Sunday, July 20, 2025

မှန်အိမ်


 

❝ မှန်အိမ် ❞

ကိုစိုးပိုင်တို့အိမ် ဧည့်ခန်းမှာ ထိုင်မိတော့ ဘုရားစင်မှာ မီးမှန်အိမ် တစ်လုံးကို ( နေ့လယ်ခင်းမှာ ) မီးထွန်းပူဇော်ထားတာ မြင်ရတယ် ။

မှန်အိမ်က ရှေးက ရေနံဆီနဲ့ မီးထွန်းရတဲ့မျိုး ၊ ရှေးပစ္စည်း ။ ယခုတော့ ရှေးမှန်အိမ်ထဲမှာ လျှပ်စစ်မီးလုံး ထည့်ပြီး ဘုရားစင်မှာ ပူဇော်ထားတာပါ ။

အမြင် ထူးဆန်းတာကြောင့် ဘယ်သဘောလဲ မေးတဲ့အခါ ကိုစိုးပိုင်က ရှေးမီးအိမ်တစ်ခုအနေနဲ့ သိမ်းထားတာ ။ ဒါပေမဲ့ သူ့သူငယ်ချင်း တစ်ယောက်က “ ဒါ မီးအိမ်မဟုတ်ဘူး ၊ မှန်အိမ်ကွ ။ ဒါ ချိတ်ထားရင် မင်းအိမ်ကို မှန်တဲ့ လူတွေလာမှာ ” လို့ ပြောတာ သဘောကျတာနဲ့ ဘုရားစင်မှာ ချိတ်ထားတာ ၊ ပူဇော်ပြီးသားလည်း ဖြစ်သွားတာပဲဆိုပြီး ရှင်းပြတယ် ။

သူ့ငယ်စဉ် ဘဝကို မေးတဲ့အခါ ဝင်းခြံရွာမှာ မွေးတယ်လို့ ပြောတယ် ။ ဝင်းခြံ ရွာက မန္တလေးမြို့ရဲ့မြောက်ဘက် သုံးမိုင်လောက် အကွာမှာ ရှိတယ် ။ ဧရာဝတီမြစ် ကမ်းနဖူးမှာ ရှိပြီး မြေနုကျွန်းတွေ များလို့ အသီးအနှံ ဖြစ်ထွန်းတယ် ။ ရွာတစ်ဝိုက်မှာ ပဲမျိုးစုံ စိုက်ခင်းစိမ်းစိမ်းတွေ မျက်စိတစ်ဆုံး တပြန့်တပြောကြီး ။ ဝင်းခြံရွာ အနောက်ဘက်ကို မျှော်ကြည့်လိုက်ရင် စစ်ကိုင်း - မင်းကွန်း မင်းဝံတောင်ရိုးကြီးကို မြင်ရ တယ် ။ သူ့ ဇာတိရပ်ရွာကို ကျွန်တော်လည်း ရောက်ဖူးပြီး သဘောကျတယ် ။ ဒါပေမဲ့ ကိုစိုးပိုင်က ရွာမှာ မပျော်ဘူးတဲ့ ။

“ ကျွန်တော်က ငယ်ငယ် ကတည်းက ရွာက ထွက်ခဲ့ရတာ ။ ရွာကျောင်းက မူလတန်းအောင်တော့ မန္တလေးမြောက်ပြင်က အမှတ် - ၂၅ အထက်တန်းကျောင်းမှာ အလယ်တန်းပညာ ဆက်သင်တယ် ။ ရွာကနေ ကျောင်းကို ခြေကျင်လာရတာ ။ အဲဒီခေတ်က ခြေကျင်ခေတ်ကိုး ။ ခြောက်တန်းစာမေးပွဲ ဖြေပြီးတာနဲ့ ကျောင်းထွက်ပြီး ဒီအလုပ်ထဲ ဝင်လိုက်တာ ”

ဒီအလုပ်ဆိုတာ သံပန်းသံတံခါး အလုပ်ပါ ။ ကျွန်တော်က သူ့အလုပ်ရုံရှိရာ မန္တလေးမြို့သစ်က သူ့နေအိမ်မှာ သွားပြီး စကားစမြည်ပြောနေတာ ။ အိမ်ရှေ့ပိုင်း အလုပ်ရုံထဲက သံပြားတွေကို ထုနှက်နေသံ တဂျမ်းဂျမ်း ကြားရတယ် ။

“ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ခွင်ထဲ ရောက်လာတာပေါ့ ”

ကိုစိုးပိုင်က မပြောသေးခင် အရင်ရယ်တယ် ၊ ပြီးမှ ဆက်ပြောတယ် ။

“ ငါးတန်းကို နှစ်နှစ်လောက် နေခဲ့တာ ။ ခြောက်တန်းစာမေးပွဲ ဖြေပြီးတာနဲ့ ကျောင်းထွက်လိုက်တယ် ။ ပညာရေးကို စိတ်မပါဘူး ။ အစ်ကိုဝမ်းကွဲက သံပန်းသံတံခါးလုပ်ငန်းမှာ အလုပ်သမား ။ မင်း အလုပ်လုပ်ချင်ရင် ငါနဲ့ လိုက်ခဲ့ ခေါ်တာနဲ့ လိုက်သွားတာ ”

“ အသက်က ”

“ အသက်က ၁၄ ၊ ၁၅ နှစ်လောက် ။ ၁၉၈၅ - ၈၆ ခုနှစ်မှာ ကျောင်းထွက်လိုက်တော့ မိဘတွေက မျည်ရည်ကျကြတယ် ။ စက်ဘီးကလည်း ရှားသေးတယ် ။ စက်ဘီးမဝယ်နိုင်တော့ ရွာကနေ အလုပ်ကို ခြေကျင် လာရတာ ။ အလုပ်က မန္တလေး ၁၇ လမ်း ၊ မင်းသားကြီးဝင်းမှာ ။ ဆရာဦးဗိုလ်သန်း ၊ ဒေါ်ချိုချိုလှိုင်တို့ အလုပ်ရုံမှာ ”

“ အလုပ်က ဘာတွေ လုပ်ရတာလဲ ”

“ အလုပ်ဝင်စမှာ အလုပ်သင်ပေါ့ ။ သံချောင်းတွေ ဖြောင့်ရတာ ။ ခြောက်ပေါင် တူကြီးနဲ့ သံဖြောင့် တူထု စလုပ်ရတာ ”

“ ၁၄ နှစ် ၁၅ နှစ်သားကလေး တစ်ယောက် အနေနဲ့ ခြောက်ပေါင်တူကြီး ထုရတာ လက်မောင်းတွေ မအောင့်ဘူးလား ”

“ စစချင်းတော့ လက်မောင်းတွေ နာတာပေါ့ ။ ဒါပေမဲ့ ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ မညည်းရဲဘူး ”

“ ကျောင်းပြန်နေချင်စိတ် မဖြစ်ဘူးလား ”

“ အဲဒီတုန်းက မဖြစ်ဘူး ။ နှစ်နှစ်လောက် လုပ်မိမှ သူများကလေးတွေ လွယ်အိတ်ကလေးတွေနဲ့ သွားလာနေတာ မြင်တော့ ကျောင်းပြန် နေချင်တယ် ။ မိဘကိုလည်း မပြောရဲဘူး ။ အမေ ကတော့ ကျောင်းပြန်နေချင် နေဖို့ပြောတယ် ။ ကိုယ့်အရွယ်ကလည်း ကြီးလာပြီ ။ နေလို့ မဖြစ်တော့ဘူး ”

အလုပ်ရုံဘက်က တူထုသံကို အဆက်မပြတ် ကြားနေရဆဲ ဖြစ်ပါတယ် ။

“ ကျွန်တော် စိတ်ဝင်စားတာက စက်ချုပ် ၊ ဝပ်ရှော့ ၊ နီးစပ်မှုကြောင့် သံပန်းသံတံခါးထဲ ရောက်သွားတာ ၊ သံပန်းသံတံခါးဆိုတာ ဂဟေဆော်ရမယ် ထင်တာ ။ တူထုရမယ် မထင်ဘူး ”

အလုပ်ရုံဘက်က တူသံ တဒုန်းဒုန်း ၊ သံပြားထုသံ တဂျမ်းဂျမ်းက ကိုစိုးပိုင် စကားပြောတာကို ဆိုင်းစည်းချက် လိုက်ပေးနေသလိုပဲ ။

