❝ တတိယ တံခါး မှ ... ❞
( ပါရဂူ နှင့် တွေ့ဆုံခြင်း )
စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်းကဏ္ဍမှာ လိုင်းပေါင်းစုံက စာရေးဆရာ ၊ ဆရာမများနဲ့ တွေ့ဆုံပေးနိုင်ဖို့ စီစဉ်ထားတဲ့အတိုင်း ဒီလ ကျွန်တော် တွေ့ဆုံပေးရမယ့် သူက ဘာသာပြန်စာရေးဆရာ တစ်ဦးဖြစ်တဲ့ “ ဆရာပါရဂူ ” ပါပဲ ။ ဆရာပါရဂူ က ဘာသာပြန် စာရေးဆရာ ဆိုပေမယ့် တခြား ဘာသာပြန်စာရေးဆရာတွေထက် ထူးခြားတဲ့ အရှေ့တိုင်းစာပေ သီးသန့်ကို ဘာသာပြန်တဲ့သူ ဆိုတာ စာချစ်သူများ သိကြပြီးတဲ့ အတိုင်းပါပဲ ။
ဆရာ့ စာတွေကို ဖတ်ခဲ့ရတာတော့ ကြာပါပြီ ။ ဒါပေမဲ့ လူချင်း မဆုံမိကြသေးတာမို့ ပေဖူးလွှာ စာတည်းအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးအောင်မြင့် အကူအညီ နဲ့ ဆရာ့ထံ ရောက်ရှိခဲ့ရာမှာ အေးချမ်းငြိမ်သက်လှတဲ့ ဗဟန်းမြို့နယ် အတွင်း က ငါးထပ်ကြီးဘုရားလမ်း ( ကင်းဘဲ ) ၊ ခြံအမှတ် ၃ မှာ ဆရာ့ကို တွေ့ခွင့်ရခဲ့ပါတယ် ။
ဆရာက အိမ်ထောင် မရှိတဲ့ လူပျိုကြီးပီပီ စာအုပ်ပုံတွေ ကြားမှာ မွေ့လျော်နေတဲ့ လူ ဆိုတော့ ဧည့်ခန်းတစ်ခုလုံး စာအုပ်ကြီးငယ် အသွယ်သွယ်က နေရာပြည့်လုနီးပါး ယူထားပြီး နံရံတွေ ပေါ်မှာ ရေဆေးပန်းချီကား တွေ က အနုပညာသမားရဲ့ အတွေးကို ကိုယ်စားပြု နေရာယူထားကြပါတယ် ။
“ ဆရာပါ .... ဒါက ကျွန်တော်တို့ မဂ္ဂဇင်းက ကိုဝင်းငြိမ်း လေ ၊ ဆရာ့ကို ကျွန်တော် ကြိုတင် အကြောင်းကြား ထားတဲ့အတိုင်း မတ်လထုတ် မဂ္ဂဇင်း တွေ့ဆုံခန်းအတွက် လာခဲ့တာပဲ ”
“ တွေ့ရတာ ဝမ်းသာပါတယ် ဆရာ ”
“ ကျွန်တော် လည်း ဝမ်းသာပါတယ် ၊ ကိုဝင်းငြိမ်း ညီ ကိုဆန်နီညိမ်း နဲ့ ကတော့ ခရေလက်ဖက်ရည်ဆိုင် မှာ ပန်းချီဆရာ ဖေညွန့်ဝေ တို့ ၊ ကိုဝဏ္ဏ တို့ နဲ့ အတူဆုံနေကျမို့ ခင်နေကြပြီးသားပါ ”
ရင်းနှီးပွင့်လင်းတဲ့ အပြုံး ဆရာ့ မျက်နှာမှာ မြင်တွေ့လိုက်ရတဲ့ အတွက် ကျွန်တော် မေးဖို့ ပြင်ဆင်လာခဲ့တဲ့ မေးခွန်းတွေ အတွက် ရင်အေး သွားပါတယ် ။ ခုတစ်လော ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းတွေ က ကျွန်တော့် ကို ကတ်သီးကတ်သတ် မေးနေတယ်လို့ ပြောနေကြတာမို့ တော်တော် သတိထား နေရတယ် ။ ဒီလ မေးရမယ့် သူ က လည်း ကိုယ် နဲ့ မရင်းနှီးတဲ့ သူ ၊ ပြီးတော့ လိုင်းက သီးခြား တစ်လိုင်း ။ ဒါကြောင့် အဆင်မှ ပြေပါ့မလားလို့ တွေးလာခဲ့မိတာ ။ ဆရာ့ အပြုံးကို မြင်ရတော့မှပဲ ကျွန်တော် စိတ်သက်သာ သွားရပါတော့တယ် ။
••••• ••••• •••••
“ ကျွန်တော် ဆရာ ရေးတဲ့ လုံးချင်း တော်တော်များများကို တော့ ဖတ်လာခဲ့ပါတယ် ”
“ မေးပါ ၊ ကိုဝင်းငြိမ်း မေးချင်တာ မေးပါ ။ ကျွန်တော့် ဘက်က တတ်နိုင်သမျှ ဖြေပေးပါ့မယ် ”
“ ဆရာ့စာနဲ့ ပတ်သက်တာလေးတွေ မဆွေးနွေးခင် ဆရာ စာပေလောက ထဲ ဝင်ရောက်လာတာ က စပြီး ပြောကြရအောင်လား ဆရာ ”
“ စာပေလောကထဲ ဝင်ရောက်လာတဲ့ လူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် အခြေခံ အကြောင်းရင်းချင်း မတူကြဘူးလို့ ထင်ပါတယ် ။ တချို့ကတော့ ဝါသနာအရ ရေးသားထားတာက စပြီး စာပေလောကထဲ ရောက်လာကြတာလို့ ပုဂ္ဂိုလ်တွေလည်း ရှိပါလိမ့်မယ် ။ ကျွန်တော့် အကြောင်း ပြောရရင်တော့ ဝါသနာ အရ စာပေလောကထဲ ရောက်လာတယ်လို့ ဆိုနိုင်ပါတယ် ။ ကျွန်တော် ၁၆ နှစ် ၊ ၁၇ နှစ် အရွယ်လောက်တုန်းက ရွာ တစ်ရွာမှာ နေခဲ့ဖူးပါတယ် ။ အဲဒီ ရွာက အိမ်ခြေ နှစ်ရာ ၊ သုံးရာလောက် ရှိတဲ့ ရွာကြီး ပါ ။ ဒါပေမဲ့ ဆင်းရဲတယ် ။ အဲဒီ ရွာနားမှာ ရှိတဲ့ ရွာငယ် တစ်ရွာ ကတော့ အိမ်ခြေ ငါးဆယ်လောက် ရှိပေမယ့် ချမ်းသာတယ် ။ ချမ်းသာတဲ့ ရွာငယ်က သူကြီးက ဆင်းရဲတဲ့ ရွာကြီးကို လှမ်း အုပ်ချုပ်တယ် ။ အဲဒီလူကြီးဟာ အင်္ဂလိပ်လက်ထက် တချို့ သူကြီးတွေရဲ့ ဉာဉ်အတိုင်း အတော်ဆိုးတယ် ။ ဆင်းရဲတဲ့ ရွာက လူတွေဟာ သူကြီးဆိုး ရဲ့ အုပ်ချုပ်မှုအောက်မှာ နင်းပြားဖြစ်နေ ကြရတယ် ။ သူကြီး နှိပ်စက်ပုံကို မျက်မြင် ကိုယ်တွေ့ မြင်နေရတဲ့ အခါ အဲဒီအကြောင်းကို ဝတ္ထုတို တစ်ပုဒ် ရေးပြီး တိုးတက်ရေး မဂ္ဂဇင်း ပို့လိုက်တယ် ”
“ ဘယ်နှခုနှစ် လောက်ကလဲ ဆရာ ”
“ ၁၉၄ဝ ပြည့်နှစ် လောက်ကပဲ ။ အဲဒီတုန်းက တိုးတက်ရေးမဂ္ဂဇင်း အယ်ဒီတာ “ တောကသာဒွန်း ” ကလောင်အမည် ခံထားတဲ့ ဦးသွင် ပေါ့ ။ အယ်ဒီတာ က ကျွန်တော့်ဝတ္ထု မဂ္ဂဇင်း ထဲမှာ ထည့်ပေးတယ် ။ အဲဒီအချိန်က စ စာရေးတယ်လို့ ဆိုရမှာပဲ ”
“ အဲဒီနောက်တော့ကော ...”
“ အဲဒီနောက် တိုးတက်ရေးမဂ္ဂဇင်း နဲ့ ဒဂုန်မဂ္ဂဇင်း တို့မှာ အနည်းအကျဉ်း ရေးမိတယ် ။ စစ်ပြီးခေတ် ဂျာနယ်ကျော် မှာလည်း အသင့်အတန် ရေးဖူးပါတယ် ။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့် အခြေအနေဟာ စာပေလောကထဲ ရောက်ပြီလို့ မဆိုနိုင်သေးဘူး ။ စာပေလောက ထဲ ရောက်လာတယ်လို့ ဆိုနိုင်တဲ့အချိန် ကတော့ ၁၉၅ဝ ပြည့်နှစ် နောက်ပိုင်းကျမှ ဖြစ်ပါတယ် ။
မြန်မာစာပေ လောက ထဲ ဝင်ရောက်လို့ ရတဲ့ တံခါးပေါက်တွေ သုံး လေးပေါက်ရှိတယ် ဆိုကြပါစို့ ။ တံခါးတစ်ပေါက်က မိမိ ပင်ကိုရေးတွေနဲ့ စာပေလောကထဲ ဝင်ရောက်သွားတဲ့ တံခါးပေါက် ဖြစ်တယ် ။ အဲဒီ တံခါးပေါက်မှာ လူတွေ စုပြုံ တိုးနေကြတယ် ။ နောက် တစ်ပေါက်က အနောက်တိုင်း အင်္ဂလိပ် စာပေက မြန်မာပြန်တဲ့ စာတွေ နဲ့ မြန်မာစာပေလောကထဲ ဝင်ရောက် တံခါးပေါက် ဖြစ်တယ် ။ အဲဒီ တံခါးပေါက်မှာလည်း လူတွေ တန်းစီ နေကြတယ် ။ မြန်မာစာပေလောက ဝင်ရောက်လိုတဲ့ ကျွန်တော်ဟာ အဲဒီ တံခါးပေါက်တွေက မဝင်ဘဲ နဲ့ လူတစ်ယောက်မှ မရှိတဲ့ တံခါးပေါက်ကို ရွေးလိုက်တယ် ။ အဲဒီ တစ်ပေါက် ကတော့ အိန္ဒိယဝတ္ထုတွေကို တိုက်ရိုက်မြန်မာပြန်ပြီး ဝင်တဲ့ အပေါက်ပါပဲ ။
အမှန်ပြောရရင် ကျွန်တော့် အားနည်းချက်လား မသိပါဘူး ။ ကျွန်တော့် အနေနဲ့ အနောက်တိုင်းက ဝတ္ထုတွေထက် အရှေ့တိုင်းက ဝတ္ထုတွေကို ပိုပြီး အရသာခံစားလို့ ရတယ် ။ အရှေ့တိုင်း ဝတ္ထုတွေ ထဲမှာလည်း များသောအားဖြင့် အိန္ဒိယဝတ္ထုတွေကို ပိုပြီး ကြိုက်တယ် ။ အဲဒါကြောင့် အိန္ဒိယဝတ္ထုတွေကို အပြည့်အဝ ခံစားမှု ရှိနိုင်အောင် အိန္ဒိယ အဓိကဘာသာ ဖြစ်တဲ့ ဟိန္ဒီဘာသာကို လေ့လာတယ် ။ အိန္ဒိယဝတ္ထုတွေကို အထူးအားဖြင့် ဟိန္ဒီဘာသာ နဲ့ ရေးထားတဲ့ ဝတ္ထုတွေကို ဖတ်တယ် ။ စာရေးတဲ့ ဝါသနာကလည်း ရှိနေလေတော့ ကိုယ် ကြိုက်တဲ့ ဝတ္ထုတွေကို မြန်မာပြန်ပြီး မြန်မာစာပေထဲက ကွက်လပ်ကို ဖြည့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် အိန္ဒိယဝတ္ထုတွေ ကို မြန်မာပြန်တာပါပဲ ။ အဲဒီလိုနဲ့ မြန်မာစာပေ လောကထဲ ရောက်လာရတယ် ဆိုပါတော့ ။ ဒါပေမဲ့ ကျွန်တော့် စာပေဘဝသက်တမ်းမှာ အခုအထိ ပင်ကိုရေး ရသ စာပေဆိုတာ ပြောလောက် ဆိုလောက် မရှိသေးပါဘူး ။ ဒါကြောင့် ကျွန်တော် ကိုယ့် ကိုယ်ကိုယ် စာရေးဆရာလို့ မသတ်မှတ်ချင်သေးပါဘူး ”
“ ပါရဂူ ဆို တဲ့ ကလောင်နာမည် ခံယူတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်ဆရာ ”
“ ပါရဂူ ဆိုတဲ့ ကျွန်တော့် ကလောင်အမည်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ငယ်ငယ်က တွင်နေတဲ့ အမည်နာမ တစ်ခုဟာ ကြီးပြင်းလာတဲ့အခါကျတော့ မကြိုက်ပေမယ့် ပြင်လို့ မရတော့သလိုပါဘဲ ။ ပါရဂူ ဆိုတဲ့ နာမည်ဟာ ကျွန်တော့်ဘာသာ ကျွန်တော် ပေးတာ မဟုတ်ပါဘူး ။ ကိုရင် စ , ဝတ်တော့ ဆရာ က ပေး တဲ့ ကိုရင်ဘွဲ့ အမည်ပါ ။ ကိုရင်ဘဝက စ , စာရေးတော့ အဲဒီ အမည်ရင်းပဲ ရေးတယ် ။ နောက်ဆက်ပြီး စာတွေ ရေးတော့လည်း အဲဒီ အမည်နဲ့ပဲ ။ ပါရဂူ ဆိုတာက အမှန် ပြောရရင် ကလောင်အမည် မဟုတ် ပါဘူး ။ အမည်ရင်း လို့ ဆိုနိုင်ပါတယ် ။
ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော် ဒီအမည်ကို ပြင်ချင်လာတယ် ။ ဒါပေမဲ့ ခိုင်မြဲသလို ဖြစ်သွားပြီ ဖြစ်တဲ့ အတွက် ပြင်ဖို့ မလွယ်တော့ဘူး ။ ဘာဖြစ်လို့ ပြင်ချင်သလဲ ဆိုတော့ အမည်က ကြီးကျယ်နေတယ် ။ စီးပိုးနေ တယ် ။ ပါရဂူ ဆိုတဲ့အမည် ကြားရင် ဘာပါရဂူလဲလို့ မေးတဲ့ လူကလည်း မရှားပါဘူး ။ ပါရဂူ ဆိုတာ သိတဲ့အတိုင်းပဲ ကျွမ်းကျင်မှု အထွတ်အထိပ် ရောက်နေသူလို့ အဓိပ္ပာယ် ရပါတယ် ။ ကျွန်တော်က ဘာကျွမ်းကျင်မှုမှ ရှိတာမဟုတ်ဘူး ။
