❝ ဝိညာဉ်အိပ်မက် ❞
( အောက်တိုဘာအောင်ကြီး )
တစ်နေ့သ၌ ကျွန်ုပ်သည် သန်လျင်မြို့ အစွန်နှင့် ကျောက်တန်းမြို့အဝင်ရှိ ပါဒကြီးကျေးရွာ အနီးရှိ ဝါးကျောင်းတွင် ဗီဒီယိုဇာတ်ကား ရိုက်ကွင်းသို့ ရိုက်ကွင်းသတင်း ဓာတ်ပုံယူရန်အတွက် ရောက်ရှိသွားခဲ့လေ၏ ။ ထိုဗီဒီယိုရိုက်ကွင်းသို့ ရောက်သည့်အခါ တစ်ချိန်က အကယ်ဒမီမင်းသမီးကြီး တစ်ယောက်နှင့် တွေ့ကာ ၄င်းက ကျွန်ုပ် အား ...
“ စာနယ်ဇင်းသမားကြီး ဘယ်ကဘယ်လို မျက်စိလည် လမ်းမှားလာတာလဲ ” ဟု မေး လိုက်လေ၏ ။
“ ဘယ်ကမှ လမ်းမှားမျက်စိလည်လာတာ မဟုတ်ဘူး ။ ဒီကိုပဲ ဦးတည်လာတာ ” ဟု ကျွန်ုပ်က ပြောလိုက်ရာ အကယ်ဒမီမင်းသမီးကြီက ကျွန်ုပ်အား ကော်ဖီမစ် ဖျော်တိုက်လေတော့၏ ။
“ ဆရာဦးအောင်ကြီး ရေးတဲ့ ရုပ်ရှင်နယ်က ဖြစ်ရပ်ဆန်းကြယ်များ ဆိုတဲ့ ဝတ္ထုတွေ ကို ဓနသိဒ္ဓိဂျာနယ် မှာ အပတ်စဉ် ဖတ်ရတယ် ။ သိပ်ကောင်းတယ် ။ ကျွန်မ မှာလည်း ဒီလိုဖြစ်ရပ်ဆန်းကြယ် ဇတ်လမ်း တစ်ခုရှိတယ် ” ဟု အကယ်ဒမီမင်းသမီးကြီး က ပြောလေရာ ကျွန်ုပ် က ..
“ ဟုတ်လား ... ဒါဆို ပြောပြပါလား ” ဟု ကျွန်ုပ်က တောင်းဆိုလိုက် သဖြင့် ၄င်းက. ..
“ ဟုတ်ကဲ့...ပြောပြပါ့မယ် ” ဟု ပြောလိုက်ရာ ကျွန်ုပ်လည်း လွယ်အိတ်ထဲမှ အသံဖမ်း ကက်ဆက် ဖွင့်ကာ အကယ်ဒမီမင်းသမီးကြီး ပြောသမျှကို ကျွန်ုပ်က အောက်ပါအတိုင်း ရေးသားလိုက်ရလေတော့၏ ။
အကယ်ဒမီမင်းသမီးကြီး က ၄င်း၏ အမည်အမှန် ဖော်ပြလိုခြင်း ခွင့်မပြုသည့်အတွက် ကျွန်ုပ် စိတ်ကူးထဲ အမည်တစ်ခု ဖြစ်သော အကယ်ဒမီမင်းသမီးကြီး အစား ‘ ရှင်မင်း ’ ဟု ဖော်ပြလိုက်ရ လေတော့၏ ။
စာရေးသူ
အညာဒေသ တစ်ခုရှိ ရွာကလေး တစ်ရွာသို့ ရုပ်ရှင်မင်းသမီး ထပ်ဆင့်အကယ်ဒမီရှင်မင်း ရုပ်ရှင် လာရိုက်သည့် သတင်းကား လွန်စွာမှ ပျံ့နှံ့သွားလေတော့၏ ။
ထို့ကြောင့် ရှင်မင်း တည်းခိုရာသို့ ကျေးလက်ဒေသရွာများ မှ ရှင်မင်း ၏ ပရိသတ်များ ရောက်ရှိလာကြပြီးနောက် မိတ်ဆက်ကာ အော်တိုလက်မှတ်ရေးထိုးခိုင်းကြလေတော့၏ ။
