❝ ဂျမ်းဘုံ တစ်ယောက် ဘိုးဘိုးအောင် နဲ့ တွေ့သတဲ့ ❞
( အောင်မြင် )
ဟိုး .. ဟိုး .. ခေါင်းစဉ်ကို မြင်လိုက်တာ နဲ့ ပဲ ဒီဝတ္ထုဟာဖြင့် .. “ ဂျမ်းဘုံ တစ်ယောက် အနမ်း ခံရသတဲ့ ” ဝတ္ထုထဲက ဇာတ်လိုက် ဂျမ်းဘုံကလေး အကြောင်းကို ဆက် ရေးသော အခန်းဆက် ဝတ္ထုလို့ မထင်လိုက်ပါ နဲ့ ချစ်စွာသော စာဖတ်သူ ရယ် ... ။ အလဲ့ စာဖတ်တဲ့ လူတွေကိုလည်း ဝတ္ထုထဲက မြှူမှ ဆွယ်မှ ခရာမှ တာမှ နာမည်ကြီးတယ်ဆိုလို့ ခပ်ညုညု ရေးရတာပဲ ဗျို့ .. ၊ ရှိစေ .. ၊ ရှိစေ .. ၊ ကျွန်ုပ် ဖြေအံ့ .. ။ အကယ်၍ စာဖတ်သူတို့ မြို့က ဂျမ်းဘုံကလေး တစ်ယောက် သာလျှင် ဤဝတ္ထုထဲက ဂျမ်းဘုံ ၏ အတွေ့အကြုံများနှင့် ရင်ဆိုင်ရလျှင် စာဖတ်သူတို့၏ ဂျမ်းဘုံ ရာဇဝင်တွင် အောက်ပါ ကဏ္ဍများသည် ပါဝင် ကောင်း ပါဝင်လာလိမ့်မည်ဟု ဆိုချင်ပေသည် ။
မိုက်ရူးရဲ အပျိုကလေးများ ၏ အဖို့တွင် ဤ ရန်ကုန်မြို့ကြီးသည် တံတားပေါက်များ ၊ ဝီစကီပုလင်းကွဲတို့ဖြင့် ပြည့်နှက်၍ နေပေ၏ ။ ထို့ကြောင့် ရန်ကုန်မြို့ကို ခြေချမိသော နယ်မှ အပျိုကလေးများသည် ကိုယ့်ခြေလှမ်းကို ကိုယ် သတိထားကြရာသတည်း ။ သို့သော် .. အမျိုးသမီးများ နှင့် ဆိုင်ရာ အသင်းအဖွဲ့များ ၊ ရဲအဖွဲ့များသည် တောမှ လာသော အပျိုကလေးများအား ဘေးအန္တရာယ်ပြုမည့် ထောင်ချောက်များကို ကောင်းစွာ နားလည်ထားကြ ၏ ။ ထို့ကြောင့်ပင်လည်း ယင်းသည် တောအပျို့ ကျေးဇူးရှင်အဖွဲ့များသည် ကျွန်ုပ်တို့၏ ဇာတ်လိုက် ဂျမ်းဘုံကလေးအား အမျိုးမျိုးသော အပျို့ အန္တရာယ်များ အကြားမှ စောင့်ရှောက် လမ်းပြ ကာ ဂျမ်းဘုံကလေး၏ ရည်ရွယ်ချက် ပန်းတိုင် သို့ မရောက်ရောက်အောင် ပို့ဆောင်နိုင်ခဲ့ကြပေသည် ။ ကိုင်း .. ဝတ္ထု စကြစို့ ။ ပရိသတ် ပျင်းရော့မည် ။
ဂျမ်းဘုံသည် ရန်ကုန်မြို့ တစ်ဖက်ကမ်း က ရွာကလေး တစ်ရွာ၌ အေးအေးဆေးဆေး နေထိုင်သူဖြစ်၏ ။ သူ့ မိခင် မရှိ ၊ သူ့ ဖခင်ကြီး ဦးဖိုးလူ က ရန်ကုန်တွင် တက်၍ “ မို့မို့မောက် ဇာဘော်လီကုမ္ပဏီ ” တွင် စက်ချုပ်၍ စားနေရသူဖြစ်လေသည် ။ တစ်လ တစ်ကြိမ် လောက်သာ သမီးလေးရှိရာ မြစ် တစ်ဖက်ကမ်း ရွာကလေးသို့ ကူးလာ တတ်သည် ။ တစ်လလုံး စုထားသော ငွေကလေးထဲမှ သမီးကလေးအား အဝတ်အစားကလေးများ ၊ မုန့်ဖိုးကလေးများ ပေးကာ နှစ်ရက်လောက် နေပြီး ရန်ကုန်သို့ ပြန်ကူးတတ်လေ သည် ။ ဖခင်ကြီးက အသက် ၁၇ နှစ်ခန့်ရှိ သမီးအား စက်ချုပ် ကောင်းကောင်း တတ်လျှင် ရန်ကုန်သို့ ခေါ်ကာ မို့မို့မောက် ဇာဘော်လီဆိုင်ကြီးတွင် အလုပ် သွင်းပေးရန် လျာထားပြီး ရွာတွင်ပင် ချုပ်ရိုး ဖြောင့်ဖြောင့် ပေါက်တတ်အောင် သင်နေစေသည် ။ သင်ရန်လည်း လွယ်ကူ၏ ။ အဘယ်ကြောင့် ဆိုသော် ... ဂျမ်းဘုံ ၏ အဒေါ် သည် အိမ်၌ အထည်ဆိုင်ကလေး ထောင်ထား ၏ ။ ထိုအိမ် ၌ ဂျမ်းဘုံ နေရလေရာ အပ်ချုပ်စက် နှင့် နီးစပ် နေ၏ ။ ဂျမ်းဘုံ ၏ အဒေါ် ယောက်ျား စက်ချုပ်သမား တစ်ဦး ဖြစ်သူ ဦးလေးကလည်း ဂျမ်းဘုံ အသက်ရ၍ ဝဝကစ်ကစ်ကလေး ဖြစ်လာလေလေ စက်ချုပ် များများ သင်ပေးချင် လေလေ ဖြစ်လာ၏ ။ “ မှန်းစမ်း .. မှန်းစမ်း ... ဟောဒီ လက်ညှိုးကလေး က ဟောဒီလို ဖိထားမှ ချုပ်ရိုး သေသပ်တယ် ” ဟု လက်ထပ် သင်ပေးရသည်မှာလည်း အမောတကောပင် ဖြစ်လေသည် ။ အထူးသဖြင့် အဒေါ် လုပ်သူ ကြွေးတောင်း သွားပြီဆိုလျှင် ဦးလေးက ဂျမ်းဘုံအား စက်ချုပ် သိပ်သိပ်ပြီး သင်ပေးချင်လေသည် ။
သို့ကလို နေဆဲတွင် ဂျမ်းဘုံ၏ ဖခင် ဦးဖိုးလူ မှာ လက်တွင် အပ်ပေါက်မိ၏ ။ လက်ဦးတွင် အပရိက သဘောထား၍ ဆေးမြီးတိုနှင့် ကု ကာ စက်ကို ဆက် ချုပ်နေ၏ ။ အပ်ပေါက် မိသော ဒဏ်ရာမှာ ထုတ်ချင်းခတ် ဒဏ်ရာ ဖြစ်ရာ မကြာမီ အဆိပ် ဖြစ်ပြီး လက်ညှိုး သာ မက တစ်လက်လုံး ကိုင်း နေအောင် ရောင်ရမ်းကာ စက်မချုပ်နိုင်အောင် ဖြစ်လာ၏ ။ မို့မို့မောက် ဘော်လီကုမ္ပဏီ ပိုင်ရှင် ဦးဘိုးအောင် က ဂျမ်းဘုံ ၏ အဖေကို ဆေးရုံပို့၏ ။ ဆေးရုံက လက်ညှိုး ဖြတ်ပစ်ရမည်ဟု ဆို၏ ။ ထိုအခါ ဂျမ်းဘုံ၏ အဖေက ရွာသို့ ပြန် ကာ အနာပေါက် ဆရာကြီး ဆရာအုံ ၏ ဆီမန်းနှင့် ကုမည် ၊ လက် ကို တော့ အဖြတ်မခံနိုင်ဟု ဆို၍ ရွာသို့ ပြန်လာ၏ ။ ဆရာအုံ ၏ ဆီမန်းအစွမ်း မည်မျှ ထက်သည်ကား မသိရ ၊ မကြာမီ ဦးဖိုးလူ သည် ညှော်မိကာ ငန်းဖမ်းပြီး မာလကီးယား လေတော့သည် ။
