Saturday, July 19, 2025

ဇာတ်လိုက် ဖြစ်ချင်သူ


 

❝ ဇာတ်လိုက် ဖြစ်ချင်သူ ❞
          ( မြသန်းတင့် )

( ၁ )

အတစ်ခါတလေတော့လည်း အောင်ရွှေကို အမှတ်ရမိပေသည် ။ အောင်ရွှေ နှင့် ကျွန်တော် ကွဲသွားသည်မှာ နှစ်တွေ လတွေ ကြာလေပြီ ။ အင်္ဂလိပ် တက်လာပြီး တစ်နှစ်လောက် အကြာတွင် အောင်ရွှေသည် ရန်ကုန် သို့ ဆင်းသွား၏ ။ အောင်ရွှေ  ရန်ကုန် ဆင်းမည် တကဲကဲလုပ် တုန်းက “ အောင်ရွှေ ၊ တို့ဆီမှာ မပျော်လို့ လား ”  ဟု ဖေဖေ ရော မေမေ ကပါ မေးကြသည်  ။

“ မဟုတ်ပါဘူး ”  ဟူသော အဖြေကိုသာလျှင် အောင်ရွှေ ထံမှ ရ၏ ။ ထိုထက် ဘာမျှ ပို၍ မဖြစ်ချေ ။ ဖေဖေ နှင့် မေမေ တို့ကမူ အောင်ရွှေ ရန်ကုန် သွားမည်ဆိုသဖြင့် သိပ် စိတ်မကောင်းကြချေ ။ သူတို့ သာမက ကျွန်တော်လည်း အောင်ရွှေနှင့် ခွဲရမည်ကို လွမ်း သလိုလို ၊ ဝမ်းနည်း သလိုလို ရှိပေသည် ။

အောင်ရွှေသည် အမှန်အားဖြင့် ကျွန်တော် တို့နှင့် ဆွေ လည်း မတော် မျိုး လည်း မစပ်ချေ ။ ကျွန်တော်တို့ အိမ်တွင် ထမင်းချက်မျှသာတည်း ။ တစ်ခါက ဖေဖေ တောသို့ အမှုလိုက်သွားစဉ် ချောင်းဆုံနယ် တစ်ဝိုက်မှ ခေါ်လာခဲ့သည် ။ ထိုစဉ်က အောင်ရွှေ သည် အသက် ဆယ့်သုံးနှစ် သာသာမျှသာ ရှိသေး၏ ။ သူ၏ အသားမှာ ဖြူစပ်စပ် ခေါ်ရမည်လား မပြောတတ် ။ အိမ်သို့ ရောက်သည့်အခါတွင် ဖေဖေ က သူ့ ဆံရစ်ဝိုင်းကို ခေါင်းတုံးတုံး ပစ်လိုက်ရန် ပြောသည် ။ ထိုစဉ်က အောင်ရွှေ သည် သူ့ ဆံပင်ကို နှမြောသဖြင့် ခေါင်းတုံး တုံးရလျှင် တောသို့ပင် ပြန်ပါတော့မည်ဟု ငိုကြီး ချက်မနှင့် ပြောသဖြင့် ဖေဖေ လက်လျှော့ခဲ့ရလေသည် ။ အောင်ရွှေ မှာ ဖေဖေ တည်းသည့် သူကြီးအိမ်တွင် ဆွမ်းဟင်းလျာခွက် လာယူစဉ် တွေ့သဖြင့် ရွာလူကြီးများထံ ခွင့်ပန်ကာ ခေါ်လာခဲ့ခြင်း ဖြစ်လေသည် ။ အောင် ရွှေ တွင် မိဘ မရှိ ။ ဆွေမျိုးဟူ၍လည်း မားမားမတ်မတ် မရှိချေ ။ ဦးလေး နှစ်ဝမ်းကွဲ လောက် တော်သူ ရှိသော်လည်း သူ့ ဦးလေးမှာ အောင်ရွှေကို ထိန်းကျောင်းဖို့ မဆိုထားနှင့် ။ သူ့ကိုယ်သူ ပင် မထိန်းနိုင်သော အရက် သမားမျှသာ ဖြစ်လေသည် ။

ဖေဖေ သည် အောင်ရွှေ အား ခေါ် လာပြီးနောက် ဒုတိယမ္ပိ ခေါင်းတုံးရိတ်ရန် ကြိုးစားပြန်သည် ။ သို့သော် အချည်းနှီးသာတည်း ။ ချော့ ၍လည်း မရ ။ ခြောက်၍ လည်း မရ ။ ဇွတ်အတင်းသာ ငြင်း၍ နေလေသည် ။ ကွပ်ပျ စ်ပေါ်တွင် ဆေးလိပ်လိပ်နေသော မေမေ က ပါဝင်၍ ...

“ တို့ဆီ မှာ မင်းတို့ အရွယ်ကို ဆံရစ် မထားကြတော့ဘူး ဟဲ့ ။ ဘုန်းကြီးကျောင်းသားကလေးတွေပဲ ထားကြတော့တယ် ။ မင်းကို ခု ဦးချစ်ရာ ကျောင်းမှာ ထားမလို့ သိလား ။ မင်း ကျောင်းမနေချင်ဘူးလား ” 

“ နေချင်တယ် ခင်ဗျ ”

“ အေး ဒါဖြင့်ရင် မင်း ဆံရစ်ကြီးကို ခေါင်းတုံးရိတ် ပစ်လိုက်ပြီး ဘိုကေထား ” ဟု ဖေဖေ က ဝင်ပြောသည် ။ ထိုအခါ အောင်ရွှေသည် မျက်ရည်တွေ ဝဲကျလာလေသည် ။

“ ဒီ ကျောင်းမှာ ဆံရစ် မထားရဘူးလို့တော့ မရှိဘူးပေါ့ ။ ဒါပေမဲ့ ဒါက ဘုန်းကြီးကျောင်းမှ မဟုတ်ဘဲကွ ။ လူကျောင်း ဆိုတော့ ဆံရစ်ဝိုင်းကြီးနဲ့ ဘယ်ကြည့်လို့ ကောင်းမလဲ ။ ပြီးတော့ မင်းဆံရစ်ဝိုင်းက သန်းတွေ ပေါပါဘိနဲ့ ”

အောင်ရွှေသည် ဘာမျှ ပြန်မပြော ။ ခေါင်းငုံ့သာ နေလေသည် ။ တစ်ခါတစ်ခါတွင် လက်ဖမိုးဖြင့် မျက်လုံးကို ပွတ်၏ ။ ရစ်ဝဲလာသော မျက်ရည်တွေကို သုတ်ပစ်ဟန် တူလေသည် ။ ဆရာဦးချစ်စရာ အိမ်သို့ အလည်လာသည်နှင့် ကြုံပြန်သော အခါတွင်မူ အဖေက ...

“ ဆရာချစ်တို့ ကျောင်းက ဆံရစ်ဝိုင်းနဲ့ ကျောင်းသားဆိုရင် လက်မခံဘူးနော် ” ဟု မေးလိုက်၏ ။

“ ဟာ ဘာဖြစ်မလဲ အမိန့်တော်ရမင်းရဲ့ ”

ဤတွင် အောင်ရွှေ၏ မျက်ရည်ဆည်ကြီး ကျိုးပေါက်လာလေသည် ။

“ ဦးလေး ကျွန်တော် ရွာပြန်ပါရစေတော့ ခင်ဗျ ၊ ကျောင်းမနေ ချင်တော့ဘူး ခင်ဗျ ”  ဟု ကြူကြူပါအောင် ငိုလေသည် ။

“ ကဲ ကဲ မင်း မရိတ်ချင်ရင် မရိတ်ရပါဘူး ။ ငိုမနေစမ်းနဲ့ ။ ငါ့လခွီးမှပဲ ။ ဆရာချစ် သူ့ကိုတော့ လက်ခံပါဗျာ ဟုတ်လား ၊ ဟေ့ အောင်ရွှေ  မင်း ဆံပင်မှာ သန်းတွေ မရှိအောင် ခေါင်းလျှော်ရမယ်နော် ။ ပြီးတော့ အုန်းဆီမှန်မှန် လိမ်း သိလား ။ နို့မို့ရင်တော့ ခေါင်းတုံးတုံးပြီးသားပဲ ”

သည်တော့မှ အောင်ရွှေ အငို ရပ်သွားလေသည် ။ ဦးချစ်စရာကား ကွမ်းတမြုံ့မြုံ့ ဝါး၍ ပြုံးနေ၏ ။ သို့နှင့် ဖေဖေသည် ဒုတိယအကြိမ် အောင်ရွှေ ကို ခေါင်းတုံးရိတ်ရန် နားချရာ၌ လက်လျှော့ရပြန်လေသည် ။

