❝ စာရေးဆရာ ဖြစ်နည်း ❞
သိပ္ပံဝတ္ထုတွေနဲ့ နာမည် ကျော်ကြားတဲ့ စာရေးဆရာမ အာဆူလာ လီဂွင်း ဟာ သိပ္ပံဝတ္ထုတင် မဟုတ်ဘဲ တခြား စာပေလည်း အများကြီးရေးခဲ့ပါတယ် ။ ကဗျာရေးတယ် ။ ဝတ္ထုရေးတယ် ။ ဆောင်းပါးရေးတယ် ။ အက်ဆေးတွေလည်း ရေးတယ် ။ Nebula ဆု သုံးကြိမ် နဲ့ Hugo ဆု လေးကြိမ် ဆွတ်ခူးနိုင်တာ သူတစ်ယောက်ပဲ ရှိသေးတယ် ။ National Book Award ကိုလည်း ဆွတ်ခူး ရရှိခဲ့ပါသေးတယ် ။ ဆရာမရဲ့ နာမည်ကြီး စာအုပ် သုံးဆယ်ထဲမှာ The Lathe of Heaven , The Dispossessed , The Wind ' s Twelve Quarters တို့ အပါအဝင် ဖြစ်ပါတယ် ။
စာရေးတဲ့ သူတိုင်းကို စာရေးချင်သူတွေ မေးတတ်ကြတဲ့ “ စာဘယ်လို ရေးသလဲ ” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဆရာမ အာဆူလာ က သူ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးပြထားပါတယ် ။ စာရေးဖို့ ကြိုးစားနေတဲ့ ညီ ၊ ညီမများ အတွက် ဖတ်သင့်တဲ့ ဆောင်းပါး တစ်ပုဒ်အဖြစ် ဖော်ပြပေးလိုက်ပါတယ် ။
••••• ••••• •••••
စာရေးဆရာ တစ်ယောက်နဲ့ တွေ့ပြီ ဆိုရင် “ စာရေးဆရာ ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ” ဆိုတဲ့ မေးခွန်းကို မေးတတ်ကြပါတယ် ။ ဒီ မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေဖို့ အဆင့် နှစ်ဆင့် ကျွန်မမှာ ရှိပါတယ် ။ ပထမအဆင့် ကတော့ ဒီလိုဖြေတယ် ။ လက်နှိပ်စက် ရိုက် တတ်အောင်သင်ပါ ။ ဒါမှမဟုတ်လို့ ချမ်းသာ လောက်အောင် အမွေ ရထားရင် အချိန်ပြည့် လက်ရေးတို စာရေး တစ်ယောက် ငှား ထားပေါ့ ။ ဒါမှ မကျေနပ်သေးဘူး ဆိုရင် ( ကွန်ပျူတာ ) ကီးဘုတ် ရိုက်နည်း သင်ထားပေါ့ ။ လွယ်ပါတယ် ။
အဲဒီလို ပြောလိုက်ရင် စာရေးဆရာ ဖြစ်အောင် ဘယ်လို လုပ်ရမလဲလို့ မေးတဲ့သူက တော်တော် စိတ်တိုသွားလိမ့်မယ် ။ ကျွန်မ ဖြေချင်တဲ့ အဖြေ က ဒီလိုမဟုတ်ပါဘူး ။ ( မေးတဲ့ လူကလည်း ဒီ အဖြေလိုချင်လို့ မေးတာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတာပေါ့ ။ )
ကျွန်မ ဝတ္ထုတို ရေးချင်တယ် ။ ဝတ္ထုတိုရေးနည်း စည်းကမ်းချက်တွေက ဘာတွေလဲ ။ ကျွန်မကတော့ ဝတ္ထုရှည်ပဲ ရေးချင်တယ် ။ ဝတ္ထုရှည်ရေးနည်းရဲ့ စည်းကမ်းချက်တွေကကော ဘာတွေလဲ ။
အဲဒီလို မေးလိုက်ရင် ကျွန်မ စိတ်လိုလက်ရ တိတိကျကျ ညွှန်းလိုက်နိုင်တဲ့ စာအုပ်နှစ်အုပ် ရှိပါတယ် ။ တစ်အုပ်က Strunk နဲ့ White တို့ ရဲ့ Elements of Style နဲ့ အဘိဓာန်ကောင်း တစ်အုပ် ဖြစ်တဲ့ Shorter Oxford တို့ ကို ထောက်ခံရပါလိမ့်မယ် ။ အဘိဓာန်ကလည်း စာအုပ်ကောင်း တစ်အုပ်ပါပဲ ။ ဒီ စာအုပ်နှစ်အုပ်ထဲမှာ မပါတဲ့ စာရေးနည်း စည်းကမ်း အနည်းငယ်တော့ ရှိသပေါ့ ။
အဲဒီ မပါတဲ့ အချက်တွေ ကို အကျဉ်းချုပ်ပြီး ကျွန်မ ပြောလိုက်ရရင် စာမူအကြမ်း ရေးတဲ့ အခါမှာ ဖြစ်ကတတ်ဆန်း ရေးချင်တဲ့ လက်ရေးနဲ့ ရေး လို့ ဖြစ်ပေမယ့် အယ်ဒီတာဆီ ပို့ တော့မယ် ဆိုရင်တော့ သေသေသပ်သပ် ဖြစ်အောင် လက်နှိပ်စက်နဲ့ ရိုက်ပါ ။ ရိုက်တဲ့ အခါမှာလည်း အယ်ဒီတာ ပြင်ချင်တာ ၊ ဖြည့်ချင်တာ ၊ ဖြုတ်ချင်တာ ရှိရင်လည်း ဖြတ်စရာ နေရာ ရှိအောင် စာ တစ်ကြောင်းခြား ( Double Spaced ) ရိုက် ပါ ။ စာမျက်နှာ တစ်ဖက်ပဲ ရိုက်ပါ ။ ဘယ်ဘက် ဘေးမှာ နေရာ အတော်များများ ချန်ထားပေးပါ ။ ( ဆရာကြီးများ ကတော့ လေးပုံတစ်ပုံ လောက် ချန်ပါလို့ ဆိုကြတယ် ။ ) လက်နှိပ်စက် ရိုက်ပြီးသား စာမျက်နှာပေါ် မှာလည်း ဖျက်ရာတွေ ၊ ပြင်ရာတွေ အများကြီး မပါပါစေနဲ့ ။
ဝတ္ထု ၊ သို့မဟုတ် ဆောင်းပါး ၊ သို့မဟုတ် အက်ဆေးရဲ့ အမည် ၊ မိမိ အမည်နဲ့ စာမျက်နှာနံပါတ်ကို စာမျက်နှာတိုင်းမှာ ထိပ်ဆုံးက ရေး ထားပါ ။ စာတိုက်က တစ်ဆင့် ပို့မယ်ဆိုရင် တံဆိပ်ခေါင်းကပ်ပြီး မိမိ လိပ်စာ ရေးထားတဲ့ စာအိတ်အပို တစ်လုံး ထည့်ပေးဖို့လည်း မမေ့ပါနဲ့ ။ ဒါတွေဟာ စာရေးခြင်းမှာ အဓိကကျတဲ့ အခြေခံ စည်းကမ်းတွေပါပဲ ။
ကျွန်မ ရယ်စရာ ပြောနေတာ မဟုတ်ပါဘူး ။ ဒီလို အချက်အလက်တွေ နဲ့ ပြည့်စုံတဲ့ စာမူတစ်ပုဒ် ကိုသာ အယ်ဒီတာတွေက ဖတ်ချင်ကြပြီး ရွေးချယ်ဖော်ပြခံရတဲ့စာမူ ဖြစ်လာနိုင်ပါတယ် ။ သဒ္ဒါ မှန်ရမယ် ၊ သတ်ပုံ မှန်ရမယ် ။ စာရေးနည်း နဲ့ ပတ်သက်လို့ ကျွန်မ သိတဲ့ စည်းကမ်းတွေက တော့ ဒါတွေပဲ ရှိတယ် ။ ဒါက ကျွန်မ အဖြေ ပထမအဆင့်ပဲ ရှိသေးတယ် ။
ဒီအဆင့် ပြောတဲ့အထိ ကျွန်မကို ထ မရိုက်သေးဘဲ “ ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ ” လို့ ထောက်ခံနေသေးပြီး “ စာရေးဆရာ ဘယ်လို ဖြစ်လာခဲ့သလဲ ” လို့ ဆက် မေးလာရင်တော့ ကျွန်မ က ဒုတိယအဆင့် ဆက်ဖြေရတော့မယ် ။ စာရေးဆရာ ဘယ်လို ဖြစ်လာခဲ့သလဲ ။ အဖြေက “ စာရေးပါ ” ပေါ့ ။
စာရေးပါဆိုတဲ့ အဖြေက သာမန်လူတွေ မပြောနဲ့ ၊ စာရေးဆရာများ ကြားမှာတောင်မှ ဝိဝါဒကွဲပြားတတ်တဲ့ အဖြေပါ ။ ကျွန်မ ပြောတာယုံ ။