ဂျမ်းဘုံ ၏ အဖေ ဦးဖိုးလူ သေကြောင်း သတင်းရသော အခါ မို့မို့မောက် ပိုင်ရှင် ဦးဘိုးအောင် က လူကြုံ နှင့် ငွေ ၅ဝိ ပို့လိုက်၏ ။ လိုအပ်သော အကူအညီ အားလုံးပေးမည် ဟူသော ကတိစကား ပါ သည့် စာတစ်စောင် ကို လည်း ရေးလိုက်လေသေးသည် ။ ထို့ကြောင့် ဖခင်၏ ဈာပန ပြီးစီး၍ ရက်လည် ဆွမ်းကျွေးပြီးသော အခါ ဂျမ်းဘုံ အတွက် ဖခင်ကြီး ထားပစ်ခဲ့သော အမွေအနှစ် မှာ ကား ငွေ ၂ဝိ နှင့် လိုအပ်သော အကူအညီပေးမည်ဟု ကတိထားသော ဦးဘိုးအောင် ၏ အားပေး ကူညီစာ သာ လျှင် ဖြစ်လေသည် ။
အဲဒီလို အပျိုကလေးတစ်ယောက် ချောက်ကျပြီဆိုလျှင် အဒေါ့် ယောက်ျား ဦးလေး တို့က တစ်စခန်း ထရ စမြဲ မဟုတ်ပါလား ။ ဒါမှ ဝတ္ထု ပီသပေမည် ။ ဦးလေးသည် သူ့ ဇာတ်ကွက် ကို သူ ပိုင်နိုင်စွာ ကပြ၏ ။ အဒေါ် ကြွေးတောင်းသွားခိုက်တွင် ဂျမ်းဘုံ အား အိပ်ခန်းသို့ ခေါ်ပြီး အနင်းခိုင်း၏ ။ သို့သော် ဂျမ်းပုံ သည် တောသူ ဝတုတ်ကလေးပီပီ အားကောင်း၏ ။ သန်မာ ၏ ။ ထို့ကြောင့် ဦးလေး ခမျာ အံကြီး ခဲ၍ တောက် တစ်ခေါက်ခေါက် နှင့် ဆောင့်ကြောင့်ကြီး ထိုင်လျက်သား ကျန်ရစ်ခဲ့စဉ်တွင် ဂျမ်းဘုံ သည် ကြုံရာ ကူးတို့ နှင့် ရန်ကုန် ဘက်သို့ အဝတ်သေတ္တာကလေး ကို ဆွဲကာ လိုက်ပါ လာခဲ့လေသည် ။ ဂျမ်းဘုံ ၏ အိတ်ထဲ၌ ငွေနှစ်ဆယ် နှင့် ဦးဘိုးအောင် ၏ အားပေးစာသည် ပါလာ၏ ။
“ ဘာကြောက်ရမှာလဲ ၊ ငါ အခု စက်ကောင်း ပေါက်တက်ပြီ ၊ မို့မို့မောက်ဘော်လီရုံ မှာ ဝင်ပြီး အလုပ် လုပ်မှာပေါ့ ။ ဦးလေးအောင် က အချိန်မရွေး ကူညီမယ် လို့ ကတိ ပေးထားတာကပဲ ” ဟု ဂျမ်းဘုံ ကြုံးဝါး၏ ။ ကိုင်း .. စာဖတ်သူနော် .. ဦးဘိုးအောင် ရဲ့ စာကို ကျပ်ကျပ် သတိထားပြီး ဖတ် ဗျ ။ ဒီဝတ္ထုဟာ စုံထောက်ဝတ္ထု ဖြစ်ချင် ဖြစ်နေမှာ ။
အထက်ပါ နည်းအတိုင်း ဂျမ်းဘုံ သည် ငွေနှစ်ဆယ် နှင့် ဦးဘိုးအောင်၏ စာကို လက်နက်ပြုကာ လောကကြီးကို အနိုင်ယူရန် ထွက်လာခဲ့လေပြီ ။ သို့သော် ဦးဘိုးအောင် ၏ စာတွင် တစ်ခု ချို့ယွင်းနေသည်မှာ ကား မို့မို့မောက် ဇာဘော်လီဆိုင် ၏ လိပ်စာ ပါမလာခြင်းပင် ဖြစ်သည် ။ ရန်ကုန် သို့ ရောက်လျှင် မို့မို့မောက် နှင့် ဦးလေးအောင် ကို ဘယ်ပုံ ရှာမည်နည်း ။ သို့သော် ဂျမ်းဘုံ က ဤ အရေးအတွက် မပူပင် လှ ။ ရန်ကုန်သို့ ရောက်လျှင် အလုံတွင် နေသော မိတ်ဆွေ အိမ်၌ တည်းခိုမည် ။ အဲဒီ အိမ်ရဲ့ လိပ်စာကိုတော့ ဂျမ်းဘုံ သိသည် ။ အဲဒီ အိမ်ကမှ တစ်ဆင့် မို့မို့မောက် ကုမ္ပဏီ နှင့် ဦးဘိုးအောင် ကို ရှာမည် ။ အလွယ်ကလေး ပါ ။ ပြီးတော့ ရန်ကုန်ရဲအဖွဲ့ ဟာ အခုခေတ်မှာ စီးတီး ပူလစ္စ မဟုတ်တော့ လို့ သိပ်ပြီးတော့ ယဉ်ကျေးနေတယ် ဆိုပဲ ။ “ အစ်ကိုကြီးရယ် ကျွန်မ မသွားတတ်လို့ လိုက်ပို့စမ်းပါ ” ဆိုလျှင် လိုက်ပြီးတော့ ပို့သတဲ့ ၊ ထို သတင်းကောင်းများ ကို ကြားထားရသဖြင့် ဂျမ်းဘုံ သည် ရန်ကုန်သို့ ရဲရင့်စွာ ထွက်လာခဲ့သည် ။
ရန်ကုန်ကို ဂျမ်းဘုံ ရောက်ပါပြီ ။ မိတ်ဆွေ လင်မယား၏ အိမ်ကို တွေ့ပါ၏ ။ သို့သော် သူတို့က ပြော၏ ။ မို့မို့မောက်ဇာဘော်လီ ကုမ္ပဏီက နေရာသစ် တစ်ခုကို ရွှေ့သွားပြီတဲ့ ။ နေရာဟောင်းကိုသာ သိပြီး နေရာသစ်ရဲ့ လိပ်စာကိုတော့ မသိဘူးတဲ့ ၊ ပြီးတော့ သူတို့ လင်မယားက နှစ်ယောက်စလုံး အလုပ်သမားတွေဖြစ်နေကြတော့ ဂျမ်းဘုံ နဲ့ အတူတူ လိုက်ပြီး ရှာမပေးနိုင်ကြလို့ ဝမ်းနည်းပါတယ် တဲ့ ။ ဒါကြောင့် ဂျမ်းဘုံ သည် ရန်ကုန်တစ်ခွင် ပြဲပြဲစင် အောင် မို့မို့မောက် ဇာဘော်လီကုမ္ပဏီကို တစ်ရက်ပြီး တစ်ရက် ရက်ဆက် ရှာရလေတော့သည် ။
ပထမနေ့ တွင် ... ဂျမ်းဘုံ သည် ဗိုလ်ချုပ်ဈေး တစ်ဝိုက် တွင် လှည့်လည်၍ စုံစမ်းရှာ၏ ။ စုံစမ်းခါမှပင် မို့မို့မောက်ဘော်လီကုမ္ပဏီမှာ ပျောက်ချက်သား ကောင်းနေ၏ ။ ဘောက်တောက်ဇာဘော်လီဆိုင် ၊ ဖောင်းဖောင်းကြီး ဇာဘော်လီဆိုင် ၊ ဂွမ်းထူထူ ဘော်လီဆိုင် ၊ ချွန်ချွန်ကြီးဘော်လီဆိုင်တွေကိုတော့ အလွယ်တကူ တွေ့ရပါ၏ ။ မို့မို့မောက် ဘော်လီကုမ္ပဏီ ကိုတော့ ရှာလို့ပဲ မတွေ့ ။
ချာလည်ချာလည် ရွှေကြေးစည် ဖြစ်နေရပြီး နောက် ဂျမ်းဘုံ သည် မတတ်သာသည့် အဆုံးတွင် သိမ်ကြီးဈေးဘက်သို့ ကူး လာခဲ့၏ ။ ဆေးရုံထောင့် သို့ ရောက်သော အခါတွင် သတ္တဘာဂ နတ်ကန်းကလေး ၏ မမြင်မကန်း သောက်ရမ်း ပစ်လွှတ်လိုက်သော မြားတစ်စင်း သည် အထက်တန်းစာရေးကြီး ကိုဘခင်၏ အသည်း နှလုံးကို ဝင်၍ စူး သတည်း ။