အောင်ရွှေ ကျောင်းတက်သော နေ့မှာ မေမေက ကျွန်တော့် လွယ်အိတ်အဟောင်းကို အောင်ရွှေအား ပေးသည် ။ သူ့အတွက် ကျောက်သင်ပုန်း တစ်ချပ် ၊ ကေနာဂူရာမီရာ အင်ဆန်း မှ ထုတ်ဝေသော မျဉ်းသား ထားသည့် ဗလာစာအုပ်သုံးအုပ် ၊ ဆရာရွှေကြူး၏ ဒေါင်းဖတ်စာအုပ်ကို ဝယ် ပေး၏ ။ အောင်ရွှေ သည် ပရိတ်ကြီး ၊ နမ္မက္ကာရ ၊ အပြင်အောင်ခြင်း ၊ အတွင်းအောင်ခြင်းများကို ကြက်တူရွေး ရွတ် သကဲ့သို့ ရွတ်တတ်လေသည် ။ အဓိပ္ပာယ်ကိုကား စိုးစဉ်းမျှ မသိချေ ။ ဆရာတော်၏ ကြိမ်ကို ကြောက်၍ ကုန်း ကျက်ခဲ့ရခြင်းဖြစ်၏ ။ ဆရာဦးချစ်စရာ၏ ကျောင်းတွင် အောင်ရွှေသည် သုံးတန်း ရ၏ ။ ကျွန်တော်ကမူ လေးတန်း ရောက်နေပေပြီ ။

••••• ••••• •••••

( ၂ )

အောင်ရွှေ သည် ကျောင်းမတက်မီ တစ်နေ့ ကတည်းက ဆံပင်ကို ကျကျနန လျှော်၍ အုန်းဆီသပ်ကာ သူ့ သျှောင်ကို ထုံးထားပြီး ဝတ်ကောင်းစားလှ ဝတ်ထား၏ ။

သူ နှင့် ကျွန်တော် ကျောင်း သွားသည့် အခါတွင် မေမေ က နှစ်ယောက်စလုံးကို မုန့်ဖိုး တစ်ပြားစီပေး၏ ။ သို့သော် အောင်ရွှေ သည် ကျောင်းသို့ ရောက်လျှင် ဘာမှ စားလေ့စားထ မရှိချေ ။ သူ့ အတွက် ရသော ဝေစုကို ကျစ်နေအောင် ခါးကြားတွင် လိမ်ထား တတ်ပြီး ကျောက်ပန်းတောင်း ၊ ပုပွား မှ အထမ်းဖြင့် ဆင်းလာသည့် ရုပ်သေပြ သေတ္တာနားတွင် ရစ်ဝဲရစ်ဝဲ လုပ်နေတတ်ပေသည် ။ ရုပ်သေသေတ္တာမှာ မှန်ဘီလူးပေါက် နှစ်ပေါက်ပါ၍ အထဲတွင် ရုပ်ရှင်ကားပြတ် အပိုင်းအစတွေကို စုဆောင်းကာ အထဲ တွင် ထည့် ၍ ပြသထားခြင်း ဖြစ်၏ ။ ပြာသို ၊ တပို့တွဲ ဆိုလျှင် ရုပ်သေသေတ္တာ အထမ်းသည်တို့သည် ကျောက်ပန်းတောင်း ၊ ပုပ္ပား တစ်ဝိုက်မှ ကျွန်တော်တို့ ဘက်သို့ ဆင်းလာတတ်လေသည် ။ သူတို့တွင် ပစ္စည်း ဟူ၍ ရုပ်သေပြသေတ္တာ တစ်လုံးနှင့် တစ်ဖက်တွင် စောင်ကြမ်း ၊ အဝတ်အစားထည့်သည့် သံသေတ္တာ တစ်လုံးသာ ပါတတ်၏ ။ သေတ္တာတစ်လုံးကို တစ်ဖက်တစ်ချက် ထမ်း၍ ပဂျီ ၊ ပခန်း တစ်ဝိုက်တွင် ပြဲပြဲစင်အောင် လှည့်ပြီး မိုးကျခါနီးမှ ကျောက်ပန်းတောင်း ၊ ပုပ္ပား သို့ ပြန်မြဲ ဖြစ်လေသည် ။

အထမ်းသည်တို့မှာ ကျွန်တော်တို့ ကျောင်းရှေ့သို့ လာစမြဲဖြစ်၏ ။ ကျောင်းရှေ့ ရောက်လျှင် အဝတ်အစား ၊ စောင် စသည့် စုံစီနဖာထည့် သော သံသေတ္တာအဟောင်းကို အောက်သို့ချ၍ ၊ ထိုသံသေတ္တာ အပေါ်မှ ရုပ်သေသေတ္တာကို ဆင့်၍ တင်ထားလိုက်သည် ။ ရုပ်သေသေတ္တာသည် ဘေးမှ သစ်သားဖြင့် အလုံပိတ်ထားပြီး ရှေ့တွင် မှန်ဘီလူးပေါက် နှစ်ပေါက်ပါ၏ ။ ကျွန်တော်တို့မှာ ဒူးထောက်၍ ချကာ ကိုယ်ကို မတ်မတ်ထား၍ ရုပ်သေ ကြည့်ရပေသည် ။

“ ကဲ .. ကဲ လာကြ ။ ဟောဒါက ရွှေတိဂုံဘုရား ကျားတက်ကာ ငါးရက်ကြာတဲ့ အခါကျတော့ ဂေါ်ရာတွေ ဝိုင်းတဲ့ ပုံ ကွဲ့ ။ ဟောဒါက ဂျပန်မ ကလေးတွေ ဘုတ်တလုပ်ကန် ထဲ မှာ ရေချိုးနေကြတဲ့ ပုံ ” 

အထမ်းသည်က အသံနေအသံထားနှင့် အော်နေလေသည် ။ သူ့ လက်သည် သေတ္တာဘေး ကော်ကွင်းကလေးများ ဖြင့် ချိတ်ထား သော ကြိုးစများကို တစ်စ ပြီး တစ်စ ဆွဲနေ၏ ။ ကားတစ်ချပ်ပြီးလျှင် တစ်ချောင်း ၊ နောက် တစ်ချပ်ပြီးလျှင် နောက်တစ်ချောင်း ဆွဲရလေသည် ။ တစ်ခါတစ်ရံတွင် အထမ်းသည် သည် သီချင်းလည်း ဆိုပြတတ်ပေသေးသည် ။ တစ်ခါ “ ဒွေးညီနောင် ”  ဇာတ်ကားမှ ဇာတ်ကား အပိုင်းအပြတ်ကလေးတစ်ခု ပြလေသည် ။

ကျွန်တော့်ထက် အရင် သေတ္တာမှန်ပေါက် နားသို့ ဦးစွာ ရောက်သူကား အောင်ရွှေ တည်း ။ အောင်ရွှေ ပြီးလျှင် ကျွန်တော်လည်း ဝင်ကြည့်သည် ။ ဇာတ်လိုက်ကျော်အေး က စစ်ကိုင်းတံတားကြီးပေါ်က ဒိုင်ဗင်ထိုးပုံကို ပြထားသော ဇာတ်ကား အပိုင်းအစကလေးများသာ ဖြစ်၏ ။ ပုပ္ပားသား အထမ်းသည် , သည် ကလေးတွေ စိတ်ဓာတ် ကို သိလေစွဟု နောက်မှ ကျွန်တော် သတိထားမိပေသည် ။

“ ကျော်အေး မြမြ က , ပြ တည်ထောင် မြန်မ အဆွေ အေဝမ်း ဒွေးညီနောင် ဒါကြောင့် ဆရာရွှေ သူ့ ဉာဏ်ဆန်းတွေ သူ့ ဉာဏ်ဆန်းတွေ စိုင်တမော့ က လူပြောင် ” 

ကျော်အေး စစ်ကိုင်းတံတားမှ ဒိုင်ဗင် ထိုးချသည့် အခန်း တွင် ပုပ္ပားသား က သူ့အသံဝါကြီးဖြင့် သီချင်းဆို၏ ။ မှန်သေတ္တာပေါက်တွင် ကြည့်ရသူ ပရိသတ် နှစ်ယောက်က “ ကျော်အေးကွ ကျော်အေးကွဲ့ ” ဟု ကြည့်ရင်း အော်ကြသည် ။ ဘေးက ရပ်နေသူများမှာ သူတို့ အော်သံကိုသာ ကြားရသည် ။ မြင်ကား မမြင်ရ ။

နောက်တစ်ကား ပေါ်လာသော အခါတွင် “ အပျိုတစ်သင်းတို့ ဗိုလ်ကင်း လာပြီ ရှောင်ကြ ၊ ဖယ်ကြဟေ့ ” ဟူသော ထိုခေတ်က ခေတ်စားသော ဟိန်းဗောင်းဆိုင်းကို တီး၏ ။ အောင်ရွှေ သည် လက်သီးကျစ်ကျစ် ပါအောင် ဆုပ်ရင်း မျက်နှာကို မှန်ဘီလူးနှင့် ကပ်နေအောင် ကြည့်နေသည် ။

ကျွန်တော်တို့ တစ်သိုက်သည် တစ်ယောက် တစ်လှည့်စီ လက်ပြန် ကြိုးတုပ်ခံ၍ ဇာတ်လိုက်လုပ်တမ်း ကစားကြ၏ ။ ကျန် လူတွေက ပုလိပ်တွေ လုပ်ကြသည် ။ ဇာတ်လိုက်က လက်ပြန်ကြိုးတုပ်ထားရာမှ ရုန်းထွက် ၍ ပုလိပ်လုပ်သူတွေနှင့် ဓားချင်းခုတ်ကြရသည် ။ ကျောင်းဝင်းထရံမှ ဝါးခြမ်းပြားများကား ကျွန်တော်တို့ ဓားများ ပင်တည်း ။ ကျွန်တော်တို့ တတွေ ဓားခုတ်တမ်း ကစားလွန်းသဖြင့် ကြာသော် ကျောင်းဝင်းထရံပင် ဟာလာဟင်းလင်း ဖြစ်ရလေသည် ။

