Saturday, July 26, 2025

ကိန်းအသေများ


 

❝ ကိန်းအသေများ ❞
       ( မေမောင် )

ဒီဇာတ်လမ်းမှာ ကိုယ်ဟာ ပွဲကြည့်ပရိသတ် တစ်ဦးပဲ ဖြစ်ပါသည် ။ အဓိကသရုပ်ဆောင်တွေကတော့ အသက်အရွယ်အားဖြင့် ၁၅ နှစ်ခန့် ကွာတဲ့ မိန်းကလေး နှစ်ဦးပဲပေါ့ ။ ဇာတ်ပို့တစ်ဦး ဖြစ်တဲ့ ကိုယ့်ညီမလေး ကြောင့်ပဲ ဒီဇာတ်လမ်းကို ကြည့်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည် ။

စက်ဘီးပေါ် လွှားခနဲ ခုန်တက်ရင်း နေပူကျဲကျဲမှာ ထွက်ခွာသွားတဲ့ ကောင်မလေးရဲ့ ကျောပြင်ကို ကြည့်ကာ ကိုယ့်ညီမလေး စိတ်မကောင်းဖြစ် ကျန်ခဲ့မယ် ဆိုတာ သေချာပါသည် ။ တက္ကသိုလ်ဝင်တန်း တစ်နှစ်တည်း အောင်ကြတာချင်း အတူတူ လုံးဝ ကျောင်းဆက် မတက်တော့ဘူးဆိုတဲ့ သူငယ်ချင်းအတွက် ဘယ်သူငယ် ချင်းကများ ဝမ်းသာပျော်ရွှင်နိုင်ဦးမှာလဲ ။ မူလတန်း ကတည်းက တောက်လျှောက် အတူနေလာခဲ့ကြပြီးမှ ဆိုတော့လည်း ။

လောကကြီးမှာ အရွယ်ရောက်သူတိုင်း ငွေရှာရတာ အထူးအဆန်း ကိစ္စတော့လည်း မဟုတ်ပါ ။ အရွယ်မတိုင်ခင် ငွေရှာတယ် ဆိုတာကတော့ ကုသိုလ်ကံ အကျိုးပေး နည်းတယ်လို့ပဲ လွှဲချရတော့မည် ။ တကယ်တော့ အဲဒီ ကောင်မလေးကို အရွယ်မရောက်သေးဟု ပြောလျှင် ရနိုင်သလို အရွယ်ရောက်ပြီ ဟုလည်း ပြောလို့ ရသော အသက် အပိုင်းအခြားပဲဖြစ်ပါသည် ။ ဆယ်တန်း အောင်ပြီးသွားတဲ့ ကျောင်းသူ တစ်ဦးဟာ ငွေကိုသာ စောစီးစွာ ရှာဖွေဖို့ မလိုအပ်တဲ့ အသိုင်းအဝိုးထဲက ဆိုရင် ပညာကို ဆုံးခန်းတိုင်အောင် ဆက်သင်ဖို့ပဲ စိတ်ကူးပါလိမ့်မည် ။ ဘယ်သူကမှ ပညာရေး တစ်ပိုင်းတစ်စနှင့် အလုပ်လုပ်ဖို့ စိတ်ကူးမိမှာ မဟုတ်ဘူး ။ ခုတော့ ကောင်မလေးဟာ ငွေရှာဖို့ပဲ သဲကြီးမဲကြီး ဇွဲသန်နေတာမို့ သူငယ်ချင်းတွေက ဘယ်လိုပဲ ကူညီမယ် ပြောပြော တက္ကသိုလ် အတူ တက်ကြဖို့ ဘယ်လိုပဲ ဖျောင်းဖျနားချချ နားမဝင်တော့ပါ ။ အေးပေါ့လေ ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးလို့ ပြောထားကြတာပဲ မဟုတ်လား ။ အိမ်တစ် အိမ်ရဲ့ အကြီးဆုံးသမီး တစ်ဦးဟာလည်း သူတို့အိမ် အခြေအနေကို သူသာ အသိဆုံး ဖြစ်ပါလိမ့်မည် ။

သူငယ်ချင်းတွေ ကတောင် စိတ်မကောင်းဖြစ်နေ ကြတာ ၊ ကောင်မလေးကတော့ ကျောင်းဆက် မတက်ရတော့လို့လည်း ဝမ်းနည်းမှု အရိပ်ယောင် မပေါ် ။ အသေအချာ ဆုံးဖြတ်ပြီးသော ကိစ္စတစ်ခု အတွက် ဖျတ်လတ် သွက်လက် နေသည် ။ တက်ကြွရွှင်လန်းနေသည် ။ တွန့်ဆုတ်တွေဝေခြင်း လုံးဝ မရှိ ။ အဲဒီ ကောင်မလေးရဲ့ သူ့သူငယ်ချင်းများကို မာန်ပါပါ ပြောနေတဲ့ ဟန်နဲ့ စကား သံက ကိုယ့်နားထဲက မထွက်တော့ပါ ။

