Tuesday, July 8, 2025

စာရေးဆရာ ရဲ့ ဇာတ်ကောင်များ

❝ စာရေးဆရာ ရဲ့ ဇာတ်ကောင်များ ❞

ဒီလ စာပေဆောင်းပါးအဖြစ် ဖော်ပြပေးချင်တာကတော့ The Writer မဂ္ဂဇင်းမှာ ဖတ်ခွင့်ကြုံခဲ့တဲ့ စာရေးဆရာမ အယ်လိဇဘတ် ဂျော်ဒန်မိုး ရဲ့ A Writer's Characters ဆိုတဲ့ ဆောင်းပါးပါပဲ ။ ထုံးစံ အတိုင်း သူ့ဆောင်းပါး ကို ဖော်ပြမပေးခင် ဆောင်းပါးရှင် ဆရာမ နဲ့ မိတ်ဆက်ပေးရမယ်ဆိုရင် ဆရာမရဲ့ ပထမဆုံး လုံးချင်းဝတ္ထု Cold Times ကို ၁၉၉၂ ခုနှစ် ၊ ဇန်နဝါရီလတုန်းက ဆမ်းမစ် စာအုပ်တိုက်ကြီးက ထုတ်ဝေခဲ့ပါတယ် ။ ဒီစာအုပ် မထုတ်ဝေခင် ကတည်းက ဆရာမက ဝတ္ထုတိုတွေကို မဂ္ဂဇင်း ၊ ဂျာနယ်ပေါင်း များစွာမှာ ရေးခဲ့တဲ့သူပါ ။ Cold Times ထွက်လာတော့ ဝေဖန်ရေး ဆရာတွေက “ အံ့သြစရာ ကောင်းလောက်အောင် ထူးချွန်ပါတယ် ” လို့ ချီးကျူးကြရတဲ့အထိ အောင်မြင်ခဲ့ပါတယ် ။ ဒီ ဝတ္ထုရဲ့ ဇာတ်အိမ် တည်ရာဒေသ “ မိန်း ” ဆိုတဲ့ ကျေးလက်ဒေသကလေး က ဆရာမ နှစ်ပေါင်း နှစ်ဆယ်လောက် နေခဲ့ဖူးတဲ့ နေရာကလေးပါ ။ အဲဒီ နှစ်နှစ်ဆယ် အတွင်း ဆရာမဟာ လူမှုရေးလုပ်ငန်းတွေ အများဆုံး ပါဝင် လုပ်ဆောင်ခဲ့တဲ့သူပါပဲ ။

•••••   •••••   •••••

တချို့ဝတ္ထုတွေ က ဆက်တင် နဲ့ စဖွင့်တယ် ။ တချို့က ဇာတ်ကွက် တစ်ကွက်နဲ့ စဖွင့် တတ်ပြီး တချို့ကတော့ ဇာတ်အိမ်နဲ့ပဲ စပါတယ် ။ ကျွန်မ ကတော့ အမြဲတမ်း ဇာတ်ကောင် နဲ့ပဲ စဖွင့်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ အတွက် ဇာတ်ကောင်ဆိုတာ အမြဲ စိတ်ဝင်စားစရာ ကောင်းနေပြီး အလှည့်အပြောင်း မြန်တယ် ။ ဝတ္ထုရေးရာမှာ အလွတ်လပ်ဆုံး ကလည်း ဇာတ်ကောင် ပဲ ။ ဇာတ်ကောင်က ဝတ္ထုကို ရွေ့လျားသွားစေတဲ့ အင်ဂျင်နဲ့ တူတယ် ။ တောထဲ တောင်ထဲကိုလည်း ဖြတ်စေတယ် ။ ပြီးတော့ အိမ်ကိုလည်း ပြန်ရောက်စေတယ် ။

စာရေးဆရာက သူ့ ဇာတ်ကောင်ကို ဘယ်မှာ ( ဒါမှမဟုတ် ) ဘယ်လို ရှာဖွေတွေ့ရှိသလဲ ။ ကျွန်မ ယုံကြည်တာကတော့ ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ တကယ့် ဘဝထဲကနေ တိုက်ရိုက်ရောက်လာတာ မဟုတ်ပါဘူး ။ စာရေးဆရာရဲ့ စိတ်ကူးထဲကနေ ရောက် လာကြတာပါ ။ စာရေးဆရာက သူ့ စိတ်ထဲမှာ ရှိနေတဲ့ ဇာတ်ကောင်ရဲ့ ပုံတူကို ပန်းချီဆရာတွေက ဆေး နဲ့ ခြယ်မှုန်း ရေးသလို သူက စကားလုံးနဲ့ ခြယ်မှုန်းပြီး ပုံဖော်နေတာပဲ ။