စာရေးဆရာ ဖြစ်ချင်သူတိုင်းကို “ စာရေးပါ ” လို့ တိုက်တွန်းတတ်ကြတယ် ။ ကျွန်မ က တော့ ဘာမှမပြောခင် အတွေ့အကြုံ ရှိဖို့ လိုတယ်လို့ ပြောချင်တယ် ။
ဂျာနယ်လစ် ( စ ) တစ်ယောက် အတွက် ကျွန်မ မဆိုလိုဘူးနော် ။ ‘ ဂျာနယ်လစ်ဇင် ’ အကြောင်း ကျွန်မ နားမလည်ဘူး ။ ဝတ္ထုအကြောင်းပဲ ကျွန်မ ပြောနေတာ ။ ဝတ္ထု ဆိုတာ တကယ်တော့ ကိုယ့်ဘဝ တစ်ခုလုံးမှာ ကြုံခဲ့ ၊ ကြားခဲ့ ၊ စိတ်ကူးယဉ်ခဲ့ ၊ အိပ်မက်မက်ခဲ့ ၊ မြင်ခဲ့ ၊ တွေ့ခဲ့တာတွေ ကို ပြန်ရေးပြတာပဲ မဟုတ်လား ။ ဒါပေမဲ့ အတွေ့အကြုံဆိုတာ လိုက်ရှာယူလို့ ရတာမျိုး မဟုတ်ဘူး ။ သူက ဘဝပေး လက်ဆောင် ပဲ ။ ဒီ လက်ဆောင်ကို ကိုယ်က ရင်ဖွင့် ကြိုဆိုတတ်မှ သာလျှင် အတွေ့အကြုံ ဆိုတာရပါတယ် ။ စိတ်ကူးယဉ်တတ်တဲ့ သူ တစ်ယောက်အဖို့ ကိုယ့် စိတ်ကူး နဲ့ လကမ္ဘာကို လည်း သွားလို့ရတယ် ။ ပြည်တွင်းစစ်ပွဲမှာလည်း ကိုယ်တိုင် ကိုယ်ကျ ဝင်နွှဲလို့ ရတယ် ။ ဒါတွေက ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ မှ ရတဲ့ အတွေ့အကြုံ မဟုတ်ပါဘူး ။ စိတ်ကူး က တစ်ဆင့် ဆင့်ပွားပြီး ရလာတာပဲ ။ စိတ်မကူး တတ်တဲ့ လူတွေအတွက် တော့ ဘယ်အရာပဲ တွေ့တွေ့ ရင်ခုန်စရာမရှိ သလို ဆင့်ပွားစိတ်ကူးလည်း မရနိုင်ပါဘူး ။ ဥပမာတစ်ခု ကျွန်မ ပြောပြမယ် ။ Emily နဲ့ Charlotte တို့ ညီအစ်မကို ကြည့် ။
သူတို့ ညီအစ်မဟာ အင်္ဂလိပ် ရွာသိမ်ကလေး တစ်ခုမှာ မွေးဖွားခဲ့ကြပြီး မိန်းကလေးကျောင်းတစ်ကျောင်းမှာ ချို့ချို့ငဲ့ငဲ့ နေခဲ့ကြရတယ် ။ နောက်တော့ ဘရပ်ဆဲ ( လ် ) မြို့မှာ အိမ်မှုကိစ္စတွေ တစ်ပုံကြီး သိမ်းလုပ်ကြရင်း နှစ် အနည်းငယ် နေခဲ့ကြရပြန်တယ် ။ အဲဒီလို ကြမ်းတမ်း ၊ ချို့ငဲ့ ၊ သိမ်ဖျင်းအောက်ကျစွာ နေခဲ့ရတဲ့ ဘဝမှာပဲ ဒီ မိန်းကလေး နှစ်ယောက်ဟာ ဘဝအတွေ့အကြုံတွေ ရခဲ့ကြတယ် ။ အဲဒီ အတွေ့အကြုံတွေကို သူတို့ ရေးလိုက်တဲ့ အခါကျတော့ " Jame Ryre " နဲ့ " Wuthering Height " ဆိုတဲ့ ကမ္ဘာကျော် ဝတ္ထုကြီး နှစ်ပုဒ် ဖြစ်လာခဲ့ပါတယ် ။
သူတို့ ရေးတယ် ဆိုတာ သူတို့ အတွေ့အကြုံကို ရေးပြကြတာပဲ ။ သူတို့ သိတာကို ရေးတာပဲ ။ လူတွေက သူတို့ကို ဘာပြောတယ် ။ ဘယ်လို ခိုင်းတယ် ဆိုတဲ့ အတွေ့အကြုံတွေကို ရေးပြ တာပဲ ။
ဒါပေမဲ့ သူတို့ အတွေ့အကြုံက ဘာလဲ ။ သူတို့ သိခဲ့တာတွေက ဘာလဲ ။ “ ဘဝ ” ရဲ့ တစ်စိတ်တစ်ဒေသသာ ဖြစ်တယ် ။ သူတို့ဝိညာဉ် အကြောင်း သူတို့ သိတယ် ။ သူတို့ စိတ် ၊ သူတို့ နှလုံးသား ကို သူတို့ သိတယ် ။ အဲဒီ သိတယ် ဆိုတဲ့ အသိဉာဏ်က အလွယ်တကူ ရနိုင်တာမျိုး မဟုတ်ပါဘူး ။ သူတို့ နှစ်ယောက် အသက် ခုနစ်နှစ် ၊ ရှစ်နှစ် အရွယ် ကတည်းက ရေးခဲ့ကြတာ ။ သူတို့ ဘဝရဲ့ အနိမ့်အမြင့် ၊ အတက်အကျ ၊ အကွေ့အကောက်တွေကို သူတို့ နားလည်ခဲ့ကြသလို သူတို့ နားလည်ခဲ့တာကို ဘယ်လို ဖော်ပြရမယ် ဆိုတာလည်း သိခဲ့ကြတယ် ။ ဒါတွေကို စိတ်ကူးနဲ့ သူတို့ ရေးခဲ့ကြတာ ။
လယ်သမားများ သူတို့ လယ်ယာကို ထွန် ၊ ထယ် နဲ့ မြေဆီမြေလွှာကို မွှေနှောက် ပေးသလို သူတို့ကလည်း သူတို့ ခံစားချက် စိတ်ဝိညာဉ်ကို မွှေနှောက်နိုင်စွမ်း ရှိခဲ့ကြတယ် ။ သူတို့ ရင်ထဲက နက်နဲတဲ့ အသိဉာဏ် ၊ ခွန်အား နဲ့ သတ္တိ ကို သုံးပြီး အတွင်းစိတ်နဲ့ ရေးခဲ့ကြတာ ။ အဲဒီ ခံစားချက်ကနေ စာအုပ်တွေ ထွက်လာခဲ့တာပဲ ။ ဒါကြောင့် ဝတ္ထုရေးဆရာ ဆိုတာ စာကို ရင်နဲ့ရေးပါတယ် ။
ဒီအချက်နဲ့ ပတ်သက်လို့ ကျွန်မ ကိုယ်တိုင် သံသယ ဖြစ်တာတော့ ရှိပါတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မ ကိုယ်တိုင် သိပ္ပံဝတ္ထုတွေ ၊ စိတ်ကူးယဉ်ဝတ္ထုဆန်း တွေ ရေးတဲ့အခါမှာ ကျွန်မ တစ်သက်တာမှာ တစ်ခါမှ မမြင်ဖူး ၊ မတွေ့ဖူး ၊ မကြုံဖူး တဲ့ စိတ်ကူးယဉ် နိုင်ငံတွေ ဖန်တီးတယ် ။ ဒီလို ဖန်တီးလိုက်တဲ့အတွက် အချိန် ၊ နေရာ ၊ ဖြစ်ရပ် ဆိုတာတွေ ပါဝင် ပတ်သက်လာတယ် ။ စာရေးသက်နုစဉ် အသက်ငယ်တုန်းက ဆရာ့ ဆရာတွေက “ ကိုယ်သိတဲ့ အကြောင်းအရာကို ကိုယ်ရေးပြ နိုင်ဖို့ ကြိုးစားရမယ် ” လို့ ပြောတာ မကြာခဏ ကြားရတယ် ။ ကျွန်မ ရေးတာက တခြား ဂြိုဟ်တွေအကြောင်းတို့ ၊ နဂါးတွေအကြောင်းတို့ ရေးတာ ။ အဲဒီ ဂြိုဟ်တွေ ၊ နဂါးတွေအကြောင်း ကျွန်မ သိလို့လားလို့ မေးလာရင် သိတယ်လို့ပဲ ဖြေရပါလိမ့်မယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒါက ကျွန်မ စိတ်ကူးထဲမှာ ဖန်တီးထားတဲ့ နိုင်ငံတွေလေ ။ ကျွန်မ သိရမှာပေါ့ ။ ကိုယ့် စိတ်ကူးကို ကိုယ်မှ မသိဘူးဆိုရင် ဘယ်သူ သိနိုင်မှာတဲ့လဲ ။
ဒါပေမဲ့ ကျွန်မ ငြင်းချက်ကို သူတို့က လက်မခံဘူး ။ သူတို့ အဆိုက အနုပညာသည် ( စာရေးဆရာ ) ဆိုတာ ဓာတ်ပုံဖလင် လိုပဲ ။ ဖလင်ကို ဆေးလိုက် ၊ ကူးလိုက် လို့ရှိရင် ပုံပေါ်လာမယ် ။ ဒီပုံဟာ သက်ရှိလောက “ သရုပ်မှန် ” ပုံ ဖြစ်ရမယ် ပေါ့ ။ ဒါတွေဟာ မှားတယ် ။ တကယ်လို့ အနုပညာသမားတစ်ယောက်က “ ကျွန်တော်ဟာ လောက ရဲ့ သရုပ်မှန်တွေကို ထင်ဟပ်ပြတဲ့ ကင်မရာ ပဲ ” လို့ ပြောလာရင် ဒီလူကို မယုံနဲ့ ။ စာဖတ်သူကို သက်သက်အရူး လုပ်နေတာပဲ ။ အနုပညာသမား ဆိုတာ အချက်အလက်ကို စိတ်ဝင်စားတဲ့ သူတွေမဟုတ်ဘူး ။ “ အမှန်တရား ” ကိုသာ စိတ်ဝင်စားတာ ။ အချက် အလက်ဆိုတာ ပြင်ပက ရနိုင်ပါတယ် ။ အမှန်တရား ဆိုတာကတော့ ရင်တွင်းကသာ ရနိုင်ပါတယ် ။
ကောင်းပြီ ၊ အမှန်တရားကိုရအောင် ဘယ်လိုလုပ်မလဲ ။ အမှန်တရားကို ပြောချင်တယ် ၊ စာရေးဆရာ ဖြစ်ချင်တယ် ၊ ဒါဆို ဘာလုပ်မလဲ ။
လူတွေက ဘာဖြစ်လို့ ဒီ မေးခွန်းကို မေးနေကြတာလဲ ။ ဂီတသမားတွေ ကိုတော့ ဂီတသမားဖြစ်အောင် ဘယ်လို လုပ်သလဲလို့ မေးဖူးကြ သလား ။ မမေးပါဘူး ။ ဒါကတော့ သိပ်ထင်ရှားတယ် ။ ဂစ်တာတီးချင်ရင် ဂစ်တာတစ်လက် ရှိရမယ် ။ တီး တတ်အောင် ကြိုးစားရမယ် ။ အဲဒီ အချိန်မှာတော့ ပတ်ဝန်းကျင် ၊ အိမ်နီးနားချင်းတွေ ကို နား ဂွမ်းဆို့ ထားခိုင်းရမှာပေါ့ ။ ဒါမှမဟုတ် သင်တတ်တဲ့ ဆရာ တစ်ယောက်ယောက်နဲ့ သင်ရမယ် ။ ဂစ်တာတီးနည်း စနစ်တွေ ရှိသလို ၊ ဂီတသင်္ကေတ တွေကို သိဖို့လည်း လိုသေးတာကိုး ။ နေ့ပေါင်း ၊ လပေါင်း ၊ နှစ်ပေါင်းများစွာ တီးလာတော့မှ ဂစ်တာ ထူးချွန်သူ တစ်ယောက် ဖြစ်လာမယ် ။ အဲဒီအခါကျမှ ဂစ်တာကို ကိုယ် တီးချင်တဲ့ သံစဉ်တွေကို တီးလို့ရနိုင်ပါတယ် ။
စာရေးခြင်း အတတ်ပညာဆိုတာ ကလည်း အဲဒါနဲ့ ထပ်တူ ထပ်မျှပါပဲ ။ စာရေးစားပွဲမှာ ထိုင်ပြီး ရေး ၊ ရေး ၊ ရေး ။ အဲဒါမှ စာ ဘယ်လို ရေးရမယ် ဆိုတာ သဘောပေါက်လာပါလိမ့်မယ် ။ ဂစ်တာတီးဖို့ ကြိုးစားတာနဲ့ စာရေးဖို့ ကြိုးစားတာ ခြားနားချက် တစ်ခုပဲ ရှိတယ် ။ စာရေးဖို့ ကြိုးစားတာက သူ့လို မဆူညံဘူး ။ အသံမထွက်ဘူး ။ ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရေးလို့ရတယ် ။ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်လည်း ဖြစ်တယ် ။
တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ရေးရတာကို လူငယ်တွေက ပိုသဘောကျပါတယ် ။ ဒီနည်းနဲ့ပဲ လူငယ်စာရေးဆရာတွေ တော်တော်များများ စာရေးနည်း ရခဲ့ကြပါတယ် ။
••••• ••••• •••••
စာရေးခြင်းအနုပညာ ဟာ ခွဲဝေခံစားလို့ ရတဲ့ ကိစ္စမျိုး မဟုတ်သလို နည်းစနစ်နဲ့ သင်ပေးလို့ ရတဲ့ အတတ်ပညာ လည်း မဟုတ်ဘူး ။ စာရေးဆရာ အားလုံး ဟာ ကိုယ့်ဘာသာ ရေးကြည့်ရင်း နဲ့ စာရေးတတ်လာကြတဲ့ သူတွေချည်းပဲ ။ ရေးရင်း ရေးရင်းနဲ့ပဲ စာရေးနည်း စည်းကမ်းတွေ သိသွားကြတာပဲ ။ ဒါကြောင့် စာရေးချင်တဲ့ သူဟာ စာဖတ်ရမယ် ၊ စဉ်းစားရမယ် ၊ ကိုယ်တိုင်ရေးပြီး လေ့ကျင့်ရမယ် ။ စာ ရေးနည်းသင်တန်းတို့ ၊ ဆွေးနွေးပွဲတို့ ဆိုတာတွေက စာရေးချင်သူတွေ အတွက် အရိပ်အငွေ့လောက်ပဲ ပညာ ရစေပါတယ် ။
တစ်စုတစ်ဝေးတည်း စာ ရေးကြတဲ့ အတွက် ရင်ခုန်မှုတော့ လည်း ရှိတာပေါ့လေ ။ ကိုယ့် စာ ကို ကိုယ် ရေးရတာပဲ ။ စုပေါင်းရေးလို့ မရပါဘူး ။ ဂီတမှာတော့ စုပေါင်း တီးမှုတ်လိုက်ကြရင် “ အော်ခက် ( စ ) ထရာ ” သံစုံဝိုင်းကြီး ဖြစ်လာပေမယ့် စာပေမှာ ဒီလို ဖြစ်မလာနိုင်တာ သေချာပါတယ် ။ ကိုယ့်မူ ကိုယ့်ဟန် နဲ့ တသီးတခြားစီ ရပ်တည်ကြရတာပါ ။ ဒါကြောင့် ကျွန်မ ပြောချင်တာက စာရေးခြင်းအနုပညာမှာ စည်းကမ်း ကန့်သတ်ချက်ဆိုတာ မရှိပါဘူး ။ တစ်ဦးချင်း သတ်မှတ် ပြောကြားခဲ့ကြတဲ့ စည်းကမ်းတွေ ကတော့ ခြွင်းချက်ပေါ့လေ ။ စည်းကမ်းတွေ ရှိတာပေါ့လို့ စာဖတ်သူ ဘက်က ပြောစရာ ရှိလိမ့်မယ် ။ ကျွန်မ သိပါတယ် ။ စည်းကမ်းတွေမှ အများကြီး ပဲ ။ အဲဒီ စည်းကမ်းတွေကို The Craft of Fiction နဲ့ The Art of The short Story စတဲ့ စာအုပ်တွေ မှာ ဖတ်ကြည့်ရင် တွေ့မှာပါ ။ ကျွန်မလည်း တချို့တစ်ဝက်တော့ သိပါရဲ့ ။ အဲဒီ သိတဲ့ အချက်တွေထဲက တစ်ချက် က ဘာပြောသလဲ ဆိုရင် “ ဝတ္ထုတစ်ပုဒ်ကို ဘယ်တော့မှ စကားပြောနဲ့ မစနဲ့ ၊ စာဖတ်သူက ဖတ်မှာ မဟုတ်ဘူး ။ စကားပြောတဲ့ ဇာတ်ကောင် ဘယ်သူ ဘယ်ဝါမှန်း မသိသေးတဲ့ အတွက် စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို လျော့ပါး စေတယ် ” တဲ့ ။ ဒါကြောင့် ဝတ္ထုကို ဘယ်တော့မှ စကားပြော နဲ့ မစပါနဲ့လို့ ဆိုတယ် ။
ကောင်းပြီ ၊ ကျွန်မ သိတဲ့ ဝတ္ထုတစ်ပုဒ်မှာ ဒီလို စတယ် ။
“ Eh bien , mon Prince အဲဒီတော့ ဂျီနိုဘာ နဲ့ လူတကာနယ် မြေတွေဟာလည်း ဘိုနာပတ်မိသားစုပိုင် မြေတွေ မဟုတ်တော့ဘူးပေါ့ ”
အဲဒီ စကားပြောနဲ့ ဖွင့်လိုက်တယ် ။ ပထမစကား လေးလုံးက ပြင်သစ်စကား ၊ ဝတ္ထုက ပြင်သစ်ဝတ္ထု မဟုတ်ဘူး ။ အင်္ဂလိပ်ဝတ္ထု ။ ကျွန်မ သိထားတဲ့ စည်းကမ်းချက်ကြီး နဲ့ ယှဉ်ကြည့်ရင် အင်မတန် ကြောက်စရာကောင်းတဲ့ အမှားကြီး ဖြစ်မနေပေဘူးလား ။ အဲဒီ စကားပြော နဲ့ ဖွင့်လိုက်တဲ့ ဝတ္ထုက ကမ္ဘာကျော် War and Peace လေ ။
နောက်တစ်ချက် ကျွန်မ သိထားတဲ့ စည်းကမ်းချက်က “ အဓိကဇာတ်ကောင် အားလုံးကို ဝတ္ထုရဲ့ အစောပိုင်း ကတည်းက ပရိသတ်နဲ့ မိတ်ဆက် ပေးထားတာပါ ” တဲ့ ။
