Sunday, July 27, 2025

စေတနာရှင်

 

❝ စေတနာရှင် ❞
      ( ပုံပြင် )

ရှေးအခါက တိုင်းပြည် တစ်ပြည်၌ အလွန် ပညာနှင့်ပြည့်စုံသော ဘုရင်ကြီးတစ်ပါး ထီးနန်းစိုးစံ အုပ်ချုပ်တော်မူသတဲ့ ။ ထိုဘုရင်ကြီး၌ ထူးဆန်းသော အပြုအမူ တစ်ခုရှိလေသည် ။ ယင်းထူးဆန်းချက်ကား နံနက်စာပွဲတော် တည်တိုင်းတည်တိုင်း အနီးအနားတွင် သူ့ကျွန်ယုံ တစ်ယောက်မှ တစ်ပါး အခြား မည်သူ တစ်စုံတစ်ယောက်မျှ မနေစေလေ ။ နံနက်စာပွဲတော်တည်ပြီးသည့်အခါတိုင်း ကျွန်ယုံကလေးအား ထူးဆန်းသည့်ပွဲတော်အုပ်တစ်အုပ်ကို အဆက်ခိုင်းစေလေ၏ ။

ယင်းပွဲတော်အုပ်ကိုကား သူတစ်ပါးတည်း ရှိသည့် အခါမှာသာ နေ့စဉ် မှာယူစား သောက်တော်မူလေ့ရှိ၏ ။

ထိုပွဲတော်အုပ်ကို ကျွန်ယုံကလေးသည် ဖွင့်ကြည့်ရန် ဆန္ဒ ပြင်းစွာပေါ်လာသော် လည်း ဘုရင်ကြီးအား ကြောက်ရွံ့သဖြင့် ဖွင့်ကြည့်ရန် မဝံ့ချေ ။

တစ်နေ့သ၌ ကျွန်ယုံကလေးသည် မိမိဆန္ဒကို မလွန်ဆန်နိုင်တော့သဖြင့် ဖြစ်လိုရာ ဖြစ်စေတော့ဟု ဆိုကာ ထူးဆန်းသည့်ပွဲတော်အုပ်ကိုဖွင့်ကြည့်လေရာပွဲတော်အုပ်အတွင်းတွင် ချက်ပြီးသား မြွေဖြူလေးတစ်ကောင်ကို မြင်လျှင် ထူးဆန်းသည့် အစာဟု ထင်၍ မြွေဖြူသား အနည်းငယ်ကို မြည်းစမ်းလေ၏ ။

ယင်းသို့ မြွေဖြူသားကို စားမိသည်နှင့်တစ်ပြိုင်နက် ကျွန်ယုံကလေးမှာ ကျေးငှက်တိရစ္ဆာန် အချင်းချင်း ဆက်သွယ် ပြောဆိုကြသည့် မာဂဓစကားကို နားလည်သွားလေ၏ ။ အချိန်ကျရောက်လတ်သော် ထူးဆန်းသည့် ပွဲတော်အုပ်ကို သွားရောက် ဆက်သရာ မြွေဖြူကလေးအသားမှာ အနည်းငယ်မျှ လက်ရာပျက်လျက် ချွတ်ယွင်းနေသည်ကို မြင်သဖြင့် ဘုရင်ကြီးသည် ကျွန်ယုံကလေး ခိုးစားကြောင်း မိမိ၏ အတတ်ပညာဖြင့် ချက်ချင်းပင် သိရှိတော် မူသဖြင့် ကျွန်ယုံကလေးအား မည်ကဲ့သို့သော အပြစ်ဒဏ်ကိုပေးရန် တော်မည်ကို စဉ်းစားနေ လေ၏ ။

ယင်းနေ့တွင်ပင် မိဖုရားမှာ အလွန် နှစ်သက်မြတ်နိုးလှသော လက်စွပ်တစ်ကွင်း ပျောက်ဆုံးသွားကြောင်းဘုရင်ကြီးထံ လျှောက်လာ၍ဘုရင်ကြီး သိရှိတော်မူလေလျှင်ကျွန်ယုံ အားခေါ်၍ ..

“ အသင်သည် မိဖုရားကြီး၏ လက်စွပ်ကို ပြန်ရအောင် ရှာဖွေပေးဆပ်ရမည် ၊ ရှာဖွေ၍ မတွေ့က ကြီးလေးစွာသော ရာဇဒဏ်ကို ပေးမည် ” ဟု အမိန့်ရှိလေ၏ ။

ကျွန်ယုံကလေး မှာ သောကကြီးစွာနှင့် နန်းတော်အနီးရှိ စမ်းချောင်းကလေး တစ်ခု၏ ကမ်းပါး၌ သွားရောက်ကာ ကြံမှိုင်နေလေ၏ ။

ယင်းအခါ စမ်းချောင်းကလေးတွင်ရှိ ဘဲအုပ်ကို မြင်ရလေ၏ ။ သူတို့အချင်းချင်း ဘာသာဘာဝ “ ဂပ် ... ဂပ် ... ဂပ် ” နှင့် ဆူညံစွာ ပြောဆိုနေကြသည်ကို ကျွန်ယုံသည် စူးစိုက်နားထောင်နေလေ၏ ။

“ ငါ့မှာ ဒီကနေ့ မိဖုရားကြီးရဲ့လက်စွပ်ကို မျိုထားတာနဲ့ ဗိုက်နာ နေတယ်ကွာ ၊ ပြန် တော့မယ် ” ဟူ၍ ဘဲငန်းတစ်ကောင်ပြောသံကို ကြားမိသဖြင့် ကျွန်ယုံသည် ဝမ်းသာအားရ ဖြစ်ကာ ၎င်းဘဲငန်းကို ဖမ်းယူပြီး ရင်ကို ခွဲလိုက်ရာ မိဖုရားကြီး၏ လက်စွပ်ကို ပြန်ရသဖြင့် ဘုရင်ကြီးထံ ဆက်သလေ၏ ။

ဘုရင်ကြီးလည်း အလွန် အားရတော်မူသဖြင့် ကျွန်ယုံအား ... “ လိုသည့်ဆုကိုတောင်းလော့ ” ဟု မိန့်တော်မူလေ၏ ။

“ ကျွန်တော်မျိုးအား ကကြိုးတန်ဆာ တပ်ဆင်ပြီးသည့် မြင်းတစ်ကောင် နှင့် ငွေအချို့ကို သနားတော်မူပြီး တိုင်းပြည် အသီးသီးသို့ ခရီးလှည့်လည်သွားရန် အခွင့်အမိန့်ပေးတော်မူပါဘုရား ” ဟု လျှောက်ထားခွင့်တောင်းလေရော ဘုရင်ကြီးသည် အလိုရှိသည့်အတိုင်း ချီးမြှင့် ပေးအပ်ခွင့်ပြုတော်မူလေ၏ ။

ဤကျွန်ယုံကလေးသည်အလွန်စိတ်စေတနာကောင်းရှိသူတစ်ဦး ဖြစ်သဖြင့် တစ်ပါး သူများနှင့် တိရစ္ဆာန်များအား မိမိ စွမ်းနိုင်သရွေ့အမြဲကူညီလေ့ရှိပေသည် ။

ဘုရင်ကြီး ခွင့်ပြုတော်မူသည့်အတိုင်း ကျွန်ယုံကလေးသည် မြင်းကို စီးကာ တစ်ကိုယ်ချင်း ခရီးထွက်လေတော့၏ ။

မကြာမီ မြစ်ဆိပ်ကမ်းပါး တစ်ခုသို့ ရောက်သွား၍ အမောပြေ နားနေခိုက် မြစ်ကမ်း လှိုင်းပုတ်ခတ်သဖြင့် တင်နေသော ငါးကလေး သုံးကောင်ကို တွေ့ရာ ယင်းငါးကလေးများသည် ကမ်းပါး၌ သေလုမျောပါး ဖြစ်နေကြသည်ကို သိမြင်ရ၍ မြစ်ထဲသို့ ပြန်ချပေးလေ၏ ။

ငါးကလေးများလည်း ဝမ်းသာစွာနှင့် ...

