Wednesday, July 23, 2025

မြွေမင်းသားကလေး နှင့် ဖားမင်းသမီးကလေး

 

❝ မြွေမင်းသားကလေး နှင့် ဖားမင်းသမီးကလေး ❞
          ( ပုံပြင် )

တူ ၊ တူမကလေးတို့ရေ ....

မိုး ... မိုး ... ဘာကြောင့်ရွာ ၊ ဖားအော်လို့ရွာ ဆိုတဲ့ လင်္ကာကလေးကိုတော့ ကြားဖူး ကြမှာပေါ့ ၊ ဘာကြောင့် အဲဒီ မိုးတွေရွာတယ် ၊ ဖားကလေးတွေ ဘာကြောင့် အော်ကြတယ် ဆိုတာကော သိကြရဲ့လား ၊ အဲဒီအကြောင်းကို ဦးဦး ပြောပြမယ် ။

ဟိုတစ်ခါတုန်းကပေါ့ကွယ် ၊ လူသူလေးပါး မရောက်နိုင်တဲ့ တောနက်ကြီး တစ်တော ရှိတယ် ။ အဲဒီ တောနက်ကြီးရဲ့အလယ်မှာ အင်မတန် အေးမြတဲ့ ရေကြည်ကန်ကလေး တစ်ကန်လည်း ရှိတယ်ကွယ့် ။ ဖားကလေးတွေဟာ အဲဒီ အေးမြတဲ့ ရေကန်ကလေးမှာ အမှီပြုနေထိုင်ကြရင်း သူတို့ရဲ့ တိုင်းပြည်ကလေး တစ်ပြည်ကို တည်ထောင်ခဲ့တယ် ။

သူတို့ရဲ့ ဘုရင် ကတော့ ဖားရွှေပြုတ် လို့ ခေါ်သတဲ့ ။ အဲဒီမင်းကြီး ဖားရွှေပြုတ်ရဲ့ မိဖုရား စောဖားခုံညင်း မှာ အင်မတန် လှပချောမောတဲ့ သမီးတော် တစ်ပါလည်း ရှိသေးတယ် ။ အဲဒီ သမီးတော်ကလေး ကလည်း ဘယ်လောက်များ ထူးဆန်းလိုက်သလဲ ဆိုရင်ကွယ် ၊ ဟိုကောင်းကင်ပေါ်က လမင်းသော်တာရဲ့အရိပ်ဟာ အဲဒီ သူတို့ နေတဲ့ ရေကြည်ကန်မှာ လာပြီး ထင်တဲ့ အခါမှပဲ နိုးတတ်သတဲ့ ၊ အံ့ဩစရာပါပဲကွယ် ၊ လမင်းသော်တာ ရဲ့ အရိပ် မထင်တဲ့ အချိန်တွေမှာတော့ သူတို့ရဲ့ အိပ်ခန်းဆောင် ရွှေကြာရွက်သလွန် ပေါ်မှာ မနိုးဘဲ အမြဲ အိပ်စက်နေတာပဲတဲ့ ၊ ဒါကြောင့်မို့ လမင်း မသာတဲ့ နေ့ခင်းဘက်တွေ ၊ လကွယ်ညတွေ ဆိုရင် အဲဒီ မင်းသမီးကလေး အိပ်စက်နေပြီး လသာတဲ့ ညအခါတွေ ကျမှပဲ ရွှင်လန်းတဲ့ အပြုံး နဲ့ ကိုယ်စိတ်နှလုံး ကြည်လင်ချမ်းမြေ့စွာ နိုးလာတတ်တော့သတဲ့ကွယ် ။

တစ်နေ့ကျတော့ မိုးရာသီကိုရောက်တဲ့အခါမှာ အနောက်တောင်ဘက် ဆီက မိုးတိမ် ဘီလူးမင်းကြီး ပေါ်လာပါရောတဲ့ ၊ အဲဒီ မိုးတိမ်ဘီလူးမင်းကြီးဟာ ကြောက်စရာကောင်းတဲ့ အသံနဲ့ ဟိန်းဟောက်သေးသတဲ့ ၊ တူ ၊ တူမကလေးတို့ မိုးချုန်းသံကို ကြားဖူးကြရဲ့မဟုတ်လား ၊ အဲဒီ အသံဟာ မိုးတိမ်ဘီလူးမင်းကြီးရဲ့အော်ဟစ်ဟိန်းဟောက်သံပေါ့ ၊ သူ့ နောက်မှာလည်း စစ်သည်တော် တပ်ကြီးတွေ အများကြီး ပါလာသေးတယ် ၊ ဒါနဲ့ပဲကွယ် မကြာပါဘူး ၊ လမင်းသော်တာကလေးကို မြင်တော့ တစ်ခါတည်း သိမ်းပိုက် ခိုးယူသွားပါလေရောကွယ် ။