အောင်ရွှေ ကား အမြဲ ဇာတ် လိုက်လုပ်ချင်သူတည်း ။ သူ သာလျှင် မကြာခဏ လက်ပြန်ကြိုး အတုပ်ခံရလေသည် ။ လက်ပြန်ကြိုး မတုပ်ခင် သူ့ကို ဖမ်းမိဖို့ ဆိုသည် မှာလည်း သိပ်မလွယ်လှ ။ သူ အပြေးသန်သဖြင့် တော်တော်နှင့် သူ့ကို ဖမ်းမမိနိုင်ချေ ။ တစ်ခါတစ်ရံတွင်လည်း ကျွန်တော်တို့သည် ဇာတ်လိုက်ကျော်အေး စစ်ကိုင်းတံတား ပေါ်မှ ဒိုင်ဗင်ထိုးသည်ကို အား ကျကာ ဒိုင်ဗင်ထိုးတမ်း ကစားတတ်ကြပေသေး၏ ။

“ ကိုလေး ထိန်ပင်ကန်သွားပြီး ရေချိုးရအောင် ” 

တစ်နေ့တွင် အောင်ရွှေသည် ကျွန်တော့်ကို လာ၍ အဖော်ညှိ လေသည် ။ ထိန်ပင်ကန် မှာ ကန် အလည်တွင် ထိန်ပင်ကြီးရှိသဖြင့် ထိန်ပင်ကန် ဟူ၍ပင် ခေါ်ကြ၏ ။

“ ဟာ ဖေဖေ ရိုက်လိမ့်မယ် ” ဟု ကျွန်တော်က ကန့်ကွက်သည် ။

“ မရိုက်ပါဘူး ကိုလေး ရ ။ မသိပါဘူး ။ ကိုလေး ရယ် ၊ ကျွန်တော် ရယ် ၊ တင်ခွေး ရယ် ၊ ဘညိန်း ရယ် ၊ စံဌေး ရယ် ”

အောင်ရွှေ သည် ကျွန်တော့် ကို မရအရ ခေါ် ၏ ။ နောက်ဆုံးတော့ ကျွန်တော်တို့ လိုက်လာခဲ့ပေသည် ။ ထိန်ပင်ကန်သို့ ရောက်သော် ကျွန်တော်တို့ ရေကူးကြသည် ။ ပေါက်ပေါက်ရှာရှာ စိတ်ကူးရသူကား အောင်ရွှေ ပင်တည်း ။

အောင်ရွှေ သည် ကျွန်တော်တို့ လူသိုက် ရေချိုးနေချိန်တွင် ဘယ်အချိန်က တက်သွားသည် မသိ ၊ ထိန်ပင် ထိပ်ဖျားတွင် ရောက်နေ၏ ။ သူ့ ကိုယ်သူ ကျော်အေး မှတ်၍ ထိန်ပင်ကို အင်းဝတံတား အောက်မေ့နေဟန် တူပေသည် ။ အောင်ရွှေ  ထိန်ပင်ထိပ်ဖျား မှ ဒိုင်ဗင်ထိုးချမည် ပြုသောအခါတွင် ကျွန်တော်တို့ တစ်သိုက်လည်း “ ကျော်အေးကွ ” ဟု မြှောက်ပေးကြသည် ။

သို့သော် ကျွန်တော်တို့ ဇာတ်လိုက် ကျော်အေး မှာ ထိုနေ့ က ကံကောင်း၍ ကိစ္စ မချောခြင်း ဖြစ်လေသည် ။ ထိန်ပင်ဖျား မှ ဒိုင်ဗင် ထိုးလိုက် ရာတွင် ရေအောက် ကျောက်|ဆောင်နှင့် တိုက်မိပြီး တော်တော်နှင့် ပေါ်မလာသဖြင့် တင်ခွေး ရေငုပ်၍ ရှာ မှ မြော့နေသော အောင်ရွှေ ကို တွေ့ရ၏ ။ အောင်ရွှေ ၏ ချိုစောင်းမှာ ဟက်တက်ကြီး ကွဲနေ၏ ။ ကမ်းစပ် ထိန်ပင်ရိပ်အောက်တွင် အတော်ကြာ သူ့ကို ဝိုင်းနှိပ်နယ်မှ သတိ ပြန်ရလေသည် ။ သို့သော် ချိုစောင်းက ဒဏ်ရာကို အိမ် အသိခံ၍ မဖြစ် ။ ထို့ကြောင့် ဆေးရုံဆေးစပ် ဆရာ ကိုအုံးညွန့် ဆီသို့ သွား၍ ဆေးထည့် ခိုင်းရသည် ။

“ သိပ်ဆော့တဲ့ ကောင်လေးတွေ ၊ အိမ်သွားပြီး တိုင်လိုက်မနော် ” ဟု ကြိမ်းကာ ကိုအုံးညွန့် က အောင်ရွှေ ၏ ခေါင်းကို ဆေးထည့်ပေးလိုက်သည် ။ အောင်ရွှေ ၏ ဆံရစ်ဝိုင်း တစ်နေရာကို ဓားဖြင့် ကွက်၍ ရိတ်လိုက်ရသည် ။ အောင်ရွှေ ခေါင်းကို ပတ်တီးစီးမည် လုပ်သောအခါ အောင်ရွှေ က ပတ်တီး မစီးရန် ပြော၏ ။ အိမ်ကလူတွေ ရုတ်တရက် သိမည် စိုးသဖြင့် ဖြစ်လေသည် ။

သို့သော် ညနေကျလျှင်ပင် ကျွန်တော် တို့ စွန့်စားခန်းမှာ ဘူးပေါ်သလို ပေါ်လေပြီ ။ မေမေ က ကန်သွား ရေချိုးရမလား ဟု ကျွန်တော်တို့ကို ဆူ၏ ။ ဖေဖေ ကား ကျွန်တော့် ကိုရော အောင်ရွှေ ကိုပါ ကြိမ်ဖြင့် သုံးချက်စီ ရိုက်ပေသေးသည် ။

••••• ••••• •••••

( ၃ )

နောက်နှစ်တွင် ကျွန်တော်တို့ ပခုက္ကူ သို့ ပြောင်းရွှေ့ကြ၏ ။ အောင်ရွှေ လည်း ကျွန်တော် တို့နှင့်အတူ ပြောင်း၏ ။ ကျွန်တော်ကား ဗုဒ္ဓဘာသာ အင်္ဂလိပ်မြန်မာကျောင်း တွင် လေးတန်း ရ၏ ။ အောင်ရွှေ ကမူ ကျောင်းဆက် မနေတော့ပေ ။

အောင်ရွှေ အလုပ်ကား နေ့လယ် ဖေဖေရုံးသို့ သွားလျှင် တရုတ်ကြိမ်ကရားဖြင့် လက်ဖက်ရည်အကြမ်း လိုက်ပို့ရသည် ။ နံနက်ပိုင်းတွင် ထမင်းအိုး တည်ရသည် ဆိုသော်လည်း အများအားဖြင့် မေမေ တည်ရသည် သာ များလေသည် ။ နံနက် ထမင်းစားပြီးလျှင် အောင်ရွှေ သည် ကိုလှ တို့ ကိုထွန်းရှိန် တို့ ဆံပင်ညှပ်ဆို င် ရှေ့သို့ သွား၍ မျောက်ပန်းလှန်သည် မှာ နေကုန်နေခန်းပင် ဖြစ်၏ ။ ညနေ ထမင်းအိုး တည်ခါနီးတွင် အိမ်သို့ ခဏ ပြန်လာကာ အတန်ကြာလျှင် ဆံပင်ညှပ်ဆိုင်နားရှိ တမာပင် တွင် ဆွဲထားသော ကွင်းဘားတွင် ကျွမ်းပစ် တတ်သည် ။ လေးတိုင်ဘား လွှဲ၍ နေတတ်သည် ။ ကစား ၍ မပြီးမချင်း အိမ်သို့ မပြန် ။ ခိုင်းစရာ ရှိ၍ လှမ်းခေါ်မှပင် အိမ်သို့ ပြန်လာတတ်ပေသည် ။ ညစာထမင်းစား ပြီးသော် အောင်ရွှေ အလုပ်မပြီးသေးချေ ။ လမ်းထောင့်ရှိ ဦးဘတင် ဘိလိယက်ခုံတွင် ထိုင် ၍ မာကာ လုပ်ပေးသေး၏ ။ တစ်ခါတစ်ရံ လူရှင်း၍ ဘိလိယက်ထိုး သင်သူ လာလျှင် သူက တစ်ဖက်မှ ဝင်ထိုးပေး၏ ။

“ အောင်ရွှေ  မင်း ကျောင်းလည်း မနေ အလုပ်လည်း ကောင်းကောင်း မလုပ်ဘူး ။ မင်း ကြ မ်းပိုး ဖြစ်မယ် သိလား ။ ခွေးမသား ဒီလိုသာ ဆိုရင် မဖြစ်ဘူး ။ မင်း ကို ချောင်းဆုံ ပြန်ပို့မှ ” 

