❝ အိုင်အိုဒင်း ကိုကိုကြီး နှင့် ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင် ❞
( အကြည်တော် )
တစ်နေ့သ၌ ကျွန်ုပ်သည် ( နောင် တစ်ချိန် နာမည်ကျော် ဆားပုလင်းတစ်ဦးဖြစ်လာမည့် ) မောင်နှင်းကလေးအား စုံထောက်ခြင်းအတတ် ပညာများကို စာတွေ့ကိုယ်တွေ့များရောယှက်၍ သင်ကြားပို့ချပေးနေစဉ်ဂါတ်တဲမှ ပြာတာမောင်ပွေး ရေးကြီးသုတ်ပျာနှင့် ရောက်ရှိလာပြီး...
“ ဒုက္ခတော့များပြီ အဘရေ ”
“ ဟဲ့ ... ဘယ့်နှယ်ကြောင့်ဒုက္ခများရမှာတုံး ”
မောင်ပွေးမှာ စကားကို ဆက်မပြောနိုင်သေးဘဲ အိမ်ခန်းထဲရှိ သောက်ရေအိုးစင်မှ ရေတစ်ခွက်အား ကမန်းကတန်း ခပ်သောက်လိုက်ပြီး..
“ အင်းစိန် အနောက်ဘက်ခြမ်းက သူဌေးကြီးဦးရွှေတောအသ,တ်ခံရလို့ ”
“ ဟေ ”
“ အဲဒါ မင်းကြီးက အဘကိုခေါ်ခိုင်းလို့ ”
ကျွန်ုပ်လည်း အချိန်ဆွဲ မနေတော့ဘဲ အခင်းဖြစ်ပွားရာအင်း စိန် အနောက်ဘက်ခြမ်း သူဌေးကြီးဦးရွှေတောနေအိမ်သို့ တပည့် မောင်နှင်း ကိုပါ အတွေ့အကြုံရစေရန်အလို့ငှာ အလျင်အမြန် ခေါ်ဆောင်ခဲ့ပြီး ထွက်ခဲ့လေတော့သည် ။
( မှတ်ချက် ။ ။ ကျွန်ုပ်၏ တပည့်ကျော်မောင်နှင်းသည် ကျွန်ုပ် ဖော်ထုတ်ခဲ့သည့်နည်းအတိုင်း နောင်တစ်ချိန်တွင် ကြက်မောက် သီးသုံးလုံး ဟူသော အမှုဆန်းကြီးကို ဖော်ထုတ်နိုင်ခဲ့သည် ။ )
ကြီးမားကျယ်ဝန်းသောခြံကျယ်ကြီးနှင့်အတူ ဟောင်းနွမ်းခန့်ထည်သော ရဲတိုက်ကြီး သဖွယ် နှစ်ထပ်တိုက်ကြီး ။ ကျွန်ုပ်ကို မြင်သည်နှင့် အိုင်ပီဗြောင်ငြင်း ( အမည်အရင်းမှာ အောင်မင်း ဖြစ်သော်လည်း ပြဿနာ တစ်စုံတစ်ခုဖြစ်လျှင် အမြဲတစေ ဗြောင်ငြင်းတတ်သော အကျင့် ရှိသောကြောင့် အိုင်ပီအောင်မင်း အစား အိုင်ပီဗြောင်ငြင်း ဟုသာတွင်လေသည် ) က ဆလုဒ်ရိုက်ပြီး ...
“ ပြဿနာကတော့ အကြီးအကျယ်ပဲအဘရေ ။ကျွန်တော်ကတော့ ခေါင်းခြောက်နေပြီ ။ အင်စပက်တော်ကလည်းသေသူဟာ မြို့မျက်နှာဖုံးဖြစ်လို့ အမြန်ဆုံး အမှုမှန် ဖော်ထုတ်ပေးရမတဲ့ ။ မဖော်ထုတ်နိုင်ရင် နားရင်းအုပ် ၊ ထုံးသုတ်နေလှန်းပြီး ပတ်ကြမ်းတိုက်မတဲ့ဗျ ။ကူညီပါဦး အဘရဲ့ ”
“ အိမ်း .. ကောင်းပေလေ့ ။ ပင်ကိုအစွမ်းအစလည်း မရှိ ၊ ပြဿနာဖြစ်လျှင် ဗြောင်ငြင်းခေါင်းရှောင်နေတတ်ပြီး အမှုမှန် ပေါ်မှနာ မည်ကောင်း ယူတတ်သော ဤလိုလူမျိုးအားနားရင်းအုပ် ၊ ထုံးသုတ်နေ လှန်းပတ်ကြမ်းတိုက်တာထက် ခေါင်းကို လေးကွက်တုံး နနွင်းလုံး နှင့် နယ်ပြီး ဈေးအလယ်မှာ ငါးပုဏ္ဏား ဟု ဆိုကာချရောင်းလိုက်သင့်ပေ၏ ”
ကျွန်ုပ်လည်း သူ၏ စကားကို အရေးမစိုက်ဘဲ ...
“ အခင်းဖြစ်တာ ဘယ်နေရာမှာလဲ ”
အိုင်ပီဗြောင်ငြင်း မှာ အံ့ဩဟန်ဖြင့် ကျွန်ုပ်ကို ကြည့်ပြီး ...
“ ဪအဘရယ် ။အောက်လည်း ငုံ့ကြည့်ပါဦး ။သေသူရဲ့ လည်ပင်းကို တောင် တက်နင်းမိတော့မယ် ”
ဟု ဆိုလိုက်မှ ကျွန်ုပ်လည်း အလန့်တကြား ငုံ့ကြည့်ရာ ...
“ ဟဲ့ ... သောက်ပလုတ်တုတ် ”
နောက်တစ်လှမ်း ထပ်လှမ်းသည်နှင့် လည်စေ့တက်နင်း မိလောက်သည့် သေဆုံးသူ သူဌေးကြီးဦးရွှေတော၏အလောင်း ။ ထိုအ လောင်း ခြေရင်းတွင် တရှုံ့ရှုံ့ ငိုကြွေးနေသည့် ဦးရွှေတော၏ ဇနီးနှစ်ဦး ။ နောက်သေဆုံးသူ ၏လက္ခဏာ ကြည့်သူကြည့် ၊ ကြွေဗေဒင် တွက်သူတွက် နှင့် သူဌေးကြီး မည်သို့သေဆုံးသည်ကို ခန့်မှန်းတွက်ချက်နေကြသော စီအိုင်ဒီ မှ နာမည်ကျော်စုံထောက်နှစ်ဦးဖြစ်သူ ခြေဖဝါးမောင်မောင် ကြီးနှင့် သံပြာအောင်မြင့် ... ။
( မှတ်ချက် ။ ။ ခြေဖဝါးမောင်မောင်ကြီးဆိုသူသည် ရန်သူ နှင့် ရင်ဆိုင်တွေ့သည့်အခါ သူ၏ ခြေဖဝါးကို အသုံးပြုတိုက်ခိုက်၍ ရခဲ့သည် မဟုတ်ဘဲ အန္တရာယ်နှင့် ကြုံလာလျှင် သူ၏ ကြီးမားကျယ် ပြန့်သော ခြေဖဝါးကြီးကိုအသုံးပြု၍ ဖနောင့်နှင့် တင်ပါးတစ်သားတည်း ကျအောင် ထွက်ပြေးတတ်၍ဖြစ်သည် ။ သံပြာအောင်မြင့် ဆိုသည်မှာလည်း အကောင် သေးသလောက် စကား ပြောလျှင် ယခုခေတ် ဟဲဗီးမက်တယ် အဆိုတော်များဝမ်းချုပ်နေလျှင် ၊ အိမ်သာတက် သလို သွပ်ကို သံ နှင့် ခြစ်နေသကဲ့သို့ လွန်စွာ စိတ်ပျက်ဖွယ်အသံမျိုးပိုင်ဆိုင်ထား၍ ဖြစ်ချေ၏ ။ နောင်တစ်ချိန် ကျွန်ုပ်၏ တပည့်ငယ်လေး မောင်နှင်းလေး၏ ခေတ်တွင်လည်း ဤကဲ့သို့ အလားတူ လူမျိုးများနှင့် ခေတ် ပြိုင်ဖြစ်ခဲ့ဖူးလေ၏ ။ )
ကျွန်ုပ်၏ အဖြစ်အပျက်ကို မြင်သော် ယခင်ကတည်းက ကျွန်ုပ်၏ ကျော်စောတိက္ကမ ကြီးမားပုံကို မနာလိုမရှုဆိတ် ဖြစ်နေသော ခြေဖဝါး မောင်မောင်ကြီး မှ အထပ်တစ်ရာပလာတာရှုံးလောက်အောင် တစ်ရာ့နှစ် ခေါက်ချိုး မျက်နှာနှင့် ...