ပေါ ( လ် ) ကော့ ( တ် ) ရဲ့ အတ္ထုပ္ပတ္တိကို ရေး တဲ့ စာရေးဆရာမ ဟီလာရီပေါလင် က စာရေးခြင်းဆိုတာ စိတ်ခံစားချက်က လာတာပါ ။ စိတ်ကူးကနေ လာတာမဟုတ်ဘူးလို့ ကောက်ချက် ချခဲ့ဖူးတယ် ။ ကျွန်မက အဲဒီ ကောက်ချက်ဟာ အကြွင်းမဲ့ မှန်ကန်တယ်လို့ ဆိုချင်ပါတယ် ။ စာရေးသူရဲ့ ရင်ထဲမှာ အချိန်ကာလ အတော်ကြာကြာ ကတည်းက စွဲဝင်နေခဲ့တဲ့ ပုဂ္ဂိုလ်တွေ ၊ အဖြစ်အပျက်တွေကနေ ခံစားပြီး စာရေးဆရာ အတွက် ဇာတ်ကောင် ဆိုတာ မွေးဖွားလာခဲ့တာပဲ ။

စာရေးဆရာရဲ့ မျက်မြင် ကိုယ်တွေ့ ဖြစ်ရပ် တစ်ခု ၊ သို့မဟုတ် တစ်ဆင့် ကြားရတဲ့ ကိစ္စတွေကနေ ဇာတ်ကောင်ဆိုတာ မွေးဖွားလာတယ် ။ ဥပမာ ဆိုပါစို့ ။ စတိုးဆိုင် တစ်ခုမှာ တွေ့ခဲ့ရတဲ့ အင်မတန် ထူးဆန်းတဲ့ ကလေး တစ်ယောက် ။ ပင်လယ်ကမ်းခြေ မှာ ရေကူးနေကြတဲ့ မိန်းမ တစ်ယောက် နဲ့ ယောက်ျား တစ်ယောက် ။ ကုန်ပစ္စည်း ဝယ်ဖို့ တန်းစီစောင့်နေတဲ့ လူတစ်ယောက် ။ စားသောက်ဆိုင် တစ်ခုမှာ လက်ထပ် ပြီးစီးကြောင်း သတင်းစာကြော်ငြာမှာ ဖတ်ရတဲ့ ဇနီးမောင်နှံ ။ ဒါတွေ အားလုံးက စာရေးသူရဲ့ ရင်ကို လာပြီး ထိမှန်တိုက်ခိုက် စေနိုင်တာပဲ ။ အဲဒီကနေ စာရေးဆရာအတွက် ဝတ္ထုတို ၊ ဝတ္ထုရှည်တွေ ပေါက်ဖွားလာစေ နိုင်ပါတယ် ။ သူတို့ အားလုံးဟာ စာရေးသူနဲ့ ပြင်ပလောကမှာ သူစိမ်းတွေဖြစ်ပေမယ့် တစ်နည်းအားဖြင့်တော့ ရင်းနှီးနေတယ် ။ စာရေးဆရာက သူတို့ကို သိနေတယ် ။ ဒါကြောင့်လည်း သူတို့ကို ဇာတ်ကောင်အဖြစ် ထားပြီး ဝတ္ထုဖန်တီ လိုက်တဲ့အခါ အသက်ဝင်တဲ့ ဝတ္ထုတွေ ဖြစ်လာတာပေါ့ ။ သူတို့ ကို ဘာက အသက်ဝင်စေသလဲဆိုတော့ စာရေးဆရာရဲ့ စိတ်ကူးယဉ်မှုက အသက်ဝင်စေတာပဲ ။ စိတ်ကူးယဉ်မှု ဆိုတာက လည်း ဆွဲဆောင်မှုရှိမှ ဖြစ်လာနိုင်တဲ့ အရာပါ ။ ဒီလိုပြောလိုက်လို့ စာရေးဆရာတွေရဲ့ ဇာတ်ကောင်အားလုံး ဟာ သူသိတဲ့ ၊ မြင်တဲ့ ကိစ္စတွေထဲက ထူးခြားတဲ့ မြင်ကွင်းတွေကမှ တစ်ဆင့် အမြဲတမ်း ပေါ်ပေါက်ကြတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး ။ စာရေးဆရာ ဆိုတာမျိုးက ကာယကံရှင်က အရေးမပါဘူးလို့ ထင်တဲ့ ကိစ္စမျိုးကိုလည်း အရေးတယူ ကြည့်တတ် ၊ မြင်တတ် တဲ့ ပုဂ္ဂိုလ်မျိုးပါ ။

ဥပမာ ဆိုကြပါစို့ ။ K.Mart စတိုးဆိုင် တစ်ခု မှာ လူတစ်ယောက်ရှိတယ် ။ ဒီလူရဲ့ ပုံက လေးထောင့်စပ်စပ်လို့ ကျွန်မ မြင်တယ် ။ သူ့ ခေါင်း ၊ သူ့ မေးရိုး ၊ သူ့ ကိုယ်လုံး ။ အားလုံး ခြုံကြည့်ရင် လူချော တစ်ယောက် မဟုတ်ပါဘူး ။ ဒါပေမဲ့ ကျွန်မ သဘောကျတယ် ။ အဲဒီဆိုင် ရောက်တိုင်း သူ့ လှုပ်ရှားမှတွေ ကျွန်မ ဂရုစိုက် ကြည့်တတ်တယ် ။ နောက်မကြာခင် ဝတ္ထုတစ်ပုဒ် ကျွန်မ ရေးတော့ သူ့ကို အဓိက ဇာတ်ကောင်အဖြစ် ထည့်ရေးဖြစ်သွားတာပဲ ။ စာရေးဆရာ က ဇာတ်ကောင်ကို ရွေးလိုက်တယ် ။ ပြီးတော့ သူလိုချင်တဲ့ ဇာတ်ကွက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်သွားအောင် မွမ်းမံ အတောင်တပ်ပေး သွားရတာပဲ ။ ဝတ္ထုထဲက ဇာတ်ကောင်ကို အဲဒီအချိန်မှာ အဲဒီ စာရေးဆရာက ပိုင် နေတာပဲ ။

ကျွန်မ အထင် ပြောရရင် ဇာတ်ကောင်ကို ကြောက်မနေတာဟာ အကောင်းဆုံးပဲ ။ ဇာတ်ကောင်ကောင်း တစ်ယောက် ( ကျွန်မ ဆိုလိုတာ က သက်ရှိမှာ လည်း ကောင်းတဲ့လူ ) ဟာ စာရေးဆရာကို ရှေ့ကနေ ဦးဆောင်ခေါ်ယူ သွားတာပဲ ။ အဲဒါကို စာရေးဆရာက ယုံယုံကြည်ကြည် နဲ့ ပဲ သူ့နောက်က လိုက် သွားဖို့လိုပါတယ် ။ စာ ရေးတဲ့ နေရာမှာ စိတ် လှုပ်ရှားစရာ အကောင်းဆုံး ကတော့ မိမိစိတ် ကို မိမိ ကိုယ်တိုင် ရှာဖွေတွေ့ရှိခြင်းပါပဲ ။ ကိုယ်  ဘာကို သိသလဲ ၊ ဘယ်လို ခံစားရသလဲ ၊ ကိုယ် ဘာလုပ်ပေးနိုင် သလဲ ၊ အဲဒါကို ဆန်းစစ် ကြည့်ချိန်မှာ ရလာတဲ့ အဖြေက စာရေးဆရာ အတွက် ရင်ခုန်စရာ အကောင်းဆုံးလို့ ကျွန်မ ထင်ပါတယ် ။ တစ်ခါတလေမှာ ကိုယ် သိတယ်လို့ တွက် ထားတာထက် ပိုသိနေတတ်တာ တွေ့ရပြီး တစ်ခါတလေမှာတော့ နည်းနည်း မေ့နေတတ်တာလေးတွေလည်း ရှိတတ်ပါတယ် ။

•••••   •••••   •••••

ဇာတ်ကောင်ကို သက်ဝင် လှုပ်ရှားအောင် ဘယ်လို လုပ်ကြမလဲ ။ ဇာတ်ကောင်ဆိုတာ စာရေးဆရာက သူတို့ အတွက် ဖန်တီးပေးထားတဲ့ ကမ္ဘာထဲက လူတွေပဲ ။ ဒါကြောင့် သူတို့ကလည်း ပြင်ပ ကမ္ဘာက လူတွေလိုပဲ တွေ့ကြုံရမှာပဲ ။ သူတို့မှာလည်း အာရုံငါးပါး ခံစားမှု ရှိရမယ် ။ အဲဒီလို အာရုံငါးပါး ခံစားမှု ပေးထားမှ စာဖတ်တဲ့သူ နဲ့ တစ်သားတည်း ဖြစ် သွားပြီး ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ လည်း ပြင်ပကမ္ဘာ က သက်ရှိ လူတွေလို ဖြစ်လာပါလိမ့်မယ် ။ ဒီတော့ စာဖတ်တဲ့သူက သူတို့ကို တကယ့် လူတွေ လို့ ယုံကြည်သွားပြီး ခံစားလို့ရသွားပါတယ် ။

ဝတ္ထုထဲက ဇာတ်ကောင် တိုင်းမှာ သီးခြားစီ ကိုယ်ပိုင်ဟန် ရှိကြတယ် ။ စကားပြောတာက အစ သူတို့ ဟန် ၊ သူတို့ ပုံစံနဲ့ ပြောကြတယ် ။ သူတို့ ဇာတ်ကောင်ချင်း စကား ပြောတဲ့အခါ ၊ ဒါမှမဟုတ် သူတို့ကိုယ် သူတို့ ပြန်တွေးနေတဲ့အခါ ဒါတွေဟာ သူတို့ ဘာတွေပါ ဆိုတာ စာဖတ်သူကို ပြောနေတာပဲ ။ ဇာတ်ကောင်တစ်ယောက်ရဲ့ စကားပြော ၊ အမူအရာ ၊ စကားလုံး အသုံးအနှုန်းတွေ ဟာ သူ့ သမိုင်းကို သူ ပြောနေတာပဲ ။ သူ့ ကံကြမ္မာ အကြောင်း ၊ သူ ဘယ်သူ ဖြစ်တယ်ဆိုတာ ပြောနေတာပဲ ။ ဒါကြောင့် “ စကားပြော ” ဟာ အရေးကြီးတယ် ။

စာရေးဆရာက သူ့ဇာတ်ကောင်တွေကို သာမန်ဇာတ်ကောင် နဲ့ မတူဘဲ ထူးခြားတဲ့ ဇာတ်ကောင် ၊ ထူးခြားတဲ့ အပြုအမူတွေ ပြုမူတတ်တဲ့ ဇာတ်ကောင်တွေအဖြစ် ဖန်တီးချင်တာလည်းရှိလိမ့်မယ် ။ ဒီလို ထူးခြားချင်ရင် အဲဒီ ဇာတ်ကောင်ရဲ့ စရိုက် ထူးခြားချက်တွေက “ ကျောရိုး ” သဖွယ် ဖော်ပြချက်တွေ ဖြစ်နေရမယ် ။ သာမန် လက်ကောက်ဝတ် ထားတာမျိုး ၊ လက်ဝတ်ရတနာဝတ်ထားတာမျိုး ရေးပြတာလောက် မဖြစ်စေရဘူး ။

ဆိုကြပါစို့ ၊ စာရေးဆရာ က သူ့ ဇာတ်ကောင်ဟာ ကြောက်စိတ် ရှိတတ်တယ် ဆိုတာ ဖော်ဆောင်တယ် ဆိုပါတော့ ။ လူတွေထဲ မှာ စကားပြောရတော့မယ် ဆိုရင် အသံထွက်မလာ တတ်တာမျိုး ၊ တယ်လီဖုန်းမြည်သံ ကြားရင်တောင် ကောက်ကိုင်ရမှာ ကြောက်တာမျိုး ၊ ဒါမျိုး ပြောချင်ရင် အစောကြီး ကတည်းက လေးလေးနက်နက် ပျိုးထားခဲ့ရမယ် ။ လိုအပ်တဲ့ နေရာကျမှ ကောက် ထည့်လိုက်တာမျိုး မဖြစ်သင့်ဘူး ။

ဥပမာ ပြရမယ် ဆိုရင် ကျွန်မက ဇာတ်ကောင် တစ်ယောက်ကို ခန္ဓာကိုယ် ချည့်နဲ့သူ အဖြစ် ဖန်တီးထားတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ စိတ်ထဲမှာ သူဟာ စိတ်ဓာတ်ရေးရာအရလည်း ချည့်နဲ့နေသူ ဖြစ်တဲ့အတွက် ဒါကို တင်စားပြချင်လို့ သူ့ ခန္ဓာကိုယ် ကိုပါ ချည့်ပစ် လိုက်တာပဲ ။ ဒါပေမဲ့ အဲဒီ ဝတ္ထု ဖတ်ဖြစ်တဲ့ သူတွေက ကျွန်မကို မေးကြတယ် ။ “ သူက ဘာဖြစ်လို့ အဲဒီလို ချည့်နဲ့ သွားတာလဲ ” တဲ့ ။ ဒါဟာ ကောင်းသော တုံ့ပြန်ချက်ဖြစ်တယ်လို့ ကျွန်မ ထင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်သူက ကျွန်မ ဇာတ်ကောင်ကို စိတ်ဝင်စားတယ်ဆိုတာ သေချာသွားတာကိုး ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ မှာလည်း တခြား ပြဿနာတွေ ရှိနေတော့ “ သူ ဘာကြောင့် ချည့်နဲ့နေတယ် ဆိုတာ ကျွန်မ မသိဘူး ။ ကျွန်မ ဂရုထားတာက သူ ဟာ စိတ်ဓာတ်ရေးရာ အရ ချည့်နဲ့ သူ တစ်ယောက် ဖြစ်တယ် ဆိုတဲ့ အချက်ပဲ ” လို့ ဖြေခဲ့မိတယ် ။ တကယ်တမ်းကျတော့ စာဖတ်သူတွေက ဇာတ်ကောင်ကို အသေးစိတ် စိတ်ဝင်စားတယ် ။ သူ့ ခြေထောက် ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားတယ်ဆိုတာ သိချင်ကြတယ် ။ ဒါကြောင့် ကျွန်မက ကျွန်မ ဇာတ်ကောင်ကို ရေတပ်ထဲ သွင်း ၊ မတော်တဆ ထိခိုက်မှု တစ်ခု ဖန်တီးပြီး ခြေထောက်မသန် ဖြစ်အောင် ဇာတ်ကွက် ချပေး လိုက်ရတယ် ။ အဲဒီလို ဇာတ်ကွက်ကို ဖြေ ပေးလိုက်တော့မှပဲ ပရိသတ်ကလည်း ကျေနပ်သွားတယ် ။

