❝ စိန်ကျော့ ❞
( ရန်ကုန်ဘဆွေ )
ရွာသာရွာကြီး၏ နောက်ဖေးရှိ စိမ်းစိမ်းစိုနေသော လယ်ကွင်းပြင်ကြီးတွင် ကွေ့ ကွေ့ ကောက်နေသည့် ချောင်းရိုးတစ်လျှောက်၌ ဖွေးဖွေးဖြူ၍ မွှေးမွှေးကြူနေကြသော တောစံပယ်ပင်ကလေးများ ရှိကြသတတ် ။
ဒါတွေကို ကျွန်တော်တို့ ကျွဲကျောင်းတုန်းက အပင်များကို နွားကန်နှင့် ရိုက်ခဲ့ကြသည် ။ အပွင့်တွေကို ခူးခဲ့ကြသည် ။ လက်နှင့် ခြေခဲ့ကြသည် ။ ခြေထောက်နှင့် နင်းခဲ့ကြသည် ။ ဖနောင့် နှင့် ရွှံ့ထဲသို့ မြုပ်ဝင်သွားအောင် ထပ်ကာ ထပ်ကာ ပေါက်ခဲ့ကြသည် ။ မှတ်ကရော ။
သို့ပေမယ့် လဆန်းရေကြီး အလာတွင် အချို့ စံပယ်ပွင့်ကလေးများမှာ နွမ်းနွမ်းကြေကြေနှင့် ရွှံ့ထဲမှ ပေါ်လာပြီး ရေစီးတွင် မျောပါသွားကြသည် ။ ရွာဦးကျောင်းမှ ကပ္ပိယကြီး ဖိုးသာလန်း သည် အရီးစိမ်းနုတို့ တဲမှ ပြန်လာရင်း လေပင့်သဖြင့် သင်းထားသော မြက်ဖတ်များ ၊ အမှိုက် များနှင့်အတူ ရောနှောလျက် ကွင်းစုန်ခိုက်တွင် ကြုံကြိုက်စွာ မျောပါလာကြရင်း ကန်သင်းဆုံတွင် တစ်ပြုံကြီး ကပ်၍ နေကြသော နွမ်းပျော့ပျော့ ပန်းပွင့်ကလေးများကို တွေ့ နေရသည် ။
“ ဟယ် … ပန်းကလေးတွေ ... ဟဲ့ ”
သူသည် ပန်းပွင့်ကလေးများကို ကုန်း၍ ဆယ်လိုက်သောအခါ ဒဏ်ရာဒဏ်ချက်တွေ ဗရပွနှင့် နွမ်းလျနေသော ပွင့်ဖတ်ကလေးများမှာ ကပ္ပိယကြီး၏ လက်ထဲမှ ရိ၍ ရိ၍ ကျကျ သွားသည် ။ ကြွေ၍ ကြွေ၍ ကျကျသွားသည် ။ ဆယ်ယူ၍ပင် မရနိုင်တော့ ။
လေအမြူးတွင် ရေထဲ၌ လူးလွန့်လျက်ရှိကြသော နာတာရှည် ပန်းပွင့်ကလေးများသည် ကပ္ပိယ အဘိုးအိုအား ခပ်ညှိုးညှိုး မျက်နှာကလေးများနှင့် ခပ်ငေးငေး ကြည့်နေကြ၏ ။
“ ဪ ”
အဘိုးအိုသည် ရုတ်တရက် နှုတ်မှ ညည်းညူရင်း နှမြောတ,သသော မျက်လုံးများဖြင့် ကြည့်ကာ လေးဆေးစွာ ခါးကိုဆန့်လျက် တုံ့နှေးသော ခြေလှမ်းဖြင့် ဆက်လက်၍ လျှောက်သွားခဲ့သည် ။ ကန်သင်းဘေးမှ ဖားလက်တက်ကလေးများကမူ အဘိုးအိုအား သရော်လိုက်ကြသလို ပြိုင်တူအော်လိုက်ကြ၏ ။
••••• ••••• •••••
အဘိုးအိုသည် ရွာထဲသို့ ရောက်သောအခါ ရွာအပျိုကျော် စိန်ကျော့၏ ခေါင်း၌ ဂဠုန့် လက်သည်း နှစ်ခက်ခန့် ထိုးထားသည်ကို တွေ့ ရသည် ။ ဂဠုန့်လက်သည်းသည် ပန်းအပွင့် မဟုတ် ၊ ရွက်လှမျိုး အရွက်တွေ ဖြစ်သည် ။ အရောင် စိမ်းမြမြ ရှိသည် ။ ရွာအတွင်းရှိ ဒေါ် ရွှေထယ်၏ အိမ်ဝင်းထဲတွင် တမင် စိုက်ထားသဖြင့် တောပန်း မဟုတ် ၊ ရွာပန်း ဖြစ်သည် ။
ထို့ကြောင့် ဂဠုန့်လက်သည်း အခက်ကလေးများသည် တောစံပယ်ပွင့်ကလေးတွေ လောက် မလှသော်လည်း ၊ မမွှေးသော်လည်း ၊ မနုနယ်သော်လည်း ယုယသူ ပေါသည် ။ ကောင်းမွန်စွာ ပန်ချင်သူ ပေါသည် ။
အိမ်တိုင်းက ညောင်ရေအိုး ထဲတွင်လည်း ဂဠုန့်လက်သည်းခက်ကလေးများ ဝေဆာ မြိုင်ဆိုင်နေကြသည် ။ ပြီးတော့ ရွာဦးကျောင်းက သိမ်ကြီးထဲ၌ မနှစ်က ချွေးတော်ယိုသော ဆင်းတုတော်ကြီး၏ ရှေ့၌လည်း ဤမည်သော ဂဠုန်လက်သည်း ခက်ကလေးများပင် ရှိနေခဲ့ကြသည် ။
ယခုလည်း တောစံပယ်ပွင့်ကလေးများကို ဆယ်ယူ၍ မရခဲ့သော အဘိုးအို ဖိုးသာလန်း သည် သူနေသော ရွာဦးကျောင်း သိမ်ကြီးထဲမှ ဆင်းတုတော်အတွက် ဤဂဠုန့်လက်သည်း ခက်ကလေးများကိုပင် ထပ်၍ ခူးယူသွားပေဦးတော့မည် ။
စိမ်းဖန့်ဖန့်နှင့် ခပ်တွန့်တွန့် ခပ်ကြမ်းကြမ်းရှိသော ဂဠုန့်လက်သည်းပင်များကို ကျွန်တော်တို့ ကျွဲကျောင်းသားတွေကလည်း နွားကန်နှင့် ရိုက်မပစ်ဝံ့ ။ မရိုက်ဝံ့ရုံသာ မကသေး ကိုယ်ကလေး ကြော့ကြော့ ၊ ခေါင်းကလေး မော့မော့နှင့် ရင်ကလေး ဝင်ကာ မျက်နှာကလေး ပင့်ကာ လျှောက်၍ လာသော ရွာအပျို ကွမ်းတောင်ကိုင် မစိန်ကျော့ကိုပင် လှမ်း၍ ပြောလိုက်မိပါသေးသည် ။
“ မစိန်ကျော့ကြီးက ပန်းတွေ ဘာတွေ ပန်လို့ ”
“ ဟဲ့ … အမယ် ပန်းတွေ ဘာတွေ ပန်တော့ ဘာဖြစ်သလဲဟ ”
“ ပန်းတွေ ဘာတွေ ပန်တော့ လှတာပေါ့ဗျ ၊ ဂဠုန့်လက်သည်း ခက်တွေက စိမ်းလဲ့လဲ့နဲ့ ဆိုတော့ ခင်ဗျားမျက်နှာနဲ့ သိပ်လိုက်တာ ”
“ အမယ် …. ဒီကောင်ကလေး ငါ့ကို ကြိုက်နေပြီနဲ့တူတယ် မဟုတ်လား ၊ နင် ငါ့ကို ကြိုက်နေသလား ”
"ဟာဗျာ ... ခင်ဗျားကြီးကလဲ ”
“ နို့ .. နင် မကြိုက်ဘူးလား ... ပြောလေ ”
“ ကျုပ်က ကြိုက်တော့ကော … ခင်ဗျားကြီးက ”
“ ငါက … ငါက ဘာပြုလဲ ပြောစမ်း ၊ နင် ကြိုက်တယ်ဆိုရင် ငါက ယူမှာပေါ့ ”
“ အိုဗျာ အလကား ရောက်တတ်ကားရား ”
“ ဟဲ့ ... တကယ် ပြောနေတာ ၊ နင့်အမေ အရီးဖော့ကို ပြောလိုက် ၊ လယ်နှစ်တုံးထွန် တစ်ပွဲ တင်တောင်းရင် နင့်ကို ငါယူမယ် ”
ကျွန်တော်သည် ထူပူနေသော မျက်နှာနှင့် သူ့ကို လှမ်းကြည့်လိုက်ရာ သူ၏ ရွှန်းရွှန်းလဲ့ နေသော မျက်လုံးဝိုင်းကြီးနှင့် အကြည့်ချင်း ဆုံသွားသောကြောင့် ရင်ထဲတွင် ဖိုပြီး မျက်နှာ လွှဲလိုက်ရပါသည် ။
ထိုအချိန်က စ၍ ရွာထဲတွင် “ နီတွတ်က စိန်ကျော့ကို ကြိုက်လို့တဲ့ ” ဟူသော စကား များသည် မောင်းမခတ်ဘဲနှင့် ပျံ့နှံ့၍ သွားပါတော့သည် ။ ကာလသားခေါင်း ကိုထွန်းပကြီးက ကျွန်တော့်ကို တွေ့တိုင်း ...