“ အသက်ကြီးမှ ဘာတွေ ဘဝင်မြင့်နေတယ်တော့မပြောတတ်ဘူး ။ မိုးမမြင်လေ မမြင်ကို ဖြစ်လို့ ။ ဒါနဲ့များ နာမည်ကျော်အလွတ်စုံ ထောက်တဲ့ ။ ရယ်ရတယ်ဗျာ ။ ဟား... ဟား ... ”
ဟူသော အပြောကို သံပြာအောင်မြင့် မှ ...
“ ဟုတ်ပါ့ဗျာ ။ဒီလိုသက်ကြားအိုမျိုး ဘိုးဘွားရိပ်သာမှာသာ နေသင့်တော့တယ် ”
ခြေဖဝါးမောင်မောင်ကြီးမှာ ပို၍ သဘောကျ သွားသလို တဟားဟားရယ်ရင်း ...
“ ဟား ... ဟား ... ဟုတ်ပါ့ဗျာ ။သက်ကြီးပီပီ နှေးကလည်း နှေးကွေးသေး ။ ဒီမှာက တရားခံတောင် မိတော့မယ် ။ ဟောဒီမှာကြည့်စမ်း ကျုပ်ရဲ့ကြွေဗေဒင် ။ ပထမအကြိမ်မှာ လေးကျတယ် ။ လေးဆိုတော့ ဗုဒ္ဓဟူး ၊ နောက်တစ်ကြိမ်က နှစ် ။ နှစ် ကတော့ တနင်္လာ ။ ဗုဒ္ဓဟူး နဲ့ တနင်္လာနံ ပါတဲ့ လူဟာ တရားခံ အစစ်ပဲ ”
ဟုဆိုလိုက်ရာ သံပြာအောင်မြင့် မှ အားရဝမ်းသာဖြင့် ...
“ ဟုတ်လိုက်လေ ကိုမောင်ကြီးရာ ။ ကျုပ် သေသူလက္ခဏာကို ကြည့်လိုက်တာ သောကြာဂြိုဟ်ခုံ အားနည်းနေပြီး စနေဂြိုဟ်အား ကောင်းနေတယ် ။ ဗေဒင်အနေနဲ့ ဆိုလည်း ကာလကတ္တားဂြိုဟ်ခုံ ”
ကျွန်ုပ်လည်း မနေနိုင်တော့ ။
“ ကရကဋ်ဂြိုဟ်ခုံ လုပ်ပါမောင်ရာ ”
ဟု ဆိုလိုက်ရာ သံပြာအောင်မြင့် က ကျွန်ုပ်ကို မကျေနပ်သလို ကြည့်၍ ...
“ ဒါရှေးအိန္ဒိယ ဆာဒူးနည်းဗျ ။ ဘာမှလည်း မသိဘဲနဲ့ ဝင်မပြောပါနဲ့ ”
ဟု ဆိုလိုက်ပြီး...
“ အဲ ... ဘယ်ရောက် သွားပြီလဲ ။ ဪ...ဟုတ်ပြီ ။ ကာလကတ္တား ဂြိုဟ်ခုံ ကနေ မြောက်ဘက်ကို ဦးတည်သွားပြီး မစ္စစပီ လမ်းကြောင်းမှာ ဘုံဘေဘားမားဂြိုဟ် နဲ့ သွားဆုံနေတယ် ။ အဲဒါကြောင့် ဇာတာ အလိုအရ ဒီလူဟာ ရာဟုဖွားပဲ ဖြစ်ရမယ် ။ ရာဟုဖွားကို နိုင်တာ ဘာရှိမလဲ ”
သံပြာအောင်မြင့် အမေးကို ခြေဖဝါး မောင်မောင်ကြီး မှ အားရဝမ်းသာဖြင့် ရှေ့မှ စားပွဲ ဖြန်းခနဲပုတ်လိုက်ပြီး ...
“ ရာကွတ်ပေါ့ဗျ ။ ရာဟုကို နိုင်တာ ရာကွတ်ပေါ့ ။ အရပ်ထဲမှာ ရာဟု ထိုးရင် အမြဲ အိုးရွက်နေကျဗျ ။ ကျုပ်ရဲ့ ကြွေဗေဒင်မှာ လည်း ဗုဒ္ဓဟူးနဲ့တနင်္လာ ဆိုတာ ရာကွတ်ဖြစ် လိမ့်မယ် ။ ဗုဒ္ဓဟူး က “ ရာ ” ၊ တနင်္လာက “ ကွတ် ” မဟုတ်ပေဘူးလား ”
“ ဟုတ်ပါ့ဗျာ ။ ဒီတော့ ... ဒီရပ် ကွတ်ထဲမှာ ရာကွတ် ဆိုတာ ဘယ်သူရှိလဲ ”
“ နွားနို့ပို့တဲ့ ရာကွတ် ရှိတယ်လေဗျာ ။ ဟုတ်ပါပြီ ။ ဒီကောင်ဒီ သူဌေးအိမ်ကို နွားနို့ ပို့နေကျပဲ ။ သူဌေးက နွားနို့ဖိုး မပေးလို့ စိတ်ဆိုးပြီး သ,တ်လိုက်တာဖြစ်မယ် ။ ကဲ ... အဲဒီ တော့ ရာကွတ်ကို ဖမ်းပြီး ရိုက်စစ်လိုက်ရုံနဲ့ ကွိ ဆို မိပေါ့ ”
“ ဟုတ်ပါ့ဗျာ ။ ကဲ ... ပြောနေကြာတယ် ။ အခုပဲ သွားဖမ်းပြီး အမြန်ဆုံး ရိုက်စစ်လိုက်ရအောင် ။ တော်ကြာ ကျုပ်တို့ ဖော်ထားတဲ့တရားခံကို တခြားလူတွေ နာမည်ကောင်းယူပြီး ဝင်ဖမ်းသွားလို့ ဟုတ်ပေ့ဖြစ်နေဦးမယ် ”
ဟုကျွန်ုပ်ကိုပါ ဘာမဆိုင်ညာမဆိုင် စောင်းမြောင်းပြောဆိုပြီး သုတ်သီးသုပျာနှင့်နွားနို့ပို့သည့်ကု,လားကို ဖမ်းရန်ထွက်ခွာသွားကြ လေသည် ။ သူတို့ထွက်သွားမှ တပည့်မောင်နှင်းလေးက မကျေမနပ်ဖြင့် ...
“ ဘာလို့ သည်လောက်သည်းခံနေတာလဲ အဘဆရာရယ် ။ ကျွန်တော်သာဆို လက်သီးနှစ်လုံးလောက်တော့ လက်ဆောင်ပေး လိုက်မိမှာပဲ ”
မောင်နှင်းလေး၏ စကားကြောင့် ကျွန်ုပ် ပြုံးမိ၏ ။
“ မလိုပါဘူးတပည့်ရာ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သွားတာပါ ။ကိုင်း ... သေသူကိုကြည့်ရအောင် ”
ဟုဆို၍သေသူ သူဌေးကြီး ဦးရွှေတောကို ကြည့်လိုက်ရာလည်ပင်းတွင် ညိုမည်းနေသောဒဏ်ရာနှင့် မျက်လုံးပြူးထွက်နေပြီး လျှာလည်းထွက်နေသည် ။ မသေဆုံးမီမချိမဆံ့ ခံစားသွားရပုံမျိုး ။ ကျွန်ုပ်လည်း သေဆုံးသူကို ကြည့်ပြီး တပည့်မောင်နှင်းလေး၏ စုံထောက်တို့ တတ်အပ်သော စူးစမ်းမှု အစွမ်းကိုသိလိုသဖြင့် ...
“ ကိုင်း .. မောင်နှင်း .. သေသူကိုကြည့်ပြီး မင်း .. ဘယ်လို ဘယ်လိုကောက်ချက်ဆွဲမလဲ ... ”
မောင်နှင်းလေးမှာ တပည့်ကောင်းပီပီ မဆိုင်းမတွပင် ...
“ လည်ပင်းမှာ ညိုမည်းနေတာဆိုတော့ ဓားနဲ့ထိုးတာတော့ မဟုတ်နိုင်ဘူး ”
“ နင့်မေကလိန်း ။ လည်ပင်းမှာညိုမည်းနေမှတော့ ဓားနဲ့ထိုးတာဖြစ်ပါ့မလား ငါဖင်ပိတ်ကန်လိုက်ရ ... ”
ကျွန်ုပ် ငေါက်ငမ်းလိုက်သဖြင့် မောင်နှင်း မှာမျက်လုံးကလေး ကလယ်လယ်နှင့် ဖြစ်သွား၏ ။
“ ကဲ ... နောက်သေချာတဲ့ထင်မြင်ချက်ကို ထပ်ပြော ”
ဤတစ်ကြိမ်တွင် မောင်နှင်းသည် မှားသွားမည်စိုးရိမ်၍လား မသိ ။ ဖင်ကို လက်ဖဝါးနှစ်ဖက်နှင့် ကာပြီး ...
