတို့ ငါ့အိမ်ကို ဘယ်တော့မှ မလာခဲ့ကြနဲ့တော့ ” လို့ လည်း နောက်ကနေ အော်ပြောလိုက်ရော ပြီးပြီလို့ ထင်ထားရတဲ့ ပြဿနာ က ပိုပြီးတော့ ကြီးလာမှန်း သိလိုက်ရတယ် ။ အသံတွေ ကြားလို့ အိမ်ထဲက ဆင်းလာတဲ့ ကျုပ်ဇနီးကို ကျုပ်သား အလတ်ကောင်က ဖက်ပြီး ငိုလိုက်တာများ ဗျာ ။ ကျုကျုကို ပါလို့  ။ အဲဒီမှာတင် ကျုပ်လည်း ကျုပ်ဇနီး အပါအဝင် ကျုပ်သား သမီးတွေ ရဲ့ ကင်ပွန်းတပ်ခြင်းကို ခံလိုက်ရတာပဲလေ ။

ကျုပ်က လူငယ်တွေ ကို နားမလည်ဘူးပေါ့ ။ လူငယ်တွေ ဘက်ကို မကြည့်ဘူးပေါ့ ။ လူ့ဂွစာကြီးပေါ့ ။ လူ့ကန့်လန့်ကြီးပေါ့ ။ ပေးလိုက်ကြတဲ့ နာမည်တွေဗျာ ။ စုံလို့ ပဲ ။ အံမယ် ။ ဒီတစ်ခေါက် ဘုကန့်လန့် ဆိုတဲ့ နာမည်ရှေ့မှာ “ ကြက်ခြေခတ် ” ဆိုတာတောင် မေတ္တာလက်ဆောင် အဖြစ် အဆစ်ပါလိုက်သေးတယ် ။

••••• ••••• •••••

( ၃ )

ကျုပ်သမီး အကြီးမ မင်္ဂလာဆောင်ခါနီးမှာ ပြဿနာ က ပြန်တက်လာပြန်တယ်လေ ။ အဲဒီတုန်းက မင်္ဂလာဆောင်ကိစ္စ အတွက် စီစဉ်ဆောင်ရွက် နေလိုက်ကြတာ ကျုပ်ဇနီး ခင်ထား အပါအဝင် ၊ အိမ်မှာ ကျုပ် ကလွဲလို့ အားလုံး ပဲဗျို့ ။ မင်္ဂလာဆောင် ဖိတ်စာ လိုက်ဝေကြ ၊ သတင်းစာတိုက် ပြေးလိုက်ကြ ၊ ဟိုဟာဝယ် ဒီဟာစုနဲ့ မျက်စိ ကို နောက်လို့
။ ကဲပါ ။ ဒါက ပြောစရာမ ဟုတ်သေးပါဘူး ။

ဟောကြည့် ။ ကျုပ် နားကြားပျင်းကပ်စရာ က ပေါ်လာပြီ ။ ကျုပ်သား အလတ်ကောင်နဲ့ အငယ်ကောင်လေ ။ သူတို့ အစ်မ ယူမယ့် ယောက်ဖလောင်း ကို ခေါ်ပုံကြည့် ။ ယောက်ဖကြီး တဲ့  ။ ယောက်ဖ ဖြစ်ဖို့ ပါမစ်တောင် အပြည့်အဝ မကျသေးဘူး ။ ခေါ်နေကြတာကို ပြောပါတယ် ။ ယောက်ဖ ဖြစ်မယ့် ကျုပ် သမက်လောင်းကလည်း အင်မတန့် အင်မတန် အခေါ်ခံ ချင်နေပုံလည်း ရပါ့ ။ သွားကို ဖြီးလို့ ။ ဒါကလည်း ခေတ်ပဲလေ ဆိုပြီး ကျုပ်လည်း ခေတ်ဆိုတဲ့ ကန့်လန့်ကာ ကမန်းကတမ်း မျက်နှာပေါ် ဆွဲချ တော့ ထူပူပူဖြစ်နေတဲ့ မျက်နှာ အနေရ နည်းနည်းတော့ သက်သာသွားသား ။