ရှင်မင်း ကလည်း ၄င်း ထံသို့ ရောက်လာကြကုန်သော မိတ်ဆက်လာကြသည့် ပရိသတ်များ ဖြစ်ကြသော လူကြီး ၊ လူလတ် ၊ လူ ရွယ် ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး မှန်သမျှကို ၄င်း၏ အလှဓာတ်ပုံ နောက်ကျောဘက်တွင် လက်မှတ်ရေးထိုးပြီး အမှတ်တရလက်ဆောင် တစ်ယောက်တစ်ပုံ ပေးလေတော့၏ ။
အသက် ၁၀ နှစ် ၁၁ နှစ်ခန့် ရှိသော ယောက်ျားလေး တစ်ဦး က ရုပ်ရှင်မင်းသမီး ထပ်ဆင့်အကယ်ဒမီ ရှင်မင်း ထံသို့ ရောက်ရှိလို့ လာလေ၏ ။
“ ဟေ့ ... ကလေး ဘာကိစ္စလဲ ၊ မမဓာတ်ပုံ လိုချင်လို့လား ” ဟု ရှင်မင်း က မေးလိုက်ရာ ယောက်ျားလေး မှာ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ရှင်မင်း အား မျက်နှာလေး ညှိုးငယ်စွာဖြင့် ကြည့်လို့ နေလေ၏ ။
“ ဟေ့ ... ကလေး ဘာဖြစ်လို့ လဲ မမကို ပြောစမ်းပါကွယ် ” ဟု ရှင်မင်း က ထပ်မံမေးရာ ထိုယောက်ျားလေး က ရှင်မင်း အား စိုက်ကြည့်နေရာမှ ၄င်း၏ မျက်ဝန်း မှ မျက်ရည်စုများ တွဲလောင်းခိုရင်းက ရှိုက်ကြီးတငင် နှင့် ငို လိုက်လေတော့၏ ။
“ အို ... မောင်လေး ဘာလို့ ငိုနေတာလဲ ။ မမ ကို ပြောပါဦးကွယ် ” ဟု ရှင်မင်း က ကရုဏာသက်စွာဖြင့် မေးလိုက်သော်လည်း ယောက်ျားလေး မှာ လွန်စွာမှ ဝမ်းနည်းပူဆွေးသောက ဝမ်းနည်စွာဖြင့် ငိုပြန်၏ ။
“ တိတ်ပါ .... ကလေးရယ် ၊ ငါ့မောင်လေး ဘာဖြစ်လို့ ငိုရတာလဲဆို တာ မမ ကို ပြောပါဦးကွယ် ” ဟု ရှင်မင်း က ၄င်းအား ချော့မော့၍ မေးလိုက်သောအခါ ယောက်ျားလေး မှာ မျက်ရည်များကို သုတ်လိုက်ပြီးနောက် ...
“ မမဓာတ်ပုံ နဲ့ မမရဲ့ အမှတ်တရ လက်မှတ်ရေးပေးတာကို လိုချင်လို့ ကျွန်တော် ( ... ) ရွာ ကနေ လာခဲ့တာပါ ခင်ဗျာ ”
ဟု ပြောပြီး ဆက်ငိုပြန်၏ ။
“ အမယ်လေး ... ငါ့မောင်ရယ် ဓာတ်ပုံနဲ့ အမှတ်တရ လက်မှတ်လိုချင်တာများကွယ် ငိုစရာမှ မဟုတ်တာ ။ မမ ပေးမှာ ပေါ့ ... မငိုနဲ့ တော့နော် ” ဟု ရှင်မင်း က နှစ်သိမ့်အားပေးလိုက်ရာ ၄င်းက ...
“ မမက ပေးချင်ပေမယ့် ကျွန်တော် ယူလို့ မရတော့ဘူး ” ဟု ဆိုတာ ဝမ်းနည်းစွာနှင့် ပြော လိုက်လေ၏ ။
“ ဟင် ... ဘာဖြစ်လို့ လဲ ငါ့မောင်ရယ် ” ဟု ရှင်မင်း က မေးလိုက်ရာ ၄င်းက ...
“ ကျွန်တော် မမဓာတ်ပုံနဲ့ အမှတ်တရ လက်မှတ် လိုချင်လို့ ရွာက ထွက်ခဲ့တာ ရွာထိပ်က လက်ပံပင်အောက်က ရေတွင်းပျက်အဟောင်းကြီး ထဲ ပြုတ်ကျပြီး ရေနစ်သေနေပါတယ် ။ အဲဒါ ဘယ်သူမှ မသိကြပါဘူး မမရယ် ” ဟု ဆိုကာ ရှိုက်ကြီးငင်စွာနှင့် ငိုတော့၏ ။
ရှင်မင်း လည်း ယောက်ျားလေး ၏ စကားကြောင့် အိပ်နေရာမှ လန့်နိုးလာခဲ့ရလေတော့၏ ။ ရှင်မင်း တစ်ကိုယ်လုံး ချွေးများထွက်လာ၏ ။ အာခြောက်လာသဖြင့် ရေငတ်လာသလို ခံစားလိုက်ရ၏ ။ မီးထဖွင့်ကာ ရေသောက်လိုက်လေ၏ ။ နာရီကို ကြည့်လိုက်ရာ လေးနာရီ သုံးဆယ်မိနစ် ရှိနေလေ၏ ။
ရှင်မင်း ခြင်ထောင်ထဲ ပြန်ဝင်ကာ ဆက်အိပ်ပေမယ့် လုံးဝ အိပ်၍ မပျော်ချေ ။ လွန်စွာမှ ဝမ်းနည်းကြေကွဲကာ ရှိုက်ကြီးတငင်ငင်နှင့် ငိုကြွေး နေသော ၁၀ နှစ် ၁၁ နှစ် အရွယ် ယောက်ျားလေးတစ်ဦး၏ ရုပ်ပုံကို မြင်ယောင်လာ၏ ။ ထိုအခါ ရှင်မင်း ၏ ရင်ခုန်သံတွေလည်း လွန်စွာမှ မြန်လို့ နေလေ၏ ။
ရှင်မင်း မည်သို့ဖြစ်သည် မသိ ။ ၄င်း၏ မျက်ဝန်းမှ လည်း မျက်ရည်များ ကျလာ၏ ။ ထို့နောက် တစ်ကိုယ်တည်း ကြိတ်၍ ငိုနေမိ၏ ။
“ ကျွန်တော် ရွာထိပ်က လက်ပံပင်ကြီး အောက်က ရေတွင်းပျက်ကြီး ထဲမှာ ကျပြီး ရေနစ်သေနေတာ ဘယ်သူမှ မသိကြဘူး ”
ဟု ယောက်ျားလေး ပြောလိုက်ရာ ရှင်မင်း အိပ်ရာမှ လန့်နိုးသောအခါ မိုးစင်စင်လင်းလို့ နေလေတော့၏ ။
“ ( ... ) ရွာက ကလေးတစ်ယောက် ပျောက်လို့ တဲ့ ”
ဟူ၍ ပြောလိုက်၏ ။
“ ယောက်ျားလေးလား ၊ မိန်းကလေးလား ”
ဟု မေးလိုက်ရာ ...
