Saturday, July 26, 2025

ဆစ်ဂ်မန်ဖရွိုက် ပတ်ပျိုး


 

❝ ဆစ်ဂ်မန်ဖရွိုက် ပတ်ပျိုး ❞
        ( ဇော်ဇော်အောင် )

လူအတော် စုံသည် ။ စိန်မြင့်နှင့် အောင်ကြီးမြင့်တို့ ရောက်နှင့်နေပြီ ။ လှမြင်တို့ နောက်ထပ် လိုက်လာကြလိမ့်မည် ။ လူစုံတော့ ဝိုင်းစသည် ။ ထုံးစံအတိုင်း ကျွန်တော် ပုလင်းကိုင်၍ ခွက်လှည့် ပေးရသည် ။ သိပ်ပျော်စရာ ကောင်းသည် ။ သည်လို ပျော်စရာကောင်းပုံမျိုး နောက်ထပ် ကြုံတော့မည် မဟုတ်ကြောင်း ဟိုတုန်းက မစဉ်းစားမိ ။ အတော်များသွားတော့ အိပ်ပျော်ကုန်ကြသည် ။ ကျွန်တော် အိပ်မရသေး ။ ကျွန်တော် မဝသေး ။ တံခါးကို အသာစေ့၍ အောက်သို့ဆင်းခဲ့သည် ။ ကမ်းနားလမ်းမ ပေါ်မှာ လူရှင်းနေ၏ ။ ရွှေဘုံသာလမ်းဘက် ဆီမှ ကားဟွန်းသံများ ကြားရသည် ။ လဝန်း အတော် မြင့်ပြီ ။ လေအေးကလေးတစ်ချက် မြစ်ဘက်ဆီမှ တိုက်ခတ်လာ၏ ။ ကျွန်တော် တောင်ပေါ်သို့ တက်ခဲ့သည် ။ တောင်တက်လမ်းပြေရာမှ မတ်လာ၏ ။ အမြင့်ရောက် လေလေ အအေးဓာတ်က ပိုလေလေ ။ သစ်ပင်ကြီးတွေ ကြားမှာ လရောင်သည် ပြိုးပြောက်ကွက်ကျားနေ၏ ။ အောက်သို့ လှမ်းကြည့်လိုက်ရာ လရောင်ဝိုးဝါးတွင် လယ်ကွင်းများနှင့် ချောင်းငယ်များကို မြင်ရသည် ။ တောင်ပေါ်သို့ ဆက်တက်သည် ။ တောင်ထိပ်ဟု ထင်ရသော နေရာသို့ ရောက်ပြီ ။ သစ်ပင်ကြီး တစ်ပင် ခြေရင်းမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည် ။ မိုးပေါ် မော့ကြည့်တော့ သစ်ပင်တွေ ကြားမှ လမင်းကို မြင်ရသည် ။ ကျွန်တော်ရှေ့တည့်တည့် ခြေထောက်နားမှာ အရက်ပုလင်းကြီး တစ်ပုလင်း ။ ဂျော်နီဝါးကားတံဆိပ်ပတ် အနက် ။ သိပ်မဆိုးတဲ့ ဝီစကီပါပဲ ။ ဒီနေရာမှာ ဘာ့ကြောင့် ဒီပုလင်းကြီး ရောက်နေသလဲမသိ ။ ဘယ်သူ လာထား သွားသလဲ မသိ ။ ဘယ်လို ရောက်လာသလဲ မသိ ။ မစဉ်းစားနဲ့လေ ။ ပုလင်းကိုဖွင့်၍ တစ်ငုံမော့လိုက်၏ ။ နေပါဦး ၊ ဒီပုလင်းက …. ။ နောက်ထပ် တစ်ငုံ မော့လိုက်၏ ။ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရောက် ... ။ ကျွန်တော် နောက်ထပ် တစ်ငုံ မော့လိုက်ပြန်၏ ။ ထို့နောက် တစ်ငုံ ။ နောက်အတော်ကြာတော့ ကျွန်တော် အိပ်ပျော်သွား သည် ။ ထိုတောင်ထိပ်က သစ်ပင်ကြီး နောက်မှာ ကျွန်တော် အိပ်ပျော်သွားသည် ။