အဲဒီအခါကျတော့ ဖားရွှေပြုတ်မင်းတရားကြီးရဲ့ သမီးတော်ကလေး ဟာလည်း သော်တာလမင်းရဲ့ အရိပ်ရေကြည်ကန်မှာ လာ မထင်တာနဲ့ ခန်းစက်ရာ ရွှေကြာရွက်သလွန်ပေါ် မှာ စက်တော် ခေါ် နေရာက မနိုးတော့ဘူးတဲ့ကွယ် ။

မင်းသမီးကလေးဟာ ရက်တွေ အများကြီး ကြာတာတောင် နိုးမလာတော့ဘူးကွယ့် ။ အဲဒီအခါကျတော့ ဖခမည်းတော် ဖားရွှေပြုတ်မင်းတရားကြီး ဟာလည်း ရွှေစိတ်တော် ညိုလို့ ပူပင်သောကများ ရောက်ရရှာတာပေါ့ကွယ် ။

အဲဒါနဲ့ သူ့ ရေကြည်ကန်နိုင်ငံတွင်းက တိုင်းသူပြည်သားတွေကို မောင်းခတ်ပြီး ကြေညာတော်မူလိုက်သတဲ့ ။

“ လမင်းသော်တာကို ဖမ်းဆီးသိမ်းပိုက်ထားသော မိုးတိမ်ဘီလူးမင်းကြီးအား အောင် မြင်စွာ တိုက်ခိုက်ချေမှုန်းနိုင်သူ ကို သမီးတော်ကလေး နှင့် လက်ဆက်ပြီး အိမ်ရှေ့ဥပရာဇာ အရာကို ချီးမြှောက်တော်မူမည် ” ဆိုတဲ့ သတင်းမောင်းဟာ ရေကြည်ကန် တစ်ပြည်လုံး အနှံ့အပြား ရောက်ပေမယ့် ဘယ်သူကမှ မိုးတိမ်ဘီလူးမင်းကြီးနဲ့ စစ်မတိုက်ဝံ့ကြဘူး ။ တစ်နေ့မှာတော့ကွယ် ၊ မြွေမင်းသားကလေးတစ်ပါး ဟာ မင်းသမီးကလေး ကို မေတ္တာသက်ဝင် ခင်တွယ် ရှာလွန်းလို့ “ မိုးတိမ်ဘီလူးမင်းကြီးကို ကျွန်တော်မျိုးကြီး တိုက်ခိုက်ပေးပါ့မယ်ဘုရား ” လို့ ဖားရွှေပြုတ် မင်းတရားကြီး ဆီမှာ ဝင်ရောက်ခစားပြီး လျှောက်ထားသတဲ့ကွယ် ။

ဒီတော့ ဖားရွှေပြုတ် ဘုရင်မင်းမြတ်ကြီးဟာလည်း ရွှေသဘောတော် ကျပြီး ...

“ ကောင်းပြီ ၊ အောင်နိုင်ခဲ့ပါက သမီးတော်နှင့် လက်ဆက်၍ အိမ်ရှေ့ဥပရာဇာ အရာများကို ပေးတော်မူမည် ၊ သွားနိုင်ပြီ သားတော်မောင် ” ဆိုပြီး ချော့မော့ပြောဆို နှစ်သိမ့်လိုက်သတဲ့ ။

မြွေမင်းသားကလေးဟာ သွားခါနီး ဘာများ မှာသွားသလဲ ဆိုတော့ ...