“ ဘွဲ့တစ်ခုရအောင် စောင့်ယူနေဖို့ ငါ့မှာ အချိန် မရှိဘူး ။ အဲဒီအချိန်တွေကို အသုံးချပြီး ငါ့ရဲ့ မိသားစုကို တိုးတက်ဖို့ ဖန်တီးရမယ် ”

ဒါဟာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်က ဇာတ်ဝင်ခန်းတစ်ခန်းပဲ ဖြစ်ပါသည် ။

အဲဒီအချိန်မှာ ကျိကျိတက် ချမ်းသာနေသူက မမပဲ ဖြစ်သည် ။ မမဟာ အူဝဲဆိုကတည်းက ငွေပုံ ကြားမှာ မွေးဖွားလာခဲ့သည် ။ ဟိုး ... ဘိုးဘွားဘီဘင် လက် ထက်ကတည်းက မျိုးရိုးနဲ့ချီ ချမ်းသာလာတဲ့ သူတွေမို့ မမတို့ ဘယ်လောက် ချမ်းသာသလဲ အတိအကျ မသိနိုင်ပေမယ့် တော်တော်ကြီးကို ချမ်းသာမယ် ဆိုတာကတော့ ခန့်မှန်းလို့ရပါသည် ။ မမရဲ့ မွေးချင်း အရင်းတွေကိုပဲ ကြည့် တကယ့်ကို Down Town area တွေမှာ အဆောက်အဦကြီးတွေ ၊ အကောင်းစားကားကြီးတွေ အပျံစားနဲ့ ။ ဝမ်းကွဲတွေ ထဲမှာတောင် နွမ်းပါးတဲ့ ဆွေမျိုး ဆိုတာ ပြစရာမရှိအောင် မမတို့က ချမ်းသာသည် ။

ငွေကို ငွေနှင့်ရင်းပြီး ရှာရတာ ပြောတော့သာ လွယ်လွယ်လေး ။ မလုပ်တတ် ၊ မကိုင်တတ်လျှင် ရှိထားသမျှ စည်းစိမ်လေး ပြုတ်ပြုတ်ပြုန်းတတ်သည့်ကိန်းပဲမို့ ဒီအလုပ်ဟာ တော်တော်ကြီးကို ကျွမ်းကျင်ဖို့တော့ လိုသည် ။ ကိုယ်နှင့် ဆက်ဆံရမည့် သူဟာ ဘယ်လို လူမျိုးလဲ ၊ ရိုးသားရဲ့လား ။ ဂုဏ်သိက္ခာကို တန်ဖိုး ထားတတ်ရဲ့လား ။ လုပ်ငန်းတစ်ခုကို အမှန်တကယ် တိုးတက်အောင် လုပ်ကိုင်နိုင်တဲ့ အရည်အချင်းရော ရှိရဲ့လား ။ သူ့စီးပွားရေး အခြေအနေကကော အတော်အသင့် ခိုင်နေပြီလား ။ ငွေရေးကြေးရေးနှင့် ဆက်ဆံရပြီဆိုလျှင် အဲဒီလို ရာဇဝင်ကို သိထားဖို့လည်းလိုသည် ။ ပြီးတော့ အားမနာတတ်ဖို့လည်း လိုသေးသည် ။