ဖေဖေ က ကြိမ်းသည့် အခါများ တွင် အောင်ရွှေသည် ကျောက်ရုပ်လို မတုန်မလှုပ် ငုတ်တုတ် ထိုင်နေတတ်၏ ။ ဘာမျှ ပြန်မပြောချေ ။ အောင်ရွှေသည် မေမေ့ ကို မကြောက် ။ ကျွန်တော့်ဦးလေး ကို လည်း မကြောက် ။ သို့သော် ဖေဖေ့ ကို ကား ကြောက်လေသည် ။ အောင်ရွှေ ကို ဘယ်သူမှ ပြောဆို၍ မရသည့် အခါများ တွ င် ဖေဖေ ဝင် ပြောမှ နားထောင်လေတော့သည် ။

သို့သော် ခဏမျှသာတည်း ။ ဘိလိယက်ခုံ သွားလွန်း၍ ၊ မြောက်ပန်းလှန်လွန်း၍ ၊ အိမ် အလုပ်ကို ဟုတ်တိပတ်တိ မလုပ်ဘဲ လေးတိုင် ဘား ဆွဲလွန်း၍ ဖေဖေက ဆူသည့် အခါများ တွင် ရက်အတန်ကြာ အိမ်တွင် ကုပ်၍ အလုပ်လုပ် နေသော်လည်း နောက်တွင် မူ ဘိလိယက်ခုံ သွားမြဲ ၊ မျောက်ပန်း လှန်မြဲ ၊ လေးတိုင်ဘား ဆွဲမြဲသာ ဖြစ်လေသည် ။ ဝယ်ပေးထားသည့် အဝတ်အစား ကိုလည်း ကောင်းကောင်း မဝတ်ချေ ။ မျောက်ပန်း လှန်၍ ရှုံးလျှင် အဝတ်အစားကို ပေါင်၍ မျောက်ပန်း လှန်၏ ။ အောင်ရွှေ တွင် နှမြောခြင်း ၊ စုံမက်ခြင်း ဟူသည် မရှိ ။ သို့သော် သူ့ ဆံရစ်ဝိုင်း ကိုကား အောင်ရွှေ သည် သေရွာ သို့ ယူမည် ဟု ပိုင်းဖြတ်ထားဟန် တူလေသည် ။ တစ်ခါတလေ မေ့လောက်ပြီ အထင်ဖြင့် ဦးလေးက ဆံရစ်ဝိုင်းကို ခေါင်းတုံးတုံး၍ ဘိုကေ ထားရန် ပြောသော်လည်း မရချေ ။

“ ဟာ ဘထွေး ကလည်း ဆံပင် ရှည်လာပြီဗျ ။ သျှောင်တောင် ထုံးနိုင်တော့မယ် ” ဟု အတန်တန် ငြင်းလေသည် ။

“ မင့်ဟာကကွာ ၊ သျှောင်ကြီး နဲ့ လေးတိုင်ဘား လွှဲတာ ကြည့် မလှပါဘူး ”

“ ဒီ ဆံပင်တော့ ကျွန်တော် နှမြောဆုံးပဲ ။ ဘထွေး ၊ မလုပ်ပါနဲ့ဗျာ ”

“ ဟ မင်း ချောင်းဆုံ မှတ်နေသလား ။ ငါ့လခွီးမှ ပဲ မြို့ရောက်တာလည်း ကြာလှပြီ ။ ခုထက်ထိ သျှောင်ကြီးနဲ့ ဆိုတော့ ” ဟု ဦးလေးက ဆွပေး၏ ။

အောင်ရွှေ သည် အတန်ကြာမျှ ငိုင်နေပေသေးသည် ။ သူ့ စိတ်ထဲ တွင် သူ့ ဆံပင်ကို ပယ် လိုက်ရတော့မလား ဟု ဒွိဟ ဖြစ်နေဟန်တူ၏ ။ နောက်ဆုံးမှ ယတိပြတ် အသံဖြင့် ...

“ ဟာဗျာ မဖြတ်ချင်ပါဘူး ။ ပြီးတော့ ဘိုကေ ထားရတာက ပြောင်ထင်းထင်းနဲ့ ” 

အောင်ရွှေ မှာ လူပျိုပေါက်ပင် ဖြစ်၍ သူ့ဆံပင်မှာလည်း ခါတိုင်းလို သျှောင်လေးငုတ်တုတ်နှင့် မဟုတ်တော့ချေ ။ ခံ့ခံ့ညားညား သျှောင်ထုံး နိုင်လောက်အောင် ရှည်လာပြီ ဖြစ်၏ ။

အောင်ရွှေ သည် ဖေဖေ ဆူလွန်းမက ဆူသောအခါ မျောက်ပန်း မလှန်တော့ချေ ။ အောင်ရွှေ ကျွန်တော်တို့ အိမ်တွင် အသားကျကာ အိမ်သား တစ်ယောက်လို ဖြစ်နေလေပြီ ။ မျောက်ပန်း မလှန်သော်လည်း သူ့တွင် အလုပ်သစ်တစ်ခု ရလာ၏ ။

အောင်ရွှေ သည် မနက် ထမင်းချက်ပြီးလျှင် ဆွမ်း ဖိတ်၍ထားသော စာသင်သား ဦးပဇင်းများအား နံနက်တိုင်း ဆွမ်းလောင်းရ၏ ။ ဆွမ်းခံပါးချိန် ရောက်ပြီဆိုလျှင် ကျွန်တော်တို့ အိမ်ရှေ့မှာ ရုပ်ရှင်ကြော်ငြာကား လှည့်လာတတ်၏ ။ အောင်ရွှေ သည် ကလေးတွေနှင့် ရော၍ ကြော်ငြာ တောင်းလေသည် ။ ကြာသော် နံနက် ကြော်ငြာကား လာတိုင်း ဘိုင်စကုတ် ကြော်ငြာ လိုက်သည့် အလုပ်ကား အောင်ရွှေ အလုပ် ဖြစ်သွားလေသည် ။

အောင်ရွှေ သည် သူ့အိပ်ခန်းကလေးထဲတွင် ဘိုင်စကုတ်ကြော်ငြာတွေကို ခန်းလုံးပြည့် ကပ်ထား၏ ။ ယခင်က ညစာထမင်း စားပြီးလျှင် ၊ ဘိလိယက်ခုံ သို့ သွားမြဲ ဖြစ်သော်လည်း တယ်မသွားလှတော့ချေ ။ ဘိလိယက်ခုံမှ ဘိုင်စကုတ်ရုံ ဆီသို့ ခြေဦးလှည့်ပြန်လေသည် ။ အောင်ရွှေ သည် ကားသစ် လဲတိုင်း မလွတ်တမ်း ကြည့်၏ ။ ပခုက္ကူ ရှိ ဘိုင်စကုတ်ရုံ နှစ်ရုံသို့ ရောက်လာသည့် ဇာတ်ကား မှန်သမျှ အောင်ရွှေ မကြည့်ဖူးသော ဇာတ်ကား မရှိ ။ အိမ်ပြန် ရောက်တော့လည်း ဘိုင်စကုတ်ဇာတ်လမ်း ကို ကျွန်တော့် အား ပြန်ပြောရသည် မှာ အမောပင် ။

ရုပ်ရှင်ထဲမှ ဇာတ်လိုက်တွေ ဒိုင်ဗင် ထိုးသည်ကို မြင်သောအခါ အားကျ၏ ။ ထိန်ပင်ကန် ထဲ၌ ခေါင်းပေါက်သည်ကိုပင် ဂရုမစိုက်သေးဘဲ သင်္ဘော မိုးပေါ်မှ တက်၍ မြစ် ထဲသို့ ဒိုင်ဗင်ထိုးသေး၏ ။ လေးတိုင်ဘား ကိုလည်း အမေ မွေးကတည်းက ကစားလာသူ ပမာ ကျွမ်းကျင်စွာ ၊ ကစားနိုင်ပေသေးသည် ။

ဆံပင်ညှပ်ဆိုင်မှ ကိုလှတို့  ၊ ကိုထွန်းရှိန် တို့ကမူ အောင်ရွှေ ရုပ်ရှင်ရူး ရူးလွန်းသဖြင့် သူ့ ကို “ ဇာတ်လိုက်အောင်ရွှေ ” ဟု ခေါ်ကြလေသည် ။

“ ဟေ့ အောင်ရွှေ ၊ မင်း ဇာတ်လိုက်လုပ်ပါ လားကွ ၊ မင်း ကိုယ်လုံး ကိုယ်ပေါက် ကလည်း တောင့် ၊ ရုပ် က လည်း စတိုင်ပဲ ၊ ချစ်ဆွေကြီး နဲ့ တူသလိုလို ” ဟု ကိုလှ က အောင်ရွှေ မမြင်အော င် ကိုထွန်းရှိန် အား မျက်စိတစ်ဖက် မှိတ်၍ ပြောလိုက်၏ ။

“ ဖြစ်မှာ မဟုတ်ဘူး ဗျ ”

“ ဘာလို့ မဖြစ်ရမှာလဲကွ ။ ဒိုင်ဗင်တွေ ဘာတွေလည်း အရသားပဲဟာ ။ မင်း တင်ငွေ တို့  ၊ ချစ်ဆွေကြီး တို့ ဒါနဲ့ ဖြောင့်နေတာပဲ ။ တချို့ ဇာတ်လိုက်များ မင်း လို တောင် ဒိုင်ဗင်တွေ ဘာတွေ မရဘူး ။ လူငှား ပြီး အလုပ်ခိုင်းရတယ် ၊ မင်း မြင်းတို့ ဘာတို့ ကော မစီးတတ်ဘူးလား ” 