ဆရာ Hannery O'Connor က ပြောဖူးတယ် ။ “ စာရေးဆရာက သူ့ဇာတ်ကို သူကြိုက်သလို လုပ်လို့ရတယ် ။ ဒါပေမဲ့ ကြိုက်သလို လုပ်လို့ မရတာတွေလည်း အများကြီး ရှိပြန်တယ် ” တဲ့ ။ ဒီ အဆိုအမိန့်ကို ကျွန်မ သိပ်ကျေးဇူး တင်တယ် ။ ကျွန်မ ဇာတ်ကောင်ကို ခြေမသန်သူ အဖြစ် ဖန်တီးခဲ့ပေမယ့် ဘာကြောင့်ဆိုတာ ကျွန်မ မပြောဘဲ မဖြစ်နိုင်ဘူးဆိုတာ နားလည် သဘောပေါက် သွားခဲ့ရပါတယ် ။

•••••   •••••   •••••

ဝတ္ထုရေးတဲ့ နေရာမှာ နောက်တစ်ချက် ကျွန်မ ဂရုပြုမိတာကတော့ ဆက်တင် အနေအထားပါပဲ ။ ဆက်တင် အနေအထား မှန်ပါမှ ကိုယ့် ဇာတ်ကောင်ကို ပရိသတ်က ယုံကြည်မှု ရှိပါတယ် ။ ဝတ္ထုထဲမှာ ပဲ ဖြစ်ဖြစ် ၊ ပြင်ပကမ္ဘာမှာ ပဲ ဖြစ်ဖြစ် လူတွေဟာ နေရာ တစ်ခုမှာ တစ်ကြိမ် နေပြီး စကားတစ်မျိုး ပြောကြတယ် ။ အဲဒီ နေရာ အနေအထားနဲ့ စကားက သူတို့ရဲ့ ဘဝ အခြေအနေ ပုံစံကို ဖော်ပြနေသလို သူတို့ တန်ဖိုးကိုလည်း ဖော်ပြပါတယ် ။

ဒါကြောင့် ဆက်တင်ဟာ စာဖတ်သူအတွက် အရေးကြီးသလို စာရေးသူအတွက် လည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တာ သေချာလှပါတယ် ။ တကယ်လို့ ကျွန်မ သာ စာဖတ်သူနေရာ မှာ နေရမယ်ဆိုရင် စာရေးသူ တစ်ယောက် ဖန်တီးပြတဲ့ ကမ္ဘာကို ကျွန်မ ယုံကြည်သွား တာ နဲ့အမျှ သူ့ ဇာတ်ကောင် တွေကိုလည်း သက်ရှိတွေလို့ပဲ ခံယူလို့ရမှာ မလွဲပါဘူး ။