ကိုဘခင် သည် လူပျို မကြီးတကြီးဖြစ်သည် ။ အသက် ၂၀ လောက်တုန်းက ရည်းစားထားဖူးသည် ။ ရည်းစားကို ခိုး၍ပြေးဖူးသည် ။ လူကြီးတွေ က နေ့ချင်းလိုက်လာပြီး ပြန်ခွဲ သဖြင့် လင်မယား မဖြစ်ခင် ကွဲကြရလေရာ ... သူ့ ကောင်မလေးက တခြားလူ နှင့် ပေးစားခံရမည် စိုး၍ အဆိပ်မျိုလိုက်၏ ။ ထိုအခါမှစ၍ ကိုဘခင် မှာ အသည်းနှလုံးတွေ ဗြန်းဗြန်းကွဲကာ လူပျိုကြီး လုပ်နေခဲ့လေသည် ။ မပေါင်းလိုက်ရသော သူ့မယားလောင်းကလေး၏ နေရာ၌ အစား ထိုးရန် မာဂရက် မင်းသမီး ကိုပင် အလိုမရှိဟု တစ်ဝန်းလုံးသို့ ကြေညာထား၏ ။ သို့သော် ... သို့သော်
ဒီကနေ့ကျမှပင် ကိုဘခင် သည် သိမ်ကြီးဈေးဘက်မှ နေ၍ ဘုရားလမ်းအတိုင်း စက်ဘီးနှင့် စီးလာ၏ ။ ဗိုလ်ချုပ်ဈေးဘက်က လာ သော ဂျမ်းဘုံ ကလည်း ဘုရားလမ်းသို့ ကွေ့ ချိုး လိုက်၏ ။ ဂျမ်းဘုံ နှင့် ကိုဘခင် မျက်နှာချင်းဆုံကြ၏ ။ ကိုဘခင် သည် လက်ဦး၌ သူ့ ရည်းစား သေရွာက လာပြီး ကိုယ်ထင် ပြသည် ဟု ထင်လိုက်မိ၏ ။ နောက်မှ သူ့ ရည်းစားနှင့် ချွတ်စွတ် တူနေသော အခြား မိန်းကလေး တစ်ယောက် ဖြစ်ကြောင်းကို သတိ ထားမိကာ စက်ဘီး ကို ဘရိတ်အုပ်၍ ရပ်ကာ ဆင်းလိုက်သည် ။ ပြီးလျှင် ဂျမ်းဘုံ အား “ စကားကလေး တစ်ခွန်း ပြောပါရစေ ညီမလေး ရယ် ” ဟု တောင်းတောင်းပန်ပန် ပြောလိုက်လေသည် ။ ဤကား ... အစမျှသာ ရှိသေး ၏ ။ ကိုဘခင် ၏ စိတ်ကူး ထဲ ၌ ကား ဂျမ်းဘုံ နှင့် ရသော သားဦးကလေး က သေးပေါက်ချသဖြင့် သူ့ လုံချည်တွင် ရွဲရွဲစို၍ များပင် နေလေပြီ ။
“ တွေ့ပြီ ... ငါ့ အချစ်ဦးနဲ့ တစ်ပုံတည်း တူတဲ့ ဖူးစာရှင် ကို ခုမှ ငါ တွေ့ရပြီ ၊ ရုပ်ရည်ကတော့ အပျိုပါပဲ ။ ငါ ကြိုးစားမယ် ၊ ငါ သူ့ ကို ရအောင်ယူမယ် ။ တစ်သက်လုံး သားမှတ်မှတ် မယားမှတ်မှတ် လုပ်ကျွေးမယ် ” ဟု ဆုံးဖြတ်ချက်တွေလည်း ချပြီးသား ဖြစ်နေ၏ ။
ဂျမ်းဘုံ သည် လူစိမ်း တစ်ယောက်က နှုတ်ဆက်ခြင်း ခံလိုက်ရသဖြင့် ... အံအားသင့်သွား၏ ။ အနည်းငယ် ရင်ဖိုသွား၏ ။ ထို့ကြောင့် ကိုဘခင် ၏ ဘေးမှ ရှောင်၍ တစ်ဖက်သို့ လျှောက်သွားမိရာ ကိုဘခင် သည် အခွင့်ကောင်း ကြီး လက်လွတ် သွားမည်စိုးသဖြင့် ... “ နေပါဦး ညီမလေး ရဲ့ ... စကားလေး တစ်ခွန်း လောက်ပါ ...” ဟု ပြောရင်း ဂျမ်းဘုံ ၏ နောက်က လိုက်ရန် စက်ဘီးကို တွန်းလိုက်၏ ။ သို့သော် သူ့ စက်ဘီး ကား တွန်း၍ မရ လှည့်ကြည့်လိုက်ရာ အပေါ်ပိုင်း အဖြူ အောက်ပိုင်း အနက်ဝတ်စုံ နှင့် ရန်ကုန်ရဲဝဝကြီး တစ်ဦး က စက်ဘီးကို ဆွဲထားကြောင်း အံ့အားသင့်ဖွယ်ရာ တွေ့ နေရလေ၏ ။
“ ဘာလဲဗျ .. ဘာပြုလို့ ကျုပ် စက်ဘီးကို ဆွဲထားရတာလဲ ..” ဟု ကိုဘခင် က မေး၏ ။ ထိုအခါ ရဲဝဝကြီးက “ သူ မကြိုက်ရင်လည်း အတင်း လိုက်ပြီး စကားမပြောနဲ့လေ .. မိန်းကလေး ကမှ မနှစ်သက်တာကို ဘာလုပ် လိုက်နေမလဲ ... တခြား မိန်းကလေးတွေ အပုံကြီးပါ ... လမ်းလယ်ကောင်မှာ အမြင် မတော်ပါဘူး .. သူ့ ဣန္ဒြေ ကိုလည်း လေးစားပါဦးမှပေါ့ ဗျ - ဟဲ ဟဲ ... ” ဟု ပြန် ပြောလိုက်သဖြင့် ကိုဘခင် က “ ကျုပ် နဲ့ သိတောင် မသိရသေးပါဘူးဗျာ ... ခုမှ မိတ်ဖွဲ့ မလို့ပါ .. လွှတ်ပါဗျ .. ဟိုမှာ ဝေး သွားပြီ ..” ဟု မချင့်မရဲ ပြောနေမိ၏ ။ ရဲကြီးလည်း ခပ်လေးလေး ရယ်ရင်း “ ကျွန်တော်တို့ က ခုခေတ် ရဲတွေမို့ပေါ့ဗျာ ...အရင်ခေတ်က ပုလိပ်တွေသာ ဆိုရင် .. ခင်ဗျားကို ( ဖော်တီးပိုင်း ) နဲ့ ဖြစ်ဖြစ် ၊ ( ဝက်သတ် ) နဲ့ ဖြစ်ဖြစ် အရေးယူ ပြီး ... ဟဲ .. ဟဲ .. ခုခေတ် ယဉ်ကျေး တဲ့ ရဲတွေ မို့ မိန်းကလေးလည်း ဣန္ဒြေ မပျက်ရလေအောင် ဖျောင်းဖျောင်းဖျဖျ သတိပေးတာပါဗျာ .. ကျုပ်တို့ ကို ဖြီးမနေပါနဲ့ ၊ ကဲ .. ကဲ ... သွားတော့ ...” ဟု ဆိုကာ လွှတ်လိုက်၏ ။ ကိုဘခင် ကလည်း ဂျမ်းဘုံ သွားရာ သို့ ခပ်သုတ်သုတ် စက်ဘီးနှင့် လိုက်သွား၏ ။ သို့သော် ... ဂျမ်းဘုံ သည် လူအုပ်ကြားတွင် ပျောက်၍ မျက်ခြည်ပြတ် သွားချေပြီ ။
ရဲဝဝကြီး သည် အမျိုးသမီး တစ်ဦး ဣန္ဒြေ မပျက်အောင် ဆောင်ရွက်ပေးလိုက်ရ သဖြင့် ကျေကျေနပ်နပ်ကြီး ပြုံး ၍ ကျန်ရစ်ခဲ့လေသည် ။ အကယ်၍သာ ရဲဝဝကြီး ကြားဝင် မစွက်ပါက ... ဤ စာကို ရေးချိန် ၌ ဂျမ်းဘုံ သည် စာရေးကြီးကတော် ဖြစ်နေလေ မလားပဲ ။