“ ကျောင်းစာအုပ် ကိုင်နေရာကနေ တူကိုင် လိုက်ရတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့ ။ ဒါပေမဲ့ ငွေကလေးကိုင်ရတော့ စိတ်က ပျော်လာတယ် ။ အလုပ် ဝင်ဝင်ချင်းတော့ ကျွန်တော်တို့ခေတ်က မုန့်ဖိုး တစ်ကျပ်နှစ်ကျပ်ပဲ ။ တစ်ပတ်ကို ငါးကျပ်လောက် ပေးတယ် ”

“ ပိုက်ဆံတွေ မိဘကို အပ်ရသလား ”

“ အိမ်က လိုတဲ့အခါ ပေးရတယ် ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အဝတ်အစား ဝယ်ဝတ်ရတော့ ပျော်တာပေါ့ ။ ငွေကိုင်ရတော့ အလုပ်ထဲ နစ်နစ်သွားတာပေါ့ ”

“ ဆရာ့ဆီမှာ ဘယ်လောက် ကြာသလဲ ”

“ ဆရာ့အလုပ်ရုံက ၁၇ လမ်းမှာ ၊ မန္တလေး ၁၉ လမ်းမီးဆိုတာ လောင်တော့ အလုပ်ရုံ မီးထဲပါသွားတယ် ။ မြောက်ပြင် အရိပ်မထွက် ဘုရားအရှေ့ဘက် ညောင်ကုန်းတန်းက ဆရာ့အိမ်မှာ ပြောင်းလုပ်ရတယ် ”

“ ရွာကနေ ခြေကျင်လာနေတုန်းပဲလား ”

“ မဟုတ်တော့ဘူး ။ ဆရာ့အိမ်မှာ ပြောင်းနေတယ် ။ မြောက်ပြင်မှာ သူငယ်ချင်းတွေ ရှိလာတယ် ။ သူငယ်ချင်းက စာအုပ်အငှားဆိုင် ဖွင့်တယ် ။ သူ့ဆိုင်မှာ သွား ထိုင်ရင်း စာအုပ်တွေ ယူယူဖတ်မိတယ် ။ တစ်ခါတော့ သင့်ဘဝအောင်မြင်ရေး မဂ္ဂဇင်းမှာ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးတာ တစ်ခု ဖတ်ရတယ် ။ ဘဝခရီးမှာ ဘယ် အချိန် ကိုယ်ဘာဖြစ်ရမယ်ဆိုတာ အချိန်အခါကို ပိုင်းဖြတ်ရမယ် ။ ကိုယ်လုပ်မယ့် ရည်ရွယ်ချက်ကို အချိန်အခါနဲ့ ပန်းတိုင်ချရမယ် ဆိုတဲ့ ဆောင်းပါးကို ဖတ်ရပြီးတော့ ၊ ဟုတ်တယ် ၊ ၁၉၉၆ - ၉၇ ခုနှစ်ကျရင် ကိုယ်က သံပန်းသံတံခါးလုပ်ငန်းမှာ ဆရာကြီး ဖြစ်ရမယ်လို့ ရည်မှန်းချက်ချလိုက်တယ် ။ အဲဒီတုန်းက ကျွန်တော့် အသက်က ၂၅ နှစ် ”

“ စာတွေ ဆက်ဖတ်ဖြစ်လား ”

“ ဖတ်တယ် ။ စာအုပ်တွေလည်း ဝယ်တယ် ။ ဆရာဖေမြင့်ရေးတဲ့ စာအုပ်တွေ ဝယ်တယ် ။ ကိုတာရဲ့ ဖြန့်ထွက်တွေးခြင်း ဝယ်တယ် ။ ဆရာဖေမြင့်ရေးတဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်ကို တအား သဘောကျပြီး စုဆောင်းမှုတွေလုပ်တယ် ”

“ ငွေစုတာလား ”

“ ငွေစုတာ ။ ဒါပေမဲ့ ငွေတော့ လက်ထဲမှာ ကိုင်မထားဘူး ။ ငွေကိုသုံးဖို့ပဲ ချန်ပြီး ကျန်တာ ရွှေဝယ်တယ် ။ လုပ်ငန်းသုံးဖို့ သံဝယ်တယ် ”

“ မြောက်ပြင်မှာ အကြာကြီးလား ”