Iris Murdoch က သူ့ ဝတ္ထုထဲမှာ စာဖတ်သူ ထိုင်ချင်လာလောက်အောင် ကောင်းတဲ့ အခန်းကြီး တစ်ခု အကြောင်း ဖွဲ့ထားတယ် ။ ဖတ်လိုက်ရုံ နဲ့ ဒီအခန်းထဲ ကိုယ် ဝင်ထိုင်ပြီး ပြတင်းပေါက်ရှည်ကြီး ကို ဖြတ်သန်း ဝင်လာမယ့် နေခြည်ထွေးထွေးကလေးတွေ ရဲ့ အရသာကို ခံချင်လာတယ် ။ Carolyne Chute က နှင်းခဲတွေ ဖုံးလွှမ်းနေတဲ့ လွင်ပြင်ကြီးအကြောင်း ဖွဲ့နွဲ့ခြယ်မှုန်းထားတော့ နှင်းတွေကြားက လေအေးဒဏ်ကို ကိုယ်တိုင်ခံစားပြီး နှင်းပြင်ကြီးလိုလည်း မြင်ယောင်လာပါတယ် ။ နှင်းပြင်ကြီး ရဲ့အဆုံး သစ်တောထဲက လူ တစ်ယောက် ထွက်လာတယ် ဆိုတာကို ကိုယ်က မြင်နေပြီး ဆက်တင်မှာ စီးဝင်မျောပါမှု ကြောင့် သူ့ ဇာတ်ကောင်ကို ကိုယ်က ယုံသွားတာပဲ ။

စာရေးဆရာက သတိ ထား ပြီး တိတိကျကျ ဖော်ပြတတ်မယ်ဆိုရင် ဆက်တင်ဟာ စာဖတ်သူ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာနိုင်တာပဲ ။ အဲဒီလို ဖြစ်လာအောင် စာရေးဆရာ က သူ့မြင်ကွင်း တစ်စိတ် တစ်ဒေသ ၊ ဒါမှမဟုတ် သူ့ အာရုံထဲက မြင်ကွင်း တစ်ခု ကို သေသေချာချာ ကြည့်မြင်တတ်ဖို့ လိုပါတယ် ။ ဒါပေမဲ့ ဆက်တင်ဟာ ကိုယ့် ဝတ္ထုမှာ “ သာမည ” သာဖြစ်ရမယ် ။ ဆက်တင်ကိုပဲ အဓိကထား ရေးမယ်ဆိုရင် ဇာတ်က ပျောက်နိုင်တဲ့အတွက် “ အဓိက ” နဲ့ “ သာမည ” ခွဲခြားတတ်ဖို့ လိုအပ်ပါတယ် ။ တစ်ခါတလေ ကျတော့လည်း ဇာတ်ကို အထောက်အကူ မလွဲမသွေ ပြုရမယ့် ဆက်တင် ထည့်ရေးဖို့ လိုအပ်လာတာရှိတယ် ။ ဒီအခါမျိုးမှာ စာရေးသူက မျှမျှတတ ရေးတတ်ရမယ် ။ ဆက်တင် တစ်ခု ကိုပဲ “ ဝိသေသ ” နှစ်ခုလောက်ထည့်ပြီး ရေးတဲ့ အကျင့်ရှိတဲ့ စာရေးသူတွေလည်း ရှိပါတယ် ။

ဥပမာ “ ကြီးမား စိမ်းစိုသော သစ်ပင်ကြီး ၏ နောက်တွင် အိုမင်း ဖြူဖွေးနေသော အိမ် တစ်လုံး ရှိ၏ ။ ” ဒီလို ရေးလိုက်ရင် စာဖတ်သူက သဘာဝမကျဘူးလို့ မြင်သွားရော ။ အဲဒါ ကျွန်မ အမြင် ပြောရရင် စာရေးသူဟာ တကယ့် မြင်ကွင်းတွေကို လေ့လာမကြည့်ဘဲ ရေးတဲ့ အကျင့်ရှိလို့ပဲလို့ ထင်ပါတယ် ။ နောက် တစ်ခု ကျွန်မ ပြောချင်တာကတော့ ကုန်ပစ္စည်း အမှတ်တံဆိပ် ၊ အမည်တွေကို မလိုအပ်ဘဲ ဘယ်တော့မှ ထည့် မရေးစေချင်ဘူး ။

သာမည ဇာတ်ကောင်များ နဲ့ ပတ်သက်လို့ ပြောချင်ပါ သေးတယ် ။ စာရေးသူတိုင်းအတွက် ဘယ် ဇာတ်ကောင်မှ “ သာမည ” မဟုတ်ဘူး ဆိုတာ ကျွန်မ ယုံပါတယ် ။ ဒါကြောင့် ဇာတ်ကောင်တစ်ယောက်က စကားပြောတာကို နားထောင်ရုံသက်သက် ဇာတ်ကြောင်းမှာ ဘာမှ ပါဝင်ပတ်သက်မှု မရှိတဲ့ ဇာတ်ကောင် အပိုတွေ ဟာ မိမိတို့ ဝတ္ထု ၊ ဇာတ်လမ်းမှာ မလိုအပ်ပါဘူး ။ ဒါကြောင့် ဇာတ်ကောင်တိုင်းဟာ စာရေးသူရဲ့အားထုတ်မှု အပြည့်အဝ နဲ့ သဘာဝ ကျအောင် ဖန်တီးခံရဖို့ လိုလည်း လိုအပ်တယ် ။ ထိုက်လည်း ထိုက်သင့်တယ်လို့ ပြောချင်ပါတယ် ။ ကိုယ် ဖန်တီးလိုက်တဲ့ ဝတ္ထုကမ္ဘာထဲမှာ သူ ဟာ လည်း ထိုက်သင့်တဲ့ နေရာ ရသင့်တာပေါ့ ။

