❝ သတင်းစာပါ သတင်းများမှ ဝတ္ထုတို ဖန်တီးခြင်း ❞
ကျွန်တော် ၊ ကျွန်မ ဝတ္ထုရေးချင်ပါတယ် ။ ဇာတ်လမ်းက ဘယ်လို ရှာရမှန်း မသိဘူးလို့ ဆိုကြသူများအတွက် စာပေဆုများ အကြိမ်ကြိမ် ရဖူးတဲ့ စာရေးဆရာ Gary Fincke ရဲ့ From a Newspaper Story to Short Story ဆိုတဲ့ ဆောင်းပါးကို ဖော်ပြပေးချင်ပါတယ် ။
ဆရာ Gary ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဖြစ်တဲ့ Sorry I Worried You က Flannery O'Connor ဆုရခဲ့တဲ့ စာအုပ် ဖြစ်ပြီး University of Georgia Press m ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံး ထုတ်ဝေထားတဲ့ The Fine Landscape က ကဗျာပေါင်းချုပ် စာအုပ် ဖြစ်ပြီး Univesity of Arkansas Press က ထုတ်ဝေထားတာ ဖြစ်ပါတယ် ။
••••• ••••• •••••
ကျွန်တော်တို့ မိသားစု Pennsylvania ပြည်နယ် ကောလိပ် ရှိတဲ့ မြို့ကလေးမှာ နေတုန်းက ကျွန်တော့်ကလေး သုံးယောက်က “ ဒီမှာ ဘာမှ မဖြစ်ဘူး ၊ ဘာမှ ထူးခြားမှုမရှိဘူး ။ အရမ်းပျင်းစရာ ကောင်းတဲ့ နေရာပဲ ” လို့ ပြောကြတယ် ။ သူတို့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် လက်မခံနိုင်ပါဘူး ။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ နေ့တိုင်းလိုလို အဖြစ်အပျက်တွေဟာ ဖြစ်ပျက်နေတာပဲ ။ ဒီ အဖြစ်အပျက်တွေဟာ သမိုင်းဝင် အဖြစ်အပျက်တွေ ဟုတ်ချင်မှ ဟုတ်မယ် ။ ကိုယ့်ပြည်နယ် အတွင်းမှာတောင် သိချင်မှ သိကြလိမ့်မယ် ။ တစ်မျိုးသားလုံး သိဖို့ ဆိုတာ ဝေလာဝေးပေါ့ ။ နေ့စဉ်ထုတ် သတင်းစာတွေကို ဖတ်ကြည့်ရင် အဖြစ်အပျက်တွေကို တွေ့ရလိမ့်မယ် ။ ဘာဖြစ်တယ် ဆိုတာထက် အဲဒီ အဖြစ်အပျက်တွေရဲ့ ကာယကံရှင်တွေရဲ့ စရိုက်က စိတ်ဝင်စားဖို့ ကောင်းတယ် ။ ဘယ်နေရာမှာ ဖြစ်တယ် ၊ သူတို့ရဲ့ စရိုက်က ဘယ်လို ရှိတယ် ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ အထူးသဖြင့်တော့ ကျွန်တော် စာရေးဆရာ ဖြစ်လာချိန်မှာ ကျွန်တော့် ကလေး သုံးယောက် ပြောတဲ့ “ ဘာမှလဲ မဖြစ်ဘူး ၊ ဘာမှ ထူးခြားမှု မရှိဘူး ” ဆိုတဲ့ စကားကို ပိုပြီး လက်မခံနိုင် ဖြစ်လာပါတယ် ။ သူတို့ သုံးယောက်ကလည်း ကျွန်တော့် အနားမှာ မရှိကြတော့ပါဘူး ။ ကျွန်တော်က သတင်းစာပါ အဖြစ်အပျက်များမှ ကာယကံရှင်တွေရဲ့ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေးတွေကို စိတ်ဝင်စားပါတယ် ။ ပြစ်မှုတစ်ခု ဖြစ်ပွားတယ်ဆိုရင် ဒီလူဟာ ဘာကြောင့် ဒေါသဖြစ်ရသလဲ ၊ ဘာကြောင့် မယုံသင်္ကာ စိတ်တွေ ဝင်ရသလဲ ဆိုတာကို ကျွန်တော် စေ့ငုကြည့်ပါတယ် ။