“ ဟေ့ နီတွတ် … နင်တော့ ဟောဒီ လက်သီးကို ကြည့်ထား ၊ စိန်ကျော့ကိုများ ပိုးရင် သေဖို့သာ ပြင်ရော့ ” ဟု သူ့လက်သီးဆုပ်ကြီးကို ထောင်ပြရင်း ငုံထားသော ဆေးဖတ်ကို ပါးစောင်တစ်ဖက်သို့ ပို့ကာ တံတွေးကို ပျစ်ခနဲ ထွေးထုတ်လိုက်တတ်ပါသည် ။
ကျွန်တော်သည် ကိုထွန်းပကြီးကို ချောင်းရိုက်ဖို့ သုံးလေးကြိမ်မျှ စိတ်ကူးခဲ့ဖူးသော်လည်း ကိုထွန်းပကြီး မှာ တုတ်ပြီးသည် ဆိုသောကြောင့် ကျွန်တော့် အကြံအစည်မှာ မအောင်မြင်ခဲ့ရပါ ။
••••• ••••• •••••
မိုးသားတွေ အုံ့ဆိုင်းညို့မှိုင်း၍ ငွေဥဗျိုင်းကလေးများ ပျော်မြူးခဲ့ကြသော အချိန် ။ စပါးနှံကလေးတွေ ရွှေရည်လူးလျက် နှင်းဥကလေးများ ကပ်နေကြသော အချိန် ။ ကွင်းပြင်ကို မီးတင်ရှို့လိုက်သဖြင့် ကျီးတို့ စွန်တို့ ပျံဝဲခဲ့ကြသော အချိန် ။ ထိုအချိန်များကို အကြိမ်ကြိမ် ကျော်လွန်၍ လာခဲ့ပါပြီ ။
ရွှေပန်းငေါက်တောက်နှင့် လုံချည်ကွင်းသိုင်းလျက် ချိုလိမ်မကြီးကို စီးပြီးလျှင် လက်တစ်ဖက်ကား နွားကန် ၊ လက်တစ်ဖက်ကား လောက်လေးကို ကိုင်၍ ပလွေတိုကို ခမောက်တွင် ထိုးကာ ရွှံ့တွေ ပေနေသော မျက်နှာဖြင့် “ မစိန်ကျော့ကြီးက ချောတယ်ချယာ … ” ဟု ခေါင်း တညိတ်ညိတ်နှင့် မဲ့ကာရွဲ့ကာ ပြောနေသော နီတွတ် ဘဝမှ ကျွန်တော်သည် ဘမင်း ဟု ခေါ်သော လူပျိုကြီးဖားဖားဘဝသို့ ရောက်ရှိလာခဲ့ပါပြီ ။
ထိုမျှမကသေး ရှင်လူထွက်စ ကတည်းက ဆက်လက်၍ ထားခဲ့သော လက်ကိုင်ပဝါ အဖြူနှင့် ရော၍ စည်းနှောင်ထားသည့် ဆီပြောင်ပြောင် သျှောင်ချောကြီးကိုပင် အဘ ဆုံးသော နှစ်တုန်းက ဖြတ်ပစ်လိုက်ကာ ယခုအချိန်၌ နားသလယ်တွင် ထစ်ကြီးကြီးနှင့်ရှိသော မြို့ဆန်ဆန် ဘိုကေတွေ ဘာတွေနှင့် ဖြစ်နေပါပြီ ။
ထိုထက် အိမ်တွင် ဦးစီးခေါင်းဆောင် အဖြစ် ကျွန်တော်ပင် လုပ်နေရပြီဖြစ်ရာ ကျွန်တော် လုပ်သော လယ်မှာ လေးတုံးထွန် ဖြစ်သဖြင့် ...
“ နင့်အမေ အရီးဖော့ကို ပြောလိုက် ... နှစ်တုံးထွန် လယ်တစ်ပွဲ တင်တောင်းရင် နင့်ကို ငါ ယူမယ် ” ဟူသော မစိန်ကျော့ကြီး၏ စကားကို ယခု ပြောနေသကဲ့သို့ပင် ကြားယောင်နေပါသည် ။ ကျွန်တော်သည် မစိန်ကျော့ကို ပြေး၍ ပြောလိုက်ချင်ပါ၏ ။
“ နှစ်တုံးထွန် မဟုတ်ဘူး ၊ လေးတုံးထွန် တင်တောင်းမယ်ဗျ … လေးတုံးထွန် ”
မစိန်ကျော့ကား ဂျပန်ဝင်စ နှစ်လောက် ကတည်းက တစ်အိမ်လုံး မြို့သို့ ပြောင်းသွား ကြပြီဖြစ်ရာ ဈေးရောင်းနေသလိုလို ၊ ဂျပန်ဗိုလ်ကြီး တစ်ယောက် နှင့် ရသွားသလိုလို မရေရာသော သတင်းမျှ လောက်သာ ကြားလိုက်ရပြီးနောက် မစိန်ကျော့တို့ သတင်း လုံးဝ ပျောက်သွား ပါတော့သည် ။ မစိန်ကျော့တို့ အကြောင်းကို တစ်ရွာလုံး မေ့နေကြပြီ ဖြစ်သော်လည်း ကျွန်တော်ကား မေ့သူ မဟုတ်ပါ ။
“ လယ်နှစ်တုံးထွန် တင်တောင်းရင် နင့်ကို ငါယူမယ် ” ဟု မစိန်ကျော့ကြီး ပြောလိုက်ကတည်းက ကျွန်တော်သည် ကျွဲကျောင်းဘက် သူငယ်ချင်းများ နှင့်ပင် သိပ်အရောတဝင် မကစားတော့ဘဲ လူကြီးလေး တစ်ယောက်ကဲ့သို့ အလုပ်ကို ကြိုးစားပမ်းစား လုပ်လာခဲ့ပါ သည် ။
ထို့ကြောင့် ရွာထဲရှိ လူကြီးများက ကျွန်တော့် အမေအား တွေ့ တိုင်း “ မယ်ဖော့တို့များ တယ် ကုသိုလ်ကောင်းသတဲ့ ။ သားတစ်ယောက်ဆို ဆိုသလောက် အားကိုးရတယ် ၊ သူ့သားက သိပ်အလုပ် လုပ်တဲ့ ကောင်ကလေးဟဲ့ ” စသည်ဖြင့် ပြောလာကြပါသည် ။
မစိန်ကျော့တို့ မြို့ကို ပြောင်းသွားကြတုန်းက သမ္ဗန်ဆိပ်သို့ ကျွန်တော် လိုက်ပို့ခဲ့ရာ မစိန်ကျော့က ကျွန်တော်၏ ခေါင်းကို အသာပွတ်လျက် “ နီတွတ်ရယ် … ဝမ်းမနည်းပါနဲ့ဟယ် ၊ နင် ကြီးတော့ ငါ့ဆီ လိုက်လာခဲ့ပေါ့ ၊ ငါ နင့်ကို ယူပါ့မယ် ” ဟု ပြောသွားခဲ့ဖူးပါသည် ။ ထိုသို့ သူက ပြုံးကာ ရယ်ကာ ပြောနေရာမှ မှုန်မှိုင်းမှိုင်းနှင့် ဆို့နေသော ကျွန်တော်၏ မျက်နှာကို မြင်လိုက်သောအခါ ကျွန်တော်၏ ကျောကို ယုယစွာပွတ်သပ်ရင်း ...
“ ဟဲ့ နီတွတ် …. ဒီလို လုပ်မနေနဲ့ဟယ် ၊ သီတင်းကျွတ်တို့ တန်ဆောင်မုန်းတို့ ဆိုတဲ့ လယ်အလုပ်အားတဲ့ လတွေမှာ တို့ဆီ လာလည်ပေါ့ ၊ တို့လဲ မကြာမကြာ ရွာကို လာလည် ကြဦးမှာပဲ ဟုတ်လား ” ဟု ပြောပြီး ရွှေရောင်ပျက်နေသော သူ့ရင်ထိုး ချိတ်ကလေး တစ်ချောင်းကို ဖြုတ်ကာ ကြယ်သီးပြုတ်၍ ဟနေသည့် ကျွန်တော်၏ ရင်ဘတ်မှ အင်္ကျီကို ဆွဲစေ့ရင်း ထိုးပေးနေပါသည် ။
“ ဟဲ့ ... အမယ်လေးဟဲ့ ... စိန်ကျော့ရဲ့ ။ ညည်းလင်ကလေးကို နှုတ်ဆက်လို့ မပြီးသေး ဘူးလားဟ ”
မစိန်ကျော့သည် သမ္ဗန်ဆီသို့ လှည့်ကြည့်လိုက်ပြီးနောက် ကျွန်တော်၏ ပခုံးကို အသာ ပုတ်၍ နေရာမှ ထပြီးလျှင် ...
“ နှုတ်ဆက်ရတယ်တော့ ၊ နှုတ်ဆက်ရတာပဲ ” ဟု ပြောရင်း ဆင်းသွားခဲ့ပါသည် ။ နံနက်စောစော နေခြည် ခ , သဖြင့် ရွှေရည်ကြွနေသော လှိုင်းတွန့်ကလေးများ၏ အကြားတွင် သမ္ဗန်ကလေးသည် တဖြည်းဖြည်းနှင့် ဝေး၍ ဝေး၍ သွားပါတော့သည် ။
••••• ••••• •••••
တစ်သီတင်းဖြင့် ကျွတ်ခဲ့ရပြန်ပါပြီ ။ တောင်ပိုင်းသားတွေက ဒီနှစ် မီးထွန်းပွဲကို အတော် ချည်း စည်စည်ကားကား ဖြစ်အောင် လုပ်ခဲ့ကြသည် ။
ထို့ကြောင့် ယခု တန်ဆောင်မုန်းလတွင် ကျွန်တော်တို့ မြောက်ပိုင်းသားတွေက တောင်ပိုင်းသားတွေထက် သာအောင် တန်ဆောင်တိုင်ပွဲတော်ကြီးကို ခဲဖို့ ကြိုးစားထားကြသည် ။ ကျွန်တော်တို့ မြောက်ပိုင်းက သာဆန်းကြီး မှာ အလွန် လူတွင်ကျယ် လုပ်ချင်သည် ။ သူ မြို့ကို တက်သွားရာ မှာယူလိုက်ကြသော ပစ္စည်းတွေကို ပြည့်စုံအောင် မဝယ်မီ အပိုတွေ ဝယ်ပစ် လိုက်သဖြင့် တကယ်လိုသော ပစ္စည်းများကို မဝယ်နိုင် ၊ မဝယ်ရဘဲ ငွေမလောက်မင ဖြစ်သွားရသည် ။ ယနေ့သည် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ပင် ဖြစ်နေပါပြီ ။ သာဆန်းကြီးကြောင့် ကျွန်တော်တို့ ကသီလင်တ ဖြစ်ကြရသည် ။ ကျွန်တော်သည် လိုသောပ စ္စည်းများကို ဝယ်ယူရန် မြို့သို့ သွားရပါဦးမည် ။ ထို့ကြောင့် တကယ်လိုသော ပစ္စည်းများကို သေသေချာချာ ရေးမှတ်ကာ မော်တော် ပေါ်သို့ ဆင်းလာခဲ့ပါသည် ။
ကျွန်တော်တို့ ရွာနှင့် မြို့မှာ သိပ်ဝေးလှသည် မဟုတ်သောကြောင့် တစ်နေ့လျှင် ကူးတို့ မော်တော် နှစ်ခေါက်ကျ သွားပါသည် ။ မြို့သို့ ရောက်လျှင်ရောက်ချင်း လိုသော ပစ္စည်းများကို ဂရုတစိုက် ရှာဖွေ ဝယ်ယူပြီး မော်တော်ပေါ်သို့ ချလာခဲ့ပါသည် ။
ကျွန်တော် ပစ္စည်းများ သယ်ယူချထားနေသော အချိန်တွင် ကျွန်တော်တို့ မြောက်ပိုင်းမှ ပွဲစား ကိုညီမောင်လည်း ရန်ကုန်မှ ပြန်လာသဖြင့် ရွာသို့ ပြန်ရန် မော်တော် ပေါ်သို့ ရောက်နှင့် နေသောကြောင့် ကျွန်တော့် အတွက် အဖော်ရနေပါသည် ။ မော်တော်ထွက်ရန် အချိန် တစ်နာရီခွဲမျှ လိုသေးသည်ဖြစ်ရာ ကျွန်တော်သည် ကိုညီမောင်အား ပစ္စည်းများကို အပ်နှံခဲ့လျက် မြို့ပေါ်သို့ လျှောက်ကြည့်ရန် တက်လာခဲ့ပါသည် ။
မြို့ကလေးမှာ ရှေးကထက် ပို၍ စည်ကားနေပါသည် ။ မြို့နှင့် အလှမ်းဝေးသော ကျေးရွာများမှ သူပုန်ရန်ကြောင့် မိမိတို့ လယ်ယာ ချောင်းမြောင်းများကို ပစ်ခဲ့ရပြီးလျှင် ဖြစ်သလိုနှင့် ရောင်းချ စားသောက်နေကြရရှာသော ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ကလေးများသည် မြို့နှင့် အဆမတန်အောင် ပြည့်သိပ်လျက် ရှိနေပါသည် ။
သူတို့ အပါအဝင် ဖြစ်သော မြို့သူ မြို့သားတို့သည် ကျွန်တော်တို့ကဲ့သို့ပင် တန်ဆောင်တိုင် ပွဲတော်အတွက် လုံးပန်းထားကြပါသည် ။ သင်္ဘောကြီးများ ၊ ဇီးကွက်ရုပ်ကြီးများနှင့် အချို့သော မီးပုံးများမှာ ကျွန်တော်တို့ ရွာထက် ဆန်းကြယ်လှပါသည် ။ ကျွန်တော်သည် ထိုအဆန်းတကြယ်များကို ကြည့်ရင်း မြို့ပတ်လမ်းကြီးမှ နေ၍ မော်တော်ဆိပ်ဆီသို့ ပြန်ခဲ့ပါသည် ။ မြို့ပတ်လမ်းကြီးပေါ်တွင် ရှိနေကြသော အိမ်ကလေးများမှာ မြို့တွင်းက အိမ်တွေကဲ့သို့ မခမ်းနားဘဲ ကျွန်တော်တို့ ရွာကလေးက အိမ်ကလေးများ အတိုင်း ဓနိမိုး ဝါးထရံကာ အိမ်ကလေးများပင်ဖြစ်ကြပါသည် ။
သို့ရာတွင် အိမ်ကလေးတွေ၏ ရှေ့၌ ကျယ်ဝန်းသော မြေနီလမ်းမကြီးရှိရာ ထိုအချက်သည် ကျွန်တော်တို့ ရွာကလေးထက် သာသောအချက်ဖြစ်ပါသည် ။ လမ်းမကြီး၏ တစ်ဖက်၌ မူကား ကျယ်ပြန့်သော လယ်ကွင်းပြင်ကြီးရှိပါသည် ။ လယ်ကွင်းထဲမှ ဖြတ်သန်းတိုက်ခတ်လာသော လေကလေးသည် ကျွန်တော်၏ စိတ်ကို အေးချမ်း၍ သွားစေပါသည် ။ အိမ်တိုင်းလိုလို ပေါက်ပန်းဖြူပင်ကလေးများ ဝိုင်းရံ၍ စိုက်ထားကြရာ ထိုအပင်ကလေးများကြောင့်ပင် တစ်မျိုးအားဖြင့် သာယာအေးဆေးသယောင်ယောင် ရှိနေပါသည် ။ အိမ်ကလေးတွေ၏ တံစက်မြိတ်၌ ပုံတောင် မီးပုံးကလေးများကို ခပ်ရိုးရိုးပင် ချိတ်ဆွဲ၍ ထားကြပါသည် ။
စီတန်း ညီညာစွာရှိကြသော ဤအိမ်ကလေးများ ဤလမ်းမကျယ်ကြီးနှင့် တစ်ဖက်ရှိ စိမ်းစိုကျယ်ပြန့်သော ကွင်းပြင်ကြီးကို ကြည့်ရင်း ကျွန်တော်သည် စိတ်ကြည်နူးစွာနှင့် သက်သောင့်သက်သာ လျှောက်၍ လာခဲ့ပါသည် ။
ထိုအချိန်တွင် အိမ်တစ်အိမ်၏ ထောင့်ဆီမှ သီချင်းဆိုလိုက်သော အသံတစ်ခုကို အမှတ်မထင် ကြားလိုက်ပါသည် ။ အသံရှင်သည် ဆံပင်ကလေးကို ဖားလျားချလျက် ပေါက်ပန်းဖြူ ခက်များကို တံချူဖြင့် ခူးယူ၍ နေပါသည် ။ နေရောင်ခြည်သည် အသံရှင်၏ ဆံပင်ပေါ်တွင် ကျရောက်လျက် ရှိရာ အသံရှင်၏ ကိုယ်အထက်ပိုင်းအား ရွှေနားကွပ်ပေးသကဲ့သို့ ရှိနေပါသည် ။
“ မြို့သူများ တယ်လှပါကလား .. ”
ကျွန်တော်သည် ထိုသို့ စိတ်ထဲ၌တွေးရင်း ဒီအသံကို သိဖူးသယောင်ယောင် ဝိုးတိုးဝါးတား ဖြစ်လာပါ သည် ။
‘ အသက်နဲ့ထပ်တူ ချစ်လိုက်ပါတဲ့ …. မောင့်ကိုကွယ် ... မောင့်ကိုကွယ် ... ကြည်ဖြူ စွာပဲ ယုယမယ် ကြင်နာမယ် , ချစ်လို့ရယ် .. ချစ်လို့ ရယ်တဲ့ကွယ် ’
ကျွန်တော် မှတ်မိလာပါပြီ ။ ဟုတ်ပါသည် ။ သူပဲ ဖြစ်ပါသည် ။ သူသည် ကျွန်တော့်ကို မြင်ဟန်မရှိပါ ။ ပေါက်ပန်းဖြူခက်များ ကြားမှ ကျလျက်ရှိသော နေခြည်မျှင်ကလေးများ၏ အောက်တွင် သူသည် ရွှေပိုးတီကလေး တွန့်သလို လူးကာ လွန့်ကာနှင့် ဟင်းရွက်များကို ချူမြဲချူနေပါသည် ။ ကွင်းပြင်ကြီးဆီမှ တိုက်ခတ်လာသော လေပြည်ကလေးသည် သူ၏ ဆံပင်နှင့် အဝတ်စကလေးများကို ကြွမြူးလှုပ်ရှားစေလျက် မြို့ဆန်ဆန် အချိုးကျသော သူ့ကိုယ်လုံးအား ဖွင့်ချည် ပိတ်ချည်နှင့် ဆော့၍နော့၍ ပြနေပါသည် ။
‘ အစဉ်သာ တကယ် … ချစ်ရည်မျှလို့ ချစ်မဝနိုင်တယ် … ’
ကျွန်တော်သည် သူတို့ အိမ်ရှေ့တွင် ရပ်မိလျက်သား ရှိနေပါပြီ ။ သူသည် ကျေးရွှေခဲ ကလေး ငဲ့သလို ကျွန်တော့်အား ခေါင်းကလေး ငဲ့၍ ကြည့်လိုက်ပါသည် ။ ထိုနောက် တံချူကို ချလျက် အံ့အားကြီးသင့်၍ ငေးနေရာ ကျွန်တော်က “ မစိန်ကျော့ ” ဟု ရင်ထဲမှ တစ်လုံးတစ်ခဲကြီး ပွင့်ထွက်လာသော အသံနှင့် လှမ်းခေါ်လိုက်မိပါသည် ။
သူသည် ကွက်ခနဲ မျက်နှာပျက်သွားရာမှ ခပ်မှန်မှန်ပြုံးရင်း ကျွန်တော့်အား အားတက်သရော ပြန်၍ နှုတ်ဆက်လိုက်ပါသည် ။
“ ဟဲ့ ... နီတွတ် .. အမယ်လေး ထွားလိုက်တာကွယ် ၊ လာလာ အိမ်ထဲကို ”
ကျွန်တော့် စိတ်ထဲတွင် ဝမ်းသာ၍ မဆုံးနိုင်တော့ပါ ။
••••• ••••• •••••
ကျွန်တော် အိမ်ထဲသို့ ဝင်လိုက်သွားသောအခါ မိန်းမကြီးတစ်ယောက်သည် အမှတ်မဲ့ နေရာမှ ထလိုက်ပါသည် ။ မစိန်ကျော့သည် သူ့လက်ထဲမှ ပေါက်ပန်းဖြူခက်များကို လှမ်းပေးလိုက်ရင်း ...
“ ဧည့်သည် မဟုတ်ပါဘူး အမေသက်ရဲ့ ။ ကျွန်မ ပြောပြောနေတဲ့ နီတွတ်ဆိုတဲ့ ကောင်လေးဟာ သူပေါ့ ” ဟု ပြောလိုက်ပါသည် ။
မိန်းမကြီးသည် မတုန်မလှုပ်နှင့် ကျွန်တော့်ကို အကဲခတ်သလိုကြည့်ကာ ဟင်းရွက် များကို ယူ၍ ထွက်သွားပါတော့သည် ။
မစိန်ကျော့သည် နေရာထိုင်ခင်းပေးရင်း ကျွန်တော်၏ ရင်ဘတ်မှ ချိတ်ကလေးကို ကြည့်ကာ ပြုံးလိုက်ပါသည် ။ ထိုချိတ်ကလေးမှာ သူ ပေးသွားသော ရွှေရောင်ပျက်နေသည့် ရင်ထိုး ချိတ်ကလေးပင် ဖြစ်ပါသည် ။
ထို့နောက် ကျွန်တော်တို့ နှစ်ယောက်သည် လက်ပံပင်ပေါ်တွင် ဆက်ရက်နှစ်ကောင် တွေ့ကြသည့်ပမာ တန်ဆောင်တိုင်ပွဲတော်အတွက် ကျွန်တော် ပစ္စည်းတွေ လာဝယ်ရသည့် အကြောင်း ၊ ဂျပန်ခေတ်က မစိန်ကျော့၏ မိဘများ ဆုံးပါးခဲ့ကြရသည့်အကြောင်း ၊ တောင်ပိုင်းက မလှစုကြီး ဝါတွင်းကြီးထဲ၌ သမ္ဗန်သမား ကိုဖိုးနှင့် လိုက်ပြေးသွားသည့်အကြောင်း ၊ ဟိုအကြောင်း ဒီအကြောင်း အကြောင်းပေါင်း သောင်းခြောက်ထောင်တို့ကို ကတွတ်ပေါက်က ရေစီးနေသည့်သဖွယ် တတွတ်တွတ်နှင့် အလုအယက် ပြောဆိုနေကြပါသည် ။
ဆိပ်ကမ်းဆီမှ မော်တော် ထွက်ရန် အချက်ပေးသည့် ဟွန်းသံသည် ကျွန်တော်တို့ နှစ်ယောက် စကားပြောနေကြရာသို့ ခပ်သဲ့သဲ့ ရောက်၍လာခဲ့ပါသည် ။
“ ဟော … မော်တော်ထွက်တော့မယ် ။ ကဲ .. လက်ဖက်ရည် သောက်လိုက်ဦး ၊ စကားပြောရတာကတော့ ကောင်းပါရဲ့ကွာ ။ မင်းမှာ အချိန်ကလဲ သိပ်မရဘူး ” ဟု ပြောပြောဆိုဆို မစိန်ကျော့သည် အောက်တွင်ချထားသော ကော်ဖီခွက်ကို ကျွန်တော့်ဆီသို့ လှမ်း၍ ပေးနေပါသည် ။
ကျွန်တော်သည် စိတ်ထဲ၌ ဆုံးဖြတ်ထားပြီး ဖြစ်သည့်အလျောက် ကော်ဖီခွက်ကို ယူကာ အောက်သို့ ပြန်ချလိုက်ပြီးလျှင် …
“ ကိစ္စမရှိပါဘူး ... ကျွန်တော် ရွာကို ပြန်မလိုက်တော့ဘူး ” ဟု ခပ်အေးအေး ပြောလိုက်ပါသည် ။
“ ဟဲ့ … နို့ … မင်း ဝယ်လာတဲ့ ပစ္စည်းတွေ ”
“ ပွဲစား ကိုညီမောင်ကြီး ဆီ အပ်ထားခဲ့တယ် ။ သူ ကြည့်ယူသွားပါလိမ့်မယ် ”
“ ခက်လိုက်တာဟယ် ... နီတွတ်ရယ် ၊ နင် အခုထက်ထိ ကလေးစိတ် မပျောက်သေး ဘူးလား ”
“ မပျောက်ဘူးဗျ ၊ ပျောက်လဲ မပျောက်ဘူး ၊ မေ့လဲ မမေ့ဘူး ၊ သီတင်းကျွတ်တို့ တန်ဆောင်မုန်းတို့ ဆိုတဲ့ လယ်အလုပ်အားတဲ့ လတွေမှာ တို့ဆီ လာလည်ပေါ့လို့ ဟိုတုန်းက ခင်ဗျား မှာသွားတာလဲ သတိရနေတာပဲ ။ ခင်ဗျားတို့ ဘယ်မှာ နေမှန်းမသိလို့သာ ကျွန်တော် မလာရတာ ”
“ အမယ် … နင် အခု ကြီးမှ တော်တော် စကားပြောလာ ”
ထိုအချိန်တွင် ကမ်းနားမှ ကျွန်တော်တို့၏ ကူးတို့မော်တော်သည် ထွက်ရန် အချက်ပေး၍ပင် နေပါပြီ ။
မစိန်ကျော့သည် မော်တော် အချက်ပေးသံကို နားစွင့်လိုက်ပြီးနောက် မတုန်မလှုပ် နေသော ကျွန်တော်၏ မျက်နှာကို အကဲခတ်သလို ကြည့်နေရာမှ ပင့်သက်ကလေးကို မသိမသာ ရှိုက်ထုတ်လျက် ..