“ ယောက်ျားလေးတဲ့ ။ အသက် ၁၁ နှစ်ပဲ ရှိသေးတယ် ။ တစ်ညလုံး မိဘဆွေမျိုးတွေ လိုက်ရှာတာ ဘယ်မှကို ရှာမတွေ့ကြ ဘူးတဲ့ ”
ဟု ပြောလိုက်ပြန်၏ ။
“ အဲဒီ ကလေးက ရှင်မင်း ဆီမှာ ဓာတ်ပုံတောင်းရအောင် လာခဲ့တာတဲ့ ၊ ဘယ်မှ ရှာမတွေ့ဘူးတဲ့ ”
ဟု ရုပ်ရှင်သမားတွေ ပြောဆိုနေကြသည့် စကားသံတွေကြောင့် ရှင်မင်း လွန်စွာ တုန်လှုပ်သွားလေတော့၏ ။
“ မင်းသမီး ... ဒါရိုက်တာက အဆင်သင့်ဖြစ်ရင် ရိုက်မယ်တဲ့ ” ဟု ရိုက်ကွင်းမန်နေဂျာ က လာပြောလေ၏ ။
ရှင်မင်း အိပ်ရာထ နောက်ကျသဖြင့် ရေမိုးချိုး၍ ပြီးသွားသော်လည်း မိတ်ကပ်ပင် မလူးရသေး ။ ညက အိပ်မက်နှင့် အခု မနက် ရုပ်ရှင်သမားတွေ ပြောဆိုနေကြတဲ့ စကားတွေကြောင့် စိတ်မအီမသာ ဖြစ်နေရ၏ ။ စိတ်ထဲမှာ လည်း အမျိုးအမည် မသိ ဝေဒနာကို ခံစားလိုက်ရ၏ ။ ထို့နောက် ရှုတင်မန်နေဂျာ အား ...
“ ဦး .. ဒါရိုက်တာကို ခဏခေါ်ပေးပါလား ”
ဟု ပြောလိုက်ရာ ရိုက်ကွင်းမန်နေဂျာ လည်း ရှင်မင်း အနားမှ ဒါရိုက်တာအား သွားခေါ်လေတော့၏ ။
ဒါရိုက်တာ ရောက်လာသည့်အခါ ရှင်မင်း က အကျိုးအကြောင်း ပြောပြပြီး ရွာခံ ရွာသားနှစ်ဦးအား အကူအညီတောင်းကာ ၄င်းတို့ ရွာထိပ်က လက်ပံပင် အောက်ရှိ ရေတွင်းပျက်ကြီး ဆီသို့ ထွက်လာခဲ့ကြရလေတော့၏ ။
လက်ပံပင် အောက် က ရေတွင်းပျက်ကြီး အနားသို့ ရောက်၍ ရေတွင်းထဲသို့ ကြည့်လိုက်ရာ ရှင်မင်း မှာ လွန်စွာမှ ထူးဆန်းအံ့ဩဖွယ်ရာနှင့် တွေ့ကြုံကာ အထိတ်တလန့် ဖြစ်သွားလေတော့၏ ။
အိပ်မက်ထဲက အသက် ၁၀ နှစ် ၁၁ နှစ်ခန့် ယောက်ျားလေးတစ်ဦးမှာ လွန်စွာမှ ဝမ်းနည်းကြေကွဲဖွယ်ရာ ရေတွင်း ထဲ၌ ရေနစ်သေဆုံးနေသည် ကို တွေ့ရလေတော့၏ ။
ထိုရေတွင်းသည် ဘောင်မရှိ ။ ချုံနွယ်များ ဖုံးနေ၏ ။ ထိုကလေးမှာ ရေတွင်း ရှိမှန်း မသိဘဲ ရှင်မင်း ရှိရာသို့ လာရင်း ရေတွင်းထဲသို့ ကျကာ ရေနစ်သေဆုံးရခြင်း ဖြစ်ဟန်တူ၏ ။
ရှင်မင်း လည်း လွန်စွာမှ စိတ်မကောင်း ဖြစ်ရ၍ ငိုကြွေးလေတော့၏ ။ ၄င်းထံ လာသော ပရိသတ်တစ်ဦး အခုလို ရင်နင့်ဖွယ်ရာများ နှင့် ကြုံရသဖြင့် ရှင်မင်း စိတ်မကောင်းဖြစ်ရ၏ ။
ထို့ကြောင့် ၄င်းအား ချစ်သော ပရိသတ်ကလေး တစ်ယောက် ဆုံးရှုံးရ၍ ကလေး၏ နာရေးကိစ္စကို ရှင်မင်း က အစအဆုံး တာဝန်ယူ သင်္ဂြိုဟ်ပေးလိုက်လေတော့သတည်း ။
▢ အောက်တိုဘာအောင်ကြီး
📖 ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ
No comments:
Post a Comment