“ အရှင်မင်းကြီး ၊ အကျွန်ုပ် သွားရောက် နှိမ်နင်းနေစဉ် တိုင်းသူပြည်သားများကို အောက်မှ နေ၍ စောင့်ကြည့်ပါစေ ၊ အကယ်၍ ကောင်းကင်ပေါ်မှ သွေးအနီရောင်များ ကျလာပါလျှင် အကျွန်ုပ် စစ်ရှုံးပြီဟု ထင်မှတ်ပါ ၊ သွေးအဖြူများ ကျလာပါလျှင် မိုးတိမ်ဘီလူးမင်းကြီး တပ်သားများ၏ သွေးပင် ဖြစ်သောကြောင့် အကျွန်ုပ် အောင်နိုင်ပြီ ဟု ထင်မှတ်ပါ ၊ ဤသို့ ထင်မှတ်ပြီးလျှင် သွေးအဖြူများ ကျလာချိန်၌ “ အောင်ပြီ ၊ အောင်ပြီ ” ဟု တိုင်းသူပြည်သားများကို အော်ဟစ် ကြွေးကြော်ပါစေဘုရား ” လို့ လျှောက်ထားပြီး ကောင်းကင် ပေါ်ကို စစ်ချီထွက်တော်မူပါရောတဲ့ကွယ် ။

အဲဒီလိုနဲ့ နောက်တစ်နေ့ကျတော့ ဘီလူးမင်းကြီးရဲ့ ခြိမ်းခြောက်ဟိန်းဟောက်သံတွေကလည်း ဆူဆူညံပြီး မြွေမင်းသားကလေးရဲ့ အာခံတွင်းကလည်း ဝင်းလက်တဲ့ ရောင်ခြည်တွေက ကောင်းကင်မှာ ထိန်ထိန်လင်းသွားတာပဲ ၊ အဲဒါကတော့ လျှပ်စီး လက်တာပေါ့ကွယ် ။ နောက်တော့ မိုးတွေ ရွာချတာပေါ့ ။ မိုးရေဟာ အဖြူ ဆိုတော့ သွေးအဖြူတွေ ကျလာတယ်ဆိုပြီး မိုးတိမ်ဘီလူးမင်း ရဲ့ သွေးတွေလို့ ထင်ကြတာပေါ့ ။

ဒီအခါမှာ ရေကြည်ကန်နိုင်ငံတော်က ဖားကလေးတွေဟာလည်း မြွေမင်းသားလေး မှာကြားခဲ့တဲ့ အတိုင်း ကြွေးကြော်ကြပါရောတဲ့ ။ သူတို့ ကတော့ “ အောင်ပြီ ၊ အောင်ပြီ ” လို့ အော်တာပါပဲ ၊ ဒါပေမယ့် သူတို့ ပါးစပ်ပေါက်ကြီးတွေ က ကျယ်လွန်းတော့ မပီဘူးပေါ့ ၊ “ အုံအင် - အုံအင် ” ဆိုတဲ့ အသံပဲ ထွက်လာတယ် ။

မြွေမင်းသားကလေးဟာ မိုးရာသီ ကုန်လို့ မိုးတိမ်ဘီလူးမင်းကြီးရဲ့ တပ်တွေကို အောင်နိုင်စွာဘဲ တိုက်ခိုက် အောင်မြင်လာသတဲ့ ။ အဲဒီအခါ ဝမ်းသာအားရ ရေကြည်ကန်နိုင်ငံတော်ကို ပြေးဆင်းလာတာပဲ ။

အို ... မိုးတိမ်ဘီလူးမင်းကြီး လည်း မရှိရောကွယ် ၊ လမင်းသော်တာ ကဖြင့် ကောင်းကင်တစ်ပြင်လုံး လင်းလင်းထိန်နေအောင် သာနေတော့တာပဲ ၊ ဒါကြောင့် ရေကြည်ကန်ပေါ် မှာ လမင်းသော်တာ အရိပ် ထင်လာပြီး ဖားမင်းသမီးကလေး က လည်း ရွှေစိတ်တော် ရွှင်လန်းလို့ ပန်းလို လှနေတာပေါ့ ၊ စက်တော် ခေါ်ရာကလည်း နိုးထလာနိုင်ပြီကိုး ။