ဘာကြာလိမ့်မလဲ ။ ငနဲသား ရွှေသမက်လောင်းက ကျုပ် အခက်အခဲကိုမှ နားမလည် ။ အားလုံးကို လျစ်လျူရှုပြီး ဧည့်ခန်းကုလားထိုင်မှာ ထိုင်နေတဲ့ ကျုပ် ရှေ့ကို လာထိုင်လို့ စာစောင်တောင် လှန်လှော ဖတ်နေလိုက်သေး ။ အဲဒီမှာ တင်ပဲ ပြဿနာက စတက်တာ ။

“ အဖေ ”

“ ဟေ ”

“ ဟေ ” ဆိုတာက ကျုပ် ထူးလိုက်တဲ့ အသံ မဟုတ်ပါဘူး ။ အံ့ဩမှုမျာစွာနဲ့ ကျုပ်ရဲ့ ပါးစပ်က ထွက်သွားတဲ့ အာမေဋိတ်သံပါ ။ ကျုပ် မျက်နှာကြီး ထူပူသွားပုံများ မျက်နှာပေါ် ရေခဲ လာတင်ရင်တောင် ချက်ချင်း အရည်ပျော် သွားနိုင်ရဲ့ ။ အောင်မယ် ။ ဒါကို ဘာမှ မသိသလိုနဲ့ ရွှေသမက် က စကားတောင် ဆက်ပြီး ပြောနေလိုက်သေး ။

“ အဖေ့ ကို တွေ့ရခဲတယ်နော် ။ အမေ နဲ့ အခြား အိမ်သားတွေတော့ တော်တော်ရင်းနှီးနေပါပြီ ”

ကျုပ် စကားပြောစရာ မလိုသေးတဲ့အတွက် ဆိတ်ဆိတ်ပဲ နေပါသေးတယ် ။

“ သားတို့ မင်္ဂလာပစ္စည်းတွေကလည်း အများ ရယ်စရာတောင် ကောင်းနေပြီ ။ မင်္ဂလာဝတ်စုံ ကျတော့ အဖေ့သမီးက အဝါရောင် ကြိုက်တယ်တဲ့ ။ ဒါပေမဲ့ ခန်းဝင်ပစ္စည်း ကျတော့ ပန်းရောင် ဖြစ်နေတယ် ။ နှစ်ခုစလုံးက မင်္ဂလာရောင် ဆိုပေမယ့် အများအမြင်မှာ ရယ်စရာကြီး ဖြစ်နေတာပေါ့ ”

ဟောဗျာ ။ ကောင်းရော ။ ဒီလောက်တောင် အလိုက်ကန်းဆိုး မသိတဲ့ သမက်ဗျာ ။ ယောက္ခမအိမ်တက် သမက် မို့ အနေရ ၊ အထိုင်ရ ခက်မယ် ဆိုတာ ကျုပ် လည်း သိပါတယ် ။ ဒါပေမဲ့ဗျာ ။ ဒီလောက် အထိတောင် ဆိုးရွားနေဖို့ တော့ မသင့်ဘူးပေါ့ ။ ဒီခန်းဝင်ပစ္စည်းတွေနဲ့ အတူ နေရမယ့် သူဟာ ကျုပ်သမီးပါလား ဆိုတဲ့ အတွေး ဒီကောင့်မှာ ရှိမနေတာကို ကျုပ် အံ့သြတာပါ ။

“ မင်း ငါ့ကို အဖေလို့ ခေါ်တာ မစောလွန်းဘူးလားကွ ဟေ ”