ပါရဂူ အမည် နဲ့ စကားစပ်လို့ ပြောရဦးမယ် ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်တုန်းက ကျွန်တော်တို့ ကျောက်မဲမြို့ကို စာဆိုတော် ဟောပြောပွဲ သွားကြတယ် ။ မသွားမီ ကျောက်မဲ ကို “ ပါရဂူနှင့် သုံးဦး လာမည် ” လို့ သံကြိုးရိုက်လိုက်တယ် ။ လားရှိုး သံကြိုးစာ ရောက်သွားတော့ သံကြိုးစာ က “ နှင့် ” ပြုတ်ပြီး “ ပါရဂူ သုံးဦး လာမည် ” လို့ ဖြစ်နေတယ် ။ အဲဒီတုန်းက ကျောက်မဲမြို့ မှာ ပါရဂူ သုံးယောက်ကြီးများတောင် လာမှာ ၊ ဘာ ပါရဂူတွေလဲ ဆိုပြီး အတော် အလုပ်ရှုပ်သွားတယ်လို့ သိရတယ် ။ ပြီးတော့ လူရွှင်တော် ကလည်း ပါရဂူ ဆိုတာ ရှိနေတယ် ။ ပါရဂူ အမည်နဲ့ ကျူရှင်ဆရာလည်း ရှိနေတယ် ဆိုတယ် ။ ကျွန်တော့်ကို လူရွှင်တော် လုပ်သလား ၊ ကျူရှင်ပြသလားလို့ လာမေးဖူးတဲ့ လူတွေ ရှိတယ် ။ အထူးကု ဆရာဝန်ကြီးများ ရဲ့ ဆိုင်းဘုတ်တွေမှာ လည်း ပါရဂူ ချည်းပဲ ။ အဲဒါကြောင့် ကျွန်တော့် ကလောင်နာမည် ကို ပြောင်းပစ်ချင်နေပါ တယ် ”
“ ဆရာ့ ဘာသာပြန် ဝတ္ထုတွေဟာ အများအားဖြင့် ဗုဒ္ဓ နဲ့ ဆက်နွယ်တဲ့ ဝတ္ထုတွေ ဖြစ်နေတာ တွေ့ရပါတယ် ။ ဒီဝတ္ထုတွေကို ရွေးပြီးပြန်တာ ဆရာ့မှာ သီးခြား ရည်ရွယ်ချက်များရှိပါသလား ”
“ ကျွန်တော် မြန်မာပြန်တဲ့ ဝတ္ထုတွေဟာ “ ဗုဒ္ဓ ” နဲ့ ဆက်နွယ်နေတာဆိုတာ မှန်သင့်သလောက် မှန်ပါတယ် ။ ဗုဒ္ဓ နဲ့ ဆက်နွယ်တယ် ဆိုတာထက် ဗုဒ္ဓခေတ် သို့မဟုတ် ဗုဒ္ဓဘာသာ ထွန်းကားတဲ့ အိန္ဒိယ နဲ့ ဆက်နွယ်တယ် လို့ ဆိုရင် ပိုပြီး မှန်လိမ့်မယ်ထင်ပါတယ် ။ ကျွန်တော့် အကြိုက် ဝတ္ထုကို ပြောရရင် ကျွန်တော်ဟာ ခေတ်သမိုင်း နောက်ခံဝတ္ထုကို ပိုပြီး ကြိုက်ပါတယ် ။ အဲဒီလို ဆိုတော့ အိန္ဒိယသမိုင်းခေတ် ကို နောက်ခံပြု ရေးထားတဲ့ တခြားဝတ္ထုတွေ ကိုတော့ ဘာဖြစ်လို့ မြန်မာမပြန်သလဲ လို့ မေးစရာရှိပါတယ် ။ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ အိန္ဒိယသမိုင်းခေတ် ထဲက ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ခေတ် နဲ့သာ ပိုပြီး ရင်းနှီးမှု ရှိနေကြပါတယ် ။ ကျွန်တော် လည်းပဲ ဒီလိုပါပဲ ။
အိန္ဒိယသမိုင်းခေတ်က မဂိုခေတ် တို့ ၊ ဗြာဟ္မဏဘာသာ ထွန်းကားတဲ့ခေတ် တို့ ဆိုရင် သိပ် စိတ်မဝင် စားပါဘူး ။ ဥပမာ - ဗုဒ္ဓခေတ် က ဗိမ္ဗိသာရအကြောင်း တို့ ၊ အသောက ဘုရင် မင်းတရားကြီး အကြောင်းတို့ ဆိုရင် သိချင်လာတယ် ။ ဗုဒ္ဓဘာသာ ဇာတ်နိပါတ်စာပေများ က တစ်ဆင့် အဲဒီ ဗုဒ္ဓဘာသာ ခေတ်တွေဟာ မြန်မာလူမျိုး တို့ရဲ့ အသိဉာဏ်ထဲမှာ စွဲစွဲမြဲမြဲ ဝင်ရောက်နေတယ် ။ ကျွန်တော် ကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ် ။ စာဖတ်သူများလည်း စိတ်ဝင်စားလိမ့်မယ်လို့ အထင်ရှိတဲ့ အတွက် ဗုဒ္ဓ နဲ့ ပတ်သက်တဲ့ ဝတ္ထုတွေကို ရွေးပြီး မြန်မာပြန်ရခြင်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ နဲ့ ပတ်သက်တဲ့ တခြားဝတ္ထု မြန်မာပြန်ထားတာ မရှိ ဘူးတော့ မဟုတ်ပါဘူး ။ ဥပမာ - စိတ္တရလေခါ တို့ဆိုရင် ဗုဒ္ဓဘာသာ နဲ့ လုံးဝ မပတ်သက်ပါဘူး ။ ဆန်းသစ်တဲ့ ဝတ္ထုတွေထဲမှာ စိတ္တရလေခါ လို ဝတ္ထုမျိုးလည်း ပါပါတယ် ”
“ ဆရာ ဘာသာပြန်တဲ့ နေရာမှာ ဟိန္ဒီဘာသာ ကနေ တိုက်ရိုက် ပြန်ပါသလား ။ ဒါမှမဟုတ် အနောက်တိုင်း စာပေ နဲ့ ရေးထားတာ ကနေ တစ်ဆင့် ပြန်ပါသလား ”
“ ကျွန်တော် မြန်မာပြန် ထားတဲ့ ဝတ္ထုတွေ ထဲက အိန္ဒိယဝတ္ထု ဆိုရင် ဟိန္ဒီဘာသာက တိုက်ရိုက် ဘာသာပြန် တာ များပါတယ် ။ အိန္ဒိယ မှာလည်း သိတဲ့အတိုင်းပဲ ဟိန္ဒီဘာသာ တစ်ခုတည်းသာ ရှိတာ မဟုတ်ပါဘူး ။ တခြား ဘာသာစကားတွေလည်း အများအပြား ရှိပါတယ် ။ ကျွန်တော် က အိန္ဒိယဘာသာတွေ ထဲက ဟိန္ဒီဘာသာက လွဲပြီး တခြား ဘာသာကို မတတ်ကျွမ်းပါဘူး ။ ဒါကြောင့်မို့ တခြား အိန္ဒိယဘာသာစကား နဲ့ ရေးထားတဲ့ အိန္ဒိယဝတ္ထုတွေ ကို မြန်မာလို ပြန်တဲ့အခါ ကျရင်တော့ တစ်ခါတစ်ရံ အင်္ဂလိပ်ဘာသာက တစ်ဆင့် ပြန်ရပါတယ် ။ အဲဒီလို ပြန်တဲ့ ဝတ္ထုက အရေအတွက် နည်းပါတယ် ။ လုံးချင်းဝတ္ထု ဆို မရှိ သလောက် ပါဘဲ ။ ဝတ္ထုတိုတွေလောက်ပဲ ရှိပါတယ် ။ “ သိဒ္ဓတ္ထ ” ဝတ္ထု ကတော့ အိန္ဒိယ နောက်ခံ ဖြစ်ပေမယ့် မူရင်းဟာ ဟိန္ဒိဘာသာ မဟုတ်တဲ့ အတွက် အင်္ဂလိပ်ကပဲ ပြန်ရပါတယ် ”
“ ခေတ်ပေါ် ဟိန္ဓီဝတ္ထုတွေ ကော ဘာသာ မပြန်ဘူးလား ဆရာ ”
“ ကျွန်တော် မြန်မာပြန်တဲ့ ဝတ္ထုတွေဟာ များသောအားဖြင့် သမိုင်းနောက်ခံဝတ္ထုတွေသာ များတဲ့ အတွက် အခုလို မေးတယ်လို့ ထင်ပါတယ် ။ ခေတ်ပေါ်ဝတ္ထုတွေ ကို လည်း ကျွန်တော် မြန်မာပြန်ပါတယ် ။ ဒါပေမဲ့ ခေတ်ပေါ် ဝတ္ထု ထဲက မြန်မာပြန်ထားတာကတော့ ဝတ္ထုတိုတွေသာ များပါတယ် ။ ဥပမာ - ကျွန်တော် မြန်မာပြန်ထားတဲ့ တဂိုး ရဲ့ ဝတ္ထုတိုတွေ ဆိုရင် ခေတ်ပေါ်ဝတ္ထုတွေသာ များပါတယ် ။ အခုလည်း သိန်းဆုရ အိန္ဒိယ ဝတ္ထုရှည် တစ်ခုကို မြန်မာပြန် နေပါတယ် ။ အဲဒီ ဝတ္ထု က သမိုင်းနောက်ခံဝတ္ထု မဟုတ်ပါဘူး ။ ခေတ်ပေါ် ဝတ္ထုဖြစ်ပါတယ် ”
“ အနောက်တိုင်း စာပေ ကနေ မြန်မာပြန်တာ နဲ့ ဟိန္ဒီစာပေ ကနေ မြန်မာပြန်တာ ဘယ်လို ခြားနားမှုရှိပါသလဲ ဆရာ ”
“ တခြားပုဂ္ဂိုလ်တွေ အတွက်တော့ မပြောတတ်ဘူး ။ ကျွန်တော့် အနေနဲ့ ကတော့ ကျွန်တော် ပြောပြခဲ့တဲ့အတိုင်း ကျွန်တော်ဟာ အနောက်တိုင်း ဝတ္ထုတွေ ထက် အရှေ့တိုင်း ဝတ္ထုများ ကို ပိုပြီး ခံစားလို့ရပါတယ် ။ အထူးသဖြင့် အိန္ဒိယဝတ္ထုတွေကို ပိုနှစ်သက်တယ် ဆိုပါတော့ ။ အိန္ဒိယ နဲ့ မြန်မာပြည် ဟာ ရှေးဟောင်း ယဉ်ကျေးမှု အစဉ်အလာ အရလည်း ဆက်စပ်မှု ရှိနေတယ် ။
လူ့အဖွဲ့အစည်း အဆောက်အအုံ အခြေခံချင်း မတူပေမယ့် ကိုလိုနီ ဘဝ ရောက်ခဲ့ရတာတို့ ၊ ကိုလိုနီ ဘဝက ရုန်းထွက်ခဲ့ရတာတို့ဟာ တူညီမှု ရှိနေတယ် ။ ဒါကြောင့်မို့ ခေတ်ဟောင်း ဖြစ်ဖြစ် ၊ ခေတ်သစ် ဖြစ်ဖြစ် ဘယ်ခေတ်မဆို အိန္ဒိယပြည်သူ ဘဝ ထင်ဟပ်နေတဲ့ စာပေအရေးအသားတွေဟာ မြန်မာလူမျိုး အနေနဲ့လည်း ခံစားလို့ ရတယ်လို့ ထင်ပါတယ် ။ ဘာသာပြန်ဆိုတဲ့ ကိစ္စ မှာ အဲဒီလို ယဉ်ကျေးမှု အစဉ်အလာအရ ဆက်စပ်မှု ရှိနေတဲ့ တိုင်းပြည်ရဲ့ ပြည်သူ ဘဝ ထင်ဟပ်နေတဲ့ ဝတ္ထု နဲ့ ယဉ်ကျေးမှုချင်း အလှမ်းကွာဝေးတဲ့ နိုင်ငံ ရဲ့ ပြည်သူဘဝ ထင်ဟပ်နေတဲ့ ဝတ္ထုတို့ ဟာ ထိရောက် အောင်မြင်မှု ရှိတဲ့နေရာ မတူဘူး ထင်ပါတယ် ။
ယဉ်ကျေးမှုချင်း စပ်ဟပ်လို့ ရတဲ့ နိုင်ငံရဲ့ ဝတ္ထုကို ဘာသာပြန်တာက ပိုလေးနက်ပြီး ပိုထိရောက် နိုင်တယ်လို့ထင်ပါတယ် ။ ဒါက ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်း အမြင်နဲ့ ကြည့်ပြောတာပါ ။ ဘာသာစကား အမြင်နဲ့ ပြောရရင်လည်း အနောက်တိုင်းစာပေက ဘာသာပြန်ရတာ ထက် ပိုပြီး လွယ်ကူပြီး ပိုပြီး လေးနက် ထိရောက်မှု ရှိပါ တယ် ။ ဘာကြောင့်လဲဆိုရင် ဟိန္ဒီစကားလုံးတွေ နဲ့ မြန်မာစကားလုံးတွေဟာ တစ်ခု နဲ့ တစ်ခု ကူးလူးဆက်ဆံမှု ရှိနေကြပါတယ် ။ ဥပမာ ပြောရရင် မြန်မာလူမျိုးတွေ အသုံးပြုနေကြတဲ့ “ ဒုက္ခ ” ဆိုတဲ့ စကားလုံး ဆိုပါတော့ ၊ ဟိန္ဒီ မှာလည်း “ ဒုခ် ” ပဲ ။ နောက် “ သုခ ” ဆိုတဲ့ စကားလုံး ဟာလည်း ဟိန္ဒီ မှာ “ ဆုခ် ” ပဲ ။ အဲဒီလို ဝေါဟာရ စကားလုံးချင်း ဆက်စပ်မှု ရှိနေပါတယ် ။ ဝါကျဖွဲ့စည်းမှု ဆိုတာလည်း အရှေ့တိုင်းသားတွေရဲ့ ဝါကျဖွဲ့စည်းမှုဟာ တစ်ခု နဲ့ တစ်ခု ဒါလောက် ကွဲပြားခြားနားကြတာ မဟုတ်ကြဘူး ။ ဒါကြောင့်မို့ ဘာသာဗေဒအမြင်နဲ့ ကြည့်ပြီး ပြောရင်လည်း ဟိန္ဒီဝတ္ထု ကို မြန်မာပြန်တာဟာ အိမ်နီးချင်း နှစ်ဦး တစ်ဦး နဲ့ တစ်ဦး အဝင်အထွက် လုပ်သလို ရင်းနှီးမှု နီးစပ်မှုကို ဖော်ပြနေတဲ့ သဘော ရောက်တယ် ထင်ပါတယ် “
“ ဒီနေ့ စာဖတ်ပရိသတ်တွေ ဘာသာပြန် ကို တော်တော် စိတ်ဝင်စားကြပါတယ် ။ ဘာကြောင့်လို့ ဆရာ မြင်ပါသလဲ ”
“ မြန်မာ စာဖတ်ပရိသတ်တွေ ဘာသာပြန်စာပေတွေ ကို အဖတ် များလာကြတာဟာ ကောင်းတဲ့ လက္ခဏာပါပဲ ။ ဘာကြောင့် ဘာသာပြန်စာပေတွေ ကို အဖတ်များလာကြသလဲ ဆိုတဲ့ အကြောင်းကို လေ့လာကြည့်တဲ့အခါ အဓိကအကြောင်း နှစ်ခု ကို တွေ့ရပါတယ် ။ မြန်မာစာဖတ်ပရိသတ်ဟာ စာဖတ်အား ကောင်း လာကြတယ် ။ စာဖတ်အား ကောင်းလာကြတဲ့ အခါကျတော့ စာဖတ်နယ်ကို ချဲ့ချင်လာကြတယ် ။ ပင်ကိုရေး ဝတ္ထုတွေ တင် အားမရကြတော့ဘူး ။ ကမ္ဘာ့စာပေထဲက စာတွေကို ဖတ်ချင်လာကြတယ် ။ ကမ္ဘာ့ဝတ္ထုတွေကို အရသာခံချင်လာကြတယ် ။ ဒါကြောင့်မို့ ဘာသာပြန် စာပေကို အဖတ်များလာကြတာ ဖြစ်ပါလိမ့်မယ် ။
နောက်တစ်ကြောင်း ပြောရရင်တော့ စာရေးဆရာတွေနဲ့ ပတ်သက်နေပါတယ် ။ ယနေ့ စာဖတ်ပရိသတ်ဟာ လက်ရှိ စာရေးဆရာတွေ ရေးတဲ့ စာတွေ ၊ ဝတ္ထုတွေကို အားမရကြတော့ဘူး ။ သူတို့ ဖတ်လိုတဲ့ စာမျိုး အထွက်ကျဲ လာတယ် ။ အဆင့်မြင့်တဲ့ စာပေတွေ ကို သူတို့ ဖတ်ချင်ကြတယ် ။ ဒါကြောင့်မို့ ဘာသာပြန် ဝတ္ထုတွေကို အများအပြား ဖတ်လာကြတယ်လို့ ထင်ပါတယ် ။ ကျွန်တော် ပြောတာဟာ အဆင့်အတန်း မရှိတဲ့ ဘာသာပြန်တွေကို ဖတ်တဲ့သူတွေကို ပြောတာ မဟုတ်ပါဘူး ။ အဆင့်အတန်း ရှိတဲ့ ဘာသာပြန် စာပေတွေကို ဖတ်တဲ့ လူတွေကို ပြောတာပါ ”
“ ပင်ကိုရေးဝတ္ထုတွေ ကို ဘာသာပြန်လို စာဖတ်ပရိသတ် စိတ်ဝင်စားလာအောင် ဘယ်လို ကြိုးစားသင့်တယ်လို့ ဆရာ ထင်ပါသလဲ ”
“ ဒီ မေးခွန်းလည်း အခုန မေးခွန်းနဲ့ ဆက်စပ်နေတယ်လို့ ထင်ပါတယ် ။ အမှန်ပြောရရင်တော့ ပင်ကိုရေး နဲ့ ဘာသာပြန် ကို တစ်တန်းတစ်စားတည်းတောင် ထားဖို့မသင့်ပါဘူး ။ ပင်ကိုရေးက အထက်က ရှိနေသင့်ပါတယ် ။ ဘာသာပြန်က ဒုတိယအဆင့်က ရှိနေရမှာပါ ။ အဲဒီလို မဟုတ်ဘဲ ဘာသာပြန် က အထက်က ရှိနေတယ် ဆိုရင် ၊ ဘာသာပြန် ကို လူတွေ ပိုပြီးစိတ်ဝင်စားမှု ရှိနေတယ်ဆိုရင် ပင်ကိုရေး ဝတ္ထုလောက မှာ တစ်စုံတစ်ခုတော့ ချော်နေပြီလို့ပဲ မှတ်ရလိမ့်မယ် ။ ဆိုလိုတာက ပင်ကိုရေး ဝတ္ထုတွေ အဆင့်အတန်း မမီ ဖြစ်နေကြတယ်လို့ ထင်ပါတယ် ။ အဲဒီတော့ ပင်ကိုရေး ဝတ္ထုတွေကို အဆင့်အတန်း မီမီ ရေးကြမယ်ဆိုရင် စာဖတ်ပရိသတ်ဟာ ပင်ကိုရေးဝတ္ထုတွေကို ဘာသာပြန်ဝတ္ထုတွေ လိုပဲ စိတ်ဝင်စား လာကြမှာပါပဲ ။ ဘာသာပြန် ဝတ္ထုတွေထက် တောင် ပိုပြီး ဖတ်လာကြဖို့ ရှိပါတယ် ”
“ ဟိန္ဒီစာပေလောက မှာ ကျွန်တော်တို့လို ဘာသာပြန်ဝတ္ထု နဲ့ ပင်ကိုရေးဝတ္ထုဘယ်ဟာကို ပိုပြီး စိတ်ဝင်စား နေကြပါသလဲ ”
“ ဒီမေးခွန်း ကို မဖြေခင် ဟိန္ဒီစာပေ ဆိုတာနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောလိုပါတယ် ။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်း အိန္ဒိယမှာ ဘာသာစကားတွေ အတော်များများ ရှိပါတယ် ။ အဲဒီ အထဲက ဟိန္ဒီဘာသာ ဟာ တစ်ခုပါ ။ ဟိန္ဒီဘာသာကို အိန္ဒီယနိုင်ငံတော်သုံး ဘာသာ ပြဋ္ဌာန်းထားပါတယ် ။ တချို့က ဟိန္ဒီဘာသာ နဲ့ သတ္တတ ဘာသာ ကိုလည်း အတူတူလို့ မှတ်နေကြပါတယ် ။ မတူပါဘူး ။ သတ္တတဘာသာ က ရှေးဟောင်း ဘာသာစကား ဆိုပါတော့ ။ ဟိန္ဒီဘာသာ နဲ့ ဟိန္ဒူဘာသာ လည်း ဟိန္ဒူလူမျိုးများ ကိုးကွယ်တဲ့ ဘာသာတရား ဖြစ်ပါတယ် ။ ဟိန္ဒီစာပေ မှာ ဘာသာပြန်ဝတ္ထု နဲ့ ပင်ကိုရေးဝတ္ထု နှစ်မျိုး ရှိတဲ့ အနက် ဘယ်ဟာကို ပိုပြီး စိတ်ဝင်စားသလဲ ဆိုရင်တော့ ပင်ကိုရေးဝတ္ထု ပိုပြီး စိတ်ဝင်စားတယ်လို့ပဲ ဖြေရလိမ့်မယ် ။
ဘာသာပြန်ဝတ္ထုကို စိတ်မဝင်စားဘူးတော့ မဟုတ်ပါဘူး ။ ဘာသာပြန်ဝတ္ထုတွေ ကို အဖတ်များကြပါတယ် ။ အိန္ဒိယက ကျွန်တော်တို့ နိုင်ငံ နဲ့ မတူဘူး ။ ဘာသာစကားတွေ အများကြီး ရှိနေတော့ ပြည်ပ ဘာသာစကားနဲ့ ရေးထားတဲ့ ဝတ္ထုကို သာမကဘဲ ပြည်တွင်းဘာသာစကားနဲ့ ရေးထားတဲ့ ဝတ္ထုတွေကိုလည်း ကျန်ပြည်တွင်း ဘာသာစကား တစ်ခုခုနဲ့ ဘာသာပြန်ကြရပါတယ် ။ ဘာသာပြန် စာအုပ်များကို အစိုးရ နဲ့ မကင်းတဲ့ စာပေအဖွဲ့အစည်းများရော ၊ ပုဂ္ဂလိက စာအုပ်တိုက်ကြီးတွေကရော အများအပြား ထုတ်ဝေကြပါတယ် ။ ဒါပေမဲ့ ဘာသာပြန်ဝတ္ထုတွေ ဟာ သူ့အပိုင်းနဲ့ သူပါ ။ သူ့ ကဏ္ဍနဲ့ သူပါ ။ ပင်ကိုရေး ဝတ္ထုတွေကို ကျော်လွှားမသွားနိုင်ဘူး ။ ပင်ကိုရေးဝတ္ထု ကသာ အဓိက အခန်းကဏ္ဍ က ပါနေကြပါတယ် ။ အိန္ဒိယနိုင်ငံမှာသာ မဟုတ်ဘူး ။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ဒီလိုပဲလို့ ထင်ပါတယ် ။ ဘာသာပြန် ဝတ္ထုအခန်းကဏ္ဍက မြင့်မားနေပြီး ပင်ကိုရေးအခန်းကဏ္ဍက မှိန်နေတယ် ဆိုလို့ရှိရင်တော့ အဲဒီ နိုင်ငံ ၊ အဲဒီ စာပေမှာ ရှိတဲ့ ပင်ကိုရေးဝတ္ထု အဆင့်ဟာ ပေမမီ ၊ ဂိုက်မမီ ဖြစ်နေတယ်လို့ ဆိုရမှာပဲ ”
“ ဆရာ ဘာသာပြန်တဲ့ ဝတ္ထုတွေထဲက ဝတ္ထု တစ်ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးပါရစေ ။ ဆရာ စိတ္တရလေခါ ကို ဘာရည်ရွယ်ချက်နဲ့ ဘာသာပြန်တာလဲ ”
“ လောကမှာ လူတစ်ဦး တစ်ယောက်ကို အထင်ကြီးတဲ့ ၊ လေးစားတဲ့ နေရာမှာ တစ်ဦး နဲ့ တစ်ဦး အမြင်ချင်း မတူကြပါဘူး ။ တချို့က ဥစ္စာရှိသူကို အထင်ကြီးကြတယ် ။ တချို့က အာဏာရှိသူ ကို အထင်ကြီးကြတယ် ။ တချို့က ပညာရှိသူကို အထင်ကြီးကြတယ် ။ ကျွန်တော် ကတော့ ကိုယ်ကျိုး မကြည့်ဘဲ သူတစ်ပါး အကျိုးကို သယ်ပိုးတဲ့ လူကို အထင်အကြီးဆုံးပဲ ။ အကြီးဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်ကို တိုင်းတာတဲ့ နေရာမှာ ကျွန်တော့်ရဲ့ ဂိုက်တံဟာ ပရဟိတ အလုပ်ပဲ ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သူ ဆောင်ရွက်တဲ့ ပရဟိတ အတိုင်းအတာ ပမာဏကို ကြည့်ပြီး ကြီးရင် ကြီးသလောက် ၊ များရင် များသလောက် အထင်ကြီးတယ် ။ လေးစားတယ် ။
စိတ္တရလေခါ ကို ဖတ်ရင် အဲဒီ လောကအမြင်ကို တွေ့ရပါလိမ့်မယ် ။ လူတစ်ဦး တစ်ယောက်ဟာ အများအမြင်မှာ ကောင်းမှုပြုတယ်လို့ ထင်ရတယ် ။ ဒါပေမဲ့ သူ့ ကောင်းမှုဟာ ကိုယ်ကျိုး နဲ့ ယှဉ်နေတယ် ။ ပရဟိတ မပါဘူး ။ နောက်တစ်ယောက် ကတော့ သူလုပ်တဲ့ အလုပ်ဟာ အများအမြင်မှာ မကောင်းမှုလို့ ထင်နေရပေမယ့် သူတစ်ပါးအတွက် ကိုယ်ကျိုးကို စွန့်လွှတ်တဲ့ လူ ဖြစ်တယ် ။ အဲဒီလူနှစ်ယောက်ဟာ ဘယ်သူက မြင့်မြတ်သလဲဆိုတဲ့ ပြဿနာကို စိတ္တရလေခါ မှာ တင်ပြထားတယ် ။ ဒါပေမဲ့ ဝတ္ထုကို ဖတ်လိုက်ရင် အဖြေ ပေါ်ပြီးသား ဖြစ်ပါတယ် ။ အဲဒီ အဖြေကို ကျွန်တော် သဘောကျတယ် ။ လက်ခံတယ် ။ ဒါကြောင့် မို့ မြန်မာပြန်တာပါ ”
“ ကျွန်တော်တို့ ပေဖူးလွှာမဂ္ဂဇင်း ရဲ့ “ တွေ့ဆုံပေးခြင်း ” အခန်းကဏ္ဍကို ဘယ်လို သဘောရပါသလဲ ”