“ သိပ်မကြာဘူး ။ နန်းရှေ့ ပန်တျာကျောင်းဝင်းထဲမှာ နေရာရလို့ ပြောင်းပြီး လုပ်တယ် ။ ပန်တျာကျောင်းထဲမှာ နေခဲ့ရတဲ့ဘဝကို ပျော်တယ် ။ ကျွန်တော် ပန်းချီပညာ နှစ်နှစ်လောက် သင်ခဲ့သေးတယ် ။ ပန်တျာကျောင်းမှာ ကျောင်းသားတွေနဲ့ ပေါင်းတယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး သီချင်း နားထောင်တယ် ။ တချို့ကျောင်းသားတွေက ည ၁း၀၀ နာရီ ၊ ၂းဝဝ နာရီအထိ ဂီတာထိုင်တီးပြီး သီချင်းဆိုတာ ။ ၁၉၉၃ ခုနှစ်မှာ ပန်တျာကျောင်းထဲ လုပ်ခွင့်မပြုတော့လို့ ထွက်လိုက်ရတယ် ။ ဆရာ့အိမ်ကို ပြန်ပြီး အလုပ်ရုံ ရွှေ့ရတယ် ”

ကိုစိုးပိုင်ရဲ့ဇနီး မသင်းသင်းနိုင် က အချိုရည်ဘူး ၊ ဖန်ခွက်နဲ့ ရေသန့်ဘူးတွေ လာချတယ် ။ ကျွန်တော်က ရေအေးအေး တစ်ဖန်ခွက် သောက်တယ် ။ အချိုရည်ကိုတော့ မသောက်တော့ဘူးလို့ ငြင်းလိုက်ပါတယ် ။

“ ပန်တျာကျောင်းမှာ လွတ်လွတ်လပ်လပ် ၊ ပျော်ပျော်ပါးပါး လုပ်ခဲ့ရာက ဆရာ့အိမ် ပြန်ပြောင်းရတော့ စိတ်ထဲမှာ ကျဉ်းကျပ်တယ် ။ မလုပ်ချင်တော့ဘူး ။ ဒါနဲ့ ကိုယ်ပိုင်လွတ်လွတ်လပ်လပ်ပဲ လုပ်တော့မယ်လို့ ဆရာ့အလုပ်က ထွက်လိုက်တယ် ”

“ အဆင်ပြေရဲ့လား ”

“ ဘဝမှာ အခက်ခဲဆုံး အချိန်ပါပဲ ။ ကိုယ်က လူငယ်စိတ်ဆိုတော့ အလုပ်လုပ်ချင်တယ် ။ တစ်ယောက်ယောက်က အလုပ်ရှိတယ် ပြောရင် သူ့ကို စက်ဘီးပေါ် တင်ပြီး လိုက်သွားတယ် ။ ရောက်သွားတော့ မဟုတ်ပြန်ဘူး ။ လစားအလုပ်ကလေး တွေ့လို့ လိုက်လုပ်ပြန်တော့ အလုပ်ပြီးသွားတဲ့အခါ ပိုက်ဆံမပေးဘဲ ထားတာမျိုး ကြုံရတယ် ။ အစ်မကြီးက ရွာမှာ ကုန်စုံဆိုင်လေး ဖွင့်ထားတော့ ပန်တျာကျောင်းက ဝန်ထမ်းဆန် လိုက်ဝယ်ပြီး ရောင်းတာ လုပ်တယ် ။ ဒါလည်း အဆင်မပြေဘူး ”

“ လမ်းကြောင်းမှန်ပေါ်ကို ဘယ်လို ပြန်ရောက်သွားလဲ ”

“ မစိုးရိမ်တိုက်သစ်က ဦးပဉ္စင်းတစ်ပါး ဦးသုစိန္တက ကချင်ပြည်နယ် ၊ ဟိုပင် မှာ ။ ဟိုပင်မြို့ မြို့မရပ်ကွက်ထဲမှာ သူ့အဒေါ် ဒေါ်တင်ရီက သံပန်းသံတံခါးလုပ်ငန်း ထောင်ထားတယ် ။ လစား လုပ်မလားတဲ့ ။ တစ်နှစ်လောက် ဟိုပင် သွားအလုပ်လုပ်တာ အရင်းအနှီး ငွေခုနစ်သောင်း ၊ ရှစ်သောင်း ( ကျပ် ၇ဝဝဝဝ ၊ ၈၀၀၀၀ ) စုမိတာပေါ့ ။ အဲဒီခေတ်က ငွေခုနစ်သောင်း ၊ ရှစ်သောင်း ဆိုတာ တော်တော်တန်တာပေါ့ ။ ငွေက သုံးလတစ်ခါ ရှင်းတယ် ။ ရှင်းတမ်းလုပ်တဲ့ အချိန်မှာ တစ်လုံးတစ်ခဲတည်း ရတဲ့ငွေကို ဝရိန်ပုံး ၊ ဖောက်စက် ၊ ကျောက်စက် ၊ တစ်ခုပြီး တစ်ခု ဝယ်စုတယ် ။ တိုက်ဆိုင်ချင်တော့ ကျွန်တော် ရည်မှန်းထားတဲ့ ၁၉၉၆ - ၉၇ မှာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်တယ် ”