“ သူဌေးကြီးက မိန်းမနှစ်ယောက်ယူထားတာ ဆိုတော့ တစ်ယောက်ကမယားငယ်ပေါ့ ”
မောင်နှင်း အဖြေကြောင့် ကျွန်ုပ်မှာ ပို၍ ဒေါသဖြစ်သွားပြီး
“ တယ်လေ ... ငါပိတ်ကန်ထည့်လိုက်ရ ။ မိန်းမနှစ်ယောက် ယူထားမှတော့ တစ်ယောက်က မယားငယ်ပေါ့ကွ ။ ငါပြောတာ အမှုနဲ့ ပတ်သက်တာကို ပြောခိုင်းတာ ”
မောင်နှင်း၏ မျက်နှာမှာ ဆီးရွက်လောက်သာ ကျန်တော့၏ ။ ကျွန်ုပ်လည်း သူ့ကို ကြည့်ပြီး ပို၍အားမလိုအားမရဖြစ်လာကာ ...
“ ဆက်ပြော သေသူနဲ့ပတ်သက်ပြီး မင်းရဲ့ထင်မြင်ချက် ”
ကျွန်တော် ဒေါသထွက်နေပြီကို သိသော မောင်နှင်း မှာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ...
“ ဟုတ် .. ဟုတ်ကဲ့ ။ သေဆုံးသူသူဌေးကြီးဟာ အင်မတန် သတ္တိကောင်းပုံရတယ် ”
ကျွန်ုပ် စိတ်ဝင်စားသွား၏ ။ဒီကောင်မဆိုး ။
“ ဘာဖြစ်လို့လဲ ”
ကျွန်ုပ် အနည်းငယ်စိတ်ပြေသွားပြီကို သိသော မောင်နှင်းမှာ အနည်းငယ် အားတက်လာပြီး ...
“ အဘဆရာကြည့်လေ ။ သူ သေတဲ့အထိ သူ့ကို လည်ပင်း ညှစ်သ,တ်တဲ့လူကို မျက်လုံးပြူးပြီး လျှာထုတ်ပြသွားသေးတယ် ”
ကျွန်ုပ်လည်း အလွန့်အလွန်ဒေါသထွက်သွားသဖြင့် ...
“ ဟေ့ကောင် .. မင်း ဘာစကားပြောတာလဲ ”
မောင်နှင်း မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ...
“ ခင်ဗျာ ”
“ ကျွန် ... ကျွန်တော် .. သူ .. သတ် .. သတ် ... ”
“ တိတ် ”
“ ဟုတ် ... ဟုတ်ကဲ့ ”
မောင်နှင်းမှာ ကြောက်လွန်း၍ ဒူးများပင် တဆတ်ဆတ်တုန်သွား၏ ။
“ မင်းမှတ်ထား ၊ မျက်လုံးပြူးပြီး လျှာထွက်တာ လည်ပင်းညှစ်ရင် ဓမ္မတာကွ ... ”
“ ခင်ဗျာ .. သူဌေးကြီးဦးရွှေတောကို မျက်လုံးပြူး ၊ လျှာထွက် လောက်အောင်လည်ပင်းညှစ်သ,တ်တာ ဦးဓမ္မတာ ဟုတ်လား ”
“ အား ... ဒီကောင်ကွာ ... ကိုင်း ”
“ ဖုန်း .. ဖုန်း ... ”
“ အောင်မလေး ကြောက်ပါပြီအဘဆရာရဲ့ ”
ကျွန်ုပ်လည်း ဤမျှတုံး ' အ ' လှသော တပည့်မောင်နှင်း၏ တင်ပါးဆုံကို ဒေါသတကြီး နှစ်ချက်ခန့်ဆင့် ကန်ထည့်လိုက်မိ၏ ။
“ ဒီလောက်တုံးတဲ့ကောင် ။ ငါ ... တယ်လေ ”
ဟုဆိုပြီး မောင်နှင်း၏ နားရွက်ကို ဆွဲပြီး ...
“ လာ ... ဒီမှာကြည့် ၊ တစ်ခုတွေ့လား ”
သေသူရဲ့ ဘယ်ဘက်နံကြားမှာ ခြေရာ
“ ဟုတ် ... ဟုတ် ... တွေ့ပါတယ် ”
“ အဲဒီခြေရာကို ကြည့်ခြင်းအားဖြင့် သေဆုံးသူနဲ့ လူသ,တ်တ ရားခံဟာ မသေခင်သတ်ပုတ်ခဲ့ပုံရတယ် ။ မဟုတ်ဘူးလား ”
ကျွန်ုပ်၏ စကားကို မောင်နှင်းအဖြေမပေးမီ အိုင်ပီဗြောင်ငြင်းမှ ...
“ မဟုတ်ဘူးအဘ ၊ အဲဒီခြေရာဟာ ခုနတုန်းကခြေဖဝါးမောင်မောင်ကြီး အဘလိုပဲ မော့တော့မော့တော့နဲ့ဝင်လာပြီး ချော်နင်းသွားတာ ”
အိုင်ပီဗြောင်ငြင်း၏ အဖြေစကားကြောင့် ကျွန်ုပ်လည်းရှက် ကိုးရှက်ကန်းဖြင့် ...
“ အဲဒီလိုဆိုလည်းပြီးရော မင်းတို့ အဲဒီလိုနမော်နမဲ့ မလုပ်နဲ့လေကွာ .. ”
အိုင်ပီဗြောင်ငြင်းကိုငေါက်ငမ်းလိုက်ပြီး အခန်းတွင်း ဝေ့ကြည့်ကာ ..
“ ဟောဟိုမှာတွေ့လား ။ ဖရဲသီးအခွံတွေ ။ အဲဒီဖရဲသီးအခွံတွေ ကြည့်ခြင်းအားဖြင့် သေသူနဲ့တရားခံဟာ ယခင်ကသိဟောင်းကျွမ်းဟောင်းတွေဆိုတာ သိသာတယ် ။ ဘာ့ကြောင့်လဲဆိုတော့ မကြာ သေးတဲ့အချိန်က သူတို့နှစ်ဦး ကြည်ကြည်နူးနူးနဲ့ ဖရဲသီးအတူထိုင် စားခဲ့ကြတာဖြစ်မယ် ... ”
ကျွန်ုပ်၏ စကားကို အိုင်ပီဗြောင်ငြင်းမှပင် ...
“ အဲဒါလည်း မဟုတ်သေးဘူးအဘ ။ အဘတို့ မရောက်ခင် လေး သံပြာအောင်မြင့်ကအသံဝင်နေလို့ ဆိုပြီး ဖရဲသီးသုံးလုံးတရွှမ်းရွှမ်းနဲ့ ဟောလိုခွဲပြီးတော့ ထိုင်စားသွားတာ ... ”
အိုင်ပီဗြောင်ငြင်း စကားကြောင့် အရှက်ကြီးသောကျွန်ုပ် အဖို့ ပို၍ အရှက်ရစေလေသည် ။ သို့သော် သက်ရင့်ဆရာပီပီ အလျှော့မပေး သေးဘဲ
“ ဒါတွေသက်သေခံပစ္စည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ပစ္စလက်ခတ် မလုပ်ပါနဲ့ ။ ကိုင်း .. မောင်နှင်း ဟောဒီမှာဆက်ကြည့် ။ သေသူဟာ အင်္ကျီအဝတ်အစား ဘာမှ မဝတ်ထားပုံထောက်ရင် သူဟာရန်သူလာမှာကို ကြိုသိလို့ခုခံကာကွယ်ဖို့ အသင့်စောင့်နေတာဖြစ်ကိုဖြစ်ရ မယ် ... ”
ဤတွင် သေသူ၏ ခြေရင်းတွင် ထိုင်နေသော မိန်းမနှစ်ဦးအနက် တစ်ဦးမှ ငိုနေရင်း ...
“ မဟုတ်ပါဘူးရှင် ။ သူ ခုနလေးမှအပြင်ကနေ အရက်မူး ရောက်လာပြီး ဒီမှာ လဲကျ ။ ပြီးတော့ ကျွန်မကို အင်္ကျီချွတ်ပေး ပူတယ် ဆိုလို့ ကျွန်မပဲဟောဒီ လက်နဲ့ ချွတ်ပေးခဲ့တာပါ ... ”
ဟုဆိုပြီး ငိုသံဖြင့် ဆက်၍ ...
“ ဟီး ... အစ်ကိုကြီးရယ် အဖြစ်ဆိုးလှချေလား ။ သေတာတောင် ကြွေဗေဒင်တွက်သူကတွက် ၊ လက္ခဏာကြည့်သူကကြည့် ၊ တလွဲတွေလာပြောသူကပြောနဲ့ ။ အစ်ကိုကြီးကို သ,တ်သွားတဲ့ လူကတော့ ဖင်ခါ ပြီး လျှောက် က နေရင်တောင် ဒီလို စုံထောက်စုတ်တွေ ၊ သက်ကြားအိုအဘိုးကြီးတွေက ဒီတစ်သက် ဖမ်းမိတော့မှာမဟုတ်ပါဘူး ။ အောင်မလေး ။ အဖြစ်ဆိုးလှချည့်လား အစ်ကိုကြီးရဲ့ ”
ဟုပြောလည်းပြော ငိုလည်းငို ကျွန်ုပ်တို့ကိုလည်း သိက္ခာချနေ ပြန်သဖြင့် များစွာ အရှက်ရလေသည် ။ ကျွန်ုပ်လည်းမည်သို့မည်ပုံ လုပ်ရမည်မသိဘဲ ဘေးဘီဝေ့ကြည့်လိုက်ရာ အိမ်နံရံတွင် မီးသွေးခဲနှင့် ရေး ထားသောစာကြောင်းတစ်ကြောင်း ။ ထိုစာကြောင်းကို မြင်သော် ကျွန်ုပ်၏ ဦးခေါင်းထဲတွင် ပဟေဠိများ မြောက်မြားစွာတိုးဝင်လာလေသည် ။ ကျွန်ုပ် ရုတ်ခြည်းတည်ကြည် သွားပုံကို ကြည့်ပြီး တပည့်ကလေးမောင်နှင်းမှာ ဇဝေဇဝါဖြင့်နံရံမှ စာတန်းကို ဖတ်ကြည့်လိုက်သည် ။
“ ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင် ”
“ ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင်တဲ့ ဘာအဓိပ္ပာယ်လဲ အဘ ”
ကျွန်ုပ်လည်း သက်ပြင်းကိုလေးတွဲချပြီး လွန်စွာတည်ကြည်သော လေသံဖြင့် ...
“ မောင်နှင်း .. သေသူရဲ့ ညာဘက်လက်မောင်းကိုကြည့်စမ်းအိမ်မြှောင်သုံးကောင် ခေါင်းချင်းဆိုင်ပုံရှိရဲ့လားလို့ ”
မောင်နှင်းသည်ကျွန်ုပ်၏ စကားကို မယုံတစ်ဝက်ယုံတစ်ဝက်နှင့် သေသူ၏ လက်မောင်းကို ကြည့်လိုက်ရာ ...
“ ဟာ... ဟုတ်ပါ့အဘရေ ။ အိမ်မြှောင်သုံးကောင်ခေါင်းချင်းဆိုင်နေတဲ့ပုံရှိတယ်ဗျ ”
“ အဲဒီအိမ်မြှောင်သုံးကောင်မှာဘာထူးခြားလဲ ”
မောင်နှင်းကလေးမှာ အိမ်မြှောင်သုံးကောင်ကို အသေအချာကြည့်ပြီး ...
“ နှစ်ကောင်ကအစ်မဖြစ်လောက်တယ် ... ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အိမ်မြှောင်နှစ်ကောင်က တင်ပါးနည်းနည်းကြီးနေတယ် ။ ဟုတ်ပါပြီ ။ ဒါကြောင့်သူဌေးကြီးဦးရွှေတောဟာ မိန်းမနှစ်ယောက် ယူထား တာဖြစ်မယ် ”
မောင်နှင်း၏ စကားကြောင့် ကျွန်ုပ်မှာ ဒေါသထွက်ပြီးလျှင် ..
“ တယ်လေ ... ဒီကောင် ... ငါ.. ဖင်ပိတ်ကန်ရမကောင်း ရှိရော့မယ် ။ အိမ်မြှောင်သုံးကောင်ဘာအရောင်လဲ မေးနေတာ ”
မောင်နှင်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ...
“ အနီတစ်ကောင် ၊ အစိမ်းတစ်ကောင် ၊ အနက်ကတစ်ကောင်ပါ ... ”
ကျွန်ုပ်လည်း လေးလေးနက်နက်စဉ်းစားပြီးမှ ရင်ခေါင်းသံနှင့်ညည်းတွားရင်း ...
“ အင်းသေချာပါပြီ ”
ဤတွင် လွန်စွာစပ်စုတတ်သောတပည့် မောင်နှင်းသည် ကျွန်ုပ်အနား ရောက်လာပြီး ...
“ ဘာတွေ သေချာနေတာလဲ အဘ ”
ကျွန်ုပ်လည်း ချက်ချင်းအဖြေမပေးသေးဘဲ သက်ပြင်းကို လေးတွဲတွဲ ဟန်ပါပါသမာဓိချ ချရင်း ...
“ ပြောရရင်တော့ အရှည်ကြီးပေါ့ကွာ ”
မောင်နှင်းမှာ သိလိုဇောဖြင့်
“ လမ်းထိပ်က ကွမ်းယာရောင်းတဲ့ အရှည်ကြီးလား ”
ကျွန်ုပ်လည်း ဒေါသထွက်သွားပြီး ...
“ တယ်လေ .. ဒီကောင်တော့ ငါလုပ်လိုက်ရ မကောင်းရှိရော့မယ် ။ ငါပြောတာကိုတိတ်တိတ်ကလေး နားထောင် ”
မောင်နှင်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ...
“ ဟုတ် ... ဟုတ်ကဲ့ ”
သူငြိမ်သွားတော့မှ ကျွန်ုပ်လည်း စကားကို ထပ်ဆက်ရလေတော့သည် ။
“ အိမ်း ... သူဌေးကြီးဦးရွှေတောဟာ အမှန်တော့အိမ် မြှောင်သုံးကောင်ဂိုဏ်းကပေပဲ ”
“ ဗျာ ... အိမ်မြှောင်သုံးကောင်ဂိုဏ်း ဟုတ်လား ”
“ အိမ်း .. ဟုတ်တယ်ကွ ။ သူ့လက်မောင်းက အရုပ်ဟာ အိမ် မြှောင်သုံးကောင်ဂိုဏ်းရဲ့တံဆိပ်ပေပဲ ။ အိမ်မြှောင်သုံးကောင်ဂိုဏ်းသားတွေဟာ အဆင့်သုံးဆင့် ခွဲထားတယ်ကွယ့် ။ ပထမအဆင့် အနေနဲ့ ကိုယ်ခံပညာ ကုံလုံအောင်တတ်ရင် အိမ်မြှောင်အနက် ၊ ဒုတိယအဆင့် သူတို့အခေါ် အဝေါ်အရ စိတ္တဒုက္ခ လို့ ခေါ်တဲ့ အတွင်းစိတ်နှင့် လှည့်ဖြား နည်းကိုတတ်ရင် အိမ်မြှောင်အနီ ၊ တတိယအဆင့် လက်စားချေကျွမ်းကျင်အဆင့်အနေနဲ့ အိမ်မြှောင်အစိမ်း ဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် ထိုးခဲ့ရတာပေါ့ကွယ် ”
“ ဟင်း ... ဒါဆိုဒီသူဌေးကြီးဦးရွှေတောဟာ အဆင့်မြင့်အိမ် မြှောင်သုံးကောင်ဂိုဏ်းသားပေါ့နော် ... ”
အိုင်ပီဗြောင်ငြင်း၏ ကြားဖြတ်အမေးကို ကျွန်ုပ်ကဖြေရန် ဣန္ဒြေကြည့်ကြည့်နေချိန် ငိုနေသော အမျိုးသမီးတစ်ဦးက ...
“ ဘယ့်နှယ် အိမ်မြှောင်သုံးကောင်ဂိုဏ်းသားရမှာတုံး ။ တမြန်နှစ်ကတင် ပွဲဈေးမှာ အရက်မူးပြီး ကျွန်မကို ဘာအရုပ်ထိုးရင် ကောင်းမလဲဆိုပြီး မေးလို့ ကျွန်မကပဲ အိမ်မြှောင်ပုံ ထိုးချင်ထိုးလို့ပြောလိုက်လို့ မူးမူးရူးရူးနဲ့ အိမ်မြှောင်သုံးကောင် အရောင်စုံ ထိုးခဲ့တာပါတော် ။ သူတို့နဲ့ တွေ့မှပဲ အိမ်မြှောင်ဂိုဏ်းသားဖြစ်ရတော့တယ် ”
ဟု ဆိုလိုက်လျှင် ကျန်တစ်ယောက်မှာလည်း အားကျမခံ ...
“ ဟုတ်ပတော် ကျုပ်နဲ့ ကိုရွှေတောဟာ ငယ်လင်ငယ်မယားပါ ။ ဂိုဏ်းဆိုလို့ သစ်ကိုင်းတောင် အိမ်ထဲ အဝင်ခံတဲ့လူမျိုးမဟုတ်ပါဘူးတော် ။ ရှင်တို့စုံထောက်ရှော်ကြီးတွေနဲ့တွေ့မှပဲ ဘာမဆိုင်ညာမဆိုင် ပွဲဈေးမှာ မူးမူးနဲ့ထိုးထားတဲ့အိမ်မြှောင်တောင် ဂိုဏ်းဖြစ်ရတယ်လို့တော် လူနောက်ကြီး .. သိပ်နောက်တဲ့လူ ... ”
ဟု ထပ်မံ ဆိုလိုက်သော် ကျွန်ုပ်လည်း အနှီအမျိုးသမီးနှစ်ဦးကို လွန်စွာ ကရုဏာသက်သောမျက်လုံးမျိုးနှင့် ကြည့်ပြီး ...
“ ဪ အသိမကြွယ်သေးတဲ့ မိန်းမသားတွေကိုး ။ အိမ်းလေ ဘယ်သိပါ့မလဲ ။ ဗဟုသုတဖြစ်အောင်မှတ်ကြကွဲ့ ... အမှန်တော့ အိမ်မြှောင်သုံးကောင်ဂိုဏ်းသားတွေဟာ စုတ်ထိုးဆရာ ဟန်ဆောင်ပြီး အရပ်တကာလှည့် သိဒ္ဓိတင်ပေးကြတာကိုးကွဲ့ ”
အိုင်ပီဗြောင်ငြင်း မှာ ကျွန်ုပ်၏ စကားကိုစိတ်ဝင်စားသွားပြီး ..
“ ဟုတ်လားအဘ ။ ဒါနဲ့ဆက်ပါဦး အိမ်မြှောင်သုံးကောင်ရဲ့ အဓိပ္ပာယ်က ”
သူက စိတ်ဝင်တစား မေးလာတော့လည်း ကျွန်ုပ်လည်းကျွန်ုပ် သိထားသောမာမူကြီးပိဿချိန်စာပေမှ မှတ်သားဖတ်ရှုခဲ့သော ဗဟုသုတများဖြင့် ရှင်းပြရလေတော့သည် ။
“ ဒီလိုကွယ့် ။ အိမ်မြှောင်သုံးကောင်ဆိုတဲ့ အဓိပ္ပာယ်က သူတို့ ဂိုဏ်းသားတွေဟာ တစ်နေရာကို ရောက်ပြီဆိုရင် အိမ်မြှောင်လိုပဲ မလှုပ် မယှက်နဲ့ သားကောင်ကို စောင့်နေတတ်ကြတယ် ... ”
ဤတွင် အမျိုးသမီးများက
“ အောင်မလေး ... တစ်နေရာမှာပဲ မလှုပ်မယှက်နေသတဲ့ ။ ဒီလောက် အိမ်မကပ်ဘဲလမ်းများ ၊ လမ်းသလားနေတတ်တဲ့ မျောက်ကိုမှ တစ်နေရာတည်း ငြိမ်နေသတဲ့ ... အခုပဲ ယောက်ျားလတ်လတ်ဆတ်ဆတ်ကြီး သေတာမိုလို့နော် ... နောက်မဟုတ်ရင် မပန်းကျင်တို့က ဗြဲခနဲ ရယ်ပြီးသားပဲ ... လူနောက်ကြီး မျက်နှာတည်နဲ့ လာနောက် နေတယ် .. ”
အိုင်ပီဗြောင်ငြင်း မှလည်း ဝင်ရောက်ထောက်ခံသည် ။
“ အေးလေ ... ဟုတ်ပါ့ ။ ဒီသူဌေးဦးရွှေတောဟာ တစ်ချိန် လုံးမူးရူးပြီး လျှောက်သွားနေတာ ။ တစ်ခါမှ အငြိမ်နေတယ်လို့ကို မတွေ့ဖူးပါဘူး ”
သူတို့၏ ဆန့်ကျင်ဘက်စကားများကြောင့် ကျွန်ုပ်လည်း ပြန်ဖြေရှင်းရလေ၏ ။ မှတ်ကရော့ ... ။
“ အိုကွယ် ... ဒါကတော့ အိမ်မြှောင်ထဲမှာ အဆော့သန်တဲ့ အိမ်မြှောင်မို့ ဖြစ်မှာပေါ့ ။ ဘယ်သတ္တဝါမှာမဆို ဒီလိုဆော့တတ်တဲ့ ကောင်မျိုးတွေ ရှိတတ်တာပဲ ”
ဤတွင်လွန်စွာစပ်စုတတ်သောမောင်နှင်း မှ ..
“ ဒါနဲ့ ... အဘ သူ့ကိုသ,တ်တာက ”
ကျွန်ုပ်လည်း သက်ပြင်းရှည်ချ၍
“ ဖရဲသီးသုံးလုံးဂိုဏ်းကပေါ့ကွယ် ”
“ ဖရဲသီးသုံးလုံးဂိုဏ်း ”
“ ဟုတ်တယ်ကွယ့် ။ သူတို့တစ်တွေဟာ ယခုဘဝမှာသာလျှင် ရန်ငြိုးရန်စရှိကြတာမဟုတ်ဘဲ ဟိုး ... ဖြုတ်ဘဝထဲက ”
“ ဟို .. ယခင်လုပ်ပါ အဘ ”
ကျွန်ုပ်လည်း စကားမဆုံးမီဖြတ်ပြောလိုက်သော မောင်နှင်းကို
“ မင်းဘာသိလို့လဲ ။ သူတို့ဂိုဏ်းတွေက ဟိုး ... ရခိုင်လူမျိုးက ဆင်းသက်လာတာ ”
ကျွန်ုပ်၏ စကားကို မိန်းမကြီးမှ ...
“ အမယ်လေးတော် ... ကျုပ်ယောက်ျားက အညာသားစစ်စစ်ပါတော် ။ သူ့လက်ထက်ကျမှ ဖြုတ် ဖြစ်လိုဖြစ် ၊ ရခိုင် ဖြစ်လိုဖြစ်နဲ့ ကြား ကြားဖူးပေါင်တော် ။ မယုံရင်လူဝင်မှုကြီးကြပ်ရေးမှာ သွားကြည့် ။ ကျွန်မ ယောက်ျားကိုရွှေတော ရော ၊ သူ့အဖေ ဦးကြက်တော ရော ၊ သူ့အဘိုး ဦးတောကျော် ရော အကုန်အညာသားတွေချည်းပါပဲတော် ။ တကတည်း ”
ကျွန်ုပ်လည်း ဤမိန်းမများရှေ့တွင် မည်သို့မှ စကားကောင်း ပြော၍ရတော့မည်မဟုတ်သည်ကို သိရှိ၍ အမှုအကြောင်း ဘာမှဆက် မဆွေးနွေးတော့ဘဲ ...
“ ကိုင်းကိုင်း ... မင်းတို့ကို ပြောလို့ကတော့ ဘာကိုမှ ယုံကြည် ကြမှာမဟုတ်ပေဘူး ။ တရားခံ မိမှပဲ ဖရဲသီးသုံးလုံးနဲ့ အိမ်မြှောင်သုံးကောင်အကြောင်းကို မြိန်ရေရှက်ရေမေးပြီး အမှုအကြောင်း စားမြုံ့ပြန်ကြပေရော့ ... ”
ဤသည်ထိ မိန်းမများမှာ အလျှော့မပေးသေးဘဲ ...
“ အောင်မလေးတော် ။ ဒီတစ်သက် တရားခံမိအောင် ဖမ်းပေးပါဦး ။ တရားခံ ပေါ်လို့ကတော့ ရှင်တို့လို တစ်သက်လုံး မစွံခဲ့တဲ့ လူမြုံအိုကြီးတွေကို ရွံသွားအောင်တစ်ရွာဝင် တစ်ရွာထွက်ခေါင်းပေါ်ရွက်ပြီး ချဉ်ပါဒစ်စကောင့်ပေးပြီးလည်ရောင်းပေးပါ့မယ်တော် ... ဘုရားစူးစေ့ ”
ဤမျှလောက် ကျွန်ုပ်၏ အစွမ်းအစကို အထင်သေးလှသော အနှီမိန်းမများကို ကျွန်ုပ်ဒေါသထွက်မိသော်လည်း ပညာရှိအမျက် အပြင်မထွက်ဆိုသကဲ့သို့ ဆက်ပြောနေလျှင်လည်း မည်သို့မှအကျိုး မထူးနိုင်သည်ကို တွေးမိပြီးအနီးအနားကို ဝေ့ကြည့်လိုက်ရာ ဗွက်များ နှင့်ပေကျံနေသောခြေရာတချို့ ၊ သေဆုံးသူသူဌေးကြီး ဦးရွှေတော၏ ခြေထောက်ကို ကြည့်လိုက်သော်လည်း ရွှံ့ဗွက်များ ပေကျံနေသည် ကို မတွေ့ရ ။ သေချာပြီ ။ ဒါလူသ,တ်ကောင်ရဲ့ ခြေရာပဲဖြစ်ရမယ် .. မှန်း ... ကျွန်ုပ်လည်း ခြေရာကိုသေချာစေရန်အတွက်အိတ်ထဲမှ မှန်ဘီလူးကို ထုတ်၍ အနီးကပ်ကြည့်လိုက်ရာ ...
“ အောင်မလေးတော် သေတဲ့သူက သေပြီးမှ လက္ခဏာကြည့်တဲ့ လူကကြည့် ၊ ကြွေဗေဒင် တွက်တဲ့လူက တွက်နဲ့ အားမရနိုင်သေးဘူး ။ ခြေခဏာပါ လာကြည့်နေပြန်ပြီတော် ။ တကတည်း ကိုရွှေတောရေ ထကြည့်ပါဦး ။ ရှင့်ခြေခဏာ ကြည့်ပြီးဝိညာဉ်လမ်း ဖြောင့်တန်းအောင် ယတြာချေခိုင်းဦးမလို့လား မသိပါဘူးတော် ”
ဟူသော အသံဆိုး တစ်ခု ။
ကျွန်ုပ်လည်း အနှီအသံများကို ဂရုမစိုက်တော့ဘဲ တပည့်ကျော် မောင်နှင်းကလေး ကို လက်ယပ်ခေါ်ပြီး ခြေ ရာနောက် လိုက်သွားရာ ... လွန်စွာမှ ရှေးကျသော ကျွန်းတံခါးအိုကြီး တစ်ခုတွင် ခြေရာများ က လမ်းဆုံးနေသည် ။ ကျွန်ုပ်တို့လည်း ကျွန်းတံခါးကြီး အနီးမှ ပင့်ကူအိမ်များကို ရှင်းလင်းလေ့လာရာ အိမ်မြှောင်သုံး ကောင်ခေါင်းချင်းဆိုင်ထုထားသော လွန်စွာလက်ရာမြောက်သည့် တံခါးလက်ကိုင် တစ်ခု ကို တွေ့ရလေသည် ။
( မှတ်ချက် - နောင်လာနောင် သားများ လေ့လာနိုင်ရန်အတွက် ထိုအိမ်မြှောင်သုံးကောင်တံခါးလက် ကိုင်ကို ကျွန်ုပ် မှတ်မိသလောက် ရေးဆွဲပြပါမည် ။ )
ထိုတံခါးလက်ကိုင်ဘုကို လှည့်လိုက်ရာ ကျွိခနဲ ပွင့်၍ မှောင်မည်းနေသော မြေတိုက် ခန်းတစ်ခုကို ဘွားခနဲတွေ့လိုက်ရသည် ။ ကျွန်ုပ်လည်းတပည့်ကျော်၏ ရှေ့တွင် မပြေးသော်ငြားလည်း ကံရာရှိ ဆိုသကဲ့သို့ ဟန်လုပ်၍ မ ကြောက်ဟန်ဆောင်ကာ မြေတိုက်ခန်းထဲသို့ ဝင်လိုက်ရ၏ ။
“ ခမ်းမင် ... မောင်နှင်း ... ”
“ ကျွီ ..”
“ ဟာ ..”
ကျွန်ုပ်တို့ အောက်ကိုရောက်သည်နှင့် မြေအောက်တံခါးကြီး မှာ သူ့အလိုလို ပြန်ပိတ်သွားလေတော့၏ ။ မှောင်နှင့်မည်းမည်း ထဲတွင် တစ်ယောက်ကို တစ်ယောက်ပင် သဲသဲကွဲကွဲ မမြင်ရ ။ မောင်နှင်း ကြောက်ရွံ့နေသော ဒူးရိုက်သံ အတိုင်းသားကြားနေရ၏ ။
ကျွန်ုပ်လည်း ဤမျှအဖြစ်သည်းနေလှသော တပည့်ကျော်ကို မကျေမနပ်ဖြင့်
“ ဟေ့ကောင် မောင်နှင်း ”
“ ခ ... ခ ... ခမျာ ... အ ... အ .. ဘ ”
ကြောက်ရွံ့လွန်း၍ထင့် စကားသံပင် အထစ်ထစ်အငေါ့ငေါ့ ကျွန်ုပ်လည်း ပို၍ ဒေါသဖြစ်သွားပြီး
“ မင်း ဒီလောက် ကြောက်တတ်နေရင် အမှောင်ထဲမှာမင်းရန်သူရှိရင် ဘယ်လိုလုပ်မလဲ ”
“ ကျွန်တော် ... ထွက် ... ထွက် .. ပြေးမယ် .. အ .. အဘ ...”
အနှီတပည့်ငယ်၏ စကားကြောင့် ကျွန်ုပ်မှာ ပို၍ဒေါသထွက်သွားပြီး ...
“ တယ်လေ . . ငါဖင်ပိတ်ကန်လိုက်ရ မကောင်းရှိရော့မယ် ။ ကိုင်း ... အမှောင်ထဲမှာ မင်းရန်သူ လူသတ်တရားခံ ရှိနေပြီ ။ မင်း ခေါ် ထုတ်ရမယ်ဆို ဘယ်လို ခေါ်ထုတ်မလဲ ”
“ ခင် ... ခင် .. ခင်ဗျာ ...”
“ တယ်လေ ... ငါ ...”
ကျွန်ုပ်လည်း လွန်စွာဒေါသဖြစ်နေသည့်အပြင် ကျွန်ုပ်၏
နောင်တွင် အတွေ့အကြုံရစေရန် အတွက် တပည့်ငယ်လေး အားလည်း သင်ကြားပို့ချလိုသဖြင့် ..
“ အမှောင်ထဲမှာ မင်းရန်သူရှိနေပြီ ။ သူ့ကို ခေါ်ထုတ်လိုက်စမ်း ”
အသံမကြား ။
“ ခေါ်လေကွာ ”
ကျွန်ုပ် ထပ်မံငေါက်ငမ်းလိုက်မှ တုန်ရင်သောလေသံဖြင့်.. “ အ .. မှောင်ထဲက ဘုရားဒကာအစ်ကိုကြီး အပြင်ကို ခဏလောက် ထွက်ခဲ့ ... သူ့ကိုတို့ ဘာမှမလုပ်ရင် တို့ကိုလည်း မလုပ်ရဘူးနော် ... နော် ”
“ တယ်လေ .. ဒီကောင် ငါလုပ်ရ သေရော့မယ် ။ တရားခံကို ခေါ်ပါဆိုမှ မင့်ကြီးတော်ယောက်ျားတစ်ယောက် ခေါ်သလို ခေါ်လို့ ရသလား ။ ဒီမှာကြည့် ငါခေါ်ပြမယ် ”
ဟုဆိုပြီး အောင်မြင်ခန့်ညားသောအသံဖြင့် ...
“ ဟေ့ကောင်... ထွက်ခဲ့စမ်း ၊ မင်းဘယ်မှ ပြေးမလွတ်တော့ ဘူးကွ .. ဟား ဟား ပြောနေတာမကြားဘူးလား ။ ထွက်ခဲ့စမ်း ”
ကျွန်ုပ်၏ အသံနှင့်အတူ အမှောင်ထဲမှ ရိပ်ခနဲလှုပ်ရှားသွားသည့် အရိပ်တစ်ခု ။
“ ဟိုက် ... ”
“ ဟင် ... ”
သေချာပြီ ။ အမှောင်ထဲမှာ လူတစ်ယောက် ။ ရုတ်တရက်မို့ ကျွန်ုပ်လည်း ကြောင်သွားသည် ။ အမှောင်ထဲမှ လူလည်း ကျွန်ုပ်တို့၏ လှုပ်ရှားမှုကို စောင့်ဆိုင်းနေပုံရ၏ ။ အတန်ကြာတော့မှကျွန်ုပ်လည်း သတိဝင်ပြီး ...
“ ဟေ့ကောင် .. မင်းဘယ်သူလဲ ”
မောင်နှင်း၏ မေးရိုက်သံက တဂတ်ဂတ် ။ အမှောင်ထဲမှာလူ ရိပ်ခနဲ လှုပ်ရှားသွားသည်နှင့် ကျွန်ုပ်လည်း ရှိသမျှအစွမ်းကို သုံးပြီး ...
“ ဟေ့ကောင်မောင်နှင်း .. ဆုတ်ချည်ဖြန့်ချည်ဗျူဟာကို အသုံးပြုပြီး ငါညာဘက်ကထွက်ပြေးမယ် ။ မင်းဘယ်ဘက်ကလိုက် ”
ဤတွင် အသုံးမကျလှသောတပည့်မှ ...
“ အဘ ... ဆုပ်ချည်ဖြန့်ချည်အစား ဖြန့်ချည်ဆုတ်ချည်ဗျူ ဟာကို သုံးပြီး ကျွန်တော် ဘယ်ဘက်က အရင် စပြေးမယ် ။ အဘ ညာဘက်ကစလိုက် ”
ကျွန်ုပ်လည်း လွန်စွာဒေါသထွက်သွားပြီး ...
“ ကိုင်း ... ကြာတယ်ကွာ ။ ဆုတ်ဖြန့်ဖြန့်ဆုတ်ဗျူဟာ နဲ့ နှစ်ယောက်လုံးပြေးမယ် ”
ဟု ဆိုပြီး နှစ်ယောက်စလုံးသုတ်ခြေအတင် အမှောင်အတွင်းမှ လူလည်း မည်သို့စိတ်ကူးပေါက်သည်မသိ ။ ကျွန်ုပ်တို့ လိုက်အပြေးအ သက်အရွယ်ကြီးရင့်နေပြီဖြစ်၍ နှေးကွေးသော ကျွန်ုပ်နှင့် ထိုသူ အမှောင်ထဲတွင် ဝင်တိုးမိသောအခါ ..
“ ဗြောင်း ... ”
“ အောင်မလေးဗျ ... သေပါပြီ ”
“ ဗြောင်း ” ဟူသောအသံမှာ အနောက်သို့ လှည့်ပြေးသော ကျွန်ုပ်၏ တံတောင်နှင့် အမှောင်ထဲမှ လူမျက်ခွက်ကို ထိသောအသံ ဖြစ်ပြီး အောင်မလေး ဟူသော အသံမှာမူ ကျွန်ုပ် လက်မှာ ထိုသူ၏ မေးရိုး နှင့်ထိပြီး အသည်းခိုက်အောင် နာကျင်သွားသော ကျွန်ုပ်၏ အော်သံပင် ဖြစ်ချေတော့၏ ။
သိုသော် ကံကြမ္မာကောင်းချင်သောအခါ ထိုသူမှာ ကျွန်ုပ် ၏ တံတောင်ချက်နှင့် နေရာတွင်ပင် ပက်လက်လန်ကျသွားပြီး တော်ရုံနှင့်ပြန်မထနိုင်တော့ပေ ။ ဤသည်ကိုအခွင့်ကောင်းယူ၍ ကျွန်ုပ်လည်း အပေါက် တွေ့လို့တွေ့ငြား အခန်းထဲ ကမူးရှူးထိုး လျှောက် ပြေးနေသော မောင်နှင်း ကို ...
“ ဟေ့ကောင် တရားခံက လဲနေပြီကွ ။ မင်း ဝင်ဖမ်းလိုက်စမ်း ”
ဟု ဆိုလိုက်ရာ
“ ကျွန်တော် ကျွန်တော် ဖမ်းလို့ မဖြစ်ဘူးအဘ ။ ဒီလထဲ ဘယ်သတ္တဝါကိုမှ မဖမ်းရဘူးလို့ အဓိဋ္ဌာန် ဝင်ထားလို့ အဘပဲ ဝင်ဖမ်းလိုက် ... ”
မောင်နှင်းကလေး၏ စကားသည် ကျွန်ုပ်၏ စိတ်ကို ဆွပေးသလိုသာဖြစ် နေတော့၏ ။
“ တယ်လေ... ငါ လက်နာနေလို့ပေါ့ကွ .. ဝင်ဖမ်းကွာ ”
ဟု ဆိုလိုက်မှ ကျွန်ုပ်ကိုကြောက်ရွံ့လေးစားသော မောင်နှင်းလေးမှာ မှောက်လဲနေသော တရားခံပေါ် ခွထိုင်ပြီး မည်သို့လုပ် လိုက်သည်မသိ ။
“ အားးးး အားးးး အောင်မလေး ... ဟေ့လူ ... မလုပ်နဲ့လေ ”
နာကျင်စွာ အော်ဟစ်နေသောတရားခံ၏ အသံ ။ မောင်နှင်း မည်သို့ လုပ်လိုက်သည်မသိ ။ ကျွန်ုပ်လည်း သိလိုလှသဖြင့် ...
“ ဟေ့ကောင် မောင်နှင်း .. ဘယ်လိုပညာရပ်တွေ သုံးနေတာလဲကွ ... ”
မောင်နှင်းမှာ အားတက်သရောဖြင့် ...
“ ရှေးခေတ်ရောမသင်္ဂဟဗျူဟာပေါ့အဘ ။ ချက်စ်ဖိုက်တာဆိုတဲ့ ဗိုက်ခေါက်ဆွဲလိမ်နည်းပေါ့ဗျာ ... ”
အနှီသူငယ်၏ အဖြေစကားကြောင့် ကျွန်ုပ်လည်း လွန်စွာဒေါသထွက်သွားပြီး ...
“ မင်းကြီးတော် တရားခံဖမ်းပါဆို ဗိုက်ခေါက် ဆွဲလိမ်ထားရ သလား ။ တခြားတစ်နည်းပြောင်း ... ”
ဟု ဆိုလိုက်ရာ မောင်နှင်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ဟုတ်ကဲ့အဘ ဟု ဆိုပြီး နည်းစနစ်အသစ် ပြောင်းလိုက်ရာ ...
“ ဟာ ... ဟေ့လူ ... ဘာလုပ်တာလဲ ။ ယားတယ်ဗျ ။ မလုပ်နဲ့လေဗျာ ယားပါတယ် ဆိုနေမှ ဟာ မလုပ်ပါနဲ့ဆို .. ဟား ... ဟား .. ဟား .. ဟား ... ဟား .. မတ်တတ်ရပ်နေတဲ့ အဘကြီးခင်ဗျား ကူပြောပါဦး ။ ဒီမှာကလိလာထိုးနေလို့ဗျ ”
ကျွန်ုပ် ထိုတော့မှ သိလိုက်ပြီ ။ နည်းစနစ်ပြောင်းခိုင်းလိုက်မှ မောင်နှင်းမှာ ရန်သူကိုကလိထိုးနေခြင်း ဖြစ်ပေသည် ။ ကျွန်ုပ်လည်း ကြာလျှင် မိနေပြီးသား ရန်သူပင်ပြန်လွတ်သွားမည် စိုး၍...
“ ဟေ့ကောင်မောင်နှင်း လက်ထိတ်ခတ်လိုက်တော့ ”
“ ဟုတ်ကဲ့ အဘဆရာ ”
“ ကလစ် .. ကလစ် ... ”
လက်ထိတ်ကွင်းမှ မည်သံနှစ်ခု ။ ကျွန်ုပ်လည်း စိတ်ချရလောက်ပြီ ဖြစ်၍ ...
“ ကိုင်း .. မောင်နှင်းရေတရားခံကို အပြင်ခေါ်ထုတ်ခဲ့ ”
မောင်နှင်းမှာ မဆိုင်းမတွပင်. .
“ ဟုတ်ကဲ့အဘ ။ ကိုင်း .. လာထ .. သွားမယ် ”
ဟုဆို၍ တရားခံကို လည်ကုပ်မှဆွဲမလိုက်ရာ ...
“ ဟာ .. ဟေ့လူ .. ဘယ်လိုလုပ်တာလဲ ။ မလုပ်နဲ့လေဗျာ ”
တရားခံမှာ အကြာက်အကန်ပြော၏ ။ မောင်နှင်း မှာလည်း ဆရာကောင်းတပည့် ပန်းကောင်းပန် ဟူသော စကားလို ကျွန်ုပ်ဟန် အတိုင်း ...
“ မူယာမာယာလာ များမနေနဲ့ကိုယ့်လူ ။ အမြန်ဆုံးထနောက်မှ ကျုပ် အဆိုးမဆိုနဲ့ ”
ဤတွင် တရားခံမှာ ဒေါသတကြီးဖြင့် ...
“ ထလို့ ရမလားဗျ ။ ခင်ဗျားက လက်ထိတ်ကို ခြေတစ်ဖက် လက်တစ်ဖက် ခတ်ထားတာ ကျုပ်က ဘယ်လို ထမလဲ ”
ကျွန်ုပ်လည်း ဤမျှစိတ်မရှည်နိုင်တော့ဘဲ ...
“ ကိုင်း .. မောင်နှင်း မင်းပဲတရားခံကို ထမ်းပြီး အပေါ်ခေါ်ခဲ့တော့ ”
အပြင်သို့ ရောက်လတ်သော်
“ ဟင် ... ”
“ အို ...”
ထိုသို့ အာမေဋိတ်သံများ ထွက်ပေါ်သွားရလောက်အောင် ကျွန်ုပ်တို့ကို တအံ့တဩနှင့် ငေးကြည့်နေလေသည် ။
ကျွန်ုပ်လည်း အိုက်တင်အပြည်ဖြင့်
“ ကိုင်း . . မောင်နှင်းရေ တရားခံကို အောက်ချလိုက်ပါဦး ”
“ ဒုန်း ”
“ အောင်မလေးဗျ သေပါပြီ ”
မောင်နှင်းမှာ တရားခံကို ထမ်းလာရတာကို မကျေနပ်၍ထင့် ပခုံးပေါ်မှ ထိုသို့သာပစ်ချလိုက်လေတော့သည် ။
“ ကိုင်း ... ဟေ့ကောင်ပြောစမ်း ဖရဲသီးသုံးလုံးအကြောင်း ”
တရားခံမှာ ချက်ချင်းပြန်မပြောနိုင်သေးဘဲ အတန်ကြာမှ ..
“ အား .. ကျွတ်ကျွတ် ပြောပါ့မယ်ဗျာ ။ ဒါ .. ဒါနဲ့ .. အဘနာမည်က ”
ကျွန်ုပ်လည်း ဟန်ပါပါနှင့်
“ မိုင်နိမ်းအစ်(စ်) ကိုကိုကြီး ၊ အိုင်အိုဒင်းကိုကိုကြီး ”
တရားခံမှာ ကျွန်ုပ်၏ စကားကို ရုတ်တရက်ကြောင်သွားပြီး
“ ဆားပုလင်းကိုကိုကြီး မဟုတ်ဘူးလားဗျာ ”
“ ကျုပ်က သူများတွေလို အညတရဆားပုလင်းမဟုတ်ဘူး ။ ဓာတုဗေဒနည်းနဲ့ သန့်စင်ထားတဲ့သန့်စင်ဆားအိုင်အိုဒင်းဆားပုလင်း ကွ ။ ဒါကြောင့် အိုင်အိုဒင်းကိုကိုကြီး ... ”
တရားခံမှာ ကျွန်ုပ်ကို လေးစားသော မျက်လုံးမျိုးနှင့်ကြည့်ပြီး
“ ဂုဏ်ယူပါတယ်ဗျာ ။ ကျုပ်ကို ဖမ်းတဲ့လူဟာ နာမည်ကျော်စုံ ထောက်ကြီး အိုင်အိုဒင်းကိုကိုကြီးပဲ ဖြစ်ရမယ်လို့ ကျွန်တော် အစက တည်းက ယုံကြည်ထားပြီးသားပါ ”
ကျွန်ုပ် အနီးအနားက လူများကိုဝေ့ကြည့်လိုက်သည် ။ အား လုံး ကျွန်ုပ်ကိုလေးစားအားကိုးသော မျက်လုံးများနှင့်ကြည့်နေ၏ ။ ကျွန်ုပ်လည်း သူတို့ ပိုအထင်ကြီးသွားစေရန်
“ ကိုင်း ... ပြောစမ်း ... မင်းတို့ ဖရဲသီးသုံးလုံးဂိုဏ်းအကြောင်း ... ”
တရားခံမှာမျက်မှောင်ကြုတ်၍ ..
“ ဘယ်ကဖရဲသီးသုံးလုံးဂိုဏ်းလဲ ”
ကျွန်ုပ်လည်း ဒေါသထွက်ဟန်ဖြင့် ...
“ ဒီမှာကိုယ့်လူ ။ အိုင်အိုဒင်းကိုကိုကြီးကို ဒီလိုလှိမ့်လိုမရဘူး ဆိုတာ မင်းသိတယ်နော် ”
“ ဟာ . . သိပါတယ် ။ ကျွန်တော် မလိမ်ပါဘူး ။ အဘပြောတဲ့ဖ ရဲသီးသုံးလုံးဂိုဏ်းဆိုတာ ကျွန်တော်မှ မသိဘဲ ”
ကျွန်ုပ်လည်း သည်းမခံနိုင်တော့ဘဲ ...
“ ဒီနံရံမှာ ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင်ဆိုတာ မင်း ရေးထားတာမဟုတ်လား ”
“ ရေးတယ်လေ ဟုတ်တယ်လေ ”
“ ဒါဆို အဲဒီစာရဲ့ အဓိပ္ပာယ်က ဘာလဲ ... ”
အဲလိုလေးပဲ မေးလိုက်တယ် ။ တရားခံမှာ ကျွန်ုပ်၏ စကားကို ယခုမှ သဘောပေါက်သလို ...
“ ဪ .. ဒါလား ”
“ ဪ ... ဒါလားမဟုတ်ဘူး ၊ ရေးထားတာကိုမေးတာကွ ၊ နော် .. ဘဆရာ ”
မောင်နှင်း၏ မဆီမဆိုင်စကားကြောင့် ကျွန်ုပ်ပင် ဖီးပျက်သွား ရ၏ ။ သို့သော်လည်း ... ။
“ အေး .. အားလုံးကြားအောင်ပြောကွာ ”
“ အဖြစ်က ဒီလိုပါ ”
“ ကျွန်တော် ဒီအိမ်ကပစ္စည်းခိုးဖို့လာတာပါ ”
“ ဟင် ... ”
“ အို ... ”
“ ဒါ .. ဒါဆို ဖရဲသီးသုံးလုံးဆိုတာက ”
အာမေဋိတ်အသံနှင့် အတူ ကျွန်ုပ်၏ အလောတကြီးအမေး ကို တရားခံလက်ကာပြ၍ ...
“ ပြောပြမယ်လေ ။ ဖရဲသီးသုံးလုံးက ဒီအိမ်ပေါ် တက်ခိုးပြီး ဘာမှမတွေ့ဘဲ မရ ရတာပဲခိုးမယ်ဆိုပြီး မီးဖိုချောင်ကတွေ့တဲ့ ဖရဲသီးသုံးလုံးကို ယူပြီး အိမ်ပေါ်အတက် အဲဒီအချိန်မှာပဲ သူဌေးကြီးဦးရွှေတောကအရက်မူးပြီး အိမ်ပေါ်တက်လာလို့ ကျွန်တော်လည်း ထုပ်တန်း ပေါ်တက်ပုန်း နေတုန်း အချစ်ပလူးနေတဲ့ အိမ်မြှောင်သုံးကောင်က ကျုပ်အပေါ် ဗြုန်းခနဲ ပြုတ်ကျလာလို့ ကျုပ်လည်း လန့်ပြီးခုန်ချလိုက်တာ မူးပြီး အိပ်နေတဲ့သူ ဌေးကြီးရဲ့လည်ပင်းကို ဒူးနဲ့ထောက်ကျပြီး သူဌေးခမျာအသံတောင် မထွက်နိုင်တော့ဘဲ ဆုံးသွားတာပါပဲ ။ အဖြစ်ကတော့ ဒါပါပဲဗျာ ။ ဘာဖရဲသီးသုံးလုံးဂိုဏ်းကမှ မဟုတ်ပါဘူး ။ အဲဒီစာ ကလည်း ဖရဲသီးသုံးလုံးကို တက်ခိုးလာတုန်း အိမ်မြှောင်သုံးကောင်ကြောင့် လူသ,တ်မှုဖြစ်ရတယ် ဆိုတဲ့အကြောင်းကိုရေးမလို့ပါ ။ စာက မဆုံးခင် သူဌေးကတော် အိမ်ပေါ်တက်လာလို့ ကျွန်တော် ခုန မြေ အောက်ခန်းထဲ ဝင်ပုန်းနေမိတာပါဗျာ ”
ကိုင်း .. ဤမျှလောက်ဆို ကျွန်ုပ်၏ ဖရဲသီးသုံးလုံးနှင့်အိမ်မြှောင်သုံးကောင်အမှုဆန်းကြီး အကြောင်းကို ပရိသတ် သိလောက်ရောပေါ့ ။ ဤမျှလောက် တက်တက်စင် လွဲချော်ခဲ့သော်လည်း သူဌေးကြီးဦးရွှေတော အသတ်ခံရမှုကို နာရီပိုင်းအတွင်း တရားခံမိအောင် ဖမ်းပေးခဲ့သော ကျွန်ုပ်အား နောက်တစ်နေ့ ခရော်နီကယ် သတင်းစာ ( ထိုစဉ်ကထိုသတင်းစာ တစ်စောင်သာရှိ၏ ) တွင် အိုင်အိုဒင်းကိုကိုကြီး အားဂုဏ်ပြုခြင်းဟူ၍ အကျယ်တဝင့်ဖော်ပြခဲ့လေသည် ။
〇 အကြည်တော်
📖အိုင်အိုဒင်းကိုကိုကြီး နှင့် ...
No comments:
Post a Comment