“ ခင်ဗျားရဲ့ကျေးဇူးကို ကျွန်တော် တစ်နေ့နေ့တော့ ပြန်ဆပ်ပါမယ် ” ဟု ပြောပြီး ပျော်ရွှင်စွာ ကူးသွားကြလေ၏ ။

ယင်းနောက် ခရီးဆက်နှင်ပြန်ရာ လမ်းတွင် ပုရွက်ဆိတ်ကလေးများ စီတန်းဖြတ်ကူး နေကြသည်ကို မြင်သဖြင့် ...

“ ငါ ဒီနေရာကို ဖြတ်သွားရင် မြင်းနင်းမိ၍ ပုရွက်ဆိတ်ကလေးတွေ အသက်ဆုံးရှုံး ကြရမယ် ” ဟုဆိုပြီး ပုရွတ်ဆိတ်များ လွတ်အောင် ကွင်း၍ သွားလေ၏ ။

ဤကဲ့သို့ကျွန်ယုံကလေး၏ညှာတာမှုကို သိသဖြင့် ပုရွက်ဆိတ်ဘုရင်မကြီးက ... “ ကျေးဇူးတင်ပါတယ် ၊ ကျွန်မတို့ တစ်နေ့နေ့တော့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ် ” ဟု ပြောလေ၏ ။

တတိယအကြိမ် ခရီးဆက်နှင်ပြန်သော် လမ်းခရီးတစ်ခု၌ မွေးကာစ ကျီးကန်းကလေး များကို တွေ့သဖြင့် ကျီးကန်းကလေးများမှာ အစာဆာ၍ကား အတောင်မစုံသေးသဖြင့် အစာ ရှာသွားရန် မပျံနိုင်ကြသေး ။ “ အာ့ အာ့ အာ့ ” နှင့် သနားစရာ မြည်နေကြသည်ကိုမြင်၍ မိမိမှာပါသည့်အစာအနည်းငယ်ကို ကျွေးလေ၏ ။

“ နောင်ကြီးရဲ့ကျေးဇူးကို ကျွန်တော်တို့ ပြန်ဆပ်ပါ့မယ် ” ဟု ကျီးကန်းကလေးများက ပြောလေ၏ ။

နောက်ဆုံး စတုတ္ထအကြိမ် ခရီးဆက်နှင်ရာ မြို့ကြီးတစ်မြို့သို့ ရောက်ရှိသွားလေသည် ။ မြို့ကြီး၏ လမ်းမကြီး တစ်ခုတွင် လူထုအများစုဝေးနေကြသည်ကို တွေ့ရသဖြင့် အနီးသို့ ချဉ်းကပ်ကာ စုံစမ်းမေးမြန်းလေ၏ ။

ဤမြို့ကြီး၌ အုပ်ချုပ်သည့် ဘုရင်က “ သူစေခိုင်း စမ်းသပ်သည့် ခက်ခဲနက်နဲလှသော အလုပ်များကို ချောမောစွာ ဆောင်ရွက်နိုင်ရန် အရွယ်ကောင်း အရွယ်သန့် မင်းညီမင်းသား ၊ မှူးသား ၊ မတ်သား ၊ အမှုထမ်းအရာထမ်းများ ဝင်ရောက်နိုင်ကြသည် ။ ဝင်ရောက်ဆောင်ရွက်နိုင်သူ အား သမီးတော်နှင့် ထိမ်းမြား၍ အိမ်ရှေ့အရာ ခန့်ထားမည် ” ဟု ကြေညာလျက် ကျင်းပသည့် ပွဲကြီးဖြစ်ကြောင်း ။

ယင်းပွဲကြီးသို့ ဝင်ရောက်ဆောင်ရွက်ကြသူများ တစ်ဦးတစ်ယောက်မျှ မအောင်မြင် ကြောင်း ၊ ပွဲကြီးပိတ်ရက် အနည်းငယ်မျှလိုသေးကြောင်းကို သိရှိရသဖြင့် ဘုရင့်အမှုထမ်း ကျွန်ယုံကလေးမှာ ဝင်ရောက်ဆောင်ရွက်ရန်စာရင်းသွင်းလေတော့၏ ။

စာရင်းသွင်းပြီး အချိန်အနည်းငယ်အတွင်းမှာပင် ကျွန်ယုံကလေးအား ဘုရင့်ရှေ့တော်သို့ သွင်းလေတော့၏ ။

ဘုရင် စီစဉ်ထားသော ဆောင်ရွက်ရန်ကိစ္စများမှာ ...