“ ဘယ်မှာလဲ ”

“ ဟိုပင် ကနေ မန္တလေး ပြန်လာတယ် ။ ညီအစ်ကိုလို ခင်တဲ့ ကိုအေးကျော် ၊ မသက်သက် က မြို့သစ်ထဲမှာ သူတို့ဝယ်ထားတဲ့ အိမ်ဝိုင်းထဲ အလုပ်လုပ်ချင် လုပ်ပါဆိုပြီး နေရာပေးတယ် ။ အဲဒီမှာ ဆရာအဖြစ် သံပန်းသံတံခါးလုပ်ငန်းကို စတော့တာပဲ ”

“ ကိုယ့်ကို ပထမဆုံး လုပ်ငန်း စအပ်ခဲ့တာ ဘယ်သူလဲ ”

“ သူငယ်ချင်းရဲ့ အဖေက ဘုရားကြီးအောက်ကျင်းမှာ တိုက်ဆောက်နေတာ ။ သူက ခေါ်ချသွားတော့ သူ့အဖေက မြင်မြင်ချင်း ခင်ပြီး အလုပ်အပ်တာ ။ ကျွန်တော်ကလည်း ဈေးအများကြီးမယူဘူး ။ သဘောကျသွားပြီး နီးစပ်ရာ လူတွေက ဆက်အပ် ကြတာ ။ ကိုယ့်လက်ရာလေး လူတွေမြင်ပြီး လက်ရာကို ကြိုက်လို့ အပ်ရင်း တဖြည်း ဖြည်း ကျယ်ပြန့်လာတာ ။ တချို့က နာမည်ရရင် ပစ္စည်းခိုတယ် ။ ကျွန်တော်ကတော့ ခုချိန်အထိ ပစ္စည်းလည်း ကောင်းအောင် လုပ်ပေးတယ် ။ တန်ဖိုးလည်း တူတူတန်တန် ယူတယ် ”

“ ငယ်ငယ်က သံပန်းသံတံခါးပညာစသင်တော့ ဆရာ့ဆီမှာ အလုပ်သမား ဘယ်လောက် ရှိသလဲ ”

“ ၄ဝ ၊ ၅ဝ လောက်ရှိတယ် ”

“ ကိုယ်လိုသူလိုလူ ၄၀ ၊ ၅၀ ထဲက ကိုယ်က ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်နိုင်တဲ့အထိ ဘယ်လို ဖောက်ထွက်ခဲ့တာလဲ ”

“ သူများ ခံယူချက်တော့ မပြောတတ်ဘူး ။ တချို့က ဟိုဆိုင်ဒီဆိုင် ခဏခဏဆိုင်ပြောင်းလုပ်တာ ။ ကျွန်တော်က တစ်ဆိုင်တည်း စွဲစွဲမြဲမြဲ လုပ်တယ် ။ ရည်မှန်းချက်လည်းထားတယ် ။ မခိုမကတ်လည်း လုပ်တယ် ။ လုပ်ရင်းနဲ့ ဆရာက နေရာပေးလာတယ် ၊ ပန်တျာကျောင်းကို ရောက်တော့ ကျွန်တော် လက်ထောက်ဆရာ ဖြစ်နေပြီ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကောင်းတာတွေ မြင်ရသလို မကောင်းတာတွေလည်း မြင်ရတယ် ။ ချမ်းသာတဲ့သူတွေနဲ့ ဆက်ဆံနေရတယ် ။ ဒီတော့ အဆင့်တစ်ခုတော့ ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ပြီးလုပ်ခဲ့တာပါ ။

☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment