Saturday, July 12, 2025

ဝတ္ထုတစ်ပုဒ်၏ ပန္နက်ပုံစံ


 

❝ ဝတ္ထုတစ်ပုဒ်၏ ပန္နက်ပုံစံ ❞

ထုတ်ဝေသူတစ်ဦးက ရွှေအမြုတေမှာ ဖော်ပြနေတဲ့ ကလောင်သစ် တချို့ထဲ က အရည်အသွေး ရှိနိုင်သူများကို စင်တင် ထုတ်ဝေချင်ပါတယ် ။ ကိုဝင်းငြိမ်း စိတ်ကြိုက်တွေ့ရင် ပြောပါ ဆိုလို့ ကျွန်တော် ရွေးထားတဲ့ ကလောင်ငယ် တစ်ယောက်ရဲ့ ဝတ္ထု တစ်ပုဒ်ကို ပေးဖတ် လိုက်တယ် ။

ကြိုက်သွားတယ် ။ ဒီ ဝတ္ထုတိုကိုပဲ ချဲ့ ရေးလိုက်မယ် ဆိုရင် တောင် လုံးချင်းဝတ္ထု ဖြစ်လာနိုင်တယ် လို့ ဆိုတယ် ။ ကျွန်တော်က ကာယကံရှင်ကို ခေါ်ပြီး ထုတ်ဝေသူနဲ့ ဆုံပေး လိုက်တယ် ။

စာရေးသူက သူလည်း စိတ်ကူးရှိလို့ လုံးချင်း စ ရေးနေတဲ့အကြောင်း ၊ သူနဲ့ ရင်းနှီးတဲ့ စာရေးဆရာက လုံးချင်းဝတ္ထု ရေးဖူးတော့ “ လုံးချင်းဝတ္ထု ရေးမယ် ဆိုရင် ဗလာစာအုပ် ( လေ့ကျင့်ခန်းစာအုပ် ) နဲ့ ရှစ်အုပ် ရေးရမယ် ။ သုံးအုပ်ကျမှ မင်းသား မင်းသမီး စတွေ့ ၊ ချစ်ခန်းကြိုက်ခန်းရေး ၊ ပြဿနာတစ်ခု ဖန်တီး ၊ ရှစ်အုပ်မှာ ဇာတ်သိမ်း ” လို့ ပုံသေနည်း ပေးထားတဲ့အတွက် အခု သူရေးနေတာ သုံးအုပ် ပြီးသွားပြီ ။ ဒါပေမဲ့ သူ ဆရာ တင်ထားသူ ပြော သလို သုံးအုပ်မှာ တွေ့ တာမဟုတ်ဘဲ နှစ်အုပ် မှာတင် တွေ့ပေးမိလို့ ဖြစ်ပါ့မလားလို့ စိုးရိမ်နေတယ်လို့ ဆိုတယ် ။

လမ်းညွှန်ပေးလိုက်သူ စာရေးဆရာ လက်ရေးက ကြီးတယ် ၊ ကျဲတယ် ။ ကလောင်ငယ်ရဲ့ လက်ရေးက သေးတယ် ။ စိပ်တယ် ။ ဒီတော့ တစ်ယောက် နဲ့ တစ်ယောက် ဘယ်နည်း နဲ့ မှ စာမျက်နှာ အရေအတွက် မတူနိုင်ကြောင်း ရှင်းပြကြ ရတယ် ။ ဒါက ထားပါတော့ ။

“ သုံးအုပ်မြောက်မှာ တွေ့လို့ ” လက်ချာ ပေးလိုက်သူကို တော့ ကျွန်တော် အံ့သြမိတယ် ။ ဝတ္ထုတစ်ပုဒ်ကို ဇာတ်အိမ် မကျဘဲ ကြိုတင် မစဉ်းစားဘဲ သုံးအုပ်မှာ မင်းသား ၊ မင်းသမီး တွေ့ရမယ် ဆိုတဲ့ ပုံသေနည်းကို သူ ဘယ်လို ထုတ်သလဲ ကျွန်တော် မစဉ်းစားတတ်ပါဘူး ။

၁၉၉၃ ခုနှစ် မေလ ထုတ် The Writer မဂ္ဂဇင်းမှာ စာရေးဆရာမ တာတရာဒီလင်စကီး က Blue Print for A Novel ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ စာပေဆောင်းပါး တစ်ပုဒ် ဖတ်ရတော့ လက်ရှိ ကြုံတွေ့လိုက်ရတဲ့ ပြဿနာနဲ့ လာပြီး တိုက်ဆိုင်နေလို့ စာ ရေးဖို့ ကြိုးစားနေတဲ့ ညီ ၊ ညီမများ အတွက် ဖော်ပြပေးလိုက်ပါတယ် ။

••••• ••••• •••••

လွန်ခဲ့တဲ့ ဆယ့်သုံးနှစ် လောက်ကစပြီး ဝတ္ထု ရေးဖို့ ကျွန်မ ခြေလှမ်းစတင်ခဲ့ပါတယ် ။ အဲဒီတုန်းကတော့ ပကတိ ရိုးသား ဖြူစင်တယ် ။ ကျွန်မ ပိုင် လက်နှိပ်စက်အိုကလေး တစ်လုံးနဲ့ ခေါင်းထဲမှာ ဟာလီကွင်း ရဲ့ အချစ်ဝတ္ထုတွေရယ် ၊ ကျွန်မ စိတ်ကူးထားတဲ့ ဇာတ်ကွက်တွေရယ်ပဲ ရှိတယ် ။ ဝတ္ထုရေးနည်း နဲ့ ပတ်သက်လို့ ကျွန်မ သိထားတာက အခန်း ဆယ်ခန်း ပါဝင်ရမယ် ။ အခန်း တစ်ခန်းမှာ စာမျက်နှာ နှစ်ဆယ် ရှိရမယ် ။ ပထမဆုံး အခန်းမှာပဲ မင်းသား နဲ့ မင်းသမီး စတွေ့ကြမယ် ။ ဒုတိယ ကနေ နဝမမြောက် အခန်း အထိ မင်းသမီး က မင်းသား အပေါ် တင်းမာ နေပြီး နောက်ဆုံးအခန်းကျမှ ပြေလည်သွားရမယ် ။ ဒါ ကျွန်မ သိထားတဲ့ ဝတ္ထုရေးနည်းပဲ ။ ဝတ္ထု ဘယ်လို စရမယ် ဆိုတာ လည်း ကျွန်မ စိတ်ကူးထဲမှာ ရှိပြီးပြီ ။

ဒါနဲ့ ကျွန်မ စရေးတယ် ။ ချစ်ခန်းကြိုက်ခန်းက စ ဖွင့် လိုက်တာပဲ ။ ဇာတ်အိမ်ကပဲ ကျွန်မ ကို ဆွဲခေါ် သွားပါတယ် ။ တစ်ခါတလေ ကိုယ် မမျှော်လင့်ထားတဲ့ ဇာတ် ရဲ့ အကွေ့အကောက် အလှည့်အပတ်တွေကို လည်း ဇာတ်ကောင်တွေ ကပဲ ရေးရင်းနဲ့ ဖန်တီး သွားကြတယ် ။ တစ်ခါတလေ မှာ မြူနှင်းမှုန်တွေ ဆိုင်း နေတဲ့ လမ်းဆုံလမ်းခွ ရောက်သွားသလို ကျွန်မ ဘယ်လမ်းကို လိုက်ရ မှန်းမသိ ဖြစ်သွား တတ်ပါတယ် ။

လမ်းတစ်ခုကို လိုက်သွား ကြည့်တယ် ။ မှားနေမှန်း သိတော့မှ နောက်ကြောင်းပြန် လှည့်ပြီး လမ်းမှန်ကို ရွေးချယ်ရပါတယ် ။ မှားတယ် မှန်တယ် ဆိုတာ ဆုံးဖြတ်နိုင်စွမ်းတော့ ရှိရတာပေါ့ ။ ချိန်ကိုက် တတ်ရမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝတ္ထု ရဲ့ လှည့်ကွက်တွေကို ပြန် ဖြည့်ပေးဖို့နဲ့ ဇာတ်ရှိန် အမြင့်ဆုံးကို ဆယ်ခန်း အတွင်းမှာပဲ ပြီးစီးအောင် ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ အတွက်ပါ ။

ကျွန်မ ကံကောင်းခဲ့တယ် ။ အဲဒီ ဝတ္ထု ရေးတုန်းက အချစ်ဝတ္ထုတွေ ခေတ်စားနေချိန် ဆိုတော့ ကျွန်မ ဝတ္ထုလည်း စွံ သွားပါတယ် ။ အောင်မြင်သွားပြီ ဆိုတော့ ကျွန်မ ဒုတိယ တစ်အုပ် ဆက်ရေးတယ် ။ တတိယ ၊ စတုတ္ထ ဆက်တိုက် ဆက် ရေးဖြစ်ခဲ့ပါတယ် ။ ကျွန်မ ရေးနည်းက တစ်အုပ်ကို တစ်လ အချိန်ယူ ရတယ် ။ ရက်သတ္တပတ် နားတယ် ။ ဒုတိယ ရက်သတ္တပတ် မှာ နောက်တစ်အုပ်အတွက် စိတ်ကူးတယ် ။

ဒီလိုနည်းနဲ့ ဝတ္ထု ဆယ့်ငါးအုပ် ရေးပြီးချိန်မှာ ဒီထက်ရှည်တဲ့ ဝတ္ထု ရေးဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ် ။ ရေးနေကျ စာမျက်နှာ နှစ်ရာ အစား စာမျက်နှာ ငါးရာ ရေးမယ် ။ အချစ်ဝတ္ထု ပေမယ့် စာမျက်နှာ များလာပြီ ဆိုတော့ ဇာတ်အိမ် တည်ဆောက်ရာမှာ ရှုပ်ထွေးမှုတွေ ပိုများလာရတော့မယ် ။ ကျွန်မ ရေးခဲ့ဖူးတဲ့ ဆယ့်ငါးအုပ်ထက် ဇာတ်အိမ်က ကြီးရတော့မယ် ။