( ၁ ) လက်စွပ်ရှာ

( ၂ ) စပါးစေ့ထည့်

( ၃ ) ရွှေသစ်တော်သီးအရှာ

ယင်းသုံးချက် ဖြစ်ပေသည် ။

( ၁ ) လက်စွပ်ရှာ

ဘုရင်သည် ကျွန်ယုံကလေးအား မြစ်ကမ်းပါးသို့ ခေါ်သွားပြီး မိမိ ဝတ်ဆင်ထားသည့် လက်စွပ်ကို မြစ်ရေထဲသို့ လွှင့်ပစ်လိုက်လေ၏ ။

“ ၎င်းလက်စွပ်ကို ရအောင် ပြန်ယူ၍ ငါ့ထံ လာရောက် ပို့ဆက်ရမည် ” ဟု အမိန့်ပေးခဲ့ ပြီး ဘုရင်သည် ပြန်လည် ထွက်ခွာသွားလေ၏ ။

( ယင်းမြစ်ကား ကျွန်ယုံကလေး နေသော တိုင်းပြည်ရှိမြစ်နှင့် တစ်ဆက်တည်းပင် ။ )

ကျွန်ယုံကလေးသည် ကြံမှိုင်ကာ မြစ်ရေပြင် ကို ကြည့်ပြီး ရပ်နေစဉ် ယခင်က သူ ကယ်ဆယ်ခဲ့ဖူးသည့် ငါးကလေးသုံးကောင်တို့သည် ကမ်းပါးရေစပ်မှ ဘွားခနဲပေါ်ပေါက်လာ ပြီးလျှင် ။

“ ဗျို့ ... အစ်ကိုကြီး ၊ ဘာကြောင့် မှိုင်နေရပါသလဲ ” ဟု မေးလျှင် ကျွန်ယုံကလေးက အကြောင်းကို ပြောပြလေ၏ ။ ယင်းအခါ ငါးကလေး သုံးကောင်တို့သည် ရေထဲသို့ ငုပ်သွားပြီး ဘုရင့်လက်စွပ်ကို သူ့ထံ လာရောက်ပေးအပ်လိုက်လေ၏ ။

ကျွန်ယုံကလေးလည်း ဝမ်းမြောက်ရွှင်လန်းစွာနှင့် ရရှိသည့် လက်စွပ်တော်ကို ဘုရင်ကြီးထံ ဆက်သနိုင်လေတော့၏ ။

( ၂ ) စပါးစေ့ထည့်

“ တစ်ခုတော့ အောင်မြင်သွားပြီ ၊ နောက်တစ်ခု စမ်းသပ်ရဦးမည် ” ဟု ဘုရင်ကြီးက ပြောပြီးလျှင် ဥယျာဉ်တော် ထဲသို့ စပါး ( ၁၀ ) အိတ်ကို ဖြန့်ကြဲပစ်လိုက်ပြီး ...

“ နောက်တစ်နေ့ မိုးမသောက်မီ ဒီစပါးစေ့တွေကို တစ်စေ့မကျန် အိတ်ထဲသို့ ပြန်ထည့်ရမည် ” ဟု အမိန့်ပေးခဲ့လေ၏ ။

ကျွန်ယုံကလေးသည် ဥယျာဉ်တော်အတွင်း စပါးစေ့များကို ကြည့်ရှုပြီး ကြံမှိုင်နေခိုက် သူ ကျေးဇူးပြုခဲ့ဖူးသည့် ပုရွက်ဆိတ်ဘုရင်မနှင့် ပုရွက်ဆိတ်များ အားလုံး လာရောက်ကာ စပါးစေ့များကို တစ်စေ့မကျန် အိတ် ( ၁၀ ) အိတ်အတွင်းသို့ ပြန်ထည့်ပေးကြလေ၏ ။