တစ်ခါတလေ မှာ ဇာတ်ကောင် က စာရေးသူကို ဒုက္ခပေးလာတယ် ။ ( စိတ် အနှောင့်အယှက် ပေးလာတယ် ဆိုရင် ပိုပြီး မှန်မယ် ) အဲဒီအခါမျိုးမှာ ကိုယ်က ဘာလုပ်ရမှန်း မသိတော့ဘူး ။ ဒီတော့ အဲဒီ ဇာတ်ကောင်ကို ကိုယ့် ဇာတ်ကွက်ထဲက ဖယ်ရှား ပစ်လိုက်နိုင်ဖို့ သ,တ်ပစ်ချင်စိတ် ပေါ် လာတတ်တယ် ။ ဒါပေမဲ့ ဒီနည်းနဲ့ ဘယ်လိုမှ ရှင်းလို့ မရတတ်ပါဘူး ။ တကယ်လို့ ဒီနည်းနဲ့ ရှင်း မိရင် စာရေးသူက သူ မှားနေတယ်ဆိုတာ သူ့ ဘာသာ သူ သိပါတယ် ။ အဲဒီအခါ စာရေးရတာ စိတ်လက် မအီမသာဖြစ်လာရော ။ ဒါပေမဲ့ ဇွတ် ဆက်ရေးတယ် ။ ကိုယ် ရေးတဲ့ ဇာတ်ပဲ ၊ ကိုယ် ဖန်တီးသလို ဖြစ်ရမယ် လို့ ဇွတ် တွက်တတ်တာတွေ ရှိတတ်တယ် ။ အခိုက်အတန့်အားဖြင့်တော့ စိတ်သက်သာရာ ရချင်ရလိမ့်မယ် ။ ဒါပေမဲ့ ကိုယ့်လိပ်ပြာ ကိုယ်မသန့်ဘူး ဆိုတာ လက်ခံပါ ။ ကိုယ် ဖြေရှင်းလိုက်တဲ့ နည်းက မှားသွားပြီဆိုတာ သိနေမှတော့ ဒီထက် ကောင်းတဲ့ အဖြေ ရအောင် ပြန်ရေးတာ အကောင်းဆုံးပါပဲ ။ တစ်ထိုင်တည်းမှာ ဇာတ်ကို ပြန်ပြင်ချင်မှ ပြင်နိုင်လိမ့်မယ် ။ မပြင်နိုင်သေးရင် ဒီဝတ္ထုကို ခဏ ရပ်ထားလိုက်ပါ ။ တခြား ကိစ္စတွေ လုပ် ။ ကိုယ် သ,တ်ပစ်ခဲ့မိတဲ့ ဇာတ်ကောင်ကို မသ,တ် ဘဲ ပြန်ဖော်ထုတ်ပြီး မှန်ကန်တဲ့နည်း နဲ့ ရှင်းနိုင်တဲ့ ဇာတ်ကြောင်း တွေးလို့ရတဲ့ အချိန် ကျ မှ ဒီဝတ္ထုကို ပြန်ကိုင်ပါ ။

ကျွန်မ ဆိုလိုတဲ့ “ မှန်ကန်တဲ့ နည်း ” ဆိုတာက ရှေ့မှာ ကိုယ် တည်ဆောက်ထားခဲ့တဲ့ ဇာတ်အိမ်ရှိတယ် ။ ဒီဇာတ်အိမ်အရ ပရိသတ်က ဒီဇာတ်ကောင်ရဲ့ အနေအထား ဘယ်လို ရှိတယ်ဆိုတာ စွဲနေပြီ ။ သူတို့ လက်ခံနိုင်တဲ့ နည်း သာ ဒီ ဝတ္ထုအတွက် မှန်ကန်တဲ့နည်း ဖြစ်ပါတယ် ။ ရှေ့မှာ ကိုယ် ပျိုးခဲ့တဲ့ ဇာတ်ကို ကိုယ့်ဘာသာ ဖျက်ချင်လို့ မရနိုင်ဘူးဆိုတာ သတိပြုပါ ။