အဲဒီမှာ ဝတ္ထုတိုရဲ့ အသည်းနှလုံးကို တွေ့ရတော့တာပါပဲ ။
ဒါကြောင့် ကျွန်တော် သတင်းစာတစ်စောင် ဖတ်တဲ့ အခါမှာ ကလေးတွေ ပြောခဲ့တဲ့ “ ဘာမှ မဖြစ်ဘူး ” ဆိုတဲ့ စကားကို အထူးသတိထားပြီး ထူးတာကို ရှာကြည့်ပါတယ် ။ သတင်းတစ်ပုဒ် ထူးတာကို တွေ့ပြီဆိုရင် စောစောက ပြောသလို အဲဒီ လူရဲ့ စရိုက် ၊ အခြေအနေ ၊ အချိန်အခါတို့ကို ဆက်ပြီး လေ့လာကြည့်ပါတယ် ။
ဥပမာ ဆိုကြပါစို့ ၊ မနှစ်တုန်းက သတင်းစာထဲမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကို ကျွန်တော် ဖတ်လိုက်ရပါတယ် ။ အမျိုးသမီးတစ်ယောက် ရဲ့ ဧည့်ခန်းထဲမှာ အဲဒီ အမျိုးသမီးက မြွေလေးကောင်ကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ရန်ပြုဖို့ ကြိုးစားတာကြောင့် ရဲတွေက ဝိုင်းထားရသတဲ့ ။ နောက်ဆုံးမှာတော့ သူကိုင်ထားတဲ့ မြွေကပဲ သူ့ကို ပေါက်လိုက်တော့မှ ဇာတ်က အဆုံးသတ်သွား တော့တယ် ။ မြွေကို သက်သေအဖြစ် ပြနိုင်ဖို့ ရဲက ပစ်သ,တ်လိုက်ပြီး အမျိုးသမီးကိုလည်း ဆေးရုံ ပို့လိုက်ရတယ် ။
ဒီသတင်းကို စိတ်ဝင်စား သွားတဲ့ ကျွန်တော် ဆက်ပြီး လေ့လာသုံးသပ်ကြည့်ပါတယ် ။ အမျိုးသမီးရဲ့ ပြောပြချက် ၊ ရဲများ နောက်ဆက်တွဲ ရှာဖွေ တွေ့ရှိ တဲ့ အချက်အလက်များကို ဆက်ပြီး လေ့လာကြည့်ပါတယ် ။ အမျိုးသမီးက အိမ်မွေးတိရစ္ဆာန်တွေ ရောင်းတဲ့ဆိုင် ဖွင့်ထားသတဲ့ ။ သူမက မြွေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ် ထိန်းသိမ်းနိုင်သူ ဖြစ်တယ် ။ ဒီအချက်တွေဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေပါပဲ ။ ဒါပေမဲ့ သူ့ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အမျိုးသမီးရဲ့ ဆွေမျိုးသားချင်းတစ်ယောက်က သူ့အမြင် ပြောပြတဲ့ အချက်ဖြစ်ပါတယ် ။ အမျိုးသမီးမှာ သားတစ်ယောက် ရှိပါတယ် ။ ဒီအကြောင်းကို ဝတ္ထုတိုအဖြစ် ဖန်တီးတော့မယ် ဆိုတော့ ကျွန်တော်က သူ့သား နေရာမှာ သတင်းစာတိုက်က ည အယ်ဒီတာ တစ်ယောက်ကို ဇာတ်ကောင်အဖြစ် ဖန်တီးလိုက်ပါတယ် ။
ဝတ္ထုအဖြစ် ရေးမယ်ဆိုတော့ ဇာတ်အဖွင့် မြင်ကွင်းကို ကျွန်တော်က ဧည့်ခန်းထဲမှာ မြွေတွေနဲ့ ရှိနေတဲ့ အမျိုးသမီးရဲ့ မြင်ကွင်းနဲ့ စလိုက်ပါတယ် ။ သူ့သား ပြောပြချက်တွေကို လေ့လာကြည့်တော့ သားဟာ အမေကို အင်မတန် ချစ်တဲ့သူ တစ်ယောက် ဖြစ်ပြီး အန္တရာယ်များတဲ့ မြွေတွေ ကို ကိုင်တွယ်တာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်က ပြောကြပေမယ့် အမေကို ချစ်တဲ့ သားကတော့ မပြောရက် ၊ မဆိုရက် ရှိခဲ့ပါတယ် ။