“ ဟာ  မြင်းနဲ့ ပတ်သက်ရင် အရည်ကျို သောက်လာတဲ့ ကောင် ၊ ဦးလေးညွန့်မြင်း ဖောင်းဝတ်ကြီး ဟာ ဆိုးလွန်းလို့ ဘယ်သူမှ မစီးရဲဘူး ။ ကျုပ် စီးမှ အသားကျ သွားတာ ။ ဒါပေမဲ့ မော်တော်ဆိုင်ကယ် တို့ ဘာတို့ မစီးတတ်ဘူးဗျ ”

“ ဟ မော်တော်ဆိုင်ကယ် စီးတာ က မခက်ပါ ဘူးကွ ၊ သင်ရရင် နှစ်ရက် သုံးရက်ပေါ့ ။ ဒါပေမဲ့ကွာ ဇာတ်လိုက် က သျှောင်ကြီး နဲ့ မနိပ်ပါ ဘူး ”

အောင်ရွှေ သည် ဘာမျှ မပြောတော့ချေ  ။ နောက်သော် ကျွန်တော့် ကို ဇာတ်လိုက် အကြောင်းသာ တဖွဖွ ပြောလေသည် ။ ကျွန်တော် နား မထောင်သော အခါများ တွင် ကိုလှ တို့ ၊ ကိုထွန်းရှိန် တို့ ဆံပင်ညှပ်ဆိုင်သွား ၍ ပြောနေတတ်ပေသည် ။

“ မင်း လုပ်ချင်ရင် ကိုတင်အေးကြီး နဲ့ လိုက်သွားရုံပဲ ၊ တို့ ပြောပေးလိုက်မယ် ။ ကိုတင်အေးကြီး သူငယ်ချင်း တစ်ယောက် က အေဝမ်း မှာ ကင်မရာမင်း လုပ်နေတယ် ”

ကိုလှ တို့  ၊ ကိုထွန်းရှိန် တို့ နောက်၍ အောင်ရွှေ မှာ နေမြင့်လေ အရူးရင့်လေ ဖြစ်လာ၏ ။ သို့သော် ခေတ်ပျက် သွားသဖြင့် အောင်ရွှေ  သည် ဇာတ်လိုက် မဖြစ်ခဲ့ရှာပေ ။ ဂျပန်ခေတ်တွင်ကား ကျွန်တော့် ဦးလေး က အောင်ရွှေ အား စာပို့ ပြာတာ အလုပ်ခိုင်း၏ ။ မော်တော်ကား ကောင်းကောင်းမရှိ ၊ ပခုက္ကူ နှင့် မြိုင် ၂၇ မိုင် ခရီး ကို အောင်ရွှေ သည် တစ်ရက်ခြား နေ့ချင်းပြန် သွားလေသည် ။ ယခုက္ကူ မှ မြိုင် စာတိုက် သို့ ပို့သည့် စာပို့အိတ် ၊ မြိုင်စာတိုက်မှ ပခုက္ကူစာတိုက်သို့ ပို့သည့် စာပို့အိတ်ကို သယ်ရင်းဖြင့်သာ အချိန် ကုန်ခဲ့လေသည် ။

ဖုံထူကြမ်းတမ်းသော ပခုက္ကူ - မြိုင် ကားလမ်းသည် အောင်ရွှေ ၏ ခြေရာဖြင့်သာ ပြည့်နှက် နေလိမ့်မည် ထင်၏ ။

••••• ••••• •••••

( ၄ )

မဟာမိတ်များ ပြန်ဝင်လာသောအခါ အောင်ရွှေ သည် ရန်ကုန် သွားမည် ဟု ဖေဖေ နှင့် မေမေ ကို ပြော၏ ။ ဖေဖေ နှင့် မေမေ က အတန်တန် တားသော်လည်း မရချေ ။ နောက်ဆုံးတွင် အိမ် က ငွေငါးဆယ် ပေးလိုက်၏ ။ အားလုံး စိတ်မကောင်းကြချေ ။ ကျွန်တော်တို့ အိမ်သူအိမ်သားများ လည်း စိတ်မကောင်း ။ အောင်ရွှေ လည်း မျက်နှာ မသာလှပေ ။

“ အောင်ရွှေ မင်း ရန်ကုန် သွားပြီး ဘာလုပ်မယ် စိတ်ကူးလဲ ” 

“ မပြောတတ်သေးဘူး ကိုလေး ။ ဦးလေးတို့ မမတို့ ကျေးဇူး ကျွန်တော့် အပေါ်မှာ အများကြီး ရှိပါတယ် ကိုလေးရာ ”

အောင်ရွှေ က နှင့် မေမေ ကို ဦးလေး နှင့် မမ ခေါ်၏ ။ ကျွန်တော့် ကိုမူ သူ့ ထက် အသက် တစ်နှစ်လောက် ကြီး သဖြင့် ကိုလေး ဟု ခေါ် လေသည် ။

“ ဒါဖြင့် ဘာလုပ် သွားချင်တာလဲ ဟ ။ ဟိုမှာ မည်မည်ရရ အလုပ်လည်း မရှိဘဲနဲ့ ”

“ ဒါပေမဲ့ တစ်ရွာ မပြောင်း သူကောင်း မဖြစ် ဆိုသလို ” 

“ အမယ်လေးဟဲ့လေး ။ မင်း ကို ကျောင်း ထားတယ် ။ ကျောင်းမနေချင်ဘူး ။ အလုပ် သွင်းပေးတယ် အလုပ် ကောင်းကောင်း မလုပ်ဘူး ၊ ဒါတော့ မင်း က မပြောဘဲကိုး ” 

“ ဟုတ်ပါတယ် ကိုလေး ကိုလေးတို့ တာဝန် ကျေပါတယ် ။ ကျွန်တော့် စိတ်ကကို တစ်မျိုး ဖြစ်လို့ပါ ။ ကျွန်တော်တို့ ကသာ တာဝန် ပျက်တာပါ ခက်တယ် ကိုလေး ရ ” ဟု ညည်းလေသည် ။

“ ဘာပြုလို့ ခက်တာလဲ ”

“ ကျွန်တော်က ကျောင်း လည်း မနေချင် ။ ဒီ အလုပ်တွေလည်း မည်မည်ရရ မလုပ်ချင် ” 

“ ဒါဖြင့် မင်း ရန်ကုန် ရောက်တော့ကော ” 

“ ဟို ရောက်တော့ မီးစင်ကြည့် ကရမှာပေါ့ ကိုလေး ရ ။ ပထမတော့ ကျပန်းလုပ် ”

“ ကျပန်းလုပ်ပြီးတော့ ငွေစု ၊ ငွေစု ပြီးတော့ ချောင်းဆုံ ပြန် ၊ ချောင်းဆုံ ပြန်ပြီးတော့ ”

အောင်ရွှေ သည် ခေါင်းယမ်း ၍ ရယ်လေသည် ။ ကျွန်တော့် စကားကို သဘောကျ နေဟန် တူ၏ ။

“ ဒါဖြင့် ဘာလုပ်မလဲ ” 

အောင်ရွှေ သည် ဘာမျှ ပြန်မဖြေ ၊ အဝေးသို့သာ ငေး၍ နေလေသည် ။

ကျွန်တော် သည် အောင်ရွှေ ကိုယ်စား ဝင်၍ ကြည့်မိသည် ။ ရန်ကုန်မြို့လယ်ကောင် တွင် အောင်ရွှေ  ဘယ်လိုများ နေပါလိမ့် ။

“ ဒီလိုပေါ့ ကိုလေးရာ ”

“ ဟ မင်းက ငါ့ ကို ကွယ်ဝှက်ထားဦး မလို့လားဟ ။ အကြောင်း တစ်စုံတစ်ခု ရှိလို့ မှ ဘယ် နေလို့ ဘာ လုပ်မှန်း မသိ ” 

အောင်ရွှေ သည် သျှောင် ကို ပြင်ပတ်လိုက်သည် ။ ပြီးမှ ကျွန်တော့် ရှေ့သို့ တိုးကာ ။

“ ကိုလေး ဘယ်သူ့ ကို မှ မပြောပါဘူးလို့ ကတိပေးမလား ” ဟု စပ်ဖြဲဖြဲဖြင့် မေးပါသည် ။

“ ဘာလဲ မင်းဟာက သူပုန်ထမယ့် စီမံကိန်းလား ” 

“ မဟုတ်ပါဘူး ကိုလေး ရ ” 

“ ကိုင်း ပေးပါပြီတဲ့ဗျာ ပေးပါပြီတဲ့ ။ မင်း ဟာကို ဆိုစမ်းပါဦး ” 

“ ကျွန်တော် ဇာတ်လိုက် လျှောက်မလို့ ” 

“ ဘာကွ ” ဟု ကျွန်တော် က သူ့ စကားကို နား မလည်သဖြင့် မေးလိုက်သည် ။ အောင်ရွှေ ကတော့ အဓိပ္ပာယ်ကို ရှင်းပြ၏ ။

“ မရူးစမ်းပါနဲ့ အောင်ရွှေ ရာ ။ ကိုထွန်းရှိန် တို့  ၊ ကိုလှတို့ က မင်း ရူးမှန်း သိလို့ စ နေတာ အဟုတ်မှတ်လို့ ” 