မြွေမင်းသားကလေး ကတော့ ဘုရင်ကြီးဆီ ခစားဝင်ပြီး လျှောက်ထားတာပေါ့ ။

“ အရှင်မင်းကြီး ၊ အကျွန်ုပ် မိုးတိမ်ဘီလူးမင်းကြီးကို အောင်နိုင်စွာ နှိမ်နင်းလို့ လမင်းသော်တာ၏ အရိပ်မှာလည်း ရေကန်တော်တွင် ပြန်လည် ထင်ဟပ်လာပါသောကြောင့် မင်းသမီး ကလေးပင် နိုးထလာခဲ့ပါပြီ ၊ အရှင်မင်းကြီးရဲ့ ကတိတော် အတိုင်း သမီးတော် နှင့် လက်ဆက်ပေးတော်မူပါဘုရား ” လို့ လျှောက်တဲ့ အခါမှာ ဖားရွှေပြုတ် မင်းတရားကြီးဟာ စိတ်အကြံ တစ်မျိုး ပြောင်းသွားသတဲ့ကွယ် ။

“ ငါ့ သမီးတော်ကို ဒီ မြွေမျိုးနဲ့ ပေးစားလျှင်ဖြင့် အတိုင်းတိုင်းအပြည်ပြည်က မင်းတို့သည် “ ဖားအမျိုးဖျက် ” ဆိုကာ ငါ့ကို ကဲ့ရဲ့သင်္ဂြိုဟ် ပြုကြလတ္တံ့ ၊ ငါ သည် အရှက်တော်ရမည် ဖြစ်၍ ဘုန်းတန်ခိုးများ ကျဆင်းပေတော့မည် ” လို့တွေးပြီး သ,တ်ပစ်ဖို့ကြံပါလေရောတဲ့ကွယ် ။

“ အလို ... မြွေမိုက် ၊ သင် သည် ငါတို့နှင့် အမျိုး လည်း မတူ ၊ ငါတို့သည် ခုန်ပျံ၍ သွားတတ်ပြီး သင်မူကား ဝမ်းဗိုက်ကို မြေနှင့် ရှပ်တိုက် သွားတတ်သော သတ္တဝါမျိုး ဖြစ်သောကြောင့် ငါ့ သမီးတော် နှင့် မတန် ၊ ငါ့တို့ အမျိုးကို စော်ကားသောကြောင့် သေဒဏ်နှင့်သာ တန်၏ ။ ဤမြွေကို သ,တ်ပစ်စေ ” လို့ အမိန့်တော် မှတ်လိုက်သတဲ့ ။

ဒီအခါမှာတော့ကွယ် ၊ မြွေမင်းသားလေးဟာ ရွှေရင် ကွဲလို့ ငိုပွဲဝင်ပြီး သေဘေးက လွတ်အောင် အတန်တန် တောင်းပန်ရှာသတဲ့ ။ ဘုရင် ဆိုတာကလည်း သူတို့ ထင်တာကို လုပ်တတ်ကြတာမျိုး ဆိုတော့ တောင်းပန်လို့လည်း မရဘူးပေါ့ကွယ် ။

နောက်ဆုံးတော့ မြွေမင်းသားကလေးကို သ,တ်ပစ်ဖို့ ရေကန်တော်ရဲ့ အလယ်ကို ခေါ်ဆောင်သွားကြတယ် ။ မြွေမင်းသားကလေးဟာ ရွှေကြာရွက်သလွန် ပေါ်က အလှသူဌေးမကလေး ဖြစ်တဲ့ ဖားမင်းသမီးကလေးကို နောက်ဆုံး ကြည့်ပြီး ဖားမျိုးတွေကို စိတ်နာလွန်းလို့ သစ္စာ ကျိန်ဆိုခဲ့တယ်ကွယ့် ။ အဲဒီ သစ္စာ ကတော့...

“ နောင်သောအခါ မြွေ နဲ့ ဖားတို့ တွေ့ခဲ့ကြရင် ဖားတွေကို မြွေတွေက အစားအစာ အဖြစ်အမြဲ စားသောက်နိုင်ကြပါစေသတည်း ” တဲ့ ။

ဒါကြောင့် ဒီနေ့ထိ မြွေ နဲ့ ဖား ဟာ ရန်သူများ ဖြစ်ကြသတဲ့ ။ သူတို့ နှစ်ဦး တွေ့ကြတိုင်း မြွေက ဖားကို အမြဲတမ်း လိုက်လံ ကိုက်ခဲ စားသောက်လေ့ ရှိတာပေါ့ကွယ် ။

⎕ မိုးမင်း
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ ဩဂုတ်

No comments:

Post a Comment