သတင်းစာ ပါတဲ့ အဲဒီ သတင်းကို ဝတ္ထုတို အဖြစ် ဖန်တီးရာမှာ ကျွန်တော် လိုက်နာခဲ့တဲ့ အချက်များကို ဝတ္ထု ရေးလိုတဲ့ ဝါသနာရှင်များအတွက် အဆင့်အလိုက် ရှင်းပြသွားချင်ပါတယ် ။
၁ ။ သာမန် အဖြစ်အပျက်ထက် ထူးခြားတဲ့ အဖြစ်အပျက်ကို ရွေးချယ်တတ်ပါစေ ။
အဖြစ်အပျက်တွေဟာ သူ့နေရာနဲ့ သူ နေ့တိုင်း ဖြစ်ပျက် နေတာပါပဲ ။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာနဲ့ မကောင်းတာ ဒါပဲ ကွာပါတယ် ။ အဲဒီတော့ သတင်းစာပါ အချက်ကနေ ဝတ္ထုတို ဖန်တီးတော့မယ် ဆိုရင် မူရင်းသတင်း ကိုယ်တိုင်က စာဖတ်ပရိသတ်ကို ဆွဲဆောင်မှု အပြည့်အဝရှိတဲ့ သတင်း ဖြစ်ဖို့ လိုပါတယ် ။ ပြီးတော့ သတင်းပါ အချက်အလက် ထက်ကာယကံရှင်ရဲ့ ထူးခြားတဲ့ စရိုက်က ပိုပြီး အရေးပါတယ် ဆိုတာ သတိချပ်စေချင်ပါတယ် ။ အခု ကျွန်တော် ပြောတဲ့ မြွေနဲ့ အမျိုးသမီး ကိစ္စမှာဆိုရင် အဖြစ်အပျက် အားဖြင့် သာမန်ထက် ထူးခြားတဲ့ အဖြစ်အပျက် ဖြစ်တယ် ။ သူမမှာ ရှိတဲ့ သားက ဇာတ်လမ်း အပြည့်အစုံ ကို ပြန်ပြောနိုင်သူ ဖြစ်တယ် ။ အမေကို ချစ်တဲ့စိတ်နဲ့ ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး အမေ့အပေါ်မှာ နားလည်မှု ပေးနိုင်တဲ့ သား ဖြစ်တယ် ။
၂ ။ ဇာတ်လမ်းကို ဘယ်သူက ပြန် ပြောပြမလဲ ဆိုတာ ဆုံးဖြတ်ပါ ။
ဒီအချက်က တော်တော် အရေးကြီးတဲ့အချက် ဖြစ်ပါတယ် ။ ကျွန်တော်က ကာယကံရှင် အမျိုးသမီးမှာ သား တစ်ယောက်ရှိတယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီး ဝတ္ထုထဲမှာ သူ့သားကို သတင်းများအပေါ် စိတ်ဝင်စားတဲ့ သတင်းစာ အယ်ဒီတာအဖြစ် ဖန်တီးလိုက်တဲ့ အတွက် အဖြစ်အပျက် အပေါ် မှာ သာမန် အခြေအနေထက် ပိုပြီး စိတ်ဝင်စားသူ ဖြစ်လာတယ် ။
၃ ။ ဇာတ်အိမ် တည်နေရာ ။
ဇာတ်အိမ် တည်နေရာဟာ ဝတ္ထုတစ်ပုဒ်အတွက် အရေးပါတဲ့ အချက် တစ်ခုဖြစ်ပါတယ် ။ အခု ကျွန်တော်ပြောတဲ့ ဇာတ်လမ်းမှာဆိုရင် ဇာတ်ကောင်အမျိုးသမီးရဲ့ပတ်ဝန်းကျင်အနေအထားကို လေ့လာနိုင်အောင်လို့ ကျွန်တော်ကိုယ်တိုင် ကိုယ်ကျ ကားနဲ့သွားပြီး လေ့လာခဲ့ပါတယ် ။ သူ့အိမ်က နှစ်ထပ်အိမ်တစ်လုံး ဖြစ်ပြီး သူ့ ပတ်ဝန်းကျင်က သစ်ပင်များဟာ မကြာသေးမီကမှ တိထားတဲ့ အနေအထား ဖြစ်ပါတယ် ။
၄ ။ ဒေသသုံး စကားသံကိုသုံးစွဲပါ ။