“ ဟော … မော်တော်တောင် ထွက်သွားပြီ ၊ ကဲ .. မောင်မင်းကြီးသား ကြိုက်တဲ့အချိန်မှာပဲပြန် ” ဟု ပြောကာ မျက်စောင်းကလေးထေ့၍ ကြည့်လိုက်ပြီးလျှင် နောက်ဖေးဘက်သို့ ဝင်၍ သွားပါတော့သည် ။
ကျွန်တော်သည် ကျွန်တော့် အတွေးနှင့်ကျွန်တော် ငေး၍ ကျန်ရစ်ခဲ့ရာမှ တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်ပြီးလျှင် အေးလုလု ကော်ဖီခွက်ကို ယူ၍ တစ်ကျိုက်တည်းနှင့် မော့လိုက်ပါတော့သည် ။
ထိုအချိန်၌ မစိန်ကျော့သည် တစ်ဖက်ခန်းတွင် ချက်ပြုတ်နေဟန်ရှိသော အဒေါ်ကြီးနှင့် စကားတီးတိုး ပြောနေကြပါသည် ။ သို့ပြောရာတွင် အဒေါ်ကြီး၏ ဆူပူသံနှင့် မစိန်ကျော့၏ ဒေါသသံတို့သည် မသဲမကွဲ ငြင်းခုံပြောဆိုနေကြရာမှ ခပ်အုပ်အုပ် ရယ်သံကလေးဖြင့် အဆုံးသတ်လျက် ငြိမ်သက်ပျောက်ကွယ်၍ သွားပါတော့သည် ။
••••• ••••• •••••
မစိန်ကျော့သည် ထဘီရင်ရှားနှင့် သီချင်းကလေးကို ညည်းလျက် ရွှင်ပျသောမျက်နှာဖြင့် နောက်ဖေးမှ ဝင်၍လာပါသည် ။
“ ဟဲ့ .. နီတွတ် … လာလေဟယ် ဒီကို ”
ကျွန်တော်သည် နောက်ဖေးဘက်သို့ ဖြတ်၍ဝင်သွားသောအခါ သူသည် နောက်ဖေးနှင့် အိမ်ရှေ့ကို လှမ်း၍ မြင်နေရသော ကျွန်တော် ဝင်လာခဲ့သည့် အခန်းတံခါးကို ဆွဲ၍ စေ့လိုက်ပါသည် ။ ထို့နောက် ကျွန်တော့်အား ပက်လက်ကုလားထိုင်တစ်လုံးကို လက်ညှိုးညွှန်၍ ပြပြီးနောက် သူသည် ကျွန်တော်နှင့် တစ်လံသာသာမျှ ဝေးသည့် ကျောက်ပြင်ရှေ့တွင် ထိုင်ကာ သနပ်ခါးသွေးရန် အစပြုပါတော့သည် ။
မှန်တင်ခုံ၏ ဘေးရှိ ပြတင်းပေါက်ကလေးကို ဖွင့်ထားသည်ဖြစ်ရာ မစိန်ကျော့၏ ကိုယ်လုံးကိုယ်ထည်၌ အမှောင်တစ်ခြမ်းခို၍ နေပါသည် ။ ထိုအမှောင်ခို၍ မမြင်ရသော နေရာကလေးများကို ကျွန်တော်သည် ပိုမို၍ ကြည့်ချင်လာပါတော့သည် ။
အိမ်ကလေးမှာ တိတ်ဆိတ်၍ နေသလောက် အခန်းကလေးမှာလည်း ခပ်မှောင်မှောင်ပင် ဖြစ်ပါသည် ။
ကျွန်တော်သည် ပက်လက်ကုလားထိုင်ပေါ်၌ မှီ၍ ကျွန်တော့်ကို နောက်ခိုင်းလျက် သနပ်ခါးကိုသာ တွင်တွင်သွေးနေသော မစိန်ကျော့၏ သနပ်ခါးသွေးသံ တရှဲရှဲကို နားထောင်ရင်း မျက်တောင်မခတ်ဘဲ ငြိမ်သက်ငေးမောနေမိပါသည် ။
တစ်ခါတစ်ခါ၌ အိမ်ခေါင်ဆီလောက်မှ စုတ်ထိုးလိုက်သော အိမ်မြှောင် ဖိုမတို့၏ အသံသည် မစိန်ကျော့၏ သနပ်ခါးသွေးသံကို အမှတ်မထင် ဖောက်ဖျက်လိုက်ကြပါသည် ။
ကျွန်တော်သည် သူ၏ ရေစိုအသားနှင့် ကပ်လျက်ရှိသော အဆင်ပျောက်လျက် ဖြူရော် ရော်ဖြစ်နေသည့် လုံချည်ပျော့ကလေးကို ငေးနေရင်း ကျွန်တော်၏ ဝမ်းထဲတွင် မစိန်ကျော့ ချီးကျူးခန်းကြီးကို ဖွင့်လျက်ရှိပါသည် ။
ကျွန်တော် ချီးကျူးနေသည်မှာ မမှားပါ ။ ယခုအချိန်၌ သူ၏ အသက်မှာ ၃၁ နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း သူ့အသားအရေနှင့် ကိုယ်လုံးကိုယ်ထည်မှာ အသက် ၂ဝ ရွယ် မိန်းမပျို ကလေးများထက်ပင် ပြေသယောင်ယောင် ရှိနေပါသေးသည် ။ ယှဉ်ပြိုင်လိုက်ကြစို့ ဆိုပါမူ နဂိုက ချောပြီးလှပြီးသား အထဲတွင် မြို့သူတို့၏ အမူအရာ အပြောအဆို ကလေးများနှင့် ပေါင်းစပ် ထားပြန်သည် ဖြစ်ရာ ယခု ကျွန်တော်တို့ တောတွင် ရှိကြသော အဘယ် အပျို ၊ ၁၄ နှစ် ၊ ၁၅ နှစ် ၊ ဆံရစ် ဆံတောက် ဆံမြှောက်ထိုးအရွယ် ဂမ္ဘီတွေအလယ်မှာ ဘရဏီမယ်ကလေးကဲ့သို့ နေလိမ့်မည်ဟု ကျွန်တော် ထင်မိပါသည် ။
ဝင်းဝါသော လက်မောင်းများသည် သနပ်ခါးကျောက်ပြင်ပေါ်တွင် အချက်ကျကျ လှုပ် ရှားနေသည်ဖြစ်ရာ သူ့တစ်ကိုယ်လုံးရှိ အိစက်သော တင်ပါးများနှင့် ကြွရွရွ ရင်သားတို့မှာ တမင် အလှပြနေသလို ရှိပါတော့သည် ။ ကျွန်တော်သည် ကြည့်ရင်း ကြည့်ရင်း ကျွန်တော်၏ စိတ်ကို မထိန်းသိမ်းနိုင်တော့ပါ ။
“ မစိန်ကျော့ … ”
“ ဘာလဲဟဲ့ … နီတွတ် ”
သူ ကျွန်တော့်ကို မကြည့်ဘဲ ထူးလိုက်ပါသည် ။
“ ကျွန်တော့်ကို နီတွတ် ... နီတွတ်လို့ မခေါ်ပါနဲ့ ”
“ အလို …. ဒါဖြင့် ဘယ်လို ခေါ်ရမတုံးရှင် ”
သူသည် ကျွန်တော့်ကို ပြုံးစနဲ့နဲ့ကြည့်ရင်း ကိုယ်ကလေးကို လှုပ်ကာယမ်းကာ သွေးပြီးသား သနပ်ခါးများကို လက်သန်းကလေးနှင့် ကော်၍ ကော်၍ ကျောက်ပြင်ပေါ်သို့ တင်နေ ပါသည် ။
“ ကိုဘမင်းလို့ ခေါ်ပေါ့ ”
သူသည် ငွေဆည်းလည်းသံကလေးနှင့် ရယ်မောရင်း သနပ်ခါးများကို ပါးပြင်ပေါ်သို့ ပုံလိုက်ပြီးလျှင် ကျွန်တော့်ကို မျက်စောင်းထဲ့၍ ကြည့်လိုက်ရာ ကျွန်တော်သည် မည်သို့မည်ပုံ အနားသို့ ရောက်သွားသည်ဟု မသိလိုက်ရဘဲ သူ၏ သနပ်ခါး လိမ်းနေသော လက်မောင်းအိုးကို သွား၍ ဆုပ်မိပါတော့သည် ။
“ နာလိုက်တာ လွှတ်စမ်းပါဟယ် ... လယ်သမား လက်ကြီးရဲ့ ”
“ အစကတော့ လယ်သမားကိုပဲ နှစ်တုံးထွန် လယ်တစ်ပွဲ တင်တောင်းရင် ယူမယ်ဆို ”
မစိန်ကျော့သည် ကျွန်တော့် မျက်နှာအား ခပ်ကြောင်ကြောင် ခပ်ငေးငေးကလေး ကြည့်နေရာမှ ပင့်သက်ချလိုက်ပြန်ပါသည် ။ ထို့နောက် ဣန္ဒြေဆယ်လျက်
“ နီတွတ်ရယ် … နင်နဲ့ ငါနဲ့ ငါက နင့်ထက် အသက် အများကြီး ကြီးတယ်ဟဲ့ ”
“ ကြီးကော ဘာပြုလဲဗျာ ၊ အစကတော့ ခင်ဗျားပဲ နီတွတ်ရယ် ... ဝမ်းမနည်းပါနဲ့ဟယ် ၊ နင် ကြီးတော့ ငါ့ဆီ လိုက်လာခဲ့ပေါ့ ၊ ငါ နင့်ကို ယူပါ့မယ်ဆို ... အခု ကျုပ် ခင်ဗျားကို နှစ်တုံးထွန် မကဘူး ၊ လေးတုံးထွန် ”
သူသည် ကျွန်တော် ပြောနေသည်ကို မျက်လုံးအစင်းသားနှင့် ခပ်ငေးငေးကလေး ကြည့်နေရာမှ ကျွန်တော်၏ စကားမဆုံးမီပင် တစ်ဖက်သို့ လှည့်သွားလျက် …
“ မဖြစ်နိုင်တာဟယ် … မဖြစ်ပါဘူး ၊ ငါ့မှာ ဒီ့ပြင် မဖြစ်နိုင်တဲ့ အကြောင်းတွေလဲ ရှိသေးတယ် ”
“ ဘာလို့ မဖြစ်ရမှာလဲ … အစကတော့ မဖြစ်ဘဲနဲ့ ဘာလို့ ပြောသေးလဲ ”
“ ဟဲ့ … ဒါက နင့်ကို လုံချည်ကွင်းသိုင်းပြီး ရွှေပန်းငေါက်တောက်နဲ့ကလေးမို့ ငါက ပြောတာ ”
“ ကျုပ်ကတော့ အဲဒီကတည်းက တကယ်ပြောနေတာ ၊ တကယ် လယ်နှစ်တုံးထွန် တင်တောင်းနိုင်အောင် တကယ် လုပ်လာတာ ၊ ကျုပ် အဖော်တွေနဲ့တောင် မကစားဘူး ”
မစိန်ကျော့သည် ဘာမျှမပြောဘဲ မှန်ထဲကို ကြည့်ကာ သနပ်ခါးကိုသာ တွင်တွင်လိမ်း နေပါတော့သည် ။
“ ဟင် … ဘယ့်နဲ့လဲ ”
“ ဘာလဲ … ”
မစိန်ကျော့သည် သူ့မျက်နှာကို အချောသပ်ရင်း မျက်ခုံးကိုတွန့်ကာ ခပ်ကြောင်ကြောင် ပြန်မေးနေပြန်ပါသည် ။
သနပ်ခါးနံ့ သင်းသင်းကလေးသည် ကျွန်တော်၏ စိတ်ရူးကို ဘုံမြှောက်၍ ပေးနေပါသည် ။
ဆိတ်ငြိမ်ရာလည်း ဖြစ်ပြန် ၊ နှစ်ယောက်တည်းလည်း ရှိပြန်ရကား အမှောင်ကလေး ခပ်ကျကျတွင် စိတ်ကလေးက ကြွလာသောအခါ မထိတထိကလေးနှင့် ဆွဆွနေသော မစိန်ကျော့အား ကျွန်တော်သည် စိတ်မရှည်နိုင်တော့ဘဲ သူ့ တစ်ကိုယ်လုံးကို သိမ်းကျုံးဖျစ်ညှစ်ထားရင်း ..
“ ကျုပ် ကြိုက်တယ်ဗျာ ... ကျုပ် ခင်ဗျားကို ကြိုက်တယ် ” ဟု မောသံနှင့် ပြောလိုက်ပါသည် ။
“ အေးလေ … နင် ငယ်ငယ်တည်းက ငါ့ကို ကြိုက်နေတာ သိသားပဲ ”
သူသည် ရုန်းကန်လှုပ်ရှားခြင်း မပြုဘဲ ခပ်အေးအေး ခပ်ပြုံးပြုံးပင် ပြောနေပါသည် ။
“ ဒါဖြင့် … ခင်ဗျား ကျုပ်ကို မကြိုက်ဘူးလား ၊ ကြိုက်မလား ”
“ လွှတ် … လွှတ်စမ်းပါဦးဟယ် ၊ ငါ ပြောပါ့မယ် ”
“ မလွတ်ဘူးဗျာ .. ပြောမှ လွှတ်မယ် ”
“ ဟဲ့ .. ရည်းစားစကား ပြောတယ်ဆိုတာ ဒီလို အကြမ်းပတမ်း ပြောရတာမျိုး မဟုတ်ဘူး ၊ လွှတ်လိုက်ဦး ”
“ နားမလည်ဘူးဗျာ .. ကျုပ် မလွှတ်ဘူး ၊ ပြောမှ လွှတ်မယ် ”
“ ကဲ … ဒါဖြင့် ငါ နင့်ကို နည်းနည်းလေးမှ မကြိုက်ဘူး ”
ကျွန်တော့် လက်များသည် အလိုလို ပြေ၍ ကျသွားပါတော့သည် ။ သူသည် ကျွန်တော့် ရင်ခွင်ထဲမှ အသာအယာ လူးလဲထရင်း ကျွန်တော့်ကို ပြုံးစိစိနှင့် ကြည့်ပြီးလျှင် အင်္ကျီသွား၍ ဝတ်ပါသည် ။ ထို့နောက် ကျွန်တော့်ကျောနားမှ ကပ်လျက် သူ၏ မျက်နှာကို ကျွန်တော်၏ ပခုံးပေါ်သို့ ကျော်ပြီးလျှင် ညင်သာသော လေသံကလေးနှင့် ...