ဒီတစ်ခါ ကျွန်မ ဝတ္ထု မရေးခင်မှာ စိတ်ကူး တချို့ကို ချရေး ထားလိုက်တယ် ။ မှတ်စုအတိုကောက်ကလေးတွေ ပါပဲ ။ ဇာတ်ကောင်စာရင်း ချ ရေးထား ပြီး တစ်ယောက်ချင်း ဘေးကနေ သူ့ နောက်ကြောင်း ရာဇဝင်ကလေးတွေပါ တို့ ထားလိုက်တယ် ။ ဇာတ်ကွက်တစ်ခုချင်း အတွက် အရေးကြီးတဲ့ ဖြစ်ရပ်တွေလည်း ချ ရေးထားတယ် ။ အခန်း နှစ်ဆယ့်တစ်ခန်း ပါမယ့် ဝတ္ထုရှည်အတွက် ကဏ္ဍကြီး သုံးခု ခွဲထား လိုက်တယ် ။ ဇာတ်အိမ်တည်မယ့် မြင်ကွင်း ၊ နေရာဒေသတွေကို လည်း ခဲတံ နဲ့ အကြမ်း ခြစ်ထားတယ် ။

အဲဒီလို ပြင်ဆင်ပြီး ရေးတာတောင်မှ စာမျက်နှာငါးရာ ရှိတဲ့ ဝတ္ထုရှည်တစ်ပုဒ် ရေးရတာ မလွယ်ပါဘူး ။ လက်တွေ့ ရေးရာမှာ ကျွန်မ မျှော်လင့်ထား သလောက် မသေသပ်ဘူး ။ လက်တွေ့ ချရေးတဲ့ နေရာမှာ ဇာတ် အချိုးအကွေ့တွေ ၊ ထပ်ဖြည့် ဖြစ်တာတွေ ရှိ သလို တချို့ ဇာတ်ကောင်တွေ ထပ် ဖြည့် တန်တာ ဖြည့် ၊ လျှော့ တန်တာ လျှော့ ၊ သဲလွန်စ ၊ သို့မဟုတ် ဇာတ်ကွက်ကလေး တွေ အလှည့်အပြောင်း လုပ်တန်တာ လုပ်သွားရတယ် ။ ရေးရင်းနဲ့ ရှုပ်ဖွထားခဲ့တာတွေကို ရှေ့ မဆက်ခင်မှာ ပြန်ပြီး ရှင်းတန်တာ ရှင်းရတယ် ။

အမှန်အတိုင်း ဝန်ခံရရင် ဝတ္ထုရှည်ကြီး လေးပုဒ် ရေးဖြစ်ပြီးတဲ့အထိ ဘယ်လို ဇာတ်သိမ်းရမယ်ဆိုတာ ကျွန်မ ကြိုတင်တွေးဆမိခြင်း မရှိခဲ့ပါဘူး ။ တစ်အုပ် ထက် တစ်အုပ် ကောင်းအောင် ကျွန်မ ကြိုးစားခဲ့ပေမယ့် ဇာတ်သိမ်းကတော့ ရေးတော့မှပဲ ထွက်လာစမြဲ ဖြစ်ခဲ့တယ် ။

ကျွန်မ စိတ်ထဲမှာ ဒီကိစ္စ မကျေလည်တာကြောင့် ကျွန်မ ကိုယ်စား နယူးယောက်မှာ ထုတ်ဝေသူနဲ့ လှုပ်ရှား ၊ စကားပြောပေးနေတဲ့ ကျွန်မရဲ့ အေးဂျင့် ( ကိုယ်စားလှယ် ) နဲ့ စကား ပြောဖြစ်တယ် ။ သူက ကျွန်မ အနေနဲ့ ထုတ်ဝေရေးကိစ္စတွေ ကို သူ လှုပ်ရှားနေတုန်း ကျွန်မက အိမ်မှာပဲ အေးအေးဆေးဆေး အနားယူရင်း စီမံကိန်း ကျ စဉ်းစားသင့်တယ်လို့ အကြံပြုတယ် ။ သူက ဝတ္ထုတစ်ပုဒ်ကို မရေးခင် ပြည့်ပြည့်စုံစုံ ပြင်ဆင်နိုင်ရင် ဒီဝတ္ထုဟာ တကယ်လက်တွေ့ ချရေးရာမှာ ပိုကောင်းတဲ့ ဝတ္ထု ဖြစ်လာမယ်လို့ အကြံ ပေးတယ် ။