ကျုပ်လည်း အဲဒီလို ပြောလိုက်ရော ကျုပ်သမက်လောင်း ရော ၊ အနားကို ရောက်လာတဲ့ အခြား အိမ်သားတွေရော ကျုပ် ကို စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ် သွားကြရော ။ အဲဒီ ကတည်းက ကျုပ် သမက်လောင်းလည်း မင်္ဂလာဆောင်တဲ့နေ့ အထိ မတွေ့ရတော့ပါဘူး ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျုပ်ကို အိမ်သားတွေ ဘာမှ မပြောကြဘူး ဆိုပေမယ့် ကျုပ်ကို မကျေနပ်ကြဘူး ဆိုတာတော့ သေချာပါတယ် ။ ကျုပ် အိပ်နေတဲ့ အချိန်မှာ “ ဟဲ့တိုးတိုး ပြောကြ ၊ နင်တို့ အဖေ ဘုကန့်လန့်ကြီး အိပ်နေတယ် ” ဆိုတာတို့  ။ “ ဦးကြက်ခြေခတ်ကြီး ကြားသွားဦးမယ် ” ဆိုတာတို့ ကျုပ် ကြားနေရတာပဲလေ ။ ကဲပါ ။ ဒီကိစ္စက ကြာလှပါပြီ ။

••••• ••••• •••••

( ၅ )

ကျုပ်အသက် ခုနစ်ဆယ့်ငါး ပြည့်လို့ “ ဘုကန့်လန့် ” ဆိုတဲ့ နာမည် ချုပ်ငြိမ်းလောက်ပြီ ထင်မှ ပြန်ပေါ်လာရ ပြန်တယ်လေ ။ ဒီတုန်းက ကျုပ်ဇနီး ခင်ထား ဆုံးစဉ်ကာလပေါ့ ။ ကျုပ်နဲ့ ကျုပ်သားသမီးတွေ သဘောထား ကွဲလွဲပုံများ ပြောပါတယ် ။ ကျုပ် သဘောက အိမ်မှာ ဆုံးတဲ့ ကျုပ်ဇနီး ကို ဆေးရုံရေခဲတိုက်တွေ ဘာတွေ သွားထားမနေတော့ဘဲ ၊ သုဿန် သွားလို့ တစ်ခါတည်း နေ့ချင်း သင်္ဂြိုလ်မယ်ပေါ့ ။ အဲဒီမှာတင် ပြဿနာ ကတက်တာ ။

သူတို့ သဘောက အိမ်က သေဆုံးသူရဲ့ ရုပ်ကလာပ်ကို ဆေးရုံ ကို သယ် ၊ ရေခဲတိုက် မှာ သုံးရက် ထား ၊ ပြီးမှ  ၊ လှလှပပ ပြင်လို့ ဆင်လို့ သုဿန်ကို သယ် ၊ သင်္ဂြိုလ်မယ်ပေါ့ ။ ရှုပ်လိုက်တဲ့ အလုပ်ဗျာ ။ သေတဲ့ သူက သေသွားပြီပဲ ။ အဲဒါကို ကျုပ်သမီး အလတ်မ “ သမီးတို့ တော့ နောက်ဆုံးအနေနဲ့ အမေ့ကို ရေခဲတိုက်မှာ သုံးရက် ထားချင်တယ် အဖေ ” တဲ့  ။ ဒါ ကို ကျုပ်သမီး အငယ်တွေ က ထောက်ခံရုံမက ငါးဆယ် ထဲ ချဉ်းနင်း ဝင်ရောက်နေတဲ့ ကျုပ်သမီး အကြီးမတို့  ၊ လေးဆယ့်ငါးကျော် လာပြီဖြစ်တဲ့ ကျုပ်သား အကြီးကောင်တို့က ကပါ ထောက်ခံကြတော့ ကျုပ်ဖြင့် အံ့သြ ရော ။ ငါးဆယ်ပဲ ပြည့်တော့မယ်ဗျာ ။ တရားထူး မရတောင် တရားသဘောလောက်တော့ သိသင့်ပြီပေါ့ ။
အဲဒီမှာတင် ကျုပ်လည်း ကျုပ်ရဲ့ သဘောကို လုံးဝ မပြင်နိုင်ဘူးလည်း ပြောရော သားသမီးတွေ ငိုလိုက်ကြတာ များဗျာ ။ ပြီးတော့ သူတို့ ပြောတာတွေလည်း ကြည့်ဦး ။ “ အဖေက အသက်သာ ကြီးပြီ ၊ လူတွေကို အခုထိ ကန့်လန့် လုပ်နေတုန်း ” တဲ့  ။ သားသမီးတွေ ဘက်ကို ကိုယ်ချင်း မစာတတ်ဘူးတဲ့ ။ ပြောတာမှ စုံလို့ ။