လူချင်း ခင်မင်ရင်းနှီးတာက တခြား ၊ ငွေရေး ကြေးရေးကိစ္စက တခြားပဲလေ ။ လောကကြီးမှာ လိမ်တယ်ဆိုတာ ကိုယ်နဲ့ အဆမတန်ရင်းနှီးတဲ့ လူတွေကပဲ လုပ်တတ်ကြတာပဲ မဟုတ်လား ။ ဒါကြောင့်လည်း မမတို့က အလုပ်ကို အလုပ်နှင့်ပဲ တူအောင် လုပ်သည် ။ သူ့ဆီလာသော လူတွေရဲ့ မျက်နှာကို ကြည့်စရာမလို ။ ပစ္စည်းကိုသာ ကြည့်သည် ။ မမဆီ ရောက်လာတဲ့ ပစ္စည်း ဟာ ရွှေစစ်ရဲ့လား ၊ မှတ်တိုက်ကြည့်နေစရာမလို ။ ၁၆ ပဲရည်လား ၊ ၁၄ ပဲရည်လားကအစ တန်းခနဲ သိသည် ။ အလေးချိန်ကိုတောင် မမ ခန့်မှန်းလိုက်ရင် မလွဲ ။ စိန်ဆိုရင်ရော ငါးမူးကိုက်လား ၊ လေးလုံးစီးလား ၊ ရှစ်လုံး စီးလား ၊ ရှေးစိန်လား ၊ ယခုခေတ် စိန်လား ၊ ဓာတုဗေဒ စိန်လား ၊ ရုရှားစိန်လား ၊ အနာအဆာ ကင်းရဲ့လား ၊ အပြစ်ပါလား ။ အလုပ်သဘောမို့သာ မှန်ဘီလူး ကိုင်ရသည် ။ အဲလို ရတနာပစ္စည်းတွေ မဟုတ်တဲ့ အဆောက်အဦ ဆိုရင်ရော ဘယ်နေရာ ၊ ဘယ်အဆောက်အဦဟာ ကာလတန်ကြေး ဘယ်လောက်အထိ တန်ကြေးရှိ သလဲ ။ စက်ပစ္စည်း ဆိုရင်လည်း စက်ပစ္စည်းအလျောက် ပေါ့လေ ။

အဲဒီလို ကျွမ်းကျင်အောင်လည်း မမဘဝနဲ့ ရင်းခဲ့ ရတာပဲ မဟုတ်လား ။ ဘယ်သူကဖြင့် ဘာဘွဲ့နှင့် ကျောင်းပြီးထားတာလဲဟု ပြောသံကြားလျှင် မမမှာ အလိုလို သိမ်ငယ်မိသည် ။ ဘွဲ့ရပညာတတ် တစ်ယောက် မဖြစ်ခဲ့ရသော ဘဝကို တစိမ့်စိမ့် ကြေကွဲမိသည် ။ ကြေကွဲမိမယ် ဆိုရင်လည်း ကြေကွဲလောက်ပါသည် ။

မောင်နှမတွေ အားလုံးထဲမှာ မမ တစ်ယောက်ပဲ ပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရတာလေ ။ စာမလိုက် နိုင်လို့လည်း မဟုတ် ၊ ပိုက်ဆံ မတတ်နိုင်လို့လည်း မဟုတ် ။ ပညာပါရမီကိုက နည်းခဲ့လေသလား ။

စီးပွားရေးမှာတော့ မမကို ပါရဂူဘွဲ့ ပေးရလိမ့်မည် ။ အဘိုးအဘွား ကတည်းက စခဲ့သော လုပ်ငန်းမှာ မိဘလက်ထက်မှ မမသို့ တိုင် တစ်ဟုန်ထိုး တိုးတက်ခဲ့တာဟာ မမရဲ့ ကြိုးစားမှုကြောင့်ဟု ပြောလျှင် မမရဲ့ မွေးချင်းတွေက လွဲလို့ ကျန်လူများကတော့ ကန့်ကွက် ကြမှာ မဟုတ်ပါ ။ တကယ်ဆို မမဟာ ပညာရေးကို စိတ်မဝင်စားခဲ့လို့မှ မဟုတ်ဘဲ ။ ဒါပေမဲ့ အတန်းပညာ နဲ့ စာရင် ငယ်စဉ်ကတည်းက လက်ပွန်းတတီးဖြစ်ခဲ့သော စီးပွားရေးလုပ်ငန်းကို ပိုပြီး စိတ်ဝင်စားခဲ့သည် ။ ပြီးတော့ သားကြီး ၊ သမီးကြီးတွေဟာ မိဘရဲ့ လက်ငုတ်လက်ရင်း လုပ်ငန်းကို မလွဲမသွေ ဆက်ခံကြတာကလည်း တစ်ကြောင်း ၊ မမကိုယ်တိုင် စိတ်ပါဝင်စားမှုမှာ မိဘ နှစ်ပါးက သမီးကြီးကို စိတ်ချယုံကြည်အားကိုးတာ လည်း တစ်ကြောင်း ၊ အဲဒီ အကြောင်းတွေကြောင့်ပဲ မမဟာ တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နှင့် စီးပွားရေး ပါရဂူ ဖြစ်ခဲ့တော့သည် ။