ထိုတောင်ထိပ်ပေါ်မှာ ကျွန်တော် အိပ်ပျော်သွားတာ နှစ်ပေါင်း ( ၄၀ ) ကြာသည် ။ နှစ်ပေါင်း ( ၄၀ ) တိတိ ကြာအောင် အိပ်ပျော်သွားသည်ကို ဘယ်သူ ပြောသလဲ ၊ ကျွန်တော် အသေအချာ မသိ ။ ကျွန်တော် သိတာက လသာတဲ့ ညတစ်ည တောင်ထိပ်တစ်ခုပေါ်မှာ အိပ်ပျော် သွားသည် ။ ကျွန်တော် အိပ်တာ နှစ်ပေါင်း ( ၄၀ ) ကြာ သည်ဟု တစ်စုံတစ်ယောက်ကပြော၍ ကျွန်တော် သိနေခြင်း ဖြစ်သည် ။ ယခု ကျွန်တော် အိပ်ရာက နိုးလာပြီ ။

ကျွန်တော် အိပ်ရာက နိုးတော့ ဇေယျာလင်းတို့ စားပွဲမှာ ရောက်နေတော့သည် ။ ငြိဏ်းဝေက ရေတွေ သောက်နေသည် ။ ထွန်းဝေမြင့်က စကား မပြော ၊ ဖန်ခွက်ကို လှည့်ပတ်ကစားနေသည် ။ ခင်အောင်အေးက ဖန်ခွက်ထဲ ရေခဲတုံး ထည့်နေ၏ ။ ဇေယျာလင်းက ကျွန်တော့်ကို ပြောသည် ။

“ အဘိုးကြီး ယူမှာလား ”

“ အင်း … နှစ်ယောက် ယူမယ် ”

ဇေယျာလင်းက ကျွန်တော့် မျက်နှာကို လက်ညှိုး နှင့်ထိုး၍ ရယ်သည် ။ ကျွန်တော်တို့ စကားပြောမှာ ကံတွေ မပါတာလား ၊ နာမ်တွေ မပါတာလား မေးကြည့် ရဦးမယ် ။ ကြိယာတော့ ပါ၏ ။ သူက ယူမလား မေးသည် ။ ကျွန်တော်က ယူမယ်ပြောသည် ။ ဘာ ပြဿနာမှ မဖြစ်တန်ကောင်းရာ ။

“ ဒါပြောတာ ... ဒါပြောတာ အဘိုးကြီးရဲ့ ”

ဇေယျာလင်းက ရယ်မော၍ ပုလင်းကြီးကိုင် မြှောက်ယမ်းပြသည် ။

“ အင်း …. ထည့် ထည့် ။ ငါက ဟိုဟာပြောတာ ”

ကျွန်တော်က နံရံပေါ်က ချိတ်ထားသော ပြက္ခဒိန် ပေါ်က မိုဒယ် ကောင်မလေးနှစ်ယောက်ကို လက်ညှိုး ထိုးပြ၏ ။ ခင်အောင်အေး က ကျွန်တော့် လက်ညှိုးကို ဇွန်းနှင့် ခေါက်၏ ။ ဒါ ဘာမှပြဿနာ ဖြစ်စရာ အကြောင်း မရှိဟု ထင်သည် ။ ကိုယ့်ကျင့်တရား ပျက်ပြားသောကိစ္စ မဟုတ်ဟုလည်း ထင်သည် ။ ထိုညက ကျွန်တော် မအိပ်ဖြစ်ပါ ။ သည်တစ်ခါ အိပ်ပျော်သွားလျှင် ဘယ်နှစ်နှစ် ကြာမည်လဲမသိ ။ တစ်ညလုံး ကာရာအိုကေဘားမှာ သီချင်းဆိုနေလိုက်၏ ။

တောင်ငူဆောင် ရှေ့မှာ သစ်ရိပ်ဝါးရိပ် ကြီးမားသည် ။ နေပြောက်မထိုး ၊ အေးမြ၏ ။ လက်ဖက်ရည် ဆိုင်တွေမှာ လူတွေ သိပ်မစည်သေး ။

“ ဒီစာအုပ် ဖတ်ပြီးပြီလား ”