•••••   •••••   •••••

စာရေးတယ်ဆိုတာ “ ဖန်တီးခြင်း ” အတတ်ပညာပါ ။ ဒါကြောင့် ဇာတ်ကောင်တွေက လူအစစ်တွေ နဲ့ တူစရာမလိုပါဘူး ။ ဒါပေမဲ့ စာရေးသူ ဖန်တီးလိုက်တဲ့ ကမ္ဘာထဲမှာတော့ သူတို့ဟာ လူအစစ်တွေလိုပဲ နေကြ ၊ ထိုင်ကြ ၊ စကားပြောကြရလိမ့်မယ် ။ ဒါမှလည်း သူတို့ ကမ္ဘာကို စိတ်ဝင်တစား ဖတ်တဲ့ စာဖတ်သူတွေအတွက် ဒီ ဇာတ်ကောင်တွေဟာ တကယ့်လူတွေလို ဖြစ်လာလိမ့်မယ် ။ ဇာတ်လမ်းထဲမှာ လူကြမ်း ၊ သို့မဟုတ် မိန်းမကြမ်း တစ်ယောက်လို့ ဖန်တီးထားတယ် ဆိုပါတော့ ။ ဒီဇာတ်ကောင်ဟာ လူကြမ်းပဲလို့ ပရိသတ်က မြင်ထားတယ် ။ ယုံကြည်ထားတယ် ။ ဒါကို စာရေးဆရာက ရုတ်တရက်ကြီး လူကောင်းဖြစ်သွားတယ်လို့ လုပ်မပစ်သင့်ဘူး ။ ကျွန်မ ဆိုလိုတာက စာရေးသူ တစ်ယောက်အနေနဲ့ စာဖတ်ပရိသတ်ကို အံ့သြသွားအောင် မလုပ်သင့်ဘူးလို့ ပြောတာမဟုတ်ဘူး ။ ရုတ်တရက် အဲဒီလို ပြောင်းလိုက်တဲ့ အတွက် စာဖတ်သူက ပျော်ရွှင်ကျေနပ်စွာ လက်ခံ ထားတာမျိုးပဲ ဖြစ်စေ သင့်တယ် ။ စိတ်ထဲ မှာမကျေမနပ် နဲ့ သူ ရေးလို့သာ ဖတ်လိုက်ရတယ် ။ မဖြစ်နိုင်ပါဘူးလို့ စိတ်လက် မအီမသာနဲ့ လက်မခံချင်ဘဲ လက်ခံလိုက်ရတာမျိုး မဖြစ်သင့်ဘူး ။ အဲဒီလို ဖြစ်သွားရင် စာဖတ်သူ က ဒီဝတ္ထုကို စိတ်ဝင်စားမှု လျော့သွားရော ။ စာဖတ်သူကို စာရေးဆရာက လှည့်စားတယ် ။ ညာတယ်လို့ အတွေးရောက်သွားတတ်ပါတယ် ။

စာရေးကောင်းတာနဲ့ အမျှ စာဖတ်သူဟာ ဝတ္ထုထဲက ကမ္ဘာထဲကို အလိုလို ရောက်လာမှာပဲ ။ ဒါပေမဲ့ စာရေးသူက ဇာတ်ကောင်ကို မနိုင်ဝန် ထမ်းခိုင်းသလို ပြောချင် တဲ့ စကားတွေ ၊ ပေးချင် တဲ့ Message များနေရင် တော့ မနိုင်တဲ့ဝန် ထမ်း ရတဲ့ လားတစ်ကောင်လို လိမ့်ကျသွားလိမ့်မယ် ။ ဝန် နဲ့ အား မျှမှသာ ကိုယ် ဖန်တီးတဲ့ ဇာတ်ကောင်က စာဖတ်သူရဲ့ရင်မှာ စွဲကျန်ရစ်ပါလိမ့်မယ် ။ စာရေးသူတိုင်းက သူ့ ဇာတ်ကောင်တွေကို ချစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူ ဖန်တီးထားတာတွေ ကိုး ။ ဇာတ်ကောင် အားကောင်းတာ နဲ့အမျှ ပရိသတ်ကလည်း ဇာတ်ကောင်တွေကို စွဲသွားမယ် ။ ဘာကြောင့်လဲဆိုတော့ စာရေးသူ ဖန်တီးထားတဲ့ ကမ္ဘာဟာ တကယ့်ကမ္ဘာနဲ့ တူတဲ့အတွက် အဲဒီ ကမ္ဘာထဲက ဇာတ်ကောင်တွေကလည်း တကယ့်လူတွေနဲ့ တူ နေကြလို့ပါပဲ ။

◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
      အမှတ် ( ၄၂ )
      ဧပြီလ ၊ ၁၉၉၃ ခုနှစ် 

 

No comments:

Post a Comment