သူ့ အကြံအတိုင်း လုပ်သင့် ၊ မလုပ်သင့်ဆိုတာ ကျွန်မ သိပ်မသေချာဘူး ။ ကျွန်မက တစ်ချိန်လုံး စာပဲ ရေးနေချင်တယ် ။ မှတ်စုလေးတွေ ချရေး ရတာတို့ ၊ တို့ထားတာ တို့ မလုပ်ချင်ဘူး ။ စာရေးတယ်ဆိုတာ အာရုံဝင်စားမှ ရေးလို့ရတယ်လို့ ဆိုကြတယ် ။ ကျွန်မက အာရုံဝင်စားတယ်ဆိုတာ စာရေးရင်းကနေ ဖြစ်ပေါ်လာတယ်လို့ ခံယူတယ် ။ ဒါကြောင့် စိတ်ကူးနဲ့ ရေးနေရတာ ထက် လက်တွေ့ ချ ရေးတာကို ပိုပျော်တယ် ။ စာအုပ်များများ ထွက် နေချင်တယ် ။

ကျွန်မ အေးဂျင့်က ကျွန်မ အတွက် ထုတ်ဝေသူ အယ်ဒီတာ အသစ်တစ်ဦး ရှာ ပေးပါတယ် ။ ဒီ ထုတ်ဝေသူ အယ်ဒီတာက ကျွန်မနဲ့ စာချုပ်ရာမှာ တစ်နှစ်အတွင်း ရေးပေးရမယ့် စာအုပ် အရေအတွက် လျှော့ချပစ်လိုက်ပြီး စာအုပ် တစ်အုပ်ချင်း အတွက် စဉ်းစားချိန် ပိုယူစေပါတယ် ။ ခုတော့ ကျွန်မ ဇာတ်အိမ်ကောင်းတဲ့ ဝတ္ထုရှည်ကြီး တွေ ပိုပြီး ဖန်တီးနိုင်စွမ်းရှိ လာပါတယ် ။

နောက်ဆုံးမှာ A Woman Betrayed ဝတ္ထုရေးဖြစ်တယ် ။ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး ကျွန်မ အချိန်ယူခဲ့တာ လုံလောက်ရဲ့လားလို့ ကျွန်မကိုယ် ကျွန်မ သိပ်မသေချာလှပါဘူး ။ ဒီ ဝတ္ထုမရေးခင်မှာ အခန်း တစ်ခန်းအတွက် ကျွန်မ အသေအချာစဉ်းစားပြီး ဇာတ်ကောင်စရိုက် က အစ လိုအပ်ချက်တွေကို ကောက်ကြောင်း သဘောမျိုး ချရေးထားတယ် ။ တစ်ခန်းချင်းအတွက် ချရေးထားတာ ဇာတ် အကျဉ်းချုပ်အနေနဲ့ စာမျက်နှာ ( ၇ ) မျက်နှာ ထွက်လာပါတယ် ။

လက်တွေ့ ရေးတဲ့ အခါမှာ အဲဒီ ဇာတ်လမ်းအကျဉ်းချုပ်ကလေးက ကျွန်မ အတွက် အတော် အားထားစရာ ကောင်းလောက်အောင် တွေ့ လာရပါတယ် ။ ဇာတ်အကျဉ်းက ကျွန်မ ဝတ္ထုရှည်ကြီးရဲ့ ကျောရိုးဖြစ်လာတယ် ။ အကျဉ်းချုပ် ရေးစဉ်က မပါဘဲ တကယ်ချရေးမှ ပေါ် လာတဲ့ ဇာတ်ကွက်တွေကို ထည့်ရေးရတာပေါ့ ။ ဒါပေမဲ့ အထိန်းအကွပ် ဘောင် ရှိသွားတယ် ။ ကိုယ့် ဇာတ် အပေါ်မှာ ပိုပြီး အာရုံစူးစိုက်မှု ရှိလာတယ် ။ A Woman Betrayed ထွက်လာ တဲ့ အချိန်မှာ အရင် ကျွန်မ ဝတ္ထုတွေထက် ဇာတ်အိမ်ခိုင်တယ် ။ ကောင်းတဲ့အတွက် ရောင်းရတဲ့ စောင်ရေလည်း တက်လာခဲ့ပါတယ် ။

စောင်ရေကလည်း တက်လာ ၊ ကောင်းလည်း ကောင်းတယ် ဆိုတော့ ကျွန်မ ဘဝင်မြင့်တာပေါ့ ။ ဒါနဲ့ နောက်တစ်ပုဒ်ဖြစ်တဲ့ The Passions of Chelsea Kane ဝတ္ထုရေးဖို့ စီစဉ်ပါတော့တယ် ။ ဒီ ဝတ္ထု ရေးဖို့ စီစဉ်တော့ မရေးခင်မှာ A Woman Betrayed ထက် ပိုပြီး အသေးစိတ် အချက်အလက်တွေ ကျွန်မ ကြိုရေးတယ် ။ ဆက်တင်က အစ ဇာတ်ကောင်တစ်ဦးချင်းရဲ့ စိတ်လှုပ်ရှားခံစားမှု ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုပါ ချရေးထားတယ် ။ ဇာတ်ကွက်တစ်ခုချင်းရဲ့ အရေးကြီးတဲ့ လှည့်ကွက်တွေရော အရေးမကြီးတဲ့ အသေးအဖွဲကလေးတွေကို ပါ မှတ်သားထားလိုက်တယ် ။

အဲဒီလို ချရေးလိုက်တဲ့ အကျဉ်းချုပ်ကပဲ စာမျက်နှာ ( ၁၂ ) မျက်နှာ ထွက်လာပါတယ် ။ တကယ်တမ်း ရေးတဲ့ အခါမှာလည်း ဒီ ( ၁၂ ) မျက်နှာဟာ ဝတ္ထုတစ်ပုဒ်လုံး ကို ထိန်းကျောင်းပေးသွား နိုင်တဲ့ စာမျက်နှာတွေ ဖြစ်ခဲ့ပါတယ် ။

The Passions of Chalsea Kane ထွက်လာတော့ The Woman Betrayed ထက် ဇာတ်အိမ်ခိုင်မာပြီး လူကြိုက်များလာတယ် ။

နောက်ထပ်ထွက်တဲ့ More Than Friends ကလည်း ကောင်းသည်ထက် ပိုကောင်းခဲ့ပါတယ် ။ အခု နောက်ဆုံး ကျွန်မ ရေး တဲ့ More Than Friends ကိုလည်း ဒီမူနဲ့ပဲ ချရေးနေပါတယ် ။ ဇာတ်အကျဉ်းချုပ်က ပဲ စာမျက်နှာ ( ၇၀ ) ရှိ နေပြီး ဒီစာမျက်နှာ ( ၇ဝ ) ဟာ ကျွန်မ ဝတ္ထုရဲ့ ကျောရိုးဖြစ်သလို ပထမ စာမူကြောင့်လို့ ဆိုရင်လည်း မမှားနိုင်တော့ပါဘူး ။ ဒီ အကျဉ်းချုပ်ကလေး ချရေးဖို့ ကျွန်မ အချိန် ( ၃ ) လ ယူခဲ့တယ် ။ ဟိုတုန်းက လုံးဝ ဒီလို ရေးမယ်လို့ စိတ်မကူးခဲ့ဖူးပါဘူး ။

ဒီလို အကျဉ်းချုပ် ရေးတာဟာ အချိန် ဖြုန်းတာ သက်သက်ပဲလို့ ယူဆမလား ။ ကိုယ့် ဆန္ဒကို ကိုယ် အလိုလိုက်ပြီး ကြိုတင် လေ့ကျင့်တယ်လို့ ထင်မလား ။ စာပေရေးရာအနေနဲ့ အလဟဿ ဖြုန်းတီးတယ်လို့ ဆိုမလား ။

••••• ••••• •••••

ကျွန်မ ကိုယ်တွေ့အနေနဲ့ ပြောရရင် ကျွန်မ နောက်ဆုံး ရေးဖြစ်တဲ့ Saving Daisy ဟာ ကျွန်မ ရေးခဲ့သမျှ ဝတ္ထုတွေထဲမှာ အလှပဆုံး ရေးသား ခြယ်မှုန်းနိုင်ခဲ့တဲ့ ဝတ္ထုလို့ ထင်ပါတယ် ။

ဒီလို ဖြစ်ရတာကလည်း ပထမ စာမူကြမ်းအတွက် အချိန် ကောင်းကောင်းပေးပြီး အကျိုးရှိရှိ အသုံးချနိုင်ခဲ့လို့ပဲ ထင်ပါတယ် ။ အဲဒါကို ကျွန်မ တော်တော်ကြီး ယုံယုံကြည်ကြည် ရှိသွားတယ် ။ သူတစ်ပါး အတွက်တော့ ကျွန်မ မပြောတတ်ဘူး ။ ကျွန်မ အတွက်တော့ ဝတ္ထုကောင်းတစ်ပုဒ် ရေးဖို့အတွက် ပန္နက်ပုံစံ ရေးဆွဲဖို့ အခြေခံအချက် ( ၅ ) ချက်နဲ့ ရေးဆွဲရတယ်လို့ ခံယူပါတယ် ။

ပထမဆုံး အချက်က “ ဝတ္ထု ရဲ့ အခြေခံအကြောင်းအရာကို ဆုံးဖြတ်ဖို့ ” လိုအပ်ပါတယ် ။

Saving Daisy အရတော့ ကျွန်မ က သည်းထိတ်ရင်ဖို ဇာတ်တစ်ပုဒ် ဖန်တီးဖို့ ဆုံးဖြတ်တယ် ။ ဒါကြောင့် ကျွန်မက မိန်းကလေးကို ပြန်ပေးဆွဲတဲ့ အခန်းနဲ့ စဖွင့်ပေး လိုက်ပါတယ် ။ ကလေးမရဲ့မိသားစု စီးပွားရေး အခြေအနေ အရမ်းကောင်းပုံ ၊ ဒီ မိသားစုထဲမှာပဲ မိန်းကလေးက သူ့ အမေ ၊ ညီအစ်မ တစ်တွေနဲ့ မသင့်မြတ်ပုံတို့ကို ဖန်တီးပေးထားပြီး သံသယဖြစ်စရာ ကောင်းလောက်တဲ့ သူ တစ်ယောက် အနေနဲ့ သူ့ ခင်ပွန်းလောင်းကိုလည်း ထည့်ထားတယ် ။ ဒီ လူကို မိသားစုက လုံးဝအယုံအကြည် မရှိဘူး ။

ပြန်ပေးဆွဲ တဲ့ ကာလကို ကျွန်မက ငါးရက် ထားပြီး ဒီကြားကာလမှာ လှုပ်ရှားမှုတွေကို ရေးသွားတာပဲ ။ ဝတ္ထု အဖွင့်မှာ ပြန်ပေးဆွဲတာ နဲ့ စပြီး အဆုံးသတ်မှာ ဒီအမှု ဖြေရှင်းလိုက်တာ နဲ့ ဇာတ်သိမ်း ထားပါတယ် ။ ဒုတိယ အချက်ကတော့ “ ဘယ် ဇာတ်ကောင်က အဓိက ဇာတ်ကောင်တွေ ဖြစ်မယ် ” ဆိုတာ ဆုံးဖြတ်ရမယ် ။

ဒီလို ဆုံးဖြတ်ပြီးမှသာ ကိုယ့်ဝတ္ထု ပန္နက်ပုံစံကို ချလို့ရပါမယ် ။ ဘယ်ဇာတ်ကောင်တွေက အဓိက ဖြစ်တယ်ဆိုတာ ဆုံးဖြတ်နိုင်မှသာ ကိုယ့် ဝတ္ထုဟာ ဘယ်ဇာတ်ကောင်ရဲ့ အမြင် ရှုထောင့်ကနေ တင်ပြနိုင်မယ် ဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ် ။

တချို့ စာရေးဆရာတွေက တော့ ဇာတ်ကောင်တိုင်းရဲ့ နေရာကနေ ဝင်ခံစားပြီး ရေးဖွဲ့တတ်ကြပေမယ့် ကျွန်မ ကတော့ ဒီလိုမဟုတ်ဘူး ၊ အဓိက ဇာတ်ကောင်တွေ နေရာကပဲ ခံစားတတ်ပါတယ် ။ ဝတ္ထုတစ်ပုဒ်မှာ အဓိက ဇာတ်ကောင် ငါးယောက်ထက် ပိုပြီး ကျွန်မ မခံစားနိုင်ပါဘူး ။ ဒီထက် ခံစားရမယ် ဆိုရင် ကျွန်မ ရင် တစ်ခုလုံး လောင်ကျွမ်းသွားမယ် ထင်ပါတယ် ။

Saving Daisy မှာ အဓိက ဇာတ်ကောင်များအဖြစ် ဒေစီ ၊ သူ့ အမေ ရို့ ( စ် ) ၊ အက် ( ဖ် ) ဘီအိုင် စုံထောက် အင်ဒရီယာ ၊ ဒေစီနဲ့ စေ့စပ်ထားတဲ့ မော်ဂန် ၊ ဒီ လေးယောက်ကိုပဲ ဖန်တီးထားတယ် ။ ဒေစီ လွတ်မြောက်ရေးက ဒီ လေးယောက် ပဲ ပတ်သက်ပါတယ် ။

တတိယ အချက်က အဓိက ဇာတ်ကောင်တွေဟာ ဘယ်သူတွေလဲလို့ ဆုံးဖြတ်ပြီးရင် “ သူတို့ ရဲ့ နောက်ကြောင်း ရာဇဝင်လေးတွေကို မှတ်စု ထုတ်ထားဖို့ လိုတယ် ။ ”

ဒီ ဇာတ်ကောင်က ဘယ်ကလာတယ် ၊ သူ့ ဦးတည် လှုပ်ရှားမှုက ဘာအတွက်လဲ ။ သူ့ ပုံစံက ဘယ်လိုလဲ ။ သူက ဘယ်လို စကားပြောဆို တတ်ပြီး ဘယ်လိုတွေးခေါ် တတ်တယ် ။ ဒီဝတ္ထု ဇာတ်ကြောင်းမှာ သူက ဘယ်လို ပါဝင်ပတ်သက်မှာလဲ ။ ဝတ္ထုဇာတ်ကြောင်းက အဓိက ဇာတ်ကောင်လေးဦးရဲ့ ရှုထောင့်အမြင် အသီးသီးကို ပေါင်းစည်း ပေးလိုက်ခြင်းပါ ။ တစ်ယောက်ချင်းရဲ့ ရှုထောင့်အမြင်မှာ စာဖတ်သူကို ပါဝင် ပတ်သက်စေပြီး ဆွဲဆောင် ခေါ်ယူသွားပါတယ် ။

ဇာတ်ကောင် တစ်ယောက်ချင်းရဲ့ အမြင်ဟာ အသေးစား ဝတ္ထုတစ်ပုဒ်စီ လိုပါပဲ ။ ပထမဆုံး ကျွန်မ တင်ပြတာက ဒေစီ ဘက်က တင်ပြတယ် ။ ဒေစီက မိသားစု စီးပွားရေး ဦးဆောင်နေတဲ့သူ ။ သူ အောင်မြင်မှု တစ်ခု အကြီးအကျယ် ရတော့မယ့် ရက်မတိုင်မီ ညမှာပဲ ပြန်ပေးအဆွဲခံ လိုက်ရတယ် ။ ဒုတိယ တင်ပြတဲ့ ဇာတ်ကောင်က ဒေစီ အမေ ရို့ ( စ် ) ။ ရို့ ( စ် ) ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် ဒုက္ခိတ ဘဝရောက်နေတယ် ။ ဒေစီ မရှိတဲ့ နောက်ပိုင်းမှာ မိသားစု တာဝန်တွေက သူ့အပေါ် ကျလာတယ် ။ ဒီလို ရှုထောင့် တစ်ခုစီ ကနေ ရေးဖွဲ့ခဲ့ပါတယ် ။

စတုတ္ထ အချက်ကတော့ “ ဇာတ်ကောင်များရဲ့ ရှုထောင့် အသီးသီးမှ တင်ပြချက်တွေ မျဉ်းပြိုင် သဖွယ် ဇာတ်ကောင်ထဲမှာ အပြိုင်ဖြစ်စေရမယ် ။ ”

Saving Daisy မှာ တစ်ဆင့်ပြီး တစ်ဆင့် တစ်ချက်ချင်း လက်သီး ထိုးသလို ဖန်တီး ထားပါတယ် ။ ပြန်ပေးဆွဲတယ် ၊ စုံစမ်းထောက်လှမ်းတယ် ၊ ပြန်ပေးတွေကို ငွေ ပေးရတယ် ။ ဒေစီ လွတ်မြောက်ရေး အတွက် ကယ်တင်ရတယ် ။ ဒီ ကြားထဲမှာ ဒေစီရဲ့ လုပ်ငန်းနဲ့ ဒီ လူတွေ ဘယ်လို ဆက်သွယ်နေတယ် ဆိုတာကိုလည်း အသေးစိတ် ဖော်ပြရတယ် ။

ပဉ္စမ အချက်ကတော့ “ အသေးစား တင်ပြချက်တွေကို စုစည်းလိုက်ရာမှာ ဝတ္ထုရှည်တစ်ပုဒ် ဖြစ်သွားစေပြီး တစ်ခု နဲ့ တစ်ခု ချိတ်ဆက်မှု ရှိစေရမယ် ။ ”

ဒီ အချက်နဲ့ ညီအောင် ပထမအကြိမ် အကြမ်းရေးတုန်းက လွတ် သွား ရင် ဒုတိယ အကြမ်းမှာ ပြန်ရေးရင်း ဖြည့် ၊ တတိယအကြိမ် ပြန် ရေးရင်း ဖြည့်သွားရပါတယ် ။ ဒီအချိန် ရောက်လာရင်တော့ ပြင်ရတာ လွယ်သွားပြီ ။ ပြန်ဖတ်ပြီး မချောတာတွေ ကို ချောသွားအောင် ပြန် ပြင် ရေးတာပါပဲ ။ ဒီလို အကြိမ်ကြိမ် ပြန်ရေးသွားရင်းနဲ့ ဖြုတ်တန်တာကို ဖြုတ် ၊ ဖြည့်တန်တာကို ဖြည့်သွားနိုင်ပါတယ် ။ ဒီလို ရေးရာမှာ စာရေးသူ အနေနဲ့ သတိထားရမှာက အဓိက ဖြစ်နေတဲ့ ဇာတ်ကောင် နေရာမှာ တစ်ဖက်သူက ဝင်ခံစားနေတယ်ဆိုတဲ့ အချက်ပါပဲ ။

ဒီ အချက်လေးတွေကို လက်ခံပြီ ဆိုရင်တော့ နောက်ဆုံးအချက် တစ်ခု ကျွန်မ ပြောချင်ပါတယ် ။ အဲဒါကတော့ “ အခန်းစဉ် အလိုက် အကျဉ်းချုပ် စကားပြေ ရေးထားပါ ” ဆိုတဲ့ အချက်ပါပဲ ။ ဒီလို ရေးထားတဲ့ စကားပြေ အကျဉ်းချုပ် ကနေ ဝတ္ထုရှည်ကြီး တစ်ပုဒ်ကို အဆင့်ဆင့် ဖန်တီးသွားရပါတယ် ။ ကျွန်မက ဒီလို ဝတ္ထုပန္နက် ပုံစံချပြီး ကျွန်မ အယ်ဒီတာကို မပြခင် အထပ်ထပ်အခါခါ စစ်ဆေးကြည့် ပါတယ် ။ ဟာကွက် လွတ်ကွက် မရှိဘဲ တစ်ခု နဲ့ တစ်ခု ချိတ်ဆက်မိနေ စေပါတယ် ။