ပထမနေ့ က စိတ်ပျက်ပျက် ဖြစ်လာသော ဂျမ်းဘုံ သည် ဒုတိယနေ့ နံနက်ပိုင်းတွင် အစီအစဉ် တစ်မျိုး ပြောင်းရ ပြန်၏ ။ မိမိ တွင် ပါလာသော ငွေကလေး နှစ်ဆယ်သည် အတုလ ထမင်းအိုး မဟုတ်သဖြင့် ကြာရှည်ခံမည် မဟုတ် ၊ ခရီးစရိတ် ကလည်း ရှိသေးသည် ။ ထို့ကြောင့် မို့မို့မောက်ဘော်လီကုမ္ပဏီ ကို ရှာရင်း ယာယီ အလုပ်တစ်ခု ကိုလည်း ရှာရပေဦးမည် ၊ ယာယီ အလုပ်ကို လုပ်မှ ထမင်းစရိတ် ၊ ခရီးစရိတ် ဝင်ငွေရှိပြီး မို့မို့မောက် ကို တွေ့အောင် ရှာနိုင်မည် မဟုတ်ပါလား ။ မို့မို့မောက်ဘော်လီဆိုင်ကို မတွေ့ခင် ပါလာတဲ့ ငွေကလေး ကုန်သွားမှဖြင့် အခက်ပဲ ။
ထို့ကြောင့် ဒုတိယနေ့ တွင် ဂျမ်းဘုံ သည် မို့မို့မောက် ကို ရော အလုပ်ကိုပါ ရှာရင်း ရန်ကုန်မြို့ ထဲသို့ ရောက်လာရ ပြန်လေသည် ။ ဂျမ်းဘုံ သည် သိမ်ကြီးဈေး မှနေ၍ ဆူးလေဘုရားလမ်း ဘက်သို့ လျှောက်လာ၏ ။ တစ်နေရာ သို့ရောက်သောအခါတွင် နိုင်လွန်တွေ ၊ ဇာတွေ ရောင်းသော ဆိုင်ကြီး တစ်ဆိုင်ကို တွေ့ရလေရာ .... ၊ ဂျမ်းဘုံ သည် အပျိုကလေး ပီပီ ခေတ်ဆန်းအထည်များကို မက်မက်မောမော ကြည့်၍ နေမိရှာ လေသည် ။ ထိုခဏ ၌ ဆိုင်ထဲမှ အသက် သုံးဆယ်ခန့် အရွယ်ရှိ အမျိုးသမီးတစ်ဦး ထွက်လာကာ ဂျမ်းဘုံ အား “ ဘာများအ လိုရှိလို့ပါလဲ ညီမလေး ရယ် ..” ဟု သာယာညှင်း ပျောင်း မေးလိုက်လေ၏ ။
ဂျမ်းဘုံ လည်း ဆိုင်ရောင်း စာရေးမတစ်ဦး ဖြစ်ကြောင်း ကို အကဲခတ် လိုက်မိပြီး လျှင် ပြန်၍ ပြုံးပြရင်း ... “ ဘာရယ်လို့တော့ မဟုတ်ပါဘူး အစ်မကြီး ရယ် .. ကြည့်တာ သက်သက်ပါပဲ ” ဟု အလိုက်သင့် ပြော လိုက်ရသည် ၌ စာရေးမ က “ ကြည့်လေ ကြည့်ချင်တာကို ပြော ... အစ်မကြီး ဗီရိုထဲက ထုတ်ပြမယ် ... အားမနာရပါဘူး .. ” ဟု ပြုံးချိုစွာ ပြောနေလေသည် ။ ဤမျှ လိုက်လျောသော စာရေးမနှင့် တွေ့နေရသော အခါ၌ ဂျမ်းဘုံ သည် အတော်ကလေး အားရှိကာ ရဲရင့်လာ၏ ။ ထို့ကြောင့် ... “ အားမနာ ဘဲ ပြောရမယ်ဆိုရင် အစ်မကြီး တို့ တိုက်မှာ ကျွန်မ ဖို့ အလုပ်ကလေးများ မရှိဘူးလား အစ်မကြီးရယ် ... ဘာ လုပ်ရ လုပ်ရ .... ကျွန်မ လုပ်ပါရစေ ...” ဟု ခပ်ကြို့ကြို့ကလေး ပြောလိုက်သည် ၌ စာရေးမလည်း .. ဂျမ်းဘုံ ကို တစ်ချက် အကဲခတ်ရာက ပြုံး လာပြီး “ ညီမ အတွက်အချက်ကလေး ဘာကလေးတတ်ရဲ့နော် ... ” ဟု မေးလိုက်လေ၏ ။
“ ဟုတ်ကဲ့ ၊ ကျွန်မ မြန်မာစာ ခြောက်တန်း အထိ သင်ဖူးပါတယ် ရှင် ..”
“ အတော်ပဲကွဲ့ ... ကိုင်း - လာလာ အစ်မကြီး ဒီတိုက်ရှင် သူဌေးမ ကို ပြောပေးမယ် ... ဒီကနေ့ပဲ ငွေသိမ်းစာရေးမကလေး တစ်ယောက် အလုပ်ထွက်လို့ တစ်နေရာ လစ်လပ်နေတယ် ”
စာရေးမက ဂျမ်းဘုံ အား ဆိုင် အတွင်းခန်းသို့ ခေါ်သွားကာ ဆိုင်ပိုင်ရှင်သူဌေးမ နှင့် ဆုံပေး လိုက်၏ ။ သူဌေးမကြီးမှာ အတော်ပင် သဘော သကာယ ကောင်းပုံရလျက် ဂျမ်းဘုံ အား စာရင်းတစ်ခု ကို အပေါင်း ခိုင်းကြည့်ပြီး နောက် တစ်နေ့ ပင် အလုပ်ဆင်းရန် ပြောလိုက်လေ၏ ။ ဂျမ်းဘုံ ဝမ်းသာ၍ မဆုံးတော့ပြီ .. ၊ ဆိုင် မှာ အမျိုးသမီးတွေ က သာ ဦးရေများလေရာ ဂျမ်းဘုံ မှာ ဤ တိုက်ဆိုင်၌ အလုပ်ရခြင်းသည် ဘိုးဘိုးအောင် ဆင်း၍ မ , လိုက်သည်နှင့် မခြား ဖြစ်၍နေပေသည် ။
ဂျမ်းဘုံ သည် ထိုနေ့အဖို့ တွင် မို့မို့မောက်ဘော်လီဆိုင် ကို ဆက်မရှာတော့ဘဲ အလုပ် ရကြောင်း သတင်းကောင်းကို အလုံ ရှိ မိတ်ဆွေများ ထံ ပြန်၍ပြောရန် ဘတ်စ်ကားဆိပ်သို့ ခပ်သုတ်သုတ် လှမ်းလာခဲ့လေသည် ။ ဘတ်စ်ကား စောင့်နေစဉ်တွင် နှုတ်ခမ်းနီ ပါးနီ ကြက်တူရွေးမကလေး တစ်ကောင်သည် ဂျမ်းဘုံ ၏ အနီး သို့ ရောက်လာလေ၏ ။ ရောက်လျှင် ရောက်ချင်း ပင် ကောင်မလေးက ...“ ရှင် ခုနက ကျွန်မတို့ တိုက်မှာ အလုပ် ဝင်လျှောက်တယ် မဟုတ်လား ...” ဟု ဆိုင်းမဆင့်ဘဲ မေးလိုက်၏ ။
ဂျမ်းဘုံ ကလည်း အံ့အားသင့် နေရာက ...“ ဟုတ် - ဟုတ်ပါတယ် ... ဘာပြုလို့ မေးတာလဲရှင် ..” ဟု ပြန်၍ မေးနေမိလေ၏ ။
“ ရှင် တော့ ချောက်ပဲ ... ”
“ ဟင် ဘာပြုလို့ ”
“ အမယ်လေး .... ကျွန်မ လည်း အဲဒီတိုက်မှာ အလုပ် လုပ်နေတာပဲရှင့် ၊ တိုက်ရှင် မိန်းမကြီးက ကောင်းတာ မဟုတ်ဘူး ၊ ကျွန်မတို့လို စာရေး ကလေးတွေကို ဘာခိုင်း သလဲ ... သိရဲ့လား .. အဲဒီ မိန်းမကြီး က စာရေးမကလေးတွေ ကို သူ့အိမ်မှာ ည ခေါ်ပြီး အိပ်တတ်တယ် ။ အဖော်အလှော် ပေါ့လေ ၊ လက်ဦးတော့ ရိုးရိုးပဲ ။ နောက်ကျတော့ သူ့ အိမ် ကို လာလာပြီး လည်တဲ့ သူဌေးတွေ ၊ အရာရှိတွေ နဲ့ဆွယ်ပြီး ပေးတတ်တယ် သိရဲ့လား .. ကျွန်မတောင် ဒါမျိုး ထိလို့ အခု သူ့ တိုက်က ထွက်ပစ်လိုက်တာ ...”