ပစ္စည်းတစ်ခု၏ အမှန်တကယ် တန်ဖိုးသည် မမရဲ့ ဦးနှောက်ထဲမှာ ဒိုင်းခနဲ မမရဲ့နှုတ်ဖျားက ထွက်လာတဲ့ တန်ဖိုးကတော့ ဘယ်တော့မှ တစ်ခု မကျော်စေရ ။ သိပ်ပြီး မျက်နှာ နာရင်တော့လည်း နည်းနည်းပါးပါး ပိုပေးလိုက်သည် ။ ငွေလိုသူတွေဟာ ပေးမည့် မမရဲ့ အဆုံးအဖြတ်ကို နာခံကြသည် ။ မမကို သိပ်မလွန်ဆန်ရဲ ၊ မမကို ကလန်ကဆန် လုပ်လို့ မမက ငွေမရှိသေးဟု ငြင်းလျှင် သူတို့ လိုနေတဲ့ ငွေကို ဘယ်မှာ သွားရှာရမှာလဲ ၊ ငွေရဖို့ကိစ္စ အသစ်တစ်ဖန် ပြန်စနေရင် လွယ်တဲ့ ကိစ္စမှ မဟုတ်တာ ။ အဲဒီတော့ မမသဘောပဲပေါ့ ။ မမ ပေးချင် သလောက်သာ ပေးပါတော့ ။

မမက အလုပ်လုပ်တဲ့ နေရာမှာလည်း တိကျ ပြတ်သားသည် ။ ငွေသုံးချင်သူတွေက သုံးလလောက်ပါ ဟု ဆိုလျှင် ငါးလထက်တော့ မကြာစေနှင့် ။ ဒီထက် ပိုကြာသွားလျှင် မမ မကြိုက်တော့ ။ မမ မကြိုက်လျှင် နောက်တစ်ခါ ငွေရဖို့ ကိစ္စက သိပ်မသေချာတော့ပါ ။ အဲဒါကြောင့်လည်း မမပြောတဲ့အတိုင်း အတိအကျ လိုက်နာကြရသည် ။

မမဘက်က ကြည့်တော့ရော ငွေကို ငွေနှင့် ရင်းရတာမို့ နည်းနည်းမှ အလွဲမခံနိုင် ။ လွဲသွားသည့်တိုင်အောင် အရှုံးမရှိပါ ။ အရှုံးမရှိအောင်လည်း စေ့စပ်သေချာစွာ လုပ်ထားရတာပေါ့ ။ ဘယ်လိုပဲတွက်တွက် အမြတ်ချည်းပဲရလို့ မမက မာတာတော့လည်း မဟုတ် ပါ ။ ဘာအလုပ်ပဲ လုပ်လုပ် အလုပ်ကို အလုပ်နှင့် တူအောင် လုပ်သူတွေသာ တိုးတက်ကြီးပွားသွားကြတာပဲ မဟုတ်လား ။

မမတို့လုပ်ငန်းက ဆိုင်းဘုတ်တပ်စရာ မလိုတာမို့ ဝင်သမျှဟာ အားလုံး သပိတ်ဝင် ၊ အိတ်ဝင်ချည်းပဲလေ ။ အဲဒီတော့ မမတို့မှ မချမ်းသာလျှင် ဘယ်သူတွေ ချမ်းသာကြတော့မှာလဲ ။ ဒါပေမဲ့ မမတို့က ခေတ်ဟောင်း သူဌေးပီပီ အနေအထိုင် ကျစ်လျစ်သည် ။ စည်းစနစ် ကျသည် ။ ဟော့ဟော့ရမ်းရမ်း မသုံးမဖြုန်း ၊ စားသင့် သလောက်စား ၊ လှူသင့်သလောက်လှူ ။ ပြည့်တဲ့အိုး ဘောင်ဘင် မခတ်သလိုပေါ့ ။

အဲဒီ မမဟာ ကိုယ့်ညီမလေးနဲ့ ဘယ်လိုများ ရေစက်ပါခဲ့သလဲမသိ ။ အသက်အရွယ် ကွာပေမယ့် သူတို့ တော်တော်ကြီး ရင်းနှီးခင်မင်ကြသည် ။ ဘယ်လောက်တောင်လဲ ဆိုတော့ ။

“ မမရာ ဒီအဝတ်စကြီးတွေ ချုပ်ပြီး ဘာလုပ်ရမှာလဲ ။ အပျိုကြီးဖြစ်ပြီး မတန်လိုက်တာ ။ ဝတ်စမ်းပါ Ready Made တွေ ။ ခင်ဗျား ပိုက်ဆံတွေ ဘာလုပ်ဖို့တုံး ”

အရင်က ဝိုင်စနဲ့ ပါတိတ်ကြမ်းသာ ဝတ်ရကောင်း မှန်းသိခဲ့တဲ့ မမရဲ့ ကိုယ်ပေါ်မှာ တန်ဖိုးကြီး အဝတ်အစားတွေ ရောက်လာအောင် တော်တော်ကြီးကို စည်းရုံးခဲ့ရသည် ။

“ စိန်တွေက တစ်သက်လုံး သိမ်းထားတော့မှာလား ။ ဟုတ်လား ။ ဒီအရွယ်မှာမှ မဝတ် ၊ ဘယ်အရွယ်မှာ ဝတ်မယ် စိတ်ကူးထားလို့လဲ ”

ကျစ်ကျစ်ပါအောင် သိမ်းထားတဲ့ စိန်ထုပ်ကြီးကို ဖြေလိုက်တော့ မမရဲ့ တစ်ကိုယ်လုံးဟာ ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်စွာ တစ်မျိုးပြီး တစ်မျိုး ဖိတ်ဖိတ်လက် နေတော့သည် ။

ဟုတ်ပြီ ။ ဘာကျန်သေးလဲ ။ အခုစီးနေတဲ့ Van ကားကို Mark II ကားနဲ့ လဲစီးဖို့ ၊ ပြီးတော့ လက် ကိုင်ဖုန်း ကိုင်ဖို့ ။

ဝါသနာ မပါတာလား ၊ ဟော့ဟော့ရမ်းရမ်း မလုပ်ချင်တာလား ။ လုံးဝ ပြောလို့မရပါ ။

“ ဘာလုပ်မှာလဲ ။ အိမ်မှာလည်း ဖုန်းနှစ်လုံး ရှိနေတဲ့ဟာ ”

“ ဂိုက်ပေါ့ မမရ ။ ဂိုက်ပေါ့ ”

“ တော်ပါပြီအေ ။ မဂိုက်ချင်ပါဘူး ”

“ ကျွန်တော်နဲ့ နေရာချင်း လဲလိုက်ချင်တယ် ”

ကျောင်းပြီးကတည်းက အိမ်က ကုန်စုံဆိုင်မှာပဲ ထိုင်ခဲ့ရတဲ့ ကိုယ့်ညီမဟာ သူမလုပ်နိုင်တာတွေကို  မမကိုပဲ ဇွတ်လုပ်ခိုင်းရင်း မချင့်မရဲ ဖြစ်နေတော့သည် ။ လုပ်နိုင်ရက်သားနဲ့ မလုပ်တာကိုလည်း အရွယ်ကြောင့်လို့ ပြောရအောင် ကားနဲ့ ဖုန်းဆိုတာ အရွယ်မရွေး သုံးလို့ ရတဲ့ ပစ္စည်းတွေပဲ မဟုတ်လား ။

မမတို့ ရှေးသူဌေးတွေ ချမ်းသာတယ်ဆိုတာ အဲဒီလိုမျိုး တကယ့်ကို အငြိမ် ၊ ဣန္ဒြေရရ ။

ခေတ်ပေါ်သူဌေးကတော့ နောက်ဆုံးပေါ် ကား အကောင်းစားကြီးပေါ်မှာ Hand Phone ပြောရင်း ။

ဟုတ်ပါတယ် ။ အဲဒီ ကောင်မလေးပါပဲ ။ ကိုယ့် ညီမလေးရဲ့ သူငယ်ချင်းလေ ။

ငွေအရင်းအနှီး မရှိသူရဲ့ ပထမဆုံးလုပ်ငန်းဟာ ဘာနဲ့ အဆင်ပြေဆုံးဖြစ်မလဲ ။ ပါးစပ်ပေါက် တစ် ပေါက် ရှိလျှင် လုံလောက်တဲ့ ( စကားတော့ ပြောတတ် ရမှာပေါ့နော် ) ပွဲစားအလုပ်ဟာ အဆင်ပြေဆုံးပဲ ဖြစ်ပါလိမ့်မည် ။ ပထမတော့ လက်ဝတ်ရတနာပစ္စည်းလေး တွေနဲ့ စခဲ့တာပေါ့ ။ သိပ်တန်ဖိုးမကြီးတဲ့ လုပ်ပြီးသား အထည်လေးတွေနဲ့လေ ။ နောက်တော့ အမျိုးသားတွေနဲ့ အပြိုင် ကားတွေ ၊ ဆိုင်ကယ်တွေပါ ပါလာတော့သည် ။ သိပ်မကြာခင်မှာပဲ အပေါင်းအသင်း ဆန့်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ကောင်မလေးဟာ အိမ်ခြံမြေ ဈေးကွက်ထဲအထိ ဝင်ဆန့်ခဲ့သည် ။