ကျွန်တော် စိတ်နှင့် ကိုယ်နှင့် သိပ်မကပ် ။ ဘာမှ ဖြီးလိမ်းပြင်မထား ၊ မျက်နှာဝင်းဝင်း ဆံပင်တိုတိုဖွာဖွာ ကောင်မလေးကို ကြည့်၍ ကြောင်နေသည် ။ အမှန်တော့ အသက် သိပ်မငယ်လှ ။ ကျွန်တော့် အသက်နှင့် နှိုင်းစာ၍  ကောင်မလေး ဟု ထင်နေတာ ဖြစ်မည် ။

“ ဟင် ... ဘယ်စာအုပ်လဲ ”

“ ဒီစာအုပ်လေး ”

Anti - Aesthetics ဆိုသော စာအုပ်ဖြူဖြူလှလှ ကလေး ။ ပန်းချီဆရာအေးကို နိုင်ငံခြားက ဝယ်လာပြီး ကျွန်တော် ဖတ်ဖို့ ပေးထားသော စာအုပ် ။

“ ငါ စာမဖတ်ဘူး ၊ စာအုပ်ကလေးလှလို့ ကိုင်လာတာ ”

“ ဟင် ”

“ ဟုတ်တယ် ”

“ ပို့စ်မော်ဒန် သဘောတရားတွေအကြောင်း ရေးထားတာလား ”

“ ငါ မဖတ်ပါဘူး ဆိုနေမှ ၊ ဘယ်သိမလဲ ”

“ ခင်ဗျား မဖတ်ရင် ကျွန်တော့်ကို ငှားပါလား ”

“ တစ်ခါတည်း အပိုင် ယူလိုက်တော့ ”

“ ဟင် ”

“ ငါမှ မဖတ်တာ ယူလိုက် ”

ကောင်မလေး စာအုပ်ရလို့ ဝမ်းသာသွားသည် ။ ရသပညာအကြောင်းတွေ သူ စိတ်ဝင်စားတာ အရင် ကတည်းက သိနေသည် ။ အမှန်တော့ ဤလောကမှာ ဘာရသမှ မရှိ ။ လူတွေက ရှိသည်ဟု ထင်နေကြတာ ။ ဘာရသမှ မရှိဘဲ ရသပညာ ဆိုတာ ဘာသွားလုပ်ရမှာလဲ ဟု တွေးမိ၏ ။ ထိုအတွေးသည် ခပ်ကြောင်ကြောင် ဖြစ်၍ တစ်ယောက်ယောက် ကြားသိသွားလျှင် အပြစ်တောင် တင်လိမ့်မည် ။ အရေးကြီးတာက မရှိသောရသ မဟုတ် ။ ရှိမှ မရှိတာ ဘယ်လိုလာ၍ အရေးကြီးရမည်လဲ ။ သို့ဖြင့် အရေးကြီးတာက ဘာလဲ ။ ဘာမှ အရေးမကြီးဘူးဟု ပြောလျှင်လည်း သိပ်မဟုတ်သေးဘူးဟု ထင်သည် ။ ကျွန်တော့် ရှေ့က အုတ်နီခဲရောင် ထနေသော လက်ဖက်ရည်ခွက်ကို ကောက်ယူမော့သောက်ပစ်လိုက်၏ ။ ပါးစပ် ထဲမှာ ချဉ်နေသည် ။ ဗီးဂတ်စ်တစ်လိမ် မီးညှိ သောက်လိုက်သည် ။ ခံတွင်းချဉ်ပြေအောင် ။

“ ပါးစပ်ချဉ်တာ အရေးကြီးတယ် ”

“ ဟင် ... ဘာလဲ ”

ကောင်မလေးသည် အဆက်အစပ် ပြတ်နေသော ကျွန်တော့် စကားကြောင့် အူကြောင်ကြောင် ဖြစ်သွားပုံ ရ၏ ။

“ ဘာမှမဟုတ်ပါဘူးဟာ ”

ကောင်မလေးသည် စာအုပ်ကို တစ်ရွက်ချင်း ဖြည်းဖြည်း လှန်၍ ကြည့်နေသည် ။ သူ အတော်သဘောကျ နေပုံရသည် ။ ကျွန်တော် ဘာ့ကြောင့် တောင်ငူဆောင် ရှေ့က ဦးချစ်သားများ လက်ဖက်ရည်ဆိုင်မှာ သည် ကောင်မလေးနှင့် အတူ ထိုင်နေသလဲ ။ ကျွန်တော် မသိ ။ ကောင်မလေးသည် စာအုပ်ထဲက ပို့စ်မော်ဒန် သဘောတရားတွေကို လိုသလို ခုံမင်စွာ ဖတ်နေ၏ ။ ကျွန်တော် သည်နေရာမှာ ကြာကြာမနေနိုင် ။ ကံ့ကော်ပန်းများ၏ ရနံ့သည် လေးတွဲချိုအီ၍ ကျွန်တော့် အရေပြားကို ယားယံစေသည် ။ ကံ့ကော် Allergy အလာဂျီ ဟု ခေါ်ရလိမ့်မည် ထင်သည် ။ ကောင်မလေးနှင့် စာအုပ်ကို ထားပစ် ခဲ့၍ ကျွန်တော် ထွက်လာခဲ့သည် ။ ထိုညက ကျွန်တော် အိပ်ဖြစ်၏ ။ ရိုးရိုးပါပဲ ။ အိပ်မက်တစ်ခု မက်သည် ။ အိပ်မက် ထဲမှာ ကောင်မလေးသည် စံပယ်ပန်းတွေ ဝေနေအောင် ပန်၍ သီချင်းဆိုနေသည် ။ ထိုကောင်မလေးသည် လက်ဖက်ရည်ဆိုင်မှာ စာအုပ်တစ်အုပ်နှင့် ကျွန်တော် ထားပစ်ခဲ့သော ကောင်မလေးနှင့် အတော်တူသည် ။ အိပ်ရာက နိုးတော့ ကျွန်တော် ဈေးသွားသည် ။

ဈေးထဲမှာ လူစည်သည် ။ လူလည်း စုံသည် ။ ကျွန်တော့် ခြေထောက်တွေ ညောင်းလာအောင် လှည့်ပတ်နေ၏ ။ ဆိုင်တစ်ဆိုင်မှာ ကျွန်တော် လိုချင်သော အရာ တွေ့၏ ။ အိတ်ထဲမှ စက္ကူတစ်ထပ် ကို ထုတ်၍ ဆိုင်ရှင်အား လှမ်းပေးလိုက်သည် ။ ဆိုင်ရှင်က ကျွန်တော် လိုချင်သောပစ္စည်းကို ကြွပ်ကြွပ်အိတ် တစ်လုံးနှင့် ထည့်၍ ပေးသည် ။ ပြီးတော့ ကျွန်တော် ပေးလိုက်သော စက္ကူများကို ကိုင်ပြ၍ ကျွန်တော့်ကို ပေးသည် ။

“ ခင်ဗျား ပိုက်ဆံတွေ ရေရဦးမလား ”

“ မလိုဘူးထင်ပါတယ်ဗျာ ”

“ မလိုရင်လည်း မရေတော့ဘူးလေ ”

“ ဒါပေမဲ့ လိုနေရင် ဘယ့်နှယ်လုပ်မလဲ ”

“ ခင်ဗျားပဲ မလိုဘူးဆို ”

“ ကျွန်တော် ပြောတဲ့ လိုတယ်ဆိုတာ မပြည့်တာကို ပြောတာ ”

“ ပြည့်လိမ့်မယ် ထင်ပါတယ်ဗျာ ”

“ ထင်တယ်ဆိုတာ မသေချာဘူး ”

“ ဒါဖြင့်လည်း ရေကြည့်လေ ”

“ မရေတော့ပါဘူးဗျာ ”

ကျွန်တော် ဆိုင်ရှင်ကို ကြည်ကြည်လင်လင် ပြုံးပြ၏ ။ ဆိုင်ရှင်ကလည်း ကျွန်တော့်ကို ကြည်ကြည်လင်လင် ပြုံးပြ၏ ။ ကျွန်တော်တို့ နှစ်ယောက်စလုံး စိတ်ချမ်းသာမှု ရသွားသည် ထင်ရ၏ ။

“ ဆရာ ဘာတွေ ဝယ်လာတာလဲ ”

နောက်ဘက်ဆီမှ အသံကြားရ၏ ။ ငါ့ဘာသာ ဘာတွေ ဝယ်ဝယ် နင့် အလုပ်လား ၊ နင်နဲ့ ဘာဆိုင်လို့လဲ လို့ ကောတော့မည် စိတ်ထဲက ကြံပြီးမှ မကောဖြစ်တော့ ။ အဘယ်ကြောင့် ဆိုသော် ထိုအသံသည် မိန်းကလေး ခပ်ငယ်ငယ် တစ်ယောက်၏ အသံ ဖြစ်သောကြောင့် လှည့်ကြည့်လိုက်သည် ။ ကျွန်တော်သည် အသက် အတော် ကြီးနေသော အဘိုးကြီး တစ်ယောက် ဖြစ်သော်လည်း မိန်းမပျိုကလေးများကို အတော် ငမ်းတတ်၏ ။ ထိုကိစ္စသည် ဖုံးကွယ်ထားစရာကိစ္စ မဟုတ် ၊ လူပီသသော ကိစ္စ ဖြစ်သည်ဟု သူငယ်ချင်း တစ်ယောက်က ပြော ဖူးသည် ။

“ ဆရာ ဘာတွေ ဝယ်လာတာလဲ ”

ထပ်မေးသည် ။ ကျောင်းသူ အရွယ် ၊ သို့မဟုတ် ကျောင်းသူကြီး အရွယ် ၊ အတော် လှပသားနားသော မိန်းကလေး တစ်ယောက် ၊ လက်ထဲမှာ ပလတ်စတစ်အကြည် ဖိုင်တွဲ တစ်တွဲ ကိုင်ထား၏ ။ ပခုံးသိုင်း လွယ်ရသော အိတ်ကြီးကြီး လွယ်ထား၏ ။ တော်တော်ကလေး လှပါသည် ။

“ ဪ ... သိက္ခာတွေ ဝယ်လာတာပါ ”

“ ရှင် ”

သည်ကလေးမသည် မဟာဝိဇ္ဇာတန်း တက်နေတာလား ၊ ပါရဂူ အကြိုတန်း တက်နေတာလား ကျွန်တော်မသိ ။ ကျွန်တော် သိတာကတော့ ကျွန်တော် ပြောတာ သူ မသိဟူသော အချက်ဖြစ်၏ ။ ကျွန်တော့်ကို ပြုံးသလို မဲ့သလို ကြည့်၍ ခပ်သုတ်သုတ် ထွက်သွား သည် ။ ကျွန်တော် မှားသွားသည် ။ ငရုတ်သီးမှုန့်ဖြစ်ဖြစ် ၊ သရက်သီးသနပ်ဖြစ်ဖြစ် တစ်ခုခု ဝယ်လာသည်ဟု ပြောလိုက်ဖို့ကောင်းသည် ။ အခု ဝယ်လာသော ပစ္စည်းအတိုင်း ပြောလိုက်၍ ထွက်သွားသည် ။ လှလှပပ မိန်းမငယ် တစ်ယောက်နှင့် အိပ်ပျော်မသွားခင် နိုးနေရက်နှင့် အိပ်မက် မက်သည် ။ အိပ်မက် ဆိုတာ နိုးနေတုန်း မမက်ရဘူးဟု ပြောသော်လည်း မရ ။ အိပ်မက်က အတင်း ဝင်မက်သည် ။ အိပ်မက်ထဲမှာ ဈေးဝယ်တုန်းက တွေ့ ခဲ့သော ကောင်မလေးနှင့် ထပ်တွေ့သည် ။ ကျွန်တော့်ကို မြင်၍ ရှင် သိက္ခာ မရှိဘူးဟု ပြော၏ ။ ကျွန်တော်က သိက္ခာရှိ ကြောင်းပြဖို့ သိက္ခာ ထည့်ထားသော ကြွပ်ကြွပ်အိတ်ကို ရှာသည် ။ ကြွပ်ကြွပ်အိတ် ရှာမတွေ့  ။ ကျွန်တော် သိက္ခာ ရှိကြောင်း မပြောလိုက်ရ ။ ကောင်မလေး ပြုံးပြီး ထွက်သွားသည် ။ ထို့နောက် ကျွန်တော် ပျော်သွား၏ ။

အိပ်ပျော်သွားသည်နှင့် အိပ်မက်မက်တော့သည် ။ အိပ်မက် ထဲမှာ ကျွန်တော် တောင်ထိပ် ပေါ်မှာ အနှစ် ( ၄ဝ ) ကြာအောင် အိပ်ပျော်သွားတာ မဖြစ်နိုင်ဘူးဟု ကျွန်တော့် သူငယ်ချင်းများက ပြောသည် ။ ကျွန်တော် အမှန်တကယ် နှစ် ( ၄၀ ) လောက် အိပ်ပျော်သွားတာ ကျွန်တော်သာ သိသည် ။ သို့သော် ကျွန်တော် သိတာကို သက်သေပြလို့ မရ ။ အများသူငါ ယုံကြည်အောင်လည်း ပြောလို့မရ ။ ထိုအိပ်မက် ထဲမှာပင် ကျွန်တော့် သူငယ်ချင်းများနှင့် အချေအတင် စကားများရ၏ ။ ကျွန်တော် အော်ငေါက် ထုတ်လိုက်သောကြောင့် သူငယ်ချင်းများ ပြန်သွားကြ၏ ။ ခဏကြာတော့ ကျွန်တော် အိပ်ရာက နိုးလာသည် ။

နိုးလာတော့ ကျွန်တော့် အိပ်ရာဘေးမှာ ကျွန်တော့် သူငယ်ချင်း မိုးကြည် ရပ်နေသည် ။

“ ပြင်ဦးလွင် မိုးကြည် ”

“ အေး ... ဟုတ်တယ် ”

“ မင်းနာမည် အရင် နာမည်လောက် ခေါ်လို့ မကောင်းဘူး ”

“ အေး ... ဟုတ်တယ် ”

“ ဟ ... နေပါဦး ၊ မင်းကို ငါ့အိပ်မက်ထဲမှာ တွေ့တာ ၊ အခု ငါ နိုးနေပြီလေ ။ ဘာလို့ အိပ်မက်နဲ့ အတူ ပါမသွားဘဲ ချန်နေရခဲ့ရတာလဲ ”

“ သိဘူး ”

“ ဟကောင်ရ ၊ အိပ်မက်ထဲက လူက အပြင်မှာ တကယ် မရှိရဘူး ”

“ ဒီမှာ ရှိလို့ရပါတယ်ကွာ"

“ ဘယ်မှာ ရှိလို့ရတာလဲ ၊ မဟုတ်သေးပါဘူး ”

“ ဒီစာမျက်နှာ ပေါ်မှာ ရတယ် ”

“ ဟင် ”

“ ဒါ ဝတ္ထုတို မဟုတ်လား ”

“ အေး ... ဟုတ်သားပဲ ”

ကျွန်တော်တို့ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်၍ ရယ်မောလိုက်ကြသည် ။ နှစ်ယောက်လုံး “ ဆပ်တိုရိ ” ရသွားပြီ ထင်သည် ။

“ ငါ နှစ် ( ၄၀ ) လောက် တောင်ထိပ်မှာ အိပ်ပျော်သွားတာကို မင်းယုံလား ”

“ အေး .. ငါလည်း အဲဒါပြောချင်လို့ ချန်နေရစ်ခဲ့တာ ၊ ဒီမယ် ငါပြောမယ် ၊ ငါယုံတယ် ”

“ မိုးကြည် မင်းတော်တယ် ”

“ ဘာလို့ ယုံတာလဲလို့ မမေးတော့ဘူးလား ”

“ မမေးတော့ဘူးလေ ၊ ဝတ္ထုထဲ မှာမို့လို့ မင်းယုံတာ မဟုတ်လား ”

“ ဒီတစ်ခါ မင်းတော်တယ် ”

ကျွန်တော်တို့ နှစ်ယောက် နောက်ထပ်တစ်ခါ “ ဆပ်တိုရိ ” ရသွားပြန်သည် ။ တကယ်တော့ ကျွန်တော့် သူငယ်ချင်း မိုးကြည် ကွယ်လွန်တာ လေးငါးနှစ်လောက် ရှိပြီ ။ တကယ့် သူငယ်ချင်းမိုးကြည် အစစ် မရှိတော့ပေမယ့် သည်ဝတ္ထုထဲမှာ ရှိလို့ရသည် ။ သည်လိုပဲ ဂျူးလီ ယက်ဆီဇာ တို့ ၊ ကျန်စစ်သား တို့ ၊ ဟစ်တလာ တို့ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာ ခဏခဏ ပြန်ပြန်တွေ့ နေရသည် ။ ကျန်စစ်သား တို့တောင် ပြန်လာလို့ ရသေးတာပဲ ၊ မိုးကြည် လည်း ဝတ္ထုထဲမှာ ပြန်လာမှာပေါ့ ။ ကျွန်တော်တို့ စကား အကြာကြီးပြောကြ၏ ။ စိန်မြင့် အကြောင်း ၊ ခင်ဝမ်း အကြောင်းတွေပါသည် ။ အတော်ကြာတော့ မိုးကြည် ပြန်သွား၏ ။ ကျွန်တော့်ကိုလည်း စကားတစ်ခွန်း ပြောသွားသေး၏ ။