ဒါ ဟုတ်တာပေါ့ ။ လက်ခံနိုင်လောက်တဲ့ အကြံပြုချက်ပါပဲ ။ ကျွန်မက ဒီအချက်ကို စည်းကမ်းအနေ နဲ့ မသတ်မှတ်ချင်ဘူး ။ အကြံပြုချက်လို့ပဲ သဘောထားချင်ပါတယ် ။ တကယ်လို့ ဒီစကား ဟာ စာရေးသူများ လိုက်နာရမယ့် စည်းကမ်းပါလို့ ဆိုရင် ကမ္ဘာကျော် စာရေးဆရာကြီး Charles Dickens ကို ဘယ်သူကမှ ဒီစည်းကမ်းမပြောခဲ့ဘူးလို့ ယူဆရလိမ့်မယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ့ အခန်းဆက် ဝတ္ထုရှည်အဖြစ် ရေးခဲ့တဲ့ Pick wick Papers မှာ အဓိက ဇာတ်ကောင်တစ်ဦး ဖြစ်တဲ့ “ ဆမ်ဝဲလား ( စ ) ” ကို အခန်းဆယ်ခန်း ပြီးတဲ့အထိ ပရိသတ်ကို ထုတ်မပြခဲ့ဘူး ။ အချိန်ကာလအားဖြင့် ဆိုရင် ဝတ္ထု အခန်းဆက် ဖော်ပြနေတာ ( ၅ ) လ ရှိသွားပြီပေါ့ ။
အဲဒီတော့ စာဖတ်သူအနေနဲ့ ဒီစည်းကမ်းချက်တွေ မလိုတော့ဘူးလားလို့ မေးစရာရှိတယ် ။ တော် ( လ် ) စတွိုင်း တို့ ၊ ဒစ်ကင် တို့လို ဆရာကြီးတွေသာ စည်းကမ်းဖောက်လို့ ရနိုင်တာမျိုးပါ ။ သူတို့က ပါရမီထူးချွန်တဲ့ ပုဂ္ဂိုလ်ကြီးတွေကိုး ။ သာမန် စာရေးဖို့ ကြိုးစားခါစ စာရေးချင်သူတွေ အတွက်တော့ ဒီစည်းကမ်းတွေဟာ လိုက်နာသင့်တဲ့ လမ်းညွှန်ချက်တွေပါပဲ ။ ကျွန်မ အနေနဲ့ကတော့ စာရေးတဲ့ နေရာမှာ စည်းကမ်းချက်တွေနဲ့ ချုပ်နှောင်တာမျိုး သိပ်သဘော မတွေ့လှပါဘူး ။ အဲဒါကြောင့် စည်းကမ်းဆိုတာ ကိုယ် နဲ့ အသုံးတည့်မယ်ဆိုရင် သုံးပြီး ၊ အသုံးမတည့်ဘူး ဆိုရင် ဘေးဖယ်ထားလိုက်ပါလို့ ဆိုချင်တယ် ။
စာရေးဆရာဆိုတာ လွတ်လပ်တယ် ။ လူတစ်ယောက် အလွတ်လပ်ဆုံး အချိန်ဟာ စာရေးတဲ့အချိန် ပဲ ။ ဒီ လွတ်လပ်ရေးကို တစ်ယောက်တည်း နေရခြင်း ၊ အထီးကျန်ခြင်း ဆိုတဲ့ တန်ဖိုးတွေ ပေးပြီးဝယ်ထားရတာ ။ စာရေးသူ ဖန်တီးတဲ့ တိုင်းပြည်မှာ စာရေးသူ သာလျှင် ဥပဒေ ထုတ်တဲ့သူပဲ ။ အဲဒီ တိုင်းပြည်က ဘယ်သူမှ ခြေမချဖူးသေးတဲ့ တိုင်းပြည်လည်း ဖြစ်တယ် ။ ဒီတော့ တိုင်းပြည်ရဲ့ နယ်နိမိတ် ဖြစ်တဲ့ မြေပုံကို စာရေးသူက ရေးဆွဲရမှာ ဖြစ်သလို မြို့ ၊ ရွာတွေ ကိုလည်း ကိုယ် ကပဲ တည်ဆောက်ပေးရမယ် ။ ဒီတိုင်းပြည်ကို ကမ္ဘာပေါ် မှာ ရှိတဲ့ ဘယ်သူမှ မတည်ဆောက်ခဲ့ဖူး သလို ဘယ်သူမှ တည်ဆောက်မှာ မဟုတ်ဘူး ။ ဘယ်သူမှလဲ နောက် တစ်ကြိမ် ထပ်တူထပ်မျှ တည်ဆောက်နိုင်မှာ မဟုတ်ဘူး ။
စာရေးသူဟာ အဲဒီလို လုံးဝဥဿုံ လွတ်လပ်ခွင့် ရထားတဲ့အတွက် တာဝန် အများကြီး ရှိလာပြန်တယ် ။ ကျွန်မ အမြင် ပြောရရင် စာရေးဆရာ တစ်ယောက်ရဲ့ တာဝန်ဟာ အမှန်တရားကို ပြောပြဖို့ပဲ ။ တခြားသူရဲ့ အမှန်တရား မဟုတ်ဘူး ။ စာရေးသူ ရဲ့ ရင်ထဲက အမှန်တရား ။ ဒါက ပြောရလွယ် သလောက် လက်တွေ့ လုပ်ရတာ ခက်ပါတယ် ။ ကိုယ်သိတဲ့ လူတစ်ယောက်ကို ကိုယ် ဘယ်လို ခံစားရတဲ့ အကြောင်း ၊ ဘယ်လို စဉ်းစားတဲ့အကြောင်း ၊ အရိုးအဖြောင့်ဆုံး အမှန်ကန်ဆုံး ပြောနိုင်ပါ့မလား ။ ကိုယ်က သူ့အပေါ် ယုံကြည်မှုရှိဖို့ လိုသလို ကိုယ့်ကိုယ်ကိုယ်လည်း နားလည် သဘောပေါက်ဖို့ရာ လိုတယ် ။ အဲဒီလို ရှိမှ သာ အမှန်တရားနဲ့ အနီးစပ်ဆုံးကို ပြောနိုင်လိမ့်မယ် ။ အဲဒါ သိပ်ကို ခက်တဲ့အလုပ် ။ စိတ်ရော ကိုယ်ပါ ပင်ပန်းတဲ့ အလုပ်ပါပဲ ။
အဲဒီ အခက်အခဲ တွေကို အဆပေါင်း ထောင် နဲ့ မြှောက် ၊ နားထောင်နေတဲ့ ကိုယ့်မိတ်ဆွေ ၊ အသွေးအသား နဲ့ သက်ရှိပုဂ္ဂိုလ် ၊ ကိုယ် ယုံကြည်စိတ်ချတဲ့ လူနေရာမှာ ကိုယ် လုံးဝမသိတဲ့ ၊ မြင်လည်း မမြင်ရတဲ့ စာဖတ် ပရိသတ်ကို အစားထိုး ။ ကိုယ့် ရင်ထဲမှာ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်နိုင်ငံကလေး အကြောင်း ၊ ဒါမှမဟုတ် ကိုယ့်ခံစားချက် ဘာမှ မခြွင်းမချန် မကွယ်မဝှက် ဘဲ ရေးပြကြည့်ပါလား ။ အောင်မြင်မယ် မထင်နဲ့ ။
ကိုယ်ရေးပြနေတဲ့ နယ်နိမိတ် မြေပုံကလေးဟာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်သလို တိကျမှန်ကန်မှုရှိမှာ လည်း မဟုတ်ဘူး ။ ရေးထားတာ ပြန်ဖတ်ကြည့်ရင်တော့ ချောမွေ့ လှပနေမှာပဲ ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ဘယ်နေရာတော့ ချန်ထားတယ် ။ ဘယ်နေရာတော့ ကွယ်ထားတယ် ။ ဘယ် နေရာတော့ ဝှက်ထားတယ် ဆိုတာ ကိုယ့်ရင်ထဲက သိနေမှာပဲ ။
ကောင်းပြီ ၊ ရေးပြီးသားကို ထားလိုက်တော့ ။ နောက်တစ်ကြိမ် ပိုပြီး မှန်ကန်အောင် ၊ တိကျအောင် ရေးကြည့် ။ ရေးတိုင်း ရေးတိုင်း ကိုယ် တစ်ယောက်တည်း ရေးရတာပဲ ။ ပေါ် လာတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် မေး ရင်း ၊ ဖြေရင်း ရေးသွားရင် စာရေးဆရာဆိုတာ ဖြစ်လာပါလိမ့်မယ် ။
••••• ••••• •••••
ဆရာမ အာဆူလာ ပြောတဲ့ နည်းကို စမ်းရင်း စာရေးချင်သူ ညီ ၊ ညီမငယ်များ စာပေလောကအတွင်း ဝင်ရောက်လာနိုင်ပါစေလို့ ဆန္ဒပြုလျက် ။
◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
အမှတ် ( ၄၃ )
မေလ ၊ ၁၉၉၃ ခုနှစ်
No comments:
Post a Comment