“ ဟယ် ....” ဟု ညည်းရင်း ဂျမ်းဘုံ ကြက်သီးထသွား၏ ။
“ ဒီလို မြှူထားတော့ ဒီ မိန်းမကြီး မှာ ငွေလိုရင် သူဌေးတွေ က ထုတ် ချေးတယ် ။ ပြီးတော့ ပါမစ်တွေ ၊ ဘာတွေ လိုရင် ၊ အေးလေ ... စဉ်းစားသာ ကြည့်ပေတော့ ။ ရှင် အခု ရတဲ့ နေရာ က ကျွန်မ ထွက်လိုက်လို့ ရတာ ရှင့် ....”
ဘက်စ်ကား နှင့် အိမ် ကို ပြန်ခဲ့ရင်း ဂျမ်းဘုံ သည် နှုတ်ခမ်းနီမကလေး အား ကျေးဇူးတင် ၍ မဆုံးနိုင် အောင် ရှိလေတော့သည် ။ ဘိုးဘိုးအောင် ဆင်း၍ မလိုက် သလိုဖြစ်နေ၏ ။ အကယ်၍များ အလုပ်ကို လက်ခံလိုက် ပါက မည်သည့် အခြေမျိုးသို့ ရောက်လေမည်နည်း ဟု တွေး လိုက်တိုင်း ... ဂျမ်းဘုံမှာ ကျောထဲက စိမ့်၍ သွားရပေသည် ။
နောက်တစ်နေ့ ကျသော အခါ ... တိုက်ဆိုင်ရှင် သူဌေးမကြီးသည် ဂျမ်းဘုံ အား မျှော်၍ နေ၏ ။ သို့သော် ... ဂျမ်းဘုံ ကား မပေါ်လာ ၊ ထို့ကြောင့် သူဌေးမကြီး သည် စာရေးမ လိုကြောင်း ကြော်ငြာတို တစ်စောင် ကို သတင်းစာ တွင် ထည့်ရန် ရေးသားပြီးနောက် ကာယနုပဿနာကျမ်း ကို ဖတ်ရင်း ပုတီး တစ်ပတ် စိပ်နေလေ၏ ။
တတိယမြောက်နေ့ သို့ ရောက်ပြန်လေ၏ ။ ဤနေ့တွင် မူ ကား ဂျမ်းဘုံ သည် ပန်းဆိုးတန်း တစ်ဝိုက်တွင် လိုက်၍ မို့မို့ မောက်ကုမ္ပဏီ ကို လည်း ရှာ၏ ။ အလုပ်အကိုင်ကလေး ရလိုရငြား လည်း ရှာဖွေ၍ ကြည့်မိပေသည် ။ မွန်းတည့်လု နီးသော အခါ၌ ဂျမ်းဘုံ သည် လမ်းကျယ်ကြီး တစ်လမ်းကို ဖြတ်ကူးလိုက်၏ ။ တစ်ဖက်လမ်းထောင့်သို့ ရောက်သော ခဏတွင် ဘာနုရာဇာ နေမင်းသည် ကျဲကျဲကြီး ပူ၍ တည့်တည့်ကြီး မွန်းတည့်လိုက်လေသည် ။ ဂျမ်းဘုံ သည် အဘယ်ကို သွားရမည် မဝေခွဲ နိုင်သေးသဖြင့် သစ်ပင် တစ်ပင်၏ အရိပ် အောက် စာတိုက်ပုံးနီနီ တစ်လုံး အနား တွင် ချွေးသုတ်ရင်း ရပ်နေ လိုက်မိပေသည် ။ ထိုခဏ တွင် အသက် လေးဆယ်ရွယ် မိန်းမကြီး တစ်ယောက်သည် သမ္မတလက်ကောက်ထူထူ တစ်ရန်ကို ဝတ်၍ ရွှေရှေ့ဘီး နောက်ဘီးတွေကို စိုက်ကာ ဘော်လီရွှေကြိုး တဝင်းဝင်း နှင့် ဂျမ်းဘုံ အနီးသို့ ရောက်လာပြီး “ အလုပ်ရှာနေတာ တူမကြီးပဲ မဟုတ်လား ရွှေသွားမောင်ခင် က လွှတ်လိုက်တာလေ ... ” ဟု မေးလိုက်၏ ။
ဂျမ်းဘုံ မှာ အံ့အားကြီး သင့် သွားကာ “ ဟုတ် .. ဟုတ်ပါတယ် ရှင် .. ဒေါ်ဒေါ် က ဘယ်လို သိတာလဲ ..” ဟု ပြန် ၍ မေးလိုက်ရ၏ ။
ထိုအခါ အဒေါ်ကြီး က ရွှေသွားသုံးချောင်း စလုံးပေါ်အောင် ပြုံးရင်း “ ပြောထားတဲ့လူတွေ ရှိလို့ သိရတာပေါ့ကွယ် .. ကဲ .. ကဲ .. လာ .. ဒေါ်ဒေါ် နဲ့ လိုက်ခဲ့ .. အလုပ်အပ်ပေးမယ် .. အလုပ်က တော့ အဆင်သင့်ပဲကွဲ့ ” ဟု ပြောလိုက်သဖြင့် ဂျမ်းပုံ မှာ ပို၍ အံ့အားသင့် နေရပြန်ကာ ... ။
“ ဘယ်လို အလုပ်မျိုးလဲ ဒေါ်ဒေါ်ရယ် ” ဟု မေး၍ နေမိရှာပြန် လေသည် ။
ဤတွင် အဒေါ်ကြီးသည် မျက်မှောင် အနည်းငယ် ချီလိုက်ပြီးမှ ပြန်၍ ပြုံးလာပြီး “ အလုပ်ကတော့ တာဝန်ပေါ့ပေါ့ပဲကွယ် ... စားစရာ သောက်စရာ လင်ပန်းကလေး ဘာကလေး ချ ပေးရ ရုံပါပဲ ။ လိုက်ပြီး ကြည့်ဦးပေါ့ကွယ် .. မကြိုက်တော့လည်း မလုပ်ဘဲ နေတာပေါ့ ။ ကဲ .. ဆိုက်ကား နဲ့ သွားကြရ အောင် ” ဟု ပြောကာ ဆိုက်ကားတစ်စီး ကို လှမ်း၍ ခေါ် လိုက်လေသည် ။
ဆိုက်ကား ရောက်လာသည့် ခဏ၌ပင် အော်စတင်ကား လုံးလုံးကလေး တစ်စင်း သည် ဂျမ်းဘုံ တို့ အနီး၌ ထိုး ၍ ရပ်လိုက်ပြီး နောက် အသား ညိုညို အရပ် မြင့်မြင့် လုံချည် နှင့် ဆင်တူ ပဝါ ကို စုံချထားသော အမျိုးသမီး တစ်ဦးသည် ကားပေါ် မှ ဆင်းလာလေသည် ။ ကား၏ ရှေ့ပိုင်း၌ ဦးထုပ်ကို ခပ်စောင်းစောင်း ဆောင်းထားသော လူတစ်ယောက်သည် ဒရိုင်ဘာ ဘေးက ထိုင်လျက်ရှိစေ၏ ။
ပဝါစုံချ အမျိုးသမီးကြီး ကို မြင်လိုက်သည် ၌ ရွှေဘော်လီကြိုး အဒေါ်ကြီးသည် မျက်နှာ ကွက်ခနဲ ပျက်သွား၏ ။ ပြီးမှ မျက်နှာချို လာကာ “ ဟဲဟဲ ... မမချစ် ... ဘယ်က ကြွလာပါသလဲ .. ဟဲ ဟဲ ..” ဟု နှုတ်ဆက်နေ၏ ။ သို့သော် ပဝါစုံချ အမျိုးသမီးကြီး က မူ ရွှေကြိုးအဒေါ်ကြီးအား လက်ဝါး တစ်ချက် ကာ ပြလိုက်ပြီးနောက် ဂျမ်းဘုံ အား “ ကလေးမနဲ့ ဒီအ ဒေါ်ကြီး နဲ့ သိသလား ... ” ဟု ဩဇာညောင်းသော အသံမျိုးနှင့် မေးလိုက်လေ၏ ။
ဂျမ်းဘုံ မှာ ကား ရုတ်တရက် တွင် ဖြစ်၍ ကြောင်၍ နေ ရှာ၏ ။ ပြီးမှ “ မ .. မသိပါဘူးရှင် ” ဟု ကြောက်ကြောက်ရွံ့ရွံ့ကလေး ပြောလိုက်ရာ မမချစ် ခေါ် ပဝါစုံချ အမျိုးသမီးကြီးက ရွှေကြိုးအဒေါ်ကြီးဘက်သို့ လှည့်၍ “ မသိန်းမြ ရှင့် ကို ကျွန်မ သတိပေးတာ ဒါပါနဲ့ ဆိုရင် သုံးခါရှိပြီနော် .. ကိုင်း ... ရှင်သွား တော့ ... နောက်ကို ဒီလို မတွေ့ပါရစေနဲ့ ..” ဟု သံပြတ်နှင့် ပြောလိုက်၏ ။
ရွှေကြိုး နှင့် အဒေါ်ကြီး သည် အဘယ်အကြောင်းကြောင့်မသိ ခြင်္သေ့ရှေ့သို့ ရောက်သော ယုန်ငယ် ကဲ့သို့ ခပ်ကျုံ့ကျုံ့ကလေး ဖြစ် သွားကာ “ ဟုတ်ကဲ့ ... မမချစ် ” ဟု လေပျော့နှင့် ပြောပြီး ခပ်သုတ်သုတ် ထွက် သွားလေတော့သည် ။
“ ကား ပေါ် ကိုတက် ကလေးမက ဘယ်သွားရမှာလဲ .. မမ လိုက်ပို့ မယ် ” ပပါစုံသူ ၏ အမိန့်ကို မလွန်ဆန်ဝံ့ သောကြောင့် ဂျမ်းဘုံ သည် ကားပေါ် တက်ရကာ အလုံအိမ် လိပ်စာကို ပြောလိုက်ရလေ၏ ။ မော်တော်ကား သည် အလုံ ဘက်သို့ ဦးတည်ကာ မောင်းတော့၏ ။
“ မမ က ကျေးရွာအမျိုးသမီးများ စောင့်ရှောက်ရေးအ ဖွဲ့ ဒုတိယ ဥက္ကဋ္ဌပဲကွဲ့ ၊ မင်းတို့လို တော က ကလေးမကလေး တွေ ရန်ကုန်ကို ရောက် လာပြီ ဆိုရင် အန္တရာယ်တွေ များလွန်းလို့ ဖွဲ့စည်း ထားရတဲ့ အသင်းကြီး ပေါ့ကွယ် ၊ မင်းတို့ကို လူပွဲစားတွေ ဘာတွေ နဲ့ မတွေ့ရအောင် နေ့ရော ညရော မမတို့က စောင့်ရှောက်နေကြတယ် ကွဲ့ ၊ အခုနက မသိန်းမြ ဆိုတဲ့ မိန်းမဟာ ငွေ နဲ့ အစေခံမကလေးတွေ လိုက် ဝယ်လား ဝယ်ရဲ့ ၊ ဟိုတယ်မယ် လုပ်ဖို့ တောက ကလေးမတွေ ကို ဆွယ်လား ဆွယ် ရဲ့ ... ဒါနဲ့ သူ့ကို မမ စောင့် ဖမ်းနေတာ ၊ နှစ်ခါ ရှိပြီ ။ ဒါပေမဲ့ ဥပဒေအရ အရေးမယူသေးဘဲ သတိပေးထားရတယ် ၊ ခု တစ်ခါပါ ဆိုရင် သုံးခါ ပေါ့ကွယ် ၊ ဒါနဲ့မှ သူ မတန်ရင် မမ နဲ့ သူ နဲ့ အတွေ့ပဲ ”
ဤသို့ ပဝါစုံချ နှင့် မမ က ရှင်းပြလိုက်မှ ဂျမ်းဘုံ တွင် ကြက်သီး ထ၍သွားမိ၏ ။ ဘိုးဘိုးအောင် နှင့် တွေ့ရ သလို ကံကောင်းသဖြင့်သာ မမချစ် သည် မိမိအား အချိန်မီ လာ၍ ကယ်နိုင်ပေသည် ဟု တွေးကာ ဂျမ်းဘုံ မှာ မိမိ ကံ ကောင်းပုံကို ဝမ်းသာ ၍မဆုံးနိုင် ဖြစ်မိရှာလေတော့သည် ။ အခုလို စောင့်ရှောက်ရေးအဖွဲ့ တွေ ၊ ဘာတွေ ရှိတာဟာ ဘိုးဘိုးအောင် မ , တာပဲ ဟု တစ်ထစ် ချ ယုံကြည်လိုက်၏ ။
သုံးရက်တိုင်တိုင် ချောက်နှုတ်ခမ်းတွင် ကျလု ကျလု နှင့် လျှောက်ခဲ့ပြီးမှ ဂျမ်းဘုံ သည် ဘေးပန်း အန္တရာယ် အသွယ်သွယ် ကို လွတ်ကင်းခဲ့ပြီးလျှင် စတုတ္ထနေ့ သို့ ရောက်ခဲ့ပြန်လေသည် ။
ဤနေ့ကား ဂျမ်းဘုံ တစ်ယောက် တကယ်ပင် ဘိုးဘိုးအောင် နှင့် တွေ့ ရသော နေ့ပေတည်း ။ တကယ့် ကို တွေ့ပါသည် ။ ဘုရားစူးရစေ့ ... တွေ့ပါသည် ။ ယုံပါ ၊ အဘယ်ကြောင့် ဆိုသော် ဤ စတုတ္ထနေ့ တွင် ဂျမ်းဘုံ သည် မို့မို့မောက်ကုမ္ပဏီ ကို အရှာ ထွက်ခဲ့ရာ၌ ရေကျော်ပိုင်း သို့ ရောက်ခဲ့ပြီးလျှင် တစ်နေရာ တွ င် “ မို့မို့မောက်ဇာဘော်လီကုမ္ပဏီ ” ဟူသော ဆိုင်းဘုတ်ကြီး ကို အထင်းသား တွေ့ လိုက်ရသောကြောင့် တည်း ။
ဂျမ်းဘုံ သည် ဝမ်းသာအားရကြီးပင် မို့မို့မောက်ဇာဘော်လီဆိုင်ကြီး ထဲသို့ဝင်ခဲ့၏ ။ ဆိုင်ထဲတွင်ကား ဇာဘော်လီ ဝယ်သူ အချို့ အား မို့မို့မောက် မယ်များ ဖြစ်ကြသော အရောင်းစာရေးမကလေးများ က ပေကြိုး နှင့် တိုင်းသူ တိုင်း ၊ ဇာဘော်လီများ ဝတ်ပြ သူက ပြနေကြ၏ ၊ အလုပ်အား နေသော စာရေးမကလေး တစ်ဦးအား ချဉ်းကပ်၍ ဂျမ်းဘုံ သည် ဦးဘိုးအောင် ရှိ မရှိ ကို စုံစမ်းရာ ၊ စာရေးမကလေး က ဂျမ်းဘုံ ၏ အမည်ကို မေး၍ အတွင်းခန်း သို့ဝင်သွား၏ ။ မကြာမီ ပြန် ထွက်လာပြီး သူ နှင့် လိုက်ခဲ့ရန် ခေါ်သောကြောင့် ဂျမ်းဘုံ သည် စာရေးမကလေး နှင့် အတူ အတွင်းခန်း သို့ လိုက်သွားရလေသည် ။ အခန့်သင့် ပင် ဆိုင်အတွင်း ဘက် ရှိ အလုပ်ခန်း ၌ မို့မို့မောက်ဇာဘော်လီ ကုမ္ပဏီပိုင်ရှင် ဦးဘိုးအောင် ကို တွေ့ရပေသည် ။ ဦးဘိုးအောင် သည် ဂျမ်းဘုံ ကို မြင်လျှင် မြင်ချင်းပင် ဖော်ရွေစွာ နှုတ်ဆက်၍ အိပဲ့အိပဲ့ နေသော ဇိမ်ခံကု,လားထိုင်တွင် ထိုင်စေ၏ ။ ဦးဘိုးအောင် မှာ အသက် ၄၅ နှစ် ခန့် ရှိ၍ ခပ်ဝဝဖိုင့်ဖိုင့် ဖြစ်ပြီး မီးခိုးရောင် သက္ကလပ်အင်္ကျီ ၊ ဘန်ကောက်လုံချည် ရေနံရောင်ကို ဝတ်ဆင် ထား၏ ။ အသင့်ပေါင်းပြီး ခေါင်းပေါင်း တစ်လုံးကို လည်း ကျောဘက်နံရံ က စိုင်ချို တွင် ချိတ်ထားပေသည် ။ ရွှေမျက်မှန်သည် ပြုံးချို နေသော ဦးဘိုးအောင် ၏မျက်နှာကို ပို၍ ပြုံးချိုစေလေသည် ။