ဒေသ တစ်ခု နဲ့ တစ်ခု စကားသံ ထွက်ပုံချင်း မတူတာကို အမြဲ သတိထားပါ ။ စကားသံကို လေ့လာချင်ရင် အမြဲတမ်းလိုလို လူစည်ကားနေတဲ့ နေရာများမှာ သွားရောက် လေ့လာသင့်ပါတယ် ။ ဥပမာ အားဖြင့် ကုန်စိမ်းများ ရောင်းတဲ့ နေရာ ၊ ရှော့ပင်းမောလ် ၊ စားသောက်ဆိုင်များတို့မှာ အမြဲတမ်း လူ စည်ကားနေတဲ့ အတွက် သူတို့ တစ်တွေရဲ့ ပြောဟန် ၊ ဆိုဟန်များကို လေ့လာနိုင်ပါတယ် ။ အမူအကျင့်များကို မျက်မြင်ကိုယ်တွေ့ တွေ့နိုင်ပါတယ် ။ တစ်ခါတုန်းက ကျွန်တော် ဘီယာဆိုင် တစ်ဆိုင်မှာ ရောက်နေစဉ် လူအများ ပြောနေကြတဲ့ “ ခရစ္စမတ် အထိမ်းအမှတ် လှည့်လည် အလှပြပွဲမှာ စန်တာကလော့စ် အဖြစ် သရုပ်ဆောင်တဲ့ သူကို သေနတ်နဲ့ အနီးကပ် ပစ်သွားတာကတော့ လူတွေ စိတ်ဝင်စားစရာကိစ္စ ဖြစ်နေတယ် ” ဆိုတဲ့ စကားကို ကြားရတဲ့အတွက် လူအများ စိတ်ဝင်စားတဲ့ အဲဒီ ဖြစ်ရပ်ကို လေ့လာပြီး ဝတ္ထုတို တစ်ပုဒ် ရေးခဲ့ဖူးပါတယ် ။
ဒီဖြစ်ရပ်ဟာ ရယ်စရာ လည်း ကောင်းသလို ကြေကွဲစရာ လည်း ကောင်းတဲ့ ဖြစ်ရပ် တစ်ခုပါ ။ တစ်ခါတုန်းက သတင်းစာထဲမှာ အမျိုးသမီး တစ်ယောက် သူ့အိမ်က ရေစိမ်ကန်ထဲမှာ ရေစိမ်ရင်း ကလေး မွေးချလိုက်တဲ့ အတွက် အဲဒီကလေး ရေနစ်ပြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်း ဖတ်ရပါတယ် ။ ဒီအဖြစ်ဟာ သာမန် သတင်းတစ်ပုဒ်လို့ ထင်ရပေမယ့် တကယ်တော့ အဲဒီ အမျိုးသမီးက အိမ်ထောင်မရှိဘဲ ကလေးအဖေဖြစ်တဲ့ သူ့ ချစ်သူက တာဝန်မယူတဲ့ အဆုံးမှာ ကလေးကို အပျောက်ရှင်းလိုက်ခြင်း ဖြစ်ပါတယ် ။
ဒီသတင်းကို ဖတ်ရတော့ ကျွန်တော့် ဇနီးကလည်း အဲဒီ အမျိုးသမီးကို သိနေပါတယ် ။ ဒီ အမျိုးသမီးရဲ့သမီး အကြီး တစ်ယောက်က ကျွန်တော့်ဇနီး မူလတန်းပြ ဆရာမရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတာကြောင့် သူနဲ့ အဆက်အသွယ် ရှိခဲ့ပါသတဲ့ ။ ဒါကြောင့် ကျွန်တော်က ဒီအမျိုးသမီးအကြောင်း ကို ဝတ္ထုတိုအဖြစ် ဇာတ်လမ်းဖွဲ့တဲ့ အခါမှာ ဇာတ်ကြောင်းပြန် ပြောသူ အဖြစ် ကျွန်တော့် ဇနီးဆရာမ နေရာမှာ အငြိမ်းစား အမျိုးသား ဆရာတစ်ယောက်ကို ဖန်တီးထည့်သွင်းခဲ့ပါတယ် ။ ဒီဆရာက အမျိုးသမီးရဲ့ သမီးအကြီးနဲ့ ပတ်သက်ပြီး အမျိုးသမီးနဲ့ သိကျွမ်းနေတဲ့ ပုံစံ ရေးခဲ့တာပါ ။
ဇာတ်ကြောင်း ပြန်ပြောတဲ့ အငြိမ်းစားဆရာက အဲဒီအမျိုးသမီးမှာ သောကဝေဒနာတွေ ဖိစီးမှု များလွန်းတဲ့ အတွက် ဒီလိုဖြစ်ရကြောင်း ပြန်ပြောပြတဲ့ ဟန် ရေးဖွဲ့နိုင်ခဲ့ပါတယ် ။ သတင်းစာပါ ဇာတ်လမ်းများကို ဝတ္ထုအဖြစ် ရေးဖွဲ့တဲ့ နေရာမှာ သတိပြုဖို့ အချက် တစ်ခုကတော့ ဝတ္ထုတို ရေးဖွဲ့ခြင်းဟာ သတင်းစာမျက်နှာမှာ သတင်းရေးသားခြင်းနဲ့ မတူဘူး ဆိုတာကို အထူးသတိပြုပြီး ရေးဖွဲ့မယ် ဆိုရင် သတင်းစာများက ရရှိတဲ့ သတင်းများကနေ ဝတ္ထုတို တွေ အများကြီး ရှိနိုင်ပါတယ် ။
⎕ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
၂ဝဝ၉ ခုနှစ် ၊ မေလ
No comments:
Post a Comment