တစ်ကယ်တမ်း ကိုယ်ချင်း မစာတာက ဘယ်သူတွေ လည်း  ။ နှစ်ငါးဆယ်လောက် ကျုပ်က ပေါင်းလာခဲ့တဲ့ သူပါဗျ ။ ကျုပ် မခံစားရဘဲနေပါ့မလား ။ ဒါပေမဲ့ သတိ ဆိုတာလေး စိတ်မှာ ယှဉ်လို့ ကျုပ် ဆိတ်ဆိတ် နေရတာပေါ့ ။ ကျုပ်လို အရွယ်ကြီး မျက်ရည် ကျနေလည်း ဘယ်လို သင့်မလဲ ။ ဒါကိုဗျာ ။ ကျုပ်ကို မစာမနာ ပြောကြတယ် ။ အဲဒီမှာ တင် ကျုပ် လည်း -

“ အမေကို ချစ်လို့ မခွဲနိုင်ပါဘူး ” ဆိုတဲ့ ကျုပ်သမီး အငယ်မရော ။ “ ရေခဲတိုက်မှာ ထားရမှာ စိတ်မချဘူး ”  ဆိုတဲ့ သမီးအလတ်မရော ။ “ ဒီလောက် ဖြစ်နေကြရင် နင်တို့ပါ တစ်ခါတည်း လိုက်သွားကြ ” လို့လည်း ပြောလိုက်ရော သားသမီးခြောက်ယောက်စလုံးက ကျုပ်ကို ဝိုင်းပြောကြတော့တာပဲလေ ။

စကားတွေ အများကြီးပြောကြခြင်းရဲ့ နောက်ဆုံး အချုပ်ကတော့ “  ကျုပ်က ဘုကန့်လန့်ကြီးပေါ့ ။ လူ့ဂွစာကြီး ပေါ့ ။ အရာရာတိုင်းကို ကြက်ခြေလိုက်ခတ် နေတဲ့ ဦးကြက်ခြေခတ်ကြီးပေါ့ ။ သေသွားတဲ့ သူတို့ အမေကို ရည်းစူး အမှူးထားလို့ ကျုပ်ကို နာမည်တွေ ပေးကြတာလေ ။ စုံလို့ ။ ကဲပါလေ ဒါကလည်း ပြီးခဲ့ပြီပဲ ။ ထားတော့ ။

••••• ••••• •••••

( ၆ )

ဟော ။ အခု ကျုပ်လည်း သေဖို့နီးပြီ နှလုံးပိုက်လို့ အရာအားလုံးကို စွန့်ခွာ ၊ ရှိတဲ့ ပစ္စည်းတွေ တစ်ချို့ကို သားသမီးတွေ ပေးမယ် စဉ်းစား ။ တစ်ချို့ကို လူအိုရုံမှာ လှူလို့ ကျုပ်လည်း တစ်ခါတည်း လူအိုရုံမှာပဲ အရိုးထုတ်တော့မယ် စိတ်ကူးကာမှ ပြဿနာက ပေါ်လာရ ပြန်တယ်လေ ။ အသက်ငါးဆယ် ပြည့်ပြီးသွားတဲ့ ကျုပ် သမီးအကြီးမရဲ့ စကားကို ကြည့် ။ “ အဖေ က သားသမီးတွေ ရှိလျှက်နဲ့ လူအိုရုံကို သွားမယ် ဆိုတော့ ပတ်ဝန်းကျင်က ဘယ်လို ပြောမလဲ အဖေ ၊ သားသမီးတွေ က မစောင့်ရှောက်နိုင်လို့ ဆိုတဲ့ ပုံစံကြီးဖြစ်မနေဘူးလား ” တဲ့ ။ အံမယ် ။ အသက်သာ ငါးဆယ်ကျော်တယ် ။ ငါ့ သမီးက ပတ်ဝန်းကျင်ရဲ့ အပြောကြောင့် ဂုဏ်ငယ်သွားမှာကို ကြောက်နေသေးတဲ့ ပုံပဲ ။ ကျုပ်စိတ်ထဲက တွေးပြီးနေတုန်း -

“ သားသမီး ခြောက်ယောက်တောင်ရှိတာပဲ အဖေရာ ၊ တစ်အိမ်စီ လိုက်ပြီး ပျော်သလောက်နေပေါ့ ။ အဖေ့မြေးတွေနဲ့ ဆိုရင် အဖေ ပျော်မှာပါ ”

ဆိုတဲ့ သားကြီးရဲ့ စကားကို ကြားတော့ သေခါနီးပြီဖြစ်တဲ့ အဖေကို ရှုပ်ထွေးလှတဲ့ လောကီရေးတွေ ကြားမှာ ရှိနေစေချင်သေးတဲ့ သားကြီးရဲ့ စိတ်ထားကို ကျုပ် ပြုံးမိပြန်တယ် ။ ကျုပ်တို့ အရွယ်ရဲ့ ပျော်ရာနေရာကို အသက်ငါးဆယ်အရွယ် သားကြီးက မသိသေးပဲကိုး ။

စဉ်းစားနေတုန်း ကျုပ်သမီး အလတ်မက စကားပြောဖို့ ဟန်ပြင်လိုက်တာကြောင့် “ ဟ လာပြန်ပြီ နောက်တစ်ယောက် ” လို့ တွက်ထားတုန်း

“ အဖေ တရားအလုပ် လုပ်ချင်တယ်ဆိုလည်း သမီးတို့ အိမ်မှာ လုပ်ပေါ့ ။ လူအိုရုံကြီးတော့ မသွားပါနဲ့ အဖေရာ ရှက်စရာကြီး ၊ သမီးတို့ကိုလည်း ထည့်တွက်ပါဦး ”

ဆိုတဲ့ သမီးငယ် ရဲ့ ကြားဖြတ် ပြောလိုက်တဲ့ စကားကြောင့် ကျုပ် မပြုံးဘဲ မနေနိုင်တော့ဘူး ။ အဖေ တစ်ယောက်ရဲ့ ဆန္ဒ နဲ့ သမီး ရဲ့ ဆန္ဒကြား လောကီ ၊ လောကုတ္တရာ အကြောင်းတွေ ခပ်ပါးပါး ပါလာပြီမို့ မသိမသာပဲ ကျုပ် သက်ပြင်းချလိုက်ရတယ် ။

“ အဖေ သွားချင်တယ် ဆိုတော့ ကန့်ကွက်လို့လည်း မကောင်းဘူးပေါ့ ။ အဖေ က အသက်ကြီးပြီ ၊ လူအိုရုံ အတွက် ဆရာဝန်တွေ ရှိတော့ ရှိတာပေါ့ အဖေရာ ။ ဒါပေမဲ့ အဖေ့ ကျန်းမာရေးအတွက် သား စိတ်မချဘူး အဖေ ”

ဒါက ကျုပ်ရဲ့ သားအငယ်ဆုံးကောင် ပြောတဲ့ စကားလေ ။ သူ့စကားလေးက သံယောဇဉ် လက်ကျန်လေးတွေတောင် တင်းသွားချင်သား ။ ဒါပေမဲ့ မပြီးနိုင်သေးတဲ့ စကားဝိုင်းတစ်ခု ကနေ ကျုပ် ရှောင်တိမ်းဖို့ ကုန်းထလိုက်တယ် ။ ကျုပ် သားသမီးတွေရဲ့ ဆန္ဒကို ကြက်ခြေခတ်ဖို့ ကျုပ် ခြေတစ်လှမ်း အားယူလိုက်တယ် ။ ဒီအတွက် ကျုပ် တစ်ကယ်ပဲ မတတ်နိုင်ဘူး ။ သားသမီးတွေကတော့ အံ့သြတကြီး ကြည့်ရင်း စိတ်ထဲကနေ ကျုပ်ကို နာမည်တွေပေးနေကြဦးမလားပဲ ။

▢  မင်းဝေဟင်
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဇွန် ၊ ၂၀၀၅

No comments:

Post a Comment