ဂျမ်းဘုံ ထိုင်မိသည် နှင့် တစ်ပြိုင်နက် ဦးဘိုးအောင် က တပြုံးပြုံး ခေါင်းညိတ် ရင်း “ ကြည့်စမ်း ... ကိုဖိုးလူ သမီး ၊ ဒါလောက်တောင် ကြီး နေမှကို ... အေး .. အေး ... ကိုဖိုးလူ ဟာ ဦးလေး နဲ့ စီးပွားဘက် ရဲဘော်ကြီး ပေါ့ကွယ် ၊ ဒီ ကုမ္ပဏီ ကို စက်အဟောင်းကလေး တစ်လုံး နဲ့ စပြီး ကိုဖိုးလူ နဲ့ ဦးလေး တို့ စခဲ့တာပေါ့ ။ ဒီ ကုမ္ပဏီ ကြီးပွားလာတာဟာ ကိုဖိုးလူ ရဲ့ လက်ရာတွေ ကောင်းလွန်းလို့ ဆိုတာ ဦးလေး ဖြင့် လူတွေ့တိုင်း ပြောရတယ် ။ အင်း ... သင်္ခါရများ တယ် စစ်သနော် ၊ အပ် ပေါက်မိတာကလေး နဲ့ ... ကျွတ် .. ကျွတ် ... အင်း ... ကိုဖိုးလူ့ ကျေးဇူး ဟာ ဒီ ကုမ္ပဏီ ... အဲ ... ဦးလေး အပေါ် မှာ ကြီးလှပါပေတယ်ကွယ် .. ။ ဒီ ကျေးဇူးတွေကို ပြန်ပြီး ဆပ် ရပေမပေါ့ .... ၊ ငါ့ တူမကြီး ဘာမှ မပူနဲ့ ၊ ကြားလား ၊ ဦးလေး အစစအရာရာ တာဝန်ယူမယ် .. စိတ်အေးချမ်းသာ နေပေတော့ ဟုတ်လား ” ဟု စိတ်ရှည်လက်ရှည် ပြောနေသဖြင့် ဂျမ်းဘုံ မှာ ဝမ်းသာအားရကြီး ဖြစ်၍ သွားရ ရှာတော့သည် ။ အခုမှ တကယ့် ဘိုးဘိုးအောင် နှင့် ပက်ပင်း ရင်ဆိုင်တွေ့ရတာ အစစ် ဖြစ်သည် ။ ဦးဘိုးအောင် နှင့် ဘိုးဘိုးအောင် နာမည်ချင်း တောင် မှ ဆင်၍နေသည် မဟုတ်ပါလား ။
နို့သော် ... ဂျမ်းဘုံ သည် မာနကလေး တော့ ရှိသည် ။ ဦးဘိုးအောင် က အစစ တာဝန်ယူမည် ဆိုပေမယ့် ကိုယ့် အလုပ်ကလေး နဲ့ ကိုယ် မှ ကောင်းသည် ၊ ရွှေဘုံပေါ် မှာ စံရပေမယ့် သူများ လက်ဝေစာ ခံရမယ် ဆိုရင် ဘယ်မှာ နိတ်ပါ့မလဲ ။ ထို့ကြောင့် ဂျမ်းဘုံ က “ ဦးလေး ပြောတဲ့ စကားတွေ ကြားရတာ ကျေးဇူး တင်ပါ တယ် ဦးလေးရယ် .. ဒါပေမဲ့ တတ်တဲ့ ပညာ မနေသာ ဆိုသလို ကျွန်မ ဦးလေး ဆီ မှာပဲ အလုပ်တစ်ခု လုပ်ပါရစေ ။ ကျွန်မ စက် ကောင်းကောင်း နင်းတတ်ပါတယ် ” ဟု မရွံ့မရဲကလေး ပြောကြည့်မိ၏ ။ မြင့်စေချင်လို့ နတ်ပြည် တင် အေးတယ် လို့ ခုန်ချဆိုပြီး ကျေးဇူး ဆပ်ချင် နေသူ ဦးဘိုးအောင် က စိတ်ကွက် သွားမှာကိုလည်း စိုးရသေးသည် ။
ထိုအခါ ဦးဘိုးအောင် က ပြုံးလျက်ကပင် “ ဪ .... အလုပ် လုပ်ချင်တယ်ကိုး ... လုပ်ချင်လည်း ပေးရတာပေါ့ တူမ ရယ် ... နို့ပေမဲ့ စက်ချုပ်ခန်းထဲမှာတော့ မလုပ်ချင်ပါနဲ့ ကွယ် ... ၊ တယ်ပြီး အညောင်း မိတယ် ။ ပြီးတော့ နေရာလွတ် လည်း မရှိဘူးထင်တယ် .. အဲ .. နေပါဦး ....”
ဦးဘိုးအောင် သည် စကားကို ဖြတ် ပြီးနောက် စားပွဲပေါ် က ခေါင်းလောင်းလေး ကို နှိပ် လိုက်၏ ။ မကြာမီ အသက် ၃၀ အရွယ် မိန်းမဝဝ တစ်ဦး သည် အခန်းထဲသို့ ဝင်လာ၏ ။
“ ဟောဒီမှာ တင်တင် တို့ ကိုဖိုးလူကြီး ရဲ့ သမီးကလေး လေ ... တို့ ဆိုင် မှာ အလုပ် လိုချင်လို့တဲ့ ရောင်းတဲ့ဘက်က လူများ လိုသလား .. လိုတယ် ထင်တယ် .. တစ်နေ့ က ခင်စမ်းမြင့် လက်ထပ်သွားလို့ တစ်နေရာ လစ်လပ်နေတယ် မဟုတ်လား .... ဟဲ့ ... တူမကြီး .... အဲဒါ ဦးလေး ရဲ့ နှမ ဒေါ်ဒေါ်တင် ဆိုတာပဲ ဦးလေး နဲ့ တူတူနေတယ် ။ ဆိုင် မှာ မန်နေဂျာ ပေါ့ကွယ် .. ဟဲဟဲ .. ” ဦးဘိုးအောင် က ဤသို့ ပြောလိုက်သောအခါ ဂျမ်းဘုံ သည် ဒေါ်ဒေါ်တင် အား လှမ်းကြည့်လိုက်၏ ။ ဒေါ်တင်တင် မှာ စိန်တွေ ရွှေတွေ ညွှတ်နေအောင် ဝတ်ဆင်ထားလျက် လေနိုင်လွန်ကိုလည်း ဝတ်ထားပေသည် ။ မို့မို့မောက် စပါယ်ရှယ်ဘော်လီ ကို လည်း ဝတ်ထား၏ ။ ဒေါ်တင်တင် က လည်း ဂျမ်းဘုံ အား ပြုံး၍ကြည့်ပြီး “ ဟုတ်တယ် အစ်ကိုကြီး ... ခင်စမ်းမြင့် နေရာ မှာ လူ ထပ် မခန့်ရသေးဘူး ” ဟု ပြောလိုက်၏ ။
ထိုအခါ ဦးဘိုးအောင် သည် စားပွဲကို လက်ဝါးနှင့် ပုတ်ကာ “ ရေကန် အသင့် ကြာအသင့်ပဲ တူမကြီး ရေ ၊ ကိုင်း .. တင်တင် က တူမကြီး ကို ကြည့်ရှု ဆင်ပေးလိုက်ပါကွာ .. ဒီနေ့ပဲ အလုပ်ဝင်ပါစေပေါ့ ။ ညနေကျရင် တင်တင် ပါ သူတည်းတဲ့ အိမ်ကို လိုက်ပြီး ပစ္စည်းကလေးတွေ ယူ ... တို့ အိမ်ကို တစ်ခါ တည်း ပြောင်းလာပါစေပေါ့ .. တင်တင့် ညီမ ခင်ခင် နဲ့ တောင် အဖော်ရဦးမယ် .. ဟဲ .. ဟဲ .. ကဲ ... တူမကြီး .. မင့် ဒေါ်လေး နဲ့ လိုက်သွားပေတော့ ... ဦးလေး တို့ ဆိုင်က ဖက်ရှင်အလှကုန် ရောင်းတဲ့ ဆိုင် ဆိုတော့ ဆိုင်မှာ အလုပ် လုပ်တဲ့ လူတိုင်း ကို လှအောင် ဆင်ပေးရတယ် ကွဲ့ ၊ ပစ္စည်းတွေ အသင့်ဝယ် ထားရတယ် သွား .. သွား .. အဝတ် လဲ ချည်ပါဦး ” ဟု ကြည်ဖြူစွာ ၊ ပြောနေလေသည် ။