“ ငါပြန်သွားတာနဲ့ မင်းဝတ္ထုကို အဆုံးသတ်လိုက်တော့ ”

“ ဘာလို့လဲဟ ”

“ မင်းဝတ္ထုက ရှည်ရှည်လာတော့ ကြာလာရင် ပျင်းစရာ ကောင်းလာပြီ ”

“ အေး .. ဒါလည်း ဟုတ်တယ် ”

မိုးကြည် ပြောသွားတော့ ကျွန်တော့် ဝတ္ထုက ပျင်းစရာ ကောင်းလာပြီတဲ့ ။ ဟုတ်သားပဲ ။ သို့သော်လည်း စဉ်းစားတာက ဝတ္ထုကို အဆုံးသတ်လို့ မဖြစ်သေး ။ နှစ် ( ၄ဝ ) အိပ်ပျော်ရာက နိုးရာတော့ ...

၁ ။ ဇေယျာလင်းတို့နှင့် အရက်သောက်သည် ။

၂ ။ တက္ကသိုလ် လက်ဖက်ရည်ဆိုင်မှာ ကောင်မလေး တစ်ယောက်နှင့် ထိုင်သည် ။

၃ ။ ဈေးထဲမှာ ပစ္စည်းတစ်ခု ဝယ်သည် ။

၄ ။ အိပ်မက်ထဲက ကျန်နေရစ်တဲ့ သူငယ်ချင်းနှင့် တွေ့သည် ။

အခုထိ အဖြစ်အပျက်တွေက အဆက်အစပ်မရှိသေး ။ ဝတ္ထုရုပ်လုံး မပေါ်သေး ။ အဓိက Theme ဖြစ်တဲ့ နှစ် ( ၄၀ ) အိပ်ပျော်သွားတာနဲ့ ဇာတ်ကွက်တွေနဲ့ အဆက်အစပ် မရှိသလို ဖြစ်နေသည် ။ အနှစ်လေးဆယ် တောင်ပေါ်မှာ အိပ်ပျော်သွားတာ ဘာအဓိပ္ပာယ်လဲ ။ အဲဒီအကျိုးဆက်က ဘာလဲ ။ ဘာဆက်ဖြစ်သလဲ ၊ ဘာ့ကြောင့် ... ။

ဤဝတ္ထုရေးသော စာရေးဆရာသည် အလွန်တုံးသောသူ ဖြစ်၏ ။ တကယ့်ချာဗင် ။ သူ့ဝတ္ထု သူ ဘာရေးလို့ ရေးမှန်းမသိ ။ ဘယ်ရောက်လို့ ရောက်မှန်းမသိ ။ အဆက်အစပ် သဘောတရား မသိ ။ ဝတ္ထုသဘောတရား မသိ ။ ဇာတ်လမ်း ၊ ဇာတ်ကွက် သဘောတရား မသိ ။ ဝတ္ထု တည်ဆောက်ပုံ အနုပညာကို မသိ ။ နာမည်တစ်လုံးနှင့် ဝတ္ထုရေးဆရာ လုပ်နေတာ ရှက်စရာကောင်းသည် ။ အဆိုးဝါးဆုံးအချက်က သူ့ဝတ္ထုထဲမှာ သူ အနှစ် ( ၄ဝ ) အိပ်ပျော်သွားသော အကြောင်းကို စာဖတ်သူတွေ ကောင်းကောင်း သဘောပေါက်နေကြောင်းကို သူ မသိ ။

ဤဝတ္ထုရေးသူ အလွန်တုံးသည် ။  ။

☐ ဇော်ဇော်အောင်
📖ဟန်သစ်မဂ္ဂဇင်း
     ၂၀၀၃ ၊ ဒီဇင်ဘာလ

No comments:

Post a Comment