ဒီလို တိတိကျကျ ပြင်ဆင်ပြီး အယ်ဒီတာကို ပြလိုက်တော့ ကျွန်မ အယ်ဒီတာက ကျွန်မ ဘာကို ရေးချင်တယ်ဆိုတာ နားလည် သွားတယ် ။ သူက စာဖတ်သူတစ်ယောက် အနေနဲ့ ဖတ်ကြည့်လိုက်လို့ ဇာတ်ကောင် တစ်ယောက် အကြောင်း ၊ သို့မဟုတ် ဇာတ်ကွက်တစ်ခု အကြောင်း မကျေလည်တာရှိလို့ ပြန် မေးလာရင် ကျွန်မက ပြန် ဖြည့်ပေးရတယ် ။ သူက ကျွန်မရဲ့ ပထမဆုံး စာဖတ်ပရိသတ် ဖြစ်နေတဲ့အတွက် ဝတ္ထု ပြေပြစ်မှု ရှိ ၊ မရှိ ဆိုတာ ပြောနိုင်တယ် ။ ဒီလို အချိန်မှာ ပြင်သင့်တာကို ပြင် လိုက်ရတာက စာမျက်နှာ ငါးရာလောက် ရေးပြီးမှ ပြင်ရတာထက် လွယ်တယ် ။

အယ်ဒီတာ နဲ့ ကျွန်မ အဲဒီလို အပြန်ပြန် အလှန်လှန် ညှိ လိုက်ကြပြီးတော့မှ ချရေး လိုက်ရင် ခိုင်မာတဲ့ ဝတ္ထုကောင်းတစ်ပုဒ် ထွက်လာပါတယ် ။

ဒီလို ဇာတ်ကြောင်းကို အပြန်ပြန် အလှန်လှန် ညှိနှိုင်းပြီးမှ ရေးတာဟာ အပိုအလုပ်ပါလို့ တချို့က ယူဆချင် ယူဆလိမ့်မယ် ။ ကျွန်မ အတွက်ကတော့ ဒီလို ပန္နက်ပုံစံ ရေးဆွဲပြီးမှ ဝတ္ထုရှည်တစ်ပုဒ် ရေးနည်းဟာ အကောင်းဆုံး ဖြစ်စေပါတယ် ။ ကိုယ့် ဇာတ်ကောင်တွေ အကြောင်း ကိုယ် ပိုသိတယ် ။ ဇာတ်ကွက် အလှည့်အပြောင်းတွေကိုလည်း ပိုကျေညက်စေတယ် ။

ဒီလို ကျေညက်တဲ့ အတွက် ကျွန်မ အနေနဲ့ ဇာတ်ကွက် ဟာမှာကို မစိုးရိမ်ရတော့ဘဲ ဇာတ်ကောင်တွေရဲ့ စကားပြောတွေ အပေါ် မှာ ပိုပြီး အာရုံ စူးစိုက်နိုင်လာတယ် ။ ဇာတ်အိမ် ခိုင်မာတယ် ၊ အသေးစိတ် အချက်အလက် ပီပြင်တယ် ။ စကားပြော ပြေပြစ်တယ်ဆိုရင် ဒီဝတ္ထု ကောင်းပြီပေါ့ ။ ဒီ နည်းစနစ်နဲ့ပဲ ကျွန်မ ဝတ္ထုတွေဟာ ကောင်းသထက် ကောင်းလာစေခဲ့တာ အမှန်ပါ ။

••••• ••••• •••••

လုံးချင်းဝတ္ထု တစ်ပုဒ် ရေးသားပြီးစီးဖို့အတွက် ဘယ်လောက် ကြိုးပမ်းရတယ်ဆိုတာ သူ့ ဆောင်းပါးအရ သိသာနိုင်ပါတယ် ။ အကြိမ်ကြိမ် အခါခါ ပြန်ပြင်ခြင်းသည်သာ ဝတ္ထုကို ကောင်းသည်ထက် ကောင်းစေနိုင်ပါတယ် ။ ဗလာစာအုပ် ရှစ်အုပ်ပြည့်အောင် ရေး ၊ တတိယအုပ်မှာ မင်းသား မင်းသမီး တွေ့ ၊ ရှစ်အုပ်မြောက်မှာ ဇာတ်သိမ်း ဆိုတဲ့ လုံးချင်းဝတ္ထုသမား တစ်ယောက်ရဲ့ ဖော်မြူလာကိုတော့ အသုံးမချကြစေချင်ပါ ။

◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
      အမှတ် ( ၄၅ )
      ဇူလိုင်လ ၊ ၁၉၉၃

No comments:

Post a Comment