ဆယ်စုနှစ်တစ်ခုစာလောက် မကြာလိုက် ၊ သူငယ်ချင်းတွေ ဘွဲ့ယူပြီးလို့ တချို့ မိဘ လက်ငုတ်လက်ရင်း ဝင်လုပ်ကြ ၊ တချို့လည်း ဝန်ထမ်းတွေ ဝင်လုပ်ကြနဲ့ အသီးသီး လုပ်ငန်းခွင်ဝင်ကြချိန်မှာ ကောင်မလေးက အိမ်ခြံမြေ ဝယ်ရောင်း လုပ်ငန်းတစ်ခုကို အပီအပြင် ထူထောင်နိုင်ခဲ့ပြီ ။ ပွဲစားမလေးအဆင့် မဟုတ်တော့ ။ ကြိုက်တာ တွေ့လျှင် ဝယ်ထားသည် ။ သင့်တော်သော ကြိုက်ဈေးရလျှင် ပြန်ရောင်း ။ အချိန်တိုအတွင်းမှာ ကောင်မလေးရဲ့ ကြီးပွားတိုးတက်မှုဟာ ယုံနိုင်စရာ တောင်မရှိ ။ မျက်စိရှေ့မို့သာ ယုံရတော့သည် ။ အကျိုး ပေးပြီးဆိုတော့လည်း အကြောင်းက ထင်တော့တာပေါ့ ။ ကောင်မလေးရဲ့ လက်နဲ့ ထိသမျှအားလုံး ရွှေဖြစ်တဲ့ အချိန် ၊ အရွယ်ကလည်း ငယ်သည် ။ ငယ်တော့ ရဲသည် ။ ရဲတော့ လုပ်သမျှ ရွှေဖြစ်တော့တာပေါ့လေ ။ ရွှေဖြစ်တဲ့ လုပ်ငန်းမှန်သမျှကိုလည်း ရေကုန်ရေခန်းလိုက်သည် ။ ဒီတစ်ခုက ဟိုတစ်ခုကို ရက်ရက်ရောရော စွန့်တတ် သူတွေ ။ ကြီးပွားကြချိန်မှာ ကောင်မလေးဟာလည်း ဘာလို့ နောက်ကျ ကျန်ခဲ့မှာလဲ ။ ဘွဲ့တစ်ခုနဲ့ လဲခဲ့ရတဲ့ ဘဝကို ဘယ်တော့မှ နောင်တမရ ။ နောင်တရစရာမလို အောင်လည်း ဖြစ်လာခဲ့တာဆိုတော့ ဘွဲ့တစ်ခု ရအောင် ယူခဲ့ရင်တောင် ဒီလို ဘဝမျိုး ရနိုင်ပါ့မလား ။ ဘွဲ့မရသည့် အတွက်တော့ ကောင်မလေးက နည်းနည်းမှ စိတ်မကောင်း မဖြစ်မိပါ ။ ဘွဲ့ ရသူငယ်ချင်းတွေ ကတောင် ပါးစပ်အဟောင်းသားနဲ့ ငေးမောအားကျခဲ့ရတဲ့ ဘဝကို ရောက်နေပြီ မဟုတ်လား ။

ကောင်မလေးကို ဘယ်တော့ပဲ တွေ့လိုက်တွေ့လိုက် ခေတ်ပေါ်သူဌေးတွေရဲ့ စတိုင်လ်အပြည့် ရှိတယ် ။ တစ်ကိုယ်လုံးဟာ နောက်ဆုံးပေါ် ၊ တန်ဖိုးကြီး အဆင် တန်ဆာများဖြင့် လှုပ်ခတ်ယမ်းခါ ဖျတ်လတ် သွက်လက် နေတော့သည် ။ ကောင်မလေးကို အကြော်သည် တစ်ဦးက မသိလျှင်သာရှိမည် ။ ဆိုက်ကားသမား တစ်ဦးကတော့ သိချင်မှသိမည် ။ သူတို့ အသိုင်းအဝိုင်း ၊ သူတို့ လောကမှာတော့ တကယ့်ကို စူပါစတားပဲ ။ အရွယ်နဲ့မလိုက် ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာလေ ။ ကျားကြီးတော့ ခြေရာကြီးတယ်တဲ့ ၊ လုပ်ငန်း ကြီးကျယ်တာနဲ့ အမျှ အရင်းအနှီးက ထည့်မလောက် ဖြစ်လာသည် ။ ရင်းနှီးမြှုပ်နှံမှုများလေ အကျိုးအမြတ်ကလည်း များလေမို့ ကြိုက်သလောက် ငွေလိုစမ်း ၊ ရအောင် ရှာထည့်ရမှာက ကောင်မလေးရဲ့ တာဝန်ပဲလေ ။