“ ဘယ့်နှယ် ကိုဘမင်းကြီး ... တော်တော် စိတ်ညစ်သွားလား ” ဟု ပြုံးစနဲ့နဲ့နှင့် မေးလိုက်ပါသည် ။
ကျွန်တော် သူ့ကို စကားပြန်မပြောနိုင်ပါ ။ စိတ်ဆိုး၍လည်း မဟုတ်ပါ ။ ကျွန်တော် ဝမ်းနည်းနေပါသည် ။ ကျွန်တော့် ရင်ထဲတွင်လည်း ဟာ၍ နေပါသည် ။ ကျွန်တော်သည် မျက်ရည် ကျမလာရန် အံကြိတ်၍ စိတ်ကို တင်းနေရပါသည် ။
သူသည် ကျွန်တော့် နောက်မှ လှည့်လာကာ ကျွန်တော့် ရှေ့တွင် ထိုင်ရင်း ကျွန်တော်၏ မျက်နှာကို ကြည့်နေပါသည် ။ သူ၏ ပြောင်ချော်ချော် ပြုံးစိစိ မျက်နှာသည် ကျွန်တော့်ကို ကြည့်နေရင်း တဖြည်းဖြည်း မျက်နှာပိုးသတ်ပြီးလျှင် ခေါင်းငုံ့ကာ ဖျာစကလေးများကို ကုတ်၍ ကုတ်၍ နေပါသည် ။
ထို့နောက် ကျွန်တော့် မျက်နှာကို ကြည့်လိုက်ပြီးလျှင် ခေါင်းငိုက်စိုက်နှင့် နေရာမှ ..
“ နီတွတ် ... ငါ နင့်ကို သိပ်သနားတယ် သိလား ၊ ဒီတော့ ... ”
သူသည် တော်တော်နှင့် စကားကို ဆက်မပြောပါ ။ ကျွန်တော်ကလည်း မမေးပါ ။ သူ့မျက်နှာမှာ တကယ် စိတ်မကောင်းနေသည့် မျက်နှာပင် ဖြစ်နေပါသည် ။ ထို့နောက် သူသည် သူ့စိတ်ကို သူ ဆုံးဖြတ်လိုက်သည့် အနေနှင့် ကျွန်တော့်ဘက်သို့ ဆတ်ခနဲ လှည့်လိုက်ကာ …
“ မင်း ခုညနေထွက်မယ့် မော်တော်နဲ့ ရွာကိုသာ ပြန်လိုက်သွားပေတော့ ”
ကျွန်တော်သည် သူ့ကို မျက်စောင်းချီ၍ တစ်ချက်ကြည့်လိုက်မိပါသည် ။ သူမပြော သော်လည်း ကျွန်တော်သွားမည်ပင် ဖြစ်ပါသည် ။ ကျွန်တော်သည် ဘာမှမပြောဘဲ ငြိမ်သက် နေရာမှ ရုတ်တရက် မတ်တတ် ထ , လိုက်ပါသည် ။ သူလည်း ကျွန်တော်နှင့်အတူ ဖြည်းညင်းစွာ ထလိုက်ပါသည် ။ ကျွန်တော့် ရင်ထဲမှ စကားလုံးများသည် အရှိန်နှင့် ပွင့်အန်၍ ထွက်ကျလာပါသည် ။
“ ဒါ ... သိပ်သနားလို့ နှင်လွှတ်လိုက်တာပေါ့ ”
သူသည် ကျွန်တော်၏ မှုန်တေတေ မျက်နှာကို ကြည့်နေရာမှ မဆောက်တည်နိုင်သော အမူအရာမျိုးနှင့် ကျွန်တော့်ကို ကျောခိုင်းလိုက်ပြီးလျှင် သူ၏ ဘယ်ဘက်လက်ကို ညာဘက်လက်နှင့် တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ...
“ ငါ သနားပါတယ်ကွာ …. ငါ သနားရုံမကဘူး မင်းကို ချစ်လဲ ချစ်တာပဲ ”
ကျွန်တော်သည် သူ့ဘက်သို့ လှည့်ကြည့်လိုက်မိပါသည် ။ သူ၏ ကျယ်ပြန့်သော ကျောပြင်သည် သေးသွယ်သော ခါးကလေးပေါ်၌ နိမ့်တုံမြင့်တုံ လှိုင်းကြွ၍ နေပါသည် ။ ကျွန်တော်သည် သူ၏ လက်မောင်းကို ဆုပ်ကိုင်၍ သူ၏ မျက်နှာနှင့်တကွ တစ်ကိုယ်လုံးကို ကျွန်တော့်ဆီသို့ ခပ်ကြမ်းကြမ်း ဆွဲ၍ လှည့်လိုက်မိပါသည် ။
“ နို့ … ခင်ဗျားကြီး ဘာလို့ … ”
သူသည် ဘာမှ ပြန်မပြောဘဲ ကျွန်တော်၏ ရင်ခွင်ထက်တွင် မျက်နှာအပ်ကာ မျက်ရည်မထွက်ဘဲနှင့် ရှိုက်နေပါသည် ။ ကျွန်တော်က သူ၏ ပခုံးနှစ်ဖက်ကို လှုပ်ယမ်းရင်း ထပ်၍ ပြောလိုက်သည် ။
“ နို့ … ခင်ဗျားကြီး ဘာလို့ ကျုပ်ကို …. ”
သူသည် ကျွန်တော် စိတ်ရှိသလို လှုပ်ယမ်းတိုင်း သွက်သွက်ခါအောင် ပါလာလျက် ရှိနေရာမှ အပြုံးတစ်ဝက် အဆွေးတစ်ဝက် စပ်ဖက်လျက် ရှိသော နှုတ်ခမ်းနှင့်တကွ မျက်ရည် များ ထိန်းသိမ်းထားသော မျက်လုံးအစုံဖြင့် ကျွန်တော့်ကို ကြည့်နေရာမှ တဖြည်းဖြည်း ပြုံး၍ လာပါသည် ။
ကျွန်တော်သည် စိတ်ပေါက်ပေါက်နှင့် ဒေါသအလျောက် ဖျစ်ညှစ်ရင်း ...
“ ခင်ဗျားကြီး … ခင်ဗျားကြီး သိပ်မကောင်းတာ ” ဟု ပြောပြောဆိုဆို အတော်ကြာကြာကြီး လှုပ်ယမ်း ဆွဲမွှေ့ပစ်လိုက်ပါသည် ။ ထို့နောက်မူကား ...
“ နီတွတ် ... နီတွတ် .. နင် ဒီလိုမလုပ်နဲ့ ”
“ ကျွန်တော် ချစ်တယ်ဗျာ ... သိပ်ချစ်တာပဲ ”
မစိန်ကျော့သည် အတင်း လူးလဲ၍ ထ,ရာမှ ….
“ အေး ... ချစ်တာသိပါတယ် ၊ ဒါပေမယ့် ဒီလိုမလုပ်နဲ့ ”
“ အိုဗျာ ... ချစ်တယ်လဲ ဆိုသေးရဲ့ ”
ကျွန်တော်က မကျေမနပ်နှင့် ကလေးဆိုးကြီးလို ပြောနေရာ မစိန်ကျော့သည် ကျွန်တော်၏ လက်များကို သိမ်းကျုံး ချုပ်ကိုင်ထားလိုက်ရင်း သူ၏ ရင်ခွင်၌ အသာကပ်ထားကာ ...