“ မဟုတ်ဘူး ကိုလေး ၊ ပန်းပဲတိုက် က ကိုတင်အေးကြီး လေး ငါးရက်လောက် ရှိရင် ရန်ကုန် သွားမှာ ကျွန်တော် သူ့ ကို ပြောခဲ့ပြီးပြီ ။ ရန်ကုန် ရောက်ဖို့ အရေးကြီးတာပါပဲ ။ ဟို ရောက်ရင် ကျွန်တော့် ဘာသာ မီးစင်ကြည့် ကရမှာ ပေါ့ ” 

ကျွန်တော် သည် ရူးနိုင်ရန်ကော ဟု အောင်ရွှေ ကို ဒေါသထွက်ထွက်ဖြင့် ရိုက်ပစ်လိုက်ချင်၏ ။ သို့သော် ကျွန်တော် မတတ်နိုင်ချေ ။ ကျွန်တော် ကိုယ်တိုင် လည်း ရုပ်ရှင်လောက အကြောင်းကို ကောင်းစွာ နားမလည်ချေ ။ သို့သော် အောင်ရွှေ  စိတ်ပျက်အောင် သိသမျှ နားလည် သမျှ ကို အတန်တန် ပြောသေး၏ ။ အောင်ရွှေ  ဇာတ်လိုက်ကျော်ကြီး မဖြစ်ခင် သူ့ နေရေးထိုင်ရေးကို တွေး၍ စိတ်မချမ်းမသာ ဖြစ်သည် ။ ခါးပိုက်နှိုက် ဂိုဏ်းများ နှင့် ပေါင်းမိလေမလား ။ မတော်တရော် သတင်းတွေများ ကြားရ လေမ လား ဟု စိတ်တထင့်ထင့် ဖြစ်မိသည် ။ သို့သော် ကျွန်တော်တို့ စိုးရိမ်လေသမျှသည် အချည်းနှီး သာတည်း ။ အောင်ရွှေ သည် ဖေဖေ နှင့် မေမေ ကို ကန်တော့ပြီး ရန်ကုန် သို့ ပါသွားလေသည် ။ သူ့ ခေါင်းမှ သျှောင်ထုံးကား မပျက်ပင် ။

ရန်ကုန် ရောက်လျှင် ရောက်ချင်း အောင်ရွှေ ဆီမှ စာတစ်စောင် လာသည် ။ ထိုစာ၌ ရန်ကုန်သို့ ချောချောမောမော ရောက်ကြောင်း ၊ ၁၄ လမ်း ပွဲရုံ တစ်ရုံတွင် ချောင်းဆုံ က အသိတွေ နှင့် တည်းခိုနေကြောင်း လောက်သာ ပါလေသည် ။ သူ၏ ဇာတ်လိုက် အကြောင်းကား စိုးစဉ်းမျှ ဘာမျှ မကြားရသည်မှာ ယနေ့တိုင် ဖြစ်လေသည် ။

အောင်ရွှေ ရန်ကုန် ဆင်းပြီး တစ်နှစ်ကြာသော် ကျွန်တော် ကောလိပ်သို့ ရောက်လေသည် ။ ရောက်ခါစတွင် သတိရသလို ရှိ၍ ၁၄ လမ်း ပွဲရုံများ ဘက်သို့ ခြေဦးလှည့် မေးကြည့်သည် ။ သူတို့ လည်း အောင်ရွှေ လို အညတြ ကို မသိကြချေ ။ အောင်ရွှေ ကို ၁၄ လမ်း ပွဲရုံများ တစ်ဝိုက်မှ သိရအောင် ဆို၍လည်း အောင်ရွှေ သည် ကုန်သည် မဟုတ်ချေ ၊ ရုပ်ရှင်ကုမ္ပဏီများတွင် ဇာတ်လိုက် မဖြစ်ခင် ( မှန်ထိုး ၊ ဆိုက်ပတ် ) စသည်တို့ လုပ်နေမလား ဟုလည်း တွေးမိသည် ။ သို့သော် ကျွန်တော် ကိုယ်တိုင် အဆက်အ သွယ် မရှိသဖြင့် လိုက်မမေးဖြစ်ခဲ့ပေ ။

ကြာသော် အောင်ရွှေ ကို ကျွန်တော် လုံးဝ မေ့သလိုလို ရှိပေသည် ။ အောင်ရွှေ ဆိုလျှင် ကျွန်တော့် စိတ်ထဲတွင် အိပ်မက် ကဲ့သို့ ဝင်လာသူသာတည်း ။ ကျွန်တော် သာလျှင် မဟုတ် ၊ ဖေဖေ နှင့် မေမေ တို့ အဖို့လည်း အောင်ရွှေ သည် လောကမှာ ပျောက်ဆုံးနေသော အညတြ တစ်ဦး မျှသာ ဖြစ်နေလေသည် ။ ကျွန်တော် ကျောင်းရောက်စတုန်း ကတော့ ရန်ကုန် မှာ အောင်ရွှေ ကို မတွေ့ဘူးလား ဟု မေးဖော် ရသေး၏ ။ ကြာသော် ဖေဖေတို့ မေမေတို့ ထံမှ စာတွင် အောင်ရွှေ၏ အမည် မပါတော့ချေ ။

တစ်ခါ ဇာတ်ကားတစ်ကားတွင် အောင်ရွှေ ပါသည်ဟု ကျွန်တော့် ညီက ပြောလာ၏ ။ ဇာတ်ကားအမည်မှာ “ လူမိုက်နဲ့ ငွေ ” ဆိုလား ဘာလား ကျွန်တော် မမှတ်မိတော့ချေ ။ ကျွန်တော်သည် ဝမ်းပန်းတသာဖြင့် ဘုရင့်ရုံသို့ ပြေး၍ကြည့်သည် ။ ဇာတ်ကားမှာ များစွာ စိတ်ပျက်ဖွယ် ကောင်းသော ဇာတ်ကားတည်း ။ ကားမှာ မှုန်သည့် အပြင် တုန်လည်း တုန်သေး၏ ။ ကားဆွဲလိုက်သည် မှာ စာတန်းထိုးပြသည်ကို ပင် ဖတ်၍ မရအောင် ဖြစ်၏ ။ ထိုဇာတ်ကားမှ အောင်ရွှေ သဘောကျ “ ဒိုင်ဗင် ဖိုက်တင် ” တို့ များသော ဇာတ်ကားဖြစ်၏ ။ ဇာတ်လိုက်များ ကြော်ငြာကို ဖတ်ရာတွင် ဇာတ်လိုက် ငွေဘ ဟု သာ တွေ့ရ၏ ။ အောင်ရွှေ အမည်ကို မတွေ့ရချေ ။

ဘိုင်စကုတ် ပြီးသည် အထိ အောင်ရွှေ ကို မတွေ့ခဲ့ရသောကြောင့် ကျွန်တော် က -

“ ဟေ့ကောင် မင်း ဟာက အောင်ရွှေ ပါတယ်ဆို ဘယ်မှာလဲကွ ” ဟု ကျွန်တော့် ညီ ကို လှမ်းပေးသည် ။

“ ဟင် ကိုကို မမြင်လိုက်ဘူးလား ” 

“ ဟင့်အင်း ” 

“ ဟို သုံးထပ်တိုက်ပေါ် က ဒိုင်ဗင် ထိုးချတာလေ ” 

“ ဟ အဲဒါ ဇာတ်လိုက် ငွေဘ ပဲကွ ” 

“ ဟာ ကိုကို ကလည်း အ , ပေ့ဗျား ၊ အဲဒါ အောင်ရွှေ ပေါ့ ၊ ဇာတ်လိုက် ငွေဘ ဘာဖြစ်လို့ ဆိုလား မထိုးနိုင်လို့ သူက အစားဝင်ထိုးပေးရတာတဲ့ ”

“ သိပါဘူးဗျာ ” ဟုသာ ကျွန်တော် က ညည်းနိုင်တော့သည် ။ သို့သော် အောင်ရွှေ အဖို့ သူ့ ရည်မှန်းချက်မှာ အရင်ကနှင့် စာလျှင် အပုံကြီး နီးလာပြီဟု အောက်မေ့ရသေး၏ ။ အရင်က ပုပ္ပါး ကျောက်ပန်းတောင်း မှ ဆင်းလာသော အောင်ရွှေ ၊ ရွှေတိဂုံဘုရား ကျားတက်သည့် ရုပ်သေကို စွဲခဲ့သည့် အောင်ရွှေ  ၊ ရုပ်ရှင် မှန်သမျှကို မလွတ်တမ်း ကြည့်သည့် ရုပ်ရှင်ရူး အောင်ရွှေ သည် ခုတော့ ဇာတ်လိုက်ကျော်ကြီး ဘဝ ကို မရောက်သေးသည့် တိုင် ပွဲကြည့်ပရိသတ်တို့၏ မျက်လုံးအစုံကို ရှုစားရာ ၊ ပိတ်ကားပေါ်သို့ ရောက်လာပြီ ဖြစ်သဖြင့် သူ့အဖို့ အားတက်မည် ဆိုက အားတက် နိုင်လောက်ပါလေသည် ။

ထို့နောက်တွင် အောင်ရွှေ့ အကြောင်းကို မကြားရသည်မှာ ကျွန်တော် ကျောင်းမှ ထွက်သည့် တိုင်အောင် ဖြစ်၏ ။ ကျောင်းတုန်းကမူ အောင်ရွှေ ကို မေ့သလောက် ရှိသော်လည်း ကျောင်းပရိဝုဏ် အပြင်ဘက် ရောက်၍ အရပ်ထဲတွင် အောင်ရွှေ လို လူငယ်လူရွယ်တွေ ကို မြင်သောအခါ အောင်ရွှေ ကို အမှတ်ရသလိုလို ရှိလေသည် ။