ဂျမ်းဘုံ သည် ဒေါ်တင်တင် နှင့် အတူ အခြားအခန်းကလေး တစ်ခန်းသို့ ကူး ခဲ့ရ၏ ။ ထိုအခန်းထဲ၌ ဂျမ်းဘုံ သည် သူ့ အဝတ်ကလေးများ ကို ဘော်လီ နှင့် ပိတ်ဖြူအောက်ခံ လုံကွင်းပါ စွန့်ရ ပြီး လျှင် အသင့်ရှိနေသော မို့မို့မောက် စပါယ်ရှယ် ဘရာစီယာ ဘော်လီ ၊ စကတ်အောက်ခံတွေပါ လဲလှယ် ရ၏ ။ နိုင်လွန်ဇာလုံချည် နှင့် လေနိုင်လွန် လက်ပြတ်ကို ဝတ်ရ၏ ။ စိန်လက်စွပ် တစ်ကွင်း ၊ လက်တစ်ဖက်က မှန်ခုံး လက်ပတ်နာရီ ၊ လက် တစ်ဖက်က ကျောက်နီလက်ကောက်ပျော့ နှစ်ကွင်း ဆင့် ၊ နားတွင် သုံးဆင့် နားသံသီး ၊ လည်ပင်းတွင် ဘယက်ငယ် တစ်ခု ၊ ကြယ်သီးများ ကလည်း တဖိတ်ဖိတ် နေ၏ ။
ဂျမ်းဘုံ သည် သူ့ ကိုယ် သူ ကိုယ်လုံးပေါ် မှန်ကြီး ထဲ တွင် ကြည့်လိုက်ရာ အသက်ရှူ ရပ်သွား ရရှာ၏ ။ အို .. အို .. အို .... သိပ် လှပါကလား ... ငါ သိပ် လှပါကလား ... နဂိုရှိ မှ နဂိုင်း ထွက် ဆိုတာဟာ ငါ ပါ ကလား .. ဟု ကြည်နူးသော ပီတိ အဟုန် သည် ဂျမ်းဘုံ ၏ တစ်ကိုယ်လုံး သို့ ဂွမ်းဆီထိ သလို စိမ့်သွား၏ ။ မှန်ပေသည် ။ ဂျမ်းဘုံ ၏ ပင်ကို အလှသည် အဝတ်အစား ကြောင့် ဆယ်ဆတံပိုး တိုး လာ၏ ။ ဘိုးဘိုးအောင် ကိုယ်တိုင် ဆင်း ၍ မ , လိုက်သလို ရွက်ကြမ်းရေချို မျှ သာ လက်ဦး က ထင်ရသော ဂျမ်းဘုံ ၏ ကျန်းမာစိုပြည် တောင့်တင်းသော အလှ သည် ယခု အခါ၌ လှဧကရီ တစ်ပါး ဖြစ်လောက်အောင် လှ၍နေပေပြီ ။
ရေးရင်း ဒီ ဝတ္ထု ကို ဒီ နား မှာ ရပ်ပစ်လိုက်ချင်၏ ။ လက် လည်း ညောင်းလှပြီ ၊ ဆက်၍လည်း မရေးချင်တော့ ။ နို့သော် ... တောက် ၊ ဝတ္ထုက ဆုံးကို မဆုံးသေး ။ ဒီဝတ္ထုက ကျွန်တော်မျိုးကြီး လန်ကြုတ်ရသော ဝတ္ထု မဟုတ် သူ့ ဟာ သူ တကယ်ဖြစ်ခဲ့ပြီးသား ဝတ္ထုဖြစ်သည် ။ ဒီတော့ ချန်ထားလို့ မဖြစ် ဖြစ်ပြီးသား ကို ပြန်ရေးပြ နေတာကပဲ အပြစ်တော့ လွတ်ကောင်းပါရဲ့ ။ အဲ .... ဇာတ်သိမ်း ရှိလျက်သား နဲ့ မရေးဘဲ ထားလျှင် နတ်သမီး ကျိန်ဆဲ မှာကိုလည်း ကြောက်ရသေးသည် ။
စေတနာရှင်များ ကြောင့် ချောက် အမျိုးမျိုးတို့၏ နှုတ်ခမ်း မှ ဂျမ်းဘုံ သည် ယခုခေတ်စား နေသော အတိုင်းအထွာ အားဖြင့် ဆိုလျှင် လက်တစ်လုံး ဆိုလား နှစ်လုံးဆိုလား လွတ်လာခဲ့သည် ။ စေတနာရှင်တို့၏ စေတနာကြောင့် ပင် ဂျမ်းဘုံ သည် ဘိုးဘိုးအောင် နှင့် တွေ့ရသည့် အလား ဖခင် ဦးဖိုးလူ ၏ ကျေးဇူး မကင်းသူ ၊ ကျေးဇူး သိတတ်သူ မို့မို့မောက်ကုမ္ပဏီပိုင်ရှင် ဦးဘိုးအောင် နှင့် တွေ့ရန် လမ်းစ ပေါ်ခဲ့လေပြီ ။ ဤကဲ့သို့ ဝတ္ထု အဆုံးသတ် ရသော် .... ရကောင်းအံ့ ထင်ရာသည်ဟု ဆိုသော် ယူလျှင် ရကောင်းအံ့ ထင်ရာသည် ဟု ဆိုသင့်ရာပေသည် ။ ဝတ္ထုလည်း ဆုံးပါတော့မည် ။ တစ်ကြောင်း နှစ်ကြောင်းသာ ဖတ်ပါ တော့ ။
ဂျမ်းဘုံ အဝတ်အစား လဲ၍ နေဆဲတွင် ဦးဘိုးအောင် သည် သူ့ အခန်းထဲသို့ သူ့ကား ဒရိုင်ဘာ မောင်ကြင် ကို အခေါ် လွှတ်လိုက်၏ ။ မောင်ကြင် ရောက် လာသောအခါ ဦးဘိုးအောင် က ...
“ ဟေ့ - မောင်ကြင် ၊ မင်း ရှစ်မိုင် သွားပြီး ဆမ်နင်းပျော်ပွဲစားရုံ ပိုင်ရှင် လောဟုတ် ကိုပြော ။ အတွင်းခန်း တစ်ခန်း ခုည သီးသန့် ထားဖို့ ၊ ပြီးတော့ လိမ္မော်ရည်ပုလင်း ထဲမှာ ဂျင် နှစ်ပက်လောက် ရော ပြီးသား ခြောက်ပုလင်း အသင့် ရေခဲစိမ် ထားခိုင်း ကြားလား ။ ပြီးတော့ ညနေကျရင် မင်း တင်တင် နဲ့ အလုံ ကို လိုက်သွားရမယ် ။ ဟိုက သေတ္တာကလေး ဘာလေး တင်လာလိမ့်မယ် .. မြို့ထဲ ပြန် အလာမှာ တင်တင့် ကို ရုပ်ရှင် ညပွဲကြည့်ဖို့ လက်မှတ်ဝယ်ဖို့ သတိပေး ။ တင်တင် က အချိုးကို သိပြီး လုပ်နေကျပေမယ့် မေ့တတ်တယ် ။ တို့ ရှစ်မိုင်မှာ ထမင်းစားပြီးတော့ ကားလျှောက်မောင်းရင် တာမွေဘက်ကို မောင်း ၊ တင်တင် က အသိ တစ်ယောက် မမာတာ ဝင်မေးရင်း ကျန်ရစ်လိမ့်မယ် ။ ပြီးတော့ကာ တို့ ကို ရှစ်မိုင် ပြန်ပို့ ၊ ပြီးတော့ တင်တင် ကို အိမ်ပို့လိုက် .. တို့ကိုတော့ မနက် လေးနာရီမှ လာပြီးခေါ် .. ကြားလား ... တစ်ခု မလွဲစေနဲ့နော် ။ ဘာကွ - မဟုတ်ပါဘူး ။ ခင်စမ်းမြင့် က အလည်ကလေး ပဲ ။ သူ့ မှာ ချောက်ကျတော့မယ်ဆိုတာ သိတော့ ဂေါ်ငနဲ တစ်ယောက်ကို ဆွဲယူပြီး ( ၇ ) လ ဖွားတယ် လုပ်မှာ ၊ ငါ လည်း အသာကြည့် နေလိုက်ရတာပေါ့ ကွ ကိုယ့် လက်က လွတ်ရင် ပြီးတာပဲ ကောင်းပါတယ် ။ ခင်စမ်းမြင့် က လည် လွန်းတယ် တယ်ပြီး လှီးတဲ့ ကောင်မလေး ... ခု ဟာ ကလေးကတော့ အစိမ်း သက်သက်ကွ ၊ တောက ဟာကလေး ... ဒါကြောင့် လိမ္မော်ရည်ထဲမှာ ဂျင် ထည့်ရတာပေါ့ ... ၊ အေး ... ငါ မှာတာ တစ်ခုမှ မမေ့နဲ့နော် ....”
စသည်ဖြင့် အသေးစိတ် ညွှန်ကြားချက်များကို ပေး၍ နေလေသတည်း ။
ဘိုးဘိုးအောင် မ , ပါ ။
◾အောင်မြင်
📖ရှုမဝ မဂ္ဂဇင်း
အမှတ် ၁ဝဝ ပြည့် အထူးထုတ်
အောက်တိုဘာ ၊ ၁၉၅၅ ခုနှစ်
No comments:
Post a Comment