“ နီတွတ်ရယ် .. ငါက မချစ်ဘဲနဲ့ ကောက်လှိုင်း နယ်သလို ဖွတ်ဖွတ်ညက်ညက်ကြေအောင် နင် ရွှေ့ဟယ် ယမ်းဟယ် လုပ်နေတာကို ငြိမ်နေပါ့မလားဟ ”
••••• ••••• •••••
ထို့နောက် ကျွန်တော်တို့ နှစ်ယောက်သည် အချစ်စကားနိုင်လုရင်း တစ်ယောက်မျက်လုံးထဲကို တစ်ယောက် ကြည့်နေကြပါသည် ။ တစ်ယောက် အသားကို တစ်ယောက် ပွတ်သပ်ရင်း ကျေနပ်နှစ်သိမ့်ခဲ့ကြပါသည် ။ တစ်ယောက်နှင့် တစ်ယောက် သတိရခဲ့ကြပုံများ ၊ စိတ်ထဲတွင် မျိုသိပ်ထားခဲ့ကြရပုံများ ၊ လွမ်းဆွတ်ခဲ့ကြရပုံများကို အလုအယက် ပြောနေကြပါသည် ။ တစ်ယောက်နှင့်တစ်ယောက် ပျောက်သွားမှာ စိုးသကဲ့သို့ ပွေ့ဖက်ထားခဲ့ကြပါသည် ။ အပြန်အလှန် နမ်းရှုပ်နေခဲ့ကြပါသည် ။
ကျွန်တော်တို့သည် ပေါက်ပန်းဖြူပင်ပေါ်တွင် အိပ်တန်းတက်နေကြပြီဖြစ်သော ငှက်ကလေးများ၏ ဆူညံသံကိုမျှ သတိမထားမိကြပါ ။ ဝါးထရံများအကြား ဝင်ရောက်ကျဆင်းခဲ့သော နေခြည်ပြောက်ကလေးများသည် အားနည်း၍ လာရာမှ တဖြည်းဖြည်း မှိန်၍သွားကြပြီဖြစ်ရာ အပြင်တွင် မီးပုံကလေးများပင် ထွန်းညှိစပြုနေပါပြီ ။
“ ချစ်တယ် ... သိပ်ချစ်တာပဲ ၊ ကျုပ် ငယ်ငယ်လေးတည်းက အစွဲကြီးစွဲပြီး အချစ်ကြီး ချစ်လာတာ ။ ကျုပ်ရွာရောက်ရင် အမေ့ပြောပြီး လူကြီးစုံရာနဲ့ ချက်ချင်းလာတောင်းမယ် ။ အဲဒီတော့ ခင်ဗျား ... ”
မစိန်ကျော့သည် ကျွန်တော်၏ ပါးစပ်ကို မွှေးကြူသော သူ့လက်ကလေးနှင့် ပိတ်ကာ ကျွန်တော့်မျက်နှာ တစ်ခုလုံးကို သူ့ရင်ခွင်ထဲသို့ ဆွဲယူပွေ့ ဖက်ထားရင်း ကျွန်တော်၏ နဖူး ပါးပြင်တို့ကို သူ့လက်ကလေးဖြင့် ညင်သာစွာ ပွတ်သပ်၍ ပေးနေပါသည် ။ ထိုစဉ်အတွင်း အမေသက် ဆိုသူ အဒေါ်ကြီး၏ ဆူပူသံနှင့် အတူ အမူးသမားနှစ်ယောက်သည် အိမ်လယ်ခန်းမှ စေ့ထားသော တံခါးကို တွန်းဖွင့်လိုက်ပြီးလျှင် ကျွန်တော်တို့ ရှိရာသို့ ဝင်ရောက်လာကြပါသည် ။
ကျွန်တော်တို့သည် အံ့အားကြီးသင့်ပြီး နေကြရာမှ နှစ်ယောက်လုံး ထ,ရပ်လိုက်ကြ ပါသည် ။ အိမ်ခန်း အတွင်း၌ အတော်ကလေး မှောင်နေပြီဖြစ်ရာ အပြင်မှ ဝင်လာသော အမူးသမား နှစ်ယောက်သည် ကျွန်တော်တို့ကို ရုတ်တရက် မမြင်ကြပါ ။
“ စိန်ကျော့ … ကျော့ … ကျော့ ... မင်း ဘယ်မလဲ .. မင်း ဘယ်မလဲကွယ် … အသည်းကျော်ကြီးရယ် ”
အမူးသမားနှစ်ယောက် တို့သည် သံပြိုင်ဆိုရင်း အခန်းထဲသို့ ချာလည်လှည့်၍ ကြည့်နေကြစဉ် ကျွန်တော်သည် နီးရာ လူတစ်ယောက်၏ လက်ကို ဆွဲလိုက်ကာ ရင်ဝကို ဒူးနှင့်တေ့လျက် တောသားကျုံး ကျုံးလိုက် ပါတော့သည် ။
“ အို … ကိုဌေး ” ဟု ပြောလျက် မစိန်ကျော့သည် လဲသွားသော လူအား ပွေ့ တော့မည်ပြုစဉ် ကျန်တစ်ယောက်သည် ကျွန်တော်၏ နားရင်းကို မျက်စိထဲ၌ မီးဝင်းဝင်းတောက်သွားအောင် အုပ်လိုက်ရင်း ...
“ ဒါ ဖာအိမ်ကွ .. ဖာအိမ်ဆိုတာ ဘယ်သူဖြစ်ဖြစ် လာတာပေါ့ ၊ မင်းချည်း ... ”
မစိန်ကျော့သည် ထိုသူ၏ ခါးကို ဝင်၍ ဖက်လိုက်ရင်း ...
“ ကိုကြီး ... ကိုကြီးတင့် ၊ ဒါ ကျွန်မမောင်လေး ... နီ ... နီတွတ် ... မင်း ပြန် ပြန်တော့ ”
ကျွန်တော်၏ ရင်ထဲတွင် ဆို့၍ သွားပါတော့သည် ။ ကျွန်တော်သည် မည်သို့မည်ပုံ လမ်းမကြီးပေါ်သို့ ရောက်လာသည်ဟု မသိရတော့ပါ ။
လယ်ကွင်းပြင်ကြီး ပေါ်မှ ဖြတ်သန်းလာသော လေအေးကလေးသည် ကျွန်တော်၏ မျက်နှာကို ပက်ဖျန်း၍ပေးနေပါသည် ။ အဝတ်သစ် ၊ အစားသစ်များကို ဝတ်စားဆင်ယင်လျက်ရှိကြသော ယောက်ျား ၊ မိန်းမ ၊ လူကြီး ၊ လူငယ်တို့သည် ကျွန်တော်၏ ရှေ့မှောက်တွင် ပျော်ရွှင် ရယ်မောလျက် သွားလာနေကြဟန် ရှိပါသည် ။ မှောင်စို့စို့ နောက်ခံတွင် ရောင်စုံလင်းလျက်ရှိသော မီးပုံးကလေးများသည် အိမ်တံစက်မြိတ်များမှနေ၍ အရောင်ချင်း ယှက်လျက် ကခုန်နေဟန်ရှိကြသည် ။ ကျွန်တော်သည် ထိုအရာများကို မြင်လည်း မြင်၏ ၊ ကြားလည်း ကြား၏ ။ သို့ရာတွင် သတိကင်းစွာနှင့် အိပ်မက်ထဲတွင် မြင်တွေ့ နေရသကဲ့သို့ ရှိနေပါသည် ။ သို့နှင့်ပင် ကျွန်တော်သည် ထွက်စပြုနေသော မော်တော်ပေါ်သို့ လှမ်းခုန်၍ ဆင်းလိုက်မိပါသည် ။
မီးပွင့်ကလေးတွေ ထိန်ထိန်ဝေလျက်ရှိသည့် မြို့ကလေးသည် ပြာညို့ညို့ ကောင်းကင်ကြီး၏ အောက်၌ တဖြည်းဖြည်း ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့ပါသည် ။
မီးပွင့်ကလေးများမှ ကျဆင်းလျက်ရှိသော မီးရောင်ရိပ်ကလေးများသည် ရေပြင်ပေါ်တွင် တစ်စထက် တစ်စ ရှည်၍ ရှည်၍ ကျန်ရစ်ခဲ့ကြပါသည် ။ ပြင်းထန်သော ဒဏ်ရာ ဒဏ်ချက်များနှင့် သေဆုံးပြီ ဖြစ်သော ကျွန်တော်၏ ဘဝသည်လည်း ထိုမြို့ကလေးနှင့်အတူ ဝေး၍ ဝေး၍ လာခဲ့ပါပြီ ။ ဟုတ်ပါသည် ၊ အချစ်သည် ဘဝပင် ဖြစ်ပါသည် ။ ကျွန်တော်သည် ရေပြင်ပေါ်မှ တိုက်ခတ်လာသော လေကို အားရအောင် ရှူပြီးလျှင် မော်တော်၏ အမိုးပေါ်၌ ပက်လက်လှန်လိုက်ကာ ကောင်းကင်ရှိ ကြယ်ကလေးများကို အမှတ်မထင် ကြည့်ရှု၍ လိုက်ပါလာခဲ့ ပါသည် ။ ဖုတ်ချက် ဖုတ်ချက်နှင့် အမှတ်မဲ့ စည်းချက် လိုက်ပေးနေသော မော်တော်စက်သံသည် ကျွန်တော်၏ အတွေးများကို အားပေး၍ နေပါသည် ။ ထိုအတွင်း ကျွန်တော့် ခေါင်းထဲ၌ အသိရောင်ကလေးတစ်ခု ဝင်လာပါသည် ။
ထိုအသိနှင့်အတူ ကျွန်တော့် ရင်ထဲ၌ ဆို့၍ ဆို့၍ လာပါတော့သည် ။
“ မစိန်ကျော့ကြီးရယ် … ကျုပ် .. ခင်ဗျားကို ဘယ်တော့မှ မမေ့ဘူးဗျ .. ”
☐ ရန်ကုန်ဘဆွေ
📖မြဝတီ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၁၉၅၄
No comments:
Post a Comment