ကောင်မလေးက ကံကောင်းလွန်းပါသည် ။ ငွေကို အမောတကော ရှာနေစရာ မလိုတော့ ။ ငွေတွင်း တစ်ခုပေါ် ထိုင်မိရက် ဖြစ်သွားသည် ။

ဒီလောက် ဆိုရင်ကိုပဲ ခေတ်ဟောင်းသူဌေးနှင့် ခေတ်ပေါ်သူဌေးတို့ ကိုယ့်ညီမလေးကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက် ချိတ်မိသွားကြတယ်ဆိုတာ ကိုယ်တောင် ဝင်ပြောပြနေစရာ မလိုတော့ဘူးလေ ။ ဟုတ်တယ်မို့လား ။

မမရယ် ၊ ကောင်မလေးရယ် ၊ ကိုယ့်ညီမရယ် သုံးဦးသုံးဖလှယ်ဟာ လုံးလားထွေးလား စားသောက်ဆိုင်တွေ လှည့်စားလိုက်ကြ ၊ စတိုးဆိုင်တွေ လျှောက်သွားလိုက်ကြ ၊ အပန်းဖြေခရီးတွေ ထွက်လိုက်ကြ ၊ ဘုရားတွေ လှည့်ဖူးလိုက်ကြ ။ နှုတ်ထွက်စကားလုံး တိုင်းဟာလည်း စိန်ပြီးရင်းစိန် ။ စိန်ပြီးရင်း စိန်ပဲလေ ။ စိန်တိုက်ပိုင်ရှင်ကြီးတွေ အချင်းချင်း တွေ့ကြရင်တောင် သူတို့လောက် စိန်အကြောင်း ပြောနိုင်ပါ့မလား မသိဘူး ။

အဲဒီ “ လုံးလားထွေးလား ” ဟာ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ခင်အထိဟု ကိုယ်ပြောလျှင် ပြဿနာ တစ်ခုခု ဖြစ်တော့မှာပဲဆိုတာ ကြိုတွေးကြည့်လို့ ရသွား တာပေါ့နော် ၊ ဟုတ်ပါသည် ။ သူတို့ ပြဿနာတစ်ခုခု ဖြစ်သွားတာ သေချာပါသည် ။

တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ရေရှည်ခိုင်မြဲဖို့ ဆိုတာ တစ်ယောက်နှင့် တစ်ယောက် သည်းခံနိုင်ဖို့လိုသည် ။ သာတယ် ၊ နာတယ် ။ တွက်ကပ်မှု မရှိသော အပေါင်းအသင်း သူငယ်ချင်းများသာ ရေရှည် လက်တွဲလို့ ရသည် ။ ပြီးတော့ ငွေရေးကြေးရေး လုံးဝ ပတ်သက်မှု မရှိသော သူငယ်ချင်းများသာ တစ်သက်လုံး ခိုင်မြဲတတ်ပါသည် ။

မမနဲ့ ကောင်မလေးဟာ ...

သက်တူရွယ်တူ ငယ်သူငယ်ချင်း မဟုတ်တော့ပါ ။ ငွေရေးကြေးရေးအရ ပတ်သက်နေကြသည် ။

အဲဒီအချက် နှစ်ချက်တည်းနှင့်ပင် သူတို့နှစ်ဦး ရေရှည် ပေါင်းသင်းလို့ မဖြစ်နိုင်ဘူးဆိုတာ လုံလောက်နေပါပြီ ။

အစပိုင်းမှာတော့ ကိုယ်လည်း သိပ်သတိမထား မိသေးပါ ။ မမအိမ်ကို အလာကျဲသွားတာကိုတော့ ရိပ်မိခဲ့သည် ။ ကောင်မလေးကတော့ ခါတိုင်းလိုပဲ အဝင်အထွက်မပျက် ။ ပိုပြီး သိသာတာက ဘယ်ကိုမှ သုံးဦးအတူ မသွားကြတော့ခြင်းပင် ။ မင်းသမီးကတော့ ပြောင်းသွားပါရဲ့ ၊ ဇာတ်ပို့ကတော့ တစ်ဦးတည်းဟူပဲ ပြောရမလား ။ ကိုယ့်ညီမလေးဟာ မမ ကားနဲ့ ပါသွား လိုက် ၊ ကောင်မလေး ကားပေါ် ပါသွားလိုက် ။ ခေါက်ရေ ပိုတာကတော့ ကောင်မလေးနဲ့ပဲ ဖြစ်ပါသည် ။ ငယ်သူငယ်ချင်းတွေမို့လား ၊ မျက်စိအောက် မှာပဲ အရမ်း ချမ်းသာပြီး ဘဝပြောင်းသွားတဲ့ သူငယ်ချင်းကို လေးစား အားကျတာလည်း ပါမှာပေါ့ ။ မမ ချမ်းသာတာကို အတိတ်ကံ ကောင်းလိုက်တာဟု တဖွဖွ သွားရေကျသလို သူ့ သူငယ်ချင်းကောင်မလေး ချမ်းသာ သွားတာကိုလည်း ငယ်ငယ်ရွယ်ရွယ်နှင့်မို့ အရမ်း ဂုဏ်တက်နေသည် ။ သူကိုယ်တိုင်ကတော့ သူ့ အစွမ်းအစနှင့်သူ ဒါ့ထက် ကြီးပွားချမ်းသာအောင်လုပ်ဖို့ စိတ်ကူးရှိပုံမရ ။ သူတို့နောက် တကောက်ကောက် လိုက်နေရတာကိုပဲ သူ့မှာ အတော် ချမ်းသာနေပုံရသည် ။