••••• ••••• •••••

( ၅ )

ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်သည် လမ်းလျှောက်ထွက်ခဲ့ကြသည် ။ တနင်္ဂနွေနေ့ နံနက်တိုင်း ကျွန်တော်တို့ နှစ်ယောက်သည် မြင်းပြိုင်ကွင်း
တစ်ပတ် လမ်းလျှောက်မြဲ ဖြစ်လေသည် ။ ကျွန်တော်တို့ လမ်းလျှောက်ထွက်လာသော အချိန်မှာ ဝေလီဝေလင်း မျှသာ ရှိသေး၏ ။

ဆောင်းဦးပေါက် နံနက်မှာ နှင်းတွေ မှုန်နေလေသည် ။ သစ်ရွက် မြက်ရွက်တွေ ပေါ်မှာ နှင်းတွေ ဥနေကြသည် ။ နှင်းမှာ သည်းလွန်းလှသည် ။ နှင်းသည်း သဖြင့် မြင်းပြိုင်ကွင်းတံတိုင်းကြီး ကိုပင် ရေးရေးမျှသာ မြင်ရလေသည် ။ မြင်းပြိုင်ကွင်း ဘေးရှိ ဂေါ်ဖီခင်း ၊ ချဉ်ပေါင်ခင်းများထဲတွင် ရေလောင်းနေကြသည် ။ ရေတွင်းမောင်းတံ မှ တကျိကျိ မြည်သံကို ကြားရလေသည် ။

ကျွန်တော်တို့လို စောစောစီးစီး ထ၍ လမ်းလျှောက်သော ကု,လား ဇနီးမောင်နှံ ကိုလည်း တွေ့ရလေသည် ။ ကု,လားကြီးမှာ အဆီတွေ အစ်ပြီး ဖိုင့်ဖိုင့်ကြီး ဖြစ်၍ တုတ်ကောက်ကြီးကို ထောက်၍ လမ်းလျှောက် လာ၏ ။ သူ့ ဇနီးကား အင်မတန် ချောသော မဂိုမကလေးပေတည်း ။ အသားမှာ ဖြူဝင်းလျက် ရှိပြီး အရပ် မြင့်မြင့်နှင့် များစွာကြည့်၍ လှလေသည် ။ သူတို့ နှစ်ယောက်လုံးမှာ အနွေးထည် အပြည့်အစုံ ဝတ်ထားကြလေသည် ။

ကျွန်တော်တို့ ညီအစ်ကို သည် အအေး သက်သာအောင် ခပ်သွက်သွက်ကလေး လမ်းလျှောက်သွားကြရသည် ။ မြင်းပြိုင်ကွင်း အနောက်ဘက် လမ်းမကြီးပေါ်သို့ ရောက်သောအခါ နှင်းကွဲစပြုပေပြီ ။ သို့သော်လည်း ခပ်ဝေးဝေး သို့ မမြင်ရသေးချေ ။

ကျွန်တော်တို့ ခပ်သုတ်သုတ် လျှောက်လာကြပြန်သည် ။ ဂျော်ကီကလပ် ဘေးရှိ ကွင်းထဲတွင် ဘူးသီးကြော်ဆိုင် တစ်ဆိုင် ရှိသည် ။ ထို ဆိုင်တွင် တနင်္ဂနွေနေ့တိုင်း ကျွန်တော်တို့ ဝင်စားနေကျ ဖြစ်သည် ။ ဘူးသီးကြော်ဆိုင် နားအရောက် ရှေ့မှ မှန်မှန်ကျလာ မြင်းခွာသကို ကြားရသည် ။ အနီးသို့ ရောက်တော့မှ ပြိုင်မြင်းတစ်ကောင် လမ်းလျှောက်ကျင့် ပေးလာသည်ကို တွေ့ရလေသည် ။ ပြိုင်မြင်းမှာ အပေါ်တွင် ဝတ်ရုံကို ခြုံထား၏ ။ ရှေ့ဆိုက်ကု,လားကား မချမ်းမစီး စပို့ရှပ်လက်တိုကလေးကို ဝတ်၍ အပေါ်မှ ဆွယ်တာလက်ပြတ်ကို ထပ်၍ ဝတ်ထား၏ ။ လက်ကိုင်ပဝါကို စွန်တောင်ဆွဲ၍ နားရွက်များကို ပတ်စည်းထားလေသည်  ။ စောစောက တွေ့ခဲ့ သော ကု,လားဇနီးမောင်နှံ နှင့် ဆိုက်ကု,လားမှာ အလှမ်း ကွာလေခြင်း ။

ရှေ့ တော်တော် လှမ်းလာသည်အထိ မျက်စိရှင်သော ကျွန်တော့် ညီက နောက်သို့ လှည့်ကြည့်လှည့်ကြည့် လိုက်လာသည် ။ ကျွန်တော် ကမူ ခပ်သုတ်သုတ် လျှောက်လာပေသည် ။ လက်ဖက်ရည်ကြမ်း ပူပူကလေးကို သောက်လိုလှပြီ ။ ဘူးသီးကြော် ပူပူကြွပ်ကြွပ်ကို ဝါးလိုလှပြီ ။

“ ကိုကို မြင်းဆွဲသွားတဲ့ ကု,လားဟာ ကိုအောင်ရွှေကြီး နဲ့ တူတယ် ” ဟု ကျွန်တော့်ညီ မောင်မြင့်သိန်း က လှမ်းပြောလိုက်သည် ။

“ အာ ဟုတ်မယ် မထင်ပါဘူးကွ ။ ဒီကောင် ရန်ကုန်မှာ မရှိတော့ဘူး လိုလို ကြားတယ် ” 

“ ကျွန်တော်တော့ သူပဲ ထင်လိုက်တာပဲ ”

“ ဟို သူ မြင်သားပဲ ၊ ဟုတ်ရင် နှုတ်ဆက်မှာ ပေါ့ဟ ”

“ သူ က ရှက်ချင် ရှက်နေမှာပေါ့ ကိုကိုရဲ့ ” 

ကျွန်တော်တို့ နှစ်ယောက် သူ့ နောက်သို့ ခပ်သုတ်သုတ် လိုက် လာခဲ့ကြသည် ။ မြင်း နှင့် ဆိုက်ကု,လား အတော် ဝေးသွားလေပြီ ။ သို့သော် နေရောင် ပွင့်စပြုလာပြီ ဖြစ်၍ ပုံပန်းသဏ္ဌာန် ကိုကား ခွဲ၍ ရနိုင်လေသည် ။

“ အေး လမ်းသွားပုံ ကတော့ တူတာပဲကွ ” 

ဆိုက်ကု,လား မှာ ငိုက်စိုက်ငိုက်စိုက်နှင့် သွားလျက် ရှိလေသည် ။

“ မောင်မြင့်သိန်း လှမ်း ခေါ်စမ်းဟေ့ ၊ လှမ်းခေါ်ကြည့်စမ်း ”

မောင်မြင့်သိန်း က လှမ်း ခေါ်သော အခါတွင် ဆိုက်ကု,လားသည် ခဏ ပြန်လှည့်ကြည့်သည် ။ သို့သော် မရပ်ပေ ။ ရှေ့သို့သာ ဆက်လျှောက် သွားပေသည် ။

“ ဟုတ် မထင်ပါဘူးကွာ ”

“ ဟုတ်ပါတယ် ကိုကို ရဲ့ ၊ ကိုအောင်ရွှေ ပါ ”

မောင်မြင့်သိန်း က နောက်တစ်ခါ လှမ်းအော်သည် ။ သူ သည် မြင်းပါးချပ်ကြိုးကို ဆွဲ၍ ရပ်နေပေသည် ။

“ အေး ဟုတ်တယ် ၊ ထင်တယ်ဟေ့ ”

ကျွန်တော်တို့ နှစ်ယောက် ခပ်သုတ်သုတ် လျှောက်လာသောအခါ သူလည်း ကျွန်တော်တို့ ဘက်သို့ ပြန် လျှောက်လာသည် ။ အောင်ရွှေ ပင် ဖြစ်ပေသည် ။ သို့သော် သူ့အသားမှာ ယခင်က လို ဖြူစပ်စပ် မဟုတ်တော့ပေ ။ နေလောင်သဖြင့် ညို ၍ နေ၏ ။

“ ဟေး အောင်ရွှေ ”

အောင်ရွှေ သည် ကျွန်တော်တို့ကို မြင်သောအခါ ပြုံး လာ၏ ။ ကျွန်တော်တို့ကို တွေ့ရမှာ ရှက်သလိုလို ဖြစ်နေဟန် တူပေသည် ။

“ ဟေ့ကောင် အမလေး ၊ မင်း ခု ဘယ်မှာလဲ ၊ ဘာလုပ်နေသလဲ ” ဟု ကျွန်တော် က အနားသို့ မရောက်ခင် အလောသုံးဆယ် လှမ်း၍ မေး၏ ။ အောင်ရွှေ ကမူ မဖြေသေးပေ ။ ပြုံး၍မျှ သာ ပြုံးလာပြီး အနားသို့ ရောက် မှ ...