“ အင်မတန် ကောင်းတဲ့ အစီအစဉ် ဖြစ်ပါတယ် ။ စာဖတ်သူတွေလည်း အတော်စိတ်ဝင်စားကြပါတယ် ။ ခင်ဗျားတို့ရဲ့ ခေါင်းစဉ် အတိုင်း တကယ် စာဖတ်သူတွေ အနေနဲ့ စာရေးဆရာကို တွေ့နေရသလိုပါပဲ ။ ကိုယ် မေးချင်တဲ့ မေးခွန်းကို ခင်ဗျားတို့က ကိုယ်စားပြုပြီး မေးနေ သလိုပါပဲ ။ ဒါပေမဲ့ စာဖတ်သူနဲ့ တွေ့ဆုံပေးတဲ့ စာရေးဆရာ ရွေးတဲ့ကိစ္စ ကိုတော့ အနည်းအကျဉ်း ဆွေးနွေးလိုပါတယ် ။ ခင်ဗျားတို့က အလျဉ်းသင့်သလို ရွေးချယ်ရတာပါလို့ ပိတ်ပြီး ပြောတားတဲ့ အတွက် စောဒက တက်စရာတော့ မလိုပါဘူး ။ ဒါပေမဲ့ အလျဉ်းသင့်တုန်း ကိုယ့်ဆန္ဒကိုတော့ ထုတ်ပြောလိုက်ပါရစေ ။
အစဉ်အလာ ရှိတဲ့ စာရေးဆရာကြီးတွေကို ရှေ့တန်းတင်ပြီး စာဖတ်သူတွေ နဲ့ တွေ့ဆုံပေးသင့်ပါတယ် ။ စာရေးသက်ရော လူ့အသက်ပါ အတော် ရနေကြပြီ ဖြစ်တဲ့ စာရေးဆရာကြီးတွေ အများကြီး ရှိပါသေးတယ် ။ အဲဒီ ပုဂ္ဂိုလ်တွေ ကို ဦးစားပေးသင့်ပါတယ် ။ ကျွန်တော်တို့လို ပုဂ္ဂိုလ်မျိုးက ဓားမနောက်ပိတ် ခွေး မှာ ထားရမယ့် လူပါ ။ ကျွန်တော်နဲ့ တကွ စာဖတ်သူများဟာ အဲဒီလို အစဉ်အလာရှိတဲ့ စာရေးဆရာကြီးတွေ နဲ့ ပေဖူးလွှာ က တစ်ဆင့် တွေ့ဆုံလိုကြပါတယ် ။ အဲဒီလို ဆန္ဒရှိနေတုန်း တွေ့ဆုံခန်းမှာ မတွေ့ ရခင် ဘယ်စာရေးဆရာဟာဖြင့် ကွယ်လွန်သွားပြီလို့ ကြားလိုက်ရတဲ့အခါ မိမိတို့ လိုလား တောင့်တထားတဲ့ အခွင့်အရေး လက်လွတ်ဆုံးရှုံးသွားရပြီ ဆိုတဲ့ အသိ ပေါ်ပေါက်လာကြရပါတယ် ”
“ ဆရာ အခုလို တွေ့ဆုံ မေးမြန်းခြင်း အတွေ့အကြုံမျိုး အရင်က ရှိဖူးပါသလား ”
“ မြန်မာပြည်မှာတော့ ဒါ ပထမဆုံး အတွေ့အကြုံပါပဲ ။ နိုင်ငံခြားမှာတော့ ကြုံဖူးပါတယ် ။ ၁၉၈ဝ ခုနှစ်လောက်တုန်းက ကျွန်တော် အိန္ဒိယ ရောက်သွားတယ် ။ အိန္ဒိယ နယူးဒေလီမြို့မှာ “ ဟိန္ဒူစတန် ” ဆိုတဲ့ နေ့စဉ် သတင်းစာတိုက်ကြီး ရှိတယ် ။ အဲဒီ သတင်းစာတိုက်ကြီးက နေ့စဉ်သတင်းစာ ထုတ်သလို လစဉ် ၊ အပတ်စဉ် စာစောင်တွေကိုလည်း ထုတ်တယ် ။ အဲဒီ သတင်းစာတိုက်ကြီးက ထုတ်တဲ့ စောင်ရေ သိန်းကျော်ရှိတဲ့ “ ကာဒမ္ဗိနီ ” လို့ ခေါ်တဲ့ ဟိန္ဒီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းတာကို ဖြေခဲ့ရဖူးပါတယ် ။ ပြီးတော့ ဒေလီ မှာပဲ အောလ်အိန္ဒိယ ရေဒီယို ဟိန္ဒီဘာသာရပ်ခြား အစီအစဉ် နဲ့ ပြည်တွင်း အစီအစဉ် နှစ်ခုလုံး မှာလည်းပဲ တွေ့ဆုံ မေးမြန်းတာကို ဖြေခဲ့ရပါတယ် ”
“ အိန္ဒိယမှာ စာပေဆုပေးတဲ့ စနစ် ဘယ်လို ရှိပါသလဲ ”
“ အိန္ဒိယမှာ စာပေဆုချီးမြှင့်တာ မြန်မာပြည်နဲ့တော့ သိပ်မတူဘူး ။ အိန္ဒိယမှာ အစိုးရပေးတဲ့ဆုနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက ပေးတဲ့ဆု ရယ်လို့ စာပေဆု နှစ်မျိုး ရှိပါတယ် ။ အစိုးရက ပေးတဲ့ဆုမှာ မြန်မာပြည်မှာလို တစ်နှစ်အတွင်း အကောင်းဆုံး စာအုပ်ကို ပေးတဲ့ ဆုမျိုး မရှိသလောက်ဘဲ ။ တစ်နှစ်အတွင်း စာအုပ် ဖြစ်ဖြစ် ၊ တစ်နှစ် မတိုင်မီက စာအုပ် ဖြစ်ဖြစ် ပေးချင်တဲ့ စာအုပ်ကို ခေါင်းခေါက် စနစ်မျိုးနဲ့ ရွေးပေးတာပဲ ။ “ အကောင်းဆုံး ” ဆိုတဲ့ မူတော့ ချထားတာ မတွေ့ရဘူး ။ ဆု ကို နှစ်တိုင်းပေးတယ် ။ ပေးတဲ့ အခါလည်း စာအုပ်တွေကို အရေအတွက် အများကြီး ရွေးပြီး ပေးတယ် ။ ဆုငွေ အနေနဲ့ကတော့ သိပ်မများဘူး ။
အိန္ဒိယမှာ သရဖူဆောင်း နေတဲ့ စာပေဆုက အစိုးရ ပေးတဲ့ဆု မဟုတ်ဘူး ။ “ ဂယန်ပီဌ် ” မည်တဲ့ ပုဂ္ဂလိက စာအုပ်ထုတ်ဝေရေးဌာနကြီးက ပေးတဲ့ ဆု ဖြစ်တယ် ။ ဆုငွေ အရေအတွက်လည်း များတယ် ။ ရူပီးငွေ တစ်သိန်း ပေးတယ် ။ မနှစ်က ဆိုရင် ငါးသောင်း ထပ်တိုးပြီး တစ်သိန်း ငါးသောင်း တောင် ပေးတယ် ။ ပေးတဲ့ စာအုပ်ကတော့ ဝတ္ထု နဲ့ ကဗျာစာအုပ်များသာ များတယ် ။ တစ်နှစ် တစ်အုပ်ပဲ ပေးတယ် ။ စာအုပ်ကိုတော့ တစ်နှစ် အတွင်း ထုတ်တဲ့ စာအုပ်ရယ် လို့ သတ်မှတ် မထားဘူး ။ အရင်က ထုတ်ဝေပြီး ဖြစ်တဲ့ စာအုပ်ကိုလည်း ပေးချင်ပေးတာပဲ ”
“ ဆရာ ပင်ကိုရေးဝတ္ထု ရေးဖို့ ရည်ရွယ်ချက် ရှိပါသလား ”
“ ရှိပါတယ် ။ ကျွန်တော် ပင်ကိုရေးဝတ္ထုတိုကလေးတွေကို စမ်းရေးကြည့်နေပါပြီ ။ ရာဟုလာသံကိစ္စည်း က လူ့သမိုင်းကို “ဗော်လဂါ မှ ဂင်္ဂါ ” အမည် နဲ့ ဝတ္ထုတစ်ပုဒ်စီ တစ်ပုဒ်စီ ရေးထားပါတယ် ။ အဲဒါကို နည်းယူပြီးတော့ ဗုဒ္ဓသာသနာဝင် ကို ဝတ္ထုတို တစ်ပုဒ်စီ နဲ့ ရေးသားဖို့ ရည်ရွယ်ထားပါတယ် ။ အခု ဘာသာရေး စာစောင်တချို့ မှာ စ ရေးနေပါပြီ ”
“ စာဖတ်ပရိသတ်နဲ့ ပတ်သက်ပြီး ဆရာ ပြောချင်တာများရှိရင် ဖြည့်စွက်ပေးပါဦး ဆရာ ”
“ အဆင့်အတန်း မရှိတဲ့ အပေါစား စာများ ခေတ်စား နေတာနဲ့ ပတ်သက်ပြီး တချို့က စာဖတ်ပရိသတ်ကို အပြစ် တင်ချင်ကြပါတယ် ။ ကျွန်တော် ကတော့ အဲဒီလို အပြစ် မတင်ချင်ပါဘူး ။ စာဖတ်ပရိသတ် တစ်ဦးဟာ တစ်သက်လုံး အပေါစား စာကို ဖတ်မသွားပါဘူး ။ စာအမြဲ ဖတ်နေတဲ့ လူတစ်ယောက်ရဲ့ စာ အပေါ် မှာ မြင်တဲ့ အမြင်ဟာ တစ်သမတ်တည်း ရှိ မနေပါဘူး ။ ပြောင်းလဲနေတတ်ပါတယ် ။
ယနေ့ အပေါစား စာတွေကို ဖတ်နေတဲ့ လူဟာ မနက်ဖြန် အဆင့်မြင့်မြင့် စာကို ပြောင်း မဖတ်ဘူးလို့ မဆိုနိုင်ပါဘူး ။ တကယ့် ဆင်ကို မမြင်ဖူးတဲ့ ကလေးငယ် တစ်ယောက်ကို ဆင်ရုပ် ပေးထားရင် ကလေးငယ် ဟာ အဲဒီ ဆင်ရုပ်ကို ဆင်အမှတ်နဲ့ ကိုင်နေမှာပဲ ။ ဒါပေမဲ့ အဲဒီ ကလေးငယ်ဟာ ဆင်ရုပ်ကို တကယ့် ဆင် မဟုတ်ဘူး ။ အရုပ်သာ ဖြစ်တယ်လို့ သိတဲ့ အရွယ်ရောက်လာတဲ့ အခါကျတော့ ကလေးငယ်ကို ဆင်ရုပ် ဘယ်လို ပေးပေး ကလေးငယ်က ဆင်ရုပ်ကို လှည့်ကြည့်တော့မှာ မဟုတ်ဘူး ။
အဲဒီလိုပါပဲ ... ဒီကနေ့ စာဖတ်ပရိသတ်ဟာ ဆင်ရုပ် ကို တစ်သမတ်တည်း ကိုင်မသွားဘူး ။ ဆင်ရုပ် ကို လွှင့်ပစ်တဲ့ အချိန်ဟာ မလွဲမသွေ ရောက်လာရမှာပါ ။ ဒီနေ့ စာဖတ်ပရိသတ် အတော်များများဟာ တကယ့် အဆင့်အတန်း မြင့်တဲ့ ဝတ္ထုတွေကို ဖတ်ချင်နေကြပါတယ် ။ ဒါပေမဲ့ သူတို့ မျှော်လင့်သလို ဖြစ်မလာဘူး ။ အဲဒီလို ဖြစ်လာဖို့ အတွက်က အကြောင်းအမျိုးမျိုး ရှိပါတယ် ။ အဲဒီ အကြောင်းတွေ ပြေပြစ် ချောမော သွားအောင် စာပေလောကနဲ့ ပတ်သက်တဲ့ လူတွေ အားလုံး ကြိုးစားအားထုတ် သွားကြမယ် ဆိုရင်တော့ မြန်မာစာပေ လောက တည်ငြိမ်ပြီး ကမ္ဘာ့စာပေလောက နဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်ကို ရောက်လာနိုင်ဖို့ ရှိပါတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ခုလို တွေ့ဆုံဆွေးနွေးခွင့်ပြုတဲ့ အတွက် ဆရာ့ စာဖတ်ပရိသတ် ကိုယ်စားရော စာတည်းအဖွဲ့ ကိုယ်စားပါ ကျေးဇူးတင်ပါတယ် ။ အနှစ် ပြည့်ဝတဲ့ အရှေ့တိုင်း စာပေတွေ ကို ဆရာ ဆက်လက် တင်ပြနိုင်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ် ”
••••• ••••• •••••
ကျွန်တော်တို့ နှစ်ယောက် ဆရာပါရဂူ ခြံဝင်းမှ ထွက်လာချိန်မှာ ဦးအောင်မြင့် က ဆရာ့ ဝတ္ထုများနဲ့ ပတ်သက်ပြီး ပြောလာတယ် ။ ကျွန်တော် ကတော့ ဆရာ ပြောခဲ့တာတွေထဲက စကားတစ်လုံးကို ထပ်ဖန် တလဲလဲ စဉ်းစားနေမိတယ် ။ မြန်မာစာပေလောကထဲကို တတိယ တံခါးပေါက် မှ ဝင်လာတဲ့သူလို့ ဆရာက ဆိုတယ် ။ ဒါကြောင့် “ တတိယတံခါး မှ ဆရာပါရဂူ ” လို့ ဆိုရလေမလား ။
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၃၄
မတ်လ ၊ ၁၉၈၄ ခုနှစ်
No comments:
Post a Comment