ကိုယ်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ရောက်နေတဲ့ အနေအထားမှာပဲ ချမ်းသာအောင် နေတော့သည် ။ စပ်စပ်စုစု မလုပ်တတ်တာ တစ်ကြောင်း ၊ ကိုယ့်အပေါင်းအသင်း မဟုတ်တာတစ်ကြောင်းမို့ ဘာဖြစ်ကြဟာလဲလို့တော့ တစ်ခါမှ မေးမကြည့်မိပါ ။ နားတော့စွင့်မိသည် ။

“ ငါကဖြင့် သူ ငွေလိုတယ်ဆိုတိုင်း နှစ်ရာဆိုလည်း ပက်ခနဲ ၊ သုံးရာဆိုလည်း ပက်ခနဲ ။ ပြန်ပေးတော့ကျတော့ မှန်မှန်မပေးချင်ဘူး ။ ပေးတော့လည်း နည်းနည်းချင်း ရေစက်ချသလိုပဲ ။

“ သူကျတော့ စိန်နားကပ်လည်း ပန်လိုပန် ၊ နာရေးအသင်းကို ကားလှူတာလည်း ငါ့ပေးရမည့် ပိုက်ဆံတွေနဲ့လှူတာ ငါ သိတာပေါ့ ”

“ သူ့ ပိုက်ဆံများ ငါက အလကားသုံးနေတာကျ လို့ ၊ တစ်လတစ်လ သူ့ လုပ်ကျွေးနေရတာကိုက မနည်းဘူး ”

“ အမလေး ၊ ငါ့များ ပိုက်ဆံသုံးခိုင်းတဲ့ လူတွေမှ ပေါမှပေါ ။ ငါးရာ ယူဦးမလား ။ တစ်ထောင်ယူဦးမလား ”

ခေတ်ဟောင်းသူဌေးနဲ့ ခေတ်ပေါ်သူဌေးတို့ရဲ့ အားစမ်းပွဲ ၊ ဒါမှမဟုတ် မာနပြိုင်ပွဲလား ၊ ပွဲက ကြည့်လို့တော့ ကောင်းနေပြီ ။ ဖြုတ်ချထားတဲ့ လက်တွေကို ဘယ်တော့ ပြန်တွဲကြမှာလဲ ။ အခိုက်အတန့်လား ၊ တစ်သက်လုံးလား ။ ဇာတ်ပို့က လိမ္မာပါးနပ်စွာနဲ့ စေ့စပ်ဖျန်ဖြေပေးဖို့တော့ လိုအပ်တာပေါ့ ။ မလိုအပ်ဘဲ တစ်ယောက်ယောက်ကများ ခေါင်းမာနေမယ် ဆိုရင်တော့ လည်း ဇာတ်ပို့ ဘာမှ တတ်နိုင်မှာ မဟုတ်တာ သေချာပါသည် ။ ကိုယ်ကရော ပွဲကြည့်ပရိသတ်ပဲ ။ ဘာတတ်နိုင် တာမှတ်လို့ ။ အရင်လို ပြန်ဖြစ်စေချင်တာကတော့ အသေအချာပဲ ။

ခုဆိုရင် မမဟာ ကားအကောင်းစားကြီးကို စီးလို့ ။ လက်ကိုင်ဖုန်းလေးကို ကိုင်လို့ ။ ကောင်မလေး ကတော့ ခေတ်ပေါ် သူဌေးပဲလေ ။ သူဌေး မဖြစ်ခင်ကတည်းက သူဌေး လုပ်လာခဲ့တဲ့ သူဌေးပါဆို ။

☐ မေမောင်
📖ရုပ်ရှင်အမြုတေမဂ္ဂဇင်း
     ၂၀၀၆ ၊ ဇူလိုင်လ

No comments:

Post a Comment