“ ကျွန်တော် တာမွေထဲမှာ ”

“ မင်း နှယ်ကွာ ၊ အိမ် လည်း စာလေးဘာလေး မရေး ၊ သတင်း မကြားရ ဘာမကြားရ နဲ့ နေပါဦး ၊ ခု တာမွေ ဘယ်နားမှာလဲ ”

“ တာမွေ မြလမ်းထဲက ဦးစိန်ဆင် ရဲ့ ဇောင်းထဲမှာ ”

“ နေပါဦး ၊ ဒါဖြင့် ဘာလုပ်နေလဲ ဘိုင်စကုတ် ရိုက်သေးသလား ” ဟု ကျွန်တော်က ရိုးရိုးသားသားပင် မေးလိုက်ပါသည် ။ သူ ကမူ ပြုံး၍ ခေါင်းကို အောက်သို့ ငုံ့လိုက်ကာ ...

“ မြင်တဲ့ အတိုင်းပဲ ကိုလေးရဲ့ ”

“ ဘာပဲ ဆိုက်ကု,လားလား ”

သူက ခေါင်းကိုသာ ညိတ် ပြလိုက်၏ ။ ပါးစပ်က တစ်ခွန်းမျှ မပြောပေ ။

“ နေပါဦး အစကတော့ ဇာတ်ကား တစ်ကားထဲ မှာ ပါသေးတယ် မဟုတ်လား ”

“ အလကားပါ ကိုလေး ရာ ” ဟု အောင်ရွှေ က ရှက်သလိုလို ဖြေလိုက်၏ ။

“ ဘယ့်နှယ် အလကားလဲကွ ”

“ ဟာ ကိုယ့်ရုပ် ကိုတောင် ကိုယ် ပေါ် အောင် ပြခွင့် မရဘူး ။ ဇာတ်လိုက် ငွေဘ နေမကောင်းလို့ သူ့ အစားဝင်ပြီး ဒိုင်ဗင်ထိုးရတာပါ ”

“ ဒါ အစရှိသေးတာကို ”

“ နောက်လည်း ဒီလို နေရာမှာပဲ ကိုလေး ။ ကျွန်တော်ဖြင့် တွေ့ရာလူ တပည့်ခံလိုက်ရတာ ။ မှန်ထိုး ဆို ထိုးဦး ။ အဝတ်အစားသေတ္တာ သယ် ဆို သယ်ဦး ။ ကင်မရာ ထမ်းချ ဆို ထမ်းဦး ၊ ဒိုင်ဗင် ထိုးပြ ဆို ထိုးပြ ၊ ခုန်ပြ ဆို ခုန်ပြဦး ။ အို စုံလို့ပဲ ”

“ ဒါတော့ လုပ်ရမှာ ပေါ့ကွ ”

“ ဟာ ဒါချည်းပဲ ကိုလေး ရ ။ တစ်နှစ်မှ ကား သုံးလေးကားလောက် ရိုက်တယ် ။ မှန်ထိုးလို့ ပေးတော့ တစ်နေ့ တစ်ကျပ် နှစ်ကျပ်ပေးတယ် ။ တစ်ခါတလေ ရတောင် မရဘူး ။ ကျွန်တော် ဘာနဲ့ သွားစားနေရမလဲ ”

“ နေပါဦး ။ ရောက်စက ကော ဘယ်လို လုပ်နေသလဲ ”

“ ရောက်စကတော့ မီးစင်ကြည့် ကရတာပေါ့ ကိုလေး ရာ ။ ဆိုက်ကား လည်း နင်းဖူးတယ် ။ ခါးပိုက်လည်း တစ်ခါနှစ်ခါ နှိက်ခဲ့ဖူးတယ် ။ ဒါက ကြပ်လွန်းလို့ပါ ။ နောက် ကားစပါယ်ယာလည်း လုပ်ခဲ့ဖူးတယ် ၊ အို စုံလို့ ပဲ ”

ကျွန်တော် က သူ့ ခေါင်းဆီသို့ သွား၍ မျက်စိကစားမိသည် ။ သူ့ ခေါင်းမှာ လက်ကိုင်ပဝါ စီးထား၏ ။

“ ဟေ့ နေစမ်းပါဦး ၊ မင်း လက်ကိုင်ပဝါကြီး ဖြုတ်လိုက်စမ်းပါဦး ”

“ ဟာ ကိုလေး ကလည်း ဗျာ ” ဟု ဆို၍ အောင်ရွှေ သည် ရှက်ပြုံး ပြုံးနေ၏ ။

“ ဖြုတ်စမ်းပါကွ ၊ ဘာလဲ မင်း သျှောင်ထုံး မရှိတော့ဘူးလား ”

အောင်ရွှေ က ခေါင်းညိတ်ပြရင်း လက်ကိုင် ပဝါကို ဖြုတ်လိုက်၏ ။ သူ့ ခေါင်းတွင် သူ အင်မတန် နှစ်သက်ခဲ့သော သျှောင်ထုံး မရှိတော့ချေ ။ သျှောင်ထုံး အစား ကျော်ဆွေ တို့  ၊ ရွှေဘ တို့ ထားသော ဆံပင်ရှည်ကြီးကို မြင်ရ၏ ။ သို့သော် ဆံပင်မှာ ဆံစကလေး တစ်စမျှ မထောင် ၊ ပိပြားပြောင်လက်လျက် ရှိလေသည် ။

“ အဲဒီ “ လူမိုက်နဲ့ ငွေ ” ဆိုတဲ့ ဇာတ်ကား ရိုက်တုန်းကပေါ့ ၊ ဇာတ်လိုက်နဲ့ တူအောင် ဘိုကေ ထားမှ ဖြစ်မယ်ဆိုလို့ ”  ဟု အောင်ရွှေ က ပြော လေသည် ။

“ မင်း ငါ နဲ့ရင် လာနေပါလား ” ဟု ကျွန်တော်က ခေါ်၏ ။ အောင်ရွှေ သည် ခေါင်းကို တွင်တွင် ယမ်းကာ ..

“ နေပါစေ အစ်ကိုလေး ရာ ကျွန်တော် ခု ဦးစိန်ဆင် ဇောင်းမှာပဲ ကိုက်တယ် ။ ဒီနေရာက စားသာတယ် ကိုလေး ရ ။ မြင်းပွဲအုပ်ဒိုင်လေး ဘာလေး ဖွင့် ၊ တနင်္ဂနွေ ဆိုရင် တွဲပွဲလေး ဘာလေး ထိုး ။ အို တာမွေဇောင်းတွေ တစ်ဝိုက်မှာတော့ ကျွန်တော့် လက်ရာ ကျွန်တော့် ခြေရာချည်းပဲ ။ ဒီမှာ မစားသာရင် လည်း မီးစင်ကြည့် ကရဦးမှာ ပေါ့ ” ဟု အောင်ရွှေ က ရယ်၍ ပြော၏ ။

“ ဒါဖြင့် မင်း ဇာတ်လိုက် လုပ်မယ် ဆိုတာကကော ”

“ ဟင်း ဟင်း ”  ဟု မရယ်ချင် ရယ်ချင် ရယ်ပြီးမှ

“ ခု ဇာတ်ထုပ်မှာတော့ မြင်တဲ့ အတိုင်း ဆိုက်ကု,လားဇာတ်လိုက်ပဲ ကိုလေး ။ နောင်တော့ ခါးပိုက်နှိက် ဇာတ်လိုက် ဖြစ်မလား ။ ခေါင်း ဇာတ်လိုက် ဖြစ်မလား ။ မသိသေးဘူး ။ မီးစင်ကြည့် ကရဦးမှာပေါ့ ”

အောင်ရွှေ သည် ရယ်နေ၏ ။ သူ့ စကားကို သူ သဘောကျနေဟန် ရှိလေသည် ။ ကျွန်တော် ကလည်း သူပြောသည့် အဓိပ္ပာယ်ကို ရိပ်မိကာ ...

“ ကောင်းကောင်း နေပါကွာ ။ အိမ်လည်း လာခဲ့ဦး ” ဟု ဆို၍ ကျွန်တော့်အိမ်လိပ်စာ ကို ပေးကာ ခွဲခဲ့ပါသည် ။ ခပ်လှမ်းလှမ်း ရောက်မှ အမှတ်ရ၍ နောက်သို့ ပြန်လှည့်ကာ ...

“ အောင်ရွှေ ရေ မဟုတ်တယုတ် နေရာမှာတော့ ဇာတ်လိုက် ဖြစ်တယ်လို့ မကြားပါရစေနဲ့ ဟေ့ ” ဟု လှမ်း၍ အော်ပြောလိုက်သည် ။ အောင်ရွှေ ကမူ ဘာမျှမပြော ၊ လှည့်၍ ရပ်ပြပြီး မြင်းပါးချပ်ကြိုးကို ဆွဲလျက် ရှေ့ သို့ လျှောက်သွား၏ ။ မြင်းခွာသံကိုမူ တဖြောက်ဖြောက် ကြားနေရပေသေးသည် ။

ဪ လူတွေဟာ အောင်ရွှေ ပြောသလို မီးစင်ကြည့်ပြီး ကကြရတဲ့ ဇာတ်လိုက်တွေ ချည်းပါပဲလား ။

⎕ မြသန်းတင့်
📖သွေးသောက် မဂ္ဂဇင်း
     မတ်လ ၊ ၁၉၅၆ခုနှစ်

No comments:

Post a Comment