( ပုရွက်ဆိတ်များသည် ရေမြေနှင့် ရာသီဥတု အခြေအနေကို လိုက်၍ ဒေသပြောင်း လေ့ရှိတတ်ကြရာ မိုင်ပေါင်းများစွာဝေးသော ဒေသသို့လည်း ရောက်ရှိတတ်ကြလေသည် ။ ယင်း ပုရွက်ဆိတ်များသည်လည်း ကျွန်ယုံကလေး နေသည့် တိုင်းပြည်မှ ကျန်တိုင်းပြည်သို့ ပြောင်းရွှေ့လာကြပြီး ဘုရင့်ဥယျာဉ်တော်အတွင်း၌ နေကြလေသည် ။ )

နောက်တစ်နေ့နံနက် ဘုရင်ကြီး ရောက်လာ၍ ကြည့်ရှုလျှင် စပါး ( ၁၀ ) အိတ်စလုံး ပြန်လည် ပြည့်နေသည်ကို မြင်ရလေ၏ ။

( ၃ ) ရွှေသစ်တော်သီး

“ နောက်ဆုံးတစ်ခု ကတော့ ငါ့အား ရွှေသစ်တော်သီး တစ်လုံးကို ရှာ၍ဆက်ရမည် ” ဟု အမိန့်ပေးတော်မူပြန်လေ၏ ။

ကျွန်ယုံကလေးသည် ရွှေသစ်တော်သီးရှာရန် တောထဲသို့ တစ်ကိုယ်တည်း သွားလေရာ မောပန်းသဖြင့် သစ်ပင်ကြီးတစ်ပင်၏ အရိပ်တွင် ခိုနားနေသည်ကို ကျွန်ယုံကလေး ကယ်ဆယ်ခဲ့ဖူးသည့် ကျီးကန်း ( ၃ ) ကောင်က မြင်သဖြင့် အကြောင်းကို မေးမြန်းရာ “ ရွှေသစ်တော်သီးတစ်လုံးလိုချင်ကြောင်း ” ပြောပြလေ၏ ။ ကျီးကန်းများကလည်း မကြာခဏပင် ရွှေသစ်တော်သီးတစ်လုံးကို ရှာ၍ပေးပြီး ပျံသွားကြလေ၏ ။

ကျွန်ယုံကလေးလည်း ရွှေသစ်တော်သီးကို ဝမ်းမြောက်စွာနှင့် ဆောင်ယူခဲ့ပြီးလျှင် ဘုရင်ကြီးအား ဆက်သလေ၏ ။

ဘုရင်ကြီးလည်း နှစ်သက်အားရတော်မူသဖြင့် မိမိ၏ ကတိအတိုင်း သမီးတော်နှင့် ထိမ်းမြားလက်ထပ်ပြီး အိမ်ရှေ့အရာ ပေးသနားတော်မူလေ၏ ။

ယင်းလက်ထပ်ပွဲတွင် ကျွန်ယုံကလေးနှင့် မင်းသမီးတို့သည် ရွှေသစ်တော်သီးကို မင်္ဂလာဦးအာဟာရ အဖြစ် တစ်ခြမ်းစီ စားသုံးကြစေလေသတည်း ။

“ စေတနာ သဒ္ဓါမှတ်
ကောင်းမြတ်တဲ့သူမှာ ။

လူကိုပင် မဆိုထားဘိ သတ္တဝါတိရစ္ဆာန်များသော်မှ တတ်အားစွာ တုန့်ပြန်လှည့်တယ်
ပွားပြည့်ထင်စွာ ။

သူ့ကျေးဇူး တင်ဖူးလို့ရှိပေလာ
ဘယ်ခါမျှမမေ့ ။

ခွင့်ရေးငယ်ကြုံ ချင့်တွေးကာ ဉာဏ်အအုံနှင့်
မှန်တစ်ပုံတုန့်ပြန်ဆပ်လျှင်ဖြင့်
ကာယကံရှင် စိတ်ကျေနပ်တဲ့ပြင်
လိုအပ်ရာကြံစည်မှုငယ်
ပြီးမြောက်လွယ်ပေ့ ။

⎕ ရွှေဝယ်ဧ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ စက်တင်ဘာ

No comments:

Post a Comment